← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

၁၉။ လူတိုင်းက သူ့အကြံနှင့်သူ

ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် အချစ်ရူးမလေးအဖြစ် တံဆိပ်ကပ်ခံရမည်ကို အလွန်ပင် လိုလားပျော်ရွှင်နေလေသည်။ လင်းကျန့်ဝမ်အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးလွန်းသူတစ်ယောက်အဖြစ် သတင်းထွက်သွားလျှင် ပို၍ပင် ကောင်းပေဦးမည်။

ဤကဲ့သို့သော ကောလာဟလမျိုးမှာ သူမအတွက် အကွက်ဆိုက်နေသည်ဖြစ်ရာ မနက်ဖြန်တွင် လမ်းကြားထဲမှ သတင်းဖြန့်ရုံ အတင်းပြောရုံသာ တတ်သည့် အဘွားကြီးများထံသွား၍ စကားစမြည် ထပ်မံပြောဆိုရန်ပင် ကြံစည်နေ၏။ သို့သော်လည်း ချန်ချင်းယွီတစ်ယောက် ပတ်ဝန်းကျင်သို့ တစ်ပတ်လှည့်လည်ပြီး သကြားလုံးလက်မှတ်လဲလှယ်ရန် အကြောင်းပြချက်ဖြင့် လိုက်လံစုံစမ်းရာ တကယ်ပင် လဲလှယ်၍ ရခဲ့လေသည်။ မှောင်ခိုဈေးသို့ သွားဝယ်ရတော့မည်ဟု ထင်မှတ်ထားသော်လည်း လက်မှတ်လဲပေးမည့်သူ ရှိနေသည်မှာ မမျှော်လင့်ထားသော ကံကောင်းခြင်းပင် ဖြစ်၏။ သို့သော် သကြားလုံး လက်မှတ်လဲသည်ဆိုသည်မှာ တစ်ဖက်လူအတွက်လည်း နစ်နာမှုမရှိပေ။

လဲလှယ်သည်ဟု ဆိုသော်ငြားလည်း အမှန်တကယ်တွင် ငွေပေးဝယ်ရခြင်းပင် ဖြစ်သည်။

ချန်ချင်းယွီသည် မွန်းတည့်ချိန်မှ ညနေစောင်းအထိ စကားဖောင်ဖွဲ့ပြောဆိုခဲ့သဖြင့် လည်ချောင်းပင် အနည်းငယ် နာလာခဲ့ရ၏။ သို့သော်လည်း ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် ကျေနပ်မိနေလေသည်။ သူမသည် နောက်နောင်တွင် မိမိကိုယ်ကိုယ် ဦးနှောက်ထဲ၌ အချစ်များသာပြည့်နေသည့် အချစ်ရူးမလေးဖြစ်ကြောင်း လူအများစိတ်ထဲ စွဲထင်သွားစေရန် ပို၍ပင် ကြိုးစားဦးမည်ဖြစ်၏။ သို့သော် ယခုလောလောဆယ်တွင် အချစ်ရူးသရုပ်ဆောင်ရန်ထက် ပို၍အရေးကြီးသည့် အလုပ်တစ်ခုရှိနေသည်မှာ သကြားလုံး သွားဝယ်ရန်ပင် ဖြစ်ပေသည်။

တစ်နေ့လယ်လုံး ကလေးနှစ်ယောက်မှာ အိမ်တွင် လိမ္မာယဉ်ကျေးစွာ နေထိုင်ခဲ့ကြပြီး သူမကို ဒုက္ခမပေးခဲ့သဖြင့် ချန်ချင်းယွီ အလွန်ဝမ်းသာမိလေ၏။ လိမ္မာသောကလေးများကို ဆုချသင့်သည်ဖြစ်ရာ လူကြီးဖြစ်သူအနေဖြင့်လည်း ပြောထားသည့်အတိုင်း လုပ်ဆောင်ပေးရမည် မဟုတ်ပါလော့။

"ကဲ... ဆင်းလာပြီး ဖိနပ်စီးကြတော့၊ မေမေ သကြားလုံး လက်မှတ်လဲရလာပြီဆိုတော့ သကြားလုံး သွားဝယ်ကြမယ်"

ချန်ချင်းယွီ ကလေးနှစ်ယောက်ကို စကားဆိုလိုက်၏။

ရှောင်ကျားမှာ ပါးစပ်လေးဝိုင်းခနဲ ဖြစ်သွားပြီး၊ ရှောင်ယွမ်မှာလည်း နှုတ်ခမ်းလေးဝိုင်းကာ အံ့အားသင့်သွားကြသည်။ ကလေးနှစ်ယောက်လုံး မျက်လုံးဝိုင်းလေးများဖြင့် မယုံကြည်နိုင်သလို ကြည့်နေကြစဉ် ချန်ချင်းယွီက ပြုံးရွှင်စွာဖြင့် ထပ်မံပြောလိုက်လေ၏။

"သွားကြမလား၊ မသွားရင်တော့ မဝယ်ပေးဘူးနော်"

"သွားမယ်၊ သွားမယ်!"

"သွားမှာ၊ သွားမှာ!"

စကားနည်းလှသော ရှောင်ယွမ်လေးပင်လျှင် စိတ်လှုပ်ရှားစွာဖြင့် ချစ်စဖွယ်အသံလေးဖြင့် အော်ဟစ်တော့သည်။ ချန်ချင်းယွီက ပြုံးလျက် ပျော်ရွှင်စွာ ပြောလိုက်၏။

"ဒါဆိုရင် သွားကြစို့"

သူမသည် တံခါးကို သေချာစွာပိတ်၍ ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ကလေးငယ်လေးများမှာ ပျော်ရွှင်စွာ ခုန်ပေါက်နေကြသော်လည်း ချန်ချင်းယွီကမူ အလျင်မလိုသည့်အတွက် ကလေးများကို ချီမသွားဘဲ လမ်းလျှောက်ခိုင်းလိုက်၏။ ရှောင်ကျားက စိတ်ပူပန်စွာဖြင့် သတိပေးလော်ဆော်နေရှာသည်။

"မေမေ... မြန်မြန်..မြန်မြန်သွားရအောင်၊ ဆိုင်ပိတ်သွားလိမ့်မယ်"

ရှောင်ယွမ်ကလည်း မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလျက် "သကြားလုံး စားမယ်... သကြားလုံး စားမယ်" ဟု တတွတ်တွတ် ရွတ်ဆိုနေလေ၏။

ချန်ချင်းယွီသည် ဝင်းအတွင်းရှိ အိမ်များနှင့် အနီးဆုံးဖြစ်သော သမဝါယမကုန်စုံဆိုင်သို့ တန်းတန်းမတ်မတ် လာခဲ့ပါသည်။ သူမတွင်ပါသော သကြားလုံးလက်မှတ်မှာ နှစ်လျန် (၁၀၀ ဂရမ်) ခန့်သာ ဝယ်ယူနိုင်ပြီး သာမန်အလုပ်သမားတစ်ယောက်၏ တစ်လစာ ခွဲတမ်းမှာလည်း ထိုမျှသာ ဖြစ်၏။ ကံကောင်းသည်မှာ ယခုခေတ်တွင် နှစ်လျန် (၁၀၀ ဂရမ်) မျှ ဝယ်ယူခြင်းမှာ ပုံမှန်သာဖြစ်ပြီး တစ်ကျင်း (၅၀၀ ဂရမ်) လောက်ကြီး ဝယ်ယူနိုင်သူမှာ အလွန်နည်းပါးလှသည်။

သူမသည် ယုန်ဖြူတံဆိပ် နို့သကြားလုံးများကို မရွေးချယ်ဘဲ သကြားလုံးအမာများကိုသာ ဝယ်ယူခဲ့သည်။ ယုန်ဖြူတံဆိပ် နို့သကြားလုံးမှာ အလွန်တန်ဖိုးကြီးပြီး အဆင့်မြင့်သည်ဟု ဆိုနိုင်သော်လည်း အလေးချိန်စီးသည့်အတွက် အရေအတွက် နည်းပါးလှသည့်အပြင် တတ်နိုင်သူမှာလည်း ရှားလှ၏။ သစ်သီးအရသာ သကြားလုံးအမာမှာမူ အလေးချိန်မစီးသဖြင့် နှစ်လျန်မျှ ဝယ်လျှင်ပင် ယွမ်သုံးဆယ်သာပေးရပြီး သကြားလုံးမှာလည်း ခပ်သေးသေးဖြစ်၍ များစွာရရှိနိုင်ပေသည်။

ချန်ချင်းယွီသည် ဝယ်ပြီးချင်းမှာပင် သကြားလုံး သုံးလုံးကို ခွာ၍ သားအမိသုံးယောက် တစ်ယောက်တစ်လုံး စားလိုက်ကြ၏။ ရှောင်ကျားမှာ အလွန်ပျော်ရွှင်သွားပြီး သကြားလုံးလေး ပါးစပ်ထဲမှ ကျသွားမည်စိုးသဖြင့် စကားပင် မပြောရဲတော့ပေ။ ရှောင်ယွမ်လေးမှာမူ ပါးစပ်လေးစိ၍ ကျေနပ်အားရစွာ ပြုံးနေလေသည်။ ချန်ချင်းယွီကိုယ်တိုင်လည်း စိတ်လက်ပေါ့ပါးသွားရ၏။

ဘဝက ခါးသီးလွန်းသည့်အခါ ချိုမြိန်သော အရာလေးများ စားသုံးလိုက်ရခြင်းမှာ စိတ်ချမ်းသာစရာပင် ဖြစ်လေသတည်း။

အိမ်အပြန်လမ်းတွင် ချန်ချင်းယွီက မိမိတွင် အစကတည်းက ငွေကြေးအနည်းငယ် ရှိနေသေးခြင်းမှာ ကံကောင်းသည်ဟု တွေးတောမိသည်။ သို့မဟုတ်ပါက ဤကဲ့သို့သော ခေတ်ကာလတွင် ရှင်သန်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ငွေရှိလျှင် လက်မှတ်မရှိသော်ငြား မှောင်ခိုဈေးသို့ သွားရောက်ဝယ်ယူနိုင်သည့် လမ်းစရှိပေသည်။ မှောင်ခိုဈေးသို့ ခဏခဏသွားရန်မှာမူ မဖြစ်နိုင်သော်လည်း တခြားထက်စာလျှင် သူမအတွက် ရွေးချယ်စရာတစ်ခုနှယ် ရှိနေသေး၏။

“ကျန့်ဝမ်ရဲ့ မိန်းမ... ကျန့်ဝမ် မိန်းမလေး မဟုတ်လား”

တစ်စုံတစ်ယောက်က လှမ်းခေါ်သံကြားသဖြင့် ချန်ချင်းယွီ လှည့်ကြည့်လိုက်ရာ စက်ဘီးတွန်းလာသော ကျောက်ရုံကို တွေ့လိုက်ရပါသည်။ ကျောက်ရုံက ပြုံးလျက် စကားစလာလေ၏။

“ငါတောင် လူမှားသလားလို့၊ နင် ဘာလို့ အပြင်ရောက်နေတာလဲ”

သူမသည် ချန်ချင်းယွီကို အကဲခတ်သလို ကြည့်လိုက်ရာ ချန်ချင်းယွီက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် လေသံတိုးတိုးလေး ပြန်ပြောလာလေသည်။

“ကလေးနှစ်ယောက်ကို သကြားလုံး ဝယ်ပေးမလို့ ခေါ်လာတာပါအစ်မ။ မနေ့ညက ယောက္ခမက သေချာမှာထားလို့လေ၊ ဒါပေမဲ့ ကျွန်မက အသုံးမကျတော့ ဒီနေ့ အတော်များများ လိုက်မေးပြီးမှ လက်မှတ်လဲပေးမယ့်သူ တွေ့တာနဲ့ အခုပဲ သမဝါယမကုန်စုံဆိုင်က ထွက်လာတာပါ”

သူမသည် အပြစ်ကင်းစင်သော ပန်းဖြူလေးတစ်ပွင့်ကဲ့သို့ ရှက်ပြုံးလေးဖြင့် ပြုံးပြလိုက်၏။

“အစ်မကျောက်... အစ်မ အလုပ်မသွားဘူးလား”

သူမက ကျောက်ရုံကို စပ်စုသလို ကြည့်လိုက်သော်လည်း ချက်ချင်းပင် အကြည့်လွှဲလိုက်လေသည်။ ချန်ချင်းယွီသည် သရုပ်ဆောင်ကောင်းသူ ဖြစ်သော်လည်း သူမ၏ မျက်ဝန်းထဲတွင် ခက်ထန်သော အရိပ်အယောင်များ ကိန်းအောင်းနေတတ်ရာ တစ်ဖက်လူနှင့် တိုက်ရိုက် မျက်လုံးချင်း မဆုံမိအောင် ထိန်းထားရခြင်း ဖြစ်၏။ မျက်လုံးချင်း မဆုံဘဲ ခေါင်းငုံ့ထားသဖြင့် သူမကို ကြည့်ရသည်မှာ ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေသူနှင့် တူလှပေသည်။ အလွန်အမင်း သရုပ်ဆောင်နေရန်ပင် မလိုအပ်ပေ။

ကျောက်ရုံသည် ချန်ချင်းယွီကို အထင်သေးသလို ကြည့်လိုက်ပြီး နှုတ်ခမ်းကို မဲ့လိုက်၏။ သူမသည် ယနေ့ အမှန်တကယ် အလုပ်မသွားဘဲ အဆက်အသွယ်ရှာရန် အပြင်ထွက်လာခြင်း ဖြစ်သည်။ သူမ၏ ဒုတိယမြောက်ကလေးမှာ ယခုနှစ် နွေရာသီတွင် အထက်တန်းအောင်တော့မည်ဖြစ်ရာ အလုပ်မရပါက ကျေးလက်ဘက်သို့ ဆင်းရတော့မည် ဖြစ်၏။ ထိုအကြောင်းကို တွေးမိသည်နှင့် သူမ၏ စိတ်ထဲတွင် ပို၍ပင် ဗျာပါဒများကာ စိတ်တိုလာရလေသည်။

သို့သော် မျက်နှာကို တည်ငြိမ်အောင် ထိန်းထားပြီး မျက်လုံးများ ကစားကာ လေသံကို ပြောင်းလိုက်၏။

“ငါ ဒီနေ့ ခွင့်ယူထားတာပါအေး။ နင့်ယောက္ခမကလည်း တကယ်ပါပဲ၊ နင်လို လူကောင်းလေးကို သူ့လက်ထဲမှာ နှိပ်စက်နေတာ ရင်နာစရာပဲ။ ငါ့အထင်တော့ နင် နောက်အိမ်ထောင်ပြုသင့်တယ်၊ လူကောင်းတစ်ယောက် ရှာလိုက်ပါဦး။ နင်က ငယ်သေးတာပဲ၊ ဘာလို့ ဒီလို အချိန်ဖြုန်းနေမှာလဲ...”

“အစ်မကျောက်ရယ်... အဲဒီလို မပြောပါနဲ့၊ ကျွန်မယောက္ခမက ဝမ်းနည်းလွန်းလို့ ဖြစ်မှာပါ။ အမှန်တော့ ကျွန်မဘဝက အဆင်ပြေပါတယ်”

သူမက ပြိုလဲလုနီးပါး နုနုနယ်နယ်လေး အမူအရာလေးဖြင့် ပြန်ပြောလိုက်သည်။ ပန်းဖြူလေးတစ်ပွင့်ကဲ့သို့ နွဲ့နှောင်းနေသော သူမ၏ အမူအရာမှာ မော်ဒန်ခေတ် ရုပ်ရှင်ထဲက မင်းသမီးများကဲ့သို့ပင်။

‘ငါသာ ကူးပြောင်းလာရမယ်မှန်း သိရင် အချစ်ဇာတ်လမ်းတွေ ပိုကြည့်ပြီး အမူအရာတွေ လေ့လာထားခဲ့ပါတယ်’ ဟု လည်း သူမ စိတ်ထဲက တွေးနေမိရှာသည်။

သူမသည် လက်ချောင်းလေးများကို ပွတ်သပ်ရင်း ဆက်ပြောလိုက်လေ၏။

“ကျွန်မယောက္ခမမှာလည်း သူ့အခက်အခဲနဲ့သူ ရှိမှာပါ။ ကျွန်မနဲ့ ကိုကိုကျန့်ဝမ်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြတာလေ။ ယောက္ခမမှာ ဘယ်လိုအခက်အခဲပဲ ရှိရှိ ကျွန်မက သည်းခံရမှာပေါ့။ ကိုကိုကျန့်ဝမ်က ကျွန်မအပေါ် အရမ်းကောင်းခဲ့တာ၊ ကျွန်မတို့က အစစ်အမှန် ချစ်ခဲ့ကြတာလေ။ ကျွန်မ ဘယ်လိုလုပ် နောက်အိမ်ထောင်ပြုနိုင်မှာလဲ။ အစ်မ ဒီလိုပြောတာဟာ ကျွန်မတို့ရဲ့ အချစ်ကို စော်ကားလိုက်တာပဲ။ အစ်မကျောက် ... အစ်မကိုယ်တိုင်လည်း အချစ်အတွက် ဆိုရင် ဘာမဆိုစွန့်စားခဲ့တဲ့သူပဲ၊ အိမ်ထောင်ရှိတဲ့သူနဲ့တောင် အတူနေဖို့ ဝန်မလေးခဲ့တဲ့သူဆိုတော့ ကျွန်မကို နားလည်ပေးနိုင်မှာပါနော်”

ကျောက်ရုံ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပါတော့သည်။ သူမ အမုန်းဆုံးအရာမှာ လူများက ဤအကြောင်းကို ထုတ်ပြောခြင်းပင် ဖြစ်၏။ သူမ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ချန်ချင်းယွီက ဦးအောင် ဆက်ပြောလိုက်ပြန်သည်။

“ကျွန်မ သိပါတယ်... အချစ်ဆိုတာ ကိုယ်တိုင် ထိန်းချုပ်လို့မရဘူးဆိုတာကိုလေ။ ကျွန်မနဲ့ ကိုကိုကျန့်ဝမ်ရဲ့ အချစ်ကတော့ ပွင့်လင်းမြင်သာပြီး သိက္ခာရှိတဲ့ အချစ်မျိုးပါ။ ဒါကြောင့် ကျွန်မ သူ့ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး”

ကျောက်ရုံသည် မဟုတ်ကဟုတ်က စကားများဖြင့် သူမကို နောက်အိမ်ထောင်ပြုရန် တိုက်တွန်းနေသဖြင့် ချန်ချင်းယွီကလည်း ကျောက်ရုံ၏ အနာဟောင်းကို ပြန်ဆွပေးလိုက်ခြင်းပင် ဖြစ်၏။

ဟုတ်ပါသည်... ချန်ချင်းယွီဆိုသည်မှာ ထိုကဲ့သို့သော မိန်းကလေးမျိုးပင်။ သူတစ်ပါးက ကိုယ့်အပေါ် မကောင်းလျှင် လက်တုံ့ပြန်ရန် ဝန်မလေးသူ ဖြစ်လေသည်။

သူမက မျက်လုံးလေးများ ကလည်ကလည်ဖြင့် သူမနှင့်လင်းကျန့်ဝမ်အကြောင်း ဇာတ်လမ်းစလိုက်၏။

“ကျွန်မတို့ ဝင်းထဲမှာ အချစ်အကြောင်းကို အသိဆုံး၊ ကျွန်မကို အနားလည်နိုင်ဆုံးက အစ်မပဲလို့ ထင်ခဲ့တာ။ အစ်မက ဘာလို့ နောက်အိမ်ထောင်ပြုဖို့လို ရက်စက်တဲ့ စကားမျိုး ပြောရတာလဲ။ ကျွန်မနဲ့ ကိုကိုကျန့်ဝမ်တို့ အဆင်ပြေခဲ့ကြတာ... ကျွန်မတို့ စတွေ့တုန်းကဆိုရင်...”

တတွတ်တွတ်... တတွတ်တွတ်နှင့် ချန်ချင်းယွီ၏ စကားများက တစ်ဖန် ပြန်လည်စတင်လာပြန်သည်။ ထိုအကြောင်းအရာဟောင်းများကိုပင် လူတစ်ယောက်နှင့်တွေ့လျှင် တစ်ခါ ပြောနေခြင်း ဖြစ်ပြီး အလွတ်ပင်ရနေပြီဖြစ်၏။

“ကိုကိုကျန့်ဝမ်က တကယ်ကို လူကောင်းပါ၊ ကျွန်မဘဝမှာ သူလိုလူမျိုးနဲ့ ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး...”

ကျောက်ရုံသည် စက်ဘီးလက်ကိုင်ကို တင်းတင်းဆုပ်ထားမိပြီး စိတ်မရှည်စွာဖြင့် သူမစကားကို ဖြတ်ပြောလိုက်လေသည်။

“ငါ အိမ်ပြန်ပြီး ထမင်းချက်ရဦးမယ်...”

“ဪ... ဟုတ်သားပဲ၊ စောစောပြန်ချက်ရမှာပေါ့။ ဒါဆို အတော်ပဲ၊ ကျွန်မတို့ကို တစ်ခါတည်း တင်သွားပေးပါလား။ ဒါဆို အိမ်ကို စောစောရောက်တာပေါ့။ အစ်မကျောက် ... အစ်မက တကယ်ကို လူကောင်းတစ်ယောက်ပဲဆိုတာ ကျွန်မ သိပါတယ်၊ ကျွန်မတို့ကို ခေါ်သွားဖို့အတွက် ကျွန်မကို လှမ်းခေါ်လိုက်တာ မဟုတ်လား”

သူမက ဝမ်းသာအားရဖြင့် ဆက်ပြောလေ၏။

“ကျွန်မ ပြောသားပဲ... ကျွန်မတို့ ဝင်းထဲမှာ အစ်မက အချစ်အကြောင်းကို အသိဆုံးပါလို့”

ကျောက်ရုံမှာ ဆဲမိမလို ဖြစ်သွားပြီး စိတ်ကို မနည်းထိန်းထားရရှာသည်။

!!!!!

သူမသည် ပညာတတ်တစ်ယောက်ကဲ့သို့ ယဉ်ကျေးပျူငှာစွာ နေတတ်သော်လည်း အတွင်းစိတ်ထဲတွင် မာန်မာန အလွန်ကြီးသူ ဖြစ်၏။ ၁၉၅၀ ပြည့်လွန်နှစ်များ၏ တက္ကသိုလ်ကျောင်းသူဟောင်းတစ်ယောက် ဖြစ်သော သူမသည် သာမန်လူများနှင့် မတူဟု ခံယူထားသူ ဖြစ်သည်။ ထို့ကြောင့် အချစ်အကြောင်း တစာစာအော်နေသော ဤမိန်းမယုတ်လေးကို ကြည့်ပြီး သူမ အလွန်ပင် စိတ်ပျက်နေမိရှာ၏။

“ရှောင်ကျား... ရှောင်ယွမ်... လာကြ၊ မေမေ ချီမယ်။ တို့တွေ စက်ဘီးစီးပြီး အိမ်ပြန်ကြမယ်”

ချန်ချင်းယွီက ချိုသာစွာ ပြုံးလျက် ကလေးနှစ်ယောက်ကိုပါ ဆွဲခေါ်လိုက်လေသည်။

“ကောင်းလိုက်တာ၊ ရှောင်ကျားနဲ့ ရှောင်ယွမ်က စက်ဘီး မစီးဖူးသေးဘူး မဟုတ်လား၊ အခု စီးရတော့မယ်နော်”

ကျောက်ရုံသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိ၏။ စိတ်ထဲတွင် အကြိမ်ပေါင်း တစ်သောင်းမက ငြင်းပယ်ချင်နေသော်လည်း သူမသည် သိက္ခာကို အလွန်အလေးထားသူ ဖြစ်သည့်အတွက် မိမိစက်ဘီးကို နှမြောသော်ငြားလည်း အရှက်မကွဲစေရန် အတင်းအောင့်အီး၍ ထိန်းချုပ်ထားရလေသည်။

"... ဒါဆိုလည်း ငါနဲ့တူတူ ပြန်ကြတာပေါ့"

ချန်ချင်းယွီ ချက်ချင်းပင် မြှောက်ပင့်ပေးလိုက်၏။

“အစ်မကျောက်က တကယ်ကို လူကောင်းပါပဲ"

ကျောက်ရုံကမူ ထို 'လူကောင်း' ဆိုသည့် ဘွဲ့ထူးကို မလိုချင်ပါပေ။ မိမိစက်ဘီးပေါ်တွင် လူသုံးယောက် တစ်ပြိုင်နက် တင်စီးရမည်ဆိုလျှင် ဘယ်လောက်တောင် ပိန်ချိုင့်သွားမည်နည်းဟု တွေးကာ နှမြောနေမိသည်။

'တကယ့်ကို အဆင့်မရှိတဲ့ မိသားစုကပဲ၊ အမြင်လည်း မရှိဘူး အလိုက်လည်း မသိဘူး'

ကျောက်ရုံက စိတ်ထဲက ကြိတ်ဆဲနေမိ၏။ တစ်ဖက်လူ၏ မျက်နှာရိပ်မျက်နှာကဲကိုပင် မကြည့်တတ်သော၊ လောကအကြောင်း မသိနားမလည်သော ဤကဲ့သို့ အိမ်ရှင်မမျိုးမှာ အသုံးမကျလှပေ။

"ငါ အရင်နင်းမယ်၊ နင်တို့က ခုန်တက်ကြ။ ငါ တင်နိုင်မလား ကြည့်ရဦးမယ်၊ တကယ်လို့ တက်လို့မရရင်တော့ ငါလည်း မတတ်နိုင်ဘူးနော်၊ ငါ ဒီလောက်လူအများကြီး တစ်ခါမှ မတင်ဖူးဘူး"

'တက်လို့မရရင် ပိုကောင်းတာပေါ့၊ ဒါဆို ငါတစ်ယောက်တည်း နင်းပြေးလို့ရပြီ' ဟု ကျောက်ရုံက ကြံစည်နေခြင်းတည်း။

ချန်ချင်းယွီ ပြန်တုံ့ပြန်လိုက်၏။

"ဟုတ်ကဲ့ပါ"

သူမသည် ကလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီ ဆွဲကိုင်ထားလိုက်သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မျက်လုံးလေးများ ဝိုင်းစက်နေကြ၏။ မိမိတို့အတွက် ဤကဲ့သို့ ကံကောင်းမှုမျိုး ကြုံရလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ကြပေ။

သူတို့ စက်ဘီးစီးရတော့မည်။

ဒါ စက်ဘီးကြီးနော်!!

ကျောက်ရုံက စက်ဘီးကို ဟန်ချက်ထိန်းထားစဉ်မှာပင် ချန်ချင်းယွီသည် ငှက်ကလေးတစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်စွာဖြင့် ကလေးများကို ချီကာ စက်ဘီးပေါ်သို့ ဖျတ်ခနဲ ခုန်တက်လိုက်ပါသည်။ စက်ဘီးမှာ နှစ်ချက်ခန့် ယိမ်းထိုးသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်စွာ ရှေ့သို့ ဆက်လက်ထွက်ခွာသွားတော့သည်။

ကျောက်ရုံတစ်ယောက် 'ကံဆိုးလိုက်တာ' ဟုသာ စိတ်ထဲက ညည်းတွားနေမိတော့၏။

"မေမေ... မြန်လိုက်တာ!"

ရှောင်ကျားလေးမှာ မလှုပ်ဝံ့သော်လည်း ကြွားဝါချင်စိတ်ဖြင့် အော်ဟစ်နေရှာသည်။ သူတို့အိမ်မှာ စက်ဘီးမရှိသဖြင့် ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် စက်ဘီးစီးဖူးခြင်း ဖြစ်ပေသည်။

ပထမဆုံးအကြိမ်ပဲ!!

ရှောင်ယွမ်လေးမှာလည်း အစ်ကိုဖြစ်သူကဲ့သို့ပင် ရင်ထဲ၌ လှုပ်ရှားနေသော်လည်း ပါးစပ်ကမူ ထုတ်မပြောဘဲ မျက်နှာလေးမှာမူ ကျေနပ်ပီတိများ လွှမ်းနေရှာသည်။ ကလေးငယ်များမှာ ဤမျှနှင့်ပင် ကျေနပ်တတ်ကြသူများ ဖြစ်၏။ သကြားလုံးတစ်လုံး၊ စက်ဘီးတစ်ခါ စီးရရုံဖြင့် အလွန်ပျော်ရွှင်နေကြရှာသည်။ ရှောင်ယွမ်လေးသည် သူ၏ မေးစေ့လေးကို ချန်ချင်းယွီ၏ ပုခုံးပေါ် တင်ထားပြီး လမ်းဘေးမြင်ကွင်းများကို စိတ်ဝင်တစား ကြည့်ရှုနေကာ ပါးစပ်လေးမှာလည်း ပြုံးစိစိဖြင့် မပိတ်နိုင် ဖြစ်နေလေသည်။

ရှောင်ကျား: "စက်ဘီးက တကယ် ကောင်းတာပဲနော်"

ကလေးနှစ်ယောက်မှာ အလွန်ပျော်ရွှင်နေကြပြီး ချန်ချင်းယွီမှာလည်း စက်ဘီးစီးနေရင်း တစ်လမ်းလုံး သူမ၏ အချစ်သီအိုရီများကို တစာစာ ပြောဆိုလာခဲ့သည်။ သမဝါယမကုန်စုံဆိုင်နှင့် ဝင်းကြီးမှာ နီးနေ၍သာ တော်တော့၏။ ဝေးနေမည်ဆိုလျှင် ကျောက်ရုံတစ်ယောက် စိတ်ပေါက်ကွဲကာ လူရိုက်မှုပင် ဖြစ်သွားနိုင်လေသည်။

စိတ်ထဲတွင် မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ၊ ကျောက်ရုံမှာ အပြင်ပန်းတွင်မူ ဟန်ဆောင်ကောင်းဆဲပင်။ စက်ဘီးလေးသည် လမ်းကြားထဲသို့ ကွေ့ဝင်ကာ ဝင်းကြီး၏ တံခါးဝသို့ ရောက်သည်နှင့် ရပ်လိုက်၏။

"ရောက်ပြီ... ရောက်ပြီ"

ကျောက်ရုံက အမြန်ပြောလိုက်လေသည်။

သူမသည် ချန်ချင်းယွီ၏ စကားများကြောင့် နားထဲ၌ အမွေးအမှင်များပင် ထွက်လာတော့မလို ခံစားနေရသဖြင့် နားကို မသိမသာ နှိုက်နေမိ၏။

'တကယ့်ကို အပေါစား ငနုံမပဲ၊ လင်တရူးကြီးစားပဲ' ဟု ကျောက်ရုံ မှတ်ချက်ချလိုက်မိလေသည်။

ချန်ချင်းယွီကမူ မျက်လုံးလေးများ အရောင်တောက်ကာ ကျေးဇူးတင်ရှိကြောင်း ပြောလိုက်၏။

"အစ်မကျောက်... ကျေးဇူးအများကြီး တင်ပါတယ်ရှင်"

ကျောက်ရုံက လက်ကာပြကာ အိမ်ထဲသို့ အပြေးအလွှား ဝင်သွားတော့သည်။ ချန်ချင်းယွီသည် ကလေးများကို အောက်သို့ချပေးပြီး "စက်ဘီးစီးရတာ ပျော်ရဲ့လား" ဟု မေးလိုက်၏။

"ပျော်တယ်!"

ကလေးနှစ်ယောက်က ပြိုင်တူ အော်လိုက်ကြသည်။

ချန်ချင်းယွီက ပြုံးလျက် ကလေးများကို ကတိပေးစကားဆိုလိုက်၏။

"နောက်ဆို မေမေ ပိုက်ဆံရှိလာရင် သားတို့အတွက် စက်ဘီးဝယ်ပေးမယ်၊ တစ်ယောက်ကို တစ်စီးစီ ဝယ်ပေးမယ်၊ ဟုတ်ပြီလား"

"ဟုတ်!"

ကလေးနှစ်ယောက်မှာ ပျော်လွန်းသဖြင့် ထိုနေရာမှာတင် ပတ်ချာလည် ခုန်ပေါက်နေကြတော့သည်။ သူတို့အတွက်မူ သူတို့မေမေသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးမေမေပင်။

သို့သော်လည်း မကြာမီမှာပင် ရှောင်ကျားက မျက်မှောင်လေးကြုတ်ကာ သတိပေးပြောလာရှာ၏။

"ဘွားဘွားက သဘောတူမှာ မဟုတ်ဘူး"

"နောက်ဆို ပိုက်ဆံတွေ အများကြီးရှိလာရင် ဘွားဘွားက သဘောတူမှာပေါ့။ သားတို့ အရွယ်ရောက်လာရင် တို့အိမ်က စက်ဘီးကို စိတ်ကြိုက်ဝယ်နိုင်မှာပါ"

သူမသည် ကလေးနှစ်ယောက်ကို ခေါ်၍ ဒုတိယဝင်းထဲသို့ ဝင်လာစဉ် ဝမ်ကျန့်ကော်၏ အမေဖြစ်သူ အဘွားကြီးဝမ်က အကုန်လုံးကို နားစွင့်နေခဲ့ပြီးနောက် နှုတ်ခမ်းကို မဲ့ကာ ကဲ့ရဲ့ပြောဆိုလိုက်သည်။

"ကြည့်စမ်း... သူ ပြောနေပုံကတော့ ကောင်းကင်ဘုံက ကြယ်ကို ဆွတ်ပြနေတာပဲ၊ သုံးနှစ်သားလေးတွေကို လိမ်နေတာ။ ကိုယ့်အခြေအနေကိုယ်လည်း ပြန်ကြည့်ဦး၊ ဘယ်လိုအိမ်မျိုးမို့လို့ စက်ဘီးကို လိုချင်နေရတာလဲ။ ဝယ်နိုင်ပါ့မလား... ငါက အထင်သေးလို့ ပြောတာမဟုတ်ဘူး၊ တကယ့်ကို လင်တရူးမလေးပဲ!"

"အဘွားဝမ်ကလည်း အဲဒီလို မပြောပါနဲ့..."

"ငါ ပြောတာ မှန်တာပဲ။ ဘယ်အိမ်က မိန်းကလေးကများ တစ်နေ့လုံး အချစ်အကြောင်းပဲ ခေါင်းထဲထည့်ထားတာ တွေ့ဖူးလို့လဲ။ တကယ့်ကို ငထုံငတုံးမပဲ။ နင်တို့ စောင့်ကြည့်နေလိုက်... အဘွားကြီးကျောက်က သူတို့ကို ကောင်းကောင်းဆက်ဆံမှာ မဟုတ်ဘူး၊ တစ်နေ့တစ်ခါ ဆန်ပြုတ်တောင် နပ်မှန်အောင် သောက်ရမှာ မဟုတ်ဘူး"

အဘွားကြီးဝမ်မှာ အလွန်မာနကြီးသူ ဖြစ်သည်။ ဤဝင်းအတွင်းရှိ အခြားမိသားစုများမှာ သူတို့အိမ်၏ စီးပွားရေးအခြေအနေကို မမီဟု ယူဆထား၏။ ဝင်းကြီးတစ်ခုလုံးတွင် စက်ဘီး သုံးစီးသာရှိရာ တစ်စီးမှာ မိမိ၏သားအိမ်က ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် စက်ဘီးဆိုသည်မှာ ဝယ်ချင်တိုင်း ဝယ်၍ရသော အပေါစားပစ္စည်း မဟုတ်ကြောင်း သူမက ထင်မြင်နေတော့သည်။

အဘွားကြီးဝမ်၏ တတွတ်တွတ် ရေရွတ်နေသံကို ဘေးအိမ်မှ အိမ်နီးချင်းများလည်း အတိုင်းသား ကြားနေရပေသည်။ လင်စန်းရှန်းသည် အင်္ကျီကိုချုပ်ရင်း သမီးဖြစ်သူကို တစ်ချက်ကြည့်ကာ ဆုံးမစကား ဆိုလေ၏။

"လူဆိုတာ နှုတ်စောင့်ရတယ် သမီးရဲ့၊ သူ အခုလိုပြောနေတာ တကယ်မကောင်းဘူး။ သမီးကတော့ ဒါမျိုး အတုမယူနဲ့နော်"

ခဏနားပြီးနောက် လင်စန်းရှန်းက ဆက်ပြောပြန်သည်။

"လင်းကျန့်ဝမ်ရဲ့ ဇနီးကိုလည်း အတုမယူနဲ့ဦး။ အဘွားကြီးဝမ် စကားပြောတာ ရိုင်းပေမဲ့ တချို့စကားတွေကတော့ အမှန်ပဲ၊ အဲဒီကလေးမက တကယ်ကို အချစ်ရူးလွန်းတယ်။ ဒါပေမဲ့ သူက ယောကျ်ားအပေါ် သစ္စာရှိတယ်၊ ယောက္ခမအပေါ် သိတတ်တယ်၊ ဒါကတော့ အင်မတန် ကောင်းတဲ့အချက်ပဲ။ ဒါမျိုးကျတော့ သမီး အတုယူသင့်တယ်"

လီလင်းလင်းက "ဟုတ်ကဲ့၊ သိပါပြီ" ဟု ဆိုရင်း ခေါင်းငုံ့ကာ အဝတ်စုတ်လေး ချုပ်ရင်း ပြန်ဖြေလိုက်၏။

"အလုပ်မရသေးတာကိုလည်း စိတ်မပူနဲ့။ သမီးက တစ်ဦးတည်းသော သမီးဆိုတော့ ကျေးလက်ဘက်ကို ဆင်းစရာမလိုဘူး၊ မြို့ပေါ်မှာပဲ နေရမှာဆိုတော့ သိပ်စိုးရိမ်စရာမရှိပါဘူး။ နေပူထဲမှာ အပင်ပန်းခံရမယ့် အလုပ်မျိုးလည်း တို့တွေ မလုပ်ဘူးလေ။ အဖေကလည်း အလုပ်လုပ်နေတာဆိုတော့ ဘဝကတော့ အဆင်ပြေမှာပါ။ ဟောဟိုက ကျောက်ရုံရဲ့ သမီးကို ကြည့်စမ်း၊ ဖြူဖြူစင်စင်လေး ပြုစုပျိုးထောင်ထားတာဆိုတော့ နောက်ဆိုရင် အိမ်ကောင်းယာကောင်းနဲ့ တွေ့မှာ။ မိန်းကလေးဆိုတာ ဘယ်လောက်ပဲ တော်နေပါစေ နောက်ဆုံးတော့ အိမ်ထောင်ပြုရတာပဲ မဟုတ်လား။ အိမ်ကောင်းယာကောင်းလူကောင်း ရဖို့ကသာ အဓိကပဲ။ အမေ လမ်းထဲက အောင်သွယ်တွေကို ပြောထားပေးမယ်၊ သမီးကို သုခဘုံရောက်စေရမယ်"

လီလင်းလင်းက ခေါင်းညိတ်၍သာ တုံ့ပြန်လိုက်လေသည်။

လင်စန်းရှန်းမှာ စာတတ်ပေတတ် ဖြစ်သော်လည်း စိတ်ဓာတ်ပိုင်းတွင်မူ ရှေးရိုးစွဲ အမျိုးသမီးတစ်ဦးသာ ဖြစ်၏။ ‘အလုပ်တော်တာထက် အိမ်ထောင်ဖက်ကောင်းရတာက ပိုအရေးကြီးတယ်’ ဟု အစဉ်တစိုက် ယုံကြည်ထားသူ ဖြစ်ရာ သမီးဖြစ်သူ လီလင်းလင်းကိုလည်း ထိုအတိုင်းပင် သွန်သင်ခဲ့သည်။ ထို့ကြောင့် လီလင်းလင်း၏ စိတ်နေစိတ်ထားမှာ အနည်းငယ် ထူးဆန်းနေတတ်၏။ သူမသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်သော်လည်း အတွင်းစိတ်ထဲတွင် မိမိကိုယ်ကိုယ် အထင်သေးနေတတ်ကာ တစ်ခါတစ်ရံတွင်မူ မြို့ပေါ်မှာနေရသည့် တစ်ဦးတည်းသောသမီး အဆင့်အတန်းကို ဂုဏ်ယူနေတတ်ပြန်သည်။ အတိုချုပ်ဆိုရလျှင် ရှေ့နောက်မညီသော လူတစ်ယောက်ပင် ဖြစ်၏။

သားအမိနှစ်ယောက် အိမ်တွင် စကားပြောနေစဉ် လင်စန်းရှန်း သူမသမီးကို စေခိုင်းလိုက်လေသည်။

"ခဏနေရင် ကျန့်ဝမ်ဇနီးဆီ သွားမေးကြည့်ပါဦး၊ သကြားလုံး လက်မှတ် လိုသေးလားလို့။ လိုချင်တယ်ဆိုရင် ရှေ့လအတွက် လက်မှတ်ကို သူ့ကိုပဲ ပေးလိုက်ကြစို့။ သူက သနားစရာကောင်းပါတယ်၊ ဘဝက အရမ်းဆင်းရဲနေရှာတာ။ တို့တွေ ပိုက်ဆံလည်း မယူဘဲနဲ့ ပေးလိုက်ကြရအောင်"

လီလင်းလင်းက လေသံတိုးတိုးဖြင့် "အဲဒီလိုလုပ်ရင် အဖေ စိတ်ဆိုးလိမ့်မယ်နော်" ဟု သတိပေးလိုက်၏။

လင်စန်းရှန်း: "ကောင်းမှုကုသိုလ်လုပ်တာပဲ သမီးရယ်၊ အဖေ ဆူလည်း ကိစ္စမရှိပါဘူး"

လီလင်းလင်းမှာမူ အနည်းငယ် မကျေမနပ် ဖြစ်သွားသဖြင့် နှုတ်ခမ်းကို ကိုက်ကာ စိတ်ထဲမှ ကြိတ်၍ အောင့်သက်သက် ဖြစ်နေမိသည်။ သူမသည် ပစ္စည်းများကို ချလိုက်ပြီး "ဒါဆို အခုပဲ သွားမေးလိုက်မယ်" ဟု ဆိုကာ ထွက်လာခဲ့၏။ သူမသည် မိခင်ဖြစ်သူကို ပြန်ပြောချင်သော်လည်း မိခင် စိတ်မကောင်းဖြစ်မည်ကို မလိုလားပေ။ သို့သော် သကြားလုံး လက်မှတ်ကဲ့သို့သော ပစ္စည်းမျိုးကို မည်သူက မလိုချင်ဘဲ နေမည်နည်း။ လီလင်းလင်းသည် ချန်ချင်းယွီအပေါ် စိတ်ထဲမှ အပြစ်တင်နေမိသည်။ 'ဘာလို့များ သကြားလုံး လက်မှတ် လိုက်လဲနေရတာလဲ' ဟု တွေးတောရင်း ဒုတိယဝင်းထဲသို့ လျှောက်လာခဲ့၏။

ထိုအချိန်တွင် ချန်ချင်းယွီတစ်ယောက် အိမ်ပြန်ရောက်နေသည်မှာ အတော်လေးကြာပြီ ဖြစ်သည်။ အိမ်နီးချင်းများ ထမင်းစချက်နေချိန်တွင် သူမသည်လည်း ထမင်းဟင်းများကို ပြန်နွှေးလိုက်ပြီး လင်းကျန့်ဝမ်၏ အဝတ်အစားများကို ထုတ်ကာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့အတွက် ပြန်ပြင်ချုပ်ရန် ပြင်ဆင်နေ၏။

ချန်ချင်းယွီမှာ အခြားကိစ္စများတွင် တော်သော်လည်း အဝတ်အစား ပြန်ပြင်ချုပ်ရာတွင်မူ လုံးဝ အစွမ်းမပြနိုင်ပေ။ သူမသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သော်လည်း ယခုခေတ်ကဲ့သို့ အပ်ချုပ်အတတ်ပညာမျိုးမှာ ခေတ်သစ်လူသားတစ်ယောက်အတွက် အလှမ်းဝေးလွန်းလှသည် မဟုတ်ပါလား။

"အစ်မချန်... အိမ်မှာ ရှိလား"

ချန်ချင်းယွီ ခေါ်သံကြောင့် ပြန်ထူးလိုက်သည်။

"လင်းလင်းလား၊ ဝင်ခဲ့လေ... အစ်မ ရှိတယ်"

လီလင်းလင်း အိမ်ထဲသို့ ဝင်လာပြီး ခေတ္တမျှ ကြောင်သွား၏။ ယခင်က ဤအိမ်ထဲသို့ ရောက်ခဲလှသော်လည်း အခြေအနေကိုမူ အကြမ်းဖျင်း သိထားထားလေသည်။ ယခုမူ အိမ်မှာ သန့်ရှင်းသပ်ရပ်နေသဖြင့် သူမ အံ့အားသင့်သွားရခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးကာမှ ကိစ္စကို သတိရကာ အမြန်ပြောလိုက်ရ၏။

"အစ်မချန်... အမေက မေးခိုင်းလိုက်လို့၊ ရှေ့လအတွက် သကြားလုံးလက်မှတ် အစ်မတို့အိမ် ထပ်လဲဦးမလားလို့"

သူမ၏ မိခင်က အလကားပေးရန် ပြောလိုက်သော်လည်း သူမကမူ စိတ်ကူးလေးတစ်ခုဖြင့် ‘ပေး’ ဆိုသည့် စကားလုံးကို ‘လဲ’ ဟု ပြောင်းလဲပြောဆိုလိုက်ခြင်းပင် ဖြစ်၏။

ချန်ချင်းယွီက ပြုံးလျက်

"အမေ့ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါဦးနော်။ အစ်မ မလဲတော့ပါဘူး၊ တစ်စောင် လဲထားပြီးပြီဆိုတော့ ပိုတာတွေ မလိုတော့ဘူး။ တကယ်ပဲ ကျေးဇူးတင်ပါတယ်ရှင်"

လီလင်းလင်းသည် သက်ပြင်းချနိုင်သွားပြီး ဝမ်းသာအားရ ပြုံးပြလိုက်လေသည်။ "ဒါဆိုရင် အိမ်ပြန်ပြီး အမေ့ကို ပြောလိုက်ပါဦးမယ်" ဟု ဆိုကာ ပြန်ရန် ပြင်စဉ် ခုတင်ပေါ်ရှိ အဝတ်အစားများကို မြင်သွားသဖြင့် -

"ဒါက..." ဟု အံ့သြစွာ မေးလိုက်၏။

ချန်ချင်းယွီက နူးညံ့သော လေသံဖြင့် တမ်းတမ်းတတ ရေရွတ်ပြလိုက်သည်။

"ဒါက ကိုကိုကျန့်ဝမ်ရဲ့ အဝတ်အစားတွေပါ။ အစ်မ ထုတ်ကြည့်နေတာ...နံဘေးနားမှာ သူ ရှိနေသလိုမျိုး ခံစားရအောင်လို့လေ"

လီလင်းလင်းမှာ ချက်ချင်းပင် ကျောထဲစိမ့်တက်သွားကာ တစ်ကိုယ်လုံး ကြက်သီးများ ထသွားပြီး ချက်ချင်း နှုတ်ဆက်စကားဆို၍ ကမန်းကတန်း ထွက်ပြေးတော့၏။

"ဒါ... ဒါဆိုလည်း ညီမ သွားတော့မယ်နော်၊ လုပ်စရာတွေ ရှိသေးလို့"

သေဆုံးသွားသူ၏ အဝတ်အစားများကို ထုတ်ကြည့်ပြီး လွမ်းဆွတ်နေသည်မှာ သူမအတွက်တော့ အလွန်ပင် ထိတ်လန့်စရာ ကောင်းနေပါတော့သည်။

လီလင်းလင်း လျင်မြန်စွာ ထွက်သွားပြီးနောက် ချန်ချင်းယွီသည် ခဏမျှ စဉ်းစားလိုက်ပြီးမှ အဝတ်အစားများကို ပြန်သိမ်းလိုက်၏။ ‘ထားလိုက်ပါတော့လေ... မပြင်တတ်ဘူးဆ်ုမှတော့ ပြင်မနေတော့ဘူး ချက်ပြုတ်ထားတဲ့ ဟင်းအိုးတွေကို အရင်ကြည့်တာက ပိုအရေးကြီးတယ်၊ ဘယ်အရာမဆို ထမင်းစားဖို့က အဓိကပဲ' ဟု သူမ တွေးလိုက်၏။

အဘွားကြီးကျောက်မှာ ထမင်းစားဆောင်တွင် အလုပ်လုပ်သူ ဖြစ်ပြီး သူတို့အလုပ်မှာ အလုပ်ဆင်းချိန် တစ်နာရီစောသည့်အတွက် သူမသည်လည်း စောစောပြန်လာနိုင်လေသည်။ သူမသည် စက်ရုံတွင် တစ်မိနစ်လေးတောင် ပိုမနေလိုပါပေ။ စက်ရုံက သူမအပေါ် အမြတ်ထုတ်သွားမည်ကို သူမ လုံးဝ ခွင့်မပြုနိုင်ပေ။ မိမိ၏ အချိန်တစ်စက္ကန့်လေးကိုမျှ အလဟဿ အကုန်မခံနိုင်သည်မှာ သူမ၏ မူဝါဒပင် ဖြစ်လေ၏။

အဘွားကြီးကျောက် စောစောစီးစီး အိမ်ပြန်ရောက်လာစဉ် ရှေ့ဝင်းထဲ၌ မိန်းမကြီးအချို့ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်ကို တွေ့လိုက်ရ၏။ "ကျန့်ဝမ်ဇနီးလေး" ဆိုသည့် စကားသံကို သဲ့သဲ့ကြားလိုက်ရသည်နှင့် သူမသည် ချက်ချင်း ခြေလှမ်းတန့်သွားပြီး အော်ဟစ်ဆဲဆိုပါတော့သည်။

"နင်တို့တွေကတော့ တကယ်ကို ကိုယ်ကျင့်တရား မရှိတဲ့ဟာတွေပဲ၊ ငါ့ချွေးမအကြောင်း ကွယ်ရာမှာ အတင်းပြောနေကြတာ မဟုတ်လား။ အေးလေ... နင်တို့က လူရိုးတွေကို နှိပ်စက်ချင်တာကိုး၊ ငါ့အိမ်ကို လာပြီး စော်ကားနေကြတာပေါ့လေ!"

"အဘွားကြီးကျောက်... ဘယ်လို စကားမျိုး ပြောလိုက်တာလဲ၊ ကျွန်မတို့က အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး"

"ဟုတ်ပါ့... ကျွန်မတို့ အဲဒီလို မပြောပါဘူး။ ကျန့်ဝမ်ဇနီးက ရှင့်သားအပေါ် ဘယ်လောက်တောင် သစ္စာရှိပြီး အစစ်အမှန် ချစ်တာလဲဆိုတဲ့အကြောင်း ပြောနေကြတာပါ။ ရှင့်အနေနဲ့ ဝမ်းသာရမှာပေါ့"

အဘွားကြီးကျောက်သည် မျက်လုံးများကို စွေကြည့်ကာ အားလုံး၏ မျက်နှာထားကို အကဲခတ်လိုက်၏။ အားလုံးက ပွင့်လင်းရိုးသားစွာ ပြောနေကြသည်ကို မြင်မှ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။

"ဒါတော့ နင်တို့ ပြောနေစရာတောင် မလိုပါဘူး။ ငါ့ချွေးမက ငါ့သားဘက်ကပဲ အမြဲရပ်တည်မှာပေါ့။ ငါ့သား မရှိတော့ပေမဲ့ ငါ့ချွေးမက သူ့အပေါ်မှာ တကယ့်ကို စိတ်ရင်းနဲ့ သံယောဇဉ်ကြီးရှာတာ"

ဤအချက်မှာ သူမအတွက် ကြွားစရာ တစ်ခုတည်းသော အချက်ပင် ဖြစ်၏။

"နင်တို့ ဘယ်အိမ်ကမှ ငါ့အိမ်လောက် မကောင်းဘူး"

သူမသည် ခါးထောက်ကာ ခန့်ညားထည်ဝါစွာဖြင့် အိမ်ပြန်လာခဲ့သည်။ ဒုတိယဝင်းထဲသို့ ရောက်သောအခါ ရေထွက်သွန်သော ရှီကျန့်ရှန်းကို တွေ့လိုက်ရ၏။ အဘွားကြီးကျောက်သည် မနေ့ညက မပြီးပြတ်သေးသော တိုက်ပွဲကို ချက်ချင်း သတိရသွားပြီး "ဟဲ့... ရှီကျန့်ရှန်း သောက်ကောင်မ၊ ငါ့လက်သီးကို မြည်းစမ်းကြည့်စမ်း!" ဟု အော်ဟစ်ကာ ပြေးဝင်သွားပါတော့သည်။

"အမလေး... ရှင်လို အဘွားကြီးက ဘာတွေ ထပ်ရူးပြန်တာလဲ"

"မနေ့က ကိစ္စ မပြီးသေးဘူးနော်။ မနေ့က မိုးရွာလို့ ပစ္စည်းတွေ သိမ်းရမှာမို့ ငါ အလျင်လိုသွားတာ၊ အခုတော့ အပြတ်ရှင်းရမယ်။ နင် ဘာလို့ ငါ့ချွေးမနောက်ကို တကောက်ကောက် လိုက်နေတာလဲ။ နင်က တကယ့်ကို စိတ်ထားမကောင်းတဲ့ မိန်းမပဲ!"

အဘွားကြီးကျောက်မှာ ပြောဆိုကာ လက်မောင်းများကို ဝေ့ယမ်း၍ ကုတ်ဖဲ့တော့၏။

ရှီကျန့်ရှန်းမှာ ရုန်းထွက်ကာ ပြန်လည်ဆဲဆို ကြိမ်းမောင်းလေသည်။

"အဘွားကြီးကျောက်... နင့်သားသေသွားလို့ ငါက အလိုက်တသိနဲ့ မပြောဘဲ နေပေးတာကို နင်က ငါ့ကို အနိုင်ကျင့်လို့ ရမယ် မထင်နဲ့။ ငါက နင့်ကို မကြောက်ဘူး။ ငါ့ကို တစ်ချက်လောက် ထိကြည့်စမ်း၊ ငါ့သားတွေက နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး။ ငါ့မှာ သားတွေ အများကြီး ရှိတယ်ဟေ့!"

အဘွားကြီးကျောက်မှာ ခေတ္တမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် မြေကြီးပေါ်သို့ လှဲချလိုက်ကာ ခြေစုံပစ်၍ ငိုယိုလိုက်လေသည်။

“သားများတာနဲ့ လူကို လာနှိပ်စက်နေကြတယ်...”

“ရှီကျန့်ရှန်းက လူစိတ်မရှိဘူး...”

“လာကြည့်ကြပါဦး... ရှီကျန့်ရှန်းက လူကို အနိုင်ကျင့်နေပါပြီ!”

“အားလုံးပဲ လာကြည့်ကြပါဦးရှင်၊ ရှီကျန့်ရှန်းက လူကို အနိုင်ကျင့်နေပါတယ်ရှင်။ အမလေး... တရားမျှတမှု မရှိတော့ပါဘူး။ ရှီကျန့်ရှန်းက ငါ့ချွေးမနောက် ခိုးလိုက်ရုံတင်မကဘူး၊ အခုတော့ အပြစ်ကို ဝန်မခံတဲ့အပြင် သားတွေနဲ့ပါ ခြိမ်းခြောက်နေပါပြီရှင်။ အားလုံးပဲ လာကြည့်ကြပါဦး... လူကို အနိုင်ကျင့်နေတာ။ နင့်မှာ သားများရင်ပဲ မတရားလုပ်လို့ ရရောလား၊ သားများရင်ပဲ အရေးပါလှပြီလား။ ဒါ ဘယ်လို ခေတ်သစ်လူ့အဖွဲ့အစည်းလဲရှင်... အနိုင်ကျင့်နေပါတယ်!"

သူမသည် မြေကြီးပေါ်တွင် လူးလိမ့်ကာ သောင်းကျန်းနေတော့၏။

သူမ အော်ဟစ်သောင်းကျန်းသည်နှင့် လူအုပ်ကြီးမှာ အုန်းအုန်းကျွက်ကျွက် ထွက်လာကြသော်လည်း ချန်ချင်းယွီတစ်ယောက်မှာမူ အပြင်သို့ မထွက်လာပေ။

အင်း... သူမ ယဉ်ပါးနေပါပြီ!!

ရောက်လာသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း အဘွားကြီးကျောက်၏ ဤကဲ့သို့ ပြကွက်များကို သူမ အသားကျနေပြီ ဖြစ်သည်။ ချန်ချင်းယွီသည် ဘာမှမဖြစ်သလိုပင် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ကာ အားလုံးပြင်ဆင်ပြီးမှသာ အပြင်သို့ ထွက်လာခဲ့၏။

အဘွားကြီးကျောက်မှာမူ ရှီကျန့်ရှန်း အိမ်ရှေ့တွင် လူးလိမ့်ဆဲဖြစ်ပြီး တစ်ခါတစ်ရံ ခြေထောက်ဖြင့် ခိုး၍ ကန်လိုက်သေးသည်။

ရှီကျန့်ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေကာ အော်ဟစ်ပြောလိုက်၏။

“နင် မတော်တော့ဘူးလား... မတော်ဘူးလား။ ငါက မကောင်းတဲ့ စိတ်နဲ့ လုပ်တာ မဟုတ်ဘူး၊ နင့်ချွေးမ အပြင်ထွက်သွားလို့ စိတ်မချတာနဲ့ လိုက်ကြည့်ပေးတာလေ။ လူကောင်းလုပ်ပေးတာတောင် ကျေးဇူးတင်ရကောင်းမှန်း မသိဘူး၊ နင်က ကျေးဇူးမသိတဲ့လူပဲ။ ပြီးတော့ ဒါက မနေ့က ကိစ္စလေ... နင်က ဘာလို့ ခုထိ မပြီးနိုင်မစီးနိုင် ဖြစ်နေတာလဲ။ ဘာလဲ... ဒီနေ့မှာ ဒုတိယပိုင်း ထပ်ကပြဦးမလို့လား”

အဘွားကြီးကျောက်ကလည်း မခံပေ၊ ပြန်ပက်ပြောဆိုလေ၏။

“ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လူနောက်ကို ခိုးလိုက်တာ မှန်တဲ့ကိစ္စ မဟုတ်ဘူးလေ။ နင် ပြောသလို တကယ်ပဲ စိတ်ကောင်းရှိတယ်ဆိုရင် အထင်အရှား လုပ်ပါလား။ အခုတော့ ခိုးကြောင်ခိုးဝှက်နဲ့ လူကို လိမ်ချင်နေတာလား။ ငါ့ကိုတော့ လိမ်လို့မရဘူး... လုံးဝ မရဘူး!”

ရှီကျန့်ရှန်းမှာ “အား... အား!” ဟု အော်ဟစ်ကာ ဒေါသကြောင့် တုန်ရီနေပြီး “ငါ နင့်ကို ရိုက်သတ်မိတော့မယ်!” ဟု ဟိန်းဟောက်လိုက်မိလေတော့သည်။

ချန်ချင်းယွီသည် ရုတ်တရက် မျက်ရည်များ ဝဲလျက် ပြေးထွက်လာကာ

“ဒေါ်လေးရှီရယ်... ရိုက်ချင်ရင် ကျွန်မကိုသာ ရိုက်ပါ! ကျွန်မ ယောက္ခမက အသက်ကြီးလှပြီ၊ ဒီဒဏ်တွေကို မခံနိုင်ရှာပါဘူး။ သူ စိတ်လိုက်မာန်ပါ လုပ်မိတာ ရှိနိုင်ပေမဲ့ ကျွန်မအပေါ် တကယ် စေတနာထားတာပါ။ သူ့ကို သတ်ရလောက်တဲ့အထိတော့ မလုပ်ပါနဲ့... ဒါက အသက်အန္တရာယ်နဲ့ ဆိုင်တာလေ!"

သူမသည် သေလုမျောပါး ဖြစ်တော့မည့်အလား သနားစရာကောင်းအောင် ထပ်မံ သရုပ်ဆောင်လိုက်ပြန်၏။

"အဟင့်..ဟင့်... တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် ကျွန်မကိုသာ သတ်လိုက်ပါတော့!"

သူမသည် အဘွားကြီးကျောက်၏ ရှေ့တွင် ကာပေးထားဟန်ဆောင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

"ကျေးဇူးပြုပြီး သူ့ကို ချမ်းသာပေးပါ၊ ကျွန်မတို့က ရှင်တို့နဲ့ ယှဉ်နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ တကယ်ပါ... ကျွန်မတို့မှာ ရှင်တို့ကို ကြောက်လှပါပြီ၊ နောက်ဆို စကားတစ်ခွန်းတောင် ပြန်မပြောတော့ပါဘူး။ ရှင့်သားကိုလည်း ကျွန်မယောက္ခမကို မသတ်ခိုင်းပါနဲ့လို့ တောင်းပန်ပါတယ်ရှင်!"

ရှီကျန့်ရှန်းမှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

သူမ ပြောချင်တာက ဘယ်ရောက်သွားလဲ…

ဒီမိန်းမကတော့ အကွက်ဆင်နေတာပဲ!!

သူမက တကယ်ကြီး လူသတ်တော့မှာမို့လို့လား!!

အား...!

ကြည့်ရတာ ငါတို့ကပဲ လူမိုက်တွေ ကြလို့!!

"ကျန့်ဝမ်ဇနီးလေး..."

ချန်ချင်းယွီက ချက်ချင်းပင် ကြားဖြတ်၍

"နားလည်ပါပြီ၊ နားလည်ပါပြီရှင်။ ကျွန်မတို့ မိသားစုက ရှင်တို့ မိသားစုကို ဘယ်တော့မှ ထပ်ပြီး ရန်မစတော့ပါဘူး။ တွေ့ရင်လည်း ရှောင်သွားပါ့မယ်၊ ဟုတ်ပြီလား။ အမေ... လာပါ၊ အိမ်ပြန်ကြရအောင်။ တောင်းပန်ပါတယ်... ကျွန်မတို့ သူတို့ကို မယှဉ်နိုင်ပါဘူး၊ လက်လျှော့လိုက်ကြရအောင်နော်။ ကျွန်မတို့က သားအမိနှစ်ယောက်တည်း ရှိတဲ့ မုဆိုးမအိမ်ထောင်စုပါ၊ သူတို့မှာက သားတွေ အများကြီးရှိတာလေ။ ကျွန်မတို့ သူတို့ကို မယှဉ်နိုင်ပါဘူး။ သူတို့ကများ ခေါင်းကို အိတ်နဲ့စွပ်ပြီး ခိုးရိုက်သွားရင် ကျွန်မတို့မှာ တိုင်စရာ တောမရှိ တောင်မရှိ ဖြစ်နေပါဦးမယ်!"

အဘွားကြီးကျောက်သည် ဤအချိန်တွင် ချန်ချင်းယွီ ဆိုလိုရင်းကို သဘောပေါက်သွားပုံရပြီး ပေါင်ကိုတဖုန်းဖုန်းပုတ်ကာ ချက်ချင်းပင် ဝိုင်းငိုလေ၏။

"ငါ့သားလေးရေ... နင် ထွက်သွားတော့ သူတို့က ငါတို့ကို အနိုင်ကျင့်နေကြပြီ! ငါတို့တော့ ဒုက္ခရောက်ပါပြီ! သူတို့ကို ကြည့်ကြပါဦး၊ ငါတို့ကို ဘယ်လောက်တောင် နှိပ်စက်နေကြသလဲလို့! ကောင်းပါပြီ... ကောင်းပါပြီ၊ ငါ့ချွေးမစကားကို နားထောင်ပါ့မယ်၊ နားထောင်ပါ့မယ်နော်။ နင်တို့ကို ငါတို့ ရန်မစတော့ပါဘူး၊ ဟုတ်ပြီလား"

သူမသည် အသံဗလံသာရှိပြီး အနှစ်မပါဘဲ အော်ဟစ်ငိုယိုနေသော်လည်း ထိုငိုသံမှာ ရှေ့ဝင်း နောက်ဝင်းအထိ ဟိန်းထွက်သွားပါသည်။ ဘေးအိမ်မှ အိမ်နီးချင်းများပင် ထိုဆူညံသံကို ကြားရသဖြင့် တံခါးဝမှ ချောင်းကြည့်နေကြတော့၏။

"ဘာဖြစ်တာလဲ။ သူက ဘာလို့ မြေကြီးပေါ်မှာ အဲဒီလို လူးလှိမ့်နေရတာလဲ"

"မသိဘူးလေ၊ အဘွားကြီးရှီက သူ့မှာ သားတွေ အင်အားရှိတယ်ဆိုပြီး အဘွားကြီးကျောက်ကို သေအောင် ရိုက်မလို့ ထင်တယ်"

"ဟင်? ဒါကတော့ လွန်လွန်းတာပေါ့... အဘွားကြီးကျောက်က စိတ်ပျက်ဖို့ကောင်းတာ မှန်ပေမဲ့ သူ့သားက အခုမှ ဆုံးထားတာလေ၊ ဒါမျိုးလုပ်တာတော့ မသင့်တော်ဘူးထင်တယ်"

"နားလည်မှုလွဲတာများလား။ အဒေါ်ရှီက လူကောင်းတစ်ယောက်လို့ ငါထင်ထားတာ"

"အင်းလေ... လူ့မျက်နှာသာ မြင်ရတာ၊ စိတ်ကိုတော့ ဘယ်သူသိမှာလဲ"

"အဲဒါလည်း ဟုတ်တာပဲ"

ရှီကျန့်ရှန်းသည် သူမကိုယ်သူမ လူချစ်လူခင်ပေါများသူဟု ထင်မှတ်ထားလေရာ အခြားသူများက သူမအပေါ် ဤသို့ ထင်မြင်နေကြလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဒေါသထွက်လွန်းသဖြင့် သူမ၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်နေရှာလေသည်။ အဘွားကြီးကျောက်၏ ဖရိုဖရဲဖြစ်နေသော ပုံစံ၊ ချန်ချင်းယွီ၏ ငိုယိုအော်ဟစ်နေပုံတို့နှင့် ယှဉ်လိုက်လျှင် သူမ၏ ခက်ထန်နေသော အသွင်အပြင်မှာ အလွန်ပင် ရုပ်ဆိုးလှ၏။

လူဆိုသည်မှာ အားနည်းသူဘက်ကသာ ရပ်တည်တတ်ကြသည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် မိမိနှင့် မဆိုင်သရွေ့တော့ လူကောင်းလုပ်ချင်ကြသည်သာ ဖြစ်ပေသည်။

"အဒေါ်ရှီ... အဒေါ် လုပ်တာ မှားနေပြီ။ ဘာလို့ သူ့ကို ဒီအထိ တွန်းပို့ရတာလဲ"

"ဟုတ်ပါ့... သူတစ်ပါးရဲ့ ချွေးမနောက်ကို ခိုးလိုက်မိတာပဲ၊ သူက ရှင်းပြချက် တောင်းတာလည်း မလွန်ပါဘူး"

"ငါလည်း အဲဒီလိုပဲ ထင်တယ်"

ချန်ချင်းယွီသည် တုန်တုန်ရီရီဖြင့် အဘွားကြီးကျောက်ကို ထူလိုက်ကာ

"အမေ... ပြန်ရအောင်၊ အိမ်ထဲ ပြန်ရအောင်နော်"

အဘွားကြီးကျောက်: “ပြန်မယ်... ပြန်မယ်။ ငါ သူ့ကို မစော်ကားရဲတော့ပါဘူး၊ မစော်ကားရဲတော့ပါဘူးနော်၊ ဟုတ်ပြီလား။ တောက်! နင်က တိရစ္ဆာန်ထက်တောင် ယုတ်မာသေးတယ်!"

အဘွားကြီးကျောက်သည် သနားစရာကောင်းအောင် ဟန်ဆောင်ကာ ထွက်လာခဲ့သော်လည်း လက်တွေ့တွင်မူ သူမကသာ အသာစီးရသွားခြင်း ဖြစ်ပေသည်။ ပုံမှန်ဆိုလျှင် ထိုသေချင်းဆိုးမ ရှီကျန့်ရှန်းကသာ အမြဲတမ်း ကိုယ်ကျင့်တရားကောင်းသူအဖြစ် ဟန်ဆောင်နေကျ မဟုတ်ပါလား။

'ဟဲဟဲ... အခုတော့ ငါ ဘယ်လောက် စွမ်းလဲဆိုတာ သိသွားပြီမလား' ဟု သူမ စိတ်ထဲက ကြိတ်၍ ဝမ်းသာနေမိ၏။

'ငါ ဘာကောင်လဲဆိုတာ နင် မြည်းစမ်းကြည့်လိုက်ဦး'

အဘွားကြီးကျောက်၏ စိတ်ထဲတွင်မူ အလွန်ပင် ကျေနပ်အားရနေတော့သည်။ သူမအမျိုးသား၏ အလုပ်နေရာကို လိမ်လည်ယူငင်ခံရကတည်းက ဤမိသားစုနှစ်စုမှာ မတည့်ကြတော့ပေ။ ရှီကျန့်ရှန်းတို့မိသားစုမှာ သူမတို့အိမ်အပေါ် သိသိသာသာ ရန်ငြိုးထားနေကြသော်လည်း အမြဲတမ်း ကိုယ်ကျင့်တရားကောင်းသူများအဖြစ် ဟန်ဆောင်ကာ သူမတို့မိသားစုကိုသာ အပြစ်ပုံချလေ့ရှိသည်။ သူမ၏သား လင်ကျန့်ဝမ်သာ အရည်အချင်းမရှိလျှင် သူမတို့မိသားစုမှာ တကယ်ပင် အနိုင်ကျင့်ခံရတော့မည် ဖြစ်၏။

ယနေ့တွင် လူချင်းလက်ပါပြီး ရန်မဖြစ်ခဲ့ရသော်လည်း ဤကဲ့သို့ လက်တုံ့ပြန်နိုင်သည်မှာ သူမအတွက် တကယ့်ကို ရင်ထဲ၌ ဟင်းခနဲ နေအောင် ပျော်ရွှင်ရလေသည်။

သူမသည် ချန်ချင်းယွီကို ချီးကျူးသလို ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လေ၏။

“နင်က ဒီလောက် အရည်အချင်းရှိနေတာကို အရင်က ဘာလို့ ထုတ်မသုံးခဲ့တာလဲ။ အရင်က ဘယ်လောက်တောင် အရှုံးပေးခဲ့ရလဲ”

“အရင်က အစ်ကိုကျန့်ဝမ် ရှိနေတာကိုး”

ဤစကားကြောင့် အဘွားကြီးကျောက်လည်း ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားရ၏။

သို့သော် ချန်ချင်းယွီက ချက်ချင်းပင် စကားလမ်းကြောင်းပြောင်းကာ

“ကဲ... မန်ထိုတွေ နွှေးပြီးပြီ၊ ဟင်းလေးတစ်မယ်လောက် ကြော်လိုက်ရင် ထမင်းစားလို့ ရပြီနော်”

သူမသည် အဘွားကြီးကျောက်ကို အလုပ်ကူလုပ်ရန် အတင်းအကျပ် မခိုင်းပေ။ အဘွားကြီးကျောက်မှာ အလုပ်သွားရသေးသည် မဟုတ်လော့။အဘွားကြီးကျောက်သည် တံခါးဝသို့ ခပ်ယိုင်ယိုင် လျှောက်သွားကာ အပြင်သို့ ချောင်းကြည့်လိုက်စဉ် ရှီကျန့်ရှန်းတစ်ယောက် ဒေါသများ မပြေသေးဘဲ ရှိနေသည်ကို မြင်လိုက်ရ၏။ ဤကဲ့သို့သော နည်းဗျူဟာမျိုးမှာ ရှီကျန့်ရှန်း အမြဲသုံးနေကျ ဖြစ်သော်လည်း ယခုမူ သူတစ်ပါးက ဦးအောင် သုံးသွားသဖြင့် သူမရှီကျန့်ရှန်းမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မည့်အတိုင်း ဖြစ်နေပေသည်။

ရှီကျန့်ရှန်း၏ ဒေါသထွက်နေသော မျက်နှာထားကို ကြည့်ကာ အဘွားကြီးကျောက်က တဟဲဟဲ ရယ်မောလိုက်ပြီး မကောင်းသော စိတ်ဖြင့် မျက်နှာပြောင်တိုက် ပြလိုက်၏။ ထို့ပြင် နှာရည်များကို ညှစ်၍ ပစ်ထုတ်လိုက်သလိုမျိုး ဟန်ဆောင်ပြလိုက်ရာ ရှီကျန့်ရှန်းမှာ ဒေါသကြောင့် နောက်သို့ပင် လန်ကျတော့မလို ဖြစ်သွားရသည်။

“အား... အား! ကျောက်တာ့ရာ အဘွားကြီး... နင် သေချင်းဆိုးနဲ့ သေပါစေ!”

ရှီကျန့်ရှန်းမှာ စိတ်ဓာတ်များ အကြီးအကျယ် ပြိုလဲသွားရရှာ၏။

အဘွားကြီးကျောက်ကမူ တဟီးဟီး တဟားဟားနှင့် အားရပါးရ ရယ်မောနေလေတော့သည်။

အင်း... လက်ပါမှ ပျော်ရတာ မဟုတ်ဘူးပဲ။

ရှီကျန့်ရှန်း... နင်လည်း တစ်နေ့တော့ ဒီလို ဖြစ်ရတာပဲလား!!!

အဘွားကြီးကျောက်အတွက်မူ ဤသည်မှာ အလွန်ပင် ရင်ထဲ၌ အေးမြသွားစေသော လက်တုံ့ပြန်မှု ဖြစ်ပေသည်။ သို့သော် ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာမူ အဘွားကြီးကျောက်၏ မျက်နှာပြောင်တိုက်မှုကို မမြင်လိုက်ကြဘဲ ရှီကျန့်ရှန်း၏ အော်ဟစ်သံကြောင့်သာ အလန့်တကြား ဖြစ်သွားကြ၏။ ထို့နောက် တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းဝန်းဖျန်ဖြေကြတော့သည်။

“အဘွားရှီကလည်း ဘာဖြစ်လို့လဲရှင်။ ဝင်းထဲမှာ အတူတူနေကြတာပဲ၊ ဒီလောက်အထိတော့ မဖြစ်သင့်ပါဘူး။ အဘွားဘက်ကလည်း မမှန်ဘူးလေ”

“ဟုတ်ပါ့... ကိုယ့်ဘက်က မမှန်ဘဲနဲ့ ဘာလို့ ဒီလောက် ခက်ထန်နေရတာလဲ။ ရန်ငြိုးဆိုတာ ဖြေလျှော့သင့်ပါတယ်”

“ဟုတ်တယ်... ဟုတ်တယ်”

“အဒေါ်ရှီက ဘာလို့ ဒီလောက် ရူးသွပ်နေရတာလဲ”

ရှီကျန့်ရှန်းသည် ကြားရလေလေ ပို၍ စိတ်တိုလေလေဖြစ်ကာ သူမ၏ ဆံပင်များကို ဆွဲဖွရင်း အော်ဟစ်ပစ်လိုက်၏။

“အား! သွားကြစမ်း... အကုန်လုံး ထွက်သွားကြ!”

သူမသည် ဒေါသအဟုန်ဖြင့် မိမိအိမ်ထဲသို့ ပြန်ဝင်သွားကာ တံခါးကို ‘ဂျုန်း’ ခနဲ မြည်အောင် ဆောင့်ပိတ်လိုက်လေသည်။

လူယုတ်မာတွေ! အကုန်လုံး လူယုတ်မာတွေချည်းပဲ!

“အဘွားကြီးရှီကတော့ ဒေါသကြီးလိုက်တာနော်။ တို့တွေက စေတနာနဲ့ ဖျန်ဖြေပေးတာကို သူက ဒီလိုလုပ်တယ်။ တကယ့်ကို အပြောရခက်တဲ့ လူပဲ”

“ဟုတ်ပါ့... သူက လူကောင်းတော့ မဟုတ်ဘူးပဲ”

ဂျိမ်း... ဂျုန်း!

“အမလေး... ဘာလို့ မိုးတွေ ထပ်ခြိမ်းပြန်တာလဲ”

“ဒီရက်ပိုင်း မိုးက တကယ် များတာပဲ”

“နွေဦးကာလဆိုတော့ မိုးများတာပေါ့အေး။ ဒါပေမဲ့ အိမ်ထဲမှာပါ အစိုပြန်ပြီး စေးကပ်နေတာကတော့ တကယ် စိတ်ပျက်ဖို့ ကောင်းတယ်။ ကောက်ရိုးတွေနဲ့ မီးမွှေးပြီး ချွေတာမလို့ ကြံကာရှိသေးတယ်၊ အခုတော့ မိုးတွေရွာလို့ ထင်းတွေ အကုန်စိုကုန်ပြီ၊ မီးတောင် မွှေးလို့မရတော့ဘူး...”

“ဟုတ်ပနော်...”

လူအများမှာလည်း ကိုယ့်အိမ်ကိုယ် အသီးသီး အမြန်ပြန်သွားကြပါတော့သည်။ သူတစ်ပါးအကြောင်း စပ်စုရသည်မှာ စိတ်ဝင်စားဖို့ကောင်းသော်လည်း မိမိအိမ်ကိစ္စလောက်တော့ အရေးမကြီးပေ။ လူစုကွဲသွားသည့်အခါ အဘွားကြီးကျောက်က ကျေနပ်အားရစွာဖြင့် တံတွေးတစ်ချက်ထွေးရင်း ကြုံးဝါးလိုက်၏။

"ရှီကျန့်ရှန်းဆိုတဲ့ အဘွားကြီး... ဒေါသထွက်ပြီး သေသွားလိုက်ရင် ကောင်းဦးမယ်"

ချန်ချင်းယွီက သာသာယာယာလေး ရယ်မောလိုက်ပြီး

"ထမင်းစားဖို့ ပြင်ရအောင်"

ချန်ချင်းယွီသည် ရှီကျန့်ရှန်းကို မနှစ်မြို့ပေ။ သူမတွင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များရှိနေပြီး ဘေးလူတစ်ယောက်အနေဖြင့် မြင်ယောင်ရုံသာမက ထိုခံစားချက်များကိုပါ တိုက်ရိုက်ခံစားနေရခြင်း ဖြစ်၏။ ထို့ကြောင့် ရှီကျန့်ရှန်းမှာ လူကောင်းတစ်ယောက်မဟုတ်မှန်း သူမ ကောင်းကောင်းမှတ်မိနေပါသည်။ သူမ (မူလပိုင်ရှင်) အိမ်ထောင်ကျကာစက ရှီကျန့်ရှန်းသည် လင်မယားအကြား၊ ယောက္ခမနှင့် ချွေးမအကြား အမြဲတမ်း ရန်တိုက်ပေးလေ့ရှိသော်လည်း သူမက အလှည့်စားမခံခဲ့ပေ။ နောက်ပိုင်းတွင် လင်းကျန့်ဝမ်နှင့် တိုင်ပင်ကြည့်သည့်အခါမှ ဤအဘွားကြီး လုပ်ခဲ့သည့် မကောင်းမှုများစွာကို သိခဲ့ရခြင်း ဖြစ်၏။

ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်း ဇနီးမောင်နှံမှာ အဘွားကြီးကျောက်ကို လိမ်လည်ကာ အလုပ်နေရာကို ယူခဲ့ရုံတင်မကဘဲ သူတို့မိသားစုကို ငွေငါးဆယ်လုံး ဆုံးရှုံးအောင်အထိ ဒုက္ခပေးခဲ့ကြသူများ ဖြစ်သည်။ ထိုသို့ မတရားလုပ်ထားလျက်နှင့်ပင် သူတို့ဇနီးမောင်နှံမှာ မသိမသာဖြင့် ဤသားအမိကို အမြဲတမ်း ပစ်မှတ်ထား နှိပ်ကွပ်နေတတ်ကြ၏။

မကောင်းမှုလုပ်ထားသူဖြစ်သဖြင့် တစ်ဖက်လူက အချက်အလက်များ ပြန်လည်ဖော်ထုတ်လာမည်ကို ကြောက်ရွံ့ကာ အမြဲတမ်း အလျှော့မပေးဘဲ ရန်ရှာနေခြင်းမျိုး ဖြစ်ပေလိမ့်မည်။

ယခုအခါ သူမတို့မိသားစု၏ အလုပ်နေရာကို လူအများက ဝိုင်းဝန်းမျက်စိကျနေကြခြင်းမှာလည်း ထိုကိစ္စ၏ နောက်ဆက်တွဲဆိုးကျိုးများပင် ဖြစ်သည်။ တစ်ယောက်က လိမ်ယူသွားနိုင်လျှင် ငါလည်း ရနိုင်မှာပဲဟု လူတိုင်းက တွေးတောမိသွားကြခြင်း ဖြစ်၏။

"ထမင်းစားဆောင်မှာ အလုပ်လုပ်ရတာ ဘယ်လိုလဲ"

ချန်ချင်းယွီ မေးလိုက်လေသည်။

အဘွားကြီးကျောက်က ခေါင်းတစ်ချက်ခါယမ်းကာ

"ကောင်းပါတယ်အေ... အကုန်လုံးက အတင်းပြောတတ်တဲ့ မိန်းမကြီးတွေချည်းပဲ။ ယောကျ်ားရော မိန်းမရော အတူတူပဲ၊ ကွယ်ရာမှာ စကားအတင်းပြောပြီး မနာလိုဖြစ်နေကြတာ။ ဒါပေမဲ့ ငါ သိတာပေါ့၊ သူတို့က ငါ့ကို မနာလိုဖြစ်နေကြတာ။ ငါက နောင်ကျရင် ပင်စင်လစာရဦးမှာဆိုတော့ သူတို့က ငါ့ကို သူတို့လို ကံဆိုးတဲ့ အဘွားကြီးမျိုး ဖြစ်စေချင်ကြတာလေ။ ဟင်း... ငါက သူတို့နဲ့ ယှဉ်စရာလား၊ အဆင့်အတန်းချင်း အကွာကြီးပါ"

ထမင်းစားဆောင်နှင့် နီးစပ်သူဖြစ်ရာ စားဝတ်နေရေးအတွက် ပူစရာမလိုပေ။ အဘွားကြီးကျောက်သည် မနက်စာနှင့် နေ့လယ်စာကို စားသောက်ဆောင်တွင် စားသုံးလေ့ရှိသည့်အပြင် မီးဖိုချောင်ကူညီသူများဖြစ်သဖြင့် ထမင်းဟင်း ဝယ်စရာမလိုဘဲ ကျန်ရှိသော ထမင်းဟင်းများကို အကုန်သိမ်းကျုံးယူနိုင်ကြ၏။

အဘွားကြီးကျောက်မှာ ထိုထမင်းနှစ်နပ်နှင့်တင် စိတ်ကျေနပ်နေလေပြီ။ ထမင်းစားဆောင်၏ ဟင်းလျာမှာ မည်မျှပင် ရိုးရှင်းပါစေ မိမိအိမ်တွင် လုပ်စားသည်ထက်တော့ ပို၍ ကောင်းမွန်သည် မဟုတ်ပါလော့။

ထမင်းစားဆောင်သို့ အလုပ်သွားရသည်မှာ သူမအတွက်တော့ အမှန်တကယ် မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ မနက်အစောကြီး ထရသည်ကို ညည်းညူနေခဲ့သော အဘွားကြီးကျောက်မှာ ယခုမူ ကျေနပ်ပီတိဖြစ်နေပြီး ဤဝင်းကြီးအတွင်းရှိ အခြားအဘွားကြီးများထက် မိမိကိုယ်ကိုယ် သာလွန်သည်ဟု ယူဆနေပါတော့သည်။ အဘွားကြီးကျောက်သည် ချန်ချင်းယွီတစ်ယောက် တစ်နေ့လုံး အိမ်မှာ ဘာလုပ်နေသလဲဟု မေးချင်နေသော်လည်း သူမကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဘာမှမပြောရဲဘဲ နေလိုက်၏။

ဤသောက်ရူးမလေးကို သူမ မဆွရဲတော့ပေ။

ဤနှစ်ရက်အတွင်း အဘွားကြီးကျောက်မှာ အတော်လေး အရိုက်ခံထားရသဖြင့် မျက်နှာတွင် ဖူးရောင်ညိုမည်းဒဏ်ရာများဖြင့် ရှိနေဆဲဖြစ်ရာ ထပ်၍ မဆွရဲတော့ခြင်း ဖြစ်သည်။ လူဆိုသည်မှာ အရိုက်ခံရမှပင် ရက်အနည်းငယ်ခန့် ငြိမ်ကုပ်သွားတတ်ကြသည် မဟုတ်လော့။

ချန်ချင်းယွီမှာ ဘာမှမပြောဘဲ ထမင်းငုံ့စားနေကာ မကြာမီမှာပင် မန်ထို ဆယ်လုံးခန့်ကို အကုန်စားပစ်လိုက်သဖြင့် အဘွားကြီးကျောက်၏ နှုတ်ခမ်းများပင် တုန်ရီမဲ့ရွှဲ့သွားရ၏။

"..."

"ပန်းကန်သွားဆေးချေ"

သူမက အဘွားကြီးကျောက်ကို ခိုင်းစေလိုက်ပြီး -

"ရှောင်ကျားနဲ့ ရှောင်ယွမ်... ခုတင်ပေါ်က စားပွဲကို သေချာသုတ်ကြနော်"

ကလေးများကို ထပ်မံ ခိုင်းစေပြောလိုက်လေသည်။

သူတို့အိမ်မှာ ထမင်းစားပွဲကို ခုတင်ပေါ်မှာတင် တည်ခင်းလေ့ရှိသဖြင့် ထမင်းစားပြီးလျှင် သေချာသန့်ရှင်းရေး လုပ်ကြရ၏။

"ဟုတ်ကဲ့~"

ချစ်စဖွယ် အသံလေးများ ထွက်ပေါ်လာပြီး ကလေးနှစ်ယောက်မှာ အဝတ်စုတ်လေးများကို ကိုင်ကာ တက်ကြွစွာ အလုပ်လုပ်ကြတော့သည်။ ရှောင်ကျားလေးမှာ ဖင်လေးကော့ကာ အားတက်သရော သုတ်နေသဖြင့် ချန်ချင်းယွီက စစ်ဆေးကြည့်ပြီးနောက် လက်မထောင်ပြကာ"အရမ်းသန့်ရှင်းတာပဲ၊ တော်လိုက်တာ" ဟု ချီးကျူးပေးလိုက်၏။

ရှောင်ကျားလေးမှာ ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်လေသည်။ အဘွားကြီးကျောက်မှာမူ ပြဿနာမရှာရဲတော့ဘဲ ငြိမ်ငြိမ်လေး ပန်းကန်ဆေးနေရရှာ၏။ စိတ်ထဲတွင်မူ ‘မိသားစုအတွက် ကံဆိုးလိုက်တာ၊ အိမ်ရှင်မကောင်း မရခဲ့ဘူး’ ဟုသာ သက်ပြင်းချနေမိလေသည်။

ချန်ချင်းယွီမှာ အဘွားကြီးကျောက်၏ စိတ်ကူးယဉ်မှုများကို ဂရုမစိုက်ဘဲ ပြတင်းပေါက်တွင် မှီ၍ အပြင်သို့ လှမ်းကြည့်နေသည်။ အဘွားကြီးကျောက်က အလုပ်စောစောဆင်းသော်လည်း ယခုအချိန်တွင် အခြားအိမ်ထောင်စုများလည်း အလုပ်မှ ပြန်ရောက်နေကြပြီဖြစ်ရာ ဝင်းကြီးအတွင်း၌ ဟင်းရနံ့များ သင်းပျံ့နေပြီး မိုးကောင်းကင်မှာမူ အုံ့မှိုင်းနေဆဲ ဖြစ်၏။

ချန်ချင်းယွီ: “မနက်ဖြန် မိုးတိတ်သွားရင် မြို့ပြင်ဘက်ကို မှိုသွားရှာဦးမယ်”

သူမ လှည့်ကြည့်ကာ ထပ်လောင်းပြောလိုက်၏။

“ကျွန်မ ညနေပြန်လာတာ နောက်ကျရင် အမေပဲ ထမင်းနည်းနည်း ချက်ထားလိုက်တော့”

အဘွားကြီးကျောက်မှာ စိတ်ထဲတွင် အောင့်သက်သက် ဖြစ်သွားရသည်။ သူမက အလုပ်သွားရပါလျက်နှင့် အိမ်ပြန်လာရင်လည်း ထမင်းချက်ရဦးမည်လား။ သို့သော် မှိုရှာမည့်အကြောင်း တွေးမိသောအခါ မှိုရလျှင် ကောင်းမည်ဟု ထင်မိသဖြင့် မေးမြန်းလိုက်၏။

“နင် မှိုအမျိုးအစား ခွဲတတ်လို့လား။ မှိုဆိပ်သင့်တာတွေ သွားမခူးမိစေနဲ့ဦး၊ ငါပြောပြမယ်... မှိုတိုင်းက စားလို့ရတာ မဟုတ်ဘူးနော်”

ဤအကြောင်းအရာကို ပြောရလျှင် အဘွားကြီးကျောက်က အတော်လေး ဝင့်ကြွားချင်နေပုံရပြီး

“နင် သေချာမသိရင် ငါပြန်လာမှ စစ်ပေးမယ်၊ ငါကတော့ မှိုအမျိုးအစားတွေကို ကောင်းကောင်းသိတယ်”

ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် အဘွားကြီးကျောက်မှာ အလုပ်ရှောင်တတ်သူ၊ အလုပ်သိပ်မလုပ်ဘဲ အိမ်ရှေ့မှာ အင်္ကျီချုပ်ရင်း တစ်နေကုန် အချိန်ဖြုန်းတတ်သူဟုသာ သိထားခြင်း ဖြစ်၏။ ချန်ချင်းယွီ၏ အံ့သြနေသော မျက်နှာပေးမှာ အလွန်သိသာလွန်းသဖြင့် အဘွားကြီးကျောက်က ရင်ဘတ်ကို မတ်ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။

“ဒါတော့ နင် မသိသေးဘူး မဟုတ်လား။ ငါ့အမေက ယူနန်သူလေ၊ ငါ ဆယ်ကျော်သက်အရွယ်မှာ အမေနဲ့အတူ ဆွေမျိုးတွေဆီ လာလည်ရင်း ဒီပေကျင်းမြို့ကို ရောက်လာတာ”

ချန်ချင်းယွီလည်း ထိုအခါမှ အခြေအနေကို သဘောပေါက်သွားပြီး အလိုက်သင့် ပြောပေးလိုက်၏။

“ဒါဆိုရင်လည်း ကောင်းတာပေါ့၊ ကျွန်မ မသေချာတဲ့ မှိုတွေရှိရင် ခူးလာခဲ့မယ်၊ အမေပဲ ပြန်ရွေးပေးတော့”

အဘွားကြီးကျောက်မှာ ချက်ချင်းပင် ပို၍ ဘဝင်မြင့်သွားကာ ချန်ချင်းယွီကို မာန်ပါပါဖြင့် တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ‘ဟင်း... နင်က လူရိုက်တော်ရင်ကော ဘာဖြစ်လဲ၊ ငါ့ကိုတော့ မမီသေးပါဘူး။ ငါက အတွေ့အကြုံရင့်တဲ့ အဘွားကြီးပဲ၊ သာမန်လူတွေ ငါ့ကို မယှဉ်နိုင်ပါဘူး။ နင်လို ချွေးမလေးတစ်ယောက်ကတော့ ငါသွားခဲ့တဲ့ လမ်းလောက်တောင် အကွေ့အကောက် မရှိသေးပါဘူး’ ဟု စိတ်ထဲက ကြိတ်၍ တွေးနေမိ၏။

“ဒါနဲ့ ကလေးတွေကို ဘယ်လိုလုပ်မလဲ”

အဘွားကြီးကျောက်က ရုတ်တရက် သတိရကာ မေးလိုက်သည်။

ချန်ချင်းယွီ: “ကျွန်မနဲ့အတူ တစ်ခါတည်း ခေါ်သွားမယ်”

ကလေးနှစ်ယောက်ကို တကောက်ကောက် ခေါ်သွားရသည်မှာ အနည်းငယ် အလုပ်ရှုပ်သော်လည်း အဘွားကြီးကျောက်မှာ တစ်လမ်းလုံး လူမုန်းများနေသူဖြစ်ရာ ဝင်းထဲကလူများက သူမကို စိတ်ကုန်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် ချန်ချင်းယွီအနေဖြင့် ကလေးများကို သူတစ်ပါးလက်ထဲ အလွယ်တကူ အပ်ခဲ့မည် မဟုတ်ပေ။

ထို့ပြင် ချန်ချင်းယွီ၏ မှတ်ဉာဏ်အရ မိုးရွာပြီးတိုင်း ဝင်းထဲက အခြားသူများလည်း မြို့ပြင်သို့ မှိုသွားရှာလေ့ ရှိကြသည်။ အိမ်ရှင်မများမှာ ခြိုးခြံချွေတာ၍ စေ့စေ့စပ်စပ် နေထိုင်ရသူများ ဖြစ်သဖြင့် မှိုဆိုသည်မှာ အလွန်ကောင်းမွန်သော အာဟာရတစ်ခုပင် မဟုတ်လော့။ ဒေသခံအချို့က မှောင်ခိုဈေးတွင် သွားရောက်ရောင်းချလေ့ရှိရာ သာမန်ဟင်းသီးဟင်းရွက်များထက်ပင် ဈေးပိုရတတ်ပေသည်။

ထို့ကြောင့် မိုးရွာပြီးတိုင်း လူအများအပြားမှာ အုပ်စုလိုက် မြို့ပြင်သို့ ထွက်ကြလေ့ရှိရာ ချန်ချင်းယွီက ကလေးများကို တစ်စုံတစ်ယောက်ထံ အပ်နှံချင်လျှင်ပင် အပ်နှံစရာလူ ရှိလိမ့်မည် မဟုတ်ပေ။

ချန်ချင်းယွီ: "ရှောင်ကျားနဲ့ ရှောင်ယွမ်... ဒီနေ့ စောစောအိပ်ကြနော်၊ မနက်ဖြန်သာ ရာသီဥတုသာယာရင် တို့တွေ တောင်ပေါ်တက်ကြမယ်၊ ဟုတ်ပြီလား"

"ဟုတ်!!!"

ကြည်လင်ပြတ်သားသော ကလေးသံလေးများ ထွက်ပေါ်လာ၏။

ရှောင်ကျားနှင့် ရှောင်ယွမ်မှာ ပုံမှန်အားဖြင့် ချန်ချင်းယွီနှင့်သာ နေကြရသူများဖြစ်ပြီး သူမကိုယ်တိုင်လည်း အပြင်ထွက်ခဲသဖြင့် ကလေးများမှာလည်း ဝင်းကြီးအတွင်း၌သာ အချိန်ကုန်ရလေ့ရှိသည်။ ယခု မြို့ပြင်သို့ သွားရမည်ဟု သိလိုက်ရသဖြင့် မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် တတွတ်တွတ် ပြောဆိုနေကြတော့၏။

မိုးရွာပြီးနောက် မှိုရှာရန် စိတ်ကူးသည် ချန်ချင်းယွီတစ်ယောက်တည်း၏ စိတ်ကူးမဟုတ်ဘဲ လူတိုင်းလည်း ထိုအတိုင်း တွေးတောနေကြခြင်း ဖြစ်၏။

လူတိုင်းမှာ အစစအရာရာ ချွေတာနေထိုင်ကြရသူများဖြစ်ပြီး ယခုခေတ် မြို့ပြဘဝမှာ ကျေးလက်ထက် သာလွန်သည်ဟု ဆိုနိုင်သော်လည်း လိုလေသေးမရှိ ပြည့်စုံနေသည်တော့ မဟုတ်ပေ။ အရာရာကို လက်မှတ်ဖြင့်သာ ဝယ်ယူရသဖြင့် အကန့်အသတ်ရှိလှရာ ချန်ချင်းယွီကဲ့သို့ အစားကြီးသူနှင့်ဆိုလျှင် ပို၍ပင် ခက်ခဲလှပေသည်။

ချန်ချင်းယွီက မြို့ပြင်သို့ မှိုသွားရှာရန် ကြံစည်နေချိန်တွင် အခြားအိမ်ထောင်စုအချို့မှာလည်း ထိုအတိုင်းပင် စဉ်းစားနေကြ၏။ ဒုတိယဝင်းအတွင်း၌ပင် ရှိနေသော ရှီကျန့်ရှန်းမှာ ဟင်းချက်နေရင်း ပစ္စည်းများကို ဆောင့်ကြီးအောင့်ကြီး လုပ်ကိုင်နေကာ ယနေ့ အရှုံးပေးခဲ့ရသည်ကို တွေးမိတိုင်း ဒေါသထွက်နေမိသည်။

ရွှီကောင်းမင်: "မင်း အဲဒီလို ဆောင့်အောင့်နေလို့ရော ဘာထူးမှာလဲ၊ မင်းသိက္ခာက ပြန်တက်လာမှာမို့လို့လား"

သူ၏ခြေထောက်မှာ အရိုးအက်နေသော်လည်း ယနေ့တွင် အလုပ်ကို မဖြစ်မနေ သွားခဲ့သူ ဖြစ်သည်။ ဒဏ်ရာအနည်းငယ်ကြောင့်နှင့် တိုက်ပွဲမဆုတ်သူဟုပင် ဆိုရပေမည်။ သူသည် မျက်ခုံးထူထူ မျက်လုံးအိမ်ကြီးကြီးနှင့် လူရည်သန့်ရုပ်ထွက်သော်လည်း စိတ်ထားမှာမူ မကောင်းလှပေ။ သူက မျက်နှာမကောင်းစွာဖြင့်

"မင်း အိမ်မှာ ဒေါသထွက်နေမယ့်အစား သူတို့ကို သင်ခန်းစာတစ်ခု ပေးလိုက်တာကမှ ပိုကောင်းဦးမယ်။ ငါကြည့်ရသလောက်တော့ သူတို့အိမ်က ဒီရက်ပိုင်း အတော်လေး သောင်းကျန်းနေပုံရတယ်၊ ပညာပေးဖို့ အချိန်တန်ပြီ။ လင်းကျန့်ဝမ် သေသွားလို့ ငါက သိက္ခာငဲ့ပြီး လွှတ်ထားပေးတာကို သူတို့က အလိုက်မသိဘဲ ထခုန်နေကြတာဆိုတော့ ငါလည်း သေသူကို ထည့်ငဲ့နေစရာ မလိုတော့ဘူး။ အဲ့အိမ်က မိန်းမနှစ်ယောက်လုံးက လင်းမိသားစုရဲ့ မျိုးရိုးအစစ်တွေမှ မဟုတ်တာ၊ တစ်နေ့တော့ နောက်အိမ်ထောင်ပြုကြမှာပဲ။ အလုပ်နေရာကို ဘာလို့ လက်ဝယ်ထားချင်နေရတာလဲ၊ ပိုပြီး လိုအပ်တဲ့သူတွေကို ပေးသင့်တာပေါ့... အတ္တကြီးလိုက်တာ။ အခုတော့ အဘွားကြီးကျောက်က အလုပ်ဝင်သွားပြီဆိုတော့ ငါ့အတွက် ကိုင်တွယ်ရခက်သွားပြီ။ တောက်! သူတို့ကို သင်ခန်းစာတစ်ခုခုတော့ ပေးမှဖြစ်မယ်"

ရှီကျန့်ရှန်းမှာ ချက်ချင်း စိတ်အားတက်ကြွသွားပြီး "အဖိုးကြီး... ရှင့်မှာ ဘာအကြံကောင်းရှိလို့လဲ" ဟု မေးလိုက်၏။

ရွှီကောင်းမင်က ခပ်ပြုံးပြုံးဖြင့် လူတတ်ကြီးလုပ်ကာ

"အခုက အချိန်အခါကောင်း မဟုတ်လား"

ရှီကျန့်ရှန်းက နားမလည်သဖြင့် ကြည့်နေစဉ် ရွှီကောင်းမင်က အဓိပ္ပာယ်ပါပါဖြင့် "မိုးရွာပြီးရင် မှိုရှာရမယ့်အချိန်လေ" ဟု ပြောလိုက်လေသည်။

ရှီကျန့်ရှန်းမှာ နားမလည်သေးဘဲ ဇဝေဇဝါဖြင့်သာ ကြည့်နေဆဲ ဖြစ်၏။

ရွှီကောင်းမင်က ဇနီးဖြစ်သူ၏ ဉာဏ်နည်းမှုကို သက်ပြင်းချရင်း

"သူက မြို့ပေါ်မှာကြီးတဲ့ မိန်းကလေးပဲ၊ မှိုအကြောင်း ဘာသိမှာလဲ။ ဒီနှစ်တွေထဲမှာလည်း သူ မှိုသွားရှာတာ တစ်ခါမှ မတွေ့ဖူးဘူး၊ ဒါကြောင့် သူ မှိုအမျိုးအစား မခွဲတတ်တာ သေချာတယ်။ မင်း မနက်ဖြန် သူ့ကို အတူတူသွားဖို့ ခေါ်လိုက်၊ ပြီးရင် အဆိပ်ရှိတဲ့ မှိုတွေကို တွေ့ရင် သူ့ခြင်းတောင်းထဲ ထည့်ပေးလိုက်ပေါ့"

ရှီကျန့်ရှန်း မျက်လုံးများ အရောင်တောက်သွားကာ လေသံကို နှိမ့်၍

"ဒါ အကြံကောင်းပဲ!" ဟု ဆိုလိုက်လေသည်။

သို့သော် မကြာမီမှာပင် သူမက စိုးရိမ်တကြီးဖြင့် ပြောလိုက်မိ၏။

"ဒါပေမဲ့... လူသေသွားရင် ဘယ်လိုလုပ်မလဲ။ လူသတ်ရင် သေနတ်နဲ့ အပစ်ခံရမှာနော်!"

သူမ တွေးမိလျှင် ကြောက်လန့်သွားရသည်။

ရွှီကောင်းမင်မှာ စကားမပြောနိုင်တော့ဘဲ

"မင်းက ဘာလို့ ဒီလောက်တောင် ရိုးအနေရတာလဲ။ မင်းက လူကို ချက်ချင်းသေစေနိုင်တဲ့ အပြင်းစားအဆိပ်မှိုကို ရှာပေးစရာ လိုလို့လား။ စားလိုက်ရင် ချက်ချင်း သေသွားမယ့်မှိုမျိုးက ဘယ်နှစ်မျိုးရှိလို့လဲ။ အများစုက စားမိရင် ဒုက္ခရောက်ရုံလောက်ပဲ မဟုတ်လား။ မင်း မှိုရှာလာတာ နှစ်တွေမနည်းတော့ဘူး၊ မှိုအကြောင်း မသိဘူးလား။ သာမန် အဆိပ်ရှိပေမဲ့ လူမသေနိုင်တဲ့ မှိုမျိုးကို ရှာပေးလိုက်ရင် ရပြီပေါ့"

"ဟုတ်သားပဲ... ဟုတ်တယ် ဟုတ်တယ်! ကျွန်မ သိတဲ့ မှိုတွေ အများကြီးပဲ"

"ဒါဆိုရင် ရပြီပေါ့"

ရှီကျန့်ရှန်းက ဇဝေဇဝါဖြင့် ထပ်မေးလိုက်ပြန်၏။

"ဒါပေမဲ့... ကျန့်ဝမ်ဇနီးက ပုံမှန်ဆိုရင် မှိုသွားမရှာဘူးလေ။ ပြီးတော့ တို့မိသားစုနှစ်စုကလည်း ဆက်ဆံရေးက သိပ်မကောင်းဘူးဆိုတော့ ငါ သွားခေါ်ရင် သူ လိုက်ပါ့မလား"

ရွှီကောင်းမင် : "..."

ဇနီးဖြစ်သူမှာ အလွန်ဉာဏ်နည်းလွန်းသည်ဟု ရင်နာစွာ တွေးတောနေမိပါတော့သည်။

ရွှီကောင်းမင်မှာလည်း သူ့ကိုယ်သူ စက်မှုစက်ရုံမှာ နာမည်ရှိသူ၊ အမြော်အမြင်ရှိသူဟု မှတ်ယူထားသူဖြစ်နေ၍ ဤသို့ ဉာဏ်နည်းလှသော အဘွားကြီးမျိုးနှင့် ဘဝဖော်ဖြစ်နေရသည်ကို တွေးပြီး စိတ်ပျက်နေမိလေ၏။

သူက လေသံကိုနှိမ့်ပြီး ဆုံးမစကားဆိုလိုက်လေသည်။

"မင့်ဦးနှောက်က ကျောက်ခဲနဲ့ လုပ်ထားတာလား။ အကြံလေးဘာလေး ထုတ်ဦးမှပေါ့။ ဒီနေ့ အဘွားကြီးကျောက်က ချန်ချင်းယွီနောက်ကို မင်း ခိုးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အသေသတ်မတတ် ရန်လုပ်သွားတယ်မဟုတ်လား။ မနက်ဖြန်ကျရင် မက်မွန်သီးစည်သွပ်ဗူး တစ်ဗူးယူသွားပြီး တောင်းပန်လိုက်၊ ပြီးရင် မှိုသွားရှာဖို့ အဖော်စပ်လိုက်ပေါ့။ ဒါဆိုရင် အကုန်လုံးက သဘာဝကျသွားပြီမဟုတ်လား။ သူ့ကို လှည့်ဖြားခေါ်သွားနိုင်ရုံတင်မကဘူး၊ ဒီနေ့ ပျက်စီးသွားတဲ့ မင့်သိက္ခာကိုလည်း ပြန်ဆယ်လို့ရတယ်။ နာမည်ကောင်းရှိမှ ဘာလုပ်လုပ် ပိုလွယ်တာ။ စည်သွပ်ဗူးတစ်ဗူးတော့ ဆုံးရှုံးရမှာမှန်ပေမဲ့ တို့မိသားစုရဲ့ ရိုးသားမှုနဲ့ သူတို့မိသားစုရဲ့ ရန်လိုမှုကို အများရှေ့မှာ သက်သေပြနိုင်မှာ။ တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ၊ မကောင်းဘူးလား"

ရှီကျန့်ရှန်းက ပေါင်ကို ဖြတ်ခနဲပုတ်ပြီး မြှောက်ပင့်လိုက်မိ၏။

"ဟုတ်သားပဲ... ရှင်ပြောတာ အမှန်ပဲ။ အဖိုးကြီး... ရှင်ကတော့ တကယ်ကို ဉာဏ်ကောင်းတာပဲ"

ရွှီကောင်းမင်က ခပ်ပြုံးပြုံးနှင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောပြန်လေ၏။

"ငါက စက်ရုံမှာ ရာထူးလေး နည်းနည်းနိမ့်နေလို့သာ၊ မဟုတ်ရင် ဒီဝင်းကြီးရဲ့ အုပ်ချုပ်ရေးမှူးနေရာက ငါ့လက်ထဲမှာပဲ။ မာကျန့်ယီလို လူမျိုးက ငါ့အထက်မှာ ရှိနေရတာ တကယ်ကို စိတ်တိုစရာပဲ"

"အဖိုးကြီးရယ်... ရှင်လည်း အောင့်သက်သက်နဲ့ နေခဲ့ရရှာတာပဲ"

ရှီကျန့်ရှန်းမှာ သနားဂရုဏာဖြင့် လင်ဖြစ်သူ ရွှီကောင်းမင် လက်ကို ဆုပ်ကိုင်လိုက်ပါတော့၏...။

ရွှီမိသားစု၌ အကြံအစည်များ ရှိနေချိန်ဝယ် အလယ်ဝင်းရှိ အခြားမိသားစုတစ်ခုတွင်လည်း သောကမိုးတိမ်များ ဖုံးလွှမ်းလျက် ရှိနေပေသည်။ အဘွားကြီးကျောက် အလုပ်ဝင်သွားသည့်ကိစ္စကို သူတို့က အမုန်းဆုံးပင် ဖြစ်၏။ အစ်မကြီးဖန်တို့တွင် ကလေးသုံးယောက်ရှိပြီး သားကိုသာ ဦးစားပေးသည့် မိသားစုမျိုးဖြစ်သဖြင့် သမီးကြီး ကျေးလက်ဘက်သို့ ဆင်းရစဉ်က သူတို့သည် ဘာမျှကူညီမပေးခဲ့ကြပေ။ ယခု ဒုတိယသားအလှည့် ရောက်လာသောအခါမှသာ အသည်းအသန် ဖြစ်နေကြခြင်း ဖြစ်လေသည်။ အစကမူ တစ်ဖက်အိမ်မှ လင်းကျန့်ဝမ်၏ အလုပ်နေရာကို မျက်စိကျနေခဲ့ကြခြင်း ဖြစ်၏။

သို့သော် အဘွားကြီးကျောက်က အလုပ်ဝင်သွားပြီဖြစ်သဖြင့် အလွယ်တကူ ပြန်ထွက်ရန် မရှိတော့ပေ။ အစ်မကြီးဖန်တို့ ဇနီးမောင်နှံ မျှော်လင့်ချက် ပျက်သုဉ်းသွားသကဲ့သို့ သားဖြစ်သူ ရှီးရှောင်ဝေသည်လည်း အိမ်၌ မျက်နှာဆူပုတ်နေတော့၏။

"အမေ... ကျွန်တော် ကျေးလက်ကို မဆင်းနိုင်ဘူး၊ ဘယ်လိုမှ မဆင်းနိုင်ဘူး။ တောရွာက ဘဝက ဘယ်လောက်တောင် ပင်ပန်းလဲ။ လီလင်းလင်းလို အသုံးမကျတဲ့ မိန်းကလေးတောင် မသွားဘဲ နေနိုင်သေးတာ၊ ကျွန်တော်က ဘာလို့ သွားရမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မေမေတို့ နည်းလမ်းရှာပေးရမယ်။ ကျွန်တော်က မိသားစုရဲ့ သားကြီးလေ၊ မြို့ပေါ်မှာနေပြီး အမေတို့ကို လုပ်ကျွေးရမှာ မဟုတ်လား။ နည်းလမ်းတစ်ခုခု စဉ်းစားပေးပါဦး"

အစ်မကြီးဖန်: "မနက်ဖြန်ကျရင် စက်ရုံကို သွားပြီး ထပ်စုံစမ်းကြည့်ပါဦးမယ်။ အခုက လူတိုင်းက ကိုယ့်နေရာကိုယ့်အပေါက်နဲ့ဆိုတော့ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။ ဒီနေ့ ကျောက်ရုံ ခွင့်ယူတာ တွေ့လိုက်တယ်၊ သူလည်း ဒီကိစ္စအတွက်ပဲ အပြင်ထွက်ပြေးနေတာ ထင်တယ်။ ဘာတွေ ထူးခြားမလဲတော့ မသိဘူး"

ရှီရှန်း က ခေါင်းခါ၍

"သူတို့အိမ်က တို့အိမ်ထက် ပိုအခြေအနေ ဆိုးတာ။ တို့သမီးက ကျေးလက်ကို ရောက်နေပြီလေ၊ သူတို့အိမ်ကတော့ တစ်ယောက်မှ မသွားရသေးဘူး။ ကြည့်နေလိုက်... ၆ လပိုင်း၊ ၇ လပိုင်းကျလို့ အထက်တန်းအောင်ရင် ရပ်ကွက်ရုံးက သူတို့အိမ်ကို အရင်ဆုံး လာမှာ။ ကလေးတစ်ယောက်မှ ကျေးလက်ကို မဆင်းရဘဲ နေလို့ရမလား၊ ဘယ်မှာ အဲဒီလို ကောင်းကင်ဘုံက ကျတဲ့ အခွင့်အရေးမျိုး ရှိမှာလဲ"

ယွမ်မိသားစု အကြောင်းပြောလိုက်သောအခါ ရှီးရှောင်ဝေသည် ချက်ချင်း ထရပ်၍ စကားပြောကာ ဝှစ်ခနဲ ထွက်ပြေးသွားပါတော့၏။

"ဟောက်ရွှယ်ဆီ သွားလိုက်ဦးမယ်။ သူတို့ မနက်ဖြန် တောင်ပေါ် မှိုသွားရှာကြမလို့တဲ့၊ ကျွန်တော်လည်း လိုက်သွားဦးမယ်"

အစ်မကြီးဖန်က "ဟဲ့... ဟဲ့..." ဟု လှမ်းခေါ်သော်လည်း မမှီတော့ပေ။ သူမက မျက်နှာပျက်ပျက်ဖြင့်

"ဒီကောင်လေးကတော့ ယွမ်မိသားစုက ကောင်မလေးကိုပဲ မျက်နှာချိုသွေးနေတာ။ မနက်ဖြန်က ကျောင်းပိတ်ရက်လည်း မဟုတ်ဘဲ ဘာလို့ ကျောင်းမသွားကြတာလဲ..."

ရှီရှန်း ကြားဖြတ်၍ "သူတို့ကျောင်းက မနက်ဖြန် ထပ်ပြီး ပိတ်ပြန်ပြီလေ" ဟု ပြောလိုက်၏။

အစ်မကြီးဖန်: "ဘာလို့ ခဏခဏ ပိတ်နေတာလဲ။ တစ်နေကုန် ပိတ်နေတာနဲ့ပဲ ကျောင်းတက်နေရတာလား မတက်နေရတာလား မသိတော့ဘူး။ သူကလည်း ယွမ်မိသားစုက ကောင်မလေးနောက်ကို တကောက်ကောက် လိုက်နေတာ။ အခုတောင် ဒီလိုဆိုရင် နောက်ကျလို့ အိမ်ထောင်ကျရင် အမေကို မေ့သွားတော့မှာပဲ"

ရှီရှန်းကမူ ထိုသို့မတွေးဘဲ

"မင်းကလည်း ကိစ္စတွေ အများကြီး မတွေးစမ်းပါနဲ့။ လူတိုင်းက ငယ်ငယ်တုန်းက ဒီလိုပဲ ဖြတ်သန်းခဲ့ကြတာ မဟုတ်လား။ ဟောင်ရွှယ် (ရှောင်ရွှယ်) လေးက ငါတို့တွေ မျက်စိရှေ့မှာတင် ကြီးလာတာပဲ၊ ကလေးမလေးက လိမ္မာပါတယ်"

အစ်မကြီးဖန် ထပ်မံငြင်းခုံလိုသည်ကို မြင်သောအခါ သူက စကားလမ်းကြောင်း အမြန်လွှဲ၍

"အေး... ဒါနဲ့ မင်းလည်း မနက်ဖြန် ခွင့်ယူလိုက်ပါလား။ မိုးရွာပြီးရင် အကုန်လုံး တောင်ပေါ် မှိုသွားရှာကြမှာပဲ၊ မင်းလည်း လိုက်သွားဦး။ တစ်ဖက်အိမ်က မုဆိုးမလေးကိုလည်း ခေါ်သွားပြီး အခြေအနေလေး စုံစမ်းကြည့်ဦးပေါ့။ အခုချိန်မှာ အလုပ်ရှာရတာ တကယ်ခက်တာ၊ လင်းကျန့်ဝမ် ချန်ထားခဲ့တဲ့ အလုပ်နေရာကို ရနိုင်မလားဆိုတာ ထပ်ပြီး ကြိုးစားကြည့်ရအောင်..."

အစ်မကြီးဖန်က ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

"အေး... ဒါလည်း ဟုတ်တာပဲ"

သား၏အရေးက အကြီးဆုံးမဟုတ်ပါလော။ ဤဝင်းကြီးအတွင်း အလုပ်လိုချင်နေသူမှာ သူတို့မိသားစုတစ်ခုတည်း မဟုတ်သဖြင့် အမြဲတမ်း ဦးအောင် လုပ်ဆောင်မှ ရပေလိမ့်မည်။

ချန်ချင်းယွီသည် မိမိအား မျက်စိကျနေသူ များပြားနေသည်ကို မသိရှိပေ။ သိခဲ့လျှင်ပင် ကြောက်ရွံ့မည့်သူ မဟုတ်ပေ။ တစ်ညလုံး မိုးတဖြဖြ ရွာနေခဲ့သော်လည်း သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့၏။ အဘွားကြီးကျောက်ကမူ စိတ်ညစ်နေရပြန်လေသည်။ မနေ့ညက အိပ်ပျော်နေစဉ် ‘သောက်ရူးမလေး’ ကို နှိပ်ကွပ်ရန် ကြံစည်ခဲ့သော်လည်း မတော်တဆ အိပ်ပျော်သွားပြန်သဖြင့် နိုးလာသောအခါ မိုးပင်လင်းနေပြီ ဖြစ်လေသည်။ ဤအရူးမကို နှိပ်ကွပ်မည့် အစီအစဉ်သည် နောက်တစ်ကြိမ် ကျရှုံးသွားပြန်၏။

မနက်အလုပ်သွားရန် ထွက်လာသည့်အခါ အဘွားကြီးကျောက်သည် စိတ်မပါတပါဖြင့် တစ်လမ်းလုံး ညည်းညူဆဲဆိုသွားလေသည်။ သူမသည် ဘာကြောင့် ဤမျှ အိပ်မောကျသွားရသနည်းဟု တွေးတောကာ ရင်နာနေမိ၏။ ချန်ချင်းယွီ အိပ်ပျော်သည်ကို စောင့်ဆိုင်း၍ ထရန် အားတင်းထားပါလျက် မိမိကသာ အရင်အိပ်ပျော်သွားခဲ့ရခြင်း ဖြစ်လေသည်။

"ဆိုးလိုက်တာ! အမေ့-ိုးမ... မကျေနပ်ဘူးဟေ့!"

အဘွားကြီးကျောက်သည် တစ်လမ်းလုံး ဆဲဆိုသွား၏။

လီချန်ရွှမ်းကလည်း "... ကံဆိုးလိုက်တာ!" ဟု ရေရွတ်နေမိလေသည်။ မနက်တိုင်း ဤအဘွားကြီးနှင့် တွေ့ဆုံရရုံမက ဆဲသံများကိုပါ နားထောင်နေရသည်မှာ တကယ်ပင် ကံဆိုးလှပေ၏။

"ငါ ဘယ်လိုလုပ် သားရတော့မှာလဲ။ သားလေးတွေတောင် ကြောက်ပြီး ဗိုက်ထဲ မလာရဲတော့ဘူး! စိတ်တိုစရာကြီး!"

လီချန်ရွှမ်းသည်လည်း ကြိမ်းမောင်းရင်း တစ်လမ်းလုံး တတွတ်တွတ် ဆဲဆိုသွား၏။ လမ်းတွင်တွေ့သော အလုပ်သမားများကမူ သူတို့ကိုကြည့်၍ ကံဆိုးတာပဲဟုသာ ရေရွတ်ကာ ဤပါးစပ်သရမ်းသူ နှစ်ဦးနှင့် ထပ်မံဆုံတွေ့ပြန်ပြီဟု တွေးတောလျက် အမြန်ဆုံး ခြေလှမ်းကျဲကျဲဖြင့် သွားကြလေတော့သည်။

အဘွားကြီးကျောက်တို့သည် အလုပ်စောပြီး ကျန်သူများမှာ အနည်းငယ် နောက်ကျလေသည်။ အပြင်ဘက်၌ ဟင်းချက်သံနှင့် ဆေးကြောသံများ ဆူညံလာတော့မှ ချန်ချင်းယွီသည် မျက်လုံးကို ပွတ်သပ်ကာ ထထိုင်လိုက်၏။ ယနေ့တွင်မူ သူမ ပြန်မအိပ်တော့ဘဲ တောင်ပေါ်သို့ သွားရန် ပြင်ဆင်လေသည်။ နွေဦးမိုးရွာပြီးနောက်ပိုင်း၌ သိပ်မအေးတော့သော်လည်း ဂွမ်းအင်္ကျီကြီးကိုမူ ထပ်ဝတ်ထားရဆဲ ဖြစ်၏။

"ကျန့်ဝမ်ဇနီးလေး... ချန်ချင်းယွီ... ချင်းယွီရေ! အိမ်မှာ ရှိလား"

လှမ်းခေါ်သံ ကြားရသဖြင့် ချန်ချင်းယွီက "ရှိတယ်" ဟု ပြန်ထူးလိုက်လေသည်။ တံခါးဖွင့်လိုက်သောအခါ ရှီကျန့်ရှန်းမှာ မက်မွန်သီးစည်သွပ်ဗူး တစ်ဗူးကို ကိုင်ဆောင်လျက် ပြုံးဖြီးဖြီးနှင့် ကြင်နာတတ်သည့် အဘွားကြီးအသွင် ဟန်ဆောင်နေသည်ကို တွေ့လိုက်ရ၏။

သူမက တခြားသူများများ ကြားစေရန် အသံကို ကျယ်ကျယ်လွင့်၍ "ချင်းယွီရေ... ဒေါ်လေးက ညည်းအတွက်ကို စည်သွပ်ဗူး လာပေးတာ။ မနေ့တုန်းက ကိစ္စက ဒေါ်လေးပဲ မှားတာပါ။ ဒေါ်လေးက စေတနာနဲ့ လုပ်ခဲ့တာပေမဲ့ ညည်းယောက္ခမက နားမလည်တော့ ဒေါ်လေးလည်း..." ဟု စာစီညည်းဆိုကာ ဝမ်းနည်းဟန် ဆောင်လိုက်ပြန်လေသည်။

"ဒါကြောင့် ဒေါ်လေးက ညည်းကို တောင်းပန်တဲ့အနေနဲ့ စည်သွပ်ဗူး လာပေးတာပါ။ ဒေါ်လေးရဲ့ စိတ်ဆတ်မှုကို ခွင့်လွှတ်ပေးပါနော်၊ ဟုတ်ပြီလား"

ချန်ချင်းယွီသည် မျက်ခုံးကို တစ်ချက်ပင့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်မိလေ၏။

အိုးဟိုး…

အဘွားကြီး…

ဟားဟား.. စိတ်ဝင်စားစရာပဲ..

၂၀။ ညည်းကို ငါ့မှိုတွေ အကုန်ပေးမယ်

ချန်းချင်ယွီသည် ငယ်စဉ်ကတည်းက အစားကြီးသူတစ်ဦးဖြစ်သည်။ ထို့ကြောင့်ပင် သူမနဂိုနေထိုင်ရာ ခေတ်သစ်၌ရှိသော မိဘမဲ့ဂေဟာမှဘဝသည် အစာရေစာ မရှားပါးလှသော်လည်း ချန်းချင်းယွီပေါက်စလေးမှာမူ အမြဲတမ်းဗိုက်ဆာနေလေ့ရှိ၏။

သူမသည် အမြဲတမ်း အလွန်အမင်း ဗိုက်ဆာနေေလေ့ရှိသဖြင့် မိမိအတွက် အစားအသောက် ရှာဖွေရာတွင် ပါရမီပါလှလေသည်။ မိမိခွန်အားကြီးသည်ကို အခွင့်ကောင်းယူကာ မိဘမဲ့ဂေဟာနောက်ဘက်ရှိ တောင်ကုန်းသို့သွားပြီး ရစ်ငှက်များ ဖမ်းစားလေ့ရှိ၏။

သူမ အသက် ငယ်ငယ်လေးသာရှိသေးသော ထိုအချိန်တွင် ထိုငှက်များမှာ နိုင်ငံတော်မှ ထိန်းသိမ်းစောင့်ရှောက်ရမည့်စာရင်းထဲ မထည့်ရသေးသည်ဖြစ်၍သာ တော်တော့သည်။ မဟုတ်လျှင် ချန်ချင်းယွီတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နှင့် သံတိုင်များကြား မျက်ရည်လည်ရွှဲ ငိုကြွေးနေရပေမည်။ ငါးဖမ်းခြင်း၊ ငှက်ပစ်ခြင်းကဲ့သို့ အရာများမှာ သူမအတွက် မခက်ခဲလှပေ၊ ဆိုရသော် ငယ်စဉ်ကတည်းက မိမိပါးစပ်တစ်ပေါက်အတွက် မိမိကိုယ်တိုင်သာ ရုန်းကန်ခဲ့ရသောကြောင့်ပင်တည်း။

မှိုခူးခြင်းကိုမူ ယခင်က သူမ ပြုလုပ်ဖူးသော်လည်း တွေ့ရများသော မှိုများကိုသာ နှုတ်ဖူးလေ၏။ အတွေ့ရနည်းသော မှိုများကိုမူ သူမ မထိရဲပေ၊ ထို့ကြောင့် သူမ၏ မှိုရှာအရည်အချင်းမှာ အတွေ့အကြုံမများလှပေ။

“ချင်းယွီ ညည်း မှိုရှာထွက်ဖူးလား”

ရှီကျန့်ရှန်းသည် စမ်းသပ်သည့် သဘောဖြင့် မေးလိုက်၏။

ချန်ချင်းယွီသည် ရှက်တက်တက် အမူအယာဖြင့် ခေါင်းလေးယမ်းပြလိုက်ပြီး

“မရှာဖူးပါဘူး”

သူမအနေဖြင့် ယခင်ဘဝ ချင်းယွီအနေဖြင့်သာ မှိုရှာဖူးပြီး လက်ရှိ ချန်ချင်းယွီမှာ တစ်ခါမှ မသွားဖူးပေ။

နိုင်ငံ၏ အငတ်ဘေးဆိုက်ကပ်သော သုံနှစ်တာကာလမှာပင် မူလ သူမအနေဖြင့် ဆာလောင်မှုကို မခံစားခဲ့ရပေ။ ရုတ်တရတ် ချန်ချင်းယွီ တုံ့ဆိုင်းသွားလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏အဘိုးအဘွားတို့မှာ အမှန်တကယ်ပင် ငွေကြေးပြည့်စုံကြွယ်ဝသူများဖြစ်ကြောင်း သိသာနေပေ၏။ ၁၉၆၀ နောက်ပိုင်းသို့ ပြန်ကြည့်လိုက်လျှင် အိမ်တိုင်းမှာ စားနပ်ရိက္ခာရှားပါးနေတတ်သော်လည်း သူမတို့အိမ်၌မူ အမြဲတမ်း စားစရာလုံလောက်အောင် ရှိခဲ့ကြောင်း သူမ သတိရမိသွားသည်။

ချန်ချင်းယွီ အနည်းငယ် တုံ့ဆိုင်းနေမိပြီးမှ စကားဆက်ပြောလိုက်၏။

“ကျွန်မယောက္ခမကပြောတယ် မှိုခူးရင် တွေ့ရများတဲ့ဟာကိုပဲ ခူးတဲ့၊ အရောင်လှလှနဲ့မှိုပုံစံလှတာတွေ၊ ထူးထူးဆန်းဆန်း ပုံစံမျိုးတွေဆို မထိနဲ့တဲ့”

သူမ ကြည့်ရသည်မှာ စားရသောမှိုနှင့် စားမရသောမှိုကို ခွဲခြားရာတွင် အခက်တွေ့နေကာ အရည်အချင်းရှိဟန် မပေါ်ပေ။

ရှီကျန့်ရှန်းမှာ တောက်တောက်ပပ ပြုံးလိုက်မိလေသည်။ သူမအနေဖြင့် ချန်ချင်းယွီတစ်ယောက် အမှန်တကယ် မခွဲခြားတတ်ပါစေနဲ့ဟု မျှော်လင့်နေမိ၏။ ထိုမှသာ သူမသာ် ချန်ချင်းယွီကို အရူးလုပ်နိုင်မည်တည်း။ ရှီကျန့်ရှန်းသည် ဗီလိန်ဆန်ဆန် အပြုံးမျိုးဖြင့်ပြုံးနေခဲ့ပြီး အလွန်အမင်း ကျေနပ်အားရနေရှာသည်။

ကောင်းလိုက်တာ.! ရေကန်အသင့်ကြာအသင့်ဘဲ!! ဟဟ

“ကျန့်ဝမ်ဇနီးလေး… ညည်း မခွဲတတ်လည်း ကိစ္စမရှိပါဘူးအေ့ မသိရင် ငါ့ကိုမေးပါ။ ငါတစ်ယောက်လုံးရှိပါတယ်”

လင်စန်းရှန်းမှာ ရုတ်တရတ် သူတော်ကောင်းမကြီး ဝင်လုပ်လိုက်လေ၏။

ရှီကျန့်ရှန်းမှာ သူမပြောမည့် စကားလုံးများဖြင့် နင်သွားရပြီး စိတ်ထဲမှ လင်စန်းရှန်းကို ကျိန်ဆဲလိုက်လေသည်။

သောက်သုံးမကျတဲ့ကောင်မ!!

ညည်း သောက်လုပ်လား!! သူများကိစ္စကို ဝင်မွှေချင်တဲ့ဟာမ!!

ညည်းသောက်ပူ ဘာပါလို့လဲ!!

သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့၍ လင်စန်းရှန်းကို မကျေမနပ်ကြည့်လိုက်ပြီး စိတ်ထဲမှနေ၍ ‘ညည်းသားယောကျာ်းလေး မမွေးနိုင်တာ မအံ့ဩတော့ပါဘူး။ သူများကိစ္စကြားဝင်နေချင်တာကိုး။ သောက်ဖြစ်မရှိတဲ့ဟာမ’ ဟု တွေးနေခဲ့၏။

လီလင်းလင်းသည် ရှီကျန့်ရှန်းကို အကဲခတ်လိုက်ပြီး သူမအမေကို လှမ်းဆွဲလိုက်ကာ

“အမေ..လာလာ မှိုများများခူးရအောင် အဖေက မှိုနဲ့အသားရောကြော်တာလေး ကြိုက်တယ်လေလ”

“ဟုတ်တယ် ဟုတ်တယ် သမီးအဖေက အဲ့လိုမျိုးကြိုက်တာ အမေတို့များများ ခူးကြတာပေါ့”

ဤတစ်ခေါက် မြို့ပြင်ထွက်လာကြသူများမှာ ရှီကျန့်ရှန်းနှင့် ချန်ချင်းယွီ သားအမိသုံးဦးတည်း မဟုတ်ပေ။ ဝင်းထဲရှိ အဒေါ်ကြီး အတော်များများလည်း ပါဝင်ကြပြီး အားလုံးမှာ တိုင်ပင်ကာ စုပေါင်းထွက်လာကြခြင်းဖြစ်၏။ လူများလျှင် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုနိုင်သည့်အပြင် ပို၍လည်း ဘေးကင်းပေသည်။ အတူပါလာသူများထဲတွင် လင်စန်းရှန်း သားအမိ၊ အလယ်ဝင်းမှ ပိုင်ဖုန်းရှန်း၊ စတုတ္ထဝင်းမှ အဘွားကြီးဟွမ်နှင့် အခြားအဒေါ်ကြီး၊ အဘွားကြီး အချို့လည်း ပါဝင်ကြရာ စုစုပေါင်း လူတစ်ဆယ်ကျော်ခန့် ရှိလေသည်။

အဘွားကြီးဟွမ်နှင့် ချန်ချင်းယွီတို့ မိသားစုမှာမူ တစ်စေးနှင့်မျက်ချေးကဲ့သို့ ကြည့်မရနေဆဲဖြစ်ပြီး ယခင်က ဖြစ်ပွားခဲ့သော ငွေငါးဆယ်ကိစ္စကိုလည်း မျက်စိထဲတွင် မြင်ယောင်နေဆဲပင်။

သူမသည် ချန်ချင်းယွီတစ်ယောက် ကလေးနှစ်ဦးကိုပါ ခေါ်ဆောင်လာသည်ကို စောင်းငဲ့ကြည့်ကာ မကျေမနပ် ရေရွတ်လိုက်၏။

“ဒါက အလုပ်လုပ်ဖို့ ထွက်လာတာလေ၊ အပျော်ခရီး ထွက်လာတာ မဟုတ်ဘူး။ ဘာလို့များ ဒီဝန်ထုပ်ဝန်ပိုးတွေကို တပါတည်း ခေါ်လာရတာလဲ။ လမ်းလျှောက်တာလည်း နှေးတယ်၊ တကယ်ကို အချိန်ကုန် လူပန်း ဖြစ်စေတယ်။ နောက်ဆို တချို့လူတွေ ပါလာမယ်ဆိုရင် ငါ့ကို မခေါ်ကြနဲ့တော့။ အလုပ်မဖြစ်ဘဲ တုံ့နှေးတုံ့နှေးနဲ့ အချိန်တွေပဲ ဖြုန်းနေတယ်”

အမှန်စင်စစ် ချန်ချင်းယွီ၏ ခြေလှမ်းများမှာ မနှေးလှပေ။ အဘွားကြီးဟွမ်မှာ သက်သက်မဲ့ ရန်ရှာနေခြင်းသာ ဖြစ်၏။

ချန်ချင်းယွီသည် ထိုစကားကို ပြန်လည်ချေပခြင်း မပြုဘဲ ဤသို့သာ ပြောလိုက်လေသည်။

“ကလေးတွေက ငယ်သေးတော့ အိမ်မှာ တစ်ယောက်တည်း ထားခဲ့လို့ မဖြစ်ဘူးလေ။ ကိုကိုကျန့်ဝမ်မှာ ဒီကလေးနှစ်ယောက်ပဲ ရှိတာ။ အခု သူ မရှိတော့တဲ့နောက်မှာ ကျွန်မက ကလေးတွေကို ပိုပြီး ဂရုတစိုက် စောင့်ရှောက်ရမယ်။ ဒါမှလည်း ကျွန်မတို့ရဲ့ သံယောဇဉ်ကို မစော်ကားရာ ရောက်မှာပေါ့။ ကျွန်မတို့ ကျောင်းတုန်းက အကြောင်းတွေ ရှင်တို့ကို ပြောပြဖူးလား”

လူတိုင်း၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များ ရုတ်တရတ် ခံစားလိုက်ရ၏။ အစောပိုင်း၌ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသော အဘွားကြီးဟွမ်မှာလည်း မျက်နှာပျက်သွားကာ တားဆီးရန် ပြင်လိုက်သော်လည်း ချန်ချင်းယွီမှာ စကားစတင် ပြောကြားနေပြီ ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးများ ယှဉ်တွဲလျက် အချစ်၌ နစ်မျောနေဟန်ဖြင့်

“အဲ့ဒီတုန်းက ကျွန်မတို့ အတူတူ ကျောင်းတက်ကြတာလေ။ ပထမဆုံး စတွေ့တဲ့ အချိန်ကတည်းက သူ့ကို သတိထားမိခဲ့တာ။ ကျောင်းသားတွေ အားလုံးထဲမှာ သူက အကြည်လင် အသန့်ရှင်းဆုံးပဲ။ လူတွေကြားထဲမှာ သူရှိနေရင် အလိုလို မျက်စိကျသွားရလောက်အောင် ဆွဲဆောင်မှု ရှိတယ်၊ ရှင်တို့ နားလည်ကြရဲ့လား။ လူပေါင်း သောင်းခြောက်ထောင် ကြားထဲမှာတောင် သူ့ကိုပဲ တန်းမြင်နေရတာမျိုးလေ။ သူ ရပ်နေတာကို မြင်လိုက်ရုံနဲ့ ဒီကမ္ဘာကြီးမှာ သူဟာ အကောင်းဆုံးဆိုတာ သိသာနေတာ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်မ ချစ်သူ မဖြစ်သေးပါဘူးနော်။ အသက်ကလည်း ငယ်သေးတော့ အချစ်ဆိုတာ ဘာမှန်း မသိသေးဘူးလေ။ ဒါပေမဲ့ သူ့ကိုပဲ ငေးကြည့်နေမိတာ။ အဲ့ဒီတုန်းက သူက အပြာရောင် အကျီလေး ဝတ်ထားတာ။ အာ... ရှင်တို့ မသိပါဘူး၊ အဲ့ဒီ အပြာရောင် အင်္ကျီလေးက သူ့အပေါ်မှာ ဘယ်လောက်တောင် ကြည့်ကောင်းသလဲဆိုတာ။ အင်္ကျီမှာ ဖာရာတွေ ရှိနေတာတောင် သူ့ရဲ့ တောက်ပမှုကို မဖုံးကွယ်နိုင်ဘူး။ တကယ်ကို ကံကောင်းလွန်းတဲ့ အပြာရောင် အကျီလေးပါပဲရှင်...”

“အော့!”

လီလင်းလင်းမှာ မအောင့်နိုင်တော့ဘဲ ပျို့အန်မတတ် ဖြစ်သွားကာ သူမ၏ လက်မောင်းကို ပွတ်သပ်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။ ချန်ချင်းယွီကို ကြည့်သည့် သူမ၏ အကြည့်များမှာလည်း ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။

အို... ဘုရားရေ၊ ဒီစကားတွေကို ဆက်ပြီးတော့ မကြားချင်တော့ပါဘူး!!

သို့သော် သူမမှာ လူစုထဲတွင် အငယ်ဆုံးဖြစ်သည့်အပြင် ရှေ့မှဦးဆုံးထွက်ပြီး တားဆီးရဲသော သတ္တိလည်း မရှိပေ။ ထို့ကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမ၏ မိခင် လင်စန်းရှန်းကိုသာ လှမ်းဆွဲထားမိလေသည်။ လင်စန်းရှန်းကိုယ်တိုင်လည်း နားထောင်ရင်း ဦးရေပြားများ ထုံကျင်နေခဲ့၏။ မနေ့ကလည်း ထုံကျင်ခဲ့သလို ဒီနေ့လည်း ထုံကျင်နေဆဲပင်။

သို့သော်လည်း သူမမှာ ပြုံးလျက် အံ့ကြိတ်ပြောပေးနေရှာသည်။

“ညည်းက သံယောဇဉ်ကြီးတဲ့ မိန်းမကောင်းလေးပဲ”

ထိုစကားကြောင့် အဘွားကြီးဟွမ်၊ ရှီကျန့်ရှန်းနှင့် ပိုင်ဖုန်းရှန်းတို့မှာ ဒေါသတကြီး ကြည့်လိုက်ကြ၏။ ထိုစကားကို ပြောမည့်အစား သူမကို ပါးစပ်ပိတ်အောင် လုပ်သင့်သည် မဟုတ်ပါလား၊ အဘယ်ကြောင့် မြှောက်ပင့်ပေးနေရသနည်း။

မျှော်လင့်ထားသည့်အတိုင်းပင် ချန်ချင်းယွီမှာ မျက်လုံးများ တောက်ပသွားကာ အပြုံးများခိုတွဲ၍

“ကျွန်မ သိတာပေါ့၊ လူတိုင်းက ကျွန်မကို နားလည်ပေးကြမယ်ဆိုတာ။ ဘယ်သူကများ လူငယ်ဘဝကို မဖြတ်သန်းခဲ့ဖူးလို့လဲ။ ဘယ်သူကများ အချစ်နဲ့ မတွေ့ခဲ့ဖူးလို့လဲ။ အချစ်ဆိုတာ တကယ်ကို လှပတဲ့ အရာတစ်ခုပဲနော်”

သူမသည် နူးနူးညံ့ညံ့ ပြုံးနေသော်လည်း စိတ်လှုပ်ရှားမှုများဖြင့်

“ကျွန်မနဲ့ ကိုကိုကျန့်ဝမ်က...”

အဘွားကြီးဟွမ်မှာမူ - “...”

နားထဲသွေးယိုနေပြီ!!

သူမသည် နားကိုသာ ပိတ်ထားချင်တော့၏။ ယခုအချိန်တွင် အတူတူ လမ်းလျှောက်နေသူမှာ စိတ်ပုပ်လှသော အဘွားကြီးကျောက် ဖြစ်နေလျှင်ပင် ပို၍ တော်ဦးမည်ဟု တွေးနေမိသည်။ ဆဲရေးတိုင်းထွာသံများကိုသာ နားထောင်ချင်တော့ပြီး ယခုကဲ့သို့ ချွဲနွဲ့အီဆိမ့်နေသည့် စကားများကိုမူ မကြားချင်တော့ပေ။ သူမကဲ့သို့ ပေကျင်းမြို့သူစစ်စစ်မှာ ပွင့်လင်းပြတ်သားသူ ဖြစ်ရာ ဤကဲ့သို့ စကားများမှာ တကယ်ကို နားမခံသာအောင် ရှိလှပေသည်။

အဘွားကြီးဟွမ်: “ညည်း...”

ချန်ချင်းယွီ: “ဒေါ်လေးဟွမ်၊ အဒေါ်က ဘာလို့ ဦးလေးကျန်းနဲ့ ကွာရှင်းခဲ့တာလဲဟင်။ အချစ်တွေ မရှိတော့လို့လား။ တကယ် သနားစရာကောင်းလိုက်တာ။ ဒါပေမဲ့ ဒေါ်လေးစိတ်မပျက်ပါနဲ့၊ ကျွန်မ ထင်တာကတော့...”

“ညည်း အခုချက်ချင်း ပါးစပ်ပိတ်လိုက်စမ်း!”

အဘွားကြီးဟွမ်မှာ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်မိလေသည်။

“ငါ့ကိစ္စကို ညည်း ဝင်ပါဖို့ မလိုဘူး။ ငါတို့ရဲ့ သံယောဇဉ်က ကောင်းနေတုန်းပဲ!”

ကွာရှင်းခဲ့သည်မှာ မှန်သော်လည်း ထိုစဉ်က ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်ခဲ့ခြင်းသာ ဖြစ်၏။ မကြာခင် ပြန်ပေါင်းထုပ်ကြမည်မှာလည်း သေချာလှနေသည်။

အဘွားကြီးဟွမ်မှာ ဆက်ပြောပြလိုက်၏။

“ငါတို့ မကြာခင်မှာ ပြန်ပေါင်းထုပ်ကြတော့မှာ”

ချန်ချင်းယွီတစ်ယောက် အံ့ဩဟန်ဖြင့်

“ဟယ်... တကယ်ကြီးလား။ ပြန်ပေါင်းထုပ်ကြတော့မှာလား။ ဝမ်းသာစရာပဲနော်။ ဘယ်တော့များ မင်္ဂလာဆောင် မုန့်ကျွေးမှာလဲဟင်”

ကျန်သူများလည်း အံ့သြသွားကြကာ ဝိုင်းဝန်းမေးမြန်းကြ၏။

“ညည်းတို့နှစ်ယောက် တကယ်ပဲ ပွဲပြန်လုပ်ဦးမှာလား”

“ညည်းတို့ လင်မယားအိုကြီးအိုမတွေ ပြန်ပေါင်းထုပ်ပြီဆိုရင် ညည်းသား ကျန်းရှင်းဖှနဲ့ သူ့မိန်းမလည်း ပြန်ပေါင်းကြဦးမှာလား။ ကလေးမှာ ပြည့်စုံတဲ့ မိသားစု ရှိဖို့ လိုအပ်တာကိုး”

“ဟုတ်ပ... လူအိုလင်မယားတွေရော၊ လူငယ်တွေရော စောစောစီးစီး ပြန်ပေါင်းထုပ်ကြလေ။ မုန့်မုန့်လေးလည်း မိသားစု စုံစုံလင်လင် ရှိသွားတာပေါ့။ ပြီးရင်လည်း သားလေးတစ်ယောက် ထပ်ယူလိုက်ဦး။”

“မှန်တယ်... သမီးတစ်ယောက်တည်း ရှိလို့တော့ မဖြစ်ဘူး။ အိုစာမင်းစာအတွက် သားတစ်ယောက်တော့ မရှိလို့ မဖြစ်ဘူးလေ...”

အားလုံးမှာ တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေကြသဖြင့် လီလင်းလင်းမှာ ရုတ်ခြည်း မျက်နှာပျက်သွားရရှာသည်။

လင်စန်းရှန်းမှာမူ ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားကာ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ ယိမ်းယိုင်သွားရလေ၏။ သူမ၏ အိမ်တွင် သားယောက်ျားလေး မရှိသည်ကို တွေးမိတိုင်း ဝမ်းနည်းကြေကွဲရသဖြင့် သူမ၏ အမူအရာများမှာလည်း မှိုင်တွေလို့ သွားလေသည်။ ချန်ချင်းယွီသည် မော့ကြည့်လိုက်ရာ ဤစကားများကို ရှီကျန့်ရှန်းနှင့် အဒေါ်ကြီးဟွမ်တို့က ပြောဆိုနေကြခြင်းဖြစ်ကြောင်း ရိပ်မိလိုက်၏၊ ၎င်းတို့မှာ စေတနာဆိုးဖြင့် လင်စန်းရှန်းကို အရှက်ခွဲရန် တမင်သက်သက် ရည်ရွယ်နေကြခြင်းသာ ဖြစ်သည်။

ချန်ချင်းယွီသည် လင်စန်းရှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဒေါ်ကြီးများဘက်သို့ လှည့်ကာ နူးညံ့သော အသံဖြင့် ပြောလိုက်၏။

“တကယ်တော့ သားမွေးမွေး၊ သမီးမွေးမွေး အတူတူပါပဲရှင်၊ ကိုယ်အချစ်ဆုံးသူနဲ့ ရလာတဲ့ ကလေးဆိုရင် သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ရင်နှစ်သည်းချာတွေ မဟုတ်ဘူးလား။ ဒါဟာ အချစ်ရဲ့ သင်္ကေတပဲ၊ အချစ်ရဲ့ ရလဒ်ပဲ၊ အချစ်ရဲ့...”

“ကဲ... မြန်မြန်သွားကြရအောင်၊ လမ်းက အဝေးကြီး ကျန်သေးတယ်”

“ဟုတ်တယ်... ဟုတ်တယ်... မြန်မြန်သွားကြစို့၊ အချိန်တွေ အများကြီး ဖြုန်းမိနေပြီ၊ မြန်မြန်လုပ်ကြပါ”

“နောက်ကျသွားရင် သူများတွေ အရင်ဦးသွားလိမ့်မယ်၊ မြန်မြန်သွားရအောင်”

“ဟုတ်ပါ့... ဟုတ်ပါ့”

အားလုံးမှာ ချန်ချင်းယွီ၏ အချစ်ရေး တရားတော်များကို တကယ်ပင် ကြောက်လန့်နေကြပြီ ဖြစ်၏၊ အကယ်၍သာ တစ်ယောက်ယောက်က စကားလမ်းကြောင်း ပေးလိုက်မိလျှင် နောက်တစ်ဆင့်အနေဖြင့် သူတို့၏ အချစ်ဇာတ်လမ်းများကို မလွဲမသွေ ပြောပြတော့မည်ဖြစ်သည်၊ ထမင်းစားရင်း ဆုံမိပုံများ၊ အိမ်သာသွားရင်း အဝေးကနေ လှမ်းကြည့်မိပုံများ၊ မိုးရွာထဲ ထီးမပါဘဲ အချင်းချင်း ပြုံးပြမိပုံများ စသည်ဖြင့်...

အမလေး... ပြောစရာတွေကလည်း ဘယ်လိုတောင် များနေရတာလဲ!

နားထောင်ရသူများမှာလည်း ရှက်လွန်း၍ မြေကြီးထဲသာ တိုးဝင်ချင်တော့သည်၊ မည်သူမျှ ဆက်လက်၍ နားမထောင်လိုကြတော့ပေ၊ ချန်ချင်းယွီ ဤသို့ဖြစ်နေသည်မှာ နှစ်ရက်ခန့်သာ ရှိသေးသော်လည်း အားလုံးမှာ လက်လန်နေကြပြီ ဖြစ်၏၊ ကျန့်ဝမ် ကွယ်လွန်သွားခြင်းသည် သူမကို တကယ်ပင် စိတ်ထိခိုက်သွားစေသလားဟုပင် သံသယဝင်နေကြလေသည်။

အရင်က ဒီလို မဟုတ်ခဲ့ပါဘူး!

သို့သော် ပြန်တွေးကြည့်ပြန်လျှင်လည်း ယခင်က ကျန့်ဝမ် ရှိနေသေးသဖြင့် ယခုနှင့် မတူနိုင်သည်မှာ အမှန်ပင်ဖြစ်၏။

လူတိုင်း ခေါင်းများကိုသာ ခါယမ်းနေမိကြပြီး လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြသည်၊ စကားပင် ဆက်မပြောရဲကြတော့ပေ၊ စကားလမ်းကြောင်းတစ်ခု စလိုက်မိသည်နှင့် သူမသည် လင်းကျန့်ဝမ်နှင့် သူမ၏ အချစ်ရေးအကြောင်းသို့ ဆွဲခေါ်သွားမည်ကို ကြောက်နေကြသည်။ မည်သည့် စကားဝိုင်းကိုမဆို အတင်းအဓမ္မ ဆက်စပ်ယူတတ်ခြင်းမှာ တကယ့် အံ့ဖွယ်တည်း။

“မြန်မြန် သွားကြရအောင်”

မြို့ပြင်သို့သွားရန် ဘတ်စ်ကားများ ရှိသော်လည်း မည်သူမျှ ပိုက်ဆံ အကုန်အကျ မခံလိုကြပေ၊ မှိုခူးထွက်ခြင်းမှာ ပိုက်ဆံချွေတာရန် ဖြစ်ရာ ကားခ အကုန်အကျ ခံလိုက်ပါက ဝယ်စားသည်နှင့် ဘာထူးတော့မည်နည်း။

ဒါမျိုးတော့ အဖြစ်မခံနိုင်ပေ!!

မြို့ပြင်သို့ ရောက်ရန် နှစ်နာရီကျော်၊ သုံးနာရီနီးပါး လမ်းလျှောက်ရမည် ဖြစ်သော်လည်း အားလုံးမှာ လမ်းလျှောက်သွားရန်သာ ဆုံးဖြတ်လိုက်ကြလေသည်။

ချန်ချင်းယွီသည်လည်း အများနည်းတူ လိုက်ပါလာခဲ့၏။

အမှန်စင်စစ် သူမသည် ကားခကို မနှမြောသော်လည်း အားလုံးနှင့် အတူတူ လမ်းလျှောက်ရသည့် အခွင့်အရေးကို အသုံးချကာ သူမ၏ ပုံရိပ်ကို လူတိုင်း၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်အောင် လုပ်လိုခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ရှီကျန့်ရှန်း ဆိုသည့် ကောက်ကျစ်သော မိန်းမကြီး ဘယ်အရာများ ကြံစည်နေသည်ကိုလည်း သိချင်နေမိ၏။

မနက်စောစောကတည်းက မက်မွန်သီး စည်သွပ်ဗူး လာပေးပြီး မှိုခူးရန် ဖိတ်ခေါ်နေခြင်းမှာ စေတနာကောင်းနှင့် မဟုတ်ကြောင်း သူမ သိနေသည်။

ဘာတွေ ကြံစည်နေသလဲ ဆိုသည်ကို စောင့်ကြည့်ရမယ်!

အကယ်၍သာ စေတနာဆိုးနှင့် လုပ်ဆောင်လာခဲ့လျှင် သူမဘက်ကလည်း အလျော့ပေးမည် မဟုတ်ပေ။

ကလေးနှစ်ယောက်မှာ လမ်းလျှောက်ရသည်ကို ပင်ပန်းနေဟန် ရှိသဖြင့် ချန်ချင်းယွီ ကလေးများကို ပွေ့ချီလိုက်ပြီး အမြန်လိုက်သွားလိုက်၏။

“မေမေ ချီမယ်နော်၊ ငါတို့ လူစုနဲ့ ပြတ်ကျန်ခဲ့လို့ မဖြစ်ဘူး။ စောင့်ကြပါဦး!”

လင်စန်းရှန်းမှာမူ ချန်ချင်းယွီကို ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိလေသည်။

သူမသည် သားမွေးသည့် အကြောင်းကို ပြောဆိုခံရမည်ကို အကြောက်ဆုံး ဖြစ်၏၊ သားယောက်ျားလေး မမွေးနိုင်သဖြင့် မိမိကိုယ်ကိုယ် အောက်ကျနောက်ကျ ဖြစ်နေသည်ဟု ခံစားနေရကာ အမြဲတမ်းလည်း ခေါင်းမဖော်နိုင်ဘဲ ဖြစ်နေရရှာလေသည်။

ချန်ချင်းယွီသည် ကလေးများကို ပွေ့ချီထားသော်လည်း အတော်ပင် လျင်မြန်စွာ လမ်းလျှောက်နိုင်သဖြင့် လူစုနှင့် လုံးဝ ပြတ်မကျန်ခဲ့ပေ။ သူမသည် ရှက်ဝဲဝဲ အမူအရာဖြင့် အားလုံးကို ပြုံးပြရင်း

“ဒီနေ့ ရာသီဥတုက တကယ်ကို သာယာတာပဲနော်၊ ဟိုးကောင်းကင်က တိမ်တိုက်ဖြူဖြူလေးတွေကို ကြည့်ပါဦး၊ အချစ်နဲ့ မတူဘူးလားဟင်”

အဘွားကြီးများ “........”

ချန်ချင်းယွီ ဆက်၍

“အချစ်ဆိုတာ မြူနှင်းတွေလို၊ မိုးစက်တွေလို၊ လေပြေတွေလိုပါပဲရှင်~”

ပိုင်ဖုန်းရှန်းက ချန်ချင်းယွီ၏ စကားကို အတင်းအဓမ္မ ဖြတ်ပြောရန်ကြံစည်၍ မေးလိုက်၏။

“ညည်းရဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က ဘယ်တော့ ကျောင်းတက်ရမှာလဲ”

သူမ နူးနူးညံ့ညံ့ ပြုံးလိုက်ပြီး

“ငါးနှစ်အရွယ်လောက်မှပေါ့၊ အသက်ပြည့်မှပဲ မူကြိုက လက်ခံမှာလေ။ ဒါပေမဲ့ ကျွန်မကလေးနှစ်ယောက်အတွက်တော့ စိတ်မပူပါဘူး၊ ကျွန်မတို့ ကိုကိုကျန့်ဝမ်က ငယ်ငယ်က စာအရမ်းတော်တာ၊ အဲ့ဒီတုန်းက ကျွန်မလည်း စာတော်ခဲ့တာပဲ။ ကျွန်မတို့ကလေ...”

ဘယ်သူက ဒါကို မေးလို့လဲ!

ဘယ်သူက ညည်းကို မေးနေလို့လဲ!

ညည်း စကားကို ကောင်းကောင်းပြောလို့ မရဘူးလား၊ သုံးခွန်းပြောရင် နှစ်ခွန်းက ကျန့်ဝမ်အကြောင်းပဲ ဖြစ်နေတော့တာပဲ။

ကွယ်လွန်သွားသောသူအကြောင်း ပြောသည့်အခါ လူတိုင်းသည် အတော်လေး လန့်တတ်ကြသည်။ ထိုမျှမက အသက်ရှင်နေသောသူများသည်လည်း သူမ၏ ယခုလိုတတွတ်တွတ် ရွတ်ဖတ်နေခြင်းကို မည်သို့မှ တောင့်မခံနိုင်ကြပေ။

“တကယ်တော့လေ...”

ချန်ချင်းယွီ : “ကျွန်မတို့ ကိုကိုကျန့်ဝမ်က...”

သူမသည် လင်းကျန့်ဝမ်ကို နည်းမျိုးစုံဖြင့် အမွှမ်းတင်ကာ ချီးမွမ်းခန်းဖွင့်နေပြီး အချစ်ရူးတစ်ယောက်၏ ပုံစံကို အစွမ်းကုန် သရုပ်ဖော်နေလေ၏။

အင်း... အချစ်ရူးဖြစ်ရတာက အလုပ်ရှုပ်သက်သာတာပေါ့၊ ရှင်တို့သာ လင်းကျန့်ဝမ်ရဲ့ အတင်းအဖျင်းကို ပြောကြည့်လိုက်၊ ကျွန်မဘက်က ရန်လုပ်ဖို့ အကြောင်းပြချက် ကောင်းကောင်း ရသွားတာပေါ့..ဟိဟိ!

သူမ၊ ချန်ချင်းယွီဆိုသည်မှာ တစ်ခါတရံ ဒေါသတကြီးဖြင့် ရုတ်တရတ် စိတ်ဖောက်တတ်သူဖြစ်ရာ ကြောက်စရာ ကောင်းသည် မဟုတ်ပါလား!

ချန်ချင်းယွီ : “ကျွန်မ ထပ်ပြောပြဦးမယ်...”

မည်သူမျှ သူမ၏ "ဖျော်ဖြေမှု" ကို မတားဆီးနိုင်ကြပေ။ သူမသည် လမ်းတစ်လျှောက်လုံး တတွတ်တွတ် ပြောလာခဲ့ရာ ထွက်လာကတည်းကစ၍ ဦးတည်ရာနေရာသို့ ရောက်သည့်အခါမှသာ ချန်ချင်းယွီ နောက်ဆုံးတွင် ပါးစပ်ပိတ်သွားလေတော့သည်။

ထိုအခါမှသာ လူတိုင်းမှာ သက်ပြင်းအသာ ချနိုင်ကြရှာ၏။

အားလုံး၏ ဦးနှောက်ထဲတွင် "ကိုကိုကျန့်ဝမ်" ဆိုသည့် စကားလုံး သုံးလုံးသည် တဝီဝီ မြည်ဟည်းနေတော့သည်။

လီလင်းလင်းကဲ့သို့ မိန်းကလေးငယ်မှာမူ အခြေအနေကို လုံးဝ တောင့်မခံနိုင်တော့ဘဲ အကြိမ်ကြိမ် ပျို့အန်နေသဖြင့် အချို့သူများမှာ သူမကို သံသယဖြင့် ကြည့်နေကြ၏။ လီလင်းလင်းမှာ ဒေါသထွက်လွန်း၍ မျက်နှာပင် ဖြူလျော့သွားကာ

ရှင်တို့ ဘာတွေကို သံသယဝင်နေကြတာလဲ!

ကံကောင်းထောက်မစွာဖြင့် လူတိုင်းလည်း ကိုယ့်ရင်ဘတ်ကိုကိုယ် ဖိထားရကာ ရင်ထဲတွင် အနည်းငယ် ပျို့အန်ချင်သကဲ့သို့ ခံစားနေရသဖြင့် အားလုံး အခြေအနေမှာ တူတူပဲဟု တွေးမိကြသည်။

ထိုအခါမှသာ သံသယများ ငြိမ်သက်သွားရ၏။

၎င်းတို့ ခံစားရသည်မှာ မဆန်းပေ၊ ချန်ချင်းယွီကို တကယ်ပင် သည်းမခံနိုင်ကြတော့ခြင်း ဖြစ်သည်!

အား... အား... အား!

ဘယ်လိုဖြစ်လို့ ဒီလောက်တောင် လင်တရူးတဲ့သူ ရှိနေရတာလဲ?

မမြင်ဖူးဘူး၊ တကယ်ကို တစ်ခါမှ မမြင်ဖူးပါဘူး။

ချန်ချင်းယွီကမူ မည်သည်ကိုမှ မသိသလို အပြစ်ကင်းစင်သော မျက်နှာထားဖြင့်၊ လူတိုင်းကို အနေခက်အောင် လုပ်ခဲ့သူမှာ သူမ မဟုတ်သည့်အလား ချိုသာသော အပြုံးဖြင့်

“ကျွန်မတို့ မှိုရှာရင် လူစုခွဲပြီး ရှာကြမလား၊ ဒါမှမဟုတ် အတူတူ ရှာကြမလား...”

“ခွဲရှာမယ်!!!”

အားလုံးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေသည်။

ချန်ချင်းယွီ: “ဪ... အင်းပါလေ”

သူမသည် အနှင်ခံလိုက်ရသည်ကို လုံးဝ သတိမမူမိသိအလား ပြုံးလျက် သဘောတူလိုက်၏။

“ဒါဆိုလည်း ကောင်းပါပြီ”

ချန်ချင်းယွီသည် တကယ်ပင် လူအများကို လှည့်စားနိုင်စွမ်း ရှိလှသည်။ ရုပ်ရည်မှာ ချောမောလှပပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း သွယ်လျနွဲ့နှောင်းနေသဖြင့် တစ်ဖက်လူမှ ကရုဏာသက်ဖွယ် သနားစရာကောင်းသည့် ပုံစံမျိုး ပေါက်နေ၏။ သူမသည် အင်အားကြီးမားလှသည်ဟု ပြောလျှင်ပင် ယုံမည့်သူ ရှိလိမ့်မည်မဟုတ်ပေ။

ဤအချက်ကို အဘွားကြီးကျောက်တစ်ဦးသာ အသိဆုံး ဖြစ်လိမ့်မည်!

သူမသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည့် အမူအရာဖြင့်

“ကျွန်မလည်း နည်းနည်းတော့ မောလာပြီ၊ ခဏလောက် ထိုင်နားပြီးမှပဲ စရှာတော့မယ်”

ရှီကျန့်ရှန်းသည် မျက်လုံးအစုံကို လှည့်ပတ်ကြည့်ကာ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ကိုယ်တိုင်သာ သီးသန့်လှုပ်ရှားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်လေသည်။ မူလကမူ သူမသည် ချန်ချင်းယွီနှင့်အတူ နေထိုင်ပြီး ရေနောက်၌ ငါးဖမ်းသကဲ့သို့ အကွက်ချ ချောက်တွန်းရန် ကြံစည်ထားသော်လည်း ချန်ချင်းယွီ၏ ပါးစပ်ဖျားမှ "ကိုကိုကျန့်ဝမ်" ဆိုသည့် စကားများကိုမူ တကယ်ပင် တောင့်မခံနိုင်တော့ပေ။

ယခုအခါ သူမ၏ ဦးနှောက်ထဲတွင် တဝီဝီ မြည်ဟည်းနေပြီဖြစ်၍ အစီအစဉ်ကို အမြန်ပြောင်းလဲလိုက်ပြီး တစ်ဦးတည်း သီးသန့်သွားရန်သာ ဆုံးဖြတ်လိုက်၏။ အဆိုးဆုံးဖြစ်လျှင်ပင် လူစုပြန်ဆုံသည့် အချိန်ကျမှသာ ကောက်ကျစ်သည့် အကွက်များကို ထုတ်သုံးရတော့မည်။

သူမသည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ပြုံးလိုက်ကာ

“ကျွန်မကတော့ အဆင်ပြေပါသေးတယ်၊ ဒါဆိုရင်တော့ ကျွန်မတို့ လူစုခွဲပြီး သွားကြတာပေါ့”

ထို့နောက် စေတနာကောင်းရှိဟန်ဖြင့်

“မှိုခူးတဲ့အခါမှာလည်း ဂရုစိုက်ဦးနော်၊ အချို့မှိုတွေက စားလို့မရဘူး” ဟုလည်း မှာကြားလိုက်သေးသည်။

ချန်ချင်းယွီ : “ကျွန်မ သိပါတယ်ရှင်”

အားလုံးမှာ လျင်မြန်စွာပင် လူစုခွဲလိုက်ကြပြီး ခြေလှမ်းများမှာလည်း ကပျာကယာနှင့် အလျင်စလိုပင် ဖြစ်နေကြ၏။ ၎င်းတို့မှာ လူငယ်များ မဟုတ်ကြသဖြင့် အချို့မှာ ထိုင်နားချင်ကြသော်လည်း ချန်ချင်းယွီ၏ ရှေ့တွင်မူ လုံးဝအနားမယူရဲပေ။

လုံးဝပဲ..လုံးဝ!!

အို... ဘုရားရေ၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် လင်တရူးနေရတာလဲ!

မိသားစု သန်းခေါင်စာရင်းစာအုပ်ကို ခိုးပြီး လက်ထပ်ခဲ့တာလည်း မဆန်းတော့ပါဘူး။

လူစုခွဲပြီး အတန်ငယ် ဝေးသွားသောအခါ လူအချို့မှာ တတွတ်တွတ်နှင့် စတင်၍ အတင်းပြောကြလေသည်။

“အမလေး... တော်သေးတာပေါ့၊ နောက်ဆုံးတော့ သူ့ရဲ့ တတွတ်တွတ် ပြောနေတာတွေကို နားမထောင်ရတော့ဘူး။ ငါ့မှာ ကြက်သီးတွေတောင် ထနေပြီ၊ ကြည့်စမ်းပါဦး”

“ဟုတ်ပါ့... ဘယ်သူနဲ့များ တူနေတာပါလိမ့်”

“ဘယ်သူနဲ့ တူရမှာလဲ၊ သူ့အဖေနဲ့ တူတာပေါ့”

ရှီကျန့်ရှန်းတစ်ယောက် အတွင်းရေးကို သိနေသည့် အမူအရာမျိုးဖြင့် ပြောလိုက်ရာ လူတိုင်းမှာ သူမကို ဝိုင်းကြည့်လိုက်ကြသည်။ ရှီကျန့်ရှန်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး အသံကို နှိမ့်ကာ

“အဲ့ဒီနေ့ကလေ... သူ တစ်ခုခုများ လုပ်မိမလားဆိုပြီး စိတ်မချလို့ သူ့နောက်ကို လိုက်သွားခဲ့တာ မဟုတ်လား”

ဤသည်မှာ သူမတို့ ဇနီးမောင်နှံ ကြိုတင်ပြင်ဆင်ထားသော အကြောင်းပြချက်ကောင်းပင် ဖြစ်၏။

သူမ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆက်ပြောလိုက်လေသည်။

“သူ့မိသားစုကတော့ ကျွန်မရဲ့ စေတနာကို အထင်လွဲသွားကြတာပေါ့။ အဘွားကြီးဟွမ်... သူ့အဖေ အကြောင်း ကျွန်မ ပြောပြရဦးမယ်”

“ဟုတ်ပါ့... ဘာလို့ သူ့အဖေနဲ့ တူတယ်လို့ ပြောရတာလဲ၊ ညည်း ဘာတွေ သိထားလို့လဲ”

ရှီကျန့်ရှန်း : “သိတာတွေကတော့ အများကြီးပဲပေါ့။ ကျွန်မ သူ့နောက်ကို လိုက်သွားတော့ သူက သူ့အမျိုးတွေဆီ ပိုက်ဆံသွားချေးတာလေ။ အဲ့ဒီမှာ သူ့အဖေကလေ... နောက်အိမ်ထောင်ပြုထားတဲ့ မိန်းမအတွက်နဲ့ သူ့ရဲ့ သမီးအရင်းကိုတောင် သတ်မတတ် ဖြစ်နေတာ။ နောက်အိမ်ထောင်က မိန်းမက လူကောင်းဆိုရင်လည်း တစ်မျိုးပေါ့၊ အခုတော့ မဟုတ်ဘူး။ သူ့အဖေကလည်း အိမ်မှာဆို အရိုက်ခံရတာ၊ အဲ့ဒီနောက်မိန်းမက သူ့ယောက်ျားကိုတောင် လက်ပြန်ရိုက်တာလေ၊ ခေါင်းတောင် ပေါက်သွားသေးတယ်”

“ဟယ်!”

“တကယ်ကြီးလား! အဲ့ဒီမိန်းမက တကယ်ပဲ အဲ့လောက်တောင် ရဲတင်းတာလား??”

“တကယ်ပေါ့... အစ်မကြီးဖန်လည်း ပါတာပဲ၊ ရှင်တို့ သူ့ကို မေးကြည့်ကြလေ၊ တကယ့်ကို အစစ်အမှန်ကြီး”

လင်စန်းရှန်းလည်း ခေါင်းညိတ်လိုက်လေသည်၊ သူမသည်လည်း သူမ၏ ယောက်ျား ပြောပြသဖြင့် သိထားသော်လည်း အပြင်ကိုမူ ထုတ်မပြောရဲပေ။ မိမိယောက်ျားလည်း ထိုနေရာသို့ သွားပြီး လူစုလူဝေးနှင့် အတင်းအဖျင်း သွားကြည့်ခဲ့သည်ကို သူများ သိသွားမည် စိုးရိမ်သောကြောင့်တည်း။

“အမလေး... ဒီယောက်ျားကတော့ တကယ်ကို အရောမဝင်နိုင်အောင် ညံ့ဖျင်းတာပဲ”

“ကြည့်စမ်း... သူ့အဖေက နောက်မိန်းမအပေါ် ထားတဲ့ အချစ်တွေကို ကြည့်ရင် ဒီကောင်မလေးနဲ့ တူမနေဘူးလား။ တစ်မိသားစုလုံး အချစ်ရူးတွေပဲ”

“ညည်း ပြောတာလည်း ဟုတ်တာပဲ”

“အော်... ဒါနဲ့ ဒီနေ့ အစ်မကြီးဖန်က ကျွန်မယောက်ျားကို ခွင့်တိုင်ခိုင်းပြီး မှိုခူးလိုက်ချင်သေးတာ၊ ကျွန်မ ယောက်ျားက တားလိုက်လို့။ အစ်မကြီးဖန်ကလည်း လုပ်တတ်လိုက်တာ၊ အလုပ်မဆင်းရင် လစာ အဖြတ်ခံရမှာကို၊ ဘယ်လိုများ တွက်ချက်နေတာပါလိမ့်”

ပိုင်ဖုန်းရှန်းသည်လည်း အတင်းအဖျင်း ဝိုင်းပြောလေသည်။

“သူက သူ့သားကို စောင့်ကြည့်ချင်လို့ ဖြစ်မှာပေါ့၊ ဒီနေ့ အထက်တန်းကျောင်းသားတွေလည်း မှိုခူးထွက်ကြတယ်လေ။ ဒါပေမဲ့ လူငယ်တွေကတော့ တို့တွေလို မဟုတ်ဘူး၊ ပိုက်ဆံချွေတာပြီး လမ်းလျှောက်မလာကြဘူး၊ ဘတ်စ်ကားနဲ့ သွားကြတာ။ ကျွတ်ကျွတ်... တကယ်ကို အသုံးမကျလိုက်တာ”

“ဟုတ်ပါ့”

သူတို့မှာ အဝေးကြီး မရောက်သေးသဖြင့် ချန်ချင်းယွီသည် စကားသံများကို တစွန်းတစ ကြားနေရသော်လည်း သိပ်ဂရုမစိုက်ပေ။ အမှန်စင်စစ် သူမသည် လုံးဝ မပင်ပန်းသော်လည်း သွယ်လျနွဲ့နှောင်းသော မိန်းမပျိုလေးတစ်ဦးမှာ ကလေးနှစ်ယောက်ကို ချီပြီး မပင်ပန်းဘူးဆိုလျှင် တကယ်ပင် ထူးဆန်းနေလိမ့်မည် မဟုတ်လော့။

ချန်ချင်းယွီသည် ခေတ္တမျှ နားပြီးနောက် ပြန်ထလာကာ

“ရှောင်ကျား... ရှောင်ယွမ်... တို့တွေ ဒီဘက်ကို သွားကြမလား”

“ဟုတ်ကဲ့”

ကလေးနှစ်ယောက်မှာလည်း အတော်ပင် ပင်ပန်းနေကြပြီဖြစ်သော်လည်း အလွန်အမင်းတော့ မဟုတ်ပေ။ အကြောင်းမှာ လမ်းတစ်လျှောက်လုံးနီးပါး ချန်ချင်းယွီက သူတို့ကို ပွေ့ချီလာခဲ့ခြင်းကြောင့်ပင်တည်း။ သူမမှာ...

တွေးကြည့်စမ်းပါဦး၊ ချန်ချင်းယွီဆိုသည့် ဆန်ဒါ ကိုယ်ခံပညာချန်ပီယံတစ်ယောက်မှာ ယခုတော့ ကလေးထိန်း အထိန်းတော်လေး ဘဝသို့ ရောက်ရှိနေရချေပြီ။

သူမသည် ကလေးငယ်နှစ်ဦးကို တို့ထိလိုက်ရင်း

“မေမေ မင်းတို့အပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ မှတ်ထားကြနော်”

ကလေးနှစ်ဦးမှာလည်း ခေါင်းကို အားရပါးရ ငြိမ့်ပြကြ၏။

ချန်ချင်းယွီမှာ လမ်းတစ်လျှောက်လုံး တတွတ်တွတ် ပြောလာခဲ့သော်လည်း ကလေးများမှာမူ လမ်းတစ်လျှောက်လုံး အိပ်ပျော်လာခဲ့ကြသည်။ အဓိကမှာ မေမေ၏ တတွတ်တွတ် ရွတ်ဆိုသံများမှာ အိပ်ဆေးတစ်ခွက်အလား ဖြစ်နေခြင်းကြောင့်ပင်။

ချန်ချင်းယွီ : “ဗိုက်ဆာကြပြီလား”

“နည်းနည်းဆာပြီ”

ကလေးသဘာဝ အစာအိမ်မှာ သေးငယ်သဖြင့် မြန်မြန်ဆာတတ်ကြပေသည်။ ချန်ချင်းယွီသည် သူမ၏ ထုပ်ပိုးထားသော အထုပ်လေးကို ထုတ်ကာ ပြောင်းဖူးနှင့် ဂျုံရောထားသည့် ပေါက်စီ မန်ထိုတစ်လုံးကို နှစ်ခြမ်းခွဲလိုက်ပြီး စားခိုင်းလိုက်၏။

“တစ်ယောက်တစ်ဝက်စီ စားကြနော်”

“ကျေးဇူးတင်ပါတယ် မေမေ၊ မေမေလည်း စားပါဦး”

ချန်ချင်းယွီ ; “မေမေက အဆင်ပြေပါတယ်!”

သူမသည် လက်ခြေများကို လှုပ်ရှားလိုက်ပြီးနောက် -

“မေမေ မှိုသွားခူးဦးမယ်၊ မင်းတို့တွေ လျှောက်မသွားကြနဲ့ဦး။ မေမေ့အနားမှာပဲ နေကြ၊ မေမေ့မျက်စိအောက်က အပျောက်မခံနဲ့နော်၊ သိလား”

“သိပါပြီ”

ချန်ချင်းယွီသည် ကလေးနှစ်ဦးကို တစ်ချက်ကြည့်လိုက်ကာ အတန်ငယ် စိတ်ချသွားမိသည်။ သူတို့လေးများမှာ မြို့ပြင်သို့ ရောက်ခဲလှသဖြင့် စပ်စုချင်စိတ် ပြင်းပြနေကြသော်လည်း လျှောက်သွားရန်မူ မဝံ့ရဲကြပေ။ ယခုအခါ နွေဦးရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ ရာသီဥတုမှာအေးနေဆဲဖြစ်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ စိမ်းလန်းစိုပြည်နေပြီ ဖြစ်၏။

ကလေးနှစ်ဦးမှာ ပေါက်စီကို ကိုက်စားရင်း တောအုပ်ထဲရှိ မြက်ပင်လေးများကို ဆွဲနှုတ်ကာ စပ်စပ်စုစုနှင့် ပျော်ရွှင်နေကြလေသည်။

ချန်ချင်းယွီမှာမူ အနီးအနားတွင် မှိုရှာနေ၏။ မနေ့ညက မိုးရွာထားသဖြင့် ယနေ့ တောင်ပေါ်တွင် မြေကြီးများမှာ အနည်းငယ် စေးကပ်နေကာ ခြေတစ်လှမ်း လှမ်းတိုင်း ခြေရာတစ်ခု ကျန်ရစ်နေတော့သည်။ ညစ်ပတ်သည်မှာတော့ အမှန်ပင်၊ သို့သော်လည်း မှိုများမှာမူ အတော်ပင် ပေါများလှကာ တောင်ပေါ်တွင် မှိုခူးနေသူများလည်း အတော်ပင် များပြားလှ၏။

ဤခေတ်ကာလတွင် လူတိုင်းမှာ စားနပ်ရိက္ခာ ရှားပါးနေကြသဖြင့် မှိုဆိုသည်မှာ အားလုံးက နှစ်သက်ကြသည့် အဖိုးတန်အရာတစ်ခု ဖြစ်ပေသည်။

လူတိုင်းမှာ အားတက်သရော အလုပ်လုပ်နေကြ၏။

ချန်ချင်းယွီသည် ထိုနေရာတွင် ငုတ်တုတ်ထိုင်ကာ မှိုတူးနေရင်း အဝေးသို့ လှမ်းမျှော်ကြည့်လိုက်ရာ ဝင်းထဲမှ လူများကို မြင်နေရဆဲပင်။ ချန်ချင်းယွီမှာ အလုပ်ကို အာရုံစိုက်နေ၍ အဘွားကြီးဟွမ်မှာ အခြားသူများကို ရှောင်ကွင်းကာ သူမရှိရာသို့ တိတ်တဆိတ် ချဉ်းကပ်လာနေသည်ကိုတော့ မသိရှာပေ။

အဘွားကြီးဟွမ်မှာ ယနေ့ ကံကောင်းလှသဖြင့် မှိုအုပ်စုလိုက်ကြီးကို တွေ့ခဲ့ရပြီး ခူးဆွတ်ပြီးသောအခါ တောင်းတစ်ဝက်ခန့် ရရှိနေပြီ ဖြစ်၏။ အခြားသူများထက် မြန်မြန်ဆန်ဆန် ပြီးသွားသဖြင့် သူမ၏ စိတ်ထဲတွင် အကြံအစည် အသစ်တစ်ခု ဝင်လာတော့သည်။ ဥပမာအားဖြင့်... ထိုအမြင်ကတ်စရာ မုဆိုးမလေး ချန်ချင်းယွီကို ပညာပေးရန် ဖြစ်၏။

ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမမှာ သူမထံမှ ငွေငါးဆယ်ကို လှည့်စားယူသွားသည့် ကိစ္စကို သူမ လုံးဝ မမေ့နိုင်သေးပေ။ ငွေငါးဆယ်ဆိုသည်မှာ အများကြီး မဟုတ်ပါလား! ထိုငွေနှင့် ရိက္ခာဝယ်လျှင် သူမအတွက် အနည်းဆုံး ခြောက်လစာ ရှိပေသည်။

ဒီမိသားစုက ဘယ်လိုများ တောင်းရဲကြတာလဲ!

သောက်ကောင်မတွေ!

အဘွားကြီးဟွမ်သည် ထိုမိသားစုကို အလွန်အမင်း မုန်းတီးနေမိသည်။ အဘွားကြီးကျောက် ဆိုသည့် အဘွားအိုကိုမူ လောလောဆယ် မယှဉ်နိုင်သေးသော်လည်း ဤမုဆိုးမလေးကိုတော့ သူမ မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ။ တစ်နေ့တစ်နေ့ ယောက်ျားများကို မြူဆွယ်နေသည့် ပုံစံမျိုးနှင့် တကယ့်ကို အကျင့်မကောင်းသည့် အကျင့်ပျက်မလေးပင်။

ငါတို့အိမ်မှာ လူပျိုနှစ်ယောက် ရှိနေတာကို ကြည့်ပြီး ကြံစည်နေတာ မဟုတ်လား?

တကယ်ကို အောက်တန်းကျလိုက်တာ!

သူမသည် ဤမုဆိုးမလေးကို အမှတ်ရသွားအောင် ပညာပေးရပေမည်။

အဘွားကြီးဟွမ်သည် အခွင့်ကောင်းကို စောင့်ကာ သူမကို တွန်းချရန် ကြံစည်နေခြင်းဖြစ်၏။

မည်သို့ပင်ဖြစ်စေ သေအောင်တော့ တွန်းမည်မဟုတ်ချေ။

သူမသည် ခြေသံကို ဖော့ကာ တိတ်တဆိတ် ချဉ်းကပ်လာပြီး ဘယ်ညာကို ကြည့်လိုက်လေသည်။

အင်း... မည်သူမျှ သတိမထားမိကြပေ၊ ဒါဆိုရင်တော့ အဆင်ပြေပြီ။

အဘွားကြီးဟွမ်မှာ ယုတ်မာသော အပြုံးဖြင့် ပြုံးလိုက်မိကာ ကောင်းကင်ဘုံက သူမကို အခွင့်အရေး ပေးလိုက်ပြီဟု ထင်မှတ်နေမိ၏။ ဤနေရာတွင် ကလေးနှစ်ယောက်သာ ရှိသဖြင့် အဆိုးဆုံးမှာ ကလေးများ မြင်သွားရုံသာ ဖြစ်လိမ့်မည်၊ သို့သော် ကလေးများ ပြောသည့်စကားကို မည်သူက ယုံမည်နည်း!

ဟဲဟဲ!

အဘွားကြီးဟွမ်မှာ ပို၍ပင် ကျေနပ်အားရနေကာ မိမိကိုယ်ကိုယ် ယုံကြည်မှုများ လွန်ကဲနေလေသည်။

သူမသည် ချက်ချင်း ထွက်မလာရဲသေးဘဲ အခွင့်ကောင်းကို စောင့်ကာ တစ်ချက်တည်းနှင့် အပိုင်ကိုင်ရန် ကြံစည်နေ၏။ ဤကဲ့သို့ ကိစ္စမျိုးမှာ တစ်ချက်တည်းနှင့် အောင်မြင်အောင် လုပ်ရမည် မဟုတ်ပါလား၊ မဟုတ်လျှင် အစီအစဉ် ပျက်သွားပေလိမ့်မည်!

ဒါမျိုးတော့ အဖြစ်မခံနိုင်ပါ!

သူမသည် အောင်မြင်တော့မည့် ခိုးကြောင်ခိုးဝှက် ပျော်ရွှင်မှုကို အောင့်ထားရင်း ချန်ချင်းယွီကို စူးစိုက်ကြည့်နေလေသည်။ အဘွားကြီးဟွမ်မှာ အလွန်အမင်း ကျေနပ်နေသော်လည်း သူမ ထိုနေရာတွင် ဝပ်နေကတည်းက ချန်ချင်းယွီ သတိထားမိနေပြီဖြစ်ကြောင်း မသိရှာပေ။ သူမသည် ကလေးနှစ်ယောက်ကို ခေါ်လာရသူ ဖြစ်ရာ ဤကဲ့သို့ တောတောင်ထဲတွင် အဘယ်မှာ ဂရုမစိုက်ဘဲ နေပါမည်နည်း။

သူမသည် မျက်လုံးအိမ်၏ ထောင့်စွန်းမှ တစ်ဆင့် အဘွားကြီးဟွမ်၏ အဝါရောင် ခေါင်းပေါင်းကို လှမ်းမြင်လိုက်ရ၏။

တကယ်ကိုပင် တခြားသူများ မိမိမျိုးရိုးအမည်ကို မမှတ်မိမည် စိုးနေသည့်အလား တစ်နေ့တစ်နေ့ အဝါရောင် ခေါင်းပေါင်းကိုသာ ပတ်ထားတတ်သည် မဟုတ်ပါလား။

ချန်ချင်းယွီသည် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဤအဘွားကြီးမှာ စိတ်ကောင်းနှင့် မဟုတ်ကြောင်း သိလိုက်လေသည်။

အို... ချန်ချင်းယွီ၊ နင်ကိုယ်နင်ရဲ့ လူမှုရေး အခြေအနေကိုလည်း ကြည့်ပါဦး၊ မှိုခူးထွက်တာတောင် ဘယ်နှစ်ယောက်က ငါ့ကို ချောက်တွန်းဖို့ ကြံစည်နေကြသလဲ!

ချန်ချင်းယွီသည် မိမိ၏ ညံ့ဖျင်းလှသော လူမှုဆက်ဆံရေးကို စိတ်ထဲကနေ အသာလေး အပြစ်တင်လိုက်မိသော်လည်း ပြုံးပြုံးလေးဖြင့်သာ ဆက်လက်၍ မှိုခူးနေလေသည်။

အခွင့်ကောင်းကို စောင့်ချင်တယ်ပေါ့!!

ဒါဆိုရင်လည်း အဲ့နေရာမှာပဲ ဝပ်နေလိုက်ဦး!!

ဘယ်သူ ပိုပြီး ပင်ပန်းဆင်းရဲခံနိုင်သလဲဆိုတာ သိကြသေးတာပေါ့!

ချန်ချင်းယွီသည် ကုန်းစောင်းရှိသော နေရာများသို့ တမင်သက်သက် မသွားဘဲ ရှောင်ကွင်းနေ၏။ မည်သို့ပင်ဖြစ်စေ ထိုအဘွားကြီးအတွက် အခွင့်ကောင်းပေးရန် သူမတွင် အစီအစဉ်မရှိပေ။

အဘွားကြီးဟွမ်မှာမူ စိတ်မရှည်နိုင်ဖြစ်ကာ တကုတ်ကုတ်နှင့် အသည်းအသန် ဖြစ်နေရှာသော်လည်း ချန်ချင်းယွီကမူ စိတ်အေးလက်အေးပင် မှိုများကို ခူးဆွတ်နေလေသည်။

ရှူး... ရှူး... ရှူး...။

ရုတ်တရတ်ဆိုသလို ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာသဖြင့် ချန်ချင်းယွီ မော့ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ သစ်ပင်ပေါ်တွင် မြွေတစ်ကောင်သည် သူမကို လျှာတစ်လစ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ထိုမြွေစိမ်းမှာ သစ်ပင်၏အရောင်နှင့် တစ်သားတည်း ဖြစ်နေပြီး လက်ကောက်ဝတ်ခန့် တုတ်ကာ အရှည်မှာလည်း တစ်မီတာခန့် ရှိပေသည်။

၎င်းမှာ အလွန်တွေ့ရများသော မြွေစိမ်းမြွေပြာမျိုး ဖြစ်သော်လည်း အတော်ပင် ရန်လိုတတ်လှ၏။ ၎င်းသည် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီးနောက် ချန်ချင်းယွီထံသို့ ရုတ်တရတ် ခုန်အုပ်ကာ တိုက်ခိုက်လေသည်။

ချန်ချင်းယွီ: "အမလေး... အမေရေ!"

သူမသည် ဤကဲ့သို့သော သတ္တဝါမျိုးကို အမြဲတမ်း ရွံရှာတတ်သူ ဖြစ်၏။

သူမသည် လက်ကို ဝှေ့ယမ်းကာ အားအပြည့်ဖြင့် ရိုက်ထုတ်လိုက်ရာဖတ်ခနဲဆိုသည့် အသံနှင့်အတူ မြွေမှာ လွင့်ထွက်သွားလေတော့သည်။

မြွေသည် လေထဲတွင် ဝဲပျံသွားပြီးနောက် အဘွားကြီးဟွမ် ရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်သွားကာ— ဖတ်ခနဲဆိုသည့် အသံနှင့်အတူ ဝပ်နေသော အဘွားကြီးဟွမ်၏ ခေါင်းပေါ်သို့ ကျရောက်သွားလေသည်။ အဘွားကြီးဟွမ်မှာ ချောင်းမြောင်းနေစဉ်အတွင်း မမျှော်လင့်ဘဲ ကောင်းကင်မှ မြွေတစ်ကောင် ပြုတ်ကျလာခြင်းပင်!

“အား... အား... အား!!!”

သူမသည် အသံကုန် အော်ဟစ်လိုက်မိကာ ခြေချော်သွားပြီး ကုန်းစောင်းအတိုင်း အောက်သို့ လိမ့်ကျသွားလေတော့သည်။ လက်ထဲရှိ တောင်းထဲမှ မှိုများမှာလည်း ကောင်းကင်ယံတွင် ပန်းပွင့်များ လွင့်ပျံနေသကဲ့သို့ ဖရိုဖရဲ ဖြစ်သွားရ၏။ သူမကိုယ်တိုင်လည်း တလိမ့်ခေါက်ကွေးနှင့် အောက်သို့ လိမ့်ဆင်းသွားလေသည်။ ဤသည်မှာ သူမက ချန်ချင်းယွီကို တွန်းချရန် ပြင်ဆင်ထားသည့် ကုန်းစောင်း မဟုတ်ပါလား!

အဘွားကြီးဟွမ်သည် လိမ့်ကျသွားစဉ်အတွင်း - "ကယ်ကြပါဦး!!!" ဟု အသံကုန် ဟစ်အော်ကာ အော်ဟစ်နေရှာသည်။

ထိုအသံမှာ တောတောင်တစ်ခုလုံးကို တုန်ဟည်းသွားစေတော့၏!

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချက်ချင်းပင် ထရပ်လိုက်ကြကာ ချန်ချင်းယွီထံသို့ အပြေးအလွှား လာကြလေသည်။

"မေမေ!"

ချန်ချင်းယွီသည် ကလေးများကို အမြန်ပွေ့ဖက်လိုက်ရင်း

“မစိုးရိမ်ကြနဲ့... မေမေ သွားကြည့်လိုက်ဦးမယ်နော်” ဟု ဆိုကာ ကလေးများ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။

ထို့နောက် အသံထွက်ပေါ်ရာဘက်သို့ လျှောက်သွားလိုက်ရာ မြေပြင်ပေါ်တွင် မှိုများ ပြန့်ကျဲနေသော်လည်း လူကိုမူ မတွေ့ရတော့ပေ!

ချန်ချင်းယွီသည် ထိုလူမှာ အောက်သို့ လိမ့်ကျသွားမှန်း သိနေသော်လည်း ကုန်းစောင်းထိပ်ကနေ ရပ်ကြည့်ရင်း မျက်နှာပြောင်တိုက်ကာ ပြောလိုက်လေသည် ။

“ဘယ်သူမှ မရှိပါလား၊ ပဲ့တင်သံ ဖြစ်မှာပေါ့။ တောင်ပေါ်က တခြားနေရာက လူတွေ အော်တာ ဖြစ်လိမ့်မယ်။ ကိစ္စမရှိပါဘူး၊ တို့တွေ တခြားနေရာကို ပြောင်းသွားကြရအောင်”

သူမသည် မြေပြင်ပေါ်ရှိ မှိုများကို မနှမြောတမ်း ကောက်ယူကာ မိမိ၏ တောင်းထဲသို့ ထည့်လိုက်လေသည်။

ထိုအဘွားကြီးမှာ မှိုအတော်လေး ခူးထားနိုင်ခဲ့သည် မဟုတ်ပါလား။ ထူးဆန်းသည်မှာ မျောက်ဦးနှောက်မှို အများအပြားပင် ပါဝင်နေခြင်းဖြစ်၏၊ ဤအရာမှာ အလွန်အဖိုးတန်သော မှိုမျိုးဖြစ်ရာ ထိုအဘွားကြီး မည်သည့်နေရာမှ ရှာတွေ့ခဲ့သည် မသိပေ။

မှိုချင်းအတူတူပင် ဖြစ်သော်လည်း အဆင့်အတန်းချင်းမှာ ကွာခြားလှပေသည်၊ မျောက်ဦးနှောက်မှို ဆိုသည်မှာ တကယ့်ကို အဖိုးတန်လှပေသည် မဟုတ်ပါလား!

“ကလေးတို့... မေမေ့ကို ကူကောက်ပေးကြဦးနော်”

“ဟုတ်ကဲ့!”

ကလေးနှစ်ယောက်မှာလည်း မေမေ့ကို ကူညီခွင့်ရသဖြင့် အလွန်ပင် ပျော်ရွှင်နေကြလေသည်။ မှိုခူးရန်ကိုမူ မဝံ့ရဲကြသော်လည်း ကောက်ယူပေးရန်မှာမူ သူတို့အတွက် အလွန်လွယ်ကူလှပေသည်။

ချန်ချင်းယွီမှာ တမင်သက်သက် လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်၏။

မှန်ပါသည်၊ သူမသည် ဤကဲ့သို့သော လူစားမျိုးတည်း! ထိုအဘွားကြီးမှာ သူမကို တွန်းချရန် ကြံစည်နေမှတော့ မြွေနှင့် ခြောက်လှန့်လိုက်သည်မှာ သူမ၏ အပြစ်ဟု မဆိုသာပေ။

ချန်ချင်းယွီသည် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့် အချိန်တွင်ပင် မြွေကို ထိုအဘွားကြီးရှိရာဘက်သို့ တမင်သက်သက် ရိုက်ထုတ်လိုက်ခြင်း ဖြစ်လေသည်။

သို့သော်လည်း ထိုအဘွားကြီးအတွက် နစ်နာလှသည်တော့ မဟုတ်ပေ၊ သူမသည် မြွေတစ်ကောင်ကို ရရှိလိုက်သည် မဟုတ်လော့။ ထိုမြွေကို ဟင်းချက်စားမည်ဆိုလျှင် သူမတို့ မိသားစုတစ်စုလုံးအတွက် အနည်းဆုံး တစ်နပ်စာတော့ ရနိုင်ပေသည်။ ထိုမြွေမှာလည်း သေးငယ်လှသည် မဟုတ်ပေ။

လူအများ၏ အမြင်တွင်မူ အဘွားကြီးဟွမ်သည်သာ အမြတ်ထွက်သွားသည်ဟု ထင်မြင်ကြပေလိမ့်မည်၊ ဆိုရသော် သူမသည် မြွေတစ်ကောင်ကို အလကား လက်ဆောင်ရလိုက်ခြင်းကြောင့်ပင်တည်း။

ချန်ချင်းယွီသည် ထိုမြွေကို ယူရန် လုံးဝ စိတ်ကူးမရှိပေ။ သူမ ငယ်စဉ်အခါက ကျောင်းနေဖက် တစ်ဦး မြွေကို အရေခွံနွှာသည်ကို မြင်ခဲ့ဖူးရာ ထိုစဉ်က မြွေကိုယ်ထဲတွင် သန်လုံးကောင်၊ သံပြားကောင်များစွာ တွန့်လိမ်လှုပ်ရှားနေသည်ကို မြင်ပြီး ပျို့အန်ခဲ့ရသည်မှာ အတော်ပင် ကြာခဲ့ဖူး၏။ အစားကြီးလှသော သူမပင် ထိုစဉ်က သုံးရက်တိုင်တိုင် ထမင်းမစားနိုင်ဘဲ နေခဲ့ရသည်။

သူမ တစ်ဦးတည်းသာ မဟုတ်ပေ၊ ထိုစဉ်က မြင်လိုက်ရသည့် ကလေးများအားလုံးမှာ မြွေဆိုလျှင် အနည်းနှင့်အများ ကြောက်ရွံ့ကုန်၏။

ငတ်သေလျှင်ပင် ထိုအရာကို စားမည်မဟုတ်ပေ!

သူမသည် သတ္တိရှိသူ တစ်ဦးဖြစ်သော်လည်း မြွေကိုမူ အတော်ပင် ကြောက်လန့်လေသည်။ ကြောက်သည်ထက် ငယ်စဉ်က စိတ်စွဲခဲ့သော ထိတ်လန့်မှုမျိုးဟု ဆိုလျှင် ပို၍မှန်ပေလိမ့်မည်။ ထိုကဲ့သို့ ဦးရေပြားများ ထုံကျင်သွားစေသည့် သတ္တဝါမျိုး... အော့!

ချန်ချင်းယွီသည် ခေါင်းကို ခါယမ်းလိုက်ကာ အတိတ်က အကြောင်းများကို ဆက်မတွေးတော့ပေ။ သူမသည် ထိုသစ်ပင်အနီးသို့ ပြန်သွားကာ အကြောင်းမဲ့သက်သက် အဘယ်ကြောင့် လူကို တိုက်ခိုက်သနည်းဟု လေ့လာကြည့်လိုက်မိသည်။ ရှေးလူကြီးများ ပြောလေ့ရှိသော စကားတစ်ခုမှာ အချို့သော မြွေများသည် ရတနာများကို စောင့်ကြပ်တတ်ကြပြီး လူများ ချဉ်းကပ်လာပါက တိုက်ခိုက်တတ်ကြသည်ဟု ဆို၏။

ယခုအချိန်မှာ နောင်နှစ်ပေါင်းများစွာ ကြာသည့်အချိန်ကဲ့သို့ ဘာမျှမရှိတော့သည့် အခြေအနေမျိုး မဟုတ်ပေ။ ယခုမှာ ၁၉၇၀ ပြည့်လွန်နှစ်များ ဖြစ်ရာ တောင်ကုန်းငယ်လေး ဖြစ်သော်လည်း တစ်ခုခုတော့ ရှိနိုင်ပေသည်။ သူမသည် အဖိုးတန်သော ဂျင်စင်း၊ လင်ဇီးမှို စသည်တို့ ရှိနေမလားဟု စိတ်ဝင်တစားဖြင့် သေချာစွာ ရှာဖွေကြည့်လိုက်ရာ...

အင်း! ဘာမှမရှိပါလား!

ဂျင်စင်း ကို တူးဖော်ရန်မှာ ထင်သလောက် မလွယ်ကူလှသည်မှာ အမှန်ပင်။

သူမသည် ခေါင်းကို ကုတ်လိုက်ရင်း မတော်တဆ လှည့်ကြည့်လိုက်ရာ

“ဟယ်! ဟိုမှာ... မာစုတာကီမှိုတွေပါလား!”

(ဂျပန်ကနာမည်ကြီးမှိုတစ်မျိုးပါ)

ချန်ချင်းယွီမှာ ချက်ချင်းပင် ဝမ်းသာသွားကာ မျက်ခုံးများ ပင့်တက်သွားရ၏။ တကယ်ပါပဲ!

တကယ်ကို အဖိုးတန်တဲ့ အရာတစ်ခု ရှိနေတာပဲ!

ဒီနေရာမှာ ဘာလို့ မြွေရှိနေရသလဲ ဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး။

မာစုတာကီမှိုသည် မှိုအမျိုးအစား တစ်ခုပင် ဖြစ်သော်လည်း ဈေးနှုန်းမှာမူ သာမန်မှိုများနှင့် လုံးဝ မတူနိုင်ပေ။

ချန်ချင်းယွီသည် ရောင့်ရဲတတ်သူတစ်ဦး မဟုတ်ရာ မာစုတာကီမှို အစုလိုက်ကို တွေ့လိုက်ရသဖြင့် အမြန်ပင် ဆွတ်ခူးလိုက်လေသည်။ ဤကဲ့သို့ အဖိုးတန်အရာများကို အချိန်ဆွဲနေ၍ မဖြစ်ပေ၊ တစ်ယောက်ယောက် ရောက်လာလျှင် ဦးသွားနိုင်လေသည်။ လူတိုင်းမှာ အဖိုးတန်မှန်း မသိကြဘူးဟု မထင်လိုက်လေနှင့်… အဘွားကြီးများမှာ အတွေ့အကြုံရင့်လွန်း၍ ဂျိုးတက်နေသူများပင်။

သို့သော်လည်း အဘွားကြီးဟွမ် အသံကုန် အော်ဟစ်နေသည်ကို တစ်ယောက်မျှ လာမကြည့်ကြသည်ကိုကြည့်လျှင် လူတိုင်းက ကိုယ့်အရေးကိုယ်သာ ကြည့်ကြသည်မှာ အမှန်ပင်!

ချန်ချင်းယွီသည် တိတ်တဆိတ် အလုပ်လုပ်နေကာ ခဏချင်းပင် ဆွတ်ခူးပြီးသွားသဖြင့် ပြုံးပျော်နေတော့သည်။ ကလေးနှစ်ယောက်မှာလည်း ပြန့်ကျဲနေသော မှိုများကို အကုန်ကောက်ပြီးသွားပြီ ဖြစ်ရာ သူမ၏ ကျောပိုးတောင်းလေးကို ကြည့်လိုက်သောအခါ

ဟိုးဟိုး! အတော်လေးကို အဆင်ပြေနေပြီ!

သူမ၏ တောင်းလေးထဲတွင် ရလဒ်များမှာ အတော်ပင် ကောင်းမွန်လှပေသည်!

ချန်ချင်းယွီသည် အဘွားကြီးဟွမ်ကို ဂရုမစိုက်တော့ဘဲ

“ကဲ... သွားကြစို့၊ တို့တွေ ဒီဘက်ကို သွားကြမယ်”

“ဟုတ်ကဲ့!”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချန်ချင်းယွီနောက်က လိုက်လာကြရာ အဝေးကြီး မရောက်ခင်မှာပင် တောချယ်ရီပင်တစ်ပင်ကို တွေ့လိုက်ရပြန်သည်။ ချယ်ရီသီးလေးများမှာ မကြီးလှသော်လည်း ကလေးများအတွက် သရေစာအဖြစ် စားရန်မှာမူ အဆင်ပြေလှ၏။ ချန်ချင်းယွီသည် ကလေးများကို ကြည့်ကာ

“စားချင်ကြသလား”

ကလေးများက အမြန်ပင် ခေါင်းငြိမ့်ပြကြသည်။

ရှောင်ကျား- “မေမေ... သား လိုချင်တယ်၊ ရှောင်ကျား စားချင်တယ်”

ချန်ချင်းယွီ သမီးဖြစ်သူကို ကြည့်လိုက်ရာ ရှောင်ယွမ်ကလည်း အမြန်ပင် “ရှောင်ယွမ်လည်း လိုချင်တယ်” ဟု ပြောလေသည်။

ယခင်ကဆိုလျှင် သူမသည် ခေါင်းငြိမ့်ရုံသာ လုပ်တတ်သော်လည်း ပြီးခဲ့သည့်အကြိမ် ချန်ချင်းယွီ သီးသန့်မေးမြန်းခဲ့ပြီးနောက်တွင် ရှောင်ယွမ်မှာ စကားစတင် ပြောဆိုတတ်လာခဲ့ပြီ ဖြစ်၏။

ဤကလေးနှစ်ယောက်မှာ အတော်ပင် ဉာဏ်ကောင်းကြပေသည်။

ချန်ချင်းယွီ: “မေမေ နည်းလမ်းရှာပေးမယ်နော်”

သူမသည် “စားလို့ ကောင်းမကောင်းတော့ မသိဘူး” ဟု တတွတ်တွတ် ရေရွတ်ရင်း ကိုယ်တိုင် ဦးစွာမြည်းကြည့်လိုက်ရာ ချိုမြိန်လှပေသည်။

သာမန် တောချယ်ရီသီးများမှာ ဤမျှလောက်အထိ ချိုလေ့မရှိပေ။

ချန်ချင်းယွီသည် တစ်ချက်ကြည့်လိုက်ပြီးနောက် အားရပါးရ ခုန်လိုက်ကာ သစ်ကိုင်းကို လှမ်းဆွဲလိုက်လေသည်။ ထို့နောက် ကိုင်းညွှတ်လာသော သစ်ကိုင်းကို သူမ၏ ခေါင်းစည်းကွင်းဖြင့် အနီးရှိ သစ်ပင်ပုလေးတစ်ပင်၏ အကိုင်းခွကြားတွင် ချည်နှောင်လိုက်၏။ အားလုံးအဆင်ပြေသွားသောအခါ ချန်ချင်းယွီက လက်ဝါးချင်း ရိုက်လိုက်ပြီး

“ကဲ... ရပြီ၊ သားတို့သမီးတို့ဘာသာ ဆွတ်စားကြတော့နော်။ လက်ကို ဆူးမစူးစေနဲ့ဦး၊ သတိထားကြ”

ကလေးနှစ်ဦးမှာလည်း အလွန်ပင် လိမ္မာယဉ်ကျေးစွာဖြင့် ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြကြ၏။

သူတို့မှာ ပုပုလုံးလုံး ကလေးငယ်များ ဖြစ်ကြသော်လည်း ချန်ချင်းယွီက ဤသို့ လုပ်ပေးလိုက်သဖြင့် သူတို့ဘာသာ ဆွတ်ခူးစားနိုင်ကြပြီ ဖြစ်ရာ ကလေးနှစ်ဦးမှာ မျက်နှာလေးများ ဝင်းပလျက် ပျော်ရွှင်နေကြရှာသည်။

ချန်ချင်းယွီကိုယ်တိုင်လည်း ချယ်ရီသီးအချို့ကို စားပြီးနောက် မှိုများကို ဆက်လက်ခူးဆွတ်ပြန်၏။တစ်စုံတစ်ဦး၏ "ရက်ရောသော အကူအညီ" ကြောင့် သူမ၏ တောင်းထဲတွင် မှိုများမှာ အတော်ပင် များပြားနေပြီ ဖြစ်၏။ သို့သော်လည်း ရောက်တုန်းရောက်ခိုက် ပစ္စည်းများများရသည်ကို မည်သူကမျှ ငြင်းပယ်လိမ့်မည် မဟုတ်ပေ။ ချန်ချင်းယွီသည် မှိုအချို့ကို ထပ်မံခူးဆွတ်ပြီးနောက် နေရာပြောင်းရွှေ့လိုက်ကြလေသည်။

ထိုအချိန်မှသာ အဘွားကြီးဟွမ်မှာ ထထိုင်နိုင်တော့၏။ သူမ လိမ့်ကျသွားသည့် ခဏ၌ လူမှာ ဝေဝေဝါးဝါး ဖြစ်သွားခဲ့ရသော်လည်း သတိလစ်မသွားခဲ့ပေ။

သူမ သတိလစ်မသွားပါ!

သူမ အသံမထွက်ဘဲ နေခဲ့ရခြင်းမှာ ချန်ချင်းယွီက သူမကို တွေ့သွားမည်ကို အလွန်အမင်း ကြောက်လန့်နေခြင်းကြောင့်ပင် ဖြစ်၏။

မှန်ပါသည်၊ သူမ ကြောက်နေမိသည်!

အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဤမြွေကြောင့်ပင် ဖြစ်သည်။ အဘွားကြီး လိမ့်ကျသွားသည်မှာ မပြင်းထန်လှပေ၊ ဤတောင်မှာ အလွန်အမင်း မတ်စောက်ခြင်း မရှိသဖြင့် လိမ့်ကျလျှင်ပင် အပြင်းအထန် ဒဏ်ရာရသည်မျိုး မရှိပေ။ ဤသည်မှာလည်း အသံကြားသော်လည်း လူတိုင်း အပြေးအလွှား လာမကြည့်ကြသည့် အကြောင်းရင်းပင် ဖြစ်၏။

ဤတောင်သို့ ရောက်ဖူးသူတိုင်း ထိုအချက်ကို သိကြပေသည်။ ထို့ပြင် ယခုကဲ့သို့ မှိုခူးသည့် ရက်မျိုးတွင် မြို့ပေါ်မှ လူပျိုလူရွယ်၊ အပျိုဖော်ဝင်စ ကလေးများစွာ အုပ်စုလိုက် လာတတ်ကြပြီး တစ်ဦးကိုတစ်ဦး ဆွဲလားရမ်းလားလုပ်ခြင်း၊ ခြောက်လှန့်စနောက်ခြင်းများ ပြုလုပ်ကာ အော်ဟစ်နေတတ်ကြသည် မဟုတ်လော့။

လူတိုင်းက ဤသို့သော အသံမျိုးကို ယဉ်ပါးနေကြပြီ ဖြစ်၏။

အကြိမ်ကြိမ် "ဝံပုလွေလာပြီ" ဟု အော်ဟစ်ခံရဖူးသကဲ့သို့ ဖြစ်နေသဖြင့် သာမန်လူများမှာ အရေးတယူ မလုပ်ကြတော့ပေ။

အဘွားကြီးဟွမ်သည် ချန်ချင်းယွီတို့ ထွက်သွားပြီဟု ထင်မှတ်လိုက်မှသာ သက်ပြင်းချနိုင်ကာ ထိုင်လိုက်လေသည်။ သူမ လိမ့်ကျလာစဉ်ကပင် မြွေမှာ သေဆုံးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ မြွေသည် သူမနှင့်အတူ ပြုတ်ကျလာခဲ့ပြီး လုံးဝ မလှုပ်ရှားတော့သဖြင့် ပြုတ်ကျသည့် အရှိန်ကြောင့် သေသွားခြင်း ဖြစ်နိုင်ပေသည်။

ချန်ချင်းယွီ၏ လက်ဝှေ့ယမ်းလိုက်မှု တစ်ချက်က မြွေတစ်ကောင်ကို သေစေနိုင်သည်ဟု အဘွားကြီးဟွမ်မှာ လုံးဝ မတွေးမိရှာပေ။

သို့သော် သူမသည် ချန်ချင်းယွီမှာ ဤမြွေကို လာရောက်လုယူမည်ကို စိုးရိမ်နေမိ၏၊ ဤအရာမှာ အဖိုးတန်လှသည် မဟုတ်ပါလား။

ထို့ကြောင့်ပင် သူမသည် လူထွက်သွားသည်အထိ အောင့်ထားပြီးမှ မြွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ပြုံးပျော်နေလေ၏။

“ထီပေါက်ပြီ... ထီပေါက်ပြီ၊ တကယ်ကို ကောင်းတာပဲ! ဒီနေ့ လာရတာ တကယ်ကို မရှုံးပါဘူး၊ ငါ တကယ်ကို ကံကောင်းတာပဲ။ တကယ်ကို ကောင်းလိုက်တာ”

သူမသည် ယိမ်းထိုးလျက် ထရပ်လိုက်ကာ မိမိ၏ စုတ်ပြတ်သတ်နေသော ပုံစံကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမ၏ မှိုတောင်းကို အမြန်ရှာဖွေတော့သည်။

အဘွားကြီးဟွမ်: “...တောက်!”

မှိုတွေ တစ်ခုမှ မရှိတော့ပါလား။

သူမသည် တတွတ်တွတ် ဆဲရေးနေသော်လည်း ပြန်တွေးကြည့်လျှင် ဝဖြိုးသော မြွေတစ်ကောင်က ပို၍ တန်ဖိုးရှိသည်ဟု ယူဆကာ အမြန်ပင် ထည့်သွင်း၍ ထွက်ခွါခဲ့၏။ ထိုမုဆိုးမလေးကို လုံးဝ အတွေ့မခံနိုင်ပေ။

ဒါက ငါပိုင်သည့် အရာပဲ!

တောက်... ငါ့ရဲ့ မှိုတွေကိုတော့ မုဆိုးမလေး ကောက်သွားတာ သေချာပါပြီ။

ကံကောင်းသည်မှာ သူမက ပို၍ အမြတ်ထွက်ခဲ့ခြင်းပင်!

မှိုဆိုတာ တောင်ပေါ်မှာ အများကြီး ရှိနေတာပဲလေ!

တခြားနေရာမှာ သွားရှာလိုက်ရင် ရတာပဲလေ!

အဘွားကြီးဟွမ်မှာမူ ထော့နဲ့ထော့နဲ့ဖြစ်လျက်နှင့်ပင် အလျင်အစလို ထွက်ခွါသွားလေသည်။ မည်သို့ပင်ဆိုစေ သူမအတွက်တော့ အမြတ်ထွက်သည်ဟု ဆိုရပေမည်၊ လိမ့်ကျသွားသည့် ကိစ္စကိုမူ...

ဘယ်သူ့ကိုမှ ထုတ်မပြောရဲပေ!

အကယ်၍သာ သူမသည်သာ စကားစလိုက်လျှင် ဤမြွေနှင့် ပတ်သက်၍ ပြဿနာတက်လာနိုင်သည် မဟုတ်ပါလား။ သူမသည် ပျော့ညံ့လှသော ချန်ချင်းယွီကို မကြောက်သော်လည်း အဘွားကြီးကျောက်၏ အရှက်မရှိ တတွတ်တွတ် ရန်လုပ်တတ်သော အကျင့်ကိုမူ တကယ်ပင် တောင့်မခံနိုင်ပေ။

ထိုအဘွားကြီးမှာ အမှန်တကယ်ပင် အရှက်မရှိသည့် အယုတ်မာမကြီး မဟုတ်ပါလား!

အဘွားကြီးဟွမ်မှာ လိမ့်ကျသွားသဖြင့် ခြေထောက် အနည်းငယ် နာကျင်နေသော်လည်း အခြားတစ်ဖက်သို့ ရောက်အောင် အားတင်း၍ သွားလေသည်။ ထိုမုဆိုးမလေးနှင့် ဝေးရာတွင်သာ နေရပေမည်။

ချန်ချင်းယွီကမူ အဘွားကြီးဟွမ် တွေးနေသည်ကို ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ ထိုအဘွားကြီး လိမ့်ကျသွားသည့်အတွက် မျောက်ဦးနှောက်မှိုများကို ရလိုက်သဖြင့် သူမအတွက် အမြတ်ထွက်သည်ဟုသာ မှတ်ယူထား၏။ အဘွားကြီးဟွမ်၏ ကျေးဇူးကြောင့် ယခုအခါ သူမ၏ ကျောပိုးတောင်းလေးမှာ ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။

ချန်ချင်းယွီသည် ခေတ္တမျှ ထပ်မံအလုပ်လုပ်ပြီးနောက် အနားယူရန် ထိုင်လိုက်လေသည်။ သူမသည် ကျောက်တုံးတစ်တုံးကို ရှာဖွေကာ

“ရှောင်ကျား... ရှောင်ယွမ်... လာကြ၊ မုန့်စားရအောင်” ဟု ခေါ်လိုက်၏။

ကလေးနှစ်ဦး၏ လက်ကလေးများမှာ တောချယ်ရီသီးများကို ဆွတ်ခူးစားထားသဖြင့် အနီရောင်များ စွန်းထင်နေကာ ပါးစပ်လေးများမှာလည်း ရဲတွတ်နေလေသည်။ ရှောင်ယွမ်က သူမ၏ လက်ကလေးကို ငုံ့ကြည့်နေစဉ် ချန်ချင်းယွီမှာ

“လာပါဦး... မေမေ့မှာ လက်ကိုင်ပုဝါ ပါတယ်၊ သုတ်ပေးမယ်နော်”

“ဟုတ်ကဲ့!”

နွေဦးလေပြည် တဖြူးဖြူး တိုက်ခတ်နေစဉ် ချန်ချင်းယွီသည် ကျောက်တုံးပေါ်တွင် ထိုင်ကာ ပေါက်စီကို ကိုက်စားရင်း ‘ဘာလို့ ယုန်တစ်ကောင်လောက် ပြေးမလာရတာလဲ’ ဟု တွေးတောနေမိ၏။ သူမလည်း "သစ်ငုတ်တိုင်မှာ ယုန်စောင့်ဖမ်းခြင်း" ဆိုသည့် ပုံပြင်ကို ကြားဖူးသည် မဟုတ်ပါလား!

အကယ်၍သာ ယုန်တစ်ကောင်လောက် ရခဲ့လျှင် ညကျမှ ယုန်သားစပ်စပ်လေး ချက်စားလို့ ရပေမည်။ အချိုချက်လည်း အဆင်ပြေသော်လည်း စပ်စပ်လေးကမှ ပို၍ အရသာရှိပေလိမ့်မည်။

ရှူး... ရှူး...

ချန်ချင်းယွီသည် ပေါက်စီကို ကိုက်စားရင်း ယုန်သားဟင်းကို စိတ်ကူးယဉ်ကြည့်နေသော်လည်း—

ဝေးလေစွ! လုံးဝကို မရှိပါပေ!

သားအမိသုံးဦးမှာ သာယာစွာ နားနေကြ၏။ ချန်ချင်းယွီ အစားမြန်သော်လည်း ကလေးနှစ်ဦးမှာမူ ပေါက်စီ အနည်းငယ်ကိုသာ ခွဲဝေစားကြလေသည်။ အကြောင်းမှာ သူတို့သည် ပေါက်စီတစ်ဝက် စားထားသည့်အပြင် ချယ်ရီသီးများကိုလည်း အတော်များများ စားထားသဖြင့် ဗိုက်မဆာကြခြင်းပင်။ ကလေးငယ်နှစ်ဦးမှာ ဖြည်းဖြည်းချင်း စားနေကြပြီး ရှောင်ကျားက သစ်ခက်လေးတစ်ခုကို ကိုင်ကာ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်ကလေးများကို တို့ဆွနေလေသည်။

ရှောင်ကျား; “မေမေ... မေမေ... ပုရွက်ဆိတ်တွေ ကျောက်တုံးပေါ် တက်လာပြီး တင်ပါးကို ကိုက်နေပြီ”

ချန်ချင်းယွီ ကြည့်လိုက်ရာ

အမလေး... သူမ ခေတ္တမျှ စိတ်ကူးယဉ်နေစဉ်အတွင်း သူမ၏ ကလေးငယ်မှာ ပုရွက်ဆိတ်အုပ်ကြီးကို ဖိတ်ခေါ်ထားလေပြီ။

ပတ်ဝန်းကျင်တွင် ပုရွက်ဆိတ်များ အတော်ပင် များပြားနေ၏။ ကလေးများ စားပြီး ထွေးထုတ်ထားသော ချယ်ရီစေ့များကြောင့် ပုရွက်ဆိတ်များ စုရုံးလာခြင်းပင်တည်း။

ချန်ချင်းယွီ : “နေရာပြောင်းမှ ဖြစ်တော့မယ်”

သူမသည် ကျောက်တုံးကြီးကို မလိုက်ကာ အနည်းငယ်ဝေးသော နေရာသို့ ရွှေ့၍ ထိုင်လိုက်လေသည်။

ကျင်း နှစ်ဆယ်၊ သုံးဆယ်ခန့်ရှိသော ကျောက်တုံးကြီးကို မရန်မှာ သူမအတွက် အပန်းမကြီးပေ။

ကျောက်တုံးက ကြီးသော်လည်း သူမမှာ ခွန်အားကြီးသူ မဟုတ်ပါလား!

ဟဲဟဲ!

တကယ်တမ်း အစားကြီးသော်လည်း ခွန်အားကြီးခြင်းမှာ လူနေမှုဘဝတွင် တကယ်ကို အသုံးတည့်လှပေသည်။

ချန်ချင်းယွီမှာ ကိုယ့်ဘာသာ ကျေနပ်စွာ တွေးတောနေစဉ်

“မေမေ... မေမေ...”

ရှောင်ကျား ထပ်မံအော်ဟစ်ပြန်ရာ ချန်ချင်းယွီ မေးလိုက်မိ၏။

“ဘာဖြစ်လို့လဲ”

သူမသည် ကလေးများကို အလွန်အမင်း သဘောကျသူ မဟုတ်သော်လည်း ခေါ်လျှင်မူ ချက်ချင်း ပြန်ထူးတတ်၏။ သူမကိုယ်တိုင်လည်း ကလေးဘဝကို ဖြတ်သန်းခဲ့ရသူဖြစ်ရာ ကလေးများကို လျစ်လျူမရှုတတ်ပေ။

ရှောင်ကျားက လက်ကလေးကို ယမ်းပြရင်း

“မေမေ... ကြည့်ပါဦး၊ ဒီမှာ သေတ္တာလေး တစ်လုံး ရှိတယ်”

ချန်ချင်းယွီ - “ဘာကြီးလဲ”

သူမ လမ်းလျှောက်သွားကြည့်လိုက်ရာ ချက်ချင်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

“ဟယ်... တကယ်ကြီးပါလား!”

သူမသည် ရှောင်ကျားကို မယုံနိုင်ဟန်ဖြင့် သလို ကြည့်လိုက်မိကာ ဤကလေး၏ မျက်စိမှာ တကယ်ကို ကောင်းလွန်းလှသည်ဟု ထပ်မံ၍ ချီးကျူးလိုက်မိလေသည်။

ချန်ချင်းယွီ ယခုလေးတင် သူမ ဖယ်ရှားလိုက်သော ကျောက်တုံးကြီးအောက်၌ တစ်စုံတစ်ခု ဝှက်ထားသည်ကို တွေ့ရှိလိုက်ရ၏။ ကျောက်တုံးကြီးအား ဖယ်ရှားလိုက်သည်နှင့် ရှောင်ကျားနှင့်ရှောင်ယွမ် ကလေးငယ်နှစ်ဦးမှာ သစ်ကိုင်းလေးများဖြင့် မြေကြီးယက်ကာ ဆော့ကစားနေကြရာ၊ သိပ်မကြာမီမှာပင် သေတ္တာငယ်လေးတစ်လုံးကို ထူးဆန်းစွာ တွေ့ရှိလိုက်ကြခြင်း ဖြစ်လေသည်။

ချန်ချင်းယွီမှာ “မေမေ ကြည့်ရှုစစ်ဆေးလိုက်ဦးမည်” ဟု ဆိုကာ အနားသို့ အမြန်ချဉ်းကပ်သွားပြီး သစ်ခက်တစ်ခုဖြင့် ဆက်လက်ယက်ထုတ်လိုက်၏။ ၎င်းမှာ သေတ္တာငယ်လေးတစ်လုံးသာ ဖြစ်ပေသည်။ အကယ်၍ အလွန်ကြီးမားသော အရာသာဆိုလျှင် သူမလည်း တူးဖော်ရန် ဝံ့မည်မဟုတ်ပေ၊ အကြောင်းမှာ တူးထုတ်လိုက်သည့်အခါ ရတနာများ ထွက်လာမည်လော သို့မဟုတ် ရုပ်အလောင်း ထွက်လာမည်လောဟူသည်ကို မည်သူမျှ မခန့်မှန်းနိုင်သောကြောင့်တည်း။ သို့သော် ဤကဲ့သို့ သေတ္တာအသေးစားလေးများထဲ၌မူ အဖိုးတန်ပစ္စည်းများ ရှိနေတတ်သည်မှာ ထုံးစံပင် ဖြစ်လေသည်။

မကြာမီမှာပင် သူမသည် သေတ္တာလေးအား တူးထုတ်နိုင်ခဲ့၏။ သေတ္တာမှာ သိပ်မကြီးလှကာ မြေကြီးထဲ၌လည်း အပေါ်ယံလေးသာ မြှုပ်နှံထားသဖြင့် မကြာသေးမီ ကာလမှ လာရောက်ထားရှိသွားခြင်း ဖြစ်နိုင်ပေသည်။ သေတ္တာလေးတွင် သော့ခတ်ထားသော်လည်း ၎င်းမှာ ချန်ချင်းယွီအတွက်မူ အခက်အခဲ မရှိလှပေ၊ သူမသည် တစ်ချက်တည်း ဆွဲဖွင့်လိုက်ရုံဖြင့် ပွင့်အာသွားလေတော့သည်။

၎င်းသည် လက်ဝတ်ရတနာများလော၊ သို့မဟုတ် ရွှေငွေ ရတနာများလော၊ သို့တည်းမဟုတ် ရှေးဟောင်းပစ္စည်းများ ဖြစ်လေမည်လောဟု ချန်ချင်းယွီ တွေးတောနေမိ၏။ သို့သော် သေတ္တာကို ဖွင့်လိုက်သည့်အခါတွင်မူ— ဟင်?

သူမ အမျိုးမျိုး စိတ်ကူးယဉ်ခဲ့သော်လည်း အထဲ၌ ရှိနေသည်မှာ စာအုပ်တစ်အုပ်သာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ အထဲ၌ အဖိုးတန်ပစ္စည်း တစ်စုံတစ်ရာ မရှိဘဲ စာအုပ်တစ်အုပ်တည်းသာ ရှိနေခြင်းဖြစ်ပြီး ကြည့်ရသည်မှာလည်း ရှေးဟောင်းစာအုပ်မျိုး မဟုတ်ပေ။

ဒါပဲလား!

ချန်ချင်းယွီတစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားရချေပြီ။ အခြားဝတ္ထုများထဲမှ ဇာတ်လိုက်မင်းသမီးများမှာ တောင်ပေါ်တက်လျှင် ဂျင်စင်းဥများ သို့မဟုတ် ရတနာများ တွေ့ရှိတတ်ကြသော်လည်း၊ သူမကျမှ အဘယ်မျှတန်ဖိုးမရှိသော ဤကဲ့သို့အရာမျိုးနှင့် တွေ့ရသည်ဟု တွေးတောနေမိ၏။

ကြည့်ရသည်မှာလည်း တန်ဖိုးရှိပုံမရဟု ထင်မှတ်ကာ ချန်ချင်းယွီ မတော်တဆ လှန်ကြည့်လိုက်မိသော ခဏ၌ပင် သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားရလေသတည်း။

တောက်!

၎င်းမှာ ညစ်ညမ်းစာအုပ်ကြီး ဖြစ်နေသည် မဟုတ်ပါလား။

ဒါ့ကြောင့်ကိုး!

ဤအကြောင်းကြောင့်လည်း ဝှက်ဖုံးထားရခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍သာ အာဏာပိုင်များလက်သို့ ရောက်ရှိသွားပါက ၎င်းမှာ ပြဿနာကြီးတစ်ရပ် ဖြစ်လာနိုင်သည် မဟုတ်လော့။ သို့သော်လည်း တကယ့်ကို တန်ဖိုးမရှိလှသော အရာပင် ဖြစ်လေသည်။

ချန်ချင်းယွီသည် မျက်လုံးကို အသာအယာ လှန်လိုက်မိ၏။ တကယ်ပင် ပြောစရာ စကားလုံး ရှာမတွေ့တော့ချေ။

“မေမေ... ဒါက ဘာကြီးလဲဟင်”

ကလေးငယ်မှာ မေးမြန်းရာ၊ ချန်ချင်းယွီက အသက်ကို ဝဝရှူလိုက်ပြီး

“ဒါက သူတပါး၏ ပစ္စည်းဆိုတော့ တို့တွေ မယူရဘူးနော်”

သူမသည် စာအုပ်ကို သေတ္တာထဲသို့ ပြန်လည်ထည့်သွင်းကာ သော့ကိုလည်း ဂရုမစိုက်တော့ဘဲ မူလနေရာ၌ပင် ပြန်လည်ထားရှိပြီး ကျောက်တုံးကြီးဖြင့်ပါ ပြန်လည်ဖိထားလိုက်၏။ ထို့နောက် လက်ကို ခါထုတ်လိုက်ရင်း

“နိမိတ်မကောင်းလိုက်တာ!” ဟု ရေရွတ်လိုက်လေသည်။

သူမ ဆက်လက်၍

“တို့တွေ နောက်ထပ် နည်းနည်းလောက် ထပ်ခူးပြီးလျှင် အခြားနေရာကို သွားကြည့်ကြရအောင်”

ကလေးနှစ်ဦးမှာလည်း မိခင်ဖြစ်သူ၏ စကားကို မြေဝယ်မကျ နားထောင်ကြသူများ ဖြစ်သည့်အတိုင်း ဘာမျှ ကန့်ကွက်ခြင်း မရှိကြပေ။

ချန်ချင်းယွီသည် တောချယ်ရီသီးလေးများကို ထပ်မံဆွတ်ခူးလိုက်ပြီး မြေပြင်ပေါ်မှ ခြေရာလေးများကို ကြည့်ကာ၊ စာအုပ်ဝှက်ထားသော ကျောက်တုံးကို တစ်ချက်ကြည့်၍ ကလေးများကို ပွေ့ချီလိုက်လေသည်။ ထို့နောက် ကလေးများ၏ ခြေရာများကို ဖုံးကွယ်ရန် ထိုနေရာတစ်ဝိုက်၌ ဟိုဟိုဒီဒီ နင်းခြေလိုက်ပြီးမှ ခေါင်းစည်းကွင်းဖြင့် ဆံပင်ကို ပြန်လည်စည်းနှောင်လိုက်ရင်း - “ကဲ... သွားကြစို့!” ဟု ဆိုလိုက်၏။

“မေမေ!”

ချန်ချင်းယွီတစ်ယောက် ရှောင်ကျားအသံကြောင့် “ဘာတွေ့ပြန်ပြီလဲ” ဟု မေးလိုက်ရာ ရှောင်ကျားမှာ

“မေမေ! ဟိုမှာ ကြက်တစ်ကောင်!” ဟု အော်ဟစ်လိုက်လေသည်။

မျက်စိအတော်ပင် စူးရှလှသည်မှာ အမှန်ပင်။ ချန်ချင်းယွီသည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး

“ဘယ်နေရာမှာလဲ... ဘယ်နေရာမှာလဲ”

ရှောင်ကျား ညွှန်ပြသည့်နေရာမှာ သိပ်မဝေးလှသော်လည်း တောကြက်တစ်ကောင်သည် မြက်တောထဲ၌ ပုန်းကွယ်နေခြင်းဖြစ်ရာ သာမန်လူဆိုလျှင် သတိပြုမိမည် မဟုတ်ပေ။ ချန်ချင်းယွီသည် ကလေးကို အမြန်ချပေးလိုက်ပြီး ဝုန်းခနဲ ပြေးဝင်သွားသည့်အခါ တောကြက်သည်လည်း ကတော် ကတော် အော်ဟစ်ကာ ထွက်ပြေးလေတော့သည်။

ယခုအခါ လူနှင့် ကြက်တို့၏ အပြေးပြိုင်ပွဲကြီး စတင်ခဲ့လေ၏။

ချန်ချင်းယွီ၏ လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းလှသဖြင့် ခဏချင်းမှာပင် အနားသို့ ချဉ်းကပ်သွားနိုင်လေသည်။ တောကြက်မှာ အလျှင်အမြန် ပျံသန်းထွက်ပြေးသော်လည်း ချန်ချင်းယွီ၏ လက်တွင်းသို့ သက်ဆင်းသွားရရှာ၏။ ချန်ချင်းယွီသည် ခါးထောက်လျက် ဂုဏ်ယူဝင့်ကြွစွာဖြင့် ဟားတိုက်ရယ်မောရင်း

“ဒီလောက် ကြက်ကလေးတစ်ကောင်ကတော့ ငါ့ရဲ့ လက်ခုပ်ထဲက ရေပါအေ့!”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကြရင်း -

“မေမေ တကယ့်ကို တော်တာပဲ!”

“မေမေက အရမ်းအားကိုးရတာပဲ!”

“မိပြီ... မိပြီ... တကယ် မိသွားပြီ...”

“ကြက်သားဟင်း စားရတော့မယ်၊ ရှူး... ရှူး...”

ကလေးနှစ်ယောက်သာ ရှိသော်လည်း တစ်တန်းလုံးစာ လူစုလူဝေးကြီး ရောက်လာသကဲ့သို့ ဆူညံအသက်ဝင်သွားလေသည်။

ချန်ချင်းယွီသည် ကျေနပ်အားရစွာဖြင့် မိုးမခပင်ခက်လေးတစ်ခုကို ယူကာ တောကြက်အား ချည်နှောင်လိုက်ပြီး

“တို့တွေ ထွက်လာရတာ တကယ်ကို တန်သွားပြီ။ ရှောင်ကျားက မျက်စိအတော်ကောင်းတာပဲ၊ ညကျရင် ဆုလာဘ်အနေနဲ့ ကြက်ပေါင်တစ်ဖက် ပေးမယ်နော်”

သူမစကားကြောင့် ရှောင်ကျားမှာ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေလေသည်။

ရှောင်ယွမ်မှာမူ တံတွေးကို အသာအယာ မျိုချနေမိ၏။

ချန်ချင်းယွီ: “အကယ်၍ ရှောင်ယွမ်က မေမေ့ကို ဝိုင်းကူမယ်ဆိုရင်တော့ တစ်ဖက် ခွဲပေးမယ်လေ”

ရှောင်ယွမ်: “ကူပါ့မယ်၊ သမီး ဝိုင်းကူပါ့မယ်”

ကလေးမလေးမှာ အလောတကြီး ပြန်ပြောရှာသည်။

ချန်ချင်းယွီသည် ပြုံးလိုက်မိ၏။ တောကြက်ကို မှိုနှင့်ရော၍ ချက်စားမည်ဆိုလျှင် အတော်ပင် အဆင်ပြေမည်။ သူမသည် ရှောင်ကျား၏ ခေါင်းကို ပွတ်သပ်ပေးရင်း ဤကလေးမှာ မျက်စိအတော်လျင်လှသည်ဟု တအံ့တဩ တွေးနေမိလေသည်။

ချန်ချင်းယွီသည် အလွန်ပင် ပျော်ရွှင်နေတော့၏။ သူမသည် ကလေးကို ပွေ့ချီကာ ကျောပိုးတောင်းကို လွယ်၍ ထိုနေရာမှ ထွက်ခွာခဲ့လေသည်။ သားအမိများ ထွက်ခွာသွားပြီး မကြာမီမှာပင် လူငယ်တစ်စု ရောက်ရှိလာကြရာ ထိုလူငယ်များမှာ အခြားသူများ မဟုတ်ဘဲ ချန်ချင်းယွီတို့ ဝင်းထဲမှ လူများပင် ဖြစ်ကြလေသည်။

ကျောက်ရုံ၏ ဒုတိယသမီး ဟောက်ရွှယ်နှင့် မည်သို့မွေးလာသည်ကို စုံစမ်း၍မရသော တတိယသမီး ရှောင်ချွေ့တို့အပြင် အစ်မကြီးဖန်၏သား ရှီရှောင်ဝေတို့လည်း ပါဝင်ကြသည်။ လူငယ်များမှာ ပျော်ရွှင်စွာဖြင့်

“ဟောဒီမှာ ကြည့်လိုက်၊ ချယ်ရီပင်တစ်ပင် ရှိတယ်...”

ချန်ချင်းယွီတို့ ဆွတ်ခူးသွားသော်လည်း အချို့မှာ ကျန်ရှိနေသေး၏။

“ဟောက်ရွှယ်... ငါ ခူးပေးမယ်”

“ဟောက်ရွှယ်... ငါလည်း ခူးပေးမယ်၊ ငါက အရပ်ရှည်တော့ အမြင့်ကဟာတွေကို ခူးပေးနိုင်တယ်၊ အဲ့ဒါတွေက ပိုချိုမှာ”

“ဟောက်ရွှယ်...နင်လည်း ပင်ပန်းနေပြီ၊ ခဏလောက် ထိုင်နားပါဦး... အို! မဟုတ်ဘူး၊ ဒီကျောက်တုံးက တစ်မျိုးပဲ”

“အာ! ဘာဖြစ်တာလဲ? ဖယ်ကြည့်လိုက်ဦး...”

သိပ်မကြာမီမှာပင် တောအုပ်အတွင်း၌ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာလေ၏။

“အား... အား... အား!!!! ဒါ ဘာကြီးလဲ!!!!”

ချန်ချင်းယွီတို့မှာမူ အိမ်နီးချင်းများနှင့် လူစုပြန်ဆုံနေကြပြီ ဖြစ်၏။ သူမမှာ တောင်းအပြည့် ရရှိထားသဖြင့် ဆက်မနေလိုတော့ပေ။ လမ်းတစ်လျှောက် လိုက်ရှာရာ လင်စန်းရှန်းတို့ကို တွေ့ရှိလေသည်။ လင်စန်းရှန်းမှာ ရှီကျန့်ရှန်းနှင့် အတူရှိနေ၏။ ချန်ချင်းယွီသည် စောစောပိုင်း ကြက်ဖမ်းစဉ်က အမူအရာမျိုး မဟုတ်တော့ဘဲ မျက်နှာလေး ဖြူလျော့ကာ နွဲ့နှောင်းသော ပုံစံဖြင့်

“ဒေါ်လေးရှီ... ဒေါ်လေးလင်... ကျွန်မ အတော်များများ ခူးပြီးပြီဆိုတော့ ပြန်တော့မလို့။ ရှင့်တို့ ပြန်ကြတော့မှာမလား”

လင်စန်းရှန်းမှာ အခက်တွေ့နေရ၏၊ သူမတို့မှာ နှစ်ယောက် လာခြင်းဖြစ်ရာ တောင်းအပြည့် ရလိုကြသေးသည်။ ထို့ကြောင့် တုံ့ဆိုင်းစွာဖြင့်

“ငါကတော့ နောက်ထပ် ခဏလောက် ထပ်ခူးချင်သေးတယ်”

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ ရှီကျန့်ရှန်းကို ကြည့်၍

“ဒေါ်လေးရှီ... ရှင် ပြန်မှာလား”

ရှီကျန့်ရှန်းမှာ မကျေမနပ် ဖြစ်သွားကာ မျက်မှောင်ကြုတ်လျက်

“အခု ပြန်တော့မလို့လား?

အခွင့်အရေးရတုန်း များများခူးရမှာပေါ့၊ ဘာလို့ ဒီလောက် အလျင်စလို ပြန်ချင်နေရတာလဲ။

ညည်းက လူမှုရေး မရှိလိုက်တာ”

ချန်ချင်းယွီက ဘာမျှမသိသလို အမူအရာဖြင့် သူမတောင်းကိုပြလိုက်ကာ

“ဒါပေမဲ့ ကျွန်မတောင်းက ပြည့်နေပြီလေ၊ ပြီးတော့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့လည်း ပင်ပန်းနေကြပြီ”

တောကြက်မှာ တောင်း၏ အောက်ဆုံး၌ ရှိနေသဖြင့် သူမ မစိုးရိမ်ပေ။

“ဟယ်! ညည်း လက်ကလေးက တော်တော် မြန်တာပဲ!”

“ဟုတ်ပါ့... ညည်း ဘယ်နေရာမှာ သွားခူးတာလဲ၊ ဘာလို့ ဒီလောက်တောင် များနေရတာလဲ”

ချန်ချင်းယွီ: “ဟိုဘက်မှာလေ... ဘယ်သူမှ မရှိတဲ့နေရာမှာ ကျွန်မ အေးအေးဆေးဆေး ခူးခဲ့တာ”

သူမ လက်ညှိုးထိုးပြလိုက်၏။

ရှီကျန့်ရှန်းမှာမူ အကျပ်ရိုက်သွားချေပြီ။ သူမသည် မှိုပုပ်အချို့ကို တိတ်တဆိတ် ထည့်ပေးရန် ကြံစည်ထားသော်လည်း ယခုကဲ့သို့ တောင်းအပြည့် ဖြစ်နေလျှင် သိသာသွားပေလိမ့်မည်။ ထို့ပြင် အပေါ်ယံ၌ ရှိနေပါက အဘွားကြီးကျောက် တွေ့သွားနိုင်သည် မဟုတ်ပါလား။

ရှီကျန့်ရှန်းသည် သူမယောက်ျား၏ စကားကို ပြန်လည်ကြားယောင်ကာ အံကြိတ်၍

“ဒါဆိုလည်း ငါ့မှိုတွေပါ ညည်းကို ပေးလိုက်မယ်”

ချန်ချင်းယွီ : “ရှင်?”

လင်စန်းရှန်း သားအမိ : “ရှင်??”

အားလုံးမှာ မှင်သက်သွားကြကုန်၏။ ရှီကျန့်ရှန်းသည် ရင်းနှီးဖော်ရွေသော အပြုံးကို အတင်းဖန်တီးလျက်

“ညည်းက အတွေ့အကြုံ မရှိသေးဘူးလေ၊ အခု ပြန်သွားလို့ ပစ္စည်းနည်းနေရင် ညည်းယောက္ခမက ဆူလိမ့်မယ်။ အဲ့ဒါကြောင့် ငါ့ဆီကဟာတွေပါ ယူသွားလိုက်၊ ဒါဆိုရင်တော့ ညည်းယောက္ခမကို မျက်နှာပြလို့ ရတာပေါ့”

ချန်ချင်းယွီ၏ မျက်ဝန်းများမှာ အပြစ်ကင်းစင် ရိုးသားဟန်ဖြင်ြ

“ဒါပေမဲ့ ကျွန်မတောင်းက ပြည့်နေပြီလေ”

ရှီကျန့်ရှန်း: “နည်းနည်းလောက် ဖိလိုက်ရင် ရပါတယ်အေ့၊ အဒေါ်က တကယ် ပေးချင်လို့ ပေးတာပါ”

စကားဆိုကာ ချန်ချင်းယွီ၏ တောင်းထဲသို့ အတင်းအဓမ္မ ထည့်ရန် ကြိုးစားလေသည်။

ချန်ချင်းယွီက ခေါင်းခါယမ်းလျက် အဘွားကြီးကျောက်ကို ကြောက်လန့်နေသည့် အမူအရာမျိုး ပြုလုပ်လိုက်၏။

“သူများဆီကဟာတွေကို အလကား မယူချင်ပါဘူး၊ ကျွန်မယောက္ခမ သိသွားရင်...”

ရှီကျန့်ရှန်း: “ဒါက ကျေးဇူးတင်စရာမှ မဟုတ်တာ။ အဒေါ်က စေတနာနဲ့ ပေးတာပါအေ့! အရင်က ညည်းကို စိတ်ပူလို့ နောက်ကလိုက်ခဲ့မိတာကို ညည်းယောက္ခမက ရန်ရှာနေတော့၊ တို့နှစ်အိမ်ကြား ပြန်အဆင်ပြေအောင် မှိုပေးတာလို့ပဲ သတ်မှတ်လိုက်ပါ။ ညည်း ငြင်းမယ်ဆိုရင်တော့ အဒေါ်ကို အထင်သေးတာပဲအေ”

ချန်ချင်းယွီမှာ တုံ့ဆိုင်းနေဟန် ရှိ၏။ ဘေးရှိ လင်စန်းရှန်းမှာလည်း စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေရချေပြီ။ ရှီကျန့်ရှန်း ပေးနေမှတော့ သူမကော ပေးသင့်သလားဟု တွေးတောနေမိ၏။ ပေးလိုက်လျှင်လည်း နှမြောမိသော်လည်း၊ မပေးပြန်လျှင်လည်း သိက္ခာကျမည်ကို စိုးရိမ်နေပြန်သည်။

ထိုအချိန်တွင် ရှီကျန့်ရှန်းက ပြတ်ပြတ်သားသားဆိုလိုက်၏။

“ညည်းတောင်းကို နည်းနည်းဖိလိုက်၊ ငါ အကုန်လောင်းထည့်ပေးမယ်၊ ဒါ ငါ့ရဲ့ စေတနာပါ”

သူမသည် အိတ်ကပ်အတွင်းမှ အဆိပ်ရှိသော မှိုပုပ်များကို လောင်းထည့်စဉ်အတွင်း အတူတူ ရောနှောထည့်သွင်းရန် ကြံစည်နေခြင်း ဖြစ်လေသည်။ သူမ၏ ယောက်ျား ပြောသည်မှာ မှန်ပေသည်၊ ရည်မှန်းချက် အောင်မြင်ရန်အတွက် အကျိုးအမြတ် အနည်းငယ် အဆုံးရှုံးခံရသည်မှာ ပြဿနာ မဟုတ်ပေ!

“ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ! ဒါ ငါ့ဘက်က တောင်းပန်တဲ့အနေနဲ့ ပေးတာ!”

ရှီကျန့်ရှန်းသည် အိတ်ကပ်ထဲမှ အဆိပ်မှိုများကို တိတ်တဆိတ် ရောနှောထည့်သွင်းလိုက်လေ၏။

ချန်ချင်းယွီမှာ တုံ့ဆိုင်းစွာဖြင့် လက်ခံလိုက်လေသည်။

“ဒါဆိုလည်း... ကောင်းပါပြီ...”

ရှီကျန့်ရှန်းသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကာ

“ဒါမှ တို့တွေက ချစ်ခင်ရတဲ့ အိမ်နီးချင်းကောင်းတွေပေါ့!” ဟု ဆိုလျက် ချန်ချင်းယွီ၏ တောင်းထဲသို့ သူမ၏ မှိုများကို အတင်းအဓမ္မ လောင်းထည့်ပေးလေတော့၏။

သူမ၏ အစီအစဉ် အောင်မြင်သွားပြီဖြစ်သဖြင့် ကျေနပ်အားရစွာ ပြုံးနေမိသော်လည်း ချန်ချင်းယွီကမူ

“............................”

ရှင် အိတ်ကပ်ထဲကနေ ခိုးထည့်နေတာ ကျွန်မ အကုန်မြင်နေရတယ်လေ!

ညံ့လှချည်လား! ထည့်ချင်လည်း လူမမြင်အောင် ဖုံးပါဦး!!

ကျွန်မ မျက်စိမကန်းဘူးရှင့်!

All Chapters