ဆဋ္ဌမမြောက် ဦးခေါင်း
Vol. 28 Ch. 379
ခေါင်းကိုးလုံးနဂါးကြီး၏ ဦးခေါင်းငါးလုံးထံမှ ဟိန်းဟောက်သံများမှာ မိုးခြိမ်းသံများသဖွယ် မြည်ဟည်းနေသည်။ မျောက်မျက်နှာဖြင့် ရှာမန်အဘိုးအိုသည်ပင် ဖိအားကို ခံနိုင်ရည်မရှိတော့ပဲ သတိလစ်မေ့မျောသွားခဲ့ချေပြီ။
လှိုဏ်ဂူအတွင်းရှိ တုတ်ချောင်းမြွေလေးထံမှလည်း စူးစူးဝါးဝါး အော်မြည်သံတစ်ခု ထွက်ပေါ်လာ၏။ ၎င်း၏ပုံစံမှာ မဟာရန်သူကြီး တစ်ယောက်နှင့် ရင်ဆိုင်နေရပြီး အချိန်မရွေး ပြေးထွက်သွားတော့မည့်ပုံ ပေါ်နေလေသည်။ သို့သော်လည်း သူ့ကိုယ်ထဲတွင် စုမင်ချန်ထားရစ်ခဲ့သော အမှတ်အသားနှင့် စုမင်မှာ သူရန်လိုနေသော ခေါင်းကိုးလုံးနဂါးကြီး၏ ဦးခေါင်းငါးလုံးပိုင်ရှင် ဖြစ်သည်ဟူသော အချက်တို့ကြောင့်သာ သူ၏ သတ်ဖြတ်လိုသော ဆန္ဒကို အတင်းအကြပ် ချိုးနှိမ်ထားခဲ့ခြင်းဖြစ်သည်။
ကျောက်တုံးခန်းအတွင်းရှိ မာန်စွမ်းအားရှင်အိုကြီး၏ မျက်လုံးများမှာ တင်းတင်းကြပ်ကြပ် မှိတ်ထားဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာလည်း ပိုမိုပြင်းထန်စွာ စတင်တုန်ယင်လာခဲ့သည်။ ကောင်းကင်ယံမှ ဟိန်းဟောက်သံများ သူ့ထံရောက်ရှိလာသောအခါ အဘိုးအိုမှာ သူ၏ယခုလက်ရှိ အခြေအနေအတွက် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပုံ ပေါ်သည်။
စုမင်သည် သူ့လှိုဏ်ဂူအတွင်းရှိ ပင်မခန်းမထဲတွင် ထိုင်၍ လက်ဟန်သင်္ကေတများကို ဆက်လက်ပြုလုပ်နေသည်။ လောကစွမ်းအားများသည် သူ့နတ်ဘုရားစိတ်အာရုံနှင့် ပေါင်းစည်းကာ ဟန်တောင်တန်းခေါင်းလောင်း အတွင်းသို့ ဦးတည်တိုးဝင်သွားခဲ့၏။
စုမင်ပတ်ပတ်လည်တွင် စိတ်ဝိညာဉ်ကျောက်တုံး အမှုန့်များစွာ ပြန့်ကျဲတည်ရှိနေသည်။ သူ့တွင် ဤငွေကြေးများ အမြောက်အများ ရှိနေခြင်းကြောင့်သာ ကံကောင်းထောက်မစွာဖြင့် ယခုလို သုံးနိုင်နေခြင်းဖြစ်သည်။ သူသည် စိတ်ဝိညာဉ်ကျောက်တုံး များစွာကို ဆက်လက်ထုတ်ယူ၍ ၎င်းတို့အတွင်းမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီးသည်နှင့် အလားတူ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏမျိုးကို ထပ်မံထုတ်ယူပြန်၏။
ဤနည်းဖြင့်ပင် ဟန်တောင်တန်းခေါင်းလောင်း အတွင်းသို့ သူတွန်းပို့လိုက်သော စွမ်းအားများက တစ်ဖြည်းဖြည်း ပိုမိုများပြားလာခဲ့သည်။ ဦးခေါင်းငါးလုံးက ဆက်လက်ဟိန်းဟောက်နေစဉ်မှာပင် ခေါင်းကိုးလုံးသားရဲကြီး၏ ဆဋ္ဌမမြောက်ဦးခေါင်းမှာ တစ်ဖြည်းဖြည်း စတင်တုန်ယင်လာခဲ့ချေပြီ။
၎င်းတုန်ယင်လာသည်နှင့် ဟန်တောင်တန်းခေါင်းလောင်းအတွင်းရှိ အတားအဆီးကို စုမင်နောက်တစ်ကြိမ် ခံစားလိုက်မိပြန်သည်။ ၎င်းကို ချိုးဖျက်ပြီးသည်နှင့် ဆဋ္ဌမမြောက် ဦးခေါင်း၏ မျက်လုံးများပွင့်ကာ နိုးထလာမည်ဖြစ်ကြောင်း သူသေချာ သိနေ၏။
ပဉ္စမမြောက်ဦးခေါင်းကို နှိုးခဲ့ရသော အတွေ့အကြုံကြောင့် အတားအဆီးကို ချိုးဖျက်ရန်မှာ အလွန်ခက်ခဲကြောင်း သူသိနေသော်ငြား လက်မလျှော့ခဲ့ပေ။ ထိုအစား စိတ်ဝိညာဉ်ကျောက်တုံးများကို အထောက်အပံ့အဖြစ် သုံး၍ လောကစွမ်းအားများကို လမ်းညွှန်ကာ အတားအဆီးကို ထပ်တလဲလဲ စတင်ချိုးဖျက်လိုက်လေသည်။
သူသည် အတားအဆီးအား နတ်ဘုရားစိတ်အာရုံဖြင့် ငါးကြိမ်တိုင်တိုင် ထုရိုက်တိုက်ခိုက်လိုက်သည်။ တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း ထိုမမြင်ရသော အတားအဆီးမှာ တုန်ခါသွားပုံပေါ်၏။ ၎င်းတုန်ခါသွားသည်နှင့်အမျှ အပြင်ဘက်ရှိ ဆဋ္ဌမမြောက်ဦးခေါင်းကြီးသည်လည်း တုန်ယင်သွားတတ်သည်။ ၎င်း၏ တင်းကြပ်စွာ စေ့မှိတ်ထားသော မျက်လုံးများသည်ပင် ပွင့်လာတော့မည့် အရိပ်အယောင်များ ပြလာတတ်လေသည်။
သို့သော် ထိုမမြင်ရသော အတားအဆီး မကျိုးပျက်သေးသရွေ့ ဆဋ္ဌမမြောက် ဦးခေါင်းသည်လည်း နိုးထလိမ့်ဦးမှာ မဟုတ်ပေ။ စုမင်မျက်လုံးတို့ တောက်ပသွားပြီး လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများကို ဖန်တီး၍ ၎င်းတို့ကို ရှေ့သို့ တွန်းထုတ်လိုက်ပြန်သည်။
"ပွင့်စမ်း"
စုမင်ခေါင်းထဲတွင် ကျယ်လောင်သော အသံတစ်ခု မြည်ဟည်းသွားသည်။ ဟန်တောင်တန်း ခေါင်းလောင်းအတွင်းရှိ အတားအဆီးမှာလည်း နောက်ထပ်တစ်ဖန် တိုက်ခိုက်ခံလိုက်ရပြန်ချေ၏။ ဆဋ္ဌမမြောက်ဦးခေါင်းမှာ အပြင်းအထန် တုန်ယင်သွားခဲ့သော်လည်း နိုးထမလာသေးပေ။
ရှစ်ကြိမ်ခန့် ကြိုးစားပြီးသည်နှင့် သူ့အနေဖြင့် သာမန်နည်းလမ်းကိုသာ အသုံးပြုပါက ပဉ္စမမြောက်ဦးခေါင်းကို နှိုးခြင်းကသာ သူ့စွမ်းအား၏ ယခုလက်ရှိအကန့်အသတ် ဖြစ်ကြောင်း စုမင် သဘောပေါက်သွားခဲ့သည်။ ဟန်တောင်တန်းခေါင်းလောင်း အတွင်းရှိ ပထမဆုံး ဦးခေါင်းလေးလုံး ပြီးသည့်နောက်ပိုင်း ဦးခေါင်းတစ်လုံးချင်းစီတိုင်းကို နှိုးရန်အတွက် အထောက်အပံ့အဖြစ် စွမ်းအားပမာဏ များစွာ လိုအပ်ကြောင်း ထင်ရှားလို့နေသည်။ ယခင်ဦးခေါင်းလေးလုံးလိုတော့ လွယ်ကူလိမ့်မှာ မဟုတ်ပေ။
သူ၏ လက်ရှိစွမ်းအင်အဆင့်နှင့် ဆိုပါက ထိုဆဋ္ဌမမြောက်ဦးခေါင်းကို နှိုးရန် သေးငယ်သော စွမ်းအားမျှင်လေး တစ်ခုသာ ထပ်လိုပေသည်။ သို့သော်လည်း ထိုသေးငယ်သော စွမ်းအားမျှင်လေးဆိုသည်မှာ ချောက်နက်ကြီးတစ်ခု၏ ကမ်းပါးနှစ်ဖက်ကြား အကွာအဝေးသဖွယ် ဖြစ်နေ၏။ သူ ၎င်းကို မဖြတ်ကျော်နိုင်ပေ။
'ကြည့်ရတာတော့ ငါ ပြင်ပစွမ်းအားကို ငှါးရတော့မှာပဲ'
စုမင်မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် သူ့လက်တို့ဖြင့် လက်ဟန်သင်္ကေတများ ဆက်မလုပ်တော့ပဲ မတ်တပ်ထရပ်လိုက်၏။ ထို့နောက် နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ တောင်စဉ်တန်းကို စတင်အသက်ရှူစေခဲ့သည့် နံရံပေါ်ရှိ အက်ကြောင်းများရှိရာ လှိုဏ်ဂူအတွင်းဆုံးအပိုင်းဆီသို့ ရောက်ရှိလာခဲ့လေသည်။
ထိုအခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် စုမင်သည် သူ့လက်များကို ချက်ချင်းမြှောက်၍ နံရံကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကျောက်သားနံရံသည် ချက်ချင်း တုန်ခါလာပြီး အက်ကြောင်းအသစ်များ ပေါ်ထွက်လာခဲ့၏။ စုမင် လက်ဝါးရိုက်ချက်၏ စွမ်းအားအောက်မှာပင် ၎င်းတို့သည် ယခင်အက်ကြောင်းများနှင့် ဆက်စပ်သွားခဲ့ပြီး ကျောက်တောင်ကို ဖြတ်၍ ပြင်ပကမ္ဘာနှင့် ချိတ်ဆက်သွားကြသည်။
ထိုအက်ကြောင်းများ တိုးများလာမှုကြောင့် မူလက အားပျော့နေခဲ့သော ကျောက်တောင်၏ လူတစ်ယောက်သဖွယ် အသက်ရှူနေခြင်းသည် ရုတ်တရက်ချက်ခြင်း များစွာ ပိုမိုပြင်းထန်လာခဲ့၏။ ထိုအခိုက်အတန့်တွင် တောင်စဉ်တန်းတစ်ခုလုံး၏ အသက်ရှူသံများမှာ ချက်ချင်း တိုးများလာပြီး လောကစွမ်းအားများလည်း ပိုမိုများပြားစွာ တိုးဝင်လာသဖြင့် ကြီးမားသော လေဝဲကြီးတစ်ခု ပြန်ပေါ်လာခဲ့လေသည်။
ထိုလေဝဲသည် လောကစွမ်းအားများ အတူတကွ စုဝေးမိရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းသည် ဖြစ်ပေါ်လာပြီးသည်နှင့် စုမင်၏ နတ်ဘုရားစိတ်အာရုံအတိုင်း လိုက်နာ၍ ဟန်တောင်တန်းခေါင်းလောင်းပေါ်တွင် အတားအဆီးတစ်ခုအဖြစ် စတင်လိုက်ချေသည်။
စုမင်ခေါင်းထဲတွင် ခေါင်းလောင်းအတွင်းရှိ အတားအဆီးထံမှ ဆူညံသော အက်ကွဲသံ အတွဲလိုက် ထွက်ပေါ်လာခဲ့သည်။
ပြင်းပြင်းထန်ထန် တုန်ခါနေသော ဆဋ္ဌမမြောက် ဦးခေါင်းသည်လည်း ဖြည်းညှင်းစွာ မော့လာပြီး မျက်လုံးပေါက်သေးသေးလေး ပွင့်လာခဲ့လေသည်။
'နည်းလမ်းက မှန်နေတာပဲ။ ဒီနေရာမှာရှိတဲ့ ပုံစံရဲ့ အကူအညီနဲ့သာ ဆိုရင် ငါ အဲဒီလိုနေတဲ့ စွမ်းအားမျှင်လေးရဲ့ အကန့်အသတ်ကို ချိုးဖြတ်နိုင်လောက်တယ်။ နောက်ထပ် ဝင်သက်ထွက်သက် နည်းနည်းလောက် သည်းခံလိုက်တာနဲ့ ငါအောင်မြင်လိမ့်မယ်'
သို့သော် ထိုအခိုက်အတန့်မှာပင် စုမင်မျက်နှာက ဖြူစုတ်သွားခဲ့သည်။ လောကစွမ်းအားများမှာ အလွန်များပြားလာသဖြင့် သူ့နတ်ဘုရားစိတ်အာရုံသည် လှိုင်းတံပိုးထန်နေသော ပင်လယ်ပြင်အတွင်း ပိတ်မိနေသည့် လှေငယ်လေး တစ်စင်းသဖွယ် ဖြစ်လာခဲ့၏။ သူ ၎င်းကို ထိန်းချုပ် လမ်းညွှန်ရန် ခက်ခဲလာခဲ့ချေပြီ။ အဆုံးမတော့ သူ့ကျင့်ကြံဆင့်က လုံလုံလောက်လောက် မမြင့်မားသေးပါချေ။
ထိုများပြားလှသော လောကစွမ်းအားများသည် သူ့ထိန်းချုပ်မှုကို မြင်းရိုင်းတစ်ကောင်သဖွယ် ချိုးဖျက်၍ ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားတော့မည် ဖြစ်၍ စုမင်မျက်လုံးများ နီရဲလာခဲ့သည်။ ၎င်းတို့သာ ပြန့်ကျဲသွားသည်နှင့် သူနောက်တစ်ကြိမ် ပြန်လည်စုဆောင်းနိုင်ခဲ့လျှင်တောင် ဆဋ္ဌမမြောက် ဦးခေါင်းကို တစ်ကြိမ်တည်းဖြင့် နှိုးရန် အသုံးမပြုနိုင်ခဲ့ပါက သူ့ကျင့်ကြံဆင့်ကို မမြှင့်သရွေ့ အချိန်တိုအတွင်း ထပ်မံကြိုးစားပြီး အောင်မြင်ရန် မဖြစ်နိုင်တော့ချေ။
ထိုရလဒ်ကိုသာ ရင်ဆိုင်ရမည်ဆိုလျှင် သူပိုကြိုးစားရပေတော့မည်။
စုမင်သည် သူ့လျှာကို ကိုက်ကာ သွေးတစ်ငုံ ထွေးထုတ်လိုက်သည်။ ထိုသွေးများ စီးကျလာသည်နှင့် စုမင်ကိုယ်ထဲရှိ မာန်အရိုးလေးခုမှာ စတင်တုန်ခါလာကြပြီး သူ၏ ရိုးရေစတေးနယ်ပယ် စွမ်းအားအလုံးစုံ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းလိုလိုပင် စုမင်ကိုယ်တွင်းရှိ လမ်းကြောင်းငယ်မှ သန့်စင်ပြီး အရှိန်ဝါ အဆီအနှစ်တို့၏ စွမ်းအင်များသည်လည်း လျင်မြန်စွာ စတင်လှည့်ပတ်လာကြ၏။ ထို့နောက် အဆုံး၌ ၎င်းတို့သည် ပျောက်ကွယ်သွားပြီဟုပင် ထင်မှတ်ရသည်အထိ ပါးလွှာလာခဲ့ချေသည်။ ပျောက်ကွယ်သွားသော သန့်စင်အရှိန်ဝါများသည် စုမင်၏ နတ်ဘုရားစိတ်အာရုံထဲသို့ လုံးလုံးလျားလျား တိုးဝင်လာကြပြီး ပြိုကွဲလုနီးပါး ဖြစ်နေသော လောကစွမ်းအားများကို ဖိနှိပ်ထိန်းချုပ်နိုင်သွားစေသည်။
တစ်ကြိမ်၊ နှစ်ကြိမ်... အသက်နှစ်ကြိမ် ရှူစာခန့် ကြာပြီးနောက် များပြားလှသော လောကစွမ်းအားများသည် နောက်တစ်ကြိမ် ပြန့်ကျဲတော့မည့် အရိပ်အယောင်များ စတင်ပြလာပြန်၏။
စုမင်သည် ညာလက်ကိုမြှောက်ကာ ခန္ဓာကိုယ်ပေါ်ရှိ နေရာအချို့အား လက်ညှိုးဖြင့် အလင်းအလျင်ကဲ့သို့ ထိုးစိုက်လိုက်သည်။ ထိုနေရာများအားလုံးသည် ပွင့်နေသော လမ်းကြောင်းငယ်ကို တစ်ခုတည်း ပြည့်ပြည့်စုံစုံဖြစ်အောင် ချိတ်ဆက်ပေးထားသော လမ်းကြောင်းများဖြစ်သည်။
ထိုနေရာများကို ဖိနှိပ်လိုက်သည်နှင့် သူသည် ကိုယ်ထဲတွင် ကျန်ရှိနေသော သန့်စင်အရှိန်ဝါစွမ်းအင်များကို အတင်းအကြပ် တွန်းထုတ်လိုက်မိပုံရသည်။ သူ့မာန်အရိုးများမှ စွမ်းအားတို့၏ အကူအညီဖြင့် အဆုံးတွင်တော့ လောကစွမ်းအားများ နောက်တစ်ကြိမ် စတင်ပြိုကွဲမလာခင် အသက်နှစ်ကြိမ်ရှူစာခန့် အချိန်ဆွဲလိုက်နိုင်လေသည်။
ထိုအသက်လေးကြိမ် ရှူစာအချိန်အတွင်းမှာပင် ဟန်တောင်တန်းခေါင်းလောင်း အတွင်းရှိ မမြင်ရသော အတားအဆီးမှာ လုံးလုံးလျားလျား ကျိုးပျက်သွားခဲ့သည်။ ၎င်းပျက်စီးသွားသည်နှင့် ဆဋ္ဌမမြောက် ဦးခေါင်း၏ မျက်လုံးများ ပွင့်လာခဲ့ပြီး ၎င်းတို့အတွင်း၌ မီးခိုးရောင် ဖြူဖျော့ဖျော့ အလင်းတစ်ဖြာ တောက်ပလာခဲ့သည်။ ဆဋ္ဌမမြောက်ဦးခေါင်း နိုးထလာခဲ့ချေပြီ။
၎င်းသည် ဦးခေါင်းကိုမော့ကာ ခပ်တိုးတိုး ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်ပြီးနောက် အခြားဦးခေါင်းငါးလုံးနှင့် အတူ ဟိန်းဟောက်လိုက်သည်။
၎င်းတို့အသံများသည် ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသောအခါ စုမင်လှိုဏ်ဂူထဲရှိ အပြင်းအထန် ဒဏ်ရာရထားသော မာန်စွမ်းအားရှင်အိုကြီးမှာ ဆက်လက်မခုခံနိုင်တော့ပဲ သူ့ခန္ဓာကိုယ်မှ သွေးမြူများစွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် ချက်ချင်းဆိုသလို သတိလစ်မေ့မြောသွားပြီး သူ့စိတ်သည်လည်း မြောနေသော အခြေအနေတစ်ခုသို့ ကျရောက်သွားတော့၏။
ကောင်းကင်ယံရှိ နိုးထလာသော ဆဋ္ဌမမြောက်ဦးခေါင်း၏ မျက်ဆံများအတွင်း စုမင်၏အရိပ် ပေါ်လာခဲ့သည်။ ဦးခေါင်းများ တညီတညွတ်တည်း ဟိန်းဟောက်လိုက်သောအခါ ထွက်ပေါ်လာသော စွမ်းအားမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင် ဖြစ်သည်။ ၎င်းကို လူများများစားစား မမြင်လိုက်ရသည်ကတော့ စိတ်မကောင်းစရာပင်ဖြစ်၏။ ဤနေရာသည် ရှာမန်နယ်မြေအတွင်းမှာပင် အတော်ဝေးလံ ချောင်ကျသော နေရာတစ်ခုဖြစ်နေခြင်းကြောင့်သာ မဟုတ်ပါက ဂရုတစိုက်ရှိသူများက သတိပြုမိသွားပေလိမ့်မည်။
ဦးခေါင်းကိုးလုံး နဂါးကြီးမှာ ရှာမန်မျိုးနွယ်စု၏ ထွတ်မြတ်သားရဲ တစ်ကောင်သဖွယ်ပင် ဖြစ်၍ မြင်ဖူးသူတိုင်း မကြောက်ရွံ့ပဲ နေနိုင်ဖို့ မဖြစ်နိုင်ချေ။
လှိုဏ်ဂူအတွင်းတွင် ထိုင်နေသော စုမင်မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူ့မျက်လုံးများကတော့ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေခဲ့သည်။ သူသည် သတ္တမမြောက်ဦးခေါင်း၏ မျက်လုံးများကိုပါ ဆက်ဖွင့်ရန် ကြိုးစားချင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်က အလွန်အားနည်းနေပြီ ဖြစ်သလို ဝိညာဉ်ကျောက်တုံး ပမာဏများစွာကိုလည်း သုံးဖြုန်းပစ်ခဲ့ပြီးချေပြီ။ ထို့အပြင် သူ၏ ယခုလက်ရှိ ကျင့်ကြံဆင့်နှင့်ဆိုပါက သတ္တမမြောက် ဦးခေါင်းကိုနှိုးရန် လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူသိနေ၏။
ထို့ကြောင့်တိတ်တဆိတ်ဖြင့်သာ ဆက်လက်ကြိုးစားမှုကို လက်လျှော့ရန် ရွေးချယ်လိုက်လေသည်။ ယင်းအစား သူသည် လက်ဟန်သင်္ကေတ အချို့ကို ပြုလုပ်ကာ ညာလက်ဖြင့် သူ့အထက်သို့ ညွှန်ပြလိုက်သည်။
"ခေါင်းကိုးလုံးနဂါး၊ တောင်ပိုင်းဧကရာဇ်၊ အကြွင်းမဲ့ သတ်ဖြတ်ခြင်း၊ စုရုံးလော့" စုမင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်နှင့် ကောင်းကင်ယံရှိ ခေါင်းကိုးလုံးနဂါး၏ ဧရာမခန္ဓာကိုယ်ကြီးသည် အလျင်အမြန် ဝေဝါးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မမြင်ရတော့ပဲ ပျောက်ကွယ်သွားခဲ့သည်။
ကြီးမားလှသော ဟန်တောင်တန်းခေါင်းလောင်း ကြီးသည်လည်း ချက်ချင်း ကျူံ့ဝင်သွားပြီး နက်မှောင်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် တောင်စဉ်တန်းဆီသို့ ဦးတည်သွားပြီး မျက်နှာကြက်ရှိ အပေါက်ငယ်တစ်ခုမှ တိုးဝင်လာကာ စုမင်အရှေ့၌ လွင့်မျောနေလေသည်။
ဟန်တောင်တန်းခေါင်းလောင်း၏ ယခုပုံစံမှာ ရိုးရှင်းဟောင်းနွမ်းနေသည့် ခေါင်းလောင်းငယ်လေး တစ်ခုသဖွယ်ပင် ဖြစ်သည်။ ၎င်းက ရှေးကျသော ခံစားချက်တစ်ခု ပေးစွမ်းနေ၏။ စုမင် ၎င်းကို ကြည့်လိုက်သောအခါ ဤအရာလေးမှာ သူ၏ တစ်စိတ်တစ်ပိုင်းသဖွယ် ဖြစ်နေသည်ဟူသော ခံစားချက်တစ်ခု ရလိုက်လေသည်။ သူ့မျက်လုံးများကို မှိတ်ထားလျင်တောင် ခေါင်းလောင်း၏ တည်ရှိမှုကို ခံစားမိနေဆဲ ဖြစ်သည်။ သူသည် အတွေးတစ်ချက်ဖြင့်ပင် ဤရတနာကို ပြောင်းလဲထိန်းချုပ်နိုင်ပေ၏။
'ဒါက... ငါ... ဆဋ္ဌမမြောက်ဦးခေါင်းကို နှိုးလိုက်ပြီးတဲ့နောက် ရလာတဲ့ နတ်ဘုရားစွမ်းရည်လား...'
မျက်လုံးများမှိတ်ထားလျက်မှပင် စုမင်သည် ဆဋ္ဌမမြောက်ဦးခေါင်း နိုးထလာပြီးနောက် ဟန်တောင်တန်းခေါင်းလောင်း အတွင်းရှိ ပြောင်းလဲမှုကို အာရုံခံရန် ပြုလုပ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်ပြီး သူ့မျက်နှာပေါ်တွက်တော့ အံ့အားသင့်မင်သက်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။
သူ မျက်မှောင်ကြုတ်ကာ ဆေးလုံးအချို့ကို ထုတ်ယူလိုက်၏။ ထို့နောက် ၎င်းတို့ကို မြိုချလိုက်ပြီး သူ့ချီများကို လှည့်ပတ်ခြင်း မပြုခဲ့ပေ။ ထိုအစား မတ်တပ်ထရပ်လိုက်ပြီး ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုချရန် ချီတုံချတုံ ဖြစ်နေဟန်ဖြင့် လှိုဏ်ဂူထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။
'ကြည့်ရတာတော့ ငါ့ကျင့်ကြံဆင့်က အဆင့်တစ်ခုအထိ ရောက်သွားရင်တောင် သတ္တမမြောက်ဦးခေါင်းကို နှိုးဖို့ဆိုတာက မဖြစ်နိုင်သေးသလောက်ပဲ... ဒါပေမယ့် ငါ သတ္တမဦးခေါင်းကို နှိုးလိုက်တာနဲ့ ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုကလည်း ကြောက်စရာကောင်းတဲ့ အဆင့်တစ်ခုထိ ရောက်သွားလိမ့်မှာ'
'အကယ်၍ ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင်၊ ဆဋ္ဌမဦးခေါင်းကရခဲ့တဲ့ ကျင့်စဉ်အရ ကောက်ချက်ချထားတာသာ မှန်ခဲ့မယ်ဆိုရင်... သတ္တမဦးခေါင်း နိုးလာတာနဲ့ ခေါင်းကိုးလုံးနဂါးရဲ့ အစစ်အမှန်စိတ်ဝိညာဉ် တစ်စကို ဆင့်ခေါ်လို့ရနိုင်လောက်တယ်'
စုမင်၏ ခြေလှမ်းများက ရပ်တန့်သွားပြီး သူ့မျက်ဝန်းများအတွင်း စိတ်ပိုင်းဖြတ်မှုတို့ ပေါ်လာခဲ့သည်။
'ဒါကို ငါ တွန့်ဆုတ်နေဖို့ မလိုဘူး။ ရှာမန်နယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နေတာ။ ငါ အသတ်မခံရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ အဲလိုဆိုမှတော့...' စုမင်သည် သူ့နံဘေးတွင် လွင့်မျောနေသော ဟန်တောင်တန်းခေါင်းလောင်းကို ကြည့်လိုက်ပြီး မျက်နှာထက်တွင် ရှုပ်ထွေးသော အမူအယာတစ်ခု ပေါ်လာခဲ့သည်။
'သတ္တမဦးခေါင်းကို နှိုးဖို့ လိုအပ်တဲ့ လိုအပ်ချက်တွေကို ငါဖြည့်ဆည်းရတော့မှာပေါ့' လက်မောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ဟန်တောင်တန်းခေါင်းလောင်းသည် စုမင်ထံ ပျံသန်းလာပြီး သူ့ကိုယ်တွင်းသို့ ပေါင်းစည်းပျောက်ကွယ်သွားခဲ့သည်။
'ဒီခေါင်းလောင်းက တစ်ကယ်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ။ ဒါပေမယ့် ဘာလို့ တစ်စုံတစ်ယောက်ကမှ ဒါကို ဟန်တောင်တန်းမြို့တော်ကနေ ဟိုးအရင်ကတည်းက ယူသွားဖို့ မကြိုးစားခဲ့ရတာလဲ။ ဘာလို့ ဒါအတွက် စစ်မာရှင်းနဲ့ ငါကပဲ တိုက်ခိုက်ရတာလဲ...'
'မာန်စွမ်းအားရှင် မျိုးနွယ်စုထဲမှာ သန်မာတဲ့ စစ်သည်တော်တွေ အများကြီးရှိတဲ့အပြင် ငါတို့ဆီကိုလာနေတဲ့ အင်မော်တယ်တွေလည်း ရှိသေးတယ်။ ဘာကြောင့် သူတို့က ဟန်တောင်တန်းခေါင်းလောင်းကို လျစ်လျူရှုထားကြတာလဲ... သူတို့မှာ ဒါကိုယူဖို့ နည်းလမ်းမရှိတာ များလား၊ ဒါမှမဟုတ် ယူလို့မရတာကြောင့်လား... သူတို့... အဲဒီလိုမလုပ်ရဲတာကြောင့် ဆိုရင်ရော' စုမင်သည် ဤအကြောင်းနှင့်ပက်သက်၍ ယခင်ကတည်းက တွေးကြည့်ခဲ့ဖူးသော်လည်း အဖြေမှန် တစ်ခါမှ မရခဲ့ဖူးချေ။
သူ ခေါင်းကိုခါယမ်းလိုက်ပြီး ၎င်းကို ဆက်မတွေးတော့ရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုအစား တင်ပလ္လင်ခွေ ထိုင်ချ၍ အသက်ရှူခြင်းကို စတင်လေ့ကျင့်လိုက်လေသည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် သုံးရက်ဆိုသော အချိန်က ကုန်ဆုံးသွားခဲ့၏။
အချိန်ကျသောအခါ တောင်တန်းအပြင်တွင် သတိလစ်နေသော ရှာမန်အိုကြီး၏ မျက်လုံးများက ပွင့်လာခဲ့သည်။ သူသည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိတ်တဆိတ်ထရပ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလျက် ဖြည်းညှင်းစွာ ပြန်လည်ဆုတ်ခွာလိုက်သည်။
"ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား"
သူ စတင်ဆုတ်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် စုမင်၏ အေးစက်စက်အသံက တောင်စဉ်တန်းဆီမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ အဘိုးအိုသည် ထိုစကားများကို ကြားလိုက်သည်နှင့် ချက်ချင်း ရပ်တန့်သွားပြီး အားတင်းကာ ပြုံးပြလိုက်သည်။
"တစ်ခြား ဘာမှ မရှိတော့ဘူး ဆိုရင်တော့ ကျုပ်လည်း ဒီမှာ ဆက်မနေတော့ပါဘူး။ မပြန်ဖြစ်တာလည်း ရက်ပိုင်းလောက် ရှိနေပြီဆိုတော့ မျိုးနွယ်စုမှာ ကျုပ်ကို စောင့်မျှော်နေမယ့် အရာတွေ အများကြီးဖြစ်နေလောက်ပြီ။ ဒီတောင်ကတော့ မင်းအပိုင်ပါပဲ" အဘိုးအိုက အလျင်အမြန်ပြောလာသည်။ အဆုံးထိတိုင်အောင်ပင် သူသည် စုမင်ကို မမြင်ခဲ့ရသဖြင့် ဤအလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူအပေါ် ပို၍ သတိကြီးကြီး ထားမိလာလေသည်။
သတိလစ်မေ့မြောမသွားခင် သူမြင်ခဲ့ရသော မြင်ကွင်းကလည်း သူ့ကို ခြောက်လှန့်နေဆဲ ဖြစ်၍ ဤလူနှင့် တိုက်ခိုက်ချင်စိတ် မရှိတော့ချေ။
"ဒီဧရိယာတစ်ဝိုက် ပေသုံးသောင်း..." စုမင် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။ သို့သော် သူ့စကားမဆုံးသေးခင်မှာပင် ထိုရှာမန်အိုကြီးက ခေါင်းတဆတ်ဆတ် ငြိမ့်နေခဲ့ချေပြီ။
"ဖြစ်စေရပါမယ်။ ဒီနေရာရဲ့ ပေသုံးသောင်းအတွင်းကို ဘယ်သူမှမလာစေရပါဘူး။ ဒီနားတစ်ဝိုက်ကို လုံးဝမလာဖို့ ကျုပ်မျိုးနွယ်စုထဲက လူတွေကို သွားပြောလိုက်ပါ့မယ်။ အဟမ်း... တစ်ခြား ဘာမှမရှိတော့ဘူးဆိုရင်တော့ ကျုပ် အရင် ပြန်လိုက်ပါဦးမယ်"
***