← Chapters

ကြိုးကြာနက် မျိုးနွယ်စု

Vol. 28 Ch. 381

ကြိုးကြာနက် မျိုးနွယ်စု

Vol. 28 Ch. 381

ကြိုးကြာနက် မျိုးနွယ်စုခေါင်းဆောင်မှာ သူ့မျိုးနွယ်ဝင်နှစ်ယောက်ကို မှီတွဲထားရသည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးတို့စီးကျနေပြီး ညာခြေမှာ ကျိုးပဲ့ပျက်စီးနေချေပြီ။ ၎င်းသည် သွေးသံရဲရဲ ဖြစ်နေပြီး ကျိုးပဲ့နေသော အရိုးများကိုပင် တွေ့မြင်နိုင်၏။

ထိုယောကျ်ား၏ သွေးတို့သည် မြေပြင်ပေါ်သို့ တစ်စက်စက် စီးကျနေပြီး အပြင်းအထန်နာကျင်မှုက သူ့မျက်နှာကို ဖြူရော်နေစေသည်။ သူ့နံဖူးမှ ပုတီးစေ့ခန့် ချွေးသီးလုံးများပင် စီးကျလို့နေသည်။

"သွားကြစို့" သူသည် အံတင်းတင်းကြိတ်လျက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။ သူ့နံဘေးရှိ အဘိုးအိုနှစ်ဦးသည် စကားတစ်ခွန်းမျှ မဆိုပဲ သူ့အား သယ်ဆောင်၍ အလျင်အမြန် ပြန်ဆုတ်ခွာလိုက်ကြသည်။ သူတို့သည် ပေထောင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်သည်နှင့် အလင်းတန်းရှည်များ အဖြစ်ပြောင်း၍ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

အစမှ အဆုံးထိတိုင်အောင်ပင် စုမင်သည် စကားတစ်ကြိမ်သာ ပြောခဲ့၏။ သူသည် ထွက်ခွာသွားသူများကို အေးစက်စက်သာ စိုက်ကြည့်နေခဲ့ပြီး တားဆီးခြင်းမပြုခဲ့ပေ။ အဆုံးတွင်တော့ ထိုသူတို့သည် ဤနေရာသို့ ယခုမှ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး မိမိမည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ပက်သက်၍လည်း ပြဿနာအချို့က ရှိနေသေးသည်။ သူသည် ဤနေရာတွင် ငြိမ်းငြိမ်းချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် လေ့ကျင့်၍ လေနှင့် လျှပ်စီးအကြောင်းများကို နားလည်သဘောပေါက်ကာ ပိုမိုသန်မာလာရန်သာ ရည်ရွယ်ထားသည်။ သူ ဒုက္ခမရှာချင်ပေ။

ထို့အပြင် သူက အပြင်လူတစ်ယောက် ဖြစ်သည်။ အကယ်၍ ဤနေရာတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီးဖြစ်သော ထိုရှာမန်များနှင့် အလွန်အကျွံ ပဋိပက္ခ ဖြစ်မိပါက ၎င်းက မျိုးနွယ်စုငယ်လေး ဆိုလျှင်တောင် ပြဿနာရှိနေဆဲ ဖြစ်သည်။

ရှာမန်သလင်းကျောက်ကြောနှင့် ပက်သက်၍တော့ စုမင်တွင် ထိုနေရာအတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေသော်ငြား ၎င်းကို သူ့ကိုယ်ပိုင်အဖြစ် လုပ်ပစ်ရန်လိုအပ်သည်ဟုတော့ မထင်မိပေ။ ယခင်က ထိုရှာမန်သလင်းကျောက်များကို တူးဖော်ရန် သူကြိုးစားခဲ့ဖူး၏။ သူ့တွင် တူးဖော်ရန် အထူးနည်းလမ်းတစ်ခု မရှိပါက ၎င်းတို့ကို ထိလိုက်သည်နှင့် ကြေမွသွားပေလိမ့်မည်။ ယခင်က ကျောက်စိမ်းဓားမြှောင်ငယ်ကို စမ်းသုံး၍ အပိုင်းအစရှစ်ခု ထုတ်ယူခဲ့ဖူးသော်လည်း ထိုလုပ်ငန်းစဉ်အတွင်း ပမာဏတူ သလင်းကျောက်များကို ပျက်စီးသွားစေခဲ့သည်။

အချိန်ကြာမြင့်စွာ ဖြုန်းတီးကာ သူ့လက်ကိုသုံး၍ နည်းနည်းချင်းစီ တူးမထုတ်သရွေ့ ဆုလာဘ်ကြီးကို ရိတ်သိမ်းနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် စုမင်သည် နွားသိုးဖြူမျိုးနွယ်စုကို ခြောက်လှန့်ရုံသာ ခြောက်လှန့်ရန် ရွေးချယ်ခဲ့ပြီး မသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ကြိုးကြာနက်မျိုးနွယ်စု အတွက်ကတော့ သူတို့ လွန်မလာသရွေ့ သူလည်း ၎င်းတို့ကို သတ်မှာမဟုတ်ပေ။ သူ့တိုက်ခိုက်မှုများက ပြင်းထန်သော်လည်း ၎င်းတို့ကို ခြောက်လှန့်ရန်သာ သုံးခဲ့ခြင်းဖြစ်သည်။ မျိုးနွယ်စုနှစ်ခုက သူ့ကို သတိထားမိမှသာလျှင် သူ့၌ ၎င်းတို့ အားနည်းကြောင်း၊ သန်မာကြောင်းကို သိနိုင်မည့် အခွင့်အရေး ရရှိလာမှာဖြစ်ပြီး သို့မှသာလည်း ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းမှုမျိုး ပေါ်လာနိုင်ပေလိမ့်မည်။

ကြိုးကြာနက်မျိုးနွယ်စုမှ လူသုံးဦး ထွက်ခွာသွားသည်ကို စောင့်ကြည့်နေလိုက်ပြီးနောက် စုမင်သည် သူ့လှိုဏ်ဂူရှိရာဘက်သို့ ပြန်လှည့်ကာ ပုံရိပ်ယောင်တစ်ခုအသွင် ပြောင်းလဲ၍ ပြန်သွားခဲ့သည်။

မီးတောက်မျောက်ဝံ၏ ပုံစံက မကျေမနပ် ဖြစ်နေပုံရသည်။ ၎င်းက စုမင် ပေါ်မလာလျှင်တောင် ထိုလူနှင့် သူတိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်နေလေ၏။

၎င်းသည် လက်ထဲတွင် ကိုင်ထားသော တုတ်ချောင်းဖြင့် စုမင်၏နောက်ကျော ရှိရာဘက်ဆီသို့ အကြိမ်များစွာ လွှဲယမ်းရိုက်လိုက်ပြီးမှ မီးတောက်နီရောင်အရိပ်တစ်ခု အဖြစ် ပြောင်းလဲထွက်ခွာသွားခဲ့၏။ ထို့နောက် အနီးတဝိုက် ဧရိယာအတွင်း ယောင်ပေပေလုပ်လျက်

ဤနေရာသို့ လာရဲအောင်မိုက်မဲသေးသော အခြားကျူးကျော်သူများကို ရှာဖွေရန် ကြိုးစားနေလေသည်။

အခြား ရက်အနည်းငယ်ခန့် ကုန်လွန်သွားခဲ့ပြန်သည်။ ထိုအချိန်တွင် စုမင်သည် သူ့ဂူထဲမှ အပြင်မထွက်ခဲ့သလို သူ့ကို အနှောင့်အယှက် ပေးမည့်သူလည်း မရှိခဲ့ချေ။ ဤကဲ့သို့ နေ့ရက်များသည် ပျင်းစရာကောင်းနိုင်သော်လည်း စုမင်ကတော့ ၎င်းကို စိတ်ထဲမရှိလှပေ။ သူသည်  သူ့စိတ်ကိုရှင်းအောင်ထားခြင်းနှင့် အကျွမ်းတဝင် ဖြစ်နေချေပြီ။ သူသည် ယခု နယ်မြေသစ်တစ်ခု၌ ရှိနေခြင်း ဖြစ်သော်လည်း အမှန်စင်စစ် သူ့အတွက်တော့ နက်မှောင်တောင်နှင့် နဝမတောင်ထွတ်တို့မှ လွဲ၍ ကျန်နေရာအားလုံးနီးပါးမှာ နယ်မြေသစ်ပင်ဖြစ်သည်။

ဤနေထိုင်မှုပုံစံမျိုးနှင့် ကျင့်သားရနေခဲ့ပြီးဖြစ်သော စုမင်သည် လေစွမ်းအင် အမွေဆက်ခံခြင်း သလင်းကျောက်ကိုသာ ဆက်လာလေ့လာနေခဲ့မိသည်။  ထိုအရာသည် လက်သီးဆုပ် အရွယ်အစားခန့်ရှိပြီး ကြည်လင်ပြတ်သားလို့နေ၏။ ၎င်းအတွင်းတွင် လေများပါဝင်နေပုံ ရပြီး သလင်းကျောက်ထဲ၌ လေနှင့် တိမ်များ တဖျတ်ဖျတ်လှုပ်ခတ်နေပုံ ပေါ်နေသည်။ ၎င်းက သူ့အတွက် ထူးထူးခြားခြား ဆွဲဆောင်ညှို့ငင်နိုင်မှု တစ်ခုရှိနေ၏။

'လေထု ခွဲဖြာဓားချက်... လေစွမ်းအင် ရင်းမြစ်...' စုမင်သည် သူ့လက်ထဲရှိ လေစွမ်းအင် အမွေဆက်ခံခြင်း သလင်းကျောက်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လျက် အတွေးများနေမိသည်။

'ငါသာ ဒီအမွေဆက်ခံခြင်း သလင်းကျောက်နဲ့ မပေါင်းစည်းနိုင်ဘူးဆိုရင် လေခွဲဖြာခြင်း ပုံစံသုံးမျိုးနဲ့ ပက်သက်ပြီး ဘာဉာဏ်အလင်းပွင့်မှုမှ ရလာမှာမဟုတ်ဘူး။ လေစွမ်းအင်ရင်းမြစ်ရဲ့ အရမ်းအခြေခံကျတဲ့ လုပ်ဆောင်ချက်လေးတွေလောက်ပဲ ငါသုံးနိုင်တာ။ ပြီးတော့ ငါ့အမြန်နှုန်းကို နည်းနည်းပိုမြန်အောင်လို့ ငါ့ကိုယ်ထဲမှာပဲ အဲဒါကို လှည့်ပတ်နိုင်တယ်'

'ဒါပေမယ့် လေမာန်စွမ်းအားရှင်ဆိုတာ အမြန်နှုန်းတစ်ခုတည်းပဲ မဟုတ်တာတော့ ကျိန်းသေတယ်... ငါ့ကို ဒီလေစွမ်းအင် အမွေဆက်ခံခြင်း သလင်းကျောက်က လက်ခံလာအောင် ဘယ်လိုများ လုပ်လိုက်ရပါ့မလဲ'

ဤရက်ပိုင်းအတွင်း စုမင်သည် သူလုပ်နိုင်သမျှ အရာအားလုံးကို စဉ်းစားကြည့်ခဲ့ပြီး ဖြစ်သော်လည်း အနက်ရောင် ကျောက်တုံးအပိုင်းအစလေး၏ အကူအညီဖြင့်ပင် သူ့ဆန္ဒဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ သူမည်မျှဆင့်ခေါ်နေပါစေ ၎င်းသလင်းကျောက်က သူ့ကို အနည်းငယ်မျှတောင် မတုန့်ပြန်ခဲ့ချေ။

'အစစ်အမှန် လေမာန်စွမ်းအားရှင် စစ်နတ်ဘုရား ပေါ်မလာသေးသရွေ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမွေအနှစ်ကို ရယူနိုင်ခွင့် မရှိတာများလား...' စုမင်သည် လေစွမ်းအင်အမွေဆက်ခံခြင်း သလင်းကျောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သု့မျက်နှာက မည်းမှောင်သွားခဲ့သည်။ သို့သော် သူ့မျက်ဝန်းများကတော့ စူးရှတောက်ပနေလေသည်။

သူ့အားနည်းချက်အားလုံးကို သူသေချာသိ၏။ မာန်နတ်ဘုရား၏ စွမ်းအားဖြစ်စေ၊ ဟန်တောင်တန်းခေါင်းလောင်း ဖြစ်စေ ဤအရာအားလုံးသည် ပြင်ပစွမ်းအားများသာ ဖြစ်ပြီး သူ့ကိုယ်ပိုင်စွမ်းအား၏ တစ်စိတ်တစ်ပိုင်း မဟုတ်ပေ။ ဤပြင်ပစွမ်းအားသည် ယခုအချိန်တွင် သူပိုင်ဆိုင်နေသေးသော်လည်း အနာဂါတ်တွင် သူနှင့်မသက်ဆိုင်တော့မည့် အခြေအနေမျိုးလည်း ဖြစ်လာနိုင်၏။

အစွမ်းထက် စစ်သည်တော်တစ်ဦး ဖြစ်လာခြင်းအတွက် အခြေခံသည် သူ့ကိုယ်ပိုင် ကျင့်ကြံဆင့်နှင့် နတ်ဘုရားစွမ်းရည်များသာ ဖြစ်သည်။ ၎င်းတို့က အဓိကအရာများဖြစ်သည်။ သို့သော် ယခုတော့ စုမင်တွင် နတ်ဘုရားစွမ်းရည်များ မယုံနိုင်လောက်အောင်ပင် ချို့တဲ့နေသည်။ သူကိုယ်တိုင် ဖန်တီးထားသော မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်းမှအပ သူ့တွင်ရှိသောအရာဟူ၍ သူ့အမြန်နှုန်းနှင့် နတ်ဆိုသုံးဖော်ကွပ်မျက်သာ ကျန်လေ၏။

သူသာ တစ်စုံတစ်ဦးနှင့် ကျင့်စဉ်ပညာရပ် တိုက်ပွဲမျိုး ရင်ဆိုင်ရပါက သေဆုံးသွားနိုင်ပေသည်။ ဤအရာကိုလည်း ရှာမန်နယ်မြေသို့ ခရီးထွက်ခဲ့စဉ်က စုမင် ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။ လေစွမ်းအင် အမွေဆက်ခံခြင်း သလင်းကျောက်ကို လေ့လာရာတွင် အချိန်များစွာ သုံးနေခဲ့ရသည့် အကြောင်းအရင်းမှာ သူ့လက်ထဲတွင်ရှိသော နတ်ဘုရားစွမ်းရည်များနှင့် ကျင့်စဉ်မျိုးစုံကို တိုးမြှင့်နိုင်ရန်အတွက် ဖြစ်သည်။

သို့သော်လည်း ရလဒ်များက စုမင်ကို အတော်လေး စိတ်ဓာတ်ကျသွားစေသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူသည် လက်မလျှော့ပဲ ၎င်းနှင့်ပေါင်းစည်းနိုင်ရန် ဆက်လက်ကြိုးစားနေလိုက်ချေ၏။ ဤပစ္စည်းသည် လေမာန်စွမ်းအားရှင် အမွေအနှစ်၏ အဓိကအစိတ်အပိုင်းများဆီသို့ တံခါးကိုဖွင့်ပေးမည့် သော့တစ်ချောင်းကဲ့သို့ပင် ဖြစ်သည်။

စုမင်၏လှိုဏ်ဂူရှိရာ တောင်စဉ်တန်း၏ အရှေ့ဘက် လီတစ်သောင်းအဝေးတွင် ခပ်နိမ့်နိမ့် တောင်တန်းတစ်ခု ရှိသည်။ ထိုနေရာတွင် အလွန်တရာ မြင့်မားခြင်းမရှိသော တောင်တစ်လုံးလည်း ရှိနေ၏။

၎င်းက အလွန်ထူးဆန်းသဖြင့် မည်သူမဆို တစ်ကြိမ်မြင်လိုက်ပြီးသည်နှင့် မေ့နိုင်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တောင်၏ပုံစံသည်

အတောင်ပံများကို ဖြန့်လျက် ပျံသန်းတော့မည့် ကြိုးကြာတစ်ကောင်အသွင် ဖြစ်နေသောကြောင့် ဖြစ်သည်။

ကြိုးကြာငှက်မှာ ရှာမန်နယ်မြေနှင့် မာန်စွမ်းအားရှင် နယ်မြေတို့တွင် မတည်ရှိသောအရာဖြစ်သည်။ ဤသတ္တဝါသည် အင်မော်တယ်များနှင့်သာ သက်ဆိုင်သော ဉာဏ်ရည်မြင့်မားသည့် သက်ရှိတစ်ကောင်ဖြစ်၏။

သို့သော်လည်း ၎င်း၏ပုံစံရှိသော ဤတောင်သည် ရှာမန်နယ်မြေထဲတွင် ပေါ်လာခဲ့ပြီး ထိုနေရာတွင် ကြိုးကြာငှက်၏ အမည်ပေးထားသော မျိုးနွယ်စုတစ်ခုပင် ရှိနေသေးသည်။ ထိုအရာကပင် လူများကို တွေးတောမိစေရန် လုံလောက်နေချေပြီ။

သို့သော် ဤနေရာသည် ဝေးလံခေါင်သီသော နယ်မြေတစ်ခုတွင်ရှိနေပြီး ကြိုးကြာနက်မျိုးနွယ်စုသည်လည်း မျိုးနွယ်စုငယ်လေး တစ်ခုမျှသာ ဖြစ်နေသည်။ ၎င်း၏ မျိုးနွယ်ဝင်အများစုသည်လည်း အပြင်သို့ စွန့်စားသွားလာခဲသဖြင့် ၎င်းတို့ကို သတိပြုမိသူ အနည်းငယ်သာ ရှိလေသည်။ ထို့ကြောင့်ပင် ကြိုးကြာနက်မျိုးနွယ်စု၏ လျှို့ဝှက်ဆန်းကြယ်မှုက အဝေးသို့ မပျံ့နှံ့သွားခြင်း ဖြစ်သည်။

တောင်ထဲရှိ ကျောက်တုံးအိမ်တစ်လုံးထဲတွင် ညာခြေထောက် ကျိုးကြေနေသော ယောကျ်ားတစ်ယောက် ရှိနေသည်။ ထိုအချိန်တွင် သူ့မျက်လုံးများမှာ တင်းတင်းကြပ်ကြပ် မှိတ်ထားပြီး သူ့ခန္ဓာကိုယ်ကတော့ အနည်းငယ် တုန်ယင်နေခဲ့သည်။ သူ့ကိုယ်အပေါ်ပိုင်းကို ဖုံးအုပ်ထားခြင်း မရှိပဲ ချွေးများက မြစ်ရေတို့သဖွယ် စီးကျနေလေသည်။

သူ့ရှေ့တွင် အဘွားအိုတစ်ဦး ထိုင်နေ၏။ သူမဆံပင်များမှာ ဖြူဖွေးနေပြီး သူမမျက်နှာပေါ်တွင် ဇရာ၏ အညိုရောင်အစက်အပြောက် များစွာရှိနေခဲ့သည်။ သူမသည် သူမ၏ ပိန်ခြောက်နေသော လက်များကို အမျိုးသား၏ ညာခြေထောက်ပေါ် တင်လိုက်သည်။

အဘွားအို၏ ပါးစပ်မှ ဂါထာရွတ်သံကဲ့သို့ ထူးဆန်းသော စကားလုံးများ ထွက်လာခဲ့သည်။

သူမအနောက်ရှိ အခန်းတံခါး အပြင်တွင် ကြိုးကြာနက်မျိုးနွယ်ဝင် ငါးဦး ထိုင်နေကြသည်။ သူတို့အမူအယာများသည် ဒေါသ၊ မုန်းတီးမှုနှင့်အတူ စိုးရိမ်စိတ်တို့ ရောပြွမ်းနေလေသည်။

သူတို့ အမုန်းတရားများသည် သက်လတ်ပိုင်းလူကို ဦးတည်နေခြင်း မဟုတ်ပဲ အဝေးရှိ စုမင်၏လှိုဏ်ဂူရှိရာ အရပ်ဆီသို့ ရံဖန်ရံခါ လှမ်းကြည့်ချိန်မှသာ ပေါ်လာခြင်း ဖြစ်သည်။

"တိုက်ခိုက်ခဲ့တဲ့သူမှာ သတ်ဖြတ်လိုစိတ်မရှိဘူးပဲ။ မင်းခြေထောက်ကို ငါကုပေးနိုင်ပေမယ့် အချိန်တော့ယူရလိမ့်မယ်။ နှစ်ဝက် ဒါမှမဟုတ် အဲ့ထက်ပိုကြာနိုင်တယ်။ အဲဒီအတောအတွင်း မင်းထပ်ပြီး ထိခိုက်ဒဏ်ရာမရရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ မဟုတ်ရင်တော့ မင်းခြေထောက်က လုံးဝသုံးစားလို့ရမှာမဟုတ်တော့ဘူး" အချိန်အတော်ကြာပြီးနောက် အဘွားအိုသည် ထူးဆန်းသောအသံများ တတွတ်တွတ်ရေရွတ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် ဖြည်းညှင်းစွာ ပြောဆိုရင်း မျက်လုံးများကိုဖွင့်လိုက်ရာ တိမ်ဖုံးနေသကဲ့သို့ မျက်ဆံဖြူဖြူ တစ်စုံ ထွက်ပေါ်လာခဲ့သည်။

စကားဆုံးသည်နှင့် အဘွားအိုသည် မတ်တပ်ထရပ်ကာ ခါးကုန်းကုန်းဖြင့်ပင် တံခါးဆီ လျှောက်သွားခဲ့သည်။ သူမခြေလှမ်းများသည် ကျင့်ကြံသူတစ်ဦးကဲ့သို့ ပေါ့ပါးနေခြင်း မရှိသော်ငြား လေးလံနေခြင်းလည်း မရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် သာမန်လူတစ်ဦး မဟုတ်ကြောင်း ထင်ရှားလို့နေသည်။

"ကုသသူကို ပြန်ပို့ပေးလိုက်" ကိုယ်တစ်ပိုင်းဗလာဖြင့် လူသည် မျက်လုံးများကိုဖွင့်ကာ ပင်ပန်းနွမ်းနယ်နေသော အမူအယာဖြင့် ပြောလိုက်သည်။

ကြိုးကြာနက် မျိုးနွယ်ဝင်တစ်ဦးသည် ချက်ချင်းရှေ့ထွက်လိုက်ပြီး ထွက်ခွာသွားသော အဘွားအိုကို ကူတွဲလိုက်သည်။

အဘွားအို ထွက်ခွာသွားသည်နှင့် အိမ်ထဲတွင် ကျန်နေသော လူများကြားမှ ဆံပင်တို့ တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသော အဘိုးအိုတစ်ဦးက ချက်ချင်းထရပ်လာခဲ့သည်။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တက်၍ ကျယ်လောင်စွာ ပြောဆိုလိုက်၏။ "မျိုးနွယ်စုခေါင်းဆောင်၊ ငါတို့ မျိုးနွယ်စုထဲက စစ်သည်တွေအားလုံး စုထားပြီးပါပြီ။ မင်းရဲ့ အမိန့်ကို စောင့်နေတာပါ"

"မျိုးနွယ်စုခေါင်းဆောင် ငါတို့ဒါကို အချိန်ဆွဲနေလို့မရဘူး။ ဘာကြောင့် ဒီလူကို ငါတို့ ရှာမန်သလင်းကျောက်ကြောကို မောင်ပိုင်စီးခွင့် ပေးလိုက်ရမှာလဲ။ သူ့ကျင့်ကြံဆင့်က ဘယ်လောက်ပဲ မြင့်နေပါစေ သူက တစ်ယောက်တည်းပဲလေ။ တစ်ကယ်သာ လိုအပ်ခဲ့ရင် ငါတို့သွေးတွေကို စတေးပြီး ကြိုးကြာငှက် ဘိုးဘေးကို ဆင့်ခေါ်နိုင်တာပဲ" အခြားတစ်ဦး၏ ပါးစပ်မှလည်း ကြောက်မက်ဖွယ် ခြောက်ကပ်ကပ် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုသူသည် အသက်မည်မျှ ရှိနေပြီမှန်း မဆုံးဖြတ်နိုင်သော ပိန်ပါးပါးလူတစ်ဦး ဖြစ်သည်။ သူသည် ကုလားထိုင်ပေါ်တွင် အရိုးစုတစ်ခုလို ထိုင်နေခဲ့၏။

ကျန်လူများသည်လည်း အဆက်မပြတ် ပြောဆိုလာကြပြီး သူတို့စကားများမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ ပြည့်နေလေသည်။

"တိတ်ကြစမ်း" ညာခြေထောက်ပျက်စီးနေသော လူသည် သူထိုင်နေသော သစ်သားကုလားထိုင်ကို ညာလက်ဖြင့် ဝုန်းခနဲ ရိုက်ချလိုက်သည်။

"အဲဒီလူက တစ်ယောက်တည်း မဟုတ်ဘူး။ သူနဲ့အတူ မီးတောက်မျောက်ဝံတစ်ကောင် ရှိသေးတယ်။ ပြီးတော့ အဲဒီတောင်တန်းထဲမှာ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကိုလည်း ငါအာရုံခံမိသေးတယ်။ သူ့လက်ထဲမှာ တစ်ခြား လှည့်ကွက်တွေရှိနေသေးတာ သေချာတယ်"

"အဲဒါကို ငါတို့ လျှော့တွက်လိုက်ရင်တောင် အဲဒီနေ့ ထူးဆန်းဖြစ်စဉ် ပေါ်လာတုန်းက ခေါင်းကိုးလုံးသားရဲကို မင်းတို့အားလုံး မြင်လိုက်တာပဲ။ အဲဒီ သားရဲတစ်ကောင်နဲ့တင် ငါတို့မျိုးနွယ်စု ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာမဟုတ်တော့ဘူး။ ငါသွားခဲ့တယ်ဆိုတာ ဘိုးဘေးပြန်လာရင် ရှင်းပြနိုင်အောင်လို့ နောက်ဆုံးစမ်းသပ်မှုတစ်ခု လုပ်ပြီး အတည်ပြုဖို့အတွက်ပဲ။ မင်းတို့ ဘာလို့များသွားဖို့ စိတ်အားထက်သန်နေကြတာလဲ။ အဲလောက်တောင် သေချင်နေကြတာလား ဟမ်" အခန်းအတွင်းရှိ လူများကို ဝေ့ဝဲကြည့်လိုက်သော အမျိုးသား၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်။

"ငါတို့ ဒါကို ဘိုးဘေးပြန်လာမှ ထပ်ပြောကြ..." ထိုယောကျာ်းသည် စကားမဆုံးခင်မှာပင် သူ့လေသံက တစ်ဝက်တစ်ပျက် ရပ်တန့်သွားပြီး ခေါင်းကိုအလျင်အမြန် မော့ကြည့်လိုက်၏။

တစ်ချိန်တည်းမှာပင် စူးရှသော အော်မြည်သံတစ်ခုသည် မျိုးနွယ်စုတည်ရှိရာ တောင်အထက်ရှိ ကောင်းကင်မှ ဖြတ်သန်းပျံ့လွင့်လာခဲ့သည်။ ၎င်းက ဧရိယာတစ်ဝိုက် ပဲ့တင်ထပ်သွားပြီး လေပြင်းတစ်ခုသည်လည်း တောင်ကို ဝန်းရံထွက်ပေါ်လာခဲ့သည်။

သက်လတ်ပိုင်းလူ တစ်ဦးတည်းသာ မော့ကြည့်လိုက်ခြင်း မဟုတ်ပေ။ နေအိမ်အတွင်းရှိ အခြားမျိုးနွယ်ဝင်များ အားလုံး၏ မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်နေသော အမူအယာများ ချက်ချင်းပေါ်လာခဲ့သည်။ သူတို့သည် မတ်တပ်ထရပ်လိုက်ကြပြီး ၎င်းတို့အနက် နှစ်ဦးက သက်လတ်ပိုင်းလူကို သယ်ကာ အလျင်အမြန်ပင် အပြင်ထွက်လိုက်ကြသည်။

သူတို့ ထွက်လာသည်နှင့် တစ်ပြိုင်နက်တည်းလိုလိုပင် တောင်အတွင်းရှိ အခြားကျောက်တုံးအိမ်များမှ မျိုးနွယ်ဝင်များစွာသည်လည်း အပြင်ထွက်လာကြကာ ဒူးထောက်လျက် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

"ပြန်လည် ကြိုဆိုပါတယ် ဘိုးဘေး"

သူတို့အသံများသည် လေနှင့်အတူ ပေါင်းစည်းသွားသော လှိုင်းလုံးကြီးများသဖွယ်ပင် ဖြစ်သည်။ ထိုဧရိယာတစ်ဝိုက် သူတို့အသံများနှင့် လေပြင်းတို့ ပဲ့တင်ထပ်လှည့်ပတ်နေစဉ်မှာပင် အနက်ရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်မှနေ၍ သူတို့ထံသို့ ဦးတည်လာခဲ့သည်။ ထိုအလင်းတန်းထဲတွင် မီးတောက်တို့ တဟုန်းဟုန်းတောက်လောင်နေသော မျက်လုံးများဖြင့် ဧရာမကြိုးကြာငှက်ကြီး တစ်ကောင်ရှိနေသည်။ ၎င်းသည် ပေ၅၀၀ ခန့် အရွယ်အစားရှိပြီး ခေါင်းမှ ခြေဖျားသို့တိုင် နက်မှောင်လို့နေ၏။ ၎င်းသည် တောင်ပံများကို တဖျပ်ဖျပ်ခတ်လျက် သူတို့နှင့် နီးကပ်လာခဲ့သည်။

ကြိုးကြာငှက်ကြီး၏ ကျောပေါ်တွင် ငှက်မွေးတို့ဖြင့် ပြုလုပ်ထားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ရပ်နေလေသည်။ အဘိုးအို၏ မျက်နှာပေါ်တွင် အနက်ရောင်မျဉ်းကြောင်းများစွာ ရှိနေ၏။ သူ့မျက်နှာတွင် အရေးအကြောင်းများလည်း ရှိနေသော်ငြား မျက်လုံးများကတော့ စူးရှတောက်ပနေလေသည်။

သူ့နံဘေးမှာမူ လူတစ်ဦး ထိုင်နေ၏။ ထိုလူသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ထိုဝတ်ရုံပေါ်တွင် များပြားလှသော မြွေနှင့် ပိုးကောင်ပုံများ ထိုးထားလေသည်။ ထိုမြွေနှင့် ပိုးမွှားများသည် အရောင်အသွေး စုံလင်လှပြီး ကြည့်နေရသည်မှာပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုသူ၏ ဦးခေါင်းထက်တွင် ဝါးခမောက်တစ်လုံး ဖုံးအုပ်ထားသဖြင့် ပုံပန်းသွင်ပြင်ကို သေချာမမြင်ရသော်လည်း ထိုလူစိမ်း၏ ကိုယ်ဟန်အရ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပြောနိုင်လေသည်။

"မဒမ် ကျိ၊ ဒါက ကျုပ်မျိုးနွယ်စုပါပဲ။ ကျေးဇူးပြုပြီး ဒီလမ်းကကြွပါ" အဘိုးအိုသည် ကြိုးကြာနက်ပေါ်မှနေ၍ မြေပြင်ထက်သို့ ဝေ့ဝဲကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူ့နံဘေးရှိ အမျိုးသမီးကို ကြည့်လိုက်သောအခါ ထိုအပြုံးသည် လေးစားမှုအဖြစ်သို့ ပြောင်းလဲသွားပြီး အမျိုးသမီးဆီသို့ လက်သီးဆုပ်ကာ ဦးညွှတ်လိုက်ချေ၏။

ဝါးခမောက်ကြောင့် အသက်အရွယ်နှင့် ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော အမျိုးသမီးက ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ အဘိုးအိုအောက်ရှိ ကြိုးကြာငှက်သည် တောင်ထိပ်ဆီသို့ ချက်ချင်းဦးတည်ထိုးဆင်းသွားလေသည်။ သူတို့သည် တစ်ခဏအတွင်း နီးကပ်လာပြီး ရှေ့သို့ ဆက်လက် ဦးတည်လိုက်သည်နှင့် တောင်၏ကိုယ်ထည်မှ အနက်ရောင် မြူခိုးများ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

ကြိုးကြာငှက်သည် တောင်နှင့် တိုက်မိတော့မည်ဟု ထင်ရသည့်အချိန်မှာပင် ၎င်းက အနက်ရောင်မြူခိုးများ အဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့သည်။ အဘိုးအိုနှင့် ဝါးခမောက်ဆောင်းထားသော မဒမ်ကျိဆိုသူ အမျိုးသမီးတို့သည် သူ့မျိုးနွယ်ဝင်များ သယ်ထားရသော သက်လတ်ပိုင်းလူနှင့် အိမ်ထဲတွင် ရှိနေခဲ့ဖူးသော လူများ၏ ရှေ့ တောင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

"မဒမ်ကျိကို နှုတ်ဆက်ပါတယ်" ညာခြေကျိုးနေသော အမျိုးသားသည် အဘိုးအိုနှင့် မဒမ်ကျိတို့ကို မြင်သောအခါ ချက်ချင်း ဒူးထောက်ချလိုက်၏။ သို့သော် သူ့လှုပ်ရှားမှုကြောင့် ညာခြေထောက်တစ်လျှောက် စူးရှသော နာကျင်မှုတစ်ခု ထိုးတက်လာသဖြင့် သူ့မျက်နှာကို ရုတ်ခြည်း ဖြူရော်သွားစေခဲ့သည်။

"ဟမ် မင်းခြေထောက်က ဘာဖြစ်တာလဲ" ကြိုးကြာနက် မျိုးနွယ်စု ဘိုးဘေး၏ အကြည့်က သူ့ခြေထောက်ပေါ်သို့ ချက်ချင်းရောက်ရှိလာလေသည်။

***

All Chapters