← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

၁၇။ လူကြောက်

ချန်ချင်းယွီသည် မိမိ၏အခြေအနေကို စောစောစီးစီးကတည်းက သဘောပေါက် နားလည်ထားပြီးသား ဖြစ်သည်။

သူမသည် အချိန်ကို အလွဲသုံးစား မဖြစ်စေဘဲ မှောင်ခိုဈေးသို့ အမြန်ဆုံး ခြေဦးလှည့်ခဲ့၏။ ဤနေရာသို့ သူမ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်၍ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီသည်လည်း ခေတ်ဟောင်းနောက်ခံ ဝတ္ထုများကို ဖတ်ဖူးသူဖြစ်ရာ ထိုဝတ္ထုများထဲတွင် ဇာတ်လိုက်ဆိုသူတိုင်း မှောင်ခိုဈေးသို့ မရောက်ဖူးသူဟူ၍ မရှိသလောက်ပင်။

သို့သော်လည်း ထိုသူများသည်ကား ပစ္စည်းဝယ်ရန်လာကြခြင်း မဟုတ်ဘဲ ပစ္စည်းရောင်းချခြင်း၊ ကုန်ပစ္စည်းများကို အလုံးအရင်းနှင့် ထုတ်ရောင်းကြသည့် ကုန်သည်ကြီးများအဖြစ် လာကြခြင်းဖြစ်၏။

သူမလိုမျိုး ရိက္ခာဝယ်ရန် လာရသည့်သူမှာတော့ ဇာတ်လိုက်မတစ်ယောက်၏ ဂုဏ်သိက္ခာမျိုး လုံးဝမရှိပေ။ ဇာတ်လိုက်မဆိုလျှင် ကိုယ်ပိုင်နေရာလွတ် တစ်ခုလောက်တော့ ရှိသင့်သည်မဟုတ်လော့။

သူမသည်ကား ဇာတ်ရံငါးစာလေးတစ်ကောင်မျှသာ။ ခေတ်စားနေသည့် ဝတ္ထုထဲ ကူးပြောင်းရောက်ရှိသွားခြင်းမျိုး မဟုတ်၍သာ တော်တော့၏။ အကယ်၍သာ ဝတ္ထုထဲ ကူးပြောင်းသွားခဲ့လျှင်လည်း ဇာတ်ပို့နေရာကသာ ပါဝင်ရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ သူမသည် မိမိဘဝ၏ ဇာတ်လိုက်ပင် ဖြစ်သည်။

ချန်ချင်းယွီသည် မိမိဘာသာ ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် လည်ပတ်ပုဝါကို ထုတ်၍ မျက်နှာကို စည်းလိုက်၏။ ဇာတ်လိုက်မကံဇာတာမျိုး မပါလာလေ၍ ကိုယ့်ဘာကိုယ် သတိထားနေထိုင်ခြင်းက အကောင်းဆုံးပင်။ သူမသည် မှောင်ခိုဈေးသို့ အမြန်ရောက်လာခဲ့သည်။ မှောင်ခိုဈေးက လမ်းကြားတစ်ခုထဲတွင် ရှိပြီး ချန်ချင်းယွီ တစ်ချက်ဝေ့ကြည့်လိုက်ရာ လမ်းကြားထိပ်တွင် မသင်္ကာဖွယ် လူငယ်အချို့ကို တွေ့ရ၏။ ထိုသူများသည် နေရာကို စောင့်ကြပ်ကြည့်ရှုပေးနေသူများ ဖြစ်ပုံရသည်။

ချန်ချင်းယွီသည် ဤနေရာတွင် ပြဿနာရှာရန် စိတ်ကူးမရှိပေ။ သူမသည် တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ဦးနှောက်မရှိသည့်သူမျိုး မဟုတ်ချေ။ သူမသည် ခန္ဓာကိုယ်ကို အနည်းငယ်ကျုံ့၍ လမ်းကြားထဲသို့ တိုးဝင်သွားလိုက်၏။ တစ်စုံတစ်ယောက်၏ အကြည့်များ သူမအပေါ် ကျရောက်နေသည်ကို ခံစားမိသော်လည်း ဘာမှမသိသလို ဟန်ဆောင်ကာ အမြန်လျှောက်သွားလိုက်သည်။ ယခုအချိန်သည် နေ့ခင်းဘက်ထက် လူပိုများနေ၏။ ဤကဲ့သို့ ကိစ္စမျိုးတွင် လူတိုင်းက အလွန်သတိထားကြသည်။ ချန်ချင်းယွီသည် ရိက္ခာရောင်းသည့် ဆိုင်တန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။ မှောင်ခိုဈေးတွင် ဆန်ကြမ်း၊ ဆန်ချော အကုန်ရှိသော်လည်း ရိက္ခာလက်မှတ် မပါလျှင်တော့ ဈေးအနည်းငယ် ပိုပေးရသည်။ ချန်ချင်းယွီတွင် ရိက္ခာလက်မှတ်မရှိသဖြင့် ဈေးကြီးပေး၍သာ ဝယ်ရတော့မည်တည်း။

မှောင်ခိုဈေးသည် မှောင်ရိပ်သန်းနေပြီး လူတိုင်းက အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့်သာ သွားလာနေကြသည်။ ဝယ်သူရောက်လာမှသာ ဓာတ်မီးကို တစ်ချက်ဖွင့်၍ ပြတတ်ကြ၏။ တစ်ဦးနှင့်တစ်ဦး မျက်နှာမြင်သွားမည်ကို အလွန်စိုးရိမ်ကြသဖြင့် အပြောအဆိုနည်းကြပြီး ဈေးဆစ်ခြင်းမျိုးဆိုလျှင် ပို၍ပင် မရှိသလောက်ပင်။

ချန်ချင်းယွီ : "!!!"

ဝတ္ထုထဲကအတိုင်း တစ်စက်ကလေးမျှ မတူပါလား..

သူမသည် ပို၍သတိထားလိုက်ပြီး အသံကိုနှိမ့်ကာ မေးလိုက်သည်။

"ဆန်နဲ့ ဂျုံမှုန့် ရှိလား?"

ဆန်ကြမ်းချည်းသာ စားနေရလျှင်တော့ သူမ ခံနိုင်မည်မဟုတ်ပေ။

"ရှိတယ်၊ ဘယ်လောက်ယူမလဲ?"

ချန်ချင်းယွီကလည်း အသံကို ထပ်နှိမ့်လိုက်ကာ "အများကြီးပေးပါ" ဟု ပြောလိုက်၏။

သူမသည် ဤနေရာတွင် ကြာကြာမနေရဲသဖြင့် ဆန်ကျင်း၂၀ နှင့် ၃၀ ကျင်း ရှိသည့် ဂျုံမှုန့်တစ်အိတ်ကို အမြန်ဝယ်ယူလိုက်သည်။ မူလက ဤမျှအများကြီး ဝယ်ရန် စိတ်ကူးမရှိသော်လည်း အိတ်အပိုမပါလာသဖြင့် တစ်အိတ်လုံးကိုသာ သိမ်းကြုံးဝယ်လိုက်ခြင်း ဖြစ်သည်။ ဆန်ချောများအပြင် ပြောင်းဖူးမှုန့် ကျင်း ၅၀ ကိုလည်း ဝယ်လိုက်သေး၏။ ကံကောင်းထောက်မစွာဖြင့် သူမတွင် ငွေအလုံအလောက် ပါလာသဖြင့် မဆိုင်းမတွပင် ငွေရှင်းလိုက်လေသည်။

ချန်ချင်းယွီသည် အထုပ်ကြီးကို ပုခုံးပေါ်သို့ တန်းတင်လိုက်ပြီး ကျင်း ၁၀၀ လောက်ရှိသော ထိုအထုပ်ကို ဘာမှမဖြစ်သလိုမျိုး သယ်ဆောင်ပြီး မှောင်ခိုဈေးထဲမှ ဝှစ်ခနဲ ပြန်ထွက်လာခဲ့၏။

မှောင်မည်းနေ၍သာ တော်တော့သည်။ မဟုတ်လျှင် ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းကို မြင်ပြီး လူတိုင်း အံ့အားသင့်သွားကြမည်မှာ မြေကြီးလက်ခပ်မလွဲပင်။ သို့သော်လည်း ချန်ချင်းယွီက အပြေးမြန်လွန်းလှရာ ဘေးပတ်ဝန်းကျင်ရှိ လူအချို့ သတိမမူမိခင်မှာပင် အထုပ်ကြီးထမ်း၍ ပြေးထွက်သွားနှင့်ပြီ ဖြစ်၏။

ထိုအဖြစ်အပျက်ကြောင့် မှောင်ခိုဈေးတွင် ပုံပြင်တစ်ပုဒ် ချက်ချင်းပြန့်သွားလေတော့သည်။

"ယောက်ျားတစ်ယောက်က မိန်းမလို ဝတ်စားထားတာ၊ ဒါပေမဲ့ သူ့ရဲ့ ခွန်အားက သူ့အတွက်ဖော်ကောင် ဖြစ်သွားတယ်" ဟူ၍ပင်တည်း။

ချန်ချင်းယွီ၏ ခွန်အားသည် သူမအတွက် အကောင်းဆုံး ဖုံးကွယ်မှု ဖြစ်သွားခဲ့သည်။ သူမသည် အိမ်သို့ ခပ်မြန်မြန် ပြေးလာခဲ့သော်လည်း ယခုအချိန်တွင် အဘွားကြီးကျောက်မှာ ဆဲဆိုလွန်း၍ လည်ချောင်းပင် နာနေပြီဖြစ်ကြောင်း သူမ မသိသေးပေ။ ချန်ချင်းယွီ ပြန်မလာသေးသရွေ့ သူမလည်း အိမ်ထဲ ပြန်ဝင်၍မရပေ။

အဘွားကြီးကျောက်သည် စောစောလေးတင် အရိုက်ခံထားရသဖြင့် အခြေအနေအရ အရပ်စကားနှင့် ပြောရလျှင် "အလိုက်သိ" နေရသည်။

အိမ်နီးနားချင်းများမှာလည်း ညဘက်တွင် အခြားဖျော်ဖြေစရာ မရှိသဖြင့် စတုတ္ထမြောက် ဝင်းထဲသို့ စုရုံးရောက်ရှိလာပြီး အားပါးတရ အကဲခတ်နေကြ၏။ အဘိုးကြီးမာတစ်ယောက် လာရောက်ဖျန်ဖြေပေးသော်လည်း အဘွားကြီးကျောက်က လက်ပါခြင်းမရှိဘဲ ဆဲရုံသာဆဲနေခြင်း ဖြစ်ပြီး အဘွားကြီး ဟွမ် သည်လည်း အခန်းထဲကနေ ပြန်လည် အသံပြိုင် ဆဲဆိုနေလေသည်။

အဘွားကြီးနှစ်ယောက်၏ စစ်ပွဲမှာ အရှိန်တက်နေဆဲတည်း။ အဘိုးကြီးမာ လည်း မကြာခင်မှာပင် လက်လျှော့ကာ ဆုတ်ခွါသွားရသွားရရှာ၏။ အဘွားကြီးကျောက်မှာ တကယ်ကို ဆဲတတ်လွန်းလှသည်။ ဆဲပုံဆဲနည်းမှာလည်း အမျိုးမျိုးပင်။ ရန်ဖြစ်ဆဲဆိုခြင်းနှင့် အဓိပ္ပာယ်မရှိ ပြဿနာရှာခြင်းတွင် သူမသည်ကား ပညာရှင်အဆင့်ပင် ဖြစ်၏။ အဘွားကြီးကျောက် အော်ဟစ်ဆဲဆိုနေစဉ်မှာပင် ချန်ချင်းယွီသည် အိမ်ရှေ့တံခါးမကြီးမှ မဝင်ဘဲ အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်သွားလိုက်သည်။ သူမ ဝယ်လာသော ပစ္စည်းများကို အိမ်ခေါင်မိုးပေါ်တွင် တင်ထားပြီးမှ အပြင်ဘက်သို့ ပြန်ထွက်ကာ ပတ်ဝင်လာခဲ့၏။ တစ်လမ်းလုံး အပြေးလာခဲ့ရသဖြင့် အသက်ရှူသံများ ပြင်းထန်နေသော်လည်း အရှေ့ဝန်းထဲတွင် လူမရှိသဖြင့် သူမသည် စတုတ္ထမြောက် ဝန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

အဘွားကြီးကျောက်ခမျာ ပါးစပ်မှ မီးခိုးထွက်မတတ် ဆဲဆိုနေဆဲဖြစ်၏။

"နင်တို့အိမ်က လူမဆန်တဲ့ ကောင်တွေ၊ နင်တို့မှာ အရည်အချင်းရှိရင် အပြင်က တကယ်တော်တဲ့လူတွေကို သွားယှဉ်လေ၊ အခုတော့ ဝင်းထဲက လူတွေကိုပဲ နိုင်စားနေကြတယ်။ နင်တို့က ယုတ်မာတယ်၊ သိက္ခာမရှိဘူး၊ အောက်တန်းစားတွေ။ နင်တို့က ကုသိုလ်ကံ မရှိတဲ့ ပြိတ္တာလိုကောင်တွေ..."

"အမေ..."

ချန်ချင်းယွီသည် လူအုပ်ကြားထဲမှ တိုးဝင်လာပြီး အဘွားကြီးကျောက်ကို တွဲလိုက်သည်။

အဘွားကြီးကျောက်မှာ ဆဲဆိုရလွန်း၍ အာခေါင်များ ခြောက်ကပ်နေပြီ ဖြစ်သည်။ သူမ ဆဲလာသည်မှာ နှစ်နာရီကျော်ပြီး သုံးနာရီနီးပါး ရှိတော့မည်။

ဒီအရူးမက အခုမှ ပြန်လာရသလား၊ တကယ်ကို လူမဟုတ်တဲ့ ကောင်မလေးပဲ!

သာမန်အချိန်ဆိုလျှင် နောက်ထပ် သုံးနာရီလောက် ဆက်ဆဲနိုင်သေးသော်လည်း ယနေ့မှာတော့ သူမ လည်ပင်း ညှစ်ခံထားရသဖြင့် လည်ချောင်းက နေလို့မကောင်း ဖြစ်နေသည်။

တကယ်ကို သနားစရာပင်!

အဘွားကြီးကျောက် ဒေါသတကြီးဖြင့် အော်လိုက်ပြီး ဒေါသက ထိန်းမရတော့ပေ။

"နင်က ဘာလို့ အခုမှ ပြန်လာတာလဲ!!"

ချန်ချင်းယွီမှာ ကြောက်ရွံ့တုန်လှုပ်နေသော ချွေးမငယ်လေးအသွင်ဖြင့် တိုးတိုးလေး ပြောလိုက်၏။

"အဖေနဲ့ ဒေါ်လေးဝေက ပိုက်ဆံ မချေးပေးဘူး"

အဘွားကြီးကျောက် ခဏတာ ကြောင်အသွားပြီးနောက် ချက်ချင်းပင် ဟန်မပျက် ပြန်ဆဲလိုက်သည်။

"နင့်ကို အိမ်ပြန်ပြီး ပိုက်ဆံချေးခိုင်းတာကို ဒီလောက်ပဲ လုပ်နိုင်တာလား? နင်က ဘာအသုံးကျသေးလို့လဲ! တကယ်ပဲ ဘာခိုင်းခိုင်း မဖြစ်မြောက်တဲ့ အမှိုက်ကောင်မလေး!"

ချန်ချင်းယွီသည် ခေါင်းလေးငုံ့ကာ ဘာမှပြန်မပြောဘဲ နေလိုက်သည်။

တကယ့်ကို ခပ်နုံနုံနှင့် သနားစရာ ပုံစံလေးပင်။

အဘွားကြီးကျောက်: "နင်က..."

ချန်ချင်းယွီသည် အဘွားကြီးကျောက်၏ လက်မောင်းကို ဆုပ်ကိုင်ထားသော လက်ကို အနည်းငယ် တင်းလိုက်ပြီး

"အမေ၊ ကျွန်မတို့ ပြန်ရအောင်၊ အိမ်ရောက်မှ ပြောကြမယ်လေ"

အဘွားကြီးကျောက် ခေတ္တတွေဝေသွားပြီးမှ အဘွားကြီး ဟွမ်ကို စိုက်ကြည့်ကာ ပြောလိုက်၏။

"ဒီနေ့တော့ နင့်ကို လွှတ်ပေးလိုက်မယ်၊ နောက်တစ်ခါ ငါ့အိမ်ကို လာပြဿနာရှာကြည့်ဦး၊ နင့်ကို မညှာဘူးမှတ်! ဟဲ... ဖွီဖွီ!"

သူမသည် တံတွေးတစ်ချက် ထွေးလိုက်ရာ တံခါးပေါ်သို့ တည့်တည့်ကျသွားသဖြင့် ဘေးပတ်ဝန်းကျင်မှ လူများပါ ရွံရှာသွားကြသည်။ မည်သို့ပင်ဖြစ်စေ လူကတော့ ချွေးမနောက်ကို လိုက်သွားပြီ ဖြစ်၏။ လူတိုင်းလည်း စိတ်သက်သာရာ ရသွားကြရှာကာ၊ ဆဲသံများ နားပူလွန်း၍ နားထဲတွင် အဖုအကျိတ်များ ထွက်တော့မတတ် ခံစားနေရပြီး ထိုမိန်းမကြီး၏ ယဉ်ကျေးမှု မရှိပုံကိုသာ စိတ်ပျက်နေကြတော့သည်။

အဘွားကြီးကျောက်သည် သူတစ်ပါး၏ နှာခေါင်းရှုံ့ကြည့်နေသော အကြည့်များကို ဂရုမစိုက်ဘဲ ချန်ချင်းယွီ၏ တွဲကူမှု ဖြင့် အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ စတုတ္ထမြောက်ဝန်းထဲမှ ထွက်လာရုံရှိသေး ရှီကျန့်ရှန်းနှင့် တည့်တည့်တိုးလေ၏။ ရှီကျန့်ရှန်းက မဝံ့မရဲ ပြုံးပြရင်း "အိမ်ပြန်မနားကြသေးဘူးလား" ဟု နှုတ်ဆက်ရှာသည်။

ချန်ချင်းယွီ "အင်း" ဟုသာ ခပ်တိုးတိုး ပြန်ဖြေလိုက်သော်လည်း အဘွားကြီးကျောက်မှာမူ အားမနာတမ်း အော်ငေါက်လေတော့သည်။

"နင့်အလုပ်လား! ညကြီးမင်းကြီး အပြင်ထွက်ပြီး ဘာလုပ်မလို့လဲ၊ လင်ခိုးမလို့လား!"

ရှီကျန့်ရှန်းမှာ ဒေါသထွက်လွန်း၍ ပြန်ဆဲမိတော့မည်ပင်။

သူမက ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်ပါ၊ ဘာကြောင့် ဒီလို အရှက်ခွဲတာကို ခံရမှာလဲ!

သူမ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။

"ရှင် ဘာလို့ ဒီလို စကားပြောရတာလဲ၊ ကျွန်မက ညဘက် အပြင်ကို စိတ်ကြိုက်ထွက်လို့ မရဘူးလား? ရှင့်ချွေးမတောင် အပြင်ထွက်သေးတာပဲ၊ ရှင့်အိမ်ကလူကိုပဲ ရှင်နိုင်အောင် အုပ်ချုပ်စမ်းပါ!"

အဘွားကြီးကျောက်: "ဟဲ့... ဖွီ! ငါ့ချွေးမက သူ့မိဘအိမ်ကို ပိုက်ဆံသွားချေးတာ၊ နင့်မှာက အားကိုးရမယ့် မိဘအိမ်တောင် ရှိတာမဟုတ်ဘဲ ဘာတွေ ဟန်ဆောင်နေတာလဲ!"

ထိုစဉ် သူမ၏ လက်မောင်းကို တစ်စုံတစ်ယောက်က ဆိတ်လိုက်သလို ခံစားလိုက်ရသည်။ ချန်ချင်းယွီ အချက်ပေးသည့်အနေဖြင့် လက်ဖြင့် အသာအယာ ဆိတ်တို့လိုက်ခြင်း ဖြစ်၏။ အဘွားကြီးကျောက်သည် ချက်ချင်းပင် ရိပ်မိသွားပြီး အသံကုန်ဟစ်ကာ ဆဲဆိုလေတော့သည်။

"ဟောဒီမှာ ကြည့်ကြပါဦး... ရှီကျန့်ရှန်း၊ နင် ဘာလို့ အပြင်မှာ ရောက်နေတာလဲဆိုတာ ငါသိပြီ၊ နင် ငါ့ချွေးမနောက်ကို ခိုးလိုက်နေတာမလား? မဟုတ်ရင် သူမ အပြင်က ပြန်လာတာကို နင်က ဘယ်လိုလုပ် သိနေမှာလဲ? နင်က လူမဆန်တဲ့ဟာမပဲ! အားလုံးပဲ လာကြည့်ကြပါဦးရှင်! ရှီကျန့်ရှန်းက လူစိတ်မရှိတဲ့ဟာမကြီးတော်၊ ကိုယ်တိုင်က ယုတ်မာတဲ့စိတ်ရှိတော့ သူတစ်ပါးအိမ်ကိုပဲ အမြဲချောင်းနေတာ။ ပြောစမ်း... နင် ငါ့အိမ်က အလုပ်နေရာကို ထပ်ပြီး မျက်စိကျနေတာမလား? နင် တစ်နေရာကိုတော့ လိမ်ယူသွားပြီးပြီ၊ အခုထိ ငါ့အိမ်ကိုပဲ ထပ်ချောင်းနေတုန်းလား? နင်က သိုးတစ်ကောင်တည်းကိုပဲ အမွှေးကုန်အောင် ညှပ်ချင်နေတာပေါ့လေ! နင် လူမဟုတ်ဘူး! နင့်ကို ငါ သတ်ပစ်မယ်!"

အဘွားကြီးကျောက်သည် ရွှီကောင်းမင်၊ ရှီကျန့်ရှန်း ဇနီးမောင်နှံနှင့် ရန်ငြိုးအဆက်ဆက် ရှိသူဖြစ်ရာ ထိုသူတို့အကြောင်း ပြောလိုက်သည်နှင့် ဒေါသတကြီး ပေါက်ကွဲလေတော့၏။ သူမသည် ရှေ့သို့ပြေးထွက်ကာ ရှီကျန့်ရှန်း၏ ဆံပင်ကို ဆွဲလိုက်ပြီး ပါးရိုက်ချလိုက်သည်။

"နင် စိတ်ကောင်းမရှိတဲ့ဟာမ! စိတ်ပုပ်တဲ့ ခွေးမ၊ ငါ့ချွေးမနောက်ကို ခိုးလိုက်ရဲတယ်ပေါ့၊ ပြောစမ်း... နင် ဘာကြံစည်နေတာလဲ! ယုတ်မာတဲ့ မိန်းမယုတ်!"

"ရှင် ဘာလုပ်တာလဲ? ဘာလို့ လူကို ရိုက်ရတာလဲ?"

အစ်မကြီးဖန်မှာ တစ်လမ်းလုံး မောနေသည့်ကြားက ပြန်လာပြီး ရန်ပွဲကို ဝင်တားရပြန်သည်။

"တော်ပြီ၊ တော်ကြပါတော့၊ ဘာတွေ ဖြစ်နေကြတာလဲ? ဒေါ်ကြီးကျောက်၊ ရှင်က ဘာလို့ ပြဿနာ ခဏခဏ ရှာနေရတာလဲ? ဘာဖြစ်ဖြစ် ရှင့်ကြောင့်ချည်းပဲ! ဒါ ရှင့်အိမ်က အိပ်ရာပေါ် မဟုတ်ဘူးနော် (ကိုယ့်သဘောအတိုင်း လုပ်လို့မရဘူးလို့ ဆိုလိုခြင်း)"

သူမက လူကြီးလူကောင်း ပုံစံဖမ်းပြီး ဝေဖန်နေစဉ်မှာပင် ချန်ချင်းယွီက အသံတိုးတိုးလေးဖြင့် "အစ်မကြီးဖန် ခုနက ကျွန်မမိဘအိမ်ဘက်မှာ အစ်မကို မြင်လိုက်သလိုပဲ..." ဟု ပြောလိုက်လေ၏။

"ဟမ်?"

အစ်မကြီးဖန် ကြောင်အသွားရှာသည်။ သူမ ဘာမှပြန်မပြောနိုင်ခင်မှာပင် အဘွားကြီးကျောက်က ရိပ်မိသွားပြီး ပြန်လှည့်ကာ ပါးရိုက်လိုက်ပြန်၏။

"ကောင်းပြီလေ... နင်က ဘာလို့ ရှီကျန့်ရှန်းဘက်က ကူပြောနေလဲဆိုတာ အခုမှ သိတော့တယ်၊ နင်တို့ နှစ်ယောက်က ပေါင်းနေကြတာကိုး! တကယ်ကို လူကောင်းကြီးတွေပဲ! ငါ့ချွေးမနောက်ကို အတူတူ ခိုးလိုက်ကြတယ်ပေါ့! လောကကြီးမှာ တရားမျှတမှု မရှိတော့ဘူးလား! ပြောကြစမ်း၊ နင်တို့ ဘာလုပ်ချင်နေတာလဲ? လူသတ်ပြီး ပစ္စည်းလုချင်နေကြတာလား? အေးလေ... ငါ့ချွေးမသာ မရှိတော့ရင် ငါက အိမ်မှာ ကလေးထိန်းရတော့မယ်၊ အဲ့ကျရင် အလုပ်နေရာကို ရောင်းရတော့မှာ မလား? နင်တို့ အဲ့ဒီလို ကြံစည်နေကြတာမလား! နင်တို့နှစ်ယောက် ပေါင်းပြီး ငါ့ချွေးမကို ဒုက္ခပေးဖို့ ကြံနေကြတာ မလား! ဟုတ်တယ်မလား!"

ချန်ချင်းယွီမှာ အဘွားကြီးကျောက်ကို လက်ခုပ်ပင် တီးပေးချင်သွားသည်။

အဘွားကြီးကတော့ အကွက်ဆင်ပြီး စွပ်စွဲရာမှာ တကယ်ကို ဆရာကျလွန်းတာပဲ!!

အစ်မကြီးဖန်သည် ဤကဲ့သို့သော ကောလာဟလမျိုး အထွက်မခံနိုင်သဖြင့် အမြန်ပင် ရှင်းပြတော့သည်။

"မဟုတ်ပါဘူး၊ လုံးဝမဟုတ်ပါဘူး၊ ရှင် ဘာလို့ ဒီလိုပြောရတာလဲ၊ အားလုံးက အိမ်နီးချင်းတွေပဲ၊ ကျွန်မက အဲ့ဒီလို လူစားမျိုး မဟုတ်ပါဘူး။ ဆယ်စုနှစ်ချီပြီး အတူနေလာတဲ့ အိမ်နီးချင်းတွေပဲ၊ ကျွန်မ ဘယ်လိုလူလဲဆိုတာ ရှင်တို့ မသိဘူးလား?"

"ဒါဆို ပြောစမ်း၊ နင်က ဘာလို့ ရှီကျန့်ရှန်းနဲ့ပေါင်းပြီး ငါ့ချွေးမနောက်ကို ခိုးလိုက်ရတာလဲ? နင်တို့မှာ မကောင်းတဲ့ စိတ်ကူးရှိလို့ မဟုတ်ဘူးလား? လူ့မျက်နှာသာ မြင်ရတယ်၊ စိတ်ကိုတော့ မမြင်ရဘူး၊ နင်တို့ ဘယ်လိုလူလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ?"

အဘွားကြီးကျောက်က ဇွဲမလျှော့ဘဲ ဆက်ပြောလေသည်။

"ဒီနေ့ နင် ငါ့ကို သေသေချာချာ ရှင်းမပြနိုင်ရင် မပြီးဘူး၊ ငါ ရဲစခန်းသွားတိုင်မယ်။ နင်တို့ ဒီလိုလုပ်နေတာကို ငါ စိတ်မချနိုင်ဘူး။"

"မလိုပါဘူး၊ တကယ်ကို မလိုအပ်ပါဘူး၊ ဒေါ်ကြီးကျောက် ရှင် အတွေးလွန်နေပြီ။ ကျွန်မတို့ ဝန်းထဲကလူတွေက ဘယ်လောက်ပဲဖြစ်ဖြစ် လူအသက်ကိုတော့ အန္တရာယ်မပြုပါဘူး။ တကယ်ပါ၊ ရှင် အထင်လွဲနေတာ နေမှာပါ။"

ပိုင်ဖုန်းရှန်း ထွက်ပြီး ဖျန်ဖြေပေးသော်လည်း အဘွားကြီးကျောက်က အားမနာတမ်း ပြန်ပြောလိုက်၏။

"နင်က သူတို့ဗိုက်ထဲက သံကောင်မို့လို့ သူတို့ဘာကြံစည်လဲဆိုတာ သိနေရတာလား?"

ပိုင်ဖုန်းရှန်း : "!!!"

အဘွားကြီးကျောက်သည်ကား ဘယ်သူ့မျက်နှာမှ ထောက်ထားမယ့်သူ မဟုတ်ပေ။ သူမသည် ကျားမကြီးတစ်ကောင်နှယ် ဒေါသတကြီးဖြင့် လေသံပြောင်းကာ ရွဲ့စောင်းပြောလေတော့သည်။

"နင်က ဘာကောင်မမို့လို့ ကြားထဲက ဝင်ပါနေတာလဲ၊ ဖယ်စမ်း! နင့်မျက်နှာပေါ်မှာ 'ဘုရင်' လို့ ရေးထားလို့လား? နင်က တောဘုရင်မို့လို့ အကုန်လုံးကို လိုက်ဖြန်ဖြေပေးနေရတာလား? ဟဲ့... ဖန်မျိုးနွယ်မနဲ့ ရှီကျန့်ရှန်း၊ နင်တို့နှစ်ယောက် ရှင်းရှင်းလင်းလင်း ပြောစမ်း။ ငါ့ချွေးမနောက်ကို ဘာလို့ ခိုးလိုက်ကြတာလဲ? နေဦး... နင်တို့က ပစ္စည်းလု လူသတ်ဖို့ မဟုတ်ဘူးဆိုရင် ဘာလုပ်ဖို့လဲ? ငါ့ချွေးမရဲ့ အကျင့်စာရိတ္တကို သံသယရှိလို့ စောင့်ကြည့်နေကြတာလား?"

သူမသည် မိမိချွေးမ အချိန်မရွေး အရူးထတတ်သည်ကို မုန်းသော်လည်း ချွေးမ၏ ဂုဏ်သိက္ခာကိုတော့ အပျက်စီးမခံနိုင်ပေ။ ချွေးမ အရှက်ရလျှင် မိမိအိမ်ပါ အရှက်ရမည် မဟုတ်လော့။

"ကောင်းပြီလေ! နင်တို့ လူမဆန်တာ ငါသိပြီးသားပါ။ နင်တို့က သက်သက်မဲ့ ပြဿနာရှာနေတာ၊ နင်တို့..."

အဘွားကြီးကျောက်က ထပ်မံအော်ဟစ်ဆဲဆိုနေပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ချန်ချင်းယွီသည် ယခင်ကလို ရူးသွပ်မနေဘဲ ခေါင်းလေးငုံ့ကာ ငြိမ်သက်နေ၏။ သို့သော် သူမ ပိုငြိမ်လေ အစ်မကြီးဖန်နှင့် ရှီကျန့်ရှန်းတို့က သူမ ထပ်ပြီး အရူးထလာမည်ကို ပို၍ ကြောက်လန့်နေကြလေဖြစ်၏။

အခြားသူများ အရူးထလျှင် ရန်ဖြစ်ရုံနှင့် ပြီးသွားနိုင်သော်လည်း ဤမိန်းမသည်ကား ဟင်းသီးဟင်းရွက်လှီးဓားကို ကိုင်ပြီး အကုန်လိုက်ဖျက်ဆီးမည့်သူ ဖြစ်သည်။

ချန်ချင်းယွီက ဦးစွာထွက်လာခဲ့သော်လည်း သူတို့မှာ ချန်မိသားစုအိမ်တွင် ခဏနေပြီး အခြေအနေကို ကြည့်ခဲ့ကြသေးသည်။ အို... ချန်တို့မိသားစုသည်ကား တကယ်ကို သနားစရာကောင်းလှ၏။ အိမ်ထဲမှာ ဘာတစ်ခုမှ ကောင်းကောင်းမွန်မွန် မကျန်တော့ဘဲ ပျက်စီးကုန်လေသည်။ ထိုပစ္စည်များကို အသစ်ပြန်ဝယ်ဖို့ဆိုလျှင် ငွေနှစ်ရာလောက်ဖြင့်ပင် လောက်ငမည်မဟုတ်ပေ။

ထိုမျှတင်မကသေး၊ ပစ္စည်းဝယ်ရန် လိုအပ်သည့် လက်မှတ်များလည်း မရှိတော့ပေ။ ရာသီဥတုက အေးစိမ့်နေချိန်မှာ ချန်မိသားစုတို့အိမ်ရှိ ပြတင်းပေါက်များသည် အပေါက်ကြီးများ ဖြစ်နေရှာ၏။

ချန်မိသားစုဝင်များ ဒဏ်ရာရသည်မှာ ချန်ချင်းယွီ ရိုက်နှက်၍ မဟုတ်သော်လည်း သူမသာ ထိုအိမ်ကို မသွားခဲ့လျှင် သူတို့လည်း ဤမျှလောက် ကံဆိုးပြီး ဒဏ်ရာရကြမည် မဟုတ်ပေ။ သူမသည် တကယ့်ကို "နိမိတ်မရှိသည် ကံဆိုးမှုအပေါင်း သရဖူဆောင်းသူ"ပင်။

မကြာခင်မှာပင် အဘွားကြီးကျောက်သည် ထုံးစံအတိုင်း ဘိုးဘွားစဉ်ဆက်များကိုပါ ထည့်သွင်းကာ အားပါးတရ ဆဲဆိုလေတော့သည်။ အစ်မကြီးဖန်သည် အခြေအနေကို အရင်ဆုံး ရိပ်မိသွားပြီး အမြန်ပင် ရှင်းပြလိုက်၏။

"ကျွန်မက ရှီကျန့်ရှန်း အဘွားကြီးရွှီက ချွေးမလေးနောက်ကို လိုက်သွားတာ မြင်လို့ စပ်စုချင်တာနဲ့ လိုက်သွားမိတာပါ။ တကယ်ကို မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကြည့်စမ်း... အခုတော့ ကျွန်မကို အထင်လွဲကုန်ပြီ မဟုတ်လား?"

သူမသည် မိမိကိုယ်ကို အပြစ်ကင်းအောင် အမြန်ဖယ်ထုတ်ပြီး ဆက်ပြောလိုက်သည်။

"ရှင့်တို့အိမ်နှစ်အိမ်ရဲ့ ဆက်ဆံရေးက သိပ်မကောင်းတာ ကျွန်မသိတယ်လေ၊ ဒါကြောင့် စိတ်မချလို့ လိုက်သွားတာပါ။ မဟုတ်ရင် ကျွန်မ တကယ် မသွားပါဘူး။ ကျွန်မက စေတနာအစစ်နဲ့ လုပ်တာပါ"

ရှီကျန့်ရှန်း : "???"

ဘာတွေလဲ? ကောင်မ..နင်က ပြဿနာမတက်ချင်တာနဲ့..ငါ့အပေါ်ကို အကုန်ပုံချလိုက်တာလား?

ရှီကျန့်ရှန်းက အစ်မကြီးဖန်ကို ရန်လိုသောအကြည့်ဖြင့် ကြည့်လိုက်ရာ အစ်မကြီးဖန်သည်လည်း မလျှော့တမ်း ပြန်ကြည့်လိုက်၏။

ဘာဖြစ်လဲ! ငါက နင့်ကြောင့် လိုက်သွားတာလေ၊ "အမှန်အတိုင်း" ပြောတာပဲ၊ ဘာမှမမှားဘူး!

ရှီကျန့်ရှန်းနှင့် အစ်မကြီးဖန်တို့ စစ်ဖြစ် နေစဉ်မှာပင် ကျန်းရှင်းဖှ သည် အိမ်ထဲသို့ ဝင်လာပြီး ဘာမှမမြင်သလို ဟန်ဆောင်ကာ နံရံကပ်၍ ခပ်သုတ်သုတ် လျှောက်သွားသည်။

အနိုင်မတိုက်နိုင်လျှင် ရှောင်နေတာက အကောင်းဆုံး မဟုတ်ပါလား?

အဘွားကြီးကျောက်ဆိုတာ တကယ့်ကို အဆင့်အတန်းမရှိတဲ့ မိန်းမကြီးပဲ!

မှန်ပါပေသည်။ ထိုမိန်းမကြီးသည် အစ်မကြီးဖန်၏ စကားကို ကြားပြီးနောက် ရှီကျန့်ရှန်းဆီသို့ ပြေးကပ်သွားကာ သူမ၏ ဆံပင်များကို ဆွဲပြီး မလွှတ်တော့ပေ။ ချက်ချင်းပင် ဘိုးဘွားစဉ်ဆက်တွေကိုပါ ထပ်မံနှုတ်ဆက် (ဆဲဆို) လေတော့သည်။ ရှီကျန့်ရှန်းသည်လည်း ပြန်လည်အော်ဟစ်လိုက်၏။

"လွှတ်စမ်း၊ ယဉ်ကျေးမှုမရှိတဲ့ အဘွားကြီး"

"နင်ကမှ ယဉ်ကျေးမှုရှိတာလား၊ နင့်တစ်မိသားစုလုံး ယဉ်ကျေးမှုရှိလွန်းလို့ ငါ့ချွေးမနောက်ကို ခိုးလိုက်နေတာလား? နင်က လူသတ်ပြီး ပစ္စည်းလုချင်နေတာ မလား? ကောင်းပြီလေ... နင့်မျက်နှာက သရဲမျက်နှာလို ဖြစ်နေကတည်းက နင်က လူကောင်းမဟုတ်မှန်း ငါသိတယ်။ ဘာလဲ... ငါတို့အိမ်က အလုပ်နေရာကို ထပ်ပြီး မျက်စိကျနေတာမလား? နင်က တကယ်ကို ကိုယ်ကျင့်တရားမရှိတဲ့သူပဲ၊ နင့်ကို မိုးကြိုးပစ်ပြီး သေသင့်တယ်..."

ဂျလိမ်း..ဝုန်း ဝုန်းးးးး

မိုးခြိမ်းသံကြီး တစ်ချက် ထွက်ပေါ်လာသည်။

၎င်းနှင့်အတူ လေပြင်းများ ဝှစ်ခနဲ တိုက်ခတ်လာပြီး အေးမြသွားလေ၏။

"ဟာ... ဘာလို့ ရုတ်တရက်ကြီး မိုးခြိမ်းတာလဲ?"

"ဒီ အဘွားကြီးကျောက်က မိုးတိမ်တွေကိုတောင် ခေါ်ယူနိုင်စွမ်း ရှိနေတာလား?"

"ဘာတွေ လျှောက်ပြောနေတာလဲ! မိုးအုံ့နေတာကြာပြီ၊ အခု မိုးရွာတော့မှာလေ"

"မချကြနဲ့တော့၊ မချကြနဲ့တော့။ မိုးရွာတော့မယ်၊ မိုးရွာတော့မယ်... အဝတ်တွေ သွားသိမ်းကြတော့ဟေ့~~~"

ချန်ချင်းယွီ ဘာမှပင် မတုံ့ပြန်ရသေးမီမှာတင် အကဲခတ်ကြည့်ရှုနေသူများမှာ ဝုန်းခနဲ လူစုကွဲသွားကြသည်။ လူတိုင်းက မိမိတို့အိမ်သို့ အပြေးအလွှား ပြန်ကြပြီး ပစ္စည်းများ သိမ်းဆည်းကြလေ၏။ အဘွားကြီးကျောက်ပင်လျှင် ရှီကျန့်ရှန်းကို အရှိန်ပြင်းပြင်းဖြင့် တွန်းထုတ်လိုက်ပြီး အခွင့်အရေးယူကာ တစ်ချက် ကုတ်လိုက်၍

"နင် စောင့်နေလိုက်ဦး၊ ငါ ဒီနေ့ အားမအားသေးလို့၊ မနက်ဖြန်မှ ဆက်နွှဲကြတာပေါ့!"

"နင်လို ရမ်းကားတဲ့ မိန်းမ... နင်..."

ဖြန်း ဖြန်း ဖြန်း!

အဘွားကြီးကျောက်သည် ရှေ့သို့ တိုးသွားပြီး ပါးသုံးချက်ဆင့် ရိုက်လိုက်ရာ တကယ့်ကို အားရပါးရပင်တည်း။

"နင်က ဆဲရဲသေးတယ်ပေါ့! ကိုယ်တိုင်က ယုတ်မာညစ်ပတ်ပြီး သိက္ခာမရှိတာကို မှန်တယ်လို့ ထင်နေတာလား! ဟွန်း... နင် အဘိုးကြီးမာ ကိုပဲ ခေါ်ခေါ်၊ ရပ်ကွက်ရုံးအထိပဲ တိုင်တိုင် ငါမကြောက်ဘူး! ... ဖွီ! ဖွီ ဖွီ!"

သူမသည် အမှားလုပ်ထားလျှင်ပင် အနိုင်ရအောင် ငြင်းတတ်သူ ဖြစ်ရာ ယခုလို အမှန်တရားရှိနေချိန်တွင်မူ ပြောစရာပင် မလိုတော့ပေ။

အဘွားကြီးကျောက်သည် သူမကို အငြိုးတကြီးဖြင့် တံတွေးထွေးလိုက်ပြီး မျက်ဖြူလန်ပြကာ လှောင်ပြောင်လိုက်ပြီးနောက် ပစ္စည်းသိမ်းရန် လှည့်ထွက်သွားသည်။ လူတိုင်းက ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြရာ ရှီကျန့်ရှန်းမှာတော့ ဒေါသတကြီးဖြင့် တုန်ရင်နေရှာ၏။ သို့သော် ယခုအချိန်တွင် သူမဘက်က ကူပြောပေးမည့်သူ မရှိပေ။ မည်သူကမှ ထိုပြဿနာထဲ ဝင်မပါချင်ကြပေ။

ဝုန်း ဝုန်း... ဂျိမ်း!

မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ လူတိုင်းက ဝင်းထဲတွင် ချထားသော ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းကြ၏။ ယခုခေတ်တွင် နေအိမ်များက ကျဉ်းမြောင်းလှသဖြင့် မိသားစုအလိုက် အခန်းကျဉ်းလေးထဲတွင် စုပြုံနေထိုင်ကြရသည်။ ထို့ကြောင့် ပစ္စည်းအတော်များများကို အပြင်ဘက်တွင် ထားလေ့ရှိကြရာ သာမန်အချိန်၌ ပြဿနာမရှိသော်လည်း မိုးရွာလျှင်တော့ အလုပ်ရှုပ်ကြရလေ၏။

ချန်ချင်းယွီက အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်များကို သိမ်းဆည်းပြီး အိမ်ထဲဝင်လာသည်။ အဘွားကြီးကျောက်မှာမူ ပြတင်းပေါက်ရှေ့တွင် လှန်းထားသော မုန်လာဥခြောက်များကို သိမ်းနေ၏။ ထိုစဉ် ရှောင်ကျား နှင့် ရှောင်ယွမ် တို့ မောင်နှမနှစ်ယောက်မှာ တစ်ရေးနိုးလာကြပြီး တံခါးကို အသာလေးဖွင့်ကာ ချစ်စဖွယ် လေသံလေးဖြင့် "မေမေ... သားတို့ လိမ္မာမာနေတယ်နော်" ဟု ပြောကြလေသည်။

ချန်ချင်းယွီ : "မေမေ သိတာပေါ့၊ သွား... အိပ်ရာပေါ်မှာ သွားလှဲနေကြတော့"

သူမ မီးခလုတ်ကို နှိပ်လိုက်ရာ အခန်းထဲတွင် ရုတ်တရက် လင်းထိန်သွား၏။ ရှောင်ကျားက လက်ကလေးဖြင့် မျက်လုံးကို ကာထားသော်လည်း ရှောင်ယွမ်ကမူ ထောင့်တစ်နေရာတွင် လိပ်ကလေးလို ကွေးနေပြီး မျက်တောင်လေးများ တလှုပ်လှုပ်ဖြင့် မျက်လုံးမဖွင့်သေးပေ။ သူတို့သည် အမွှာများ ဖြစ်ကြသော်လည်း ရှောင်ယွမ်သည်ကား အစ်ကိုဖြစ်သူထက် ပို၍ စကားနည်းပြီး အေးဆေးလေသည်။

ယခုခေတ်တွင် မိသားစုတိုင်းလိုလိုသည် သားယောက်ျားလေးကို ပို၍ ဦးစားပေးတတ်ကြရာ ဤအိမ်တွင်လည်း ထိုနည်းအတိုင်းပင်။ အဘွားကြီးကျောက်သည် စိတ်ပုပ်သူ ဖြစ်သဖြင့် ရှောင်ကျားကိုလည်း မချစ်သော်လည်း သူသည် ယောက်ျားလေး ဖြစ်နေ၍ ရှောင်ယွမ်ထက်စာလျှင် ဆဲဆိုခံရသည်မှာ နည်းလေ၏။

ကြာလာသောအခါ ရှောင်ယွမ်သည် ပို၍ အေးစက်စက်နိုင်ကာ စကားနည်းလာခဲ့သည်။

ချန်ချင်းယွီသည် ကလေးငယ်၏ ပုံစံကို ကြည့်ပြီး မနေနိုင်ဘဲ အဘွားကြီးကျောက်ကို မျက်စောင်းထိုးလိုက်၏။ အဘွားကြီးကျောက်သည် ကျောပြင်တွင် ဆူးနှင့်အထိုးခံရသလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ချန်ချင်းယွီ၏ စူးရှသော အကြည့်နှင့် တိုးလေတော့သည်။ သူမ လန့်သွားပြီး စကားပင် ထစ်ကုန်၏။

"နင်... နင်... နင် ဘာလုပ်မလို့လဲ!"

သူမ အမြန်ပြောလိုက်လေသည်။

"နင်ခိုင်းတဲ့အတိုင်း ငါအကုန်လုပ်ပေးပြီးပြီနော်! နင် လူကိုတော့ မရိုက်နဲ့ဦး"

သူမ ဆဲဆိုလွန်း၍ လည်ချောင်းပင် ခြောက်ကပ်ကာ မီးလောင်နေသကဲ့သို့ ခံစားနေရသည်။ အောင်မြင်မှု မရရင်တောင် ပင်ပန်းခံထားရသည်ကို အသိအမှတ်ပြုသင့်သည်ဟု သူမ ထင်မိ၏။

ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို အနက်အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ပြတင်းပေါက်အပြင်ဘက်သို့သာ လှည့်ကြည့်လိုက်သည်။ အပြင်တွင် လေပြင်းများ ပိုမိုတိုက်ခတ်လာပြီး ပြတင်းပေါက်များပင် တဒုန်းဒုန်း မြည်နေ၏။ အဘွားကြီးကျောက်သည် ချန်ချင်းယွီကို မနှောင့်ယှက်ရဲသဖြင့် နှုတ်ခမ်းမဲ့ကာ အပြင်ခန်းသို့ ထွက်ပြီး မျက်နှာသစ်၊ ရေသောက်လိုက်သည်။ ချန်ချင်းယွီသည် အပြင်ဘက်တွင် လူရှင်းသွားသည်ကို မြင်သည်နှင့် အိမ်နီးနားချင်းများ ပစ္စည်းသိမ်းနေကြသော အချိန်ကို အခွင့်ကောင်းယူကာ အိမ်ပြင်သို့ တိတ်တဆိတ် ထွက်ခဲ့၏။

လူတိုင်း မအိပ်ကြသေးသော်လည်း ပစ္စည်းများ နေရာချနေကြသဖြင့် သူမကို သတိမပြုမိကြပေ။ သူမသည် အိမ်ခေါင်မိုးပေါ်သို့ သွက်လက်စွာ တက်သွားပြီး နံရံပေါ်မှ တစ်ဆင့် ကျွမ်းကျင်စွာ လှုပ်ရှားလိုက်သည်။ အခြားသူများမှာ ချန်ချင်းယွီကဲ့သို့ ထူးခြားသော ကိုယ်ခံပညာမျိုး မရှိကြပေ။ သူမသည် အထုပ်များကို ထမ်းကာ အပေါ်စီးမှနေ၍ ဒုတိယဝင်းထဲက အခြေအနေကို စောင့်ကြည့်လိုက်ပြီး မည်သူမှ အပြင်ဘက်သို့ ကြည့်မနေကြောင်း သေချာမှ ငှက်ကလေးတစ်ကောင်အလား ပေါ့ပါးစွာ ခုန်ဆင်းလိုက်ကာ အိမ်ထဲသို့ လျင်မြန်စွာ ဝင်လာခဲ့၏။

အဘွားကြီးကျောက် : "အမေ့!"

သူမ လန့်ဖျန့်သွားလေသည်။

ချန်ချင်းယွီက မျက်မှောင်ကြုတ်ကာ

"အသံတိုးတိုးလုပ်ပါ၊ သူများတွေ သိသွားစေချင်လို့လား?"

အဘွားကြီးကျောက်သည် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး စကားတစ်ခွန်းမှ ထပ်မဟရဲတော့ပေ။ သူမသည် ချန်ချင်းယွီကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း အသံကို တိုးနိုင်သမျှတိုးကာ မေးလိုက်၏။

"နင် ဘာလို့ ဒီလောက်အများကြီး ဝယ်လာတာလဲ?"

ချန်ချင်းယွီ သူမကို တစ်ချက်စောင်းထိုးကြည့်ပြီး ပြောလိုက်လေသည်။

"ကျွန်မစားနိုင်စွမ်းက ဘယ်လောက်ရှိလဲဆိုတာ ရှင်မသိဘူးလား? အခုထိတောင် ဝအောင်မစားရသေးဘူးမဟုတ်ဘူးလား"

အဘွားကြီးကျောက်မှာ ပျော့ခွေသွားရ၏။ ချန်ချင်းယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဆန်နှင့် ဂျုံမှုန့်များကို သိမ်းဆည်းကာ ကြောင်အိမ်စင်အောက်ထပ်တွင် ထည့်လိုက်သည်။ ထို့နောက် ချန်ချင်းယွီ အဘွားကြီးကျောက်ထံမှ သော့တောင်းလိုက်၏။

“သော့ပေး”

အဘွားကြီးကျောက်သည် မပေးချင်ပေးချင်ဖြင့် သော့ကို ထုတ်ပေးလိုက်ရသည်။ မပေးလျှင် အရိုက်ခံရမည်ကို သိနေသည်မဟုတ်ပါလား။

ဒီအရူးမက တကယ်လုပ်ရဲလေသည်။

တောက်!

သူမကံက ဘာလို့ ဒီလောက်ဆိုးရတာလဲ!

အသက်လတ်ပိုင်းမှာ လင်သေ၊ အသက်ကြီးတော့ သားသေ၊ အခုတော့ ရက်စက်တဲ့ ချွေးမလက်ထဲမှာ အနှိပ်စက်ခံပြီး နေနေရပြန်ပြီ။

သူမဘဝကား တကယ်ကို ဆင်းရဲလွန်းလှသည်။

လောကကြီးက တရားကိုမမျှတတာ၊ ဒီလိုယုတ်မာတဲ့ ချွေးမမျိုးကို ကိုယ်လုံးကိုယ်ထည် တောင့်တင်းတဲ့ ယောက်ျားတစ်ယောက်နဲ့ ပေးစားလိုက်ရမှာ၊ ဒါမှ နေ့တိုင်း အနှိပ်စက်ခံရပြီး ဒီလောက်အထိ ရမ်းကားရဲတော့မှာ မဟုတ်ဘူး!

သူ့သား ကျန့်ဝမ်ကတော့ တကယ်ကို မျက်စိကန်းခဲ့တာပဲ!

အဘွားကြီးကျောက် တတွတ်တွတ် ရေရွတ်နေစဉ် ချန်ချင်းယွီက ကြောင်အိမ်ဗီရိုစင်ကို ရှင်းလင်းလိုက်သည်။ အိမ်တွင် မူလကရှိနေသော ရိက္ခာများနှင့် အသစ်ဝယ်လာသည်များကို ရောနှောကာ အောက်ထပ်ကြောင်အိမ်ထဲ ထည့်ပြီး ပြန်လည်သော့ခတ်လိုက်သည်။ သို့သော် ကြောင်အိမ်စင် အပေါ်ဆုံးထပ်မှ သော့ကိုမူ ဖြုတ်လိုက်ပြီး အသေအချာ သိမ်းဆည်းလိုက်၏။

"အပေါ်ထပ်ကို သော့ခတ်စရာမလိုဘူး၊ အိမ်မှာ လူအနည်းငယ်ပဲ ရှိတာ၊ ဘယ်သူ့ကို ကာကွယ်နေတာလဲ?"

သူမက အဘွားကြီးကို ပြုံးစစဖြင့် တစ်ချက်ကြည့်လိုက်ရာ အဘွားကြီးကျောက်လည်း ဘာမှပြန်မပြောရဲတော့ပေ။

နှစ်ဦးသားကြားရှိ အခြေအနေက အနည်းငယ် ထူးဆန်းနေသဖြင့် အဘွားကြီးကျောက်က စကားလမ်းကြောင်းလွှဲလိုက်သည်။

"မိုးရွာတော့မယ်၊ ဟဲဟဲ... ဟဲဟဲဟဲ"

ချန်ချင်းယွီ : "အင်း"

အဘွားကြီးကျောက် : "နင်က မိဘအိမ်ပြန်တာ မဟုတ်ဘူးလား? ဘာလို့ မှောင်ခိုဈေးကို ရောက်သွားတာလဲ?"

ဤတစ်ကြိမ်တွင်တော့ ချန်ချင်းယွီက အဘွားကြီးကျောက်ကို ဖုံးကွယ်မထားတော့ပေ။ အခုအချိန်တွင် သူတို့နှစ်ဦးမှာ စစ်မြေပြင်တစ်ခုတည်းက ရဲဘော်ရဲဘက်များနှယ် အပြန်အလှန် ဖေးမကြရမည် မဟုတ်ပါလော့။ သူမ ပြန်ပြောင်း ပြောပြလိုက်၏။

"ကျွန်မ အိမ်ကထွက်တာနဲ့ လူအချို့ နောက်ကလိုက်နေတာကို သတိထားမိလိုက်တယ်။ ဒါကြောင့် မှောင်ခိုဈေးကို တန်းမသွားရဲတာနဲ့ အပြင်ရောက်တုန်း မိဘအိမ်ကို တစ်ခေါက် ဝင်လိုက်တာ။ ပိုက်ဆံချေးဖို့ စိတ်ကူးပေမဲ့လည်း မရခဲ့ပါဘူး။ အဲ့ဒီနောက်မှ..."

ချန်ချင်းယွီက အဖြစ်အပျက်ကို အကျဉ်းချုပ် ပြောပြလိုက်ရာ အဘွားကြီးကျောက်က နာနာကြည်းကြည်းဖြင့် ဆဲဆိုလေတော့သည်။

"နင် ဘာလို့ ဒီလောက်ကြာနေတာလဲလို့ ငါတွေးနေတာ။ ဒီယုတ်မာတဲ့ကောင်တွေ၊ အားနေရင် ငါတို့အိမ်ကိုပဲ ချောင်းနေကြတာ၊ အရှက်မရှိတဲ့ အောက်တန်းစားတွေ။ သူတို့မိသားစုက တကယ်ကို ကိုယ်ကျင့်တရား မရှိတာပဲ၊ နင့်နောက်ကိုပါ ခိုးလိုက်ကြတယ်ပေါ့၊ လူစိတ်မရှိလိုက်တာ!"

အဘွားကြီးကျောက်သည် ဒေါသထွက်လွန်း၍ ရှီကျန့်ရှန်းတို့တစ်စုကို လူစိတ်မရှိသူများအဖြစ် ပြင်းပြင်းထန်ထန် ဆဲဆိုနေတော့သည်။ အကယ်၍ သူတို့သာ အကြောင်းမရှိ အကြောင်းရှာ ပြဿနာမပေးခဲ့လျှင် ဤအရူးမ အိမ်ပြန်ရောက်သည်မှာ ကြာနေပြီဖြစ်ကာ သူမလည်း အပြင်မှာ ဤမျှလောက်အထိ ပင်ပန်းနေစရာ မလိုတော့ပေ။

အကုန်လုံးက ရှီကျန့်ရှန်းတို့ကြောင့်ပဲ!

တကယ့်ကို ယုတ်မာတဲ့ လူတွေ!

စောင့်နေလိုက်ကြဦး၊ ဟွန်း!

ငါသာ ထမင်းစားဆောင်မှာ ခြေကုပ်မြဲသွားလို့ကတော့၊ ဒီယုတ်မာတဲ့ကောင်တွေကို ဟင်းခတ်ယောက်မနဲ့ နှိပ်စက်ပစ်မယ်! (ဟင်းထည့်ပေးတဲ့အခါ ယောက်မကို ခါထုတ်ပြီး နည်းနည်းပဲ ထည့်ပေးတာကို ဆိုလိုခြင်းဖြစ်သည်)

ဟင်းခတ်ယောက်မကို ခါပစ်မယ်! ခါပစ်မယ်! နင်တို့တွေ လေပဲ စားကြတော့!

အဘွားကြီးကျောက် : "တစ်ယောက်ချင်းစီက ငါမသိဘူးမှတ်နေကြတာ၊ ငါတို့အိမ်က အလုပ်နေရာကိုပဲ ချောင်းနေကြတာ။ အပြင်ပန်းတော့ လူကြီးလူကောင်းလိုလိုနဲ့ အတွင်းစိတ်က လူမဆန်ကြဘူး၊ သူတို့ကို ငါစောစောစီးစီးကတည်းက အကုန်အကဲခတ်မိပြီးသား။ အဲ့ဒီတုန်းက ရွှီကောင်းမင်က ငါ့ကို လိမ်ညာဖြားယောင်းသွားတာ၊ ငါဝန်ခံပါတယ်... ငါမျက်စိကန်းလို့ သူ့ကိုလူကောင်းထင်ခဲ့မိတာ။ ဒါပေမဲ့ နင်မကြည့်မိဘူးလား၊ ဝင်းထဲကလူတွေက ငါ့ကိုကူညီတာတစ်ယောက်မှမရှိဘူး၊ ငါတို့ သားအမိနှစ်ယောက်တည်း ဘဝက ဘယ်လောက်ခက်ခဲခဲ့ရလဲ။ ဒါတောင် ငါတို့ကို မောင်းထုတ်ချင်နေကြသေးတယ်၊ မဟုတ်ရင် အကြောင်းရင်းမရှိဘဲ စက်ရုံက ဘာလို့ ငါတို့ကို ဖယ်ခိုင်းရမှာလဲ? သေချာပေါက် လူယုတ်မာရှိလို့ပဲ! ငါသိတယ်၊ ငါတို့ဝင်းထဲကလူပဲ ဖြစ်ရမယ်၊ အပြင်လူက ဘယ်မှာ ဒီလောက်အားနေပြီး သူများအလုပ် လိုက်စပ်စုနေမှာလဲ? ပြီးတော့ သူတို့က ငါတို့အိမ်အခြေအနေကိုလည်း မသိကြဘူးလေ၊ ဝန်းထဲကလူတွေမှပဲ သိတာ။ ဟွန်း... ငါသာမဟုတ်ရင်၊ ငါသာ ကြိုပြီး ပြဿနာရှာမထားရင် အခုလို ဘယ်နေရပါ့မလဲ။ ငါ့သားကလည်း တော်ရှာပါတယ်၊ စာမေးပွဲကို ထပ်အောင်ပြီးတော့..."

သားဖြစ်သူအကြောင်း ပြောမိသောအခါ အဘွားကြီးကျောက် ခဏတာ တိတ်ဆိတ်သွားပြီး အားအင်ကုန်ခမ်းသလို ဖြစ်သွားရသည်။

ချန်ချင်းယွီ သူမကို မော့ကြည့်လိုက်ကာ

"ဝင်းထဲကလူတွေက ကြံစည်နေကြမှန်း သိရင်လည်း သတိထားဦး၊ အစီအစဉ်ထဲ ပါမသွားစေနဲ့။ တစ်ယောက်တည်း ကြံတာထက် နှစ်ယောက်တိုင်ပင်တာ ပိုကောင်းတယ်၊ ကျွန်မတို့ တိုင်ပင်ပြီး လုပ်ကြတာပေါ့"

"ဟုတ်တယ်၊ ဟုတ်တာပေါ့"

ချန်ချင်းယွီ : "ကျွန်မကို တစ်ဖက်ကနေ ကိုင်ကူဦး၊ အိပ်ရာခင်း စွပ်လိုက်ဦးမယ်"

"အေး အေး"

တစ်နေ့တာအတွင်းမှာတင် အိမ်ထဲက ပစ္စည်းများမှာ အသစ်အတိုင်း သန့်ရှင်းသွားသည်။ ချန်ချင်းယွီ အိပ်ရာပြင်ဖို့ ပြင်ဆင်နေစဉ်မှာပင် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ခိုးနားထောင်နေသော ကလေးနှစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရ၏။

ဒါပေမဲ့... ကလေးတွေရဲ့ လည်ပင်းမှာ ဂျီးတွေက အထပ်ထပ်ပဲ၊ ဒီကလေးတွေ ရေမချိုးရတာ ဘယ်လောက်တောင် ကြာနေပြီလဲ မသိဘူး…

ချန်ချင်းယွီ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ချက်ချင်းလှည့်ပြောလိုက်သည်။

"ရေနွေးအိုးသွားတည်ချေ၊ ကလေးတွေကို ရေချိုးပေးမလို့"

အဘွားကြီးကျောက် မကျေမနပ်ဖြင့်

"ညကြီးမင်းကြီး ဘာတွေ ရေချိုးနေမှာလဲ၊ ဂျီးရှိမှ ရောဂါကင်းတယ်ဆိုတာမျိုးရှိတယ် (ကလေးတွေက ဂျီးနည်းနည်းရှိမှ ကျန်းမာတယ်လို့ အယူရှိခြင်း)၊ ကလေးတွေကို ခဏခဏ ရေချိုးပေးစရာမလိုပါဘူး၊ ဒီတိုင်းလည်း အကောင်းသားပဲကို... နင်... အား!"

ချန်ချင်းယွီက ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ရာ အဘွားကြီးကျောက်သည် ကုတင်ပေါ်မှ ဖျတ်ခနဲ ဆင်းလိုက်ပြီး အပြင်ခန်းသို့ ဝှစ်ခနဲ ပြေးထွက်ကာ ရေနွေးအိုးကို အမြန်တည်တော့သည်။

တကယ့်ကို စပရိန်တပ်ထားသလိုပဲ။

အမှန်ပါပဲ၊ အဘွားကြီးကျောက်လို လူမျိုးနဲ့ဆိုရင် ကျိုးကြောင်းပြ ပြောနေလို့ မရဘူး၊ လက်သီးက အထိရောက်ဆုံး နည်းလမ်းပဲ။

ဝုန်း ဝုန်း... ဂျိမ်း!

မိုးခြိမ်းသံနှင့်အတူ မိုးစက်မိုးပေါက်လေးများပါ တဖွဲဖွဲ ကျလာသည်။ ဝင်းထဲက တစ်စုံတစ်ယောက်၏ အမိုးအကာပေါ်ကို မိုးစက်များကျသံက တဖြန်းဖြန်း မြည်နေ၏။

အဘွားကြီးကျောက် အမြန်ပြောလိုက်လေသည်။

"မိုးရွာပြီ၊ မိုးရွာပြီ၊ မိုးရွာရင် အေးတယ်လေ၊ ရေချိုးပေးဦးမှာလား?"

ချန်ချင်းယွီ : "ချိုးမယ်!"

နွေဦးရာသီက ဆောင်းဦးနှင့်မတူပေ၊ ဆောင်းဦးမိုးသည် ရွာလေ အေးလေ ဖြစ်သော်လည်း နွေဦးမိုးသည်ကား အဖိုးတန်ဆီကဲ့သို့ ဖြစ်သည့်တိုင် မိုးရွာပြီးရင်လည်း မအေးပါချေ။ ထို့အပြင် အိပ်ရာခင်းများလည်း အကုန်လျှော်ပြီးပြီဖြစ်၍ ကလေးများ ညစ်ပတ်နေရင် အနှီအိပ်ရာခင်းများ လျှော်ထားရသည်မှာ ဘာထူးမည်နည်း။

ချန်ချင်းယွီ ဇွတ်ခိုင်းနေသဖြင့် အဘွားကြီးကျောက်မှာ စိတ်ထဲကနေ ချန်ချင်းယွီကို အားပါးတရ ထပ်မံဆဲဆိုနေတော့သည်။

ငါ့တစ်သက် ချန်ချင်းယွီထက် ပိုယုတ်မာတဲ့ မိန်းမမျိုး တစ်ခါမှ မတွေ့ဖူးဘူး၊ တကယ့်ကို နိမိတ်မရှိတဲ့ အရူးမပဲ!

ယောက္ခမကိုပဲ အလုပ်တွေ ခိုင်းနေတော့တာ၊ လူစိတ်မရှိလိုက်တာ!

အဘွားကြီးကျောက်သည် စိတ်ထဲတွင်မူ နာနာကြည်းကြည်း ဆဲဆိုကြိမ်းမောင်းနေသော်လည်း အပြင်ပန်းမှာမူ မျက်နှာတစ်ခုလုံး ပန်းပွင့်ကြီးအလား ဖူးပွင့်နေအောင် ပြုံးပြကာ ဖားယားသည့်လေသံဖြင့် ပြောလိုက်၏။

"ရေနွေးကို ပိုပိုသာသာလေး တည်ပေးမယ်၊ ရေနွေးရရင် နင်လည်း တစ်ခါတည်း ချိုးလိုက်ဦး"

ချန်ချင်းယွီ : "ကောင်းပြီ"

အမှန်စင်စစ် ချန်ချင်းယွီ၏ စိတ်နေစိတ်ထားမှာ ပေါင်းသင်းရခက်လှသည် မဟုတ်ပေ။ သို့သော်လည်း သူမသည် "အခုမှ အသစ်ရောက်လာသူ" ဖြစ်နေပြီး ယောက္ခမမှာလည်း ဤကဲ့သို့သော လူစားမျိုးဖြစ်ရာ အကယ်၍သာ သူမသည်သာ အနည်းငယ်မျှ ပျော့ညံ့ပြလိုက်လျှင် ထိုအဘွားကြီးက ခေါင်းပေါ်တက်နင်းပေလိမ့်မည်။ သူတို့သည် နောက်ထပ် နှစ်အနည်းငယ်ကြာအောင် အတူတူ အောင့်အည်းသည်းခံ နေထိုင်ကြရဦးမည်ဖြစ်ရာ တစ်ဦးက တစ်ဦးကို မနှိမ်နိုင်လျှင် အနှိမ်ခံရမည်သာ ဖြစ်၏။

ချန်ချင်းယွီ : "ခဏနေရင် ရှင်လည်း ကိုယ့်ဘာကိုယ် ပြောင်စင်အောင် ချိုးဦး၊ မဟုတ်ရင် အိပ်ဖို့မစဉ်းစားနဲ့။ ကျွန်မက အိမ်ကို ပြောင်စင်အောင် ရှင်းထားတာ၊ ဝက်ခြံလိုမျိုး ဖြစ်အောင် လုပ်ဖို့ မဟုတ်ဘူး"

အဘွားကြီးကျောက်မှာ အသက်ကို ဝဝရှူလိုက်၊ ပြန်ထုတ်လိုက်ဖြင့် ဒေါသကို ထိန်းနေရရှာသည်။

နိမိတ်မရှိတဲ့ဟာမ!

နင်ကမှ ဝက်! နင်က အရူးမဝက်မကြီး!

ချန်ချင်းယွီသည် ထိုင်ရာမှထ၍ အဝတ်ဗီရိုကို မွှေနှောက်ရှာဖွေကြည့်ရာ ကလေးများအတွက် အဝတ်အစားမှာ သိပ်မရှိပေ။ ကလေးများတင်မက သူမကိုယ်တိုင်အတွက်ပင် အဝတ်အစားက များများစားစားမရှိဘဲ တစ်မိသားစုလုံးတွင် အဝတ်အနည်းငယ်သာ ရှိကြရှာ၏။ ချန်ချင်းယွီသည် သန့်ရှင်းသော အဝတ်တစ်စုံကို ရှာတွေ့ပြီး မွေ့ရာအောက်တွင် တန်းဖိထားလိုက်ကာ တိုးတိုးလေး ရေရွတ်မိသည်။

"ဘယ်လောက်တောင် ရေမချိုးရလို့ ဒီလောက်တောင် ညစ်ပတ်နေရတာလဲ"

ရုတ်တရက် ချန်ချင်းယွီ တစ်စုံတစ်ခုကို သတိရသွားပြီး ကလေးနှစ်ယောက်၏ ခေါင်းကို အမြန်ဆွဲယူကာ သေသေချာချာ စစ်ဆေးလိုက်သည်။ စစ်ဆေးပြီးမှပင် သက်ပြင်းချနိုင်တော့၏။

တော်သေးတာပေါ့ သန်းမတွယ်လို့၊ မဟုတ်ရင်တော့ သူမ တကယ် ရူးသွားနိုင်လေသည်။

ရှောင်ကျားမှာ ချစ်စဖွယ်လေသံလေးဖြင့် ပြောပြရှာ၏။

"မေမေ... နောက်ဆုံးတစ်ခါ ရေချိုးတုန်းက ရာသီဥတု အရမ်းအေးတဲ့အချိန်မှာ"

ချန်ချင်းယွီ ကလေးကို ငုံ့ကြည့်လိုက်ရာ ကလေးငယ်က ခေါင်းလေးစောင်းပြီး ဆက်ပြောပြလေသည်။

"အေးစိမ့်နေတာပဲ၊ ရေခဲစတွေတောင် ရှိတယ်။ ဖေဖေက သားတို့အတွက် ရေနွေးတည်ပေးတာ၊ အဘွားကတော့ ဖေဖေက ပစ္စည်းတွေ ဖြုန်းတီးတယ်လို့ ပြောတယ်။ ဖေဖေကတော့ သန့်ရှင်းပြောင်စင်မှ ရောဂါမဖြစ်မှာတဲ့"

ချန်ချင်းယွီသည် ပြုံးလျက် ကလေးငယ်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ဤကလေးငယ်ကား မှတ်ဉာဏ် တကယ်ကောင်းလှ၏။ အခြားကိစ္စတွေ ထားဦး၊ သူသည် ချန်ရိကျွန်းနှင့် အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း ယနေ့ မြင်မြင်ချင်း မှတ်မိသလို၊ ရေချိုးသည့် ကိစ္စကဲ့သို့သော အသေးစိတ်အချက်အလက်များကိုလည်း မှတ်မိနေခြင်းမှာ သူ့ဦးနှောက်လေးမှာ တကယ်ကို အသုံးဝင်လှသည်။

သို့သော် လင်းကျန့်ဝမ်အကြောင်း ပါလာသဖြင့် ကလေးငယ်မှာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားပြန်၏။ ကလေးမှာ ငယ်သေးသဖြင့် ဘယ်လိုပင် ကျိုးကြောင်းပြ ပြောဆိုပါစေ နားလည်နိုင်ဦးမည် မဟုတ်ပေ။ ချန်ချင်းယွီသည် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် ခပ်တိုးတိုး မေးလိုက်သည်။

"သားတို့ သကြားလုံး စားချင်လား?"

ရှောင်ကျားနှင့် ရှောင်ယွမ် မောင်နှမနှစ်ယောက်လုံး ချက်ချင်း ခေါင်းမော့လာကြပြီး တံတွေးကို အတူတူ မျိုချလိုက်ကာ ချန်ချင်းယွီကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ ချန်ချင်းယွီက ပြုံး၍ ပြောလိုက်၏။

"သားတို့သာ လိမ္မာမယ်ဆိုရင် မေမေ မနက်ဖြန် ဝယ်ပေးမယ်"

ရှောင်ကျားက အလောတကြီးဖြင့် ကတိပေးလိုက်လေသည်။

"မေမေ... သားက ကလေးလိမ္မာလေးပါ၊ အလိုက်အသိဆုံးနဲ့ အလိမ္မာဆုံးပဲ၊ သား လိမ္မာပါ့မယ်"

ရှောင်ယွမ်ကလည်း အားကျမခံ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ချန်ချင်းယွီကို မျှော်လင့်တကြီး ကြည့်နေ၏။

ချန်ချင်းယွီက မျက်ခုံးပင့်ကာ ကျီစယ်စကားဆိုလိုက်သည်။

"ရှောင်ယွမ်က စားချင်ပုံမရဘူး၊ သူက စကားတောင် မပြောဘူးပဲ"

ရှောင်ယွမ်မှာ ကြောင်ကလေးတစ်ကောင်လို အသံတိုးသော်လည်း သကြားလုံး၏ ဆွဲဆောင်မှုကို မအောင့်နိုင်တော့ဘဲ "စားချင်တယ်၊ ရှောင်ယွမ်လည်း စားချင်တယ်၊ သမီးလည်း လိမ္မာတယ်" ဟု ခပ်နွဲ့နွဲ့လေး ပြောလာရှာ၏။

ချန်ချင်းယွီက ပြုံးလျက်

"အဲ့ဒါဆို သားတို့နှစ်ယောက်လုံး လိမ္မာကြနော်၊ မနက်ဖြန် သကြားလုံး စားကြမယ်"

မီးဖိုနေသော အဘွားကြီးကျောက်မှာ မျက်လုံးလေး ကစားလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိလေသည်။

"ဒီကောင်မလေးက တကယ်ကို အားကိုးလို့မရဘူး၊ ပိုက်ဆံတွေကိုလည်း ခိုးဝှက်ထားသေးတယ်၊ လူစိတ်မရှိလိုက်တာ"

သူမ တတွတ်တွတ် ပြောနေစဉ်မှာပင် ချန်ချင်းယွီက အပြင်ခန်းသို့ ရောက်လာလေသည်။ သူမမှာ အဘွားကြီးကျောက်ကို မေးမြန်းလိုက်၏။

"အမေ... ဘယ်အိမ်မှာ သကြားလုံးလက်မှတ် လဲလှယ်လို့ရလဲ သိလား?"

အဘွားကြီးကျောက်မှာ စကားပြောရန် အခွင့်အရေးရသည်နှင့်

"နင်က ပိုက်ဆံတွေ အလကားဖြုန်းချင်နေတာလား? ဒါကြောင့် ပြောတာ... နင်တို့လို ချွေးမတွေက အိမ်ထောင်ကို မဦးစီးနိုင်ပါဘူးဆိုတာ၊ လက်ထဲ ပိုက်ဆံလေး ရှိတာနဲ့ ကိုယ့်နာမည်တောင် ကိုယ်မေ့ကုန်ကြပြီ။ နင်က ကျန့်ဝမ်ရဲ့ လျော်ကြေးငွေတွေကို အကုန်ဖြုန်းပစ်မှ ကျေနပ်မှာလား? ဒီအိမ်ကို ငါပဲ..."

ခွမ်း!

ချန်ချင်းယွီ ရေချိုးဇလုံကို ဆွဲထုတ်ပြီး ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲ မြည်အောင် ချလိုက်ရာ အဘွားကြီးကျောက်သည် လည်ပင်းညှစ်ခံလိုက်ရသည့် ကြက်တစ်ကောင်လို ချက်ချင်းပင် အသံတိတ်သွားတော့သည်။

ချန်ချင်းယွီ : "ကျွန်မဘာလုပ်ရမယ်ဆိုတာ ကျွန်မသိတယ်၊ ရှင့်လို ကိုယ်ကျိုးပဲကြည့်တဲ့လူမျိုးက အိမ်ထောင်ကို ပိုလို့တောင် မဦးစီးသင့်ဘူး! ဘယ်အိမ်မှာ လဲလို့ရမလဲသာ ပြောစမ်း!"

အဘွားကြီးကျောက်သည် ပုခုံးလေးတွန့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီလိုပစ္စည်းကောင်းကို ဘယ်သူက သိမ်းမထားဘဲ နေမှာလဲ? လဲပေးဖို့ ရက်ရက်ရောရော ရှိလှတဲ့သူက သိပ်မရှိဘူး။ တကယ်လို့ လဲချင်တယ်ဆိုရင်တော့... စတုတ္ထမြောက်ဝန်းက ဝမ်တာ့ချွေ ပေါ့၊ သူက လူပျိုကြီးဆိုတော့ သကြားလုံး သိပ်ကြိုက်မှာ မဟုတ်ဘူး။ ယွမ်မိသားစုက သူ့ဆီမှာ လဲတာ ငါတွေ့ဖူးတယ်။ ယွမ်မိသားစုက ဒုတိယသမီးဆိုတာကလည်း အလိုလိုက်ထားလိုက်တာလေ၊ အသက် ၁၇၊ ၁၈ အရွယ် အပျိုကြီးဖြစ်နေပြီ သကြားလုံး စားနေတုန်းပဲ၊ တကယ်ကို အလိုလိုက်လွန်းတာ။ ကျောက်ရုံ ကလည်း အမြဲတမ်း ဝမ်တာ့ချွေနဲ့ လဲတာပဲ။ သမီးမိန်းကလေးကို ဒီလောက် နုယွနေအောင်ထားတာ ကြည့်ရတာ ဂုဏ်သရေရှိတဲ့ နေရာကို တွန်းပို့ချင်လို့ ထင်ပါရဲ့၊ ဟွန်း။ ငါ့လို အဘွားကြီးက မရိပ်မိဘူး မှတ်နေလား? ယွမ်ဟောက်မင်နဲ့ ကျောက်ရုံက ပညာတတ်ပုံစံ ဖမ်းနေကြပေမဲ့ တကယ်တော့ လူကောင်းတွေ မဟုတ်ဘူး။ ဟို ယွမ်ဟောက်မင် ဆိုတဲ့လူကိုလည်း ဝေးဝေးကရှောင်၊ သူက 'ချန်ရှစ်မေ့' (သစ္စာဖောက်ယောက်ျား) လိုလူမျိုးပဲ။ ဖွီ! အောက်တန်းစားတွေ!"

ချန်ချင်းယွီ : “ကျွန်မက မုဆိုးမငယ်လေး ဆိုတော့ သူ့လို လူပျိုကြီးဆီ သွားလဲဖို့က မသင့်တော်ဘူး"

ထိုစကားကို ကြားသောအခါ အဘွားကြီးကျောက်က ပေါင်ကို ဖြန်းခနဲ ပုတ်လိုက်ပြီး

"ဟုတ်သားပဲ၊ ကြည့်စမ်း... ငါ ဒါကို မေ့သွားတယ်၊ နင်သွားတာ တကယ်မသင့်တော်ဘူး၊ ငါပဲ သွားမယ်! ငါ့သား ကျန့်ဝမ်က နင့်အပေါ် ဒီလောက်ကောင်းခဲ့တာ၊ နင်ကတော့ သူ့အတွက် အိန္ဒြေစောင့်ရမှာပေါ့!"

ထိုသို့ပြောနေစဉ် အဘွားကြီးကျောက်က ချန်ချင်းယွီကို ခိုးကြည့်လိုက်ရာ သူမ ဒေါသမထွက်သည်ကို မြင်မှ စိတ်အေးသွားရသည်။

ဒီအရူးမက ခဏခဏ အရူးထတတ်ပေမဲ့ သူမသား ကျန့်ဝမ်အပေါ်မှာတော့ သစ္စာရှိလှရှာသားပဲ…

"ငါ အခုပဲ သွားမယ်! အခုပဲ သွားလိုက်မယ်! နောက်လည်း ဒီလိုကိစ္စမျိုးရှိရင် ငါ့ကိုပဲ လွှဲလိုက်!"

ချန်ချင်းယွီ : "ကောင်းပြီ၊ အရင်သွားလဲလိုက်ဦး၊ ပြန်လာမှ ပိုက်ဆံပေးမယ်"

"အေး အေး!"

အဘွားကြီးကျောက်သည် မိုးကာအင်္ကျီကို ကောက်စွပ်ပြီး အပြင်သို့ ခပ်သုတ်သုတ် ထွက်ခဲ့သည်။ သူမသည် ချွေးမကို နောက်အိမ်ထောင်ထံ အပါမခံနိုင်ပေ။ အကယ်၍ ချွေးမသာ နောက်အိမ်ထောင်ပြုသွားလျှင် ကလေးများကို ဘယ်သူကျွေးမည်နည်း။ ကျန့်ဝမ် အသက်ရှင်စဉ်က သူမသည် ဤကလေးနှစ်ယောက်ကို အဖက်မလုပ်ခဲ့သော်လည်း ကျန့်ဝမ် မရှိတော့သည့်နောက်မှာတော့ မျိုးဆက်ကို ထိန်းသိမ်းရမည် မဟုတ်ပေလော့။

သူမကိုယ်တိုင်သည်ကား ကလေးမထိန်းနိုင်ပေ၊ သူမကိုယ်တိုင်လည်း ကောင်းကောင်းစား၊ ကောင်းကောင်းသောက်နေရဦးမည်။ ထို့ကြောင့် ဤကလေးများကို ချန်ချင်းယွီအပေါ်မှာပဲ ပုံထားရမည်၊ သူမ လုံးဝ နောက်အိမ်ထောင် မပြုစေရ!

အဘွားကြီးသည် စိတ်ဓာတ်များ တက်ကြွစွာဖြင့် စတုတ္ထမြောက်ဝန်းဆီသို့ သွားကာ တံခါးကို တဒုန်းဒုန်း ထုလေတော့သည်။

"ဝမ်တာ့ချွေ၊ ဝမ်တာ့ချွေ၊ တံခါးဖွင့်စမ်းဦး!"

မိုးက သည်းသည်းမည်းမည်း ရွာနေသော်လည်း အဘွားကြီးကျောက်၏ အသံမှာ ဟိန်းထွက်နေ၏။ အလယ်ဝန်းက လူများမှာလည်း ချက်ချင်းပင် ပြတင်းပေါက်နား စုရုံးလာကြပြီး အဘွားကြီးကျောက်ကို စောင့်ကြည့်နေကြသည်။

ညကြီးမင်းကြီး ဤမိန်းမက ဘာအရူးထပြန်ပြီလဲ..

ဝမ်တာ့ချွေများ သူမကို ပြဿနာရှာထားလို့လားဟု အမျိုးမျိုး တွေးနေကြ၏။

ဝမ်တာ့ချွေမှာ အိပ်ပျော်နေပြီဖြစ်ရာ စိတ်တိုတိုဖြင့် တံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်ပြီး အသံဩဩဖြင့် အော်လိုက်သည်။

"သေမလို့လား! လူခေါ်နေတာလား၊ ဝိညာဉ်ခေါ်နေတာလား!"

သူသည် ပုခုံးကြီးများ ကားထွက်နေသော လူသန်ကြီးတစ်ယောက် ဖြစ်သဖြင့် အဘွားကြီးကျောက်သည် ချက်ချင်းပင် ရန်လိုနေသည့်ပုံစံကို ဖျောက်ကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး အားနာသလို ပြုံးပြလိုက်၏။ အသံကိုလည်း တတ်နိုင်သမျှ နူးညံ့အောင် ပြောင်းလိုက်ပြီး

"တာ့ချွေရေ... အဲ့ဒါကလေ... အဒေါ်က မေးမလို့ပါ။ ဒီလရဲ့ သကြားလုံးလက်မှတ်ကို နင် သုံးပြီးပြီလား? ငါ့သား ကျန့်ဝမ်လည်း မရှိတော့ဘူးဆိုတော့ ကလေးတွေက ကောင်းကောင်းမအိပ်နိုင်ကြဘူးလေ၊ အဲ့ဒါ ကလေးလေးနှစ်ယောက် ပါးစပ်ချိုအောင် သကြားလုံးလေး ဝယ်ကျွေးမလို့ပါ။ အဒေါ်တို့အိမ်က လက်မှတ်တွေက ကုန်သွားလို့လေ။ နင်က ယောက်ျားကြီးဆိုတော့ သကြားလုံး သိပ်မစားပါဘူး၊ အဒေါ်တို့ကို လဲပေးလို့ ရမလားလို့ပါ?"

အဘွားကြီးကျောက်သည် ဝန်းထဲမှာ လူတကာကို ရမ်းကားပြီး ရန်ရှာနေတတ်သော်ငြား မည်သို့သောလူမျိုးကိုတော့ မစော်ကားရကြောင်း ကောင်းကောင်းသိလေ၏။ ပုခုံးကြီးများကားပြီး သန်မာလှသော ဝမ်တာ့ချွေကိုကားသူမ မပြစ်မှားရဲပေ။ အကယ်၍သာ ဝမ်တာ့ချွေ၏ လက်သီးချက်တစ်ချက် မိသွားလျှင် သူမတစ်ယောက် သူမအဘိုးကြီးရှိရာကို လိုက်သွားရမည်မှာ သေချာနေ၍ပင်။

သူမက အသက်ရှင်ချင်သေးသည်သာ။

"အဒေါ်တို့အိမ်က အခြေအနေက ဒီလိုဖြစ်နေတော့ နင်ကူညီပါဦး။ နင်က စိတ်ကောင်းရှိတဲ့သူဆိုတာ အဒေါ်သိပါတယ်..."

သူမက ချက်ချင်း လေသံပြောင်းပြီး အားနာပါးနာ ပြောလိုက်သောအခါ ဝမ်တာ့ချွေမှာ အိပ်ရေးပျက်၍ ထွက်နေသော ဒေါသလည်း အနည်းငယ် လျော့ကျသွားလေသည်။ သူက မျက်နှာထား နည်းနည်းပျော့သွားသော်လည်း ခေါင်းခါပြပြီး ငြင်းဆိုလိုက်၏။

"ကျွန်တော့်ဆီမှာလည်း မရှိဘူး၊ သုံးလိုက်ပြီ"

သူသည် လစဉ်လတိုင်း အလယ်ဝန်းက ယွမ်မိသားစုမှ အစ်မကြီးကျောက်ကို လဲပေးနေကျဖြစ်သည်။ အဘွားကြီးကျောက်ကဲ့သို့ အကျင့်မကောင်းသော အဘွားကြီးမျိုးကို ဘယ်လဲပေး၍ဖြစ်မည်နည်း။ ဝမ်တာ့ချွေ၏ လေသံက ပြေပြစ်သွားသော်ငြား ပစ္စည်းကိုမူ လဲမပေးခဲ့ချေ။ အဘွားကြီးကျောက်သည်လည်း မရှိဘူးဆိုသော စကားကိုကြားလိုက်ရရော ချက်ချင်းပင် မျက်နှာက ပျက်သွားပြီး ကြိမ်းမောင်းလိုက်လေသည်။

"မရှိရင်လည်း စောစောက ပြောရမှာပေါ့!"

ငါ့အလုပ်ကို နှောင့်နှေးစေတယ်!

အဘွားကြီးကျောက် စိတ်မရှည်တော့ဘဲ တန်းလှည့်ထွက်သွားရင်း တတွတ်တွတ် ရေရွတ်သွားပါတော့၏။

"တကယ့်ကို ပစ္စည်းဖြုန်းတဲ့ကောင်ပဲ၊ ယောက်ျားကြီးတန်မဲ့ သကြားလုံးလက်မှတ်ကို ကုန်အောင် သုံးပစ်တယ်၊ ဘယ်လို မြေခွေးမ (မိန်းမလည်) ဆီမှာ သွားသုံးလိုက်လဲ မသိဘူး။ ဖီ! အောက်တန်းစား!"

ဝမ်တာ့ချွေတစ်ယောက် ဒေါသများ ဝုန်းခနဲ ထွက်လာလေသည်။

ဒီအဘွားကြီးက အလကားနေရင်း ငါ့ကို လာဆွနေတာလားပေါ့!

အကယ်၍ ယောက်ျားချင်းသာဆိုလျှင် ဝမ်တာ့ချွေတစ်ယောက် ချပွဲနွှဲမိမှာ သေချာသည့်တိုင် မိန်းမသားကိုတော့ သူ လက်မပါချင်ပေ။ သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး... ဒုန်း!ခနဲမြည်အောင်

တံခါးကို ဆောင့်ပိတ်လိုက်ပါလေ၏။

ပြတင်းပေါက်မှတစ်ဆင့် ခိုးကြည့်နေကြသော အိမ်နီးချင်းများမှာ "ပွဲက မစခင်တင် ပြီးသွားတာပဲ" ဆိုပြီး နှုတ်ခမ်းမဲ့ကာ လူစုခွဲလိုက်ကြလေသည်။

အဘွားကြီးကျောက် ပစ္စည်းမလဲနိုင်ခဲ့၍ အိမ်အပြန် လမ်းတစ်လျှောက်မှာလည်း တတွတ်တွတ် ဆဲဆိုကြိမ်းမောင်းလာခဲ့၏။

"လူပျိုကြီးတွေက ပိုက်ဆံမစုတတ်ဘူး၊ ဖြုန်းတီးတဲ့ကောင်တွေ၊ တစ်သက်လုံး မိန်းမရမှာ မဟုတ်ဘူး"

သူမသည်ကား ချန်ချင်းယွီ ဝိညာဉ်ကူးပြောင်းလာပြီးမှ အရိုက်ခံရခြင်းမှာ တကယ်တမ်း ကံကောင်းသည်ဟုပင် ဆိုရပေမည်။

မဟုတ်လျှင်သူမ၏ ဤကဲ့သို့ ပေါက်တတ်ကရ ပြောတတ်သည့် ပါးစပ်ကြောင့် နေ့တိုင်း အရိုက်ခံရရင်ပင် မထူးဆန်းလှပေ။ ဤသည်ကိုကြည့်လျှင် ဝင်းထဲရှိ လူများမှာ အကြံအစည် များကြသော်လည်း လက်ပါရန်မူ ဝါသနာမပါကြကြောင်း သိသာနေသည်။ ရွှီကောင်းမင်နှင့်ရှီကျန့်ရှန်း ဇနီးမောင်နှံကလည်း အဘွားကြီးကျောက်ကို နင်းပြီး လူကောင်းပုံစံ ဖမ်းနေကျဖြစ်၍ သူမ ပါးစပ်သရမ်းမှုသည် သူတို့အတွက် အခွင့်အရေးများ အမြဲပေးနေသကဲ့သို့ပင်။

အဘွားကြီးကျောက် အိမ်ထဲကို ခြေပစ်လက်ပစ် ဝင်လာရင်း ညည်းတွားဆဲဆိုလိုက်၏။

"ဝမ်တာ့ချွေမှာ သကြားလုံးလက်မှတမ မရှိတော့ဘူးတဲ့၊ ဒီသေချင်းဆိုးက ယောက်ျားကြီးတန်မဲ့ ပိုက်ဆံမစုဘဲ ဘယ်ပြည့်တန်ဆာတန်းမှာ သွားဖြုန်းလိုက်လဲ မသိဘူး..."

ချန်ချင်းယွီ : "..."

တကယ်ပဲ... ဒီအဘွားကြီးရဲ့ ပါးစပ်ကို ဘယ်သူမှ မရိုက်ကြဘူးလား?

သည်းခံနိုင်လှချည်လား!

ထို့နောက် သူမက သိချင်စိတ်ဖြင့် မေးလိုက်မိလေသည်။

"အခုထိ ပြည့်တန်ဆာတန်းတွေ ရှိသေးတာလား? အဲ့ဒါတွေက တော်လှန်ရေးကာလ ပြီးကတည်းက ပိတ်လိုက်ပြီ မဟုတ်ဘူးလား?"

အဘွားကြီးကျောက်က ယုတ္တိရှိရှိ ပြန်ပြောလိုက်၏။

"ရှစ်ခုမြောက် မရှိရင် ကိုးခုမြောက် ရှိမှာပေါ့၊ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တဲ့ကောင်တွေကတော့ ဒီလိုနေရာမျိုးဆို နှံ့စပ်နေတာပဲ။ ကြောင်က ငါးညှီနံ့ရရင် ရှာတတ်သလိုမျိုးပေါ့။ နင်က ငယ်သေးတယ်၊ ဘာမှမသိသေးဘူး!"

ချန်ချင်းယွီ "အော်" ဟုသာ အာမေဍိတ်သံပြု၍ ပြန်ဖြေလိုက်၏။ ဤစကားသည်ကား ငြင်းစရာရှိမနေပေ။

သို့သော် သူမ ဆက်မေးလိုက်ပြန်သည်။

"သူ ရှင့်ကို လဲမပေးဘူးလား?"

အဘွားကြီးကျောက် : "မရှိတော့ဘူးတဲ့၊ ငါ့ကြည့်ရသလောက်တော့ သူ ငါ့ကို မလဲပေးချင်လို့ နေမှာ။ ဝင်းတစ်ခုတည်းသားတွေ ဖြစ်ပြီးတော့ စည်းလုံးမှုက လုံးဝမရှိဘူး၊ အကုန်လုံးက ကိုယ်ကျိုးကြည့်တဲ့ လူယုတ်မာတွေချည်းပဲ..."

ချန်ချင်းယွီ : "တော်ပါတော့၊ ကလေးတွေကို ရေချိုးပေးရအောင်"

သူမ ဒီအဘွားကြီး ဆဲဆိုသံတွေကို ဆက်မနားထောင်ချင်တော့ပေ!!

တကယ်ပါပဲ၊ သူမ စိတ်ထဲ၌ တစ်ခဏလောက်တော့ ယနေ့ခေတ်ကလူများမှာ တကယ် ယဉ်ကျေးကြတာပဲဟု တွေးမိသွားလေ၏။

မဟုတ်ရင် ဒီလိုအဘွားကြီးမျိုးက အစောကြီးကတည်းက အသတ်ခံရမှာ ကြာလှပါပြီ!!

စကားပြောတာက တကယ်ကို နားမခံသာဘူးလေ…

သူမ ရေစပ်လိုက်ပြီးသောအခါ အော်ခေါ်လိုက်လေသည်။

"တစ်ယောက်ချင်းစီ ချိုးမယ်၊ ရှောင်ယွမ် အရင်ချိုး"

ရှောင်ယွမ်လေးသည် ငိုက်မြည်းနေသော ခေါင်းလေးကို ဝှစ်ခနဲ မော့လာပြီး ချန်ချင်းယွီကို အံ့အားသင့်စွာ ကြည့်နေရှာ၏။ ဘာမှမပြောသော်လည်း ကလေးမလေး၏ အမူအရာက အဓိပ္ပာယ်ပေါ်လွင်လွန်းလှသည်။

"တစ်ယောက်တစ်လှည့်စီ ချိုးကြမယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ကိုကိုက အရင်ချိုးတယ်၊ ဒီတစ်ခေါက် ညီမလေး အရင်ချိုး၊ နောက်တစ်ခါကျရင် ကိုကိုက အရင်ပြန်ချိုးပေါ့..."

"ဟုတ်ကဲ့!"

ချန်ချင်းယွီသည် တံခါးနှင့် ပြတင်းပေါက်များကို လုံအောင်ပိတ်လိုက်ပြီး အဘွားကြီးကျောက်နှင့်အတူ ကလေးနှစ်ယောက်ကို မြန်မြန်ဆန်ဆန် ရေချိုးပေးလိုက်ကြသည်။ ကလေးနှစ်ယောက်လုံး ရေချိုးပြီးသွားသောအခါ ချန်ချင်းယွီသည် မွေ့ရာအောက်တွင် ဖိထားသော အတွင်းအင်္ကျီနှင့် ဘောင်းဘီရှည်များကို ထုတ်ပေးလိုက်ရာ ကလေးများက လိမ္မာပါးနပ်စွာ ဝတ်ဆင်လိုက်ကြ၏။ ထို့နောက် စောင်ကိုခြုံကာ ချန်ချင်းယွီ ခေါင်းသုတ်ပေးသည်ကို ငြိမ်ခံနေကြသည်။ ချန်ချင်းယွီ အသေအချာ သုတ်ပေးနေ၏။

"သေသေချာချာလေး ထပ်သုတ်ဦး"

သူမ သတိလက်လွတ် ဖြစ်သွားခဲ့သည်။

ယခုခေတ်တွင် ဆံပင်အခြောက်ခံစက် မရှိသည်ကို သူမ မေ့သွားခဲ့၏။ ဆံပင်များ စိုစွတ်နေသည်မှာ တကယ်ကို အဆင်မပြေလှပေ။ သို့သော် သူမသည် ကလေးများ၏ ခေါင်းကို တပတ်ဖြင့် ထုပ်ပေးလိုက်ပြီး ပြောလိုက်လေတော့သည်။

"မခြောက်နိုင်တော့ဘူး၊ ဒီတိုင်းပဲ အိပ်ကြတော့"

တခြားနည်းလမ်း မရှိတော့ပေ။

ကလေးနှစ်ယောက်လုံးမှာ အိပ်ငိုက်လွန်း၍ ခေါင်းလေးများ တငိုက်ငိုက် ဖြစ်နေကြပြီဖြစ်၏။

ကလေးနှစ်ယောက်မှာ အနွေးခုတင်၏ ထိပ်ဘက်တွင် အိပ်ကြပြီး ချန်ချင်းယွီက သူတို့ဘေးတွင် အိပ်ကာ၊ ခုတင်ခြေရင်းဘက်တွင်မူ အဘွားကြီးကျောက် အိပ်လေသည်။

မူလက ဤကဲ့သို့ အိပ်စက်ကြခြင်း မဟုတ်သော်လည်း ယခုတော့ ဤသို့ပင် ဖြစ်လာခဲ့၏။

ချန်ချင်းယွီသည် ကလေးများကို စောင်ထဲသို့ ထည့်ပေးလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမသည် ကလေးထိန်းရာတွင် စိမ်းနေမည်ဟု ထင်ထားခဲ့သော်လည်း အခြေအနေနှင့် လျင်မြန်စွာ အသားကျသွားရ၏။ ၎င်းမှာ ချန်ချင်းယွီ၏ မူလဗီဇကြောင့်သော်လည်းကောင်း၊ သို့မဟုတ် သူမ၏ ယခင်ဘဝ အတွေ့အကြုံကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ သူမ ငယ်ငယ်က မိဘမဲ့ဂေဟာတွင် နေခဲ့စဉ် လူအင်အားမလုံလောက်သဖြင့် ကလေးကြီးများက ကလေးငယ်များကို ပြန်လည်ကြည့်ရှုပေးခဲ့ရ၏။ ထို့ကြောင့် သူမသည် ကလေးများကို သိပ်ပြီး သဘောမကျလှပေ။

သို့သော် သူမသည် ချန်ချင်းယွီ၏ ခန္ဓာကိုယ်ကို ရရှိထားသဖြင့် သူတစ်ပါး၏ ကလေးများအပေါ် မကောင်းသဖြင့် မလုပ်နိုင်ပေ။ သူမသည် ရေနွေးများ ညစ်ပတ်သွားသဖြင့် သုံး၍မရတော့သည်ကို မြင်သောအခါ ရေနွေးပြန်တည်လိုက်သည်။ အဘွားကြီးကျောက်မှာမူ မအောင့်နိုင်တော့ဘဲ ရေညစ်ပတ်သည်ကိုပင် ဂရုမစိုက်တော့ကာ ရေချိုးပြီး အိပ်စက်လိုက်တော့၏။

ချန်ချင်းယွီ နောက်ဆုံးမှ ရေချိုးလိုက်ပြီး သူမ အကုန်သိမ်းဆည်းပြီးသွားသောအခါ ဘယ်ဘက်မှ ကလေးငယ်နှစ်ယောက်မှာ ဟောက်သံလေးများ ထွက်နေပြီး ညာဘက်မှ အဘွားကြီးမှာလည်း ဟောက်နေလေပြီဖြစ်သည်။

ချန်ချင်းယွီသည် ခုတင်စွန်းတွင် ထိုင်ကာ ဆံပင်ကို တစ်ချက်တစ်ချက် သုတ်နေ၏။ သူမ၏ ဆံပင်မှာ တော်တော်လေး ထူထဲလှသည်။ ဤဘဝနှင့် အရင်ဘဝက မျက်နှာချင်း ထပ်တူကျသော်လည်း ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ဆံပင်မှာကား အကြီးအကျယ် ကွာခြားလှ၏။

ခေတ်သစ်ကမ္ဘာတွင်ရှိစဉ်က သူမတွင် ကင်းကောင်ဘာဘီ ဟူသော အမည်ပြောင် ရှိခဲ့သည်။ မျက်နှာလေးမှာ လှပနုနယ်သော်လည်း ဗလတောင့်ကာ လက်သီးတစ်ချက်ဖြင့် လူကြီးတစ်ယောက်ကို အလဲထိုးနိုင်လောက်အောင် သန်မာသည်ဟု ဆိုလိုခြင်းတည်း။ ယခုဘဝတွင်မူ မျက်နှာလေးနှင့် ခန္ဓာကိုယ်မှာ လိုက်ဖက်သွားကာ နွမ်းလျလျဖြင့် အားနည်းချိနဲ့သော ပုံစံမျိုး ဖြစ်နေလေ၏။

ယခင်ဘဝ၌ သူမသည် ဆံပင်တိုတိုသာ ထားလေ့ရှိပြီး ဆံပင်လည်း ပါးလှသည်။ ခေတ်သစ်လူသားများတွင် ဆံပင်ပါးခြင်း၊ ထိပ်ပြောင်ခြင်း ဒုက္ခနှင့် မကြုံဖူးသူ မရှိသလောက်ပင်။ သို့သော် ဤခေတ်တွင် လူတိုင်း ဆံပင်ထူကြလေ၏။ ချန်ချင်းယွီသည် အနည်းငယ် အာဟာရချို့တဲ့သဖြင့် ဆံပင်က အနည်းငယ် ဝါကျင့်ကျင့် ဖြစ်နေသော်လည်း အတော်လေးကို ထူထဲလေးလံလှသည်။

သူမ ဆံပင်သုတ်နေသော်လည်း ခဏချင်းနှင့် မခြောက်နိုင်မှန်း သိနေ၏။ အပြင်ဘက်တွင် မိုးက သည်းသည်းမည်းမည်း ရွာနေဆဲတည်း။ သူမသည် မီးပိတ်လိုက်ပြီး ခုတင်ပေါ်တွင် ထိုင်ကာ ဟိုဟိုဒီဒီ တွေးတောနေမိသည်။ ယနေ့ သူမ မိဘအိမ်သို့ သွားရောက် သောင်းကျန်းခဲ့သည်မှာ သေချာပေါက် "နိမိတ်မရှိသူ" ဟူသော နာမည်ဆိုးကို ရပေလိမ့်မည်။ သို့သော် ချန်ချင်းယွီ ဂရုမစိုက်ပေ။ ယခုခေတ်တွင် မည်သူမှ ရှေးရိုးစွဲ အယူသီးမှုများကို လူပုံအလယ်တွင် ထုတ်မပြောရဲကြသဖြင့် သူမ မကြောက်ပေ။ ဤကဲ့သို့ နာမည်ဆိုး ရှိနေခြင်းကပင် ပြဿနာများ နည်းပါးသွားစေနိုင်သည် မဟုတ်လော့။

ချန်ချင်းယွီသည် ထိုနာမည်ဆိုးကို အသုံးချကာ တစ်ခုခုလုပ်ရန် ကြံစည်နေ၏။ တကယ်တမ်း ယနေ့ မိဘအိမ်၌ သွားရောက်သောင်းကျန်းခဲ့သည်မှာ အစီအစဉ် သိပ်မကျလှသော်လည်း ချန်ချင်းယွီဆိုသည်မှာ နှစ်ပေါင်း ၂၀ ကျော်လုံး ပျော့ညံ့သူအဖြစ် လူသိများခဲ့သဖြင့် အနှိပ်စက်ခံရလွန်း၍ စိတ်ထိခိုက်ကာ ရုတ်တရက် အရူးထသွားခြင်းမှာ အကြောင်းပြချက် ခိုင်လုံနေပေသည်။

ကျန်သည့်ကိစ္စများအတွက်မူ ချန်ချင်းယွီသည် မိမိကိုယ်ကို အချစ်ကြီးလွန်းသူအဖြစ် ပုံဖော်ရန် ဆုံးဖြတ်လိုက်၏။ သူမသည် လင်းကျန့်ဝမ်အပေါ် အချစ်ကြီးလွန်းဟန် သရုပ်ဆောင်မည်ဖြစ်၍ နောက်အိမ်ထောင်ပြုရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။ မည်သူဖြစ်စေ သူမကို မျက်စိကျသည်နှင့် သူမကိုယ်တိုင် လက်ပါစရာမလိုဘဲ အဘွားကြီးကျောက်နှင့်တင် ပွဲသိမ်းပေါက်ကွဲထွက်သွားမှာ သေချာလှသည်။

သူမ ငယ်စဉ်ကတည်းက ယုံကြည်ထားသည်မှာ အားကိုးရာဆိုသည်မှာ ပြိုလဲတတ်ပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟူ၍ ပင်။ ချန်ချင်းယွီသည် တကယ့်ကို အိမ်ထောင်မပြုလိုသူ တစ်ယောက်ဖြစ်ပေသည်။ သူမသည် နောက်အိမ်ထောင်ပြုရန် စိုးစဉ်းမျှ မစဉ်းစားခဲ့ချေ။

"အချစ်ရူးမ" ဟူသော နာမည်မှာ နောင်ရေးအတွက် ပြဿနာ အများကြီးကို ရှင်းပေးနိုင်မည်ဖြစ်၏။ ဤသည်မှာ ချန်ချင်းယွီက နာမည်ဆိုးများ လိုက်လံဖန်တီးချင်၍ မဟုတ်ဘဲ ကြိုတင်ကာကွယ်သည့် သဘောသာ ဖြစ်ပေသည်။ မုဆိုးမအိမ်ရှေ့၌ ပြဿနာများတတ်သည် မဟုတ်လော့။ သူမသည် အလွန်အမင်း အိန္ဒြေစောင့်သည့် မိန်းမမျိုး မဟုတ်သော်လည်း နားမခံသာသည့် ကောလာဟလများကိုမူ အထွက်မခံနိုင်ပေ။

ဤခေတ်ကြီးမှာ အနည်းငယ် ထူးခြားသဖြင့် အမူအကျင့် မကောင်းဟူသော နာမည်ထွက်သွားပါက ဒုက္ခရောက်နိုင်သောကြောင့် အစကတည်းက "အချစ်ရူးမ" ဟု အသိပေးထားခြင်းမှာ ပိုစိတ်ချရ၏။ အချစ်ရူးဆိုသည်မှာ နားထောင်၍ သိပ်မကောင်းသော်လည်း ဘေးကင်းလှပေသည်။

နောက်တစ်ချက်မှာ သူမ၏ အလုပ်နေရာကို တစ်ပါးသူ လုမယူနိုင်အောင် ကာကွယ်ရန် ဖြစ်၏။ သူတို့အိမ်၌ အလုပ်နေရာတစ်ခု ရှိနေခြင်းက မည်မျှ အရေးပါသည်ကို ပြောနေစရာ မလိုပေ။ ယခုခေတ်တွင် ပညာတတ်လူငယ်များသည် ကျေးလက်ဘက်သို့ မဖြစ်မနေ ဆင်းကြရမည်ဖြစ်ပြီး မြို့ပေါ်၌ ကျန်ခဲ့ရန်မှာ အလုပ်ရှိမှ ဖြစ်မည်ဖြစ်၏။ သို့သော် အလုပ်ကနည်းပြီး လူကများသဖြင့် သူတို့ကဲ့သို့ အားကိုးရာမဲ့သူများကို မျက်စိကျလာကြမှာ အမှန်ပင် ဖြစ်ပေသည်။ သို့သော် လင်းကျန့်ဝမ်မှာ စက်ရုံအတွက် အသက်ပေးသွားသူဖြစ်ရာ စက်ရုံဘက်ကမူ အလွယ်တကူ အပြစ်ရှာမည် မဟုတ်ချေ။ အလုပ်ကို လိုချင်ပါက အရိုးရှင်းဆုံး နည်းလမ်းမှာ သူမကို နောက်အိမ်ထောင်ပြုခိုင်းခြင်းပင် ဖြစ်၏။ သူမ နောက်အိမ်ထောင်ပြုလျှင် ယောက္ခမက မြေးများကို ခေါ်သွားခွင့်ပြုမည် မဟုတ်သလို၊ အဘွားကြီးကျောက်က ကလေးထိန်းရန် အိမ်ပြန်လာရပါက ထိုအလုပ်နေရာမှာ လွတ်သွားမည် ဖြစ်ပေသည်။

အကယ်၍ သူမသည် လင်းကျန့်ဝမ်အပေါ် အချစ်ကြီးလွန်းသည့် "အချစ်ရူးမ" ဟူသော နာမည်သာ ထွက်သွားပါက သူမကို နောက်အိမ်ထောင်ပြုရန် တိုက်တွန်းခြင်း သို့မဟုတ် ကောလာဟလဖြန့်၍ အကြပ်ကိုင်ခြင်းတို့မှာ အောင်မြင်ရန် မလွယ်တော့ပေ။ ထို့ပြင် "နိမိတ်မရှိသူ" ဟူသော နာမည်ကလည်း ရှိနေသေး၏။ ချန်ချင်းယွီသည် တစ်ဖက်လူများကို အဆိုးဆုံးအထိ ကြိုတင်တွက်ဆထားရန် ဝန်မလေးပေ။ ထို့ကြောင့် ဤပုံစံကို သေချာအောင် တည်ဆောက်ရမည် ဖြစ်၏။

မုဆိုးမငယ်လေးအဖြစ် ဗီဇပြောင်းလာရသည်မှာ အစပိုင်း၌ ခက်ခဲသော်လည်း သေသေချာချာ စဉ်းစားကြည့်ပါက အခွင့်အလမ်းများစွာ ရှိနေပေသည်။ အနည်းဆုံးမူ တခြား ဝတ္ထုများထဲမှ မင်းသမီးများထက် သာနေပါသေး၏။ မင်းသမီး ဆယ်ယောက်တွင် ကိုးယောက်မှာ ကျေးလက်ဒေသသို့ ဆင်း၍ လယ်လုပ်ကြရသည် မဟုတ်ပါလော့။ သူမမှာမူ လယ်တောထဲမှ အလုပ်များကို တကယ် မလုပ်တတ်ပေ။ မြို့ပေါ်၌ နေရသည်မှာ သူမအတွက် အကောင်းဆုံး ဖြစ်၏။ ချန်ချင်းယွီ တွေးနေသည်မှာ လူဆိုသည်မှာ ကိုယ်တိုင် အရင်ဦးအောင် လှုပ်ရှားရမည် ဟူ၍ပင်။ မနက်ဖြန်မှစ၍ သူမသည် ထိပ်တန်း "ချုံးယောင်" ဇာတ်လမ်းတွဲများထဲမှ မင်းသမီးကဲ့သို့ အချစ်ကြီးသူ ဖြစ်သွားရပေတော့မည်။

(ချုံးယောင်ဆိုတာ ထိုင်ဝမ်က နာမည်ကြီး စာရေးဆရာမ၊ သူ့ဇာတ်လိုက်တွေက အချစ်အကြောင်းကလွဲရင် ဘာမှမသိကြလို့ အရမ်းရို့မန့်ဆန်တဲ့ ဝတ္ထုတွေအဖြစ် နာမည်ကြီးပါတယ်၊ မိန်းကလေးတွေအကြိုက်ပေါ့ အချစ်ကလွဲ ဘာမှမသိဘူးဆိုတဲ့ အမျိုးအစားမျိုးပါ)

ကဲ... ဒါပဲ၊ ကြိုးစားထား ချန်ချင်းယွီ!

သူမသည် စားပွဲပေါ်မှ နာရေးဓာတ်ပုံကို မော့ကြည့်လိုက်ကာ ဓာတ်ပုံကို ကိုင်၍ အလေးအနက် ပြောလိုက်၏။

"လင်းကျန့်ဝမ်... ရှင်သာ ကောင်းကင်ဘုံကနေ သိနေမယ်ဆိုရင် ကျွန်မကို စောင့်ရှောက်ပေးပါဦး။ ရှောင်ကျားနှင့် ရှောင်ယွမ်ကို ကျွန်မ သေသေချာချာ စောင့်ရှောက်ပါမယ်”

ဓာတ်ပုံထဲမှ လင်းကျန့်ဝမ်မှာ အသက် ၂၀ ကျော် အရွယ်ဖြစ်ပြီး ရုပ်ရည်သန့်ပြန့်ကာ နည်းနည်း ပိန်ပါး၏။ အပြုံးလေးများကလည်း တကယ့်ကို တောက်ပနေပေသည်။ ဤသည်မှာ သူ စက်ရုံသို့ အလုပ်ဝင်ခါစက ရိုက်ထားသည့် မှတ်တမ်းဓာတ်ပုံလေး ဖြစ်၏။ နှစ်အနည်းငယ်အတွင်းမှာပင် ဤသည်မှာ နာရေးဓာတ်ပုံ ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ လင်းကျန့်ဝမ်ဆိုသည်မှာ ချန်ချင်းယွီအတွက် ရင်းနှီးသူတစ်ယောက်လိုလို၊ သူစိမ်းတစ်ယောက်လိုလိုပင် ဖြစ်၏။ သူမ၌ မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေသဖြင့် လင်းကျန့်ဝမ်မှာ တကယ်ကို လူကောင်းတစ်ယောက်ဖြစ်ကြောင်း သိနေပေသည်။ နှမြောစရာကောင်းသည်မှာ လူကောင်းများ အသက်မရှည်ခြင်းပင် ဖြစ်၏။ ချန်ချင်းယွီသည် ဓာတ်ပုံကို ပွတ်သပ်ရင်း စိုက်ကြည့်နေမိ၏။ ဆံပင်များက ဖားလျားကျနေပြီး သူမ ဘာတွေးနေသည်ကို ဘယ်သူမှ မသိနိုင်ပေ။

အဘွားကြီးကျောက်မှာမူ အိပ်ပျော်နေရင်းမှ ရုတ်တရက် လန့်နိုးလာပြီး သူမသည် ဤအရူးမ အိပ်ပျော်သွားသည့် အချိန်ကျမှ ခိုးရိုက်၍ ယောက္ခမ၏ ဂုဏ်သိက္ခာကို ပြန်ယူရန် စိတ်ကူးထားခြင်း ဖြစ်၏။ နိုးနေစဉ် မနိုင်သော်လည်း အိပ်ပျော်နေလျှင်တော့ နိုင်မည်ဟု ထင်နေပေသည်။ သူမကို အရိုက်အနှက်ခံနိုင်အောင် ဆုံးမလိုက်ပါက နောက်ဆို ဤမျှ ရမ်းကားရဲတော့မည် မဟုတ်ချေ။ အဘွားကြီးသည် အရူးမ အိပ်မည့်အချိန်ကို စောင့်နေခြင်း ဖြစ်၏။ သို့သော် ယနေ့ တစ်နေ့လုံး ပင်ပန်းထားသဖြင့် သူမလည်း အိပ်ပျော်သွားရှာပေသည်။ သို့သော် အိပ်ပျော်နေရင်းကပင် သူမ၌ လုပ်စရာ အရေးကြီးကိစ္စ ရှိသေးသည်ကို သတိရနေသဖြင့် ဝေဝေဝါးဝါးဖြင့် ပြန်နိုးလာခြင်း ဖြစ်၏။ သူမ မျက်လုံးကို ပွတ်၍ အရူးမ အိပ်ပြီလားဟု ကြည့်လိုက်ရာ ..

ဟင်!! လူက ဘယ်ရောက်သွားလဲ…

သူမ ခိုး၍ အပြင်ထွက်ကာ လင်ငယ်ခိုးထားနေခြင်းလော့။

အဘွားကြီးကျောက် လန့်နိုးသွားပြီး ထရန် ပြင်လိုက်စဉ်မှာပင် ကြမ်းပြင်ပေါ်၌ ရပ်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ သူမ ကြောင်သွားပြီး ချက်ချင်းပင် မျက်လုံးမှိတ်ကာ အိပ်ချင်ဟန်ဆောင်လိုက်ရပေသည်။

အမေ့... ဒီအရူးမက နိုးနေတာပဲ..

သူမ နိုးနေရင်တော့ ငါ မနိုင်နိုင်ဘူး!!

အဘွားကြီးကျောက်မှာမူ တစ်စက္ကန့်အတွင်းမှာပင် ပြန်ကြောက်သွားရှာ၏။ သူမ မျက်လုံးကို မှိတ်ထားရင်း မျက်တောင်လေး နည်းနည်းဟကာ ခိုးကြည့်လိုက်လေသည်။ ထိုအရူးမ ညကြီးမင်းကြီး ဘာလုပ်နေသနည်းဟု အဘွားကြီးကျောက် ခိုးကြည့်လိုက်သည့် အချိန်၌ ဤအမြင်က သူမ၏ ဝိညာဉ်ကိုပင် လွှင့်ထွက်သွားစေမတတ် ဖြစ်သွားရ၏။ ချန်ချင်းယွီမှာ ဆံပင်ဖားလျားချကာ လင်းကျန့်ဝမ်၏ နာရေးဓာတ်ပုံကို ပွေ့ပိုက်၍ ငြိမ်သက်စွာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရခြင်း ဖြစ်ပေသည်။

"အားးးးးး!!!"

အဘွားကြီးကျောက် လန့်လွန်းသဖြင့် အော်ဟစ်လိုက်မိ၏။ ချန်ချင်းယွီက ချက်ချင်း လှည့်ကြည့်လိုက်လေသည်။

ဝုန်းးးး ဂျိမ်း! လျှပ်စီးတစ်ချက် လက်သွားပြီး မိုးခြိမ်းသံကြီး ထွက်ပေါ်လာ၏။ အဘွားကြီးကျောက်မှာ လန့်လွန်းသဖြင့် ချက်ချင်းပင် သတိလစ် မေ့မြောသွားပါတော့သည်။

ညကြီးမင်းကြီး၌ ဆံပင်ဖားလျားနှင့်၊ ဖြူဖျော့နေသည့် မျက်နှာကြီးဖြင့် နာရေးဓာတ်ပုံကို ပွေ့ပိုက်ကာ ငေးကြည့်နေသည့် ပုံစံကို ဘယ်သူက မကြောက်ဘဲ နေမည်နည်း။ အဘွားကြီးကျောက် လန့်၍ မေ့သွားပြီ ဖြစ်၏။ ချန်ချင်းယွီက မျက်ခုံးပင့်ကာ ရေရွတ်လိုက်မိလေသည်။

"ဒီလောက်တောင် သူရဲဘောကြောင်တာလား?"

သူမ ဘာမှလည်း မလုပ်ရသေးချေ။ ချန်ချင်းယွီမှာ တကယ်ကို နားမလည်နိုင်အောင် ဖြစ်သွားရပေသည်။ အဘွားကြီးကျောက်က ဘာကို အဲ့ဒီလောက် ကြောက်နေသည် မသိပေ။ တကယ့်ကို ထူးဆန်းသည့် အဘွားအိုပင် ဖြစ်၏။

"အွန်းးး..."

အဘွားကြီးကျောက်၏ အော်သံကြောင့် ကလေးနှစ်ယောက် လန့်နိုးလာကြပေသည်။ ချန်ချင်းယွီက သူတို့နားသွားပြီး ပုတ်ပေးကာ "လိမ္မာတဲ့ ကလေးလေးတွေ... အိပ်ကြနော်" ဟု ချော့လိုက်၏။ သူမ ပုတ်ပေးလိုက်သဖြင့် ကလေးနှစ်ယောက်မှာ မျက်မှောင်လေးကြုတ်ကာ အသံလေးများ ထွက်ပြီး ပြန်အိပ်ပျော်သွားကြလေသည်။ ချန်ချင်းယွီက အဘွားကြီးကျောက်ကို တစ်ချက်ကြည့်၊ ပုခုံးတွန့်ပြီး ဓာတ်ပုံကို ပြန်ချလိုက်ကာ အိပ်ရာထဲ ဝင်လိုက်၏။

တကယ်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ!!

ဘာမဟုတ်သည်ကို အော်ဟစ်နေတယ်!!

ဘာကြောက်စရာ ရှိလဲ!!

ငကြောက် အဘွားကြီး သတ္တိနည်းလိုက်တာ!!

၁၈။ ထိပ်တန်းလင်တရူး

မိုးလင်းခါစ အချိန်ဖြစ်သော်လည်း အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများ တဖြောက်ဖြောက်နှင့် အဆက်မပြတ် ရွာသွန်းနေလေသည်။

အဘွားကြီးကျောက်သည် ထမင်းစားသောက်ဆောင်တွင် အထွေထွေလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ရာ အလုပ်ဆင်းချိန်သည် အခြားအလုပ်သမားများထက် စောမည်ဖြစ်၏။အဘယ်ကြောင့်ဆိုသော် အချို့သောအလုပ်သမားများသည် စားသောက်ဆောင်တွင် နံနက်စာ စားလေ့ရှိကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ပင် သူတို့သည် အလုပ်သမားများထက် တစ်နာရီခန့် စော၍ အလုပ်ဝင်ရသော်လည်း အလုပ်ဆင်းချိန်တွင်မူ အနည်းငယ် ပိုစောတတ်ကြပေသည်။

ယခုအချိန်တွင် အဘွားကြီးကျောက်သည် အဝတ်အစားများ လဲလှယ်နေလေသည်။ သူမသည် အိပ်ရာထနောက်ကျလေ့ရှိသူဖြစ်ရာ ရုတ်တရက်ကြီး စောစောထရသည့်အတွက် မျက်နှာတစ်ခုလုံး မသာမယာ ဖြစ်နေရှာ၏။ ထိုသို့ စောစောထရသည်ကို စိတ်ပျက်နေမိသဖြင့် ချွေးမဖြစ်သူအား မိမိ၏အလုပ်နေရာတွင် အစားထိုးဝင်ခိုင်းလိုက်လျှင် အိပ်ရာထဲ၌ အေးအေးလူလူ ဆက်အိပ်နိုင်မည်ဖြစ်ကြောင်း တွေးတောရင်း ပို၍ပင် နောင်တရနေမိတော့သည်။

သို့သော်လည်း သူမ အနည်းငယ် ပေါ့ဆသွားခဲ့လေပြီ။

ချန်ချင်းယွီသည် တစ်ဖက်သို့ စောင်းငဲ့ကာ မျက်လုံးဖွင့်ကြည့်လိုက်ပြီး ခပ်တိုးတိုး အသံလေးဖြင့် "အမေ မသွားသေးဘူးလား" ဟု မေးမြန်းလိုက်၏။

အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်း မနေ့ည သန်းခေါင်ယံအချိန်က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ရုတ်တရက် သတိရသွားကာ ကျောထဲ၌ စိမ့်ခနဲ ချမ်းသွားရသည်။ ထိုအခါမှသာ ထမင်းစားသောက်ဆောင်သို့ အလုပ်သွားဆင်းရသည်မှာ ကောင်းလှပြီဟု တွေးမိသွားတော့၏။ အလုပ်ရုံရှိ စားသောက်ဆောင်တွင် ယောကျာ်းရင့်မာကြီးများဖြင့် ပြည့်နှက်နေသောကြောင့် အပူအရှိန် (ယန်ဓာတ်) ကောင်းကာ ဘေးကင်းမည်ဟု ယူဆမိသည်။

သူမသည် အဝတ်အစားများကို ကပျာကယာ ဝတ်ဆင်လိုက်ပြီး "သွားပြီ၊ သွားပြီ" ဟု ပြတ်ပြတ်သားသား ပြန်ပြောတုံ့ပြန်လိုက်လေ၏။

ချန်ချင်းယွီက ပျင်းရိပျင်းတွဲဖြင့် ထပ်လောင်းပြောကြားလိုက်၏။

“စားသောက်ဆောင်မှာ များများစားခဲ့နော်၊ အိမ်က စားစရာတွေ သက်သာအောင်လို့"

"သိတယ်၊ သိတယ်"

အဘွားကြီးကျောက် အလျင်အမြန် ပြန်ဖြေလိုက်လေသည်။

ဤကိစ္စမျိုးကို ချန်ချင်းယွီက သတိပေးရန်ပင် မလိုပေ။ အဘွားကြီးကျောက်သည် အခွင့်အရေးရလျှင် ရသလို အမြတ်ထုတ်တတ်သူ ဖြစ်သည်။ သူမ၏ ဘဝခံယူချက်မှာ "အခွင့်အရေးရှိလျက်နှင့် အမြတ်မထုတ်သူသည် လူအ" ဟူ၍ပင် ဖြစ်၏။

"နင် စိတ်ချစမ်းပါ၊ ငါက ထမင်းစားဆောင်မှာ အလုပ်လုပ်တာပဲ၊ နောက်ဆိုရင် ညစာအတွက် ထမင်းဘူးပါ သယ်လာလို့ရပြီ..."

ထိုအခါ ချန်ချင်းယွီက စူးရှသောအကြည့်ဖြင့် ကြည့်လိုက်ကာ သတိပေးလိုက်လေသည်။

“ကျွန်မတို့အိမ်က အလုပ်ကို မျက်စိကျပြီး ပြဿနာရှာချင်နေတဲ့သူတွေ ရှိနေတာ အမေ မေ့သွားပြီလား။ အမေ အဝစားတာ ဘာမှမဖြစ်ပေမဲ့ အလုပ်မှာ ခြေကုပ်မမြဲသေးခင်တော့ ဘာမှ သယ်မလာနဲ့ဦး။ မဟုတ်ရင် သူခိုးလို့ အစွပ်စွဲခံရရင် ငိုနေရလိမ့်မယ်"

အဘွားကြီးကျောက်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ သူမ၏ ပေါင်ကို တဖြန်းဖြန်းပုတ်ကာ ဒေါသတကြီးဖြင့်

ကျိန်ဆဲတော့၏။

"အေး ဟုတ်သားပဲ၊ ငါ မေ့သွားတယ်၊ အဲဒီ မြောင်းထဲက ကြွက်စုတ်တွေက ငါတို့အိမ်က အလုပ်နေရာကို မျက်စိကျနေကြတာ။ လိုချင်တာ မရတော့ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးဦးမှာပဲ။ တကယ့်ကို အကျင့်မကောင်းတဲ့ လူတွေပဲ၊ သူတို့ကို မိုးကြိုးပစ်ပြီး အသေသတ်လိုက်ရင် ကောင်းမှာ"

"ကဲပါ၊ မြန်မြန်သွားတော့၊ နောက်ကျသွားရင် မကောင်းဘူး"

ချန်ချင်းယွီ တိုက်တွန်းလိုက်၏။

"အေးအေး၊ သွားပြီ"

အဘွားကြီးကျောက်သည် အမြဲတမ်း ပြဿနာရှာတတ်သူ ဖြစ်သော်လည်း လက်ရှိအချိန်တွင် လူအများက သူမတို့အိမ်၏ အလုပ်နေရာကို မည်မျှ လိုချင်နေကြသည်ကို သိရှိထားပေသည်။ ထိုအလုပ်နေရာမှာ လိုချင်တိုင်း ရနိုင်သော အရာမဟုတ်သည့်အတွက် မနာလိုသူများက သူမတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်သည်ကိုလည်း နားလည်ထား၏။

တွေးမိလေလေ ဒေါသထွက်လေလေပဲ!! တိရစ္ဆာန်တွေ!!

အဘွားကြီးကျောက်သည် နံနက်စောစောစီးစီးတွင်ပင် လူ့လောကကြီးသည် တကယ့်ကို ယုတ်မာလွန်းလှသည်ဟု တတွတ်တွတ် ဆဲဆိုနေတော့သည်။

ချန်ချင်းယွီ (အရူးမ) သည်လည်း လူကောင်းတစ်ယောက် မဟုတ်သော်လည်း မိမိနှင့် အကျိုးစီးပွား တူညီသူ ဖြစ်၏။ သို့သော် ဝင်းထဲရှိ အခြားလူများမှာမူ ကိုယ်ကျင့်တရား မရှိကြသူများဟု သူမက ယူဆထားသည်။

အဘွားကြီးကျောက်သည် မိုးကာအင်္ကျီကို ဝတ်ဆင်၍ တစ်လှမ်းချင်း လျှောက်ရင်း ကျိန်ဆဲသွားလေရာ သူမ၏ နောက်တွင် လျှောက်လာသော လီချန်ရွှမ်းမှာမူ ဘာပြောရမှန်းမသိအောင် ဆွံ့အလျက် ရှိနေ၏။

လီချန်ရွှမ်းသည် နံနက်စောစောစီးစီးတွင် ဆဲဆိုနေသော အဘွားကြီးကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။ ဤအဘွားကြီးသည် စိတ်မမှန်ဟုပင် သူ ယူဆလိုက်မိသည်။

ထို့ပြင် အဘွားကြီးနှင့် အလုပ်ရုံ တစ်ခုတည်းတွင် အတူတူ အလုပ်လုပ်ရမည်ကို တွေးမိရုံဖြင့် လီချန်ရွှမ်း၏ ရှေ့ရေးအနာဂတ်သည် မှောင်အတိ ကျသွားသလို ခံစားလိုက်ရ၏။

သူတို့၏ အလုပ်ရုံတွင် စားသောက်ဆောင် သုံးခုရှိပါလျက်နှင့် အဘွားကြီးကျောက်သည် သူရှိရာ စားသောက်ဆောင်သို့ပင် ရောက်လာရသည်မှာ တော်ရုံတိုက်ဆိုင်မှုပေလော့။ ထောက်ပံ့ရေးဌာနမှူး မာကျန့်ယီသည်လည်း အိမ်နီးချင်းအချင်းချင်း အပြန်အလှန် စောင့်ရှောက်နိုင်အောင်ဟု အကြောင်းပြကာ အဘွားကြီးကို ထည့်ပေးလိုက်ခြင်းအပေါ် လီချန်ရွှမ်း များစွာ မကျေမနပ် ဖြစ်နေရလေသည်။

လီချန်ရွှမ်းသည်လည်း တတွတ်တွတ်နှင့် ပြန်လည်ဆဲဆိုနေမိရာ လူနှစ်ဦးမှာ တစ်ယောက်ရှေ့ တစ်ယောက်နောက်ဖြင့် မျက်နှာမသာမယာ ဖြစ်နေကြလေ၏။

မိုးလင်းစအချိန်ဖြစ်သော်လည်း စိတ်ကြည်လင်မှု မရှိကြပေ။ လမ်းဘေးတွင် လေလွင့်ခွေးများသာ ရှိနေပါက ထိုခွေးများကိုပင် ကန်ကျောက်မိကြမည့် ပုံစံမျိုး ဖြစ်နေ၏။

အဘွားကြီးကျောက်သည် စားသောက်ဆောင်သို့ ရောက်သည်နှင့် ဟင်းသီးဟင်းရွက်များကို စတင်ဆေးကြောတော့သည်။ ဤကဲ့သို့ အသေးအမွှား အလုပ်ကလေးများသည် စားသောက်ဆောင်ရှိ လက်ထောက်အကူများ လုပ်ဆောင်ရသည့် အလုပ်များပင် ဖြစ်၏။ သူမ အလုပ်ဝင်သည်မှာ ယနေ့ဆိုလျှင် ဒုတိယမြောက်နေ့သာ ရှိသေးသော်လည်း သူမ၏ အမည်မှာ စက်မှုအလုပ်ရုံ တစ်ခုလုံးတွင် ရေပန်းစားနေလေပြီ။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်အခါ၌ စိတ်ဝင်စားစရာ အတင်းအဖျင်း သတင်းများမှာ ရှားပါးလှသဖြင့် ကိစ္စအသေးအမွှားလေး ဖြစ်စေကာမူ လူပြောများတတ်ကြသောကြောင့် ဖြစ်၏။

သူမတို့ မိသားစုမှာ ဝန်ထမ်းအိမ်ရာဝင်းထဲတွင် နေထိုင်သူများ ဖြစ်ကြရာ သဘာဝကျစွာပင် လူအများ စိတ်ဝင်တစား စောင့်ကြည့်ခံရသူများ ဖြစ်နေလေသည်။

ထိုစဉ် လူတစ်ယောက်သည် အဘွားကြီးကျောက်အနားသို့ ကပ်လာပြီး စူးစမ်းမေးမြန်းလေသည်။

"နင့်အိမ်မှာ ချွေးမငယ်လေး တစ်ယောက်ရှိတယ်လို့ ကြားတယ်၊ ဘာလို့ နင်က အလုပ်ဝင်တာလဲ"

လူတိုင်းသည် နားစွင့်လိုက်ကြပြီး လီချန်ရွှမ်းသည်လည်း အာရုံစိုက်ကာ နားထောင်နေမိ၏။

အဘွားကြီးကျောက်: "ငါ အလုပ်ဝင်တာက နောက်ပိုင်း အသက်ပြည့်လို့ အနားယူတဲ့အခါ ပင်စင်လစာ ရအောင်လို့လေ၊ ဒါက နောင်ရေးအတွက် အာမခံချက်ပဲ"

"ဟင်... အဲဒီလိုလည်း လုပ်လို့ရတာလား"

"ဟုတ်တော့လည်း ဟုတ်သားပဲ၊ နင့်အသက်အရွယ်နဲ့ နောက်ပိုင်း အနားယူရင် ပင်စင်ရမှာပဲ။ ပင်စင်ရတဲ့သူဆိုရင် လူငယ်တွေကတောင် ပြန်လုပ်ကျွေးရမှာ။ လူကြီးတွေမှာ ပိုက်ဆံရှိတာနဲ့ မရှိတာက လူငယ်တွေရဲ့ ဆက်ဆံရေးကို ကွာခြားစေတာပဲ"

"ငါကြည့်ရတာတော့ ဒါက ဒီလိုမဖြစ်သင့်ဘူး ထင်တယ်၊ နင်က အရမ်းအတ္တကြီးတာပဲ။ နင့်အတွက် နင်ကောင်းဖို့ပဲ ကြည့်နေတာပဲ၊ နင့်ချွေးမနဲ့ မြေးတွေကျတော့ ဘယ်လိုလုပ်မလဲ။ လူကြီးဆိုတာ သားသမီးတွေအတွက်လည်း ထည့်တွက်ပေးသင့်တာပေါ့၊ ကိုယ့်ဘာသာ စည်းစိမ်ခံဖို့ပဲ မစဉ်းစားသင့်ဘူး"

"ငါ့အထင်ကတော့ ဒီအလုပ်ကို လူငယ်တွေကိုပဲ ပေးသင့်တယ်။ လူငယ်တွေမှာ အလုပ်ရှိတာက ပိုကောင်းတာပေါ့၊ နင်က အလုပ်ဝင်လုပ်တော့ နင့်ချွေးမက ဘာမှမပြောဘူးလား"

အဘွားကြီးကျောက်သည် ထိုစကားကို ကြားသောအခါ အသံကုန်ဟစ်၍ အော်ဟစ်လိုက်လေသည်။

"သူက ဘာလုပ်ရဲမှာလဲ! ငါ့အိမ်မှာ သူ ဆရာလုပ်လို့ မရဘူး!"

သူမသည် အပြင်လူများရှေ့တွင် အားနည်းချက် မပြလိုပေ၊ သို့မဟုတ်ပါက ယောက္ခမတစ်ယောက်၏ အရှိန်အဝါ ညှိုးနွမ်းသွားမည်ကို စိုးရိမ်နေမိ၏။ သူမသည် ထိုသို့ အရှက်မကွဲလိုပါချေ။

"ငါ့အိမ်မှာ ငါပဲ ဆုံးဖြတ်တာ၊ နောက်ပြီး ဒီအလုပ်က ငါ့သားရဲ့အလုပ်ပဲ၊ ငါ့သားအလုပ်ကို သူ့အမေဖြစ်တဲ့ ငါက ဆက်ခံတာ ဘာမှားလို့လဲ။ ပြီးတော့ ငါ့ချွေးမကလည်း သဘောတူပါတယ်၊ သူက တခြားအားသာချက် မရှိပေမဲ့ ငါ့သားအပေါ်မှာတော့ တကယ် စိတ်ရင်းနဲ့ ချစ်တာ"

အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်၏။

"နင်တို့ကျတော့ အသက်ပြည့်လို့ အနားယူမှာလား၊ ဒါမှမဟုတ် သားသမီးတွေကိုပဲ အလုပ်လွှဲပေးမှာလား"

သူမ ပြန်လည်မေးမြန်းလိုက်၏။

ဤသို့ အမေးခံလိုက်ရသောအခါ လူတိုင်းမှာ နေရခက်သွားကြသည်။ ယခုခေတ်ကာလတွင် မည်သူကမှ အနားယူရန်အတွက် မစဉ်းစားနိုင်ကြသေးပေ။ များသောအားဖြင့် အလုပ်များကို သားသမီးများထံသာ လွှဲပေးကြရသည်၊ အထူးသဖြင့် အသက်မီသော လူငယ်ရှိလျှင် အလုပ်မဝင်ပါက ကျေးလက်ဒေသသို့ ဆင်းရမည်ဖြစ်သောကြောင့် ဖြစ်၏။

မိဘဖြစ်သူများမှာ မည်သို့မျှ အတ္တမကြီးနိုင်ကြပေ။

အဘွားကြီးကျောက်ကဲ့သို့ နောက်ပိုင်းတွင် ပင်စင်စားဖြစ်ရန်အတွက် အလုပ်ဝင်သူဟူသည် တကယ်ပင် မရှိသလောက် ရှားလှပေသည်။ အဘွားကြီးကျောက်သည် လူများ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ သဘောပေါက်သွားပြီး မိမိကိုယ်မိမိ ကံကောင်းလှသည်ဟု တွေးမိကာ ကျေနပ်နေမိလေ၏။ မိမိအိမ်တွင် အချိန်မရွေး ဖောက်ပြန်တတ်သော "အရူးမ" တစ်ယောက် ရှိနေသော်လည်း ထိုအရူးမသည် ကျန့်ဝမ်အပေါ်တွင်မူ စိတ်ရင်းကောင်းလှသဖြင့် မိမိအား အလုပ်လွှဲပေးခဲ့ခြင်းဖြစ်သည်ဟု သဘောပေါက်မိလေသည်။အကယ်၍ အခြားအိမ်များတွင်သာဆိုလျှင် ဤသို့ ဖြစ်လာနိုင်စရာ မရှိပေ။

သူမသည် ရုတ်တရက်ပင် မိမိကိုယ်မိမိ ဂုဏ်ယူကာ ခါးကို မတ်လိုက်၍ "ငါ၊ ကျောက်တာ့ရာ၊ ကတော့ ကံကောင်းလိုက်တာ" ဟု မိမိကိုယ်ကို တွေးတောနေမိ၏။

အဘွားကြီးကျောက်သည် ပြုံးစိစိဖြင့် ထပ်မံပြောကြားလိုက်သည်။

"ငါ့ချွေးမက ငါအလုပ်ဝင်တာကို ဘာကန့်ကွက်မှုမှ မရှိပါဘူး၊ သူကိုယ်တိုင်ပဲ ပြောတာလေ၊ ကျန့်ဝမ်လည်း မရှိတော့ဘူးဆိုတော့ အမေဖြစ်တဲ့သူမှာ အာမခံချက်ရှိအောင် လုပ်ထားရမယ်တဲ့။ ငါ့ချွေးမက သိတတ်လိုက်တာမှ လွန်ရောပဲ"

သူမသည် မသိမသာဖြင့် လေသံပြောင်းကာ ကြွားဝါလိုက်ပြန်၏။

"ငါ့ချွေးမက ငါ့စကားဆိုရင် မြေဝယ်မကျ နားထောင်တာ၊ အိမ်တွင်းအိမ်ပြင်ကိုလည်း ပြောင်စင်နေအောင် လုပ်ထားတာ။ အိမ်က ဘယ်လောက်တောင် သန့်ရှင်းသလဲဆိုရင် ယင်ကောင်လေးတစ်ကောင် နားရင်တောင် ချော်လဲသွားမတတ်ပဲ"

ထို့နောက် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ အမြှုပ်တစီစီထွက်မတတ် ပြောဆိုနေတော့သည်။

"တကယ်ဆိုရင် ငါ့သားလုပ်ခဲ့တဲ့ အလုပ်ရုံမှာ သွားလုပ်ရမှာ၊ ဒါပေမဲ့ ငါက အပင်ပန်းမခံချင်တော့ဘူးလေ၊ ဒါကြောင့် ထမင်းစားဆောင်ကိုပဲ ရွေးလိုက်တာ။ ရာထူးတိုးဖို့လည်း ငါ မမျှော်လင့်ပါဘူး၊ နောက်ပိုင်း အနားယူရင်တော့ လမ်းလျှောက်ထွက်မယ်၊ ထွမ်ကျဲရေကန်မှာ ငါးဖမ်းတဲ့သူတွေ ရှိတယ်ဆိုတော့ ငါလည်း နေ့တိုင်း ငါးသွားဖမ်းဦးမယ်..."

ထိုစဉ် အဘွားကြီးယွီက မကြည့်ရက်တော့ဘဲ ကြားဖြတ်မေးကာ နှောက်ယှက်လိုက်လေ၏။

"နင့်ချွေးမက ငယ်ငယ်လေးပဲ ရှိသေးတာ မဟုတ်လား၊ သူ နောက်အိမ်ထောင် မပြုဘူးလား"

အဘွားကြီးကျောက်က အဘွားကြီးယွီကို အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး မေးစေ့ကို အသာပင့်ကာ ပြန်လည် တုံ့ပြန်လိုက်လေသည်။

"ငါ့ချွေးမအကြောင်း ငါအသိဆုံးပါ၊ သူကတော့ ဘယ်တော့မှ နောက်အိမ်ထောင်ပြုမှာ မဟုတ်ဘူး။ ငါ့သား ကျန့်ဝမ်အပေါ်မှာ သူက အသေလဲသက်ဝင်နေတာ၊ သူတို့အချစ်က သိပ်ခိုင်မြဲတာလေ။ နင်ကတော့ စစ်မှန်တဲ့အချစ်မျိုးကို တစ်ခါမှ မကြုံဖူးလို့ နားမလည်တာနေမှာပါ။ ဒီလိုကိစ္စမျိုးက အသက်ကြီးရုံနဲ့ သိတာမဟုတ်ဘူး၊ စိတ်ရင်းမှန်နဲ့ ဆုံဖူးမှ သိတာ..."

အဘွားကြီးယွီမှာ ဒေါသတကြီး စိုက်ကြည့်နေတော့၏။

အဘွားကြီးကျောက်မှာ ဆက်၍ ဆိုလိုက်ပြန်လေသည်။

"နင်မယုံရင် လီချန်ရွှမ်းကို မေးကြည့်လေ၊ သူက ငါနဲ့ ဝင်းတစ်ခုတည်းမှာ နေတာဆိုတော့ အသိဆုံးပဲ။ ငါ့ချွေးမက တခြားဟာတွေမှာ ဘယ်လိုပဲဖြစ်ဖြစ် ငါ့သားအပေါ်မှာတော့ အစွဲအလမ်းကြီးတာ"

လီချန်ရွှမ်းမှာမူ ဤကဲ့သို့သော အပေါက်ဆိုးသည့် အဘွားကြီးများနှင့် ပြဿနာမတက်ချင်ပေ။ ဤသို့သော မိန်းမကြီးများသည် စကားများ၍ အဆင်မပြေပါက ယောကျာ်းဖြစ်သူ၏ ဘောင်းဘီကိုပင် ဆွဲချဝံ့သူများ မဟုတ်ပါလား။

"ဟင်းရွက်ချဉ်ဖတ်တွေ မလောက်တော့ဘူး ထင်တယ်၊ ကျွန်တော်သွားပြီး ထပ်ယူလိုက်ဦးမယ်"

သူသည် အကြောင်းပြချက်ဆိုကာ စစ်တလင်းမှ အမြန်ဆုံး ဆုတ်ခွါသွားတော့လေသည်။

အဘွားကြီးကျောက်က မျက်စောင်းထိုးကာ နှာခေါင်းရှုံ့လိုက်၏။ သူမသည် လီချန်ရွှမ်းကို အတော်ပင် အထင်သေးပေသည်။ သူသည် ယောကျာ်းကောင်း တစ်ယောက်မဟုတ်ဘဲ ကတိမတည်သူ တစ်ဦးဖြစ်သည်ဟု သူမက ယူဆထား၏။ အိမ်ထောင်ပြုစဉ်က ဇနီးသည်ဘက်သို့ လိုက်ပါအခြေချမည်ဟု (ဇနီးသည်ဘက်မျိုးရိုးယူမည်ဟု) ကတိပေးခဲ့သော်လည်း လူကြီးများ ဆုံးပါးသွားသောအခါ သမီးဖြစ်သူ၏ မျိုးရိုးအမည်ကို ပြန်ပြောင်းလိုက်သည့်အတွက် သူမက စက်ဆုပ်နေမိခြင်း ဖြစ်ပေသည်။

မျိုးဆက်သုံးဆက်ကြာမှ မျိုးရိုးပြန်ပြောင်းသည့် လူစားမျိုးထက်ပင် ပို၍ ရွံစရာကောင်းသေး၏။

[မှတ်ချက်- ဒါက တရုတ်မှာက ယောကျာ်းဘက်မျိုးရိုးပဲယူပြီး ယောကျာ်းနောက်ပဲ လိုက်ရတာဆိုပေမဲ့ ရှားရှားပါးပါး သမက်တက်တွေကြတော့ မွေးတဲ့သားသမီးက မိန်းမမျိုးရိုးနာမည်ကိုယူကြတာ၊ ဒါပေမဲ့ မျိုးဆက်သုံးဆက်မှာ ပြန်ပြောင်းတယ်ဆိုတာက မြေးအလှည့်ကျ ယောကျာ်းမျိုးရိုးကို ပြန်မှည့်တာကို ပြောတာပါ၊ တရုတ်မှာက ယောကျာ်းလေးဘက်က မိန်းမဘက်ကိုသမက်တက်ရင် အဲ့လိုမျိုးဆို အထင်သေးခံရပါတယ်]

ကျောက်တာ့ရာဟူသည် လူတိုင်းကို တန်းတူညီတူ အထင်သေးတတ်သည့် အပေါက်ဆိုးဆိုး အဘွားကြီးတစ်ဦးပင်တည်း။

စားသောက်ဆောင်သို့ ရောက်စတွင် မည်သူမျှလာ၍ မိတ်ဆွေမဖွဲ့သော်လည်း သူမကမူ ဂရုမစိုက်ပေ။ အလုပ်ဝင်သည်နှင့် ခိုးနားခိုးနေနည်းကို တတ်မြောက်သွားပြီး မိမိတစ်ဦးတည်းက လူတိုင်းကို ဝိုင်းပယ်ထားသည့်ပုံစံမျိုးဖြင့် နေထိုင်လေသည်။ တကယ့်ကို မာကျောလှပေ၏။

ဟမ်... သူမက တခြားလူတွေနဲ့ မတူဘူးလေ။

နောင်တစ်ချိန်တွင် သူမသည် ပင်စင်လစာ ထိုင်စားရမည့်သူ မဟုတ်ပါလား။

သူမသည် သီချင်းတအေးအေးဖြင့် မိမိကိုယ်မိမိ အလုပ်ရွေးတာ မှန်သွားပြီဟု တွေးတောနေမိ၏။ လူတိုင်းက အလုပ်သမားများ ဖြစ်ကြသော်လည်း သူမလောက်တော့ မစွမ်းနိုင်ကြဟု ယူဆကာ နံနက်စောစော ထရသည့် ဒုက္ခကိုပင် မေ့လျော့နေတော့သည်။ သူမသည် အလွန်ပင် ကျေနပ်ဂုဏ်ယူနေမိ၏။

အဘွားကြီးကျောက် အလုပ်ဆက်ခံလိုက်ခြင်းမှာ လူအများအတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။ အိမ်ရာဝင်းထဲရှိ လူအတော်များများ၏ အကြံအစည်များမှာလည်း ပျက်ပြားသွားခဲ့ရ၏။ သို့သော် အဘွားကြီးကျောက်ကမူ ဂရုမစိုက်ပေ။ ချန်ချင်းယွီသည်လည်း အိမ်၌ အိပ်ရာမှ နိုးချင်သည့်အချိန်မှ နိုးကာ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူနေလေသည်။

သူမသည် အချိန်ကို ကြည့်ချင်သော်လည်း မိမိအိမ်တွင် လက်ပတ်နာရီ မရှိသည်ကို သတိရသွား၏။ ခေတ်သစ်လူသားတစ်ဦးအနေဖြင့် အချိန်ကို အမြဲကြည့်နေကျ ဖြစ်သော်လည်း ယခုခေတ်တွင် အိမ်တိုင်း၌ နာရီမရှိကြဘဲ လူအတော်များများမှာ ခန့်မှန်းခြေဖြင့်သာ သွားလာနေကြရသည်။ ချန်ချင်းယွီသည် နာရီတစ်လုံး ဝယ်ရမည်ဟု စိတ်ကူးမိတော့၏။ မဟုတ်ပါက ခန့်မှန်းခြေဖြင့် နေထိုင်ရသည်မှာ သူမအတွက် အလွန် အဆင်မပြေလှပေ။

အပြင်ဘက်တွင် မိုးရွာနေဆဲ ဖြစ်သော်လည်း အချိန်မှာ မစောတော့ပေ။ ချန်ချင်းယွီသည် အကြောဆန့်လိုက်ပြီးမှ ခေါင်းမှ ပတ်ထားသော တဘက်ကို ဖယ်လိုက်၏။ တစ်ညလုံး ပတ်ထားသဖြင့် ဆံပင်များမှာ ခြောက်သွေ့နေပြီ ဖြစ်သည်။ သူမသည် ယခုခေတ်လူများကဲ့သို့ ကျစ်ဆံမြီး နှစ်ဖက်ကျစ်ရသည်ကို အသားမကျသဖြင့် ဆံပင်များကို အထက်သို့ စုပတ်ကာ ဆံထုံးစတိုင်လ် ထုံးလိုက်လေသည်။ သူမသည် ယခင်က ဆံပင်တိုထားသူ ဖြစ်ရာ ဆံပင်ရှည်များကို ရှုပ်ထွေးသည်ဟု ခံစားနေရသဖြင့် အကုန်လုံး စုစည်းလိုက်မှသာ စိတ်ထဲတွင် နေသာထိုင်သာ ရှိသွားလေ၏။

ကူးပြောင်းရောက်ရှိလာသည့် အချိန်ကာလမှာ မကြာသေးသော်လည်း ချန်ချင်းယွီတစ်ယောက် တော်တော်လေး လှုပ်ရှားရုန်းကန်ခဲ့ရပေသည်။ မနေ့ညကမှ ပထမဆုံးအကြိမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ခြင်းဖြစ်ရာ ယခုအခါတွင် စိတ်ရောလူပါ လန်းဆန်းတက်ကြွနေတော့၏။ ချန်ချင်းယွီသည် နံနက်စောစောထ၍ ဆန်ပြုတ်ပြုတ်လိုက်လေသည်။ အိမ်တွင် ဆန်ဖြူများကို ဆန်ပြုတ် ပြုတ်ခြင်းဖြစ်သဖြင့် ပြဿနာမတက်စေရန် တံခါးကို လုံအောင်ပိတ်ထားရ၏။ ဟင်းချက်ပြုတ်နေစဉ်မှာပင် ရှောင်ကျား၏ "မေမေ" ဟူသော ခေါ်သံကို ကြားလိုက်ရ၏။

"မေမေ ထမင်းချက်နေတယ်လေ"

ချန်ချင်းယွီက ပြန်ပြောလိုက်သည်။

ရှောင်ကျားသည် အဝတ်အစားများကို ကိုယ်တိုင် အားတက်သရော ဝတ်ဆင်နေရင်း ညီမဖြစ်သူက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့သောအခါ "ညီမလေး ထတော့မလား" ဟု ညင်ညင်သာသာလေး မေးလိုက်လေသည်။

ရှောင်ယွမ်က ခေါင်းငြိမ့်ပြကာ ထထိုင်လိုက်၏။ ထိုကလေးမငယ်လေးသည်လည်း အဝတ်အစားကို ကိုယ်တိုင် ဝတ်တတ်နေပြီ ဖြစ်သည်။ ဗိုက်ထဲမှလည်း ဂူးဂူးဂါဂါ မြည်သံများ ထွက်ပေါ်နေလေပြီ။ ယနေ့ အိပ်ရာထနောက်ကျသဖြင့် မွန်းတည့်ခါနီးနေပြီဖြစ်ရာ ကလေးငယ်များမှာ ဗိုက်ဆာလွန်း၍ ဗိုက်ထဲမှ အသံများပင် ထွက်နေခြင်း ဖြစ်၏။

ချန်ချင်းယွီ ပြုံးကာ ချော့မော့လိုက်သည်။

"ခဏလေး စောင့်ကြနော်၊ အခုပဲ ရတော့မှာ"

ချန်ချင်းယွီသည် မိမိ၏ စားနိုင်စွမ်းကိုလည်း အကြမ်းဖျင်း တွက်ချက်ထားပြီး ဖြစ်၏။ သူမသည် တစ်နပ်လျှင် ပေါက်စီ (မန်ထို) ဆယ်လုံးခန့် ကုန်အောင် စားနိုင်စွမ်းရှိသည်။ ထိုပေါက်စီများမှာ သာမန်ယောကျာ်းတစ်ယောက်၏ လက်သီးထက်ပင် တစ်ဆခန့် ပိုကြီးလေသည်။ အကယ်၍ ပိုငယ်ပါက ယခုထက်ပင် ပိုစားရပေဦးမည်။ ပုံမှန်ယောကျာ်းတစ်ယောက်သည်ပင် နှစ်လုံးခန့်သာ စားနိုင်ခြင်း ဖြစ်၏။ ယခင် လင်းကျန့်ဝမ် အသက်ရှိစဉ်ကဆိုလျှင် တစ်လုံးခွဲခန့်သာ စားတတ်လေသည်။

နောက်ဖေးဝင်းမှ ဝမ်တာ့ချွေကဲ့သို့သော ခွန်အားသုံးလုပ်ငန်း လုပ်ကိုင်ရသူမျိုးပင် တစ်နပ်လျှင် လေးလုံးခန့်သာ စားလေ့ရှိပြီး တစ်ဝင်းလုံးတွင် အများဆုံး ဖြစ်၏။ လူတိုင်းက ထိုအကြောင်းကို ပြောဆိုမိတိုင်း သူ ဇနီးမယား မရနိုင်ခြင်းမှာ အစားအသောက် အလွန်များလွန်းသောကြောင့် ဖြစ်လိမ့်မည်ဟု မှတ်ချက်ပြုတတ်ကြသည်။

ချန်ချင်းယွီသည် မိမိ၏ သေးသွယ်လှသော လက်မောင်းလေးကို ပြန်စမ်းကြည့်ရင်း အစားမှန်မှန် စားပေးပါက အသားအရေ ပြည့်ဖြိုးလာမည်လားဟု တွေးတောနေမိ၏။ ယခင်ဘဝက ကိုယ်အလေးချိန်မျိုး ပြန်ရရန်မှာမူ ယခုလောလောဆယ် စဉ်းစားနိုင်သော ကိစ္စမဟုတ်သေးပေ။ "လှေနံဓားထစ်" မှတ်ထား၍ မရဘဲ အခြေအနေနှင့် အချိန်အခါရောက်မှသာ ဆက်လက် စဉ်းစားရပေမည်။

မကြာမီမှာပင် ချန်ချင်းယွီသည် နံနက်စာနှင့် နေ့လယ်စာ ပေါင်းထားသော ထမင်းဝိုင်းကို ပြင်ဆင်ပြီးသွားလေသည်။ အမှန်စင်စစ် ယခုအချိန်မှာ မွန်းတည့်နေပြီဖြစ်ရာ တစ်မိသားစုလုံး ယခုမှပင် ထမင်းစစားကြရခြင်း ဖြစ်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ဆန်ဖြူဖြင့် ပြုတ်ထားသော ဆန်ပြုတ်ကို များများစားစား မစားဖူးကြရှာပေ။ သူတို့အိမ်တွင် အလုပ်သမားရှိသဖြင့် ရိက္ခာဝေစု ရရှိသော်လည်း လင်းကျန့်ဝမ် တစ်ဦးတည်းသာ အလုပ်လုပ်ခဲ့သဖြင့် အခြေအနေမှာ အလွန်အမင်း ပြည့်စုံခြင်းမျိုး မရှိခဲ့ပေ။

ကလေးငယ်နှစ်ဦးမှာ သွားရည်များ မြိုချရင်း မေမေဖြစ်သူကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ ချန်ချင်းယွီက သူတို့ကိုကြည့်ကာ

"စားကြလေ၊ ဘာဖြစ်လို့လဲ၊ မေမေက ပါးစပ်ထဲ ခွံ့ပေးရဦးမှာလား"

"ဆန်ဖြူဆန်ပြုတ်ကြီးပါလား!"

ချန်ချင်းယွီက ခေါင်းငြိမ့်ပြကာ မှာကြားလိုက်၏။

"ဟုတ်တယ်၊ တိုးတိုးတိတ်တိတ် စားကြနော်၊ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့။ မဟုတ်ရင် တခြားလူတွေ လာလုစားကြလိမ့်မယ်၊ အဲဒီအခါကျရင် သားတို့ သမီးတို့ စားရတော့မှာ မဟုတ်ဘူး"

"ဟုတ်ကဲ့”

ချန်ချင်းယွီသည် ရှောင်ကျားနှင့်ရှောင်ယွမ်မှာ အလွန်ငယ်သေးသော ကလေးငယ်များ ဖြစ်သဖြင့် နေ့စဉ်နှင့်အမျှ ထိုသို့ မကြာခဏ မှာကြားနေရခြင်း ဖြစ်၏။ ဤစားဖွယ်မှာ ကလေးနှစ်ဦးအတွက် အကောင်းဆုံး ဖြစ်သော်လည်း ချန်ချင်းယွီအတွက်မူ အတော်ပင် အဆင့်အတန်း နိမ့်ကျလှသည်။

သို့သော် ငတ်ပြတ်နေသည်ထက်စာလျှင် ပိုကောင်းသေးသည်ဟု တွေးတောမိ၏။ သူမသည် ပြောင်းမှုန့်ထဲတွင် ဂျုံမှုန့်ဖြူများကိုပါ ရောထည့်ထားခြင်း ဖြစ်ပြီး ဂျုံဖြူမပါပါက လည်ချောင်းထဲတွင် တစ်စို့စို့နှင့် မျိုရခက်မည်ကို စိုးရိမ်နေမိ၏။ ချန်ချင်းယွီသည် ပေါက်စီလုံးများကို ခပ်မြန်မြန်ပင် စားသောက်ရင်း "ဒီဘဝကြီးကတော့လေ..." ဟု တဖွဖွ ရေရွတ်နေမိသည်။

ယခုအချိန်မှာ ပစ္စည်းကိရိယာများ ရှားပါးလှသဖြင့် ချဉ်ဖတ်ထဲတွင်ပင် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုး ထည့်၍မရပေ။ ကံကောင်းသည်မှာ ကြွပ်ကြွပ်ရွရွရှိလှသော မုန်လာဥအရသာက အတော်လေး ကောင်းမွန်နေခြင်းပင် ဖြစ်၏။

ချန်ချင်းယွီသည် ဆန်ပြုတ်တစ်ပန်းကန်ကို သောက်လိုက်ပြီးမှ စိတ်ထဲတွင် အနည်းငယ် နေသာထိုင်သာ ရှိသွားတော့သည်။

သူမသည် မိမိကိုယ်မိမိ စတေး၍ ကလေးများကိုသာ အကောင်းကျွေးမည့်သူမျိုး မဟုတ်ပေ။ အရသာရှိသောအရာ ရှိလျှင် မိမိကိုယ်တိုင်လည်း အဝစားမည်သာ ဖြစ်၏။ သားအမိသုံးဦး ထမင်းစားပြီးသောအခါမှ ချန်ချင်းယွီသည် အပြင်သို့ ထွက်လေသည်။ မိုးရွာနေသောကြောင့် ယနေ့တွင် မည်သူမျှ အပြင်၌ စုရုံးစကားပြောဆိုခြင်း မရှိကြပေ။ ထို့ကြောင့်ပင် သူတို့သားအမိ အိပ်ရာထနောက်ကျ၍ အပြင်မထွက်သည်ကို မည်သူမျှ သတိမထားမိကြဘဲ ရိပ်မိသူရှိလျှင်ပင် အထွေအထူး မစဉ်းစားမိကြပေ။ နေ့လယ်စာ စားပြီးသောအခါတွင်မူ ချန်ချင်းယွီသည် တံခါးကို ဖွင့်ထားလိုက်၏။ အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများမှာ ဆက်လက် ရွာသွန်းနေဆဲပင်။

ချန်ချင်းယွီ ကလေးများကို မေးလိုက်၏။

"မေမေ အိမ်နီးချင်းဆီမှာ သကြားလုံးလက်မှတ် သွားလဲဦးမယ်၊ သားတို့ သမီးတို့ အိမ်မှာပဲ နေခဲ့နိုင်မလား"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့က ချက်ချင်းပင် ခေါင်းတငြိမ့်ငြိမ့် လုပ်ကြသဖြင့် ချန်ချင်းယွီသည် ပေါက်ပြဲနေသော ထီးအစုတ်လေးကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ဤအိမ်တွင် အသုံးအဆောင်ပစ္စည်းဟူ၍ ကောင်းကောင်းမွန်မွန် မရှိဘဲ တကယ့်ကို ပြာပုံထဲက ကြွက်ကဲ့သို့ ဆင်းရဲလွန်းလှပေသည်။

ချန်ချင်းယွီသည် ထီးကိုဆောင်းကာ ရှေ့ဝင်းဘက်သို့ ထွက်လာခဲ့ပြီး ပထမဆုံးအဖြစ် လီချန်ရွှမ်းတို့အိမ်သို့ ရောက်ရှိလာ၏။ မိုးရွာနေသောကြောင့် လီချန်ရွှမ်း၏ဇနီး လင်စန်းရှန်းနှင့် သမီးဖြစ်သူ လီလင်းလင်းတို့မှာ အိမ်၌ပင် ရှိနေကြသည်။ ချန်ချင်းယွီက တံခါးကို ခေါက်လိုက်ကာ “ဒေါ်လေး... အိမ်မှာ ရှိလားရှင့်" ဟု မေးမြန်းလိုက်လေသည်။

လင်စန်းရှန်းသည် ချန်ချင်းယွီ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ခဏမျှ ကြောင်သွားပြီးမှ ကပျာကယာ ဖိတ်ခေါ်လိုက်၏။

"ကျန့်ဝမ်မိန်းမပါလား၊ လာလေ... အထဲဝင်ခဲ့"

ချန်ချင်းယွီက အနေအေးသော ပုံစံဖြင့် ပြုံးပြလိုက်ပြီး လေသံအေးအေးလေးဖြင့် မေးလိုက်လေသည်။

"လင်းလင်းလည်း အိမ်မှာ ရှိနေတာပဲ၊ ဒီနေ့ အပြင်မှာ အလုပ်သွားမလုပ်ဘူးလား"

လီလင်းလင်းက ရှက်ပြုံးလေး ပြုံးလိုက်ကာ ပြန်တုံ့ပြန်ပြောလိုက်၏။

"ဒီနေ့ မိုးရွာနေလို့ မသွားဖြစ်ဘူး"

လီလင်းလင်းမှာ အမြဲတမ်းအလုပ် မရှိသဖြင့် နေရာအနှံ့တွင် ကြုံရာကျပန်း အလုပ်များသာ လိုက်လုပ်နေရရှာသည်။ သို့သော် သူမသည် တစ်ဦးတည်းသော သမီးဖြစ်သဖြင့် အစိုးရမူဝါဒအရ ကျေးလက်ဒေသသို့ ဆင်းစရာမလိုဘဲ မြို့ပေါ်၌ပင် နေထိုင်ခွင့်ရထားရာ အတော်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။ သို့မဟုတ်ပါက မိဘများက မည်မျှပင် အလိုလိုက်ထားစေကာမူ အစိုးရ၏ စည်းမျဉ်းကိုမူ ကျော်လွန်နိုင်မည် မဟုတ်ပါချေ။

အိမ်နီးချင်းများဖြစ်ကြသော အစ်မကြီးဖန်နှင့် ယွမ်ဟောက်မင်တို့ မိသားစုမှာမူ ထိုကိစ္စအတွက် မည်မျှပင် ပူပန်နေကြရသည်ကို ကြည့်လျှင် သိနိုင်ပေသည်။

လင်စန်းရှန်း စကားစလိုက်၏။

"ကျန့်ဝမ်မိန်းမ ထိုင်ပါဦး၊ လင်းလင်း... နင့်အစ်မကို ရေတစ်ခွက်လောက် ခပ်ပေးလိုက်ပါဦး။ အခုက ဘာကိစ္စရှိလို့လဲ..."

သူတို့နှစ်အိမ်မှာ ယခင်က ထိတွေ့ဆက်ဆံမှု များများစားစား မရှိခဲ့ကြပေ။ ယခင်က အိမ်တွင်းအိမ်ပြင် ကိစ္စအဝဝကို လင်းကျန့်ဝမ်ကသာ ဦးဆောင်လုပ်ကိုင်ခဲ့ပြီး အဘွားကြီးကျောက်မှာမူ ထွက်လာလေတိုင်း လူများနှင့် ပြဿနာတက်လေ့ရှိသူ ဖြစ်၏။ ချန်ချင်းယွီမှာမူ ကြွက်ကလေးတစ်ကောင်ကဲ့သို့ ကြောက်ရွံ့တတ်ပြီး အမြဲတမ်း ပုန်းလျှိုးကွယ်လျှိုးသာ နေတတ်သဖြင့် လူအများမှာ သူမနှင့် ရင်းနှီးမှု မရှိကြခြင်း ဖြစ်ပေသည်။

အကြောင်းမရှိဘဲ အိမ်တံခါးဝသို့ ရောက်လာမည် မဟုတ်သည်ကို သိသာလှ၏။

ချန်ချင်းယွီသည် နုနယ်ပျော့ပျောင်းသော ပုံစံဖြင့် "ဒေါ်လေးရှင့်..." ဟု ခေါ်လိုက်ကာ အနည်းငယ် အားနာသလို ပြုံးပြလိုက်ပြီး စကားဆိုလိုက်သည်။

"ဒေါ်လေးတို့ဆီမှာ သကြားလုံးလက်မှတ်များ ရှိမလားလို့ပါ၊ နည်းနည်းလောက် လဲချင်လို့ပါရှင့်"

သူမသည် မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ် လုပ်ကာ နှုတ်ခမ်းကို အသာဖိကိုက်ထားရင်း ထပ်ပြောလိုက်၏။

"ကလေးတွေက အခုတလော အိပ်ရေးမမှန်လို့ပါ၊ အမေ (ယောက္ခမ) က ကလေးတွေကို အချိုလေး ကျွေးပြီး စိတ်အေးအောင် လုပ်ပေးချင်တယ် ဆိုတာနဲ့ လာမေးကြည့်တာပါ"

ထိုအခါမှ လင်စန်းရှန်းလည်း သဘောပေါက်သွားတော့၏။ မနေ့ညက အဘွားကြီးကျောက်တစ်ယောက် နောက်ဖေးဝင်းရှိ ဝမ်တာ့ချွေဆီသို့ သွားရောက်ခဲ့သော်လည်း သကြားလုံးလက်မှတ် မလဲနိုင်ခဲ့ကြောင်းကို သူမတို့ ကြားသိထားပြီး ဖြစ်လေသည်။

သူမက အားနာစွာဖြင့် ပြုံးလိုကါကာ

"ဒေါ်လေးတို့ဆီမှာလည်း မရှိတော့ဘူးကွယ်၊ ပြီးခဲ့တဲ့ရက်ကပဲ သကြားညို ဝယ်လိုက်လို့ ကုန်သွားပြီ"

လင်စန်းရှန်းသည် အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး အကြံပြုလိုက်မိ၏။

"နောက်လကျမှပဲ လာခဲ့ပါလား၊ ဒေါ်လေး နောက်လရမယ့် လက်မှတ်ကို စုထားပေးပါ့မယ်"

ချန်ချင်းယွီက ချက်ချင်းပင် ခေါင်းခါပြကာ ပြန်ပြောလိုက်သည်။

"ရပါတယ်၊ မလိုပါဘူးရှင့်။ တခြားလူတွေကိုပဲ ထပ်မေးကြည့်လိုက်ပါ့မယ်။ နောက်လကျရင် အမေ လစာရရင်လည်း ရလာမှာပါ"

ထိုစကားကြောင့် လင်စန်းရှန်းမှာ မအောင့်နိုင်ဘဲ မေးမြန်းလိုက်မိလေသည်။

"ညည်းတို့အိမ်က အလုပ်နေရာကို ညည်းယောက္ခမပဲ ဆက်ခံလိုက်တာလား"

ဘေးတွင် ထိုင်နေသော လီလင်းလင်း၏ မျက်လုံးများမှာလည်း တစ်ချက်မျှ လှုပ်ခတ်သွား၏။

ချန်ချင်းယွီက ခေါင်းငြိမ့်ပြကာ

"ဟုတ်ကဲ့၊ အမေပဲ ဆက်ခံလိုက်တာပါ။ ဒီအလုပ်က အမေပဲ ဆက်ခံသင့်တာပါ"

လင်စန်းရှန်းသည် စကားတစ်ခွန်းကို ပြောချင်သော်လည်း မပြောဘဲ ထိန်းထားပုံပေါ်နေပြီးမှ နောက်ဆုံးတွင်မူ ထုတ်မေးလိုက်တော့သည်။

"ဒါဆို ညည်းအတွက်ကျတော့ ဘယ်လိုလုပ်မလဲ"

မိမိ၏ အမျိုးသားဖြစ်သူက ထိုအလုပ်နေရာကို မည်မျှပင် မျက်စိကျနေခဲ့စေကာမူ လင်စန်းရှန်းမှာမူ စိတ်ထားနုနယ်သူ ဖြစ်သဖြင့် ဤအလုပ်ကို ကျန့်ဝမ်မိန်းမသာ ရသင့်သည်ဟု ယူဆထား၏။ သူမသည် ချန်ချင်းယွီကို သနားကရုဏာဖြင့် ကြည့်ကာ သတိပေးလိုက်မိလေသည်။

"ညည်းယောက္ခမက အလုပ်ရသွားပြီဆိုတော့ ညည်းကို ပိုပြီး နိုင်ထက်စီးနင်း လုပ်တော့မှာပေါ့။ ကိုယ့်မှာ အလုပ်ရှိမှသာ လွတ်လမ်းရှိမှာလေ"

ချန်ချင်းယွီက အေးဆေးတည်ငြိမ်စွာဖြင့် "ဘာမှမဖြစ်ပါဘူးရှင့်" ဟုသာ ပြန်ပြောလိုက်လေသည်။

"ဟင်..."

လင်စန်းရှန်းမှာ အံ့ဩသွားရရှာ၏။

ချန်ချင်းယွီက နူးညံ့စွာ ပြုံးလိုက်ပြီး

"ကျွန်မအတွက်တော့ ဘာမှမဖြစ်ပါဘူး၊ ကျန့်ဝမ် ဆုံးသွားတော့ အမေလည်း ဝမ်းနည်းနေရှာတာ။ အလုပ်လေးတစ်ခု ရှိနေတော့ သူလည်း စိတ်ဖြေရာ ရတာပေါ့။ မဟုတ်ရင် ကျန့်ဝမ်အကြောင်းပဲ တနေရင် လူက စိတ်ဓာတ်တွေ ပြိုလဲသွားမှာ။ အမေက ကျွန်မအပေါ် ဘယ်လိုပဲ ဆက်ဆံပါစေ၊ သူက ကျန့်ဝမ်ကို မွေးထားတဲ့ အမေပဲလေ။ အမေ စိတ်ဓာတ်ကျနေတာကို ကျွန်မ မကြည့်ရက်ပါဘူး။ အလုပ်ရှိတော့ မနက်အစောကြီးသွား၊ ညမှပြန်နဲ့ အလုပ်ရှုပ်နေတော့ စိတ်အာရုံတွေ ပြောင်းသွားတာပေါ့၊ ဒါက အကောင်းဆုံးပါပဲ။ နောက်ပြီး အမေက အခု အသက်လေးဆယ်ကျော်ပြီဆိုတော့ အလုပ်လေး နှစ်အနည်းငယ် လုပ်လိုက်ရင် အနားယူလို့ရပြီ၊ အဲဒီအခါကျရင် ပင်စင်လစာလေးက အားကိုးရာ ဖြစ်သွားမှာပါ။ အမေ အဆင်ပြေပြေ နေနိုင်ရင် ကျွန်မအတွက် ဘာမှမဖြစ်ပါဘူး"

လင်စန်းရှန်းမှာမူ "အာ... ဒါကတော့..." ဟုသာ ရေရွတ်နိုင်တော့၏။

ချန်ချင်းယွီက ဆက်၍ စကားဆက်လိုက်ပြန်သည်။

"ကျွန်မကတော့ ငတ်မသေရုံဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ရပါတယ်။ နောက်ပြီး လူဆိုတာ ဝီရိယရှိရင် ဘယ်လိုပဲဖြစ်ဖြစ် အသက်ဆက်လို့ ရတာပဲလေ။ ကျွန်မ စဉ်းစားထားပြီးသားပါ၊ နောက်ရက်တွေ ရာသီဥတု နွေးလာရင် ကျုံးမြောင်းမှာ ငါးသွားမျှားမယ်၊ မဟုတ်ရင်လည်း မြို့ပြင်ထွက်ပြီး ဟင်းရွက်ရိုင်းတွေ သွားတူးမယ်။ ဝမ်ပေါင်ချွမ်းလို ဝန်ကြီးချုပ်သမီးတောင် ဟင်းရွက်ရိုင်းတူးပြီး စားသေးတာပဲ၊ ကျွန်မက ဘာလို့ မတူးနိုင်ရမှာလဲ? ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျားနဲ့ ရှောင်ယွမ်ကိုတော့ ကောင်းကောင်း ကျွေးမွေးစောင့်ရှောက်သွားမှာပါ။ ကျန့်ဝမ် ဆုံးသွားပေမဲ့ ကျွန်မက သူ့မိန်းမပဲလေ၊ ယောက္ခမကို လုပ်ကျွေးရမယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။ အခုဆို အမေက ကျွန်မတို့အပေါ် တော်တော်ကောင်းနေပါပြီ၊ ကြည့်လေ... ရှောင်ကျားနဲ့ ရှောင်ယွမ်အတွက် သကြားလုံးတောင် ဝယ်ပေးချင်နေတာ"

လီလင်းလင်းသည် ချန်ချင်းယွီကို တစ်ချက်မျှ အမြန် မော့ကြည့်လိုက်ပြန်၏။

လင်စန်းရှန်းမှာလည်း ပါးစပ်အဟောင်းသားဖြင့် "အာ... ဒါကတော့..." ဟုသာ ထပ်မံ ဆိုမိပြန်သည်။

သူမ၏ အမျိုးသားသည် အိမ်တွင် အာဏာပြတတ်သူ ဖြစ်သော်လည်း သူမကိုယ်တိုင်မှာမူ ယောက္ခမ၏ နှိပ်စက်မှုကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။ ထို့ကြောင့် ချန်ချင်းယွီကို သနားကရုဏာဖြင့် ကြည့်နေမိပြီး သူမ ပြောနေသော စကားများကိုလည်း သိပ်ပြီး နားမလည်နိုင် ဖြစ်နေရ၏။

"နင်ကလည်း တကယ့်ကို သံယောဇဉ်ကြီးရှာတာပဲ..."

အချိန်အတော်ကြာမှ သူမက နှုတ်ခမ်းကို လှုပ်ရုံမျှဖြင့် တစ်ခွန်း ပြောလိုက်ရရှာသည်။

ထိုအခါ ချန်ချင်းယွီ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားလေ၏။ သူမသည် လင်စန်းရှန်း၏ လက်မောင်းကို ဖမ်းကိုင်လိုက်ကာ တရပ်စပ်ပြောပြလေတော့သည်။

"ကျွန်မနဲ့ ကျန့်ဝမ်ရဲ့ သံယောဇဉ်က တကယ်ကို နှစ်တွေ အများကြီး ကြာခဲ့ပြီလေ။ အဲဒီတုန်းက ကျွန်မတို့က ကျောင်းသားတွေ ရှိသေးတာ၊ ဒေါ်လေး သိတယ်မဟုတ်လား? ကျွန်မတို့က အတန်းဖော်တွေလေ၊ ကျောင်းတုန်းကတည်းက သိခဲ့ကြတာ။ အဲဒီတုန်းက ကျောင်းနေဖက်တွေက ကျွန်မတို့ နှစ်ယောက်ကို သိပ်မခင်ကြဘူး။ သူက အဖေမရှိဘူး၊ ကျွန်မက အမေမရှိဘူးလေ။ မိဘစုံလင်တာ မဟုတ်တဲ့ ကလေးတွေဆိုတော့ အမြဲပဲ ဝိုင်းပယ်တာ ခံခဲ့ရတာ။ ကြာလာတော့ ကျွန်မနဲ့ ကျန့်ဝမ်က ပိုရင်းနှီးသွားတာပေါ့။ အဲဒီအချိန်က ကျွန်မတို့က ငယ်သေးတော့ အချစ်ဆိုတာ ဘာမှန်း မသိကြသေးဘူး၊ သူငယ်ချင်း အရင်းကြီးတွေပေါ့၊ အရင်းဆုံး အရင်းဆုံး သူငယ်ချင်းတွေလေ။ နေ့လယ်ဆိုရင် ကျောင်းကစားကွင်းက သစ်ပင်အောက်မှာ တိုးတိုးတိတ်တိတ် ထမင်းအတူတူ စားကြတယ်၊ ကျောင်းပိတ်ရက်ဆိုရင်လည်း မြစ်ကမ်းဘေးမှာ ငါးအတူတူ သွားမျှားကြတယ်။ ကျန့်ဝမ်က တကယ်ကို တော်တာ၊ တကယ် တကယ်ကို တော်တာနော်။ ငါးတွေ အများကြီး မရပေမဲ့ သူက အကုန်လုံးကို သိတယ်၊ တကယ်ကို အကုန်သိတာ။ အဲဒီတုန်းက ကျွန်မတို့ အခြေအနေတွေ သိပ်မကောင်းပေမဲ့ အတူတူရှိနေရရင်ကို အရမ်း ပျော်ဖို့ကောင်းခဲ့တာ"

လင်စန်းရှန်းနှင့် လီလင်းလင်း သားအမိနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့နှစ်ဦးမှာ အတန်းဖော်များ ဖြစ်ခဲ့ကြသည်ကို သိထားသော်လည်း ဤမျှအထိ အသေးစိတ်ကျလှသည်ကိုမူ မသိခဲ့ကြပေ။

"အဲဒီနောက်တော့ ဘာဆက်ဖြစ်လဲ"

ချန်ချင်းယွီမှာ ကရားရေလွှတ် တတွတ်တွတ် သီကုံးလေတော့သည်။

"နောက်တော့ ကျွန်မတို့ ကျောင်းဆင်းကြတယ်၊ အဲဒီအချိန်မှာ စက်မှုအလုပ်ရုံက အလုပ်သမားခေါ်တော့ ယောကျာ်းလေးတွေပဲ ခေါ်ပြီး မိန်းကလေးတွေကို မခေါ်ဘူးလေ။ အဲဒါကြောင့် ကျွန်မမှာ လျှောက်ခွင့်တောင် မရခဲ့ဘူး။ ကျန့်ဝမ်ကတော့ အရမ်းတော်တာပဲ၊ သူ ချက်ချင်းပဲ စာမေးပွဲ အောင်သွားတယ်လေ၊ တကယ့်ကို အတော်ဆုံး အတော်ဆုံးပဲ၊ သူက ဘာလို့ အဲလောက်တောင် တော်ရတာလဲနော်! အဲဒီအချိန်မှာ ကျွန်မရဲ့ အဘိုးနဲ့ အဘွား ဆုံးသွားတော့ အိမ်ကလည်း ကျွန်မကို ကျေးလက်ကိုဆင်းဖို့ တိုက်တွန်းနေကြပြီ။ ကျွန်မ တကယ်ကို ဝမ်းနည်းခဲ့ရတာ၊ အရမ်း အရမ်းကို ဝမ်းနည်းခဲ့ရတာ။ ကျွန်မမှာ အဘိုးနဲ့ အဘွားလည်း မရှိတော့ဘူး၊ အကယ်၍ ကျန့်ဝမ်နဲ့ပါ ထပ်ပြီး ခွဲရမယ်ဆိုရင် ကျွန်မ ဆက်ပြီး တောင့်ခံနိုင်ပါ့မလားတောင် မသိဘူး။ ဒါပေမဲ့ သူ့ကိုတော့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူးလေ၊ သူက အဲဒီလောက် လူကောင်းဆိုတော့ အခြေအနေ ပိုကောင်းတဲ့ မိန်းကလေးနဲ့ပဲ ဆုံစေချင်ခဲ့တာ။ ကျွန်မ စိတ်ညစ်နေတဲ့အချိန်မှာ ကျန့်ဝမ်က ကျွန်မဆီ လာပြီး လက်ထပ်ဖို့ ပြောခဲ့တယ်။ ကျွန်မ တကယ်ကို ပျော်သွားတာ၊ အရမ်း အရမ်းကို ပျော်သွားတာပဲ၊ အဆတစ်ထောင် တစ်သောင်းမက ပျော်ခဲ့တာ။ သူက တကယ့်ကို ကောင်းကင်က ဆင်းသက်လာတဲ့ သူရဲကောင်းကြီးလိုပဲ ကျွန်မကို ကယ်တင်ခဲ့တာ!"

အဘယ်ကြောင့်မှန်းမသိ၊ လင်စန်းရှန်းနှင့် လီလင်းလင်းတို့မှာ ချမ်းစိမ့်စိမ့် ဖြစ်လာကြပြီး ဦးရေပြားများပါ စိမ့်တက်သွားကာ လက်မောင်းများပါ ကျောချမ်းသလိုလို ခံစားလိုက်ရ၏။

ဒီမိန်းမ... ကောင်းကောင်းမွန်မွန် စကားမပြောနိုင်ဘူးလား!

ဘာလို့ ဒီလောက်တောင် "အရမ်း အရမ်း" တွေ သုံးနေရတာလဲ?

နားထောင်ရတာ တကယ့်ကို ကြက်သီးထစရာကြီးပါလား!

"ကျွန်မနဲ့ ကိုကိုကျန့်ဝမ်ရဲ့ သံယောဇဉ်ကတော့ ကောင်းကင်နဲ့မြေကြီးပဲ သက်သေတည်ပါစေရှင်။ ကိုကိုကျန့်ဝမ် ထွက်သွားခဲ့ပေမဲ့ သူက ကျွန်မရဲ့ နှလုံးသားထဲမှာ အမြဲရှိနေတုန်းပဲ။ ကျွန်မစိတ်ထဲမှာတော့ သူ ဆုံးသွားတယ်လို့တောင် မထင်မိဘူး၊ အချိန်တိုင်း ကျွန်မဘေးနားမှာ ရှိနေသလိုပဲ ခံစားရတယ်။ သူ့ကို ကျွန်မ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး၊ သူ့ကို အမြဲတမ်း တမ်းတပြီး ချစ်နေမှာပါ၊ ကျွန်မက..."

"အဟွတ်! အဟွတ် အဟွတ်!"

လင်စန်းရှန်းက ကြားဖြတ်ချောင်းဟန့်လိုက်ရင်း

"ဟိုလေ... ဟို... ကျန့်ဝမ်မိန်းမရေ၊ ဒေါ်လေး အိမ်သာခဏ သွားချင်လို့၊ ညည်း ခဏလောက်..."

ချန်ချင်းယွီ: "ဒေါ်လေး သွားလေ၊ ကျွန်မ ဒီမှာပဲ စောင့်နေမယ်။ ဒေါ်လေး ပြန်လာရင် ကျွန်မနဲ့ ကိုကိုကျန့်ဝမ် ပထမဆုံး စတွေ့ခဲ့တဲ့အကြောင်း ပြောပြဦးမယ်။ အဲဒီနေ့က လေပြည်အေးလေး တိုက်ခတ်နေတဲ့ သာယာတဲ့ နံနက်ခင်းလေး တစ်ခုပေါ့..."

"ဒေါ်လေး အိမ်သာ အမြန်သွားလိုက်ဦးမယ်၊ ခဏလေးနော်"

လင်စန်းရှန်းသည် သမီးဖြစ်သူကို တစ်ချက်ကြည့်ကာ မှာခဲ့လိုက်လေသည်။

"လင်းလင်း၊ နင့်အစ်မနဲ့ ခဏ ထိုင်စကားပြောပေးလိုက်ဦး"

လီလင်းလင်းခဗျာ အသံတိုးတိုးဖြင့် "ဟုတ်ကဲ့" ဟုသာ ပြန်တုံ့ပြန်နိုင်ရှာ၏။

ချန်ချင်းယွီသည် လီလင်းလင်းကို ပြုံးကြည့်လိုက်ပြီး စကားစလိုက်ပြန်သည်။

"အစ်မကတော့ နင့်ကို တကယ် အားကျတယ်"

လီလင်းလင်း : "???"

သူမက အံ့ဩတကြီး ကြည့်နေစဉ်မှာပင် ချန်ချင်းယွီသည် ဆက်လက်ပြောလိုက်၏။

"နင်က ကိုကိုကျန့်ဝမ်နဲ့ ဝင်းတစ်ခုတည်းမှာ နေခဲ့ရတာဆိုတော့ တကယ့်ကို ကံအကောင်းဆုံးပဲ။ ငါသာ ငယ်ငယ်လေးကတည်းက ကိုကိုကျန့်ဝမ်နဲ့ ဝင်းတစ်ခုတည်းမှာ နေခဲ့ရရင် ငယ်ငယ်ကတည်းက သူ့ကို သိကျွမ်းခွင့် ရမှာ..."

လီလင်းလင်း : "..."

ချန်ချင်းယွီသည် ပါးလေးကို လက်ဝါးဖြင့် ထောက်ကာ အိပ်မက်ဆန်ဆန် ပုံစံလေးဖြင့် တမ်းတမ်းတတ မေးလိုက်လေသည်။

"ပြောပါဦး၊ နင်က ကိုကိုကျန့်ဝမ်ကို ငယ်ငယ်ကတည်းက သိတာမလား? ကိုကိုကျန့်ဝမ်က ငယ်ငယ်ကတည်းက အရမ်းကို ထက်မြက်တာ မဟုတ်လားဟင်"

လီလင်းလင်း : "..."

ရုတ်တရက် ချန်ချင်းယွီက သံသယမျက်လုံးများဖြင့် လီလင်းလင်းကို ကြည့်လိုက်ပြီး

"နေပါဦး၊ ကိုကိုကျန့်ဝမ်က ဒီလောက်ကောင်းတာဆိုတော့ သူ့ကို ကြိုက်တဲ့သူတွေ အများကြီး ရှိမှာပေါ့! ငါ့ကို ပြောပြပါဦး၊ ဒီဝင်းထဲမှာ သူ့ကို ကြိုက်ခဲ့တဲ့သူ နောက်ထပ် ဘယ်သူရှိသေးလဲ? ပြောပြပါ၊ ရပါတယ်၊ ဘာမှမဖြစ်ဘူး!"

လီလင်းလင်းသည် မျက်လုံးအပြူးသားဖြင့် ချန်ချင်းယွီကို မယုံနိုင်သလို ကြည့်နေမိသည်။ မိမိ နားကြားမှားလေသလားဟုပင် ထင်မှတ်သွားရ၏။ သူမက ခက်ခက်ခဲခဲပင်

"ကျွန်မ... ကျွန်မ မသိဘူးရှင့်။ ဖြစ်နိုင်တာကတော့... ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး..."

သူမ လိမ်ပြောနေခြင်း မဟုတ်ပေ။ လင်းမိသားစုမှာ ဤအိမ်ရာဝင်းထဲတွင် အခြေခံလူတန်းစားမျှသာ ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က လင်းကျန့်ဝမ် သားအမိတွင် အလုပ်အကိုင်ပင် မရှိဘဲ လက်ရှိပိုင်ဆိုင်မှုလေးကိုသာ ထိုင်စားနေကြရခြင်း ဖြစ်ရာ မည်သူက မျက်စိကျမည်နည်း။ ရပ်ကွက်ထဲမှ အောင်သွယ်တော်များပင် ထိုအိမ်ရှေ့က ဖြတ်လျှင် ခပ်လှမ်းလှမ်းမှ ကွင်းသွားကြသည်သာ ဖြစ်၏။

နောက်ပိုင်းတွင် လင်းကျန့်ဝမ် အလုပ်ရသွားသော်လည်း အိမ်တွင် ဆိုးသွမ်းရက်စက်သော အမေ (ယောက္ခမ) ရှိသည်ကို လူတိုင်း သိကြသည်။ ကျေးလက်က မိန်းကလေးများအတွက်မူ ကြည့်လိုက်လျှင် အခြေအနေကောင်းသည်ဟု ထင်ရနိုင်သော်လည်း မြို့မှ မိန်းကလေးများကမူ ထိုသို့ မတွေးကြပေ။ အထူးသဖြင့် ဤဝင်းထဲမှ မိန်းကလေးများမှာ မိသားစုတိုင်းလိုလိုတွင် အလုပ်သမားများ ဝန်ထမ်း ရှိကြသဖြင့် အဘွားကြီးကျောက်၏ စရိုက်ကို ကောင်းကောင်း သိထားကြရာ မည်သူမျှ မိုက်မဲမည် မဟုတ်ပါချေ။

လီလင်းလင်းက ခဏစဉ်းစားပြီး ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်လေသည်။

"အစ်မ... အစ်မ အထင်လွဲနေတာ ထင်တယ်"

ထို့ပြင်... ဆုံးသွားတဲ့လူတစ်ယောက်အကြောင်း ဘယ်သူက ပြောချင်မှာလဲ!

အဲဒါက လူသေကြီးလေ!

သူမသည် ချန်ချင်းယွီကို စေ့စေ့ကြည့်ကာ ကျောချမ်းလှသဖြင့် "လူ... လူကလည်း မရှိတော့ဘူးလေ..." ဟု ဆိုလိုက်၏။

ချန်ချင်းယွီသည် ဒေါသထွက်မသွားဘဲ ခေါင်းငြိမ့်ကာ

"ငါ သိပါတယ်၊ သူ မရှိတော့တာ သိတာပေါ့။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး၊ သူ အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ ငါကတော့ သူ့ကို ချစ်နေမှာပဲ"

ပြောရင်းဖြင့် ရှက်ပြုံးလေး ပြုံးလိုက်ပြန်ကာ

"လူတစ်ယောက်ကို ချစ်တာပဲ၊ ရှင်ခြင်းသေခြင်းတွေနဲ့ ပတ်သက်နေဖို့ လိုလို့လား။ ငါက သူ့ကို သိတဲ့သူတစ်ယောက်ယောက်နဲ့ အတူတူ သူ့အကြောင်းလေးတွေ ပြောရင်း လွမ်းဆွတ်ချင်လို့ပါ"

လီလင်းလင်း : "..."

သူမသည် ခေါင်းကို တကုတ်ကုတ် လုပ်ရင်း အတော်ကြာမှ စကားဆက်နိုင်ရှာ၏။

"ကျွန်မ... ကျွန်မ တကယ် မရင်းနှီးဘူးရှင့်။ ကျွန်မတို့က အသက်ချင်းလည်း အများကြီး ကွာတယ်လေ"

ချန်ချင်းယွီ: "ဒါလည်း ဟုတ်တာပဲ၊ နင်က ငယ်သေးတော့ အချစ်ရဲ့ နက်ရှိုင်းမှုကို မသိသေးဘူး။ ကဲပါ၊ နင့်ကိုလည်း မပြောတော့ပါဘူး၊ နင် နားမလည်ပါဘူး။ နင် နားမလည်ဘူး၊ အချစ်ဆိုတာ ဘာလဲဆိုတာကိုလည်း နင် မသိဘူး။ နောက်ကျမှ နင် ချစ်သူရလာရင် သိမှာပါ။ အေး... ဘေးအိမ်က မမမေ့လန် အိမ်မှာ ရှိလား"

လီလင်းလင်းက ကပျာကယာပင် ပြန်ဖြေပေးလိုက်သည်။

"သူ အလုပ်သွားပြီလေ၊ သူ့ယောက္ခမပဲ အိမ်မှာ ရှိတယ်"

ဝမ်မေ့လန်၏ ယောက္ခမမှာ နေ့စဉ်နံနက်တိုင်း ကလေးထိန်းရန် လာလေ့ရှိသူ ဖြစ်သည်။ သို့သော် ယနေ့ မိုးရွာနေသဖြင့် အပြင်မထွက်ဘဲ အိမ်၌ပင် ရှိနေခြင်း ဖြစ်၏။

အမှန်စင်စစ် သူတို့အလုပ်ရုံတွင် ကလေးထိန်းကျောင်းရှိသော်လည်း ငါးနှစ်ပြည့်မှသာ လက်ခံခြင်းဖြစ်သည်။ ချန်ချင်းယွီ၏ကလေးများဖြစ်သော ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အသက်မပြည့်သေးပေ။ ဝမ်မေ့လန်အိမ်မှ ဒုတိယကလေးမှာ ယခုနှစ်တွင် ငါးနှစ်ပြည့်ပြီဖြစ်သော်လည်း နှစ်နှစ်အရွယ် တတိယကလေးရှိနေသေးသဖြင့် ကလေးအားလုံးကို အဘွားကြီးနှင့်သာ ပုံအပ်ထားရလေ၏။

ချန်ချင်းယွီ: "ဒါဆို သူတို့အိမ်သွားကြည့်ဦးမယ်၊ သကြားလုံးလက်မှတ်များ ရှိမလားလို့"

ချန်ချင်းယွီသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားဟန်ဖြင့် ထရပ်လိုက်သဖြင့် လီလင်းလင်းမှာ သက်ပြင်းချနိုင်တော့၏။ သူမသည် အိမ်ထောင်ပြုရန် အရွယ်ရောက်နေပြီဖြစ်သော်လည်း အစ်မချန်ကဲ့သို့ အချစ်အကြောင်း တဖွဖွပြောနေသည်ကိုမူ အသားမကျနိုင်သေးပေ။

"အဘွားဝမ်ကို မေးကြည့်လိုက်ဦးနော်"

လီလင်းလင်း စကားဆိုကာ ကပျာကယာပင် လိုက်ပို့လိုက်လေသည်။

ချန်ချင်းယွီက ခေါင်းငြိမ့်ပြကာ ဝမ်မေ့လန်တို့အိမ်ဘက်သို့ ထွက်လာခဲ့၏။ မိုးရွာနေသဖြင့် အဘွားကြီးဝမ်သည် လက်ဖက်ခြောက်အညံ့စားလေးကို ဖျော်၍ အရသာခံသောက်နေလေသည်။ သာမန်မိသားစုများမှာ ဤကဲ့သို့ ဇိမ်မခံနိုင်ကြသော်လည်း သူမတို့အိမ်မှာမူ သားနှင့်ချွေးမ နှစ်ယောက်စလုံး အလုပ်ရှိကြသူများဖြစ်ရာ ယောက္ခမဖြစ်သူမှာ ဤမျှတော့ ခံစားပိုင်ခွင့်ရှိပေသည်။

အဘွားကြီးသည် မိမိတို့အိမ်၏ အခြေအနေမှာ အခြားသူများထက် သာလွန်သည်ဟု ယူဆကာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေမိ၏။

ဒေါက် ဒေါက် ဒေါက်!

အဘွားကြီးဝမ်: "ဘယ်သူလဲ"

ချန်ချင်းယွီ: “ဒေါ်လေးဝမ်… အိမ်မှာ ရှိလားရှင့်၊ ကျွန်မ ဒုတိယဝင်းထဲက လင်းမိသားစုကပါ"

အဘွားကြီးဝမ်သည် နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်ပြီး "ဝင်ခဲ့လေ" ဟု ဆိုသည်။

သူမသည် ဤချွေးမငယ်လေးကို အတော်ပင် အထင်သေးပေသည်။ အားကိုးရာမဲ့ပြီး နိမိတ်မရှိသောသူ၊ ကံဆိုးမဟု ယူဆထား၏။ သူမသည် မျက်လုံးကို ပင့်ကြည့်ကာ မေးစေ့ကို အသာမော့လျက် မေးမြန်းလိုက်လေသည်။

"ကျန့်ဝမ်မိန်းမပါလား၊ ဘာကိစ္စရှိလို့လဲ"

ချန်ချင်းယွီမှာမူ တစ်ဖက်လူ၏ အထင်သေးမှုကို မမြင်ချင်ယောင်ဆောင်ကာ စကားဆိုလိုက်၏။

"ဒေါ်လေးဝမ်တို့ဆီမှာ ပိုတဲ့ သကြားလုံးလက်မှတ်များ ရှိမလားလို့ပါ၊ တစ်စောင်လောက် လဲချင်လို့ပါရှင့်..."

အဘွားကြီးဝမ်: "ငါတို့ဆီမှာတော့ မရှိဘူး၊ လူမှားမေးတာပဲ။ တခြားလူတွေကိုသာ သွားမေးကြည့်တော့"

သူမသည် ချန်ချင်းယွီကို အထက်အောက် အကဲခတ်ကြည့်ရင်း စိတ်ထဲမှ ဆိုနေမိ၏။

"နင်တို့အိမ် အခြေအနေနဲ့ သကြားလုံးစားဖို့တောင် စဉ်းစားနေသေးတယ်ပေါ့"

မိမိတို့မှာ ဝင်းထဲတွင် အထက်တန်းလွှာဖြစ်သော်လည်း သူတို့မှာ အောက်ခြေလူတန်းစားသာ ဖြစ်သည်။ သကြားလုံးဝယ်နိုင်သည့် အခြေအနေရှိလို့လားဟု တွေးတောကာ အထင်သေးစွာ ပြုံးလိုက်ပြီး မေးလိုက်၏။

"ကျန့်ဝမ်မိန်းမရေ... ငါပြောတာ စိတ်မရှိနဲ့ဦး၊ ဒီလိုမျိုး ဖြုန်းတီးပြီး နေလို့မရဘူးလေ။ ညည်းတို့အိမ် အခြေအနေကိုလည်း ပြန်ကြည့်ဦးမှပေါ့။ သကြားလုံးလက်မှတ် လဲတာကို ညည်းယောက္ခမ သိရဲ့လား"

ချန်ချင်းယွီမှာ ရိုးသားဖြူစင်သော အပြုံးဖြင့် ပြန်တုံ့ပြန်လိုက်၏။

"အမေ မနက်က အလုပ်သွားခါနီးမှာ လဲခိုင်းသွားတာပါ..."

အဘွားကြီးဝမ် စိတ်ထဲတွင် "ဒီအဘွားကြီးကတော့ တကယ့်ကို အစားမက်တာပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် မျက်လုံးအစုံကို လှိမ့်လိုက်ကာ

"ကျန့်ဝမ်မိန်းမ...ညည်းယောကျာ်းလည်း မရှိတော့ဘူးဆိုတော့ နောင်ရေးအတွက် ဘာတွေ စဉ်းစားထားလဲ။ နောက်အိမ်ထောင်ပြုဖို့ကော စိတ်မကူးဘူးလား။ ငါက လူသိများတော့ ညည်းအတွက် မိတ်ဆက်ပေးဖို့ဆိုတာ ဘာမှခက်တာမဟုတ်ဘူး၊ ဒါပေမဲ့ ညည်းဘက်ကကော..."

"ဒေါ်လေးဝမ်!!!"

ချန်ချင်းယွီသည် အဘွားကြီးဝမ်ကို မယုံနိုင်သလို ကြည့်လိုက်ကာ အော်ဟစ်လိုက်လေသည်။

"ဒေါ်လေးဝမ်က ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရက်စက်ပြီး အသည်းနှလုံးမရှိတဲ့ စကားမျိုးကို ပြောထွက်ရတာလဲ!"

ဝမ်အဘွားကြီးမှာမူ "ဟင်!" ဟုသာ ပါးစပ်ကြီးဟလျက် အံ့ဩတကြီး ဖြစ်သွားရရှာ၏။

ချန်ချင်းယွီ၏ မျက်ဝန်းအစုံသည် ချက်ချင်းပင် နီရဲလာပြီး နှုတ်ခမ်းကို ဖိကိုက်ထားလျက် အလွန်ပင် နားမလည်နိုင်ဖြစ်နေသော လေသံဖြင့် တရပ်စပ်ပြောလေတော့သည်။

"ဒေါ်လေးကို ကြည့်ရတာ နွေးထွေးတဲ့သူတစ်ယောက်လို့ ထင်ရပေမဲ့ ဘယ်လိုဖြစ်လို့ ဒီလောက်အေးစက်တဲ့ စကားမျိုးကို ပြောထွက်ရတာလဲ! ကျွန်မနဲ့ ကိုကိုကျန့်ဝမ်က ပင်လယ်လို နက်ရှိုင်းတဲ့ သံယောဇဉ်ရှိတာပါ။ သူ မရှိတော့ရင်တောင် ကျွန်မ သူ့ကို ဘယ်တော့မှ မေ့မှာမဟုတ်သလို နောက်အိမ်ထောင်လည်း ပြုမှာမဟုတ်ဘူး! စစ်မှန်တဲ့ သံယောဇဉ်ဆိုတာ ဒီလိုမျိုးမဟုတ်ပါဘူး၊ ဒေါ်လေးက ဒီလောက် အသက်ကြီးပြီဆိုတော့ သိသင့်တာပေါ့။ စစ်မှန်တဲ့ အချစ်ဆိုတာ အချိန်ရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိသလို ရှင်ခြင်းသေခြင်းရဲ့ စမ်းသပ်မှုကိုလည်း ကျော်လွှားနိုင်ပါတယ်။ ကျွန်မနဲ့ ကိုကိုကျန့်ဝမ် အတူတူ လက်တွဲနိုင်ဖို့ တကယ့်ကို ခက်ခဲခဲ့တာပါ။ ကျွန်မတို့မှာ သံယောဇဉ်ကြီးပေမဲ့ ကံပါမလာခဲ့ဘူး၊ ဒါပေမဲ့ သူ ထွက်သွားရင်တောင် ကျွန်မရဲ့ နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ ကျွန်မရဲ့ အချစ်ကိုတော့ အသက်နဲ့လဲပြီး ကာကွယ်သွားမှာပါ"

ပါးစပ်အဟောင်းသားဖြင့် အဘွားကြီးဝမ်: "နင်..."

ချန်ချင်းယွီသည် သူမအား စကားပြောခွင့်ပင်မပေးဘဲ လက်ကို အတင်းဆုပ်ကိုင်လိုက်ကာ ပေါက်ပေါက်ဖောက်လေ၏။

"ဒေါ်လေးဝမ်... ကျွန်မ သိပါတယ်၊ ဒေါ်လေးက စေတနာနဲ့ ကျွန်မကောင်းစားဖို့ ပြောတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒေါ်လေးဝမ် မှားသွားပြီ၊ တကယ်ကို မှားသွားပြီ။ ဒေါ်လေး အခုလိုပြောတာဟာ ကျွန်မနဲ့ ကိုကိုကျန့်ဝမ်ကြားက အချစ်ကို နားမလည်လို့ပါ။ အကယ်၍ ဒေါ်လေးဝမ်သာ သိသွားရင် ကျွန်မတို့ရဲ့ အချစ်ကို ကြည့်ပြီး တကယ်ကို စိတ်လှုပ်ရှားမိမှာပါ။ ကျွန်မနဲ့ ကိုကိုကျန့်ဝမ်က အတန်းဖော်တွေလေ၊ အတန်းတူတူတက်ခဲ့တာ၊ အားကျဖို့ကောင်းတယ်မလား? တကယ်ဆိုရင် ကျွန်မတို့က ငယ်သူငယ်ချင်းတွေလို့တောင် ပြောလို့ရတယ်၊ ကျွန်မတို့က..."

ချန်ချင်းယွီသည် အာရုံစိုက်ကာ အသေးအမွှားကိစ္စလေးများမှစ၍ ပြောပြနေတော့သည်။ သူမ၏ မျက်ဝန်းများမှာ အလွန်ပင် တောက်ပကြည်လင်နေပြီး သံယောဇဉ်ကြီးမားပုံကို ဖော်ပြနေ၏။

“အဲဒီတုန်းက ကျောင်းမှာဆိုရင် ကျွန်မတို့ နှစ်ယောက်က အမြဲတမ်း တိတ်တိတ်လေး အတူတူ သွားလာလှုပ်ရှားခဲ့ကြတာ၊ ကျွန်မတို့က အရင်းနှီးဆုံး သူငယ်ချင်းတွေလေ..."

သူမသည် အဘွားကြီးဝမ်ကို မြဲမြဲကိုင်ထားပြီး မနားတမ်း ရေရွတ်နေလေသည်။

"ကျွန်မတို့ရဲ့ အချစ်က တကယ်ကို ဖြူစင်တာပါ။ နောက်ပိုင်း ကျွန်မတို့ ကျောင်းဆင်းတော့ ကျွန်မတို့ ဘယ်လို လက်ထပ်ခဲ့ကြလဲဆိုတာ ဒေါ်လေးဝမ် သိရဲ့လား? ဒေါ်လေး မသိတာ သေချာပါတယ်။ အမှန်တော့ အဲဒီတုန်းက ကျွန်မ အိမ်က အိမ်ထောင်စုစာရင်းကို ခိုးယူပြီး လက်ထပ်ခဲ့တာ! သိပ်ပြီး ရိုမန်းတစ်ဆန်တယ် မဟုတ်လား? ဇာတ်လမ်းဆန်တယ် မဟုတ်လား? နတ်ဖန်တီးပေးတဲ့ ဖူးစာရှင်တွေလို့တောင် ခံစားရတယ် မဟုတ်လား?"

အဘွားကြီးဝမ်၏ မျက်နှာတစ်ခုလုံးမှာ အရေးအကြောင်းများဖြင့် ရှုံ့မဲ့တွန့်လိပ်သွားပြီး ချန်ချင်းယွီကို အဓိပ္ပာယ်မဖော်နိုင်သော အကြည့်ဖြင့် ကြည့်နေမိလေသည်။ သူမ၏ မျက်နှာအစိတ်အပိုင်းများမှာ ရှုံ့မဲ့နေပြီး ဗိုက်ထဲမှလည်း အစာများ ပြန်တက်လာသလို ခံစားနေရ၏။ အဘယ်ကြောင့်မှန်းမသိ၊ နံနက်က ဆီပါသောအစားအစာ ဘာမှမစားခဲ့ပါလျက်နှင့် ဤမျှအထိ ပျို့အန်ချင်နေရသနည်း။

ထို့ပြင် သူမသည် တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာပြီး ကြက်သီးတဖြန်းဖြန်း ထကာ အနေရခက်နေတော့သည်။

ဘယ်လို မိန်းကလေးမျိုးကများ "အချစ်" ဆိုတဲ့ စကားကို ပါးစပ်က တတွတ်တွတ် ပြောနေရတာလဲ!

သူမတို့ခေတ်၌ မိဘပေးစားမှ လက်ထပ်ခဲ့ကြရသူများဖြစ်ရာ ဤစကားများက သူမကို အတော်ပင် အနေရခက်စေသည်။ သို့သော် ချန်ချင်းယွီမှာမူ သူမ၏ အနေရခက်မှုကို မမြင်သည့်အလား ဆက်ပြောနေပြန်၏။

"ကျွန်မရဲ့ မိဘအိမ်က ကျွန်မအပေါ် သိပ်မကောင်းကြဘူးလေ၊ အဖေက နောက်မိန်းမ ယူလိုက်တော့ မိထွေးရှိရင် ပထွေးဖြစ်တတ်တယ်ဆိုတဲ့အတိုင်းပါပဲ။ လူကြီးတွေရဲ့ မကောင်းကြောင်းကို မပြောသင့်ပေမဲ့ ဒါက အရေးမကြီးပါဘူး၊ လုံးဝ အရေးမကြီးပါဘူး၊ သူတို့ ကျွန်မအပေါ် မကောင်းတာက ဘာမှမဖြစ်ပါဘူး။ သူတို့က ကျွန်မအပေါ် မကောင်းလို့ပဲ ကိုကိုကျန့်ဝမ်က ကျွန်မကို ဒုက္ခထဲက ကယ်တင်ခဲ့တဲ့ သူရဲကောင်းကြီး ဖြစ်လာခဲ့တာ။ အဲဒီတုန်းက သူက ကျွန်မကို အရမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ 'ငါတို့ လက်ထပ်ကြစို့' လို့ ပြောခဲ့တာ! ဒေါ်လေးဝမ် နားထောင်ကြည့်ဦး၊ ဒါဟာ ဘယ်လောက်တောင် သာယာနာပျော်ဖွယ်ကောင်းတဲ့ စကားလုံးလဲ! ဒေါ်လေးဝမ်လည်း ကိုကိုကျန့်ဝမ်ကို မြင်ဖူးတာပဲ၊ သူက အဲ့ဒီလောက် လူကောင်း၊ အဲ့ဒီလောက် စိတ်ရင်းမှန်တဲ့သူ။ သူ ကျွန်မကို ကြည့်လိုက်တဲ့အခါတိုင်း ကျွန်မတို့ အတူတူရှိနေရမယ်ဆိုရင် ရှင်ခြင်းသေခြင်း၊ ဆင်းရဲချမ်းသာ ဘာကိုမှ ဂရုမစိုက်စရာ မလိုဘူးလို့ ခံစားရတယ်။ ချစ်သူတစ်ယောက်ကို ချစ်ရတာဟာ ဒီလောက်တောင် ရိုးရှင်းသလို၊ ဒီလောက်လည်း ခက်ခဲတာပေါ့၊ ဒေါ်လေးဝမ် နားလည်တယ်မလား? နားလည်တယ် မဟုတ်လား?"

သူမက အဘွားကြီးဝမ်ကို မျှော်လင့်တကြီး ကြည့်လိုက်သောအခါ အဘွားကြီးဝမ်မှာမူ "အုဝေါ့!" ဟု ပျို့အန်မိတော့သည်။

သူမ၏ ဗိုက်ထဲတွင် တကယ်ပင် ပြောင်းပြန်လှန်နေလေပြီ။ ဤမျှအထိ မျက်နှာပြောင်လှသော မိန်းကလေးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤသည်မှာ "အချစ်" ကို ပါးစပ်က ပြောရုံတင် မဟုတ်တော့ဘဲ လင်တရူးနေခြင်းသာတည်း။

သူမအနေဖြင့် မိမိလက်ကို ရုန်းထွက်ချင်သော်လည်း ချန်ချင်းယွီက မြဲမြဲကိုင်ထားဆဲပင်။ ချန်ချင်းယွီသည် ခေါင်းလေးကို အသာစောင်းကာ ပြုံးလိုက်ပြီး

"ကျွန်မနဲ့ ကိုကိုကျန့်ဝမ်ရဲ့ သံယောဇဉ်က ပင်လယ်တွေ ခမ်းခြောက်ပြီး ကျောက်ဆောင်တွေ ပျက်စီးသွားရင်တောင် မပြောင်းလဲပါဘူး။ အကယ်၍ ယောက္ခမနဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ မလိုဘူးဆိုရင် ကျွန်မ တကယ်ပဲ သူ့နောက်ကို လိုက်သွားချင်တာ။ ကျွန်မတို့ရဲ့ သံယောဇဉ်က အသက်နဲ့လဲပြီး လိုက်သွားထိုက်ပါတယ်။ ဒါပေမဲ့ ကျွန်မ မလိုက်သွားနိုင်ဘူးလေ၊ ကိုကိုကျန့်ဝမ်ရဲ့ အမေရယ်၊ ကျွန်မတို့ရဲ့ ကလေးတွေရယ်ကို ပစ်မထားခဲ့နိုင်ဘူး။ ကိုကိုကျန့်ဝမ်ရဲ့ ကိုယ်စား သူတို့ကို ကောင်းကောင်း စောင့်ရှောက်သွားရမှာ။ တစ်ဘဝလုံး ပေးဆပ်ရမယ်ဆိုရင်တောင် ကျွန်မ နှမြောမှာ မဟုတ်ပါဘူး!"

သူမသည် ပြောရင်းပြောရင်း ပို၍ စိတ်လှုပ်ရှားလာလေရာ အဘွားကြီးဝမ်မှာ ချန်ချင်းယွီကို မယုံနိုင်သလို ကြည့်နေမိတော့သည်။ ဤကဲ့သို့သော လူစားမျိုးကို တကယ်ကို မမြင်ဖူးပါချေ။

ချန်ချင်းယွီသည် သာမန် မုဆိုးမလေးများနှင့် မတူဘဲ သူမ၏ စိတ်အခြေအနေမှာ တကယ်ကို တစ်မျိုးကြီး ဖြစ်နေသည်ဟု သူမက ယူဆလိုက်မိ၏။

"လူ... လူကတော့ ဆုံးသွားပြီပဲဟာ..."

"မဟုတ်ဘူး၊ မဟုတ်ဘူး! အချို့လူတွေက သေဆုံးသွားပေမဲ့ ရှင်သန်နေတုန်းပဲ၊ သူက ကျွန်မရဲ့ နှလုံးသားထဲမှာ ထာဝရ ရှင်သန်နေမှာ"

သူမသည် အယူသီးသည့်စကားမျိုး မပြောဘဲ "အချစ်ရူး" ပုံစံမျိုးဖြင့် ပြောဆိုနေသဖြင့် မည်သူမျှ ဖမ်းဆုပ်စရာ အမှားရှာ၍ မရနိုင်ပေ။

ချန်ချင်းယွီ အဘွားကြီးဝမ်ကို ထပ်၍ မေးလိုက်ပြန်၏။

"ဒေါ်လေးဝမ် ဒီလို သံယောဇဉ်မျိုးကို နားမလည်ဘူးလား"

ထို့နောက် သနားကရုဏာသက်သော အမူအရာဖြင့်

"ဒေါ်လေးဝမ် နားမလည်ဘူးဆိုတာ ကျွန်မ မထင်ထားမိဘူး။ ဒေါ်လေးဝမ် ဒီလောက် အသက်ကြီးတဲ့အထိ စစ်မှန်တဲ့ သံယောဇဉ်မျိုး မကြုံဖူးဘူးဆိုရင် ကျွန်မအကြောင်း ပြောပြမယ်လေ၊ ကျွန်မနဲ့ ကိုကိုကျန့်ဝမ် စတွေ့ခဲ့ပုံလေးကို..."

"မလိုဘူး!!!"

အဘွားကြီးဝမ် အတင်းအော်ပြောလိုက်လေ၏။

အဘွားကြီးဝမ်သည် ပုံမှန်ဆိုလျှင် အတင်းအဖျင်းသတင်း နားထောင်ရသည်ကို အလွန်ဝါသနာပါသူ ဖြစ်သော်လည်း ယခုအတင်းအဖျင်းကိုမူ အစိုးရိမ်ကြီး စိုးရိမ်နေမိတော့သည်။

ဘယ်သူကများ နင်နဲ့ လူသေတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို နားထောင်ချင်မှာလဲ…

နေပါဦး၊ နင့်မျက်နှာပေးက ဘာဖြစ်နေတာလဲ…

နင်က ဘယ်သူ့ကို လာသနားနေတာလဲ…

ငါက နင် မုဆိုးမလေးဖြစ်သွားတာကိုတောင် မသနားရသေးဘူး၊ နင်က ဘာတွေ လာသရုပ်ဆောင်နေတာလဲ…

ချန်ချင်းယွီ: "ဒေါ်လေးဝမ် တစ်ခါမှ မခံစားဖူးဘူးဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး၊ ကျွန်မအကြောင်းတွေ ပြောပြပါရစေ။ အချစ်ဆိုတာ သိပ်လှပတာလေ၊ ကျွန်မတို့က လျှောက်လုပ်ခဲ့တာ မဟုတ်ဘူး၊ တကယ့်ကို ဖြူစင်လွန်းတဲ့ သံယောဇဉ်ပါ။ အဲဒီနေ့က မိုးသက်မုန်တိုင်းတွေ ကျနေတဲ့နေ့ပေါ့၊ အခုလို မိုးရွာနေတာမျိုးနဲ့ တူတယ်၊ ကျွန်မတို့ နှစ်ယောက်က..."

အဘွားကြီးဝမ်မှာ ငါးသေမျက်လုံးကဲ့သို့ အသက်မဲ့စွာ ကြည့်နေမိသည်။

အကယ်၍များ တစ်စုံတစ်ယောက်မှ သူမကို နောင်တရလားဟု မေးလာလျှင် မိမိကိုယ်ကို ‘ဘာမှမမေးမိလေနဲ့ မေးလျှင် နောင်တရသွားမည်’ ဟုသာ ဆုံးမမိပေလိမ့်မည်။

နောင်တအကြီးအကျယ် ရနေမိလေပြီ။

ချန်ချင်းယွီကို အိမ်ထဲ လုံးဝ မပေးဝင်ခဲ့သင့်ချေ။

ဒီမုဆိုးမလေးတော့ စိတ်ဖောက်ပြန်နေပြီထင်တယ်…

သူမ တတွတ်တွတ် ပြောနေတာတွေက ဘာတွေမှန်းကို မသိတော့ဘူး…

နားထောင်ရသည်မှာ ကြက်သီးတဖြန်းဖြန်းထပြီး ခေါင်းများပါ တအုန်းအုန်းထိုးလာကာ ဦးရေပြားများပါ ထုံကျင်လာရသည်။ အဘွားကြီးဝမ်မှာ ခြေချောင်းလေးများဖြင့် ကြမ်းပြင်ကို ကုတ်ခြစ်မိမတတ် အနေရခက်နေလေ၏။

တကယ့်ကို အနေရခက်လွန်းလို့ တောင့်မခံနိုင်တော့ပေ။

သို့သော် ချန်ချင်းယွီ၏ မျက်လုံးများမှာ တောက်ပနေပြီး အလွန်ပျော်ရွှင်စွာ ပြောဆိုနေသည်ကို ကြည့်ရသည်မှာ သူမကိုယ်တိုင်တော့ ပျော်ရွှင်မှုထဲ နစ်ဝင်နေပုံရ၏။ သို့သော် သာမန်လူများ ခံစားရမည်ကိုမူ သူမ ထည့်မတွက်ပေ။

တောက်! တောက်! တောက်!

အဘွားကြီးဝမ် စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။

"တော်ပြီ! တော်တော့... တော်တော့!"

ချန်ချင်းယွီက အဘွားကြီးဝမ်ကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

အဘွားကြီးဝမ်က မျက်နှာသေဖြင့် ဆင်ခြေပေးလိုက်လေသည်။

"ငါ မြေးတွေအတွက် ထမင်းချက်ရတော့မယ်၊ ကျန့်ဝမ်မိန်းမရေ... ငါ ညည်းကို ဧည့်ခံဖို့ အချိန်မရှိတော့ဘူး"

ချန်ချင်းယွီက နာရီကို တစ်ချက် မော့ကြည့်လိုက်၏။

သူတို့အိမ်ကတော့ တကယ်ပဲ လင်မယားနှစ်ယောက်စလုံး အလုပ်ရှိကြသူတွေဆိုတော့ နာရီတစ်လုံးရှိနေတာပဲ!!

ယခု အတိအကျ ၁၂ နာရီ ရှိလေပြီ။ သူမက မျက်တောင်လေး ခတ်လိုက်ကာ တုံ့ပြန်ပြောလိုက်၏။

"ရပါတယ်၊ ဒေါ်လေးဝမ် အလုပ်သာ ဒေါ်လေးလုပ်ပါ၊ ကျွန်မ ဆက်ပြောပြမယ်လေ။ ကျွန်မတို့အိမ်က ထမင်းစားပြီးပြီ"

အဘွားကြီးဝမ် : "!!!"

သူမသည် ချန်ချင်းယွီကို မယုံနိုင်သလို ကြည့်နေမိပြီး မိမိ လူမှားကြည့်မိသလားဟုပင် ထင်မှတ်သွားရသည်။

ဒီချွေးမငယ်လေးက အမြဲတမ်း ပျော့ညံ့ကြောက်ရွံ့တတ်သူ မဟုတ်ဘူးလား!

ဒီနေ့ကျမှ ဘာလို့ စကားတွေ ဒီလောက်များနေရတာလဲ။

ကြည့်ရတာလည်း ကြောက်ရွံ့ပုံ ပေါ်မနေပေ။

"ညည်း ပြန်တော့လေ၊ ကလေးတွေ စောင့်နေလိမ့်မယ်"

ချန်ချင်းယွီမှာ ရိုးသားသောလေသံလေးဖြင့်

"ရပါတယ်၊ ကျွန်မရဲ့ အချစ်နဲ့ ကျွန်မရဲ့ စိတ်နှလုံးကို ဒီလောက်အထိ နားလည်ပေးနိုင်တဲ့ ဒေါ်လေးဝမ်နဲ့ ဆုံရခဲတာမို့လို့ ကျွန်မ ပိုပြီး စကားပြောချင်သေးတာပါ။ ကိုကိုကျန့်ဝမ်အကြောင်းကို အတူတူ ပြောဆိုလွမ်းဆွတ်ပေးမယ့်သူ တစ်ယောက်လောက် တကယ်ပဲ လိုချင်နေမိတာ..."

အဘွားကြီးဝမ်: "!!!" “ဘုရားသခင်”

သူမ ရိပ်မိလိုက်လေပြီ။ အနှီကြောက်တတ်သော မုဆိုးမလေးသည် သတ္တိကောင်းလာခြင်း မဟုတ်ဘဲ လင်းကျန့်ဝမ်အကြောင်း ပြောလိုက်ရင်ကို စိတ်ဓာတ်များ ပျော့ညံ့သွားသော အချစ်ရူးမလေး ဖြစ်နေခြင်းပင်။

တကယ့်ကို ခေါင်းထဲမှာ အချစ်အကြောင်းတွေပဲ ပြည့်နေတဲ့ လင်တရူးပါလား!!

အဘွားကြီးဝမ် လက်ကာပြကာ နှင်စကားဆိုလိုက်၏။

"ငါ လင်းကျန့်ဝမ်အကြောင်း သိပ်မသိဘူး၊ တခြားလူဆီသာ သွားတော့"

ချန်ချင်းယွီ: "ဘာမှမဖြစ်ပါဘူး၊ ဒေါ်လေးဝမ် မသိရင် ကျွန်မ ပြောပြမယ်လေ၊ အဲဒီအခါကျရင် သူ ဘယ်လောက်တောင် လူကောင်းလဲဆိုတာ ဒေါ်လေးဝမ် သိသွားမှာပါ"

"မလိုဘူး! မလိုဘူးလို့ ပြောနေတယ်လေ! ကျန့်ဝမ်မိန်းမရေ... ငါ့မြေးတွေက ထမင်းစားပြီးရင် နေ့ခင်းအိပ်ရဦးမှာ၊ ညည်း တခြားလူဆီသာ သွားပါတော့။ ရှီကျန့်ရှန်း ဆီသာ သွားတော့လေ။ သူက ညည်းတို့အိမ်အကြောင်း ကောင်းကောင်း သိမှာပါ၊ သူ့ဆီသွားပြီး များများပြောလိုက်ဦး"

ချန်ချင်းယွီက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ သဘောပေါက်သွားဟန်ဖြင့် ခေါင်းတညိမ့်ညိမ့် ဆိုလိုက်လေသည်။

"ဒေါ်လေးဝမ် ပြောတာ ဟုတ်သားပဲ၊ ကျွန်မ သူ့ဆီ သွားသင့်တယ်။ မနေ့ညက ကျွန်မယောက္ခမနဲ့ သူနဲ့ ပြဿနာတက်ခဲ့ပေမဲ့ သူကတော့ စိတ်ထဲထားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက မတရားလုပ်ခဲ့တာလေ၊ မတရားလုပ်တဲ့သူဆိုတာ နောင်တရနေမှာ သေချာပါတယ်။ ကျွန်မ သူ့ဆီ သွားတွေ့လိုက်ဦးမယ်"

အဘွားကြီးဝမ် : "???"

လောကကြီးပဲရူးနေတာလား…ဒီကောင်မပဲ လင်တရူးလွန်းနေတာလား!!

ချန်ချင်းယွီသည် ပေါက်ပြဲနေသော ထီးအစုတ်ကလေးကို ဆောင်းကာ အပြင်သို့ ပြန်ထွက်သွားလေပြီ။ သူမ ထွက်သွားသည်ကို ကြည့်ရင်း အဘွားကြီးဝမ်မှာ ယခုမှ သက်ပြင်းအကြီးအကျယ် ချနိုင်တော့၏။ ချန်ချင်းယွီသာ နောက်ထပ်ခဏမျှ ဆက်နေပါက သူမရူးသွားနိုင်သည်ဟုပင် ထင်မှတ်ရသည်။ ယခုမူကား သူမခေါင်းထဲမှာ "ပင်လယ်လို နက်ရှိုင်းတဲ့ သံယောဇဉ်"၊ "စိတ်တူကိုယ်တူ ချစ်ခြင်း"၊ "ရွှေလိုခိုင်မြဲတဲ့ အချစ်" ဆိုသော စကားများဖြင့်ပြည့်နှက်နေချေပြီ။

ဒီကျန့်ဝမ်မိန်းမကို ဘယ်လိုပုံဖော်ရမှန်းတောင် သူမ မသိတော့ပေ။…

သူမသည် အပြင်သို့ ခေါင်းပြူကြည့်လိုက်ရာ ချန်ချင်းယွီတစ်ယောက် ဒုတိယဝင်းဘက်သို့ ပြန်သွားသည်ကို တွေ့ရသဖြင့် စိတ်အေးသွားရပြန်သည်။ သူမ အထဲပြန်ဝင်မည်အပြုတွင် လင်စန်းရှန်းနှင့် လီလင်းလင်း သားအမိနှစ်ဦးမှာလည်း တံခါးဝမှ ခေါင်းပြူကြည့်နေသည်နှင့် ဆုံလေရာ နှစ်ဖက်စလုံး၏ မျက်လုံးများထဲတွင် ပြောမပြတတ်အောင် အံ့ဩတုန်လှုပ်နေသည့် အရိပ်အယောင်များကို မြင်တွေ့လိုက်ရ၏။

အားလုံးက ကပျာကယာပင် အိမ်ထဲသို့ ပြန်ဝင်သွားကြသည်။ ထိုအချိန်တွင် ချန်ချင်းယွီသည် ရွှီကောင်းမင်တို့အိမ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူမသည် မိမိကိုယ်မိမိ အပြင်လူဟု မသတ်မှတ်ဘဲ အားမနာတမ်း ထိုင်လိုက်ကာ စကားများကို အဆက်မပြတ် ဖောင်ဖွဲ့ပြောဆိုနေတော့သည်။

"ဒေါ်လေးရှီ... ဒေါ်လေးကော အချစ်ဆိုတာကို နားလည်ရဲ့လားဟင်"

"အဲဒီနေ့က လေပြင်းတွေ တိုက်ခတ်နေတဲ့ မုန်တိုင်းထန်တဲ့နေ့ပေါ့၊ ကျွန်မနဲ့ ကိူကိုကျန့်ဝမ်က..."

"ဒေါ်လေးရှီနဲ့ ဦးလေးရွှီတို့မှာတော့ အချစ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ အကယ်၍သာ အချစ်ရှိခဲ့ရင် ကျွန်မရဲ့ ခံစားချက်ကို နားလည်မှာ သေချာပါတယ်။ သူ့အတွက်ဆို သေရဲရှင်ရဲတဲ့စိတ်၊ ဘယ်လောက်ပဲ တားတား ရှေ့ဆက်တိုးမယ့် အချစ်စိတ်မျိုးပေါ့။ ကျွန်မရဲ့ အချစ်မီးလျှံကတော့ တစ်ဘဝလုံး တောက်လောင်နေဦးမှာပါ။ သူ ထွက်သွားပေမဲ့ ကျွန်မရဲ့ သံယောဇဉ်က လျော့မသွားပါဘူး၊ ပိုပြီးတော့တောင် နက်ရှိုင်းလာပါသေးတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ သူ့ကို ကျွန်မ အချစ်ဆုံးအချိန် ဖြစ်နေလို့ပါပဲ။ သူ့အပေါ်ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်က ဒီအချိန်မှာတင် ထာဝရ ရပ်တန့်နေမှာပါ"

ချန်ချင်းယွီသည် ပါးလေးကို လက်ဖြင့်ထောက်ကာ မနေ့ညက ဖြစ်ပွားခဲ့သော ပြဿနာများအတွက် အားနာခြင်း၊ အနေရခက်ခြင်း အလျဉ်းမရှိဘဲ မိမိ၏ အချစ်အကြောင်းကို ပြောဆိုနေချိန်တွင် တစ်ကိုယ်လုံး တောက်ပနေ၏။ သူမက လေသံအေးအေးလေးဖြင့် မရပ်မနား ပြောနေလေတော့သည်။

"သူ့အပေါ်ထားတဲ့ ကျွန်မရဲ့အချစ်က ငြိမ်းသတ်လို့မရတဲ့ မီးလျှံလိုပဲ ကျွန်မရဲ့ နှလုံးသားထဲမှာ အမြဲတမ်း တောက်လောင်နေမှာပါ..."

ချန်ချင်းယွီက တတွတ်တွတ် ပြောနေစဉ် လောကဓံကို အတွေ့အကြုံများစွာဖြင့် ဖြတ်သန်းခဲ့ဖူးသော ရှီကျန့်ရှန်းမှာ တောင့်ခံထားသော်လည်း ယခုအခါတွင်မူ တကယ်ကို လက်လျှော့ချင်လာမိလေသည်။ ဤမျှအထိ ချွဲနွဲ့စေးကပ်လှသော စကားများကို မည်သူက တောင့်ခံနိုင်မည်နည်း။ သူမသည် ချန်ချင်းယွီ၏ စကားကို ကြားဖြတ်ပြောရန် ကြိုးစားလိုက်၏။

သို့သော်လည်း ပုံမှန်ဆိုလျှင် ငြိမ်ကုပ်နေတတ်သော ဤမုဆိုးမလေးသည် လင်းကျန့်ဝမ်အကြောင်း ပြောလျှင်မူ မယုံကြည်နိုင်ဖွယ်ပင်၊ စီးဆင်းနေသော ရေပမာ စကားများ အဆက်မပြတ် ပြောနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။ ရှီကျန့်ရှန်း၏ ခေါင်းထဲတွင် "အချစ်မီးလျှံတွေ တောက်လောင်နေတယ်" ဆိုသည့် စကားလုံးများဖြင့် ပြည့်နှက်နေတော့သည်။

အချစ်မီးလျှံ... အချစ်မီးလျှံ... တောက်လောင်နေတယ်... တောက်လောင်နေတယ်...။

တောက်လောင်စရာလားဟဲ့! ငါ့ဖင်ကြီးကိုပဲ တောက်လောင်လိုက်!!

ရှီကျန့်ရှန်းတစ်ယောက် ရူးတော့မတတ် ခံစားနေရရှာလေ၏။

သူမ နာရီကို ကြည့်လိုက်သောအခါ …တကယ့်ကို အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှပေသည်။ ဤမုဆိုးမလေး စကားပြောနေသည်မှာ နှစ်နာရီပင် ကြာမြင့်သွားချေပြီ။ လင်းကျန့်ဝမ်နှင့် ပထမဆုံး စတွေ့ပုံမှစ၍ အိမ်ထောင်စုစာရင်း ခိုးယူကာ လက်ထပ်ခဲ့သည့်အထိ အဆုံးမရှိ ဖောင်ဖွဲ့နေသည်မှာ တားဆီး၍ပင် မရတော့ချေ။ ရှီကျန့်ရှန်းဆိုသည်မှာလည်း အဘယ်တုန်းကမှ စကားပြောလျှင် ကြားဖြတ်မပြောနိုင်ဘဲ ရှုံးနိမ့်ဖူးသူ မဟုတ်ပေ။

သို့သော် ယခုအခါတွင်မူ အမှန်တကယ်ပင် ကြားဖြတ်မပြောနိုင်တော့ဘဲ သူမ၏ ခေါင်းထဲ၌ "မီး... မီး... မီးများ" နှင့်သာ ပြည့်နှက်နေလေ၏။

ထိုတစ်ခဏတွင် ရှီကျန့်ရှန်း စိတ်ထဲ၌ အဘွားကြီးကျောက်နှင့်သာ အခါပေါင်း သုံးရာလောက် တိုက်ပွဲခေါ်လိုက်ချင်ပါတော့သည်။ ဤမုဆိုးမလေး၏ ပြီးဆုံးနိုင်ခြင်းမရှိသော ယုန်မန္တန် (နားငြီးဖွယ် စကားများ) ကို ဆက်လက်နားမထောင်ချင်တော့ချေ။

သူမသည် နားထင်ကို ဖိထားရင်း နောက်ဆုံးတွင်မူ အတင်းအဓမ္မ ကြားဖြတ်ကာ "ကျန့်ဝမ်မိန်းမရေ!!!" ဟု အော်ခေါ်လိုက်ရလေသည်။

ချန်ချင်းယွီ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်ဖြင့်

"ဘာဖြစ်လို့လဲဟင်"

ရှီကျန့်ရှန်းက မျက်လုံးအစုံကို ကစားလိုက်ပြီး ဘေးဒုက္ခကို သူတစ်ပါးထံသို့ လွှဲပြောင်းရန်ကြံစည်လိုက်၏။

"ညည်း သကြားလုံးလက်မှတ် လဲချင်တာ မဟုတ်လား? အဘွားကြီးပိုင်ဆီ သွားမေးကြည့်ပါလား၊ ငါမှတ်မိသလောက်ဆိုရင် သူ မသုံးရသေးဘူးထင်တယ်။ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် ကလေးတွေကိုတော့ မငတ်စေနဲ့လေ၊ အမြန်သွားလဲလိုက်တော့!"

ချန်ချင်းယွီ: "ဟင်... ဟုတ်လား"

ရှီကျိန့်ရှန်း ထပ်လောင်းကာ နှင်ထုတ်လိုက်လေသည်။

"ဟုတ်တယ်..အမြန်သွား... အမြန်သွားတော့”

"မိမိအသက်ဘေးက လွတ်ဖို့ သူငယ်ချင်းကို သေတွင်းထဲ ပို့သည်" ဆိုသည့်အတိုင်းပင်၊ သူမသည် ပိုင်ဖုန်းရှန်း၏ အခြေအနေကို အနည်းငယ်မျှ ဂရုမစိုက်တော့ပေ။

ပိုင်ဖုန်းရှန်းမှာ သူမ၏ ခင်ပွန်း မာကျန့်ယီ အာဏာရှိသည်ကို အားကိုးကာ ဝင်းထဲရှိ အဘွားကြီးများကြား ဆရာလုပ်လိုသူ ဖြစ်သဖြင့် ရှီကျန့်ရှန်းက သူမကို အမြင်ကပ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

"အမြန်သွားရှာလိုက်တော့"

သူမက ထပ်မံ ဆိုလေလိုက်ပြန်၏။

ချန်ချင်းယွီ: "အာ... ဒါဆိုရင်လည်း ကောင်းပါပြီ"

"ကျေးဇူးတင်ပါတယ် ဒေါ်လေးရှီသတိပေးလို့ ကျွန်မ အခုပဲ သွားလိုက်ပါ့မယ်"

ချန်ချင်းယွီ ကျေးဇူးတင်စကား ပြောလိုက်၏။

ချန်ချင်းယွီ၏ ရည်ရွယ်ချက်မှာ အိမ်၌ တစ်ဦးတည်း ရှိနေသည့် အဘွားကြီးများ အားလုံးကို လိုက်လံ၍ စကားပြောရန်သာ ဖြစ်ပေသည်။ သူမသည် အလယ်ဝင်းရှိ ပိုင်ဖုန့်ရှန်းထံသို့ တန်းတန်းမတ်မတ် သွားရောက်ပါလေ၏။ ခဏအကြာတွင် ပိုင်ဖုန့်ရှန်းမှာ ချန်ချင်းယွီကို တွေဝေငေးငိုင်နေသည့် ပုံစံဖြင့် အိမ်ပြင်အထိ လိုက်လံပို့ဆောင်ရင်း စေတနာရှင်ကြီးအလား ပြောဆို အကြံပြုလိုက်လေသည်။

"နင် ရှီကျန့်ရှန်းဆီ သွားပါလား၊ သူက ဒါမျိုးတွေ နားထောင်ရတာ ပိုပြီး ကြိုက်နှစ်သက်မှာ"

ချန်ချင်းယွီကမူ အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ပြန်လည်ပြောဆိုလိုက်၏။

"သူကပဲ ဒေါ်လေးပိုင်ဆီ သွားခိုင်းလိုက်တာလေ"

ပိုင်ဖုန့်ရှန်းမှာမူ သွားကြိတ်ရင်း စိတ်ထဲမှ ရှီကျန့်ရှန်းကို အိမ်သာထဲ ပြုတ်ကျပါစေဟု အကြီးအကျယ် ကျိန်ဆဲပစ်လိုက်မိလေသည်။

မိုးတိတ်သွားသည်နှင့် လူများမှာ အပြင်သို့ထွက်၍ စကားစမြည် ပြောလိုကြသည်မှာ ဓမ္မတာပင် ဖြစ်၏။

အဘွားကြီးဟွမ်သည် အိမ်သာသို့ သွားရန် ထွက်လာခဲ့ပြီး သူမသည် အိမ်သာထဲ ရောက်သောအခါ အလယ်ဝင်းမှ အစ်မကြီးရွှီမှာလည်း တွေဝေငေးငိုင်နေသည့် ပုံစံဖြင့် ရောက်ရှိနေသည်ကို တွေ့ရပြန်သည်။

မကြာမီမှာပင် နောက်ထပ် တစ်ဦး ရောက်ရှိလာပြန်၏။

ခဏချင်းအတွင်းမှာပင် အိမ်သာထဲ၌ ဝင်းထဲမှ အဘွားကြီး ခုနစ်ဦး၊ ရှစ်ဦးခန့် စုမိသွားပါတော့သည်။ တစ်ဦးကိုတစ်ဦး ကြည့်ရင်း နားထဲ၌ မန္တန်များ ရွတ်နေသလို ခံစားနေရသည့် မျက်နှာပေးများဖြင့် သေမတတ် ဖြစ်နေကြရရှာ၏။ ဤမုဆိုးမလေးမှာ အဘယ်ကြောင့် ဤမျှ စကားပြောနိုင်ရသနည်းဆိုသည်ကို မည်သူမျှ နားမလည်နိုင်ကြချေ။

ဤအချိန်တွင် အဘွားကြီးဟွမ်က စိတ်ရင်းဖြင့် ပြောဆိုလိုက်သည်။

"ငါထင်တာတော့ အဘွားကြီးကျောက်က သူမကို စိတ်တိုနေတာ အကြောင်းရှိပုံပဲ"

"တကယ်တော့ ငါလည်း အဘွားကြီးကျောက်ကို နည်းနည်း နားလည်ပေးနိုင်လာပြီ"

"အမေရေ... ငါ့ခေါင်းထဲမှာ အခုထိ အုန်းအုန်းထနေတုန်းပဲ၊ အန်ချင်လာပြီ..."

"နင်တို့ ယုံမလား? ငါ့ခေါင်းထဲမှာ အခုထိ 'အချစ်မီးလျှံတွေ တောက်လောင်နေတာ' ကြီးပဲ ရှိနေတယ်..."

"နင်တို့လည်း အဲဒီလို မပြောပါနဲ့၊ သူက လင်းကျန့်ဝမ်ကို သိပ်ချစ်လွန်းလို့ပါ။ မဟုတ်သေးပါဘူး... ငါ ဒီလို လူမျိုးကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ။ ကြည့်ဦး... ငါ့မှာ ကြက်သီးတွေ ထနေတာ..."

အားလုံးက အိမ်သာထဲတွင် ပုန်းအောင်း၍ အတင်းပြောနေကြခြင်းတည်း။

တခြားဝင်းမှ လူများ ဝင်လာသောအခါ "..."

ခင်ဗျားတို့ဝင်းက လူတွေ တကယ့်ကို ထူးထူးခြားခြား ဝါသနာပါလှပါလား..

ဤကဲ့သို့သော နေရာမျိုး၌ပင် စုဝေး၍ စကားပြောနေကြသည်ကို တကယ် ချီးကျူးမိ၏။

ဝင်းထဲမှာ စကားပြောဖို့ နေရာ မရှိတော့လို့လား?

တခြားဝင်းမှ လူများမှာ အိမ်သာလာတက်ရင်း သူတို့၏ စည်းဝေးပွဲကြီးကို မြင်တွေ့ရသောအခါ အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်သွားကြတော့သည်။

ခင်ဗျားတို့ ဝါသနာမှာ တကယ်ပင် ထူးခြားလွန်းလှတယ်!!

တကယ်ကို အံ့ဩဖွယ်ရာပါပဲ…

တခြားဝင်းမှ လူများ၏ အကြည့်များမှာ ထူးဆန်းနေသော်လည်း သူတို့၏ စကားဝိုင်းမှာမူ ပျက်ပြယ်မသွားပါချေ။

ပိုင်ဖုန်းရှန်းမှာလည်း အိမ်ပြင်သို့ ပုန်းလျှိုးထွက်လာခဲ့သည်။ သူမ၏ ဆံပင်များမှာလည်း ရှုပ်ပွနေ၏။ သူမမှာ စိတ်ထဲမှ လာသောစကားဖြင့်

"နင်တို့ ပြောစမ်းပါဦး၊ သူက ဘာဖြစ်နေတာလဲ၊ ငါတော့ သူ့ကို ဘယ်လို ပုံဖော်ရမှန်းတောင် မသိတော့ဘူး"

"ငါလည်း ဘယ်လို ပြောရမှန်း မသိဘူး။ အခု ငါ့ခေါင်းထဲမှာ အချစ်တွေပဲ ပြည့်နေတာ။ လင်းကျန့်ဝမ်က အဲဒီလောက်တောင် ကောင်းလို့လား၊ သူမ မျက်စိကန်းနေတာလား?"

"ငါကြည့်ရတာ မျက်စိကန်းတာ မဟုတ်ဘူး၊ ခေါင်းထဲမှာ အချစ်အကြောင်းပဲ ရှိနေတာ!"

"လင်တရူးတာပေါ့!"

"ဟင်?"

"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒီအဓိပ္ပာယ်ပဲ။ အဲဒီစကားလုံးက ကွက်တိပဲ"

"သူမကတော့ တကယ်ကို လင်တရူးမလေးပဲ၊ သူမထက် ပိုဆိုးတာ ငါ တစ်ခါမှ မမြင်ဖူးဘူး"

"ထိပ်တန်း လင်တရူးမပဲ!"

"ဟုတ်တယ်... ဟုတ်တယ်... အမှန်ပဲ..."

All Chapters