အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အပိုင်း(၁၉၅) အဆိပ်ပြင်းတဲ့အဘွားကြီး
“နင်တို့ ပစ္စည်းတွေကို ထုပ်ပိုးတော့၊ စားစရာနဲ့ နေစဉ်သုံးပစ္စည်းတွေကိုကော တစ်ခါထဲယူသွား၊ အသစ်ရိတ်ထားတဲ့ စပါးတွေကတော့ မခြောက်သေးဘူး၊ နင်တို့ဝေစုကို ငါတို့ဆီက ယူသွားလို့ရတယ်”
လုအဘွားသည် ပြောရင်းဆိုရင်း ထရပ်လိုက်ကာ သူမ၏မြေးကို ကူညီပြင်ဆင်ပေးလိုက်သည်။ ဝမ်ချွန်းညန်သည် ရူးနှမ်းတော့မည်။ သူမက သူမ၏ယောက်ျားကို အမှန်မုန်းတီးမိပြီး တခါတရံ ထိုအမုန်းတရားသည် သူမကို အပြင်လူများနှင့် ဝေးကွာအောင် ပိတ်လှောင်ထားပြီး သူမကို သစ္စာဖောက်သွားသည့် သူမ၏ကလေးများအထိပင် ရောက်ရှိသွားသည်။ သို့သော်လည်း သည်လိုအမုန်းတရားက သူမ၏ယောက္ခမ၊ မတ်၊ ယောက်မနှင့် အပြင်လူများကို မုန်းတီးသည့် ခံစားချက်နှင့်တော့ ကွာခြားလေသည်။ မတည်ငြိမ်ဘဲ အပြောင်းအလဲ မြန်လှသည်။ အထူးသဖြင့် သူမ၏ကလေးများနှင့် ပတ်သက်လျှင်ပင် သူမသည် ဒေါသကြောင့် သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ကြိမ်ဆဲနိုင်သော်လည်း တစ်ယောက်ယောက်က သူမကလေးများ၏ ကောင်းကျိုးကို လာရောက်ထိပါးလျှင်တော့ သူမက သည်းခံလိမ့်မည်မဟုတ်ချေ။
လုအဘွား၏စကားကို ကြားလိုက်ချိန်တွင် ဝမ်ချွန်းညန်သည် အသိစိတ်ပျောက်သွားတော့သည်။ သူမ၏သွေးများက ခေါင်းသို့ ထိုးတက်သွားပြီး သူသည် စော်ကားမော်ကား စကားမျိုးစုံကို ဖွင့်ထုတ်ကာ လုအဘွားကို လှည့်စားတတ်သည့်အဘွားကြီး၊ အဆိပ်ပြင်းသည့်မိန်းမဟု ဆဲရေးလေသည်။ နောက်ဆုံးတွင် သူမ၏ရူးသွပ်မှုက အားရှုကို ကျိန်ဆဲသည့်ဘက်သို့ ရောက်လာပြီး သူ့ကို ဘယ်တော့ မကြီးလာပြင်းလာစေပဲ လုမိသားစုတွင် မျိုးဆက်များ ပျက်သုဥ်းပါစေဟုပင် ကျိန်ဆဲတော့သည်။
ရွှမ်းကျူး၊ ထျယ်ကျူးနှင့် သနွီတို့လို မောင်နှအကြီးများက အထိတ်တလန့်ဖြစ်သွားကြပြီး သူမကို တားဖို့ ကြိုးစားကြကာ အငယ်ဆုံးဖြစ်သည့် ရှီထိုကတော့ ကြောက်လန့်ကာ ငိုယိုနေတော့သည်။
ဟူကျီသည် ၁၀နှစ်ရှိပြီဖြစ်သည်။ သနွီသည် သူ့အဘိုးအဘွားရှေ့တွင် စကားမပြောရဲသော်လည်း သူမနှင့် သူမ၏မောင်များက စပါးရိတ်ကြာချိန်တွင် သူမကို မေးမြန်းကြသည်။ သူတို့သည် နေရာတွင်ပင် ရပ်နေပြီး မှင်သက်အံ့ဩသွားကြကာ သူတို့၏အမေက ရူးသွပ်စွာ ကျိန်ဆဲနေသည်ကို ကြည့်နေမိကြပြီး သူတို့၏အဖေက ဒေါသများ တောက်လောင်နေပြီး သူတို့၏အမေက စည်းရိုးထဲမှ ရုန်းကန်နေသည်ကို မြင်တွေ့လိုက်ရ၏။
အဘွားလုက ကိုယ်တိုင် ကျိန်ဆဲခံနေရသည်ကို စိတ်ထဲထားမနေဘဲ သည်းခံနေလိုက်သည်။ သို့သော် သူမ၏အငယ်ဆုံးမြေး အားရှု ကျိန်ဆဲခံနေရသည်ကို ကြားလိုက်ချိန်တွင် သူမ၏မျက်နှာသည် ဒေါသကြောင့် ညိုမဲသွားတော့သည်။ သူမသည် ထောင့်လေးနားတွင် ကုပ်နေသည့် အားရှုကို လှမ်းကြည့်လိုက်ပြီးနောက် ငိုယိုနေသည့် ရှီထိုကို ကြည့်လိုက်၏။ ကြီးစွာအားထုတ်လိုက်ရပြီး သူမသည် သူမ၏ဒေါသကို ပြန်ထိန်းထားလိုက်ကာ မျက်နှာမှာ ဖြူဆုတ်နေသည့် အဘိုးလုက ကလေးနှစ်ယောက်ကို အရင်ဆုံး အပြင်ခေါ်ထုတ်သွားသည်အထိ စောင့်နေလိုက်၏။
ကျိန်ဆဲသံများသည် မကြာခင်မှာပင် မသဲမကွဲအသံများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
လုသလန်သည် ဝမ်ချွန်းညန်၏ ပါးစပ်ကို ပိတ်ခဲ့ချိန်တွင် သူသည် သူမကို သတ်ချင်စိတ်များ အမှန်ပင် ပါဝင်နေ၏။ သူသည် သူမကို မွှန်းသတ်လိုက်လျှင် သူ့မိသားစုက နောက်ဆုံး အေးချမ်းသွားမည်ဟု ယုံကြည်နေလေသည်။
သည်တဒင်္ဂအတွေးထဲတွင် နစ်မြောသွားပြီး သူသည် အခိုက်တန့် စိတ်ပျံ့လွှင့်သွားတော့သည်။ ဝမ်ချွန်းညန်က သူ့လက်ကို ကြောက်စရာကောင်းအောင် ကိုက်ချပစ်လိုက်၏။ အဘွားထံမှ သော့ကို သွားယူလာပြီး သူ့ညီနှင့်အတူ တံခါးကို ဖွင့်ကာ သူတို့၏အမေကို ဆွဲထုတ်လာပြီး သူမ၏လက်ကို ချည်နှောင်ကာ အဝတ်စဖြင့် ဆို့ကာ နှုတ်ပိတ်ထားသူက ရွှမ်းကျူးဖြစ်သည်။ ထိုအခါမှ သူတို့၏ဂူသည် ဝရုန်းသုန်းကားအခြေအနေက ခဏတာ ငြိမ်သက်သွားတော့သည်။
သည်တစ်ကြိမ်တွင် မောင်နှမများသည် မျက်ရည်များ ကျနေရဆဲဖြစ်သော်လည်း သူတို့သည် တခြားရွေးစရာ မရှိတော့ဘဲ ထွက်သွားရတော့မည်ကို အမှန်ပင် နားလည်သွားကြသည်။ သူတို့သည် ဆန္ဒအလျောက် သူတို့၏ပစ္စည်းများကို စတင် ထုပ်ပိုးလိုက်ကြ၏။ လုသလန်တစ်ယောက်သာ မလှုပ်မယှက်ဖြစ်နေပြီး သူ့လက်များက တုန်ယင်နေကာ သူ့၏အဓိပ္ပါယ်မဲ့အကြည့်က ဘာမှမရှိသည့်အပေါ် တွယ်ကပ်နေပြီး လှုပ်ရှားရန်ပင် စိတ်ကူးမရှိချေ။
လုအဘွားက ဘာတစ်ခွန်းမှ မပြောချေ။ သူမသည် ဘာမှမပြောဘဲ ကူညီထုပ်ပိုးပေးလိုက်ပြီး ထည့်သွားရမည့်ပစ္စည်းများကို မကြာခဏ မေးမြန်းနေသည်။ လှုပ်လှုပ်ရှားရှား ပြင်ဆင်ကြရာ အချိန်တစ်နာရီကျော် ကုန်သွားပြီး လယ်ကွင်းထဲတွင် ကျန်နေသေးသည့် အကြီးဆုံးမိသားစု၏ စပါးပမာဏကို တွက်ချက်လိုက်ပြီး သူမတို့၏ ကိုယ်ပိုင်လှောင်ထားသည်ထဲက ဝေစုတစ်ခု ထုတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ပိုကြီးမားသည့် ပစ္စည်းများကို ထုတ်ပိုးပြီးသလောက် ရှိသည့်အချိန်တွင် သူမသည် နောက်ဆုံးတော့ ပန်းကန်လုံးတစ်ခုကို ယူကာ ဂူထဲမှ အမှောင်ထဲသို့ ထွက်သွားလေသည်။
...
ရွှီမိသားစုအိမ်တွင်တော့...
အဘွားရွှီသည် လုအဘွားက သည်လိုထူးခြားသည့်အခိုက်တန့်မှ အလည်ရောက်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ တဒင်္ဂ အံ့အားသင့်သွားပြီးနောက် သူမက အဘွားလုကို မြန်မြန် ဖိတ်ခေါ်လိုက်၏။
လုအဘွားက စကားစမြည်ပြောရန် စိတ်မပါချေ။ “ကျွန်မ ရှင့်ဆီက တစ်ခုခု တောင်းချင်လို့ လာခဲ့တာပါ”
ရွှီမိသားစုက တအံ့တဩဖြစ်သွားကြသည်။ အဘွားရွှီက ပြန်ဖြေလိုက်၏။ “ရှင် လိုအပ်တာများ ရှိလို့လား၊ ဘာပစ္စည်းလဲ ကျွန်မကို ပြောလိုက်ပါ၊ ကျွန်မ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်”
“ရှင်တို့မိသားစု လျှိုမြောင်ထဲဝင်တုန်းက အရက်နည်းနည်း ယူလာတာ ကျွန်မ သတိရမိလို့ပါ၊ ရှင်တို့မှာ နည်းနည်းလောက် ကျန်သေးလားလို့ပါ၊ ကျန်သေးရင် ကျွန်မကို တစ်ဇွန်း နှစ်ဇွန်းစာလောက် ချေးလို့ရမလား”
အဘွားရွှီက ခေါင်းညိတ်ပြလိုက်၏။ “ရှိပါတယ်၊ ကျွန်မတို့ နည်းနည်းပါးပါး ယူလာခဲ့တယ်၊ ဒါပေမဲ့ သောက်ဖို့ မဟုတ်ပါဘူး၊ ကျွန်မတို့က ဒါကို ကလေးတွေ အဖျားကျအောင် သုံးဖို့ သိမ်းထားတာပါ၊ အဖျားကျအောင် ခန္ဓာကိုယ်မှာလိမ်းရင် ထိရောက်တယ်လေ”
ထို့နောက်တွင် သူမက ဝေ့လင်းကျန့်ကို အရက် ယူလာခိုင်းလိုက်၏။
သည်တစ်ကြိမ် အရက်ကို တောင်းရသည့် ရည်ရွယ်ချက်အား လုအဘွားကို မေးချင်စိတ်ဖြစ်မိသော်လည်း သည်နေ့ လုမိသားစုတွင် ဖြစ်သွားသည့် စိတ်ဆင်းရဲစရာ ကိစ္စများကို ထောက်ချင့်ပြီး သူမက ပြန်စဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့အစား သူမက စကားလမ်းကြောင်းလွဲလိုက်ပြီး လုအဘွားကို ညနေစာအကြောင်း မေးလိုက်၏။
လုအဘွားက ခေါင်းခါပြလိုက်ကာ “စားချင်စိတ်လဲ မရှိပါဘူးလေ”
ထိုခဏတွင် အဘွားရွှီသည် သူမကို မည်သို့နှစ်သိမ့်ပေးမည်မသိအောင် စကားလုံးများ ပျောက်ဆုံးသွားတော့သည်။ ကံအားလျော်စွာ ရွှီမိသားစုဂူက မကြီးမားချေ။ ဝေ့လင်းကျန့် စင်တစ်ခုပေါ်မှ အရက်အိုးငယ်လေးတစ်ခုကို ယူထုတ်လာခဲ့ပြီးဖြစ်သည်။ အိုးက မဖွင့်ရသေးချေ။ ဦးလေးရွှီ၏အကူအညီဖြင့် သူတို့သည် အဖုံးကို ဖွင့်လိုက်ကြ၏။ ထို့နောက်တွင် သူမက အဘွားလုအတွက် ပန်းကန်လုံးကြီးတစ်လုံးထဲသို့ သုံးလေးပန်းကန်စာ လောင်းထည့်ပေးလိုက်၏။ လုအဘွားက အလျင်စလို ပြောလိုက်တော့သည်။
“ရပါပြီ၊ ဒီလောက်ဆို လောက်ပါတယ်”
ဝေ့လင်းကျန်က မျက်လုံးကို ပင့်လိုက်ပြီး “ဒါက လောက်လို့လား၊ အဒေါ် ထပ်လိုသေးရင် အားမနာပါနဲ့”
လုအဘွားက ပြန်ဖြေလိုက်၏။ “လောက်ပါတယ်၊ နှစ်ယောက်လုံးကို ကျေးဇူးအများကြီး တင်ပါတယ်၊ အိမ်မှာလဲ ဖရိုဖရဲဖြစ်နေတုန်း၊ ကျွန်မ အခု သွားမှဖြစ်မယ်”
ရွှီမိသားစု၏သခင်မကြီးနှင့် ချွေးမတို့က သူမကို ခြေလှမ်းအနည်းငယ် လောက်လိုက်ပို့ပေးလိုက်ကြပြီးနောက် ပြန်လာခဲ့ကြသည်။ ထိုအခိုက်တွင် အဘွားလုက အရက်ကို လိုအပ်ရသည့် အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေသေးသော်လည်း ဒါက တစ်ခွက်နှစ်ခွက်စာလေးသာ ဖြစ်သဖြင့် ထိုကိစ္စကို စိတ်ထဲ မထားဖို့ ဆုံးဖြတ်လိုက်ကြ၏။ ထို့အစား သူတို့သည် ဝေ့ချင်းဟယ်ဘက်သို့ လှည့်ကာ မေးလိုက်ကြသည်။ “ဒီနေ့ ရှန်းလီနဲ့ တခြားသူတွေကို ပြန်လာဖို့ တကယ်သွားခေါ်ခဲ့တာလား”
ဝေ့ချင်းဟယ်က ခေါင်းညိတ်ပြလိုက်ပြီး “ကျွန်တော် သတင်းသွားပို့ပြီးပြီ၊ ဖြစ်သွားခဲ့တဲ့ကိစ္စကိုလဲ ရွာသူကြီးကျိုးကို အကြမ်းဖျင်း ပြောပြထားပြီးပြီလေ”
သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး “ဒီအချိန်လောက်ဆိုရင် ရွာသူကြီးကျိုးလည်း စာကို သွားပို့နေလောက်ပြီ”
သည်စကားကို ကြားလိုက်သည်တွင် အဘွားရွှီသည် သက်ပြင်းချလိုက်လေသည်။ “လုမိသားစုက ဒီအဘွားကြီးကတော့ တစ်မနက်ခင်းထဲနဲ့တင် ၄-၅နှစ်လောက် အိုစာသွားတဲ့ပုံပဲ”
မနက်ခင်းကမှ သူမသည် စပါးရိတ်ရင်း ဝမ်းသာရွှင်လန်းနေသေးသည်။ သို့သော် အခုတော့ ကျန်နေသည့်အရာအားလုံးမှာ နွမ်းနှယ်ညိုးငယ်နေသည့် ရုပ်သွင်သာဖြစ်တော့သည်။ သူမ၏အစောပိုင်းက တက်ကြွသည့်စိတ်များ လုံးဝမရှိတော့ချေ။
ကျိုးချွမ်ကျန့်သည် အမှန်ပင် လျှိုမြောင်ထဲက ထွက်ခဲ့လေသည်။ ထိုအခိုက်တွင် ရှန်းလီနှင့်တခြားသူများကလည်း အပြန်ခရီးတွင် ရောက်နေပြီဖြစ်ကာ ရှီအာ့လန်က အပြင်ဘက်မှနေ၍ ဝင်ပေါက်ကို ဖုံးကွယ်ပေးထားသည်။
တချိန်ထဲတွင် အဘွားလုကလည်း အိမ်သို့ ပြန်ရောက်လာပြီဖြစ်သည်။ သူမသည် မီးဖိုထဲ မီးသွေးစအနည်းငယ်ကို တူးထုတ်လိုက်ပြီး ကျောက်ဆုံထဲတွင် သေသေချာချာလေး ကြိတ်ချေနေ၏။
မိသားစုတစ်ခုလုံးသည် သူတို့၏ညနေစာကို မစားကြရသေးချေ။ သို့သော်လည်း သူမ လုပ်နေသည့်အရာကို ဘယ်သူကမှ မတွေးတတ်ကြပေ။ သို့တိုင် လူတိုင်း၏ စိတ်တို့က ဖိစီးနေကြသဖြင့် ဘယ်သူကမှလည်း မေးဖို့ စိတ်ကူးမရှိကြချေ။
သည်အချိန်တွင် လုအာ့လန်သည် လျှိုမြောင်ထဲသို့ ဝင်လာပြီး ကျိုးချွမ်ကျန့်ထံမှာ အခြေအနေကို အကြမ်းဖျင်း နားလည်ထားသည်။ လုညီအစ်ကိုများသည် ရှန်းလီ၊ စန်းလော့နှင့် ချန်းသရှန်တို့ကို သူတို့၏ကိစ္စထဲတွင် ဆွဲမထည့်ကြချေ။ ထို့အစား သူတို့သည် သူတို့ကို အိမ်ပြန်ကြဖို့ ပြောလိုက်ပြီး သူတို့ညီအစ်ကို နှစ်ယောက်ကတော့ သူတို့အိမ်သို့ အလောတကြီး ပြန်လာခဲ့ကြ၏။
အဘွားလုက မီးသွေးများကို မှုန့်ညက်နေအောင် ကြိတ်ပြီးသွားခဲ့သည်။ သူမက သစ်သားစားပွဲပေါ်တွင် တင်ထားသည့် ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး ယူလာခဲ့၏။ ထိုပန်းကန်လုံးထဲတွင် ရွှီမိသားစုထံမှာ ချေးငှားလာသည့် အရက်ဖြူနည်းနည်း ပါလေသည်။ သူမက မီးသွေးမှုန့်များကို အရက်ထဲသို့ လောင်းထည့်လိုက်ပြီး မဲနက်ချွဲပြစ်သည့် အရည်တစ်ခုကို လုပ်လိုက်သည်။ ထို့နောက် သူမသည် တံခါးတွင် ငေးကြောင်ကြောင်ထိုင်နေသည့် လုသလန်ဆီသို့ လျှောက်သွားလိုက်ပြီး “ထစမ်း၊ နင် ဒီမှာ ဘယ်လောက်ကြာအောင် ထိုင်နေမလို့ စဉ်းစားထားတာလဲ”
သူမက ပန်းကန်လုံးကို သူ့အား လှမ်းပေးလိုက်ပြီး ပြောလိုက်၏။ “အထဲဝင်သွားပြီး နင့်မိန်းမကို ဒါကို သောက်အောင် လုပ်လိုက်”
လုသလန်က မတုန့်ပြန်ချေ။ လုရွှမ်းကျူးနှင့် မောင်နှမသုံးယောက်က စိုးရိမ်လာကြပြီး မနေနိုင်တော့ဘဲ လှမ်းခေါ်လိုက်ကြလေသည်။
“အဘွား”
လုအာ့လန်နှင့် လုစန်းလန်တို့က အလောတကြီး ဝင်အလာတွင် သူတို့သည် သည်မြင်ကွင်းကို တွေ့လိုက်ရ၏။
အဘွားလုက သူမ၏ပြန်လာသည့် သားများကို လှမ်းကြည့်လိုက်သော်လည်း ထို့နောက်တွင် သူမ၏မြေးများဘက်သို့ လှည့်ကာ ပြောလိုက်၏။ “စိတ်မပူပါနဲ့၊ ငါ ကောက်ကျစ်ပါတယ်၊ ဒါပေမဲ့ ဆေးတစ်ဖုံလောက်နဲ့တော့ နင်တို့အမေကို အဆိပ်ခတ်ရလောက်အောင် မကောက်ကျစ်သေးပါဘူး၊ ငါက သူ့ကို လိမ်လိမ်မာမာနဲ့ လမ်းမှာ ပြဿနာမရှာအောင်ဘဲ နေစေချင်တာ”
လုရွှမ်းကျူးနှင့် သူ့မောင်နှမများသည် အားလုံး စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြသော်လည်း ထို့နောက်တွင် သူတို့သည် အဘွားကြီး၏စကားလုံးများထဲက ကိုယ့်ကိုယ်ကို သရော်နေသည့် ခပ်ရေးရေး အရိပ်အမြွက်ကို အာရုံခံမိလိုက်ကြသည်။ ထိုအခိုက်တန့်လေးတွင် သူတို့အားလုံးသည် ဆွံ့အသွားကြတော့သည်။
လုသလန်က သူ့လက်ထဲ ဆေးပန်းကန်လုံးကို ကိုင်ထား၏။ သို့သော်လည် သူ့မျက်လုံးများက လုအာ့လန်နှင့် လုစန်းလန်ဆီသို့ ကျရောက်သွားသည်။ သူသည် အသက်ပြန်ဝင်လာသယောင် အရေးတကြီး ပြောလိုက်၏။ “အာ့လန်၊ စန်းလန်၊ ကျေးဇူးပြုပြီး အမေ့ကို အသားနာခံပေးပါအုံး၊ ဟူကျီနဲ့ ရှီထိုတို့က ငယ်ပါသေးတယ်၊ သူတို့တွေကို လျှိုမြောင်ထဲက မောင်းထုတ်လိုက်ရင် ဘယ်လုပ်ပြီး အသက်ရှင်နိုင်မှာလဲ၊ သူတို့တွေက မင်းတို့ကို ဦးလေး(၂)၊ ဦးလေး(၃)လို့ ခေါ်ကြတယ်လေ၊ ကျေးဇူးပြုပြီး သူတို့အတွက် အမေ့ကို တောင်းပန်ပေးပါဦး”
အဘွားလုသည် သူက သူကိုယ်တိုင်အတွက် ကလေးများကို အကြောင်းပြနေသေးပြီး မိသားစု သံယောဇဉ်ကို အသုံးချကာ သူ့ညီငယ်များကို ဖိအားနေသဖြင့် ဒေါသထွက်သွားတော့သည်။ သူမက တင်းမာစွာဖြင့် အော်ငေါက်လိုက်၏။ “ဆေးသွားတိုက်ချည်၊ သူတို့တွေက ရွှမ်းကျူးရဲ့ ဦးလေးတွေ၊ ဒါပေမဲ့ နင်က သူတို့အဖေလေ၊ အခု တောင်ထဲမှာ လူတွေအများကြီးပဲ၊ ကာကွယ်ပေးမဲ့သူ မရှိတဲ့သူတွေကလည်း အသက်ရှင်ရဦးမှာပဲ၊ မဟုတ်ဘူးလား၊ နင့်ကျောပြင်က အဲလောက် ပျော့လိမ့်မယ်လို့ ငါ လုံးဝ မသိခဲ့ဘူး၊ နင် ဘယ်လို မတ်မတ်ရပ်ရမယ်ဆိုတာကိုရော သိသေးရဲ့လား၊ ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုဘူး၊ ဘာမှ ပြောင်းလဲသွားမှာမဟုတ်ဘူး၊ ငါ နင့်ကို နောက်ဆက်တွဲကိစ္စတွေ ပြောထားပြီးသား”
သူ့အမေ၏ အမူအရာကို မြင်လိုက်သည်တွင် လုသလန်သည် နောက်ဆုံးတော့ ဘာမှ ထပ်မပြောရဲတော့ချေ။ သူက တံခါးဖွင့်လိုက်ပြီး ဆေးတိုက်ဖို့ ပြင်ဆင်နေသည့် ရွှမ်းကျူးကို စောင့်ကြည့်နေမိတော့သည်။
ဝမ်ချွန်းညန်က သူမကို ဖိအားဖြင့် ဆေးတိုက်သည်ကို လက်ခံပါသည်တဲ့လား။ ထို့အပြင် ဆေးက ဘာမှလည်း သူမ မသိချေ။ တံခါးပွင့်သွားသည့်အခိုက်တွင် သူမသည် ထွက်ပြေးရန် ကြိုးစားတော့သည်။ သူမကို တားပြီး ချုပ်ထားရန် လူသုံးယောက် သုံးလိုက်ရသည်။ ဆူဆူညံညံဖြစ်သွားပြီးနောက်တွင် သူတို့သည် နောက်ဆုံးတော့ ဆေးကို သူမ၏လည်ချောင်းထဲသို့ လောင်းထည့်နိုင်ခဲ့ကြသည်။
လုသလန်ကတော့ အိန္ဒြေမပျက် ရှိနေသော်လည်း ရွှမ်းကျူးနှင့် ထျယ်ကျူးတို့၏မျက်လုံးများက နီးမြန်းလာသည်။
အဘွားလုသည် သည်မြင်ကွင်းကို စောင့်နေရပြီး သည်နေ့တွင် သူမသည် အဆုံးစွန်သော လူဆိုးမနေရာကို ယူခဲ့ရမှန်း သိလိုက်လေသည်။ ညီအစ်ကိုနှစ်ယောက်ကို ကြည့်လိုက်ပြီး သူမက မေးလိုက်၏။
“ငါ့ကို အပြစ်မြင်နေတာလား”
ညီအစ်ကိုနှစ်ယောက်က မြန်မြန် ခေါင်းခါပြသည်။
အဘွားလုက ခါးသက်သက် ပြုံးလိုက်ပြီး “ငါ့ကို အပြစ်မြင်မြင် မမြင်မြင် ဘာမှ ပြောင်းလဲသွားမှာမဟုတ်ဘူး၊ လူဆိုတာ ကိုယ့်လုပ်ကို တာဝန်ယူတတ်ရတယ်၊ နင်တို့တစ်မိသားစုလုံး အခြေချနိုင်မဲ့ နေရာတစ်ခု ရှာပေးဖို့ နင့်ဦးလေး (၂)နဲ့ ဦးလေး(၃)တို့နဲ့ အဖော်လိုက်ခဲ့ပေးဖို့ ခဏနေကျရင် ငါ့သိက္ခာတွေကို မြိုချထားပြီး သရှန်ကို တောင်းပန်ရအုံးမယ်၊ နင့်အမေက ခရီးအတွင်းမှာ ပြဿနာ ရှာမှာမဟုတ်သလို တခြားသူတွေကို ဒုက္ခပေးလို့မဖြစ်ဘူး၊ ငါတို့တွေ ဒီလျှိုမြောင်ထဲက လူတိုင်းကို အန္တရာယ်ဖြစ်အောင် လုပ်လို့မရဘူး”
“နင်တို့အမေ ငါကို ဆဲတုန်းကလဲ သူ မမှားပါဘူး၊ ငါက ရက်စက်တယ်လေ၊ ဒီခရီးမှာ သူတို့တွေ ဝံပုလွေ၊ ကျားသစ်၊ ကျားတို့နဲ့ တွေ့နိုင်တယ်၊ နှစ်အနည်းငယ် ကြာပြီးရင် နင်တို့တွေ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်မလားဆိုတာ ငါ အာမ မခံနိုင်ဘူး၊ ဒါမှမဟုတ်လည်း နင်တို့တွေ တစ်ယောက်မှ ပြန်မလာနိုင်တာလည်း ဖြစ်နိုင်တယ်၊ ဘယ်သူက ဒီလိုကိစ္စမျိုးကို ခန့်မှန်းနိုင်မှာလဲ၊ တစ်ခုခု ကံဆိုးတာ ဖြစ်လာခဲ့ရင်း နင်တို့စိတ်ထဲက အပြစ်တင်တာတွေကို ငါ လက်ခံပါတယ်၊ နင်တို့တွေ ငရဲအထိ လိုက်ပြီး အပြစ်တင်ပြောဆိုချင်တယ်ဆိုလည်း လုပ်ကြပါ”
ထိုအခါမှ ရွှမ်းကျူးသည် စိုးရိမ်တကြီးဖြစ်သွားတော့သည်။ “အဘွား ကျွန်တော်တို့ ခုနက အဘွားကို အပြစ်တင်ဖို့ တကယ် မရည်ရွယ်ခဲ့ပါဘူး”
အဘွားလုက သူမ၏စကားလုံးများနှင့် သူ့ကို ဖြတ်ပြောလိုက်၏။ “နင်တို့တွေ ငါ့ကို အပြစ်မပြောဖို့ အာမခံချက်တောင်းနေတာမဟုတ်ဘူး၊ နင်တို့ အပြစ်တင်တင် မတင်တင် ငါ ဂရုမစိုက်ဘူး၊ ငါ နင်တို့ကို ပြောချင်တာက နင်တို့ နဂိုက လျှောက်ရမယ့်ဘဝက နင်တို့ တွေ့ကြုံဖူးခဲ့တာတွေထက် အများကြီး ဆိုးရွားလာလိမ့်မယ်__ မဆုံးနိုင်တဲ့ ဆိုးရွားခြင်းတွေ ဖြစ်လိမ့်မယ်၊ မိသားစု ခြောက်ယောက်ကနေ သုံးယောက်အထိ လျော့သွားခဲ့တဲ့ ရှန်းကျင့်တို့မိသားစုကို နင်တို့အမေ လှောင်ပြောင်ခဲ့သလိုပဲ၊ ဆိုင်တာဝန်ခံရှီနဲ့ သူတို့အကြီးဆုံးအစ်ကိုက သူတို့ကို ကယ်ဖို့ အသက်စွန့်ခဲ့လို့သာပဲ”
“သေမင်းလက်နေ ကပ်ပြီးလွတ်လာနိုင်ခဲ့သူကသာ အပြင်ဘက်က ရက်စက်ကြမ်းတမ်းတဲ့ လက်တွေ့ကို အမှန်တကယ် နားလည်နိုင်တာ၊ နင်တို့တွေ မြေကြီးပေါ်က ငရဲကနေ လွှတ်လာခဲ့တယ်၊ ရှန်းနဲ့ချန်းမိသားစု နှစ်ခုလုံးက နင်တို့ကို ကာကွယ်ပေးထားလို့ပဲ၊ နင်တို့ ရခဲ့တဲ့ အေးချမ်းတဲ့နှစ်က သူတို့ရဲ့စေတနာ လက်ဆောင်ပဲ၊ နင်တို့ခံစားပိုင်ခွင့်မဟုတ်ဘူး၊ အဲလိုဆိုရင်တောင် ငါက နင်တို့အနာဂတ် လုံခြုံအောင် သူတို့ရဲ့အကာအကွယ်အတွက် ငါ့ကိုယ်ငါ နိမ့်ချပြီး တောင်းပန်ရအုံးမယ်လေ အဟက်”
အဘွားလုသည် သူမ၏မျက်နှာက မြေကြီးထဲသို့ အလိုလိုမြှုပ်ဝင်တော့မလို အမှန်ပင် ခံစားနေရလေသည်။ ခဏနေလျှင် ချန်းသရှန်ကို စကားပြောနိုင်ရန် သူမသည် မည်မျှအရေထူရအုံးပါမည်နည်း။
“တကယ်လို့ ငါသာ တကယ် ရက်စက်ခဲ့ရင် နင်တို့အမေရဲ့လျှာကို ဖြတ်ခဲ့ပြီးပြီ၊ ဒီလိုဆိုရင် နင်တို့လဲ သူ့သွေဖီနေတဲ့ အတွေးအခေါ်ကြောင့် လမ်းလွဲပြီး သူ့နည်းလမ်းထဲမှာပဲ ပိတ်မိမနေတော့ဘူးပေါ့”
‘”ဒါပေမဲ့ နင်တို့တွေ ဆန္ဒရှိကြရဲ့လား၊ နင်တို့တွေကို ငါ့ကို အသည်းနှလုံးထဲကနေ မုန်းကြဘူးလား”
“နင်တို့ ထွက်သွားတဲ့အခါ ငါ့မှာ တခြား တောင်းဆိုစရာ မရှိပါဘူး၊ စမ်းရေတစ်ပေါက်အတွက် မဖြစ်စလောက် ကျေးဇူးတရားတွေ ပြန်ဆပ်စရာမလိုဘူး၊ ငါ နင်တို့အားလုံးကို တတ်နိုင်တာ အားလုံး သင်ကြားပေးထားပြီးပြီ၊ ကျေးဇူးတရားကို ရန်လိုမှုနဲ့ ပြန်မဆပ်ဖို့ဘဲ မှတ်ထားကြ၊ နင့်အဖေနဲ့ နင့်အမေ၊ ငါ ဆုံးမပေးလို့မရတော့ဘူး၊ ဒါပေမဲ့ အပြင်ဘက်ရောက်သွားရင် ငါ မျှော်လင့်မထားတာ တစ်ခုခု ဖြစ်သွားခဲ့ရင်း အဲဒီကိစ္စကို စောင့်ကြည့်ထားကြ၊ တခြားသူတွေ ငါတို့မိသားစုကို ကူညီပေးထားတာကို နောင်တရအောင် မလုပ်ကြနဲ့”
“သိတတ်လိမ္မာတယ်၊ သိတတ်လိမ္မာတယ်တဲ့ __ ဒါက တကယ် ဝတ္တရားတစ်ခုပဲ၊ ဒါပေမဲ့ တခါတလေကျရင် လိမ္မာသိတတ်တယ်ဆိုတာ ဒီအတိုင်း စကားနားထောင်တာ မဟုတ်ဘူး၊ နင်တို့တွေ နင်တို့ကိုယ်တိုင် အမှားနဲ့ အမှန် ခွဲခြားသိမြင်တတ်အောင် သင်ယူရမယ်၊ အဘွားတစ်ယောက်အနေနဲ့ ငါ ပြောပေး လုပ်ပေးနိုင်တာ ဒါအကုန်ပဲ”
သူမက ကိုယ်ကို လှည့်လိုက်ပြီး သူတို့မိဘများ၊ ဒုတိယအိမ်ထောင်စုနှင့် တတိယအိမ်ထောင်စုအတွက် သိမ်းဆည်းထားသည့် စင်ပေါ်က အသားအိတ်တစ်လုံးကို ယူလိုက်ပြီးနောက် လုအာ့လန်နှင့် လုစန်းလန်တို့ကို ခေါ်လိုက်ကာ စပါးတစ်တင်းနှင့် ပဲတင်းတစ်ဝက်ကို လာသယ်ခိုင်းလိုက်လေသည်။ “ငါ့ကို ချန်းမိသားစုဆီ အဖော်လိုက်ခဲ့ကြအုံး၊ ငါတို့တွေ သရှန်ကို သူ့တာဝန်တွေအတွက် အလကား ခိုင်းလို့မရဘူး၊ နင်တို့နှစ်ယောက်ကို ဦးလေးတွေအနေနဲ့ နင်တို့ရဲ့ တူ၊တူမ ငါးယောက်အတွက် ဒီစပါးကို မျှခံပေးဖို့ ပြောချင်တယ် ဘယ်လိုလဲ”
လုအာ့လန်နှင့် လုစန်းလန်တို့မှာ မငြင်းရဲကြချေ။ သူတို့သည် သူတို့အမေ လက်ညိုးထိုးပြလိုက်သည့် အိတ်များကို သယ်ပေးလိုက်ပြီး သူမ နောက်က လိုက်ထွက်လာခဲ့လိုက်၏။
ဂူထဲက ထွက်လာပြီးနောက်တွင်ပင် သူတို့သည် ဝမ်းချွန်းညန်၏ ကြမ်းရှရှ ကျိန်ဆဲသံများကို ကြားနေရဆဲပင်။ နောက်ဆုံး လည်ချောင်းရှင်းရင်း အားစိုက်ထုတ်နေရသည့် အသံသည် အဆိပ်ပြင်းသည့်အဘွားကြီးကို သောကဖြင့်သေဆုံးပါစေဟု ဆုတောင်းနေလေသည်။ လုအာ့လန်နှင့် လုသလန်တို့သည် လက်သီးများကို တင်းနေအောင် ဆုပ်ထားကြပြီး သည်အခိုက်တန့်တွင် ကလေး၅ယောက်ကို သနားသော်လည်း သူတို့သည် ပထမအိမ်ထောင်စုကို နည်းနည်းလေး ကိုယ်ချင်းစာပေးရန် သတ္တိများ မမွေးနိုင်တော့ချေ။
...
အပိုင်း (၁၉၆) အိပ်မရသည့်ည
အဘိုးလုသည် အဘွားလုက သူမ၏သားနှစ်ယောက်ကို ခေါ်ထွက်လာသည်ကို မြင်လိုက်သည်တွင် သူက ရှီထိုနှင့်အားလျူတို့ကို အရင်ဆုံး အိမ်ပြန်သွားခိုင်းလိုက်ပြီး သူမကို မေးလိုက်၏။
"ငါတို့တွေအခု ရှန်းမိသားစုဆီကို သွားမလို့လား"
အဘွားလုက ခေါင်းခါပြသည်။
"ချန်းမိသားစုဆီကို သွားကြရအောင်။ စန်းလန်ကို ရှန်းလီကို သွားခေါ်ခိုင်းလိုက်"
သူမသည် ပြောရန်လိုအပ်သည့်စကားများကို ကောင်းကောင်းသိလေသည်။ ဒီလိုရှုပ်ထွေးလှသည့် ကိစ္စတစ်ခုနှင့်ပတ်သတ်ပြီး အဘွားလုသည် ရှန်းမိသားစုကို ထပ်ပြီးတော့ ဆွဲမထည့်လိုတော့ချေ။
...
လုမိသားစု ရောက်လာသည်တွင် အဘိုးချန်းနှင့် အဘွားချန်းတို့သည် မအံ့သြတော့ချေ။
အဘွားလုက ဝေ့ချင်းဟယ်ကို လုညီအစ်နှင့် ချန်းသရှန်၏နာမည်ကို ထုတ်ပြောလိုက်ကတည်းက အဘွားချန်းနှင့် အဘိုးချန်းတို့သည် တစ်ခုခုကို ခပ်ရေးရေးလေး ခန့်မှန်းမိလိုက်၏။
လုမိသားစုသည် ဝမ်ချွန်းညန်ကြောင့် လောင်မြိုက်နေရလေသည်။ အမှန်ပြောရလျှင် လျှိုမြောင်ထဲက မည်သည့်မိသားစုက ဒီလိုအခြေအနေဖြစ်အောင် လုပ်ခဲ့သည်ရှိပါသနည်း။ လျှိုမြောင်အပြင်ဘက်က မငြိမ်းချမ်းပေ။ ဒီနေ့ ဝမ်ချွန်းညန်၏ သွေးရူးသွေး တန်းအပြုအမူကို အကဲဖြတ်ကြည့်လျှင် သူမသည် သူမ၏လက်များဖြင့် မည်သူ့ကိုမဆို ကိုက်ဖြတ်နိုင်လေသည်။ မည်သူမဆို သူမ၏လက်ထဲတွင် စိတ်သက်သာရာရလိမ့်မည် မဟုတ်ချေ။ သို့သော်ငြားလည်း သူတို့အားလုံးသည် လုမိသားစု၏ အကြီးအကဲလင်မယားက သူတို့၏ အဖြေကို စောင့်ဆိုင်းနေမှန်း ယုံကြည်ကြလေသည်။
အဘိုးချန်းက လုမိသားစု သယ်လာသည့် ဖျင်ကြမ်းအိတ်များကို ကြည့်လိုက်ပြီး မေးလိုက်၏။
"ဒါက ဘာအတွက်လဲ"
လုအဘွားက ပြန်ဖြေသည်။ "ကျွန်မ မျက်နှာပူပူနဲ့ပဲ ရွှမ်းကျူးတို့ ကလေးတွေအတွက် အသက်ရှင်သန်ဖို့ အခွင့်အရေးကို လာပြီးအသနားခံတာပါ"
ဒီမှတ်ချက်သည် အဘိုးချန်းနှင့် အဘွားချန်းတို့ကို သူမ၏ရည်ရွယ်ချက်အား တဒင်္ဂ မသိနိုင်အောင် ဖြစ်သွားစေတော့သည်။
ရှန်းမိသားစုရှိရာဘက်သို့ ကြည့်လိုက်ပြီး အဘွားလုက မေးလိုက်၏။
"စကားပြောချင်လို့ ရှင်တို့ရဲ့နေရာကို ကျွန်မ ခဏလောက်ငှားလို့ရမလား"
အဘိုးချန်းက မငြင်းဆန်ရဲချေ။ ထို့ကြောင့် သူက ခေါင်းငြိမ့်ပြလိုက်ပြီး အာ့ရှန်နှင့် ရှောင်ယာတို့ကို ဂူအပြင်ဘက်သို့ လှမ်းခေါ်လိုက်ကာ အပြင်ဘက်တွင် ခဏသွားကစားဖို့ ပြောလိုက်လေသည်။ ထို့နောက်တွင် လုအဘွားက လုစန်းလန်ကို ရှန်းလီအား သွားဖိတ်ဖို့ပြောလိုက်သည်။
အစောပိုင်းက ထိုနေ့ကကိစ္စများကို စုံစမ်းပြီးခဲ့သည်တွင် ချန်းသရှန်သည် အေးစက်စက် အကြည့်တစ်ခုဖြင့် စောင့်ကြည့်နေမိသည်။ သူသည် နှုတ်ဆိတ်ကာနေမိပြီး ရှန်းလီကို သွားရှာမည့်တောင်းဆိုချက်ကို ဒီအတိုင်းနားထောင်လိုက်ကာ ရှန်းလီ ရောက်အလာကို စောင့်နေလိုက်သည်။
အမှန်တွင်တော့ ရှန်းလီနှင့်စန်းလော့တို့သည် ချန်းမိသားစုအိမ်မှ ထွက်သွားသည်မှာ မကြာသေးချေ။ ရှန်းအန်းနှင့် ရှန်းနဥ်တို့က နေ့ခင်းဘက်က ဖြစ်ပျက်သွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး အများကြီး မသိခဲ့ကြချေ။ ထို့အပြင် ရှန်းကျင့်နှင့် ရှန်းယင်တို့ကလဲ ဒီကိစ္စကြောင့် စိတ်အတွင်းပိုင်းအထိ ထိခိုက်ခံစားရသည်။ ရှန်းလီသည် သူတို့ကို ဝမ်ချွန်းညန်၏ အဓိပ္ပါယ်မဲ့ မှတ်ချက်အကြောင်းကို ပြန်မပြောစေလိုပေ။ ထို့ကြောင့် သူက အဘွားချန်းကို သွားရောက်မေးမြန်းရသည်။ အဘွားချန်းကလဲ အကြောင်းအရာ၏ တစ်ဝက်ကိုသာ ကြားလိုက်ရသည်။ သို့သော်ငြားလည်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို အကြမ်းဖျင်း သိရှိဖို့ရန် အားလုံးအတွက် လုံလောက်ပေသည်။
လုစန်းလန်က သူတို့ကို လာရောက်ဖိတ်ခေါ်ချိန်တွင် ရှန်းမိသားစုဝင် ၄ယောက်သည် တင်းမာသည့် အမူအယာများ ဖြစ်နေကြသည်။ အဘွားလုက ဘေးအိမ်တွင် စောင့်နေသည်ဟု သိလိုက်ရသဖြင့် ရှန်းလီက စန်းလော့ကိုပြောလိုက်၏။
"အခုတော့ အနားယူလိုက်အုံး၊ ကျွန်တော်ပဲ သွားလိုက်မယ်"
စန်းလော့ကလဲ လုမိသားစုကိစ္စနှင့်ပတ်သတ်ပြီး ဝင်ပါဖို့စိတ်ကူးမရှိတော့ချေ။ ထို့ကြောင့် သူမက ခေါင်းငြိမ့်ပြလိုက်ကာ ရှန်းလီ ထွက်သွားပြီးနောက် ရှန်းအန်းကို တံခါးသွားပိတ်ဖို့ ပြောလိုက်တော့သည်။
...
ရှန်းလီရောက်လာချိန်တွင် လုမိသားစုကို အဘိုးချန်းက ဂူထဲသို့ဖိတ်ကြားထားပြီးဖြစ်သည်။ လုအဘိုးနှင့်လုအဘွားတို့ နှစ်ယောက်စလုံးက ထိုင်မနေနိုင်ဘဲ ရှန်းလီကို မြင်လိုက်သည်တွင် အလိုလို ရှေ့သို့လမ်းလျှောက်သွားလိုက်ကာ သူတို့၏ ရှက်ရွံ့မှုကို ထိန်းထားရလေသည်။
တောင်းပန်ရမည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော်ငြားလည်း ဒါသည် ဒီလိုအခြေအနေတွင် ပထမဦးဆုံးအကြိမ် မဟုတ်တော့ချေ။ အဘိုးလုနှင့်အဘွားလုတို့ နှစ်ယောက်စလုံးက ဒီလိုလုပ်ဖို့ရန် မျက်နှာပင်မပြရဲတော့ချေ။ အပြစ်ရှိသည်ဟူသည့် ရုပ်တစ်ခုဖြင့် အဘွားလုက ပြောလိုက်တော့သည်။
"ဒီနေ့ဖြစ်သွားတဲ့ကိစ္စအတွက် ငါ တကယ်တောင်းပန်ပါတယ်၊ ငါတို့တောင်းပန်တာက မဖြစ်စလောက်တန်ဖိုးလေးဆိုတာကို ငါ နားလည်ပါတယ်၊ နင်တို့တွေကလဲ ဒီစကားကိုတောင် ကြားချင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့တွေက ငါတို့ရဲ့ ထိန်းမနိုင်သိမ်းမရကလေးကို ဒီနေရာကို ခေါ်လာခဲ့ပြီးပြီဆိုတော့ သူက နင်တို့ကို နောက်ထပ်စိတ်ပျက်ရအောင် လုပ်မှာ ငါ တကယ်ပဲ စိုးရိမ်မိပါတယ် ဒါကြောင့်မလို့ ငါတို့တွေက ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ရတာပါ"
"လိုရင်းကိုပဲ ပြောပါ"
ရှန်းလီက ပြောလိုက်၏။ အခုတော့ သူ့အမူအယာက အေးစက်မှုကို ကြိုးစားပြီး ဖုံးကွယ်ထားသော်ငြားလည်း အနည်းငယ် ကျန်ရစ်နေလေသည်။ သူသည် လုမိသားစု၏ ပထမအိမ်ထောင်စုနှင့်ပတ်သတ်ပြီး စိတ်ရှည်မှုမှာ အမှန်တကယ် ကုန်ဆုံးသွားပြီဖြစ်ကာ သူတို့၏ အနှစ်မရှိသည့်စကားများကိုလဲ နားထောင်လိုစိတ် မရှိတော့ချေ။ သူ ဖြစ်ချင်သည့်အရာမှာ လုမိသားစုက ဒီအခြေအနေကို မည်သို့မည်ပုံ ကိုင်တွယ်ပြီး သူတို့ဆိုလိုသည့် တာဝန်ခံမှုဟူသည်မှာ ဘာဖြစ်သည်ကို သိချင်လေသည်။
အဘွားလုကလဲ သူမ၏သိက္ခာက ဆက်တိုက်ဆိုသလို ပျက်စီးခဲ့သည်ဖြစ်ရာ စကားကို ဆက်ပြောဖို့ရန် ခက်ခဲနေသော်ငြားလည်း သူမက စကားလုံးများကို အားစိုက်ထုတ်ကာ ပြောလိုက်ရလေသည်။
"ငါတို့မိသားစုတွေက ပထမအိမ်ထောင်စု တစ်ခုလုံးကို အပြင်ကို လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်"
"သူတို့ကို အပြင်ကို လွှတ်မယ်ဟုတ်လား"
ရှန်းလီက ပြန်မပြောရသေးခင်မှာပင် ချန်းသရှန်ကမေးလိုက်၏။
"ဘယ်ကိုလဲ ကျွန်တော်တို့လျှိုမြောင် ဆက်ပြီးလျှို ဝှက်တည်ရှိနေနိုင်ဖို့ အဘွားက ဘယ်လိုအာမခံမှာလဲ"
ချန်းသရှန်၏အမြင်တွင် သူတို့ကို အဝေးသို့ပို့လိုက်သည့် နည်းလမ်းတစ်ခုထဲကသာ လျှိုမြောင်ကို ဘေးသင့်စေလိမ့်မည်မဟုတ်။ သို့သော်ငြားလည်း ထိုမိသားစုထဲတွင် မိသားစုဝင် ၇ယောက်ရှိနေသည်။ လုအဘွားယူလာခဲ့သည့် အိတ်၃အိတ်ကို ကြည့်လိုက်ပြီး သူတို့သည် လုမိသားစု၏ ပထမအိမ်ထောင်စုကို ထိုမျှလောက်အလွယ်တကူ စွန့်လွှတ်လိမ့်မည်ဟု သူသည် မစဥ်းစားခဲ့ချေ။ သူသည် ထိုသို့လုပ်ဖို့လိုလာခဲ့ပါလျှင် ဒီကိစ္စက ဖြစ်လာခဲ့လိမ့်မည် မဟုတ်ချေ။
လုအဘွားကလဲ ဒါကို သေချာလေးနားလည်လေသည်။ ဆုံးဖြတ်ချက်ကို ကြိုတင်ချထားခဲ့သော်ငြားလည်း သူမအတွက်တော့ ထိုစကားကို ထုတ်ပြောဖို့ရန် ခက်ခဲလေသည်။
"မနှစ်တုန်းက အာ့လန်က ပြောခဲ့တယ်လေ၊ ငါတို့ရောက်နေတဲ့ ကျယ်ပြောလှတဲ့ တောင်စဥ်တန်းကြီးက နင်တို့နှစ်ယောက် ဖြတ်သန်းလာဖို့အတွက် နှစ်လကျော်လောက်သာ အချိန်ယူရခဲ့တယ်တဲ့၊ နင်နဲ့ရှန်းလီတို့က လမ်းမပျောက်ခဲ့ဘူးဆိုတာကလဲ နင်တို့ရဲ့ အရည်အချင်းတွေကြောင့်လေ ဒီတော့ ... နင်က ငါ့ရဲ့အာ့လန်နဲ့စန်းလန်တို့ကို အဖော်ပြုပေးပြီးတော့ တောင်အတွင်းပိုင်း ပိုနက်တဲ့ခရီးကို လိုက်သွားပေးဖို့ မျှော်လင့်တယ် ပိုပြီးအတွင်းကျလေလေ ကောင်းလေလေပဲ နှစ်တွေ အရမ်းကြာတာတောင် ဘယ်သူကမှ ဝင်မသွားနိုင်တဲ့နေရာတစ်ခု၊ ပိုပြီးတော့ရှည်တဲ့ နေရာတစ်ခုဆိုရင်လဲ ရတယ်"
"ငါက ငါ့ရဲ့အသုံးမကျတဲ့ သားနှစ်ယောက်အကြောင်းကို သိပါတယ်၊ တကယ်လို့ နင်က သူတို့အတွက် ဂူတစ်လုံးကိုရှာပေးပြီး အခါအကွယ်တစ်ချို့ကို ဆောက်လုပ်ပေးခဲ့မယ်ဆိုရင် သူတို့တွေကလဲ အပြင်ထွက်ရဲမှာ မဟုတ်သလို ထွက်ပြေးဖို့အရည်အချင်းလဲ ရှိမှာမဟုတ်ပါဘူး"
ဒါသည် နှင်ထုတ်ရခြင်းနှင့် သဘောတရား အတူတူပင်။ ချန်းမိသားစုသည် ချန်းသရှန် ပြန်ရောက်လာချိန်က အန္တရာယ်နှင့် ပတ်သတ်သည့် အကြောင်းအရာကို မေးမြန်းစူးစမ်းခဲ့ကြသည်။ သို့သော်ငြားလည်း သူတို့သည် ပြင်းထန်သည့် အခြေအနေကိုတော့ အပြည့်အဝ နားမလည်ခဲ့ကြချေ။ ကြောက်စရာကောင်းသည့် တောင်စဥ်တန်းများကို အမှန်တကယ် ဖြတ်ကျော်ခဲ့ရသည့် ရှန်းလီနှင့်ချန်းသရှန် မျက်ခုံးကိုပင့်ကာ အမေဖြစ်သူကို ကြည့်နေသည့် လုအာ့လန်တို့ကသာ အမှန်တကယ် နားလည်ကြသည်။
ရှန်းလီ၏မျက်လုံးများက အနည်းငယ်အောက်ကျသွား၏။ အသက်ရှင်ဖို့ရန် အခွင့်အရေးကို အသနားခံသည်ဟု ပထမဦးဆုံးကြားလိုက်ချိန်က ချန်းသရှန်၏မျက်လုံးထဲတွင် ဖြတ်ခနဲလက်သွားသည့် အရောင်ပြောင်းသည့် အကြည့်တစ်ခုမှာ အတိုင်းအတာတစ်ခုအထိ မှိန်ဖျော့သွားလေသည်။
"အဲဒီ့ တောင်အတွင်းပိုင်းထဲက အခြေအနေကို တကယ်ရော နားလည်ရဲ့လား၊ တကယ်လို့ နားမလည်ဘူးဆိုရင် အဲဒီ့နေရာကို ရောက်ဖူးခဲ့တဲ့ ဦးလေးလုအာ့လန်ကို မေးလို့ရပါတယ် အဲဒီ့နေရာက ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ သားရိုင်းတိရစ္ဆာန်တွေ လှည့်ပတ်သွားလာတဲ့နေရာတစ်ခုပဲ၊ ကိုယ့်ဟာကိုယ် ကာကွယ်ဖို့ဆိုတာ ကံကောင်းအုံးမှ တစ်စုံတစ် ယောက်ရဲ့လုံခြုံရေးကို အာမခံဖို့ဆိုတာ ပြောစရာတောင်မလိုဘူး"
မေးစရာမလိုတော့ပါဘူး လုအဘွားက ခေါင်းခါပြသည်။ "ငါသိပါတယ်"
"ရွှမ်းကျူးက ၁၅နှစ် ထျယ်ကျူးက၁၃နှစ် ငါ သူတို့တွေကို ငါတတ်နိုင်တာတွေ သင်ထားပေးခဲ့ပြီးပြီ သူတို့အတွက် သင့်တော်တဲ့ဂူတွေကိုသာ ရှာပေးလိုက်ပါ တကယ်လို့ သူတို့အသက်ရှင်မယ်ဆိုရင် သူတို့ဟာသူတို့ရပ်တည်ပါစေ သူတို့ရဲ့အနာဂတ်တွေကလဲ လုံခြုံသွားလိမ့်မယ် တကယ်လို့ သူတို့တွေက ဒါကိုမလုပ်နိုင်ဘူးဆိုရင်တော့ ... အင်းပေါ့လေ ဒါက သူတို့ရဲ့ကံပဲပေါ့"
ငါ့မှာ အားလီကိုတောင်းဆိုဖို့ မျက်နှာဆိုတာမရှိတော့ပါဘူး ငါတို့တွေလဲ လျှိုမြောင်အပြင်ဘက်မှာနေဖို့ တစ်စုံတစ်ယောက်လိုသေးတယ်လေ အစတုန်းကတော့ ငါက ဒီကိစ္စနဲ့ပတ်သတ်ပြီး နင့်ကိုဝင်မပါစေချင်ပါဘူး ဒါပေမဲ့လည်း ငါတို့အိမ်က အာ့လန်နဲ့စန်းလန်တို့က လုံလောက်အောင် အရည်အချင်းမရှိသေးဘူးဆိုတာ သိနေတယ်လေ ဒါကြောင့်မလို့ အထောက်အပံ့ကို ကူညီပေးဖို့အတွက် နင့်ကိုလိုက် ပါပေးဖို့ တောင်းဆိုရတာပါ ငါက တစ်ယောက် ယောက်ကို အထူးတလည်ကာကွယ်ပေးပါလို့ တောင်းဆိုနေတာမဟုတ်ပါဘူး နင်က ဒီခရီးမှာ သူတို့နဲ့ပဲ အတူတူအဖော်လိုက်သွားပေးပါ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ သူတို့တွေနဲ့သူတို့ရဲ့တူလေးတွေကို အကူအညီလေးတစ်ချို့ ပေးပေးပေါ့ နောက်ဆုံး ဒါကလဲ ငါရဲ့အတ္တဆန်တဲ့ စိတ်ဆန္ဒပါပဲ။
ခဏလောက်တုံ့ဆိုင်းလိုက်ပြီး သူမက ချန်းသရှန်ကို အသနားခံတောင်းပန်လေသည်။
"နင်က ဒီခရီးမှာ အတူလိုက်ပါပြီး ကူညီပေးလို့ရမလား"
ချန်းသရှန်သည် အကြည့်ကိုအောက်ချထားလိုက်ပြီး အချိန်တော်တော်ကြာသည်အထိ နှုတ်ဆိတ်နေလိုက်သည်။ အဘွားချန်းက သူ့ကိုအကြိမ်ကြိမ်လှမ်းကြည့်လိုက်ပြီးနောက်မှ သူသည် နောက်ဆုံးတော့ ရှန်းလီကို လှည့်ကြည့်လိုက်၏။
"တကယ်လို့ ဦးလေးလုအာ့လန်နဲ့ငါနဲ့ တစ်လနှစ်လလောက် ခရီးထွက်မယ်ဆိုရင် မင်းနဲ့ဦးလေးရှီတို့ လျှိုမြောင်ကို ကိုင်တွယ်နိုင်မလား"
တစ်ဖက်တွင် လုမိသားစုပါဝင်ပတ်သတ်နေစဥ်က ဒုက္ခများလေသည်။ တစ်ခြားတစ်ဖက်တွင်တော့ သူထွက်ခွာလျှင်ဖြစ်စေ ရှန်းလီထွက်ခွာလျှင်ဖြစ်စေ သူတို့ကိုယ်တိုင်အပြင် လျှိုမြောင်ထဲက အိမ်ထောင်စု ၇ စုလုံးကို ထိခိုက်နိုင်လေသည်။
ရှန်းလီက ခဏလောက်စဥ်းစားလိုက်သည်။
"လျှိုမြောင်ထဲကလူတွေက အနီးအနားပတ်ဝန်း ကျင်ကို ပြောင်းရွှေ့လို့ရပါတယ် နည်းနည်းဝေးတဲ့ခရီးတွေအတွက်တော့ ကျိုးစန်းကျန့်နဲ့ကန်းမိသားစုတို့လို မိသားစုအသီးသီးက တစ်ယောက်ချင်းစီကို အင်အားကူလာခိုင်းလို့ရတယ် ဒါပေမဲ့လည်း ငါနဲ့ဦးလေးရှီကတော့ အဝေးကြီးကိုသွားနိုင်မှာ မဟုတ်ဘူး"
ဒါသည် တောင်ထွက်ပစ္စည်းများကို စုဆောင်းရသည့်အဓိကရာသီ ဖြစ်နေသည်။ လျှိုမြောင်တစ်ခုလုံးအတွက် လှုပ်ရှားသွားလာသည့် အကျယ်အဝန်းကို ထိထိရောက်ရောက် လျှော့ချပေးနိုင်သည်။
အဘိုးလုက သက်ပြင်းချလိုက်ပြီး သူ့ရင်ဘတ်ထဲတွင် လေးလံသည့်အလေးတုံးကြီး တစ်ခုလို ခံစားလိုက်ရတော့သည်။ အဘွားလုကလဲ သူမ၏ခေါင်းကို ငုံ့ထားလေသည်။
ရှန်းလီက ဒီကိစ္စကို စိတ်ထဲထားမနေတော့ပဲ ချန်းသရှန်ကို သတိပေးလိုက်၏ "လျှိုမြောင်က ဒီထက်ပိုပြီးတော့ အကူအညီပေးနိုင်မှာမဟုတ်ဘူး မင်းတို့ ၃ယောက်က လူ၇ယောက်ကိုဖြေရှင်းနိုင်တယ် မ ဟုတ်လား။ တကယ်လို့ ခရီးတစ်ဝက်မှာ ပြဿနာတစ်ခုခုတက်လာတယ် စကားလုံးတွေကလဲ အပြန် အလှန်ဖြစ်လာတယ်ဆိုရင် ဒါက အန္တရာယ်ဘက်ကို ဦးတည်သွားနိုင်တယ်"
ဝမ်ချွန်းညန်က ဒီလိုနည်းလမ်းမျိုးနှင့်ဖြေရှင်းလိမ့် မည်ကို သူသည် သံသယမဖြစ်ချေ။
လုအဘွားက ဒီစကားကိုကြားလိုက်သည်တွင် နောက်ဆုံးတော့ စကားထပ်ပြောလိုက်သည်။
"လုသလန်က ကြောက်တတ်တယ် တောထဲမှာ သူကပြဿနာရှာမှာမဟုတ်ဘူး တစ်ခြားကလေးတွေကလဲ ပြောဆိုလို့ရပါတယ် ရွှမ်းကျူးနဲ့ထျယ်ကျူးတို့က အကူအညီဖြစ်နိုင်တယ် တကယ်လို့ နင်ကစိုးရိမ်နေသေးတယ်ဆိုရင် ငါတို့တွေက သူတို့ကိုရက်အနည်း ငယ်လောက် နှုတ်ပိတ်အောင်လုပ်ထားလို့ရတယ် ဝမ်ချွန်းညန်အတွက်တော့ သူက ဘာမှကြီးကြီး ကျယ်ကျယ်လုပ်နိုင်မှာ မဟုတ်ဘူး"
ဒီစကားတွင် ချန်းမိသားစုအပြင် လုအာ့လန်နှင့်လုစန်းလန်တို့ကလဲ သူတို့၏အကြည့်ကို လုအဘွားဆီသို့ ပြောင်းလိုက်လေသည်။
လုအဘွားက အောက်ကိုငုံ့ကြည့်လိုက်ပြီး ပြောလိုက်၏။
"ငါအရင်ကတွေ့ခဲ့ဖူးတယ် ဆေးမြီးတိုဟောင်းတစ်ခုကို သုံးလိုက်မယ် သူက အခုလောလောဆယ်တော့ စကားပြောနိုင်မှာ မဟုတ်ဘူး"
သူမက စကားပြောနိုင်မှာ မဟုတ်ဘူးလို့ ကြားလိုက်သည်တွင် ချန်းသရှန်ကလဲ ဘာမှထပ်မပြောတော့ချေ။
"ကောင်းပြီလေ ကျွန်တော် ဒီခရီးကို အတူလိုက်ပါပေးပါ့မယ်"
သူတို့သည် တခြား ဘာတတ်နိုင်ပါအုံးမည်နည်း။ မိသားစု၇ယောက်လုံးကို သတ်လိုက်ဖို့ကလဲ မဖြစ်နိုင်ချေ။ သူတို့ကို လျှိုမြောင်ထဲတွင် ထပ်ထားလျှင်ကလည်း တစ်နေ့တွင် ပိုမိုကြီးမားသည့်ပြဿနာ ဖြစ်လာနိုင်သည့် အလားအလာ ရှိသည်မဟုတ်ပါလား။ သူတို့သည် ဟိုတုန်းက သူတို့ကိုခိုလှုံခွင့်ပေးခဲ့သည့် အကျိုးဆက်ကို ဖြေရှင်းနေရခြင်းပင်။
ချန်းသရှန်က လုမိသားစုထားခဲ့သည့် အစားအသောက်နှင့် အသားကို မငြင်းပယ်လိုက်ချေ။ သူသည် လုသလန်အတွက် ပင်ပန်းသည့်အလုပ်များကို အခမဲ့လုပ်ပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ထိုပစ္စည်းကို လက်ခံဖို့ စိတ်မလုံမလဲမဖြစ်ချေ။ အတွင်းဘက်တွင် သူသုံးရမည့်အချိန်နှင့် အင်အားတို့နှင့်ယှဥ်လိုက်လျှင် ရိက္ခာက မျှတသည့် အပေးအယူတစ်ခုသာ ဖြစ်သည်။
လုမိသားစု ပြန်သွားပြီးနောက်တွင် တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် ချင်ဖန်းညန်က သက်ပြင်းချလိုက်သည်။ သူမသည် ဒီလိုအခြေအနေမျိုးတွင် ဘာပြောရမည်မှန်း မသိတော့ချေ။
ချန်းအဘွားက မှတ်ချက်ပေးလိုက်၏။
"သူတို့အတွက်လဲ မလွယ်ပါဘူး မြေး၆ယောက်ရှိတာ ၅ယောက်ကို အဝေးကို လွှတ်ပေးရတော့မယ်၊ နောက်ဘာဆက်ဖြစ်မယ်ဆိုတာက ခန့်မှန်းရခက်တယ်လေ"
ကိုယ်တိုင်ကလဲ အဘွားတစ်ယောက် ဖြစ်နေသည်တွင် ချန်းအဘွားသည် ဒီထက်ပိုပြီး ကိုယ်ချင်းစာပေးနိုင်လေသည်။ သို့သော်ငြားလည်း သူမ၏ကိုယ်ချင်းစာတရားက အကြီးအကဲလင်မယားနှင့် ကလေးများအတွက်သာ ဖြစ်လေသည်။ အကြီးနှစ်ယောက်အတွက်တော့ ... ချန်းအဘွားက ချန်းသရှန်ကို မှာကြားလိုက်၏။
"နင့်ကိုယ်နင် အရင်ဆုံး ဂရုစိုက် တကယ်လို့ အင်အားပိုတဲ့အခါမှသာ လုမိသားစုက တူအရီးတွေကို ကူညီပေးလိုက်"
မြေးဖြစ်သူက တောင်၏အတွင်းပိုင်းထဲသို့ စွန့်စားသွားလာရအုံးမည် ဘယ်လောက်ပင် အရည်အချင်း ရှိသည်ဖြစ်စေ လူကြီးများသည် သူတို့၏ လူငယ်မျိုးဆက်များအတွက် မစိုးရိမ်ဘဲ အဘယ်မှာရှိ နိုင်ပါမည်နည်း။ သို့သော်ငြားလည်း လုအဘွားက သူတို့ကို လာရောက်ရှာဖွေခဲ့ပြီး ကိစ္စကလဲ လျှိုမြောင်နှင့်အမှန်ပင် ပါဝင်ပတ်သတ်နေသည်တွင် သူတို့သည် မငြင်းဆန်နိုင်ပေ။
ချန်းသရှန်က ရှန်းလီကို လိုက်ပို့ပေးသည်တွင် ရှန်းလီကလဲ သီးသန့်အကြံပြုလေသည်။
"ဒီခရီးမှာ မင်းအဲဒီ့လင်မယားကို အဝေးတစ်နေရာကပဲ သတိထားပြီး စောင့်ကြည့်သင့်တယ်၊ လုမိသားစုတွေကို သူ့ဟာသူ ကိစ္စတွေဖြေရှင်းပါစေ"
အရူးများက ကြောက်စရာမကောင်းပေ။ ရူးမိုက်ပြီး အဆိပ်ရှိကာ အတ္တကြီးပြီး သတ္တိနည်းလွန်းလှသည့် သူများကသာ အမှန်တကယ် ကြောက်စရာကောင်းပေသည်။ ဒီလိုလူမျိုးဆီတွင် ကိုယ့်ကျောပြင်ကို အပ်နှံထားလို့ လုံးဝမဖြစ်နိုင်ချေ။
ချန်းသရှန်က ခေါင်းငြိမ့်ပြလိုက်၏။ "ငါ နားလည်ပါတယ်"
သူတို့တွေက တကယ်ပဲ ထိန်းချုပ်လို့မရဘူးဆိုရင် လမ်းတစ်လျှောက်မှာ ဒီလင်မယားကို ဖြေရှင်းရမဲ့ အခွင့်အရေးတွေ အများကြီး ရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒါက သူ့နေရာကနေ ဒီလိုလုပ်ရမဲ့ကိစ္စ မဟုတ်ဘူးလေ။ လုအာ့လန်ကလဲ အရူးမှမဟုတ်ပဲ။ သူက လုပ်ရပ်တစ်ခုချင်းစီအတွက် နောက်ဆက်တွဲရလဒ်ကို တာဝန်ခံရမယ်ဆိုရင် သူနဲ့ရှန်းလီတို့ကလဲ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အတူတူ ခရီးသွားလိမ့်မှာ မဟုတ်ဘူးပေါ့။ တကယ်လို့ လုအာ့လန်အတွက်သာ မဟုတ်ဘူးဆိုရင် သူကလဲ ဒီလိုအရှုပ်အထွေးကိစ္စကို တာဝန်ယူပေးမှာ မဟုတ်ဘူး။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ပြီး အချင်းချင်း နားလည်လိုက်ကြသည်။ ရှန်းလီက ချန်းသရှန်၏ပုခုံးကို ပုတ်ပေးလိုက်ကာ မေးလိုက်၏။
"ငါလတ်တလောတော့ အပြင်ထွက်နိုင်သေးမှာ မဟုတ်ဘူး၊ ဒီတော့ ရှောင်းအန်းနဲ့ ရှောင်ကျင့်တို့ကို ထပ်ပြီးလေ့ကျင့်ပေးဖို့ စဥ်းစားထားတယ်၊ အခုဆိုရင် အတွင်းပိုင်းနယ်မြေထဲမှာ လူအရေအတွက်တွေကလဲ တော်တော်များလာပြီ၊ အာရုံဆွဲဆောင်မခံရနိုင်တဲ့ နေစရာနေရာလေးတွေ ရှိသေးတယ်၊ မင်းရော၊ အာ့ရှန်ကို ထည့်ပေးလိုက်ချင်လား"
သူတို့၏လူအင်အားကို အဖွဲ့တော်တော်များ ခွဲထုတ်ရချိန်တွင် ရှန်းလီသည် သူတို့၏ လျှိုမြောင်၏ တိုက်ခိုက်ရေးစွမ်းရည်က မလုံလောက်သည်ကို သဘောပေါက်လိုက်သည်။ သူတို့သည် သူတို့ထိန်းချုပ်ထားနိုင်သည်ထက် ကျော်လွန်သည့် အခြေအနေတစ်ခုကို ဘယ်အချိန်တွင် ရင်ဆိုင်ရမည်ဟု မည်သူက သိပါမည်နည်း။ သူတို့၏ ကိုယ်ပိုင်အင်အားကို စုစည်းထားဖို့က အရေးအကြီးဆုံး ဖြစ်လေသည်။
ဒီစကားကို ကြားလိုက်သည်တွင် ချန်းသရှန်၏ မျက်နှာက လင်းလက်သွားပြီး သူက တဟားဟားရယ် မောလေသည်။
"ဒါပေါ့၊ ဘာဖြစ်လို့မထည့်ရမှာလဲ၊ သူက ၁၃နှစ်တောင် ရှိနေပြီလေ၊ ငါ့ကို ကူညီပြီးတော့ ဒီကလေးကို ဆုံးမပေးပါအုံး၊ တကယ်လို့ သူ မလေ့ကျင့်ဘူးဆိုရင် သူက ငါ့အဘိုးနဲ့ အဖေဆီက လယ်စိုက်တာနဲ့ လက်သမားပညာကိုပဲ သင်ရတော့မှာပေါ့"
ရှန်းလီကလဲ ဒီစကားကိုကြားလိုက်သည်တွင် ရယ်မောလိုက်၏။ "ကောင်းပြီလေ၊ ဒါဆိုရင် စောစောနားလိုက်အုံး၊ ငါ အရင်ပြန်လိုက်အုံးမယ်"
သူသည် လုမိသားစုကိစ္စနှင့်ပတ်သတ်ပြီး စန်းလော့ကို ပြောပြဖို့ရန် လိုအပ်လေသည်။ သူသည် ရှန်းကျင့်ထံသို့လဲ သွားမကြည့်ရသေးချေ။ ယခုတော့ ပြဿနာက ဖြေရှင်းပြီးသဖြင့် ရှန်းကျင့်ထံသို့ အလည်သွားဖို့ရန် အချိန်ကျပြီဖြစ်သည်။
...
လုမိသားစု၏ အခြေအနေကို ရှန်းလီ ပြန်ပြောပြသည်ကို ကြားလိုက်ရသည်တွင် စန်းလော့က နှုတ်ဆိတ်နေလိုက်လေသည်။ သူမသည် တစ်စုံတစ်ယောက်ကို သနားညှာတာသည့် အထုံဝါသနာ မရှိချေ။ ကိုယ်တိုင်အတွက် ဒုက္ခများကို သယ်လာတတ်ပြီး သူတို့၏ကလေးကိုပင် ဆွဲချတတ်သည့်သူများသည် သူမ၏ ကိုယ်ချင်းစာတရားနှင့် မထိုက်တန်ပေ။
ဒါသည် ထိုမိသားစုအတွက် အသက်ရှင်ဖို့ရန် အခွင့်အရေးကို အဘွားကြီးက ရှာဖွေပေးထားသည့် နောက်ဆုံးအားထုတ်မှုတစ်ခု ဖြစ်လေသည်။ ဒီလင်မယားနှစ်ယောက်က ဒါကိုပင် ကျေးဇူးတင်လိမ့်မည် မဟုတ်ချေ။ အခုတော့ မျှော်လင့်ချက်မှာ ကလေး၅ယောက်က အဘွားကြီး၏အားထုတ်မှုကို အချည်းနှီး မဖြစ်စေဖို့ရန်သာ ရှိတော့သည်။
သူမက ရှန်းလီဘက်သို့လှည့်ကာ ပြောလိုက်၏။ "အပေါ်တက်သွားပြီးတော့ ရှောင်ကျင့်နဲ့ ကလေးတွေကို သွားကြည့်လိုက်ပါအုံး၊ တကယ်လို့ လိုအပ်တယ်ဆိုရင် သူနဲ့စကားလေး အချိန်ပေးပြီးတော့ ပြောလိုက်ဦး၊ ကလေးက စီရင်စုထဲမှာ ပြင်းထန်တဲ့ဖိအားတွေအောက်ကို ရောက်ခဲ့ပြီးသား၊ အဲလိုမှ မဟုတ်ဘူးဆိုရင် သူက ဒီလောက် ပြင်းပြင်းထန်ထန်ကြီး တုံ့ပြန်မှာ မဟုတ်ဘူး"
ရှန်းလီက ခေါင်းငြိမ့်ပြလိုက်ပြီး ရှန်းအန်းနှင့် ထွက်သွားတော့သည်။
...
လုမိသားစုတွင်
လုအဘိုးနှင့် လုအဘွားတို့က ဂူထဲသို့ ဝင်မလာသေးခင်မှာပင် ရွှမ်းကျူးသည် တံခါးနားတွင်ရပ်နေပြီး အပြင်ဘက်သို့ ငေးကြည့်နေသည်ကို သတိထားမိလိုက်၏။ အဘွားဖြစ်သူကို မြင်လိုက်သည်တွင် သူက အလျင်စလို ချဥ်းကပ်လာသည်။ သို့သော်ငြားလည်း တစ်ခုခုကို မေးမြန်းဖို့ရန် တုံ့ဆိုင်းနေသည်။ အစောပိုင်းက သူမ၏အမူအယာထဲက စိတ်ပျက်မှုများကို သတိရမိလိုက်သည်။
လုအဘွားက သူ့ကို မြင်လိုက်သဖြင့် မေးလိုက်၏။
"နင့်အမေ ဘာဖြစ်လို့ အသံပျောက်သွားလဲဆိုတာ သိချင်နေတာ မဟုတ်လား"
ရွှမ်းကျူးက ခေါင်းငုံ့လိုက်၏။
လုအဘွားက ပြန်ဖြေလိုက်သည်။ "ကုသတဲ့နည်း ရှိပါတယ်၊ တကယ်လို့ နင်တို့တွေ အေးချမ်းတဲ့အချိန် ရောက်လာတဲ့အခါ အသက်ရှင်လျက် ပြန်လာခဲ့မယ်ဆိုရင် ဘာဆေးသုံးရမယ် ဆိုတာကို ငါ နင့်ကို ပြောပြမယ်"
ဖြေဆေးရှိသည်ဟု ကြားလိုက်သည်တွင် လုရွှမ်းကျူးသည် စိတ်အေးသွားသလို ခံစားလိုက်ရ၏။
သူ၏တုံ့ပြန်မှုကို မြင်လိုက်သည်တွင် လုအဘွားသည် ပထမအိမ်ထောင်စုတစ်ခုလုံးကို အဝေးသို့လွှတ်လိုက်ဖို့ နောင်တမရတော့ချေ။ မည်သို့ဆိုစေ။ သူမသည် ဘာတတ်နိုင်ပါအုံးမည်နည်း။ ဒါသည် သူတို့၏ မိဘအရင်းဖြစ်နေရာ ဒါကသဘာဝပင်။ သူမ၏မြေးများက အနည်းဆုံး ဖြောင့်မတ်သည့် အကျင့်စရိုက်ဖြင့် ကြီးပြင်းလာကြသည်ကိုပင် ကျေးဇူးတင်ရပေမည်။
"အားလုံးကို အဆင်သင့်ပြင်ထားပြီးရင် စောစော အိပ်ယာဝင်တော့၊ ငါတို့တွေ တတိယနာရီအချိန်ကျရင် ထွက်ကြမယ်"
ဒီကြေငြာချက်တွင် ကလေးများသည် ဝမ်းနည်းပြီး ကြောက်ရွံ့ကြသော်ငြားလည်း သူတို့သည် ရှောင်လွှဲလို့ မရမှန်း သိကြလေသည်။ လုသလန်တစ်ယောက်သာ ငေးငိုင်နေဟန်တူပြီး လုအဘိုးနှင့်လုအဘွားတို့ကို သူနှင့် သူ့ကလေး၅ယောက်အား အမှန်တကယ် စွန့်ပစ်တော့မည်ကို မယုံကြည်နိုင်သည့်ဟန်ဖြင့် ငေးကြည့်နေလေသည်။ သူ့နှုတ်ခမ်းများက လှုပ်ရှားနေလေသည်။ သူသည် အသနားခံ တောင်းပန်ချင်နေသော်ငြားလည်း သူ့မိဘအကြောင်းကို ကောင်းကောင်းသိနေသဖြင့် နှုတ်ဆိတ်လျက်သာ နေရလေသည်။
...
အိပ်မရသည့် ညတစ်ည ဖြစ်ခဲ့သည်။ ရှန်းကျင့်နှင် ရှန်းယင်တို့သည် တစ်ယောက်ကတော့ မှတ်ဉာဏ်ဟောင်းထဲက ကိစ္စများက မွှေနှောက် နှောက်ယှက်နေပြီး ကျန်တစ်ယောက်ကတော့ အသစ်သိလိုက်ရသည့် အမှန်တရားကြောင့် ကြောက်လန့်နေမိကာ နှစ်ယောက်စလုံးက မအိပ်ရဲကြချေ။ ရှန်းလီ၏ နှစ်သိမ့်ပေးသည့်စကားကပင် အများကြီးအကူအညီ မဖြစ်ခဲ့ချေ။ ရှန်းအန်းကတော့ ပိုပြီးငယ်သဖြင့် အပေါ်ဘက်တွင် သူတို့နှင့်အတူ နေခဲ့လေသည်။
လုသလန်အတွက်လဲ ထိုနည်းတူပင်။ သူသည် နည်းနည်းလေးမှ အနားမရနိုင်ချေ။ မည်သို့ အသနားခံရမည်ကို စဥ်းစားရင်း ဟိုလှည့်ဒီလှည့်ဖြစ်နေ၏။ ည၏ နောက်ပိုင်း အချိန်တစ်ဝက်တွင် သူ၏မျက်ခွံများသည် လေးလံလာပြီး ငိုက်မြည်းလာတော့သည်။ သူ၏အိမ်မက်ထဲတွင် သူတို့၏ စပါးသယ်ယူခဲ့သည့် ခရီးအတောအတွင်း ဝံပုလွေများ၏ ဝိုင်းရံခြင်းခံရသည့် မြင်ကွင်းကို ပြန်အသက်သွင်းခဲ့မိလေသည်။
အရင်က သူ့ရှေ့တွင် ဦးဆောင်ပြီးသွားပေးကြမည့် ရှန်းလီ ချန်းသရှန်၊ လုအာ့လန်နှင့် ရှီသလန်တို့လို လူအများကြီးရှိခဲ့သည်။ သို့သော်ငြားလည်း ဒီတစ်ကြိမ်တွင်တော့ သူတစ်ယောက်တည်း ဖြစ်နေသည်။ သူ့ဆီသို့ ချီတက်လာနေသည့် ဝံပုလွေအုပ်ကြီး၏ပုံရိပ်က သူ့ကို အော်ဟစ်သံတစ်ခုဖြင့် အလန့်တကြား နိုးထလာစေတော့သည်။
ဂူ၏ အတွင်းဘက်အကျဆုံး လှိုင်ခေါင်းလေးထဲတွင် ကျောက်နံရံတစ်ခုပေါ်တွင် မီးအိမ်တစ်ခုကို ချိတ်ဆွဲထားပြီး မှိန်ပြပြမီးရောင်က ကွေ့ဝိုက်နေသည့်ဂူနံရံ၊ အိပ်စင်များနှင့် စင်များကိုကျော်လာပြီး သူရှိရာနေရာဆီသို့ ရောက်လာရုံမျှသာ ရှိလေသည်။
ထိုငွေရောင်အလင်းလေးက နောက်ဆုံးတော့ လုသလန်ကို အားလုံးက အိမ်မက်တစ်ခုဖြစ်ကြောင်း သိရှိလာစေတော့သည်။ သို့သော်ငြားလည်း သူ့နှလုံးထဲက တဒုတ်ဒုတ် ခုန်နေသည့်အသံကတော့ အမှန်ပင် စင်စစ်ဖြစ်နေသည်ဟု ခံစားရသည်။
လုသလန်သည် ကြောက်ရွံ့မှုကို ဖမ်းးဆုပ်ထားမိပြီး ဆက်ပြီးမအိပ်နိုင်တော့ချေ။ ၁၅မိနစ်ကျော်ကျော်လောက် အိပ်ယာပေါ်တွင် စိတ်လေးလံစွာဖြင့် လှဲလျောင်းနေပြီး သူသည် ဝမ်ချွန်းညန်ကို ပိတ်လှောင်ထားသည့် ဂူလေးထဲသို့ မကြာခဏ လှမ်းကြည့်မိသည်။ သူ့စိတ်ထဲသို့ နေ့ခင်းဘက်တွင် သူ့စိတ်ထဲသို့ ဖြတ်ဝင်လာသည့်အတွေးက ပြန်ပေါ်လာသည်။
အိမ်မက်ထဲက မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ရံဖန်ရံခါ ပြန်ပေါ်လာပြီး သူ့ကို တိတ်တိတ်လေး ထထိုင်ဖို့ အတင်းတိုက်တွန်းနေသည်။ သူသည် လုအဘွား၏ အိပ်ယာဘေးသို့ ရောက်သွားကာ အိပ်နေသည့် လုအဘိုး၏ဘေးသို့ သတိဖြင့် ရွှေ့လျားသွားလိုက်ပြီး သူ့လက်များက လုအဘွား၏ ခေါင်းအုံးအောက်က နေရာတစ်ခုကို လက်လှမ်းလိုက်လေသည်။
လုသလန်သည် သူကိုယ်တိုင်က သစ်သားတံခါးရှေ့တွင် မည်သို့ရပ်နေသည်ကိုပင် သတိမရတော့ပေ။ သူသည် အေးစက်နေသည့်သော့ကို လှမ်းကြည့်လိုက်လေသည်။
“အဖေ ဘာလုပ်နေတာလဲ”
နောက်ကအသံတစ်ခုက သူ့ကို အလွန်မှ လန့်ဖြတ်သွားစေပြီး လုသလန်မှာ အလန့်တကြား အသံတစ်ချက် ထွက်သွားတော့သည်။ သူက ခေါင်းကို လှည့်ကြည့်လိုက်သည်တွင် ကုတင်၏ဒုတိယထပ်တွင် လက်ကိုထောက်ထားသည့် လုရွှမ်းကျူးကို မြင်လိုက်ရ၏။ မည်မျှကြာနေပြီ ဖြစ်သည်ကိုတော့ သေချာမသိတော့ချေ။
...