← Chapters

မဒမ် ကျိ

Vol. 28 Ch. 380

မဒမ် ကျိ

Vol. 28 Ch. 380

စကားဆုံးသည်နှင့် ရှာမန်အဘိုးကြီးသည် သူနှင့်အတူ ပါလာသော မျိုးနွယ်ဝင်ခြောက်ဦးဆီသို့ မရောက်မချင်း မရပ်မနား ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် သတိလစ်နေသော မျိုးနွယ်ဝင်များကို ဆောင့်ကန်ကာ နှိုးလိုက်၏။ ၎င်းတို့နိုးလာသည်နှင့် သူသည် တောင်ပေါ်သို့ အလျင်အမြန် လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး မျိုးနွယ်ဝင်များကို ကတိုက်ကရိုက် ဆွဲခေါ်သွားတော့သည်။

မျိုးနွယ်ဝင်ခြောက်ဦးသည်လည်း ဖြူဖျော့နေကြပြီး စုမင်ရှိနေသော တောင်စဉ်တန်းအား လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုသဖွယ် ခံစားရင်း အလွန်အမင်း ရိုသေလေးစားမိနေကြလေသည်။ အဘိုးအိုနှင့်အတူ ပြန်လည်ဆုတ်ခွာလာကြရင်း သူတို့နှလုံးသားများထဲ၌ အကြောက်တရားတို့ ပြည့်နှက်နေခဲ့ချေ၏။

မျိုးနွယ်စုဆီသို့ ပြန်လည်ရောက်ရှိခါနီးမှသာ ယောကျ်ားတစ်ဦးက တွန့်ဆုတ်ဆုတ်ဖြင့် စကားစလိုက်သည်။

"ဘိုးဘေး၊ ကျုပ်တို့ ဘာလုပ်ကြမလဲ။ ကျုပ်တို့ မဟာဘိုးဘေးကြီးရဲ့ ရုပ်တုကို တိုက်ခိုက်ပေးဖို့ တောင်းဆိုသင့်လား"

"Hur Hur.... ဘာလုပ်ရမလဲ ဟုတ်လား။ ဘာလုပ်ရမလဲဆိုတာ မင်းတို့ ဘာလို့ပြောမကြည့်တာလဲ ဟမ်၊ ဘယ်လိုသေချင်ယောင် ဆောင်ရမလဲဆိုတာပဲ သိတဲ့ လူလိမ်လူညစ်တွေ။ ငါတို့ မဟာဘိုးဘေးကြီးရဲ့ ရုပ်တုထဲမှာ တိုက်ခိုက်မှုတစ်ခုပဲ ကျန်တော့တာကွ။ ပြီးတော့ အဲဒါကလည်း ကြိုးကြာနက်မျိုးနွယ်စုကို ခြောက်လှန့်ဖို့ အသုံးချရဦးမှာ" မျောက်မျက်နှာဖြင့် အဘိုးအိုသည် ထိုသူကို စိန်းစိန်ဝါးဝါး စိုက်ကြည့်လိုက်ပြီး နောက်ပြန်လှည့်ကာ ထိုသူ့ခေါင်းကို ဖြတ်ရိုက်ချလိုက်သည်။

"မင်းတို့အားလုံးကို ပြောပြလိုက်မယ်။ ငါတို့ အဲဒီ အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူအပေါ် အထင်သေးလို့ မရဘူး။ သူ့နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်ရုံနဲ့တင် အဲဒီလို တည်ရှိမှုမျိုးကို ဆင့်ခေါ်နိုင်ခဲ့တာ။ ငါ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ထုတ်ဖော်ရင်တောင် အသုံးဝင်မှာမဟုတ်ဘူး။ သူက စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက်ပဲ။ ပြီးတော့ အပြင်လူတစ်ယောက် ဆိုလည်းဟုတ်တယ်။ သူကတော့ စိတ်ရှိသလောက် လာသတ်ပြီး ထွက်ခွာသွားနိုင်ပေမယ့် ငါ့မှာတော့ သူ့ကို သတ်ပစ်ဖို့ ယုံကြည်ချက်မရှိဘူး"

"မင်းတို့အဘိုးသာ သေသွားရင် မင်းတို့ လူလိမ်လူညစ် တစ်သိုက် ဘာဆက်လုပ်ကြမှာလဲ။ ငါတို့ မျိုးနွယ်စုဝင်တွေကရော ဘာများဆက်လုပ်ကြမှာလဲ။ ကံကောင်းထောက်မပြီး ငါနိုင်ခဲ့လို့ သူထွက်ပြေးသွားခဲ့ရင်တောင်မှ အခွင့်အရေးရှာပြီး လက်စားချေဖို့ ပြန်ရောက်လာဦးမှာပဲ။ ငါတို့မျိုးနွယ်စုက အလွယ်တကူလည်း ဖုတ်ဖက်ခါ ထွက်သွားလို့ရတာမဟုတ်ဘူး။ ဒါ ကောင်းတဲ့ အလောင်းအစားတစ်ခု မဟုတ်ဘူး" အဘိုးအိုသည် သူ့မုတ်ဆိတ်မွေးကို ပွတ်နေလိုက်၏။ သူ့တွင် ယခင်ကရှိခဲ့ဖူးသော ရူးမိုက်သည့်အတွေးများ မရှိတော့ပဲ ထိုအစား သူ့မျက်ဝန်းများအတွင်း စဉ်းလဲဉာဏ်များမှု တစ်ပိုင်းတစ်စသာ ရှိနေလေသည်။

"အဲဒါကြောင့် ငါသူ့ကို လေးစားကြောက်ရွံ့ကြောင်း ပြရင်း မြှောက်ပင့်ပြီး အလုပ်များနေခဲ့တာပဲ။ အဲဒါကြောင့်လည်း ငါတို့အားလုံး သေသွားခဲ့သင့်တဲ့ အခြေအနေတစ်ခုကနေ ဒီလို လွတ်မြောက်လာနိုင်ခဲ့တာ။ အဲဒါက အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်တယ်ဆိုတာပဲ" အဘိုးအို၏ မျက်လုံးများမှာ စူးရှတောက်ပနေပြီး အရှေ့အရပ်သို့ လှမ်းကြည့်လိုက်သည်။

"ကြည့်ရတာတော့ အဲဒီလူက ကြိုးကြာနက်က ငှက်အိုကြီး ဖိတ်ထားတဲ့သူ ဟုတ်ပုံမရဘူး။ ကြိုးကြာနက်ရဲ့ ငှက်အိုကြီးက ဒေါသကြီးတဲ့သူ တစ်ယောက်ပဲ။ သူက မင်းတို့အဘိုးကြီးလောက် လိုက်လျောညီထွေဖြစ်ပြီး လိမ္မာပါးနပ်တဲ့သူ မဟုတ်ဘူး။ ဒါ ငါတို့အတွက် ကောင်းတဲ့အရာတစ်ခုတောင် ဖြစ်လာနိုင်တယ်" အဘိုးအိုသည် ပြုံးလိုက်ပြီးနောက် လေးလေးနက်နက် အမူအယာဖြင့် သူ့အနီးရှိ မျိုးနွယ်ဝင်အားလုံး၏ ခေါင်းကို ရိုက်ပစ်လိုက်သည်။

"အိမ်ပြန်ကြစို့။ မင်းတို့ခေါင်းထဲမှာ ဒါကိုမှတ်ထားကြ။ ငါဘာမှမပြောသရွေ့၊ အဲဒီတောင်ရဲ့ ပေသုံးသောင်း အကွာအဝေးအတွင်း ခြေသွားမချကြနဲ့... အာ၊ ပေ ငါးသောင်းသာ လုပ်လိုက်ပါ။ မင်းတို့အားလုံး အဲဒီတောင်ရဲ့ ပေငါးသောင်းအကွာအဝေး အတွင်း ခြေတစ်လှမ်းတောင် မချမိကြစေနဲ့နော်"

နွားသိုးဖြူမျိုးနွယ်စုမှ ရှာမန်အိုကြီး ထွက်ခွာသွားသည်နှင့် စုမင်တစ်ယောက် သူ့အား လာရောက်နှောင့်ယှက်မည့်သူ မရှိပဲ ငြိမ်းချမ်းတိတ်ဆိတ်သော ရက်အနည်းငယ်ခန့် ပိုင်ဆိုင်လိုက်ရလေသည်။ သူသည် ကျင့်ကြံခြင်းအတွင်း နစ်မြုပ်နေပြီး အားလပ်ချိန်များတွင် ညအခါ၌ လမင်းကြီးကို ကြည့်ကာ သွေးလောင်ကျွမ်းခြင်း ကျင့်စဉ်ကို လေ့ကျင့်တတ်၏။

နေ့အချိန်တွင်တော့ ဆေးအိုးနှင့် မာန်စွမ်းအားရှင်အိုကြီး၏ ခန္ဓာကိုယ်အခြေအနေကို ကြည့်ရှုလေ့လာခြင်း၊ သူ့ဆေးပင်များကို ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ သူသည် အနီးအနားရှိ မြေဆီလွှာအချို့ကို စုဆောင်းကာ သိပ်သည်းသော လောကစွမ်းအားအချို့ကိုလည်း ယူဆောင်လိုက်ပြီး ကျောက်တုံးအခန်းများစွာကို သုံး၍ ဆေးပင်အချို့ကို စိုက်ပျိုးတတ်သည်။

ထို့အပြင် စုမင်သည် သူ၏လက်ကျန်အချိန်များကို လေနှင့် လျှပ်စီး အမွေဆက်ခံခြင်း သလင်းကျောက်များကို လေ့လာခြင်း၊ လျှပ်စီးနှင့်လေ ရင်းမြစ်များကို နားလည်သဘောပေါက်အောင် ကြိုးစားခြင်းတို့တွင် အသုံးချလေ့ရှိ၏။ လေမာန်စွမ်းအားရှင်၏ နတ်ဘုရားစွမ်းရည်နှင့် လျှပ်စီးမာန်စွမ်းအားရှင်တို့၏ ကျင့်စဉ်တို့ကို ထုတ်ဖော်နိုင်မည့် နည်းလမ်းတစ်ခုကိုလည်း ရှာဖွေလေ့ရှိသည်။

စုမင်သည် ရှာမန်များနှင့် မာန်စွမ်းအားရှင်များအကြား ဖြစ်ပွားနေဆဲ စစ်ပွဲနှင့်အတူ အရှေ့မြေရိုင်းဒေသများ၏ ကပ်ဘေးတို့ကိုပါ မေ့လျော့လျက် ရှာမန်နယ်မြေ၏ ဝေးလံချောင်ကျသော နေရာရှိ သူ့ကိုယ်ပိုင်ကမ္ဘာထဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေခဲ့ချေ၏။ သူ့စိတ်ထဲတွင်ရှိနေသည့် တစ်ခုတည်းသော အရာမှာ ထိုသုံးနှစ်အတွင်း သူ့စွမ်းအားကို အဆပေါင်းများစွာ တိုးတက်သွားအောင် ပြုလုပ်ရန်သာဖြစ်သည်။

သို့မှသာ သူ အင်မော်တယ်များနှင့် ဆက်သွယ်၍ 'ကံကြမ္မာ' ဟူသော စကား၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ရှာဖွေနိုင်မှာဖြစ်သည်။

သို့သော်လည်း ငြိမ်းချမ်းတိတ်ဆိတ်သော နေ့ရက်များက တိုတောင်းလွန်းလှသည်။ ခုနစ်ရက်ကြာပြီးနောက် လှိုဏ်ဂူအတွင်း ထိုင်နေသော စုမင်မျက်လုံးများ ပွင့်လာခဲ့သည်။ သူ့လက်ထဲတွင် လေစွမ်းအင် အမွေဆက်ခံခြင်း သလင်းကျောက်ကို ဆုပ်ကိုင်ထားရင်းမှ သူနှင့်မနီးမဝေးတွင် ရှိနေသော မီးတောက်မျောက်ဝံကို လှမ်းကြည့်လိုက်၏။

"သူတို့ကို မောင်းထုတ်လိုက်"

မီးတောက်မျောက်ဝံ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအယာတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ ၎င်းက သူ့ရင်ဘတ်ကို သူပုတ်လိုက်ပြီးနောက် တုတ်ချောင်းတစ်ချောင်းကို ကိုင်မြှောက်ကာ အနီရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့သည်။ များမကြာမီမှာပင် မီးတောက်မျောက်ဝံသည် အားရကျေနပ်နေသော အမူအယာဖြင့် ပြန်ရောက်လာခဲ့ပြီး စုမင်ကို အချိန်အတော်ကြာ ဟန်ရေးပြနေလေသည်။

"ကောင်းပြီ၊ ကျူးကျော်သူတွေ ထပ်ရောက်လာရင် မင်းဘာသာမင်း ဆုံးဖြတ်ပြီး လုပ်နိုင်တယ်။ လူတစ်ယောက်ကို သူပထမဆုံးလာတဲ့ သုံးကြိမ်အတွင်းမှာတော့ ထိခိုက်နာကျင်အောင် လုပ်ခွင့်မရှိဘူး။ ဒါပေမယ့် အဲလူက လေးကြိမ်မြောက် ထပ်လာခဲ့မယ်ဆိုရင်တော့ သူတို့ကို သတ်ပစ်လိုက်" စုမင်သည် တစ်ခဏတာ တွေးတောပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လေနှင့်လျှပ်စီးတို့အပေါ် ဉာဏ်အလင်းပွင့်ရန် ကြိုးစားရာတွင် ပြန်လည်နစ်မြောသွားတော့သည်။

မီးတောက်မျောက်ဝံသည် ချက်ချင်းပင် ပိုမိုစိတ်လှုပ်ရှားလာပြီး တစ်ချက်ခုန်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှာမန်အချို့သည် ထိုနေရာသို့ လာရောက်၍ နယ်မြေအစွန်အဖျားကို စောင့်ကြည့်လေ့လာခဲ့ကြသည်။ ဤလူအများစု၏ ဆံပင်ကို အနက်ရောင် ငှက်မွှေးတောင်အချို့ဖြင့် အလှဆင်ထားသောကြောင့် နွားသိုးဖြူမျိုးနွယ်စုနှင့် သိသိသာသာ ကွဲပြားနေလေသည်။

ဤလေ့လာသူများထဲမှ အချို့မှာ တောင်စဉ်တန်း၏ ပေသုံးသောင်းအကွာအဝေး အတွင်းသို့ ဝင်ရောက်လိုက်မိသည်နှင့် ရုတ်တရက်ပေါ်လာတတ်သော စူးစူးဝါးဝါး အော်ဟစ်နေသည့် မီးတောက်မျောက်ဝံတစ်ကောင်၏  တုတ်ချောင်းဖြင့် လွှဲယမ်းရိုက်နှက်ခြင်းကို ခံရလေသည်။ ထိုရှာမန်အများစုသည် ရှာမန်ငယ်များသာဖြစ်၍ ၎င်းတို့တွင် နတ်ဘုရားစွမ်းရည် အချို့ ရှိခဲ့လျှင်တောင် မီးတောက်မျောက်ဝံက အလွန်လျင်မြန်နေဆဲ ဖြစ်သည်။ များသောအားဖြင့် ၎င်းသည် သူတို့အနားသို့ လျှပ်တပြက် ကပ်လာတတ်ပြီး ပျံဝဲလာသော တုတ်ချောင်းရိုက်ချက် တစ်ချက်ဖြင့် ထိုသူတို့ကို လွင့်စင်ထွက်သွားစေ၏။

ဤသို့ အကြိမ်ရေများစွာ ဖြစ်ပျက်ပြီးနောက်တွင်တော့  ဦးခေါင်းတွင် ငှက်မွှေးတောင်ရှိသော ရှာမန်များသည်သာ ဤနေရာသို့ ရှားရှားပါးပါး ရောက်ရှိလာတတ်ပြီး အဆုံးတွင်တော့ တစ်ယောက်မှ ရောက်မလာကြတော့ပေ။ ဤနေရာမှာ အကန့်အသတ်မရှိ ဖြစ်နေမှန်းသိသွားသဖြင့် လက်လျော့သွားကြခြင်းဖြစ်သည်။

လှိုဏ်ဂူထဲတွင် စုမင် လဝက်ခန့်နေထိုင်ပြီးသွားသည့် နေ့တွင်တော့ အရှေ့ဘက်မှ အလင်းတန်းသုံးခု ဦးတည်လာခဲ့သည်။ ဦးဆောင်လာသူက သက်လတ်ပိုင်းလူကြီး တစ်ဦးဖြစ်သည်။ ထိုသူသည် အလွန်အမင်း အရပ်ရှည်ထွားကြိုင်းပြီး သူ့မျက်လုံးများက စူးရှတောက်ပနေသည်။ သူ့နောက်တွင် အဘိုးကြီးနှစ်ဦးရှိနေ၏။ ၎င်းတို့သုံးဦးသည် စုမင်ရှိနေသောနေရာမှ ပေတစ်သိန်း အကွာအဝေးတွင် ဆင်းသက်လိုက်ကြပြီး ထိုနေရာတွင်ရပ်ကာ အဝေးရှိ မိုးထိုးနေသော တောင်တန်းကြီးဆီ လှမ်းကြည့်လိုက်ကြသည်။

"မျိုးနွယ်စုခေါင်းဆောင်၊ ကျုပ်တို့တွေ ပေခုနစ်သောင်းလောက် ဆက်သွားပြီးတာနဲ့ နယ်စပ်ကို ရောက်ပါလိမ့်မယ်။ အရင်က ကျုပ်တို့မျိုးနွယ်ဝင်တွေ အဲဒီနယ်မြေထဲကို အကြိမ်တော်တော်များများ ဝင်ခဲ့ပြီး အဲဒီမီးတောက်မျောက်ဝံကလည်း အဲဒီနေရာမှာပဲ ရုတ်တရက် ပေါ်လာတတ်ပါတယ်။ သူက ဘယ်သူ့ကိုမှတော့ မသတ်ခဲ့ပေမယ့် ပိုပိုပြီး ရက်စက်ကြမ်းကြုတ်လာတယ်။ နောက်ဆုံး အရိုက်ခံခဲ့ရတဲ့ မျိုးနွယ်ဝင်တုန်းကဆို နံရိုးတွေတောင် ကျိုးသွားခဲ့ပါတယ်"

"ကြည့်ရတာ ငါတို့ သူ့ပိုင်နက်ထဲကို ထပ်ဝင်နေဦးမယ်ဆိုရင်တော့ ငါတို့ဆီ သတ်ဖြတ်ချင်စိတ်နဲ့အတူ ရောက်လာလိမ့်မယ် ထင်တယ်" သက်လတ်ပိုင်းလူ အနောက်ရှိ အဘိုးအိုတစ်ဦးက အသံတိုးတိုးဖြင့် ပြောသည်။

"နွားသိုးဖြူ မျိုးနွယ်စုကသာ ဒါကို သည်းခံနိုင်တယ်ဆိုရင် ဒီနေရာကို သိမ်းပိုက်ထားတဲ့လူက သာမန်လူမဟုတ်တော့ဘူးလို့ ဆိုလိုတာပဲ။ ငါတို့မျိုးနွယ်စုကလည်း လွန်ခဲ့တဲ့ လဝက်လောက်က ဒီနေရာမှာ ဖြစ်သွားတဲ့ အပြောင်းအလဲကို တွေ့ခဲ့တယ်။ ဒီလူက... ငါတို့ ဆုံးဖြတ်ချက်မချခင် ဘိုးဘေးပြန်လာတာကို စောင့်သင့်တယ်လို့ ထင်တယ်" အခြား အဘိုးအိုတစ်ဦးက တစ်ခဏတာ တုန့်ဆိုင်းနေပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။

"အမှန်ပဲ။ ဘိုးဘေးထွက်သွားတာ တစ်လနီးပါးရှိပြီ။ သူမထွက်ခွာခင်က ဒီအချိန်လောက်ဆို ပြန်လာမယ်လို့ ပြောသွားခဲ့တယ်။ ဘိုးဘေး ဒီတစ်ကြိမ် အပြင်ထွက်တာက ငါတို့ကိုကူညီပြီး နွားသိုးဖြူမျိုးနွယ်စုကို ဖျက်ဆီးပေးဖို့အတွက် မဒမ်ကျိကို သွားခေါ်တာပဲ။ ငါတို့ ရက်နည်းနည်းလောက်တော့ ထပ်စောင့်နိုင်ပါသေးတယ်"

အဘိုးအိုနှစ်ဦးက နားချရန်ကြိုးစားနေသော်လည်း အလယ်ရှိ သက်လတ်ပိုင်းလူသည် အချိန်ကြာမြင့်စွာ ငြိမ်သက်နေပြီးနောက် ခေါင်းခါယမ်းလိုက်ချေ၏။

"ဘိုးဘေးက မျိုးနွယ်စုရဲ့ ကြွယ်ဝမှု အတော်များများကို ယူသွားခဲ့ပေမယ့် မြင်းပျံတောင်ထွတ်က မဒမ်ကျိကို ခေါ်လာနိုင်ဖို့ ယုံကြည်ချက်သိပ်မရှိခဲ့ဘူး။ အခုအချိန်မှာ စစ်ပွဲကြောင့် အရင်းအမြစ်တွေ ချို့တဲ့နေလို့ ရှာမန်အများစု ကြောက်လန့်နေကြတာကြောင့်သာ ကံကောင်းသွားတာပဲ။ အဲဒါကြောင့် ဘိုးဘေးက မဒမ်ကျိကို အကူအညီတောင်းကြည့်ဖို့ ဆုံးဖြတ်ချက်ချပြီး ထွက်သွားခဲ့တာ"

"ဒါပေမယ့် ငါတို့က သူမကို တိုက်ခိုက်မှုတစ်ကြိမ် အတွက်ပဲ တောင်းဆိုနိုင်မှာ။ ပြီးတော့ အဲဒီတိုက်ခိုက်မှုတစ်ချက်ကလည်း နွားသိုးဖြူမျိုးနွယ်စုရဲ့ ပိုင်ကောကို သတ်ဖို့သုံးရမှာ။ နွားသိုးဖြူ မျိုးနွယ်စုနဲ့ တိုက်ခိုက်ပြီး ရလာမှာတွေထည့်တွက်ရင်တောင်မှ ငါတို့မှာ မဒမ်ကျိကို နှစ်ကြိမ်တိုက်ခိုက်ပေးခိုင်းဖို့ ပေးချေစရာ ငွေကြေးမရှိဘူး။ အဲလိုသာဆိုရင် ငါတို့လမ်းမှာ နွားသိုးဖြူမျိုးနွယ်စု မရှိတော့ရင်တောင်မှ ထိုက်တန်မှာမဟုတ်ဘူး"

"ဒီလူ့ ကျင့်ကြံဆင့်က ဘာလဲဆိုတာ ငါတို့ခုထိမသိရသေးဘူး။ ပြီးတော့ လွန်ခဲ့တဲ့လဝက်က ဒီမှာရှိခဲ့တဲ့ အရှိန်အဝါတွေက အရမ်းပြင်းထန်ခဲ့တယ်။ ငါတို့သာ မစမ်းသပ်ကြည့်ပဲ သူ့အကန့်အသတ်တွေကို မတွေ့ရဘူးဆိုရင် ဘိုးဘေးပြန်လာတဲ့အခါ ရှင်းပြနိုင်မှာ မဟုတ်ဘူး"

"ဒါ့အပြင် အလယ်အလတ် တိုက်ပွဲရှာမန် တစ်ယောက်ဖြစ်တဲ့ ငါ့စွမ်းအားနဲ့ဆိုရင် သူက နှောင်းပိုင်းရှာမန် ဒါမှမဟုတ် မသေမျိုးရုပ်သေးတစ်ကောင် ရှိတဲ့ အစွမ်းထက် စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက် မဟုတ်သရွေ့တော့ ငါသူ့ကို မနိုင်ရင်တောင် သူလည်း ငါ့ကိုအချိန်တိုအတွင်း သတ်နိုင်မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါစမ်းသပ်ကြည့်နိုင်ပါသေးတယ်"

"တားမြစ်နယ်မြေထဲကို မသွားနဲ့။ အပြင်ကပဲ စောင့်ကြည့်နေကြ။ ငါ ဆုံးဖြတ်ချက်ချပြီးပြီ" သက်လတ်ပိုင်းလူသည် ဖြည်းညှင်းစွာ ပြောဆိုလိုက်ပြီး သူ့မျက်လုံးများက တိုက်ပွဲစိတ်ဝိညာဉ်ကြောင့် စူးရှတောက်ပလာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာပြီး တစ်ဆနီးပါးခန့် ပိုမိုကြီးမားလာကာ သူ့အား တောင်ကုန်းငယ်လေး တစ်ခုသဖွယ် ဖြစ်သွားစေသည်။

သူ့ခြေတစ်ချက်တည်းဖြင့် မြေပြင်မှာ အနည်းငယ် တုန်ခါသွားပြီး သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခု ပျံ့နှံ့လာခဲ့သည်။ ၎င်းက တွန်းအားတစ်ခုကို ဖြစ်ပေါ်လာစေပြီး သူ့ခြေထောက်အောက်ရှိ ဖုန်မှုန့်များကို လေထဲသို့ လွင့်ပျံသွားစေသည်။

သူ့အရှိန်နှုန်းက တစ်ဖြည်းဖြည်း မြန်ဆန်လာခဲ့ပြီး အဆုံးတွင်တော့ သူ့လှုပ်ရှားမှုများက လေထုအတွင်း ကျယ်လောင်သော ပေါက်ကွဲသံများကိုပင် ပဲ့တင်ထပ်သွားစေလေသည်။ ထိုအသံများသည် မြေပြင်၏ တုန်ခါမှုများနှင့် ပေါင်းစည်းကာ အားတစ်ခုအသွင်ဖြင့် စုမင်ရှိနေသော တောင်စဉ်တန်းဆီ ဦးတည်တိုးဝင်သွားခဲ့သည်။

ပေ ၆၀၀၀၀၊ ပေ ၅၀၀၀၀၊ ပေ ၄၀၀၀၀... ပေ ၃၀၀၀၀။

သက်လတ်ပိုင်းလူသည် လေပြင်းတစ်ခုသဖွယ် ဖြတ်သန်းလာခဲ့၏။ သူသည် တောင်တန်းမှ ပေသုံးသောင်း အကွာအဝေး နယ်နိမိတ်သို့ ရောက်လာသောအခါ ရပ်တန့်ခြင်းမပြုပဲ အတွင်းသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သို့သော်လည်း သူခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လေထုအတွင်း ဟိန်းဟောက်သံတစ်သံ ပျံ့လွင့်လာပြီး အနီရောင်မှုန်ဝါးဝါး အရာတစ်ခု သူ့ထံ ရွေ့လျားလာခဲ့လေသည်။ တစ်ချိန်တည်းမှာပင် စူးရှသော ပေါက်ကွဲသံတစ်ခုနှင့်အတူ လေလှိုင်းတစ်ခုက သူ့ထံတည့်တည့် တိုးဝင်လာခဲ့၏။

ထိုအရာက ကောင်းကင်ထက်သို့ ခပ်မြင့်မြင့် မြှောက်ထားသော တုတ်ချောင်းတစ်ခုဖြစ်သည်။

သက်လတ်ပိုင်းလူ၏ မျက်လုံးထဲတွင် စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ၎င်းကိုရှောင်တိမ်းခြင်း မပြုပဲ အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း ထိုတိုးဝင်လာသော တုတ်ချောင်းထံ ညာလက်သီးဖြင့် တည့်တည့်ထိုးသွင်းလိုက်သည်။ တုတ်ချောင်းနှင့် လက်သီးတို့ ထိပ်တိုက်တွေ့မိသည်နှင့် တစ်ပြိုင်နက် လေထုတစ်လျှောက် ပေါက်ကွဲဆူညံသံများ ပဲ့တင်ထပ်သွားသည်။ တုတ်ချောင်းသည် အနောက်ဘက်သို့ ပြန်လည်လွင့်စင်သွားပြီး မီးတောက်မျောက်ဝံသည်ပင် ထိုလက်သီးချက်၏ ဖိအားကြောင့် နောက်ဆုတ်သွားခဲ့ရ၏။

သက်လတ်ပိုင်းလူသည်လည်း စိတ်ချမ်းသာမနေခဲ့ပေ။ သူ့ခန္ဓာကိုယ်သည် တစ်ခဏတာ အေးခဲရပ်တန့်သွားသော်လည်း မကြာမီမှာပင် တောင်စဉ်တန်းမှ ပေသုံးသောင်း ဧရိယာအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လိုက်ချေသည်။

မီးတောက်မျောက်ဝံသည် မြည်ကြွေးဟိန်းဟောက်လိုက်ပြီး သူ့ထံ ထပ်မံတိုးဝင်လာပြန်၏။ မျိုးနွယ်စုခေါင်းဆောင်၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောအကြည့်တစ်ခု တောက်ပလာပြီး လက်နှစ်ဖက်လုံးကို မြှောက်၍ မြေပြင်ကို ရိုက်ချလိုက်သည်။

မြေပြင်သည် ရုတ်တရက် တုန်ခါသွားပြီး ကောင်းကင်သည်ပင် သက်ရောက်ခံလိုက်ရပုံပေါ်သည်။ ထိုနေရာတွင် လှိုင်းဂယက်ငယ်များ ဖြစ်ပေါ်လာပြီး မီးတောက်မျောက်ဝံကို တစ်ခဏတာ အေးခဲမင်သက်သွားစေသည်။

ထိုသို့ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သက်လတ်ပိုင်းလူသည် လေထဲသို့ခုန်တက်၍ ညာခြေဖြင့် လွှဲကန်လိုက်ရာ ပြင်းထန်သောအားတစ်ရပ်သည် မီတောက်မျောက်ဝံထံသို့ ဝှီးခနဲ တိုးဝင်လာခဲ့၏။

မီးတောက်မျောက်ဝံ၏ ခွန်အားက ထိုကန်ချက်ကို လုံးဝပင် မမှုခဲ့ချေ။ ၎င်းက တုတ်ချောင်းကိုမြှောက်၍ ထိုလူအား ထပ်မံတိုက်ခိုက်တော့မည့် အချိန်မှာပင် မီးတောက်မျောက်ဝံ အရှေ့ရှိ လေထုမှာ ရုတ်ခြည်း တွန့်လိမ်ပုံပျက်သွားပြီး စုမင်က အလွန်လျင်မြင်စွာ ထွက်ပေါ်လာခဲ့သည်။ သူ၏ထွက်ပေါ်လာမှုက လေပြင်းတစ်ခုပင် ဖြစ်ပေါ်သွားစေ၏။ သူသည် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင် အနက်ရောင်မျက်နှာဖုံး တစ်ခု တပ်ဆင်ထားဆဲ ဖြစ်သည်။ သူ့ဆံပင်ရှည်များ ကောင်းကင်ထက်၌ လွင့်မျောနေသေးစဉ်မှာပင် သူက သက်လတ်ပိုင်းလူ၏ ခြေထောက်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ချေသည်။

ထိုလက်သီးချက်ထဲတွင် လေနှင့် လျှပ်စီးစွမ်းအင်တို့၏ ရင်းမြစ်အပေါ် သူ၏ လွန်ခဲ့သောရက်ပိုင်းအတွင်းက သဘောပေါက်နားလည်မှု အချို့ပါဝင်နေသည်။ သူ့လက်သီးကို ရှေ့သို့ထိုးသွင်းလိုက်သည်နှင့် လေနှင့်လျှပ်စီးတို့၏ ပြင်းအားကြောင့် တဝုန်ဝုန်း မြည်ဟည်းသွားပြီး ကောင်းကင်ကိုပင် တုန်ခါသွားစေခဲ့သည်။

လေစွမ်းအင်သည် စုမင်၏ လက်သီးချက်ကို ခုခံမရနိုင်သည်အထိ လျင်မြန်သွားစေ၏။ လျှပ်စီးစွမ်းအင်ကြောင့် ထိုလက်သီးချက်ထဲတွင် ကောင်းကင်ဘုံ၏ စွမ်းအား ပါဝင်နေသကဲ့သို့ ထင်မှတ်ရစေသည်။ သူ့မာန်အရိုးများမှ စွမ်းအင်များလည်း ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုရှာမန်၏ ခြေထောက်ပေါ်သို့ စုမင်လက်သီး ကျရောက်သွားသည်နှင့် ဟန်တောင်တန်းခေါင်းလောင်း၏ ပုံရိပ်ယောင်ပုံစံ ထွက်ပေါ်လာပြီး သူ့လက်သီးသည်ပင် ဟန်တောင်တန်းခေါင်းလောင်းသဖွယ် ဖြစ်သွားခဲ့သည်။

လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု မြည်ဟည်းသွားသည်။ သက်လတ်ပိုင်းလူ၏ ညာခြေသည် ချက်ချင်းကျိုးကြေသွားပြီး သူ့မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့သည်။ ထို့နောက် သူသည် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရပြီးနောက် သူ့ခန္ဓာကိုယ်မှာ လေပြင်းကြောင့် အနောက်ဘက် ပေရာပေါင်းများစွာသို့ လွင့်စင်ရောက်ရှိသွားတော့သည်။ သူ နယ်နိမိတ်အပြင်တွင် လဲကျသွားသည်နှင့် အတူပါလာသော အဘိုးအိုနှစ်ဦးက သူ့ကိုကူညီရန် ရှေ့သို့ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

"ကျုပ်ကို လာမနှောင့်ယှက်ကြနဲ့။ ဒါ သတိပေးတာပဲ။ ကျုပ် ခင်ဗျားတို့ကို သတ်မိအောင် လာဖိအားမပေးကြနဲ့။ မင်းတို့မိသားစုတွေကို မင်းတို့နဲ့အတူ သေဆုံးသွားရအောင် မလုပ်ကြနဲ့။ မင်းတို့မျိုးနွယ်စုကို ရှာမန်နယ်မြေကနေ ပျောက်ကွယ်သွားရအောင် မလုပ်ကြနဲ့" စုမင်သည် မီးတောက်မျောက်ဝံ အရှေ့တွင် ရပ်လိုက်ပြီး ညာလက်ကို ပြန်ဆွဲသိမ်းရင်းမှ  ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။

***

All Chapters