အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
၁၅။ ရူးသွပ်သွားပြီ
ချန်ချင်းယွီသည် ယနေ့နံနက်တွင် အိမ်မှထွက်ခွာစဉ်က ကံကောင်းခြင်းနိမိတ်ဆောင်သည့် သပိတ်လွယ်ငှက်နှင့် တိုးခဲ့သည်ဟုပင် ထင်မှတ်မိတော့သည်။
သူမသည် ရင်ဘတ်ထဲတွင် ငွေများပိုက်ထားရသဖြင့် စိတ်ဓာတ်ခိုင်မာတက်ကြွနေမိ၏။ "ငွေရှိလျှင် သတ္တိရှိသည်" ဟူသော ရှေးစကားသည် အမှန်ပင်ဖြစ်ပေသည်။
လောလောဆယ်တွင် အခြေအနေအရပ်ရပ်မှာ ရှုပ်ထွေးပွေလီနေသော်လည်း လက်ထဲတွင် ငွေရှိနေသရွေ့ ပြဿနာမရှိနိုင်ဟု သူမတွေးမိကာ ယခုအခြေအနေမှာ သူမခန့်မှန်းထားသည်ထက်ပင် အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေချေပြီ။ ကလေးများကိုခေါ်ဆောင်၍ မှောင်ခိုဈေးသို့သွားရန် မသင့်တော်သဖြင့် သူမသည် တစ်လမ်းတည်း အိမ်သို့သာ တန်းပြန်လာခဲ့လေ၏။
သူတို့နေထိုင်ရာ ဝင်းအတွင်း၌ အလုပ်သမားအများအပြားရှိသော်လည်း အလုပ်သမားများသည် စက်ရုံထမင်းစားဆောင်၌သာ စားသောက်ကြသဖြင့် ထမင်းစားချိန်နီးကပ်နေပြီဖြစ်သည့်တိုင် အိမ်ရှင်မများမှာ အိမ်ပြန်ထမင်းချက်ရန် အလျင်မလိုကြသေးပေ။ အိမ်ရှင်မများမှာ ရှေ့ဝင်းရှိ ပိုးစာပင်ကြီးအောက်တွင် စုဝေးနေကြပြီး ယင်းနေရာသည် အမျိုးသမီးထု၏ အချက်အချာစခန်းပင် ဖြစ်တော့သည်။ သူတို့သည် ထိုနေရာ၌ စုဝေးလျက် လက်မှုအလုပ်ကလေးများလုပ်ရင်း အတင်းအဖျင်းစကားများကို ပြောဆိုနေကြ၏။
“ဟေ့... အဘွားကြီးကျောက် ဘာလို့ ပြန်မလာသေးတာလဲ”
“အဘွားကြီးကျောက်လား၊ သူ ဘယ်သွားလို့လဲ။ အေး ဟုတ်သားပဲ၊ ဒီနေ့ ငါလည်း သူ့ကို မတွေ့မိပါလား၊ သူ ဘာသွားလုပ်တာလဲ”
ဝမ်ကျန့်ကော်၏ မိခင်ဖြစ်သူက မေးမြန်းလိုက်သည်။ သူမသည် သားနှင့်ချွေးမအတွက် ကလေးထိန်းပေးရန် နေ့စဉ်လာနေကျဖြစ်သဖြင့် ဝင်းအတွင်းရှိလူများအကြောင်းကို အကုန်အစင် သိရှိထားသူဖြစ်၏။သို့သော် ညဘက်တွင် ဤ၌မအိပ်သဖြင့် သတင်းအချက်အလက်မှာ အနည်းငယ် နောက်ကျနေတတ်သည်။
ဤအကြောင်းကို စတင်ပြောဆိုလိုက်သည်နှင့် သူမသည် ချက်ချင်းပင် ထပ်မံမေးမြန်းလိုက်၏။ ဤဝင်းအတွင်း၌ သူမ အကြည့်မရဆုံးလူမှာ အဘွားကြီးကျောက်ပင်ဖြစ်သည်။ နှုတ်သရမ်းလှသော အဘွားကြီးကျောက် ဘေးဒုက္ခရောက်မည်ကိုသာ သူမက အလိုရှိနေ၏။
“ဒီနေ့ ဟိုမုဆိုးမလေး စက်ရုံမှာ အလုပ်သွားဆက်ခံတာလေ၊ သူက နောက်ကနေ လိုက်သွားတာ၊ ကလေးတွေကိုတောင် ခေါ်သွားသေးတယ်။ ဘာပြဿနာတွေ သွားရှာဦးမလဲမသိဘူး။ ငါ့အထင်တော့ အဘိုးကြီးမာကလည်း အပိုတွေလုပ်တာပဲ၊ ဘာလို့ သူများကိစ္စထဲ ဝင်ပါတာလဲ။ ဘယ်သူ့ကို လူကောင်းဖြစ်ကြောင်း သက်သေပြချင်နေတာလဲမသိဘူး။ လူကိုခေါ်သွားပေးတယ်ဆိုတာ ပြဿနာတက်မှာကို မကြောက်ဘူးလားမသိဘူး။ အဘွားကြီးကျောက်က ဘယ်လိုလူစားမျိုးလဲဆိုတာ သူလည်း သိသားနဲ့။ အဲ့ဒီလိုလူနဲ့ ပတ်သက်မိရင် ကြည့်ထားလိုက်၊အဘွားကြီးကျောက်လို စိတ်ပုတ်တဲ့လူက နောင်ကျရင် သူ့ကို အမှီပြုပြီး ဒုက္ခပေးတော့မှာပဲ။ မုဆိုးမလေးက စက်ရုံမှာ တစ်ခုခု အဆင်မပြေဖြစ်တာနဲ့ သူ့ဆီပဲ လာပြဿနာရှာမှာ။ သူတော့ အဲ့ဒီအဘွားကြီးလက်ကနေ လွတ်ဖို့ မလွယ်တော့ဘူး၊ ကံဆိုးမယ့်အချိန်တွေ ရောက်လာတော့မှာပဲ”
ရှီရှန်းတရစပ် ပြောဆိုလေသည်။
ရှီရှန်းသည် အလုပ်မလုပ်ဘဲ အိမ်၌နေသည့် အမျိုးသားတစ်ဦးဖြစ်သော်လည်း ဝင်းအတွင်းရှိ အမျိုးသမီးထု၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးတည်း။ ယခုမူ သူသည် နှုတ်ခမ်းကိုမဲ့ကာ မကျေမနပ် ဖြစ်နေလေသည်။ အကြောင်းမှာ လင်းကျန့်ဝမ်၏ အလုပ်နေရာကို သူက သူ၏သားအတွက် မျက်စိကျနေခြင်းကြောင့် ဖြစ်ပြီး သူတို့ဇနီးမောင်နှံ နှစ်ဦးသား ကြံစည်နေသည်မှာ ရက်အတော်ကြာပြီဖြစ်သော်လည်း မာကျန့်ယီက ဝင်ရောက်စွက်ဖက်ကာ အရာရာကို ဖျက်ဆီးပစ်ခဲ့၏။
အကယ်၍ မာကျန့်ယီသာ အလျင်စလိုနှင့် သူတို့ကိုခေါ်ကာ အလုပ်သွားမလွှဲပေးခဲ့လျှင် အဘွားကြီးကျောက်ကဲ့သို့ လူမျိုးကို လှည့်စား၍ ထိုအလုပ်ကို ရယူရန်မှာ သူတို့အတွက် မခက်ခဲလှပေ။ ယခုမူ အစီအစဉ်များ အကုန်အစင် ပျက်စီးသွားပြီဖြစ်ရာ သူ မည်သို့မျှ စိတ်မတိုဘဲ မနေနိုင်ပေ။ ရှီရှန်းသည် အလွန်အမင်း ဒေါသထွက်နေသဖြင့် စကားများထဲ၌လည်း အငြိုးအတေးများ ပါဝင်နေလေသည်။ ကျန်ရှိသည့် အဘွားကြီးများနှင့် အဒေါ်ကြီးများကမူ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါဖြင့် မျက်စပစ်လိုက်ကြ၏။
“မာကျန့်ယီဆိုတာက ဖင်ကြွနေတာ၊ ရာထူးလေး အနည်းငယ်ရတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းတောင် မေ့နေပြီ။ အခုလည်း စေတနာတွေ ပိုပြနေပြန်ပြီ၊ ငါ့အမြင်မှာတော့ သူက ဦးနှောက်မရှိတာ၊ သူတို့တစ်မိသားစုလုံး ဦးနှောက်မကောင်းကြဘူး။ ကိုယ့်အိမ်က ကလေးကိုတောင် ဆုံးမအောင် မသင်နိုင်ဘဲ အပြင်မှာ လူကောင်းလာလုပ်ပြနေတယ်၊ တကယ့်ကို အရိုးတွန်နေတဲ့ကောင်ပဲ။”
အဘွားကြီးဟွမ်က ရှီရှန်း၏ စကားကို အလွန်ပင် ထောက်ခံနေလေသည်။ သူမသည် မနေ့ညက အဘွားကြီးကျောက်နှင့် ရန်ဖြစ်ထားရပြီး ငွေလည်း အလျော်ပေးလိုက်ရသဖြင့် အင်မတန် အစာမကြေ ဖြစ်နေသူဖြစ်၏။ ကာယကံရှင်များ မရှိခိုက်တွင် သူမသည် အားရပါးရ ဆဲဆိုနေပြီး တံတွေးတစ်ချက် ထွေးလိုက်ကာ တစ်ခုခုကို သတိရသွားဟန်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်ပြန်သည်။
“ကြည့်ထားလိုက်ဦး၊ အဲ့ဒီ ကျောက်တာ့ရာ တစ်ယောက် ငိုရမယ့်အချိန် ရောက်လာလိမ့်မယ်။ သူ့အိမ်က ချွေးမလေးက အလုပ်ရသွားပြီးတာနဲ့ ဒီအိမ်မှာ ဆက်နေမယ်လို့ ငါတော့ မယုံဘူး။ စက်ရုံမှာ ယောကျာ်းတွေ ဒီလောက်ပေါတာ၊ သူက နောက်ယောကျာ်း ထပ်မရှာဘဲ နေပါ့မလား။ ကြည့်နေလိုက်၊ သူ (အဘွားကြီးကျောက်) ကတော့ လူရော ငွေရော အကုန်ဆုံးရှုံးရမှာပဲ။”
“ဒါတော့ မဖြစ်နိုင်လောက်ပါဘူး၊ အဲ့ဒီအိမ်က ချွေးမလေးက ကြည့်ရတာ တော်တော်ရိုးသားပုံရပါတယ်”
လင်စန်းရှင်းမှာ အသံတိုးတိုး၊ ပျော့ပျော့လေးဖြင့် ဝင်ပြောပေးလိုက်၏။
အားလုံးမှာ သူမကို မထောက်ခံသည့် အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြကာ မိမိကိုယ်ကိုယ်ပင် အားကိုးရာမရှိ၊ ယောကျာ်းကိုလည်း မနိုင်၊ သားယောကျာ်းလေးလည်း မမွေးနိုင်သည့်သူက လူအကဲခတ်တတ်ပါဦးမည်လောဟု လူတိုင်း စိတ်ထဲမှ ဆိုနေကြ၏။
“ကိုက်မည့်ခွေးသည် အသံမဟောင်ဘူး၊ သူက ဘယ်လိုမိန်းမစားမျိုးလဲဆိုတာ ဘယ်သူသိမှာလဲ”
အဘွားကြီးဟွမ်မှာ ရက်ရက်စက်စက် ပြောဆိုလိုက်လေသည်။
“ငါ့အမြင်မှာတော့ အဲ့ဒီ နိမိတ်မရှိတဲ့မိန်းမကတော့... အယ်!”
အားလုံး စကားကောင်းနေစဉ်မှာပင် ချန်ချင်းယွီ ပြန်ရောက်လာသည်ကို မြင်လိုက်ရ၏။ သူမသည် တစ်ဖက်လျှင် ကလေးတစ်ယောက်စီ ပွေ့ချီထားပြီး အရင်အတိုင်းပင် ပိန်ပိန်ပါးပါး၊ နုနုနယ်နယ် ပုံစံလေးဖြစ်နေသည်။ သူမသည် ဝင်းထဲသို့ ဝင်လာပြီး အားလုံးကို ပြုံးပြကာ ခေါင်းငုံ့လျက် ဒုတိယဝင်းဘက်သို့ အမြန်လျှောက်သွားပြီး အိမ်ထဲသို့ ဝင်သွားလေတော့၏။
အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး တစ်စုံတစ်ယောက်က ချက်ချင်းပင် စကားစလိုက်သည်။
“အဘွားကြီးဟွမ် အဘွားပြောတဲ့စကားကလည်း တော်တော်လေး နားမခံသာစရာကြီး။”
“ဟုတ်တယ်၊ ကွယ်ရာမှာ အတင်းပြောတာ မကောင်းဘူးလေ။”
“ငါ့အိမ်မှာ ထမင်းချက်ဖို့ အချိန်တန်ပြီ...”
လူတိုင်းက အတင်းအဖျင်းပြောသူများမှာ သူတို့မဟုတ်သည့်အလား ချက်ချင်းပင် ရှောင်ဖယ်သွားကြလေ၏။
အဘွားကြီးဟွမ်မှာ ဒေါသထွက်လွန်း၍ မူးလဲမတတ် ဖြစ်သွားပြီး ပြန်လည်ဆဲဆိုရန် ပြင်လိုက်စဉ် ရှီရှန်းက သံသယဖြင့် ပြောလိုက်သည်မှာ
“နေဦး၊ သူက ဘာလို့ ပြန်ရောက်လာတာလဲ?”
ထိုအခါမှ လူတိုင်း သတိဝင်လာကြသည်။ ဟုတ်ပေသည်၊ သူမသည် ယနေ့ စက်ရုံသို့ အလုပ်သွားလွှဲယူရမည် မဟုတ်လော့။ အဘယ်ကြောင့် မွန်းတည့်ချိန်ကြီးတွင် ကလေးနှစ်ယောက်နှင့်အတူ ပြန်ရောက်လာရသနည်း။ ဘာများဖြစ်ခဲ့လေသနည်း။
“အေးလေ၊ သူက ဒီနေ့ အလုပ်သွားလွှဲယူရမှာ မဟုတ်လား?”
ထိုအခါ ရှီရှန်းက ချက်ချင်းပင် ဝမ်းသာအားရဖြစ်ကာ သူ၏ပေါင်ကို ပုတ်လျက် ပြောလိုက်၏။
“ဒါဆို ဒီနေ့ အလုပ်သွားလွှဲယူတာ တစ်ခုခု အဆင်မပြေဖြစ်လို့နေမှာလား?”
ဤသို့တွေးမိသည်နှင့် သူသည် အလွန်အမင်း ဝမ်းသာသွားတော့သည်။ ဤအမြဲတမ်းဝန်ထမ်း အလုပ်နေရာကို သူတို့မိသားစုက ရရှိရန် အပိုင်ကြံထားသည် မဟုတ်လော့။
သူသည် မျက်လုံးကို ဝေ့ဝဲကြည့်လိုက်ပြီး ချက်ချင်းပင် ပြောဆိုလိုက်၏။
“ဒေါ်လေးဟွမ်၊ ခင်ဗျားပဲသွားမေးကြည့်ပါဦးလား။”
ငါ့ကိုကြားခံလူလုပ်ပြီး အသုံးချချင်တယ်ပေါ့!!! စဉ်းစားလေ!! ငါ့အဘွားကြီးက နင့်ထက်ထမင်းအရင်စားလာတာဟဲ့!!!
သို့သော် သူမကိုယ်တိုင်လည်း သိလိုစိတ်ပြင်းပြနေသဖြင့် နှာခေါင်းတစ်ချက်ရှုံ့ကာ ထိုင်နေရာမှ ထရပ်၍ ထွက်ခွာသွားလေသည်။ သူမသည် လင်းမိသားစုအိမ်တံခါးဝသို့ မော်ကြွားစွာ ရောက်ရှိလာပြီး တံခါးပင်မခေါက်တော့ဘဲ တွန်းဖွင့်ဝင်ရောက်သွားကာ အသံကျယ်ကြီးဖြင့် မေးခွန်းထုတ်လိုက်၏။
“ကျန့်ဝမ်မိန်းမ၊ ညည်း ဘာလို့ အလုပ်မသွားတာလဲ!”
ချန်ချင်းယွီသည် အိမ်ပြန်ရောက်၍ ဟင်းချက်ရန် ပြင်ဆင်နေစဉ် မဖိတ်ခေါ်ဘဲ ရောက်ရှိလာသူကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ ဝေ့ဝဲသွားကာ ခေါင်းကိုငုံ့လျက် လေသံပျော့ပျော့ဖြင့်ပင် ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်မ အလုပ်မသွားဘူးလေ။”
အဘွားကြီးဟွမ်က အသံကျယ်ကြီးဖြင့်
“မဖြစ်နိုင်တာ! ညည်း ဘာလို့ အလုပ်မသွားရတာလဲ။ ဒီနေ့ အလုပ်သွားလွှဲယူရမှာ မဟုတ်လား။ တစ်ခုခုဖြစ်လို့လား။ စက်ရုံက ညည်းကို အလုပ်ပေးဖို့ သဘောမတူတာလား။”
ဤသို့ပြောဆိုရာတွင် သူမ၏ အသံမှာ တုန်ရီနေပြီး အဘွားကြီးကျောက်တစ်မိသားစုလုံး အဆင်မပြေဖြစ်မည်ကိုသာ အလွန်အမင်း မျှော်လင့်နေ၏။
သူမသည် နုနုနယ်နယ်၊ ပျော့ပျော့ပြောင်းပြောင်းပုံစံဖြင့် ယောကျာ်းများကို မြှူဆွယ်နေသည်ဟု ယူဆပြီး ချန်ချင်းယွီကဲ့သို့ မြေခွေးမလေးကို ကြည့်မရဖြစ်နေသူဖြစ်သည်။ သူမ၏အိမ်တွင်လည်း အမျိုးသားနှစ်ဦး ရှိနေသည်ဖြစ်၍ အလွန်အမင်း မကျေမနပ် ဖြစ်နေ၏။
“ညည်းတို့အိမ်က အလုပ်လွှဲယူလို့မရတော့တာလား”
သူမက စိတ်လှုပ်ရှားစွာ ထပ်မံမေးမြန်းလေသည်။
ချန်ချင်းယွီကမူ အရင်အတိုင်းပင် လေသံအေးအေးလေးဖြင့်
“ကျွန်မယောက္ခမက အလုပ်သွားဆက်ခံတာပါ၊ ကျွန်မကတော့ အိမ်မှာပဲ ကလေးထိန်းမှာပါ”
“ဘာပြောတယ်!!!!
“ဘာ????!!!!”
အဘွားကြီးဟွမ်နှင့် အပြင်ဘက်မှ ချောင်းမြောင်းနားထောင်နေသူများသည် သံပြိုင်ဟစ်ကြွေးလိုက်ကြသလို ဖြစ်သွားပြီး လူအများအပြား၏ ဦးခေါင်းများမှာ ချက်ချင်းပင် ပြူထွက်လာကြ၏။ လူတိုင်းမှာ ချောင်းကြည့်နေသည်ကိုပင် မေ့လျော့သွားကြပြီး အပြင်သို့ အပြေးအလွှား ထွက်လာကြကာ မယုံကြည်နိုင်သည့် အကြည့်များဖြင့် ချန်ချင်းယွီကို ကြည့်နေကြသည်။ သူမ၏ မျက်နှာကိုကြည့်၍ အမှန်အကန် ဟုတ်မဟုတ်ကို သိလိုနေကြ၏။
သို့သော် ဤနှိပ်စက်ခံ ချွေးမလေးမှာ ခေါင်းငုံ့ထားသဖြင့် သူမ၏ မျက်နှာအမူအရာကိုမူ ရှင်းလင်းစွာ မမြင်ရပေ။
အဘွားကြီးဟွမ်က စကားများထစ်လျက်
“ဘယ်... ဘယ်... ဘယ်လိုလုပ် သူက အလုပ်သွားလုပ်မှာလဲ။ ဘာလို့ သူက အလုပ်ရမှာလဲ။”
သူမ ဒေါသတကြီး အော်ဟစ်
လိုက်မိ၏။
“သူက သူ့ကိုယ်သူ ဘာကောင်မမို့လို့ အလုပ်လုပ်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလဲ!”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ချင်းယွီသည် ရုတ်တရက် ခေါင်းကိုမော့ကာ အဘွားကြီးဟွမ်ကို စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုကိုက်လျက် ပြောဆိုလေသည်။
“ဒေါ်လေးဟွမ်၊ ဒေါ်လေးက ဘာဖြစ်နေတာလဲ။ ကျွန်မယောက္ခမက ဒေါ်လေးကို ဘာလုပ်မိလို့လဲ၊ ဘာလို့ သူ့ကို ဒီလိုပြောရတာလဲ။ ဒေါ်လေးက သူ့ကို ရိုက်တာ မဝသေးဘူးလား။ အခု ဘာထပ်လုပ်ချင်နေသေးတာလဲ။ ကျွန်မတို့လို မုဆိုးမသားအမိကို အနိုင်ကျင့်နေတာပဲ၊ ဒေါ်လေး တော်တော်လွန်လွန်းတယ်!”
“တောက်! ငါ ပြောချင်သလို ပြောမှာပဲ။ ညည်းက ညည်းယောက္ခမကိုကျတော့ အသံကျယ်ကျယ်နဲ့ မပြောရဲဘဲ ငါ့ကိုကျတော့ လာအော်နေတာလား၊ ညည်းက ဘာကောင်မမို့လို့လဲ။”
အဘွားကြီးဟွမ်က လက်ကိုမြှောက်ပြီး ချန်ချင်းယွီကို တွန်းထုတ်လိုက်ရာ ချန်ချင်းယွီမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားလေသည်။
သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များမှာ ချက်ချင်းပင် စီးကျလာပြီး
“ရှင်တို့မိသားစုက မနေ့ကတည်းက ကျွန်မတို့ကို အနိုင်ကျင့်ပြီး နာမည်ဖျက်ဖို့ ကြိုးစားခဲ့ကြတာ။ ဒီနေ့လည်း ကွယ်ရာမှာ ကျွန်မအတင်းကို ပြောနေကြတာ ကျွန်မမကြားဘူး ထင်နေလား။ အခုတော့ အိမ်ထဲအထိ ဝင်လာပြီး အနိုင်ကျင့်နေကြပြီ။ ကျွန်မတို့ နှစ်မိသားစုကြားမှာ ဘယ်လိုအငြိုးအတေးတွေ ရှိလို့လဲ၊ ရှင်တို့က ကျွန်မတို့တစ်မိသားစုလုံးကို သေတွင်းတွန်းပို့ချင်နေကြတာလား”
ထို့နောက် သူမသည် ရုတ်တရက် အိမ်တွင်းရှိ ဟင်းသီးဟင်းရွက်လှီးသည့် ဓားဆီသို့ အပြေးအလွှား သွားလိုက်ပြီး
“ကောင်းပြီ! ကောင်းပြီလေ! ကျွန်မ ရှင့်ရှေ့မှာပဲ သေပြလိုက်မယ်! ရှင်တို့က ကျွန်မတို့မိသားစုကို ဒီလောက်မုန်းနေမှတော့ ကျွန်မ ရှင်တို့အိမ်မှာပဲ သွားသေပြမယ်! ကျွန်မသေသွားရင်လည်း ရှင်တို့ လွတ်မယ်မထင်နဲ့... လူတိုင်းလည်း မြင်တဲ့အတိုင်းပဲ၊ ရှင်က ကျွန်မကို သေအောင်တွန်းပို့တာ! ရှင်တို့မိသားစုက လူ့အသက်ကို ရန်ရှာနေတာ၊ စောစောနဲ့ နောက်ကျပဲ ကွာမယ်၊ အကုသိုလ်ကံက ရှင်တို့ကို ပြန်လိုက်မှာပဲ!”
သူမသည် အဘွားကြီးဟွမ်ကို အားဖြင့်တွန်းထုတ်လိုက်ရာ အဘွားကြီးမှာ နံရံကို ဒိုင်းခနဲ ဝင်ဆောင့်မိသွားတော့၏။ အဘွားကြီးဟွမ်မှာ နာကျင်သည်ကိုပင် ဂရုမစိုက်နိုင်ဘဲ နောက်မှ အပြေးလိုက်ကာ တားဆီးလိုက်လေသည်။
“ညည်း ဘာလုပ်တာလဲ! ညည်း ဘာတွေ အရူးထနေတာလဲ!”
ချန်ချင်းယွီသည် မျက်ရည်များဖြင့် စတုတ္ထဝင်းဘက်သို့ တန်းတန်းမတ်မတ် ပြေးသွားလေ၏။
အဘွားကြီးဟွမ်မှာ ရင်အစုံပင့်၍ အော်ဟစ်နေတော့သည်။
“အားလုံးပဲ သူ့ကို တားကြပါဦး၊ တားကြပါဦး! သူ ဘာလို့ ရူးနေတာလဲ! မြန်မြန်လုပ်ကြပါဦး!”
အဘွားကြီးဟွမ်သည် ချန်ချင်းယွီတစ်ယောက် ချက်ချင်းဆိုသလို ယခုကဲ့သို့ သောင်းကျန်းလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူမ၏လက်ထဲတွင်လည်း ဓားတစ်လက် ပါနေသဖြင့် သာမန်လူများမှာ အနားပင် မကပ်ရဲကြချေ။ အဘွားကြီးဟွမ် စူးစူးဝါးဝါး အော်ဟစ်တောင်းဆိုလိုက်ပြန်၏။
“သူ့ကို တားကြပါဦး! အမေရေ... ညည်း ရူးနေပြီလား! သေချင်ရင်လည်း ငါတို့အိမ်မှာ လာမသေနဲ့လေ!”
မည်သူက တားရဲပါမည်နည်း!
လက်ထဲတွင် ဓားပါနေသည် မဟုတ်ပါလား။
မည်မျှပင် ထူးချွန်သည့် ပညာရှိစေကာမူ ဓားကိုတော့ ကြောက်ရသည်ပင်။ အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ကြသဖြင့် တစ်ဦးတည်းသော အမျိုးသားဖြစ်သူ ရှီရှန်းကို ဝိုင်းကြည့်လိုက်ကြသည်။ ရှီရှန်းမှာမူ နှာခေါင်းကိုပွတ်ကာ နောက်သို့ ဆုတ်သွားပြီး ကောင်းကင်ကြီးနှင့် မြေကြီးကိုသာ ကြည့်နေလျက် ယောင်တောင်တောင် လုပ်နေ၏။
ဆုတောင်းလေ!! ငါကဘာလို့ ရှေ့ထွက်ရမှာလဲ!! ငါ့ဦးနှောက်က အကောင်းကြီးရှိသေးတယ်!!
ချန်ချင်းယွီသည် အဘွားကြီးဟွမ်တို့ အိမ်ရှေ့သို့ ပြေးသွားကာ တံခါးကို အားဖြင့်တွန်းသော်လည်း တံခါးမှာ ပွင့်မလာချေ။
ချန်ချင်းယွီသည် ငိုယိုလျက် အဘွားကြီးဟွမ်ဘက်သို့ လှည့်ကာ အော်ဟစ်လိုက်လေသည်။
“ရှင်…ရှင်ပဲ၊ ရှင်ပဲ ကျွန်မကို အတင်းအကျပ် လုပ်ခဲ့တာ။ ရှင်က လူကို အနိုင်ကျင့်လွန်းတယ်... ဟီး... ကျန့်ဝမ်ရေ... ကျန့်ဝမ် ရှင်ကို ကျွန်မ လွမ်းလိုက်တာ!”
သူမသည် လက်ထဲမှ ဟင်းသီးဟင်းရွက်လှီးဓားဖြင့် တံခါးကို ဒုန်း... ဒိုင်း... နှင့် မြည်ဟည်းနေအောင် စတင်ခုတ်လိုက်၏။
အဘွားကြီးဟွမ်မှာ စောစောမှ သက်သာရာရစပြုနေသော စိတ်အစုံသည် တစ်ဖန် ပြန်လည်ပူပန်သွားရပြန်သည်။
“ဟဲ့... နိမိတ်မရှိတဲ့ကောင်မ၊ အခုချက်ချင်း ရပ်စမ်း!”
ငါ့အိမ်တံခါး.. အမယ်လေး.. ငါ့အိမ်တံခါး!!
ထိုတံခါးမှာ အကောင်းစားသစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ အဘွားကြီးဟွမ်သည် ရှေ့သို့ပြေးတက်ကာ ချန်ချင်းယွီ၏ ဆံပင်ကို ဆွဲကိုင်ရန် ကြိုးစားသော်လည်း ချန်ချင်းယွီမှာ နုနယ်အားနည်းစွာဖြင့် ယိမ်းထိုးနေသဖြင့် အဘွားကြီးဟွမ်၏လက်မှာ လွဲချော်သွားလေသည်။ အရှိန်မထိန်းနိုင်ဘဲ အဘွားကြီးဟွမ်မှာ မိမိအိမ်တံခါးကိုပင် ဒိုင်းခနဲ ပြန်လည်ဝင်ဆောင့်မိသွား၏။
ဂျွတ်!
“အားပါးပါး... နာလိုက်တာ!”
ချန်ချင်းယွီက စိတ်ဖောက်ပြန်နေသူကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်ကာ
“ရှင်က ကျွန်မကို အပြစ်ပုံချချင်နေတာလား၊ ဟုတ်တယ်မလား။ ကျွန်မကို အပြစ်ထပ်တင်ဦးမလို့လား။ တံခါးကို တမင်ဝင်ဆောင့်ပြီး ကျွန်မအပေါ် လာအပြစ်ချချင်နေတာမလား!”
အဘွားကြီးဟွမ်မှာ နဖူးကို အုပ်ထားရပြီး နဖူးတစ်ခုလုံး ဖူးရောင်လာသကဲ့သို့ ခံစားနေရသည်။ အလွန်အမင်း နာကျင်လှ၏။ သူမ တစ်ဖက်လူကို အပြစ်တင်ရန်ပင် မဟရသေးမီ ချန်ချင်းယွီက အရင်ဦးအောင် အော်ဟစ်နေသဖြင့် အဘွားကြီးမှာ ပါးစပ်ကြီးဟလျက် ရှုပ်ထွေးနေရှာသည်။ ချန်ချင်းယွီ တံခါးကို အရူးအမူး ဆက်လက်ခုတ်နေပြီး သူတို့အိမ်ထဲဝင်ကာ သတ်သေရန် ကြိုးစားနေသည်ကို မြင်သောအခါ အဘွားကြီးဟွမ်လည်း ကြောက်လန့်သွားပြီး
“ငါ မှားပါတယ်၊ ငါ မှားသွားပါပြီ... ဟုတ်ပြီလား။ နင် အဲ့ဒီလို မရူးစမ်းပါနဲ့။ အခုချက်ချင်း ရပ်လိုက်ပါတော့! ဘာတွေလုပ်နေတာလဲ။ ငါ မှားပါပြီ... ငါ ညည်းကို တောင်းပန်တယ်၊ တောင်းပန်တယ် ဟုတ်ပြီလား။ ငါ့အိမ်တံခါးကြီးတော့ မလုပ်ပါနဲ့... ဒါ အကောင်းစား တံခါးကြီးပါဟာ!”
ချန်ချင်းယွီမှာ မျက်ရည်များ၊ နှပ်ချေးများဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေပြီး တံခါးကို အကြိမ်အနည်းငယ် ထပ်မံခုတ်ပြီးနောက်မှ မြေပြင်ပေါ်သို့ အားအင်ကုန်ခမ်းစွာ ပြိုလဲထိုင်ချလိုက်၏။ သူမသည် မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ ရှိုက်ကာရှိုက်ကာ ငိုရင်း
“ဘာလို့ ကျွန်မတို့မိသားစုကို အနိုင်ကျင့်ကြတာလဲ... ဘာလို့လဲ!”
“ဘာတွေဖြစ်နေတာလဲ?”
ထိုအချိန်တွင် ပိုင်ဖုန်းရှန်း တစ်ယောက် အပြင်မှ ပြန်ရောက်လာသည်။ အဘယ်အရာ ဖြစ်ပျက်နေသည်ကို အတိအကျ မသိသော်လည်း ဝင်းအတွင်းရှိ စီမံခန့်ခွဲသူ အဘိုးကြီး၏ ဇနီးဖြစ်သည့်အလျောက် သူမသည် မိမိကိုယ်ကိုယ် အမြဲတမ်း ခေါင်းဆောင်တစ်ဦးကဲ့သို့ သတ်မှတ်ထားပြီး အခြားအမျိုးသမီးများထက် အဆင့်အတန်းမြင့်သည်ဟု ယူဆထားသူတည်း။ အခြေအနေကို မြင်လိုက်ရသည်နှင့် သူမသည် ဘာမျှမမေးတော့ဘဲ ချက်ချင်းပင် ရှေ့သို့တက်ကာ ဘေးရှိ ဓားကို ခြေထောက်ဖြင့် ခပ်ဝေးဝေးသို့ ကန်ထုတ်လိုက်၏။ သူမ၏ ခင်ပွန်းမှာ ဝင်း၏တာဝန်ခံဖြစ်ရာ ဤဝင်းအတွင်း ပြဿနာကြီးကြီးမားမား ဖြစ်ပွားလျှင် သူမခင်ပွန်း၏ ရာထူးကို ထိခိုက်နိုင်သည်မဟုတ်ပါလော့။
သူမသည် ချန်ချင်းယွီကို အမြန်ပွေ့ဖက်လိုက်ပြီး ကျောကို ခပ်ဖွဖွပုတ်ပေးရင်း
“ကဲ... ကဲ... တော်ပါတော့၊ မငိုပါနဲ့တော့။ ညည်း ရင်ထဲမှာ ဘယ်လောက်ခံစားနေရတယ်ဆိုတာ ဒေါ်လေးသိပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ နာကျင်နေပါစေ အသက်ရှင်အောင်တော့ ကြိုးစားရမှာပေါ့။ ညည်း ဒီလိုဖြစ်နေရင် ကလေးတွေက ဘယ်လိုလုပ်မလဲ၊ မငိုနဲ့တော့နော်... မငိုနဲ့တော့”
ထို့နောက် သူမသည် အဘွားကြီးဟွမ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်ဝန်းများတွင် ရွံရှာမုန်းတီးမှုများ ပြည့်နှက်နေသည်။ အကြောင်းအရင်းကို အတိအကျ မသိသော်လည်း ဤကိစ္စမှာ အဘွားကြီးဟွမ်ကြောင့် ဖြစ်ရမည်ကို သူမ ကောင်းစွာ သဘောပေါက်၏။ ဤအဘွားကြီးမှာ ပါးစပ်သရမ်းလှသူ ဖြစ်ပြီး လင်းကျန့်ဝမ် သေဆုံးသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူမသည် ကွယ်ရာ၌ ကဲ့ရဲ့ပြောဆိုခြင်းကို မပြတ်လုပ်ဆောင်နေသူဖြစ်ရာ စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားပင် မရှိချေ။
သူမသည် အဘွားကြီးဟွမ်ကို မျက်စောင်းထိုး၍ သတိပေးစကားဆိုလိုက်သည်။
“ဟွမ်မေ့ယွင်ရေ... လူလုပ်သမျှ ကောင်းကင်က ကြည့်နေတယ်နော်။ အချို့ကိစ္စတွေကိုတော့ ညည်း လွန်မလာစေနဲ့!”
“အဒေါ်ဟွမ်၊ အဒေါ် တော်တော်လွန်သွားပြီ။”
“ဟုတ်တယ်၊ သူများအလုပ်ကို ဘယ်သူ့ပေးပေး ဒါက သူတို့ကိစ္စလေ၊ အဒေါ်က ဘာလို့ ဒီလောက်တောင် ဝင်ပါနေရတာလဲ။”
“မုဆိုးမသားအမိ ဘဝနဲ့ ရှင်သန်နေရတာက တော်တော်ခက်ခဲလှပြီ။ အခုတော့ အိမ်အထိလာပြီး အနိုင်ကျင့်နေတာပဲ၊ ဒါ ဘာသဘောလဲ။ တကယ်ပဲ လူကို သေတွင်းတွန်းပို့ချင်နေတာလား။ တို့ဝင်းထဲမှာ ဒီလိုမျိုးကိစ္စ တစ်ခါမှ မရှိခဲ့ဖူးဘူး။ တော်တော်ကို လွန်လွန်းပါတယ်။”
“ဟုတ်ပ... ဟုတ်ပ!”
ဝင်းအတွင်းရှိ လူများကလည်း တစ်ဦးတစ်ယောက်ချင်းစီ ဝိုင်းဝန်းကဲ့ရဲ့ ပြစ်တင်ကြလိုက်ကြလေ၏။
အမျိုးသမီးများသည် အဘွားကြီးဟွမ်နှင့်အတူ ကွယ်ရာ၌ အတင်းအဖျင်းပြောဆိုခဲ့ကြသည်ကို မေ့ပျောက်ကာ ယခုမူ အဘွားကြီးဟွမ်ကိုသာ ဝိုင်းဝန်းအပြစ်တင်နေကြတော့သည်။
အဘွားကြီးဟွမ်မှာ ဒေါသထွက်လွန်းသဖြင့် တုန်ရင်နေပြီး ပြန်လည်ဆဲဆိုရန် ပြင်လိုက်သော်လည်း မိမိက ပြဿနာအရင်ရှာထားမိခြင်းကို သတိရသွား၏။ သူမ၏ အဘိုးကြီးပြန်လာလျှင်လည်း စိတ်အနှောင့်အယှက်ဖြစ်ရဦးမည်ဖြစ်ရာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မချိပြုံးပြုံးလျက်-
"ကျန့်ဝမ်မိန်းမရေ... အဒေါ်က... အဒေါ်က ပါးစပ်သရမ်းမိသွားတာပါ။ အဒေါ်ကပဲ တောင်းပန်ပါတယ်အေ။ ညည်းလည်း အဒေါ့်ကို အပြစ်မယူပါနဲ့တော့။ ကြည့်လေ... ညည်း ငါ့အိမ်တံခါးကို ဓားနဲ့ခုတ်တာကိုတောင် ငါက အပြစ်မဆိုတော့ဘူးလေ၊ ညည်းလည်း ငါပြောမိတဲ့ နားမခံသာတဲ့စကားတွေကို စိတ်ထဲမထားနဲ့တော့၊ ဟုတ်ပြီလား"
ချန်ချင်းယွီသည် ပခုံးကလေးများ တုန်ရင်သည်အထိ တရှုံ့ရှုံ့ငိုနေပြီး ဘာမျှပြန်မပြောပေ။
ပိုင်ဖုန်းရှန်း; "ကဲ... တော်ကြပါတော့၊ လူစုခွဲကြတော့လေ။ ကျန့်ဝမ်မိန်းမ၊ လာ... ဒေါ်လေး အိမ်အထိ လိုက်ပို့ပေးမယ်"
ချန်ချင်းယွီသည် ပိုင်ဖုန်းရှန်း၏ ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားသော်လည်း အိမ်ထဲမဝင်မီ မြေပြင်ပေါ်၌ တစ်စုံတစ်ခုကို ငုံ့ကြည့်နေသည်။ ပိုင်ဖုန်းရှန်းက ချက်ချင်းပင် ဓားကိုကောက်ယူလိုက်ပြီး
"ဩော်... ဟုတ်သားပဲ၊ ညည်းရဲ့ ဓားပဲ"
သူမသည် ဝေခွဲမရဖြစ်နေဟန်ဖြင့်
"ဒေါ်လေးပဲ ကိုင်ထားပေးမယ်၊ လာ... အိမ်ထဲအထိ လိုက်ပို့မယ်" ဟု ဆိုကာ ချန်ချင်းယွီကို အိမ်ထဲသို့ ပို့ဆောင်ပေးလိုက်၏။
ပိုင်ဖုန်းရှန်းမှာ ဆက်လက်၍
"ကျန့်ဝမ်မိန်းမရေ... ကျန့်ဝမ်ဆုံးသွားလို့ ညည်း စိတ်မကောင်းဖြစ်နေမှာကို ဒေါ်လေးသိပါတယ်။ ဒါပေမဲ့ ညည်း အမြဲတမ်း ဒီလိုဖြစ်နေလို့ မရဘူးလေ။ ညည်းက ဒီလိုမျိုးကြီး ခံစားနေရင် ဒီအိမ်ထောင်စုကြီးကို ဘယ်သူက ထိန်းကျောင်းမလဲ။ ဒီအိမ်ကြီး ပျက်စီးသွားတာကို ညည်းက ကြည့်နေချင်လို့လား"
"အခု ညည်းအလုပ်ရပြီပဲ၊ ယောက္ခမကို ကောင်းကောင်းပြုစု၊ ကလေးတွေကို ဂရုစိုက်ပေါ့။ ကလေးတွေ ကြီးလာရင် ညည်းလည်း ချမ်းသာရမှာပါ။ မိန်းမသားဆိုတာ လက်ထပ်ပြီးရင် လင်ကိုအားကိုးရတယ်၊ လင်မရှိတော့ရင် သားကို အားကိုးရတာပေါ့။ ရှောင်ကျားကို လူလားမြောက်အောင် ပျိုးထောင်ပေးနိုင်ရင် ဘာထက်မဆို သာပါတယ်။ အဲ့ဒီအချိန်ကျရင် ကလေးတွေက ထူးချွန်ထက်မြက်နေတော့ ဘယ်သူကမှ ညည်းကို မိန်းမကောင်းတစ်ယောက်မဟုတ်ဘူးလို့ မပြောရဲတော့ဘူး။ အခုလို ခဏခဏ သေကြောင်းကြံစည်နေတာမျိုးတော့ မလုပ်ပါနဲ့တော့"
"ဒီဝင်းထဲက တချို့လူတွေ စကားပြောရိုင်းတာကိုလည်း ဒေါ်လေးသိပါတယ်။ ဒါပေမဲ့ အားလုံးက စိတ်ပုပ်လို့တော့ မဟုတ်ပါဘူး၊ ပါးစပ်ကတစ်မျိုးဆိုပေမဲ့ စိတ်ရင်းမပါပါဘူး။ ညည်းကပဲ စိတ်ထားကြီးကြီးထားပြီး သူတို့ကို ခွင့်လွှတ်လိုက်ပါ။ အဘွားကြီးဟွမ်ဆိုတာလည်း လူကြီးတစ်ယောက်ပဲလေ၊ ညည်းက အခုလိုမျိုး ပြဿနာရှာတော့ သူလည်း မျက်နှာပျက်ရတာပေါ့။ တို့တွေက အိမ်နီးချင်းတွေပဲလေ၊ တစ်ယောက်နဲ့တစ်ယောက် အမြဲတွေ့နေရတာ၊ အခုလို ရန်ဖြစ်နေရင် သံယောဇဉ်ပျက်တာပေါ့။ အိမ်တွင်းသာယာမှ အရာရာအောင်မြင်တယ်လို့ ဆိုကြတယ်မလား။ ဒေါ်လေးအမြင်မှာတော့ တို့ဝင်းကြီးကလည်း မိသားစုတစ်စုလိုပါပဲ၊ ဝင်းကြီးသာယာမှ အရာရာအောင်မြင်မှာပေါ့"
ချန်ချင်းယွီမှာမူ သူမ၏စကားများကို နားထဲသို့ အဝင်မခံဘဲ အဓိပ္ပာယ်မရှိသော စကားများအဖြစ်သာ သတ်မှတ်ထားသည်။ သို့သော် သူမသည် နုနယ်အားနည်းသော မုဆိုးမလေးဖြစ်ရာ ပြန်လည်ငြင်းဆန်ခြင်း မပြုပေ။
ချန်ချင်းယွီသည် ဘာမျှပြန်မပြောဘဲ အိမ်တံခါးဝသို့ ရောက်သောအခါ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက် ရှက်ကိုးရှက်ကန်းနှင့် အားနာဟန်ဖြင့် လေသံတိုးတိုးလေး ဆိုလိုက်၏။
"ကျွန်မယောက္ခမက ပြောထားတယ်... သူစိမ်းတွေကို အိမ်ထဲပေးမဝင်ဖို့..."
ပိုင်ဖုန်းရှန်းမှာ စကားစပြတ်သွားရသည်။
ချန်ချင်းယွီက ပိုင်ဖုန်းရှန်းကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မော့ကြည့်လိုက်ရာ ပိုင်ဖုန်းရှန်းကလည်း ဤမိန်းကလေးမှာ အိမ်တွင် ဆုံးဖြတ်ချက် မချနိုင်သူမှန်း သိရှိသဖြင့် လက်ကို ဝှေ့ယမ်းပြကာ
"ကဲ... ကောင်းပြီလေ၊ နောက်နောင် သေကြောင်းကြံတာမျိုး မလုပ်နဲ့တော့၊ အေးအေးဆေးဆေး နေထိုင်ပါ"
ချန်ချင်းယွီက ဝေခွဲမရဟန်ဖြင့် "ဟုတ်ကဲ့" ဟု လေသံတိုးတိုးလေးဖြင့် ပြန်လည်ဖြေကြားလိုက်၏။
ပိုင်ဖုန်းရှန်းသည် ချန်ချင်းယွီကို အနည်းငယ် သတိထားကြည့်ရှုပြီး ထူးခြားမှုမရှိသည်ကို မြင်မှသာ ခေါင်းညိတ်၍ လှည့်ထွက်သွားလေသည်။ သူမသည် ဝင်းအတွင်းရှိ ပြဿနာကြီးတစ်ခုကို မိမိကိုယ်တိုင် ဖြေရှင်းနိုင်ခဲ့သည်ဟု တွေးတောကာ ဂုဏ်ယူနေမိ၏။ မဟုတ်လျှင် သူမ၏ ခင်ပွန်းအတွက် အနှောင့်အယှက် ဖြစ်ရပေလိမ့်မည်။
ချန်ချင်းယွီ၏ ဘဝအခြေအနေ မည်သို့ရှိသည်ကို သူမ ဂရုမစိုက်ပေ၊ ဝင်းအတွင်း၌ ပြဿနာမတက်လျှင်ပင် သူမအတွက် လုံလောက်လှပြီဖြစ်သည်။ သူမသည် ပြုံးရွှင်လျက် အလယ်ဝင်းဘက်သို့ လျှောက်သွားစဉ် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွား၏။ ယခုအချိန်တွင် ချန်ချင်းယွီက အဘယ်ကြောင့် အိမ်၌ ရှိနေရသနည်း။
သူမသည် ဝေခွဲမရဖြစ်လျက် နောက်သို့ လှည့်ကြည့်မိသော်လည်း အတန်ကြာ စဉ်းစားပြီးနောက် အိမ်သို့ ပြန်မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။
သူမနှင့် မသက်ဆိုင်သည့် ကိစ္စဖြစ်ရာ ဝင်းအတွင်း၌ ဆူဆူပူပူ မဖြစ်လျှင်ပင် တော်လှပြီဟု တွေးတောလိုက်၏။
ချန်ချင်းယွီသည် အိမ်ထဲသို့ဝင်၍ တံခါးပိတ်လိုက်ပြီးနောက် လှောင်ပြောင်သော အမူအရာဖြင့် ပြုံးလိုက်မိသည်။ ပိုင်ဖုန်းရှန်းသည် အပေါ်ယံတွင် သူမဘက်မှ ရပ်တည်ပေးနေသည်ဟု ထင်ရသော်လည်း အမှန်တကယ် စိတ်ရင်းဖြင့် ကူညီနေခြင်းမဟုတ်ဘဲ မိမိက ဆူဆူပူပူ လုပ်နိုင်စွမ်းရှိနေ၍သာ ဖြစ်၏။ ချန်ချင်းယွီ၏ မှတ်ဉာဏ်များအရ ဝင်းအတွင်းရှိ လူအများစုမှာ အဘွားကြီးကျောက် သူမကို နှိပ်စက်နေသည်ကို သိကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ တရားမျှတမှုအတွက် ဝင်ရောက်ပြောဆိုပေးခဲ့ခြင်း မရှိပေ။
မူလ "သူမ" သည်လည်း သတ္တိနည်းခဲ့သည်ကို ဝန်ခံရမည်ဖြစ်သော်လည်း အခြားသူများကလည်း သူမအပေါ် စေတနာအမှန် ထားခဲ့ကြသည်မဟုတ်ရာ သူမအနေဖြင့်လည်း အခြားသူများအပေါ် စိတ်ရင်းအမှန် ထုတ်ပြရန် အစီအစဉ်မရှိပေ။
ချန်ချင်းယွီသည် မျက်ဝန်းများ ဝေ့ဝဲသွားကာ အိပ်ခန်းထဲသို့ ပြန်ဝင်လာပြီးနောက် ကလေးနှစ်ယောက်၏ နားထဲမှ စက္ကူလိပ်ကလေးများကို ဖယ်ရှားပေးရင်း
"သားတို့ သမီးတို့ လိမ္မာနေရဲ့လား"
"လိမ္မာပါတယ်!"
ချန်ချင်းယွီသည် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ယခုကဲ့သို့ ဖြစ်လာမည်ကို သူမ ကြိုတင်တွက်ဆထားပြီးသား ဖြစ်၏။
နုနယ်အားနည်းသော ချွေးမလေးတစ်ဦးအနေဖြင့် လူတိုင်းက သူမကို အနိုင်ကျင့်ရလွယ်သော လူအဖြစ် သတ်မှတ်ထားကြသည်။ သူမ အလုပ်လည်းမသွားဘဲ တစ်နေ့လုံး အိမ်မှာပဲရှိနေလျှင် ထိုလူများက နေ့တိုင်း ပါးစပ်သရမ်းနေကြမည်မဟုတ်ပါလား။ ယနေ့တွင် သူမအနေဖြင့် သရုပ်ဆောင်မှု အချို့ကို ပြသခဲ့သဖြင့် အားလုံးမှာ သူမကို အနည်းငယ်တော့ ရှိန်သွားကြပေလိမ့်မည်။ နောင်တွင် သူမနှင့် ဝေးဝေးနေကြလျှင် အကောင်းဆုံးဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စရာလည်း မလိုတော့ပေ။
မူလချန်ချင်းယွီ၏ ဘဝမှာ အမှန်တကယ်ပင် မလွယ်ကူခဲ့ကြောင်း သူမ ခံစားမိသည်။ ပတ်ဝန်းကျင်မှာ အလွန်ရှုပ်ထွေးပြီး လူအမျိုးမျိုး ရှိနေကြသော်လည်း အမှန်တကယ် အားကိုးထိုက်သူမှာမူ လက်ချိုးရေတွက်၍ပင် ရနိုင်မည်မဟုတ်ပေ။ မိဘအိမ်၊ ယောက္ခမအိမ် သို့မဟုတ် အိမ်နီးချင်းများ ဖြစ်စေကာမူ မည်သူမျှ ပေါင်းသင်းရ လွယ်ကူသူများ မဟုတ်ကြချေ။
ထို့ကြောင့်လည်း မူလချန်ချင်းယွီမှာ ဘဝကို ရှေ့ဆက်ရန် အားမရှိတော့ခြင်း ဖြစ်မည်ဟု သူမ တွေးမိ၏။
ချန်ချင်းယွီသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ချက်ချင်းပင် စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ သူမသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာသူဖြစ်ရာ အခက်အခဲများရှေ့တွင် အရှုံးပေးလေ့မရှိပေ။ ယခု ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေသော်လည်း ဘာမျှမဖြစ်ပေ၊
ပြဿနာမရှိဘူး!
ငါ့အတွက် ဒီလောက်ကတော့ အေးဆေးပါ!
ချန်ချင်းယွီသည် ငယ်စဉ်ကတည်းက မိမိကိုယ်ကိုယ်သာ အားကိုးခဲ့ရသူဖြစ်သဖြင့် စိတ်ခံစားချက်ကို လျင်မြန်စွာ ထိန်းချုပ်နိုင်ပြီး တက်ကြွလန်းဆန်းလာကာ ချက်ချင်းပင် ပြောဆိုလိုက်၏။
"ဒီနေ့ နေ့လယ်စာကို အသားဆန်ပြုတ် စားကြမယ်နော်။"
"ဟ်?”
ကလေးနှစ်ယောက်မှာ မျက်လုံးလေးများ တောက်ပလျက် ချန်ချင်းယွီကို ကြည့်ကာ တံတွေးများ မြိုချလိုက်ကြသည်။
ချန်ချင်းယွီက ပြုံးလိုက်ပြီး
"ဒီအစားပုတ်လေးတွေ အမေ့ကို ကူညီချင်ကြလား"
"ကူညီပါ့မယ်!"
"လာကြ”
သူမတို့အိမ်တွင် အသားစိမ်းများ မရှိသော်လည်း ဗီရိုထဲတွင် ဝက်သားနီချက်များ ရှိနေသေး၏။ ချန်ချင်းယွီသည် အဆီအဆိမ့်များလွန်းလျှင် အစာအိမ်က လက်မခံနိုင်မည်ကို စိုးရိမ်နေသဖြင့် အသားများကို အတုံးလေးများ တုံးကာ ဆန်ပြုတ်ချက်လိုက်သည်။ သို့သော် ထိုမျှဖြင့် သူမအတွက် မလုံလောက်ချေ။ သူမသည် အစားအလွန်စားသူဖြစ်ရာ ဗိုက်ဆာနေသည့် ဒဏ်ကို အနည်းငယ်မျှ အထိမခံလိုပေ။
သူမသည် ပြောင်းဖူးမှုန့်ဖြင့် လုပ်ထားသည့် မန်ထိုများကို ပေါင်းလိုက်၏။ မနေ့ညက စားစရာများမှာ အကုန်ကုန်သွားပြီဖြစ်ရာ အခြားရွေးချယ်စရာ မရှိပေ။
ယခင်ဘဝ ငယ်စဉ်အခါ၌ ခက်ခဲခဲ့စဉ်ကပင် ဤအခြေအနေအထိ မဆိုးဝါးခဲ့သော်လည်း သူမသည် ပြောင်းဖူးမန်ထိုကို အထင်မသေးပေ။ ပြောင်းဖူးမန်ထိုက သူမကို ဗိုက်ဝစေနိုင်လျှင်ပင် တော်လှပြီဟု ယူဆထားသည်။ သူမသည် အစားအလွန်ကြီးသူဖြစ်ရာ ငယ်စဉ်က "ထမင်းပုံး" ဟုပင် အမည်ပြောင် ပေးခံခဲ့ရဖူး၏။
အစားကြီးသူတစ်ဦး၏ စိတ်ဓာတ်ကို သာမန်လူများ နားလည်နိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီသည် ဗိုက်ဝအောင် စားရမှသာလျှင် ပြဿနာများကို ရင်ဆိုင်နိုင်ရန် အင်အားရှိမည်ဖြစ်သည်။ ကမ္ဘာကူးပြောင်းလာပြီး နိုးလာကတည်းက သူမ အနားမရသေးပေ။ ပတ်ဝန်းကျင် အခြေအနေသည်လည်း သူမကို အနားမရစေခဲ့ပေ။ သူမသည်လည်း အေးအေးဆေးဆေး နေထိုင်ချင်သော်လည်း သူမ၏ ကံကြမ္မာမှာ ဇာတ်လိုက်မအလား ဘေးပတ်ဝန်းကျင်တွင် လူဆိုးလူမိုက်များနှင့်သာ ပြည့်နှက်နေလေ၏။
ချန်ချင်းယွီသည် ပြောင်းဖူးမန်ထိုကို တစ်ခုပြီးတစ်ခု အငမ်းမရ စားနေလေသည်။
ရှောင်ကျား နှင့် ရှောင်ယွီ- "..."
မေမေက တော်တော်စားနိုင်တာပဲ။
ချန်ချင်းယွီ; "ဘာကြည့်နေတာလဲ၊ မြန်မြန်စားကြ၊ စားပြီးရင် ခဏသွားအိပ်ကြဦး"
"ဟုတ်ကဲ့ပါ"
ကလေးနှစ်ယောက်မှာ ချန်ချင်းယွီနှင့်အတူ နေထိုင်ရသည့်တိုင် အနည်းငယ် စိုးရိမ်ကြောက်ရွံ့စိတ် ရှိနေကြသော်လည်း အမှန်တကယ် လိမ္မာကြပေသည်။ မည်သို့မျှ ဆိုးနွဲ့ခြင်းမရှိဘဲ ဗိုက်ဝအောင်စားပြီးနောက် အိပ်စက်ရန် ထွက်ခွါသွားကြ၏။ ချန်ချင်းယွီကမူ အိပ်ငိုက်ခြင်းမရှိဘဲ ယခုမှသာ အေးအေးဆေးဆေးဖြင့် ငွေများကို ထုတ်ယူရန် အချိန်ရရှာသည်။
သူမ၏ အဘိုးနှင့်အဘွား ကွယ်လွန်စဉ်က ချန်ချင်းယွီတွင် ဘာမျှမကျန်ရစ်ခဲ့ပေ။ အားနည်းသူက အားကြီးသူကို မယှဉ်နိုင်သဖြင့် ရဲစခန်းနှင့် တော်လှန်ရေးကော်မတီတို့ ထွက်ခွာသွားပြီးနောက် ဖခင်ဖြစ်သူကသာ အရာရာကို စီမံခန့်ခွဲခဲ့သည်။ ထိုစဉ်က အိမ်တွင် ဘာမျှမရှိတော့ပေ။
သူမ၏ဖခင် ချန်ရိကျွင်းမှာ တစ်ဦးတည်း မိသားစုတစ်ခုလုံးကို လုပ်ကျွေးနေရခြင်းဖြစ်ရာ ငွေသုံးထောင်ကျော် စုမိသည်ဆိုသည်မှာ ခွေးတောင် ယုံမည်မဟုတ်ပေ။
အဘိုးနှင့်အဘွား၏ ငွေများကို ထိုကပ်ပါးရပ်ပါး ယောကျာ်းလက်ထဲသို့ သူမ လုံးဝ အရောက်မခံနိုင်ချေ။ချန်ချင်းယွီသည် အခန်းပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် ထရပ်ကာ လင်းကျန့်ဝမ်၏ နာရေးဓာတ်ပုံကို ယူလိုက်သည်။ ထိုဓာတ်ပုံနောက်ကွယ်တွင် ငွေတစ်ထောင်ငါးရာကို ဝှက်ထားလိုက်၏။
“ယုန်သည် ခိုနားရာတွင်း သုံးတွင်းရှိသည်" ဟူသော စကားအတိုင်း သူမသည် နောက်ထပ် ငွေတစ်ထောင်ကို ထုပ်ပိုး၍ အိမ်ထုတ်တန်းပေါ်တွင် ဝှက်လိုက်ပြီး ကျန်ငွေတစ်ထောင်ကိုမူ အဝတ်ဗီရို၏ အကန့်နောက်ဘက်တွင် ဝှက်ထားလိုက်ပြန်သည်။
ယခင်က ကျန့်ဝမ်သည် သူ၏ကိုယ်ပိုင်လျှို့ဝှက်ငွေများကို ဤနေရာ၌ ဝှက်ထားလေ့ရှိသဖြင့် သူမကလည်း ဤနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်၏။
ငွေများကို ဝှက်ပြီးနောက် သူမလက်ထဲတွင် မူလကရှိသည့် ငွေရှစ်ရာ့တစ်ဆယ်သာ ကျန်တော့သည်။
ချန်ချင်းယွီသည် ဤနေရာကို ကြည့်လေလေ ညစ်ပတ်သည်ဟု ခံစားရလေလေ ဖြစ်သဖြင့် အိမ်အကြီးအကျယ် သန့်ရှင်းရေးကို စတင်တော့၏။ အနည်းဆုံး နှစ်အနည်းငယ်မျှ နေထိုင်ရမည့်နေရာ ဖြစ်သဖြင့် သန့်သန့်ရှင်းရှင်းရှိမှသာ စိတ်ချမ်းသာမည်မဟုတ်လော့။ ချန်ချင်းယွီသည် တစ်နေ့လယ်လုံး အလုပ်ရှုပ်နေသော်လည်း နေ့လယ်က ပြဿနာဖြစ်ထားသဖြင့် မည်သူမျှ သူမအနားသို့ မကပ်ရဲကြချေ။
အဘွားကြီးဟွမ်သည် အပြင်ဘက်ရှိ အိမ်သာသို့သွားရန် ထွက်လာစဉ် လင်းမိသားစုအိမ်ရှေ့မှ ဖြတ်သွားကာ တောက်တစ်ချက် ခေါက်လိုက်သည်။
ချန်ချင်းယွီက အဘွားကြီးဟွမ်ကို စိုက်ကြည့်လိုက်ရာ အဘွားကြီးမှာ ခြေလှမ်းကို အရှိန်မြှင့်၍ ထွက်သွားလေ၏။
ချန်ချင်းယွီ စိတ်ထဲမှ တွေးမိသည်မှာ
"ဒီအဘွားကြီးက မြွေနဂါးလိုပဲ ခေါင်းပေါ်မှာ ဂျိုနှစ်ဖက်နဲ့။"
အဘွားကြီးဟွမ်မှာ တံခါးကို နှစ်ကြိမ်ဝင်ဆောင့်မိထားသဖြင့် နဖူးပေါ်တွင် ဘုနှစ်ခု ထွက်နေပြီး အချိုးညီနေလေသည်။ သူမသည် ပါးစပ်မှ တတွတ်တွတ် ဆဲဆိုနေပြီး ရင်ထဲတွင်လည်း အလွန်အမင်း ဒေါသထွက်နေမိ၏။ ဤမြေခွေးမလေးကို နောင်တွင် သင်ခန်းစာ ကောင်းကောင်းပေးမည်ဟုလည်း ကျိန်ဆိုနေလေသည်။
သို့သော်လည်း လောလောဆယ်တွင် ထိုမိန်းကလေးက လင်ယောကျာ်းဆုံးထားသဖြင့် စိတ်ဖောက်ပြန်နေရာ သူမအနေဖြင့် တိုက်ရိုက် ရင်မဆိုင်ရဲပေ။
အနှီမြေခွေးမလေးမှာ အသေခံချင်နေသော်လည်း သူမကမူ ကောင်းကောင်း မရှင်သန်ရသေးပေ။
သို့သော် "လူကြီးလူကောင်းတို့၏ လက်စားချေမှုသည် သုံးနှစ်ကြာသော်လည်း မနှောင်းသေး" ဟု ဆိုရပေမည်။
သူမသည် ချန်ချင်းယွီကို အငြိုးတေးဖြင့် စိုက်ကြည့်လိုက်ပြီး "နင် စောင့်နေလိုက်ဦး!" ဟု စိတ်ထဲမှ ကြုံးဝါးနေလေ၏။
ချန်ချင်းယွီသည် ထိုအဘွားကြီး၏ မကောင်းသော အကြည့်များကို သတိထားမိသော်လည်း လားလားမျှမကြောက်ပေ။ သူမသည် အလုပ်ရှုပ်နေရင်း တစ်မွန်းလွဲအတွင်းမှာပင် အိမ်တစ်အိမ်လုံးကို ပြောင်စင်အောင် သန့်ရှင်းရေး လုပ်လိုက်နိုင်သည်။ အိမ်တိုင်း၏ မီးဖိုချောင်ခေါင်းတိုင်များမှ မီးခိုးများ စထွက်လာချိန်တွင် ချန်ချင်းယွီသည်လည်း နေ့လယ်က ကျန်သည့် ဟင်းများကို ပြန်နွှေးလိုက်၏။ ယနေ့ အဘွားကြီးကျောက် ပထမဆုံးရက် အလုပ်ဆင်းရသည်မှာ မည်သို့ရှိမည်နည်းဟုလည်း သူမ တွေးနေမိသည်။
သို့သော် ချန်ချင်းယွီအနေဖြင့် သိပ်တော့ မစိုးရိမ်ပေ။ ထိုကဲ့သို့ ရန်လိုပြီး အကျိုးအကြောင်းမသိသော အဘွားကြီးမျိုးမှာ အရှုံးပေးမည့်သူ မဟုတ်ချေ။
ယခုခေတ်တွင် နိုင်ငံပိုင်လုပ်ငန်းများမှာ အလုပ်သမားများကို အလွယ်တကူ အလုပ်မထုတ်နိုင်သကဲ့သို့ အဘွားကြီးကျောက် အမှားအယွင်း တစ်ခုခုလုပ်လျှင်ပင် စက်ရုံဘက်က စဉ်းစားရပေလိမ့်မည်။ အကြောင်းမှာ လင်းကျန့်ဝမ်သည် စက်ရုံ၌ အလုပ်လုပ်ရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သဖြင့် စက်ရုံအနေဖြင့်လည်း သိက္ခာကို ငဲ့ရမည်မဟုတ်ပါလော့။
အမှန်စင်စစ် ချန်ချင်းယွီသည် လင်းကျန့်ဝမ်၏ အလုပ်အဆင့်စာမေးပွဲနှင့် ပတ်သက်၍ နောက်ကွယ်မှ မည်သူက နှောင့်ယှက်ခဲ့သည်ကို စုံစမ်းလိုနေသည်။ သို့သော် မလောပေ၊ တဖြည်းဖြည်းချင်း လုပ်ဆောင်သွားရပေမည်။
ထိုစဉ် ဆူညံစွာ အော်ဟစ်သံကြီး ပေါ်ထွက်လာလေ၏။
“ချန်ချင်းယွီ... ချန်ချင်းယွီ! နင် အိမ်မှာ ဘာလုပ်နေတာလဲ၊ ငါ တစ်နေ့လုံး အလုပ်လုပ်ရတာ ပင်ပန်းလှပြီ၊ နင် ငါ့ကို အမြန်ထွက်မကြိုသေးဘူးလား!”
ချန်ချင်းယွီသည် လှောင်ပြောင်သော အမူအရာဖြင့် ပြုံးလိုက်မိသည်။ ဤအဘွားကြီးမှာ အလုပ်တစ်ရက်မျှ သွားရုံရှိသေးသော်လည်း တစ်ဖန် ပြန်လည်၍ ဝင့်ကြွားလာပြန်ချေပြီ။
"အမာရွတ်ပျောက်လျှင် နာကျင်ခဲ့သည်ကို မေ့တတ်သူ" ဆိုသည်မှာ ဤအဘွားကြီးပင်တည်း။
သူမသည် ခေါင်းငုံ့လျက် အပြင်သို့ ထွက်လာကာ
“အမေ... ကျွန်မ ထမင်းချက်ထားပြီးပါပြီ။ အိမ်ကိုလည်း သေချာ သန့်ရှင်းရေးလုပ်ထားပါတယ်၊ တစ်မွန်းလွဲလုံး အလုပ်ရှုပ်နေတာပါပဲ”
သူမသည် နုနယ်အားနည်းသော ပုံစံဖြင့် အပြင်လူများရှေ့တွင် သူမ၏ပင်ကိုယ်စရိုက်အမှန်ကို လုံးဝ ထုတ်မပြပေ။
အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ ပုံစံကိုကြည့်ကာ မိမိကပင် ပြန်လည်နိုင်နင်းသွားပြီဟု ထင်မှတ်လျက် သူမ၏လက်မောင်းကို ဆွဲလိမ်ကာ
“အလုပ်လုပ်ရတာ ဘာဖြစ်လို့လဲ၊ ဒီလောက် အလုပ်သေးသေးဖွဲဖွဲလေးက ဘာပြောစရာရှိလို့လဲ!”
ချန်ချင်းယွီသည် နှုတ်ခမ်းကိုစေ့ကာ မျက်တောင်တဖျတ်ဖျတ်ဖြင့် အဘွားကြီးနောက်မှ အိမ်ထဲသို့ လိုက်ဝင်သွားသည်။ ညနေခင်း အလုပ်ဆင်းချိန်ဖြစ်သဖြင့် အိမ်တိုင်းက လှမ်းကြည့်နေကြပြီး လူအတော်များများက စိတ်ထဲမှ နှာခေါင်းရှုံ့ကာ ဤအဘွားကြီးကို ကြည့်မရဖြစ်နေကြ၏။
ဤအဘွားကြီးမှာ ယခင်ကတည်းက အတ္တကြီးသူဖြစ်ရာ ယခု အလုပ်ရသွားပြီဖြစ်သဖြင့် ပို၍ပင် ဆိုးသွမ်းလာတော့မည် မဟုတ်ပါလား။
“ဒီချွေးမလေးကတော့ တော်တော်အူတာပဲ။ အလုပ်နေရာတစ်ခုလုံးကို လက်လွှတ်လိုက်တယ်ဆိုတော့ တကယ့်ကို အားကိုးမရတဲ့ အချူချာလေးပဲ”
တစ်စုံတစ်ဦးက တိုးတိုးလေး ပြောဆိုလိုက်ရာ အခြားသူများကလည်း ထိုစကားကို ထောက်ခံကြလေသည်။
သို့သော် ချန်ချင်းယွီ၏ စရိုက်ကို ပြန်စဉ်းစားကြည့်လျှင် သူမက အဘွားကြီးကျောက်ကို ပြန်လည်အာခံရဲမည်ဆိုပါက ပို၍ပင် ထူးဆန်းနေပေလိမ့်မည်။
ချန်ချင်းယွီသည် အိမ်တံခါးကို သေချာစွာ ပိတ်လိုက်ပြီးနောက် ပြုံးလျက်
“ရှောင်ကျားနဲ့ ရှောင်ယွီ... အခန်းထဲဝင်ပြီး နားကို ပိတ်ထားကြနော်၊ မေမေက ဘွားဘွားနဲ့ တိုးတိုးလေး စကားပြောမလို့”
ရှောင်ကျားသည် မျက်ခုံးလေးများတွန့်လျက် မေမေ့ကို စိုးရိမ်တကြီး ကြည့်လိုက်ရာ ချန်ချင်းယွီ ချော့မော့နှင်လွှတ်လိုက်၏။
“သွားလေ... ကလေးတွေက လူကြီးကိစ္စ နားမထောင်ရဘူးလေ”
ရှောင်ကျားက သတ္တိမွေး၍
“ဘွားဘွား... မေမေ့ကို အနိုင်မကျင့်နဲ့နော်”
အဘွားကြီးကျောက်သည် မျက်ခုံးများ ထောင်တက်သွားကာ
“ဟဲ့... နိမိတ်မရှိတဲ့ကောင်၊ နင်က ငါ့ကို ဘယ်လိုပြောလိုက်တာလဲ။ ဒီအိမ်ကို ဘယ်သူက ကျွေးနေတာလဲ နင်သိလား။ ငါ့ကို ဒီလိုပြောရဲတယ်ဆိုတော့ နင် အရိုက်ခံချင်နေတာလား!”
သူမသည် အင်္ကျီလက်ကို ပင့်တင်ကာ ရိုက်ရန် ပြင်လိုက်စဉ် ချန်ချင်းယွီက အဘွားကြီး၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ ချန်ချင်းယွီ၏ လေသံမှာ ပို၍ပင် နူးညံ့လာပြီး
“ရှောင်ကျားနဲ့ ရှောင်ယွီ... လိမ္မာတယ်နော်၊ အခန်းထဲဝင်သွားကြ”
ကလေးများ နားပိတ်၍ အခန်းထဲဝင်သွားသည်ကို မြင်သည်နှင့် အဘွားကြီးကျောက် ဆဲဆိုတော့၏။
“ဟဲ့... မိန်းမယုတ်၊ ငါ့လက်ကို လွှတ်စမ်း! ညည်းက သတ္တိတွေ ကောင်းနေ... အု!”
ချန်ချင်းယွီသည် အဘွားကြီး၏ ပါးစပ်ကို ပိတ်လိုက်ပြီး ဝမ်းဗိုက်ကို လက်သီးဖြင့် အချက်အတော်များများ ထိုးလိုက်သည်။ အချို့လူများမှာ အကျိုးအကြောင်း ပြောပြနေရန် မလိုဘဲ လက်တွေ့ပြသမှသာ သင်ခန်းစာရကြသူများ ဖြစ်၏။လက်သီးကသာ လူကို ဆုံးမနိုင်သည်ဟူသောအချက်ကို ချန်ချင်းယွီ ငယ်စဉ်ကတည်းက သိရှိထားပြီးသား ဖြစ်သည်။
သူမ၏ အမြင်တွင် အဘွားကြီးကျောက်သည် အခွင့်အရေးရလျှင် ရသလို ပြဿနာရှာမည့်သူမျိုးတည်း။ မနေ့ညက သင်ခန်းစာကို မေ့သွားပုံရချေပြီ။ ချန်ချင်းယွီ အဘွားကြီး၏ ဗိုက်ကို တရစပ်ထိုးနှက်နေရာ အဘွားကြီးမှာ ရုန်းကန်ရန် ကြိုးစားသော်လည်း မရပေ။ သူမသည် ယနေ့တွင် ဤမိန်းမယုတ်ကို သင်ခန်းစာ ပြန်ပေးမည်ဟု ကြံစည်ထားသော်လည်း ယခုမူ မတတ်နိုင်တော့ချေ။ မူလက
သူမ ယူထားသော ငွေများကို အကုန်ပြန်ထုတ်ပေးခိုင်းကာ တစ်ပြားမျှ အလွဲသုံးစားလုပ်၍ မရစေရဟု အဘွားကြီးကျောက် တွေးထားခဲ့၏။
“အု... အော့... အော့!”
သူမ၏ ကိုယ်တွင်းအင်္ဂါများပင် ထွက်ကျလာတော့မတတ် ခံစားနေရသည်။ ချန်ချင်းယွီက သူမ၏ပါးစပ်ကို အတင်းပိတ်ထားသဖြင့်သာ အန်မထွက်ခြင်းပင်။ သူမ အတင်းရုန်းကန်သော်လည်း ချန်ချင်းယွီက သူမ၏လည်ပင်းကို ရုတ်တရက် ညှစ်လိုက်ပြန်သည်။
အဘွားကြီးကျောက် : “အစ်... အဲ့...”
သူမသည် ချန်ချင်းယွီကို တွန်းထုတ်ရန် ကြိုးစားသော်လည်း ချန်ချင်းယွီ၏ ကိုယ်ကိုပင် မထိနိုင်ဘဲ အသက်ရှူကျပ်၍ သေလုမျောပါး ဖြစ်လာ၏။
“အု... ဟီး...”
အဘွားကြီးကျောက်၏ မျက်နှာမှာ ဖြူလျော့လာသည်ကို မြင်သောအခါ ချန်ချင်းယွီက အေးစက်စက် လေသံဖြင့်
“ငါ့ကို ပညာပေးချင်တာလား?”
ထို့နောက် လက်ကိုမြှောက်ကာ ပါးကို ရိုက်လိုက်လေသည်— ဖြန်း!
အဘွားကြီးကျောက်သည် လည်ပင်းညှစ်ခံထားရရင်း ပါးရိုက်ခံလိုက်ရသဖြင့် မျက်စိထဲတွင် ကြယ်များပင် မြင်သွားရသည်။ သူမသည် သူမ၏ အဘွားကိုပင် တွေ့နေရပြီဟု ထင်မှတ်နေမိ၏။
“ဂုဏ်တွေ မောက်ချင်နေတာလား?”
— ဖြန်း!
“ကလေးတွေကို ရိုက်ချင်နေတာလား?”
— ဖြန်း!
အဘွားကြီးကျောက်မှာ မျက်လုံးများ လန်တက်သွားပြီး လက်ကိုသာ ယမ်းပြနေတော့သည်။ ရုန်းကန်ရန် အားအင်မရှိတော့ဘဲ သူမ၏ အဘိုးကြီးနောက်သို့ လိုက်သွားရတော့မည်ဟု ထင်နေမိ၏။
ငါကို လွှတ်ပေးပါဦး... လွှတ်ပေးပါဦး...။
အဘွားကြီးကျောက်၏ မျက်ဝန်းများတွင် အသနားခံသော အရိပ်အယောင်များ ပြည့်နှက်နေပြီး၊ တစ်နေ့လုံး အားအားယားယား ကြံစည်ထားခဲ့သော ချန်ချင်းယွီကို နှိပ်စက်မည့် နည်းလမ်းများကိုပင် လုံးဝ မေ့လျော့သွားကာ ယခုမူ ဒူးထောက်၍ အသက်ဘေးမှ လွတ်မြောက်ရန်သာ တောင်းပန်ချင်နေတော့သည်။
ချန်ချင်းယွီသည် သူမ၏ သနားစရာကောင်းလှသော ပုံစံကို မြင်သောအခါမှ လက်ကို လွှတ်ပေးလိုက်၏။ အဘွားကြီးမှာ ရုတ်တရက် အလွှတ်ခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ဒူးထောက်ကျသွားကာ တဟွတ်ဟွတ်နှင့် မရပ်မနား ချောင်းဆိုးနေသည်။
“ဟွတ်... ဟွတ်... အဟွတ်ဟွတ်!”
သူမသည် မျက်ရည်များ၊ နှပ်ချေးများဖြင့် ပေပွနေပြီး တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေသည်ဟု ခံစားနေရ၏။
ချန်ချင်းယွီက တည်ငြိမ်သော မျက်နှာထားဖြင့်
“ကျွန်မတို့ သဘောတူထားတာတွေကို အမေ မမှတ်မိဘူးဆိုရင်တော့ နေ့တိုင်း သတိပေးဖို့ ကျွန်မ ဝန်မလေးဘူးနော်”
“ငါ... ငါ...”
သူမသည် ချန်ချင်းယွီကို ယောက္ခမအား လုပ်ကြံရန် ကြံစည်မှုဖြင့် တိုင်တောပစ်မည်!
လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း သွားတိုင်မည်ဟု အဘွားကြီးကျောက်က စိတ်ထဲမှ ကြုံးဝါးနေ၏။
အဘွားကြီးကျောက်မှာ အလွန်ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသော်လည်း စိတ်ထဲတွင်မူ ချန်ချင်းယွီကို ချက်ချင်း သင်ခန်းစာပေးချင်နေဆဲပင်။
ချန်ချင်းယွီသည် သူမ၏ မျက်နှာကို ကြည့်စရာမလိုဘဲ စိတ်ထဲရှိ အကြံကို သိရှိထားသည်။ သူမသည် ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်ကာ မျက်ခုံးပင့်လျက် ပြုံး၍ ပြောလိုက်လေသည်။
“ကျွန်မကို သွားတိုင်လို့ ရပါတယ်၊ ဘယ်သူက အမေ့ကို ယုံမလဲဆိုတာ စောင့်ကြည့်ရုံပေါ့။ အမေ့ရဲ့ စရိုက်က ဘယ်လိုလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိဘူးလား။ ကျွန်မ ပြောထားမယ်... ကျွန်မကို လာမရှုပ်နဲ့! မဟုတ်ရင် ရှင့်မှာ ရှိသမျှ အကုန်ဆုံးရှုံးစေရမယ်!”
သူမသည် ရုတ်တရက် ရက်စက်ကြမ်းတမ်းသော ပုံစံသို့ ပြောင်းလဲသွားကာ
“အဆိုးဆုံးဖြစ်ရင်တော့ အတူတူ သေကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် ကျွန်မလည်း မရှင်သန်ချင်တော့ဘူး၊ ကျန့်ဝမ်နောက်ပဲ လိုက်သွားချင်တာ! ကလေးတွေအတွက်သာ မဟုတ်ရင် ကျွန်မ သေတာ ကြာလှပြီ။ အခု ရှင်နဲ့ စကားပြောနေတာလည်း ကလေးတွေအတွက်ပဲ။ ကျွန်မကို အတင်းမတွန်းနဲ့၊ မဟုတ်ရင်တော့ ‘ငါးလည်းသေ၊ ပိုက်ကွန်လည်းပြတ်’ ဆိုသလို အားလုံး အတူတူ သေကြတာပေါ့! ကျွန်မကတော့ ရှင်ရတာ ဝနေပြီ၊ ရှင်ကတော့ ရှင်ရတာ ဝရဲ့လားဆိုတာ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပေါ့!”
အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ အေးစက်စက်နှင့် ကြောက်စရာကောင်းသော မျက်ဝန်းများကို ကြည့်ကာ တုန်တုန်ရင်ရင်ဖြင့် ခေါင်းကို အမြန်ခါယမ်းလိုက်သည်။
“ငါ... ငါ အဲ့လို မရည်ရွယ်ပါဘူး... တို့တွေက... တို့တွေက မိသားစုတွေပဲလေ...”
သူမကတော့ မသေချင်သေးပေ၊ တကယ်ကို မသေချင်သေးတာပါ!
ဘယ်သူကမှ အချည်းနှီး မသေချင်ကြပါပေ။ ချန်ချင်းယွီဆိုသော ဤအရူးမကား တကယ့်ကို ကြောက်စရာကောင်းလှသည်။
ဟုတ်သားပဲ၊ သူက အရူးမပဲလေ!
တောက်! ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ!
ဒီနေ့ အလုပ်ရတဲ့ အောင်မြင်မှုကြောင့် ငါ တော်တော်လေး ဘဝင်မြင့်သွားမိတာပဲ!
အဘွားကြီးကျောက်သည် သေမှာကို အမှန်တကယ် ကြောက်လှသည်။
သူမသည် ချက်ချင်းပင် မျက်နှာချိုသွေးလိုက်ကာ
“ငါ ညည်းပြောသမျှ နားထောင်ပါ့မယ်၊ အကုန်နားထောင်ပါ့မယ်! ဟွတ်... ဟွတ်... အဟွတ်!”
ချန်ချင်းယွီ စိုက်ကြည့်နေသဖြင့် အဘွားကြီးကျောက်သည်
“တကယ်ပါ၊ ခုနက... ခုနက ငါမှားသွားတာပါ။ ငါ လူကြီးဖြစ်ပြီး အူကြောင်ကြောင် ဖြစ်သွားမိလို့ပါ။ နောင်ကျရင်... နောင်ကျရင်... ဟွတ်ဟွတ်... နောင်ကျရင် ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရပါဘူး”
သူမက ဆက်လက်၍ ဂရုတစိုက်
ဖြင့်
“ချင်းယွီရယ်... ညည်း စိတ်မလောပါနဲ့ဦး။ တို့တွေက မိသားစုတွေပဲလေ။ ကြည့်ပါ... နောင်ကျရင် ညည်းပြောသမျှ ငါ နားထောင်ပါ့မယ်။ တကယ်လို့ စကားတစ်ခွန်း လွဲသွားမယ်ဆိုရင် ငါ့ကို ‘မစင်’ စားခိုင်းလည်း ခံပါ့မယ်!”
ချန်ချင်းယွီက လှောင်ပြောင်လိုက်ပြီး
“ရှင်ရဲ့ အစားအသောက် စံနှုန်းကတော့ အံ့မခန်းပါပဲ!”
အဘွားကြီးကျောက်- “ဘာပြောတယ်?”
သူမသည် အတန်ကြာ စဉ်းစားပြီးမှ အဓိပ္ပာယ်ကို နားလည်သွားကာ မျက်နှာမှာ အရောင်အမျိုးမျိုး ပြောင်းသွားသော်လည်း၊ ယခုအချိန်တွင် လက်ရှိအခြေအနေကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်သူကသာ တော်သူမဟုတ်ပါဘော့။
သူမသည် ဤအသက်အရွယ်အထိ အရိုက်မခံရဘဲ ရှင်သန်လာနိုင်ခြင်းမှာ အခြေအနေကို နားလည်တတ်သောကြောင့်ပင်တည်း။
“ချင်းယွီ... ချင်းယွီရေ၊ ညည်းက တကယ့်ကို တော်တာပဲ။ အိမ်ကို သန့်ရှင်းရေးလုပ်ထားတာ ပြောင်စင်နေတာပဲ၊ ဟဲဟဲ... ဟဲဟဲဟဲ...”
ချန်ချင်းယွီက မဲ့ပြုံးပြုံးလျက်
“ရှင် ပြောတဲ့စကားကို မှတ်မိနေရင် အကောင်းဆုံးပေါ့၊ လာ... ထမင်းစားကြမယ်”
သူမအနေဖြင့် အိမ်တွင် အဘွားကြီးကျောက်ကဲ့သို့ လူမျိုး တစ်ယောက်ရှိနေရန် လိုအပ်သေးသဖြင့် ကိစ္စကို အကြီးအကျယ် မလုပ်လိုပေ။ တစ်မိသားစုလုံး ထမင်းစားပွဲတွင် ထိုင်ကာ စားသောက်ကြစဉ် ရှောင်ကျားနှင့် ရှောင်ယွီ ကလေးနှစ်ယောက်မှာ မျက်လုံးလေးများ ကလည်ကလည်ဖြင့် ကြည့်နေကြသည်။
ချန်ချင်းယွီ: “စားကြလေ၊ သားတို့ကလည်း စိုးရိမ်မနေပါနဲ့။ ဘွားဘွားက စိတ်မဆိုးပါဘူး၊ မေမေတို့က အရေးကြီးကိစ္စလေးတွေ တိုင်ပင်နေကြတာပါ”
အဘွားကြီးကျောက်သည် မူလကပင် မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမည်းနေသူဖြစ်ရာ ယခုတစ်ကြိမ် ထပ်မံအရိုက်ခံရသဖြင့် ဒဏ်ရာဟောင်းပေါ် ဒဏ်ရာသစ်ဆင့်သွားသော်လည်း ထူးထူးခြားခြားတော့ မသိသာလှပေ။
ချန်ချင်းယွီအနေဖြင့်လည်း ဆင်ခြေပေးရန်ပင် မလိုတော့ချေ။
ချန်ချင်းယွီ; “အမေ၊ ခဏနေရင် အဘွားကြီးဟွမ်တို့အိမ်ရှေ့သွားပြီး ဆဲတော့! အနည်းဆုံး တစ်နာရီလောက်ကြာအောင် အားရပါးရဆဲပစ်လိုက်!”
“ဖူး!” အဘွားကြီးကျောက်မှာ သောက်လက်စ ဆန်ပြုတ်ပင် သီးမလိုဖြစ်သွားသော်လည်း ချက်ချင်းပင် ပြန်ပြောလိုက်၏။
“ကောင်းပြီ”
ချန်ချင်းယွီ နေ့လယ်ကဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်ပြီး တည်ငြိမ်စွာဖြင့်
“ကျွန်မတို့က အနိုင်ကျင့်ရလွယ်တဲ့လူတွေလို့ သူတို့ထင်နေရင် ခွေးတောင် လာကိုက်ဦးမှာ။ အမေလက်ပါဖို့မလိုဘူး၊ တံခါးဝမှာရပ်ပြီး ဆဲရုံပဲ။ ကျွန်မ ပြန်လာခေါ်မယ်၊ အဲ့ဒီအချိန်ကျမှ ပြန်ခဲ့”
အဘွားကြီးကျောက်; “ရတယ်!”
ဤအလုပ်က သူမအတွက် မခက်ခဲပေ! လုံးဝမခက်ခဲသည့်အပြင် သူမနှင့် အကိုက်ညီဆုံး အလုပ်ပင်။
ဆဲရုံတင်မလား? ဟဲ! ဒါက ငါ့ရဲ့ ကျွမ်းကျင်မှုနယ်ပယ်ပဲ မဟုတ်လား။
သူမက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး
“ငါဆဲလို့ကတော့ တစ်ခါမှ မရှုံးဖူးဘူး”
ထို့နောက် သူမသည် ချန်ချင်းယွီကို အငြိုးအတေးဖြင့် တစ်ချက်
ကြည့်လိုက်မိသည်။
သာမန်လူတွေ ရန်ဖြစ်ရင် အရင်ဆုံး ဆဲကြဆိုကြရမှာ မဟုတ်လား? ဒီမိန်းမကတော့ တန်းပြီး လက်ပါတာပဲ၊ တကယ့်ကို အဆင့်အတန်းမရှိတဲ့ မိန်းမ!
ဒီချွေးမကတော့ တကယ်ကို ဟန်ဆောင်ကောင်းတာပဲ။ ကျန့်ဝမ်တစ်ယောက် ဘယ်လိုများ သူ့ရဲ့ပင်ကိုယ်စရိုက်အမှန်ကို မမြင်နိုင်ခဲ့တာပါလိမ့်? တကယ်ကို မျက်စိမှောက်ခဲ့တာပဲ! ယောကျာ်းတွေဆိုတာလည်း... ဟဲ... ရုပ်လေးလှတာပဲ ကြည့်တတ်ကြတာပဲ!!
သူမမှာမူ ဤမိန်းမယုတ်၏ ပင်ကိုယ်ဗီဇကို စောစောစီးစီး သိမြင်ခဲ့သော်လည်း မည်သူကမျှ မယုံကြည်ခဲ့ကြချေ။ အကုန်လုံးက မျက်စိကန်းနေကြသူများသာတည်း။
အဘွားကြီးကျောက်သည် သူမ၏ နံရိုးများကို ပွတ်သပ်ရင်း ခုနက အရိုက်ခံရစဉ်က နံရိုးများပင် ကျိုးသွားပြီဟု ထင်မှတ်နေမိသည်။
ဒီမိန်းမယုတ်ကတော့ တကယ့်ကို လူစိတ်မရှိသူပဲ!!
သို့သော်လည်း အဘွားကြီးကျောက်မှာ ပြန်လည်ရင်ဆိုင်ရန် မဝံ့ရဲတော့ပေ။ ရိုက်လည်း မနိုင်သလို၊ အကယ်၍ ကိစ္စများကြီးထွားလာပြီး ဒီမိန်းမက မရှင်သန်ချင်တော့ဘဲ သူမကိုပါ တစ်ပါတည်း ခေါ်သွားလျှင် မည်သို့လုပ်မည်နည်း။
မဖြစ်သေးပါ၊ လုံးဝမဖြစ်သေးပါ!
သူမသည် ချန်ချင်းယွီကို ခိုးကြည့်လိုက်ရာ ချန်ချင်းယွီမှာ ပြောင်းဖူးမုန့် ရှစ်ခုတောင် စားနေသည်ကို မြင်လိုက်ရသည်။
အဘွားကြီးကျောက် - “.................?”
သူမသည် မျက်လုံးအပြူးသားဖြင့် အံ့အားသင့်စွာ ကြည့်နေမိသော်လည်း ချန်ချင်းယွီကမူ တည်ငြိမ်စွာဖြင့်
“အရင်ကတော့ ဗိုက်ဝအောင်တောင် မစားရဲခဲ့ဘူး။ လူဆိုတာ ဘယ်နေ့သေမလဲမသိနိုင်ဘူးလေ၊ ဒါကြောင့် နောင်ကျရင်တော့ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲမနေတော့ဘူး”
အဘွားကြီးကျောက် - “အာ... ဒါ... ဒါကတော့...”
သူမ စိတ်ထဲတွင် ဝေခွဲမရဖြစ်နေမိသည်။ ဤမိန်းမမှာ အလွန်အမင်း စားနိုင်လွန်းလှ၏။ ဤမျှစားနေလျှင် ရိက္ခာများ လောက်ငမည်မဟုတ်ပေ! သူမ ဆဲဆိုချင်သော်လည်း မပြောရဲပေ။
ယောက္ခမဖြစ်ရတာလည်း တော်တော်လေး ဆင်းရဲလှချေပြီတကား။
ချန်ချင်းယွီ: “အိမ်မှာ ရိက္ခာတွေ မလောက်တော့ဘူး”
အဘွားကြီးကျောက်က ချက်ချင်းပင် ခေါင်းကို အားရပါးရ ညိတ်လိုက်သည်။ ဟုတ်ပါသည်၊ မလောက်တော့ချေ။
ညည်း ဒီလောက်စားနေလျှင် ဘယ်လိုမှ လောက်မှာ မဟုတ်ဘူး!
ချန်ချင်းယွီက အဘွားကြီးကျောက်ကို မျက်ရိပ်ပြလိုက်ရာ အဘွားကြီးမှာ ကြောင်တောင်တောင် ဖြစ်သွား၏။
ကလေးများရှေ့တွင် ချန်ချင်းယွီ စကားမဆိုချေ။ ကလေးများမှာ ပါးစပ်မထိန်းတတ်သဖြင့် သူမ မယုံကြည်ပေ။ ထမင်းစားသောက်ပြီးနောက် အပြင်ခန်းသို့ရောက်မှ နှစ်ဦးသား စကားပြောကြရာ အဘွားကြီးကျောက်က မချင့်မရဲဖြင့် “ညည်းမှာ ဘာအကြံရှိလို့လဲ?”
ချန်ချင်းယွီ; “ကျွန်မ မှောင်ခိုဈေး သွားပြီး ရိက္ခာအချို့ ဝယ်မလို့”
“ဟင်?” အဘွားကြီးကျောက်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ သူမကဲ့သို့ အတွေ့အကြုံနည်းသော အဘွားကြီးတစ်ဦးအနေဖြင့် မှောင်ခိုဈေးကို သဘာဝအလျောက် ကြောက်ရွံ့မိသည်။ ယခင်ကလည်း မှောင်ခိုဈေးမှ ရိက္ခာများကို စားခဲ့ဖူးသော်လည်း ၎င်းမှာ သူမ၏သားက သွားဝယ်ခြင်းဖြစ်၏။ ယခုမူ သားဖြစ်သူ မရှိတော့ဘဲ ချန်ချင်းယွီမှာလည်း မိန်းမသားတစ်ဦးသာ ဖြစ်နေသည်။
သူမက ချန်ချင်းယွီကို စိတ်ပူနေခြင်းမဟုတ်ဘဲ ချန်ချင်းယွီ တစ်ခုခုဖြစ်လျှင် မိသားစုပါ ထိခိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သူမ အမှုပတ်မခံလိုပေ။ ချန်ချင်းယွီက...
အယ်!
အဘွားကြီးကျောက်သည် ခေါင်းမော့ကြည့်လိုက်ရာ ချန်ချင်းယွီက လက်ဆစ်များကို ချိုးနေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပြန်ပြောင်း ပြောဆိုလိုက်၏။
“သွား! သွားလေ၊ ဘယ်အချိန်သွားသွား ရတယ်”
လက်ရှိအခြေအနေကို လိုက်လျောညီထွေဖြစ်အောင် နေတတ်သူကသာ တော်သူဖြစ်ပေသည်။ သူမ ကျောက်တာ့ရာသည် ယနေ့မှစ၍ "ကျောက်ကျွင်းကျဲ" (အခြေအနေကို သိမြင်သူကျောက်) ဟု အမည်ပြောင်းလိုက်ချေပြီ။
ချန်ချင်းယွီ; “ကျွန်မ တစ်ခါမှ မရောက်ဖူးဘူး၊ အမေ လိပ်စာသိလား?”
“သိတာပေါ့” အဘွားကြီးကျောက်မှာ ကိုယ်တိုင်မရောက်ဖူးသော်လည်း ဝင်းအတွင်းရှိ အဘွားကြီးများကြားတွင် ကျင်လည်နေသူဖြစ်ရာ အချို့အချက်အလက်များကိုတော့ သိရှိထားပေသည်။
ချန်ချင်းယွီ; “သိရင် ပြီးတာပဲ။ ခဏနေရင် ကျွန်မ ရိက္ခာသွားဝယ်မယ်၊ အဲ့ဒီအချိန်မှာ အမေက အဘွားကြီးဟွမ်နဲ့ သွားရန်ဖြစ်တော့။ ကျွန်မ ပြန်လာမခေါ်မချင်း အမေ ပြန်မလာနဲ့ဦး”
အဘွားကြီးကျောက်; “ကောင်းပြီ၊ ညည်းပြောတဲ့အတိုင်း လုပ်ပါ့မယ်”
ချန်ချင်းယွီက လက်လှမ်းလိုက်သည်။
အဘွားကြီးကျောက် “ညည်း... ညည်း... ဘာသဘောလဲ?”
ပိုက်ဆံတောင်းတာလား? မရဘူး! စိတ်တောင်မကူးနဲ့!
ချန်ချင်းယွီ; “ပိုက်ဆံပေး”
သူမ တည်ငြိမ်စွာဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။
“ကျွန်မကို ဒုတိယအကြိမ် ထပ်မပြောခိုင်းနဲ့၊ ပိုက်ဆံပေး”
အဘွားကြီးကျောက်သည် စိတ်ထဲမှ ချန်ချင်းယွီကို အပြင်းအထန် ကျိန်ဆဲနေမိသော်လည်း စောစောလေးတင် အရိုက်ခံထားရသဖြင့် မလှန်ရဲပေ။ သူမသည် ဤအရူးမကို အမှန်တကယ်ပင် ကြောက်လန့်နေပြီဖြစ်၏။
တကယ်ရူးပြီး တကယ်ရိုက်သည့်လူ မဟုတ်ပါလား!
“ဘယ်... ဘယ်လောက်လဲ?”
ချန်ချင်းယွီ; “အမေ လစာဘယ်လောက်ရမှာလဲ?”
“နှစ်ဆယ်... နှစစ်ဆယ့်ကိုးယွမ်ခွဲပါ။”
သူမ ဖုံးကွယ်ထားချင်သော်လည်း ဝင်းတစ်ခုလုံးက စက်ရုံအလုပ်သမားတွေချည်းဖြစ်ရာ ဖုံးကွယ်ထား၍မရမှန်း သိနေသည်။
ချန်ချင်းယွီ: “ဒါဆို အိမ်မှာ လူလေးယောက်ရှိတာဆိုတော့ တစ်ယောက်ကို ခုနစ်ယွမ် သုံးမောင်းနဲ့ ခုနှစ်ဆင့် ကျသင့်တာပေါ့။ ကျွန်မတို့ သားအမိသုံးယောက်အတွက်၊ ပြီးတော့ အမေက ယောက္ခမလည်းဖြစ်နေတော့ အမေ့ကို နည်းနည်းလျှော့ပေးမယ်၊ အကြွေစတွေကို ပယ်လိုက်ပါ့မယ်။ အိမ်အသုံးစရိတ်အတွက် ၂၀ ယွမ်ပါ။ နောက်ပြီး အမေ သီးသန့်စားချင်တယ်ဆိုရင် ကိုယ့်ရဲ့စားစရိတ်အတွက် ငါးကျပ် ထပ်ပေးရမယ်။ တစ်လကို ကျွန်မ ငွေနှစ်ဆယ့်ငါးယွမ် ရရမယ်။”
အဘွားကြီးကျောက်မှာ ထိတ်လန့်လွန်း၍ မျက်လုံးများပင် ပြူးထွက်ကုန်တော့သည်။
ဒီမိန်းမယုတ်က "ကျိုးပိုင်ဖီ" (အလုပ်သမားခေါင်းပုံဖြတ်သူ) လား? သူက ဘာမို့လို့ ဒီလောက်အများကြီး တောင်းရတာလဲ!
ချန်ချင်းယွီ: “ကျွန်မတို့ အေးအေးဆေးဆေး ညှိနှိုင်းနေတာက ဒီဈေးနော်။ အမေက ကောင်းကောင်းစကားမပြောဘူးဆိုရင်တော့ ကျွန်မ အားမနာတော့ဘူး။”
သူမ ပြောရင်းနှင့်ပင် ပြုံးနေနိုင်သေး၏။
အဘွားကြီးကျောက် အံ့ကြိတ်လျက်
“ငါးယွမ်က များလွန်းတယ်။ ငါ... ငါက ညဘက်ပဲ ပြန်စားမှာလေ၊ မနက်နဲ့ နေ့လယ်ကို စက်ရုံထမင်းစားဆောင်မှာ စားမှာ။”
သူမက ပြောပြီးနောက် အရိုက်ခံရမှာကြောက်သဖြင့် မျက်လုံးကို မှိတ်ထားလိုက်သည်။
သို့သော် ချန်ချင်းယွီက ခဏစဉ်းစားပြီးနောက
“ဒါဆိုလည်း ပြီးတာပဲ၊ လေးယွမ်ပဲ ပေးတော့”
အဘွားကြီးကျောက်မှာ တစ်ဖန် ထိတ်လန့်သွားပြန်သည်။ ချန်ချင်းယွီမှာ အကျိုးအကြောင်း ဆီလျော်လိမ့်မည်ဟု သူမ မယုံနိုင်ပေ။ ဈေးထပ်ဆစ်ရန် ကြံစည်သော်လည်း ချန်ချင်းယွီ၏ နက်မှောင်သောအကြည့်နှင့် တိုးသောအခါ လည်ပင်းကို ကျုံ့လိုက်ပြီး အံ့ကြိတ်ကာ သဘောတူလိုက်ရ၏။
“ကောင်းပြီ!”
သူမ၏ ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်နေလေတော့သည်။
ချန်ချင်းယွီ “ဟက်” ခနဲ ရယ်လိုက်ကာ
“လကုန်မှ လစာထုတ်ရမှာဆိုတော့ အခုရက်ပိုင်း စားသောက်ဖို့အတွက် အမေ ကျွန်မကို ဆယ်ယွမ်ပေးပါ။ ကျွန်မ အများကြီး မတောင်းပါဘူး။”
အဘွားကြီးကျောက် : “ဘာလို့ ဒီလောက်များတာလဲ၊ လေးယွမ်... လေးယွမ် မဟုတ်ဘူးလား?”
ချန်ချင်းယွီက ပေါ့ပေါ့ပါးပါးပင်
“အမေ ကျွန်မကို တစ်ချက်ဆွဲလိမ်တာက ခြောက်ယွမ်တန်တယ်လေ။”
အဘွားကြီးကျောက် - “!!!”
ဘုရားရေ! တရားမျှတမှု မရှိလိုက်တာ! လူစိတ်မရှိလိုက်တာ! ယုတ်မာလိုက်တာ!
သူမသည် မျက်နှာပျက်ပျက်ဖြင့် သွားကြိတ်ကာ နောက်ဆုံးတွင် ငွေထုတ်ပေးလိုက်ရတော့သည်။ ချန်ချင်းယွီက အဘွားကြီးကျောက်ကို တစ်ချက်ကြည့်ကာ ဤလူမှာ ရုတ်တရက် အခြေအနေကို သိမြင်တတ်သွားသည်ကို တွေ့ရသဖြင့် ချီးကျူးမိ၏။
အခြေအနေကို သိမြင်တတ်တော့လည်း ကိစ္စက ပိုလွယ်သွားတာပေါ့…
ချန်ချင်းယွီ; “ကျွန်မကို အိတ်တစ်လုံး ရှာပေး”
“ရတယ်!”
ယခုတစ်ကြိမ်တွင်တော့ အဘွားကြီးကျောက်မှာ မငြင်းတော့ပေ။ အကြောင်းမှာ ရိက္ခာဝယ်ခြင်းမှာ အရေးကြီးသော ကိစ္စဖြစ်သည်မဟုတ်လော့။
“အနီရောင်လက်ပတ်နဲ့ လူဖမ်းတဲ့သူတွေနဲ့ တိုးရင် အမြန်ပြေးနော်၊ သူတို့နဲ့ သွားမငြင်းနဲ့၊ သူတို့က ညည်းစကားကို နားထောင်မှာမဟုတ်ဘူး။”
အဘွားကြီးကျောက်က စိုးရိမ်တကြီး မှာကြားပြီးနောက် ထပ်လောင်းပြောလိုက်၏။
“ညည်း သူများကို သွားရိုက်ပြီး ပြဿနာမရှာနဲ့ဦးနော်”
သူမ အမှုမပတ်ချင်ပေ။
ချန်ချင်းယွီ - “ကောင်းပြီ။”
“တကယ်လို့ တစ်ယောက်ယောက်က ကျွန်မ အပြင်သွားတာကို တွေ့လို့ မေးရင်၊ ကျွန်မ မိဘအိမ်ကို ငွေသွားချေးတယ်လို့ပဲ ပြောလိုက်။”
အဘွားကြီးကျောက်က မျက်စောင်းထိုးလိုက်သည်။ ဤချွေးမမှာ သူမ၏မိဘအိမ်တွင် မျက်နှာပန်းမလှသည်ကို သူမ ကောင်းစွာသိထားသဖြင့် လှောင်ပြောင်ချင်နေမိသော်လည်း ချန်ချင်းယွီက သူမကို စိုက်ကြည့်လိုက်သောအခါ ချက်ချင်းပင်
“ဟဲ... ဟဲဟဲ... သွားပါ၊ သွားလေ”
သူမသည် အခြေအနေကို သိမြင်တတ်သော "ကျွင်းကျဲ” ပညာရှင်တစ်ဦးတည်း။ ချန်ချင်းယွီက မေးထိုးပြလိုက်ရာ အဘွားကြီးကျောက်မှာ ချက်ချင်းပင် ရဲရဲဝံ့ဝံ့နှင့် အိမ်ပြင်ထွက်ကာ စတုတ္ထဝင်းဘက်သို့ ဦးတည်သွားလေသည်။ ချန်ချင်းယွီ ကလေးများကို မှာကြားပြီးနောက်၊ ကလေးများသည် အိမ်ထဲမှ တံခါးဂျက်ထိုးလိုက်သည်ကို မြင်မှသာ လက်ကို နောက်ပစ်လျက် အပြင်သို့ ထွက်လာခဲ့၏။
ချန်ချင်းယွီသည် အဘွားကြီးကျောက်နှင့် ဆန့်ကျင်ဘက်အရပ်သို့ လျှောက်သွားရာ သာမန်လူများက သတိမထားမိကြသော်လည်း၊ ပြတင်းပေါက်မှ အမြဲတစေ စောင့်ကြည့်နေသော ဒုတိယဝင်းမှ မြေခွေးအိုကြီး ရွှီကောင်းမင်ကမူ သတိပြုမိသွားသည်။ သူသည် ယနေ့တွင် အရှက်တကွဲ ဖြစ်ခဲ့ရပြီး မည်သူက မိမိကို နင်းသွားသည်ကို မသိသော်လည်း ဤကိစ္စအတွက် ချန်ချင်းယွီကိုသာ အပြစ်ပုံချထား၏။ သတ်သေမည်ဟု ဆူညံနေသော ချန်ချင်းယွီကို သွားဆွဲသောကြောင့် မဟုတ်ပါက သူ၏ခြေထောက် အဘယ်ကြောင့် ကျိုးရမည်နည်း?
ဒါ ဘယ်လောက်တောင် အားပါလိုက်သလဲ!
သေနာမလေး... ဘယ်သူ နင်းနင်း၊ ချန်ချင်းယွီကြောင့် ဖြစ်ရတာပဲ။
သူသည် မတော်တဆပင် အမှန်တရားကို မှန်းဆမိသွားခြင်း ဖြစ်သည်။ သို့သော် ထိုအချက်က မအရေးကြီးပေ။ အရေးကြီးသည်မှာ တစ်ခုခု ထူးဆန်းနေသည်ဟု သူ ခံစားရခြင်းဖြစ်၏။ သူက ချက်ချင်းပင် လက်ဝှေ့ယမ်းကာ
“မိန်းမရေ... တစ်ခုခုတော့ မဟုတ်တော့ဘူး၊ ဟိုမုဆိုးမလေးနောက်ကို လိုက်ကြည့်စမ်း၊ သူ ဘယ်သွားမလဲဆိုတာ!”
သူ ယုတ်မာစွာ ပြုံးလျက်
“တကယ်လို့ သူ့ရဲ့ အမှားတစ်ခုခုကို မိသွားရင်၊ သူတို့အိမ်က အလုပ်နေရာကို မပေးချင်လည်း ပေးရတော့မှာပဲ!”
ရှီကျန့်ရှန်းက ထိုစကားကို ကြားသောအခါ မျက်လုံးများ တောက်ပသွားကာ စိတ်လှုပ်ရှားသွားသည်။
“အဘိုးကြီး... ရှင်ကတော့ တကယ်ကို ပါးနပ်တာပဲ! ကျွန်မ အခုပဲ သွားလိုက်မယ်!”
သူမသည် သူမ၏ ခင်ပွန်းကို ကြည်ညိုလေးစားစွာ ကြည့်လိုက်ပြီး ထမင်းစားရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ အမြန်လိုက်
ထွက်သွားသည်။ ရှီကျန့်ရှန်းအမြန်လျှောက်နေသဖြင့် အိမ်ရှေ့တွင် ရပ်နေသော အစ်မကြီးဖန် မြင်သွားသည်ကို သတိမထားမိလိုက်ပေ။
အစ်မကြီးဖန်မှာ တိုးတိုးလေး ရေရွတ်၍
“ရှီကျန့်ရှန်းက ဘာလုပ်မလို့လဲ? ဒါ... ဒါက မုဆိုးမလေးနောက်ကို လိုက်နေတာလား? မဟုတ်ဘူး၊ ငါ သွားကြည့်မှဖြစ်မယ်! သူက အရင်ဦးအောင် လက်ဦးချမလို့လား? ငါ သဘောတူမတူဆိုတာ ကြည့်ရသေးတာပေါ့။”
အစ်မကြီးဖန်သည် ချက်ချင်းပင် လိုက်ထွက်လာပြီး ရှီကျန့်ရှန်ရ၏ နောက်မှ ကပ်လိုက်သွားလေ၏။
ကျန်းရှင်းဖှသည် အလုပ်မှပြန်လာ၍ ဝင်းထဲသို့ မဝင်သေးမီ ဝေးဝေးမှပင် မုဆိုးမလေး ချန်ချင်းယွီ ဝင်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ ယခင်နေ့က မိမိဆီမှ ငွေများ အလိမ်ခံလိုက်ရသည်ကို သတိရကာ ဒေါသထွက်လာပြီး ဤမိန်းမယုတ်ကို သင်ခန်းစာပေးရန် ဆုံးဖြတ်လျက် နောက်မှ လိုက်ရန် ပြင်လိုက်၏။ သို့သော် ရှေ့မရောက်မီမှာပင် အဘွားကြီးရှီထွက်လာပြီး ချန်ချင်းယွီနောက်သို့ လိုက်သွားသည်ကို မြင်လိုက်ရသည်။
ကျန်းရှင်းဖှ “???”
ချက်ချင်းဆိုသလိုပင် အစ်မကြီးဖန်ထပ်မံထွက်လာပြီး နောက်မှ လိုက်သွားပြန်၏။
ကျန်းရှင်းဖှ “???”
သူသည် ဇဝေဇဝါ ဖြစ်သွားသော်လည်း၊ ဤအမျိုးသမီးများ ဘာလုပ်မည်ကို ခေတ္တစဉ်းစားပြီးနောက် ချက်ချင်းပင် လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုလူတွေ ဘာတွေ ကြံစည်နေသည်ကို သူ သိချင်လှသည်။ သူ လုံးဝ အလွတ်မပေးနိုင်ပေ!
ကျန်းရှင်းဖှသည် မိသားစုအတော်များများကို မိမိလက်ထဲတွင် ဆုပ်ကိုင်ထားနိုင်မည်ကို စိတ်ကူးယဉ်ကာ ယုတ်မာစွာ ပြုံးလျက် အမြန်လိုက်သွားလေ၏။
ဤကဲ့သို့ လူတန်းကြီး လိုက်နေသည်ကို လမ်းထိပ်ရှိ အများသုံးအိမ်သာမှ ထွက်လာသော လီချန်ရွှမ်းက မြင်သွားပြန်သည်။ သူသည် သံသယဝင်သွားကာ တွေဝေမနေဘဲ လိုက်သွားပြန်၏။
ထိုလူတွေ ဘာလုပ်လုပ် သူပါမှ ဖြစ်မည်မဟုတ်ပါလား!
ဟ... သကြားလုံးချောင်း (ထန်ဟူးလူ) အတန်းကြီးလိုပါပဲလား။
ချန်ချင်းယွီသည် အရှေ့ဆုံးမှ လျှောက်နေပြီး ခွေးကျောင်းနေသကဲ့သို့ နောက်တွင် လူတစ်တန်းကြီး လိုက်နေသည်။ သူမသည် နောက်မှ လူတစ်စု လိုက်နေသည်ကို ချက်ချင်း သတိပြုမိသွားကာ ကောင်းကင်ကို ကြည့်လျက် သက်ပြင်းချမိ၏။
ဟူး... ငါက ဒီလောက်တောင် အရေးကြီးနေလို့လား? ဘာလို့ အကုန်လိုက်နေကြတာလဲ? နောက်ပြီး နောက်ယောင်ခံလိုက်တာကလည်း ပညာမပါလိုက်တာ!
ဒါက... ???
ငါလေးက မျက်စိကန်းနေတာမှ မဟုတ်တာ!
ချန်ချင်းယွီသည် သူမ၏ လက်သီးကို ဆုပ်လိုက်ကာ တုံ့ဆိုင်းမနေဘဲ မိဘအိမ်ရှိရာသို့ ဦးတည်လျှောက်သွားလေတော့သည်။
မှောင်ခိုဈေးကို သွား၍မရမှတော့ မိဘအိမ်ကိုပဲ သွားရုံပေါ့…
သူမကပဲ အရင်ဦးအောင် တိုက်စစ်ဆင်လိုက်ရင် ပိုမကောင်းဘူးလား…
ဘာပဲဖြစ်ဖြစ်လေ..ဟို လူယုတ်မာအဘိုးကြီး ဒဏ်ရာရထားလားဆိုတာ သွားကြည့်ရမှာပေါ့!
ဟဲဟဲ!!
၁၆။ ဖျက်စီးခြင်း
ချန်ချင်းယွီသည် ဤမျှများပြားလှသော လူအုပ်ကြီးကို ခေါ်ဆောင်၍ မှောင်ခိုဈေးသို့ သွားမည်မဟုတ်သည်မှာ အသေအချာပင်။
ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရသော အကြောင်းအရာများစွာက ချန်ချင်းယွီကို သင်ခန်းစာတစ်ခု ပေးခဲ့သည်။ ၎င်းမှာ အလုပ်လုပ်ရာတွင် ဟိတ်ဟန်ထုတ်၍ ရသော်လည်း လူနေမှုပုံစံမှာမူ နှိမ့်ချစွာ နေထိုင်ရမည်ဟူသော အချက်ပင် ဖြစ်၏။ သူမသည် ယခုရက်ပိုင်းအတွင်း ရဲရဲတင်းတင်း ပြုမူနေရဲခြင်းမှာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သည်မှာ မကြာသေးခြင်းနှင့် ကြွက်သတ်ဆေး သောက်ခဲ့ဖူးသော ရာဇဝင်ရှိခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမသည် စိတ်ထိခိုက်မှု ပြင်းထန်နေသည်ဟု လူတိုင်းက ယူဆထားကြသဖြင့် သိပ်မထူးဆန်းသည့်နှယ် ဖြစ်နေသော်လည်း အချိန်ကြာလာပါက အဆင်ပြေမည်မဟုတ်ပေ။
ရူးကြောင်ကြောင် ထလုပ်ခြင်းမှာ ကိစ္စကြီးမဟုတ်သော်လည်း မှောင်ခိုဈေးသို့ သွားခြင်းမှာမူ ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်၏။ စိတ်ပုပ်သောသူတစ်ဦးဦးက သူမအား တိုင်တောလိုက်မည်ကို မည်သူမျှ မသိနိုင်ပေ။ သူမကိုယ်တိုင်သည်လည်း အခြားသူများ၏ ကိုယ်ကျင့်တရားကို အထင်ကြီးတတ်သူမဟုတ်ကာ၊ကိုယ်တိုင်မှာလည်း လူကောင်းတစ်ယောက်မဟုတ်သဖြင့် အခြားသူများထံမှလည်း အကောင်းမမျှော်လင့်ပေ။
ထို့ကြောင့် ယခုကဲ့သို့ သူမရူးနေသည်ဟု လူအများက ထင်မြင်နေချိန်တွင် အခွင့်ကောင်းယူကာလူယုတ်မာ ဖခင်ထံသို့ တိုက်ရိုက်သွားရောက်ရန် ဆုံးဖြတ်လိုက်၏။
လူမှာလည်း အပြင်သို့ ရောက်ရှိနေပြီဖြစ်ရာ လက်ဗလာဖြင့် ပြန်ရန်မှာ မဖြစ်နိုင်သည်သာ။
ယခုအခါ နွေဦးရာသီသို့ ကူးပြောင်းနေပြီ ဖြစ်သော်လည်း ယခုနှစ် ရာသီဥတုမှာမူ ထူးထူးခြားခြား အေးစိမ့်နေဆဲ ဖြစ်၏။ ဤလပိုင်းတွင် ညနေခင်းအချိန်၌ပင် အေးစိမ့်နေသဖြင့် လမ်းပေါ်ရှိ လူများမှာ သုတ်သုတ်သုတ်သုတ်ဖြင့် သွားလာနေကြသည်။ ချန်ချင်းယွီသည်လည်း အရှိန်အဟုန်ဖြင့် လျှောက်လှမ်းနေပြီး ရှီကျန့်ရှန်းတို့ အုပ်စုမှာမူ နောက်မှ မမီမှီအောင် လိုက်နေရ၏။
ရှီကျန့်ရှန်းက ကောက်ကျစ်သော အမူအရာဖြင့် တိုးတိုးလေး ရေရွတ်နေသည်။
"ဒီကောင်မလေး တစ်ခုခုတော့ မကောင်းတာ လုပ်နေတာ သေချာတယ်။ မဟုတ်ရင် ဘာလို့ ဒီလောက် မြန်မြန် လျှောက်နေမလဲ။ ဖောက်ပြန်နေတာ၊ သေချာပေါက် ဖောက်ပြန်နေတာပဲ။ သူ့ရဲ့ အားနည်းချက်ကို ငါသာ မိလိုက်ရင် သူ့အိမ်က အလုပ်နေရာကို မပေးပေးအောင် လုပ်ပစ်မယ်"
အစ်မကြီးဖန်သည်လည်း အမောတကောဖြင့် ကပ်လိုက်လာရင်း
"သေချင်းဆိုးမ၊ ဘာလို့ ဒီလောက် မြန်မြန် လျှောက်နေတာလဲ။ သင်္ချိုင်းကုန်း သွားမလို့လား။ ဒီမုဆိုးမလေး ညကြီးမင်းကြီး အပြင်ထွက်တာ တကယ်ပဲ သင်္ချိုင်းသွားမလို့လား။ အာ... သူ လင်းကျန့်ဝမ်ရဲ့ အုတ်ဂူမှာ သတ်သေမလို့များလား"
သူမမှာ ရေရွတ်ပြောဆိုရင်း တုန်လှုပ်သွားတော့၏။
ကျန်းရှင်းဖှမှာမူ အသက်ရှူပင် မဝတော့ဘဲ တစ်ကိုယ်လုံးလည်း နာကျင်နေသဖြင့် ခြေရာခံလိုက်ရသည်မှာ ပို၍ ခက်ခဲနေသည်။ ပါးစပ်မှလည်း အယုတ်တအနတ္တများ ဆဲဆိုနေ၏။
"ဒီသေနာမတွေ၊ ဘာလို့ ဒီလောက် မြန်မြန် လျှောက်နေကြတာလဲ။ ညဘက်တွေ အလုပ်မလုပ်ရလို့ အားယားနေကြတာလား။ ယောင်္ကျားတွေကလည်း အသုံးမကျလိုက်တာ။ ဒီမိန်းမတွေက နွားလို အင်အားတွေ ကောင်းနေတာပဲ။ ဒါကြောင့် လင်းကျန့်ဝမ် သေတာဖြစ်မယ်၊ ရွှီကောင်းမင် ဒဏ်ရာရတာနဲ့ ရှီရှန်းဆိုတဲ့ကောင်လည်း သရဲလို ဖြစ်နေတာ မထူးဆန်းပါဘူး။ တောက်! သောက်မိန်းမ၊ အခု ဘယ်ကို သွားနေတာလဲ"
လူတိုင်းက တစ်ယောက်ထက်တစ်ယောက် ပိုမြန်အောင် လျှောက်နေကြရာ နောက်ဆုံးမှ လိုက်လာသော လီချန်ရွှမ်းမှာ ချွေးပင် ထွက်နေပြီ ဖြစ်ပြီး ပါးစပ်မှ တွတ်တွတ် မြည်တမ်းနေ၏။
"ဒီလူတွေက ပြန်ဝင်စားဖို့ သွားနေကြတာလား။ အိမ်ရှေ့ကွင်းပြင် တံမြက်စည်းလှည်းဖို့ကျတော့ တစ်ယောက်နဲ့တစ်ယောက် ဆင်ခြေပေးပြီး အခုကျတော့ တဟုန်ထိုး သွားနေကြတာပဲ"
တစ်ယောက်နောက်တစ်ယောက် လိုက်နေကြရင်း အေးမြသော လေများ တိုက်ခတ်နေသော်လည်း အားလုံးမှာမူ ချွေးထွက်နေကြပြီ ဖြစ်သည်။
ချန်ချင်းယွီမှာမူ အနည်းငယ်မျှ မပင်ပန်းသည့်အပြင် အခုဆိုလျှင် ခပ်ပြေပြေလေးပင် ပြေးခြင်းပြုလုပ်နေပြီ ဖြစ်၏။
ကျန်ရှိနေသော သူများ- "!!!"
"ငါတို့ကို ရိပ်မိသွားတာလား၊ မဖြစ်နိုင်ပါဘူး"
လူတိုင်း စိတ်ထဲမှ ကိုယ်စီ တွေးတောနေကြတော့၏။
ချန်ချင်းယွီသည် တစ်လမ်းလုံး ပေါ့ပေါ့ပါးပါး ပြေးလွှားလာနိုင်သော်လည်း ကျန်ရှိသောသူများမှာမူ ခွေးအကြီးလျှာထွက်နေသကဲ့သို့ မောဟိုက်နေကြရပြီ ဖြစ်၏။ အကယ်၍ သူတို့၏ စိတ်ထဲ၌ ခိုင်မာသော ယုံကြည်ချက်သာ မရှိပါက ဤနေရာ၌ပင် လက်လျှော့ကာ လဲကျကျန်ရစ်ခဲ့ကြမည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော်လည်း သူတို့၏ စိတ်ထဲတွင်မူ ချန်ချင်းယွီအား တဖွဖွ ဆဲဆိုနေကြလေ၏။
ချန်ချင်းယွီသည် သူမ၏ မိဘအိမ်သို့ အလွယ်တကူပင် ရောက်ရှိလာပြီး ထိုအချိန်တွင် မိုးမှောင်နေပြီ ဖြစ်သည်။
သူမ၏ အယုတ်တမာ ဖခင်မှာ စက်ရုံဝန်ထမ်းအိမ်ရာတွင် နေထိုင်သူဖြစ်ပြီး ထိုအချိန်၌ အိမ်တိုင်းတွင် မီးများ ထွန်းညှိထားကြပြီ ဖြစ်၏။ ချန်ချင်းယွီသည် စတုတ္ထထပ်သို့ မော့ကြည့်လိုက်ရာ မီးရောင်များ လင်းထိန်နေသဖြင့် အိမ်တွင် လူရှိမှန်း သိလိုက်ရသည်။ သူမသည် အကြီးအကျယ် သတ္တိ မွေးမြူလိုက်သည့်အလား အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် လှေကားထစ်များအတိုင်း စတုတ္ထထပ်သို့ တက်လှမ်းလာခဲ့၏။
ထိုအချိန်မှာ ထမင်းစားချိန် ဖြစ်သဖြင့် အဆောက်အအုံအတွင်း၌ ဟင်းနံ့များ သင်းပျံ့နေပြီး လူသူလည်း ကင်းရှင်းနေသည်။ ချန်ချင်းယွီသည် အပေါ်ထပ်သို့ တက်လာပြီးနောက် တံခါးကို အုန်းအုန်းဒိုင်းဒိုင်း ထုရိုက်ကာ အော်ဟစ်လိုက်၏။
"အဖေ... အဖေ... တံခါးဖွင့်ပါဦး၊ တံခါးဖွင့်ပေးပါဦးနော်"
ချန်ချင်းယွီ၏ အော်ဟစ်သံကြောင့် အိမ်ထဲတွင် ဆေးထည့်နေသော ချန်ရိကျွင်းသည် လန့်ဖျန့်သွားပြီး ထိုင်ခုံပေါ်မှ ဘုတ်ခနဲ ပြုတ်ကျသွားရသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်လျက်သား ကျသွားကာ ဒေါသအလိပ်လိပ် ထွက်လျက် "ဘယ်သူလဲဟ" ဟု အော်ဟစ်လိုက်၏။
ချန်ချင်းယွီသည် ခြေသံများအား ကြားလိုက်ရပြီး အထက်အောက် အခန်းများမှလည်း တံခါးဖွင့်သံများကို ကြားလိုက်ရသဖြင့် အသံအား ပို၍ ကျယ်လောင်အောင် လုပ်လိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးရင်း အဆက်မပြတ် အော်ဟစ်နေတော့၏။
"အဖေ... သမီးချင်းယွီပါ၊ အဖေ! တံခါးဖွင့်ပါဦး၊ အဖေ အိမ်မှာရှိနေတာ သမီးသိပါတယ်။ တံခါးဖွင့်ပေးပါဦး"
အော်ဟစ်နေရင်းနှင့်ပင် သူမ၏ အသံမှာ အမှတ်မထင် စည်းချက်ကျသွားကာ အတိတ်က နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုထဲမှ "တံခါးဖွင့်စမ်း" ဆိုသည့် အသံမျိုး ဖြစ်သွားလေသည်။
ချန်ရိကျွင်းမှာ ဒေါသထွက်လွန်းသဖြင့် မီးဖိုချောင်ထဲမှ ထွက်လာသော ဇနီးဖြစ်သူကို ကြည့်ကာ ကြိမ်းမောင်းလိုက်၏။
"ဒီသေနာမလေး ဘာလို့ ပြန်လာတာလဲ၊ သွားဖွင့်ပေးလိုက်စမ်း။ လူကြားထဲ အရှက်ခွဲမယ့်ဟာမ။ နေဦး... ငါ့ကို အရင် လာထူဦး၊ အလိုက်မသိတဲ့ဟာမ"
ချန်ရိကျွင်း၏ နောက်အိမ်ထောင်ဖြစ်သူ ဝေရှု့ဖန်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အမြန်ပင် လာထူပေးကာ ချော့မော့မေးမြန်းလိုက်သည်။
"ဖြည်းဖြည်းလုပ်ပါဦး၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် သတိလက်လွတ် ဖြစ်ရတာလဲ။ ဘာဖြစ်သွားသေးလဲ"
"အဖေ... တံခါးဖွင့်ပါဦး၊ ဟီး... အဖေက သမီးကို အလိုမရှိတော့ဘူးလား။ အဖေ! သမီးချင်းယွီပါ"
ရင်ကွဲမတတ် ငိုကြွေးသံမှာ တံခါးဝတွင် အဆက်မပြတ် မြည်ဟည်းနေသဖြင့် ချန်ရိကျွင်းမှာ အမျက်ချောင်းချောင်း ထွက်နေတော့၏။
"အမြန်သွားဖွင့်ပေးလိုက်စမ်း၊ မြန်မြန်သွား! ဒီမိန်းမယုတ်ကတော့ ငါ့ကို လူကြားထဲ အရှက်ခွဲဖို့ပဲ သိတယ်။ သေချင်းဆိုးမ"
ချန်ရိကျွင်း၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေပြီး ချန်မိသားစု၏ သားကြီးနှင့် သားငယ်တို့လည်း အခန်းထဲမှ ထွက်လာကြကာ မနှစ်မြို့သော မျက်နှာထားများကို ပြသကြသည်။ သားငယ်
ဖြစ်သူမှာ မကျေမနပ် မြည်တွန်လိုက်၏။
"ကျွန်တော့်ကို စာအေးအေးဆေးဆေး ကျက်ခွင့်မပေးတော့ဘူးလား၊ စိတ်ရှုပ်စရာကြီး"
ချန်ရိကျွင်းမှာ မိန်းမဖြစ်သူကို ဟောက်လိုက်လေသည်။
“မြန်မြန် တံခါးဖွင့်လိုက်!"
"ချင်းယွီကတော့ တကယ်ပါပဲ... လူကြားထဲ ရှက်ရမှန်းလည်း မသိဘူး"
ဝေရှု့ဖန်းမှာ သွေးပူစဉ် ကုန်းချောစကား ဆိုလိုက်ရာ ချန်ရိကျွင်း၏ ဒေါသမှာ ပို၍ပင် ကြီးထွားလာတော့၏။
သူသည် ဤသမီးဖြစ်သူကို အနည်းငယ်မျှပင် မချစ်မနှစ်သက်ချေ။
အုန်း! အုန်း! အုန်း!
ဒိုင်း! ဒိုင်း! ဒိုင်း! ဒိုင်း! ဒိုင်း!
တံခါးကို ထုရိုက်သံမှာ အဆက်မပြတ် ထွက်ပေါ်နေသဖြင့် မခိုင်ခန့်လှသော တံခါးမှာ တုန်ခါနေလေသည်။ ဤအိမ်မှာ တိုက်ခန်းဖြစ်၍ တော်သေးသည်ဟု ဆိုရမည်၊ အကယ်၍သာ ခြံစည်းရိုးခတ်ထားသော အိမ်သာဖြစ်ပါက တံခါးမှာ စောစောစီးစီးပင် ပျက်စီးသွားလောက်ပြီ ဖြစ်၏။
"အဖေ!!! တံခါးဖွင့်ပါဦး၊ တံခါးဖွင့်ပေးပါဦး။ အဖေ အိမ်မှာရှိနေတာ သမီးသိပါတယ်၊ တောင်းပန်ပါတယ်။ သမီးကို ကူညီပါဦးနော် အဖေ...”
ဝေရှု့ဖန်းသည် သူမ၏ခင်ပွန်းဖြစ်သူက သမီးဖြစ်သူအပေါ် ပိုမိုမုန်းတီးလာစေရန် ရည်ရွယ်၍ တံခါးဖွင့်သည့်အပြုအမူကို တမင်တကာ နှောင့်နှေးအောင် ပြုလုပ်နေ၏။
သူမသည် တံခါးဝသို့ အတော်ကြာအောင် လျှောက်လှမ်းသွားပြီးနောက် တံခါးကို ဆွဲဖွင့်လိုက်ကာ နှုတ်ဆက်စကားဆိုလိုက်လေသည်။
"ချင်းယွီပါလား၊ ညည်းက... အား!"
တံခါးပွင့်သွားသည့် တစ်ခဏ၌ အပြင်ဘက်မှ ဒိုင်းခနဲ ထုရိုက်လိုက်သော အရှိန်မှာ သူမ၏ကိုယ်ပေါ်သို့ ကျရောက်သွားသဖြင့် ဝေရှု့ဖန်းသည် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားလေတော့သည်။
ချန်ချင်းယွီသည် ချက်ချင်းပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး မှင်တက်သွားဟန်ဖြင့်
"ရှင်... ရှင်... ရှင် ဘာလုပ်တာလဲ"
ထို့နောက် ချက်ချင်းပင် ထိတ်လန့်သွားသည့်အလား မျက်နှာဖြူလျော်သွားကာ လက်ကာပြလျက် အလျင်အမြန် ရှင်းပြလိုက်၏။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ အခါတစ်ထောင်၊ အခါတစ်သောင်း တောင်းပန်ပါတယ်။ သမီး တမင်လုပ်တာမဟုတ်ပါဘူး၊ တကယ်ကို တမင်လုပ်တာမဟုတ်ပါဘူး။ သမီးက တံခါးကိုပဲ ခေါက်ချင်တာပါ၊ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး။ ဒေါ်လေးတံခါးလာဖွင့်မယ်လို့လည်း သမီး မထင်ထားမိပါဘူး... တောင်းပန်ပါတယ်..."
သူမသည် ထိတ်လန့်လွန်း၍ တုန်ရင်ကာ ငိုကြွေးလိုက်၏။ ယနေ့တွင်မူ သူမသည် ဝတ္ထုထဲမှ သနားစဖွယ် ဇာတ်လိုက်မင်းသမီးလေးအလား ပြုမူသရုပ်ဆောင်ရမည်ဖြစ်သည်။ သူမသည် ပြာပြာသလဲဖြင့် ဝေရှု့ဖန်းအား ထူပေးရန် ရှေ့သို့တိုးသွားပြီး
"ဒေါ်လေးဝေ မြန်မြန်ထပါ၊ သမီး ထူပေးပါ့မယ်..."
"အား!"
ဝေရှု့ဖန်းသည် နာကျင်စွာဖြင့် ထပ်မံအော်ဟစ်လိုက်ပြန်ရာ ချန်ချင်းယွီကပျာကယာပုံစံဖြင့် ကြည့်လိုက်ပြီး
"အာ... တောင်းပန်ပါတယ်၊ သမီး... သမီး... ဟီး... တမင်လုပ်တာမဟုတ်ပါဘူး"
သူမသည် "မတော်တဆ" ဆိုသည့်အလား ဝေရှု့ဖန်း၏ ခြေထောက်ကို ထပ်မံနင်းမိသွားခြင်း ဖြစ်သည်။ ချန်ချင်းယွီသည် အလွန်အမင်း ထိတ်လန့်သွားသည့်ပုံစံဖြင့် ကိုယ်ကိုကျုံ့ထားကာ တုန်တုန်ရင်ရင်နှင့် အဆက်မပြတ် တောင်းပန်နေလေ၏။
"သမီး မဟုတ်... သမီး မဟုတ်ပါဘူး..."
"ရှု့ဖန်း!!!"
ချန်ရိကျွင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဒေါသတကြီး ကြိမ်းမောင်းလေသည်။
"နင်ကတော့ သေနာမလေးပဲ၊ ဘာကိစ္စနဲ့ ပြန်လာတာလဲ။ ငါတို့ဘဝတွေ ကောင်းလွန်းနေလို့ လာကြည့်တာလား။ ကြည့်စမ်း... နင့်ရဲ့ ဒေါ်လေးဝေကို ဘယ်လောက်တောင် ဒဏ်ရာရအောင် လုပ်လိုက်သလဲ၊ ငါ နင့်ကို ရိုက်သတ်ပစ်မယ်!"
ချန်ရိကျွင်း၏ နဖူးတွင် ပတ်တီးများ ပတ်ထားသည်ကို ကြည့်ခြင်းဖြင့် သူသည် အစောကတည်းက ဒဏ်ရာရထားကြောင်း သိသာလှ၏။
ချန်ချင်းယွီသည် အံ့အားသင့်သွားသော မျက်နှာထားဖြင့် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"အဖေ၊ ဘာလို့ ဒဏ်ရာရနေတာလဲ။ ဘယ်လိုဖြစ်တာလဲဟင်။ စက်ရုံမှာ အလုပ်လုပ်ရင်း ထိခိုက်တာလား။ ဒါက သိပ်အန္တရာယ်များတာပဲ၊ ဒါက..."
သူမ စကားမဆုံးသေးမီမှာပင် အိမ်နီးချင်းတစ်ဦးက ဝင်ရောက်ပြောဆိုလိုက်၏။
"နင့်အဖေက စက်ရုံမှာ ဒဏ်ရာရတာမဟုတ်ပါဘူး၊ ငါတို့စက်ရုံက သိပ်ကို ဘေးကင်းပါတယ်"
"ဟုတ်တယ်"
"နင့်အဖေက ဒီနေ့ အလုပ်တောင် မဆင်းဘူးလေ"
ချန်ချင်းယွီသည် ကြောင်အသွားပြီးနောက် ဝေရှု့ဖန်းအား မယုံနိုင်စရာ ကောင်းလှသည့်အလား ကြည့်လိုက်ကာ ဟစ်အော်လိုက်လေသည်။
"ဒေါ်လေးဝေ ရှင်က ဘယ်လိုဖြစ်လို့ ကျွန်မအဖေကို လက်ပါရတာလဲ!"
သူမသည် ထပ်မံငိုကြွေးလိုက်ပြီး တုန်ရင်နေသော အသံဖြင့်
"ကျွန်မအဖေက ဒေါ်လေးအပေါ် ဒီလောက်ကောင်းတာကို၊ အမေ ချန်ထားခဲ့တဲ့ အသုံးအဆောင်တွေတောင် သမီးကိုမပေးဘဲ ဒေါ်လေးအတွက် ချန်ထားပေးခဲ့တာလေ။ သူက ဒေါ်လေးအပေါ် ဒီလောက် စိတ်ရင်းနဲ့ ကောင်းခဲ့တာကို ဒေါ်လေးက ဘယ်လိုလုပ်ပြီး သူ့ကို ရိုက်ရက်ရတာလဲ။ ဟီး... အိမ်ထောင်ရေး ကံမကောင်းလိုက်တာ၊ အိမ်ထောင်ရေး ကံမကောင်းလိုက်တာ..."
ချန်ရိကျွင်း ... ???
နင်က ငါပြောရမယ့် စကားတွေကို လုပြောနေတာလား။
ချန်ချင်းယွီသည် အားမလိုအားမရဖြစ်စွာဖြင့် အသံကျယ်ကျယ်မြင့်လိုက်ကာ ဆက်လက်ပြောဆိုပြန်သည်။
"ဒေါ်လေးဝေ ကျွန်မက ဒေါ်လေးကို အရမ်းကောင်းတဲ့ လူတစ်ယောက်လို့ မှတ်ယူထားခဲ့တာ၊ အခုတော့ ရှင်က ကျွန်မကို အရမ်းစိတ်ပျက်စေတာပဲ။ ဒေါ်လေး ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ၊ အိမ်မှာ ဒေါ်လေးက အဖေ့ကို ခိုးပြီး ရိုက်နေတာကိုး။ အဖေ... အဖေ... သမီး အဖေ့ကို ဆေးရုံလိုက်ပို့ပေးမယ်၊ လာ... သွားရအောင်!"
သူမသည် ချန်ရိကျွင်းအား ဆွဲလိုက်ရာ ချန်ရိကျွင်းမှာ မမျှော်လင့်ဘဲ ပါသွားသဖြင့် သူမ၏လက်ကို ခါထုတ်လိုက်၏။ ချန်ချင်းယွီသည် အရှိန်ဖြင့် နောက်သို့ လွင့်ထွက်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသော်လည်း အိမ်နီးချင်း အဒေါ်ကြီးတစ်ဦးက အမြန်ဖေးမပေးလိုက်သည်။ ထိုအဒေါ်ကြီးက ချန်ယိကျွင်းအား မနှစ်မြို့သော အမူအရာဖြင့် ကြည့်ကာ
"မောင်ရင်ချန်၊ နင့်သမီးက စေတနာနဲ့ ဆေးရုံပြပေးဖို့ လုပ်တာကို နင်က ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဒါကတော့ မဟုတ်သေးဘူး"
ချန်ချင်းယွီသည် ထပ်မံငိုကြွေးရင်း
"ဒေါ်ကြီးရယ်၊ သမီးအဖေကို ဘာမှမပြောပါနဲ့၊ သမီး သူ့ကို အပြစ်မတင်ပါဘူး။ အဖေ... အဖေ... ဒါတွေအားလုံး ဝေရှု့ဖန်းရဲ့ အပြစ်တွေမှန်း သမီးသိပါတယ်။ သူက မကောင်းတဲ့သူမို့လို့ ငွေတွေကို အကုန်သိမ်းထားပြီး အဖေ့ကို ဆေးကုခွင့်မပေးတာ သေချာတယ်။ ဒီလို မိန်းမမျိုးနဲ့တော့ အဖေ ကွာရှင်းလိုက်ပါတော့။ အဖေ... သမီးနဲ့ လိုက်ခဲ့ပါ၊ သမီးတို့..."
သူမသည် မလျှော့သော ဇွဲဖြင့် ရှေ့သို့ တိုးသွားကာ ချန်ရိကျွင်းအား ထပ်မံဆွဲလိုက်ပြန်ရာ ချန်ရိကျွင်းက အားဖြင့် တွန်းထုတ်လိုက်ပြီး မော်ဟစ်လိုက်၏။
"ဖယ်စမ်း၊ နင် ငတုံးမ၊ ဘာတွေ လျှောက်ပြောနေတာလဲ... အား!"
သူ တွန်းထုတ်လိုက်သဖြင့် ချန်ချင်းယွီသည် အရှိန်ဖြင့် လွင့်ထွက်သွားသလို သူကိုယ်တိုင်လည်း ဟန်ချက်ပျက်ကာ နောက်သို့ လန်ကျသွားရှာလေသည်။
ဒိုင်း!
ဗုန်း!
သူသည် နောက်သို့ အရှိန်ပြင်းပြင်းဖြင့် လဲကျသွား၏။
"အား!!!"
ချန်ရိကျွင်းသည် ဝေရှု့ဖန်း၏ ကိုယ်ပေါ်သို့ ထပ်လျက်သား ပြုတ်ကျသွားသဖြင့် ဝေရှု့ဖန်းမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ချန်ချင်းယွီမှာမူ အိမ်နီးချင်း အဘွားအိုတစ်ဦး၏ ဖေးမမှုကြောင့် လဲမကျဘဲ ကျန်ရစ်ခဲ့၏။ ချန်ချင်းယွီသည် အလွန်အမင်း ကျေးဇူးတင်ဟန်ဖြင့်
"အဘွားရယ်၊ ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်။ အဘွားက တကယ့်ကို လူကောင်းကြီးပါပဲ။ အကယ်၍သာ အဘွား မကူညီခဲ့ရင် သမီး လှေကားပေါ်က လိမ့်ကျသွားတော့မှာ၊ အီးဟီး..."
အဘွားအိုသည် ထိုစကားကို ကြားလိုက်ရသောအခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ကို မော့လိုက်၏။
အလို... သူမသည် ကောင်းမှုကုသိုလ်ကြီးတစ်ခုကို ပြုလုပ်လိုက်သည်မဟုတ်ပါလား။ အကယ်၍သာ ဤမိန်းကလေး လှေကားပေါ်မှ လိမ့်ကျသွားခဲ့လျှင်... အို... သူမသည် တကယ်ကို သူရဲကောင်းဆန်စွာ ကူညီပေးလိုက်ခြင်းပင် ဖြစ်၏။
ချန်ချင်းယွီသည် စိုက်ခင်းထဲမှ မဖွံ့ဖြိုးသည့် ဂေါ်ဖီထုပ်ငယ်လေးအလား သနားစဖွယ် ရှိုက်ကြီးတငင် ငိုကြွေးနေရှာ၏။ အိမ်နီးနားချင်းဟောင်းများဖြစ်ကြသည့်အားလျော်စွာ ဤမိန်းကလေးငယ်မှာ ငယ်စဉ်ကတည်းက မည်မျှ ဆင်းရဲဒုက္ခရောက်ခဲ့ရသည်ကို အားလုံးက သိရှိကြသည်သာ ဖြစ်သည်။ ချန်ရိကျွင်းဇနီးမောင်နှံမှာလည်း လူရှေ့သူရှေ့ပင် မရှောင်ဘဲ နှိပ်စက်
တတ်ကြပြီး သားယောကျ်ားလေး သုံးဦးကို ပျိုးထောင်နေရသော မိသားစုအတွက် သမီးမိန်းကလေးတစ်ဦး၏ အရေးမှာ အရေးတယူလုပ်စရာ မဟုတ်ခဲ့ပေ။
သို့သော်လည်း မိမိနှင့် မသက်ဆိုင်သော်ငြား ကောင်းသောစကားကိုမူ ပြောဆိုရပေမည်။
"မောင်ရင်ချန်... မင်းက ဘာတွေလုပ်နေတာလဲ။ မင်းသမီး ပြန်လာတာကို အိမ်ထဲတောင် မဝင်ရသေးဘူး၊ ဒီလောက်ထိ ဆူညံအောင်လုပ်နေတာ မသင့်တော်ဘူးလေ"
"ဟုတ်တယ် မောင်ရင်ချန်၊ ကိုယ့်သမီးကို မျက်နှာသာမပေးတာမျိုးတော့ မလုပ်ပါနဲ့။ ချင်းယွီလေး ပြန်လာတာ တစ်ခုခု အရေးကြီးလို့ ဖြစ်ရမယ်။ ဒီကလေးက ရိုးသားတဲ့သူမို့လို့ အရေးမကြီးရင် ဒီလောက် အလောတကြီး ပြန်လာမှာမဟုတ်ဘူး"
"ဟုတ်ပါ့၊ သူ တော်တော်လေး စိတ်လောနေပုံပဲ"
ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့ ဇနီးမောင်နှံမှာ ကြမ်းပြင်ပေါ်၌ မှောက်လျက်သား ရှိနေဆဲ ဖြစ်၏။ ချန်ရိကျွင်းသည် ခါးကို တွဲကူ၍ ထိုင်လိုက်ပြီးနောက် ဒေါသတကြီး ဟောက်လိုက်လေသည်။
"ဒီ နိမိတ်မရှိတဲ့ဟာမက ပြန်လာရဲသေးတယ်ပေါ့။ ဘယ်သူကြိုက်သလဲ၊ လာခေါ်သွားကြစမ်း! သူ အိမ်ထဲတောင် မဝင်ရသေးဘူး ငါ့ကို ဒီလိုဖြစ်အောင် လုပ်နေပြီ။ အကယ်၍သာ အိမ်ထဲဝင်လာရင် ငါ အသက်ရှင်ပါဦးမလား"
အားလုံးမှာ မျက်လုံးလေး ကလည်ကလည်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ချန်ချင်းယွီမှာမူ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ခေါင်းခါလျက် ငိုကြွေးနေပြီး
"အဖေ... အဖေက ဘာလို့ ဒီလိုစကားမျိုး ပြောရတာလဲ။ ဟီး... သမီးမဟုတ်... သမီးမဟုတ်ပါဘူး... ဟီး... အဲဒါတွေက... အဲဒါတွေက ရှေးရိုးစွဲ အယူသီးမှုတွေပဲဥစ္စာ..."
သူမ၏ အသံမှာ တိုးညှင်းသော်လည်း အားလုံးမှာမူ ထိတ်ခန့်သွားကြ၏။ ဟုတ်ပေသည်၊ ဤကဲ့သို့သော စကားမျိုးကို မပြောသင့်ပါပေ။
ဤစကားမှာ ရှေးရိုးစွဲ အယူသီးမှုဆိုင်ရာ စကားဖြစ်သဖြင့် ချန်ရိကျွင်းလည်း သတိဝင်လာပြီး ပို၍ ဒေါသထွက်သွားတော့သည်။ သူသည် အနီးရှိ ကုလားထိုင်ကို မ၍ ပစ်ပေါက်လိုက်ကာ ကြုံးဝါးလိုက်၏။
"နင်က ငါ့ကို အကောင်းမမြင်ဘူးပေါ့လေ! ငါ နင့်ကို ရိုက်သတ်ပစ်မယ်!"
ချန်ချင်းယွီ ရှောင်လိုက်သဖြင့် ကုလားထိုင်မှာ ဝရန်တာ လက်ရန်းကို ဒိုင်းခနဲ သွားမှန်လေသည်။ အိမ်နီးချင်းများမှာလည်း အချိန်မီ ရှောင်လိုက်ရသဖြင့် တော်သေးသည်ဟု ဆိုရမည်။
ချန်ချင်းယွီ တိုးတိုးလေး ပြောလိုက်ပြန်၏။
"အဖေ... သမီးကို ရိုက်တာ ကိစ္စမရှိပါဘူး၊ အပြင်ကိုတော့ မပစ်ပါနဲ့။ အိမ်နီးချင်းတွေကို ထိသွားရင် ဘယ်လိုလုပ်မလဲ"
သူမ၏ စကားမှာ ရန်တိုက်ပေးသကဲ့သို့ ဖြစ်နေသော်လည်း လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုစာ တည်ဆောက်ခဲ့သည့် သူမ၏ ရိုးသားအေးဆေးသော ပုံရိပ်နှင့် ယခုကဲ့သို့ သနားစဖွယ် တုန်တုန်ရင်ရင် ဖြစ်နေသည့် အမူအရာကြောင့် သူမ တမင်လုပ်သည်ဟု မည်သူမျှ မထင်မှတ်ကြပေ။
"ဟုတ်တယ် မောင်ရင်ချန်၊ မင်း ဒါကတော့ လွန်သွားပြီ! ဒါကကိုယ့် အိမ်တွင်းရေးကိစ္စကို ငါတို့ကို ဘာလို့ ရန်ပြုရတာလဲ!"
"ဟုတ်ပါ့! ကုလားထိုင်နဲ့ ပစ်ပေါက်လို့ ငါတို့ကို ထိသွားရင် ဘယ်လိုလုပ်မလဲ! နင့်သမီးကို နင်ရိုက်တာ နင့်ကိစ္စပဲ၊ ဒါပေမဲ့ ငါတို့ကိုတော့ လာပြီး အနိုင်မကျင့်နဲ့"
"မှန်တယ်၊ ဒါက ဘာလုပ်တာလဲ။ ဒေါသထွက်တာလည်း အတိုင်းအတာ ရှိရမယ်လေ!"
ချန်ရိကျွင်းမှာ ဒေါသထွက်လွန်းသဖြင့် အဆုတ်ပွင့်မတတ် ခံစားနေရ၏။ သူသည် အားယူ၍ ထရပ်လိုက်ပြီး ဝေရှု့ဖန်းကိုလည်း ဆွဲထူပေးလိုက်သည်။ ဇနီးမောင်နှံနှစ်ဦးစလုံး ခါးကို ကိုင်ထားကြပြီး ဒေါသကြောင့် ဆံပင်များပင် ထောင်ထွက်မတတ် ဖြစ်နေကြ၏။ သို့သော် ချန်ချင်းယွီ၏ မောင်အကြီးဖြစ်သူ သားကြီးမှာမူ အကြံအဖန် ရှိသူဖြစ်ရာ မျက်မှန်ကို ပင့်တင်လျက် မျက်လုံးအား မှေးလိုက်ပြီး
"အဖေ၊ အမေ... အစ်မကြီးကို အိမ်ထဲဝင်ခိုင်းပြီးမှ စကားပြောကြရအောင်"
သူသည် အလုပ်စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် လူကြားထဲတွင် အရှက်မကွဲလိုသည်မှာ သဘာဝပင် ဖြစ်၏။
သူသည် နေ့စားအလုပ် လုပ်ကိုင်နေသော သူ၏ ချစ်သူမိန်းကလေးကို သတိရသွားပြီး မျက်လုံးများ အရောင်တောက်လျက် ပြုံးကာ
"အစ်မကြီး... မြန်မြန်ဝင်လာပါ၊ အဖေနဲ့အမေက တကယ်တော့ အစ်မကြီးကို သိပ်သတိရနေကြတာ"
ချန်ချင်းယွီမှာမူ ခေါင်းငုံ့ထားရင်း စိတ်ထဲမှ လှောင်ပြုံး ပြုံးနေမိ၏။ သူမကို သတိရနေကြသည်တဲ့လား။
လင်းကျန့်ဝမ် ကွယ်လွန်စဉ်က သူတို့တစ်မိသားစုလုံး လုံးဝခြေဦးမလှည့်ခဲ့ကြပေ။ အဘွားကြီးကျောက် အဘယ်ကြောင့် သူမအပေါ် နှိပ်စက်ညှဉ်းပန်းရဲသနည်း။ သူမတွင် အားကိုးရာ မိဘအိမ်မရှိဟု ထင်မှတ်နေကြသောကြောင့်ပင် ဖြစ်၏။
သရုပ်ဆောင်ချင်တယ်ပေါ့…
ဒါက ငါငယ်ငယ်ကတည်းက ကစားခဲ့တဲ့ အကွက်တွေပါ..
ချန်ချင်းယွီသည် အလွန်အမင်း စိတ်လှုပ်ရှားသွားဟန် ပြုမူကာ လိမ်လိမ်မာမာဖြင့် အိမ်ထဲသို့ ဝင်လာပြီးလျှင်
"မောင်လေး... မင်းက လူကောင်းတစ်ယောက်မှန်း မမသိပါတယ်။ ဟီး... တကယ်တော့ မမ ဒီတစ်ခေါက် ပြန်လာတာ ပိုက်ဆံချေးမလို့ပါ..."
"ဘာပြောတယ်!"
ချန်ရိကျွင်း ထပ်မံဟောက်လိုက်ပြန်သည်။
ချန်ချင်းယွီသည် စိတ်ထဲမှ မျက်စိလှန်လိုက်မိပြီး ဤဖုန့်ဟွမ်နန် (Phoenix man - ဆင်းရဲသားဘဝမှ ချမ်းသာသော အမျိုးသမီးနှင့် လက်ထပ်ကာ ဘဝတက်လမ်းရှာသူ) ကို အထင်အမြင်သေးစွာ ကြည့်လိုက်မိ၏။ အမှန်စင်စစ် သူ့အား ဖုန့်ဟွမ်နန်ဟု ခေါ်ဆိုခြင်းမှာပင် မြှောက်ပင့်ပေးရာ ရောက်နေသေးသည်။ သူသည် ယုတ်ညံ့သော ယောင်္ကျားတစ်ယောက်သာ ဖြစ်၏။
သူမသည် ဖုန့်ဟွမ်နန်ဟူသော စကားလုံးကိုပင် စော်ကားမိသကဲ့သို့ ခံစားလိုက်ရသည်။ ထိုကဲ့သို့သော သူများသည် မိန်းမအပေါ် မှီခိုစားသောက်ကြသည်မှာ မှန်သော်လည်း လူသတ်ရန်အထိမူ မကြံစည်ကြပေ။
ဤခေတ်ကာလတွင် လူမှုရေးနောက်ခံအကြောင်း တိုင်တောအမှုဖွင့်ခြင်းမှာ အသက်အန္တရာယ်ရှိနိုင်ကြောင်းကို မည်သူမဆို သိကြသည်သာ ဖြစ်၏။ သူမ၏ အဘိုးနှင့် အဘွားမှာ ပညာတတ်များဖြစ်ကြပြီး အသက်အရွယ်လည်း ကြီးရင့်နေပြီဖြစ်ရာ ထိုဒဏ်ကို မည်သို့မျှ ကြံ့ကြံခံနိုင်မည်မဟုတ်ပေ။ ၎င်းမှာ အသက်ကို ရန်ရှာခြင်းပင် ဖြစ်သည်။ သူမသည် အလွန်ပင် ရွံရှာမိသော်လည်း အပြင်ပန်းတွင်မူ အားကိုးရာမဲ့ကာ သနားစဖွယ် ပုံစံမျိုးကိုသာ ပြသထား၏။
"သမီးတို့ အိမ်ထောင်က တကယ်ကို ဆက်သွားလို့ မရတော့ဘူး အဖေ။ တောင်းပန်ပါတယ်၊ သမီးကို ပိုက်ဆံလေး နည်းနည်းလောက် ချေးပေးပါဦး။ သမီး သိပါတယ်... သမီးအမေရှိတုန်းက ခန်းဝင်ပစ္စည်းတွေ ပါလာခဲ့တယ်ဆိုတာကိုလေ။ အဖေ... သမီး အဲဒါတွေကို အပိုင်မတောင်းရဲပါဘူး၊ ဒါပေမဲ့ သမီးကို ပိုက်ဆံလေး နည်းနည်းလောက် ချေးပေးပါဦးနော်။ တောင်းပန်ပါတယ်၊ သမီးရဲ့ ဘဝက တကယ်ကို ရှေ့ဆက်ဖို့ ခက်ခဲနေလို့ပါ၊ ဟီး..."
ချန်ချင်းယွီ၏ အသံမှာ သိပ်မကျယ်သော်လည်း အနီးနားရှိ လူအားလုံး ကြားနိုင်ရန်မှာမူ လုံလောက်လှ၏။
ချန်ရိကျွင်းသည် ဒေါသတကြီးဖြင့်
"နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာခန်းဝင်ပစ္စည်းလဲ၊ နင့်အမေမှာ ဘာခန်းဝင်ပစ္စည်းမှ မရှိဘူး! နင် လျှောက်ပြီး ရမ်းမပြောနဲ့။ ဟိုသေခါနီး အဘိုးကြီး အဘွားကြီးနှစ်ယောက်က နင့်ကို ရန်တိုက်ပေးလိုက်တာ မဟုတ်လား။ သူတို့က ငါတို့ သားအဖကြားကို ရန်တိုက်ပေးချင်နေကြတာ၊ နင်က ဘာလို့ သူတို့ကို ယုံနေရတာလဲ။ ငါ့မှာ ပိုက်ဆံမရှိဘူး၊ နင့်အမေမှာလည်း ဘာအမွေမှ မပါဘူး။ အဲဒီတုန်းက နင့်အမေ လက်ထပ်တော့ နင့်ဦးလေးလည်း ရှိနေတာပဲ။ သူတို့က နင့်အမေကို ဘယ်လောက်များ ပေးလိုက်မှာမလို့လဲ။ ဘယ်သူကများ ရှိတဲ့ပိုက်ဆံကို သားအတွက် မချန်ဘဲ ထားမှာလဲ"
ချန်ရိကျွင်းသည် ချမ်းသာသော အမျိုးသမီးကို ဖြားယောင်းနိုင်သူပီပီ အိမ်တွင်း၌ အာဏာပြ၍ ဇွတ်တရွတ် လုပ်တတ်သော်လည်း တုံ့ပြန်မှုမှာမူ လျင်မြန်လှ၏။ သူ ဤသို့ ပြောလိုက်သောအခါ လူအများစုမှာ ယုံကြည်သွားကြသည်။
မှန်ပေသည်၊ မည်သည့် မိသားစုမဆို သားဖြစ်သူကို ပို၍ ဦးစားပေးကြသည် မဟုတ်ပါလား…
ချန်ရိကျွင်းသည် လူများ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ အားတက်သွားပြီး
"နင့်ယောင်္ကျား ဆုံးသွားရင် နင်က သူ့အလုပ်ကို ဆက်ခံလို့ ရနေတာပဲ၊ ဘာလို့ မိဘအိမ်အထိ လာပြီး ပိုက်ဆံချေးနေရတာလဲ။ နင် ဘာတွေ ကြံစည်နေတာလဲ"
အလုပ်ဆက်ခံရန် ကိစ္စကို ပြောလိုက်မိသောအခါ ချန်ရိကျွင်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ထိုအလုပ်နေရာကို မည်သို့ လိမ်လည်ယူရမလဲဟု ကြံစည်နေတော့သည်။ သူ၏ သားအလတ်မှာ ကျေးလက်နယ်သို့ ရောက်ရှိနေသဖြင့် အကယ်၍ အလုပ်နေရာသာ ရရှိပါက ပြန်လာနိုင်မည် ဖြစ်၏။ သူသည် မျက်မှောင်ကြုတ်လျက် ဤနိမိတ်မရှိသော သမီးဖြစ်သူအား စိုက်ကြည့်လိုက်သည်။ သူမသည် သူ့အား အာခံရဲမည်မဟုတ်ဟု သူက ယူဆထား၏။
အစ်မကြီးဖန်၊ ရှီကျန့်ရှန်း၊ ကျန်းရှင်းဖှ နှင့် လီချန်ရွှမ်းတို့ကဲ့သို့သော အိမ်နီးချင်းများမှာမူ အပြင်ဘက်တွင် နားစွင့်နေကြဆဲ ဖြစ်သည်။
သားကြီးဖြစ်သူ၏ မျက်လုံးများမှာလည်း အရောင်တောက်သွား၏။ သူသည် ကျေးလက်နယ်သို့ ရောက်နေသော ညီလေးနှင့် အစ်မကြီးအတွက် စဉ်းစားပေးမည်မဟုတ်ပေ။ သူတို့ အသက်ရှင်ခြင်း၊ သေခြင်းကို သူ ဂရုမစိုက်သည့်အပြင် သူတို့အိမ်ပြန်လာပါကလည်း နေစရာ နေရာမရှိတော့ပေ။ သူ စဉ်းစားနေသည်မှာ သူ၏ ချစ်သူအတွက် ဖြစ်၏။ သူမမှာ နေ့စားအလုပ်သမားသာ ဖြစ်သဖြင့် အကယ်၍ အလုပ်အကိုင် အတည်တကျသာ ရရှိပါက သူတို့ ဇနီးမောင်နှံနှစ်ဦးစလုံးမှာ အမြဲတမ်း အတည်တကျ အလုပ်သမား ဝန်ထမ်းများ ဖြစ်လာကြမည် ဖြစ်သည်။
သူသည် သူ၏ မိဘများကို မည်သို့ ဖြားယောင်းရမလဲဟု နည်းလမ်းရှာလိုက်၏။ သူသည် သားဦးဖြစ်သဖြင့် နောင်တစ်ချိန်တွင် မိဘများက သူ့အပေါ်တွင်သာ မှီခိုကြရမည်ဖြစ်ရာ သူ့အား ဂရုမစိုက်ဘဲ မနေနိုင်ကြပေ။ သူသည် ဖခင်ဖြစ်သူ၏ ကြိမ်းမောင်းသံကို အေးစက်စွာ ကြည့်နေရင်း စိတ်ထဲမှမူ အလုပ်နေရာအတွက် တွက်ချက်နေတော့သည်။
ချန်ချင်းယွီသည် ယခုအခါတွင် ပို၍ပင် ရှိုက်ကြီးတငင် ငိုကြွေးနေတော့၏။ သူမသည် လက်ကို အဆက်မပြတ် ဝှေ့ယမ်းကာ တုန်တုန်ရင်ရင်ဖြင့်
"သမီးမှာ အလုပ်မရှိပါဘူး၊ လင်းကျန့်ဝမ်ရဲ့ အလုပ်ကို ယောက္ခမက ဆက်ခံဖို့ စီစဉ်ပြီးသွားပါပြီ"
စီစဉ်ပြီးသွားပြီဟူသော စကားမှာ ၎င်းတို့ထဲမှ မည်သူမျှ ထိုအလုပ်ကို ရရှိတော့မည်မဟုတ်ဟု ဆိုလိုခြင်းပင် ဖြစ်၏။
အံ့ဩသွားကြသလား..
ဆွံ့အသွားလား…ဟဟဟ
ချန်မိသားစုဝင် အားလုံးမှာ တညီတညွတ်တည်း ဟိန်းဟောက်
လိုက်ကြလေသည်။
"ဘာ! ဘာလို့လဲ!"
ချန်ရိကျွင်း ဒေါသတကြီးဖြင့်
"ငါ သူတို့ဆီ သွားမေးမယ်၊ ဒါက လူကို အနိုင်ကျင့်လွန်းတာပဲ။ လင်းကျန့်ဝမ်ရဲ့ အလုပ်က နင် ဆက်ခံရမယ့် အလုပ်လေ"
ချန်ချင်းယွီသည် ချန်ရိကျွင်းအား အမြန်ပင် ဆွဲထားလိုက်ပြီး
"အဖေ... မသွားပါနဲ့၊ သမီး သဘောတူလို့ပါ။ ယောက္ခမကို အလုပ်ပေးလိုက်ရတာကို သမီး ကျေနပ်ပါတယ်။ သမီးနဲ့ လင်းကျန့်ဝမ်က ချစ်ခြင်းမေတ္တာတွေ နက်ရှိုင်းခဲ့တာမို့ သူ့အမေ အလုပ်ဆက်လုပ်တာက သဘာဝကျပါတယ်။ သမီး တကယ်ကို သဘောတူလို့ပါ အဖေရယ်၊ တောင်းပန်ပါတယ်။ သွားပြီး မဆူပါနဲ့တော့နော်"
ချန်ရိကျွင်းမှာ ဒေါသကြောင့် မူးမေ့လဲကျလုနီးပါး ဖြစ်သွားသလို၊ မောင်ဖြစ်သူမှာလည်း တုန်ရင်နေအောင် ဒေါသထွက်သွားရသည်။ ထိုအလုပ်နေရာမှာ သူ့လက်ထဲသို့ ရောက်ရှိလာရမည့် အရာဖြစ်သလို၊ သူ၏ ချစ်သူ ရှောင်ချင်အတွက်လည်း ဖြစ်သည်မဟုတ်ပါလား။
သူ ဒေါသတကြီးဖြင့် အော်ဟစ်ပစ်လိုက်၏။
"နင်ကတော့ စောက်အပဲ၊ အလုပ်နေရာလေးတောင် မထိန်းထားနိုင်ဘူး။ နင် ဘာများ လုပ်တတ်သေးလဲ!"
ချန်ချင်းယွီ တိုးညှင်းသော အသံဖြင့်
"သမီး... သမီးလည်း အဲဒါကို မလိုချင်ပါဘူး။ ယောက္ခမက သမီးအပေါ်... သမီးအပေါ်... နည်းနည်း တင်းကျပ်တာ မှန်ပေမဲ့..."
သူမ စိုးရိမ်တကြီးဖြင့် ဆက်ပြောလိုက်ပြန်သည်။
"ဒါပေမဲ့ သူက လင်းကျန့်ဝမ်ရဲ့ အမေလေ။ လင်းကျန့်ဝမ် ဆုံးသွားပြီဆိုတော့ ဒီလောကမှာ သူတို့ပဲ ဆွေမျိုးသားချင်း ရှိတော့တာလေ၊ တစ်ယောက်ကိုတစ်ယောက် ဖေးမရမှာပေါ့။ ယောက္ခမက ဒီအလုပ်ရသွားတော့ နောက်ပိုင်း ပင်စင်လစာလည်း ရမယ်၊ သူ့အတွက် အာမခံချက်ရှိတာပေါ့။ ဒါက သိပ်မကောင်းဘူးလား။ လင်းကျန့်ဝမ်သာ သိရင်လည်း သိပ်ဝမ်းသာမှာပါ"
"နင်ကတော့ ငပိန်းမပဲ၊ တောက်!"
ချန်ရိကျွင်းမှာ ဒေါသကြောင့် နားထင်၌ သွေးကြောများပင် ထောင်ထွက်နေတော့သည်။ ချန်ချင်းယွီသည် ထိတ်လန့်တုန်ရင်နေဟန်ဖြင့် မောင်ဖြစ်သူဘေးသို့ ကပ်သွားကာ
"မောင်လေး... မင်း အလုပ်ရပြီလို့ ကြားတယ်၊ မမကို ပိုက်ဆံလေး နည်းနည်းလောက် ချေးပါဦးလား။ မမတို့ ဘဝက တကယ်ကို ခက်ခဲနေလို့ပါ။ ငါတို့ တစ်မိသားစုလုံး တကယ်ကို ဒုက္ခရောက်နေတာမို့ ငါတို့ကို ကူညီပါဦးနော်"
"နင်က ပြောရဲသေးတယ်ပေါ့!"
ချန်ရိကျွင်းသည် လက်ကိုမြှောက်ကာ ပါးရိုက်ရန် ကြံလိုက်စဉ် ချန်ချင်းယွီက ဗိုက်ကို ကိုင်ကာ ရုတ်တရက် ငုံ့လိုက်သဖြင့် ..
ဖြောင်း!
ကျယ်လောင်လှသော ပါးရိုက်သံမှာ သားကြီး၏ မျက်နှာပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားလေသည်။
"အဖေ!!!"
သားဖြစ်သူ အော်ဟစ်လိုက်၏။
ချန်ချင်းယွီက ပါးစပ်ကို အုပ်လိုက်ပြီး
"ဟာ... အဖေ၊ အဖေက ဘယ်သူ့ကိုမဆို လျှောက်ရိုက်နေတာလား"
"နင်... နင်... နင်! ငါ ရိုက်တာက နင်လို နိမိတ်မရှိတဲ့ ငပိန်းမကိုဟ!"
ချန်ရိကျွင်းသည် သားကြီးကို သနားသွားသဖြင့် သမီးဖြစ်သူကို ပို၍ မုန်းတီးသွားကာ မျက်လုံးများ နီမြန်းလျက် ထပ်မံရိုက်ရန် ကြိုးစားပြန်သည်။ ချန်ချင်းယွီမှာမူ တုန်တုန်ရင်ရင်ဖြင့် ရှောင်တိမ်းနေ၏။
"အဖေ... လူကို မရိုက်ပါနဲ့..."
သူမသည် မောင်ဖြစ်သူကို ဆွဲထားပြီး သူ၏ နောက်ကွယ်၌ ခိုင်ခိုင်မာမာ ပုန်းကွယ်နေကာ
"မောင်လေး... မင်းက လူကောင်းတစ်ယောက်မှန်း မမ သိပါတယ်!"
"လွှတ်စမ်း!"
"ဖြောင်း!"
နောက်ထပ် ပါးရိုက်သံတစ်ခုမှာ သားဖြစ်သူ ကိုယ်ပေါ်သို့ ထပ်မံ ကျရောက်သွားပြန်သည်။ ဝေရှု့ဖန်းမှာ အလွန်အမင်း ဒေါသထွက်သွားပြီး
"နင်လို မိန်းမယုတ်၊ ငါ့သားကို လွှတ်စမ်း... အား!"
သူမသည် ချန်ချင်းယွီကို မထိခင်မှာပင် ဟန်ချက်ပျက်ကာ မှောက်လျက်သား လဲကျသွားရှာသည်။ ချန်ချင်းယွီမှာမူ ခြေထောက်ကို အမြန်ပင် ပြန်ရုတ်လိုက်၏။
"အား! နင်လို နိမိတ်မရှိတဲ့ဟာမ!"
ဝေရှု့ဖန်းသည် နာကျင်စွာ အော်ဟစ်လိုက်ရပြန်သည်။ ဤမိန်းမယုတ်မှာ တကယ်ပင် နိမိတ်မရှိသူဖြစ်ပြီး သူမနှင့် ထိမိသူတိုင်း ဒုက္ခရောက်ရသည်ဟု ဝေရှု့ဖန်းထင်မြင်နေတော့၏။
ချန်ချင်းယွီသည် မောင်ဖြစ်သူကို မလွှတ်တမ်း ဆွဲထားဆဲဖြစ်ပြီး အသံကို ပျော့ပျောင်းအောင် လုပ်ကာ ဒေါသကို ဆွပေးလိုက်သည်။
"ဒေါ်လေးက ဘာလို့ ရှေးရိုးစွဲ အယူသီးတဲ့ စကားတွေကို ပြောနေတာလဲ။ ဒေါ်လေးက သမီးအဖေကို ရိုက်ရုံတင်မကဘူး၊ အယူသီးတဲ့ စကားတွေကိုပါ ပြောနေတာဆိုတော့ ဒီမိသားစုကြီး ကောင်းစားမှာကို မလိုလားတာလား"
"နင်... နင်... နင်လို မိန်းမယုတ်!"
"ငါ နင့်ကို ရိုက်သတ်ပစ်မယ်!"
ချန်ရိကျွင်းတို့ ဇနီးမောင်နှံနှစ်ဦးမှာ ဒေါသတကြီးဖြင့် ဝိုင်းဝန်းရန်မူကြသော်လည်း ချန်ချင်းယွီမှာ မောင်ဖြစ်သူ ဆွဲထားသဖြင့် သူသည်လည်း အတင်းရုန်းကန်နေရသည်။
"မမ... ကျွန်တော့်ကို လွှတ်စမ်း!"
ဤနိမိတ်မသော မိန်းမကို ဘာကြောင့် တွန်းထုတ်၍ မရပါလေသနည်း။
"လက်ကို လွှတ်စမ်း!"
ချန်ချင်းယွီ အပြစ်ကင်းစင်ဟန်ဖြင့်
"သမီး... သမီး... သမီး တမင်လုပ်တာမဟုတ်ပါဘူး၊ တကယ်ကို တမင်လုပ်တာမဟုတ်ပါဘူး..."
"ဖယ်စမ်း၊ နင်လို နိမိတ်မရှိတဲ့ဟာမ၊ လက်ကို လွှတ်စမ်း!"
"မောင်လေးက စကားကို ပြောင်းပြန်ပြောနေတာမှန်း မမ သိပါတယ်။ မောင်လေးက နှုတ်ကသာ စိတ်တိုနေပေမဲ့ စိတ်ထားက သိပ်နူးညံ့တာပဲ။ မမကို လွှတ်စမ်းလို့ ပြောနေပေမဲ့ မမကိုတော့ ကာကွယ်ပေးထားတယ်နော်..."
သူမသည် အော်ဟစ်ငိုယိုရင်း အားရပါးရ သရုပ်ဆောင်နေတော့သည်။
ဤကဲ့သို့ သရုပ်ဆောင်ခွင့်မရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။
သူမသည် အရွယ်ရောက်လာပြီးနောက် ကျားမကဲ့သို့ ကြမ်းတမ်းလာခဲ့သဖြင့် သနားစဖွယ် ပုံစံမျိုးကို မည်သူမျှ ယုံကြည်ကြတော့မည်မဟုတ်ပေ။ သို့သော်လည်း ယခုအခါတွင်မူ အတိတ်က အိပ်မက်ဟောင်းကို ပြန်လည်အကောင်အထည်ဖော်ခွင့် ရရှိလိမ့်မည်ဟု သူမ မထင်ထားမိပေ။ ချန်ချင်းယွီသည် သနားစဖွယ် ပုံစံဖြင့် အားကိုးရာမဲ့စွာ ရှောင်တိမ်းနေ၏။
နင်တို့က အေးအေးဆေးဆေး နေထိုင်ချင်ကြသတဲ့လား။
အိပ်မက်တောင် မမက်နဲ့!
သူမသည် လူသတ်ခြင်း၊ မီးရှို့ခြင်းများကို မပြုလုပ်နိုင်သော်လည်း လူကို စိတ်ဒုက္ခပေးရန်မှာမူ တတ်ကျွမ်းလှပေသည်။
၎င်းတို့ မိမိအိမ်သို့လာ၍ ပြဿနာရှာမည်ကို စောင့်ဆိုင်းနေမည့်အစား သူမကပင် ဦးအောင် တိုက်စစ်ဆင်လိုက်ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ သူမသည် မျက်နှာပြောင်သူဖြစ်ရာ အရှက်ရမည်ကိုလည်း စိုးရိမ်ခြင်းမရှိပေ။
"မောင်လေး... မင်းက လူကောင်းတစ်ယောက်မှန်း မမသိပါတယ်။ မမကို ကာကွယ်မပေးပါနဲ့တော့။ အဖေ... မြန်မြန်ရပ်လိုက်ပါတော့၊ သမီးကိုရိုက်တာ ကိစ္စမရှိပေမဲ့ မောင်လေးကိုတော့ ထပ်မရိုက်ပါနဲ့တော့နော်"
ချန်ချင်းယွီ အော်ဟစ်ပြောဆိုနေပြီး အလွန်အမင်း ပျာပျာသလဲ ရှောင်တိမ်းနေဟန် ပေါ်နေ၏။
ချန်ချင်းယွီသည် မောင်ဖြစ်သူကို ဆွဲကိုင်ထားလျက် ဟိုဟိုဒီဒီ ရှောင်တိမ်းနေသဖြင့် ချန်ရိကျွင်း၏ လက်သီးချက်များမှာ သားဖြစ်သူ၏ ကိုယ်ပေါ်သို့သာ ကျရောက်နေလေသည်။ သူသည် သားဖြစ်သူအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရပြီး ချန်ချင်းယွီကိုလည်း မလွှတ်တမ်း လိုက်လံရိုက်နှက်နေဆဲ ဖြစ်၏။ ချန်ချင်းယွီသည် အခန်းထဲတွင် ပတ်ပြေးနေရင်း ကြမ်းပြင်ပေါ်၌ လဲကျနေသော ဝေရှု့ဖန်းကိုလည်း မတော်တဆဟန်ဖြင့် ခဏခဏ တက်နင်းလိုက်သေးသည်။
"အား!"
ဝေရှုဖန်း နာကျင်စွာ အော်ဟစ်လိုက်၏။
ချန်ချင်းယွီက အသံကျယ်ကျယ်ဖြင့်
"မောင်လေး... မင်းက ဘယ်လိုဖြစ်လို့ ဒေါ်လေးဝေ နင်းရတာလဲ။ ဒေါ်လေးက အဖေ့ကို ရိုက်လို့ စိတ်ဆိုးတာ မှန်ပေမဲ့လည်း ဒီလိုမျိုး အခွင့်ကောင်းယူပြီး လက်စားမချေသင့်ဘူးလေ"
"နင် လျှောက်ပြောနေတာ!"
"ပါးစပ်ပိတ်စမ်း!"
"နင်က မိန်းမယုတ်ပဲ!"
ချန်ချင်းယွီသည် အလွန်အမင်း ထိတ်လန့်သွားသည့်အလား ငုံးငယ်လေးကဲ့သို့ ကိုယ်ကိုကျုံ့လိုက်ပြီး
"မပြောတော့ပါဘူး၊ သမီး မပြောတော့ပါဘူး။ တော်ကြပါတော့... မရိုက်ကြပါနဲ့တော့..."
ချန်ရိကျွင်းမှာ အဆုတ်ကွဲမတတ် "အား... အား... အား!" ဟူ၍ ဒေါသတကြီး အော်ဟစ်နေတော့၏။
သူသည် ချန်ချင်းယွီကို ရိုက်မမိသဖြင့် ဒေါသအလိပ်လိပ် ထွက်နေပြီး လက်လှမ်းမီရာ ပစ္စည်းမှန်သမျှဖြင့် ကောက်ပေါက်နေလေ၏။
ခွမ်း!
ချန်ချင်းယွီက အသံကျယ်ကျယ်ဖြင့် - "ဟာ... အဲဒါ ရေနွေးအိုးကြီးလေ!" ဟု အော်လိုက်သည်။
ဂွမ်း!
ရေနွေးအိုးမှာ ကွဲအက်သွားတော့၏။
"အဖေ... အဖေ စိတ်လျှော့ပါဦး။ ဒေါသကြီးရင် ကျန်းမာရေးထိခိုက်တတ်တယ်နော်။ အဖေ... မဆူပါနဲ့တော့၊ တောင်းပန်ပါတယ်။ အဖေက အသက်လည်း ကြီးနေပြီဆိုတော့ ဒေါသသိပ်မထွက်ပါနဲ့ဦး။ သမီး မှားသွားပါတယ်၊ ဒါတွေအားလုံး သမီးရဲ့အပြစ်တွေပါပဲနော် အဖေ!"
ချန်ချင်းယွီ အဆက်မပြတ် အော်ဟစ်တောင်းပန် သရုပ်ဆောင်နေလေ၏။
ချန်ချင်းယွီသည် အိမ်ထဲဝင်လာစဉ်က တံခါးကို ပိတ်မထားခဲ့သဖြင့် ယခုအခါ ချန်ရိကျွင်း၏ အိမ်ရှေ့တွင် လူအများအပြားမှာ တိုးဝှေ့ကြည့်ရှုနေကြပြီ ဖြစ်သည်။ လူတိုင်းမှာ နေရာကောင်းရရှိရန်အတွက် အလုအယက် ကြိုးစားနေကြရ၏။
"ဖယ်ကြပါဦး၊ ငါလည်း ကြည့်ပါရစေဦး။ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အကြီးအကျယ် ရန်ဖြစ်နေကြတာလဲ"
"ချန်ရိကျွင်းက သမီးကို ရိုက်ဖို့လုပ်တာ၊ ရိုက်မမိတော့ အိမ်ထဲက ပစ္စည်းတွေကို လျှောက်ခွဲနေတာလေ"
"ဟာ... ဒီလောက်တောင် ကြမ်းတာလား။ တကယ်ကို ရူးနေတာပဲ"
"ဟုတ်ပါ့... ချန်ရိကျွင်းက ဒေါသသိပ်ကြီးတာပဲ။ ကြည့်စမ်း... ဘာတွေလုပ်နေတာလဲ။ ငါ့အထင်တော့ သူက မိန်းမရိုက်တာ ခံလိုက်ရလို့ စိတ်တိုနေတာကို ဒီ သနားစရာ ကလေးမလေးပေါ်မှာ ပေါက်ကွဲနေတာ ဖြစ်ရမယ်"
"သူက အရိုက်ခံရတာလား။ သူ့မိန်းမက တော်တော်ကြမ်းတာပဲနော်"
"အို... ဝေရှု့ဖန်းက ဘယ်လိုလူစားမျိုးလဲဆိုတာ ငါ အစကတည်းက သိပါတယ်။ ဒီကလေးမလေးအပေါ် ပြုမူပုံကို ကြည့်ရင်တင် သိသာနေတာပဲ။ ဒါပေမဲ့ ချန်မိသားစုရဲ့ သားကြီးကတော့ ဖခင်ဖြစ်သူကို တကယ်ပဲ ကာကွယ်ပေးရှာတယ်။ သူ့အဖေအတွက်တောင် အဆဲခံ အအရိုက်ခံပေးနေတာပဲ"
"ငါကြည့်ရတာတော့ သူက သိပ်မကောင်းလှပါဘူး။ ဝေရှု့ဖန်းကလည်း သူ့အမေအရင်းပဲလေ၊ သူ ဒီလိုလုပ်တာ မသင့်တော်ဘူး"
"ချန်ရိကျွင်းက အိမ်အတွက် ပိုက်ဆံရှာနေတာဆိုတော့ အဖေဖြစ်သူဘက်က ပါမှာပေါ့"
"ဟုတ်ပါ့... ဟုတ်ပါ့"
"ဒီကောင်လေးက တကယ်တော့ အကွက်မြင်တဲ့သူပဲ။ သူသာ သူ့အစ်မကြီးရဲ့ အလုပ်နေရာကို မလုခဲ့ရင် သူလည်း ကျေးလက်ကို ဆင်းရတော့မှာလေ..."
"သူ လူကောင်းမဟုတ်မှန်း ငါ အစကတည်းက သိသားပဲ"
"မိမိကိုယ်ကိုယ်ပဲ ကြည့်တတ်တဲ့သူလေ"
"အတ္တကြီးတာပဲ၊ ဘယ်သူ့ဆီမှာ ပိုက်ဆံရှိလဲ၊ အဲဒီလူနောက်ပဲ လိုက်တာ"
"ကြည့်နေလိုက်... ချန်မိသားစုက ဒီလင်မယားနှစ်ယောက် အိုလာရင်တော့ ဒုက္ခရောက်မှာ သေချာတယ်..."
"ဒီလိုလည်း မပြောပါနဲ့ဦး။ ငါကြည့်ရတာတော့ သူက အားလုံးပြောသလို မဟုတ်ပါဘူး။ ဒီကလေးမလေးမှာ ဘာမှမရှိတာတောင် သူက ကာကွယ်ပေးနေတာပဲ မဟုတ်လား။ သူခဗျာ လူတောင်နာနေပြီ"
"နေပါဦး... အားလုံး စဉ်းစားကြည့်ကြစမ်း။ တကယ်တော့ သူတို့မိသားစု ဆဲဆိုနေတာတွေက မမှားဘူးလို့ မထင်ကြဘူးလား"
"ဘာကိုလဲ"
"ဒီကလေးမလေးလေ... အားလုံး မထင်ဘူးလား၊ သူက တကယ်ပဲ နိမိတ်မရှိတဲ့သူ ဖြစ်နေမလားလို့"
ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။
စကားပြောလိုက်သော အဘွားကြီးက အသံကိုနှိမ့်၍
"ကြည့်ကြစမ်းပါဦး... ချန်မိသားစုတစ်ခုလုံး ဘယ်လောက်တောင် ကမောက်ကမ ဖြစ်ကုန်ပြီလဲ။ သူနဲ့ ထိမိတဲ့သူတိုင်း တကယ်ပဲ ကံဆိုးကုန်တာပဲ"
အားလုံးက စကားပြောလိုက်သော အဘွားအိုကို ကြည့်လိုက်ကြပြီးနောက် အိမ်ထဲသို့ တစ်ဖန် ပြန်လည် အကဲခတ်ကြည့်လိုက်ကြပြန်၏။
ချန်ရိကျွင်းသည် ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ဖြစ်နေရှာပြီး နဖူးရှိပတ်တီးကြားမှ သွေးများပင် စိမ့်ထွက်နေရှာ၏။ သူသည် ခါးကိုထောက်ကာ တတွတ်တွတ်ဆဲဆိုရင်း ချန်ချင်းယွီကို လိုက်လံရိုက်နှက်နေဆဲ ဖြစ်သော်လည်း အရှိန်လွန်ကာ ချော်လဲသွားပြီးလျှင် ရေနွေးအိုးကွဲစများပေါ်သို့ "ဗုန်း" ခနဲ ကျသွားတော့သည်။
"အား!!!"
အဆုတ်ကွဲမတတ် နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
အားလုံးမှာ ဝေရှု့ဖန်းကို ကြည့်လိုက်ကြပြန်ရာ သူမမှာလည်း အကြိမ်ကြိမ် လဲကျထားသဖြင့် အတော်ပင် နာကျင်နေပုံရသည်။ ချန်ချင်းယွီနှင့် မောင်ဖြစ်သူတို့ ပြေးလွှားရှောင်တိမ်းနေစဉ်အတွင်း သူမ၏အနီးတစ်ဝိုက်တွင်သာ ဝဲလည်နေကြသဖြင့် သူမကို ခြေထောက်ဖြင့် မည်မျှအကြိမ်ကြိမ် နင်းမိသွားသည်မသိပေ။
သို့သော်လည်း ချန်ချင်းယွီ နင်းခြင်းမဟုတ်ဘဲ သားဖြစ်သူကသာ အဓိကနင်းမိသွားခြင်း ဖြစ်ရာ ဘေးလူများမှာ "တောက်" ခေါက်မိကြတော့၏။
ဝေရှု့ဖန်း၏ အဝတ်အစားများပေါ်တွင် ခြေရာများ ဗလပွဖြစ်နေပြီး ဆံပင်များမှာလည်း ငှက်သိုက်အလား ရှုပ်ပွနေသည်။ သူမသည် မလှုပ်ရဲတော့ဘဲ အသံကုန်ဟစ်၍ ချန်ချင်းယွီ၏ ဘိုးဘေးဘီဘင်များပါမကျန် ရစရာမရှိအောင် ကျိန်ဆဲနေရှာ၏။
သားဖြစ်သူမှာမူ မည်သည့်အကြောင်းကြောင့် အစ်မဖြစ်သူ ချန်ချင်းယွီကို ဇွတ်အတင်း ကာကွယ်ပေးနေသည်မသိသော်လည်း သူမ၏ရှေ့မှ အမြဲပိတ်ရပ်ပေးထားသည်။ သူသည် ချန်ရိကျွင်း၏ လက်ဝါးစောင်းချက်များစွာကို ခံထားရရုံမက ပစ်ပေါက်သမျှ ပစ္စည်းအစအနများကလည်း သူ့ကိုယ်ပေါ်သို့သာ ကျရောက်နေသဖြင့် မျက်နှာတစ်ခုလုံး ဖူးရောင်ကာ လည်ပင်းတွင်လည်း ရှပ်ထိရာများနှင့် အတော်ပင် သနားစဖွယ် ဖြစ်နေရှာ၏။
ချန်မိသားစုထဲတွင် အခြေအနေမဟန်သည်ကို ကြည့်ကာ အခန်းထဲသို့ ပြန်ဝင်ပုန်းနေသော မောင်အငယ်ဆုံးတစ်ဦးသာ ဘေးအန္တရာယ်ကင်းဝေးပြီး ကျန်သူများမှာမူ ရစရာမရှိအောင် ဖရိုဖရဲ ဖြစ်နေကြပြီ ဖြစ်သည်။ အိမ်နီးချင်းများမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားကြ၏။ ချန်မိသားစုဝင်များ ပြောသည်မှာ မှန်ကောင်းမှန်နိုင်ပေသည်၊ ဤကောင်မလေးသည် တကယ်ပင် နိမိတ်မရှိကံဆိုးသူ ဖြစ်နိုင်၏။
သူတို့သည် တံခါးစထုကတည်းက လာရောက်ကြည့်ရှုနေကြခြင်းဖြစ်ရာ ဤကလေးမလေးမှာ ဘာမှလက်ပါခြင်းမရှိသည်ကို အားလုံးအသိပင် ဖြစ်သည်။
သူမ လက်ဖျားနှင့်ပင် မတို့ရသေးဘဲ ချန်မိသားစုဝင်များ ဤမျှအထိ ဒုက္ခရောက်နေကြခြင်းကို ကြည့်ခြင်းဖြင့် သူမ၏ ကံဆိုးမှုမှာ မည်မျှပြင်းထန်သည်ကို သိသာလှ၏။
ထို့အပြင် သူမ၏ အနီးကပ်ဆွေမျိုးသားချင်းများစွာ သေဆုံးသွားခဲ့သည်ကို ပြန်လည်စဉ်းစားမိကြသောအခါ သူမသည် တကယ့် နိမိတ်မရှိသူလေး ဖြစ်သည်ဟု အားလုံးက ပို၍ယုံကြည်သွားကြလေသည်။
လူတိုင်း စိတ်ထဲတွင် အမျိုးမျိုး တွေးတောနေကြစဉ် ချန်ချင်းယွီကမူ အခန်းထဲတွင် ဆက်လက်၍ ပွဲကြမ်းနေဆဲ ဖြစ်၏။ သူမသည် ရုပ်ရည်လှပကာ သနားစဖွယ် ဖြစ်နေသဖြင့် ဘာမှမပြောလျှင်ပင် လူတိုင်းက သူမဘက်မှ ဆင်ခြေပေးချင်နေကြသည်။ သူမမှာ သနားစဖွယ် မိန်းကလေးငယ်တစ်ဦး ဖြစ်သည်ကို အိမ်နီးချင်းဟောင်းများအားလုံး သိကြသည်မဟုတ်ပါလော့။
သူမအား နိမိတ်မရှိသူဟု သတ်မှတ်ကာ အနားမကပ်ရဲကြသော်လည်း ချန်မိသားစုမှာအနိုင်ကျင့်နေသည်ဟုလည်း အားလုံးက ယူဆနေကြ၏။
"မောင်ရင်ချန်... တော်ပါတော့၊ နင် ဘာတွေလုပ်နေတာလဲ။ နင့်သမီးကို အသေသတ်မလို့လား။ နင် သူ့ကို သတ်လိုက်ရင်လည်း သူ့ယောက္ခမဘက်က ငြိမ်နေမှာမဟုတ်ဘူး။ ဒီသမီးက အိမ်ကထွက်သွားပြီဆိုတော့ နင့်လူ မဟုတ်တော့ဘူးလေ"
"ဟုတ်ပါ့ မောင်ရင်ချန်၊ ဒါက နင့်အိမ်ပဲဥစ္စာ။ ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ။ ကြည့်စမ်း... ပစ္စည်းတွေ အကုန်ပျက်စီးကုန်ပြီ။ ဒါတွေက ဘယ်လောက်တောင် တန်ဖိုးရှိသလဲ"
"မှန်တယ်... မင်းဒေါသကို နည်းနည်းတော့ ထိန်းပါဦး။ မင်းက သိပ်ပြီး စိတ်ဆတ်တာပဲ"
ချန်ရိကျွင်းသည် နွားတစ်ကောင်အလား တဟူးဟူးနှင့် အသက်ရှူနေပြီး ချန်ချင်းယွီကို စိုက်ကြည့်ကာ ဒေါသတကြီး အော်လိုက်၏။
"လျော်ကြေးပေးစမ်း!"
သားအဖအရင်းအချာဖြစ်သော်လည်း ညှိနှိုင်းစရာ စကားမရှိတော့ပေ။
ချန်ချင်းယွီသည် ဖခင်ဖြစ်သူကို မော့ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
"အဖေ... သမီးမှာ ပိုက်ဆံမရှိဘူးဆိုတာ အဖေ သိတာပဲ။ သမီး လက်ထပ်တုန်းကလည်း အဖေက ဘာခန်းဝင်ပစ္စည်းမှ မပေးလိုက်တဲ့အပြင် သမီးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကိုတောင် ယူခွင့်မပေးခဲ့ဘူးလေ။ သမီးမှာ ပိုက်ဆံမရှိပါဘူး။ အခုဆို ယောက္ခမကပဲ အိမ်ကိုအုပ်ချုပ်နေတာဆိုတော့ သမီးမှာ ပိုပြီး ပိုက်ဆံမရှိတော့ဘူး၊ ဟီး..."
သူမ၏ အသံမှာ တိုးညှင်းသွားပြီးလျှင်
"ဒါတွေကိုလည်း သမီး ခွဲတာမဟုတ်ဘူးလေ။ ဒါမှမဟုတ် သမီး အိမ်ကို ကူပြီး သန့်ရှင်းရေးလုပ်ပေးရမလား၊ သမီး လုပ်ပေးနိုင်ပါတယ်"
ချန်ရိကျွင်း စကားမပြောရသေးမီ ဝေရှု့ဖန်းမှာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"ထွက်သွား! အခုချက်ချင်း ထွက်သွားစမ်း! နင်လို နိမိတ်မရှိတဲ့ကျက်သရေတုံးဟာမ ငါတို့အိမ်ကနေ အခုချက်ချင်း ထွက်သွား!"
သူမသည် ကြမ်းပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေစဉ် ချန်ချင်းယွီမှာ နိမိတ်မရှိသူ ဖြစ်သည်ဟု အိမ်နီးချင်းများ ပြောဆိုနေကြသည်ကို အသေအချာ ကြားလိုက်ရသဖြင့် ဝေရှု့ဖန်းမှာလည်း ထိုသို့ပင် ပို၍ ထင်မြင်နေတော့၏။
ဤမိန်းမယုတ်လေး၏ မိခင် သေဆုံးခဲ့သည်။ ဦးလေး သေဆုံးခဲ့သည်။ အဘိုးနှင့်အဘွားလည်း သေဆုံးခဲ့ကြရပြီး ယခုဆိုလျှင် သူမ၏ယောင်္ကျားပင် သေဆုံးခဲ့ပြီ မဟုတ်လော့။ သူမနှင့် နီးစပ်သူတိုင်း သေကုန်ကြပြီ ဖြစ်၏။
"ထွက်သွား! အခုချက်ချင်း သွားတော့! ငါတို့အိမ်ကိစ္စ နင် လာကူညီစရာ မလိုဘူး!"
ချန်ချင်းယွီသည် အဝတ်စွန်းကို ဆွဲကိုင်ထားလျက် နံရံဘေးတွင် ခေါင်းငုံ့ကာ နှုတ်ခမ်းကိုကိုက်ပြီး မလှုပ်မယှက် ရပ်နေရှာသည်။
"ငါပြောတာ မကြားဘူးလား။ အခုချက်ချင်း ထွက်သွားတော့!"
မိသားစုဝင်အားလုံး ရိုင်းစိုင်းစွာ ဆက်ဆံနေကြသဖြင့် ချန်ချင်းယွီသည် အားအင်ကုန်ခမ်းသွားသည့်အလား ပုခုံးများ ကျဆင်းသွားပြီး ဆံပင်များလည်း ရှုပ်ပွကာ သနားစဖွယ်အတိဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
"သမီး... သမီး ကူညီပေးနိုင်ပါတယ်၊ အားလုံးက သမီးကို အဲဒီလောက်တောင် ရွံနေကြတာလား"
"နင်နဲ့ ထိမိသူတိုင်း ကံဆိုးကုန်တာလေ။ ရှင်ကော... ဒါတောင် သူ့ကို ကာကွယ်ပေးချင်နေသေးတာလား။ ဒီမိန်းမယုတ်က ဇာတာကြမ်းပါတယ်လို့ ငါပြောသားပဲ။ သူကတော့ အကောင်းအတိုင်းပဲ၊ ငါတို့တွေ ဘယ်လောက်တောင် ဒုက္ခရောက်ကုန်ပြီလဲ ကြည့်စမ်း!"
ဝေရှု့ဖန်းသည် အားယူ၍ ထလိုက်ပြီးလျှင် ပျက်စီးနေသော အိမ်အခြေအနေကို ကြည့်ကာ မျက်စိများပင် ပြာဝေသွားတော့၏။
"သမီး... သမီး ကူညီပေးနိုင်ပါတယ်!"
"ဘယ်သူက နင်လို နိမိတ်မရှိတဲ့သူကို အလိုရှိမှာလဲ။ နင် ဘာလုပ်တတ်လို့လဲ။ နင်နဲ့ထိရင် ပိုပြီး ကံဆိုးကုန်မှာကို ငါတို့က ကြောက်တာ။ ကူညီချင်တယ်ဆိုရင်လည်း ပိုက်ဆံပဲ ပေးလိုက်စမ်း။ နင့်အဖေ ဆေးရုံသွားရဦးမယ်။ အိမ်အခြေအနေကိုလည်း ကြည့်ဦး... နင်ကတော့ တကယ့် အမင်္ဂလာမပဲ!"
ဝေရှု့ဖန်းက အော်ဟစ်လိုက်သောအခါ ချန်ချင်းယွီ၏ မျက်လုံးများမှာ ရုတ်တရက် နီမြန်းလာပြီးလျှင်
"သမီးမှာ ပိုက်ဆံမရှိဘူး၊ ပြီးတော့... ပြီးတော့..."
သူမသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး သတ္တိမွေးကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
"ဒါတွေက သမီး ခွဲတာမဟုတ်ဘူး..."
ထိုသို့ အော်လိုက်ပြီးနောက် အားငယ်သွားသည့်အလား တုန်လှုပ်ကာ ငိုကြွေးလိုက်ပြန်သည်။
"သမီး မဟုတ်ပါဘူး!"
"နင် မဟုတ်ရင် ဘယ်သူလဲ။ နင်သာ ပြန်မလာရင် ငါတို့ ဘယ်လိုလုပ် ဒီလောက်အထိ ကံဆိုးမလဲ"
"သမီး မဟုတ်ဘူး၊ နဂိုကတည်းက သမီး မဟုတ်ဘူး!"
ချန်ချင်းယွီသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး စိတ်ထိခိုက်သွားသည့်အလား မျက်လုံးများ နီရဲလျက် ဝေရှု့ဖန်းကို စိုက်ကြည့်လိုက်သည်။
"ဒေါ်လေးက ကျွန်မကို အမြဲ အကောက်ကြံတယ်။ ငယ်ငယ်ကတည်းက ဒေါ်လေးသမီး အမှားလုပ်ရင် ကျွန်မပေါ်ကိုပဲ ပုံချခဲ့တာ။ ရှင်တို့က ကျွန်မအမေရဲ့ ပစ္စည်းတွေကိုလည်း သိမ်းထားပြီး ပြန်မပေးဘူး။ အခုကျတော့ ကျွန်မဆီက ပိုက်ဆံတောင်းနေပြန်ပြီ။ ရှင် ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ။ ရှင် ဒဏ်ရာရတာလည်း ကျွန်မကြောင့်မဟုတ်သလို၊ အိမ်ပျက်စီးတာလည်း ကျွန်မကြောင့်မဟုတ်ဘူး! ဒေါ်လေး ကျွန်မကို အသေသတ်ချင်နေတာလား။ လင်းကျန့်ဝမ် ဆုံးသွားပြီဆိုတာနဲ့ အားလုံးက ကျွန်မကို ဝိုင်းပြီး အနိုင်ကျင့်နေကြတာပဲ။ ဒါဆိုရင်လည်း ကျွန်မ သေလိုက်ပါ့မယ်! ယောက္ခမအိမ်ကလည်း မကောင်းဘူး၊ အဖေတို့ကလည်း မကောင်းကြဘူး! သမီးအပေါ်မှာ ဘယ်သူကမှ သံယောဇဉ်မရှိကြဘူး၊ ဟီး... ကျွန်မ မရှင်ချင်တော့ဘူး... အဖေ၊ အဖေက ဘာလို့ သမီးအပေါ် ဒီလိုလုပ်ရတာလဲ။ သမီးက အဖေ့ရဲ့ သမီးအရင်းလေ။ ဝေရှု့ဖန်းက အဖေ့ခေါင်းကို ရိုက်ခွဲတာတောင် အဖေက သူ့ကို အပြစ်မတင်ဘဲ သမီးကိုပဲ ရက်စက်နေတယ်... သမီး မရှင်ချင်တော့ဘူး!"
သူမသည် ပြတင်းပေါက်ဆီသို့ ပြေးသွားသဖြင့် ချန်ရိကျွင်းမှာ "တော်စမ်း၊ တော်လိုက်တော့!" ဟု ဆိုကာ ချန်ချင်းယွီကို ဆွဲထားလိုက်သည်။
ချန်ချင်းယွီကမူ ပို၍ပင် ရှိုက်ကြီးတငင် ငိုကြွေးလိုက်၏။
"သမီးကို မတားပါနဲ့၊ သမီး သေသွားမှ အဖေ ပျော်မှာ မဟုတ်လား!"
သူမသည် အတင်းရုန်းကန်လိုက်ရာ... ဝုန်း!
ပြတင်းပေါက် တစ်ခုလုံးမှာ အပြင်ဘက်သို့ ပြုတ်ကျသွားတော့၏။
"ဟာ... သွားပြီ!"
"အပေါ်ထပ်မှာ ဘာတွေဖြစ်နေတာလဲ!"
"တစ်ယောက်ယောက် ခုန်ချတော့မလို့ ထင်တယ်!"
လှေကားအောက်တွင် လူသူကင်းရှင်းနေသဖြင့် တော်သေးသည်ဟု ဆိုရမည်။ မဟုတ်ပါက ထိုပြတင်းပေါက်ဖြင့် လူကို ထိမှန်သွားမည်မှာ အသေအချာပင် ဖြစ်သည်။
ချန်ရိကျွင်းသည် ဒေါသကြောင့် နားထင်မှ သွေးကြောများ တထိတ်ထိတ်ခုန်နေလျက်
"တော်စမ်း! နင် မဆူဘဲ မနေနိုင်ဘူးလား။ ဒါတွေက ဘယ်သူ့ဆီက သင်လာတာလဲ၊ လက်ထပ်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ဒီလိုအောက်တန်းကျတာတွေ တတ်လာတာလား။ နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး၊ ဘယ်လိုပုံစံ ဖြစ်နေပြီလဲ"
ချန်ချင်းယွီသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြတင်းပေါက်ကို လက်ဖြင့် ထုရိုက်ကာ
"အီးဟီး... ဟီး..."
ဝုန်း!... ခွမ်း!
ကောင်းပါလေရော…
နောက်ထပ် ပြတင်းပေါက်တစ်ချပ်ပါ ပျက်စီးသွားပြန်ပြီ ဖြစ်၏။
"နင်!! မိန်းမယုတ်၊ ငါ့ပြတင်းပေါက်ကို ပြန်လျော်ပေးစမ်း!"
ဝေရှု့ဖန်းမှာ အလွန်အမင်း ဒေါသထွက်သွားပြီး လက်မောင်းကို ဝှေ့ယမ်းကာ ပြေးလာစဉ်... ဖြောင်း!
ကျယ်လောင်လှသော ပါးရိုက်သံမှာ ချန်ရိကျွင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားတော့သည်။ အရေးကြီးသော အချိန်၌ ချန်ချင်းယွီက ချန်ရိကျွင်း၏ နောက်ကွယ်သို့ ပုန်းလိုက်သဖြင့် ဝေရှု့ဖန်း၏ လက်ချက်မှာ လွဲချော်သွားခြင်း ဖြစ်၏။ သူမသည် ခေါင်းလေးကို အသာအယာ ပြူထွက်ကြည့်ကာ မျက်လုံးလေး ကလည်ကလည်ဖြင့်
“ဒေါ်လေးက အဖေ့ကိုတောင် ရိုက်ရဲတယ်ပေါ့! ဒါကြောင့်လည်း... ဒါကြောင့်လည်း အဖေ့မျက်နှာက ဒဏ်ရာတွေက ဒေါ်လေးလက်ချက်ဆိုတာ သေချာသွားပြီ"
ထို့နောက် သူမသည် ဖခင်ဖြစ်သူကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး
"အဖေက တကယ်ပဲ မိန်းမကြောက်ရတာကိုး..."
"မဟုတ်ဘူး!"
"နင် လျှောက်မပြောနဲ့!"
ချန်ချင်းယွီက တိုးညှင်းသော အသံဖြင့်
"သမီး အကုန်မြင်လိုက်ပါတယ်၊ အကုန်မြင်လိုက်ရတာပါပဲ..."
သူမသည် ပို၍ စိတ်ပျက်အားငယ်သွားသည့် မျက်နှာထားဖြင့်
"အရင်တုန်းက အဖေက သမီးအမေအပေါ်မှာလည်း ဒီလောက်ထိ ကောင်းခဲ့ဖူးလားဟင်"
"တော်စမ်း! နင် အခုချက်ချင်း ထွက်သွား၊ ကျန်းလန် အကြောင်းကို လာမပြောနဲ့! ထွက်သွား! အခုချက်ချင်း လစ်လိုက်တော့၊ ဘာကိစ္စမှ မရှိဘဲနဲ့ နောက်ကို ပြန်မလာနဲ့!"
ချန်ချင်းယွီသည် ချန်ရိကျွင်းကို ငေးကြည့်နေမိ၏။
အတန်ကြာမှ သူမ မေးခွန်းထုတ်လိုက်လေသည်။
"သမီးက ဘာလို့ အမေ့အကြောင်းကို မပြောရမှာလဲ"
သူမသည် ငိုကြွေးရင်း
"အမေ ဆုံးသွားတာနဲ့ အဖေက သူ့ကို မေ့ပစ်လိုက်တာလား၊ အဖေက ဘာလို့ ဒီလောက်တောင် နှလုံးသား မရှိရတာလဲ။ အဖေ မေ့သွားပြီလား။ အဖေ့မိသားစုက ဘယ်သူ့ကျေးဇူးကြောင့် ဒီလောက်ထိ တိုးတက်လာခဲ့တာလဲဆိုတာကိုရော အဖေ မေ့သွားပြီလား။ အခု အမေ မရှိတော့တာနဲ့ အဖေက လုံးဝကို မေ့ပစ်လိုက်ပြီလား"
ချန်ရိကျွင်းသည် အရှက်ရကာ ဒေါသထွက်သွားပြီး
"နင်က လက်ထပ်ပြီးသား မိန်းမပဲ၊ မိဘအိမ်ကို ခဏခဏ ပြန်မလာနဲ့တော့။ ငါတို့အိမ်မှာ နင်ဆိုတဲ့ လူမရှိတော့ဘူး။ နင်က လင်းကျန့်ဝမ်နဲ့ လက်ထပ်ချင်ခဲ့တာ မဟုတ်လား။ အိမ်ထောင်စုစာရင်းကို ခိုးပြီးတော့တောင် သူ့နောက် လိုက်ခဲ့တာပဲ၊ ဒါဆိုရင်လည်း တစ်သက်လုံး သူ့အိမ်မှာပဲ နေတော့လေ!"
ချန်ရိကျွင်း အမုန်းဆုံးအရာမှာ ကျန်းလန်၏ အမည်ကို ကြားရခြင်းပင် ဖြစ်၏။ ထိုအမည်မှာ သူသည် ဇနီးသည်၏ ကျေးဇူးကြောင့် ဘဝတက်လမ်း ရရှိခဲ့သူ ဖြစ်ကြောင်းကို အမြဲတစေ သတိပေးနေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်သည်။ ၎င်းမှာ ယောကျ်ားဝါဒီကို လက်ကိုင်ထားသော သူ၏ မာနကို အလွန်အမင်း ထိခိုက်စေသည်။ သူကဲ့သို့ အရည်အချင်းရှိသူမှာ အခွင့်အရေး မရှိခဲ့၍သာ နိမ့်ပါးခဲ့ခြင်းဟု သူက အမြဲ ယူဆထားခြင်းတည်း။
ချန်ချင်းယွီသည်လည်း စိတ်ထဲမှ လှောင်ပြုံး ပြုံးနေမိသည်။ အကယ်၍သာ သူမသည် အိမ်ထောင်စုစာရင်းကို ခိုး၍ လင်းကျန့်ဝမ်နှင့် လက်မထပ်ခဲ့ပါက ယခုအချိန်တွင် ကျေးလက်၌ မြေကြီးနှင့် မျက်နှာအပ်ကာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရမည်မှာ အသေအချာပင် ဖြစ်၏။
ချန်ရိကျွင်း သမီးဖြစ်သူကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး
"လက်ထပ်ပြီးသား သမီးဆိုတာ သွန်ထုတ်လိုက်တဲ့ ရေလိုပဲ။ နင် အိမ်ထောင်စုစာရင်း ခိုးပြီး လက်ထပ်ခဲ့တဲ့နေ့ကစပြီး နင်ဟာ ငါ့သမီး မဟုတ်တော့ဘူး။ နင် တောင်းစားရရင်တောင် ငါ့အိမ်ရှေ့ကို လာမတောင်းနဲ့! ထွက်သွား! ငါ နောက်တစ်ကြိမ် ထပ်မပြောစေနဲ့ဦး၊ အခုချက်ချင်း ထွက်သွားလိုက်တော့! နောက်ကိုလည်း ဘယ်တော့မှ မလာနဲ့၊ နင့်ယောင်္ကျားရဲ့ နာရေးဓာတ်ပုံကိုပဲ ဖက်ပြီး နေတော့။ နင် ချမ်းသာရင်လည်း ငါ့ကိစ္စ မဟုတ်သလို၊ ဆင်းရဲလို့ သေရင်လည်း ငါနဲ့ မဆိုင်ဘူး။ လင်းကျန့်ဝမ်နဲ့ ဇွတ်လက်ထပ်ခဲ့တာဆိုတော့ အခု ငါ့ရဲ့ ရက်စက်မှုကိုလည်း အပြစ်မတင်နဲ့တော့။ ဟုတ်တယ်... ငါ နောက်အိမ်ထောင် ပြုလိုက်ပြီ၊ နင့်အမေကိုလည်း ငါ မမှတ်မိတော့ဘူး။ နင့်မှာ အရည်အချင်းရှိရင် သူ့အတွက် တစ်သက်လုံး စောင့်ထိန်းပြီး နေလိုက်လေ၊ တစ်သက်လုံး နောက်အိမ်ထောင် မပြုနဲ့ဦး!"
ချန်ချင်းယွီ၏ မျက်လုံးများမှာ ပို၍ပင် ဝိုင်းစက်သွားတော့၏။
နေပါဦး၊ သူမက ဘာအကြောင်းကြောင့် နောက်ထပ် လက်ထပ်ချင်ရဦးမှာလဲ။
ယခုအခါ သူမသည် သစ္စာရှိသော ဇနီးသည် ပုံစံမျိုး ဖန်တီးနေခြင်းဖြစ်ရာ နောက်ထပ် လက်ထပ်ရန် စိတ်ကူးလည်း မရှိပါပေ။
သူမက အသံကျယ်ကျယ်ဖြင့်
"သမီးနဲ့ လင်းကျန့်ဝမ်က သံယောဇဉ် သိပ်ကြီးတာပါ။ သူ မရှိတော့ရင်တောင် သမီး နောက်အိမ်ထောင် မပြုဘူးလို့ ကျိန်ဆိုရဲပါတယ်။ သမီးက အဖေနဲ့ မတူဘူး။ သမီးက တစ်ယောက်ယောက်ကို ချစ်မိရင် တစ်သက်လုံးပါပဲ၊ သူ့ကိုပဲ ချစ်မှာပါ။ ကလေးတွေကိုလည်း ကောင်းကောင်း ပြုစုစောင့်ရှောက်ပြီး လင်းမိသားစုကိုလည်း စောင့်ရှောက်သွားမှာပါ။ အဖေ... သမီးက အဖေနဲ့ မတူဘူး! အဖေက နှလုံးသား မရှိဘူး၊ ရက်စက်တယ်။ သမီးအမေရဲ့ အလောင်းတောင် မအေးသေးဘူး၊ အဖေက နောက်မိန်းမ ချက်ချင်း ယူခဲ့တာလေ။ သူ့ကိုလည်း သမီးအပေါ် နှိပ်စက်ခွင့် ပေးခဲ့တယ်။ ဒါပေမဲ့ သမီးကတော့ အဲဒီလို မလုပ်နိုင်ဘူး။ သမီးက အဖေနဲ့ မတူဘဲ အမေနဲ့ တူတာပါ။ သံယောဇဉ်ကြီးတဲ့သူမို့လို့ လင်းကျန့်ဝမ်ကို တစ်သက်လုံး သတိရနေမှာပါ"
သူမသည် ချန်ရိကျွင်း၏ လက်ကို အရှိန်ဖြင့် ခါထုတ်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ ရုတ်တရက် ရူးသွပ်သွားသည့်အလား စားပွဲတင်ခုံကို မလိုက်တော့သည်။
"ဟာ... နင် ဘာလုပ်တာလဲ! နင်!"
ချန်ချင်းယွီသည် အစွမ်းကုန် အားထုတ်လိုက်ဟန်ဖြင့် ထိုစားပွဲတင်ခုံကို ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ပစ်ချလိုက်၏။
ခွမ်း!
ယခုအခါတွင်မူ အပေါ်ထပ် အောက်ထပ် လူများသာမက မျက်နှာချင်းဆိုင် တိုက်ခန်းများမှ လူများပါ ပြတင်းပေါက်မှ ခေါင်းပြူ၍ စိတ်ဝင်တစား ကြည့်ရှုနေကြပြီ ဖြစ်၏။
"နင် ဘာလုပ်တာလဲ!"
လူအချို့မှာ ချန်ချင်းယွီကို ဝိုင်းဆွဲကြသော်လည်း သူမမှာ အားတိုးဆေး တစ်မျိုးမျိုး စားထားသည့်အလား လူများကို အရှိန်ဖြင့် ခါထုတ်ပစ်လိုက်ပြီး မီးဖိုချောင်ထဲသို့ ပြေးဝင်သွားကာ အိုးခွက်ပန်းကန်များကို "ခွမ်းခနဲ၊ ဖြောင်းခနဲ" အသံမြည်အောင် အပြင်သို့ လွှတ်ပစ်၍ အော်ဟစ်လိုက်လေသည်။
"အမေ့ကို မမှတ်မိဘူးဆိုရင်လည်း အမေ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေကို မသုံးနဲ့တော့! အဖေက အမေ့ကျေးဇူးကြောင့် ဒီလိုဖြစ်လာတာ! အကုန်လုံး လွှတ်ပစ်မယ်၊ ပစ္စည်းမှန်သမျှ အကုန်လွှတ်ပစ်မယ်!"
ဟေး... ရှင်တို့က အမေ့အကြောင်း မကြားချင်ဘူးပေါ့…ကျွန်မကတော့ စာချီပြီးကို ပြောဦးမှာပဲ!
"နင် ဘာတွေ လျှောက်ပြောနေတာလဲ! ဒါတွေအားလုံး ငါ့ပိုက်ဆံနဲ့ ဝယ်ထားတာ၊ နင့်အမေနဲ့ ဘာဆိုင်လို့လဲ"
ချန်ချင်းယွီ ပြန်လည်ဟိန်းဟောက်လိုက်၏။
"အမေနဲ့သာ လက်မထပ်ခဲ့ရင် အဖေတို့ ညီအစ်ကို ၅ ယောက် ဆောင်းတွင်းမှာ ဂွမ်းဘောင်းဘီတစ်ထည်တည်းကို တစ်လှည့်စီ ဝတ်နေရမှာလေ။ အမေနဲ့သာ လက်မထပ်ခဲ့ရင် အဖေ့မှာ ဘယ်က အလုပ်ရှိလာမှာလဲ။ အမေနဲ့သာ လက်မထပ်ခဲ့ရင် ဘကြီးတို့ ဦးလေးတို့မှာရော ဘယ်က အလုပ်တွေ ရလာမှာလဲ။ အဖေ့ပိုက်ဆံ ဟုတ်လား။ အဖေတို့ရဲ့ ပိုက်ဆံတွေက အမေ့ကျေးဇူးကြောင့် ရလာတာလေ။ အခု အမေ မရှိတော့တာနဲ့ အဖေက ဒါတွေအားလုံး သူ့အပေါ် ကြွေးတင်နေတာပဲ! အမေ ဆုံးတာနဲ့ ဒီမိန်းမယုတ်ကို အိမ်ခေါ်လာပြီး သူ့သမီးနဲ့ပေါင်း သမီးကို အနိုင်ကျင့်ကြတယ်။ အမေသာ ရှိသေးရင် သမီးက ပျော်ရွှင်စရာ ကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်နေဦးမှာ၊ ဒီမိန်းမက အမေ့နေရာကို လုယူသွားတာ။ အဖေက အမေ့ကျေးဇူးနဲ့ ဒီနေ့လို ဘဝမျိုး ရောက်နေတာကို ကိုယ့်အားကိုယ်ကိုးသလိုနဲ့ ဟန်ဆောင်နေတာ၊ အဖေက လူလိမ်ကြီး၊ လူလိမ်ကြီး!!!"
သူမသည် အော်ဟစ်ရင်း အားရပါးရ ဆက်လက်ဖျက်ဆီးနေသဖြင့် ခဏအတွင်းမှာပင် အိမ်တစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားတော့၏။ သူမသည် ဖျက်ဆီးရင်း ငိုကြွေးနေကာ မည်သည့်အချိန်က မီးဖိုချောင်မှ ဓားကို ယူလိုက်သည်မသိ၊ ဓားတစ်လက်နှင့် အော်ဟစ်ဆိုနေသောအခါ မည်သူမျှ အနားမကပ်ရဲတော့ပေ။
"အဖေတို့က ပစ္စည်းတွေ ပျက်စီးတာကို သမီးအပေါ် ပုံချချင်နေတာ မဟုတ်လား။ ပုံချချင်တယ်ဆိုရင်လည်း သမီး တကယ်ပဲ ဖျက်ဆီးပြလိုက်မယ်! ဒါတွေအားလုံးကလည်း အမေ့ကျေးဇူးနဲ့ ရထားတာတွေပဲဥစ္စာ။ အဖေက သံယောဇဉ်မရှိဘူး၊ တကယ်ကို အောက်တန်းကျတဲ့ ယောကျ်ားပဲ..."
သူမသည် ပုခုံးများ တုန်ရင်အောင် ငိုကြွေးနေပြီး စိတ်ကုန်မတတ် ဖြစ်နေသော ပုံစံမျိုး ပေါ်ပေါက်နေလေသည်။ ဘေးမှ ကြည့်နေသော အိမ်နီးချင်းများကလည်း သက်ပြင်းချကာ
"လူကို အနိုင်ကျင့်လွန်းတာပဲ၊ ကြည့်စမ်း... ကလေးမလေးကို ဘယ်လောက်တောင် ဖိအားပေးထားသလဲ"
"ခွေးလည်း အကျပ်ရိုက်ရင် နံရံကျော်တက်တာပဲလေ၊ ဘယ်လိုလုပ် ဒီလောက်ထိ နှိပ်စက်ရတာလဲ။ မောင်ရင်ချန် လုပ်တာလည်း မဟုတ်သေးဘူး"
"ငါကြည့်ရတာတော့ ဒီကလေးမလေးက တကယ်ပဲ နိမိတ်မရှိသူပဲ။ ကြည့်ဦး... အိမ်တစ်ခုလုံး ဘယ်လိုဖြစ်ကုန်ပြီလဲ"
"သူ့ယောင်္ကျား ဆုံးတာ မကြာသေးဘူး၊ မောင်ရင်ချန်က သူ့ဒဏ်ရာပေါ် ဆားနဲ့ ပက်နေတာကိုး၊ ဘယ်သူက ခံနိုင်မှာလဲ။ သူက အဲဒီ ကောင်လေးနဲ့ သံယောဇဉ် သိပ်ကြီးတာလေ"
"ဒါလည်း ဟုတ်တာပဲ။ မောင်ရင်ချန် ပြောတဲ့ စကားတွေကလည်း တကယ်ကို နားမခံသာဘူး။ ဒါပေမဲ့ ဒီကောင်မလေးကတော့ သံယောဇဉ်ကြီးရှာသားပဲ"
"သံယောဇဉ်မကြီးရင် အိမ်ထောင်စုစာရင်း ခိုးပြီး လက်ထပ်ပါ့မလား။ အဲဒီတုန်းက သူ ခိုးပြီး လက်ထပ်ခဲ့တာလေ။ ဒီကလေးမလေးက ငြိမ်နေပေမဲ့ တစ်ခါတစ်လေကျရင်လည်း ဒီလိုမျိုး ကြမ်းတတ်တာပဲ၊ သာမန်လူဆို ခံနိုင်မှာမဟုတ်ဘူး..."
"မောင်ရင်ချန်... အဲ... ချန်ချင်းယွီ၊ ချင်းယွီလေးရယ်... ဓားကို အရင်ချလိုက်ပါဦးနော်။ ညည်းအဖေမှာလည်း သူ့အခက်အခဲနဲ့သူ ရှိမှာပေါ့၊ သမီးတစ်ယောက်အနေနဲ့ အဖေ့ကို နားလည်ပေးရမှာပေါ့"
"ဟုတ်ပါ့... မိဘဆိုတာ အပြစ်မရှိပါဘူး၊ ညည်းက ဒီလိုလုပ်တာ မကောင်းဘူးလေ။ ကြည့်စမ်း... အိမ်က ပစ္စည်းတွေ အကုန်ပျက်စီးကုန်ပြီ၊ ပိုက်ဆံတွေ ဘယ်လောက်တောင် ကုန်မလဲ။ ညည်းကတော့ တကယ့် ဖြုန်းတီးတာပဲ။ ဒီလိုဆို ညည်းအဖေ ဘယ်လို ဆက်နေထိုင်မလဲ"
"နင်က ဘာတွေ လျှောက်ပြောနေတာလဲ။ ငါကြည့်ရတာတော့ ဒီကိစ္စက ချင်းယွီလေးရဲ့ အပြစ်မဟုတ်ဘူး! ချင်းယွီ... ဒါက နင့်အပြစ်မဟုတ်ဘူးဆိုတာ ငါတို့ အကုန်သိပါတယ်။ ဓားကို မြန်မြန်ချလိုက်ပါ၊ တချို့လူတွေရဲ့ စကားကို နားမယောင်နဲ့၊ ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် ဓားကို အရင်ချပါဦး..."
အဘွားအိုတစ်ဦးက ချော့မော့ပြောဆိုလိုက်ပြီး စောစောက စကားပြောသောသူအား စိုက်ကြည့်ကာ - "ကွမ်းထိုချန်၊ သူ့ကို သွားပြီး မဆွနဲ့" ဟု ဆိုလိုက်၏။
"မဟုတ်ပါဘူး... သူက စိတ်ထိခိုက်သွားတာနဲ့ ရူးသွားတာလား"
"နင်က မျက်လုံးမပါဘူးလား။ ချန်ရိကျွင်းတို့ ဇနီးမောင်နှံက သူ့ကို အမြဲ ဆွနေလို့ ဒီလိုဖြစ်သွားတာ မဟုတ်လား"
"ဟုတ်တယ်၊ ဟုတ်တယ်"
အားလုံးကလည်း သဘောပေါက်သွားကြပြီး
"ချင်းယွီ... ဓားကို မြန်မြန်ချလိုက်ပါ"
"ဟုတ်တယ်၊ ဒီနေ့ကိစ္စက ညည်းအဖေတို့မှာ တာဝန်ရှိတယ်၊ သူတို့ လုပ်ပုံက မကောင်းဘူး။ ဒါပေမဲ့ ညည်း ဒီလိုလုပ်တာက ညည်းနာမည်အတွက် မကောင်းဘူးလေ။ စဉ်းစားကြည့်ဦး... ငါတို့ လူသားတွေဆိုတာ နာမည်နဲ့ နေထိုင်ကြရတာ မဟုတ်လား။ ဓားကို အရင်ချလိုက်ပါနော်"
"ဒါက နင့်အဖေနဲ့ဝေရှု့ဖန်းရဲ့ အမှားပါ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ဒုက္ခမပေးပါနဲ့"
လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းဝန်းဖျောင်းဖျနေကြ၏။
ထိုအချိန်တွင် ရှီကျန့်ရှန်းတို့မှာ ကျောက်ရုပ်များအလား မှင်တက်နေကြပြီ ဖြစ်သည်။ ချန်ချင်းယွီ မိဘအိမ်ကို ပြန်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့သော်လည်း ပြန်စဉ်းစားကြည့်လျှင်လည်း မှန်ကန်လှ၏။ ချန်ချင်းယွီသည် မိဘအိမ်မှလွဲ၍ အခြား မည်သည့်နေရာသို့ သွားနိုင်ဦးမည်နည်း။ အမှန်အတိုင်းပြောရလျှင် ချန်ချင်းယွီ၏ မိဘအိမ် မည်သည့်နေရာတွင် ရှိသည်ကို ယခုမှ သူတို့ ပထမဆုံး သိရှိခြင်း ဖြစ်သည်။ သူမ မည်သူ့ကို ရှာနေသည်ကို မသိရသေးမီမှာပင် အပေါ်ထပ်မှ "ခွမ်းခနဲ၊ ဖြောင်းခနဲ" အသံများ ကြားလိုက်ရပြီး လူအများအပြားမှာလည်း လှေကားတွင် ပြည့်နှက်နေတော့၏။ သူတို့မှာ လူအုပ်ကြားထဲတွင် ညပ်နေသဖြင့် အခန်းထဲကို သေချာမမြင်ရသော်လည်း အသံများကို ကြားရုံနှင့်တင် လုံလောက်လှပြီ ဖြစ်သည်။
အာ... ချန်ချင်းယွီ ထပ်ပြီး ရူးသွားပြန်ပြီ။
ချန်ချင်းယွီသည် မိဘအိမ်တွင် အားရပါးရ ဖျက်ဆီးပြီးနောက် ယခုအခါတွင်မူ အင်အားကုန်ခမ်းသွားသည့်အလား ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ချန်ရိကျွင်းသည် မျက်လုံးများ နီမြန်းလျက် ဤသမီးမိုက်ကို သတ်ပစ်ချင်သည့်အလား စိုက်ကြည့်နေ၏။
"နင်... နင်... နင်..."
ဒေါသကြောင့် သွေးတက်နေပုံရလေသည်။
သူက ချန်ချင်းယွီကို လက်ညှိုးထိုးပြလိုက်စဉ် ချန်ချင်းယွီက ဓားကို ရုတ်တရက် ပစ်ချလိုက်ပြီး မျက်နှာကိုအုပ်ကာ ငိုကြွေးလိုက်၏။
"မိထွေးရှိရင် ဖအေက ပထွေးဖြစ်တာပဲ၊ သမီး လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက သိသင့်တာ။ သမီးက လူအပဲ၊ သမီး သိပ်အတာပဲ။ အဖေက နှုတ်ကသာ ခါးပေမဲ့ စိတ်ထားနူးညံ့မယ်လို့ သမီး အမြဲ ထင်ခဲ့မိတာ၊ တကယ်တော့ အားလုံးက လူလိမ်တွေပဲ... သမီး သွားပါ့မယ်၊ သမီး သွားလိုက်ပါ့မယ်။ ဟီး..."
သူမသည် အားယူ၍ ထရပ်လိုက်ပြီးလျှင်
"နောင်တစ်ချိန်မှာ သမီး တောင်းစားရရင်တောင် အဖေ့အိမ်ရှေ့ကို မလာပါဘူး! အဖေ... အဖေက အမေ့အပေါ်ရော၊ သမီးအပေါ်မှာရော မတရားခဲ့ဘူး!!!"
သူမသည် လူအုပ်ကို တိုးဝှေ့ကာ ထွက်ပြေးသွားလေတော့သည်။
ဝရန်တာတွင် လူများပြည့်နေသော်လည်း ချန်ချင်းယွီအတွက်မူ လမ်းတစ်ခု အလိုလို ပွင့်သွား၏။ သူမအား ထပ်မံ စိတ်ဆွမိမည်ကို အားလုံးက ကြောက်ရွံ့နေကြသည်။
မည်သူမျှ ပြဿနာထဲ မတိုးရဲကြပေ။
ချန်ချင်းယွီသည် စိတ်ပြိုလဲလုမတတ် ဖြစ်နေသော ပုံစံဖြင့် ထွက်ပြေးလာခဲ့သော်လည်း...
တစ်နေရာအရောက်တွင်မူ အရှိန်အဟုန်ဖြင့် ပြေးလွှားလိုက်၏။
ရန်ဖြစ်ခဲ့သော်လည်း မှောင်ခိုဈေးသို့ သွားရန်မှာမူ အချိန်မီသေးသည်။
သူမသည် သိပ်ကို အလုပ်ရှုပ်လှ၏။ နိုးထလာကတည်းက ပြဿနာရှာရန် လမ်းပေါ်သို့ အမြဲရောက်နေရသဖြင့် အချိန်တိုင်း စိတ်လှုပ်ရှားနေရသည်။ ရူးသွပ်ဟန်ဆောင်ရသည်မှာ ကြည့်မကောင်းသော်လည်း အသုံးဝင်လှ၏။ အောက်တန်းကျသူများကို ကိုင်တွယ်ရန်မှာ မိမိကိုယ်တိုင်လည်း အောက်တန်းကျရန် လိုအပ်သည်မဟုတ်လော့။
သို့သော်လည်း သူမသည် ရိက္ခာဝယ်ယူရန် လိုအပ်ဆဲ ဖြစ်သည်။ ဗိုက်ဝမှ ကျန်းမာရေး ကောင်းမွန်မည် ဖြစ်၏။
ဤကဲ့သို့သော လူမျိုးစုံကို ရင်ဆိုင်ရန်အတွက် ခွန်အားနှင့် စွမ်းအင် လိုအပ်သည်တည်းသာ။
သူမသည် ဆူညံပွက်လောရိုက်အောင် လုပ်ခဲ့ပြီး ထိုနေရာတွင် မူးလဲလုနီးပါး ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ စိတ်ခွန်အားများ အပြည့်အဝ ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း ချန်ချင်းယွီ နောက်ပိုင်း အခြေအနေကို စောင့်ကြည့်ကာ ငြိမ်ငြိမ်လေး နေရန် စဉ်းစားလိုက်၏။
မျောက်ကို ခြောက်ရန် ကြက်ကို သတ်ပြခြင်းမှာ တစ်ကြိမ်၊ နှစ်ကြိမ်ဆိုလျှင် လုံလောက်လှပြီ ဖြစ်သည်။ များလွန်းပါက ထိရောက်မှု ရှိတော့မည်မဟုတ်ပေ။
နောက်ပိုင်းတွင် ပြဿနာရှိပါက သူမ၏ ယောက္ခမကိုသာ ရှေ့ထွက်ခိုင်းတော့မည် ဖြစ်၏။
ချန်ချင်းယွီသည် နောက်ပိုင်းတွင် ငြိမ်ငြိမ်လေး နေထိုင်ရတော့မည်ကို နှမျောတသ ဖြစ်နေသော်လည်း ဟန်ဆောင်ရန်မှာမူ လိုအပ်နေသေးသည်။ သူမသည် မိမိ၏ ပါးကို ပုတ်လိုက်ကာ - "ကြိုးစားစမ်းပါ!" ဟု ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်၏။
မှောင်ခိုဈေးရေ... ငါ လာပြီဟေ့!