လူပျိုလေး
Vol. 28 Ch. 383
ထိုအရာက ထူးဆန်းသောအသံတစ်ခု ဖြစ်သည်။ စုမင်မှတ်ဉာဏ်များထဲတွင်တော့ ထိုအသံမျိုးကို မည်သူပြုလုပ်သည်မှ သူမကြားဖူးပေ။ ၎င်းက တစ်စုံတစ်ယောက် ငိုကြွေးနေသလို အသံမျိုး၊ တစ်စုံတစ်ဦး ညည်းညူနေသလိုမျိုး ဖြစ်သော်လည်း တစ်ချိန်တည်းမှာပဲ ထိုသို့ ဟုတ်မနေပြန်ပေ။
ထိုအသံကိုကြားလိုက်သည်နှင့် သူ့နားထဲတွင် တစ်စုံတစ်ယောက်၏ နူးနူးညံ့ညံ့ အသက်ရှူသံကို ကြားလိုက်သလို ခံစားလိုက်ရပြီး သူ့နှလုံးသားသည်ပင် ပျော့ပျောင်းသွားကာ နှလုံးခုန်သံများက အထိန်းအကွပ်မဲ့ လျင်မြန်လာခဲ့သည်။ အမှန်စင်စစ် သူ့ချီတို့ပင် ပိုမိုလျင်မြန်စွာ လှည့်ပတ်လာခြင်းဖြစ်သည်။
'ဒီနတ်ဘုရားစွမ်းရည်က ဘယ်လိုမျိုးပါလိမ့်'
စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအသံက သူ့ကို လှုံ့ဆော်နေပြီး သူ့ခေါင်းထဲမှာပင် စတင်ရှုပ်ထွေးလာခဲ့သည်။ စုမင်မျက်လုံးထဲတွင် စူးရှသော အကြည့်တစ်ခုပေါ်လာပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
ထို့နောက် သူ့ကိုယ်ထဲရှိ မာန်အရိုးလေးခု၏ သန်မာသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ကိုယ်လုံး ပြည့်နှက်သွားခဲ့သည်။ ၎င်းစွမ်းအားတို့သည် လည်ချောင်းမှတစ်ဆင့် ဖြတ်သန်းလျက် လေစီးကြောင်းတစ်ခုသဖွယ် အသံအဖြစ်ဖြင့် လှိုဏ်ဂူ၏ အပေါက်များစွာမှ တိုးထွက်လာခဲ့သည်။
ထိုအသံသည် မိုးခြိမ်းသံတစ်ခုသဖွယ် ဖြစ်ပြီး စုမင်၏ မူလမာန်အကြောမျှင် အတွင်းမှ လျှပ်စီးစွမ်းအားများ ပါဝင်နေသည်။ ထိုအရာသည် လွန်ခဲ့သော ရက်ပိုင်းအတွင်း လျှပ်စီးစွမ်းအင် ရင်းမြစ်ထံမှ သူဉာဏ်အလင်းပွင့်ခဲ့သော အသံလှိုင်းကို မိုးခြိမ်းသံတစ်ခု သဖွယ် ပြောင်းလဲခြင်းဖြစ်သည်။
လှိုဏ်ဂူထဲမှ သူ့အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်တည်းလိုလိုပင် စုမင်သည် မတ်တပ်ထရပ်လိုက်ပြီး လက်များကို နောက်ပစ်၍ အပြင်သို့ လျှောက်ထွက်လိုက်သည်။ သူ အပြင်ရောက်သည်နှင့် ကောင်းကင်၌ မတ်တပ်ရပ်လျက်သား ဖြစ်နေချေပြီ။ သူသည် အနက်ရောင်မျက်နှာဖုံးတစ်ခု တပ်ဆင်ထားပြီး ဖမ်းစားမရနိုင်သော သူ့မျက်ဝန်းများ၏ နက်ရှိုင်းသော အတွင်းထဲတွင် အလင်းတစ်ဖြာ တဖျပ်ဖျပ် တောက်ပနေ၏။ သူသည် သိပ်မဝေးသော နေရာတွင်ရှိနေသည့် အရောင်ငါးသွယ် မြူခိုးလွှာကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူ့အနီးတစ်ဝိုက် ဧရိယာအတွင်းရှိ လေထုထဲတွင် ချိုမြိန်သော မွှေးရနံ့တစ်ခု ပြည့်နှက်နေသည်။ ထိုမွှေးရနံ့သည် ရှူရှိုက်မိသူတိုင်းကို အလွန်သက်သောင့်သက်သာ ရှိစေသော်လည်း ၎င်းကို အချိန်ကြာကြာ ရှူရှိုက်မိလျင်တော့ သူတို့အတွင်း အင်္ဂါများအားလုံး ပါးစပ်မှ လွတ်မြောက်ချင်သကဲ့သို့ ခံစားချက်မျိုး ရလာပေလိမ့်မည်။
"မင်း ဘယ်သူလဲ" စုမင် မျက်လုံးများကို ကျဉ်းမြောင်းလျက် ဖြည်းဖြည်းချင်း မေးလိုက်သည်။
ကောင်းကင်ယံရှိ တလိပ်လိပ်ထနေသော အရောင်ငါးသွယ် မြူခိုးလွှာအတွင်းမှ မဒမ်ကျိ၏ ညည်းညူသံက စုမင်၏ မိုးခြိမ်းသံကဲ့သို့ အသံကြောင့် ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ ဝါးခမောက်အောက်တွင် ဖုံးကွယ်ထားသော သူမမျက်ဝန်းများအတွင်း တောက်ပသောအကြည့်တစ်ခု ပေါ်လာခဲ့သည်။
"စိတ်ခံစားချက်ကို မသိတဲ့လူပဲ။ မူလကတော့ မင်းကို သာသာယာယာ သေသွားစေချင်ခဲ့တာ။ ဒါပေမယ့် မင်းက ငါ့ကြင်နာမှုကို ကျေးဇူးမတင်မှတော့ မင်းရဲ့ စိတ်ဝိညာဉ် လုံးလုံးလျားလျား ခမ်းခြောက်ပြီးတော့ပဲ သေခိုင်းရတော့မှာပေါ့"
မဒမ်ကျိက တခစ်ခစ် ရယ်မောလိုက်သည်။ စုမင် ပေါ်လာသည်ကို တွေ့သည်နှင့် သူမရင်ထဲရှိ နောက်ဆုံးသော စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စလေးက ပျောက်ကွယ်သွားတော့သည်။ သူမအမြင်တွင် မည်သည့်နှောင်းပိုင်း ရှာမန်နှင့်မှ ထိပ်တိုက်မတွေ့သရွေ့ သူမရွေးချယ်ထားသော ကျင့်ကြံနည်းလမ်းကြောင့် အလယ်အလတ် ရှာမန်အားလုံးအထက်တွင် ရပ်တည်နိုင်လေသည်။
ဤသည်ကပင် ကြိုးကြာနက်မျိုးနွယ်စု ခေါင်းဆောင်၏ သူမတို့အချင်းချင်း တိုက်ခိုက်စေလိုသော ရည်ရွယ်ချက်ကို မြင်သည့်ကြားမှ ဤနေရာသို့ လာခဲ့ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ ထိုအရာကပင် ကြိုးကြာနက်မျိုးနွယ်စုမှ ထိုယောကျ်ားကို သူမဤနေရာသို့ လာရာလမ်းတွင် ယခုလို သာယာမှုအတွင်း နစ်မြုပ်ထားခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
မဒမ်ကျိ၏ အသံမှာ နူးညံ့ညင်သာနေပြီး သူမအသံထဲတွင် ယခင်က ထက်မြက်ပြတ်သားမှု အရိပ်အမြွက်တို့ မရှိတော့ချေ။ ထိုအစား သူမစကားထဲတွင် အဆုံးမရှိသော ဆွဲဆောင်ညှို့ငင်မှုတို့ ပါဝင်နေသလိုပင်။
စကားဆုံးသည်နှင့် သူမလက်ကို မြှောက်လိုက်ရာ သူမလက်ချောင်းမှ ထွက်ပေါ်လာသော အလှတရားသည် နေမင်းကြီး တောက်ပလာသကဲ့သို့ ဖြစ်ပြီး သူမလက်ချောင်းတို့၏ အလှတရားနှင့် ယှဉ်ပါက အခြားအမျိုးသမီးတို့၏ လက်များက မှိန်ဖျော့သွားသလိုပင် ဖြစ်သည်။
သူမလက်ချောင်းများက ရှည်လျားသွယ်လျနေပြီး ၎င်းတို့ကို မြှောက်လိုက်သည်နှင့် ရယ်သံလွင်လွင်တို့ကဲ့သို့ ခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အလွန်နူးညံ့သော ကိုယ်ဟန်မူယာဖြင့် သူမသည် စုမင်ကို လေထဲမှတစ်ဆင့် ညာလက်ဖြင့် တို့ထိလိုက်သည်။
ထိုအထိတွေ့တစ်ချက်တွင် သူမ၏ လက်ချောင်းထိပ်မှ လှိုင်းဂယက်ငယ်များ ဖြစ်ပေါ်လာခဲ့သည်။ ကမ္ဘာလောကတစ်ခုလုံး ရေပြင်သဖွယ် ပြောင်းလဲသွားပြီး သူမလက်ချောင်း၏ အထိတွေ့ကြောင့် ရေပြင်လွှာတွင် လှိုင်းဂယက်ငယ်များ ဖြာထွက်သွားသလိုပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ဧရိယာအတွင်းရှိ မွှေးရနံ့တို့သည်လည်း ချက်ချင်း ပိုမိုထူထပ်လာခဲ့သည်။
သူမကိုယ်သူမ အလွန်ယုံကြည်ချက်ရှိ၏။ ထိုထိတွေ့မှုသည် သာမန်ကဲ့သို့ ထင်ရသော်လည်း သူမ အချိန်ကြာမြင့်စွာ လေ့ကျင့်ခဲ့သော နတ်ဘုရားစွမ်းရည်မှ လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ အတိတ်တွင် သူမကို ဆန့်ကျင်ခဲ့သူ အများစုမှာ ထိုအထိတွေ့ တစ်ချက်အောက်မှာပင် သူတို့စိတ်များ ပြိုကွဲသွားကြဖူးသည်။ သူတို့သည် သူမကိုတိုက်ခိုက်မည့် စွမ်းရည်များအပါအဝင် ကျိုးကြောင်းဆင်ခြင်နိုင်မှုများ ဆုံးရှူံးသွားပြီး အလိုရမ္မက်၏ ထိန်းချုပ်ခံထားရသော တိရစ္ဆာန်ရိုင်းများသဖွယ် ပြောင်းလဲသွားပေလိမ့်မည်။ များသောအားဖြင့် သူမထံမှ ဟန်အမူအယာ တစ်ခုဖြင့်ပင် သူတို့သည် သူမအပေါ် ခုန်အုပ်တတ်ကြပြီး သူတို့ စိတ်ဝိညာဉ်များ လုံးလုံးလျားလျား ခမ်းခြောက်ကာ နောက်ဆုံး သေဆုံးသည်အထိ သူမက ၎င်းတို့နှင့် ကစားတတ်သည်။
ထိုမြင်ကွင်းကို သူမ အလွန် သဘောကျ၏။ ထို့နောက်တော့ ဝါးခမောက်အောက်တွင် ဖုံးကွယ်ထားသော သူမမျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ သို့သော်လည်း ထိုတစ်ခဏမှာပင် သူမအပြုံးက အေးခဲသွားတော့သည်။
"ဟမ်" မဒမ်ကျိတစ်ယောက် ခဏတာ အံ့သြမင်သက်သွားခဲ့သည်။ ထိုထိတွေ့မှုကို သူမရပ်တန့်လိုက်ပြီဖြစ်သော်လည်း စုမင်ထံမှ လုံးဝတုန့်ပြန်မှု မရှိခဲ့ပေ။ သူမစွမ်းအားများ ဆုံးရှုံးသွားပြီး ထိုအရာက သာမန်ထိတွေ့မှုတစ်ခုသာ ဖြစ်သွားသလိုပင်။
စုမင်သည် ထိုအမျိုးသမီး ဘာလုပ်ချင်နေသည်မှန်း မသိပဲ ဝေခွဲမရ ပဟေဠိဖြစ်စွာဖြင့် မျက်မှောင်ကြုတ်မိသွားသည်။ အစောပိုင်းက ထူးဆန်းသော ငိုညည်းသံသည် သူ့ကို အနည်းငယ် ထိတ်လန့်စေခဲ့ပြီး ထိုအမျိုးသမီးက လေကို ထိလိုက်သောအခါ သူ့မျက်လုံးထဲတွင် စူးရှသော အကြည့်တစ်ခု ချက်ချင်းပေါ်လာခဲ့၏။ သူ့နံဖူးအလယ်မှ အစိမ်းရောင်အလင်းတစ်ဖြာ တောက်ပသွားပြီး သူ့အတွေးများနှင့်အတူ သူ့အနီးပတ်လည်ရှိ ပုံစံများက စတင် ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း စုမင် မျက်မှောင်ကြုတ်မိသွားသော အကြောင်းရင်းမှာ ထိုထိတွေ့မှုသည် လေထဲတွင် လှိုင်းဂယက်များသာ ဖြစ်ပေါ်စေခဲ့ပြီး အန္တရာယ် အငွေ့အသက် တစ်ခုတစ်လေပင် သူမခံစားမိခဲ့သောကြောင့် ဖြစ်သည်။ ထိုအမျိုးသမီး လေကို ထိလိုက်သော တစ်ခဏတွင် သူ့ခေါင်းထဲ၌ ထူးဆန်းသော ပုံရိပ်တစ်ချို့သာ ပေါ်လာခဲ့၏။ မည်သို့ပင်ဆိုစေ ထိုပုံရိပ်များသည်လည်း များသောအားဖြင့် မှုန်ဝါးဝါး ဖြစ်နေပြီး သူ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
"အိုး ငါသိပြီ။ အဲတော့ မင်းက အတွေ့အကြုံ လုံးဝမရှိသေးတဲ့ လူပျိုလေးပေါ့ ဟဟ။ အံ့သြစရာ မရှိတော့ပါဘူးလေ" မဒမ်ကျိ၏ မျက်လုံးတို့ တောက်ပသွားသည်။ သူမသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း အလွန်ပျော်ရွှင်နေဟန်ဖြင့် တခစ်ခစ်စတင် ရယ်မောလိုက်သည်။
"ရူးနေတဲ့ မိန်းမ" စုမင် အေးတိအေးစက်ဖြင့် နှာခေါင်းရှုံ့မိ၏။ ထို့နောက် သူ့လက်မောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်အလင်း တောက်ပသွားပြီး ကျောက်စိမ်ဓားရှည်က ချွင်ခနဲအသံမြည်လျက် သူ့ရှေ့သို့ တိုးထွက်လာခဲ့သည်။ စုမင် ညာလက်ကိုမြှောက်၍ ၎င်းကို ညွှန်ပြလိုက်သည်။
ချက်ချင်းဆိုသလို သူ့ကိုယ်တွင်းမှ လေစွမ်းအင် ရင်းမြစ်သည် သူ့ကိုယ်ထဲ၌ လေပွေတစ်ခု ဖန်တီးလိုက်၏။ ထိုလေတို့သည် စုမင်လက်မှ တိုးထွက်လာပြီး ကျောက်စိမ်းဓားရှည်ပေါ် ကျရောက်သွားသည်။ ထိုလေတို့က ၎င်းကို တုန်ခါသွားစေပြီး ဓားရှည်ပတ်လည်တွင် အပြည့်အစုံ ဖုံးအုပ်ထားသည့် ပုံရိပ်ယောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။
ထိုပုံရိပ်ယောင်မှာ ဆယ်ပေခန့်ရှည်လျားသည့် ဧရာမဓားရှည်ကြီးတစ်ခု ဖြစ်သည်။ ထွက်ပေါ်လာသော ပုံရိပ်ယောင် ပတ်လည်တွင် လေဝဲတစ်ခုကလည်း မြည်ဟည်းနေသည်။ ထိုအရာက ဤရက်ပိုင်းအတွင်း လေစွမ်းအင်းရင်းမြစ်မှတစ်ဆင့် စုမင်ရရှိခဲ့သော ဉာဏ်အလင်းပွင့်မှု အသစ်ဖြစ်သည်။ လေစွမ်းအင်နှင့် သူ့ဓားကို ပေါင်းစည်းလျှင် ကျောက်စိမ်းဓားရှည်၏ စွမ်းအားကို တိုးလာစေနိုင်၏။
သူ့ကိုယ်ထဲတွင် ထိုလေစွမ်းအင်ရင်းမြစ်မှ ဖြစ်ပေါ်လာသည့် လေပွေများ လှည့်ပတ်သွားသည်နှင့် တစ်ပြိုင်နက် စုမင်အရေပြားပေါ်တွင် လျှပ်စီးများ စတင်ကူးခပ်လှုပ်ရှားလာခဲ့သည်။ သူ့ကိုယ်တွင်းမှ မိုးခြိမ်းသံများ မြည်ဟည်းလာပြီး သူ့လက်ချောင်းမှ လျှပ်စီးအလင်းတန်းတစ်ခု တိုးထွက်ကာ ဧရာမဆယ်ပေဓားရှည်ကြီးဆီ တိုးဝင်သွားခဲ့သည်။
ဓားရှည်ထံမှ မိုးခြိမ်းသံများ ချက်ချင်းထွက်ပေါ်လာပြီး ထပ်မံကြီးမားလာကာ ပေသုံးဆယ်ရှည်သော ဧရာမဓားရှည်ကြီးအဖြစ် ပြောင်းလဲသွားသည်။ စုမင်၏အတွေးတစ်ချက်ဖြင့် ဓားရှည်က မဒမ်ကျီထံ တိုးဝင်သွားလေသည်။
ဤအရာအားလုံးက ခဏတွင်းချင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မဒမ်ကျိ ရယ်မောနေစဉ်မှာပင် ပေသုံးဆယ် ဧရာမဓားရှည်ကြီးက ထိတ်လန့်ဖွယ် အရှိန်ဖြင့် သူမကို ခုတ်ပိုင်းချလိုက်၏။
ဓားရှည်သည် လေထုကို ဝုန်းခနဲ ပိုင်းဖြတ်လိုက်ပြီး ပေါက်ကွဲသံနှင့်အတူ လှိုင်းဂယက်ငယ်များ ပျံ့နှံ့သွားစေသည်။ အမှန်စင်စစ် ဓားရှာ်ကို ခုတ်ချလိုက်သည်နှင့် ၎င်းအပေါ်တွင် ကူးခပ်နေသော လျှပ်စီးအလင်းစက်များက မိုးထစ်ခြုန်းသံကဲ့သို့ ပေါက်ကွဲမှုများကို လေထုတစ်ခွင် ပဲ့တင်ထပ်သွားစေခြင်း ဖြစ်သည်။
"လူပျိုလေး၊ အဲဒါက အရမ်း အရမ်းကို သန်မာတဲ့ ခုတ်ချက်ကြီးပဲ"
မဒမ်ကျိ၏ ရယ်သံလွင်လွင်က ရူးသွပ်ဖွယ် ချိုမြလို့နေသည်။ သူမသည် နောက်တစ်လှမ်းဆုတ်ကာ ညာဘက်လက်ဖြင့် သူမအရှေ့တွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။ စက်ဝိုင်းအတွင်းမှ အနက်ရောင်အလင်းတို့ တောက်ပလာပြီး စက်ဝိုင်းသည် အာကာသကို ခွဲထုတ်လိုက်သကဲ့သို့ပင် ၎င်းထံမှ အေးစက်စက် အရှိန်ဝါတစ်ခု ပျံ့နှံ့လာပြီး အတွင်းဘက်ရှိ ကမ္ဘာလောကသည် အပြင်လောကနှင့် ကွာခြားနေပုံပေါ်၏။
ထိုအလင်းတို့ တောက်ပလာသည်နှင့် စက်ဝိုင်းအတွင်းမှ လက်တစ်ဖက် တိုးထွက်လာခဲ့သည်။ အနက်ရောင် အမွေးအမျှင်တို့ ဖုံးအုပ်နေသော ထိုလက်သည် သန်မာသာ အရှိန်ဝါတစ်ခု ရှိနေ၏။ ထိုလက်ပေါ်ရှိ လက်သည်းများက ချွန်မြနေပြီး ၎င်းက ခုတ်ပိုင်းကျလာနေသော ဧရာမဓားကြီးကို ကုတ်ခြစ်ပစ်လိုက်သည်။
ခပ်အုပ်အုပ် အသံများ ပဲ့တင်ထပ်သွားပြီး လေလှိုင်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ စုမင်၏ခုတ်ချက်သည် စက်ဝိုင်းအတွင်းမှ ထွက်ပေါ်လာသော ထိုလက်ကြီး၏ ပုတ်ထုတ်ခြင်း ခံလိုက်ရပြီး ဓားရှည်သည် ထိုလက်ကိုခုတ်ဖြတ်ကာ ၎င်းအနောက်တွင် ရပ်နေသော မဒမ်ကျိကို မထိခိုက်နိုင်ဟန်ဖြင့် လေထဲတွင် ရပ်တန့်သွားခဲ့သည်။
"လူပျိုလေး မင်းက အရမ်းရက်စက်တာပဲ။ မင်းသာ တို့ကိုယ်ပေါ်မှာ အမာရွတ်တစ်ခု ချန်ထားခဲ့မယ်ဆို နောက်ပိုင်း တို့တတွေအတူပျော်ပါးတဲ့အခါကျ တို့ဘယ်လှပါတော့မလဲ" မဒမ်ကျိ၏ ပရောပရီအသံထဲတွင် လူတို့ကို လှုံ့ဆော်နိုင်သည့် စွမ်းအင်တစ်ခု ပါဝင်နေသည်။ သို့သော်လည်း သူမသည် စုမင်တစ်ယောက် သူ၏ခုတ်ချက်ကို တားဆီးခံလိုက်ရခြင်းအပေါ် မည်သည့်ပြောင်းလဲမှုမှ မပြသောအခါ သူမနှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြီး မကောင်းသောခံစားချက်များ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် တားဆီးခံလိုက်ရသော ဓားရှည်ထံမှ မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ ပေါက်ကွဲထွက်ပေါ်လာပြီး အလျင်အမြန် ပျံ့နှံ့သွားသည်။ ဓားရှည်ထိပ်ဖျားမှလည်း လျှပ်စီးအလင်းလုံး ခုနစ်ခု တိုးထွက်လာပြီး ထိုဧရိယာကို ချက်ချင်း ဝန်းရံလိုက်ကြသည်။
"ပေါက်ကွဲစမ်း" စုမင်မျက်လုံးများ တောက်ပသွားသည်။
သူ့ပါးစပ်မှ ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေပြင်က မြည်ဟည်းသွားသည်။ ဓားမှ ထွက်လာသော လျှပ်စီးအလင်းလုံးများသည် တစ်ချိန်တည်း ပေါက်ကွဲသွားကြပြီး လျှပ်စီးပမာဏများစွာကို အရပ်မျက်နှာအနှံ့ ဖြန့်ကျက်သွားစေသည်။
မဒမ်ကျိသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သော်လည်း ပေါက်ကွဲမှုများမှအားက သူမထံတိုးဝင်လာခဲ့သည်။ လျှပ်စီးအလင်းလုံးများ ပေါက်ကွဲသွားသောအခါ လျှပ်စီးကြောင်းများ နေရာအနှံ့တွင် ပေါ်လာပြီး ထိုဧရိယာကို သိပ်သည်းစွာ ဖုံးအုပ်သွားခဲ့၏။ သူတို့ပတ်ပတ်လည် ပေတစ်ထောင်ဧရိယာမှာ မိုးကြိုးငရဲတစ်ခုအဖြစ် ပြောင်းလဲသွားပုံပေါ်သည်။ လျှပ်စီးကြောင်းတို့မှ အလင်းသည် စူးရှတောက်ပနေပြီး ထိုလျှပ်စီးတို့၏ ခွန်အားကို ပြသနေသည်။
ဝါးခမောက်အောက်ရှိ မဒမ်ကျိ၏ အမူအယာက ပြောင်းလဲသွားသည်။ အနောက်သို့ ဆုတ်ခွာလိုက်ပြီး အရောင်ငါးသွယ် မြူခိုးများက သူမကို ဖုံးအုပ်လိုက်ကြသည်။ ၎င်းတို့ သူမကို လုံးလုံးလျားလျား ဖုံးအုပ်သွားသည်နှင့် သူမသည် နောက်ဆက်မဆုတ်တော့ပဲ ၎င်းတို့အား သူမကို ကောင်းကင်ပေါ် သယ်ဆောင်သွားစေလိုက်သည်။
သို့သော် အရောင်ငါးသွယ် မြူခိုးတို့ လေထဲသို့ မြင့်တက်လိုက်သည်နှင့် တစ်ပြိုင်နက် ဧရာမဓားကြီးသည် တစ်လက်မချင်းစီ စတင်ပြိုကွဲလာပြီး အပိုင်းအစများစွာ ကွဲထွက်သွားခဲ့သည်။ ထိုအပိုင်းအစများသည် စူးရှသော အော်မြည်သံနှင့်အတူ လေထဲသို့ လွင့်စင်သွားကြ၏။ ၎င်းတို့သည် ပြင်းထန်သော လေပြင်းတစ်ခုအတွင်း စုပ်ယူခံလိုက်ရပြီး လေပွေ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ချွန်ထက်သော ဓားသွားတစ်ခုအသွင်ဖြင့် အရောင်ငါးသွယ် မြူခိုးလွှာထံ တိုးဝင်သွားခဲ့သည်။
လေထုအတွင်း ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ပျံ့လွင့်နေသည်။ စုမင် ထုတ်ဖော်ခဲ့သော သတ်ဖြတ်မှု အတွဲလိုက်သည် ဤရက်ပိုင်းအတွင်း လေနှင့်လျှပ်စီးတို့ထံမှ သူ၏ ဉာဏ်အလင်းပွင့်မှုများဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး ဒြပ်စင်နှစ်ခုလုံးကို သူ့ဓားရှည်ပေါ် ပေါင်းစည်းပြီးမှသာ အသုံးပြုနိုင်လေသည်။ ဤသည်က သူ၎င်းကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။ ၎င်း၏ ထူးခြားသော စွမ်းအားကို မြင်လိုက်သည်နှင့် လေနှင့်လျှပ်စီး အမွေဆက်ခံခြင်း သလင်းကျောက်များကို စုပ်ယူလိုသော စုမင်ဆန္ဒက ပိုမိုသန်မာလာခဲ့လေသည်။
အရောင်ငါးသွယ် မြူခိုးဆီသို့ ဓားအပိုင်းအစ လေပွေ တိုးဝင်နေသည်နှင့် တစ်ချိန်တည်းလိုလိုပင် စုမင်သည် အသံတစ်ချက်မပြုပဲ လှုပ်ရှားလိုက်ပြီး အလင်းတန်းရှည် တစ်ခုအသွင်ဖြင့် အသက်တစ်ရှိုက်စာ အတွင်း လေပွေအနီးသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ညာဘက်လက်ကို လက်သီးဆုပ်အဖြစ် ပြောင်း၍ လေထုကိုဖြတ်သန်းကာ အရောင်ငါးသွယ် မြူခိုးလွှာဆီ တည့်တည့် ထိုးနှက်လိုက်သည်။
ထိုလက်သီးချက်ကြောင့် လေပြင်းတစ်ခု ဖြစ်ပေါ်လာသော်လည်း စုမင်က ရပ်တန့်ခြင်းမပြုပဲ အခြားလက်သီးငါးချက် တစ်ဆက်တည်း ထုတ်ဖော်လိုက်ချေသည်။ သူ့လက်သီးချက်အားလုံးက လေထုကို မွှေနှောက်သွားပြီး လှိုင်းဂယက်ငယ်များ ဖြန့်ကျက်သွားစေသည်။ လေပြင်းနှင့် လှိုင်းဂယက်များသည် တစ်ခုနှင့်တစ်ခု ထပ်သွားပုံပေါ်ပြီး
တစ်ခဏအတွင်း ကြီးမားသော လေပြင်းကြီး ဖြစ်ပေါ်လာကာ အရောင်ငါးသွယ်မြူခိုးများထံ ဦးတည်တိုးဝင်သွားခဲ့သည်။
ဓားအစိတ်အပိုင်း လေပွေနှင့် အရောင်ငါးသွယ် မြူခိုးတို့ တိုက်မိသည်နှင့် ပေါက်ကွဲသံများနှင့် အတူ အရောင်ငါးသွယ် မြူခိုးလွှာအတွင်းမှ စူးစူးဝါးဝါး ဒေါသတကြီး အော်ဟစ်သံတစ်ခု ရောနှောထွက်ပေါ်လာခဲ့၏။ ၎င်းသည် လေထဲတွင် ပဲ့တင်ထပ်သွားပြီး မြူခိုးလွှာအတွင်းမှ ထွက်ပေါ်လာသော သန်မာသော အားတစ်ခုက ဧရိယာတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထိုအားလှိုင်းသည် စုမင်မျက်နှာဆီသို့ တောင်တန်းတစ်ခုသဖွယ် တည့်တည့် ရိုက်ခတ်လာခဲ့သည်။ သူ ချက်ချင်း နောက်ဆုတ်လိုက်ရသလို တစ်ချိန်တည်းမှာပင် ဓားအပိုင်းအစ လေပွေမှာလည်း ပြိုကွဲ ပြန့်ကျဲ သွားတော့သည်။ တစ်ချိန်တည်းမှာပင် စုမင်၏ လက်သီးငါးချက်ဖြင့် မွှေနှောက်ဖြစ်ပေါ်စေခဲ့သော ဧရာမလေပြင်းသည်လည်း အတားအဆီးတစ်ခုပေါ် ကျရောက်သွားပုံပေါ်ပြီး ပေါက်ကွဲသံတစ်ချက်နှင့်အတူ ဘာမှမကျန်ပဲ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် အရောင်ငါးသွယ် မြူခိုးလွှာသည်လည်း စုမင်၏ အဆက်မပြတ် တိုက်ခိုက်မှုများကို ခံစားလိုက်ရသဖြင့် ဆက်လက်မတည်ရှိနိုင်တော့ချေ။ ၎င်းသည် ပေါက်ကွဲသံနှင့်အတူ အပိုင်းအစများအဖြစ် ကွဲထွက်သွားပြီး ခေါင်းမှ ခြေဖျားသို့တိုင် အမွေးမျှင်များ ဖုံးအုပ်ထားပြီး လုံးဝနက်မှောင်နေသော အနက်ရောင်မွန်းစတားတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ထိုမွန်းစတားသည် စုမင်ကို ကျောပေးလျက် သူ့လက်များက တစ်စုံတစ်ရာကို ဖက်ထားလေသည်။ မြူခိုးတို့ လုံးလုံးလျားလျား လွင့်ပျယ်သွားသည်နှင့် ထိုမွန်းစတားသည် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို ပွေ့ဖက်ကာကွယ်ထားခြင်း ဖြစ်ကြောင်း စုမင်တွေ့လိုက်ရသည်။
အမျိုးသမီး၏ ဦးခေါင်းပေါ်ရှိ ဝါးခမောက်မှာ ပျက်ဆီးသွားခဲ့ပြီဖြစ်၍ သူမ၏ လှပသော ဆံနွယ်ခွေများ၊ ဆောင်းဦးမှ စမ်းချောင်းတို့သဖွယ် မျက်လုံးများနှင့် မူလကတော့ မြင်လိုက်ရသူတိုင်းကို နှလုံးခုန်ရပ်သွားစေနိုင်ခဲ့လောက်သည့် သူမ၏... မျက်နှာလေးတို့ ထွက်ပေါ်လာခဲ့ချေပြီ။
သူမမျက်နှာလှလှလေး တစ်ခုလုံးကိုဖြတ်လျက် နှစ်ပေါင်းများစွာကြာ သူမမျက်နှာကို ဖျက်ဆီးသွားတော့မည့် အမာရွတ်ကြီးတစ်ခု ရှိနေခဲ့သည်ကတော့ စိတ်မကောင်းစရာပေ။ အမာရွတ်သည် နီညိုညိုအရောင်ဖြစ်ပြီး သူမ၏ အရေပြားအောက်မှ အသားစတစ်ချို့ကိုပင် အပြင်မှ မြင်နေရလေသည်။ ထိုအရာ၏ ပုံစံက... ကြောက်မက်ဖွယ်ပင် ဖြစ်သည်။
***