အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
အပိုင်း (၁၈၇) ဆန္ဒများ
ဆောင်းဦးရောင်နီသည် တောင်များကို ရွှေရောင်နှင့် အနီရောင်များ သမ်းကာဆေးခြယ်ထားလေသည်။ တလောက ရှန်းလီနှင့်သူ့အဖွဲ့က လွတ်လွတ်လပ်လပ် လျှောက်သွားခွင့်ပေးထားသည့် တောကြက်များသည် သည်တစ်ကြိမ်တွင်တော့ တဖန် အမဲလိုက်ခံရပြန်သည်။ ဒီတစ်ကြိမ်တွင် အဖေ၊ သားနှင့်ညီအစ်ကိုများပါဝင်သည့် မိသားစုတစ်စုက တောကြက်များကို လိုက်ဖမ်းကြကာ တောကြက်များမှာ ကြောက်လန့်တကြား အတောင် တဖျတ်ဖျတ်ခတ်ကာ ထွက်ပြေးကြလေသည်။
မိသားစုထဲက ကောင်လေးများထဲကတစ်ယောက်က ကြက်မကို ခုန်အုပ်လိုက်သည်နှင့် သူသည် ကြက်ကို တင်းနေအောင်ကိုင်ထားသည်။ သို့သော်ငြားလည်း ရှန်းလီနှင့်သူ့အဖွဲ့ကို မြင်လိုက်သည်တွင် သူသည် အလန့်တကြား ဖြစ်သွားပြီး ကြက်ကို လွှတ်ချမိမတတ် ဖြစ်သွားလေသည်။ သူသည် မြန်မြန်ထရပ်လိုက်ပြီး သူ့အဖေနှင့်အစ်ကိုနောက်တွင် သွားပုန်းနေလိုက်၏။ မိသားစုတစ်စုလုံးသည် စုဝေးလိုက်ကြပြီး ရှန်းလီနှင့်သူ့အဖော်များကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
ဖရိုဖရဲကာလတွင် တောင်အတွင်း၌ အသက်ရှင်နေထိုင်ရန်အတွက် စည်းမျဥ်းမှာ တတ်နိုင်သည့် အချိန်တိုင်း မျက်နှာချင်းဆိုင်တိုက်ပွဲကို ရှောင်ရှားခြင်းပင်။ ရှန်းလီက ဒါကိုနားလည်လေသည်။ ထို့ကြောင့် သူက ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီးမှ သူ့အဖွဲ့ကို မြန်မြန်ဦးဆောင်သွားလိုက်သည်။
သို့သော်ငြားလည်း သူတို့သည် အကွာအဝေးတစ်ခုသို့ ရောက်လာချိန်တွင် ချန်းသရှန်က အဖွဲ့ထဲမှခွဲထွက်သွားပြီး လမ်းကို ကွေ့ပတ်သွားလိုက်ပြီးနောက်တွင် မကြာခင်ပြန်လာ၏။
"အဲဒီ သစ်တောရဲ့ အနောက်ဖက်တောင်ထဲမှာ တော်တော်လေး အဆင်ပြေတဲ့ဂူတစ်လုံး တွေ့ခဲ့တယ်၊ ကြည့်ရတာ တော်တော်ကြီးတဲ့ မိသားစုတစ်ခုက နေနေတဲ့ပုံပဲ၊ အနည်းဆုံး ၁၆ယောက်၊၁၇ယောက်လောက်ရှိမယ်၊ ငါတို့တွေ မမြင်ခဲ့တဲ့ဂူထဲမှာလဲ ပိုပြီးတော့တောင်ရှိနိုင်သေးတယ်"
သူတို့သည် ပိုပြီးအန္တရာယ်ကင်းသည့်နေရာ မတွေ့ခင်အထိ သည်ယာယီနေထိုင်ရာနေရာမှ ပြောင်းရွှေ့မည့်ပုံမပေါ်ချေ။ ကျိုးမိသားစုတို့ အခြေချသလို သာစီမံနိုင်လျှင် ဒါသည် ရေရှည်နေထိုင်ရမည့်နေရာတစ်ခု ဖြစ်လာနိုင်သည်။
စန်းလော့သည် လျှိုမြောင်အနီးအနားက ဂူငယ်လေးတစ်ချို့ကို သတိရသွားပြီး သူမသည် စိတ်မသက်သာသလို ခံစားလိုက်ရ၏။ သူမသည် သည်အခြေအနေတွင် မည်သည့် အမည်မသိအိမ်နီးချင်းကိုမှ မလိုချင်ပေ။
ဘယ်သူကမှ အချိန်ထပ်မဖြုန်းကြတော့ပေ။ သူတို့သည် လျှိုမြောင်အပြင်ဘက်က ရွာဆီသို့ အမြန်ပြန်လာခဲ့ကြပြီး ဂူ၏သေးငယ်သည့်အရွယ်အစား သို့မဟုတ် တစ်ချို့နေရာများကို ယူထားပြီးသားဖြစ်သောကြောင့် ဖြစ်နိုင်သည်။ အိမ်နီးချင်းအသစ်များကို မတွေ့ရသဖြင့် စိတ်အေးသွားတော့သည်။
ချန်းယိုထျန်းက အကြံပြုလိုက်၏။
"ခဏနေပြန်လာပြီးရင် ဒီမှာရှိနေတဲ့ဂူတွေအတွက် တံခါးတွေ တပ်လိုက်ကြမယ် ကျိုးမိသားစုက လာနေမလား မနေဘူးလားဆိုတာကိုတော့ နောက်မှပဲဆုံးဖြတ်ကြမယ် ဒါပေမဲ့ ငါတို့တွေက ဒီနေရာကို အရင်ဆုံး ဦးထားဖို့လိုတယ် တစ်ခြားသူတွေလာပြီး နေထိုင်မှာကို ခွင့်ပြုလို့မရဘူး"
သူစိမ်းများက အနီးနားတွင် အိမ်တစ်လုံး လာဆောက်ကြလျှင် သူတို့အတွက် ဆက်ပြီးအဆင်ပြေလိမ့်မည် မဟုတ်ချေ။
အားလုံးက ခေါင်းငြိမ့်သဘောတူလိုက်ကြ၏။ သော့အိမ်များရှိသည့် မိသားစုတစ်ခုချင်းစီက သူတို့၏ သော့အိမ်များကို ပေးလိုက်ကြပြီး အဖွဲ့ကို နှစ်ဖွဲ့ခွဲသွားလိုက်သည်။ တစ်ဖွဲ့က သူတို့ယူပြန်လာသည့် ပစ္စည်းများကို ရှန်းလီနှင့် ချန်းသရှန်တို့ အိမ်ကြားက မြေတွင် ဆက်လက်ပြင်ဆင်ကြပြီး ကျန်တစ်ဖွဲ့က တံခါးများကို ဆောက်လုပ်ရန်နှင့် သူတို့၏ နယ်မြေကိုလုံခြုံမှုရှိရန် သစ်ပင်များကို စတင်ခုတ် လှဲလိုက်ကြသည်။
နေလှန်းထားသည့်ဖျာများကို ယူပြန်လာခဲ့ကြပြီး အိမ်ထောင်စုတစ်ခုချင်းစီ၏ အနီးအနားတွင် သပ်သပ်ရပ်ရပ် ဖြန့်ခင်းထားသည်။ ရှီအာ့လန်၏မိန်းမ စန်းလော့နှင့်ရှန်းနဥ်တို့က ထိုပစ္စည်းများအကြားတွင် လုပ်ငန်းစဥ်က အစီအစဥ်တကျရှိလှသည်။ သူမက အတိုင်းအတာတစ်ခုအထိ စိတ်ပူမိ၏။
"အားလော့ ငါတို့ရဲ့နေရာက ဆက်ပြီးတော့ မငြိမ်းချမ်းနိုင်ဘူးလို့ ထင်လား"
စန်းလော့သည် မှိုများကို ညီညာနေအောင် ဖြန့်ရင်းပြန်ဖြေလိုက်၏။
"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့လုပ်နိုင်တာ ဘာမှမရှိဘူးလေ၊ ကျွန်မတို့တွေက ကြီးမားတဲ့ဓားပြအဖွဲ့ကြီးနဲ့ ရင်မဆိုင်ရသရွေ့တော့ ကျွန်မတို့ရဲ့အခြေအနေကို ကိုင်တွယ်နိုင်မှာပါ၊ ကျွန်မတို့တွေက အပြင်က လူတွေထက်ပိုပြီးတော့ အဆင်ပြေတယ်လေ၊ ကျွန်မတို့မှာ ပြန်ဆုတ်စရာ ရွေးချယ်မှုတစ်ခု ရှိတယ်၊ အတွင်းပိုင်းက တော်တော်လေး တည်ငြိမ်နေတဲ့အခြေအနေကို အသုံးချပြီးတော့ အစားအသောက်တွေကို သိုလှောင်ထားကြတာပေါ့"
စန်းလော့က လျှိုမြောင်အကြောင်းပြောလိုက်သည်ကို ကြားလိုက်သည်တွင် ရှီအာ့လန်၏မိန်းမသည် စိတ်အေးသွားပြီး သူမ၏မျက်ခုံးများက ပြေလျော့သွားသည်။
"နင်ပြောတာလဲ မှန်ပါတယ်၊ ငါတို့မှာ ပြန်ဆုတ်စရာ နေရာတစ်ခုရှိသေးတာပဲ၊ အမှန်အတိုင်းပြောရရင် အပြင်က အခြေအနေနဲ့ပတ်သတ်ပြီး အဘိုးကြီးပြောသွားတာကို ကြားလိုက်ပြီး နှစ်ယောက်က မိသားစုထဲက နှစ်ယောက်ကသေပြီး သုံးယောက်ကဒဏ်ရာရတာကို မြင်လိုက်တော့ ငါ တကယ်လန့်သွားတာ"
တောင်အတွင်းပိုင်းတွင် သူတို့၏ခရီးစဥ်အတောအတွင်း ရှန်းလီနှင့်ချန်းသရှန်တို့၏ အကာအကွယ်ရှိခြင်းကြောင့် သူတို့သည် အမြဲတမ်းလုံခြုံသလို ခံစားခဲ့ရသည်။ တစ်စုံတစ်ယောက်သည် အန္တရာယ်ထဲတွင် အမြဲတမ်းဦးဆောင်ပေးလိမ့်မည်ဖြစ်ကာ သူမသည်အမြဲတမ်း လူတန်း၏နောက်ဆုံးတွင် ရှိနေသည်။ စန်းလော့က ဝံပုလွေတစ်ကောင်ကို ပစ်လိုက်သည်ကို မြင်လိုက်ကတည်းက သူမသည် တစ်ကောင်တစ်လေလောက် တွေ့ရနိုးနိုး မျှော်လင့်ချက်ဖြင့် စိတ်လှုပ်ရှားမှု ကြီးထွားလာလေသည်။ ကြောက်စိတ်များနေရာတွင် အားတက်စိတ်များဝင်လာသည်။ သူမ၏ကြောက်ရွံ့စိတ်က အစောကြီးကတည်းက မှိန်ပျောက်သွားခဲ့ပြီဖြစ်သည်။
ဒီနေ့ သူတို့တွေ့ကြုံခဲ့ရသည့် လူအုပ်ကြီး တော်တော်များများအကြောင်းကို စဥ်းစားမိလိုက်ပြီး သူမက သက်ပြင်းချလိုက်၏။
"ငါ့မိသားစုတွေနဲ့ ငါ့ယောင်းမမိသားစုတွေရော အဆင်ပြေကြရဲ့လား မသိဘူး"
သူမ၏မိသားစုသည် အစောပိုင်းကတည်းက တောင်အတွင်းပိုင်းသို့ ခိုလှုံဖို့ဝင်ရောက်သွားခဲ့သည်။ သို့သော်ငြားလည်း ဒါက မျိုးနွယ်စုစည်းမျဥ်းများဖြစ်လေသည်။ သူတို့က သူတို့မိသားစု၏ပုန်းခိုမည့်နေရာကို မပြောပြသလို မျိုးနွယ်စုကလဲ လက်ထပ်ပြီးအိမ်ထောင်ကွဲသွားသည့် သမီးများကို သူတို့၏ရိက္ခာသိုလှောင်သည့် တည်နေရာကို ပြောပြလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမသည် သူ့မ၏ မိသားစုက မည်သည့်နေရာတွင်ရှိသည်ကို မသိသလို ဘယ်လို နေထိုင်ကြသည်ကိုလဲ မသိချေ။ သူတို့သည် လုံလောက်အောင် အတွင်းကျသည့်နေရာတွင် ပုန်းအောင်းနေခဲ့ပါသလား။ သူတို့သည် တောင်အတွင်းပိုင်းထဲသို့ ဝင်ရောက်လာကြသည့် ဥပဒေမဲ့ဓားပြများနှင့် ရင်ဆိုင်တွေ့ကြုံနေရပါသလား။
အပြင်ကအခြေအနေကို သတိထားမိသည့်စန်းလော့ကလဲ သူမကို မည်သို့နှစ်သိမ့်ပေးရမည်ကို မသိချေ။ သူမပြောနိုင်သည့်အရာမှာ...
"စောစောစီးစီး ပြင်ဆင်ထားတာရယ်၊ မိသားစုက ကြီးမားတာရယ်ဆိုတော့ သူတို့တွေက အဆင်ပြေကြမှာပါ၊ ပြောလို့မရဘူးလေ သူတို့တွေလဲ တောင်အတွင်းပိုင်း တစ်နေရာမှာ အခြေချနေမှာပေါ့၊ ကျွန်မတို့လိုလေ"
ရှီအာ့လန်၏မိန်းမက ခေါင်းငြိမ့်ပြလေသည်။
"အဲလိုပဲ မျှော်လင့်ရတာပဲ၊ မိုးနတ်မင်းက ကံကောင်းခြင်းတွေ မစပါစေလို့ပဲ ဆုတောင်းရမယ်"
ဒီလိုပဋိပက္ခ ဖြစ်နေသည့်အချိန်ကာလတွင် သူတို့သည် တစ်ခုခုကို ပြောင်းလဲဖို့ရန် အင်အားမရှိချေ။ သူတို့တတ်နိုင်သည့်အရာမှာ သူတို့မိဘများနှင့်မောင်နှမများကို သေရေးရှင်ရေးကာလမှ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ပါစေဟု ဆုတောင်းပေးရုံသာရှိလေသည်။
...
ရှန်းလီနှင့်သူအဖွဲ့သည် ညနေခင်းပြန်လာချိန်တွင် မိသားစုတစ်ခုချင်းစီက သူတို့၏တောင်ထွက်ပစ္စည်းများကို စုစည်းထားကြပြီးဖြစ်ကာ သူတို့၏ဂူအသီးသီးဆီသို့ ပြန်လာခဲ့ကြသည်။
သူမ၏အိမ်အနီးတွင် ပစ္စည်းများကို အခြောက်လှန်းနေသည့် စန်းလော့သည် ရှန်းနဥ်နှင့်သူမကိုယ်တိုင်အတွက် ညနေစာကို ပြင်ဆင်ထားလေသည်။ အစားအသောက်တွင် အတုံးလေးများတုံးထားသည့် သစ်ကြားသီး၊ မှို၊ အသားကင်များနှင့်အတူ ချက်ပြုတ်ထားသည့် မွှေးပျံ့နေသည့် ထမင်းဟင်းတစ်နပ်ကို မီးအေးအေးပေါ်တွင် ဆူပွက်အောင် တည်ထားလေသည်။ လက်မဆေးရသေးသည့် ရှန်းလီက ဆာလောင်မှုကြောင့် သည်းမခံနိုင်တော့ဘဲ ဗိုက်က အသံမြည်သွားလေသည်။
စန်းလော့သည် ထိုအသံကြောင့် ရယ်မောမိ၏။ သူမက မီးကိုငြှိမ်းလိုက်ပြီး ရှန်းနဥ်ကို ပန်းကန်လုံးများနှင့် တူများကို သွားယူခိုင်းလိုက်သည်။ သူတို့သည် ကိုယ့်ဟာကိုယ် ရက်ရောသည့်ပမာဏတစ်ခုအထိ တည်ခင်းပေးလိုက်ပြီး ရှန်းလီကဂူအဝင်အဝနားက ယူလာခဲ့သည့် ကြီးမားသည့် အဝိုင်းပုံကျောက်တုံးများပေါ်တွင် ထိုင်လိုက်ကြသည်။ ဆည်းဆာကောင်းကင်အောက်တွင် သူတို့သည် သူတို့၏ညနေစာကို စတင်စားသောက်လိုက်၏။
နေ့လည်ခင်း သီးခြားလုပ်ငန်းများပြီးစီးသွားသည်တွင် စားသောက်နေစဥ်အတောအတွင်း စကားမပြောရဟူသည့် တင်းကြပ်သည့်စည်းကမ်းများ မရှိချေ။ စန်းလော့က ရှန်းလီကို မေးလိုက်၏။
"ရှင်တို့တွေ နောက်ပိုင်းအတွက် စီစဥ်စရာတွေအားလုံးကို တိုင်ပင်ကြပြီးပြီလား"
ယောက်ကျားသားများက စုဝေးကြစဥ်တွင် ဒီလိုအရေးကြီးသည့်ကိစ္စကို သေချာပေါက်တိုင်ပင်ကြလိမ့်မည်။
ရှန်းလီက ခေါင်းငြိမ့်ကာပြောလိုက်၏။
"အတွင်းပိုင်းနယ်မြေတွေ ပိုပြီးတော့ဖရိုဖရဲမဖြစ် လာခင်မှာ ကျွန်တော်တို့တွေက တောင်ထွက်ပစ္စည်းတွေကို စုဆောင်းပြီးတော့ ဆက်ပြီးအမဲလိုက်ဖို့ စီစဥ်ထားတယ်၊ ဒီနေ့ကစပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ယောက်ကျားတွေက လျှိုမြောင်တွေကို မပြန်တော့ဘူးလို့ တိုင်ပင်ထားတယ်၊ တစ်ယောက်ယောက်က တစ်ခြားသူတွေ အရမ်းနီးကပ်မလာအောင် တစ်ချိန်လုံးစောင့်ကြည့်ပေးဖို့ ဒီနေရာမှာ နေဖို့လိုတယ်၊ တကယ်လို့ လျှိုမြောင်ထဲမှာ နေနေကြတဲ့လူတွေကို သိသွားကြရင် အဲဒီ့အချိန်ကြရင် ကျွန်တော်တို့ ကိုယ့်ဟာကိုယ်ကာကွယ်ဖို့က အဆင်မပြေ ဖြစ်လာလိမ့်မယ်၊ ဘာပဲပြောပြော အတွင်းပိုင်းနယ်မြေတွေက လူဦးရေပိုပြီးတော့များလာပြီ၊ ကျွန်တော်တို့တွေရဲ့ စိုက်ပျိုးရေးလုပ်နေတဲ့ အိမ်ထောင်စုတွေပဲ မဟုတ်တော့ဘူး၊ ကျွန်တော်တို့တွေ သည်းခံနေလို့မရဘူး"
"အခုအချိန်ကစပြီး ကျွန်တော်တို့တွေက ကိုယ့်ဟာကိုယ် အဖွဲ့သုံးဖွဲ့ ခွဲရလိမ့်မယ်၊ တစ်ဖွဲ့က အပြင်ထွက်ပြီးအမဲလိုက်မယ်၊ ကျန်တဲ့နှစ်ဖွဲ့က ဒီနေရာကစိုက်ခင်းတွေကို စောင့်ရှောက်ပေးပြီးတော့ လျှိုမြောင်ကို ဆက်တိုက်စောင့်ကြည့်ပြီး တောင်ထွက်ပစ္စည်းတွေကို တိတ်တဆိတ် အခြောက်လှန်းရမယ်၊ အဖွဲ့သုံးဖွဲ့က တာဝန်ကို အလှည့်ကျလုပ်မယ်၊ သရှန်နဲ့ကျွန်တော်က သူတို့တွေကို အလှည့်ကျ ခေါင်းဆောင်မယ်၊ ကျွန်တော်တို့တွေက လျှိုမြောင်အပြင်ဘက်မှာ ကျွန်တော်တို့နဲ့ လာပြီးပူးပေါင်းဖို့ ရွှီမိသားစုက ဦးလေးရွှီကိုလဲ ခေါ်ထားလိုက်မယ်၊ ဝင်ပေါက်ကို ညစောင့်ပေးမဲ့ကိစ္စကိုတော့ လျှိုမြောင်အတွင်းထဲမှာကျန်နေခဲ့တဲ့ ကျိုးမိသားစုကလူတွေက ကိုင်တွယ်နိုင်လိမ့်မယ်"
ဒီအစီအစဥ်က သင့်တော်လေသည်။ လျှိုမြောင်သည် သူတို့နောက်ပြန်ဆုတ်ရမည့် အကောင်းဆုံး တည်နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် ကာကွယ်ပေးဖို့ရန် အလိုအပ်ဆုံးဖြစ်သည့်အသက်အရွယ်ကြီးရင့်သူ၊ အားနည်းသူနှင့် အမျိုးသမီး၊ ကလေးများ အဓိက နေထိုင်ကြသည်။ လျှိုမြောင်အပြင်ဘက်က မတည်ငြိမ်သည့် အခြေအနေနှင့်ဆိုလျှင် ထိုနေရာတွင် အဓိကအင်အားကို ထားရှိသည်က သဘာဝကျသည်။ လျှိုမြောင်အတွင်းပိုင်းမှာ ဝင်ပေါက်ကို စောင့်ကြည့်ပေးဖို့ရန်အတွက်တော့ ကျိုးချွမ်ကျန်းတို့လို လူများအတွက် အထောက်အပံ့ပေးမည့် တာဝန်တစ်ခုက အရေးပါသည်။ အဆင်ပြေချောမွေ့ပြီး အပြင်ပိုင်းကအခါအရံကို ထောက်ကန်ပေးဖို့ရန် သူတို့သည် ချောမွေ့စွာ ပြန် ဆုတ်နိုင်အောင် သေချာပေါက်ရှိနေရမည်။ လျှိုမြောင်ထဲတွင် ဘာအန္တရာယ်မှမရှိသဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းက ဒီတာဝန်ကိုကိုင်တွယ်ဖို့ရန် လုပ်ရည်ကိုင်ရည်ရှိသည်ထက်ပိုသည်။
စန်းလော့က အနည်းငယ် စိုးရိမ်မိသေးသည်။
"တစ်ခါအပြင်ထွက်ရင် လူလေးငါးယောက်လောက်ပဲဆိုတော့ အမဲလိုက်တာက ရှင့်အတွက်လုံခြုံပါ့မလား"
ရှန်းလီက ခေါင်းငြိမ့်ပြ၏။
"တောင်တွေက တကယ်တမ်းကျတော့ ပုန်းခိုဖို့ အကောင်းဆုံးနေရာပဲလေ ကျွန်တော်နဲ့သရှန်တို့ နှစ်ယောက်စလုံးက တောင်ထဲမှာရှိနေကြတဲ့အချိန်ကြရင် သတိထားကြပါတယ်၊ ကျွန်တော်တို့တွေက လူတွေ နည်းနည်းပါးပါးလောက် ခေါ်သွားမယ်ဆိုရင် တစ်ခြားသူတွေကို ရှောင်ကြဥ်ဖို့လဲ အရမ်းကြီးခက်ခဲမှာ မဟုတ်လောက်ဘူး။ နောက်ပြီးတော့ မနက်ဖြန်ကြရင် သရှန်က ကျိုးမိသားစုဆီကို လေးနဲ့မြှားတွေကို သွားပို့ပေးလိမ့်မယ်၊ သူရဲ့အပြန်လမ်းကြရင် သူက ကိုယ့်ဟာကိုယ် ကာကွယ်ဖို့အတွက် အဆိပ်မြှားတွေ ပိုလုပ်ဖို့ ဆေးပင်တွေကို ထပ်ပြီးတော့ခူးလာလိမ့်မယ်"
စန်းလော့သည် ဒါကိုစဥ်းစားမိလိုက်ပြီး သဘောတူလိုက်၏။ ဟိုတုန်းက မြောက်ပိုင်းသည် မည်မျှဖရိုဖ ရဲဖြစ်ခဲ့ပါသနည်း။ ဒါသည် လက်ရှိချီယန်စီရင်စုထက်တော့ အများကြီးပိုပြီး အန္တရာယ်ကင်းလိမ့်မည် မဟုတ်ချေ။ သူတို့သည် အသက်ရှင်သန်ဖို့ရန် ဆောင်ရွက်နိုင်ခဲ့သေးသည် မဟုတ်ပါလား။
သူမက အတွေးနက်နေစဥ် ရှန်းလီကထုတ်ပြောလိုက် ၏။
"ကျွန်တော် မင်းနဲ့အားနဥ်ရယ်၊ အဒေါ်ရှီတို့ကို ဒီနေ့ည လျှိုမြောင်ထဲ ပြန်ပို့ပေးရမလား၊ အပြင်ဘက် ဒီနေရာက အရမ်းကြီး မအေးချမ်းတော့ဘူး"
စန်းလော့က ဒီစကားကိုကြားလိုက်သည်တွင် သူ့ကိုလှမ်းကြည့်လိုက်၏။
"ရှင် ဘာပြောလိုက်တာလဲ"
ရှန်းနဥ်ကို ပြန်ပို့ပြီး သူမကတော့ ဖရိုဖရဲမဖြစ်သေးခင်မှာပင် အတွင်းပိုင်းနယ်မြေများသို့ သွားလာချင်သေးသည်ဟု အကြံပြုချင်လေသည်။ သို့သော်ငြားလည်း ရှေ့ရောက်လာမည့် နေ့ရက်များအကြောင်းကို စဥ်းစားလိုက်ပြီးနောက်တွင် သူမအတွက် မကြာခဏ အပြင်ထွက်ဖို့ရန် အဆင်ပြေလိမ့်မည် မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူမက စကားလုံးများကို မြိုသိပ်ထားလိုက်ပြီး ပြောလိုက်၏။
"ကျွန်မ ပြန်သွားပြီးတော့ ရက်နည်းနည်းလောက် အနားယူလိုက်မယ်၊ ၇ရက် ၈ရက်လောက်နေရင်တော့ ညပိုင်း ရှင်ရိက္ခာတွေ ပြန်လာပို့တဲ့အခါ ကျွန်မကို လာပြီးတော့ ကြိုလို့ရတာပေါ့၊ အနည်းဆုံးတော့ ကျွန်မက ရှင်တို့တွေထက် တောင်ထွက်ပစ္စည်းတွေကို ပိုပြီးတော့မှတ်မိတယ်လေ"
အပင်ပေါင်းများစွာသည် လူသားများနှင့်ရာစုနှစ်ပေါင်းများစွာ အတူတူယှဥ်တွဲတည်ရှိလာပြီးနောက်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ရင်းနှီးလာခဲ့ကြသည်။ အချိန်ကာလက မတူညီသော်ငြားလည်း သူမ ဒီရာစုသို့ရောက်လာသည်မှာ အကြမ်းဖျဥ်း တစ်နှစ်နီးပါးလောက်ရှိခဲ့ပြီး ဖြစ်သည်။ လောကနှစ်ခုစလုံး၏ သစ်ပင်ပန်းမန်နှင့် သဘာဝတရားက သိသိသာသာ ကွာသွားခြင်းတော့ မရှိပေ။ စန်းလော့သည် သည်ကိစ္စတွင် ယုံကြည်မှုရှိလေသည်။ သို့သော်ငြားလည်း သူမ၏စကားက ဒီဘဝတွင် သူမ၏ အခြေအနေကို ထည့်သွင်းစဥ်းစားမိလျှင် အနည်းငယ် မကိုက်ညီသယောင်ထင်ရသည်။
သူမက ဒါကိုထူးဆန်းသည်ဟု ခံစားမိ၏။ သို့သော်ငြားလည်း ရှန်းနဥ်ကတော့ သူမကို စိတ်ရောကိုယ်ပါထောက်ခံလေသည်။ စန်းလော့က တောင်ထွက်ပစ္စည်းများအကြောင်း ပိုပြီးသိသည်ဟု ကြားလိုက်ရချိန်တွင် ရှန်းနဥ်သည် အများကြီးစဥ်းစားမနေဘဲ အလိုလို ခေါင်းငြိမ့်လိုက်လေသည်။
"မကြီးက စာအုပ်တွေအများကြီး ဖတ်ထားတာလေ"
လက်တွေ့တွင်တော့ ဒါသည် စာဖတ်ထားခြင်းနှင့် ဘာမှမသက်ဆိုင်ပေ။ သို့သော်ငြားလည်း စန်းလော့က မကြာခဏဆိုသလို စာဖတ်နာသည့်ဟန်ဟန် ဆောင်ရလေသည်။ ယခုတော့ သူမအကြောင်းကိုသိသွားသည့် လျှိုမြောင်ထဲက ရွာသားများသည် သူမကို ဒီလိုအမြင်မျိုးထားရှိသည်။
ဟုတ်ပါသည်။ သူမက လက်တွေ့ကျသည့်အချက်ကို အရင်ဆုံးပြောသည့်အတွက် ရှန်းလီကပင် ယခုတော့ ဆွံ့အနေလေသည်။
အမှန်ပင် လူအများစုသည် မျောက်ဥ၊ မြေအောင်းဥ၊ နတ်သမီးတို့ဟူးအကြောင်းကို မသိကြချေ။ သေတတ်ပြီး အန္တရာယ်ရှိသည်ဟု သူတို့အစောပိုင်းက ယုံကြည်ထားသည့် ဝဥအကြောင်းဆိုရင်တော့ ပြောစရာမလိုချေ။ သူမသည် ဝဥ၏အဆိပ်ကို ဖယ်ရှားနိုင်သည့်အပြင် ထိုဝဥကို သတ်သတ်လွတ်အူကြမ်းတစ်ခုအဖြစ် ပြောင်းလဲနိုင်သေးသည်။
ရှန်းလီက ပြောစရာဘာမှမရှိသည်ကို တွေ့လိုက်သည်တွင် စန်းလော့က ပြုံးကာ ပြောလိုက်၏။
"ဟုတ်ပါပြီ၊ ရှင်ဘယ်ကိုပဲသွားသွား ကျွန်မလဲ အဲဒီ့မှာပဲ ရှိနေမှာပါ၊ ခြေလှမ်းသုံးလှမ်းထက် ဘယ်တော့မှမဝေးစေရဘူး"
သူမ၏စကားလုံးများက ရှန်းလီကို ခပ်တိုးတိုး ရယ်မောသွားစေသည်။
"ကောင်းပြီလေ၊ ၇ရက် ၈ရက်လောက်နေရင် ကျွန်တော် မင်းကို ပြန်လာခေါ်ပါ့မယ်"
...
ရှီမိသားစုထဲတွင် ရှီအာ့လန်ကလဲ သူ့မိန်းမကို ထိုနည်းတူ ပြောလေသည်။ မလုံခြုံတော့ချေ။ ထို့ကြောင့် သူက သူ့အစ်ကိုကြီးနှင့် လူချင်းလဲပြီး သူမကို လျှိုမြောင်ထဲသို့ ပြန်ပို့ရမည်။
သူသည် သူမက ချက်ချင်းလက်ခံလိမ့်မည်ဟု မျှော် လင့်ထားခဲ့သော်ငြားလည်း သူ့မိန်းမကတော့ စိတ်ထဲတွင် အတွေးနစ်နေရင်း ပြန်မဖြေချေ။
"ဘာဖြစ်လို့လဲ မင်းက မပြန်ချင်လို့လား"
ရှီအာ့လန်၏မိန်းမက သူ့ကိုမော့ကြည့်လိုက်ကာ ပြန်ဖြေရမည် မဖြေရမည်ကို မသေချာချေ။
သူမသည် ထူးထူးခြားခြား သတ္တိရှိနေသည်မဟုတ်ချေ။ ထို့ကြောင့် လျှိုမြောင်ထဲသို့ပြန်သည်က အပြင်ဘက်တွင် နေသည်ထက် ပိုပြီးတော့လုံခြုံလေသည်။ ထို့အပြင် သူမ၏ခဲအိုက အပြင်ထွက်လျှင် အိပ်ယာတစ်ခုထဲရှိသည့် ဂူငယ်လေးထဲတွင် ဆက်ပြီးနေဖို့ရန်က သူမအတွက် မသင့်တော်ချေ။
သူမ၏စိတ်ကူးများက သူမ၏အတွေးများကို တစ်စုံတစ်ခုက စိုးမိုးထားလေသည်။
"ရှင် ပြောကြည့်စမ်းပါ၊ ကျွန်မရဲ့မိဘတွေနဲ့ အစ်ကိုတွေ အခုဆိုရင် ဘယ်လိုနေကြမလဲ"
သူပြန်လာကတည်းက သူ့မိန်းမ၏မျက်နှာ စိုးရိမ်စိတ်ဖြင့် လွမ်းမိုးနေသည့် အကြောင်းအရင်းကို ရှီအာ့လန်သည် ယခုမှ သဘောပေါက်သွားတော့သည်။ သူမက အတွင်းပိုင်းနယ်မြေအတွင်း မငြိမ်မသက် ဖြစ်လာသည်နှင့်ပတ်သတ်ပြီး စိုးရိမ်နေသည်ဟု သူက အစပိုင်းက ယူဆထားခဲ့သော်ငြားလည်း အကြောင်းအရင်းက ဒီကိစ္စဖြစ်နေမည်ကိုတော့ ထင်မထားခဲ့ချေ။
“မင်းက မင်းရဲ့အဖေ၊ အမေနဲ့ဦးလေးတွေကို စိုးရိမ်နေတာလား” သူက မေးလိုက်၏။
ရှီအာ့လန်၏မိန်းမက ခေါင်းငြိမ့်သည်။
"ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ကြားခဲ့ပြီးတဲ့နောက်ပိုင်း ကျွန်မက ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေမှာလဲ၊ ကျွန်မတို့မှာက ကျွန်မတို့ကိုကာကွယ်ပေးမဲ့ ရှန်းလီနဲ့သရှန်တို့ရှိတယ်လေ၊ ဒါကြောင့်မလို့လည်း ကျွန်မတို့တွေက ဒီလောက်အတွင်းပိုင်းအထိရောက်အောင် လာပြီးတော့ပုန်းနိုင်တာပေါ့၊ ကျွန်မရဲ့မိဘတွေနဲ့ဦးလေးတွေက မျိုးနွယ်စုနောက်လိုက်သွားပြီး အဲလောက်အဝေးကြီးအထိ စွန့်စားပြီး သွားကြမယ်တော့ မထင်ဘူးလေ၊ ဟုတ်တယ်မလား။ အပြင်ဘက်မှာ ဓားပြတွေကအများကြီးပဲ၊ သူတို့ရဲ့အခြေအနေ ဘယ်လိုဖြစ်နေမလဲ မသိဘူး"
စန်းလော့၏ရှေ့တွင် သူမသည် နေ့ခင်းဘက်၌ ကိုယ့်ဟာကိုယ် ထိန်းထားနိုင်ခဲ့သော်ငြားလည်း သူမ၏ ယောက်ကျားဖြစ်သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်တွင် မျက်ရည်များက ပါးပြင်ပေါ်တွင် စီးကျလာတော့သည်။
ကလေးတစ်ယောက်သည် သူ့မိဘအတွက် အဘယ်မှာ မစဥ်းစားပေးဘဲ နေနိုင်ပါမည်နည်း။
သူမ ငိုနေသည်ကို မြင်လိုက်သည်တွင် ရှီအာ့လန်သည် သူမ၏မျက်ရည်များကို မြန်မြန်သုတ်ပေးလိုက်၏။ သူ့နှုတ်ခမ်းများကလဲ ဖွင့်လိုက်ပိတ်လိုက် လှုပ်ရှားနေသည်။ သို့တိုင် သူသည် သူမကို မည်သို့ချော့မော့ရမည်မှန်းမသိ စကားလုံးများ ပျောက်ဆုံးနေလေသည်။
သူမ၏စိုးရိမ်စိတ်ကို အမှန်တကယ် သက်သာဖို့ရန် မည်သည့်စကားလုံးက နှစ်သိမ့်ပေးနိုင်ပါမည်နည်း။
မရှိပါ။
ရှီအာ့လန်သည် သူ၏လည်ချောင်းထဲတွင် တစ်ဆို့နေသလို ခံစားလိုက်ရ၏။
"တကယ်တမ်းကြတော့ ငါတို့တွေကလဲ ရှန်းနဲ့ချန်းမိသားစုရဲ့ အကာအကွယ်အောက်မှာ ရောက်နေတာလေ၊ လျှိုမြောင်က ကြီးရုံလောက်ပဲရှိတာ၊ အားလုံးမှာလဲ သူတို့ရဲ့ဆွေမျိုးတွေ ကိုယ်စီရှိကြတယ်၊ တစ်ခြားရွေးချယ်စရာလဲ တကယ်မရှိတော့ဘူးလေ"
သူသည် သူ့မိန်းမဖြစ်သူက လုအမျိုးသမီး၏သားလို လက်တစ်ဖက်ဒုက္ခိတဖြစ်သည့် ကလေးတစ်ယောက် မွေးလာမှာကို စိုးရိမ်လေသည်။
ရှီအာ့လန်၏မိန်းမက ခေါင်းငြိမ့်လိုက်၏။
"ကျွန်မ နားလည်ပါတယ် အဲဒီ့တုန်းက ကျွန်မတို့တွေ တောင်အတွင်းပိုင်းကို ဝင်လာတဲ့အချိန်တုန်းက တစ်ယောက်ယောက်ကို အတူတူ ခေါ်လာဖို့ဆိုတာ တကယ်အဆင်မပြေဘူးလေ၊ ကျွန်မက ဒီအတိုင်း စဥ်းစားကြည့်တာပါ ... ကျွန်မကစဥ်းစားနေမိတာ တကယ်လို့များ ကျွန်မရဲ့မိဘနဲ့အစ်ကိုတွေက လုံလောက်တဲ့ အတွင်းပိုင်းအထိရောက်အောင် မပုန်းနိုင်ခဲ့ဘူးဆိုရင် သူတို့တွေက အခုအချိန် အတွင်းပိုင်းနယ်မြေလောက်ကို ရောက်နေမလားလို့ပေါ့၊ အခုအခြေအနေကလဲ ကျွန်မတို့တောင်ထဲကို ဝင်လာတုန်းက အခြေအနေနဲ့ မတူတော့ဘူးလေ၊ ဝင်ပေါက်တွေနှစ်ခုစလုံးကိုလဲ သေသေချာချာလေး ဖုံးကွယ်ထားတယ်၊ အပြင်ဘက်မှာလဲ ရွာငယ်လေးတစ်ခုရှိနေပြီလေ"
"ကျွန်မက စဥ်းစားမိတာ၊ ရှင် အပြင်ဘက်ကို အမဲလိုက်သွားရင် ပိုပြီးတော့ သတိလေး ထားပေးလို့ရမလားလို့ပေါ့၊ တကယ်လို့ ရှင်တို့တွေ သူတို့နဲ့တွေ့ ကြုံခဲ့တယ်ဆိုရင်လဲ ရှင်ဒီကို ခေါ်လာစရာ မလိုပါဘူး၊ ကျိုးမိသားစုဘေးကို ခေါ်သွားပြီးတော့ အိမ်နီးချင်း လုပ်ခိုင်းပြီး အချင်းချင်း စောင့်ရှောက်လို့ရတာပေါ့၊ ကျွန်မတို့တွေက လျှိုမြောင်ကို ပေါ်ပေါက်သွားအောင် လုပ်စရာလဲမလိုသလို အကူအညီလဲပေးနိုင်မယ်လေ ...”
အမှန်တွင်တော့ သူမသည် ကျိုးမိသားစုက တောင်အတွင်းပိုင်းအနက်တွင် အခြေချသည်ကို မြင်လိုက်ကတည်းက သူတို့ကိုကြိတ်ပြီး အားကျခဲ့မိလေသည်။
သို့သော်ငြားလည်း ဒီအချိန်တွင် သူမ၏အတွေးများက အိမ်မက်သက်သက်သာဖြစ်ပြီး လက်တွေ့မကျသည်မှန်းလဲ သေချာသိနေလေသည်။
ရှီအာ့လန်၏မိန်းမသည် ခေါင်းငုံ့ထားပြီး သူမ၏ မျက်လုံးကို ဖုံးကွယ်ထားလိုက်၏။
“ချီယန်စီရင်စု ပတ်ဝန်းကျင်က တောင်တွေက အရမ်းကိုကျယ်ပြောလှပါတယ် တကယ်လို့ ကျွန်မတို့ရဲ့လမ်းကြောင်းတွေက ဟိုတုန်းကသာ သွေဖယ်ပြီးသွားခဲ့မယ်ဆိုရင် ကျွန်မတို့တွေလဲ ပိုပြီးအတွင်းကျတဲ့ နေရာဘက်ကို သွားခဲ့မှာပဲ၊ ကျွန်မတို့တွေက ဒီထက်ပိုဝေးတဲ့နေရာအထိတောင် သွားလိမ့်အုံးမယ်”
ရှီအာ့လန်က သူမ၏ကျောပြင်ကို လျင်လျင်မြန်မြန် ပုတ်ပေးလိုက်လေသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး အဲလောက်ကြီး မစဥ်းစားပါနဲ့လေ၊ တစ်ခြားဟာတွေကို ဖယ်ထားလိုက်အုံး၊ ဦးလေးယိုထျန်းနဲ့ တစ်ခြားသူတွေက ဒီနေ့မရင်းနှီးတဲ့လူတွေကို ကူညီပေးခဲ့တာကိုပဲ ကြည့်လိုက်လေ၊ ငါတို့ရဲ့ကိုယ်ပိုင်ရင်းနှီးတဲ့ ဆွေးမျိုးတွေဆိုရင်တော့ ပြောစရာဘယ်လိုပါ့မလဲ၊ တကယ်လို့ ငါတို့တွေက သူတို့နဲ့တွေ့ဆုံခဲ့တယ်ဆိုရင်လဲ ငါတို့တွေက သူတို့ကို ရွာဆီခေါ်လာမှာ မဟုတ်ဘူး၊ အဲဒီအစား သူတို့တွေကို ကျိုးမိသားစုအနီးအနားမှာ အခြေချလို့ရအောင် သေချာပေါက် ကူညီပေးမှာပါ၊ ဒါပေမဲ့ ဒီကိစ္စတွေကလဲ ငါတို့ထိန်းချုပ်လို့ရတဲ့ဟာတွေ မဟုတ်ဘူးလေ။ ဒါက ဆန္ဒတစ်ခုပဲဖြစ်နေတာ၊ ငါတို့က သူတို့နဲ့တွေ့မယ် မတွေ့ဘူးဆိုတာကတော့ ကံတရားအပေါ်ပဲမူတည်တယ်"
သူ့စကားလုံးများသည် အလွန်မှလက်တွေ့ကျပေသည်။ ရှီအာ့လန်၏မိန်းမ၏ မျက်ရည်များမှာ တဖန် ပြန်ကျလာတော့သည်။
ဒီအချိန်တွင် မိုးနတ်မင်းအပေါ် မျှော်လင့်ချက်မဲ့နေသည်က စစ်မှန်သည့် ခံစားချက်တစ်ခုပင်။ သူတို့၏ အင်အားကို စိုက်ထုတ်ဖို့ရာ နေရာမရှိချေ။ သို့တိုင် အားလုံးကကောင်းကင်ကို မော့ကြည့်ကြသည်။ သူတို့လဲ ထိုနည်းတူပင် မဟုတ်ပါလား။ သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ဆိုးကျိုးများကလဲ အချိန်မရွေး ရိုက်ခတ်လာနိုင်သည်။ သူတို့တတ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကိုယ့်ဟာကိုယ် သတိထားပြီး တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ရန်သာဖြစ်လေသည်။
သူ့စကားလုံးများက ရည်ရွယ်ချက်နှင့် သွေဖီသွားသည်ကို ခံစားမိသည်တွင် ရှီအာ့လန်သည် သူ့ကိုယ်သူ ပြန်ရိုက်ချင်စိတ် ပေါက်သွားတော့ သည်။ သူက စကားကို မြန်မြန် ပြန်ပြင်ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ ငါ တကယ်တမ်းပြောချင်တာက အခုအခြေအနေက မတူတော့ဘူးလေ၊ အားလီကလဲ ငါတို့ညီအစ်ကိုကို သိတာပဲ၊ အဲဒီ့တုန်းကတောင် သူက ငါတို့တွေကို မြှားပစ်သင်ပေးခဲ့တယ် မဟုတ်လား၊ ငါတို့တွေက တကယ်အန္တရာယ်နဲ့ ကြုံတွေ့လာခဲ့ကြရင် သူက ငါတို့ တောင်းဆိုစရာတောင် မလိုပါဘူး၊ တကယ်လို့ ယောက္ခထီးနဲ့ယောက္ခမက တကယ်ပဲ အကူအညီလိုတယ်ဆိုရင် သူက သူတတ်နိုင်တဲ့ အနေအထားကနေ ကူညီပေးလိမ့်မှာပေါ့"
သူက သူမကို အကြိမ်ကြိမ်အာမခံလေသည်။
"စိတ်မပူပါနဲ့၊ သရှန်နဲ့ငါက အပြင်ထွက်ပြီး အမဲလိုက်တဲ့အချိန်ကြရင် ပိုပြီးသတိထားလိုက်ပါ့မယ်" ...
ညရောက်လာသည်တွင် ရှန်းလီနှင့်ကျန်သည့်သူများက မှိန်ပြပြလရောင်အောက်တွင် စန်းလော့နှင့် တစ်ခြားသူများကို လျှိုမြောင်ဆီသို့ ပြန်လည်ပို့ဆောင်ပေးလေသည်။ ညဥ့်သန်းခေါင်ဖြစ်နေသည့်အတွက် ရှန်းလီ၏ခွန်အားသည် လျှိုမြောင်ကို အတက်အဆင်းလုပ်ရန်အတွက် မရှိမဖြစ် လိုအပ်လေသည်။ ချန်းသရှန်က သူတို့သဘောတူထားသည့် အစီအစဥ်ကို ဆောင်ရွက်ဖို့ရန် တစ်ယောက်ထဲ ဆင်းသွားလိုက်သည်။ သူက သူ့မိသားစုနှင့် ကျိုးမိသားစုအိမ်တံခါးကို သွားခေါက်လိုက်ပြီး သူတို့နှင့်အတူယူသွားရန် လိုအပ်သည့်သော့အိမ်များကို တောင်းဆိုလိုက်ကာ လက်ရှိအခြေအနေနဲ့ သူတို့ပြင်ဆင်ထားသည့်ကိစ္စနှင့်ပတ်သတ်ပြီး အကြောင်းကြားလိုက်သည်။
ကျိုးရွာသူကြီးက တစ်ခြားအိမ်ထောင်စုများကို အနှောက်အယှက် မဖြစ်လိုချေ။ ညစောင့်ရမည့်တာဝန်ကို သူကိုယ်တိုင် ယူလိုက်လေသည်။ သူက အိပ်ယာထဲက သူ၏ဒုတိယသားကိုလဲ နိုးလိုက်ပြီး သူ့ကို အလျင်စလို ထုတ်ပိုးခိုင်းလိုက်ကာ အပြင်ဘက်တွင် အကူအညီပေးဖို့ရန်အတွက် လျှိုမြောင်ထဲမှ လိုက်ထွက်ခိုင်းလိုက်သည်။
နေ့လည်ခင်းတွင် ချန်းသရှန်နှင့်တစ်ခြားသူများသည် သစ်ပင်များကို ခုတ်လှဲခဲ့ကြပြီး ထင်းများကိုလဲအများအပြား စုဆောင်းခဲ့ကြသည်။ ဆိတ်များအတွက် လတ်လတ်ဆတ်ဆတ် မြက်နှစ်ခြင်းနှင့်အတူ သူတို့သည် မထွက်ခွာခင် လျှိုမြောင်ထဲတွင် ဒီပစ္စည်းများကို သိုလှောင်ပေးခဲ့သည်။
နောက်တစ်နေ့ကြမှသာ လျှိုမြောင်ထဲက လူအားလုံးနိုးလာချိန်မှ သူတို့သည် အပြင်ဘက်က ဖြစ်ခဲ့သည့် အပြောင်းအလဲများအကြောင်းကို စန်းလော့ထံမှ သိလိုက်ရသည်။ တော်တော်များများက သူတို့၏ ကိုယ်ပိုင်လုံခြုံရေး သို့မဟုတ် ရှီအာ့လန်၏မိန်းမလို သူတို့၏ ရင်းနှီးသည့်ဆွေမျိုးများနှင့်ပတ်သတ်ပြီး စိုးရိမ်ကြလေသည်။ လေထုအခြေအနေက သိသိသာသာ လေးလံသွား၏။
လူကြီးများက လူစုခွဲသွားသည့်အချိန်ကြမှ ရှန်းကျင့်သည် စန်းလော့အနားသို့ ကပ်လာရဲကာ သူသည် နောက်ပိုင်းအပြင်ထွက်လျှင် သူ့အစ်ကိုကြီးနောက် လိုက်သွားခွင့်ရမလားဟု မေးလိုက်လေသည်။
စန်းလော့က ခဏလောက်စဥ်းစားလိုက်ပြီး ပြောလိုက်၏။
"အခုလောလောဆယ်တော့ ခဏလောက်နားလိုက်ပါအုံး၊ ငါတို့တွေမှာလဲ အစားအသောက်နဲ့ အသီးအရွက်တွေရှိတာပဲ၊ ဒီတော့ အလျင်လိုစရာ မလိုဘူး၊ အပြင်ဘက်က အခြေအနေ တည်ငြိမ်သွားတဲ့အထိ စောင့်ပြီးမှ နင်လဲ အပြင်တစ်ခါထွက်ပေါ့"
နောက်ဆုံး သူသည် အလွန်မှငယ်ရွယ်သေးပေသည်။
သူမသည် ခြင်းထဲက နေလှန်းထားသည့် သစ်ကြားသီး ခြင်းငယ်လေးတစ်ခုကို ကောက်ယူလိုက်ပြီး သူ့ကိုလှမ်းပေးလိုက်၏။
"ဒါတွေကို အိမ်ယူပြန်သွားလိုက်နော်၊ ဒါပေမဲ့ သူတို့တွေကို နောက်ထပ် သုံးလေးရက်လောက်တော့ နေလှန်းပေးဖို့ လိုသေးတယ်၊ လှုပ်လိုက်တဲ့အချိန်ကြရင် အထဲဘက်ကအသံကြားရရင် လုံးဝခြောက်သွားပြီဆိုတဲ့ သဘောပဲ၊ ဒီလိုဆိုရင် ဒါတွေကို အေးမြပြီး လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ချိတ်ထားလိုက်၊ မစားခင် သစ်ကြားသီးတွေကို အစိုဓာတ် လုံလောက်အောင် စုပ်ယူဖို့ ရေနာရီအနည်းငယ်လောက် စိမ်ထားရမယ်၊ ဒါကို သေသေချာချာ ချက်ပြုတ်နည်းကို အားနဥ်ကို မေးလိုက်နော်"
ရှန်းကျင့်သည် မျက်နှာများ နီရဲသွားလေသည်။
"မကြီး ကျွန်တော်က ဒီကို အစားအသောက်အတွက် လာခဲ့တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့အိမ်မှာလဲ အခုလောလောဆယ်တော့ စားစရာ လုံလောက်နေပါသေးတယ်၊ ကျွန်တော်လဲ ချက်ချင်းကြီး အချိန်မရွေး အပြင်ထွက်သေးမှာမှ မဟုတ်ပဲ"
စန်းလော့က ပြုံးပြလိုက်၏။
"ဒါက မများပါဘူး၊ နင်တို့မှာ သစ်ကြားသီးတွေမရှိဘူးလေ ဒီတော့ ယူထားပြီးတော့ စမ်းစားကြည့်ကြည့်ပေါ့"
သူက သစ်ကြားသီးများကို မယူလိုက်သည်ကို မြင်လိုက်သည်တွင် သူမက ဆက်ပြီးပြောလိုက်၏။
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နင် ငါ့အတွက် မြက်သီးတစ်အိတ် ယူလာပေးတယ် မဟုတ်လား၊ ဒါကိုယူ ထားလိုက်ပါ၊ နောက်တစ်ခါ နင်အပြင်သွားတဲ့အခါကြရင် အရသာရှိတဲ့ အစားအသောက်တစ်ချို့ ပြန် ယူလာပေးပေါ့ ဟုတ်ပြီလား"
သူမသည် ရှန်းကျင့်၏လက်ထဲသို့ အဝတ်အိတ်ကို ထိုးထည့်ပေးလိုက်လေသည်။
ရှန်းကျင့်သည် အိတ်ကို ဖမ်းကိုင်ထားလိုက်ပြီး လက်ထဲတွင် ဆုပ်ထားလိုက်၏။
"ကျေးဇူးတင်ပါတယ် မကြီး"
...
ထိုနေ့ကစပြီး လျှိုမြောင်သည် မသိမသာ ပြောင်းလဲသွားလေသည်။ များပြားလှသည့်ရေကန်များကို လျှိုမြောင်အတွင်းဘက်ခြမ်းတွင် တူးခဲ့ကြသည်။ နေရာက လျော့သွားသဖြင့် စာအုပ်ကြိုက်သည့်ကလေးများသည် မနက်ခင်းအတူတူစာဖတ်ဖို့ရန် သစ်ပင်တစ်ပင်အောက်တွင် စုဝေးရတော့သည်။ သို့သော်ငြားလည်း လူများက အတွင်းပိုင်းသို့ ဝင်ရောက်လာသည်ကို သိလိုက်ပြီးနောက်တွင် သူတို့သည် ပုံမှန်စာဖတ်သည့်အသံက လျှိုမြောင်အပြင်ဘက်သို့ မရောက်နိုင်မှန်း စမ်းသပ်ခဲ့ပြီးဖြစ်သော်ငြားလည်း ဘယ်သူကမှ ဆက်ပြီးစာမဖတ်ရဲကြတော့ချေ။
ထင်သာမြင်သာသည့် စိတ်တင်းကြပ်မှုတစ်ခုသည် ကလေးများအပါအဝင် အားလုံးပေါ်တွင် ဝန်ပိသွားလေသည်။
ရှီအာ့လန်၏မိန်းမကတော့ တစ်နေ့တွင် သူမသည် သူမ၏ဆွေမျိုးရင်းများနှင့် မမျှော်လင့်ဘဲ ပြန်တွေ့ဆုံပြီး သူတို့သည် ကျိုးမိသားစု၏ အိမ်နီးချင်းများဖြစ်လာကာ ဆွေမျိုးနီးစပ်များဖြစ်လာဖို့ ကြိတ်ပြီးတော့ မျှော်လင့်ခဲ့လေသည်။
စန်းလော့သည် ချိန်းဆိုထားသည့်အချိန်တစ်ခုတွင် ရှန်းလီထံမှ သတင်းတစ်ခုကို သိလိုက်ရ၏။ ညဥ့်နက်လှသည့် ညအတွင်းတွင် ရှန်းလီနှင့်သူ့အဖွဲ့က ရိက္ခာများနှင့် ပြန်ရောက်လာသည်တွင် သူတို့သည် သူမကို လျှိုမြောင်အပြင်ဘက်သို့သွားရန် လာကြိုသည့်အချိန်တွင် ဖြစ်လေသည်။
စန်းလော့ ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးသည့် လူတစ်ယောက်အကြောင်း ဖြစ်နေသည်။
...
အပိုင်း (၁၈၈) ရူးသွပ်ခြင်း
“စန်းလီရွာက အသားရောင်းတဲ့သူလား”
ဟုတ်တယ်၊ ပြီးခဲ့တဲ့ သုံးရက်လောက်တုန်းက အမဲလိုက်ရင်း သူတို့နဲ့ တွေ့ခဲ့တာ၊ သူတို့တွေ ဝံပုလွေတစ်အုပ် တိုက်ခိုက်ခံနေရတာနဲ့ ကျွန်တော်တို့ ကူညီပေးခဲ့တာ၊ ဒါပေမဲ့ သားသတ်သမား ကျန့်က လက်တစ်ဖက် ပြတ်သွားတယ်၊ သူ့သမီးကတော့... ရူးနေသလိုပဲ”
ထိုအခါကျမှ စန်းလော့သည် သားသတ်သမား၏ မျိုးရိုးနာမည်မှာ ကျန့်ဖြစ်နေသည်ကို သိလိုက်၏။ ဒါပေမဲ့ ဒါက ကိစ္စမရှိတော့ပါဘူး။ ကိစ္စဖြစ်နေတာက ကျန့်ရဲ့သမီးက ရူးသွားတာတဲ့လား။
စန်းလော့သည် တောင့်တင်းကာ ရပ်နေ၏။
သူမ သိသည့် သားသတ်သမားကျန့်၏သမီးက တစ်ယောက်တည်းရှိသည်။ စန်းလော့ ပထမဆုံးအကြိမ် နတ်သမီးတို့ဖူးရောင်းချိန်က အပြေးအလွှားဝယ်ခဲ့သည့် ဝဝအသားဖြူဖြူ အမျိုးသမီးဖြစ်သည်။ နောက်တစ်ကြိမ် သူတို့တွေ့ချိန်က အမျိုးသမီးက သူမကို တို့ဖူးရောင်းသည့်အမျိုးသမီးဟု မိတ်ဆက်ပေးသည်။ စန်းလော့သည် အသားနည်းနည်း ဝယ်ချင်သဖြင့် သူမကို သူမ၏မိသားစုဆိုင်သို့ ခေါ်လာပေးပြီး သူမ၏အဖေနှင့် မိတ်ဆက်ခဲ့သည်။ သူမသည် စိတ်ထားကောင်းသည့် အမျိုးသမီးပင်။ ပြုံးလိုက်လျှင် ပါးပေါ်တွင် ပါးချိုင့်လေးများနှင့် အရယ်သန်ပြီး အစားချစ်သူတစ်ယောက်ဖြစ်သည်။ သူမ၏နာမည်က အိမ်နာမည် သဟူဖြစ်သော်လည်း သူမကို သူမ၏မိသားစုက အလွန်ချစ်ကြသည်။ တို့ဖူးဝယ်ချိန်မှာပင် သားသတ်သမားလင်မယားက သူတို့၏အိမ်ထောင်သည် သမီးကို မမေ့ချေ။
သူမက ရှန်းလီကို မသဲမကွဲ ပြောလိုက်၏။ “ဒါက ဘယ်လို ဖြစ်သွားတာလဲ”
ဝင်ပေါက်နားတွင် မီးပုံက ရှန်းလီ၏အမူအရာကို အလင်းပေးနေပြီး စန်းလော့၏တုန့်ပြန်ပုံကို ရှင်းလင်းအောင် မြင်နေရသည်။
“မင်းက သားသတ်သမားကျန့်ရဲ့ သမီးကို သိတာလား”
စန်းလော့က ခေါင်းညိတ်ပြလိုက်၏။ “ကျွန်မတို့တွေ ၃-၄ခါလောက် တွေ့ဖူးတယ်၊ သူက တော်တော်လေးက နွေးထွေးတဲ့လူတစ်ယောက်ပါ”
စန်းလော့က သူ့ကို သိသည်ဟု ကြားလိုက်ရသည်တွင် ရှန်းလီသည်ဆက်ပြောရန် တွေဝေသွားလေသည်။ သို့သော်လည်း စန်းလော့က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူသည် နောက်ဆုံးတော့ ပြောလိုက်၏။ “ကျန့်ရဲ့သမီးက လက်ထပ်ပြီးသားလေ၊ ရွာမှာ သူ့ယောက္ခမတွေနဲ့ သူ့ဘဝက တောင့်ခံနိုင်စရာ ရှိပါတယ်၊ သူက သူ့ကောက်နှံတွေနဲ့ ပိုင်ဆိုင်မှုတွေကို ချန်မထားခဲ့ချင်ဘူးလေ၊ ဒီတော့ သူတို့တွေက အစပိုင်းမှာ ထွက်မပြေးခဲ့ကြဘူး၊ နောက်ပိုင်း မိသားစုတစ်ခုလုံး စီရင်စုမြို့ကို ပြောင်းလိုက်ရတယ်၊ ဘာဖြစ်ခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့ အကြောင်းအရင်း အစုံမသိပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ကြားခဲ့တာတော့ သူတို့တွေ ၂နှစ်အရွယ်ကလေးတစ်ယောက် ဆုံးရှုံးခဲ့ရတယ်တဲ့”
ကလေးပျောက်သွားသည်ဟု ပြောလိုက်သည့်စကားက မဆုံးနိုင်သည့် စိတ်ကူးများစွာကို လှုံ့ဆော်ပေးလိုက်ပြီး စန်းလော့နှင့် ကျိုးချွမ်ကျန့်တို့နှစ်ယောက်လုံးမှာ ထိုအခိုက် ဆွံ့အသွားကြတော့သည်။
ရှန်းလီသည် ထပ်ပြီး အကျယ်ချဲ့မပြောရက်တော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်၏။ “သားသတ်သမားကျန့်မိသားစု ပိုပြီးမြန်သွားတယ်၊ တပ်ဖွဲ့အရေအတွက် အများကြီး ရောက်လာတဲ့အချိန်မှာ သူတို့သည် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထုပ်ပိုးပြီး အနီးနားက တောင်နားမှာ ပုန်းခဲ့ကြတယ်၊ ဒါပေမဲ့ သူတို့တွေ သူတို့သမီးနဲ့ ခမည်းခမက်တွေကို ထွက်သွားဖို့ အလောတကြီး လာနားချတဲ့အချိန်မှာ အရမ်းနောက်ကျသွားပြီ၊ သူတို့ရဲ့သမီးကို ရဲမက်တွေက မြို့ထဲခေါ်သွားတာကိုပဲ ကြည့်နေခဲ့ရတယ်”
ကျိုးချွမ်ကျန့်သည် မမေးဘဲ မနေနိုင်တော့ချေ။ “နောက်တော့ ဘာဖြစ်သွားလဲ၊ သားသတ်သမားကျန့်ရဲ့ သမီးက ဘယ်လိုထွက်လာခဲ့တာလဲ”
ရှန်းလီက ပြန်ဖြေလိုက်၏။ “သားသတ်သမားကျန့်ရဲ့ မိသားစုက သူ့သမီးအကြောင်းပဲ စဉ်းစားနေမိတော့ အဝေးကြီးကို မသွားခဲ့ကြဘဲ အနီးနားက တောင်ထဲမှာပဲ ပုန်းနေခဲ့ကြတာ၊ မြို့ထဲမှာ တစ်ခုခု မူမမှန်တော့တာကို ခံစားမိကြပြီး အထဲက လူတွေ ထွက်မလာနိုင်တော့ဘူးလို့တော သိလိုက်ရတဲ့အချိန်မှာ သားသတ်သမားကျန့်က ရက်စက်ကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပြီး သူ့ကိုယ်သူ ကပ်ဘေးဒုက္ခသည်လို ရုပ်ဖျက်ပြီး သူပုန်ထဲ ဝင်ခဲ့တယ်”
“သူ သူ့သမီးကို ကယ်တင်နိုင်ခဲ့ပေမဲ့ လက်တစ်ဖက်တော့ ဆုံးရှုံးခဲ့ရတယ်”
ကျိုးချွမ်ကျန့်သည် ခေါင်းငုံ့ထားလိုက်၏။
အိမ်နီးချင်းရွာများထဲက တခြားမိသားစုများနှင့်ယှဉ်လျှင် သူတို့သည် ပိုကောင်းသည့်ငွေကြေးအခြေအနေ ရှိခဲ့ကြသဖြင့် အသားများကို ပိုဝယ်နိုင်ခဲ့ကာ သားသတ်သမားကျန့်နှင့် တော်တော်လေး ရင်းနှီးလေသည်။ သူ့သမီးအကြီးဆုံးကိုပင် သူ့မျက်စိအောက်မှာ ကြီးလာသည်ဟု ပြောလို့ရသည်။
အခုတော့ တစ်ယောက်က လက်တစ်ဖက်ပြတ်သွားပြီး ကျန်တစ်ယောက်က ရူးသွားခဲ့ပြီ။ နှစ်ယောက်လုံးသည် ထိုင်းမှိုင်းသည့် တိတ်ဆိတ်ငြိမ်သက်မှုထဲ ကျရောက်သွားပြီး စကားလုံး ရှာမတွေ့တော့ချေ။
ရှန်းလီက စန်းလော့ကို ငေးကြည့်လိုက်ပြီး ပြောလိုက်၏။
“အားလော့၊ ကျန်းမိသားစုက အဲမိန်းကလေးက သူ့တူလေးကို ဝံပုလွေအုပ်ကြီးရန်ကနေ ကာကွယ်ပေးခဲ့ပြီး အဲဒီအချိန်အတွင်းမှာ သူ့လက်မောင်းမှာ အသားစိုင် ၂ခု ပဲ့ထွက်သွားခဲ့တယ်၊ အစတုန်းတော့ သူ့ကြည့်ရတာ အဆင်ပြေသလိုပါပဲ၊ ဒါပေမဲ့ ဒီနေ့ သူ အဖျားတက်နေတယ်လို့ ကျွန်တော်တို့ ကြားခဲ့တယ်၊ အရင်က ကျွန်တော်တို့မှာ အဖျားကျဆေး ရှိခဲ့တယ်မလား၊ မင်း သူတို့အတွက် နည်းနည်းယူသွားပေးနိုင်မလား”
ရှန်းလီသည် ပြောရင်းဆိုရင်း အတိုင်းအတာတစ်ခုအထိ ချီတုံချတုံဖြစ်နေ၏။ သူတို့သည် တောင်ထဲတွင် မည်မျှကြာကြာ ပုန်းအောင်းရလိမ့်မည်ကို သူ မသိချေ။ ဆေးက အဖိုးတန်သည့် အသုံးအဆောင်တစ်ခု ဖြစ်ပြီး အရေးကြီးသည့် အခိုက်တွက် လူ့အသက်ကို ကယ်ပေးရန် မရှိမဖြစ်ပင်။ သို့သော် သည်အချိန်တွင် ရွာထဲက တခြားမိသားစုများတွင် ဆေးမလုံလောက်မှာ စိုးရိမ်ပြီး လတ်တလော ရောင်းချခဲ့သည့် ဂျင်ဆင်းနှင့် သားမွှေးများက သူတို့ကို လုံလောက်ငွေပမာတစ်ခု ရထားသဖြင့် သူတို့သည် အထူးသဖြင့် အဖျားကျဆေးများကို ပိုပြီးဝယ်လှောင်ခဲ့ကြသည်။
ရွာထဲက ကလေးများသည် ခုခံအား ကောင်းကြပြီး အားလုံးက သတိပိုထားတတ်ကြသည်။ ခန္ဓာကိုယ်အတွင်း အပူများတတ်သည့်အတွက် တခါတလေ ဆေးပြုတ်ရည်သောက်ရန်လိုအပ်သည့် ရှန်းနဉ်နှင့် ဒဏ်ရာလိမ်းဆေးသုံးရသည့် ရှန်းလီကလွဲလျှင် ကျန်သည့်ဆေးများကို မထိရသေးချေ။ သူသည် သားသတ်သမားကျန့်၏ သမီးမပြောနှင့် သားသတ်သမားကျန့်ကိုပင် အထူးတလည် သိနေသည်မဟုတ်ချေ။ သို့သော်လည်း နောက်ဆုံးတော့ ဒါသည် လူအသက်နှင့်ဆိုင်သည့် ကိစ္စတစ်ခုပင်။
တွေဝေမနေဘဲ စန်းလော့က ခေါင်းညိတ်ပြလိုက်၏။ “ကောင်းပြီလေ၊ ကျွန်မကို အောက်ချပေး၊ ကျွန်မ ဆေးသွားယူလိုက်မယ်”
သူမသည် သူမ၏ခန္ဓာကိုယ်ကို ချည်ထားသည့်ကြိုးကို ချက်ချင်း သေချာအောင် ပြန်ပြင်ဆင်လိုက်သည်။
ဆေးနှစ်ဖုံပေးမည့်အကြောင်း ရှန်းလီနှင့် စန်းလော့တို့စကားဝိုင်းကို ကြားလိုက်သည့် ကျိုးချွမ်ကျန့်က ခဏလောက်စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။
“ငါလည်း တစ်ဖုံပေးမယ်၊ ငါ ဒီကလေး ကြီးလာတာကို စောင့်ကြည့်လာခဲ့ရတာ၊ ကိုယ့်ဟာကိုလဲ ဆင်းသွားလို့မရဘူး၊ အားလော့ကိုပဲ ဒုက္ခပေးရမှာပဲ၊ အားလော့ နင့်အဒေါ်ဆီက ဆေးသွားယူလာခဲ့လိုက်နော်”
စန်းလော့က သူ့တောင်းဆိုမှုကို အသိအမှတ်ပြုလိုက်ပြီး ကြိုးကို သေသေချာချာ ပြင်ဆင်လိုက်ကာ ရှန်းလီကို ငြိမ်အောင် ထိန်းခိုင်းထားလိုက်ပြီး သူမက သတိဖြင့် အောက်ဆင်းသွားလိုက်သည်။
သူမ၏အိမ်က ဆေးကို ယူလာခဲ့လိုက်ပြီးနောက်တွင် သူသည် ကျိုးမိသားစုဆီသို့ သွားလိုက်၏။ သားသတ်သမားကျန့်၏ ကံဆိုးမှုအကြောင်း ကြားရသည်တွင် ကျိုးချွမ်ကျန့်မိန်းမ၏နှုတ်ခမ်းများသည် တုန်ယင်သွားပြီး သူမသည် တဒင်္ဂ မှင်သက်အံ့ဩသွားပြီးမှ ခေါင်းတွင်တွင် ညိတ်ပြလိုက်၏။ သူမသည် ဆေးရှာရန် ဆီမီးအိမ်ကို သယ်ကာ အတွင်းအခန်းသို့ ဝင်သွားလိုက်သော်လည်း မကြာခင်မှာပင် သူမသည် စာမဖတ်တတ်သည်ကို သတိရသွားပြီး စန်းလော့ကို မြန်မြန်ခေါ်ကာ အဖျားကျဆေးကို ခွဲခြားခိုင်းရတော့သည်။
စန်းလော့ ထွက်သွားသည်နှင့် ကျိုးမိသားစု၏ ချွေးမနှစ်ယောက်သည် စူးစမ်းမေးမြန်းကြပြီး ချွေးမကြီးက တစ်ယောက်ထဲ ရေရွတ်လိုက်လေသည်။
“သူက ဘယ်လိုလုပ်ပြီး ရူးသွားတာလဲ”
အသက် ၂နှစ်အရွယ်ကလေး ပျောက်သွားသည်ဟု သိလိုက်ရသည်တွင် ချွေးမကြီးသည် အထိတ်တလန့်ဖြစ်သွားပြီး သူမရင်ဘတ်ကို အုပ်ထားလိုက်လေသည်။
သူမသည်လည်း အသက် ၂နှစ်မပြည့်သေးသည့် ကလေးတစ်ယောက် အမေဖြစ်လေသည်။ အမေဖြစ်သူကို ရူးသွပ်သွားစေသည်အထိ ဖြစ်ရအောင် ထိုကလေးထံတွင် ဘာဖြစ်ခဲ့သည်ကို သူမသည် မစဉ်းစားရဲတော့ချေ။ သူမ၏အင်္ကျီစကို တင်းနေအောင် ဆုပ်ကိုင်ထားမိပြီး သူမသည် အခိုက်တန့်အတွင်း အသက်မရှူနိုင်တော့သလို ခံစားလိုက်ရ၏။
ကျိုးမိသားစု၏ ဒုတိယချွေးမသည်လည်း နှုတ်ခမ်းများ တုန်ယင်သွားပြီး ဘာမှမပြောနိုင်အောင် ဖြစ်သွားလေသည်။
...
စန်းလော့သည် ထိုနေညတွင် အိပ်မပျော်နိုင်ခဲ့ချေ။ သူမ၏မျက်လုံးကို မှိတ်ထားသော်လည်း သူမ၏စိတ်တို့က ခြေဦးတည့်ရာ သွားနေလေသည်။
အချိန်အကြာကြီး တိတ်ဆိတ်နေသဖြင့် ရှန်းလီက သူမ အိပ်ပျော်သွားပြီဟု ထင်လိုက်ပြီး သတိကြီးကြီးဖြင့် ဂူနံရံပေါ်က ဆီမီးအိမ်ကို မီးငြိမ်းလိုက်၏။
ရှန်းလီက သူမဘေးက ကုတင်ငယ်လေးပေါ်တွင် ပြန်လဲချလိုက်သည်ကို ကြားလိုက်သဖြင့် စန်းလော့သည် သချန်မင်းဆက်က ဘယ်အချိန် ပျက်သုဉးကာ မင်းဆက်အသစ် မည်သည့်အချိန်တွင် တက်လာမည်နည်းဟု မေးလိုက်ချင်လေသည်။ သို့သော်လည်း သည်ကိစ္စများက သူတို့ထိန်းချုပ်နိုင်သည့်အရာထက် ကျော်လွန်နေသည်ကို သဘောပေါက်လိုက်သဖြင့် သူမသည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး မေးခွန်းကို မမေးဘဲ ထားလိုက်တော့၏။
ကျန်းသနွီကို သူမ နောက်တစ်ကြိမ်တွေ့ရသည့်အချိန်သည် နောက်တစ်ရက် ကျန်းမိသားစုကို ဆေးသွားပို့ချိန်ဖြစ်လေသည်။
သူတို့မိသားစု၏ လုံခြုံရေးနှင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန် အရည်အချင်းတို့ကြောင့် ရှန်းလီနှင့် သူ့အဖွဲ့၏ ကယ်ဆယ်ပေးခြင်း ခံခဲ့ရပြီးနောက်တွင် ရှန်းလီ၏အကြံပေးချက်အတိုင်း သူတို့သည် ကျိူးမိသားစုနှင့် အိမ်နီးချင်းများ ဖြစ်လာကြသည်။
သူတို့သည် အနီးနားက တောင်များထဲက ဂူတစ်လုံးကို မရွေးလိုက်ကြဘဲ ကျိုးမိသားစု၏ တောင်ကုန်း ညာဘက်မျက်နှာဆင်းဆိုင်က မြေကွက်တစ်ခုကို ရှင်းလင်းလိုက်ကြပြီး ထိုနေရာတွင် ရိုးရှင်းသည့် တဲနှစ်လုံးကို ဆောက်လိုက်ကြသည်။ သူတို့မိသားစုတစ်လုံးသည် ယာယီသစ်လုံးအိမ်တစ်ခု ဆောက်ရင်း အလုပ်များနေကြသည်။
ရေအရင်းအမြစ်အတွက်တော့ သူတို့အိမ်နောက်တွင် တောင်ကျစမ်းချောင်းလေးတစ်ခု ရှိသည်။ ကျန့်မိသားစုက လူများသည် ဝါးလုံးပြွန်များကို အသုံးပြုကာ တောင်ပေါ်ကရေကို သူတို့နေထိုင်ရာဆီသို့ သွယ်လိုက်ကြသည်။ မသုံးသည့်အချိန်တွင် သူတို့သည် ပြွန်အပေါက်များကို ပိတ်ထားလိုက်သည်။ လိုအပ်လာချိန်တွင် သူတို့သည် ထိုဝါးပြွန်များကို ဖွင့်လိုက်ကြသည်။ သည်လိုနှင့် သူတို့သည် ကျိုးမိသားစုအိမ်ဘေးတွင် စတင်နေထိုင်လိုက်ကြတော့သည်။
စန်းလော့နှင့် ရှန်းလီတို့ ရောက်လာချိန်တွင် သားသတ်သမားကျန့်နှင့် သူ့မိန်းမသည် သူမကို မှတ်မိကြပြီး သူမကို တို့ဖူးမိန်းကလေးဟု ခေါ်ကြလေသည်။ တဲထဲတွင် လဲလျောင်းနေသည့် ကျန်းသနွီသည် အဖျားကြောင့် ကယောင်ကတမ်းဖြစ်နေ၏။ အမှန်တွင်တော့ သားသတ်သမားကျန့်နှင့် သူ့မိန်းမကို မမှတ်မိခဲ့လျှင် စန်းလော့သည် ကျန်းသနွီ၏ သိသိသာသာ ပိန်ကျသွားပြီး ပြောင်းလဲသွားသည့် မျက်နှာအမူအရာများကြောင့် တခြားအခြေအနေတွင် တွေ့ခဲ့လျှင် သူမသည် ကျန်းသနွီကို မှတ်မိလိမ့်မည်မဟုတ်ချေ။
သူတို့သည် ထူးထူးခြားခြား ရင်းနှီးနေသည်မဟုတ်သဖြင့် သူမက အများကြီး မပြောလိုက်ချေ။ ထို့အစား သူမက သားသတ်သမားကျန့်၏ မိန်းမကို ဆေးသုံးထုပ်လှမ်းပေးကာ ပြောလိုက်၏။ “ဒါက ကျွန်မတို့မိသားစုနဲ့ ရွာသူကြီးကျိုးမိသားစုက အဖျားကျဆေးတွေပါ၊ ကျွန်မတို့လဲ လက်ထဲမှာအများကြီးပါဘူး၊ ဒါပေမဲ့ ဒီဆေးသုံးဖုံကိုတော့ စုဆောင်းပေးနိုင်ခဲ့တယ်၊ ကျေးဇူးပြုပြီး ဆေးကို အစ်မသနွီကို အရင် တိုက်လိုက်ပါရှင်”
အဖျားကျဆေးဟု ကြားလိုက်သည်တွင် သားသတ်သမားကျန့်မိန်းမသည် မျက်ရည်များ ကျလာပြီး မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ရာ စန်းလော့ သူမကို မြန်မြန်ဆွဲထူပေးလိုက်၏။ “ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့ရှင်၊ ကျွန်မက ဒီလိုအရိုအသေပေးခံရဖို့ အရမ်းငယ်ပါသေးတယ်”
“ဒါပေမဲ့ ဒါက အသက်ကယ်တင်ပေးတဲ့ ကျေးဇူးရှင်ပဲ” သူမက မလျှော့ဘဲ ဒူးပြန်ထောက်ဖို့ ကြိုးစားနေသညလ။ စန်းလော့က ဘေးသို့ မြန်မြန်ရွှေ့လိုက်ပြီး သူမက တွဲထူထားလိုက်၏။
စန်းလော့က အနေခက်နေသည်ကို မြင်လိုက်ရသဖြင့် ကျန့်မိသားစု ချွေးမက သူမ၏ယောက္ခမကို လာတွဲထားလိုက်ကာ မျက်ရည်များဝဲနေသည့် မျက်လုံးများဖြင့် စန်းလော့ကို ကျေးဇူးတင်စကား ပြောလေသည်။
သူသည် သတိလွတ်သွားပြီး ကျန်းသနွီကို အမေဟု အမှတ်မှားခဲ့သည့်တိုင် ကျန်းသနွီသည် သူမ၏သားကို ကယ်တင်ပေးခဲ့သည်။ သူမသည် သံသယစိုးစဉ်းမှမရှိဘဲ သူမ၏ခန္ဓာကိုယ်ဖြင့် ဝံပုလွေရန်မှာ သူ့ကို ကာကွယ်ပေးခဲ့သည်။
ဆေးသွားပို့ပေးလိုက်ပြီးနောက် စန်းလော့သည် ဆက်မနေလိုက်တော့ချေ။ သူမသည် ကျန့်မိသားစုကို နှုတ်ဆက်လိုက်ပြီး ရှန်းလီနောက်က လိုက်ကာ ကျိုးမိသားစုဆီသို့ ပြန်လာပြီး စောင့်နေကြသည့် ရွှီဝမ်ချင်း၊ ကျိုးအာ့လန်၊ လုစန်းလန်နှင့် ကျိုးလိုင်ကျီ၏အကြီးဆုံးသားတို့နှင့် လာဆုံလိုက်သည်။
လတ်တလောတွင် ကျိုးမိသားစု၏ အကြီးဆုံးသားတစ်ယောက်သာ အပြင်ထွက်သည်။ ကျိုးလိုင်ကျီနှင့် ဒုတိသားက နောက်တွင်နေခဲ့ကြပြီး ကျန့်မိသားစုက အိမ်နှင့် ကျောက်တံတိုင်းများ ဆောက်ရာတွင် ကူညီပေးရင်း သူ့ကိုယ်ပိုင်မိသားစုကိုလည်း ကာကွယ်ပေးနေလေသည်။
ကျန့်မိသားစုအိမ်ကို အဖြတ်တွင် သားသတ်သမားကျန့်သည် အပြေးအလွှားထွက်လာပြီး သစ်လုံးအိမ် ဆောက်ပြီးသွားလျှင် သူ့မိသားစုကိုလဲ ကူညီပေးနိုင်မလားဟု ရှန်းလီကို မေးလေသည်။
သူတို့ကို သည်နေရာသို့ ခေါ်လာခြင်းက မဟာမိတ်တဝက်ဖွဲ့သည့် ဆက်ဆံရေးတစ်ခု ဖြစ်ပြီးသားပင်။ ထို့အပြင် ဒါက သူတို့ကိုယ်ပိုင်အဖွဲ့ကို အင်အားဖြစ်လိမ့်မည်။ ထို့ကြောင့် ရှန်းလီက မငြင်းဆန်ပေ။ သဘောတူလိုက်ပြီးနောက် သူက သူတို့ကို လာခေါ်ချိန်တွင် သူ့အဖွဲ့နှင့်အတူ ကျိးမိသားစုကိုပါ ခေါ်သွားမည်ဟု ကတိပေးလိုက်လေသည်။
...
၇-၈ရက်အတွင်းတွင် အတွင်းပိုင်းနယ်မြေထဲ၌ လူများ သိသိသာသာ တိုးလာသည်ကို စန်းလော့ သတိထားမိလိုက်သည်။ သူတို့သည် လူများကို မျက်နှာချင်းဆိုင် တွေ့ခဲ့ခြင်းမဟုတ်ဘဲ တောင်ထဲတွင် ရနိုင်သည့် တောသစ်သီးများ အများကြီးပိုနည်းခြင်းဖြစ်သည်။ သစ်ကိုင်းပေါ်တွင် မမှည့်သေးသည့်အသီးများကိုသာ ချန်ထားခဲ့သည့် သူတို့အစောပိုင်း ရှာတွေ့ခဲ့ကြသည့် သစ်သီးပင်များစွာသည် ပြောင်စင်နေအောင် ခူးခံထားရသည်။ အခုတော့ သူတို့သည် ထိုနေရာကို ပြန်လာသည့်အချိန်တွင် ချန်ထားခဲ့သည့်အားလုံးက သစ်ပင်သက်သက်သာ ရှိတော့သည်။
တခြားသူများ ဖြတ်သွားခဲ့သည်က ရှင်းလင်းနေသည်။
သို့သော်လည်း သည်ကိစ္စနှင့် ပတ်သက်ပြီး သူတို့တတ်နိုင်သည်က ဘာမှမရှိချေ။ စန်းလော့က စိတ်မပူပေ။ သစ်သီးများက အကိုင်းများပေါ်တွင် မရှိတော့သော်လည်း ကျယ်ပြောလှသည့် တောင်စဉ်ထဲတွင် ဖုံးကွယ်နေသည့် စားစရာအများကြီး ရှိသေးသည်။ ဥပမာ နောက်ရက်၂၀လောက်ဆိုလျှင် တူးရန် အသင့်ဖြစ်လာမည့် မျောက်ဥ၊ ဝါးမြောင်းပေါ်တွင် ပြောင်းစိုက်ထားခဲ့သည့် ချင်းရိုင်းနှင့် သူတို့ရှေ့က ကျောက်နံရံ၏ ကွဲအက်နေသည့်နေရာများတွင် စိုက်ပျိုးထားသည့် ကျောက်ပွင့်မှိုများ ရှိသည်။
ရွှီဝမ်ချင်းတို့အဖွဲ့သည် စန်းလော့က သူတို့မရှာနိုင်သည့် နေရာများတွင်ပင် စားလို့ရသည့်တစ်စုံတစ်ခုကို ရှာတွေ့နိုင်သည်ဟု အမှန်ပင် ယုံကြည်ကြလေသည်။ သူတို့သည် ချင်းရိုင်းကို မမှတ်မိသော်လည်း အနည်းဆုံးတော့ ချင်းရှိမှန်း သိကြသည်။ ကျောက်နံရံပေါ် က မည်းနက်နေသည့်အရာများကတော့ ထိုက စားလို့ရနိုင်သည်မှာ မည်သို့ ဖြစ်နိုင်မှာမည်နည်း။
သို့သော်လည်း စန်းလော့က အန္တရာယ်ကင်းကင်း စားလို့ရသည်ဟု ကြေညာလိုက်သဖြင့် ဘယ်သူကမှ သူမကို သံသယမဖြစ်ကြချေ။ သူတို့အားလုံးက သူမခေါင်းဆောင်မှုနောက်လိုက်ကာ စတင်ခူးဆွတ်ကြတော့သည်။
စန်းလော့နှင့် အရည်အချင်းနှင် ရှန်းလီ၏တည်ရှိမှုတွင် အဖွဲ့သည် ပြီးခဲ့သည့် နှစ်က ရှန်းလီနှင့် ချန်းသရှန်တို့၏ ညွှန်ကြားမှုအောက်တွင် အရည်အချင်းတစ်ချို့ တိုးတက်လာကြသည်။ အသစ်ရောက်လာသူများ မသွားလာရဲကြသည့် အတွင်းပိုင်းနယ်မြေများထဲတွင် ရှန်းလီက ခက်ခဲမည့် သတ္တဝါများကို ရှောင်ရှားရန် သတိထားနေသ၍ သူတို့ကလည်းက စူးစမ်းသွားလာနိုင်လာသည်။ ထို့ကြောင့် သူတို့၏အစောပိုင်း စိတ်မသက်မသာဖြစ်နေခြင်းများက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတော့သည်။
...
တောင်အပြင်ဘက်တွင် နောက်တစ်ဖွဲ့ကတာ့ ကံမကောင်းချေ။
တစ်ခါက ဆိုင်တာဝန်ခံရွှီက သူတို့၏အစားအသောက်များကို ဝှက်ထားခဲ့သည့် ဂူအနီးတွင် တခုခု ဖြစ်နေသည့် ရုပ်သွင်များနှင့် လူနှစ်ယောက်သည် အပြင်ဘက်မှ ခိုးကြောင်ခိုးဝှက် ပြန်လာကြသည်။ သူတို့သည် ချုံပုတ်တစ်ခုကို ဘေးသို့တွန်းလိုက်ပြီး ဂူထဲသို့ တိုးဝင်သွားကြ၏။
အနီးကပ်ကြည့်လိုက်လျှင် ထိုလူများ၏ ကွဲပြားနေသည့် ရုပ်သွင်က သူတို့၏ဆံပင်တဝက်လောက်က မီးဟပ်ခံထားရခြင်းကြောင့်မှန်း သိလိမ့်မည်။ ဒါသည် သူတို့အတွက်တော့ တမူထူးခြားနေသည်မဟုတ်ပေ။ ဂူထဲက အဘိုးကြီးနှင့် မျိုးသမီးတစ်ယောက်ကလည်း ထိုနည်းတူ အခြေအနေတွင် ရောက်နေပြီး မိန်းမငယ်လေးတစ်ယောက်တော့ သူမ၏ခေါင်းကိုပင် အဝတ်ဖြင့် ပတ်ထားရသည်။ မိသားစုတစ်ခုလုံးက အင်မတန်မှ ဖရိုဖရဲဖြစ်လေသည်။
ညီအစ်ကိုနှစ်ယောက်က ဂူထဲသို့ ဝင်လာသည်နှင့် အမျိုးသမီးက စိုးရိမ်တကြီး မေးလိုက်၏။
“ဘယ်လိုလဲ၊ စားစရာတစ်ခုခု ရှာတွေ့ခဲ့ကြလား”
အစ်ကိုက ဆုပ်ထားသည့်လက်ကို လွှတ်လိုက်ရာ ဒရင်ကောက်ပင်နှင့် တောကြက်သွန်အစည်းငယ်လေးတစ်ခုသာ ထွက်လာသည်။ “အဖေ ဒီနေရာကို လူတွေအများကြီး ရှာခဲ့ပြီးပြီထင်တယ်၊ ကျွန်တော်တို့တွေ စားလို့ရတာ ဘာမှ ရှာမတွေ့ခဲ့ဘူး၊ ကျွန်တော်တို့ ရှာတွေ့ခဲ့တာ ဒါအကုန်ပဲ”
ညီအငယ်က အကြံပြုလိုက်၏။
“တောင်အတွင်းပိုင်း ပိုနက်တဲ့နေရာကို ရွှေ့ရအောင်၊ စားစရာမကျန်တော့ဘဲနဲ့ ကျွန်တော်တို့တွေ ဒီဂူမှာ ဆက်ပြီးပုန်းနေရင်း ကျွန်တော်တို့တွေ သူပုန်တွေကို ရှောင်နိုင်ရင်တောင် သစ်ရွက်တွေပဲ စားရလိမ့်မယ်”
အကယ်၍ ဆိုင်တာဝန်ခံရွှီ၊ ရှန်းလီနှင့် စန်းလော့တို့သာ သည်နေရာတွင်ရှိလျှင် သူတို့သည် သည်စကားပြောနေသည့် ညီအစ်ကိုများကို မှတ်မိကြမည်က သံသယဖြစ်ရန် မလိုချေ။ သူတို့သည် တခြားသူများမဟုတ်ဘဲ တုန်းဖူစားသောက်ဆိုင်က စားပွဲထိုးညီအစ်ကို တုန်းကဲနှင့် သူ့ညီဖြစ်လေသည်။
သူတို့၏ဆံပင်များသည် မီးလောင်ခံထားရသည့်အပြင် သူတို့၏အဝတ်အစားများကလည်း တစ်နေရာရာက မွှေနှောက်ရှာခဲ့သလို မလိုက်မကိုက် ဖြစ်နေသည်။
အဘိုးကြီးက ချီတုံချတုံဖြစ်နေ၏။ “တောင်အတွင်းပိုင်းကို သွားမယ်၊ ငါတို့တွေ တောရိုင်းတိရစ္ဆာန်တွေကို ဘယ်လို ရင်ဆိုင်မှာလဲ”
တုန်းကဲက ပြန်ဖြေလိုက်၏။
“ကျွန်တော်တို့တွေ ဒီမှာပဲ မရေမရာနဲ့ စောင့်နေလို့မရဘူးလေ၊ ကျွန်တော်တို့တွေ မစမ်းကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ၊ ကျွန်တော်တို့ တတ်နိုင်သလောက် သွားရမယ်၊ နောက်ဆုံး ကျွန်တော်တို့တွေ စားစရာရှိတဲ့နေရာတစ်ခုကို ရောက်သွားဖို့လိုတယ်”
သူ့အစ်ကိုအကြီးဆုံးက နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ပြီးမှ ပြောလိုက်၏။ “အဖေ အထဲဘက်ကို ပြောင်းရအောင်၊ ဒီနေရာက အပြင်ဘက်နဲ့အရမ်းနီးတယ်၊ ကျွန်တော်တို့တွေ သူပုန်တွေကို သတိထားနေရတဲ့အပြင် နောက်ပိုင်းကျရင် စစ်မှုထမ်းခေါ်မှာကိုလဲ စိုးရိမ်ရအုံးမယ်၊ လမ်းတစ်လျှောက်မှာ အဲဒီလိုရက်စက်တဲ့လူမျိုးမဟုတ်တဲ့ ကျွန်တော်တို့တွေနဲ့ အခြေအနေတူတဲ့ မိသားစုတွေကိုလဲ သတိထားကြည့်လာလို့ရတာပဲ၊ ပြောမရဘူးလေ၊ ကျွန်တော်တွေ အဖွဲ့ချင်းပေါင်းပြီး အတူတူ အတွင်းပိုင်းကို သွားလို့ရတာပဲ”
ပြီးခဲ့သည့် သုံးလအတွင်းတွင် သူတို့မိသားစုသည် အမှန်ပင် လုံလောက်အောင် ပုန်းခိုခဲ့ကြပြီး လုံလောက်သည့် ကြောက်စရာကိစ္စများကိုလည်း မြင်ခဲ့ဖူးကြသည်။
အရာရှိများဖြစ်စေ၊ သူပုန်များဖြစ်စေ ဘယ်သူကမှ သူတို့အသက်များကို အဖိုးတန်သည်ဟု မသတ်မှတ်ခဲ့ကြချေ။
သူ့မိန်းမ၏လက်ထဲက လက်တစ်ဆုပ်စာ တောဟင်းရွက်များကို ကြည့်လိုက်ပြီး အဘိုးကြီးသည် နောက်ဆုံးတော့ သူ့ကိုယ်သူ ထိန်းနိုင်သွားတော့သည်။
“ကောင်းပြီလေ၊ ငါတို့ အင်အားတွေ ပြန်ဖြည့်ဖို့ အစားအစာတစ်ချို့ စုဆောင်းလိုက်ကြတာပေါ့၊ ငါတို့တွေ အခုချက်ချင်း ထွက်ကြမယ်”
...