← Chapters

ကျိန်စာ

Vol. 28 Ch. 386

ကျိန်စာ

Vol. 28 Ch. 386

"မင်းမသေခင် ခုနစ်ရက် ခုနစ်ညတိုင်တိုင် အော်ဟစ်ငိုကြွေးနေရအောင် ငါကျိန်းသေပေါက် လုပ်ပစ်မယ်။ မင်းသွေးနဲ့ အဆီအနှစ်တွေ အကုန် စုပ်ယူပြီးတာနဲ့ ခြောက်ကပ်နေတဲ့ အလောင်းကောင်အဖြစ် ပြောင်းပစ်မယ်"

မဒမ်ကျိသည် တစ်ချက်ခုန်ကာ စုမင်ထံ ဦးတည်လိုက်သည်။ သူမ ချဉ်းကပ်လာသည်နှင့် စုမင်အနီးရှိ ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်တို့၏ အမူအယာများမှာ တွန့်ချိုးပြောင်းလဲသွားပြီး သူမတို့အားလုံးသည် စုမင်ထံသို့ အရပ်မျက်နှာအနှံ့မှ ဦးတည်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လေထုထဲရှိ အရောင်ငါးသွယ် မြူခိုးများသည်လည်း အပြင်းအထန်လှုပ်ရှားလာပြီး စုမင်ဆီသို့ ဦးတည်ပျံ့လွင့်လာကြသည်။ မဒမ်ကျိက အားလုံးထဲတွင် အလျင်မြန်ဆုံး ဖြစ်သည်။ သူမ စုမင်နှင့် ငါးပေခန့်ပင် မဝေးတော့ချိန်တွင် သူမ၏ ညာဘက်လက်ဖဝါးပေါ်၌ အနက်ရောင်ခက်ရင်းခွ တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူမသည် လက်ကိုမြှောက်၍ စုမင်၏နံဖူးအလယ်သို့ ထိုခက်ရင်းခွဖြင့် ထိုးစိုက်တော့မည့် အချိန်မှာပင်...

စုမင်မျက်ဝန်းများ အတွင်းရှိ ရီဝေမိန်းမောနေသော အကြည့်သည် လှောင်ပြောင်ရိပ် တစ်စွန်းတစ်စနှင့်အတူ ကြည်လင်ပြတ်သားသော မျက်ဝန်းများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ ထိုအခိုက်အတန့်၌ သူ့မျက်နှာပေါ်တွင် တပ်မက်မှုအရိပ်အယောင်တို့လည်း ရှိမနေတော့ချေ။ ယခင်ဖြစ်ပျက်ခဲ့သော အရာများမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်တစ်ခုသာ ဖြစ်၏။ ထိုအတွက် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မဒမ်ကျိကို သူ့အနီးသို့ ဆွဲခေါ်၍ တစ်ချက်တည်းသတ်ပစ်ရန် ဖြစ်သည်။

မဒမ်ကျိ၏ လက်ထဲတွင် လှည့်ကွက်များစွာ ရှိနေသဖြင့် သူမတွင် အခြားတိုက်ကွက်များ ကျန်ရှိနေဦးမည်ကို စုမင်စိုးရိမ်နေခဲ့၏။ ထို့ကြောင့် သူမကိုမြှားခေါ်ရန် သူ့ကိုယ်သူ ငါးစာလုပ်လိုက်ခြင်း ဖြစ်သည်။

စုမင်၏ မျက်ဝန်းများအတွင်းမှ လှောင်ပြောင်သော အကြည့်ကို မြင်လိုက်သည့် အခိုက်အတန့်တွင် မဒမ်ကျိ၏ အမူအယာက သိသိသာသာ ပြောင်းလဲသွားပြီး သူမနှလုံးသားအတွင်း ကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။ သူမ နောက်ပြန်ဆုတ်လိုသော်လည်း အလွန်နောက်ကျသွားခဲ့ချေပြီ။ စုမင်သည် အလျင်အမြန် ရှေ့တက်လိုက်၏။ သူသည် အလွန်လျင်မြန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမရှေ့သို့ ရောက်ရှိသွားတော့သည်။ သူသည် ဘယ်လက်ကိုမြှောက်၍ ခက်ရင်းခွကိုင်ထားသော မဒမ်ကျီ၏ ညာလက်ကို ဆုပ်ကိုင်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်နှင့် သူမရင်ဘတ်ကို ဝုန်းခနဲ တိုက်ဆောင့်ပစ်လိုက်သည်။

မဒမ်ကျိသည် တုန်ယင်သွားပြီး သူမကိုယ်ထဲမှ အက်ကွဲသံများ ထွက်ပေါ်လာ၏။ ထို့နောက် အနောက်သို့ လွင့်စင်သွားပြီး သူမနှုတ်ခမ်းမှ သွေးများစီးကျလာတော့သည်။ သူမမျက်နှာပေါ်တွင် ကြောက်ရွံ့မှု တစ်စွန်းတစ်စနှင့်အတူ တုန်လှုပ်ခြောက်ခြားခြင်းများ ပေါ်လာခဲ့သည်။ သို့သော် သူမအတော်ဝေးဝေးသို့ ပြန်လည်မဆုတ်ခွာနိုင်ခင်မှာပင် စုမင်သည် သူ၏ ကြောက်မက်ဖွယ် အမြန်နှုန်းကို အသက်သွင်း၍ သူမကို လိုက်မီသွားပြန်၏။ ထို့နောက် ခြေထောက်ကို လွှဲယမ်း၍ မဒမ်ကျိ၏ ဦးခေါင်းကို ဖြတ်ကန်လိုက်သည်။

ဝုန်း...

မဒမ်ကျိသည် သွေးတစ်လုပ် အန်လိုက်ရပြီး ဇက်ကျိုးကာ သူမခန္ဓာကိုယ်က လွင့်ထွက်သွားခဲ့သည်။ သို့သော် စုမင် မျက်မှောင်ကြုတ်သွားမိ၏။ ထိုအမျိုးသမီး၏ ကိုယ်မှနေ၍ မည်သည့် သေဆုံးခြင်းအငွေ့အသက်မှ သူသတိမပြုမိပေ။ ထိုအစား သူမအသက်ဓာတ်က ပိုမို၍ပင် သန်မာလာသေး၏။ သူ အေးစက်စက် နှာခေါင်းရှုံ့လိုက်မိသည်။

စုမင်သည် ရပ်တန့်ခြင်းမပြုပဲ ရှေ့တစ်လှမ်းတက်ကာ သူမအနီးသို့ကပ်သွားလိုက်ပြန်၏။ ထို့နောက် လေထဲမှာပင် ညာလက်ကိုမြှောက်၍ လက်သီးဆုပ်အဖြစ် ပြုလုပ်လိုက်သည်။ ချက်ချင်းဆိုသလို ကောင်းကင်၌ လျှပ်စီးမိုးကြိုးများ စတင်ကူးခတ်လာသည်။ သူ ညာလက်သီးဆုပ်ကို ဖြေလိုက်သည်နှင့် လျှပ်စီးကြောင်းများမှာ လျှပ်စီးလုံးများအဖြစ် အလျင်အမြန် စုဝေးသွားကြသည်။

မိုးခြိမ်းသံများ မြည်ဟည်းသွားပြီး စုမင်လက်ထဲရှိ လျှပ်စီးအလင်းလုံးများထံမှ စူးရှသော လျှပ်စီးအလင်းများ ဖြာထွက်လာသည်။ ထို့နောက် စုမင်သည် ၎င်းတို့အားလုံးကို မဒမ်ကျိ၏ နံဖူးအလယ်သို့ တွန်းပို့လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့် အတူ မဒမ်ကျိထံမှ စူးရှနာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။ သို့သော် စုမင်၏တိုက်ခိုက်မှုက အဆုံးသတ်မသွားသေးပေ။ သူသည် လှုပ်ရှားတစ်ချက်နှင့်အတူ သူမအနီးသို့ ကပ်သွားပြီး ဘယ်လက်ကို မြှောက်လိုက်ပြန်၏။ ချက်ချင်းဆိုသလို လေထဲတွင် လေပွေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက မဒမ်ကျိ အနီးသို့ ရောက်သည်နှင့် အလျင်အမြန် စတင်လည်ပတ်လာပြီး လေထဲတွင် သွေးနှင့်အသားစများ ပြန့်ကျဲသွားစေ၏။

မဒမ်ကျိသည် နောက်သို့ဆုတ်ခွာနေစဉ် အကြိမ်ကြိမ် ဒဏ်ရာရသွားခဲ့၏။ သူမ ခုခံချင်သော်လည်း စုမင်သည် အနီးသို့ နီးကပ်လာပြန်ပြီး ညာလက်ဖြင့် လက်ဟန်သင်္ကေတ တစ်ခုဖန်တီးကာ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ အဝေးရှိ ဟန်တောင်တန်းခေါင်းလောင်းထံမှ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို မင်သက်ရပ်တန့်သွားစေသည့် ခေါင်းလောင်းသံတစ်ချက် ရုတ်ခြည်းထွက်ပေါ်လာခဲ့သည်။

ထိုခေါင်းလောင်းသံသည် မဒမ်ကျိ၏ နားထဲသို့ ရောက်ရှိသွားသောအခါ သူမ၏ ခုခံရန် ကြိုးစားနေသော လှုပ်ရှားမှုများကို နှေးကွေးသွားစေသည်။ သူမ စိတ်နှင့် ဝိညာဉ်တို့ တုန်လှုပ်သွားသည်နှင့် စုမင်ရှေ့တွင် အစိမ်းရောင်အလင်းတစ်ဖြာ တောက်ပလျက် ကျောက်စိမ်းဓားရှည်က တိုးထွက်သွားခဲ့သည်။ စုမင်နတ်ဘုရားအာရုံ၏ ထိန်းချုပ်မှုအောက်တွင် ၎င်းက မဒမ်ကျိ၏ ဦးခေါင်းဆီ တိုးဝင်သွားခဲ့လေသည်။

တစ်ခဏအတွင်း လေထဲသို့ သွေးများ လွင့်စင်သွားသည်။ ကျောက်စိမ်းဓားရှည် ဖြတ်သန်းသွားသည်နှင့် ဦးခေါင်းတစ်လုံး လွင့်ပျံသွားလေသည်။ ၎င်းက ညအချိန်ဖြစ်ပြီး လပြည့်ဝန်းက ကောင်းကင်ယံ၌ တွဲလောင်းချိတ်ဆွဲလို့နေသည်။

မဒမ်ကျိ၏ ဦးခေါင်းပြတ်ထွက်သွားသည့်တိုင် စုမင် စိတ်သက်သာရာရမသွားခဲ့ပေ။ ထိုအစား သူမဦးခေါင်း ပျံဝဲသွားချိန်တွင် အသက်အန္တရာယ်ရှိသည်ဟူသော ခံစားချက်ကသာ ပိုမိုပြင်းထန်လာခဲ့၏။ ထိုအခိုက် ခေါင်းပြတ်သွားသော မဒမ်ကျိသည် သူမညာလက်ကို မြှောက်၍ ခန္ဓာကိုယ်မှ ကွဲထွက်သွားသော ဦးခေါင်းအား ပြန်ဆွဲယူလိုက်သည်ကို မြင်လိုက်ရသဖြင့် စုမင်မျက်လုံးတို့ ကျဉ်းမြောင်းသွားရတော့သည်။ မဒမ်ကျိ၏ မျက်လုံးထဲတွင် ရူးသွပ်မှုနှင့် မုန်းတီးခြင်းများပေါ်လာပြီး စုမင်ကို စိုက်ကြည့်၍ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ထိုအော်ဟစ်သံသည် အသံလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လှိုင်းဂယက်များ ထသွားစေသည်။ ထိုအသံလှိုင်း၏ ခွန်အားသည် သူ့နားထဲသို့ အပ်တစ်ချောင်းသဖွယ် ထိုးစိုက်လာပြီး နားအူသွားရ၏။ စုမင်သည် ချက်ချင်းနောက်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ညာလက်ဖြင့် သူ့အရှေ့၌ စက်ဝိုင်းပေါင်းများစွာ ရေးဆွဲလိုက်သည်။

သူ စက်ဝိုင်းတစ်ခု ဆွဲသားလိုက်တိုင်း အသံလှိုင်း၏ အားက လျော့ကျသွားခဲ့သည်။ ထိုစက်ဝိုင်းတစ်ခုစီတိုင်းမှာ လေပွေများဖြစ်ပြီး စက်ဝိုင်းပေါင်းများစွာ ဆွဲသား၍ ပေသုံးရာခန့် နောက်ဆုတ်ပြီးချိန်မှာပင် သူ့နားထဲမှ သွေးများစီးကျလာဆဲ ဖြစ်သည်။

'စိတ်ဝိညာဉ်ဖမ်းစားသူတွေ အကုန်လုံးက သူတို့ကိုယ်သူတို့ မသေမျိုးတွေအဖြစ်များ သန့်စင်ထားကြတာလား' စုမင်စိတ်တို့ ခါးသီးသွားရသည်။ မဒမ်ကျိ မသေဆုံးခြင်းက သူ့ကို မအံ့သြစေခဲ့ပေ။ သူမ၏ ယခုလက်ရှိ အခြေအနေသည် စိတ်ဝိညာဉ်ဖမ်းစားသူ လူငယ်နှင့် တူညီနေ၏။

သူမသည် စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ဦး၏ ကျင့်ကြံရေးနည်းလမ်း တစ်မျိုးတည်းကိုသာ လေ့ကျင့်ထားခြင်း ဟုတ်ဟန်မတူချေ။

စုမင်သည် နောက်ဆုတ်နေရင်းမှ သူ့အနောက်ရှိ တောင်စဉ်တန်းရှိရာဘက်ဆီသို့ ညာလက်ဖြင့် ဆွဲယူဟန်ပြုလိုက်သည်။ သူ့လှိုဏ်ဂူအတွင်းရှိ မာန်စွမ်းအားရှင်အိုကြီး၏ ဦးခေါင်းအထက်တွင် လွင့်မျောနေသော ဝိညာဉ်လုယက် သုံးလုံးသည် နက်မှောင်သော အလင်းတို့တောက်ပနေသည့် အလင်းတန်းရှည်သုံးခု အသွင်ဖြင့် စုမင်လက်ထဲသို့ ချက်ချင်း ပျံသန်းလာကြသည်။

သို့သော် သူ၎င်းတို့ကို ဆင့်ခေါ်နေချိန်မှာပင် မဒမ်ကျိသည် သူမဦးခေါင်းကို ပြန်ဆွဲယူ၍ လည်ပင်းပေါ် ပြန်တပ်လိုက်ချေပြီ။ သူမ၏ အသွေးနှင့် အသားတို့သည်လည်း အလျင်အမြန် နေရာတကျ ပြန်ဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူမဦးခေါင်းက လည်ပင်းနှင့် ပြန်လည်ပေါင်းစည်းသွားခဲ့သည်။ ထို့နောက် သူမသည် ညာလက်ကိုမြှောက်လိုက်ရာ လက်ဖဝါးပေါ်တွင် လတ်လတ်ဆတ်ဆတ် သွေးတစ်စက် ရှိနေလေ၏။

ထိုသွေးစက်က သူမသွေးစက် မဟုတ်ပဲ စုမင်၏ သွေးစက်ဖြစ်သည်။ ဤသွေးစက်သည် ယခင် သူသွေးအန်ခဲ့စဉ်က သူမ လျှို့ဝှက်စွာ ရရှိထားခဲ့သော အရာဖြစ်၏။

သူမသည် ထိုအခိုက်အတန့်တွင် သွေးစက်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး စုမင်ထံ အလျင်အမြန် ဦးတည်လာနေသည့် သူမအပေါ် ဖိအားဖြစ်စေသော ဝိညာဉ်လုယက် သုံးလုံးကိုတော့ လျစ်လျူရှုထားလေသည်။ သူမမျက်လုံးများက မှိတ်လုနီးပါး မှေးကျဉ်းသွားခဲ့သည်။

"နိုင်းလီ၏ ရှာမန်သခင်၊ အသင်မွေးဖွားခဲ့သည့် နေ့မှစ၍ နဝမမြောက်နံနက်ခင်းတွင်... အသင်စွန့်ပစ်ခဲ့သော အသင့်အဖော်၏ စွမ်းအင်တို့သည် ဤလောက၌ အရိပ်နက်တို့အဖြစ် ပြောင်းလဲ၍ သက်ရှိအားလုံး၏ အသက်လမ်းကြောင်းထဲသို့ ပေါင်းစပ်သွားခဲ့သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ရှိသူ အပေါင်းတို့မှာ ရှင်သန်၊ သေဆုံးကြရသည်။ ၎င်းတို့ တည်ရှိနေလျှင် ပျောက်ကွယ်သွားရမည့် နေ့သို့ ရောက်ရှိလာပေလိမ့်မည်။

ကောင်းချီးပေးခံရလျှင်... ကျိန်ဆဲခံရမည့် နေ့လည်း ရောက်ရှိလာပေလိမ့်မည်"

"အစာအဖြစ် ဤလူ့သွေးနှင့်အတူ ကျွနု်ပ်၏ အသွေးနှင့် အသက်တို့ကို ဤလောက၏ အရိပ်နက်တို့ဆီ ပူဇော်၍ ကျိန်စာတိုက်၏။ သူ့အသက်နှင့် သွေးတို့ကို လုယက်ယူငင်ကြလော့"

မဒမ်ကျိ၏ ခန္ဓာကိုယ်မှာ အလျင်အမြန် စတင်ခြောက်သွေ့လာပြီး မျက်စိတစ်မှိတ်အတွင်း ပိန်လှီခြောက်ကပ်နေသော အလောင်းကောင်သဖွယ် ဖြစ်သွားခဲ့သည်။ သူမသည် အသက်များလည်း ကြီးသွားခဲ့၏။ သူမ၏ ချောမောလှပသော မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်လာကာ သူမ၏ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်မှာလည်း အရုပ်ဆိုးသွားခဲ့သည်။

သူမညာလက်မှ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး စုမင်သွေးစက်က ပေါက်ကွဲသွားပြီး သွေးမြူများအဖြစ် ပြောင်းလျက် မဒမ်ကျိ၏ မျက်လုံးများ၊ နှာခေါင်း၊ ပါးစပ်နှင့် နားများထဲသို့ ဝင်ရောက်သွားကြသည်။

မဒမ်ကျိ၏ မျက်လုံးများအတွင်း သတ်ဖြတ်လိုသည့် အကြည့်တစ်ခု ပေါ်လာခဲ့သည်။ ကျိန်စာတိုက်ခြင်းသည် စိတ်ဝိညာဉ် ဖမ်းစားသူများအတွက် အပြင်းထန်ဆုံး အစီအရင်ဖြစ်သည်။ အမှန်စင်စစ် ဤအစီအရင်သည် မီးတောက်နဂါးထံမှ ဆင်းသက်လာခဲ့ခြင်း မဟုတ်ပေ။ ထိုအစား စိတ်ဝိညာဉ် ဖမ်းစားသူတို့၏ မျိုးဆက်တစ်လျှောက် လေ့လာမှုများကြောင့် ၎င်းတို့သည် ထူးခြားသော နည်းလမ်းများကို အသုံးပြုသည့် နတ်ဆရာများနှင့် နိမိတ်ဖတ်ပညာရှင်များ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းနေသူများနှင့်အတူ ဤသတ်ဖြတ်မှုတိုက်ကွက်ကို ပေါ်ပေါက်လာစေခဲ့ခြင်း ဖြစ်သည်။

ဤအစီအရင်ကို ရှာမန်များ ဖန်တီးခဲ့ခြင်းမဟုတ်ပဲ လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက အချို့ပစ္စည်းများပေါ်တွင် ရုပ်ပုံများအဖြစ် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်ဟူသည့် ကောလဟာလများလည်း ရှိ၏။ အချို့လူများက ၎င်းတို့ကို စတင် စစ်ဆေးလေ့လာပြီးနောက်မှသာ ၎င်းက ဤအစီအရင်အဖြစ် တစ်ဖြည်းဖြည်း ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ဤအစီအရင်ကို နတ်ဆရာများနှင့် နိမိတ်ဖတ်ပညာရှင်များပါ ထုတ်ဖော်နိုင်သော်လည်း စိတ်ဝိညာဉ် ဖမ်းစားသူများ ထုတ်ဖော်သော အစီအရင်၏ စွမ်းအားကသာ အသန်မာဆုံးနှင့် ခန့်မှန်းရမလွယ်ဆုံး ဖြစ်သည်။ သို့သော်လည်း ၎င်းက လူတိုင်းထုတ်ဖော်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ချေ။ အစီအရင်၏ ဂါထာများသည် ရှာမန်များအကြား ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ပြီး ထိုဂါထာတို့၏ မှတ်တမ်းများကို မျိုးနွယ်စုကြီးများတွင်သာ သိမ်းဆည်းထားတတ်ကြသည်။ ထို့အပြင် ၎င်းတို့အများစုမှာ မပြည့်စုံသော အရာများဖြစ်ပြီး ဂါထာအပြည့်အစုံက ရှာမန်နတ်ဘုရား ဘုရားကျောင်းတွင်သာ ရှိလေသည်။

ကျိယွင်ဟိုင်သည်ပင် သူ့အဆင့်အတန်းနှင့် ဂါထာအပြည့်အစုံ မရရှိခဲ့ပဲ မပြည့်စုံသော ဂါထာကိုသာ ရရှိခဲ့၏။ သို့သော် သူသည် ရှေးယခင်က ပစ္စည်းတစ်ခုကို အမှတ်မထင် ကံကောင်းထောက်မစွာ ရရှိခဲ့ပြီး သူ၏ ဉာဏ်ရည်ထက်မြက်မှုကြောင့် များစွာသော ကြိုးစားကျရှုံးမှုများ ပြီးနောက်တွင် ကျိန်စာအား မည်သို့ထုတ်ဖော်ရမည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သို့သော်လည်း ထိုအရာကပင် သူ့ထံ ကပ်ဘေးတစ်ခု ယူဆောင်လာခဲ့ခြင်း ဖြစ်၏။

မဒမ်ကျိ၏ ကျိန်စာသည် သူ့ယောကျ်ားဖြစ်သူ ကျိယွင်ဟိုင်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ၏ အစွမ်းအစကြောင့် အခြေခံများကိုသာ ကျွမ်းကျင်ပြီး ရှာမန်မျိုးနွယ်စု၏ ဘိုးဘေးဖြစ်သူ နိုင်းလီစိတ်ဝိညာဉ်ထံ ဆက်သစတေးမှုများသာ ပြုလုပ်နိုင်လေသည်။ ကျိယွင်ဟိုင်သာ ဆိုလျှင်တော့ ရှာမန်နှင့် မာန်စွမ်းအားရှင် မျိုးနွယ်စုတို့ မတိုင်ခင် တည်ရှိခဲ့ဖူးသော အစွမ်းထက်တည်ရှိမှု တစ်ခုအား ကမ်းလှမ်း၍ ကြောက်မက်ဖွယ်စွမ်းအား တစ်ခုနှင့် အလဲအလှယ် ပြုလုပ်နိုင်ပေလိမ့်မည်။

မဒမ်ကျိက သွေးမြူများကို စုပ်ယူလိုက်သည်နှင့် စုမင် တုန်ရီသွားခဲ့သည်။ သူ့ခေါင်းအထက်ရှိ လေထဲတွင် ဧရာမ

သွေးစုပ်ဝဲကြီးတစ်ခု ပေါ်လာခဲ့သည်။ ရုတ်တရက်ဆန်ဆန် ထွက်ပေါ်လာသော ထိုစုပ်ဝဲကြီးသည် ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် အလျင်အမြန် စတင်လှည့်ပတ်လာသည်။

၎င်းလှည့်ပတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် နေရာမှာပင် ကန့်သတ်ခံလိုက်ရပြီး ဆယ်ပေပတ်လည် ဧရိယာလေးအတွင်းတွင်သာ လှုပ်ရှားလို့ရတော့ကြောင်း စုမင်တွေ့လိုက်ရသည်။ သူ ထိုနေရာမှ ထွက်ခွာလို့မရပေ။ သူ့မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ၎င်းတို့ကို စုပ်ဝဲက အလျင်အမြန် စုပ်ယူသွားခဲ့သည်။

သူ့ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း စတင်ခြောက်သွေ့လာပြီး ဆံပင်အမြစ်များတွင် မီးခိုးဖြူရောင်တို့ပင် ပေါ်လာခဲ့သည်။ သူ့သွေးများ၊ အသက်ဓာတ်နှင့် အရာအလုံးစုံမှာ ထိုစုပ်ဝဲ၏ အဆက်မပြတ် စုပ်ယူခြင်းကို ခံနေရသည်။

ထိုအရာက အကုန်မဟုတ်သေးပေ။ သူ့ကိုယ်တွင်းအင်္ဂါများသည်လည်း ပုပ်သိုးဆွေးမြေ့လာဟန်ဖြင့် အလုပ်မလုပ်ကြတော့ကြောင်း စုမင်တွေ့လိုက်ရသည်။ သူ့ဝင်သက်ထွက်သက်များသည်ပင် ပုပ်အဲ့အဲ့ အနံ့ဆိုးများ ဖြစ်လာသည်။

စုပ်ဝဲအပြင်တွင်ရပ်နေသော မဒမ်ကျိ၏ မျက်နှာက မည်းမှောင်နေသည်။ ထိုအစီအရင်ကို ထုတ်ဖော်ရခြင်းက သူမအတွက်လည်း ဝန်ထုပ်ဝန်ပိုး ကြီးမားလှသည်။ သို့သော်လည်း သူမစိတ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ စုမင်ကို သတ်ပြီးသည်နှင့် သူမ ကြိုးကြာနက်မျိုးနွယ်စုကို သေချာပေါက်သွား၍ အမြစ်ပြတ်သုတ်သင်ပစ်မှာ ဖြစ်သည်။

"မင်းဆီ ချဉ်းကပ်လာနေတဲ့ သေခြင်းတရားရဲ့ ခံစားချက်ကို နှစ်ခြိုက်လိုက်ပါဦး။ မင်းအသွေးအသားတွေ ခြောက်ကပ်သွားပြီး မင်းအသက်က ခန္ဓာကိုယ်ထဲကနေ ဖြည်းဖြည်းချင်း ထွက်ခွာသွားတာကို စောင့်ကြည့်နေလိုက်ပါဦး။ မင်းကိုယ်မင်း အလောင်းကောင်တစ်ခု အဖြစ် ပြောင်းလဲသွားတာကို တွေ့မြင်ရလိမ့်မယ်။ ဒါက ငါ့ကို ဆန့်ကျင်တာရဲ့ အကျိုးဆက်ပဲ" မဒမ်ကျိ၏ မျက်နှာအမူအယာက ရက်စက်ကြမ်းကြုတ်လို့နေသည်။ ကျယ်လောင်စူးရှနေသော သူမအသံ၊ ရုပ်ဆိုးအကျည်းတန်နေသော မျက်နှာနှင့် သူမသည် ခြောက်သွေ့ပိန်လှီကာ အရိုးစုတစ်ကောင်သဖွယ် ဖြစ်နေချေပြီ။

"နားညီးလိုက်တာ"

စုမင်မျက်လုံးများအတွင်း အေးစက်စက်အကြည့်တစ်ခု ပေါ်လာသည်။ သူသည် သူ့လှုပ်ရှားမှုများကို ကန့်သတ်ခံထားရပြီး ဆယ်ပေဧရိယာထဲတွင်သာ လှုပ်ရှားနိုင်သော်လည်း ကြောက်ရွံ့မသွားမိပေ။ သူ့တွင် ဤနေရာမှ ထွက်ခွာသွားနိုင်မည့် တိုက်ကွက်တစ်ခု ရှိ၏။ အမှန်စင်စစ် မာန်နတ်ဘုရား၏ စွမ်းအားကို တစ်ကြိမ်အသုံးပြုလိုက်ရုံနှင့်ပင် ဤနေရာမှ လျှောက်လှမ်းထွက်ခွာသွားနိုင်မှာ ဖြစ်သည်။

သို့သော် သူထိုသို့မလုပ်ခဲ့ပေ။ ကျိန်စာ၏ စွမ်းအားက စုမင်ကို များစွာစိတ်ဝင်စားမိသွားစေသည်။ သူ့အသက်ဓာတ်နှင့် သွေးများ ခမ်းခြောက်နေစဉ်မှာပင် ထိုစုပ်ဝဲကို တောက်ပသော မျက်လုံးများဖြင့် မော့ကြည့်လိုက်မိသည်။ ထို့နောက် မဒမ်ကျီကို လုံးလုံးလျားလျား လျစ်လျူရှု၍ ထိုစုပ်ဝဲကို လေ့လာရန် ဆယ်ပေဧရိယာ အတွင်းမှာပင် ထိုင်ချလိုက်တော့သည်။

စုမင်၏ ဘဝင်မြင့်နေသော လုပ်ရပ်များကို မြင်သောအခါ မဒမ်ကျိ၏ နှုတ်ခမ်းများမှာ အေးစက်စက် လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး သူမနှလုံးသားက ဒေါသတို့ဖြင့် ပိုမိုပူလောင်လာခဲ့သည်။

အချိန်များ ကုန်လွန်သွားပြီး အသက်ခုနစ်ကြိမ်ရှူစာခန့် ကြာသောအခါ စုမင်၏ခန္ဓာကိုယ်မှာ ပိန်ပါးခြောက်ကပ်လာပြီ ဖြစ်သော်ငြား သူ့မျက်လုံးများကတော့ စူးရှတောက်ပနေဆဲ ဖြစ်သည်။ သူသည် စုပ်ဝဲထံမှ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိသွားပုံ ပေါ်သော်လည်း သူနားမလည်နိုင်သေးသော အရာများစွာ ရှိနေသေး၏။

ထိုအချိန်တွင် လပြည့်ဝန်းက ကောင်းကင်ထက်၌ ချိတ်ဆွဲတည်ရှိနေသည်။ စုမင်မျက်လုံးတို့ တောက်ပသွားပြီး ညာလက်ညှိုးကိုမြှောက်ကာ ကိုက်ချလိုက်သည်။ ထို့နောက် ထိုလက်ညှိုးဖြင့် ဘယ်ဘက်မျက်လုံးကို ပွတ်ဆွဲလိုက်ပြီး ညာဘက်မျက်လုံးပေါ်တွင်လည်း သွေးတို့ဖြင့် အလားတူ ပြုလုပ်လိုက်လေသည်။

သွေး လောင်ကျွမ်းခြင်း....

သွေးလောင်ကျွမ်းခြင်း၏ စွမ်းအားနှင့်ဆိုလျှင် အသက်ဓာတ်တို့ ရရှိနိုင်ပြီး သူ ဤစုပ်ဝဲကို အချိန်ကြာကြာ ပိုလေ့လာနိုင်ပေလိမ့်မည်။ ဤထူးဆန်းသော အစီအရင်ပေါ်သို့ စုမင် အလွန်အမင်း စိတ်ဝင်စားနေမိသည်။

ဤသည်က ကျိန်စာတိုက်ခြင်းအကြောင်း သူပထမဆုံး ကြားဖူးခြင်းတော့ မဟုတ်ပေ။ အမှန်စင်စစ် ရှာမန်မျိုးနွယ်စု၏ လျှို့ဝှက်ဆန်းကြယ်သော ဤအစီအရင်ကို သူ ဝူတုထံမှ ကြားဖူးပြီးသား ဖြစ်သည်။ ဤအစီအရင်ကို လူအနည်းငယ်သာ ထိန်းချုပ်နိုင်သဖြင့် ယခုမှသာ သူ၎င်းကို ပထမဆုံး မြင်ဖူးခြင်းဖြစ်ရာ ဤလိုအခွင့်အရေးမျိုးကို လက်လွှတ်စရာ အကြောင်းမရှိပေ။

ကောင်းကင်မြူခိုး မြို့တော်အပြင်ရှိ ရှာမန်နှင့် မာန်စွမ်းအားရှင်တို့၏ နေ့စဉ်တိုက်ပွဲငယ်ကြားတွင် စုမင်နှင့် တစ်နည်းတစ်ဖုံ တူညီနေသော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ချောမောသောရုပ်သွင်ဖြင့် ဆံရှည်ယောကျ်ားတစ်ယောက် ရှိနေသည်။ စုမင် သွေးလောင်ကျွမ်းခြင်းကို စတင်လိုက်ချိန်တွင် ထိုလူသည် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုဖြင့် ရှာမန်တစ်ယောက်၏ အသက်ကို နှုတ်ယူနေခြင်း ဖြစ်သည်။

"အကိုကြီး ယွဲ့ဖုန်း ဒီတစ်ကြိမ်တိုက်ပွဲပြီးလို့ မြို့တော်ပြန်ရောက်တာနဲ့ မင်းအဆင့်က ထိပ်ဆုံးခြောက်ဆယ်ထဲ ရောက်တော့မှာပဲ" ထိုလူ့ဘေးတွင် ရှိနေသော မာန်စွမ်းအားရှင်များထဲမှ တစ်ဦးက ဆက်လက်တိုက်ခိုက်နေရင်း ပြုံးလျက်ပြောသည်။

"ငါက အဲအကြောင်းတောင် တွေးမနေပါဘူး။ အဆင့်သတ်မှတ်ချက်တွေက ငါ့အတွက် အရေးမကြီးဘူး။ ငါဂရုစိုက်တာက ငါတို့မာန်စွမ်းအားရှင်တွေအတွက် ဒီစစ်ပွဲပဲ" ယွဲ့ဖုန်းက ခေါင်းခါယမ်းလိုက်သည်။ သူ့မျက်နှာပေါ်တွင်တော့ စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ ရှိနေသည်။ သူ့စကားများနှင့် အမူအယာက အနီးဝန်းကျင်ရှိ လူများအား သူ့အပေါ် ပိုမိုလေးစားလာစေသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ယွဲ့ဖုန်းမှာ ရုတ်တရက်  တုန်လှုပ်သွားပြီး ဆိုးဆိုးရွားရွား တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည်ဟူသော ခံစားချက်နှင့် အန္တရာယ်ဟူသော အသိက သူ့နှလုံးသားထဲတွင် ပေါ်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်ကို စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် သူ့အမူအယာက သိသိသာသာ ပြောင်းလဲသွားတော့သည်။ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး တစ်ခဏအတွင်းမှာပင် သူ့မျက်နှာက ဆယ်စုနှစ်များစွာ အိုစာသွားတော့သည်။

'စုမင်... အဲဒါ စုမင်ပဲ။ သူ ကျင့်စဉ်ကို ထုတ်သုံးနေတယ်' နှလုံးသားအတွင်း ရူးသွပ်စွာ အော်ဟစ်လိုက်ရင်း ယွဲ့ဖုန်း၏ မျက်လုံးများအတွင်း မယုံကြည်နိုင်မှုတို့ အထင်းသား ပေါ်လာခဲ့လေသည်။

***

All Chapters