← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

၃။ ရိုက်နှက်ခြင်း

ကျွီ... ကျွီ...

ဓားသွေးသံသည် ထုံထိုင်းပြီး နားထဲကွဲမတတ် စူးရှနေသည်။ ချန်ချင်းယွီသည် အာရုံစိုက်ကာ ဓားသွေးနေပြီး နောက်ဆုံးတွင် ဟင်းချက်ဓားကြီးမှာ ပြောင်လက်တောက်ပလာတော့၏။

"အူး... အူး... အူး..."

ပါးစပ်ပိတ်ခံထားရသော အဘွားကြီးကျောက်သည် ရုန်းကန်ရန် ကြိုးစားနေသော်လည်း အသံများသာ ထွက်ပေါ်လာသည်။ သူမသည် ချန်ချင်းယွီကို ကြည့်လေလေ ပို၍ ကြောက်လန့်လေလေဖြစ်၏။ ယခုအချိန်တွင် မိုးချုပ်နေပြီဖြစ်ပြီး၊ အိမ်ထဲတွင်လည်း မီးမဖွင့်ထားသဖြင့် မှောင်ရိပ်သန်းနေသည်။ ထိုမှောင်ရိပ်ထဲတွင် ပြောင်လက်နေသော ဓားသွားမှ အလင်းပြန်မှုသည် ချန်ချင်းယွီ၏ ဖူးရောင်နေသော မျက်နှာနှင့် ပေါင်းစပ်ကာ ထူးဆန်းခြောက်ခြားဖွယ် ကောင်းနေလေ၏။

အဘွားကြီးကျောက် တုန်တုန်ရင်ရင် ဖြစ်နေစဉ် အပြင်ဘက်မှ တံခါးခေါက်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ လူတိုင်းမှာ အဘွားကြီးကျောက်ကို ဝိုင်းဝန်း ပြစ်တင်ရှုတ်ချနေကြသဖြင့် သူမသည် ဒေါသထွက်လွန်း၍ ရင်ဘတ်ထဲ တဆစ်ဆစ် နာကျင်နေ၏။

အသေဆိုးနဲ့သေမယ့် ကောင်တွေ! ဒဏ်ရာရနေတာ ငါပါဟဲ့... ငါပါ!

"အူး... အူး... အင်း... အား..."

သူမသည် ဟိုဘက်ဒီဘက် ရုန်းကန်နေသော်လည်း ထိုကောင်မလေး မည်သို့ချည်ထားသည်မသိ၊ ရုန်းလေလေ ကြိုးမှာ ပိုတင်းလေလေ ဖြစ်နေသည်။

အချိန်များမှာ ကြာရှည်လွန်းနေပြီးအပြင်ဘက်မှ တံခါးခေါက်သံများသည်လည်း ဝေးကွာလွန်းလှ၏။ အဘွားကြီးကျောက်သည် အားကိုးရာမဲ့စွာဖြင့် ထိုအိမ်နီးချင်းများကိုပါ မုန်းတီးလာမိသည်။

သေချင်းဆိုးတွေ! မြန်မြန်လာပြီး တံခါးကို ရိုက်ချိုးကြလေ! တံခါးဝမှာ အော်နေရုံနဲ့ ဘာထူးမှာလဲ! ဘာထူးမှာလဲလို့!

လူယုတ်မာတွေ!

အားလုံးက လူယုတ်မာတွေပဲ!

သေချင်းဆိုးတွေ၊ အသေဆိုးနဲ့သေမယ့်ကောင်တွေ!

သူမ စိတ်ထဲမှ တရစပ် ဆဲဆိုနေမိသော်လည်း ကိုယ်ခန္ဓာကမူ တုန်ရီနေပြီး ချန်ချင်းယွီကို ထပ်မကြည့်ရဲတော့ပေ။

ကျွီ...

ချန်ချင်းယွီ၏ လက်လှုပ်ရှားမှုများ နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သူမသည် ဟင်းချက်ဓားကြီးကို ကိုင်ဆွဲကာ အဘွားကြီးကျောက်အနားသို့ လျှောက်လာခဲ့ပြီး အေးစက်စက် ဓားသွားကြီးသည် အဘွားကြီးကျောက်၏ ပါးပေါ်သို့ ရုတ်တရက် ကပ်သွားသည့်အခါ အဘွားကြီးကျောက်၏ မျက်လုံးများမှာ ကြောက်လန့်တကြား ပြူးကျယ်သွားတော့၏။ သူမသည် ချန်ချင်းယွီကို အသနားခံသည့်မျက်လုံးများဖြင့် ကြည့်ကာ "အူး... အူး..." ဟု အသံပြုရင်း လုံးဝ မလှုပ်ရဲခဲ့ပေ။ အမှားအယွင်း တစ်ခုခုကြောင့် သွေးချင်းချင်းနီသွားမည်ကို သူမ အသေအလဲ ကြောက်နေမိသည်။

ချန်ချင်းယွီ ထိုအဘွားကြီးကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။

"နာသလား?"

အဘွားကြီးကျောက်မှာ ခေါင်းလည်း မညိမ့်ရဲ၊ ခေါင်းလည်း မခါရဲဘဲ ငြိမ်သက်နေရသည်။ သူမ လုံးဝ မလှုပ်ရှားရဲတော့ဘဲ... နောက်တစ်ကြိမ် ဆီးထွက်ကျသွားပြန်၏။

ချန်ချင်းယွီ ဓားပြားဖြင့် အဘွားကြီးကျောက်၏ ပါးကို "ဖြန်း... ဖြန်း... ဖြန်း..." ဟု ခပ်ဖွဖွ ပုတ်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။

"ရှင်လည်း နာတတ်တာ သိသားပဲ။"

သူမ အင်္ကျီလက်ကို ပင့်တင်လိုက်ရင်း

"နာမှန်းသိရက်နဲ့ ကျွန်မကို လက်ပါရဲသေးတယ်ပေါ့။"

အညိုမည်းစွဲနေသော သူမ၏ လက်မောင်းကို ထုတ်ပြ၍ မေးလိုက်ကာ

"လှရဲ့လား?"

အဘွားကြီးကျောက် တုန်တုန်ရင်ရင်ဖြင့် ခေါင်းခါပြစဉ်မှာပင် ချန်ချင်းယွီက လက်ကို ဝှေ့ယမ်းကာ... ဖြန်း!

ကျယ်လောင်လှသော ပါးရိုက်သံကြီး တစ်ချက် ထွက်ပေါ်လာပြန်သည်။

ထို့နောက်တွင် ဟင်းချက်ဓားကြီးမှာ ဝှေ့ခနဲ ကျဆင်းလာတော့၏။

အဘွားကြီးကျောက်- "အု!!!"

ဟင်းချက်ဓားသည် အဘွားကြီးကျောက်၏ မျက်နှာတည့်တည့်သို့ ဦးတည်လာရာ သူမ၏ နှလုံးခုန်သံများ ရပ်တန့်မတတ် ဖြစ်သွားပြီး မျက်လုံးကို အတင်းမှိတ်ထားလိုက်မိသည်။

ငါတော့ သေပါပြီ!

ဓားကျလာသည့် အရှိန်မှာ လေတိုးသံပင် ထွက်ပေါ်စေ၏။ အဘွားကြီးကျောက်မှာ အော်ပင်မအော်နိုင်တော့ဘဲ ခေါင်းစောင်းသွားကာ သတိလစ်သွားတော့သည်။

ဓားသွားသည် သူမနှင့် တစ်လက်မ၊ နှစ်လက်မခန့် အကွာတွင် ရပ်တန့်သွား၏။

ချန်ချင်းယွီ ပါးကို ဖြန်းခနဲ အချက်အနည်းငယ် ထပ်ရိုက်လိုက်ရာ အဘွားကြီးကျောက်

ပြန်လည် နိုးလာသည်။ အဘွားကြီးကျောက် မူးဝေဝေ ဖြစ်နေစဉ်မှာပင် ချန်ချင်းယွီ၏ ခပ်တိုးတိုး ပြောသံကို ကြားလိုက်ရ၏။

"ဒီဓားက သုံးရဦးမှာ... စက်မှုပစ္စည်းဝယ်ခွင့်လက်မှတ် မရှိရင် ဝယ်ရခက်တယ်လေ။"

သူမက ခပ်တိုးတိုး တစ်ချက် ရယ်လိုက်ပြီး

"ရှင်နဲ့ ထိတွေ့ရတာတင်ပဲ... ကျက်သရေ မရှိလိုက်တာ။"

အဘွားကြီးကျောက်မှာ ခေါင်းကို တရစပ် ညိမ့်ပြနေတော့သည်။

ဟုတ်တယ်၊ ဟုတ်တယ်... လူသတ်ရတာ နိမိတ်မကောင်းပါဘူး၊ ငါ့ကို လွှတ်ပေးပါတော့!

တစ်ကိုယ်လုံးလည်း အနံ့အသက်မကောင်းတော့သလို မိမိအသက်မှာလည်း လမ်းဆုံးရောက်တော့မည်ဟု ခံစားနေရသဖြင့် ဝမ်းနည်းစိတ်များ တဖွားဖွားပေါ်လာမိသည်။

သူမသားဖြစ်သူက ဘယ်လိုဖြစ်ပြီး ဒီလို စိတ်တ္တဇ အရူးမမျိုးနဲ့ ညားခဲ့ရတာလဲ!

ဒါက အရူးမပဲ၊ တကယ့် စိတ္တဇပဲ!

ချန်ချင်းယွီသည် အဘွားကြီးကျောက်၏ ကြောက်လန့်တုန်ရီမှုကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်ပြီးနောက် ထိုင်ခုံတစ်ခုကို ဆွဲယူကာ ထိုင်လိုက်၏။

"အခုဆိုရင် ကျွန်မတို့ ကောင်းကောင်းမွန်မွန် စကားပြောလို့ရပြီလား?"

အဘွားကြီးကျောက်မှာလည်း အငမ်းမရ ခေါင်းညိမ့်ပြရှာသည်။

ပြောမယ်၊ ပြောမယ်... ဘယ်လိုပဲပြောပြော ရတယ်! ငါ့ကိုလွှတ်ပေးဖို့သာ အဓိကပဲ!

သူမသာ လွတ်မြောက်သွားပါက ဒီကောင်မလေးကို သေအောင်ရိုက်ပစ်မည်ဟု စိတ်ထဲမှ တေးထားဆဲဖြစ်သည်။ သို့သော် ထိုမကောင်းကြံမှုကို မစဉ်းစားရသေးမီမှာပင် ချန်ချင်းယွီ၏ ကန်ချက်သည် ရောက်လာပြီး အဘွားကြီးကျောက်မှာ နောက်သို့ လျောကျသွားကာ ကြောင်အိမ်စင်နှင့် ဆောင့်မိသွားလေ၏။

ချန်ချင်းယွီ: "ရှင် အဲဒီလိုမျက်နှာပေးမျိုး ထပ်လုပ်မယ်ဆိုရင် မနက်ဖြန်မနက် နေထွက်တာကို ရှင် မြင်ရမှာ မဟုတ်တော့ဘူး။"

အဘွားကြီးကျောက်မှာ တစ်ကိုယ်လုံး နာကျင်လွန်းလှသဖြင့် မျက်နှာပျက်နေသော်လည်း ပါးစပ်ပိတ်ခံထားရသည့်အပြင် အရိုက်အနှက်လည်း ခံထားရသဖြင့် စကားတစ်လုံးမှ မဟနိုင်ပေ။ ချန်ချင်းယွီကို အသနားခံသည့် မျက်လုံးများဖြင့်သာ ကြည့်နေရလေသည်။

သူမကို ထပ်ပြီး ရူးသွပ်မလာပါစေနဲ့ဟုသာ ဆုတောင်းနေမိ၏။

ချန်ချင်းယွီ: "အစ်ကိုကျန့်ဝမ်ဆုံးသွားပြီ။"

အဘွားကြီးကျောက်၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားသည်။ အဘွားကြီးမှာ ရက်စက်ယုတ်မာသူ ဖြစ်သော်လည်း မိမိအရင်းအခြာ သားအပေါ်မှာကား စိတ်ရင်းနှင့် ချစ်ရှာ၏။

ချန်ချင်းယွီ ဆက်ပြောလိုက်သည်။

"သူ ထွက်သွားပြီ၊ ဒါပေမဲ့ ကျွန်မတို့ကတော့ ဆက်အသက်ရှင်ရဦးမယ်။ အရင်က ကျွန်မက ပျော့ညံ့ခဲ့တယ်၊ ဒါပေမဲ့ အခု အစ်ကိုကျန့်ဝမ် မရှိတော့တဲ့နောက်မှာ ရှင့်ကို ကျွန်မ ထပ်ပြီး သည်းခံမှာမဟုတ်ဘူး! ရှင့်ရဲ့ နှိပ်စက်မှုကိုလည်း ကျွန်မ ခံမှာမဟုတ်သလို ရှောင်ကျားနဲ့ ရှောင်ယွမ်တို့လည်း ခံရမှာမဟုတ်ဘူး။ ဒီအိမ်မှာ အိမ်ထောင်ဦးစီး တစ်ယောက်ပဲ ရှိရမယ်…အဲဒါ ကျွန်မပဲ!"

သူမသည် ထိုင်ခုံပေါ်တွင် ထိုင်နေသော်လည်း အပေါ်စီးမှ ကြည့်နေသည့်အပြင် အရှိန်အဝါတစ်မျိုးလည်း ရှိနေ၏။

ချန်ချင်းယွီ တစ်လုံးချင်း ဆက်ပြောလိုက်ပြန်သည်။

"ရှင် နားထောင်ချင်လည်း နားထောင်၊ နားမထောင်ချင်လည်း နေ။ တကယ်လို့ ရှင်က ပြဿနာရှာဦးမယ်ဆိုရင်တော့... ကျွန်မကလည်း အသေခံပြီး ရင်ဆိုင်ရဲသလား၊ မရဲဘူးလားဆိုတာ ကြည့်လိုက်ပေါ့!"

အဘွားကြီးကျောက်မှာ တုန်တုန်ရင်ရင်ဖြင့် ချန်ချင်းယွီကို မကြည့်ရဲတော့ပေ။

"အစ်ကိုကျန့်ဝမ် ချန်ထားခဲ့တဲ့ အလုပ်နေရာကို ရှင်ပဲ ဆက်လုပ်ချင်သလား၊ တကယ်လို့ ရှင် မလုပ်ချင်ဘူးဆိုရင်တော့ ကျွန်မပဲ ဝင်လုပ်မယ်။"

ချန်ချင်းယွီ မျက်လွှာချလိုက်ပြီးနောက် ဆက်ပြောလိုက်၏။

"စက်မှုစက်ရုံကနေ ရထားတဲ့ လျော်ကြေးငွေ ယွမ် တစ်ထောင်က..."

အဘွားကြီးကျောက် ရုတ်တရက် ခေါင်းမော့လာပြီး ချန်ချင်းယွီကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ဒီပိုက်ဆံက သူမ ပိုင်တာလေ!

ဒီကောင်မလေးကတော့ မျှော်လင့်မနေနဲ့... အား!

သူမခမျာ အော်လည်းမအော်နိုင်ဘဲ နောက်ထပ် ကန်ချက်တစ်ချက်ကို အလူးအလဲ ခံလိုက်ရပြန်သည်။ အစောပိုင်းမှ မီးတောက်မလို ဖြစ်သွားသည့် တုံ့ပြန်လိုစိတ်ကလေးမှာလည်း ချက်ချင်းပင် ပြာကျသွားတော့၏။

"ဒီပိုက်ဆံက ရှင့်တစ်ယောက်တည်း ပိုင်တာမဟုတ်ဘူး! ကျွန်မက အစ်ကိုကျန့်ဝမ် မိန်းမ၊ လက်ထပ်စာချုပ်ရှိတဲ့ တရားဝင်ဇနီး... သူ့ပိုင်ဆိုင်မှုမှန်သမျှမှာ ကျွန်မဝေစု ပါရမယ်။ ရှောင်ကျားနဲ့ ရှောင်ယွမ်ကလည်း သူ့ကလေးတွေပဲ၊ သူတို့ဝေစုလည်း ပါရမယ်။ ယွမ်တစ်ထောင်ကို လေးယောက်ခွဲရင် တစ်ယောက်ကို နှစ်ရာ့ငါးဆယ်စီ ကျမယ်။"

သူမ ခဏရပ်ပြီး ဆက်ပြောလိုက်လေသည်။

"ရှင့်မှာ အရင်ကတည်းက စုထားတဲ့ ကိုယ်ပိုင်ပိုက်ဆံ ဘယ်လောက်ရှိရှိ ကျွန်မ ဂရုမစိုက်ဘူး၊ မရှိဘူးလို့ပဲ သတ်မှတ်ပေးမယ်။ ဒါပေမဲ့ ကျွန်မနဲ့ ကလေးနှစ်ယောက်ရဲ့ ဝေစုကိုတော့ ကျွန်မလက်ထဲ အရောက်အပ်ရမယ်။"

အဘွားကြီးကျောက်သည် ဤနိမိတ်မကောင်းသည့် မိန်းမကို အသေအလဲ မုန်းတီးနေမိသည်။ သူမထံမှ ပိုက်ဆံတောင်းသည်မှာ သူမအသက်ကို နှိုက်ယူနေသလိုပင် ခံစားရ၏။ သို့သော် အဘွားကြီးကျောက် ထပ်ပြီး မသောင်းကျန်းရဲတော့ပေ။

ဒီကောင်မလေးက တကယ်လက်ပါတာကိုး။

နာတယ်... အရမ်းနာလွန်းလို့ အူထဲအသည်းထဲကကို နာတယ်…

ထို့ကြောင့်ပင် သူမသည် လိမ်မာယဉ်ကျေးချင်ယောင်ဆောင်ကာ ငြိမ်ကုပ်နေလိုက်ရ၏။

ချန်ချင်းယွီ: "ပိုက်ဆံတွေ ဘယ်မှာထားလဲ?"

အဘွားကြီးကျောက် နှုတ်ခမ်းကို တင်းတင်းစိထားမိသည်။ အချိန်ဆွဲချင်သည့် သူမ၏ အကြံအစည်ကို ချန်ချင်းယွီက ရိပ်မိသွားပြီဖြစ်၏။

ချန်ချင်းယွီလည်း စကားအရှည်ကြီး ထပ်မပြောတော့ဘဲ အခန်းထဲသို့ ဝင်သွားကာ အဘွားကြီး၏ အပ်ချုပ်ဖာကလေးကို ယူလာခဲ့သည်။ သူမ ပြုံးပြုံးကလေးဖြင့်

"ရှင်က ကျွန်မကို အပ်နဲ့ထိုးရတာ အကြိုက်ဆုံးမလား? အခုတော့ ရှင်ကိုယ်တိုင်ပဲ ပြန်မြည်းစမ်းကြည့်လိုက်ပါဦး။"

လင်းကျန့်ဝမ် ရှိစဉ်က သူ့မိန်းမကို ကာကွယ်ပေးလေ့ရှိသဖြင့် အဘွားကြီးကျောက်မှာ ဤအကြံကို ထုတ်ခဲ့ခြင်းဖြစ်သည်။ အပြင်ပန်းကြည့်လျှင် ရိုက်နှက်ဆဲဆိုထားသည်မှာ မပေါ်လွင်စေရန်ချွေးမဖြစ်သူကို အပ်နှင့်ထိုးလေ့ရှိကာ ထိုဒဏ်ရာမှာ အလွန်နာကျင်သော်လည်း အပြင်ပန်းတွင် အမှတ်အသား လုံးဝမထင်ကျန်ပေ။

ချန်ချင်းယွီ တိုင်တောလျှင်ပင် အထောက်အထားမရှိ၍ အချည်းနှီးဖြစ်မည်ကို သူမ တွက်ဆထားခဲ့သလို၊ အတိတ်မှ ချန်ချင်းယွီမှာလည်း မတိုင်ရဲခဲ့ပေ။

ချန်ချင်းယွီ အဘွားကြီး၏ ကိုယ်ပေါ်သို့ အပ်ဖြင့် တစ်ချက် ထိုးလိုက်သည်။ ထို့နောက် နောက်ထပ် တစ်ချက်...။

အဘွားကြီးမှာ နာလွန်း၍ ချွေးစေးများပင် ထွက်လာတော့၏။

ချန်ချင်းယွီ၏ လက်မောင်းပေါ်ရှိ အညိုမည်းစွဲနေသော ဒဏ်ရာများမှာ သူမယောကျ်ား ဆုံးပါးသွားသည့် ရက်ပိုင်းအတွင်းမှာသာ ရရှိခဲ့ခြင်းဖြစ်သည်ကို မည်သူမှ သိလိမ့်မည်မဟုတ်ပေ။ ထိုမတိုင်ခင်က ဤအဘွားကြီးမှာ အပ်ကိုသာ အမြဲသုံးခဲ့ခြင်းဖြစ်သည်။ ယခု သားဖြစ်သူ မရှိတော့သည့်အတွက် သူမ၏ ရက်စက်ယုတ်မာမှုများမှာ ဖုံးကွယ်မထားနိုင်အောင် ပို၍ ပြင်းထန်လာခဲ့ခြင်းပင်။

ချန်ချင်းယွီ အပ်နှင့် အချက်ပေါင်းများစွာ ထိုးလိုက်ရာ အဘွားကြီးမှာ နာကျင်လွန်းသဖြင့် ပုစွန်ထုပ်ကြီးနှယ် ကွေးလိပ်နေ၏။

ဒေါက်... ဒေါက်... ဒေါက်...

"တံခါးဖွင့်စမ်း!"

"အမြဲနှိပ်စက်ခံနေရတဲ့ အဲဒီချွေးမလေးကို ယောက္ခမကြီး သတ်လိုက်ပြီလား မသိဘူး၊ ဘာလို့ ဘာသံမှ မကြားရတော့တာလဲ?"

"သွားစမ်းပါ... အပေါက်ပိတ်ပြောစမ်းနဲ့။ တို့တွေရဲ့ အိမ်ရာဝင်းကြီးက ယဉ်ကျေးတဲ့ ဝင်းကြီးပါဟဲ့၊ လူသတ်သမား ဘယ်ရှိမလဲ! အဘွားကြီးကျောက်က ဘယ်လောက်ပဲ စိတ်ပုတ်ပါစေ လူသတ်ရဲတဲ့အထိတော့ သတ္တိမရှိပါဘူး၊ ဒါက ခေတ်ဟောင်းစနစ်လည်း မဟုတ်ဘဲနဲ့။"

"ဒါပေမဲ့ ဘာသံမှ မထွက်တာတော့ အမှန်ပဲလေ..."

"ဘာသံမှ မထွက်ရမှာလဲ၊ ခုနကတင် ပစ္စည်းတွေနဲ့ ဆောင့်မိသံ ကြားလိုက်သေးတယ်။"

"အဲဒီအဘွားကြီးကတော့ တကယ့်ကို ရက်စက်တာပဲ။"

"သူက ဒီနေ့မှ ရက်စက်နေတာ မဟုတ်ဘူးလေ။ ချွေးမဖြစ်သူကိုယ်တိုင်ကမှ မလှန်နိုင်တာ၊ ဘယ်သူ့ကို သွားအပြစ်တင်မလဲ? မိန်းမသားဆိုတာ အားကိုးရမယ့် မိဘအိမ်က မတောင့်တင်းရင် အိမ်ထောင်ကျတဲ့အခါ အနှိမ်ခံရစမြဲပဲ။"

တံခါးပြင်ပတွင် တစီစီနှင့် ပြောဆိုနေကြသော်လည်း တကယ်တမ်း ကယ်တင်ဖို့အတွက် တံခါးကို ရိုက်ချိုးမည့်သူ တစ်ယောက်မှ မရှိချေ။ တံခါးကို ခေါက်ရင်းသာ အပေါ်ယံ စကားများဖြင့် ဖျောင်းဖျနေကြသည်။

"အဘွားကြီးကျောက်... လူကို အဲဒီလောက်အထိတော့ မနှိပ်စက်ပါနဲ့ဦး၊ လူပီသဖို့လည်း လိုသေးတယ်လေ။"

"ဟုတ်တယ်... လူသတ်ရင် အသက်နဲ့ ပြန်လျော်ရမှာနော်၊ အမှားမလုပ်မိစေနဲ့ဦး။"

"တံခါး မြန်မြန်ဖွင့်ပါတော့..."

€¥%*** €}%

အယုတ်တ အနတ္တ ဆဲရေးသံများ!

အဘွားကြီးကျောက်သည် စိတ်ထဲမှ ထိုအိမ်နီးချင်းများကို အသေအလဲ မုန်းတီးနေမိသည်။

အရည်အချင်းမရှိတဲ့ အကောင်တွေ၊ တကယ်တတ်နိုင်ရင် တံခါးကို ရိုက်ချိုးကြလေဟဲ့၊ တံခါးခေါက်နေရုံနဲ့ ဘာထူးမှာလဲ!

မင်းတို့ တံခါးကို ရိုက်ချိုးပြီး လူလာကယ်ကြလေ!

ဒီလူယုတ်မာတွေက တံခါးကို မချိုးသည့်အပြင် သူမကိုပါ ဝိုင်းစွပ်စွဲနေကြသေးတယ်!!

အောက်တန်းစားတွေ၊ အသိတရားမရှိတဲ့ကောင်တွေ၊ သေချင်းဆိုးတွေ...

အဘွားကြီးကျောက်သည် စိတ်ထဲမှ အိမ်နီးချင်းများကို တရစပ် ဆဲဆိုနေစဉ်မှာပင် ချန်ချင်းယွီ ထပ်မံထွက်သွားသည်ကို တွေ့လိုက်ရပြန်သည်။ ချန်ချင်းယွီသည် အခန်းထဲသို့ဝင်ကာ ဟိုဟိုဒီဒီ လိုက်ကြည့်နေပြီး သူမ၏ မှတ်ဉာဏ်အကြွင်းအကျန်များကို အသုံးချကာ လိုက်လံရှာဖွေနေ၏။ မှန်းဆထားသည့်အတိုင်းပင် ကြမ်းပြင်ပေါ်ရှိ အုတ်ခဲတစ်ချပ်မှာ လှုပ်နေသည်ကို သူမ တွေ့သွားကာ သူမသည် အဘွားကြီးကျောက်ဘက်သို့ လှည့်၍ လှောင်ပြုံးတစ်ချက် ပြုံးပြလိုက်သည်။

အဘွားကြီးကျောက်မှာ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားတော့သည်!

သူမရဲ့ ပိုက်ဆံတွေ!

ချန်ချင်းယွီ အုတ်ခဲကို ခွာလိုက်ရာ အတွင်း၌ သေတ္တာအသေးကလေး တစ်လုံး ရှိနေသည်။ သေတ္တာထဲတွင် အဝတ်တစ်စဖြင့် ထုပ်ထားသော အထုပ်ရှိပြီး၊ ထိုအဝတ်ကို ဖြေလိုက်သည့်အခါ လက်ကိုင်ပုဝါ တစ်ထည် ပေါ်လာ၏။ လက်ကိုင်ပုဝါကို ထပ်ဖြေလိုက်ပြန်လျှင် စက္ကူတစ်လွှာ... စက္ကူကို ဖြေလိုက်တော့ နောက်ထပ် စက္ကူတစ်လွှာ... စုစုပေါင်း စက္ကူ သုံးလွှာတိတိ ထပ်ကာထပ်ကာ ထုပ်ထားခြင်း ဖြစ်သည်။

ချန်ချင်းယွီ: "..."

နောက်ဆုံးတွင်တော့ ပိုက်ဆံများကို တွေ့လိုက်ရပြီ ဖြစ်၏။

ချန်ချင်းယွီသည် ပိုက်ဆံများကို စတင်ရေတွက်ကြည့်ရာ တိတိကျကျပင် ယွမ်တစ်ထောင် ရှိနေသည်။ ကြည့်ရသည်မှာ ဤပိုက်ဆံများသည် ထိုလျော်ကြေးငွေများပင် ဖြစ်ဟန်တူ၏။

ဤအိမ်၌ ယခင်ကတည်းက စုဆောင်းထားသော ငွေကြေး တစ်ပြားတစ်ချပ်မှ မရှိဘဲတော့ မနေနိုင်ပေ။ ပြောရလျှင် ထိုအဘွားကြီးသည် ပိုက်ဆံများကို နေရာခွဲ၍ ဝှက်ထားခြင်းသာ ဖြစ်လိမ့်မည်။ ချန်ချင်းယွီသည် ယခင်က စုဆောင်းငွေများကို လိုက်မရှာတော့ဘဲ ယွမ်ခုနစ်ရာ့ငါးဆယ်ကိုသာ ပြတ်ပြတ်သားသား ရေတွက်ထုတ်ယူပြီး သိမ်းဆည်းလိုက်သည်။

အဘွားကြီးကျောက်၏ မျက်လုံးများမှာ သွေးတက်သလို နီရဲနေပြီး

"အူး... အူး... အူး!"

ငါ့ဟာ... ငါ့ပိုက်ဆံတွေပါဟဲ့!

သူမသည် တရစပ် ရုန်းကန်နေသဖြင့် ချန်ချင်းယွီ သူမကို မြင်ရသည်မှာ သံကောင်ကြီးတစ်ကောင်နှင့် တူနေသည်ဟု ခံစားရလေသည်။ ထို့ကြောင့် အနားသို့သွားကာ ဆံပင်မှ ဆွဲဆောင့်၍ အတွင်းခန်းထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားလိုက်၏။

ချန်ချင်းယွီမှာ အားအင် သိပ်မရှိတော့သော်လည်း လူကို အတွင်းခန်းထဲအထိ အမောတကော ဆွဲသွင်းနိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မှောင်နေသည့်အပြင် မီးမဖွင့်ထားသဖြင့် အပြင်ဘက်မှ ဘာမှမမြင်ရပေ။ အဘွားကြီးကျောက်မှာလည်း အနှိပ်စက်ခံရလွန်းသဖြင့် ငါးအသေတစ်ကောင်လို ငြိမ်ကျသွားတော့၏။

ချန်ချင်းယွီသည် သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို သပ်တင်လိုက်ပြီး အင်္ကျီလက်ကို အနည်းငယ် ပင့်တင်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် တံခါးဝသို့ လျှောက်လာခဲ့သည်။

ထိုအချိန်တွင် လူများမှာ တံခါးကို တဒေါက်ဒေါက်နှင့် မရပ်မနား ခေါက်နေကြဆဲ ဖြစ်၏။ တကယ်သာ လူသတ်နေမည်ဆိုလျှင် ယခုအချိန်လောက်ဆိုလျှင် လူတောင် အပိုင်းပိုင်း ပြတ်နေလောက်ပြီ ဖြစ်သည်။

ကျွီ...

လူတိုင်း ပို၍ စိုးရိမ်ထိတ်လန့်နေကြစဉ်မှာပင် လင်းအိမ်၏ တံခါးကြီး ရုတ်တရက် ပွင့်လာတော့သည်!

"ဟင်?"

"အမလေး..."

"ဒါက..."

ချန်ချင်းယွီသည် စောစောလေးတင် ပါးရိုက်ခံထားရသဖြင့် မျက်နှာမှာ တော်တော်လေး ဖူးရောင်နေပြီ ဖြစ်သည်။ သူမသည် ဖရိုဖရဲ ဆံပင်များ၊ ဖူးရောင်နေသော မျက်နှာဖြင့် ပေါ်လာရာ လူတိုင်းမှာ လန့်ပြီး နောက်သို့ တစ်လှမ်းဆုတ်သွားကြ၏။

"ကျန့်... ကျန့်ဝမ်မိန်းမ၊ နင် ဘာမှမဖြစ်ဘူးမလား?"

တောက်! ဘာမှမဖြစ်တဲ့ပုံစံမှ မဟုတ်တာ၊ ကြည့်ရုံနဲ့တင် အရိုက်ခံထားရမှန်း သိသာနေတာပဲ!

အဘွားကြီးကျောက်ဆိုတဲ့ အဘွားကြီးယုတ်ကတော့ လူပီသအောင်ကို မလုပ်တာပဲ!!

မျက်စိအမြင်သန်သူများမှာ တံခါးဖွင့်ပေးထားသည့် သူမ၏ လက်ကို ကြည့်လိုက်ရာ လက်ကောက်ဝတ်တွင် အညိုမည်းစွဲနေသည်ကို တွေ့လိုက်ရသည်။

ဒီအဘွားကြီးကတော့ တကယ့်ကို မကောင်းဆိုးဝါးပဲ!

ကောင်းနေတဲ့ ချွေးမလေးကို ဒီလောက်အထိ ဖြစ်အောင် ရိုက်ရက်တယ်လို့။

"နင့်ယောက္ခမက နင့်ကို ထပ်ရိုက်ပြန်ပြီလား? ဒါကတော့ တကယ်ကို..."

"သူ ဒီလိုလုပ်နေတာတော့ မဖြစ်ဘူး၊ တို့ဝင်းထဲမှာ ဒီလိုလူမျိုးကို လက်မခံနိုင်ဘူး၊ ငါ..."

ချန်ချင်းယွီသည် ခေါင်းငုံ့ကာ တံခါးတိုင်ကို အမှီပြုရင်း ပျော့ညံ့ဟန်ဆောင်ကာ တုန်တုန်ရင်ရင် လေသံဖြင့် အလျင်အမြန် ပြောလိုက်၏။

"ကျွန်မ ယောက္ခမက ကျွန်မကို မရိုက်ပါဘူး!"

သူမသည် မျက်ရည်များ ဝိုင်းနေသော မျက်လုံးများဖြင့် မော့ကြည့်ကာ

"တကယ်ပါ... ရှင်တို့ ကျွန်မယောက္ခမကို အထင်လွဲနေကြတာပါ၊ သူ တကယ်ပဲ ကျွန်မကို မရိုက်ပါဘူး။"

အားလုံး တိတ်ဆိတ်သွားကြသည်။

ဒီစကားကို အရူးတောင် ယုံမှာ မဟုတ်ဘူး!

ဆွဲဆုတ်ခံထားရတဲ့ ဆံပင်တွေကို ကြည့်ဦး။

အရိုက်ခံထားရတဲ့ မျက်နှာကို ကြည့်ဦး။

လက်မောင်းကို ကြည့်ရုံနဲ့တင် အင်္ကျီအောက်က မမြင်ရတဲ့ နေရာတွေမှာ ဘယ်လောက်တောင် အရိုက်ခံထားရမလဲ မသိဘူး!!

အိမ်ထဲသို့ လှမ်းကြည့်လိုက်သောအခါလည်း မှောင်မည်းနေပြီး ပြောင်လက်နေသော ဟင်းချက်ဓားကြီးမှာ အေးစက်စက် အလင်းပြန်နေသေးသည်။

ဟိုး!

တွေ့လား!

ဓားတောင် သွေးထားတာပဲ!

တကယ်ပဲ ခုနက ကြားလိုက်တဲ့ ဓားသွေးသံက အမှန်ပဲကိုး။

ချန်ချင်းယွီသည် လူတိုင်း၏ အကြည့်များအတိုင်း လိုက်၍ နောက်ကျမှ သိရှိသွားဟန်ဖြင့် လိုက်ကြည့်မိပြီး အလျင်အမြန်ပင် လက်ယမ်းကာ ရှင်းပြလိုက်သည်။

"ကျွန်မယောက္ခမက ညစာချက်မလို့လေ... ဟင်းချက်ဓားက၊ ဟင်းချက်ဓားက သိပ်မထက်တော့လို့ သွေးနေတာပါ... အထင်လွဲတာပါ၊ ရှင်တို့ အထင်လွဲနေကြတာ... အာ၊ မဟုတ်ဘူး၊ ကျွန်မ... ကျွန်မကိုယ်တိုင် ညစာချက်ဖို့ ဓားသွေးနေတာပါ..."

လူတိုင်းမှာ သူမကို သနားစဖွယ် ကြည့်နေမိကြ၏။

ဒီနှိပ်စက်ခံ ချွေးမလေးကတော့ တကယ့်ကို ပျော့ညံ့လွန်းတာပဲ၊ လိမ်တောင် ကောင်းကောင်းမလိမ်တတ်ရှာဘူးကို!!

ချန်ချင်းယွီမှာ စကားများ ထစ်ငေါ့ကာ အလောတကြီး ဆက်ပြောလိုက်သည်။

"ကျွန်မယောက္ခမက ကျွန်မအပေါ် တကယ်ကောင်းပါတယ်၊ တကယ်ပါ... ရှင်တို့ကို မလိမ်ပါဘူး။"

သူမကိုယ်သူမ သက်သေပြချင်ဟန်ဖြင့် ပိုက်ဆံ ၁၀ ယွမ်ကို အပြေးအလွှား ထုတ်ပြကာ

"ကြည့်ပါဦး... ကြည့်ပါ၊ ဒါ ကျွန်မယောက္ခမ ပေးထားတာ။ ကျွန်မ မလိမ်ပါဘူး၊ ကျွန်မယောက္ခမက အကျိုးအကြောင်းမရှိ ပြဿနာရှာတတ်သူ မဟုတ်ပါဘူး၊ တကယ်ပါ... သူ ကျွန်မကို ပိုက်ဆံတောင် ပြန်ပေးသေးတယ်..."

လူတိုင်း သူမကို တစ်ယောက်တစ်မျိုး ကြည့်ကာ တိတ်ဆိတ်စွာ ခေါင်းခါနေကြသည်။

နင် ဘယ်သူ့ကို လိမ်နေတာလဲအေ!

ငါတို့ မျက်စိနဲ့ မြင်နေရတာကို!

နင့်ကို ဘယ်လောက်တောင် ရိုက်ထားသလဲ ကြည့်ဦး…

မလှန်နိုင်ဘူး၊ တကယ်ကို မလှန်နိုင်ရှာဘူး!

ဘယ်သူ့အိမ်ပဲဖြစ်ဖြစ် ဒီလိုယောက္ခမမျိုးနဲ့ တွေ့ရတာဟာ ဘဝရှစ်သောင်းလောက် ကံဆိုးမိုးမှောင်ကျတာပဲ!

ဒီနှိပ်စက်ခံ ချွေးမလေးကတော့ သူ့ယောက္ခမ နာမည်ကောင်းရအောင် ကာကွယ်ပေးနေရှာသေးတယ်၊ အဲဒီ အဘွားကြီးကျောက်မှာ ဘယ်မှာ နာမည်ကောင်း ရှိလို့လဲ…

နင့်ကို ၁၀ ယွမ် ပေးတယ်ဆိုတာလည်း... နင့်ယောကျ်ား ခိုးစုပေးထားတဲ့ ပိုက်ဆံ ဖြစ်မှာပေါ့။ အခုတော့ အဲဒါကို ထုတ်ပြပြီး အဘွားကြီး မျက်နှာပွင့်အောင် လုပ်ပေးနေရရှာတယ်!

သနားစရာ ကောင်းလိုက်တာ!

ချန်ချင်းယွီမှာ ငိုတော့မယောင် ဖြစ်လာပြီး ပိုက်ဆံကို ကိုင်ကာ တုန်တုန်ရင်ရင်ဖြင့်

"တကယ်ပါ... တကယ်ပြောတာပါ..."

လူတိုင်းက နောက်တစ်ကြိမ် ခေါင်းခါလိုက်ကြပြန်၏။

ဘယ်သူကမှ မယုံဘူးဟေ့!

ချန်ချင်းယွီ၏ မျက်ရည်များ ပေါက်ခနဲ ကျလာသည်။ သူမက လက်ဖြင့် သုတ်လိုက်သော်လည်း ထိုမျက်ရည်များမှာ သုတ်လေလေ ထွက်လေလေပင်...။

အိမ်နီးချင်းများ၏ စိတ်ထဲမှ တညီတညွတ်တည်း ထွက်ပေါ်လာသည့် စကားမှာ - "အဘွားကြီးကျောက်ကတော့... လူကိုမဟုတ်တာ!"

အတွင်းခန်းထဲတွင် အဘွားကြီးကျောက်မှာ မျက်လုံးများ ပြူးထွက်မတတ် အံ့ဩသွားရသည်။ သူမသည် တရွတ်တိုက် ရုန်းကန်နေပြီး မျက်ရည်များမှာလည်း အဆက်မပြတ် စီးကျနေရှာ၏။

လူယုတ်မာတွေ! နင်တို့ ဦးနှောက်ထဲ ရေဝင်နေကြတာလား!

ဒီမိန်းမက ဟန်ဆောင်နေတာဟဲ့!

သူက ဟန်ဆောင်နေတာ!

သူ့မှာ မျက်နှာနှစ်မျိုး ရှိတယ်!

ဘယ်သူဖြစ်ဖြစ် လာကယ်ကြပါဦး!

ကယ်ကြပါဦး!!!

ထိုအချိန်မှာပင် နတ်တေးသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာ၏။

"နင့်ယောက္ခမကော ဘယ်မှာလဲ?"

၄။ စားနိုင်သေးတယ်

"နင့်ယောက္ခမကော ဘယ်မှာလဲ?"

ကတုံးဆံတောက် ဆံပင်ညှပ်ပြီး ကျုံးရှန်းဝတ်စုံ ဝတ်ထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးက မေးလိုက်သည်။

ချန်ချင်းယွီ သူ့ကို မှတ်မိ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမကို ဆေးရုံသို့ ပို့ပေးရန် စီစဉ်ပေးခဲ့သည့် ဝင်းထဲမှ တာဝန်ခံ စီမံခန့်ခွဲရေးမှူးပင် ဖြစ်၏။

ချန်ချင်းယွီ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မယောက္ခမက ရိုက်လို့မော... အဲ၊ ကျွန်မယောက္ခမက ဒီရက်ပိုင်း အလုပ်တွေများလို့ ပင်ပန်းနေတယ်တဲ့၊ စောစောအိပ်ချင်လို့ဆိုပြီး ကျွန်မကို... ကျွန်မကို အိမ်အလုပ်တွေ သိမ်းဆည်းခိုင်းနေတာပါ..."

သူမသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ ပုခုံးကလေးတွန့်လျက်၊ ဆံပင်များမှာလည်း မျက်နှာကို ဖုံးအုပ်ထားသည်။ ကြည့်လိုက်သည်နှင့် ယောက္ခမဆိုး၏ ရိုက်နှက်နှိပ်စက်မှုကို ခံနေရသည့် ရိုးအအ "နှိပ်စက်ခံချွေးမ" ပုံစံ ပေါက်နေလေ၏။ အိမ်နီးချင်းများက ဤမြင်ကွင်းကို မြင်သည့်အခါ နောက်တစ်ကြိမ် သက်ပြင်းချသံများ ထွက်ပေါ်လာပြန်သည်။

ဒီလောက်အထိတောင် ဟန်ဆောင်ပေးနေရှာသေးတယ်!

စကားက ကျွံထွက်သွားပြီပဲ၊ အဲဒီ အယုတ်တမာ အဘွားကြီးက ရိုက်ရတာ မောသွားလို့ အနားယူတာ ဖြစ်မှာပေါ့!

ဘာပင်ပန်းတာလဲ! သူ ဘာလုပ်လို့လဲ!

အချို့မှာ သနားကြပြီး အချို့မှာလည်း သူတစ်ပါးဒုက္ခကို ဝမ်းသာအားရ ကြည့်နေကြကာ ချန်ချင်းယွီကို အမျိုးမျိုးသော အကြည့်များဖြင့် ကြည့်နေကြသည်။ အိမ်ထဲတွင်မူ အဘွားကြီးကျောက်သည် တရွတ်တိုက် ရုန်းကန်နေသော်လည်း ကြိုးက ပြေမသွားပေ။

တောက်! ပြေမသွားဘူးဟဲ့၊ ပြေမသွားဘူး! နင်တို့ လူယုတ်မာ အိမ်နီးချင်းတွေ၊ ဒီကောင်မလေး ပြောသမျှကိုပဲ နားယောင်မနေကြနဲ့၊ အထဲကို ဝင်ကြည့်ကြစမ်းပါ၊ ဝင်ခဲ့ကြစမ်းပါ!!!

တစ်ယောက်ချင်းစီက ဝက်လိုပဲ ထုံထိုင်းလိုက်ကြတာ၊ တကယ်ကို ထုံထိုင်းလွန်းတယ်!

#%*+~€¥£

အယုတ်တ အနတ္တ ဆဲရေးသံများ!

ဝင်ပြီး လူကယ်ကြစမ်းပါ!

ငါ အဘွားကြီးမှာတော့ တကယ်ကို မတရားခံနေရတာပါ!

နင်တို့က ဒီကောင်မလေး စကားကိုပဲ ယုံနေကြတာလား? နင်တို့ ဦးနှောက်တွေကော ရှိကြသေးရဲ့လား? ခွေးစားသွားပြီလား?

အဘွားကြီးကျောက် မည်သို့ပင် ရုန်းသော်လည်း ရုန်းမထွက်နိုင်ပေ။ ရုန်းမထွက်နိုင်သည့်အပြင် ပါးစပ်ထဲတွင် မိမိ၏ ညစ်ပတ်နေသော ခြေအိတ်ဖြင့် ပိတ်ခံထားရသဖြင့် အနံ့ကြောင့်ပင် သတိလစ်ချင်သလို ဖြစ်နေရသည်။ အသက်ဘေးမှာလည်း စိုးရိမ်ရသေး၏!

ဒီသေချင်းဆိုး ကောင်မလေးက ဘယ်သူ့ဆီကနေ လူကို နှိပ်စက်တဲ့ နည်းလမ်းတွေ သင်လာတာလဲ၊

ပါးစပ်ထဲကို ခြေအိတ်ပုပ်တွေတောင် ထည့်ရက်တယ်!

နိမိတ်မရှိတဲ့ အကောင်မ!

အရင်က ဆုံးမခဲ့တာ နည်းလွန်းသေးတယ်!

အဘွားကြီးကျောက် စိတ်ထဲမှ တရစပ် ဆဲဆိုနေစဉ်မှာပင် တံခါးဝရှိ ချန်ချင်းယွီသည် သူမ၏ ကလေးနှစ်ယောက်ကို ပြန်လည်ခေါ်ယူလိုက်ပြီး နှုတ်ခမ်းကလေး တုန်တုန်ရင်ရင်ဖြင့် တိုးတိုးလေး ပြောရှာသည်။

"ကျွန်မ အလုပ်တွေ လုပ်ရဦးမယ်..."

ဝိုင်းကြည့်နေသည့် အိမ်နီးချင်းများမှာ သနားသွားကြပြီး

"အေးအေး၊ မြန်မြန်သွားလုပ်တော့၊ မဟုတ်ရင် နင့်ယောက္ခမက ထပ်ပြီး ဒေါသထွက်နေဦးမယ်။"

"တကယ်ကို ဝဋ်ကြွေးပဲ။"

"ငါ့အထင်တော့ အဘွားကြီးကျောက် လုပ်တာလည်း မမှားပါဘူး၊ သူက မပြတ်သားရင် ဒီချွေးမက နောက်အိမ်ထောင်ပြုသွားရင် ဘယ်လိုလုပ်မလဲ!"

စိတ်ပုတ်သည့် အချို့မှာလည်း ပါးစပ်သရမ်းကာ ပြောဆိုကြ၏။

"သူက မင်္ဂလာမရှိတဲ့ မိန်းမ၊ ဘယ်သူနဲ့ပတ်သက်ပတ်သက် အဲဒီလူက ကံဆိုးတာပဲ။ သူ့ကို ထမင်းတစ်လုပ်နဲ့ နေစရာပေးထားတာကိုတင် ဒူးထောက်ပြီး ကျေးဇူးတင်သင့်တာ၊ မဟုတ်ရင် ဘာဖြစ်ချင်သေးတာလဲ? ဒါက ခေတ်ဟောင်းသာဆိုရင် ယောက္ခမအိမ်က သူ့ကို ရောင်းစားပစ်လို့တောင် ရတယ်!"

အချို့သည်လည်း ထောက်ခံကြလေသည် ။

"ဘယ်သူကမှ ချွေးမဘဝကနေ လာတာမဟုတ်ဘူးလို့၊ ယောက္ခမကို ပြုစုရတာက သဘာဝပဲလေ။ အဲဒီတုန်းက လင်းအိမ်တော်က သူ့ကို လက်ခံခဲ့တာတောင် မလွယ်လှဘူး၊ သူက ဘာလက်ဖွဲ့ပစ္စည်းမှ ပါလာတာ မဟုတ်ဘူးလေ။ အိမ်ထဲရောက်ရင် ကျွဲလိုနွားလို လုပ်ကျွေးရမှာက တာဝန်ပဲ! ယောက္ခမလုပ်သူက ဘာလုပ်လုပ် အမှန်ပဲ။"

"ဟဲ့... ဒါက ခေတ်သစ် လူ့အဖွဲ့အစည်း ဖြစ်နေပြီနော်၊ နင်တို့ ပြောတာတွေကို ရပ်ကွက်ရုံးက သိသွားရင် ခေါ်သွားပြီး ပညာပေးခံရလိမ့်မယ်။"

အချို့ကလည်း နားမခံနိုင်၍ ဝင်ပြောကြသည်။

"နင့်အလုပ် မဟုတ်တာကို ဝင်မပါနဲ့! ငါ့ပါးစပ်နဲ့ ငါပြောတာ! ပြီးတော့ ဒါက အိမ်နီးချင်းချင်း စကားစမြည် ပြောတာပဲဟာကို၊ ဘာလို့ ဒီလောက်အထိ အလေးအနက်ထားနေတာလဲ? လူကို အသက်ရှူချောင်အောင် ထားပါဦး!"

"ဟုတ်ပါ့။"

လူများ အချင်းချင်း အခြေအတင် ဖြစ်တော့မည့်ပုံကို မြင်လိုက်ရသဖြင့် ကတုံးဆံပင်နှင့် ကျုံးရှန်းဝတ်စုံဝတ် အမျိုးသားက ဝင်ပြောလိုက်၏။

"မိုးမချုပ်ခင် အိမ်ပြန်ပြီး ထမင်းဟင်းချက်ကြစမ်းပါ။ နင်တို့ မိန်းမတွေက ကိုယ့်အိမ်က ညစာအတွက် အဆင်သင့်ဖြစ်ပြီမို့လို့ သူများအိမ်က အကြောင်းကို လာပြီး စပ်စုနေကြတာလား? ကဲ... သွားကြ၊ သွားကြတော့။"

ကျုံးရှန်းဝတ်စုံနှင့် လူသည်လည်း လင်းအိမ်တော်မှ ကိစ္စများကို သိပ်ပြီး ဝင်မပါချင်ပေ။ သူသည် ဖျောင်းဖျစကား အနည်းငယ် ပြောဆိုပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ သူ့အိမ်ရှိရာ ဝင်းနောက်ဘက်သို့ ထွက်ခွာသွားတော့သည်။

ကျန်လူများလည်း အမှန်ပင် ညစာမချက်ကြရသေးပေ။ ကိုယ့်အိမ်မှ ညစာပင် မချက်ရသေး၍ သူများကိစ္စကို ဤမျှလောက်အထိ လိုက်မပါနိုင်တော့ပေ။

"ငါ့အိမ်က ညစာတောင် မပြီးသေးဘူး။"

"ငါလည်းပဲ... အေး၊ နင်တို့ မြင်လိုက်လား? အဘွားကြီးကျောက်က အိမ်ထဲမှာ ကြက်ကင်ကို ခိုးစားနေတာဟဲ့! ကြည့်စမ်း... သူတို့ကတော့..."

"သူက အတ္တကြီးတာပဲ၊ အရင်ကလည်း ခိုးစားနေကျ။ အဲဒီချွေးမလေးကို ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ။"

"ချွေးမလေးတင် မဟုတ်ဘူး၊ မြေးလေးတွေကိုတောင် ဂရုမစိုက်တာပါအေ၊ တကယ့် ဘယ်လိုလူစားမျိုးပါလိမ့်..."

လူများ တစီစီ ပြောဆိုရင်း ထွက်ခွာသွားကြသည်။ ချန်ချင်းယွီလည်း တံခါးကို ပိတ်ကာ ဂျက်ကို ပြန်ထိုးလိုက်၏။

"မေမေ..."

ကလေးငယ်လေးမှ အသံတိုးတိုးလေးဖြင့် ခေါ်ကာ ချန်ချင်းယွီ၏ အင်္ကျီစကို ဆွဲထားရှာသည်။ ချန်ချင်းယွီ ငုံ့ကြည့်ကာ ထိုကလေးငယ်၏ ပုခုံးကို ပုတ်ပေးရင်း

"ဘာမှမဖြစ်ဘူး၊ ညီမလေးနဲ့အတူ လိမ်လိမ်မာမာ နေကြနော်။"

အမြွှာများဖြစ်သော်လည်း သူမမှာ ဘယ်သူက အစ်ကို၊ ဘယ်သူက ညီမ ဆိုသည်ကို ချက်ချင်း ခွဲခြားနိုင်လေသည်။

ချန်ချင်းယွီသည် မီးမဖွင့်သေးဘဲ အတွင်းခန်းထဲသို့ ဝင်ကာ ပြတင်းပေါက်လိုက်ကာကို အရင်ပိတ်လိုက်ပြီးမှ မီးဖွင့်လိုက်၏။ သူမ အိမ်ထဲကို ရောက်ကတည်းက အသေအချာ မကြည့်မိသေးပေ။ ယခုမှ သေချာကြည့်လိုက်သောအခါ ဤအိမ်လေးမှာ တကယ့်ကို ဟာလာဟင်းလင်း ဖြစ်နေ၏။ အိပ်ရာအဖြစ် သုံးသည့် အုတ်ကုတင် နှင့် ဘီရိုတစ်လုံး၊ နံရံပေါ်ရှိ ခေါင်းဆောင်ကြီး၏ ဓာတ်ပုံမှအပ ဘာမှမရှိချေ။

ချန်ချင်းယွီသည် ကြမ်းပြင်ပေါ်တွင် ရုန်းကန်နေသည့် အဘွားကြီးကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ သူမ၏ကိုယ်ပေါ်တွင် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေလိုက်ရာ မကြာမီမှာပင် သော့တွဲကို တွေ့ရှိသွားသည်။ ဤအဘွားကြီးမှာ အလွန်ကပ်စေးနှဲ ရက်စက်လှသဖြင့် ချွေးမဖြစ်သူ ခိုးစားမည်စိုးပြီး ကြောင်အိမ်ကိုပင် သော့ခတ်ထားလေ့ရှိ၏။

ချန်ချင်းယွီ ကြောင်အိမ်ကို ဖွင့်လိုက်ရာ အတွင်း၌ ကြက်ဥ တစ်ခြင်းငယ် (ဆယ်လုံးခန့်) ရှိနေသည်ကို တွေ့ရသည်။ ထို့အပြင် ဝက်သားနီချက် တစ်ပန်းကန်၊ ပေါက်စီ အလုံးကြီး ဆယ်လုံးခန့်နှင့် ဟင်းသီးဟင်းရွက်ဟင်း အချို့လည်း ရှိနေသေး၏။ သူမ မှတ်မိသလောက်ဆိုလျှင် ဤဟင်းများသည် သူမယောင်္ကျား လင်းကျန့်ဝမ် ဆုံးပါးစဉ်က ဝင်းထဲတွင် ကျွေးမွေးခဲ့သည့် ပွဲသုံးပွဲမှ ကျန်ကြွင်းသော ဟင်းများ ဖြစ်သည်။

ကျန်ကြွင်းသော ဟင်းများဟု ဆိုသော်လည်း အမှန်စင်စစ်မှာ အဘွားကြီးမှ ကြိုတင်ဖယ်ချန်ထားခဲ့ခြင်း ဖြစ်ပေမည်။

ဂွီ... ဂွီ...

ဗိုက်ဆာသည့် အသံများ ထွက်ပေါ်လာရာ ချန်ချင်းယွီမှာ မအောင့်နိုင်တော့ပေ။ သူမသည်လည်း ရက်အတော်ကြာအောင် ကောင်းကောင်းမွန်မွန် မစားရသေးချေ။

ဂွီ... ဂွီ..

နောက်ထပ် ဗိုက်ဆာသော အသံတစ်ခု ထပ်မံထွက်ပေါ်လာသဖြင့် ချန်ချင်းယွီ လှည့်ကြည့်လိုက်ရာ ကလေးနှစ်ယောက်မှာ ကြောင်အိမ်စင်ကို မျက်တောင်မခတ် စိုက်ကြည့်ရင်း တံတွေးများကို အငမ်းမရ မျိုချနေကြသည်ကို တွေ့လိုက်ရသည်။

ကလေးနှစ်ယောက်မှာ လွန်ခဲ့သည့်

ရက်ပိုင်းအတွင်း ထမင်းစားခဲ့ရသလားဆိုသည်ကို ချန်ချင်းယွီ မသိပေ။ လွန်ခဲ့သည့် နှစ်ရက်လုံး သူမ သတိလစ်နေခဲ့ကာ ထိုမတိုင်ခင် ရက်များမှာလည်း လင်းကျန့်ဝမ် ဆုံးပါးသွားသည့် သောကထဲတွင် နစ်မြုပ်နေသဖြင့် ကလေးများကို လုံးဝ ဂရုမစိုက်မိခဲ့ချေ။ ချန်ချင်းယွီ၏ ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားရသည်။

သူမသည် ရင်ဘတ်ကို လက်ဖြင့် ဖိထားမိ၏။ သူမကိုယ်တိုင်မှာ ကလေးချစ်တတ်သူ မဟုတ်သော်လည်း ဤကလေးနှစ်ယောက်ကို မြင်သည့်အခါတွင်မူ ဗီဇအရ သနားစရာကောင်းသည်ဟု ခံစားနေရသည်။

သူမသည်ပင် ချန်ချင်းယွီ အစစ်အမှန်ဖြစ်သည်ဟု တစ်မျိုးတစ်ဖုံ ခံစားနေမိ၏။

သို့မဟုတ်လျှင်လည်း ဤဘဝမှာ သူမ၏ အရင်ဘဝ ဖြစ်ပေလိမ့်မည်။ ထိုသို့မဟုတ်လျှင် နာမည်တူရုံတင်မကဘဲ ရုပ်ရည်ချင်းပါ ဤမျှအထိ တူညီနေစရာ အကြောင်းမရှိပေ။

သူမသည် မျက်လွှာချလိုက်ရင်း ပြောလိုက်၏။

"ထိုင်ခုံရှာပြီး ထိုင်ကြ၊ မေမေ သားတို့အတွက် ကြက်ဥလေး ကြော်ပေးမယ်။"

ဂလု!

တံတွေးမျိုချသံမှာ ပို၍ပင် ကျယ်လောင်လာသည်။

ကလေးနှစ်ယောက်လုံး၏ မျက်လုံးများမှာ ဝိုင်းစက်တောက်ပသွားကြပြီး အစ်ကိုဖြစ်သူ ရှောင်ကျားက တိုးတိုးလေး ပြောရှာသည်။

"ဘွားဘွား ရိုက်လိမ့်မယ်။"

အမြွှာလေးနှစ်ယောက်၏ အမည်မှာ ရှောင်ကျားနှင့် ရှောင်ယွမ် ဖြစ်ပြီး

သူတို့အတွက်မူ ကြက်ဥဆိုသည်မှာ အလွန်တန်ဖိုးကြီးသည့် အရာတစ်ခုဖြစ်သည်။ ဖခင်ဖြစ်သူ အိမ်မှာရှိသည့် အချိန်မှသာ သူတို့ကို ခိုးကျွေးလေ့ရှိပြီး ဘွားအေဖြစ်သူမှာ မကျွေးသည့်အပြင် သိသွားလျှင်လည်း ရိုက်နှက်တတ်သည်ကို သူတို့ သိထားကြ၏။ ရှောင်ကျားသည် ချန်ချင်းယွီကို မျက်လုံးလေးကလည်ကလည်ဖြင့် ကြည့်ကာ ခေါင်းခါပြလေသည်။

"အရိုက်ခံရရင် နာတယ်။"

ဘေးနားရှိ ညီမလေး ရှောင်ယွမ်ကလည်း ခေါင်းခါပြ၏။

"မစားဘူး။"

ချန်ချင်းယွီသည် ပိန်ပိန်ပါးပါးနှင့် ကြောက်လန့်နေသည့် ကလေးနှစ်ယောက်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူတို့နှင့် မျက်နှာချင်းဆိုင် ဖြစ်အောင် ငုံ့ကြည့်ရင်း ပြောလိုက်၏။

“ဒီအိမ်မှာ အခုကစပြီး မေမေပဲ အရာရာကို ဆုံးဖြတ်မှာ။ မေမေက စားလို့ရတယ်လို့ ပြောရင် စားလို့ရတာပဲ။"

သူမသည် ထိုင်ခုံကို ညွှန်ပြကာ

"အဲဒီမှာ သွားထိုင်ကြ။"

ကလေးငယ်များသည် လိမ်မာလှပေသည်။ ကြောက်ရွံ့နေကြသော်လည်း ငြိမ်သက်စွာ ထိုင်နေကြပြီး မိခင်ဖြစ်သူ၏အနားမှ တစ်ဖဝါးမှမခွာရဲသလို အတွင်းခန်းထဲသို့လည်း အကြည့်မရောက်ရဲကြချေ။ ချန်ချင်းယွီသည် ရေခပ်၍ အိုးကို အရင်ဆေးကြောပြီးနောက် မီးစတင်ဖိုတော့၏။ သူမသည် ဆီပုလင်းကို ရှာမတွေ့သော်လည်း ပန်းကန်လုံးထဲ၌ ဆီများပေကျံနေသော အဝတ်စတစ်ခုကို တွေ့လိုက်ရသဖြင့် သတိရသွားသည်။ ဤခေတ်ကာလတွင် ဆီမှာ အလွန်ရှားပါးလှသဖြင့် အိမ်တိုင်း အလွန်စိစစ်ချွေတာကြရသည်ဖြစ်ရာ အများအားဖြင့် ထိုကဲ့သို့ ဆီဝတ်စဖြင့်သာ ပွတ်တိုက်သုံးစွဲကြခြင်း ဖြစ်သည်။ သူမသည် ဆီဝတ်စဖြင့် သံအိုးကြီးကို တစ်ပတ်ပတ်၍ ပွတ်တိုက်လိုက်ရာ ၎င်းမှာ ဆီထည့်လိုက်ခြင်းပင် ဖြစ်၏။ ချန်ချင်းယွီသည် တုံ့ဆိုင်းမနေဘဲ ကြက်ဥ ခြောက်လုံးတိတိကို ဖောက်ထည့်လိုက်သည်။

ကြက်ဥများကို အိုးထဲသို့ တစ်လုံးချင်းထည့်၍ မွှေကြော်လိုက်သောအခါ ကြက်ဥကြော်၏ မွှေးပျံ့သောရနံ့မှာ ချက်ချင်းပင် နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ဂလု... ဂလု...

ကလေးငယ်များ တံတွေးမျိုချသံမှာ ပို၍ပင် ကျယ်လောင်လာကာ ချန်ချင်းယွီကိုယ်တိုင်လည်း မအောင့်နိုင်တော့ပေ။ သူမသည် တံတွေးတစ်ချက် မျိုချလိုက်မိပြီး ဟင်းအိုးထဲသို့သာ ခေါင်းစိုက်ဝင်သွားချင်စိတ် ပေါက်သွားရသည်။ ကြက်ဥကြော်သည် ခဏချင်းပင် ကျက်သွားသဖြင့် အိုးထဲမှ ဆယ်လိုက်၏။ ထို့နောက် အိုးထဲသို့ ရေထပ်ထည့်ကာ ပေါင်းခံစင်လေးတင်၍ ပေါက်စီလုံးများကို စတင်အပူပေးလေသည်။ သူမသည် ဘာစိတ်ကူးပေါက်သွားသည်မသိ၊ ပေါက်စီလုံးအားလုံးကို ပေါင်းခံစင်ပေါ်သို့ ပုံတင်လိုက်ပြီး ဟင်းနှစ်ပန်းကန်ကိုပါ တင်လိုက်၏။ အားလုံးအပူပေးပြီးသောအခါမှ ကြက်ဥပန်းကန်ကိုကိုင်၍ ကလေးနှစ်ယောက်အနားသို့ လျှောက်လာကာ "စားကြတော့" ဟု ပြောလိုက်သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် မိခင်ဖြစ်သူကို ကြောက်ကြောက်လန့်လန့်လေး မော့ကြည့်နေကြပြီး တံတွေးများမှာ စီးကျနေကြ၏။ ချန်ချင်းယွီကိုယ်တိုင် ကြက်ဥတစ်လုပ်ကို အရင်မြည်းလိုက်သည်။

စားလိုက်ရသည့် ခဏမှာပင် မျက်ရည်များ ပေါက်ခနဲ ကျလာရသည်မှာ အရသာမှာ အလွန်ပင် ကောင်းမွန်လှသောကြောင့်တည်း။ ကြက်ဥတစ်လုပ် စားရသည်ကိုပင် ဤမျှအထိ စိတ်လှုပ်ရှားကာ ငိုကြွေးရသည့်အဆင့်သို့ ရောက်သွားလိမ့်မည်ဟု သူမ အမှန်တကယ် မထင်မှတ်ခဲ့မိချေ။

"မေမေ..."

ကလေးနှစ်ယောက်က စိုးရိမ်တကြီး ကြည့်လာကြပြီး

"မေမေ မငိုနဲ့နော်"

ချန်ချင်းယွီ မျက်ရည်များကို သုတ်လိုက်ကာ

"မေမေ ဘာမှမဖြစ်ပါဘူး"

"ကိုယ့်ဘာသာ စားနိုင်ကြလား"

သူမ မေးလိုက်ရာ ကလေးနှစ်ယောက်လုံးက အသည်းအသန် ခေါင်းညိမ့်ပြကြသည်။ ချန်ချင်းယွီ ပန်းကန်ကို သူတို့ရှေ့သို့ တိုးပေးလိုက်ပြီး

"ကဲ... နှစ်ယောက်သား စားကြတော့"

"မေမေလည်း စားဦးလေ"

ရှောင်ကျား ကလေးသံလေးဖြင့် ပြောလိုက်ပြီး ဘေးမှ ရှောင်ယွမ်သည်လည်း အားပါးတရ ခေါင်းညိမ့်ပြနေ၏။

ချန်ချင်းယွီက ကလေးငယ်နှစ်ဦး၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ

"မေမေက ပေါက်စီစားမှာပေါ့၊ တွေ့တယ်မလား? မေမေ ပေါက်စီတွေ အများကြီး အပူပေးထားတယ်လေ၊ စားစရာတွေ ရှိပါတယ်၊ သားတို့သမီးတို့သာ စားကြစမ်းပါ"

ကလေးငယ်များမှာ မျက်လုံးလေးကလည်ကလည်ဖြင့် ကြည့်နေကြစဉ် ချန်ချင်းယွီ ထပ်လော်ဆော်လိုက်၏။

"မြန်မြန်စား၊ မဟုတ်ရင် မေမေ စိတ်ဆိုးမှာနော်"

ထိုအခါမှ သရေတမြားမြား ကျနေရှာသော ကလေးနှစ်ယောက်လုံး ချက်ချင်းပင် ခေါင်းငုံ့၍ စားကြလေသည်။

ချန်ချင်းယွီသည် ဆာလောင်မှုကို အောင့်အီးကာ အိုးဆီသို့ လှည့်ကြည့်လိုက်သော်လည်း ရေမဆူသေးချေ။ သူမသည် သော့ကိုယူ၍ အိမ်ရှိဗီဒိုများကို လိုက်လံဖွင့်ကြည့်လိုက်သည်။ အိမ်တွင်း၌ မည်သည့်ပစ္စည်းများ ရှိနေသည်ကို စစ်ဆေးရန် လိုအပ်ပေသည်။

ပြောင်းဖူးနှင့် ဂျုံရောထားသော အမှုန့်တစ်အိတ်၊ ပြောင်းဆန်တစ်အိတ်နှင့် ဆန်ချောမှာမူ အိတ်ဝက်ခန့်သာ ကျန်ရှိတော့၏။

ချန်ချင်းယွီ စစ်ဆေးပြီးနောက် လှည့်ကြည့်လိုက်ရာ ကလေးငယ်နှစ်ဦးမှာ ဦးခေါင်းများ ပန်းကန်ထဲ နစ်ဝင်မတတ် ဖြစ်နေသည်ကို တွေ့ရသည်။ သူတို့သည် ဇွန်းများကို အားရပါးရ ဝှေ့ယမ်းကာ ကြက်ဥကြော်များကို ဝါးပင်မဝါးနိုင်ဘဲ အငမ်းမရ စားသောက်နေကြရှာ၏။

"ဖြည်းဖြည်းစားကြ၊ ဘယ်သူမှ လုမစားပါဘူး"

ချန်ချင်းယွီ သတိပေး ပြောဆိုလိုက်၏။

သူမသည် အတွင်းခန်းထဲသို့ ဝင်သွားရာ အဘွားကြီးကျောက်မှာ တလူးလူးတလိမ့်လိမ့် ဖြစ်နေဆဲပင်။ ချန်ချင်းယွီသည် အသက်ကို ပြင်းပြင်းရှူကာ အဘွားကြီးကို နံရံထောင့်သို့ ဆွဲပို့လိုက်ပြီးနောက် အုတ်ခုတင်ပေါ်ရှိ စောင်ကို ဆွဲချ၍ လူပေါ်သို့ လွှင့်ပစ်လိုက်သည်။ ထိုစောင်ကြီးမှာ အဘွားကြီးကျောက်ကို လွှမ်းခြုံသွား၏။

အဘွားကြီးကျောက် "!!!"

ဒီအရူးမက ဘာတွေလုပ်နေတာလဲ!

ဘာလုပ်ဖို့လဲ!

ကယ်ကြပါဦး!

ဘယ်သူဖြစ်ဖြစ် လာကယ်ကြပါဦး!

ချန်ချင်းယွီမှာမူ ထိုအဘွားကြီး မည်သို့တွေးနေသည်ကို ဂရုမစိုက်အားပေ။ ပေါက်စီအနံ့ ရလာသဖြင့် သူမ အပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။ သူမသည် အလွန်ပင် ဆာလောင်နေပြီ ဖြစ်၏။ တစ်ကိုယ်လုံးရှိ အင်္ဂါရပ်များက "ငါဆာလှပြီ၊ တကယ်ကို ဆာလှပြီ" ဟု အော်ဟစ်နေသကဲ့သို့ ခံစားနေရသည်။

ခဏချင်းအတွင်းမှာပင် ကလေးငယ်နှစ်ဦးသည် ကြက်ဥ ခြောက်လုံးကို ကုန်စင်အောင် စားသောက်ပြီးနောက် ပန်းကန်ကို တစ်လှည့်စီ လျက်နေကြတော့သည်။

ချန်ချင်းယွီ မျက်ခုံးပင့်ကာ "မဝသေးဘူးလား" ဟု မေးလိုက်မိ၏။

ကလေးငယ်နှစ်ဦးသည် သူတို့၏ ဗိုက်ကလေးများကို ပွတ်သပ်ရင်း တိုးညင်းစွာ ပြန်ပြောကြသည်။

“ဝပါပြီ”

သူတို့သည် ဤမျှ ကောင်းမွန်သော အစားအစာကို မစားရသည်မှာ ကြာလှလေပြီ။

ချန်ချင်းယွီသည် ခေါင်းညိတ်ပြလိုက်ရင်း ကလေးငယ်များ၏ မျက်ကွင်းများ ညိုနေသည်ကို သတိပြုမိလိုက်၏။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူတို့မောင်နှမနှစ်ဦး ကောင်းစွာအိပ်စက်ခဲ့ရပုံမပေါ်ချေ။ သူမသည် ပန်းကန်ကိုလှမ်းယူကာ ကလေးများကို အုတ်ခုတင်ပေါ်သို့ ချီတင်လိုက်သည်။ ကလေးနှစ်ယောက်ကို ချီလိုက်ရုံဖြင့်ပင် သူမ၏ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်လွန်းသဖြင့် ယိုင်နဲ့သွားရ၏။

သူမ၏ ဤခန္ဓာကိုယ်မှာ အမှန်တကယ်ပင် အားအင်ချည့်နဲ့နေပြီ ဖြစ်သည်။

မူလကပင် နုနယ်လှသော ကိုယ်ခန္ဓာမှာ ရက်အတော်ကြာအောင် အစာအာဟာရ ကောင်းစွာမဝင်ခဲ့သဖြင့် မည်သို့လျှင် ကျန်းမာသန်စွမ်းနိုင်ပါမည်နည်း။

သူမသည် ကလေးများကို အုတ်ခုတင်ပေါ်တွင် နေရာချပေးရင်း "အိပ်ကြတော့နော်" ဟု မှာကြားလိုက်သည်။

"မေမေ..."

ကလေးငယ်များသည် ချန်ချင်းယွီ၏လက်ကို စိုးရိမ်တကြီး ဆွဲထားကြသည်။ နိုးလာသောအခါ ဖခင်ဖြစ်သူကဲ့သို့ပင် မိခင်ဖြစ်သူပါ ပျောက်ကွယ်သွားမည်ကို ထိတ်လန့်နေကြခြင်း ဖြစ်၏။ ကလေးနှစ်ဦးလုံးမှာ ကြောက်ရွံ့နေကြသဖြင့် ချန်ချင်းယွီကို လက်မလွှတ်ရဲဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။ ချန်ချင်းယွီသည် သူမကိုဆွဲထားသော လက်ကလေးများကို ငုံ့ကြည့်ကာ

"အရင်လွှတ်ဦးလေ၊ မေမေ ပေါက်စီသွားယူမလို့ပါ"

ရှောင်ကျား တိုးညင်းစွာ ပြန်ပြောလိုက်၏။

“ဟုတ်ကဲ့”

"သားတို့လည်း ထပ်စားဦးမလား"

သူမ မေးလိုက်ရာ ရှောင်ကျား မိခင်ဖြစ်သူကို မျက်လုံးလေးကလည်ကလည်ဖြင့် ကြည့်နေပြန်သည်။ ထိုအခါ ချန်ချင်းယွီ ထပ်မံ ပြောလိုက်၏။

"ဒါဆိုရင် သားတို့လည်း နည်းနည်းလောက် ထပ်စားကြတာပေါ့"

စောင်အောက်တွင် ပိတ်မိနေသော အဘွားကြီးကျောက်; "အူး... အူး... အူး!"

ငါလည်း ဒီမှာရှိနေတာလေဟဲ့!

ဒီသေချင်းဆိုး မြေးနှစ်ယောက် ငါ့ကိုမမြင်ကြဘူးလား!

ငါက သူတို့ကို ချစ်မပေးနိုင်တာ မဆန်းပါဘူး၊ တကယ့်ကို အသိတရားမရှိတဲ့ ကလေးတွေ!

ဘွားအေ ဘယ်မှာလဲဆိုတာ ရှာကြည့်ဖို့ မသိကြဘူးလား!

သေချင်းဆိုးလေးတွေ!

အဘွားကြီး စိတ်ထဲမှ တဖွဖွ ဆဲဆိုနေစဉ် ချန်ချင်းယွီသည် ထမင်းဟင်းများကို အုတ်ခုတင်ပေါ်သို့ သယ်ယူလာခဲ့ပြီ ဖြစ်သည်။ သူမသည် ကလေးနှစ်ယောက်အတွက် ပေါက်စီလုံးကို အပိုင်းအစလေးများ ဖဲ့ပေးလိုက်ရင်း မှာကြားလိုက်၏။

"သားတို့ ကြက်ဥစားထားပြီးပြီဆိုတော့ အများကြီး ထပ်မစားနဲ့တော့နော်၊ မဟုတ်ရင် ဗိုက်မကောင်းဖြစ်လိမ့်မယ်"

ကလေးငယ်နှစ်ဦးလုံးသည်လည်း တိတ်ဆိတ်စွာ ခေါင်းညိတ်ပြကြသည်။

ချန်ချင်းယွီသည် ဆာလောင်လွန်းလှသဖြင့် တစ်ကိုယ်လုံး နေရထိုင်ရ ခက်ခဲလာသောကြောင့် စကားအရှည်ကြီး ထပ်မပြောတော့ဘဲ ပေါက်စီလုံးတစ်ဝက်ကို တစ်လုတ်တည်း ကိုက်စားကာ အားရပါးရ စတင်စားသောက်ပါတော့သည်။

ချန်ချင်းယွီသည် ပေါက်စီများကို တစ်လုံးပြီးတစ်လုံး အားရပါးရ စားသောက်နေရာ ခဏချင်းအတွင်းမှာပင် ပေါက်စီတစ်ဗန်းလုံး ကုန်စင်သွား၏။ ပေါက်စီတစ်လုံးမှာ သူမ၏ဝမ်းဗိုက်အတွင်း၌ ဆီးသီးတစ်လုံး ကျသွားသကဲ့သို့သာ ရှိသဖြင့် ဒုတိယတစ်လုံး၊ တတိယတစ်လုံး စသည်ဖြင့် ဆက်တိုက် စားသောက်လေသည်။ သူမ၏ ဝမ်းဗိုက်ထဲတွင် လုံးဝ ဝသွားသည်ဟူသော ခံစားချက်မျိုး မရှိဘဲ ပေါင်စီ ဆယ်လုံးခန့်ကို တစ်ထိုင်တည်းနှင့် အကုန်စားပစ်လိုက်၏။

ပင်ပန်းရုန်းကန်ရသော အလုပ်ကြမ်းသမား ယောင်္ကျားကြီးများပင် ပေါက်စီ အလုံးကြီး ဆယ်လုံးကို ကုန်အောင်မစားနိုင်သော်လည်း ချန်ချင်းယွီမှာမူ စားပြီးသည့်တိုင် ဘာမှမထူးခြားသကဲ့သို့ ဖြစ်နေသည်။

ပေါက်စီအားလုံး ကုန်သွားသော်လည်း သူမ၏ ဆာလောင်မှုမှာ ပြေပျောက်မသွားသေးပေ။

"သားတို့ အရင်အိပ်နှင့်ကြ၊ မေမေ ဗိုက်မဝသေးလို့ တစ်ခုခု ထပ်လုပ်စားဦးမယ်"

ချန်ချင်းယွီစကားကို ကလေးငယ်နှစ်ဦးမှာ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြရှာသည်။

ချန်ချင်းယွီသည် ဆန်ချောများကို အလဟဿ မဖြုန်းတီးချင်သဖြင့် ပြောင်းဖူးနှင့် ဂျုံရောထားသော အမှုန့်များဖြင့် ပြောင်းဖူးမန်ထိုကို အိုးအပြည့် ထည့်ပေါင်းလိုက်၏။ သို့သော် သူမသည် ခေတ်သစ်လူသားတစ်ဦး ဖြစ်သဖြင့် အလွန်ကြမ်းတမ်းလျှင် စားနိုင်မည်မဟုတ်သောကြောင့် ဂျုံမှုန့်အဖြူ အနည်းငယ်ကို ရောထည့်လိုက်သည်။ ဝက်သားနီချက်ကိုမူ သူမ မထိရဲသေးချေ။

နှမြော၍ မဟုတ်ဘဲ ဤခန္ဓာကိုယ်သည် အဆီဓာတ်နှင့် ကင်းကွာနေသည်မှာ ကြာပြီဖြစ်ရာ ရုတ်တရက် အဆီများသော ဟင်းကိုစားလျှင် ဝမ်းလျှောမည်စိုးသောကြောင့်တည်း။

ချန်ချင်းယွီသည် အလုပ်ရှုပ်နေရင်းမှ ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွား၏။ သူတို့ အိမ်ပြန်ရောက်ချိန်က ယောက္ခမဖြစ်သူမှာ ကြက်ကင်ကို ခိုးစားနေခြင်းဖြစ်ပြီး တစ်ဝက်သာ စားရသေးသည်။ ကျန်သည့် တစ်ဝက်မှာ ဘယ်ရောက်သွားသနည်း။ ထိုစဉ်က သူမကို ရိုက်နှက်ရန် ပြင်ဆင်နေသဖြင့် မီးဖိုခုံပေါ်တွင် ပစ်ထားခဲ့ပုံရသော်လည်း ယခုအခါ ပျောက်ဆုံးနေပြီ ဖြစ်သည်။ ဤသည်မှာ...

မည်သူက လက်မြန်ခြေမြန် ယူသွားသနည်း။ ချန်ချင်းယွီမှာ စိတ်ပျက်သွားရ၏။

ဒီလိုကိစ္စမျိုးကိုတောင် လုပ်တဲ့သူ ရှိသေးတာလား!

ဒါ လူရောဟုတ်ရဲ့လား!

ချန်ချင်းယွီသည် စိတ်ထဲမှ ထိုကြက်သူခိုးကို ဆဲဆိုရင်း မီးစတင်ဖိုလိုက်၏။ မီးတောက်များ တဖျစ်ဖျစ် တောက်လောင်လာစဉ် ချန်ချင်းယွီသည် ထင်းချောင်းတစ်ချောင်းကို ယူ၍ ခဏစဉ်းစားပြီးနောက် အားဖြင့် ချိုးလိုက်ရာ "ဖြောင်း” ဟူသော အသံနှင့်အတူ ကျိုးသွားလေသည်။

ရေဆူလာသောအခါ အခိုးအလျှံများ ကြားထဲမှ အိုးအဖုံးကို ဖွင့်ကာ ပြောင်းဖူးမန်ထိုများကို နှစ်လုပ်တစ်လုံးနှုန်းဖြင့် စားသောက်တော့၏။ အိုးထဲရှိ အလုံး ၃၀ ခန့်ရှိသော မန်ထိုများမှာ တစ်လုံးပြီးတစ်လုံး လျော့နည်းသွားကာ အိုးထဲ၌ မန်ထိုများ ကုန်ခါနီးတွင် ချန်ချင်းယွီသည် ထင်း လေးငါးချောင်းကို စုကိုင်၍ အသာအယာ ချိုးကြည့်လိုက်ရာ "ဂျောက်" ဟူသော အသံနှင့်အတူ ထပ်မံကျိုးသွားပြန်သည်။

ဤအားအင်မှာ မူလ ချန်ချင်းယွီ၏ အားအင်မဟုတ်ပေ။

၎င်းမှာ သူမ၏ အားအင်အစစ်အမှန် ဖြစ်လေသည်။

All Chapters