← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

၁၃။ အိမ်ဟောင်း

အဘွားကြီးကျောက်သည် စာရွက်စာတမ်းကိစ္စများကို အလွန်လျင်မြန်စွာ ဆောင်ရွက်လေ၏။

ဌာနမှူးဝမ်သည်လည်း ထိုအဘွားကြီး ထပ်မံသောင်းကျန်းမည်ကို စိုးရိမ်သဖြင့် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ၍ ကိစ္စရပ်များကို အဆုံးသတ်ပေးခဲ့သည်။ ချန်ချင်းယွီတို့ သားအမိသုံးယောက်မှာလည်း မျက်နှာပွင့်လှသည်ဟု ဆိုရမည်ဖြစ်၏။ ဒုတိယစက်ရုံမှူး၏ အတွင်းရေးမှူးကိုယ်တိုင်က ၎င်းတို့အား စက်ရုံတံခါးဝအရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်။

အတွင်းရေးမှူးကျန်းသည် သူမတို့သားအမိကို ဦးဆောင်၍ ရုံးခန်းအဆောက်အအုံအတွင်းမှ ထွက်လာခဲ့၏။ ချန်ချင်းယွီသည် အနည်းငယ်လျှောက်လှမ်းပြီးနောက် ရုတ်တရက် ခြေလှမ်းရပ်တန့်ကာ အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ ငေးမှိုင်စွာ လှည့်ကြည့်နေပြန်သည်။

အတွင်းရေးမှူးကျန်းမှာ မေးမြန်းလိုက်မိ၏။

"ဘာဖြစ်လို့လဲခင်ဗျာ"

ချန်ချင်းယွီသည် ဘာမှပြန်မပြောဘဲ ခပ်ဖျော့ဖျော့ နွမ်းလျလျလေး ပြုံးပြလိုက်သည်။

အတွင်းရေးမှူးကျန်းသည် တစ်ချက်တုန်လှုပ်သွားပြီး ဘာကြောင့်ရယ်မှန်းမသိ ထိုမိန်းမငယ်မှာ ပုံမှန်မဟုတ်ဟု ခံစားလိုက်ရလေ၏။

ချန်ချင်းယွီသည် အဖြေမပေးဘဲ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားသည်။ အတွင်းရေးမှူးကျန်းကလည်း စက်ရုံတံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့၏။ တံခါးဝမှ ထွက်ခွာတော့မည့်ဆဲဆဲတွင် ချန်ချင်းယွီ ရုတ်တရတ် မေးခွန်းထုတ်လိုက်လေသည်။

"ခြောက်ထပ်ပေါ်ကနေ ခုန်ချရင် သေနိုင်မလား"

အတွင်းရေးမှူးကျန်းမှာ ကြက်သီးမွှေးညှင်းများ တဖြန်းဖြန်းထ၍ အလွန်တရာ ထိတ်လန့်သွားရ၏။

‘ဘုရားသခင်..ယေရှု..အလာ ကယ်တော်မူပါ’

'သွားပြီ! အစ်မကြီးရေ ဒီမှာတော့ လာမသေပါနဲ့!’

"ဒါက ပြောရခက်ပါတယ်၊ မသေသွားရင်လည်း လက်ကျိုးခြေကျိုးနဲ့ ဒုက္ခရောက်နိုင်တယ်။ အသက်ရှင်နေတာက ပိုကောင်းပါသေးတယ်၊ လူဆိုတာ အသက်ရှင်နေမှ မျှော်လင့်ချက်ရှိမှာပေါ့၊ အသက်

ရှင်အောင် နေရမယ်လေ... ဟုတ်

တယ်မလား?"

ချွေးစေးများကို ခိုးသုတ်ပြီး သတိထား၍ ပြောလိုက်ရရှာ၏။

သူသည် ချန်ချင်းယွီကို အကဲခတ်ကြည့်ရာ သူမသည် မျက်လွှာချလိုက်ပြီး ရင်ခွင်ထဲမှ ကလေးများကို ပိုမိုတင်းကျပ်စွာ ပွေ့ပိုက်ထားလေသည်။ အတန်ကြာမှ "အသက်ရှင်လို့ရရင် ဘယ်သူက သေချင်ပါ့မလဲ" ဟု အေးစက်စက် လှောင်ပြုံးဖြင့် ပြောလာ၏။

ထို့နောက် သူမသည် ဘာမှဆက်မပြောတော့ဘဲ ကလေးကိုပွေ့ကာ လှည့်ထွက်သွားလေသည်။

နေခင်းကြောင်တောင်ကြီးတွင် အတွင်းရေးမှူးကျန်းမှာ ချွေးစေးများ ပြန်လာရ၏။ သူသည် လက်မောင်းကို ပွတ်သပ်ရင်း လူကြီးများထံ အမြန်သတင်းပို့ရန် ပြန်လှည့်လာခဲ့သည်။

"တောက်! ဒီလင်းကျန့်ဝမ်တို့ မိသားစုမှာ တစ်ယောက်မှ ပုံမှန်မရှိဘူးလား၊ အမေကလည်း အော်ကြောလန်မ၊ ဒီမိန်းမကလည်း ဘာမှန်းမသိ ကြောင်တောင်တောင်နဲ့"

သူတို့ကို စက်ရုံအတွင်း၌ အသေခံခွင့် မပြုနိုင်ပေ။

ချန်ချင်းယွီသည် အတွင်းရေးမှူးကျန်း မည်သို့တွေးမည်ကို ဂရုမစိုက်ပေ။ သူမ၏ ရည်ရွယ်ချက်အောင်မြင်လျှင် ပြီးပြီဟု မှတ်ယူထား၏။ သူမသည် ဟန်ပြသက်သက် လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း သရုပ်ဆောင်ကွက်များကိုမူ အပြည့်အဝ လုပ်ဆောင်သွားခဲ့သည်။ အပြင်လောကတွင် နာမည်ဂုဏ်သတင်းဆိုသည်မှာ ကိုယ့်ဘာသာ ဖန်တီးယူရခြင်း ဖြစ်သည်ဟု သူမ ယူဆထား၏။ နာမည်ပျက်လည်း ကိစ္စမရှိ၊ သူမသာ လုံလုံလောက်လောက် အရူးကွက်နင်းပြနိုင်လျှင် သူမမိသားစုအတွက် ပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်လေသည်။

"မေမေ... မသေသွားနဲ့နော်..."

ရှောင်ကျား၏ အသံမှာ တုန်ရီနေလေသည်။

ကလေးငယ်မှာ အစောပိုင်းက ထိတ်လန့်သွားခဲ့သဖြင့် မျက်လုံးအစုံမှာ ချက်ချင်းပင် နီမြန်းလာပြီး တောင်းဆိုစကားဆိုလိုက်၏။

"မေမေ သေမသွားနဲ့နော်၊ ဟုတ်ပြီလား?"

ဘေးနားရှိ ရှောင်ယွမ်မှာလည်း မျက်ရည်များ တပေါက်ပေါက် ကျလာလေသည်။ သူမမှာ စကားနည်းသော်လည်း ကလေးသဘာဝအတိုင်း အလွန်ကြောက်ရွံ့နေရှာ၏။

ချန်ချင်းယွီသည် ကလေးများ၏ အခြေအနေကို ကြည့်ပြီး အစောပိုင်းက ကြွက်သတ်ဆေးစားကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားခဲ့သည့်ကိစ္စသည် သူတို့အပေါ် အရိပ်မည်းတစ်ခု ဖြစ်သွားစေခဲ့ကြောင်း နားလည်သွားသည်။ သူမသည် ကလေးနှစ်ဦးကို အမြန်ပုတ်၍ ချော့မော့ရင်း ပြောလိုက်၏။

"ဘာသေမှာလဲ၊ မေမေက သူတို့ကို ခြောက်လိုက်တာပါ။ မေမေ မသေပါဘူး၊ မေမေ သေသွားရင် သားနဲ့သမီးတို့ ဘယ်လိုလုပ်မလဲ? ဘယ်သူက သားနဲ့သမီးတို့ကို ကြည့်ရှုစောင့်ရှောက်မှာလဲ?"

ရှောင်ကျားသည် ချန်ချင်းယွီကို မျက်တောင်မခတ်တမ်း ကြည့်နေသော်လည်း ကောင်းကောင်းနားမလည်သေးပေ။

ချန်ချင်းယွီက ကလေးငယ်ကို စိတ်အေးစေရန် ကျောကို ပုတ်ပေးရင်း

"ကလေးတို့က လိမ္မာတဲ့ ကလေးတွေဆိုတာ မေမေ သိတာပေါ့၊ ဒီလို အတုအယောင်တွေနဲ့ လှည့်စားတာကို မယုံဘူး မဟုတ်လား?"

သူမ ပြောလိုက်ရာ ကလေးနှစ်ဦးစလုံးက မိမိတို့ကိုယ်ကိုယ် လိမ္မာသည်ဟု အသိအမှတ်ပြုခံရသဖြင့် အမြန်ပင် ခေါင်းညိတ်ပြကြလေ၏။

"မေမေက ကလေးတို့ကို ငယ်သေးတယ်ဆိုပြီး အမှန်အတိုင်း မပြောပြချင်သေးဘူး၊ ဒါပေမဲ့ ကလေးတို့က ဒီလောက်တောင် လိမ္မာနေမှတော့ မေမေ ပြောပြမယ်လေ"

ကလေးနှစ်ဦးစလုံးသည် မျက်တောင်ရှည်ကြီးများကို ခတ်ကာ မျက်လုံးလေးများ ပြူးကြည့်နေကြသည်။

ချန်ချင်းယွီသည် အသံကိုနှိမ့်ကာ

"မေမေက တကယ်သေမှာ မဟုတ်ဘူး၊ တမင်တကာ ခြောက်တာ။ သမီးတို့ အဖေလည်း မရှိတော့ဘူးဆိုတော့ မေမေတို့ကသာ နည်းနည်းပါးပါး မသောင်းကျန်းရင် တခြားသူတွေက မေမေတို့ကို အနိုင်ကျင့်ရလွယ်တယ် ထင်ပြီး လာနှိပ်စက်ကြလိမ့်မယ်။ အဲဒါကြောင့် မေမေက တမင်လုပ်တာပါ၊ မေမေက ဘယ်လိုလုပ် သေမှာလဲ? မေမေ့မှာ ရှောင်ကျားနဲ့ ရှောင်ယွမ်ရှိတာပဲလေ။ ကလေးတို့ စဉ်းစားကြည့်ပါဦး၊ မေမေက ကလေးတို့ကို ပစ်ထားခဲ့ရက်ပါ့မလား?"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် မျက်ခုံးလေးများ တွန့်ချိုးကာ စဉ်းစားဟန်ပြုပြီးနောက် ခေါင်းကို ပြိုင်တူခါယမ်းလိုက်ကြသည်။

မေမေသည် သူတို့ကို စွန့်ပစ်ရက်မည် မဟုတ်သည်မှာ သေချာလှ၏။

ချန်ချင်းယွီသည် ကလေးနှစ်ဦး၏ ခိုင်မာသော ခေါင်းခါပြမှုကို ကြည့်ရင်း အစစ်အမှန် ချန်ချင်းယွီမှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သတိရကာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သို့သော် ချက်ချင်းပင် စိတ်ကို ပြန်လည်တင်းလိုက်ကာ

"ကဲ... အခု မေမေတို့ အိမ်ပြန်ကြရအောင်။ ဒီနေ့ နေ့လယ်ကျရင် မေမေတို့ သားအမိသုံးယောက်တည်း အရသာရှိတာလေးတွေ ချက်စားကြမလား?"

ရှောင်ကျားက "ခိုးစားရမှာလားဟင်?" ဟု အသံတိုးတိုးဖြင့် မေးမြန်း၏။

ရှောင်ယွမ်၏ မျက်လုံးဝိုင်းဝိုင်းလေးများကလည်း စူးစမ်းသော အမူအရာဖြင့် ကြည့်နေသည်။

ချန်ချင်းယွီ ခေါင်းလေးစောင်းကာ

"ဟုတ်တယ်... တခြားသူတွေ မသိအောင် ခိုးစားကြမယ်။ မဟုတ်ရင် သူတို့က လာတောင်းကြလိမ့်မယ်၊ အဲဒါဆိုရင် မေမေတို့ စားဖို့ မရှိတော့ဘဲ နေဦးမယ်"

သူမ လေသံတိုးတိုးဖြင့် ပြောလိုက်ရာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့က ချက်ချင်းပင် ခေါင်းညိတ်ပြကြကာ

နားလည်သွားကြ၏။

ယခင် ဖခင်ဖြစ်သူ ရှိစဉ်အခါကလည်း တစ်ခါတစ်ရံတွင် သူတို့အား သူတစ်ပါးမသိအောင် အရသာရှိသည်များကို ခိုးကျွေးတတ်သဖြင့် ကလေးငယ်များမှာ နားလည်သဘောပေါက်ကြလေ၏။ ဖခင်ဖြစ်သူကို သတိရမိသည်နှင့် ကလေးနှစ်ဦးစလုံး၏ မျက်ဝန်းအစုံမှာ မှေးမှိန်သွားရရှာသည်။ အသက်သုံးနှစ်အရွယ် ကလေးငယ်များသာ ဖြစ်သော်လည်း အိမ်နီးနားချင်းများ၏ အမြဲတစေ မေးမြန်းပြောဆိုကာ ဂရုစိုက်ပြနေမှုများကြောင့် ဖခင်ဖြစ်သူမှာ မည်သည့်အခါမျှ ပြန်မလာတော့ကြောင်း သူတို့ သိရှိနားလည်နေကြပြီ ဖြစ်၏။ရှောင်ယွမ်သည် နှုတ်ခမ်းလေးကို ဆူလိုက်ပြီး မိခင်ဖြစ်သူ၏ ပုခုံးပေါ်တွင် မှီတွယ်ကာ မျက်ရည်များ တပေါင်ပေါက် ကျလာလေတော့သည်။

အမြွှာကလေးများမှာ ရုပ်ချင်းသိပ်မတူလှသော်လည်း စိတ်ချင်းမူ ဆက်နွှယ်နေကြ၏။ ရှောင်ကျားသည် လက်ကလေးကို မြှောက်၍ ညီမဖြစ်သူ၏ မျက်ရည်များကို သုတ်ပေးလိုက်ရှာသည်။

ချန်ချင်းယွီသည် ကလေးငယ်များ၏ ဝမ်းနည်းပူဆွေးမှုကို သတိမထားမိဘဲ လက်ရှိဘဝ အခြေအနေကိုသာ တွက်ချက်နေမိ၏။ သူမသည် လင်းကျန့်ဝမ်၏ နစ်နာကြေး ငွေခုနစ်ရာငါးဆယ်ကို ယူဆောင်လာခဲ့ပြီးဖြစ်သည်၊ မနေ့ညက တစ်ဖက်လူကို ခြိမ်းခြောက်၍ ရရှိခဲ့သော ငွေနှစ်ဆယ့်ငါးယွမ်နှင့် သူမ၏ ကိုယ်ပိုင်စုငွေများကို ပေါင်းလိုက်လျှင် ယခုလက်ဝယ်တွင် ငွေရှစ်ရာတစ်ဆယ် ရှိနေပြီဖြစ်သည်။

ဤပမာဏမှာ ထိုခေတ်ကာလတွင် အလွန်များပြားသော ငွေကြေးဟု ဆိုရမည်ဖြစ်၏။

မြို့ပေါ်ရှိ မိသားစုအတော်များများမှာ အလုပ်သမား ဝန်ထမ်းမိသားစုများ ဖြစ်ကြသော်လည်း ယေဘုယျအားဖြင့် သားသမီးများသဖြင့် နေထိုင်စားသောက်ရန် ခဲယဉ်းလှသည်။ ငွေကြေးစုဆောင်းနိုင်ရန်မှာလည်း အလွန်မလွယ်ကူပေ။ သို့သော် ငွေရှိရုံဖြင့်လည်း မလုံလောက်ဘဲ ရိက္ခာလက်မှတ်များ မရှိလျှင် ငွေရှိသော်လည်း အချည်းနှီးသာ ဖြစ်လေသည်။

ယခုခေတ်တွင် မည်သည့်အရာကိုမဆို ဝယ်ယူလိုလျှင် လက်မှတ်လိုအပ်သဖြင့် လက်မှတ်မရှိပါက မှောင်ခိုဈေးကွက်သို့သာ သွားရောက်ရမည် ဖြစ်၏။

သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ မှောင်ခိုဈေးသို့ တစ်ခါမျှ မသွားခဲ့ဖူးပေ။ သူမသည် အလွန်တရာ စိတ်အားငယ်တတ်သူဖြစ်ပြီး မိသားစုအတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် အန္တရာယ်ရှိသော နေရာဟူသမျှကို မသွားရဲခဲ့ရှာပေ။ သူမ၏ မိခင်ဘက်မှ အဘိုးအဘွားများ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားမှုက သူမ၏ စိတ်နှလုံးကို ကြီးစွာသော ဒဏ်ရာရစေခဲ့သည်။

ချန်ချင်းယွီသည် ထိုသို့သော ခံစားချက်ကို နားလည်ပေးနိုင်လေသည်။

သို့သော် ယခုမူ သူမသည် မှောင်ခိုဈေးသို့ မဖြစ်မနေ သွားရတော့မည် ဖြစ်၏။ သူမသည် အစားအလွန်စားသူ ဖြစ်သဖြင့် အိမ်ရှိရိက္ခာများမှာ လုံလောက်မှု မရှိပေ။ ထို့ကြောင့် ဦးစွာပထမ ရိက္ခာများ ဝယ်ယူစုဆောင်းထားရမည် ဖြစ်ပြီး ဝအောင်မစားရသည့် အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ပေ။ အနာဂတ်တွင် မည်သို့ဆက်လက် လုပ်ဆောင်ရမည်ကိုမူ ဖြည်းဖြည်းချင်း ကြံဆရဦးမည် ဖြစ်၏။ သူမသည် ရုတ်တရက် ကူးပြောင်းရောက်ရှိလာခြင်းဖြစ်၍ အနည်းငယ် အယောင်ယောင်အမှားမှား ဖြစ်နေမိဆဲတည်း။

ငယ်စဉ်က အကြောင်းအရာများကို အသေးစိတ် မှတ်မိနေသော်လည်း နေထိုင်မှု ပတ်ဝန်းကျင် ကွဲပြားခြားနားလွန်းသဖြင့် အသားမကျသေးပေ။ ချန်ချင်းယွီ တွေးတောနေစဉ် ပုခုံးပေါ်တွင် စိုစွတ်စွတ် ခံစားချက်ကို ရရှိလိုက်သဖြင့် ဘေးသို့ လှည့်ကြည့်လိုက်ရာ ကလေးငယ်နှစ်ဦးစလုံး တရှုံ့ရှုံ့နှင့် ငိုနေကြသည်ကို မြင်တွေ့လိုက်ရသည်။

ချန်ချင်းယွီ ကပျာကယာ မေးမြနါးလိုက်၏။

"ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ငိုနေကြတာလဲ?"

သူမက လက်မောင်းကို လှုပ်ယမ်း၍ ချော့မော့လိုက်ရာ ရှောင်ကျားက "ဖေဖေကို သတိရလို့..." ဟု တိုးတိုးလေး ပြောရှာသည်။

ချန်ချင်းယွီ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကလေးငယ်၏ တင်ပါးလေးကို ပုတ်ပေးရင်း အားပေးလိုက်၏။

"မေမေတို့ ကောင်းကောင်းမွန်မွန် နေထိုင်ကြမှ ဖေဖေက စိတ်မပူမှာပေါ့၊ မေမေ ရှိသေးတာပဲလေ"

မောင်နှမနှစ်ဦးစလုံးသည် မျက်ရည်များကို သုတ်ရင်း တိုးတိုးလေး တုံ့ပြန်ကြရှာ၏။ ကလေးနှစ်ဦးသည် ချန်ချင်းယွီ၏ ပုခုံးပေါ်တွင် မှီတွယ်နေကြပြီးနောက် ခဏအကြာတွင် ရှောင်ကျားက တင်ပါးလေးကို အသာအယာ လှုပ်ရှားကာ

"မေမေ... သားတို့ အောက်ဆင်းပြီး လမ်းလျှောက်မယ်၊ ပွေ့ထားရင် မေမေ ပင်ပန်းလိမ့်မယ်"

ရှောင်ယွမ်ကလည်း "မေမေ ပင်ပန်းတယ်" ဟု ထပ်ဆင့်ပြောဆိုလေ၏။

ကလေးနှစ်ဦးမှာ အလွန်ပင် သိတတ်နားလည်သော ကလေးငယ်များ ဖြစ်ကြသည်။

ချန်ချင်းယွီ သဘောတူလိုက်ကာ ကလေးများကို မြေပြင်သို့ အသာအယာ ချပေးလိုက်၏။

သူမသည် ကလေးတစ်ဖက်တစ်ချက်ကို ဆွဲ၍ အိမ်သို့အပြန်တွင် ရှောင်ကျားက သူမ၏ အကျီစကို ဆွဲလိုက်ပြီး

"မေမေ... ဟိုမှာ အဘိုး"

ချန်ချင်းယွီသည် ချက်ချင်းပင် လှမ်းကြည့်လိုက်ရာ သူမ၏ ဖခင်ဖြစ်သူ ချန်ရိကျွင်းကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။ သူသည် တစ်နေရာရာသို့ သွားရန်အတွက် အလွန်ပင် အလောတကြီး ဖြစ်နေဟန်ရှိပြီး ခြေလှမ်းများမှာလည်း သုတ်သီးသုတ်ပျာ နိုင်လှ၏။ ထိုသို့ မသင်္ကာဖွယ်ရာ ကုပ်ကုပ်ကုပ်ကုပ် သွားလာနေပုံမှာ လူအများအား သံသယပွားစေနိုင်လေသည်။

အလုပ်လုပ်ရမည့် အချိန်တွင် အလုပ်မလုပ်ဘဲ တိတ်တဆိတ် မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသည်ကိုမူ မသိရပေ။ ချန်ချင်းယွီသည် ချက်ချင်းပင် လက်တွေ့အကောင်အထည်ဖော်သူ တစ်ဦးပီပီ ကလေးများကို ဆွဲမလိုက်ပြီး "သမီးတို့ အသံမထွက်နဲ့နော်၊ မေမေ ဟိုဘက်ကို သွားကြည့်လိုက်ဦးမယ်" ဟု မှာကြားကာ မဆိုင်းမတွပင် နောက်မှ လိုက်သွားလေတော့သည်။

ချန်ရိကျွင်းသည် အလွန်ပင် အလောတကြီး ဖြစ်နေသဖြင့် အမြန်လျှောက်လှမ်းနေသော်လည်း ချန်ချင်းယွီအတွက်မူ ခဲယဉ်းသော ကိစ္စမဟုတ်ပေ။ သူမသည် ကလေးနှစ်ဦးကို ပွေ့ချီထားသော်လည်း လျင်မြန်ပေါ့ပါးစွာ လိုက်ပါနိုင်လေ၏။ တစ်နာရီခန့် လျှောက်လှမ်းပြီးနောက် ချန်ရိကျွင်းသည် လမ်းကြားတစ်ခုအတွင်းသို့ ကွေ့ဝင်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် ပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို သေချာအောင် ကြည့်ရှုပြီးနောက် ဟောင်းနွမ်းပျက်စီးနေသော ခြံဝင်းတံခါးတစ်ခုကို တွန်းဖွင့်၍ ဝင်သွားလေ၏။

ချန်ချင်းယွီသည် မျက်လုံးကို အသာအယာ မှေးလိုက်ပြီး ခြေလှမ်းရပ်တန့်လိုက်သည်။

ထိုနေရာမှာ သူမ၏ အဘိုးအဘွားများ (မိခင်ဘက်မှ) ပိုင်ဆိုင်ခဲ့သော အိမ်ဟောင်းကြီးပင် ဖြစ်၏။

မူလ ချန်ချင်းယွီသည် သူမ၏ ဖခင်ရင်းဖြစ်သူနှင့် အလွန်ပင် စိမ်းကားလှပြီး ထိုစိမ်းကားမှုနောက်ကွယ်တွင်လည်း ရွံရှာမုန်းတီးမှုများ ကိန်းအောင်းနေခဲ့၏။ အတိတ်ကို ပြန်လည်အမှတ်ရကြည့်လျှင် ချန်ချင်းယွီသည်သာ မူလခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ခဲ့လျှင်လည်း ဤလူအပေါ် ကောင်းသော အမြင်ရှိလိမ့်မည် မဟုတ်ပေ။

ချန်ရိကျွင်းနှင့် ချန်ချင်းယွီ၏ မိခင်ဖြစ်သူ ကျန်းလန်တို့သည် အလှလေးကို သူရဲကောင်းဆန်ဆန် ကယ်တင်ခဲ့ရာမှ သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။ ကျန်းမိသားစုမှာ ပညာတတ်မျိုးရိုးဖြစ်ပြီး ထိုစဉ်က အခြေအနေ အလွန်ကောင်းမွန်ခဲ့သော်လည်း ချန်ရိကျွင်းမှာမူ သာမန်ဆင်းရဲသား ရပ်ကွက်မှ ဆင်းသက်လာသူ ဖြစ်ပြီး ညီအစ်ကိုတစ်စု ဘောင်းဘီတစ်ထည်တည်းကို အတူတူ လဲလှယ်ဝတ်ဆင်ရလောက်အောင်ပင် ဆင်းရဲမွဲတေခဲ့ဖူးလေသည်။ လူမှုပတ်ဝန်းကျင်ချင်း မည်သို့မျှ မလိုက်ဖက်သော်လည်း သူတို့နှစ်ဦးမှာ ခိုင်မြဲစွာ ချစ်ကြိုက်ခဲ့ကြ၏။

ချန်ရိကျွင်းသည် ဇနီးသည်၏ ဂုဏ်ကျေးဇူးကြောင့် အဆင့်အတန်း မြင့်မားလာသူတစ်ဦး ဖြစ်သည်ဟု ဆိုနိုင်လေ၏။ သူ၏ အလုပ်အကိုင်သာမက သူ၏ ညီအစ်ကိုများအတွက် အလုပ်အကိုင်များကိုပင် ကျန်းမိသားစုက ရှာဖွေပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းလန် ကွယ်လွန်ပြီးနောက် ရက်အနည်းငယ်အကြာမှာပင် သူသည် နောက်အိမ်ထောင်ပြုခဲ့ပြီး မိမိ၏ သမီးအရင်းဖြစ်သူ ချန်ချင်းယွီထက် မယားပါသမီးကို ပိုမို ချစ်ခင်ဂရုစိုက်လေသည်။ ကျန်းမိသားစုမှ အဘိုးအဘွား နှစ်ဦးမှာ သဘောထား ပြည့်ဝသူများ ဖြစ်ကြသဖြင့် စိတ်ထဲတွင် မသက်မသာ ဖြစ်ရသော်လည်း ချန်ရိကျွင်းကို အပြစ်မတင်ခဲ့ကြပေ။ မိမိတို့၏ သမီးဖြစ်သူ ကွယ်လွန်သွားပြီဖြစ်၍ တစ်ဖက်လူ၏ ရှေ့ရေးကို မပိတ်ပင်လိုကြခြင်း ဖြစ်လေသည်။

သူ၏ နောက်ဇနီးဖြစ်သူက ချန်ချင်းယွီအပေါ် မကောင်းသဖြင့် အဘိုးအဘွား နှစ်ဦးမှာ မြေးမလေးကို ခေါ်ယူစောင့်ရှောက်ကာ လိုလေသေးမရှိ ထောက်ပံ့ပေးခဲ့ကြ၏။

ဤအဖြစ်အပျက်များကြောင့် မူလ ချန်ချင်းယွီသည် စိတ်ပျက်အားငယ်ခဲ့ရသော်လည်း မုန်းတီးသည်အထိတော့ မဖြစ်ခဲ့ပေ။ သူမသည် ဖခင်ဖြစ်သူကို အမှန်တကယ် ရွံရှာမုန်းတီးသွားရခြင်းမှာ ဖခင်ဖြစ်သူ ချန်ရိကျွင်းသည် အဘိုးအဘွားများကို တိုင်ကြားရန် ကြံစည်နေသည်ကို သိရှိသွားသောကြောင့် ဖြစ်လေသည်။

အဘိုးအဘွား နှစ်ဦးမှာ အလွန်တရာ ကြွယ်ဝချမ်းသာသူများ မဟုတ်သော်လည်း ပညာတတ်မျိုးရိုးဖြစ်ပြီး ပြည်ပတွင် ပညာသင်ကြားခဲ့ဖူးသည့် နောက်ခံရှိကြသည်။ ချန်ရိကျွင်းသည် ၎င်းတို့ကို တိုင်ကြားခြင်းဖြင့် အကျိုးအမြတ်တစ်ခုခု ရယူရန် ကြံစည်ခဲ့ခြင်း ဖြစ်သော်လည်း ဤကိစ္စကို အဘိုးအဘွားများက ကြိုတင်သိရှိသွားခဲ့ကြ၏။ ၎င်းတို့ မည်သို့ စဉ်းစားခဲ့သည်ကိုမူ မသိရသော်လည်း ချန်ရိကျွင်း တိုင်ကြားရန် ပြင်ဆင်နေသည့် ညမတိုင်မီတွင်ပင် မီးသွေးမှိုင်းတိုက်၍ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြလေ၏။

ဤအဖြစ်အပျက်ကြောင့် မူလ ချန်ချင်းယွီသည် ဖခင်ဖြစ်သူကို အသေအလဲ မုန်းတီးသွားခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူသည် ကျေးဇူးကန်းသော လူတစ်ဦးဖြစ်သည်ဟု သူမ သတ်မှတ်ထားပြီး၊ အဘိုးအဘွားများမှာလည်း သူမကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြခြင်း ဖြစ်သည်ဟု သူမ ယုံကြည်နေခဲ့၏။

သို့သော် ဘိုးဘွားများမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သဖြင့် ၎င်းတို့အိမ်တွင် တန်ဖိုးကြီးပစ္စည်း တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ဘဲ သာမန် ပရိဘောဂများသာ ရှိလေသည်။ ထို့ကြောင့် ၎င်းတို့မှာ ပြည်ပပညာသင် နောက်ခံရှိသော်လည်း လူမရှိတော့သဖြင့် ဤကိစ္စမှာ ကြီးကြီးမားမား ဖြစ်မလာခဲ့ပေ။

ချန်ရိကျွင်းမှာလည်း အကြံအစည် ပျက်စီးသွားသဖြင့် မည်သည့်အကျိုးအမြတ်မျှ မရရှိခဲ့ပေ။ လူကြီးနှစ်ဦးစလုံး ကွယ်လွန်သွားပြီးနောက် အိမ်တွင်းရှိ ပစ္စည်းများကို ရှာဖွေသိမ်းဆည်းကာ နောက်ဆုံးတွင် အိမ်ကို ပြန်လည်သိမ်းယူခြင်း ခံခဲ့ရသည်။ သို့သော် လူကြီးနှစ်ဦးစလုံး အိမ်အတွင်း၌ပင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သလို၊ ထိုစဉ်က အဘွားအိုမှာ အနီရောင် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သဖြင့် လူအတော်များများက ဤအိမ်ကို အလွန် အမင်္ဂလာဖြစ်သည်ဟု ယူဆခဲ့ကြလေ၏။

အယူသီးမှုများကို တားမြစ်ထားသော်လည်း သာမန်ပြည်သူများမှာမူ ဤသို့သော ကိစ္စရပ်များကို ရှောင်ကြဉ်တတ်ကြသည်။ လူသေသည်ဆိုကတည်းက စိတ်မသက်မသာ ဖြစ်ရသည့်အပြင် အနီရောင် ဝတ်ဆင်ထားခြင်းမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလှ၏။ ရှေးစကားအရဆိုလျှင် ရန်ငြိုးကြီးသော ဝိညာဉ်ဆိုး ဖြစ်သွားနိုင်သည် မဟုတ်လော့။

သို့သော် ဘိုးဘွားနှစ်ဦးမှာ တမင်တကာ အယူသီးအောင် လုပ်ဆောင်ခဲ့ခြင်းဟုတော့ ဆို၍မရပေ။ မူလ ချန်ချင်းယွီက ၎င်းတို့မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းမဖြစ်နိုင်ဟု အခိုင်အမာ ယူဆထားသော်လည်း လက်တွေ့တွင်မူ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ဆောင်းရာသီတွင် အအေးဒဏ်ကာကွယ်ရန် မီးလှုံရာမှ မတော်တဆ အသက်ရှူကျပ် ကွယ်လွန်ခြင်းဖြစ်သည်ဟုသာ သတ်မှတ်ခဲ့ကြသည်။ အိပ်စက်ချိန်တွင် ညအိပ်ဝတ်စုံ ဝတ်ဆင်ထားခြင်းမှာလည်း ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။

ထိုအနီရောင် ညအိပ်ဝတ်စုံမှာလည်း အသစ်မဟုတ်ဘဲ အဘွားအို အမြဲဝတ်ဆင်နေကျ ဝတ်စုံသာ ဖြစ်လေသည်။

သို့သော်ငြားလည်း ဤအိမ်ကို ပြန်လည်သိမ်းယူပြီးနောက် အခြားသူများအား နေရာချပေးရန်မှာ အလွန်ခက်ခဲလှ၏။ အကြောင်းစုံကို သိထားသူတိုင်းမှာ ဤအိမ်သို့ မလာချင်ကြပေ။ အစပိုင်းတွင် လူငယ်မိသားစု အချို့ကို နေရာချပေးခဲ့သော်လည်း မိသားစုတိုင်းမှာ နေထိုင်ရသည်မှာ စိတ်လက်မအေးဖြစ်ရသဖြင့် နောက်ဆုံးတွင် အကြောင်းပြချက် အမျိုးမျိုးပေးကာ ပြောင်းရွှေ့သွားခဲ့ကြလေသည်။

ထို့ကြောင့် ခြံဝင်းကြီးမှာ တဖြည်းဖြည်း ခြောက်ကပ်လာခဲ့၏။

လူမနေသော အိမ်မှာ ပိုမို လျင်မြန်စွာ ပျက်စီးလာကာ လူအများမှာလည်း တန်းစီ စောင့်ဆိုင်းရသည်က ပိုကောင်းသည်ဟု ယူဆကြပြီး ဤအိမ်တွင် နေထိုင်ရန် ငြင်းဆန်ကြသဖြင့် ရပ်ကွက်ရုံးမှလည်း နောက်ပိုင်းတွင် လူမထည့်တော့ပေ။ ဤနှစ်များအတွင်း ချန်ချင်းယွီသည် အတိတ်ကို သတိရကာ စိတ်မကောင်း ဖြစ်မည်စိုးသဖြင့် ဤအိမ်သို့ တစ်ခါမျှ မလာခဲ့ပေ။

သို့သော် သူမ၏ ဖခင်ဖြစ်သူ ချန်ရိကျွင်းမှာမူ ရောက်ရှိနေလေပြီ။

သူသည် ဤနေရာသို့ ဘာလာလုပ်သနည်း?

ချန်ချင်းယွီသည် ကလေးနှစ်ဦးကို "ရှူး..." ဟု အချက်ပြကာ အသံမထွက်စေဘဲ ခြေဖျားထောက်၍ အသာအယာ နောက်မှ လိုက်သွားလေသည်။

သူမအနေဖြင့် အမှန်တကယ် မည်သို့ဖြစ်ပျက်နေသည်ကို ကြည့်ရှုရမည် မဟုတ်လော့။

၁၄။ ချမ်းသာလာခြင်း

ချန်ချင်းယွီသည် ဖခင်ဖြစ်သူ ချန်ရိကျွင်းနောက်မှ အိမ်ဟောင်းကြီးအထိ တောက်လျှောက်လိုက်ပါလာခဲ့၏။ ဤနေရာမှာ လူမနေသည်မှာ နှစ်အတန်ကြာပြီဖြစ်၍ တစ်ပြင်လုံး ခြောက်ကပ်တိတ်ဆိတ်နေလေသည်။

ချန်ရိကျွင်းသည် ခိုးကြောင်ခိုးဝှက်နိုင်လှစွာ ဘေးဘယ်ညာသို့ အကဲခတ်ကြည့်ရှုပြီး မည်သူမျှ သတိမပြုမိကြောင်း သေချာမှသာ တံခါးအတွင်းသို့ တိတ်တဆိတ် ဝင်သွားလေ၏။ သူသည် အလွန်ပင် သံသယများလှသော်လည်း ချန်ချင်းယွီက နောက်မှ အမြဲတမ်း လိုက်ပါနေသည်ကိုမူ လုံးဝရိပ်မိခြင်း မရှိပေ။ သူအထဲသို့ ဝင်သွားသည်နှင့် ချန်ချင်းယွီသည်လည်း ကလေးများကို ပွေ့ချီကာ အတွင်းသို့ အမြန်ဝင်လိုက်လေသည်။

ဤနေရာမှာ အိမ်ဟောင်းကြီးဖြစ်ပြီး ချန်ချင်းယွီ ငယ်စဉ်ကတည်းက အချိန်အတော်များများ နေထိုင်ခဲ့ရာအရပ် ဖြစ်သဖြင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်လှ၏။ သူမသည် ခြေလှမ်းကျဲကျဲဖြင့် ဂိတ်ပေါက်မှ အခန်းငယ် အတွင်းသို့ အမြန်ဝင်လိုက်သည်။ ထိုအခန်းမှာ ပျက်စီးယိုယွင်းနေပြီဖြစ်ကာ မှန်များလည်း ကွဲအက်နေပြီး ပြတင်းပေါက်ဘောင်များပေါ်တွင်လည်း ဖုန်များ ထူထပ်စွာ တင်နေလေ၏။

ချန်ချင်းယွီသည် ကလေးနှစ်ဦးကို အောက်သို့ချလိုက်ပြီး အသံကို နှိမ့်ကာ မှာကြားလိုက်လေသည်။

"ဒီအခန်းထဲမှာ မေမေ့ကို စောင့်နေကြနော်၊ အပြင်ကိုလည်း ထွက်မလာနဲ့၊ လျှောက်လည်း မပြေးနဲ့ဦး၊ တကယ်လို့ လူတစ်ယောက်ယောက် လာရင် အကျယ်ကြီး အော်လိုက်ကြ... သိလား?"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်လုံးဝိုင်းဝိုင်းလေးများမှာ ပြူးကျယ်သွားရ၏။

"မေမေ ထပ်ပြောမယ်နော်၊ မေမေက ရှောင်ကျားနဲ့ ရှောင်ယွမ်ကို ဘယ်တော့မှ ပစ်မသွားဘူး၊ အဲဒါကြောင့် မကြောက်နဲ့ဦး၊ ဘယ်သူ့နောက်မှလည်း လိုက်မသွားနဲ့၊ လူတွေ့ရင် အကျယ်ကြီး အော်ရမယ်နော်... ဟုတ်ပြီလား?"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် မျက်မှောင်လေးများ ကြုတ်ကာ မျက်နှာငယ်လေးများဖြင့် စိုးရိမ်နေကြသော်လည်း လိမ္မာပါးနပ်စွာပင် ခေါင်းညိတ်ပြကြလေသည်။ ချန်ချင်းယွီသည် ကလေးနှစ်ဦးကို တံခါးကွယ်တွင် ထားရှိခဲ့ပြီးနောက် "ရှူး..." ဟု တစ်ချက် အချက်ပြကာ ခြေဖျားထောက်၍ အသာအယာ ထွက်လာခဲ့၏။

အကယ်၍ အခြားနေရာသာ ဖြစ်ပါက ချန်ချင်းယွီသည် ကလေးများကို တစ်ဦးတည်း မည်သို့မျှ ထားရဲမည် မဟုတ်ပေ။ သို့သော် ဤနေရာမှာ သူမ ကြီးပြင်းခဲ့သည့်နေရာဖြစ်၍ အလွန် ရင်းနှီးလှကာ ထူးခြားမှုတစ်စုံတစ်ရာ ရှိပါက ချက်ချင်း ပြေးထွက်လာနိုင်မည်ကို ယုံကြည်နေခြင်း ဖြစ်သည်။

ချန်ချင်းယွီသည် အိမ်မကြီးအနားသို့ တိတ်တဆိတ် ကပ်သွားပြီး ပျက်စီးနေသော ပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ အကဲခတ်ကြည့်လိုက်၏။ ထို့နောက် အခန်းအတွင်းသို့ ခြေသံလုံလုံဖြင့် ဝင်သွားလေသည်။ အိမ်မကြီး၏ အလယ်တွင် အခန်းကြီးလေးခန်း ရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင် အခန်းငယ် နှစ်ခန်းစီ ရှိသဖြင့် စုစုပေါင်း အခန်းရှစ်ခန်း ရှိသော အိမ်ကြီး ဖြစ်လေ၏။ ထို့ကြောင့်လည်း ယခင်က နေရာပြန်လည်ချထားပေးစဉ်က မိသားစုအတော်များများကို ခွဲဝေပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမြင်တွေ့နေရသော အိမ်၏ အခြေအနေမှာ သူမ မှတ်ဉာဏ်ထဲရှိ ပုံရိပ်နှင့် များစွာ ကွာခြားနေ၏။ ထိုစဉ်က ခြံဝင်းအတွင်း၌ ပန်းများ ဝေဆာနေတတ်ပြီး အိမ်ထဲတွင်လည်း စာအုပ်စင်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူမ၏ ဦးလေးဖြစ်သူက လေတိုးလျှင် သာယာသော အသံမြည်သည့် လေခေါင်းလောင်းလေးကို ပြတင်းပေါက်တွင် ချိတ်ဆွဲပေးထားခဲ့သဖြင့် နွေဦးရာသီတွင် အလွန်ပင် နွေးထွေးအေးချမ်းလှပေသည်။

ယခုမူကား တစ်အိမ်လုံး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းကာ တရုတ်သရဲကားများထဲကကဲ့သို့ ခြောက်ခြားဖွယ်ရာ ပျက်စီးယိုယွင်းနေလေသည်။

ငေးငိုင်နေရမည့် အချိန်မဟုတ်သဖြင့် ချန်ချင်းယွီသည် ချက်ချင်းပင် သတိပြန်ဝင်လာလေ၏။ အိမ်ထဲမှ တဖျတ်ဖျတ်၊ တရှပ်ရှပ်အသံများ ကြားနေရသဖြင့် သူမ အနားသို့ ကပ်၍ ချောင်းကြည့်လိုက်ရာ ချန်ရိကျွင်းသည် လက်ထဲတွင် ပလာယာ တစ်ခုကို ကိုင်ကာ ပျက်စီးနေသော စားပွဲအိုကြီးပေါ်တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် လည်ပင်းကို မော့၍ ခြေဖျားထောက်ကာ အိမ်ခေါင်မိုးတန်းပေါ်ရှိ သစ်သားကျည်ထောက်တစ်ခုကို ပလာယာဖြင့် လိမ်ဖဲ့နေလေသည်။

ချန်ရိကျွင်း၏ အားမှာ တော်တော်လေး သန်လှ၏။ အကြိမ်အနည်းငယ် လိမ်ဖဲ့ပြီးနောက် "ချပ်" မြည်သံနှင့်အတူ သူ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အပြင်သို့ အတင်းဆွဲထုတ်လိုက်စဉ် "ကလပ်!" ဆိုသည့် အသံနှင့်အတူ သစ်သားသေတ္တာငယ်လေး တစ်လုံး ကျလာလေတော့သည်။

ချန်ရိကျွင်းသည် အံ့ဩခြင်းမရှိဘဲ ပြုံးဖြီးသွားကာ ညစ်ပတ်နေသော စားပွဲပေါ်တွင်ပင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး မိမိ၏ ဖိနပ်ကို စတင်ချွတ်လေတော့၏။

ချန်ချင်းယွီ "......?"

'ဒါက ဘာအထာလဲ!'

ချန်ရိကျွင်းသည် ဖိနပ်ဖဝါးအောက်မှ သော့တစ်ချောင်းကို ထုတ်ယူလိုက်ပြီး သေတ္တာလေးကို “ချပ်" ခနဲ ဖွင့်လိုက်လေသည်။

ချန်ချင်းယွီ အကဲခတ်ကြည့်လိုက်ရာဟော... ထိုသေတ္တာထဲတွင် ငွေများအပြင် လက်ဝတ်ရတနာ အတော်များများလည်း ရှိနေသည်ကို တွေ့လိုက်ရ၏။ လက်ဝတ်ရတနာအချို့မှာ သူမအတွက် ရင်းနှီးနေသလို ခံစားရသော်လည်း ချန်ရိကျွင်းက သူမကို အသေအချာ ကြည့်ခွင့်မပေးဘဲ တန်ဖိုးအကြီးဆုံး ငွေစက္ကူ (တစ်ဆယ်တန်) ဆယ်ရွက်၊ ငွေတစ်ရာ ကို အမြန်ထုတ်ယူလိုက်သည်။

သူသည် နှမြောတသစွာဖြင့် သက်ပြင်းတရှူးရှူး ချနေသော်လည်း ထိုငွေကို အိတ်ကပ်ထဲသို့ ထိုးထည့်ကာ တစ်တွတ်တွတ် ငြီးတွားနေလေ၏။

"ဒီသောက်ကလေးကတော့ နေ့တိုင်း ပြဿနာရှာနေတာပဲ။ ငါ့ရဲ့ ကိုယ်ပိုင်စုငွေလေးတွေ ထပ်ပြီး လျော့သွားပြန်ပြီ"

သူသည် ကျန်ရှိသော ငွေများကို ထပ်မံရေတွက်နေသဖြင့် ချန်ချင်းယွီက အသာအယာ နားစွင့်နေလိုက်ရာ— တစ်ရွက်ချင်း... တစ်ရွက်ချင်းနှင့်... စုစုပေါင်း ငွေသုံးထောင်ငါးရာ ရှိနေသည်ကို သိလိုက်ရသည်။

ချန်ချင်းယွီမှာ အလွန်ပင် အံ့အားသင့်သွားရ၏။ သူမ၏ ဖခင်ဖြစ်သူတွင် ဤမျှလောက် ငွေအမြောက်အမြား ရှိလိမ့်မည်ဟု သူမ မည်သို့မျှ မထင်ထားခဲ့ပေ။ သူမ လက်ထပ်စဉ်က အိမ်မှ အဝတ်အစားသစ် တစ်စုံပင် အပိုမပေးခဲ့ဘဲ ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အထည်ဖြင့်သာ အိမ်မှ ထွက်ခွာခဲ့ရသည် မဟုတ်လော့။

ယခင်က သူမ ပိုင်ဆိုင်ခဲ့သော အဝတ်အစား ကောင်းကောင်းလေးများကိုပင် ယူဆောင်ခွင့်မရဘဲ သူမ၏ မိထွေးက သူမ၏ သမီးအတွက် သိမ်းဆည်းထားခဲ့သည်။ ဤ "ဖခင်ကောင်း" ချန်ရိကျွင်းမှာလည်း ထိုကိစ္စကို ဘာမှကန့်ကွက်ခြင်း မရှိခဲ့ပေ။

ယခုမူ ချန်ရိကျွင်းတွင် ဤမျှ ငွေများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

ချန်ရိကျွင်းမှာမူ တစ်စုံတစ်ယောက်က မိမိကို စောင့်ကြည့်နေသည်ကို လုံးဝမသိဘဲ တစ်ကိုယ်တည်း ရေရွတ်ကာ ညည်းတွားနေလေ၏။

“ဒီအဘိုးကြီး အဘွားကြီး နှစ်ယောက်က ငါ့ရဲ့ အကြံအစည်တွေကို လာဖျက်ဆီးတယ်၊ ဘာလို့ ဒီလောက် ရုတ်တရက်ကြီး သေသွားရတာလဲ။ ငါ့ရဲ့ ရာထူးတိုးမယ့်ကိစ္စကို နှောင့်နှေးစေတဲ့အပြင် ငွေတွေကိုလည်း ရှာမတွေ့ခဲ့ဘူး။ သူဌေးမျိုးရိုးကနေ ငွေအနည်းငယ်လောက်ပဲ ရှိတာကတော့ သရဲတောင် ယုံမှာမဟုတ်ဘူး။ သောက်အဘိုးကြီးစောင့်နေလိုက်၊ အဲဒီငွေတွေကို ငါ တစ်နေ့ကျရင် အမိအရ ရှာထုတ်ပြမယ်!"

သူသည် ကျန်ရှိသော ငွေများကို သော့ပြန်ခတ်၍ သိမ်းဆည်းလိုက်ပြီးနောက် ပြတင်းပေါက် ဘောင်များတွင် ဝါးလုံးများဖြင့် အစီအမံအချို့ ပြုလုပ်နေပြန်သည်။

ချန်ရိကျွင်း၏ လှုပ်ရှားမှုတိုင်းကို ချန်ချင်းယွီက လူကိုယ်တိုင် ထွက်မပြဘဲ တိတ်တဆိတ် စောင့်ကြည့်နေလေ၏။

“ဒီကောင်စုတ်လေးကတော့ တကယ်ကို အေးအေးဆေးဆေးမနေဘူး။ သူ့ကို မြို့ပြန်ခေါ်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှာရမယ်၊ ဟိုသေနာမလေးဆီမှာ အလုပ်အကိုင်တစ်ခုရှိတာပဲ... ကြည့်ရတာ နည်းလမ်းနည်းနည်းလောက် အားထုတ်ရတော့မယ်ထင်တယ်...”

ချန်ရိကျွင်းသည် တစ်တွတ်တွတ် ဆဲရေးနေရင်း ချန်ချင်းယွီကိုပါ ထပ်မံအကွက်ချရန် ကြံစည်နေလေ၏။

ချန်ချင်းယွီသည် သူ၏ ကြံစည်တွက်ချက်နေသော စကားများကို ကြားလိုက်ရသည့်အခါ အေးစက်စက် လှောင်ပြုံးပြုံးလိုက်ပြီး ကျောက်ခဲလေးတစ်လုံးကို ကောက်ယူကာ တည့်တည့်ပစ်ပေါက်လိုက်သည်။ ချန်ရိကျွင်းမှာ တစ်ကိုယ်တည်း ရေရွတ်နေစဉ် မမျှော်လင့်ဘဲ အပေါက်ခံလိုက်ရသဖြင့် "အား!" ဟု အော်ကာ နောက်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။

"ဘယ်သူလဲ!"

တိတ်ဆိတ်နေသော အခန်းအတွင်း၌ မည်သည့်အသံမျှ မရှိပေ။

ချန်ရိကျွင်းက "ဘယ်သူလဲ? ဘယ်သူလဲလို့... ငါ မင်းကို မြင်တယ်နော်!" ဟု ဟစ်အော်လိုက်သော်လည်း တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

ချန်ရိကျွင်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိ၏။ မမျှော်လင့်ဘဲ ယောက္ခမဖြစ်သူ ကွယ်လွန်စဉ်က ပုံစံကို ရုတ်တရက် သတိရသွားကာ အနီရောင်ဝတ် သရဲမကြီးအဖြစ် မြင်ယောင်လာလေသည်။ ချန်ရိကျွင်းသည်လည်း မကြောက်တတ်သူတော့ မဟုတ်ပေ၊ သူ့မှာ ချွေးစေးများ ပျံလာပြီး နေခင်းကြောင်တောင်ကြီးတွင်ပင် ကျောချမ်းလာရ၏။

သူသည် ပုခုံးလေးများ တွန့်ကာ ဤနေရာ၌ ဆက်လက်မနေရဲတော့ပေ။ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပလာယာကို ဆွဲကာ အိမ်ပြင်သို့ အပြေးအလွှား ထွက်ခွာသွားလေတော့သည်။

ချန်ချင်းယွီသည် ချန်ရိကျွင်း ထွက်သွားသည်ကို မြင်သောအခါ ခြံဝင်းအတွင်းသို့ လာ၍ နံရံပေါ်သို့ တွယ်တက်လိုက်၏။ သူမသည် နံရံပေါ်မှနေ၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ချန်ရိကျွင်းမှာ ယိုင်တိယိုင်တိုင်နှင့် ပြေးထွက်သွားသော်လည်း လမ်းကြားထိပ်တွင် ပုန်းလျှိုးကာ ခေါင်းပြူ၍ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

'တကယ်ကို မြေခွေးအိုကြီးပါပဲလား။'

ချန်ချင်းယွီသည် အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာ၏။ သူမသည် ချန်ရိကျွင်းကဲ့သို့ မဟုတ်ဘဲ ခွန်အားဗလ ကောင်းသူဖြစ်သဖြင့် သစ်သားကျည်ထောက်ကို အားဖြင့် ဆွဲဖြုတ်လိုက်လေသည်။ သော့မရှိသည့် ကိစ္စမှာမူ...

ဟဲဟဲ။

သူမအတွက် ထိုအရာက မလိုအပ်ပေ။ ချန်ချင်းယွီသည် သေတ္တာကို ပြတင်းပေါက်ခုံထံ အားဖြင့် နှစ်ချက်ခန့် ဆောင့်လိုက်ရာ သော့ခလောက်မှာ ကျိုးသွားလေတော့၏။ ထိုအခါမှသာ သေတ္တာအတွင်းရှိ ပစ္စည်းများကို အသေအချာ မြင်တွေ့လိုက်ရသည်။ သေတ္တာထဲတွင် ငွေများအပြင် လက်ဝတ်ရတနာ အတော်များများလည်း ရှိနေ၏။ ချန်ချင်းယွီသည် စောစောကပင် ရင်းနှီးနေသည်ဟု ထင်မှတ်ခဲ့ပြီး ယခု အနီးကပ်ကြည့်လိုက်သည့်အခါမှ မှတ်မိသွားခဲ့သည်။

ဤအရာများမှာ သူမ၏ မိခင်ဖြစ်သူ၏ ခန်းဝင်ပစ္စည်းများပင် ဖြစ်လေသည်။

သူမ၏ အိမ်တွင် မိခင်ဖြစ်သူ၏ ဓာတ်ပုံတစ်ပုံမျှပင် မရှိတော့သော်လည်း အဘိုးအဘွားများထံတွင်မူ အမြဲရှိခဲ့ဖူး၏။ သူမ၏ မိခင်ဖြစ်သူ ပျိုရွယ်စဉ်အခါက ဤကဲ့သို့သော လက်ဝတ်ရတနာများကို ဆင်မြန်းထားသည့် ဓာတ်ပုံမှာ ယခင်က မှန်ပေါင်သွင်း၍ စားပွဲပေါ်တွင် တင်ထားခဲ့ဖူးလေသည်။

လူကွယ်လွန်သွားခဲ့ကာ ယောကျာ်းဖြစ်သူက သူမကို မေ့လျော့သွားခဲ့ပြီ ဖြစ်၏။ သို့သော် မိဘများမှာမူ သမီးဖြစ်သူကို မည်သည့်အခါမျှ မေ့ပျောက်ခြင်းမရှိခဲ့ပေ။ ချန်ချင်းယွီသည် ထိုဓာတ်ပုံကို အမှတ်ရနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင် ထိုဓာတ်ပုံမှာ ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ အဘွားဖြစ်သူက သိမ်းဆည်းထားသည်ဟု ပြောခဲ့သဖြင့် ချန်ချင်းယွီလည်း ထပ်မံမတွေ့ရှိခဲ့ပေ။

သို့သော် ဤလက်ဝတ်ရတနာများကိုမူ သူမ မှတ်မိနေလေသည်။ ပတ္တမြားစီထားသော ရွှေဆွဲသီးမှာ ယခုခေတ်ကာလတွင် တွေ့ရခဲလှ၏။ ထိုစဉ်က အဘွားဖြစ်သူမှာ ဤလက်ဝတ်ရတနာများမှာ သူမမိခင်၏ ခန်းဝင်ပစ္စည်းများဖြစ်ပြီး တစ်စုံလိုက်ရှိကြောင်း၊ သူမ လက်ထပ်သည့်အခါ ဖခင်ဖြစ်သူက သူမအား လက်ဆောင်အဖြစ် ပြန်ပေးလိမ့်မည်ဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။

ဟက်!

အဘွားအိုမှာ သဘောကောင်းလွန်းလှသဖြင့် အရှက်မရှိသော ကြောင်သူတော်ကြွက်သူခိုး၏ လောဘဇောကို မရိပ်မိခဲ့ရှာပေ။ ထိုလူက သူမကို ပေးရက်မည်လော့။

ချန်ချင်းယွီသည် သေတ္တာအတွင်းရှိ ပစ္စည်းအားလုံးကို ယူဆောင်လိုက်ပြီး ထိုဖခင်ယုတ်အတွက် ဘာမှချန်မထားခဲ့ပေ။ ချန်ထားစရာ အကြောင်းလည်းမရှိကာ ဤပစ္စည်းများမှာ ထိုလူယုတ်မာက ဘိုးဘွားများထံမှ ခိုးယူထားခြင်းဖြစ်သည်မှာ ထင်ရှားလှသဖြင့် ဤငွေများကို သူ့လက်ထဲသို့ ရောက်ရှိခွင့်ပေးလိုက်လျှင် သူမသာ ရူးနေခြင်း ဖြစ်လိမ့်မည်။

ဘိုးဘွားများ မရှိတော့သည့်တိုင်…

ဒင်းက ဒီငွေတွေနဲ့ ပျော်ပျော်ပါးပါး နေထိုင်ဖို့ ကြံစည်နေတယ်ပေါ့!

အိမ်မက်ပဲ မက်နေလိုက်!!!

ချန်ချင်းယွီသည် ချန်ရိကျွင်း အစောပိုင်းက ပြင်ဆင်ထားခဲ့သည်များကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်မိသည်။ ဤလူယုတ်မာမှာ တကယ်ကို အကြံများလှ၏။ သူစိမ်းများ မသိသော်လည်း သူမကမူ သိနေသည် မဟုတ်လော့။ ဤအိမ်မှာ ရှေးယခင်က တည်ဆောက်ပုံ အနည်းငယ် မှားယွင်းမှုရှိခဲ့သဖြင့် ပြတင်းပေါက်တွင် ဝါးလုံးလေးတစ်ခု ထည့်ထားလိုက်ရုံနှင့် အနောက်မြောက်လေ တိုက်ခတ်လာသည့်အခါ လူငိုသံကဲ့သို့ တရှုံ့ရှုံ့ အသံများ ထွက်ပေါ်လာတတ်သည်။

ယခင် သူမ၏ ဦးလေးဖြစ်သူ ရှိစဉ်အခါကပင် အိမ်မှာ သရဲခြောက်သည့်နှယ် စနောက် ပြောဆိုခဲ့ဖူးသဖြင့် ချန်ချင်းယွီရော ချန်ရိကျွင်းပါ ဤအကြောင်းကို သိရှိပြီးသား ဖြစ်ကြ၏။ ဤအချက်ကို သိရက်နှင့် လုပ်ဆောင်နေခြင်းမှာ ဤနှစ်များအတွင်း သရဲခြောက်သည်ဆိုသော ကောလာဟလနောက်ကွယ်တွင် ချန်ရိကျွင်း ပါဝင်ပတ်သက်နေကြောင်း ထင်ရှားလှပေသည်။ ကောလဟာလဖြန့်၍ သရဲခြောက်နေခြင်းသာတည်း။

ဤလူယုတ်မာမှာ စေတနာမမှန်ကြောင်း ချန်ချင်းယွီ ချက်ချင်းပင် ရိပ်မိလိုက်သည်။ လူကြီးနှစ်ဦးစလုံးက အိမ်ထဲတွင် ငွေများဝှက်ထားခဲ့သည်ဟု ဒင်းက ထင်မှတ်နေခြင်း ဖြစ်မည်။အတိအလင်း ရှာဖွေရန်မှာလည်း မဖြစ်နိုင်သဖြင့် သရဲခြောက်သည်ဟု အကြောင်းပြကာ အခြားသူများ လာမနေနိုင်အောင် ပြုလုပ်ပြီးနောက် ဖြည်းဖြည်းချင်း ရှာဖွေရန် ကြံစည်နေခြင်း ဖြစ်ပေလိမ့်မည်။

ချန်ချင်းယွီသည် အေးစက်စက် လှောင်ရယ်လိုက်ပြီး ယုတ်မာသူများမှာ တကယ်ပင် အကြံအစည် များလှသည်ဟု မှတ်ယူလိုက်မိ၏။

သူမသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ငွေဝှက်ထားမည်ဆိုလျှင်ပင် မည်သည့်နေရာ၌ ဝှက်ထားနိုင်မည်နည်းဟု တွေးတောနေမိ၏။ ဤနေရာမှာ တော်လှန်ရေးကော်မတီကလည်း တစ်ခေါက်ရှာဖွေပြီးပြီဖြစ်သလို ရဲတပ်ဖွဲ့မှာလည်း စုံစမ်းစစ်ဆေးပြီးသား ဖြစ်သည်။ နောက်ပိုင်းတွင်လည်း အခြားမိသားစုများ ဝင်ရောက်နေထိုင်ခဲ့ကြသေးရာ အကယ်၍ တကယ်တမ်း ပစ္စည်းများဝှက်ထားပါက စောစီးစွာပင် တွေ့ရှိသွားလောက်ပြီ မဟုတ်လော့။

ထိုလူယုတ်မာဖခင်မှာ လူကြီးများ ငွေဝှက်ထားသည်ဟု အဘယ်ကြောင့် အခိုင်အမာ ယုံကြည်နေရသနည်းဆိုသည်ကိုမူ သူမလည်း မသိပေ။

ချန်ချင်းယွီသည် နှုတ်ခမ်းကိုစေ့ကာ မြေလှန်ရှာဖွေရန် မရည်ရွယ်သော်လည်း အကြံတစ်ခုရသဖြင့် ပျက်စီးနေသော စားပွဲကို ဖျက်ဆီးလိုက်ပြီး အခန်းတိုင်း၌ အလုပ်ရှုပ်ခံကာ ပြင်ဆင်လိုက်သည်။

ထို့နောက် လက်ကို ခါထုတ်လိုက်ကာ ပြုံးလျက် ရေရွတ်လိုက်၏။

"ဘယ်အခန်းထဲပဲဝင်ဝင် ဒင်းတော့ ကံထူးပြီသာမှတ်ပေတော့... ဟဲဟဲ"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ဂိတ်တံခါးဝရှိ အခန်းငယ်၌ ရှိနေသေးသဖြင့် ချန်ချင်းယွီသည် ချက်ချင်းပင် ပြန်လှည့်လာခဲ့သည်။ ကလေးနှစ်ဦးမှာ အကာအကွယ်မဲ့နေသကဲ့သို့ ခံစားနေရရှာ၏။ သူမ အမြန်ပြန်ရောက်သွားသည့်အခါ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မျက်လုံးလေးများ နီမြန်းကာ လက်ကလေးများကို အချင်းချင်း ဆုပ်ကိုင်ထားကြသည်ကို တွေ့လိုက်ရသည်။ သူတို့သည် မျက်ရည်များ ဝဲလျက် တစ်ဦးကိုတစ်ဦး ကပ်တွယ်ကာ နှုတ်ခမ်းလေးများ ဖြူဖျော့သည်အထိ တင်းတင်းစေ့ထားကြလေ၏။

ချန်ချင်းယွီ; "ရှောင်ကျား၊ ရှောင်ယွမ်... မေမေ ပြန်လာပြီ"

ကလေးနှစ်ဦးမှာ ချက်ချင်းပင် ခေါင်းမော့ကြည့်လာကြပြီး စိတ်လှုပ်ရှားစွာ ပြန်ထူးကြလေသည်။

"မေမေ... သားတို့ ဒီမှာရှိတယ်"

ချန်ချင်းယွီသည် ကလေးများကို ပွေ့ချီလိုက်ပြီး

"ကဲ... သွားကြစို့၊ အိမ်ပြန်ပြီး ထမင်းစားရအောင်"

ထမင်းစားရမည်ဆိုသည်နှင့် ကလေးငယ်များမှာ မျက်လုံးလေးများ တောက်ပလာကာ လိမ္မာပါးနပ်စွာ ပြုံးပြကြလေသည်။ အသက်သုံးနှစ်အရွယ်သာ ရှိသေးသော်လည်း ဤကလေးနှစ်ဦးမှာ ပြုစုရလွယ်ကူလှ၏။ ချန်ရိကျွင်းသည် လမ်းကြားထိပ်တွင် စောင့်နေသည်ကို သူမသိသဖြင့် မူလလမ်းအတိုင်း မထွက်ဘဲ ကလေးများကိုပွေ့ကာ နောက်ဖေးတံခါးမှ ထွက်လာခဲ့သည်။ ဤရပ်ကွက်တစ်ခုလုံးကို သူမ အလွန်ပင် ကျွမ်းကျင်လှသည် မဟုတ်လော့။

မကြာမီမှာပင် လမ်းများစွာကို ပတ်၍ လမ်းမကြီးပေါ်သို့ ရောက်ရှိသွားသဖြင့် သူမ စိတ်အေးသွားရ၏။ ထိုလူယုတ်မာ ယူသွားသော ငွေတစ်ရာမှာမူ...

ဟဲဟဲ... အဘိုးကြီး..အိမ်ပြန်ရောက်ရင် အဲဒီငွေတွေကို ဆေးဖိုးအဖြစ်ပဲ သုံးလိုက်တော့..မကောင်းတဲ့ အယုတ်တမာ!!

ချန်ချင်းယွီသည် ထိုလူယုတ်မာ "ကံထူး" မည်လားဆိုသည်ကို တွေးတောရင်း သီချင်းလေးတညည်းညည်းဖြင့် လျှောက်လာခဲ့သည်။ သူမထံမှ အလုပ်အကိုင်ကိစ္စကို လာရောက်ကြံစည်ဦးမလားဆိုသည်ကိုလည်း စဉ်းစားနေမိ၏။ အကယ်၍ လာရောက်ပါက သူမက ကြောက်နေမည် မဟုတ်ပေ၊ တံခါးဖွင့်ပြီး အဘွားကြီးကျောက်ကိုသာ လွှတ်လိုက်မည် ဖြစ်သည်။

ထိုအခါ မည်သူက အရှုံးနှင့် ရင်ဆိုင်ရမည်ဆိုသည်မှာ စဉ်းစားကြည့်လျှင် စိတ်လှုပ်ရှားဖွယ်တည်း။

ချန်ချင်းယွီ၏ ခြေလှမ်းများမှာ ပိုမို ပေါ့ပါးလာလေသည်။ တစ်ခါတစ်ရံတွင် လူယုတ်မာများ ယုတ်မာလေလေ၊ လူကောင်းများက တရားမျှတသော စစ်သည်တော်များအဖြစ် လက်တုံ့ပြန်ရန် အကြောင်းပြချက် ပိုကောင်းလေလေပင် မဟုတ်လော့။

သူမ မျှော်လင့်နေမိ၏။

ချန်ချင်းယွီ ထင်မှတ်ထားသည့်အတိုင်းပင် ချန်ရိကျွင်းသည် ထိုနေရာသို့ ပြန်လည်ရောက်ရှိလာလေ၏။

သူသည် စောစောမှ ကျောက်စရစ်ခဲဖြင့် အပေါက်ခံလိုက်ရသဖြင့် မတော်တဆဖြစ်ခြင်း မဟုတ်ဟု ယူဆကာ စိတ်မအေးနိုင်ဘဲ ဝေခွဲမရဖြစ်နေပြီးနောက် သစ်သားတုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ ပြန်လာခဲ့ခြင်း ဖြစ်သည်။ လူကို သရဲဟန်ဆောင်ခြောက်သူမှာ သူ့အား ပြန်လည်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ဟု သူ တွေးထင်ထား၏။ ချန်ရိကျွင်းသည် ခြံဝင်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာရာ ခြံဝင်းမှာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သူသည် ဝေခွဲမရဖြစ်နေပြီးနောက် တံခါးကို တွန်းဖွင့်ဝင်ရောက်လိုက်၏။ ဟူး!

သူသည် စာကြည့်ခန်းရှိရာသို့ မဆိုင်းမတွပင် အမြန်သွားလိုက်သည်။ တံခါးမှာ ဟစိလေး ဖြစ်နေသဖြင့် တွန်းဖွင့်လိုက်သည်နှင့်— ဖန်း!

"အား!!!"

တံခါးပေါ်မှ သစ်သားပြားကြီး ကျလာပြီး ချန်ရိကျွင်းကို တည့်တည့်မှန်သဖြင့် ယိုင်တိယိုင်တိုင် ဖြစ်သွားကာ ကြမ်းပြင်ပေါ်သို့ တင်ပါးဆုံဖြင့် ထိုင်လျက် ကျသွားလေတော့သည်။ လက်ဖြင့် စမ်းကြည့်လိုက်ရာ သွေးများသာ လက်တွင် စိုရွှဲနေ၏။

"အား... အား!!!"

ချန်ရိကျွင်းသည် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ ဘာဖြစ်သွားသည်ကိုပင် မစဉ်းစားနိုင်သေးမီ ရင်ကွဲမတတ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပြန်သည်။

သူ၏ သေတ္တာမှာ ပွင့်လျက်သား ဖြစ်နေလေပြီ။ ကြမ်းပြင်ပေါ်တွင် ထိုသို့ပင် ပစ်ချခြင်းခံထားရပြီး ငွေကြေးများမှာလည်း အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်နေရှာ၏။

တစ်ပြားတစ်ချပ်မျှပင် မကျန်တော့ပေ။

ချန်ရိကျွင်းသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ "ငါ့ပိုက်ဆံတွေ... ငါ့ပိုက်ဆံတွေ!" ဟု ရူးသွပ်မတတ် အော်ဟစ်ငိုယိုနေလေတော့သည်။

All Chapters