အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အပိုင်း (၁၉၁) နည်းလမ်းများကိုပြောပြခြင်း
ဖန်းလျိုညန် နှင့်ကန်းရှီတို့သည် အလွန်မှစိတ်လှုပ် ရှားနေကြပြီး သူတို့သည် အာရုံမတက်ခင်အထိ နိုးကြားနေကြလေသည်။ နောက်ဆုံးတွင် အာရုံတက်သွားချိန်၌ သူတို့သည် အမဲလိုက်အဖွဲ့များနောက်လိုက်ကာ ကျိုးမိသားစုနှင့် ဖန်းမိသားစု အိမ်ထောင်စုဆီသို့ လိုက်သွားလေသည်။ ဝမ်ချွန်းညန်ကလဲ သူမ၏အခွင့်အရေးကို ဖမ်းဆုပ်လိုက်ကာ ဂူထဲတွင် လုသလန်တစ်ယောက်ထဲနှင့် စကားပြောရန်အခွင့်အရေးတစ်ခု ရသွားတော့သည်။
"ဒုတိယယောင်းမက ဘာဖြစ်နေတာလဲ ရှင် သိလား"
လုသလန်က ထိုကိစ္စနှင့်ပတ်သတ်ပြီး အမှန်ပင် မသိချေ။
လုအာ့လန်နှင့်လုစန်းလန် - လျှိုမြောင်ထဲကမုဆိုးတွေအားလုံး ရုတ်တရက် ပြန်မလာတော့ကတည်းက သူသည် လျစ်လျူရှုထားခံရခြင်းကြောင့် အတိုင်းအတာတစ်ခုအထိ နာကျည်းစိတ်များ ဖြစ်ခဲ့မိသည်။ အဘိုးလုက ဒါကို သတိထားမိပြီး အပြင်ဘက်တွင် ဖရိုဖရဲကိစ္စများ ဖြစ်ပွားနေသည်ဟု သူ့ကို အပြည့်အစုံပြောပြထားသည်။ သူတို့သည် လျှိုမြောင်တည်နေရာ ပေါ်ပေါက်သွားမှာကို စိုးရိမ်မိသည်။ ထို့ကြောင့် မုဆိုးများက ခဏခဏပြန်မလာနိုင်ဘဲ အပြင်ဘက်တွင်နေရသည်။
ဒီတစ်ခွန်းထဲနှင့် သူသည် ဘာတစ်ခုကိုမှ ဆက်ပြီး စိတ်မဝင်စားတော့ချေ။
အပြင်သို့မထွက်ဘဲ လျှိုမြောင်ထဲတွင် ကျန်ရစ်နေရခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
အချုပ်အားဖြင့်ဆိုရလျှင် သူသည် လျှိုမြောင်ထဲတွင် အားနည်းသည့် သက်ကြီးရွယ်အိုနှင့် ကလေးများကိုသာ ဦးဆောင်နိုင်သည့် ဘဝတစ်ခုတွင် နေနေရလေသည်။ သူသည် ထိုကိစ္စထံမှ အကျိုးအမြတ်များ ရနေသေးသည်။ ထို့ကြောင့် ထိုနောက်ပိုင်းတွင် သူသည် ဘာမေးခွန်းကိုမှ မမေးတော့ချေ။ သူက လျှိုမြောင်ထဲက မြေကွက်ငယ်လေးကို စိုက်ပျိုးပြီး သူ့အတွက်ချထားပေးသည့် ကြက်နှင့်ဘဲများကိုမွေးမြူကာ အစားအသောက်ကို ချွေတာဖို့ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ ကလေးများက ဗိုက်ဆာသည်ဟု ငိုယိုကြလျှင် လူကြီးများနှင့် သူ၏ညီနှစ်ယောက်က ကြည့်နေနိုင်ရက်မည် မဟုတ်ချေ။ ကလေးများက အစားအသောက်ရလိမ့်မည်။
ဒါသည် အနည်းငယ် အရှက်ရဖွယ်ကောင်းသော်ငြားလည်း သူသည် အစားအသောက်ကို မတောင်းဆိုရသ၍ တော်သေးသည်ဟု ခံစားရလေသည်။ ဒါသည် သူ့လုပ်နိုင်စွမ်း၏ အတိုင်းအတာတစ်ခုဖြစ်သလို သူ့ကလေးများကိုလဲ သူ ပြုစုပျိုးထောင်လာသည့်ပုံပင်။
လုသလန်က လက်ရှိအခြေအနေကို ကျေနပ်ရောင့်ရဲလေသည်။ သူသည် တစ်ယောက်ထဲဖြစ်နေသည်မှာ သိသာသော်ငြားလည်း သူ၏ မြေကွက်သေးသေးလေးကို စိုက်ပျိုးရခြင်းဖြင့်သာ စိတ်ကျေနပ်လေသည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းနှင့် ပတ်သတ်ပြီး ရှက်ရွံ့စရာ ဘာမှမရှိချေ။ အားလုံးက ကိုယ်ပိုင်အသက်ရှင်ရမည့်နည်းလမ်းများ ရှိပေသည်။
လက်ရှိအခြေအနေကို ကျေနပ်နေမိသည်တွင် ဝမ်ချွန်းညန်က ဒုတိယခယ်မလေး၏အခြေအနေကို မေးမြန်းလာသောအကာ လုသလန်၏ အစောပိုင်းတုံ့ပြန်မှုသည် နာကျည်းခြင်းမဟုတ်ဘဲ သံသယဖြစ်ခြင်းသာရှိတော့သည်။
"မင်းက ဘာလုပ်ချင်လို့လဲ"
သူ ပြသာနာ ထပ်ရှာအုံးမလို့လား။
လုသလန်၏မျက်နှာက ညိုမည်းသွား၏။
"ငါ့ဒုတိယညီလေးမိသားစု ဘာလုပ်တယ်ဆိုတာ၊ မင်းနဲ့ဘာဆိုင်လို့လဲ၊ တကယ်လို့ မင်းက အေးအေးချမ်းချမ်း နေရတာကို စိတ်ပျက်နေပြီဆိုရင်လဲ ငါတို့ကို မင်းနဲ့အတူတူ ဆွဲမထည့်နဲ့"
သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း ခြေသံများက ချဥ်းကပ်လာကာ ခေါင်းကိုလှည့်အကြည့်တွင် ရွှမ်းကျူးဝင်လာသည်ကို တွေ့လိုက်ရသည်။ လုသလန်၏ အမူအယာက ရှုံ့မဲ့နေ၏။
"မင်းအမေက အေးအေးချမ်းချမ်း နေရတာကို မကျေနပ်ဘူး ထင်ပါတယ်၊ မင်းနဲ့သနွီတို့ ပိုပြီးတော့ သတိထားသင့်တယ်၊ နောက်ပိုင်းကြရင် သူ့ကိုအပြင်ထွက်ဖို့ မင်းတို့အဘွားဆီက သော့သွားမတောင်းနဲ့တော့၊ ငါကတော့ ဒီကျန်တဲ့နှစ်တွေမှာ အေးအေးချမ်းချမ်းနဲ့ နေရဖို့ပဲမျှော်လင့်တယ်"
ဝမ်ချွန်းညန်သည် လုသလန်ကို တအံ့တသြဖြင့် စိုက်ကြည့်မိသည်။ နောက်တစ်စက္ကန့်တွင် သူမ၏ မျက်နှာများက တွန့်ရှုံ့သွားတော့သည်။ အတိတ်တွင် သူမသည် သူမ၏ဒေါသအတိုင်း သူ့ကိုအသံ ကျယ်ကျယ်ဖြင့် အော်ဟစ်ဆူငေါက်နိုင်သည်။ သို့သော်ငြားလည်း လုသလန်က သူမကို တစ်နေ့နှစ်နပ်သာ ကျွေးပြီး တစ်နပ်စီကလဲ အလုတ်ငယ်လေး နည်းနည်းမျှသာဖြစ်ရာ သူမသည် အသံကို မြှင့်ဖို့ပင် အားအင်ကင်းမဲ့နေသည်။ ထို့အစား သူမ၏အကြည့်များက အဆိပ်များဖြင့် ပြင်းထန်နေပြီး သူမ၏လေ သံကတော့ သရော်လှောင်ပြောင်မှုအပြည့်ပင်။
"လုသလန် ရှင် ယောက်ျားမှ ဟုတ်သေးရဲ့လား"
လုသလန်လို ခေါင်းငုံ့ခံတတ်သည့် တစ်စုံတစ်ယောက်ကပင် ယောက်ျား မဟုတ်ဘူးဟု ခေါ်ခံလိုက်ရလျှင် သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။ သူက ဝမ်ချွန်းညန်နှင့် ဆက်ဆံဖို့ပင် လုံးဝဆန္ဒမရှိတော့ဘဲ ရွှမ်းကျူးကိုသာ အာရုံစိုက်ထားလိုက်၏။
"ငါ့စကားကို ပေါ့သေးသေးလို့မမှတ်နဲ့၊ အခုအပြင်ဘက်မှာ မလုံခြုံတော့ဘူး၊ မင်းရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေးတို့ကလဲ ၇ရက် ၈ရက်လောက်နေပဲ လျှိုမြောင်ထဲကို ပြန်လာကြတော့တယ်၊ သူတို့တွေက ညအမှောင်ရဲ့ အကာအကွယ်အောက်မှာပဲ ပြန်လာလို့ရတော့တယ်၊ မင်းအမေကို နောက်ထပ် ပြသာနာဖြစ်အောင် ထပ်မလုပ်စေနဲ့၊ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ ငါတို့မှာ အသက်ရှင်ဖို့အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး"
ရွှမ်းကျိုးမှာ ဆွံ့အသွားတော့သည်။ သူသည် သူ့အဖေကို အမှန်ပြင်ပေးချင်လေသည်။ သူ့အမေသာ နောက်ထပ်ပြသာနာရှာခဲ့လျှင် သူတို့မိသားစုတစ်ခုသာ ထွက်လမ်းမရှိတော့မည်မဟုတ်ဘဲ လျှိုမြောင်တစ်ခုလုံး နစ်နာကြရလိမ့်မည်အထိ ဖြစ်နိုင်သည်ဟုပင်။ သို့သော်ငြားလည်း သူသည် နှုတ်ခမ်းများကိုလှုပ်ဖို့ရန်ပင် အင်အားမရှိချေ။ ထို့ကြောင့် ခေါင်းကိုအနည်းငယ်ငြိမ့်ကာ အသိအမှတ်သာ ပြုလိုက်တော့သည်။
သားဖြစ်သူက ခေါင်းငြိမ့်ပြသည်ကို မြင်လိုက်သည်တွင် ဝမ်ချွန်းညန်သည် စိတ်ဓာတ်ကျသွားတော့သည်။ လုသလန် ထွက်သွားပြီးနောက်တွင် သူမက ရွှမ်းကျိုးဘက်သို့လှည့်ကာ
"နင်က ငါ့ဗိုက်ထဲကနေ ထွက်လာတာပဲ၊ ဒါတောင် နင်က ငါ့ကိုဒီလိုပုံစံနဲ့ ဆက်ဆံနေရသလား"
ရွှမ်းကျိုးက သူ့အိပ်ယာဘေးတွင်ထိုင်ချလိုက်ကာ ဒူးပေါ်တွင်ခေါင်းကို ချထားလိုက်သည်။ သူသည် အိန္ဒြေပြန်ရလာသည်နှင့် စကားပြန်ပြောလိုက်၏။
"အမေ အဖေပြောနေတဲ့စကားက အဓိပ္ပါယ် မရှိတာ မဟုတ်ဘူး၊ အပြင်ဘက်မှာ တကယ်ပဲ မလုံခြုံတော့ဘူး၊ အမေ့အတွက် လျှိုမြောင်ထဲမှာပဲ အန္တရာယ် ကင်းကင်းနဲ့ ပုန်းခိုနိုင်တာ မကောင်းဘူးလား၊ အမေက ဒုတိယအဒေါ်လေးကိစ္စကို ဘာလို့စိုးရိမ်နေတာလဲ"
"မေးခွန်းလေး မေးတာက သူ့ကို ဘာဖြစ်သွားစေမှာမလို့လဲ၊ အပြင်လောကမှာ ယောက်ယက်ခတ်နေတယ်လို့ ပြောတယ်၊ ဒါပေမဲ့ နင့်အဖေက ဘယ်လိုလုပ်ပြီးသိမှာလဲ၊ သူက ငါတို့ကို စောင့်ကြည့်နေတဲ့သူတွေထဲက တစ်ယောက်ပဲ မဟုတ်ဘူးလား"
ရွှမ်းကျိုးက သူမကိုကြည့်လိုက်၏။
"ဒါဆိုရင် သူတို့တွေအားလုံးက ဘာဖြစ်လို့ကျွ န်တော်တို့ကို စောင့်ကြည့်နေကြတာတဲ့လဲ"
ဝမ်ချွန်းညန်သည် ချက်ချင်းနှုတ်ဆိတ်သွားတော့သည်။
ရွှမ်းကျိုးက သူ့မျက်နှာကိုပွတ်လိုက်၏။ စကားလုံးများက အစောကြီးကတည်းက ပျောက်ရှကုန်သည်။ ဒီအချိန်တွင် သူပြောနိုင်သည်မှာ စကားတစ်ခွန်းသာရှိတော့သည်။
"အမေ အမေနားသင့်ပါပြီ"
၂ရက်ကြာပြီးနောက်တွင် စန်းလော့နှင့်ရှန်းလီတို့ သည် ကျိုးမိသားစုအိမ်သို့ အလည်ရောက်လာချိန်တွင် ကျိုးလိုင်ကျီ၏အိမ်ထောင်စုနှင့် သားသတ်သမားကျန့်တို့၏ အိမ်ထောင်စုကို ဗဟိုထားကာ ပတ်ဝန်းကျင်တွင် နေရရုံလောက်သာ ဆောက်ထားသည့်တဲစုလေးများက ပုံပေါ်လာသည်။
ဒါက လျာထားချက်တစ်ခု သာဖြစ်သည်။ အကြောင်းမှာ မြေရာဖော်ဆောင်ခြင်းနှင့် တံတိုင်းများတည်ဆောက်ခြင်းက လုပ်နေဆဲဖြစ်သောကြောင့်ပင်။
ဖန်းမိသားစုသည် အပြင်ဘက်တွင် သူတို့၏ အရည်အချင်းများကို သွေးလာခဲ့ကြပြီး ဖုံးကွယ်ရာတွင် ကောင်းကောင်းလေးသိကြသည့် မိသားစုတစ်ခုဖြစ်သည်။ ပုန်းခိုခြင်းက သူတို့၏ထိပ်တန်းဦးစားပေးအရာပင်။ သို့တိုင် သူတို့သည် ကျိုးလိုင်ကျီ၏ မြင့်မားသည့်တံတိုင်းများက ပဲစေ့များနှင့် အသီးအရွက်များ ပေါများကြွယ်ဝစွာ ပြည့်နှက်နေသည်ကို မြင်လိုက်ချိန်တွင် ဒီနေရာ၌ နောက်ပိုင်းမှ အခြေချလာသည့် ကျန့်မိသားစုကပင် သူတို့၏ မြင့်မားသည့် တံတိုင်းအတွင်းတွင် ကောက်ပဲသီးနှံများ ပေါများကြွယ်ဝစွာ ရှိနေလေသည်။
ဒါသည် အားကျစိတ်မဖြစ်ဘဲ မနေနိုင်ချေ။ သူတို့တွင်လဲ မျိုးစေ့များရှိလေသည်။ သို့သော်ငြားလည်း ပုန်းခိုနေရပြီး အပြင်ဘက်တွင် မည်သို့စိုက်ပျိုးရဲနိုင်ပါမည်နည်း။ သူတို့သည် နှစ်ဝက်ကျော်အတွက် တောဟင်းရွက်များကိုသာ မှီခိုအားထားခဲ့ရလေသည်။
စိုက်ပျိုးရေးစိတ်ကူးသည် တဒင်္ဂအမြစ်တွယ်လာသည်နှင့် ချိုးနှိမ်ဖို့ရန် ခက်ခဲလေသည်။
ဒါသည် အပြင်ဘက် မဟုတ်တော့ချေ။ သူတို့သည် တောင်အတွင်းပိုင်း နက်ရှိုင်းသည့်နေရာတွင်ရောက်နေပြီး ချီယန်စီရင်စုပတ်ဝန်းကျင်က ကျယ်ပြောလှသည့်နယ်ပယ်က ဟွေ့မြစ်အတွင်းတွင် ပြန့်ကျဲနေသည့် စစ်တုရင်ရုပ်လေးများလို ဖြစ်နေသည်။ လူတစ်ယောက်နှင့် တစ်ယောက်ကြားတွင် ကွာခြားချက်က အနည်းငယ်သာရှိလေသည်။ အုပ်ချုပ်ရေးအတွက် ယှဥ်ပြိုင်နေသည့် နန်းတွင်းတပ်များနှင့် ပုန်ကန်သူ၂ဖွဲ့စလုံးက နယ်မြေများကိုခုခံခြင်း သိမ်းယူခြင်းဖြင့် အလုပ်များနေကြသည်။ သူတို့သည် ဒီလိုဝေးကွာလှသည့် အတွင်းပိုင်းတွင် ပုန်းခိုနေကြသည့် ပြန့်ကျဲနေသည့် ပြည်သူများကို ရှာဖွေဖို့ရန်အတွက် အချိန်နှင့်လူအင်အား အများအပြားကို ဖြုန်းတီးကြလိမ့်မည် မဟုတ်ပေ။ ယခုအချိန်တွင် သူတို့၏ တစ်ခုတည်းသော စိုးရိမ်ရသည့်အကြောင်းမှာ မကောင်းသည့်ရည်ရွယ်ချက်များ ရှိနေသည့် တစ်ဦးတစ်ယောက်ကို စောင့်ကြည့်ရန်သာ ဖြစ်လေသည်။ ဒီလို အတွင်းပိုင်းနယ်မြေအတွင်းတွင် လူရာချီကျော် အတူတူနေထိုင်ခြင်းတွင် သူတို့ကလဲ လက်နက်များကို ကောင်းကောင်းတတ်ဆင်ထားကြပေသည်။
သူတို့သည် တတ်နိုင်ကြလျှင် ခုခံကြလိမ့်မည်ဖြစ်ကာ မတတ်နိုင်လျှင် ထွက်ပြေးကြလိမ့်မည်။ သို့သော်ငြားလည်း သူတို့သည် မြေရာများကိုတော့ သေချာပေါက် စိုက်ပျိုးရပေမည်။
အရေးအကြီးဆုံး ဖိနှိပ်နေသည့်ပြသာနာမှာ သူတို့၏ အစားအသောက်ရိက္ခာများက ကြာကြာမခံတော့ခြင်းပင်။ ဖန်းမိသားစုနှင့် ကန်းမိသားစုတို့လို ကြိုတင်ပြင်ဆင်ထားသည့် လူများပင် သူတို့၏မျိုးနွယ်စုထဲတွင် ဆင်းရဲနွမ်းပါးလာသည့် မိသားစုဝင်များ ရှိလာသည်။ အဆင်ပြေဖို့ရန် ရုန်းကန်ခဲ့ရသည့် ကျိုးလိုင်ကျီတို့လိုသူများလဲ ရှိလေသည်။ ထို့ကြောင့် အသစ်ရောက်လာသူများသည် သူတို့ရောက်လာသည့်ညမှပင် ကျိုးလိုင်ကျီနှင့် သားသတ်သမားကျန့်တို့၏မိသားစုနည်းတူ ရွေးချယ်မှုတစ်ခုကို မြန်မြန်လုပ်လိုက်ကြသည်။
သူတို့သည် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးဖို့ရန် မြေများကို ထွန်ယက်ရပြီး ဆောင်းမဝင်ခင် ဆောင်းဦးနှောင်းပိုင်း ကောက်ပဲသီးနှံများကို စိုက်ပျိုးနိုင်ရန် မျှော်လင့်လေသည်။ တစ်လ သို့မဟုတ် တစ်လကျော်လောက် အတွင်းတွင် သူတို့သည် သူတို့၏စိုက်ပျိုးထားသည့်အရာများကို ခံစားရနိုင်ပေလိမ့်မည်။
အုပ်စုကြီးတစ်ခုရှိနေသည့်အပြင် ရှန်းလီနှင့်တစ်ခြားသူများက ဒီနေရာကို မကြာခဏကင်းလှည့်ပေးကြပြီး တောရိုင်းတိရိစ္ဆာန်များ၏ အထူးတလည် ခြိမ်းခြောက်ခြင်းမျိုးကို တာဆီးပေးလေသည်။ ထို့ကြောင့် အသစ်ရောက်လာသူများသည် ကျိုးမိသားစုလို ဂူများကို ရှာဖွေသည်ဖြစ်စေ ကျန့်မိသားစုလို သစ်လုံးအိမ်များကို တည်ဆောက်သည်ဖြစ်စေ သူတို့နေထိုင်သည့် အဝန်းအဝိုင်းကိုသာ အကာအကွယ်ပြုလုပ်ရန် လိုပေသည်။ စိုက်ပျိုးရမည့်နေရာများအတွက်တော့ သူတို့သည် မြေများကို အရင်ဆုံးရှင်း လင်းကြပြီး နောက်ပိုင်းတွင် ရိုးရှင်းသည့် စည်းရိုးများကို ထောင်ထားကြလိမ့်မည်။
စန်းလော့နှင့်ရှန်းလီတို့ ရောက်လာချိန်တွင် အိမ်ထောင်စုတစ်ခုချင်းစီ၏ အခြေအနေချထားသည့် လျာထားသည့်နေရာများက သိသာထင်ရှားလာပြီး မြေအများစုကလဲ စိုက်ပျိုးပြီးသားဖြစ်နေသည်။ ဒီအခိုက်အတန့်တွင် အိမ်ထောင်စု တစ်ခုချင်းစီကလူများသည် အိမ်များကို တည်ဆောက်နေသည်ဖြစ်စေ၊ လယ်များကို စိုက်ပျိုးနေသည်ဖြစ်စေ၊ အစားအသောက်များကို ပြင်ဆင်နေကြပြီး မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ စားဖို့ပြင်နေကြလေသည်။
တုန်းကဲက အဝေးမှနေပြီး စန်းလော့ကို သတိထားမိလိုက်၏။ ဝမ်းသာအားရဖြင့်ထရပ်ကာ သူမကို လက်ဝှေ့ယမ်းပြလိုက်သည်။
"စန်းရှီ၊ အစ်ကိုကြီး"
သူ၏ ဝမ်းသာအားရအော်သံ စန်းရှီဟု သူ၏ ဝမ်းသာအားရအော်သံကို ကြားလိုက်သည်တွင် တုန်းကဲ၏အမေက အပြေးအလွှားထွက်လာကာ သူမကို နှုတ်ဆက်သည့်အပြင် တုန်းကဲကိုလဲ ဖမ်းဆွဲထားရလေသည်။ ကံအားလျော်စွာ တုန်းကဲကလဲ နောက်မှလိုက်လာသည့် စန်းလော့၏ခင်ပွန်းကိုလဲ လှမ်းခေါ်လိုက်သည်။
ဒီလို အတွေးရှင်းလှသည့် ဒုတိယသားက စန်းရှီနှင့် အသက်အရွယ်တူနီးပါး ထင်ရသည်။ သူသည် အဘယ်ကြောင့်များ ထိုမျှလောက် စိတ်အားထက်သန် နေရပါသနည်း။
တုန်းကဲ၏အမေက စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး တုန်းကဲကတော့ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။
"စန်းရှီ၊ အစ်ကိုကြီး မနက်စာစားပြီးကြပြီလား"
"စားပြီးပါပြီ"
စန်းလော့က သူ့လက်ထဲကပန်းကန်လုံးကို လှမ်းကြည့်လိုက်သည်တွင် တောဟင်းရွက်၊ ပဲနှင့် မြက်သီးများအပြည့်ပါနေသည်ကို တွေ့လိုက်ရ၏။
သူမ၏အကြည့်မှာ စိုးရိမ်စိတ်ကြောင့် လေးလံသွားတော့သည်။ အခက်အခဲကြားတွင် ပြုံးပြနိုင်သေးသည့် ဒီကောင်လေးထံက အပြုသဘောဆောင်သည့် သဘောထားအမြင်တစ်ခုကို မြင်ရသည်မှာ ရှားပါးလေသည်။ သူမက တစ်ဝက်လောက် ထယ်ထိုးထားပြီးသားဖြစ်သည့် မြေကိုကြည့်လိုက်ပြီး တုန်းကဲကိုမေးလိုက်၏။
"နင်တို့ ဒီမြေကို စိုက်ပျိုးကြမလို့လား"
တုန်းကဲက အားတက်သရော ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ်၊ ကျွန်တော်တို့ ဆိုင်တာဝန်ခံက ကျွန်တော်တို့ကို ဟင်းသီးဟင်းရွက်မျိုးစေ့တွေ နည်းနည်းပါးပါး ပေးခဲ့တယ်လေ၊ ကျွန်တော်တို့တွေက ဒါကို အရင်စိုက်ဖို့လိုနေတာ၊ ဟိုနားက မြေကွက်ကလဲ ကျွန်တော်တို့ပိုင်တာပဲလေ"
တုန်းကဲ ပြလိုက်သည့်ဘက်ကို လှမ်းကြည့်သည်တွင် စန်းလော့သည် မြေနေရာကို လေ့လာကြည့်လိုက်၏။ တောင်ထဲကမြေကို ရှင်းလင်းထားခြင်းတွင် သစ်ပင်များကို ခုတ်လှဲထားပြီး သစ်ပင်တော်တော်များများကိုလဲ ဖယ်ရှားထားသည်။ တစ်ခုခုရင်းနှီးသည့်အရာက သူမ၏မျက်လုံးထဲသို့ ဝင်လာသည်။
ဝဥဖြစ်သည်။ သူမသည် ဒီခေတ်သို့ ပထမဦးဆုံး ရောက်လာချိန်က နတ်သမီးတို့ဟူးနှင့်ဝဥများကို အားကိုးကာ သူမ၏အသက်မွေးဝမ်းကြောင်းကို တည်ထောင်ခဲ့ရသည်။ သို့သော်ငြားလည်း ဒေသခံများအတွက်ကတော့ အပင်တစ်ခုလုံးသည် အဆိပ်ရှိသည်ဟုထင်သည်။ အတိတ်က ကလေးများက မတော်တဆစားမိမည်ကို စိုးရိမ်သဖြင့် ရွာအနီးအနားက ဝဥပင်တိုင်းကို ချက်ချင်း တူးထုတ်ပစ်လိုက်ကြသည်။
စန်းလော့သည် မနေနိုင်တော့ဘဲ အနားသို့ချဥ်းကပ်သွားမိ၏။ သူမသည် ထိုကိစ္စနှင့်ပတ်သတ်ပြီး ခံစားချက်များ ရောနှောနေလေသည်။
ယခုအချိန်သည် ဝဥတူးရမည့်အချိန်ဖြစ်လေသည်။ သူမက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ဓားကိုသုံးကာ ရှည်လျားသည့် ပင်စည်အရိုးကို ခုတ်ဖြတ်လိုက်ပြီး အနည်ဆုံး ပေါင်၂၀လောက် အလေးချိန်ရှိသည့် ကြီးမားလေးလံသည့် ဝဥကြီးကို ဆွဲမလိုက်၏။
တုန်းကဲ၏အမေက စိုးရိမ်သွားတော့သည်။
"စန်းရှီ ဒီပစ္စည်းတွေက အဆိပ်ရှိတယ်လို့ ပြောကြတယ်နော်၊ ဒါကို မထိသင့်ဘူး"
စန်းလော့က ပြုံးကာ ခေါင်းကာပြလိုက်၏။
"အဆိပ်တွေကို ဖယ်ပစ်လို့ရပါတယ်၊ ဒါကို စားလို့ရတယ်"
သူမ၏စကားလုံးများက ပတ်ဝန်းကျင်ကလူ့အဖွဲ့ကို မှင်သက်အံ့သြသွားစေတော့သည်။ သူတို့နှင့် အဖော်လိုက်လာခဲ့သည့် ဆိုင်တာဝန်ခံရွှီ ရှန်းလီနှင့် ကန်းမိသားစုတို့ အားလုံးက တအံ့တသြဖြစ်သွားကြသည်။ သူတို့သည် စန်းလော့ကို လှည့်ကြည့်လိုက်ကြ၏။
စန်းလော့က ဘာတစ်ခုမှဖုံးကွယ်မထားဘဲ ရှင်းပြလိုက်၏။
"ရှင်တို့တွေလဲ အရင်တုန်းက စားခဲ့ဖူးကြပါတယ်၊ ဆိုင်တာဝန်ခံရွှီ ဒီသတ်သတ်လွတ်အူကြမ်းဆိုတာက နတ်ဆိုးလျှာလို့ခေါ်တဲ့ ဒီဝဥ ကနေ လုပ်ထားတာပါ"
ဒီဖော်ပြချက်ကြောင့် အရင်ကဝဥရောင်းခဲ့သည့် ဆိုင်တာဝန်ခံရွှီနှင့် ကန်းရှီတို့နှစ်ယောက်စလုံးမှာ မှင်သက်အံ့သြသွားကြတော့သည်။
စန်းလော့က အချိန်ဖြုန်းမနေတော့ချေ။ သူမက တုန်းကဲကို မေးလိုက်၏။
"နင်ဘယ်မှာနေတာလဲ၊ ငါ့ကိုလမ်းပြ၊ ဝဥကို အဆိပ်ဖယ်တဲ့နည်း သင်ပေးမယ်"
အနီးအနားတွင် မြေကိုရှင်းလင်းနေသည့် ဖန်းမိသားစုက လူတစ်ချို့ကလဲ ဒီစကားဝိုင်းကို ကြားလိုက်ပြီး သိလိုစိတ်ဖြင့် အနီးအနားတွင် စုဝေးလာကြသည်။ ဝဥက ပေါများကြွယ်ဝစွာ ပေါက်နေသည်။ တစ်ကြိမ်ပေါက်လာလျှင် ကျယ်ပြောသည့် အခင်းကြီးတစ်ခုဖြင့် ပြန့်သွားသည်။ တုန်းကဲမိသားစုက တစ်ချို့ကို ရှာဖွေခဲ့သည့်အပြင် တစ်ခြားအိမ်ထောင်စုများကလဲ ထိုအရာများကို မတော်တဆတွေ့ရှိခဲ့ကြသေးသည်။ ရွာထဲတွင် ကြီးပြင်းလာကြသည့် ထိုသူများက ငယ်ဘဝကတည်းက ဒီအပင်ကိုအဆိပ်ရှိသည်ဟု သတိပေးခံထားရသည်။
အခုတော့ ဒါကစားလို့ရပြီး အဆိပ်ကိုဖယ်ရှားနိုင်သည့်ဟု တစ်စုံတစ်ယောက်က ပြောလေသည်။
ဒါသည် အာရုံဆွဲဆောင်မှုကို မခံရဘဲ အဘယ်မှာရှိပါမည်နည်း။ ရုတ်တရက်ဆိုသလို လူတော်တော်များများက သူတို့နောက်က လိုက်လာပြီး တစ်ချက်လာကြည့်ကြတော့သည်။
ကန်းရှီက အနည်းငယ်စိုးရိမ်သလို ခံစားမိ၏။ သူမက စန်းလော့ကိုကြည့်ကာ လှမ်းခေါ်လိုက်သည်။
"အားလော့"
စကားတစ်ခွန်းမှမပြောပဲ သူမ၏အမူအယာက ဒါက စန်းလော့၏ စားဝတ်နေရေးလေဟု ပြောနေသည်မှာ ထင်ရှားလေသည်။
စန်းလော့က ကန်းရှီကိုလှမ်းကြည့်လိုက်ပြီးနောက်တွင် သူမ၏အကြည့်ကို တုန်းကဲ၏မိသားစုဆီသို့ ပြန်လွှဲထားလိုက်သည်။ ခုနတုန်းက တုန်းကဲ ပန်းကန်ထဲက တောဟင်းရွက်နှင့် မြက်သီးများကို ပြန်စဥ်းစားလိုက်မိသည်တွင် စန်းလော့သည် နှုတ်ဆိတ်သွားတော့သည်။
အမှန်အတိုင်းပြောရလျှင် သူမသည် သူမ၏စီးပွားရေးလုပ်ငန်းကို ဖော်ပြဖို့ရန် ရည်ရွယ်ချက်မရှိချေ။ နတ်သမီးတို့ဟူးကဲ့သို့ပင် သူမသည် သူမကိုယ်တိုင် စားသောက်ဖို့ရန်အတွက် မကြာခဏသာ တစ်ချို့ကို ခူးဆွတ်ခဲ့သည်။ အဆင်းရဲဆုံးမိသားစုဖြစ်သည့် ကျိုးလိုင်ကျီ၏မိသားစုကပင် ရှန်းလီနှင့်ချန်းသရှန်တို့၏ အကူအညီဖြင့် စားစရာပမာဏ တော်တော်များများကို စုဆောင်းမိခဲ့လေသည်။
အသစ်ရောက်လာသည့်သူများက မည်သို့ အဆင်ပြေပါမည်နည်း။
တုန်းကဲ၏မိသားစုလို မိသားစုဘယ်နှစ်ခုလောက်ကို ရှန်းလီနှင့်ချန်းသရှန်တို့က ခေါ်လာနိုင်ပါမည်နည်း။ ထို့အပြင် ဒီနေရာတွင် ဒေသခံများရင်းနှီးသည့် စားသောက်လို့ရသည့် အပင် များများစားစားလဲ မရှိတော့ချေ။ တုန်းကဲ၏မိသားစုက မြက်သီးများကို စားသောက်နေရသည်ကို မြင်လိုက်ပြီး တူးဖော်လို့ရသည့် စားသောက်နိုင်သည့်ဝဥများကို မြင်လိုက်သည်တွင် စန်းလော့သည် ထိုအကြောင်းအရာကို ဖုံးကွယ်ထားဖို့စိတ်ဆန္ဒ ရုတ်တရက် ပျောက်ဆုံးသွားတော့ သည်။
"အခုလောလောဆယ်တော့ အသက်ရှင်သန်ဖို့ပဲ လုပ်ကြတာပေါ့၊ နောက်ပိုင်းကြရင် ငွေရှာဖို့အတွက် တစ်ခြားနည်းလမ်းတွေလဲ ရှိလာမှာပါ"
အမှန်တွင်တော့ တုန်းကဲ၏မိသားစုတစ်ခုသာ မဟုတ်ချေ။ တုန်းကဲတို့နှင့် အတူလိုက်လာကြသည့် တစ်ခြားမိသားစုများအပြင် ဖန်းမိသားစုတို့ထဲတွင် ရုန်းကန်နေရသည့်သူများကလဲ တုန်းကဲတို့ မိသားစုနေထိုင်သည့် ဂူအပြင်ဘက်တွင် စုဝေးလာကြသည်။ စန်းလော့က ဝဥကို အဆိပ်ဖယ်ရှားနည်းနှင့် ဝဥတို့ဟူးလုပ်နည်းများကို တစ်ဆင့်ချင်းသင်ပေးသည်တွင် လူများက ပိုရောက်လာပြီး လေ့လာကြတော့သည်။
အားလုံးကို သင်ကြားပေးပြီးနောက်တွင် သူတို့သည် နောက်ဆုံးအကဲခတ်နေသည့် အခြေအနေကို စောင့်စားရင်း စန်းလော့က ပြောလိုက်၏။
"တကယ်လို့ ရှင်တို့တွေက ဒါကို အခွံခွာပြီး ပါးပါးလေး လှီးထားပြီးတော့ အခြောက်လှမ်းပြီး သေသေချာချာလေး သိမ်းဆည်းထားမယ်ဆိုရင် အချိန်အကြာကြီးခံတယ်၊ နောက်တစ်နှစ်အထိတောင် စားလို့ရနိုင်သေးတယ်"
တစ်ချို့ကတော့ မသေမချာဖြစ်နေဆဲပင်။
"မိန်းကလေး အခုဒါကိုစားရင် တကယ်ပဲ အန္တရာယ်လား"
ဝဥက အဆိပ်ရှိသည်ဟူသည့်စိတ်ကူးသည် သူတို့၏စိတ်ထဲတွင် အမြစ်တွယ်နေလေသည်။
စန်းလော့က မဖြေရသေးခင်မှာပင် ဆိုင်တာဝန်ခံရွှီက အရင်ဆုံး ထုတ်ပြောလိုက်၏။
"ဟုတ်တယ်၊ ဒါက အန္တရာယ်ကင်းပါတယ်။ ဒါကို စီရင်စုထဲမှာလဲ အချိန်တစ်ခုအထိ ရောင်းချခဲ့တာပါ၊ စျေးလဲ တော်တော်လေး ကြီးတယ်၊ စန်းရှီရဲ့ စားဝတ်နေရေးထဲက အစိတ်အပိုင်းတစ်ခုဆိုလဲ ဟုတ်တယ်"
အမှန်အတိုင်းပြောရလျှင် သတ်သတ်လွတ်အူကြမ်းလို အရာမျိုးကို တောင်ထဲတွင် တွေ့ရတတ်ပြီး ဝဥမှ လုပ်ထားမည်ဟု သူသည် ထင်မထားခဲ့ချေ။ သူ့ကို ပိုပြီးအံ့သြရစေသည်က စန်းလော့သည် ဒီနည်းလမ်းကို မျှဝေပေးဖို့ရန် လိုလားနေခြင်းပင်။
လက်ထဲတွင် ဒီနည်းလမ်းတစ်ခုရှိနေလျှင် ဒါသည် စွန့်စားမှုကင်းမဲ့သည့် စီးပွားရေးတစ်ခု အမှန်ပင်ဖြစ်လေသည်။ ဒါသည် ချမ်းသာကြွယ်ဝမည့်အရေးကို မဖော်ဆောင်နိုင်ပေးသော်ငြားလည်း တစ်နှစ်ပြီးတစ်နှစ် တည်ငြိမ်ပြီး အသင့်အတင့်ရှိသည့် ဝင်ငွေတစ်ခုကို သေချာပေါက်ပေးနိုင်သည်။
ဒါကို သင်ကြားပေးပြီးသည်တွင် စန်းလော့သည် နောက်ထပ်အသိပညာများကို ဝေငှဖို့ရန်တွန့်ဆုတ်မနေချေ။ တုန်းကဲ၏ဂူအနီးအနားတွင် သူမသည် နတ်သမီးတို့ဟူးသစ်ရွက်များကို ရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးကို ထိုအပင်အား မှတ်သားရန် ခေါ်ဆောင်သွားလိုက်ကာ တစ်ချို့ကို ခူးဆွတ်လိုက်လေသည်။ ထို့ နောက်တွင် သူမက တစ်ယောက်ယောက်၏ အိမ်တွင် ဖျဥ်ကြမ်းပိတ်စရှိသလားဟု မေးလိုက်၏။
လူတော်တော်များများက ပြန်ဖြေကြသည်။ သူတို့ထဲက တစ်ယောက်က အကြံပြုလိုက်၏။
"ကျွန်မအိမ်က ဒီနားမှာပဲ ကျွန်မ အခု ချက်ချင်း သွားယူလိုက်မယ်"
ထိုသို့ပြောလိုက်ပြီးနောက် သူမက ပြေးထွက်သွားလေသည်။
သူမသည် ထွက်သွားပြီးပြန်လာသည်တွင် ပိုမိုများ ပြားလာသည့်လူများက တုန်းကဲ၏ဂူလေးအပြင်ဘက်တွင် စုဝေးလာကြပြီး သတင်းကိုကြားလိုက်ကြသည့် ကျိုးလိုင်ကျီတို့မိသားစု အပါအဝင် ထို့ နောက်တွင် ဖန်းမျိုးနွယ်က ဖန်းအကြီးအကဲကလဲ နောက်မှ အနီးကပ် လိုက်လာလေသည်။
အတော်များများက ဝဥလုပ်နည်းနှင့် နတ်သမီးတို့ဟူးလုပ်နည်းများကို တတ်မြောက်သွားပြီဖြစ်သည်။ ထို့ကြောင့် စန်းလော့က ဂရုစိုက်ရမည့် အရေးကြီးသည့်အချက်ကို အလေးပေးပြောလိုက်၏။ သူတို့သည် အထဲကပစ္စည်းကို ခဲသွားအောင်စောင့်ဖို့ရန် လိုအပ်သည့်ကြာမြင့်ချိန်ကို ခန့်မှန်းလိုက်ကြသည်။ နေရောင်ကို လှမ်းကြည့်လိုက်ပြီး သူတို့သည် မြန်မြန်လုပ်ဖို့လိုအပ်ကာ အမဲလိုက်ရအုံးမည်မှန်း သိလိုက်ပြီးနောက် အလောတကြီး နှုတ်ဆက်ကာ ထွက်သွားတော့သည်။
လူအုပ်ကြီးက တိုးဝှေ့နေကြသည်။ နောက်မှရောက် လာသည့်လူများက အစောပိုင်းတွင် ရောက်နှင့်နေကြသည့်လူများအား လုပ်ငန်းစဥ် အတိအကျကို မေးမြန်းနေကြသည်။ သူတို့သည် သူတို့မေးခွန်း၏ အဖြေကိုရသွားသည့်အချိန်တွင် သူတို့ကိုသင်ပေးခဲ့သည့် အမျိုးသမီးငယ်လေးက ပြန်သွားနှင့်ပြီကို တွေ့လိုက်ရလေသည်။
သူတို့သည် မနေနိုင်တော့ဘဲ ဆက်ပြီးမေးမြန်းကြလေရာ သူမသည် ရှီလီရွာက စန်းမိန်ကလေးဟုခေါ် သည်ဟုသာ သိလိုက်ရတော့သည်။
...
အပိုင်း (၁၉၂) ဆူပူမှု
ကျိုးမိသားစု နေထိုင်ရာအနီးအနားသို့ လူတစ်ရာကျော်လောက် ခေါ်လာပေးခဲ့သည့် အားသာချက်မှာ ရှန်းလီနှင့် ချန်းသရှန်တို့သည် အမဲလိုက်ခရီးအတွက် ကျိုးမိသားစုနှင့်ကျန့်မိသားစုတို့ကို သွားခေါ်ပေးဖို့ရန် မလိုတော့ချေ။ ဖန်းမိသားစုမှ လူငယ်များနှင့် ကန်းသလန်တို့ပါ ပါဝင်လေရာ သူတို့အဖွဲ့က လုံလောက်အောင်ကြီးမားနေပြီ ဖြစ်သည်။ သူတို့သည် စိုက်ပျိုးရေးများကိုဆောင်ရွက်ခြင်း၊ မြေများကိုရှင်းလင်းခြင်း၊ တောကြက်များကိုထောင်ဖမ်းခြင်း စသည်တို့ကို ပြသာနာမရှိဘဲ လုပ်ဆောင်နိုင်၏။
ရှန်းလီနှင့်ချန်းသရှန်တို့က ရွာအပြင်ဘက် တစ်ခြားဦးတည်ဘက်သို့သွားရန် ရွာသားများကိုခေါ်လာခဲ့သည်။
တောင်ပေါ်ကဝဥများကို ခူးဆွတ်ခြင်းစတင်သည်တွင် တစ်နှစ်ပတ်လုံး နေရောင်ခြည်ရရှိမှု နည်းပါးသောကြောင့် လျှိုမြောင်ထဲက နောက်ကျသွားသည့် ဆောင်းဦးကောက်ရိတ်သည့်အချိန်ကလဲ စတင်သည်။
အပြင်ဘက်ကရွာသားများသည် တောင်ထဲကဝဥများကိုတူးရင်း အလုပ်များနေကြစဥ် လျှိုမြောင်ထဲက ရိတ်သိမ်းသည့်ကိစ္စကိုလဲ နောက်တွင်နေခဲ့ကြသည့်သူများက ကိုင်တွယ်ကြသည်။ ကောက်နှံများကို မည်သူ့ဟာဟုခွဲခြားမနေဘဲ အိမ်ထောင်စုတစ်ခုဆီသို့ သယ်ဆောင်ပေးသည်။
လူကြီးများနှင့်အမျိုးသမီးများအပြင် ကလေးလုပ်အားများကလဲ ဒီကာလတွင် တော်တော်လေး အသုံးဝင်သည်။ ရှန်းကျင့်နှင့် ရှန်းယင်တို့လို ကလေးလေးတွေကပင် သူတို့တတ်နိုင်သည့် တာဝန်မှန်သမျှကို ကူညီဆောင်ရွက်ပေးကြသည်။
ဒါသည် အသက်ဝင်စည်ကားလှသည့် ကောက်ရိတ်သိမ်းသည့် မြင်ကွင်းပင် သို့သော်ငြားလည်း ရှန်းကျင့်က အဘိုးလုကို ကူညီပြီး ဝါးကျည်တောက်ထဲတွင် ရေသွားဖြည့်ပေးသည့်အချိန်တွင်တော့ ဆူပူမှုတစ်ခုက ဖြစ်လာလိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်မထားခဲ့ချေ။
ထိုအခိုက်တွင် အားလုံးက လုမိသားစု၏လယ်ကွင်းထဲတွင် စပါးများကို ရိတ်သိမ်းပေးနေကြသည်။ လျှိုမြောင်ထဲက ရွာသားများသည် လုမိသားစုဝင်များနှင့် အနီးကပ်ဆုံးဖြစ်ရာ အသက်အရွယ်ကြီးကြသည်နှင့်အမျှ အလုပ်လုပ်ရသည့်အချိန် ကြာလာသည်တွင် သူတို့သည် ရေဆာပြီးမောပန်းလာကြမည်က ရှောင်လွှဲလို့မရပေ။ ပိုပြီးပေါ့ပါးသည့်တာဝန်များကို ယူထားရသည့် ရှန်းကျင့်က အဘိုးလုက သူ၏ ဝါးကျည်တောက်ထဲတွင် ရေများကိုကြိုးစားထည့်ဖို့ရန် ရုန်းကန်နေရသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူက အကူအညီပေးလိုက်ပြီး ရေများကို ထပ်သွားခပ်ပေးလိုက်၏။ လုမိသားစုက အနီးဆုံးအိမ်ဖြစ်နေရာ သူက ထိုနေရာသို့ သွားလိုက်လေသည်။
ဒါကို မြင်လိုက်သည်တွင် ရှန်းယင်ကလဲ အနီးအနားတွင်ရှိနေသည့် အဘိုးချန်း၊ အဘွားချန်းနှင့် အဘွားရွှီတို့ကိုလဲ ရေလိုသေးလားဟု မေးလိုက်သည်။ အားလုံးက ပင်ပန်းနွမ်းနယ်နေကြသည်။ ထို့ကြောင့် ညီအစ်ကိုနှစ်ယောက်က ဝါးကျည်တောက်တစ်ခုချင်းစီယူကာ ထွက်လာခဲ့ကြသည်။
အမှန်တွင်တော့ လုမိသားစုသည် ဝမ်ချွန်းညန်ကြောင့် ဒီလိုစပါးရိတ်သည့် အရေးကြီးသည့်ကိစ္စအတွက်ပင် တစ်စုံတစ်ယောက်ကို နောက်တွင်ချန်ထားခဲ့ရသည်- လုသနွီ။
ရှန်းကျင့်က ရေသွားခပ်လိုက်သည်။ လုအဘွားကလဲ အမှန်ပင် အကူအညီပေးလေသည်။ ဒါသည် ဝါးကျည်တောက်ထဲတွင် ရေထည့်ရုံကိစ္စလေးပင်။ သို့သော်ငြားလည်း ရက်ပေါင်းများစွာ ဂူထဲတွင်ပိတ်မိခံနေရသည့် ဝမ်ချွန်းညန်သည် ရှန်းကျင့်ကို စူးစိုက်ကာကြည့်နေပြီး ရုတ်တရက် မခံချည့်မခံသာဖြင့် ခနဲ့သည့်စကားပြောလိုက်လေသည်။ "နင်တို့နှစ်ယောက်က နို့သောက်ရတယ်ပေါ့၊ နင်တို့ကိုပေးတဲ့ ဘယ်သူ့ကိုမဆို အမေလို့ သတ်မှတ်တယ်ပေါ့"
ရှန်းကျင့်သည် သူမကို လှမ်းကြည့်လိုက်ပြီး ရှန်းအန်းမှာထားသည့်စကားကို သတိရသွားကာ မတုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
သို့သော်ငြားလည်း သူ၏တိတ်ဆိတ်မှုက ဝမ်ချွန်းညန်၏ ပြီးခဲ့သည့်ရက်အနည်းငယ်က ချုပ်တီးထားရသည့်ဒေါသများကို လောင်စာဖြစ်သွားစေတော့သည်။ စန်းရှန်းနှင့် လီရှီတို့၏သားကပင် သူမကို လစ်လျူရှုထားသည်ကို မြင်လိုက်သည်တွင် သူမ၏ စိတ်အထဲတွင် တဖြည်းဖြည်း ကြီးမားလာသည့် ဒေါ သစိတ်များက ပေါက်ကွဲထွက်သွားတော့သည်။
"နင်တို့တွေက နင်တို့ရဲ့အံ့သြစရာကောင်းတဲ့ အစ်ကိုကြီးနဲ့မရီးနောက်ကို လိုက်လာတယ်ပေါ့၊ စည်းစိမ်တွေအားလုံးကို ခံစားနေတယ်ပေါ့၊ နင့်မိဘနဲ့နင့်ညီမ ဘယ်လိုသေသွားတယ်ဆိုတာကို မေ့သွားပြီလား"
ရှန်းကျင့်၏မျက်နှာသည် သိသိသာသာ ညိုမည်းသွားပြီး ရှန်းယင်ကတော့ ဖြူဆုတ်သွားလေသည်။
ညီအစ်ကိုနှစ်ယောက်၏ အမူအယာပြောင်းလဲသွားသည်ကို မြင်လိုက်သည်တွင် ဝမ်ချွန်းညန်သည်စိတ် ကျေနပ်သွားသည့် ခံစားချက်တစ်ခုဖြစ်သွား၏။
"ဒီလျှိုမြောင်က အရမ်းကို ပေါများကြွယ်ဝတာပဲ၊ ဒါတောင် နင်တို့မိသားစုတွေက ဝမ်းနည်းစရာကံတရားတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်၊ အခုမှ ဘာကိုကူညီတာတဲ့လဲ၊ တကယ်လို့ သူတို့တွေက သူတို့ထွက်သွားကတည်းက နင်တို့ကို ခေါ်သွားမယ်ဆိုရင် နင်တို့သုံးယောက်ကလဲ မိဘမဲ့တွေ ဖြစ်လာမှာတဲ့လား"
ရှန်းကျင့်နှင့်ရှန်းယင်တို့အပြင် လုသနွီ၏မျက်နှာကလဲ ဖြူဆုတ်သွားတော့သည်။ သူမက စူးရှနေအောင် အော်လိုက်၏။
"အမေ အမေဘာတွေပြောနေတာလဲ"
စည်းရိုး၏အပြင်ဘက်တွင် လုသနွီသည် သူမ၏ချင့်ချိန်သည့်စကားလုံးများကိုသာ ပြောလိုက်လေသည်။ သော့ကမရှိသဖြင့် သူမက အမေဖြစ်သူ၏ ပါးစပ်ကို ပိတ်ချင်လျှင်တောင် မပိတ်နိုင်ချေ။
"ငါ ဘာပြောနေတာလဲဟုတ်လား၊ ငါ အမှန်အတိုင်း ပြောနေတာလေ၊ တကယ်လို့ ငါသာ ရှန်းစန်းနဲ့လီရှီတို့ဆိုရင် ဒီလိုသားမျိုးတွေရှိရင် သူတို့တွေကို လည်းပင်းညှစ်သတ်ဖို့ ညပိုင်းကျရင် တစ္ဆေတစ်ကောင်လိုတောင် ထလာအုံးမယ်"
ဖတ်ခနဲမြည်သံတစ်ခုနှင့်အတူ အသံတစ်ခုသည် ရှန်းယင်၏ရေဖြည့်ထားသည့် ဝါးကျည်တောက်က မြေကြီးပေါ်သို့ကျသွားလေသည်။ ကျန်တစ်ခုကတော့ ရှန်းကျင့်သည် သူ၏ဝါးကျည်တောက်ကို ဝမ်ချွန်းညန်ကို ချုပ်နှောင်ထားသည့် စည်းရိုးဆီသို့ အားဖြင့်ပစ်လိုက်လေသည်။
လုသနွီက အလန့်တကြားဖြစ်သွားပြီး လက်များတုန်ယင်သွားကာ ရှန်းကျင့်ကို တောင်းပန်တိုးလျှိုးလိုက်သည်။
"ရှောင်ကျင့် အမေရဲ့ပေါက်ကရစကားတွေကို နားမထောင်ပါနဲ့"
ရှန်းကျင့်၏မျက်နှာက တွန့်ရှုံ့သွားပြီး သူ၏ အသက်ရှူသံမှာ မြန်ဆန်လာကာ အကြည့်မလွှဲပဲ ဝမ်ချွန်းညန်ကို စိုက်ကြည့်နေလေသည်။ သူက ဘေးတွင်ရပ်နေသည့် ရှန်းယင်ကိုပြောလိုက်၏။
"ရှောင်ယင် အရင်ထွက်သွား"
မျက်ရည်များက ရှန်းယင်၏မျက်လုံးထဲတွင် ဝဲတက်လာပြီး သူ့မှာ မလှုပ်ရှားနိုင်တော့ချေ။ ထို့နောက်တွင် ရှန်းကျင့်က လုသနွီကိုပြောလိုက်၏။
"ကျွန်တော့်ညီလေးကို အပြင်ခေါ်သွားပေးပါ"
လုသနွီကလဲ ထွက်မသွားနိုင်ပေ။ ရှန်းကျင့်က အော်ဟစ်လိုက်လေသည်။ "ထွက်သွားကြ"
လုသနွီသည် သူမထက်၂နှစ်ငယ်သော်ငြားလည်း အမှန်ပင် ကြောက်လန့်နေသည်။ နောက်ဆုံး သူမ၏ အမေသည် ဒီနေရာတွင် ချုပ်နှောင်ခံထားရသူဖြစ်မှန်း သူမ နားလည်လိုက်သည်။ ရှန်းယင်က ကြောက်ကြောက်လန့်လန့်ဖြင့် ငိုကြွေးနေသည်ကို မြင်လိုက်သည်တွင် သူမက သူ့ကို မြန်မြန်ဆွဲထုတ်သွားတော့သည်။
ဝမ်ချွန်းညန်ကလဲ ရှန်းကျင့်၏ ပြတ်သားလှသည့်အမိန့်ကြောင့် အလန့်တကြားဖြစ်သွားသည်။ သူမကို လှည့်ကြည့်လိုက်သည်တွင် သူမသည် အသက်၉နှစ်အရွယ် ကောင်လေးက ခက်ခက်ခဲခဲတံတွေးမြိုချပြီး စောစောက ထိတ်လန့်နေသည့်အမူအယာကို မြိုသိပ်ထားမှန်းမြင်လိုက်ရသည်။
လုသနွီက ရှန်းယင်ကို အပြင်ခေါ်ထွက်သွားသည်ကို ကြည့်လိုက်ပြီး ဝမ်ချွန်းညန်က ခနဲ့လိုက်ပြန်သည်။ "ဘာလဲ ငါ ပြောတာမှားလို့လား"
ရှန်းကျင့်က တစ်လှမ်းချင်း စည်းရိုးနားသို့ ချဥ်းကပ်လာပြီး သူ့မျက်လုံးများက ဝမ်ချွန်ညန်ဆီက လုံးဝမခွာချေ။ သူ၏ စူးရှသည့်မျက်လုံးထဲက အမှောင်ထုသည် ဝမ်ချွန်းညန်ကို ခြောက်ခြားဖွယ် ခံစားချက်တစ်ခုပေးနေပြီး သူမကို အလိုလိုနောက်ဆုတ်သွားအောင် လုပ်နေတော့သည်။
သို့သော်ငြားလည်း ထွင်းထုထားသည့်ဂူငယ်လေးထဲတွင် သူမအတွက် ရွှေ့စရာနေရာက မရှိချေ။ သူမက အိပ်ယာပေါ်တွင် ထိုင်ချလိုက်ပြီး စည်းရိုးနှင့်ခြေလှမ်းအနည်းငယ်သာ ကွာဝေးတော့သည်။
ရှန်းကျင့်က ဝမ်ချွန်ညန်ကို စိုက်ကြည့်လိုက်ပြီး "ခင်များက ကျွန်တော်တို့ ဒုက္ခတွေကို သိတယ်၊ ဒါပေမဲ့ ခင်များက အဲဒီ့ရဲ့အတိမ်အနက်ကိုရော တကယ်နား လည်လို့လား"
"ကျွန်တော့်မိဘနဲ့ညီမက ပျက်စီးသွားတယ်ဆိုတာ ခင်များ သိတယ်ပေါ့၊ သူတို့တွေ ဘယ်လိုသေသွားတယ်ဆိုတာရော ခင်များ သိလား"
သူ၏အစီအစဥ်တကျ စကားလုံးများနှင့် တည်ငြိမ်နေသည့် လေသံကိုကြားရသော်လည်း ထိုအပေါ်ယံအောက်က မတည်ငြိမ်သည့်ဒေါသတစ်ခုကိုတော့ ဝမ်ချွန်းညန်သည် လျစ်လျူမရှုနိုင်ချေ။
ဟုတ်ပါသည်။ သူသည် ငိုတစ်လှည့် ရယ်တစ်လှည့်ဖြစ်နေပြီး နှုတ်ဆိတ်သွားသည့်တိုင် သူ၏ရင်ဘတ်ကတော့ တသိမ့်သိမ့် တုန်နေလေသည်။ မျက်ရည်များက သူ့မျက်နှာပေါ်တွင် စီးကျလာပြီး ပြုံးလည်း မပြုံးသလို ငိုလည်းငိုရှိုက်မနေချေ။ ကလေးတစ်ယောက်၏မျက်နှာပေါ်က ရိုးရှင်းသည့်ပျော်ရွှင်မှု ဝမ်းနည်းမှုအမူအယာထက်ပင် အများကြီးပိုပြီး ကျောချမ်းဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်နေသည်။
သူ၏ရယ်သံများနှင့် မျက်ရည်များကြားကပင် သူသည် လက်တစ်ဖက်ကို သူ့နှလုံးပေါ်တင်ထားလိုက်ပြီး အချိန်တော်တော်ကြာပြီးနောက် အသက်ကိုရှူလိုက်ကာ သူက ဝမ်ချွန်းညန်ကို စိုက်ကြည့်လိုက်ပြီး
"ခင်များကို ပြောပြလိုက်မယ်၊ စပါးတွေကလဲ မရှိတော့ဘူး၊ လယ်ကွင်းထဲက ကောက်ပဲသီးနှံတွေကလဲ ဖျက်စီးခံလိုက်ရတယ်၊ အားလုံးကို ဘဲတွေလိုမြို့ထဲကို သွပ်သွင်းလိုက်ကြတယ်၊ စားဖို့အစားအသောက်လဲ မရှိဘူး"
"လူတွေက အချိန်အကြာကြီး ဆာလောင်မွတ်သိပ်လာတဲ့အခါ ဘာဖြစ်သွားလဲဆိုတာ ခင်များသိလား"
"သူတို့တွေက လူတွေရဲ့ အသားကိုစားပြီး ဖြေရှင်းနေကြတာကို ခင်များ မြင်ဖူးလား"
ဒီအချိန်တွင် သူ၏အသက်ရှူသံမှာ တဖြည်းဖြည်း မောဟိုက်လာပြီး သူ့ရင်ဘတ်ကလဲ တင်းကြပ်သလို ခံစားလာရသည်။ လက်တစ်ဖက်ကို ရင်ဘတ်ပေါ်ဖိထားပြီး သူ၏ နီရဲနေသည့်မျက်လုံးများက ဝမ်ချွန်းညန်ကို မခွာတမ်း ကြည့်နေလေသည်။
"ကျွန်တော့်ညီမ ဘယ်လိုသေသွားလဲဆိုတာ ခင်များသိလား၊ ဟမ်၊ ခင်များက ဒီလိုစကားမျိုးကို ပြောရဲတယ်လား"
ဤတွင် သူ၏စိတ်ခံစားချက်များမှာ ပွင့်အန်လာတော့သည်။
"မြို့ထဲမှာ ဇာတ်တူသားစားတယ်ဆိုတာ နေရာတိုင်းမှာပဲ၊ တကယ်လို့ ခင်များက တစ်ခြားသူတွေလို အမဲမလိုက်နိုင်ဘူးဆိုရင် သူတို့တွေက သူတို့ရဲ့ကိုယ်ပိုင်သားသမီးအရင်းကို တစ်ခြားသူတွေကို ကျွေးလိုက်တယ်၊ တကယ်လို့ သူတို့တွေက ကိုယ်တိုင်အဲလို မလုပ်နိုင်ဘူးဆိုရင် သူတို့တွေက သူတို့ရဲ့ကလေးတွေကို တစ်ခြားသူတွေကို ပေးလိုက်ပြီး အပြန်အလှန်အနေနဲ့ တစ်ခြားသူတွေရဲ့အသားကို တောင်းကြတယ်"
"ခင်များ ဒီလိုတွေ့ကြုံခဲ့ရဖူးလား၊ ဒါတောင်မှ ခင်များက အဲဒီ့စကားတွေကို ပြောရဲတယ်နော်"
"ကျွန်တော့်ညီမကို ကျွန်တော့်အဖေက သတ်လိုက်တာ၊ ကျွန်တော့်အမေက လက်တုံ့ပြန်တဲ့အနေနဲ့ သူ့ကို သတ်လိုက်တယ်၊ သူ့ကိုတစ်ချက်ထဲပဲ သေအောင်လုပ်လိုက်တာ၊ ခင်များ အဲဒါကို သိလား၊ တကယ်လို့ ကျွန်တော်တို့ကို ဆိုင်တာဝန်ခံရွှီကသာ မကယ်ပေးခဲ့ဘူးဆိုရင် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်နဲ့ ကျွန်တော်ကလဲပဲ သတ်ဖြတ်ခံလိုက်ရပြီး ပြုတ်စားခံလိုက်ရမှာပဲ"
"အဲလိုဆိုရင်ရော ဘယ်လိုလဲ၊ ကျွန်တော်တို့က အသက်ရှင်သန်ဖို့ မထိုက်တန်ဘူးလား၊ ဟမ်၊ မထိုက်တန်ဘူးလား"
"ကျွန်တော့်အစ်ကိုအကြီးဆုံးနဲ့ သူ့မိန်းမက ရန်သူတွေဖန်တီးဖို့ ကျွန်တော်တို့ကို ကယ်ခဲ့တယ်တဲ့လား ဟမ်"
သူ့လက်ထဲတွင်ကျန်နေသည့် နောက်ဆုံးဝါးကျည်တောက်ဖြင့် သူသည် စည်းရိုး၏တိုင်လုံးကြားထဲကို လက်လှမ်းလိုက်ကာ ဝမ်ချွန်းညန်၏ခေါင်းနှင့်မျက်နှာကို ရိုက်ပုတ်လေတော့သည်။
ရှန်းကျင့်သည် နာကျင်မှု၏လွမ်းမိုးမှုခံနေရပြီး သူ့ရင်ဘတ်ကို တင်းနေအောင် ဆုတ်ထားလေသည်။ စည်းရိုးတိုင်လုံးကို ကိုင်ထားသည်သာ မဟုတ်လျှင် သူသည် မြေကြီးပေါ်သို့ လဲကျသွားလောက်သည်။
"ဘာလို့လဲ၊ ခင်များက ကျွန်တော်တို့ရဲ့ဒဏ်ရာတွေကို ဘာလို့လာဆွနေတာလဲ၊ ခင်များလိုလူကျတော့ ဒီနေရာမှာ ဘာဖြစ်လို့ အေးအေးချမ်းချမ်းနေနိုင်ပြီး ကောင်းစားနေသေးတာလဲ"
သူသည် ပြောရင်းဆိုရင်း စည်းရိုးအပြင်ဘက်တွင် ထိုင်ချလိုက်ကာ ပါးစပ်ကိုဖွင့်ထားပြီး လေကိုရှူရိုက်နေရသည်။ မျက်ရည်နှင့်နှာရည်များကလဲ သူ့မျက် နှာပေါ်တွင် စီးကျနေသည်။ မရေမတွက်နိုင်သည့် အိပ်ရေးပျက်ညများတွင် သူ့ကို ခြောက်လှန့်နေသည့် ထိုအိမ်မက်ဆိုးသည် ပြန်ရောက်လာကာ သူ့ကို နောက်တကြိမ် ချေမွနေသလို ခံစားရသည်။
လုသနွီသည် ဂူအပြင်ဘက်သို့ ထွက်လာသည်နှင့်ချက်ချင်း သူမ၏ အဘိုးနှင့်အဘွားများကို အလောတကြီး သွားခေါ်ခဲ့သည်။ သူတို့၏ လယ်ကွင်းက အိမ်မှတိုတောင်းသည့် အကွာအဝေးတစ်ခု ဖြစ်နေသည်။ လုအဘိုးနှင့်သူ့အဖွဲများ ရောက်လာချိန်တွင် သူတို့သည် ဒီမြင်ကွင်းကိုမြင်လိုက်ရ၏။
ရှန်းစန်း၊ လီရှီနှင့်ထျန်းယာတို့၏ သေဆုံးမှုနှင့်ပတ်သတ်သည့် ကွက်လပ်ဖြစ်နေသည့်နေရာများသည် ဆိုင်တာဝန်ခံရွှီနှင့် ရှန်းလီတို့က အရင်က ဘယ်တုန်းကမှ အကျယ်ချဲ့ပြီးမပြောခဲ့သည့် အကြောင်းအရာပင်။
အမေဖြစ်သူ ပြသာနာရှာမှာကို အကြောက်ဆုံးဖြစ်သည့် လုရွှမ်းကျိုးမှာ အိမ်နှင့်အနီးဆုံးတွင် ရှိနေသည်။ သူသည် ရှန်းကျင့်၏ စကားလုံးများကိုကြား လိုက်ပြီး သူတို့ထံသို့ အပြေးရောက်လာချိန်တွင် နောက်ပိုင်းပြောလိုက်သည်စကားက သူ့ကိုလမ်းတစ်ဝက်တွင် ရပ်တန့်သွားစေတော့သည်။
တစ်ချိန်က သူ့အဘွားပြောခဲ့သည့်စကားများသည် သူ့စိတ်ထဲတွင် တစ်ဖန်ပဲ့တင်ထွက်လာပြီး ရှန်းယင်၏ မျက်လုံးအပြည့် အော်ငိုသံများနှင့် ရောနှောသွားသည် - ခင်များလိုလူက ဒီနေရာမှာ အေးအေးချမ်းချမ်းနဲ့ ဘယ်လိုလုပ်ပြီး ကောင်းကောင်းနေနိုင်သေး တာလဲတဲ့။ စွပ်စွဲမှု တစ်ခုချင်းစီတိုင်းက သူ့မျက်နှာကို တူနှင့်ရိုက်နေသလို ခံစားရလေသည်။
အဘွားချန်းက ခြေတစ်လှမ်းနောက်ကျပြီးမှ ရောက်လာသည်။ ရှန်းယင်သည် ဂူဝင်ပေါက်တွင် ပူးကပ်နေပြီး ထိန်းမရအောင် တုန်ယင်နေသည်။
ချီယန်စီရင်စုထဲက ထိုနောက်ဆုံးနေ့ရက်များတွင် ရှန်းယင်သည် ထုံထိုင်းသွားသည်အထိ ငတ်မွတ်ခဲ့ရသည်။ သူသည် သူ့မိဘများ သေဆုံးမှုနှင့်ပတ်သတ်ပြီး တစ်ခုခု လွဲမှားနေသည်ဟုသာ ဝိုးတဝါး ခံစားနေမိသော်လည်း ထျန်းယာ သေဆုံးသွားသည့် အမှန်စင်စစ် ကြောက်လန့်စရာကိစ္စကိုတော့ လုံးဝမသိခဲ့ချေ။
ထန်းယာကို တစ်စုံတစ်ယောက်က ခိုးသွားသည်ဟုသာ သူသည် အမြဲတမ်း မှတ်ယူထားခဲ့လေသည်။
...