← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း ၁၄၉ - အပန်းဖြေဂေဟာ

ချီရွှမ်းစုက ကျန်းယွဲ့လုကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။

“အို… မင်းက တကယ်ကို ဗဟုသုတကြွယ်တာပဲ”

“နင် လှောင်နေတာလား… နင့်လေသံက လီမိသားစုက ဘဝင်မြင့်နေတဲ့ ဟိုလူတွေနဲ့တူတယ်”

ကျန်းယွဲ့လုက သူ့ကိုစိုက်ကြည့်ပြီး ခပ်ဖွဖွ ပစ်ထိုးချင်သော်လည်း ချီရွှမ်းစုက ကြိုတင်ရှောင်ပြီးသွားပြီဖြစ်သည်။

ချီရွှမ်းစုက စကားလမ်းကြောင်းပြောင်းကာ ပြောလိုက်၏။

“ဟုတ်ပြီလေ… ငါတို့ အပန်းဖြေဂေဟာကိုသွားကြမယ်… သခင်မလေးလီက ဘယ်လိုပုံစံရှိမလဲ ကြည့်ရတာပေါ့… ကုန်ကျစရိတ်ကို နှစ်ယောက်မျှပြီးခံမယ်”

ကျန်းယွဲ့လုက ကျီစယ်လိုက်၏။

“နင်စိတ်မဝင်စားဘူးလို့ ငါထင်နေတာ… နင်က သခင်မလေးလီအကြောင်းကြားမှ ဘာလို့ရုတ်တရက် စိတ်ပြောင်းသွားရတာလဲ… နင်က ကုန်ကျစရိတ်တစ်ဝက်ကိုတောင်မှ ကျခံပေးဦးမတဲ့”

ချီရွှမ်းစုက ချေပပြောဆိုလိုက်၏။

“ငါက သခင်မလေးလီကို စိတ်ဝင်စားတာမဟုတ်ဘူး… အထက်တန်းလွှာကလူတွေက ဘယ်လိုပုံစံရှိတယ်ဆိုတာ သိထားဖို့လိုမယ်ထင်လို့”

ကျန်းယွဲ့လုက စုတ်တစ်ချက်သပ်ပြီး သွားဖို့သဘောတူလိုက်သည်။

ချီရွှမ်းစုက ထပ်ပြောလိုက်၏။

“ဒါပေမဲ့ မင်း ဒီလိုပုံစံနဲ့သွားလို့မရလောက်ဘူး… နာမည်ကြီး ပါရမီရှင်ကျန်းယွဲ့လုက အဆင့်မြင့်ဆောင်ကြာမြိုင်ကို ရောက်သွားတယ်ဆိုတဲ့သတင်း ထွက်သွားမယ်ဆိုရင် မင်း အတင်းအဖျင်းပြောခံရလိမ့်မယ်”

သူမက တုံ့ပြန်လိုက်၏။

“ငါသိပါတယ်… ငါ ပုံစံပြောင်းလိုက်မယ်”

ချီရွှမ်းစုက သူမကို ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။

“ငါတို့ အရင်ဆုံး တည်းခိုစရာနေရာတစ်ခုရှာရမယ်မလား”

သူတို့က ထိုက်ဖျင်တည်းခိုခန်းသို့သွားပြီး သီးသန့်ခြံဝန်းတစ်ခု ငှားရမ်းလိုက်သည်။ ချီရွှမ်းစုက သူ့သေနတ်၊ သားရေအိတ်နှင့် ပေါက်ဓားများစီထည့်ထားသည့် အပြင်ခါးပတ်ကိုချွတ်ကာ ကျန်းယွဲ့လု၏ မှော်သိုလှောင်ပစ္စည်းထဲ ယာယီသိမ်းဆည်းထားခိုင်းလိုက်သည်။ သူက လက်ရာမြောက်ကြော့ရှင်းပုံပေါ်သည့် သူ့ဓားတို ချင်းယွမ်ကိုသာ ဆောင်ထားလေသည်။ မည်သို့ပင်ဆိုစေ ဓားများကိုဆောင်ထားခြင်းက သူတို့၏ လူမှုအသိုင်းအဝိုင်းမှာ ပုံမှန်သာဖြစ်သည်။

ကျန်းယွဲ့လုက သူမ၏အခန်းကိုသွားပြီး တံခါးပိတ်လိုက်၏။ ထို့နောက် ချီရွှမ်းစုက စားပွဲထိုးကိုခေါ်ပြီး သိုးကင်၊ ကြက်ကင်၊ အသားကြော်နှင့် ငါးအပါအဝင် သေရည်နှင့်စားသောက်စရာတချို့ကို မှာလိုက်သည်။ ကျန်းယွဲ့လုက အဝတ်အစားလဲနေစဉ် သူက တစ်ယောက်တည်း စားသောက်နေလေသည်။

ချီရွှမ်းစု စားသောက်နေစဉ် ကျန်းယွဲ့လုက တံခါးကိုဖွင့်ပြီးထွက်လာ၏။ သူမက လုံးဝမတူညီသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

သူမသည် ရွှေရောင်အနားကွပ်များပါသည့် လရောင်ဝတ်ရုံ၊ အဖြူရောင်အောက်ခံပြားပါသည့် အနက်ရောင်ထိပ်တုံးဖိနပ်ရှည်နှင့် ကျောက်စိမ်းဖြူသရဖူတို့ကို ဝတ်ဆင်ထားသည်။ သူမက ရှေ့ဖက်မှာ နာမည်ကြီးရှုခင်းပုံခတ်နှိပ်ထားပြီး ဆင်စွယ်ရိုးတံများဖြင့် ပြုလုပ်ထားသည့် ခေါက်ယပ်တောင်တစ်ချောင်းကိုပင် ကိုင်ဆွဲထားလေသည်။

ချီရွှမ်းစုက သူမကို အကဲခတ်ကြည့်လိုက်၏။ သူမ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲဖို့အတွက် မျက်နှာအပြည့် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး သူမက လုံးဝမိန်းမသားဆန်နေခြင်းမရှိတော့ပေ။ သူမက ကြည့်ကောင်းတင့်တယ်ပြီး ကောင်းမွန်စွာဝတ်စားထားသည့် လူကြီးလူကောင်းတစ်ဦးပုံပေါက်နေ၏။ သူမ၏ အဝတ်အစားများက ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်ပြီး သူမက ယင်းတို့ကို အရေးပေါ်ဝယ်ယူလာခြင်း သို့မဟုတ် အခြားတစ်ယောက်ဆီကနေ ငှားရမ်းထားခြင်းမဟုတ်သည်မှာ သိသာနေ၏။ သူမက ဤဝတ်စုံကို သူမ၏ မှော်သိုလှောင်ပစ္စည်းထဲ ထည့်ထားခြင်းဖြစ်ပေမည်။ ကျန်းယွဲ့လုက ယောက်ျားတစ်ယောက်အဖြစ် မကြာခဏရုပ်ဖျက်၍ အပြင်ထွက်လေ့ရှိကြောင်း သိသာထင်ရှားနေ၏။

ကျန်းယွဲ့လုက လက်ဆန့်ပြီးပြုံး၍ မေးလိုက်၏။

“ကဲ… အခု ငါဘယ်လိုနေလဲ”

ချီရွှမ်းစုက သူမ၏ မေးခွန်းကိုမဖြေဘဲ ပြန်မေးလိုက်၏။

“ငါမင်းကို သခင်လေးထန်ထိုက်လို့ခေါ်ရမှာလား”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်… အခုကစပြီး ငါက ကျန်းယွဲ့လုမဟုတ်တော့ဘူး… ထန်ထိုက်ချူးပဲ”

“ငါကရော… ငါရော နာမည်အတု သုံးဖို့လိုလား”

ချီရွှမ်းစုက မေးလိုက်၏။

ကျန်းယွဲ့လုက လက်ကာပြလိုက်သည်။

“နင့်ကိုသိတဲ့သူ သိပ်မရှိဘူး… အဲဒါက လိုမယ်လို့တော့ ငါမထင်ဘူး”

ချီရွှမ်းစုကလည်း ကန့်ကွက်ခြင်းမရှိပေ။ သူတို့က အပန်းဖြေဂေဟာသို့ သွားမည်သာဖြစ်ပြီး ချင်းဖျင်အသင်း၏ မဟုတ်မဟတ်အလုပ်ကိစ္စတစ်ခု ပြုလုပ်မည်မဟုတ်လေရာ သူ၏ နာမည်အရင်းကို သုံးမည်ဆိုလျှင်လည်း ကိစ္စမရှိပေ။

ကျန်းယွဲ့လုက ယပ်တောင်ကိုစုပြီး သူမ၏ လက်ဝါးကို ပုတ်နေ၏။ သူမက အရင်ဆုံးခေါင်းငုံ့၍ ရင်ဘတ်ကို စမ်းကြည့်လိုက်၏။ အားလုံးနေသားတကျဖြစ်သည်ကိုသေချာစေပြီးနောက် သူမ၏ လည်စေ့ကို စမ်းကြည့်လိုက်သည်။

ချီရွှမ်းစုက ဆက်လက်၍ စားသောက်နေပြီး ခေါင်းမမော့ဘဲ ပြောလိုက်၏။

“ယောက်ျားရောမိန်းမရော လည်စေ့ရှိကြတယ်… ယောက်ျားတွေမှာက နဲနဲပိုပြီး သိသာထင်ရှားရုံပဲ”

ကျန်းယွဲ့လုသည် သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ ပစ္စည်းငယ်တစ်ခုကိုထုတ်ယူပြီး သူမ၏ လည်စေ့ပေါ်မှာ တင်လိုက်၏။ ထို့နောက် ခရာနှင့်တူသော ပစ္စည်းငယ်တစ်ခုကို ထုတ်ယူကာ သူမ၏ပါးစပ်ထဲထည့်ပြီး လည်ချောင်းရှင်းလိုက်သည်။ ချက်ချင်းပင် သူမ၏ အသံက ယောက်ျားတစ်ယောက်အသံအဖြစ် ပြောင်းလဲသွားလေသည်။ သူမက ဤအရာများကို ကြိုတင်ပြင်ဆင်ထားသည်မှာ သိသာနေ၏။

ချီရွှမ်းစုက စားသောက်၍ ပြီးစီးသွားပြီး တည်းခိုခန်းကပေးထားသော လက်ကိုင်ပုဝါဖြင့် ပါးစပ်သုတ်ကာ ကျန်းယွဲ့လုကို အပြင်ဘက်ကနေ စောင့်နေဖို့ အမူအရာပြလိုက်၏။ မည်သို့ပင်ဆိုစေ အမျိုးသမီးငယ်တစ်ဦးက ချောမောသော အမျိုးသားတစ်ဦးအဖြစ် ရုတ်တရက်ပြောင်းလဲသွားမည်ဆိုလျှင် မေးခွန်းထုတ်စရာဖြစ်လာပေလိမ့်မည်။

ကျန်းယွဲ့လုထွက်ခွာသွားပြီးနောက် ချီရွှမ်းစုက စားပွဲထိုးကိုခေါ်ပြီး စားပွဲကို ရှင်းလင်းခိုင်းလိုက်သည်။ ထို့နောက် သူက မေးလိုက်၏။

“မြို့ထဲမှာ ဘယ်အပန်းဖြေဂေဟာက အကြီးဆုံးလဲ”

စားပွဲထိုးက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်၏။ စောစောက သူနှင့်အတူဝင်လာသောအမျိုးသမီး မရှိတော့သည်ကို တွေ့မြင်သောအခါ သူက ယောက်ျားသားအချင်းချင်းသာသိသော အပြုံးကို ထုတ်ဖော်လိုက်၏။

“လူကြီးမင်း… ခင်ဗျားမေးတာ လူမှန်ပဲ.. ကျားချင်အပန်းဖြေဂေဟာက မြို့ထဲမှာ အကြီးဆုံးပဲ… သူတို့ဆီမှာ ချောမောလှပပြီး အရည်အချင်းရှိတဲ့ မိန်းကလေးတွေအများကြီးရှိတယ်… သူတို့က သီချင်းဆိုတာ၊ ကတာ၊ တီးမှုတ်တာ၊ စစ်တုရင်ထိုးတာ၊ လက်ရေးလှနဲ့ ပန်းချီမှာလည်း ကျွမ်းကျင်ပိုင်နိုင်ကြတယ်… ဒါပေမဲ့ အတော်လေးတော့ဈေးကြီးတယ်နော်… အဲဒီမှာရှိတဲ့ ပုံမှန်မိန်းကလေးတွေက အနည်းဆုံး တစ်ညကို ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ်ကျလိမ့်မယ်… အဲဒီမှာ စားသောက်ပွဲတစ်ခုကျင်းပမယ်ဆိုရင် ပိုပြီးတော့ ဈေးကြီးတယ်… အဲဒါက ထိုက်ဖျင်ဒင်္ဂါးသုံးဆယ်လောက်ကျော်လောက် ကျလိမ့်မယ်”

ချီရွှမ်းစုသည် ဝတ္ထုများထဲမှာ လက်ဖက်ရည်ပွဲတက်ရောက်ခြင်းဟူသော အသုံးအနှုန်းကို မကြာခဏတွေ့မြင်ထားဖူးပြီး မေးလိုက်၏။

“လက်ဖက်ရည်ပွဲတစ်ခုတက်ရောက်မယ်ဆိုရင် ဘယ်လောက်ကျသင့်မလဲ”

စားပွဲထိုးက ချီရွှမ်းစု၏ မေးခွန်းကို ကြားသည်နှင့် ရယ်လိုက်၏။

“လူကြီးမင်း… ခင်ဗျားက အပန်းဖြေဂေဟာကို ပထမဆုံးအကြိမ်သွားမှာမလား”

ချီရွှမ်းစုက အံ့အားသင့်သွား၏။

“မင်းဘယ်လိုသိတာလဲ”

စားပွဲထိုးက ရှင်းပြလိုက်သည်။

“အပန်းဖြေဂေဟာမှာ စားသောက်ပွဲတစ်ခုကျင်းပမယ်ဆိုရင် ထိုက်ဖျင်ဒင်္ဂါးသုံးဆယ်ကျော်ကျလိမ့်မယ်လို့ ကျုပ်စောစောကပဲပြောခဲ့တယ်မလား… အဆင့်မြင့်အပန်းဖြေဂေဟာတွေမှာပဲ လက်ဖက်ရည်ပွဲရှိတယ်… အဲဒီမှာ ဧည့်သည်တွေက လက်ဖက်ရည်သောက်လို့ရတယ်… စစ်တုရင်ထိုးလို့ရတယ်.. သားရေစာစားလို့ရတယ်.. ပန်းအလှမယ်တွေနဲ့ လွတ်လွတ်လပ်လပ်ပြောဆိုလို့ရတယ်… အဲဒါကြောင့် အပန်းဖြေဂေဟာတွေက ငွေရေးကြေးရေးအရ ရှုံးမယ်လို့ထင်စရာရှိလိမ့်မယ်… ဒါပမေဲ့ လက်ဖက်ရည်ပွဲတွေကိုပဲ အခမဲ့ပေးထားတာ.. အဲဒါပြီးရင် ဧည့်သည်တွေက စားသောက်ပွဲတစ်ခုကျင်းပမယ်လို့ အပန်းဖြေဂေဟာက မျှော်လင့်ထားလို့ပဲ”

ထိုအခါမှ ချီရွှမ်းစုက အပန်းဖြေဂေဟာတစ်ခု၏ လည်ပတ်ပုံကို နားလည်သဘောပေါက်လာသည်။

ထိုက်ဖျင်တည်းခိုခန်းမှာ အလုပ်လုပ်နေသော စားပွဲထိုးများသည် ရောက်လာသောဧည့်သည်များကို အပန်းဖြေဂေဟာအကြောင်း မိတ်ဆက်ပေးပြီး လစဉ်လတိုင်း အပန်းဖြေဂေဟာကနေ အပိုဆုကြေးလက်ခံရရှိလေသည်။ ထို့ကြောင့် စားပွဲထိုးက သူသိသမျှအရာရာတိုင်းကို စိတ်အားထက်သန်စွာဖြင့် ရှင်းပြနေ၏။

“များသောအားဖြင့် အပန်းဖြေဂေဟာတွေက ငွေရေးကြေးရေးအတွက် ဧည့်သည်တွေကို မောင်းထုတ်မှာမဟုတ်ဘူး… ဒါပေမဲ့ ဧည့်သည်တစ်ဦးက စားသောက်ပွဲမကျင်းပဘဲ လက်ဖက်ရည်ပွဲတွေကိုပဲ မကြာခဏတက်နေမယ်ဆိုရင် ရယ်စရာဖြစ်လာလိမ့်မယ်… ပန်းအလှမယ်တွေကလည်း အထင်သေးကြလိမ့်မယ်… ဧည့်သည်တစ်ဦးက စားသောက်ပွဲတစ်ခု ကျင်းပထားဖူးတယ်ဆိုရင်တောင် သူတို့က လက်ဖက်ရည်ပွဲတွေကိုပဲ မကြာမကြာဆက်ပြီးတက်နေမယ်ဆိုရင် ကပ်စေးနှဲတဲ့အတွက် အပြစ်တင်ခံရလိမ့်မယ်”

ချီရွှမ်းစုက ထိုအကြောင်းကို တွေးလိုက်၏။

“ဒါဆို… အဲဒီလက်ဖက်ရည်ပွဲတွေက ပုံမှန်ဧည့်သည်တွေအတွက်ဖြစ်တဲ့ပုံပဲ… ငါတို့လို ပထမဆုံးသွားရောက်မယ့် ဧည့်သည်တွေအတွက်ကရော”

စားပွဲထိုးက ပြုံး၍ဖြေလိုက်၏။

“ဒါဆိုရင်တော့… ခင်ဗျားက ခြေနင်းကျောက်တုံး လိုလိမ့်မယ်… အဲဒါက ပုံမှန်ဆိုရင် ထိုက်ဖျင်ဒင်္ဂါးငါးပြားလောက်ကျတယ်”

ချီရွှမ်းစုက ခေါင်းညိတ်ပြီး စားပွဲပေါ်မှာ ဒင်္ဂါးအသေးနှစ်ပြား တင်ပေးလိုက်၏။

“မင်း ငါ့ကို လမ်းပြပေးလို့ရမလား”

စားပွဲထိုးက ဒင်္ဂါးအသေးနှစ်ပြားကို အိတ်ထဲကောက်ထည့်ပြီး မျက်နှာချိုသွေးကာ ပြောလိုက်၏။

“လူကြီးမင်း ဘောက်ဆူးအတွက် ကျေးဇူးတင်ပါတယ်”

သူတို့နှစ်ဦးက လမ်းကြားတစ်ခုစီ ဦးတည်နေသည့် ဘေးဘက်တံခါးကနေ ထွက်လာကြသည်။ ခပ်လှမ်းလှမ်းလမ်းကြားထဲမှာ အေးစက်နေသောဆောင်းရာသီတွင် ခေါက်ယပ်တောင်ကို ဟန်ပါပါခတ်နေသည့် ကျန်းယွဲ့လု မတ်တတ်ရပ်နေသည်ကို သူတို့တွေ့မြင်လိုက်ရသည်။

စားပွဲထိုးက အနည်းငယ်အံ့အားသင့်သွာသည်။ ချီရွှမ်းစုက အပန်းဖြေဂေဟာကိုသွားရောက်လည်ပတ်ဖို့ သူ၏ မိတ်ဆွေနှင့် အချိန်းအချက်ပြုလုပ်ထားလိမ့်မည်ဟု သူထင်မှတ်မထားပေ။ သူ့ရှေ့မှလူငယ်က စောစောက ဝင်ရောက်လာခဲ့သော အမျိုးသမီးဖြစ်သည်ဟု သူလုံးဝ သံသယဝင်လိမ့်မည် မဟုတ်ပေ။

ကျားချင်အပန်းဖြေဂေဟာက မြို့၏ အရှေ့တောင်ဘက်ထောင့်မှာ တည်ရှိပြီး ထိုက်ဖျင်တည်းခိုခန်းနှင့် သိပ်မကွာဝေးပေ။ လမ်းကြားထဲကနေထွက်၍ သူတို့က လမ်းကွက်နှစ်ခုစာ လျှောက်လှမ်းပြီးနောက် ကျားချင်အပန်းဖြေဂေဟာ၏ ဘေးဘက်ဝင်ပေါက်ဝကို ရောက်ရှိလာကြသည်။

တတိယတန်းစား ဆောင်ကြာမြိုင်များနှင့်မတူဘဲ ဤပထမတန်းစား အပန်းဖြေဂေဟာက တိတ်ဆိတ်ငြိမ်သက်သည့် လူကုံထံရပ်ကွက်တစ်ခုမှာ တည်ရှိလေသည်။ စံအိမ်တစ်ခုချင်းစီမှာ ချောမောလှပသောအမျိုးသမီးတစ်ဦးရှိကြပြီး လူကုံထံများနှင့် ဂုဏ်သရေရှိလူကြီးမင်းများကို ပြုစုပေးသည်။

ကျားချင်အပန်းဖြေဂေဟာက ဤရပ်ကွက်ထဲမှာ အတော်လေးအချက်အချာကျသော နေရာကို သိမ်းယူထားပြီး သူတို့၏ ငွေကြေးအင်အားတောင့်တင်းမှုနှင့် နိုင်ငံရေးနောက်ခံအင်အားကို ပြသပေးနေသည်။ အဲဒါက ကျန်းမိသားစု၏ စီးပွားရေးလုပ်ငန်းတစ်ခု ဟုတ်ပုံမရပေ။ ကာမကို အလေးပေးသော လီမိသားစုပင်လျှင် ဤကဲ့သို့သောစီးပွားရေးလုပ်ငန်းတစ်ခုကို ကြီးကြပ်ဖို့အတွက် မွေးစားသမီးတစ်ဦးကို အသုံးချရသည်။ လီမိသားစုထက် နာမည်ဂုဏ်သတင်းပိုကောင်းသော ကျန်းမိသားစုက ဤကဲ့သို့သော စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ဖို့ ပို၍မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင် ဤအပန်းဖြေဂေဟာ၏ နောက်ကွယ်မှပိုင်ရှင်သည် အင်ပါယာနန်းတော်က ဒေသခံအရာရှိတစ်ဦးဖြစ်နိုင်မလား။

စားပွဲထိုးက သူတို့နှစ်ဦးကို အထင်ကြီးလောက်ဖွယ်ရာ ဘေးဘက်ဝင်းတံခါးသို့ ခေါ်ဆောင်လာသည်။ ထိုနေရာမှာ အမျိုးသမီးအတော်များများမတ်တတ်ရပ်၍ ဧည့်သည်များကို ကြိုဆိုနေ၏။

စားပွဲထိုးက ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ကျန်ခဲ့ပြီး ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက အပန်းဖြေဂေဟာထဲသို့ ဝင်ရောက်သွားကြသည်။ အမျိုးသမီးတစ်ဦးက ရှေ့ကိုလျင်မြန်စွာတက်လှမ်းပြီး သူတို့ကို ကြိုဆိုလိုက်၏။ ချီရွှမ်းစုက ပေါက်ကြေးကို စုံစမ်းထားပြီဖြစ်ကြောင့် ထိုက်ဖျင်ဒင်္ဂါးငါးပြားကို ထုတ်ယူကာ အမျိုးသမီး၏လက်ထဲကို ထည့်ပေးလိုက်သည်။ ထို့နောက် သူကပြောလိုက်၏။

“ဒီနေ့ ဒီမှာ ကဗျာလင်္ကာရွတ်ဆိုပွဲတစ်ခုရှိတယ်လို့ ငါကြားတယ်”

အမျိုးသမီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ချက်ချင်းပင်ပေါ်ထွက်လာ၏။

“လူကြီးမင်း.. ရှင်ရောက်လာတာ အချိန်မှန်ပဲ… ကဗျာလင်္ကာရွတ်ဆိုပွဲက သိပ်မကြာခင် စတင်တော့မယ်။”

အခန်း ၁၅၀ - လီမိသားစု၏တောင်သုံးလုံး

ထိုအမျိုးသမီးက ချီရွှမ်းစုနှင့် ကျန်းယွဲ့လုကို ဘေးဘက်ဝင်းတံခါးကနေ ကျားချင်အပန်းဖြေဂေဟာထဲသို့ ခေါ်ဆောင်သွားသည်။ အချိုးအကွေ့များစွာကို ဖြတ်ကျော်ပြီးနောက် သူတို့က အတော်လေးကျယ်ဝန်းသော ဧည့်ကြိုမဏ္ဍပ်တစ်ခုသို့ ရောက်ရှိလာပြီး သူတို့ကို စောင့်ခိုင်းထားသည်။

မဏ္ဍပ်ထဲမှာ အတန်းလိုက်ချခင်းထားသော စားပွဲများ၊ ကုလားထိုင်များဖြင့် ပြည့်နှက်နေသည်။ ရှေ့ဆုံးမှာရှိသော ထိုင်ခုံများကို ချန်လှပ်ထားပုံရပြီး သူတို့အပေါ်မှာ ကတ်ပြားများတင်ထားသည်။ ထိုသို့ဖြင့် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက နောက်ဆုံးတန်းမှာ ထိုင်လိုက်ကြသည်။

ခဏနေပြီးနောက် အစိမ်းရောင်ခေါင်းပေါင်း ပေါင်းထားသော အစေခံတစ်ဦးက သူတို့ကို လက်ဖက်ရည်နှင့်လာရောက်ဧည့်ခံပြီး လက်ထဲမှာ လင်ဗန်းတစ်ချပ်ကိုကိုင်ကာ သူတို့ဘေးတွင် မတ်တတ်ရပ်၍ သူတို့ကို ဒီအတိုင်းငေးကြည့်နေသည်။

ချီရွှမ်းစုက အပန်းဖြေဂေဟာသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်ပြီး အတွေ့အကြုံမရှိပေ။ သူက ပွင့်လင်းစွာဖြင့် မေးလိုက်သည်။

“အဲဒါက ဘယ်လောက်ကျသင့်လဲ”

အစေခံက ခဏမျှမှင်တက်သွား၏။ သူက ဤကဲ့သို့ တဲ့တိုးဆန်သောဧည့်သည်များနှင့် တွေ့ကြုံရလေ့မရှိသည်မှာ သိသာသော်လည်း ယဉ်ကျေးပျူငှာစွာဖြင့် ပြန်ဖြေပေးလိုက်ဆဲဖြစ်သည်။

“နောက်ဆုံးတန်းက လူတစ်ယောက်အတွက် ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ်ကျပါမယ်… ရှေ့တစ်တန်းကိုတိုးမယ်ဆိုရင် ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ် ထပ်တိုးပြီးကျသင့်ပါမယ်”

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက အကြည့်ချင်းဖလှယ်ပြီး လင်ဗန်းထဲသို့ ထိုက်ဖျင်ဒင်္ဂါးဆယ်ပြားစီ ထည့်ပေးလိုက်ကြ၏။

ထို့နောက် အစေခံက ပြုံး၍ အနည်းငယ်ဦးညွှတ်ကာ ဆုတ်ခွာသွားသည်။

ယခုအချိန်တွင် မဏ္ဍပ်ထဲမှာ သူတို့သာလျှင်ရှိနေကြသည်။ ချီရွှမ်းစုက ခေါက်ယပ်တောင်ကို ဟန်ပါပါခပ်ပြီး တည်ငြိမ်နေသော ကျန်းယွဲ့လုကို စိုက်ကြည့်လိုက်၏။

သူမက ဘေးပတ်ဝန်းကျင်ကို အေးအေးလူလူလှည့်ပတ်ကြည့်ရှုနေပြီး ချမ်းသာကြွယ်ဝသောလူကုံထံတစ်ဦးနှင့် တူနေ၏။ ချီရွှမ်းစုက ခပ်တိုးတိုးမေးလိုက်သည်။

“မင်း ကဗျာဖွဲ့တတ်လား”

ကျန်းယွဲ့လုက သူမ၏ ခေါက်ယပ်တောင်ကိုဖြန့်ပြီး ပါးစပ်ကို ကာလိုက်သည်။

“ငါ… ကဗျာပဲ ရွတ်နိုင်တယ်”

ချီရွှမ်းစုက အရွှန်းဖောက်လိုက်သည်။

“ငါတောင်မှ ရှေးဟောင်းကဗျာသုံးထောင်ကို အလွတ်ကျက်ထားသေးတယ်… ငါလည်း အဲဒါတွေကို ရွတ်နိုင်တာပဲ… ငါးကြောင်းစပ်ကဗျာတိုဆိုရင်ရော”

“ဟင့်အင်း… မရဘူး”

ကျန်းယွဲ့လုက ခေါင်းခါပြလိုက်သည်။

ချီရွှမ်းစုက အိုးတိုးအမ်းတမ်းဖြင့် မေးလိုက်၏။

“ကျန်းမိသားစုက အဲဒါကို သင်ပေးမထားဘူးလား”

“သူတို့သင်တယ်… ငါက ကဗျာရွတ်ဆိုတာကိုပဲ သင်ယူခဲ့တာ”

ကျန်းယွဲ့လုက အချက်အလက်တစ်ခုကိုထောက်ပြနေသည့်အလား ပြောဆိုလိုက်သည်။

“နင်ရော ကဗျာဖွဲ့နိုင်လား”

ချီရွှမ်းစုက ပြန်ဖြေလိုက်၏။

“ငါ ဝမ်ရှန်းတာအိုနန်းတော်ကနေ ကျောင်းဆင်းလာတာ… ငါက သေနတ်တွေနဲ့ လက်နက်ပုန်းတွေသုံးတာ… ကိုယ်ခံပညာ၊ နက္ခတဗေဒ၊ ပထဝီဝင်၊ ချီလေ့ကျင့်တာ၊ တရားထိုင်တာ၊ အဆောင်ရေးဆွဲတာ၊ ရှေးဟောင်းကျမ်းစာတွေ ရေးတာဖတ်တာ၊ ဆေးဝါးပစ္စည်းတွေခွဲခြားတာနဲ့ သမိုင်းဘာသာရပ်တွေမှာ ကျွမ်းကျင်တယ်… ဒါပေမဲ့ ကဗျာတော့မရဘူး”

ရုတ်တရက် ချီရွှမ်းစုက အရှက်မဲ့သော စိတ်ကူးတစ်ခုကို တွေးမိသွားသည်။

“အကြီးအကဲတစ်ဦးဦးရဲ့ ထုတ်ဝေမထားတဲ့ကဗျာတွေကို မင်းမသိဘူးလား… ငါတို့အဲဒါကို ငှားရမ်းအသုံးချလို့ရတာပဲ”

ကျန်းယွဲ့လုက မှင်သေသေဖြင့်ပြောလိုက်သည်။

“အဲလို အကြီးအကဲတစ်ဦးနဲ့ ငါသိထားတာမရှိဘူး… ငါ သိခဲ့မယ်ဆိုရင်တောင် ခွင့်ပြုချက်မရှိဘဲ သူများရဲ့ကဗျာကို အသုံးချမှာမဟုတ်ဘူး”

ချီရွှမ်းစုက သက်ပြင်းချလိုက်၏။

“နှမြောစရာပဲ… ဝတ္ထုတွေထဲမှာဆိုရင် ဇာတ်ကောင်မင်းသားက ကဗျာတစ်ပုဒ်ကို ငှားရမ်းအသုံးချပြီး လက်ခုပ်ဩဘာတွေကိုရတယ်… ပါရမီအရည်အချင်းရှိတဲ့ စာပေပညာရှင်တွေက တုန်လှုပ်ပြီး ပန်းအလှမယ်တွေက ချီးကျူးကြတယ်”

ကျန်းယွဲ့လုက နှာတစ်ချက်မှုတ်လိုက်သည်။

“နင်ပြောတာက ဝတ္ထုထဲကပဲ… ငါတို့ ဒီတစ်ခေါက် လျှို့ဝှက်အသင်းအဖွဲ့က နောက်ထပ်မိစ္ဆာတွေနဲ့ မကြုံတွေ့ဖို့ပဲ မျှော်လင့်တယ်”

ချီရွှမ်းစုက သက်ပြင်းချလိုက်သည်။

“အဲဒါဆို ငါတို့ဒီမှာ ဘာလုပ်ကြမှာလဲ”

ကျန်းယွဲ့လုက ဖြေလိုက်သည်။

“ရတယ်… ငါက ပြိုင်ဘက်ကင်းပန်းအလှမယ်ကို စောင့်ကြည့်ချင်ရုံပဲ”

“ပန်းအလှမယ်တွေက တွေ့မြင်နေကျပဲမဟုတ်ဘူးလား”

ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။

“ဆောင်ကြာမြိုင်တစ်ခုချင်းစီက အတော်ဆုံး ပန်းအလှမယ်တွေနဲ့ ရောမနေနဲ့ဦး.. ပြိုင်ဘက်ကင်းပန်းအလှမယ်ဆိုတာ သူ့နာမည်အတိုင်း သူတို့နယ်ပယ်မှာ အတော်ဆုံးသူပဲ… အဆင့်ဆင့်ရွေးချယ်ပြီးမှ ရလဒ်ကို ထုတ်ပြန်ထားတာ… အချောဆုံးအလှဆုံးနဲ့ ပါရမီအရှိဆုံး ပန်းနီအလှမယ်ကိုမှ ပြိုင်ဘက်ကင်းပန်းအလှမယ်ဆိုတဲ့ဘွဲ့ ချီးမြှင့်ပေးတာ… အင်ပါယာတစ်ခုလုံးမှာရှိတဲ့ ပထမတန်းစား ဆောင်ကြာမြိုင်တွေက ပန်းနီအလှမယ်တွေအများကြီး ဝင်ပြိုင်ကြတဲ့အတွက် ပြိုင်ဆိုင်မှုက အရမ်းကိုပြင်းထန်တယ်”

ထိုအခါမှ ချီရွှမ်းစုက နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ဒါဆို သခင်မလေးလီက ပြိုင်ဘက်ကင်းပန်းအလှမယ်လား”

ကျန်းယွဲ့လုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“အင်း.. ဟုတ်တယ်… ကျန်းလင်စီရင်စုမှာ ပြိုင်ဘက်ကင်းပန်းအလှမယ် ဘယ်လိုရွေးချယ်တယ်ဆိုတာကို ငါ့အဖေတစ်ခါပြောဖူးတယ်… အပန်းဖြေဂေဟာကြီးတွေမှာရှိတဲ့ ထိပ်တန်း ပန်းနီအလှမယ်တွေက တန်ဖိုးကြီးအဝတ်အစားတွေကို ဝတ်ဆင်ပြီး ခမ်းခမ်းနားနား ပြင်ဆင်ခြယ်သထားကြတယ်… လူကုံထံအမျိုးသားတွေနဲ့ စာပေပညာရှင်တွေက အဲဒီပန်းနီအလှမယ်တွေကို ထောက်ပံ့ပေးဖို့အတွက် ငွေကြေးသုံးစွဲတဲ့နေရာမှာ လုံးဝနှမြောတွန့်တိုမနေကြဘူး… အပန်းဖြေဂေဟာတွေအားလုံးက အဲဒီအခမ်းအနားပွဲအတွက် အကောင်းဆုံးမွမ်းမံပြင်ဆင်ပေးထားတယ်… သူတို့က တစ်ညလုံး ဘယ်လောက်ထိ သောက်စားကြမလဲ.. ကဗျာတွေ ဘယ်လောက်တောင် ရွတ်ဆိုမလဲ ငွေကြေးအသပြာတွေ ဘယ်လောက်သုံးစွဲကြမလဲ စဉ်းစားသာကြည့်တော့”

အပန်းဖြေဂေဟာများနှင့်ပတ်သက်၍ ကျန်းယွဲ့လုက ဘာ့ကြောင့် ဤမျှအထိ စူးစမ်းလိုနေသလဲ ချီရွှမ်းစုနောက်ဆုံး နားလည်သဘောပေါက်သွားသည်။ သူကလည်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“အဲဒါဆိုရင် ပြိုင်ဘက်ကင်းပန်းအလှမယ်ကို သူတို့ ဘယ်လိုရွေးချယ်ကြလဲ”

ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။

“သဘောတရားက ရိုးရှင်းတယ်… နာမည်ဘယ်လောက်ကြီးကြီး ပန်းအလှမယ်တွေရဲ့ ရည်ရွယ်ချက်က အသပြာရှာဖို့ပဲ… ဘာပဲပြောပြော အနုပညာနဲ့အလှဆိုတာက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံစားချက်အပေါ် မူတည်နေတယ်… အဲဒါကြောင့် အဲဒီယှဉ်ပြိုင်မှုတွေက ဘယ်သူက ဆုချီးမြှင့်ငွေအများဆုံးရရှိသလဲဆိုတာအပေါ် အခြေခံထားတယ်… အဲဒါက ငွေကြေးအသပြာအပေါ် အခြေခံထားတဲ့အတွက် ပြိုင်ပွဲကို လိမ်လည်လှည့်ဖျားဖို့ခက်တယ်”

“လူတချို့က သူတို့ရဲ့ ပန်းအလှမယ်တွေအတွက် စာသားတွေရေးစပ်ပြီး သီချင်းတွေသီကုံးဖို့အတွက် ဂီတပညာရှင်တွေကိုပါ ငှားရမ်းကြတယ်… အဲဒီသီချင်းက ပေါက်သွားတာနဲ့ သူတို့ရဲ့ ပန်းအလှမယ်ကလည်း လူသိများလာလိမ့်မယ်… အဲဒါက အပေါ်ယံကြည့်ရင် အမျိုးသမီးတွေကြားက အလှအပရေးရာယှဉ်ပြိုင်မှုလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ယောက်ျားတွေရဲ့ ယှဉ်ပြိုင်မှုဆိုလည်းဟုတ်တယ်… ပန်းအလှမယ်တွေကို နောက်ခံပေးထားတဲ့သူတွေက သူတို့အချင်းချင်း ယှဉ်ပြိုင်နေကြတာပဲ… သူတို့ထောက်ပံ့ပေးထားတဲ့ အမျိုးသမီးက ထင်ပေါ်ကျော်ကြားပြီး တောက်ပလာတဲ့အခါ သူတို့ကလည်း ဂုဏ်တက်တယ်လို့ခံယူကြတယ်… အဲဒီနောက်ခံပေးထားတဲ့သူတချို့က အဲဒီပန်းအလှမယ်တွေကို အကောင်းဆုံးထောက်ပံ့ပေးဖို့အတွက် ငွေကို ရေလိုသုံးစွဲကြတယ်”

ထိုအခါမှသာ ပန်းအလှမယ်များက အရည်အချင်းရှိရုံနှင့်မလုံလောက်ကြောင်း ချီရွှမ်းစုနားလည်သဘောပေါက်သွားသည်။ အဲဒါသည် သူတို့ကိုနောက်ခံပေးထားသည့် လူကုံထံများ၏ ငွေကြေးသုံးစွဲနိုင်မှုအပေါ်လည်း အဓိကမူတည်နေသည်။ သခင်မလေးလီက အင်ပါယာနေပြည်‌တော်မှာ ပြိုင်ဘက်ကင်းပန်းအလှမယ်ဖြစ်လာသည်မှာ လီမိသားစု၏ လွှမ်းမိုးမှုကြောင့်ဖြစ်ပေမည်။

သူက မေးမြန်းလိုက်၏။

“လီမိသားစုက အရမ်းချမ်းသာလား”

ကျန်းယွဲ့လုက ပြန်ဖြေလိုက်သည်။

“သူတို့က တိုင်းပြည်တစ်ပြည်စာလောက် ချမ်းသာကြတယ်… အဆင့်အတန်းအရဆိုရင် လီမိသားစုနဲ့ ကျန်းမိသားစုက မတိမ်းမယိမ်းမှာရှိတယ်… ဒါပေမဲ့ ငွေကြေးအင်အားအရဆိုရင်တော့ ကျန်းမိသားစုက လီမိသားစုရဲ့နောက်မှာ အများကြီးကျန်ခဲ့ပြီ… ကျန်းနန်နဲ့လင်းနန်က ချမ်းသာကြွယ်ဝတဲ့ မိသားစုတော်တော်များများက ကျန်းမိသားစုကို အဓိကထောက်ပံ့ပေးကြတယ်”

ချီရွှမ်းစုက ထပ်မံ၍ မေးမြန်းလိုက်၏။

“လီမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုက ရွှမ်အရှင်မြတ်နဲ့ သက်ဆိုင်လား”

“ဟင့်အင်း”

ကျန်းယွဲ့လုက ခေါင်းခါပြီး ရှင်းပြလိုက်သည်။

“ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်က မစုစည်းခင်ကတည်းက လီမိသားစုက ပင်လယ်ရေကြောင်းကုန်သွယ်မှု တစ်ဝက်နီးပါးကို ထိန်းချုပ်ထားပြီးပြီ… သူတို့တွေက ထိပ်တန်းပင်လယ်ရေကြောင်းကုန်သည်တွေဆိုတဲ့ သူတို့ရဲ့နေရာကို ကောင်းကောင်းထိန်းသိမ်းထားတယ်… ရွှမ်အရှင်မြတ်က သူ့မိသားစုရဲ့လွှမ်းမိုးမှုကို အသုံးချပြီး တာအိုဂိုဏ်းတော်ကို စုစည်းခဲ့တယ်… နောက်ပိုင်း လီမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ခွဲထုတ်ပြီး သူက လီမိသားစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တမင်သက်သက်တောင် ဖိနှိမ်ခဲ့သေးတယ်”

“ရွှမ်အရှင်မြတ်က လီမိသားစုပိုင်တဲ့ ပင်လယ်ရေးကြောင်းကုန်သွယ်မှု တစ်စိတ်တစ်ပိုင်း၊ သတ္တုတွင်း၊ ဆားနဲ့ သံသတ္တုလုပ်ငန်းတွေကို တာအိုဂိုဏ်းတော်နဲ့ အင်ပါယာနန်းတော်ဆီ တချို့တဝက် လွှဲပြောင်းပေးခဲ့တယ်… လီမိသားစုက အရမ်းစွမ်းအားကြီးမားလာပြီး တာအိုဂိုဏ်းတော်ရဲ့ အခြေခံအုတ်မြစ်ကို ပျက်စီးထိခိုက်မှာစိုးလို့ပဲ… လီမိသားစုဝင်တချို့က ရွှမ်အရှင်မြတ်ရဲ့ဆုံးဖြတ်ချက်ကို သေချာပေါက် ကျေနပ်ကြမှာမဟုတ်ဘူး.. . ဒါပေမဲ့ ရွှမ်အရှင်မြတ်က ပြိုင်ဘက်ကင်း နာမည်ဂုဏ်သတင်းကိုရရှိထားတယ်.. အဲဒါကြောင့် လီမိသားစုမှာ ဘယ်သူကမှ ရွှမ်အရှင်မြတ်ရဲ့ ဆုံးဖြတ်ချက်ကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲဘူး… သူတို့တွေက ရွှမ်အရှင်မြတ်ရဲ့ ဂုဏ်ကျက်သရေကိုလည်း ထိန်းသိမ်းထားချင်တဲ့အတွက် အဲဒီအကြောင်းကို အလွယ်တကူ ထုတ်ဖော်ပြောဆိုမှာမဟုတ်ဘူး”

ကျန်းယွဲ့လုက ခဏမျှစဉ်းစားပြီး ထပ်ပြောလိုက်သည်။

“လီမိသားစုက လူသားလမ်းစဉ်ကိုလိုက်ပြီး ရွှမ်အရှင်မြတ်က ကောင်းကင်လမ်းစဉ်ကိုလိုက်တယ်လို့ ငါ့ဆရာပြောဖူးတယ်”

ချီရွှမ်းစုက တွေဝေရှုပ်ထွေးသွား၏။

“အဲဒါက ဘာအဓိပ္ပါယ်လဲ”

ကျန်းယွဲ့လုက ပြန်ဖြေလိုက်သည်။

“ကောင်းကင်လမ်းစဉ်က ပိုတဲ့နေရာကနေ ထုတ်ယူပြီး လိုတဲ့နေရာတွေကို ဖြည့်စွက်ပေးတာလို့ ရှေးဦးမူလတာအိုဘိုးဘေး မိန့်ခဲ့တယ်… ဒါပေမဲ့ လူသားလမ်းစဉ်ကတော့ ချို့တဲ့နေတဲ့သူတွေဆီကနေ ထပ်နှိုက်ယူပြီး ပိုလျှံနေတဲ့နေရာတွေကို ထပ်ဖြည့်ပေးတာပဲ… အဓိပ္ပါယ်ကတော့ သာမန်ပြည်သူတွေရဲ့ ငွေကြေးအသပြာကိုသုံးပြီး အထက်တန်းလွှာလူတွေရဲ့ ဇိမ်ကျတဲ့ ဘဝနေထိုင်မှုကို ထောက်ပံ့ပေးနေတာပဲ”

“ပြည်သူလူထုတွေက ဆင်းရဲနေကြပြီ… ဒါပေမဲ့ သူတို့တွေက အခွန်အတုတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချမ်းသာကြွယ်ဝတဲ့ လူကုံထံတွေကို ဆက်ပြီးတော့ ထောက်ပံ့ပေးနေရသေးတယ်… အဲဒါက ကွာဟမှုကို ပိုပြိးတော့ တိုးလာစေဖို့ပဲရှိလိမ့်မယ်… အဲဒါက လူသားလမ်းစဉ်ပဲ… အဲဒီလမ်းစဉ်က အမြဲတမ်းတည်တံ့မနေနိုင်ဘူး… ကောင်းကင်လမ်းစဉ်ကတော့ ပိုပြီးတော့ တည်မြဲနိုင်တယ်… လီမိသားစုကို ဆက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ခွင့်ပေးထားမယ်ဆိုရင် သူတို့တွေက ပိုပြီးတော့ ချမ်းသာကြွယ်ဝလာဖို့ပဲရှိတယ်… အဲဒါကြောင့် ရွှမ်အရှင်မြတ်က လီမိသားစုရဲ့ စီးပွားရေးကို ဖောက်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ”

ချီရွှမ်းစုက ချီးကျူးလိုစိတ်ဖြင့် သက်ပြင်းချလိုက်၏။

“တကယ့်ကို အထင်ကြီးစရာပါလား”

သူတို့စကားပြောဆိုနေစဉ် နောက်ထပ်လူများ ဝင်ရောက်လာပြီး မဏ္ဍပ်ထဲမှာ ဝင်ထိုင်ကြသည်။

ကျန်းယွဲ့လုက ဘယ်သူဘယ်ဝါကိုမဟုတ်ဘဲ လှည့်ပတ်ကြည့်ရှုနေ၏။ ဝင်ရောက်လာသူများက စာပေပညာရှင်များသာဖြစ်ပြီး သူမက အနည်းငယ်ပျင်းရိငြီးငွေ့လာသည်။

“ပြိုင်ဘက်ကင်း ပန်းအလှမယ်ယှဉ်ပြိုင်မှုကို ငါတို့ မမီလိုက်တာ နာတာပဲ… ဒါက ကဗျာလင်္ကာရွတ်ဆိုပွဲသက်သက်ပဲ”

ချီရွှမ်းစုက သူမကို သတိပေးလိုက်သည်။

“အဲလိုမျိုး ကြီးကျယ်တဲ့အခမ်းအနားသာဖြစ်နေမယ်ဆိုရင် ဝင်ကြေးက ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ်ပဲ ကမှာမဟုတ်လောက်ဘူး”

ကျန်းယွဲ့လုကလည်း ထိုအကြောင်းကိုတွေးမိသွားပြီး အဓိပ္ပါယ်ရှိသလို ခံစားမိသည်။

ခဏနေပြီးနောက် ပို၍ အရေးပါအရာရောက်သော ပုဂ္ဂိုလ်များက ပို၍ တဖြည်းဖြည်းပေါ်ထွက်လာကြသည်။

ချီရွှမ်းစု အံ့အားသင့်သွားသည်မှာ ကျန်းယွဲ့လုက ထိုလူများကို မှတ်မိသိရှိနေခြင်းပင်။

သို့သော် ပေချန်ခန်းမသည် အင်ပါယာနန်းတော်မှာ အရေးပါသောအရာရှိများနှင့် သူတို့၏မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များကို ပြုစုထားလေ့ရှိကြောင်း ကျန်းယွဲ့လုက ရှင်းပြပေးသည်။ သူတို့၏ ကိုယ်ရေးအချက်အလက်များကို များသောအားဖြင့် ပုံတူပန်းချီများဖြင့် တွဲမှတ်ထားပြီး နှစ်စဉ်နှစ်တိုင်း စိစစ်တည်းဖြတ်လေသည်။ ထိုစာရင်းမှာ နန်းရင်းဝန်ကြီးများကနေ ဒေသခံခရိုင်ဝန်များအထိ ပါဝင်လေသည်။

သူမ ပေချန်ခန်းမအတွက် တာဝန်ထမ်းဆောင်ခဲ့စဉ်က သူမ၏ ဇာတိမြေ ဝူကျိုးမှ ဤအရာရှိများ၏ ကိုယ်ရေးအချက်အလက်တချို့ကို ဖတ်ရှုခဲ့ဖူးသည်။ ထို့ကြောင့် သူမက ရောက်ရှိလာသော ပုဂ္ဂိုလ်တချိုကို မှတ်မိနေခြင်းဖြစ်သည်။

မဏ္ဍပ်ထဲမှာ လူအများစုက ဒေသခံနန်းတွင်းအရာရှိများ၏ တူများ၊ မြေးများဖြစ်ကြသည်။ သူတို့ထဲမှာ တာအိုဆရာများ မပါဝင်ပေ။ အနည်းဆုံးတော့ မည်သည့်တာအိုဆရာကမှ ပေါ်ပေါ်ထင်ထင် တက်ရောက်မလာကြပေ။

တစ်နာရီခန့်ကြာပြီးနောက် မဏ္ဍပ်က လူများပြည့်သွားပြီး ချမ်းသာကြွယ်ဝသော လူကုံထံများက ရှေ့ဆုံးတန်းမှာ ထိုင်ကြလေသည်။

မဏ္ဍပ်က အတော်လေးကျယ်ဝန်းပြီး လူတစ်ရာကျော်ကို ပြွတ်သိပ်နေခြင်းမရှိဘဲ ကောင်းကောင်းဝင်ဆံ့စေနိုင်သည်။ နောက်ဆုံးတန်းမှလူများက တစ်ယောက်လျှင် ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ်ပေးရပြီး ရှေ့ဆုံးတန်းထိုင်ခုံများက ပို၍ဈေးကြီးကာ ပထမဆုံးတန်းမှာ တစ်နေရာအတွက် ထိုက်ဖျင်ဒင်္ဂါးရာချီကျသင့်လေသည်။ ထို့ကြောင့် ဤကဗျာလင်္ကာရွတ်ဆိုပွဲ၏ ဝင်ငွေသက်သက်ကပင် ထိုက်ဖျင်ဒင်္ဂါးတစ်သောင်းနီးပါးရှိနေပေလိမ့်မည်။

တစ်ယောက်ယောက်က အကုန်ကျခံပြီး စားသောက်ပွဲတစ်ခု ကျင်းပပေးမည်ဆိုလျှင် အပန်းဖြေဂေဟာက ပို၍ပင် ဝင်ငွေကောင်းသွားပေလိမ့်မည်။

ချီရွှမ်းစုသည် သူ့ဘဝမှာ ဤမျှများပြားသောငွေကြေးကို ဘယ်တုန်းကမှ မတွေ့မြင်ခဲ့ရပေ။ သခင်မလေးလီက လီမိသားစုအတွက် ငွေတွင်းတစ်တွင်းဖြစ်သည်ဟု ကျန်းယွဲ့လုပြောခဲ့သည်မှာ မထူးဆန်းတော့ပေ။

ဤနေရာကနေကြည့်မည်ဆိုလျှင် လီမိသားစုက အသပြာရှာရာမှာ တကယ်ပင်တော်ကြသည်။ သူတို့က ဘယ်တော့မှ အရှုံးခံလိမ့်မည်မဟုတ်ပေ။ သခင်မလေးလီ ကျော်ကြားလာဖို့အတွက် သူတို့ ငွေကြေးဘယ်လောက်များများ သုံးစွဲခဲ့သည်ကို ထည့်ပြောစရာမလိုဘဲ သူတို့၏ ရင်းနှီးမြှုပ်နှံမှုကို အလွယ်တကူပြန်လည်ရရှိနိုင်ပေမည်။

ဤအပန်းဖြေဂေဟာသည် လီမိသားစု၏ စီးပွားရေးအင်ပါယာ၏ ရေခဲတောင်ထိပ်ဖျားမျှသာဖြစ်သည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုအပြင် လီမိသားစုမှာ စီးပွားရေးလုပ်ငန်းမြောက်မြားစွာရှိနေသည်။ ထို့ကြောင့် လီမိသားစုမှာ ရွှေတောင်၊ ငွေတောင်နှင့် ကြေးတောင်ဟူ၍ တောင်သုံးလုံးရှိသည်ဟု လူအများက တင်စားပြောဆိုလာကြခြင်းဖြစ်သည်။

All Chapters