← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

၅။ စိတ္တဇ အရူးမ!

မီးဖိုထဲမှ ထင်းစများမှာ တဖျစ်ဖျစ် မြည်၍ တောက်လောင်လျက်ရှိသည်။

ချန်ချင်းယွီသည် မီးဖိုရှေ့တွင် ထိုင်နေကာ အရှိန်ပြင်းပြင်း တောက်လောင်နေသော မီးရောင်အောက်ဝယ် သူမ၏မျက်နှာမှာ ဝေဝါးမပြတ်သားသယောင် ထင်မှတ်ရ၏။ သူမသည် မီးလျှံများကို ငေးကြည့်ရင်း အတွေးနယ်ချဲ့နေမိသော်လည်း ခဏအကြာတွင် စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ ကူးပြောင်းလာရသည်မှာ မှန်သော်လည်း သူမအတွက် နစ်နာလှသည်မဟုတ်ပေ။

အသက်အရွယ် ငယ်သွားသည်သာမက ယခင်ဘဝက ခွန်အားများပါ ပါလာသည်မဟုတ်လော့။

မည်သူမဆို သူမကို လာရောက်နှိပ်စက်ရန် ကြံစည်လျှင် နှစ်ခါပြန်လည်၍ စဉ်းစားရတော့မည်သာ။

ချန်ချင်းယွီသည် ခေတ်သစ်ကမ္ဘာတွင်ရှိစဉ်က အမည်မှာ "ချင်းယွီ" ပင် ဖြစ်သည်။ သူမသည် "ချင်းရှန်း မိဘမဲ့ဂေဟာ" ဟုခေါ်သော မြို့ငယ်လေးတစ်မြို့ရှိ ဂေဟာတွင် ကြီးပြင်းခဲ့ရသည့် မိဘမဲ့တစ်ဦး ဖြစ်၏။ ဂေဟာအမည်မှာ "ချင်းရှန်း" (စိမ်းလန်းသောတောင်) ဖြစ်သဖြင့် ထိုဂေဟာမှ ကလေးအားလုံး၏ မျိုးရိုးအမည်ကို "ချင်း" ဟု မှည့်ခေါ်ကြသည်။

ဂေဟာမှ တာဝန်ခံမှာ စိတ်ထားကောင်းသူဖြစ်သော်လည်း လူအင်အားနည်းပါးပြီး ကလေးများပြားလှသဖြင့် လူတိုင်းကို ဂရုမစိုက်နိုင်သည်မှာ သဘာဝပင် ဖြစ်၏။ ထိုကဲ့သို့ အမည်မရှိသော မိဘမဲ့ဂေဟာလေးမှာ အလှူရှင်လည်း နည်းပါးလှသဖြင့် အလွန်ပင် ဆင်းရဲကျပ်တည်းလှသည်။ ထို့ကြောင့် ကလေးငယ်များသည် ငယ်စဉ်ကတည်းကပင် လုယက်

တိုက်ခိုက်တတ်ပြီး၊ အားနည်းဟန်ဆောင်၍ သရုပ်ဆောင်ရမည်ကိုလည်း ကောင်းစွာ နားလည်ထားကြလေသည်။

ချင်းယွီသည်လည်း ထိုအထဲမှ တစ်ဦးအပါအဝင် ဖြစ်၏။

ထို့ကြောင့် ယနေ့တွင် ပျော့ညံ့သော ချန်ချင်းယွီအဖြစ် သရုပ်ဆောင်ရသည်မှာ သူမအတွက် ဘာမှခက်ခဲလှသည်မဟုတ်ချေ။

သူမသည် ယခင်ဘဝ ငယ်စဉ်ကပင် အစားအလွန်ကြူးသူတစ်ဦး ဖြစ်ပြီး မိဘမဲ့ဂေဟာတွင်လည်း အထူးခြားဆုံးဖြစ်ကာ အစားလည်းအလွန်စား၊ ခွန်အားလည်း အလွန်ကြီးမားသဖြင့် သူငယ်ချင်းများကြားတွင် ရေပန်းမစားလှဘဲ စားသောက်မှုကိစ္စကြောင့်ပင် ခဏခဏ ရန်ဖြစ်ရလေ့ရှိသည်။ အသက် (၁၃) နှစ်အရွယ်တွင် ကံအားလျော်စွာပင် တစ်စုံတစ်ဦး၏ သတိပြုမိခြင်းကို ခံရပြီး မိဘမဲ့ဂေဟာမှ ထွက်ခွာကာ အားကစားလောကထဲသို့ ဝင်ရောက်ခဲ့၏။ သူမသည် ဆန်ဒါနှင့် နပန်းကစားနည်းများကို လေ့ကျင့်ခဲ့ပြီး နောက်ပိုင်းတွင် ဆန်ဒါကို အထူးပြုကာ လေ့ကျင့်ခဲ့လေသည်။ ဤဆယ်စုနှစ်တစ်ခုအတွင်း သူမသည် ဆုဖလားပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့၏။

မိဘမဲ့ဂေဟာအတွက် ရန်ပုံငွေရှာရန်အလို့ငှာ သူမသည် လျှို့ဝှက်ကြိုးဝိုင်းများတွင်ပင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယောင်္ကျားကြီး ဆယ်ဂဏန်းခန့်ကို တစ်ယောက်တည်းနှင့် အလဲထိုးနိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။

နှစ်ပေါင်းများစွာ ဆန်ဒါကို လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲပေါင်းစုံ ဝင်ရောက်ခဲ့သဖြင့် ချင်းယွီ၏ အကြည့်များမှာ အလွန်စူးရှပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေတတ်သည်။ သာမန်လူတစ်ဦးနှင့် မျက်လုံးချင်းဆုံလျှင်ပင် ထိုလူမှာ လန့်သွားတတ်၏။ ချင်းယွီသည် ကူးပြောင်းလာပြီးနောက် ဤအကြည့်များ ပျောက်ကွယ်သွားပြီဟု ထင်မှတ်ခဲ့သော်လည်း တစ်စုံတစ်ဦးကို အလေးအနက် စိုက်ကြည့်လိုက်သောအခါ ကြောက်လန့်သွားစေသည်မှာ ယခင်အတိုင်းပင် ဖြစ်လေသည်။

ထို့အပြင် သူမ၏ ခွန်အားများသည်လည်း ဗိုက်ဝသွားသည်နှင့်အမျှ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

အရပ် (၁၇၅) စင်တီမီတာ၊ ကိုယ်အလေးချိန် (၁၆၅) ပေါင်နှင့် နွားတစ်ကောင်ကဲ့သို့ ခွန်အားကြီးမားသော ဆန်ဒါချန်ပီယံ ချင်းယွီသည် အမြင့် (၁၆၀) စင်တီမီတာ၊ ကိုယ်အလေးချိန် ပေါင် (၈၀) သာရှိပြီး နုနုနယ်နယ်နှင့် အားနည်းလှသော မုဆိုးမလေး ချန်ချင်းယွီအဖြစ်သို့ ကူးပြောင်းခဲ့ရသည်။

ကံဆိုးလှပေစွ!

ဤမုဆိုးမလေးမှာ ယခုနှစ်မှ အသက် (၂၃) နှစ်သာ ရှိသေးသော်လည်း (၃) နှစ်အရွယ် ကလေးနှစ်ဦးပင် ရှိနေပြီဖြစ်သည်။ ချန်ချင်းယွီသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့သူဖြစ်ရာ ဂေဟာအတွက် အစွမ်းကုန် ကြိုးစားပေးခဲ့သော်လည်း ကလေးငယ်များကိုမူ မချစ်တတ်လှပေ။ သူမသည် ငယ်စဉ်ကတည်းက အစားအသောက်အတွက် အခြားကလေးများနှင့် ရန်ဖြစ်ခဲ့ရပြီး အချင်းချင်း ပရိယာယ်သုံးခဲ့ရသဖြင့် ကလေးတိုင်းမှာ ကောင်းကင်တမန်လေးများနှယ် ဖြူစင် ချစ်စရာကောင်းသူ မဟုတ်နိုင်ကြောင်း ကောင်းစွာ သိရှိထားသူ ဖြစ်၏။

သူမကိုယ်တိုင်ပင် ငယ်စဉ်က ချစ်စဖွယ်မကောင်းခဲ့ရာ ကလေးအားလုံးသည် ချစ်စရာကောင်းသည်ဟု မည်သို့လျှင် ထင်မြင်ယူဆနိုင်မည်နည်း။

သို့သော် သူမသည် ချန်ချင်းယွီ ဖြစ်လာခဲ့ပြီဖြစ်ရာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို ကောင်းမွန်စွာ စောင့်ရှောက်ရမည်မှာ အမှန်ပင် ဖြစ်၏။ ကလေးနှစ်ဦးမှာ ဖခင်ဖြစ်သူ မရှိတော့ချေ၊ အကယ်၍ မိခင်ဖြစ်သူမှာလည်း အားကိုး၍မရပါလျှင် သူတို့အတွက် အသက်ရှင်သန်ရန် လမ်းစရှိတော့မည်

မဟုတ်ပေ။ အခန်းထဲရှိ အဘွားကြီးကျောက်ကို အားကိုးမည်လော့။

အိပ်မက်မက်နေတာကမှ ပိုမြန်ဦးမည်!

ကံကောင်းထောက်မစွာဖြင့် ကလေးများမှာ ဆိုးသွမ်းသူများမဟုတ်ကြသဖြင့် ချန်ချင်းယွီမှာ စိတ်သက်သာရာ ရမိ၏။

အမှန်ပင်... ကိုယ့်ကလေးသည်သာ ကိုယ့်အတွက် အကောင်းဆုံးပင်တည်း။

ချန်ချင်းယွီသည် တွေဝေတတ်သူ မဟုတ်ချေ။ ကူးပြောင်းလာခဲ့ပြီးနောက် ခွန်အားကြီးမားသည့် အားသာချက်ကိုလည်း ရရှိထားရာ သူမသည် စိတ်ကို အမြန်ဆုံးစုစည်း၍ ဘဝကို ကောင်းမွန်စွာ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်၏။ အကောင်းဘက်မှ တွေးကြည့်လျှင် အသက် (၂၇) နှစ်မှ (၂၃) နှစ်သို့ ပြောင်းလဲသွားသဖြင့် (၄) နှစ်တိတိပင် ငယ်သွားလေသည်။

(၄) နှစ်တိတိ ငယ်သွားသည်သာမက သားဖွားခြင်းဝေဒနာ ခံစားစရာမလိုဘဲ ကလေးနှစ်ယောက် ရရှိခဲ့၏။

အပျိုကြီးဘဝမှ ကလေးနှစ်ယောက်နှင့် မုဆိုးမဘဝသို့ ရောက်ရှိသွားခြင်းမှာ... ကောင်းသောကိစ္စဟု ဆိုနိုင်မည်လော့။

ဆိုနိုင်ပေသည်!

ထို့အပြင် မြို့ငယ်လေးမှ မိန်းကလေးတစ်ဦးဘဝမှ မြို့တော်သူတစ်ဦး ဖြစ်လာခဲ့သည်မဟုတ်လော့။ အရာရာကို အကောင်းဘက်မှတွေးလျှင် သူမ၏ဘဝမှာ ဆိုးလှသည်မဟုတ်ပေ။ သို့သော် ချန်ချင်းယွီသည် သူမ၏ ခွန်အားကြီးမားပုံနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို သူစိမ်းများရှေ့တွင် ထုတ်ဖော်ပြသရန် အစီအစဉ်မရှိချေ။ ဤခေတ်ကာလတွင် သတိကြီးစွာ ထားရပေမည်။

အခြားတစ်ချက်မှာ သူမ၏ မှတ်ဉာဏ်များအရ မူလချန်ချင်းယွီသည် ဤမျှအထိ ကြောက်ရွံ့ပျော့ညံ့ကာ မတုံ့ပြန်ရဲခဲ့ခြင်းမှာ သူမ၏ အဘိုးအဘွားများ၏ လူမှုရေးအဆင့်အတန်း နောက်ခံ မကောင်းခဲ့ခြင်းကြောင့်လည်း ပါဝင်နေသည်။ ၎င်းမှာ မျိုးဆက်တစ်ခုခြားခဲ့ပြီဖြစ်သလို လူကြီးများလည်း မရှိတော့သော်လည်း ဤခေတ်ကာလတွင် ထိုကဲ့သို့သောအချက်များကြောင့်ပင် သူမသည် အလွန်အမင်း ထိတ်လန့်နေခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ချန်ချင်းယွီ "ကူးပြောင်းလာခြင်း" မှာ အလွန်အကျွံ လူသိရှင်ကြား မဖြစ်စေရန် သတိထားရပေမည်။

ယောက္ခမဖြစ်သူနှင့် ပတ်သက်၍မူ ထိုသူ၏ စရိုက်နှင့် ပတ်ဝန်းကျင်ဆက်ဆံရေးအရ သူမသာ သရုပ်ဆောင်ကောင်းမည်ဆိုလျှင် ထိုအဘွားကြီး မည်မျှပင် ပြောဆိုပါစေ မည်သူမျှ ယုံကြည်ကြမည်မဟုတ်ပေ။ ချန်ချင်းယွီသည် အဘွားကြီး ပြဿနာရှာမည်ကို စိုးရိမ်ခြင်းမရှိချေ။

ဟဲဟဲ...

ဤတစ်ကြိမ် သင်ခန်းစာပေးလိုက်ခြင်းမှာပင် သူမအတွက် လုံလောက်လိမ့်မည်ဟု ယုံကြည်၏။

မည်သူ့ကိုမဆို ရင်ဆိုင်ရာတွင် တစ်ကြိမ်တည်းနှင့် အပြတ်အသတ် နှိမ်နင်းထားရမည်ကို သူမ ကောင်းစွာ သိရှိထားလေသည်။

သို့မဟုတ်ပါက အခြားသူများမှာ သူမအား အနိုင်ကျင့်၍ရသော ပျော့ညံ့သူတစ်ဦးအဖြစ်သာ သတ်မှတ်ကြပေလိမ့်မည်။

သူမသည် ထိုင်ရာမှထ၍ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်လိုက်ပြီးနောက် ယောက္ခမဖြစ်သူနှင့် သေချာစွာ စကားပြောရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤအိမ်ထောင်စုသည် တည်ငြိမ်ရန် လိုအပ်၏။ယခင်က လင်းကျန့်ဝမ်ဟူသော အိမ်ထောင်ဦးစီးရှိခဲ့သော်လည်း ယခုမူ မိမိကိုယ်တိုင်သာ အားကိုးရာ ဖြစ်လာပြီဖြစ်သည်။

ချန်ချင်းယွီသည် အတွင်းခန်းထဲသို့ ဝင်လာသောအခါ သူမ အတွေးနယ်ချဲ့နေစဉ်အတွင်း ကလေးငယ်နှစ်ဦးမှာ အိပ်ပျော်သွားသည်ကို တွေ့ရ၏။ အမြွှာမောင်နှမနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ဖက်တွယ်၍ လုံးထွေးလျက် ရှိနေကြသည်။ ကလေးငယ်များသည် နွေးထွေးသော အုတ်ခုတင်၏ ထိပ်ရင်းဘက်တွင်ပင် မအိပ်ရဲကြဘဲ အေးစက်လှသော အောက်ခြေဘက်တွင်သာ ကပ်၍အိပ်နေကြရှာ၏။ ချမ်းအေးလှသဖြင့် တစ်ဦးနှင့်တစ်ဦး တင်းကြပ်စွာ ကပ်ထားကြခြင်း ဖြစ်ပေလိမ့်မည်။

ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို ချီ၍ နွေးထွေးသော အုတ်ခုတင်ထိပ်ရင်းသို့ ပို့ဆောင်ပေးကာ စောင်ကို သေချာစွာ ခြုံပေးလိုက်သည်။ ကလေးငယ်များသည် လွန်ခဲ့သောရက်ပိုင်းအတွင်း အလွန်ပင် ပင်ပန်းနွမ်းနယ်ခဲ့ကြသဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေကြ၏။

ချန်ချင်းယွီသည် ကလေးငယ်နှစ်ဦးကို ကြည့်ရင်း သူမ၏ ငယ်စဉ်ဘဝနှင့် အလွန်ပင် တူညီလှသည်ဟု ခံစားနေမိသည်။

"မေမေ..."

ကလေးငယ်မှာ အိပ်မက်ထဲတွင်ပင် မိခင်ဖြစ်သူကို တမ်းတ၍ ခေါ်နေရှာ၏။ ချန်ချင်းယွီ ကလေးငယ်ကို အသာအယာ ပုတ်ပေးလိုက်ရာ တွန့်ချိုးနေသော မျက်ခုံးတန်းလေးများမှာ ပြေလျော့သွားရှာသည်။ အမြွှာများဖြစ်သဖြင့် အိပ်ပျော်နေသော ပုံစံလေးများမှာပင် တစ်ထပ်တည်း တူညီလှ၏။ တစ်ဦးက မျက်မှောင်ကြုံ့လျှင် ကျန်တစ်ဦးမှာလည်း လိုက်၍ ကြုံ့လေသည်။

ချန်ချင်းယွီသည် ကလေးများ အိပ်ပျော်သွားသည်အထိ ခဏတာ ပုတ်ပေးနေခဲ့၏။ ထို့နောက် အုတ်ခုတင်ပေါ်မှ ဆင်းလာကာ အဘွားကြီးကျောက် အနားသို့ လျှောက်သွားလိုက်သည်။ သူမ စောင်ကို လှန်

လိုက်သောအခါ အဘွားကြီးကျောက်မှာ လန့်ဖျပ်သွားပြီး

"အူး... အူး... အူး!"

အဘွားကြီးမှာ အစောပိုင်းတွင် ငိုက်မြည်းနေခဲ့သော်လည်း ယခုမူ ပြန်လည်၍ လူးလွန့်လာသည်။

ချန်ချင်းယွီသည် သူမ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးခွန်းထုတ်လိုက်၏။

"နေရခက်နေလား"

အဘွားကြီးကျောက်မှာ အလွန်ပင် သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေပြီး "အူး... အူး... အူး!" ဟုသာ အသံထွက်နိုင်ရှာသည်။

ချန်ချင်းယွီ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် ရက်စက်သောလေသံဖြင့် ပြောလိုက်၏။

"နေရခက်လည်း အောင့်ထားစမ်း!"

သူမ အဘွားကြီးကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ရာ အဘွားကြီးကျောက်မှာ အုခနဲ မြည်သံသာ ထွက်နိုင်ခဲ့သည်။

ဒီကောင်မစုတ်ရဲ့ ခွန်အားက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ကြီးမားနေရတာလဲ!

ချန်ချင်းယွီ၏ ကန်ချက်တစ်ချက်ကြောင့် အဘွားကြီးကျောက်မှာ အသက်ဝိညာဉ် တစ်ဝက်ခန့် လွင့်စင်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ယခုအချိန်တွင် အဘွားကြီးသည် လက်စားချေရန်ပင် မတွေးရဲတော့ဘဲ ချန်ချင်းယွီကို တည့်တည့်ပင် မကြည့်ရဲတော့ချေ။

ဤမိန်းမယုတ်နှင့် မျက်လုံးချင်းဆုံမိပါက သူမအား အသေသတ်တော့မည်ကို အလွန်ပင် ထိတ်လန့်နေလေသည်။

အဘွားကြီးကျောက်သည် ငယ်ရွယ်စဉ်ကတည်းကပင် အကျိုးအကြောင်းမရှိ ပြဿနာရှာတတ်သူ၊ လက်ပါတတ်သူပီပီ တစ်ပါးသူ၏ အနိုင်ကျင့်ခြင်းကို ခံရခဲလှသော်လည်း ယခုကဲ့သို့ ပြင်းပြင်းထန်ထန် အရိုက်အနှက်ခံရသည်မှာ ပထမဆုံးအကြိမ်တည်း။ သူမသည် တုန်တုန်ရီရီဖြင့် ချန်ချင်းယွီကို တစ်ချက်ခိုးကြည့်လိုက်ရာ ချန်ချင်းယွီမှာ သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ အေးစက်လှသော ရာသီဥတုဖြစ်သော်လည်း အဘွားကြီးမှာမူ ကြောက်လန့်လွန်းသဖြင့် ချွေးစေးများပင် ထွက်လာနေသည်။

ရူးသွားပြီ!

ချန်ချင်းယွီ ဧကန်အမှန် ရူးသွားပြီ!

သူမသည် မိုက်မဲရိုင်းစိုင်းသူဖြစ်သော်လည်း စိတ္တဇအရူးနှင့်တော့ မပတ်သက်ရဲပေ။

"အူး... အူး... အူး..."

ငါ့ကို လွှတ်ပေးပါတော့၊ ငါ နားထောင်ပါ့မယ်။ နင်ပဲ အိမ်ထောင်ဦးစီး လုပ်ပါတော့ ဟုတ်ပြီလား?

အဘွားကြီးကျောက်သည် သူမ၏ ဆိုလိုရင်းကို ချန်ချင်းယွီ နားလည်စေရန် အစွမ်းကုန် ကြိုးစားပြနေရှာသည်။

ချန်ချင်းယွီသည် ဘာမှမလုပ်ဘဲ မေးစေ့ကို လက်ဖြင့်ထောက်ကာ သူမ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက်သာ ကြည့်နေ၏။

ဂျောက်!

တိတ်ဆိတ်လှသော ညဉ့်နက်ပိုင်းဝယ် ပြတင်းပေါက်အပြင်ဘက်မှ သစ်ကိုင်းခြောက် နင်းမိသံ ရုတ်တရက် ထွက်ပေါ်လာသည်။ ချန်ချင်းယွီ ချက်ချင်းပင် လှည့်ကြည့်လိုက်၏။ လိုက်ကာများ ပိတ်ထားသဖြင့် အပြင်မှ အတွင်းကို မမြင်ရသလို၊ အတွင်းမှလည်း အပြင်ကို မမြင်ရပေ။ အဘွားကြီးကျောက်မှာမူ ပြင်းထန်စွာ ပြန်လည်ရုန်းကန်လာပြန်သည်။

ချန်ချင်းယွီ မတ်တတ်ရပ်၍ လက်သီးကို ဆုပ်လိုက်သောအခါ အဘွားကြီးမှာ တစ်စက္ကန့်အတွင်း ငြိမ်ကျသွားပြီး ငုံးကလေးတစ်ကောင်ကဲ့သို့ ဝပ်နေရှာ၏။

€¥£*%#{#€€!!!

ဆဲရေးသံများ!!!

နင်တို့ ကယ်ချင်ရင်လည်း အထဲကို အတင်းဝင်လာကြလေဟဲ့၊ ဝင်လည်းမလာဘဲ အပြင်ကနေ အသံတွေပေးနေတာ ငါ့ကို အသတ်ခံရအောင် လုပ်နေကြတာလား!

အဘွားကြီးကျောက်သည် စိတ်ထဲမှ ဆဲဆိုနေသော်လည်း ကိုယ်ကို ပို၍ပင် ကျုံ့ထားလိုက်မိသည်။

ငါ့ကို မမြင်ပါစေနဲ့... ငါ့ကို မမြင်ပါစေနဲ့။

ငါက အရိုးအဆစ်တွေ မသန်တော့တဲ့ အဘွားကြီးပါ၊ အရိုက်မခံနိုင်ပါဘူး!

သူမသည် ကိုယ်ကို ကျုံ့ထားရင်း ချန်ချင်းယွီကို ထပ်မံခိုးကြည့်လိုက်ရာ...

ဤတစ်ကြိမ်တွင်မူ ထိတ်လန့်လွန်းသဖြင့် နှလုံးခုန်ရပ်မတတ် ဖြစ်သွားရလေသည်!

ချန်ချင်းယွီသည် အပြင်ခန်းသို့ ထွက်သွားကာ ဟင်းချက်ဓားကို ယူ၍ ခါးတွင် ချိတ်နေ၏။

အဘွားကြီကျောက် : "!!!!"

ချန်ချင်းယွီသည် အဝတ်အစားလဲခြင်း မရှိဘဲ အဘွားကြီးကျောက်၏ မီးခိုးရောင် ဂွမ်းအင်္ကျီကို ထပ်ဝတ်လိုက်ကာ အဘွားကြီး ဆောင်းလေ့ရှိသော သိုးမွှေးဦးထုပ်ကို ဆောင်းလိုက်သည်။ ထို့အပြင် ပုဝါဖြင့်လည်း သူမ၏မျက်နှာကို စည်းနှောင်လိုက်သေး၏။

အဘွားကြီးကျောက်: "!!!!!!!!!!"

ဘုရားရေ... ချန်ချင်းယွီ ရူးသွားပြီ၊

ချန်ချင်းယွီ တကယ်ကို ရူးသွားပြီ!

သူ တကယ်ကို ရူးသွပ်နေတာပဲ။

အရင်က ချန်ချင်းယွီ ဒီလောက်အထိ ရူးသွပ်တဲ့ မိန်းမတစ်ယောက်မှန်း သူမ ဘယ်တုန်းကမှ မသိခဲ့ရပါလား!

အားးးးး!

ချန်ချင်းယွီသည် ခြေသံတစ်ချက်မျှမထွက်စေဘဲ တံခါးဝသို့ တိုးကပ်သွား၏။ ကိုယ်အလေးချိန် ပေါင် ၁၆၀ ကျော်စဉ်ကပင် သူမသည် ခြေသံလုံအောင် လျှောက်နိုင်သူဖြစ်ရာ ယခုကဲ့သို့ ပေါင် ၈၀ သာရှိသော ကိုယ်ခန္ဓာဖြင့်မူ ပြောနေရန်ပင်မလိုအပ်ချေ။ သူမသည် အိမ်တွင်းရှိ မီးများကို ပိတ်လိုက်ပြီး တံခါးဝတွင် ငြိမ်သက်စွာ ရပ်စောင့်နေစဉ် ခဏအကြာ၌ အပြင်ဘက်မှ ခြေသံသဲ့သဲ့ ထွက်ခွာသွားသည်ကို ကြားလိုက်ရသည်။

စောစောပိုင်း၌ တစ်စုံတစ်ယောက်သည် သူမ၏ ပြတင်းပေါက်အပြင်ဘက်မှ ချောင်းမြောင်းနေခြင်း ဖြစ်၏။

ထိုသူ ဘာရည်ရွယ်ချက်ရှိသည်ကို မသိရသော်လည်း ကောင်းသောကြံစည်မှု မဟုတ်သည်မှာ သေချာလှသည်။

သူမ အရိုက်ခံနေရသည်ဟု ထင်မှတ်ရစဉ် တစ်ယောက်မျှ ဝင်ရောက်ဖြန်ဖြေခြင်းမရှိဘဲ ယခုကဲ့သို့ သန်းခေါင်ယံအချိန်မှ ပြတင်းပေါက်နား လာရပ်နေခြင်းကို စေတနာကြောင့်ဟုဆိုလျှင် သူမ လုံးဝမယုံကြည်နိုင်ချေ။ ထိုသူ ထွက်ခွာသွားသည်နှင့် ချန်ချင်းယွီသည်လည်း အိမ်ပြင်သို့ အမြန်ထွက်ခဲ့သည်။ ခြေသံမှာ ဝင်းရှေ့ဘက်သို့ ဦးတည်သွားသည်ဖြစ်ရာ သူမသည်လည်း တိတ်တဆိတ် နောက်မှလိုက်သွား၏။ ဝင်းကြီး၏ တံခါးမှာ ပွင့်နေသဖြင့် ထိုသူ အပြင်သို့ ထွက်သွားပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။

ချန်ချင်းယွီသည်လည်း အိမ်ပြင်သို့ အမြန်ထွက်လာခဲ့၏။ ဤဝင်းကြီးမှာ အဆောင်ငါးဆောင်အထိ ကျယ်ဝန်းသော်လည်း အိမ်သာမရှိသဖြင့် လမ်းကြားထဲရှိ အများသုံးအိမ်သာသို့သာ သွားကြရသည်။ လမ်းမီးဟူ၍လည်း မရှိသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်အတိ ကျနေတော့သည်။

မိုးအုံ့၍ လေပြင်းတိုက်နေသောကြောင့် လမင်းနှင့် ကြယ်တာရာတို့ကိုလည်း မမြင်တွေ့ရချေ။

ချန်ချင်းယွီသည် ဝင်းတံတိုင်းကို အမှီပြု၍ စောင့်ကြည့်နေစဉ် အမျိုးသားတစ်ဦး အိမ်သာထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် ပါးစပ်မှလည်း မဆီမဆိုင် သီချင်းတစ်ပုဒ်ကို ညည်းညူလာ၏။

"မုဆိုးမလေး ချောချောရယ်... ညနက်သန်းခေါင် အထီးကျန်လို့ နေမှာပေါ့... အစ်ကိုကြီးက အိပ်ရာထဲ လာနွေးပေးမယ်လေ..."

ချန်ချင်းယွီ: "ဟက်!"

သူမ၏ နှာခေါင်းရှုံ့သံမှာ တိတ်ဆိတ်လှသော ညဉ့်နက်ပိုင်းတွင် ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်သွားသဖြင့် ထိုသူ၏ သီချင်းသံမှာလည်း ရုတ်ချည်း ရပ်တန့်သွားလေသည်။

"ဘယ်... ဘယ်သူလဲ... အား!"

နောက်ကျောဘက်မှ ပြင်းထန်သော အားတစ်ခုက တွန်းကန်လိုက်ခြင်းပင် ဖြစ်သည်။ ချန်ချင်းယွီသည် အရှိန်ယူ၍ ခုန်လိုက်ကာ ထိုအမျိုးသား၏ ကျောကုန်းကို ခြေထောက်ဖြင့် ကန်လိုက်၍ သူသည် ရှေ့သို့ မှောက်ခုံ လဲကျသွားရှာ၏။ ချန်ချင်းယွီသည် သူ၏ကျောပေါ်သို့ ခြေထောက်ဖြင့် တက်နင်းလိုက်ပြီး ဘာမှညှာတာမနေဘဲ တရစပ် ကန်ကျောက်တော့၏။

ဤကန်ချက်များမှာ အဘွားကြီးကျောက်ကို ပညာပေးစဉ်ကနှင့် မတူချေ။

ယခုအခါ သူမ၏ ခွန်အားများ ပြန်လည်ပြည့်ဝနေပြီဖြစ်ရာ ထိုအမျိုးသားမှာ အသည်းအသန် အော်ဟစ်နေရလေသည်။

"အား! အား! ကယ်ကြပါဦး! လူသတ်နေပါပြီ! ကယ်ကြပါဦး!"

ချန်ချင်းယွီသည် မရပ်မနား ထပ်မံကန်ကျောက်လိုက်ရာ ထိုအမျိုးသားမှာ သူ၏ ကလီစာများပင် ပြုတ်ထွက်တော့မည်ဟု ခံစားနေရပြီး "ကယ်ကြပါဦးဗျို့..." ဟု ငိုယိုအော်ဟစ်နေရှာသည်။

အရိုက်ခံနေရသော အမျိုးသားသည် သူ၏ဦးခေါင်းကို လက်ဖြင့်ကာလျက် ပုစွန်ထုပ်ကဲ့သို့ ကွေးကွေးလေးဖြစ်ကာ အသံကုန် အော်ဟစ်နေတော့၏။

လမ်းကြားလေးအတွင်း၌ စူးရှလှသော အော်ဟစ်သံများမှာ ရင်ကွဲမတတ် ထွက်ပေါ်နေသည်။

"ကယ်ကြပါဦး!"

"အားးးးး!"

"သခင်ကြီး... အသက်ချမ်းသာပေးပါ..."

ဝင်းအတွင်းရှိ အိမ်အသီးသီးမှ မီးများ တစ်လုံးပြီးတစ်လုံး လင်းထိန်လာလေသည်။ အရှေ့ဘက်ဝင်းရှိ အိမ်နီးချင်းအချို့မှာ အပြင်ဘက်၌ ဆူညံသံများကို ကြားရသဖြင့် တံခါးဝမှ ခေါင်းပြူ၍ အပြင်ထွက်ကြည့်ရန် ဝေခွဲမရ ဖြစ်နေကြ၏။

"ကယ်ကြပါဦးဗျို့~"

စူးရှသော အော်ဟစ်သံကြီး ထပ်မံထွက်ပေါ်လာရာ ဒုတိယဝင်းအတွင်းရှိ လူများပင် အတိုင်းသား ကြားလိုက်ရလေသည်။ လူတိုင်း အပေါ်အင်္ကျီများကို ကောက်စွပ်လျက် အပြင်ထွက်လာကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ စကားဆိုလိုက်ကြ၏။

"ကဲ... အပြင်ထွက်ကြည့်ကြရအောင်"

"ဟုတ်တယ်၊ သွားကြည့်ကြတာပေါ့၊ လူအသက်အန္တရာယ်ဖြစ်မှာ စိုးရတယ်။"

"အားလုံး အတူတူသွားကြမယ်လေ။"

"ဒါဆို သွားကြစို့။"

လူအများစုပေါင်းပါက အားရှိသည်ဖြစ်ရာ အားလုံးစုပေါင်း၍ ထွက်လာကြသဖြင့် ကြောက်ရွံ့စိတ်မှာလည်း လျော့ပါးသွားကြသည်။

အပြင်သို့ လူများထွက်လာသည့် အသံကို ကြားရသည်နှင့် ချန်ချင်းယွီသည် အရှိန်ယူ၍ ပြေးလိုက်ကာ တံတိုင်းပေါ်သို့ သွက်လက်စွာ ခုန်တက်လိုက်၏။ သူမသည် တံတိုင်းထိပ်နှင့် အမိုးစွန်းများကို နင်းဖြတ်ကာ အရှေ့ဘက်ဝင်းသို့ အလုအယက် ပြေးသွားကြသော လူအုပ်ကြီးကို အပေါ်စီးမှ ကြည့်နေလိုက်သည်။ ပတ်ဝန်းကျင်၌ မည်သူမျှမရှိသည်ကို အကဲခတ်မိသည်နှင့် တစ်ပြိုင်နက် အောက်သို့ ခုန်ဆင်းပြီး အိမ်ထဲသို့ လျှပ်တစ်ပြက် ပြန်ဝင်လိုက်ရာ မည်သည့်သဲလွန်စမျှ မကျန်ရစ်စေခဲ့ချေ။

ထိုအချိန်တွင် အပြင်ဘက်မှ အော်ဟစ်သံများမှာ ပို၍ပင် ကျယ်လောင်လာသည်။

ချန်ချင်းယွီသည် အိမ်ထဲသို့ဝင်ကာ သူမ ဝတ်ဆင်ထားသည့် အကာအကွယ်ပစ္စည်းများကို ချွတ်လိုက်စဉ် အဘွားကြီးကျောက်မှာ သူမအား ထိတ်လန့်တကြား စိုက်ကြည့်နေသည်ကို တွေ့ရ၏။ ချန်ချင်းယွီ ခပ်တိုးတိုး ရယ်မောလိုက်ပြီး

"အဲ့လူ မသေပါဘူး"

အဘွားကြီးကျောက်၏ မျက်လုံးများမှာ ပြူးထွက်ကာ ကျွတ်ကျမတတ်ဖြစ်သွားရ၏။

"!!!!!!!!!"

ငါက နင်သတ်မသတ်ကို မေးနေတာ မဟုတ်ဘူးအေ!

နင်... နင် ဝတ်သွားတာက ငါ့အင်္ကျီ၊ ငါ့ဦးထုပ်နဲ့ ငါ့ပုဝါတွေလေဟဲ့!

နင်... နင်... နင်!

မသေလေ ပိုဆိုးလေပဲ!

အဲဒီလူက ငါရိုက်တာလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ!

မဟုတ်သေးဘူး! အာ... တောက်! လူသတ်တာ ဥပဒေနဲ့ မလွတ်ဘူး! နင် ဘာကိစ္စ အပြင်ထွက်ပြီး လူသွားရိုက်နေတာလဲ!

အရူးမ!

စိတ်တ္တဇပဲ!

ချန်ချင်းယွီမှာမူ ယောက္ခမဖြစ်သူ၏ သေလုမျောပါး ဖြစ်နေသော ရုပ်ပျက်ဆင်းပျက်ပုံစံကို ဂရုမစိုက်အားပေ။ သူမသည် လက်နှစ်ဖက်ကို ပိုက်လျက် တံခါးဝသို့ လျှောက်သွားကာ ကြောက်လန့်တုန်ရီနေသည့် ပုံစံဖမ်း၍ ခေါင်းပြူကြည့်လိုက်သည်။ နောက်ဘက်ဝင်းမှ လူတစ်ဦး လျှောက်လာသည်ကို တွေ့ရသဖြင့် ချန်ချင်းယွီ လှမ်းကြည့်ရာ ထိုသူသည် သူမကို မေးမြန်းလာ၏။

"ရှေ့ဝင်းမှာ ဘာတွေဖြစ်နေတာလဲ"

ချန်ချင်းယွီ ကြောက်ရွံ့ဟန်ဖြင့် ခေါင်းခါပြကာ

"ကျွန်မလည်း မသိပါဘူးရှင့်"

သူမ၏စကားပင် မဆုံးသေးမီ စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာပြန်သည်!

"ငါ့သားလေးရယ်... နင့်ကို ဘယ်သူက ဒီလောက်အထိ ဖြစ်အောင် ရိုက်လိုက်တာလဲ... ဘုရားရေ၊ တရားမျှတမှု မရှိတော့ပါဘူး! အားလုံးပဲ လာကြည့်ကြပါဦး၊ ဒီလူယုတ်မာတော့ ရူးနေပြီထင်တယ်။"

"ရက်စက်လိုက်တာ၊ ဒါက တကယ်ကို ရက်စက်လွန်းတယ်၊ ရပ်ကွက်ရုံးကို တိုင်ရမယ်၊ မဖြစ်မနေ တိုင်ရမယ်!~"

"တို့လမ်းထဲမှာ လူဆိုးတစ်ယောက် ရောက်နေပြီဟေ့..."

"ဆေးရုံပို့ကြ၊ အမြန်ဆုံး ဆေးရုံတင်ကြဦး..."

အပြင်ဘက်တွင် အော်ဟစ်ဆူညံသံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေတော့သည်။

ချန်ချင်းယွီနှင့် စကားပြောနေသည့်သူမှာ မျက်လုံးများ အရောင်တောက်သွားပြီး "ငါသွားကြည့်ဦးမယ်!" ဟု ဆိုကာ ရှေ့သို့ အပြေးအလွှား ထွက်သွားလေ၏။

ချန်ချင်းယွီသည် မျက်တောင်တဖျတ်ဖျတ် ခတ်ကာ ကြောက်လန့်၍ မသွားရဲသည့်ပုံစံဖြင့် တံခါးဝတွင်သာ ကျုံ့ကျုံ့လေး ရပ်ကြည့်နေပြီး နောက်ဘက်ဝင်းမှ ရှေ့သို့ ပြေးသွားကြသော လူတစ်ယောက်ချင်းစီကို လိုက်လံကြည့်ရှုနေတော့သည်။

၆။ အိမ်နီးချင်းများ

ချန်ချင်းယွီသည် အပြင်ထွက်၍ အခြေအနေကို သွားရောက်မကြည့်ရှုပေ။ သူမသည် အိမ်စောင့်နတ်ရုပ်ကြီးကဲ့သို့ မိမိအိမ်တံခါးဝတွင်သာ ကျုံ့ကျုံ့လေးရပ်ကာ နောက်ဘက်ဝင်းမှ ထွက်လာသူတိုင်းကို လိုက်လံကြည့်ရှုနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ဒုတိယအဆောင်တွင် နေထိုင်သူဖြစ်ရာ လမ်းလျှောက်ဖြတ်သန်းသွားသူတိုင်းကို တစ်ဦးချင်းစီ မှတ်သားထားနိုင်လိုက်၏။

မူလချန်ချင်းယွီ၏ မှတ်ဉာဏ်များကြောင့် လူတိုင်းကို သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသကဲ့သို့ မှတ်မိနေသော်လည်း ၂၀၂၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်သို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ရာ စိတ်ထဲ၌ အသားမကျသေးသည့် ခံစားချက်မျိုး ရှိနေဆဲပင်။ ယခုကဲ့သို့ လူတစ်ယောက်ချင်းစီကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်မှသာ ရင်းနှီးကျွမ်းဝင်မှု ပိုမိုရှိလာလေသည်။

ဒီဝင်းကြီးကတော့လေ... တကယ့်ကိုပဲ!

ချန်ချင်းယွီသည် ဤဝင်းကြီးအတွင်းရှိ လူနာမည်ပျက်၊ လူရှုပ်လူပွေများကို စဉ်းစားမိရုံဖြင့် မျက်လုံးများကို အပေါ်သို့ လန်တက်သွားသည်အထိ စိတ်ပျက်မိလေ၏။

အမှန်စင်စစ် ဆင်းရဲကျပ်တည်းလှသော ခေတ်ကာလများတွင် ကြက်သွန်မြိတ်တစ်ပင်၊ ကြက်သွန်ဖြူတစ်တက်သည်ပင် ပြဿနာအကြီးအကျယ် ဖြစ်ပွားစေသည့် အကြောင်းရင်းများ ဖြစ်လာတတ်သည်။ သူတို့၏ ဝင်းကြီးမှာလည်း ခြံဝင်း အဆောင်ငါးဆောင်အထိ ကျယ်ဝန်းပြီး လူဦးရေမှာလည်း ရာဂဏန်းခန့်ရှိရာ ပို၍ပင် ရှုပ်ထွေးလှပေ၏။

နေ့စဉ်နှင့်အမျှ ဖြစ်ပွားတတ်သော သေးနုပ်သည့် ကိစ္စရပ်များမှာလည်း မနည်းလှချေ။

ဘုရားကျောင်းကသေးသလောက် မိစ္ဆာလေကပြင်း၊ ရေကတိမ်သလောက် လိပ်ကများ ဆိုသကဲ့သို့ပင် ဖြစ်နေလေသတည်း။

ဤအဆောင်ငါးဆောင်ရှိသော ဝင်းကြီးအတွင်း အဆောင်တိုင်း၌ ထူးထူးဆန်းဆန်း လူစားမျိုးစုံ ရှိနေကြသည်။ အရှေ့ဘက်ဝင်းတွင်ပင်အိမ်ထောင်စု ငါးစုခြောက်စုခန့် နေထိုင်ကြ၏။ ဤဝင်းကြီးမှာ စက်မှုစက်ရုံမှ ဝန်ထမ်းအိမ်ရာဖြစ်သဖြင့် အိမ်တိုင်း၌ စက်ရုံဝန်ထမ်းများ ရှိကြစမြဲပင်။ အကယ်၍ ဝန်ထမ်းမဟုတ်ပါကလည်း ဤနေရာတွင် နေထိုင်ခွင့် ရရှိမည်မဟုတ်ပေ။

ဤနေရာရှိ အိမ်များမှာ အစိုးရပိုင် (သို့မဟုတ်) စက်ရုံပိုင်များဖြစ်ကြပြီး စက်ရုံမှ ဝန်ထမ်းများကို ခွဲဝေချထားပေးခြင်း ဖြစ်သည်။

ဝင်းအတွင်းရှိ အိမ်ထောင်စုများမှာ အလုပ်သမား အဖွဲ့အစည်းဝင်များ ဖြစ်ကြသော်လည်း အခြေအနေပေးပုံချင်းကား မတူညီကြချေ။ အရှေ့ဘက်ဝင်းတွင် စီးပွားရေးအခြေအနေ အကောင်းဆုံးမှာ ချန်ချင်းယွီအား ငွေစိုက်ထုတ်ပေးခဲ့ဖူးသော ဝမ်မေ့လန် ဖြစ်သည်။ ဝမ်မေ့လန်နှင့် သူမ၏ခင်ပွန်းဖြစ်သူမှာ အသက် ၃၀ ကျော်အရွယ်များဖြစ်ကြပြီး ခင်ပွန်းဖြစ်သူ ဝမ်ကျန့်ကော်မှာ စက်မှုစက်ရုံ၏ ပစ္စည်းဝယ်ယူရေးဌာနတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ရာ အပိုဝင်ငွေရရှိသော ရာထူးတစ်ခုဟု ဆိုရပေမည်။ ဝမ်မေ့လန်ကိုယ်တိုင်သည်လည်း အထည်ချုပ်စက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်သဖြင့် လင်မယားနှစ်ဦးလုံး အလုပ်ရှိသော မိသားစုဖြစ်ရာ သူတို့အိမ်မှ ဟင်းနံ့မွှေးမွှေးများကို မကြာခဏဆိုသလို ရရှိတတ်သည်။ သူတို့တွင် သမီးမိန်းကလေး သုံးဦးရှိ၏။ သမီးချည်း သုံးယောက်ဆက်တိုက် မွေးဖွားခဲ့သဖြင့် ဝမ်မေ့လန်မှာ စိတ်ဓာတ်ခိုင်မာပြတ်သားသူ ဖြစ်သော်လည်း အိမ်တွင်းရေးတွင်မူ တစ်ခါတစ်ရံ နှိပ်ကွပ်ခြင်းကို ခံရတတ်သည်။

သူမ၏ ယောက္ခမများမှာ အခြားတစ်နေရာတွင် နေထိုင်ကြသော်လည်း သမီးကြီးမှာ ၈ နှစ်၊ သမီးလတ်မှာ ၅ နှစ်နှင့် အငယ်ဆုံးမှာ ၂ နှစ်သာ ရှိသေးရာ ကျောင်းမနေရသေးသော ကလေးငယ်နှစ်ဦးကို ကြည့်ရှုရန် ယောက္ခမဖြစ်သူက နေ့စဉ်လာရောက်လေ့ရှိပြီး လင်မယားနှစ်ဦး၏ ကိစ္စရပ်များတွင်လည်း ဝင်ရောက်စွက်ဖက်လေ့ ရှိ၏။

ထိုမိသားစုအပြင် အရှေ့ဘက်ဝင်းရှိ လီမိသားစု မှာလည်း ဆူညံပွက်လောရိုက်တတ်သည့် မိသားစုတစ်ခု ဖြစ်သည်။ အိမ်ထောင်ဦးစီးဖြစ်သူ လီချန်ရွှမ်းမှာ စက်မှုစက်ရုံ၏ ထောက်ပံ့ပို့ဆောင်ရေးဌာနတွင် အထွေထွေလုပ်သားအဖြစ် လုပ်ကိုင်နေသူ ဖြစ်၏။ သတင်းများအရ သူသည် ငယ်စဉ်က ကျေးလက်မှ ထွက်ပြေးတိမ်းရှောင်လာသူဖြစ်ပြီး ဤအရပ်တွင် အခြေချနေထိုင်သော လင်မိသားစု၏ တစ်ဦးတည်းသောသမီး လင်စန်းရှင်း နှင့် အိမ်ထောင်ပြုကာ အိမ်ပါသားမက်အဖြစ် ဝင်ရောက်နေထိုင်ခဲ့ခြင်း ဖြစ်သည်။ အိမ်ထောင်ပြုပြီး နှစ်အနည်းငယ်အကြာတွင် ဇနီးဖြစ်သူ၏ မိဘများ ကွယ်လွန်သွားကြရာ သူသည် ဇနီးဖြစ်သူအား ချော့မော့၍ သူမ၏အလုပ်ကို လွှဲပြောင်းရယူခဲ့သည်။ မူလက ထိုအလုပ်မှာ ဇနီးဖြစ်သူ၏ အလုပ်ဖြစ်ပြီး သူမမှာ စာတတ်သူဖြစ်သဖြင့် သိုလှောင်ရုံကြီးကြပ်သူအဖြစ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော် လီချန်ရွှမ်းမှာ စာမတတ်သဖြင့် ဇနီးဖြစ်သူ၏ နေရာတွင် အစားထိုးဝင်ရောက်သည့်တိုင် မူလအလုပ်ကို မလုပ်နိုင်ဘဲ ထမင်းစားဆောင် မီးဖိုချောင်တွင် အကူအဖြစ် ဆေးကြောသန့်စင်ခြင်းနှင့် တံမြက်စည်းလှည်းခြင်းတို့ကိုသာ လုပ်ကိုင်ခဲ့ရသည်။ ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် လုပ်ကိုင်ခဲ့သော်လည်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့ချေ။

သူတို့လင်မယားတွင် လင်းလင်း အမည်ရှိသော သမီးတစ်ဦးသာ ရှိသည်။

မူလက လီချန်ရွှမ်းသည် အိမ်ပါသားမက်အဖြစ် ဝင်ရောက်နေထိုင်သူဖြစ်သဖြင့် သမီးဖြစ်သူမှာ မိခင်၏မျိုးရိုးအမည်ကို ယူကာ လင်လင်းလင်း ဟု အမည်မှည့်ခဲ့၏။ သို့သော် လူကြီးများ ကွယ်လွန်၍ ဇနီးဖြစ်သူ၏ အလုပ်ကိုလည်း ရရှိသွားသောအခါ သူသည် အာဏာပြလာပြီး သမီး၏မျိုးရိုးအမည်ကို မိမိ၏မျိုးရိုးအမည်ဖြစ်သော လီ သို့ ပြောင်းလဲလိုက်ရာ ယခုအခါ လီလင်းလင်း ဟု ခေါ်တွင်တော့သည်။ သမီးတစ်ဦးတည်းသာ ရှိသော လီချန်ရွှမ်းမှာ အလွန်ပင် မကျေမနပ်ဖြစ်နေပြီး နှစ်ပေါင်းများစွာအတွင်း ဇနီးနှင့်သမီးအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်။ ပြင်ပတွင်လည်း မသင့်တော်သော ဆက်ဆံရေးများရှိသည်ဟု သတင်းထွက်နေသော်လည်း မည်သူမျှ သက်သေအထောက်အထား မဖမ်းမိကြချေ။

လီလင်းလင်းမှာ ယခုနှစ်တွင် ၁၇ နှစ်ရှိပြီဖြစ်ပြီး တစ်ဦးတည်းသောသမီး ဖြစ်သဖြင့် ကျေးလက်သို့ဆင်း၍ အလုပ်လုပ်ရန်မလိုသည့် မူဝါဒနှင့် ကိုက်ညီနေသည်။ ယခုအခါ ရပ်ကွက်အတွင်းရှိ အလုပ်အသေးအမွှားများကို လုပ်ကိုင်ရင်း ပုံမှန်အလုပ်တစ်ခုကို လိုက်လံရှာဖွေနေဆဲပင်။

ခြုံငုံ၍ဆိုရလျှင် အရှေ့ဘက်ဝင်းတွင် အိမ်ထောင်စုများစွာ ရှိသော်လည်း ထိုဝင်း၏ အဓိက ရည်မှန်းချက်မှာ စကားလုံးသုံးလုံးတည်းသာ ဖြစ်၏။

"သားယောက်ျားလေး ရဖို့!"

အသက် ၄၀ နီးပါးရှိပြီဖြစ်သော လီချန်ရွှမ်းသည်လည်း သားရရန် ကြိုးစားနေသလို၊ အသက် ၃၀ နီးပါးရှိသော ဝမ်ကျန့်ကော်မှာလည်း သားရရန် အစွမ်းကုန် ကြိုးစားနေကြသည်။

သားယောက်ျားလေး ရရှိရေးအတွက် သူတို့မှာ တစိုက်မတ်မတ် ကြိုးပမ်းနေကြရှာ၏။

ဒုတိယအဆောင်ဝင်းသည် ချန်ချင်းယွီတို့ နေထိုင်ရာဝင်းဖြစ်ပြီး ထိုဝင်းအတွင်း၌လည်း ထူးထူးဆန်းဆန်း လူစားများစွာ ရှိနေကြသည်။ သို့သော် အဆန်းဆုံးမှာ သူမ၏ယောက္ခမ အဘွားကြီးကျောက်ပင် ဖြစ်၏။ အဘွားကြီးကျောက် အမည်မှာ ကျောက်တာ့ရာဖြစ်ပြီး လူလတ်ပိုင်းအရွယ်တွင် ခင်ပွန်းဆုံးရှုံးကာ အသက်ကြီးလာသောအခါ သားဖြစ်သူပါ ဆုံးပါးသွားရှာသည်။ သူမသည် ကပ်စေးနှဲရက်စက်၍ အကျိုးအကြောင်းမရှိ ပြဿနာရှာတတ်သူဖြစ်ရာ ပတ်ဝန်းကျင်နှင့် ဆက်ဆံရေးမှာ အလွန်ပင် ဆိုးရွားလှ၏။

သူမနှင့် နှိုင်းယှဉ်လိုက်ပါက ဒုတိယဝင်းအတွင်းရှိ အခြားသူများမှာ ဗောဓိဿကျ များကဲ့သို့ပင် ရိုးသားဖြူစင်နေကြလေသည်။

သို့သော် ထိုဝင်းအတွင်း၌ နေထိုင်သူဖြစ်သဖြင့် အားလုံးမှာ အေးအေးဆေးဆေး နေတတ်ကြသူများမဟုတ်ကြောင်း ချန်ချင်းယွီ သိရှိထားသည်။ ဥပမာအားဖြင့် သူတို့အိမ်နှင့် မျက်စောင်းထိုးတွင် နေထိုင်သော စက်ရုံရုံးခန်းမှ အစ်မကြီးဖန်ပင် ဖြစ်၏။ အစ်မကြီးဖန်မှာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သူဖြစ်ပြီး အသေးအဖွဲကိစ္စကိုပင် အကြီးအကျယ် ချဲ့ကားပြောဆိုတတ်သူ ဖြစ်သည်။ အပြင်ထွက်လျှင်ပင် မိမိအိမ်၏ ချမ်းသာကြွယ်ဝမှုကို ပြသရန် နှုတ်ခမ်းကို ဝက်ဆီဖြင့် ပွတ်တိုက်လေ့ရှိပြီး ချန်ချင်းယွီတို့ မိသားစုကို အလွန်ပင် အထင်သေး၏။

သူမ၏ခင်ပွန်းမှာ အလုပ်အကိုင်မရှိချေ။ အိမ်ထောင်သက် နှစ်ပေါင်း ၂၀ ကျော်တိုင်အောင် ခင်ပွန်းဖြစ်သူကို လုပ်ကျွေးပြုစုလာခဲ့ခြင်း ဖြစ်သည်။ ခင်ပွန်းဖြစ်သူ ရှီရှန်း မှာ နေ့စဉ် မိန်းမကြီးများနှင့်အတူ ထိုင်ကာ စကားဖောင်ဖွဲ့ရင်း အေးအေးလူလူ နေထိုင်လေ့ရှိ၏။သို့သော် ထိုသို့နေထိုင်သည့်တိုင် အိမ်တွင်းရေးကိစ္စများတွင်မူ သူ၏စကားမှာ အတည်ပင် ဖြစ်ရမည်ဟု အာဏာပြတတ်သေးသည်။

သူတို့တွင် သားသမီး သုံးဦးရှိရာ သမီးကြီးမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ကျေးလက်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ သားလတ်မှာ ၁၆ နှစ်ရှိပြီဖြစ်သော်လည်း ကျောင်းလည်းမပြီး၊ အလုပ်လည်းမရှိသေးရာ အမြန်ဆုံး အလုပ်မရပါက ကျေးလက်သို့ ဆင်းရပေတော့မည်။ အစ်မကြီးဖန်မှာ သားလတ်အတွက် အလုပ်ရရှိရေးကို နေရာအနှံ့ လိုက်လံစုံစမ်းနေရသဖြင့် နေ့စဉ် မျက်မှောင်ကြုံ့နေရရှာသည်။ အငယ်ဆုံးသားမှာမူ ယခုနှစ်တွင် ၁၁ နှစ် ရှိပြီဖြစ်၏။

ချန်ချင်းယွီ၏ မှတ်ဉာဏ်များအရ အစ်မကြီးဖန်မှာ လွန်ခဲ့သောရက်ပိုင်းအတွင်း သူမ၏ယောက္ခမအနားတွင် မကြာခဏဆိုသလို လာရောက်ကပ်နေတတ်သည်။ ထိုသူသည် လင်းကျန့်ဝမ် ချန်ရစ်ခဲ့သော အလုပ်နေရာကို မျက်စိကျနေခြင်းဖြစ်မည်ဟု ချန်ချင်းယွီ သံသယရှိနေ၏။ တကယ်ပင် မျက်နှာပြောင်လှပေသည်။ သို့သော် ဤကဲ့သို့ တွေးတောခြင်းမှာလည်း မဆန်းလှချေ။ အကြောင်းမှာ သူတို့အိမ်၏ အလုပ်နေရာမှာ တစ်ကြိမ်တစ်ခါက တစ်စုံတစ်ဦး၏ "လှည့်ဖြားခြင်း" ကို ခံခဲ့ရဖူးသောကြောင့်ပင်တည်း။

၎င်းမှာ ဒုတိယဝင်းအတွင်းရှိ အခြားအိမ်ထောင်စုတစ်ခုဖြစ်သော ရွှီကောင်းမင် အကြောင်းပင် ဖြစ်၏။ ရွှီကောင်းမင်မှာ ယခုနှစ်တွင် အသက် ၅၀ နီးပါးရှိပြီဖြစ်ပြီး စက်ရုံမှ ဂဟေဆော်ဆရာတစ်ဦး ဖြစ်သည်။ အဆင့် ၈ ရှိသော ကျွမ်းကျင်လုပ်သားဖြစ်သဖြင့် လစာမှာ ၉၀ ကျော် ရရှိရာ ဝင်းအတွင်း ဝင်ငွေအကောင်းဆုံး မိသားစုများထဲမှ တစ်ခုဖြစ်ပြီး သူ၏ဇနီးမှာ ရှီကျန့်ရှန်း ဖြစ်၏။ သူတို့မိသားစုတွင် သားသုံးဦးရှိပြီး အခြေအနေမှာ အလွန်ပင် ကောင်းမွန်လှသည်။ သားကြီးမှာ စက်ရုံဝန်ထမ်းဖြစ်ပြီး သားလတ်မှာ မူလတန်းပြဆရာ ဖြစ်ကာ သားငယ်မှာလည်း လွန်ခဲ့သော နှစ်အနည်းငယ်ကပင် စက်ရုံသို့ အလုပ်ဝင်ခွင့် ရရှိထားပြီး ဖြစ်သည်။

ရွှီမိသားစုမှ သားကြီး စက်ရုံသို့ အလုပ်ဝင်နိုင်ခဲ့ခြင်းမှာ လင်းမိသားစုထံမှ အလုပ်နေရာကို ဝယ်ယူခဲ့ခြင်းကြောင့် ဖြစ်၏။ ထိုစဉ်က စက်ရုံတွင် အလုပ်လုပ်သော လင်းကျန့်ဝမ်၏ ဖခင်ဖြစ်သူ ကွယ်လွန်ချိန်တွင် ကျန့်ဝမ်မှာ ငယ်ရွယ်လွန်းသဖြင့် အလုပ်ဆက်ခံရန် အဆင်မပြေခဲ့ချေ။ အဘွားကြီးကျောက်မှာလည်း မူလကပင် ပျင်းရိသူဖြစ်ပြီး အလုပ်မလုပ်ချင်သည်နှင့် ရွှီကောင်းမင်လင်မယား၏ ဖျောင်းဖျမှုကို ခံလိုက်ရကာ ထိုအလုပ်နေရာကို ရောင်းချပစ်ခဲ့သည်။ ထိုသို့ဖြင့် ရွှီကောင်းမင်၏ သားကြီးမှာ စက်ရုံသို့ အဆင်ပြေချောမွေ့စွာ အလုပ်ဝင်နိုင်ခဲ့ခြင်း ဖြစ်၏။

အမှန်စင်စစ် ဤအလုပ်နေရာမှာ မည်သို့မျှ မရောင်းသင့်ဘဲ လင်းကျန့်ဝမ်အတွက် ချန်ထားရမည်ဖြစ်ရာ ရွှီကောင်းမင်လင်မယားမှာ မည်မျှအထိ လှည့်ဖြားနိုင်စွမ်းရှိသည်ကို ခန့်မှန်းနိုင်ပေသည်။ လှည့်ဖြားရုံတင်မကဘဲ အလုပ်နေရာ ဝယ်ယူရာတွင်လည်း ကာလပေါက်ဈေးထက် ယွမ် ၅၀ ခန့် လျှော့၍ ပေးခဲ့သေး၏။ ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလများ၏ ယွမ် ၅၀ မှာ သားအမိနှစ်ယောက် နှစ်ဝက်ခန့် စားသောက်ရန် လုံလောက်သော ပမာဏဖြစ်ပြီး အဘွားကြီးကျောက်မှာ ကွက်ကျော်ရိုက်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်လေသည်။

နောက်ပိုင်းတွင် သူမ ပြန်လည်ဆူညံပူညံလုပ်ခဲ့သော်လည်း အကျိုးမထူးဘဲ ပို၍ပင် လက်ပေါက်ကပ်သူ ဟူသော နာမည်ဆိုးကိုသာ ရရှိခဲ့၏။

ရွှီကောင်းမင်လင်မယားကမူ အရာရာကို အပြစ်ကင်းစင်အောင် ရှင်းလင်းထားနိုင်ခဲ့သဖြင့် လူကောင်းသူကောင်းများအဖြစ်သာ ကျန်ရစ်ခဲ့ကြသည်။ အဘွားကြီးကျောက်ကို နင်းခြေ၍ပင် သူတို့၏ ပုံရိပ်ကောင်းကို တည်ဆောက်သွားကြခြင်း ဖြစ်၏။

လင်းကျန့်ဝမ်တစ်ယောက် နောက်ပိုင်းတွင် စက်ရုံသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် ကံတရားကြောင့်ပင် ဖြစ်သည်။ သူသည် အလုပ်ဆက်ခံခြင်းမဟုတ်ဘဲ ကိုယ်တိုင်ဝင်ခွင့်စာမေးပွဲဖြေဆို၍ အောင်မြင်ခဲ့ခြင်း ဖြစ်၏။ ထိုကဲ့သို့သော သာဓကများ ရှိခဲ့ဖူးသဖြင့် အစ်မကြီးဖန်မှာလည်း ရွှီကောင်းမင်လင်မယား၏ နည်းလမ်းကို အတုယူကာ လင်းကျန့်ဝမ် ချန်ရစ်ခဲ့သော အလုပ်နေရာကို သူမ၏သားလတ်အတွက် ရရှိရန် ကြံစည်နေခြင်းဖြစ်မည်ဟု ချန်ချင်းယွီ ယူဆနေခြင်း ဖြစ်သည်။

အကယ်၍ အရှေ့ဘက်ဝင်း၏ အဓိကအချက်မှာ "သားယောက်ျားလေး ရရှိရေး" ဖြစ်လျှင် ဒုတိယဝင်း၏ အဓိကအချက်မှာ "အလုပ်နေရာ လုယူရေး" ပင် ဖြစ်လေ၏။

တတိယအဆောင်ဝင်း (သို့မဟုတ်) အလယ်ဝင်းတွင်မူ ဝင်း၏ တာဝန်ခံလူကြီးနေထိုင်သည်။ ဤတာဝန်ခံလူကြီး ရာထူးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော် တည်ထောင်စ ၁၉၄၀ အစောပိုင်းကာလများတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဝင်းတိုင်းတွင် ထိုကဲ့သို့သော လူတစ်ဦး ရှိစမြဲပင်။ ၎င်းမှာ သူလျှိုလှုပ်ရှားမှုများကို ကာကွယ်ရန်နှင့် အိမ်နီးချင်းများကြား အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ဖြစ်၏။

သို့သော် နှစ်ပေါင်းများစွာအတွင်း မူဝါဒများ အဆက်မပြတ် ပြောင်းလဲလာမှုကြောင့် ယခုအခါ ဤရာထူးမှာ အလွန်အရေးပါလှသည် မဟုတ်တော့ပေ။ တစ်ခါတစ်ရံ အငြင်းပွားမှုများကို ဖြေရှင်းပေးရသော်လည်း ကိစ္စကြီးကြီးမားမားမရှိလျှင် တာဝန်ခံလူကြီးမှာ ထွက်ပေါ်လာလေ့မရှိချေ။ ဆန်ပေးစရာမလို၊ ဆီပေးစရာမလိုဘဲ အလကားသက်သက် အလုပ်လုပ်ပေးရသည့်အပြင် အိမ်နီးချင်းများ၏ အပြစ်တင်ခြင်းကိုပင် ခံရနိုင်သဖြင့် ပါးနပ်သူများမှာ ဤအလုပ်ကို မလုပ်ချင်ကြပေ။ တာဝန်ခံလူကြီးမှာ သေရေးရှင်ရေး၊ သူခိုးဖမ်းရေးကဲ့သို့သော ကိစ္စကြီးများမှအပ ကျန်ကိစ္စများတွင်မူ ပြောသော်လည်း မပြောသကဲ့သို့သာ နေတတ်ပြီး "ဟန်ဆောင်ကောင်းခြင်း" ပညာရပ်ကို အပိုင်ကျွမ်းကျင်ထားသူ ဖြစ်၏။

တာဝန်ခံလူကြီး၏အမည်မှာ မာကျန့်ယီဖြစ်ပြီး စက်ရုံ၏ သယ်ယူပို့ဆောင်ရေးဌာန ဒုတိယအရာရှိ တစ်ဦးလည်း ဖြစ်သည်။ သူသည် ဤဝင်းကြီးအတွင်းရှိ တစ်ဦးတည်းသော အရာရှိအဆင့်ရှိသူဖြစ်ပြီး အရာရှိတစ်ဦးမဟုတ်ပါကလည်း ဤတာဝန်ခံလူကြီးအဖြစ် ခန့်အပ်ခြင်း ခံရမည်မဟုတ်ပေ။ သူသည် ကျုံးရှန်းဝတ်စုံကို အမြဲဝတ်ဆင်လေ့ရှိသဖြင့် ကြည့်လိုက်ရုံဖြင့် အရာရှိတစ်ဦးမှန်း အလွယ်တကူ သိနိုင်လေသည်။

သူ၏ဇနီးဖြစ်သူမှာ ပိုင်ဖုန်းရှန်းဖြစ်ပြီး ဒေါ်လေးပိုင်ဟု ခေါ်ကြ၏။

သူမ၏ အမည်မှာ ယခုခေတ် သာမန်မိန်းကလေးများ၏ အမည်နှင့် မတူဘဲ ဆန်းပြားနေသော်လည်း အမှန်စင်စစ် ပိုင်ဖုန်းရှန်းမှာ ကျေးလက်တောရွာသူ စစ်စစ်ဖြစ်၏။ သူမ၏ မိသားစုမှာ မူလက ပန်းခြံတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ကြသဖြင့် သူမအား "ပန်းနွယ်နီ" ဟု အဓိပ္ပာယ်ရသည့် အမည်ကို မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။

မာမိသားစု၏ လူနေမှုအဆင့်အတန်းမှာ အလွန်ကောင်းမွန်လှသော်လည်း အိမ်ထောင်ဦးစီး မာကျန့်ယီမှာမူ သားသမီးများကြောင့် အမြဲတမ်း စိတ်သောကရောက်နေရရှာသည်။ ၎င်း၏ သားသမီးများသည် တစ်ဦးမှ ငြိမ်သက်အေးဆေးစွာ နေထိုင်ကြသူများ မဟုတ်ပေ။ အကြီးဆုံးသားမှာ နိုင်ငံတော်၏ တိုက်တွန်းချက်ကို လိုက်နာကာ ကျေးလက်ဘက်သို့ ဆင်းသွားခဲ့သူဖြစ်ပြီး အစောဆုံးအသုတ်တွင်ပင် ပါဝင်ခဲ့၏။ သို့သော် ဟိုရောက်သောအခါ အလုပ်ပင်ပန်းဒဏ်ကို မခံနိုင်သဖြင့် မြို့သို့ ပြန်လာရန် ကြံစည်တော့သည်။ မာကျန့်ယီမှာမူ ဥပဒေကို ကြောက်ရွံ့သဖြင့် သားဖြစ်သူကို ပြန်လည်ခေါ်ယူရန် မဝံ့ရဲချေ။

ထိုသားကြီးမှာ ပင်ပန်းသောအလုပ်များကို မလုပ်ချင်သဖြင့် ရွာလူကြီး၏သမီးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်ပြီး ကျေးလက်ကျောင်းဆရာအဖြစ် အခြေချနေထိုင်ခဲ့သည်။ သို့သော် ကျေးလက်တောသူနှင့် အိမ်ထောင်ကျသွားခြင်းကြောင့် မြို့သို့ ပြန်လာနိုင်မည့်လမ်းမှာ ပိုမိုဝေးကွာသွားရရာ ၎င်းကိစ္စမှာ မားကျန့်ယီတို့ ဇနီးမောင်နှံကို အလွန်ပင် ဒေါသထွက်စေခဲ့၏။ ၎င်းတို့သည် မိမိ၏ သားကြီးကို တောသူနှင့် အိမ်ထောင်ပြုပေးရန် လုံးဝဆန္ဒမရှိခဲ့ကြသော်လည်း ယခုအခါ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် မြေးများပင် အရွယ်ရောက်နေကြပြီ ဖြစ်သည်။

ဒုတိယမြောက် သမီးဖြစ်သူမှာလည်း အကြီးဆုံးသား ကျေးလက်ဆင်းသွားပြီးဖြစ်သဖြင့် မူဝါဒအရ ကျေးလက်ဆင်းရန် မလိုသော်လည်း လူမှုရေးအဆင့်အတန်း နောက်ခံ မကောင်းသော လူငယ်တစ်ဦးကို အရူးအမူး ချစ်မိသွားခဲ့ကာ ထိုလူငယ်မှာ အနောက်မြောက်ဘက်သို့ ထွက်ခွာသွားသောအခါ သူမသည်လည်း အချစ်ကိုသာ အဓိကထား၍ နောက်မှ လိုက်သွားခဲ့ပြီး ခြောက်နှစ်၊ ခုနစ်နှစ်တိုင်အောင် အိမ်သို့ တစ်ခါမျှ ပြန်မလာခဲ့ချေ။

သားကြီးနှင့် သမီးလတ်တို့ ကျေးလက်ဆင်းသွားကြသဖြင့် တတိယသားနှင့် စတုတ္ထသမီးတို့မှာ ကျေးလက်ဆင်းရန် လုံးဝမလိုတော့ပေ။ တတိယသားမှာ လူလွတ်တစ်ဦးဖြစ်ပြီး စက်ရုံဝန်ထမ်းတစ်ဦးလည်း ဖြစ်သည်။ သို့သော် သူသည် ကလေးရှိသော မုဆိုးမတစ်ဦးကိုသာ လက်ထပ်မည်ဟုဆိုကာ မိဘများနှင့် အပြင်းအထန် အငြင်းပွားနေဆဲ ဖြစ်၏။ အငယ်ဆုံးသမီးမှာမူ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးသဖြင့် ပြဿနာမရှာသေးသော်လည်း ဝင်းအတွင်းရှိ လူများကမူ သူမသည်လည်း အေးအေးဆေးဆေး နေမည့်သူမဟုတ်ဟု ယူဆထားကြသည်။ အကြောင်းမှာ ၎င်းတို့ မိသားစု၏ မျိုးရိုးဗီဇသည် ထိုကဲ့သို့ ထူးဆန်းသော အပြုအမူများ ရှိနေသောကြောင့်တည်း။

သူတို့အိမ်အပြင် နောက်ထပ် ပြဿနာရှာတတ်သော မိသားစုမှာ ယွမ်မိသားစုဖြစ်၏။

ယွမ်မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သူ ယွမ်ဟောက်မင်သည် စက်ရုံရုံးခန်း၏ စာရေးစာချီတစ်ဦး ဖြစ်သည်။ သူသည် ၁၉၅၀ ပြည့်လွန်နှစ်များက တက္ကသိုလ်ဘွဲ့ရရှိခဲ့သူတစ်ဦးဖြစ်သဖြင့် အလွန်ပင် အရည်အချင်းရှိသည်ဟု ဆိုရပေမည်။ သို့သော် မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိ ယနေ့တိုင် အရာရှိအဆင့်သို့ တက်လှမ်းနိုင်ခြင်းမရှိဘဲ ရုံးခန်းအတွင်း၌သာ ဝါရင့်နေသည့် လူဟောင်းတစ်ဦးအဖြစ် တန့်နေခဲ့သည်။ သူသည် မိမိကိုယ်မိမိ အထင်ကြီးတတ်ပြီး ဘဝင်မြင့်နေသည့် လူစားမျိုး ဖြစ်၏။

၎င်းတို့ဇနီးမောင်နှံနှစ်ဦးစလုံးမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး ဇနီးဖြစ်သူမှာလည်း တက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးပင် ဖြစ်သည်။ ၎င်းတို့သည် ပညာတတ်များဖြစ်ကြသည့်အားလျော်စွာ ဝင်းအတွင်းရှိ အခြားသူများကို အထင်အမြင်သေးတတ်သည့် စရိုက်ရှိကြ၏။ ယွမ်ဟောက်မင်မှာ အပြင်ပန်းအားဖြင့် ယဉ်ကျေးသိမ်မွေ့ဟန် ဆောင်ထားသော်လည်း အတွင်းစိတ်၌မူ အမြဲတမ်း အမြတ်ထုတ်ရန် ကြံစည်နေတတ်သော မိသားစုဟု ဆိုရပေမည်။

သတင်းများအရ ယွမ်ဟောက်မင်သည် တက္ကသိုလ်မတက်မီ ကျေးလက်၌ အိမ်ထောင်ကျခဲ့ဖူးသည်ဟု ဆိုကြသည်။ ထိုစဉ်က လက်ထပ်ကြရာတွင် လက်မှတ်ထိုးလေ့ အလေ့အထမရှိရာ လက်မှတ်မထိုးခဲ့သည်ကို အခွင့်ကောင်းယူ၍ မြို့သို့ရောက်သောအခါ ဇနီးအဖြစ် အသိအမှတ်မပြုတော့ဘဲ ငြင်းပယ်ခဲ့၏။ မြို့သို့ရောက်ရှိပြီးနောက် တက္ကသိုလ်ကျောင်းနေဖက်နှင့် ထပ်မံအိမ်ထောင်ပြုခဲ့သည်။ ယခုအခါ ကျေးလက်ရှိ ဇနီးဟောင်းမှာ အိမ်မှထွက်မသွားရဘဲ သူ၏မိဘများကို ပြုစုစောင့်ရှောက်ပေးနေရရှာပြီး သူကမူ မြို့ပြမှဇနီးနှင့်အတူ မြို့ပေါ်တွင် နေထိုင်ကာ လင်မယားနှစ်ဦးစလုံး စက်မှုစက်ရုံ၌ အလုပ်လုပ်ကိုင်နေကြ၏။

၎င်း၏ မိသားစုတွင် သားသမီးလေးဦးရှိရာ မြို့မှဇနီးနှင့်ရသော သားတစ်ဦး၊ သမီးနှစ်ဦးအပြင် ကျေးလက်မှဇနီးနှင့်ရသော သမီးတစ်ဦးလည်း ရှိသေးသည်။ ထိုသမီးငယ်မှာ ငယ်စဉ်က ကျေးလက်၌သာ ကြီးပြင်းခဲ့ရသော်လည်း လွန်ခဲ့သော နှစ်နှစ်ခန့်တွင် ယွမ်ဟောက်မင် မည်သို့စိတ်ကူးပေါက်သည်မသိဘဲ မြို့ပေါ်သို့ ခေါ်ယူခဲ့ခြင်းပင်။

သို့သော် ဝင်းအတွင်းရှိ လူများက ထိုသမီးငယ်နှင့် ပတ်သက်၍ ယွမ်ဟောက်မင်အပေါ် ထားရှိသော အမြင်မှာ အလွန်ပင် ထူးဆန်းလှ၏။ အကျိုးအကြောင်းအရဆိုလျှင် ဇနီးဟောင်းနှင့်ရသော သမီးမှာ အကြီးဆုံးဖြစ်ရမည်ဖြစ်သော်လည်း အမှန်တကယ်တွင်မူ ထိုသမီးမှာ မြို့မှဇနီးနှင့်ရသော သားကြီး၊ သမီးလတ်တို့ထက်ပင် ငယ်နေပြီး တတိယမြောက်နေရာ၌သာ ရှိလေသည်။

ဆိုလိုသည်မှာ ဇနီးဟောင်းနှင့် ပတ်သက်မှုမရှိတော့ဘဲ ကွာရှင်းလိုက်ပြီဟု နှုတ်ကဆိုသော်လည်း အမှန်တကယ်တွင်မူ အတူတူအိပ်စက်နေကြဆဲဖြစ်ပြီး ကလေးပင် ရရှိခဲ့ခြင်းတည်း။ မည်မျှပင် လှပအောင် ပြောဆိုစေကာမူ သူသည် လူယုတ်မာတစ်ဦးသာဖြစ်ကြောင်း လူတိုင်းက သိရှိထားကြ၏။ ဝင်းအတွင်းရှိ အမျိုးသမီးကြီးများကလည်း ယွမ်ဟောက်မင်၏ ဇနီးဖြစ်သူ ကျောက်ရုံမှာ အလွန်ပင် သည်းခံနိုင်စွမ်းရှိသူဖြစ်သည်ဟု မှတ်ချက်ပြုကြ၏။

အလယ်ဝင်း၏ အခြေအနေကို ခြုံငုံသုံးသပ်ရလျှင် ပညာတတ်များဖြစ်ကြသည့်အားလျော်စွာ ကိစ္စအသေးအဖွဲများမှာပင် ရှုပ်ထွေးလှသည်ဟု ဆိုရပေမည်။

၎င်းနောက်ရှိ စတုတ္ထအဆောင်ဝင်းတွင်မူ ကျန်းမိသားစုမှာ အဆိုးဆုံး ဖြစ်သည်။ ထိုအိမ်ရှိ လူကြီးမိဘများမှာ ကွာရှင်းထားကြပြီး သားအငယ်အိမ်ထောင်စုမှာလည်း ကွာရှင်းထားကြသော်လည်း အိမ်ရာအခက်အခဲကြောင့် တစ်အိမ်တည်းတွင်ပင် စုပေါင်းနေထိုင်ကြရာ နေ့စဉ်နှင့်အမျှ ဆူညံပွက်လောရိုက်နေကြ၏။ အဘိုးကြီးကျန်းမှာ ဝင်းအတွင်းရှိ သက်လတ်ပိုင်းအမျိုးသမီးများ၏ တင်ပါးကို လိုက်လံကြည့်ရှုတတ်သော နှာဘူးကြီးတစ်ဦး ဖြစ်ပြီး

သူ၏တစ်ဦးတည်းသောသားမှာ ယခုနှစ်တွင် ၂၇ နှစ်ခန့်ရှိပြီဖြစ်ကာ မိဘများနည်းတူ ဇနီးဖြစ်သူနှင့် ကွာရှင်းထားသော်လည်း ဇနီးမှာ အိမ်မှမဆင်းသေးဘဲ ၆ နှစ်အရွယ် သမီးငယ်နှင့်အတူ ဆက်လက်နေထိုင်လျက်ရှိသည်။ ဖခင်ဖြစ်သူက အမျိုးသမီးကြီးများကို ချောင်းကြည့်သကဲ့သို့ သားဖြစ်သူကလည်း ပျိုပျိုအိုအို အမျိုးသမီးငယ်များကို လိုက်လံစိုက်ကြည့်တတ်၏။ သူသည် ယွမ်မိသားစုမှ အသက် ၁၈ နှစ်အရွယ် ဒုတိယ သမီးလတ်ကို လက်ထပ်ရန် အလွန်ပင် ကြံစည်နေသော်လည်း ထိုမိန်းကလေးက ဘဝင်မြင့်လှသဖြင့် သူ့ကို အဖက်ပင်မလုပ်ချေ။

ယနေ့ညတွင် ချန်ချင်းယွီ၏ အရိုက်ခံလိုက်ရသူမှာလည်း ထိုလူယုတ်မာပင် ဖြစ်၏။

ချန်ချင်းယွီ၏ မှတ်ဉာဏ်များအရ ဤလူမှာ သူမအား အမြဲတမ်း ရုပ်ပျက်ဆင်းပျက် စိုက်ကြည့်လေ့ရှိသဖြင့် အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်။ တစ်ခါတစ်ရံ လူသူကင်းရှင်းချိန်တွင်လည်း နှောင့်ယှက်သော စကားများကို ပြောဆိုတတ်သေး၏။ ထို့ကြောင့် ယနေ့ညတွင် ဤလူမှန်း သိလိုက်ရသောအခါ ချန်ချင်းယွီ ညှာတာခြင်းမရှိဘဲ လက်စွမ်းပြခဲ့ခြင်း ဖြစ်သည်။ မုဆိုးမ၏ ပြတင်းပေါက်အောက်တွင် သန်းခေါင်ယံ၌ ချောင်းမြောင်းနေသူဖြစ်ရာ အရိုက်ခံရသည်မှာလည်း ထိုက်တန်လှသည်ပင်။

စတုတ္ထဝင်းအတွင်း၌ပင် ဝမ်တာ့ချွေ အမည်ရှိသောသူတစ်ဦးလည်း ရှိသေးသည်။ သူသည် စက်ရုံ၌ ပန်းပဲသမားတစ်ဦးဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်ရှိကာ မိမရှိဖမရှိ၊ သားသမီး၊ ဇနီးမယားမရှိ တစ်ဦးတည်း နေထိုင်သူ ဖြစ်၏။ သူသည် မည်သူနှင့်မျှ အဆက်အဆံမလုပ်ဘဲ တစ်စုံတစ်ဦးက လာရောက်နှောက်ယှက်လျှင် တူကြီးကို ဆွဲထုတ်လာတတ်သဖြင့် မည်သူမျှ မပတ်သက်ရဲသော လူထူးဆန်းတစ်ဦး ဖြစ်သည်။

နောက်ဆုံးဝင်း (ပဉ္စမဝင်း) တွင်မူ အသစ်ရောက်ရှိလာသော ပူပူနွေးနွေး လူငယ် ဇနီးမောင်နှံများ နေထိုင်ကြ၏။ အလုပ်ရှိသူများပြားပြီး ချန်ချင်းယွီနှင့် ထိတွေ့မှုနည်းပါးသဖြင့် သူမအနေဖြင့် များစွာရင်းနှီးကျွမ်းဝင်မှု မရှိချေ။

ချန်ချင်းယွီ ပိုင်ဆိုင်သော မှတ်ဉာဏ်များမှာ မူလချန်ချင်းယွီ၏ မှတ်ဉာဏ်များသာ ဖြစ်သည်။ မူလချန်ချင်းယွီမှာ လူမှုရေး၌ ပါဝင်လေ့မရှိ၊ အိမ်ပြင်မထွက်တတ်သော်လည်း ဝင်းအတွင်းရှိ ထင်ရှားသော လူပွေလူရှုပ်များအကြောင်းကိုမူ ကောင်းစွာ သိရှိထား၏။

သူမသည် ဝင်းအတွင်းရှိ လူမျိုးစုံကို ပြန်လည်စဉ်းစားနေစဉ် အပြင်ဘက်၌ လူစုလူဝေးကြီးမှာ ဆေးရုံပို့ရန်၊ ရပ်ကွက်ရုံးသို့ တိုင်ကြားရန်နှင့် ရဲစခန်းသို့ အကြောင်းကြားရန် ကိစ္စရပ်များကို အပြန်အလှန် ငြင်းခုန်နေကြဆဲ ဖြစ်သည်။

သူတို့၏ နှေးကွေးလွန်းသော အပြုအမူများကိုကြည့်ကာ ချန်ချင်းယွီမှာ "ကံကောင်းလို့ ငါပြင်းပြင်းထန်ထန် မရိုက်လိုက်တာ၊ မဟုတ်ရင် ဆေးရုံမရောက်ခင် လူသေသွားလောက်ပြီ" ဟု တွေးတောနေမိလေ၏။

"ကဲပါလေ... ရောက်မှတော့လည်း ဒီဘဝမှာပဲ အသားကျအောင် နေထိုင်ရတော့မှာပေါ့"

ချန်ချင်းယွီ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်လေသည်။

All Chapters