← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

၁။ ကူးပြောင်းခြင်း

“အမေ့သားလေးရဲ့... အမေတို့ကို ဘယ်လိုများ ရက်ရက်စက်စက် ပစ်သွားရတာလဲ။ မင်းမရှိတော့ရင် အမေ ဘယ်လိုလုပ် အသက်ဆက်ရမှာလဲ! ကောင်းကင်ကြီးကလည်း မျက်စိမရှိဘူးလား... အမေ့သားလေးလို လူကောင်းလေးကိုမှ ဘာလို့ ခေါ်သွားရတာလဲ။ သား ထွက်သွားရင် အမေတို့တစ်မိသားစုလုံး ဘယ်လိုလုပ်ကြမလဲ! အမေလည်း မနေချင်တော့ဘူး၊ မနေချင်တော့ဘူး! သားလေး... အမေ့ကို စောင့်ဦးလေ...”

ချင်းယွီတစ်ယောက် ဝေဝေဝါးဝါး ဖြစ်နေစဉ်မှာပဲ နားထဲမှာ တစ်စုံတစ်ယောက်က မနားတမ်း ငိုယိုအော်ဟစ်နေသံကို ကြားနေရသည်။

ရင်ကွဲမတတ် အော်ဟစ်သံများမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ၏။

“သားလေးရဲ့... သားက ဘာလို့ ဒီလိုကြီး ထွက်သွားရတာလဲ၊ အမေ ဘာလုပ်ရမလဲ? အမေ့ကို ပစ်သွားဖို့ ဘယ်လိုများ ရက်ရက်စက်စက် ထွက်သွားရက်တာလဲ…သားလေး... သား..တကယ်ကို လုပ်ရက်တာပဲ...”

“လောကကြီးက မတရားလိုက်တာ၊ ဘာလို့ ငါ့သားက သေရတာလဲ၊ ဘာလို့လဲ...”

“နင်... ဒီနိမိတ်မရှိတဲ့ မိန်းမ! နင့်ယောကျ်ား သေသွားတာတောင် မျက်ရည်တစ်စက်မှ မကျဘူးလား။ နင်လို နိမိတ်မရှိတဲ့ဟာကို အိမ်ထဲပေးဝင်ဖို့ သဘောတူခဲ့တာ ငါ့အမှားပဲ။ ငါ့သားကို ပြန်ပေးစမ်း၊ ပြန်ပေး! ငါ နင့်ကို ရိုက်သတ်မယ်၊ သေမှာဖြင့် နင်မသေဘဲနဲ့...”

ချင်းယွီဟာ ရုတ်တရက် တစ်စုံတစ်ယောက်၏ ဆွဲခါခြင်းကို ခံလိုက်ရပြီး မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ဘဲ ယိုင်နဲ့သွားရသည်။ အားနှင့် အတွန်းခံလိုက်ရသည့်အတွက် "ဗုန်း" ခနဲ အသံနှင့်အတူ ကြမ်းပြင်ပေါ် လဲကျသွားပြီး ခန္ဓာကိုယ်မှာ အရှိန်ဖြင့် ရှေ့ကို ငိုက်ကျသွားကာ နဖူးသည် နံရံနှင့်ဆောင့်မိသွားလေ၏။ နဖူးမှ သွေးများကလည်း ချက်ချင်းပဲ စီးကျလာပြီး...

“အမလေး... မြန်မြန် ကယ်ကြပါဦး၊ လူကယ်ကြပါဦး! ကျန့်ဝမ်မိန်းမ နံရံနဲ့ ဆောင့်မိသွားပြီ...”

“ကျန့်ဝမ်မိန်းမ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပြီ...”

“လူလာကြပါဦး! ဆေးရုံ အမြန်ပို့ကြဦး!”

အော်ဟစ်သံများမှာ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ စောစောလေးတင် မနားတမ်း ဆဲဆိုနေသော အဘွားကြီးသည်လည်း လည်ပင်းညှစ်ခံလိုက်ရသော ကြက်မကြီးသဖွယ် ရုတ်တရက် ငြိမ်ကျသွား၏။ သို့သော် ခဏအကြာမှာပင် သူမသည် ပြန်ပြီး အော်ဟစ်ပြန်လေသည်။

"သူက လူတွေကို ခြောက်နေတာ၊ ဒီကောင်မက လူတွေကို ခြောက်လှန့်နေတာ... ငါ့သားလေးရယ်၊ ငါ့သားလေးက ဒီနိမိတ်မရှိတဲ့ မိန်းမကြောင့် သေရတာ။ ကိုယ့်ယောက္ခမကိုတောင် ပြန်ချောက်ချတဲ့ နိမိတ်မရှိတဲ့ဟာမ၊ သူ့အပေါ်ကောင်းတဲ့သူမှန်သမျှ ဒုက္ခပေးနေတာ..."

"တော်ပါတော့! အစ်မကြီးရယ်... ဘာမှလည်း မပြောပါနဲ့တော့၊ ဒီလို အယူသီးတာတွေက မလုပ်သင့်ဘူးလေ။"

"မေမေ... မေမေ မသေပါနဲ့... မေမေ!"

ကလေးငိုသံများ ထွက်ပေါ်လာ၏။ အသက် နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးငယ်နှစ်ယောက်သည် ခေါင်း၌ ဝတ်ပြုဦးထုပ်ဖြူလေးများဆောင်းထားပြီး ကိုယ်မှာ ပိတ်ဖြူအစများစည်းထားကာကြမ်းပြင်ပေါ်တွင် သနားစရာကောင်းအောင် ထိုင်ရင်း ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေကြသည်။

"မသေပါနဲ့..."

"ကဲ... မြန်မြန်လုပ်ကြပါဦး၊ အိမ်နီးနားချင်းတွေလည်း ဝိုင်းကူကြဦး။ ဆေးရုံ အမြန်ပို့မှဖြစ်မယ်... အစ်မကြီးလည်း မြန်မြန်လုပ်ဦး၊ တကယ်လို့ ကျန့်ဝမ်မိန်းမသာ ထပ်ပြီး ထွက်သွားရင် အစ်မကြီး ဘယ်လိုလုပ်မလဲ! ကလေးတွေကကော ဘယ်လိုလုပ်မလဲ!"

အဘွားကြီးမှာ မျက်လုံးများ ဖောင်းအစ်နေအောင် ငိုထားရင်းအသံကုန်အော်ဟစ်လိုက်၏။

"သေတော့ရော ဘာဖြစ်လဲ! ငါ့သားတောင် မရှိတော့တာ၊ ဒီချွေးမကို ငါက ဂရုစိုက်ရဦးမှာလား? သေတာကမှ အေးသေးတယ်၊ သေသွားမှ မြေအောက်ကမ္ဘာမှာ ငါ့သားကို သွားပြုစုလို့ရမှာ!"

သူမသည် သွေးများရွှဲနေသော ချွေးမဖြစ်သူကို အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးအစုံနှင့် စိုက်ကြည့်ရင်း ရက်ရက်စက်စက် ပြောလိုက်သည်။

"သူ့ကြောင့် ငါ့သား ကံဆိုးရတာ၊ သူက နိမိတ်မရှိတဲ့ဟာမပဲ။"

"တော်စမ်း!!!"

ကျုံးရှန်းဝတ်စုံ ဝတ်ထားသော ကတုံးဆံတောက်နှင့် အမျိုးသားတစ်ယောက်သည် ပြင်းပြင်းထန်ထန် ဟန့်တားလိုက်ခါမှ အဘွားကြီးလည်း ဆက်ပြီး မဆဲရဲတော့ပေ။

"ခင်ဗျား ပြဿနာရှာချင်ရင် ဒီခြံဝန်းထဲက ထွက်သွားပြီးမှ သွားပြော။ အခု ဘယ်လိုအခြေအနေမျိုး ဖြစ်နေလဲဆိုတာတောင် မကြည့်ဘဲ လျှောက်ပြောနေတာပဲ။ ခင်ဗျားက ကောင်းကောင်းမွန်မွန် နေရတာ ငြီးငွေ့နေလို့ အချုပ်ထဲ သွားချင်နေတာလား!"

ပြောရင်းဖြင့် သူသည် အခြေအနေကို ဝိုင်းဝန်းထိန်းသိမ်းပေးလိုက်၏။

"တာ့စန်းမိန်းမရေ... ခင်ဗျားတို့ အမျိုးသမီးတွေ မြန်မြန်လာဝိုင်းကူကြဦး၊ ငါတို့ဝန်းထဲမှာတော့ လူအသေမခံနိုင်ဘူး..."

"လာပြီ လာပြီ။"

အစောပိုင်း ဘေးနားမှ အကဲခတ်ကြည့်နေကြသော လူများလည်း အခြေအနေမဟန်တော့သည်နှင့် ချက်ချင်း အပြေးအလွှား ဝိုင်းကူကြပြီး လူနာကို လက်တွန်းလှည်းပေါ် တင်လိုက်ကြသည်။

လက်တွန်းလှည်းလေး တုန်ခါယိုင်နဲ့သွားစဉ်မှာပင် ချင်းယွီတစ်ယောက် ဝေဝေဝါးဝါးနှင့် သတိဝင်တစ်ချက် မေ့တစ်ချက် ဖြစ်နေစဉ် နားထဲ၌ ကလေးငယ်များ၏ "မေမေ... မေမေ" ဆိုပြီး အော်ဟစ်ငိုယိုသံများကို ခပ်သဲ့သဲ့ ကြားနေရဆဲတည်း...

နောက်ဆုံး သူမ ခန္ဓာကိုယ်သည်ဒဏ်မခံနိုင်တော့ဘဲ သတိလစ်မေ့မြောသွား၏။

ချင်းယွီ အိပ်မက်တစ်ခု မက်နေခဲ့သည်။

သူမ အိပ်မက်ထဲတွင် မိန်းကလေးတစ်ယောက်၏ တိုတောင်းလှသော ဘဝဇာတ်ကြောင်းကို မြင်မက်နေခဲ့၏။

ယင်းမိန်းကလေး၏ နာမည်မှာ "ချန်ချင်းယွီ" ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်ကွယ်လွန်ခဲ့ပြီး အမေဆုံး၍ တစ်လမပြည့်ခင်မှာပင် ဖခင်ဖြစ်သူသည် မိန်းမသစ်တစ်ယောက်ကို အိမ်ခေါ်လာခဲ့သည်။ ပါလာသူများမှာ အစ်မတစ်ယောက်တင်မက၊ မိထွေးမှ ဖခင်အတွက် သားသုံးယောက် ဆက်တိုက်မွေးပေးခဲ့သောအခါ အိမ်၏ "ကျေးဇူးရှင်မကြီး" ဖြစ်သွားခဲ့၏။ ထိုအချိန်မှစပြီး မိန်းကလေး၏ ဘဝသည် ကြက်ထက်နည်းအောင်စားပြီး နွားထက်ပိုအောင် အလုပ်လုပ်ရသော ဘဝမျိုး ဖြစ်သွားခဲ့ရသည်။

ထိုအိမ်တွင် သူမသည် လူပိုတစ်ယောက်သာသာပင်။ ကံကောင်းသည်မှာ သူမ၏ မိခင်ဘက်မှ အဘိုးနှင့်အဘွားသည် တော်တော်လေး အစွမ်းအစရှိသူများဖြစ်ပြီး ချန်ချင်းယွီကို တိတ်တဆိတ် ထောက်ပံ့ပေးခဲ့ကြသည်။ ချင်းယွီ ကျောင်းတက်နိုင်အောင်လည်း အဘိုးအဘွားများကပင် ငွေစိုက်ထုတ်ပေးခဲ့သည့်အတွက် မိန်းကလေး၏ ငယ်ဘဝသည် အနည်းငယ်တော့ စိတ်သက်သာရာ ရခဲ့၏။ သို့သော် သူမ အလယ်တန်းတက်နေစဉ် သူမအပေါ် အလွန်ကောင်းသော ဦးလေးဖြစ်သူသည် သူတစ်ပါးကို ကူညီကယ်တင်ရင်း ကွယ်လွန်သွားခဲ့သည်။ ဦးလေးဖြစ်သူမှာ အိမ်ထောင်မရှိသေး၍ အိမ်၏ ဒေါက်တိုင်ကျိုးသွားသည့်နှယ် ဖြစ်သွားပြီး အဘိုးနှင့်အဘွားသာ ကျန်ခဲ့လေ၏။ သို့တိုင် လူကြီးများမှာ စုဆောင်းထားသည်လေးများ ရှိနေ၍ ဘဝမှာ အဆင်ပြေနေသေးသည်။

သို့သော်ငြား ကံကြမ္မာသည်ကား ရက်စက်လွန်းလှ၏။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ချင်းယွီ အရွယ်ရောက်လာပြီး အရာအားလုံး အဆင်ပြေတော့မည့်အချိန်တွင် အိမ်၌ ပြဿနာတက်ခဲ့ပြန်၏။ သူမအဘိုးသည် နိုင်ငံခြားမှာ ပညာသင်ဖူးသည့် နောက်ခံရှိသောကြောင့် ထိုခေတ်အခါက နိုင်ငံရေးလှိုင်းလုံးများ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။ ချင်းယွီကို ပြဿနာ မပက်သတ်စေချင်သည့် အတွက် အဘိုးနှင့်အဘွားမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြ၏။

ချန်ချင်းယွီအတွက် သူမကို ဂရုစိုက်ပေးသည့် ဆွေမျိုးရင်းချာနှစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရသည်။ ထိုအချိန်မှစပြီး ချင်းယွီ၏ ဘဝသည် ပိုပြီး ခက်ခဲလာ၏။ သူမ သည် အိမ်တွင် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေ၍ ဖခင်နှင့်မိထွေးဖြစ်သူသည် သူမကို ပိုပြီး ကြည့်မရဖြစ်လာကြသည်။

မိထွေး၏ သွေးထိုးပေးမှုကြောင့် ဖခင်ဖြစ်သူသည် သမီးဖြစ်သူကို ကျေးလက်သို့ ပညာတတ်လူငယ်များ ပို့သည့်အစီအစဉ်တွင် နာမည်စာရင်း သွင်းရန် ကြံစည်ခဲ့၏။ ထိုခဏတွင် ချန်ချင်းယွီဘဝအတွက် တစ်ကြိမ်တည်းသော သတ္တိကို မွေးလိုက်ခြင်း ဖြစ်နိုင်သည်။ သူမသည် အိမ်မှ အိမ်ထောင်စုစာရင်းစာအုပ်ကို ခိုးယူပြီး သူမအပေါ် စိတ်ဝင်စားနေသော အလယ်တန်းကျောင်းနေဖက် "လင်းကျန့်ဝမ်" ကို သွားရှာခဲ့၏။ သူတို့နှစ်ဦးသည် ရပ်ကွက်ထံမှ ထောက်ခံစာများ တိတ်တဆိတ်ယူပြီး လက်ထပ်လိုက်ကြလေသည်။

လင်းကျန့်ဝမ်နှင့် ချန်ချင်းယွီတို့သည် အလယ်တန်းကျောင်းတက်စဉ် အတန်းဖော်များဖြစ်ခဲ့၏။ ကျောင်းတက်နေစဉ် သူတို့နှစ်ဦးစလုံးမှာ သနားစရာကောင်းသော ကလေးငယ်လေးများ ဖြစ်ခဲ့ကြပြီး ချန်ချင်းယွီမှာ အဖေကလည်းမချစ်၊ မိထွေးကလည်းဂရုမစိုက်သောသူ ဖြစ်ခဲ့ကာ၊ လင်းကျန့်ဝမ်သည်လည်း အဖေမရှိတော့ဘဲ မုဆိုးမအမေနှင့်အတူ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရသူ ဖြစ်သည်။

သူတို့နှစ်ယောက်လုံး၌ တခြားရင်းနှီးသောသူငယ်ချင်း မရှိကြဘဲ တစ်ဦးနှင့်တစ်ဦးသည်သာ တစ်ဦးတည်းသော သူငယ်ချင်းများ ဖြစ်ခဲ့ကြ၏။

ဤတစ်ကြိမ်၌ လင်းကျန့်ဝမ်သည် ချန်ချင်းယွီနှင့် လက်ထပ်ရန် အနည်းငယ်မျှ မဆိုင်းမတွဘဲ ဆုံးဖြတ်ခဲ့သည်။ ယင်းမှာ သူ့ဘဝ၌ ရှားရှားပါးပါး လုပ်ခဲ့ဖူးသော သတ္တိရှိသည် လုပ်ရပ်တစ်ခုတည်း။ သို့သော် ထိုအချက်ကြောင့်ပင် လင်းကျန့်ဝမ်၏ အမေ "အဘွားကြီးကျောက်" သည် ချွေးမဖြစ်သူ ချန်ချင်းယွီကို အရိုးထဲမှ နာကျည်းအောင် ခါးခါးသီးသီး မုန်းတီးသွားခဲ့၏။

ချန်ချင်းယွီ အိမ်ထောင်ကျပြီး နောက်ထပ်ခြောက်လအကြာတွင် ကိုယ်ဝန်ရလာပြီး သားလေးတစ်ယောက်၊ သမီးလေး တစ်ယောက် အမြွှာမောင်နှမလေးကို မွေးဖွားပေးခဲ့သည့်တိုင် အဘွားကြီးကျောက်ထံမှ မျက်နှာသာမရခဲ့ပေ။

ရိုက်နှက်ဆဲဆိုခြင်းအပြင် "နိမိတ်မရှိတဲ့ကောင်မ"၊ "မိန်းမပျက်" စသဖြင့် ပါးစပ်ထဲရှိရာ အမြဲအော်ဟစ်နေခဲ့၏။

သို့သော် လင်းကျန့်ဝမ်သည်ကား ချန်ချင်းယွီအပေါ် အလွန်ကောင်းပြီး အမြဲတမ်းလည်း ကာကွယ်ပေးခဲ့သည်။ လင်မယားနှစ်ယောက် ဘဝမှာ ခက်ခဲသော်ငြား အဆင်ပြေသာယာခဲ့ကြ၏။ အရာအားလုံး အေးအေးချမ်းချမ်း ရှိနေတုန်းမှာပင်... လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းကျန့်ဝမ် အလုပ်သွားခိုက် သူခိုးတစ်ယောက်နှင့် တိုးခဲ့သည်။ သူခိုးကို တားဆီးရန် ကြိုးစားရင်းနှင့် ဓားဖြင့်အထိုးခံလိုက်ရပြီး အဓိကသွေးကြောမကြီးကို ထိသွားခဲ့ကာ ဆေးရုံသို့ပင် မရောက်လိုက်ဘဲ သူသည် အသက်ဆုံးရှုံးသွားခဲ့ရ၏။

ဤဖြစ်ရပ်သည် မိသားစုတစ်ခုလုံးကို ရုတ်တရက် ပစ်ချသွားသကဲ့သို့ ဖြစ်သွားပြီး ချန်ချင်းယွီကိုလည်း လုံးဝ ပြိုလဲသွားစေခဲ့သည်။

ယနေ့သည် လင်းကျန့်ဝမ်ကို မြေမြှုပ်င်္သဂြိုဟ်သည့်နေ့တည်း။ ချန်ချင်းယွီ င်္သချိုင်းမှ ပြန်လာပြီးသည်နှင့် ကြွက်သတ်ဆေး သောက်ပစ်ခဲ့၏...။

သူမသည် ချစ်ရသော ဆွေမျိုးရင်းချာများ၏ သေဆုံးမှုကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံး၌ ဒဏ်မခံနိုင်တော့ဘဲ အရှုံးပေးလိုက်ခြင်းသာတည်း။

ချင်းယွီ မည်မျှကြာကြာ အိပ်ပျော်သွားခဲ့သည်ကို သူမကိုယ်တိုင်ပင် မသိခဲ့ပေ။နောက်တစ်ကြိမ် ပြန်နိုးလာသောအခါ၌ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေကြောင်း သိလိုက်ရသည်။ သူမဘေးတွင် အလွန်ကို ညစ်ပတ်ပေရေနေသော "မုန်လာဥလေး" နှစ်လုံးကဲ့သို့ ကလေးငယ်နှစ်ယောက်မှာ ကုတင်ဘေး၌ ဖင်လေးများကောက်ပြီး မှောက်ရက်သားလေး အိပ်ပျော်နေကြသည်ကို တွေ့လိုက်ရ၏။

ကလေးများ၏ မျက်နှာလေးများမှာလည်း အမည်းစင်း၊ အဖြူကွက်များနှင့် ပေပွနေပြီး ငိုရလွန်း၍ မောပန်းပြီး အိပ်ပျော်သွားကြမှာ ထင်ရှားနေသည်။

ဤကလေးနှစ်ယောက်သည် အမြွှာမောင်နှမလေးများဖြစ်သည့် ရှောင်ကျား နှင့် ရှောင်ယွမ် ဖြစ်ကြောင်း ချင်းယွီ သိလိုက်၏။

ဆိုတော့ကာ "ချန်ချင်းယွီ" ရဲ့ ကလေးတွေပေါ့!!

ယခုတွင် သူမကိုယ်တိုင်မှာ ချန်ချင်းယွီ ဖြစ်နေခဲ့ပြီဖြစ်သည်။

"ကျန့်ဝမ်မိန်းမ... နိုးပြီလား?"

လန်းဆန်းတက်ကြွသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာ၏။ ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ယောက်သည် ရေနွေးအိုးတစ်လုံးကို ကိုင်ပြီး အခန်းထဲ ဝင်လာရင်း

"အစ်မ နင့်အတွက် ရေနွေးတစ်အိုး သွားခတ်ပေးထားတယ်၊ ရေနွေးလေး နည်းနည်း သောက်လိုက်ဦး"

ချန်ချင်းယွီ မှတ်ဉာဏ်ထဲတွင် ဤအမျိုးသမီးအကြောင်း ရှိနေ၏။ သူမသည် ဝန်းထဲကို အိမ်ထောင်ကျလာသူဖြစ်ပြီး နာမည်မှာ ဝမ်မေ့လန် ဖြစ်ကာ အထည်ချုပ်စက်ရုံ၌ အလုပ်လုပ်သည်။

ဝမ်မေ့လန်သည် စတင်ပြီး အပြစ်တင်စကား ဆိုလိုက်၏။

"နင်ကတော့လေ... အမေတစ်ယောက်ဖြစ်ပြီးတော့ ကလေးတွေကို ပစ်သွားဖို့ ဘယ်လိုများ သွေးအေးနိုင်ရတာလဲ? သူတို့ကို နင်ကိုယ်တိုင်ပဲ ပြုစုပျိုးထောင်ခဲ့တာ မဟုတ်လား။ တကယ်လို့ နင်သာ မရှိတော့ရင် သူတို့ ဘယ်လိုလုပ်ကြမလဲ? အမေလုပ်တဲ့သူက ဘာလို့ ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ?"

ချန်ချင်းယွီ ဘာမှပြန်မပြောနိုင်ခင်မှာပဲ သူမက ဆက်ပြောပြန်၏။

"နင် ဘာလို့ ယိုင်နဲ့ယိုင်နဲ့ ဖြစ်နေတာလဲလို့ ငါ စဉ်းစားနေတာ။ ကံကောင်းလို့ နံရံနဲ့ဆောင့်မိပြီး ဆေးရုံရောက်လာလို့သာပေါ့၊ မဟုတ်ရင် နင် ကြွက်သတ်ဆေး သောက်ထားမှန်း ငါတို့ သိမှာတောင် မဟုတ်ဘူး။ နင် တကယ်ကို ရူးတာပဲ။ ကံကောင်းချင်တော့ ဆရာဝန်ပြောတာက အဲဒီကြွက်သတ်ဆေးက သက်တမ်းကုန်နေလို့ အာနိသင်မရှိတာတဲ့၊ မဟုတ်ရင် ဒီအချိန်လောက်ဆို နင့်အသက် ရှင်ပါ့မလား!"

သူမသည် မကျေမနပ်နှင့် နှမြောတသဖြစ်စွာ ဆက်ပြောပြန်သည်။

"နင့်ယောကျ်ား မရှိတော့ရင် နင်က ပိုပြီး မားမားမတ်မတ် ရပ်တည်ရမှာပေါ့၊ အခုတော့ ဘာဖြစ်နေတာလဲ!"

ဝမ်မေ့လန် တတွတ်တွတ်နှင့် အကြာကြီး ဆူပူနေသော်ငြား ချန်ချင်းယွီမှာ စေတနာနှင့် ဆုံးမနေမှန်း နားလည်သောကြောင့် ခပ်တိုးတိုးပြန်ပြောလိုက်၏။

"နောက်ဆို အဲဒီလို မလုပ်တော့ပါဘူး..."

ဝမ်မေ့လန် သူမ၏ ဖျောင်းဖျမှု အောင်မြင်သွားပြီအထင်နှင့် ဝမ်းသာသွားပြီး

"အေးပါ... နင် နားထောင်ရင် အကောင်းဆုံးပေါ့။ သေတာထက်စာရင် အသက်ရှင်နေတာက ပိုကောင်းပါတယ်၊ ပိုဆိုးတာက နင့်မှာ ကလေးနှစ်ယောက် ကျန်သေးတယ်လေ။ တကယ်လို့ နင်သာ ထွက်သွားရင် နင့်ယောက္ခမက ဒီကလေးနှစ်ယောက်ကို တကယ်ပဲ ဂရုစိုက်လိမ့်မယ်လို့ ထင်နေတာလား?"

သူမ နှုတ်ခမ်းမဲ့ပြီး အဘွားကြီးကျောက်၏ စရိုက်ကို လုံးဝ မယုံကြည်ကြောင်း ပြလိုက်လေသည်။

တစ်ဝန်းတည်း အိမ်နီးချင်းအဖြစ် နေလာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်၍ ဘယ်သူက ဘယ်လိုလူဖြစ်ကြောင်း အားလုံးမှာ သိနေကြ၏။

အဘွားကြီးမှာ စိတ်ထားကောင်းသောသူ မဟုတ်ကြောင်း သေချာနေသည်။

ချန်ချင်းယွီ ခေါင်းလေးညိတ်ပြရင်း ဟိုဟိုဒီဒီ ကြည့်လိုက်သော်လည်း ယောက္ခမကို မတွေ့သည်နှင့် မျက်လွှာလေး ချလိုက်၏။

ဝမ်မေ့လန်သည် သူမ အမူအရာကို ရိပ်မိသောကြောင့် နှုတ်ခမ်းကို တစ်ချက်စူလိုက်ပြီး ခပ်ပြတ်ပြတ် ဆိုလိုက်သည်။

"မရှာနဲ့တော့၊ သူ လာမနေဘူး။ သူက နင့်ကို ဂရုစိုက်ပါ့မလား? နင် ဆေးရုံမှာတင် သေသွားပါစေလို့တောင် သူက ဆုတောင်းနေမှာ"

သူမသည် တံတွေးတစ်ချက်ထွေးလိုက်ပြီးနောက် အနည်းငယ် အနေရခက်သွားဟန်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလာ၏။

"အဲဒါ... နင့်ကို အစာအိမ်ဆေးတာနဲ့ ဆေးရုံတက်ခတွေအတွက် အစ်မပဲ အရင်စိုက်ထုတ်ပေးထားတယ်..."

ချန်ချင်းယွီ ချက်ချင်း တုံ့ပြန်လိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်မဝမ်ရယ်၊ ကျွန်မ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်တာနဲ့ ပြန်ပေးပါ့မယ်။"

ယနေ့ခေတ်ကာလမျိုးတွင် မိမိသဘောနှင့် ငွေထုတ်ချေးပေးခြင်းမှာ တကယ့်ကို စိတ်ထားကောင်းမှ လုပ်နိုင်ခြင်းတည်း။ ချန်ချင်းယွီ သူမ၏ ကျေးဇူးကို အလေးအနက် မှတ်သားထားလိုက်သည်။

အစ်မဝမ်၏ မျက်နှာပေးမှာ အနည်းငယ် ပြေလျော့သွားသော်ငြား ရုတ်တရက် အဘွားကြီးကျောက်၏ လက်ပေါက်ကပ်ပုံကို သတိရသွားပုံရ၏။ ဤမျှနုနယ်သော ချွေးမလေးမှာ ဆေးဖိုးဝါးခများကို ပြန်တောင်းပေးနိုင်မည်လော့ဟု စိုးရိမ်စိတ် ဝင်လာမိလေသည်။ တခြားသူများမှာ ဘယ်သူမှ ရှေ့ထွက်ပြီး ငွေစိုက်မပေးကြ၍ သူမသည် စိတ်လိုက်မာန်ပါ လုပ်မိသွားကာမှ ယခု အနည်းငယ် နောင်တရနေမိလေ၏။

သို့တိုင် ငွေမှာ စိုက်ပေးပြီးပြီဖြစ်ကာ လူကိုလည်း ပစ်စလတ်ခတ် ထားခဲ့၍မရပေ။ မဟုတ်လျှင် ချွေးမဖြစ်သူမှာ ထပ်ပြီး သေကြောင်းကြံစည်နေပါက သူမငွေများ ပြန်ရဦးမည်လော့။

ဝမ်မေ့လန်၏ စိုးရိမ်စိတ်များမှာ မျက်နှာပေါ်၌ အထင်းသား ပေါ်နေ၏။ ထိုအချိန်မှာပင် အိပ်ပျော်နေသော သားဖြစ်သူလေးမှာ အိပ်မက်မက်ရင်း ရှိုက်သံတစ်ချက် ထွက်လာသောကြောင့် ဝမ်မေ့လန်တစ်ယောက် မျက်လုံးလှန်ပြီး မကျေမနပ် ညည်းညူလိုက်လေသည်။

"နင့်ယောက္ခမက ကလေးနှစ်ယောက်ကို လုံးဝကြည့်မပေးဘူး၊ ငါ့ကိုပဲ အတင်းထည့်ပေးလိုက်ပြီး နင့်ဆီ လာပို့ခိုင်းတာ။"

ဤသို့ ဘွားအေမျိုးကား တစ်ခါမှ မမြင်ဖူးပေ။ မြေးမလေးကို မချစ်သည် ထားဦး၊ မြေးယောင်္ကျားလေးကိုပင် ဂရုမစိုက်၍ တကယ်ကို အတ္တကြီးပြီး ရက်စက်လွန်းသည့်မိန်းမကြီးပင်။

ချင်းယွီမှာ အခြေအနေသစ်နှင့် အကုန်အစင် မယဉ်ပါးသေး၍ ကလေးနှစ်ယောက်အပေါ် အလွန်အမင်း ရင်းနှီးသော ခံစားချက်မျိုး မရှိသေးပေ။ သို့သော်ငြား အလွန်သေးငယ်သော ကလေးလေးများကို ကြည့်ရသည်မှာ သနားစရာကောင်းလွန်းသောကြောင့် သူမဘေးနားကို ဆွဲကပ်ပြီး ပွေ့ပိုက်ထားလိုက်၏။ ထိုအချိန်၌ အကြောင်းအရာတစ်ခုကို သတိရသွားပြီး မော့မေးလိုက်လေသည်။

"အစ်မဝမ်... ကျွန်မအတွက် ဘယ်နှစ်ရက်စာ ဆေးရုံစရိတ် သွင်းပေးထားတာလဲဟင်?"

ဝမ်မေလန်း; "သုံးရက်စာပါ။ နင် သတိလစ်နေတာ နှစ်ရက်ရှိပြီဆိုတော့ ဒီနေ့က နောက်ဆုံးရက်ပဲ၊ မနက်ဖြန်မနက်ဆို ဆေးရုံဆင်းရတော့မယ်"

ပြန်ဖြေပြီးနောက် သူမ အသံကို ထိန်းပြီး သေသေချာချာ မေးလိုက်၏။

“အစ်မ မနက်ဖြန် အလုပ်ဆင်းရင် နင့်အိမ်ကို ငွေလာယူမယ်၊ အဆင်ပြေရဲ့လား?"

ချင်းယွီ ခေါင်းလေးညိတ်ပြလိုက်သည်။ ကြွေးရှိရင် ဆပ်ရသည်မှာ လောကနိယာမပင်။

ဝမ်မေ့လန် ချင်းယွီ အလွယ်တကူ သဘောတူသည်ကို မြင်လိုက်သည့်တိုင် စိတ်ထဲ၌ သူမစိုက်ထားသောငွေများ ပြန်မရမည်ကို တကယ်ပဲ ကြောက်နေမိ၏။ သူမ နှုတ်ခမ်းကို ဖိစေ့ထားရင်း

"ဒီညတော့ အစ်မ ဒီမှာပဲ အိပ်ပြီး နင့်ကို စောင့်ရှောက်ပေးမယ်လေ"

တကယ်တမ်း၌ အနှီချွေးမလေးကို ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခွင့် လုံးဝ မပေးနိုင်ပေ။

မဟုတ်လျှင် သူမ စိုက်ထားသောငွေများ အလကားဖြစ်ကုန်တော့မည်သာ!

လူကောင်းလုပ်ရတာ တကယ်ကို မလွယ်ပါဘူး!

ချင်းယွီ မော့ကြည့်ပြီး

"ဒီညပဲ ဆေးရုံက ဆင်းရအောင်"

ဝမ်မေ့လန် တစ်ချက် ကြောင်သွားကာ ချင်းယွီကို ကြည့်လိုက်သည့်အခါ အကြည့်ချင်း ဆုံသွားကြသည်။ အဘယ်ကြောင့်ရယ်မသိ... လင်းအိမ်၏ ချွေးမလေး မျက်ဝန်းများမှာ ထူးထူးခြားခြား မှောင်နေပြီး တစ်မျိုး ခြောက်ခြားစရာ ကောင်းနေသည့်နှယ် ခံစားလိုက်ရ၍ ဝမ်မေ့လန် မသိမသာ နောက်ကို တစ်လှမ်းဆုတ်လိုက်မိ၏။

သို့သော် သေချာပြန်ကြည့်လိုက်သောအခါ၌ ပူပူနွေးနွေး မုဆိုးမလေးမှာ ကုတင်ပေါ်တွင် ခေါင်းလေးငုံ့ပြီး အေးအေးဆေးဆေး ထိုင်နေပြန်ကာ ကြည့်ရသည်မှာ သနားစရာ ကောင်းနေဆဲပင်။

သူမ စိတ်ထဲတွင် "ငါ တကယ်ပဲ အမြင်မှားတာ ဖြစ်မှာပါ၊ ဒီလို အမြဲ အနိုင်ကျင့်ခံနေရတဲ့သူက ပျော့ညံ့တာပဲ ဖြစ်ရမှာပေါ့၊ မဟုတ်ရင် ဒီနှစ်တွေထဲမှာ ယောက္ခမရဲ့ အနှိပ်စက်ကို ခံပါ့မလား" ဟု တွေးလိုက်မိ၏။ သူမက သက်ပြင်းတစ်ချက်ချပြီး "နင့်ကံကြမ္မာကလည်း ဘာလို့ ဒီလောက်တောင် မကောင်းရတာလဲ..." လို့ ပြောလိုက်မိလေသည်။

ပြောပြီးသည်နှင့် ချက်ချင်းနောင်တရသွားပြန်၏။ ချင်းယွီကို စိတ်လှုပ်ရှားပြီး သေကြောင်းကြံအောင် ဆွပေးသည့်အလား ဖြစ်မှာစိုး၍ ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်ကာ

"နင့်ယောကျ်ား မရှိတော့ပေမဲ့ နင်ကတော့ စိတ်ဓာတ်ကျလို့ မဖြစ်ဘူး၊ မားမားမတ်မတ် ရပ်တည်ရမယ်! နင့်ကိုယ်နင် ငဲ့မကြည့်ရင်တောင် ကလေးနှစ်ယောက်ကိုတော့ ငဲ့ကြည့်ဦး၊ ကြည့်စမ်း... ကလေးတွေက ဘယ်လောက်တောင် လိမ်မာလိုက်သလဲ..."

ချင်းယွီ ခပ်တိုးတိုးပြန်ပြောလိုက်သည်။

"ကျွန်မ သိပါတယ်"

အသံ အရမ်းတိုးသော်လည်း ခေါင်းကိုမူ မော့မလာပေ။ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များမှာ သူမ မျက်ဝန်းထဲမှ အကြည့်များကို ဖုံးကွယ်ထားပေးနေသကဲ့သို့ပင်။

၂။ ဝက်ရူးပြန်သူ

နွေဦးပေါက်သော်ငြား ပေကျင်းမြို့ဟောင်း၏ လေသည်ကား ပြင်းထန်ဆဲတည်း။

ညနေစောင်းတွင် လေ ပိုကြမ်းလာ၍ လူတော်တော်များများသည် ဆောင်းတွင်းဝတ် ဂွမ်းကပ်င်္အကျီများကို ဆက်ဝတ်ထားကြဆဲဖြစ်ပြီး လမ်းပေါ်ရှိလူများသည်လည်း သုတ်သီးသုတ်ပျာ သွားလာနေကြသည်။

ချန်ချင်းယွီသည် အထပ်ထပ် ဖာထေးထားသော ဂွမ်းကပ်အင်္ကျီအဟောင်းကြီးတစ်ထည်ကို ဝတ်ထား၏။ ဘယ်နှနှစ်တောင် ဝတ်ခဲ့မှန်းမသိရဘဲ ဂွမ်းများလည်း ပြားချပ်နေပြီဖြစ်ကာ င်္အကျီအပါးတစ်ထည်နှင့် သူမသာကိုယ်မသာ ရှိသည်။ တိုက်ခတ်လာသောလေမှာ င်္အကျီကြားထဲမှ တိုးဝင်လာပြီး အရိုးထဲအထိ စိမ့်တက်သွားစေ၏။ သူမ လက်တစ်ဖက်စီမှာ ကလေးငယ်တစ်ယောက်စီကို ဆွဲထားလေသည်။ ကလေးနှစ်ယောက်စလုံးလည်း အနွေးထည် ထူထူမပါကြကာ ပါးပြင်လေးများမှာလည်း ဆောင်းတွင်းအအေးဒဏ်ကြောင့် အသားပတ်ပြီး နီရဲကာ အက်ကွဲနေရှာ၏။ ကလေးများသည် ပခုံးလေးများ တွန့်ကျုံ့ထားရင်း သူတို့အမေနောက်ကို ကြောက်ရွံ့အားငယ်နေသော မျက်ဝန်းလေးများဖြင့် လိုက်ပါလာကြသည်။

ကလေးလေးနှစ်ဦးမှာ အလွန်ငယ်သေး၏။ သို့သော် ချန်ချင်းယွီကိုယ်တိုင်မှာလည်း စက္ကူရုပ်လေးကဲ့သို့ ပိန်လှီလွန်းနေပြီး လေတိုက်သည့်အခါ ပါသွားမတတ် ယိမ်းထိုးနေသည့်အတွက် ကလေးများကို ချီရန် မတတ်နိုင်ရှာပေ။ တော်သေးသည်မှာ အသက် ၃ နှစ်အရွယ် ကလေးနှစ်ယောက်သည် ချီခိုင်းရန် ဂျီမတိုက်ဘဲ အမေဖြစ်သူ၏ လက်ကို မြဲမြဲဆုပ်ကိုင်ရင်း ပင်ပန်းတယ်ဟုပင် မညည်းညူ၊ အိမ်အပြန်လမ်းကို လိုက်လာကြသည်။

သားအမိသုံးယောက်ကို ကြည့်ရသည်မှာ ဒုက္ခသည်များထက် သိပ်မသာလှပေ။

ဝမ်မေ့လန် သူတို့နှင့်အတူ လမ်းလျှောက်လာရင်း လက်ကိုပိုက်ကာ တတွတ်တွတ် အားပေးနေ၏။

"ကျန့်ဝမ်မိန်းမရယ်... နောက်တစ်ခါ အဲ့ဒီလို အဆိုးမြင်တာမျိုး မတွေးပါနဲ့တော့။ ကြည့်စပ်ဦး၊ ကလေးတွေက ဒီလောက်လိမ္မာနေတာ၊ ဒီလောက်ကောင်းတဲ့ကလေးတွေကို ဘယ်လိုများ ရက်ရက်စက်စက် ပစ်ထားခဲ့ရက်မှာလဲ?"

သူမ ဆက်ပြောပြန်သည်။

"နင့်ယောက္ခမက နည်းနည်းတော့ စိမ်းကားရက်စက်တာ မှန်ပါတယ်၊ ဒါပေမဲ့ တကယ်ပဲ ဆက်နေလို့မရတော့ဘူးဆိုရင် အမျိုးသမီးရေးရာအဖွဲ့ချုပ်ကို သွားမေးကြည့်ပေါ့။ အမြဲတမ်းတော့ လမ်းစရှိမှာပါ"

သူမ သက်ပြင်းတစ်ချက်ချပြီး ထပ်ပြောပြန်၏။

"နင့်ယောကျ်ား ဆုံးသွားတာနဲ့ ပတ်သက်လို့ စက်ရုံက တစ်ခုခုတော့ တာဝန်ယူရမှာပေါ့။ သူရဲကောင်းပီပီ သူခိုးဖမ်းရင်း ဓားထိုးခံရတာကို ဒီအတိုင်းတော့ လွှတ်မထားသင့်ဘူးလေ။ ပြီးတော့ နင့်ယောကျ်ားရဲ့ အလုပ်နေရာကိုလည်း မြဲအောင်ဆုပ်ကိုင်ထားဦး။ အဲ့ဒါ နင့်ယောကျ်ား ချန်ထားခဲ့တဲ့အရာပဲ၊ နင့်ယောက္ခမက သူ့မောင်နှမဘက်က တူတွေကို ပေးလိုက်တာမျိုးတော့ အဖြစ်မခံနဲ့..."

ဝမ်မေ့လန် တတွတ်တွတ်နှင့် စကားများနေသော်ငြား စိတ်ထားကောင်းသူတစ်ယောက်ဖြစ်၏။

ပြောသမျှ စကားလုံးတိုင်းသည် သူမအတွက် စေတနာနှင့် စဉ်းစားပေးနေခြင်းချည်းပင်။ ချန်ချင်းယွီမှာ ကြားတစ်ဝက် မကြားတစ်ဝက်နှင့် သူမ၏ "အတိတ်" များကို ပြန်စဉ်းစားနေမိသည်။ ဝမ်မေ့လန်စိုးရိမ်နေခြင်းမှာ အကြောင်းမဲ့မဟုတ်ကြောင်း သူမ သိနေ၏။ သူမ၏ ထိုယောက္ခမဆိုသည်မှာ တကယ်ပင် မလွယ်ကြော အဘွားကြီးပင်တည်း။

အနှီယောက္ခမကြီးမှာ လဲကျပြီး မြေလူးငိုယိုပြခြင်း၊ ဟန်ဆောင်ပန်ဆောင် သရုပ်ဆောင်ခြင်းများ၌ အထူးကျွမ်းကျင်ပြီး သူမ၏ "မိန်းမကြမ်း" ဆိုသော ဂုဏ်သတင်းမှာ ပတ်ဝန်းကျင် လမ်းကြား များအထိကို မွှေးပျံ့နေလေသည်။ လမ်းဘေး ခွေးကိုပင် တွေ့ရင် ကန်ကျောက်သွား၍ လူတိုင်းမှာ သူ့ကို "ကျားမကြီးကျောက်” ဟူ၍ နာမည်ပေးထားကြ၏။ အဘွားကြီးသည် အပြင်လူများကိုတင် ရက်စက်သည်မဟုတ်ဘဲ၊ ကိုယ့်အိမ်သားအချင်းချင်းကိုလည်း အလျှော့မပေးပေ။

အထူးသဖြင့် သူမ စိတ်တိုင်းမကျသည့် ချွေးမလေးအပေါ်မှာဆိုလျှင် ပိုဆိုးလေသည်။ ချန်ချင်းယွီသည် အင်္ကျီလက်ကို မလိုက်သည်နှင့် သူမ လက်မောင်းများတွင် အဘွားကြီး ဆွဲလိမ်၍ ညိုမည်းစွဲနေသော ဒဏ်ရာများကို အထင်းသား မြင်နိုင်၏။

အဘွားကြီး၏ အကြီးမားဆုံး ဆန္ဒမှာ သူ့သားကို နိမိတ်မကောင်းသော ချွေးမနှင့် ကွာရှင်းခိုင်းပြီး၊ အပျိုစင်လေးတစ်ယောက်နှင့် ပြန်ပေးစားကာ သားဦးရတနာ ထပ်မံထွန်းကားရန် ဖြစ်ကြောင်းကိုလည်း ချန်ချင်းယွီ သိနေ၏။ထို့ကြောင့် ချန်ချင်းယွီသည် အမြွှာမောင်နှမ (သားတစ်ယောက်၊ သမီးတစ်ယောက်) မွေးပေးထားသည့်တိုင် အဘွားကြီးမှာ လှည့်တောင်မကြည့်ကာ ဂရုလည်းမစိုက်ဘဲ မိသားစုဝင်ဟုပင် သတ်မှတ်မထားပေ။

သူမ စိတ်ထဲတွင် နောက်ထပ် တခြားမြေးများ ထပ်ရဦးမည်ဖြစ်၍ ဤမြေးများမှာ အရေးမကြီးဟု မှတ်ယူထားလေသည်။

ချန်ချင်းယွီသည် ထိုဖြစ်ရပ်ဆိုးများကို ပြန်တွေးမိသောအခါ နားထင်ကြောများပင် တဒိတ်ဒိတ် ခုန်လာ၏။ ဤမျှလောက်ထိ ရက်စက်ယုတ်မာပြီး ကျိုးအကြောင်း ဆီလျော်မှု မရှိသော အဘွားကြီးမျိုးကို သူမ တစ်ခါမှ မကြုံဖူးပေ။

"ကျန့်ဝမ်မိန်းမ... ကျန့်ဝမ်မိန်းမ..."

ဝမ်မေ့လန်မှာ သူမ ငေးနေသည်ကို မြင်လျှင် လှမ်းခေါ်လိုက်၏။

ချန်ချင်းယွီ: "အစ်မဝမ်... ဘာဖြစ်လို့လဲ?"

ဝမ်မေ့လန် သူမ ငိုင်တိုင်တိုင် ဖြစ်နေသော ပုံစံကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။

"ရောက်ပြီ။"

သူမသည် အနှီအနိုင်ကျင့်ခံ ချွေးမလေးကို သနားဂရုဏာသက်စွာ ကြည့်ရင်း "အိမ်ထဲဝင်တော့လေ" ဟု ဆိုလိုက်မိ၏။

ချန်ချင်းယွီ မော့ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ခေါင်းလေးငုံ့ကာ ကလေးနှစ်ယောက်ကို ဆွဲပြီး ခြံဝင်းတံခါးကြီးထဲ ဝင်ခဲ့သည်။ ခြံဝင်းကြီးမှာ ခြံဝင်းငါးဝင်းရှိသော "စစ်ဟဲယွမ်" (လေးဘက်ပိတ်ခြံဝင်း) အိမ်ကြီးဖြစ်၏။ စစ်ဟဲယွမ်ဟုသာ ဆိုရသော်လည်း တကယ်တမ်း လူနေထူထပ်သော အိမ်ထောင်စုပေါင်းစုံ စုနေသော ဝင်းကြီး ဖြစ်နေပြီဖြစ်သည်။

ပေကျင်းမြို့ဟောင်း စကားပုံမှာ "အရှေ့ပိုင်းက ချမ်းသာ၊ အနောက်ပိုင်းက ဂုဏ်သရေရှိ၊ တောင်ပိုင်းက ဆင်းရဲ၊ မြောက်ပိုင်းက အနိမ့်တန်း" ဟူ၍ ရှိခဲ့ဖူး၏။ သူတို့နေသည်မှာ မြို့တောင်ပိုင်းဖြစ်ပြီး ဤငါးခုရှိသော ခြံဝင်းကြီးသည် ခေတ်ဟောင်း၌ ကုန်ထမ်းသမားများ နားခိုရာနေရာဖြစ်ခဲ့ကာ၊ နောက်ပိုင်း ပြည်သူ့ခေတ်ရောက်မှ စက်မှုစက်ရုံ အလုပ်သမားများကို ခွဲဝေပေးထားခြင်းပင်။

ဝမ်မေ့လန်သည် ရှေ့ဆုံးဝင်းထဲမှာ နေသည်ဖြစ်၍ ခြံထဲဝင်ပြီး ကွေ့လိုက်သည်နှင့် အိမ်ရောက်ပြီဖြစ်သည်။ သူမသည် ကူညီချင်​ေသာ်လည်း "ကျားမကြီးကျောက်" နှင့် ပြဿနာ မတက်ချင်ပေ။

ချန်ချင်းယွီတို့အိမ်ကား ဒုတိယမြောက်ဝင်းထဲတွင် ရှိပြီး ညာဘက်ဘေးမှ အခန်းတစ်ခန်းကို ယူထားခြင်းဖြစ်ကာ အကျယ်အဝန်းသည် စတုရန်းမီတာ ၂၀ ကျော်၊ ၃၀ နီးပါးလောက်သာ ရှိ၏။ အပြင်ဘက်တွင် မီးဖိုချောင်အဖြစ် ခွဲထားပြီး အိမ်တွင် မိသားစုတစ်ခုလုံး အုတ်ကုတင် တစ်ခုတည်းမှာ အတူအိပ်ကြရသည်။ ချင်းယွီအတွက် ယင်းမှာ ပထမဆုံးအကြိမ် လာသည်မှန်သော်ငြား မှတ်ဉာဏ်များမှာ အရိုးထဲအထိ စွဲမြဲနေသည့်နှယ်ပင်။ သူမ ကလေးများကို ခေါ်ပြီး ဒုတိယဝင်းထဲကို ဝင်လာကာ အိမ်ရှေ့ကို ရောက်လာ၏။ အချိန်မှာ မှောင်စပြုနေပြီဖြစ်ကာ အိမ်တိုင်းမှာ ထမင်းဟင်း ချက်ပြုတ်နေကြသည်။ လင်းမိသားစု ချွေးမလေး ပြန်လာပြီဖြစ်ကြောင်း ကြားသောအခါ လူများမှာ ခေါင်းပြူပြီး ချောင်းကြည့်နေကြ၏။

ချန်ချင်းယွီမှာ ဘေးလူများ၏ အကြည့်ကို ဂရုမစိုက်ဘဲ အိမ်တံခါးကို တွန်းဖွင့်လိုက်စဉ်…. ကျွီ...

တံခါးပွင့်သွားသည့် တစ်ခဏ၌ ချန်ချင်းယွီ ကြောင်အသွားရှာသည်။

မှန်၏။ ဆွံ့အသွားခြင်းတည်း။

သူမ ယောက္ခမ၊ သားဆုံးသွား၍ သေမတတ် ငိုယိုပြနေသော "အဘွားကြီးကျောက်" သည် မီးဖိုဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး ကြက်ကင် တစ်ကောင်ကို ဝါးနေ၏။ လက်နှင့်မျက်နှာမှာလည်း ဆီများရွှဲကာနေသည်။

ချန်ချင်းယွီ: "..."

အဘွားကြီးကျောက်: "..."

သိပ်မကြာလိုက်ပေ၊ အဘွားကြီးကျောက်သည် ပါးစပ်ဟပြီး ဆဲဆိုပါတော့၏။

"နင်လို နိမိတ်မရှိတဲ့ တံမြက်စည်းမ ဘာကိစ္စ ပြန်လာတာလဲ! အပြင်မှာတင် သေမသွားဘဲ ဘာလို့ ပြန်လာတာလဲ? နင်ကတော့ တကယ့် ကံဆိုးမပဲ! ကြွက်သတ်ဆေး သောက်ပြတာက ဘယ်သူ့ကို ခြောက်တာလဲ? ဘာလဲ... ငါက ခြောက်တိုင်း ကြောက်မယ့်သူထင်နေလား? ငါပြောမယ်၊ ဒီအိမ်က ငါ့သားအိမ်၊ အလုပ်ကလည်း ငါ့သားအလုပ်ပဲ။ နင် အခုချက်ချင်း ထွက်တော့၊ ဒီအိမ်မှာ နင့်အတွက် နေရာမရှိဘူး။ နင်မွေးထားတဲ့ အရှုံးပေါ်မယ့် ကလေးတွေပါ ခေါ်ပြီး ထွက်သွားလိုက်တော့။ နင်လို နိမိတ်မရှိတဲ့ မိန်းမကြောင့်သာမဟုတ်ရင် ငါ့သား အခုထိ ကောင်းကောင်းမွန်မွန် ရှိနေဦးမှာ! အားလုံးက နင်လို ကောင်မစုတ်ကြောင့်ပဲ! ငါ့သားလေးရယ်... မင်း ဘယ်လိုများ မျက်စိမှောက်ပြီး ဒီလို နိမိတ်မရှိတဲ့ မိန်းမကို ရွေးခဲ့မိတာလဲ! သူ လူဘယ်နှယောက်ကို ကံဆိုးအောင် လုပ်ခဲ့လဲဆိုတာ ကြည့်စမ်းပါဦး! နင်ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်လိုက်တာပဲ!"

အဘွားကြီးသည် သရုပ်ဆောင်ကောင်းကောင်းနှင့် ဆဲလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး၊ အနားကို အတင်းတိုးလာကာ ဆီများပေနေသော လက်နှင့် ချန်ချင်းယွီကို ရိုက်ရန် လုပ်လိုက်သည်။ ချန်ချင်းယွီ ယိမ်းထိုးပြီး ရှောင်လိုက်သောကြောင့် လွတ်သွားလေသည်။

အဘွားကြီး အံ့ဩသင့်သွားပြီး သူမအနေဖြင့် ရှောင်ရဲလိမ့်မည်ဟု မထင်ထားပေ။ ထို့ကြောင့် ပိုဒေါသထွက်လာပြီး မျက်လုံးများ နီရဲကာ ပြေးဝင်လာ၍ ချန်ချင်းယွီ ဆံပင်ကို ဆွဲပြီး ပါးကို 'ဖြန်းဖြန်း' ဆိုပြီး နှစ်ချက် ဆင့်ရိုက်လိုက်ကာ ဆဲဆိုလိုက်ပြန်၏။

"နင်လို ကောင်မယုတ်၊ ရှောင်တောင် ရှောင်ရဲသေးတယ်! ငါ နင့်ကို သေအောင် ရိုက်မယ်!"

ချန်ချင်းယွီသည် မူလကတည်းက အားအင်ချည့်နဲ့နေသည့်အတွက် မမျှော်လင့်ဘဲ အရိုက်ခံလိုက်ရသောအခါ ခေါင်းထဲမှာ 'ဝီ' ကနဲ ဖြစ်သွားပြီး မျက်စိထဲတွင် ကြယ်များပင် မြင်သွားရသည်။

"မေမေ... သား မေမေကို မရိုက်ပါနဲ့..."

ကလေးလေးများမှာ အသံတိုးတိုးလေးနှင့် ငိုကြလေသည်။ ဤရက်ပိုင်း ဘယ်လောက်တောင် ငိုခဲ့ကြသည်မသိပေ၊ အသံများပင် ဝင်နေပြီး ကြောင်ပေါက်လေးများ အော်နေသကဲ့သို့ ဖြစ်နေရှာ၏။

"တောင်းပန်ပါတယ်... သမီးတို့မေမေကို မရိုက်ပါနဲ့တော့..."

ကလေးနှစ်ယောက် သနားစရာကောင်းအောင် ငိုနေသည်ကို ကြည့်ပြီး ချန်ချင်းယွီမှာ ကလေးများကို ထိခိုက်မှာစိုးသောကြောင့် အဘွားကြီးကျောက်ကို အတင်းတွန်းထုတ်လိုက်သည်။ ကလေးများကို ပွေ့ဖက်ထားရင်း အဘွားကြီး၏ ကန်ချက်နှစ်ချက်ကိုလည်း အောင့်ခံလိုက်ရ၏။ ချန်ချင်းယွီ လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး အရိုးချင်း ထိသံများပင် ထွက်လာလေသည်။

ရှေ့ဝင်းမှ ဝမ်မေ့လန် ရောက်လာသည်ကို မြင်လိုက်လျှင် သူမ အားယူပြီး ထရပ်လိုက်ကာ အသံကျယ်ကျယ်နှင့် အော်ပြောလိုက်၏။

"အစ်မဝမ်... ကလေးတွေကို ခဏလောက် ကြည့်ပေးပါဦး။"

ဝမ်မေ့လန် : "အင်?"

ချန်ချင်းယွီ တုန်တုန်ရင်ရင်ဖြင့်

"ခဏလေးပဲ ကြည့်ပေးပါ..."

သူမကို ထုရိုက်နေပြီး ပါးစပ်မှလည်း ဆဲရေးတိုင်းထွာနေသော ယောက္ခမကို လျစ်လျူရှု၍ အကူအညီတောင်းဆိုလိုက်၏။

"ကျွန်မ ယောက္ခမနဲ့ သီးသန့် စကားပြောချင်လို့ပါ။"

သူမ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး

"ခဏလေးပါပဲ။"

ဝမ်မေ့လန် စကားပြောဖို့ ပြင်လိုက်သော်ငြား ခဏတာ တုံ့ဆိုင်းသွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပြီလေ။"

"မေမေ... သမီးမသွားဘူး၊ မေမေ..."

"မသွားဘူး... မသွားဘူး..."

ချန်ချင်းယွီ လေသံကို ပြတ်ပြတ်သားသားဖြင့်

"အမေက အဘွားနဲ့ ပြောစရာရှိလို့၊ ခဏလေးပဲ စောင့်နော်။ ခဏနေရင် မေမေ လာခေါ်မယ်။"

သူမ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ကလေးနှစ်ယောက်ကို အပြင်ဘက်ကို တွန်းထုတ်လိုက်ပြီး တံခါးအား ချက်ချင်းပြန်ပိတ်ကာ အတွင်းမှ ဂျက်ထိုးလိုက်၏။

အပြင်ဘက်မှာ ရှိနေသော လူများအားလုံးသည်လည်း ဝိုင်းအုံလာကြပြီး တချို့ကား တံခါးမှာ နားကပ်နေကြကာ တချို့မှာလည်း အနားကို အတင်းတိုးကပ်နေကြသည်။

"မေမေ... သမီးမေမေကို လိုချင်တယ်..."

ကလေးလေးမှာ အော်ငိုယိုတော့၏။

တစ်ယောက် ငိုသောအခါ နောက်တစ်ယောက်သည်လည်း လိုက်ငိုလေ၏။

ဝမ်မေ့လန် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သက်ပြင်းတစ်ချက်ချကာ ကလေးများကို ပွေ့ချီ၍ နောက်ဆုတ်လိုက်ပြီး

"မငိုကြနဲ့နော်၊ မငိုကြနဲ့... ဒေါ်ဒေါ်ဝမ်က သားတို့သမီးတို့ကို အိမ်ခေါ်သွားပြီး ထမင်းကျွေးမယ်။"

"မေမေ... မေမေ..."

"မေမေကိုပဲ လိုချင်တာ..."

ဝမ်မေ့လန် စိတ်ကို တင်းထားပြီး ချန်ချင်းယွီကို နောက်ထပ်မကြည့်တော့ဘဲ ကလေးများကို ပွေ့ချီကာ ထွက်သွား၏။

ကလေးနှစ်ယောက်၏ ငိုသံသည် ပိုကျယ်လာသော်လည်း အိမ်ထဲရှိ ချန်ချင်းယွီမှာ အဘယ်မျှ မကြားရသည့်နှယ်ပင်။

ချန်ချင်းယွီ တံခါးပိတ်လိုက်သည်နှင့် အဘွားကြီးကျောက် လက်ဝါးမှာ ထပ်ရောက်လာပြန်သည်။

"နင်လို ကောင်မယုတ်၊ ဘာလဲ... နင်ထင်နေတာက... အား!"

ချန်ချင်းယွီ အဘွားကြီးကျောက်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။ သူမသည် ပုံမှန်အစားအသောက် ဝဝလင်လင် မစားရ၍ ပိန်လှီအားနည်းနေ​သော်ငြား သူမထံတွင် ယခင်ဘဝမှ ပါလာသော ဗီဇများ ရှိနေသည်။ အဘွားကြီး၏ ဒူးဆစ်နေရာကို အားကုန်သုံးပြီး ကန်ချပစ်လိုက်လေသည်။

ဘုတ်!

အဘွားကြီးတစ်ကိုယ်လုံး ကြမ်းပြင်ပေါ်ကို မှောက်လျက်သား လဲကျသွား၏။

ချန်ချင်းယွီတစ်ယောက် သူမတွင် ယခုလောလောဆယ် အားအင် သိပ်မရှိကြောင်း သိနေသောကြောင့် အချိန်ဆွဲမနေပေ။ အဘွားကြီး ပြန်မထနိုင်ခင်မှာပဲ သူမ အဘွားကြီးအပေါ် ခွစီးလိုက်ပြီး လက်ကို မြှောက်ကာ

ဖြန်း!

ပါးရိုက်ချက်သည် အတော်လေး ပြင်းထန်လှ၏။

"အား! နင်... နင်လုပ်ရဲတယ်ပေါ့... အု... အုအု..."

ချန်ချင်းယွီ မီးဖိုချောင်ထဲမှ ညစ်ပတ်ပေရေနေသော အဝတ်ဟောင်းကို အဘွားကြီးပါးစပ်ထဲ အတင်းထိုးထည့်လိုက်ပြီး ထိုမျှတင်အားမရသေးကာ နောက်ကိုလှည့်ပြီး အဘွားကြီး၏ ခြေထောက်မှ ဖိနပ်ကို အတင်းဆွဲချွတ်၍ နံစော်နေသော ခြေအိတ်ကိုပါ ပါးစပ်ထဲ ထပ်မံအတင်းထိုးထည့်လိုက်ပြန်သည်။

အဘွားကြီးကျောက်: "အု... အော့..."

အနံ့ကြောင့် အော့အန်ပြီး မေ့လဲမတတ် ဖြစ်သွားရှာ၏။

ချန်ချင်းယွီ လက်ထဲမှ နံစော်နေသော ဖိနပ်ကိုဆွဲကိုင်ပြီး အဘွားကြီးရဲ့မျက်နှာကို တဖြန်းဖြန်းနှင့် အားကုန်လွှဲရိုက်လေတော့သည်။

ဖြန်း! ဖြန်း! ဖြန်း!

အိမ်ထဲမှ လူရိုက်သံများ တဖြန်းဖြန်း ထွက်ပေါ်လာလျှင် အပြင်ရှိလူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မနေနိုင်တော့ဘဲ ဝိုင်းဖျန်ဖြေကြ၏။

"အဘွားကြီးကျောက်ရေ... အခုက ခေတ်သစ်ရောက်နေပြီ၊ ချွေးမကို ဒီလောက်အထိ မနှိပ်စက်သင့်ဘူးလေ!"

"ဟုတ်ပါရဲ့၊ အမြဲတမ်း ဒီလိုပဲ လုပ်နေရင် လူသေမှုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ!"

"တံခါးအမြန်ဖွင့်လိုက်ပါ၊ ချွေးမလေးကို လွှတ်ပေးလိုက်ပါ..."

"အဘွားကြီးကျောက်ရယ်... ဒီလိုလုပ်နေတာ ကျန့်ဝမ်ကို ဘယ်မျက်နှာနဲ့ ကြည့်မှာလဲ။ ကျန့်ဝမ် ဆုံးတာမှ မကြာသေးဘူး၊ သူ့မိန်းမကို ဒီလောက်ထိ နှိပ်စက်ရက်တယ်နော်..."

"အမျိုးသမီးရေးရာအဖွဲ့ချုပ်ကိုပဲ တိုင်သင့်တယ်၊ ဒီအဘွားကြီးကို အဆုံးအမပေးဖို့ သူတို့ကိုပဲ ခေါ်ရမယ်၊ လူစိတ်မရှိလိုက်တာ!"

"ဝဋ်လိုက်ဦးမယ်!"

အပြင်ဘက်မှ ပြစ်တင်ရှုတ်ချသံများ တရစပ် ထွက်ပေါ်လာသောအခါ အဘွားကြီးကျောက်သည် ဒေါသကြောင့် မျက်လုံးများပြူးထွက်မတတ် ဖြစ်နေရသည်။

သူ့အမေကလွှားထဲမှ…ချီးပဲ…

အရိုက်ခံနေရတာ ငါ ပါဆိုမှပဲ!

အဘွားကြီးကျောက်သည် အတင်းရုန်းကန်ပြီး လွတ်မြောက်အောင် ကြိုးစားသည့်တိုင် ချန်ချင်းယွီသည် သူမ အပေါ်မှ ခွစီးထားပြီး ခြေထောက်နှစ်ဖက်နှင့် အဘွားကြီး၏ ခြေထောက်များကို ညှပ်ထား၏။ အဘွားကြီးမှာ သူ့ချွေးမသည် ပိန်လှီပြီး အားမရှိပုံပေါ်၍ ချက်ချင်းရုန်းထွက်နိုင်မည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်း၌ နွားကိုးကောင်၊ ကျားတစ်ဆယ်အားနှင့် ရုန်းသည့်တိုင် မလွတ်ခဲ့ပေ။

ဒီကောင်မ ခြေထောက်တွေက ပလာယာနဲ့ ညှပ်ထားသလိုကို မြဲနေတာပဲ!! နင့်အမေထဲမှ…

ဖြန်း! ဖြန်း! ဖြန်း!

ဖိနပ်အောက်ခြေဖြင့် အဘွားကြီးကျောက် မျက်နှာကို တစ်ချက်ပြီးတစ်ချက် အားကုန်လွှဲရိုက်နေ၏။ အဘွားကြီးခဗျာ အုအုအဲအဲနှင့် ရုန်းရန် ကြိုးစားသော်ငြား ချန်ချင်းယွီမှာ အဘွားကြီးကို စိုက်ကြည့်ရင်း ဘာစကားမှမပြောကာ အဘွားကြီးကိုလည်း စကားပြောခွင့်မပေးပေ။လက်မှလှုပ်ရှားမှုများသည်လည်း စက်ရုပ်တစ်ရုပ်လို အရှိန်မပျက်ဘဲ တရစပ် ရိုက်နှက်နေ၏။

အချက်ပေါင်း နှစ်ဆယ်၊ သုံးဆယ်လောက် ရိုက်ပြီးသည့်အခါ၌မူ အဘွားကြီး မျက်နှာသည် ကြည့်မကောင်းအောင် ဖူးယောင်လာလေသည်။ အရိုက်ခံရလွန်း၍ အဘွားကြီးမှာ ပြန်ရုန်းရန် အားအင်ပင် မရှိတော့ဘဲ သတ်ဖို့ပြင်ထားသော ဝက်တစ်ကောင်အလား တအုအုနှင့် အသက်ရှူသံသာ ထွက်နေ၏။ ချန်ချင်းယွီ ယိမ်းထိုးရင်း ထရပ်လိုက်ပြီး အဘွားကြီး လက်နှစ်ဖက်ကို နောက်ပြန်ချုပ်ကာ အဘွားကြီးဘောင်းဘီကြိုးကို ဆွဲဖြုတ်လိုက်ပြီးနောက် လက်တစ်ဖက်နှင့် ခြေကျင်းဝတ်တစ်ဖက်ကို ပူးချည်ပြီး တစ်ကိုယ်လုံးကို နောက်ပြန်လိမ်ကာ တုပ်နှောင်လိုက်လေသည်။

"အု... အုအု..."

အဘွားကြီးကျောက် အရိုက်ခံရလွန်း၍ ကြောင်အနေရှာ၏။ ချန်ချင်းယွီ ဤမျှလောက်အထိ ရူးသွပ်သွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။

ဤချွေးမလေး အိမ်ရောက်လာကတည်းက သူမသည် ခြေဖဝါးအောက်မှာ ထည့်ပြီး နင်းထားခဲ့သည်သာ။ သူမသားမှာ ဤမြေခွေးမလေးကို မည်မျှ ကာကွယ်ပေးပါစေ၊ အနှီမိန်းမကား ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သောသူ မဟုတ်ပေ။ သား ဖြစ်သူ အလုပ်သွားသည်နှင့် ဤကောင်မစုတ်ကို သူမသည် ချက်ချင်းကိုင်တွယ်ပြီး ကျွန်သဖွယ် ခိုင်းစေခဲ့သည်ချည်းပင်။

အမှန်တကယ်၌ အဘွားကြီးကျောက်အနေဖြင့် ချန်ချင်းယွီကို အိမ်မှ တကယ်မောင်းထုတ်ရန် မရည်ရွယ်ပေ။ သူမကို မောင်းထုတ်လိုက်လျှင် အိမ်အလုပ်များကို မည်သူလုပ်မည်နည်း။ သားဖြစ်သူ ဆုံးသွားပြီဖြစ်၍ မြေးများကိုမူ သူမ လိုချင်သေး၏။ သို့သော် သူမအနေဖြင့် ကလေးများကို မပြုစုနိုင်ပေ။ ယခု လုပ်နေသည်မှာ ကလေးများကို အသုံးချပြီး ဤမိန်းမကို အိမ်၌ ကျွန်သဖွယ် ခိုင်းစေဖို့အတွက်သာ ဖြစ်သည်။

သားမရှိတော့သည့်နောက် ဤမိန်းမကို ချက်ချင်း အနိုင်မယူထားရင် နောင်ကျ စကား နားမထောင်မည်ကို စိုးရိမ်နေ၏။

သို့ရာတွင် သူမ အမြဲတမ်း နှိပ်စက်ခဲ့သော အနိုင်ကျင့်ခံ ချွေးမလေးသည် ယခုကဲ့သို့ ပြန်ခုခံလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိပေ။ အဘွားကြီးသည် မြေပြင်ပေါ်တွင် လောက်ကောင်အလား တလူးလူးတလိမ့်လိမ့်နှင့် အုအုအဲအဲ အသံများပေးရင်း ချန်ချင်းယွီကို ဒေါသတကြီး စိုက်ကြည့်နေသည်။

ငါ့ကို အခုချက်ချင်း မလွှတ်ပေးဘဲ နေရဲသလား! တကယ့်ကို ပုန်ကန်နေတာပဲ…ခွေးမ…

အလိုက်သိရင် အမြန်လွှတ်ပေးစမ်း၊ မဟုတ်ရင် နင်လိုကောင်မစုတ်ကို ငါ အလွတ်ပေးမှာမဟုတ်ဘူး!

လွှတ်စမ်း! အခုချက်ချင်း လွှတ်ပေးစမ်း!

နင့်ကို ငါ အလွတ်မပေးဘူး!

အဘွားကြီးမှာ မျက်လုံးအကြည့်များဖြင့် ချန်ချင်းယွီကို ခြိမ်းခြောက်ကြည့်နေ၏။

ချန်ချင်းယွီသည်ကား အဘွားကြီးဟန်ကိုယ်ဖို့ လုပ်နေဆဲဖြစ်သည်ကို မြင်လျှင် နံစော်နေသော ဖိနပ်ကို ပြန်ကောက်ကိုင်ပြီး နောက်ထပ် အချက် ၂၀ ကျော်လောက် ထပ်ရိုက်လိုက်ပြန်သည်။ အဘွားကြီးကျောက် ပါးစပ်ထဲတွင် သွေးနံ့များပြည့်နှက်သွားသည့်နှယ် ခံစားလိုက်ရလေ၏။

ချန်ချင်းယွီ အဘွားကြီးကျောက်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး ဘာစကားမှ ထပ်မပြောဘဲ ထရပ်ကာ အဘွားကြီး၏ ဝမ်းဗိုက်ကို တစ်ချက်၊ နှစ်ချက်၊ သုံးချက်... အားကုန်သုံးပြီး စတင်ကန်ကျောက်လိုက်သည်။ အဘွားကြီးကျောက် တစ်ကိုယ်လုံး နာကျင်လွန်း၍ အုအုအဲအဲ ရုန်းကန်သော်လည်း မလွတ်နိုင်ရှာပေ။ သူမ မျက်ဝန်းများထဲတဖြည်းဖြည်းနှင့် ကြောက်ရွံ့ရိပ်များ ယှက်သန်းလာလေ၏။

ဒီမိန်းမက ငါ့ကို တကယ်ကြီး မုန်းတီးနေတာပဲ!

ငါ သေသွားမှာလား!

ချန်ချင်းယွီ အချက်ပေါင်းများစွာ ကန်ကျောက်ပြီးမှ နောက်ဆုံးမှာ ရပ်လိုက်သည်။ အဘွားကြီးကျောက်ကို အေးစက်စက် ကြည့်နေရင်း ရုတ်တရက် ခပ်တိုးတိုး ရယ်မောလိုက်ကာ လှည့်ထွက်သွားပြီး ဓားစတင် သွေးပါတော့၏။

ကျွီ... ကျွီ...

တုံးနေသော ဓားသွေးသံကား နားထဲမှာ တကယ် စူးရှနေလေသည်။

အရိုက်ခံထားရ၍ အဘွားကြီး၏ သွားများသည်လည်း တကျီကျီ တုန်ခါနေကာ တစ်ကိုယ်လုံးလည်း တုန်ယင်နေ၏။ ယခုမှ သူမ တကယ်ကြောက်လာလေသည်။ဓားသွေးသံ တစ်ချက်ကြားတိုင်း သူမ တစ်ကိုယ်လုံး ဆတ်ခနဲ ဆတ်ခနဲ တုန်သွားရ၏။ ချန်ချင်းယွီကို ပြန်ကြည့်လိုက်သောအခါ သူမမျက်လုံးများမှာ မှောင်မည်းနေပြီး နက်ရှိုင်းလွန်းကာ ကြောက်စရာကောင်းနေသည်။ အဘွားကြီးခဗျာ ထိုမျက်လုံးများကို တစ်ချက်ပဲ ဆုံကြည့်လိုက်ရုံဖြင့် တစ်ကိုယ်လုံး အေးစိမ့်သွားပြီး ကြက်သီးမွေးညှင်းများ ထသွား၏။

သူမသည် ချန်ချင်းယွီကို ထိတ်လန့်တကြား ကြည့်နေရင်း အုအုအဲအဲနှင့် မျက်ရည်များ နှာရည်များကျလာလေသည်။ ဓားသွေးသံက ပိုကျယ်လာလေလေ...

အနံ့ဆိုးတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာ၏။

အဘွားကြီးကျောက်... ကြောက်လွန်း၍ ဆီးထွက်ကျလာတော့သည်။ တံခါးအပြင်ဘက်မှ တံခါးထုသံများ ထွက်ပေါ်လာပြန်၏။

"ဒေါ်လေးကျောက်၊ ကျွန်တော် သတိပေးလိုက်မယ်နော်၊ လူသတ်တာက ဥပဒေနဲ့ မလွတ်ဘူး! ဓားသွေးပြီး ဘာလုပ်မလို့လဲ!"

"ဟုတ်တယ်၊ တံခါးအမြန်ဖွင့်စမ်း!"

"ဖွင့်... ဖွင့်စမ်း..."

All Chapters