အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အပိုင်း (၁၈၉) မျိုးနွယ်စုမှ ထွက်ခွာခြင်း
ချီယန်စီရင်စုတွင် သုံးလတာ ခက်ခဲကြမ်းတမ်းမှုများကို တွေ့ကြုံခဲ့ရပြီး တစ်ချို့သည် အစုလိုက်အပြုံလိုက် လူသတ်မှုနှင့် ဓားပြများထွက်မသွားခင် လုပ်သွားခဲ့သည့် မြို့လုံးကျွတ်မီးရှို့ပြာချခြင်းမှ ဆိုးညစ်စဉ်းလဲစွာ အသက်ရှင်ခဲ့ကြလေသည်။ တစ်ချို့ကတော့ သည်အတိုင်း ကံကောင်းခြင်းသာဖြစ်ပြီး တချို့က သတ်ဖြတ်ခံကြရကာ တုန်းကဲတို့လို မိသားစုများကတော့ အဆုံးအထိ ပုန်းအောင်းနိုင်ခဲ့ကြပြီး ထိုငရဲမှ လွှတ်လာနိုင်ခဲ့သည်။
ယခုတွင် သည်အသက်ရှင်ကျန်ရစ်သူများသည် ချီယန်စီရင်ပတ်ဝန်းကျင် တောင်များထဲသို့ အုံလိုက်ကျင်းလိုက် ရောက်လာခဲ့ကြသည်။
ရှန်းလီနှင့် ချန်းသရှန်တို့သည် သူတို့အဖွဲ့နှင့်အတူ အတွင်းပိုင်းနယ်မြေများထဲသို့ ရောက်လာရန် ခြောက်ရက်လောက် အချိန်ယူခဲ့ရသည်။ လူအများစုအတွက်တော့ ဒါသည် မဆုံးနိုင်သည့် စိုးရိမ်ပူပင်မှုအပြည့်ဖြစ်သည့် သစ္စာဖောက်ခြင်းနဲ့ လှည့်စားခြင်းတို့ပါဝင်နေသည့် ခရီးတစ်ခုပင်။
လိုအပ်သည့် အရည်အချင်းများ မရှိလျှင် ခရီးသွားဖော်ရှာရသည်ကပင် လွယ်ကူအဆင်ပြေလှသည်မဟုတ်။ သူတို့၏ခရီးသွားဖော်များသည် အခြေအနေက အကြပ်အတည်းနှင့်ရင်ဆိုင်လာရလျှင် သူတို့ကို နောက်ကျော ဓားထိုးသွားလေမလား လုံးဝ သေချာမသိနိုင်ပေ။ အတူတူ အဖွဲ့ဖွဲ့ရန် ဖိအားပေးခံရသည့် သူစိမ်းတံရံများကပင် စိုးရိမ်ပူနေရလေသည်။ လွန်ခဲ့သည့် နှစ်ရက်က လူ၄၀-၅၀လောက် ရှိသည့် အဖွဲ့တစ်ခုနှင့် အခုမှ ပူးပေါင်းခဲ့သည့် တုန်းကဲနှင့် သူ့အဖွဲ့သည် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရလေသည်။
တခြားအဖွဲ့က ပိုကြီးမားသည့်အတွက် သူတို့သည် နောက်မှသာ လိုက်လာခဲ့ကြပြီး သူတို့နားသို့ မချဉ်းကပ်ရဲပေ။ သို့သော်လည်း ထိုလူအုပ်ကြီးက လူဆိုးများနှင့်တော့ မတူချေ။ ထို့ကြောင့် သူတို့သည် လုံခြုံသည့်အကာကွယ်အဝေးတစ်ခုမှ လိုက်သွားပြီး အန္တရာယ်ကို ခံစားမိလျှင် ပိုနီးကပ်သွားလိုက်ကာ အန္တရာယ်ကို မခံစားမိလျှင်တော့ ပြန်ခွာပြီးလိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။
အဖွဲ့ကလည်း သူတို့ကို အန္တရာယ်မရှိဟု မြင်ပုံရပြီး သူတို့ရှိနေခြင်းက ဓားပြများနှင့်တွေ့လျှင် သူတို့၏အင်အားကို တိုးလာစေသည်ဟု ယုံထားကြလေသည်။ သူတို့က အမှန်ပင် ကောင်းမွန်သည့် အပြုအမူများရှိသဖြင့် အလိုလို နားလည်စိတ်ဖြင့် နောက်က လိုက်ခွင့်ပြုထားလိုက်သည်။
ရုတ်တရက် ဝရုန်းသုန်းကား အခြေအနေ ထဖြစ်လေသည်။ တခဏအတွင်းတွင် ဝံပုလွေတစ်ကောင်သည် သူတို့ရှေ့တွင် ပေါ်လာပြီး မတူညီသည့်လားရာဘက်မှ နောက်တစ်ခုက ကလေးနှစ်ယောက်ကို ခုန်အုပ်လိုက်၏။
အော်ဟစ်သံ၊ အုန်းအုန်းကျွတ်ကျွတ်ဖြစ်သံများ၊ နာကျင်သဖြင့် အော်ဟစ် ငိုယိုသံများသည် လေထုထဲတွင် ပြည့်သွား၏။ ရုတ်တရက် ဖရိုဖရဲဖြစ်သွားသည့် အခြေအနေထဲတွင် မျိုးနွယ်စုတစ်ခုဟု ထင်ရသည့် လူ၄၀-၅၀လောက်ရှိသည့် အဖွဲ့တစ်ခုသည် သူတို့ကို ဆွေမျိုးများကို ကာကွယ်ပေးရန် အသည်းအသန် ကြိုးပမ်းကြလေသည်။ လူငယ်နှင့် သန်မာသူများက သူတို့၏မိသားစုဝင်များကို ကာကွယ်ပေးထားကြ၏။ သို့သော်လည်း ဝံပုလွေများက သူတို့၏ကာကွယ်နိုင်စွမ်းအဆင့်ကို ထိုဖောက်ထားကြသည်။ အရှိန်မြင့်နေသည့် အခိုက်တန့်တွင် သူတို့သည် ဆွေမျိုးများနှင့် သူစိမ်းများကို မခွဲခြားနိုင်ကြတော့ချေ။ သူတို့ဖမ်းဆွဲနိုင်သည့် မည်သူ့ကိုမဆို ဝံပုလွေများရှိရာသို့ တွန်းထုတ်လိုက်ကြသည်။
တုန်းကဲ၊ သူ့အဖေနှင့် သူ့အစ်ကိုမှာ တဒင်္ဂကြောင်အမ်းအမ်း ဖြစ်သွားကြသော်လည်း ချက်ချင်း သတိပြန်ဝင်လာကြသည်။ သူတို့သည် သူတို့ဆီလာနေသည့် ဝံပုလွေများကို တိုက်ခိုက်ရင်း သူတို့မိသားစုက အမျိုးသမီးများကိုလည်း ကာကွယ်ပေးရကာ ထိုတူညီသည့် နည်းလမ်းဖြင့် ဖြေရှင်းနေသည့် သူတို့ကို ခရီးသွားဖော်များကိုလဲ သတိထား စိုးရိမ်နေရသည်။
သည်လိုချိန်ကာလမျိုးတွင် ယုံကြည်မှုမှာ ကြောက်စရာကောင်းနှင့်နေပြီးဖြစ်ရာ လူများသည် လူသားတို့ စရိုက်သဘာဝ၏ ခံနိုင်ရည်ကို မစမ်းသပ်ရဲကြပေ။
ဝံပုလွေ ဘယ်နှစ်ကောင် ရှိသည်ကို မည်သူမှ မသိကြပေ။ ဝရုန်းသုန်းကား ဖြစ်နေသည့်အချိန်တွင် သူတို့၏ရက်စက်ကြမ်းကြုတ်လှသည့် ဟိန်းဟောက်သံများက လွှမ်းမိုးနေသယောင်။ လူတိုင်းသည် သူတို့ကိုယ်တိုင်နှင့် သူတို့၏မိသားစုများကို ကာကွယ်ရင်း အလုပ်အရမ်းရှုပ်နေကြသဖြင့် အကြည့်တစ်ချက်လောက်အတွက်ပင် မအားလပ်ကြချေ။
ထိပ်တိုက် တိုက်ပွဲထဲတွင် အဖွဲ့သစ်တစ်ဖွဲ့ ရောက်လာ၏။ လက်တွေ့ကျကျပြောရလျှင် ဝံပုလွေများနှင့် တိုက်ခိုက်နေသူများက လူ၁၂ယောက်ကျော်လောက်ရှိရာ အကောင်ဆုံး လှုပ်ရှားမှုမှာ ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ချက်ချင်း ထွက်ပြေးကြခြင်းပင်။ သို့တိုင် အံ့ဩစရာကောင်းသည်က သည်အဖွဲ့အသစ်သည် အချိန်တခဏတာ ချီတုံချတုံဖြစ်သွားပြီးနောက် သန်မာသည့် လူငယ်၁၀ယောက်က ဝံပုလွေများနှင့်တိုက်ပွဲတွင် ပါဝင်လာခဲ့ကြသည်။
မျက်ထောင့်မှနေ၍ တုန်းကဲသည် သူ့အဖေနှင့် သူ့အစ်ကိုများက ဝံပုလွေတစ်ကောင်ကို ဝိုင်းထားသည်ကို တွေ့လိုက်ရ၏။ သူသည် လှိုက်တက်လာသည့် စိတ်ခံချက်တစ်ခုကို ခံစားလိုက်ရသော်လည်း တိုက်ခိုက်နေရခြင်းမှာ အာရုံမလွဲရဲချေ။ ဝံပုလွေများ၏ ရုတ်တရက်တိုက်ခိုက်မှုက သူတို့၏ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေပြီး ဖြတ်သွားသည့် တခဏချင်းစီက သေချင်းတရားကို ဆွဲဆန့်ထားနိုင်လေသည်။ လက်တွေ့တွင် တိုက်ခိုက်မှုက မိနစ်အနည်းငယ်ထက်ပင် မပိုချေ။
မျှော်လင့်မထားသည့် အကူအညီရောက်လာခြင်းက မျှခြေကို ထိန်းပေးနိုင်သည့် အချက်ဖြစ်သွားသည်။ ဝံပုလွေအုပ် ခေါင်းဆောင်က တစ်ချက် အူလိုက်ပြီး ဝံပုလွေအားလုံးသည် အမြီးလှည့်ကာ တောထဲသို့ ထွက်ပြေးသွားကြ၏။
တုန်းကဲ၏အဖေသည် သူ့မိန်းမနှင့် သမီးကို ကြည့်ရင်း တုန်ယင်နေ၏။ သူတို့သည် ကြောက်ရွံတာသာရှိပြီး သိသာသည့်ဒဏ်ရာများ မရှိသဖြင့် သူသည် စိတ်အေးသွားတာ သက်ပြင်းချနိုင်တော့သည်။
ထိုမိသားစုနှစ်ခုသည် တပြိုင်တည် သက်မချမိစဉ် ယခုလေးတွင် ဝံပုလွေများနှင့် တိုက်ခိုက်ခဲ့သည့်အဖွဲ့သည် အခုတော့ တင်းမာသည့် မတိုးသာ မဆုတ်သာ အခြေအနေတစ်ခုထဲတွင် ရောက်နေမှန်း တွေ့လိုက်လေသည်။
အမျိုးသမီးငယ်တစ်ယောက်သည် ရှေ့သို့တွန်းထုတ်ခံလိုက်ရပြီး သူမ၏ယောက်ျားက အသက်ဘေးမှ သီသီလေး ကယ်တင်ပေးနိုင်ခဲ့သည်။ ရှောင်ရှားနေသည့် အခိုက်တန့်အတွင်းတွင် ဝံပုလွေလက်သည်းက သူမ၏မျက်နှာကို ခြစ်မိသွားတော့သည်။ အမျိုးသမီးက သူမ၏ပါးကို တင်းနေအောင် အုပ်ထားလိုက်ပြီး နာကျင်မှုကြားက အသက်ဖမ်းရှူနေရသည်။ သူမ၏ယောက်ျားက သူမ၏လက်ကို ဆွဲဖယ်လိုက်သည်တွင် သူမ၏ဘယ်ဖက်ပါးပေါ်တွင် သွေးများရွှဲနေသည့် လက်သည်းရာသုံးခုကို တွေ့လိုက်ရ၏။ တစ်ချက်က တိမ်ပြီး တခြားနှစ်ချက်မှာ အသားပဲ့ထွက်သွား၏။ မြင်ကွင်းက ကြောက်မက်ဖွယ်ရာပင်။
မျက်ရည်များက အမျိုးသမီးငယ် ဇနီးသည်၏မျက်နှာပေါ်က စီးကျလာပြီး သေလုနီးပါး ဘေးမှလွတ်မြာက်လာခဲ့သည့် စိတ်သက်သာရာ ရခြင်းနှင့်အတူ မျက်နှာပျက်စီးသွားသည့် ဝမ်နည်းနာကျင်မှု ခံစားချက်များ ရောနှောနေတော့သည်။ သူမ၏ငိုရှိုက်သံများက သူမဘေးက ကလေး၏ငိုရှိုက်သံများနှင့် ပဲ့တင်ထပ်နေတော့သည်။ အဘွားဖြစ်သူက တုန်တုန်ယင်ယင်နှင့် လက်ကိုင်ရိုးရှည် ဓားကောက်တစ်ချောင်းကို လှမ်းဆွဲကာ ဒေါသဖြင့် သက်လတ်ပိုင်းအရွယ် လူကယ်တစ်ယောက်ကို ခုတ်ရမ်းလိုက်တော့သည်။
ထိုလူက ထွက်ပြေးနေပြီး မျိုးနွယ်ထဲကတခြားသူများက အထိတ်တလန့် ဒေါသဖြစ်ကာ အော်ဟစ်နေကြလေသည်။
“ခယ်မ(၃)၊ ဓားကို ချထားလိုက်ပါ” အမိန့်အာဏာသံ စွက်နေသည့် သည်အသံသည် မုတ်ဆိတ်မွှေးနှင့် မျိုးနွယ်စုခေါင်းဆောင်ဆီမှ ထွက်လာ၏။
အမျိုးသမီးက သူ့ကို လျစ်လျူရှုထားလိုက်ပြီး သက်လတ်ပိုင်းအရွယ်လူနောက် ဆက်လိုက်နေကာ အော်ဟစ်လိုက်လေသည်။
“ကန်းလောင်ဝူ တိရစ္ဆာန်ကောင်၊ နင် ငါ့ချွေးမကို ဝံပုလွေရှေ့ တွန်းထုတ်ခဲ့တယ်လေ၊ ငါတို့ တတိယအိမ်ထောင်စုက အင်အားမရှိဘူးလို့ နင်က ထင်နေတယ်ပေါ့လေ၊ နင် ဒီလို ဘယ်လိုများ လုပ်ရက်တာရတာလဲ၊ နင့်ဟာကို သွားသေလိုက်ပါလား၊ ငါ နင့်ကို သတ်မယ်”
ကန်းလောင်ဝူသည် ထွက်ပြေးနေရဆဲဖြစ်ကာ မိန်းမဖြစ်သူ၏ သွေးများရွှဲနေသည့်မျက်နှာကို ငေးကြည့်နေသည့် လူငယ်ခင်ပွန်းသည် လေးပေါ်မြားတင်လိုက်ကာ ထွက်ပြေးနေသည့်လူကို ချိန်ရွယ်ထားလိုက်၏။ သူက အော်ပြောလိုက်ကာ “အမေ မလိုက်နဲ့တော့”
အမျိုးသမီးက သူမ၏ခြေလှမ်းများကို ခက်ခက်ခဲခဲ ရပ်လိုက်ရပြီး သူမက သူ့ကို လှည့်ကြည့်လိုက်၏။ ထိုလူက သူ့မြားလိုက် လွှတ်လိုက်ပြီး နောက်တစ်ချောင်းကို မြန်မြန် ထပ်ပစ်လိုက်လေသည်။
မျိုးနွယ်စုထဲက လူများက အော်ဟစ်နေသည့်ကြားက မြားများကို တစ်ချောင်းပြီးတစ်ချောင်း ပစ်လွှတ်နေပြီး မြားတစ်ချောင်းက ကန်းလောင်ဝူ၏ ညာဘက်ခြေထောက်ကို ထိုးဖောက်သွားပြီး နောက်တစ်ချောင်းက သူ့ညာဖက်လက်ကို ထိမှန်သွားခဲ့သည်။
လူငယ်က တတိယမြားကို ဆွဲလိုက်ပြီး သူ၏မသိမသာတုန်ယင်နေသည့် လက်က အော်ဟစ်ညည်းညူူးနေသည့် ကန်းလောင်ဝူကို ချိန်ရွယ်ထားလေသည်။
မျိုးနွယ်စုထဲက လူများက ကြောင်အမ်းအမ်းဖြစ်နေကြပြီး ကန်းမိသားစု၏ အိမ်ထောင်စု (၅)၏ အော်ဟစ်ငိုယိုနေသံများကို အကြီးအကဲများထံက စုပေါင်းအော်ဟစ်သံတစ်ခုက ဖုံးလွှမ်းသွားတော့သည်။
ငယ်ရွယ်သည့် ဇနီးသည်သည် သူမ၏မျက်နှာကို အုပ်ထားဆဲဖြစ်ကာ ချက်ချင်း သတိမဝင်လာသော်လည်း မျက်ရည်များကတော့ ပိုလို့ပင် ဖြိုင်ဖြိုင်ကျလာတော့သည်။ “ဒုတိယအစ်ကို”
သူမက ထိုလူ၏လက်မောင်း ဖမ်းဆွဲထားလိုက်ပြီး ဖိချလိုက်ကာ ကန်းအာ့လန်ကို ခေါင်းခါပြလိုက်လေသည်။
ကန်းလောင်ဝူနောက်သို့ လိုက်နေသည့် အမျိုးသမီးကလည်း သတိပြန်ဝင်လာပြီး သူမ၏သားကို ချက်ချင်း ကာထားလိုက်ကာ “ဘာလဲ၊ ကန်းလောင်ဝူကတော့ သူ့အသက်ကို ဝံပုလွေဆီက ကယ်တင်ဖို့ ငါ့ချွေးမရဲ့သက်ကို သုံးလို့ရပြီး ငါ့အာ့လန်ကိုတော့ သူ့မိန်းမအတွက် လက်တုန့်ပြန်ခွင့် မပေးဘူးတဲ့လား၊ သူသာ ငါ့ချွေးမအတွက် လက်တုန့်မပြန်ပေးဘူးဆိုရင် သူက ယောက်ျားမဟုတ်တော့ဘူး”
မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများသည် ဒေါသမီးများဖြင့် ညိုမဲလာတော့သည်။ “ဒါက သူ့ဦးလေး(၅)လေ”
“ဒီတော့ သူ့ဦးလေး(၅)ဖြစ်တော့ ဘာဖြစ်လဲ၊ ဦးလေးတွေက ဘယ်လိုတောင် ပြုမူနေတာလဲ၊ အကြီးဆိုတဲ့နေရာကို အသုံးချပြီး တခြားသူတွေကို အနိုင်ကျင့်နေတာလား၊ သူ တွန်းလိုက်တဲ့သူက ရှင့်မြေးချွေးမဆိုရင်ကော ဘယ်လိုလုပ်မလဲ၊ ရှင်က မမြင်ချင်ဟန်ဆောင်နေအုံးမှာလား”
သူမက ပြောရင်းဆိုရင်း အထင်းသေးဟန်ဖြင့် ကန်းလောင်ဝူကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်၏။ “နင့်မိန်းမနဲ့ ချွေးမတွေလဲ အဲဒီမှာ ရှိနေတာပဲ၊ ဘာလို့ နင့်လက်ကို ငါ့ချွေးမဆီ အလွယ်တကူ လှမ်းဆွဲဖို့ ရှာခဲ့တာလဲ”
“ငါတို့အာ့လန်က ရှေ့တန်းမှ အားကို ကာကွယ်ပေးနေရတယ်၊ ဒါက နောက်မှာ နင်တို့ သူ့မိန်းမကို ဆက်ဆံတဲ့ပုံစံလား”
မျိုးနွယ်စုဝင် တဝက်ကျော်က နှုတ်ဆိတ်နေကြလေသည်။ ကျန်သည့် အမျိုးသမီးနှင့် သက်တူရွယ်ရွယ်၊ သို့မဟုတ် အသက်ကြီးသူများက အကြီးတစ်ယောက်ကို သည်အတိုင်း မြားဖြင့် မပစ်သင့်ကြောင်း ငြင်းဆိုနေကြသည်။ လောင်ဝူနှင့် ပြဿနာကို မျိုးနွယ်စုက ဖြေရှင်းသင့်သည်ဟူ၍။
ကန်းအာ့လန်၏ တုန်ယင်နေသည့်လက်များသည် ငြိမ်နေဆဲ။ လက်များက တုန်လှုပ်မနေတော့ဘဲ သူက သရော်ကာ ပြောလိုက်၏။ “ဒါဆိုရင်တော့ ကျွန်တော် ဒီလိုမိသားစုထဲမှာ တကယ် မနေနိုင်တော့ဘူး၊ တစ်နေ့ ကျွန်တော် ရှေ့တက်ပြီး တိုက်ခိုက်ရတဲ့အခါ ကျွန်တော့်နောက်ကွယ်မှာ ဘယ်သူက ကျွန်တော့်အမေ၊ မိန်းမနဲ့ ကလေးတွေကို ဒုက္ခပေးမလဲဆိုတာ ဘယ်လိုလုပ်ပြီး သိမှာလဲ”
အစောပိုင်းက အကူအညီပေးခဲ့သည့် လူငယ် ၁၂ယောက်ကျော်ထဲတွင် နှစ်ယောက်က ရှေ့သို့ ထွက်လာပြီး ကန်းအာ့လန်ဘေးတွင် ရပ်လိုက်၏။
“အစ်ကိုကန်း”
ထိုအခါမှ ကန်းအာ့လန်သည် တစ်ချက်လှမ်းကြည့်လိုက်ပြီး လေးတစ်ခုကို ကိုင်ထားရင်း သူတို့ကို နှုတ်ဆက်လိုက်လေသည်။ “အစ်ကိုဖန်း၊ စောစောက ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ်ဗျာ”
ဖန်းမျိုးရိုးနာမည်ရှိ သည်လူများသည် တခြားမဟုတ်ဘဲ လုမိသားစုက ဒုတိယအိမ်ထောင်စုက ဒုတိယသား၏မိန်းမ ဖန်းလျိုညန်၏ အစ်ကိုနှင့်မောင်တို့ဖြစ်လေသည်။ တကယ့်ကို တိုက်ဆိုင်လှစွာပင် ဖန်းမျိုးနွယ်ကလည်း တောပုန်းဓားပြများကို ရှောင်ရန် အတွင်းပိုင်းသို့ ခရီးနှင်လာကြခြင်းဖြစ်သည်။ အချိုးအကွေ့များကြားတွင် သူတို့သည် သည်နေရာသို့ ရောက်လာပြီး ဝံပုလွေများက လူသားများနှင့် တိုက်ခိုက်နေသည်ကို မျက်မြင်တွေ့လိုက်ရသည်။ အစကတော့ သူတို့သည် ကိုယ့်လမ်းကို သွားဖို့ စဉ်းစားထားခဲ့သော်လည်း ဖန်းအစ်ကိုကြီးနှင့် ဒုတိယညီက ရင်းနှီးသည့်မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
နှစ်သစ်ကူးမတိုင်ခင်က သူတို့လို တောင်ပေါ်သို့သွားကာ ရှန်းလီထံတွင် အမဲလိုက်ပညာသင်ခဲ့သည့် ရှီသလန်၏ယောက်ဖ ကန်းအာ့လန် ဖြစ်နေသည်။
အစပိုင်းတွင် မတူညီသည့်ရွာများမှဖြစ်သည့်အအတွက် သူတို့သည် အရင်က တစ်ခါမှ လမ်းတွင် မဆုံဖူးကြချေ။ သို့သော်လည်း ရှန်းလီ၏လက်အောက်တွင် အမဲလိုက်ခြင်းနည်းကို သင်ယူခဲ့ကြပြီးနောက် သူတို့သည် အသိမိတ်ဆွေများဖြစ်လာကာ အချိန်တစ်ခုကို အတူတူကုန်ဆုံးခဲ့ကြသည်။ ယခုအချိန်တွင် သူတို့အတွက် ဘေးတွင် ရပ်ကြည့်နေဖို့က မသင့်တော်ချေ။ ထို့အပြင် ဝံပုလွေအုပ်ကလည်း အကောင်၂၀နီးပါးရှိပြီး တဖက်တွင်တော့ သန်မာသည့်လူများက ၂ယောက် ၃ယောက်သာ ရှိသည်။ သူတို့အကူအညီနှင့်ဆိုလျှင် အခြေအနေကို ထိန်းချုပ်နိုင်သေးသည်။ ထို့ကြောင့် သူတို့ကိုယ်ပိုင်မိသားစုများကို ကာကွယ်ရန် လူအလုံအလောက်ချန်ထားလိုက်ပြီးနောက် သူတို့သည် သူတို့၏ဝမ်းကွဲများကိုခေါ်ကာ ကူညီရန် အပြေးအလွှားရောက်လာကြ၏။
ကန်းအာ့လန်၏မိသားစုက သူတို့မျိုးနွယ်ဝင်များ၏ အနိုင်ကျင့်ခံနေရသည်ကို မြင်လိုက်ရသောအခါ သူတို့ညီအစ်ကိုနှစ်ယောက်က ကန်းအာ့လန်ကို သွယ်ဝိုက်နည်းဖြင့် ထောက်ပံ့နေကြောင်း ပြသရန် ရှေ့တက်လာလိုက်တော့သည်။
ဖန်းသလန်က ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။ “ကိစ္စကြီးမဟုတ်ပါဘူး”
ထို့နောက်တွင် သူက ကန်းမျိုးနွယ်က လူကြီးများကို ကြည့်လိုက်ပြီး ကန်းအာ့လန်ကို လိမ္မာပါးနပ်စွာ မေးလိုက်၏ “အစ်ကိုကန်း ကျွန်တော်တို့ အကူအညီလိုလား”
ကန်းအာ့လန်က သူ့မျိုးနွယ်စုက လူများကို ကြည့်လိုက်ပြီး မျက်နှာယောင်ကိုင်းနေပြီဖြစ်သည့် သူ့မိန်းမကို ကြည့်လိုက်လေသည်။ သူသည် သူ့အမေနှင့် သူ့သမီးကို လှမ်းကြည့်လိုက်ပြီးနောက်တော့ ဖန်းမျိုးနွယ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ သူက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး ပြောလိုက်၏။ “အစ်ကိုဖန်းတို့ အတွင်းဘက်ကို သွားကြမလို့လား”
ဖန်းသလန်က ခေါင်းညိတ်ပြလိုက်သည်။ “ဒီမှာက အရမ်းဝရုန်းသုန်းကား ဖြစ်နေပြီ၊ ငါတို့တွေ အမဲလိုက်ဖို့ မထွက်ရဲတော့ဘူး၊ ငါတို့တွေ အတွင်းပိုင်းမှာ ခိုလှုံဖို့ စဉ်းစားထားတယ်”
သူတို့ကလည်း အတွင်းပိုင်းသို့ သွားမည်ဟု ကြားလိုက်ချိန်တွင် ကန်းအာ့လန်က အကြံပြုလိုက်၏။ “ကျွန်တော့်မိသားစုကို အစ်ကိုတို့နဲ့ ခေါ်သွားပေးလို့ ရမလား၊ ကျွန်တော့်အမေ၊ ကျွန်တော့်မိန်းမနဲ့ သမီးပါ”
ဖန်းသလန်သည် တောင်းဆိုချက်ကို မအံ့ဩသော်လည်း ချက်ချင်းတော့ သဘောမတူလိုက်ချေ။
“ကျွန်တော် ကျွန်တော့်အဘိုးနဲ့ ဦးလေးတွေနဲ့ အရင်ဆုံး တိုင်ပင်လိုက်ပါအုံးမယ်”
ကန်းမျိုးနွယ်စု ခေါင်းဆောင်နှင့် ကန်းအာ့လန်၏ဦးလေးများက ဒေါသခြောင်းခြောင်း ထွက်နေပြီးဖြစ်ကာ ကန်းအာ့လန်ကို အော်ငေါက်ကြလေသည်။
သို့သော် ကန်းအာ့လန်က သူတို့ကို မကြားချင်သလို နေလိုက်၏။ သူက ဖန်းသလန်ကို ဦးညွှတ်လိုက်ပြီး “ကျေးဇူးပြုပြီး ကျွန်တော်တို့ ကိစ္စကို ကူညီပြီး အသနားခံပေးပါအုံး၊ အစ်ကိုလည်း ခုနက အခြေအနေကို တွေ့တာပဲ၊ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့တွေ ကျွန်တော်တို့မျိုးနွယ်စုနဲ့ တကယ်ပဲ အတူမနေနိုင်တော့ပါဘူး၊ ကျွန်တော်တစ်ယောက်ထဲ ကျွန်တော့်အမေနဲ့ မိသားစုကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး၊ အစ်ကိုဖန်း ကျွန်တော် မြားပစ်တာနဲ့ အမဲလိုက်ပညာတွေကို သင်ယူခဲ့တာ အစ်ကိုလဲ သိပါတယ်၊ ကျွန်တော် ပြီးခဲ့တဲ့နှစ်အတွင်းမှာ တော်တော်လေး တိုးတက်လာပါပြီ၊ ကျွန်တော် အစ်ကိုတို့ မျိုးနွယ်စုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး”
အတူတူ လေ့ကျင့်ခဲ့သည့် ဖန်းသလန်က ဒါကို ကောင်းကောင်းသိလေသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ “အစ်ကိုကန်း၊ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ”
ကန်းမိသားစု ခေါင်းဆောင်၊ ဦးလေးများက ခြိမ်းခြောက်တစ်လှည့်၊ ချော့မော့တလှည့် မည်သို့ နားချပြီး ချော့မော့နေသည်ဖြစ်စေ ထွက်သွားတော့မည့် သူတို့၏ဆုံးဖြတ်ချက်က မယိမ်းယိုင်ချေ။ ကန်းအာ့လန်၏အမေကပင် သူမ၏သားက မျိုးနွယ်စုထဲမှ ဖယ်ထုတ်ခံရလုနီးပါး ဖြစ်နေသည်တွင် နှုတ်ဆိတ်နေလေသည်။
သည်တစ်ကြိမ် မျိုးနွယ်စုထဲက ထွက်ခွာခြင်းသည် ကြီးမားသည့်ကိစ္စတစ်ခု ဖြစ်သည်။ သို့သော်လည်း မိသားစုတစ်ခုသည် သူ့မိသားစုဝင်များကို ကာကွယ်ပေးမှသာ မိသားစုမည်ပေသည်။ သူတို့သည် သူမ၏သားကို အသုံးချခဲ့ပြီး အခုတော့ တရားမျှတမှုအတွက် တစ်ယောက်ကမှ ထုတ်မပြောကြဘဲ သူ့မိန်းမကို စွန့်လွှတ်ရန် လိုလားနေကြသည်။ သည်လိုမိသားစုကိုတော့ ချန်ခဲ့သည်က ပိုကောင်းပေမည်။
ဖန်းညီအစ်ကိုကတော့ ကန်းမျိုးနွယ်က သူတို့ကို မည်သို့သဘောထားသည်ကို စိတ်မဝင်စားချေ။ သူတို့သည် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို မျက်မြင်တွေ့ခဲ့ကြပြီး ကြားခဲ့ရသည်။ အရေးအကြီးဆုံးမှာ ဖန်းသလန်သည် ကန်းအာ့လန်က ရှီလီရွာတွင် ဖုန်းညီအစ်ကိုနှင့်အတူ ပညာများသင်ခဲ့ကြသည့်အကြောင်း ပြောပြခဲ့သည်။
ဖန်းမျိုးနွယ်၏ လူငယ်များအားလုံးက လေးနှင့်မြှားများကို သယ်ထားကြပြီး အမဲလိုက်ရာတွင် အပြင်းအထန် လေ့ကျင့်လာကြသည်။ မျိုးနွယ်တစ်ခုက ကျွမ်းကျင်သည့် လေးပစ်သမား အများကြီး ရှိနိုင်မည်တဲ့လား။
မရှိနိုင်ပေ။
ထို့အပြင် ဒါက တခြားသူများးကို ကူညီရမည့်ကိစ္စတစ်ခု ဖြစ်နေသည်။ ဖန်းမျိုးနွယ်ခေါင်းဆောင်နှင့် ဦးလေးတစ်ချို့က ချက်ချင်း လက်ခံလိုက်ကြ၏။
ဖန်းသလန်က ကန်းအာ့လန်တို့ဆီ မရောက်သေးခင်မှာပင် ကန်းအာ့လန်က သူ့အမေ၊ မိန်းမနှင့် သမီးများကို ဆွဲခေါ်သွားပြီး၊ သူတို့၏ပစ္စည်းများကို ထုတ်ယူကာ လှည့်ထွက်လာခဲ့လိုက်သည်။ သူတို့သည် သည်နေ့ထွက်သွားခဲ့လျှင် သူတို့၏ဘိုးဘေးများကို သစ္စာဖောက်ခြင်းဖြစ်ကြောင့် ကန်းမျိုးနွယ်ခေါင်းဆောင်က အော်ဟစ်နေသော်လည်း သူတို့သည် လှည့်မကြည့်ကြတော့ချေ။
အိမ်ထောင်စု(၅)က အကြီးဆုံးသားက ကြောက်စရာကောင်းအောင် ကျိန်ဆဲလေသည်။
“ငါတို့တွေက သူမရှိရင် မနေနိုင်လို့လား”
ကန်းလောင်ဝူသည် နာကျင်မှုကြောင့် အော်ညည်းနေရင်း ဒေါသထွက်နေ၏။ သူက တံတွေးထွေးလိုက်ကာ “ကိုယ့် ဘိုးဘေးတွေကို စွန့်ပစ်တဲ့ မျိုးဆက်ကို ဘယ်သူက လိုလို့လဲ”
သူသည် နာကျင်မှုကြောင့် မောဟိုက်နေသော်လည်း ကိုယ့်ဟာကို ခုခံရန်အတွက်တော့ အင်အားရှိနေသေးသည်။
“ဒါက အလန့်တကြားဆွဲမိဆွဲရာ ဖြစ်သွားတာပဲ၊ ငါက ငါ့ဦးလေးကို ဘယ်လိုလုပ်ပြီး ရည်ရွယ်နိုင်မှာလဲ၊ တိရစ္ဆာန်၊ တိရစ္ဆာန်ပဲ၊ ဒီမြားနဲ့ ငါ ဘယ်လိုလုပ်ရမှာလဲ၊ နာလိုက်တာ”
တိတ်တိတ်နေရန် အကြီးအကဲ၏ ဒေါသထွက်နေသည့် အမိန့်သံကြောင့် ပါးစပ်ပိတ်သွားပြီး သူသည် ပြစ်တင်ပြောဆိုနေသည်ကို ရပ်လိုက်ကာ ငိုညည်းသံက ပြန်ရောက်လာသည်။ သို့သော်လည်း မျိုးနွယ်စုဝင်အများစုက အထူးသဖြင့် ခရီးအစတွင် ဝံပုလွေတစ်အုပ်နှင့် ရင်ဆိုင်ခဲ့ရသည်ကို ပြန်စဉ်းစားမိလိုက်ချိန်တွင် စိတ်ပျက်နေသလို ခံစားနေရလေသည်။ ဝံပုလွေတော်တော်များများကို ကန်းအာ့လန်၏ ဝါးမြားဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထိုမြားက ဘာကြောင့် ထိုမျှလောက် ထိရောက်မှုရှိမှန်း မသိကြသော်လည်း အစောပိုင်းက သူ့ကို ဆဲဆိုအော်ငေါက်ခဲ့သူများသည် အခုတော့ သူတို့၏စကားများကြောင့် နောင်တရသွားကြတော့သည်။ သို့သော်ငြား တောင်းပန်းရန်အတွက်တော့ အလွန်မှ နောက်ကျသွားခဲ့ပြီ။
တုန်းမိသားစုသည် ဖြစ်သွားသည့်မြင်ကွင်းကို တိတ်တိတ်လေးကို စောင့်ကြည့်နေကြသည်။ သူတို့သည် အနီးနားက လူမနေတော့သည့် ရွာများထဲက အဝတ်အစားများ၊ အိပ်ယာလိပ်များ၊ ပေါက်ပြားနှင့် ပုဆိန်များကို စုဆောင်းလာခဲ့ကြပြီး ဖန်းမိသားစုနောက် အမီလိုက်ဖို့ အလျင်အမြန် ကြိုးစားရတော့သည်။ တုန်းမိသားစု ထွက်သွားသည်နှင့်ချက်ချင်း သူတို့နှင့် ယာယီ ပူပေါင်းခဲ့ကြသည့် တခြားမိသားစုများကလည်း လိုက်ထွက်လာလိုက်ကြသည်။
ကန်းမျိုးနွယ်စုများ၏ မျက်နှာများက ပိုလို့ပင် ညိုမဲသွားတော့သည်။
ဖန်းမိသားစုက တုန်းကဲတို့အဖွဲ့ကို လှမ်းကြည့်လိုက်ပြီး ဖန်းသလန်က ကန်းအာ့လန်ကို မည်သူမည်ဝါဖြစ်ကြောင်း တိုးတိုးလေး မေးလိုက်၏။ ထိုလူကို မသိသော်လည်း ပြဿနာမရှာဘဲ သူတို့နောက်လိုက်လာသည်မှာ ၂ရက် ၃ရက် ရှိပြီဖြစ်ကာ လိုအပ်လျှင် အကူအညီပေးတတ်ကြောင်း ကြားရသဖြင့် ဖန်းမိသားစုသည် သူတို့က အန္တရာယ်ကင်းသည့် အကာအဝေးတစ်ခုကို ထိန်းထားသရွေ့ မငြင်းပယ်လိုက်ချေ။
ဖန်းအာ့လန်က လမ်းဘေးက ဆေးပင်တစ်ချို့ကို ခူးလာခဲ့ပြီး ဝါးကျည်တောက်ထဲက ရေနှင့် ဆေးကြောလိုက်ပြီး ကန်းအာ့လန်ကို လှမ်းပေးကာ ပြောလိုက်၏။ “အစ်ကိုကန်း ဒါတွေက ရှန်းလီ ကျွန်တော်တို့ကို မှတ်ထားခိုင်းခဲ့တဲ့ သွေးတိတ်ဆေးပင်ပါ၊ ဒါကို ကြိတ်ချေလိုက်ပြီး မရီးရဲ့ဒဏ်ရာပေါ်မှာ အုပ်ထားပေးလိုက်ပါ”
ကန်းအာ့လန်သည် သည်ဆေးပင်များကို ကိုယ်တိုင်ရှာဖွေရန် ပြင်ဆင်လိုက်သောလည်း ဖန်းအာ့လန်က အရင်လုပ်ပေးလာသည်။ သူသည် အလောတကြီး ကျေးဇူးတင်စကား ပြောလိုက်ပြီး ဆေးပင်များကို ယူလိုက်၏။ သူ့အမေက အိမ်က သယ်လာသည့် ကျောက်ဆုံးလေးတစ်ခုကို ထုတ်လာပြီး သစ်သားကျည်ပွေ့ကို သုံးကာ ဆေးပင်များကို ကြိတ်ချေလိုက်ပြီးနောက် ချွေးမဖြစ်သူ၏ဒဏ်ရာပေါ်တွင် အုံထားပေးလိုက်သည်။
ဖန်းမိသားစု၏ နေရာချပုံတွင် လူငယ်နှင့် သန်မာသူတိုင်းက ရှေ့မှ ဦးဆောင်ကာ နောက်မှ စောင့်ကြည့်ပေးကြပြီး အခုတော့ ကန်းအာ့လန်တို့ကို နောက်တစ်ဖွဲ့တွင် ထည့်ထားပေသည်။ တစ်ချိန်ထြတွင် အလယ်၌ လူကြီးများ၊ အမျိုးသမီးနှင့် ကလေးများကို ထည့်ပြီး ယခုအချိန်တွင် ကန်းမိသားစုက အဘွား၊ အမေနှင့်မြေးမလေးတို့ ပါလာကြသည်။
လူ၁၂ယောက်လောက်ကလည်း အစဉ်အတိုင်းက နောက်မှ လိုက်ပါလာကြသည်။
ကျန်ခဲ့ကြသည့် ကန်းမိသားစုများမှာ လိုက်သွားဖို့ရန် ရှက်ရွံ့သော်လည်း လိုက်သွားချင်နေရာ အခိုက်တန့် ချီတုံချတုံ ဖြစ်နေကြသည်။ ထုတ်မပြောလိုက်သည့် တိုင်ပင်ဆွေးနွေးမှု အပြီးတွင် သူတို့သည် ကန်းလောင်ဝူ၏ ခန္ဓာကိုယ်ထဲက မြားနှစ်စင်းကို ဆွဲထုတ်ပေးလိုက်ကြပြီး ဖန်းမိသားစုနှင့် မသိမသာ ကွာခြားသည့်ဦးတည်ဘက်တစ်ခုကို ရွေးချယ်လိုက်ကာ သူတို့၏ကိုယ်ပိုင်လမ်းအတိုင်း ခရီးထွက်လာလိုက်ကြသည်။
ရှန်းလီသည် စန်းလော့ကို လျှိုမြောင်ထဲက ခေါ်လာခဲ့သည်မှာ ၁၀ရက်ကျော်သွားပြီဖြစ်သည်။ သူမ၏ အစားအသောက် ရှာဖွေနိုင်သည့် အရည်အချင်းကြောင့် အားလုံးက သူမကို အလွန်မှ အားကိုးကြသည်။ သူမသည် အပြင်ဘက်တွင် နေရသည်ကို ကျေနပ်လေသည်။ ရှန်းအန်းနှင့် ရှန်းနဉ်တို့က လျှိုမြောင်ထဲက ကိစ္စများကို ကိစ္စများကို ကိုင်တွယ်နိုင်ပြီး သူမက ရိက္ခာများကို လာပို့ပေးချိန်တွင် သူတို့အခြေအနေကို ကြည့်ရှုပေးဖို့ ခဏလာလည်သည်ကလွဲလျှင် သူမသည် လျှိုမြောင်ထဲသို့ မပြန်ရသေးချေ။
ရှန်းလီနှင့် ချန်းသရှန်တို့က အမဲလိုက်ခရီးကို အလှည့်ကျဦးဆောင်ကြပြီး သူမက ရှန်းလီနှင့်သာ လိုက်သွားသည်။ ကျန်သည့်အချိန်တွင် သူမသည် လျှိုမြောင်အပြင်ဘက်က သူတို့၏အိမ်ကို စီမံပေးရသည်။ စန်းလော့တင်မဟုတ်ချေ။ တောင်အပြင်ဘက်က တခြားမိသားစုများကလည်း အတူဆောင်ရွက်ပေးကြသည်။ သူတို့သည် သစ်လုံးစည်းရိုးကို မဆောက်ခဲ့ကြသော်လည်း အသီးအရွက်ခင်းများ၊ မြေဩဇာတွင်းများနှင့် ဂူအနီးနားက ကြက်ခြံနှင့် ယုန်တွင်းများအတွက် ဝါးစည်းရိုးကိုတော့ တည်ဆောက်ထားသည်။ မကြာခဏဆိုသလို သူတို့သည် တိရစ္ဆာန်များကို အသက်ရှင်လျက် ဖမ်းကြပြီး မွေးထားကြသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သည်အိမ်ထောင်စုခြောက်ခုသည် တောင်အတွင်းပိုင်း နယ်မြေထဲတွင် အခြေချထားကြသည့် ကျိုးလိုင်ကျီတို့လို အဖွဲ့နှင့် မကွာခြားသလိုပင်။
သည်နေ့တော့ ရှန်းလီ ဦးဆောင်ရမည့်အလှည့်ဖြစ်သည်။ ထို့ကြောင့် စန်းလော့ကလည်း အပြင်ထွက်ရန် အလိုလိုပါလာသည်။ သူတို့သည် အတွင်းပိုင်း နယ်မြေထဲတွင် အစားအသောက်များကို ရှာဖွေနိုင်သရွေ့ ရွာမှ အလွန်ဝေးကွာသည့်နေရာသို့ မသွားကြတော့ချေ။ ထို့ကြောင့် သူတို့သည် ကျိုးမိသားစုရှိရာဘက်သို့ သီးသန့် သွားမနေတော့ဘဲ ကျိုးမိသားစုနှင့် ရွာအပြင်ဘက်ကြားက အလယ်နေရာအထိသာ သွားလိုက်ကြပြီးနောက် မသွားရသေးသည့် နေရာများသို့ သွားလိုက်ကြသည်။
ဒါသည် သာမန်နေ့တစ်နေ့သာဖြစ်၏။ ရှန်းလီ၊ စန်းလော့၊ သူတို့နှင့်အတူ လိုက်လာသည့် ရှီသလန်တို့သည် စမ်းချောင်းနားတွင် သူတို့၏အမဲကောင်းများကို သန့်ရှင်းအောင်လုပ်ရင်း သည်လိုသဲထိတ်ရင်ဖို အံ့ဩမှုမျိုးကို ဘယ်သူမှ မျှော်လင့်မထားကြချေ။ ရှန်းလီထဲ အမှန်ပင် ပိုငယ်သည့် ဖန်းသလန်နှင့် ဖန်းအာ့လန်တို့၏ တအံ့တဩဖြစ်နေသည့်ပုံကို မြင်လိုက်ရပြီး သူတို့သည် နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားသည့် ညီတစ်ယောက်ကို တွေ့လိုက်ရသလို စိတ်အားထက်သန်မှုမျိုးဖြင့် သူ့ကို နှုတ်ဆက်ကြလေသည်။ ကန်းသလန်မှာ သူ့ယောက်ဖ ရှီသလန်ကို မြင်လိုက်ရသဖြင့် ဝမ်းသာလုံးဆို့သွားတော့သည်။
ဖန်းညီအစ်ကိုများက ရှန်းလီကို စိတ်အားတက်ကြွစွာ လှမ်းခေါ်လိုက်ပြီး ကန်းသလန်ကလည်း သူ့ယောက်ဖ ရှီသလန်ကို လှမ်းခေါ်လိုက်သည်တွင် ဖန်းမိသားစုနောက်မှ လိုက်လာသည့် တုန်းကဲသည် ဝမ်းသာတကြီးဖြစ်သွားတော့သည်။ သူသည် သေးငယ်သည့်ကိုယ်လုံးကိုယ်ထည် ရှိသော်လည်း ရှေ့သို့ လှစ်ခနဲ အရှိန်နှင့်ပြေးသွားလိုက်ပြီး သူ့အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်နေကာ သူ့စိတ်ခံစားချက်များကလည်း လျှံကျလာတော့သည်။
“စန်းရှီ၊ စန်းရှီ”
သည်စိတ်အားထက်သန်စွာ ပွင့်ထွက်လာသည့်အသံကြောင့် ဖန်းမိသားစုတစ်ခုလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး အားလုံးက လှည့်ကြည့်လိုက်ကြ၏။ ဖန်းသလန်၊ ဖန်းအာ့လန်နှင့် ကန်းအာ့လန်တို့ပင် ဇဝေဇဝါဖြစ်သွားတော့သည်။
နေပါအုံး။ ဒါက ဘယ်သူလဲ။
ရှန်းလီသည် လုံးဝ ဆွံ့သွားတော့သည်။ ဘယ်သူ အားလော့ကို ခေါ်နေတာလဲ။
စန်းလော့က အသံလာဖက်ကို လှည့်ကြည့်လိုက်တော့ သူမဆီသို့ အမောတကော ပြေးလာနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ သူ့အဝတ်အစားများက မလိုက်မဖက် ယိုယွဲနေပြီး သူ့ဆံပင်ပုံစံကလည်း သူတောင်းစားတစ်ယောက်ထက်ပင် ပိုပြီးထင်သာမြင်သာ ရှိနေသည်။ အဝေးမှကြည့်လျှင် သူသည် ပြေးလာရင်း သူ့ကို့ယို့ကားယား ဆံပင်ကို ဘေးသို့သပ်တင်းရင်း ဖရိုဖရဲဖြစ်နေသည့်ကြားက မှတ်မိနိုင်စရာကောင်းသည့် မျက်နှာတစ်ခုကို ထုတ်ပြလိုက်၏။
“ကျွန်တော်က တုန်းကဲပါ၊ တုန်းဖူစားသောက်ဆိုင်က တုန်းကဲပါ”
...
အပိုင်း (၁၉၀) ပြင်ဆင်ခြင်း / မကျေနပ်ချက်
မိုးနတ်မင်းက သနားညှာတာမှုရှိလေသည်။ ပြေးလွှားနေစဥ်မှာပင် သူသည် စိတ်လှုပ်ရှားမှုနှင့်ဝမ်းသာမှုများ အပြည့်ဖြစ်နေ၏။ သူသည် စန်းလော့ဆီမှ ခြေလှမ်းသုံးလှမ်းအကွာတွင် နောက်ဆုံးတော့ ရုတ်တရက်ရပ်လိုက်ပြီး ရှန်းလီကိုလဲတွေ့လိုက်ရသည့်အပြင် ရင်နှီးပြီးသား မျက်နှာနှစ်ခုဖြစ်သည့် ရှီသလန်နှင့် ကျိုးစန်းလန်တို့ကိုလဲ မှတ်မိသွား၏။ ချက်ချင်းဆိုသလို မျက်လုံးထဲတွင် မျက်ရည်များဝေ့တက်လာပြီး ပါးပြင်ပေါ်တွင် စီးကျသွားတော့သည်။
သူသည် တပြိုင်တည်း ငိုရင်းရယ်ရင်းက မျက်ရည်များကို သုတ်လိုက်၏။ ပုံမှန်အချိန်ဆိုလျှင် ဒါကိုရူးသွပ်သည်ဟု သတ်မှတ်ကျလိမ့်မည် ဖြစ်သော်ငြားလည်း ဖရိုဖရဲကာလအချိန်တွင် ရင်းနှီးနေသည့်မျက်နှာများကို တွေ့လိုက်ရသောအခါ အထူးသဖြင့် တစ်ယောက်ထက်ပိုနေသဖြင့် ဒီတုံ့ပြန်မှုက အထူးအဆန်း မဟုတ်တော့ချေ။ သက်သေအနေဖြင့် ကန်းရှီ၏အမေကလဲ အပြေးအလွှား ရောက်လာပြီး သူမ၏မျက်လုံးများတွင် မျက်ရည်များလှိုက်တက်လာကာ တုန်းကဲကဲ့သို့ပင် သူမကလဲ ရယ်မောရင်းငိုလေသည်။
စန်းလော့သည် ငှက်သိုက်တစ်ခုလိုဖြစ်နေသည့် မီးလောင်ကွက်များကို သိသိသာသာ မြင်နေရသေးသည့် တုန်းကဲ၏ဆံပင်ကို ကြည့်လိုက်ကာ နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့သည်။ သူမသည် ဒါကို မကြည့်ရက်နိုင်တော့ပေ။
"နင် မီးထဲက လွတ်မြောက်လာခဲ့တာလား"
တုန်းကဲက ခေါင်းတွင်တွင် ငြိမ့်ပြသည်။
ရှီသလန်ကလဲ သူ့ယောက္ခမနှင့် ယောက်ဖတို့ကို မြင်လိုက်ရသဖြင့် ခံစားချက်များ လှိုက်တက်လာသည်။ သို့သော်ငြားလည်း လက်ရှိတွင် သူသည် သမီးဖြစ်သူနှင့် မြေးဖြစ်သူ၏ အခြေအနေကိုမေးမြန်းစုံစမ်းနေသည့် ကန်းရှီ၏အမေ၏ဘေးသို့ ဆွဲခေါ်ခြင်းခံလိုက်ရ၏။
တစ်ဖန်တွင်တော့ကန်းရှီ၏အမေက အားလုံးအဆင်ပြေသည်ဟု အတွင်တွင်ပြောနေလေသည်။ ဖန်းသလန်၊ ဖန်းအာ့လန်နှင့် ကန်းသလန်တို့ကတော့ ပိုပြီးအိန္ဒြေရနေကာ သူတို့ရှေ့က ထူးထူးဆန်းဆန်းဖြစ်နေသည့် စုံတွဲကိုသတိထားမိလိုက်၏။ ရှန်းလီနှင့် သူတို့နောက်ကလိုက်လာသည့် ထူးထူးဆန်းဆန်း ဝတ်စားထားသည့် ကောင်လေးကိုပင်။
"မင်းတို့ အချင်းချင်းသိကြတာလား"
ရှန်းလီနှင့် စန်းလော့တို့နှစ်ယောက်စလုံးက ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်မတို့သိတယ်"
စန်းလော့က ဒါကို ထူးဆန်းသည်ဟု မြင်မိလေသည်။
"ရှင်တို့တွေ ဘယ်လိုဖြစ်ပြီး အတူတူရောက်လာတာလဲ"
ဖန်းသလန်က ပြန်မဖြေရသေးခင်မှာပင် တုန်းကဲက ငှက်သိုက်နှင့်တူသည့် သူ့ဆံပင်ကို ခပ်ကြမ်းကြမ်းဖွလိုက်ပြီး
"ကျွန်တော်တို့တွေ စီရင်စုကနေထွက်ပြေးလာပြီးတဲ့နောက်မှာ တောင်အတွင်းပိုင်းမှာ အချိန်တစ်ခုအထိနေခဲ့ကြတယ်၊ ဒါပေမဲ့လည်း ကျွန်တော်တို့တွေက နောက်ထပ် အစားအသောက်တွေ ထပ်ပြီးရှာမတွေ့တော့ဘဲ အထဲဖက် ဆက်ဝင်ဖို့ကလဲ လုံခြုံတာကို မတွေ့ရတဲ့အချိန်မှာ ကျွန်တော်တို့တွေက သူတို့နဲ့မတော်တဆတွေ့ခဲ့ကြပြီး အဲဒီ့ကတည်းက သူတို့နောက်လိုက်လာခဲ့တာပဲ"
ထိုအခါကြမှ သူသည် ဖန်းသလန်နှင့်သူ့အဖွဲ့ကို ကျေးဇူးတင်စကား သေသေချာချာပြောနိုင်တော့ သည်။
"ကျွန်တော်တို့ကို ကူညီစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်မျာ"
ဖန်းသလန်က ငြင်းဆန်သည့်ဟန်ဖြင့် လက်ကာပြလိုက်သည်။
"ဒါက မင်းတို့ကို စောင့်ရှောက်တာမဟုတ်ပါဘူး ကျွန်တော်တို့တွေက အသိမိတ်ဆွေတွေဖြစ်ခဲ့ပြီးသားပဲ၊ ဒါက တိုက်ဆိုင်မှုတစ်ခုပါ"
ဖန်းမိသားစု၏ ကျန်သည့်မိသားစုဝင်များ တုန်းကဲ၏ မိဘများနှင့် မောင်နှမများကလဲ ချဥ်းကပ်လာကြသည်။
တုန်းကဲ၏မိဘများသည် သူ့သား၏တအံ့တသြအော်သံကို လှမ်းကြားလိုက်ရ၏။ အမှန်အတိုင်းပြောရလျှင် ပြီးခဲ့သည့်နှစ်က ပုန်းခိုမည့်နေရာကို တူးဖော်ရသည့်နည်းလမ်းကို သင်ပေးခဲ့သည့် စန်းအမျိုးသမီးဖြစ်နေသည်ကို သိလိုက်သည်တွင် သူတို့နှစ်ယောက်စလုံးက သူတို့၏ ကျေးဇူးတင်စိတ်ကို အားတက်သရော ဖော်ပြကြလေသည်။ သို့သော်ငြားလည်း သူတို့သား၏ရဲတင်းပုံနှင့်မတူဘဲ အစောပိုင်းက သူတို့လိုက်လာခဲ့သည့် အဖွဲ့ကြီးက သူတို့၏ ကျေးဇူးရှင်နှင့် အသိမိတ်ဆွေများဖြစ်နေသည်ကို အကဲခတ်မိလိုက်သည်တွင် သူတို့အတွက် စကားများများပြောဖို့ရန် အခြေအနေ ပေးထားလိုက်ပြီး ကြားဝင်ဖို့တော်တော်လေး တွန့်ဆုတ်နေမိခဲ့သည်။
ဒီလိုအကြပ်အတည်း အခြေအနေတစ်ခုတွင် မိတ်ဆွေနှင့် ဆွေမျိုးများနှင့် ပြည်လည်ဆုံဆည်းရခြင်းသည် ပြောစရာ စကားများအလွန်မှ များပြားနေသည်မှာသဘာဝပင်။ ရှန်းလီက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဖန်းမိသားစုက လူကြီးများကို မေးလိုက်၏။
"စိတ်ထဲမှာ သတ်မှတ်ထားတဲ့ သွားချင်တဲ့နေရာများရှိသလား"
တွေဝေမနေဘဲ လူကြီးများက တပြိုင်တည်း ခေါင်းခါပြလိုက်သည်။ ဖန်းသလန်၏အဘိုးက ပြောလိုက်၏။
"ကျုပ်တို့တွေက ဖရိုဖရဲ အခြေအနေမှာ ပိုပြီးအတွင်းကျတဲ့ဖက်ကို စွန့်စားဝင်လာရတယ်ဆိုတာကလည်း အပြင်ဘက်မှာ လုံးဝကိုမငြိမ်သက်တော့လို့ပါ၊ ကျွန်တော်တို့မှာ သွားစရာ သီးသန့်နေရာဆိုတာ မရှိပါဘူး"
ခဏလောက်တုံ့ဆိုင်းလိုက်ပြီးနောက် အသက်ရှင်ရခြင်းက ယခုအချိန်တွင် စည်းလုံးညီညွတ်မှုအပေါ် အမှန်ပင် မူတည်သည်ဟု စဥ်းစားမိလေသည်။ ထို့အပြင် သူ့မျိုးနွယ်သည် သူတို့၏ခမည်းခမက် လုမိသားစု၏ သတိပေးခြင်းကြောင့် တောင်အတွင်းပိုင်းတွင် ပုန်းခိုနိုင်ခဲ့ပြီး ပြင်ဆင်နိုင်ခဲ့သည်။ သူရှေ့က ဒီလူငယ်လေး၏ ကျေးဇူးလဲပါပေသည်။ သူတို့သည် တစ်ဖက်လူဆီက တောင်ထဲတွင်နေနိုင်မည့် အသက်ရှင်သန်နိုင်မည့် နည်းလမ်းများကိုပင် သင်ကြားခဲ့ရသည်။ ထို့ကြောင့် စိတ်ထဲတွင် တထင့်ထင့်ဖြစ်မနေဘဲ သူက မေးလိုက်၏။
"သခင်လေးရှန်း ကျွန်တော်တို့မျိုးနွယ်တွေ အခြေချနိုင်ဖို့ သင့်တော်တဲ့နေရာလေးများ တွေ့မိသလား"
သူ၏မေးခွန်းက လိမ်မာပါးနပ်လေသည်။ သူသည် ရှန်းလီနှင့် လုမိသားစုတို့က မည်သည့်နေရာတွင် နေသည့်အကြောင်း မမေးမြန်းချေ။ ရှန်းလီကသာ သူတို့အိမ်အဖြစ် အခြေချနိုင်မည့်နေရာကို အကြံပေးရန် ရှိမရှိ မေးမြန်းလိုက်သည်။ ဒါက ဖန်းမျိုးနွယ်မိသားစုသည် အတူတူ ယှဥ်တွဲနေထိုင်လို့သည့်ဆန္ဒကို ဖော်ပြပြီး သူတို့ကို မည်သည့်နေရာသို့ ခေါ်သွားမည်ဟူသည့် ဆုံးဖြတ်ချက်ကိုတော့ ရှန်းလီအပေါ်တွင် ပုံချထားလိုက်သည်။ သူတို့အပိုင်းအနေဖြင့် သူတို့သည် သူ၏အကြံအညန်ကိုသာ ဒီအတိုင်း မေးလိုက်ခြင်းဖြစ်ကာ ဒါသည် သင့်တော်သည် မသင့်တော်သည်ကိုတော့ မျိုးနွယ်စုဝင်များက စုပေါင်းပြီး အကဲဖြတ်ကြလိမ့်မည်။
လက်ရှိအခြေအနေကို ထောက်ချင့်ခြင်းအားဖြင့် ရှန်းလီကလဲ သူတို့ကိုခက်ခဲသည့် အခြေအနေတစ်ခုတွင် ထားခဲ့လိမ့်မည် မဟုတ်ချေ။ သူက ကျိုးလိုင်ကျီနှင့် သားသတ်သမားကျန့်၏ အကြီးဆုံးသားတို့ကို အကဲခတ်လိုက်ပြီး နှစ်ယောက်စလုံးက ဝမ်းသာနေသည်ကို မြင်လိုက်သည်တွင် အချင်းချင်း ထောက်ပံ့ပေးနိုင်မည့် အားကိုးရမည့်အိမ်နီးချင်းတစ်ဖွဲ့ရှိဖို့ရန် စိတ်အားထက်သန်နေသည်မှာ ရှင်းလင်းလေသည်။
ရှန်းလီနှင့်ရင်းနှီးနေသည့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု ရှိနေသဖြင့် ကျိုးလိုင်ကျီကတော့ ဒါကို အပြုအဘောဆောင်ကာ လက်ခံလိုက်သည်။ ကျန့်မိသားစုကလဲ ရှန်းလီနှင့် အသိမိတ်ဆွေများဖြစ်ပြီး သူတို့ကလဲ သူ့အထောက်အပံ့နှင့် ချန်းသရှန်၏အထောက်အပံ့ကို အများအပြား မှီခိုနေရသည်။ သူတို့အားလုံးက ရှန်းလီကို အပြည့်အဝယုံကြည်ကြပြီး ခေါင်းငြိမ့်ထောက်ခံလိုက်ကြ၏။
နှစ်ဖက်စလုံးက မငြင်းပယ်သည်ကို မြင်လိုက်သည်တွင် ရှန်းလီက အကြီးအကဲဖန်းဖက်သို့လှည့်ပြီး ပြောလိုက်၏။
"သွားလို့ရတဲ့နေရာတစ်ခုတော့ ရှိပါတယ်၊ ဒီနေ့တော့ နောက်ကျနေပြီ၊ ဒီတော့ အားလုံးက အရင်ဆုံး ကျွန်တော်တို့နဲ့ လိုက်ခဲ့ကြရင်ကော၊ အားလုံးလဲ အနားယူလို့ရတာပေါ့၊ တကယ်လို့ ဒါက အားလုံးနဲ့သင့်တော်တယ်ဆိုရင် အနီးအနားမှာ အခြေချလို့ရပါတယ်"
ဒီစကားကို ကြားလိုက်သည်တွင် ဖန်းမိသားစုနဲ့ ကန်းအာ့လန်မိသားစုတို့သည် အလွန်မှဝမ်းသာသွားကြ၏။ တုန်းကဲ၏မိဘများကလဲ အတိုင်းအတာတစ်ခုအထိ စိုးရိမ်နေကြသော်ငြားလည်း ဖြတ်ထိုးညန်ကောင်းလှသည့် တုန်းကဲက ရှန်းလီနှင့် စန်းလော့တို့ကို ချက်ချင်းမေးလိုက်၏။
"လူကြီးမင်းရှန်းနဲ့ မမလေးစန်း ကျွန်တော်တို့မိသားစုကိုရော အတူတူခေါ်သွားပေးလို့ရမလား"
စန်းလော့က ရယ်မောကာပြန်ဖြေလေသည်။ "ရတာပေါ့"
ထိုအခိုက်အတန့်တွင် သူမသည် သူတို့ကို မိသားစုတစ်ခုလို သဘောထားလေသည်။ သူတို့ကို အတူမခေါ်သွားဘဲ မည်သို့ နေနိုင်ပါမည်နည်း။ ထို့အပြင် ဆိုင်တာဝန်ခံရွှီကလဲ ဒီအကြောင်းကိုသိလျှင် ဝမ်းသာရလိမ့်မည်။
အဖွဲ့တစ်ခုက နေထိုင်ရမည့်နေရာ ရှိလာသည်တွင် အစောပိုင်းက လမ်းတစ်ဝက်တွင် တုန်းကဲ၏မိသားစုနှင့် အတူတူလာခဲ့ကြသည့် ထိုလူများသည် ချဥ်းကပ်ဖို့ရန် တွန့်ဆုတ်နေသည့်သဖြင့် ထိုသို့လဲ မလုပ်ရဲချေ။ ဒီလူများက အချင်းချင်းသိကြသည်မှာ သိသာသည်။ ထို့ကြောင့် သူတို့သည် မည်သို့ ဝင်ပါနိုင်ပါမည်နည်း။ သို့သော်ငြားလည်း ထွက်ခွာသွားဖို့ရန်ကလဲ ရွေးချယ်မှုတစ်ခု မဟုတ်ပြန်ချေ။ သူတို့သည် အဝေးတစ်နေရာမှ လိုက်လာဖို့ဆုံးဖြတ်လိုက်ကြပြီး ဒီလူများက သူတို့၏နေရာများကို ရှာဖွေတွေ့ ရှိသည်အထိ စောင့်စားပြီးနောက်တွင် သူတို့ကိုယ်တိုင်အတွက်လဲ ထိုနည်းတူနေရာတစ်ခု ရှာဖွေကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
သူတို့၏ယူဆချက်များက မှန်ကန်လေသည်။ နောက်ဆုံး တောင်များသည် မည်သူ့အပိုင်မှ မဟုတ်ချေ။ သူတို့သည် မကောင်းသည့် ရည်ရွယ်ချက်များမရှိဘဲ အလွန်နီးကပ်စွာ ကပ်မလိုက်လာသရွေ့ ဘယ်သူကမှ သူတို့ကို မောင်းထုတ်လိမ့်မည် မဟုတ်ပေ။
...
ထိုနေ့ညခင်းတွင် ကျိုးမိသားစုနှင့်ကျန့်မိသားစုတို့၏ ပတ်ဝန်းကျင်တွင် စိတ်လှုပ်ရှားမှုများဖြင့် စည်ကားနေကြလေသည်။ လူ၇၀...၈၀ဝန်းကျင်ရှိသည့် အဖွဲ့ကြီးတစ်ခုက ရောက်လာပြီး သူတို့၏ နောက်တွင် ကျန်ရစ်နေခဲ့ကြသည့် မိသားစုဝင်များမှာ အလန့်တကြား ဖြစ်သွားတော့သည်။ အပြင်ဘက်သို့ကြည့်သည့် ပြတင်းပေါက်မှတစ်ဆင့် ရှန်းလီနှင့်သူ့အဖွဲ့တို့ကို မှတ်မိသွားလိုက်သည်တွင် သူတို့သည် စိတ်အေးသွားတော့သည်။ အသစ်ရောက်လာသူ အများစုက လုအာ့လန်မိန်းမ၏ မိသားစုဖက်မှဟု သိလိုက်ရသည်တွင် သူတို့၏စိုးရိမ်စိတ်များက မျှော်လင့်ချက်နှင့်ပျော်ရွှင်မှုများအဖြစ် ပြောင်းလဲသွားတော့သည်။
သူတို့တွင် ပိုပြီးအားကိုးရသည့်အိမ်နီးချင်းများ ရှိလာလေလေ သူတို့၏လက်ရှိအခြေအနေတွင် ပိုပြီးတော့အန္တရာယ်ကင်းသလို ခံစားရလာလေလေဖြစ်လိမ့်မည်။
နေထိုင်ရာနေရာတစ်ခုကို ရွေးချယ်ခြင်းကလဲ လွယ်ကူသည့်အလုပ် မဟုတ်ချေ။ ဒီနေ့တွင် နောက်ကျနေပြီဖြစ်သည့် လူအုပ်ကြီးက မခွဲလိုက်တော့ချေ။ ထိုအစား သူတို့သည် တစ်ညတာအတွက် တည်းခိုနေထိုင်ရန် အနီးအနားက ဂူတစ်လုံးကို ရှာဖွေလိုက်ကြ၏။ သူတို့သည် တောင်အတွင်းပိုင်းက မိုးရွားမည်ကိုလဲ ကာကွယ်ဖို့ရန် လိုအပ်သေးသည်။ အထူးသဖြင့် သူတို့တွင် သူတို့နှင့်အတူ အစားအသောက်နှင့် အိပ်ယာခင်းများ ပါလာခဲ့ကြသည်။ ဂူက ပြည့်သိပ်ကြပ်ညှပ်နေသည်။ သို့သော်ငြားလည်း လူကြီးများ အမျိုးသမီးနှင့်ကလေးများကိုတော့ အနားယူနိုင်ရန် လုပ်ပေးနိုင်ပြီး ယောက်ျားသားများကတော့ အလှည့်ကျ ကင်းစောင့်ကြလေသည်။
ဖန်းမျိုးနွယ်နှင့် ကန်းမျိုးနွယ်နှစ်ခုစလုံးသည် ရိက္ခာများရှိကြသေးသည်။ သို့သော်ငြားလည်း အစောပိုင်းက စပါးတစ်ချို့သိုလှောင်ခဲ့သည့် တုန်းကဲ၏ မိသားစုကတော့ ဓားပြများက သူတို့မထွက်ခွာခင် ရသမျှလုယူသွားသဖြင့် အားလုံးကို ဆုံးရှုံးခဲ့လိုက်ရသည်။ ဓားပြများသည် သူတို့နောက်က လိုက်လာသည့် ထိုလူများကို ရိက္ခာများ မပေးဝေနိုင်ရန် ချီယန်စီရင်စုတစ်ခုလုံးကိုလဲ မီးရှို့ခဲ့ကြသည်။ တုန်းကဲ၏ မိသားစုသည် သူတို့၏အသက်ဘေးမှ ခက်ခက်ခဲခဲ လွတ်မြောက်လာရလေရာ အစားအသောက်ကို သယ်ဖို့ရန်ဆိုလျှင်တော့ ပြောနေစရာမလိုချေ။ ထို့ကြောင့် သူတို့သည် သူတို့၏ခရီးအတွင်း အစားအသောက်အတွက် တောဟင်းရွက်များကိုသာ မှီခိုခဲ့ရသည်။
ရှန်းလီနှင့်စန်းလော့တို့သည် လမ်းတစ်လျှောက်တွင် အခြေအနေကို သိလိုက်ရပြီး တစ်ခြားသူများက စွန့်ခွာခံထားရသည့်ရွာများဆီမှ အဝတ်အစားများကို မွှေနှောက်ခဲ့ရသည်ကို မြင်လိုက်သည်တွင် သူတို့က သူတို့၏အမဲလိုက်ထားသည့် ပစ္စည်းများထဲက ရစ်ငှက်တစ်ကောင်နှင့် ယုန်တစ်ကောင်ကိုပေးလိုက်ပြီး မှိုတစ်ချို့နှင့်တောရိုင်းသစ်သီးတစ်ချို့ကိုလဲ ထည့်ပေးလိုက်ကာ ဆိုင်တာဝန်ခံရွှီနှင့် လုညီအစ်ကိုတို့ကိုလဲ သူတို့နှင့် တွေ့ဆုံခဲ့သည့်အကြောင်း အကြောင်းကြားပေးမည်ဟု ကတိပေးလိုက်သည်။ ထို့နောက်တွင်တော့ သူတို့သည် ထွက်ခွာလာခဲ့သည်။
...
သူတို့သည် လျှိုမြောင်အပြင်ဘက်သို့ပြန်လာချိန်တွင် မိုးချုပ်လုနီးပါးဖြစ်သည်။ လျှိုမြောင်ထဲတွင် နေခဲ့ကြသည့်လူများက သတင်းကိုကြားလိုက်ရပြီး ဆိုင်တာဝန်ခံရွှီနှင့်လုညီအစ်ကိုတို့ထက် ပိုပြီးပျော်ရွှင်မိသူက မရှိတော့ပေ။ ရှီအာ့လန်ကလဲ သူ၏မရီးအတွက် ဝမ်းသာပေးလေသည်။
သူတို့သည် လျှိုမြောင်ထဲသို့ နောက်ဆုံးသွားခဲ့သည့် တစ်ခေါက်မှာ လွန်ခဲ့သည့်ငါးရက်က ဖြစ်သည်။ သို့သော်ငြားလည်း ဒီနေ့၏ကိစ္စက တော်တော်လေး ကြီးမားသည်ကို စဥ်းစားမိသဖြင့် အားလုံးက လျှို မြောင်ထဲသို့ သတင်းပို့ပေးရန် စိတ်အားထက်သန်နေကြသည်။ သူတို့သည် သူတို့၏ဂူဆီကို ပြန်သွားပြီး သူတို့၏လတ်တလောရရှိထားသည့် ပစ္စည်းများကို သိမ်းဆည်းကာ တိတ်ဆိတ်သည့် ညရောက်လာသည်နှင့်တပြိုင်နက် လူတစ်ချို့ကို လျှိုမြောင်အတွင်းသို့ တိတ်တိတ်လေးပို့ပေးမည်ဟု သဘောတူလိုက်ကြသည်။
စန်းလော့နှင့်ရှန်းလီတို့သည် သူတို့၏ကိုယ်ပိုင်ဂူဆီသို့ ရောက်လာပြီး ထိုနေရာတွင် ယုန်ငယ်လေးနှစ်ကောင်ကို ချထားလိုက်ကာ ခြင်းတစ်လုံးစီထဲတွင် ခွဲထည့်လိုက်ပြီး ဝင်ပေါက်ဘေးက ယုန်တွင်းတစ်ခုထဲသို့ ပို့ပေးလိုက်သည်။ ရွာသားအများစုသည် လျှိုမြောင်အပြင်ဘက်တွင် နေကြသဖြင့် သူတို့သည် ရစ်ငှက်နှင့်ယုန်များကဲ့သို့ အမဲကောင်များကို မမျှော်လင့်ဘဲတွေ့ရှိပြီး အမဲလိုက်ကြချိန်တိုင်း သူတို့သည် ထိုအကောင်များကို အသက်ရှင်လျှက်ဖမ်းမိဖို့ ကြိုးစားကြသည်။ မိသားစုတစ်ခုစီက ဖမ်းမိရရှိလာသည်များကို ခွဲဝေပြီး ထိုအကောင်များကို မွေးမြူကြသည်။ ယုန်များသည် ကြီးမြန်ကြသည့်အပြင် အံ့သြစရာကောင်းသည့်နှုန်းထားဖြင့် မျိုးပွားနိုင်ကြသည်။ အပြင်ဘက်တွင် စားကျက်မြေအဖြစ် မြက်များ ပေါများကြွယ်ဝသည်တွင် ယုန်များကို မွေးမြူရခြင်းက ဖိစီးမှုမဖြစ်ချေ။ သူတို့သည် ရေရှည်အတွက် အဖိုးတန်သည့် အစားအသောက် အရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
သည်နေ့တွင် သူတို့သည် ယုန်များက တစ်ကြိမ်ပေါက်ဖွားလာသည်ကို တွေ့လိုက်ရသဖြင့် သူတို့ကိုယ်တိုင်အတွက် နှစ်ကောင်သာချန်ထားပြီး ကျန်သည့်အကောင်များကိုတော့ တစ်ခြားမိသားစုအကြားတွင် ခွဲဝေပေးလိုက်ကြသည်။ မကြာခဏ ဖမ်းမိရသည့် ကျေးဇူးကြောင့် စန်းလော့၏မိသားစုတွင် အခုတော့ ယုန်၇ကောင်ရှိလေသည်။
သူမက အရွယ်အစားအမျိုးမျိုးရှိသည့် ယုန်၇ ကောင်ကို အစားကျွေးနေချိန်တွင် ရှန်းလီက မီးမွှေးလိုက်ပြီး စန်းလော့ဘက်သို့လှည့်ကာ ညနေစာအတွက် သူမစားချင်သည့်အရာကို မေးလိုက်၏။
လူသူနည်းပါးသည့်ရွာထဲတွင် အေအေးလူလူရှိသည့်အချိန်ကို အခွင့်ကောင်းယူလိုက်ပြီး ယခုအချိန်တွင် ကျောက်ပြားနှင့် ကျောက်သားကြိတ်စက်များလဲ ရှိသည်ဖြစ်ရာ အရွက်ထူထူဟင်းသီးဟင်းရွက် ပထမအသုတ်က လဲခူးဆွတ်ဖို့ရန် အသင့်ဖြစ်နေသည်။ လျှိုမြောင်ထဲက မုန်လာဥဖြူနှင့် ဖရုံသီးတို့လို ဟင်းသီးဟင်းရွက်များကိုလည်း အပြင်ဘက်သို့ သယ်ယူလာနိုင်သည်။ စန်းလော့က ခဏလောက် စဥ်းစားလိုက်၏။
"ပဲထမင်း နည်းနည်းလောက် ပေါင်းလိုက်မယ်၊ မုန်လာဥနီ ဟင်းရည်အတွက် အသားကိုလဲ နည်းနည်းလောက် လှီးပြီးတော့ထည့်မယ်၊ ရှင်ကြိုက်တဲ့ တခြားဟင်းလျာတွေ ဘာရှိအုံးမလဲဆိုတာ ကြည့်ကြမယ်လေ၊ တကယ်လို့ ရှင်က အသားကင်ကို ကြိုက်တယ်ဆိုရင် ကိုယ့်ဟာကိုယ် ထပ်ထည့်လိုက်လို့ရတယ်၊ ခဏနေကျမှ ကျွန်မက ဟင်းခတ်အမွှေးအကြိုင်တွေ လာလုပ်ပေးမယ်"
သူမသည် သောက်စရာဟင်းရည်တစ်ချို့ကို တောင့်တနေမှန်း ရှန်းလီသည် နားလည်သဖြင့်ပြုံးကာ သဘောတူလိုက်၏။ ပဲထမင်းကို မနက်စာအတွက် အစောပိုင်းကတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ အခုတော့ သူက မြေအိုးထဲတွင် ရေကိုထည့်ကာ စန်းလော့လုပ်ထားခဲ့သည့် သစ်သားပေါင်းအိုးကို အပေါ်ကတင်လိုက်ပြီး အပေါ်က ဖျင်ကြမ်းပိတ်စတစ်လွှာဖြင့် အုပ်ထားလိုက်ပြီးနောက် ထိုအထဲတွင် ပဲထမင်းကိုဖြည့်လိုက်သည်။ ထို့နောက်တွင်တော့ မြေအိုး၏အပေါ်တွင် သစ်သားပေါင်းအိုးကို တင်လိုက်ပြီး သစ်သားအဖုံးတစ်ခုဖြင့် အပေါ်ကဖုံးလိုက်ပြီးနောက် ဟင်းသီးဟင်းရွက်စိုက်ခင်းဆီသို့ ဦးတည်သွားလိုက်လေသည်။
ဂူအပြင်ဘက်တွင် ရိုးရှင်းသည့် ချက်ပြုတ်ရမည့် တဲလေးတစ်ခုကို မိုးဒဏ်ကိုကာကွယ်နိုင်သည့် အမိုးတစ်ခုဖြင့် တည်ဆောက်ထားခဲ့ပြီး အသားကင်ဖို့ရန်အတွက် မီးဖိုငယ်လေးတစ်ခုကိုလဲ ထည့်သွင်းပြု လုပ်ထားကာ အဆင်ပြေပြေ အသုံးပြုနိုင်ရန်အတွက် သစ်သားစဥ်းနှီးတုံး တစ်ခုကိုလဲ လုပ်ထားလေသည်။ သေးငယ်လှသည့်ဂူထဲတွင် သေးငယ်သည့် လေးထောင့်သစ်သားစားပွဲလေးကို ထည့်ထားပြီး အစားအသောက် စားသောက်ချိန်တွင် ထိုခုံလေးကို အိပ်ယာဘေး၌ချထားကာ စားသောက်ပြီးစီးသွားလျှင်တော့ ဘေးတွင် သိမ်းထားလိုက်သည်။ ပတ်ဝန်းကျင်ကိုတော့ ရှန်းလီနှင့် တစ်ခြားသူများက ခြိမ်းခြောက်လာနိုင်သည့် တိရိစ္ဆာန်များ၏ရန်မှ ပုံမှန်ရှင်းလင်းပေးထားပြီး ရွာ၏ပတ်ဝန်းကျင်သို့ ပြောင်းရွှေ့နေထိုင်ဖို့ရန် တော်တော်လေး လုံခြုံအောင် ပြုလုပ်ထားသည်။ အိမ်မှုကိစ္စများကို ပြုလုပ်ပြီးနောက်တွင် စုံတွဲက ညနေစာအတွက် အတူတူ ပြင်ဆင်လိုက်ကြပြီး အားပါးတရ ထမင်းတစ်နပ်ကို စားသောက်လိုက်ကြသည်။ ထို့နောက်တွင်တော့ သူတို့သည် လျှိုမြောင်ထဲတွင် ပို့ပေးရမည့်ပစ္စည်းများကို စတင်ထုပ်ပိုးလိုက်တော့သည်။
တောင်များထဲတွင် အခြေချနေထိုင်လာသည့်လူများက ပိုများလာသဖြင့် အထူးသဖြင့် သူတို့သည် အဝေးကြီးသို့မသွားခဲ့လျှင် ရလာသည့်အမဲကောင်ကလဲ အချိန်တစ်ခုကြာလာသည်တွင် လျှော့နည်းလာတော့သည်။ ရလာသည့်ပစ္စည်းများထဲက တစ်ပုံကို သူတို့၏ ကိုယ်ပိုင်စားသောက်မှုအတွက် ချန်ထားလိုက်ပြီး ကျန်သည့်အရာများကိုတော့ လျှိုမြောင်ထဲသို့ ပို့ပေးလိုက်ကြသည်။ ဒါသည် များပြားလှသည့် ပမာဏတစ်ခု မဟုတ်သော်ငြားလည်း ခုတ်ဖြတ်ထားပြီးသားထင်းများ လတ်လတ်ဆတ်ဆတ်မြက်ပင်များ၊ ဆိတ်၊ ကြက်၊ ဘဲတို့အတွက် မြက်သီးများကတော့ ပေါများလှသည်။ ဆိတ်များက လတ်လတ်ဆတ်ဆတ် သစ်ရွက်များကို စားသောက်ကြသည်။ စန်လော့က တောပဲရွက်အနည်းငယ်ကိုလဲ ရောထည့်ပြီး ကျွေးတတ်သည်။
ရှန်းလီရှိနေချိန်တွင် စန်းလော့သည် နောက်ပိုင်းခရီးကို သွားစရာမလိုပေ။ သူ ထွက်သွားပြီးနောက် သူမက ဂူတံခါးကိုပိတ်လိုက်ပြီး အနားယူလိုက်တော့သည်။
...
လျှိုမြောင်ထဲတွင် အားလုံးသည် ညပိုင်း၌လာပို့ပေးသည့် ပစ္စည်းများကို လက်ခံယူရခြင်းတွင် ကျင့်သားရလာကြသည်။ သို့သော်ငြားလည်း အစောပိုင်းက ဒီပစ္စည်းများကို အမှတ်အသား လုပ်ပေးလိုက်ပြီး ကြိုးဖြင့် အောက်သို့ချပေးသည်။ ဒီနေ့တွင်တော့ ဆိုင်တာဝန်ခံရွှီ၊ လုအာ့လန်နှင့်ရှီသလန်တို့က လျှိုမြောင်ထဲသို့ပြန်လာကြသည်။
ဆိုင်တာဝန်ခံရွှီက ယုံကြည်သည်။ သူသည် စန်လော့ထံမှ တုန်းကဲ၏မိသားစုက ဘာမှမပါဘဲ မြို့ထဲက မွှေနှောက်ဖျက်စီးခဲ့သည့်မီးဘေးမှ လွတ်မြောက်ခဲ့သည့်အကြောင်း ကြားခဲ့ရသည်။ သူက ဒီကိစ္စကို သူ့အမေ၊ မိန်းမနှင့်အတူ တိုင်ပင်လိုက်ပြီး သူတို့အိမ်က အစားအသောက် ရိက္ခာတစ်ချို့နှင့် မျိုးစေ့များကို မနက်ဖြန် တုန်းကဲ၏မိသားစုဆီသို့ သွားရောက်လည်ပတ်ချိန်တွင် ပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။
အဘွားကြီးနှင့် ဝေ့လင်းကျန့်တို့က သည်ကိစ္စသည် တုန်းဖူစားသောက်ဆိုင်၏ဝန်ထမ်းနှင့် ပတ်သတ်နေသည်ကို သိလိုက်ရပြီး အခြေအနေကို သိလိုက်ရသည်တွင် သူတို့က မငြင်းပယ်ကြချေ။ သမီးယောက္ခမ နှစ်ယောက်စလုံးက အသုံးဝင်ပြီး မသိသာလောက်သည့် ပစ္စည်းများဖြစ်သည့် ပဲနှင့် တောရိုင်းသစ်သီးများအပြင် မများပြားသော်ငြားလည်း တာရှည်ခံအောင်ပြုလုပ်ထားသည့် အသားနှစ်ပိုင်းနှင့် ဆားနည်းနည်းပါးပါးကိုလဲ ထည့်ကာ ကိုယ်တိုင်ပြင်ဆင် ထုပ်ပိုးပေးလိုက်ကြသည်။ နည်းပါးသော်ငြားလည်း သေသေချာချာလေး စားသောက်မည်ဆိုလျှင် သူတို့သည် ဆားအရသာကိုမကြာခဏ မြည်းစမ်းနိုင်ပေလိမ့်မည်။
အိမ်တွင် ကြက်နှင့်ဘဲများက တော်တော်လေးများ ပြားနေသဖြင့် အဘွားကြီးက တစ်ချက်လောက် သွားကြည့်ပြီး ခေါင်းခါပြလိုက်သည်။
"ဒါကျတော့ အရမ်းသိသာလွန်းတယ်၊ နင်နဲ့ဝမ်ချင်းတို့က အပြင်ဘက်မှာပဲ ရစ်ငှက်နဲ့ယုန်တွေကို မွေးထားကြတယ် မဟုတ်လား"
ဆိုင်တာဝန်ခံရွှီက ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ်၊ သူတို့တွေ အခြေကျပြီဆိုတာနဲ့ ကျွန်တော်တို့တွေက ယုန်နှစ်ကောင်နဲ့ရစ်ငှက်တစ်ကောင်ကို သူတို့ကို ပေးဖို့စဥ်းစားထားတယ်၊ သူတို့တွေလဲ ဒါတွေကို မြက်နဲ့မြက်သီးတွေကို ကျွေးလို့ရတယ်၊ ဒါက သူတို့အတွက် အပိုအစားအသောက် ဖြစ်လာလိမ့်မယ်၊ ကျွန်တော်တို့ကလဲ ဒီ့ထက်ပိုပြီးတော့ အများကြီး မလုပ်ပေးနိုင်ဘူးလေ၊ ဝမ်ချင်းကတော့ နောက်ပိုင်းကျရင် သူတို့တွေကို တောယုန်နဲ့ ရစ်ငှက်ထောင်နည်းတွေ သင်ပေးလို့ရပါတယ်၊ သူတို့တွေက တောင်ထဲကို ရောက်လာပြီဆိုတော့ တစ်ခြားလူအများကြီးနဲ့ အတူတူ နေထိုင်ရတာကလဲ သူတို့ရဲ့လုံခြုံရေးကို အာမခံပေးနိုင်တယ်၊ သူတို့လဲ သူတို့ခြေထောက်ပေါ်သူတို့ ရပ်တည်နိုင်ကြလိမ့်မယ်"
"အမေ သူတို့အတွက် အသီးအရွက်မျိုးစေ့လေးတစ်ချို့ ထုပ်ပိုးပေးလို့ရလား"
အဘွားကြီးက ဘာမှမပြောရသေးခင်မှာပင် ဝေ့လင်းကျန့်က သစ်ရွက်ခြောက်များဖြင့် ထုတ်ထားသည့် အထုတ်ငယ်လေးတစ်ချို့ကို ယူထုတ်လာခဲ့ပြီးဖြစ် သည်။
"ဒါတွေအားလုံးကို ထုပ်ပိုးပြီးပြီ၊ အပေါ်မှာ စာရေးလို့ အဆင်မပြေဘူး၊ ဒါပေမဲ့ သူတို့တွေ မှတ်မိမယ်လို့ထင်ပါတယ် ဟုတ်တယ်မလား"
ဆိုင်တာဝန်ခံရွှီက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။ "ငါလဲထင်တာပဲ၊ သူတို့တွေက ဆင်းရဲတဲ့မိသားစုကဆိုတော့ စီရင်စုအပြင်ဘက်မှာလဲ လယ်သမားတွေရှိကြမှာပါ”
ရွှီမိသားစုထဲတွင် တော်တော်လေးကို ငြိမ်းချမ်းလှလေသည်။ ရှီမိသားစုဘက်တွင်တော့ ကန်းရှီသည် ဝမ်းသာရလွန်းသဖြင့် ရယ်မောရင်း မျက်ရည်များကို သုတ်နေလေသည်။ သူမ၏ယောင်းမသည် အန္တရာယ်ရှိသည့်အခြေအနေတွင် ဦးလေးဟူ၏ တွန်းထုတ်ခြင်းခံလိုက်ရကာ သူမ၏အသက် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ပြီး ယခုတော့ သူမ၏မျက်နှာက လုံးဝပျက်စီးသွားသလောက်ဖြစ်နေသည်ဟု ကြားလိုက်ရချိန်တွင် သူမသည် အမှန်တကယ် ဝမ်းနည်းရလေသည်။
ဆေးဝါးများကို အိမ်တွင်ပြင်ဆင်ထား၏။ ထို့ကြောင့် သူမက သူမ၏ယောင်းမအရင်းကိုပို့ပေးရန် ဆေးဝါးတစ်ချို့ ယူမည့်အကြောင်း သူမ၏အတူနေယောင်းမနှင့် တိုင်ပင်လိုက်သည်။ ရှီအာ့လန်၏ မိန်းမကလဲ ခေါင်းတွင်တွင် ငြိမ့်ပြလိုက်၏။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ အစ်မရယ် ကျွန်မကလေ အစ်မကိုအရမ်းအားကျတာ အစ်မသိမှာတောင်မဟုတ်ဘူး"
ကန်းရှီသည် ရှီအာ့လန်၏မိန်းမစိတ်ထဲတွင် ဘာရှိနေသည်ကို သိလိုက်သဖြင့် သူမကိုအာမခံပေးလိုက် ၏။
"စိတ်မပူပါနဲ့ ၊ နင့်မိသားစုတွေလဲ တောင်အတွင်းပိုင်းကို အစောကြီးကတည်းက ခိုလှုံခဲ့ကြတာပဲ၊ လူကောင်းတွေကို မိုးနတ်မင်းက မစပါတယ်၊ သူတို့တွေလဲ အန္တရာယ်ကင်းကြမှာပါ၊ ငါတို့မျိုးနွယ်စုဝင်တွေကိုပဲ ကြည့်လေ၊ အဒေါ်လုရဲ့မိသားစုဝင်တွေကတောင် အားလုံး အဆင်ပြေကြတာပဲ"
ရှီအာ့လန်၏မိန်းမကလဲ ဖန်းမျိုးနွယ်နှင့် ကန်းမျိုးနွယ်စုတို့သည် အစောကြီးပြင်ဆင်ထားခဲ့ကြပြီး ကြီးကြီးမားမားကံဆိုးမှုနှင့် မတွေ့ကြုံခဲ့သည်ကိုသိခဲ့သဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ ဒါက ဒီအခိုက်အတန့်တွင် သူမကို အကြီးမားဆုံးနှစ်သိမ့်မှု ဖြစ်လေသည်။
ကန်းရှီသည် ဆေးများကိုရှာဖွေနေပြီး မရင်းနှီးသည့် စကားလုံးများကို မြှောက်ပြလိုက်ကာ အနီးအနားရှိ ကလေးများကို ဆေးအမည်များကို ကူညီခွဲခြားပေးဖို့ မေးမြန်းနေလေသည်။ သူမက အလုပ်များနေ သည်ကိုမြင်လိုက်သည်တွင် ကန်းမိသားစုက အစကတည်းက အစားအသောက်များကို သိမ်းဆည်းလာသည်ကိုသိပြီးသည့် ရှီအာ့လန်၏မိန်းမက ခြင်းတစ်ခုထဲတွင် ကြက်တိုက်ထားသည့် အသားတစ်ချို့နှင့် တောင်ထွက်ပစ္စည်းများကို ထုပ်ပိုးကာ ကူညီပေးလိုက်ပြီး သူမ၏ယောင်းမ ပြန်ထွက်သွားမည့်အချိန် သယ်သွားဖို့ရန် ပြင်ဆင်ပေးလိုက်သည်။
အမှန်ပင် ကန်းရှီသည် လျှိုမြောင်အပြင်ဘက်သို့ ထွက်ရန် စိတ်ကူးထားလေသည်။
သူမ၏မိသားစုက ရောက်လာပြီး သူမအစ်ကိုမိန်းမနှင့် ပတ်သတ်သည့် ကြီးမားသည့်မတော်တဆမှုဖြစ်ခဲ့ရာ သူမသည် သူတို့ထံသို့ မဖြစ်မနေသွားရောက်ရမည်ဟု ခံစားမိလေသည်။ သို့သော်ငြားလည်း လူအများအပြားရှိနေပြီး လျှိုမြောင်အပြင်ဘက်နှင့် အတွင်းဘက်ကြားတွင် မကြာခဏဝင်ထွက်မှုကို တားမြစ်ထားသဖြင့် တစ်ယောက်ယောက်က သူမကို မှတ်မိသွားပြီး သတိထားမိသွားပြီး သူမက အချိန်အတော်ကြာသည်အထိ တစ်ရက်ပျောက်ကွယ်သွားလျှင် ဒါက ရုတ်တရက် သံသယဖြစ်ဖွယ်ရာရှိသည်။
ထို့ကြောင့် သူမက ထွက်ခွာရမည်ဆိုလျှင် လျှိုမြောင်အပြင်ဘက်တွင် အချိန်အကြာကြီး နေထိုင်ဖို့ရန် လိုလေသည်။
ကန်းရှီသည် ဒုက္ခနှင့်မစိမ်းဟုတ်ချေ။ စန်းလော့နှင့် အတူရှိနေလျှင် သူမသည် ဘာကိုမှမကြောက်ရွံပေ။ သူမယောက်ျားနှင့် ယောင်းမတို့နှင့်တိုင်ပင်ပြီးနောက်တွင် ရှီအာ့လန်၏မိန်းမနှင့် ကလေးတစ်ချို့က လျှိုမြောင်ထဲက လယ်ကွင်းများနှင့် တိရိစ္ဆာန်များကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သဘောတူလိုက်ကြသည်။ ထို့ကြောင့် ကန်းရှီက အပြင်ဘက်တွင်နေကာ မြေများကိုစိုက်ပျိုးပေးပြီး လျှိုမြောင်သို့ ပြန်လာမည့်အခြေအနေကို လျှော့ချဖို့ဆုံးဖြတ်လိုက်သည်။ တစ်နည်းအားဖြင့် သူမသည် သူမ၏မိသားစုအတွက်လဲ နောက်ထပ်ဝင်ငွေတစ်ခုကို ပြုလုပ်ပေးနိုင်လိမ့်မည်။
နေရာထိုင်ခင်းအတွက် မသုံးရသေးသည့် ဂူနှစ်ခုကို အစောပိုင်းကတည်းက သော့ခတ်ထားခဲ့သည်။ ရှီအာ့လန်က သူတို့၏အိမ်အနီးအနားကတစ်ခုကို ယာယီနေထိုင်ဖို့ စီစဥ်လိုက်ပြီး သူတို့၏လက်ရှိဂူကိုတော့ သူအစ်ကိုကြီးနှင့် မရီးတို့ကို နေထိုင်ဖို့ခွင့်ပြုလိုက်သည်။
...
လုမိသားစုဘက်တွင်တော့ ဖန်းလျိုညန်ကလဲ ထိုနည်းတူစွာ ပြင်ဆင်လေ၏။ သူမ၏မိသားစုအတွက် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှု ရှိခဲ့သော်ငြားလည်း ယခုအချိန်တွင် ဆွေမျိုးများက ရောက်ရှိလာခဲ့ပြီဖြစ်ရာ သူမ၏မျက်နှာကို ထွက်မပြလျှင် ဖန်းမိသားစု၏ အိမ်ထောင်ကျပြီးသား သမီးတစ်ယောက်အနေဖြင့် သူမအတွက် မသင့်တော်လှပေ။
လုအဘွားက သူမ၏ဆုံးဖြတ်ချက်ကို ထောက်ခံပေးပြီး သူမနှင့်လုအဘိုးတို့က လျှိုမြောင်ထဲက လယ်ကွင်းများကို ကိုင်တွယ်နိုင်သည်ဟု အာမခံပေးလိုက်သည်။ သူမက လုအာ့လန်ကို အပြင်ထွက်ကြသည့်အချိန်တွင် ဖန်းလျိုညန်အား သေချာစောင့်ရှောက်ပေးဖို့သာ မှာကြားလိုက်လေသည်။
လုစန်းလန်က ရှီအာ့လန်နှင့် အတူတူနေထိုင်နိုင်သည်ကို အတည်ပြုပြီးနောက်တွင် သူမက ပြင်ဆင်မှုအတွက် စတင်ကူညီပေးလိုက်သည်။
အမေ၊ သားနှင့်ချွေးမတို့ကြားက စကားဝိုင်းကို လျှိုမြောင်၏ဝင်ပေါက်တွင် အဆုံးသတ်နိုင်သော်ငြားလည်း ဖန်းလျိုညန်၏ ပစ္စည်းများကိုတော့ သူတို့၏ ဂူထဲသို့ ပြန်ပြီး သွားယူရပေအုံးမည်။ ဂူထဲတွင် အတူတူနေထိုင်သည်ဖြစ်ရာ ဖန်းလျိုညန်က အလွန်မှ စိတ်လှုပ်ရှားနေပြီး အဘွားကြီးကလဲ ပတ်ဝန်းကျင်တွင် အလုပ်များနေသဖြင့် သူမအတွက် အဝတ်အစားနှစ်စုံကိုပင် ထုပ်ပိုးနေသည့်အပြင် အိပ်ယာခင်းများကိုလဲ ထုတ်ပိုပေးနေသဖြင့် ဝမ်ချွန်းညန်သည် သံသယမဖြစ်ဘဲ အဘယ်မှာရှိပါမည်နည်း။
ဂူငယ်လေးသည် ဘာဆီမီးအိမ်မှ မထွန်းထားချေ။ ထို့ကြောင့် ဝမ်ချွန်းညန်က သူမ၏ယောက္ခမနှင့် ယောင်းမတို့က ပစ္စည်းများ ထုပ်ပိုးနေသည်ကို အ ရိပ်ထဲကပင် စောင့်ကြည့်နေလိုက်ပြီး လုအာ့လန်ကလဲ အပြင်ဘက်တွင်စောင့်စားနေသည်ကို မြင်လိုက်ရသည်။ ဒီမိသားစုကြီးက သူမကို ဘာများ ဖုံးကွယ်ထားပါသနည်းဟု မစဥ်းစားဘဲ မနေနိုင်တော့ချေ။ သူမ၏နှုတ်ခမ်းများက မျဥ်းကြောင်းတစ်ခုအသွင် တင်းမာသွားတော့သည်။
နေ့ခင်းဘက်တွင် သူမသည် အဘွားကြီး၏သဘောမကျမှုကို ကြောက်ရွံသဖြင့် သူမ၏မကျေနပ်ချက်များကို ထုတ်မပြရဲချေ။ သို့သော်ငြားလည်း အခုတော့ ညအမှောင်အောက်တွင် သူမသည် သူမ၏ ခံစားချက်များကို ဆက်ပြီးဖုံးကွယ်ထားရန် မလိုတော့ချေ။
ဟုတ်ပါသည်။ သူမသည် ရေဆိုးမြောင်းထဲတွင် နေရသည့် ကြွက်တစ်ကောင်လိုသာ ခံစားရပြီး မကျေနပ်ချက် တစ်ခုခု ရှိလာလျှင် ညအမှောင်ထဲတွင်သာ လွတ်လွတ်လပ်လပ် ဖော်ပြနိုင်လေတော့သည်။
...