ကျိယွင်ဟိုင်
Vol. 28 Ch. 385
"ကျိယွင်ဟိုင်က တောင်ပိုင်းအရုဏ်ဦး ကုန်းမြေမှာရှိတဲ့ ဗလာရှာမန်တွေရဲ့အောက် ရှာမန်အကုန်လုံးထဲမှာ အတော်ဆုံး စိတ်ဝိညာဉ်ဖမ်းစားသူပဲ။ သူက နှောင်းပိုင်း စိတ်ဝိညာဉ်ဖမ်းစားသူတွေ ကြားမှာတောင် ဗလာစိတ်ဝိညာဉ် ဖမ်းစားသူတစ်ယောက် ဖြစ်လာနိုင်ချေ အရှိဆုံးသူဆိုပြီး နာမည်ကြီးတယ်"
"စိတ်မကောင်းစရာက... သူ ပျောက်နေတာ နှစ်အတော်ကြာသွားတာပဲ။ အဲလိုမဟုတ်ပဲ ဒီတိုက်ပွဲမှာသာ သူပါခဲ့ရင် သူ့ရဲ့ ကျယ်ပြန့်သော နယ်ပယ် အစီအရင်ကို ထုတ်ဖော်လိုက်တာနဲ့ သေချာပေါက်ကို လူအများကြီး သတ်နိုင်မှာ။ သူ အရမ်းကျွမ်းကျင်တဲ့ အဲဒီ အစီအရင်က
သူ့ရဲ့ ထူးခြားတဲ့ စိတ်ဝိညာဉ် ဖမ်းစားခြင်း စွမ်းရည်ပဲ"
အဆုံးမရှိသော ရှာမန်တဲများသည် ကောင်းကင်မြူခိုး မြို့တော် အပြင်ဘက် ရှာမန်နယ်မြေ၏ လီခုနစ်သောင်းခန့် နယ်မြေကို ဖုံးလွှမ်းထားသည်။ ထိုတဲများသည် အဆုံးသတ်ကိုပင် မမြင်ရလောက်အောင် နေရာအနှံ့ ဖြန့်ကျက်တည်ရှိနေသည်။ ထိုနေရာ၌ ရှာမန်တစ်သိန်းကျော် ရှိပြီး အခြားရှာမန်မျိုးနွယ်စုတို့မှ စစ်သည်တော်များသည်လည်း နေ့စဉ်နှင့်အမျှ လာရောက်ပူးပေါင်းနေကြသဖြင့် ၎င်းတို့အရေအတွက်က ဆက်လက်တိုးပွားလာနေလေသည်။
အဆုံးမရှိသော တဲပင်လယ်ကြီးနားတွင် မြင့်မားသောတောင်ကြီး တစ်လုံးရှိနေသည်။ ကျင့်ကြံမှု အဆင့်အတိုင်းအတာ တစ်ခုသို့ ရောက်နေသူတစ်ယောက်သာ ထိုတောင်ထိပ်ပေါ်၌ သွားရပ်လိုက်မည်ဆိုလျှင် ထိုနေရာမှနေ၍ ကောင်းကင်မြူခိုး မြို့တော်ကြီး၏ ဝိုးတဝါးပုံစံကိုပင် မြင်ရပေလိမ့်မည်။
ထိုအချိန်တွင် တောင်ထိပ်ပေါ်၌ အမျိုးသမီးတစ်ဦး ရပ်နေ၏။ ရှည်လျားသော ဆံနွယ်ခွေလိပ်များနှင့် သူမပုံစံက ကြော့ရှင်းတပ်မက်ဖွယ် ကောင်းလှသည်။ သူမအကြည့်များက နက်နဲသိမ်မွေ့နေပြီး သူမတွင် အခြားရှာမန်များနှင့် ယှဉ်ပါက မတူညီသော စရိုက်လက္ခဏာမျိုး ရှိနေသည်။ ထိုဟန်အမူအယာက သူမအား အလွန်နူးညံ့သိမ်မွေ့သော လေထုတစ်ခုလည်း ပေးစွမ်းနေသည်။ သူမ၏ ထိုတည်ငြိမ်အေးချမ်းသော ကိုယ်အမူအယာက သူမပတ်ဝန်းကျင်ရှိ လူများကိုပါ သက်ရောက်မှုရှိပုံပေါ်ပြီး သူမအနီးတွင် ရပ်နေသူအားလုံး၏ စိတ်နှလုံးကို အေးချမ်းသွားစေသည်။
"ဒီနှစ်တွေတစ်လျှောက် ရှာမန်မျိုးနွယ်စုထဲမှာ အစွမ်းထက်တဲ့ အဆုံးသတ်ရှာမန် များများစားစား ပေါ်ထွက်မလာခဲ့ဘူး။ အချိန်ကြာလာတာနဲ့အမျှ အခုဆို ငါတို့ကြားမှာ ရှစ်ယောက်ပဲ ကျန်ရှိတော့တယ်... သူတို့အထဲက သုံးယောက်ကလည်း အခုထိ အင်မော်တယ်တွေဆီမှာ အညံ့မခံသေးဘူး"
အမျိုးသမီး၏ နံဘေးတွင် ရှာမန် အမျိုးသား၊ အမျိုးသမီး တစ်ဒါဇင်နီးပါးခန့် ရပ်နေကြသည်။ ၎င်းတို့အထဲမှ သုံးဦးသည်သာ သက်လတ်ပိုင်းများဖြစ်ပြီး ကျန်လူအားလုံးမှာ သက်ကြီးရွယ်အိုများ ဖြစ်သည်။ ထိုအချိန်တွင် စကားပြောနေသူမှာ တစ်ခေါင်းလုံး ဆံပင်ဖြူ အပြည့်ဖြင့် အဘိုးအိုတစ်ဦး ဖြစ်သည်။ ကောင်းကင်မြူခိုး မြို့တော်ကို စိုက်ကြည့်ရင်း စကားပြောနေသော သူ့လက်ထဲတွင် မိကျောင်းခေါင်းနှင့် ကြိမ်လုံးတစ်ချောင်း ကိုင်ဆောင်ထားချေသည်။
"ကျိယွင်ဟိုင်အကြောင်း ပြောရမယ်ဆိုရင် သူက မူလတုန်းကတော့ ကောင်းကင်ဘုံ ပန်းပွင့် မျိုးနွယ်စုရဲ့ မျိုးနွယ်ဝင် တစ်ယောက်ပဲ။ ကောင်းကင်ဘုံပန်းပွင့် မျိုးနွယ်စု ဖျက်ဆီးခံလိုက်ရချိန်မှာ ဒီလူက အသက်ရှင်ကျန်ရစ်ခဲ့တယ်။ နောက်ပိုင်း အခွင့်အရေး တစ်ချို့ ရရှိခဲ့ပြီး သူ့ရဲ့ စိတ်ဝိညာဉ်ဖမ်းစားသူ လမ်းကြောင်းက တစ်ခြားသူတွေနဲ့ ကွဲပြားသွားခဲ့တာပဲ"
"သူက အဆိပ်ရှိပိုးမွှားတွေ အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်ပြီး ကိုးရောင်ခြယ် အဆိပ်မြူခိုးတွေနဲ့ ထွက်ပေါ်လာလေ့ရှိတယ်။ အဲဒီ သူ့ကောင်းကင်ဘုံပန်းပွင့် ပိုးမွှားရဲ့ မူလရင်းမြစ်ကလည်း သူသန့်စင်ပြီးတဲ့နောက် မသေဆုံးနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်သွားခဲ့တယ်။ အဲဒီပိုးကောင်ပင်လယ်ကြီး ပေါ်လာတာနဲ့ အစွမ်းထက်တဲ့ ဗလာရှာမန်တွေတောင်မှ သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာရှိလိမ့်မယ်"
"သူသာ မင်းဘေးမှာ ရှိနေမယ်ဆိုရင်တော့ အင်မော်တယ်မိတ်ဆွေရေ၊ ကျုပ်တို့ မာန်စွမ်းအားရှင်တွေကို သတ်နိုင်ရုံတင်မကပဲ ကောင်းကင်ဘုံပန်းပွင့် ပိုးမွှားကိုသုံးပြီး မင်းအမိန့်တွေကို ရှာမန်စစ်တပ်ကြီး တစ်ခုလုံးဆီ ပို့ပေးနိုင်လိမ့်မှာ။ အဲလိုသာဆိုရင် ငါတို့ တစ်စုတစ်စည်းတည်း ဖြစ်ပြီး မာန်စွမ်းအားရှင်တွေ ထိုးဖောက်နိုင်မှာတောင် မဟုတ်ဘူး"
"ဒီလို ထူးခြားတဲ့ စိတ်ဝိညာဉ်ဖမ်းစားသူမျိုး ဆိုတာ အရမ်းရှားပေမယ့် စိတ်မကောင်းစရာကတော့ ကျုပ် သူ့အကြောင်း နောက်ဆုံးကြားခဲ့တာ လွန်ခဲ့တဲ့ နှစ်ဒါဇင်လောက်တုန်းကပဲ။ သူ မိန်းမတစ်ယောက် ယူလိုက်တယ်လို့ ကြားပြီး အဲနောက်ပိုင်းကစလို့ သူနဲ့ပက်သက်တဲ့ သတင်းတွေ မကြားရတော့တာပဲ" အဘိုးအိုသည် ခေါင်းခါယမ်းလိုက်ပြီး နောက်လူတစ်ယောက် အကြောင်းကို ဆက်ပြောလိုက်၏။ သူသည် ဆံပင်ရှည်အမျိုးသမီးကို ရှာမန်မျိုးနွယ်စု၏ လက်ရွေးစင်များအကြောင်း မိတ်ဆက်ပေးနေခြင်း ဖြစ်သည်။
သူတို့ ယခုလေးပင် ပြောနေခဲ့သော ကျိယွင်ဟိုင်သည် သူတို့နှင့် အလွန်ဝေးကွာသော ရှာမန်နယ်မြေ၏ ချောင်ကျသည့် နေရာတစ်ခုတွင် မီးခိုးရောင်မျက်လုံးများနှင့် သေဆုံးခြင်းအငွေ့အသက်များ ဝန်းရံနေသည့် ပုံစံဖြင့် စုမင်အပေါ် ခုန်အုပ်လိုက်သည်ကိုတော့ သူတို့မသိနိုင်ခဲ့ပါချေ။
သူ့ပတ်ဝန်းကျင်ရှိ အဆုံးမရှိသော အနက်ရောင် ပိုးတောင်မာများမှာ ကျိယွင်ဟိုင်ကိုယ်တိုင် မသေမျိုးပိုးမွှားများအဖြစ် သန့်စင်ထားသည့် ကောင်းကင်ဘုံပန်းပွင့် ပိုးမွှားများ ဖြစ်သည်။
သို့သော်လည်း ကောင်းကင်မြူခိုး မြို့တော်အပြင်ဘက် တောင်ထိပ်ပေါ်၌ ကျိယွင်ဟိုင်အကြောင်း စိတ်မကောင်းသော လေသံဖြင့် ပြောပြနေခဲ့သည့် အဘိုးအိုသည်သာ ယခုစုမင်နေရာတွင် ရောက်နေပြီး ထိုလူကို မျက်မြင်တွေ့လိုက်ရပါက မီးခိုးရောင်မျက်လုံးတို့ဖြင့် ထိုခြောက်ကပ်နေသော မွန်းစတားသည် ကျိယွင်ဟိုင်ဖြစ်ကြောင်း မှတ်မိရန် ခက်ခဲသွားပေလိမ့်မည်။
ကျိယွင်ဟိုင်၏ ပုံပန်းသွင်ပြင်ကသာ သိသိသာသာ ပြောင်းလဲသွားခြင်း မဟုတ်ပဲ သူ့ကျင့်ကြံဆင့်များလည်း ကျဆင်းသွားခဲ့ချေပြီ။ သူ့ပုံစံက နှောင်းပိုင်းရှာမန်တစ်ယောက် အလယ်အလတ် ရှာမန်အဆင့်သို့ ကျဆင်းသွားပြီ ဖြစ်သည်။
သူနှင့်ပက်သက်၍ မပြောင်းလဲသော အရာမှာ သူအစွမ်းထက်ခဲ့စဉ်အချိန်က ရှိခဲ့သော အစွမ်းထက်ရှာမန် တစ်ယောက်၏ အရှိန်ဝါအနည်းငယ်သာ ဖြစ်သည်။ ထိုအရှိန်ဝါသည် သေဆုံးပျက်စီးသွားမည့်ပုံ မပေါ်ပဲ စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက် ကျင့်ကြံခဲ့သော အဆီအနှစ် သို့တည်းမဟုတ် အဆုံးမရှိသော ရန်ငြိုးနှင့် အမုန်းတရားတို့ကြောင့် ပျောက်ကွယ်မသွားလိုသည့် မသေဆုံးနိုင်သော စိတ်ဆန္ဒတစ်ခုလိုပင် ဖြစ်သည်။
ကျိယွင်ဟိုင် ချဉ်းကပ်လာသည်နှင့် စုမင်မျက်လုံးများအတွင်း အေးစက်စက် အကြည့်တစ်ခု ပေါ်လာခဲ့၏။ သူသည် ညာလက်ကိုမြှောက်၍ မတူညီသော ချိပ်စည်းသုံးခုကို ဖန်တီးလိုက်ရာ ရုပ်ဝတ္ထုကိုယ်ထည် ရရှိလာပုံပေါ်သော ဟန်တောင်တန်းခေါင်းလောင်းက သူ့လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။ ထို့နောက် သူသည် ၎င်းကို ခုန်ဝင်လာသော ကျိယွင်ဟိုင်၏ ရင်ဘတ်ဆီသို့ အလျင်အမြန် တွန်းထုတ်လိုက်၏။
ထိုတစ်ချက်ဖြင့်ပင် စုမင်သည် သူ့လက်မှတစ်ဆင့် အရှိန်ပြင်းပြင်း တိုးဝင်လာပြီး တစ်ကိုယ်လုံး ဖြတ်သန်းသွားသည့် စွမ်းအားများကို ခံစားလိုက်မိပြီး ပါးစပ်အတွင်းမှ ချိုငန်ငန်အရသာတစ်ခုနှင့် သူ့ပါးစပ်မှ သွေးများစီးကျလာတော့သည်။ သူသည် ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ လွင့်စင်သွားပြီး တစ်လှမ်းချင်းစီတိုင်း၌ ပြင်းထန်သော လှိုင်းဂယက်များ လေထဲတွင် ပေါ်လာခဲ့သည်။
ပေရာပေါင်းများစွာခန့် နောက်ဆုတ်ပြီးသည်နှင့် စုမင်၏ ညာလက်မောင်းကို ဖုံးကာထားသော အဝတ်များမှာ ဘန်းခနဲ ပေါက်ကွဲသွားပြီး သူ့လက်မောင်းပေါ်တွင် သွေးကြောများ ထွက်ပေါ်လာခဲ့သည်။ သွေးကြောအချို့ဆိုလျှင် ဖောင်းကားလွန်း၍ ပေါက်ကွဲထွက်သွားခဲ့၏။ ထို့နောက် လေထဲသို့ သွေးမြူများ ပြန့်ကျဲသွားပြီး စုမင်မျက်နှာက ရုတ်ခြည်း ဖြူဖျော့သွားလေသည်။
ပိုးမွှားပင်လယ်ကြီးကလည်း စုမင်ထံ တစ်ချိန်တည်းလိုလို တိုးဝင်လာခဲ့သည်။ လေထဲတွင် တဝီဝီမြည်သံများ ပြည့်နေပြီး ၎င်းတို့ကပင် ကြားလိုက်ရသူတိုင်းကို ကြက်သီးမွှေးညင်းများ ထသွားစေရန် လုံလောက်နေချေပြီ။
စုမင်သည် သနားဖွယ် အခြေအနေတွင် ရှိနေသော်ငြား ကျိယွင်ဟိုင်သည်လည်း တုန်ယင်နေပြီး သူ့ရင်ဘတ်ပေါ်ရှိ စုမင်၏လက်ဖဝါး ဖိကပ်ခဲ့သောနေရာတွင် ဟန်တောင်တန်းခေါင်းလောင်း အမှတ်အသားက ချက်ချင်းပေါ်လာခဲ့သည်။ ထိုအမှတ်အသားက ကျိယွင်ဟိုင်၏ တစ်ကိုယ်လုံးကို ရေလှိုင်းသဖွယ် ပျံ့နှံ့သွားသည်။ ထိုအခိုက်အတန့်တွင် မည်သူမဆို လှမ်းကြည့်လိုက်ပါက ကျိယွင်ဟိုင်၏ ခန္ဓာကိုယ်ပတ်လည်တွင် ဟန်တောင်တန်းခေါင်းလောင်း၏ ပုံရိပ်ယောင်ကို တွေ့မြင်ရပေလိမ့်မည်။
"ပိတ်လှောင် လိုက်" စုမင် ခပ်တိုးတိုး အော်ဟစ်လိုက်သည်။
ကျိယွင်ဟိုင်တွင်သာ အသိဉာဏ်အချို့ ကျန်နေသေးပြီး ပြန်လည်ဆုတ်ခွာရမည့် နည်းလမ်းကို သိနေပါက စုမင်အဖို့ ထိုလူကို ပိတ်လှောင်ရန် အတော်ခက်ခဲသွားပေလိမ့်မည်။ သို့သော် ယခုကျိယွင်ဟိုင်မှာ တွေးတောဆင်ခြင်နိုင်စွမ်း မရှိပဲ အမိန့်ပေးမှသာ လှုပ်ရှားနိုင်သည့် ရုပ်သေးတစ်ကောင် ဖြစ်နေ၏။ အထူးသဖြင့် စုမင်သည် မိမိကိုယ်ကို ဒဏ်ရာရခံ၍ သူ့အား ဟန်တောင်တန်းခေါင်းလောင်းဖြင့် ပိတ်လှောင်ရန် ချဉ်းကပ်လိုက်ချိန်တွင် သူ့တုန့်ပြန်မှုများက သက်ရှိလူတစ်ယောက်နှင့် မယှဉ်နိုင်ခဲ့ပေ။
စုမင်အမိန့်ပေးလိုက်သည်နှင့် ကျိယွင်ဟိုင်၏ ခန္ဓာကိုယ်ပတ်လည်မှ ဟန်တောင်တန်းခေါင်းလောင်းသည် ပုံရိပ်ယောင်အဖြစ်မှ ချက်ချင်းရုပ်လုံး ပေါ်လာခဲ့သည်။ ဟန်တောင်တန်းခေါင်းလောင်း လုံးလုံးလျားလျား ပေါ်ထွက်လာသောအခါ ၎င်းက ကျိယွင်ဟိုင်ကို အတွင်း၌ ပိတ်လှောင်ပြီးသွားချေပြီ။
လေထဲတွင် တဝီဝီမြည်သံများ ဆူညံနေပြီး ဟန်တောင်တန်းခေါင်းလောင်းကြီးက ကောင်းကင်ထက်တွင် လွင့်မျောနေသည်။ အတွင်းမှ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ကျိယွင်ဟိုင်က ခေါင်းလောင်းကြီးကို ထပ်ခါတလဲလဲ ဆောင့်တိုက်နေပုံရသည်။
ကျိယွင်ဟိုင်ကို ဟန်တောင်တန်းခေါင်းလောင်းမှ ချိပ်ပိတ်လိုက်သည်နှင့် စုမင်ဆီ ဦးတည်နေသော အဆုံးမရှိသော ကောင်းကင်ဘုံပန်းပွင့် ပိုးမွှားများမှာ ချက်ချင်းရပ်တန့်သွားကြသည်။
"ဖျက်ဆီးလိုက်"
စုမင်သည် ဟန်တောင်တန်းခေါင်းလောင်းရှိ ဦးခေါင်းခြောက်လုံးကို နိုးထစေခဲ့ပြီးဖြစ်သည်။ စွမ်းအင်သစ်တစ်ချို့ ထိန်းချုပ်နိုင်စွမ်း ရှိလာသည့်အပြင် ခေါင်းလောင်း၏ နတ်ဘုရားစွမ်းရည် အချို့နှင့် ပက်သက်၍လည်း သူပိုမိုသဘောပေါက် နားလည်လာခဲ့သည်။
ပိတ်လှောင်ခြင်း၏ နောက်ဆက်တွဲ လှုပ်ရှားမှု ဖြစ်သော ဤဖျက်ဆီးခြင်းသည် လွန်ခဲ့သော ရက်ပိုင်းအတွင်း သူဉာဏ်အလင်းပွင့်ခဲ့သော ဟန်တောင်တန်းခေါင်းလောင်း၏ ပြောင်းလဲ အသုံးပြုပုံတစ်ခု ဖြစ်သည်။ သူ့နုှတ်ခမ်းများမှ ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် ဟန်တောင်တန်းခေါင်းလောင်းမှ ခေါင်းလောင်းသံများ ချက်ချင်း ပျံ့လွင့်လာသည်။ ၎င်းတို့ လေထဲတွင် ပဲ့တင်ထပ်ပျံ့နှံ့သွားသည်နှင့် ကျိယွင်ဟိုင်၏ အရှိန်အဝါ အားလုံးမှာ တစ်ခဏအတွင်း သဲလွန်စပင် မကျန် ပျောက်ကွယ်သွားတော့သည်။
ထိုမျှသာဆိုလျှင်တော့ ဤချိပ်စည်းသည် သာမန်ချိပ်စည်းတစ်ခုနှင့် များစွာကွဲပြားသွားမည် မဟုတ်ချေ။ သို့သော် ကျိယွင်ဟိုင်၏ အရှိန်ဝါများသည်သာ ပျောက်ကွယ်သွားသည့် တစ်ခုတည်းသော အရာမဟုတ်ချေ။ ၎င်းတို့အပြင် အရှိန်ဝါဖြင့် ထိန်းချုပ်ထားခြင်းမျိုး မဟုတ်ပဲ သွေးချင်းဆက်နွှယ်မှုမျိုး ဖြစ်သည့် သူနှင့် ကောင်းကင်ဘုံပန်းပွင့် ပိုးမွှားများကြားမှ ဆက်နွှယ်မှုသည်လည်း ပျောက်ကွယ်သွားတော့သည်။
စုမင်ပါးစပ်မှ 'ဖျက်ဆီး' ဟူသော စကားလုံး ထွက်ပေါ်လာပြီး ခေါင်းလောင်းသံများ စတင်မြည်ဟည်းလာသည်နှင့် ဆက်လက်တိုးဝင်လာနေသော အနက်ရောင်ပိုးမွှားပင်လယ်ကြီးမှာ ထပ်မံရပ်တန့်သွားပြီး မကြာမီမှာပင် ၎င်းတို့၏ ပဲ့ကိုင်ရှင်နှင့် စိတ်ဆန္ဒများ ပျောက်ဆုံးသွားဟန်ဖြင့် စုမင်အရှေ့ မြေပြင်ပေါ် ပြုတ်ကျသွားကြတော့သည်။
စုမင်နံဖူးမှ ချွေးအေးများ စီးကျလာခဲ့သည်။ ရုပ်သေး ကျိယွင်ဟိုင်နှင့် တိုက်ပွဲသည် အချိန်အားဖြင့် တိုတောင်းလှသော်လည်း မယုံနိုင်လောက်အောင်ပင် အန္တရာယ်များခဲ့၏။ ကျိယွင်ဟိုင် ကိုယ်တိုင်နှင့်အတူ ပိုးမွှားပင်လယ်ကြီးမှာ အလွန်အမင်း ခြိမ်းခြောက်နိုင်စွမ်း ကြီးမားခဲ့သည်။ အကယ်၍ သူသာ မသေဆုံးသေးပဲ အသက်ရှင်လျက် ရှိနေဦးမည်ဆိုလျှင် စုမင်က ကျိန်းသေပေါက် သူ့ပြိုင်ဘက်မဟုတ်ပေ။
သို့သော် ယခု ဤလူမှာ သေဆုံးနေခဲ့ပြီး ရုပ်သေးတစ်ကောင်အဖြစ် ပြောင်းလဲခံထားရလျှင်တောင် စုမင်အနေဖြင့် သူ့ကိုသတ်ချင်ပါက အလွန်အမင်း အစွမ်းထက်သော အသေသတ်တိုက်ကွက် တစ်ခုကို အသုံးပြုရပေလိမ့်မည်။ ထိုသို့မလုပ်နိုင်လျှင်တော့ ချိပ်ပိတ်ထားရုံသာ ရှိ၏။
စုမင်မျက်နှာက မည်းမှောင်နေသည်။ ပိုးမွှားပင်လယ်ကြီး မြေပေါ် ပြုတ်ကျသွားသည်နှင့် သူ မဒမ်ကျိကို လှမ်းကြည့်လိုက်၏။ သို့သော် ထိုသို့ ကြည့်လိုက်မိချိန်တွင် မဒမ်ကျိသည် သူမ၏ နောက်ဆုံးအဝတ်ကို ဖြေလျှော့၍ ပြည့်ပြည့်တင်းတင်း ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသထားခဲ့ချေပြီ။
အကယ်၍ သူမ၏ ညာဘက်ရင်သားအောက်ရှိ လက်သီးဆုပ်အရွယ်အစား အမာရွတ်နှင့် သူမမျက်နှာပေါ်ရှိ နီညိုရောင် အမာရွတ်ကြီးတို့ကိုသာ မကြည့်လျှင် တစ်လောကလုံး၏ ကောင်းချီးအလုံးစုံ ပါဝင်နေဟန်တူသော ခန္ဓာကိုယ်ကို မြင်တွေ့ရပေလိမ့်မည်။
သူမသည် စုမင်ကိုကြည့်၍ လက်နှစ်ဖက်ကို ခေါင်းအထက်သို့ မြှောက်ကာ လက်ချင်းယှက်ထားလိုက်သည်။ ထိုသို့ ပြုလုပ်ပြီးသည်နှင့် သူမသည် စုမင်မျက်စိရှေ့မှာပင် မိမွေးတိုင်းဖမွေးတိုင်း စတင်လှုပ်ရှားကခုန် လိုက်ချေ၏။ ထိုအကသည် သာယာပြေပြစ်မှု မရှိသော်လည်း မည်သူမဆို အချိန်တစ်ခုကြာ စိုက်ကြည့်မိပါက သူတို့လည်ချောင်းများ ခြောက်ကပ်ကာ နှလုံးခုန်သံများ လျင်မြန်လာပေလိမ့်မည်။ သွေးခုန်နှုန်းများ တိုးမြင့်လာပြီး အမျိုးမျိုးသော အတွေးတို့က သူတို့စိတ်ကို ပိတ်ဆို့သွားပေလိမ့်မည်။
အကသည် သာမန်သာဖြစ်သော်လည်း ခန္ဓာကိုယ်၏ လှုပ်ရှားမှုတစ်ချက်စီတိုင်းတွင် လူတစ်ဦးအတွင်းရှိ မွေးရာပါ စိတ်ဆန္ဒများကို ထွက်ပေါ်လာစေပုံပေါ်သည်။ မဒမ်ကျိ ထိုသို့ ဆက်လက်လှုပ်ရှားနေသည်နှင့်အမျှ လေထဲတွင် အခြားအမျိုးသမီးတို့၏ ပုံရိပ်ယောင်ရုပ်ပုံများ စတင်ပေါ်လာတော့သည်။ ၎င်းတို့သည် လျော့တိလျော့ရဲ ပိုးသားဝတ်စုံများ ဝတ်ဆင်ထားကြပြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် စကကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံရိပ်ယောင်အမျိုးသမီးများမှာ တိုးများလာပြီး စုမင်ကို ဝန်းရံလိုက်ကြ၏။ အမှန်စင်စစ် ၎င်းတို့အထဲမှ အချို့ဆိုလျှင် စုမင်နှင့် သူတို့ကြား အကွာအဝေး မရှိလောက်အောင်ပင် နီးကပ်နေပြီး သူတို့စတင်လှုပ်ရှားလိုက်သည်နှင့် လေထဲတွင် မွှေးရနံ့ဖျော့ဖျော့တို့ ပြည့်သွားတော့သည်...
စုမင်သည် များစွာသက်ရောက်ခြင်း မခံရသော်လည်း
ထိုပုံရိပ်ယောင်အမျိုးသမီးတို့၏ ခန္ဓာကိုယ်များမှာ သူ့စိတ်လိုအင်ဆန္ဒများကို ညှို့ငင်ယူနေသည့် ဖြားယောင်းသွေးဆောင်မှုတို့ဖြင့် ပြည့်နေ၏။ လှုပ်ရှားနေရင်းမှ ၎င်းတို့ ပုံသဏ္ဍာန်များသည်လည်း စတင်ပြောင်းလဲလာခဲ့လေသည်။
အဖြူရောင် ပိုးသားဝတ်စုံဖြင့် ထျန်းလန်မုန်သည် နူးညံ့သော အပြုံးလေးဖြင့် စုမင်ရှေ့မှ ဖြတ်သွားခဲ့သည်...
ပိုင်စုနှင့်ပိုင်လင်း ချွတ်စွပ်နီးပါးတူသော ထိုမိန်းကလေးနှစ်ဦးသည် နှလုံးခုန်သံများ လျင်မြန်လာစေနိုင်သည့် ထိုနည်းဖြင့် ကခုန်နေကြ၏။ ထိုအရာအားလုံး စုမင်အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ဖန်းချန်းလန်၊ ဟန်ဖေးကျစ်နှင့် အခြားသူများလည်း ပေါ်လာခဲ့သည်။ တချို့တဝက်သာ ဖုံးကာထားသော သူတို့၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်များနှင့် မတူညီသော ပုံရိပ်အမျိုးမျိုးက စုမင်ကို သွေးဆောင်ဖြားယောင်းနေပြီး သူ့အသက်ရှူသံများကို သိသိသာသာ ပြင်းပြလာစေသည်။
ခရမ်းရောင် ပိုးသားဝတ်ရုံနှင့် ဆောင်းဦးပင်လယ် မျိုးနွယ်စု၏ မြင်မြတ်သော မိန်းမပျို ဝမ်ချိုးသည်ပင် လှပသော ကိုယ်ဟန်ဖြင့် စုမင်ထံ အဝေးမှလျှောက်လာခဲ့သည်။
ထိုရင်းနှီးကျွမ်းဝင်နေသော မျက်နှာများကို ကြည့်နေရင်းဖြင့် စုမင်မျက်နှာပေါ်တွင် ရုန်းကန်နေရသော အမူအယာတစ်ခု ပေါ်လာခဲ့သည်။ သူ့မျက်လုံးများမှာ ရီဝေဝေဖြစ်လာပြီး ပြတ်သားကြည်လင်ခြင်းတို့ မရှိတော့ပေ။ ထိုအချိန်မှာပင် ဝမ်ချိုးသည် မဒမ်ကျိအဖြစ် ပြောင်းလဲသွားပြီး ပရောပရီ အမူအယာဖြင့် လျှောက်လာနေသည်ကို သူမြင်လိုက်ရချေသည်။
စုမင်မျက်လုံးများက မီးတောက်သဖွယ် တောက်လောင်နေပုံ ပေါ်သော်လည်း ထိုအထဲတွင် မှုန်ရီဝေဝါးမှုတို့ ရှိနေ၏။ တစ်ချိန်တည်းမှာပင် သူ့အသက်ရှူသံများ ပိုမိုခက်ခဲလာပြီး အလိုလို အော်ဟစ်ကြုံးဝါးလိုက်မိသည်။
ထိုအခိုက်အတန့်တွင် စုမင်၏ပုံစံမှာ ယခင်က ရှောင်ဟုန် ဖြစ်သကဲ့သို့ပင် ဖြစ်နေလေပြီ။ သူ့မျက်နှာဖုံးအောက်မှ ချွေးတို့ စီးကျလာပြီး သူသည် သူ့ထံလျှောက်လာနေသော မဒမ်ကျိကို ခုန်အုပ်လိုက်သည်။
မဒမ်ကျိ၏ နှုတ်ခမ်းတို့မှ တခစ်ခစ်ရယ်မောသံများ ထွက်ပေါ်လာပြီး သူမမျက်နှာပေါ်တွင် ကျေနပ်နေသည့် အမူအယာမျိုး ပေါ်လာခဲ့သည်။ သူမမျက်ဝန်းများ အတွင်းရှိ အမုန်းတရားတို့သည် ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ သူမ၏ ယခုပုံစံသည် လူတစ်ဦး၏ နှလုံးသားအတွင်းမှ တပ်မက်မှုတဏှာတို့ကို ဆွဲထုတ်နိုင်ပြီး ကျိယွင်ဟိုင်၏ လိုအင်ဆန္ဒတို့ကိုပင် သတိမမူမိသည့် တစ်ခဏ၌ ဆွဲထုတ်နိုင်ခဲ့သဖြင့် မဒမ်ကျိသည် ထိုအခိုက်အတန့်၌ စုမင်လုပ်ရပ်များကို လုံးဝ သံသယမဝင်မိခြင်း ဖြစ်သည်။
***