အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း ၁၄၃ - မယားညီအစ်ကိုတော်
ချီရွှမ်းစုက သူ၏ အပြုအမူကို ဖုံးကွယ်မထားသည့်အတွက် ကျန်းယွဲ့လုက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး မေးလိုက်၏။
“နင်ဘာလို့ လည်ပင်းကို စမ်းနေတာလဲ”
သူက ညင်သာစွာ ချောင်းဟန့်လိုက်၏။
“ငါ ရုတ်တရက် လည်ပင်းယားလာသလို ခံစားရလို့”
ကျန်းယွဲ့လုက မေးလိုက်သည်။
“နင် ဘာအမှားမှ လုပ်မထားရင် ဘာလို့ လည်ပင်းယားသလို ခံစားရမှာလဲ”
ချီရွှမ်းစုက ချေပလိုက်၏။
“ယောက်ျားတစ်ယောက်က ခြိမ်းခြောက်မခံရနိုင်ဘူးလား”
ကျန်းယွဲ့လုက လက်ချောင်းရှင်းပြီး သူ့ကို ဆက်လက်၍ စနောက်မနေတော့ပေ။
“အဲ့ဒါက သူတို့ရဲ့ ဇာတ်လမ်းပဲ… အဲ့ဒီအချိန်ကစပြီး ငါ့အစ်မဝမ်းကွဲက ယောက်ျားတွေအပေါ် မကောင်းမြင်စိတ်ရှိလာတယ်… အဲ့ဒါကြောင့် ကျေးဇူးပြုပြီး သူနဲ့တွေ့ရင် စိတ်ရှည်သည်းခံပေးပါ”
ချီရွှမ်းစုက အင်တင်တင်ဖြင့် မေးလိုက်၏။
“မင်းပြောတော့ မင်းအစ်မက အိမ်ထောင်ကျပြီးသွားပြီဆို… ဒါဆို သူ့ယောက်ျားက…”
ကျန်းယွဲ့လုက ကြားဖြတ်ပြောလိုက်၏။
“ငါ့ခဲအိုက လူကောင်းတစ်ယောက်ပါ”
“အို… ငါသိပြီ… အဲ့ဒါကြောင့် လူကောင်းတွေက ဓားစာခံ ဖြစ်တတ်တယ်လို့ အစ်မချီပြောခဲ့တာကိုး”
“အစ်မချီက ဘယ်သူလဲ”
ကျန်းယွဲ့လုသည် ဤနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
ချီရွှမ်းစုက ခဏမျှ တွေဝေနေပြီးနောက် ဖြေလိုက်၏။
“သူက ငါ့ရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ… သူက ငါ့အပေါ်မှာ ဆရာတစ်ယောက်လို အကြီးအကဲတစ်ယောက်လိုပါပဲ”
“အဲ့ဒီ မကောင်းတဲ့အကျင့်တွေနဲ့ ကြောင်တောင်တောင် စိတ်ကူးတွေကိုလည်း အစ်မချီဆိုတဲ့သူက နင့်ကို သင်ပေးထားတာလား”
ကျန်းယွဲ့လုက မျက်ခုံးပင့်ကာ မေးလိုက်၏။
ချီရွှမ်းစု၏ အမူအရာက တည်ကြည်လေးနက်သွားပြီး တုံ့ပြန်ပြောဆိုခြင်း မရှိတော့ပေ။
ကျန်းယွဲ့လုက သူ့ကို တစ်ချက်ကြည့်ပြီးနောက် ဘာမှထပ်မပြောပေ။ ခဏနေပြီးနောက် သူတို့ကြားမှာ တိတ်ဆိတ်သွားကြ၏။
နောက်ဆုံးမှာ ကျန်းယွဲ့လုက အကြံပေးလိုက်သည်။
“မြို့ထဲကို သွားကြရအောင်”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“အမ်း”
မြို့ဂိတ်တံခါးမှာ ခရီးသွားလာခွင့်ကို စစ်ဆေးနေသည့် ဝတ်ရုံနက်တချို့ ရှိကြသည်။ သူတို့၏ အထောက်အထားများကို ထုတ်ပြပြီးနောက် မြို့ထဲသို့ ရှောရှောရှူရှူဝင်ရောက်လိုက်ကြ၏။
မြို့က သိပ်ပြီး မသေးငယ်သော်လည်း ထူးထူးခြားခြား ဘာမှရှိမနေပေ။
ကျန်းယွဲ့လု မပြောခဲ့သည့် တစ်ချက်မှာ သူမက ဝမ်းကွဲအစ်မ၏ အိမ်လိပ်စာကို မသိရှိထားခြင်းပင်။ သူမ၏ ဝမ်းကွဲအစ်မသည် ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ခွာသွားခဲ့စဉ်က တစ်ယောက်တည်းဖြစ်ပြီး အသည်းကွဲနေခဲ့သည်။
နောက်ပိုင်း သူမ၏ လက်ထပ်ပွဲကို အကျဉ်းချုံး ပြုလုပ်ခဲ့ပြီး ကျန်းယွဲ့လုက ထိုအကြောင်းကို စာထဲကနေသာ သိရှိခဲ့ရသည်။ သူတို့ ရံဖန်ရံခါ ဆက်သွယ်သည့်အခါ ကျန်းယွဲ့လုက စာကို ရှန်ချင်းခရိုင်သို့ ပို့ပေးပြီး ထိုမှတစ်ဆင့် လက်ခံမည့်သူ၏ သက်ဆိုင်ရာလိပ်စာသို့ ပို့ဆောင်ပေးပေလိမ့်မည်။
ထို့ကြောင့် ကျန်းယွဲ့လုသည် သူ့အစ်မက ဖန်းနင်ခရိုင်မှာ နေသည်ဟုသာ သိရှိထားပြီး လိပ်စာအတိအကျကို မသိရှိပေ။
ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက လိုက်လံ၍ မေးမြန်းစုံစမ်းရတော့၏။ ဝမ်းကွဲအစ်မ၏ အိမ်ကို ရှာဖွေဖို့က ခက်ခဲလိမ့်မည် မဟုတ်ဟု သူတို့ခန့်မှန်းမိသည်။ မည်သို့ပင်ဆိုစေ ကျန်းမိသားစုမှ အလိုလိုက်ခံရသော အဖိုးတန်သမီးတော်တစ်ဦးသည် နိမ့်ကျသော အိမ်ခြံဝင်းမှာ နေထိုင်လိမ့်မည် မဟုတ်ပေ။
. . . . . . .
ကျန်းယီယွဲ့က ညောင်စောင်းကို မှီပြီး ဝတ္ထုတစ်ပုဒ် ဖတ်နေသည်။ ထိုဝတ္ထုက အတော်လေး ကောင်းမွန်သည့် လက်ရာတစ်ပုဒ်ဖြစ်ပြီး ထိုက်ဖျင်တည်းခိုခန်း၏ ဒဏ္ဍာရီပင် ၎င်းကို မယှဉ်နိုင်ပေ။ အဲ့ဒါက စိတ်ကူးယဉ်ဝတ္ထု ဖြစ်သော်လည်း အစစ်အမှန်လောကနှင့် လူသားသဘာဝအကြား ပတ်သက်ဆက်နွယ်မှုများကို ဆွေးနွေးတင်ပြထားသည်။ ထို့ကြောင့် ယင်းစာအုပ်သည် ကျောက်စိမ်းနေပြည်တော်ကနေ အင်ပါယာနေပြည်တော်အထိ နာမည်ရကျော်ကြားလေသည်။
သို့သော်လည်း ကျန်းယီယွဲ့၏ စိတ်အာရုံက ဝတ္ထုထဲမှာ ရောက်ရှိမနေပေ။ သူမက စာမျက်နှာတချို့ကို ဖတ်ခဲ့သော်လည်း မည်သည့်စကားလုံးကိုမှ မဖမ်းမိပေ။ နောက်ဆုံးမှာတော့ စာအုပ်ကို ဘေးသို့ ပစ်ချပြီး လက်နှစ်ဖက်ပေါ် ခေါင်းတင်ကာ စဉ်းစားတွေးတောနေမိသည်။
သူမ ကျောက်စိမ်းနေပြည်တော်ကနေ ထွက်လာခဲ့သည်မှာ သုံးနှစ်ကျော် ကြာသွားခဲ့ပြီ ဖြစ်သည်။ သူမက အဆင့် ၄ နေရာကို ထိန်းသိမ်းနိုင်ဆဲ ဖြစ်သော်လည်း တရားဝင်ရာထူးတစ်ခု ဆက်လက်၍ ယူမထားတော့ဘဲ တာအိုဂိုဏ်းတော်မှာ အရေးပါအရာရောက်ခြင်း မရှိတော့ပေ။
သူမတွင် မိသားစုနာမည်သာ ကျန်တော့သည်။
သူမ၏ အဘိုး၏ဦးလေး(အဘေး)သည် လက်ရှိ ကောင်းကင်ဆရာသခင်ဖြစ်သည်။ သူ့မှာ ကလေးများ မရှိသည့်အတွက် သူ၏ တူများနှင့် တူမများကို သူ့သားသမီးများလို အမြဲတမ်း သဘောထားလေ့ရှိသည်။
သူ့ဖခင်နှင့် အစ်ကိုကလည်း သာမန်လူများ မဟုတ်ပေ။ သူမက ဘာမှမလုပ်လျှင်တောင် ကောင်းမွန်သော ဘဝတစ်ခုမှာ နေထိုင်ပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်သေးသည်။ မဟုတ်ပါက သူမသည် ထိုက်ရှန်အကွက်က အိမ်ကို ကျန်းယွဲ့လုအား ပေးခဲ့လိမ့်မည် မဟုတ်ပေ။
ကျောက်စိမ်းနေပြည်တော်ကနေ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာလာသည့်အတွက် ကျန်းယီယွဲ့၏ ဖခင်က သူမကို အတော်လေး စိတ်ဆိုးဒေါသထွက်ခဲ့သည်။ ထိုလူနှင့် ကျန်းယီယွဲ့၏ ဆက်ဆံရေးမှာ သူက ပို၍ပင် မကျေမနပ်ဖြစ်ပြီး သူမက မိသားစု၏ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေသည်ဟု သတ်မှတ်ထားသည်။ သူက သူမကို အမွေပြတ်စွန့်လွှတ်ဖို့ပင် လုပ်ခဲ့ဖူးသော်လည်း မိသားစု၏ အရေးကိစ္စများမှာ သြဇာညောင်းသော သူ့အစ်ကိုက သူမအတွက် ရပ်တည်ပေးပြီး ဂရုစိုက်ပေးခဲ့သည်။
သူမ၏ ခင်ပွန်းကလည်း သူမအပေါ်မှာ အတော်လေး ကြင်နာလေသည်။ သူက ကျောက်စိမ်းနေပြည်တော်မှာ ဆရာကြီးတစ်ဦး မဟုတ်သော်လည်း ဒေသဆိုင်ရာ တာအိုစံအိမ်မှာ သြဇာညောင်းသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သူမက တခြားဘာကို မကျေနပ်ရဦးမှာလဲ။ သူမ လွှတ်မချနိုင်တာ ဘာရှိရဦးမှာလဲ။ ဒါက မည်သို့ပင်ဆိုစေ သူမ ရွေးချယ်ခဲ့သည့် လမ်းကြောင်းဖြစ်သည်။ ဤသည်ကို စဉ်းစားရင်း ကျန်းယီယွဲ့က သက်ပြင်းချမိသည်။
ဘာကြောင့်ရယ်မသိ ကျန်းယီယွဲ့သည် ကျန်းမိသားစု၏ အရံအခွဲငယ်တစ်ခုကနေ မွေးဖွားလာသည့် သူမ၏ ဝမ်းကွဲညီမ ကျန်းယွဲ့လုကို ရုတ်တရက် တွေးမိသွား၏။ ကျန်းယွဲ့လုမှာ သာလွန်ထူးခြားသော မိသားစုနောက်ခံ မရှိသော်လည်း သူမကို ကောင်းကင်ဆရာသခင်က ကင်ပွန်းတပ်ပေးခဲ့သည်။ ကျန်းယွဲ့လု ကျောက်စိမ်းနေပြည်တော်ကို ရောက်သည့်အချိန်မှာ သူမက အဆင့်၇ တာအိုဆရာတစ်ဦးသာ ဖြစ်သည်။ သို့သော် ကျောက်စိမ်းနေပြည်တော်ကနေ ကျန်းယီယွဲ့ ထွက်လာသည့်အချိန်မှာ ကျန်းယွဲ့လုက အဆင့်၅ တာအိုဆရာတစ်ဦး ဖြစ်နေခဲ့လေပြီ။
သူမ၏ ဝမ်းကွဲညီမသည် အဆင့် ၄ ကို တိုးမြှင့်ပေးခံရပြီး ယခု ထျန်ကန်းခန်းမ၏ လက်ထောက်ခန်းမသခင် ဖြစ်နေပြီဟု မကြာသေးခင်က သူမ ကြားသိခဲ့ရသည်။ အရာရာတိုင်းက ချောချောမွေ့မွေ့ ရှိနေမည်ဆိုလျှင် ကျန်းယွဲ့လုက သူတော်စင်တစ်ပါး ဖြစ်လာနိုင်ခြေရှိသည်။ သူမ၏ အနာဂတ်က တကယ့်ကို တောက်ပလွန်းလေသည်။
သူမက စဉ်းစားလိုက်မိ၏။
“အဲဒီတုန်းက ငါသာ ကျောက်စိမ်းနေပြည်တော်ကနေ ထွက်မလာခဲ့ရင် ဘာဖြစ်မလဲ… ငါက အခုအချိန်မှာ တတိယအဆင့်ကို တိုးမြှင့်ပေးခံရမှာလား… ယောက်ျားတစ်ယောက်အတွက် အားလုံးကို စွန့်လွှတ်ခဲ့ရတာ တကယ်ပဲ တန်ရဲ့လား။”
. . . . . . .
ကျန်းယွဲ့လုက မျက်လုံးစွေကြည့်လိုက်၏။
“တကယ်တော့ ဘယ်တန်ပါ့မလဲ… ငါသာဆိုရင် အဲဒီလူကို သေချာပေါက် သတ်ပစ်မှာ… ဒါပေမဲ့ ငါက လူတွေအပေါ် အကဲဖြတ်မှားတတ်တဲ့သူ မဟုတ်ဘူး”
ချီရွှမ်းစုက သူ့လည်ပင်းကို နောက်တစ်ဖန် စမ်းပြီး မေးလိုက်၏။
“မင်းက အဲဒီလူလို့ပဲ ပြောနေတာ… မင်းက အတိအကျ ဘယ်သူ့ကို ပြောနေတာလဲ”
ဤအချိန်မှာ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ကျန်းယီယွဲ့၏ ဂေဟာကို မေးမြန်းစုံစမ်းပြီးသွားပြီဖြစ်၏။ အဲဒါက မြို့၏ အနောက်ဘက်မှာ ရှိလေသည်။ လာရာလမ်းမှာ သူတို့က ကျန်းယီယွဲ့အကြောင်း ဆက်လက်၍ ပြောဆိုနေခဲ့ကြ၏။
ချီရွှမ်းစုက ကျန်းယွဲ့လုကို ဝမ်းကွဲအစ်မ၏ အခြေအနေအကြောင်း မေးမြန်းခဲ့ပြီး ထိုကဲ့သို့ ပြင်းထန်ကြမ်းတမ်းသောအဖြေ ထွက်ပေါ်လာသည်။ ကျန်းယွဲ့လုက တစ်ခုခုကို အရိပ်အမြွက် ပြနေသည်ဟု သူခံစားနေရ၏။
ကျန်းယွဲ့လုက ပြောလိုက်သည်။
“အဲဒီလူရဲ့ နာမည်က လီမင်ဟွမ်တဲ့… သူကလည်း အခု ထျန်ကန်းခန်းမမှာပဲ… လက်ထောက်ခန်းမသခင်ကိုးဦးထဲ သူက တတိယနေရာမှာ ရှိတယ်… သူက လီမိသားစုရဲ့ ခေါင်းကိုင်သား ဖြစ်လာပြီးတဲ့နောက် အဲဒီနာမည်အသစ်ကို ရလာခဲ့တာပဲ”
ချီရွှမ်းစုက နောက်ဆုံးမှာ နားလည်သဘောပေါက်သွားသည်။
“သူက ကျန်းမိသားစုရဲ့ မင်းသမီးနဲ့ ပြတ်စဲရဲတာ ဒါကြောင့်ကိုး… သူက နောက်ခံအသစ် ရသွားတာပဲ”
“လီမင်ဟွမ်က အခု ကျောက်စိမ်းနေပြည်တော်မှာ မရှိဘူး… သူက စိတ်ဝိညာဉ်တပ်သားတွေကို ဦးဆောင်ပြီး အနောက်ဘက်ဒေသ တာအိုစံအိမ်ကို သွားတယ်… သူ အဲဒီမှာ နတ်ဆရာဂိုဏ်းနဲ့ တိုက်ခိုက်နေတယ်… နင်က ထျန်ကန်းခန်းမကို ရောက်လာပြီဆိုမှတော့ သူနဲ့ အနှေးနဲ့အမြန်ဆိုသလို တွေ့ရမှာပဲ”
ကျန်းယွဲ့လုက ထပ်ပြောလိုက်သည်။
ချီရွှမ်းစုက မေးမြန်းလိုက်၏။
“မင်းရဲ့ ခဲအိုကရော”
ကျန်းယွဲ့လုက ထိုအကြောင်းကို ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။
“သူရဲ့ မိသားစုနောက်ခံတွေကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် ငါ့ရဲ့ခဲအိုက ငါ့အစ်မနဲ့ တန်းတူရည်တူမှာ ရှိတယ်… သူကလည်း အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးပဲ… သူက ဒေသဆိုင်ရာ တာအိုစံအိမ်မှာ တာဝန်ထမ်းဆောင်တာ… ဒါပေမဲ့ ငါတို့က မိသားစုနောက်ခံအကြောင်း ထည့်ပြောမယ်ဆိုရင် သူတို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိနေတယ်”
ချီရွှမ်းစုက လွှတ်ခနဲ ပြောလိုက်၏။
“မင်းအစ်မရဲ့နောက်ခံမျိုး နောက်ခံအင်အားရှိတဲ့ ယောက်ျားတစ်ယောက်ကလည်း သူတို့ကို ဆရာလုပ်မယ့် မိန်းမမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ ငါထင်တယ်”
ကျန်းယွဲ့လုက သူ့ကို စိုက်ကြည့်လိုက်၏။
“နင် ဒီစကားကို ငါ့ရှေ့မှာ ပြောလို့ရတယ်… ဒါပေမဲ့ တခြားသူတွေရှေ့မှာ မပြောမိစေနဲ့”
“ဒါပေါ့ ငါက ကလေးမှမဟုတ်တာ”
ချီရွှမ်းစုက အရွှန်းဖောက်ကာ ပြောလိုက်၏။
သူတို့ စကားပြောရင်း အတော်လေး အထက်တန်းကျသော စံအိမ်တစ်ခုရှေ့သို့ ရောက်ရှိလာကြ၏။ ကျန်းယွဲ့လုက ရှေ့ကိုသွားပြီး တံခါးခေါက်လိုက်သည်။ အသက်ကြီးကြီး တံခါးစောင့်တစ်ဦး ထွက်လာ၏။
မရင်းနှီးသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကြည့်ပြီး တံခါးစောင့်က သူတို့၏ ရည်ရွယ်ချက်ကို သေချာမသိရှိဖြစ်နေ၏။ သို့သော်လည်း ကျန်းယွဲ့လုက သူမ၏ သရုပ်သကန်ကို ထုတ်ပြပြောဆိုပြီးနောက် တံခါးစောင့်က သူတို့ကို ဝင်းစောင့်တဲထဲသို့ အလျင်အမြန်ခေါ်ဆောင် နေရာချပေးကာ သူ့သခင်မကို သတင်းပေးရန် ပြန်ဝင်သွား၏။
သိပ်မကြာခင် အိမ်တော်ထိန်းတစ်ဦး ထွက်လာပြီး ကျန်းယွဲ့လုနှင့် ချီရွှမ်းစုကို ပင်မခန်းမထဲသို့ ခေါ်ဆောင်သွား၏။ အိမ်ရှင်သခင်မ အဝတ်အစား လဲလှယ်နေစဉ် သူက သူတို့နှစ်ယောက်ကို ရိုသေလေးစားစွာ ဆက်ဆံပြီး လက်ဖက်ရည်ဖြင့် ဧည့်ခံထားသည်။
ချီရွှမ်းစုက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး အဆင်တန်ဆာများနှင့် ပရိဘောဂများကို အကဲခတ်ကြည့်နေ၏။ အဲ့ဒါက သိပ်ပြီး မခမ်းနားလွန်းသော်လည်း သေချာပေါက် ညံ့ဖျင်းမနေပေ။ ဤမိသားစုမှာ မျိုးဆက်အလိုက် စာပေပညာရှင်များ ပေါ်ထွက်ခဲ့သည်ကို ပရိဘောဂ အသုံးအဆောင်များကနေ ကြည့်ပြီး အကဲဖြတ်နိုင်သည်။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ခန်းမအပြင်ဘက်ကနေ နှစ်လိုဖွယ်ရာကောင်းသော အမျိုးသမီးတစ်ဦး၏ အသံက ထွက်ပေါ်လာ၏။
“ချင်းရှောင် ရောက်နေတာလားဟေ့”
ထို့နောက် ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦးက ပင်မခန်းမထဲသို့ ဝင်ရောက်လာ၏။ သူမ၏ အောက်ပိုင်းဝတ်ရုံက ယိမ်းနွဲ့နေပြီး သူမ လမ်းလျှောက်လာစဉ် ကျောက်စိမ်းဆွဲသီးများက တချွင်ချွင်မြည်နေ၏။ သူမသည် ပန်းချီကားထဲက မိန်းမလှလေးများလို ချောမောလှပပြီး ကြော့ရှင်းတင့်တယ်နေ၏။
“အစ်မ”
ကျန်းယွဲ့လုက မတ်တတ်ထရပ်ပြီး သူမကို ပြုံးပြလိုက်၏။
ချီရွှမ်းစုကလည်း မတ်တတ်ရပ်ပြီး ထိုအမျိုးသမီးကို တိတ်တဆိတ် အကဲခတ်ကြည့်နေသည်။
ကျန်းယီယွဲ့က ရင့်ကျက်တည်ငြိမ်၍ ညို့ငင်ဖမ်းစားနိုင်ပြီး ကြော့ရှင်းတင့်တယ်နေ၏။ သူမသည် ကျန်းယွဲ့လုထက် အသက်ပိုကြီးသည်မှာ သိသာထင်ရှားသည်။ ကျန်းယွဲ့လုက အားအင်အပြည့်နှင့်ဖြစ်ပြီး ဤအမျိုးသမီးကတော့ အနည်းငယ် လေးကန်နေပုံရသည်။
“ချင်းရှောင်… တကယ်ပဲ နင်ကိုး… ရုတ်တရက်ကြီး ဘာလို့ ရောက်လာတာလဲ”
ကျန်းယီယွဲ့က အံ့အားသင့်နေဆဲ ဖြစ်သည်။
ကျန်းယွဲ့လုက မှန်မှန်ကန်ကန်ပင် ဖြေလိုက်၏။
“ကျွန်မအမေက နှစ်သစ်မှာ အိမ်ပြန်လာရမယ်လို့ ရာဇသံပေးလိုက်တယ်လေ… အဲ့ဒါကြောင့် လမ်းမှာ အစ်မဆီ ဝင်လည်ဖို့ သတိရသွားတာပဲ… ကျောက်စိမ်းနေပြည်တော်မှာ ကျွန်မတို့ နောက်ဆုံးတွေ့ခဲ့တာ သုံးနှစ်ရှိသွားပြီ… အစ်မ အတော်လေး ပိန်သွားသလိုပဲ”
“ငါတို့ မတွေ့ရတာ သုံးနှစ်တောင် ရှိသွားပြီပဲ”
ကျန်းယီယွဲ့က သက်ပြင်းချလိုက်၏။
“အဲ့ဒီအချိန်တွေက ဘဝတစ်ခုကို လုံးဝ ပြောင်းလဲပေးလိုက်သလိုပဲ… ငါက အခု ဖန်းနင်ခရိုင်မှာ မြေရှင်တစ်ဦး လုပ်နေတယ်… နင်ကတော့ ကျောက်စိမ်းနေပြည်တော်မှာ လက်ထောက်ခန်းမသခင်တစ်ဦး ဖြစ်နေပြီ… ငါတို့တွေက တကယ့်ကို ကမ္ဘာခြားသွားပြီပဲ”
ကျန်းယွဲ့လုက သူမကို နှစ်သိမ့်ပေးလိုက်၏။
“အစ်မ… အစ်မသာ ကျောက်စိမ်းနေပြည်တော်ကို ပြန်လာချင်တယ်ဆိုရင် အခက်အခဲရှိမှာ မဟုတ်ပါဘူး”
ကျန်းယီယွဲ့က ရယ်မော၍ ငြင်းဆန်ခြင်း မရှိပေ။ သူမက ချီရွှမ်းစုကို လှည့်ကြည့်ပြီး မေးလိုက်၏။
“ဒါက ဘယ်သူလဲ”
ချီရွှမ်းစုက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူမကို ဦးညွှတ်လိုက်၏။
“ကျုပ်နာမည်က ချီရွှမ်းစုပါ… ပညာရှိကျန်း… တွေ့ရတာ ဝမ်းသာပါတယ်”
ကျန်းယွဲ့လုက ပြုံး၍ ထပ်ပြောလိုက်၏။
“အစ်မ… သူက ကျွန်မ မိတ်ဆွေပါ… အစ်မ သူ့ကို ထျန်းယွမ်လို့ ခေါ်လို့ရတယ်”
ကျန်းယီယွဲ့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူမက ပြုံးနေသော်လည်း သူမ၏ အမူအရာက အနည်းငယ် အေးစက်လာသည်။ သူမက သူ့ကို မကြိုဆိုသည်မှာ သိသာထင်ရှားနေ၏။
ချီရွှမ်းစုက သူ့ဘာသာသူ တွေးလိုက်၏။
“သူက ယောက်ျားတွေ အားလုံးကို လီမင်ဟွမ်လို့ တကယ်ပဲ ရှုမြင်နေတာလား”
ကျန်းယွဲ့လုက ညင်သာစွာ တိုက်တွန်းလိုက်၏။
“အစ်မ…”
ကျန်းယီယွဲ့က ချီရွှမ်းစုကို အကဲခတ်ကြည့်ပြီး စိတ်မပါသည့် အမူအရာဖြင့် ပြောလိုက်၏။
“မင်္ဂလာပါ တာအိုဆရာချီ”
ချီရွှမ်းစုက ကိုယ်ကို ပြန်မတ်ပြီး ကျန်းယွဲ့လုကို ဘေးတိုက်တစ်ချက်ကြည့်ကာ နောက်ထပ် ဘာလုပ်ရမလဲ တိတ်တဆိတ် အကြံတောင်းနေသည်။
သို့သော်လည်း ကျန်းယွဲ့လုက သူ့ကို မမြင်ချင်ယောင်ဆောင်ထားပြီး ကျန်းယီယွဲ့နှင့် အတိတ်အကြောင်းကို စတင် ပြန်ပြောင်းပြောဆိုနေကြ၏။
ဤသည်ကို ကြည့်ပြီး ချီရွှမ်းစုက ကူကယ်ရာမဲ့ကာ အနည်းငယ် မချင့်မရဲဖြစ်လာသည်။ ပိုင်သီမြို့က ဖြစ်ရပ်အပြီးမှာ ကျန်းယွဲ့လုက သူမနှင့်အတူ ရှန်ချင်းစီရင်စုကို မလိုက်ခဲ့တော့ဖို့ သူ့ကို ပြောခဲ့လေသည်။ သို့သော် လမ်းတစ်ဝက်မှာ လက်မလျှော့ဖို့ သူက မရမက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေမှာ သူ့ကိုယ်သူသာ အပြစ်တင်ရပေတော့မည်။
အမျိုးသမီးနှစ်ဦး စကားပြောဆိုနေသောကြောင့် ချီရွှမ်းစုက ကြောင်တိကြောင်တောင်ဖြင့် ထိုင်ပြီး သူတို့ပြောသမျှကို ဘေးကနေသာ နားထောင်နေရသည်။
တစ်နာရီခန့် ကြာပြီးနောက် ထုံးတမ်းစဉ်လာ တာအိုဆရာဝတ်စားဆင်ယင်မှုနှင့် အမျိုးသားတစ်ဦးက အလောတကြီး ရောက်ရှိလာ၏။ ကျန်းယွဲ့လုနှင့် ကျန်းယီယွဲ့က မတ်တတ်ထရပ်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။ ထို့ကြောင့် ထိုလူက ကျန်းယီယွဲ့၏ ခင်ပွန်းဖြစ်မည်ဟု ချီရွှမ်းစု မှတ်ယူလိုက်သည်။
အမျိုးသားက သူ့ထက် အသက်များစွာ ပိုကြီးသော်လည်း ပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာရှိသည့် ချီရွှမ်းစုနှင့်မတူဘဲ သူ့မှာ နူးညံ့သိမ်မွေ့သော စာပေသမား အငွေ့အသက် ရှိနေသည်။ သူ့ဘဝ၏ အချိန်အများစုကို စာအုပ်ပုံထဲ ခေါင်းနှစ်ထားခဲ့မည့်သူမျိုးဖြစ်သည်။
ကျန်းယွဲ့လုက ထိုအမျိုးသားကို ရင်းနှီးဖော်ရွေစွာဖြင့် နှုတ်ဆက်လိုက်သည်။
“ခဲအို… မင်္ဂလာပါ”
ချီရွှမ်းစုကလည်း သတိလက်လွတ်ဖြင့် အလိုလို လိုက်လံ နှတ်ဆက်လိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် မယားညီအစ်ကိုတော်…”
ချက်ချင်းပင် ခန်းမထဲရှိ လေထုက တစ်မျိုးတစ်မည် ဖြစ်လာလေတော့သည်။
အခန်း ၁၄၄ - တုံပိုင်ကျင်း
ယွင်ကျင်းတောင်၏ တာ့ကျန်းစံအိမ်က ဝူကျိုးမှာတည်ရှိသည်။ ထို့ကြောင့် ဝူကျိုးတာအိုစံအိမ်မှာ ကျန်းယီဂိုဏ်းတပည့်သားများသာရှိပြီး စစ်မှန်သော ကျန်းယီဂိုဏ်းတာအိုစံအိမ်အဖြစ် ကျော်ကြားသည်။
တုံပိုင်ကျင်းသည် ဝူကျိုးတာအိုစံအိမ်မှာ ကြီးကြပ်ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ သူက အသက် ၃၅ နှစ်အရွယ် အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးဖြစ်သည်။ တာအိုအဖွဲ့အစည်းအတွင်းမှာ သူ့ကို ငယ်ရွယ်ပြီး ပါရမီအရည်အချင်းရှိသည်ဟု ဆိုနိုင်သော်လည်း ကျန်းယွဲ့လု၊ လီထျန်ကျန်းနှင့် လီမင်ဟွမ်တို့လိုလူများနှင့်ယှဉ်လျှင် သူက သာမန်မျှသာဖြစ်သည်။
မည်သို့ပင်ဆိုစေ ကျန်းယွဲ့လုသည် တုံပိုင်ကျင်းထက် အသက်ဆယ်နှစ်ကျော်ပိုငယ်ပြီး သူမကလည်း အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးဖြစ်သည်။ လာမည့်ဆယ်နှစ်မှာ သူမသည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦး ဖြစ်လာနိုင်ခြေရှိသည်။ အနိမ့်ဆုံးတော့ သူမက တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်ဦးဖြစ်လာပေလိမ့်မည်။ တာအိုဂိုဏ်းတော်က လူငယ်များ၏ အလားအလာကို တန်ဖိုးထားလေသည်။
မဟာအကြီးအကဲအပါအဝင် စတုတ္ထအဆင့်နှင့်အထက် အဆင့်များအတွက် အသက်အရွယ်ကန့်သတ်ချက်များရှိသည်။ ဤသည်မှာ ကွန်ဖြူးရှပ်ကျောင်းတော်၏ အမှားမျိုး တာအိုဂိုဏ်းတော်မှာ ထပ်မဖြစ်စေရန် ရွှမ်အရှင်မြတ်ချမှတ်ခဲ့သည့် စည်းမျဉ်းစည်းကမ်းတစ်ခုဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် လူတစ်ယောက်က ရာထူးတိုးမြှင့်ခံရဖို့အတွက် ပါရမီအရည်အချင်းရှိရဦးမည်ဖြစ်သည်။
တုံပိုင်ကျင်းမှာ ဤကဲ့သို့ မြင့်မားသော ရည်မှန်းချက်များမရှိပေ။ သူက လက်ရှိအနေအထားနှင့် ရောင့်ရဲကျေနပ်နေပြီး ကျောက်စိမ်းနေပြည်တော်က ခန်းမကိုးဆောင်မှာ တာဝန်ထမ်းဆောင်ဖို့ စဉ်းစားမထားပေ။ ထို့ကြောင့်ပင် သူက ဝူကျိုးတာအိုစံအိမ်မှာ ဆက်ရှိနေခြင်းဖြစ်သည်။
ကျန်းယွီယွဲ့သည် တုံပိုင်းကျင်းနှင့် ဟိုးတုန်းကတည်းက တွေ့ဆုံခဲ့သည်။
ကျန်းမိသားစု၏ အလိုလိုက်တန်ဖိုးထားခံရသည့် မင်းသမီးအနေဖြင့် ကျန်းယွီယွဲ့သည် ကျန်းယွဲ့လုလိုမျိုး ငယ်ငယ်ရွယ်ရွယ်နှင့် ကျောက်စိမ်းနေပြည်တော်သို့ တစ်ယောက်တည်း မသွားရောက်ခဲ့ပေ။ သူမသည် ငယ်ရွယ်စဉ်က တာ့ကျန်းစံအိမ်မှာ တခြားသော ကျန်းမိသားစုဝင်များနှင့်အတူ သင်ယူလေ့လာခဲ့သည်။
ကျန်းယွီယွဲ့က အရွယ်ရောက်လာသည့်အခါ သူမကို တာအိုဂိုဏ်းတော်အတွင်း စည်းမျဉ်းစည်းကမ်းများနှင့် ကျွမ်းဝင်မှုရှိလာစေရန် ကျန်းမိသားစုက သူမကို ဝူကျိုးတာအိုစံအိမ်မှာ တာဝန်ထမ်းဆောင်စေခဲ့သည်။ မည်သို့ပင်ဆိုစေ ကျန်းမိသားစုက ဩဇာအာဏာကြီးမားသော်လည်း သူတို့က တာအိုဂိုဏ်းတော်တစ်ခုလုံးကို ထိန်းချုပ်မထားနိုင်ပေ။
ထိုသို့ဖြင့် ကျန်းယွီယွဲ့က ဝူကျိုးတာအိုစံအိမ်မှာ တုံပိုင်ကျင်းနှင့် တွေ့ဆုံခဲ့သည်။ သူက သူမထက် အသက်နှစ်နှစ်ပိုကြီးသော်လည်း သူတို့နှစ်ယောက်စလုံးက အထက်လူကြီးတစ်ဦးတည်း၏ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ သူတို့၏ ဆက်ဆံရေးသည် ချီရွှမ်းစုနှင့် မူကျင်းလိုမျိုး တစ်နည်းတစ်ဖုံအားဖြင့်ဆင်တူသည်။ သို့သော် ချီရွှမ်းစုနှင့်မူကျင်းက တစ်ယောက်နှင့်တစ်ယောက်မတည့်ကြဘဲ တုံပိုင်ကျင်းနှင့် ကျန်းယွီယွဲ့ကတော့ တစ်ဦးနှင့်တစ်ဦး အတော်လေးသင့်မြတ်ခဲ့ကြသည်။
ကျန်းယွီယွဲ့နှင့် ပထမဆုံးတွေ့ဆုံခဲ့သည့်အချိန်ကို တုံပိုင်ကျင်းက မှတ်မိနေဆဲဖြစ်သည်။ ထိုနေ့က သူက စာရွက်စာတမ်းများနှင့် အလုပ်များနေခဲ့သည်။ အငြိမ်းစားယူတော့မည့် သူ့အထက်လူကြီးက တာဝန်ကျအခန်းထဲသို့ ငယ်ရွယ်သောမိန်းကလေးတစ်ဦးကို ကိုယ်တိုင်ခေါ်ဆောင်လာခဲ့သည်။ ထိုမိန်းကလေးက အလုပ်မှာအသစ်ဖြစ်သော်လည်း သူမက လုံးဝရှက်ရွံ့နေခြင်းမရှိပေ။ သူမက တည်ငြိမ်၍ သက်တောင့်သက်သာပြုမူလှုပ်ရှားနေခဲ့သည်။
ထိုစဉ်တုန်းက သူ့အတွက် ထိုမိန်းကလေးသည် ရင်သပ်ရှုမောဖွယ်ရာကောင်းလွန်းပြီး သူက သူမကို ရဲရဲတင်းတင်းပင် မကြည့်ရဲပေ။ သို့သော် ရုတ်တရက် သူ့အထက်လူကြီးက ထိုမိန်းကလေးကို သူ့စားပွဲသို့ ခေါ်ဆောင်လာပြီး လုပ်ဖော်ကိုင်ဖက်အသစ်ကို လမ်းညွှန်ပြသပေးရန် သူ့ကို တာဝန်ပေးခဲ့သည်။
မိန်းကလေးက ယုံကြည်မှုရှိနေပြီး သူမကိုယ်သူမ မိတ်ဆက်ပေးသည်။
“ကျွန်မနာမည်က ကျန်းယွီယွဲ့ပါ”
တုံပိုင်ကျင်းက ရှက်နေပြီး ခေါင်းငုံ့ထားကာ သူမ၏ မျက်နှာကို မကြည့်ရဲပေ။ အတန်ကြာပြီးမှ သူက တုံ့ပြန်လိုက်သည်။ သူ့ရဲ့အများခေါ်နာမည်ကိုလည်း ပြောဖို့မေ့နေခဲ့သည်။
“တုံပိုင်ကျင်း”
မိန်းကလေးက သူ့နာမည်ကိုရေရွတ်ပြီး ပြုံးပြလိုက်သည်။
“ဒါဆို ကျွန်မရှင့်ကို အစ်ကိုတုံလို့ခေါ်မယ်”
နောက်ပိုင်းမှာ တောင့်တင်းသော မိသားစုနောက်ခံမရှိသည့် တုံပိုင်ကျင်းက ဝူကျိုးတာအိုစံအိမ်မှာ ဆက်နေခဲ့လေသည်။ ထိုအချိန်မှာ နာမည်ဂုဏ်သတင်းကြီးမားသော ကျန်းမိသားစု၏ မင်းသမီးလေးကျန်းယွီယွဲ့က တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းမှန်မှန်တက်လှမ်းပြီး ကျောက်စိမ်းနေပြည်တော်သို့ ရွှေ့ပြောင်းသွားခဲ့သည်။
သူတို့နှစ်ဦးက လမ်းခွဲခဲ့ရလေသည်။
တုံပိုင်ကျင်းက ထိုနေ့ကို ကောင်းကောင်းမှတ်မိနေသေးသည်။ ထိုစဉ်တုန်းက အရွယ်ရောက်ကြီးပြင်းလာပြီဖြစ်သော ကျန်းယွီယွဲ့က ယွင်ကျင်းတောင်ပေါ်က ဆိပ်ကမ်းကနေ ကျောက်စိမ်းနေပြည်တော်သို့ ဝေဟင်ပျံသင်္ဘောစီးကာ သွားတော့မည်ဖြစ်သည်။ မထွက်ခွာခင် သူက အထူးတလည် လိုက်လံနှုတ်ဆက်ခဲ့သည်။
ကျန်းယွီယွဲ့က ဝေဟင်ပျံသင်္ဘောဦးစွန်းမှာ မတ်တတ်ရပ်ပြီး အောက်ဘက်မှာရှိသော တုံပိုင်ကျင်းကို ငုံ့ကြည့်နေခဲ့သည်။ သူမက လက်ပြနှုတ်ဆက်ပြီး ပြုံး၍ပြောလိုက်သည်။
“နောက်တစ်ခါ ကျွန်မပြန်လာတဲ့အခါ ကျွန်မက ဝူကျိုးတာအိုစံအိမ်ရဲ့ လက်ထောက်စံအိမ်သခင်ဖြစ်နေလိမ့်မယ်… အဲဒီအခါကျရင် ကျွန်မက ရှင့်ရဲ့အထက်လူကြီးဖြစ်သွားမှာ”
တုံပိုင်ကျင်းက ဘယ်လိုတုံ့ပြန်ပြောဆိုရမလဲ မသိတော့ဘဲ နောက်တစ်ဖန်ထပ်၍ ရှက်သွားသည်။ ကျောက်စိမ်းနေပြည်တော်သို့ ကျန်းယွီယွဲ့ ပထမဆုံးရောက်ရှိလာစဉ်က သူတို့နှစ်ဦးက စာဖြင့်အဆက်အသွယ်ရှိနေကြသေးသည်။ သို့သော် တဖြည်းဖြည်းနှင့် သူတို့က စာရေးသားပေးပို့ခြင်းမရှိတော့ဘဲ တစ်ယောက်အကြောင်းကိုတစ်ယောက် မကြားသိရတော့ပေ။ လွန်ခဲ့သည့်သုံးနှစ်ကမှ ကျန်းယွီယွဲ့က ဝူကျိုးသို့ ရုတ်တရက် ပြန်လည်ရောက်ရှိလာခဲ့သည်။
ကျန်းယွီယွဲ့က သူမ၏ အတိတ်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ သူမတွေ့ကြုံခဲ့ရသည်များကို ပွင့်ပွင့်လင်းလင်းပြန်ပြောပြခဲ့သည်။ ထို့နောက် သူက သူမကို လက်ထပ်လိုသလားဟု မေးခဲ့လေသည်။
ရလာသောအခွင့်အရေးမှာ တုံပိုင်ကျင်းက သိပ်အများကြီး တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ သူက တစ်နာရီခန့်သာ စဉ်းစားပြီးနောက် ကျန်းယွီယွဲ့ကို လက်ထပ်ယူဖို့ သဘောတူခဲ့သည်။
ကျန်းမိသားစု၏ ဆွေကြီးမျိုးကြီးသမီးတစ်ဦးအနေဖြင့် ကျန်းယွီယွဲ့က ထိုက်ရှန်အကွက်မှာ အိမ်တစ်အိမ်ကို တောင်းဆိုခြင်း သို့မဟုတ် တင်တောင်းလက်ဆောင်များ တောင်းဆိုခဲ့ခြင်းမရှိပေ။ သူတို့ တတ်နိုင်သမျှမြန်မြန်လက်ထပ်ဖို့ကိုသာ သူမက တောင်းဆိုခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ယောက် အတော်လေး သိုသိုသိပ်သိပ်ပုံစံနှင့်သာ လက်ထပ်ထိမ်းမြားခဲ့ကြသည်။ သူတို့က လက်ထပ်မင်္ဂလာပွဲအခမ်းအနား ကျင်းပခြင်း၊ ဆွေမျိုးမိတ်ဆွေများကို ဖိတ်ကြားခြင်း သို့မဟုတ် လက်ထပ်မင်္ဂလာအခမ်းအနားဝတ်စုံများ ဝတ်ဆင်ခဲ့ကြခြင်း မရှိပေ။ သူတို့က အနီရောင်မင်္ဂလာဖယောင်းတိုင်နှစ်တိုင်ဖြင့်သာ လက်ထပ်ပွဲကို ပြီးမြောက်စေခဲ့သည်။
ကျန်းမိသားစုက ဤလက်ထပ်မင်္ဂလာပွဲအပေါ် မပြတ်သားသော စိတ်သဘောထားရှိခဲ့သည်။ သူတို့က အဲဒါကို ရှင်းရှင်းလင်းလင်းဆန့်ကျင်ခြင်း သို့မဟုတ် အားပေးထောက်ခံခြင်း မရှိခဲ့ပေ။ သူတို့လက်ထပ်သည့်နေ့မှာ ကျန်းယွီယွဲ့၏ အစ်ကိုက သိုသိုသိပ်သိပ်ဖြင့် ရောက်ရှိလာပြီး သောက်စားခြင်းမရှိဘဲ အလောတကြီး ပြန်ထွက်ခွာသွားခဲ့သည်။
ကျန်းယွီယွဲ့၏ ဖခင်နှင့် အစ်ကိုကြား စကားများငြင်းခုန်ခဲ့ကြသည့်အကြောင်းကို အပြင်လူများက မသိရှိကြပေ။ တုံပိုင်ကျင်း၏ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကလည်း ကျန်းမိသားစု၏ နာမည်ဂုဏ်သတင်းကို စိုးရွံ့ကြောက်လန့်ကြပြီး လက်ထပ်မင်္ဂလာပွဲကို မတက်ရောက်ရဲကြပေ။ ထိုသို့ဖြင့် သူတို့၏ လက်ထပ်မင်္ဂလာပွဲက အတော်လေး တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပြီး ကျောက်စိမ်းနေပြည်တော်ရှိ မြို့စောင့်နတ်ဘုရားကျောင်းက သာမန်လက်ထပ်ပွဲတစ်ခုလောက်ပင် မခမ်းနားခဲ့ပေ။
ကျန်းယွီယွဲ့က သူမမိသားစုအကြောင်း များစွာပြောဆိုခြင်းမရှိဘဲ တုံပိုင်ကျင်းကလည်း ကျန်းမိသားစု၏ အရေးကိစ္စများကို သတိမထားမိခဲ့ပေ။
သူ့ဇနီးမှာ အတော်လေးရင်းနှီးသည့် ဝမ်းကွဲညီမတစ်ဦးရှိထားသည်ကိုသာ တုံပိုင်ကျင်းက သိရှိလေသည်။ ဤဝမ်းကွဲညီမက တာအိုဂိုဏ်းတော်မှာ အတော်လေးကျော်ကြားပြီး သတင်းစာလွှာများမှာ သူမ၏ နာမည်က မကြာခဏပါလာတတ်သည်။ သို့သော်လည်း ထိုညီမဝမ်းကွဲက မည်ကဲ့သို့သောပုံစံရှိမည်ကို သူ မသိခဲ့ပေ။
ယခုက သူသည် ကျန်းယွဲ့လုနှင့် ပထမဆုံးအကြိမ် ကိုယ်တိုင်တွေ့ဆုံရခြင်းဖြစ်သည်။
“မင်းက ယွီအာ ပြောပြောနေတဲ့ ဝမ်းကွဲညီမပဲဖြစ်ရမယ်”
တုံပိုင်ကျင်းက အမျိုးသမီးနှစ်ဦး၏ အမူအရာကို သတိထားမမိဘဲ ချီရွှမ်းစုဘက်ကိုလှည့်ကာ ထပ်ပြောလိုက်သည်။
“ဒါဆို… ခင်ဗျားက ယွီအာရဲ့မတ် ဖြစ်မယ်ထင်တယ်”
ချီရွှမ်းစုက အရင်စတင်ပြီး သူ့ကို မယားညီကိုဟု ခေါ်ဆိုခဲ့သည့်အတွက် ဤသို့အမှတ်မှားခြင်းမှာ တုံပိုင်ကျင်းကို အပြစ်တင်လို့မရပေ။ ဒါ့အပြင် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ဆင်တူခြုံထည်များကို ဝတ်ဆင်ထားကြသည်။
သို့သော်လည်း ချီရွှမ်းစုက သူ့ဝမ်းကွဲညီမနှင့် လက်ထပ်မထားသည်ကို ကျန်းယွီယွဲ့က သေချာပေါက်သိရှိထားသည်။ ကျန်းယွဲ့လုသည် ကျန်းမိသားစု၏ အရံအခွဲမှဖြစ်သော်လည်း သူမမှာ ထူးခြားသောအဆင့်အတန်းတစ်ခု ရှိနေ၏။ ကျန်းယွဲ့လုက လက်ထပ်ထိမ်းမြားချင်သည်ဆိုလျှင် မည်သို့ပင်ဆိုစေ သေချာပေါက် သတင်းထွက်လာပေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုသော ဖြစ်နိုင်ခြေက နှစ်ခုသာရှိသည်။ ဤလူငယ်နှစ်ဦးက ခိုးပြေးလာကြခြင်း သို့မဟုတ် ထိုငနဲသားက ပေါက်တတ်ကရပြောဆိုနေခြင်းမျှသာ။
ဤအကြောင်းကို စဉ်းစားရင်း ကျန်းယွီယွဲ့၏ အမူအရာက သုန်မှုန်လာ၏။
ချီရွှမ်းစုမှာ အခြားသူများ အိုးတိုးအမ်းတမ်းဖြစ်သွားအောင် ပေါက်တတ်ကရစကားများ လွှတ်ခနဲပြောဆိုတတ်သည့်အကျင့်ရှိသည်ကို ကျန်းယွဲ့လုက သိရှိထားပြီး စိတ်တိုဒေါသထွက်ခြင်း မရှိပေ။
သူမက ချီရွှမ်းစုကို စတင်၍ စိုးရိမ်ပူပန်လာမိသည်။ ဤလူက တိုက်ခိုက်ရမလား၊ အခြေအနေကို ကိုင်တွယ်ရမလား အရာရာတိုင်းမှာ ယုံကြည်စိတ်ချရသည်။ သူ၏ တစ်ခုတည်းသောအားနည်းချက်မှာ လူမှုဆက်ဆံရေးဖြစ်သည်။ ချီရွှမ်းစုသည် သူမအမေနှင့် တွေ့ဆုံသည့်အခါ သူ့ပါးစပ်ကို ထိန်းထားနိုင်ဖို့သာ ကျန်းယွဲ့လုက မျှော်လင့်ထားသည်။ ချီရွှမ်းစုက သခင်မထန်ထိုက်ရှေ့မှာ ဤကဲ့သို့ပြုမူမည်ဆိုလျှင် ရလဒ်က ပို၍ဆိုးဝါးလာပေလိမ့်မည်။
သူ့နှုတ်က စကားအထွက် မှားသွားသည်ကို ချီရွှမ်းစုကလည်း နားလည်သဘောပေါက်သွား၏။ သူက ရှင်းပြချင်သော်လည်း ဘယ်ကနေ စပြောရမည်မသိပေ။ ကြံရာမရသည့်အခြေအနေမှာ သူက ကျန်းယွဲ့လုကိုလှည့်ကြည့်ပြီး မျက်လုံးအကြည့်ဖြင့် အကူအညီတောင်းခံနေ၏။
ကျန်းယွဲ့လုက သူ့ကို သတိပေးသည့်အနေဖြင့် မျက်စောင်းတစ်ချက်ထိုးပြီးနောက် တည်တံ့သောအမူအရာဖြင့် ပြောလိုက်သည်။
“သူ့ကို မယားညီကိုလို့ခေါ်ဖို့က စောလွန်းပါသေးတယ်၊ အနည်းဆုံး ကျွန်မမိဘတွေနဲ့ မတွေ့ရသေးခင်အထိပေါ့”
ချီရွှမ်းစုကလည်း အလျင်အမြန် ဝင်ရောက်ပြောဆိုလိုက်၏။
“ဟုတ်ပါတယ်… အဲလိုပါပဲ”
ဖြစ်ပျက်နေသည့်အရာကို တုံပိုင်ကျင်းက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။
“ကျုပ်သိပြီ ညီမဝမ်းကွဲ… မင်းက နှစ်သစ်ကူးဖို့အတွက် သူ့ကို အိမ်ခေါ်လာတာမလား”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်.. ခဲအိုတော်… ရှင် ကျွန်မတို့ကို အဲလောက်ထိ ယဉ်ကျေးပြနေစရာမလိုပါဘူး… ရှင် ကျွန်မကို ချင်းရှောင်လို့ခေါ်လို့ရတယ်… သူ့ကိုတော့ ထျန်းယွမ်လို့ခေါ်လို့ရတယ်”
ဤအချိန်မှာ ကျန်းယွီယွဲ့က ရုတ်တရက် လှောင်ရယ်လိုက်၏။
“တာအိုရောင်းရင်းချီ… ချင်းရှောင်ရဲ့အစ်မအနေနဲ့ သူအရင်တုန်းက နင့်အကြောင်းပြောတာ ငါဘာလို့မကြားခဲ့ရတာပါလိမ့်”
ချီရွှမ်းစုက မှန်မှန်ကန်ကန်ပင် ဖြေလိုက်သည်။
“တကယ်တော့ ချင်းရှောင်မှာ ရင်းနှီးတဲ့အစ်မဝမ်းကွဲတစ်ဦးရှိတယ်ဆိုတာကို ကျုပ်လည်းဒီနေ့မှသိခဲ့ရတာ”
ချီရွှမ်းစုက ဤကဲ့သို့ဖြေလာမည်ဟု ထင်မှတ်မထားသည့်အတွက် ကျန်းယွီယွဲ့က ခဏမျှမှင်တက်သွားသည်။ တကယ်ဆို ချီရွှမ်းစုက အမှန်ကိုပြောနေခြင်းသာဖြစ်၏။
ကျန်းယွဲ့လုက တည်တံ့သောမျက်နှာထားကို တမင်ဖမ်းယူပြီးပြောလိုက်သည်။
“နင် သိစရာမလိုတဲ့ တချို့ကိစ္စတွေရှိတယ်”
ချီရွှမ်းစုက ချက်ချင်းပင် မျက်နှာငယ်နှင့်ဖြစ်သွားသည်။ တကယ်တော့ သူက ဟန်ဆောင်နေခြင်းမျှသာ။
ကျန်းယွီယွဲ့က ပြဿနာထပ်ရှာချင်သော်လည်း သူမက မရှာနိုင်ဘဲ မခံချိမခံသာဖြစ်လာသည်။
“ချင်းရှောင်က အပြင်သူတွေရှေ့မှာ ငါ့အကြောင်းကိုပြောမှာမဟုတ်ဘူး… ဒါပေမဲ့ ကျောက်စိမ်းနေပြည်တော်မှာ ငါနေခဲ့တုန်းက ချင်းရှောင်မှာ နင့်လိုမျိုးအသိအကျွမ်းရှိတယ်လို့ ငါမသိခဲ့ဘူး… ကျောက်စိမ်းနေပြည်တော်ကနေ ငါထွက်လာတာ သုံးနှစ်ပဲရှိသေးတယ်… ဆိုရိုးစကားတွေအတိုင်း လူတစ်ယောက်ရဲ့ အစစ်အမှန်အရောင်အဆင်းကို အချိန်ကသာပြောပြလိမ့်မယ်တဲ့… သုံးနှစ်မှာ နင်တို့တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိ နားလည်နိုင်မှာလဲ”
တုံပိုင်ကျင်းက ချီရွှမ်းစုကို မကြည့်ရက်နိုင်တော့ဘဲ သူ့ဇနီးကို သတိပေးလိုက်၏။
“ယွီအာ.. သူက ငါတို့ရဲ့ဧည့်သည်ပဲ… သိပ်ပြီးမပြောပါနဲ့”
ကျန်းယွီယွဲ့က ပြန်ထောက်လိုက်၏။
“နေပါဦး… သူ ပြောပါစေဦး”
ဤရှုထောင့်ကနေကြည့်မည်ဆိုလျှင် ကျန်းယွီယွဲ့က စိုးမိုးဗိုလ်ကျတတ်သူဖြစ်ကြောင်း ပြောနိုင်ပေမည်။ အထူးသဖြင့် သူမ၏ အိမ်မှာဆိုလျှင်ဖြစ်သည်။ သူမသည် အကျိုးသင့်အကြောင်းသင့်ပြောဆို၍ရသော ကျန်းယွဲ့လုနှင့် တကယ်ပင်ကွာခြားသည်။
တုံပိုင်ကျင်းက သူ့ဇနီး၏ စိတ်နေစရိုက်နှင့်အသားကျနေပြီးသားဖြစ်ပြီး ကူကယ်ရာမဲ့စွာပြုံး၍ ဘာမှဆက်မပြောတော့ပေ။ သူက ကျန်းယွဲ့လု၏ အမူအရာကိုသာ အကဲခတ်ကြည့်နေ၏။
အံ့အားသင့်ဖို့ကောင်းစွာပင် ကျန်းယွဲ့လုက လုံးဝစိုးရိမ်ပူပန်နေခြင်းမရှိပေ။
ချီရွှမ်းစုကလည်း ကျန်းယွီယွဲ့၏ ရန်လိုမှုကို သတိထားမိပုံမရဘဲ ပြန်မေးလိုက်သည်။
“ဒါက ကျုပ်ကိုမေးရမှာမဟုတ်ဘူး… ခင်ဗျားညီမ ချင်းရှောင်ကိုမေးရမှာ… ကျုပ်အကြောင်း သူဘယ်လောက်သိလဲလို့”
ကျန်းယွီယွဲ့က သူမ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။ ဤလူငယ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းလေသည်။ ချီရွှမ်းစုသည် သူမ မမေ့ဖျောက်နိုင်မည့်လူကို ထပ်မံ၍ သတိရသွားစေသည်။