← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း ၁၄၇ - လက်ဆောင်

ကျန်းယွီယွဲ့က အိမ်မှာ ဆရာကြီးဖြစ်သော်လည်း တုံပိုင်ကျင်းက အမည်ခံအိမ်ထောင်ဦးစီးဖြစ်နေဆဲပင်။ နောက်ဆုံးမှာတော့ တုံပိုင်ကျင်းသည် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုကို ညစာကျွေးရန် သူ့မိန်းမကို ဖျောင်းဖျနိုင်လိုက်သည်။

ကျန်းယွီယွဲ့က ချီရွှမ်းစုကို မနှစ်မြို့စွာဖြင့် စိုက်ကြည့်နေ၏။

ဤအချိန်မှာ ချီရွှမ်းစုက သူ၏ ခြုံထည်ကို ချွတ်ထားပြီဖြစ်သည်။ သူက ပေါက်ဓားများ စီထည့်ထားသည့် အပြင်ခါးပတ်နှင့် တာအိုဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ၏ နောက်ဘက်မှာ (ခ)အဆင့် အမှတ်စဉ် ၂ နှင့် အမှတ်စဉ် ၃ နဂါးမျက်လုံးကျည်ဆန်များအပါအဝင် ကျည်ဆန်အမျိုးမျိုးထည့်ထားသည့်သားရေအိတ်တစ်လုံးရှိသည်။ သူ၏ ဘယ်ဘက်မှာ နတ်နဂါးပစ္စတိုထည့်ထားသော သေနတ်အိမ်တစ်ခုနှင့် ညာဘက်မှာ ဓားအိမ်ထဲထည့်ထားသည့် ဓားတိုတစ်လက်ကို ချိတ်ဆွဲထားသည်။

သူက ပစ္စည်းများဖြင့် ဖုဖောင်းနေသည့် ကြီးမားသည့် သားရေအိတ်ကြီးတစ်လုံးကိုလည်း ဘေးသိုင်းလွယ်ထားသည်။ သူ၏ အင်္ကျီလက်အိုး အိပ်ကပ်ထဲမှာလည်း အလွယ်တကူထုတ်စရာပစ္စည်းများ ထည့်ထားသည့်အလား ဖောင်းပွနေလေသည်။ ချီရွှမ်းစုက သမားရိုးကျ ထျန်ကန်းခန်းမတာအိုဆရာတစ်ဦးနှင့်တူသော်လည်း သူ၏ ကျောပေါ်မှာ ဓားနှစ်လက်က ရှိမနေပေ။

သာမန်လူများက သူတို့၏ ကျောက်စိမ်းဆွဲသီးများထံမှ တချွင်ချွင်အသံနှင့် လမ်းလျှောက်တတ်ကြသော်လည်း ချီရွှမ်းစုက သူ၏ တစ်ဘက်တစ်ချက်စီမှာ ချိတ်ဆွဲထားသော သေနတ်နှင့် ဓား၏ လှုပ်ခါသံနှင့်အတူ လျှောက်လှမ်းလေသည်။

ဖန်းနင်ခရိုင်က အတော်လေး တည်ငြိမ်အေးချမ်းသောနေရာဖြစ်ပြီး ချီရွှမ်းစု၏ ဝတ်စားဆင်ယင်ပုံက ဤနေရာနှင့် တကယ်ပဲ ကွဲလွဲဆန့်ကျင်နေသည်။ ချီရွှမ်းစုက အန္တရာယ်ပေးမည့်ပုံမရှိလျှင်တောင် သူ့ခါးမှာချိတ်ဆွဲထားသည့် လက်နက်များက ခြိမ်းခြောက်ဖွယ်ရာဖြစ်စေသည်။ ဒါ့အပြင် ချီရွှမ်းစုက တကယ်ပဲ အတိအကျ အန္တရာယ်မပေးတတ်သူ မဟုတ်ပေ။ အနည်းဆုံးတော့ သူ့ထံမှ သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာကို ကျန်းယွဲ့လုက တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သည်။

ချီရွှမ်းစုသည် စောစောက မနှစ်မြို့ဖွယ်ရာ စကားအချေအတင်ကို မေ့ပျောက်သွားပုံရပြီး တုံပိုင်ကျင်းနှင့် ကျန်းယွီယွဲ့ကို အရင်စတင်ဦးညွှတ်လိုက်သည်။

တုံပိုင်ကျင်းက ပြန်လည်ဦးညွှတ်လိုက်သော်လည်း ကျန်းယွီယွဲ့က အေးတိအေးစက်ဖြစ်နေဆဲပင်။ သူမက ထေ့ငေါ့ကာ ပြောလိုက်၏။

“ငါတော့ ဘဝင်မြင့်ချင်သွားပြီ”

ကျန်းယွဲ့လုက သူမ၏ အသံကို အနည်းငယ်မြှင့်ကာ ခေါ်လိုက်သည်။

“ဝမ်းကွဲအစ်မ…”

ဤစကားကိုကြားရချိန်မှာ ကျန်းယွဲ့လုက သူမကို စိတ်တိုနေပြီကို ကျန်းယွီယွဲ့က သိရှိလိုက်သည်။ ကျန်းယွဲ့လုက ခါတိုင်းမှာ သူမကို အစ်မဟုသာ ခေါ်ဆိုလေသည်။ သူမက မတတ်သာတော့ဘဲ ပြန်လည်ဦးညွှတ်ပြီး သူမ၏ လေသံက အနည်းငယ်ပျော့ပျောင်းသွားသည်။

“တာအိုရောင်းရင်းချီ… ဓလေ့ထုံးတမ်းတွေ မလိုပါဘူး”

ချီရွှမ်းစုက ဤကဲ့သို့သော အသေးအဖွဲပြဿနာများကို ခေါင်းထဲမှာ ထည့်မထားတတ်ပေ။

သူ့ဇနီး၏ တုံ့ပြန်မှုကို တုံပိုင်ကျင်းတွေ့မြင်သောအခါ သူက ကျန်းယွဲ့လုကို အံ့အားသင့်စွာဖြင့် ကြည့်ပြီး စိတ်ထဲကနေ တွေးလိုက်သည်။

‘အို… ငါ့ရဲ့ဒီခယ်မက မရိုးရှင်းဘူးပဲ… တဇွတ်တိုးနိုင်တဲ့ ငါ့ဇနီးတောင် ဒီဝမ်းကွဲညီမကို ကြောက်ရပါလား’

ထို့နောက် တုံပိုင်ကျင်းက ချီရွှမ်းစုကို အာရုံပြန်စိုက်ကြည့်သည်။ ကျန်းယွဲ့၏ အသိအမှတ်ပြုမှုကို ရရှိထားသည့်အတွက် ဤလူငယ်ကလည်း သာမန်မဟုတ်လောက်ဟု တွေးမိနေ၏။ သို့သော် တကယ်တမ်း သူချီးကျူးမိသည်မှာ ချီရွှမ်းစု၏ စိတ်နေစရိုက်ဖြစ်သည်။ တိုက်ရိုက်စော်ကားမှုတစ်ခုနှင့် ကြုံတွေ့ရစဉ်မှာတောင် ချီရွှမ်းစုက ဣန္ဒြေရနေသည်။ ကျန်းမိသားစုမှ မြင့်မားသောသတ်မှတ်ချက်တစ်ခုရှိလေသည်။ သူတို့က ဦးမညွှတ်လိုသည့်သူများ သို့မဟုတ် သူတို့၏ တင်းကျပ်သောလိုအပ်ချက်များနှင့် မကိုက်ညီသည့်သူများကို လက်ခံလိမ့်မည်မဟုတ်ပေ။

ဝမ်ရှန်းတာအိုနန်းတော်မှလူတချို့က ပါရမီအရည်အချင်းရှိပြီး ရက်စက်ကြမ်းတမ်းကြသည်။ သို့သော် များသောအားဖြင့် ထိုမိဘမဲ့များသည် အငြိုးအတေးကြီးတတ်ပြီး လူတိုင်းက သူတို့အပေါ် အကြွေးတင်နေသည့်အလား ခံယူထားကြသည်။ ကျန်းမိသားစုက ဤကဲ့သို့သောသူများကို လက်ခံလိမ့်မည်မဟုတ်ပေ။ မကြာသေးခင်ကမှ ဖြစ်ပွားခဲ့သော လီမင်ဟွမ်နှင့်ပြဿနာက သာဓကတစ်ခုဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ရိုကျိုးနှိမ့်ခြင်းလည်းမရှိ မောက်မာဝံ့ကြွားခြင်းလည်းမရှိသော ချီရွှမ်းစုလိုလူက ကျန်းယွဲ့လုနှင့်လက်ထပ်ဖို့ အခွင့်အရေးတစ်ခုရှိနေနိုင်သည်။

ညစာစားပွဲမှာ ထူးထူးခြားခြား ဘာမှမရှိခဲ့ပေ။ ကျန်းယွီယွဲ့က စကားမပြောချင်သလို တုံပိုင်ကျင်းကလည်း ဧည့်သည်နှစ်ဦးနှင့် သိပ်ပြီးရင်းနှီးမှုမရှိပေ။ ကျန်းယွီယွဲ့ထံမှ မနှစ်မြို့စရာနောက်ထပ်စကားများ ထွက်လာမည်ကိုစိုးသောကြောင့် ချီရွှမ်းစုကလည်း သာမန်ကာလျှံကာ ဝင်ရောက်ပြောဆိုခြင်းမရှိဘဲ စကားဝိုင်းကို ကျန်းယွဲ့လုက အရင်စတင်လိုက်သည်။ အနောက်ဘက်ဒေသသို့ သွားရောက်ခဲ့သော သူတို့၏ ခရီးစဉ်အကြောင်း သူမက ပြန်ပြောပြသည်။

ကျန်းယွီယွဲ့သည် ကျောက်စိမ်းနေပြည်တော်မှာ အတန်ကြာအောင်နေထိုင်ခဲ့သည်။ ကျောက်စိမ်းနေပြည်တော်က ခွန်လွင်တောင်ပေါ်မျာရှိပြီး အနောက်ဘက်ဒေသ၏ တစ်စိတ်တစ်ပိုင်းဟု ဆိုင်နိုင်သည်။ သို့သော် သူမသည် ကျောက်စိမ်းနေပြည်တော်ကနေ ထွက်လေ့မရှိသောကြောင့် အနောက်ဘက်ဒေသက သူမနှင့် ဝေးကွာစိမ်းသက်နေဆဲဖြစ်သည်။

ကျောက်စိမ်းနေပြည်တော်ကနေ သူမထွက်လာစဉ်မှာတောင် သူမက ဝူကျိုးကို ဝေဟင်ပျံသင်္ဘောစီး၍ ပြန်လာခဲ့သည်။ သူမသည် အနောက်ဘက်ဒေသတာအိုစံအိမ် သို့မဟုတ် လောလန်မြို့သို့ တစ်ခါမှမရောက်ရှိခဲ့ဖူးသည့်အတွက် အနောက်ဘက်ဒေသက သူမအတွက် တကယ့်ကို အစိမ်းသက်သက်ဖြစ်သည်။

ကျန်းယွီယွဲ့နှင့် တုံပိုင်ကျင်းသည် ဝတ္ထုတစ်ပုဒ်ကို နားထောင်နေရသည့်အလား ကျန်းယွဲ့လု၏ စွန့်စားခန်းများကို နားထောင်နေကြသည်။ ချီရွှမ်းစုက လက်ဗလာနှင့် ကောင်းကင်သက်ရှိတစ်ဦးကို သတ်ဖြတ်လိုက်ကြောင်း သိရသည့်အချိန်မှာ သူတို့က တုန်လှုပ်သွားကြသည်။

ယခုအချိန်မှာ ကျန်းယွီယွဲ့သည် ချီရွှမ်းစု၏ အစွမ်းအစနှင့်ပတ်သက်၍ ဆက်လက်ပြီး သံသယမဝင်တော့ဘဲ ချီရွှမ်းစုက ဒုတိယလီမင်ဟွမ်ဖြစ်သည်ဟု ပို၍ပင် လက်ခံယုံကြည်လာသည်။ တစ်ဘက်မှာတော့ တုံပိုင်ကျင်းက ချီရွှမ်းစုကို ပို၍ ချီးကျူးမိလာ၏။ ချီရွှမ်းစုပေါ် သူ၏ ပထမဆုံးထင်မြင်ချက်က သာမန်မျှသာဖြစ်ပြီး အရင်တုန်းက သူ့ကိုယ်သူ ပြန်လည်အမှတ်ရသွားစေခဲ့သည်။

အဆင့် ၄ တာအိုအကြီးအကဲတစ်ဦးဖြစ်သော တုံပိုင်ကျင်းကလည်း ကျန်းယွီယွဲ့၏ စိတ်အာရုံကို ရရှိခဲ့သောကြောင့်ဖြစ်သည်။ ကျန်းမိသားစုအတွက်တော့ အဆင့် ၄ က ဘာမှမဟုတ်သော်လည်း တာအိုအဖွဲ့အစည်းအတွင်းမှာဆိုလျှင် အတော်လေး အရေးပါအရာရောက်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ချီရွှမ်းစုက မျက်တောင်တစ်ချက်မခတ်ဘဲ အပြစ်သားဒက်စ်မန်ကို သတ်ဖြတ်လိုက်သည်ကို ကြားသိရပြီးနောက် သူက ဤလူငယ်ထက် နိမ့်ကျသည်ဟု ခံစားမိလာသည်။

ချီရွှမ်းစုက အကဲခတ်ကောင်းသူဖြစ်သည်။ ကျန်းယွီယွဲ့၏ အမူအရာကနေ သူမ စဉ်းစားနေသည့်အရာကို သူက အကြမ်းဖျင်းခန့်မှန်းမိသည်။ သူက ဒုတိယလီမင်ဟွမ်အဖြစ် မှားယွင်းစွပ်စွဲခံနေရသလို ခံစားမိလေသည်။ အဲဒါ သူကလည်း ဝမ်ရှန်းတာအိုနန်းတော်က မိဘမဲ့တစ်ဦးဖြစ်နေတာကြောင့်ပဲလား။

သို့သော် ချီရွှမ်းစုက သူ၏အခြားသောသရုပ်သကန်ကို ရုတ်တရက်တွေးမိသွားသည်။ သူက တကယ်ပင် ကျန်းယွဲ့လုကို လှည့်စားမိနေ၏။ အဲဒါက လီမင်ဟွမ်၏ လှည့်စားပုံနှင့်မတူသော်လည်း ဆိုးဝါးတာခြင်းက အတူတူပင်ဖြစ်သည်။ ချီရွှမ်းစုက နောက်တစ်ဖန် သက်တောင့်သက်သာမရှိ ခံစားလာရပြီး သူက ချင်းဖျင်အသင်းကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာရမည်ဟု တွေးမိလာ၏။

ကျန်းယွဲ့လုက သူမ၏ ဝမ်းကွဲအစ်မဆီ ဝင်ရောက်လည်ပတ်ခြင်းက ရုတ်တရက်ပေါ်လာသော စိတ်ကူးမဟုတ်ပေ။ ထို့ကြောင့် မလာခင် သူမက ကျောက်စိမ်းနေပြည်တော်ကနေ လက်ဆောင်ပစ္စည်းများ ဝယ်လာခဲ့သည်။ လောကရှိ အရည်အသွေးမြင့်ပစ္စည်းအများစုက ကျောက်စိမ်းနေပြည်တော်နှင့် အင်ပါယာနေပြည်တော်မှာ ရှိတတ်သောကြောင့်ဖြစ်သည်။

ကျန်းယွဲ့လု၏ လက်ဆောင်က ကွန်ဖြူးရှပ်မင်ပညာရှင်တစ်ဦးပြုလုပ်ထားသည့် ချန်ချိုးအလင်းမင်ဖြစ်သည်။ ၎င်းသည် အင်ပါယာနန်းတွင်းမှာအသုံးပြုသော ခရမ်းရောင်ကျောက်စိမ်းအလင်းမင်လောက် မကောင်းသော်လည်း တန်ဖိုးကြီးမားဆဲဖြစ်သည်။ မင်တုံး၏ ကျောဘက်မှာ ချန်ချိုးအလင်းဟူသောစာလုံးကို ရေးထိုးထားပြီး ရှေ့မှာ ပညာရှင်၏ လက်မှတ်ကို ဖောင်းကြွစာလုံးဖြင့် ရေးထိုးထားသည်။ ဤကဲ့သို့သောမင်တစ်တုံးက အနည်းဆုံး ထိုက်ဖျင်ဒင်္ဂါး ၅၀၀ ကျသင့်သည်။

(ချန်ချိုး - နှစ်ပေါင်းများစွာ သို့မဟုတ် ထာဝရ။)

ထိုက်ရှန်အကွက်က ဂေဟာတစ်ခုကို မျက်တောင်တစ်ချက်မခတ်ဘဲ ပေးပစ်နိုင်သော ကျန်းယွီယွဲ့အတွက်တော့ ဤမင်က တန်ဖိုးကြီးမားသောလက်ဆောင်တစ်ခုမဟုတ်ပေ။ သို့သော်လည်း ကျန်းယွဲ့လု၏ ဝင်ငွေကို ထည့်တွက်မည်ဆိုလျှင် အဲဒါက သူမ၏ စိတ်ရင်းမှန်ကန်မှုကို ပြသနေဆဲဖြစ်သည်။

ဤလက်ဆောင်က အဓိကအားဖြင့် တုံပိုင်ကျင်းအတွက် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူက စာပေသမားတစ်ဦးဖြစ်ပြီး စာရေးကိရိယာများကို နှစ်သက်သဘောကျသည်။ ချီရွှမ်းစုကို လက်ဆောင်တစ်ခုပေးမည်ဆိုလျှင် သေနတ်၊ ဓားနှင့် လက်နက်များက ပိုကောင်းပေလိမ့်မည်။

ကျန်းယွဲ့လုက ဤကဲ့သို့သော မင်နှစ်တုံးကိုဝယ်ယူပြီး စုစုပေါင်း ထိုက်ဖျင်ဒင်္ဂါးတစ်ထောင် သုံးစွဲခဲ့သည်။ အခြားသော မင်တစ်တုံးက သူမအဖေအတွက်ဖြစ်၏။ ဒါ့အပြင် ကျန်းယွဲ့လုသည် အဲဒါကို ချီရွှမ်းစုကိုယ်စားဝယ်လာခဲ့ခြင်းဖြစ်သည်။ ကျန်းယွဲ့လုက ချီရွှမ်းစုကို အကူအညီတောင်းခဲ့ခြင်းဖြစ်သောကြောင့် ကုန်ကျစရိတ်များကို သူမကသာ ကျခံရပေမည်။

ထို့ကြောင့် ချမ်းသာကြွယ်ဝသည်ဟု မဆိုနိုင်သော ကျန်းယွဲ့လုက ထိုက်ဖျင်ဘဏ်တိုက်မှာ စုထားသော ဝူယိုဒင်္ဂါးများကို ထုတ်ခဲ့ရသည်။ သူမက အဲဒါကို ထိုက်ဖျင်ဒင်္ဂါးများနှင့်လဲလှယ်ပြီး နောက်ထပ်လက်ဆောင်နှစ်ခု ဝယ်လာခဲ့သည်။

လက်ဆောင်တစ်ခုသည် အနောက်ဘက်ကုန်းမြေတိုက်ကနေလာသော ဖန်သားကြေးမုံတစ်ချပ်ဖြစ်သည်။ ဖန်သားက မရှားပါးသော်လည်း ကြည်လင်ရှင်းလင်း၍ အရောင်ချွတ်ထားသောဖန်က ရှားပါးဆဲဖြစ်သည်။ ဤကြေးမုံကို ငွေဖြင့်အနားကွပ်ထားပြီး ဘေးဘောင်တစ်လျှောက် ပန်းနွယ်ပန်းခတ်များကို ရွှေချထားသည်။ ၎င်းမှာ ဆင်စွယ်လက်ကိုင်တစ်ခုလည်းပါပြီး အဲဒါကို အတော်လေးဈေးကြီးသွားစေ၏။ ဤကြေးမုံက ကျန်းယွဲ့လု၏ အမေအတွက် လက်ဆောင်ဖြစ်သည်။

အခြားသောလက်ဆောင်က ၁၂ ရာသီခွင် အချိန်စနစ်ပါသည့် အိတ်ဆောင်နာရီကောင်းတစ်လုံးဖြစ်သည်။ အဖုံးနှင့် ကွင်းဆက်ကြိုးကို ပကတိရွှေသားဖြင့် ပြုလုပ်ထားသော်လည်း နာရီ၏ ကျန်ရှိနေသောအပိုင်းများကို ရွှေချထားရုံသာဖြစ်သည်။ အဲဒါက ကျန်းယွဲ့လု၏ ဖခင်အတွက် လက်ဆောင်ဖြစ်သည်။

ကျန်းယွဲ့လုသည် ဤလက်ဆောင်နှစ်ခုကို ရွေးချယ်ဖို့အတွက် အချိန်နှင့်ငွေကြေးများစွာ သုံးစွဲခဲ့ရသည်။ အကြောင်းအရင်းတစ်ခုမှာ သူမက လူမှုဆက်ဆံရေးညံ့သောကြောင့်ဖြစ်သည်။

ကျန်းယွဲ့လုသည် လက်ဆောင်များကိုထုပ်ပိုးပြီး သူမ၏ မှော်သိုလှောင်အိတ်ထဲမှာ ထည့်ထားသည်။ သူတို့က ရှန်ချင်းခရိုင်ကို ရောက်ရှိသည့်အခါမှသာ ထိုပစ္စည်းများကို ချီရွှမ်းစုအား ထုတ်ပေးဖို့ သူမ ဆုံးဖြတ်ထားသည်။ အဲဒါမတိုင်ခင် ဘယ်လက်ဆောင်က ဘယ်သူ့အတွက်ရည်ရွယ်သည်ကို ချီရွှမ်းစုအား အကြမ်းဖျင်းရှင်းပြပေးရဦးမည်ဖြစ်သည်။

ကျန်းယွီယွဲ့က ကျန်းယွဲ့လုကို ညဘက်ဆက်နေရန် ဆွဲထားလိုသော်လည်း ကျန်းယွဲ့လုက ယဉ်ကျေးစွာဖြင့် ငြင်းပယ်ခဲ့သည်။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ဖန်းနင်ခရိုင်မှာ ဆက်နေဖို့ စိတ်ကူးမရှိဘဲ ခရိုင်ထဲကနေ ထွက်ပြီး ခရီးဆက်ခဲ့ကြသည်။

တုံပိုင်ကျင်းက သူတို့ကို မြို့ဂိတ်တံခါးထိ လိုက်ပို့ပေးပြီး လက်ပြနှုတ်ဆက်ခဲ့သည်။

မြို့ပြင်ဘက်ကို ရောက်လာသည့်အချိန်မှာ ကျန်းယွဲ့လုကမေးလိုက်သည်။

“ဒီအလည်အပတ်ကို နင်ဘယ်လိုထင်လဲ”

ချီရွှမ်းစုက ဖြေလိုက်သည်။

“ထင်ထားသလောက်တော့ မဆိုးပါဘူးလေ”

ကျန်းယွဲ့လုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

“တော်သေးတာပေါ့… နောက်ထပ်လာမှာက ငါ့အမေပဲ ကျေးဇူးပြုပြီး သူပြောတဲ့စကားကိုတော့ အတိုက်အခံမလုပ်ပါနဲ့… သူ့ကိုတော့ စိတ်ရှည်ပေးပါ။”

အခန်း ၁၄၈ - သခင်မလေးလီ

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက နောက်ဆုံး ၁၂ လပိုင်း ၁ ရက်နေ့မှာ ရှန်ချင်းစီရင်စုကို ရောက်ရှိလာကြသည်။

ကံကောင်းစွာဖြင့် ဟူကျိုးကနေ ဝူကျိုးသို့ သူတို့၏ ခရီးစဉ်က ချောချောမွေ့မွေ့ရှိနေခဲ့သည်။ သူတို့က မတော်တဆဖြစ်ရပ်များနှင့် ထပ်မံ၍ ကြုံတွေ့ရမည်ဆိုလျှင်လည်း ခရီးသွားလာခြင်းက အလွန်တရာအန္တရာယ်များသည်ဟု ဆိုရပေတော့မည်။ ထိုသို့ဆိုလျှင် သာမန်လူအများစုက အိမ်ထဲက အိမ်ပြင်ကိုပင် ထွက်ရဲတော့မည်မဟုတ်ပေ။

ခရိုင်ရုံးစိုက်ရာမြို့တချို့သည် စီရင်စုမြို့တော် သို့မဟုတ် ပြည်နယ်မြို့တော်နှင့် အတူတူပင်ဖြစ်တတ်သည်။ သို့သော်လည်း ရှန်ချင်းစီရင်စုကတော့ ထိုသို့မဟုတ်ပေ။ ရှန်ချင်းခရိုင်နှင့် ရှန်ချင်းစီရင်စုက နာမည်တစ်ခုတည်းကို ယူထားသော်လည်း ရှန်ချင်းခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့သည် ရှန်ချင်းစီရင်စု၏ စီရင်စုမြို့တော် မဟုတ်ပေ။ ထိုမြို့တော်နှစ်ခုက အမှီအခိုကင်းမဲ့စွာဖြင့် သီးခြားရပ်တည်နေကြသည်။ ခရိုင်ရုံးစိုက်ရာမြို့က ယွင်ကျင်းတောင်ခြေမှာ တည်ရှိပြီး စီရင်စုမြို့တော်ကတော့ ယွင်ကျင်းတောင်နှင့် အတော်အတန် ကွာဝေးသေးသည်။

ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ရှန်ချင်းစီရင်စု၏ စီရင်စုမြို့တော်သို့ ရောက်ရှိလာကြပြီးနောက် ကျန်းယွဲ့လု၏ အိမ်နှင့် အတော်လေး ဝေးကွာနေဆဲဖြစ်သည်။ ကျန်းယွဲ့လုက သူမ၏ ကလေးဘဝကို ပြန်ပြောင်းအောက်မေ့လိုသောကြောင့် ဤနေရာမှာ ရက်အနည်းငယ်နေဖို့ ပြင်ထားသည်။ ကျန်းယွဲ့လုပြောပုံအရ သူမ ငယ်ရွယ်စဉ်က သူမ၏ မိဘများသည် နှစ်သစ်ကူးမှာ ဤနေရာသို့ သူမကို မကြာခဏခေါ်လာတတ်သည်။ သို့သော်လည်း အဲဒါသည် အချိန်ဆွဲဖို့အတွက် အကြောင်းပြချက်တစ်ခုမျှသာဖြစ်သည်ကို ချီရွှမ်းစုသိထား၏။

ချီရွှမ်းစုက ကျန်းယွဲ့လု၏ ငယ်ဘဝကို အတော်လေးအားကျမိသည်။ သူငယ်ရွယ်စဉ်က ဝမ်ရှန်းတာအိုနန်းတော်၏ မြင့်မားသော အုတ်တံတိုင်းကနေသာ အပြင်လောကကို ငေးကြည့်ခဲ့ရသည်။ ဝမ်ရှန်းတာအိုနန်းတော်သည် ကျောက်စိမ်းနေပြည်တော်က ခရမ်းရောင်စံအိမ်နှင့် အင်ပါယာနေပြည်တော်က အင်ပါယာနန်းတော်တို့နှင့်ယှဉ်နိုင်သည့် ကြီးမားသော ဧရိယာတစ်ခုကို သိမ်းယူထားသော်လည်း ဝမ်ရှန်းတာအိုနန်းတော်မှာ မိဘမဲ့ကလေးများခြေမချနိုင်သည့် ကန့်သတ်ဧရိယာများစွာရှိနေဆဲဖြစ်သည်။

ဥပမာအားဖြင့် ကျန်းယွဲ့လုသင်ယူလေ့လာခဲ့သော အထက်နန်းတော်သည် မိဘမဲ့ကလေးများအတွက် တားမြစ်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။ သူတို့သည် နည်းပြဆရာများ၏ ဂေဟာများ၊ သို့မဟုတ် နည်းပြဆရာများ သွားလေ့ရှိသည့် ကြီးမားသော ကြယ်ကွင်းရေကန်သို့လည်း ဝင်ရောက်ခွင့်မရှိပေ။ ရံဖန်ရံခါမှာ အကြီးအကဲတချို့က ရေကန်မှာ လက်ဖက်ရည်သောက်ခြင်း၊ စစ်တုရင်ကစားခြင်း သို့မဟုတ် လှေစီးခြင်းများပြုလုပ်ကြပြီး မိဘမဲ့ကလေးများက အဝေးကနေသာ ငေးကြည့်ရသည်။ မိဘမဲ့ကလေးများ လှုပ်ရှားသွားလာနိုင်သော နေရာက အတော်လေးအကန့်အသတ်ရှိသည်။

ဝမ်ရှန်းတာအိုနန်းတော်ကနေ ကျောင်းဆင်းလာပြီးနောက် သူတို့က အောက်နန်းတော်မှာ သင်ကြားရေးနေရာတစ်ခုကို ယူနိုင်ခြင်း သို့မဟုတ် ထပ်မံ၍ သင်ယူလေ့လာဖို့အတွက် အထက်နန်းတော်သို့ လာရောက်ခြင်းမရှိသရွေ့ သူတို့က ထိုနေရာများသို့ ဆက်လက်၍ မဝင်ရောက်နိုင်တော့ပေ။ ထို့ကြောင့် ချီရွှမ်းစုက တစ်ခါတစ်ရံမှာ ဝမ်ရှန်းတာအိုနန်းတော်ကို လွမ်းဆွတ်သတိရမိသည်။

ယခုက နှစ်သစ်အကြိုကို ရောက်လုနီးပါးဖြစ်သောကြောင့် လမ်းပေါ်မှာ ပွဲခင်းဆိုင်ခန်းများ ပြုလုပ်နေသည့်သူများ၊ စီးပွားရေးလုပ်နေသည့်သူများနှင့် ဇာတိမြေသို့ပြန်လာသောလူများနှင့် အတော်လေးစည်ကားနေသည်။ သူတို့က လမ်းအတိုင်းလျှောက်လှမ်းလာစဉ် ချီရွှမ်းစုက မေးလိုက်သည်။

“ငါတို့ အရင်ဆုံး နာခိုစရာ တည်းခိုခန်းတစ်ခုရှာကြမလား”

ကျန်းယွဲ့လုက အကြံပေးလိုက်သည်။

“ငါတို့ အပန်းဖြေဂေဟာတစ်ခုကိုသွားရင် မကောင်းဘူးလား”

“ဘာဖြစ်တယ်…”

ချီရွှမ်းစုက ကြားရသည့် သူ့နားကိုပင် မယုံနိုင်ပေ။

ကျန်းယွဲ့လုက ထပ်မံ၍ ပြောလိုက်သည်။

“ငါတို့ အပန်းဖြေဂေဟာတစ်ခုကို သွားမယ်ဆိုရင်ကော… နင်ဘယ်လိုသဘောရလဲ”

ချီရွှမ်းစုက နောက်ဆုံးမှာ သူနားကြားမမှားကြောင်း အတည်ပြုနိုင်သွားသော်လည်း ထိုစကားက ကျန်းယွဲ့လု၏ ပါးစပ်ကနေ ထွက်လာသည့်အတွက် အံ့အားသင့်နေဆဲဖြစ်သည်။

လက်မထပ်ရသေးသော မိန်းကလေးတစ်ဦးက လက်မထပ်ရသေးသော ယောင်္ကျားလေးတစ်ဦးကို အဆင့်မြင့်ဆောင်ကြာမြိုင်တစ်ခုသို့ ဘယ်လိုလုပ် ဦးဆောင်ပြီးခေါ်သွားနိုင်မှာလဲ။ သူတို့က နှစ်သစ်ကူးဖို့အတွက် သူမ၏ မိဘများဆီ အလည်အပတ်သွားမည့်လမ်းမှာ ရောက်ရှိနေသည်ကို ထည့်ပြောစရာပင် မလိုပေ။

ဤခေတ်မှာ ပန်းအလှမယ်များနှင့် ပျော်ပါးခြင်းက အတော်လေးသာမန်သာဖြစ်သည်။ အထူးသဖြင့် သူတို့ကိုယ်သူတို့ နူးညံ့သိမ်မွေ့၍ စိတ်ကူးယဉ်ဆန်သောအနုပညာရှင်များဟု ခံယူထားသည့် ကွန်ဖြူးရှပ်ကျောင်းတော်သားများကြားမှာဖြစ်သည်။ သူတို့သည် ဤကဲ့သို့သော ပွဲလမ်းသဘင်များကို ပေါ်ပေါ်ထင်ထင်ဆင်နွဲပြီး ပန်းအလှမယ်များနှင့်ပတ်သက်၍ ကဗျာများစာများပင် ရေးဖွဲ့ကာ ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာခဲ့ကြသည်။ ကျောင်းတော်သားများနှင့် ပန်းအလှမယ်များကြား ဇာတ်လမ်းများက ရှားပါးမနေပေ။

ဗုဒ္ဓတပည့်သာဝကများက ဗြဟ္မစရိယကို ကျင့်ကြံကြသည်။ သူတို့က လက်ပွန်းတတီးဆက်ဆံခြင်းများကို ရှောင်ရပြီး အိမ်ထောင်သားမွေး မပြုလုပ်ရန် တင်းတင်းကျပ်ကျပ်ပိတ်ပင်တားမြစ်ထားသည်။ သူတို့သည် ကွန်ဖြူးရှပ်ကျောင်းတော်သားများနှင့် အတော်လေး ကွဲလွဲဆန့်ကျင်လေသည်။

တာအိုဂိုဏ်းသားများကတော့ ထူးခြားသည်။ သူတို့ကို အုပ်စုသုံးစုခွဲထားလေသည်။

ချွမ်ကျန်းဂိုဏ်းတပည့်များ.. အထူးသဖြင့် သူတို့၏ နာမည်အရင်းများကို စွန့်လွှတ်၍ တာအိုဘွဲ့များကို ခံယူထားသည့်သူများက ဗုဒ္ဓတပည့်သာဝကများနှင့် အတော်လေးဆင်တူသည်။ သူတို့သည် ကျားမဆက်ဆံရေးကို ရှောင်ပြီး သက်သတ်လွတ်စားကာ လက်ထပ်ထိမ်းမြားခြင်းမပြုကြပေ။ အသက်နှစ်ရာချီရှိလာသော်လည်း ချွမ်ကျန်းဂိုဏ်းမှ တာအိုဆရာအိုကြီးများက ဗြဟ္မစရိယကို ကျင့်ကြံနေဆဲဖြစ်သည်။ ထို့ကြောင့် သူတို့က ဤကဲ့သို့သော ပွဲလမ်းသဘင်များကို အားပေးထောက်ခံခြင်းမရှိပေ။

ကျန်းယီဂိုဏ်းတပည့်များက လက်ထပ်ထိမ်းမြား၍ မိသားစုတစ်ခုထူထောင်ခွင့်ရှိသော်လည်း ပန်းအလှမယ်များနှင့်ပျော်ပါးခြင်းကို အားပေးအားမြှောက်မပြုပေ။ ထိုသို့ဖြင့် တပည့်ဂိုဏ်းသားအများစုက အဲဒါကို ပြုလုပ်ချင်သည်ဆိုလျှင် သိုသိုသိပ်သိပ်ပြုလုပ်ရသည်။

ထိုက်ဖျင်ဂိုဏ်းတပည့်ဂိုဏ်းသားများက ကျားမဆက်ဆံမှုနှင့်ပတ်သက်၍ သင်ယူလေ့လာခြင်းကို ထောက်ခံကြပြီး သူတို့က ဆောင်ကြာမြိုင်များသို့သွားလည်း ကိစ္စမရှိပေ။ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုနှစ်ဦးစလုံးက ကျန်းယီဂိုဏ်းတပည့်သားများဖြစ်ကြသည်။ သူတို့အနေဖြင့် အရွယ်ရောက်လာသည့်အခါ အိမ်ထောင်ပြုခြင်းက သာမန်သာဖြစ်သော်လည်း ဆောင်ကြာမြိုင်များသို့ သွားရောက်လည်ပတ်ခြင်းက နှာခေါင်းရှုံ့စရာဖြစ်သည်။ အဲဒါက ပြစ်မှုတစ်ခု သို့မဟုတ် ရာထူးလျှော့ချခြင်းကို ဖြစ်စေမည်မဟုတ်သော်လည်း လူတစ်ယောက်၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေသည့်အတွက် ဂုဏ်ယူဝင့်ကြွားစရာကောင်းသောအရာမဟုတ်ပေ။

ထို့ကြောင့် နာမည်ဂုဏ်သတင်းအရ ချွမ်ကျန်းဂိုဏ်းတပည့်များက အမြင့်ဆုံးမှာရှိပြီး ထိုက်ဖျင်ဂိုဏ်းတပည့်သားများက အနိမ့်ဆုံးမှာ ရှိကြသည်။

ချီရွှမ်းစုက သူ၏ အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ပုတ်ချပြီး စောဒကတက်လုက်သည်။

“ငါက လူပျိုပဲရှိသေးတယ်… လူရှုပ်လူပွေတစ်ဦးလို့ အစွပ်စွဲမခံနိုင်ဘူး… အဲဒါက ငါ့အတွက်မမျှတဘူး”

“ငါတို့က အတွေ့အကြုံယူဖို့အတွက် တစ်ချက်သွားကြည့်ရုံပဲလေ… အဲဒီမှာ သိပ်ကြာကြာနေစရာမှ မလိုတာ”

ကျန်းယွဲ့လုက တောင်းပန်ပြောဆိုလိုက်သည်။ ဤသည်မှာ သူမ၏ ရင်ထဲ ကာလရှည်ကြာ ကိန်းအောင်းနေသည့် ဆန္ဒတစ်ခုဖြစ်ပြီး ကျောက်စိမ်းနေပြည်တော်မှာ သူမကို ဂရုစိုက်ပေးသည့် တာအိုဆရာစုံတွဲကလည်း အဲဒါကို သတိထားမိသည်။

ချီရွှမ်းစုက သူမ၏ စိတ်ကူးအိပ်မက်များနှင့်ပတ်သက်၍ မသိရှိသလို လက်ခံသဘောတူခြင်းလည်း မရှိပေ။

“ပိုင်သီမြို့မှာတုန်းက အပန်းဖြေဂေဟာတစ်ခုက ဘယ်လိုပုံစံရှိတယ်ဆိုတာ ငါတို့ မြင်ပြီးသွားပြီမဟုတ်လား… အဲဒီမှာရှိတဲ့အားလုံးက ဟိတ်ကြီးဟန်ကြီးနဲ့ ငွေကြေးဖြုန်းတီးမှုသက်သက်ပဲ”

“အဲဒီတုန်းက ငါတို့က စုံစမ်းစစ်ဆေးမှုနဲ့ ရောက်သွားတာလေ… ပြီးတော့ မှောင်လဲမှောင်နေပြီ… နောက်ပြီး အဲဒီမှာ လူသေအလောင်းနဲ့ စိတ်ဝိညာဉ်တပ်သားတွေလည်းရှိနေတယ်… ငါတို့က ဘာအတွေ့အကြုံကို ရမှာလဲ… ဒီတစ်ခေါက် ငါတို့ ရုပ်ဖျက်ပြီးသွားလို့ရတယ်… အဲဒါဆိုရင် ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူး”

အဲဒါက မကောင်းသောအကြံဟု ချီရွှမ်းစုတွေးမိလိုက်သည်။

“ငါတို့ ဖော်ထုတ်မခံရရင်တော့ ကောင်းသားပဲ… ဒါပေမဲ့ ဖော်ထုတ်ခံရမယ်ဆိုရင် ငါတို့ ပြဿနာအကြီးကြီးတက်လိမ့်မယ်”

ကျန်းယွဲ့လုက မေးလိုက်သည်။

“နင်အရင်က အဆင့်မြင့်ဆောင်ကြာမြိုင်တစ်ခုကို တကယ်မရောက်ဖူးဘူးလား”

ချီရွှမ်းစုက ပြောတော့မည့်ဆဲဆဲမှာ ထိုနေရာသို့ သူတစ်ခါရောက်ခဲ့ဖူးသည်ကို ရုတ်တရက်အမှတ်ရသွားသည်။ ချန်ယွိဇူကို သူသတ်ဖြတ်ခဲ့သည့် ကျန်းကျိုးက အပန်းဖြေဂေဟာဖြစ်သည်။

သူက ဖုံးကွယ်ဖို့အတွက် နောက်ထပ်အကြောင်းပြချက်တစ်ခု ရှာလိုက်၏။

“အပန်းဖြေဂေဟာတွေက အဆုံးမဲ့ချောက်နက်ပဲ… ငါ့မှာ အဲလောက်တတ်နိုင်တဲ့ ငွေကြေးအင်အားမရှိဘူး”

“ဟုတ်တာပေါ့…”

ငွေကြေးအကြောင်းပြောချိန်မှာ ကျန်းယွဲ့လုက သက်ပြင်းချလိုက်သည်။

“ငွေရေးကြေးရေးက ဘယ်တော့မှလောက်ငှတယ်မရှိဘူး”

ချီရွှမ်းစုက အကဲစမ်းမေးမြန်းလိုက်၏။

“ဒါဆို ငါတို့ မသွားတော့ဘူးမလား”

ကျန်းယွဲ့လုက အနည်းငယ်တွေဝေနေသည်။ အပန်းဖြေဂေဟာတစ်ခုသို့ သွားရောက်ခြင်းက မဖြစ်မနေမလိုအပ်သော်လည်း ထိုနေရာက ဘယ်လိုပုံစံရှိမလဲ သူမငယ်ငယ်ကတည်းက သိချင်နေခဲ့သည်။ သို့သော်လည်း ဤအိမ်အပြန်ခရီးမှာ သူမစုဆောင်းထားသည့် ငွေကြေးတစ်ဝက်ကို သုံးစွဲခဲ့ပြီဖြစ်ပြီး သူမမှာ ငွေကြေးများစွာ မကျန်ရှိတော့ပေ။

ဤအချိန်မှာ အနားကနေဖြတ်သွားသည့် ကျောင်းတော်သားတစ်အုပ်စုက ကျယ်လောင်စွာ စကားပြောနေကြသည်။

“ဒီရှန်ချင်းစီရင်စုကို သခင်မလေးလီ လာမယ်ဆိုတာ မင်းတို့ကြားပြီးပြီလား”

“ဘယ်သခင်မလေးလီလဲ”

“ဘယ်သူရှိရဦးမှာလဲ… လူငယ်တစ်ဦးရဲ့ခရီးစဉ်ထဲက သခင်မလေးလီပေါ့”

“အဲဒါ အင်ပါယာနေပြည်တော်က ဟိုနာမည်ကြီးသခင်မလေးလီလား”

“ဒါပေါ့… သူတစ်ယောက်ပဲရှိတာ”

“သခင်မလေးလီက ရှန်ချင်းစီရင်စုကို ဘာလို့ရုတ်တရက်ရောက်လာတာလဲ”

“ရှန်ချင်းစီရင်စုက သူ့ရဲ့ဇာတိမြေပဲ… အဲဒါကြောင့် နှစ်ကူးမှာ သူ့ရဲ့ဆွေမျိုးတွေနဲ့ မိတ်ဆွေတချို့ဆီ အလည်လာရင်း ပြန်လာတာနေမှာပေါ့”

“အဲဒါဆို ကောင်းတာပေါ့… ပုံမှန်ဆို ငါတို့တွေ သူနဲ့တွေ့ဖို့ အခွင့်အရေးရမှာမဟုတ်ဘူး”

“သခင်မလေးလီက ဒီတစ်ခေါက် သူ့ရဲ့ဆွေမျိုးတွေဆီကို အလည်ပြန်လာရုံပဲ… အဲဒီတော့ သူက ဧည့်သည်တွေကို ဖျော်ဖြေပေးနိုင်မှာ မဟုတ်လောက်ဘူး… သူ ဖျော်ဖြေမယ်ဆိုရင်တောင် ဒေသခံ ဆရာကြီးတချို့နဲ့ပဲ တွေ့လိမ့်မယ်”

“သခင်မလေးလီက အင်ပါယာနေပြည်တော်မှာ နံပတ်တစ်ပန်းအလှမယ်လို့ ကျော်ကြားတယ်… ငါတို့ ဒီတစ်ခေါက် သူနဲ့လွဲသွားမယ်ဆိုရင် နှမြောစရာကောင်းလိမ့်မယ်”

“ငါတို့ရဲ့ ဒေသခံပန်းအလှမယ်တွေက သခင်မလေးလီနဲ့ယှဉ်ရင် ဘယ်လိုနေမလဲမသိဘူး”

“သူတို့က သူ့ရဲ့ခြေဖျားကိုတောင်မီမှာမဟုတ်ဘူး… လောကမှာ အင်ပါယာနေပြည်တော်နဲ့ ကျောက်စိမ်းနေပြည်တော်ဆိုပြီး နေပြည်တော်ကြီးနှစ်ခုရှိတယ်… ကျောက်စိမ်းနေပြည်တော်က ပန်းအလှမယ်တွေကို‌ခြေချခွင့်မပေးဘဲ တင်းတင်းကျပ်ကျပ်ကန့်သတ်ပိတ်ပင်ထားတယ်… အဲဒါကြောင့် အင်ပါယာနေပြည်တော်က အဲဒီအတွက် အကောင်းဆုံးနေရာပဲ… ပြီးရင် ကျန်းလင်စီရင်စုက ဒုတိယနေရာမှာရှိတယ်… ငါတို့ရှန်ချင်းစီရင်စုက ပန်းအလှမယ်တွေကတော့ သူတို့ကို လုံးဝမီမှာမဟုတ်ဘူ”

“ဒါပေမဲ့ အပန်းဖြေဂေဟာမှာ ကဗျာလင်္ကာ ဖွဲ့နွဲ့ရွတ်ဆိုပွဲတစ်ခုရှိတယ်လို့ ငါကြားတယ်… သခင်မလေးလီက အဲဒီမှာပေါ်လာလောက်တယ်… ငါတို့ သူနဲ့ သီးသန့်မတွေ့နိုင်ရင်တောင် အနည်းဆုံးတော့ သူ့ကိုမြင်ရဦးမှာပဲ”

သူတို့၏ ဆွေးနွေးပြောဆိုမှုသည် ကဗျာလင်္ကာ၊ တေးဂီတ၊ အကအလှနှင့် ရသစာပေများဆီ တဖြည်းဖြည်းရောက်ရှိသွား၏။ ကျောင်းတော်သားများသည် အလှအပအတွက်ယှဉ်ပြိုင်သည့် မိန်းကလေးများအပေါ် အားပေးအားမြှောက်ပြုခြင်းနှင့်ပတ်သက်၍လည်း ဆွေးနွေးပြောဆိုခဲ့ကြသည်။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက လမ်းဘးမှာ မတ်တတ်ရပ်ပြီး ကျောင်းတော်များပြောဆိုနေသည့်စကားများကို နားစွင့်နေကြသည်။ ခဏနေပြီးနောက် သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ကျန်းယွဲ့လုက သက်ပြင်းချလိုက်၏။

“သခင်မလေးလီပဲ”

ချီရွှမ်းစုက မေးလိုက်၏။

“မင်းသူနဲ့ သိလို့လား”

“ဟင့်အင်း… ဒါပေမဲ့ သူက လောကမှာ ပြိုင်ဘက်ကင်းပန်းအလှမယ်လို့ ယူဆခံထားရတဲ့ အင်ပါယာနေပြည်တော်က နာမည်ကြီးပန်းအလှမယ်ဆိုတာ ငါကြားဖူးတယ်”

ကျန်းယွဲ့လုက ပြန်ဖြေလိုက်သည်။

လောကရှိပြိုင်ဘက်ကင်းပန်းအလှမယ်ဟူသောစကားမှာ ချီရွှမ်းစုက တုန်လှုပ်သွား၏။

“ဝိုး… သူက အဲလောက်တောင် နာမည်ကြီးတာလား”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်သည်။

“အင်း… သူက အခုချိန်မှာ နာမည်ကြီးပဲ… ဒါပေမဲ့ သူ့နေရာကို လူသစ်တစ်ယောက်နဲ့ အစားထိုးလိုက်မယ်ဆိုရင် ငါ အံ့အားသင့်မိမှာ မဟုတ်ဘူး.. အဲဒီအဆင့်သတ်မှတ်ချက်ကို မိန်းမလိုက်စားတဲ့ ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်အုပ်စုက ပြုလုပ်ပေးထားတာပဲ… ဒါပေမဲ့ သခင်မလေးလီကို ငါကြားဖူးတာ အဲဒါကြောင့်မဟုတ်ဘူး… သူက ထိုက်ဖျင်ဂိုဏ်းက လီမိသားစုနဲ့ ပတ်သက်ဆက်စပ်မှုရှိနေလို့ပဲ”

ချီရွှမ်းစုက ဤစကားမှာ ပို၍ပင် အံ့အားသင့်သွားသည်။

“လီမိသားစုက သမီးတော်တစ်ဦးက ဘယ်လိုလုပ် ပန်းအလှမယ်တစ်ဦးဖြစ်နိုင်မှာလဲ”

“သူက လီမိသားစုရဲ့ သမီးတော်တစ်ဦးမဟုတ်ဘူး… သူက မွေးစားသမီးတောင်မဟုတ်ဘူး… သူက သူတို့အတွက် ငွေတွင်းတစ်တွင်းဖြစ်နေရုံပဲ… ဘာပဲပြောပြော လီမိသားစုက နှစ်ပေါင်းရာချီ စိုးမိုးခြယ်လှယ်လာခဲ့တာ… သူတို့က ရွှမ်အရှင်မြတ်လို ပုဂ္ဂိုလ်ကိုတောင် မွေးထုတ်ပေးနိုင်ခဲ့တယ်”

ကျန်းယွဲ့လုက ဆက်ပြောလိုက်သည်။

“လီမိသားစုက တရားမဝင် စီးပွားရေးလုပ်ငန်းတချို့ကို ဦးစီးဖို့အတွက် သူတို့ရဲ့ မွေးစားသား၊ မွေးစားသမီးတွေကို အသုံးချတတ်ကြတယ်… အင်ပါယာမြို့တော်က အကြီးမားဆုံး အဆင့်မြင့်ဆောင်ကြာမြိုင် သဖန်းပိုးစာအပန်းဖြေဂေဟာကို လီမိသားစုရဲ့ မွေးစားသမီးတစ်ဦးက ကြီးကြပ်တယ်”

“သခင်မလေးလီက သူ့ရဲ့နာမည်အရင်းမဟုတ်ဘူး… သူက တကယ်တော့ ရာဇဝတ်မှုတစ်ခုကျူးလွန်မိတဲ့ နန်းတွင်းအရာရှိတစ်ဦးရဲ့ သမီးပဲ… သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက သိမ်းယူခံလိုက်ရတဲ့အတွက် သူက အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်… အပန်းဖြေဂေဟာတစ်ခုကိုကြီးကြပ်နေတဲ့ လီမိသားစုရဲ့ မွေးစားသမီးက သခင်မလေးလီရဲ့ ချောမောလှပပုံကို တွေ့မြင်သွားပြီး သူ့ကို ခေါ်ယူမွေးစားခဲ့တယ်… သူ့ရဲ့ နာမည်ကို လီချင်းနုပြောင်းပေးခဲ့တယ်… ဂေဟာကြီးကြပ်သူက နာမည်ကြီးနည်းပြဆရာတွေကိုငှားပြီး တေးဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ၊ ဂီတနှင့် အကပညာတွေကို လီချင်းနုကို သင်ကြားပေးခဲ့တယ်”

“လီချင်းနုက တကယ်လည်း ပါရမီအရည်အချင်းရှိတယ်… လီမိသားစုရဲ့ထောက်ပံ့မှုနဲ့သူက အင်ပါယာနေပြည်တော်မှာ နေ့ချင်းညချင်းနာမည်ကြီးလာပြီး တခြားပန်းအလှမယ်တွေအားလုံးကို ကျော်တက်သွားခဲ့တယ်.. အဲလိုနဲ့ သူက လောကမှာနံပါတ်တစ် ပန်းအလှမယ်ဘွဲ့ကို ရလာခဲ့တာပဲ။”

All Chapters