စိတ်ဝိညာဉ် ဖမ်းစားသူ၏ အသံ
Vol. 28 Ch. 382
"ဘိုးဘေး၊ ဒါက..." သက်လတ်ပိုင်းလူသည် တစ်ခဏတာ တွန့်ဆုတ်နေပြီး မဒမ်ကျိကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မျက်နှာ ဖော်ပြထားခြင်း မရှိသော ထိုအမျိုးသမီးသည် စကားတစ်ခွန်းမျှ မဆိုသေးသော်လည်း ထိုနေရာ၌ ရပ်နေရုံဖြင့်ပင် သူမထံမှ အေးစက်စက် အရှိန်ဝါတစ်ခု ပျံ့နှံ့နေပြီး အနီးဝန်းကျင်ရှိ လူအားလုံးကို အနည်းငယ် စိတ်မသက်မသာ ဖြစ်နေစေ၏။
အနီးတွင်ရပ်နေသော မျိုးနွယ်စုအတွင်းမှ ခေါင်းဆောင်အများစုနှင့် အစွမ်းထက်ရှာမန်များသည် မဒမ်ကျိဟူသော အမည်နာမနှင့် ထိုအမည်နှင့် ပက်သက်သော ကောလဟာလများကို ကြားဖူးကြသူများ ဖြစ်သည်။ ထို့ကြောင့် ယခု သူမကို တွေ့သောအခါ သူတို့အားလုံး သူမအပေါ် လေးစားမှုအပြည့် ဖြစ်နေကြလေသည်။
"အဆင်ပြေပါတယ်။ မင်းပြောလို့ ရတယ်" ကြိုးကြာနက် မျိုးနွယ်စု ဘိုးဘေး၏ မျက်ဝန်းများအတွင်း အေးစက်နက်မှောင်သော အကြည့်တစ်ခု ပေါ်လာခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင်သည် ကြိုးစားရုန်းကန်လျက် သူ့ခြေထောက်ပေါ်သူ ထရပ်လိုက်သည်။ ပြင်းထန်သော နာကျင်မှုကို သည်းခံလျက် အစမှ အဆုံးတိုင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းကင်၏ အပြောင်းအလဲကိုတော့ မပြောပြခဲ့ပေ။
"ကျုပ်က သူ့ပြိုင်ဘက် မဟုတ်ပါဘူး။ မဒမ်ကျိ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကူညီပေးပါ" သက်လတ်ပိုင်းလူသည် စကားဆုံးသည်နှင့် ကြိုးစားလှုပ်ရှားကာ ထိုအမျိုးသမီးကို ဦးညွှတ်လိုက်သည်။
အနက်ရောင် ငှက်မွှေးတောင်တို့ဖြင့် ပြုလုပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအို၏ မျက်လုံးများအတွင်း သတိပြုမိနိုင်ရန် ခဲယဉ်းသည့် စူးရှသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။ အဆုံးတွင်တော့ သူသည် ဤလူနှင့် ရင်းနှီးသူဖြစ်၍ တစ်စုံတစ်ရာ လွဲမှားနေကြောင်း မြင်နိုင်ချေသည်။ သို့သော်လည်း ၎င်းကို ထုတ်ဖော်ခြင်း မပြုခဲ့ပေ။
ထိုအစား သူ့မျက်လုံးတို့ကိုသာ ကျဉ်းမြောင်းလိုက်မိသည်။ ဤလူသည် အလွန်သတိထားပြီး မတွေးတောမဆင်ခြင်ပဲ မပြောတတ်သူဖြစ်ကြောင်း သူသိ၏။ အကယ်၍ ထိုလူသည် သူ့ရှေ့တည့်တည့်မှာပင် မဒမ်ကျိကို လှုပ်ရှားပေးရန် တောင်းဆိုနေသည်ဆိုပါက အဘိုးအိုကိုယ်တိုင် သွားလျှင်တောင် အပြင်လူ၏ ပြိုင်ဘက်မဟုတ်ဟု မျိုးနွယ်စုခေါင်းဆောင်က ယုံကြည်နေကြောင်း ထင်ရှားလို့နေသည်။
"မဒမ်ကျိ၊ ဒါနဲ့ ပက်သက်လို့... ကျေးဇူးပြုပြီး သူ့ကို တိုက်ခိုက်ပေးလို့ရမလား" အဘိုးအိုက အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။ သူ၏ အခြားမျိုးနွယ်ဝင်များ ပြောတာသာဆိုလျှင် သူ မယုံကောင်း မယုံနိုင်သော်လည်း ဤလူကတော့ ကြိုးကြာနက်မျိုးနွယ်စု၏ လက်ရှိမျိုးနွယ်ခေါင်းဆောင် ဖြစ်သည်။ အဘိုးအိုအတွက် သူ့ကိုမယုံဖို့ မဖြစ်နိုင်ပေ။
"အဲဒီလူက နှောင်းပိုင်းရှာမန်လား" မဒမ်ကျိက ရုတ်တရက် မေးသည်။
"သူက နှောင်းပိုင်းရှာမန် မဟုတ်ပါဘူး။ အဲဒါတော့ ကျုပ် သေချာပါတယ်" မျိုးနွယ်ခေါင်းဆောင်က အလျင်အမြန် ပြော၏။
"မင်း မှားရင်တော့ ကြိုးကြာနက် မျိုးနွယ်စုတစ်ခုလုံးကို မင်းနဲ့အတူ သေသွားစေရမယ်။ လူတစ်ယောက်ရဲ့ အသက်အတွက် ရှာမန်သလင်းကျောက် နှစ်ထောင်။ နှစ်ယောက်ဆို လေးထောင်။ ငါတို့အရင် ကတိ အတိုင်းပဲ။ နွားသိုးဖြူမျိုးနွယ်စုရဲ့ ရှာမန်သလင်းကျောက် အကုန်လုံးနဲ့ သူတို့ရဲ့ အထွတ်အမြတ်ပစ္စည်းတွေပေါ်က ချိပ်စည်းတွေကို မင်းဖျက်ဆီးပြီးတာနဲ့ အဲဒီပစ္စည်းအကုန်လုံးကလည်း ငါ့အပိုင်ပဲ" ဝါးခမောက်နှင့် အမျိုးသမီး၏ အသံက ကျယ်လောင်ပြတ်သားလှပြီး ကြားလိုက်ရသူတိုင်း၏ စိတ်နှလုံးများကို တုန်ယင်သွားစေလေသည်။
ကြိုးကြာနက် မျိုးနွယ်စုဘိုးဘေး၏ နှလုံးသားမှာ ထိုအတွေးကြောင့် အပြင်းအထန် နာကျင်သွားရသည်။ သူခဏတာ တုန့်ဆိုင်းသွားသော်လည်း မျိုးနွယ်ခေါင်းဆောင်၏ ပြတ်သားသော အကြည့်ကို မြင်သောအခါ ဤကိစ္စတွင် တစ်စုံတစ်ရာ လွဲချော်နေကြောင်း သိလိုက်သဖြင့် အံတင်းတင်းကြိတ်၍ ခေါင်းညိတ်လိုက်တော့သည်။
"ကျေးဇူးတင်ပါတယ် မဒမ်ကျိ။ ဒါ ပြီးတာနဲ့ ကျန်နေတဲ့ ရှာမန်သလင်းကျောက် နှစ်ထောင်ကို ပေးပါ့မယ်"
"မင်း ငါ့ကို မပေးလည်း ငါစိတ်မဆိုးပါဘူး" မဒမ်ကျိက တခစ်ခစ် ရယ်မောလိုက်သည်။ သူမ၏ရယ်သံများမှာလည်း အလားတူပင် ကျယ်လောင်စူးရှနေလေသည်။
"ကျုပ် မလုပ်ရဲပါဘူး" အဘိုးအိုက အလျင်အမြန် လက်သီးဆုပ်ဂါရဝပြုကာ ပြောလိုက်သည်။
"ငါ မင်းခြေထောက်ကို ကုပေးမယ်။ အဲဒါကတော့ အလကားပေါ့"
မဒမ်ကျိသည် သူမ၏ ညာလက်ကိုမြှောက်၍ သက်လတ်ပိုင်းလူ၏ ညာခြေထောက်ဆီသို့ ညွှန်ပြလိုက်သည်။ ချက်ချင်းဆိုသလို ဝတ်ရုံပေါ်ရှိ ရောင်စုံကင်းမြီးကောက်များထဲမှ တစ်ကောင်၏ ပါးသိုင်းမွေးများက လှုပ်ရှားလာပြီး စတင်ကူးခတ်ရွေ့လျားကာ သူမလက်မောင်းမှတစ်ဆင့်
သက်လတ်ပိုင်းလူ၏ ညာခြေထောက်ဆီသို့ ဦးတည်တွားသွားခဲ့သည်။ သက်လတ်ပိုင်းလူ တုန်လှုပ်သွားချိန်မှာပင် ထိုရောင်စုံကင်းမြီးကောက်က သူ့အသားတို့ကို ကိုက်ဖြတ်၍ ကိုယ်တွင်းသို့ တွားသွားတိုးဝင်သွားခဲ့ချေပြီ။
ဤနာကျင်မှုက ထိုလူကို ခေါင်းမှ ခြေဖျားသို့တိုင် တုန်လှုပ်သွားစေသည်။ သူ ၎င်းကို တောင့်ခံချင်သော်လည်း မတတ်နိုင်ပဲ အဆုံးတွင်တော့
နာကျင်စူးရှစွာ အော်ဟစ်လျက် နံဘေးသို့ လဲကျသွားတော့သည်။ ကြိုးကြာနက်မျိုးနွယ်ဝင် အားလုံးတို့၏ မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားချိန်မှာပင် မျိုးနွယ်ခေါင်းဆောင်၏ ညာခြေထောက်ထံမှ ကျယ်လောင်သော အသံများထွက်ပေါ်လာပြီး သူ၏ စုတ်ပြဲနေသော အသားများက အလျင်အမြန် အနာကျက်လာခဲ့သည်။ အချိန်တစ်ချို့ ကြာပြီးနောက် သူ၏ ညာခြေထောက် တစ်ချောင်းလုံးမှာ ပြန်လည်ကောင်းမွန်သွားပြီး ဒဏ်ရာတစ်ခုတစ်လေပင် မရှိတော့ချေ။
သို့သော် သူ့ညာခြေထောက်ပေါ်တွင်တော့ တောက်ပနေသော ကင်းမြီးကောက်တစ်ကောင်ပုံ ရှိနေချေပြီ။
ဖြူဖျော့နေသော မျက်နှာဖြင့် မျိုးနွယ်ခေါင်းဆောင်သည် မတ်တပ်ထရပ်လိုက်ပြီး မဒမ်ကျိထံသို့ အကြောက်တရားတို့ ပြည့်နေသော မျက်လုံးများဖြင့် လှမ်းကြည့်လျက် လက်သီးဆုပ်ဂါရဝပြုလိုက်သည်။
"ကျေး... ကျေးဇူး တင်ပါတယ်၊ မဒမ်ကျိ"
"ကျေးဇူးတင်စရာ မလိုပါဘူး။ မင်း အသားနဲ့ သွေးတွေက ငါ့ကလေးအတွက် ခုနစ်ရက်စာ အစာအဖြစ် ထောက်ပံ့ပေးနိုင်တယ်။ ခုနစ်ရက်ကြာလို့မှ ရှာမန်သလင်းကျောက်တွေ ထုတ်မလာနိုင်ဘူး ဆိုရင်တော့..." မဒမ်ကျိက စတင်၍ ကျယ်လောင်စွာ ရီမောလိုက်သည်။
ဧရိယာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လေထုအတွင်း ပဲ့တင်ထပ်နေသည့် သူမရယ်သံတစ်ခုတည်းသာ ကြားနေရလေသည်။
"မင်း ခြေထောက်က အခုကောင်းသွားပြီ ဆိုတော့ ကျေးဇူးပြုပြီး လမ်းပြပါဦး" မဒမ်ကျိသည် စကားဆုံးသည်နှင့် သူမ၏ ပြတ်သားသော အသံဖြင့်ပင် အမိန့်ဆက်ပေးလိုက်သည်။
"မဒမ်ကျိ ခဏလောက်များ နားချင်သေးလား။ ကျုပ်တို့ နက်ဖြန်နံနက်မှလည်း သွားလို့ရပါတယ်..." ကြိုးကြာနက် မျိုးနွယ်စုဘိုးဘေးက အလျင်အမြန် ပြောလိုက်သည်။ သူ့တွင် မျိုးနွယ်ခေါင်းဆောင်နှင့် အသေးစိတ်ကျကျ ပြောချင်သည့် အကြောင်းအရာအချို့ ရှိနေသေးသည်။
"ငါ အနားယူစရာ မလိုပါဘူး။ လူနှစ်ယောက်လောက် သတ်ရမှာပဲ။ ပြန်လာမှ အနားယူလည်း နောက်မကျသေးပါဘူး"
မဒမ်ကျိသည် လက်ကိုဝှေ့ယမ်းကာ ချက်ချင်း ပျံတက်လိုက်သည်။ သူမသည် မျိုးနွယ်ခေါင်းဆောင်ကို
ညာလက်ဖြင့် ညွှန်ပြလိုက်ရာ မျိုးနွယ်ခေါင်းဆောင်၏ ညာခြေသည် သူ့ကိုယ်ပိုင် ထိန်းချုပ်မှုမပါပဲ ခန္ဓာကိုယ်တစ်ခုလုံးကို သယ်ဆောင်၍ လေပေါ်သို့ ခုန်တက်သွားခဲ့သည်။ သူသည် နောက်လှည့်၍ ဘိုးဘေးကို လေးလေးနက်နက်သာ တစ်ချက် ကြည့်လိုက်နိုင်ပြီး အလင်းတန်းရှည်တစ်ခုအသွင် ပြောင်း၍ မဒမ်ကျီနောက်သို့ လိုက်ပါသွားတော့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းပင် ၎င်းတို့နှစ်ဦးလုံးသည် အဝေးရှိ မိုးကုပ်စက်ဝိုင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
မဒမ်ကျိ ထွက်ခွာသွားသည်နှင့် ကြိုးကြာနက်မျိုးနွယ်စု ဘိုးဘေး၏ မျက်နှာက လုံးဝမည်းမှောင်သွားပြီး သူ့အနီးတွင် စုဝေးနေသော မျိုးနွယ်ဝင်များကို
လှည့်ကြည့်လိုက်ချေ၏။
"ပြီးခဲ့တဲ့လက ဘာဖြစ်သွားခဲ့လဲဆိုတာ ငါ့ကိုပြောပြကြစမ်း"
မျိုးနွယ်ဝင်များက အသံတိုးတိုးဖြင့် တတွတ်တွတ် ပြောပြလိုက်ကြသည်။ ၎င်းတို့စကားများကို ကြားလေလေ အဘိုးအို၏ မျက်နှာအမူအယာက တဖြည်းဖြည်း ပြောင်းလဲလာလေလေပင် ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကောင်းကင်ယံတွင် ဖြစ်ပေါ်ခဲ့သည့် ထူးဆန်းသော မြင်ကွင်းနှင့် ခေါင်းကိုးလုံး သားရဲတို့ အကြောင်း ကြားလိုက်ရချိန်တွင်တော့ သူ့အသက်ရှူသံများပင် ပြောင်းလဲသွားရတော့သည်။
"ဒါ... ဒါက..." သူသည် မျိုးနွယ်စုခေါင်းဆောင် အနောက်သို့ လိုက်သွားလိုဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်မိ၏။ သို့သော်ငြား သူ့ခြေလှမ်းများက ရပ်တန့်သွားပြီး တောင်ပေါ်မှာပင် ရပ်လျက် ငြိမ်ကျသွားတော့သည်။
သူ့ခေါင်းထဲတွင်တော့ ကြိုးကြာနက်မျိုးနွယ်စု ခေါင်းဆောင် သူ့ကိုကြည့်သွားခဲ့သော ထိုလေးနက်သည့်အကြည့်ကို ပြန်မြင်လိုက်မိချေသည်။
မဒမ်ကျိသည် ကောင်းကင်ယံ၌ လျင်မြန်စွာ သွားလာနေသည်။ သူမ ရွေ့လျားနေရင်းမှပင် သူမခြေထောက်အောက်၌ အရောင်ငါးသွယ် မြူခိုးလွှာတစ်ခု ပေါ်လာခဲ့ပြီး ၎င်းတို့က ပုပ်ပွနေသော လက်မတစ်ချောင်းသဖွယ် ကောင်းကင်ယံတွင် ထင်ရှားပေါ်လွင်နေခဲ့သည်။ အရောင်ငါးသွယ် မြူခိုးလွှာသည် ရနံ့ဖျော့ဖျော့တစ်ခု ထုတ်လွှတ်နေပြီး ရှူရှိုက်လိုက်မိသော ကြိုးကြာနက်မျိုးနွယ်စုမှလူကို အနည်းငယ် တွေဝေမိန်းမောသွားစေခဲ့၏။ ထိုလူက သူ့လျှာကို ကိုက်လိုက်မှသာလျှင် သူ့စိတ်က အနည်းငယ် ကြည်လင်သွားခဲ့သည်။ သူ့ခေါင်းထဲတွင် မဒမ်ကျိနှင့် ပက်သက်သော ကောလဟာလများကို ပြန်လည်သတိရသွားပြီး သူမအပေါ်လည်း ပိုမိုလေးစားသွားမိလေသည်။
"ငါတို့က ကောင်းကင်မှာရှိနေတဲ့ အတွက် လေက ပြင်းပြင်းထန်ထန် တိုက်နေတယ်။ အဲဒါကြောင့် ငါ့အရောင်ငါးသွယ် မြူခိုးရဲ့ အရှိန်ဝါက အဲဒီလောက် မသန်မာပေမယ့် အဲဒါကို ရှူရှိုက်မိပြီးတာတောင် ခဏလေးအတွင်း ပြန်သတိဝင်လာတယ်ဆိုတော့ မင်းရဲ့ စိတ်စွမ်းအားက တော်တော်လေး သန်မာတာပဲ"
မဒမ်ကျိ၏ ပြတ်သားသောအသံက အရောင်ငါးသွယ် မြူခိုးကိုဖြတ်၍ ထွက်ပေါ်လာသည်။ သူမအသံသည် ကျယ်လောင်ပြတ်သားသော်လည်း ထိုအသံထဲတွင် လူတို့၏ စိတ်နှလုံးကို မိန်းမောသွားစေနိုင်သည့် စွမ်းအားတစ်ခု ရှိနေလေသည်။ ထိုအသံကို ကြားသောအခါ သက်လတ်ပိုင်းလူ၏ မျက်လုံးများအတွင်း တွေဝေမိန်းမောနေသော အကြည့်က တစ်ဖန်ပြန်ပေါ်လာခဲ့သည်။
သူ့မျက်လုံးများအတွင်း ထိုမိန်းမောနေသော အကြည့်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုလူကို ကြီးမားသောစွမ်းအင်တစ်ခုက စုပ်ယူလိုက်ပြီး အရောင်ငါးသွယ် မြူခိုးထဲသို့ ခေါ်ဆောင်သွားလေသည်။
"မဒမ်ကျိ... ကျေးဇူး... ကျေးဇူးပြုပြီး သက်ညှာပေးပါ..." ထိုလူက တုန်တုန်ယင်ယင်ဖြင့် အံတင်းတင်းကြိတ်လျက် ဤစကားလုံးတို့ကို ကြိုးစားပြောလိုက်သည်။ မြင်မြင်သမျှ အရာတိုင်းသည် အရောင်ငါးသွယ် မြူခိုးများသာ ဖြစ်နေသော်လည်း သူ့နောက်ကျောကို လာထိနေသည့် နူးညံ့သော လက်တစ်ဖက်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။ ထိုလက်သည် လက်ချောင်းများကိုသုံး၍ သူ့ကျောအား စက်ဝိုင်းသဖွယ် ပွတ်သပ်နေလေသည်။ ချက်ချင်းဆိုသလို ထုံကျင်မှုတစ်ခုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး အနှီအမျိုးသား၏ မျက်နှာမှာ ချက်ချင်းနီရဲသွားကာ သူ့အသက်ရှူသံများပင် လျင်မြန်လာခဲ့သည်။
"မင်းရဲ့ စိတ်စွမ်းအားက အရမ်းသန်မာတယ်။ မင်းလို ပုံစံမျိုးက ငါ့အကြိုက်ပဲ။ အဲဒါကြောင့် မင်းကို တစ်ခုခု ပြုစုပေးရမှာပေါ့..."
သက်လတ်ပိုင်းလူမှာ တုန်ယင်သွားခဲ့သည်။ သူ့ညာဖက်နားဆီမှ ထွက်သက်နွေးနွေးကို ခံစားလိုက်မိပြီးနောက် နူးညံ့သော လျှာတစ်ခုက သူ့နားကို ညင်ညင်သာသာ လျက်လာလေသည်။
အမျိုးသား၏ ခေါင်းထဲတွင် ကျယ်လောင်စွာ မြည်ဟည်းသွားပြီး အရာအားလုံးကို မေ့သွားသလို ခံစားလိုက်ရသည်။ သူ့ကိုယ်ထဲတွင် ပြင်းပြသော စိတ်ဆန္ဒတစ်ခုသာ ကျန်ရစ်တော့လေသည်။ သူ့မျက်လုံးများက နီရဲလျက် အသက်ရှူသံများက ပြင်းထန်လေးလံလာခဲ့သည်။ အသက်ရှူလိုက်တိုင်း အရောင်ငါးသွယ် မြူခိုးများကလည်း သူ့ကိုယ်ထဲသို့ ဝင်ရောက်လာခဲ့၏။
မြူခိုးထဲတွင် မနှစ်မြို့ဖွယ် စူးစူးဝါးဝါး ရယ်သံများ ပဲ့တင်ထပ်နေခဲ့သည်။ ထိုအရောင်ငါးသွယ် မြူခိုးလွှာသည် အတွင်းတွင် လှိုင်းလုံးကြီးများ တလိပ်လိပ်ထနေဟန်ဖြင့် ကောင်းကင်ကို ဖြတ်သန်းလာခဲ့သည်။ လေတိုက်သည်နှင့် ရနံ့ဖျော့များက ပျံ့လွင့်လာပြီး ထိုရနံ့တို့ကို လေသယ်ဆောင်သွားသည့် နေရာတိုင်း ငှက်များနှင့် တိရစ္ဆာန်အချို့သည် အလွန်အမင်း လှုံ့ဆော်ခံလိုက်ရကာ ရူးသွပ်သွားကြပုံ ပေါ်သည်။
"မ... မဒမ်... ကျုပ်... ကျုပ်တို့ ရောက်ပြီ..." သက်လတ်ပိုင်းလူက တုန်ယင်လို့နေသည်။ သူ့အတွေးဆန္ဒအားလုံး ပြန့်ကျဲသွားသည်နှင့် တစ်ပြိုင်နက် လျှာကို ကိုက်လိုက်ရာ အဆုံးတွင်တော့ ထိုနာကျင်မှုက သူ့အသိစိတ် တစ်ပိုင်းတစ်စကို ပြန်လည်ရရှိစေခဲ့လေသည်။ အလွန်အမင်း ထိတ်လန့်စွာဖြင့် သူသည် ထိုစကားတို့ကို ခက်ခက်ခဲခဲ ပြောလိုက်ရချေ၏။
"စိတ်ပျက်စရာပဲ။ အိုး ရပါတယ်လေ၊ အဲဒီအပြင်လူကို ဖြေရှင်းပြီးတာနဲ့ ငါမင်းကိုပြုစုပေးပါ့မယ်" မဒမ်ကျိသည် အသံမှာ ထက်မြက်ပြတ်သားနေခြင်းတို့ မရှိတော့ပဲ ပျင်းရိပျင်းတွဲ ဖြစ်နေလေပြီ။ ထိုစကားတို့ကို ပြောပြီးသည်နှင့် သူမသည် မြူခိုးများအတွင်းမှ လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။
သူမသည် ရောင်စုံမြွေနှင့် ပိုးမွှားတို့ဖြင့် ဖုံးအုပ်ထားသော အနီရောင်ဝတ်ရုံရှည်နှင့် ထိုဝါးခမောက်ကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ခမောက်အောက်ရှိ သူမမျက်နှာမှာ ဖုံးကွယ်ခံထားရသဖြင့် အခြားသူများကို သူမအား ရှင်းရှင်းလင်းလင်း မမြင်နိုင်ဖြစ်စေသည်။ လျှောက်လှမ်းထွက်လာပြီးသည်နှင့် မဒမ်ကျိသည် သူမ၏ ညာလက်ကိုမြှောက်၍ အနောက်ရှိ အရောင်ငါးသွယ် မြူခိုးလွှာကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို သက်လတ်ပိုင်းလူက ထိုအတွင်းမှ ပျံသန်းလာခဲ့၏။ သူ့တစ်ကိုယ်လုံး နီရဲနေပြီး မျက်လုံးများဆိုလျှင် မီးထတောက်တော့မလိုပင် ဖြစ်နေချေပြီ။ သူသည် အသိစိတ်လုံးဝ ပျောက်ဆုံးနေပြီး
အသံတိုးတိုးဖြင့် မာန်ဖီကြုံးဝါးနေချေ၏။
သူ့နံဖူးအလယ်သို့ မဒမ်ကျိက လက်ဖြင့်ထိလိုက်သည်နှင့် ကြိုးကြာနက်မျိုးနွယ်စု၏ မျိုးနွယ်ခေါင်းဆောင်သည် ချက်ချင်း တုန်ယင်လျက် သတိလစ် မေ့မြောသွားတော့သည်။ သူ့ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ် ပြုတ်ကျသွား၏။ သို့သော် အရောင်ငါးသွယ် မြူခိုးစုတစ်ခုက သူ့ကို ဝန်းရံသွားပြီး ပြုတ်ကျနေသော အရှိန်ကို နှေးပေးလိုက်သည်။
မြူခိုးတို့သည် ထိုလူကို ဝန်းရံပြီးသည်နှင့် အမျိုးသမီး၏ ပုံရိပ်ယောင်အသွင် ပြောင်းလျက် သက်လတ်ပိုင်းလူ၏ မျက်လုံးများ၊ နှာခေါင်းများ၊ နားများနှင့် ပါးစပ်ထဲသို့ တိုးဝင်သွားခဲ့သည်။ သတိလစ်မေ့မြောနေသော အမျိုးသား၏ မျက်လုံးများမှာ တင်းတင်းကြပ်ကြပ် မှိတ်သွားပြီး သားရဲရိုင်းတစ်ကောင်ကဲ့သို့ စတင်မာန်ဖီနေလေသည်။
ကောင်းကင်ယံရှိ မဒမ်ကျိ၏ အသက်ရှူသံများမှာလည်း အနည်းငယ် လျင်မြန်လာခဲ့သည်။ သူမသည် ကြိုးကြာနက်မျိုးနွယ်စုမှလူ၏ မာန်ဖီသံများကို တုန့်ပြန်နေသကဲ့သို့ပင် ဖြစ်သည်။ ဝါးခမောက်အောက်ရှိ သူမသည် မောလျစွာ အသက်ရှူရင်း သူမနှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။ ထို့နောက် တစ်ချက်ခုန်ကာ အဝေးရှိ တောင်စဉ်တန်းသို့ ဦးတည်လိုက်တော့သည်။
ထိုတောင်စဉ်တန်းမှာ စုမင်၏ လှိုဏ်ဂူရှိရာ အရပ်ပင်ဖြစ်သည်။
မဒမ်ကျိ ရှေ့သို့တိုးဝင်သွားစဉ် အရောင်ငါးသွယ် မြူခိုးလွှာသည်လည်း သူမခြေထောက်အောက်တွင် ထပ်ပေါ်လာပြီး ကောင်းကင်တစ်ခြမ်းကို ဖုံးအုပ်လျက် ဧရိယာအတွင်းသို့ တလိမ့်လိမ့် တိုးဝင်သွားခဲ့သည်။
တောင်စဉ်တန်းထိပ်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် မီးတောက်မျောက်ဝံသည် မျက်လုံးများကိုမှိတ်လျက် တရေးတမော အိပ်စက်နေခဲ့သည်။ ၎င်းသည် ရံဖန်ရံခါဆိုသလို လက်သည်းတို့ကို မြှောက်၍ သူ့ကိုယ်သူ အလိုလို ကုတ်ခြစ်လိုက်သေး၏။ ၎င်းသည် မျက်လုံးများကို ရုတ်ခြည်းဖွင့်ကာ တိုးဝင်လာနေသော အရောင်ငါးသွယ် မြူခိုးလွှာကို လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ရာကို အနံ့ခံမိဟန်ဖြင့် နှာခေါင်း တရှုံ့ရှုံ့ လုပ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို သွားဖြဲကာ မာန်ဖီတော့သည်။
လှိုဏ်ဂူထဲတွင် စုမင် ပြန်သိမ်းဆည်းမထားခဲ့သော တုတ်ချောင်းမြွေသည် ဂူမျက်နှာကြက်ရှိ အပေါက်များထဲမှ တစ်ခုအတွင်း လဲလျောင်းနေခဲ့သည်။ ထိုအခိုက်အတန့်တွင် ၎င်းသည် ချက်ချင်းတိုးထွက်လာပြီး မျက်လုံးထဲတွင်လည်း အေးစက်စက် အကြည့်တစ်ခု ပေါ်လာခဲ့သည်။
တုတ်ချောင်းမြွေ၏ အောက်ဘက်တွင် စုမင်သည် လှိုဏ်ဂူ၏ ခန်းမကျယ်အတွင်း၌ တင်ပလ္လင်ခွေ ထိုင်နေခဲ့ခြင်း ဖြစ်သည်။ သူသည် ညာလက်ထဲတွင် လေစွမ်းအင် အမွေဆက်ခံခြင်း သလင်းကျောက်ကို ဆုပ်ကိုင်ထားပြီး လက်ဖဝါးဖြင့် ၎င်းအပေါ်သို့ လေများနှင့် ဖိနှိပ်ထားခဲ့၏။ သူသည်လည်း မျက်မှောင်ကြုတ်လျက် ခေါင်းမော့လာခဲ့လေသည်။
သူသည် ကောင်းကင်ယံမှ တိုးဝင်လာနေသော အရောင်ငါးသွယ် မြူခိုးလွှာကို မီးတောက်မျောက်ဝံနှင့် တုတ်ချောင်းမြွေတို့ အရင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
သူခေါင်းမော့ကာ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ထူးဆန်းသော တုတ်ချောင်းမြွေ၏ မျက်လုံးအတွင်းမှ အေးစက်စက်အကြည့်နှင့် မီးတောက်မျောက်ဝံ၏ သွားဖြဲမာန်ဖီသံတို့ ပေါ်လာသည့် တစ်ပြိုင်တည်းလိုလိုမှာပင် ရုတ်တရက်ဆိုသလို နီးကပ်လာနေသော အရောင်ငါးသွယ် မြူခိုးလွှာအတွင်းရှိ မဒမ်ကျီထံမှ... စိတ်နှလုံးတို့ကို မိန်းမောသွားစေနိုင်သည့် ညည်းညူသံတစ်ချက် ထွက်ပေါ်လာခဲ့၏။
ရုတ်တရက်ဆန်ဆန် ထွက်ပေါ်လာသော ထိုအသံသည် စိတ်နှလုံးတို့ကို ညှို့ယူဖမ်းစားရန် ကြိုးစားနေသကဲ့သို့ပင်။ ၎င်းသည် အလွန်ရှင်းလင်းပြတ်သားစွာ ပျံ့နှံ့သွားပြီး တောင်စဉ်တန်းဆီသို့ ဝင်ရောက်လာကာ စုမင်ရှိနေသော လှိုဏ်ဂူထဲသို့ ဦးတည်တိုးဝင်လာခဲ့လေသည်။
***