← Chapters

မဒမ်ကျိ၏ ခင်ပွန်း

Vol. 28 Ch. 384

မဒမ်ကျိ၏ ခင်ပွန်း

Vol. 28 Ch. 384

အနက်ရောင် အမွေးမျှင်အပြည့်ဖြင့် မွန်းစတားကြီး၏ လက်များ ပြေလျှော့သွားသည်နှင့် မဒမ်ကျိသည် သူ့ရင်ခွင်ထဲတွင် ရပ်လျက်မှပင် ညာလက်ကိုမြှောက်၍ သူမမျက်နှာပေါ်ရှိ အမာရွတ်ကို ကိုင်ကြည့်လိုက်သည်။ ထို့နောက် ဆောင်းဦးရေသဖွယ် သူမမျက်လုံးများက စုမင်ထံရောက်ရှိလာပြီး သူမအကြည့်ထဲတွင် အမုန်းတရားတို့ ပြည့်နေလေသည်။

"ဒီအမာရွတ်ရခဲ့တဲ့ အချိန်ကစလို့ မင်းက ဒါကိုပထမဆုံး မြင်ဖူးတဲ့ သူပဲ... ငါ မင်းကို ခုနစ်ရက် ခုနစ်ညလောက် အော်ဟစ်ငိုကြွေးနေစေရမယ်။ မင်းအသွေးအသားတွေ အကုန်လုံးကို ဖောက်ထုတ်ပြီး မင်းစိတ်ဝိညာဉ်နဲ့ အဆီအနှစ်တွေအားလုံးကို အာဟာရအဖြစ် ပြောင်းပစ်မယ်။ ငါ မင်းကို နာနာကျင်ကျင် သေဆုံးရစေမယ်... သေတာထက်ဆိုးတဲ့ နာကျင်မှုမျိုးကိုလည်း ခံစားစေရမယ်" မဒမ်ကျိသည် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

"မဒမ် မင်းအရမ်း စကားများတာပဲ" စုမင် သူမကို လှောင်ပြောင်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်သည်။ ဤအမျိုးသမီးသည် သူဆောင်းဦးပင်လယ် မျိုးနွယ်စုမှ ထွက်ခွာလာပြီးနောက် ပထမဆုံး ရင်ဆိုင်ရသည့် အစွမ်းထက်ရန်သူ ဖြစ်သည်။ သူမ၏ နတ်ဘုရားစွမ်းရည်များအရ စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက် ဖြစ်ပုံပေါ်သော်လည်း သူမနှင့်ပက်သက်၍ တစ်စုံတစ်ရာက အနည်းငယ် ထူးဆန်းလို့နေသည်။ စုမင် ယခင်ထုတ်ဖော်ခဲ့သော သတ်ဖြတ်မှုတိုက်ကွက်များက သူမကို များများစားစား မထိခိုက်စေခဲ့ပေ။

အမျိုးသမီး၏ နံဘေးတွင်ရပ်နေသော အနက်ရောင်အမွေးမျှင်တို့ဖြင့် ထိုမွန်းစတားကြီးမှာ ရုပ်သေးတစ်ကောင် ဖြစ်ဟန်တူ၏။ ၎င်းထံမှ ထူထပ်သော အသက်ဓာတ်များ ထုတ်လွှတ်နေသော်လည်း သူ့ခွန်အားက မာန်စွမ်းအားရှင် နယ်မြေအတွင်း စုမင်ရင်ဆိုင်ခဲ့ဖူးသော အခြား စိတ်ဝိညာဉ်ဖမ်းစားသူတို့၏ ရုပ်သေးများနှင့် သိသိသာသာ ကွာခြားနေသည်။ စိတ်ဝိညာဉ်ဖမ်းစားသူများသည် ၎င်းတို့၏ ထူးဆန်းသော နည်းလမ်းကိုသုံး၍ ထိုရုပ်သေးများနှင့် သူတို့ခန္ဓာကိုယ်ကို အတူတကွ ပေါင်းစည်းပြီးပါက ထိုရုပ်သေးများထံမှ တစ်ချိန်တည်းမှာပင် ရှင်သန်နေသော်လည်း သေဆုံးနေသကဲ့သို့ ခံစားမှုမျိုး ရရှိနေတတ်သည်။

စုမင်သည် ထိုမွန်းစတား၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ခံစားနေရသဖြင့် ၎င်းက သူ့ကို သတိပိုချပ်မိစေသည်။ မာန်နတ်ဘုရား၏ စွမ်းအားအပြင် သူ့၌ ယခု အသေသတ်တိုက်ကွက် နှစ်ခုသာရှိ၏။ သို့သော် ၎င်းတို့အထဲမှ တစ်ခုသည်  ဤနေရာရှိ ပုံစံကို အသုံးပြုရန် လိုပြီး အခြားတစ်ခုက နဂါးဦးခေါင်း၏ ခံတွင်းကို လုံးလုံးလျားလျားပွင့်ကာ လောကစွမ်းအားများကို မြင့်တက်လာစေလိမ့်မည်။ ထိုအချိန်မှသာ ဤနေရာရှိ ပုံစံက နတ်ဆိုးသုံးဖော် ကွပ်မျက်၏ စွမ်းအားကို ကြောက်မက်ဖွယ် အခြေအနေတစ်ခုသို့ ရောက်ရှိစေပေလိမ့်မည်။

သို့သော် လုံးဝမလိုအပ်သရွေ့ ဤနည်းလမ်းကို စုမင်အသုံးမပြုလိုပေ။ အဘယ်ကြောင့်ဆိုသော် သူထိုသို့ လုပ်လိုက်ပြီးသည်နှင့် ဤနေရာကို ထပ်မံဖုံးကွယ်ထားနိုင်တော့မည် မဟုတ်သောကြောင့်ပင်။ ဤနေရာမှာ ကျင့်ကြံရန် နေရာကောင်းတစ်ခု ဖြစ်ကြောင်း မည်သူမဆို တွေ့မြင်သွားပေလိမ့်မည်။

ထို့အပြင် ဤအမျိုးသမီး တစ်ယောက်တည်းကပင် ပြဿနာတစ်ခု ဖြစ်နေသလို ရုပ်သေး၏သွင်ပြင်ကလည်း စုမင်အား နှောင်းပိုင်းရှာမန်တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ အန္တရာယ်ရှိသည့် ခံစားချက်မျိုး ပေးစွမ်းနေပြန်သည်။ စုမင်မှာ နတ်ဆိုးသုံးဖော်ကွပ်မျက်၏ စွမ်းအားကို ခန့်မှန်းရုံသာ တတ်နိုင်၏။ ၎င်းတို့နှစ်ဦးလုံးကို အောင်အောင်မြင်မြင် သတ်နိုင်လိမ့်မည်ဟု သူယုံကြည်ချက်မရှိပေ။

အခြား အသေသတ်တိုက်ကွက် တစ်ခုလည်းရှိသေး၏။ ဟန်တောင်တန်းခေါင်းလောင်း၏ ပဉ္စမမြောက်ဦးခေါင်း နိုးထလာပြီးနောက် ရရှိခဲ့သော စွမ်းအင်ကိုယ်ထည် ဖြစ်သည်။ သို့သော် လွန်ခဲ့သော ရက်ပိုင်းအတွင်း သူထိုတိုက်ကွက်ကို လေ့လာပြီးနောက် ၎င်းကို ထုတ်ဖော်ခြင်းက နှစ်ဖက်သွား ဓားရှည်တစ်ခုလိုဖြစ်ကြောင်း သူသတိပြုမိခဲ့သည်။

ထိုတိုက်ကွက်ကို ထုတ်ဖော်၍ ခေါင်းကိုးလုံးနဂါးကို ရုပ်လုံးပေါ်လာစေရန် စုမင်က သူ့စွမ်းအင် ကိုးပုံကို စတေးရန်လိုသဖြင့် ရန်သူကို သတ်နိုင်ခဲ့လျှင် အရမ်းကောင်းမွန်ပေလိမ့်မည်။ အကယ်၍ သူထိုသို့လုပ်ခဲ့လျှင် နှစ်ဖက်စလုံး ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မည်ဟု ဆိုလိုနေသည်။ အကယ်၍ သူ့ရန်သူကသာ မသေပဲ နတ်ဘုရားစွမ်းရည်အချို့ ကျန်နေဦးမည်ဆိုလျှင် သေဆုံးရမည့်သူက စုမင်ကိုယ်တိုင် ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် စုမင်ခေါင်းထဲတွင် တိုက်ကွက်နှစ်ခုအကြောင်း အလျင်အမြန် စဉ်းစားပြီးသည်နှင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။ သူ ၎င်းတို့ကို အသုံးမချနိုင်ခြင်း မဟုတ်ပဲ အရေးကြီးသော အခိုက်အတန့်ကို စောင့်ရမှာဖြစ်သည်။ ထိုကျင့်စဉ်တို့ကို ထုတ်ဖော်လိုက်သည်နှင့် သူ့ရန်သူကို သတ်နိုင်ကြောင်း သေချာရပေမည်။

'အဲဒီ မာန်စွမ်းအားရှင်အိုကြီးကို ငါ့ရုပ်သေးအဖြစ် မသန့်စင်ရသေးတာရယ်၊ လေနဲ့ လျှပ်စီး အမွေဆက်ခံခြင်း သလင်းကျောက်တွေနဲ့ မပေါင်းစည်းနိုင်သေးတာရယ်ကတော့ စိတ်မကောင်းစရာပဲ။ အဲလိုမှမဟုတ်ရင် ဒီတိုက်ပွဲက ကျိန်းသေပေါက်ကို အများကြီး ပိုလွယ်သွားတော့မှာ။ ငါနိုင်ဖို့ အခွင့်အရေးလည်း ပိုများလာမှာပဲ'

စုမင် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူသည် နောက်သို့ ပြန်လည်ဆုတ်ခွာနေရင်း မဒမ်ကျိနှင့် သူမနံဘေးရှိ မွန်းစတားတို့ကို စူးရှတောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းဘဝကို သက်ရှိငရဲတစ်ခု ဖြစ်အောင် ငါကျိန်းသေပေါက် လုပ်ပစ်မယ်"

မဒမ်ကျိသည် သူမမျက်နှာပေါ်ရှိ အမာရွတ်ကို ထိကိုင်ကြည့်လိုက်ပြန်သည်။ သူမ အော်ဟစ်လိုက်သည်နှင့် သူမ၏ အနီရောင်ဝတ်ရုံပေါ်တွင် ထိုးချုပ်ထားပုံရသော ရောင်စုံ ကင်းမြီးကောက်များနှင့် အဆိပ်ရှိမြွေများမှာ တညီတညွတ်တည်း စတင်လှုပ်ရှားလာကြသည်။

ကင်းမြီးကောက်များသည် လေထဲသို့ ခုန်ဆင်းလိုက်ကြပြီး နေဝင်ရီတရောအချိန်တွင် ၎င်းတို့အရောင်များက ထူးထူးခြားခြား ဆွဲဆောင်ညှို့ငင်နိုင်သော အလင်းတစ်ဖြာ ထုတ်လွှတ်လို့နေသည်။ မဒမ်ကျိ နံဘေးတွင် ပေါ်လာသော အဆိပ်ပြင်းမြွေများသည် တရွှီရွှီ မြည်တွန်လျက် စုမင်ထံ ပြေးဝင်လာခဲ့သည်။

ထိုအဆိပ်ရှိ သတ္တဝါများက သာမန်သတ္တဝါများ မဟုတ်ကြပေ။ လေထုကို ဖြတ်သန်းရင်းဖြင့် ၎င်းတို့ အရေအတွက်များသည် ဒါဇင်ပေါင်းများစွာမှ ရာပေါင်းများစွာ ထို့နောက် ထောင်ပေါင်းများစွာ အလျင်အမြန် တိုးပွားလာပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် ဖုံးလွှမ်းကာ ကြက်သီးမွှေးညင်းထဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နောက်ဆုတ်နေသော စုမင်သည် အဆိပ်ရှိ သတ္တဝါများကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် အနက်ရောင် မွန်းစတားနှင့် မဒမ်ကျီတို့ကိုသာ မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်၏။ ထိုအဆိပ်ရှိ သတ္တဝါများသည် အလွန်ရက်စက်ကြမ်းကြုတ်ပုံ ပေါ်သော်လည်း အမှန်စင်စစ် သူတို့အဆင့်မျိုးတွင် ၎င်းတို့ကို သတ်ဖြတ်ရန် အလွန်လွယ်ကူပေ၏။ မဒမ်ကျိသည်လည်း ဤအကြောင်းကို သိလောက်သည်မှာ သေချာသည်။ သို့သော်လည်း သူမက ဤအဆိပ်ရှိ သတ္တဝါများကို လွှတ်လိုက်ဆဲဖြစ်၍ ၎င်းက စုမင်ကို တုန့်ဆိုင်းသွားစေသည်။

ထိုအချိန်မှာပင် သူ့နံဘေးမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အေးစက်စက် ထိုအသံနှင့်အတူ သားရဲရိုင်းအားလုံး အညံ့ခံလာစေမည့် ပြင်းထန်သော လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည့် အရှိန်ဝါတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

ထိုဟိန်းဟောက်သံက စုမင် အကျွမ်းတဝင်ရှိသော အရာဖြစ်ပြီး ၎င်းက တုတ်ချောင်းမြွေလေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် တုတ်ချောင်းမြွေသည် စုမင်ရှေ့တွင် လျှပ်တပြက်ပေါ်လာခဲ့ပြီး ၎င်းမြည်တွန်လိုက်သည်နှင့် သူ့အပေါ် ခုန်အုပ်လာသော အဆိပ်ရှိသတ္တဝါအားလုံး တုန်ယင် ရပ်တန့်သွားခဲ့ကြသည်။ အနက်ရောင် မွန်းစတားသည်ပင် တုန်ယင်နေပြီး သူ့အသက်ဓာတ်တို့ ကစဉ့်ကလျားဖြစ်သည့် အရိပ်အယောင်များ စတင်ပြလာကြောင်း စုမင်တွေ့လိုက်ရသည်။

သို့သော် သူ့တွန့်ဆုတ်မှု ဖြစ်စေသည့် အရာများအကြောင်း စုမင်စဉ်းစားချိန် မရခင်မှာပင် သူ့နောက်ကျောဘက်မှ သူ့ဆီသို့ လေပြင်းတစ်ခု ရိုက်ခတ်လာလေသည်။ သွေးနီရောင် မျက်လုံးများ၊ ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်ခြင်းလေထုတစ်ခုနှင့် မီးတောက်မျောက်ဝံသည် ၎င်း၏ခေါင်းအထက်တွင် တုတ်တစ်ချောင်းကို ကိုင်မြှောက်လျက် ထိုအဆိပ်ရှိသတ္တဝါများထံ တိုးဝင်သွားခဲ့သည်။ တုတ်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လေပြင်းတစ်ခု နိုးထလာစေလေသည်။

"ရှောင်ဟုန် နောက်ဆုတ်" စုမင်သည် ၎င်းကို စိုက်ကြည့်၍ ချက်ချင်းအမိန့်ပေးလိုက်သည်။ သူသည် ထိုအဆိပ်ရှိ သတ္တဝါများကို မသတ်ပဲ မောင်းထုတ်ရန် ညာလက်ကိုမြှောက်၍ အသင့်ဖြစ်နေချေပြီ။ သို့သော် သူ့အသံထွက်ပေါ်လာချိန်တွင် မီးတောက်မျောက်ဝံသည် တစ်ခဏတာသာ ရပ်တန့်သွားပြီး ထို့နောက် လုံးလုံး လျစ်လျူရှုသွားလေသည်။

၎င်း၏ မျက်လုံးများမှာ လုံးလုံးလျားလျား နီရဲနေပြီး ပြင်းပျမောဟိုက်စွာ အသက်ရှူနေခဲ့၏။ ၎င်းပုံစံသည် ယခင် အရောင်ငါးသွယ် မြူခိုးလွှာအတွင်းမှ ကြိုးကြာနက် မျိုးနွယ်စုခေါင်းဆောင်နှင့် လုံးဝချွတ်စွပ် တူနေလေသည်။

၎င်းက တုတ်ချောင်းကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားခဲ့သည်။ ကင်းမြီးကောက်နှင့် အဆိပ်ပြင်းမြွေများစွာသည် မြည်တွန်ရင်း ပေါက်ကွဲသွားကြ၏။ ၎င်းတို့ခန္ဓာကိုယ်မှ ပန်းထွက်လာသော အနီနှင့် အစိမ်းရောင်အရည်များသည် ဝန်းကျင်တခွင် ပျံ့နှံ့သွားသည်နှင့် ၎င်းတို့သည် လေထဲမှ တစ်စုံတစ်ရာနှင့် ထိခိုက်မိဟန်ဖြင့် မြည်တွန်သံများ ပြုလုပ်လျက် အရောင်ငါးသွယ် မြူခိုးများအဖြစ် ခဏတွင်းချင်း ပြောင်းလဲသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်ကို ဗဟိုပြုလျက် ထိုအဆိပ်ရှိသတ္တဝါများထံမှ အရည်များ ရှိရာနေရာအနှံ့ အရောင်ငါးသွယ်မြူခိုးများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် စုမင်ယခင်က ရှူရှိုက်ခဲ့ဖူးသော ချိုမြိန်သည့်ရနံ့မှာလည်း  လေထဲတွင် များစွာပိုမိုပြင်းထန်လာခဲ့သည်။

ထိုအချိန်မှာပင် မဒမ်ကျိနံဘေးရှိ မွန်းစတားကြီး၏ ဦးခေါင်းက မော့လာခဲ့သည်။ ၎င်း၏ မျက်လုံးများအတွင်း နက်မှောင်သည့် အလင်းတို့ ပြင်းပြင်းပြပြ တောက်လောင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အသံတစ်သံ ထွက်ပေါ်လာပြီး ၎င်းသည် ခြေကိုမြှောက်၍ အနက်ရောင် အရိပ်တစ်ခုအသွင်ဖြင့် စုမင်ထံ ဦးတည်တိုးဝင်လာခဲ့သည်။

မဒမ်ကျိသည် စုမင် စူးစိုက်ကြည့်နေပြီး သူမမျက်ဝန်းအတွင်းမှ အမုန်းတရားများ ပိုမိုပြင်းထန်လာခဲ့သည်။ သူမပါးစပ်မှလည်း ညည်းညူသံများ ဖြည်းဖြည်းချင်း စတင်ထွက်ပေါ်လာခဲ့သည်။ ထိုညည်းညူသံများသည် ယခင်နှင့်ယှဉ်လျင် ပိုမိုပြင်းထန်သော အသံကြိမ်နှုန်းဖြင့် လေထဲတွင် ပဲ့တင်ထပ်နေခဲ့၏။

နေဝင်သွားခဲ့ချေပြီ။ ကောင်းကင်ယံတွင် လမင်းကြီး၏ အရိပ်ကောက်ကြောင်းက ပြည့်ပြည့်ဝဝ ထွက်ပေါ်လို့နေ၏။ ထိုနေ့က လပြည့်နေ့လည်း ဖြစ်နေခဲ့သည်။

မဒမ်ကျိ၏ ညည်းညူသံများမှာ မရပ်မနား ဆက်လက်ထွက်ပေါ်နေပြီး ၎င်းတို့မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကာမဆက်ဆံနေသလိုပင် ဖြစ်သည်။ သူမပါးစပ်မှ ထိုအသံများ ထွက်ပေါ်နေချိန်တွင် မဒမ်ကျိသည် ၎င်းကို နှစ်ခြိုက်သဘောကျနေဟန်ဖြင့် သူမမျက်နှာထက်တွင်လည်း သာယာမှုတို့ ပေါ်လာခဲ့၏။ သို့သော် သူမမျက်ဝန်းများအတွင်းရှိ အမုန်းတရားတို့ကတော့ လျော့နည်းမသွားပဲ ပိုမို၍သာ ပြင်းထန်လာခဲ့သည်။

သူမသည် သူမကိုယ်ကို တယုတယ ပွတ်သပ်နေပြီး လက်တို့ကို ခန္ဓာကိုယ်အနှံ့ လှုပ်ရှားနေရင်းဖြင့် သူမ၏ အနီရောင်ဝတ်ရုံမှ ကြယ်သီးများကိုဖြုတ်ကာ ပုလဲကဲ့သို့ ဖြူဖွေးသော အသားအရေကို လှစ်ဟပြလိုက်သည်။

လေထဲတွင် ထိုဆွဲဆောင်ညှို့ငင်နေသော ညည်းညူသံများ ပြည့်လာသည်နှင့် ကြိုးကြာနက်မျိုးနွယ်စု ခေါင်းဆောင်၏ နှုတ်ခမ်းမှ အမြုပ်များထလာပြီး သူ့ခန္ဓာကိုယ်သည်လည်း အသိစိတ်မကပ်ပဲ တုန်ယင်နေခဲ့သည်။ သူ့မျက်လုံးများမှာ တင်းတင်းကြပ်ကြပ် စေ့မှိတ်ထားသော်ငြား မျက်နှာကတော့ နီရဲနေလေသည်။ သူ့ပါးစပ်မှ အသက်ရှူသံပြင်းပြင်းနှင့် မပီဝိုးတဝါး ညည်းညူသံများလည်း ထွက်ပေါ်နေခဲ့သည်။

စုမင်ထံတိုးဝင်လာနေသော အနက်ရောင်ရုပ်သေး၏ မျက်ဝန်းများအတွင်းမှ အနက်ရောင်အလင်းတို့မှာ ပိုမိုတောက်ပလာပြီး သူ့အရှိန်ကလည်း ပိုမိုမြန်ဆန်လာသည်။

စုမင် မျက်မှောင်ကြုတ်လိုက်မိ၏။ ပိုမို လှုံ့ဆော်ခံနေရသော မီးတောက်မျောက်ဝံသည် ဆက်လက်၍ မာန်ဖီဟိန်းဟောက်ရင်း ထိုအဆိပ်ရှိသတ္တဝါများကို တိုက်ခိုက်နေသဖြင့် အရောင်ငါးသွယ် မြူခိုးများ ထပ်မံဖြစ်ပေါ်လာခဲ့သည်။ ၎င်း၏ အတွေးတို့သည်ပင် ထိုညည်းညူသံများကြောင့် သက်ရောက်ခြင်းခံလိုက်ရကြောင်း သိသာထင်ရှားနေသည်။

အနက်ရောင်ရုပ်သေးသည် တစ်ခဏအတွင်း နီးကပ်လာပြီး ၎င်း၏ လက်များကိုမြှောက်ကာ ပါးစပ်ကြီးကို ဟလိုက်၏။ ၎င်း၏ လှုပ်ရှားမှုများအရ စုမင်ကို ပွေ့ဖက်ထားချင်ပုံ ပေါ်နေလေသည်။

စုမင်မျက်လုံးတို့ တောက်ပသွားပြီး သူ့ကိုယ်ပေါ်တွင် အပြာရောင်အလင်းတို့ တောက်ပလာခဲ့သည်။ ထို့နောက် အပြာနုရောင် ချပ်ဝတ်တစ်ခုပေါ်လာပြီး သူ့ကို ဖုံးအုပ်သွားခဲ့၏။ ထိုချပ်ဝတ်မှာ ရိုးရေစတေးချပ်ဝတ်နှင့် မတူကွဲပြားနေသဖြင့် သေချာမသိပါက ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိရန် မဖြစ်နိုင်ပါချေ။

ထို့နောက် စုမင်သည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အမြန်ဆုတ်ကာ ရှေ့သို့ ပြန် တိုးထွက်လိုက်သည်။ သူ့ကိုယ်တွင်းရှိ လေအရင်းမြစ်သည် လှုံ့ဆော်ခံလိုက်ရပြီး သူ့အရှိန်နှုန်းကို ချက်ချင်းဆိုသလို အဆမတန် တိုးမြင့်သွားစေ၏။ အနောက်ဘက်တွင် ပုံရိပ်ယောင် တစ်ချို့ ကျန်ရစ်ခဲ့ပြီး စုမင်သည် အနက်ရောင်မွန်းစတားကြီး၏ အရှေ့သို့ ရောက်သွားကာ လက်သီးဖြင့် ထိုးချလိုက်သည်။

ဝုန်းခနဲ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်နှင့်အတူ  အနက်ရောင်မွန်းစတားကြီး၏ ခန္ဓာကိုယ်တစ်ပိုင်းသည် စုမင်ကြောင့် အနက်ရောင်မြူခိုးများအဖြစ် ပေါက်ကွဲသွားခဲ့ပုံပေါ်သည်။

စုမင်ရှေ့တွင် ကျန်ရစ်ခဲ့သော အရာမှာ ခြောက်ကပ်နေသော ခန္ဓာကိုယ်တစ်ခုသာ ဖြစ်သည်။ လက်မောင်းများကို ဖြန့်ထားဆဲ ဖြစ်သော ထိုခန္ဓာကိုယ်က အနောက်သို့ လဲကျသွားခဲ့သည်။ ပြန့်ကျဲသွားသော အနက်ရောင်မြူခိုးများသည် ခန္ဓာကိုယ်မှ ပေါက်ကွဲလွင့်စင်သွားသော ထိုလူ၏ အသားများလိုပင် ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် စုမင်မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့သည်။ သူ့လက်သီးချက်မှာ ထိုအနက်ရောင် မွန်းစတားကို မထိခဲ့မှန်း သူသေချာမြင်ခဲ့၏။ ထိုအစား သူ့လက်သီးချက်က ခုနစ်လက်မခန့် အဝေးသို့ ရောက်သည်နှင့် ၎င်း၏ခန္ဓာကိုယ်က သူ့အလိုလို ပေါက်ကွဲသွားခြင်း ဖြစ်သည်။

မြူခိုးများ ပြိုကွဲလာသည်နှင့် ၎င်းတို့သည် အနက်ရောင်ပိုးတောင်မာများစွာ အဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့အားလုံးသည် လက်သည်းခွံအရွယ်အစားခန့် ရှိပြီး အချင်းချင်း နီးကပ်စွာ စုဝေးနေရမည့် အစား စတင်ဖြန့်ကျက်လာကြ၏။ အဝေးမှ ထိုပိုးတောင်မာများသည် အနက်ရောင်မြူခိုးလွှာကြီး တစ်ခုလိုပင် ဖြစ်သည်။

မပြိုကွဲသွားသည့် တစ်ခုတည်းသော အရာမှာ ပိန်ပါးခြောက်ကပ်နေပြီဖြစ်သည့် အလောင်းကြီးသာ ဖြစ်သည်။ ထိုလူ၏ မျက်လုံးများက မှိတ်ထားပြီး သူ့ထံမှ ပုပ်အဲ့အဲ့ အနံ့တစ်ခု ထွက်ပေါ်နေ၏။ ထိုခန္ဓာကိုယ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သေဆုံးသွားခဲ့ဟန် တူသည့် အလောင်းကောင်တစ်ခု ဖြစ်ကြောင်း ထင်ရှားနေသည်။

စုမင်မျက်လုံးတို့ ကျဉ်းမြောင်းသွားချိန်မှာပင် ထိုခြောက်ကပ်နေသော အလောင်းကောင်၏ မျက်လုံးများက ရုတ်ခြည်းပွင့်လာခဲ့သည်။ ၎င်းတို့သည် မျက်ဆံများပင် မီးခိုးရောင်ဖြစ်နေသော မီးခိုးရောင်မျက်လုံးတစ်စုံ ဖြစ်သည်။ ထိုအလောင်းကောင်သည် စုမင်ကို စိုက်ကြည့်လိုက်ပြီး ပါးစပ်ကိုဟလိုက်ရာ ချွန်ထက်သောသွားများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် စုမင်ကို ခုန်အုပ်လိုက်ချေ၏။

သူခုန်အုပ်လိုက်သည့်တစ်ခဏ ပြန့်ကျဲနေသော အနက်ရောင်ပိုးတောင်မာများသည်လည်း တဝီဝီမြည်သံပေးလျက် စုမင်ထံ တိုးဝင်လာကြသည်။ ၎င်းက အဝေးမှ ကြည့်လျှင်ပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ အနက်ရောင်မြူခိုးတို့ စုမင်အား ဝါးမြိုမသွားခင်တွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ခုန်အုပ်လာသော မီးခိုးရောင်မျက်လုံးတို့ဖြင့် ထိုအလောင်းကောင်သည် စုမင်နှင့် ငါးပေတောင် မဝေးတော့ပါချေ။

အဝေးရှိ မဒမ်ကျိ၏ ညည်းညူသံများက ပိုမိုကျယ်လောင်လာသည်။ သူမသည် အဝတ်အစား တစ်ဝက်ခန့်ကို ချွတ်ထားပြီဖြစ်၍ ထုတ်ဖော်ထားသော ပုလဲဖြူရောင်အသားရေတို့မှ ရမ္မက်ပြင်းပြင်း လေထုတစ်ခု ထုတ်လွှတ်နေခဲ့သည်။ သူမအဝတ်အစားများကို ချွတ်လိုက်သည်နှင့် ညာဘက်ရင်သားအောက်၌ အမာရွတ်တစ်ခုကို ဝေဝါးဝါးမြင်နေရလေသည်။ ထိုအမာရွတ်က သိပ်ကြာမြင့်သေးပုံ မပေါ်ချေ။ သို့သော် ၎င်း၏ပုံစံအရ သူမအရေပြားကို တစ်စုံတစ်ယောက်၏ လက်ဖြင့် ထိုးဖောက်ခံရမှုကြောင့် ရရှိခဲ့ပုံပေါ်၏။

"သူ့ကို လွယ်လွယ်နဲ့ သေမသွားစေနဲ့နော် ယောကျ်ား။ ကျိယွင်ဟိုင်... သူ့အရေခွံကို ဆုတ်ဖြဲပြီး ပိုးမွှားဥတွေကို မျိုးစေ့ချလိုက်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရှင့်လိုပဲ နာနာကျင်ကျင် အော်ဟစ်ပစေ။ သူအော်ဟစ်နေချိန်ကျမှ ကျွန်မ သူ့အဆီအနှစ်တွေကို စုပ်ယူမယ်... ရှင်ကတော့ ဘေးနားက စောင့်ကြည့်နေရမှာပေါ့..." မဒမ်ကျိက ဆက်လက်ညည်းညူနေရင်း ပြောသည်။ သူမစကားများ၏ အဓိပ္ပါယ်က ကြားလိုက်ရသူတိုင်းကို ထိတ်လန့် တုန်လှုပ်သွားစေနိုင်သည်။

ပုပ်အဲ့အဲ့ အနံ့ဆိုးကြီးက စုမင်ထံ တိုးဝင်လာ၏။ ချပ်ဝတ်သည် အပြည့်အဝပုံပေါ်လာပြီး သူ့ကို ချက်ချင်း ဖုံးအုပ်သွားသည်။ တင်းမာနေသော မျက်နှာထားဖြင့် သူသည် ညာလက်ကိုမြှောက်၍ လက်ဟန်သင်္ကေတများ စတင်ဖန်တီးလိုက်သည်။

သူ့လက်ညှိုးကို လက်မနှင့်ထိအောင် ကွေးလိုက်သည်နှင့် သူ့လက်ဖဝါးပေါ်တွင် ဟန်တောင်တန်းခေါင်းလောင်း၏ အသေးစား ပုံရိပ်ယောင်အရိပ် ပေါ်လာခဲ့သည်။ ထို့နောက် စုမင်သည် လက်သုံးချောင်းကိုမြှောက်၍ လက်ဖဝါးကို မှောက်ခုံလှန်လိုက်ရာ ဟန်တောင်တန်းခေါင်းလောင်းက စတင် ရုပ်လုံးပေါ်လာတော့သည်။

နောက်ဆုံးတွင် သူသည် လက်သီးဆုပ်ပြီးနောက် ၎င်းကို ပြန်ဖြေလိုက်ပြီး သူ့လက်ဝါးကို ထိုအလောင်းကောင်ဆီသို့ တွန်းထုတ်လိုက်လေသည်။

***

All Chapters