အခန်း (၂၉၉-၃၀၀)
Vol. 30 Ch. 299-300 - final
အခန်း ၂၉၉- ဆုလာဘ်- လိပ်နက်၏ စွမ်းအား။
Live လွှင့်နေသည်မှာ ပြတ်တောက်သွားသည်ကို မြင်လိုက်ရုံနှင့် ဆာဗာမှာ နောက်တစ်ကြိမ် ထပ်မံ ပျက်ကျသွားပြီမှန်း လုပေါင် သိလိုက်သည်။ ကံကောင်းထောက်မစွာပင် ထိုသန်းနှင့်ချီသော လူများ၏ ယုံကြည်မှုစွမ်းအားကြောင့် မြွေနက်ကြီးမှာ ၎င်း၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ရာ ယခုအချိန်တွင် လိုင်းပြတ်သွားခြင်းမှာ သိပ်ပြဿနာ မရှိတော့ပေ။
“ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ ဒီလောက်များပြားတဲ့ ယုံကြည်မှုစွမ်းအားတွေ ဒီမှာ လာစုနေရတာလဲ။”
ထိုအခိုက်တွင် လိပ်နက်ကြီး၏ ကိုယ်ပေါ်၌ ရစ်ပတ်ထားသော မြွေနက်ကြီး၏ မျက်လုံးများတွင် အံ့သြရိပ်များ ပေါ်နေသည်။ လိပ်နက်ကြီးက မြွေနက်ကြီး သတိမေ့နေစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသောအခါ မြွေနက်ကြီးသည် လိပ်နက်ကြီး၏ ဦးခေါင်းပေါ်တွင် ရပ်နေသော လုပေါင်ကို လှမ်းကြည့်လိုက်သည်။
“ခင်ဗျား ဘယ်လိုလုပ်လိုက်တယ်ဆိုတာ ကျွန်တော် မသိပေမဲ့ ကျွန်တော့်အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း။”
မြွေနက်ကြီးက လုပေါင်ကို အလေးအနက် ပြောလိုက်သည်။
သို့သော် ၎င်း၏ မျက်လုံးများထဲမှ ကြမ်းတမ်းခက်ထန်သော အရှိန်အဝါကြောင့် လုပေါင်မှာ တစ်ကိုယ်လုံး နေရခက်သလို ခံစားလိုက်ရသည်။ ၎င်းမှာ မြွေနက်ကြီးက တမင်လုပ်ခြင်း မဟုတ်ဘဲ သာမန်မဟုတ်သော သတ္တဝါကြီးတစ်ကောင်၏ သဘာဝအကြည့်မှာပင် လူကို ကျောချမ်းစေရန် လုံလောက်လှသောကြောင့် ဖြစ်သည်။
“ကျေးဇူးတင်စရာ မလိုပါဘူးဗျာ... ကျွန်တော်က ကူညီပေးရုံတင်ပါ။”
လုပေါင်က ပြုံးလျက် လက်ခါပြလိုက်သည်။ ဤကဲ့သို့သော အချိန်မျိုးတွင် နှိမ့်ချမှု ပြသရန် လိုအပ်သည် မဟုတ်ပါလား။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါတို့ ဒီပင်လယ်ထဲမှာ အိပ်စက်နေခဲ့တာ နှစ်ပေါင်း ထောင်ချီနေပြီ။ အခု နိုးလာပြီဆိုတော့ အပြင်လောကကို ထွက်ကြည့်ဖို့ အချိန်ကောင်းပဲ။”
ထိုအခိုက်တွင် လိပ်နက်ကြီးက ခေါင်းကို ဖြည်းဖြည်းချင်း မြှောက်ကာ မြွေနက်ကြီးနှင့် အကြည့်ချင်းဖလှယ်ပြီး ညင်သာစွာ ပြောလိုက်သည်။ မြွေနက်ကြီးကလည်း လျှာကို တလှုပ်လှုပ်လုပ်ရင်း ပြန်လည် တုံ့ပြန်သည်။
ယခုအခါ Live လည်း ပြတ်သွားပြီ ဖြစ်သဖြင့် လုပေါင်မှာ မြွေလိပ်နက်ကြီး၏ ဦးခေါင်းပေါ်တွင် စတိုင်ထုတ်နေရန် မလိုတော့ပေ။ သူသည် ရေအောက်သို့ ဆင်းကူးကာ သူတို့ရှေ့တွင် သွားရပ်လိုက်သည်။
“ခင်ဗျားက တာအိုကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်။ ဟုတ်တယ်မလား။”
မြွေနက်ကြီးက လုပေါင်ကို ကြည့်ကာ ညင်သာစွာ မေးလိုက်သည်။ လုပေါင်မှာ နားမလည်သလို မျက်တောင်ခတ်လိုက်မိသည်။ တာအိုကျင့်ကြံသူဆိုသည်မှာ ဘာကို ဆိုလိုမှန်း သူ သေချာ မသိပေ။ သို့သော် သူသည် ယခုအခါ ကောင်းကင်နှင့် ပင်လယ်ကို ဖြတ်သန်းနိုင်ပြီး သာမန်လူနှင့် အလွန်ကွာခြားနေပြီ ဖြစ်သဖြင့် မိမိကိုယ်ကို တာအိုကျင့်ကြံသူဟု ခေါ်ဝေါ်ခြင်းမှာ သိပ်တော့ လွဲမည်မထင်ပေ။ ထို့ကြောင့် လုပေါင်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
“ခင်ဗျားက ဒီတစ်ခေါက် ငါ့အသက်ကို ကယ်ခဲ့တာဆိုတော့ ငါတို့မှာ ပြန်ပေးဆပ်စရာ သိပ်မရှိဘူး။ ခင်ဗျားရဲ့ ဘေးကင်းလုံခြုံရေးအတွက် ငါတို့ ခင်ဗျားနောက်ကို နှစ်ပေါင်း တစ်ရာ လိုက်ပါစောင့်ရှောက်ပေးပါ့မယ်။”
လုပေါင် ခေါင်းညိတ်သည်ကို မြင်သောအခါ မြွေနက်ကြီးက ဆက်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် လုပေါင်၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားတော့သည်။ လုပေါင်သည် လိပ်နက်ကြီး၏ စွမ်းအားကို စောစောက မြင်တွေ့ခဲ့ရပြီးပြီ ခန္ဓာကိုယ်ကို အသာအယာ လှုပ်ယမ်းလိုက်ရုံနှင့်ပင် အကြီးစား ငလျင်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ မြွေနက်ကြီးမှာမူ လိပ်နက်နှင့်အတူ ရှိနေပြီး မြွေမှာ သဘာဝအရ လိပ်ထက် ပိုမို သန်မာတတ်သဖြင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လိပ်နက်ထက် သေချာပေါက် ပိုသာပေလိမ့်မည်။
လုပေါင် ထင်သည်မှာ မမှားပေ။ သူတို့နှစ်ဦး တိုက်ခိုက်ရာတွင် လိပ်နက်က ခုခံရေးကို အဓိကထားပြီး မြွေနက်ကြီးက တိုက်စစ်ကို အဓိကထားသည်။ ဤနတ်ဘုရားကြီး နှစ်ပါး သူ၏ ဘေးတွင် နှစ်ပေါင်း တစ်ရာ ရှိနေမည်ဆိုပါက ကမ္ဘာပေါ်တွင် သူ သွား၍မရသော နေရာဟူ၍ ရှိတော့မည် မဟုတ်ပေ။
“ကောင်းပါပြီ။ နှစ်ဦးလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။”
လုပေါင်သည် ဖုံးကွယ်မရသော ဝမ်းသာရိပ်များဖြင့် လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်သည်။
“ကျေးဇူးတင်စရာ မလိုပါဘူး။ ကျေးဇူးတင်ရမှာက ငါတို့ပါ။”
လိပ်နက်ကြီး၏ မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး ညင်သာစွာ ပြောလိုက်သည်။ လုပေါင်သည် မြွေနက်ကြီးကို ကယ်တင်ခဲ့သော်လည်း သူတို့နှစ်ဦးမှာ တစ်ကိုယ်တည်းကဲ့သို့ ဖြစ်နေသဖြင့် ၎င်း၏ ကျေးဇူးတင်ရှိမှုမှာလည်း အပြည့်အဝပင် ဖြစ်သည်။
“ကျွန်တော် ခုနက ခင်ဗျားတို့အတွက် ယုံကြည်မှုစွမ်းအားတွေ အများကြီး စုစည်းပေးလိုက်ရလို့ ခဏလောက် အနားယူဖို့ လိုတယ်။ ကျွန်တော် ပြန်ကောင်းလာပြီဆိုတာနဲ့ သွားကြတာပေါ့။”
လုပေါင်က စိတ်လှုပ်ရှားစွာ ပြုံးလျက် ပြောလိုက်သည်။
ယုံကြည်မှုစွမ်းအားများကို ဆင့်ခေါ်လိုက်ရသဖြင့် လုပေါင်မှာ အင်အားကုန်ခမ်းသွားသည်ဟု ကြားသောအခါ လိပ်နက်ကြီး၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ပေါ်လာသည်။ အမှန်စင်စစ် ဤဆင်ခြေမှာ လုပေါင်အတွက် ဤနေရာတွင် တာဝန်ကိုအောင်မြင်စွာ လုပ်နိုင်ရန်သာ ဖြစ်သည်။
ပြောပြီးသည်နှင့် လုပေါင်သည် ဂူထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ၏ ပင်လယ်ဘုရင် ခန္ဓာကိုယ်ကြောင့် ရေအောက်တွင် နေရခြင်းမှာ သူ့အတွက် ဘာမှ မဟုတ်ပေ။
လုပေါင် အနားယူနေစဉ်မှာပင် မြွေလိပ်နက်ကြီးသည် ပါးစပ်ကို အသာဟကာ ထူးဆန်းသော အဝါရောင် အရှိန်အဝါများကို မှုတ်ထုတ်လိုက်ရာ လုပေါင်အား လုံးဝ ဖုံးလွှမ်းသွားတော့သည်။ ဤအရှိန်အဝါများမှာ အလွန် အဖိုးတန်ပြီး နတ်ဘုရားသတ္တဝါကြီး၏ အသက်ရှူသံ တစ်ချက်မှာပင် အာဟာရဓာတ် အလွန်ပြည့်ဝသော ဆေးလုံးတစ်လုံးနှင့် တူညီလှသည်။
လုပေါင်သည် သူ၏ ကျင့်စဉ်ကို အသက်သွင်းလိုက်သောအခါ ယနေ့ တစ်မိနစ် ကျင့်ကြံခြင်းမှာ ယခင်က တစ်ရက်စာ ကျင့်ကြံခြင်းနှင့် ညီမျှနေကြောင်း ခံစားလိုက်ရသည်။ အကြောင်းရင်းကို မသိသော်လည်း လုပေါင်သည် ထိုအခွင့်အရေးကို သုံးကာ ကျင့်စဉ်ကို အရှိန်အဟုန်ဖြင့် လည်ပတ်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် မြွေနက်ကြီးသည်လည်း ၎င်း၏ ပါးစပ်မှ ခရမ်းရောင်ဖျော့ဖျော့ အရှိန်အဝါများကို မှုတ်ထုတ်ကာ လုပေါင်အား ဝန်းရံပေးလိုက်ပြန်သည်။
လုပေါင်မှာ မှင်သက်သွားရသည်။
“တီ ဂုဏ်ယူပါသည်။တာဝန်အောင်မြင်စွာ လုပ်ဆောင်ပြီးပါပြီ။ ဆုလာဘ်- မြွေလိပ်နက်၏ စွမ်းအား။”
ဤကျင့်ကြံမှုအတွင်း နှစ်ရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ယခုအခါ လုပေါင်သည် သူ၏ ကျင့်ကြံမှု အရှိန်မှာ ပုံမှန် ပြန်ဖြစ်သွားကြောင်း ခံစားလိုက်ရသည်။ သူသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ ထိုခဏမှာပင် သူ၏ ခန္ဓာကိုယ်ထဲတွင် အတိုင်းအဆမရှိသော စွမ်းအားများ ပြည့်နှက်နေကြောင်း ခံစားလိုက်ရသည်။
“ဘယ်လိုလဲ။ ပြန်ကောင်းသွားပြီလား။”
လုပေါင် မျက်လုံးဖွင့်သည်နှင့်လိပ်နက်နှင့် မြွေနက်ကြီးတို့က စိုးရိမ်တကြီး မေးလိုက်သည်။ လုပေါင်က ချောင်းတစ်ချက်ဟန့်ကာ ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။
“လုံးဝ ပြန်ကောင်းသွားပါပြီ။”
ထိုထူးဆန်းသော အရှိန်အဝါများ၏ အကူအညီကြောင့် လုပေါင်၏ ချီစွမ်းအားမှာ ဤနှစ်ရက်အတွင်း အနည်းဆုံး နှစ်ဆခန့် တိုးပွားလာခဲ့သည်။ ယခင်ကဆိုလျှင် လုပေါင်သည် ချင်းပိုင်လျဲ့ကို သတိလက်လွတ်ဖြစ်နေချိန်တွင် လက်ဝါးတစ်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ခဲ့သည်။ ယခုမူ ချင်းပိုင်လျဲ့ကို ထားလိုက်ပါ။နတ်ဆရာကြီး ကိုယ်တိုင် လာလျှင်ပင် လုပေါင်၏ အစွမ်းကုန် တိုက်ခိုက်မှုကို တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ကျင့်စဉ်သာမက လိပ်နက်၏ စွမ်းအားကြောင့် လုပေါင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ သူသည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ သူ၏ အောက်ရှိ ကျောက်တုံးကို လက်ဝါးဖြင့် အသာအယာ ဖိလိုက်သည်။
“ဘုန်း”
ရေအောက်တွင် ဖြစ်သဖြင့် စွမ်းအားမှာ ပုံမှန်ထက် လျော့နည်းသင့်သော်လည်း လုပေါင်၏ အသာအယာ ပုတ်လိုက်မှုမှာ မြေပြင်ပေါ်တွင် အနည်းဆုံး တစ်မီတာခန့် နက်သော ကျိုင့်ကြီးတစ်ခု ဖြစ်သွားစေသည်။ ထို့အပြင် ကျိုင့်ခွက်၏ အစွန်းများမှ အက်ကြောင်းများစွာပါ ထွက်ပေါ်လာသည်။ ၎င်းမှာ သူကိုယ်တိုင်၏ စွမ်းအား ဖြစ်သော်လည်း လုပေါင်မှာ ကြည့်ရင်း မှင်သက်နေမိသည်။ ဒါဟာ လူတစ်ယောက် လုပ်နိုင်တဲ့ စွမ်းအားမျိုး ဟုတ်ရဲ့လား။
သို့သော် သူ၏ အံ့သြဖွယ် စွမ်းအားမှာ လိပ်နက်နှင့် မြွေနက်ကြီးတို့အတွက်မူ ပုံမှန်ကိစ္စတစ်ခုကဲ့သို့ပင် ဖြစ်ပြီး သူတို့က တည်ငြိမ်စွာ စိုက်ကြည့်နေကြသည်။
“ဒီလိုလုပ်ရအောင်... ကျွန်တော့် နယ်မြေအနီးက နေရာတစ်ခုကို ခင်ဗျားတို့ကို ပေးမယ်။ ခင်ဗျားတို့ အဲဒီမှာ ကျင့်ကြံနေလို့ ရတယ် တစ်ခုခု ဖြစ်လာရင် ကျွန်တော် လာရှာပါ့မယ်။”
လုပေါင်က မော့ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ သူတို့သည် လုပေါင်၏ စကားကို ငြင်းဆန်ရန် အကြောင်းမရှိပေ။ သူတို့သည် လုပေါင်၏ ကိုယ်ရံတော်များအဖြစ် နေထိုင်ရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သဖြင့် လုပေါင်၏ ညွှန်ကြားချက်ကို လိုက်နာကြပေလိမ့်မည်။
ချက်ချင်းပင် လုပေါင်သည် သူတို့အား ရွှေရောင်ကမ်းခြေ၏ တည်နေရာကို ပြောပြလိုက်တော့သည်။
အခန်း ၃၀၀- ကမ္ဘာ့နံပါတ်တစ် Streamer။(ဇာတ်သိမ်းပိုင်း)
လိပ်နက်ကြီး အစာစားခြင်းကို ရပ်လိုက်သည်နှင့် ပင်လယ်ရေပြင်မှာ ယခင်ကလိုပင် ပြန်လည် တည်ငြိမ်သွားတော့သည်။ သို့သော် ချန်ချုံရှန်းနှင့် အခြားသူများမှာ ထွက်မသွားကြဘဲ လုပေါင်ကိုသာ စောင့်နေကြသည်။ လုပေါင်မှာ ပင်လယ်အောက်ခြေတွင် အသက်အန္တရာယ် မရှိမှန်း သိသော်လည်း သူတို့ကိုယ်တိုင် စေလွှတ်လိုက်ခြင်း ဖြစ်သဖြင့် သူ ဘေးကင်းစွာ ပြန်လာသည်အထိ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထို့အပြင် ယခုအခါ လုပေါင်၏ အကူအညီ လိုအပ်နေသော ပို၍ပင် ကြီးမားသည့် ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသောကြောင့်လည်း ဖြစ်သည်။
ထိုအခိုက်တွင် ရုတ်တရက် ရေပြင်ပေါ်သို့ တစ်စုံတစ်ခု ဝုန်းခနဲ ပေါ်ထွက်လာပြီး ဒုံးပျံတစ်စင်းကဲ့သို့ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ထိုသူမှာ မီတာဆယ််နှင့်ချီသော အမြင့်အထိ ရောက်သွားပြီးမှ သင်္ဘောကုန်းပတ်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လိုက်သည်။ ဤသင်္ဘောမှာ စစ်ဘက်သုံး အဆင့်မြင့်သင်္ဘော ဖြစ်နေ၍ တော်သေးသည်။ မဟုတ်ပါက လုပေါင်၏ ဆင်းသက်မှုဒဏ်ကြောင့် ကုန်းပတ်ကြီး ပွင့်ထွက်သွားပေလိမ့်မည်။ ထိုသို့ ဆင်းသက်လိုက်ချိန်တွင် သင်္ဘောကြီးတစ်ခုလုံးပင် အနည်းငယ် စောင်းသွားရသည်။
စောင့်ကြည့်နေသော စစ်သားများမှာ ထိတ်လန့်တကြား ပြေးလာကြရာ ဆင်းသက်လာသူမှာ လုပေါင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“အဟမ်း... ဆောရီးဗျာ အရှိန်ကို သိပ်မထိန်းနိုင်လိုက်လို့။”
လုပေါင်က ချောင်းတစ်ချက်ဟန့်ကာ ပြုံးလျက် ပြောလိုက်သည်။ သူ ရပ်နေသော နေရာမှာ ပြင်းထန်သော အရှိန်ကြောင့် ကျိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ပြောပြောဆိုဆိုနှင့် လုပေါင်က အသာအယာ ခုန်ထွက်လိုက်သည်။ မြွေလိပ်နက်၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှသဖြင့် ခေတ္တမျှ ကျင့်သားရအောင် လုပ်ထားသော်လည်း သူ၏ စွမ်းအားအရှိန်ကို လုံးဝ မထိန်းချုပ်နိုင်သေးပေ။ စစ်သားများမှာ ဘာပြောရမှန်းမသိဘဲ မှင်သက်ကာ ကြည့်နေကြသည်။ ဤကုန်းပတ်မှာ ဒုံးကျည်ဖြင့် ပစ်လျှင်ပင် မပျက်စီးနိုင်ဟု ဆိုထားသော်လည်း ယခုမူ...။
ခဏအကြာတွင် စစ်သားတစ်ဦးက သတိဝင်လာပြီး လုပေါင်ကို အရိုအသေပေးကာ ပြောသည်။
“ဆရာကြီးလု... ဗိုလ်မှူးကြီးချန်မှာ ခင်ဗျားနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိနေပါတယ်။ အမြန် ကြွပေးပါဦး။”
လုပေါင် နားမလည်သလို မျက်တောင်ခတ်ရင်း ကွပ်ကဲမှု အခန်းထဲသို့ ဝင်သွားသည်။ ထိုနေရာတွင် ချန်ချုံရှန်းနှင့် စစ်ဘက်အရာရှိ ဆယ်ဦးခန့်မှာ စိုးရိမ်တကြီး ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ အဘိုးကြီးချန်။”
လုပေါင်က အနားသို့ လျှောက်သွားကာ တိုးတက်စွာ မေးလိုက်သည်။ သူ၏ အသံကို ကြားသည်နှင့် လူတိုင်းက သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။
ချန်ချုံရှန်းက တည်ကြည်သော မျက်နှာဖြင့် ဘေးမှ အရာရှိတစ်ဦးကို အချက်ပြလိုက်သည်။ ထိုအရာရှိက လက်ရှိ အခြေအနေကို လုပေါင်အား ရှင်းပြလာသည်။ အမှန်စင်စစ် ယခု ငလျင်လှုပ်မှုကြောင့် သတင်းအချက်အလက်များကို ဖုံးကွယ်ထား၍ မရတော့ဘဲ ပြိုင်ဘက် နိုင်ငံခြား အင်အားစုများက သိရှိသွားကြခြင်း ဖြစ်သည်။ ထိုအင်အားစုများသည် အထူးစစ်ဆင်ရေးတပ်ဖွဲ့က ဤကိစ္စကို ကိုင်တွယ်နေရသည့် အခွင့်အရေးကို သုံးကာ နိုင်ငံအသီးသီးမှ ဂုဏ်ထူးဆောင်ဆရာ ပေါင်း တစ်ရာကျော်ကို စုစည်း၍ တိုက်ခိုက်လာကြခြင်း ဖြစ်သည်။
ခေတ်မီ လက်နက်များနှင့် နည်းပညာများ ရှိသော်လည်း အသွားအလာ မြန်ဆန်ပြီး အစွမ်းထက်သော ထိုဆရာကြီးများကို ရင်ဆိုင်ရာတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ပင်လျှင် အနိုင်နိုင် တောင့်ခံနေရသည်။ နိုင်ငံတော် ကိုယ်ခံပညာ ခန်းမမှ ဆရာကြီး ဆယ်ဂဏန်းခန့် စစ်ကူလွှတ်ပေးထားသော်လည်း မတွန်းလှန်နိုင်သေးပေ။
“အခု တောင့်ခံနိုင်တဲ့သူဆိုလို့ နတ်ဆရာကြီး တစ်ယောက်ပဲ ရှိတယ်။ သူက ဆရာကြီး ဆယ်ယောက်ကျော်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်သွားလို့ အခု ဆုတ်ခွာထားရတယ်...”
“နတ်ဆရာကြီးက ဒဏ်ရာရသွားတယ် ဟုတ်လား။”
လုပေါင် မျက်လုံးပြူးသွားသည်။
‘တောက်.. အဘိုးကြီးသာ သေသွားရင် ငါ နဂါးကျားတောင်မှာ သွားပြီး ဆက်ခံရတော့မှာပေါ့။’
“အခု တိုက်ပွဲက ဘယ်မှာလဲ။”
လုပေါင်က ချန်ချုံရှန်းအနားသို့ အမြန်သွားကာ မေးလိုက်သည်။
ချန်ချုံရှန်းက ကမ်းကွေ့တစ်ခုကို လက်ညှိုးညွှန်ပြကာ။
“ဒါက နယ်စပ်အပြင်ဘက်မှာပဲ ရှိသေးတယ်ဒါပေမဲ့ အဲဒီမှာ သူတို့ကို မတားနိုင်ရင် အဲဒီဆရာကြီးတွေ ကျူးကျော်လာရင် ကိုင်တွယ်ရခက်လိမ့်မယ်။”
“ကမ်းကွေ့တစ်ခု ဟုတ်လား။ ဒါဆိုရင်တော့ လွယ်ပါတယ်။ ကျွန်တော့်ကိုသာ လွှတ်ထားလိုက်။”
လုပေါင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ လိပ်နက်ကြီးသာ ရှိနေရင် ဆရာကြီး တစ်ရာမကဘူး တစ်သောင်းရှိရင်တောင် မိနစ်ပိုင်းအတွင်း အပြတ်ရှင်းလို့ ရသည်။ပြောပြောဆိုဆိုနှင့် လုပေါင်သည် ရေထဲသို့ ဒိုင်ဗင်ထိုး ချလိုက်တော့သည်။
ထိုကမ်းကွေ့တွင်။
ပေါင်ရှင်းကျီ၊ ချင်းပိုင်လျဲ့ ဒဏ်ရာပြင်းထန်နေသော နတ်ဆရာကြီးနှင့် အခြားသော ဆရာကြီး ဆယ်ယောက်ကျော်မှာ ကမ်းခြေတစ်ခုတွင် ရပ်နေကြသည်။ သူတို့၏ ပတ်ပတ်လည်တွင် ရန်သူ့အင်အားစုများ စေလွှတ်လိုက်သော နိုင်ငံခြားသား ဆရာကြီး တစ်ရာကျော်က ဝန်းရံထားကြသည်။ သူတို့၏ စခန်း သတင်းအချက်အလက်များ ပေါက်ကြားသွားသဖြင့် အငိုက်မိ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်ရာ ယခုအခါ သေမင်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
“နဂါးကျားတောင်မှာ နတ်ဘုရားဆရာကြီးအသစ် ရှိနေပြီပဲ။ ဒီအဘိုးကြီးကတော့ နောင်တမရဘဲ သေလို့ရပါပြီ။ ဒီသူခိုးတွေကိုတော့ ဒီနေ့ ငါ အနည်းဆုံး ငါးယောက်လောက် သတ်သွားဦးမယ်။”
နတ်ဆရာကြီးက သွားကြိတ်ကာ ပြောလိုက်ရာ သူ၏ တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။
“နှမြောစရာပဲ... ငါ့ရဲ့ နတ်ဘုရားဖြစ်ဖို့ မျှော်လင့်ချက်ကတော့ မဖြစ်နိုင်တော့ဘူးထင်တယ်။ ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီမိစ္ဆာကောင် နှစ်ယောက် သုံးယောက်လောက်ကို သတ်ရတာတော့ ပြဿနာမရှိပါဘူး။”
ပေါင်ရှင်းကျီကလည်း အလျှော့မပေးဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထိုနည်းတူစွာပင် အခြားသော ဆရာကြီးများကလည်း သူတို့၏ ရင်ဘတ်ကို မတ်မတ်ထားလိုက်ကြသည်။ သူတို့သည် ဂုဏ်သိက္ခာရှိသော ဆရာကြီးများ ဖြစ်ကြရာ ဤနိုင်ငံခြားသားများကို အဖတ်မလုပ်ကြပေ။ သေရမည်ဆိုလျှင်ပင် အတူတူ သတ်သွားကြမည်သာ။
သို့သော် လူတိုင်းက သေဖို့အသင့် ပြင်လိုက်ချိန်တွင် ရုတ်တရက် မြေပြင်မှာ တုန်ခါသွားသည်။ ထို့နောက် ဆရာကြီးအားလုံး၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသော အရှိန်အဝါတစ်ခု ရောက်ရှိလာသည်။ တောင်ကုန်းငယ်တစ်ခုခန့် ကြီးမားသော သတ္တဝါကြီးတစ်ကောင်မှာ ပင်လယ်ထဲမှ ဖြည်းဖြည်းချင်း တက်လာပြီး ထိုတောင်ကုန်းပေါ်တွင် တစ်ကီလိုမီတာခန့် ရှည်လျားသော မြွေကြီးတစ်ကောင် ရှိနေသည်။
ထိုမြွေကြီး၏ ဦးခေါင်းပေါ်တွင်မူ ပြုံးရွှင်နေသော လုပေါင် ရပ်နေသည်။
“ငါ့နယ်မြေမှာ ဘယ်သူက လာပြီး ပြဿနာရှာရဲသလဲဆိုတာ ကြည့်ချင်သေးတယ်။”
လုပေါင်က ပြုံးလျက် ကျယ်လောင်စွာ ပြောလိုက်သည်။
ဤတိုက်ပွဲမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ဆရာကြီး တစ်ရာကျော်ထဲမှ တစ်ယောက်မှ လွတ်မသွားဘဲ အားလုံး အပြတ်ရှင်းခံလိုက်ရသည်။ နိုင်ငံခြား အင်အားစု အများအပြားက ဤတရားခံကို အမြစ်ပြတ် သတ်မည်ဟု ကြုံးဝါးခဲ့ကြသည်။ သို့သော် လုပေါင်က ထိုသတင်းများကို ဂရုမစိုက်ပေ။
‘ရတနာနတ်ဘုရားကဘယ်တုန်းက ကြောက်ဖူးလို့လဲ။’
“လာချင်ရင် လာခဲ့လို့ ပြောလိုက်။ ရတနာနတ်ဘုရား စောင့်နေတယ်လို့သာ ပြောလိုက်ပါ။”
ဤသည်မှာ လုပေါင်က သူ့ကို သတိထားရန် ပြောသော ချန်ချုံရှန်းကို တုံ့ပြန်ပြောကြားခဲ့သော စကားဖြစ်သည်။
ရွှေရောင်ကမ်းခြေတွင် လုပေါင်သည် သူရရှိခဲ့သော ကောင်းကင်နှင့်မြေပြင် ရတနာများကို ပြန်လည် စိုက်ပျိုးထားလိုက်သည်။ ရွှေရောင်ကမ်းခြေ တစ်ခုလုံးမှာ ရတနာများ ပေါက်ရောက်ရာ ကျင့်ကြံရေး နယ်မြေတစ်ခု ဖြစ်သွားတော့သည်။
ဤတိုက်ပွဲပြီးနောက် လုပေါင်အား လူအများက တရုတ်ပြည်၏ စစ်နတ်ဘုရား ဟု ဘွဲ့အမည် ပေးခဲ့ကြသည်။ လုပေါင်၏ ဒဏ္ဍာရီများမှာ တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့သွားခဲ့ပြီး သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်လာကြသည်။ သို့သော် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သော ဤစစ်နတ်ဘုရားကြီးမှာမူ လူသားလောကထဲတွင် သူ၏ နောက်ထပ် အထောက်အထားတစ်ခုဖြစ်သော ကမ္ဘာ့နံပါတ်တစ် Streamer- ရတနာနတ်ဘုရား အဖြစ်နှင့် တိတ်တဆိတ် ပျော်မွေ့နေဆဲ ဖြစ်ပါတော့သည်။
ဇာတ်သိမ်းပါပြီ။