← Chapters

နောက်ဆုံးသီချင်း

Vol. 001 Ch. 100

နောက်ဆုံးသီချင်း

Vol. 001 Ch. 100

ရီဖူရှင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက်သူက ပြောလိုက်သည်... “ကျွန်တော့်ကို ဘယ်လောက် မျှော်လင့်ထားလဲ သိပါတယ်... ကျွန်တော်တကယ်ပဲ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်... ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်မယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ စိတ်ပျက်စေခဲ့ပြီ...”

သူ့မွေးစားအဖေက သူ့အား ကြည့်နေသည်ကို ရီဖူရှင်းသိသည်။ မနေ့ညက အဘိုးယူက ပြောခဲ့သည်မှာ... “သူ့ဧကရာဇ် ဖြစ်တော့ရော ဘာအရေးလဲ... မင်းက ပြန်ယူလိုက်ပေါ့...” သူ၏လေယူလေသိမ်း။  ထိုအရာများက ချင်းကျူမြို့မှ ရီမိသားစု အိမ်တော်ကို ပြန်ရောက်သွားသလို သူခံစားရသည်။ သူ့မွေးစားအဖေက သည်ကဲ့သို့ပင် အရင်တုန်းက သူ့အား ပြောဖူးသည်။ ရီဖူရှင်း၏ အာရုံကား အလွန်ထက်မြက်သည်။ အဘိုးယူမှာ သူ့မွေးစားအဖေဖြစ်သည်။ သူလုံးဝမလွဲနိုင်ပေ။ သူ့မွေးစားအဖေက သူ့အား လာခိုင်းမှတော့ သူက တစ်နေရာမှ စောင့်ကြည့်နေမည်မှာ သေချာလှသည်။

သို့သော် သူ့မွေးစားအဖေက သည်အတိုင်းတော့ သူ့ရှေ့ကို ပေါ်မလာနိုင်သည်ကို သူသိသည်။ လူဝံကြီးနှင့်တုန်းက သက်သေပင်။ ရီဖူရှင်းက ဧကရာဇ်ရီချင်နှင့် တစ်နည်းနည်းအားဖြင့် ဆက်စပ်နေရာ သူ့မွေးစားအဖေမှာလည်း သည်ကဲ့သို့ပင် ဖြစ်ရမည်။ သူက လူရှေ့ကို ထွက်လာမည် မဟုတ်ပေ။ ထို့ကြောင့်လည်း ရီဖူရှင်းက သူ့စွမ်းရည်များ အားလုံးကို ဖော်ထုတ်ကာ နန်ဒူတိုင်၏ အကူအညီရရန် ကြိုးစားခဲ့သည်။ သို့သော် အသုံးမဝင်ပေ။ သူတို့က သူ့အား သတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယခု သူ မည်သို့ ဆက်လုပ်ရမည် မသိတော့ပေ။ သူ့မွေးစားအဖေသာ ယခု ပေါ်မလာပါက ရီဖူရှင်းနှင့် ယိချန်တို့ ဘေးအန္တရာယ်နှင့် ကြုံရတော့မည် ဖြစ်သည်။

လူအများအပြားက ရီဖူရှင်းကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ သူက မည်သူ့ကို ပြောနေသနည်း။ တစ်ယောက်ယောက်က ရီဖူရှင်းကို လျှို့ဝှက်စွာ ကူညီနေသလော။

ဝန်ကြီးချုပ်ဟွာလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သူကလည်း ကောင်းကင်ကို မော်ကြည့်လိုက်သည်။ သို့သော် ပြောင်းလဲမှု တစ်စုံတစ်ရာကို မတွေ့ရပေ။ ရီဖူရှင်း၏ရှေ့မှ စွမ်းအားမြင့် တန်ခိုးရှင်များကလည်း ထူးဆန်းသလို ကြည့်လိုက်ကြသည်။ သည်ကောင်လေးက သူတို့အား ကြောက်ရွံ့အောင် ကြံစည်နေသလော။ သူ အသက်ရှင်နိုင်မည်ဟု ယုံကြည်နေသလော။

အပေါ်ကို ကြည့်လိုက်လျှင် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိသည်ကို ရီဖူရှင်း မြင်ရသည်။ သို့တိုင်အောင် သူ့တွင် သံသယမရှိပေ။ သူ့စိတ်ခံစားမှုနှင့် အာရုံသိအား သူယုံကြည်သည်။ သူသေမည့်ပုံ မပေါ်သရွှေ့ သူ့မွေးစားအဖေ ထွက်လာမည်မဟုတ်သလော။

တရွှီးရွှီး အသံများ မြည်လာကာ နွယ်ပင်များစွာက ရီဖူရှင်းထံ တိုးဝင်လာကြသည်။ ထိုနွယ်ပင်များကား ဓမ္မအဆင့် မှော်ဆရာများထံမှ လာသော သစ်သားဓာတ် မှော်ပညာဖြစ်သည်။ ထိုနွယ်ပင်များက ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ရီဖူရှင်း၏ နွယ်ပင်တစ်ထောင် တိုက်ကွက်ထက် ပြင်းထန်သည်။

ရီဖူရှင်း၏ အတောင်ပံများ တဖျတ်ဖျတ်ခတ်ကာ လျှပ်စီးများအလား နွယ်ပင်များအား ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း အလွန် သန်စွမ်းကာ အားကောင်းလှသော နွယ်ပင်များကား မြန်ဆန်လွန်းလှသည်။ အသံတစ်ချက် ကြားလိုက်ရကာ ရီဖူရှင်းကား နွယ်ပင်တစ်ပင်၏ ရိုက်ခတ်ခြင်းခံရပြီး မြေပြင်သို့ လွင့်စဉ်သွား၏။ သူ၏ပြိုင်ဘက်ကား ဓမ္မအဆင့်တွင် သာမက ဓမ္မအဆင့်၏ အလွန်မြင့်မားသော အဆင့်ကို ရောက်နေပြီးသူ ဖြစ်သည်။ ရီဖူရှင်းက အဘယ်ကဲ့သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

“မဟုတ်ဘူး...” ဟွာဂျီယူ ငိုကြွေးလိုက်သည်။ သူမနှင့် နန်ဒူဝန်ယမ်က ရှေ့ကို တိုးသွားရန် ကြိုးစား လိုက်ကြသော်လည်း သူမတို့အား စွမ်းအားမြင့် တန်ခိုးရှင်များက တားဆီးထားသည်။

“ရှင်တို့ နောင်တရလိမ့်မယ်...” မျက်ရည်များ ပြည့်နှက်လျက် ဟွာဂျီယူက နန်ဒူမိသားစုဝင်များအား ဒေါသတကြီး ပြောသည်။

“ဂျီယူ...ငါတို့လည်း မလုပ်ချင်ဘူး...” နန်ဒူမိသားစုဝင်များက သက်ပြင်းချကြသည်။ သူတို့က သည်ဝန်ကြီးချုပ်ဟွာကား မည်မျှဆိုးရွားသည်ကို မသိမဟုတ်ပေ။ သူတို့အား သည်မျှ အောက်တန်းကျသော အလုပ်ကို လုပ်ခိုင်းသည်။

ရီဖူရှင်းက ထရပ်လိုက်သည်။ သို့သော် ရုတ်တရက် သားရဲကောင် အရိပ်တစ်ခုက သူ့အား လာရောက် တိုက်ခိုက်သည်တွင် နောက်တစ်ကြိမ် လွင့်စဉ်သွားပြန်သည်။ သူ့ရုပ်ခန္ဓာမှာ သန်မာလှသော်လည်း သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။

တရွှီရွှီအသံများ မြည်လာပြန်သည်။ ထောင်ပေါင်းများစွာသော နွယ်ပင်များက ရီဖူရှင်းအား ရစ်ပတ်ချုပ်နှောင် လိုက်ကြကာ သူ့အား လေထဲတွင် မြှောက်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြား နေရာတစ်ခုတွင် ကြောက်မက်ဖွယ် စိတ်စွမ်းအင်လှိုင်းများက ဟွာဂျီယူကို လွှမ်းခြုံထားသည်။ သူမ၏ရှည်လျားသော အနက်ရောင် ဆံကေသာများက လေထဲတွင် မျောလွင့်နေကာ သူမ၏အဝတ်စများက လှုပ်ခါနေကြသည်။ သူမ၏ သဘာဝ စွမ်းအင်များက တဖြည်းဖြည်း သိပ်သည်းလာကြ၏။

ရီဖူရှင်းကား လေထဲတွင် မလှုပ်ရှားနိုင်တော့ပြီ။ ဓားသွားကဲ့သို့ နွယ်ပင်အဖျားများက သူ့အား ချိန်ရွယ်ထားကြသည်။ သူ့အား စောင့်နေသော လမ်းမှာ တစ်ခုတည်းသာ ရှိတော့သည်။

“ရပ်စမ်း...” အေးစက်ကာ အက်ကွဲသော အသံလေးတစ်ခုက ဟွာဂျီယူထံမှ ထွက်လာသည်။

“ဂျီယူ...မလုပ်နဲ့...” တစ်ယောက်က စိုးရိမ်တကြီး အော်လိုက်သည်။ လူအများအပြားက သူအား ကြည့်လိုက်ကြရာ ဟွာဂျီယူ၏ သစ်သားဓာတ် စွမ်းအင်များက သစ်သားချွန် တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟွာဂျီယူက သူမ၏ နှလုံးသား နေရာအား ထိုးစိုက်လိုက်သည်ကို တွေ့ကြရသည်။ သူမ၏ အင်္ကျီဖြူတွင် သွေးများ ခြင်းခြင်းနီ သွားသည်။ စားပွဲမှ လူများအားလုံး မတ်တတ်ရပ် လိုက်သည်။ သည်မြင်ကွင်းအား မြင်လျှင် သူတို့၏ ရင်ဘတ်များ တင်းကျပ်သွားသည်။ သည်လှပသော မိန်းကလေးကား စိတ်ဓာတ် ခိုင်မာလှသည်။

နန်ဒူမိသားစုဝင်များက ဟွာဂျီယူကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူမအား မနေ့ကပင် ကြင်ရာတော် မင်းသမီးအဖြစ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။ သူတို့ နန်ဒူမိသားစုမှာ နောက်ဆုံးတွင် ဟွာဂျီယူကြောင့် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာခဲ့ပြီ။ အကယ်၍ ဟွာဂျီယူ သေဆုံးသွားခဲ့ပါက အရာအားလုံးမှာ ပျက်စီး သွားရပေတော့မည်။

“ကျွန်မ သတ်သေလိုက်မယ်...” ဟွာဂျီယူက ရီဖူရှင်းအား ဖမ်းဆီး ချုပ်နှောင်ထားသော စွမ်းအားမြင့် တန်ခိုးရှင်အား စိုက်ကြည့်ကာ ပြောလိုက်သည်။ ဓားသွားကဲ့သို့ သစ်သားချွန်က သူမ၏ နှလုံးသားနေရာကို ထိုးစိုက်ထားသော်လည်း သူမ နာကျင်ပုံမရပေ။ သွေးများကမူ တစိမ့်စိမ့် ယိုစီးကျနေသည်။

ထိုနန်ဒူမိသားစုဝင် တန်ခိုးရှင်မှာ မည်သို့မှ မတတ်သာဘဲ ရီဖူရှင်းကို အောက်သို့ ချလိုက်ရသည်။ ယခု ရီဖူရှင်းကား အေးခဲနေလေပြီ နေလေပြီ။ ထိုမိန်းကလေးအား ကြည့်ကာ ဓားသွားက သူ့နှလုံးသားနေရာကို ထိုးစိုက်ထားသကဲ့သို့ နာကျင်လှသည်။

ဟွာဂျီယူက ရီဖူရှင်းထံသို့ တစ်လှမ်းချင်း လှမ်းသွားလိုက်သည်။ နန်ဒူမိသားစုဝင်များက သူမအား တားဆီးရန် ကြိုးစားကြသည်။ သို့သော် ဟွာဂျီယူက ဒေါသတကြီးပြောသည်... “ဖယ်ကြစမ်း...” သူမ၏ နှလုံးသားနေရာမှ သစ်သားချွန်အား ကြည့်ကာ နန်ဒူမိသားစုဝင်များ တုန်လှုပ်ကြရသည်။ မည်သူမှ သူမကို မတားဆီးရဲကြပေ။

ရီဖူရှင်းကလည်း တုန်ယင်စွာ ဟွာဂျီယူထံသို့ လျှောက်လာသည်။ ချစ်သူနှစ်ဦးအား မည်သူမှ မတားဆီးနိုင်သည့်အလား သူတို့နှစ်ယောက် တစ်လှမ်းချင်း တစ်ယောက်အနီးကို တစ်ယောက် လျှောက်လာကြသည်။

ရီဖူရှင်းအား ကြည့်သော ဟွာဂျီယူ၏အကြည့်တွင် ဝမ်းနည်းမှု။ နာကျင်မှုများ မရှိတော့ပေ။ ယခု သူမကား အလှဆုံးသော အချိန် အရွယ်တွင် အလွန်ပြည့်စုံကာ လှပသော အပြုံးပန်း တစ်ပွင့် သူမ မျက်နှာတွင် ဖူးပွင့်နေသည်။ သို့သော် သူ့နတ်မိမယ်လေးအား ကြည့်၍ ရီဖူရှင်းကား နာကျင်ရသည်။

“အရူးမလေး... ဘာလို့ ဒီလိုလုပ်ရတာလဲ...” ရီဖူရှင်း၏ တုန်ခါနေသော ခန္ဓာက ဟွာဂျီယူ၏ အနီးကို ရောက်လျှင် သူက လက်ဆန့်တန်းလျက် သူမ၏ မျက်ရည်များအား သုတ်လိုက်သည်။

သူမ၏ နှလုံးသား နေရာအား ထိုးစိုက်ထားသော သစ်သားချွန်က သဘာဝ စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ် သွားသည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ပြုံးလိုက်သည်... “နင်လည်း အရူးပဲ...” ထိုသို့ပြောပြီး သူမက ရီဖူရှင်း၏ ရင်ဘတ်တွင် အသာအယာ မှီလိုက်သည်... “နင်ငါ့ကို သတို့သမီးလိုမျိုး တစ်ခါမှ မပွေ့ဖက်ဖူးသေးဘူး...” သူမက ညင်သာစွာ ပြောသည်။

သူမ၏အသံကို ကြားလျှင် ရီဖူရှင်း၏ မျက်လုံးများ စိုစွတ်လာသည်။ သူရေရွတ်လိုက်သည်... “နင်က အခု ငါ့ရဲ့သတို့သမီးပဲ...” သူက ဟွာဂျီယူအား သတို့သမီးအား ပွေ့ဖက်သလို ပွေ့ဖက်လိုက်သည်။ သူမက တောက်ပစွာ ပြုံးလိုက်သည်... “တကယ်လို့ ငါသေရမယ် ဆိုရင်တောင်... နင့်လက်ထဲမှာပဲ ငါသေမယ်...” သူမ၏ အသံကား ညင်သာနေဆဲပင်။ ̏ အင်း...” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ဟွာဂျီယူက ပြုံးလျက် သူမ၏ မျက်လုံးများအား မှိတ်လိုက်သည်။ ရီဖူရှင်း၏ ရင်ခွင်ထဲတွင် သူမက နွေးထွေးမှုကို ခံစားရသည်။

ရီဖူရှင်းက သူ့ရင်ခွင်ထဲမှ ပြိုင်စံရှား အလှမယ်လေးအား နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့အခိုက်တွင်ပင် သူက ခေါင်းမော့လျက် သူ့မျက်လုံးများ နီရဲလျက် အော်ဟစ်လိုက်သည်...

“ဘာလို့လဲ.......”

သူက ကောင်းကင်အား အော်ဟစ်နေသည်။ သို့သော် လူတိုင်းက သူ့ကံကြမ္မာကို အော်ဟစ်နေသည်ကို သိကြသည်။ သူတို့နှစ်ယောက်အား ကြည့်ကာ လူတိုင်းက ကံဆိုးမိုးမှောင်ကျမှုကို ခံစားကြရသည်။ သူတို့အား အသက် ဆယ့်ခုနစ်နှစ်မျှသာ ရှိပြီး ကံကြမ္မာအား လက်လျှော့ အရှုံးပေးမည့်အစား အသေခံကြမည် ဖြစ်သည်။

နန်ဒူဝန်ယမ်၏ မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။ သူမ၏ရင်ဘတ်မှ အလွန်အမင်း နာကျင်ရသော်လည်း ဟွာဂျီယူနှင့် ရီဖူရှင်းအား မနှောင့်ယှက်တော့ပေ။ နန်ဒူဝန်ရှန်းမှာလည်း အလွန်အမင်း စိတ်မကောင်း ဖြစ်ရသည်။ သို့သော် သူ့တွင်လည်း သည်ကိစ္စများ ဖြစ်ပျက်ရန် တားဆီးနိုင်စွမ်း မရှိပေ။ သူ့မိသားစုကို ရင်ဆိုင်ရန် သူကား အားနည်းလှသည်။

ရီဖူရှင်းက နန်ဒူတိုင်ကို ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်... “ခင်ဗျား ကျေနပ်ပြီလား...”

နန်ဒူတိုင် မျက်နှာပျက်သွားသည်။ သူက ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို အထင်သေးခဲ့မိသည်။ သို့သော်လည်း အရာရာတိုင်းအား မှန်ကန်စွာ ခန့်မှန်းရန် ခက်ခဲလှသည်။ သူက အချိန်နောက်ပြန် လှည့်ခွင့်ရလျှင်ပင် သူက သည်အတိုင်း ဆုံးဖြတ်မည်သာဖြစ်သည်။ နန်ဒူမိသားစုခေါင်းဆောင် တစ်ဦးအနေဖြင့် သူ့မိသားစုအတွက် အကောင်းဆုံး အခြေအနေကို သူရွေးချယ် ရမည်ဖြစ်သည်။ သူသည်လည်း ဝမ်းနည်၏။ သို့သော် နောင်တမရပေ။ ထို့အပြင် ယခု ကြင်ရာတော် မင်းသမီး အတွက် မျှော်လင့်ချက် မရှိတော့။ သူတို့၏လူငယ်မျိုးဆက်မှ အထူးချွန်ဆုံးသော မိန်းကလေးအား ထာဝရ ဆုံးရှုံးရတော့မည် ဖြစ်သည်။

“သူတို့က သေချင်နေမှတော့... သေခွင့်ပေးလိုက်တော့ ...” ဝန်ကြီးချုပ်ဟွာက အေးစက်စွာ ပြောသည်။ သူက ဟွာဂျီယူ၏ ဆုံးဖြတ်ချက်အား မြင်ပြီးဖြစ်သည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ သည်နေရာမှ လူများအားလုံးက မြင်သည်။ ကြင်ရာတော်မင်းသမီး ဖြစ်လင့်ကစား သူမက ရီဖူရှင်းနှင့် အတူတူ သေလိုသည်။ ထို့ကြောင့် သူမအား နန်းမြို့တော်ကို ခေါ်ဆောင်သွားစရာ မလိုတော့ပေ။

နန်ဒူတိုင်က ရီဖူရှင်းနှင့် ဟွာဂျီယူကို ကြည့်လိုက်သည်။ ဆုံးဖြတ်ချက်တစ်ခုအား သူပိုင်နိုင်စွာ ချလိုက်ပြီးဖြစ်ကြောင်း သူ့မျက်လုံးတွင် အတိုင်းသား ပေါ်နေသည်။ ဟွာဂျီယူက သူ့နှလုံးသားအား သစ်သားချွန်ဖြင့် ထိုးစိုက်လိုက်ကတည်းက အခြေအနေမှာ ပြန်ပြင်၍ မရတော့ကြောင်း ဝန်ကြီးချုပ်ဟွာ သိသည်။

“ခင်ဗျား နေရာမှာဆို ကျုပ်က ဒီလိုမလုပ်ဘူး...” ယိချင်က ရီဖူရှင်း၏ ဘေးနားသို့ ဆုတ်သွားရင်း အေးစက်စွာ ပြောသည်... “ဟွာဂျီယူက ဧကရီဘုရင်မ ဖြစ်လာရင်တောင် တော်ဝင်မိသားစုက နန်ဒူမိသားစုကို အင်အား ကောင်းလာ စေလိမ့်မယ်လို့ ခင်ဗျား မျှော်လင့်နေတာလား... ခင်ဗျားက အကူအညီတွေ တောင်းပြီး မျှော်လင့်ချက်တွေ ထားတယ်... ဒါပေမဲ့ ပေးဆပ်မှုမရှိဘဲနဲ့ အတိတ်က အောင်မြင်မှုလိုမျိုး ရယူဖို့ အိပ်မက်မက်တယ်... ခင်ဗျားတို့ လုပ်နိုင်တာ အားလုံးက အိပ်မက် မက်တာပဲ... နန်ဒူတိုင်... မင်းရဲ့မိသားစုက ဒီနေ့ဒီအချိန်မှာ ကျရှုံးနေတာ မထူးဆန်းတော့ဘူး... မင်းတို့က သူရဲဘောကြောင်တဲ့ ကောင်တွေပဲ...”

သူ့အား လျစ်လျူရှုကာ နန်ဒူတိုင်က အေးစက်စွာပင် အမိန့်ပေးလိုက်သည်... “သတ်...”

ထိုတိုက်တွန်းသံကြားလျှင် နန်ဒူမိသားစုဝင်များ အားလုံး ထိတ်လန့်သွားသည်။ သည်တစ်ကြိမ်ကား ရီဖူရှင်းတစ်ယောက်တည်းကို သတ်ရမည်မဟုတ်ပေ။ သူတို့မိသားစု၏ ပါရမီအမြင့်ဆုံး။ အရည်အချင်း အရှိဆုံး ဟွာဂျီယူလည်း ပါဝင်သည်။ သူတို့၏ မျှော်လင့်ချက်များက သူမထံတွင် ပုံအောထားကြရာ ထိုစကားက သူတို့အတွက် မိုးကြိုးဖြင့် ပစ်လိုက်သလိုပင်။  သည်အချိန်တွင် ကောင်းကင်တွင် ငှက်တစ်ကောင်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ လူတိုင်းက ကောင်းကင်ကို ကြည့်လိုက်လျှင် သတ္တဝါဆန်းတစ်ကောင် ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်ရသည်။ သတ္တဝါဆန်း၏ အပေါ်တွင် အဘိုးအိုတစ်ဦး တည်ငြိမ်အေးဆေးစွာ ထိုင်နေသည်ကို တွေ့ရ၏။ သူကား အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်အိုမင်းနေပုံ ရသည်။ နောက်ဆုံးတွင် သတ္တဝါဆန်းက နန်ဒူနန်းတော်ထဲသို့ ဆင်းသက်လာသည်။

အဘိုးအိုအားမြင်လျှင် ရီဖူရှင်း ထိတ်လန့်သကြား အော်လိုက်သည်... “ဆရာဘိုးဘိုး... ဒီကို ဘာလို့လာတာလဲ...”

“ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ ရှိနေတုန်း သတင်းကြားလို့ ဒီကို လာကြည့်တာ... ဒီလိုဖြစ်နေမယ်လို့ ငါမမျှော်လင့်မိဘူး...ငါလာတာ နောက်ကျသွားတယ်...” ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ အခြေအနေကို မြင်လျှင် သူ ဝမ်းနည်းသွားသည်။ အရင်နှစ်ပေါင်းများစွာ အကြာက သူ့တပည့် ဟွာဖန်းလူမှာလည်း သည်ကဲ့သို့ အဖြစ်မျိုး ကြုံခဲ့ရသည်။ ယခု သူ့မြေးတပည့် နှစ်ယောက်မှာလည်း သည်အတိုင်းပင်။

“ဆရာဘိုးဘိုး...” ဟွာဂျီယူ၏ မျက်လုံးများ ပွင့်လာသည်။ အဘိုးအိုအား မြင်လျှင် သူမ၏မျက်လုံးများ ပိုမို နီရဲလာသည်။ သူကား အလွန်အိုမင်းနေပြီ ဖြစ်သော်လည်း သူတို့အား စိုးရိမ်သောကြောင့် လူကိုယ်တိုင် လာရောက်သည်။

“အစ်ကိုကြီး... မတွေ့တာကြာပြီ...” ဝန်ကြီးချုပ်ဟွာက နှုတ်ဆက်လိုက်သည်။

အကြီးအကဲချင်က သူ့အား ကြည့်ကာ သက်ပြင်းချလိုက်သည်... “လူငယ်နှစ်ယောက်အတွက် မင်းက ဒီလောက်အထိ လုပ်ဖို့ လိုလို့လား...”

“အစ်ကိုကြီး... ဒါက ဧကရာဇ်ရဲ့ အမိန့်တော်ပဲ...” ဝန်ကြီးချုပ်ဟွာက ဆက်ပြောသည်... “ အစ်ကိုကြီးက ဒီကို ဘာလို့ လာတာလဲ...”

“သူတို့ကို ခေါ်သွားမလို့...” အကြီးအကဲချင်က တည်ငြိမ်စွာ ပြောသည်။

ဝန်ကြီးချုပ်ဟွာက နှာခေါင်းရှုံ့လိုက်သည်... “အစ်ကိုကြီး...ခင်ဗျား အရင်တုန်းက ကျုပ်ကို နိုင်ဖူးလို့လား... သူတို့ကို ခေါ်သွားနိုင်မယ်လို့ ခင်ဗျားထင်နေလား...”

အကြီးအကဲချင်။ ဝန်ကြီးချုပ်ဟွာနှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ်တို့မှာ တစ်ဆရာတည်းထံတွင် ပညာသင်ခဲ့ကြသူများ ဖြစ်သည်။ အကြီးအကဲချင်မှာ အသက်အကြီးဆုံးဖြစ်ပြီး ဝန်ကြီးချုပ်ဟွာမှာ အရည်အချင်း အရှိဆုံး ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် နောက်ပိုင်းတွင် သူကဧကရာဇ်၏ ယုံကြည်မှုကို ရရှိကာ ဝန်ကြီးချုပ် ဖြစ်လာခြင်းဖြစ်သည်။

“ဟုတ်တယ်... မင်းက ငါ့ထက် ပိုပြီး ထက်မြက်တယ် ဆိုပေမဲ့... မင်းက အာဏာနောက်ကို လိုက်နေတော့ မင်းရဲ့ တန်ခိုးကျင့်ရာမှာ ထိခိုက်မှာပဲ...˝̏ အစ်ကိုကြီး... စမ်းကြည့်လေ...ခင်ဗျားရဲ့ အသက်အရွယ်နဲ့ဆို... ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူနေသင့်တယ်... ခင်ဗျား မစမ်းကြည့်တာ ပိုကောင်းမယ်လို့ ကျုပ်ထင်တယ်...” ထိုသို့ပြောပြီး ဝန်ကြီးချုပ်ဟွာက ရှေ့ကို ထွက်လိုက်သည်။

အကြီးအကဲချင်ကား တခြားလူများနှင့် ယှဉ်ပြိုင်ရသည်ကို နှစ်သက်ခြင်း မရှိပေ။ ဤသည်ကို ဝန်ကြီးချုပ်ဟွာက သဘောမကျပေ။ ယခင်က သူက အကြီးအကဲချင်အား သူနှင့်အတူလိုက်ရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။ အကယ်၍ သူက ယန်ရှာအိုနှင့် ပူးပေါင်းခဲ့မည် ဆိုပါကလည်း သူတို့က ကြယ်စင်ဧကရာဇ် ကျောင်းတော်အား သည်ထက် လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့မည်ဖြစ်သည်။ ထို့ကြောင့်လည်း အကြီးအကဲချင်က ကျောင်းတော်တွင် တည်ငြိမ်အေးဆေးစွာ နေထိုင်ခဲ့သော်လည်း ဝန်ကြီးချုပ်ဟွာက သူ့ကို လွန်စွာ မုန်းတီးနေခြင်း ဖြစ်သည်။ သို့သော် ယနေ့ သူ့နေရာအား အမှန်တကယ် သိနားလည်ပုံ မရဘဲ ဝင်ရောက် စွက်ဖက်ပါက သူက လက်မတွန့်ဘဲ အကြီးအကဲချင်အား သတ်မည်ကို ဆုံးဖြတ်ပြီး ဖြစ်သည်။

“လာခဲ့...” အကြီးအကဲချင်က ပြောသည်။ ရီဖူရှင်းက သူ့အား ပြောနေသည်ကို သိသည်။ ဟွာဂျီယူအား ပွေ့ဖက်ကာ သူက သတ္တဝါဆန်းပေါ်သို့ ခုန်တက်လိုက်သည်။

“ဝန်ယမ်...” အကြီးအကဲချင်၏ အကြည့်က နန်ဒူဝန်ယမ်ထံ ရောက်သွားသည်။ သူမကလည်း လေထဲသို့ ပျံဝဲလျက်ပင် ရီဖူရှင်းနှင့် ဟွာဂျီယူ၏ဘေးသို့ ဆင်းသက်လိုက်သည်။ ယိချင်ကလည်း လေထက်သို့ ပျံတက်ကာ သတ္တဝါဆန်း၏ ဘေးနားတွင် ရပ်နေလိုက်သည်။

ဝန်ကြီးချုပ်ဟွာက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ချက်ချင်းပင် ကျောင်းအုပ်ကြီး ယန်ရှာအိုနှင့် ဟန်မိုတို့က သတ္တဝါဆန်းအာ ဝန်းရံလိုက်ကြသည်။ ယနေ့ နောက်ပြန်ဆုတ်စရာ မရှိတော့ပေ။ သူက ရီဖူရှင်းနှင့် ဟွာဂျီယူအား အသက်ရှင်လျှင် မလွှတ်ပေးနိုင်ပေ။

“ဖူရှင်း...” သတ္တဝါဆန်းပေါ်တွင် ထိုင်လျက်ပင် အကြီးအကဲချင်က အသာအယာ ပြောသည်... “ဒီနေ့ ငါမင်းကို နောက်ဆုံး သီချင်းတစ်ပုဒ်သင်ပေးမယ်...”

***

All Chapters