အခန်း (၂၁၁-၂၁၂)
Vol. 22 Ch. 211-212
အခန်း (၂၁၁)
စုရှန်ရွှယ်သည် ကာမသုတြာဂိုဏ်းရှိ သူမ၏ စံအိမ်တော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ပိုင်ချူးရန်အား အကောင်းဆုံးသော ဧည့်ဆောင်တွင် နေရာချထားပေး၏။ နေ့စဉ်နေ့တိုင်း တစ်နေ့လျှင် သုံးနပ်တိတိ လှပကျော့ရှင်းသော မိန်းမငယ်လေးများက သူ့အတွက် အစားအသောက်များ လာရောက်ပို့ဆောင်ပေးသည်။ ချီရှင်းတောင်ထွတ်ပေါ်တွင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရသည့် အထီးကျန် လူပျိုကြီးဘဝနှင့်စာလျှင်မူ ဤနေရာရှိ နေထိုင်မှုဘဝက နတ်စည်းစိမ်အလား များစွာ ပိုမိုသက်သောင့်သက်သာ ရှိနေတော့၏။
သို့သော်ငြား ဤမိန်းမငယ်လေးများသည် အစားအသောက်များ လာပို့ခြင်းနှင့် ပန်းကန်ခွက်ယောက်များကို ရှင်းလင်းသိမ်းဆည်းခြင်းမှလွဲ၍ သူ့အပေါ် မည်သည့် မြူဆွယ်ဖျားယောင်းသည့် အပြုအမူမျိုးကိုမျှ ပြုလုပ်ဝံ့ခြင်း မရှိကြချေ။ အဝတ်အစားများကိုလည်း လုံခြုံစွာ ဖုံးကွယ်ဝတ်ဆင်ထားကြပြီး သူနှင့် မျက်လုံးချင်းဆုံရန်ပင် မဝံ့မရဲ ဖြစ်နေသည်။
သူ၏ နတ်ဘုရားအာရုံဖြင့်သာ အကဲမခတ်မိခဲ့လျှင် ဤမိန်းမငယ်လေးများအားလုံးသည် ရွှေအမြုတေအဆင့်နှင့် မူလဝိညာဉ်အဆင့်များတွင် ရှိကြသော ကာမသုတြာဂိုဏ်း၏ ကျင့်စဉ်ကို လေ့ကျင့်ထားသူများဖြစ်ကြောင်း ပိုင်ချူးရန် သိနိုင်မည်မဟုတ်ချေ။ အမှန်ဆိုရလျှင် သူသည် ဆံပင်မဖြတ်ထားသော သီလရှင်များ ကျင့်ကြံအားထုတ်ရာ ကျောင်းတစ်ခုသို့များ ရောက်ရှိနေသလားဟုပင် ထင်မှတ်မှားမိသွားနိုင်၏။
စုရှန်ရွှယ်မှာမူ ပြန်လည်ရောက်ရှိပြီးသည်နှင့် ဂိုဏ်း၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် အလုပ်များတွင် ချက်ချင်းပင် နစ်မြုပ်သွားခဲ့သည်။ ဤကောင်မလေး ဘာတွေများ ကြံစည်တွေးတောနေလဲဆိုသည်ကို ပိုင်ချူးရန် နားမလည်နိုင်သော်လည်း မည်သို့ပင်ဆိုစေ သူမသည် သူ့အား ထိခိုက်နစ်နာအောင် လုပ်ဆောင်မည်မဟုတ်ကြောင်း သိထားသောကြောင့် ဤနေရာတွင် စိတ်အေးချမ်းသာစွာဖြင့်သာ နေထိုင်၏။
ရက်အနည်းငယ် ကြာပြီးနောက် သူမ၏ တာဝန်ဝတ္တရားများကို ဖြေရှင်းဆောင်ရွက်ပြီးသွားသော စုရှန်ရွှယ်သည် သူ့အား ဖိတ်ခေါ်ရန် လူလွှတ်လာသည်။ ကာမသုတြာဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူမ ရင်းနှီးသော မိတ်ဆွေအား ဧည့်ခံရန်အတွက် ခြံဝင်းအတွင်း၌ ခမ်းနားကြီးကျယ်သော ညစာစားပွဲတစ်ခုကို အထူးတလည် ပြင်ဆင်ထား၏။
ကာမသုတြာဂိုဏ်းမှ တပည့်တစ်ဦး၏ လမ်းညွှန်ခေါ်ဆောင်မှုဖြင့် ပိုင်ချူးရန် ခြံဝင်းအတွင်းသို့ ရောက်ရှိလာသောအခါ စားပွဲပေါ်တွင် အနယ်နယ်အရပ်ရပ်မှ ရှားပါးကောင်းမွန်သော အစားအစာများဖြင့် ပြည့်နှက်နေပြီး အချို့မှာ ဝိညာဉ်သားရဲများဖြင့် ချက်ပြုတ်ထားသော ဟင်းလျာများပင်ဖြစ်ကြသည်။ အနံ့လေးရရုံမျှဖြင့် လူကို ခံတွင်းမြိန်စေပြီး စားချင်စိတ်ကို အလိုလို ဖြစ်ပေါ်လာစေ၏။
ပိုင်ချူးရန်သည် စုရှန်ရွှယ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီးနောက် လွမ်းဆွတ်တမ်းတနေသော မျက်နှာထားဖြင့် ပြောသည်။ "အချိန်တွေ ကုန်တာ အရမ်းမြန်တာပဲ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲဒီတုန်းက ဆင်းရဲတဲ့ ကောင်မလေးကနေ အခုဆို သူဌေးမကြီး ဖြစ်နေပြီကိုး။"
"ချမ်းသာတဲ့ နေ့ရက်တွေကို ကျွန်မနဲ့အတူ နေချင်တယ်ဆိုရင်တော့ အချိန်မရွေး ကြိုဆိုပါတယ်နော်။"
စုရှန်ရွှယ်သည် စားပွဲပေါ်ရှိ ကြွေဖြူရောင် ရေနွေးကရားကို မကာ ပိုင်ချူးရန်အတွက် ခွက်တစ်ခွက်အတွင်းသို့ ငှဲ့ပေးလာ၏။
ပိုင်ချူးရန်သည် မသိစိတ်၏ စေ့ဆော်မှုကြောင့် ထိုခွက်ကို မယူမီ ကရားကို တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဒါအရက် မဟုတ်ဘူးလား။"
"ကျွန်မဆီမှာ လက်ကျန်ရှိသမျှကို ပြီးခဲ့တဲ့တစ်ခေါက်က အကြီးအကဲ ဟွမ်ဖုဖိန်က အကုန်လုသောက်သွားတယ်လေ။ အရက်အသစ်လည်း မချက်ရသေးဘူး။"
စုရှန်ရွှယ်က ပြုံးလျက် မေး၏။ "ဒီတစ်ခေါက် ညစာအတွက် လက်ဖက်ရည်ကြမ်းပဲ ရှိတယ်။ အဆင်ပြေတယ်မလား။"
သူမ၏ စကားကို ကြားသောအခါ ပိုင်ချူးရန်မှာ အဘယ်ကြောင့်မှန်းမသိ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်လည်း သေချာနားမလည်သောကြောင့် ခေါင်းသာညိမ်ါသည်။ "ရတာပေါ့။ ငါက အရက်သောက်မှ ဖြစ်မယ်ဆိုတာမျိုးမှ မရှိတာ။"
"ဒါက ယွင်လုကနေ တင်ပို့လာတဲ့ လက်ဖက်ရည်ကြမ်း အသစ်လေးလေ။ ကျိုကျိုးဒေသဆယ်ခုမှာ အကောင်းဆုံး လက်ဖက်ရည်ကြမ်းလို့ ပြောရင်တောင် ချဲ့ကားရာ မရောက်ဘူး။"
ဤသို့ မိတ်ဆက်ပြောဆိုနေစဉ်အတွင်း စုရှန်ရွှယ်သည် ကရားထဲသို့ အထူးပါဝင်ပစ္စည်းများကို တည်ငြိမ်စွာဖြင့် ခိုးဝှက်ထည့်သွင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ လက်ထဲရှိ ကြွေကရားကို သိမ်မွေ့စွာ လှုပ်ခါလေ၏။ ပိုင်ချူးရန် သောက်လို့ကုန်သွားသည်ကို မြင်သောအခါ သူမက ချက်ချင်းပင် လက်ဖက်ရည်ကြမ်း တစ်ခွက် ထပ်မံငှဲ့ပေးသည်။
ထို့နောက် သူမသည် လက်ဖက်ရည်ပန်းကန်ကို ချထားလိုက်ပြီး၊ ယိုမေ့ချောင်၏ စကားများကို စိတ်ထဲတွင် ပြန်လည်တွေးတောရင်း ပိုင်ချူးရန်အား မျှော်လင့်တကြီး မျက်လုံးများဖြင့် စိုက်ကြည့်လာ၏။
"ဆရာ... တုံးအအ နည်းလမ်းက အကောင်းဆုံး နည်းလမ်းပဲ။"
သူမ၏ ချစ်စရာကောင်းသော တပည့်လေးက လက်မထောင်ပြလျက် အကြံပေးခဲ့ဖူးသည်။ "စီနီယာ ဓားသခင်ကြီးလို သစ်တုံးလိုလူကို ကိုင်တွယ်ဖို့ဆိုရင် ပြင်းထန်တဲ့ ဆေးတစ်ခွက် တိုက်ကိုတိုက်ရမယ်"
လက်ဖက်ရည်မှာ အမှန်ကို ကောင်းမွန်သော လက်ဖက်ရည်ဖြစ်ပြီး ထည့်ထားသော ဆေးမှာလည်း ကာမသုတြာဂိုဏ်းမှ အထူးထုတ်လုပ်ထားသည့် အပြင်းဆုံးဆေးတစ်ခွက်ဖြစ်၏။ ထိုအရာက မဟာတက်လှမ်းခြင်းအဆင့်ရှိ ကျင့်ကြံသူများကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသည်။ စုရှန်ရွှယ်သည် လက်ဖက်ရည်ကြမ်းထဲသို့ ပုံမှန်ပမာဏထက် ဆယ်ဆခန့် ပိုမိုထည့်သွင်းထားခဲ့၏။ သို့သော် ထိုသို့ပြုလုပ်ထားလျှင်တောင်မှ ဤဆေးသည် ပိုင်ချူးရန်ကဲ့သို့သော ထူးဆန်းသတ္တဝါအပေါ်တွင် အာနိသင်ပြမည်၊ မပြမည်အား စုရှန်ရွှယ် မပြောနိုင်ပေ။
ပိုင်ချူးရန်က လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းနားသို့ တေ့လိုက်သည်ကို သူမက ရင်တဒိတ်ဒိတ် ခုန်လျက် စိုးရိမ်တကြီး စောင့်ကြည့်နေ၏။
'သောက်လိုက်... မြန်မြန်သောက်လိုက်တော့'
စုရှန်ရွှယ်သည် စိတ်ထဲမှနေ၍ အတင်း တိုက်တွန်းနေမိသည်။ ပိုင်ချူးရန်လည်း လက်ဖက်ရည်ကြမ်းအတွင်းရှိ ထူးဆန်းမှုများကို သတိမထားမိဘဲ ခွက်ကိုမကာ အကုန်မော့သောက်ရန်ပြင်၏။
သို့သော် ကံမကောင်းစွာဖြင့် ခြံဝင်း၏ တံခါးမှာ ပြင်းထန်သော လေပြင်းတစ်ချက်ကြောင့် ရုတ်တရက် ပွင့်ဟသွားခဲ့သည်။ အနက်ရောင်ပုဝါကို ဆင်မြန်းထားသော ကာမသုတြာဂိုဏ်းမှ တပည့်တစ်ဦးသည် ခြံဝင်းအတွင်းသို့ အလောတကြီး ပြေးဝင်လာပြီး ဒူးတစ်ဖက်ထောက်လျက် အရိုအသေပေး၏။
"ဂိုဏ်းချုပ်။ အခြေအနေမကောင်းတော့ဘူး။"
အခန်း (၂၁၂) [၁]
ထိုလုကို မြင်လိုက်ရသောအခါ ပိုင်ချူးရန်သည် လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး ထိုတပည့်အား ကြည့်မိ၏။ သို့သော် ဤအခိုက်အတန့်တွင် စုရှန်ရွှယ်ထံမှ ယခင်က တစ်ခါမှ မမြင်တွေ့ဖူးခဲ့သော ကျောချမ်းဖွယ် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ရုတ်ခြည်း ထွက်ပေါ်လာသည်။
ပိုင်ချူးရန်သည် ခေါင်းလှည့်ကာ စုရှန်ရွှယ်အား အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်မိသည်။ သူမ ဘာကြောင့် ရုတ်တရက် ဤမျှလောက် ဒေါသထွက်သွားရသည်ကို သူ နားမလည်နိုင်ချေ။ ဒူးတစ်ဖက်ထောက်ထားသော ဟယ်ဟွမ်ဂိုဏ်းမှ တပည့်မှာမူ စုရှန်ရွှယ်၏ သတ်ဖြတ်လိုသော အငွေ့အသက်များကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ ချွေးသီးချွေးပေါက်များပင် ကျလာခဲ့၏။
လေးနက်တင်းမာသော လေထုမှာ အချိန်အတန်ကြာသည်အထိ ကြီးစိုးနေခဲ့ပြီးနောက် စုရှန်ရွှယ်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး အေးစက်စွာ မေး၏။ "ဘာဖြစ်တာလဲ။"
အကယ်၍ ဤတပည့်သည် အသေးအဖွဲ ကိစ္စရပ်အချို့ကြောင့် သူမ၏ အရေးကြီးသော အလုပ်ကို လာရောက်နှောင့်နှေးစေခြင်းသာ ဖြစ်မည်ဆိုပါက ဤတစ်ကြိမ်တွင် နတ်ဆိုးကျင့်ကြံသူတစ်ဦး လုပ်သင့်လုပ်ထိုက်သည့် အရာတစ်ခုခုကို ရက်ရက်စက်စက် လုပ်ဆောင်မည်ဟု သူမ စိတ်ပိုင်းဖြတ်လိုက်သည်။
ကာမသုတြာမ်ဂိုဏ်း၏ တပည့်သည် ခေါင်းငုံ့ကာ တိုးညင်းတုန်ယင်သော အသံဖြင့် ပြန်လည်ဖြေကြား၏။ "ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။ နတ်ဆိုးမိစ္ဆာနယ်မြေကနေ ကျွန်မတို့ကို စစ်ပွဲ စတင်ဆင်နွှဲနေပါပြီ။"
"နင် ဘာပြောလိုက်တာ။"
ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့က ပြိုင်တူ ရေရွတ်လိုက်ကြ၏။
"လင်းကျိုးကနေ ပြန်ပို့လိုက်တဲ့ သတင်းတွေအရ မနေ့ညက နတ်ဆိုးတပ်ဖွဲ့တွေက လင်းကျိုး အာကာသအက်ကွဲကြောင်းအနီးက လူသားမြို့ရွာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့တချို့ကို ထိန်းချုပ်လိုက်ပါပြီ။ အဲဒီမှာ စောင့်ကြပ်နေတဲ့ ရှန်ဝူ ကောင်းကင်စစ်တပ် အဖွဲ့ခွဲက သူတို့နဲ့ ခဏတာ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ အခုတော့ နှစ်ဖက်တပ်တွေက လင်းကျိုးက အက်ကွဲကြောင်းလွင်ပြင်မှာ မျက်နှာချင်းဆိုင် စစ်ပွဲစဖို့ ပြင်နေကြပါတယ်။"
ဟယ်ဟွမ်ဂိုဏ်း၏ တပည့်က အလျင်အမြန်ပင် ဆက်လက်သတင်းပို့လာသည်။
"သတင်းအရင်းအမြစ်ကို ရှန်ဝူ ကောင်းကင်စစ်တပ် အဖွဲ့ခွဲကနေ တရားဝင် လမ်းကြောင်းတွေကတစ်ဆင့် ပေးပို့ခဲ့တာဖြစ်လို့ ယုံကြည်စိတ်ချရပါတယ်။"
"ဒါက နတ်ဆိုးမျိုးနွယ်စုထဲက နတ်ဆိုးဘုရင် တစ်ပါးပါးရဲ့ ကိုယ်ပိုင်သဘောနဲ့ လုပ်ရပ်လား၊ ဒါမှမဟုတ် အားလုံး ပူးပေါင်းကြံစည်တာလား။" ပိုင်ချူးရန်က မေး၏။
"မသိရသေးပါဘူး။ နတ်ဆိုးမျိုးနွယ်တွေ ကိုင်ဆောင်ထားတဲ့ အလံကတော့ တစ်မျိုးနွယ်လုံးကို ကိုယ်စားပြုတဲ့ အလံဖြစ်နေပါတယ်။"
တပည့်ဖြစ်သူက ပြန်ဖြေ၏။ ပိုင်ချူးရန် ခေတ္တမျှ စဉ်းစားလိုက်ပြီး ချက်ချင်း မတ်တပ်ရပ်ကာ စုရှန်ရွှယ်အား ပြောလိုက်သည်။
"တောင်းပန်ပါတယ်။ ဒီနေ့ စားသောက်လို့ အဆင်မပြေတော့ဘူး ထင်တယ်။ ငါ ပြန်လာတဲ့အခါကျရင် မင်းကို ပြန်ပြီး ဒကာခံပါ့မယ်။"
စုရှန်ရွှယ်ကလည်း သူ့အား တားဆီးမနေတော့ဘဲ ခေါင်းသာညိမ့်၏။ "ရှင် အရင်သွားနှင့်လိုက်ပါ။ ကျွန်မ ဒီက ကိစ္စတွေကို စီစဉ်ပြီးတာနဲ့ နောက်ကနေ လိုက်လာခဲ့မယ်။"
ပိုင်ချူးရန် ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။ တံခါးဝမှ သူ၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ စုရှန်ရွှယ် လိုက်လံကြည့်ရှုမိ၏။ ခေတ္တအကြာတွင် ခြံဝင်း၏ နောက်ဘက်ရှိ ထောင့်တစ်နေရာမှ ယိုမေ့ချောင် ထွက်လာခဲ့ပြီး လျှာလေးထုတ်ကာ တိုးညင်းစွာ ပြောသည်။ "ဆရာ။ ကျွန်မတို့ ကျရှုံးသွားပြီ။"
စုရှန်ရွှယ်က သူမအား စိုက်ကြည့်နေသည်ကို မြင်သောအခါ သူမသည် အိတ်ကပ်ထဲမှ ကျောက်စိမ်းပုလင်းငယ် တစ်လုံးကို ကမန်းကတန်း ထုတ်ယူ၏။
"ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီတစ်ကြိမ်တော့ ကျီရှန်း လိုဏ်ဂူစံအိမ်ထဲက ဖော်စပ်နည်းကို အခြေခံပြီး ပိုပြီးပြင်းထန်တဲ့ ဆေးတစ်ပုလင်းကို ကျွန်မ ဖော်စပ်ထားပါတယ်။ အဲဒါကို နာရီဝက်အတွင်း အိပ်ပျော်စေတဲ့ လက်ဖက်ရည်ကြမ်းလို့ နာမည်ပေးထားတယ်။"
"ထားလိုက်တော့ မေ့ချောင်။ ငါ ဒါတွေ မလိုအပ်တော့ဘူး။" စုရှန်ရွှယ်က ရုတ်တရက် ပြတ်သားစွာ ပြောလာ၏။
"အာ... ဆရာ..."
ယိုမေ့ချောင်သည် သူမ၏ လက်ကို လိမ္မာပါးနပ်စွာ အောက်ချလိုက်ပြီး တိုးညင်းစွာ မေးသည်။ "ဆရာ လက်လျှော့လိုက်တော့မလို့လား။"
"လက်လျှော့ရမယ် ဟုတ်လား။ စုရှန်ရွှယ်ရဲ့ အဘိဓာန်မှာ အဲဒီစကားလုံး လုံးဝမရှိဘူး။"
စုရှန်ရွှယ်သည် သူမ၏ ရင်ဘတ်ကို မတ်မတ်ထားကာ မာနအပြည့်ဖြင့် ပြောသည်။ "ငါ ဆုံးဖြတ်လိုက်ပြီ။ ဆေးခတ်တာတွေ၊ ထမင်းစားဖိတ်တာတွေ အားလုံးက လှည့်ကွက်တွေချည်းပဲ။ စုရှန်ရွှယ်မှာ စုရှန်ရွှယ်ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်။ မေ့ချောင်... ငါ မရှိတဲ့ အချိန်အတွင်းမှာ ကာမသုတြာဂိုဏ်းရဲ့ ကိစ္စရပ်အားလုံးကို နင့်ဆီမှာ အပ်ထားခဲ့မယ်။ အကြီးအကဲတချို့ကိုလည်း နင့်ကို အကူအညီပေးဖို့ ငါ တာဝန်ချထားပေးခဲ့မယ်။"
"ဘယ်လို"
ယိုမေ့ချောင်မှာ ချက်ချင်း တုံ့ပြန်နိုင်ခြင်း မရှိတော့ချေ။
"အဲဒီ သစ်တုံးအိုကြီးက အပျော့ဆွဲလည်း မရဘူး။ အကြမ်းပတမ်းလည်း လက်မခံဘူးလေ။"
စုရှန်ရွှယ်သည် အံ့ကို တင်းတင်းကြိတ်ကာ ဆက်ပြော၏။ "ကောင်းပြီ။ ဒီတစ်ကြိမ်တော့ ငါ့ရဲ့ မျက်နှာကို ဘေးဖယ်ထားလိုက်တော့မယ်။ ဘာမှ ဣန္ဒြေဆယ်မနေတော့ဘူး တိုက်ရိုက်ပဲ ပွင့်ပွင့်လင်းလင်း ရင်ဆိုင်လိုက်တော့မယ်။ သူ ဘယ်လို ရှောင်နိုင်မလဲ ကြည့်ကြသေးတာပေါ့။"