← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း ၁၄၅ - စကားအချေအတင်

ကျန်းယွီယွဲ့က ချီရွှမ်းစုကို တည့်တည့်ကြည့်ပြီးမေးလိုက်သည်။

“တာအိုရောင်းရင်းချီ… နင်အခု ဘယ်မှာ တာဝန်ထမ်းဆောင်နေတာလဲ… နင်က ဘယ်ကျင့်ကြံမှု၊ ဘယ်ရာထူးအဆင့်မှာလဲ။”

ချီရွှမ်းစုက တည်ငြိမ်စွာပြန်ဖြေလိုက်၏။

“ကျုပ် ထျန်ကန်းခန်းမမှာ တာဝန်ထမ်းဆောင်နေတယ်… ယွီရှုအဆင့် အဆင့် ၇ တာအိုဆရာတစ်ဦး… ဒါပေမဲ့ ကျုပ်က သိပ်မကြာခင် အဆင့် ၆ ကို တိုးမြှင့်ပေးခံရလိမ့်မယ်… အဆင့် ၅ တာအိုဆရာတစ်ဦးရဲ့ ခံစားခွင့်ကိုလည်း ရလိမ့်မယ်”

သူသည် ထိုအကျိုးဆောင်မှုများကို သူ့အသက်နှင့်ရင်းစွန့်စားပြီးမှ ရလာခဲ့သည့်အတွက် ထုတ်ဖော်ပြောဆိုဖို့ ရှက်ရွံ့မနေပေ။

ကျန်းယွီယွဲ့က မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

“အဆင့် ၇ လား… နင်က အဆင့် ၆ ကို တိုးမြှင့်ခံရပြီး အဆင့် ၅ တာအိုဆရာတစ်ဦးရဲ့ ခံစားခွင့်ကိုရမယ်ဆိုတော့ရော ဘာထူးခြားသွားလို့လဲ… ချင်းရှောင်ရဲ့အစ်မအနေနဲ့ နင် ကိုယ့်အဆင့်အတန်းကိုယ် ဒီထက်ပိုပြီး သတိကပ်ထားဖို့ ငါမျှော်လင့်တယ်… ငါက အဆင့်နိမ့်တာအိုဆရာတွေကို အထင်သေးနေတာမဟုတ်ဘူး… ဘာပဲပြောပြော ငါလည်း အောက်ခြေကနေ စတင်ခဲ့တာပဲ… ဒါပေမဲ့ ငါ့နေရာမှာ နင်ဝင်ကြည့်လိုက်… နင်ဆိုရင်ကော နင့်ရဲ့ ထူးချွန်ထက်မြတ်တဲ့ ညီမကို အဆင့်နိမ့်တာအိုဆရာတစ်ဦးနဲ့ လက်ထပ်ပေးချင်မှာလား”

ချီရွှမ်းစုက တည်တံ့သောမျက်နှာထားနှင့်ပင် ပြောလိုက်သည်။

“အဲဒါက ကျုပ်တတ်နိုင်တဲ့အရာမဟုတ်ဘူး… ကျုပ်ရဲ့ မျိုးရိုးနာမည်က ကျန်းမဟုတ်သလို လီလည်းမဟုတ်ဘူး… အဲဒါကြောင့် ကျုပ်က တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းဖို့ အချိန်တချို့တော့ ယူရမှာပဲ”

ကျန်းယွီယွဲ့က အတော်လေးကြောက်စရာကောင်းသောအပြုံးတစ်ခုကို ထုတ်ဖော်ကာ ချီရွှမ်းစု၏ မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်နေသည်။

“နောက်ဆုံးတော့ နင့်ရဲ့အစစ်အမှန်အရောင်အဆင်းကို ထုတ်ပြလာပြီပေါ့လေ… တက်လှမ်းတယ်ဆိုတာ တကယ့်ကို အံဝင်ခွင်ကျအသုံးအနှုန်းပဲ… နင်က တက်လှမ်းရင်းနဲ့ အင်ပါယာတစ်ခုထူထောင်ဖို့ စဉ်းစားနေတာလား”

ကျန်းယွီယွဲ့နှင့် လီမင်ဟွမ်၏ ဇာတ်လမ်းကို ချီရွှမ်းစုက ကြားသိထားပြီးသားဖြစ်ပြီး ကြိုတင်ပြင်ဆင်ထားလေသည်။

“ပညာရှိကျန်း… ကျုပ်က ချင်းရှောင်ကို တက်လှမ်းရာလှေကားထစ်အဖြစ် အသုံးချမှာ ခင်ဗျားစိုးရိမ်နေတာလား… အဲဒါဆိုရင်တော့ ခင်ဗျားချင်းရှောင်ကို တကယ်လျှော့တွက်ထားတာပဲ… အင်ပါယာတစ်ခု တည်ထောင်တယ်ဆိုတာကတော့ ကျုပ်တို့ တာအိုဝါဒယုံကြည်မှုမှာ အဲလိုအတွေးမျိုးတွေကို အားပေးအားမြှောက်မပြုဘူး… ဒီလိုမျိုး နိမ့်ကျတဲ့အတွေးစိတ်ကူးတွေကို ခင်ဗျားခေါင်းထဲကနေ တတ်နိုင်သမျှမြန်မြန် ရှင်းထုတ်ပစ်တာ ကောင်းလိမ့်မယ်”

တုံပိုင်ကျင်းက ကျန်းယွဲ့လုကို နောက်တစ်ဖန်ကြည့်လိုက်၏။

သူ့ခယ်မက ထိုင်ခုံမှာဝင်ထိုင်ပြီး လက်ဖက်ရည်ကိုပင် အေးအေးဆေးဆေးသောက်နေသည်။ ကျန်းယွဲ့လုက တုံပိုင်ကျင်း၏ အကြည့်ကို သတိထားမိသည်နှင့် လက်ဖက်ရည်ခွက်ကိုချပြီး ခါးကိုမတ်ကာ စိုးရိမ်ပူပန်နေသည့်ပုံပေါက်အောင် အတတ်နိုင်ဆုံးဖမ်းယူလိုက်သည်။ သို့သော်လည်း သရုပ်ဆောင်သည့်နေရာမှာ ကျန်းယွဲ့လုက ချီရွှမ်းစုလောက် မတော်ပေ။

ကျန်းယွီယွဲ့က ချီရွှမ်းစုကိုသာ အာရုံစိုက်ထားသည့်အတွက် ကျန်းယွဲ့လု၏ အမူအရာကို မတွေ့မြင်ရပေ။ သို့သော် ချီရွှမ်းစုကလည်း သူမကို ကြောက်ရွံ့မနေပေ။

စီးပိုးခြယ်လှယ်၍ ရန်လိုတတ်သော ကျန်းယွီယွဲ့က ပိုမိုအသက်ကြီးသော်လည်း သူမမှာ ကျန်းယွဲ့လုလိုမျိုး ဣန္ဒြေနှင့် မှန်ကန်ဖြောင့်မတ်သော အရှိန်အဝါမရှိပေ။

အရင်တုန်းက ကျန်းယွီယွဲ့သည် လီမင်ဟွမ်၏ လှည့်စားခြင်းခံရပြီး လုံးဝကို ရှုံးနိမ့်ခဲ့သည်။ သူမ လုပ်နိုင်သည်မှာ ချောင်တစ်ချောင်မှာပုန်းကွယ်ပြီး သူမ၏ ဒဏ်ရာများကို ကုစားဖို့သာဖြစ်သည်။ တစ်ဘက်မှာတော့ ကျန်းယွဲ့လုက လီထျန်ကျန်းကို တစ်ဦးချင်းတိုက်ခိုက်ကာ အနိုင်ယူပြီး ထိုသူကို ကျောက်စိမ်းနေပြည်တော်မှာ ထပ်မံ၍ ခြေမချစေနိုင်ခဲ့ပေ။ ဤသည်မှာ အမျိုးသမီးနှစ်ဦးကြား ကွာခြားချက်ဖြစ်သည်။

တကယ်တော့ ချီရွှမ်းစုကလည်း ကျန်းယွဲ့လု၏ အသိအမှတ်ပြုမှုကို ရရှိဖို့ အတင်းကြိုးစားခဲ့ခြင်း မရှိပေ။ ထိုက်ချင်းရင်ပြင်မှာ သူတို့၏ အမှတ်မထင်တွေ့ဆုံမှုက ကောင်းမွန်သောအစတစ်ခုသာ ဖြစ်ခဲ့သည်။ နောက်ပိုင်း ချီရွှမ်းစုက သွေးစုပ်ဖုတ်ကောင်များကို သတ်ဖြတ်ခဲ့သည်။ ယီရှန်မြို့မှာ လင်းရှန်စုန်းကဝေအယူဝါဒမိစ္ဆာများကို အနိုင်ယူခဲ့သည်။ ချာမကူလမ်းပေါ်မှာ သူတို့ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရစဉ်က သူသည် တည်းခိုခန်းက လုပ်ကြံသူများနှင့် အသေအကြေတိုက်ခိုက်ခဲ့သည်။ ထိုသို့ဖြင့် သူ့ကိုယ်သူ ကောင်းကောင်းသက်သေပြခဲ့ပြီးသားဖြစ်သည်။

ပိုင်သီမြို့မှာတုန်းက ချီရွှမ်းစုသည် ကောင်းကင်သက်ရှိတစ်ဦးကိုပင် အလျှော့မပေးဘဲ ကျန်းယွဲ့လုဘက်ကနေ ရပ်တည်ပေးခဲ့သည်။ ဤအဖြစ်အပျက်များကြောင့် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ပို၍ ရင်းနှီးလာခဲ့ကြသည်။

ချီရွှမ်းစုက လူကြီးလူကောင်းတစ်ယောက်လိုပြုမူပြီး သူ့အပေါ် ထိုးနှက်ချက်များကို သည်းခံမည်ဆိုလျှင် ကျန်းယွီယွဲ့က သူ့အပေါ် ဤမျှအထိ ရန်လိုလာလိမ့်မည် မဟုတ်ပေ။ ဤလူငယ်သည် သူမကိုပင် အနည်းငယ် မသိမသာ မခံချိမခံသာဖြစ်လာစေလိမ့်မည်ဟု ကျန်းယွီယွဲ့က ထင်မှတ်မထားပေ။ သို့သော်လည်း နာမည်ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခု၏ သခင်မလေးအဖြစ် ပြစ်မျိုးမှဲ့မထင်ကြီးပြင်းလာသောသူမက အပေါ်ယံမှာ တည်ငြိမ်မှုကို ထိန်းထားနိုင်သေးသည်။

ကျန်းယွီယွဲ့က ထေ့ငေါ့လိုက်၏။

“နင်က ဒီအသက်အရွယ်နဲ့ အဲဒီဖန်တစ်ရာထေနေတဲ့ စကားလုံးတွေကို သုံးနှုန်းလာလိမ့်မယ်လို့ ငါထင်မထားဘူး”

ချီရွှမ်းစုက ပြောလိုက်၏။

“အဲဒါက ဖန်တစ်ရာထေနေတဲ့စကားလုံးတွေမဟုတ်ဘူး… အဲဒါက တကယ်ကို နိမ့်ကျတဲ့အတွေးအခေါ်တွေပဲ.. ချင်းရှောင်က ကျုပ်ရဲ့ အထက်လူကြီး၊ ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်ဆိုတာကို သူကျုပ်ကို အမြဲတမ်းသင်ကြားပေးတယ်… ချင်းရှောင်ရဲ့ ခံယူချက်က မှားယွင်းနေတယ်လို့ ခင်ဗျားပြောချင်တာလား”

ကျန်းယွီယွဲ့က ရုတ်တရက် ကျန်းယွဲ့လုကို လှည့်ကြည့်လာသည့်အတွက် သူမက မလွဲမသွေပါဝင်ပတ်သက်ရတော့သည်။

ကျန်းယွဲ့လုက ခပ်တိုးတိုးပြောလိုက်၏။

“အဲဒါက အချက်အလက်တစ်ခုပဲလေ”

ဤအချိန်မှာ သူမ၏ ဝမ်းကွဲညီမနှင့် ဤလူ၏ ဆက်ဆံရေးကို သူမ မှားယွင်းဆုံးဖြတ်မိနေခြင်းဖြစ်နိုင်သည်ဟု ကျန်းယွီယွဲ့က ခံစားမိလာသည်။ ကျန်းယွဲ့လုသည် ကလေးကတည်းက သူမ၏ ခံယူချက်နှင့်ပတ်သက်၍ အမြဲတမ်း ယုံကြည်မှုရှိသောလူတစ်ယောက်ဖြစ်ခဲ့သည်။ သူမသည် အခြားသူများ မလုပ်ရဲသည့်အရာများကိုပင် အမြဲတမ်းလိုလို ပြုလုပ်တတ်ပြီး ရဲတင်းမှုရှိခဲ့လေသည်။ ကျန်းယွဲ့လုက ဤချာတိတ်လေး၏ လှည့်စားခံရခြင်းမဟုတ်ဘဲ သူမက အပန်းဖြေဖို့အတွက် အပျော်ကောင်လေးထားနေခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

စဉ်းစားရင်း ကျန်းယွဲ့လုက အပျော်ကောင်လေးတစ်ယောက်ထားဖို့ ဖြစ်နိုင်သည်ဟု ကျန်းယွီယွဲ့က ပို၍ပင် ယုံကြည်လက်ခံမိလာသည်။ သို့သော်လည်း သူမ၏ ရင်ထဲမှာ မကျေလည်သော အစိုင်အခဲတချို့ရှိနေဆဲဖြစ်၏။

သူမက ထေ့ငေါ့လိုက်သည်။

“ငါနင်နဲ့ ပြိုင်ငြင်းမနေတော့ဘူး… ချင်းရှောင်ကို နင်တက်လှမ်းရာလှေကားထစ်အဖြစ် အသုံးမချဖို့ ငါနင့်ကို သတိပေးချင်ရုံပဲ… သူက ကျန်းမိသားစုဝင်ပဲ… သူက နတ်သက်ကြွေအင်မော်တယ်တစ်ဦး၊ လက်ထောက်ခန်းမသခင်တစ်ဦး… နင့်မှာ အဲလိုစိတ်မျိုးရှိနေမယ်ဆိုရင် အဲဒါကို တတ်နိုင်သမျှမြန်မြန်စွန့်လွှတ်ပြီး နင်လာတဲ့လမ်းအတိုင်းပြန်သွားဖို့ ငါအကြံပေးလိုက်မယ်… မဟုတ်ရင် ကျန်းမိသားစုကိုရန်စတဲ့အခါ ဘာပြန်ရမလဲဆိုတာ ငါတို့နင့်ကို ပြပေးရလိမ့်မယ်”

သူ၏ သရုပ်ဆောင်မှုက အလွန်အကျွံမဖြစ်သင့်ဟု ချီရွှမ်းစုက တွေးလိုက်၏။ အထူးသဖြင့် ယခုက အစမ်းလေ့ကျင့်ရုံမျှသာဖြစ်လေသည်။ ထို့ကြောင့် သူက ဘာမှဆက်မပြောတော့ဘဲ နောက်ဆုတ်လိုက်၏။

နောက်ဆုံးစကားကို ထုတ်ဖော်ပြောဆိုပြီးနောက် ကျန်းယွီယွဲ့က အနည်းငယ်ကျေနပ်သွားပြီး ချီရွှမ်းစုကို တစ်ချက်ခိုးကြည့်လိုက်၏။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤချာတိတ်လေးက ကျန်းယွဲ့လုနှင့် မယှဉ်နိုင်သော်လည်း သူ့ကို သာမန်ဖြစ်သည်ဟု မဆိုနိုင်ပေ။ မည်သို့ပင်ဆိုစေ သူက အသက်နှစ်ဆယ်အရွယ်မှာ ပညာရှိလောင်းတာအိုဆရာတစ်ဦးဖြစ်၍ ယွီရှုကျင့်ကြံမှုအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ အဲဒါက လုံးဝမဆိုးပေ။ သို့သော်လည်း ဤအချက်သည် သူမ၏ ထူးချွန်ထက်မြတ်သော ဝမ်းကွဲညီမ ကျန်းယွဲ့လုကို လိုက်မီဖို့ ဝေးကွာနေဆဲဖြစ်သည်။

ကျန်းယွီယွဲ့က ချီရွှမ်းစုကို စာမေးပွဲစစ်နေစဉ် သူမ၏ခင်ပွန်း တုံပိုင်ကျင်းကလည်း တူညီစွာပြုလုပ်နေသည်။ ဤစာပေသမား သက်လတ်ပိုင်းအရွယ်အမျိုးသားက ကျန်းယွီယွဲ့နှင့်ယှဉ်လျှင် ချီရွှမ်းစုအပေါ် တူးတူးခါးခါးဖြစ်နေခြင်းမရှိပေ။

သူ့ဇနီးဒေါသစဲသွားသည်ကိုကြည့်ပြီး တုံပိုင်ကျင်းက ဝင်ရောက်ပြောဆိုလိုက်၏။

“ယွီအာ… မင်းတို့အချင်းချင်း စကားလေးဘာလေးပြောကြဦးလေ”

ဤတစ်ခေါက်မှာ ကျန်းယွီယွဲ့က သူမ၏ ခင်ပွန်းကို အရှက်မရစေပေ။ သူမက ကျန်းယွဲ့လုဘက်ကိုလှည့်ပြီး ပြောလိုက်သည်။

“ချင်းရှောင်… ငါတို့အထဲသွားပြီး စကားပြောရအောင်”

ကျန်းယွဲ့လုက ချီရွှမ်းစုကို တစ်ချက်ကြည့်ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။

“သွားကြမယ်လေ”

အမျိုးသမီးနှစ်ဦးထွက်ခွာသွားပြီးနောက် ပင်မခန်းမထဲမှာ ချီရွှမ်းစုနှင့် တုံပိုင်ကျင်းသာလျှင် ကျန်ခဲ့လေသည်။

တုံပိုင်ကျင်းက လက်ဟန်အမူအရာဖြင့် ချီရွှမ်းစုကို ထိုင်ခိုင်းလိုက်သည်။

“ယွီအာက… နည်းနည်းတော့စိတ်ဆတ်တယ်… ထျန်းယွမ်.. မင်း သူပြောတဲ့စကားတွေကို စိတ်ထဲမထားပါနဲ့”

ချီရွှမ်းစုက တုံ့ပြန်လိုက်၏။

“ဒါက လူသားသဘာဝပါပဲ… အဲဒါနဲ့ပတ်သက်ပြီး ကျုပ်တတ်နိုင်တာ မရှိဘူး”

“ထျန်းယွမ်… မင်းက ဝမ်ရှန်းတာအိုနန်းတော်ကပဲလား”

တုံပိုင်ကျင်းက မေးလိုက်သည်။

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်ပါတယ်”

“တကယ်တော့… ငါလည်း ဝမ်ရှန်းတာအိုနန်းတော်ကပဲ”

တုံပိုင်ကျင်းက ပြောလိုက်၏။

“အဲဒါကြောင့် မင်းရဲ့အခက်အခဲကို ငါနားလည်သဘောပေါက်တယ်… ငါတို့တွေက နာမည်ဂုဏ်သတင်းကြီးမားတဲ့ မိသားစုကနေလာတဲ့ သူတို့တွေထက် အမြဲတမ်းနိမ့်ကျနေလိမ့်မယ်… ငါတို့တွေက အမြဲတမ်း ခြေတစ်လှမ်းနောက်ကျနေလိမ့်မယ်”

“ကျုပ်သိပါတယ်”

ချီရွှမ်းစုက သဘောတူလက်ခံလိုက်သည်။

အတိတ်ကို ပြန်သတိရသွားပြီး တုံပိုင်ကျင်းက မေးလိုက်သည်။

“ထျန်းယွမ်… ချင်းရှောင်ရဲ့အစ်မက မင်းတို့ရဲ့ဆက်ဆံရေးပေါ် ဘာလို့အဲလောက်ထိ အတိုက်အခံဖြစ်နေတာလဲ မင်းသိလား”

“ကျုပ်သိပါတယ်”

ချီရွှမ်းစုက ရှင်းပြလိုက်သည်။

“အဲဒါ ထျန်ကန်းခန်းမရဲ့ တတိယလက်ထောက်ခန်းမသခင် လီမင်ဟွမ်ကြောင့်ပဲ”

ကျန်းယွဲ့လုက ပုံမှန်အားဖြင့် ခပ်တန်းတန်းနေတတ်ပြီး ချီရွှမ်းစုကတော့ အလိုက်မသိပေ။

ဤကဲ့သို့ တဲ့တိုးဆန်သောအဖြေစကားမှာ တုံပိုင်ကျင်းက အနည်းငယ်အိုးတိုးအမ်းတမ်းဖြစ်သွား၏။ သူက အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် နောက်တစ်ခါထပ်၍ မေးလိုက်၏။

“မင်းအဲဒါကို ဘယ်လိုမြင်လဲ”

ချီရွှမ်းစုက ပြန်ဖြေလိုက်သည်။

“ချင်းရှောင်က သူ့အစ်မနဲ့မတူဘူး… အဲဒီနေရာမှာ ချင်းရှောင်သာဆိုရင် သူက လီမင်ဟွမ်ကို သူကိုယ်တိုင်သတ်လိမ့်မယ်… သူက အဲဒီလူကို ချက်ချင်းမသတ်နိုင်ဘူးဆိုရင်တောင် တစ်နေ့နေ့မှာ သတ်ဖို့လုပ်ဦးမှာပဲ… အဲဒီစကားကို သူကိုယ်တိုင်ပဲပြောခဲ့တာ… သူ တကယ်ပဲ အဲလိုလုပ်မယ်လို့လဲ ကျုပ်ယုံတယ်”

သူ့ခယ်မက ဤမျှအထိ ရက်စက်ကြမ်းတမ်းလိမ့်မည်ဟု တုံပိုင်ကျင်းက ထင်မှတ်မထားပေ။ သူမက ကျန်းယွီယွဲ့နှင့် တကယ်ပင်ကွာခြားလေသည်။

သူက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

“ထျန်းယွမ်… ချင်းရှောင်က တစ်နေ့ မင်းကို သတ်ဖို့လုပ်လာမယ်ဆိုရင်ရော… “

ချီရွှမ်းစုက အချက်အလက်တစ်ခုကို ထုတ်ဖော်ပြောဆိုသလို ပြောလိုက်သည်။

“သူသတ်တာကို ကျုပ် ဒီတိုင်းတော့ ဘယ်ငြိမ်ခံနေပါ့မလဲ… ပြန်ချမှာပေါ့”

တုံပိုင်ကျင်းက ခါးသီးစွာပြုံးလိုက်သည်။ သူတို့မှာ ဆင်တူသောနောက်ခံများရှိသည့်အတွက် သူနှင့် ချီရွှမ်းစုက ပုံစံချင်းတူလိမ့်မည်ဟု သူအစက တွေးထင်ခဲ့သည်။ သို့သော် သူတို့ကလည်း ကွဲပြားနေသည်ကို သူနောက်ဆုံး နားလည်သဘောပေါက်သွားသည်။ သူတို့နှစ်ယောက်ကြား ကွာခြားမှုက ကျန်းယွဲ့လုနှင့် ကျန်းယွီယွဲ့ကြားက ကွာခြားမှုလိုပင်။

ချီရွှမ်းစုနှင့် လီမင်ဟွမ်ကြား ဆင်တူမှုတချို့ကြောင့် ကျန်းယွီယွဲ့က သူ့ကို မုန်းတီးနေခြင်း ဖြစ်ကောင်းဖြစ်ပေမည်။

တုံပိုင်ကျင်းက ကျန်းယွီယွဲ့ကို လက်ထပ်နိုင်ခဲ့သည်မှာ သူက အသင့်လျော်ဆုံးဖူးစာဖက်ဖြစ်ခဲ့သောကြောင့်မဟုတ်ပေ။ ကျန်းယွီယွဲ့က အသဲကွဲ၍ ပြန်လာပြီး လီမင်ဟွမ်ကို လက်စားချေသည့်အနေဖြင့် တတ်နိုင်သမျှမြန်မြန်လက်ထပ်ချင်သောကြောင့်သာ သူက ကျန်းယွီယွဲ့ကို လက်ထပ်ပေါင်းသင်းနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် လီမင်ဟွမ်က သူမ၏ လက်စားချေမှုကို ဂရုစိုက်ရဲ့လား မသေချာပေ။

ဤသည်ကို စဉ်းစားရင်း တုံပိုင်ကျင်းက သက်ပြင်းချလိုက်သည်။ သူသည် ကျန်းယွီယွဲ့၏ မိသားစုနောက်ခံကို လိုချင်တပ်မက်နေခဲ့ခြင်းမဟုတ်သည့်အတွက် သူတို့၏ လက်ထပ်မှုကို ကျန်းမိသားစုက သဘောတူလက်ခံသလား သူဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ ကျန်းယွီယွဲ့၏ သဘောတူလက်ခံမှုသာဖြစ်သည်။ သူက သူမကို အမှန်တကယ်ချစ်မြတ်နိုးသောကြောင့်ဖြစ်လေသည်။ ကျန်းယွီယွဲ့ကလည်း ဤအချက်ကို သတိထားမိပေလိမ့်မည်။ ထို့ကြောင့်ပင် သူမက သူ့ကို လက်ထပ်ဖို့ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

တုံပိုင်ကျင်းက ရုတ်တရက် တစ်စုံတစ်ရာကိုတွေးမိသွားပြီးမေးလိုက်၏။

“ဒါနဲ့… ထျန်းယွမ် မင်းနဲ့ ချင်းရှောင် တစ်ယောက်နဲ့တစ်ယောက် သိတာ ဘယ်လောက်ကြာပြီလဲ”

ချီရွှမ်းစုက မှန်မှန်ကန်ကန်ပင် ဖြေပေးလိုက်၏။

“ကျုပ်တို့ ၇ လပိုင်း ၁၅ ရက်နေ့က တွေ့ခဲ့တယ်… ဆိုတော့ အခုဆိုရင် လေးလရှိသွားပြီ”

“လေးလလား”

တုံပိုင်ကျင်းက အံ့အားသင့်သွား၏။

“ဘယ်လောက်မှမကြာသေးဘူးပဲ”

“ဟုတ်လား”

ချီရွှမ်းစုက ရယ်မောကာပြောလိုက်၏။

“ကျုပ်တို့တွေက ရုံးတစ်ရုံးတည်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကိုပဲ နေ့တိုင်းလုပ်ဆောင်နေမယ်ဆိုရင် အချိန်က တိုတောင်းတယ်လို့ ထင်ကောင်းထင်ရလိမ့်မယ်… ဒါပေမဲ့ ကျုပ်တို့က နေ့စဉ်နေ့တိုင်း သေခြင်းရှင်ခြင်းအခြေအနေတွေကို အတူတကွဖြတ်ကျော်လာခဲ့မယ်ဆိုရင် လေးလက အရမ်းကြာတယ်လို့ ထင်ရလိမ့်မယ်”

တုံပိုင်ကျင်းက မှင်တက်သွား၏။ သူက ဤခံစားချက်ကို နားမလည်နိုင်ပေ။

ချီရွှမ်းစုကလည်း သိပ်ပြီး ရှင်းပြမနေဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ကျုပ် ထျန်ကန်းခန်းမကို မရောက်ခင်က ကျုပ်ဘာသာကျုပ်တစ်ယောက်တည်း နယ်လှည့်သွားလာနေခဲ့တယ်… အဲဒါကြောင့် သူရဲကောင်းတွေနဲ့ပတ်သက်တဲ့ကဗျာတွေကိုဖတ်ရတာ ကျုပ်သဘောကျတယ်”

တုံပိုင်ကျင်းကမေးလိုက်သည်။

“ကဗျာလား… ‘သူရဲကောင်းတစ်ဦးရဲ့ခရီးစဉ်’လိုမျိုးလား”

ချီရွှမ်းစုက ခေါင်းခါပြီးပြောလိုက်သည်။

“အဲဒါမျိုးမဟုတ်ဘူး… အဲဒါက သိပ်ပြီးတော့ လက်တွေ့မဆန်ဘူး။”

All Chapters