← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အပိုင်း (၁၈၅) ရိက္ခာ

ထိုအချိန်တွင် ရှန်းလီသည် စန်းလော့တုန့်ပြန်မှု၏ သိသာထင်ရှားပုံကို နားမလည်ခဲ့ချေ။ ရက်ပိုင်းလောက်နေပြီးမှ ချန်းသရှန်သည် တစ်ခုခု မူမမှန် ဖြစ်နေသည်ကို သတိထားမိလိုက်ချိန်မှ နောက်ဆုံးတော့ သူ နားလည်သွားတော့သည်။

ဟုတ်ပါသည်။ ဒါကလည်း နောက်အကြောင်းအရာတစ်ခုပင်။

လျှိုမြောင်ထဲတွင် နေရသည့် သူ၏အချိန်များတွင် သူသည် ပျင်းရိမနေချေ။ ဝါးစာလိပ်ပေါ်တွင် စာကူးခြင်းကို စန်းလော့နှင့် အပ်ထားစဉ်တွင် သူသည် ဝါးစာလိပ်လုပ်သည့် အလုပ်ကိုလည်း သူမထံတွင် အပ်မထားနိုင်ချေ။ ထို့ကြောင့် စန်းလော့က ရှန်းနဉ်ကို တောဆီးသီးယိုလုပ်နည်းနှင့် ငှက်ပျောသီးချပ်များကို နေလှန်းနည်းတို့ကို သင်ပေးနေစဉ် ရှန်းလီက ရှန်းအန်းကို ဝါးစာလိပ်လုပ်နည်း သင်ပေးလိုက်သည်။ ကူးရေးစရာ တခြားစာအုပ်များ ရှိသေးကြောင်း ရှန်းအန်းထံမှာ ကြားလိုက်ရသဖြင့် သူသည် လိုအပ်ရုံသာ အလျင်စလို လုပ်မနေဘဲ နောက်ပိုင်း အသုံးပြုနိုင်ရန်အတွက် အပိုဝါးစာလိပ်များကို လုပ်ထားလိုက်၏။

လျှိုမြောင်ထဲက လူတိုင်းသည် တောင်ထွက်ပစ္စည်းများကို အခြောက်လှန်းရင်း အလုပ်များနေရာ တောင်များထဲတွင် များပြားလှသည့် အရင်းအမြစ်များကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်တွင် အရင်ကလောက် မစိုးရိမ်ကြတော့ချေ။ ဝမ်းသာနေသည့် အပြုံးများကို လူတိုင်း၏ မျက်နှာပေါ်တွင် ဆင်ယင်ထားပြီး ပေါများကြွယ်ဝသည့် ရိက္ခာများ၏ အရောင်ကြောင့် လင်းထိန်နေကြလေသည်။

ရှန်းလီနှင့် ချန်သရှန်တို့သည် တစ်ရက်သာ နားလိုက်ရသည်။ နောက်တစ်နေ့တွင် သူတို့သည် အဖွဲ့ကို ဦးဆောင်ကာ လျှိုမြောင်ထဲက တဖန်ထွက်လာကြသည်။ ချန်းမိသားစုကတော့ အရင်အဖွဲ့ပင် __ ချန်းယိုထျန်းနှင့် သူ့သားဖြစ်သည်။ ချင်ဖန်းညန်က သူမ၏ ချွေးမလောင်းကို တွေ့ဖို့ရန် စိတ်အားထက်သန်နေသော်လည်း တရွာတည်းသားချင်းဖြစ်ပြီး အရင်ကလည်း သူမသည် ကျိုးကဲကို တွေ့ခဲ့ဖူးသည်။ သူမယောက္ခမ၏ အကြံဉာဏ်ကို နားထောင်လိုက်ပြီး လူငယ်များက ရည်ရွယ်ချက်ရှိမရှိ အရင်ဆုံး စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ရွှီမိသားစုကတော့ အစောပိုင်း ဆိုင်တာဝန်ခံရွှီ ပြောထားသည့်အတိုင်းမဟုတ်ဘဲ ရွှီဝမ်ချင်းက အပြင်ထွက်ဖို့ရန် လိုလားသည်ထက် ပိုနေသည်။ ထို့ကြောင့် သည်တစ်ကြိမ်တွင် လိုက်လာမည့်သူက ရွှီဝမ်ချင်းဖြစ်ြီး ဆိုင်တာဝန်ခံရွှီက လျှိုမြောင်မှ ထွက်ပြီး ဦးလေးရွှီက အနားယူခိုင်းလိုက်ရသည်။ ဤတွင် ရွှီမိသားစုကလည်း သားအဖနှစ်ယောက် ဖြစ်လာသည်။

ခရီးမထွက်ခင်တွင် ရှန်းကျင့်သည် သူ့ညီလေးနှစ်ယောက်ကို စောင့်ရှောက်ပေးရန် စန်းလော့နှင့် ရှန်းနဉ်တို့ကို အပ်နှံထားလိုက်သည်။ ရှန်းလီ၊ ရှန်းအန်းတို့နှင့်အတူ သူတို့သည် တောင်ဝင်‌ပေါက်အပြင်ဘက်က မြက်များကို ခြင်းများအပြည့် ဖြတ်လိုက်ကြပြီး နောက်ဆုံးမှ ထွက်လာခဲ့ကြသည်။

လျှိုမြောင်ထဲက ဘဝသည် တည်ငြိမ်အေးချမ်းပြီး သက်တောင့်သက်သာ ရှိလှသည်။ တစ်နေ့ နှစ်နှပ်သာ စားကြသည်ကလွဲလျှင် သူတို့၏နေ့စဉ် တာဝန်မျးသည် အဓိကအားဖြင့် တောင်နံရံတွင် အသီးအရွက်များကို စိုက်ပျိုးပြီး ကြက်၊ ဘဲ၊ ဆိတ်တို့ကို အစားအစား ကျွေးရခြင်းပင်။ စန်းလော့တွင် အချိန်အများကြီး ရှိနေသည်။ ရှန်းနဉ်သည် ဝမ်ယွင်ကျန့်ထံမှာ စာလိပ်ကို ယူပြန်လာချိန်တွင် သူမသည် စာလုံးများကို အလွန်ရင်းနှီးသည်အထိ ကျောက်ပြားပေါ်တွင် အချိန်မြောက်များစွာ စာရေးလေ့ကျင့်လိုက်သည်။ ထို့နောက်တွင်မှ သူမသည် စုတ်တံကို မှင်ထဲနှစ်ပြီး ပြင်ဆင်ထားသည့် ဝါးစာလိပ်‌ပေါ်တွင် စတင် စားရေးတော့သည်။

ကြားတွင် သူမသည် မကြာခဏဆိုသလို ရှန်းယင်နှင့် ရှန်းထျယ်တို့ကို စစ်ဆေးပေးသည်။ အငယ်ဆုံးဖြစ်သည့် ရှန်းထျယ်က လက်ဖြစ်မီးဖိုထက် အနည်းငယ် အရပ်မြင့်သည် ဆိုရုံလောက်ပင်။ မကြာခဏဆိုသလို ရှန်းယင်က အကူအညီလိုလာလျှင် သူသည် ယောက်ချိုဇွန်းကို ယူကာ တော်တော်လေး ယုံကြည်မှုရှိရှိနှင့် အကြီးများကို အတုယူကာ အစားအသောက်ကို မွှေပေးနေလေသည်။ စန်းလော့က အသီးခြောက်နှင့် ငှက်ပျောချပ်များကို လာပို့ပေးသည်ကို မြင်လိုက်ရသဖြင့် သူသည် တက်တက်ကြွကြွလေးဖြင့် ပန်းကန်တစ်ချပ်ကို သွားယူလာပြီး ချိုသာသည့်အပြုံးတစ်ခုလေးနှင့် ဝမ်းသာအားရ ကျေးဇူးတင်စကားပြောလေသည်။

အခုမှ စန်းလော့သည် ရှီလီရွာက သူမမိသားစု ခြံဝင်းတံခါးတွင် လာချောင်းကြည့်တတ်သည့် ရှန်းထျယ်လေးကို ပြန်မြင်လိုက်ရသယောင်။ သူမက ပြုံးမိလေသည်။ သည်ညီအစ်ကိုများသည် သူတို့ ပထမဆုံး လျှိုမြောင်ထဲသို့ ဝင်လာသည့်အချိန်ကထက် အများကြီး အဆင်ပြေလာကြသည်။ အိမ်သည် သပ်ရပ်နေသည်ကို မြင်လိုက်ရသဖြင့် သူမသည် မောင်ငယ်လေးများအတွက် ယူလာပေးသည့် အစားအသောက်ကို ချထားပေးလိုက်ပြီး အေးချမ်းသည့်စိတ်ဖြင့် အိမ်ပြန်လာခဲ့လိုက်သည်။

အားလပ်နေသည့်အချိန်တွင် သူမသည် ရှန်းနှဉ်နှင့်အတူ အချုပ်အလုပ်များကို လုပ်တတ်သည်။ သူမကိုယ်တိုင်အတွက် ဖိနပ်နှင့် ရှန်းလီအတွက် ဖိနပ်တစ်ရံလည်း ရှိသည်။ သည်အိမ်ထောင်စုတွင် ရှန်းလီထက်စာလျှင် မည်သူကမှ ဖိနပ်များ မြန်မြန်ဆန်ဆန် စုတ်ပြဲသွားခြင်း မရှိချေ။

ရှန်းနဉ်ကလညး အချုပအလုပ်များကို သင်ယူခဲ့ပြီး လတ်တလောတွင် သူမသည် သူမကိုယ်တိုင်နှင့် ရှန်းအန်းအတွက် အဝတ်အစားများကို ချုပ်နေလေသည်။

ရှန်းလီ၏ခရီးက သည်တစ်ကြိမ်တွင် ပိုပြီးရှည်နေ၏။ သူသည် အခြောက်လှန်းဖို့ရန်နှင့် အနားယူရန် လုံခြုံသည့်နေရာတစ်ခုကို တည်ဆောက်ရန် လိုအပ်နေသည်။ စန်းလော့ သူသည် ပြန်လာဖို့ရန် ၈ရက် ၉ရက်လောက် လိုလိမ့်အုံးမည်ဟု ခန့်မှန်းထားလိုက်သည်။ သူမကို အံ့ဩရစေသည်က သူသည် ၇ရက်မြောက်နေ့တွင် ပြန်ရောက်လာပြီး သူမ မျှော်လင့်ထားသည်ထက် တစ်ရက် နှစ်ရက်လောက် စောနေသည်။

စန်းလော့ကို မြင်လိုက်ရသဖြင့် ရှန်းလီ၏ ပျော်ရွှင်မှုက သိသာလာသည်။ သူမ အံ့ဩနေသည်ကို သတိထားမိလိုက်သဖြင့် သူသည် အနည်းငယ် ကို့ယို့ကားယား ဖြစ်သွားပြီး ရှင်းပြလိုက်၏။ “ကျွန်တော် ရှာနေတာတွေ အားလုံးနီးပါး ရှာတွေ့ခဲ့လို့လေ၊ ဒါကြောင့် ကျွန်တော် ပြန်လာခဲ့တာ”

စန်းလော့၏နှုတ်ခမ်းများက မသိမသာ ကွေးတက်သွားပြီး သူ နေရာခက်နေသည်ကို သတိမထားမိသလို ဟန်ဆောင်နေပေးလိုက်သည်။ သူမက သူတို့ရလာသည့်ပစ္စည်းများကို စူးစမ်းရန် လှည့်ထွက်လာလိုက်သည်။

သူတို့မိသားစုနှင့် ရှန်းကျင့်၏ ဝေစုကို သီးသန့် ခွဲထားလိုက်သည်။ အမှန်ပင် ပစ္စည်းအမျိုးအစား များစွာပါသည်။ အသားခြောက် နှစ်ခြင်း၊ စပျစ်သီးခြောက်၊ တောဇီးသီးခြောက်၊ ငှက်ပျောသီး အချပ်ခြောက်၊ မိုနက်ခြောက်နှင့် မှိုများ၊ အားလုံးကို အိတ်ငယ်လေးများထဲတွင် ထုပ်ပိုးထားသည်။ တစ်ချို့က ၁၀‌ပေါင်ကျော်ရှိပြီး တစ်ချို့ကတော့ ပေါင် ၃၀လောက် ရှိသည်။ အားလုံးကို ပြင်ဆင်ထားပြီးဖြစ်ကာ အသုံးပြုရန် အသင့်ပင်။ ထိုပစ္စည်းများထဲတွင် အများဆုံးဝေစုမှာ တည်သီးရိုင်း အိတ်ကြီးတစ်ခုဖြစ်လေသည်။ တည်သီးများကို အချိန်အကြာကြီး သိမ်းဆည်းထားနိုင်သည်။ ထို့ကြောင့် သူတို့သည် တည်သီးများကို ဘာမှထပ်မလုပ်ဘဲ သယ်ပြန်လာခဲ့ကြသည်။

စန်းလော့သည် အံ့ဩသွား၏။ “တည်သီးရိုင်းတွေ အများကြီးပါပဲလား”

သည်တစ်ကြိမ်တွင် ရှန်းလီက ဖြေပေးရန် မလိုချေ။ ရှန်းအန်းက စိတ်လှုပ်ရှားနေပြီး “မကြီး ကျွန်တော်တို့တွေ တည်သီးရိုင်းပင်တွေ အများကြီး ရှာတွေ့ခဲ့တာ၊ တကယ် အမြင့်ကြီးပဲ၊ အသီးတွေကလည်း နေရာတိုင်းမှာ တွဲလောင်းကျနေတာ၊ အစ်ကိုကြီးက နွယ်ခြင်းတစ်ခုကို ဝါးလုံးရှည်တစ်ခုမှာ တွဲချည်ထားတာ၊ ဒီလိုနဲ့ ကျွန်တော်တို့တွေ တည်သီးခူးနိုင်သွားတာပဲ၊ သစ်ပင်လေး ၂ပင် သုံးပင်နဲ့တင် မိသားစုတစ်ခုစီက အိတ်ကြီးတစ်အိတ်ရတယ်လေ”

မိသားစုများ၏ ပစ္စည်းများကို လာပေးနေကြသည့် အနီးအနားက လူများ၏ရယ်သံကြားတွင် ချန်းအဘွားက ပြောလိုက်လေသည်။ “တည်သီးရိုင်းတွေကို အခြောက်လှန်းပြီးတာနဲ့ တစ်ခုခုကို ဝါးချင်စိတ်နေရင်တောင် ဆာလောက်နေမှာ မစိုးရိမ်ရတော့ဘူး”

ကိုယ်စီ ပစ္စည်းများကို ကိုင်ထားသည့် ရှန်းယင်နှင့် ရှန်းထျန်တို့ပင် သွားများပေါ်သည်အထိ အပြုံးမရပ်နိုင်ကြချေ။ ရှန်းထျယ်ကလည်း သူ့ခြင်းကို လှန်ကြည့်လိုက်ပြီး “အစ်ကို (၂) ဒါတွေအားလုံးက ငါတို့ဟာလား”

ရှန်းကျင့်က လှိုက်လှုက်လှဲလှဲ ပြုံးလိုက်ပြီး “ဟုတ်တယ်၊ ဒါတွေအားလုံး ငါတို့ဟာတွေ”

သူ့ပစ္စည်းများအပြင် ရှန်းကျင့်သည် အိတ်တစ်ဝက်ကျော် ပေါင် ၄၀-၅၀ဆန့်သည် အပိုအိတ်တစ်လုံးလည်းရှိ သေးသည်။ ‌ပေါင် ၃၀လောက်ရှိမည်။ သူသည် အိတ်ကို စန်းလော့ဆီသို့ ဆွဲသွားလိုက်ပြီး ပြောလိုက်၏။ “မရီး ကျွန်တော် မြက်သီးတွေကိုလည်း နည်းနည်းလောက် ရိတ်လာခဲ့တယ်၊ ခဏနေကျရင် ကြက်နဲ့ဘဲစာအတွက် ကျွန်တော် လာပို့ပေးမယ်”

အမှန်တွင်တော့ ရှန်းအန်းကလည်း တစ်ချို့ ရိတ်လာသေးသည်။ အငယ်ဆုံးအနေဖြင့် အမဲလိုက်သည့် အချိန်အတွင်းတွင် သူတို့ကို လူကြီးများက ကာကွယ်ပေးခဲ့ကြသည်။ သစ်သီးခူးခြင်းအပြင် လမ်းတစ်လျှောက်တွင် တောသစ်သီးများ သားကောင်များ မရှိလျှင် သူတို့သည် မြက်သီးများကို ရိတ်လာခဲ့သည်။ သူတို့သည် အမှန်ပင် တော်တော်များများ စုဆောင်းခဲ့ကြ၏။ သို့သော်လည်း ရှန်းအန်းသည် ရှန်းကျင့်၏ စိတ်ရင်းကို သိနေပြီး သူသည် မရီးက အစားအသောက် ထောက်ပံ့ပေးခဲ့သည့်အတွက် သူမကို ကျေးဇူးပြန်ဆပ်ချင်နေမှန်း နားလည်သည်။ ထို့ကြောင့် သူက ဘာတစ်ခွန်းမှမပြောဘဲ ပြုံးနေလိုက်၏။

စန်းလော့ကလည်း မငြင်းချေ။ ထို့အစားက သူမက မြက်သီးများကို ယူလာပေးသည့်အတွက် ချီးမွှမ်းစကားပြောလိုက်ပြီး အပြုံးတစ်ခုနှင့် လက်ခံပေးလိုက်သည်။

“ကောင်းလိုက်တာ၊ ဒါတွေက အသုံးဝင်တယ်၊ နောက်ကျရင် ဒါတွေကို လာယူဖို့ ရှောင်အန်းကို နင့်အိမ် လွှတ်လိုက်မယ်နော်”

ထိုစကားကို ကြားလိုက်သည်တွင် သူတို့ခြင်းကို မွှေနှောက်နေဆဲဖြစ်သည့် ရှန်းယင်နှင့် ရှန်းထျယ်တို့သည် မြန်မြန်လေး ပြန်ဖြေလိုက်ကြ၏။

“မရီး ကျွန်‌တော်တို့ အခုချက်ချင်း လာပို့ပေးပါ့မယ်”

အိမ်နီးချင်း မိသားစုများသည် တဟားဟားရယ်မောလိုက်ကြပြီး သူတို့‌ရော နည်းနည်းလောက် ရမလားဟု စနောက်ကျီစယ်ကြလေသည်။ ရှန်းကျင့်က သည်အတိုင်းရယ်မောကာ ပြောလိုက်၏။ “ကျွန်တော် အားလုံးကို လာပို့ပေးပါ့မယ်”

သူတို့စကားအတိုင်းပင် ခဏအကြာတွင် ညီအစ်ကို သုံးယောက်သည် သူတို့ကို ရရှိလာသည့် ပစ္စည်းများကို သူတို့အစ်ကိုအကြီးဆုံးနှင့် မရီးတင်မကဘဲ လျှိုမြောင်ထဲက မိသားစုတိုင်းကို ပို့ပေးကြသည်။ ဝေစုက မများလှချေ။ စန်းလော့အတွက် မြက်သီး ၅-၆ပေါင်ပါသည့် အိတ်လေးတစ်ခုကလွဲလျှင် မိသားစုတစ်ခုစီသည် ပန်းကန်လုံးကြီးအပြည့်တစ်လုံးစာ ရကြသည်။

သည်အတွက် သူတို့သည် ချီးကျူးစကား များစွာရခဲ့ကြလေသည်။ စားသောက်စရာ အပိုရှိသည့် ချန်းအဘွားလို အိပ်ထောင်စုများကတော့ ကလေးသုံးယောက်ကို သူတို့နှင့်အတူယူသွားရန် အသီးခြောက် အိတ်ကပ်အပြည့် ပေးကြသည်။

ဟုတ်ပါသည်။ ဒါသည်လည်း နောက်တစ်ချိန်တွင်တော့ နောက်အကြောင်းအရာတစ်ခုပင်။

...

လက်ရှိကို အာရုံစိုက်ထားလိုက်ပြီး မိသားစုတစ်ခုစီက သူတို့၏ပစ္စည်းများကို ပြန်သယ်သွားကြသည်။ ရှန်းညီအစ်ကိုတို့သည် ဝင်ပေါက်နားတွင် နေထိုင်ကြ၏။ ထို့ကြောင့် သူတို့၏ပစ္စည်းများကို ရှန်းလီနှင့် တခြား သန်မာကြသည့် လူငယ်လေးများကိ ခြေလှမ်းအနည်းငယ်လေးနှင့် သယ်လာပေးလိုက်ကြသည်။ ထို့နောက်တွင် ညီအစ်ကိုများသည် ပစ္စည်းများကို လက်လွဲယူလိုက်ကြပြီး သူတို့ကိုယ်တိုင် သူတို့၏ဂူဆီသို့ သယ်တက်သွားလိုက်ကြသည်။

ရှန်းလီက ပိုပြီးလေးလံသည့် ပစ္စည်းများကို သယ်လာစဉ်တွင် စန်းလော့က ပိုပြီးပေါ့ပါးသည့် ပစ္စည်းများနှင့် အငယ်လေးများကို ခေါ်လာခဲ့သည်။ အသွားအပြန် ၂ခေါက်လောက် လုပ်ပြီးနောက်တွင် ရှန်းညီအစ်ကို၏ စပါးအတွက် လွှတ်နေသည့် စင်များသည် အသစ်ရလာသည့် တောင်ထွက်ပစ္စည်းများကို သေသေချာချာ နေရာချထားလိုက်သဖြင့် ပြန်ပြီး ပြည့်သွားလေသည်။

ကောင်လေးတစ်အုပ်က ရှန်းအန်းကို လာရှာချိန်တွင် အိမ်သည် ရှုပ်ပွနေသေးသည်။ သူတို့ လာကြသည့်အကြောင်းအရင်းက ရှင်းပေသည်။ သူတို့သည် အမဲလိုက်ခရီးအကြောင်းကို သိချင်နေကြခြင်းပင်။ စန်းလော့က ဒါကို သဘောကျသလို မြင်မိပြီး ရှန်းအန်းကို သွားကစားဖို့ လက်ယမ်းပြလိုက်၏။ နောက်ဆုံး တည်သီးများမှလွဲလျှင် ရှန်းအန်းသည် အပြင်ဘက်တွက် အားလုံးကို စီစဉ်လာခဲ့ပြီးဖြစ်လေသည်။ သူမက သေချာလုံလောက်အောင် အခြောက်လှန်းထားသလားဟုသာ စစ်ဆေးရန် လိုသည်။ မဟုတ်လျှင် ပစ္စည်းများကို ရက်အနည်းငယ် ပိုပေးပြီး ဖြန့်ကာ နေလှန်းထားနိုင်သည်။

ရှန်းအန်းကလည်း ထိုနည်းတူ ရွှင်လန်းတက်ကြွသွား၏။ သူသည် သူ့လေးနှင့်မြားကို ချထားလိုက်ပြီး ရွှီဝမ်ဟုန်၊ ရွှီဝမ်ပေါ်၊ အာ့နျိုနှင့် ကလေးတစ်သိုက်နောက် လိုက်သွားလေသည်။ အပြင်ဘက်တွင် ရွှီဝမ်ယင်းနှင့် ရှီချောင်အာတို့ကို မြင်လိုက်ရသဖြင့် ရှန်းနဉ်က စန်းလော့ကို အသိပေးလိုက်ပြီး သူတို့နှင့် လိုက်သွားလေသည်။

ရှန်းလီတစ်ယောက်သာ စန်းလော့ကို ပစ္စည်းများ ကူးသိမ်းပေးရန် ကျန်ခဲ့သည်။

ရှန်လီးသည် စိတ်ချမ်းသာနေပြီး သူသည် တစ်ခုခုကို သတိရသွား၏။ သူက စန်းလော့ကို တိုးတိုးလေး ပြောလိုက်သည်။

“အ‌ဘွားချန်း ဒါမှမဟုတ် အဒေါ်ဖန်းညန်တို့က သရှန် မင်္ဂလာကိစ္စ ဘာပြောသေးလဲ”

စန်းလော့သည် မျက်မှောင်ကြုတ်ထားလိုက်ပြီး “မပြောပါဘူး၊ ဘာလို့လဲ”

“သရှန်က ဦးလေးကျိုးရဲ့ သမီးအပေါ် ခံစားချက်ရှိနေသလို ခံစားမိလို့၊ သူ ပြန်လာတုန်းကတော့ မသေချာပါဘူး၊ ဒါပေမဲ့ အမဲလိုက်ခရီးအတွင်းမှာ သူ ဦးလေးကျိုးနဲ့ ကျိုးအာ့လန်ကိုပဲ ကြည့်နေတာ သတိထားမိတယ်၊ ကျွန်တော်တို့ အပြန်လမ်းကြတော့လဲ သူက ယုန်သားမွှေး ၈ခုလောက်ကို ကျိုးမိသားစုဆီ ပေးလိုက်သေးတယ်”

ထိုစကားကို ကြားလိုက်သည်တွင် ရှန်းလီသည် အရင်က ချန်းသရှန် ပြောခဲ့ဖူးသည့် စကားကို ပြန်သတိရသွားဟန်တူကာ ရယ်မောလိုက်လေသည်။

“ပြီးခဲ့တဲ့ တစ်ခေါက်ကတည်းက မင်း ခန့်မှန်းမိနေတာလား”

စန်းလော့က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ကာ ရှန်းလီကို မေးလိုက်၏။

“အဲဒီတုန်းက အားကဲ ရောရှိလား”

ရှန်းလီက ခေါင်းညိတ်ပြလိုက်ပြီး စန်းလော့က ပြုံးသည်။ “ဒီအတိုင်း စောင့်ကြည့်တာပေါ့၊ မကြာခင်တော့ လျှိုမြောင်ထဲမှာ ပျော်ရွှင်စရာ သတင်းတစ်ချို့ ရှိလာတော့မယ်ထင်တယ်”

ပျော်ရွှင်စရာ ကိစ္စဟု ပြောလိုက်သည်တွင် ရှန်းလီသည် မနေနိုင်တော့ဘဲ စန်းလော့ကို တိတ်တိတ်လေး အကဲခတ်လိုက်လေသည်။

စာရွက်ပေါ်တွင်တော့ သူတို့သည် လင်မယားဖြစ်ကြသော်လည်း လက်တွေ့တွင်တော့ သူတို့သည် မင်္ဂလာပွဲတစ်ခုပင် မကျင်းပခဲ့ရချေ။ ဟုတ်ပါသည်။ သူပြန်လာပြီးကတည်းက အခြေအနေသည် ပိုပြီးအပေါ်ယံဆန်လာကာ သူတို့၏ဆက်ဆံရေးက ဟန်ဆောင်နေသည်ထက် မပိုချေ။

သူ့အတွေးများက တောင်စဉ်ရေမရဖြစ်နေစဉ် စန်းလော့သည် လက်ရှိကိစ္စကို ပြန်ပြောလိုက်ပြီး ရှန်းလီကို မေးလိုက်၏။ “ဒီတစ်ခါရော တောင်ထဲမှာ သစ်ကြားသီးတွေ တွေ့ခဲ့သေးလား”

တောသစ်သီးများက ကောင်းမွန်သော်လည်း ထိုအရာများက အခြေခံအစားအသောက်တစ်ခုအနေဖြင့် မသင့်တော်ချေ။ သစ်ကြားသီးကတော့ တာရှည်ခံပြီး ဗိုက်ပြည့်ကာ အဟာရဖြစ်သည့်အပြင် သူတို့ကို သိမ်းဆည်းရန် အဆင်ပြေလှသည်။ သူတို့သည် သစ်ကြားသီးများကို ရှာဖွေနိုင်လျှင် ဆောင်းတွင်းအတွက် အစားအသောက် အများအပြား စုဆောင်းထားနိုင်လိမ့်မည်။

သစ်ကြားသီးများသည် သချန်မင်းဆက်တွင် ရှိသော်လည်း ရှားပါးကာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းမရှိဘဲ တောထဲတွင်သာ အဓိကပေါက်ရောက်လေသည်။ မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲတွင် သူမ၏မိသားစုသည် သစ်ကြားသီးများကို မကြာခဏဆိုသလို အပြင်မှ ယူပြန်လာတတ်သည်။

ရှန်းလီက ခေါင်းခါလိုက်ပြီး သူ၏လတ်တလော အစောပိုင်းအစီအစဉ်ကို သတိရသွား၏။ သူက စန်းလော့ကို သတိဖြင့် မေးလိုက်လေသည်။

“ကျွန်တော်တို့တွေ သဘက်ခါကျရင် နေရာအသစ်ကို သွားဖို့ စဉ်းစားထားတယ်၊ မင်းရော လမ်းလေးဘာလေး လျှောက်ဖို့ လိုက်ခဲ့ချင်လား”

စန်းလော့သည် စင်ပေါ်တွင် ပစ္စည်းများကို စီစဉ်နေပြီး ပုံမှန်အတိုင်း ပြန်ဖြေလိုက်လေသည်။ “လိုက်မှာပေါ့၊ ရှန်းနဉ်ကို သူလည်း လိုက်ချင်မလား မေးလိုက်လေ”

ပြီးခဲ့သည့်ဆောင်းဦးတုန်းက ကလေးမလေးသည် တောင်ထဲသို့လိုက်ပါရမည့်အခွင့်အရေးကို စိတ်အားထက်သန်စွာ စောင့်နေခဲ့ရသည်။ ဟိုတုန်းက သူတို့၏ဘောင်းဘီများသည် အလွန်တိုနေပြီး သူတို့၏ခြေမျက်စိကိုပင် ဖုံးရုံလောက်သာရှိခဲ့ပြီး သူတို့အိမ်ကလည်း ခတ်စရာသော့အိမ်မရှိခဲ့ချေ။ အစပိုင်းတွင် တောင်အတွင်းပိုင်းသို့ စွန့်စားသွားလာရသည့် မျှော်လင့်ချက်က ရှည်ကြာစွာစောင့်စားခဲ့ရသည့် အိပ်မက်တစ်ခုဖြစ်ခဲ့သည်။

သူမက သဘောတူလိုက်သည်ကို ကြားလိုက်ရသည်တွင် ရှန်းလီ၏နှုတ်ခမ်းများသည် ကွေးတက်သွားပြီး “ကောင်းပြီလေ၊ ကျွန်တော် နောက်မှ မေးလိုက်မယ်”

...

“ကိုကြီး တကယ်ပဲ ညီမလေးကို ခေါ်သွားမှာလား” ရှန်းနဉ်သည် စိတ်လှုပ်ရှားနေသည်မှာ သံသယဖြစ်ရန်မလိုချေ။ သူမ၏မျက်လုံးများသည် ဝမ်းသာမှုကြောင့် လင်းလက်နေ၏။

သူမ၏တုန့်ပြန်ပုံကို မြင်လိုက်သည်တွင် ရှန်းလီက တဟင်းဟင်းရယ်မောလိုက်ကာ “အင်း ခေါ်သွားမှာပေ့ါ၊ နင် နင့်ယောင်းမနဲ့ အဖော်လုပ်လို့ရတယ်လေ”

စန်းလော့က ထပ်ပြောလိုက်သည်။ “လျှိုမြောင်အပြင်ဘက်က ဘဝက ပိုပြီး ခက်ခဲလိမ့်မယ်၊ အစားအသောက်ကတော့ ပြဿနာမဟုတ်လောက်ပါဘူး၊ ဒါပေမဲ့ နေရေးထိုင်ရေးကတော့ ဆင်းရဲလိမ့်မယ်၊ နင် ကြောက်လား”

ထို့နောက်တွင် သူမက ရှန်းလီဘက်သို့ လှည့်‌မေးလိုက်၏။ “ကျွန်မတို့တွေ အပြင်ဘက်မှာ ရက်တော်တော်ကြာအောင် နေကြမှာမလား”

နောက်ဆုံး သူတို့သည် လျှိုမြောင်မှ တော်တော်ဝေးအောင် သွားကြမည်ဖြစ်ကာ အသွားအပြန်ခရီးလုပ်လျှင် တော်တော်လေး ခက်ခဲလိမ့်မည်။ ထို့ကြောင့်လည်း သူမက လမ်းခုလတ် လုံခြုံသည့်နေရာတစ်ခုကို တည်ဆောက်ဖို့ အကြံပေးခဲ့ခြင်းပင်။

ရှန်းလီက ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ်၊ ကျွန်တော်တို့တွေ နေလှန်းဖို့ နေရာတစ်ခု ဆောက်ဖို့လိုတယ်လေ၊ တကယ်လို့ အကာအကွယ်အတွက် သင့်တော်တဲ့ ဂူတစ်ခုမရှိခဲ့ဘူးဆိုရင် ကျိုးမိသားစုလိုပဲ ရေအရင်းမြစ်တစ်ခုနားမှာ ကျွန်တော်တို့တွေက မြေပြန့်တစ်ခုကို ရှင်းလင်းပြီး ယာယီနေထိုင်ဖို့ ဆောက်ရမယ်”

ထိုအကြောင်း ပြောလိုက်သည်တွင် ရှန်းအန်းက စိတ်အလှုပ်ရှားဖြစ်ပြီး သူ့မရီးနှင့် ညီမလေးကို ပြောပြလေသည်။

“သစ်လုံးနဲ့လုပ်ထားတဲ့ တဲတစ်လုံးကိုလေ အထဲမှာ သစ် ဒါမှမဟုတ် ကျောက်တုံးတွေနဲ့ အိပ်ရာတစ်ခု လုပ်ထားပြီးအပေါ်ကနေ မြက်ခြောက် အိအိလေးတစ်လွှာခင်းပြီး နောက်ထပ် တိရစ္ဆာန်သားရေ အပေါ်က ခင်းလိုက်တာ၊ တဲအပြင်ဘက်မှာကျတော့ တစ်ဖောက်ဖောက် မြည်နေတဲ့ မီးပုံတစ်ခုရှိတယ်၊ တကယ် ပျော်စရာကောင်းတယ်၊ ညဘက်ဆိုရင်လေ ဝံပုလွေအူသံတွေနဲ့ မရင်းနှီးတဲ့ တောရိုင်းတိရစ္ဆာန်တွေ အော်သံကို ကြားရတယ်၊ အစတော့ နည်းနည်းကြောက်နိုင်တယ်၊ ဒါပေမဲ့ ဘာပြင်းပြင်းထန်ထန်မှ မဖြစ်ဘူး၊ တစ်ခါက အစ်ကိုကြီးနဲ့ အစ်ကိုသရှန်တို့ ဝက်ဝံတစ်ကောင် ချဉ်းကပ်လာတဲ့အကြောင်း ပြောသေးတယ်၊ ဒါပေမဲ့ ငါတို့သစ်လုံးတဲ့ကို ခိုင်မာနေအောင် ပိတ်ထားတာလေ၊ မီးကိုလည်း လင်းအောင် မီးပုံဖိုထားတာ၊ ငါတို့မှာ လူတွေလည်း အများကြီးရှိတော့ ဝက်ဝံက ပြန်ဆုတ်သွားတယ်”

သူသည် သည်လိုစိတ်အားထက်စွာ ပြောနေသဖြင့် ရှန်းနဉ်၏နှလုံးသားသည် သူ့စကားအတိုင်း လိုက်မြင့်တက်သွားသယောင်။ မောင်နှမနှစ်ယောက်သည် ရိက္ခာစုဆောင်းခြင်း ခရီးကို စခန်းချစွန့်စားတစ်ခုလို မှတ်ယူနေကြလေသည်။ စန်းလော့သည် သူတို့၏ စိတ်အားထက်သန်မှုကို တော်တော်လေး သဘောကျစရာကောင်းသည်ဟု မြင်မိလေသည်။

အမှန်ပင် ဒါသည် ထူးခြားသည့် အတွေ့အကြုံတစ်ခု ဖြစ်လေသည်။ ရှန်းလီနှင့် တခြားသူများ မရှိလျှင် သူတို့ထဲက ဘယ်သူမှ ညသန်းခေါင်တွင် အိုဟောင်းနေသည့် သစ်တောနက်ထဲတွင် စခန်းချရန် အခွင့်အရေး သူတို့တစ်ဘဝလုံးတွင် ရှိလာလိမ့်မည်မဟုတ်ချေ။

ထိုစကားကို ကြားလိုက်သည်တွင် ရှန်းနဉ်က ရှန်းလီကို မေးလိုက်၏။ “အစ်ကိုကြီး ညီမလေးတို့ ဘယ်တော့ ထွက်ကြမှာလဲ”

သူမသည် သူမ၏အိတ်များ ချက်ချင်း ထုပ်ပိုးထားခြင်းလေသည်။

ရှန်းလီ၏ တဟားဟား ရယ်မောလိုက်ပြီး “ငါတို့တွေ တစ်နေ့တော့ နားအုံးမယ်လေ။ ပြီးမှာ သဘက်ခါမှ စောစောထွက်ကြမယ်၊ ဒီတစ်ခါ ငါတို့တွေ အဝေးကြီးကို မသွားဘူး၊ ဒီတော့ အနားယူနိုင်မဲ့နေရာတွေကို ကြိုပြီး စစ်ဆေးထားပြီးပြီ”

...

ပြင်ဆင်ရန် တစ်ရက်အချိန်ရသဖြင့် စန်းလော့သည် ဆား၊ မြေအိုးများနှင့် တိရစ္ဆာန်သားရေများကို ထုပ်ပိုးလိုက်သည့်အပြင် ချင်းနည်းနည်းလောက် တူးလိုက်ပြီး စီချွမ်ငရုတ်သီးကိုလည်း ယူလာခဲ့လိုက်သည်။ သည်ပါဝင်ပစ္စည်းသည် ဆားကို နည်းနည်းသာ သုံးရန်လိုအပ်သည့် အရသာရှိသည့် အသားကင် လုပ်ရာတွင် အရေးကြီးလေသည်။

အသားကို အလွယ်တကူ လှီးဖြတ်ရန်အတွင် မီးဖိုချောင်သုံး ဓားတစ်ချောင်းကိုပင် ယူလာခဲ့သေးသည်။ ဆောက်၊ ပုဆိန်နှင့် လွှ ကဲ့သို့ ကိရိယာပစ္စည်းများကိုတော့ ရှန်းလီနှင့် ချန်းယိုထျန်းတို့က အတွေ့အကြုံရှိကြသည်ဖြစ်ရာ ဘာကိုယူလာရမည်ကို သိပြီးသားပင်။

အိမ်တွင် မီးဖိုချောင်ဓား မရှိလဲ ကိစ္စတော့မရှိချေ။ မည်သို့ဆိုစေ ရှန်းအန်းတစ်ယောက်သာ ကျန်ခဲ့ပြီး သူသည် သူ့အစားအသောက်များကိုယူကာ ရှန်းကျင့်တို့မိသားစုနှင့် သွားပေါင်းပြီး စားသောက်နိုင်သည်။

အိမ်က မထွက်ခင် တည်သီးရိုင်းများကို တည်သီးမုန့်လုပ်ထားခြင်းဖြင့် ထိထိရောက်ရောက် သိမ်းထားနိုင်သည်။ သို့သော် စန်းလော့တွင် သူမ၏ကိုယ်ပိုင် ရည်ရွယ်ချက်များရှိနေသည်။ သချန်မင်းဆက်တွင် တည်သီးမုန့်လိုအရာမျိုး မရှိချေ။ လူများသည် တည်သီးများကို အစိမ်းမစားလျှင် ဆားရည်ထဲတွင် ၁၅မိနစ်လောက် စိမ်ထားပြီး၊ ရေစစ်ကာ အလွှားများဖြစ်အောင်လှီးလိုက်ပြီးနောက် နောက်ထပ် ၆-၇ရက်လောက် အခြောက်ခံထားတတ်သည်။ နောက်ပိုင်း ကြာကြာထားခံရရန် သူတို့သည် အဖန်အရသာကို ဖယ်ရန် တည်သီးခြောက်များကို လှော်ထားတတ်ကြသည်။

မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲတွင် တည်သီးမုန့်နှင့် ကွဲပြားသည့် ပုံစံတစ်ခု ရှိသည့် သည်လိုအစားအစာမျိုး ရှိနေပြီး သူ့သွင်ပြင်က နှိုင်းယှဉ်လို့မရသည်ကတော့ သဘာဝပင်။

သည်လျှိုမြောင်သည် အလွန်မှ သေးငယ်ပြီး အကာအကွယ်မရှိချေ။ နေလှန်းခြင်းလုပ်ရသည့် မုန့်လုပ်နည်းများကို ဖုံးကွယ်ထားဖို့ရန် ခက်ခဲလိမ့်မည်။ နောက်ဆုံး သူမသည် သူမ၏ကျန်သည့် ဘဝကို သည်အချိန်ကာလတွင် နေသွားရလိမ့်မည်။ မုန့်လုပ်နည်းကို မမျှဝေခြင်းက လျှိုမြောင်ထဲတွင် နေထိုင်သူများကို ငတ်ပြတ်စေလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ဒါကို လျှို့ဝှက်ထားဖို့ လိုအပ်သေးသည်။ ထို့ကြောင့် စန်းလော့က တည်သီးမုန့်ကို မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး တည်သီးများကို အခြောက်လှန်းဖို့ ဒေသတွင်းက သုံးနေကျနည်းလမ်းအတိုင်း လိုက်လုပ်ထားလိုက်သည်။

တစ်ရက်လောက် အနားယူပြီးနောက်တွင် သူမသည် အိမ်မှုကိစ္စအားလုံးကို ရှန်းအန်းဆီတွင် အပ်ထားလိုက်ပြီး သူမနှင့် ရှန်းနဉ်တို့ကတော့ ရှန်းလီနှင့် ခရီးထွက်ရန် ထုပ်ပိုးလိုက်ကြသည်။ ခါတိုင်းလိုပင် သူတို့သည် လျှိုမြောင်အပြင်ဘက်တွင် စိုက်ခင်းများကို ပြုစုရန်လိုသည်။ ယခုအချိန်မှသာ ရှန်းနဉ်သည် လျှိုမြောင်အပြင်ဘက်က သူတို့၏ဂူငယ်လေးကို သိရတော့သည်။

သို့သော်လည်း အရင်က အပြင်ထွက်ခဲ့ကြသည့် ရှန်းအန်းနှင့် ရှန်းကျင့်တို့ကို လျှိုမြောက်သို့ ပြန်လာလျှင် ဂူအကြောင်း မပြောဖို့ မှာထားခဲ့ရသည်။

သည်ကိစ္စနောက်ကွယ်က အကြောင်းအရင်းက ရှင်းပေသည်။ - အသက် ၉-၁၀နှစ်သာရှိသေးသော်လည်း ကောင်လေးနှစ်ယောက်လုံးက ဖြတ်ထိုးဉာဏ်ကောင်းပြီး ပါးနပ်ကြသည်။ ရှန်းလီက ရှင်းပြဖို့ရန်မလိုဘဲ သူတို့ကိုယ်တိုင် နားလည်နိုင်ကြသည်။

ရှန်းလီသည် ထင်းများနှင့် မြက်စိမ်းများကို ဂူထဲသို့ ထက်ထည့်ထားလိုက်ပြီး သူ့ပြင်ဆင်မှုကို ပြီးအောင်လုပ်ပြီးမှ နောက်ဆုံးတွင် သူတို့သည် ထွက်ခွာလာခဲ့ကြသည်။

ကျိုးလိုင်ကျီနှင့် သူ့သားကို သွားခေါ်ရန် ကျိုးမိသားစုသို့ ရောက်လာချိန်တွင် စန်းလော့ အာရုံပိုမစိုက်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ ကျိုးကဲက သူမတို့နှင့်အတူ အဖော်လိုက်လာပြီး သူမ၏အဖေနှင့်အစ်ကိုတို့ကို လိုက်ပို့ဟန်တူသော်လည်း သူမ၏အကြည့်က မရည်ရွယ်ပါဘဲ ချန်းသရှန်ထံသို့ မကြာခဏ ရောက်နေလေသည်။

တခြားသူများက ဒါကို သတိထားမည်မဟုတ်သော်လည်း ချန်းသရှန်ကတော့ ထိုတဒင်္ဂအကြည့်ကို စိတ်အားထက်သန်စွာ သတိထားမိသွားသေးသည်။ ကျိုးကဲက မြန်မြန် အကြည့်လွဲလိုက်လသည်။

စန်းလော့၏မျက်လုံးများကလ အပြုံးတစ်ခု အသွင်ကွေးတက်သွားပြီး သူမလည်း မြန်မြန်အကြည့်လွဲလိုက်ကာ နောက်ထပ် မစပ်စုမိအောင် ထိန်းချုပ်ထားလိုက်တော့သည်။ သည်ဆောင်းဦးကုန်လျှင်တော့ အဒေါ်ဖန်းညန်က သူတို့၏စေ့စပ်ပွဲအတွက် အောင်သွယ်တော်များကို ဖိတ်ရန် စတင်စီစဉ်နေသည်ကို သူမ သိထားလေသည်။

ကျိုးအိမ်က ထွက်လာပြီးနောက် သူတို့သည် နောက်ထပ် တစ်နာရီခွဲလောက် ဆက်သွားလိုက်ကြပြီးနောက် စန်းလော့သည် နောက်ဆုံးတော့ ရှန်းအန်းပြောသည့် လုံခြုံသည့်နေရာကို မြင်လိုက်ရတော့သည်။ -ထိုခြံဝင်းအတွင်းတွင် တဲငယ်လေးတစ်ခု ရှိလေသည်။

ဒါသည် အလယ်တွင် အခြောက်လှန်းစင် အများအပြားရှိသည့် အလယ်အလတ်အဆင့် မြေကွက်လေးတစ်ခုဖြစ်ပြီး တဲငယ်လေး ၆ခု ၇ခုက ဝန်းရံထားသည်။ သည်တဲများ၏ တံခါးများသည် သစ်လုံးစည်းရိုးဖက်သို့ မျက်နှာမူထားပြီး ဝင်ပေါက်တစ်ခုစီက မီးပုံများနှင့် သိပ်မဝေးချေ။ ညပိုင်းတွင် သစ်လုံးစည်းရိုးထဲက ဟနေသည့်နေရာများတွင် မီးတောက်များဖြင့် အလင်းပေးထားပြီး တောရိုင်းတိရစ္ဆာန်များကို တားဆီးပြီး ခြောက်လန့်ထားလေသည်။ နေ့ခင်းဘက်တွင်တော့ ထိုမီးပုံများကို အသား ကြပ်တိုက်ရန်နှင့် ချက်ပြုတ်ရန်အတွင် သုံးနိုင်သည်။

ငယ်ရွယ်သန်မာသူများက အခြောက်လှမ်းဖျာများကို လိပ်လိုက်ကြပြီး စင်များကို ဖြုတ်ပြီး နွယ်ကြိုးများနှင့် ချည်ထားက သူတို့၏ဝေစုများကို သယ်လိုက်ကြသည်။ သူတို့သည် သူတို့၏နေရာအသစ်သို့ ရောက်လာချိန်တွင် စည်းရိုးနှင့် တဲများကိုသာ ဆောက်ရန်လိုအပ်ပြီး ဘောင်များကို တည်ဆောက်ခြင်းနှင့် ဖျာရက်ခြင်းအတွက် အင်အားကို ချွေတာနိုင်လိမ့်မည်။ သူတို့သည် တဲများကို အကုန်မဖြုတ်လိုက်ရသည့် အကြောင်းအရင်းမှာ ပထမအနေဖြင့် နောက်ပိုင်းတွင် အသုံးဝင်လာနိုင်ပြီး ဒုတိယအချက်မှာ အပြင်လူများက အတွင်းပိုင်းပတ်ဝန်းကျင်တွင် ခိုလုံရန် အမှန်လိုအပ်လာခဲ့လျှင် သည်တဲများသည် ‌တောရိုင်းတိရစ္ဆာန်များရန်မှ ကာကွယ်ပေးနိုင်သည့် စေတနာလေးတစ်ခု ဖြစ်လိမ့်မည်။ တတိယအချက်ကတော့ သည်လိုတဲအိမ်များ ပိုရှိထားလျှင် သူတို့၏ လျှိုမြောင်နားက ဂူများသည် အရမ်းကြီး ထင်ရှားတော့မည် မဟုတ်ချေ။

ရှန်းလီ၊ ချန်းသရှန်နှင် လုအာ့လန်တို့သည် အဓိက အကာအကွယ် အင်အားဖြစ်သဖြင့် သည်ပစ္စည်းများကို သယ်ရာတွင် ဝန်ထုပ်ဝန်းပိုးမဖြစ်လှချေ။

တောင်ခြေနှင့် တောအစွန်းနားက လမ်းသည် အရမ်းကြီး မကြမ်းတမ်းသော်လည်း ရှန်းလီနှင့် သူ့အဖွဲ့သည် ကျိုးမိသားစုအိမ် ပတ်ဝန်းကျင်မှ ထွက်လာပြီးနောက် ပိုပြီးသိသိသာသာ သတိထားလာကြသည်။ သူတို့သည် အစောပိုင်းက စစ်ဆေးခဲ့သော်လည်း တစ်ခါသာ လှည့်ပတ်သွားလာခဲ့ပြီး ၇ရက်သာ နေခဲ့ကြသည်။ ထိုနေရာကို လုံးဝ ရှင်းလင်းသွားသည်အထိ လှည့်ပတ်သွားလာဖို့က အများကြီး လုပ်ရအုံးမည်။ ထို့အပြင် ဝက်ဝံက သူတို့ကို စောင့်ကြည့်နေခဲ့ပြီးမှ ပြန်ထွက်သွာသည့်အကြောင်း ရှန်းအန်း ပြောပြသည်ကို စန်းလော့ မှတ်မိနေသေးသည်။

ရှန်းလီ ပြောခဲ့သည့်အတိုင်းပင် သူတို့သည် ရွေးချယ်ထားသည့်နေရာကိုသာကို ကြိုတင်သွားရောက် စစ်ဆေးခဲ့သည်။ သူတို့အဖွဲ့သည် ထိုနေရာသို့ တန်းပြီး ဦးတည်သွားလိုက်သော်လည်း ရောက်လာချိန်တွင်တော့ ထို’ကြိုတင်စစ်ဆေးခြင်း’က စကားအဖြစ် ပြောရုံသာဖြစ်မှန်း စန်းလော့ သဘောပေါက်သွားတော့သည်။ သစ်ပင်များကို နေရာတစ်ကွက်လုံး ခုတ်လဲထားပြီးဖြစ်ကာ သစ်လုံးစည်းရိုးက တန်းပြီးတည်ဆောက်နိုင်လေသည်။

ရှန်းလီနှင့် တခြားသူများက စည်းရိုးများက ဆောက်နေကြစဉ် စန်းလော့၊ ရှန်းနဉ်နှင့် ရှီအာ့လန်၏မိန်းမတို့က ဆက်ပြီး အလုပ်များနေလိုက်ကြသည်။ သူတို့၏ပစ္စည်းများကို နေရာချထားလိုက်ပြီးနောက် သူတို့သည် ရှည်နေသည့် ပေါင်းမြက်များနှင့် ချုံနွယ်များကို ကူညီရှင်းလင်းပေးကြသည်။ သို့သော်လည်း သူတို့သည် သိပ်ကြာကြာ မခုတ်ဖြတ်ရသေးခင်မှာပင် စန်းလော့က တခုခု အံ့ဩစရာကို ရှာတွေ့သွားလေသည်။

သူမ၏ လက်ကိုင်ရိုးရှည် ဓားကောက်ကို သုံးကာ သူမသည် ရှေ့သို့တက်သွားလိုက်ပြီး ချုံနွယ်တစ်အုပ်ကို ဆွဲလိုက်ရာ လက်တစ်ကမ်းအလိုတွင် အသီးများ တွဲခိုနေသည့် နွယ်တစ်ခု ထွက်လာလေသည်။ အသီး၊ နွယ်နှင့် အရွက်များကို စစ်ဆေးကြည့်လိုက်ပြီး သူမက ပြုံးလိုက်၏။

သူတို့လိုအပ်သည့်အရာတိုင်းက လိုအပ်လာချိန်တွင် အချိန်ကိုက် ပေါ်ထွက်လာသယောင်ပင်။

ရှန်းနဉ်က အနားကပ်လာပြီး “မကြီး ဒါတွေက တော်သစ်သီးတွေလား”

စန်းလာ့၏မျက်လုံးများသည် နွေးထွေးသည့် အပြုံးတစ်ခုအသွင် ကွေးတက်သွားပြီး “ဒါက တောသစ်သီးထက်တောင် အများကြီး ပိုကောင်းသေးတယ်၊ ဒါတွေက အခြေခံအစားအစာပဲ”

“ဒီနေရာကို အရင်ဆုံး ရှင်းလိုက်ပြီးရင် ဘေးဘက်ခြမ်းကို နည်းနည်းလောက် ရွှေ့လိုက်ရအောင်”

သူမသည် ပြောရင်းဆိုရင် ရှန်းလီကို လှမ်းအော်ခေါ်လိုက်လေတော့သည်။

...

အပိုင်း (၁၈၆.၁) မျောက်ဥ / မမျှော်လင့်ပဲအပြောင်းအလဲ

ရှန်းလီကရောက်လာပြီး စန်းလော့ကိုင်ထားသည့်အရာကို မြင်လိုက်သည်တွင် သူသည် ခပ်တိုးတိုးတအံ့တသြ ပြောလိုက်လေသည်။

"ဒါရှိတာလား"

စန်းလော့က သူ့ကိုကြည့်လိုက်ပြီး

"ဒါ ဘာလဲဆိုတာ ရှင်သိလား"

ရှန်းလီက ခေါင်းခါပြသည်။

"မနှစ်တုန်းက ကျွန်တော်တို့အပြန်လမ်းမှာ ဒါကိုတွေ့ခဲ့တယ်လေ ကျွန်တော်တို့တွေ တောင်အတွင်းပိုင်းမှာ အချိန်အကြာကြီး အစားအသောက်မရှိပဲဖြစ်ခဲ့တယ် ဒါကြောင့်မလို့ ကျွန်တော်တို့တွေက အမဲလိုက်တာနဲ့ တောထဲကဟင်းရွက်တွေကို ရှာဖွေတာအပေါ် ပဲ မှီခိုခဲ့ရတယ် ကျွန်တော်တို့ ဒါကို နည်းနည်းလောက်မီးဖုတ်ပြီးတော့ ကျွန်တော်တို့ထောင်ချောက်ထဲမှာ ဖမ်းမိထားတဲ့ တောဝက်ငယ်လေးတွေကို ကျွေးကြည့်လိုက်တယ် သူတို့တွေက ၂ရက်လောက်နေတဲ့အထိ အဆင်ပြေနေတာကို တွေ့ရတော့ ကျွန်တော်တို့လဲ အများကြီးခူးလာခဲ့တာပေါ့ ကျွန်တော်တို့တွေ အဲဒီ့တုန်းက တော်တော်များများ စားခဲ့ကြတယ် နောက်ပြီးတော့ အရသာက တော်တော်လေးကောင်းတာပဲ ချီယန်မှာလည်းပဲ ဒီအပင်တွေရှိမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"

အားလုံးက အနီးအနားတွင် ရပ်နေကြပြီးဖြစ်ကာ သူတို့စကားကိုကြားလိုက်သည်တွင် သူတို့သည် ပစ္စည်းအသစ် တစ်ခုခု ရှာဖွေတွေ့ရှိကြောင်း သဘော ပေါက်လိုက်လေသည်။ သူတို့က စုဝေးလာကြ၏။

ချန်းသရှန်နှင့်လုအာ့လန်တို့သည် စန်းလော့လက်ထဲက ပစ္စည်းကို မြင်လိုက်သည်တွင် ပြုံးလိုက်မိလေသည်။

"ဒါက အရသာရှိတယ် ကျွန်တော်တို့တွေလဲ ဒါကို စားလို့ရတယ်မဟုတ်လား"

သူတို့သည် ပြောရင်းဆိုရင်း စန်းလော့နောက်က ချုံပုတ်လေးကို လှမ်းကြည့်လိုက်သည်။

ဆိုင်တာဝန်ခံရွှီက မေးလိုက်သည်။

"သခင်မလေးစန်း မင်း ဒါကိုမှတ်မိတာလား"

စန်းလော့က ခေါင်းငြိမ့်ပြလိုက်ပြီး မျောက်ဥ ဟုပြောမည်ပြင်လိုက်သော်လည်းပဲ မျောက်ဥ ဟူသည့်အခေါ်အဝေါ်ကို အနာဂတ်မှ တွင်ကျယ်လာသည်ကို သတိရလိုက်လေသည်။ သူမက စကားလုံးကို ပြောင်းလိုက်၏။

"ဒါတွေကို အစေ့မပါတဲ့အပင်လို့ခေါ်တယ်၊ ဒါကို ဆေးအဖြစ်ရော အစားအသောက်အဖြစ်ပါ သုံးလို့ရတယ် ဒါတွေက ကောင်းတယ်လေ ဒါပေမဲ့ အကောင်းဆုံးအပိုင်းက ဒီဟာမဟုတ်ဘူး တကယ့်ရတနာက ဥထဲမှာရှိတာ"

သူမ၏အဖြေက ရှန်းလီနှင့်တစ်ခြားသူများကို ဇဝေဇဝါဖြစ်သွားစေတော့သည်။

"မြေကြီးထဲမှာကြီးထွားတဲ့ ပိန်းဥလိုလား"

မဟုတ်သေးပါဘူး။ ဒါကို မြေကြီးထဲကပေါက်လာတယ်ဆိုရင် ဘယ်လိုဖြစ်ပြီးတော့ အပင်ပေါ်မှာ အသီးတွေ တွဲလောင်းကျမနေတာလဲ။ ပြီးခဲ့တဲ့နှစ်တွေက သူတို့တွေကပဲ တုံးအခဲ့သဖြင့် အစားအသောက် တွေအများကြီးကို အလဟသက်ဖြစ်စေခဲ့လို့လား။

စန်းလော့သည် သူတို့အမူအယာကိုကြည့်ပြီး ခန့်မှန်းနိုင်လေရာ တခစ်ခစ်ရယ်မောလိုက်၏။

"ဟုတ်တယ် ဒါပေမဲ့လည်း မဟုတ်သေးဘူး၊ ဒီနွယ်ပင်ကိုပဲ သိအောင်လို့ လုပ်ထားလိုက်၊ အရင်ဆုံးတော့ မျောက်ဥတွေကို တူးလို့ရတယ် ဒါတွေကို ဖယ်ရှားလိုက်ရင် မျောက်ဥတွေက မြေကြီးအောက်မှာ ပိုပြီးတော့ကြီးထွားလာနိုင်တယ် တစ်လလောက်နေပြီးရင်တော့ ဒါတွေကိုတူးဖို့ အသင့်ဖြစ်လောက်ပြီ"

သချန်မင်းဆက်တွင် အမှန်ပင် မျောက်ဥရှိလေသည်။ သို့သော်ငြားလည်း မျောက်ဥများကို ကျယ်ကျယ်ပြန့်ပြန့် မစိုက်ပျိုးကြချေ။ မျောက်ဥများကို တောရိုင်းဆေးပင်များအဖြစ်သာ စိုက်ပျိုးကြသည်။ ချမ်းသာသည့်သူများကတော့ ဒါကို အစားအသောက်ဖြည့်စွက်စာအဖြစ် ဆေးဖက်ဝင်ဟင်းများအဖြစ် အသုံးပြုကြသည်။ မူလပိုင်ရှင်က မျောက်ဥအကြောင်းကိုသိသည်။ ထမင်းစားစားပွဲပေါ်တွင် မြင်ဖူးသော်ငြားလည်း မျောက်ဥမှန်းမသိချေ။

စန်းလော့က မျောက်ဥအကြောင်း ပြောလိုက်သည်ကို ကြားလိုက်သည်တွင် ဆိုင်တာဝန်ခံရွှီက တအံ့တသြရုပ်ဖြစ်သွားပြီး သူ့ဘေးက နွယ်ပင်ကို ဆွဲလိုက်ကာ အနီးကပ်စစ်ဆေးကြည့်လိုက်သည်။

"ဒါက မျောက်ဥတဲ့လား"

သူတို့၏တုန်းဖူစားသောက်ဆိုင်တွင်လဲ ဆေးဘက်ဝင်အပင်များရှိသည်။ သို့သော်ငြားလည်း ဆိုင်တာဝန်ခံရွှီသည် မျောက်ဥကို အဓိကဆိုင်ခွဲမှ ယူလာသည်ကိုသာ မြင်ခဲ့ဖူးသည်။ သူသည် မျောက်ဥကို မြေကြီးထဲတွင် စိုက်ပျိုးလျှင် မည်သို့သောပုံစံရှိသည်ကို မသိချေ။ ထို့အပြင် ချီယန်စီရင်စုတွင် သူသည် ဒီလိုပစ္စည်းမျိုးရောင်းချသည့် တောင်ထွက်ပစ္စည်းများကို တစ်ခုမှလက်မခံခဲ့ဖူးချေ။ သူတို့၏ ကုန်ကြမ်းအများစုမှာ တုန်းဖူစားသောက်ဆိုင်၏ အဓိကဆိုင်ကြီးကိုသာ အားကိုးခဲ့ရသည်။

စန်းလော့က ခေါင်းငြိမ့်ပြလိုက်ပြီး ဆိုင်တာဝန်ခံရွှီ၏ မျက်နှာကလင်းလက်သွားတော့သည်။

"တကယ်လို့ ဒီတောင်ထဲမှာ မျောက်ဥတွေရှိတယ်ဆိုရင် ကျွန်တော်တို့တွေက ဒီနေ့အတွက်တော့ အစားအသောက်ကို နည်းနည်းလေးပိုပြီး သိုလှောင်ထားနိုင်မှာပဲ"

ချန်းယိုထျန်းသည် လယ်သမားတစ်ယောက်ဖြစ်ပြီး ဒီကိစ္စကို ဂရုအစိုက်ဆုံးပင် သူက ဆိုင်တာဝန်ခံရွှီနားချဥ်းကပ်လာပြီး မေးလိုက်၏။

"ဒီသီးနှံက အများကြီး ရိတ်သိမ်းလို့ရတာလား"

သူ့မျက်လုံးများသည် မနေနိုင်တော့ဘဲ နွယ်ပင်၏ အမြစ်ဆီသို့ ရောက်သွားလေသည်။

ဆိုင်တာဝန်ခံရွှီကလည်း သေချာမသိချေ။ သို့သော် ငြားလည်း သူက ခန့်မှန်းကြည့်လိုက်သည်။

"တော်တော်လေးတော့ များမယ်ထင်ပါတယ်၊ ကျွန်တော်တို့ တုန်းဖူစားသောက်ဆိုင်က နှစ်တိုင်းပင်မဆိုင်ခွဲကနေ တစ်ချို့ကိုရခဲ့တယ်လေ၊ ဒီမျောက်ဥတွေက တော်တော်လေးကို ကြီးနိုင်တယ် တခါတလေကြရင် လူတစ်ရပ်ခွဲစာအမြင့်လောက်ရှိနိုင်တယ်"

လူအုပ်ကြီး၏မျက်လုံးများသည် ထိုဖော်ပြချက်ကြောင့် မျက်လုံးများလင်းလက်သွားတော့သည်။ သူတို့သည် သူတို့၏စားဝတ်နေရေးအတွက် မြေကြီးကိုမှီခိုအားထားကြသည့် လယ်သမားများဖြစ်လေသည်။

စန်းလော့က စိတ်ဝင်တစား နားထောင်နေလိုက်ပြီး တစ်ယောက်ထဲ စဥ်းစားမိလိုက်၏။ ခေတ်သစ်မှာဆိုရင် လူတစ်ရပ်ခွဲစာလောက်ကြီးနိုင်တဲ့ အမျိုးအစားတွေအများကြီး တကယ်ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက မျိုးဆက်တစ်ခုပြီးတစ်ခု ကျော်လွန်လာပြီးမှ စိုက်ပျိုးနိုင်ခဲ့တာပဲ။ တောရိုင်းပင်တွေအတွက် လူတစ်ရပ်ခွဲစာကတော့ တော်တော်လေးကို ကောင်းမွန်တဲ့မျိုးစိတ်တစ်ခုလို့ သတ်မှတ်လို့ရနေပြီ။

သူမက အကြံပြုလိုက်၏။

"ကျွန်မတို့တွေ ဒါကိုတွေတူးပြီးမှပဲ သေချာပေါက်သိမှာပါ၊ တကယ်တမ်းကြတော့ ဒီအပင်က တောင်တွေထဲက သစ်တောတွေထဲမှာပဲ စိုက်လို့ရတယ်၊ နောက်နှစ်နွေဦးဆိုရင် ကျွန်မတို့တွေ မြေကွက်အသစ်ကို ရှင်းလင်းစရာမလိုဘဲနဲ့ ကိုယ့်ဟာကိုယ် ဒီလိုအပင်တွေကို စမ်းပြီးတော့ စိုက်လို့ရတယ်၊ ကျွန်မတို့တွေ ကျွန်မတို့နေတဲ့တောင်နားမှာ ဒါတွေကို စိုက်ပျိုးလို့ရတယ်"

အစားအသောက်အနေဖြင့် သိမ်းဆည်းထားလို့ရသည့် အများကြီးရရှိနိုင်သည့် တောင်ထွက်ပစ္စည်းတစ်ခုရှိသည်ဟု သိလိုက်ရသည်တွင် အားလုံးက စိတ်အားတက်ကြွသွားကြတော့သည်။ ချန်းယိုထျန်းက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်များကို ပွတ်သပ်လိုက် ၏။ ပုံမှန်ဆိုလျှင် စကားအလွန်မှ မများလှသော်လည်း သူသည် ထူးထူးခြားခြား စန်းလော့၏ သဘောထားကို မေးမြန်းနေလေသည်။

"အားလော့ နောက်ဆိုရင် ငါတို့တွေ တောင်ထွက်ပစ္စည်းကို သွားရှာတဲ့အခါ နင်လဲ ခဏခဏလိုက်ခဲ့ပါလား၊ နင်က ပစ္စည်းတွေ တော်တော်များများကို မှတ် မိတယ်လို့ ငါ ထင်တယ်။ ဒီနေ့ နင်သာမပါဘူးဆိုရင် ငါတို့တွေက မြောက်ဥနွယ်ပင်တွေကို ထင်းမီးအတွက် ခုတ်ချတာပဲဖြစ်ဖြစ် အသီးတစ်ခုနှစ်ခုကို ခူးလိုက်တာပဲဖြစ်ဖြစ် အဲလိုလုပ်ပြီးတော့ပဲ ပြန်လာကြမှာ၊ ငါတို့တွေက မြေအောက်မှာ စားလို့ရတဲ့ဥတွေ ရှိတယ်ဆိုတာကို သိလိုက်မှာတောင်မဟုတ်ဘူး"

စာဖတ်ခြင်းသည် အမှန်ပင် အကျိုးရှိလေသည်။ သူသည် အိမ်သို့ပြန်ရောက်လျှင် သူ၏ဒုတိယသားကို တင်းတင်းကြပ်ကြပ် ဆုံးမရလိမ့်မည်ဟု စဥ်းစားထားလိုက်လေသည်။

မဟုတ်ဘူး။ သရှန်ကိုလဲ ထည့်ပြီးတော့စဥ်းစားရမယ်။ မိသားစုထဲမှာ ရှောင်ယာတစ်ယောက်ပဲ စာဖတ်ဖို့ စိတ်အားထက်သန်ဆုံးပဲ။ ဒီအကြီးနှစ်ယောက်ကတော့ နောက်မှာကျန်ရစ်နေခဲ့ပြီ။

ချန်းသရှန်သည် မကြာခင်သူသည်လဲ ရှန်းလီနှင့်ပေါင်းကာ စာလုံးပေါင်းတစ်ထောင်ကျမ်းကို လေ့လာရတော့မည့်အကြောင်း မသိသေးချေ။ သို့တိုင် သူက သွားများပေါ်သည်အထိ ပြုံးရယ်လိုက်ပြီး သူက နွယ်ပင်ကိုမှတ်ထားလိုက်ပြီး စိတ်ထဲမထားတော့ချေ။ ထိုအစားသူသည် သူ့အလုပ်ဆီသို့ပြန်သွားပြီး ကျယ်လောင်သည့်ထုရိုက်သံများဖြင့် သစ်သားငုတ်တိုင်များကို ထုရိုက်နေလိုက်သည်။

ချန်းယိုထျန်း၏စကားကို ကြားလိုက်ချိန်တွင် ဆိုင်တာဝန်ခံရွှီကလဲ ထောက်ခံလေသည်။

"ဟုတ်တယ်၊ စန်းရှီက ဒီနေရာမှာ တကယ်ပဲအသိ ပညာကြွယ်ဝပါပေတယ်"

ပြီးခဲ့သည့်လအနည်းငယ်က အချိန်တိုအတွင်းတွင် သူမသည် ဟင်းလျာပေါင်းအမြောက်များစွာကို ထုတ်လုပ်နိုင်ခဲ့သည်။ အရှေ့စျေးနှင့်အနောက်စျေးတွင် ရောင်းချသည့်တို့ဟူးများနှင့် ဟင်းအနှစ်များအပြင် သူတို့သည် စီရင်စုကတစ်ခြားဆိုင်များနှင့်လဲ သတ်သတ်လွတ်အူကြမ်းကို လက်တွဲလုပ်ကိုင်ခဲ့သေးသည်။

အရင်ကတော့ သူသည် သူမ၏ လုပ်ရည်ကိုင်ရည်အကြောင်းကိုသာ စဥ်းစားခဲ့မိပြီး ရှန်းမိသားစု၏ အခြေအနေနှင့်ပတ်သတ်ပြီး အများကြီးမသိခဲ့ချေ။ အခုတော့ ရှန်းမိသားစု၏ အစောပိုင်းကအခြေအနေကို သေသေချာချာ နားလည်လိုက်ပြီးနောက်တွင် စန်းလော့က စီရင်စုထဲတွင် ရောင်းချဖို့ရန် ပစ္စည်းများကို မည်သို့ထုတ်လုပ်နိုင်ခဲ့သည်ကို သဘော ပေါက်လေသည်။

အဓိကပါဝင်ပစ္စည်းက ပဲပိစပ်ဖြစ်ပြီးတို့ဟူးက လွဲလျှင် သူသည် တစ်ခြားပစ္စည်းများ၏ မူရင်းပါဝင်ပစ္စည်းများကို မခန့်မှန်းနိုင်ချေ။ အခုချိန်ထိ သူသည် သတ်သတ်လွတ်အူကြမ်းကို မည်သည့်အရာမှပြုလုပ်သည်ကို မသိသေးချေ။

"ဒါဆိုရင်လဲ ကောင်းပြီလေ"

သူမကတော့ ဒါကို တစ်ခြားသူများနည်းတူ အစားအသောက်များ စုဆောင်းရသည့်ခရီးတစ်ခုဟုသာ မှတ်ယူလိုက်လေသည်။ စန်းလော့က အပြင်ထွက်ရသည်ကို သဘောကျပြီး လုံခြုံသည့်အာမခံချက်တစ်ခုရှိသဖြင့် ဒါသည် သူမမိသားစု၏ အခြေအနေကို တိုးတက်စေနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပြီး လတ်လတ်ဆတ်ဆတ် လေကိုလဲ ရှုရှိုက်နိုင်သည်။ သူမက တွေဝေမနေဘဲ သဘောတူလိုက်၏။

မျှော်လင့်မထားဘဲ ၆ရက်မြောက်နေ့တွင် စန်းလော့၊ ရှန်းနဥ်နှင့် ရှီအာ့လန်၏မိန်းမတို့သည် နောက်ထပ်ဝမ်းသာစရာ အံ့သြမှုတစ်ခုတွေ့ကြုံခဲ့သည်- သူတို့စုဆောင်းခဲ့သည့် သစ်ကြားသီးအများအပြားကြောင့် ဖြစ်လေသည်။ ၂နာရီလောက် ကြာပြီးနောက်တွင် ရှန်းလီဦးဆောင်သည့်အဖွဲ့က အလျင်စလိုပြန်ရောက်လာသည်။ သူတို့၏မျက်နှာက တင်းမာခက်ထန်နေကြပြီး

"အတွင်းပိုင်း နယ်နိမိတ်နားမှာ အပြင်လူတွေရောက်လာပြီ ၁၀ယောက်ကျော်လောက်ရှိတယ်"

စန်းလော့သည် အံ့အားသင့်သွားလေသည်။ အထဲသို့ဝင်လာရန် အရည်အချင်းရှိသည့်သူများသည် အစောကြီးကတည်းက ဝင်လာသင့်ခဲ့လေသည်။ ယခုမှ ဘာဖြစ်လို့ဝင်လာရသနည်း။ အပြင်ဘက်နယ်နိမိတ်တွင် ရှာဖွေတွေ့ရှိနိုင်သည့်အရာအားလုံးက ရှိပေသည်။ ဖြစ်နိုင်ချေ အဖြေတစ်ခုသာရှိတော့ သည်။

"အပြင်ဘက်မှာ ဖရိုဖရဲအခြေအနေတစ်ခုခု ထပ်ဖြစ်နေလို့လား"

ရှန်းလီက ခေါင်းခါပြသည်။

"မသိဘူး ကျွန်တော်တို့တွေက တောင်ပေါ်အဝေးတစ်နေရာကနေ သူတို့ကိုမြင်လိုက်တော့ သွားမေးမယ်လို့စဥ်းစားလိုက်တာ၊ ဒါပေမဲ့ ကျွန်တော်တို့ဆင်းသွားတဲ့အချိန်မှာပဲ သူတို့တွေကိုမတွေ့ရတော့ဘူး ကျွန်တော်တို့တွေလဲ အရင်ဆုံးပြန်လာပြီး မင်းတို့နဲ့လာတွေ့ဖို့ ဆုံးဖြတ်လိုက်တော့တာ"

စည်းရိုးတစ်ခုသည် တိရိစ္ဆာန်များရန်မှ ကာကွယ်ဖို့ရန် လုံလောက်သော်ငြားလည်း ဒါသည် လူသားများကိုဟန့်တားဖို့ရန်တော့ မလုံလောက်ချေ။ ဒီနေရာတွင် ခုခံဖို့ရန် စန်းလော့တို့အဖွဲ့တွင် သန်မာသည့်ယောက်ကျားသားများ အလုံအလောက်မရှိပေ။

ကျိုးလိုင်ကျီသည် ဒီနေရာကိုစောင့်ရှောက်ပေးရန်အတွက် အစကနေခဲ့ရသည်။ တစ်စုံတစ်ယောက်ကအတွင်းပိုင်းနယ်နိမိတ်သို့ ဝင်လာသည်ဟုကြား လိုက်သည်တွင် သူသည် စိုးရိမ်လာတော့သည်။ သူ့မိသားစုတွင် မိန်းမနှင့်ကလေးများသာ ရှိပြီး သူတို့ကို အမှန်တကယ် ကာကွယ်ပေးနိုင်မည့်သူမှာ သူ၏ အကြီးဆုံးသားတစ်ယောက်ထဲသာ ဖြစ်သည်။

ကျိုးလိုင်ကျီတစ်ယောက်ထဲက စိုးရိမ်နေသည်မဟုတ်ချေ။ ဒီနေရာတွင်ရှိသည့် လူတိုင်းတွင်လဲ ထည့်သွင်းစဥ်းစားပေးရသူများ ရှိလေသည်။

ရှန်းလီနှင့်ချန်းသရှန်တို့အဖွဲ့သည် ဒီကိစ္စကိုအပြင်ဘက်တွင် တိုင်ပင်လာခဲ့ပြီးဖြစ်သည်။ သူတို့သည် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက သူတို့ခူးဆွတ်ထားသည့်အရာများက တော်တော်လေးများပြားနေသည်ကို တွေ့လိုက်ရသည်။ အပြင်ဘက်က အခွံမာများကို ဖယ်ထုတ်ပြီးလိုက်ပြီးနောက်တွင် မိသားစုအိမ်ထောင်စုတစ်ခုချင်းစီသည် သစ်ကြားသီး အနည်းဆုံးအိတ်တစ်ဝက်လောက် ရရှိကြသည်။ ကြက်တိုက်ထားသည့်အသား၊ အခြောက်လှန်းထားသည့်အစေ့အဆံ၊ တစ်ခြားတောင်ထွက်ပစ္စည်းအသေးအမွှားလေးများ သူတို့၏အိတ်များနှင့်ခြင်းများကို အပြည့်သိမ်းဆည်းမထားရသေးသော်ငြားလည်း တော်တော်လေးကို များပြားလေသည်။

"ထုတ်ပိုးပြီးတော့ ပြန်ကြရအောင်"

ခြောက်သွားသည့်ပစ္စည်းအများစုကို အိတ်ထဲတွင်ထည့်သွင်းထားပြီးဖြစ်သည်။ အခြောက်လှန်းထားသည့် ပစ္စည်းများကိုတော့ မြန်မြန်ဆန်ဆန်သိမ်း ဆည်းနိုင်သည်။ နာရီဝက်မပြည့်သေးခင်မှာပင် သူတို့သည် ထွက်ခွာဖို့အသင့်ဖြစ်သွားပြီး သူတို့နောက်က သစ်လုံးစည်းရိုး၏တံခါးကို ပိတ်လိုက်ကာ သူတို့သည် အိမ်အပြန်ခရီးကို စတင်ခဲ့ကြလေသည်။

သူတို့စခန်းချထားသည့်နေရာမှ ကျိုးမိသားစုအိမ်သို့ခရီးသည် ၃နာရီနီးပါးကြာလေသည်။ သို့သော်ငြားလည်း သူတို့သည် ၁နာရီကျော်အတွင်းမှာပင် လူအုပ်ကြီးနှစ်ခုကို တွေ့ကြုံခဲ့ရသည်။ ပထမလူအုပ်ကြီးကတော့ သူတို့ကိုတွေ့လိုက်သည်တွင် ကွေ့ပတ်ရှောင်လွှဲသွားကြပြီး ဒုတိယလူအုပ်ကြီးကတော့ လူကြီးနှင့်လူငယ်များရောနှောနေသည့် ၁၂ယောက်ပါသည့်လူအုပ်ကြီးဖြစ်ကာ တစ်ချို့ကတောရိုင်းတိရိစ္ဆာန်များ တိုက်ခိုက်ခံထားရဟန်တူသည့် ဒဏ်ရာများရှိလေသည်။ သူတို့သည် ဒဏ်ရာရနေသည့်အဖွဲ့သားများနှင့် ခရီးသွားနေရသဖြင့် သူတို့၏သွားသည့်နှုန်းထားက နှေးကွေးနေသည်။ သူတို့သည် ရှန်းလီ၏အဖွဲ့နှင့် မကြုံပဲမနေတော့ချေ။ ချန်းယိုထျန်းနှင့်ကျိုးလိုင်ကျီတို့က အခြေအနေကိုစုံ စမ်းဖို့ရန် သူတို့ကို လှမ်းတားလိုက်သည်။

ရှန်းလီ၏အဖွဲ့သည် ပစ္စည်းများစွာသယ်ဆောင်ထားကြသည်။ သူတို့ထဲတွင် အမျိုးသမီးနှင့် ကလေးများပါပါဝင်လေရာ တစ်ခြားအဖွဲ့၏ အစောပိုင်းစိုးရိမ်ပူပန်မှုများက လျော့နည်းသွားလေသည်။ အကြီးအကဲ ခေါင်းဆောင်က ပြောလိုက်၏။

"ချီယန်စီရင်စုဆိုတာ မရှိတော့ဘူး၊ ကောလဟာလတွေထဲမှာတော့ တော်ဝင်စစ်တပ်ကြီးတစ်ခုက ဖရိုဖရဲအခြေအနေကို နှိမ်နှင်းဖို့ရောက်လာခဲ့တယ်တဲ့၊ လမ်းတလျှောက်မှာလဲ ပုန်ကန်ကြတဲ့ဓားပြတွေအများကြီးကို သတ်ဖြတ်ခဲ့တယ်တဲ့၊ ချီယန်စီရင်စုကို သိမ်းပိုက်ထားခဲ့တဲ့ဓားပြတွေကလဲ သူတို့လိုချင်တဲ့ဟာတွေကိုယူသွားပြီး ကျန်တဲ့ဟာတွေကိုသတ်ဖြတ်ခဲ့ပြီးတော့ တစ်မြို့လုံးကို မီးရှို့ပြီးထွက်သွားကြတယ်၊ ဓားပြအဟောင်းတွေက တောင်ထဲကိုထွက်ပြေးလာခဲ့ကြတယ်၊ အခုဆိုရင် အပြင်ဘက်မှာအရမ်းကို ဖရိုဖရဲဖြစ်နေကြတာ အစားအသောက်ကို လုယက်ဖျက်စီးတယ်ဆိုတာက ကျုပ်တို့တွေ စိုးရိမ်ရမဲ့ကိစ္စထဲမှာ အနည်းဆုံးအရာ ဖြစ်သွားပြီ၊ ကျုပ်တို့လဲ ဆက်ပြီးတော့ မနေရဲတော့ဘူးလေ၊ ဒါကြောင့်မလို့ ဒီနေရာအထိဝင်လာကြတာ၊ မနေ့ညတုန်းက ကျုပ်တို့တွေဝံပုလွေတွေနဲ့ တွေ့ခဲ့ရတယ်လေ လုပ်နိုင်ကိုင်နိုင်တဲ့လူနှစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီး ၃ယောက်က တော့ဒဏ်ရာရခဲ့ကြတယ်"

လူကြီးက ခဏလောက်တုံ့ဆိုင်းသွားပြီး မြို့မှာနေသည့်အမူအယာတစ်ခုဖြင့် ကျယ်ပြောလှသည့် တောင်စဥ်တန်းကြီးကို ကြည့်ရှုလိုက်မိသည်။

"ကျုပ်တို့တွေက ဒီတောင်တွေထဲမှာ ခိုလှုံဖို့ရောက်လာကြတာ၊ ဒါပေမဲ့လည်း ကျုပ်တို့တွေ ဘယ်လောက်အထိ အသက်ရှင်နေနိုင်မယ်၊ ကျုပ်တို့ထဲက ဘယ်နှစ်ယောက်လောက်က အကောင်းပကတိများ ရှိနေနိုင်မယ်ဆိုတာကိုတော့ မိုးနတ်မင်းကပဲ သိလိမ့်မယ်"

ရှန်းလီနှင့်သူ့အဖော်များသည် ချီယန်စီရင်စုသည် ပြာကျသွားအောင်မီးရှို့ခံလိုက်ရသည်ဟု ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံးသည် အချိန်တော်တော်ကြာအောင် မယုံကြည်နိုင်သည့်အခြေအနေ ဖြစ်သွားကြသည်။ အထူးသဖြင့် စီရင်စုထဲတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာသည့် စာရေးများ စားဖိုမှူးခေါင်းဆောင်များနှင့် အစေခံများ ဝန်ထမ်းများရှိခဲ့သည့် ဆိုင်တာဝန်ခံရွှီပင်ဖြစ်သည်။

သူသည် ထိုအတွေးကို ဆက်မတွေးရဲတော့ချေ။ သူတို့ထဲက တစ်ချို့သည် ခေါ်ဆောင်သွားခံရပြီး တစ်ချို့ကတော့ သတ်ဖြတ်ခံလိုက်ရလေသလား။ သူသည် ထိုနေရာတွင် ရပ်ကာ နှုတ်ဆိတ်ပြီး မှင်သက်အံ့သြနေလေသည်။

သို့သော်ငြားလည်း ချန်းယိုထျန်းကတော့ အဘိုးကြီး၏မျက်လုံးထဲက ဝေ့တက်လာသည့်မျက်ရည်ကို သတိထားမိလိုက်ပြီး သူတို့အများစုမှာ လူကြီးများနှင့် အားနည်းနေသည့်လူများဖြစ်သည်ကို မြင်လိုက်ကာ အထိခိုက်မရှိသည့်လူငယ်လေးကလဲ လက်ချိုးရေလို့ပင်ရသည်။ သူသည် ကိုယ်ချင်းစားသည့်ခံစားချက်တစ်ခု လှိုက်တက်လာလေသည်။ ထိုနေရာက သိပ်မဝေးလှသည့် သူတို့တည်ဆောက်ထားခဲ့သည့် နောက်ဆုံးတစ်ခေါက်တုန်းက တဲများအကြောင်းကို ပြန်စဥ်းစားလိုက်ပြီး သူက ရှန်းလီနှင့်ချန်းသရှန်တို့ဘက်သို့လှည့်ကာ သူတို့၏ သဘောထားများကို လှည့်မေးလိုက်လေသည်။

လမ်းပေါ်တွင် သူတို့ကို မမျှော်လင့်ဘဲတွေ့လိုက်ရသဖြင့် နှစ်ယောက်စလုံးက အကူအညီပေးဖို့ သဘောတူလိုက်ကြပြီး သူတို့ကတစ်ပြိုင်တည်း ခေါင်းငြိမ့်လိုက်ကြသည်။

ထို့နောက်တွင် ချန်းယိုထျန်းက အဘိုးကြီးကို မေးလိုက်၏။

"ဦးကြီးတို့... ဦးကြီးတို့ဘယ်သွားကြမလို့လဲ၊ ဒီထက်ပိုပြီးနက်တဲ့အထိ သွားဖို့စဥ်းစားထားကြတာလား"

သူသည် ဒဏ်ရာရနေသည့် လူငယ်၃ယောက်ကို အကဲခတ်ကြည့်လိုက်ပြီး သူတို့၏အခြေအနေက တော်တော်လေးမဖြစ်နိုင်သည်ကို တွေ့လိုက်ရသည်။

လူကြီးကလဲ ချီတုံချတုံဖြစ်သွားပြီး အကြံပြုလိုက် ၏။

"ညမရောက်ခင်တော့ တည်းခိုစရာဂူလေးတစ်ခုကို ရှာရမှာပေါ့"

ချန်းယိုထျန်းက အဆိုပြုလိုက်သည်။

"တကယ်လို့ ဦးကြီးတို့က ကျွန်တော်တို့ကို ယုံကြည်တယ်ဆိုရင် ကျွန်တော်တို့တွေ အမဲလိုက်ခရီးအတောအတွင်းမှာ အနားယူနေကြ နေရာလေးတစ်ခုရှိတယ်၊ ဦးကြီးတို့တွေ အဲဒီ့မှာ အရင်ဆုံးအနားယူလို့ရပါတယ်၊ ကျွန်တော်တို့တွေ သစ်လုံးစည်းရိုးတွေကို ကာထားပေးပြီး တကယ်လို့ဦးကြီးတို့က လုံခြုံရေးကိုထပ်ပြီးဖြည့်ချင်တယ်ဆိုရင် အဲဒီ့ရဲ့ပတ်ဝန်းကျင်မှာ ကျောက်တုံးတွေကိုထပ်ပြီးတော့ ကာထားလို့ရတယ်၊ အနည်းဆုံးတော့ အဲဒီ့လူငယ်လေးတွေကို သူတို့ဒဏ်ရာတွေပြန်ပြီး ကုသလို့ရမဲ့အခွင့်အရေးတစ်ခု ရနိုင်တာပေါ့"

သူတို့သည် နောက်ပိုင်းကျလျှင် နေရာသို့ပြန်နိုင်မည်လားဆိုတာကတော့... နေထိုင်ရာအိမ်တစ်လုံးက အရေးတကြီးဖြစ်နေချိန်တွင် ဒါသည် ငြိမ်းချမ်းသည့်အချိန်လဲ မဟုတ်ချေ။ အကယ်၍များ သူတို့သည် ဒီနေရာကို ဒီလူကြီးနှင့် သူ့မိသားစုကို မပေးခဲ့လျှင်လည်း တစ်စုံတစ်ယောက်ကတော့ မကြာမီတွင် ထိုနေရာကို ယူသွားပေလိမ့်မည်။ ဘဝကြီးက လုံလောက်အောင် ခက်ခဲပြီးနေပြီးသားဖြစ်သည်။ လူများသည် ဒီလိုကိစ္စများအပေါ် အငြင်းပွားဖို့ရန်အင်အားမရှိတော့ချေ။

တစ်ခုခုကို သတိရသွားပြီး သူက ထပ်ပြောလိုက်၏။

"တောင်ထဲကို ဝင်လာကြတဲ့လူတွေက နည်းနည်းတော့ထပ်ရှိအုံးမှာပဲ၊ အဲဒီ့နေရာကို တစ်ခြားသူတွေယူသွားပြီလားတောင် မသိဘူး"

နေထိုင်ဖို့ရန် လုံခြုံသည့်နေရာတစ်ခုရှိသည်ဟု ကြား လိုက်သည်တွင် လူကြီးကခံစားချက်တစ်ခု လှိုက်တက်လာလေသည်။ သို့သော်ငြားလည်း သူ့တွင် စောင့်ရှောက်စရာအမျိုးသမီးနှင့် ကလေးများလည်းရှိလေရာ သူသည် ဓားပြများနှင့်လည်းရင်ဆိုင်ရမှာကို စိုးရိမ်လေသည်။

သူ့အမူအယာက အချိန်တော်တော်များများ ပြောင်းလဲသွားပြီး သူသည် ချန်ယိုထျန်းနှင့် သူ့အဖွဲ့ကို အကဲခတ်ကြည့်လိုက်၏။ သူတို့၏ ကြင်နာတတ်သည့်မျက်နှာများနှင့် သူတို့ထဲက တစ်ချို့ကိုယ်ပေါ်က ဝံပုလွေသားရေများကို လိပ်ထားသည်။ အမျိုးသမီးများနှင့် ကလေးများ၏ အေးဆေးလှသည့် ပုံပန်းသွင်ပြင်ကြောင့် သူသည် နောက်ဆုံးတော့ စိတ်အေးသွားလေသည်။ သူက ထပ်ခါထပ်ခါပြောလိုက်၏။

"ကျုပ် မင်းတို့ကို ယုံပါတယ်၊ ကျုပ် မင်းတို့ကို ယုံတယ်၊ ကျုပ်တို့မှာ ကလေးတွေပြန်ပြီးကုသနိုင်မဲ့ နေရာတစ်ခုရှိတယ်ဆိုရင် အကောင်းဆုံးပါပဲ၊ ကျေးဇူးအများကြီးတင်ပါတယ်” ထို့နောက်တွင် သူက ဦးညွှတ်လိုက်လေသည်။

"ကျေးဇူးပြုပြီးတော့ အဲလိုမလုပ်ပါနဲ့"

ချန်းယိုထျန်းက ဘေးသို့မြန်မြန်လျှောက်သွားလိုက်ပြီး ပြောလိုက်၏။

"ဒါဆိုရင်သွားကြမယ်လေ၊ နေရာကအရမ်းကြီး မဝေးပါဘူး"

သူတို့ကို ထိုနေရာသို့ ခေါ်သွားရခြင်းက သူတို့၏ လမ်းကြောင်းကို ကွေ့ပတ်သွားရရုံသက်သက်ဖြစ်သည်။ သူတို့၏ခရီးကို နာရီဝက်လောက်သာ ထပ်ကြာစေမှာဖြစ်သည်။ သို့သော်ငြားလည်း မိသားစုထဲက လူကြီးများနှင့်လူငယ်များကို မြင်လိုက်သည့်အပြင် ဒဏ်ရာရနေသည့် အရွယ်ရောက်သည့်ကလေးများလဲရှိနေသဖြင့် သူသည် အကူအညီမပေးဘဲ ဒီအတိုင်းဖြတ်မသွားရက်ပေ။

သူတို့သည် ထိုမိသားစုကို သူတို့အမဲလိုက်ခရီးအတောအတွင်း အနားယူလေ့ရှိသည့် လုံခြုံသည့်နေရာသို့ ခေါ်လာခဲ့သည်။ အပြင်ဘက်နယ်နိမိတ်က အန္တရာယ်ကင်းနေသေးသည်။ ထို့ကြောင့် မည်သူကမှ ဒီနေရာအထိ မရောက်ရှိခဲ့ကြသေးပေ။

မိသားစုသည် တံခါးတစ်ခုပါသည့် တောင့်တင်းသည့်သစ်လုံးစည်းရိုးများနှင့် အထဲဘက်တွင် မိုးဒဏ်လေဒဏ်ကိုအကာအကွယ်ပေးမည့် တဲများအပြင် ထိုတဲများကို ဖုံးအုပ်ပေးထားသည့် ထူထဲလှသည့်ကောက်ရိုးဖျာများကို မြင်လိုက်သည့်အခါ အမှန်ပင် စိတ်လှုပ်ရှားသွားကြလေသည်။ သူတို့သည် သူတို့၏ကျေးဇူးတင်စကားကို ထုတ်ဖော်ပြောပြဖို့ရန် စကားလုံးပင် ရှာမတွေ့တော့ချေ။

သို့သော်ငြားလည်း ချန်းယိုထျန်းက သူတို့၏ ကျေးဇူးတင်စကားကို ငြင်းပယ်လိုက်ပြီး သူသည် သူ့ခရီးကို ဆက်သွားရအုံးမည်ဟု ပြောလိုက်လေသည်။ သူတို့ကို လုံခြုံပါစေဟုဆုတောင်းပေးကာ နှုတ်ဆက်လိုက်ပြီး အဖွဲ့သည် မြန်မြန်ထွက်ခွာသွားကြတော့သည်။

လူကြီးက မြင်ကွင်းမှကွယ်ပျောက်သွားသည်အထိ သူတို့ကို စောင့်ကြည့်နေလိုက်ပြီးနောက်တွင် သူ့မိသားစုဖက်သို့လှည့်ကာ ပြောလိုက်၏။

"ငါတို့တွေ တကယ်ပဲ ကြင်နာတတ်တဲ့လူတစ်ချို့နဲ့ တွေ့ခဲ့ရတာပဲ"

သူသည် သူမိသားစုကို ချက်ချင်းညွှန်ကြားလိုက်တော့သည်။

"မြန်မြန်ထုတ်ပိုးလိုက်တော့ အခြေချဖို့အတွက် အနီးအနားက ခြင်းတစ်ချို့နဲ့ကျောက်တုံးတွေကို သွားစုကြ"

...

အပိုင်း (၁၈၆.၂)

အခြားသူကို ကူညီရခြင်းက ချန်းယိုထျန်းနှင့်သူ၏ အဖွဲ့အတွက် ပုံမှန်လုပ်နေကြအလုပ် ဖြစ်လေသည်။ သူတို့သည် ရှေ့သို့ဆက်လျှောက်လာသည်နှင့် သူတို့သည် ထိုကိစ္စအပေါ် စိတ်ထဲထားမနေတော့ဘဲ ကျိုးလိုင်ကျီ၏မိသားစုအကြောင်းသာ စဥ်းစားလာလေသည်။

ကျိုးမိသားစုသည် အခြေအနေကောင်းသော်ငြားလည်း သူတို့၏နေရာထိုင်ခင်းက လျှိုမြောင်နှင့် တော်တော်လေး ဝေးနေသေးသည်။ နာရီဝက်လောက် ထပ်လျှောက်ရသည်။ ဒီလိုသီးခြားနေရာတွင် သီးသန့်နေထိုင်ရခြင်းက သူ့ဟာနှင့်သူ စွန့်စားမှုအန္တရာယ်များရှိလေသည်။ ရှန်းလီနှင့် သူ့အဖော်များသည် အစောပိုင်းကထွက်လာချိန်က သူတို့သည် အပြင်ဘက်က ဒီလောက်မြန်ဆန်သည့် အပြောင်းအလဲကို မျှော်လင့်မထားကြပေ။ အခုတော့ သူတို့သည် အတိုင်းအတာတစ်ခုအထိ ချီတုံချတုံဖြစ်နေကြလေသည်။

လျှိုမြောင်၏ အပြင်ဘက်အနီးအနားတွင် ဂူငယ်လေးများ ရှိသေးသည်။ သို့သော်ငြားလည်း သူတို့ သည် သူတို့၏ကိုယ်ပိုင်ဂူများကို ရွေးချယ်ခဲ့သည့်အချိန်တွင် သူတို့သည် ဝင်ပေါက်ကို စောင့်ကြည့်မနေနိုင်သဖြင့် ထိုနေရာများကို ချန်လှပ်ထားခဲ့ရသည်။ အကယ်၍များ သူတို့က ထိုနေရာများကို မတွေ့ခဲ့လျှင် တစ်ခြားသူများကလဲ တွေ့နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း ကျိုးမိသားစုသည် သူတို့အဖွဲ့ထဲက မူလက လူအရေအတွက်ကို သိထားသည်။ ထိုအချက်မှာ တစ်ခုခုသွေဖီသွားလျှင် သေချာပေါက် သံသယရှိစရာဖြစ်လာလိမ့်မည်။ သို့သော်ငြားလည်း သူတို့သည် ကျိုးမိသားစုကို ယုံကြည်လေသည်။ အထူးသဖြင့် ကျိုးမိသားစုသည် တောင်ထဲတွင်အမဲလိုက်ခြင်းနှင့် အစားအသောက်များ စုဆောင်းခြင်းအတွက် သူတို့ကိုမှီခိုအားထားနေရပြီး သူတို့သည် အစားအသောက်ရော သောက်စရာပါ ရှားပါးမနေအောင် ပြုလုပ်ပေးထားသည်။ သူတို့တွင် မကောင်းသည့်စိတ်ကူးများ ရှိလိမ့်မည် မဟုတ်ချေ။

သူက ကျိုးလိုင်ကျီနှင့်သူ့သား၏သဘောထားကို မေးမြန်းလိုက်၏။ သူတို့သည် ဝင်ပေါက်ကို ပိတ်ဆို့ထားသင့်သလား သို့မဟုတ် သူတို့နှင့်ပိုပြီးနီးကပ်သည့် ဂူတစ်ခုသို့ ယာယီပြောင်းရွှေ့နေထိုင်မလားဟု မေးလိုက်သည်။

သို့သော်ငြားလည်း ကျိုးလိုင်ကျီက ချက်ချင်းပြန်မဖြေချေ။ သူကဒီအတိုင်း ပြောလိုက်၏။

"အခုလောလောဆယ်တော့ အခြေအနေကို အကဲခတ်လိုက်ပါအုံးမယ်"

သူတို့သည် ကျိုးအိမ်သို့ရောက်လာချိန်တွင် နေ့လည်ခင်း ရောက်လုနီးပါးဖြစ်သည်။ သူတို့၏အပြန်လမ်းတွင် သူတို့သည် နောက်ထပ်လူအုပ်ကြီး တစ်ဖွဲ့ကိုတွေ့ခဲ့ရသည်။ သို့သော်ငြားလည်း သူတို့သည် အများစုက လူငယ်နှင့်သန်မာသည့် လူများဖြစ်ကြသည်ကို မြင်လိုက်သဖြင့် ထိုသူများက သူတို့ကို ဉာဏ်ပါပါဖြင့် ရှောင်ရှားသွားကြသည်။

ကျိုးမိသားစု၏သစ်လုံးတံခါးကို အခိုင်အမာပိတ်ထားလေသည်။ ကျိုးလိုင်ကျီက အပြင်ဘက်မှ လှမ်းခေါ်လိုက်၏။ ကျိုးသလန်က တံခါးဖွင့်ပေးရန် အလျင်စလိုဖြင့် အပြေးရောက်လာသည်။ ကျိုးသားအမိကလဲ ပေါ်ထွက်လာ၏။ သို့သော်ငြားလည်း သူတို့သည် အဝေးကြီးသို့ ထွက်မလာကြဘဲ ခြံဝန်းအတွင်းတွင်သာ နေကြလေသည်။

ကျိုးသလန်၏အမူအယာက တင်းမာသည့်အရိပ် အယောင်တစ်ခု ဖြစ်နေသည်။

"အဖေ ဒီနေရာမှာ တောင်ထဲကလူတွေရောက်နေပြီ သိလား"

သူသည် အပြင်ဘက်နံရံကို ရွှံ့နှင့်ကျောက်တုံးများကို ထပ်ပြီးသွားဖြည့်စဥ်က ခြေရာတစ်ချို့ကိုတွေ့ခဲ့သည့်အကြောင်း ရှင်းပြလိုက်သည်။ သူက ဆက်ပြောလိုက်၏။

"သူတို့တွေက အယောက်၂၀-၃၀လောက် ရှိမယ်ထင်တယ်၊ မိသားစုကြီးတစ်ခုနဲ့ တူတယ်၊ သူတို့တွေက ရပ်ပြီးတော့ ကျွန်တော်တို့ခြံဝင်းကို ခဏလောက်ကြည့်သွားတယ်၊ ဒါပေမဲ့ ဘာမှတော့ ပြောမသွားဘူး၊ သူတို့ ဒီအတိုင်းပဲ မြန်မြန်ထွက်သွားကြတယ်"

ကျိုးလိုင်ကျီ၏ရင်သည် တင်းကြပ်သွားတော့သည်။

"သူတို့တွေမှာ မကောင်းတဲ့စိတ်ကူးတွေများ ရှိနေမလား"

ကျိုးသလန်က ခေါင်းခါပြလိုက်၏။

"ကျွန်တော်တော့ အဲလိုမထင်ဘူး၊ ကျွန်တော်တို့တွေက ဒီလောက်မြင့်တဲ့ နံရံကြီးတစ်ခုကို ဘယ်လိုဆောက်လဲဆိုတာကို သိချင်နေတဲ့ပုံနဲ့ ပိုတူတယ်"

ကျိုးလိုင်ကျီက စိတ်အေးသွားကာ သက်ပြင်းချလေသည်။

အမှန်ပင် ဆိုးယုတ်သည့်သူများသည် လူပိုများသည့် အပြင်ဘက်တွင် နေရဲကြလိမ့်မည်။ ဆောင်းဦးတွင် တောင်ထွက်ပစ္စည်း အများအပြားကို ရှာဖွေနိုင်သည်။ သူတို့သည် ချက်ချင်း ငတ်ပြတ်သွားလိမ့်မည်မဟုတ်သည်က သေချာသည်။ ထိုဆိုးယုတ်လှသည့်လူများကို ကြောက်ရွံကြသည့်သူများကသာ ကျားနှင့်ဝံပုလွေများကို ဝါးမြိုခံရခြင်းမှစွန့်စားပြီး တောင်အတွင်းပိုနက်သည့်အထိ ထွက်ပြေးလာကြလိမ့်မည်။

ယခုအချိန်တွင် အတွင်းပိုင်းနေရာများသို့ ရောက်လာနိုင်သည့်သူများက ကံကောင်းကြပေသည်။ အနည်းဆုံးတော့ ဒီအပိုင်းကို ရှန်းလီနှင့်သူ့အဖွဲ့များက ရှင်းလင်းထားခဲ့ပြီးဖြစ်သည်။ အပြင်ဘက် အတားအဆီးနယ်မြေတွင် အမှန်တကယ်သတ္တိရှိခဲ့ကြပြီး တော်တော်လေးငြိမ်းချမ်းသည့် ဒီထောင့်တစ်နေရာသို့ ရောက်လာနိုင်သည့်သူများက ကြောက်စရာကောင်းသည့် သားရိုင်းတိရိစ္ဆာန်များကို တွေ့ကြုံနိုင်သော်လည်း အများကြီးတော့ မဟုတ်နိုင်ချေ။

သို့သော်ငြားလည်း သူတို့သည် ယခုအချိန်ကစပြီး ပိုပြီးသတိထားဖို့လိုလာသည်။ အနည်းဆုံးတော့ သူတို့သည် ညပိုင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်လိမ့်မည် မဟုတ်ချေ။ သူနှင့်သူ့သားနှစ်ယောက်က အလှည့်ကျ ညစောင့်ရလိမ့်မည်။

ချန်းယိုထျန်းက သူ့ကိုကြည့်လိုက်ပြီး မေးလိုက်၏။

"ခင်များ ကျွန်တော်တို့နေရာကို မလိုက်ဖို့ တကယ်သေချာလား၊ ဂူက ပိုပြီးတော့သေးတယ် ဒါပေမဲ့ ကျွန်တော်တို့တွေပိုပြီးတော့ နီးလာမယ်လေ၊ တကယ်လို့ တစ်ခုခု ဖြစ်လာတယ်ဆိုရင်လဲ ကျွန်တော်တို့တွေက ခင်များကို လာကူညီပေးလို့ရတာပေါ့"

ကျိုးလိုင်ကျီက ခေါင်းခါပြလိုက်သည်။

"မလိုတော့ပါဘူး တံတိုင်းကြီးကလဲ တော်တော်လေးကို မြင့်နေပါပြီ၊ ကျွန်တော်တို့တွေမှာလဲ မိသားစုဝင်တွေက အများကြီးလေ၊ နောက်ပြီးတော့ အခုအချိန်မှာ အတွင်းပိုင်းကို ဝင်လာကြတဲ့သူတွေက အပြင်ဘက်က မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ လူတွေဆီကနေ ထွက်ပြေးလာတဲ့ပုံပါပဲ၊ နောက်ဆုံးကျတော့ သူတို့တွေလဲ ကျွန်တော်တို့လိုပဲလေ၊ အလွန်အကျွံကြီး စိုးရိမ်နေဖို့မလိုပါဘူး၊ တကယ်လို့ ဖရိုဖရဲအခြေအနေက တကယ်ဖြစ်လာတယ်ဆိုရင် ကျွန်တော်တို့တွေ အဲဒီ့အခါကျမှ ခင်များတို့အကူအညီကို လာတောင်းပါ့မယ်"

ချန်းယိုထျန်းသည် ကျိုးလိုင်ကျီ၏ငြင်းပယ်စကားကို ကြားလိုက်သည်တွင် ဘာပြောရမည်မှန်းမသိ ဖြစ်သွားတော့သည်။

တစ်ဖက်တွင်တော့ ချန်းသရှန်က ချန်းယိုထျန်းထံမှ ခွင့်ပြုချက်တောင်းလိုက်ပြီး သူ့အဖေပုံမှန်သယ်လာပြီး အသုံးမပြုသည့်လေးနှင့်မြှားကို ထုတ်လာသည်။ သူက လေးနှင့်မြှားကို ကျိုးလိုင်ကျီအား လှမ်းပေးလိုက်ပြီး ပြောလိုက်၏။

"ဦးလေးကျိုး ဒါကိုအကာအကွယ်အနေနဲ့ ယူထားလိုက်ပါ၊ ခြံဝန်းထဲမှာ ပစ်မှတ်တစ်ခုထောင်ထားပြီးတော့ အတိအကျပစ်နိုင်အောင် ပုံမှန်လေ့ကျင့်ပါ၊ ဝါးမြှားတစ်ချို့ကိုလဲ ခုတ်ထားလိုက်၊ ကျွန်တော် နောက်ထပ် လေးကြိုးနဲ့လေးကို လုပ်ပေးဖို့ တိရိစ္ဆာန်သားရေတွေကို သုံးလိုက်မယ်၊ မနက်ဖြန်ကျရင် ကျွန်တော် ယူလာပေးမယ်၊ နောက်ပြီးရင်တော့ ကျွန်တော်က ဒါတွေကိုအသုံးပြုပုံကို ဦးလေးတို့ကို သင်ပေးမယ်"

ကျိုးလိုင်ကျီသည် ချန်းသရှန်က သူ့ကို လေးတစ်ခုနှင့်မြှားများ ပေးလာသဖြင့် ရင်ထဲထိသွားတော့သည်။ နံရံ၏ အပိုင်းတော်တော်များများကို အပြင်ဘက်သို့ ကြည့်ရှုဖို့နေရာများဖြင့် ပြုလုပ်ထားပြီး လေးနှင့်မြှားက ကာကွယ်ရန် အကောင်းဆုံးလက်နက်ဖြစ်သည်။ သူသည် မြှားကိုယူလိုက်ပြီး ပွတ်သပ်ကြည့်လိုက်၏။

"ကောင်းပါပြီ ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ဆိုရင် ငါတို့တွေ ပိုပြီးတော့ အန္တရာယ်ကင်းပါလိမ့်မယ်"

ချန်းသရှန်သည် ခေါင်းငြိမ့်ပြလိုက်၏။ သူ့အင်္ကျီလက်ထဲတွင် မြှားအတွက် အဆိပ်ပုလင်းတစ်ခုရှိသေးသည်။ သို့သော်ငြားလည်း အခြေအနေက ထိုအထိ မရောက်သေးချေ။ ထို့အပြင်ဆေးကို သူ့မိသားစုက ပိုင်ဆိုင်ကြသည် ဆိုသော်ငြားလည်း ထိုအရာကို ပေးလိုက်ခြင်းက သူ၏နောက်ကျောကို တစ်ခြားသူများအား အပ်နှံလိုက်သည့် အဓိပ္ပါယ်ပင်။ ကျိုးမိသားစုကို လျှိုမြောင်၏ဝင်ပေါက်နှင့် တိုက်ရိုက်မမြင်ရသည့် ပိုပြီးနီးကပ်သည့် နေရာတစ်ခုသို့ ပြောင်းရွှေ့လာကာ သူတို့သည် အကူအညီပေးနိုင်သည်က ပိုပြီးတော့ကောင်းသည်။ ထို့ကြောင့် သူက ဒီအတွေးကို အခုလောလောဆယ် ဖိနှိပ်ထားလိုက်သည်။

ရှန်းလီ၏အဖွဲ့ပြန်သွားချိန်တွင် ကျိုးမိသားစုသည် သူတို့၏တံခါးကို သေသေချာချာပိတ်ထားလိုက်ပြီး လေးလံသည့် သစ်တုံးကြီးများဖြင့် သေချာအောင် ထပ်လုပ်ထားလိုက်သည်။ ထိုအခါမှ ကျိုးအာ့လန်က မေးလိုက်၏။

"အဖေ ကျွန်တော်တို့တွေက ရှန်းလီနဲ့တစ်ခြားသူတွေနဲ့ ပိုပြီးတော့နီးတဲ့နေရာမှာ တကယ်ပဲ သွားမနေတော့ဘူးလား"

ကျိုးလိုင်ကျီက ခေါင်းခါပြသည်။

"ငါတို့တွေက တတ်နိုင်သလောက် ဒါကို ရှောင်ကြဥ်ရမယ်"

"ဒါပေမဲ့ ဘာဖြစ်လို့လဲ"

ကျိုးလိုင်ကျီက သူ့မိန်းမကို မေးလိုက်သည်။ သူငြင်းပယ်ခဲ့ရသည့် အကြောင်းအရင်းမှာ အမှန်တွင်တော့ သိပ်မကြာခင်က သူ့မိန်းမနှင့် စကားပြောသည့်အချိန်အတွင်း သူတို့သည် ရှန်းလီနှင့်တစ်ခြားသူများ နေထိုင်သည့်နေရာကို ပြောဆိုဖြစ်ခဲ့သည်။ သူမ၏စကားလုံးကြောင့် သူသည် ဒီနေ့တွင် နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့ရသည်။

သူသည် ထူးထူးခြားခြား ပါးနပ်သူ မဟုတ်ချေ။ သူ့သားဖြစ်သူက သူ့ကိုမေးလာချိန်တွင် အဖြေအတွက် သူ့မိန်းမကို အလိုလို လှမ်းကြည့်လိုက်မိသည်။

သူ့မိန်းမက စကားဝိုင်းကိုဆက်ပြောလိုက်၏။

"ဒါက ဒီအတိုင်းမသင့်တော်လို့ပါ"

ညီအစ်ကိုများ၏မျက်နှာပေါ်က အမူအယာက နားမလည်နိုင်အောင် ဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် သူမက မေးလိုက်၏။

"ရှန်းလီရယ်၊ သရှန်ရယ်၊ တစ်ခြားမိသားစုတွေ၊ သူတို့တွေက ငါတို့ကို ဘယ်လိုဆက်ဆံပေးခဲ့လဲ"

ကျိုးသလန်က ပြန်ဖြေသည်။

"တစ်ခြားအပြစ်ပြောစရာ မရှိပါဘူး၊ သူတို့တွေက ကျွန်တော်တို့ကို တောင်အတွင်းပိုင်းအထိလဲ ခေါ်လာပေးတယ်၊ အခြေချဖို့လဲ ကူညီပေးခဲ့တယ်၊ အမဲလိုက်တဲ့အချိန်မှာတောင် သူတို့တွေက ဒီနေရာအထိလာပြီး ကျွန်တော်တို့ကို လာခေါ်ပေးခဲ့တယ်လေ"

ကျိုးအာ့လန်ကလဲ ခေါင်းငြိမ့်သဘောတူလိုက်သည်။

"သူတို့တွေက တကယ်ပဲစေတနာ ကောင်းကြပါတယ်၊ ကျွန်တော်တို့အတွက် အားလုံးကို စဥ်းစားပေးတယ်"

ကျိုးလိုင်ကျီ၏မိန်းမက ဆက်ပြောလိုက်၏။

"အမှန်ပဲ၊ အစတုန်းက သူတို့တွေက ငါတို့တွေကို တောင်အတွင်းပိုင်းကို ခေါ်လာတဲ့အချိန်တုန်းက သူတို့တွေက ငါတို့တွေကို စောင့်ရှောက်ပေးဖို့ သူတို့လမ်းက နေရှောင်ဖယ်ပြီးတော့ တစ်ခြားလမ်းကနေ ခေါ်လာတယ် ဒါပေမဲ့ နင်တို့ အခုကြားခဲ့တဲ့အတိုင်းပဲ၊ သူတို့နေတဲ့ နေရာအနီးအနားမှာ ဂူတွေရှိတယ်တဲ့၊ ဒါဆိုရင် သူတို့တွေက အစကတည်းက သူတို့ရဲ့အနီးအနားမှာနေဖို့ ငါတို့တွေကို ခေါ်မသွားခဲ့တာလဲ"

ကျိုးညီအစ်ကိုသည် ဆွံ့အသွားတော့သည်။

ကျိုးကဲက ဝင်ပြီးပြောလိုက်၏။

“ဒါက သူတို့တွေအတွက် အဆင်မပြေလို့ဖြစ်မှာပေါ့”

ကျိုးလိုင်ကျီ၏မိန်းမက ခေါင်းငြိမ့်ပြ၏။

"ဟုတ်တယ်၊ ငါတို့တွေက အကြောင်းအရင်း အတိအကျကို သေချာမသိပေမဲ့ ဒါက အဆင်မပြေလို့ပဲဖြစ်ရမယ်၊ ငါတို့ရဲ့အိမ်နီးချင်းတွေက ငါတို့တွေကို အများကြီး ကူညီပေးခဲ့ပြီးပြီ၊ ငါတို့တွေက လုံးဝ အရေးတကြီး အခြေအနေတစ်ခုမဟုတ်ရင် သူတို့တွေကို ထပ်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူးလေ"

နောက်ဆုံးတွင် လူတစ်ယောက်သည် ဒီလောကတွင် သေချာပေါက်မားမားမတ်မတ် ရပ်တည်ရမည်ဖြစ်ကာ ကိုယ့်လမ်း ကိုယ်ဖောက်ရမည်ဖြစ်သည်။ ကိုယ့်ဟာကိုယ် မားမားမတ်မတ် ရပ်တည်နိုင်ကြသူများက အတားအဆီးများ ရင်ဆိုင်လာရလျှင် တစ်ခြားသူများကို အကူအညီပေးဖို့ ဆန္ဒရှိလိမ့်မည်။ တစ်ခြားတစ်ယောက်၏အကူအညီကို အချိန်အကြာကြီး မှီခိုအားထားသည်ကလဲ မည်သူ့ကိုမဆို ပင်ပန်းနွမ်း နယ်စေလိမ့်မည်။

ကျိုးညီအစ်ကိုသည် နားထောင်ရင်း ခေါင်းတွင်တွင်ငြိမ့်လိုက်၏။

ထိုအခါမှ ကျိုးလိုင်ကျီ၏မိန်းမက ထုတ်ပြောလိုက်သည်။

"အဆင်ပြေပါတယ်၊ ရှင်တို့သားအဖတွေက သရှန် အကြံပေးသလိုပဲ လုပ်ကြပေါ့၊ လေ့ကျင့်ဖို့အတွက် ပစ်မှတ်တစ်ချို့ကို ထောင်ထားလိုက်၊ ဒီလေးနဲ့မြှားကလဲ ကောင်းမွန်တဲ့ လေ့ကျင့်မှုတစ်ခုပဲ၊ ဒါကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တာကလဲ အရည်အချင်းတစ်ခုပဲလေ၊ တစ်ခြားသူတွေရဲ့ အကူအညီကို သေချာပေါက် အားကိုးရမဲ့နေ့ရောက်လာရင် ငါတို့တွေက လုံးဝကြီး သုံးစားလို့ မရဖြစ်နေလို့မရဘူး"

လေသံသည် ပျော့ပျောင်းသော်ငြားလည်း သူတို့၏ သားများကို စိတ်အားထက်သန်မှုလှိုင်းတစ်ခုဖြင့် မွှေနှောက်သွားလေသည်။ ကျိုးအာ့လန်နှင့် ကျိုးစန်းလန်တို့က ချက်ချင်းပြန်ဖြေလိုက်ပြီး ပစ်မှတ်တစ်ခုလုပ်ရန် မြက်ခြောက်များကို အပြေးအလွှား သွားစုဆောင်းတော့သည်။

ကျိုးလိုင်ကျီ၏မိန်းမက ပြုံးလိုက်ပြီး နောက်ဆုံးတော့ သူမ၏ယောက်ျားနှင့်သားဖြစ်သူ ယူပြန်လာသည့် အိတ်များနှင့် ခြင်းများကို ကြည့်လိုက်လေသည်။

"ဒီတခါရော ရှင်တို့တွေဘာတွေရခဲ့လဲ"

ကျိုးလိုင်ကျီ၏အသံသည် ပျော့ပျောင်းသော်ငြားလည်း ပျော်ရွှင်မှုအပြည့်ဖြစ်နေ၏။

"အသားက ပေါင်၃၀ ကျော်၊ သစ်ကြားသီးက အိတ်တစ်ဝက်ကျော်၊ မြောက်ဥလို့ခေါ်တဲ့ပစ္စည်း၊ အားလီရဲ့မိန်းမက ဒါကို မှတ်မိသွားတာ၊ သူပြောတာတော့ ဒါက ဆေးဘက်ဝင်တယ်တဲ့၊ ပေါင်းစားရင်လဲ အရသာရှိတယ်တဲ့၊ နောက်ပြီးတော့ တစ်လခွဲလောက်နေရင် ငါတို့တွေ မြောက်ဥသီးတဲ့ နွယ်ပင်တွေကို သွားပြီးတော့ တူးကြအုံးမှာ၊ ဒါကို အဓိက အစားအသောက်အနေနဲ့ စားလို့ရတယ်တဲ့၊ ငါတို့တွေ အခုလောလောဆယ်တော့ ဒါကို သိမ်းထားလိုက်ကြအုံးမယ်"

"ဟုတ်တယ်၊ အားလီရဲ့မိန်းမပြောတာကတော့ ငါတို့တွေ တူးကြမဲ့ဥတွေကို နောက်ပိုင်းမှာ မြောက်ဥလို့ခေါ်တယ်တဲ့၊ ခန္ဓာကိုယ်အတွက် ကောင်းတယ်လို့ပြောတယ်၊ သူက မင်းကို နေ့တိုင်းနည်းနည်းလောက်စားဖို့ အကြံပြုလိုက်သေးတယ် ဒါက ကျန်း မာရေးအတွက် အထောက်အကူဖြစ်တယ်တဲ့"

"ဒါက ခန္ဓာကိုယ်ကို တကယ်ပဲ အာဟာရဖြစ်နိုင်တာလား"

"ဟုတ်တယ် ဒါက အားဆေးအပျော့စားလို့ သူ ပြောတာပဲ၊ ငါလဲ အပြည့်အဝတော့ နားမလည်ဘူး၊ ဒါပေမဲ့ ဒါက ကောင်းတယ်ဆိုရင် ငါတို့တွေ ပိုရှာရမယ်၊ ငါတို့တွေ ဒါကို အများကြီး စားလို့မရဘူး၊ ဒါတွေအားလုံးက မင်းအတွက်၊ ဒါမှ မင်းလဲ မင်းရဲ့ခန္ဓာကိုယ်ကို ခွန်အားဖြစ်အောင်လုပ်နိုင်မှာ"

လင်မယားနှစ်ယောက်၏မျက်နှာသည် ပျော်ရွှင်မှုကြောင့် လင်းဖြာသွားလေသည်။ ဘေးတွင်ရပ်နေသည့်ကျိုးကဲက မပြုံးဘဲ မနေနိုင်အောင်ဖြစ်သွားသည်။ သူမသည် အိမ်ထဲသို့ပြန်ဝင်လာပြီး သူတို့ပြုလုပ်ထားသည့် ကြီးမားသည့် ခြင်းဝိုင်းကြီးတစ်ခုကို ယူထုတ်လာပြီး အခြောက်လှန်းစင်ပေါ်တွင် တင်ထားလိုက်သည်။ သူမ၏အဖေနှင့်အစ်ကိုကြီးနှင့်အတူ သူတို့သည် သူတို့ယူပြန်လာသည့်ပစ္စည်းများကို အခြောက်လှန်းဖို့ ဖြန့်ခင်းလိုက်ကြလေသည်။

...

All Chapters