အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အပိုင်း (၁၉၃) နှလုံးသားထဲကအပေါက်တစ်ခု
သို့တိုင် အမှန်တရားကို သတိမပေးဘာမပေးဖြင့် ရုတ်တရက်ကြီး ရက်ရက်စက်စက် သူ့ရှေ့တွင် ဖွင့်ချလိုက်လေသည်။
အသက်၇နှစ်အရွယ် ရှန်းယင်သည် လုံးဝကို မှင်သက်အံ့သြသွားတော့သည်။ သူ၏ ဆာလောင်ငတ်မွတ်မှုကြောင့် စိတ်ကယောင်ခြောက်ခြားဖြစ်နေခဲ့ပြီး သူတွေးထင်ထားခဲ့သည့် ထိုဖရိုဖရဲ မှတ်ဉာဏ်များထဲက အရောင်များနှင့်အနံ့များသည် နောက်တကြိမ် သူ့ကို ရုတ်တရက် နစ်မွမ်းသွားစေတော့သည်။
ရှန်းယင်မှာ လုံးဝကိုကြောက်လန့်တကြား ဖြစ်သွား၏။
ရှန်းကျင့်၏စကားလုံးများနှင့် လျှိုမြောင်ထဲက အလောတကြီး ပြေးဝင်လာကြသည့် လူအမြောက်အမြား၏ မြင်ကွင်းကြောင့် ဝမ်ချွန်းညန်ကလဲ ကြောက်စိတ်ဖြင့် ထုံထိုင်းသွားတော့သည်။
လုသလန်မှာ ထိန်းမရအောင် တုန်ယင်နေပြီး ဝမ်ချွန်းညန်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေမိသည်။ အကြည့်များကသာ လူသတ်နိုင်လျှင် သူမသည် ဒီအခိုက်အတန့်အတွင်းတွင် အသက်ရှင်လျှက် အရေဆုတ်ခံလိုက်ရနိုင်သည်။
အဘွားချန်းနှင့် အဘွားရွှီတို့မှာ အမြန်ဆုံး သတိပြန်ဝင်လာကြသည်။ တစ်ယောက်က ရှန်းယင်ကို သွားဆွဲလိုက်ပြီး ကျန်တစ်ယောက်ကတော့ ရှန်းကျင့်ဆီသွားကာ သူတို့နှစ်ယောက်စလုံးကို အပြင်သို့ခေါ်ထွက်လာပြီး ချော့မော့လေတော့သည်။
အဘိုးလုနှင့်အဘွားလုတို့မှာ ဆူညံသံကြောင့် နားကွဲမတတ်ဖြစ်သွားတော့သည်။ သူတို့သည် အဘွားရွှီက တစ်ဝက်တွဲရင်း တစ်ဝက်ချီကာ ငိုယိုနေသည့် ရှန်းကျင့်ကို အပြင်သို့ခေါ်ထွက်လာသည်ကို စောင့်ကြည့်နေပြီး တစ်ခုခုကို ပြောချင်ပါသော်ငြားလည်း စကားတစ်လုံးမှ ပြောမထွက်နိုင်ကြချေ။
သူတို့၏ အသက်အရွယ်နှင့် ဖရိုဖရဲဖြစ်နေသည့်ခေတ်ကာလကို တွေ့ကြုံခဲ့ရသည်တွင် ရှန်းကျင့်၏ ပေါက်ကွဲသွားသည့်အချိန်က ယူကြုံးမရမေးခွန်း ထုတ်နေသည့် ဝန်ထုတ်ဝန်ပိုးကို သူတို့သည် နားလည်လေသည်။
သူတို့သည် သူတို့ကိုယ်တိုင် ဤကဲ့သို့မနေထိုင်ခဲ့ရလျှင် တစ်ပါးသူ၏အတွေ့အကြုံကို မည်သို့အမှန်တကယ် ကိုယ်ချင်းစာနိုင်ပါမည်နည်း။
သူတို့သည် လျှိုမြောင်အတွင်းသို့ ပထမဦးဆုံး ဝင်လာသည့်အချိန်က သူတို့သားသုံးယောက်၏ အခြေအနေကို ပြန်စဥ်းစားမိလိုက်ပြီး လုလင်မယားသည် ပြောစရာစကားများ ပျောက်ဆုံးသွားတော့သည်။ ရှန်းကျင့်ကို ဂူအပြင်ဘက်သို့ တွဲထူလာပြီးချိန်တွင် လုအဘွားက ဝေ့ကျင်းဟယ်ဘက်သို့ လှည့်ကာ ပြောလိုက် ၏။
"ချင်းဟယ် ကျေးဇူးပြုပြီးတော့ ဂူဝင်ပေါက်ကိုသွားပြီး ရွာသူကြီးကျိုးကို အကြောင်းသွားကြားပေးပါအုံး၊ သူ့ကို ဒီနေ့ည ရှန်းလီ၊ အားလော့၊ သရှန်နဲ့ ငါ့ရဲ့ဒုတိယသားနဲ့တတိယသားတို့ကို ဒီနေ့ညပြန်လာဖို့ သွားခေါ်ခိုင်းလိုက်ပါအုံး"
ဒီစကားတွင် လုသလန်၏ခြေထောက်များသည် အားနည်းချိနဲ့သွားပြီး လဲကျလုမတတ် ဖြစ်သွားလေသည်။
သူသည် တုန်တုန်ယင်ယင်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလေသည်။ "အမေ အမေ"
လုအဘွားက သူ့ကိုမကြည့်တော့ချေ။ ထိုအစား သတင်းကိုကြားပြီး ရွှမ်းကျူးနှင့်သနွီ၊ အပြေးရောက်လာကြသည့် ထျယ်ကျူးနှင့် ဟူကျီ တို့ကိုသာ ကြည့်လိုက်လေသည်။
သူမ၏မြေးငါးယောက်အကြောင်းကို စဥ်းစားမိလျှင် လုအဘွားမှာ အမှန်ပင် ငိုချင်မိသွားတော့သည်။ သို့သော်ငြားလည်း စိတ်မကောင်းဖြစ်နေရသည့်တိုင် သူမသည် စိတ်ကို ပျော့ပျောင်းဖို့ရန် မတတ်နိုင်ချေ။ ဒီကလေး၅ယောက်အတွက်ပင် သူမသည် ၂ကြိမ်တိုင်တိုင် သက်ညှာခဲ့ပြီးဖြစ်သည်။
လုအဘွားသည် သူမ၏ခန္ဒာကိုယ်ထဲက ခွန်အား အားလုံးဆုတ်ယုတ်သွားသလို ခံစားလိုက်ရ၏။ နောက်သို့လက်လှမ်းလိုက်သည်တွင် သူမသည် ကုတင်တိုင်ကို ကိုင်မိသွားပြီး သူမကို ထောက်ကန်ပေးဖို့ တစ်ခုခုလိုအပ်နေရာ သူမက ကုတင်တိုင်ကို မှီထားလိုက်ရသည်။ ထို့နောက်တွင် သူမသည် သူမ၏ မြေး၅ယောက်ကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်ပြီးမှ သူမ၏မျက်လုံးများက မြေးအကြီးဆုံး ရွှမ်းကျူးထံသို့ ကျရောက်သွားသည်။
"ရွှမ်းကျူး ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေ အားလုံးကို နင်မြင်ခဲ့တယ်၊ နင့်အမေ့ကို အခွင့်အရေးတွေ အများကြီးပေးခဲ့ပြီးပြီ"
"အခု သူက ကျေးဇူးကန်းရုံတင် မဟုတ်တော့ဘူး သူက သူ့ကျေးဇူးရှင်ကို အထင်အမြင်သေးပြီး ရန်သူတစ်ယောက်လိုတောင် လုပ်လိုက်သေးတယ်၊ လျှိုမြောင်ထဲက လူတိုင်းက သူ့ကို သူ့အပေါ်မတရားဘဲ သူ့ကို ကောင်းကောင်း မဆက်ဆံကြဘူးလို့ ယုံကြည်နေတာလေ"
လုအဘွားသည် ဝမ်ချွန်းညန်အစောပိုင်းက ပြောလိုက်သည့်စကားကို မကြားသော်ငြားလည်း ရှန်းကျင့်ပြောလိုက်သည့် အရေးကြီးသည့်အချက်အလက် အများစုကိုတော့ ကြားလိုက်လေသည်။ ကလေး၏ စိတ်ခံစားချက်များကို ချုပ်တီးမထားခဲ့ချေ။ သူမ၏ အသံက ထွက်လာ၏။
ထိုပြောခဲ့သည့်စကားအားလုံးကို စဥ်းစားကြည့်လျှင် အခြေအနေကို ဆက်စပ်ကြည့်ဖို့ရန်က မခက်ခဲချေ။ အထူးသဖြင့် ရှန်းကျင့်၏မေးခွန်းကြောင့်ပင် သူ၏ အစ်ကိုကြီးနှင့်မရီးက ရန်ငြိုးများကိုထပ်ပြီးဖန်တီးဖို့ရန်သာ သူတို့ကိုကယ်တင်ပေးခဲ့လေသလားဟူသည့် မေးခွန်းပင်။
လုရွှမ်းကျူးသည် အခြေအနေ၏အတိမ်အနက်ကို သတိထားနှင့်ပြီးဖြစ်လေသည်။ မျက်ရည်များက သူ့မျက်နှာပေါ်တွင် စီးကျလာသည်။ သူသည် မျက်ရည်များကို အလောတကြီး သုတ်ပစ်လိုက်၏။
ဟူကျီကတော့ အတိုင်းအတာတစ်ခုအထိ ဇဝေဇဝါဖြစ်နေ၏။ သူ့မိသားစုဝင်များ၏မျက်နှာပေါ်က အမူအယာကို မြင်လိုက်သည်တွင် သူသည် အလိုလို ကြောက်စိတ်ဖြစ်လာတော့သည်။ သူက လုသနွီ၏ အင်္ကျီလက်ကို ဆုပ်ဆွဲလိုက်ပြီး တိုးတိုးလေးမေးလိုက်၏။ "အစ်မ အမေဘာလုပ်လိုက်တာလဲ"
လုသနွီက စကားမပြောရဲချေ။ တိုးတိုးလေးသာ ငိုရှိုက်နေလေသည်။
ဝေ့ချင်းဟယ်သည် မြင်ကွင်းကို အကဲခတ်လိုက်ပြီး အခုလေးတင် ပြောခဲ့သည့်စကားကို ပြန်စဥ်းစားလိုက်ပြီးနောက် သူသည် သည်နေရာတွင် ဆက်ပြီးတော့ နေစရာမလိုမှန်းသိနိုင်သည်။ သူက လုအဘွားကို တလေးတစား ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အလျင်အမြန် ထွက်သွားတော့သည်။ လျှိုမြောင်ထဲက တစ်ခြားသူများကလဲ ဒီမြင်ကွင်းကို မြင်လိုက်သည်တွင် နှစ်သိမ့်စကားများကို ပြောလိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတော့သည်။
လုသလန်သည် ဝေ့ချင်းဟယ် ထွက်သွားသည်ကို မြင်လိုက်ချိန်တွင် ပြန်လှည့်စရာလမ်း မရှိတော့မှန်း သိလိုက်သည်။ သူ၏ဒူးများသည် ကွေးကျသွားပြီး ပြိုလဲလုမတတ်ဖြစ်သွားကာ အနီးအနားကကုတင်တိုင်ကို ဖမ်းဆုပ်ထားရင်း သူ့ကိုယ်သူ လဲကျမသွားအောင် ခက်ခက်ခဲခဲ ထိန်းထားရလေသည်။
ထိုအခိုက်တွင် အတွေးတစ်ခုသာ သူ့ကို စိုးမိုးနေတော့သည်။ သူသည် ဝမ်ချွန်းညန်ကြောင့် ဆွဲထည့်ခံရလိမ့်မည်။ သူကိုယ်တိုင်အတွက်ပင် ခုခံဖို့ရန်မရှိတော့ပေ။ ဒါသည် လုံးဝသေချာလေသည်။
သူ့သွားများက ထိန်းချုပ်မရအောင် တဆတ်ဆတ်ရိုက်နေသည်။
ဒီကြောက်စိတ်က အစောပိုင်းက ဖြစ်ရပ်နှစ်ခုထက် ကျော်လွန်နေသည်။
ပထမပြဿနာအတွင်းတွင် သူသည် သူ့မိဘများက ပြစ်တင်ရှုံ့ချမည်ကိုသာ ကြောက်ရွံ့ခဲ့သည်။ ဒုတိယပြဿနာတွင် သူသည် လျှိုမြောင်အပြင်ဘက်က ဖရိုဖရဲဖြစ်နေသည့်ကိစ္စကို သိခဲ့ရပြီး တောင်အတွင်းပိုင်းက အန္တရာယ်များကိုလဲ တွေ့ကြုံခဲ့ရသည်။ ထိုအချိန်က သူသည် လျှိုမြောင်တောင်ကြားထဲက နှင်ထုတ်ခံခဲ့ရမည်ကို ကြောက်ရွံ့လေသည်။ သို့သော်ငြားလည်း သူ၏မြန်ဆန်သည့် တောင်းပန်မှုနှင့် သူ၏ညီများက ထည့်သွင်းစဥ်းစားပေးသည့်အတွက်ကြောင့် သူ့အမေ၏အမျက်ဒေါသမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်။
ဒီတစ်ကြိမ်တွင်တော့ လုသလန်၏ကြောက်ရွံ့မှုသည် သူမိဘများ၏အကျင့်စရိုက်ကို နားလည်သဘောပေါက်ထားသည့်အပေါ် အခြေခံလေသည်။
ကြောက်ရွံ့မှုကြောင့် အသည်း၊ကျောက်ကပ်တို့ တုန်ယင်သွားသည်ဟူသည့် အဓိပ္ပါယ်ကို အခုတော့ သူ သိရလေသည်။
...
တစ်ဖက်တွင်တော့ အနည်းငယ်ဝေးကွာသည့်နေရာတွင် တာဝန်များကို ဆောင်ရွက်နေကြသည့် ရှန်းအန်း၊ ရှန်းနဥ်နှင့် ရှန်းထျယ်တို့သည် တစ်ခုခုလွဲနေသည်ကို ခံစားမိကြသဖြင့် အပြေးအလွှား ရောက်လာသည်။ သူတို့သည် ရှန်းကျင့်နှင့် ရှန်းယင်တို့က ထိန်းချုပ်မရအောင် ငိုကြွေးနေသည်ကိုသာ မြင်လိုက်ရ၏။ အခြေအနေကိုမသိသည့် ရှန်းထျယ်ကလဲ အထိတ်တလန့်ဖြစ်သွားပြီး ရှန်းကျင့်ဘေးသို့ အပြေးရောက်လာကာ ဖြစ်ပျက်ခဲ့သည့်အရာကို မေးမြန်းလေသည်။ သူသည် အဖြေတစ်ခုကိုပြန်မရချိန်တွင် ရှန်းယင်၏ဘေးသို့ပြေးသွားပြီး မေးပြန်သည်။
သို့သော်ငြားလည်း ဘယ်သူကမှ သူ့ကို ဘာမှမပြောကြချေ။
ဝေ့လင်းကျန့်မှာလဲပဲ အငယ်ဆုံးကလေးကို မည်သို့ အသိပေးရဲပါမည်နည်း။ သူမက ရှန်းထျယ်ကို လှမ်းဆွဲလိုက်ပြီး ချော့မော့လိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ သားရဲ့အစ်ကိုတွေ အဆင်ပြေပါတယ်၊ သူတို့တွေက ရန်ဖြစ်ကြတာပါ၊ ခဏနေ အဆင်ပြေသွားလိမ့်မယ်"
ဒီစကားလုံးများက ရှန်းထျယ်ကို မချော့မော့နိုင်သလို ရှန်းအန်းဆိုလျှင်တော့ ပြောစရာမလိုချေ။
ရှန်းအန်းသည် မျက်ခုံးများကို တွန့်ချိုးထားလိုက်ပြီး အစောပိုင်းက လူများအုံနေသည့် လုမိသားစုအိမ်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူသည် ဒီကိစ္စကို ထပ်ပြီးမမေးတော့ဘဲ ရှန်းနဥ်ကို ရှောင်ကျင့်နှင့် ရှောင်ယင်တို့အား စောင့်ရှောက်ဖို့ပြောလိုက်သည်။ ထို့နောက်တွင် သူက ချင်ဖန်းညန်၏အခေါ်ကို စောင့်မနေတော့ဘဲ လုမိသားစုရှိရာဂူဘက်သို့ အရှိန်ဖြင့် ပြေးသွားတော့သည်။
...
လုမိသားစုထဲက လေထုအခြေအနေမှာ လုံးဝကို ငြိမ်သက်နေသည်။ ရှန်းအန်းသည် အားလုံး၏မျက်နှာအမူအယာကို အကဲခတ်ကြည့်လိုက်ပြီးနောက် သူ့အကြည့်က သွေးများဖြူဆုတ်နေသည့်မျက်နှာနှင့် လုသလန်နှင့် ဝမ်ချွန်းညဏ်တို့ဆီသို့ ရောက်သွားတော့သည်။ နောက်ဆုံးတွင် သူ့အာရုံက ဝမ်ချွန်းညန်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
လု လင်မယားသည့် အိမ်ထောင်စု၏ အကြီးအကဲများ ဖြစ်ကြသည့်အပြင် လုအဘိုးကလဲ လူကြီးအရာတွင် ရှိလေသည်။ ဒါကို စိတ်ထဲတွင်စဥ်းစားမိပြီး ရှန်းအန်း၏အကြည့်က လုသလန်ဆီသို့ ရောက်သွားပြီး သူ ကမေးလိုက်သည်။
"ဦးလေးလု ရှောင်ကျင့်နဲ့ရှောင်ယင်တို့ ဘာဖြစ်ကြတာလဲ တစ်ခုခုဖြစ်ခဲ့ကြတာလား"
လုရွှမ်းကျူးသည် ဆို့နစ်နေဆဲဖြစ်ကာ လုံးဝပြန်မဖြေနိုင်ချေ။
အဘိုးလုက ရှန်းအန်းကိုလှမ်းကြည့်လိုက်ပြီး အရင်ဆုံး စကားပြောလိုက်၏။
"ရှောင်အန်း အခုလောလောဆယ် ဒီအကြောင်းကို မမေးသေးနဲ့၊ အရင်ဆုံးပြန်သွားပြီးတော့ ရှောင်ကျင့်နဲ့ရှောင်ယင်ကို ဂရုစိုက်ပေးလိုက်အုံး၊ မင်းရဲ့အဘွားလုက ချင်းဟယ်ကို ရွာသူကြီးကျိုးဆီ သွားပြောခိုင်းထားပြီးပြီ၊ သူ ညကျရင် အပြင်ထွက်ပြီး မင်းရဲ့အကြီးဆုံးအစ်ကိုနဲ့မရီးကို ပြန်ခေါ်လာလိမ့်မယ်၊ မင်းရဲ့ ဒုတိယဦးလေးနဲ့တတိယဦးလေးလဲ ပြန်လာလိမ့်မယ်၊ သူတို့တွေက မင်းတို့မိသားစုကို ဖြေရှင်းချက်တစ်ခု ပေးပါလိမ့်မယ်"
"ဖြေရှင်းချက်ဟုတ်လား"
ဒီလိုဆိုရင်တော့ ကိစ္စက အသေးအဖွဲမဟုတ်ဘူးပဲ။
ရှန်းအန်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဝမ်ချွန်းညန်ကို ကြည့်လိုက်ပြီး လုမိသားစု၏အကြီးအကဲများကို အခက်တွေ့အောင် မလုပ်ချင်ခဲ့ပေ။ သူသည် သူ့အစ်ကိုကြီးနှင့်မရီးပြန်လာလျှင် အခြေအနေကို သိရလိမ့်မည်မှန်း သိနေသည်။ ခေါင်းငြိမ့်သဘောတူလိုက်ပြီး သူက ကိုယ်ကိုလှည့်ကာ အလောတကြီးပြန်ထွက်သွားပြီး ပုံမှန်လမ်းအတိုင်း သွားဖို့ရန် စိတ်မကူးတော့ဘဲ သူက တစ်ဝက်ရိတ်သိမ်းထားပြီးသား လယ်ကွင်းကို တိုက်ရိုက်ဖြတ်ပြီး ပြေးလာခဲ့တော့သည်။
အိမ်သို့ပြန်ရောက်လာသည်တွင် ရှန်းကျင့်နှင့်ရှန်းယင်တို့သည် အပေါ်ဘက်ဂူသို့ တက်သွားနှင့်ပြီဖြစ် သည်။ ညီအစ်ကိုနှစ်ယောက်စလုံးသည် လုံးဝ စိတ်ဆင်းရဲနေကြသည့်ပုံဖြစ်ပြီး အခြေအနေကိုမသိရသည့် ရှန်းထျယ်ကလဲ သူတို့နှင့်အတူတူ ကိုယ်တိုင်ငိုယိုနေမိကာ သူတို့၏ဝမ်းနည်းမှုကို ခံစားနေမိလေသည်။
ကောက်ရိတ်သိမ်းခြင်းအလုပ်က ဒုတိယအလုပ်ဖြစ်လာပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုလဲ အချိန်ဆွဲထားဖို့ရန် မတတ်နိုင်ချေ။ ချင်ဖန်းညန်နှင့် တစ်ခြားသူများက ရွာသားများဆီသို့ ပြန်ရောက်လာပြီး သူတို့သည် လယ်ကွင်းထဲသို့ ပြန်သွားလိုက်ကြသည်။ သို့သော်ငြားလည်း သူတို့သည် လုမိသားစုမြေနှင့်နီးကပ်နေသည့် နေရာကိုတော့ ခဏလောက်ရှောင်ထားလိုက်ပြီး လုမိသားစုကို အခြေအနေဖြေရှင်းရန် နေရာတစ်ခုပေးထားလိုက်သည်။ သူတို့သည် ထိုအစား လယ်ကွင်း၏ တစ်ခြားအပိုင်းမှ စပါးများကို စတင်ရိတ်သိမ်းလိုက်သည်။
ဒီအခိုက်တွင် ရှန်းကျင့်၏ဂူထဲ၌ ရွှီဝမ်ပေါ်နှင့်ရွှီဝမ်ယင်းတို့က ဘေးတွင် သူ့ကို အဖော်ပြုပေးနေကြသည်။
ရှန်းအန်းက ထပ်ပြီးမမေးရဲတော့ချေ။ သူက ကိုယ်ကိုကုန်းထားလိုက်ပြီး သူတို့မီးဖိုချောင်ထဲတွင် ချန်းအဘွားကို တွေ့လိုက်ရကာ ရှန်းနဥ်ကလဲ မီးမွှေးပြီးတစ်ခုခုကို ကြိုချက်နေသည်ကို တွေ့လိုက်ရ၏။
"အဘွားချန်း တကယ်ပဲ ဘာဖြစ်ခဲ့ကြတာလဲ၊ ဖြစ်သွားတဲ့ကိစ္စက ဟူကျီရဲ့အမေနဲ့ ပတ်သတ်နေတာလား"
ချန်းအဘွားက သက်ပြင်းချသည်။ တံခါးကို ပိတ်ထားပါလျက်နှင့်ပင် ပြဿနာက ဖြစ်ပေါ်လာသေးသဖြင့် သူမမှာ တအံ့တသြဖြစ်ရသည်။ သူမသည် ထိုကိစ္စကို မငြင်းပယ်ဘဲ တိုးတိုးလေးသာ ပြောလိုက်တော့သည်။
"အရှေ့မှာ ဘာတွေပြောခဲ့လဲဆိုတာတော့ ငါ မကြားခဲ့ဘူး၊ ဒါပေမဲ့ ဒါက တစ်ခုခုရင်နာစရာစကားလုံးတွေပဲ၊ ရှောင်ကျင့်ကလဲ အခုခက်ခဲတဲ့အခြေအနေ ရောက်နေတာ မဟုတ်လား၊ ရှောင်ယင်ကလဲပဲ အရမ်းကြောက်သွားတာပဲ ဖြစ်ရမယ်။ ဒီကိစ္စကို မမေးကြနဲ့နော်၊ နင်တို့မိသားစုထဲက စိတ်ငြိမ်ဆေးကိုရှာဖို့ ငါရှန်းနဥ်ကို ပြောထားတယ်၊ ပြီးရင် သူ့ကို ဆေးကြိုထားခိုင်းလိုက်မယ်၊ နင် အဲဒီ့ဆေးတွေကို သူတို့ဆီကို ယူသွားပေးပြီးတော့ သူတို့ကို သောက်ခိုင်းလိုက်နော်"
...
ဆေးရည် အဆင်သင့် ဖြစ်လာသည့်အချိန်တွင် ရှန်းကျင့်သည် သိသိသာသာ ပြန်တည်ငြိမ်လာပြီဖြစ်သည်။ အနည်းဆုံးတော့ သူသည် ခုနတုန်းကလို ကြောက်စရာ မကောင်းနေတော့ချေ။ သူ့မျက်လုံးများက ယောင်ကိုင်းနေ၏။ သို့သော် သူသည် ရွှီမောင်နှမကို လယ်ကွင်းထဲတွင်အလုပ်လုပ်ရန် ပြန်လွှတ်လိုက်လေသည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က ဆေးရည်ကို ယူလာပေးသည့်အချိန်တွင် ရှန်းကျင့်က သူ့ရှေ့က အငွေ့တစ်ထောင်းထောင်းထနေသည့် ပန်းကန်နှစ်လုံးကို ကြည့်လိုက်၏။ အသစ်ရောက်လာသည့် မျက်ရည်လှိုင်းတစ်ခုက သူ့မျက်လုံးပေါ်တွင် ဝဲတက်လာသည်။ သူ့လည်ချောင်းများကလဲ တင်းကြပ်သွားတော့သည်။ အချိန်တော်တော်ကြာလိုက်ပြီးနောက်မှ သူက ပြောလိုက်၏။
"ငါ အဆင်ပြေပါတယ်၊ ငါ အချိန်နည်းနည်းပဲလိုတာပါ၊ မင်းတို့နှစ်ယောက်စလုံး အရင်ဆုံး လယ်ထဲသွားလိုက်ကြလေ"
လျှိုမြောင်ထဲတွင် နေသာသည့်နေ့ရက်များက မများပြားချေ။ သူတို့သည် ဒီကောင်းမွန်သည့်ရာသီဥတုနှင့် လွဲချော်သွားခဲ့လျှင် စပါးများကို သေသေချာချာ အခြောက်လှန်းနိုင်တော့မည် မဟုတ်ချေ။
ရှန်းကျင့်က အခြေအနေ ပိုကောင်းလာသည်ကို တွေ့လိုက်ရသဖြင့် ရှန်းအန်းက သူနှင့်ရှန်းယင်တို့ကို စိတ်ငြိမ်ဆေးသောက်ခိုင်းလိုက်ပြီး ခြေလှမ်းအနည်းငယ်တိုင်းတွင် နောက်ကိုလှည့်ကြည့်ရင်း ရှန်းနဥ်နှင့် အတူထွက်သွားလေသည်။
ရှန်းကျင့်၏လက်ချောင်းများသည် တုန်ယင်နေပြီး သူသည် စားပွဲပေါ်က ပူနွေးနေသည့်ဆေးရည်ပန်းကန်၂လုံးကို ကြည့်နေမိ၏။ သူသည် ဆေးရည်ပန်းကန်ကို မထိရဲချေ။ အချိန်တော်တော်ကြာပြီးနောက်မှ သူက ပန်းကန်တစ်လုံးကို ရှန်းယင်ဘက်သို့ တွန်းပေးလိုက်သည်။
"ဒါက စိတ်ငြိမ်ဆေး သောက်လိုက်၊ ငါတို့တွေ နေမကောင်းဖြစ်လို့ မရဘူး၊ အစ်ကိုကြီးတို့မိသားစုကို ထပ်ပြီးတော့ ဒုက္ခပေးလို့မရဘူး"
ရှန်းယင်၏နှုတ်ခမ်းများက တုန်ယင်နေသေးသည်။ သူသည် ထျန်းယာအကြောင်းကို မေးမြန်းချင်သော်လည်း သူ့ဘေးက ရှန်းထျယ်ကို မြင်လိုက်ချိန်တွင် သူသည် မမေးရဲတော့ချေ။ သူ့မျက်ရည်များကို သုတ်လိုက်ပြီးသူ့က ပန်းကန်လုံးကို ကောက်ကိုင်လိုက်ကာ စတင်သောက်လိုက်တော့သည်။ တစ်ငုံနှစ်ငုံလောက် သောက်လိုက်ပြီးနောက် ရှန်းကျင့်က ထိုနေရာတွင် ငေးငေးငူငူထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် ရှန်းယင်က မေးလိုက်လေသည်။
"တတိယအစ်ကို မင်း ဘာလို့မသောက်တာလဲ"
ထိုရိုးရှင်းသည့်မေးခွန်းက ရှန်းကျင့်၏အာရုံကြောကို လာရောက်ရိုက်ပုတ်နေသယောင်။ သူ့နှာခေါင်းထဲတွင် အလိုလို ပူနွေးလာပြီး သူ့မျက်ခုံးများက တွန့်ချိုးသွားသည်။ နောက်ထပ်မျက်ရည်နှစ်စက်က ပါးပြင်ပေါ်တွင် စီးဆင်းလာပြီး သူသည် အလျင်အမြန်သုတ်လိုက်လေသည်။ မသဲမကွဲဖြင့် သူက ပြောလိုက်၏။
"မင်းဟာကိုပဲ အရင်သောက်လိုက်ပါ"
ရှန်းယင်က သူသည် မြိုချဖို့ရန်ခက်ခဲနေသည်ဟု ထင်လိုက်လေသည်။ ထို့ကြောင့် ဆေးရည်ပန်းကန်လုံးကို ရှန်းကျင့်ဘက်သို့ တွန်းပေးလိုက်ကာ ပြောလိုက်၏။
"အစ်ကို နေမကောင်းမဖြစ်နဲ့"
နေမကောင်းမဖြစ်နဲ့ ထိုစကားလုံးတွင် ရှန်းကျင့်သည် ရှန်းယင်၏ကြောက်ရွံ့မှုကို ခံစားမိလိုက်လေသည်။ သူ့လက်များက တုန်ယင်နေသော်ငြားလည်း သူသည် နောက်ဆုံးတော့ ပန်းကန်လုံးကို လက်လှမ်းလိုက်ကာ မတည်ငြိမ်သည့်လက်များဖြင့် ကောက်ယူလိုက်ပြီး တစ်ငုံလောက် မသောက်ရသေးခင်မှာပင် သူ့မျက်ရည်များသည် အညိုရောင်ဆေးရည်ထဲသို့ တစ်စက်ပြီးတစ်စက် ကျဆင်းသွားလေသည်။ သူသည် ဆေးရည်ကို အခိုက်အတန့် စိုက်ကြည့်နေလိုက်ပြီးနောက်တွင် ပန်းကန်လုံးကိုကိုင်ထားကာ သူ့ခေါင်းကိုနောက်သို့ အနည်းငယ်လှန်လိုက်ပြီး ဆေးကို တစ်ကျိုက်တည်းနှင့် မြိုချလိုက်သည်။ မျက်ရည်များက ခါးသက်သည့်အရည်နှင့် ရောနှောသွားလေသည်။
သူသည် ဆေးကိုမြိုချရင်းကပင် မျက်ရည်များက ဆက်တိုက်စီးကျနေသည်။
ရှန်းထျယ်က ဘေးတွင်စောင့်ကြည့်နေပြီးမှ ကိုယ်ကိုလှည့်ပြီး စင်တစ်ခုပေါ်က တောဆီးသီးသကြားလုံးနှစ်ခုနှင့် ငှက်ပျောချပ်နှစ်ချပ်ကို သွားယူပေးလိုက်သည်။
ထိုပစ္စည်းများသည် စန်းလော့ထံမှ လက်ဆောင်များ ဖြစ်လေသည်။ ရှန်းထျယ်သည် စီရင်စုထဲက ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် ကြောက်လန့်တကြားဖြစ် နေသေးသည်။ အစားအသောက် ကုန်ဆုံးသွားမှာကို အမြဲတမ်း ကြောက်ရွံ့နေမိပြီး အလောတကြီး စားသောက်တတ်သည့် သူ့အကျင့်ကို ဖျောက်ဖျက်လို့ မရနိုင်သေးချေ။ ရှန်းကျင့်နှင့်ရှန်းယင်တို့က အပိုင်းလေးအနည်းငယ်ကို အရသာမြည်းလိုက်ပြီးနောက်တွင် ကျန်တာကို ရှန်းယင်က ဖြည်းဖြည်းချင်းစားဖို့ရန် ချန်ထားပေးခဲ့လိုက်သည်။
အခုတော့ ရှန်းထျယ်သည် ထိုမုန့်များကိုသွားယူလာပြီး သူအစ်ကိုတစ်ယောက်ချင်းစီကို တစ်ယောက်တစ်ပိုင်းစီ ပေးနေလေသည်။ "အစ်ကို ထပ်ပြီးမငိုနဲ့တော့နော်၊ ဆေးကခါးရင် ချိုသွားအောင် ဒါလေးစားလိုက်"
ရှန်းထျယ် မသိလိုက်သည်က တောဆီးသီးသကြားလုံးနှင့် ငှက်ပျောသီးအချပ်လေးများကို မြင်လိုက်ခြင်းက ရှန်းကျင့်၏မျက်ရည်များကို ပိုလို့ပင် တရစပ်ကျလာစေတော့သည်။
အစ်ကိုဖြစ်သူ၏လက်ထဲသို့ မုန့်များကို ထိုးထည့်ပေးလိုက်ပြီး ရှန်းထျယ်သည် ရှန်းကျင့်၏ ပန်းကန်လုံးအလွတ်ကို ယူသွားသည်တွင် ရှန်းကျင့်သည်သူ့လက်ဖဝါးကို အချိန်အကြာကြီး ငေးစိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတော့ လက်ဖဝါးကိုတင်းနေအောင် ဆုပ်ထားလိုက်လေသည်။ ဒီအစားအသောက်များသည် အရင်က သူ့စားသောက်ခဲ့ဖူးသည့် သွားရေစာများနှင့်အတူတူပင်။ သို့တိုင် ယခုတော့ သူသည် ဒီမုန့်များကို သူ့ပါးစပ်ထဲသို့ မထည့်ရဲတော့ချေ။
ဇဝေဇဝါဖြစ်သွားပြီး ရှန်းထျယ်က သူ့အစ်ကိုကို လှမ်းခေါ်လိုက်ကာ မေးလိုက်၏။
"မင်းဟာလေ တကယ်ပဲ၊ ဘာဖြစ်လို့ငိုနေတာလဲ၊ ဆေးကလဲ သောက်ပြီးပြီပဲ၊ ဒီဆေးက အပြင်းအထန်နေမကောင်းဖြစ်မှသာ သောက်ရတာ မဟုတ်ဘူးလား"
အပြင်းအထန် နေမကောင်းဖြစ်တာတဲ့လား။
ရှန်းကျင့်သည် လျှိုမြောင်ထဲသို့ဝင်လာသည့် ပထမဦးဆုံးအကြိမ် ထိုနေ့ညများကို ပြန်စဥ်းစားမိလေသည်။ သူသည် ထိုအချိန်က အမှန်ပင်မျက်ရည်များ ကျခဲ့ရသည်။
သူသည် ညီငယ်လေးနှစ်ယောက်ကိုကြည့်လိုက်ပြီး သူတို့၏အကြည့်ကို ရှောင်မနေတော့ချေ။ သူက မပြောသင့်သည့်အရာများကို ဂရုတစိုက် ထိန်ချန်ထားလိုက်ပြီးမှ စတင်ပြောလိုက်လေသည်။
"နှလုံးသားကို ထိုးဖောက်သွားနိုင်တဲ့ မကောင်းတဲ့အတင်းစကားကို ကြားလိုက်ရလို့ ငိုလိုက်တာပါ"
"ရှောင်ယင်၊ ရှောင်ထျယ်၊ ဒီစကားကိုမှတ်ထားနော်၊ ငါတို့တွေ အသက်ရှင်နိုင်တာက ဆိုင်တာဝန်ခံရွှီနဲ့ဦးလေးရွှီတို့ရဲ့ စိတ်ကောင်းစေတနာကြောင့်ပဲ၊ ဒီ့အပြင် အဒေါ်ရွှီနဲ့ တစ်ခြားသူတွေရဲ့ ကျေးဇူးကြောင့်လဲပါတယ်၊ ငါတို့ရဲ့အစ်ကိုအကြီးဆုံးနဲ့ မရီးကလဲ အတိတ်က မကျေနပ်ချက်တွေကို ဖုံးကွယ်ထားလိုက်ပြီး ဒီလိုခက်ခဲတဲ့ အချိန်ကြားမှာတောင် ငါတို့၃ယောက်ကို ခေါ်ထားပေးသေးတယ်၊ လျှိုမြောင်ထဲက မိသားစုတွေဆီက ငါတို့ရထားတဲ့ အကူအညီတွေအားလုံးကို ငါတို့အစ်ကိုကြီးနဲ့မရီးက ပြန်ပြီးတော့ပေးဆပ်ထားရတာ"
"မှတ်ထား၊ တကယ်လို့ တစ်ယောက်ယောက်က ငါတို့အစ်ကိုကြီးနဲ့မရီးရဲ့မကောင်းကြောင်း ငါတို့ရဲ့ရှေ့မှာ ပြောနေမယ်ဆိုရင် ချက်ချင်းငြင်းရမယ်၊ သူတို့တွေက ငါတို့အပေါ်မှာ ဘာအကြွေးမှမတင်ထားဘူး"
သူသည် ခဏလောက်ရပ်တန့်လိုက်ပြီးနောက် ထပ် ပြောလိုက်လေသည်။ "သူတို့အပေါ်အကြွေးတင်နေတာက ငါတို့မိသားစုပဲ၊ ရှောင်အန်းနဲ့ အားနဥ်တို့အပေါ်ကိုရောပေါ့"
ရှန်းထျယ်သည် ငယ်ရွယ်သေးပြီး အခြေအနေကိုမသိချေ။ သူသည် နာနာခံခံဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။ ရှန်းယင်ကလဲ ခေါင်းငြိမ့်ပြလိုက်၏။ သို့သော်ငြားလည်း သူ့မျက်လုံးထဲတွင်တော့ မရေရာမှုများ လင်းလက်နေသည်။
ဝမ်ချွန်းညန်၏ ပရိယာယ်ပါသည့်အကြံပြုချက်များက သူ့နှလုံးသားထဲသို့ အမှန်ပင် ထိုးဖောက်သွားလေသည်။ အသက်၇နှစ်အရွယ် ကလေးတစ်ယောက်သည် သူမ၏အတွေးအတိုင်း လိုက်ပြီးစဥ်းစားမိလေသည်။ တကယ်လို့ အစ်ကိုကြီးနဲ့မရီးတို့က အဲဒီ့တုန်းကသူတို့မိသားစုကိုလဲ အတူတူခေါ်သွားခဲ့မယ်ဆိုရင် အမေနဲ့ထျန်းယာက အသက်ရှင်နေအုံးမှာလား။
ဒီအတွေးသည် လူသားတို့၏ထိန်းချုပ်မှုမှ ကျော်လွန်နေလေသည်။ ဒါသည် မသိစိတ်တစ်ခုပင်။ လျှိုမြောင်ထဲသို့ဝင်လာပြီး အခြေအနေပြန်ကောင်းလာသည့် ရှန်းထျယ်ကပင် လျှိုမြောင်ထဲက အလှအပကို မျက်မြင်ကိုယ်တွေ့ခဲ့ရပြီး "တကယ်လို့များ ထျန်းယာနဲ့ငါတို့မိဘတွေ ဒီမှာရှိနေသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ"ဟု
အမှတ်တမဲ့ ပြောခဲ့သေးသည်။
သူ့လိုပဲပေါ့။ လျှိုမြောင်ထဲကကလေးတွေ ကစားနေတာ စာဖတ်နေတာ စာရေးသင်နေတာကို တွေ့လိုက်ရတဲ့အချိန်တိုင်း ရွှီချောင်၊ ရှောင်ယာနဲ့ အားရှုတို့ကလဲ မကြာခဏ စိတ်ဝင်တစား ဖြစ်လာတတ်ကြတယ်။ ညအချိန် သူအိပ်တဲ့အခါကြရင်လဲ တခါတလေ အဲဒီ့လူတွေကြားထဲမှာ ထျန်းယာထိုင်နေတာကို အိမ်မက်မက်တတ်တယ်။
စဥ်းစားကြည့်ရင်တော့ သူက ဒါတွေအားလုံးကို နားလည်နိုင်တယ်။ ဒါပေမဲ့ စိတ်ခံစားချက်အရတော့ ပါးစပ်အကျယ်ကြီးဖွင့်ထားတဲ့ ငရဲမင်းတစ်ကောင်က သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းချိုးပစ်လိုက်ပြီး ဆုတ်ဖြဲလိုက်တယ်လို့ ခံစားရတဲ့အချိန်မှာပဲ နိုးလာတတ်တယ် ... ညီမလေးကို တွေ့လိုက်ရတဲ့အတွက် ဝမ်းသာရမလား ဒါမှမဟုတ် ဒီအိမ်မက်တွေထဲက ကြောက်စရာကောင်းတဲ့ အခြေအနေတွေကြောင့်ပဲ ကြောက်ရွံ့နေရမလားဆိုတာတောင် မသိတော့ဘူး။
သူက ဘယ်သူ့ကိုမှ ဖွင့်မပြောရဲဘူးလေ။ အဲဒီ့အစား တစ်စုံတစ်ယောက်က သူတို့ဖုံးအုပ်ထားတဲ့ဒဏ်ရာတွေထဲက အသားကိုဆုတ်ဖြဲပြီး ဆွဲခွာသွားတဲ့ဒဏ်ရာကို ကိုယ့်ဟာကိုယ် ပြန်ပြင်ဆင်ဖို့ပဲ ရည်ရွယ်ထားခဲ့ရတာ။
အခုတော့ သူတင်မဟုတ်တော့ဘူး။ ရှောင်ယင်ရဲ့နှလုံးသားကိုလဲ ဝမ်ချွန်းညန်ရဲ့ အဆိပ်ရှိတဲ့စကားလုံးတွေက ဆွဲဖြဲပစ်လိုက်ပြီ။
တင်းကြပ်နေအောင် ဆုတ်ကိုင်ထားပြီး ရှန်းကျင့်၏ စားပွဲပေါ်က လက်များသည် လက်သီးတစ်ခုအသွင် ကွေးသွားတော့သည်။ သူက ရှန်းယင်ကိုကြည့်လိုက်ပြီး အခြေအနေကို မသိသေးသည့် ရှန်းထျယ်ကို ကြည့်လိုက်၏။ အစောပိုင်းက သူတစ်ယောက်တည်း သိမ်းဆည်းထားသည့် ထိုအတွေးများ အားလုံးသည် သူ၏ညီငယ်လေးများကို ကြမ်းတမ်းသည့် အဖြစ်မှန်များမှ ဖုံးကွယ်ပေးထားခဲ့သည်။ ထို့အခိုက်အတန့်တွင် သူသည် ထိုအတွေးအားလုံးကို တစ်ယောက်ထဲ ဆက်ပြီးသည်းမခံနိုင်တော့မှန်း သိလိုက်လေသည်။ သူသည် ရှောင်ယင်နှင့်ရှောင်ထျယ်တို့ကို ဒီလိုအဆုံးသတ်သွားဖို့ရန် ခွင့်မပြုနိုင်သလို ဒီကိစ္စကြောင့် သူတို့သည် စာရိတ္တပျက်ပြားသွားလိမ့်မည် မဟုတ်ဟုလဲ သူသည် အာမမခံရဲချေ။
သူသည် ရှန်းယင်ကိုစိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ဟူကျီရဲ့အမေပြောတဲ့စကားတွေက အဓိပ္ပါယ် ရှိတယ်လို့ မင်းက ထင်နေတာလား၊ ငါတို့ရဲ့အစ်ကိုအကြီးဆုံးနဲ့မရီးက အစောကြီးကတည်းက ငါတို့မိသားစုကို သူတို့နဲ့အတူတူ ခေါ်သွားမယ်ဆိုရင် ထျန်းယာနဲ့ငါတို့အမေက သေမှာမဟုတ်ဘူးလို့ မင်းက ထင်နေလား"
လက်များထဲတွင် မသိမသာတုန်ယင်နေပြီး ရှန်းယင်သည် အခိုက်အတန့် ချီတုံချတုံဖြစ်သွားကာ ရှန်းထျယ်ကလဲ လုံးဝ မှင်သက်အံ့သြသွားတော့သည်။
ရှန်းကျင့်က မအံ့သြချေ။ ထိုခံစားချက်အားလုံးကို သူသည် ကောင်းကောင်းသိနေလေသည်။ ဝမ်ချွန်းညန်က ထိုရက်စက်သည့် စကားလုံးများကို ပြောလိုက်သည့် အခိုက်အတန့်တွင် ဒီလိုကိစ္စ သေချာပေါက်ဖြစ်လာတော့မည်ဟု သူ သိလိုက်သည်။
သူသည် စိတ်ကူးကို ချဲ့ကားပြီးပြောမနေတော့ပဲ ထိုအစား ရှန်းယင်ကိုမေးလိုက်၏။
"တကယ်လို့ ငါတို့တွေက အိမ်ထောင်စုမခွဲခဲ့ကြဘူးဆိုရင် အစ်ကိုကြီးကလဲ ပြန်မလာခဲ့ဘူးဆိုရင် ရှန်းအန်းနဲ့ရှန်းနဥ်တို့ရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး မင်းမှာ စဥ်းစားထားတာဘာရှိလဲ၊ ငါတို့တွေရော အခုလက်ရှိအခြေအနေလို ဖြစ်လာမယ်လို့ ထင်လား"
ရှန်းထျယ်က ဇဝေဇဝါဖြစ်နေချိန်တွင် ရှန်းယင်သည် ရှန်းကျင့်၏စကားလုံးများကြောင့် သူ၏ အတွေးထဲမှ ရုတ်တရက် ထွက်လာတော့သည်။ သူသည် ရှန်းကျင့်ကို မော့ကြည့်မိလိုက်တော့သည်။
...
အပိုင်း (၁၉၄) အမြစ်
“တကယ်လို့ အစ်ကိုကြီးသာ ပြန်မလာခဲ့ရင် အရင်ဆုံး ဖြစ်သွားမဲ့သူက ထျန်းယာမဟုတ်ဘူး၊ ဒုတိယအစ်ကိုနဲ့ အစ်မနဲ့တို့ပဲ သေချာပေါက် အရင်ဖြစ်လိမ့်မယ်၊ အဖေက မ... အဖေက သူတို့ကို ဘယ်လိုလုပ်ပြီး အလွတ်ပေးမှာလဲ”
သူ့စကားလုံးများကို ဖုံးကွယ်ထားသော်လည်း ရှန်းထျယ်က နားမလည်ဖြစ်နေစဉ် ရှန်းယင်ကတော့ နားလည်လေသည်။ ရှန်းယင်၏ အသက်ရှူသံက ပြင်းထန်လာပြီး သူ့ခန္ဓာကိုယ်က အလိုလို တုန်ယင်သွားတော့သည်။
ရှန်းကျင့်က သူ့ကို ခြောက်လန့်လို၍ မဟုတ်သော်လည်း သူသာ ရှန်းယင်ကို အခုနေ အခြေအနေကို နားလည်အောင်မလုပ်ထားခဲ့လျှင် ထိုရူးမိုက်သည့်အတွေးများက သူ့စိတ်ထဲတွင် အမြစ်တွယ်သွားပြီး သေစေနိုင်လောက်အောင် ဖြစ်သွားလိမ့်မည်။
ရှန်းယင်က သူ့စကားကို စိတ်ထဲတွင် မှတ်ထားသည်ကို မြင်လိုက်ရသဖြင့် ရှန်းကျင့်က ဆက်ပြောလိုက်၏။ “တကယ်တော့ အစ်မက မြို့ထဲတောင် ရောက်ချင်မှ ရောက်မှာ၊ ဒါမှမဟုတ် ငါတို့တွေ ရွာမှာရှိနေတုန်းကတည်းက အဲဒီထက်တောင်စောသွားနိုင်တယ်၊ အစားအသောက် မရှိတာနဲ့ အစ်မမေညန်လို စပါးအတွက် သူ ရောင်းစားခံလိုက်ရနိုင်တယ်”
သူ့အသံသည် ပြောနေရင်းက ဆို့နစ်လာတော့သည်။ သူသည် စောစောက ဝမ်ချွန်းညန်ကို အများကြီးပြောခဲ့ချိန်တွင် သူ့ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့သော်လည်း အခုတော့ သူသည် ပိုပြီး တည်ငြိမ်လာကာ ရှန်းထျယ်ကလည်း ဘေးတွင် ရှိသဖြင့် ထျန်းယာကို ဝမ်မေညန်က ပြန်လာပို့ပေးခဲ့သည့်အကြောင်းနှင့် ဝမ်မေညန်၏ သနားစရာကောင်းသည့် အခြေအနေကို အကျယ်ခဲ့ပြီး မပြောရဲချေ။
အမှန်တွင်တော့ သူတို့ကို ကာကွယ်ပေးခဲ့သည့် သူတို့၏အမေကပင် ရှန်းအန်းနှင့် ရှန်းနဉ်တို့ကို ကာကွယ်ပေးပါလိမ့်မည်တဲ့လား။ သူမသည် သူတို့ကို မကာကွယ်ပေးသည့်အပြင် သူမက သူတို့အဖေနှင့်ပူးပေါင်းပြီး လူကုန်ကူးသူကိုပင် ရှာပေးလိမ့်မည်လား မသိချေ။ ဒါသည် သားတစ်ယောက်အနေဖြင့် ရှန်းကျင့်က မစဉ်းစားရဲသည့် မေးခွန်းတစ်ခုပင်။
“ဒုတိယအစ်ကိုက ယောက်ျားလေးပဲ၊ ဒီတော့ အဲဒီအချိန်မှာ အလွယ်တကူရောင်းစားခံရမှာမဟုတ်ဘူး၊ ဒါပေမဲ့ သူ မြို့ထဲကို ဝင်သွားတာနဲ့ ထျန်းယာလို ကံတရားကို ရှောင်နိုင်မှာ မဟုတ်ဘူး၊ ဒုတိယအစ်ကိုနဲ့ အစ်မတို့ အလှည့်ပြီးသွားရင်း ငါတို့ မောင်နှမလေးယောက်အလှည့် ဖြစ်လာလိမ့်မယ်”
“ဒီတော့ မင်း အခု နားလည်ပြီလား”
“ငါတို့မိသားစုက အစောကြီးကတည်းက အိမ်ခွဲပြီးသား၊ အိမ်ထောင်စုနှစ်ခုက လုံးဝကို အဆက်အဆံ ဖြတ်ခဲ့ပြီးသား၊ ငါတို့ မိဘတွေ လုပ်ခဲ့တာတွေကို စဉ်းစားကြည့်ရင် အစ်ကိုကြီးနဲ့ မရီးတို့က ငါတို့အသက်ရှင်သန်ရေးကို လျစ်လျူရှုထားရင်တောင် ဒါက ပုံမှန်ပဲ၊ ငါတို့တွေ အသက်ရှင်နေတာလဲ အစ်ကိုကြီးနဲ့ မရီးတို့က ငါတို့အပေါ် ဘာအငြိုးအတေးမှ မထားလို့ပဲ၊ သူတို့တွေက ငါတို့တွေကို မောင်ငယ်လေးတွေလို သဘောထားသေးလို့၊ သူက ကလေးတွေကို မဖြစ်စလောက် စပါးအတွက်နဲ့ ရောင်းစားနိုင်တဲ့ လောကကြီးမှာ အပိုပါးစပ်သုံးပေါက်ကို ကျွေးမဲ့ ဝန်ထုပ်ဝန်ပိုးကို လိုလိုလားလားနဲ့ တာဝန်ယူထားတာ”
“ဒီတော့ သတိနဲ့နေ၊ တခြားသူတွေရဲ့ မကောင်းတဲ့စိတ်ကူးနဲ့ စကားလုံးတွေကြောင့် မင်းစိတ်ကို မယိမ်းယိုင်စေနဲ့၊ သူ့(ဝမ်ချွန်းညန်)စဉ်းစား တွေးခေါ်ပုံတွေနဲ့ လွှမ်းမိုးမခံနဲ့”
“မင်း သူပြောတဲ့ စကားအတိုင်း လိုက်သွားရင် မင်းရဲ့အတွေးတွေ လမ်းလွဲသွားလိမ့်မယ်၊ မင်းလည်း မုန်းစရာ ရွံစရာကောင်းတဲ့လူတစ်ယောက်အဖြစ် ကြီးပြင်းလာလိမ့်မယ်၊ နောက်ပြီးတော့ မင်းရဲ့အစ်ကိုကြီးနဲ့ မရီး၊ မင်းရဲ့ဒုတိယအစ်ကိုနဲ့ မင်းရဲ့အစ်မတို့ဆီက အချစ်တွေ ဂရုစိုက်တာတွေကို မင်း ဘယ်နားသွားထားလဲ၊ မင်းစိတ်ထဲ ခဏလောက် ဝင်လာတဲ့အတွေးကိုပဲ စဉ်းစားတော့မှာလား”
သူသည် ဆေးထည့်ထားခဲ့သည့် ပန်းကန်လုံးအလွတ်ကို ရှန်းယင်ဘက်သို့ တွန်းလိုက်ပြီး လက်သီးဆုပ်ထားသည့် သူ့ကျန်လက်တစ်ဖက်ကို ဖြေလိုက်ကာ သူ ကိုင်ထားခဲ့သည့် တောဆီးသီးနှင့် ငှက်ပျောသီးအချပ်များကို ပန်းကန်လုံးအလွတ်ထဲ ထည့်လိုက်သည်။ သူက မေးလိုက်၏။ “ငါတို့ သောက်နေတဲ့ ဆေးတွေ၊ နေတိုင်း စားနေတဲ့ အစားအစာ၊ အသား၊ အသီးအရွက်နဲ့ အသီးခြောက်တွေကို တကယ်ပဲ ဗိုက်ထဲ ထည့်နိုင်ရဲ့လား”
“ငတ်မသေအောင် မြေကြီးတွေစားပြီး မဖြေရှင်းရအောင်၊ ဆာလောက်လို အဲဒီရူးသွားတဲ့လူတွေရဲ့ ပစ်မှတ်ထားခံနေရတာကို ကြောက်ရွံ့မနေရအောင်၊ တစ်နေ့ တစ်နေ့ ဒီလျှိုမြောင်ထဲမှာ အန္တရာယ်ကင်းကင်းနဲ့ ပုန်းနေနိုင်အောင်၊ ဆာလောင်မှုနဲ့ အအေးဒဏ်က လွှတ်မြောက်အောင်...”
“စီရင်စုထဲမှာ ရှိနေတဲ့ အဲနေ့တုန်းကဆိုရင် မင်းရော ရှောင်ထျယ်ရော နေကောင်းတာမဟုတ်ဘူး၊ မင်းတို့ကတော့ မသိဘူးပေါ့၊ ငါတို့မိဘတွေ သေဆုံးသွားခဲ့တဲ့နေ့မှာ ငါတို့တဲအပြင်ဘက်မှာ လာစုဝေးနေကြတဲ့ လူအများကြီးက ဒီအတိုင်း စိတ်ပျော်ချင်လို့ ရောက်လာတာ၊ တခြားသူတွေကတော့ ငါတို့အပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိခဲ့ကြတယ်၊ မင်းကတော့ ဘယ်သိမလဲ”
“ငါ မင်းကို ခြောက်လန့်မိမှာ အမြဲတမ်း စိုးရိမ်နေခဲ့ရတာ။ ဒါကြောင့် ငါ ထုတ်မပြောရဲခဲ့ဘူး၊ အခုချိန်မှာတောင် ငါ မပြောရဲသေးပါဘူး၊ ဒါပေမဲ့ ထျန်းယာ သေသွားတာကို စဉ်းစားကြည့်ရင် အဲဒီလူ ငါတို့နားမှာ ဘာလို့ လာဝိုင်းနေတယ်ဆိုတာကို မင်း သေချာပေါက် နားလည်မှာပါ၊ ဟုတ်တယ်မလား၊ ဆိုင်တာဝန်ခံရွှီက ငါတို့တွေကို ကယ်တင်ပေးခဲ့ပြီး အဲဒီလူတွေရဲ့ နောက်ကလိုက်တာ ခံခဲ့ရတယ်၊ မင်းက ဒီအကြောင်းကို သတိမထားမိသလို လုံးဝလည်း မသိဘူးလေ”
သူက မျက်ရည်များကို သုတ်လိုက်ပြီး စကားကို အစီအစဉ်မကျ ပြောလိုက်လေသည်။ “ဆိုင်တာဝန်ခံရွှီက ငါလို့ ဘာလို့ ကူညီပြီး ကယ်ပေးခဲ့တာလဲ၊ ဦးလေးရွှီက တကယ် ဈေးသည်တစ်ယောက်မဟုတ်ဘူး၊ သူ နေ့တိုင်း စွန့်စားပြီးတော့ ဘာလို့ ငါတို့ကို ရွာလာခဲ့တာလဲ၊ ငါတို့တွေက အမေ့ရောဂါကို ကုပေးဖို့ အစားအသောက်နဲ့ ငွေတွေကို ရစ်ငှက်နဲ့ဘာလို့ လဲလှယ်နိုင်ခဲ့တာလဲ၊ အစ်ကိုကြီး ငါတို့ကို စောင့်ရှောက်ပေးဖို့ မိသားစုဆီမှာ အမြဲတမ်း အပ်နှံထားခဲ့လို့ မဟုတ်ဘူးလား၊ အစ်ကိုကြီးသာမရှိရင် ငါတို့တွေ ဘယ်နေရာမှ သေသွားခဲ့တယ်ဆိုတာတောင် သိမှာမဟုတ်ဘူး၊ ငါတို့တွေ မြို့ထဲမဝင်ခင် သေသွားနိုင်တယ်၊ ဒါမှမဟုတ်လဲ စီရင်စုထဲမှာ သေသွားနိုင်တယ်၊ ငါတို့တွေ ထျန်းယာလို မသေနိုင်ဘဲ ဒီထက်တောင် ဆိုးသွားနိုင်သေးတယ်၊ ဒီလိုနေ့ရက်မျိုးကတော့...”
မျက်ရည်များကျ ရသည့်အထိ သူသည် ပြောလိုက်လေသည်။
ရှန်းယင်ကလည်း ငိုကြွေးနေ၏။ “အစ်ကိုကြီး ငါ နားလည်ပါပြီ၊ ငါ ဒီလို အရိုင်းစိုင်းအတွေး လုံးဝမတွေ့မတော့ပါဘူး”
ရှန်းထျယ်က သူ့အစ်ကိုကြီးမှာ အဘယ်ကြောင့် ထိုမျှလောက် တုန်လှုပ်ခြောက်ခြားနေသည်ကို သေချာမသိတော့ချေ။ ဒလဟောထွက်လာသည့် စကားလုံးများက ရွာကျလာသည့်မိုးလို သူ့ပေါ်သို့ ကျရောက်လာပြီး သူ့ကို နားမလည်နိုင်အောင် ဖြစ်နေစေလေသည်။ သူသည် တချို့တလေလောက်သာ နားလည်နိုင်သည်။ ထို့ကြောင့် သူက ရှန်းကျင့်၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်၏ “အစ်ကိုကြီး မငိုနဲ့နော်၊ အစ်ကိုအကြီးဆုံးနဲ့ မရီး၊ ဒုတိယအစ်ကိုနဲ့ အစ်မတို့က ဘယ်လောက် ကောင်းကောင်း ဆက်ဆံတယ်ဆိုတာ ငါ မှတ်ထားပါတယ်”
သည်စကားများက သည်အခိုက်တွင် ရှန်းကျင့်အတွက် အကြီးမားဆုံး နှစ်သိမ့်မှုဖြစ်သွားဟန်တူသည်။ ပြုံးတစ်ခုက သူ့နှုတ်ခမ်းထောင့်တွင် တွဲခိုလာပြီး သူက ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်ယ်၊ ဒါကို မှတ်ထား၊ ဒါကို တစ်သက်လုံး မှတ်ထားရမယ်”
“ငါတို့အားလုံး စီရင်စုမြို့ထဲက သေလုနီးပါးဖြစ်ခဲ့ရတယ်၊ ငါတို့မှာ ကောင်းတာတွေ နည်းနည်းရှိလာလို့ဆိုပြီး အဲဒီနေ့ရက်တွေ့ကို မေ့လိုက်လို့မရဘူး၊ ဒုက္ခတွေကို မေ့ထားလို့ရလဲမရသလို စေတနာတွေကိုလဲ မမေ့ရဘူး”
ရှန်းကျင့်သည် ပြောရင်းက မျက်ရည်းများက သူ့မျက်နှာပေါ်တွင် စီးကျလာတော့သည်။ သူ့မသိစိတ်ထဲတွင်သာ သိမ်းထားခဲ့ရသည့် သည်မြောက်မြားစွာသော အတွေးများသည် အခုတော့ မြစ်တစ်စင်းလို စီးဆင်းသွားပြီး ပိတ်ဆို့မထားဘဲ လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပေးလိုက်ရင်း သူသည် သူ့ညီလေးနှစ်ယောက်ကို တိုက်တွန်းလမ်းပြလေသည်။
သည်အခိုက်လေးရောက်မှ ရှန်းကျင့်သည် သူ့အတွင်းထဲက ဝရုန်းသုန်းကားဖြစ်နေသည့် အမြစ်ကို အမှန်တကယ် အသိအမှတ်ပြုလိုက်တော့သည်။
ဒါသည် စီရင်စုထဲ အိပ်မက်ကြောင့်ချည်း သက်သက်မဟုတ်သလို ဝမ်ချွန်းညန် ထုတ်ဖော်လိုက်သည့် သူ ထုတ်မပြောရဲ့သည့် ဖုံးကွယ်နေသည့် အတွေးများကြောင့်သက်သက်လည်း မဟုတ်ချေ။ ပိုအတွင်းကျသည့်အပိုင်းတွင် ရှိနေသည့် သူ့အစောပိုင်း ကိုယ်၌ကို ရင်ဆိုင်ရန် အရည်အချင်းမရှိခဲ့ခြင်းကြောင့်ပင်။
ဆာလောင်မွတ်သိပ်မှု၏ နှုတ်ခမ်းဝသို့ ရောက်သို့ဖူးသူမှသာ သူတို့မိဘများ၏ ရက်စက်မှုကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သို့သော် သူ့မိဘများသာ ရက်စက်ကြသူများလား။ သူသည်လည်း သနားညှာတာမှု ကင်းမဲ့ခဲ့သည်မဟုတ်ပါလား။ မိသားစု ခွဲလိုက်ပြီး နောက်ပိုင်းလများတွင် မကြီး၊ ရှောင်အန်းနှင့် အားနဉ်တို့ကတော့ သူ့ထက် အများကြီး ပိုအခြေအနေကောင်းခဲ့ပါသည်တဲ့လား။
ရှောင်ယင်နဲ့ ရှောင်ထျယ်တို့ကတော့ ငယ်သေးလို့လို့ ဆင်ခြေပေးနိုင်ပေမဲ့ သူကျတော့ရော။
ဟိုတုန်းကတော့ သူ့မိဘတွေက ရှန်းအန်းနဲ့ ရှန်းနဉ်တို့ကို အငတ်ထားလိမ့်မယ်လို့ သူ တခါမှ မတွေးခဲ့ဖူးဘူးလေ။ သူတို့တွေက ရက်အနည်းငယ်တိုင်း ဆန်တွေ ထောက်ပံ့ပေးခဲ့ပြီး အစားအစာလဲ ပိုရှိခဲ့တယ်။ ရွာထဲလူတိုင်းက အဆင်ပြေနေကြတဲ့ပုံပဲ။ ဒီတော့ လူတွေက ငတ်လို့သေတယ်ဆိုတာကို နားမလည်နိုင်ခဲ့ဘူးပေါ့။ သူက ရယ်မောခဲ့ပြီး ရှန်းအန်းနဲ့ ရှန်းနဉ်တို့ကို သူ့မောင်နှမတွေလို့ ဘယ်တုန်းကမှ အမှန်တကယ် မသတ်ခဲ့ဖူးဘူး။
သူ ဒါကို အမြဲ သိနေခဲ့ပေမဲ့ သူ့ရဲ့အတိတ်ကသူ့ကို လုံးဝ ရင်မဆိုင်ရဲခဲ့ဘူး။ သူ့အစ်ကိုကြီး၊ မရီး၊ ရှောင်အန်းနဲ့ အားနဉ်တို့က သူ့ကို ကြင်ကြင်နာနာနဲ့ ဆက်ဆံပေးလေလေ သူ တစ်ချိန်ကဖြစ်ခဲ့တဲ့ သူ့ကိုယ်သူကို ရင်ဆိုင်ရမှာ ပိုပြီး ကြောက်လာလေလေပဲ။
သူသည် ဝမ်ချွန်းညန်ကို သည်လိုကောင်းမွန်သည့်ဘဝနှင့် ထိုက်တန်ပါရဲ့လားဟု မေးခဲ့သည်ကို ပြန်စဉ်းစားမိလိုက်ပြီး ရှန်းကျင့်သည် သူ၏စိုစွတ်နေသည့်လက်ဖဝါးထဲတွင် သူ့မျက်နှာကို အပ်ထားမိလိုက်လေသည်။
သူကတော့ ဒါနဲ့ တကယ်ပဲ ထိုက်တန်ရဲ့လား။
သူလည်း မထိုက်တန်ခဲ့ပါဘူး။
သည်အသိတရားက အတွင်းနက်ထဲတွင် စွဲနေသည့်တိုင် သူ၏ဖိနှိပ်ခြင်းခံထားခဲ့ရသည့် အမြစ်တစ်ခုလာပြီး နောက်ဆုံးတော့ သည်အခိုက်တွင် ချုပ်တည်းခံရခြင်းက ချိုးဖျက်ကာ ရုတ်တရက် အညှောင့်ပေါက်လာပြီး ရှန်းကျင့်၏နှလုံးသားနှင့်နားထဲတွင် မိုးကြိုးပစ်ချလိုက်သလို ပဲ့တင်ထပ်သွားတော့သည်။
ပြည်တည်အနာများက မချိမဆန့် စီးကျလာသော်လည်း လုမိသားစု၏ အနာစိမ်းကတော့ ဖောက်ထုတ်ရန်ပင် အခွင့်အရေး မရလိုက်ချေ။
ရှန်းအန်း ထွက်သွားသည့်အခိုက်တွင် လုသလန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး အသားခံ တောင်းပန်ရန် မျှော်လင့်နေ၏။ သို့သော် သူသည် ထိုသို့ မလုပ်ရသေးခင်မှာပင် အဘွားလုက သူ့ကို ဖြတ်ချထားလိုက်ပြီး တစ်ချိန်လုံး ခပ်တိုးတိုး ငိုယိုနေသည့် လုသနွီကို သူမ၏အမေ ပြောခဲ့သည့် ပေါက်ကရစကားများကို ပြန်ပြောခိုင်းလိုက်လေသည်။
လုသနွီမှာ ကိုယ်တိုင် စကားထုတ်မပြောနိုင်ဘဲ သူမခေါင်းကို ငုံ့ထားကာ သူမ၏ပါးစပ်ကို ဖွင့်ရန် အချိန်တော်တော်ကြာအောင် ချီတုံချတုံဖြစ်နေ၏။
လုအဘွားက သူမကို ခဏလောက် စောင့်ကြည့်နေလိုက်ပြီးမှ ခေါင်းညိတ်လိုက်ကာ “သိတတ်နေတယ်ပေါ့၊ ဟမ်၊ နင်က ထုတ်မပြောချင်တာလား၊ ဒါမှမဟုတ် ပြောရမှာ အရမ်းကို ခက်ခဲနေတာလား”
သူမက စကားပြောရန် ငြင်းဆန်နေသေးသည်ကို မြင်လိုက်ရသဖြင့် လုအဘားသည် စိတ်ပင်ပန်းလာတော့သည်။
“ဒါဆိုလဲ ဟုတ်ပြီလေ”
သူမက ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး “နင်တို့တွေ စပါးရိတ်ဖို့ အချိန်ဖြုန်းနေလို့ မရဘူး, စပါးသွားရိတ်ကြတော့၊ နင်တို့တွေဒီ လျှိုမြောင်ထဲမှာ ဒါပဲ လုပ်နိုင်တယ်”
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် အမှန်ပင် ထွက်သွားတော့သည်။ သူမသည် ယိုင်တိယိုင်တိုင် ခြေလှမ်းများနှင့် လျှောကျနေသည့် ကျောပြင်ကြောင့်သာမဟုတ်လျှင် သူမသည် ဘာကိုမှ ဂရုမစိုက်လေခြင်းဟု စဉ်းစားမိလောက်ကြသည်။
လုအဘွားက သည်လို ပြုမူလေလေ လုသလန်က ပိုပြီး ကြောက်လန့်လာလေလေပင်။ သူ့စိတ်အစဉ်တို့သည် တောင်စဉ်ရေမရဖြစ်နေပြီး သူ့မိဘနောက်က လိုက်လာကာ စက်ရုပ်လို စပါးရိတ်နေကြသည့် သူ့မိဘများကို လိုက်ကြည့်မိလေသည်။ အကြိမ်တော်တော်များများတွင် သူ့တံစဉ်သည် လွဲချော်လုနီးပါးဖြစ်သွားပြီး သူ့ကိုယ်သူ ပြန်ထိခိုက်မိမလို ဖြစ်သွားခဲ့သည်။ နေဝင်လာသည်နှင့်အမျှ သူ့ကြောက်စိတ်ကလည်း ကြီးထွားလာတော့သည်။
လယ်ယာလုပ်ငန်း ပြီးသွားချိန်တွင် သူတို့သည် ဂူထဲသို့ ပြန်လာကြ၏။ ညနေစာပင် မစားဘဲ လုသလန်က လုအဘွားရှေ့တွင် ဒူးထောက်ကာ “အမေ ကျေးဇူးပြုပြီး ချွန်းညန်ကို နောက်တစ်ကြိမ် ခွင့်လွှတ်ပေးပါ၊ ကျွန်တော် အခုချိန်ကစပြီး သူ့ပါးစပ်ကို ပိတ်အောင် လုပ်ပါမယ်လို့ ကတိပေးပါတယ်”
သည်စကားကို ကြားလိုက်ချိန်တွင် ဂူငယ်လေးထဲက ဝမ်ချွန်းညန်သည် သူ့ကို လှည့်ကြည့်လိုက်၏။
ဝမ်ချွန်းညန်က စိုးရိမ်ပါသည်တဲ့လား။
အစပိုင်းတော့ သူမက စိုးရိမ်ခဲ့သေးသည်။ သို့သော် အခုတော့ လုသလန်၏ကြံရာမရဖြစ်နေပုံနှင့် သူမကို ထိန်းချုပ်ပြီး အပြစ်ပေးမည့် သူ့အစီအစဉ်ကို မြင်လိုက်ရသည်တွင် သူမ၏စိတ်အတွင်း၌ ထူးထူးဆန်းဆန်း ကျေနပ်သွားသည့် အာရုံတစ်ခု ဝေ့တက်လာ၏။
ဒါက သူမရဲ့ယောက်ျားပဲလေ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သူ သူမကို ကယ်ဖို့ ကြိုးစားခဲ့တုန်းကတော့ သူမက ယုံကြည်နိုင်ခဲ့ပါသေးတယ်။ အခု ထပ်ပြီး ယုံကြည်ရမယ်ဆိုရင်တော့ ရူးနေလို့ပဲပေါ့။
လုသလန်က သူမကို ကယ်နေတာမှ မဟုတ်ဘဲ။ သူက သူ့ကိုယ်သူ မောင်းထုတ်မခံရအောင် သူမကို အသုံးချနေရုံသက်သက်ပဲ။ သူမက သူ့ကို အစောကြီးကတည်းက သိမြင်ထားပြီးသား။
ဝမ်ချွန်းညန်က အိန္ဒြေပြန်ရလာသည်။ ကျဉ်းမြောင်းလှသည့်ကုတင်ပေါ်တွင် ဂူနံရံကို မှီထားလိုက်ပြီး သူမက လုသလန် အဘွားကြီးရှေ့တွင် ဒူးထောက်နေသည်ကို စိတ်ဝင်တစား အကဲခတ်နေလိုက်ပြီး သူမ၏နှလုံးသားထဲတွင် ဖောက်ပြန်နေသည့် ကျေနပ်မှုအာရုံတစ်ခု ထိုးထွက်လာ၏။
ငိုပါစေ။ တောင်းပန်တိုးလျှို့ပါစေပေါ့။ သူတို့ထဲက တစ်ယောက်မှ ကောင်းကြတာမဟုတ်ဘူး။ ဘာလို့ သူမတစ်ယောက်ထဲ ခံစားရမှာလဲ။
...
လုသလန်သည် တူညီသည့် စကားဟောင်းများကိုသာ ထပ်ခါထပ်ခါ ပြောနေပြီး သူ့အဖေကိုလည်း လှည့်တောင်းပန်ခဲ့သည်။
“ငါတို့တွေက ဘယ်လို ခွင့်လွှတ်ပေးရမှာလဲ” လုအဘွားမှာ တစ်နေ့လုံး မမောနိုင်မပန်းနိုင် အလုပ်လုပ်ခဲ့ရပြီး ရေတစ်ငုံမှ မသောက်ခဲ့ရချေ။ သူမ၏အသံက ကြမ်းရှနေပြီး သူ့ကို မေးလိုက်၏။
သို့သော်လည်း သူမသည် သူ့ထံမှ အဖြေတစ်ခုကို မျှော်လင့်မထားခဲ့ချေ။ ထို့အစား သူမက သက်ပြင်းချလိုက်ပြီး “သလန်၊ ငါတို့တစ်ယောက်ချင်းစီက ငါတို့လုပ်ရပ်တွေ ဒါမှမဟုတ် ငါတို့မလုပ်ခဲ့တဲ့ဟာတွေကိုတောင် သေချာပေါက် တာဝန်ယူရမယ်၊ ငါတို့တွေက နေရေးထိုင်ရေး၊ ခွင့်လွှတ်ဖို့အရေး၊ ငါတို့ကို အပြစ်မယူအဖို့အရေး တခြားသူတွေကိုပဲ အမြဲတမ်း အားကိုးနေလို့မရဘူး၊ ဒါက တစ်ခါ နှစ်ခါတော့ အဆင်ပြေနိုင်တယ်၊ ဒါပေမဲ့ စကားပုံတောင်ရှိတာပဲ၊ လူတစ်ယောက်က အကြောင်းအရာတစ်ခုထဲကို နှစ်ကြိမ်လုပ်နိုင်ပေမဲ့ တတိယတစ်ကြိမ်တော့ လုံးဝမလုပ်ရဘူးတဲ့”
သူမက ပြောလိုက်ပြီး လုသလန်နောက်တွင် ရပ်နေသည့် ကလေး၅ယောက်ကို လှမ်းကြည့်လိုက်လေသည်။ ရွှမ်းကျူးနှင့် တခြားသူများက ကြီးနေပြီဖြစ်သောလည်း ဟူကျီက ၁၀နှစ်၊ အငယ်ဆုံးလေး ရှီထိုက ၇နှစ်သာရှိသေးသည်။
အသက်၇နှစ်။
မနှစ်က ရှန်းကျင့်က ၈နှစ်။ အခုဆိုရင်တောင် ရှန်းယင်က ၇နှစ်။ ရှန်းထျယ် ၆နှစ်။ ထျန်းယာဆိုရင် ပိုတောင် ငယ်သေးတယ်။
လုအဘွားသည် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်ပြီး ရေရွတ်လိုက်၏။ “ငါလည်း နင်တို့တွေကို သေသေချာချာ မဆုံးခဲ့တဲ့အတွက် တန်ကြေးကို ပြန်ပေးဆပ်နေရတာပဲ”
ဆုံးဖြတ်ချက်ကို အစောကြီးကတည်းက ချခဲ့ပြီးဖြစ်၏။ သူမ၏မြေးဖြစ်သူများကို တစ်ယောက်ပြီးတစ်ယောက် အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် သူမ၏အကြည့်က နောက်ဆုံးတော့ အကြီးဆုံး ရွှမ်းကျူးနှင့် ထျယ်ကျူးဆီတွင် ရပ်သွားလေသည်။ သူမက မေးလိုက်၏။ “နင်တို့ ဘာပြောစရာ ရှိလဲ၊ နင်တို့တွေ နင်တို့အဖေလိုပဲ ဒီကိစ္စကို လျှော်ပေးဖို့ ငါ့ကို တောင်းဆိုကြမှာလား”
ညီအစ်ကိုနှစ်ယောက်လုံးက စကားမပြောကြချေ။
လုအဘွား၏နှုတ်ခမ်းများက တုန်ယင်နေပြီး သူမသည် ဒါကိုပင် စိတ်အေးရသည်ဟု မှတ်ယူလေရမလား မသိတော့ချေ။
သူမက ခွေးခြေခုံတစ်လုံးကို ဆွဲယူလိုက်ပြီး ထိုင်ချလိုက်ကာ ပြောလိုက်၏။ “နင်တို့တွေ နင့်တို့အဖေ လုပ်သလို ငါ့ကို မတောင်းမပန်ဘူးဆိုတော့ နင်တို့တွေ ဒီနေ့လည်ခင်းက ရှန်းကျင့်ရဲ့စကားကို ကြားခဲ့ကြလို့ပဲပေါ့၊ ဟုတ်တယ်မလား၊ အဲဒီတုန်းက မိဘတွေက မှန်မှန်ကန်ကန် မပြုမူခဲ့ကြဘူး၊ သူ့ဝမ်းကွဲအရင်းတွေကိုတောင်ဒီလျှိုမြောင်ထဲ ခေါ်မလာခဲ့ကြဘူး၊ နင်တို့တွေက ဘယ်လိုလုပ်ပြီး ချွင်းချက်ဖြစ်နိုင်မှာလဲ၊ နင်တို့ကို တစ်ကြိမ်၊ နှစ်ကြိမ် လျှော်ပေးခဲ့ပြီးပြီ၊ တတိယအကြိမ်ကိုလဲ အားကိုးရဲကြသေးလား”
“ထုပ်ပိုးကြတော့၊ နင်တို့ ဦးလေး (၂)နဲ့ ဦးလေး (၃) ပြန်လာတဲ့အခါ ငါ နင်တို့အားလုံးကို လိုက်ပို့ပေးဖို့ သရှန်ကို ထပ်ပြီး တောင်းပန်ရအုံးမယ်”
သည်စကားကို ကြားလိုက်သည်တွင် လုသလန်သည် ပြိုလဲသွားပြီး သူ၏တွန့်ရှုံ့နေသည့်အပြုံးက မျက်နှာပေါ်တွင် အေးခဲသွားတော့သည်။ ဝမ်ချွန်းညန်ကလည်း အလန့်တကြားဖြစ်သွားပြီး သူမ၏လက်များက သစ်သားတိုင်ကို တင်းနေအောင် ဆုပ်ထားလိုက်ကာ “အမေ ဘာပြောလိုက်တယ်”
ထိုအခါမှ အဘွားလုက သူမကို ကြည့်လိုက်ပြီး “ငါ နင်တို့ တစ်မိသားစုလုံးကို အပြင်ကို ပို့တော့မယ်လို့ ပြောလိုက်တာ၊ နင် ဒီလောက် ပြဿနာတွေ ရှာခဲ့တုန်းက ဒီလိုနေ့ကို စိတ်မကူးထားခဲ့ဘူးလား”
ဝမ်ချွန်းညန်၏အသံရှူသံသည် လေးလန်ပြင်းထန်လာပြီး “လုပ်ရဲလိုက်တာ၊ ကျွန်မက လျှိုမြောင်ရဲ့ တည်နေရာကို ဖော်လိုက်မှာ မစိုးရိမ်ဘူးလား”
အဘွားလုက တဟင်းဟင်းရယ်မောလိုက်၏။ “ဒီတော့ နင့်မှာ ကုတ်တွယ်စရာရှိတယ်ဆိုပြီး ပြဿနာရှာရဲခဲ့တာပေါ့လေ ဟုတ်လား၊ စိတ်မပူနဲ့၊ ငါ နင့်ကို အပြင်ထွက်ခိုင်းဖို့ ဆန္ဒရှိတယ်ဆိုရင်တောင် နင် တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ အခွင့်အရေးပေးမှာမဟုတ်ဘူး”
သူမက လုသလန်ကို ကြည့်လိုက်ပြီး “နင်ရော အဲလို ထင်နေတာလား”
လုသလန်သည် ပလုတ်တုတ်တစ်ခုလို ခေါင်းတွင်တွင် ယမ်းလိုက်၏။ “အမေ၊ မဟုတ်ပါဘူး၊ ကျွန်တော်က အဲသဘောမဟုတ်ပါဘူး၊ ဒါက ချွန်းညန်ရဲ့အမှားပါ၊ ကျွန်တော်တို့တွေ သူ့ကိုပဲ အဝေးပို့လိုက်လို့မရဘူးလား၊ ကလေးတွေက အရမ်းငယ်ပါသေးတယ်၊ အမေက ဘယ်လိုလုပ်ပြီး ဒီလို ရက်တာလဲ”
သည်စကားကို ကြားလိုက်သည်တွင် အဘွားလုကို လုသလန်ကို ကြည့်လိုက်ပြီး “ဒါဆိုရင် နင်တစ်ယောက်ပဲ သူနဲ့ လိုက်သွားမလား”
လုသလန်သည် ချက်ချင်း ငြိမ်ကျသွားတော့သည်။
အဘွားလုမှာ သူ့ကို ထပ်ပြီး ကြည့်ချင်စိတ်မရှိတော့ဘဲ သူမ၏အာရုံကို ရွှမ်းကျူးဘက်သို့ လှည့်လိုက်၏။ “ရွှမ်းကျူး နင်ကရော”
ရွှမ်းကျူး၏အကြည့်သည် သူ့မိဘများ၏မျက်နှာနှစ်ကြားတွင် အကြိမ်ကြိမ် ပြောင်းကာ ကြည့်နေမိ၏။ သူတို့ကိုအကဲခတ်ရင်း သူတို့စကားများကို နားထောင်ရင်း သူသည် သူတို့က မည်သူမည်ဝါဖြစ်ကြောင်းပင် မေ့လျှော့သွားသယောင်။ သူ့အဖွားက သူ့ကို ကြည့်လိုက်သည့်အချိန်မှသာ သူသည် သတိပြန်ဝင်လာတော့သည်။
“အဘွား ကျွန်တော်က မနေခဲ့ချင်ပါဘူး”
လုအဘွားက ခေါင်းညိတ်လိုက်၏။ “ကောင်းတယ်၊ ဒီလျှိုမြောင်ထဲမှာ ခေါင်းငုံ့ အမြီးကုပ်ပြီး နေရတာလွယ်တယ်၊ ဒါပေမဲ့ နင်တို့ရဲ့ ကျောရိုးတွေ ကျန်တဲ့တစ်ဘဝလုံး ထပ်ပြီးဖြောင့်နိုင်တော့မှာ မဟုတ်ဘူး၊ ဒါက ငါ့နောက်ဆုံးမေးခွန်းပဲ၊ နင် နင့်အသက်ကို ထိန်းထားဖို့ ဒီနေရာမှာပဲ ဆက်ပြီး ပုန်းနေချင်လား၊ ဒါမှမဟုတ် အပြင်ထွက်ပြီး ကုန်းနေပြီးသား ကျောရိုးတွေကို ပြန်ဖြောင့်ခွင့်ရမဲ့ အခွင့်အရေးကို နင်ကိုယ်တိုင်နဲ့ နင့်မောင်ညီမလေးတွေကို ပေးမလား”
အငယ်များက နားမလည်သော်လည်း ရွှမ်းကျူးကတော့ သူအဘွား၏အဓိပ္ပါယ်ကို နားလည်လေသည်။ သူက သူ့ဘေးက မောင်နှမများကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။ “ကျွန်တော် အဘွားစကားကို နားထောင်ပါ့မယ်”
လုအဘွား၏မျက်လုံးများထဲတွင်မျက်ရည်များ ဝဲတက်လာပြီး သူမ၏နှုတ်ခမ်းများက တွန့်ရှုံ့သွားကာ ထိုနေ့လည်ကတည်းက သူမ ပြသခဲ့သည့် အပြုံးမမည်သည့်အပြုံးတစ်ခုကို ထုတ်ပြလိုက်လေသည်။
“ကောင်းတယ်၊ နင် ငါ့စကားကို နားထောင်မယ်ဆိုရင် သွားကြမယ်”
ဝမ်ချွန်းညန်က ရူးသွပ်တော့မတတ်ဖြစ်သွားတော့သည်။ “အဘွားကြီး ရှင် ဘယ်လိုလုပ်ပြီး အဲလောက် ကောက်ကျစ်နိုင်ရတာလဲ၊ သူတို့ ငါးယောက်က ရှင့် မြေးတွေလေ၊ လုမိသားစုရဲ့ မျိုးရိုးဇစ်မြစ်တွေ”
အဘွားလုက သူမကို လျစ်လျူရှုထားလိုက်ပြီး သူမ၏အကြီးဆုံးမြေးကိုသာ အာရုံစိုက်ထားလိုက်၏။ “လိမ္မာလိုက်တဲ့ကလေး၊ နင့်မိဘတွေမှာ ရွေးစရာမရှိတော့ဘူး၊ ဒါပေမဲ့ ငါတို့တွေ တစ်ယောက်ချင်းက ဖြောင့်မတ်အောင် နေလို့ရသေးတယ်၊ အဘွားက နင့်ကို ထိခိုက်အောင် လုပ်မှာမဟုတ်ပါဘူး၊ ငါ နင့်ဦးလေး(၂)ကို နင်တို့အတွက် တော်တော်လေး အန္တရာယ်ကင်းတဲ့ နေရာတစ်ခုကို ရှာခိုင်းမှာပါ၊ ရှေ့ကလမ်းက ပိုပြီး ခက်ခဲကြမ်းတမ်းချင် ကြမ်းတမ်းနိုင်တယ်၊ ဒါပေမဲ့ ဒါက ပိုပြီးကျယ်ဝန်းတဲ့လမ်းပဲ၊ နင်နဲ့ထျယ်ကျူးတို့က နင့်မိဘကို သေချာစောင့်ရှောက်ပြီး နင့်မောင်ညီမလေးတွေကိုလည်း ဆုံးမသွန်သင်ပေးရမယ်နော်”
မျက်ရည်များသည် ရွှမ်းကျူး၏ပါးပြင်ပေါ်တွင် စီးကျလာပြီး သူက ခေါင်းတွင်တွင် ညိတ်လိုက်၏။
သူ့အဘွားက သူ့ကို မည်သို့သောလမ်းကို လျှောက်စေချင်မှန်း သူ မသိသော်လည်း သူသည် သူမကို ယုံကြည်လေသည်။
သူ လျှိုမြောင်ထဲသို့ ဝင်လာကတည်းက သူ့ကို မွှန်းကြပ်အောင်လုပ်နေသည့် ဖိနှိပ်ထားသည့်အလေးတုံးကြီးက နောက်ဆုံးတော့ သည်အခိုက်တန့်တွင် ဖြည်းဖြည်းချင်း ပြေလျှော့သွားသယောင်...။
...