အခန်း (၂၉၁-၂၉၂)
Vol. 30 Ch. 291-292
အခန်း ၂၉၁- ဒီလောက်တောင် အားနည်းတာလား။
ဤအဘိုးကြီးသည် ဝိညာဉ်လွင့် လက်ဝါး၏ တရားဝင် ဆက်ခံသူဖြစ်ပြီး ယခုအခါတွင်လည်း သူ၏ကိုယ်ခံပညာဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်သည်။
သူသည် လုပေါင်ကို ယဉ်ကျေးစွာ လက်အုပ်ချီ နှုတ်ဆက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ရိပ်ခနဲ ဖြစ်သွားပြီး လုပေါင်၏ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"ဝါး... ဂုဏ်ထူးဆောင်ဆရာကြီး ပီသပါပေတယ်။ ငါ့ဘဝမှာ ဒီလောက်မြန်တဲ့ အရှိန်မျိုး ရောက်နိုင်ပါ့မလား မသိဘူး။"
"အလကား စိတ်ကူးယဥ်မနေနဲ့။ ဆရာကြီးတစ်ယောက် ဖြစ်ဖို့ဆိုတာ ပြင်းပြင်းထန်ထန် ကျင့်ကြံရုံတင်မကဘဲ ပါရမီကလည်း အဓိကပဲ။"
"စမ်းသပ်ခံရတဲ့သူက ဘယ်လို ပြန်တုံ့ပြန်မလဲဆိုတာ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်။"
အောက်တွင် ရှိနေကြသော လူငယ်များမှာ စူးစမ်းလိုစိတ်ဖြင့် တီးတိုး ဆွေးနွေးနေကြသည်။
စင်ပေါ်ရှိ အဘိုးကြီးကို မမြင်ရတော့ဘဲ ဟိုဟိုဒီဒီ လက်ခနဲ ဖြတ်ပြေးနေသော ပုံရိပ်ယောင်များကိုသာ မြင်နေရသည်။ ဤအဘိုးကြီးမှာ တကယ့် ဝါရင့် ဆရာကြီးတစ်ဦး ဖြစ်သည်။ လုပေါင်၏ ကိုယ်ဟန်မှာ အားနည်းချက်များဖြင့် ပြည့်နှက်နေသည်ဟု ခံစားရသော်လည်း သူ ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးပေ။ သူသည် လုပေါင်၏ အမြင်အာရုံမှ လွတ်ကင်းအောင် ဆက်တိုက် လှုပ်ရှားနေပြီး တိုက်ခိုက်ရန် အကောင်းဆုံး အချိန်ကိုသာ ရှာဖွေနေသည်။
"ဟေး... အဘိုးကြီး ခင်ဗျား အသက်ကြီးနေပြီနော်။ ကျွန်တော့်ကို လျှော့ပေးဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ခဏနေ ခင်ဗျား လဲကျသွားရင် ကျွန်တော် တာဝန်မယူနိုင်ဘူး။ သိလား။"
လုပေါင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ ထိုသူ၏ အသက်အရွယ်အရ ကိုယ်စောင့်အကာအကွယ်မှ ပြန်ကန်ထွက်လာသော အင်အားကြောင့် ဒဏ်ရာရသွားပြီး သူ့ကို ပြန်တရားစွဲနေလျှင် ကိစ္စက ရှုပ်ထွေးသွားပေလိမ့်မည်။
"ဟမ့် မသိနားမလည်တဲ့ ကောင်လေး။"
အဘိုးကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ မျက်နှာပေးမှာ ချက်ချင်း တင်းမာသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ လုပေါင်၏ နောက်ကျော တည့်တည့်တွင် ပေါ်လာတော့သည်။ ထို့နောက် သူသည် လက်ကို မြှောက်ကာ လုပေါင်၏ ကျောရိုးဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။
သူ၏ လက်သီးမှာ လုပေါင်၏ ကျောရိုးသို့ ထိလုနီးပါး ဖြစ်ချိန်တွင် သူ တိုက်ခိုက်မည့် နေရာ၌ မီးခိုးရောင် အလင်းစက်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုမီးခိုးရောင် အလင်းပေါ်သို့ လက်သီး ကျရောက်သွားသည်နှင့် သူ၏ အင်အားအားလုံးမှာ စုပ်ယူခံလိုက်ရသလို သူ ခံစားလိုက်ရသည်။
ထို့နောက် ကြီးမားသော အင်အားတစ်ခုမှာ ထိုမီးခိုးရောင် အလင်းစက်မှ ပြန်ကန်ထွက်လာသည်။ ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး နောက်သို့ လွင့်ထွက်သွားပြီး မလှမ်းမကမ်းတွင် ရှိနေသော ချင်းပိုင်လျဲ့ ထံသို့ အရှိန်ဖြင့် ပြေးကပ်သွားတော့သည်။
ချင်းပိုင်လျဲ့က မတ်တတ်ရပ်ကာ အဘိုးကြီး၏ ကျောကို လက်ဝါးဖြင့် ရိုက်၍ ကျန်ရှိနေသော အရှိန်များကို လျှော့ချပေးလိုက်သည်။ သို့သော်လည်း အဘိုးကြီးမှာ သူ၏ ကိုယ်ဟန်ကို ပြန်လည် ထိန်းညှိပြီးနောက် ပါးစပ်မှ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။
အဘိုးကြီးသည် သွားကို တင်းတင်းကြိတ်ကာ စင်ပေါ်မှ လုပေါင်ကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။ သို့သော် ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ရေခဲဂူထဲသို့ ကျသွားသကဲ့သို့ အေးစိမ့်သွားပြီး တုန်ရီသွားရသည်။
"ဒါက စမ်းသပ်ပွဲ သက်သက်ပဲလေ။ ကျောရိုးကို တိုက်ရိုက် တိုက်ခိုက်တာက နည်းနည်းတော့ လွန်သွားပြီ ထင်တယ်။"
ဘေးတွင် ရပ်နေသော နတ်ဆရာကြီးက ပြုံးလျက် တိုးတိုးလေး ပြောလိုက်သည်။ သို့သော် နတ်ဆရာကြီး၏ အကြည့်ထဲတွင် သိမ်မွေ့သော ခြိမ်းခြောက်မှုကို သူ ခံစားလိုက်ရသည်။ အခြေအနေ အတိအကျကို သူ နားမလည်သော်လည်း နတ်ကြီးက လုပေါင်ကို အလွန် ကာကွယ်နေမှန်း သူ ကောင်းကောင်း သိလိုက်သည်။
"ဟားဟားဟား... တိုက်ခိုက်ရေး မလုပ်ဖြစ်တာ ကြာလို့ လက်လွန်သွားတာပါ။"
သူသည် ခြောက်ကပ်ကပ် ရယ်မောရင်း သူ၏ ဒဏ်ရာများကို ဂရုမစိုက်သလို ဟန်ဆောင်ကာ တိတ်တဆိတ် နေရာပြန်ယူလိုက်သည်။
"ကျွန်တော် လျှော့ပေးပါလို့ ပြောသားပဲ ခင်ဗျားမှ မကြားတာ။ ဒါ ခင်ဗျား ဘာသာ လုပ်တာဆိုတော့ နောက်မှ ကျွန်တော့်ကို လာအပြစ်မတင်နဲ့ဦး။"
စင်ပေါ်ရှိ လုပေါင်က ထိုအဘိုးကြီးဘက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ အဘိုးကြီးမှာ စိတ်တိုသော်လည်း နတ်ဆရာကြီးကို ကြည့်ပြီး ဘာမှ ပြန်မပြောရဲဘဲ နှာခေါင်းရှုံ့ရုံသာ ပြုလုပ်နိုင်တော့သည်။
ထိုအခိုက်တွင် စင်အောက်ရှိ ဆရာကြီးအားလုံး၏ မျက်နှာများမှာ မှောင်ကျသွားကြသည်။ လုပေါင်သည် ယခင်က သူတို့ရှေ့တွင် ခြေလှမ်းတစ်ရာနတ်မင်းလက်သီး ကို ပြသခဲ့ဖူးသော်လည်း ထိုစဉ်က သာမန် ဆရာကြီးတစ်ယောက်၏ အဆင့်အတန်းသာ ရှိခဲ့သည်။ သို့သော် ယခု လုပေါင်က ထိုအဘိုးကြီးကို လွင့်ထွက်သွားအောင် လုပ်လိုက်ပုံကို မည်သူမျှ နားမလည်နိုင်ကြပေ။
ပို၍ ထူးခြားသည်မှာ လုပေါင်သည် သူလှည့်ကြည့်လိုက်ချိန်တွင် သူကိုယ်တိုင်ပင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာမျိုး ရှိနေခြင်း ဖြစ်သည်။ အကယ်၍ သူက ဟန်ဆောင်နေခြင်း မဟုတ်ပါက လုပေါင်သည် တစ်ဖက်လူကို သူကိုယ်တိုင်ပင် မသိလိုက်ဘဲ လွင့်ထွက်သွားအောင် လုပ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"လိမ္မာတဲ့ ကောင်လေးပဲ။ ဒီလောက်မြန်မြန် တိုးတက်လာတာလား။ ငါလည်း စမ်းကြည့်ဦးမယ်။"
ချင်းပိုင်လျဲ့က အားရပါးရ ရယ်မောရင်း စင်ပေါ်သို့ ခုန်တက်လာသည်။ အကယ်၍ ဤမျှများပြားသော ဆရာကြီးများမှာ လုပေါင်၏ တစ်ချက်တည်းသော လှုပ်ရှားမှုအောက်တွင် မှင်သက်နေကြမည်ဆိုလျှင် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် အခြားဆရာကြီးများမှာလည်း ဆက်လက် တိုက်ခိုက်ရန် မဝံ့မရဲ ဖြစ်နေကြပုံရသည်။
အကယ်၍ လုပေါင်သည် တစ်ကွက်တည်းနှင့် ဤစမ်းသပ်ပွဲကို အောင်မြင်သွားပါက နောင်တွင် လူများက ဤရလဒ်ကို အသိအမှတ် မပြုဘဲ နေကြပေလိမ့်မည်။ လုပေါင်က ဂရုမစိုက်သော်လည်း ချင်းပိုင်လျဲ့ကမူ လုပေါင်ကို သူ၏ လူတစ်ယောက်ကဲ့သို့ သဘောထားသဖြင့် လုပေါင်အား သူ၏ ခွန်အားကို ပြသနိုင်ရန် အခွင့်အရေး ပေးချင်နေခြင်း ဖြစ်သည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က ငါတို့ တိုက်တုန်းက မင်းက မျောက်ဝံသဏ္ဌာန် တိုက်ကွက်ကို သုံးခဲ့တာလေ။ အခု ပြန်ပြီး လက်ရည်စမ်းကြစို့။"
ချင်းပိုင်လျဲ့က သူ၏ လက်ကောက်ဝတ်ကို လှည့်ရင်း ပြုံးလျက် ပြောလိုက်သည်။ သူသည် လုပေါင်ပေးသော သစ်သီးကို စားပြီးကာစ ဖြစ်သဖြင့် ခန္ဓာကိုယ်ထဲမှ အဆိပ်များ အားလုံး ကင်းစင်နေပြီ ဖြစ်သည်။ အတွင်းဒဏ်ရာများ ပျောက်ကင်းသွားသဖြင့် ချင်းပိုင်လျဲ့သည် ကိုယ်လက်လှုပ်ရှားရန် အဆင်သင့် ဖြစ်နေသည်။
ချင်းပိုင်လျဲ့မှာ သူနှင့် ရင်းနှီးသူ ဖြစ်သောကြောင့် လုပေါင်သည် ကိုယ်စောင့်အကာအကွယ် ဖြင့် သူ့ကို ပြန်ကန်ထွက်သွားအောင် လုပ်လျှင် ရိုင်းပျရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် လုပေါင်သည် ပြုံးလျက် ခေါင်းညိတ်ကာ မျောက်ဝံသဏ္ဌာန် တိုက်ကွက်၏ အနေအထားကို ယူလိုက်သည်။
လုပေါင်သည် ယခင်တိုက်ပွဲမှ ချင်းပိုင်လျဲ့၏ အံ့သြဖွယ် ခွန်အားကို ကောင်းကောင်း မှတ်မိနေသည်။ ယခုအချိန်သည် သူ၏ တိုးတက်မှုကို စမ်းသပ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
"ဒါဆိုရင်တော့ ကျွန်တော် အစွမ်းကုန် တိုက်တော့မယ်နော်။"
လုပေါင်က အားရပါးရ ရယ်မောရင်း ချင်းပိုင်လျဲ့ကို ကြည့်လိုက်သည်။ ချင်းပိုင်လျဲ့က ခေါင်းညိတ်ပြကာ အသင့်ပြင်လိုက်သည်။
ထိုစဉ် လုပေါင်သည် ချင်းပိုင်လျဲ့ထံသို့ အရှိန်ဖြင့် ပြေးဝင်သွားပြီး လက်ဝါးဖြင့် ရိုက်လိုက်သည်။
"အချိန်ကိုက်ပဲ။"
ချင်းပိုင်လျဲ့၏ မျက်လုံးများ လင်းလက်သွားပြီး လက်သီးဖြင့် တုံ့ပြန်လိုက်သည်။
လက်သီးနှင့် လက်ဝါး ထိတွေ့သွားသောအခါ ချင်းပိုင်လျဲ့၏ မျက်နှာမှ အပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အံ့သြတုန်လှုပ်မှုများဖြင့် အစားထိုးသွားသည်။
"ဘုန်း"
လူတိုင်းသည် ထိတွေ့သံကို ကြားလိုက်ရပြီး ထိုနေရာမှ လေလှိုင်းအနည်းငယ်ပင် ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် ချင်းပိုင်လျဲ့၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့သည်။
"အဘိုးကြီးချင်း"
စင်အောက်မှ ကြည့်နေသော ပေါင်ရှင်းကျီသည် ထိတ်လန့်သွားပြီး ချင်းပိုင်လျဲ့ မြေပြင်ပေါ်သို့ မကျမီ လက်ဖြင့် လှမ်းဖမ်းလိုက်သည်။
ချင်းပိုင်လျဲ့သည် ပေါင်ရှင်းကျီ၏ လက်ထဲတွင် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။ သစ်သီးစားပြီး နီမြန်းနေသော သူ၏ မျက်နှာမှာ ယခုအခါ ဖြူဖျော့သွားတော့သည်။
"အာ... ဒါက..."
စင်ပေါ်မှ လုပေါင်သည် သူ၏ တိုက်ကွက်ကို ပြန်ရုပ်သိမ်းရင်း ပါးစပ်အဟောင်းသားဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။
'ဒီဆရာကြီးက... ဒီလောက်တောင် အားနည်းတာလား။'
စနစ် ဆီမှ သူရရှိထားသော ကျင့်စဉ်များတွင် ၎င်းတို့ကို အသုံးပြုရန် လိုအပ်သော ချီစွမ်းအား'များလည်း ပါဝင်နေသည်ကို လုပေါင် မသိပေ။ ထို့ပြင် ထိုကျင့်စဉ်များမှာလည်း ဆရာကြီးအဆင့် ကျင့်စဉ်များ ဖြစ်ကြသည်။ သူစားခဲ့သော နှစ်တစ်ထောင် သစ်သီးများနှင့် အခြားရတနာများကြောင့် သူ၏ ကိုယ်ထဲမှ ချီစွမ်းအားမှာ သာမန် ဆရာကြီးတစ်ယောက်ထက် အဆပေါင်းများစွာ ပိုမို များပြားနေခြင်း ဖြစ်သည်။
မျောက်ဝံသဏ္ဌာန် တိုက်ကွက်သည် ချီစွမ်းအားကို အခြေခံသဖြင့် လုပေါင်၏ အစွမ်းကုန် လက်ဝါးရိုက်ချက်ကို သာမန် ဆရာကြီးတစ်ယောက်အနေဖြင့် တားဆီးရန် မဖြစ်နိုင်ပေ။ ထို့ပြင် ချင်းပိုင်လျဲ့သည် အပူပေးသည့် အနေဖြင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အစွမ်းကုန် မသုံးခဲ့သလို ခုခံရန်လည်း မစဉ်းစားခဲ့ပေ။
သို့သော် ဤလက်ဝါးရိုက်ချက်၏ မြင်ကွင်းမှာ ယခင်အဘိုးကြီးနှင့် တိုက်ပွဲထက် များစွာ ပိုမို အားကောင်းလှသည်။ တိုက်ပွဲကို ပြုံးကြည့်နေသော နတ်ဆရာကြီးပင်လျှင် ယခုမြင်ကွင်းကြောင့် မျက်နှာ အနည်းငယ် တွန့်သွားရတော့သည်။
အခန်း ၂၉၂- သရုပ်ဆောင်နေတာလား။
အချိန်အတော်ကြာပြီးနောက် ပေါင်ရှင်းကျီ က သူ၏အတွင်းအားကို အသုံးပြု၍ ချင်းပိုင်လျဲ့၏ အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိပေးပြီးမှသာ ချင်းပိုင်လျဲ့သည် အပြည့်အဝ နိုးကြားလာတော့သည်။
“မင်း...ဒီကောင်လေး မင်း ဘယ်တုန်းက ဒီလောက်တောင် ကြမ်းသွားတာလဲ...”
ချင်းပိုင်လျဲ့သည် ခေါင်းမော့ကြည့်ကာ စင်ပေါ်တွင် အနည်းငယ် စိုးရိမ်နေပုံရသော လုပေါင်ကို ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ ပြီးခဲ့သည့် တစ်ခေါက်က လုပေါင်၏ ခွန်အားမှာ သူထိန်းချုပ်နိုင်သော အတိုင်းအတာအတွင်းသာ ရှိသေးသည်ကို သူကောင်းကောင်း မှတ်မိနေသည်။ စင်ပေါ်တက်လာစဉ်က လုပေါင် မည်မျှပင် တိုးတက်နေပါစေ အလွန်ဆုံး သူနှင့် အဆင့်တူလောက်သာ ရှိမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ဘယ်သူသိမှာလဲ... ဤမျှအထိ ကြမ်းတမ်းလိမ့်မည်ဟု။
“ဟေး... အဘိုးကြီးချင်း နောက်တစ်လုံး ထပ်စားလိုက်ဦး။”
လုပေါင် ခေတ္တမျှ မှင်သက်သွားပြီးနောက် နောက်ထပ် သစ်သီးတစ်လုံးကို ထပ်မံ ပစ်ပေးလိုက်သည်။ လုပေါင်သည် ဤသစ်သီးလေးများကို ကြိုးကြာဆီမှ ဆယ်လုံးခန့်ရရှိထားခြင်း ဖြစ်သဖြင့် နောက်ထပ် တစ်လုံးပေးလိုက်ရခြင်းမှာ သူ့အတွက် မနှမြောလှပေ။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် လက်လွန်ပြီး ဒဏ်ရာရအောင် လုပ်မိသွားခြင်း ဖြစ်သဖြင့် ချင်းပိုင်လျဲ့၏ ပုံစံကို ကြည့်ပြီး လုပေါင် အနည်းငယ် အားနာသွားမိသည်။
ချင်းပိုင်လျဲ့သည် ထိုသစ်သီးကို ကြည့်ကာ တံတွေးတစ်ချက် မျိုချလိုက်ပြီး စားရန် ဝန်လေးနေသဖြင့် အိတ်ထဲသို့သာ ထည့်လိုက်သည်။
“ဘာဖြစ်လို့လဲ။”
ချင်းပိုင်လျဲ့ မစားသည်ကို မြင်သောအခါ လုပေါင်က နားမလည်သလို မျက်တောင်ခတ်ကာ မေးလိုက်သည်။
“ဒီအရာက အရမ်းတန်ဖိုးကြီးတယ်။ ငါ့ဒဏ်ရာက ပြန်သွားပြီး နားလိုက်ရင် နောက်ခြောက်လလောက်ဆို ပျောက်သွားမှာပါ။ ဘာမှမဖြစ်ပါဘူး။”
ချင်းပိုင်လျဲ့က မတ်တတ်ရပ်ကာ လက်ခါပြသည်။ သို့သော် သူလက်ခါလိုက်စဉ်မှာပင် သူ၏လက်ဝါးထဲသို့ တစ်စုံတစ်ခု ရောက်လာပြန်သည်။ သူကြည့်လိုက်တော့ နောက်ထပ် သစ်သီးတစ်လုံး ဖြစ်နေပြန်သည်။
“စားရမှာသာ စားစမ်းပါ။ ကျွန်တော့်ဆီမှာ ဒါမျိုးတွေ အများကြီး ရှိတယ်။ မုန့်လို သဘောထားပြီးသာ စားလိုက်။”
လုပေါင်က ပုခုံးတွန့်ကာ ပြောလိုက်သည်။ သူ၏ ခွန်အားကို မထိန်းချုပ်နိုင်ဘဲ ချင်းပိုင်လျဲ့ကို ခြောက်လလောက် ဒဏ်ရာနာကျင်မှု ခံစားရစေမည်ဟု တွေးမိသောအခါ သူ စိတ်ထဲတွင် တကယ်ပင် မကောင်းဖြစ်မိသောကြောင့် ဖြစ်သည်။
ချင်းပိုင်လျဲ့မှာ မျက်လုံးပြူးသွားပြီး သူ၏လက်ထဲမှ သစ်သီးကို ကြည့်လိုက် လုပေါင်ကို ကြည့်လိုက်နှင့် ဘာပြောရမှန်းပင် မသိတော့ပေ။ .
‘တောက်.. မင်းဆီမှာ မျိုးသုဉ်းသွားပြီလို့ ထင်ရတဲ့ ဒီလို ထိပ်တန်းရတနာတွေ ဒီလောက်တောင် များနေတာလား။’
ချင်းပိုင်လျဲ့ တစ်ယောက်တည်းတင် မဟုတ်ဘဲ နတ်ဆရာကြီး အပါအဝင် ရှိနေသူအားလုံးမှာ လုံးဝ မှင်သက်သွားကြသည်။
“သူပြောတာ အတည်ပဲ။ ဒီကောင်လေးဆီမှာ ရှိတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက ခင်ဗျားတို့ဂိုဏ်းနဲ့ ငါ့ဂိုဏ်း နှစ်ခုပေါင်းထားတဲ့ ဘဏ္ဍာတိုက်ထက်တောင် ပိုတန်ဖိုးရှိဦးမယ်။ စားသာစားလိုက်ပါ။”
ဘေးရှိ ပေါင်ရှင်းကျီက ကံကြမ္မာကို လက်ခံလိုက်သကဲ့သို့ သက်ပြင်းချရင်း ချင်းပိုင်လျဲ့၏ ကျောကို ပုတ်ကာ ပြောလိုက်သည်။ ချင်းပိုင်လျဲ့သည် တံတွေးတစ်ချက် မျိုချကာ နောက်ဆုံးတွင် သစ်သီးကို စားလိုက်ပြီး သူ၏ အသက်ရှူနှုန်းကို ပြန်လည် ထိန်းညှိရန် နေရာတွင် ပြန်ထိုင်လိုက်သည်။
“ဒီလူက... ဘယ်လို နောက်ခံမျိုး ရှိတာလဲ။”
“ငါလည်း မသိဘူး။ သူ့ရဲ့ ခွန်အားနဲ့ဆိုရင် နဂါးကျားတောင်က နတ်ဆရာကြီးတောင် ယှဉ်ဖို့ ခက်ဦးမယ် ထင်တယ်...”
“တကယ်လား။ သူက ငါ့ထက်တောင် ငယ်သေးပုံရတယ်...”
မလှမ်းမကမ်းတွင် တိုက်ပွဲကို ကြည့်နေကြသော လူငယ်ပညာရှင်များမှာ အံ့သြတုန်လှုပ်သော မျက်နှာများဖြင့် တီးတိုး ဆွေးနွေးနေကြသည်။
ကျိုးထျန်းသည် စင်အစွန်းတွင် ရပ်နေရင်း သူ၏ အပြုံးမှာ တောင့်တင်းနေတော့သည်။ လုပေါင် သန်မာမှန်း သူသိသော်လည်း ဤမျှအထိ သန်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဆရာကြီးအဆင့် မရောက်သေးသော ထိုပညာရှင်များမှာ လက်တွေ့တိုက်ပွဲ အတတ်ပညာများကို လေ့လာရန် မျှော်လင့်ထားကြသော်လည်း ဤကဲ့သို့ တစ်ဖက်သတ် အပြတ်အသတ် ရှုံးနိမ့်နေသော တိုက်ပွဲမျိုးမှ ဘာကို သင်ယူနိုင်မည်နည်း။ သူတို့ ဘာမှ မသင်ယူနိုင်ကြပေ။
“ကဲ... အားလုံးပဲ ကျွန်တော်က လက်တွေ့တိုက်ပွဲ သိပ်မလုပ်ဖြစ်တော့ ခွန်အားကို သိပ်မထိန်းနိုင်ခဲ့ဘူး။ နောက်ပိုင်းကျရင်တော့ ဒါမျိုး ထပ်မဖြစ်စေရပါဘူး။”
ချင်းပိုင်လျဲ့ နေရာတွင် ပြန်ထိုင်သွားသည်ကို မြင်သောအခါ လုပေါင်က စင်အလယ်သို့ ပြန်သွားပြီး ဆရာကြီးများ အုပ်စုကို ပြုံးလျက် ပြောလိုက်သည်။
ထိုအခိုက်တွင် လုပေါင်သည် ရင်းနှီးသော အကြည့်များကို ပြန်လည် ခံစားလိုက်ရသည်။ ယခင်က ချီလင်လေးကို ပိုက်ထားစဉ်က လူတိုင်း သူ့ကို ဤကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်ခဲ့ကြသည်။ ယခု လုပေါင် စင်ပေါ်တွင် ရပ်နေစဉ် သူကြည့်လိုက်သော ဆရာကြီးတိုင်းမှာ အကြည့်ချင်း မဆုံရဲဘဲ တိတ်တဆိတ် ခေါင်းငုံ့သွားကြသည် သို့မဟုတ် အခြားတစ်ဖက်သို့ လွှဲကြည့်သွားကြသည်။
“အဟမ်း... ဟေး လုပေါင်မင်းကို စမ်းသပ်ချင်တဲ့သူ မရှိတော့ဘူး ထင်တယ်။ စင်ပေါ်က ဆင်းလာခဲ့ပါလား။ ငါတို့အားလုံး မင်းကို တညီတညွတ်တည်း အောင်မြင်အောင် မဲပေးလိုက်ပါ့မယ်။ ဘာပြဿနာမှ မရှိဘူး။”
စင်အောက်ရှိ နတ်ဆရာကြီးနှင့် ရင်းနှီးသော တာအိုဘုန်းကြီး အိုကြီးတစ်ပါးက လုပေါင်ကို မော့ကြည့်ကာ ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်သည်။
“မလုပ်ပါနဲ့ ခင်ဗျားတို့က ကျွန်တော်နဲ့ မတိုက်ဘဲ အကုန်လုံးက သဘောတူလိုက်ရင် ကျွန်တော်က အလကားရတဲ့ ဆရာကြီးတစ်ယောက်လို ဖြစ်မနေဘူးလား။”
လုပေါင်က မျက်လုံးပြူးကာ ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ စကားမှာ အမှန်ပင် ဖြစ်သည်။ ယခင် ဆရာကြီး စမ်းသပ်ပွဲများတွင် ဆရာကြီးများမှာ တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်ကာ လက်ရည်စမ်းလေ့ ရှိကြသည်။ သို့သော် ထိုသို့လုပ်ရန်မှာ အားလုံးက အဆင့်တူလောက် ဖြစ်နေမှသာ ရပေမည်။ လုပေါင်မှာမူ အလွန်ပင် ထူးခြားလွန်းနေသည်။
ချင်းပိုင်လျဲ့ဆိုသည်မှာ မည်သူနည်း။နွားသိုးခွန်အား၏ တရားဝင် ဆက်ခံသူ ဖြစ်သည်။သူ၏ အင်အားနှင့် တိုက်ပွဲအတွေ့အကြုံမှာ ဆရာကြီးများထဲတွင် ထိပ်တန်းမဟုတ်လျှင်ပင် အလယ်အဆင့်ထက် များစွာ သာလွန်သည်။ သို့သော် သူပင်လျှင် လုပေါင်၏ တစ်ချက်တည်းသော လက်ဝါးရိုက်ချက်အောက်တွင် ဒဏ်ရာရသွားရသည်။ ထိုအခြေအနေတွင် မည်သူက စင်ပေါ်တက်ပြီး အနာခံချင်မည်နည်း။
“မဟုတ်ပါဘူး... မင်းရဲ့ အဆင့်က ဒီလောက်တောင် ဖြစ်နေပြီဆိုတော့ ထပ်ပြီး စမ်းသပ်နေစရာ မလိုတော့ဘူးလို့ ထင်တာပါ...”
တာအိုဘုန်းကြီး အိုကြီးမှာ ခေတ္တ မှင်သက်သွားပြီးနောက် ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်သည်။ သူပြောရင်း နတ်ဆရာကြီးထံသို့ မျက်ရိပ်ပြကာ အကူအညီ တောင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ ဆရာကြီးများ ဖြစ်ကြသလို လူငယ်များလည်း ကြည့်နေကြသည် မဟုတ်ပါလား။ ရှုံးနိမ့်မှုကို တိုက်ရိုက် ဝန်ခံလိုက်ခြင်းမှာ သူတို့အတွက် အရှက်ရစရာ ဖြစ်နေသည်။
“လုပေါင်... မင်းရဲ့ ခွန်အားကို လုံလုံလောက်လောက် ပြသပြီးပါပြီ။ တစ်ယောက်ချင်းစီရဲ့ သဘောထားကို မေးကြည့်လိုက်ပါ။ အားလုံးက သဘောတူရင် ဒီကိစ္စက အောင်မြင်ပြီလို့ သတ်မှတ်လို့ ရပါတယ်။”
နတ်ဆရာကြီးကလည်း လုပေါင်ကို မော့ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ ဆရာကြီးအိုကြီး၏ စကားကို ကြားသောအခါ လုပေါင်လည်း ဘာမှ ထပ်မပြောတော့ပေ။
အမှန်စင်စစ် သူသည် အခြားသူများက သူ့ကို ဆရာကြီးအဖြစ် မည်သို့ မြင်သည်ကို ဂရုမစိုက်ပေ။ သူ၏ ခွန်အားမှာ သိသာထင်ရှားလှပြီး မကျေနပ်သူရှိလျှင် တက်လာပြီး စမ်းကြည့်ရုံသာ ရှိသည်။ သူသည် မိမိကိုယ်မိမိ အလွန်ပင် စွမ်းအားကြီးနေမှန်း သိသွားသဖြင့် ဤဆရာကြီးများကို သုံး၍ သူ၏ အတတ်ပညာများကို လေ့ကျင့်ရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူသည် အပြင်လောကတွင် ကြိုးကြာသို့မဟုတ် တောင်ပံပါသော မြွေကဲ့သို့သော လူမဟုတ်သော သတ္တဝါများနှင့်သာ တွေ့ရလေ့ရှိပြီး သူ၏ စွမ်းအားကို ပြသရန် အခွင့်အရေး မရခဲ့ပေ။
အကယ်၍ လုပေါင်က ဆရာကြီးများကို လေ့ကျင့်ဖော်အဖြစ် သုံးရန် ကြံစည်နေမှန်းသာ သိသွားလျှင် ထိုလူများမှာ ထိတ်လန့်သွားကြပေလိမ့်မည်...။
“ဟေး... ခင်ဗျား ကျွန်တော် ဆရာကြီးဖြစ်လာမှာကို သဘောတူလား။”
ထိုအခိုက်တွင် လုပေါင်သည် လက်ကို မြှောက်ကာ ဘယ်ဘက်အစွန်ဆုံးမှ ဆရာကြီးကို ညွှန်ပြကာ မေးလိုက်သည်။ ထိုဆရာကြီးမှာ ကြက်ကလေး ဆန်ကောက်သကဲ့သို့ ခေါင်းကို တရစပ် ညိတ်ပြကာ မည်သည့် ကန့်ကွက်မှုမျှ မရှိကြောင်း ပြသလိုက်သည်။ ထိုဆရာကြီးမှာ ယခင်က ချင်းပိုင်လျဲ့နှင့် သဘောထား ကွဲလွဲပြီး ချင်းပိုင်လျဲ့၏ ဆုံးမခြင်းကို ခံခဲ့ရဖူးသူ ဖြစ်သည်။ ချင်းပိုင်လျဲ့ပင် လုပေါင်၏ လက်အောက်တွင် ချက်ချင်း ရှုံးနိမ့်သွားသည်ကို မြင်သောအခါ လုပေါင်က သူ့ကို စင်ပေါ်ခေါ်ပြီး လေ့ကျင့်မည်ကို သူ အလွန် ကြောက်နေတော့သည်။
“ခင်ဗျားရော။”
လုပေါင်က နောက်တစ်ယောက်ကို လက်ညှိုးပြောင်းကာ မေးလိုက်သည်။
“ဆရာကြီးလုရဲ့ ခွန်အားကို ကျွန်တော် မျက်မြင်တွေ့ခဲ့ရပါပြီ။ ကျွန်တော့်မှာ ကန့်ကွက်စရာ မရှိပါဘူး။”
ဤဆရာကြီးမှာမူ ပို၍ တည်ငြိမ်ပြီး မှတ်တမ်းတင်နေသော ကျိုးထျန်းကို ညင်သာစွာ ပြောလိုက်သည်။
“ခင်ဗျား... ခင်ဗျား... ပြီးတော့ ခင်ဗျား...”
ထို့နောက် ကွင်းအတွင်း၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။ လူငယ်တစ်ယောက်မှာ စင်အလယ်တွင် ရပ်နေပြီး ဆရာကြီးများကို တစ်ယောက်ပြီးတစ်ယောက် လက်ညှိုးလိုက်ထိုးနေသည်။ ထိုဆရာကြီးများမှာလည်း မည်သည့် ကန့်ကွက်မှုမျှ မပြရဲဘဲ သူ့ကိုသာ အဆက်မပြတ် ချီးမွမ်းနေကြတော့သည်...။
မကြာမီ လုပေါင်၏ လက်ညှိုးမှာ နောက်ဆုံးတစ်ယောက်ထံသို့ ရောက်သွားသည်။ ဤသူမှာ အနက်ရောင် ဝတ်စုံကျပ်ကို ဝတ်ဆင်ထားပြီး မောက်မာသော အမူအရာ ရှိသည်။ လုပေါင်က သူ့ကို လက်ညှိုးထိုးလိုက်သောအခါ သူသည် နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
“မင်းနဲ့ ချင်းပိုင်လျဲ့က တော်တော်လေး ကောင်းကောင်း သရုပ်ဆောင်ပြသွားတာပဲ။ ဒါပေမဲ့ သရုပ်ဆောင်တာက နည်းနည်းတော့ လွန်နေပြီ။ မင်းမှာ တကယ့် အရည်အချင်း ရှိမရှိ ငါ ကိုယ်တိုင် တက်စမ်းမယ်။”
သူသည် အေးစက်စွာ နှာခေါင်းရှုံ့ရင်း မတ်တတ်ရပ်လိုက်ပြီး လူအုပ်ကို မောက်မာစွာ ဝေ့ကြည့်လိုက်သည်။
“အားလုံးရဲ့ စွမ်းဆောင်ရည်က ငါ့ကို တော်တော် စိတ်ပျက်စေတယ်။ ဒီလောက် သိသာထင်ရှားတဲ့ သရုပ်ဆောင်ကွက်ကို ခင်ဗျားတို့က ကြောက်နေကြတယ်ပေါ့။”
သူ့အမြင်တွင် ထိုသစ်သီးမှာ အတုသာ ဖြစ်ရမည်။ ချင်းပိုင်လျဲ့သည် ဒဏ်ရာရဟန်ဆောင်ပြီး သစ်သီးစားကာ ပြန်ကောင်းသွားသလို ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ ဤကောင်လေးဆီတွင် ဤမျှ တန်ဖိုးကြီးသော ရတနာများ မည်သို့ ရှိနိုင်မည်နည်း။ ထို့ပြင် ဤကောင်လေး၏ ကိုယ်ဟန်မှာ အားနည်းချက်များဖြင့် ပြည့်နှက်နေသည်။ သူက ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်မှာလဲ။
ဆရာကြီးအားလုံးက ရှုံးနိမ့်မှုကို ဝန်ခံနေကြချိန်မှာ ငါသာ စင်ပေါ်တက်ပြီး သူ့ကို နှိမ်လိုက်ရင် ငါကပဲ လူအများရဲ့ အာရုံစိုက်မှုကို ရမှာပဲ။ ထိုသို့ တွေးတောရင်း သူသည် ယုံကြည်မှု အပြည့်ဖြင့် စင်ပေါ်သို့ ခုန်တက်လိုက်တော့သည်။