အခန်း (၉-၁၀)
Vol. 1 Ch. 9-10
၉။ ညဘက်စကားဝိုင်း
ထိုညတစ်ညလုံး မည်မျှသောသူတို့ အိပ်မပျော်ဘဲ ရှိနေကြမည်ကို မသိနိုင်ပေ။
ချန်ချင်းယွီသည် အရိုက်ခံရသဖြင့် မျက်နှာတစ်ခုလုံး ဖူးယောင်နေသော ယောက္ခမဖြစ်သူကို တွဲကူကာ အိမ်သို့ပြန်လာခဲ့သည်။ သူမ၏ ကျောခိုင်းလိုက်သော နောက်ကျောပြင်မှာ တစ်ကိုယ်တည်း အထီးကျန်ကာ သေးသွယ်၍ သနားဂရုဏာသက်ဖွယ်တည်း။
အခြားသူများမှာလည်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်စုဖြင့် ယနေ့ဖြစ်ပျက်ခဲ့သော အတင်းအဖျင်းများကို ပြောဆိုနေကြပြီး တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးနေကြ၏။
"အဘွားကြီးကျောက်ကတော့ တစ်နေ့ထက်တစ်နေ့ အရှက်မရှိတက်လာတာပဲ၊ တကယ်ကို အတင်းအဓမ္မ အကြီးအကျယ် တောင်းရဲတာပဲ"
"လင်းကျန့်ဝမ်ရဲ့ ဇနီးလေးကလည်း တကယ်ကို မလွယ်ရှာပါဘူး၊ ဒီလိုလူမျိုးနဲ့ လာတွေ့ရတာ... မနေချင်တော့တာလည်း မဆန်းပါဘူးလေ..."
"ဒီဇနီးလေးကလည်း ကံဆိုးရှာပါဘိ..."
"ဘာကံဆိုးတာလဲ၊ ငါကြည့်ရတာတော့ အဘွားကြီးကျောက် ဆဲတာလည်း မှန်တာပဲ၊ သူက နိမိတ်မရှိတဲ့ ကံဆိုး... အွန်း... အွန်း... ငါ့ပါးစပ်ကို ဘာလို့ လာပိတ်တာလဲ!"
"မင်းကလည်း... ခေတ်နောက်ပြန်ဆွဲတဲ့ အယူအသီးတွေကို လျှောက်မပြောစမ်းနဲ့၊ သူစိမ်းတွေ ကြားသွားရင် ပြဿနာတက်ကုန်ဦးမယ်..."
ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမအကြောင်းကို ပြောဆိုသူများ ရှိသကဲ့သို့ အခြားသော အိမ်နီးနားချင်းများအကြောင်း၊ အထူးသဖြင့် ကျန်းမိသားစုအကြောင်းကို ပြောဆိုသူများလည်း မနည်းလှပေ။
"မင်းစဉ်းစားကြည့်စမ်း... အရင်က အဘွားကြီးဟွမ်ကို ကြည့်ရင် ပါးစပ်သရမ်းတယ်လို့ပဲ ထင်ခဲ့တာ၊ အခုလို လက်ပါကြမ်းမယ်လို့ မထင်ထားမိဘူး။ အဘွားကြီးကျောက်တောင် အတော်လေး အထိနာသွားတာပဲ။ တကယ်ကို လူကို အပေါ်ယံကြည့်လို့ မရဘူးပဲ"
"ငါကတော့ အဘွားကြီးဟွမ်က သိပ်ပြီး အေးဆေးတဲ့သူမဟုတ်မှန်း ကြိုသိသားပဲ။ နေ့တိုင်း ဟိုအိမ်အကြောင်း ဒီအိမ်အကြောင်း လျှောက်ပြောနေကတည်းက လူက သိပ်မကောင်းမှန်း သိသာပါတယ်။ သူ့သားတောင် သူ့ကြောင့် ကွာရှင်းလိုက်ရတာလေ။ ပြောရရင် ဒီနေ့ကိစ္စက အဘွားကြီးကျောက်ကိုပဲ အပြစ်ပုံချလို့ မရဘူး၊ အဘွားကြီးဟွမ်ကလည်း လူကို အလကားနေရင်း စွပ်စွဲလွန်းတာကိုး။ လူသတ်သမားဆိုတဲ့ နာမည်ဆိုးကို ဘယ်သူက ခေါင်းခံချင်မှာလဲ?"
"နောင်ဆို အဘွားကြီးဟွမ်ကို လွယ်လွယ်နဲ့ မစရဲတော့ဘူး။ အဘွားကြီးကျောက်လို လူတောင် မျက်နှာကြီး ဖူးယောင်သွားအောင် အရိုက်ခံရတာဆိုတော့ သူက တကယ် မခေဘူးပဲ"
အချို့ကလည်း အရိုက်ခံရသဖြင့် လျော်ကြေး ငါးဆယ်ရသည့်ကိစ္စကို ပြောဆိုနေကြ၏။
"ငါးဆယ်တောင်လေ... အမလေး ငါးဆယ်တောင်ပဲ! အရိုက်ခံရတာ တကယ်ကို တန်လိုက်တာ။ ဒီလို အခွင့်အရေးမျိုး ငါတို့အိမ်ကျမှ ဘာလို့ မကြုံရပါလိမ့်"
"ဟုတ်ပါ့... ငါသာဆိုရင်တော့ အပိုင်ကို အရိုက်ခံလိုက်မှာ၊ ရိုက်ရုံလေးနဲ့တော့ မသေနိုင်ပါဘူး။ ငါးဆယ်ဆိုရင် ငါတို့မိသားစု တစ်လစာ စားလို့ရတာပဲ။ နောက်တစ်ခါကျရင် ကျန်းရှင်းဖှကို သွားပြီး အကွက်ဆင်ကြည့်ရမလား? သူတို့အိမ်က ပိုက်ဆံပေးရမှာကို တကယ် ဝန်မလေးဘူးပဲ"
"ကျန်းရှင်းဖှကလည်း ကွာရှင်းထားတဲ့ လူလွတ်ဆိုတော့ သူ့ သမီးလေးကို အဘွားကြီးလက်ထဲ ထည့်ထားပြီး ပိုက်ဆံတွေကို သူ့ဘာသာသူ သုံးနေတာပဲ၊ ပိုက်ဆံရှိတာလည်း မဆန်းပါဘူး..."
စင်စစ်သော်ကား ယနေ့ည၏ ဆူညံပွက်လောရိုက်မှုများအပြင် လူအများ စိတ်ဝင်တစား ဆွေးနွေးနေကြသည့် အခြားအကြောင်းအရာတစ်ခုမှာ အလုပ်အကိုင်နေရာကိစ္စပင် ဖြစ်ပေသည်။ သို့သော် ဤစကားကိုမူ အပြင်ဘက်တွင် ဗြောင်ကျကျ မပြောရဲကြပေ။ အစ်မကြီးဖန်ဆိုလျှင် အိမ်ထဲသို့ ရောက်သည်နှင့် မျက်နှာတစ်ခုလုံး ပုတ်သိုးနေကာ အလွန်ပင် မကျေမနပ် ဖြစ်နေလေ၏။
"မာကျန့်ယီဆိုတဲ့ အမင်္ဂလာကောင်... ဒီကိစ္စမှာ သူနဲ့ ဘာဆိုင်လို့လဲ၊ ဘာလို့ လူကောင်းလုပ်ချင်နေရတာလဲ? လူကို အလုပ်ထိသွားပို့ပေးမယ်ဆိုပြီး သူ့ကိုယ်သူ ဖော်ပြနေတာ တကယ်ကို လွန်လွန်းတယ်။ ငါ့ရဲ့ အစီအစဉ်တွေကို အကုန်ဖျက်ဆီးပစ်တာပဲ၊ အခုတော့ ဘယ်လိုလုပ်ရပါ့မလဲ"
သူမ တိုးတိုးတိတ်တိတ် ကျိန်ဆဲနေတော့သည်။
သူမ၏ မိသားစုအပြင် ရှေ့ဝင်းမှ လီချန်ရွှမ်းသည်လည်း အလွန်ပင် စိတ်မသက်မသာ ဖြစ်နေရ၏။သူ၏ သမီးဖြစ်သူ လီလင်းလင်းမှာ ယနေ့တိုင် အလုပ်မရှိသေးသဖြင့် သူသည်လည်း ရွှီကောင်းမင်ကဲ့သို့ပင် လင်းမိသားစု၏ အလုပ်အကိုင်ကို လက်ဝါးကြီးအုပ်ရန် ကြံစည်နေသူ ဖြစ်သည်။ အကယ်၍ လီလင်းလင်းသာ အလုပ်ရသွားခဲ့လျှင် သူတို့အိမ်တွင် အမြဲတမ်းဝန်ထမ်း နှစ်ဦးရှိလာမည် မဟုတ်ပါလား။ ယခုမူ မာကျန့်ယီ၏ ရုတ်တရက် ပြောကြားလိုက်သော စကားများကြောင့် သူလည်း အကြံအစည် ပျက်သွားခဲ့ရ၏။ ကံဆိုးစွာဖြင့် ရေနံဆီမီးအိမ် ကွဲသွားကာ အရှုံးပေါ်ရသည့်အပြင် ဤကိစ္စကပါ အဆင်မပြေသဖြင့် စိတ်ထဲတွင် မတင်မကျ ဖြစ်နေပြီး တတွတ်တွတ် ဆဲရေးနေလေသည်။
"သေချင်းဆိုး... သူတစ်ပါးကိစ္စကို လိုက်ပြီး ပတ်သက်နေတဲ့ လိပ်ကောင်၊ သားသမီးတွေ အားကိုးမရတာလည်း မဆန်းပါဘူး၊ လူယုတ်မာပဲ..."
ဤဝင်းကြီးအတွင်း လင်းမိသားစု၏ အလုပ်အကိုင်ကို မျက်စိကျနေသူမှာ ထိုနှစ်အိမ်တည်း မဟုတ်ပေ။ တစ်ကြိမ်တစ်ခါ အောင်မြင်ခဲ့ဖူးသော ရွှီကောင်းမင်သည်လည်း စိတ်မချမ်းမသာ ဖြစ်နေရသည်။ သူသည် ထိုနည်းလမ်းဟောင်းကိုပင် အသုံးပြုကာ ဒုတိယသား၏ ဇနီးအတွက် အလုပ်အကိုင်တစ်ခု ရှာဖွေပေးရန် ကြံစည်နေသူ ဖြစ်၏။သို့သော် တစ်ဖက်တွင်လည်း အကြံထုတ်ရန် ကြိုးစားသော်လည်း အာရုံစိုက်၍ မရနိုင်ဘဲ ရှိနေသည်။ ခြေထောက်မှာလည်း နာကျင်နေသဖြင့် ကြိတ်၍ကျိန်ဆဲနေ၏။
"တောက်... ဘယ်လူယုတ်မာက ငါ့ခြေထောက်ကို နင်းသွားတာလဲမသိဘူး..."
တတိယဝင်းမှ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ ဇနီးမောင်နှံမှာလည်း အိမ်ပြန်ရောက်သည့်အခါ စကားနည်းသွားကြသည်။ သူတို့၏ ဒုတိယသမီးမှာလည်း မြို့ပေါ်တွင် ဆက်နေနိုင်ရန်အတွက် ဤအလုပ်အကိုင်ကိုပင် မျှော်လင့်နေရသူ ဖြစ်သည် မဟုတ်လော့။
အမှန်စင်စစ် ထိုမိသားစုအချို့သာမကဘဲ...
အချုပ်အားဖြင့်ဆိုရသော် ထိုညတွင် မိသားစုများစွာမှာ အိပ်မပျော်နိုင်ကြဘဲ တစ်တွတ်တွတ် ပြောဆိုနေကြလေသည်။
သို့သော်လည်း လူတိုင်းမေ့လျော့နေသည့် အချက်တစ်ခုမှာ ဤကိစ္စအားလုံး၏ အစသည် ကျန်းရှင်းဖှ အရိုက်ခံရခြင်းမှ စတင်ခဲ့သည်ဟူသော အချက်ပင် ဖြစ်၏။ ကျန်းရှင်းဖှမှာမူ တစ်ကိုယ်လုံး အရိုက်ခံထားရသဖြင့် နာကျင်ကိုက်ခဲနေကာ အိမ်တွင် တအင်းအင်း တအားအား ညည်းတွားရင်း ထိုလူယုတ်မာကို မြေလှန်ကျိန်ဆဲနေလေတော့သည်။
ဆေးရုံသွားရန်၊ ရပ်ကွက်သို့ အကြောင်းကြားရန်နှင့် ရဲစခန်းသို့ တိုင်တန်းရန် ကိစ္စများကိုမူ...
မေ့သွားကြလေပြီ၊ လူတိုင်းက အကုန်မေ့သွားကြလေပြီတကား။
ဘယ်သူမှ ဂရုစိုက်မနေအားပေ။
ဝင်းအတွင်းရှိ လူအများမှာ အိပ်မပျော်နိုင်ကြဘဲ အိမ်အတော်များများတွင် မီးများ လင်းထိန်နေဆဲ ဖြစ်၏။ ချန်ချင်းယွီနှင့် ယောက္ခမဖြစ်သူတို့ အိမ်ထဲသို့ ဝင်လာသည်နှင့် ချန်ချင်းယွီ လက်ဝါးဖြန့်ကာ ပိုက်ဆံတောင်းလေသည်။ အဘွားကြီးကျောက်မှာမူ ချက်ချင်းပင် သောင်းကျန်းတော့မည့် ဟန်ပြင်လိုက်၏။ ဤပိုက်ဆံသည် သူမလက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ရာ မည်သူ့ကိုမျှ ပေးရန် အစီအစဉ်မရှိပေ။
"နင်လို ကောင်မစုတ်လေးက..."
သူမသည် လက်ကိုမြှောက်ကာ ရိုက်ရန် ပြင်သော်လည်း ချန်ချင်းယွီက ပို၍ လျင်မြန်စွာပင် သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ နောက်သို့ အားဖြင့် လိမ်ချိုးလိုက်၍ အဘွားကြီးကျောက်ထံမှ အသံနက်ကြီးဖြင့် အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
"အား!!!"
ချန်ချင်းယွီက အေးစက်စက် လေသံဖြင့်
"ထပ်ပြီး သောင်းကျန်းကြည့်စမ်းပါဦး၊ ရှင့်ကို အစအနမကျန်အောင် နှိပ်ကွပ်ဖို့ နည်းလမ်းတွေ ကျွန်မမှာ အများကြီးရှိတယ်"
အဘွားကြီးကျောက်မှာ တုန်လှုပ်ချောက်ချားသွားကာ
"နင်... နင်က ချန်ချင်းယွီ မဟုတ်ဘူး၊ နင်က ဘယ်သူလဲ! နင်က အသေကောင်ထဲ ဝင်ပူးနေတဲ့ ဝိညာဉ်ဆိုးပဲ... အား!"
ချန်ချင်းယွီက ထပ်မံ၍ အားထည့်လိုက်ပြန်ရာ အဘွားကြီးကျောက်ထံမှ နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်၏။
ချန်ချင်းယွီက ခနဲ့တဲ့တဲ့ ရယ်မောလျက်
"ကြည့်စမ်း... ရှင် ဘယ်လောက်ပဲ အော်အော်၊ ဘယ်သူမှ လာကြည့်မှာ မဟုတ်ဘူး။ လူတိုင်းက ကျွန်မ ရှင့်ကို ဆေးထည့်ပေးနေတယ်လို့ပဲ ထင်နေကြမှာ"
ချန်ချင်းယွီ ပြောသည်မှာ မမှားပေ။ အမှန်တကယ်ပင် လူတိုင်းက ထိုသို့သာ ထင်မှတ်နေကြသည်။ ကြောက်တတ်လှသော မုဆိုးမငယ်လေး ချန်ချင်းယွီသည် သူမ၏ ယောက္ခမကို ပြန်လည် လက်ပါလိမ့်မည်ဟု မည်သူမျှ မယုံကြည်နိုင်ကြပေ။ သူမ ဤအိမ်သို့ ရောက်ရှိလာသည်မှာ တစ်ရက်နှစ်ရက် မဟုတ်သဖြင့် သူမ၏ စရိုက်ကို လူတိုင်း သိထားကြသည် မဟုတ်လော့။
အဘွားကြီးကျောက်ကမူ စိတ်ထဲမှ ကြမ်းတမ်းစွာ ကျိန်ဆဲနေမိ၏။
ဤအိမ်နီးနားချင်းများမှာ တစ်ယောက်မျှ အားကိုး၍ မရပါချေ။
အဘွားကြီးကျောက်သည် များသောအားဖြင့် ကလိမ်ကကျစ် လုပ်တတ်သူ ဖြစ်သော်လည်း ယခုမူ အသံအကျယ်ကြီး မထွက်ရဲတော့ပေ။
လူများ ရောက်မလာခင်မှာပင် သူမ အသက်ထွက်သွားနိုင်သည် မဟုတ်ပါလား။
ဤအရူးမလေးက သေချင်နေသူဖြစ်ရာ သူမကိုပါ သေတွင်းထဲသို့ အဖော်အဖြစ် ဆွဲခေါ်သွားမည်ကို စိုးရိမ်နေရသည်။
"ငါ... ငါ..."
ချန်ချင်းယွီ: "နင် 'ငါ' တွေ 'ငါ' တွေ လုပ်မနေနဲ့တော့၊ ကျွန်မ ရှင့်ကို သည်းခံလာတာ နှစ်နဲ့ချီနေပြီ။ အခုတော့ ရှင့်သဘောအတိုင်း ဖြစ်လာမှာ မဟုတ်တော့ဘူး"
အဘွားကြီးကျောက်က မျက်လုံးအပြူးသားဖြင့် မေးလိုက်မိ၏။
"နင် အရင်က အေးအေးဆေးဆေး နေပြခဲ့တာတွေက ဟန်ဆောင်နေတာပေါ့လေ!"
ချန်ချင်းယွီက ခပ်ဖွဖွ ရယ်မောကာ တုံ့ပြန်လိုက်သည်။
"ဟုတ်တယ်လေ၊ အဲ့ဒါ ဘာဖြစ်လဲ!"
"နင်... နင်..."
ခေတ်ဟောင်းစနစ်ဆိုးကို ဖြတ်သန်းလာခဲ့သူဖြစ်၍ အဘွားအိုအများစုမှာ အယူသည်းတတ်ကြသော်လည်း အဘွားကြီးကျောက်မှာ ချန်ချင်းယွီကို ဝိညာဉ်ပူးနေသည်ဟု အမှန်တကယ်မထင်ပေ။ သူမ ဆဲဆိုနေခြင်းမှာ အသံကောင်းဟစ်၍ ခြိမ်းခြောက်နေခြင်းသာ ဖြစ်သည်။ အမှန်စင်စစ် သူမ၏စိတ်ထဲ၌မူ ဤချွေးမဖြစ်သူသည် သားဖြစ်သူမရှိတော့သည်နှင့် သူမ၏ သရုပ်မှန်ကို ထုတ်ပြလာခြင်းသာဖြစ်သည်ဟု ထင်မြင်နေမိ၏။
ယောက္ခမဆိုသည်မှာ ချွေးမအပေါ် အဆိုးဆုံးဟုယူဆရသော စိတ်ထားဖြင့် ခန့်မှန်းတွက်ချက်ရန် ဝန်မလေးကြသူများ မဟုတ်လော့။
ဒါ..သူမ သရုပ်မှန်ပဲ…အမှန်တကယ်ပဲ သူမ၏ ရုပ်မှန် ပေါ်ပေါက်လာပြီ။
အဘွားကြီးကျောက်: "နင်... နင်... ငါ့သား ကျန့်ဝမ်ကတော့ နင့်လှည့်ကွက်ထဲမှာ တကယ်ပဲ အလိမ်ခံလိုက်ရတာပဲ!"
အဘွားကြီးကျောက်မှာ ရင်ထုမနာ ဖြစ်နေရသည်။ မိန်းမအကြောင်းကို မိန်းမချင်းသာ အသိဆုံးဖြစ်ရာ ဤကောင်မစုတ်လေးမှာ အေးဆေးသူမဟုတ်ကြောင်း သူမ အမြဲထင်ခဲ့မိ၏။ သူမ၏ သားဖြစ်သူကမူ ဇနီးသည်မှာ နူးညံ့သိမ်မွေ့သူလေးဟု ပြောခဲ့ဖူးသည်။
နူးညံ့သိမ်မွေ့တယ် ဟုတ်လား... နင့်အမေကြီးကိုသာ သွားပြောချေတော့!
အဘယ်ကြောင့် နူးညံ့သိမ်မွေ့သည့် ချွေးမလေးက ဤမျှအထိ ကြမ်းတမ်းရက်စက်ရသနည်း။
သူမသည် ယောက္ခမကိုပင် ပြန်လည် လက်ပါဝံ့သူ ဖြစ်ပေသည်။
မင်္ဂလာမရှိတဲ့ကောင်မ! မသိတတ်သော ခွေးမလေး!
အဘွားကြီးကျောက်မှာ ဆဲရေးတိုင်းထွာချင်သော်လည်း သူမသည် ဤကောင်မလေးကို ယှဉ်နိုင်သူမဟုတ်ကြောင်း သိထားသဖြင့် အသက်ကို ပြင်းပြင်းရှူကာ
"ငါ ပေးမယ်... နင့်ကို ပိုက်ဆံပေးမယ် ဟုတ်ပြီလား..."
သူမသည် တုန်တုန်ရင်ရင်ဖြင့် ငွေငါးဆယ်ကို ထုတ်ပေးလိုက်ရာ နှလုံးသားတစ်ခုလုံး သွေးစက်လက် ကျနေသကဲ့သို့ ခံစားရလေ၏။ အဘွားကြီးကျောက်ဟုခေါ်သော သူမသည် ပိုက်ဆံကို မည်သည့်အခါကမျှ သူတစ်ပါးအား ပေးခဲ့ဖူးသနည်း။ ဤသည်မှာ သူမ၏ အသက်ကို တောင်းနေခြင်းပင်တည်း။
ချန်ချင်းယွီ ငွေငါးဆယ်ကို လှမ်းယူလိုက်သော်လည်း အဘွားကြီးကျောက်မှာ တင်းတင်းဆုပ်ထားဆဲပင်။ သို့သော် ချန်ချင်းယွီ အားဖြင့် ဆွဲယူလိုက်သောအခါ အဘွားကြီးကျောက်မှာ အာမေဍိတ်အသံ ထွက်သွားရလေသည်။
အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။
ငါ့ ပိုက်ဆံတွေ ကုန်ပြီ!!!
ချန်ချင်းယွီ: "တစ်ယောက်တစ်ဝက်စီ ယူမယ်"
အဘွားကြီးကျောက်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားလေသည်။
တစ်ဝက် ပြန်ရမည် ဟုတ်လား?
အီး... ဟီး...! အဟိ!
ချန်ချင်းယွီ ပြတ်သားစွာ ခွဲဝေလိုက်ပြီးနောက်
"ယောက္ခမ... အမေလည်း မြင်တဲ့အတိုင်းပဲ၊ ကျွန်မတို့ အိမ်မှာက မုဆိုးမ နှစ်ယောက်နဲ့ ကလေး နှစ်ယောက်ပဲ ရှိတာဆိုတော့ အမြဲတမ်း အရှုံးပေါ်နေမှာပဲ။ ပြောရရင်တော့ ခါးသီးပေမယ့် ကျွန်မတို့ အိမ်က ဒီဝင်းထဲက လူတွေ အားလုံး မြိန်ရေယှက်ရေ စားချင်နေကြတဲ့ အသားတုံးကြီးလို ဖြစ်နေတာ"
"သူတို့ လုပ်ရဲလား ကြည့်စမ်းပါဦး!"
အဘွားကြီးကျောက် ချက်ချင်းပင် ထခုန်လေသည်။
ချန်ချင်းယွီ သတိပေးလိုက်ရ၏။
"အသံတိုးတိုးလုပ်ပါ"
သူမသည် ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်မျှ လှမ်းကြည့်ကာ မည်သူမျှမရှိကြောင်း အတည်ပြုလိုက်သည်။ ယနေ့ညတွင် အကြီးအကျယ် ဆူညံပွက်လောရိုက်ခဲ့သဖြင့် လူအတော်များများ အိပ်မပျော်ကြသေးသော်လည်း တစ်စုံတစ်ယောက်က မိမိတို့အား တွေ့သွားမည်ကို စိုးရိမ်သည့်အလား မည်သူမျှ အပြင်မထွက်ရဲကြပေ။ သို့သော်လည်း "သတိဟူသည် ပိုသည်မရှိ" ဟူသော စကားအတိုင်း သူမသည် အသေအချာ ထပ်မံကြည့်ရှုပြီးမှ
"ဘာလို့ မလုပ်ရဲရမှာလဲ! ယုံချင်ယုံ၊ မယုံချင်နေ... ဒီဝင်းထဲမှာ အနည်းဆုံး ငါးအိမ်လောက်က အစ်ကိုကျန့်ဝမ် ချန်ထားခဲ့တဲ့ အလုပ်အကိုင်ကို မျက်စိကျနေကြတာ!"
ဤကိစ္စကို ပြောလိုက်သည်နှင့် အဘွားကြီးကျောက် ဒေါသတကြီး ဆဲဆိုတော့၏။
"ရွှီကောင်းမင်ဆိုတဲ့ မြေခွေးအိုကြီးက လူလိုမကျင့်ဘူး၊ အရင်တစ်ခေါက်ကလည်း သူပဲ ငါ့ကို လိမ်သွားတာ!"
ထိုစဉ်က အလိမ်ခံလိုက်ရသော်လည်း နှစ်အနည်းငယ် ကြာလာသည့်အခါတွင်မူ သူမသည် အရာအားလုံးကို အကွက်စေ့စေ့ ပြန်လည်တွေးတောမိပြီး ဖြစ်ပေသည်။
"ဒီကိုယ်ကျင့်တရားမရှိတဲ့ကောင်၊ သေချင်းဆိုး... ဒီနေ့ လူနင်းခံရတာ တကယ်ကို ထိုက်တာပဲ! အေးရော!"
ချန်ချင်းယွီက အေးစက်စက် လေသံဖြင့်
"ကျွန်မ နင်းလိုက်တာ"
သူမအနေဖြင့် အနည်းငယ်မျှ လက်စားချေလိုက်ခြင်းမှာ သဘာဝကျသည် မဟုတ်လော့။
အဘွားကြီးကျောက်မှာ အံ့ဩသင့်သွားရ၏။
"ဟင်... အင်...?"
သူမသည် ချွေးမဖြစ်သူကို တစ်ချက်မျှ စောင်းကြည့်ကာ ဤမိန်းမငယ်လေးမှာ သူမ၏ ပကတိစရိုက်အမှန်ကို အမှန်တကယ်ပင် ထုတ်ပြနေပြီဟု တွေးတောမိလေသည်။
ချန်ချင်းယွီ: "ကျန့်ဝမ် ချန်ထားခဲ့တဲ့ အလုပ်ကို မျက်စိကျနေသူတွေရှိသလို၊ ကျွန်မက ငယ်ရွယ်ချောမောနေတာကို အခွင့်ကောင်းယူချင်တဲ့သူတွေလည်း ရှိတယ်။ ဒါတွေကို ကျွန်မ အများကြီး ပြောမနေတော့ဘူး၊ အမေလည်း နားလည်မှာပါ"
အဘွားကြီးကျောက်မှာ ချက်ချင်းပင် ဒေါသထွက်ချင်သော်လည်း ချန်ချင်းယွီ၏ ကြမ်းတမ်းလှသော အပြုအမူကို သတိရသွားကာ ပုခုံးကလေး တွန့်သွားပြီး
"နင်... ကျန့်ဝမ် နင့်အပေါ် ဘယ်လောက်ကောင်းခဲ့သလဲ၊ နင် သူ့အပေါ် သစ္စာမဖောက်သင့်ဘူးနော်"
ချန်ချင်းယွီ အဘွားကြီးကျောက်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ
"ကျွန်မကတော့ ဘယ်သူက ကျွန်မအပေါ် ကောင်းတယ်၊ ဘယ်သူက မကောင်းဘူးဆိုတာကို အသေအချာ မှတ်ထားမှာပါ။ ဘယ်တော့မှ မမေ့ဘူး"
သူမသည် တခြားကမ္ဘာမှ ကူးပြောင်းလာသူ ဖြစ်သော်လည်း မူလချန်ချင်းယွီ ကြုံတွေ့ခဲ့ရသမျှ ကိစ္စအဝဝမှာမူ သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသကဲ့သို့ မှတ်ဉာဏ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။ လင်းကျန့်ဝမ်ကို တွေးမိသည့်အခါတိုင်း သူမ၏ရင်ထဲတွင် အလွန်ပင် မွန်းကြပ်မိ၏။ ထို့ကြောင့် ချန်ချင်းယွီသည် အဘွားကြီးကျောက်၏ နှိပ်စက်မှုများကို နာကျည်းနေသော်လည်း အဘွားကြီးကို တကယ်တမ်း အသက်ထွက်အောင်အထိ နှိပ်ကွပ်ရန် မရည်ရွယ်ပေ။
ဤသည်မှာ လင်း
ကျန့်ဝမ်၏ မျက်နှာကို ထောက်ထားခြင်းပင် ဖြစ်ပေသည်။
"ငါ... ငါလည်း အရင်က တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး၊ ဘယ်အိမ်က ယောက္ခမကမှ ကိုယ့်ချွေးမအပေါ် ဒီလိုပဲ ဆက်ဆံကြတာပဲ မဟုတ်လား..."
အဘွားကြီးကျောက်မှာ ပုခုံးကလေး တွန့်လျက် အသံတိုးတိုးဖြင့် ဆင်ခြေပေးရှာ၏။
ထိုလေသံမှာ “စိတ်သဘောထား နူးညံ့သူသည် ခတ်ထန်သူကို ကြောက်ရ၏၊ ခတ်ထန်သူမှာ ရက်စက်သူကို ကြောက်ရ၏။ ရက်စက်သူမှာ အသက်ကိုပင်မမှုသူအား ကြောက်ရ၏။” ဆိုသော စကားပုံအတိုင်းပင်။
အဘွားကြီးကျောက်၏ အမြင်တွင်မူ ကြွက်သတ်ဆေး သောက်ဝံ့ပြီး နံရံကို ခေါင်းဖြင့် ပြေးတိုက်ဝံ့သော ချန်ချင်းယွီသည် သေဘေးကို မမှုသူပင် ဖြစ်လေသည်။ ထို့ကြောင့် သူမသည် ချန်ချင်းယွီကို အမှန်တကယ်ပင် ကြောက်ရွံ့သွားမိ၏။ အရိုက်ခံရစဉ်က ကြောက်စိတ်မှာ သုံးပုံတစ်ပုံခန့်သာ ရှိသော်လည်း ချန်ချင်းယွီ သူမအား အပြင်သို့ လွှတ်ပေးကာ ဒဏ်ရာများကို ကျန်းမိသားစုအပေါ် ပုံချလိုက်သည့် အကွက်ကို မြင်လိုက်ရသောအခါ ကြောက်စိတ်မှာ ငါးပုံအထိ တိုးသွားတော့သည်။
ထို့နောက် ဤမိန်းမငယ်လေး၏ အသက်စွန့်၍ သောင်းကျန်းခဲ့ပုံများကို ပြန်လည်တွေးတောမိသောအခါ ထိုငါးပုံမှာ ရှစ်ပုံအထိပင် ဖြစ်သွားလေ၏။
အဘွားကြီးကျောက်သည် တံထွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး တောင်းပန်တိုးလျှိုးလိုက်သည်။
"နင်... နင် ကျန့်ဝမ်ရဲ့ မျက်နှာကို ထောက်ထားပါဦး..."
ချန်ချင်းယွီ သူမကို တစ်ချက်စောင်းကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်၏။
"ကျွန်မက အစ်ကိုကျန့်ဝမ်ရဲ့ မျက်နှာကို ထောက်ထားလို့ပဲ၊ မဟုတ်ရင် ကျွန်မကို ဒီလောက်အထိ အနိုင်ကျင့်လို့ ရမယ် ထင်နေသလား?"
သူမသည် စကားကို အပိုမဆိုဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။
"ကျွန်မမှာလည်း အမေအပေါ် သံယောဇဉ် မရှိဘူး၊ အမေ့မှာလည်း ကျွန်မအပေါ် သံယောဇဉ် မရှိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်လုံး ကျန့်ဝမ်ရဲ့ မျက်နှာကို ထောက်ပြီး တစ်ယောက်ကိုတစ်ယောက် အလျော့ပေး သည်းခံကြရအောင်။ အခုလို ခေတ်ကာလမျိုးမှာ ကျွန်မတို့နှစ်ယောက်သာ အတူတူ လက်တွဲမညီရင် ဘယ်သူမှ ကောင်းကောင်း နေရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်သာ ပူးပေါင်းပြီး မကောင်းတဲ့စိတ်နဲ့ လာပတ်သက်တဲ့သူတွေကို နှိပ်ကွပ်မယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ဘူး"
အဘွားကြီးကျောက်သည် ထိုစကားကို ကြားသောအခါ ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးမှ ချန်ချင်းယွီ၏ စကားကို ခေါင်းညိတ် ထောက်ခံလိုက်လေသည်။
အတိတ်တွင် သူမသည် ဤချွေးမကို အလွန်ပင် မုန်းတီးခဲ့ပြီး အိမ်ပေါ်မှ နှင်ထုတ်ချင်ခဲ့သော်လည်း ယခုအခါ သားဖြစ်သူ မရှိတော့ဘဲ ကျန်ရစ်သော ကလေးနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ရန် ရှိနေသဖြင့် အမှန်တကယ်ပင် လက်တွဲညီရန် လိုအပ်နေချေပြီ။
သူမသည် အသက်ကို ပြင်းပြင်းရှူကာ
"နင့်သဘောအတိုင်းပဲ၊ နင်ပြောတဲ့အတိုင်း ငါလုပ်မယ်"
မလိုက်နာလျှင်လည်း မဖြစ်ပေ၊ ဤမိန်းမက တကယ်ပင် လက်ပါဝံ့သူ မဟုတ်လော့။
ချန်ချင်းယွီက အဘွားကြီးကျောက်ကို စိုက်ကြည့်ကာ
"သိတတ်သားပဲ!"
သူမ လက်သီးကို တင်းတင်းဆုပ်လိုက်ရာ အဘွားကြီးကျောက်မှာ ထိတ်လန့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ "ငါ သဘောတူပြီးပြီလေ၊ နင် လက်မပါနဲ့တော့နော်"
ချန်ချင်းယွီ; "တစ်ယောက်က သိမ်သိမ်မွေ့မွေ့လေး နေတဲ့လူအဖြစ် သရုပ်ဆောင်ပြီး၊ တစ်ယောက်ကတော့ လူဆိုးအဖြစ် သရုပ်ဆောင်ရမယ်။ အမေ တတ်တယ် မဟုတ်လား?"
အဘွားကြီးကျောက်မှာ နှုတ်ခမ်းများ တွန့်လိမ်သွားကာ "..."
ချန်ချင်းယွီ ခပ်ပြောင်ပြောင်ပင် ရယ်မောလိုက်သော်လည်း ထိုအပြုံးမှာ အပေါ်ယံမျှသာ ဖြစ်ပြီး သူမ အမိန့်ပေးပြောဆိုလိုက်၏။
"ဒီနေ့ကစပြီး အမေဟာ ဒီဝင်းတစ်ခုလုံးမှာ အကောက်ကျစ်ဆုံး၊ အမွှေဆုံး၊ အဆိုးဆုံး၊ အသောင်းကျန်းဆုံးနဲ့ အရူးအမူး ရန်ဖြစ်တတ်ဆုံး ယောက္ခမဆိုးကြီး၊ အိမ်နီးနားချင်းဆိုးကြီးအဖြစ် သရုပ်ဆောင်ရမယ်။ ဒါက အမေ့ရဲ့ ပင်ကိုယ်ဗီဇအတိုင်းပဲဆိုတော့ တတ်မှာပါနော်?"
အဘွားကြီးကျောက်; "...................................."
နင်ကမှ အရူးမ!
နင့်ဗီဇကမှ အဲ့ဒီအတိုင်းပဲ၊ နင့်တစ်မိသားစုလုံးရဲ့ ဗီဇက အဲ့ဒီအတိုင်းပဲ!
အဘွားကြီးကျောက်မှာ စိတ်ထဲမှ ကြိတ်ကာ ဆဲရေးနေမိသည်။
သူမ၏ ရင်ထဲတွင် မွန်းကြပ်နေသော်လည်း အံကြိတ်ကာ ပြန်လည် တုံ့ပြန်လိုက်ရ၏။
"အေး... ငါ တတ်တယ်!"
၁၀။ ဦးနှောက်ဆေးခြင်း!
ချန်ချင်းယွီတစ်ယောက် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
ကူးပြောင်းလာသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး နှစ်ရက်ကျော်ကျော် သတိလစ်နေခဲ့၍ သူမအနေဖြင့် တကယ်လည်း အိပ်မပျော်နိုင်ဖြစ်နေခြင်းဖြစ်သည်။ တစ်ညလုံး မအိပ်ဘဲ နေခဲ့သောကြောင့် မျက်ကွင်းများ သိသိသာသာ ညိုနေပြီး မျက်နှာမှာလည်း နီမြန်းဖောယောင်ကာ လူပုံစံက ဖရိုဖရဲနှင့် နွမ်းလျနေ၏။ သို့သော် သူမ၏ စိတ်ခွန်အားသည်ကား အင်တိုက်အားတိုက် ရှိနေလေသည်။ ချန်ချင်းယွီဆိုသည်မှာ မူလကတည်းက အင်အားအပြည့်ရှိသူဖြစ်ရာ ယခုခန္ဓာကိုယ်သာ အနည်းငယ် အားမနည်းပါက သူမသည် ယခုထက် ပို၍ပင် စွမ်းဆောင်နိုင်မည်ဖြစ်၏။
သို့သော် ဤအခြေအနေသည်လည်း သူမ၏ စွမ်းဆောင်ရည်ကို များစွာ အဟန့်အတား မဖြစ်စေပေ။
သန်းခေါင်ယံအချိန်ကြီးတွင် သူမသည် အိပ်ရာခင်းများကို ခွာချကာ လရောင်အောက်၌ တဝုန်းဝုန်းနှင့် အဝတ်လျှော်နေလေသည်။ သူမတွင် ငယ်စဉ်ကတည်းက အကျင့်တစ်ခုရှိပြီး စိတ်ပူပန်လာပါက တင်းကျပ်နေသော စိတ်ဖိစီးမှုများကို လျှော့ချရန်အတွက် တစ်ခုခုကို အားစိုက်လုပ်ကိုင်တတ်ခြင်းပင်။
ယင်းမှာ ချန်ချင်းယွီ စိတ်ပူပန်မှုကို ဖြေဖျောက်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်၏။
သူမသည် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်သော်လည်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ ၇၀ ပြည့်လွန်နှစ်များဆီသို့ ရုတ်တရက် ရောက်ရှိလာကာ အခြားသူတစ်ယောက် ဖြစ်သွားရခြင်းအပေါ် မည်မျှပင် စိတ်ထားတတ်သည်ဖြစ်စေ ချက်ချင်း အသားကျရန် မဖြစ်နိုင်ပေ။ ထို့ပြင် ယခင်ဘဝနှင့် ယခုဘဝသည် နှစ်ပေါင်းလေးဆယ်ခန့် ကွာဟနေသည် မဟုတ်လော့။
မိဘမဲ့ဂေဟာသည် မည်မျှပင် ဆင်းရဲပါစေကာမူ ယခုဘဝထက်မူ သာလွန်လေသည်။
ချန်ချင်းယွီသည် အိပ်ရာခင်းကို အားကုန်သုံး၍ ပွတ်တိုက်လျှော်ဖွတ်နေပြီး ရေစက်ကျသံများက တဗြုန်းဗြုန်းနှင့် တိတ်ဆိတ်သောညတွင် ဟိန်းထွက်နေ၏။ သို့သော် ဤအချိန်၌ မည်သူမျှ ထွက်၍ အပြစ်မတင်ဝံ့ကြပေ။ လူတိုင်း၏ စိတ်ထဲတွင် အဘွားကြီးကျောက်က ချွေးမဖြစ်သူကို တမင်နှိပ်စက်ခိုင်းနေသည်ဟုသာ ထင်မှတ်နေကြသည်။
မည်သူကမှ ထိုကဲ့သို့သော မိန်းမဆိုးကြီးနှင့် မပတ်သက်ချင်ကြပေ။
ဒုတိယဝင်းထဲရှိ လူအတော်များများ အသံကြားသော်လည်း မကြားချင်ယောင်ဆောင်နေကြ၏။ ချန်ချင်းယွီကမူ အခြားသူများကို အနှောင့်အယှက်ဖြစ်မည်ကို ဂရုမစိုက်ဘဲ အလုပ်ကိုသာ ဖိလုပ်နေလေသည်။ အလုပ်လုပ်လေလေ သူမ၏ ဦးနှောက်မှာ ပို၍ ကြည်လင်လာကာ မိသားစုအရေးကိစ္စများကိုလည်း အစီအစဉ်တကျ စဉ်းစားနိုင်လာလေပင်။
ချန်ချင်းယွီသည် နူးညံ့သိမ်မွေ့သော ဇနီးသည်လေး ပုံစံကိုသာ ဆက်လက် သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။ ထိုခေတ်ကာလသည် အေးချမ်းလှသည်မဟုတ်ဘဲ တော်လှန်ရေးကော်မတီများ ဆူပူနေသည့်အပြင် လူတိုင်း သူလျှိုဖမ်းရန် စောင့်ကြည့်နေကြသည့် အချိန်ဖြစ်၏။ အကယ်၍ သူမ အပြောင်းအလဲ အလွန်ကြီးမားသွားပါက တစ်စုံတစ်ယောက်သည် သူမအား လူစားလဲခံထားရသည်ဟု တိုင်တောလာနိုင်သည်။
ခင်ပွန်းဖြစ်သူ ဆုံးပါးသွား၍ စိတ်နေစိတ်ထား ပြောင်းလဲသွားနိုင်ခြင်းကို လက်ခံနိုင်သော်လည်း ခွန်အားများ ရုတ်တရက် ကြီးမားလာခြင်းကိုမူ မည်သို့မျှ ရှင်းပြ၍ မရနိုင်ပေ။ ထို့ကြောင့် သူမသည် သိသိသာသာကြီး ပြောင်းလဲသွား၍ မဖြစ်ပေ။
အဘွားကြီးကျောက်နှင့် ပတ်သက်၍မူ သူမ လျှောက်ပြောမည်ကို ချန်ချင်းယွီ လုံးဝ မစိုးရိမ်ပေ။
အဘွားကြီးကျောက်သည် ပညာမတတ်ဘဲ ရက်စက်တတ်သည့် အဘွားအိုတစ်ယောက်ဖြစ်သလို ချွေးမဖြစ်သူအပေါ်တွင်လည်း အငြိုးထား ကြမ်းကြုတ်သူဖြစ်၍ သူမအနေဖြင့် ချန်ချင်းယွီ၏ ဗီဇစရိုက်အမှန် ပေါ်ထွက်လာခြင်းဟုသာ ထင်မှတ်မည်ဖြစ်ပြီး သံသယဝင်မည်မဟုတ်ပေ။ တစ်လှမ်းဆုတ်၍ စဉ်းစားကြည့်လျှင်ပင် အဘွားကြီး သံသယဝင်ကာ လျှောက်ပြောခဲ့ပါက အဆုံးသတ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ပြီး အိမ်နီးနားချင်းများထံ မေးမြန်းစုံစမ်းခြင်းကိုလည်း ပြုလုပ်ရပေမည်။
အဘွားကြီးကျောက်၏ နာမည်ဂုဏ်သတင်းမှာလည်း မကောင်းလှသဖြင့် သူမ၏စကားများကို ယုံကြည်ရန် ခဲယဉ်းလှ၏။
ချန်ချင်းယွီသည် မိမိကိုယ်တိုင် မည်မျှပင် တိုက်ခိုက်ရေးတော်နေသည်ဖြစ်စေ အကယ်၍ တရားဝင်ဌာနများမှ လာရောက်ဖမ်းဆီးခြင်းနှင့် ကြုံတွေ့ရပါက အခက်တွေ့နိုင်သည်ကို သိရှိထား၏။ လက်နှစ်ဖက်တည်းဖြင့် လူအများအပြားကို ယှဉ်နိုင်ရန် မဖြစ်နိုင်သလို သူမသည် သာမန်အရပ်သားတစ်ဦးဖြစ်သည့်အတွက် တတ်နိုင်သမျှ ပြဿနာနည်းပါးခြင်းကသာ အကောင်းဆုံးဖြစ်ပြီး မိမိကိုယ်ကိုယ် ထိုကဲ့သို့သော အခြေအနေမျိုးထဲသို့ တွန်းမပို့လိုပေ။
ထို့ကြောင့် လက်ရှိအခြေအနေကို ထိန်းသိမ်းပြီး သနားစဖွယ် ချွေးမငယ်လေးအဖြစ် ဆက်လက်နေထိုင်ခြင်းကသာ အသင့်တော်ဆုံးဖြစ်သည်။ သို့သော်လည်း သူမ၏ မှတ်ဉာဏ်များအရ ဤအိမ်ဝင်းကြီးအတွင်းတွင် လူညစ်များမှာလည်း မနည်းလှသဖြင့် ယခင်ကဲ့သို့ နူးညံ့သိမ်မွေ့လွန်းပြီး အနိုင်ကျင့်ခံနေရမည်ဆိုလျှင်လည်း မဖြစ်နိုင်ပေ။
သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး မိမိအတွက် မူဝါဒတစ်ခု ချမှတ်လိုက်ပါသည်။ သူမသည် နူးညံ့သူ၊ အားနည်းသူ၊ နာကျင်လွယ်သူ ဖြစ်နိုင်သော်လည်း ရူးသွပ်ဟန်ဆောင်ရာတွင်မူ ကျွမ်းကျင်ရမည်ဖြစ်၏။
သူမသည် သူတစ်ပါးကို မရိုက်နှက်နိုင်သော်လည်း မိမိကိုယ်ကိုယ်တော့ နှိပ်စက်နိုင်လေသည်။ မိမိကိုယ်ကိုယ်အပေါ် ရက်စက်နိုင်သရွေ့ အခြားသူများမှာလည်း သူမကို ကြောက်လန့်ကြမည်သာဖြစ်၏။ ယနေ့ည အနည်းငယ် စမ်းသပ်ကြည့်ရုံဖြင့် သူမ၏ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းမှုမှာ တကယ်ပင် ထိရောက်ကြောင်း တွေ့ရှိခဲ့ရပါသည်။
အချို့လူများမှာ စေတနာဖြင့် ဖျောင်းဖျကြသော်လည်း အများစုမှာမူ ပြဿနာထဲ ပါဝင်ပတ်သက်ရမည်ကို ကြောက်ရွံ့ကြခြင်းဖြစ်၏။
ဤခေတ်ကာလရှိ လူများသည် ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားကြရာ မုဆိုးမလေးတစ်ဦးအား သေကြောင်းကြံအောင် တွန်းပို့သူဟူသော နာမည်ဆိုးကို အကပ်ခံလိုကြမည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူမအနေဖြင့် ငိုယိုခြင်း၊ ရန်ဖြစ်ခြင်းနှင့် ကြိုးဆွဲချသေမည်ဟု ခြိမ်းခြောက်ခြင်းများကို အသုံးပြုနိုင်လေသည်။
နူးညံ့သော်လည်း ဆူးရှိသူအဖြစ် သရုပ်ဆောင်ရမည်။
ချန်ချင်းယွီသည် အစီအစဉ်များကို သေချာတွက်ချက်ပြီးနောက် စိတ်လက်ပေါ့ပါးသွားကာ လျှော်ဖွတ်ပြီးသော အိပ်ရာခင်းများကို လှန်းလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်ကာ သန့်ရှင်းရေး စတင်လုပ်ဆောင်လိုက်သည်။ ချန်ချင်းယွီတွင် သန့်ရှင်းမှုအား အစွဲအလမ်းမရှိကာ သူမသည် အမျိုးသမီးများထဲ၌ပင် အနည်းငယ် ဖရိုဖရဲ နေတတ်သူဖြစ်၏။
သို့သော် စားသောက်မည့်နေရာ မသန့်ရှင်းခြင်းကိုမူ သူမ တကယ်ပင် သည်းမခံနိုင်ပေ။
ချန်ချင်းယွီသည် အိမ်အတွင်း၌ တဒုန်းဒုန်းတဒိုင်းဒိုင်းနှင့် သန့်ရှင်းရေးလုပ်နေပြီး အခြားသူများကို အနှောင့်အယှက်ဖြစ်မည်ကို လုံးဝ ဂရုမစိုက်ပေ။ အဘွားကြီးကျောက်မှာမူ စောင်ကို ခေါင်းမြီးခြုံထားရင်း "တကယ့် စိတ္တဇ အရူးမပဲ!" ဟု တိုးတိုးလေး ကျိန်ဆဲနေမိသည်။
ယခုအခါ 'စိတ္တဇ အရူးမ' ဟူသော နာမည်မှာ ချန်ချင်းယွီထံတွင် ခိုင်မြဲစွာ ကပ်ညှိသွားပြီဖြစ်ရာ ခွာချရန် မလွယ်ကူတော့ပေ။ အဘွားကြီးကျောက်သည် ရိုက်နှက်ခံထားရသဖြင့် တစ်ကိုယ်လုံး နာကျင်နေပြီး သူမအား သွားရောက် မပက်သက်လိုပေ။ ထိုအရူးမသည် ဘာတွေများ စားထား၍ ဤမျှအင်အားများ ကောင်းနေရသနည်းဟု တွေးတောနေမိ၏။
အဘွားကြီးကျောက်သည် တတွတ်တွတ် ရေရွတ်နေပြီး မျက်နှာမှာလည်း ရှုံ့မဲ့နေသော်လည်း အသံထွက်အောင် မပြောဝံ့ချေ။
ထိုတစ်ညလုံး သူမ အိပ်၍မရခဲ့ဘဲ အိပ်မက်ထဲတွင် အရူးမက ဓားမကြီးတစ်လက်ကို ကိုင်ကာ သူမနောက်သို့ လိုက်လံ ခုတ်နှက်နေသည်ကိုသာ မြင်မက်နေခဲ့သည်။ တစ်ညလုံး ထွက်ပြေးနေခဲ့ရသဖြင့် သေလုမတတ် ကြောက်လန့်နေခဲ့ရ၏။
မနက်စောစောစီးစီးတွင် အိမ်အသီးသီးမှ နိုးထလာသံများ၊ စကားပြောသံများ၊ ဟင်းချက်သည့် ဒေါင်ဒေါင်ဒင်ဒင်အသံများ၊ ချောင်းဆိုးသံ၊ သွားတိုက်သံနှင့် ကျင်ငယ်ခွက်များ အပြင်ထွက်သွန်သည့် အသံများ စသည့် ဆူညံသံမျိုးစုံ ရောထွေးနေ၏။ အဘွားကြီးကျောက်သည် ခေါင်းအုံးကို တစ်ချက်ထုကာ တတွတ်တွတ် ကျိန်ဆဲရင်း ထလာပါသည်။
သူမသည် ယခင်အတိုင်း မောက်မာဝင့်ကြွားစွာဖြင့် "ဟဲ့ ကောင်မစုတ်လေး... နင်... နင်..." ဟု အော်ခေါ်လိုက်မိ၏။
အော်ပြီးကာမှ ရုတ်တရက် သတိဝင်လာကာ ယခုထိုကောင်မလေးသည် ယခင်ကဲ့သို့ အနိုင်ကျင့်ရလွယ်သူ မဟုတ်မှန်း သတိရသွားသည်။ သူမသည် နှုတ်ခမ်းကို မဲ့လိုက်ရာမှ ဒဏ်ရာရထားသော နှုတ်ခမ်းထောင့်က စူးကနဲ နာကျင်သွားသဖြင့် ပါးစပ်ကို အမြန်ပိတ်ကာ ဆက်မဆဲဝံ့တော့ချေ။
ဒီကောင်မစုတ်က ဖိနပ်အောက်ခံပြားနှင့် သူမပါးစပ်ကို တကယ်ရိုက်ရဲသူ မဟုတ်လား…
ထင်သည့်အတိုင်းပင် ပါးစပ်ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်ချင်းယွီသည် မျက်နှာသေနှင့် အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရ၏။ အဘွားကြီးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဖျောင်းဖျသည့် လေသံဖြင့် အမြန်ပြောလိုက်လေသည်။
"ငါက ဒီအိမ်နီးနားချင်းတွေကို ဆဲနေတာပါ... ဟဲ... ဟဲဟဲ"
အိမ်နီးနားချင်းများအကြောင်း ပြောမိသည်နှင့် သူမ၏ မှေးစက်နေသော မျက်လုံးများက ပြန်လည် အရောင်တောက်လာကာ ထပ်မံကျိန်ဆဲလိုက်ပြန်၏။
"ဒီအကျင့်မကောင်းတဲ့ လူတွေ၊ ဒီလောက်နှစ်ပေါင်းများစွာ အိမ်နီးချင်းဖြစ်လာတာ ငါကလည်း သူတို့အပေါ် မကောင်းမလုပ်ခဲ့ပါဘူး။ အခုတော့ တစ်ယောက်ချင်းစီက ငါတို့အိမ်ဆီက အမြတ်ထုတ်ဖို့ပဲ ချောင်းနေကြတယ်။ သောက်ကျိုးနည်းတဲ့ အကောင်တွေ၊ မိုးကြိုးပစ်ပြီး အကုန်သေကုန်ကြပါစေ!"
သူမသည် ချန်ချင်းယွီကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ရင်း စိတ်ထဲက ကြိတ်၍ ဆုတောင်းနေမိသည်။
"ယောက္ခမကို မရိုသေတဲ့ ဒီနိမိတ်မကောင်းတဲ့ မိန်းမကိုပါ မိုးကြိုးပစ်သေစေချင်လိုက်တာ"
သို့သော် ထပ်မံစဉ်းစားကြည့်ပြန်လျှင် ဤအရူးမက တကယ်သေသွား၍ မဖြစ်သေးဘဲ ဤအိမ်ထောင်စုကြီးမှာ သူမကိုသာ အားကိုးနေရဦးမည်ဖြစ်၏။မဟုတ်လျှင် သူမကဲ့သို့ အဘွားအိုတစ်ယောက်က ကလေးနှစ်ယောက်နှင့် မည်သို့ရှင်သန်နိုင်မည်နည်း။ အဘွားကြီးကျောက်သည် သက်ပြင်းတစ်ချက်ချကာ
"ခဏနေရင် နင် အဘိုးကြီးမာနဲ့အတူ စက်ရုံကိုသွားလိုက်၊ ငါ အိမ်မှာ ကလေးတွေကို ကြည့်ပေးထားမယ်၊ စိတ်ချလက်ချသာ သွားပါ..."
"မေမေ!"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် မည်သည့်အချိန်က နိုးနေသည်မသိဘဲ ချန်ချင်းယွီကို ဖမ်းဆွဲကာ ချက်ချင်း ငိုယိုကြလေသည်။
"မေမေ မသွားပါနဲ့... မေမေ..."
"နင်တို့လို တိရစ္ဆာန်လေးတွေ..."
အဘွားကြီးကျောက်သည် ပါးစပ်ဟကာ ဆဲဆိုရန် ပြင်လိုက်သော်လည်း ချန်ချင်းယွီက ရှေ့သို့တိုးကာ အဘွားကြီး၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အလွန်တရာ နူးညံ့သောလေသံဖြင့်
"အမေ၊ ကလေးတွေက ငယ်သေးတာ ဘာမှနားမလည်ကြသေးဘူး၊ သူတို့ကို ဘာလို့ဆဲနေတာလဲ? သူတို့က ငယ်သေးတော့ မြင်တာအတုယူတတ်ကြတယ်၊ မကောင်းတာတွေ ကြားရင် မှတ်သွားမှာပေါ့။ ကျွန်မတို့ လူကြီးတွေက စံပြဖြစ်အောင် နေရမယ်၊ ဒီလို ရုန့်ရင်းတဲ့ စကားတွေ ကလေးတွေ သင်မိသွားရင် မကောင်းဘူးလေ၊ ဟုတ်တယ်မလား အမေ?”
အဘွားကြီးကျောက်မှာမူ ပါးစပ်ကြီးဟလျက် အသက်ရှုသံများပြင်းလာကာ ငါ..ငါ.. ဟုသာ ထွက်လာနိုင်၏။
ချန်ချင်းယွီ သူမကို စိုက်ကြည့်လိုက်ပြီး အေးစက်နေသော လေသံဖြင့်
“အမေ”
အဘွားကြီးကျောက်သည် မိမိလက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း ချန်ချင်းယွီ၏ လက်မှာ သံညှပ်ကြီးကဲ့သို့ မြဲမြံနေသဖြင့် နာကျင်လွန်းပြီး ချွေးစေးများပင် ထွက်လာလေသည်။ ဤခွေးမလေးကမူ သူမကို စိုက်ကြည့်မြဲ စိုက်ကြည့်နေဆဲဖြစ်၏။
"ငါ... ငါ သိပါပြီ! နောက်ဆို သူတို့ရှေ့မှာ ဒါတွေ မပြောတော့ပါဘူး"
ရှောင်ကျားနှင့် ရှောင်ယွမ်မှာမူ ဝေခွဲမရ ဖြစ်သွားကြ၏။
ကလေးငယ်နှစ်ဦးမှာ မယုံနိုင်စရာကောင်းလောက်အောင် ပြောင်းလဲသွားသော အဘွားဖြစ်သူကို အံ့သြတကြီး ကြည့်နေမိကြသည်။
အဘွားကြီးကျောက်မှာ အိန္ဒြေဆယ်ကာ ကမန်းကတမ်း ပြောလိုက်ရ၏။
"ဘာကြည့်နေတာလဲ၊ နင်... အဲ... အဘွားက နင်တို့ကို ချစ်လို့ပါ"
ချန်ချင်းယွီ အဘွားကြီးကျောက်ကို မှောင်မှိုက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေဆဲတည်း။
မူလက ချန်ချင်းယွီသည် အလုပ်ကို ကိုယ်တိုင်ဆက်ခံရန် စိတ်ကူးထားသော်လည်း ယခုလေးတင် စိတ်ကူးပြောင်းသွားလေသည်။ ဤအဘွားကြီးမှာ ယခုလောလောဆယ်တွင် အခြေအနေအရ စကားကို အလိုက်သင့် ပြောဆိုနေသော်လည်း ကလေးများကိုသာ သူမလက်ထဲ ပုံအပ်ထားခဲ့လျှင် နောက်ကွယ်တွင် မည်သို့သွန်သင်ဆုံးမမည်ကို မသိနိုင်ပေ။
မျက်နှာချိုသွေးပြီး ကျောခိုင်းလျှင် တစ်မျိုးလုပ်တတ်သည့် အကျင့်မှာ ဤအဘွားကြီးအတွက် အလွန်ပင် ကျွမ်းကျင်လှသော အတတ်ပညာတစ်ခု ဖြစ်၏။
အကယ်၍ သူမအား အိမ်မှုကိစ္စနှင့် ကလေးထိန်းရန် လွှတ်ထားမည်ဆိုပါက ကလေးများအပေါ် ကောင်းမွန်စွာ ဆက်ဆံမည်မဟုတ်မှာ သေချာနေသည်။ ထို့ပြင် မဟုတ်ကဟုတ်ကများ သွန်သင်ပေးလိုက်လျှင် ကျေးဇူးကန်းသော ကလေးများ ဖြစ်လာနိုင်သည်ကိုလည်း စိုးရိမ်မိ၏။ ချန်ချင်းယွီအနေဖြင့် ဤကလေးများသည် လင်းကျန့်ဝမ်၏ သွေးသားများဖြစ်နေ၍ အဘွားကြီးက အလွန်အမင်း ဂရုစိုက်မည်ဟုလည်း မယုံကြည်ပေ။ ဤအဘွားအိုသည် မိမိကိုယ်ကျိုးကိုသာ ပထမဦးစားပေးသူ မဟုတ်လော့။
အတ္တကြီးပုံမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသူပင် ဖြစ်၏။
သူမသည် စစ်မှန်သော ချန်ချင်းယွီမဟုတ်သလို သနားကြင်နာတတ်လွန်းသူလည်း မဟုတ်သော်ငြားသူတစ်ပါး၏ ခန္ဓာကိုယ်ကို ဝင်ရောက်အသုံးပြုနေရသည်ဖြစ်ရာ အကြောင်းနှင့်အကျိုးအရ ဖြစ်ပျက်လာသမျှကို လျစ်လျူမရှုနိုင်ပေ။ ကလေးနှစ်ယောက်ကို ဤအဘွားကြီးလက်ထဲ မထည့်နိုင်ပေ။
ချန်ချင်းယွီသည် ငယ်စဉ်ကတည်းက မိမိဘာသာ ရုန်းကန်ခဲ့ရသူဖြစ်သဖြင့် ဦးနှောက်တွေးခေါ်မှုသည် အလွန်လျင်မြန်၏။ ပြဿနာတစ်ခုနှင့် ကြုံလာပါက နောက်မဆုတ်ဘဲ မည်သို့ဖြေရှင်းရမည်ကို ချက်ချင်း စဉ်းစားတတ်လေသည်။
ယခုလည်း အကြံတစ်ခု ချက်ချင်းရသွားခဲ့သည်။
အလုပ်ကို အဘွားကြီးအား ဆက်ခံခိုင်းရန်ပင် ဖြစ်ပြီး ဤခေတ်ကာလတွင် အလုပ်တစ်ခုရရန်မှာ အလွန်အရေးကြီးသော်လည်း ချန်ချင်းယွီသည် အနာဂတ်ကို သိရှိနေသော ကူးပြောင်းလာသူဖြစ်ရာ နောက်ထပ် ၄-၅ နှစ်ခန့်ကြာလျှင် မူဝါဒများ ပြောင်းလဲတော့မည်ကို သိရှိထား၏။ ထိုအချိန်တွင် ကလေးများလည်း ကျောင်းတက်နိုင်ပြီဖြစ်ရာ လက်ရှိ ကာလတိုကိုသာ ရင်ဆိုင်ဖြေရှင်းနိုင်လျှင် အဆင်ပြေမည်ဖြစ်ကြောင်း ဆင်ခြင်မိသွားသည်။
မူလချန်ချင်းယွီသည် အဘွားကြီး၏ ပြိုင်ဘက်မဟုတ်သော်လည်း သူမ ရောက်လာချိန်တွင်မူ အခြေအနေက ပြောင်းလဲသွားပြီဖြစ်၏။ အဘွားကြီး အလုပ်သွားလျှင်ပင် သူမ ထိန်းချုပ်ထားနိုင်လေသည်။ ဤနှစ်အနည်းငယ်အတွက်မူ အဘွားကြီးကို သူမ ကောင်းကောင်း ကိုင်တွယ်နိုင်၏။
"အမေ... အမေပဲ စက်ရုံမှာ အလုပ်သွားလုပ်လိုက်ပါလား"
အဘွားကြီးကျောက်: "ဘာ!!!!!"
သူမလို အဘွားကြီးကို အသက်ကြီးမှ အလုပ်သွားလုပ်ခိုင်းရသလား၊ ဒီကောင်မလေး စိတ်ထားက တကယ်ကို ရက်စက်လှချည်လား!
"နင်ကတော့..."
ချန်ချင်းယွီက စကားဖြတ်ပြောလိုက်လေသည်။
"ကျွန်မပြောတာကို အရင်ဆုံး နားထောင်ပါဦး။"
ချန်ချင်းယွီသည် ဆက်လက်၍
"အမေ အလုပ်လုပ်တာက အကျိုးကျေးဇူးတွေ အများကြီးရှိတယ်။ ကျန့်ဝမ်က ဂဟေဆက်တဲ့ဌာနမှာ အလုပ်လုပ်တာလေ။ ကျွန်မသာ အလုပ်ဆက်လုပ်ရင် သူ့နေရာမှာပဲ လုပ်ရမှာ။ အဲဒီဌာနမှာက ယောကျ်ားကြီးတွေချည်းပဲ၊ ကျွန်မတစ်ယောက်တည်း မိန်းကလေးဆိုတော့ အမေ စိတ်ချနိုင်ပါ့မလား?"
အဘွားကြီးကျောက်: "အင်း..."
တကယ်ပင် စိတ်မချနိုင်ပါ။
ချန်ချင်းယွီက ဆက်ပြောလိုက်၏။
"ဒါပေမဲ့ အမေသွားလုပ်ရင်တော့ တစ်မျိုးပေါ့။ အမျိုးသမီးတွေကလည်း အလုပ်လုပ်နိုင်တယ်ဆိုပေမဲ့ အသက် ၄၀ ကျော် အဘွားကြီးတစ်ယောက်ကို ဂဟေဆက်တဲ့ဌာနမှာ အတင်းအကျပ် အလုပ်ခိုင်းမှာတဲ့လား?"
၂၁ ရာစုတွင် အသက်လေးဆယ်ကျော်မှာ ပုံမှန်လူလတ်ပိုင်းအရွယ်သာဖြစ်ပြီး မိမိကိုယ်ကိုယ် "ကလေးလေး" ဟု တင်စားခေါ်ဝေါ်လျှင်ပင် ဘယ်သူမှ ဂရုစိုက်မည် မဟုတ်သော်လည်း လက်ရှိ ၇၀ ပြည့်လွန်နှစ်များတွင်မူ ဘဝကပင်ပန်းဆင်းရဲလွန်းပြီး အိမ်ထောင်လည်း စောစောကျကြ၍ လေးဆယ်ကျော်အရွယ်ဆိုရင် "အဘွားကြီး" လို့ အခေါ်ခံရရန်လုံလောက်နေပြီဖြစ်သည်။
ပင်ပန်းဆင်းရဲသည့် ဒဏ်များကြောင့် ရုပ်ရည်ကလည်း အိုစာနေ၍ အဘွားကြီးဟု ခေါ်သည်မှာ သဘာဝကျလှ၏။
ချန်ချင်းယွီ; "ကျွန်မသာ အလုပ်ဆက်ခံမယ်ဆိုရင် လူငယ်တစ်ယောက်အနေနဲ့ အလုပ်ကို ရွေးချယ်ပိုင်ခွင့်ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ အမေသွားရင်တော့ ရတာပေါ့၊ အမေက အလုပ်ပြောင်းပေးဖို့ ငိုယိုအတင်းအကျပ် တောင်းဆိုလို့ရတယ်။ ဂဟေဆက်လည်း မလုပ်နိုင်ဘူး၊ ဝက်အူရိုက်တာတို့၊ ပန်းပဲအလုပ်တို့၊ လျှပ်စစ်အလုပ်တို့လည်း ဘာမှမလုပ်နိုင်ဘူးလို့ ပြောလို့ရတာပဲ။ ဒါပေမဲ့ နောက်တန်းထောက်ပံ့ရေးဌာနမှာတော့ လုပ်လို့ရတာပဲလေ။ အမေ အဲဒီမှာ သွားလုပ်လို့ရတယ်။ ရှေ့ဝင်းက လီချန်ရွှမ်းတောင် ဟင်းသီးဟင်းရွက်ဆေးတာ၊ တံမြက်စည်းလှည်းတာ၊ ပန်းကန်ဆေးတာတွေ လုပ်နိုင်သေးတာပဲ၊ အမေက ဘာလို့မလုပ်နိုင်ရမှာလဲ? နောက်ပြီး အမေသာ မီးဖိုချောင်ဘက်မှာ အလုပ်ရရင် ထမင်းဖိုးလည်း သက်သာသွားမယ်၊ ထမင်းစားဆောင်မှာ အလုပ်လုပ်ရင်တော့ ဘယ်သူမှ အငတ်ထားမှာမဟုတ်ဘူးလေ..မီးဖိုချောင်မှာက အလုပ်လည်း အဲလောက်မများပါဘူး၊ ခိုးနားတာတို့ ဘာတို့ဆိုရင်တော့ အမေက ဘယ်သူ့ထက်မဆို ပိုကျွမ်းကျင်မှာပါ"
ချန်ချင်းယွီသည် အဘွားကြီးအား စကားပြောခွင့်မပေးဘဲ ဆက်၍
"အကယ်၍ အလုပ်ရုံထဲသွားရင် အလုပ်သင်ဘဝကနေ စလုပ်ရမှာဆိုတော့ အိမ်ဝင်ငွေ နည်းသွားလိမ့်မယ်။ အမေသာ စားဖိုဆောင်သွားရင် အလုပ်သင်ဆိုတာ ရှိမှာမဟုတ်ဘူး၊ တိုက်ရိုက် အမြဲတမ်းဝန်ထမ်း ဖြစ်သွားမှာ။ အိမ်ဝင်ငွေလည်း များလာမယ်၊ လစာရရင် သတ်မှတ်ထားတဲ့ အိမ်အသုံးစရိတ်အတိုင်း တစ်စိတ်တစ်ပိုင်းထုတ်ပေးပြီး ကျန်တာကိုတော့ အမေပဲ ကိုယ်ပိုင်စုထားပေါ့။ ဒီအလုပ်က ကျန့်ဝမ်ရဲ့ အလုပ်ဖြစ်လို့ အမေ အငြိမ်းစားယူတဲ့အခါ ပင်စင်လစာလည်း ရဦးမှာ။ ဒါက အမေ့အတွက် အာမခံချက်တစ်ခုပဲလေ"
အဘွားကြီးကျောက်: "တွေးကြည့်တော့လည်း အကျိုးအကြောင်းရှိသားပဲ။"
သူမသည် မျက်လုံးကို ဟိုဟိုဒီဒီ ကစားကြည့်ပြီး ချွေးမပြောစကားမှာ မှန်သည်ဟု ထင်မိသွားသည်။
ပြောရမည်ဆိုလျှင် ယခု ကျန့်ဝမ်၏ ကာကွယ်မှု မရှိတော့သောအခါမှ ဤကောင်မလေးမှာ သူမ၏ ဗီဇအမှန်ကို ထုတ်ပြလာသည်။ သို့သော် သူမစကားက ယုတ္တိရှိလှ၏။ ထို့ပြင် သူမသာ အလုပ်လုပ်လျှင် ပိုက်ဆံကို သူမလက်ထဲတွင်သာ ထိန်းထားနိုင်မည်တည်းသာ။
အကယ်၍ ဤကောင်မလေးသာ အလုပ်လုပ်ပါက လစာကို အိမ်အပ်မည်ဟု သူမ မယုံကြည်ပေ။
မှန်သည်၊ ဤလစာကို သူမလက်ထဲမှာပဲ ထားရပေမည်။
နေထိုင်စရိတ်လား? အဟက်!
ထိုအရာကို သူမသည်သာ ထိန်းချုပ်ထားမည်ဖြစ်၏။ ဤသို့တွေးမိသည်နှင့် အဘွားကြီးကျောက်သည် ချက်ချင်း ဘဝင်မြင့်သွားလေသည်။
"ဒါဆို... နင့်စကားအတိုင်း ငါပဲ အလုပ်ဆက်ခံရမလား?"
ချန်ချင်းယွီ: "အမေ အလုပ်ဆက်ခံတာက နောက်ထပ်ကောင်းကွက်တစ်ခု ရှိသေးတယ်လို့ ကျွန်မ ခုနကပဲ တွေးမိတယ်။ အဲဒါက ကျွန်မရဲ့ မိဘဘက်က အမျိုးတွေ လာပြီး မကပ်တွယ်နိုင်တော့တာပဲ။"
သူမသည် အသံအနိမ့်အမြင့်မရှိဘဲ ခပ်အေးအေး လေသံဖြင့်
"ကျွန်မရဲ့ အမကြီးနဲ့ မောင်လေးက ကျေးလက်ကို ဆင်းသွားရပြီလေ။ အကယ်၍ ကျွန်မမှာ အလုပ်တစ်ခုရှိမှန်း သိသွားရင် သူတို့တွေ တစ်ခုခု ကြံစည်ကြမှာ မဟုတ်ဘူးလား?"
"မရဘူး! သူတို့ အကောင်းစားဖို့ မကြံနဲ့! ဒီအလုပ်က ငါတို့အိမ်က ကျန့်ဝမ်ရဲ့ အလုပ်၊ ဘယ်သူပဲ လုလု ငါ အသေခံပြီး တိုက်မယ်!!!"
အဘွားကြီးကျောက်သည် ချက်ချင်းပင် ဒေါသတကြီး ထအော်လေတော့၏။
"ငါ့သား အသက်နဲ့လဲပြီး ရလာတဲ့အလုပ်ကို ဘယ်သူပဲ လုလု ငါ့အလောင်းကို ကျော်သွားမှ ရမယ်!"
ချန်ချင်းယွီ; "ဒါဆိုရင် ရပြီပေါ့။ ကဲ... ထမင်းစားရအောင်၊ အိမ်ထောင်စုစာရင်း ယူထားဦး၊ ခဏနေရင် ကျွန်မတို့ တစ်မိသားစုလုံး ဦးလေးမာနဲ့အတူ စက်ရုံကို သွားကြမယ်"
အဘွားကြီးကျောက်: "ဟမ်? ငါ အလုပ်သွားဆက်ခံမှာ မဟုတ်ဘူးလား? နင်လည်း လိုက်မလို့လား?"
ချန်ချင်းယွီသည် ယခုမှပင် လက်ထဲက အားကို လျှော့လိုက်ပြီး အဘွားကြီး၏ လက်ကို ပုတ်ကာ လေးလေးနက်နက် ပြောလိုက်လေသည်။
"အမေ... ကျွန်မ လိုက်ရမှာပေါ့။ သွားပြီး မမွှေရင် ကျွန်မတို့ ဘယ်လောက် ခက်ခဲနေလဲဆိုတာ သူတို့ ဘယ်သိပါ့မလဲ? ဒါမှ ကျွန်မတို့ အလိုအတိုင်း အမေ့ကို မီးဖိုချောင်ဘက် ပြောင်းပေးမှာပေါ့။"
အဘွားကြီးကျောက်: "ဟုတ်တယ်... ဟုတ်တယ်!"
သူမသည် ချွေးမဖြစ်သူကို ကြည့်ကာ ချီးကျူးလိုက်မိ၏။
"နင် အခုမှပဲ ဉာဏ်ကောင်းလာတော့တယ်"
သို့သော် အဘယ်ကြောင့်မှန်းမသိ သူမ၏ ဦးရေပြားမှာ စိမ့်ကနဲ ဖြစ်သွားရ၏။
ဒီကောင်မလေး တစ်ခုခု ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်?
အဘွားကြီးကျောက်သည် စိတ်မချသဖြင့် ချွေးမဖြစ်သူကို သံသယဖြင့် စိုက်ကြည့်ကာ
"နင်... မကောင်းကြံတာတွေ မရှိပါဘူးနော်?"
ချန်ချင်းယွီသည် အပြစ်ကင်းစင်ဟန်ဖြင့် မျက်ခုံးပင့်ပြလိုက်ကာ
"ဘယ်လိုလုပ် ရှိမှာလဲ?"
စကားပင် မဆုံးသေးမီ အပြင်ဘက်မှ ငိုယိုအော်ဟစ်သံများ ကြားလိုက်ရပါသည်။
"ယောကျာ်း... ယောကျာ်း ဘာဖြစ်တာလဲ? ကျွန်မ ယောကျာ်းကို ကယ်ပါဦး..."
ချန်ချင်းယွီ၏ နှုတ်ခမ်းအစုံမှာ ရုတ်တရက် အကြောင်းပြချက်မရှိဘဲ ကွေးညွှတ်သွားကာ ပြုံးယောင်သန်းသွား၏။ သူမ၏ မျက်ဝန်းအစုံမှာလည်း အမှောင်ထုကဲ့သို့ နက်မှောင်နေလေသည်။ အဘွားကြီးကျောက်သည် သူမကို တည့်တည့်ကြည့်နေမိရာမှ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ စကားများပင် ထစ်ကုန်ပါတော့သည်။
"နင်... နင်... ဒါနဲ့ ဘာမှမဆိုင်ပါဘူးနော်?"
အမေရေ... ဒီအရူးမ မနေ့ညက ဘာတွေ ထပ်လုပ်လိုက်ပြန်ပြီလဲ။