ကျိန်စာအပေါ် ယူဆချက်များ
Vol. 28 Ch. 387
ဤယွဲ့ဖုန်းသည် ကောင်းကင်မြူခိုး မြို့တော်အပြင်ရှိ စစ်မြေပြင်မှ စုမင်ထွက်ခွာသွားသောအခါ ပုန်းကွယ်ကျန်ရစ်ခဲ့သော ဟယ်ဖုန်းပင်ဖြစ်သည်။ ဤလူသည် မာန်စွမ်းအားရှင်တစ်ယောက်ကို ဝါးမြို၍ သူအဖြစ် ပြောင်းလဲထားပြီး ဤရက်ပိုင်းအတွင်း ကောင်းကင်မြူခိုး မြို့တော်ရှိ သူ့နေ့ရက်များက အတော် သာယာစိုပြေနေခဲ့သည်။ သူ့ရည်မှန်းချက်များမှာလည်း ပိုမို ကြီးမားလာခဲ့၏။
အမှန်စင်စစ် သူ့စွမ်းအားများ အားကောင်းလာသည်နှင့် စုမင်ကို ဝါးမြိုကာ ကုန်းမြေတခွင် လှည့်လည်သွားလာရန်ပင် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ့ရည်မှန်းချက် ကြီးလာရခြင်း၏ အကြောင်းရင်းသည်
လ၏ အတောင်ပံများနှင့် ပေါင်းစည်းချိန်က ရရှိခဲ့သော အမွေဆက်ခံခြင်းနှင့် ပက်သက်သည့် မှတ်ဉာဏ်တစ်ခုကြောင့် ဖြစ်သည်။ သူသည် ဤအကြောင်းကို စုမင်အား မပြောပြပဲ တိတ်တဆိတ် ကျင့်ကြံနေခဲ့၏။
ဤရက်များတွင် စစ်မြေပြင်မှ တိုက်ပွဲအောင်မြင်မှုများ
ရယူနေခြင်းအပြင် ကိုယ်ထဲရှိ လ၏အတောင်ပံများကို ချိပ်ပိတ်ရန် သူ့ကျန်အချိန်အားလုံးကို အသုံးပြုဖြစ်ခဲ့သည်။ ဟယ်ဖုန်းသည် ၎င်းတို့ကို သူနှင့် တစ်သားတည်းဖြစ်အောင် ပြောင်းလဲထားခဲ့သဖြင့် ထိုသတ္တဝါများကို စုမင် ထပ်မံအသုံးချနိုင်တော့မည် မဟုတ်ပေ။
သူ့မှတ်ဉာဏ်များထဲရှိ ရရှိခဲ့သော အမွေအနှစ်မှတစ်ဆင့် လ၏အတောင်ပံ အများစုကို သေချာချိပ်ပိတ်ထားခဲ့ပြီး ဖြစ်၍ သူကိုယ့်ကိုယ်ကို ပိုမို ယုံကြည်ချက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း စစ်မြေပြင်မှာပင် သူ့အသက်ဓာတ်များ ရုတ်ခြည်း စတင်ခမ်းခြောက်သွားလိမ့်မည်ဟု မထင်ထားခဲ့မိချေ။ အသက်ဓာတ်များ ဆုံးရှုံးမှုက ဟယ်ဖုန်းကို ထိတ်လန့်ခြောက်ခြား သွားစေသည်။
ထိုအကြောင်းကို လေးလေးနက်နက် စဉ်းစားစရာပင် မလိုလိုက်ပဲ စုမင်တစ်ယောက် သူ့ကျင့်စဉ်ကို ထုတ်သုံးနေခြင်းဟု သူချက်ချင်း ခန့်မှန်းမိလိုက်ချေသည်။
'သေစမ်း။ ငါ့ကိုယ်ထဲက လရဲ့အတောင်ပံတွေကို ချိပ်ပိတ်ထားပြီးတာတောင် အဲဒီစုမင်က သူ့ကျင့်စဉ်ကို ဘယ်လိုထုတ်သုံးနိုင်နေသေးတာလဲ'
ဟယ်ဖုန်း၏မျက်နှာက ဖြူဖျော့သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင်ဖြစ်သွားခဲ့သည်။ သူ့အပေါင်းအဖော်များသည် အံ့သြတကြီး အမူအယာများဖြင့် ဟယ်ဖုန်းကို အလျင်အမြန် လာရောက်ကာကွယ်ပေးလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူ့အခြေအနေကိုလည်း မေးမြန်းလာကြ၏။
"ဘာမှ မဟုတ်ပါဘူး။ မနေ့ညက ကျင့်ကြံရင်းနဲ့ ငါ့ခန္ဓာကိုယ် ထိခိုက်သွားခဲ့လို့ပါ။ ပထမတော့ ဒီနေ့ ကိုယ့်ကိုယ်ကို ကုသဖို့ ဆုံးဖြတ်ထားပေမယ့် တိုက်ခိုက်ဖို့ ရှိတာကို သတိရသွားတော့ ဒဏ်ရာတွေကို အတင်းအကြပ် ဖိနှိပ်ထားခဲ့တာ။ အခုဖြစ်ပျက်သွားတာက အဲဒဏ်ရာတွေ ရုတ်တရက် ထဖောက်လာလို့ပါ..."
"မင်းတို့ စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ငါ့ဒဏ်ရာတွေကို ပြန်ဖိနှိပ်ပြီးတဲ့အထိ ခဏလောက် ကာကွယ်ပေးကြမယ်လို့ မျှော်လင့်မိပါတယ်" ဟယ်ဖုန်းသည် လေသံတိုးတိုးဖြင့် ပြောကာ လူအုပ်ထံ လက်သီးဆုပ် ဦးညွှတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်မှ လူများက ခေါင်းညိတ်ပြသည်နှင့် တုန့်ဆိုင်းမနေပဲ ချက်ချင်းထိုင်ချကာ သူ့ကိုယ်ပေါ်ရှိ နေရာအချို့ကို လက်နှစ်ဖက်ဖြင့် ဖိနှိပ်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ဟယ်ဖုန်း၏ အမူအယာက သိသိသာသာ ထပ်မံပြောင်းလဲသွားပြန်သည်။ သူ့မျက်နှာသည် ထိုထူးဆန်းသော ပုံစံဖြင့် နောက်တစ်ကြိမ် ခြောက်ကပ်သွားပြီး ပြင်းထန်သော နာကျင်မှုက ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ဖြတ်သန်းသွားသဖြင့် ဟယ်ဖုန်းအား ခံနိုင်ရည်မရှိပဲ နာနာကျင်ကျင် အော်ဟစ်လိုက်မိစေသည်။ သူ့ပါးရိုးများက ငေါထွက်လာပြီး ခန္ဓာကိုယ်က အလျင်အမြန် စတင်ပိန်လှီခြောက်ကပ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ပုံစံက ခြောက်ကပ်နေသော အလောင်းကောင်သဖွယ် ပြောင်းလဲသွားခဲ့ချေပြီ။
ထိုထူးဆန်းသော အပြောင်းအလဲက သူ့အနီးတွင်ရှိနေသော မာန်စွမ်းအားရှင်အားလုံးကို ထိတ်လန့်ခြောက်ချားသွားစေသည်။
ဟယ်ဖုန်း၏ မျက်လုံးများအတွင်း ထိတ်လန့်မှုတို့ ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ခမ်းခြောက်သွားသော အသက်ဓာတ်နှင့် အဆီအနှစ်တို့ကို အပေါ်ဘက်ရှိ စွမ်းအားတစ်ချို့မှ အတင်းအကြပ် စုပ်ယူနေကြောင်း သူရှင်းရှင်းလင်းလင်း ခံစားမိသော်လည်း အပေါ်မော့ကြည့်လိုက်ချိန်တွင် သူ့အထက်ရှိ ငြိမ်သက်နေသော ကောင်းကင်ကိုသာ တွေ့လိုက်ရချေ၏။
အမှန်စင်စစ် သူ့သွေး၊ အဆီအနှစ်နှင့် အသက်ဓာတ်တို့ ခမ်းခြောက်နေရခြင်းက လ၏အတောင်ပံများနှင့် လုံးဝ သက်ဆိုင်မှုမရှိပေ။ ထို့ကြောင့် သူ၎င်းတို့ကို ချိပ်ပိတ်၊ မပိတ် ရွေးချယ်ခဲ့လျှင်တောင် အသုံးဝင်လိမ့်မည် မဟုတ်ချေ။
'အဲဒါ စုမင်ပဲ ဖြစ်ရမယ်။ သူ... သူ ဘာကိုများ... သူ ဘာများ လုပ်လိုက်တာလဲ...'
ဟယ်ဖုန်းရင်ထဲ၌ အကြောက်တရားတို့ ပြည့်လာခဲ့သည်။ စုမင်က သူ့ကို ချန်ထားရစ်ခဲ့၍ သူသည် စုမင်မြင်ကွင်းမှ လွတ်မြောက်သွားခဲ့လျှင်တောင်... စုမင်သာ သူ့ကို အပြစ်ပေးချင်လျှင် ဘယ်နေရာတွင် ရောက်နေပါစေ ပြုလုပ်နိုင်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး ၎င်းက သူ့ကို ထိတ်လန့်ခြောက်ခြား သွားစေသည်။
သို့သော် ဟယ်ဖုန်း မသိခဲ့သည်မှာ စုမင်က ကျင့်စဉ်ကို သူ့အပေါ် ထုတ်သုံးနေခြင်း မဟုတ်သည်ကိုပင်။ အမှန်စင်စစ် စုမင်က ကျင့်စဉ်တစ်ခု ထုတ်သုံးနေသည်ဟုပင် ယူဆလို့မရချေ။
ထိုအချိန်တွင် စုမင်ကတော့ သူ့အထက်ကောင်းကင်ရှိ စုပ်ဝဲကြီးကို တောက်ပစွာ မော့ကြည့်နေလေသည်။ ၎င်းတစ်ကြိမ် လှည့်ပတ်လိုက်တိုင်း စုမင်အမူအယာက အံ့သြမှုများဖြင့် ပြည့်နှက်သွားလေ့ရှိသည်။ ထို့နောက် ပျော်ရွှင်မှုများ၊ စိတ်ရှုပ်ထွေးမှုများအဖြစ် အဆင့်ဆင့် ပြောင်းလဲသွားပြီး တစ်ဖြည်းဖြည်းဖြင့် စိတ်ခံစားမှု အမျိုးမျိုး ပြောင်းလဲနေလေသည်။
မဒမ်ကျိမှာ အရိုးပြိုင်းပြိုင်း ဖြစ်သွားပြီး သူမ ရုပ်သွင်က အရုပ်ဆိုးအကျည်းတန် သွားခဲ့ချေပြီ။ သူမသည် သိပ်မဝေးသော နေရာတွင် ရှိနေသည့် စုမင်ကို ကဲ့ရဲ့ရှုံ့ချလိုသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ့လုပ်ရပ်များကို မြင်နေသော်လည်း သူမကျိန်စာနှင့် ပက်သက်၍ မည်သည့်သဲလွန်စမှ စုမင်ရှာတွေ့လိမ့်မည်ဟု သူမ မယုံကြည်ပေ။
သို့သော် ထိုသို့ဆိုလျှင်တောင် မဒမ်ကျိသည် စုမင်တစ်ယောက် သူမကျိန်စာအောက်၌ အချိန်ကြာကြာ ကောင်းမွန်နေသည်ကိုမြင်၍ သံသယ ဝင်လာခဲ့ချေပြီ။ သူမအမြင်တွင် စုမင်သည် ပိန်ပါးသွားသော်လည်း ခြောက်ကပ်နေသည့် အလောင်းကောင်တစ်ကောင် ဖြစ်ဖို့တော့ အဝေးကြီးလိုနေသေးသည်။
သွေးလောင်ကျွမ်းခြင်းကို စုမင်ပြုလုပ်လိုက်ပြီး ကောင်းကင်ပေါ်ရှိ လရောင်က ထူးထူးခြားခြား ဆွဲဆောင်ညှို့ငင်နိုင်သော အနီရောင်အလင်းဖြင့် တောက်ပလာချိန်မှစ၍ ကျိန်စာ၏ ကြီးမားသောစွမ်းအင်မှာ စုမင်ထံမှ ရွှေ့ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။ သူ့ကိုယ်စား ဒုက္ခရောက်နေသည့် ဆိုးဆိုးရွားရွား ကံဆိုးသူတစ်ယောက် ရှိနေသည့်အတိုင်းပင်။
စုမင်သည် ဟယ်ဖုန်းအား သူ့နေရာကိုပေးရန် တွေးပင်မတွေးမိခဲ့ချေ။ သူ၏ မူလအတွေးမှာ အသက်ဓာတ်နှင့် သွေးများ ခမ်းခြောက်မှု နှေးသွားစေရန် သွေးလောင်ကျွမ်းခြင်းကို ပြုလုပ်လိုက်ခြင်းသာ ဖြစ်သည်။ သို့သော် ထိုကျင့်စဉ်ကို ထုတ်သုံးလိုက်သည်နှင့် မာန်စွမ်းအားရှင်နယ်မြေ ရှိရာဘက်ဆီမှ မီးတောက်မာန်စွမ်းအားရှင်တစ်ဦး၏ စွမ်းအင်ကို အာရုံခံမိလိမ့်မည်ဟုတော့ သူမထင်ထားမိချေ။
ထိုစွမ်းအင်ကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် စုမင်ကိုယ်ပေါ်တွင် စုဝေးနေသော ကျိန်စာ၏အင်အားမှာ ထူးခြားဆန်းကြယ်စွာ ရွှေ့ပြောင်းသွားပြီး စုမင်ထံမှ တစ်ဆင့် ဟယ်ဖုန်းပေါ် ရောက်ရှိသွားခဲ့သည်။
'ငါက မီးတောက်မာန်စွမ်းအားရှင်တို့ရဲ့ အရှင်သခင်ပဲ။ အဲဒါကြောင့် သွေးလောင်ကျွမ်းခြင်းကို ငါအသုံးပြုလိုက်ချိန်မှာ ကျိန်စာရဲ့ ထူးဆန်းတဲ့ စွမ်းအားကို ငါ့လူတွေ ခံစားရတယ်။ သူတို့ အဲဒါကို ခံနိုင်ရည်မရှိတော့တဲ့ အချိန်ကျမှ အဲဒါကို ငါပြန်ပြီး ဆက်ခံစားရလိမ့်မယ်'
'အခု ဒီကမ္ဘာပေါ်မှာတော့ ငါ့အပြင်ရှိတဲ့ မီးတောက်မာန်စွမ်းအားရှင်ဆိုလို့... ငါဖန်တီးခဲ့တဲ့ မီးတောက်မာန်စွမ်းအားရှင် ဟယ်ဖုန်းပဲရှိတယ်' စုမင်မျက်လုံးတို့ တောက်ပသွားပြီး ကျိန်စာ၏ စွမ်းအင်အပေါ် ပိုမိုနားလည်လာခဲ့သည်။
သူသည် ကောင်းကင်ယံရှိ စုပ်ဝဲကြီးကို တောက်ပစွာ မော့ကြည့်လိုက်ရင်း ဝိုးတဝါး ဉာဏ်အလင်းပွင့်သွားခဲ့သည်ဟု ခံစားလိုက်ရ၏။ သို့သော် ဤဉာဏ်အလင်းပွင့်မှုမှာ သူ ကျိန်စာကို ကျွမ်းကျင်သွားနိုင်သည်အထိတော့ အရေးမပါသေးပေ။
'ကျိန်စာ... ရင်းမြစ်တစ်ခုထဲက လာတဲ့သူတွေကို ကျိန်စာတိုက်လိုက်မယ် ဆိုရင်ရော ဘာဖြစ်နိုင်မလဲ။ ဟယ်ဖုန်းက ငါဖန်တီးခဲ့တဲ့ မီးတောက်မာန်စွမ်းအားရှင် မို့လို့ သူနဲ့ ငါက ရင်းမြစ်တစ်ခုတည်းကလို့ ပြောနိုင်တယ်။ အဲဒါကြောင့် သူက ကျိန်စာသက်ရောက်တဲ့ နယ်ပယ်အတွင်းမှာ ရှိနေတာပဲ... ဒါပေမယ့် ကျိန်စာက ရင်းမြစ်တစ်ခုတည်းနဲ့ ဆက်စပ်နေတဲ့သူတွေကို သက်ရောက်တာအပြင် သွေးသားတော်စပ်သူတွေကိုရော သက်ရောက်မှု ရှိနိုင်မလား' စုမင်မျက်လုံးထဲတွင် မသေချာမရေရာမှုတို့ ပေါ်လာခဲ့၏။
ဝူတုသည် ရှာမန်နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်သော ကျိန်စာအကြောင်း ပြောပြခဲ့စဉ်က ရင်းမြစ်တစ်ခုတည်းမှ လာသူများအပေါ် ကျိန်စာတိုက်ခြင်း စွမ်းအင်အကြောင်း ပြောမသွားခဲ့ပေ။ ထိုအစား သူသည် သွေးသားတော်စပ်မှု ရှိသူများကိုသာ သက်ရောက်ပုံရသည်ဟု ပြောသွားခဲ့ပြီး တစ်ချိန်က ရှာမန်တစ်ဦးသည် အစွမ်းထက် စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ဦး၏ ကျိန်စာတိုက်ခြင်း ခံခဲ့ရပြီး မျိုးနွယ်စုထဲရှိ ထိုသူနှင့် သွေးသားတော်စပ်သူများ အားလုံးနီးပါး သေဆုံးသွားခဲ့ရကြောင်းကိုပင် ပြောပြခဲ့ဖူး၏။
အဆုံးတွင်တော့ မျိုးနွယ်စုထဲရှိ လူအများစုမှာ သွေးသားတော်စပ်နေသဖြင့် လူထက်ဝက်ကျော် သေဆုံးခဲ့ရသည် ဟူ၍ပင်။
'အကယ်၍ ဝူတုပြောတာသာ အမှန်ဖြစ်ပြီး ကျိန်စာက သွေးသားတော်စပ်သူတွေကိုပါ တစ်ကယ် သက်ရောက်နိုင်တယ်ဆိုရင် ဒီအစီအရင်ရဲ့ စွမ်းအားက ဒီလောက်ကြီး မကြီးမားသင့်ဘူး။ အဲလိုမှ မဟုတ်ရင်တော့ ရှာမန်မျိုးနွယ်စုထဲမှာသာ အစွမ်းထက် ရှာမန်တွေရှိရင် သူတို့က မာန်စွမ်းအားရှင် မျိုးနွယ်စုတစ်ခုလုံးကို ဒီတိုင်း ကျိန်စာတိုက်ပစ်လိုက်နိုင်တာပဲ... မျိုးနွယ်စုတစ်ခုလုံး သေဆုံးသွားအောင်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မာန်စွမ်းအားရှင်တွေကို ကျင့်ကြံဆင့်နယ်ပယ်တစ်ခုကနေ ထာဝရ မချိုးဖျက်နိုင်စေတော့တာပဲ ဖြစ်ဖြစ်... ဟမ်'
စုမင်မျက်လုံးတို့ ပြူးကျယ်သွားရ၏။ ဤသည်က ကျိန်စာ၏ စွမ်းအားကို မြင်ရပြီးနောက် သူပြုလုပ်မိသော ယူဆချက်တစ်ချို့ ဖြစ်သည်။ သို့သော် ဤယူဆချက်များမှ တစ်ဆင့် သူရလိုက်သော အဖြေများက သူ့ကို အံ့သြထိတ်လန့်သွားစေခဲ့သည်။
'တတိယမာန်နတ်ဘုရား သေဆုံးသွားချိန်ကစလို့ ငါတို့ မာန်စွမ်းအားရှင် မျိုးနွယ်ဝင်အကုန်လုံး မာန်ဝိညာဉ်နယ်ပယ် အထိပဲ ရောက်နိုင်ကြတော့တယ်။ သူတို့အတွက် အဲဒီနယ်ပယ်ကို ချိုးဖျက်ဖို့ဆိုတာ အရမ်းကို ခက်ခဲသွားခဲ့တယ်။ သူတို့ ပြောကြတာတော့ စတုတ္ထမာန်နတ်ဘုရား ပေါ်လာမှသာ မာန်စွမ်းအားရှင် မျိုးနွယ်စုတစ်ခုလုံး မာန်ဝိညာဉ်နယ်ပယ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်တဲ့... ဒါက... အဲဒါများ ဖြစ်နေမလား... ဟူး ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါ'
စုမင် အသက်ရှူသံများက လျင်မြန်သွားပြီး အချိန်အတော်ကြာမှသာ သူပြန်လည် တည်ငြိမ်သွားခဲ့သည်။
စုမင်တစ်ယောက် သူ့ကိုယ်ပိုင် အတွေးများဖြင့် အံ့အားသင့်ထိတ်လန့်၍ ဉာဏ်အလင်းပွင့်နေစဉ် ကောင်းကင်မြူခိုးမြို့တော် အပြင်ဘက်ရှိ စစ်မြေပြင်တွင်တော့ ဟယ်ဖုန်း၏ နာကျင်စွာ စူးစူးဝါးဝါး အော်ဟစ်သံများက ပဲ့တင်ထပ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်နေပြီး လူတစ်ဦးနှင့်ပင် မတူတော့ပဲ ကိုယ်ပေါ်တွင်လည်း ပုပ်သိုးဆွေးမြည့်သည့် နေရာများစွာ ပေါ်လာခဲ့ချေပြီ။ ၎င်းတို့က ပုပ်အဲ့အဲ့ အနံ့ဆိုးတစ်ခု ထုတ်လွှတ်နေသဖြင့် သူ့အနီးဝန်းကျင်ရှိ လူများ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာခဲ့သည်။
ဟယ်ဖုန်းသည် သူ့သွေးနှင့် အဆီအနှစ်များ အလျင်အမြန် ပျောက်ကွယ်သွားနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိပြီး သူ့အသက်ဓာတ်သည်လည်း အလျင်အမြန် ခမ်းခြောက်သွားနေ၏။ သူ့စိတ်မှာ ဗြောင်းဆန်နေပြီး သေခြင်းတရား၏ ခံစားချက်က သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်အပေါ် တစ်ဖန်လွှမ်းခြုံသွားပြီး အလွန်အမင်း ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"သခင်... ငါမှားသွားပါတယ်။ ငါ ဒီတစ်ခါ တစ်ကယ်မှားသွားပါတယ်" ဟယ်ဖုန်း၏ အော်ဟစ်သံများတွင် အသနားခံမှုများ ပါဝင်နေသည်။ သူ့အဖော်များမှာ သခင် ဟူသော အခေါ်အဝေါ်နှင့် ထိုစကားတို့ကို ကြားလိုက်သည်နှင့် တစ်ခဏတာ အံ့အားသင့်မင်သက် သွားကြတော့၏။
ထို့နောက် ဟယ်ဖုန်းသည် ရုတ်ခြည်း အပြင်းအထန် တုန်ရီသွားပြီး သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် ဤခန္ဓာကိုယ်ကို ဝါးမြိုရယူထားခြင်း ဖြစ်၍ ၎င်းပျက်ဆီးသွားလျှင်တောင် ဟယ်ဖုန်း၏ စိတ်ဝိညာဉ်မှာ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပြီး အနက်ရောင် အရိပ်လုံးတစ်ခုအသွင်ဖြင့် လွင့်မျောနေလေသည်။
လျှပ်တပြက်အတွင်း ထိုအနက်ရောင် အရိပ်သည် မာန်စွမ်းအားရှင် တစ်ဦးနံဘေး၌ ပေါ်လာပြီး ၎င်း၏ပါးစပ်ကြီးကိုဟကာ ထိုလူငယ်ကို ဝါးမြိုပစ်လိုက်သည်။ မည်သူ တစ်ဦးတစ်ယောက်မှ မတုန့်ပြန်နိုင်သေးခင်မှာပင် ထိုလူငယ်သည် စူးရှနာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးကို အရိပ်နက်က ဝါးမြိုသွားခဲ့သည်။
"အကိုကြီး ယွဲ့ဖုန်း၊ မင်း..."
"သူက ယွဲ့ဖုန်းမဟုတ်တော့ဘူး။ ယွဲ့ဖုန်းကို သတ်သွားတဲ့ ရှာမန်ပဲ။ သူ့ကို သတ်ကြ"
စုဝေးနေသော မာန်စွမ်းအားရှင်အားလုံးသည် အလျင်အမြန် တိုက်ခိုက်လိုက်ကြသော်လည်း ဟယ်ဖုန်း ဝါးမြိုသွားသော လူငယ်အနီးသို့ သူတို့နတ်ဘုရားစွမ်းရည်များ ရောက်သွားချိန်မှာပင် အနက်ရောင်အရိပ်က ပျောက်ကွယ်သွားပြီး လူငယ်၏မျက်နှာ ထွက်ပေါ်လာခဲ့၏။ ၎င်းက ခြောက်ကပ်သွားခဲ့ပြီ ဖြစ်သော မျက်နှာတစ်ခုပင်...
ရှာမန်နယ်မြေထဲတွင် ကောင်းကင်ယံရှိ စုပ်ဝဲကြီးမှာ ၎င်း၏ပုံစံကို ဆက်လက်ထိန်းထားနိုင်စွမ်း မရှိတော့ဟန်ဖြင့် စတင်လွင့်ပျယ်လာခဲ့သည်။ မဒမ်ကျိသည်လည်း ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်မင်သက်နေခဲ့ချေ၏။ သူမသည် အနည်းငယ်သာ ပိန်သွားခဲ့သော စုမင်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိလေသည်။
ကျိန်စာ၏ စွမ်းအားကို သူမကောင်းကောင်းသိ၏။ နှောင်းပိုင်းရှာမန် တစ်ယောက်သည်ပင် ကျိန်စာအောက်သို့ မတော်တဆ ကျရောက်သွားပါက သေလျှင်သေ မသေလျှင် အသက်ဓာတ်များစွာ ဆုံးရှုံးသွားလိမ့်မှာ ဖြစ်သည်။ သို့သော် သူမမျက်စိရှေ့ရှိ စုမင်ကတော့ ဒဏ်ရာမရရှိခဲ့သလို သူ့အသက်ဓာတ် ခမ်းခြောက်မှုကလည်း မပြောပလောက်ချေ။
ဤထူးဆန်းသော မြင်ကွင်းက မဒမ်ကျိကို ပင့်သက်ရှိုက်မိသွားစေသည်။ သူမမျက်နှာမှာ ချက်ချင်းဖြူရော်သွားသော်လည်း နောက်တော့မဆုတ်ခဲ့ပေ။ ထိုအစား သူမမျက်ဝန်းများအတွင်း ရူးသွပ်မှုများသာ ပေါ်လာခဲ့သည်။ ကျိန်စာသည် နောက်ထပ် အသက်ဆယ်ကြိမ်ရှူစာခန့် ဆက်လက်တည်ရှိနေလိမ့်ဦးမည်ဖြစ်ပြီး ထိုအသက်ဆယ်ကြိမ်ပြီးနောက် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ကြောင်း သူမသိနေ၏။ ပြီးလျှင်တော့ စုမင်က ထိုကန့်သတ်ခံထားရသော ဆယ်ပေဧရိယာအတွင်းမှ ထွက်ခွာနိုင်တော့မှာ ဖြစ်သည်။
"ငါနင့်ကို ဒီနေ့ မသတ်နိုင်ဘူးဆိုတာ မယုံဘူး။ နင့်ကို သတ်ပြီးတာနဲ့ ရုပ်သေးတစ်ကောင်အဖြစ် ပြောင်းပြီး ကျိယွင်ဟိုင်နဲ့အတူ ငါ့အကာအကွယ် ဖြစ်လာစေရမယ်။ နင့်ရဲ့ နတ်ဘုရားစွမ်းရည်တွေ၊ ထူးဆန်းတဲ့ ကျင့်စဉ်တွေနဲ့ ဆိုရင် ရှာမန်မျိုးနွယ်စုထဲမှာ တော်တော်ကျော်ကြားမှာပဲ။ ဒါပေမယ့် ဒီနေ့တော့ နင်သေကိုသေရမယ်"
မဒမ်ကျိ၏ မျက်လုံးများအတွင်းရှိ သတ်ဖြတ်လိုသည့်အသိက ပိုမိုအားကောင်းလာသည်။ သူမသည် နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို နံဘေးသို့ ကျယ်ကျယ်ဖြန့်၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ဝင်သက်ရှိုက်လိုက်သည်နှင့် မဒမ်ကျိ၏ ပါးစပ်ထဲသို့ လေပြင်းတစ်ချက် ဝင်ရောက်သွားပြီး သူမ၏ အရုပ်ဆိုးအကျည်းတန်သော မျက်နှာပေါ်တွင် တက်တူးတစ်ခု ပေါ်လာခဲ့သည်။
ထိုတက်တူး၏ ပုံစံက အကျည်းတန်သော ဦးခေါင်းခွံတစ်ခု ဖြစ်ပြီး ထိုဦးခေါင်းခွံ၏ အရွယ်အစားအရ လူကြီးတစ်ဦး၏ ဦးခေါင်းခွံမဟုတ်ပဲ မွေးကင်းစကလေးငယ် တစ်ယောက်၏ ဦးခေါင်းခွံဖြစ်သည်။
အသက်ဆယ်ကြိမ် ရှူစာခန့်အချိန်က ဖြည်းညှင်းစွာ ကုန်လွန်သွားသည်။ အဆုံးတွင်တော့ စုမင်က ထိုကျိန်စာအား လေ့လာနေခြင်းကို ရပ်တန့်လိုက်ချေပြီ။ ယခင်လေ့လာမှုသည် သူ့အား အနည်းငယ် ဉာဏ်အလင်းပွင့်စေခဲ့သော်လည်း အစစ်အမှန်ကျိန်စာကို ရယူလိုပါက မဒမ်ကျိထံမှ ရနိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေရပေလိမ့်မည်။
စုမင်မျက်နှာထားက တင်းမာသွားခဲ့သည်။ ဤမဒမ်ကျိသည် နှောင်းပိုင်းရှာမန်တစ်ယောက် မဟုတ်သော်လည်း စုမင် ရင်ဆိုင်ဖူးသော အလွန်အမင်း အစွမ်းထက်သည့် အလယ်အလတ်ရှာမန်များထဲမှ တစ်ယောက် ဖြစ်သည်။ သူမတွင် တိုက်ခိုက်ရန် မတူကွဲပြားသော နည်းလမ်းများစွာ ရှိ၏။
သို့သော် ထိုသို့ ဖြစ်လေလေ စုမင်၏ အသေသတ်တိုက်ကွက် အားလုံးနှင့် မာန်နတ်ဘုရား၏ စွမ်းအားတို့ကို ချက်ချင်းအသုံးချမည့် အတွေးကလည်း ပျောက်ကွယ်သွားလေလေ ဖြစ်သည်။
သူသည် ရှာမန်များကို တိုက်ခိုက်ရာ၌ များစွာ အတွေ့အကြုံ မရှိပေ။ အကြီးစား တိုက်ပွဲများကိုတော့ ထိုအရေအတွက်ထဲတွင် ပေါင်းထည့်၍ မရပေ။ ကျင့်စဉ်၊ အစီအရင်များကို သုံး၍ လူနှစ်ဦး အချင်းချင်းသတ်ရန် ကြိုးစားနေသော ဤတိုက်ပွဲမျိုးက စုမင် အတွေ့အကြုံ မရှိသော အရာမျိုးဖြစ်နေသည်။ ယခု သူသည် အစီအရင်များစွာ ပိုင်ဆိုင်ပြီး ဤတိုက်ပွဲမျိုးကို ကျွမ်းကျင်သော လူတစ်ဦးနှင့် ရင်ဆိုနေရခြင်း ဖြစ်၍ ဤအခွင့်အရေးမျိုးကို လက်လွှတ်ဆုံးရှုံး မခံနိုင်ပါချေ။
***