← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း ၁၄၁ - ချွမ်ကျန်းဂိုဏ်းနှင့် ထိုက်ဖျင်ဂိုဏ်း

ကျန်းယွဲ့လုက မေးလိုက်သည်။

“နင်အခု ဘယ်လိုခံစားနေရလဲ”

ချီရွှမ်းစုက ဖြေလိုက်၏။

“ကျန်နေတဲ့ ဆေးအာနိသင်ကို ငါသန့်စင်ပြီးသွားပြီလို့ ထင်တယ်… ယွီရှုအဆင့်ကို တူညီတဲ့ အပိုင်းဆယ်ပိုင်း ခွဲခြားထားမယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က နှစ်ပိုင်းလောက် မြင့်တက်သွားလိမ့်မယ်… အဲ့ဒါက ငါ့ရဲ့ တစ်နှစ်စာလောက် ကျင့်ကြံမှုနဲ့ အနည်းဆုံး တူညီတယ်… မင်း အဲဒါကို စမ်းမကြည့်တော့မှာ တကယ်သေချာပြီလား”

“ဟုတ်တယ်… သေချာပြီ”

ကျန်းယွဲ့လုက ခေါင်းခါပြီး ငြင်းဆန်လိုက်၏။

“နင့်ရဲ့ ၂၀ ရာခိုင်နှုန်းက ငါ့ရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ မတူဘူး။ နင် ကလေးတုန်းက ထမင်းပန်းကန်တစ်ဝက်နဲ့ ဗိုက်ဝလိမ့်မယ်။ အခုဆိုရင်ရော နင် အဲဒီပန်းကန်တစ်ဝက်ကိုပဲ စားဦးမှာလား။”

ချီရွှမ်းစုက နှုတ်ခမ်းကိုသပ်ပြီး အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်၏။

ခရီးသည်တင်သင်္ဘော ဆိုက်ကပ်ပြီးနောက် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက သင်္ဘောပေါ်ကနေ ဆင်းလိုက်ကြ၏။

ကျန်းလင်စီရင်စုက ဟူကျိုး၏ မြို့တော်ဖြစ်သော်လည်း ဟူကျိုးတာအိုစံအိမ်က ထိုနေရာမှာ ရှိမနေပေ။

ဟူကျိုးတာအိုစံအိမ်က ရွှင်းယန်စီရင်စု ထိုက်ဟဲခရိုင်က ထိုက်ဟဲတောင်ပေါ်မှာ တည်ရှိလေသည်။ ဒဏ္ဍာရီအရ ဤနေရာသည် ရှေးဟောင်းနတ်ဘုရား ရွှမ်ဝူက ဉာဏ်အလင်းပွင့်ပြီး ကောင်းကင်ဘုံကို တက်လှမ်းသွားသည့်နေရာ ဖြစ်လေသည်။

ထို့ကြောင့် ဤနေရာသည် တာအိုအထွတ်အမြတ်ကုန်းမြေဖြစ်ပြီး သုခဘုံတစ်ခုဟု ဆိုနိုင်သည်။

ထိုနေရာမှာ တောင်ထွတ် ၇၂ ခု၊ ကျောက်ဆောင် ၃၆ ခု၊ စမ်းချောင်း ၂၄ ခု၊ ရေကန် ၁၁ ကန်၊ ရေအိုင် ဆယ်အိုင်၊ လိုဏ်ဂူ ၁၂ ခု၊ စိမ့်စမ်း ၁၁ ခု၊ စင်္ကြံလမ်းဆယ်လမ်းနှင့် ရေတံခွန် သုံးခု ရှိလေသည်။ ပင်မတောင်ထွတ်က ထျန်ကျူးတောင်ထွတ်ဖြစ်ပြီး ကောင်းကင်ကို ထောက်ကန်ပေးထားသည့် ရွှေရောင်တိုင်လုံးတစ်လုံးလို ငွားငွားစွင့်စွင့် မြင့်မားလေသည်။ ထျန်ကျူးတောင်ထွတ်ကို တောင်ထွတ် ၇၂ ခုက ဝန်းရံထားပြီး တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ယခင် ဝေမင်းဆက်တုန်းက ထိုက်ဟဲတောင်ကို နာမည်ကြီး တောင်လေးခုစလုံးက ဦးညွှတ်ခဲ့ရသည့်အတွက် ၎င်းသည် တောင်တန်းများအားလုံးကို အုပ်စိုးသည့် မဟာတောင်တော်ဟူသော အမည်ကို ရရှိခဲ့လေသည်။

မြေပုံအရ ဟူကျိုးတာအိုစံအိမ်က ကျန်းလင်စီရင်စုနှင့် ဝေးကွာပြီး ရှုကျိုး၊ ချင်းကျိုးတို့နှင့် ပိုမိုနီးစပ်သည်။ တကယ်တမ်းမှာတော့ ၎င်းသည် ချွမ်ကျန်းဂိုဏ်း၏ အလယ်ဗဟိုဖြစ်သော တီဖေးတောင်နှင့် ပိုမိုနီးကပ်နေခြင်းဖြစ်သည်။ ကျောက်စိမ်းနေပြည်တော်က တာအိုဂိုဏ်းတော်၏ အလယ်ဗဟိုဖြစ်သည်ဆိုလျှင် ယွင်ကျင်းတောင်၊ တီဖေးတောင်နှင့် ဖန်းလိုင်ကျွန်းတို့က ကျန်းယီဂိုဏ်း၊ ချွမ်ကျန်းဂိုဏ်းနှင့် ထိုက်ဖျင်ဂိုဏ်းတို့၏ ဗဟိုချက်မများ အသီးသီးဖြစ်ကြသည်။

ချီရွှမ်းစုက တီဖေးတောင်နှင့် ဖန်းလိုင်ကျွန်းကို တစ်ခါမှ မရောက်ဖူးသော်လည်း သူက ယွင်ကျင်းတောင်ကို ဖြတ်၍ ခရီးသွားရတော့မည်ဖြစ်သည်။

ကျန်းယွဲ့လု၏ အိမ်က တာကျန်းစံအိမ်မှာ မရှိသော်လည်း ၎င်းသည် ယွင်ကျင်းတောင်သို့သွားရာ လမ်းခုလတ်မှာ ရှိနေသည်။

ဤသည်ကို စဉ်းစားရင်း သူက ကျန်းယွဲ့လု၏အမေ သခင်မ ထျန်ထိုက်နှင့် တွေ့ဆုံရတော့မည်ဖြစ်သောကြောင့် ချီရွှမ်းစုက ရှင်းမပြတတ်စွာဖြင့် အကြောအခြင်များ တောင့်တင်းလာ၏။

ကျန်းယွဲ့လုက နေ့ရက်များကို စတင်၍ ရေတွက်နေသည်။ သူမသည် နှစ်သစ်အကြိုမှာ အိမ်ပြန်ရောက်လျှင် အကောင်းဆုံးဖြစ်မည်ဟု ပြောဆိုခဲ့သော်လည်း တကယ်တမ်းမှာတော့ သူမက ဤမျှအထိ အကဲမစမ်းရဲပေ။ သူမက နှစ်သစ်အကြိုမှာ အိမ်ပြန်ရောက်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်ထွက်လာမည်ဆိုလျှင် သူမ၏အမေက ဝေဟင်ပျံသင်္ဘောစီး၍ ကျောက်စိမ်းနေပြည်တော်သို့ လိုက်လာကာ သူမကို ပြဿနာရှာနေပေလိမ့်မည်။ သူမက အလုပ်တာဝန်ထမ်းဆောင်ရန် ကျောက်စိမ်းနေပြည်တော်သို့ ပြန်ရဦးမည်ဖြစ်သည့်အတွက် သူမ၏အမေကို လုံးဝ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ၁၂ လပိုင်း လလယ်မှာ အိမ်သို့ရောက်ပြီး ၁ လပိုင်း ခြောက်ရက်နေ့မှာ ဝေဟင်ပျံသင်္ဘောစီး၍ ပြန်လာမည်ဆိုလျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ကျန်းယွဲ့လုက တွေးခဲ့ခြင်းဖြစ်သည်။ သူမသည် အိမ်မှာ လဝက်ခန့် ရှိနေမည်ဖြစ်ပြီး ထိုအချိန်ကို တိုတောင်းလွန်းသည်ဟု မဆိုသာပေ။ အဲ့ဒါသည် ချီရွှမ်းစုနှင့် သူမ၏ ဆက်ဆံရေးကြား မူမမှန်မှုကို သူမ၏မိသားစု ရှာဖွေတွေ့ရှိသွားလောက်အောင်လည်း ကြာလိမ့်မည်မဟုတ်ပေ။

ယခုက ၁၁ လပိုင်း လလယ်ဖြစ်သည်။ ထို့ကြောင့် သူမက အိမ်ကို မရောက်ခင် တစ်လလောက် အချိန်ရနေ၏။ ထိုအချိန်သည် ဟူကျိုးကနေ ဝူကျိုးသို့ သွားပြီး ကျန်းလင်စီရင်စုကနေ ရှန်ချင်းစီရင်စုသို့သွားဖို့ ကောင်းကောင်းလုံလောက်သည့် အချိန်ဖြစ်သည်။ ထို့ကြောင့် သူတို့က အချိန်ဆွဲနိုင်ကြလေသည်။

သို့သော်လည်း ကျန်းယွဲ့လုက ကျန်းလင်မြို့တော်သို့ သွားဖို့ စိတ်ကူးမရှိပေ။ သူမက ဝူကျိုးကို တန်းသွားဖို့ ဆုံးဖြတ်လိုက်သည်။ ပိုင်သီမြို့က ဖြစ်ရပ်ကြောင့် သူမက ပို၍ သတိထားလာခြင်း ဖြစ်လောက်ပြီး ဘာမဟုတ်သည်နှင့် ပြဿနာ ထပ်မရှာချင်တော့ပေ။

. . . . . .

ဖီးနစ်စိမ်းတပ်ဖွဲ့၏ ကျော်ကြားလှသော နာမည်ဂုဏ်သတင်းနှင့် နှိုင်းစာလျှင် အင်ပါယာသက်တော်စောင့်ရုံးက အများသူငါကြားမှာ သိပ်ပြီး ကျော်ကြားခြင်းမရှိပေ။ အင်ပါယာသက်တော်စောင့်ရုံးသည် ဧကရာဇ်၏ တိုက်ရိုက်အမိန့်အောက်မှာ ရှိနေသောကြောင့်လည်း ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဖီးနစ်စိမ်းတပ်ဖွဲ့သည် တတိယအဆင့် အုပ်ချုပ်ရေးရုံးဖြစ်ပြီး သူတို့က ဘယ်လောက်ပင် စွမ်းအားကြီးမားသည်ဖြစ်စေ အဲ့ဒါကို ပေါ်ပေါ်ထင်ထင် ထုတ်ပြနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဖီးနစ်စိမ်းတပ်ဖွဲ့သည် ဧကရာဇ်၏ သီးသန့် ကိုယ်ရံတော်စစ်တပ်ဖြစ်သောကြောင့် သူတို့မှာ ထူးခြားသော အဆင့်အတန်းတစ်ခု ရှိနေ၏။ သူတို့သည် အခြားသော အစိုးရရုံးများကဲ့သို့ အတွင်းမြို့တော်မှာ ပြန့်ကျဲမနေပေ။ ထိုအစား သူတို့သည် အင်ပါယာမြို့တော်၏ ပင်မ ချန်းထျန်ဂိတ်တံခါးနှင့် အနီးမှာ စခန်းချနေကြသည်။ ၎င်းသည် ခြေလှမ်းတစ်ထောင်စင်္ကြံလမ်း၏ အနောက်ဘက်ခြမ်းမှာ ရှိပြီး ဖျက်သိမ်းလိုက်သော စစ်သေနာပတိချုပ်ရုံးတော်နှင့် ဘေးချင်းကပ်ဖြစ်သည်။

၎င်းသည် အလယ်ဗဟိုမှာ တည်ရှိပြီး နန်းတွင်းရေးရာ ဝန်ကြီးဌာနပြီးလျှင် ဒုတိယနေရာမှာ ရှိလေသည်။

အင်ပါယာသက်တော်စောင့်ရုံး၏ ဝင်ပေါက်ဝမှာ စောင့်ကြပ်နေသော ချပ်ဝတ်တန်ဆာဝတ် ဖီးနစ်စိမ်းတပ်သားများ ရှိကြသည်။ အနားကို ချဉ်းကပ်လာသည့် ဘယ်သူမဆို အထဲကို ဝင်ရောက်ဖို့နေနေသာသာ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခြင်း ခံရပေလိမ့်မည်။ နန်းတွင်းအရာရှိတစ်ဦးပင်လျှင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့်မရှိပေ။

အင်ပါယာ သက်တော်စောင့်ရုံးကို မြောက်ပိုင်းရုံးနှင့် တောင်ပိုင်းရုံးဟု ခွဲခြားထားပြီး မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးနှင့် တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးဟူ၍ အသီးသီးကျော်ကြားကြသည်။

တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံး၏ မှောင်နေသော တာဝန်ကျအခန်းထဲမှာ အပူပေးထားသော ခုတင်တစ်လုံး၊ စားပွဲတစ်လုံးနှင့် ဗီရိုတစ်လုံးကလွဲ၍ တခြား ဘာမှမရှိပေ။

ဇာထိုးပန်းထိုး ကျားသစ်ရုပ်ပုံ အမှတ်အသားပါသည့် တတိယအဆင့် စစ်ဘက်အရာရှိဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက အပူပေးထားသော ခုတင်ပေါ်မှာ ခြေချိတ်ပြီး ထိုင်နေသည်။ သူမ၏ မျက်နှာက အရိပ်ထဲမှာ ကျရောက်နေပြီး သူမ၏ အမူအရာကို ဖမ်းမိဖို့ ခက်သည်။

အပူပေးထားသော ခုတင်ရှေ့မှာ အဆင့် ၅ ဖီးနစ်စိမ်းတပ်သားတစ်ဦးက မတ်တတ်ရပ်ပြီး ကောင်းကောင်း ချိပ်ပိတ်ထားသော စာအိတ်တစ်အိတ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကမ်းပေးနေ၏။

အမျိုးသမီးက တောင်ပိုင်း စစ်ဘက်ကွပ်ကဲရေးရုံး၏ ဒုစစ်သေနာပတိ ယွင်လောပင်ဖြစ်သည်။ သူမသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ ထိပ်တန်းအရာရှိ သုံးဦးထဲမှာ တစ်ဦးတည်းသော အမျိုးသမီးလည်းဖြစ်သည်။

သူမရှေ့မှ အဆင့် ၅ ဖီးနစ်စိမ်းတပ်သားက လုကျိုးဒုစစ်ကဲရုံးမှ ဒုစစ်ကဲ ကျောက်ကွမ်းကျီ ဖြစ်သည်။

ယွင်လောက စာအိတ်ကို ယူပြီး အဲဒါကို ဖွင့်ကြည့်ဖို့ အလောတကြီး ရှိမနေပေ။ သူမက လက်ညှိုးဖြင့် စားပွဲကို တဒေါက်ဒေါက် ခေါက်ပြီး ခေါင်းမော့ကာ မေးလိုက်သည်။

“ကျန်းပျဲယွင်က တခြား ဘာပြောသေးလဲ”

သူမ ခေါင်းမော့လိုက်သည်နှင့် သူမ၏ မျက်နှာက အမှောင်ထဲကနေ ပေါ်ထွက်လာ၏။ အဲ့ဒါက ဆောင်းရာသီလို အေးစက်မှုနှင့် မှင်တက်စရာကောင်းသော မျက်နှာဖြစ်သည်။ သူမထံမှ အခြားသူများကို ဖယ်ခွာသွားစေမည့် ကြမ်းကြုတ်ခက်ထန်သော အေးစက်မှုတစ်ခု ဖြာထွက်နေ၏။

ကျောက်ကွမ်းကျီက ဗလတောင့်တောင့်နှင့် စစ်မြေပြင်မှ သမ္ဘာရင့် စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ သို့သော် သူက ရန်လိုခက်ထန်သည့်ပုံ မရှိပေ။ ထိုအစား သူ့ထံကနေ ဩဇာတိက္ကမတစ်ခု ဖြာထွက်နေပြီး သူ့အမူအရာက တည်ငြိမ်နေ၏။ မည်သို့ပင်ဆိုစေ ဖီးနစ်စိမ်းတပ်ဖွဲ့၏ ဒုစစ်ကဲနေရာသို့ တက်လှမ်းလာနိုင်သည့် လူတစ်ယောက်အနေဖြင့် သူက ရိုင်းစိုင်းကြမ်းကြုတ်သော လူ့ဘီလူးတစ်ကောင်နှင့် တူလိမ့်မည် မဟုတ်ပေ။

သူက လေးနက်သောအသံဖြင့် ဖြေပေးလိုက်သည်။

“ဒုစစ်သေနာပတိ... ပညာရှိကျန်းက ခင်ဗျားကို ဒီစာပေးဖို့ပဲ မှာလိုက်တာပါ”

ယွင်လောက ထိုအခါမှသာ ချိပ်ပိတ်ထားသော စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။ သေးငယ်သော လက်ရေးဖြင့် ပြွတ်သိပ်စွာ ရေးသားထားသော စာရွက်နှစ်ရွက် ထွက်ပေါ်လာ၏။

စာထဲမှာ ပါဝင်သည့် အကြောင်းအရာများကို မှင်သေသေ မျက်နှာထားဖြင့် စေ့စေ့စပ်စပ် ဖတ်ရှုပြီးနောက် သူမက ဘယ်လိုတုံ့ပြန်ရမလဲ ဆုံးဖြတ်ချက် မချရသေးသည့်အလား မည်သည့် စိတ်ခံစားချက်ကိုမှ မပြသသေးပေ။

ယွင်လောက စာကို အပူပေးထားသော စားပွဲပေါ်ချပြီး မေးလိုက်သည်။

“နင် အဲဒါကို ဖတ်ပြီးပြီလား”

ကျောက်ကွမ်းကျီက ခေါင်းခါပြလိုက်၏။

“အဲ့ဒါက ခင်ဗျားကို ပေးလိုက်တာမလို့ ကျုပ် ခွင့်ပြုချက်မရှိဘဲ ဖွင့်မကြည့်ရဲပါဘူး”

ယွင်လောက စာကို ကောက်ယူ၍ ကျောက်ကွမ်းကျီကို ကမ်းပေးလိုက်၏။

“အဲဒါက လီဟုန်ဝမ်ရဲ့ အမှုအကြောင်းပဲ… နင်နဲ့ ကျန်းပျဲယွင်က အစီအစဉ်ချပြီး သူတို့ကို ကွပ်မျက်ဖို့ လူလွှတ်ခဲ့တယ်မလား… အဲ့ဒီတော့ နင်ကိုယ်တိုင် ဖတ်ကြည့်သင့်တယ်”

ကျောက်ကွမ်းကျီက စာကို ယူပြီး ချက်ချင်းပင် ခေါင်းငုံ့ကာ ဖတ်လိုက်၏။

ယွင်လောက ထပ်ပြောလိုက်သည်။

“နင်က တခြားလူတွေ အာရုံစိုက်လာမှာစိုးလို့ ကိုယ်တိုင်မလှုပ်ရှားခဲ့ဘူး… ဒါပေမဲ့ နောက်ဆုံးမှာတော့ နင် လှုပ်ရှားမှု မပြုလုပ်ခင်ပဲ သတင်းက ပေါက်ကြားသွားတယ်… ချွမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်းက ပါဝင်ပတ်သက်နေတယ်… ဒါပေမဲ့ ပစ်မှတ်ကိုတော့ တခြားတစ်ယောက်က ယူသွားခဲ့တယ်”

စာကို ဖတ်ပြီးနောက် ကျောက်ကွမ်းကျီက ခေါင်းမော့ကာ ပြောလိုက်သည်။

“ချွမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်း ပါဝင်ပတ်သက်နေတယ်ဆိုမှတော့ အဲ့ဒါက ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ သက်ဆိုင်မနေသင့်တော့ဘူး… ထိုက်ဖျင်ဂိုဏ်းကလည်း အမှားလုပ်ခဲ့တယ်… ဒါပေမဲ့ ကျန်းပျဲယွင်က အဲ့ဒါကို ဖော်မပြခဲ့ဘူး”

“ဒါက အံ့ဩစရာမရှိဘူး”

ယွင်လော၏ လေသံက တည်ငြိမ်နေ၏။

“တစ်ယောက်ယောက်က တာဝန်ကို ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အရင်စပြီး အသနားခံတောင်းပန်မယ့်အစား အပြစ်ကနေ ရှောင်လွှဲဖို့ ကြိုးစားကြလိမ့်မယ်… မဟုတ်ရင် သူတော်စင်ချင်းဝေက သူ့ကို ချမ်းသာပေးပါ့မလား”

ကျောက်ကွမ်းကျီက စာကို ယွင်လောရှေ့ စားပွဲပေါ်သို့ ပြန်တင်လိုက်၏။ သူက ခဏမျှ နှုတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။

“ဒုစစ်ကဲ... ခင်ဗျား ကျုပ်ကို တစ်ခုခု အမိန့်ပေးစေခိုင်းစရာ ရှိပါသလား”

ယွင်လောက သူ့ကို အနီးကပ် စိုက်ကြည့်နေ၏။

“လီဟုန်ဝမ်က သေပြီ… သူက ဘာမှမဟုတ်တဲ့ ခရိုင်ဝန်လေးတစ်ဦးပဲ… အဲ့ဒါကြောင့် အမှုကို ပိတ်လိုက်ဖို့က သိပ်ပြီးတော့ ကိစ္စမရှိဘူး… ပိုပြီးတော့ အရေးကြီးတဲ့ မေးခွန်းက ဒီအမှုက တကယ်ပဲ သူတော်စင်တန်ဟွားနဲ့ ပတ်သက်နေသလားဆိုတာပဲ”

“အဲ့ဒါက သူတော်စင်တန်ဟွားနဲ့ ပတ်သက်နေမယ်ဆိုရင် ငါတို့ သူတော်စင်ချင်းဝေကို ရှင်းပြနိုင်လိမ့်မယ်… ဘာပဲပြောပြော သူတော်စင်တန်ဟွား ကြားဝင်စွက်ဖက်လာမယ်ဆိုရင် ငါတို့လို နောက်လိုက်ပါမွှားတွေက သူ့ကို ကျော်ပြီးတော့ ဘာမှလုပ်နိုင်ခဲ့မှာ မဟုတ်ဘူး… ဒါဆိုရင် ငါတို့က အဲဒီ တန်ခိုးရှင် သူတော်စင်နှစ်ပါးကို ပြန်ပြီးတော့ တည်ပေးလိုက်ရုံပဲ… ငါတို့ သိဖို့ လိုတာက ကျူးကောယုံမင်ကို ဘယ်သူသတ်ခဲ့သလဲ ဆိုတာပဲ… သူတော်စင်တန်ဟွားက ချွမ်ကျန်းဂိုဏ်းတပည့်တစ်ဦးကို ဘာကြောင့် သတ်ခဲ့တာလဲ… အဲဒါက သူတော်စင်တန်ဟွားနဲ့ မပတ်သက်ဘူးဆိုရင် ရွှမ်ကျောက်စိမ်းကို ယူသွားတာက ဘယ်သူလဲ”

ကျောက်ကွမ်းကျီက နှုတ်ဆိတ်သွား၏။ အတန်ကြာပြီးနောက် သူက ပြောလိုက်သည်။

“ဖုန်ထိုက်ခရိုင်ကို ကျုပ်ကိုယ်တိုင် သွားခဲ့တယ်… လူသတ်သမားက အတော်လေး ကျွမ်းကျင်မှု ရှိတယ်… သူက မျက်မြင်သက်သေ ဘာသဲလွန်စမှ ချန်မထားခဲ့ဘူး… ကျူးကောယုံမင်က ယင်သတ်ဖြတ်ခြင်းနည်းစနစ်နဲ့ အသတ်ခံခဲ့ရတယ်… တည်းခိုခန်းက လူတွေက ပိုးချည်မျှင်ရစ်ပတ်နည်းစနစ်နဲ့ အသတ်ခံရတယ်… အဲဒါက လူတစ်ယောက်တည်းရဲ့ လက်ချက်ဖြစ်မယ်လို့ ကျုပ်ထင်တယ်”

ယွင်လောက စာရွက်နှစ်ရွက်ကို ကောက်၍ ဆီမီးအိမ်နားကို ယူသွားကာ မီးရှို့လိုက်သည်။ မီးက သူမ၏ လက်ချောင်းများကို လောင်ကျွမ်းတော့မည့်ဆဲဆဲမှာ သူမက မီးစွဲနေသောစာကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။

သူမက ကျောက်ကွမ်းကျီကို ကြည့်ပြီး သတိပေးလိုက်သည်။

“သူတော်စင်ချင်းဝေက ဒီတစ်ခေါက် ထိုက်ဖျင်ဂိုဏ်းကိုယ်စား အင်ပါယာနေပြည်တော်ကို လာတော့မှာ… အဲဒါကြောင့် သူ့မှာ မဟာအခြွေအရံတစ်ဦး ပါလာလိမ့်မယ်… သူက ဒီကိုရောက်ဖို့ အချိန်နည်းနည်းကြာလိမ့်မယ်… ဒါပေမဲ့ သိပ်မကြာခင် အင်ပါယာနေပြည်တော်ကို ရောက်လိမ့်မယ်”

“အရင်တုန်းက အတွေ့အကြုံအရဆိုရင် သူက ထိုက်ဖျင်ဘုရားကျောင်းမှာ တည်းခိုလိမ့်မယ်… ထိုက်ဖျင်ဘုရားကျောင်းက ငါတို့ရဲ့ အင်ပါယာသက်တော်စောင့်ရုံးနဲ့ ဘယ်လောက်နီးကပ်လဲဆိုတာ နင်သိပါတယ်… အဲဒါကြောင့် ဧကရာဇ်နဲ့ တွေ့ဆုံပြီးရင် သူတော်စင်ချင်းဝေက ငါတို့ဆီကို ရောက်လာလောက်တယ်… ငါတို့ ဘယ်လိုတုံ့ပြန်ရမလဲ နင်စဉ်းစားထားတာ ပိုကောင်းလိမ့်မယ်”

ကျောက်ကွမ်းကျီက အဖြေပေးလိုက်၏။

“နားလည်ပါပြီ... ဒုစစ်သေနာပတိ... စိတ်ချလက်ချနေပါခင်‌ဗျာ”

ယွင်လောက လက်ကာပြီး ကျောက်ကွမ်းကျီကို နှင်ထုတ်လိုက်၏။

ကျောက်ကွမ်းကျီ အခန်းထဲကနေ ထွက်သွားပြီးနောက် ယွင်လောက အပူပေးထားသော ခုတင်ပေါ်ကနေ မတ်တတ်ထရပ်ပြီး ကြမ်းပြင်ပေါ်က ပြာများကို နင်းချေလိုက်သည်။ သူမ၏ မျက်နှာက သုန်မှုန်နေလေသည်။

အခန်း ၁၄၂ - အစ်မဝမ်းကွဲ

ကျန်းလင်စီရင်စုကနေ ရှန်ချင်းစီရင်စုသို့ ရေလမ်း သို့မဟုတ် ကုန်းလမ်းဖြင့် သွားနိုင်သည်။ ရှစ်ပိုခန်းမ၏ သင်္ဘောက ဝူကျိုးကို မရောက်ရှိသည့်အတွက် ချီရွှမ်းစုနှင့်ကျန်းယွဲ့လုက ကုန်းလမ်းခရီးဖြင့်သာသွားလာရ၏။

သူတို့က ဝူကျိုးသို့ မရပ်မနား မြင်းစီးသွားခဲ့ကြသည်။ ဤရက်များအတွင်း သူတို့သည် လူစည်ကားသော မြို့ကြီးများကိုရှောင်ပြီး တောထဲမှာ အိပ်စက်နားခိုခြင်း သို့မဟုတ် မြို့အပြင်ဘက် တာအိုဘုရားကျောင်းတချို့မှာ တည်းခိုခြင်းဖြင့် ခရီးဆက်ခဲ့ကြပြီး နောက်ဆုံးမှာ ဝူကျိုးနယ်မြေထဲသို့ ဝင်ရောက်လာကြသည်။ ထို့နောက် သူတို့၏ ခရီးသွားသည့်အရှိန်ကို လျှော့ချလိုက်ကြ၏။

မည်သို့ပင်ဆိုစေ ဝူကျိုးသည် ကျန်းယီဂိုဏ်းကြီးစိုးရာနယ်မြေဖြစ်ပြီး အတော်လေးဘေးကင်းလုံခြုံမှုရှိသည်။ ကျန်းမိသားစု၏ စောင့်ကြည့်မှုအောက်မှာ ကောင်းကင်ဆရာသခင်၏ မျိုးဆက်တစ်ဦးကို ဘယ်သူက ရန်စရဲမှာလဲ။

မြေကမ္ဘာဆရာသခင်က ကျန်းယွဲ့လုကို ပို၍ တန်ဖိုးထားသော်လည်း သူတို့၏ အတွင်းရေးကို မသိရှိသည့် အပြင်လူများအတွက်တော့ ကျန်းယွဲ့လုသည် ကျန်းမိသားစုမှဖြစ်ပြီး ကောင်းကင်ဆရာသခင် ကင်ပွန်းတပ်ပေးထားသည့် ကျန်းယီဂိုဏ်းတပည့်သားဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဆရာသခင်သည် ကျန်းယွဲ့လုကို မြေးမတစ်ဦးလို ချစ်မြတ်နိုးသည်ဟု သူတို့က ထင်ကြပေလိမ့်မည်။ ဝူကျိုးမှာ သူမ တစ်ခုခုဖြစ်မည်ဆိုလျှင် ကျန်းမိသားစုကလည်း အရှက်ရပေလိမ့်မည်။

ဝူကျိုးက အရှေ့တောင်ဘက်မှာရှိပြီး အရှေ့ဘက်မှာ ကျန်းကျိုး၊ တောင်ဘက်မှာ လင်းနန်၊ အနောက်ဘက်မှာ ရှောင်ကျိုး၊ မြောက်ဘက်မှာ လုကျိုးတို့နှင့် ထိစပ်နေသည်။ ၎င်းက ယန်ဇီမြစ်နှင့်လည်းဆက်နေသည်။ ဤပြည်နယ်မှာ စီရင်စု ၁၃ ခုနှင့် ခရိုင် ၇၈ ခုပါဝင်၏။ ရှန်ချင်းစီရင်စုသည် ဝူကျိုးမှာရှိသော စီရင်စု ၁၃ ခုထဲမှ တစ်ခုဖြစ်သည်။ ကျန်းယီဂိုဏ်းတပည့်သားများသည် ရှေးဦးမူလတာအိုဘိုးဘေးကို ယုံကြည်သည့်အပြင် ရှန်ချင်းစိတ်ဝိညာဉ်ရတနာအရှင်မြတ်ကိုလည်း ပူဇော်ကိုးကွယ်ကြသည်။

ရှန်ချင်းစီရင်စုထဲမှာ ရှန်ချင်းခရိုင်နှင့် ရှန်ချင်းမြို့ရှိပြီး ကျန်းယီဂိုဏ်းက ပိုင်ဆိုင်လေသည်။ ကျန်းမိသားစု၏ သွေးဝေးဆွေမျိုးများစွာသည် ရှန်ချင်းမြို့မှာနေဖို့ အဆင့်မမီသောကြောင့် သူတို့က ရှန်ချင်းခရိုင်မှာ နေကြရသည်။

ရှန်ချင်းစီရင်စုနှင့် ရှန်ချင်းခရိုင်မှာ အင်ပါယာနန်းတော်က ခန့်အပ်ပေးထားသည့် ဝန်မင်းများရှိသော်လည်း တကယ်တမ်းမှာတော့ ကျန်းမိသားစုကသာ အုပ်ချုပ်လေသည်။

သို့သော ဝူကျိုးကို ဝင်ရောက်လာပြီးနောက် ရှန်ချင်းစီရင်စုသို့ ရောက်ရှိဖို့ အတော်အတန်ဝေးကွာနေဆဲဖြစ်၏။ ဤအချိန်မှာ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် ဝူကျိုး၏ အနောက်မြောက်ဘက်မှာတည်ရှိသော ရွှင်းယန်စီရင်စု ဖန်းနင်ခရိုင်မှာ ရောက်ရှိနေကြသည်။ ဖန်းနင်ခရိုင်သည် ကျန်းနင်စီရင်စုနှင့် အနီးဆုံးခရိုင်လည်းဖြစ်သည်။

ဖန်းနင်ခရိုင်သို့ ချဉ်းကပ်လာသည့်အချိန်မှာ ကျန်းယွဲ့လုက ရှန်ချင်းစီရင်စုသို့ ရောက်ရှိရန် သူတို့လိုအပ်သည့်အချိန်ကို တွက်ချက်လိုက်၏။

“ဒီနေ့က ၁၁ လပိုင်း ၂၀ ရက်နေ့.. ရှန်ချင်းစီရင်စုကို ရောက်ဖို့ လောနေစရာတော့မလိုပါဘူး… တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှာ ငါ့အစ်မဝမ်းကွဲတစ်ယောက်နေတာရှိတယ်… လမ်းကြုံတုန်း သူ့ဆီကိုဝင်လည်ရအောင်”

ချီရွှမ်းစု၏ အမူအရာက အိုးတိုးအမ်းတမ်းဖြစ်သွား၏။

“အဲဒါက လိုလို့လား”

“လိုတာပေါ့”

ကျန်းယွဲ့လုက ပြောလိုက်သည်။

“နင်က ငါ့အမေနဲ့တွေ့ဖို့ ဆုံးဖြတ်ထားတယ်ဆိုမှတော့ ငါတို့က ကောင်းကောင်းသရုပ်ဆောင်နိုင်ရမယ်၊ ငါ အဲဒီအကြောင်းကို တွေးပြီးသွားပြီ… နင် ငါ့အမေနဲ့ ချက်ချင်းတွေ့ဖို့က အဆင်မပြေလောက်ဘူး.. အရင်ဆုံး အစမ်းလေ့ကျင့်ရအောင်”

“အစမ်းလေ့ကျင့်ဖို့လား”

ချီရွှမ်းစု၏ မျက်နှာက တောင့်တင်းသွား၏။

ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။

“ငါ့အစ်မဝမ်းကွဲက ငါ့အမေနဲ့ စိတ်နေစရိုက်ချင်း အတော်လေးတူတယ်”

ချီရွှမ်းစုက ချောင်းဟန့်ပြီးမေးလိုက်၏။

“မင်းအစ်မနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုရှိလဲ”

“မဆိုးပါဘူး”

ကျန်းယွဲ့လုက ခဏမျှစဉ်းစားပြီး ပြောလိုက်၏။

“သူက ကျောက်စိမ်းနေပြည်တော်မှာ နေခဲ့ဖူးတယ်… ငါ ကျောက်စိမ်းနေပြည်တော်ကို ပထမဆုံးရွှေ့ပြောင်းလာတုန်းက သူပဲ ငါ့ကို ဂရုစိုက်ပေးခဲ့တာ.. ငါတို့တွေ အတူနေခဲ့ကြဖူးတယ်… နောက်ပိုင်း သူက ကျောက်စိမ်းနေပြည်တော်ကနေထွက်ပြီး ဝူကျိုးကို ပြန်သွားခဲ့တယ်… အဲဒီမှာပဲ သူ အိမ်ထောင်ကျသွားတယ်… သူက မြို့တော်တစ်ခုမှာမနေချင်ဘဲ ဒီလိုမျိုး ခရိုင်မြို့လေးမှာပဲ နေဖို့ ရွေးချယ်ခဲ့တယ်”

ချီရွှမ်းစုက ပါးစပ်အဟောင်းသားဖြစ်သွား၏။

“သူက ကျောက်စိမ်းနေပြည်တော်မှာနေဖို့ အခွင့်အရေးရရဲ့သားနဲ့ ဘာလို့ ခရိုင်ငယ်လေးကို ရွှေ့ပြောင်းသွားတာလဲ… ငါဆိုရင် ကျောက်စိမ်းနေပြည်တော်ကို ပြန်လာဖို့ ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရလဲ မင်းသိတယ်မလား… ချမ်းသာခြင်းနဲ့ ဆင်းရဲခြင်းအကြား ကွာခြားချက်က လူသားတွေနဲ့ မိစ္ဆာတွေကြားက ကွာခြားချက်ထက် ပိုပြီးတော့ ကျယ်ပြန့်တယ်လို့ ငါခံစားမိတယ်… ဒါဆို သူထွက်သွားတဲ့အကြောင်းအရင်းက.... အသဲကွဲသွားတာကြောင့်များလား”

“နင် ဘယ်လိုသိလဲ”

ကျန်းယွဲ့လုက အံ့အားသင့်သွား၏။

“အဲလို… တကယ်ပဲလား”

ချီရွှမ်းစုကလည်း အံ့အားသင့်သွား၏။

“ဝတ္ထုတွေထဲမှာ ဒီလိုမျိုးဇာတ်ကွက်တွေ အမြဲတမ်းလိုလိုပါလို့ ငါက ဒီတိုင်းခန့်မှန်းလိုက်တာ… အချစ်ကြောင့် နာကျင်ခံစားရပြီးသွားရင် အဓိကဇာတ်ကောင်က လမ်းပျောက်ပြီးတော့ အရာရာတိုင်းကို လက်လျှော့သွားတတ်ကြတယ်”

ကျန်းယွဲ့လုက သက်ပြင်းချလိုက်၏။

“နောက်ကွယ်မှာ သူများအကြောင်းပြောရတာ မကောင်းဘူးဆိုပေမဲ့ နင် အခြေအနေကို သတိထားအကဲခတ်မိအောင်လို့ ငါ အကျဉ်းချုပ်ပြောပြမယ်… ငါ့အစ်မဝမ်းကွဲကငါနဲ့ မျိုးရိုနာမည်အတူတူယူထားတယ်… ဒါပေမဲ့ သူက ကျန်းမိသားစုရဲ့ ပင်မအခွဲကပဲ… ငါကတော့ အရံအခွဲငယ်လေးက”

“ငါက ပုံမှန်ဆိုရင် သူ့ခြေဖျားကိုတောင် မီမှာမဟုတ်ဘူး… ငါ့ရဲ့ မွေးရာပါ ပါရမီ.. ငါ့ဆရာရဲ့ သင်ကြားပြသမှုနဲ့ မြေကမ္ဘာဆရာသခင်ရဲ့ အသိအမှတ်ပြုမှုကို ငါကျေးဇူးတင်ရမယ်… တော်ဝင်မိသားစုနဲ့ နှိုင်းယှဉ်ရမယ်ဆို ငါ့အစ်မက ပထမအဆင့် မင်းသမီးတစ်ပါးဖြစ်မယ်ဆိုရင် ငါကတော့ စတုတ္ထအဆင့် မင်းသမီးပဲဖြစ်လိမ့်မယ်”

ချီရွှမ်းစုက အဓိကကျသောအချက်ကို ဆွဲထုတ်ကာ ကောက်ချက်ချလိုက်၏။

“ဒါဆို သူက မျက်တောင်တစ်ချက်မခတ်ဘဲ ထိုက်ဖျင်ဒင်္ဂါးထောင်ချီ ငါ့ကို အလွယ်တကူချီးမြှင့်ပေးနိုင်တဲ့ ကျန်းမိသားစုရဲ့သခင်မလေးပေါ့.. ဟုတ်တယ်မလား”

ကျန်းယွဲ့လုက သူ့ကို မျက်လုံးစွေကြည့်လိုက်၏။

“နင်က ဒီလိုအသေးအဖွဲ့ကိစ္စမျိုးဆိုရင် မှတ်ထားတတ်တယ်နော်”

အကယ်၍ သူမသည် ကျန်းမိသားစုက သခင်မလေးဖြစ်ပြီး ကောင်းကင်ဆရာသခင်က သူမ၏အဖိုးဖြစ်မည်ဆိုလျှင် သူ့ကို ထိုက်ဖျင်ဒင်္ဂါးထောင်ချီပေးပစ်မည်ဟု တစ်ခါပြောခဲ့ဖူးလေသည်။

ချီရွှမ်းစုက လှောင်ပြုံးပြုံးလိုက်၏။

“ဒါကတော့… ငါက ငွေရေးကြေးရေးကိုပဲ ဂရုစိုက်တာကိုး”

ကျန်းယွဲ့လုက ဆက်ပြောလိုက်သည်။

“ဒါနဲ့… အဲဒီ ငါ့ရဲ့ အစ်မဝမ်းကွဲက မွေးလာကတည်းက သူ့ရဲ့ဘဝက အမြဲတမ်း ချောချောမွေ့မွေ့ရှိခဲ့တယ်… သူက ကျောက်စိမ်းနေပြည်တော်ကို စောစောစီးစီးရွှေ့ပြောင်းပြီး ထိုက်ရှန်အကွက်မှာနေထိုင်ခဲ့တယ်”

ချီရွှမ်းစုက ဖြတ်ပြောလိုက်သည်။

“ထိုက်ရှန်အကွက်မှာ မင်းမှာ ဂေဟာတစ်ခုရှိတယ်လို့ ပြောတာ ငါမှတ်မိတယ်…အဲဒါ အကြီးအကဲတစ်ဦးက မင်းကို လွှဲပြောင်းပေးခဲ့တာလို့ ပြောခဲ့တယ်မလား”

ကျန်းယွဲ့လုက မျက်တောင်ခတ်ကာ ပြောလိုက်၏။

“အို… နင်မှတ်မိသေးတာပဲ… ဟုတ်တယ်… ထိုက်ရှန်အကွက်က အဲဒီအိမ်က အစတုန်းက သူ့ဟာပဲ… ဒါပေမဲ့ ကျောက်စိမ်းနေပြည်တော်ကနေ သူထွက်သွားပြီးတဲ့နောက် သူက ကောင်းကင်ဆရာသခင်ရဲ့နာမည်နဲ့ ငါ့ကို အဲဒါ ပေးသွားခဲ့တယ်.. ငါ နောက်ပိုင်းမှ ပြန်သိခဲ့ရတာ… ဘာပဲပြောပြော ကောင်းကင်ဆရာသခင်က အဲလိုမျိုး အသေးအဖွဲ့ကိစ္စတွေကို ဂရုစိုက်မှာမဟုတ်ဘူး… ဒါပေမဲ့ ငါကလည်း အဲဒီမှာမနေပါဘူး… ပေချန်ခန်းမ၊ ထျန်ကန်းခန်းမတို့နဲ့ ပိုနီးတဲ့ ရွှမ်မြို့တော်မှာပဲ နေတာများတယ်”

“ရွှမ်မြို့တော်လား”

ချီရွှမ်းစုက သူမ၏ စကားကို ထပ်၍ ဖြတ်ပြောလိုက်၏။

“ရွှမ်မြို့တော်အကြောင်း မင်းပြောတာ ငါပထမဆုံးကြားဖူးတာပဲ… ဒါပေမဲ့ ပြန်ပြီးစဉ်းစားကြည့်ရင် ထိုက်ချင်းရင်ပြင်မှာ ငါတို့ ပထမဆုံးတွေ့ခဲ့တုန်းက ငါတို့ လမ်းခွဲတဲ့အချိန်မှာ မင်းက ထိုက်ရှန်အကွက်ကိုမဟုတ်ဘဲ ရွှမ်မြို့တော်ရှိတဲ့ဘက်ကို သွားခဲ့တာပဲ… အဲဒီအကြောင်းကို ငါ အခုမတိုင်ခင်အထိ မေ့နေခဲ့တာ”

ကျန်းယွဲ့လုက ချေပပြောဆိုလိုက်၏။

“ဒါနဲ့… ငါအစတုန်းက နင့်ကို ထန်ထိုက်ချူးအဖြစ်နဲ့ မိတ်ဆွေဖွဲ့ချင်ခဲ့တာ… ကျန်းယွဲ့လုအနေနဲ့ မဟုတ်ဘူး… ဒါပေမဲ့ နင်က ထျန်ကန်းခန်းမကို ဝင်ရောက်လာမယ်လို့ ဘယ်သူသိခဲ့မှာလဲ… အဲဒါကြောင့်ပဲ ငါက ဆက်ပြီးတော့ ဟန်ဆောင်မနေတော့ဘဲ ငါ့ရဲ့ အစစ်အမှန် သရုပ်သကန်နဲ့ နင့်ကို အသိအကျွမ်းဖွဲ့ခဲ့တာပဲ… နောက်ပြီး ထျန်ကန်းခန်းမကို ဝင်ရောက်ခွင့်ပေးတဲ့အတွက် နင်ငါ့ကို ကျေးဇူးတင်သင့်တယ်”

ချီရွှမ်းစုက ရယ်လိုက်၏။

သူ့မှာလည်း ရွှေသွန်းဓားနှင့် ဝေဝူကွေ့ဟူသော အခြားသောသရုပ်သကန်နှစ်ခုရှိနေသည်ကို ရုတ်တရက် အမှတ်ရသွား၏။

ကျန်းယွဲ့လု၏ အမူအရာက တည်ကြည်လေးနက်လာ၏။

“ငါ့စကားကို ဖြတ်မပြောနဲ့တော့… ငါပြောတာကိုပဲ နားထောင်ဦး… ငါ့အစ်မဝမ်းကွဲက ကျောက်စိမ်းနေပြည်တော်ကို ရောက်လာပြီးတဲ့နောက် ခန်းမကိုးဆောင်ကို ဝင်ရောက်ခဲ့တယ်… ဒါပေမဲ့ ငါ့အမြင်တော့ သူက ပန်းခင်းထဲက တာအိုဆရာပဲ… နင့်ထက်အများကြီးဆိုးတယ်… သူက ပေချန်ခန်းမနဲ့ ထျန်ကန်းခန်းမကို မဝင်ရောက်ခဲ့ဘူး… သူက ထျန်ကျိခန်းမကိုတောင်မှ မဝင်ရောက်ခဲ့ဘူး… ဘာလို့လဲဆိုတော့ အဲဒီက အလုပ်တာဝန်တွေက ခက်ခဲကြမ်းတမ်းပြီး ပင်ပန်းလို့ပဲ… အဲဒါကြောင့် သူက ဇီကျိခန်းမ၊ တူကျစ်ခန်းမနဲ့ နောက်ဆုံးမှာ ကျိဝေခန်းမတို့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်”

“အခုလို ချီးကျူးစကားပြောပေးတာ ကျေးဇူးပါပဲ”

ချီရွှမ်းစုက အရွှန်းဖောက်လိုက်သည်။

ကျန်းယွဲ့လုက ဆက်ပြောလိုက်၏။

“နောက်ပိုင်း သူက နင့်လိုမျိုး ဝမ်ရှန်းတာအိုနန်းတော်ကနေ ကြီးပြင်းလာတဲ့ မိဘမဲ့တစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်… သူ့ရဲ့ဆရာကလည်း ကွယ်လွန်သွားခဲ့တာကြာခဲ့ပြီ… နောက်ပိုင်း သူက ထျန်ကန်းခန်းမမှာ အလုပ်ဝင်လုပ်ခဲ့တယ်”

ချီရွှမ်းစုက သူ့မေးကိုပွတ်ကာပြောလိုက်၏။

“အဲဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မင်းတို့နှစ်ယောက်က အတော်လေးဆင်တူတဲ့အရသာကို….”

သူ့စကားမဆုံးသေးခင် ကျန်းယွဲ့လုက သူ၏ ဒူးခေါက်ကွေးကို ကန်လိုက်၏။

ကျန်းယွဲ့လုက ပြောလိုက်သည်။

“ဆင်တူတဲ့အရသာဆိုတာ ဘာကိုပြောတာလဲ… အခုနောက်ပိုင်း နင်ငါ့ရှေ့မှာ ဒီလိုမျိုး ပေါက်တတ်ကရတွေပြောပြီး အရင်ကထက် ပိုပိုပြီး ရဲတင်းလာတယ်နော်”

ချီရွှမ်းစုက ချောင်းဟန့်လိုက်၏။

“ဒါက ရိုးရိုးရှင်းရှင်း မှတ်ချက်ကလေးပါပဲ”

ကျန်းယွဲ့လုက သူ့ကိုစိုက်ကြည့်ပြီးနောက် ထပ်ပြောလိုက်၏။

“ဒါနဲ့ နင်က အဲဒီလူကိုမီဖို့ အဝေးကြီးပဲ… နင်က နဲနဲလောက် ချမ်းသာကြွယ်ဝလာရုံနဲ့ ရောင့်ရဲကျေနပ်သွားမယ့်ပုံရှိတယ်… နင်က အဆင့် ၄ ကျိကျိုးတာအိုဆရာတစ်ဦးအဖြစ် တောင်တန်းတွေပေါ်မှာ အငြိမ်းစားယူပြီး တည်ငြိမ်အေးချမ်းတဲ့ဘဝတစ်ခုကိုရမယ်ဆိုရင် ဝမ်းသာအားရနဲ့ ကျေနပ်သွားလိမ့်မယ်… ဒါပေမဲ့ အဲဒီလူကတော့ အတော်လေးရည်မှန်းချက်ကြီးတယ်… သူက တာအိုဂိုဏ်းတော်မှာ ပိုပိုပြီးတော့ ကြီးမားလာမယ့် ဩဇာအာဏာကို ရယူချင်တယ်"

“အို… မဟာအကြီးအကဲဖြစ်ဖို့ရည်မှန်းထားတဲ့ မင်းဆီကနေ ဒီလိုစကားမျိုးကြားရတာ အတော်လေးထူးဆန်းတာပဲ”

ချီရွှမ်းစုကစုတ်သပ်ကာ ပြောလိုက်ပြန်၏။

“နောက်ပြီး ငါလည်းတစ်နေ့မှာ ဉာဏ်ပညာဓားကို ကိုင်ဆွဲထားဖို့ မျှော်မှန်းထားတာပဲ… ဒါပေမဲ့ ငါ့မှာ လုံလောက်တဲ့အစွမ်းအစမှမရှိသေးတာ”

“နင် တိတ်တိတ်နေလိုက်တော့”

ကျန်းယွဲ့လုက နောက်ဆုံးမှာ သည်းမခံနိုင်တော့ဘဲ ချီရွှမ်းစု၏ နားရွက်ကို လှမ်းဆွဲလိုက်၏။

“ငါက မဟာအကြီးအကဲဖြစ်ဖို့ ရည်မှန်းထားတယ်ဆိုတာ တာအိုဂိုဏ်းတော်ကို ပြောင်းလဲပေးချင်လို့ပဲ… အဲဒီမှာ ပုဂ္ဂိုလ်ရေးစိတ်ဆန္ဒတွေ၊ လောဘရမ္မက်တွေ မပါဘူး… နင်က တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းပေးနိုင်မယ်ဆိုရင် နင်ကိုလည်း မဟာအကြီးအကဲဖြစ်လာအောင် ငါ ကူညီထောက်ပံ့ပေးမှာပဲ”

“အဲဒီလူကတော့ မတူဘူး… သူက ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရဖို့အတွက်ပဲ… ရည်မှန်းချက်ကြီးမားနေတာ … သူက ဩဇာအာဏာကို ရဖို့အတွက်ဆိုရင် လာဘ်ပေးလာဘ်ယူတွေ၊ အကျင့်ပျက်ခြစားတာတွေ၊ အဂတိလိုက်စားတာတွေအပါအဝင် ဘယ်နည်းလမ်းကိုမဆို အသုံးပြုလိမ့်မယ်… သူက တာအိုဂိုဏ်းတော်ရဲ့ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေမယ့်သူပဲ”

ဤအကြောင်းကိုပြောဆိုသည့်အချိန်မှာ ကျန်းယွဲ့လုက ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွား၏။ သူမက သူ့နားရွက်ကိုလွှတ်ပေးပြီး အကဲခတ်ကြည့်လိုက်၏။

ချီရွှမ်းစုက ဤအပြုအမူမှာ အနည်းငယ်ဒွိဟဖြစ်သွားသည်။

“မင်းငါ့ကိုဘာလို့ ဒီလိုမျိုးစိုက်ကြည့်နေတာလဲ”

ကျန်းယွဲ့လုက ချီရွှမ်းစုကိုကြည့်ပြီး တည်တံ့သောမျက်နှာထားဖြင့် ပြောလိုက်သည်။

“နင်လည်း ထျန်ကန်းခန်းမကိုဝင်ရောက်ဖို့ အဆက်အသွယ်ရှာတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်တာ ငါမှတ်မိသွားပြီ… နင်လည်း အဲဒီလူနဲ့အတူတူပဲလား”

“မဟုတ်တာ… ဒါက မှားယွင်းစွပ်စွဲခံရတာပဲ”

ချီရွှမ်းစုက သူ့ကိုယ်သူ အလျင်အမြန်ခုခံကာကွယ်လိုက်သည်။

“မင်းက သူ့အကြောင်းပြောနေရင်း ဘာလို့ငါ့ကိုရုတ်တရက် ဆွဲထည့်ရတာလဲ… အဆက်အသွယ်အကြောင်းပြောရမယ်ဆိုရင် အဲဒီလူတွေက အရိပ်အမြွက်ပြခဲ့လို့ ငါက အဲဒါကို လုပ်ခဲ့ရတာပဲ… မဟုတ်ရင် ငါ ပင်ပင်ပန်းပန်းရှာထားတဲ့ အသပြာကို တခြားသူတွေကို ဘာလို့ပေးရမှာလဲ… တံစိုးလက်ဆောင်ကို လက်ခံတဲ့အတွက် စွန်းယုံဖုန့်ကလည်း ရည်မှန်းချက်ကြီးမားတဲ့လူလို့ မင်းပြောချင်လား… နောက်ပြီး ငါ့ရဲ့အကျိုးဆောင်မှုတွေအားလုံးက တရားဝင်ရလာတာပဲ… အဲဒါတွေကို ငါ့အသက်နဲ့ရင်း စွန့်စားပြီးမှရလာခဲ့တာ”

ကျန်းယွဲ့လုက ရုတ်တရက် ရယ်လိုက်၏။

“ကြည့်စမ်းပါဦး… နင်က တကယ့်ကို အကြောက်အကန်ငြင်းဆန်နေတာပဲ”

ကျန်းယွဲ့လုက သူ့ကိုနောက်တစ်ဖန် ဆွဲထည့်မည်ကို ချီရွှမ်းစုက စိုးရိမ်လာပြီး သူမ၏ စကားကို ဖြတ်ပြောရဲခြင်း မရှိတော့ပေ။

သူကြောက်လန့်နေပုံကိုကြည့်ပြီး ကျန်းယွဲ့လုက ဆက်ပြောလိုက်သည်။

“သူ့လိုမျိုး ယောင်္ကျားတစ်ယောက်က မိန်းမတွေနဲ့ အမြဲတမ်းပတ်သက်နေတယ်… အထူးသဖြင့် ငါ့အစ်မလိုမျိုး အချစ်ရေးမှာ အတွေ့အကြုံမရှိတဲ့သူမျိုးတွေနဲ့ပေါ့… သူက လူမှုအသိုင်းအဝိုင်းထဲ ဝင်ရောက်ဖို့အတွက် ငါ့အစ်မဝမ်းကွဲကို အသုံးချခဲ့တာပဲ… သူ နာမည်ရ ကျော်ကြားလာပြီးတဲ့နောက် သူ့ကိုမှီပြီးတက်လှမ်းချင်တဲ့ တခြားမိန်းမတွေက သူ့ဆီကို ပြုံပြီးဝင်လာခဲ့တယ်… အဲဒီလူက ဘယ်တစ်ယောက်ကိုမှ မငြင်းဆန်ခဲ့ဘူး... အဲဒီမိန်းမတွေအားလုံးနဲ့ အိပ်စက်ခဲ့တယ်။”

နောက်ဆုံးစကားကို ပြောသည့်အချိန်မှာ ကျန်းယွဲ့လုက ချီရွှမ်းစု၏ အမူအရာကို တိတ်တဆိတ်အာရုံစိုက်ကြည့်နေသည်။

ချီရွှမ်းစုက မနာလိုအားကျနေသည့်ပုံမရှိဘဲ မေးလိုက်၏။

“ငါ့ကို အဲဒီမိန်းမတွေနဲ့အတူတူပဲလို့ တခြားလူတွေက မြင်မယ်လို့ မင်ထင်လား… ငါက မင်းကိုမှီပြီး အမြင့်ကိုတက်လှမ်းမယ်လို့လေ”

ကျန်းယွဲ့လုက အနည်းငယ်ဆွံ့အသွား၏။ သာမန်ယောင်္ကျားများက ထိုလူကို မနာလိုအားကျလျှင်အားကျ မဟုတ်လျှင် ရွံရှာစက်ဆုပ်ကြပေလိမ့်မည်။ ချီရွှမ်းစုမှာ ဘာလို့ အမြဲတမ်း သာမန်လူတွေနဲ့မတူတဲ့ ရှုမြင်ပုံရှိနေရတာလဲ။ သူ့ကို ဒီလိုပုံစံဖြစ်လာအောင် ဘယ်သူကသင်ကြားပေးခဲ့တာလဲ။

သူမက သူ့မေးခွန်းကိုရှောင်ပြီး ဆက်ပြောလိုက်သည်။

“သူကလည်း သူ့ရဲ့အရှုပ်အထွေးတွေကို ဖုံးကွယ်မထားခဲ့ဘူး… နောက်ဆုံးမှာတော့ ငါ့အစ်မက သိရှိသွားတယ်… ငါသာ ငါ့အစ်မနေရာမှာဆိုရင် သူ့ခေါင်းကို ခုတ်ပိုင်းပစ်မှာ… ဒါပေမဲ့ ငါ့အစ်မကတော့ သူ့ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးလိုက်သေးတယ်… သူ့ကို ရွေးချယ်မလား… တခြားမိန်းမတွေကိုရွေးချယ်မလားလို့ သူကအဲဒီလူကို အပြတ်မေးခဲ့တယ်.. သူက အဲဒီလူကို ခွင့်လွှတ်ပေးချင်ခဲ့တာ… ဒါပေမဲ့ ဟိုလူကတော့ အိမ်ထောင်ကျပြီးရင်တောင်မှ အပျော်မယားဆက်ထားဦးမှာပဲလို့ အရှက်မရှိပြောဆိုခဲ့တယ်… ငါ့အစ်မက စိတ်တိုဒေါသထွက်ပြီး သူနဲ့အဆက်အသွယ်အားလုံးဖြတ်လိုက်တယ်… သူ ရင်ကွဲနာကျသွားခဲ့တယ်… အဲဒီနောက် ကျောက်စိမ်းနေပြည်တော်ကနေ ထွက်သွားတယ်”

ချီရွမ်းစုက ကန့်ကွက်ပြောဆိုခြင်းမရှိဘဲ အထိတ်တလန့်ဖြင့် သူ့လည်ပင်းကိုသာ စမ်းကြည့်နေ၏။

All Chapters