အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
အခန်း (၂၁၃) နတ်ဆိုးမျိုးနွယ်တွေရဲ့ လှုပ်ရှားမှုများ
လင်းကျိုးပြည်နယ်သည် ကျိုကျိုးဒေသဆယ်ခု၏ အရှေ့ဘက်အကျဆုံး နယ်နိမိတ်ဖြစ်ပြီး အရှေ့ဘက်စွန်းရှိ တုန်းလင်းဒေသထက်ပင် ပို၍ အစွန်အဖျားကျ၏။
ဤနေရာသည် တစ်ချိန်က ကျိုကျိုးဒေသဆယ်ခုတွင် အစည်ကားဆုံးသော ပြည်နယ်တစ်ခု ဖြစ်ခဲ့ဖူးသည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ဖြစ်ပွားခဲ့သည့် နတ်ဆိုးများ၏ ကျူးကျော်စစ်ပွဲအတွင်း ဤဒေသခံများသည် နတ်ဆိုးများ၏ သွေးချောင်းစီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ကြရ၏။ စစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက် နှစ်ပေါင်း တစ်ထောင်ကျော်ကြာ ပြန်လည်ထူထောင်ခဲ့ရသဖြင့် ၎င်း၏ သက်ဝင်လှုပ်ရှားမှုမှာ တဖြည်းဖြည်း ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်သော်ငြား ယခင်ကကဲ့သို့ စည်ကားသိုက်မြိုက်သော အခြေအနေမျိုးသို့မူ လုံးဝ ပြန်မရောက်နိုင်တော့ချေ။
ကျိုကျိုးဒေသဆယ်ခုနှင့် နတ်ဆိုးမိစ္ဆာနယ်မြေအကြားရှိ နယ်နိမိတ်မျဉ်းမှာလည်း ဤနေရာတွင်ပင် တည်ရှိသည်။ နတ်ဆိုးမိစ္ဆာနယ်မြေသည် သီးခြား ဟင်းလင်းပြင်နယ်မြေတစ်ခုတွင် တည်ရှိနေသော်လည်း ၎င်းနှင့် ချိတ်ဆက်ထားသော ဟင်းလင်းပြင်အက်ကွဲကြောင်းမှာ လင်းကျိုးပြည်နယ်၏ အစွန်အဖျားတွင် တည်ရှိနေသည်။ နတ်ဆိုးမိစ္ဆာနယ်မြေအတွင်း၌ ဟင်းလင်းပြင်ကို တိုက်ရိုက်ဖောက်ထွင်းကာ ကူးပြောင်းနိုင်သော အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်မျိုး ရှိမနေခဲ့လျှင် ထိုဘက်မှလူများသည် ဤအက်ကွဲကြောင်းမှတစ်ဆင့်သာ ဖြတ်သန်းလာနိုင်ပြီး လင်းကျိုး၏ အစွန်အဖျားတွင်သာ ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။
သို့သော် လတ်တလောအချိန်တွင် ကျိုကျိုးဒေသဆယ်ခုအတွင်း၌ မည်သူမျှ ထိုသို့ မလုပ်ဆောင်နိုင်သေးပေ။ ပိုင်ချူးရန်သည်လည်း မြေကမ္ဘာအင်မော်တယ်များကို ဤကိစ္စနှင့်ပတ်သက်၍ မေးမြန်းဖူးသည်။ အဆင့်အမြင့်ဆုံးဖြစ်သော မဟာပြည့်စုံခြင်းအဆင့် မြေကမ္ဘာအင်မော်တယ် တစ်ပါးဖြစ်နေလျှင်တောင်မှ နယ်မြေနှစ်ခုကြားတွင် ဖောက်ထွင်းကူးလူးသွားလာရန်မှာ လုံးဝမဖြစ်နိုင်ကြောင်း သိရ၏။
ကောင်းကင်ဘုံ၏ အကာအကွယ်ကို ရရှိထားပြီး ကောင်းကင်ဘုံ၏ တာဝန်ကို ထမ်းဆောင်ရသော တမလွန်တမန်တော် ယင်ချိုက်များမှလွဲ၍ ဤကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိသူများမှာ အင်မော်တယ်လောကမှ အလွန်အစွမ်းထက်သော ထိပ်သီးပုဂ္ဂိုလ်များသာ ဖြစ်ရပေမည်။
သဘာဝကျကျပင် နတ်ဆိုးမိစ္ဆာနယ်မြေတွင် ထိုသို့သောသူမျိုး မရှိခဲ့ပေ။ ယခင်က ရှိခဲ့ကောင်း ရှိနိုင်သော်လည်း ယခုအခါတွင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့မဟုတ်ပါက ပိုင်ချူးရန်က နတ်ဆိုးမင်းသားကို သတ်ဖြတ်ပြီး နတ်ဆိုးဧကရာဇ်၏ ဂူသင်္ချိုင်းရှေ့တွင် နတ်ဆိုးအရှင်သခင်အား အပြတ်အသတ် ရိုက်နှက်နေခဲ့သည်ကို သူတို့ ရပ်ကြည့်နေခဲ့ကြမည် မဟုတ်ချေ။
ဤကဲ့သို့သော နယ်စပ်ဒေသမျိုးတွင် တပ်စွဲထားသော ကာကွယ်ရေးတပ်ဖွဲ့များ ရှိနေသည်မှာ သဘာဝပင်ဖြစ်သည်။ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ကြား နောက်ဆုံးအကြိမ် စစ်ပွဲဖြစ်ပွားပြီးကတည်းက အမှန်တရားမဟာမိတ်အဖွဲ့မှ ဂိုဏ်းများသည် ရှန်ဝူ ကောင်းကင်စစ်တပ်၏ ညှိနှိုင်းစီစဉ်မှုအောက်တွင် ဤနေရာကို စောင့်ကြပ်ရန် လူများကို စေလွှတ်ထားခဲ့ပြီး ဖြစ်လာနိုင်ချေရှိသော တိုက်ခိုက်မှုများကို ကာကွယ်ရန် ဆယ်စုနှစ်အနည်းငယ်တိုင်း တစ်ကြိမ် အလှည့်ကျစနစ်ဖြင့် တာဝန်ယူခဲ့ကြ၏။
ဤတစ်ကြိမ် နတ်ဆိုးမျိုးနွယ်များ၏ ရုတ်တရက် တိုက်ခိုက်မှုမှာ လုံးဝ မျှော်လင့်မထားသောအရာဖြစ်ပြီး တပ်စွဲထားသူများအားလုံးသည်လည်း ရှန်ဝူ ကောင်းကင်စစ်တပ်မှ ထိပ်တန်းများ မဟုတ်ကြပေ။ အခြားဂိုဏ်းငယ်များမှ လူများစွာလည်း ပါဝင်နေသောကြောင့် ရုတ်တရက် အငိုက်မိကာ မြို့အချို့ကို လက်လွှတ်လိုက်ရခြင်းဖြစ်သည်။
ဤမြို့များကို ဂိုဏ်းငယ်လေးများမှ တပည့်များက ပူးပေါင်းတပ်စွဲထားခြင်းပင်။ သူတို့၏ အရေအတွက်မှာလည်း မများပြားသလို ကျင့်ကြံခြင်းအဆင့်များမှာလည်း အလွန်မြင့်မားလှသည် မဟုတ်ပေ။ ထို့အပြင် ကျင့်ကြံသူများ၏ ဖွဲ့စည်းပုံနှင့် စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် နတ်ဆိုးမျိုးနွယ်များ၏ စနစ်ကျသော စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံချိန်တွင် ချက်ချင်းဆိုသလိုပင် ဆုတ်ခွာခဲ့ကြရသည်။
သို့သော်ငြား နတ်ဆိုးမျိုးနွယ်များ လှုပ်ရှားလာသည်နှင့် ရှန်ဝူ ကောင်းကင်စစ်တပ်မှ လူများသည်လည်း ချက်ချင်းပင် တုံ့ပြန်လှုပ်ရှားလာခဲ့ကြပြီး ယခုအခါတွင် နှစ်ဖက်တပ်များသည် နယ်စပ်အနီးတွင် နေရာယူကာ မျက်နှာချင်းဆိုင် စစ်ပွဲစရန်ပြင်နေ၏။
လက်ရှိ လင်းကျိုးတွင် စောင့်ကြပ်နေသော ရှန်ဝူ ကောင်းကင်စစ်တပ်၏ တပ်မှူးမှာ ထျန်းတောက် တပ်စခန်းမှ တပ်မှူး ကျောက်ရွေ့ကျီဖြစ်သည်။ ထျန်းတောက် တပ်စခန်းသည် ရှန်ဝူ ကောင်းကင်စစ်တပ်၏ တပ်စခန်းငါးခုတွင် အဆင့်သုံး နေရာ၌ တည်ရှိ၏။ ယေဘုယျအားဖြင့် ထိုတပ်စခန်းသည် ဖူတောက်ကဲ့သို့သော လက်နက်များကို အဓိက လက်နက်များအဖြစ် ကိုင်ဆောင်လေ့ရှိ၏။
ပိုင်ချူးရန်သည် တပ်မှူးကို သွားရောက်တွေ့ဆုံချိန်တွင် တပ်မှူးမှာ အနီးနားရှိ ကင်းမျှော်စင်ပေါ်မှ လှည့်လည်စစ်ဆေးရာမှ ယခုလေးတင် ပြန်ရောက်လာခြင်း ဖြစ်သည်။ သူ၏ ကွပ်ကဲမှုစခန်းအပြင်ဘက်တွင် ပိုင်ချူးရန် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသောအခါ ရှန်ဝူ ကောင်းကင်စစ်တပ်မှ တပ်မှူးသည် အချိန်မဆွဲရဲတော့ဘဲ ပိုင်ချူးရန်အား အထဲသို့ အမြန်ဖိတ်ခေါ်၏။
"စီနီယာ ဓားဘိုးဘေး။ ကျေးဇူးပြုပြီး ထိုင်ပါဦး။"
ကျောက်ရွေ့ကျီသည် ပိုင်ချူးရန်အား ကွပ်ကဲမှုစခန်းအတွင်း၌ နေရာထိုင်ခင်းပေးပြီးနောက် မေးသည်။ "စီနီယာ ဓားဘိုးဘေး။ မဟာမိတ်ခေါင်းဆောင်ဆီက သတင်းရထားပြီးပြီ မဟုတ်လား။"
"အင်း။"
ပိုင်ချူးရန်က ခေါင်းညိတ်သည်။ "ဒီကိုလာတဲ့ လမ်းမှာပဲ သတင်းရခဲ့တာ။"
အခန်း (၂၁၄) နတ်ဆိုးမျိုးနွယ်တွေရဲ့ လှုပ်ရှားမှုများ [၁]
နတ်ဆိုးဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့တွင် နတ်ဆိုးခေါင်းဆောင်တစ်ဦး ရှိသကဲ့သို့ အမှန်တရားမဟာမိတ်အဖွဲ့တွင်လည်း ခေါင်းဆောင်တစ်ဦး ရှိစမြဲပင်ဖြစ်သည်။ လတ်တလောတွင် ယင်လင်းဂိုဏ်း၏ ဂိုဏ်းချုပ် နတ်ဘုရားဟစ်ကြွေးသံ အဘိုးကြီးကဲ့သို့ပင် ပိုင်ချူးရန်သည် အမှန်တရားမဟာမိတ်ဂိုဏ်းတွင် ခြိမ်းခြောက်နိုင်စွမ်းရှိသော ဗျူဟာမြောက် လက်နက်ကြီးတစ်ခုဟု ရည်ညွှန်းနိုင်၏။ ပုံမှန်အားဖြင့် သူ့အား မဟာမိတ်ခေါင်းဆောင်ကသာ လှုပ်ရှားစေနိုင်သည်။ သေချာသည်မှာ ထိုကဲ့သို့ ခိုင်းစေခြင်းမှာ အမည်ခံမျှသာ ဖြစ်သော်လည်း ပိုင်ချူးရန်သည် ယေဘုယျအားဖြင့် ခေါင်းဆောင်၏ မျက်နှာကို ထောက်ထားပေးလေ့ရှိ၏။
အမှန်တရားမဟာမိတ်အဖွဲ့၏ လက်ရှိခေါင်းဆောင်ရာထူးကို လူကြိုက်အများဆုံးဖြစ်သော ထျန်းရှန်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောက်စိမ်းမျက်နှာ ဗုဒ္ဓက တာဝန်ယူထား၏။ နတ်ဆိုးမဟာမိတ်အဖွဲ့၏ ပထမဆုံး နတ်ဆိုးအရှင်သခင်မှာ စုရှန်ရွှယ် ဖြစ်သင့်ခဲ့သော်ငြား သူမက ငြင်းဆန်ခဲ့သည်။ ထို့နောက် သွေးနတ်ဘုရားဂိုဏ်း၏ အကြွင်းအကျန်များ တက်လာခဲ့သော်လည်း ပိုင်ချူးရန်က အကုန်သတ်ဖြတ်ခဲ့သောကြောင့် လက်ရှိအချိန်တွင် ယင်လင်းဂိုဏ်းမှ နတ်ဘုရားဟစ်ကြွေးသံ အဘိုးကြီးအား တာဝန်ယူခိုင်းထားရခြင်းပင်။
ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ပတ်သက်၍မူ ဆရာနှင့်တပည့် နှစ်ယောက်စလုံးမှာ အားကိုးရသည့် သူများမဟုတ်ကြချေ။ တစ်ယောက်က နေ့တိုင်း ဟိုပြေးဒီလွှားသွားကာ အရက်သောက်ဖို့နှင့် တိုက်ခိုက်ဖို့ လူလိုက်ရှာနေပြီး နောက်တစ်ယောက်က သူမ၏ ရုပ်ရည်အသွင်အပြင်မှလွဲ၍ အတွင်းစိတ်မှာ တကယ့်ယောက်ျားကြီးတစ်ယောက်ပမာထင်ရ၏။
မူလတွင် အမှန်တရားမဟာမိတ်ဂိုဏ်းက ခေါင်းဆောင်ကို ရွေးချယ်စဉ်က ဂိုဏ်းငါးခုစလုံးသည် ပိုင်ချူးရန်အား ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း ရွေးကောက်တင်မြှောက်ခဲ့ကြ၏။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ချီသန့်စင်ခြင်းအဆင့်ဖြစ်သောကြောင့် နိမ့်ကျလွန်းသည်ဟူသော အကြောင်းပြချက်ကိုပြကာ ငြင်းပယ်ခဲ့သည်။ ထို့နောက်တွင်မှ လူတိုင်းသည် ဂိုဏ်းငါးခုထဲမှ ပြန်လည်ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ဂိုဏ်းငါးခုအနက် ရှန်ဝူ ကောင်းကင်စစ်တပ်၏ တပ်မှူးချုပ် ကျောက်ထျန်းကျုံးသည် စစ်သားစစ်စစ် တစ်ယောက်ဖြစ်ပြီး ရွှမ်ဖာ ပညာရပ်ကျောင်းတော်၏ ကျောင်းအုပ်ကြီး ချိုးယွီရွှမ်းမှာ နည်းပညာကိုသာ ရူးသွပ်သူတစ်ဦး ဖြစ်သည်။ ထို့အပြင် ရှန်းချန်ယွီလုံ၏ အရှင်သခင် ပန်းကျွယ်မှာလည်း ခေါင်းဆောင်တစ်ဦးထက်စာလျှင် စီးပွားရေးသမားတစ်ဦးနှင့် ပိုတူနေ၏။
ရလဒ်အနေဖြင့် လူတိုင်းက ရွေးချယ်ရာတွင် နာမည်ကျော်ကြားပြီး သြဇာကြီးမားကာ ပြဿနာရပ်များနှင့် ရင်ဆိုင်ရချိန်တွင် တည်ငြိမ်မှုရှိသော ကျောက်စိမ်းမျက်နှာ ဗုဒ္ဓကိုသာ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြ၏။
မူလက ကျူးယွင်ကျီမှာ ခေါင်းဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းများမှာလည်း အလွန်ကောင်းမွန်ခဲ့သော်လည်း ကူကယ်ရာမဲ့စွာဖြင့် သူက ရွံရှာစရာကောင်းအောင် ပြုမူတတ်ပြီး လုပ်ဖော်ကိုင်ဖက်များစွာကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ သူသည် ပေါ့တီးပေါ့ကရ နေတတ်ပြီး သာမန်လူတစ်ယောက်လိုသာ အသွင်အပြင်ရှိသည်။ ထို့ကြောင့် မဲခွဲဆုံးဖြတ်ရာတွင် ခေါင်းဆောင်အဖြစ် အရွေးမခံရရုံသာမက သူရရှိခဲ့သော တစ်ခုတည်းသောမဲမှာ သူကိုယ်တိုင် ပေးခဲ့သောမဲသာ ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အလွန် သနားစရာကောင်းလှ၏။
"ကျွန်တော် စုံစမ်းဖို့ သူလျှိုတွေ စေလွှတ်ထားပါတယ်။ ဒီတစ်ကြိမ်မှာ နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ကို တကယ် တိုက်ခိုက်ချင်တာ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။"
ကျောက်ရွေ့ကျီသည် အချိန်မဖြုန်းတော့ဘဲ အလုပ်ကိစ္စကို ချက်ချင်း စတင်ပြောဆို၏။
"ဟုတ်လား။"
ပိုင်ချူးရန်က မျက်ခုံးပင့်ကာ မေးသည်။ "ဘာလို့ အဲဒီလိုမြင်တာလဲ။"
"ကျွန်တော်က နတ်ဆိုးမျိုးနွယ်တွေ ကျူးကျော်လာတဲ့ ခေတ်ကာလကို မဖြတ်သန်းခဲ့ရဘူး။ ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်တွေကို ကာကွယ်ဖို့အတွက်၊ သူတို့နဲ့ပတ်သက်သမျှ တိုက်ပွဲမှတ်တမ်းတွေ အားလုံးကို ကျွန်တော် ဖတ်ရှုပြီး သေချာ သုတေသနပြုလုပ်ထားပါတယ်။ နတ်ဆိုးတွေမှာ လူသားတွေအပေါ် မွေးရာပါ အထင်အမြင်သေးတဲ့ စိတ်ထားရှိတယ်။ သူတို့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ မြို့တွေက သာမန်လူသားတွေကို ကျေးကျွန်အဖြစ် ဆက်ဆံကြပြီး အရန်အစားအစာအဖြစ် သိမ်းဆည်းထားတတ်ကြတယ်။"
ကျောက်ရွေ့ကျီ ပြောပြသောအရာများကို ပိုင်ချူးရန်လည်း ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးသောကြောင့် ခေါင်းညိတ်ထောက်ခံ၏။
"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူလျှိုတွေ တင်ပြလာတဲ့ အခြေအနေတွေအရဆိုရင် နတ်ဆိုးတွေ သိမ်းပိုက်ထားတဲ့ မြို့တွေမှာ လူသားတွေကို အရှက်ခွဲ၊ အနှောင့်အယှက်ပေးတာမျိုး လုံးဝမလုပ်ဘဲ၊ အရသာရှိတဲ့ အစားအသောက်တွေတောင် ကျွေးမွေးထားကြတယ်။ အောက်ခြေအဆင့် နတ်ဆိုးတွေကတောင် လူတွေကို အကြမ်းဖက်တာမျိုး မရှိဘူး။ ပထမဆုံး အကြိမ် ပဋိပက္ခဖြစ်တုန်းက သေဆုံးသွားခဲ့တဲ့ ကျင့်ကြံသူ နည်းနည်းကလွဲရင် ဒီတစ်ကြိမ်မှာ သာမန်လူတွေ သေဆုံးတာမျိုး မရှိသလောက်ပါပဲ။"
ကျောက်ရွေ့ကျီက စိုးရိမ်တကြီး ဆက်ပြောသည်။ "သူတို့က ကျွန်တော်တို့ကို တစ်ခုခု သက်သေပြချင်နေသလိုပဲ ခံစားရတယ်။ ဒီတစ်ကြိမ်မှာ သူတို့က ရန်သူတွေ မဟုတ်ဘူးဆိုတာကို ဖော်ပြနေသလိုမျိုးလေ"
"အစကတည်းက ဒီတစ်ခေါက် နတ်ဆိုးစစ်တပ်ရဲ့ လှုပ်ရှားမှုက အရမ်းကို ထူးဆန်းနေခဲ့တာ။"
ပိုင်ချူးရန်က လေးနက်စွာ ပြော၏။ "နတ်ဆိုးဧကရာဇ် သေသွားပြီဆိုတာ မင်းသိလား။"
"ဗျာ။"
ကျောက်ရွေ့ကျီ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အလွန်တုန်လှုပ်သွားသည်။
"နတ်ဆိုးဧကရာဇ် သေသွားပြီလား"
ပိုင်ချူးရန် ခေါင်းညိတ်သည်။ စုရှန်ရွှယ်၏ သတင်းမှာ ပထမအဆင့်ရှိသော သတင်းဖြစ်ပုံရပြီး နတ်ဆိုးမိစ္ဆာနယ်မြေအတွင်းတွင် သူမ၏ သတင်းကွန်ရက်က ပိုမိုမြန်ဆန်တိကျကြောင်း ထင်ရှားပေသည်။
"နတ်ဆိုးဧကရာဇ် သေသွားပြီဆိုရင်တောင် ဒီနတ်ဆိုးတွေက လူသားတွေကို ဆန့်ကျင်တိုက်ခိုက်ရဲသေးတယ်ပေါ့။"