← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အပိုင်း (၁၉၉) ဆောင်းရာသီ

နောက်တစ်နေ့မနက်ခင်းတွင် ဖန်းညီအစ်ကိုနှင့် ကန်းအာ့လန်တို့သည် စောစောစီးစီး ရောက်ရှိလာကြပြီး သူတို့၏ပုခုံးပေါ်တွင်လဲ လေးလံသည့်ဝန်ကြီးတစ်ခုကို သယ်လာကြလေသည်။ သူတို့၏ ခြင်းများကိုကြည့်လျှင် သူတို့သည် စပါး၊ ပဲ၊ ကျပ်တိုက်ထားသည့်အသားနှင့် အသီးခြောက်များကို သယ်လာကြဟန်တူသည်။ သို့သော်ငြားလည်း သူတို့၏ အဓိက သယ်လာကြသည့်ပစ္စည်းမှာ ဝဥများဖြင့် ပြည့်နေလေသည်။

သူတို့၏ပစ္စည်းများကို ချထားလိုက်ပြီး ဖန်းသလန်က ရှန်းလီကို ဆရာဟု အရင်ဆုံးခေါ်ကာ နှုတ်ဆက်လေသည်။ ရှန်းလီက သူတို့ယူလာသည့်ဝဥများကို ကြည့်ရှုပြီး မေးလိုက်၏။

"ဒါတွေက ဘာတွေလဲ"

"ဒါက ကျွန်တော်တို့ ဆရာကတော်အတွက် ကျေးဇူး တင်စိတ်အနေနဲ့ လက်ဆောင်ပါ"

စန်းလော့သည် ဆူညံသံကို စောင့်ကြည့်ဖို့ရန် အစောကြီးကတည်းက ရောက်နှင့်နေပြီဖြစ်သည်။ သို့သော်ငြားလည်း သူမ၏သိလိုစိတ်က ဆရာကတော်ဟု ခေါ်လိုက်သည်တွင် ထိုးတက်သွားတော့သည်။ သူမ၏မျက်လုံးများက ဝိုင်းစက်ပြူးကျယ်သွားပြီး လက်ဆောင်ဟူသည့် စကားလုံးကို လှမ်းကြည့်မိလေသည်။

"ဘယ်လို"

ဖန်းသလန်က စန်လော့၏မေးခွန်းထဲက အကြောင်းအရာနှင့်ပတ်သတ်ပြီး သတိမထားမိချေ။ သူက သူမကို ဆရာကတော်ဟု ခေါ်တွင်ခြင်းက မှားယွင်းသည်ဟု မထင်ချေ။ သူက ရှန်းလီကို ဆရာအဖြစ် မှတ်ယူမည်ဖြစ်သဖြင့် စန်းလော့ကို ဆရာကတော်ဟု ခေါ်သည်ကသာ သဘာဝကျလေသည်။ အသက်အရွယ်က ဝါစဥ်အရဆိုလျှင် အရေးမကြီးပေ။ ဒီခေတ်တွင် အသက်၂၀အရွယ် ယောကျ်ားတစ်ယောက်သည် အသက်၅နှစ်အရွယ် ဦးလေးတစ်ယောက်ပင်ရှိနိုင် သေးသည်။ ဒါက တော်တော်လေး ပုံမှန်ဖြစ်ပေသည်။

စန်းလော့က လက်ဆောင်အကြောင်းမေးလိုက်သည်ဟု မှတ်ယူလိုက်ပြီး သူက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

"ဒီဝဥတွေက အကောင်းဆုံးဥတွေပါ၊ ဒါတွေကို အစားအသောက်အနေနဲ့ အသုံးချလို့ရတယ်ဆိုတာ သိသွားတော့ အားလုံးက အရမ်းကိုပျော်သွားကြတယ်လေ၊ ဒါတွေအားလုံးက မနေ့က ကျွန်တော်တို့ရွာက တူးထားတဲ့ဝဥတွေပဲ၊ ပထမဦးဆုံး တူးထားတဲ့ဟာတွေအနေနဲ့ ကျွန်တော်တို့တွေက ကိုယ့်ဟာကိုယ်သိမ်းမထားဘဲ အားလုံးကို ဆရာကတော်နဲ့ ဆရာတို့အတွက် ယူလာပေးဖို့ ဆုံးဖြတ်လိုက်တာ၊ အပေါ်က အသားအိတ်နဲ့ အသီးခြောက်အိတ်တွေကတော့ လေးစားသမှုအနေနဲ့ ဆရာတို့မိသားစုအတွက် ကျွန်တော်တို့ရဲ့လက်ဆောင်ပါ၊ ဆရာ ဘယ်မှာနေတာလဲ ကျွန်တော်တို့ဆရာ့အတွက် ဒါတွေသယ်သွားပေးမယ်လေ"

ဒီစကားလုံးများက ရှောရှောရှုရှု ထွက်လာလေသည်။

ရှန်းလီ၏ နှုတ်ခမ်းထောင့်များက အလိုလိုမြင့်တက်သွား၏။ စန်းလော့၏တုံပြန်မှုကို သတိထားလိုက်သည်တွင် သူက မြန်မြန် အကြည့်လွှဲလိုက်လေသည်။ ကလေးတစ်အုပ်ကတော့ ရယ်မောရင်း စကားပြောကြရင်းဖြင့် လမ်းများကို ဦးဆောင်ခေါ်သွားပေးလိုက်ပြီး မကြာမှီတွင် သူတို့အားလုံးသည် ရှန်းမိသားစု၏ဂူဘက်သို့ ဦးတည်သွားကြလေသည်။

ဂူဝင်ပေါက်ကို သော့ပိတ်ထားပြီး ရှန်းအန်းနှင့်တစ်ခြားသူများက ရှန်းလီနှင့်စန်းလော့တို့ကို လှမ်းကြည့်လိုက်၏။ ရှန်းလီက ပြောလိုက်၏ "လိုက်သွားကြ ဒီပစ္စည်းတွေကို အရင်ဆုံးတဲတွေဆီကို သယ်ကူပေး လိုက်ကြ"

ဂူကပစ္စည်းအများကြီးဖြင့် မဝင်ဆန့်ချေ။ လက်ခံထားသည့်ဝဥ ပမာဏအများကြီးအတွက်တော့ ရှန်းလီက ဒါကို ပြဿနာတစ်ခုဟု မမြင်ချေ။ စန်းလော့ပေးလိုက်သည့်အရာက အမှန်တွင်တော့ အားလုံးအတွက် တစ်သက်စာ လုံလောက်ပေသည်။ ဖန်း၊ ကျန့်၊ ကျိုး၊ ကန်း၊ တုန်းကဲမိသားစုနှင့် အနီးအနားတွင် နေကြသည့်သူများကပင် အကျိုးအမြတ်ကို ရရှိကြလေသည်။ သူတို့က သူတို့၏ကျေးဇူးတင်စိတ်ကို ဖော်ပြချင်သည်မှာ သဘာဝပင်။

ယောက်ျားများက မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းလိုက်ကြပြီး မကြာမှီတွင် ပစ္စည်းအားလုံးကို ရှန်းအန်းနှင့် ရှန်းနဥ်လက်ထဲသို့ လွှဲပြောင်းပြီးသွားလေသည်။

ဆယ်ကျော်သက်လေးများနှင့် အသက်၂၀အရွယ် လူငယ်များအတွက်တော့ သိုင်းပညာသင်ကြားရသည်မှာ မြန်ဆန်လေသည်။ အထူးသဖြင့် ဆရာကောင်းတစ်ယောက်က သူတို့ကို သင်ကြားပြသပေးနေပြီး သက်တူရွယ်တူအဖွဲ့တစ်ခုက အတူတူလေ့ လာသင်ယူကြသည်တွင် သူတို့၏စိတ်အားထက် သန်မှုက မြင့်မားနေလေသည်။ လက်ရည်ချင်းယှဥ်ခြင်းနှင့် တုတ်သိုင်းဗျူဟာကို နေရာချသည့်အချိန်တွင် ကလေးများသည် လုံးဝကို စိတ်ဝင်တစားရှိနေကြသည်။

ဆရာက သူတို့ကိုချီပိုးပြီး ရိုက်နှက်ပြီးကြိမ်းမောင်းပြီး သင်ယူခိုင်းစရာမလိုချေ။ သူတို့သည် အနားယူကြသည့် အချိန်မှာပင် အရည်အချင်းတူညီကြသည့် သက်တူရွယ်တူများကို ရှာဖွေကြပြီး အတူတူလေ့ကျင့်ကြသည်။

ရှန်းလီသင်ပေးခဲ့သည့် တုတ်သိုင်းသည် အစပိုင်းက စစ်တပ်ထဲတွင် လှံတံတစ်ချောင်းလို အသုံးပြုရသည့် သိုင်းပညာဖြစ်ပြီး သူ၏ပင်ကိုအရည်အချင်းနှင့် စူးစမ်းရှာဖွေခြင်းနှင့် ပတ်သတ်ပြီး ရူးသွပ်မှုကိုအခြေခံကာ ပြန်လည်အဆင့်မြှင့်ထားခြင်းဖြစ်သည်။ တိုက်ပွဲတစ်ခုတွင် ကိုယ့်ဟာကိုယ် တိုးတက်အောင်လုပ်ခြင်းက အသက်ရှင်သန်ဖို့ရန် ပထမဦးဆုံး ဦးစားပေးဖြစ်လေသည်။ တစ်ခြားရဲမက်များက အနားယူနေကြချိန် သူက ချန်းသရှန်နှင့် သိုင်းပညာများကို လေ့လာတိုင်ပင်တတ်သည်။ တစ်ခြားသူများက အိပ်နေကြချိန်တွင် သူနှင့်ချန်းသရှန်တို့က လျှိုဝှက်စွာ လေ့ကျင့်ကြလေသည်။

သူက လှံရှည်ကို သိုင်းပညာတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ယခုတော့ ထိုသိုင်းပညာကိုပင် တုတ်သိုင်းပညာဖြစ်အောင် အသုံးချခဲ့သည်။ ထိုးဖောက်ချက်၊ လက်သီးချက်၊ ရိုက်ပုတ်ချက်၊ ဝိုက်လက်သီး၊ နပမ်းလုံးခြင်းနှင့် ဖိနှိပ်ခြင်း၊ အဝေးက တိုက်ခိုက်ခြင်း သို့မဟုတ် အနီးကပ်တိုက်ခိုက်ခြင်း၊ လှံတံနှင့် တင်းပုတ်သိုင်းပညာများကို ပေါင်းစပ်ပြီး အားလုံးက ခုခံခြင်းနှင့် ကာကွယ်ခြင်းအတွက် ရည်ရွယ်သည်။ ပေါ့ပေါ့ပါးပါး တိုက်ကွက်များ မပါချေ။ အားလုံးကို တကယ့်တိုက်ကွက်များဖြစ်အောင် ပြင်ဆင်ထားသည်။ လူငယ်လေးများတင်မကဘဲ စန်းလော့၊ ရှန်းနဥ်နှင့် ရွှီဝမ်ယင်းတို့ကပင် ဒါကို စိတ်ဝင်စားကြလေသည်။

လျှိုမြောင်အပြင်ဘက်တွင် ကုန်ဆုံးသွားသည့် တစ်နေ့စီတိုင်းကို သိုင်းပညာများ လေ့လာကြပြီး လျှိုမြောင်ထဲတွင် နေထိုင်သူများ၏ အပြောင်းအလဲကလဲ သိသာလာသည်။ သူတို့၏သိုင်းပညာစွမ်းရည်၊ ကိုယ်ခံအား၊ လျင်မြန်ဖျတ်လတ်မှု၊ သတ္တိနှင့် စိတ်အားတက်ကြွမှုအားလုံးက တိုးတက်လာသည်။ ချန်းသရှန်နှင့် လုသလန်တို့ ထွက်သွားပြီးကတည်းက လတစ်ဝက်လောက် တိုးတိုးတိတ်တိတ် လေ့ကျင့်ခဲ့ပြီးနောက်တွင် ရွှီဝမ်ယင်းနှင့် ကျိုးချွမ်ကျန့်၏ တတိယသားတို့သည် သိသိသာသာ တိုးတက်လာကြသည်။ အထူးသဖြင့် ရွှိဝမ်ချင်းသည် သိုင်းပညာအပေါ် စိတ်အားထက်သန်သူဟုပင် ခေါ်ဆိုနိုင်သည်။ ကျိုးစန်းလန်နှင့် ပုံမှန်လက်ရည်ချင်း ယှဥ်သည့်အချိန်ကလွဲလျှင် သူတို့သည် ရှန်းလီက စန်းလော့နှင့်တစ်ခြားသူများကို ညနောက်ကျသည့်အထိ သင်ပေးပြီးနောက်တွင် မကြာခဏဆိုသလို ရှန်းမိသားစု၏ ဂူအပြင်ဘက်တွင် ဆက်ပြီး လေ့ကျင့်တတ်ကြသည်။

ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုနှင့် စိတ်ပိုင်းဆိုင်ရာတက်ကြွမှု နှစ်ခုစလုံးတွင် သိသိသာသာ အပြောင်းအလဲများက သိုင်းပညာနှင့်ပတ်သတ်ပြီး ကိုယ့်ဟာကိုယ် သင့်လျော်မှုမရှိဟု အစပိုင်းက ထင်မြင်နေသည့် ကျိုးသလန်ကို အားကျစိတ်များ နက်နက်ရှိုင်းရှိုင်း ဖြစ်သွားစေကာ အနီးအနားသို့ တောနင်းရှာဖွေဖို့ ဦးစားပေးမည်ဟု စဉ်းစားလာလေသည်။ စိတ်အားထက်သန်လှသဖြင့် သူက ညပိုင်းတွင် သူ့ညီငယ်နှစ်ယောက်ကိုခေါ်ကာ သူ့ကို တစ်ခု၊နှစ်ခုလောက် သင်ခိုင်းတတ်လေသည်။

ရက်၂၀အတွင်းမှာပင် ချန်းသရှန်နှင့် လုအာ့လန်တို့၏ လစ်လပ်နေသည့် ပြဿနာကို ကြီးကြီးမားမား ဖြေရှင်းပေးနိုင်ခဲ့သည်။ အကြောင်းမှာ ရွှီဝမ်ချင်းနှင့် ကျိုးစန်းလန်တို့၏ တိုက်ခိုက်ရေးစွမ်းရည်က လျင်လျင်မြန်မြန် တိုးတက်လာခဲ့ခြင်းကြောင့်ပင်။ သူတို့နောက်က တစ်ဝက်လောက် အရွယ်ရောက်ပြီးသား ကောင်လေးများကို ထပ်ပေါင်းလိုက်လျှင် ၁၃နှစ်၊၁၄နှစ်အရွယ်များရှိကြပြီး တစ်ယောက်ချင်းစီက တုတ်ရှည်တစ်ချောင်းကို ဝှေ့ယမ်းကြကာ သူတို့သည် ဝံပုလွေအုပ်လေးတစ်အုပ်လို ဖြစ်နေတော့သည်။ ရှန်းအန်း၊ ရှန်းနဥ်၊ ရှန်းကျင့်၊ အာ့ညို၊ ရွှီဝမ်ပေါ် ၊ ရွှီဝမ်ယင်းတို့လို လူငယ်လေးများက ၃ယောက်တစ်ဖွဲ့ အဖွဲ့ဖွဲ့ကြပြီး သူတို့၏တုတ်ရှည်များကို ကိုင်ဆောင်ကာ မကောင်းသည့် ရည်ရွယ်ချက်များနှင့် အရွယ်ရောက်ပြီးသားလူနှစ်ယောက်နှင့်ပင် ယှဥ်ပြိုင်နိုင်လေသည်။

ရွာအပြင်ဘက်သို့ အမဲလိုက်ခြင်းခရီးက သူတို့၏ အဖွဲ့အစီအစဥ်အတိုင်း ပြန်လည်လုပ်ဆောင်ကြသည်။ ရှန်းလီကလွဲလျှင် အားလုံးက အလှည့်ကျထွက်ခွာကြပြီး အငယ်လေးများကိုပင် ထည့်သွင်းလာကြသည်။

ရှန်းအန်းနှင့် ရှန်းကျင့်တို့က အမဲလိုက်ခြင်းနှင့် တောဟင်းရွက်များခူးခြင်းတွင် အင်မတန်မှ စိတ်အားထက်သန်ကြရာ မကြာခဏဆိုသလို ရွှီဝမ်ချင်း၏ အဖွဲ့နောက်သို့ လိုက်သွားတတ်သည်။ တစ်ဖက်တွင်တော့ စန်းလော့က ရှန်းနဥ်ကို အပြင်သို့သိပ်ပြီးခေါ်မထွက်ဘဲ မြှားပစ်လေ့ကျင့်ခြင်းနှင့် တုတ်သိုင်းပညာလေ့ကျင့်ခြင်းတွင် အချိန်ပိုပေးထားလိုက်သည်။

ဒီကာလအတွင်းတွင် တစ်မူထူးခြားသည့်ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်။

မနက်ခင်းတစ်ခုတွင် အားလုံးက မနက်ခင်း သွေးပူလေ့ကျင့်ခန်းလုပ်ပြီး အပြန်တွင် တစ်စုံတစ်ခုက လမ်းတွင် ပေါ်လာပြီး ရွာကို သေချာပေါက်ယူပြန်ရမည့် အရာဖြစ်နေသည်။

အစပိုင်းတွင် ဝဥ၁၂ပင်ကျော်လောက်သာ ရှိသော်ငြားလည်း မကြာမှီတွင် ပစ္စည်းအမျိုးမျိုးက စတင်ပေါ်လာသည်။ အများစုမှာ တောထွက်ပစ္စည်းများဖြစ်လေသည်။ ဝဥနှင့်ဒရင်ကောက်ပင်များအပြင် တောသစ်သီးများ ငှက်နှင့် တောကြက်တို့၏ ဥများလဲရှိသည်။

ရှန်းလီက ရွှီဝမ်ချင်းနှင့်သူ့အဖွဲ့ကို အကွာအဝေးတစ်ခုတွင် သွားစောင့်ကြည့်ထားဖို့ ညွှန်ကြားလိုက်သည်။ သူတို့သည် တစ်စုံတစ်ယောက်ကို ခေါ်ယူမေးမြန်းလိုက်သည်တွင် သူတို့မှာ ရှီလီရွာက စန်းရှီကို ကျေးဇူးတင်ချင်သဖြင့် ထိုနေရာသို့ ရောက်နေခြင်းဖြစ်သည်ဟု ပြောကြသည်။

စန်းလော့ ခန့်မှန်းထားသည့်အတိုင်းပင် အတွင်းပိုင်းနေရာတွင် လူအရေအတွက်က အမှန်ပင်ကြီးထွားလာသည်။ လျှိုမြောင်ထဲတွင် နေထိုင်ကြသူဖြစ်စေ၊ ကျိုးမိသားစုအိမ်ဘက်က ရွာသားများဖြစ်စေ၊ သူတို့သည် အမဲလိုက်ခြင်း၊ တောဟင်းရွက်ခူးဆွတ်ခြင်းနှင့် ဝဥများတူးဖို့ရန် ထွက်ကြသည့် အချိန်တိုင်း သူတို့သည် တစိမ်းတရံကို တွေ့ခဲ့လျှင် အထူးသဖြင့် မေးမြန်းစူးစမ်းတတ်သည့် လူများနှင့်တွေ့ခဲ့လျှင် သူတို့သည် စားလို့ရနိုင်သည့် တွေ့ရှိထားသည့် အရာမှန်သမျှကို လိုလိုလားလား ဝေမျှပေးကြသည်။

ဒရင်ကောက်ပင်နှင့် ဝဥများလိုပစ္စည်းများက လူမနေသည့် တောင်အတွင်းပိုင်းတွင် နှစ်ပေါင်းများစွာ ခူးဆွတ်မခံရဘဲ ကြီးထွားလာကြသဖြင့် ပေါများလှသည်။ တစ်စုံတစ်ယောက်က အပြင်သို့ထွက်ပြီး ရှာဖွေရဲသရွေ့ သူတို့သည် ဘယ်တော့မှ ဗိုက်ဆာလိမ့်မည် မဟုတ်ချေ။ ဒါသည် အသက်ကယ်တင်ပေးသည့် ကျေးဇူးမဟုတ်လျှင် ဘာဖြစ်နိုင်အုံးပါမည်နည်း။

ဒီလိုစေတနာမျိုးကို လက်ခံရရှိထားပြီး အနီးအနားပတ်ဝန်းကျင်တွင် နေထိုင်ကြသူများသည် သူတို့၏ စိတ်ထဲတွင် ကျေးဇူးတရားကို သိမ်းဆည်းထားလျှင် ကျေးဇူးရှင်၏ တည်နေရာကို အိမ်နီးနားချင်းများထံတွင် သေချာပေါက် မေးမြန်းစူးစမ်းကြလိမ့်မည်။ လူတစ်ယောက်က တခါသိသွားသည်နှင့် တဒင်္ဂ မြန်မြန်ဆန်ဆန် ပြန့်နှံ့နိုင်သည်။ ထို့ကြောင့် ကျေးဇူးတင်သည့် လက်ဆောင်အနေဖြင့် လူများက ပစ္စည်းများကို မကြာခဏယူလာပြီး ရောက်လာတတ်သည်။

ကံအားလျော်စွာ ဒါက အနီးအနားက နေထိုင်သူများသာ ဖြစ်လေသည်။ အချိန်ခဏလောက် ကြာပြီးနောက်တွင် ထိုအပြုအမူများက လျော့နည်းသွားသည်။ မကြာခဏ လာရောက်ကြသည့် ရလဒ်အနေဖြင့် ရွာသားများသည် ရွာအပြင်ဘက်တွင် တုတ်သိုင်းလေ့ကျင့်နေကြသည်ကို စတင်သတိထားမိသွားကြသည်။ နေ့ခင်းဘက်လေ့ကျင့်သည့် အချိန်အတောအတွင်းတွင် သိလိုစိတ်ပြင်းပြသည့် လူငယ်လေးများက အနီးအနားသို့ တိုးတိုးတိတ်တိတ် ရောက်လာပြီး သစ်ပင်နောက်တွင် ပုန်းအောင်းကာ အဝေးမှ ကြည့်ရှုကြလေသည်။

သစ်လုံးတဲအိမ်တစ်ချို့ကို ရွာအပြင်ဘက်တွင် တည်ဆောက်ထားခဲ့ကြသည်။ ရှန်းလီကိုယ်တိုင် သတ်မှတ်ထားသည့် နေရာမှရွေးချယ်ထားသည့် သစ်များကို အသုံးပြုထားခြင်းပင်။ လေ့ကျင့်ခြင်းကို အမှန်တကယ် ဖုံးကွယ်ဖို့ရန် မဖြစ်နိုင်ချေ။ သို့သော်ငြားလည်း နေထိုင်သူများက အနီးအနားက တောင်များမှဖြစ်သည်ကို ရွာသားများက သိကြသဖြင့် ရှန်းလီက သူတို့ရှိနေသည်ကို ထုတ်ဖော်ပြောမနေတော့ဘဲ သူတို့ကို လေ့လာခွင့် ပေးထားလိုက်သည်။ ဒီလို အဝေးတစ်နေရာက သင်ယူတတ်မြောက်နိုင်သည့် လူတစ်ယောက်သည် သူ့တွင် မွေးရာပါ ပါရမီရှိသည်ဟု ဆိုနိုင်သည်။

...

အချိန်က မြန်မြန်ဆန်ဆန် ကုန်ဆုံးလာပြီး ၁၁လပိုင်းသို့ ဝင်လာသည်။ တောင်အတွင်းပိုင်း ရာသီဥတုကလဲ အပူချိန်များ သိသိသာသာ ကျဆင်းလာသည်။ မြင့်မားလှသည့် တောင်ထွတ်များတွင် နှင်းများဖြင့်ဖုံးအုပ်နေပြီး ပိုနိမ့်သည့်အပိုင်းတွင်တော့ အအေးဓာတ်ကို သာခံစားရကာ နှင်းများကျဆင်းသည်အထိတော့ မဟုတ်သေးချေ။ သို့သော်ငြားလည်း ဒီရာသီဥတုက တောင်အပြင်ဘက်တွင် အစောပိုင်းက သူတို့သည်းခံနိုင်သည့် ရာသီဥတုထက် ပိုပြီးသိသိသာသာ ပြင်းထန်လေသည်။

ဆောင်းတွင်းတွင် အသက်ရှင်နေထိုင်ရေးက အိမ်ထောင်စု အများအပြားအတွက် တုန်လှုပ်စရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာ၏။

အမြဲတမ်း တက်ကြွနေကြသည့် စန်းလော့နှင့် တစ်ခြားသူများအတွက် သူတို့၏ ကြံ့ကြံ့ခံနိုင်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဒါကို အသားကျအောင် အကူအညီဖြစ်စေသည်။ သို့သော်ငြားလည်း လျှိုမြောင်ထဲက လူကြီးများနှင့် ကလေးများကတော့ ဂူထဲက အေးစိမ့်သည့်ညများအတွင်းတွင် အအေးဒဏ်ကို ခံစားကြရသည်။

ရှန်းလီနှင့် စန်းလော့တို့က ၆ရက်၇ရက်တိုင် လျှိုမြောင်သို့ ပြန်လာတတ်သည်။ သူတို့မကြာခင်က ပြန်လာသည့်ခရီးတွင် ရှန်းယင်နှင့် ရှန်းထယ်တို့မှာ နှာခေါင်းမှ နှာရည်များကျနေသည်အထိ အလွန်မှအေးခဲနေကြသည်။

သူတို့သည် ဒီနှစ်များတွင် စုဆောင်းလာခဲ့သည့် ဝံပုလွေသားရေများကို ယူထုတ်ဖို့ရန် သူတို့ဂူထဲတွင် စန်းလော့ ရှာဖွေရသည်။ ဝံပုလွေသားရေနှစ်ခုကို အိပ်ယာခင်းတစ်ခုနှင့် စောင်တစ်ခုပြုလုပ်ရန် ရှန်းယင်တို့ညီအစ်ကို ပေးလိုက်သည်။ ကျန်တာကိုတော့ သူတို့ကိုယ်တိုင်အတွက် သိမ်းထားလိုက်ပြီး ကျန်တာကိုတော့ သူတို့ကိုယ်တိုင်အတွက်နှင့် ရှန်းလီ၊ ရှန်းအန်းတို့အတွက် ချန်ထားလိုက်သည်။ သူတို့သည် ယုန်နှင့် ဒရယ်သားမွှေးများကို ပြင်ဆင်လိုက်ကြပြီး အပေါ်ထပ် အနွေးထည်နှင့် သားမွှေးဖိနပ်များ ပြုလုပ်လိုက်ကြသည်။

ရှန်းယင်နှင့်ရှန်းထယ်တို့အတွက် သားမွှေးအဝတ်အထည်များကို အဘွားချန်းနှင့် ချင်ဖန်းညန်တို့က တာဝန်ယူပေးလိုက်ကြပြီး စန်းလော့နှင့် ရှန်းနဥ်တို့ကတော့ သူတို့၏အပြင်ဝတ်များကို တာဝန်ယူလိုက်ကြသည်။ သူတို့တွင် လိုအပ်နေသည့်အရာက ဖိနပ်သာဖြစ်တော့သည်။ အဝတ်အစားအတွက်တော့ သူတို့သည် ဖြည်းဖြည်းချင်း လုပ်ယူလို့ရပြီး သူတို့က လိုအပ်ပါ့မလားပင် မသေချာပေ။ သိုင်းပညာကို လေ့ကျင့်နေကြသဖြင့် တိုက်ခိုက်ရေးစွမ်းရည်က တိုးတက်လာသည့်အပြင် ရုပ်ပိုင်းဆိုင်ရာခွန်အားကလဲ သိသိသာသာ တိုးတက်လာသည်။ အေးခဲလှသည့် ဆောင်းတွင်းညများတွင်ပင် သူတို့၏ လက်နှင့်ခြေထောက်များမှာ နွေးထွေးနေသည်။ သည်အကြောင်းပြချက်ကြောင့်ပင် ဝေ့လင်းကျန့်က အင်မတန်ဝမ်းသာရပြီး ရွှီဝမ်ယင်းကို လျှိုမြောင်အပြင်ဘက်သို့ ထွက်ရန် တိုက်တွန်းလေသည်။

ချန်းသရှန်၊ လုအာ့လန်နှင့် လုစန်းလန်တို့သည် ၁၁လပိုင်းလလယ်တွင် ပြန်ရောက်လာကြပြီး လက်ဗလာနှင့် မဟုတ်ကြချေ။ သူတို့သည် သားမွှေးနှင့် အသားခြောက်အိတ်များ အများအပြားကို သယ်ပြန်လာကြသည်။ ကောင်လေးတစ်အုပ်က စိတ်အားထက်သန်စွာဖြင့် သူတို့၏တုတ်ရှည်များကို ဝှေ့ယမ်းနေသည်ကို မြင်လိုက်သည်တွင် သူတို့နှစ်ယောက်စလုံးမှာ မှင်သက်အံ့သြသွားကြတော့သည်။

ရွှီဝမ်ချင်းက သူတို့ကို အရင်ဆုံးသတိထားမိသွား၏။ သူက ချန်းသရှန်ကို ကျောပေးထားသည့် ရှန်းလီကို လှမ်းခေါ်လိုက်သည်။

"ဆရာ အစ်ကိုသရှန် ပြန်လာပြီ"

ချန်းအာ့ရှန်သည် ဝမ်းသာအားရဖြင့် ထခုန်လုမတတ်ဖြစ်သွားကာ အော်ဟစ်လိုက်လေသည်။

"အစ်ကို"

ရှန်းလီကလဲ ကိုယ်ကိုလှည့်လာသည်တွင် လူရိုင်းကြီးများလိုဖြစ်နေသည့် ချန်းသရှန်၊ လုအာ့လန်နှင့် လုစန်းလန်တို့ကို တွေ့လိုက်ရသည်။ သူက လက်ကို ဝှေ့ယမ်းပြလိုက်သဖြင့် လူအုပ်ကြီးက လူစုခွဲလိုက်ကြသည်။ ချန်းအာ့ရှန်က ချန်းသရှန်ဆီသို့ အပြေးအလွှား ရောက်လာသည်။ သူ့မိဘနှင့် အဘိုးအဘွားများက သူ၏ ရှည်ကြာသည့် ခရီးစဥ်အတောအတွင်း သူ့ကို တော်တော်လေး လွမ်းဆွတ်နေကြသည်။

စန်းလော့ကလဲ သူတို့ကို လာရောက်နှုတ်ဆက်၏။

ချန်းသရှန်နှင့် တစ်ခြားသူများသည် ထိုအခိုက်အတန့်တွင် အလွန်မှ တစ်ပုံစံထဲဖြစ်နေကြပြီး ရှန်းလီက ပြီးခဲ့သည့်ဆောင်းတွင်းက အိမ်သို့ပြန်လာသည့်အချိန်နှင့် တော်တော်လေး တူနေသည်။

သူက လှိုက်လှိုက်လှဲလှဲ အော်ရယ်လိုက်၏။

"မင်းတို့တွေ ဘာလို့ရပ်လိုက်ကြတာလဲ၊ ငါ့ကို မင်းရဲ့သိုင်းကွက်တွေကို ပြပါအုံး"

သူက ချန်းအာ့ရှန်၏ခေါင်းကို ဖွပေးလိုက်ပြီး ပြုံးကာ မေးလိုက်၏။

"မင်းရဲ့တိုးတက်မှု ဘယ်လိုရှိလဲ"

အခုတော့ ချန်းအာ့ရှန်သည် ပိုပြီးပွင့်လင်းလာပြီး အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။

"ကျွန်တော့်မှာ ဒီတုတ်ရှိကတည်းက အဖေက ကျွန်တော်နဲ့ဆက်ပြီးတော့ လက်ရည်ချင်း မယှဥ်ရဲတော့ဘူးလေ"

ချန်းသရှန်က တဟားဟား ရယ်မောလေသည်။ "ကောင်းသားပဲ မင်းက သိုင်းပညာတစ်ချို့ကိုတောင် တတ်နေပြီပဲ"

...

နေ့ခင်းဘက်ဖြစ်နေသဖြင့် သူတို့သည် လျှိုမြောင်ထဲသို့ ဝင်လို့မရသေးချေ။ ထို့ကြောင့် ချန်းသရှန်က ပစ္စည်းများကို ချန်းအာ့ရှန်ဆီသို့ပေးလိုက်ပြီး သူတို့၏ မိသားစုဂူထဲတွင် သိမ်းဆည်းထားဖို့ ညွှန်ကြားလိုက်သည်။

ရှန်းလီက ချန်းသရှန်၊ လုအာ့လန်နှင့် လုစန်းလန်တို့ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။

"ခရီးက ဘယ်လိုနေလဲ၊ အားလုံးက ချောချောမွေ့မွေ့ ရှိရဲ့လား"

ချန်းသရှန်က နှုတ်ဆိတ်နေသည်။ လုသလန်နှင့် လုစန်းလန်တို့က ခေါင်းငြိမ့်ကာ ပြောလိုက်၏။

"ကျွန်တော်တို့တွေ ကိစ္စတွေကို သေချာစီစဥ်ခဲ့ပေးပါတယ်၊ ကျွန်တော်တို့တွေ ဒီပစ္စည်းတွေကိုတော့ ဂူထဲမှာ ခဏလောက် သိမ်းထားရအုံးမယ်"

တစ်ခြားသူများ ပြန်သွားပြီးမှ ချန်းသရှန်က ဆက်ပြောလိုက်၏။

"ဝမ်ချွန်းညန်ကတော့ မရှိတော့ဘူး။ ရွှမ်းကျူးကတော့ ဒဏ်ရာလေး တော်တော်ရသွားတယ်"

သူတို့သည် လမ်းတွင် ဝက်ဝံရိုင်းနှစ်ကောင်နှင့် တွေ့ခဲ့ရခြင်းဖြစ်လေသည်။ ဝမ်ချွန်းညန်က အန္တရာယ်မှ လွတ်မြောက်ရန် သနွီကို တွန်းထုတ်ပေးလိုက်ပြီး ရွှမ်းကျူးက မြန်မြန်တုံ့ပြန်လိုက်ပြီး သနွီကို လှမ်းဖမ်းသည်။ လုသလန်ကတော့ သူ့အတွက်သာ သူ ဂရုစိုက်လေသည်။ လုစန်းလန်မှာ သူ့တူလေးများကို ကာကွယ်ပေးနေရသည်။ သူနှင့် လုအာ့လန်တို့ကပေါင်းပြီး ရွှမ်းကျူးနှင့် သနွီတို့ကို ကယ်တင်ပေးခဲ့ရသည်။ သို့သော်ငြားလည်း ဝမ်ချွန်းညန်ကို ကယ်တင်ဖို့ရန်အတွက်တော့ အလွန်မှနောက်ကျသွားခဲ့သည်။ သူတို့သည် အချိန်မှီကယ်တင်လိုက်နိုင်လျှင်ပင် သူတို့သည် သူမ လို လူတစ်ယောက်ကို ကယ်တင်ပေးရန် ဆန္ဒရှိလိမ့်မည် မဟုတ်ချေ။

"ဝက်ဝံနှစ်ကောင်လုံးကို ငါ့မြှားနဲ့ပဲ သတ်လိုက်ရတယ်၊ ဝမ်ချွန်ညန်က လက်တစ်ဖက်ကို အကိုက်ခံလိုက်ရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလဲ ဒဏ်ရာဒဏ်ချက် အပြည့်ပဲ၊ ဦးလေးလုက သူ့ကိုဆေးနည်းနည်းတော့ တိုက်လိုက်ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်လေ၊ သူက ၂နာရီတောင် မကြာလိုက်ပါဘူး"

ထိုအကြောင်းအရာကို ပြောနေချိန်တွင် ချန်းသရှန်၏ အသံထဲတွင် ကြင်နာသနားသည့် အရိပ်အယောင် လုံးဝမရှိချေ။ သနွီကို တွန်းထုတ်ပေးလိုက်သည့် သူတို့အမေကို မြင်ခဲ့ကြသည့် လုမိသားစု၏ အကြီးဆုံးအိမ်ထောင်စုမှ ကလေးများကပင် ထပ်ပြီး မငိုကြတော့ချေ။ သူ့လို အပြင်လူတစ်ယောက်က ဒီလိုလူအတွက် အဘယ်ကြောင့် ဝမ်းနည်းမှုကို ခံစားနေရပါမည်နည်း။

ရှန်းလီနှင့် စန်းလော့တို့က ဆက်မမေးတော့ဘဲ ဒီကိစ္စများကို ဖယ်ထားလိုက်ကြသည်။

ရှန်းလီက ပြောလိုက်၏။ "ဦးလေးယိုထျန်းက အပြင်ဘက်မှာ ရှိတယ်၊ သူ အစောကြီးတော့ ပြန်အုံးမှာမဟုတ်ဘူး၊ မင်း အရင်ပြန်သွားပြီးတော့ ရေနွေးနဲ့ ရေချိုးပြီး အနားယူလိုက်၊ ညဘက်ကျမှ ပြန်တာပိုကောင်းမယ်၊ မင်းတို့မိသားစုကလဲ မင်းကို စိုးရိမ်နေကြတာ၊ အဘွားက ငါ့ကိုမေးနေတာ နှစ်ခါရှိပြီ"

ထို့နောက်တွင် ချန်းသရှန်က တခစ်ခစ် ရယ်မောလိုက်ပြီး တစ်ခုခုကို သတိရသွားကာ သူသည် ရှန်းလီ၏ပုခုံးကို သိုင်းဖက်လိုက်ပြီး ဘေးမှနေ၍တစ်ခုခုကို တိုးတိုးတိတ်တိတ် ပြောနေလေသည်။ စန်းလော့က ဒါကို သဘောကျသွား၏။ ရှန်းလီက ပြန်လှည့်လာချိန်တွင် သူမကရယ်မောကာ မေးလိုက်လေသည်။

"သူက ရှင့်ဆီမှာ ကျိုးမိသားစု အကြောင်းမေးနေတာ မဟုတ်လား"

ရှန်းလီက ပြုံးပြလိုက်ပြီး ဒါသည် သူ၏ထောက်ခံသည့်သဘောပင်။

...

ချန်းသရှန်သည် ညနောက်ကျသည့်အချိန်မှ လျှိုမြောင်ထဲသို့ ပြန်သွားခဲ့သည်။ နောက်တစ်နေ့ မနက်ခင်းတွင် စန်းလော့သည် လျှိုမြောင်အပြင်ဘက်တွင် ဝမ်းသာရွှင်မြူးနေသည့် ချန်းအဘွားကို တွေ့လိုက်ရ၏။ အရင်က လျှိုမြောင်အပြင်ဘက်သို့ တခါမှ မထွက်ခဲ့သည့် အဘွားကြီးသည် မြေးဖြစ်သူ၏ ဘဝအပြောင်းအလဲ ကိစ္စအတွက် မိုးသောက်ယံ မတိုင်ခင်ကပင် အပြင်သို့ ထွက်လာခဲ့လေသည်။ သူသည် သူ့မ၏မျက်လုံးများဖြင့် ကျိုးမိသားစုကို မြင်တွေ့ချင်ပြီး ကန်းရှီကို သူမကိုယ်စား ကြားဝင်စေ့စပ်ပေးဖို့ တောင်းဆိုထားသည်။

ချန်းသရှန်၏ မင်္ဂလာပွဲကိစ္စဖြစ်သည့်အတွက် သူသည် ကိုယ်တိုင် ဝင်ရောက်ဆွေးနွေးဖို့ရန် မတတ်နိုင်ချေ။ ထို့ကြောင့် အဘွားကြီးက ရှန်းလီကို သူမနှင့် ကန်းရှီတို့အား အဖော်ပြုပေးဖို့ တောင်းဆိုလေသည်။ စန်းလော့ကလဲ အလိုလို အဘွားကြီးနှင့် အဖော်လိုက် ပါလာလေတော့သည်။

ဒီလိုကိစ္စမျိုးကို အကျိုးဆောင်ပေးနိုင်သည်က ကြီးမားသည့် ဝမ်းသာပျော်ရွှင်မှုတစ်ခုပင်။ ထို့အပြင် ရှန်းလီနှင့် စန်းလော့တို့ လျှိုမြောင်အပြင်ဘက်သို့ မထွက်လာသည်မှာ မည်မျှကြာသွားပါပြီနည်း။ ချန်းသရှန်နှင့် လုအာ့လန်တို့က အနားယူရန် အချိန်လိုအပ်သဖြင့် လျှိုမြောင် အပြင်ဘက်တွင် သူတို့ရှိနေခြင်းက စန်းလော့နှင့် ရှန်းလီတို့ကို အနားရစေလေသည်။ သူတို့က မြန်မြန်ပြင်ဆင်လိုက်ပြီး အဘွားကြီးနှင့် အဖော်လိုက်သွားတော့သည်။

သူမ၏ကျောတွင် မြှားအပြည့်ပါသည့် မြှားကျည်တောက်တစ်ခုနှင့် လက်ထဲတွင်လဲ တုတ်ရှည်ကြီးတစ်ခုကို ကိုင်ထားလေရာ ချန်းအဘွားက သဘောကျသွားပြီး စန်းလော့ကို တိုးတိုးတိတ်တိတ်ပြော၏။

"ငါတို့ သရှန်မိန်းမ ရောက်လာရင်လဲ သူ့ကို အတူတူ ခေါ်သွားပေးနော်၊ ဒါက သူ့ကိုသူ ကာကွယ်ပေးနိုင်တဲ့အပြင် သူ့ခန္ဓာကိုယ်ကိုလဲ ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်တယ်လေ"

စန်းလော့က တခစ်ခစ်ရယ်မောလိုက်သည်။

"သူလဲပဲ သင်ယူသင့်ပါတယ်၊ သူတို့တွေက အဲဒီ့ဖက်မှာလဲ လေ့ကျင့်နေကြတယ်လေ၊ နောက်ပြီးတော့ ကျွန်မသာ အတူတူ ဝင်ပါလိုက်မယ်ဆိုရင် ဒါက သူနဲ့အတူတူ လေ့ကျင့်တာပဲပေါ့၊ သင်ပေးရမဲ့ကိစ္စကတော့ သရှန်ကပဲ လုပ်သင့်တဲ့သူ မဟုတ်လား"

ဒီစကားကို ကြားလိုက်သည်တွင် ချန်းအဘွား၏ မျက်နှာများမှာ လင်းလက်သွားပြီး သူမ၏မျက်လုံးကလဲ ပျော်ရွှင်မှုဖြင့် ကွေးညွှတ်သွားတော့သည်။

"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ နင် ပြောတာ လုံးဝကိုမှန်တယ်"

သူတို့၏စကားဝိုင်းကို ကြားလိုက်သည်တွင် ကန်းရှီ၏ မျက်နှာကလဲ အပြုံးတစ်ခုဖြင့် ပွင့်လန်းသွားလေသည်။

...

အပိုင်း (၂၀၀) မင်္ဂလာပွဲစီစဥ်ခြင်း

အတွင်းပိုင်းနေရာများသည် အမှန်ပင် ပြောင်းလဲသွားခဲ့သည်။

လျှိုမြောင်ထဲသို့ ဝင်လာပြီးကတည်းက တစ်ကာမှ မထွက်ခဲ့ဖူးသည့် အဘွားချန်းက ဒီအပြောင်းအလဲကို အများဆုံး ခံစားမိလေသည်။ အရင်က သူတို့အဖွဲ့ကလွဲလျှင် မည်သူက ထိုနေရာတွင် ရှိပါလိမ့်မည်နည်း။ ယခုတော့ လျှိုမြောင်အပြင်ဘက်တွင် ဆောက်ထားသည့် သစ်လုံးအိမ်လေးများနှင့် အသီးအရွက်စိုက်ခင်းများကို မဆိုထားနှင့် တောင်ထဲတွင် နေထိုင်ကြသည့်လူများသည် လျှိုမြောင်အပြင်ဘက် အကွာအဝေးအနည်းငယ်တွင် ဖြတ်သွားဖြတ်လာ လျှောက်နေကြသည်ကိုပင် မြင်နေရသည်။ ဒါက မိသားစုတစ်ခုထဲသာ မဟုတ်ချေ။ အကွာအဝေး အနည်းငယ်တိုင်းတွင် ဂူများထဲ၌ တစ်စုံတစ်ယောက် နေကြဟန်တူသည်။ အိမ်များကို မတွေ့ရသော်ငြားလည်း လူများနင်းဖြတ်ထားသည့် သိသာသည့် လမ်းကြောင်းများနှင့် စိုက်ပျိုးထားသည့် မြေနေရာများကို အကဲခတ်ပြီးသိနိုင်သည်။

ကျိုးလိုင်ကျီ၏အိမ်သည် လျှိုမြောင်အပြင်ဘက်မှ နေ့တစ်ဝက်ကြာခရီး သွားရခဲ့သည်။ ယခုတော့ စန်းလော့နှင့် တစ်ခြားသူများသည် ကျိုးမိသားစုအိမ်သို့ ဦးတည်သွားကြချိန်တွင် သူတို့သည် နာရီဝက်အတွင်းမှာပင် ကြီးမားသည့် မြေကွက်ကြီးကိုပင် မြင်နိုင်လေသည်။ သူတို့သည် လူနေသည့် အိမ်ယာများအတွင်းထဲသို့ ထပ်ပြီးသွားလိုက်သည်တွင် တုတ်သိုင်းလေ့ကျင့်နေကြသူများ၏ အော်သံကို ခပ်ရေးရေးကြားနေရသည်။ သို့သော်ငြားလည်း မည်သူ့ကိုမျှ မမြင်ရချေ။ သူတို့သည် အတွင်းပိုင်း ပိုနက်သည့်ဘက်တွင် ရှိဟန်တူသည်။

အပြင်ဘက်တွင် အားလပ်နေကြသည့် အမျိုးသမီးများက ကောက်ရိုးဖျာများကို ယက်နေကြသည်။ အဝေးမှနေ၍ ရှန်းလီနှင့် သူ့အဖွဲ့ကို မြင်လိုက်ကြချိန်တွင် သူတို့သည် ဝမ်းသာအားရ ဖြစ်သွားကြ၏။

"ရှန်းသခင်လေး၊ စန်းရှီ"

"စန်းရှီ ရောက်လာတယ်ဟေ့"

သူတို့အားလုံးက သူတို့လုပ်နေသည့်အလုပ်ကို ရပ်ထားလိုက်ကြ၏။ တစ်ချို့က သူတို့ကို လာရောက်နှုတ်ဆက်ပြီး တစ်ခြားသူများကတော့ အထဲသို့ဝင်သွားကာ ကျန်သည့်သူများကို သွားခေါ်ကြသည်။ ထွက်လာကြသည့်အဖွဲ့သည် တော်တော်လေး ညီညွှတ်ကြသည်။ ယောက်ျားသားများက ရှန်းလီကို နှုတ်ဆက်ကြပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်လေးများက စန်းရှီဟု ခေါ်ကြသည်။

အမှန်တွင်တော့ စန်းလော့သည် သူတို့အများစုကို မမှတ်မိချေ။ သို့သော်ငြားလည်း ကြီးကြီးငယ်ငယ် ရွာသားတိုင်းက စန်းလော့ကို ထူးထူးခြားခြား ရင်းနှီးနေကြပြီး သူတို့သည် သူမကို အရင် ကတကာမှ မမြင်ခဲ့ဖူးသည့်တိုင် သူမက စန်းရှီဖြစ်မှန်း ကြားလိုက်ကြသည်တွင် သူတို့သည် နွေးထွေးမှုနှင့် ကျေးဇူးတင်စိတ်ကို အလိုလိုခံစားမိကြပြီး သူတို့၏မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုနှင့် ပျော်ရွှင်မှုများကို ပြသကြလေသည်။

စန်းလော့ကလဲ သူတို့၏နှုတ်ဆက်စကားများကို ပြန်ဖြေသည်။ စန်းလော့ကဲ့သို့ တုတ်တစ်ချောင်းကို သယ်ထားကြသည့် ကောင်လေးအဖွဲ့တစ်ဖွဲ့သည် ရွာအပြင်ဘက်သို့ အပြေးအလွှား ပြေးထွက်လာကြလေသည်။ အဖွဲ့ကို ဦးဆောင်လာကြသူမှာ အဝေးမှနေ၍ ဆရာဟု လှမ်းအော်ခေါ်နေသည့် စန်းအာ့လန်ပင် ဖြစ်လေသည်။ သူတို့သည် နီးကပ်လာသည်နှင့်အမျှ သူက စန်းလော့နှင့် တစ်ခြားသူများကိုလဲ နှုတ်ဆက်လိုက်သည်။ ရှန်းလီက အလည်သက်သက် ရောက်လာသည်ဟု ကြားလိုက်သဖြင့် သူတို့အားလုံးက သူ့ကို သူတို့လေ့ကျင့်ထားသည်ကို စောင့်ကြည့်ပြီး ညွှန်ကြားပြသမှုများ လုပ်ပေးရန် စိတ်အားထက်သန်စွာ တောင်းဆိုကြသည်။

စန်းလော့က အခြေအနေကို သဘောကျသွားပြီး ပြန်ပြောလိုက်၏။

"သွားလိုက်ပါ၊ ကျွန်မ အဘွားနဲ့အဒေါ်တို့ကို ကျိုးမိသားစုအိမ် အဖော်လိုက်သွားလိုက်ပါ့မယ်"

အမှန်ပင် ရွာထဲတွင် ဘာအန္တရာယ်မှမရှိချေ။ သူတို့သည် သူတို့၏ အိမ်နှင့်လဲ အရမ်းကြီးမဝေးတော့ပေ။ အိမ်များကို ကြီးမားသည့် အဝန်းအဝိုင်းတစ်ခုထဲတွင် စီရီနေအောင် ဆောက်ထားပြီး အတွင်းပိုင်းသို့ ပင်မလမ်းတစ်ခုထဲကသာ ဖောက်လုပ်ထားသည်။

အစပိုင်းတွင် အဘွားချန်းသည် ဘာတစ်ခုခုကိုမှ ထူးဆန်းသည်ဟု သတိမထားမိချေ။ သို့သော်ငြားလည်း သူတို့သည် ရွာအတွင်းပိုင်းသို့ ပိုပြီး လျှောက်လာသည်တွင် နောက်ထပ် မရင်းနှီးသည့် အမျိုးသမီးများကလဲ စန်းလော့ကို နှုတ်ဆက်ကြပြီး သူမမှာ တအံ့တသြဖြင့် မေးရသည်အထိ ဖြစ်သွားသည်။

"နင် အခု လူအများကြီးတွေနဲ့ သိနေတာလား"

ကန်းရှီက ဒီစကားကိုကြားလိုက်သည်တွင် တဟင်းဟင်း ရယ်မောလိုက်ကာ ရှင်းပြလိုက်၏။ "အားလော့က သူတို့အားလုံးကို မှတ်မိနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီပတ်ဝန်းကျင်က လူတိုင်းကတော့ အားလော့အကြောင်းကို သိကြတယ်လေ"

စန်းလော့က သူမ၏ အကျိုးဖြစ်နေသည့် စီးပွားရေးအလုပ်နှင့် ချက်နည်းပြုတ်နည်းများ၊ ဝဥအကြောင်းကိုလဲ တစ်ခြားသူများနှင့် ဝေမျှပေးခဲ့သည့်အကြောင်း ပြောပြလိုက်သည်။

အဘွားချန်းသည် အစပိုင်းက တအံ့တသြ ဖြစ်ရသော်လည်း နောက်တော့ ရယ်မောကာ စန်းလော့၏ လက်ကို ပုတ်ပေးလိုက်ပြီး ပြောလိုက်၏။ "ဒါက ကောင်းတဲ့ကိစ္စပဲ၊ ကုသိုလ်ကောင်းမှု လုပ်တာပေါ့၊ မိုးနတ်မင်းက ကောင်းတဲ့ကိစ္စတိုင်းကို မှတ်သားထားမှာပါ၊ မှတ်ထားနော် မိုးနတ်မင်းက အမြဲတမ်းအပေါ်ကနေ စောင့်ကြည့်ပေးနေပါတယ်"

ကုသိုလ်ကောင်းမှုတဲ့လား။

ဒီစကားကို ကြားလိုက်သည်တွင် စန်းလော့သည် မနေနိုင်ဘဲ စဥ်းစားမိလေသည်။

ကုသိုလ်ရဲ့အကျိုးသာ တကယ်တမ်းရှိတယ်ဆိုရင် သူမကတော့ ဒါတွေကို ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်အတွက်ပဲ စုဆောင်းထားစေချင်ပါတယ်။ ဒါမှ သူမလဲ နောက်ပိုင်း ပြန်ဝင်စားတဲ့အခါ ပိုပြီးကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပေါ့။ နောက်ဆုံး ငါကလဲ ကူးပြောင်းလာတာကနေတစ်ဆင့် အသက်ရှင်ခွင့်ရဖို့ ဒုတိယအခွင့်အရေးတစ်ခု ရခဲ့ပြီးသားလေ။

စန်းလော့သည် အသက်ရှင်သန်ခြင်း သံသရာနှင့် ပြန်လည်မွေးဖွားခြင်းကို ယုံကြည်လေသည်။

သူမကိုယ်တိုင်အတွက်တော့ သူမသည် မိုးနတ်မင်းက သူမကို ချီးမြှောက်ထားသည့် သည်အပိုသက်တမ်းတစ်ခုကိုပင် လေးလေးနက်နက် ကျေးဇူးတင်မိလေသည်။

သားရိုင်းကောင်များကလဲ လူသားများကို အမှန်ပင် ကြောက်ရွံ့ကြလေသည်။ ယခုတော့ ဒီနေရာက ရွာတစ်ခုဖြစ်လာပြီဖြစ်ရာ အိမ်ထောင်စုအများစုကလဲ သူတို့၏ခြံဝန်းတံခါးများကို နေ့ခင်းဘက်တွင် တင်းကြပ်နေအောင် ပိတ်စရာမလိုတော့ချေ။ တစ်ယောက်ယောက်က စန်းလော့ဟု ခေါ်လိုက်သည်ကို ကြားလိုက်ကြသည့် ကျိုးသားအမိနှစ်ယောက်သည် အပြင်ထွက်ပြီး စူးစမ်းကြည့်လိုက်ကြသည်။ စန်းလော့၊ ရှန်းလီနှင့် သူတို့၏အဖော်များကို တွေ့လိုက်ရသည်တွင် နှစ်ယောက်စလုံးသည် အလျင်စလို ထွက်လာကြကာ ကြိုဆိုကြလေသည်။

အဝေးမှနေ၍ ကျိုးကဲသည် စန်းလော့၏နောက်သို့ လှမ်းမကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။ သူမသည် ထိုလူကို မတွေ့ရသည်မှာ ၂လနီးပါးလောက် ရှိသွားပြီဖြစ်သည်။ သို့သော်ငြားလည်း သူမသည် အဘွားချန်းကိုတော့ အမှန်ပင် သတိထားမိလိုက်ပြီး သူမ၏ စိတ်ပျက်အားလျော့မှုကို အသိအမှတ်ပြုမနေတော့ဘဲ သူမက ကိုယ့်ဟာကိုယ် မြန်မြန်အိန္ဒြေဆယ်ထားလိုက်ပြီး သူမအမေနောက်က လိုက်လာကာ သူတို့ကို နှုတ်ဆက်လိုက်၏။

အဘွားချန်းကလဲ ကျိုးကဲပေါ်လာကတည်းက သူမကို သိုသိုသိပ်သိပ် အကဲခတ်လာခဲ့သည်။ သူတို့ နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိသွားပြီဖြစ်သည်။ အမျိုးသမီးငယ်လေးက အမှန်ပင် ပွင့်လန်းလာခဲ့သည်။ မနေ့ညက သူမ၏မြေးဖြစ်သူက ကျိုးမိသားစု အခြေအနေနှင့်ပတ်သတ်ပြီး မေးမြန်းပေးရန် သူမကို လာရောက်တောင်းဆိုသည်ကို ပြန်စဥ်းစားမိလိုက်သည်တွင် အပြုံးတစ်ခုသည် အဘွားချန်း၏ မျက်လုံးထောင့်တွင် ဖြစ်ပေါ်လာတော့သည်။ သူမက ကျိုးကဲကို လှမ်းကိုင်လိုက်ပြီး သူမကို ချီးကျူးစကား ဖောဖောသီသီပြောလိုက်၏။

ကျိုးမိသားစု၏ အသက်ရှင်သန်ခြင်းနှင့် သူတို့၏ လက်ရှိပေါများကြွယ်ဝသည့်ဘဝသည် ရှန်းလီနှင့် ချန်းသရှန်တို့၏ အကူအညီကြောင့်သာ ဖြစ်လေသည်။ ထို့ကြောင့် ကျိုးလိုင်ကျီ၏မိန်းမက အဘွားချန်းနှင့် စန်းလော့တို့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပြီး သူတို့ကို အိမ်ထဲသို့ ချက်ချင်းဖိတ်ခေါ်လိုက်၏။

အဘွားချန်းက ဒီလိုကမ်းလှမ်းမှုမျိုးကို ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ ပြုံးပြလိုက်ပြီး သူမက ကျိုးသားအမိနှစ်ယောက် ထွက်လာသည့်ဖက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင်တော့ သူတို့နောက်က မြင့်မားသည့် ခြံဝန်းစည်ရိုးကို လှမ်းကြည့်လိုက်၏။

"ရှင်တို့တွေ အဲဒီ့မှာနေကြတာလား"

ကျိုးလိုင်ကျီ၏မိန်းမက တခစ်ခစ်ရယ်မောလိုက်ကာ "ဟုတ်ပါတယ် ဒါတွေအားလုံးကလဲ သရှန်၊ ရှန်းလီနဲ့ ဆိုင်တာဝန်ခံရွှီတို့ရဲ့ ကျေးဇူးကြောင့်ပါပဲ"

သူမက ပြောရင်းဆိုရင်း သူတို့၃ယောက်ကို သူမ၏ အိမ်သို့ခေါ်ဆောင်သွားလေသည်။ ပထမခြံဝန်းထဲသို့ ဝင်လာပြီးနောက်တွင် အတွင်းပိုင်းခြံဝန်းထဲတွင် သေးငယ်သည့် စားပွဲတစ်လုံးရှိနေသည်။ သူမက သူတို့ကို ထိုင်ခုံနေရာဆီသို့ ခေါ်သွားလိုက်ပြီး ကျိုးကဲကတော့ ရေနွေးသွားတည်သည်။

ဆောင်းတွင်းဖြစ်သဖြင့် သူတို့သည် အနွေးဓာတ်ရဖို့ရန် မီးဖိုကို ဖိုထားရသည်။ အိုးငယ်လေးက ရေကို မြန်မြန်ဆူပွက်လာစေပြီး ဒီလိုအေးစိမ့်သည့်နေ့မျိုးတွင် ပူပူနွေးနွေး စွန်ပလွန်သီး လက်ဖက်ရည်တစ်အိုးက ပြီးပြည့်စုံလှသည်။ ကျိုးကဲက သန့်ရှင်းသည့် ဝါးခွက်များထဲတွင် လက်ဖက်ရည်များကို ထည့်ပေးလိုက်ပြီး ဧည့်သည်များကို ဧည့်ဝတ်ပြုလေသည်။

အဘွားချန်းက နွေးထွေးသည့် ခွက်လေးကို ကိုင်ထားပြီး စွန်ပလွန်သီး၏ ထူးခြားသည့်ချိုမြမြရနံ့ကို ရှူသွင်းလိုက်သည်။ သူမက ကျိုးကဲကို ပိုပြီးသဘောကျသွားသည့်ဟန်ဖြင့် ကြည့်လိုက်ပြီး ကျိုးလိုင်ကျီ၏မိန်းမကို ချီးကျူးစကား ပြောလိုက်၏။

"ရှင်တို့ရဲ့ အားကဲရဲ့ သွက်လက်ဖြတ်လက်ပုံကတော့ ရှင့်အတိုင်းပဲနော်"

ကျိုးလိုင်ကျီ၏မိန်းမသည် သူမ၏အကြီးဆုံးသမီးကို နှစ်သက်မြတ်နိုးပြီး ချန်းအဘွား၏ ချီးကျူးစကားကို ကြားလိုက်ရသည်တွင် သူမ၏မျက်နှာပေါ်၌ အပြုံးတစ်ခုက မဆိုင်းမတွပေါ်လာ၏။

ကန်းရှီက ဂူအတွင်းပိုင်းသို့ ချောင်းကြည့်လိုက်သော်လည်း ကျိုးမိသားစု၏ အငယ်ဆုံးကလေးနှစ်ယောက်ကို မတွေ့ရချေ။ သူမက မေးလိုက်သည်။

"နင့်ရဲ့တတိယမောင်လေးနဲ့ အားခွိုက်တို့ကို မတွေ့ဘူးနော်၊ သူတို့တွေလဲ အပြင်ဘက်မှာ အတူတူသွားပြီး လေ့ကျင့်နေကြတာလား"

ကျိုးလိုင်ကျီ၏မိန်းမက ခေါင်းငြိမ့်ပြလိုက်ပြီး ပြုံးပြလိုက်၏။

"ဒီနေ့ အားကဲရဲ့အဖေနဲ့ အစ်ကိုကြီးတို့က တစ်ခြားသူတွေနဲ့အတူ တောင်ထဲသွားကြတယ်လေ၊ ဒုတိယမောင်လေးနဲ့ တတိယမောင်လေးတို့ကတော့ လေ့ကျင့်နေကြတာပေါ့၊ အားခွိုက်ကတော့ ဒီအတိုင်း အပျော်သဘော သွားကြည့်နေတာပါ"

စန်းလော့က ခြံဝန်းနံရံနားတွင် ဒီအတိုင်း ကပ်ထောင်ထားသည့် တုတ်ချောင်းအရှည်ကြီးကို စိတ်ဝင်စားသွားပြီး ကျိုးကဲက သူမကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်ပြီးနောက် မေးလိုက်လေသည်။

"အစ်မ အစ်မရော ဒီတုတ်သိုင်းပညာကို သင်နေတာလား"

သူမကို အစ်မဟု ခေါ်လိုက်သည်ကို ကြားလိုက်သည်တွင် စန်းလော့၏မျက်ခုံးများက အနည်းငယ် မြင့်တက်သွားတော့သည်။ ကျိုးကဲကို အစ်မကျိုးကဲဟု ခေါ်ရလိမ့်မည်ဟုလဲ သူမက စဥ်းစားမိသည်။ သူမက ဖော်ရွေသည့် အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။

"ဟုတ်တယ် ကျွန်မ ဒါကိုသင်ယူနေတာလေ၊ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်၊ ကျွန်မတို့တွေက သက်တူရွယ်တူလောက်ပါပဲ၊ ဒီတော့ ကျွန်မကို အဆင်ပြေတယ်ဆိုရင် အားလော့လို့ ခေါ်လို့ရပါတယ်"

ရှေးခေတ်အခါတွင် လက်ထပ်ပွဲ ကြောင်းလမ်းသည့်ကိစ္စကို အမျိုးသမီးငယ်လေး၏ရှေ့တွင် လုပ်ကြလေ့မရှိချေ။ အဘွားချန်းနှင့် ကန်းရှီတို့က ဒီကိစ္စကို တိုင်ပင်တော့မည်ဟု ခန့်မှန်းမိလိုက်သဖြင့် စန်းလော့က ပြုံးကာပြောလိုက်လေသည်။

"ရှင်တို့တွေ အားလုံးကရော ဒီမှာပဲလေ့ကျင့်ကြတာလား၊ အားကဲ ရှင် ကျွန်မကို လိုက်ပြပေးလို့ရလား"

"ရတာပေါ့"

ကျိုးကဲက သဘောတူလိုက်ပြီး ချန်းသရှန်များ ရောက်နေမလားဟု စဥ်းစားလိုက်လေသည်။ ရွာ၏ လေ့ကျင့်သည့်နေရာသို့ ဦးတည်သွားလိုက်ပြီး စန်းလော့က လေ့ကျင့်သည့်ကွင်းဆီသို့ အလည်အပတ် သွားမည်ဟု အကြံပြုလိုက်လာချိန်တွင် သူမက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူမအမေ၊ အဘွားချန်းနှင့် ကန်းရှီတို့ကို နှုတ်ဆက်ပြီးနောက်တွင် စန်းလော့နှင့်အတူတူ ထွက်လာတော့သည်။

စန်းလော့က တုတ်ချောင်းရှည်ကို ကောက်ယူလိုက်ပြီး ကျိုးကဲနောက်မှ လိုက်လာ၏။ နှစ်ယောက်သားက ပိုပြီးဝေးကွာလာသည်နှင့်အမျှ ခြံဝန်းသည် အဘွားချန်းနှင့် တစ်ခြားအမျိုးသမီးနှစ်ယောက်၏ အဓိကစကားပြောရာနေရာ ဖြစ်လာတော့သည်။

...

အဘွားချန်၏စိတ်ကူးကိုမသိသည့် ကျိုးကဲက လမ်းတလျှောက်တွင် စန်းလော့နှင့်အာလာပသလာ ပစကားများကို ပြောလာခဲ့သည်။ လေ့ကျင့်ကွင်းသို့ ရောက်လာချိန်တွင် သူမသည် လူအုပ်ကြီးကို အကြိမ်ကြိမ် အကဲခတ်ကြည့်မိ၏။

ဘေးမှနေ၍ လေ့လာလိုက်ပြီးနောက်တွင် စန်းလော့သည် အခြေအနေကို သဘောပေါက်သွားသည်။ သူမက စိတ်ထဲတွင် ကြိတ်ပြီးပြုံးလိုက်ပြီး သူမ၏ အတွေးကို ထုတ်ပြောမနေတော့ဘဲ ဒီအတိုင်းမေးလိုက်လေသည်။

"ဒီမှာ သိုင်းလေ့ကျင့်ကြတဲ့အမျိုးသမီးတွေ မပါဘူးနော်"

ကျိုးကဲက အိန္ဒြေပြန်ဆည်ထားလိုက်ပြီး ပြန်ဖြေလိုက်သည်။

"မပါဘူး၊ ကျွန်မအဖေက ကျွန်မကို မြှားပစ်တာပဲ သင်ပေးတာလေ၊ တော်တော်လေးတော့ တိကျလာပြီ၊ ဒါပေမဲ့လည်း ကျွန်မမှာ အင်အားတော့ အများကြီးမရှိသေးဘူး၊ တုတ်သိုင်းအတွက်တော့ တတိယမောင်လေးက ကျွန်မကို သင်ပေးပါတယ်၊ ကျွန်မမှာ ပင်ကိုယ်ပါရမီ ရှိပုံမရဘူး၊ ဒါကို ကျွန်းကျွမ်းကျင်ကျင် တတ်မယ်တော့ မထင်ပါဘူး"

သူမက မကျွမ်းကျင်ဘူးဟု ပြောလိုက်သည်ကို ကြားလိုက်သည်တွင် စန်းလော့သည် ဒါက ကိုယ်နေဟန်ထား လိုအပ်ချက်နှင့် တုံ့ဆိုင်းနေသည့် စိတ်ခံစားချက်တို့ကြောင့် ဖြစ်မည်ဟု စဥ်းစားလိုက်သည်။ ကျိုးကဲ၏ သိမ်မွေ့သည့် စရိုက်သဘာဝကို စဥ်းစားမိပြီး သူမက အကြံပြုလိုက်၏။

"ရှင့်မှာ အခွင့်အရေးရှိတယ်ဆိုရင် ကျွန်မနဲ့ အတူတူလေ့ကျင့်လို့ရပါတယ်၊ ရှင်က ကျွမ်းကျင်စရာ မလိုပါဘူး၊ ပုံမှန်လေ့ကျင့်တာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လဲ အကျိုးပြုတယ်လေ"

ရှေးခေတ်ကာလတွင် ကလေးမွေးရသည့် အခြေအနေသည် အခြေအနေနွမ်းပါးလေသည်။ အမျိုးသမီးငယ်လေး တော်တော်များများသည် အသက်၁၅နှစ်အရွယ်တွင် အိမ်ထောင်ပြုကြပြီး ဒါက ဖွံ့ဖြိုးဆဲကာလဖြစ်နေသေးသည်။ သန်မာသည့် ကိုယ်နေဟန်ထားတစ်ခုမရှိလျှင် ကလေးမွေးခြင်းက ခက်ခဲနိုင်ပေသည်။ သည်အကြောင်းအရင်းကြောင့်ပင် စန်းလော့က ရှန်းနဥ်ကို ဒီလေ့ကျင့်ခန်းထဲတွင် ပါဝင်စေခြင်းပင်။

ကျိုးကဲက သူတို့ရွာနှစ်ခုကြားက အကွာအဝေးကို စဥ်းစားမိလိုက်ပြီး မည်သို့ အတူတူလေ့ကျင့်နိုင်ပါမည်နည်းဟု စဥ်းစားမိလေသည်။ သို့သော်ငြားလည်း စန်းလော့ကတော့ ဒီကိစ္စကို အကျယ်ချဲ့ပြီး ပြောမနေခဲ့ချေ။ ရွာက အမျိုးသမီးများက ချဥ်းကပ်လာကြပြီး စန်းလော့နှင့် စကားစမြည်ပြောကြချိန်တွင် ကျိုးကဲကလဲ သူမ၏မှတ်ချက်ကို ယဥ်ကျေးသည့် အမူအယာတစ်ခုအဖြစ် မှတ်ယူလိုက်ပြီး ထပ်ပြီးမမေးလိုက်တော့ချေ။

ရှန်းလီက သူ၏သင်ကြားမှုများ ပြီးစီးသွားချိန်တွင် သူက စန်းလော့ဆီသို့ ရောက်လာပြီး ကျိုးမိသားစုအိမ်သို့ ဦးတည်လာခဲ့ကြသည်။ အဘွားချန်းနှင့် ကန်းရှီတို့ကလဲ နှုတ်ဆက်ပြီး ပြန်လာခဲ့ကြသည်။ သူတို့ကိုလိုက်ပို့ပြီးနောက်တွင် ကျိုးလိုင်ကျီ၏မိန်းမက ကျိုးကဲကို အပြုံးတစ်ခုဖြင့် လှမ်းကြည့်လိုက်ပြီး သူမကို ခဏလောက် လေ့လာလိုက်ပြီးနောက်မှ အသံထွက်အော်ရယ်တော့သည်။

သူတို့၏အခန်းထဲသို့ ပြန်လာချိန်တွင် ကျိုးလိုင်ကျီ၏မိန်းမက သမီးဖြစ်သူကို သွားများပေါ်နေသည့်အပြုံးတစ်ခုဖြင့်ကြည့်ကာ ချန်းမိသားစု အလည်လာသည့်ကိစ္စက သူမကိုစိတ်ဝင်စားပြီး လက်ထပ်ကြောင်းလမ်းသည့် ကိစ္စဖြစ်ကြောင်း ပြောပြလိုက်သည်။ ကျိုးကဲသည် ဝမ်းသာမိသလို ရှက်ရွံ့မိလေသည်။ သူမ၏နှလုံးသားထဲတွင် ခံစားချက်များရော နှောနေ၏။ စန်းလော့၏ စကားနောက်ကွယ်က အဓိပ္ပါယ်ကို နားလည်ဖို့ရန် သူမအတွက် အချိန်တော်တော်လေး ယူလိုက်ရသည်။

သူတို့သည် လက်ထပ်ကြောင်းလမ်းခြင်းကို သဘောတူခဲ့လျှင် သူမက စန်းလော့နှင့် လေ့ကျင့်ဖို့ရန် အခွင့်အရေးရလာလိမ့်မည် မဟုတ်ပါလား။

ဒါကို သဘောပေါက်သွားသဖြင့် သူမ၏ပါးများက နီရဲလာတော့သည်။

သမီးဖြစ်သူ၏ တုံ့ပြန်ပုံကို မြင်လိုက်သည်တွင် ကျိုးလိုင်ကျီ၏မိန်းမသည် သူမက ကြိတ်ပြီး သဘောကျနေသည်ကို သိလိုက်၏။ သူမ၏မျက်လုံးများက အပြုံးဖြင်ံ့ ပြည့်နှက်သွားပြီး သူမကပြောလိုက်လေသည်။

"နင့်အတွက် ဒီလောက်ကောင်းတဲ့ ကြင်ဖက်တစ်ယောက်ကို ရှာတွေ့လိမ့်မယ်လို့ တကယ် မျှော်လင့်မထားဘူး၊ ချန်းမိသားစုကလဲ တကယ့်ကို ဂုဏ်သတင်းကြီးမားပါပေတယ်၊ သရှန်ဆိုတာကလဲ မီးအိမ်ထွန်းပြီး ရှာမယ်ဆိုရင်တောင် ရှာမတွေ့နိုင်တဲ့ တော်တော်လေးထူးခြားတဲ့ လူငယ်လေးတစ်ယောက်ပဲ"

သူမက ကျိုးကဲကို ကျီစယ်ကာမေးလိုက်လေသည်။

"အမေက ဒီလက်ထပ်ပွဲကို သဘောမတူရသေးပါဘူး၊ ဒီကိစ္စကို သမီးရဲ့အဖေနဲ့ တိုင်ပင်ပြီးမှပဲ ရက်အနည်းငယ်လောက်နေမှပဲ အဖြေတစ်ခုပေးမှာ သမီး ပြောစမ်း၊ နင် ဒီလက်ထပ်ပွဲကို လုပ်ချင်လား"

ကျိုးကဲ၏ပါးပြင်သည် ကြက်ဥကြော်လို့ရသည်အထိ ပူပြင်းသွားလေသည်။ သူမက ရှက်ရွံ့သဖြင့် ခေါင်းကို ငုံ့ထားလိုက်သော်ငြားလည်း ချန်းသရှန်အကြောင်းကို စဥ်းစားမိလိုက်သည်တွင် သူမသည် သူမ၏ရှက်ရွံ့မှုကို အားတင်းထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"သမီး အမေ့စကား နားထောင်ပါ့မယ်"

ဒါက လက်ခံပါသည်ဟုပြောခြင်းပင်။

ကျိုးလိုင်ကျီ၏မိန်းမက တဟင်းဟင်း ရယ်မောလေသည်။

"ကောင်းပြီ ဒီနေ့ည ငါ နင့်အဖေနဲ့ တိုင်ပင်လိုက်မယ်၊ သူကလဲ ဆန္ဒရှိတာထက်တောင် ပိုမယ်လို့ အာမခံတယ်"

သူမတို့ ကယ်တင်ခံရသည့်နေ့ကို ပြန်စဥ်းစားမိလိုက်သည်တွင် သူမက အပြုံးတစ်ခုဖြင့်ထပ်ပြီးပြောလိုက်၏။

"ဒါကလဲ ဖူးစာပါပဲ"

ချန်းသရှန်က သူတို့၏မိသားစုထဲက ယောက်ျားနှင့် ကောင်လေးများကို မြှားပစ်သင်ကြားပေးပြီး သူတို့အတွက် လေးနှင့်မြှားကို ပြုလုပ်ပေးကာ သူတို့ကို သားမွှေးများနှင့် အသားများကို လာပို့ပေးပုံကို စဥ်းစားမိသည်တွင် ချန်းသရှန်က ကဲကဲကို သူကိုယ်တိုင်ကလဲ သဘောကျနေသည်ဟု သူမက ခန့်မှန်းမိခဲ့သည်။

ဒါကပင် ကျိုးလိုင်ကျီ၏မိန်းမကို ပိုပြီး ပျော်ရွှင်ဝမ်းမြောက်စေလေသည်။

နောက်တစ်လလောက်နေလျှင် သမီးဖြစ်သူမှာ ၁၇နှစ် ပြည့်တော့မည်။ အချိန်က ကုန်မြန်လှလေသည်။

သူမကလေးများ၏ လက်ထပ်ပွဲ အလားအလာသည် သူမ၏ ချို့တဲ့သည့် ကျန်းမာရေးကြောင့် နှောင့်နှေးခဲ့ရသည်။ သားဖြစ်သူများအတွက်တော့ ဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ချေ။ သူတို့သည် စောင့်လို့ရသည်။ သို့သော်ငြားလည်း သမီးတစ်ယောက်အတွက်ကတော့ အချိန်က အရေးကြီးပေသည်။ အထူးသဖြင့် ဒီလိုအချိန်ကာလမျိုးတွင် ဖြစ်သည်။ နောက်ပိုင်းတွင် သူမသည် ဒီကိစ္စကို မကြာခဏ စဥ်းစားခဲ့မိသည်။ ဒီလောက်ကောင်းမွန်သည့် ကြင်ဖက်တစ်ယောက်က ရုတ်တရက်ကြီး အလိုလိုပေါ် ပေါက်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားမိခဲ့ချေ။

ခံစားချက်လွယ်လွန်းသည့်ကျိုးကဲက သူမ၏အမေဖြစ်သူ၏ တောက်ပနေသည့်အကြည့်ကို ခံနိုင်ရည်မရှိတော့ချေ။ သူမက ချုပ်လုပ်စရာ ရှိသေးသည်ဟု ဆင်ခြေတစ်ခု မြန်မြန်ပေးကာ ဂူထဲမှ ပြေးထွက်သွားတော့သည်။

အချုပ်အလုပ်အကြောင်း ပြောလိုက်သည်တွင် သူမကိုင်ထားသည့် ယုန်သားမွှေးတစ်ချို့ကလဲ အရောင်အသွေးမှာ ဆွဲဆောင်မှုရှိလွန်းလှကာ ထိုအရာများကလဲ ချန်းသရှန်ထံမှ လက်ဆောင်များ ဖြစ်လေသည်။ သူမ၏စိတ်အတွင်းက ထုတ်မပြောသည့် ပျော်ရွှင်မှုများသည် လျှံကျတော့မတတ် ခြိမ်းခြောက်လာတော့သည်။

...

အပြန်လမ်းတွင် စန်းလော့နှင့် သူတို့၏အဖွဲ့သည် ကြီးမားကျယ်ပြန့်လွန်းလှသည့် ကျူတောကြီးကို ဖြတ်လျှောက်လာခဲ့ကြသည်။ သူတို့အားလုံးက တံစဥ်များကို ယူလာခဲ့ကြပြီး လိုက်ကာများကို ရက်လုပ်ဖို့ရန်အတွက် ကျူတစ်ချို့ကို ခုတ်ဖြတ်မည်ဟု စဥ်းစားထားခဲ့ကြသည်။ ဂူ၏သစ်သားတံခါးနှင့် ရှန်းအန်းနှင့် ရှန်းကျင့်တို့၏ သစ်သားအိမ်ကလေးသို့ ဝင်ပေါက်နှစ်ခုစလုံးသည် လေဒဏ်ကို ကာကွယ်ရန် ထူထဲသည့်လိုက်ကာများကို ထပ်ပြီး တပ်ဆင်ရန်လိုအပ်နေသည်။

ကျူပင်များကို ခုတ်ဖြတ်နေရင်း စန်းလော့က အဘွားချန်းကို တိုးတိုးလေးမေးလိုက်၏။

"အဘွား အခြေအနေ ဘယ်လိုလဲ၊ အဒေါ်ကျိုးက ဘာပြောလိုက်လဲ"

အဘွားချန်းက ပျော်ရွှင်မှုဖြင့် လင်းလက်နေပြီး သူမက စန်းလော့ထံသို့ အနည်းငယ် ပိုပြီးကပ်သွားလိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"ဒီလိုကိစ္စမျိုးက တစ်ရက်ထဲနဲ့ မပြီးဘူးလေ၊ ငါတို့တွေက နောက်၂ရက်လောက်နေရင် နောက်တစ်ခေါက် အလည်လာရအုံးမယ်၊ ဒါပေမဲ့ ငါကြည့်ရသလောက်ကတော့ အဆင်ပြေမဲ့ပဲ"

သူမ၏မျက်လုံးများသည် ဝမ်းသာရွှင်လန်းနေသည့် အပြုံးတစ်ခုအသွင် ကွေးတက်သွားတော့သည်။

စန်းလော့က ပြုံးပြလိုက်ပြီး ဂုဏ်ပြုစကား ပြောလိုက်လေသည်။

"ကြည့်ရတာ ကျွန်မတော့ အစ်ကိုသရှန်အတွက် လက်ဆောင် ကောင်းကောင်းလေးတစ်ခု စဥ်းစားပေးရတော့မယ်နဲ့ တူတယ်"

ဒီစကားက အဘွားချန်းကို ပျော်မဆုံးအောင် ရှိနေလေစေတော့သည်။

...

All Chapters