အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
၂၉။ အကြံကုန်!
ချန်ချင်းယွီ တွေးလိုက်မိ၏။ သူတို့၏ ဝင်းကြီးထဲတွင် ထိုလူများသာ တစ်ရက်လောက်မရှိလျှင် ဝင်းအတွင်းရှိ သက်ဝင်လှုပ်ရှားမှုများမှာ လုံးဝပြောင်းလဲသွားပေလိမ့်မည်။ သူမသည် အပြင်ဘက်သို့ အမြန်ထွက်လာခဲ့ရာ အခြားလူအချို့လည်း ပြေးထွက်လာကြပြီး အားလုံးက ရွှီမိသားစုအိမ်ဘက်သို့ လှမ်းကြည့်၍ ဆူညံပွက်လောရိုက်နေမှုကို အကဲခတ်နေကြသည်။
အမှန်ပင်၊ ဆူညံသံများမှာ ရွှီမိသားစုအိမ်မှ ထွက်ပေါ်လာခြင်းဖြစ်၏။ ချန်ချင်းယွီ ချောင်းကြည့်လိုက်လေသည်။
အဘွားကြီးဝမ်မှာ ရှေ့ဝင်းဘက်မှ ပြေးလာပြီး
"အဘွားကြီးရှီ၊ ရှင့်အိမ်မှာ ဘာဖြစ်တာလဲ? အားလုံးအဆင်ပြေရဲ့လား?"
အဘွားကြီးဝမ်မှာ ထိုဝင်းထဲတွင် နေထိုင်သူမဟုတ်သော်လည်း သူမသည် နေ့တိုင်း အစောကြီးရောက်လာတတ်သူဖြစ်ရာ ယခုလည်း ရောက်နှင့်နေပြီဖြစ်၏။ သူမသည် စပ်စုသောမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် အထဲသို့ ဝင်သွားသည်။ အဘွားကြီးရှီ အမြန်ထွက်လာပြီး တံခါးဝတွင် ရပ်ကာ အဘွားကြီးဝမ်ကို အထဲပေးမဝင်ဘဲ
"ဘာမှမဖြစ်ပါဘူး၊ ကျွန်မယောက်ျားရဲ့ တောင်ဝှေးက အုတ်ခုတင်ပေါ်က ပြုတ်ကျသွားလို့ပါ၊ အဆင်ပြေပါတယ်၊ အားလုံးပဲ အိမ်ပြန်ကြပါတော့"
"တောင်ဝှေးတစ်ချောင်း မြေပေါ်ကျတာ ဒီလောက်အကျယ်ကြီး မြည်သလား?"
အဘွားကြီးဝမ် ပြန်မေးရင်း အထဲကို ချောင်းကြည့်လိုက်ပြန်၏။
ချန်ချင်းယွီသည်လည်း သစ်ကုလားအုတ်တစ်ကောင်အလား ခေါင်းကို ဆန့်ထုတ်ပြီး အထဲကို အတင်းကြည့်ချင်နေသဖြင့် ခြေဖျားထောက်ကြည့်နေမိသည်။
ရှီကျန့်ရှန်း၏ မျက်လုံးများတွင် မကျေနပ်သည့်အရိပ်အယောင်များ ပေါ်လာသော်လည်း သူမက အတင်းပြုံးကာ
"ဟုတ်ပါ့တော်၊ ရှင့်တို့လည်း မနက်စာ မစားရသေးဘူးမလား? အမြန်ပဲ အိမ်ပြန်စားကြပါ၊ ကျွန်မယောက်ျားလည်း အလုပ်မသွားခင် စားရဦးမယ်"
ကန်တင်းတွင် မနက်စာရသော်လည်း လူအများစုမှာ အိမ်တွင်သာ စားလေ့ရှိကြသည်။ ရှီကျန့်ရှန်းမှာ ထပ်မံ၍ နိုးဆော်လိုက်၏။
"မြန်မြန်လူစုခွဲကြပါ၊ တစ်ခုခုစားပြီး အလုပ်သွားကြတော့။ အလုပ်နောက်မကျစေနဲ့ဦး"
"အဲဒါလည်း ဟုတ်တာပဲ။"
"သွားကြစို့။"
အဘွားကြီးရှီ ငြင်းဆန်နေသည်ကို မြင်သောအခါ မည်သူမျှ အထဲဝင်မကြည့်ရဲတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားကြ၏။
ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ပြီး လူအုပ်နောက်မှ လိုက်ပါသွားသည်။ သို့သော် မနက်စာစားပြီးနောက် ချန်ချင်းယွီသည် ထိုင်ခုံပုလေးတစ်လုံးကို မသယ်ကာ ရှေ့ဝင်းသို့ ထွက်လာခဲ့၏။ ဤအချိန်တွင် အလုပ်သမားအားလုံး အလုပ်သွားကြပြီဖြစ်၍ ကျန်နေသူအားလုံးမှာ အိမ်ရှင်မများသာ ဖြစ်သည်။
ဪ၊ အမျိုးသားတစ်ယောက်လည်း ရှိသေးသည်၊ သူသည်ကား အစ်မကြီးဖန်၏ ခင်ပွန်း 'ရှီရှန်း' ပင်တည်း။
ရှီရှန်းသည် အမျိုးသမီးတစ်စုကြားတွင် ရှိနေသော်လည်း လုံးဝရှက်ရွံ့ခြင်းမရှိဘဲ အဒေါ်ကြီးတစ်ယောက်ကဲ့သို့ပင် ပြုမူနေထိုင်နေ၏။
"ချင်းယွီ လာပြီပဲ၊ လာထိုင်လေ။"
ချန်ချင်းယွီ မျက်ခုံးပင့်လိုက်မိသည်။ အားလုံးက သူမကို အမြဲတမ်း 'ကျန့်ဝမ်ရဲ့ ဇနီး' ဟုသာ ခေါ်ကြသည်မဟုတ်ပါလား? ယနေ့မူ ထူးခြားနေ၏။ လူတိုင်း သူမ၏ အချစ်ရူးရူးနေသော အပြုအမူကို လက်မခံနိုင်ကြတော့ဟန်ရှိသည်။ ချန်ချင်းယွီ ပြုံးလျက် အနားသို့ တိုးထိုင်လိုက်၏။
သူမ ထိုင်လိုက်သည်နှင့် အဘွားကြီးဝမ်မှာ မေးခွန်းထုတ်တော့သည်။
"ညည်းလည်း ဒုတိယဝင်းထဲမှာ နေတာပဲ၊ ရွှီကောင်းမင်တို့ မိသားစု ဘာဖြစ်နေတာလဲ? ဒီမနက် ဘာတွေ ဆူညံနေတာလဲ? ဒီလောက် ဆူညံနေတာကို ဘာမှမဖြစ်ဘူးလို့ ပြောသေးတယ်။ ဘာမှမဖြစ်ရင် ရှီကျန့်ရှန်းဘာလို့ ဒီနေ့ အပြင်မထွက်တာလဲ? ငါတို့ကို အအူအ,အလို့ ထင်နေကြတာလား?"
ချန်ချင်းယွီ ခေါင်းခါပြကာ
"ကျွန်မလည်း မသိဘူးရှင့်"
သူမ တကယ်လည်း မသိပေ။
"ဟဲ့၊ ညည်းတို့နှစ်ယောက်က ဘာသိမှာလဲ? တစ်ယောက်ကလည်း ဒီဝင်းထဲမှာနေတာမဟုတ်ဘူး၊ နောက်တစ်ယောက်ကလည်း မနေ့ညက အိမ်ထဲကအိမ်ပြင်မထွက်ဘူးဆိုတော့ သိမှာမဟုတ်တာ သဘာဝပဲပေါ့"
အဒေါ်ကြီးမေ့က ပြောလိုက်ပြီးနောက်
"ငါကတော့ သိတယ်ဟေ့"
သူမသည် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး
"ရွှီကောင်းမင်က ငါတို့ကို ထမင်းဖိတ်ကျွေးတော့မယ်ဆိုတာ နင်တို့သိတယ်မလား? ရှီကျန့်ရှန်းကတော့ အဲဒါကို မသိသေးဘူး။ သူက ပိုက်ဆံအကုန်ခံရမှာကို နှမြောတာလေ၊ အဲဒါကြောင့်ပဲ မနေ့ညက အဒေါ်ကြီးကျောက်တို့၊ အဒေါ်ကြီးဟွမ်တို့နဲ့တောင် ရန်ဖြစ်ကြသေးတယ်။ ကျွစ်..ကျွစ်..တော်တော်လေးကို အကြီးအကျယ်ဖြစ်ကြတာ"
သူမမှာ မနေ့ညက ကိုယ်တိုင်သွားကြည့်ခဲ့ခြင်း ဖြစ်၏။
လင်စန်းရှင်းက ခေါင်းညိတ်ပြီး
"အဲဒါဟုတ်တယ်။ ငါ့ယောကျာ်း ချန်ရွှမ်း ပြန်လာတော့လည်း အဲဒီအကြောင်း ပြောပြတယ်"
အဘွားကြီးဝမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး
"ဟယ်! သူက မကျေနပ်ဘူးလား? ဒါဆို ငါတို့ကို ဖိတ်ကျွေးဦးမှာလား၊ မကျွေးတော့ဘူးလား?"
သူမ၏ မိသားစုမှာ ချမ်းသာသော်လည်း မည်သူသည် အလကားရမည့် အရသာရှိသော အစားအစာကို မစားချင်ဘဲ နေမည်နည်း။
"ကျွေးမှာပေါ့! ဦးလေးရွှီက သဘောကောင်းတဲ့လူပဲ၊ သူကျွေးမှာ သေချာပါတယ်။ ဒါပေမဲ့ ရှီကျန့်ရှန်းကတော့ တကယ်ကို မကျေမနပ်ဖြစ်နေတာ။ အိမ်ကကုန်ကျစရိတ်အတွက် စိုးရိမ်နေတာနေမှာပေါ့"
"ဟဲ့၊ အဲဒါတော့ မပြောနဲ့လေ၊ ဝင်းထဲကလူကုန် ဖိတ်ကျွေးမယ်ဆိုရင် ပိုက်ဆံ တော်တော်ကုန်မှာပဲ"
"အဒေါ်ကြီးဝမ်၊ ရှင်က ဒီဝင်းထဲကလူလို့ သတ်မှတ်လို့ရလို့လား? သူတို့ကျွေးရင် ရှင့်ကိုရော ဖိတ်ပါ့မလား?"
ထိုစကားကို ကြားသောအခါ အဘွားကြီးဝမ်က ကန့်ကွက်တော့သည်။ သူမသည် ဝင်းထဲတွင် နေထိုင်သူမဟုတ်သော်လည်း မနက်မှ ညအထိ ဤနေရာတွင်သာ ရှိနေသဖြင့် မိမိကိုယ်ကိုယ် အဖွဲ့ဝင်တစ်ဦးဟု မှတ်ယူထား၏။ ထို့ပြင် ဤကဲ့သို့ ကိစ္စမျိုးတွင် သူမ မည်သို့ အချန်လှပ်ခံနိုင်ပါမည်နည်း။
သူမသည် အမြန်ပင် ပြောလိုက်၏။
"ငါက တစ်နေ့လုံး ဒီဝင်းထဲမှာရှိနေတာ၊ ငါ့သားမိသားစု တစ်စုလုံးကလည်း ဒီမှာပဲလေ၊ ငါက ဘယ်လိုလုပ် အဖွဲ့ဝင်မဟုတ်ဘဲ နေမလဲ? အခုမှ ငါတို့ကို လူစိမ်းလို ခွဲခြားဆက်ဆံမယ်ဆိုရင် အဲဒါက အရမ်းကို ခွဲခြားလွန်းရာ မကျဘူးလား? ငါ့ကို အိမ်နီးချင်းတစ်ယောက်လို သဘောမထားဘူးဆိုရင်တော့ ငါတို့ရဲ့ စည်းလုံးညီညွတ်မှုကို တကယ်ပဲ ထိခိုက်စေမှာပဲ"
"အို... အဒေါ်ကြီးဝမ်ရယ်၊ ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ?"
"ငါက အမှန်အတိုင်း ပြောတာပါ"
"အဒေါ်ကြီးဝမ် ပြောတာလည်း ဟုတ်တာပဲ"
သူတို့မိသားစုမှ ကျွေးရမည်မဟုတ်သောကြောင့် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေလိုသဖြင့် အားလုံးက ထောက်ခံပေးကြသည်။
"ရှောင်ချန်၊ မနေ့က ညည်းယောက္ခမက ညည်းကို ပြန်ဆူပြန်ပြီလား? ညည်းလည်း ကိုယ့်ဘက်ကနေ ရပ်တည်တတ်အောင် ကြိုးစားဦးမှပေါ့၊ မဟုတ်ရင် ဘယ်လိုလုပ် ရှေ့ဆက်မလဲ? အဲဒီအဘွားကြီးက ပိုပိုပြီး ရောင့်တက်လာပြီ၊ ညည်းက အမြဲတမ်း ဒီလို အားနည်းပြနေလို့ မဖြစ်ဘူးလေ"
ယနေ့တွင် မည်သူမျှ ချန်ချင်းယွီကို "ကျန့်ဝမ်ရဲ့ ဇနီး" ဟု မခေါ်ကြတော့ပေ။ သူမကို ရှောင်ချန် (သို့မဟုတ်) ချင်းယွီ ဟုသာ ခေါ်ကြပြီး လင်ကျန့်ဝမ်အကြောင်းကိုလည်း မည်သူမျှ ထည့်မပြောကြတော့ပေ။
ချန်ချင်းယွီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ခေါင်းညိမ့်ပြလိုက်၏။
"ဟုတ်ကဲ့၊ သိပါပြီ”
သူမ ပြန်ဖြေလိုက်သော်လည်း သူမ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ကြပေ။ ချန်ချင်းယွီ ခေါင်းငုံ့ထားသဖြင့် အလွန်ကြောက်တတ်သော ပုံစံမျိုး ပေါက်နေသည်။ ယခုခေတ်တွင် ယောက္ခမများက ချွေးမများကို နှိပ်ကွပ်တတ်ကြသည်မှာ အမှန်သော်လည်း ချန်ချင်းယွီကဲ့သို့ အနိုင်ကျင့်ခံရသူမျိုးမှာ တွေ့ရခဲလှ၏။
"နင်ကတော့လေ..."
"ရှောင်ချန်၊ ရွှီမိသားစုက ထမင်းဖိတ်ကျွေးရင် နင့်မိသားစုကိုရော ဖိတ်ပါ့မလား?"
တစ်စုံတစ်ယောက်မှာ မကောင်းသော ရည်ရွယ်ချက်ဖြင့် မေးလိုက်၏။
ချန်ချင်းယွီ လေသံတိုးတိုးဖြင့်
"ဘာလို့ ကျွန်မတို့မိသားစုကို ချန်လှပ်ထားရမှာလဲ? ကျွန်မတို့က အိမ်နီးချင်းတွေပဲလေ။ ဒါ့အပြင် ကျွန်မတို့မိသားစုနှစ်စုက တော်တော်လေးလည်း ရင်းနှီးကြတာပဲကို"
ချန်ချင်းယွီ၏ မျက်လုံးများမှာ အလွန်ပင် ရိုးသားဖြူစင်နေသည်။ သူမ ပြုံးကာ
"ကျမတို့အားလုံးက ဒုတိယဝင်းထဲကလူတွေပဲဆိုတော့ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတာပဲ။ ဦးလေးရွှီက ထမင်းကျွေးတဲ့အခါ ကျွန်မနဲ့ ကျွန်မယောက္ခမက ကူညီပေးလို့ရတာပေါ့"
ထိုစကားကြောင့် လူအုပ်ကြီးမှာ ဆွံ့အသွားကြ၏။
အဘွားကြီးဝမ်; "နင် တကယ်ပဲ အဲဒီလို ထင်နေတာလား?"
ချန်ချင်းယွီ၏ အပြုံးမှာ ပို၍ပင် ရိုးသားဖြူစင်သွားကာ
"အဒေါ်ကြီးဝမ်ကလည်း ဘာလို့ အဲဒီလို ပြောရတာလဲ? ဪ... သိပြီ၊ အပြင်က ကောလာဟလတွေကို နားထောင်ပြီး အဒေါ်ကြီး အထင်လွဲနေတာဖြစ်မယ်။ တကယ်တော့ အဒေါ်ကြီးက အထင်မလွဲသင့်ဘူးလေ။ ဘယ်လိုလုပ် အထင်လွဲနိုင်ရတာလဲ? အဒေါ်ကြီးပဲ ကြည့်လေ၊ နေ့တိုင်း..."
"ဟုတ်တယ်၊ ကျွန်မယောက္ခမနဲ့ ဒေါ်လေးရှီတို့က တော်တော်ခင်ကြတာ ကျွန်မသိပါတယ်။ ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးချင်းက ပိုအားကိုးရတယ်လေ။ ကျွန်မတို့ မိသားစုနှစ်စုကြားမှာ အခြေအတင်ဖြစ်တာလေးတွေ ရှိတတ်ပေမဲ့ 'ရန်ဖြစ်တာက သံယောဇဉ်ရှိလို့' ပေါ့ရှင်၊ ကျွန်မယောက္ခမနဲ့ ဒေါ်လေးရှီတို့က တကယ့်ကို ရင်းနှီးကြတာပါ။ ရွှီမိသားစုရဲ့ ထမင်းဖိတ်ကျွေးပွဲကို ကျွန်မတို့ သေချာပေါက် တက်ရောက်မှာပါ။ အဒေါ်ကြီးက ကောလာဟလတွေနောက် လိုက်နေတာကို ကျွန်မနားလည်ပါတယ်၊ ဒါပေမဲ့ အဲဒီလိုတော့ တကယ်မတွေးသင့်ဘူး။ အပြင်လူတွေကတော့ အဝေးကနေ ကြားရုံတင်မို့ အထင်လွဲနိုင်ပေမဲ့ အဒေါ်ကြီးက ဒီမှာ နေ့တိုင်းရှိနေတာပဲကို၊ ဘယ်လိုလုပ် အဲဒီလို ထင်ရတာလဲ? အဲဒါတော့ မဟုတ်သေးဘူးနော်။ အဒေါ်ကြီးက ကိုယ့်ကိုယ်ကိုယ် ဒီဝင်းထဲကလူလို့ အမြဲပြောနေပြီး အခုလိုပြောတာကတော့ တကယ့်ကို မကျွမ်းကျင်ရာကျနေပြီ။ ကျွန်မတို့က တော်တော်လေးကို ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာပါ"
အဘွားကြီးဝမ် : "..."
ဟားဟား၊ နင်ရဲ့ အတွေးအခေါ်ကတော့ တော်တော်လေးကို ပြောင်မြောက်တာပဲ!! ပြောစရာစကားတောင်မဲ့တယ်!!
ဘာတွေလဲ၊ ငါက အထင်လွဲတာလား? ဘယ်တော့မှ အထင်မလွဲနိုင်ဘူးဟေ့!
ငါက ဒီမှာ နေ့တိုင်းရှိနေလို့ပဲ နင်တို့မိသားစုနှစ်စုက မတည့်တာကို သိနေတာပေါ့၊ သောက်ကျိုးနည်း!!အရူးမ!
ချန်ချင်းယွီ၏ မျက်လုံးများမှာ အလွန်ပင် ရိုးသားပြီး တည်ကြည်နေသောကြောင့် လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူမ လျှောက်ပြောနေခြင်းလား သို့မဟုတ် တကယ်ပဲ ထိုသို့ ထင်နေခြင်းလားဆိုသည်ကို သူတို့ မခွဲခြားနိုင်ကြတော့ပေ။
ပြောရတာ တကယ်ကို ခက်ခဲလှသည်။
ချန်ချင်းယွီ လေသံတိုးတိုးလေးဖြင့်
"တကယ်တော့လေ၊ အရင်က ကိုကိုကျန့်ဝမ် အသက်ရှိစဉ်တုန်းက၊ ကိုကိုကျန့်ဝမ်ကလေ..."
"အဟွတ်! အဟွတ်!"
"အဟွတ်... အဟွတ်... အဟွတ်!"
ချောင်းဆိုးသံများ တပြိုင်နက်
တည်း ထွက်ပေါ်လာ၏။ ချန်ချင်းယွီက အံ့ဩတကြီးဖြင့်
"ဘာဖြစ်လို့လဲဟင်? နေမကောင်းကြဘူးလား?"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ လေဝင်သွားလို့ပါ"
"ဟုတ်တယ်၊ ဟုတ်တယ်"
"အဒေါ်ကြီးဝမ်၊ ရှင့်ကြည့်ရတာ ဒီဝင်းထဲကလူလို့သာ ပြောတာ၊ အကဲခတ်တာတော့ နည်းနည်းလိုနေသေးတယ်နော်။ တကယ်ပါ။ အဒေါ်ရှီနဲ့ အဒေါ်ကျောက်တို့ ဘယ်လောက်ခင်လဲဆိုတာ ငါတို့သိတာပေါ့"
"ဟုတ်ပါ့၊ ရိုက်တယ်ဆိုတာ ချစ်လို့၊ ဆူတယ်ဆိုတာ သံယောဇဉ်ရှိလို့ပဲလေ..."
ချန်ချင်းယွီ လင်းကျန့်ဝမ်အကြောင်းကို စပြောမည်လုပ်တိုင်း အားလုံးမှာဝိုင်းတားကြသည်။ လင်းကျန့်ဝမ်အကြောင်း စပြောမိပြီဆိုလျှင် သူမသည် ဓာတ်ပြားဟောင်းကြီးနှယ် တတွတ်တွတ် ပြောတော့မည်ကို လူတိုင်း မခံစားနိုင်ကြပေ။
"ဪ၊ ဒါနဲ့ နင်တို့ကြားပြီးပြီလား? ဝမ်တာ့ချွေက တို့လမ်းထဲက အောင်သွယ်တော် လျိုနဲ့သွားတွေ့ပြီး အိမ်ထောင်ဖက်ရှာပေးဖို့ ပြောထားတယ်တဲ့"
သူတို့သည် ခေါင်းစဉ်ကို အမြန်ပင် ပြောင်းလိုက်ကြ၏။ လူတိုင်း ကြောက်ရွံ့လှသော "လင်းကျန့်ဝမ်" ဆိုသည့် ခေါင်းစဉ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
"ဘာဖြစ်တာလဲ?"
"ဟယ်! နင်က ဘယ်လိုသိတာလဲ?"
ပြောလိုက်သူမှာ နောက်ဖေးဝင်းမှ အဒေါ်ကြီးလန်ဟွားဖြစ်သည်။
အဒေါ်ကြီးလန်ဟွား; "ဒီမနက် ငါ အိမ်သာသွားတော့ ဝမ်တာ့ချွေက ငါ့ထက်တောင် စောစောထနေတာ တွေ့တယ်။ ငါတို့ ဝင်းထဲကနေ အတူတူထွက်လာကြတာ၊ ငါကတော့ သူလည်း အိမ်သာသွားတာပဲလို့ ထင်နေတာ၊ ဒါပေမဲ့ သူက အနောက်ဆုံးက အိမ်ကို သွားတာ။ ငါ အိမ်သာက ပြန်ထွက်လာတော့ အောင်သွယ်တော်လျိုက သူ့ကို အိမ်ရှေ့အထိ ထွက်ပို့နေတာ မြင်လိုက်တယ်။ ကြည့်ရတာ အောင်သွယ်တော်လျိုဆီက အကူအညီတောင်းထားပုံပဲ..."
သူမ ထိုသို့ပြောရင်း ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်လိုက်၏။
ချန်ချင်းယွီ ရိုးသားစွာဖြင့်
"ဘာလို့ ကျွန်မကို အဲဒီလို ကြည့်တာလဲ?"
သူမမှာ ဘာမှမသိသည့် အပြစ်ကင်းစင်သော ပုံစံမျိုး ဖြစ်နေသည်။
အဒေါ်ကြီးလန်ဟွား; "အဲဒါ နင့်ယောက္ခမရယ်၊ အဒေါ်ရှီရယ်၊ အဒေါ်ဟွမ်တို့ကြောင့်လေ! ဝမ်တာ့ချွေက သူ့ဘာသာသူ အေးဆေးနေတာကို၊ အဲဒီသုံးယောက်က သူ့ကို လူပျိုကြီးလို့ သွားခေါ်လိုက်ကြတာကိုး"
ချန်ချင်းယွီ ရှက်ကိုးရှက်ကန်းဖြင့်
"ကျွန်မယောက္ခမက... ကျွန်မယောက္ခမက တမင်ရည်ရွယ်တာ မဟုတ်ပါဘူး။ သူက စကားပြောရင် အပြောဆိုးပေမဲ့ စိတ်ရင်းကောင်းတဲ့သူပါ။ တကယ်ပါ၊ သူက ဟောင်ရုံဟောင်တတ်တဲ့ ခွေးလိုပါပဲ၊ ဘယ်သူ့ကိုမှ တကယ် ဒုက္ခပေးချင်တဲ့သူ မဟုတ်ပါဘူး"
အလကားစကားတွေ! ချီးတောင်မယုံဘူး!!
ထိုစိတ်ပုပ်သော ယောက္ခမဖြစ်သူသည် ဝမ်တာ့ချွေ၏ ကွယ်ရာတွင် ဤသို့ပင် အတင်းပြောဖူးသေး၏။
"သူ ပိုက်ဆံမစုနိုင်တာက ပြည့်တန်ဆာရပ်ကွက်တွေဆီ သွားနေတာလေ"
ချန်ချင်းယွီသည် ဝမ်တာ့ချွေအကြောင်းကို သိပ်မသိသော်လည်း ထိုသူမှာ ထိုသို့သောသူမျိုး မဟုတ်မှန်း သိသာသည်။ ယောက္ခမဖြစ်သူ၏ နှုတ်သီး မည်မျှဟောင်တတ်သည်မှာ ထင်ရှားလှ၏။သို့သော် ချန်ချင်းယွီသည် လူပုံအလယ်တွင် ထိုသို့သောစကားမျိုးကို သေချာပေါက် ပြောမည်မဟုတ်ပေ။ သူမကို ကြည့်လျှင် အားနွဲ့ပြီး ရှက်တတ်သော်လည်း လင်းကျန့်ဝမ်အပေါ် မူ သစ္စာရှိသော မုဆိုးမလေးအဖြစ် ပုံဖော်ထားသည်။ ချန်ချင်းယွီမည်မျှပင်
ယောက္ခမ အပေါ် ကောင်းကွက်ရှာပြောနေသည့် စကားများကို မည်သူမျှ မယုံကြပေ။ အဘွားကြီးကျောက် မည်သို့သောသူမျိုးဖြစ်သည်ကို လူတိုင်း သိကြ၏။
"နင့်ယောက္ခမအတွက် ကောင်းကွက်ရှာပြောမနေပါနဲ့၊ သူက ဘာမှနားမခံသာတာတွေ မပြောရင်ကို တော်လှပြီ။"
"အဒေါ်ကြီးကျောက်ကတော့ အဲဒီလူက..."
"ဟူး... နင်ကလည်း တကယ်ပါပဲ..."
"အားလုံး စုံနေကြတာပဲ။"
ပိုင်ဖုန်းရှန်းသည် အပြင်မှ ပြန်ရောက်လာပြီး ခရီးပန်းလာသည့် ပုံစံပေါက်နေသည်။
"ဒီမနက်အစောကြီး ဘယ်သွားနေတာလဲ?"
လင်စန်းရှင်းက မေးရင်း "လာ... လာထိုင်ဦး" ဟု ခေါ်လိုက်၏။
ပိုင်ဖုန်းရှန်း; "ဒီမနက် မုန့်မုန့်ကို ဆေးရုံလိုက်ပို့ပေးတာပါ"
သူမ၏ခင်ပွန်းမှာ ဤဝင်းကြီး၏ အုပ်ချုပ်ရေးပိုင်းတွင် ရှိနေသဖြင့် ထိုကိစ္စများကို တာဝန်ယူပေးရသည်မှာ သဘာဝပင်။ သို့သော် ထိုကျန်းမုန့်မုန့်ဆိုသည့် ကလေးမမှာ တကယ့်ကို ခေါင်းခဲစရာပင်။ ကလေးမလေးမှာ အရှက်အကြောက်မရှိသလို ယဉ်ကျေးမှုလည်းမရှိ၊ သို့သော် သူမကိုယ်သူမ အမြဲမှန်သည်ဟု ထင်နေတတ်သည်မှာ အဘွားကြီးဟွမ်နှင့် အတူတူပင်။
ပိုင်ဖုန်းရှန်းသည် ကူညီပေးရသည်ကို မငြင်းသော်လည်း သူမမိသားစု အမြတ်ထုတ်ခံရသည်ကိုတော့ ခွင့်မလွှတ်နိုင်ပေ။
လင်စန်းရှင်း လေသံတိုးတိုးဖြင့်
"ဘာဖြစ်လို့လဲ? ဒီမနက် အဲဒီကလေးက နင့်စားစရာတွေကို ခိုးစားလိုက်တယ်လို့ ကြားတယ်?"
ပိုင်ဖုန်းရှန်း သက်ပြင်းချကာ
"ကျွန်မက ဗီရိုထဲမှာ အသေအချာ ထည့်ထားတာပါ။ ကျမတို့ မနက်စာ ချက်ပြုတ်နေတုန်း အဲဒီကလေးက ဗီရိုထဲကို နှိုက်ကြည့်တာလေ။ ကျမ တစ်ခုခုမှားနေပြီဆိုတာ သတိထားမိလိုက်တော့ ဘာပြောကောင်းမလဲ၊ သူက ကွတ်ကီးတစ်ဗူးလုံးကို စားပစ်လိုက်ပြီ!"
သူမ တကယ်ကို ဒေါသထွက်နေသည်၊ ထိုကွတ်ကီးတစ်ဗူးမှာ နှစ်ယွမ်တန်လေသည်။
ထိုအရာကို တစ်ထိုင်တည်းနှင့် အကုန်စားပစ်လိုက်ခြင်းပင်။
ပိုင်ဖုန်းရှန်းမှာ ထိုကလေးအတွက် ဖုံးကွယ်ပေးရန် အစီအစဉ်မရှိပေ။ မိမိမိသားစု အမြတ်ထုတ်ခံလိုက်ရသည်ကို အဘယ်ကြောင့် ဖုံးကွယ်ထားရမည်နည်း။
"ခွင့်ပြုချက်မရဘဲ ယူစားတဲ့အတွက် ကျွန်မက ဆူလိုက်တော့ သူက ကျွန်မကို ကပ်စေးနှဲတယ်လို့ ပြန်ပြောတယ်! ပြီးတော့ ထပ်ရှိသေးလားတဲ့၊ သူ မဝသေးဘူးဆိုပဲ။ ကြည့်ကြပါဦး၊ ကြည့်ကြပါဦး! ဒါက ဘယ်လိုမိသားစုမျိုးလဲ? ကွတ်ကီးစားပြီး ဗိုက်ဖြည့်လို့ရတယ်လို့ သူက ထင်နေတာလား။ သူ့မိဘတွေတောင် သူ့ကို ဒီလိုကျွေးနိုင်တာမဟုတ်ဘဲနဲ့ တို့လို အိမ်နီးချင်းဆီကနေ ဘာတွေများ မျှော်လင့်နေတာလဲ မသိဘူး။"
"ဟယ်!"
"ဒီကလေးကတော့လေ..."
အားလုံးက ရွံရှာသော အမူအရာများ ပြလာကြ၏။ အဘွားကြီးဝမ်နှာခေါင်းရှုံ့ကာ
"ခွင့်မတောင်းဘဲ ယူတာက ခိုးတာပဲ မဟုတ်လား?"
ပိုင်ဖုန်းရှန်း သက်ပြင်းထပ်ချကာ
"ဒီကိစ္စကို ပြောဖို့ ဆေးရုံကို သွားခဲ့တာပါ။ ဒီကလေးကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ အဘွားကြီးဟွမ်ကတော့ သူ့မြေးမလေးက တော်တယ်၊ အကောင်းဆုံး စားစရာကို ရှာစားတတ်တယ်ဆိုပြီး ဂုဏ်တောင် ယူနေသေးတယ်။ ကျန်းရှင်းဖှကတော့ သေချင်ယောင်ဆောင်ပြီး သူ့အမေနောက်မှာ ပုန်းနေတာပဲ။ ကျွန်မ ဘာတတ်နိုင်မှာလဲ? ဒီတစ်ခါတော့ ကျွန်မတို့ မိသားစုပဲ ကံဆိုးတယ်လို့ မှတ်ရမှာပဲ!"
ပိုင်ဖုန်းရှန်း ဆက်ပြောလိုက်ပြန်၏။
"နင်တို့ မသိသေးဘူး၊ အဲဒီကလေးက ညဘက်ကြီးထပြီး အပေါ့သွားတာလေ၊ ကျွန်မလည်း ဘယ်သိမလဲ.. သူက အလေးသွားချင်တာလို့ တစ်ခါမှ မပြောဖူးဘူး၊ ပြီးတော့ ဘယ်သူကများ အလေးကို အိမ်မှာသွားလို့လဲ! သူက အဲဒီလို လူကိုဒုက္ခပေးတာ!! ဒီမနက် ကျွန်မ နိုးလာတော့ ဘုရားရေ... အိမ်ထဲမှာ နံစော်နေတာပဲ! နိုးနိုးချင်းပဲ တံခါးအမြန်ဖွင့်လိုက်ရတယ်။ အနံ့က တော်တော်ပြင်းတာ။ ကျွန်မ အပြင်မထွက်ခင် ပြတင်းပေါက်တောင် မပိတ်ရဲဘူး၊ အနံ့ပျောက်သွားအောင်လို့လေ။ အဆိုးဆုံးကတော့ ကျွန်မသမီးလေးရဲ့ မှတ်စုစာအုပ်ကို ဆွဲဖြဲပြီး အိမ်သာသုံးစက္ကူလုပ်ပစ်တာပဲ။ သမီးလေးခမျာ အရမ်းဝမ်းနည်းပြီး မနက်စာတောင် မစားဘဲ ကျောင်းကို ငိုပြီး သွားရှာတယ်"
အားလုံးမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ကြသည်။ ထိုအကြောင်းကို ကြားဖူးနားဝ ရှိကြသော်လည်း ပိုင်ဖုန်းရှန်းက ယခုကဲ့သို့ အသေးစိတ် ပြောပြလိုက်သောအခါ လူတိုင်း၏ မျက်စိထဲတွင် ထိုကြောက်မက်ဖွယ် မြင်ကွင်းကြီးကို ကွင်းကွင်းကွက်ကွက် မြင်ယောင်မိသွားကြ၏။
ချန်ချင်းယွီသည် ထိုစကားများကို နားထောင်ရင်း ဝမ်းသာအားရ ဖြစ်မိလေသည်။ အဘွားကြီးကျောက် မည်သို့ပင်ရှိစေဦးတော့၊ လင်းကျန့်ဝမ်နှင့် မူလခန္ဓာကိုယ်ပိုင်ရှင်တို့သည် ကလေးများကို ကောင်းမွန်စွာ ဆုံးမသွန်သင်ခဲ့ကြပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အလွန်ပင် လိမ္မာယဉ်ကျေးသော ကလေးများဖြစ်၍သာ တော်သေး၏။ အကယ်၍သာ ကျန်းမုန့်မုန့်ကဲ့သို့ ကလေးမျိုးနှင့် တိုးနေပါက သူမကိုယ်တိုင်ပင် ခဏချင်းအတွင်း ဒေါသပေါက်ကွဲမိမည်မှာ အမှန်ပင်။
အကယ်၍ ထိုကဲ့သို့ အသိတရားမရှိသော ကလေးမျိုးနှင့် ရင်ဆိုင်ရပါက သူမ၏ ဟန်ဆောင်သရုပ်ဆောင်မှုများပင် ဆက်လုပ်နိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့်ပင် "လူဆိုသည်မှာ ပတ်ဝန်းကျင်အတိုင်း အတုခိုးတတ်ကြသည်" ဆိုသကဲ့သို့ အဘွားကြီးကျောက်ကို အလုပ်သွားခိုင်းလိုက်သည်မှာ အလွန်မှန်ကန်လှသည်။ မဟုတ်လျှင် အဘွားကြီးကျောက်သည်သာ ကလေးများကို ထိန်းကျောင်းပါက ၎င်းတို့လည်း အဘွားကြီးကျောက်ကဲ့သို့ လူစားမျိုး ဖြစ်သွားပေလိမ့်မည်။
ချန်ချင်းယွီသည် အတင်းအဖျင်းများ နားထောင်ရင်း အတွေးပေါင်းစုံဖြင့် သံဝေဂရနေမိ၏။
ချန်ချင်းယွီသာမက ကလေးထိန်းရန် တာဝန်ယူထားရသော အဘွားကြီးဝမ်ပင်လျှင် ဤသို့တွေးမိသည်။ မိမိကလေးများ ထိုသို့မဖြစ်သည်မှာ ကံကောင်းလှ၏။ ယခုအချိန်တွင် ကလေးရှိသော မိသားစုတိုင်းမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြလေသည်။
"ဒါဆို ဒီညတော့ နင်လည်း ဆက်မကူညီတော့ဘူးပေါ့?"
ပိုင်ဖုန်းရှန်း လက်နှစ်ဖက်ကို ဘေးသို့ဖြန့်၍ ပုခုံးတွန့်ကာ
"ငါက မကူညီချင်တာမဟုတ်ဘူး၊ ကူညီလို့မရတာ။ ဒါ့အပြင် သူ့အိမ်မှာလည်း လူမရှိတာမှမဟုတ်ဘဲ။ ညဘက် အဘိုးကြီးကျန်း အလုပ်ကပြန်လာရင် ဆေးရုံမှာ သွားမစောင့်ဘဲ အိမ်မှာ ကလေးကြည့်ပေးလို့ ရတာပဲလေ။ ငါတို့ အိမ်နီးချင်းတွေအထိ အလုပ်ရှုပ်စရာမလိုဘူး"
လူတိုင်း ရှေ့ဝင်းတွင် စုဝေးကာ စကားစမြည်ပြောနေကြသော်လည်း ယနေ့တွင် ရှီကျန့်ရှန်းတစ်ယောက် အပြင်သို့ ထွက်မလာပေ။
ပုံမှန်ဆိုလျှင် ရှီကျန့်ရှန်းရှိပါက ပိုင်ဖုန်းရှန်းကို စကားနာထိုးမည်မှာ သေချာ၏။ သူမ၏မိသားစုမှာ အာဏာလုချင်နေကြသူများဖြစ်ရာ မာကျန့်ယီနှင့် ပိုင်ဖုန်းရှန်းလင်မယားကို အခွင့်အရေးရတိုင်း နှိပ်ကွပ်ပြီး မိမိတို့မျက်နှာပန်းလှအောင် လုပ်တတ်ကြသည်။ ယခုကဲ့သို့ အခွင့်အရေးမျိုးကို သူမ သေချာပေါက် လက်လွတ်ခံမည်မဟုတ်ပေ။
သို့သော် ယနေ့မှာ မတူတော့ချေ။
ရှီကျန့်ရှန်းမှာ အိပ်ရာမှပင် မထနိုင်ဖြစ်နေပြီး သူမမှာ နှမြောလွန်း၍ ရင်ကျိုးနေရရှာ၏။ တကယ့်ကို နှမြောနေခြင်းတည်း။
အကယ်၍ ထမင်းဖိတ်ကျွေးမည်ဆိုပါက အနည်းဆုံး ငွေစက္ကူအကြီး (၁၀) ရွက်ခန့် ကုန်ကျမည်ဖြစ်ရာ ငွေတစ်ရာမှာ မျက်စိရှေ့တင် ပျောက်ကွယ်သွားတော့မည် မဟုတ်ပါလား။
သူမ မည်သို့ခံနိုင်ရည်ရှိပါမည်နည်း။
သို့သော် သူမ၏ယောက်ျားမှာ မနေ့ညက ပြန်လာပြီး အကျိုးအကြောင်း ရှင်းပြခဲ့သည်။ ဤကိစ္စတွင် "ငွေ" ကို ရွေးမလား "မျက်နှာ" ကို ရွေးမလား နှစ်ခုပဲရှိ၏။ နှစ်ခုလုံးရဖို့မှာ မလွယ်ကူပေ။ မည်သည့်လူယုတ်မာက ဤသို့လုပ်သွားသည်ကိုလည်း မသိရ။ သူတို့မှာ အံကြိတ်၍ နာကျည်းနေကြသော်လည်း ဝင်းကြီးထဲတွင် နေလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ရာ သိက္ခာအကျမခံနိုင်ပေ။ ထို့ကြောင့် အံကိုကြိတ်၍သာ အကုန်အကျခံရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်၏။ ရှီကျန့်ရှန်းမှာ ထိုငွေအမြောက်အမြားကို ကုန်ကျရတော့မည်ဟု တွေးမိသည်နှင့် လူမှာ တစ်ခါတည်း ပြိုလဲသွားကာ ထမင်းပင် မစားနိုင်တော့ဘဲ အိပ်ရာထဲ လဲနေတော့သည်။
ထို့ကြောင့်ပင် ယနေ့တွင် ရှေ့ဝင်း၌ စည်ကားနေသော်လည်း သူမ ပေါ်မလာခြင်းတည်း။ ပိုင်ဖုန်းရှန်းမှာလည်း နှောင့်ယှက်မည့်သူမရှိသဖြင့် စိတ်ကြိုက် ပေါက်ကရ ပြောနေ၏။ မာကျန့်ယီ၏ အရှိန်အဝါကြောင့် ဝင်းအတွင်းရှိ အမျိုးသမီးထုကြားတွင် ပိုင်ဖုန်းရှန်းမှာ ခေါင်းဆောင်တစ်ပိုင်း ဖြစ်နေလေသည်။
လူအများစုသည်လည်း သူမပြောသမျှကို ထောက်ခံနေကြရာ ချန်ချင်းယွီမှာလည်း အဘွားကြီးများ၊ အဒေါ်ကြီးများကြားတွင် ရောနှောနေသဖြင့် သိပ်ပြီး ထူးခြားမနေပေ။
ဟ!
ထူးခြားနေလျှင်လည်း သူမ မဟုတ်ပေ။ သူမမှာ ကလေးအမေဖြစ်ရာ အမျိုးသမီးတစ်ဦးဟု သတ်မှတ်၍ရသည်။ ဤနေရာတွင် အမျိုးသားတစ်ဦးဖြစ်သော ရှီရှန်းနှင့် အပျိုလေး လီလင်းလင်းတို့ပင် ပါရှိနေလေရာ ပြောရလျှင် ဝင်းကြီးအတွင်းရှိ အလုပ်မသွားသော "အိမ်စောင့်" လူတန်းစားအားလုံးနီးပါး ဤနေရာသို့ ရောက်နေကြခြင်းဖြစ်၏။
ချန်ချင်းယွီ မျက်လုံးလေး ကလည်ကလည်ဖြင့် စပ်စုချင်ဟန်ဆောင်ကာ
"ကျန်းရှင်းဖှက ဘယ်အလုပ်ရုံမှာ လုပ်တာလဲဟင်? သူ အခုလို ခွင့်ခဏခဏယူနေတာ အဆင်ပြေရဲ့လား? ကျွန်မရဲ့ ကိုကိုကျန့်ဝမ်တုန်းကတော့ အလုပ်သွားရင် ခွင့်ယူတာ အလွန်နည်းတာပဲ"
လူတိုင်း ကျန်းမိသားစု ကလေးမလေး၏ မိမဆုံးမ ဖမဆုံးမ ရှိပုံကို ပြောနေကြရာမှ ကျန်းရှင်းဖှအကြောင်းသို့ ရောက်သွားသည်မှာ သဘာဝကျလှသည်။
"အဲဒါ ဘာခက်တာမှတ်လို့၊ ပိုက်ဆံအဖြတ်ခံရမှာပေါ့။ ဒါ့အပြင် ဒဏ်ရာရထားတာဆိုတော့ ခွင့်မယူလို့လည်း မရဘူးလေ။"
"ညည်းရဲ့ လင်းကျန့်ဝမ်တုန်းကတော့ ခွင့်ယူရမှာ နှမြောလို့ပါ။ ဟဲ့... လင်းကျန့်ဝမ်တင် မဟုတ်ပါဘူး၊ ဘယ်သူမဆို ဘဝကို ရုန်းကန်နေရတာချင်း အတူတူပါပဲ၊ ခွင့်ခဏခဏယူရင် ပိုက်ဆံအဖြတ်ခံရမှာလေ။ တခြားလူတော့မသိဘူး၊ ငါတို့အိမ်ကတော့ တကယ်ကို မလုပ်နိုင်ဘူး။"
"ပြည်သူ့အကျိုးကို ဆောင်ရွက်နေတာဆိုတော့ ခွင့်ခဏခဏယူတာ မကောင်းဘူးလေ။ ကြည့်ပါလား၊ ဦးလေးရွှီဆို ခြေထောက်ကျိုးနေတာတောင် တောင်ဝှေးထောက်ပြီး အလုပ်သွားရှာတာ။ အဲဒါမှ အလုပ်သမားထုရဲ့ စိတ်ဓာတ်ပေါ့။"
ချန်ချင်းယွီ လေသံတိုးတိုးဖြင့်
"အဲဒါလည်း ဟုတ်တာပဲနော်။ ဥပမာ လူတစ်ဆယ်စာ အလုပ်ကို လူတစ်ဆယ်က လုပ်ရတာဆိုတော့၊ တစ်ယောက်က ခွင့်ခဏခဏယူနေရင် ကျန်တဲ့လူတွေက ပိုလုပ်ပေးရမှာပဲ။ အဲဒါက လုပ်ဖော်ကိုင်ဖက်ချင်း စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်နိုင်တာပေါ့။ ခွင့်အများကြီးယူတာကတော့ မကောင်းဘူး"
စကားပြောရင်းနှင့် ချန်ချင်းယွီသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသကဲ့သို့ ခေါင်းကို ကုပ်ကာ
"အို... ဒါနဲ့ ကျွန်မရဲ့ ကိုကိုကျန့်ဝမ် မရှိတော့တော့ ကျွန်မယောက္ခမက အလုပ်ဆက်ဝင်တာမှာ ဂဟေဆက်အလုပ်ရုံကို မသွားဘဲ ထမင်းစားဆောင်ကို ပြောင်းသွားတယ်ဆိုတော့၊ အဲဒီ ဂဟေအလုပ်ရုံမှာ လူတစ်ယောက် လျော့သွားတာပေါ့နော်? အဲဒီလို လူလျော့သွားရင် အလုပ်လုပ်လို့ အဆင်ပြေရဲ့လားဟင်? အဲဒီလို အခြေအနေမျိုးမှာ လူအသစ် ထပ်ခေါ်ဦးမှာလား?"
"ဟဲ့..."
"ရှောင်ချန်ရယ်၊ ညည်းပုံစံကြည့်ရတာ အလုပ်မလုပ်ဖူးတဲ့လူမှန်း သိသာလိုက်တာ။"
"ရှောင်ချန်၊ ညည်းကတော့ မသိရှာဘူး။ ဘယ်အလုပ်ရုံမဆို လူတစ်ယောက် လျော့သွားရုံနဲ့ ဘာမှမဖြစ်ပါဘူး။ ကျွမ်းကျင်လုပ်သားကြီးမှ မဟုတ်တာ၊ အတင်းအကျပ် လူသစ်ဖြည့်စရာ မလိုပါဘူး။ အကယ်၍ အလုပ်နေရာ လဲပြီးမှ ဆက်ခံတာဆိုရင်တော့ လူအသစ် ထပ်တိုးပေးရမှာပေါ့။ အဲဒီလို အခွင့်အရေးကောင်းမျိုးသာ ရှိရင် လူတိုင်းက မိသားစုဝင်တွေကို အလုပ်ထဲသွင်းဖို့ အလုပ်နေရာ တမင်လဲကြမှာပေါ့။ ဘယ်မှာ အဲဒီလောက် အခွင့်အရေးကောင်း ရှိမှာလဲ၊ ညည်းကတော့ ဘာမှမသိသေးပါဘူး"
အဒေါ်ကြီးများမှာ ရယ်မောကာ ပြောကြ၏။
ချန်ချင်းယွီ ရှက်ကိုးရှက်ကန်း ပြုံးလျက်
"အားလုံးကို ရယ်စရာဖြစ်အောင် လုပ်မိလို့ အားနာလိုက်တာ၊ ကျွန်မက တကယ်ပဲ ဘာမှမသိလို့ပါ။ ကျွန်မက လူထပ်ခေါ်ဦးမလားလို့ ထင်နေတာ..."
သူမသည် ခေါင်းစဉ်ကို အလုပ်ရုံဘက်သို့ အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့သဖြင့် သတင်းအချက်အလက်များကို ပို၍ စုံစမ်းနိုင်တော့မည်ဖြစ်သည်။
"ဘယ်ကလာ၊ မလိုပါဘူး။"
"လူတစ်ယောက်ဝင်တာ ထွက်တာနဲ့ အလုပ်ရုံကို ဘာမှ မထိခိုက်ပါဘူး။"
"ဒါပေမဲ့ နင်တို့ ပြောသာပြောတာ၊ ကျန့်ဝမ်ရဲ့ ဇနီးပြောတာကလည်း သဘာဝမကျဘူးတော့ မဟုတ်ဘူးနော်။ သူတို့အလုပ်ရုံက လူအသစ် တကယ်ခေါ်ဖို့ ရှိနေပုံပဲ။ ကျန့်ဝမ်ကဒုတိယ ဂဟေဆက်အလုပ်ရုံက မဟုတ်လား? ငါ့ယောက်ျား ပြောပြတာတော့ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒီအလုပ်ရုံ အကြီးအကဲက လူအင်အားမလောက်ဘူးဆိုပြီး တင်ပြထားတယ်တဲ့။"
အားလုံးမှာ အိမ်ရှင်မများသာဖြစ်သော်လည်း ပိုင်ဖုန်းရှန်းမှာ မာကျန့်ယီ၏ ဇနီးဖြစ်သည့်အလျောက် သတင်းအချက်အလက် ပိုတွင်ကျယ်လေ၏။ မာကျန့်ယီမှာ စက်ရုံတွင် ရာထူးအတော်အတန်ရှိသော အကြီးအကဲတစ်ဦး မဟုတ်လော့။
လျှပ်စစ်ဂဟေအလုပ်ရုံတွင် လူအင်အားမလောက်ကြောင်း ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရှီရှန်းနှင့် လင်စန်းရှင်းတို့ကဲ့သို့သော သူများသည် ပိုင်ဖုန်းရှန်းကို စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းလှမ်းကြည့်ကြတော့သည်။ ၎င်းတို့၏ သားသမီးများမှာ အလုပ်အကိုင်ရှာဖွေနေကြသူများဖြစ်ရာ ယာယီအလုပ်ဖြစ်ပါစေဦးတော့ အခွင့်အရေးကို လိုချင်ကြသည်သာ။
လီလင်းလင်းဆိုလျှင် သူမ၏ ဘောင်းဘီနားစကို တင်းတင်းဆုပ်ကိုင်ထားပြီး မျှော်လင့်ချက်အပြည့်ဖြင့် ပိုင်ဖုန်းရှန်းကို စိုက်ကြည့်နေမိ၏။
"အို... မမပိုင်၊ ဒီလောက်အရေးကြီးတဲ့သတင်းကို သိထားတာပဲ။ ကျုပ်တို့ကို ပြောပြပါဦး"
ရှီရှန်း လောလော လောလောဖြင့် မေးလိုက်သည်။
လင်စန်းရှင်းမှာ ပို၍ပင် စိတ်ပူနေ၏။ သူမ၏မိသားစုမှာ အစ်မကြီးဖန်တို့ကဲ့သို့ စက်ရုံရုံးခန်းထဲတွင် အဆက်အသွယ်ရှိသူများ မဟုတ်ပေ။ ထို့ကြောင့် မျှော်လင့်တကြီးဖြင့်
"အဲဒါက အလုပ်ခေါ်တာလား? ဘယ်လိုအလုပ်မျိုးလဲ? ဂဟေဆက်တာပဲ မဟုတ်လား? ကျွန်မရဲ့ လင်းလင်းလည်း လုပ်နိုင်ပါတယ်"
လီလင်းလင်းမှာလည်း ပိုင်ဖုန်းရှန်းကို မမှိတ်မသုန် စိုက်ကြည့်နေသည်။
ပိုင်ဖုန်းရှန်း သူမ၏ ကျယ်ပြန့်သော အဆက်အသွယ်များအတွက် ဂုဏ်ယူနေဟန်ဖြင့်
"ငါက ဘယ်လိုလုပ်သိမှာလဲ? ငါယောက်ျားလည်း အသေးစိတ်တော့ မသိဘူးလေ။ အဲဒီအလုပ်ရုံမှာ လူအင်အားမလောက်ဘူးဆိုတာပဲ ကြားတာ၊ အဲဒီလောက်ပဲ။ အလုပ်ခေါ်၊ မခေါ်ကတော့ ဘယ်သူသိမှာလဲ? အလုပ်ခေါ်တယ်လို့တော့ ငါ တစ်ခါမှ မကြားမိသေးဘူး"
ခဏလေးအတွင်းမှာတင် ရင်ခုန်သံမြန်ခဲ့ကြသော လူအချို့မှာ ယခုတော့ စိတ်ပျက်သွားကြသည့် ပုံစံပေါက်သွားကြ၏။
သို့သော်လည်း!!
လူအင်အားမလောက်ဘူးဆိုသည်မှာ သတင်းကြီးပင် ဖြစ်သည်။
ရှီရှန်းမှာ ယခုပင် သူ့ဇနီးကို သွားရှာပြီး အကျိုးအကြောင်း ထပ်စုံစမ်းခိုင်းချင်စိတ် ပေါက်နေ၏။
ချန်ချင်းယွီ နောက်ဆုံးတွင် ဝင်ပြောလိုက်ကာ
"အလုပ်ရှာဖို့အတွက် သိပ်ပြီး အလောမကြီးကြပါနဲ့ဦး။ ဒီသတင်းကို သိထားပြီဆိုတော့ အလုပ်ရုံအကြီးအကဲရဲ့ စရိုက်က ဘယ်လိုလဲဆိုတာ အရင်စုံစမ်းကြည့်ကြပါလား? သူက စကားပြောရတာ လွယ်တဲ့လူဆိုရင်တော့ စုံစမ်းကြည့်လို့ ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အခွင့်အရေးတစ်ခုပဲလေ"
ချန်ချင်းယွီ လေသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း စိတ်ထဲတွင် အလွန်ဝမ်းသာနေမိသည်။ ကံကြမ္မာက သူမဘက်တွင် ရှိနေပုံရ၏။
သူမသည် ထိုအလုပ်ရုံအကြီးအကဲမှာ မည်သို့သောသူမျိုးဖြစ်သည်ကို တကယ်ပင် သိချင်နေသည်။
"ညည်းရဲ့ကျန့်ဝမ်က ဒီအလုပ်ရုံမှာ လုပ်ခဲ့တာပဲ။ သူက အသိဆုံးဖြစ်မှာပေါ့၊ ငါတို့ကို ပြောပြပါဦး!"
ရှီရှန်း အမြန်ပင် မေးလိုက်၏။
သို့သော် ချန်ချင်းယွီမှာ ရှက်ကိုးရှက်ကန်းဖြင့်
"ကျွန်မ မသိပါဘူး..."
သူမ ဆက်၍
"ကျွန်မကပုံမှန်ဆိုရင် သူ့ကို အလုပ်အကြောင်းတွေ မမေးဖြစ်ဘူး။ ဝင်းထဲက စက်ရုံမှာလုပ်တဲ့ တခြားလူတွေလောက်တောင် ကျွန်မသိမှာမဟုတ်ပါဘူး။ ဘယ်သူက ဘယ်သူဆိုတာတောင် ကျွန်မသေချာမခွဲတတ်ဘူး..."
သူမမှာ တကယ့်ကို အားနာနေသည့် ပုံစံမျိုး ဖြစ်နေသည်။
သူမ၏ ပုံမှန်အမူအရာကို ကြည့်ပြီး သူမထံမှ ဘာမှမျှော်လင့်၍မရမှန်း လူတိုင်း သိလိုက်ကြ၏။
သူမကတော့ တကယ်ကို ဘာမှမသိသူပင်။
"ရွှီကောင်းမင်က အဲဒီအလုပ်ရုံအကြီးအကဲကို သိတယ်လို့ ကျွန်မကြားထားတယ်။ သူ့ကို မေးကြည့်လို့ရတယ်"
အဒေါ်ကြီးမေ့မှာ ဝင်ပြောလိုက်၏။ သူမ၏ သတင်းကွန်ရက်မှာ အလွန်ကျယ်ပြန့်လှသည်။
"ကျန့်ဝမ် စက်ရုံထဲကို စဝင်တုန်းက အဘိုးကြီးရွှီက ပြောဖူးတယ်။ အလုပ်ရုံထဲမှာ သူသိတဲ့လူတွေရှိလို့ ဆရာကောင်း၊ အကြီးအကဲကောင်းတွေနဲ့ မိတ်ဆက်ပေးနိုင်တယ်ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ကျန့်ဝမ်က ငြင်းလိုက်တာ"
ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
အဒေါ်ကြီးမေ့ ဆက်လက်၍
“ဦးလေးမာလည်း သိမှာပေါ့။ သူတို့က စက်ရုံရဲ့ အကြီးအကဲတွေချင်းပဲဆိုတော့ အဆက်အသွယ် ရှိမှာပဲ မဟုတ်လား?"
ပိုင်ဖုန်းရှန်း; "ဟုတ်တယ်၊ သူတို့ သိကြပါတယ်။ ဒါပေမဲ့ အဘိုးကြီးမာ ပြောတာတော့ မကြားမိဘူး။ သူတို့က သိပ်ပြီးတော့တော့ မရင်းနှီးကြဘူး"
အကယ်၍ သူမ၏ယောက်ျားထံမှ သတင်းအချက်အလက် စုံစမ်းချင်လျှင် လက်ဗလာနှင့်တော့ သွား၍မရပေ။ ပိုင်ဖုန်းရှန်းအနည်းငယ်ပြုံးလိုက်ပြီး မည်သည့်ကတိမှ မပေးပေ။ သူမသည်ကား အိမ်မှာပဲ စောင့်နေမည်ဖြစ်သည်။ အကူအညီတောင်းရာတွင် လက်ဆောင်မပါဘဲ ကိစ္စပြီးမြောက်သည်ဟူ၍ မရှိပေ။
အဒေါ်ကြီးမေ့: "ယွမ်ဟောက်မင်တို့ လင်မယားကိုလည်း နင်တို့သိတာပဲ။ ပြီးတော့ အဘိုးကြီးကျန်းလည်း ရှိသေးတယ်။ သူက အရင်တုန်းက အဲဒီအလုပ်ရုံမှာ လုပ်ခဲ့တာ မဟုတ်လား? နောက်မှ တခြားအလုပ်ရုံကို ပြောင်းသွားတာလေ။ အဲဒီမှာ သူ နှစ်အတော်ကြာ လုပ်ခဲ့တာဆိုတော့ သူတို့အကြောင်း သိမှာပဲ"
အဒေါ်ကြီးမေ့မှာ တကယ့်ကို သတင်းစုံသော အမျိုးသမီးပင်တည်း။
ချန်ချင်းယွီ အဒေါ်ကြီးမေ့ကို အံ့ဩတကြီး ကြည့်လိုက်မိပြီး စိတ်ထဲမှလည်း "ဒီအစ်မကြီးကတော့ တကယ့်ကို အကဲခတ်စူးရှတာပဲ၊ ဘယ်အတင်းအဖျင်းမှ သူ့မျက်စိအောက်က လွတ်ပုံမရဘူး" ဟု တွေးနေမိသည်။ နောင်တွင် တစ်ခုခု အမှားအယွင်းရှိပါက အချက်အလက်အဖြစ် အသုံးချခံရနိုင်သဖြင့် သူမ အဝင်အထွက်လုပ်ရာတွင် ပို၍ သတိထားရပေလိမ့်မည်။
သို့သော်လည်း ချန်ချင်းယွီ မမျှော်လင့်ထားသည်မှာ သူတို့ဝင်းထဲမှ လူအတော်များများသည် လင်းကျန့်ဝမ်တို့ အလုပ်ရုံအကြီးအကဲကို သိနေကြခြင်းပင်။ လင်းကျန့်ဝမ် ကျွမ်းကျင်မှုစစ်ဆေးပွဲ ဖြေဆိုခွင့် တားဆီးခံခဲ့ရစဉ်က တစ်စုံတစ်ယောက်သည် နောက်ကွယ်မှ ကြိုးကိုင်ခဲ့ခြင်း ရှိ၊ မရှိ သူမ သိချင်မိသည်။
နဂိုက လင်းကျန့်ဝမ် သံသယရှိခဲ့သည်မှာ သူ့အမေက အိမ်ကိစ္စနှင့် ပတ်သက်ပြီး စက်ရုံခေါင်းဆောင်ပိုင်းကို စော်ကားမိခဲ့ခြင်းကြောင့်ဟု ပင်။
သို့သော် ယခုမူ ချန်ချင်းယွီ ထိုသို့မထင်တော့ပေ။ အဖြစ်အပျက်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ဝန်ထမ်းထောင်သောင်းချီရှိသော စက်ရုံကြီးတွင် ထိုမျှသေးငယ်သော ကိစ္စလေးအတွက် လူကို မှတ်မိနေပြီး ဒုက္ခပေးနေမည်မှာ မဖြစ်နိုင်သလောက်ပင်။ အကယ်၍ ထိုသို့သာဆိုလျှင် တကယ့်ကို စိတ်ပုပ်လွန်းရာ ကျပေလိမ့်မည်။
သူတို့ စိတ်ပုပ်သည်ဆိုဦးတော့၊ ထိုကိစ္စမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ရပ်ဖြစ်ရာ တစ်စုံတစ်ယောက်မှ သတိမပေးဘဲနှင့် မည်သူက မှတ်မိနေပါမည်နည်း။
ထို့ပြင် အလုပ်ထဲသို့ ဝင်ခဲ့သည်မှာ အဘွားကြီးကျောက်ကိုယ်တိုင် မဟုတ်ဘဲ ကလေးဘဝမှ အရွယ်ရောက်လာသူ လင်းကျန့်ဝမ်ဖြစ်ရာ မည်သူမှ ဂရုစိုက်နေမည် မဟုတ်ပေ။
ဝင်းထဲမှ လူများသာလျှင် နေ့တိုင်း အတူနေထိုင်ကြသဖြင့် ပွတ်တိုက်မှုများ ရှိနိုင်ပေသည်။ ထို့ပြင် အဘွားကြီးကျောက်သည် လူတကာကို လိုက်လံစော်ကားတတ်သူဖြစ်ရာ လင်းကျန့်ဝမ်ကို တစ်ခုခုလုပ်ရန် ကြံစည်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။ သူတို့တွင် လူတစ်ယောက်ကို အလုပ်ထုတ်ပစ်နိုင်သော စွမ်းအားမရှိပေ။ ယနေ့ခေတ်တွင် ခေါင်းဆောင်များပင်လျှင် လူတစ်ယောက်ကို အလွယ်တကူ အလုပ်မထုတ်နိုင်ကြချေ။
၎င်းမှာ နိုင်ငံပိုင်လုပ်ငန်းကြီးများက ပေးထားသော အကာအကွယ်ပင် ဖြစ်သည်။ သို့သော် ရာထူးတိုးခြင်းကို ဖိနှိပ်ထားရန်နှင့် လစာတိုးခြင်းကို တားဆီးထားရန်မှာမူ အလွန်လွယ်ကူလှ၏။
"ဒီကိစ္စကို နင်တို့ ထပ်စုံစမ်းကြည့်သင့်တယ်၊ ဒါပေမဲ့ လီလင်းလင်း... ညည်းကတော့ ဒီအလုပ်နဲ့ မကိုက်ညီပါဘူး။ ညည်းလို မိန်းကလေးတစ်ယောက်က ဒီလိုအလုပ်မျိုး မလုပ်နိုင်ပါဘူး၊ ဟုတ်တယ်မလား ရှောင်ချန်?"
ရှီရှန်းသည် ဘာမှမပြောရသေးခင်မှာပင် ပြိုင်ဘက်ဖြစ်သူ လီလင်းလင်းကို နှိမ်လိုက်ပြီး ချန်ချင်းယွီကိုပါ ဆွဲထည့်လိုက်သည်။
"ဒီဂဟေအလုပ်ရုံမှာ အမျိုးသမီး အလုပ်သမားဆိုတာ မရှိဘူး။ ဒီအလုပ်က မိန်းမတွေ မလုပ်နိုင်ဘူး၊ အထူးသဖြင့် မိန်းကလေးပျိုလေးတွေဆို ပိုတောင်မဖြစ်နိုင်သေးတယ်"
လီလင်းလင်းသည် စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသော်လည်း သူမမှာ ရန်စကားဆိုတတ်သူ မဟုတ်သဖြင့် ခေါင်းငုံ့ကာ ဝမ်းနည်းပူဆွေးနေဟန် ပေါက်နေ၏။ သူမ နာကျည်းနေမိသော်လည်း မိန်းကလေးဖြစ်ရခြင်းမှာ အားနည်းချက်ကြီးတစ်ခုဟု ခံစားရကာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေမိလေသည်။
ချန်ချင်းယွီသည် စကားဝိုင်းထဲ ဆွဲသွင်းခံလိုက်ရသော်လည်း စိတ်မဆိုးပေ။ သူမက လေသံတိုးတိုးဖြင့်
"တကယ်တော့ ကျွန်မနဲ့ ကျွန်မယောက္ခမက ဂဟေဆက်အလုပ်ရုံကို မသွားချင်ကြပါဘူး။ ကျွန်မတို့က မိန်းမတွေမို့လို့ အလုပ်မလုပ်နိုင်လို့ မဟုတ်ပါဘူး၊ ကျွန်မတို့အားလုံးက အလုပ်သမားတွေပဲဆိုတော့ ကိုယ်လုပ်နိုင်သလောက် လုပ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲဒီကို တကယ်သွားဖြစ်မယ်ဆိုရင် ကျွန်မရော ကျွန်မယောက္ခမပါ အဲဒီနေရာကို မြင်တာနဲ့ သူ့ကို သတိရနေမိမှာပါ။ အဲဒီနေရာက ကိုကိုကျန့်ဝမ် အလုပ်လုပ်ခဲ့တဲ့ နေရာလေ။ နေရာတိုင်းမှာ သူ့အရိပ်တွေကို မြင်နေရသလို ခံစားနေရမှာ။ ကျွန်မ ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါ့မလဲ? ကျွန်မယောက္ခမဆိုရင်လည်း သူ့အသက်အရွယ်နဲ့ ပိုတောင် မခံစားနိုင်ဖြစ်နေမှာ”
သူမ မေးစေ့ကို လက်နှင့်ထောက်ကာ
"ကိုကိုကျန့်ဝမ်ကလေ..."
"ရှောင်ချန်! ရှောင်ချန်... ရှောင်ချန်ရေ~"
ပိုင်ဖုန်းရှန်း ချန်ချင်းယွီ စကားလမ်းကြောင်း လွဲမသွားစေရန် အမြန်ပင် တားလိုက်ပြီး
"ဒါဆိုရင် ညည်းမှာ အခွင့်အရေးရှိရင်တောင် စမ်းမကြည့်ချင်ဘူးပေါ့?"
အားလုံး၏ မျက်လုံးများမှာ ချန်ချင်းယွီထံသို့ ချက်ချင်း ရောက်ရှိလာကြသည်။ ချန်ချင်းယွီက မျက်လွှာချကာ
"ဟင့်အင်း၊ မလုပ်ချင်ပါဘူး။ ကျွန်မ အလုပ်သွားရင် ကလေးတွေကို ဘယ်သူထိန်းမလဲ? ဒါက ကိုကိုကျန့်ဝမ်နဲ့ ကျွန်မရဲ့ ကလေးတွေလေ။ ကျွန်မ ကလေးတွေကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ရမယ်။ ကျွန်မက..."
လင်းကျန့်ဝမ်နှင့် ပတ်သက်သည့် အကြောင်းအရာများထဲသို့ နစ်မသွားစေရန် လူတိုင်းက သူမကို အမြန်ပင် ထပ်မံတားဆီးလိုက်ကြပြန်၏။
"နင်ပြောတာလည်း ဟုတ်တာပဲ။"
"အမှန်ပဲ၊ ဟဲ့... နင်တို့သိလား၊ တို့ဝင်းထဲမှာ အလုပ်ရှာရမယ့် လူငယ်လေးတွေ အများကြီးရှိနေတာ၊ ဒီဘက်ခေတ်မှာ အလုပ်အကိုင်ရဖို့က တကယ်မလွယ်ဘူး..."
"ဟုတ်ပါ့အေ။"
လူတိုင်း ချန်ချင်းယွီအကြောင်းကို ထပ်မပြောချင်ကြတော့ပေ။ အကယ်၍ သူမအကြောင်း ပြောမိလျှင် သူမမှာ အတင်းအဖျင်းများကြားထဲမှ လင်းကျန့်ဝမ် ခေါင်းစဉ်အောက် ဆွဲခေါ်ကာ တခြားအကြောင်းအရာပေါင်းစုံကို လျှောက်ပြောတော့မည် ဖြစ်သည်။ ထိုအရာကို သူတို့ တကယ်ပင် မခံစားနိုင်ကြချေ။
အဒေါ်ကြီးတို့တစ်သိုက် ဝင်းထဲတွင် စကားလက်ဆုံကျနေစဉ်အတွင်း ချန်ချင်းယွီသည် စက်ရုံတွင် ဖြစ်ပျက်နေသည်များကို အကဲခတ်စုံစမ်းရင်း လူအုပ်ထဲသို့ အမြန်ပင် ရောနှောဝင်ရောက်နေခဲ့သည်။ သူမ၏ယောက္ခမ အဘွားကြီးကျောက်မှာမူ ချန်ချင်းယွီတစ်ယောက် လင်းကျန့်ဝမ်အတွက် လက်စားချေရန် ကြံစည်နေဆဲဖြစ်သည်ကို လုံးဝမသိရှာပေ။ ယခုအချိန်တွင် သူမသည် ထမင်းစားဆောင်၌ ကျန်းရှင်းဖှ လူသေကောင်နှယ် ရိုက်ခံလိုက်ရသည့်အကြောင်းကို အားရပါးရ ပြောပြနေလေ၏။ မည်သို့ပင်ဖြစ်စေ၊ တစ်ယောက်မကျန် သိသွားအောင် သူမ အစွမ်းကုန် ကြိုးစားနေခြင်းပင်။
ဟီးဟီး!
သေအောင်သာ ရိုက်သတ်လိုက်ပါတော့!
အဘွားကြီးကျောက်သည် ထမင်းစားဆောင်တွင် အလွန်ယုံကြည်ချက်ရှိရှိဖြင့် အတင်းပြောနေခြင်းဖြစ်သည်။ သူမကိုယ်တိုင် လုပ်ခဲ့သည်မဟုတ်သောကြောင့် ဤမျှ ယုံကြည်မှုရှိနေခြင်းလည်း ဖြစ်
နိုင်၏။ သူမကိုယ်တိုင် မလုပ်ခဲ့လျှင်တောင် သတင်းဖြန့်လို့ရသည်မဟုတ်ပါလား။ အဘွားကြီးကျောက်သည် စရိုက်ကြမ်းပြီး အပျင်းထူကာ ယဉ်ကျေးမှုမရှိသော အဘွားကြီးတစ်ဦးဖြစ်သော်လည်း ထမင်းစာဆောင် အဖွဲ့ဝင်များကြားတွင် သူမ၏နေရာကို အမြန်ပင် အခိုင်အမာ တည်ဆောက်နိုင်ခဲ့၏။ သူမသည် အဖွဲ့ထဲတွင် မရှိမဖြစ် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့လေပြီ။
အားလုံးမှာ စောင့်ကြည့်နေကြရပြီး သူမကို မည်သူက အပြစ်တင်နိုင်ပါမည်နည်း။
အဘွားကြီးကျောက်သည် အတင်းအဖျင်းမျိုးစုံကို အမြဲသယ်ဆောင်လာတတ်ပြီး လူတိုင်း၏ ပျင်းရိငြီးငွေ့စရာကောင်းသော ဘဝထဲသို့ ပျော်ရွှင်မှုများစွာ ထည့်သွင်းပေးနိုင်သူဖြစ်သည်။ လီချန်ရွှမ်းသည် အဘွားကြီးကျောက်နှင့် ဝင်းတစ်ခုတည်းတွင် နေထိုင်သူဖြစ်သော်လည်း အမျိုးသားတစ်ဦးဖြစ်သည့်အတွက် အချို့သော အတင်းအဖျင်းများကို ပြောပြရန် ခက်ခဲလှ၏။ သူသာ လျှောက်ပြောနေလျှင် မိန်းမများ အတင်းပြောသကဲ့သို့ ဖြစ်နေမည်မဟုတ်လော့။ သို့သော် အဘွားကြီးကျောက်မှာမူ မတူပေ။ သူမ ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း လူတိုင်းမှာ အတင်းအဖျင်းများစွာကို ကြားသိနေကြရပြီဖြစ်သည်။
သူမသည် ထမင်းစားဆောင်၏ ဝါရင့်အတင်းအဖျင်းဆရာမကြီး ဖြစ်နေပြီဖြစ်၏။
ပုံကြီးချဲ့ပြောခြင်းမဟုတ်ဘဲ ယခုဆိုလျှင် ထမင်းစားဆောင်၌ အဘွားကြီးကျောက်၏ အဆင့်အတန်းမှာ လီချန်ရွှမ်းထက်ပင် မြင့်မားနေသည်။
အဘွားကြီးကျောက်က ခါးထောက်လျက်
"ငါက အဲဒီလောက်အထိ ချစ်ဖို့ကောင်းတာလေ!"
ချန်ချင်းယွီ ရူးသွားကတည်းက အဘွားကြီးကျောက်သည် သူမ၏ အတင်းပြောနိုင်စွမ်း ပိုမိုမြင့်မားလာသည်ဟု ခံစားနေရ၏။ ပြိုင်ဘက်ကောင်းနှင့် တွေ့မှ ပို၍ စွမ်းအားကြီးမားလာခြင်းဖြစ်မည်။
ငါက ဒီလောက်တောင် စွမ်းတာလား!! ဟိဟိ!!
ဤယောက္ခမနှင့် ချွေးမနှစ်ဦးအနက် တစ်ဦးသည် ထမင်းစားဆောင်အတင်းအဖျင်းအဖွဲ့တွင် ကျင်လည်နေပြီး နောက်တစ်ဦးမှာ ဝင်းကြီးအတင်းအဖျင်းအဖွဲ့တွင် အလုပ်ရှုပ်နေကြသည်။ နေ့လယ်စာစားရန် အိမ်ပြန်လာချိန်တွင် ချန်ချင်းယွီမှာ အလွန်အမင်း ရေငတ်နေပြီဖြစ်၏။ အတင်းပြောရသည်ကို ဝါသနာပါသူများမှာ တကယ်ပင် ကိုယ်အလေးချိန် မတက်နိုင်ကြပေ၊ အကြောင်းမှာ အတင်းပြောခြင်းသည် အားအင်အလွန်ကုန်ခမ်းစေသောကြောင့်တည်း။
သူတို့သည် မရပ်မနား စကားပြောနေကြပြီး လူတိုင်းမှာ ပြောစရာကိုယ်စီ ရှိနေကြရာ သူမမှာ တစ်ခါတရံတွင် စကားပင် ဝင်မပြောနိုင်ရှာပေ။
သူမသည် ဤကဲ့သို့သော အဝိုင်းအဝန်းထဲသို့ ရောက်ရှိလာလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ချန်ချင်းယွီမှာ မောပန်းနေသော်လည်း စပ်စုလိုစိတ်မှာ ပြင်းပြနေဆဲတည်း။
သူမ လုပ်နိုင်ပါသေးတယ်!!
သူမကိုယ်တိုင်ပင် စကားပြောလွန်း၍ မောနေသကဲ့သို့ သူမ၏ ကလေးနှစ်ယောက်မှာလည်း ဝင်းထဲတွင် တစ်မနက်လုံး ပြေးလွှားဆော့ကစားနေကြသဖြင့် မောပန်းနေကြသည်။ သုံးယောက်သား ညနေစောင်းအထိ အိပ်ပျော်သွားကြ၏။ အိမ်မှာနေရခြင်း၏ ကောင်းကွက်မှာ မိမိလုပ်ချင်သည်ကို လုပ်နိုင်ပြီး အိပ်ချင်သည့်အချိန်တွင် အိပ်နိုင်ခြင်းပင် ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
၎င်းတို့၏ အေးအေးလူလူ အခြေအနေနှင့် နှိုင်းယှဉ်လျှင် ရွှီမိသားစုအတွင်း၌မူ လဒကြီးများနှယ် မှိုင်တွေနေကြသည်။ ရှီကျန့်ရှန်းသည် အုတ်ခုတင်ပေါ်တွင် စိတ်ပျက်အားငယ်စွာ လဲလျောင်းနေ၏။
ဤမျှများပြားသော ငွေပမာဏကို သိက္ခာအတွက်နှင့် အကုန်အကျခံရမည်ဆိုတော့ ဘာထူးမှာလဲ? သူမမှာ ရင်ကျိုးမတတ် ခံစားနေရသဖြင့် မနက်စာရော နေ့လယ်စာပါ မစားနိုင်တော့ပေ။
သူမသည် ထိုနေ့မနက်က သူမ၏ခင်ပွန်းနှင့် စကားများခဲ့သေးရာ ခင်ပွန်းဖြစ်သူက ပစ္စည်းများကို ရိုက်ခွဲပစ်ခဲ့သော်လည်း သူမသည်လည်း ဒေါသထွက်နေမိသည်။
ဒီလောက်များတဲ့ ပိုက်ဆံတွေကို ပိုကောင်းတဲ့နေရာမှာ သုံးလို့ရတာပဲကို!!
ယခုမူ သူမသည် ဧည့်သည်များကို ဧည့်ခံရာတွင် ငွေကို မည်သို့ချွေတာရမည်နည်းဟု ဦးနှောက်ခြောက်အောင် စဉ်းစားနေမိ၏။
သူမသည် တစ်နေ့လုံး လဲလျောင်းရင်း စဉ်းစားလိုက်၊ ညည်းတွားလိုက်၊ ကျိန်ဆဲလိုက်နှင့် အကြံထုတ်နေခဲ့သည်။
နောက်ဆုံးတွင် ရှီကျန့်ရှန်းသည် ဖြေရှင်းနည်းတစ်ခုကို အမှန်တကယ်ပင် ရှာတွေ့သွားခဲ့၏။ ၎င်းမှာ အရာအားလုံးကို ဈေးအပေါဆုံးသာ ဝယ်ယူရန်ဖြစ်သည်။ အပေါ်ယံကြည့်ကောင်းနေသရွေ့ သူမသည် အပေါဆုံးကိုသာ ရွေးချယ်မည်ဖြစ်ပြီး အရသာနှင့် အရည်အသွေးမှာ သူမအတွက် အရေးမကြီးပေ၊ အနည်းငယ် ညစ်ပတ်နေလျှင်လည်း ဘာမှမဖြစ်ဟု တွေးလိုက်၏။
ကြည့်ကောင်းနေသရွေ့ ကျန်တာ ဘာမှမလိုဘူး!
ယခုမှာ နွေဦးကာလဖြစ်သဖြင့် မနှစ်က ပြောင်းဖူးဟောင်းများကို ဝယ်ယူနိုင်ပြီး အာလူးဆိုလျှင်လည်း အညှောက်ထွက်နေသည့် ဈေးပေါပေါအမျိုးအစားကို ဝယ်ရပေမည်။ မုန်လာထုပ်ဆိုလျှင်လည်း တတိယတန်းစား မုန်လာထုပ်ဆိုလျှင် ရပြီဖြစ်ကာ ပထမတန်းစားနှင့် ဒုတိယတန်းစားများမှာ သူတို့အတွက် ကောင်းလွန်းနေပေလိမ့်မည်။
ဈေးပေါသော သေနေသည့် ကြက် သို့မဟုတ် ဘဲများ ရှိလျှင်လည်း ဝယ်ယူရန် အဆင်ပြေ၏။
အရက်ဆိုလျှင်လည်း ရေရောထားသော အာကုံထို ဆိုလျှင် အကောင်းဆုံးပင်။
ဧည့်ခံကျွေးမွေးရန်မှာ ရှောင်လွှဲ၍မရသဖြင့် တတ်နိုင်သမျှ ငွေချွေတာရမည်သာတည်း။
ရှီကျန့်ရှန်းသည် တစ်နေကုန် စဉ်းစားခန်းဖွင့်နေခဲ့ပြီး ညနေစောင်းတွင်တော့ လူက ပြန်လည်လန်းဆန်းလာသည်။ ပိုက်ဆံကုန်မည်မှာ မှန်သော်လည်း အကုန်အကျများမည့်ထဲမှ အတတ်နိုင်ဆုံး ချွေတာနိုင်ခြင်းသည်ပင် အရည်အချင်းတစ်ခုဟု သူမ ခံစားရ၏။
ဟူး... မိသားစုသိက္ခာက ပဓာနဖြစ်ပြီး ဧည့်ခံကျွေးမွေးရန်မှာ မဖြစ်မနေမို့သာ လုပ်ရသော်လည်း ရှီကျန့်ရှန်းမှာတော့ နာကျည်းနေဆဲပင်။
တောက်! ဘယ်အကောင်က ငါ့မိသားစုကို နောက်ကွယ်က ကြံစည်သွားတာလဲဆိုတာသာ သိလိုက်လို့ကတော့ သေချာပေါက် လက်စားချေပစ်မယ်!
ချန်ချင်းယွီ : "ဟတ်ချိုး!"
သူမ နှာခေါင်းကို ပွတ်လိုက်မိသည်။
"ဘယ်သူက ငါ့အကြောင်း ပြောနေတာပါလိမ့်?"
အိမ်ရှင်မတစ်ဦး၏ ဘဝမှာ တစ်နေ့သုံးနပ်အတွက်သာ လည်ပတ်နေသည်။ ချန်ချင်းယွီတို့သားအမိမှာ ညနေစောင်းမှ နိုးလာကြပြီး ခဏအကြာတွင် ညစာအတွက် အလုပ်ရှုပ်နေကြပြီဖြစ်၏။ အဘွားကြီးကျောက် အလုပ်ကပြန်လာချိန်တွင် ချန်ချင်းယွီမှာ ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေလေပြီ။ ယနေ့လည်း မုန်လာထုပ်ပင် ဖြစ်၏။
နွေဦးကာလဖြစ်သော်လည်း ဟင်းသီးဟင်းရွက်စိမ်း လတ်လတ်ဆတ်ဆတ်မှာ အလွန်ရှားပါးလှရာ အိမ်ထောင်စုတိုင်းမှာ မုန်လာဥနှင့် မုန်လာထုပ်ကိုသာ အဓိက အားထားနေရသည်။ အချို့မိသားစုများမှာ ဆောင်းတွင်းစာအတွက် မုန်လာချဉ် တည်ထားတတ်ကြသဖြင့် အရသာ တစ်မျိုးထူးနိုင်သော်လည်း၊ အချို့မှာမူ မတည်တတ်ကြသလို မကြိုက်ကြသဖြင့် ဟင်းလျာမှာ ပို၍ပင် နည်းပါးလှ၏။
သူတို့အတွက် နေ့တိုင်း မုန်လာဥနှင့် မုန်လာထုပ် စားနေရသည်မှာ အလွန်ပင် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာ။
အဘွားကြီးကျောက်သည်လည်း ယနေ့တွင် ဘာမှကန့်ကွက်ခြင်းမရှိဘဲ
"ဒီနေ့ မုန်လာထုပ်ကြော်ထဲကို ရှာလကာရည်လေး နည်းနည်းထည့်လိုက်ဦး၊ ရှာလကာရည်ပါမှ ပိုစားလို့ကောင်းတာ"
ချန်ချင်းယွီလည်း သဘောတူလိုက်၏။ ချန်ချင်းယွီသည် ဟင်းချက်ရမည်ကို မကြောက်သော်လည်း ပန်းကန်ဆေးရမည်ကိုတော့ အလွန်မုန်းတီးသူဖြစ်သည်။ ထို့ကြောင့် ထမင်းစားပြီးနောက် သိမ်းဆည်းဆေးကြောသည့် အလုပ်များကို အဘွားကြီးကျောက်သာ လုပ်ရ၏။ ယခင်ဆိုလျှင် အဘွားကြီးကျောက် ငြင်းဆန်မည်ဖြစ်သော်လည်း ယခုမူ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ တစ်ခါတရံတွင် အကျိုးအကြောင်းပြ ရှင်းပြနေခြင်းထက် လက်သီးက ပို၍ ထိရောက်တတ်သည် မဟုတ်လော့။
အဘွားကြီးကျောက်၏ စရိုက်ကား ထိုသို့ပင်။
"ဟဲ့၊ ဒီနေ့ အိမ်မှာ ဘာတွေလုပ်နေလဲ?"
ချန်ချင်းယွီ; "ရှေ့ဝင်းမှာ စကားပြောနေတာပေါ့။ စက်ရုံက အခြေအနေတွေကို စုံစမ်းချင်လို့လေ။ အစ်ကိုကျန့်ဝမ်ရဲ့ ကျွမ်းကျင်မှုစစ်ဆေးပွဲကို အလုပ်ရုံအကြီးအကဲနဲ့ သူ့ဆရာက ဘာလို့ တားဆီးခဲ့တာလဲဆိုတာ သိချင်တယ်။ ဘယ်သူက နောက်ကွယ်ကနေ ခိုင်းစေခဲ့တာလဲဆိုတာ စုံစမ်းနေတာ"
ချန်ချင်းယွီ ပြောပြီးနောက် ဒေါသတကြီးဖြင့် ဆက်ပြောလိုက်ပြန်၏။
"အဲဒီလူကိုသာ မိလိုက်လို့ကတော့ သေချာပေါက် ပြန်ပေးဆပ်ခိုင်းရမယ်!!!"
အဘွားကြီးကျောက်မှာ လန့်သွားပြီး မျက်နှာပျက်သွားသည်။ သူမအတင်းပင် မေးမြန်းလိုက်၏။
"ဘာ! တစ်စုံတစ်ယောက်က သူ့ကို စစ်ဆေးပွဲဖြေခွင့်မပေးဘဲ တားခဲ့တာလား? ဘာတွေဖြစ်ခဲ့တာလဲ? ငါ ဘာလို့ ဘာမှမသိရတာလဲ? ကျန့်ဝမ်အကြောင်း ဒီလောက်အရေးကြီးတာကို နင် ငါ့ကို ဘာလို့ ဖုံးကွယ်ထားတာလဲ?"
ချန်ချင်းယွီ သူမကို စောင်းကြည့်လိုက်ပြီး
"အမေသိတော့ရော ဘာထူးမှာမို့လို့လဲ?"
အဘွားကြီးကျောက် ဒေါသတဟုန်းဟုန်း ထွက်လာကာ
"ငါ အဲဒီလူကို သွားကုတ်ပစ်မှာပေါ့!!! အဲဒီအကောင်စုတ်! အဲဒီအဘိုးကြီးကို သွားရိုက်ပစ်ရမယ်! တကယ့်ကို ယုတ်မာတဲ့လူပဲ! ငါ့ကိုတောင် လိမ်ဖို့ ကြိုးစားခဲ့တာလား။ ငါ့သားက အရည်အချင်းရှိမှန်း ငါသိသားပဲ! သူ ဘာလို့ ရာထူးမတက်နိုင်တာလဲလို့ ငါ စဉ်းစားနေတာ။ အခုတော့ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ နှောင့်ယှက်နေတာကိုး! တကယ့်ကို အသည်းနှလုံးမရှိတဲ့ လူတွေပဲ!"
ချန်ချင်းယွီ; "အခုမှ သိရတာလည်း မနောက်ကျသေးပါဘူး။ အစ်ကိုကျန့်ဝမ် မရှိတော့ပေမဲ့ သူ ခံစားခဲ့ရတာတွေအတွက် ကျွန်မကတော့ လက်စားချေပေးမှာပဲ"
ချန်ချင်းယွီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမ၏ ဆုံးဖြတ်ချက်မှာ ခိုင်မာလှသည်။
သူမသည် လူကောင်းများ အနိုင်ကျင့်ခံရသည်ကို ကြည့်မနေနိုင်ပေ!
ဘာပဲဖြစ်ဖြစ် လင်းကျန့်ဝမ်အတွက် ဤမတရားမှုကို ငြိမ်ခံမနေသင့်ပေ!
လင်းကျန့်ဝမ်နှင့် ချန်ချင်းယွီနှစ်ယောက်လုံးမှာ သနားစရာကောင်းသော လူသားများ ဖြစ်ကြပြီး ကျေးလက်တောရွာက ငတ်မွတ်နေသူများလောက် ဒုက္ခမရောက်ခဲ့သော်လည်း၊ နှစ်ဦးလုံးမှာ မိဘတစ်ဦးတည်းရှိသော မိသားစုမှ လာသူများဖြစ်ကာ နွေးထွေးသော ကလေးဘဝကို မပိုင်ဆိုင်ခဲ့ရဘဲ အနိုင်ကျင့်မှုပေါင်းစုံကို ကြုံတွေ့ခဲ့ရသူများ ဖြစ်၏။
ယခု သူမသည် ချန်ချင်းယွီ ဖြစ်လာခဲ့ပြီး ချန်ချင်းယွီအဖြစ် အသက်ရှင်ခွင့် ရလာခဲ့ပြီဖြစ်ရာ၊ ဤလင်မယားကို အနိုင်ကျင့်ခဲ့သူများကို သေချာပေါက် အပြစ်ပေးမည်ဖြစ်သည်။ အနှေးနှင့်အမြန် လက်စားချေမည်သာ!
သူမကို ဘယ်သူက အနိုင်ကျင့်ခဲ့သလဲ၊ သူမက ပြန်ပြီး အနိုင်ကျင့်ပြမည်!
သူမသည် ဒုတိယအကြိမ် အသက်ရှင်ခွင့်ရလာသော ချန်ချင်းယွီဖြစ်ရာ၊ ဤကိစ္စကို သေချာပေါက် အကောင်အထည်ဖော်မည် ဖြစ်သည်။
"ငါ့ကို အသေးစိတ်ပြောပြစမ်းပါဦး! ငါ ဒါတွေ ဘာမှမသိခဲ့ဘူး။ အရင်က ကျန့်ဝမ် အလုပ်ကပြန်လာရင် ဘာလို့ ဒီလောက်တောင် ပင်ပန်းနေရတာလဲလို့ ငါ စဉ်းစားနေတာ။ အခု ငါလည်း အလုပ်လုပ်နေတာပဲ၊ ဒီလောက်မပင်ပန်းပါဘူး။ ဒါပေမဲ့ ကျန့်ဝမ်ကို ကြည့်ပါဦး! သူက အမြဲတမ်း အားပြတ်နေတာ။ ဒါကြောင့်ကိုး! နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေ ရှိနေတာကိုး! တောက်! သူတို့ကို ဒီအတိုင်း လွှတ်မထားဘူး၊ ငါ သေချာပေါက် အလွတ်မပေးဘူး!!!"
အဘွားကြီးကျောက်မှာ ထိုအကြောင်းများကို မသိခဲ့သဖြင့် ယခုမူ တဆတ်ဆတ်တုန်အောင် ဒေါသထွက်နေရှာသည်။
"တောက်! ဘယ်လိုလူစားတွေလဲ၊ ဒါ ဘယ်လိုလူစားတွေလဲအေ..."
"အမေလည်း သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့ဦး"
ချန်ချင်းယွီ ဖျောင်းဖျလိုက်၏။
"ငါက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ? ငါ့သား စက်ရုံမှာ အနိုင်ကျင့်ခံနေရတာကို ငါက ဘာမှမသိခဲ့ရဘူး၊ ဟီး... ဟီး... သူသာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက ရာထူးတိုးခဲ့ရင် တို့မိသားစု အခြေအနေက အခုထက် အများကြီး ပိုကောင်းနေမှာပေါ့။ ပိုက်ဆံတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားရသလဲ? ငါ ဒေါသမထွက်ဘဲ နေနိုင်မလား?"
အဘွားကြီးကျောက်မှာ တကယ်ပင် ဒေါသထွက်နေခြင်း ဖြစ်သည်။
ချန်ချင်းယွီမှာ မျက်မှောင်ကြုတ်လျက် အဘွားကြီးကျောက်ကို ကြည့်နေမိ၏။ သူမ အဓိကအချက်ကို ဖမ်းမိလိုက်ပြီ။ အဘွားကြီးကျောက်သည် လင်းကျန့်ဝမ် မတရားခံရသည်ကို သနားသည်မှာ မှန်သော်လည်း ရာထူးမတက်သဖြင့် ဝင်ငွေနည်းသွားသည်ကို ပို၍ နှမြောတသဖြစ်နေခြင်းပင်။
ချန်ချင်းယွီ၏ မျက်နှာထားမှာ အေးစက်သွားပြီး အဘွားကြီးကျောက်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
အဘွားကြီးကျောက် ဆက်တိုက်ဆဲဆိုနေရင်းမှ ချန်ချင်းယွီ၏ အေးစက်လှသော အမူအရာကို မြင်သွားသောအခါ
"နင်... နင်က ဒါဘာသဘောလဲ?"
ချန်ချင်းယွီ ခေါင်းကို ခါယမ်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်
"အမေ သိသွားပြီဆိုရင်လည်း သိတဲ့အတိုင်းပဲ ငြိမ်ငြိမ်နေပါ။ ကျွန်မရဲ့အလုပ်တွေကို လာပြီး မရှုပ်ပါနဲ့ဦး။ ဒီကိစ္စမှာ ဘာအတွင်းရေးတွေရှိလဲ၊ ဘယ်သူက မြှောက်ပင့်ပေးခဲ့တာလဲဆိုတာ ကျွန်မ ထပ်စုံစမ်းရဦးမယ်။ ဘယ်သူက နောက်ကွယ်ကနေ နှောင့်ယှက်ခဲ့တာလဲဆိုတာသာ သိလိုက်လို့ကတော့ သူ့ကို သေချာပေါက် အလှပြင်ပေးလိုက်မယ်"
အဘွားကြီးကျောက် ပြန်ပြောချင်သော်လည်း ချန်ချင်းယွီ၏ မျက်လုံးများကို မြင်သောအခါ အကြည့်လွှဲလိုက်ပြီး
"အေး... အေးပါလေ။ ဒါပေမဲ့ တစ်ခုခု ထူးခြားတာရှိရင် ငါ့ကို ပြောပြရမယ်။ အဲဒီအကောင်ကို နှိပ်ကွပ်တဲ့နေရာမှာ ငါလည်း နင်နဲ့အတူ ပါမယ်! အဲဒီ အကောင်စုတ်!"
သူမ ချက်ချင်းပင် ဆက်ပြောကာ
"ဒါ တို့ဝင်းထဲက လူတွေနဲ့ သေချာပေါက် ပတ်သက်နေမှာပဲ။ ဒီလောက် ယုတ်မာပက်စက်တဲ့ အကောင်တွေ၊ သေချင်းဆိုးတွေ"
ဤတစ်ကြိမ်တွင်မူ ချန်ချင်းယွီ ဘာမှပြန်မပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေမိ၏။
အဘွားကြီးကျောက် ချက်ချင်းပင် တတွတ်တွတ် ရေရွတ်ဆဲဆိုနေသည်။
"သူတို့ စောင့်နေကြစမ်းပါ၊ ဟဲဟဲ... ငါသာ ဟင်းခပ်တဲ့နေရာမှာ နေရာရပြီဆိုရင်တော့ သူတို့ကို ဟင်းခပ်ဇွန်းနဲ့ ကောင်းကောင်းကြီး ပညာပြလိုက်မယ်။ သူတို့အလုပ်ရုံ အကြီးအကဲရော၊ ကျန့်ဝမ်ရဲ့ ဆရာရော... အကောင်းတွေ မဟုတ်ဘူး။ ငါ သူတို့ကို ဟင်းခပ်ဇွန်းနဲ့ ဘယ်လို ပညာပြမလဲဆိုတာ ကြည့်နေလိုက်၊ သေချာပေါက် လုပ်ပြမယ်!!!"
အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့်
"နင်လည်း ငါ့ကို ထောက်ခံတယ်မလား? ငါ သိသားပဲ၊ ကျန့်ဝမ် ကိစ္စမှာဆိုရင် တို့ ယောက္ခမနဲ့ ချွေးမက စိတ်တူကိုယ်တူပဲ၊ ငါက..."
"အစ်မကြီး၊ ကျောက်တာ့ရာရေ၊ အိမ်မှာ ရှိလား?"
အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသဖြင့် အဘွားကြီးကျောက်က ခေါင်းပြူကြည့်ကာ အော်မေးလိုက်၏။
"ဘယ်သူလဲ? ပြောစရာရှိရင် ပြော၊ ဘာကိစ္စလဲ!"
ခေါ်လိုက်သူမှာ အဘိုးကြီးကျန်း ဖြစ်ပြီး အဘိုးကြီးကျန်းသည် သူ့မြေးမလေး ကျန်းမုန့်မုန့်ကို လက်ဆွဲလာခြင်းဖြစ်သည်။ ကျန်းမုန့်မုန့်မှာ ဆံပင်နှစ်ဖက်ကို ဆိတ်ချိုပုံစံ စည်းထားပြီး အဘိုးဖြစ်သူဘေးမှ လိုက်လာ၏။ အိမ်ရှေ့သို့ ရောက်သည်နှင့် နှာခေါင်းကို တရှုံ့ရှုံ့လုပ်ကာ အသားဟင်းနံ့ မရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။
အဘိုးကြီးကျန်းမှာ ပြုံးစစဖြင့်
"အစ်မကြီးကျောက်ရေ၊ ကြည့်ပါဦး၊ ကျုပ်သားက ဒဏ်ရာရနေတယ်၊ မိန်းမကလည်း ဆေးရုံမှာ လိုက်စောင့်နေရတယ်လေ။ ချွေးမကလည်း ရထားနဲ့ အနယ်နယ်အရပ်ရပ် သွားနေရလို့ ပြန်မလာသေးဘူး။ ကျုပ်လို အဘိုးကြီးတစ်ယောက်က ကလေးကို ဘယ်လို စောင့်ရှောက်တတ်မှာလဲ။ အဲဒါကြောင့် ကလေးကို ခင်ဗျားတို့အိမ်မှာ ရက်အနည်းငယ်လောက် လာထားလို့ ရမလားလို့ တိုင်ပင်ချင်လို့ပါ။ ခင်ဗျားတို့ရဲ့ ချွေးမလေးကလည်း အလုပ်မသွားဘူးဆိုတော့ ကလေးကို ကူထိန်းပေးလို့ ရတာပေါ့"
သူသည် အားနည်းသူကို ရွေးပြီး အနိုင်ကျင့်ချင်နေခြင်း ဖြစ်သည်။
ယမန်နေ့ညက ပိုင်ဖုန်းရှန်းကို စော်ကားခဲ့သဖြင့် ဝင်းကြီး၏ အုပ်ချုပ်ရေးမှူး မိသားစုမှာ ယနေ့တွင် သူတို့ကို ကူညီမည်မဟုတ်သည်မှာ သေချာသည်။ ပုံမှန်ဆိုလျှင် ရှီကျန့်ရှန်းကို အပ်နှံနိုင်သော်လည်း၊ အဘိုးကြီးကျန်းမှာ မြေခွေးအိုကြီးဖြစ်သည့်အလျောက် မနေ့ညက ကိစ္စကြောင့် ရှီကျိန်းရှန့် စိတ်ဆိုးနေမည်ကို သိသဖြင့် ထိုသို့လုပ်ရန် မသင့်တော်ဟု တွေးမိ၏။
အကယ်၍ ကလေးကို တစ်နေ့လုံး ကူထိန်းပေးမည့်သူကို ရှာမည်ဆိုလျှင် ရှေ့ဝင်းမှ လင်စန်းရှင်း (သို့မဟုတ်) ယခုကဲ့သို့ မုဆိုးမနှင့် ယောက္ခမတို့သာ ရှိသော ဤမိသားစုက အဆင်ပြေဆုံးဟု သူ ယူဆလိုက်သည်။
သူသည် ပြောမပြတတ်သော စိတ်ကူးတစ်ခုဖြင့် သူတို့အိမ်သို့ တိုက်ရိုက် ရောက်လာခြင်းပင် ဖြစ်၏။
မျက်နှာမှာ ပြုံးစစဆိုသော်လည်း အဘိုးကြီး၏ မျက်လုံးများမှာ အလွန်ကို ရွံစရာကောင်းလှသည်။ ဤအဘိုးကြီးမှာ သူ့သားနှင့် တစ်ပုံစံတည်းပင်၊ ကျန်းရှင်းဖှ
သည်လည်း သူ့အဖေနှင့် တကယ့်ကို တူလှ၏။ သားအဖနှစ်ယောက်လုံးမှာ လူကောင်းများ မဟုတ်ကြပေ။
အဘွားကြီးကျောက် ငြင်းလိမ့်မည်ဟု အဘိုးကြီးကျန်း လုံးဝမထင်ထားပေ။ အကြောင်းမှာ သူ့အမြင်တွင် ကလေးထိန်းရသည်မှာ ဘာမှမခက်ခဲဟု ယူဆထားပြီး ကလေးတစ်ယောက်ကြည့်ရသည်ဖြစ်စေ၊ နှစ်ယောက်ကြည့်ရသည်ဖြစ်စေ အတူတူပင်ဟု ထင်မြင်လေသည်။ ထို့ပြင် အဘွားကြီးကျောက်ကိုယ်တိုင် ထိန်းရမည်မဟုတ်ဘဲ သူမ၏ချွေးမငယ်လေးကသာ လုပ်ရမည်ဖြစ်ရာ သူမ ငြင်းစရာအကြောင်းမရှိဟု သူ ထင်နေ၏။
"ကျုပ်မြေးမလေး မုန့်မုန့်က ခြောက်နှစ်ရှိပြီဆိုတော့ သိပ်ပြီး ဂရုစိုက်နေစရာမလိုပါဘူး။ နေ့ဘက်ဆိုရင်လည်း လူမှောင်ခိုသမားတွေ ခေါ်မသွားအောင် ကြည့်ပေးရုံပါပဲ။ ညဘက်ဆိုရင်လည်း အိပ်စရာနေရာလေး တစ်ခုရှိရင် ရပါပြီ"
အဘိုးကြီးကျန်းက ဆက်၍
"စားဖို့သောက်ဖို့ကတော့ ခင်ဗျားတို့ အဆင်ပြေတာ ကျွေးလိုက်ပါ။ နည်းနည်းပါးပါး ကျွေးရင် ရပါပြီ"
သူသည် ရိက္ခာပင် ထုတ်ပေးရန် စိတ်မကူးဘဲ အလွန်ပင် မျက်နှာပြောင်လှပေသည်။
အဘွားကြီးကျောက်မှာ ထိုသို့သော အမြတ်ထုတ်မှုကို ခံရလိမ့်မည်ဟု အမှန်ပင် မထင်မှတ်ထားပေ။ သူမ၏ မျက်လုံးများမှာ ပြူးထွက်သွားပြီး ချက်ချင်းပင် ဆဲဆိုတော့၏။
"ခွေးသူတောင်းစားကျန်း နင်ကတော့ တကယ့်ကို အရှက်မရှိတဲ့ အကောင်ပဲ။ တောက်! ငါ့အိမ်ကို လာပြီး ကြံစည်နေတာပေါ့လေ? ငါတို့မိသားစုကို အနိုင်ကျင့်လို့ကောင်းတယ်လို့ ထင်နေတာလား? နင့်ကလေးကို ငါတို့က ထိန်းပေးရမယ် ဟုတ်လား? ထမင်းပါ ကျွေးရဦးမယ် ဟုတ်လား? နင်ကတော့ တကယ့်ကို မျက်နှာပြောင်တာပဲ! နင် သေချင်းဆိုး၊ နင့်မျက်နှာကိုယ်နင် မှန်ထဲမှာ ပြန်ကြည့်ပါဦး၊ ထွီ!! နင်က အဲဒီလောက် မျက်နှာပန်းလှနေလို့လား? နင့်ဦးနှောက်ကို ခွေးစားသွားပြီလား? ဒါမှမဟုတ် မနက်က မစင်စားလာတာလား၊ ငါ့ကို ဒီလိုစကားမျိုး လာပြောရဲအောင်? နင်က ရုပ်ဆိုးသလောက် စိတ်ကူးကတော့ ယဉ်လှချည်လား"
အဘွားကြီးကျောက် ခါးထောက်ပြီး ဆဲဆိုလိုက်သောအခါ ဝင်းထဲမှ လူများမှာ ချက်ချင်းပင် စုရုံးရောက်ရှိလာကြသည်။
အင်း... သူတို့ဝင်းထဲက "အိမ်နီးချင်းချင်း ရင်းနှီးချစ်ကြည်မှု" ကတော့ ဤအတိုင်းပင်…
အဘွားကြီးကျောက် : "နင်ကတော့ ခွေးကိုက်ခံရလို့ ခွေးရူးပြန်နေပြီ ထင်တယ်! ငါတို့ကို နင့်ကလေး ကျွေးခိုင်းရအောင်..."
ချန်ချင်းယွီ စကားလမ်းကြောင်းကို ဖြတ်ပြီး ဝင်ပြောလိုက်၏။
"ကျွန်မတို့အိမ်ကတော့ မကျွေးနိုင်ပါဘူး။ ကြားတာတော့ ဒီမနက်တင် အဒေါ်ကြီးပိုင်တို့အိမ်က ကွတ်ကီးတစ်ဗူးလုံးကို စားပစ်လိုက်တယ်ဆို~"
ဤကိစ္စကို အဘွားကြီးကျောက် မသိသေးပေ။ သူမ မနက်က အလုပ်သွားနေခဲ့သည် မဟုတ်ပါလား။
အဘွားကြီးကျောက်၏ မျက်လုံးများမှာ ပို၍ပင် ပြူးသွားကာ
"ဘာ! ကွတ်ကီးတွေ ခိုးစားတယ် ဟုတ်လား? နင့်မိသားစုကတော့ တကယ့်ကို တွယ်ကပ်တတ်တာပဲ!"
"ဘာဖြစ်ကြတာလဲ? ဘယ်သူက ဒီအဘွားကြီးကို သွားစပြန်ပြီလဲ၊ ဘာလို့ ဆဲနေရတာလဲ?"
"ထမင်းစားတဲ့ ကိစ္စလို့ ကြားမိသလိုပဲ၊ ဘာဖြစ်တာလဲဟ?"
"ဘာတွေလဲအေ၊ ပြောကြပါဦး?"
လူတိုင်း ဝိုင်းမေးကြသောအခါ ချန်ချင်းယွီက လေသံတိုးတိုး၊ အမူအရာ နွဲ့နွဲ့နှောင်းနှောင်းဖြင့် အလွန်ပင် စိုးရိမ်ပူပန်နေဟန် ပေါက်ကာ ပြောလိုက်လေသည်။
"ဦးလေးကျန်းက သူ့မြေးမလေး မုန့်မုန့်ကို ကျမတို့အိမ်မှာ လာအပ်ချင်လို့ပါတဲ့"
သူမသည် အဘိုးကြီးကျန်းကို ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်ပြီးမှ ပြန်ငုံ့ကာ
"ရက်အနည်းငယ်လောက် ထိန်းပေးပါတဲ့၊ ကျွန်မတို့အိမ်ကပဲ ကျွေးမွေးရမယ်၊ ကျွန်မတို့အိမ်မှာပဲ အိပ်ရမယ်တဲ့။ ကျွန်မယောက္ခမကတော့ မကျေနပ်ဘူးလေ..."
သူမသည် နှုတ်ခမ်းကို ကိုက်လျက် အိုက်တင်အပြည့်ဖြင့်
"ကျွန်မတို့ကိုယ်တိုင်တောင် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာပါ။ အိမ်နီးချင်းကို ကူညီဖို့ တကယ်ပဲ အင်အားမရှိပါဘူး"
သူမသည် ခေါင်းငုံ့ထားသဖြင့် ပခုံးလေးများ တုန်နေသည်မှာ ငိုနေသည့်ပုံ ပေါက်နေတော့သည်။
အမှန်ပင်၊ အားနည်းသူဘက်မှ ရပ်တည်တတ်ကြသည်မှာ လူ့သဘာဝပင် ဖြစ်၏။
"တောက်!"
"ဒါကတော့ တကယ့်ကို အနိုင်ကျင့်လွန်းရာ ကျတာပဲ။"
"နင့်ဘာသာ နင် ကလေးမထိန်းတတ်ဘူးလား? တကယ့်ကို လူမဆန်တဲ့ လုပ်ရပ်ပဲ! ဒါက ဟိုဘက်မှာ ယောက်ျားမရှိတော့တာကို အခွင့်ကောင်းယူပြီး အိမ်အထိ လာအနိုင်ကျင့်တာ မဟုတ်လား?"
"ဘယ်သူက လက်ခံမှာလဲ၊ နင့်အိမ်မှာလည်း လူမရှိတာ မဟုတ်ဘဲနဲ့ ဘာလို့ တခြားလူအိမ်မှာ အလကား လာနေ၊ လာစားခိုင်းရတာလဲ! အဘွားကြီးကျောက်တင် မကဘူး၊ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး! ဘယ်လို မိသားစုမျိုးလဲမသိဘူး၊ အိမ်နီးချင်းရဲ့ မြေးမလေးကိုပါ ကျွေးထားခိုင်းရတယ်လို့။ အဲဒီကလေးက လိမ္မာရင်တောင် တော်သေးတယ်၊ အခုတော့ ခြေဆော့လက်ဆော့ကရှိသေး..."
"ဟုတ်ပါ့!"
"အဘိုးကြီးကျန်း၊ ရှင်တို့က ဘာဖြစ်နေတာလဲ၊ ဘယ်လိုလုပ်ပြီး လူကို ဒီလောက်အထိ အနိုင်ကျင့်ရတာလဲ? ရှင့်မြေးမလေးက မနေ့က အဘွားကြီးပိုင်တို့အိမ်မှာ အိပ်တုန်းကလည်း သူတို့ကွတ်ကီးတွေကို ခိုးစားတယ်၊ ဆီးအိုးထဲမှာ အလေးသွားတယ်၊ ပြီးတော့ သူတို့သမီးရဲ့ မှတ်စုစာအုပ်ကို ဆွဲဖြဲပြီး အိမ်သာသုံးစက္ကူ လုပ်ပစ်ခဲ့တာလေ။ ဒီလိုကလေးမျိုးကို ဘယ်သူက အိမ်ထဲ အခေါ်ခံရဲမှာလဲ"
အဒေါ်ကြီးမေ့မှာ စောင်းမြောင်းပြောလိုက်၏။
"ဟုတ်ပတ်အေ!"
"ကလေးကို မဆုံးမတတ်လိုက်တာလည်း လွန်ရော။"
"နင့်အိမ်မှာ လူမရှိတာမှ မဟုတ်ဘဲနဲ့၊ ဘာလို့ ကလေးကို တခြားလူဆီ လာအပ်နေတာလဲ... ဒါက လူကို အနိုင်ကျင့်တာ မဟုတ်ရင် ဘာလဲ?"
...
လူတိုင်း တတွတ်တွတ် ပြောနေကြပြီး အဘွားကြီးကျောက်ကဲ့သို့ ထမင်းစားဆောင်တွင် အလုပ်လုပ်ရ၍ စောစောထွက်သွားသူများက မသိသော်လည်း၊ အိမ်တွင်ရှိနေသူ အတော်များများမှာ ထိုကလေးမလေး၏ "စွမ်းဆောင်ချက်" များကို ကြားသိထားကြသဖြင့် အားလုံးမှာ ရွံရှာနေကြပြီး ဝိုင်းပြောနေကြခြင်း ဖြစ်သည်။
အဘွားကြီးကျောက်မှာ မူလက မသိသော်လည်း ယခုမူ အခြေအနေကို ရှင်းရှင်းလင်းလင်း သိသွားပြီဖြစ်၏။
ကောင်းပြီလေ!
ဒီလိုကိစ္စတွေ ရှိနေတာကိုး။
သူမသည် မိမိသားဖြစ်သူ အလုပ်တွင် အနိုင်ကျင့်နှိပ်ကွပ်ခံခဲ့ရသဖြင့် ဒေါသထွက်နေရသည့်အပြင်၊ ယခု ဤအဘိုးကြီးကပါ လာပြီး အမြတ်ထုတ်ရန် ကြံစည်နေသည်ကို မြင်လိုက်သောအခါ ရုတ်တရက် ဒေါသပေါက်ကွဲသွားတော့သည်။ သူမသည် အဘိုးကြီးကျန်းပေါ်သို့ ဝုန်းခနဲ ခုန်အုပ်လိုက်ရာ အဘိုးကြီးကျန်းမှာ အော်ဟစ်လိုက်ရ၏။
"အား!"
သူသည် လုံးဝမမျှော်လင့်ထားသဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။ အဘွားကြီးကျောက်၏ လက်များလည်း ချက်ချင်းပင် ရောက်လာကာ တရစပ် ကုတ်ခြစ်လေ၏။
"သေလေ! ငါ့အိမ်ကို လာပြီး ကြံစည်ဦးမလား! ငါတို့မိသားစုကို အနိုင်ကျင့်ဦးမလား! လာပြီး စကားတွေ များနေဦးမလား! ဒီအဘိုးကြီးကို ငါ ကုတ်သတ်ပစ်မယ်!"
"ခင်များ ဘာလုပ်တာလဲ? အား! ခင်များ... ခင်များ... ကျုပ်ကို အခုချက်ချင်း လွှတ်စမ်း၊ မဟုတ်ရင် ကျုပ်ပြန်ရိုက်မှာနော်"
အဘိုးကြီးကျန်း ရုန်းကန်နေပြီး သူသည်လည်း အလုပ်ရုံ အလုပ်သမားတစ်ဦးဖြစ်ရာ အားအင်ရှိပေ၏။ သူသည် အဘွားကြီးကျောက်ကို အားဖြင့် တွန်းထုတ်လိုက်သည်။
အဘွားကြီးကျောက်မှာ တွန်းထုတ်ခံရသဖြင့် ယိုင်သွားသော်လည်း လုံးဝမကြောက်ပေ။ ဆာလောင်နေသော ကျားသစ်တစ်ကောင်ကဲ့သို့ ပြန်လည်ခုန်အုပ်လိုက်ပြီး အဘိုးကြီးကျန်းအပေါ်တွင် ခွထိုင်ကာ လက်တစ်ဖက်က ဆံပင်ကို ဆွဲပြီး ကျန်လက်တစ်ဖက်က ပါးကို ဖြန်းခနဲ၊ ဖြန်းခနဲ ရိုက်တော့၏။
"နင် ငါ့ကို တွန်းတယ်၊ ငါ့ကို တွန်းဦးမလား! နင် ဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိဘူးလို့ ထင်နေလား? ငါတို့အိမ်မှာ ယောက်ျားသားမရှိတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်ချင်တာမလား? ဘာလဲ? လွတ်လပ်ရေးရတာ ဘယ်လောက်ကြာပြီလဲ၊ နင်က ငါ့အိမ်ကလူတွေကို အစေခံလုပ်ခိုင်းချင်တာလား? ငါတို့ကို ကလေးထိန်းခိုင်းရအောင် နင်က ဘာကောင်မို့လို့လဲ? ဘာလဲ? နင်ကိုယ်နင် မြေရှင်ကြီးလို့ ထင်နေပြီး ငါတို့ကို အောက်လက်ငယ်သားလို့ ထင်နေတာလား? ကလေးထိန်းခိုင်းရအောင်! နင့်အိမ်က သူခိုးကလေးကို ငါက ထိန်းပေးရမယ် ဟုတ်လား၊ နင့်အမေကိုပဲ သွားထိန်းခိုင်းလိုက်!"
သူမတစာစာ အော်ဟစ်ဆဲဆိုနေ၏။
"ငါ့ပိုက်ဆံနဲ့ နင့်ကလေးကို ကျွေးရမယ် ဟုတ်လား? နင့်ရဲ့ တွက်ကိန်းတွေက မိုးလောက်ကြီးပဲ!ဒီနေ့တော့ ဒီလို စိတ်ပုပ်တဲ့ အဘိုးကြီးကို ငါ ကုတ်သတ်ပစ်မှ ဖြစ်မယ်!"
"နှုတ်သီးကောင်းလျှာပါး မိန်းမကြီး၊ ကျုပ်ကို မဟုတ်မတရား စွပ်စွဲမနေနဲ့..."
အဘိုးကြီးကျန်းမှာ အရိုက်ခံရသဖြင့် ဒေါသထွက်ကာ အဘွားကြီးကျောက်ကို ပြန်လည်တွန်းဖယ်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်
ဖြတ်ခနဲ...
အင်္ကျီကြယ်သီးများ လွင့်ထွက်သွားပြီး အင်္ကျီမှာ ပွင့်ဟသွားသည်။
အဘွားကြီးကျောက် : "ကောင်းပြီလေ! ငါ့အင်္ကျီကိုတောင် ဆွဲဖြဲရဲတယ်ပေါ့! အား... အား! ဒီအဘွားကြီးက နင့်ကို လုံးဝ အလွတ်မပေးဘူး! နင်လို တဏှာရူး၊ ငါသိတယ်၊ ငါသိတယ်၊ နင် ငါ့အပေါ် စိတ်ရှိနေတာ ငါသိတယ်! ငါက သစ္စာရှိတဲ့ မိန်းမမြတ်မို့ နင့်အကြံကို အောင်မြင်ခွင့်မပေးဘူး! ငါ့ရဲ့ သံခေါင်းနဲ့ တိုက်တာကို ခံစားလိုက်စမ်း!!!"
သူမသည် ခေါင်းငုံ့ပြီး အဘိုးကြီးကျန်းကို သူမ၏ဦးခေါင်းဖြင့် ဒုန်းခနဲ၊ ဒိုင်းခနဲနေအောင် ဆောင့်တိုက်လိုက်လေသည်။
အဘိုးကြီးကျန်း : "ဘုရားရေ!"
ကျန်းမုန့်မုန့်မှာ ဘေးမှနေ၍ တစာစာ အော်ငိုလိုက်၏။
"အဘိုးကို သတ်ကုန်ကြပြီ!"
ချန်ချင်းယွီ ပို၍ပင် ကျယ်လောင်စွာ အော်လိုက်လေသည်။
"ယောက္ခမရေ! အမေ့ရဲ့ သိက္ခာတွေတော့ သွားပါပြီရှင်!!!"
၃၀။ စွပ်စွဲတာပါဗျာ!
"အမေရေ!! အမေ့ရဲ့ သိက္ခာလေးတော့ သွားပါပြီ!"
ချန်ချင်းယွီ အော်ဟစ်ငိုယိုပြီး မြည်တမ်းလိုက်၏။
အဘွားကြီးကျောက်မှာလည်း လိုက်အော်ပြီး ငိုလိုက်ကာ
"အဘိုးကြီးရေ၊ မြန်မြန်ပြန်လာပါဦး! ရှင့်မိန်းမ အစော်ကားခံနေရပြီ! ဒီအရှက်မရှိတဲ့ လူအိုလူရမ်းကားက ကျွန်မအင်္ကျီကို ဆွဲဖယ်တယ်! ကျွန်မရဲ့ သိက္ခာ! ကျွန်မ ကျောက်တာ့ရာ တစ်သက်လုံး သိက္ခာရှိရှိ နေလာတာ! နင့်ကို ဒီအတိုင်း အလွတ်မပေးနိုင်ဘူး! ကျွန်မအင်္ကျီကို ဘယ်လိုဆွဲဆုတ်သွားလဲ လူတိုင်းကို ပြမယ်၊ နင် ငါ့ကို ဘယ်လိုနှာဘူးထလဲဆိုတာ အားလုံးသိစေရမယ်! ဒီနေ့တော့ ပန်းတွေ ဘာလို့နီလဲဆိုတာ နင် ကောင်းကောင်း သိစေရမယ်! နင်က ငါ့အပေါ် စိတ်ကူးယဉ်နေတာလား? ပြောထားလိုက်မယ်၊ စိတ်တောင်မကူးနဲ့!"
သူမသည် လက်များကို ရမ်းခါရင်း တကယ့်ကို ကြောက်စရာကောင်းလှသည်။
ယခုအချိန်၌ အဘွားကြီးကျောက်တစ်ယောက် မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ကုတ်ဖဲ့၊ ထိုးကြိတ်ပြီး သောင်းကျန်းနေလေ၏။
"နင်လိုနှာဘူးအိုကြီး၊ ငါ နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး! အဘွားကြီးဟွမ်က ငါနဲ့ အမြဲ တိုက်ခိုက်ဖြစ်နေတာ နင် ငါ့ကို ကြိုက်နေလို့ဆိုတာ ငါသိတယ်! သူက မနာလိုဖြစ်နေတာ! ပြောထားလိုက်မယ်၊ နင်က ဒီအကွက်ကိုသုံးပြီး ငါနဲ့ ပတ်သက်ဖို့ ကြိုးစားနေတာလား။ အိမ်မက်တောင် မမက်နဲ့! စိတ်ကူးထဲတောင် ထည့်မစဉ်းစားနဲ့! ငါကတော့ ကျောက်ဆောင်လို ခိုင်မြဲနေဦးမှာပဲ!"
အဘွားကြီးကျောက်၏ အသံကြီးက ဟိန်းထွက်နေသည်။ သူမရန်မှ လိုက်ရှောင်နေရသော အဘိုးကြီးကျန်းမှာမူ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အရှက်ရလွန်း၍ မြေကြီးထဲ တိုးဝင်ချင်စိတ် ပေါက်နေ၏။ သူလည်း ဒေါသထွက်လွန်း၍ အသက်ကို ပြင်းပြင်းရှူနေရပြီး
"စွပ်စွဲချက်! ဒါ သက်သက်မဲ့ စွပ်စွဲတာ!"
"ပါးစပ်ပိတ်ထား! ငါက နင့်ကို စွပ်စွဲတာလား? ငါ့အင်္ကျီကို ဆွဲတာက စွပ်စွဲတာလား? ပြောစမ်း! ငါ့အင်္ကျီကြယ်သီးတွေ ပြုတ်ထွက်သွားတာကရော စွပ်စွဲတာလား? နင် ငါ့ကို စိတ်ကူးယဉ်နေတာ ငါသိတယ်၊ ငါသိပြီးသား!"
အဘိုးကြီးကျန်း : "!!!"
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် အဘွားကြီးကျောက်ကို နားမလည်နိုင်သလို ကြည့်နေကြသည်။ ဇာတ်လမ်းမှာ ဘယ်လိုကနေ ဘယ်လို ဒီအခြေအနေထိ ရောက်သွားမှန်း မသိသော်လည်း... နားထောင်ကြည့်သောအခါ ဟုတ်သလိုလို? အတန်ကြာတော့မှ သူတို့အားလုံး တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသလို အမူအရာမျိုး ဖြစ်လာကြ၏။
အဘိုးကြီးကျန်းရဲ့ အကြိုက်က တကယ်ကို ထူးဆန်းတာပဲ!
အဘိုးကြီးကျန်း : "!!!"
သူသည် ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။ စွပ်စွဲချက်၊ အောက်တန်းကျတဲ့ စွပ်စွဲချက်ပဲ!
ကျုပ်က မျက်စိကန်းနေလို့လား!!
ကျုပ်က ဆွဲဆောင်မှုရှိတဲ့ အဘွားကြီးတွေကို မကြိုက်ဘဲ ဒီလိုဟာမျိုးကိုမှ ကြိုက်မလားဗျာ!!
ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဝင်းထဲက အဘွားကြီးတွေထဲမှာ အဘွားကြီးကျောက်က ရုပ်အဆိုးဆုံးပဲ!!
ငါ့မိန်းမ အဘွားကြီးဟွမ်လောက်တောင် ရုပ်
မရှိဘူး။
‘ဒီအဘွားကြီးကျောက်က ပိန်ကပ်ကပ်နဲ့ ကြည့်ရုံနဲ့တင် စိတ်ပုပ်တဲ့ပုံ ပေါက်နေတာကို!
ဆံပင်ကလည်း ဖြူ၊ မျက်လုံးကလည်း စွေစောင်းစောင်း၊ ပါးရိုးကလည်း မြင့်၊ နှုတ်ခမ်းကလည်း ပါး၊ လင်ကို ဒုက္ခပေးမယ့် ရုပ်မျိုး။ ဒီလိုအဘွားကြီးမျိုးကို အခုနေနေသာသာ ပျိုပျိုရွယ်ရွယ် မုဆိုးမဖြစ်ခါစကတောင် ဘယ်သူမှ လှည့်ကြည့်မှာ မဟုတ်ဘူး’
အဘွားကြီးကျောက်လိုဟာမျိုးက ဂျပန်တွေ မြို့ထဲဝင်လို့ မိန်းမတွေဖမ်းရင်တောင် စိတ်ချလိုက်ကြ!!
တကယ့်ကို (ယောက်ျားရန်ကနေ) လုံခြုံမှုအရှိဆုံးပဲ!
သူ့တစ်ကိုယ်လုံးကို စကားလေးလုံးနဲ့ အကျဉ်းချုပ်ရရင် လျှာစောင်းထက်စိတ်ပုပ်တဲ့ဟာမကြီးပဲ!!
ရုပ်ကိုက စိတ်ပုပ်မယ့်ပုံ ပေါက်နေတာ၊ အခုဆိုရင် ပိုတောင်ဆိုးသေးတယ်၊ ဆင်ခြင်တုံတရားမရှိဘဲ ရန်တွေ့နေတာ။ တကယ့်ကို လူကောင်းမဟုတ်ဘူး၊ မြင်ရုံနဲ့တင် အန်ချင်စရာကြီး!
ကျုပ်ကသာ ဒီလိုလူမျိုးကို စိတ်ကူးယဉ်နေတယ်ဆိုရင် ကျုပ်ရူးနေလို့ပဲ ဖြစ်ရမယ်!! ကျုပ်မရူးဘူးဗျ။
လောကကြီးမှာ ဒီမိန်းမတစ်ယောက်တည်း ရှိတော့ရင်တောင် ကျုပ် မလိုချင်ပါဘူးဗျာ!! ဟုတ်ပြီလား!
အဲ့ဒီအစား ခေါင်းတုံးတုံးပြီး ဘုန်းကြီးပဲ သွားဝတ်လိုက်မယ်!
ကျုပ် မိန်းမလိုက်စားရင်တောင် မျက်စိတော့ ရှိသေးတယ်!
ကန်းနေတာ၊ ကန်းနေတာ မဟုတ်ဘူးဗျ!
သူ့ကို စိတ်ကူးယဉ်နေတယ် ဟုတ်လား?!! ပြောရဲလှချည်လား!
"အိပ်မက်ယောင်မနေနဲ့! ကျုပ် ခင်များကို လှည့်တောင် မကြည့်ဘူး!"
"နင်က ငါ့ကို လှည့်မကြည့်ဘူးဟုတ်လား? လှည့်မကြည့်ရင် ဘာလို့ ငါ့နား လာကပ်ပြီး အင်္ကျီကို တမင်သက်သက် ဆွဲတာလဲ? ကောင်းပြီလေ။ နင် ငါ့အပေါ် မရိုးသားတဲ့ ရည်ရွယ်ချက်ရှိနေတာ ငါသိတယ်၊ အခုတော့ အမှန်ပဲ! ငါက သိက္ခာရှိရှိ နေလာတာ၊ နင်တော့ သေလိုက်တာကမှ ကောင်းဦးမယ်!"
သူမ၏ ဦးခေါင်းဖြင့် အဘိုးကြီးကျန်း၏ နဖူးကို အားရပါးရ တိုက်လိုက်ရာ အဘိုးကြီးကျန်းမှာ မူးဝေသွားရသည်။
အဘိုးကြီးကျန်း ဟိန်းဟောက်လိုက်ပြီး
“ခင်များကမှ ရူးနေတာ! ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်ဦး! ကျုပ်က ခင်များကို ကြိုက်မယ်များ ထင်နေလား?"
"ဒါဆို ဘာလို့ ငါ့အင်္ကျီကို ဆွဲတာလဲ? နင်က နှာဘူး အစုတ်ပလုတ်ပဲ!"
"ဖယ်စမ်း!"
"အား!"
"နင်က ငါ့ကို တွန်းရဲတယ်ပေါ့! နင့်ကို အသေကိုက်ပစ်မယ်..."
အဘွားကြီးကျောက်က ခေါင်းငုံ့ပြီး အဘိုးကြီးကျန်း၏ လက်ကောက်ဝတ်ကို အငြိုးနှင့် အားရပါးရ ကိုက်လိုက်လေ၏။
အဘိုးကြီးကျန်း : "အမလေးဗျို့! ဒီမိန်းမ ရူးနေပြီ၊ ခွေးရူးပဲ!"
"အွန်...!"
နင့်ကို အသေကိုက်ပစ်မယ်!
အဘိုးကြီးကျန်းမှာ နာကျင်လွန်း၍ မျက်မှောင်ကြုတ်သွားပြီး ဒေါသများအလိပ်လိုက် ပေါ်ပေါက်လာ၍ "ဂွပ်" ခနဲ အသံထွက်အောင်လက်သီး ထိုးလိုက်ရာ အဘွားကြီးကျောက်၏ ပုခုံးကို တည့်တည့်မှန်သွားပြီး သူမမှာ လန်ကျသွား၏။
"အားးးးးးးးးးး!!!"
ကျန်းမုန့်မုန့်မှာ ထိုအချင်းအရာကို မြင်လျှင် လက်ခုပ်တီးပြီး တဟားဟားရယ်ကာ နေရာမှာတင် ခုန်ပေါက်နေ၍
"ငါ့အဘိုးနိုင်ပြီ၊ ငါ့အဘိုးနိုင်ပြီ!"
ဝင်းထဲက လူအုပ်ကြီး : "..."
အဘွားကြီးကျောက်မှာ သတ္တိရှိရှိ ပြန်ထလာပြီး ပြေးဝင်တိုက်ကာ
"နင်လို နှာဘူးရူးက ငါ့ကိုတောင် ပြန်ရိုက်ရဲတယ်ပေါ့! လာလေ... နင်နဲ့ငါ အသေအကြေပဲ!"
သူမက ခြေထောက်ကို မြှောက်ပြီး ဘုန်းခနဲ ဘုန်းခနဲ နှစ်ချက်ဆင့် ကန်လိုက်ရာ... အဘိုးကြီးကျန်း၏ အချက်အခြာနေရာကို တည့်တည့်ကြီး မှန်သွားတော့သည်!
အဘိုးကြီးကျန်းမှာ မရှောင်နိုင်လိုက်ဘဲ ထိုနေရာကို အုပ်ကိုင်ကာ အသံကုန် အော်လိုက်မိလေသည်။
"အားးးးးးးးးးး!!!"
အဘွားကြီးကျောက် အားရပါးရ အော်ဟစ်ဆဲဆိုလိုက်ပြီး
"ငါက ပြည်သူ့အတွက် အန္တရာယ်ကို ရှင်းလင်းပေးတာ! နင် ငါ့ကို ခိုးချစ်နေတာမို့လို့ ငါက လက်ရှောင်ပေးမယ်လို့ မထင်နဲ့။ နင်လို ယုတ်မာတဲ့ကောင်မျိုးကို လူတိုင်းက ဝိုင်းသတ်သင့်တာ!"
"နင်... နင်..."
အဘိုးကြီးကျန်းမှာ နာကျင်လွန်း၍ ချွေးပြန်နေပြီး စကားပင် မပြောနိုင်တော့ပေ။
ဘေးက ကြည့်နေကြသည့် အမျိုးသားများမှာ ခြေလှမ်းတစ်လှမ်းစီ နောက်ဆုတ်သွားကြ၏။
အခုခေတ် အဘွားကြီးတွေ ရန်ဖြစ်တာ တကယ်ကို ကြောက်စရာကောင်းလှချည်လား!
စကားများရုံတင်မကဘဲ အဲ့ဒီနေရာကိုပါ ကန်တာဆိုတော့ မလွယ်တော့ဘူး။
ဘယ်ယောက်ျားမှာမဆို အားနည်းတဲ့နေရာလေး ရှိတာပဲလေ။
အဘွားကြီးကျောက်ကို အထင်သေးလို့ မရတော့ဘူး!
ဒီဝင်းထဲမှာတော့ သူမကို 'ပထမဆုံး စစ်နတ်ဘုရားမ' လို့တောင် ခေါ်ရမလို ဖြစ်နေပြီ!
ချန်ချင်းယွီသည်လည်း ချက်ချင်းပြေးသွားပြီး အဘွားကြီးကျောက်ကို တွဲလိုက်ကာ
"အမေ၊ ဘာဖြစ်သွားသေးလဲ?"
အဘိုးကြီးကျန်းမှာ နာကျင်လွန်း၍ ချွေးတွေထွက်နေသော်လည်း ဒေါသသည်ကား အရှိန်အဟုန်ဖြင့် တောက်လောင်နေဆဲပင်။
"နင်လို အဘွားကြီးကို ရိုက်သတ်ပစ်မယ်..."
စကားဆိုပြီး ပြေးဝင်လာသော်လည်း...
အဘွားကြီးကျောက်ထံ မရောက်ခင်မှာတင် သူ့ဘာသာသူ ခြေချော်ပြီး လဲကျသွားရှာ၏။
ချန်ချင်းယွီ သူမယောက္ခမကို တွဲပြီး အမြန်နောက်ဆုတ်လိုက်ကာ
"ကျွန်မတို့ ရှင့်ကို မထိရသေးဘူးနော်၊ ရှင့်ဘာသာရှင် လဲတာ"
အဘိုးကြီးကျန်း ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
"ဘယ်ကောင် ငါ့ကို ခြေထိုးလဲတာလဲ!"
ဘေးရှိလူများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေမိကြ၏။
သူတို့လည်း မတရား အစွပ်စွဲခံရတာပဲ မဟုတ်လား?
သူတို့က ကြည့်နေရုံတင်ပါဆိုမှ ဇာတ်လမ်းထဲ ဘယ်လိုလုပ် ပါလာရတာလဲ?
"ဦးလေးကျန်း၊ ဒီစကားကတော့ လူကို စွပ်စွဲရာကျလွန်းပြီ။ ကျွန်တော်တို့ ဘယ်သူမှ ခင်များနားမကပ်ဘူးနော်"
"ရှင့်ဘာသာရှင် လဲတာကို ဘာလို့ သူများကို လာပုတ်ချတာလဲ?"
"ဟုတ်ပ၊ ရှင့်ခြေထောက် မခိုင်လို့ လဲတာကို သူများကို လာအပြစ်တင်နေတယ်"
အဘိုးကြီးကျန်း : "နင်တို့လား! နင်တို့ လုပ်တာမလား?"
သူသည် အဘွားကြီးကျောက်နှင့် ချန်ချင်းယွီကို ဒေါသတကြီး လက်ညှိုးထိုးပြီး မေးလိုက်သည်။
ချန်ချင်းယွီ ရှိုက်ကြီးတငင် ငိုပြလိုက်ကာ
"ဦးလေးကျန်း၊ ရှင်က ဘာလို့ ဒီလောက် ယုတ္တိမရှိတာလဲ? ရှင့်ဘာသာ လဲတာကို သူများကိုပဲ လာပုတ်ချချင်နေတာလား? ကျွန်မတို့အိမ်က ရှင့်ကို ဘာစော်ကားမိလို့လဲ။ ဘာလို့ ကျွန်မတို့ကိုပဲ အကွက်ဆင်နေရတာလဲ? ဪ... သိပြီ၊ ကျွန်မယောက္ခမ ပြောတာ မှန်နေတာပဲ၊ ရှင် တကယ်ပဲ သူ့ကို ခိုးချစ်နေတာမလား"
အဘိုးကြီးကျန်း : "နင် လျှောက်မပြောနဲ့!"
ငါ မျက်စိမကန်းသေးဘူး!
တကယ် မကန်းသေးဘူး!
သူ့ကို အဘွားကြီးကျောက်နှင့်ပတ်သက်နေသည်ဟု ပြောစကားဖြင့်ပင် တကယ် ရွံစရာကောင်းလှ၏။
ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်ပြောလိုက်၏။
"ဒီလောက်တောင် တုန်လှုပ်နေတာ၊ အမှန်အတိုင်း ပြောရရင် လူမိသွားလို့ မဟုတ်လား"
အဘွားကြီးကျောက် : "ကောင်းပြီလေ၊ ဒါကြောင့် ငါပြောတာပေါ့၊ နင် ငါ့ကို ခိုးချစ်နေတာပါဆို..."
သူမကဲ့သို့ အဘွားကြီးတစ်ယောက်အတွက် ဤသတင်းမျိုး ထွက်ခြင်းမှာ အဘယ်မျှကြောက်စရာမရှိပေ။ သို့သော် အဘိုးကြီးကျန်းမှာမူ ဤနာမည်မျိုး မထွက်ချင်ပေ။ ယောက်ျားတစ်ယောက် မိန်းမလိုက်စားခြင်းမှာ နာမည်ပျက်မဟုတ်သော်လည်း ဤမိန်းမမျိုးကိုမှ ခိုးချစ်နေသည်ဆိုလျှင်မူ သူ့နာမည် အဖတ်ဆယ်၍ ရမည် မဟုတ်တော့ချေ။
ဒီလိုအမြင်မျိုးရှိတာနဲ့တင် လူတကာရဲ့ လှောင်စရာ ဖြစ်တော့မှာပဲ!
"နင်... နင်... နင်..."
အဘိုးကြီးကျန်းမှာ အသက်ရှူသံများပြင်းလာပြီး
"မဖြစ်နိုင်တာ! ငါက အဘွားကြီးကျောက်ကို ခိုးချစ်ရမယ်လို့လား! သူ့လို နှုတ်သီးကောင်းလျှာပါးကြီးကို ဘယ်သူက မျက်စိကန်းပြီး ကြိုက်မှာလဲ? သူ့လိုလူက ခဏခဏ လက်ပါတတ်တယ်၊ ယဉ်ကျေးမှုလည်း မရှိဘူး"
"အဟက်! နင် ငါ့အိမ်ကို လာပြီး အမြတ်ထုတ်ဖို့ မကြိုးစားရင် ငါက နင့်ကို လက်ပါပါ့မလား? နင်နဲ့ ငါ ရန်ဖြစ်ရတာ ငါကော နစ်နာတာ မရှိဘူးလား? နင် ငါ့အင်္ကျီကို တမင်ဆွဲဖြဲတာလေ၊ ကံကောင်းလို့ အခုက အေးတဲ့ရာသီမို့ အင်္ကျီတွေ အထပ်ထပ် ဝတ်ထားလို့ပေါ့၊ မဟုတ်ရင် လူတွေမြင်ကုန်ရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ?"
အဘွားကြီးကျောက်သည်လည်း အလျှော့မပေးဘဲ ပြန်အော်၏။
"ခင်များလို အဘွားကြီးကို ကျုပ်က စိတ်မဝင်စားဘူး! မတော်တဆ ဖြစ်တာက မတော်တဆပဲ၊ ကျုပ်
မျက်စိကန်းမှပဲ ခင်များလိုဟာကြီးကို ကြိုက်မှာ!"
အဘွားကြီးကျောက် : "ဘာပဲဖြစ်ဖြစ် နင် ငါ့အင်္ကျီကို ဆွဲတာပဲ!"
အဘိုးကြီးကျန်း : "အဲ့ဒါက နင်လို ခွေးရူးမကို တွန်းထုတ်ဖို့ လုပ်တာ!"
အဘွားကြီးကျောက် နှာခေါင်းရှုံ့လိုက်ပြီး
"နင်က ယောက်ျားကြီးတစ်ယောက်ပဲ၊ အားရှိတာပဲ၊ တည့်တည့်တွန်းရင် လွင့်ထွက်သွားမှာပေါ့။ တကယ်ပဲ တွန်းချင်တာဆိုရင် တွန်းလိုက်ရုံပဲလေ။ အခုတင်ပဲ နင် ငါ့ကို တွန်းပစ်လိုက်တာ မဟုတ်လား? အဲ့ဒီတုန်းကကျတော့ ဘာလို့ ငါ့အင်္ကျီကို လာဆွဲရတာလဲ?"
အဘိုးကြီးကျန်း : "ခင်များ!... အဲ့ဒါက မရည်ရွယ်ဘဲ ဖြစ်သွားတာပါဆို"
"ဟဲဟဲ၊ ရှင့်ဆီမှာတော့ 'မရည်ရွယ်တာ' တွေက တကယ်များတာပဲ!"
"အားးးးးး! ငါ မျက်စိမကန်းသေးဘူးလို့!"
"ဟဲဟဲ၊ မကန်းရင် ဘာလို့ အဲ့လိုလုပ်တာလဲ? ဟန်ဆောင်ချင်သေးတာလား? ပြောထားလိုက်မယ်၊ ငါ့ရှေ့မှာတော့ လာပြီး ဟန်မဆောင်နဲ့။ ငါ့အိမ်နဲ့ ဝေးဝေးမှာနေ၊ နောက်ဆို ငါတို့အိမ်နား မကပ်နဲ့။ အသက်ကလည်း ဒီလောက်ကြီးနေပြီ၊ ငါ့ကို စိတ်လာဝင်စားနေသေးတယ်။ ရှင်က စိတ်ဝင်စားပေမယ့် ကျွန်မကတော့ စိတ်မဝင်စားဘူးရှင့်! ကျွန်မက သိက္ခာရှိတဲ့လူ၊ ရှင်လို အဘိုးကြီးမျိုးကို မျက်စိထဲတောင် မထည့်ဘူး…အောက်တန်းကျလိုက်
တာ!"
ချန်ချင်းယွီ အဘွားကြီးကျောက်ကို တွဲထားရင်း၊ အဘွားကြီး လက်ရဲဇက်ရဲနှင့် ရန်တွေ့နေသည်ကို ကြည့်ပြီး စိတ်ထဲမှ ရေရွတ်နေမိသည်။ ဤအဘွားကြီး ရန်ဖြစ်
လျှင် သုံးလေ့ရှိသော အမြဲတမ်း 'အတွဲလိုက်စကား' နှစ်ခွန်းမှာ
"မအေလိုး!" နှင့်
"အဟက်၊ အောက်တန်းကျလိုက်တာ!" ဟူ၍ပင်။
နည်းနည်း နောက်ကျချင်နောက်ကျမည် သို့သော် အမြဲတမ်း ပါလာတတ်စမြဲ။ ထိုနှစ်ခုထဲက တစ်ခုမဟုတ်တစ်ခုမှာ သေချာပေါက် ထွက်လာ၏။
"ကျောက်တာ့ရာ! မင်း သာယာမနေနဲ့ဦး။ ဒီနေ့ ငါကံဆိုးလို့သာ..."
"နင်က ကံဆိုးတာလား? ငါကမှ ကံဆိုးတာ! အိမ်မှာ အေးအေးဆေးဆေး ထမင်းစားဖို့ ပြင်နေတာကို နင်လို ကံဆိုးမိုးမှောင်ကျတဲ့ကောင်က ပေါ်လာရတယ်လို့။ အိမ်မှာ မှန်မရှိရင်တောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အလေးချိန်ရှိလဲဆိုတာ ပြန်ဆန်းစစ်ဦး။ အိမ်နီးချင်းကို အစေခံလို ခိုင်းချင်နေတာ၊ နင်တို့အိမ်က အဲ့လောက် အဆင့်ရှိလို့လား?"
လူနှစ်ယောက် အပြင်းအထန် ရန်တွေ့နေကြပြီး ကျန်လူများသည်ကား ဘေးမှဝိုင်းကြည့်နေကြသည်။ မည်သူမှ ဝင်မဆွဲရဲကြပေ။ ယခုချိန်မှာ နှစ်ယောက်လုံးသည် အရှိန်တက်နေပြီး တော်တော်နှင့်ငြိမ်သွားမည့်ပုံ မပေါ်ကာ၊ စကားနှင့်သာ ရန်ဖြစ်နေကြ၍ ကြားထဲမှဝင်ဖြန်ဖြေရင်း လက်ပါသည့်အဆင့် ပြန်ရောက်သွားမည်ကို အားလုံးက ကြောက်နေကြ၏။
ရန်ဖြစ်တာကတော့ ကိစ္စမရှိပေမဲ့၊ ကြားကနေ မြှေစာပင် ဖြစ်သွားမှာကိုတော့ ဘယ်သူမှ မလိုလားဘူး!
မည်သးတစ်ဦးတစ်လေမှ ဝင်မဆွဲရဲရှာကြပေ။
တခြားအချိန်သာဆိုလျှင် မာကျန့်ယီဖြစ်စေ၊ အနည်းဆုံးတော့ သူ၏ဇနီး ပိုင်ဖုန်းရှန်းဖြစ်စေ ထွက်လာမည်ဖြစ်သော်လည်း ယနေ့တွင်မူ မည်သည့်လှုပ်ရှားမှုမျှ မရှိပေ။
အကြောင်းရင်းမှာ မာကျန့်ယီမှာ အပြင်သို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်ပြီး၊ ပိုင်ဖုန်းရှန်းကိုယ်တိုင်ကလည်း သိသိကြီးနှင့် လျစ်လျူရှုထားသောကြောင့်ပင် ဖြစ်သည်။
ကျန်းမိသားစုမှ မြေးမလေးသည် သူတို့အိမ်ရှိ ကွတ်ကီးများကို ခိုးစားရုံမျှမက ထိုနေရာ၌ပင် မစင်စွန့်သွားခဲ့သည်ကို ပိုင်ဖုန်းရှန်း ယနေ့တိုင် အမှတ်ရနေဆဲတည်း။
ကလေးသူငယ်တို့မှာ မသိနားမလည်ခြင်းသည် သဘာဝပင်ဖြစ်သဖြင့် ပိုင်ဖုန်းရှန်းအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း သည်းခံနိုင်သေးသည်။ သို့သော် သူမအား အမျက်အထွက်ဆုံး ဖြစ်စေသည်မှာ ကလေးမှာ မသိနားမလည်ခြင်းဖြစ်သော်လည်း လူကြီးမိဘများသည်လည်း ဘာမျှမဖြစ်သယောင် ဟန်ဆောင်နေကြခြင်းပင်။ ယခုကဲ့သို့ အမြတ်ထုတ်တတ်သော ကျန်းမိသားစုဝင်များ အရိုက်ခံနေရသည်ကို မြင်ရသည်မှာ ပိုင်ဖုန်းရှန်းအတွက်မူ ကျိတ်၍ပင် ဝမ်းသာစရာ ဖြစ်နေ၏။
ထို့ကြောင့်ပင် ပိုင်ဖုန်းရှန်း လုံးဝဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။ မာကျန့်ယီအပြင် ရွှီကောင်းမင် သို့မဟုတ် ယွမ်ဟောက်မင်တို့သည်လည်း တစ်ခါတရံ ဖြန်ဖြေပေးလေ့ရှိသော်လည်း၊ ယခုအခါတွင်မူ ရွှီကောင်းမင်မှာ စိတ်မကြည်လင်သဖြင့် သူတစ်ပါးကိစ္စကို ဝင်မပါလိုတော့ချေ။
၎င်း၏ခြေထောက်မှာ အရိုးအက်နေသဖြင့် အပြင်သို့ထွက်ပါက တစ်စုံတစ်ယောက်မှ နင်းမိ၍ ဝေဒနာတိုးမည်ကို စိုးရိမ်သောကြောင့် အိမ်ထဲပြတင်းပေါက်တွင် ကပ်၍ အကဲခတ်နေလေသည်။
ယွမ်ဟောက်မင်မှာမူ မိမိကိုယ်ကိုယ် "အဆင့်အတန်းရှိသူ" ဟု သတ်မှတ်ထားသူဖြစ်ရာ ထိုသို့သော ဆဲဆိုအော်ဟစ်သံများကို ရွံရှာလှသဖြင့် တစ်ခွန်းမျှပင် ဝင်မပြောလိုပေ။ အကယ်၍သာ အဘွားကြီးကျောက် စိတ်ပေါက်ပြီး မိမိအားလည်း ခိုးချစ်နေပါသည်ဟု စွပ်စွဲပြောဆိုလာပါက မည်သို့လုပ်အံ့နည်း။ ထိုအချက်ကိုလည်း သူ ကြောက်ရွံ့နေမိ၏။
သူ ယွမ်ဟောက်မင်က ကြိုတင်ကာကွယ်ရမယ်လေ!
တကယ်လို့သာ အဲ့ဒီလို သတင်းထွက်သွားရင် သူ မျက်နှာပြရဲမှာ မဟုတ်တော့ဘူး၊ အသက်ရှင်ဖို့တောင် အားရှိမှာ မဟုတ်ဘူး!
သူကဲ့သို့ ဖြောင့်မတ်တည်ကြည်သော လူတစ်ယောက်အဖို့ ဤသို့မျက်နှာပျက်ခြင်းမျိုးမှာ လက်ခံနိုင်ဖွယ် မရှိပေ။
ထို့ကြောင့် ထိုအချိန်တွင် သူသည် တစ်ခွန်းတစ်ပါဒမျှပင် ထပ်မံ၍ ဝင်ရောက်ပြောဆိုခြင်း မပြုဝံ့တော့ပေ။ အစဉ်အမြဲ ပါဝင်ပတ်သက်လေ့ရှိသူများကပင် လျစ်လျူရှုထားကြသဖြင့် ကျန်ရှိသောသူများသည်လည်း ဓမ္မတာအတိုင်းပင် ဘေးမှကြည့်နေကြသည့် ပွဲကြည့်ပရိသတ်များသာ ဖြစ်ကုန်ကြ၏။
အဘွားကြီးကျောက်မှာ ဝင့်ကြွားစွာဖြင့် ဆိုလေသည်။
"အဘိုးကြီး၊ ငါ ငယ်ငယ်တုန်းကတည်းက နင် ငါ့ကို အမြဲကြည့်နေတယ်လို့ ခံစားမိသား၊ အခုတော့ ငါထင်တာ မှန်နေတာပဲ! အခု အိုမှပဲ ငါ့လက်ပူးလက်ကြပ် မိတော့တယ် မဟုတ်လား? နင် ငါ့ကို ကြိုက်နေတာပဲ! ပြောထားလိုက်မယ်၊ နင် ဘယ်လောက်ပဲ ကြိုက်ကြိုက် ငါကတော့ နင့်ကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး!"
အဘိုးကြီးကျန်း : "လျှောက်မပြောနဲ့၊ ခင်များကတော့ ရူးနေပြီ! ငါ ငယ်ငယ်တုန်းက ခင်များကို ကြည့်တာက ကမ္ဘာပေါ်မှာ ဒီလောက် ရုပ်ဆိုးပြီး စိတ်ပုပ်တဲ့ မိန်းမရှိနိုင်ပါ့မလားလို့ မယုံနိုင်လို့ ကြည့်တာ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့ဦး။"
အဘွားကြီးကျောက်က သူ့ကို စွေကြည့်လိုက်ပြီး "ကြည့်စမ်း၊ ကြည့်စမ်း၊ လိမ်ပြန်ပြီ။ ကမ္ဘာပေါ်မှာ ငါ့လောက် ရုပ်ဆိုးပြီး စိတ်ပုပ်တဲ့သူရှိတာ မယုံနိုင်ဘူး ဟုတ်လား? အဲ့စကားကို နင့်ဘာသာနင်ကော ယုံရဲ့လား? တခြားလူတွေကို သွားကြည့်နေဖို့ လိုသေးလား? နင့်မိန်းမ အဘွားကြီးဟွမ်ကော အဲ့လိုပဲ မဟုတ်ဘူးလား?"
အဘိုးကြီးကျန်း : တောက်! ငါ မှားသွားပြီ!
စကားမှားသွားသော်လည်း ဟန်လုပ်၍ ပြန်အော်လိုက်၏။
"ဘာပဲဖြစ်ဖြစ် ခင်များလို ရုပ်ဆိုးဆိုးကြီးကို ကျုပ်က စိတ်မဝင်စားဘူး၊ ရွံဖို့ကောင်းတယ်!"
"နင်ကျတော့ မဆိုးဘူးလား? နင့်နှာခေါင်းကြီးက အရက်သမားနှာခေါင်း၊ မျက်လုံးက ဖားမျက်လုံး၊ ပါးစပ်ကလည်း ပိန်ကပ်ကပ်နဲ့။ အမလေး... ရုပ်ကိုက နတ်ဆိုးတွေတောင် ကြောက်ရမယ့်ရုပ်!"
"စိတ်ပုပ်တဲ့ ရုပ်ဆိုးမ!"
"နင်လို နှာဘူး အစုတ်ပလုတ်!"
"ခင်များလို လင်ကိုလည်း ဘေးသင့်စေတယ်၊ သားကိုလည်း ဒုက္ခပေးတဲ့ မိန်းမ... အား!"
အဘိုးကြီးကျန်း ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်မိပြီး အနာကိုဆားနှင့်ပက်သကဲ့သို့ ဖြစ်သွားရာ အဘွားကြီးကျောက်အနေဖြင့် ဤသို့သော စကားမျိုးကို မည်သို့သည်းခံနိုင်မည်နည်း။ သူမသည် မျက်နှာပြောင်တတ်သည်မှာ မှန်သော်လည်း လူတိုင်းတွင် မထိရက်သည့် အနာဟောင်းဟူသည် ရှိစမြဲပင်။ အဘွားကြီးကျောက်သည် အော်ဟစ်ကာ ရှေ့သို့ ပြေးကပ်လိုက်ပြီး အဘိုးကြီးကျန်း၏ ပါးကို ဖြန်းခနဲနေအောင် ရိုက်ချလိုက်လေ၏။ ထို့နောက် ဘာမျှမပြောဘဲ အဘိုးကြီးကျန်း၏ အပေါ်သို့ ခွစီးလိုက်ကာ 'ယင်ကိုးပါး အရိုးဖောက် လက်သည်း' ဖြင့် အားရပါးရ ကုတ်ဖဲ့တော့သည်။
ခဏချင်းအတွင်းမှာပင် အဘိုးကြီးကျန်း၏ မျက်နှာတစ်ခုလုံး သွေးစင်းကြောင်းများဖြင့် ပြည့်နှက်သွား၏။
ဤကုတ်ဖဲ့မှုမှာ တကယ့်ကို ရက်စက်လှပေသည်။
ကျန်းမုန့်မုန့်သည်လည်း ဘေးမှ ခုန်ပေါက်လျက် အော်ဟစ်နေ၏။
"ငါ့အဘိုး အရိုက်ခံနေရပြီ! ငါ့အဘိုးကို အဘွားကျောက်က ရိုက်နေပြီ!"
ချန်ချင်းယွီ : "............"
သူမသည် ကျန်းမုန့်မုန့်ကို ကြည့်ရသည်မှာ တကယ့်ကို ပြောပြရန် ခက်ခဲလှသော ခံစားချက်မျိုး ဖြစ်ပေါ်နေမိသည်။
ဤခြောက်နှစ်အရွယ် မိန်းကလေးငယ်၏ စိတ်အခြေအနေမှာ တကယ့်ကို "ထူးခြား" လွန်းလှပေ၏။
"အဘိုးရေ၊ ကြိုးစားထား! တိုက်စမ်း! တိုက်စမ်း!"
"အဘိုး၊ ဘယ်ဘက်ကိုရှောင်! မြန်မြန်ရှောင်! အဘိုး..."
"အား! အဘိုးကလည်း ဘာလို့ ဒီလောက်ညံ့ရတာလဲ၊ တိုက်လေ!"
ဘေးမှ ဝိုင်းကြည့်နေသူများ : "..."
တကယ့်ကို "မိဘရိုသေတတ်သော" ကလေးငယ်လေးပဲ!! သောက်ကျိုးနည်း!!
အဘိုးကြီးကျန်း : "အားးးး! ဒီမိန်းမကြီးကို ဆွဲဖယ်ပေးကြပါဦး၊ ဖယ်ပေးကြပါဦး!"
သို့သော် မည်သူမျှ မလှုပ်ရှားကြပေ။
ဟာသပဲ! ဒီအဘွားကြီးက အခု သောင်းကျန်းနေတာလေ!!
ပန်းပဲသမားတစ်ယောက်ဖြစ်ပြီး တူကြီးကို ကိုင်နိုင်သည့်သူတောင် သူမကို မနိုင်တာ၊ ငါတို့က ဘာတတ်နိုင်မှာလဲ!!
ဦးလေးလာနောက်နေတာလား!!
အဘိုးကြီးကျန်းမှာ မူလက လျှပ်စစ်ဂဟေဆက်အလုပ်ရုံမှာ လုပ်ခဲ့ပြီး နောက်မှ မည်သို့ဖြစ်ပြီး ပန်းပဲအလုပ်ရုံကို ပြောင်းသွားလဲမသိရပေ။ သူသည် ဝမ်တာ့ချွေကဲ့သို့ ပန်းပဲထုသူဖြစ်၍ ခွန်အားတောင့်သူပင်။
အဲ့လိုလူတောင် အဘွားကြီးကျောက်ကို မနိုင်ဘူး။
ဘာပြောစရာ ရှိတော့မလဲ။
မကပ်ရဲဘူး!
"ခင်များတို့ ဘာလုပ်နေကြတာလဲ။"
မာကျန့်ယီ အပြင်က ပြန်ရောက်လာပြီး ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကြောင်အသွားသည်။
အဘိုးကြီးကျန်း; "ဟေ့လူ မာ၊ မြန်မြန်လုပ်ပါဦး၊ ဒီမိန်းမကြီးကို ဆွဲဖယ်ပေးပါဦး၊ ငါ့ကို ကိုက်စားတော့မယ်!"
မာကျန့်ယီ : "???"
သူ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး နားထင်ကို နှိပ်လိုက်မိ၏။သူ့ဘဝမှာ တကယ်ကို အခက်အခဲများနှင့် ပြည့်နှက်နေသည်ဟု ခံစားလိုက်ရသည်။
အခက်ခဲဆုံးက သားသမီးတွေ စကားမနားထောင်တာ မဟုတ်ဘဲ၊ ဒီလို နတ်ဆိုးတွေပြည့်နေတဲ့ ဝင်းကြီးထဲမှာ နေနေရတာပဲ!!
ပြီးတော့ သူက ကံဆိုးမိုးမှောင်ကျတဲ့ အိမ်ရာမှူး ဖြစ်နေရသေးတယ်!!
လူအများစုမှာ ဤရာထူးကို သွားရည်ကျနေကြေသာ်ငြား သူသည်ကား တကယ်ကို စိတ်ကုန်နေပြီဖြစ်၏။
သူ စိတ်ရင်းဖြင့် ဝင်ဖျန်ဖြေပေးလိုက်ကာ
"ဒေါ်လေးကျောက်ရေ၊ တော်လောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် ခင်များက နိုင်နေတာပဲဟာ၊ တော်လိုက်ကြရအောင်။"
သူ ဘာကြောင့် ရန်ဖြစ်လဲဆိုတာကိုတောင် မမေးချင်တော့ပေ။
ဘာကြောင့်ပဲဖြစ်ဖြစ် သူတို့ကတော့ ရန်ဖြစ်နေကြတာပဲ၊ နောက်တစ်ခါလည်း ဖြစ်ဦးမှာပဲ!!
မာကျန့်ယီခမျာ စိတ်ကုန်နေသည့်အလား ပေါ့ပျက်ပျက်ပင် ပြောလိုက်လေသည်။
"အခု ရိုက်ရတာ ပင်ပန်းသွားရင် မနက်ဖြန် အလုပ်သွားရတာ နေမကောင်းဖြစ်နေဦးမယ်၊ အလုပ်ကိုတော့ အထိခိုက်မခံပါနဲ့။ ဟုတ်တယ်မလား? ပြီးတော့ ကြည့်ဦး၊ အခု ခင်များက အသာစီးရနေတာပဲဟာ။ ဆက်ရိုက်နေရင် နောက်ပိုင်း ဘာဖြစ်လာမလဲ မပြောနိုင်ဘူးလေ။"
အဘိုးကြီးကျန်းကို ရိုက်နှက်နေသော အဘွားကြီးကျောက်မှာ ထိုစကားကြားသောအခါ ခေါင်းကိုတစ်ချက်ရမ်းပြီး ရေရွတ်လိုက်၏။
"ရှင်ပြောတာလည်း ဟုတ်သလိုလိုပဲ။"
မာကျန့်ယီ : "ဟုတ်တာပေါ့၊ တော်လိုက်ပါတော့။ တို့တွေက အေးအေးချမ်းချမ်း နေကြတဲ့ အိမ်နီးချင်းတွေပဲဟာ။ တစ်ယောက်ယောက်ကို အသေရိုက်လို့မှ မဖြစ်တာ။ ခင်များ အသာရတုန်းလေးပဲ အဆုံးသတ်လိုက်ကြရအောင်။"
သူ ခဏနားလိုက်ပြီးမှ အဘိုးကြီးကျန်းကို လှည့်ပြောလိုက်သည်။
"အဘိုးကြီးကျန်း၊ ယောက်ျားကောင်းဆိုတာ မိန်းမနဲ့ ရန်မဖြစ်ဘူးဗျ။ တစ်ယောက်တစ်လှမ်းစီ နောက်ဆုတ်ပြီး တော်လိုက်ကြရအောင်။"
အဘိုးကြီးကျန်း : "..."
အဘိုးကြီးကျန်းမှာ သူ့နှာခေါင်းကို သုတ်လိုက်ရင်း..
သောက်အဘွားကြီး!! ငါ့ကို နှာခေါင်းသွေးထွက်အောင် ရိုက်ရဲတယ်!! သောက်ပေါက်ဆိုးချက်!
"ဟွန်း... ကျုပ်ကပဲ အလျှော့ပေးလိုက်ပါ့မယ်၊ မိန်းမတစ်ယောက်နဲ့ အဆင့်ချင်း တူမခံနိုင်ပါဘူး။"
"ဟဲ့ဟဲ့... နင်ကပဲ အဆင့်ချင်း တူမခံနိုင်ဘူး ဟုတ်လား? ငါကလည်း အဘိုးကြီးမာမျက်နှာကို ထောက်ထားလို့သာ ဒီအတိုင်း လွှတ်ပေးလိုက်တာ။"
မာကျန့်ယီ: "ကဲ... လူစုခွဲကြတော့၊ လူစုခွဲကြတော့။ အားလုံး ထကြတော့ဗျာ။ ရှောင်ချန်... နင့်ယောက္ခမကို သွားကူတွဲလိုက်ဦး။ ဟိုကကလေး မုန့်မုန့်... နင့်အဘိုးကိုလည်း သွားကြည့်ဦးလေ။"
ချန်ချင်းယွီသည် လိမ္မာပါးနပ်စွာဖြင့် ရှေ့သို့တက်ကာ အဘွားကြီးကျောက်ကို ဘေးသို့ တွဲကူခေါ်ဆောင်သွားလေသည်။ ကျန်းမုန့်မုန့်မှာမူ နေရာမှမရွေ့ဘဲ ထိုနေရာ၌ပင် အော်ဟစ်နေ၏။
"ငါ့အဘိုး ရှုံးသွားပြီ! ငါ့အဘိုးက အဲ့ဒီအဘွားကြီးကို မနိုင်ဘူး!"
ချန်ချင်းယွီ စိတ်ထဲမှ ထပ်မံ၍ ချီးကျူးမိ၏။
‘ပြောင်မြောက်လှပါတယ်’
အမှန်စင်စစ် သူတို့နေထိုင်ရာ ဝင်းကြီးအတွင်း၌ ပုန်းအောင်းနေသော နဂါးနှင့် ဖီးနစ်ငှက်ကဲ့သို့ ထူးချွန်သူများသာမက၊ ကျားသစ်ကလေးနှင့် ခြင်္သေ့ငယ်ကဲ့သို့သော လူစွမ်းကောင်းလောင်းလျာများပါ ရှိနေကြသည်မှာ အံ့ဩဖွယ်ပင်။
ကျန်းမုန့်မုန့်ကို ကြည့်ပါဦး၊ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တမူထူးခြားသော စရိုက်လက္ခဏာကို ပိုင်ဆိုင်ထားချေပြီ။
အဘိုးကြီးမာခမျာ နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်မိပြီးမှ
"ကဲ... လူစုခွဲကြ၊ လူစုခွဲကြ!" ဟု ဆိုကာ လူအုပ်ကို ဖယ်ရှားလိုက်လေသည်။
အဘိုးကြီးကျန်းသည် ယိုင်တိယိုင်တိုင်ဖြင့် ပြန်ထလာရာ ဒဏ်ရာက ပိုမိုနာကျင်လာသဖြင့် မျက်နှာပျက်သွားပြီး အဘွားကြီးကျောက်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။
'ဒီအဘွားကြီး... မှတ်ထားလိုက်ဦး၊ တစ်နေ့နေ့ကျမှ ခင်များကို သင်ခန်းစာကောင်းကောင်း ပေးရဦးမယ်!'
သူသည် မိမိ၏ခါးကို နှိပ်နယ်ရင်း မျက်နှာပျက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
“ဖယ်ကြစမ်း!”
အားလုံးလည်း ခပ်သုတ်သုတ်ပင် လမ်းဖယ်ပေးလိုက်ကြ၏။ အဘိုးကြီးကျန်းသည် မိမိ၏မြေးမလေးကိုပင် ဂရုမစိုက်တော့ဘဲ အိမ်သို့ တစ်ယောက်တည်း ပြန်သွားရာ ကျန်းမုန့်မုန့်မှာလည်း နောက်မှ တကောက်ကောက် လိုက်သွားရရှာသည်။ ရန်ပွဲမှာ အစပိုင်းတွင်သာ ဟုန်းဟုန်းတောက်ခဲ့သော်လည်း အဆုံးသတ်တွင်မူ မရေမရာနှင့်ပင် ပြီးဆုံးသွားခဲ့ရ၏။ သို့သော်လည်း ယင်းမှာ သိပ်တော့ ထူးဆန်းမနေပေ။ ရန်ဖြစ်တိုင်း အနိုင်အရှုံးကို အဖြူအမည်း သဲသဲကွဲကွဲ ခွဲခြားနိုင်သည်မှ မဟုတ်သည်သာ။
ဒါဟာ သာမန်ပါပဲ၊ သိပ်ကို သာမန်ဖြစ်နေကျကိစ္စတစ်ခုပါပဲ…
သို့သော်လည်း လူစုထဲမှ တိုးတိုးတိုးတိုးဖြင့် အတင်းပြောသံများ ထွက်ပေါ်လာသည်။
“ဒေါ်ကြီးကျောက်ကတော့ တကယ့် စစ်ဘုရင်မပဲဟေ့။ ဒီဝင်းကြီးထဲမှာသာ သူ မရှိရင် ပြဿနာတွေ တစ်ဝက်လောက် လျော့သွားမှာ။”
“လျှောက်မပြောစမ်းနဲ့! မင်းပြောတာ ငါ နားမထောင်ချင်ဘူး။ ဘယ်ကသာ တစ်ဝက်ဖြစ်ရမှာလဲ၊ တစ်ဝက်ထက်တောင် ပိုသေးတယ်!”
“မင်းတို့ကလည်း အဲဒီလိုကြီးပဲ မပြောပါနဲ့ဦး။ အမှန်အတိုင်း ပြောရရင် အခုနောက်ပိုင်း နှစ်ခါစလုံးက သူ အရင်စတာ မဟုတ်ဘူးနော်။ သူ့ချည်းပဲ အပြစ်ပုံချလို့တော့ မရဘူး။”
ထိုသို့ တရားမျှတမှုကို ရှေ့တန်းတင်သူကလည်း ရှိနေသေး၏။
“ဒါဆို တခြားသူကို သွားမရှာဘဲ ဘာလို့ သူ့ကိုပဲ ရွေးပြီး ပြဿနာရှာရတာလဲ?”
ဤသည်ကား ပုံမှန်တွေ့နေကျ ‘နစ်နာသူမှာပဲ အပြစ်ရှိတယ်’ ဆိုသည့် အတွေးအခေါ်မျိုးပင် ဖြစ်သည်။
ထိုစကား ထွက်လာသည်နှင့် အားလုံးက ချက်ချင်းပင် ခြေတစ်လှမ်း ဆုတ်၍ ရှောင်လိုက်ကြ၏။
“အဲ...”
အဒေါ်ကြီးမေ့က စေတနာအမှန်ဖြင့် ပြောရှာသည်။
“မင်း ပါးစပ်က သိပ်စုတ်တာပဲ။ တစ်နေ့ကျရင် ဒေါ်ကြီးကျောက်ရဲ့ အရိုက်ခံရမှာ မြေကြီးလက်ခတ်မလွဲဘူး။ ငါတို့ပါ အမှုမကူးအောင် မင်းနဲ့ ခပ်ဝေးဝေး နေရတာ တန်ပါတယ်။”
“ဟုတ်ပ!”
“ဒါပေါ့၊ ဘယ်သူက ဒေါ်ကြီးကျောက်ကို သွားထိရဲမှာလဲ။ စကားတစ်ခွန်း စောင်းပြောလိုက်တာနဲ့ လက်ပါတော့တာပဲ၊ ဒါက သူ့ရဲ့ နေ့စဉ်ဝါသနာလို ဖြစ်နေပြီ။ ပြီးတော့ သူက နေ့တိုင်းလည်း လေ့ကျင့်နေတာ၊ မင်းက သူ့ကို ယှဉ်နိုင်ပါ့မလား?”
အားလုံးလည်း စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချလိုက်ကြသည်။
မယှဉ်နိုင်ပါ၊ တကယ်ကို မယှဉ်
နိုင်တာပါ။
အဓိကမှာ အဘွားကြီးကျောက်လောက် ဘယ်သူမှ ဝီရိယကောင်းကောင်းနှင့် မလေ့ကျင့်နိုင်ခြင်းကြောင့်ပင်။
ဒီနေ့ အဘိုးကြီးကျန်းနှင့် ဖြစ်သည်။
မနေ့က ဒေါ်ကြီးဟွမ်၊ ဒေါ်ကြီးရှီတို့နှင့် ဖြစ်သည်။
တဘက်ခါက ဒေါ်ကြီးရှီနှင့် ဖြစ်သည်။
အဲဒီမတိုင်ခင်ကတော့... မှတ်တောင် မမှတ်မိတော့ပေ။
ခြုံပြောရလျှင်မူ ဤအဘွားကြီးမှာ သိပ်ကို သတ္တိရှိသူဖြစ်၍ မည်သူမျှ သွားမထိရဲကြပေ။
တကယ်ပင် ဤကိစ္စများကို ပြန်တွေးကြည့်လျှင် တွေးလေ ကြောက်ဖို့ကောင်းလေမို့ လူစုမှာ ချက်ချင်းပင် လူစုခွဲသွားကြလေသည်။
အဘွားကြီးကျောက်သည် ရန်ပွဲတွင် အပြတ်အသတ် နိုင်သွားသည့်အတွက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အသံကျယ်ကျယ်ဖြင့်
“ငါက ဦးလေးမာရဲ့ မျက်နှာကို ထောက်ထားလို့နော်၊ မဟုတ်ရင်တော့ အဲဒီအဘိုးကြီးရဲ့ ဝဥကို မကွဲကွဲအောင် ရိုက်ပစ်လိုက်မှာ!”
အမျိုးသားများအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားကြတော့၏။
သွားစို့ သွားစို့၊ မြန်မြန်သွားကြရအောင်။
ဒီအဘွားကြီးကတော့လေ...
နောင်ကျလျှင် သူ ရန်ဖြစ်နေပါက ခပ်ဝေးဝေးမှသာ ရှောင်နေရတော့မည်…
သူသည် လူကြီးလူကောင်းဆန်ဆန် တိုက်ခိုက်တတ်သူ မဟုတ်ပေ။
လူစုခွဲသွားကြပြီးနောက် အဘွားကြီးကျောက်သည် စစ်နိုင်သော ဥဒေါင်းမလေးပမာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် အိမ်ထဲသို့ လျှောက်ဝင်သွားသည်။ ချန်ချင်းယွီသည်လည်း ဘာသံမှမထွက်ဘဲ နောက်မှ ကပ်လိုက်သွား၏။
သို့သော် အိမ်ထဲရောက်သည်နှင့် အဘွားကြီးကျောက်မှာ
“အား... အမေရေ... ဒီအဘိုးကြီးက ခွန်အားတော့ ရှိသားပဲ၊ ငါ့ကို ထိုးလိုက်တာ တော်တော်လေး နာသွားတယ်။”
သူက ချန်ချင်းယွီကို တစ်ချက်
ကြည့်၍
“နင်ကလည်း ငါ့ကို ကူဖို့ မစဉ်းစားဘူး။”
ချန်ချင်းယွီလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်၏။
“ကျွန်မတို့က တစ်ယောက်က အလင်း၊ တစ်ယောက်က အမှောင်ထဲမှာနေဖို့ သဘောတူထားကြတာ မဟုတ်လား? ရှင်က ကျွန်မတို့ဆီမှာ ရှိသမျှ အစွမ်းတွေကို လူတွေ အကုန်သိစေချင်လို့လား?”
“အဲဒါတော့ မဖြစ်ဘူးလေ။”
“ဒါဆိုရင်လည်း ပြီးတာပဲပေါ့။”
ချန်ချင်းယွီ အဘွားကြီးကျောက်၏ ဒဏ်ရာများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အဘွားကြီးကျောက်မှာ အသာစီးရခဲ့သည်မှာ မှန်သော်လည်း ဒဏ်ရာမရဘဲတော့ မဟုတ်ပေ။
အဘွားကြီးကျောက်မှာမူ ဂုဏ်ယူမဆုံး ဖြစ်နေသည်။
“နင်ကြည့်ထား၊ ဒီနေ့ ငါတို့ ရန်ဖြစ်လိုက်တာ တကယ်ကို မရှုံးဘူး။ သူတို့တွေကို ဒီလိုပဲ ခြောက်လှန့်ထားရမှာ။ မဟုတ်ရင် ငါတို့ကို အနိုင်ကျင့်လို့ရတယ် ထင်ပြီး ပြီးမှာ မဟုတ်တော့ဘူး။ ငါက မုဆိုးမဘဝနဲ့ နေလာတာ နှစ်ပေါင်းမနည်းတော့ဘူး၊ ဒီအကြောင်းတွေကို ကောင်းကောင်းသိတယ်။ ဒီနေ့ ငါ့နာမည် နည်းနည်း ပျက်ချင်ပျက်ပါစေ၊ သူ့ကိုတော့ နာအောင် လုပ်ထားရမယ်။ အဲဒါမှ နောက်ပိုင်း သူ ငါတို့အိမ်နားမှာ လာယောင်ချာချာလုပ်ရင် ငါ့ကို စိတ်ဝင်စားလို့ဆိုတဲ့ သဘောမျိုး ဖြစ်သွားမှာ။ နင့်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်တော့ဘူးလေ။ နင်က ငယ်သေးတယ်၊ ဒီလို အရှုပ်အထွေးတွေထဲမှာ မပါဝင်သင့်ဘူး။”
အဘွားကြီးကျောက် ထပ်၍ ကြွားကြွားရွားရွား ပြောလိုက်၏။
“ငါက စိတ်တိုရင် ရန်ဖြစ်တတ်တယ်၊ ဖြစ်လာရင်လည်း ပွင့်ပွင့်လင်းလင်းပဲ ချတာဆိုတော့ နောက်ကွယ်ကနေ တိုက်ခိုက်တဲ့ကိစ္စဆိုရင် ငါတို့အိမ်က လုပ်တာလို့ ဘယ်သူမှ ထင်မှာမဟုတ်တော့ဘူး။ တွေ့လား၊ ဒီရန်ပွဲက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ။”
အဘွားကြီးကျောက်သည် တဇွတ်ထိုးသမားဟု ထင်ရသော်လည်း မုဆိုးမဘဝဖြင့် ဤမျှကြာအောင် ရပ်တည်လာသူဖြစ်၍ မိမိကိုယ်ပိုင် ရှင်သန်ရေးနည်းလမ်းများ ရှိနေပြန်သည်။ ယနေ့ သူမ ဒေါသတကြီး ရန်ဖြစ်လိုက်ခြင်းမှာ စိတ်လိုက်မာန်ပါ သက်သက်ကြောင့် မဟုတ်ဘဲ အခွင့်အရေးကို လက်လွှတ်မခံဘဲ ‘မိမိကိုယ်မိမိ သက်သေပြ’ လိုက်ခြင်းပင်။ အဘွားကြီးကျောက်မှာ ကျေနပ်အားရစွာ ပြုံးနေလေ၏။
ချန်ချင်းယွီသည်လည်း ခဲခဲယဉ်ယဉ်ပင် လက်မထောင်ပြလိုက်ရ၏။
အဘွားကြီးကျောက်မှာ နှာခေါင်းတစ်ချက် ရှုံ့ရင်း စိတ်ထဲမှ ကြုံးဝါးဂုဏ်ယူနေလေသည်။
“အခု ငါ့အစွမ်းကို သိပြီလား?”
ထို့နောက် ဆက်၍
“ငါ့ရဲ့ တော်ပုံက အပေါ်ယံတင် မဟုတ်ဘူးနော်။ ဒီအဘွားကြီးက ဉာဏ်ကို သုံးပြီး ကစားတာ။”
ချန်ချင်းယွီ : “...”
တကယ်ပင် မြှောက်ပင့်ပေးလိုက်
သည်နှင့် ဂွေးတက်အောင်ကသည် ဆိုသလိုပင်..တစ်ခါတည်း ဘဝင်မြင့်တော့တာပါပဲ…
သို့သော်လည်း ချန်ချင်းယွီ စိတ်ကြည်နေသဖြင့်
“အမေ အထဲဝင်နားလိုက်တော့၊ ကျွန်မ အသားနည်းနည်း လှီးလိုက်ဦးမယ်။ ဒီနေ့ ဂေါ်ဖီထုပ်ကြော်ထဲမှာ အသားထည့်ကြော်မယ်လေ။”
“ဟယ်!”
အဘွားကြီးကျောက်မှာ ချန်ချင်းယွီကို မယုံနိုင်သလို ကြည့်နေသည်။
ချန်ချင်းယွီ: “မှောင်ခိုဈေးက ဝယ်လာတာ။”
အဘွားကြီးကျောက်မှာ ဤသည်ကို သိနေပြီးသားဖြစ်၏။ မိမိအိမ်တွင် အသားဝယ်ရန် လက်မှတ်မှ မရှိဘဲ။ ဤအရူးမလေး စောစောက မှောင်ခိုဈေးသွားစဉ် အိတ်တစ်အိတ်ဖြင့် ပစ္စည်းများ အများကြီး ဝယ်လာသည်ကို သူ မြင်ခဲ့သည်။ သို့သော် သူမ ဤမျှလောက် ရက်ရက်ရောရော ထုတ်ပေးလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
အမလေး... ဒီရန်ပွဲက တခြား အကျိုးကျေးဇူးတစ်ခု ထပ်တိုးလာပြန်ပြီ!
တွေ့လား၊ ရန်ဖြစ်ရတာ ဘယ်လောက်တန်သလဲဆိုတာ..
ချန်ချင်းယွီ အသားကို ကျင်းဝက်နီးပါး လှီးလိုက်သည်။ စားမည်ဆိုမှတော့ ကပ်စေးနည်းမနေတော့ပေ။
ချန်ချင်းယွီသည် အသားများကို မြန်မြန်ဆန်ဆန်ပင် ဆီသတ်လိုက်လေသည်။ အသားများ ဒယ်အိုးထဲသို့ ကျသွားသည်နှင့်တစ်ပြိုင်နက် မွှေးပျံ့သောရနံ့မှာ လေထဲတွင် ပျံ့လွင့်သွား၏။ ဒုတိယမြောက် ဝင်းဘက်ဆီမှ အသံများ ထွက်ပေါ်လာသည်။
“ဘယ်သူတွေ အသားစားနေကြတာလဲ? အားလပ်ရက်လည်း မဟုတ်ဘဲနဲ့ အသားစားနေကြတယ်!”
“မွှေးလိုက်တာ! အသားက အကောင်းဆုံးဆိုတာ သိဖို့လိုတယ်နော်! ဒီအနံ့ကို ကြည့်စမ်းဦး၊ ရှယ်ပဲ!”
“ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ?”
“ဟေး နေဦး၊ အသံကြားရတာ ဒေါ်ကြီးကျောက်တို့ အိမ်က ထင်တယ်!”
“သူတို့ ခုနတင် ထမင်းချက်ပြီးပြီ မဟုတ်လား? ဘာလို့ အသားပြန်ကြော်နေတာလဲ? တကယ်ကြီး အသားစားနေတာလား!!!”
“ဒါဆို မင်းထင်တာက ဒေါ်ကြီးကျောက်က သူ့ရဲ့ အောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ အသားစားတာ ဖြစ်နိုင်မလား?”
“အဲ...”
ဝင်းတစ်ခုလုံးမှာ ဝေဖန်သံများဖြင့် ဆူညံသွားပြီး လူတိုင်း အပြင်ထွက်ကာ အနံ့ခံကြည့်နေကြတော့သည်။ ထိုရနံ့မှာ တကယ်ပင် မွှေးကြိုင်လှပေ၏။
ချန်ချင်းယွီသည် အသားကို လူမသိအောင် ခိုးစားလိုလျှင် အပြင်ထွက်စားမှသာ ရမည်ဟု စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ အကြောင်းမှာ ၎င်းတို့ဝင်းအတွင်း လုံခြုံမှုဟူသည် လုံးဝမရှိသောကြောင့်ပင်။ တစ်စုံတစ်ယောက်က ဟင်းကောင်းချက်သည်နှင့်တစ်ပြိုင်နက် ထိုရနံ့မှာ ဝင်းငါးခုစလုံးသို့ ချက်ချင်း ပျံ့နှံ့သွားတတ်၏။
ချန်ချင်းယွီသည် ဂေါ်ဖီထုပ်အသားကြော်နှင့် ထမင်းကို ပြင်ဆင်လိုက်သည်။ ထိုထမင်းမှာ ဆန်ဖြူသန့်သန့် မဟုတ်ဘဲ ဆန်ကြမ်းနှင့် ရောချက်ထားခြင်း ဖြစ်သော်လည်း ဤမျှဆိုလျှင်ပင် တော်တော်လေး ကောင်းနေပြီ ဖြစ်၏။ သူမသည် ဆန်ကြမ်းသီးသန့်ကို မစားနိုင်ပေ။ ထိုဆန်ကြမ်းများမှာ ခေတ်သစ်ပြုပြင်ထားသော ဆန်ကြမ်းမျိုး မဟုတ်ဘဲ တကယ့်ဆန်ကြမ်းစစ်စစ်များပင်။ ထိုအရာကိုသာ စားမည်ဆိုလျှင် သူမ၏လည်ချောင်းကို တော်တော်လေး ကျိန်းသွားစေမည်ပင်။
မိသားစုဝင်များမှာ အမြန်ပင် ထမင်းစားပွဲ ပြင်လိုက်ကြ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် သူတို့အဘွား၏ မျက်နှာပေါ်မှ အညိုအမည်းစွဲနေသော ဒဏ်ရာလေးကို ခိုးကြည့်နေကြသည်။
အဘွားကြီးကျောက်: “ဘာကြည့်နေကြတာလဲ?”
ရှောင်ကျားက ခေါင်းကို အမြန်ယမ်းပြရင်း
“ဘာမှမဟုတ်ပါဘူး။”
ချန်ချင်းယွီ; “ထမင်းစားကြ။ ဘာမှမဖြစ်ဘူး၊ နင့်အဘွားက ဒါမျိုးတွေကို နိုင်ပါတယ်။”
အမှန်စင်စစ် သူသည် ကလေးများကို ဤကဲ့သို့သော ကိစ္စများ မမြင်စေချင်သော်လည်း အနည်းငယ် သိထားခြင်းမှာလည်း မဆိုးလှပေ။ သိပ်ပြီး ရိုးအလွန်းသော ကလေးများသည် သူမတို့ကဲ့သို့သော မိသားစုနှင့် မကိုက်ညီနိုင်ပေ။ ချန်ချင်းယွီသည် သူတို့၏ ထမင်းပန်းကန်ထဲသို့ အသားတစ်ဖတ်စီ ထည့်ပေးလိုက်ကာ
“စားကြ၊ စားကြ။”
“အရသာရှိလိုက်တာ!”
“မေမေ၊ အရသာရှိတယ်!”
အမြွှာလေးများပီပီ ကလေးနှစ်ယောက်စလုံးက ပြိုင်တူ အော်ပြောလိုက်ကြလေသည်။
ချန်ချင်းယွီ; “ကြိုက်ရင် အများကြီးစားနော်။”
ချန်ချင်းယွီတို့ မိသားစုမှာ ပျော်ပျော်ပါးပါး ထမင်းစားသောက်နေကြသော်လည်း ၎င်းတို့၏ ဝင်းထဲမှ လူများမှာမူ ထိုမျှ စိတ်မကြည်လင်နိုင်ကြပေ။
ရွှီကောင်းမင်သည် မိမိတို့မိသားစု၏ နည်းပါးလှသော ဟင်းလျာများကို ကြည့်ကာ တည်ကြည်သော မျက်နှာထားဖြင့်
“ငါတို့ ဘဝတွေက ဒီလိုပဲ ဖြတ်သန်းရတော့မှာလား? ငါ တစ်လကို ကိုးဆယ်ကျော် ရှာနေတာတောင် ဒါမျိုးပဲ စားနေရတာလား? ဟိုက မုဆိုးမနဲ့ မိဘမဲ့ကလေးတွေကို ကြည့်စမ်း၊ သူတို့တောင် အသားစားနိုင်နေတာကို ငါက ဒါမျိုး စားနေရတယ်ပေါ့? ရှက်ဖို့ကောင်းလိုက်တာ၊ တကယ့်ကို ရှက်ဖို့ကောင်းတယ်။ ငါ့ခြေထောက်က ဒဏ်ရာရထားတာ၊ အာဟာရဖြစ်မယ့်ဟာတွေ ပိုစားဖို့ လိုတယ်လေ၊ မင်း ပြင်ထားတာကိုလည်း ကြည့်ဦး!”
မိဘများနှင့်အတူ နေထိုင်သည့် တစ်ဦးတည်းကျန်သော သားဖြစ်သူ ရှောင်စန်းမှာလည်း မကျေမနပ်ဖြင့်
“ဟုတ်ပ၊ ကျွန်တော်တို့ အခြေအနေက ဘာဖြစ်နေလို့လဲ? အသားတောင် မဝယ်စားနိုင်တော့ဘူးလား?”
ရှီကျန့်ရှန်း အနေခက်စွာဖြင့်
“ကျွန်မက နည်းနည်းချွေတာချင်လို့ပါ။ မကြာခင် မိသားစု ထမင်းစားပွဲ လုပ်ရတော့မှာလေ၊ ရှင့်လစာနဲ့တင် လောက်ပါ့မလားတောင် မသိဘူး။ ဘယ်လိုလုပ် မချွေတာဘဲ နေလို့ရမှာလဲ? အဘိုးကြီးရွှီ၊ စုံစမ်းတာရော ဘယ်လိုနေလဲ? ဘယ်သူက ကျွန်မတို့မိသားစုကို နောက်ကွယ်ကနေ ဒုက္ခပေးပြီး ဒီလိုအခြေအနေမျိုး ရောက်အောင် လုပ်တာလဲ? တကယ်ကို အရှက်မရှိတဲ့လူပဲ။”
သူမသည် ထိုအကြောင်းကို တွေးမိသည်နှင့် ဒေါသထွက်လာရပြန်သည်။
ရွှီကောင်းမင် မျက်နှာပျက်ပျက်ဖြင့်
“ငါ လူတော်တော်များများကို မေးကြည့်ပြီးပြီ၊ အားလုံးကတော့ အဘိုးကြီးကျန်းနဲ့ သူ့သားက အရင်စပြောတာလို့ပဲ ပြောကြတယ်။ ဒါပေမဲ့ အဲဒီသားအဖကလည်း တခြားသူဆီက ကြားတာလို့ ပြောနေပြန်ရော၊ လီချန်ရွှမ်းကလည်း အဲဒါကို သက်သေထွက်ပေးထားတော့ အခုထိ ဘယ်သူ အရင်စပြောလဲဆိုတာ မသိရသေးဘူး။ စိတ်မပူပါနဲ့၊ ငါ ရွှီကောင်းမင်ဆိုတဲ့ကောင်က ဒီလို အရှုံးကြီးမျိုး တစ်ခါမှ မခံဖူးဘူး။ ငါ ဒါကို ဒီအတိုင်း လွှတ်မထားဘူး၊ ဘယ်သူလုပ်တာလဲဆိုတာ သေချာပေါက် စုံစမ်းမယ်! သူ့ကို ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး!”
ရွှီကောင်းမင်ဆိုသည်မှာ မည်သူနည်း။ သူသည် ဤကဲ့သို့သော ဆုံးရှုံးမှုကြီးကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။ ဤသည်မှာ ငွေကြေးကိစ္စသက်သက် မဟုတ်တော့ဘဲ ငွေကြေးထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ သူသည် တကယ်ကို စိတ်ထိခိုက်နေရရှာ၏။
ရွှီကောင်းမင်သည် ပညာအရည်အချင်း သိပ်မရှိသော်လည်း မိမိကိုယ်မိမိ ပါးနပ်သူတစ်ဦး၊ ဤဝင်းအတွင်း အတော်ဆုံးသူတစ်ဦးဟု အမြဲမှတ်ယူထားသူ ဖြစ်သည်။ သို့သော် သူသည် ဤကဲ့သို့ တစ်ပတ်ရိုက်ခံရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူသည် ဤအရာကို မည်သို့ လက်ခံနိုင်ပါမည်နည်း။
သူ နာကျင်စွာဖြင့် ကြိမ်းဝါးလိုက်၏။
“ဘယ်သူပဲဖြစ်ဖြစ် ငါ သူ့ကို ခွင့်မလွှတ်ဘူး!”
ရှီကျန့်ရှန်းသည်လည်း ကိုယ်ချင်းစာသကဲ့သို့ ခေါင်းညိတ်ပြရှာ၏။
သားအငယ်ဆုံးကမူ
“ဘာပဲဖြစ်ဖြစ် အဖေတို့ ဘာလုပ်လုပ် ကျွန်တော်ကတော့ အဲဒီ ကျွေးမွေးဧည့်ခံတဲ့ပွဲအတွက် ပိုက်ဆံတစ်ပြားမှ မစိုက်နိုင်ဘူးနော်။”
သူက ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပါးနပ်သောအမူအရာမျိုးနှင့်
“အဖေ၊ အဖေ နေကောင်းလာရင် ကျွန်တော်တို့ကို ကျွေးမွေးဧည့်ခံမယ်လို့ ပြောနေတာလေ။ အကယ်၍ အဖေ့ဒဏ်ရာက ဘယ်တော့မှ မပျောက်ဘူးဆိုရင် အဖေ ကျွန်တော်တို့ကို ကျွေးစရာမလိုတော့ဘူးပေါ့ ဟုတ်လား?”
ထိုစကားကြောင့် မိသားစုသုံးယောက်စလုံး ချက်ချင်းပင် တိတ်ဆိတ်သွားကြ၏။
ရွှီကောင်းမင် စိတ်တိုတိုဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
“ဒီကောင်စုတ်လေး! မင်းက ဘယ်လိုတောင် ပြောလိုက်တာလဲ? ပိုက်ဆံအနည်းငယ်လောက်အတွက်နဲ့ မင်းအဖေကို တစ်သက်လုံး ဒဏ်ရာမပျောက်ပါစေနဲ့လို့ ကျိန်ဆဲနေတာလား? မင်းကတော့ တကယ့်ကို မိဘရိုသေတဲ့ သားလိမ္မာလေးပဲ...”
“အဖေ၊ ကျွန်တော်က ပိုက်ဆံချွေတာချင်လို့ ပြောတာပါ! အဖေကလည်း ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေတာလဲ!”
ရှောင်စန်း အနေခက်စွာဖြင့် အမြန်ပင် ရှင်းပြလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ကမန်းကတန်း မေးလိုက်ပြန်၏။
“အော်... အဖေ၊ အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ မိသားစုကိုရော ပြောပြီးပြီလား? အကယ်၍ ကျွန်တော်တို့ ပွဲလုပ်မယ်ဆိုရင် သူတို့ကိုလည်း ဖိတ်ရမှာလား?”
ရွှီကောင်းမင်: “ဖိတ်ရမှာပေါ့။ ဒါက ငါတို့မိသားစုရဲ့ အင်အားကို ပြရမယ့်အချိန်လေ၊ လူအင်အား နည်းလို့ ဘယ်ဖြစ်မလဲ?”
သူသည် မိမိ၏ခြေထောက်ကို ကြည့်ရင်း
“ဧည့်သည်တွေကို အမြန်ဆုံး ဖိတ်နိုင်အောင် ငါ့ခြေထောက်က တကယ်ကို မြန်မြန်ပျောက်ဖို့ လိုနေပြီ။”
“အဖေ၊ အဖေ ရူးသွားပြီလား?”
ရှောင်စန်းက သူ့အဖေကို ကြည့်ပြီး စိတ်ဖောက်ပြန်သွားပြီလားဟု သံသယဝင်နေမိသည်။
ရွှီကောင်းမင် သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်ပြီး သူ့သား၏ဦးနှောက်မှာ တကယ်ပင် သူ့အားမမီရှာဟု တွေးတောနေမိ၏။ ထို့နောက် သူက အဓိပ္ပာယ်ပါပါဖြင့်
“အခု ဘယ်နှစ်လပိုင်းရှိပြီလဲ?”
ရှောင်စန်း; “ဒီနေ့က ၂ ရက်နေ့လေ၊ ဧပြီလ ၂ ရက်။”
ရွှီကောင်းမင်; “ဟုတ်တယ်၊ အခုက ဧပြီလဆိုတော့ ရာသီဥတုက အေးနေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ငါက အနှေးနဲ့အမြန် ကျွေးမွေးဧည့်ခံရမှာပဲဆိုတော့ နောက်ကျတာထက် စောစောလုပ်တာက ပိုကောင်းတယ်။ တစ်ဝင်းလုံးကို ကျွေးမယ်ဆိုရင် ပြင်ဆင်စရာတွေ အများကြီး ရှိလိမ့်မယ်။ တစ်ရက်နှစ်ရက်နဲ့တော့ အပြီးပြင်ဆင်နိုင်မှာ မဟုတ်ဘူး၊ ရက်အတော်ကြာအောင် စုဆောင်းရလိမ့်မယ်။ အခု ရာသီဥတုက အေးနေတုန်းဆိုတော့ ဟင်းသီးဟင်းရွက် အညှာတွေ၊ အရွက်ပုပ်တွေကို ဈေးပေါပေါနဲ့ ဝယ်လို့ရပြီး သိပ်လည်း မပုပ်လွယ်ဘူး။ အကယ်၍ ရာသီဥတုက ပူလာမယ်ဆိုရင် အဲဒီအညံ့စားတွေက ပိုပြီး ပုပ်လွယ်သွားလိမ့်မယ်၊ အဲဒါဆို နှမြောစရာကြီး ဖြစ်သွားမှာပေါ့။ ပြီးတော့ သိပ်မလတ်ဆတ်တဲ့ အသားတွေလည်း ရှိသေးတယ်။ အခုဝယ်ထားရင် ရက်အနည်းငယ်ကြာရင်တောင် မပုပ်နိုင်ဘူး၊ ဒါပေမဲ့ ရာသီဥတု ပူလာရင်ရော? မင်းက ဒီလောက်တောင် တွက်ကိန်းမရှိဘူးလား။”
ရှောင်စန်းသည် သူ့အဖေကို အထင်ကြီးလေးစားစွာဖြင့် ကြည့်နေမိသည်။ တကယ့်ကို သူ့အဖေပါပဲ၊ မြေခွေးအိုကြီးမှာတကယ်ကို ပါးနပ်လှ၏။
“အဖေက တကယ်ကို တော်တာပဲ!”
ရွှီကောင်းမင်က ဘဝင်ခိုက်စွာဖြင့် ပြုံးလိုက်ပြီး
“ငါ့နာမည်က ရွှီကောင်းမင်လေ၊ ငါက မတော်လို့ ဖြစ်မလား?”
သူ ထပ်မံ မှာကြားလိုက်ကာ
“မိန်းမ... ငါ အလုပ်သွားရဦးမယ်။ မနက်ဖြန်ကျရင် ဆရာဝန်ဆီသွားပြီး ငါ့ဒဏ်ရာ အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သေချာမေးခဲ့ဦး။ ဟိုဟိုဒီဒီလည်း စုံစမ်းကြည့်ပေါ့။ ဒါမျိုးလုပ်တာက ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း တက်စေတယ်။ ငါ အမြန်ဆုံး နေကောင်းချင်ပြီ၊ အဲဒါမှ ငါတို့ အကြီးအကျယ် ကျွေးမွေးဧည့်ခံပွဲ လုပ်နိုင်မှာ။ ကြည့်စမ်း... ကြည့်စမ်း... အဲဒီကျရင် ဘယ်လောက်တောင် မျက်နှာပွင့်စရာကောင်းမလဲဆိုတာ!”
“ကောင်းပါပြီ! ရှင့်သဘောအတိုင်းပဲ လုပ်ကြတာပေါ့!”
သူတို့သုံးယောက်စလုံးမှာ မိမိတို့ကိုယ်မိမိ တဖြည်းဖြည်းနှင့် ပို၍ပါးနပ်လာသည်ဟု ခံစားနေကြလေသည်။
သူတို့၏ စကားဝိုင်းမှာ အသားစားသည့်ကိစ္စမှသည် ကျွေးမွေးဧည့်ခံပွဲလုပ်မည့်အကြောင်းသို့ ကူးပြောင်းသွားပြီး တွက်ကိန်းများ ထုတ်နေကြ၏။ ဘေးအိမ်မှ ဖန်မိသားစုမှာမူ သိပ်ပြီး မပျော်ရွှင်နိုင်ကြပေ။ အိမ်နီးနားချင်းများ ဟင်းကောင်းသောက်ဖွယ်စားနေသည်ကို ကြည့်ပြီး သူတို့ မည်သို့ ပျော်နိုင်ပါမည်နည်း။ သူတို့မှာ တကယ်ပင် မကျေမနပ် ဖြစ်နေကြရ၏။
ဖန်မိသားစု၏ အငယ်ဆုံးသားဖြစ်သူ ရှီရှောင်ကွမ်သည် ပြောင်းဖူးမုန့်ကို ကိုက်ရင်း မကျေမနပ်ဖြင့် ညည်းညူလိုက်လေသည်။
“မေမေ... မုဆိုးမတွေတောင် ကျွန်တော်တို့ထက် ပိုကောင်းကောင်း စားနိုင်နေကြတယ်။ မေမေကတော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ကေဒါ (အရာရှိ) တစ်ယောက်ပါလို့ ပြောနေပြီး ကျွန်တော်တို့ဘဝကို ကြည့်ဦး! သူတို့ကိုတောင် မမီဘူး။”
အစ်မကြီးဖန်၏မျက်နှာမှာ ပျက်သွားပြီး
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ? သူတို့က တစ်ခါတလေမှ အကောင်းစားရတာပါ။ ငါတို့လည်း အရင်က အကောင်းတွေ စားခဲ့တာပဲ မဟုတ်လား? အသားတွေလည်း စားခဲ့ဖူးတာပဲလေ။ ပြီးတော့ မင်းက ငယ်သေးတယ်၊ နောက်ဆို စားဖို့အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဘာလို့ ဒီလောက်တောင် အစားမက်နေရတာလဲ? ပတ်ဝန်းကျင်ကို ကြည့်ဦး၊ ငါတို့ဘဝမျိုးနဲ့ ယှဉ်နိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ? ဒါ့အပြင် အခုတလော မင်းအစ်ကို အလုပ်ရဖို့ ငါ အလုပ်ရှုပ်နေတာ။ ပိုက်ဆံတွေ စုထားရမယ်၊ သူ့အတွက် အလုပ်တစ်ခု ဝယ်ပေးလို့ရမလား ကြည့်ရမယ်၊ မဟုတ်ရင် သူ ကျေးလက်ကို ဆင်းရလိမ့်မယ်။”
ရှီရှောင်ကွမ်မှာမူ မကျေမနပ်ဖြင့် နှုတ်ခမ်းဆူနေတော့သည်။
အစ်မကြီးဖန်တွင် သားသမီးသုံးယောက်ရှိရာ သမီးအကြီးဆုံးမှာ အိမ်မှ ထွက်သွားပြီဖြစ်ပြီး ရှီရှောင်ကွမ်မှာ အငယ်ဆုံးဖြစ်၏။ သူသည် အစ်ကိုလတ်ထက် အစ်မကြီးကို ပိုချစ်သူဖြစ်ရာ တစ်ဖန် ပြန်၍ ပွစိပွစိ လုပ်လေသည်။
“အမေက တကယ်ကို ဘက်လိုက်တာပဲ! ဒီနှစ်တွေထဲမှာ အစ်မကြီးဆီ ဘာမှလည်း ပို့မပေးဘူး၊ အစ်ကိုလတ်ကိုပဲ အလိုလိုက်နေတာ။”
အစ်မကြီးဖန်က ချက်ချင်းပင် မျက်လုံးစွေကြည့်ကာ ငေါက်လိုက်၏။
“မင်းအစ်မက မိန်းကလေးလေ၊ အနှေးနဲ့အမြန် အိမ်ထောင်ပြုသွားမှာပဲ။ ပြီးတော့ သူက ကျေးလက်ဘက် ရောက်နေတာ၊ ဘယ်တော့ ပြန်လာရမလဲဆိုတာတောင် မသိဘူး။ ငါကသာ သူ့အတွက် ပိုက်ဆံတွေ အကုန်ခံနေရင် သူ အိမ်ပြန်မလာနိုင်တဲ့အခါ ငါပဲ အရှုံးပေါ်မှာပေါ့ မဟုတ်ဘူးလား?”
“ဒါဆိုလည်း အစ်မကြီး ပို့ပေးတဲ့ တောထွက်ပစ္စည်းတွေကို မစားနဲ့လေ!”
ရှောင်ကွမ်ကလည်း ပြန်အော်လိုက်၏။
အစ်မကြီးဖန်သည် ထမင်းစားတူကို ဒေါသတကြီး ချလိုက်ပြီး
“မင်း မစားချင်ရင်လည်း အခန်းထဲ ပြန်တော့! ဘာလို့ ဒီလောက်တောင် ပြဿနာရှာနေရတာလဲ? ငါ မင်းကို အစားအသောက်၊ အဝတ်အစားတွေမှာ တစ်ခါမှ လိုလေသေးမရှိအောင် မထားခဲ့ဖူးလို့လား? ငါ မင်းအစ်မအပေါ်မှာ ရက်စက်နေတာ ဘယ်သူ့အတွက်လဲ? မင်းတို့ သားနှစ်ယောက်အတွက် မဟုတ်ဘူးလား? မင်းတို့ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဝိုင်းကူဖို့ မစဉ်းစားဘူး၊ အစ်မဘက်ကပဲ ပါနေတတ်တယ်။”
“အစ်မက ကျွန်တော့်အပေါ် ကောင်းတာကိုး!”
“အခန်းထဲ ပြန်တော့!”
“ကောင်းပြီလေ၊ ကျွန်တော်လည်း မစားတော့ဘူး!”
ရှီရှောင်ဝေသည် သူ့ညီကို တစ်ချက်ကြည့်ပြီးနောက် မကျေမနပ်ဖြင့် ထမင်းစားတူကို ချလိုက်သည်။ “ကျွန်တော်လည်း ဗိုက်ဝပြီ၊ အခန်းထဲ ပြန်တော့မယ်။”
၎င်းတို့၏အိမ်မှာ သိပ်မကျယ်သော်လည်း သားအမိ၊ သားအဖ၊ ညီအစ်ကို ခွဲခြားနေထိုင်၍ ရလေသည်။ နောက်ပိုင်းတွင် အစ်မကြီးမှာ ကျေးလက်သို့ ဆင်းသွားရသဖြင့် ညီအစ်ကိုနှစ်ယောက်မှာ အခန်းတစ်ခန်းစီ ရရှိသွားကြ၏။ ရှီရှောင်ဝေမှာ မူလက ညီအစ်ကိုနှစ်ယောက် အတူနေသည့် အခန်းကြီးတွင် နေပြီး ရှီရှောင်ကွမ်သည် အစ်မဖြစ်သူ၏ အခန်းငယ်တွင် နေထိုင်လေသည်။
၎င်းတို့နှစ်ဦးစလုံး အခန်းထဲ ပြန်ဝင်သွားသည်နှင့် အစ်မကြီးဖန်မှာ ဒေါသတကြီးဖြင့်
“ကြည့်စမ်း... ဒီကလေးတွေရဲ့ အသိတရားမဲ့ပုံကို ကြည့်စမ်းဦး! ကျွန်မတော့ သူတို့အပေါ် တကယ်ပဲ မှားနေပြီထင်တယ်။”
ရှီရှန်း; “ကဲပါ... ဒီနေ့ ငါ ကြားခဲ့တာကတော့...”
“ဟယ်! ကျွန်မ မသိသေးဘူး၊ အသေးစိတ် ပြောပြပါဦး!”
အစ်မကြီးဖန်နှင့် ရှီရှန်းတို့သည် ဂဟေဆက်အလုပ်ရုံတွင် အလုပ်သမား လိုအပ်ချက်ရှိနေသည့်အကြောင်း ဆွေးနွေးနေကြသည်။ ရှီရှောင်ဝေသည် အပြင်မှနေ၍ ခဏမျှ ချောင်းနားထောင်ပြီးနောက် ကျေနပ်အားရစွာ ပြုံးလိုက်မိ၏။ မိဘများက သူ့အတွက် သေချာပေါက် နည်းလမ်းရှာပေးလိမ့်မည်ဆိုသည်ကို သူ သိနေသည်။ သူသည် ကျေးလက်သို့ မဆင်းချင်ပေ။ ထိုနေရာတွင် တောင်သူလယ်သမားတစ်ဦးကဲ့သို့ ပင်ပင်ပန်းပန်း နေထိုင်ရပြီး မြို့သို့ ဘယ်တော့မှ ပြန်မလာနိုင်တော့မည့် အဖြစ်မျိုးကို တွေးမိရုံနှင့်ပင် သူ သွေးပျက်နေမိသည်။
သူသည် တစ်ချိန်က ၎င်းတို့လမ်းထဲတွင် အလွန်ထင်ရှားခဲ့သူတစ်ဦးကို မြင်ယောင်နေမိ၏။ ထိုသူမှာ စာတော်ပြီး ရုပ်ရည်ချောမောသည့်အပြင် ပညာတတ်အငွေ့အသက် ရှိသူဖြစ်သည်။ သူသည်လည်း ကျေးလက်သို့ဆင်းရန် တိုက်တွန်းချက်ကို တုံ့ပြန်ပြီး ထွက်ခွာသွားသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့၏။ လွန်ခဲ့သည့် ရက်ပိုင်းတွင် သူသည် မြို့သို့ ပြန်လာစဉ် ရှီရှောင်ဝေ ပြန်တွေ့ခဲ့ရရာ ထိုသူ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုနှင့် လောကဓံဒဏ်ရာများ ပြည့်နှက်နေသည်ကို တွေ့ရသဖြင့် သူ ကြက်သီးတဖြန်းဖြန်း ထသွားခဲ့ရဖူးသည်။ လေးငါးနှစ်အတွင်းမှာပင် ထိုသူမှာ ဆယ်နှစ်မက အိုမင်းသွားခဲ့ရ၏။
သူသည် ကျေးလက်သို့ သေချာပေါက် မဆင်းနိုင်ပါ!!!
သူသည် ခုတင်ပေါ်တွင် ပက်လက်လှဲလိုက်ပြီး ခဏမျှ တုံ့ဆိုင်းနေကာမှ ခုတင်အောက်မှ ပုံဆွဲစာအုပ်တစ်အုပ်ကို ထုတ်ယူ၍ တဟားဟား ရယ်မောလိုက်လေသည်...။
အကယ်၍ ချန်ချင်းယွီသာ ဤပုံဆွဲစာအုပ်ကို မြင်လိုက်ပါက သူမှတ်မိပေလိမ့်မည်။ ထိုစာအုပ်မှာ သူတောင်ပေါ်တွင် မှိုတက်ခူးစဉ်က တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့သည့် အရာပင် ဖြစ်၏။
သူမသည် ထိုစာအုပ်ကို ယူမလာခဲ့သော်လည်း သိသိသာသာ ရွှေ့ထားခြင်းခံရသော ကျောက်တုံးကို ရှီရှောင်ဝေ၊ ယွမ်ဟောက်ရွှယ်နှင့် ၎င်းတို့အဖွဲ့က ရှာဖွေတွေ့ရှိသွားခဲ့ကြသည်။
ဟောက်ရွှယ်နှင့် တခြားသူများလည်း ထိုနေရာတွင် ရှိနေကြရာ မည်သူမျှ ဤကဲ့သို့ "မဖွယ်မရာ" သော အရာမျိုးကို သိမ်းဆည်းထားရန် မဝံ့ရဲကြပေ။ ထိုစဉ် ရှီရှောင်ဝေက ပါးနပ်စွာဖြင့် ၎င်းကို ချောက်ထဲသို့ ပစ်ချလိုက်မည်ဟု ပြောဆိုခဲ့သည်။ ထို့နောက် သူသည် တိတ်တဆိတ် ကိုယ်ပိုင်အဖြစ် သိမ်းဆည်းထားခဲ့လိုက်၏။ အမှန်စင်စစ် တခြားသူများမှာလည်း သူယူသွားသည်ကို သံသယရှိနေကြမည်မှာ သေချာလေသည်။
ကုန်ကုန်ပြောရလျှင် သူတို့တကယ်သာ ဖျက်ဆီးပစ်ချင်ပါက မီးရှို့ပစ်လိုက်ရုံသာ မဟုတ်လော့။
တောင်ထိပ်မှ ချောက်ထဲသို့ ပစ်ချမည်ဆိုသည်မှာ အပိုလုပ်နေခြင်းပင်။ သို့သော် အံ့ဩစရာကောင်းသည်မှာ မည်သူမျှ ကန့်ကွက်ခြင်းမရှိကြသည်ကို ကြည့်ခြင်းအားဖြင့် သူတို့အားလုံးတွင်လည်း ကိုယ်ပိုင်အတွေးကိုယ်စီ ရှိနေကြကြောင်း သိသာလှ၏။
မည်သို့ပင်ဆိုစေ သူယူထားပြီးမှတော့ မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ပေ။
သူသည် စောင်ပုံထဲတွင် တိတ်တဆိတ် ခိုးကြည့်ရင်း အလွန်ပင် ကျေနပ်အားရနေပြီး မိန်းမ ရလိုစိတ်မှာလည်း ပို၍ ပြင်းပြလာနေလေသည်။
သူသည် ဘာကိုမှ ဂရုမစိုက်ဘဲ ပျော်ရွှင်နေသော်လည်း မိဘများမှာမူ သူ၏အလုပ်အတွက် စိုးရိမ်ပူပန်မှုများ ပိုတိုးလာနေသည်ကို သူ မသိရှာပေ။ အစ်မကြီးဖန်သည် ဆွေးနွေးပြီးသည်နှင့် အလယ်ဝင်းသို့ ချက်ချင်း ဦးတည်သွားလေသည်။ ဤအခြေအနေတွင် သူမသည် မာကျန့်ယီကို သွားရောက် အကူအညီတောင်းရမည်မှာ မြေကြီးလက်ခတ် မလွဲပေ။
အကယ်၍ အားလုံး အဆင်မပြေပါက အဘိုးကြီးကျန်းကိုလည်း အကူအညီတောင်းရပေဦးမည်။
အဘိုးကြီးကျန်းသည် ယခင်က ဂဟေဆက်အလုပ်ရုံတွင် အလုပ်လုပ်ခဲ့ဖူးသူ မဟုတ်လော့။ သို့သော် သူမ မသိသည်မှာ လက်ရှိတွင် အဘိုးကြီးကျန်းမှာ ဝင်းထဲရှိလူများသည် စာနာစိတ်မရှိဘဲ သူ့ကို ကူညီရန် ငြင်းဆန်ကြသည်ဟု တတွတ်တွတ် ကျိန်ဆဲနေခြင်းပင်။
သူသည် အိမ်ပြန်ရောက်သည့်အခါ မိမိကိုယ်ကိုယ် သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ သူ၏ကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရထားသော်လည်း ခဏမျှ အနားယူလိုက်လျှင် ပြန်လည်သက်သာလာနိုင်ပြီး စိုးရိမ်ရသည့် အခြေအနေတော့ မဟုတ်ပေ။
ညစာလား? အဲဒီအကြောင်းကို မေ့လိုက်စမ်းပါ!
အဘွားကြီးကျောက်အား စိတ်ဝင်စားနေသည်ဟု မတရားစွပ်စွဲခံရသည်ကို တွေးမိတိုင်း ယခင်ညက စားထားသည့် ညစာများကိုပင် ပြန်အန်ထုတ်ချင်စိတ် ပေါက်လာရသည်။
အဘိုးကြီးကျန်းမှာ ထမင်းမစားဘဲ နေသဖြင့် သူ၏မြေးမလေး ကျန်းမုန့်မုန့်မှာလည်း ပစ်ထားခြင်း ခံလိုက်ရရှာ၏။ ထိုကလေးမငယ်လေးမှာ တော်တော်လေး စွမ်းဆောင်နိုင်ရည် ရှိလှပြီး သူမ၏အဘွား ဝှက်ထားသော ဆန်များကို ထုတ်ယူကာ ခုံပေါ်တွင် မတ်တပ်ရပ်၍ ဆန်ပြုတ် စချက်လေတော့သည်။ သူမသည်ကား စားချင်သလိုစား၊ သောက်ချင်သလိုသောက်နေရလျှင် အဘယ်ကိုမျှ ဂရုမစိုက်သည့် ကလေးမျိုးပင်တည်း။
ကလေးမလေးမှာ ယခုထိ ပွစိပွစိ လုပ်နေဆဲပင်။
“အဘိုး၊ သမီးက ဒေါ်ကြီးပိုင်တို့အိမ်ကို သွားချင်တယ်လို့ ပြောသားပဲ၊ အဘိုးက မလိုက်ပို့ဘူး။ သူတို့ဆီမှာ ကွတ်ကီးတွေ ရှိတာကို။”
အဘိုးကြီးကျန်း : “သူတို့က နင့်ကိုမှ လက်မခံတာ”
ကျန်းမုန့်မုန့်မှာ ထိုစကားကို နားမလည်သော်လည်း ထပ်ပြောလိုက်၏။
“ဒါဆိုရင်လည်း နာ့နာတို့အိမ်ကို လိုက်ပို့ပေး၊ သူတို့အိမ်က ဟင်းကောင်းတွေ စားရတာ။”
နာ့နာဆိုသည်မှာ ရှေ့ဝင်းမှ ဝမ်ကျန့်ကော်နှင့် ဝမ်မေ့လန်တို့၏ သမီးအကြီးဆုံး ဖြစ်သည်။ ၎င်းတို့မိသားစုတွင် နာ့နာ၊ အာ့နာနှင့် စန်းနာဟူသော သမီးသုံးယောက် ရှိ၏။ သူတို့မိသားစုသည် သားတစ်ယောက် လိုချင်နေကြသော်လည်း မိဘနှစ်ပါးစလုံး အလုပ်လုပ်ကြပြီး တစ်ဦးမှာ လစာကောင်းသည့် အလုပ်ရထားသူဖြစ်၍ စားကောင်းသောက်ဖွယ်များကို စားနိုင်ကြခြင်း ဖြစ်သည်။
၎င်းတို့မိသားစုမှာ ဝင်းအတွင်း အချမ်းသာဆုံး မိသားစုများထဲတွင် တစ်ခုအပါအဝင် ဖြစ်၏။
“သမီးက သူတို့အိမ်မှာ စားချင်တာကို အဘိုးက ဒေါ်ကြီးကျောက်တို့အိမ်ကိုပဲ သွားခိုင်းနေတာ။ အခုတော့ အရိုက်ခံလိုက်ရပြီ မဟုတ်လား?”
အဘိုးကြီးကျန်း : “ပါးစပ်ပိတ်ထားစမ်း!”
ဝမ်ကျန့်ကော်တို့အိမ်ကို သွားရမယ်ဟုတ်လား?
ဝမ်ကျန့်ကော်က ဒါကို ဘယ်လိုလုပ် ခွင့်ပြုမှာလဲ။
ဝင်းအတွင်း၌ လိုက်လျောညီထွေ နေတတ်သူ အမျိုးသားတစ်ဦးမျှသာဖြစ်သော ဝမ်ကျန့်ကော်၏ အဆင့်အတန်းကိုကြည့်ကာ အထင်မသေးမည်ဆိုပါက မှားသွားမည်ပင်။ သူသည် အလွန်ကောက်ကျစ်ပြီး အတ္တကြီးသူဖြစ်ရာ အခြားမည်သည့်အရာကိုမျှ ဂရုစိုက်မည့်သူ မဟုတ်ပေ။
“မြန်မြန်ဆန်ပြုတ် ပြုတ်စမ်း၊ ပြီးရင် ငါ့ကိုလည်း တစ်ပန်းကန်ပေးဦး။”
မုန့်မုန့်; “အော်... ဒါဆိုရင်တော့ အဘွားကို အဘိုးခိုင်းလို့ ချက်ရတာလို့ ပြောလိုက်မှာနော်။”
အဘိုးကြီးကျန်းမှာ ဒေါသထွက်လွန်း၍ ရင်ဘတ်ပင် တစ်ဆို့သွားရသဖြင့် ဘာမှပြန်မပြောတော့ဘဲ ဤကလေးမလေးကိုသာ လျစ်လျူရှုထားလိုက်တော့၏။
ညဦးပိုင်းတွင် မည်သူမျှ စောစောစီးစီး အိပ်ရာမဝင်ကြပေ။ ယခုတလော ဝင်းအတွင်း၌ ကိစ္စရပ်များစွာ ဖြစ်ပျက်နေသဖြင့် လူများမှာ စကားစမြည် ပြောဖြစ်ကြသည်မှာ မလွဲဧကန်ပင်။ ချန်ချင်းယွီတို့ မိသားစုမှာ ကိုယ်လက်သန့်စင်ပြီးကြသော်လည်း အိပ်ရာမဝင်ကြသေးပေ။ အဘွားကြီးကျောက်သည် ပြတင်းပေါက်မှ လိုက်ကာစကို အနည်းငယ်ဟ၍ အပြင်သို့ ချောင်းကြည့်ရင်း
“ရှီရှန်းရဲ့မိန်းမ ဘာတွေလုပ်နေတာလဲ? ခေါင်းမပါတဲ့ ယင်ကောင်လို ဟိုပြေးဒီလွှားနဲ့။”
ချန်ချင်းယွီ; “သူ့သားအတွက် ဖြစ်မှာပေါ့။ ဂဟေဆက်အလုပ်ရုံမှာ လူလိုနေတယ်လို့ ကြားတယ်၊ ရှီရှောင်ဝေ အလုပ်ရဖို့ သူ အလုပ်ရှုပ်နေတာနေမှာ။”
“မျက်နှာလိုက်လိုက်တာ။”
ချန်ချင်းယွီ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အဘွားကြီးကျောက်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ သူမကိုယ်တိုင်သည်လည်း မျက်နှာလိုက်တတ်သူဖြစ်ပါလျက်နှင့် သူတစ်ပါးကို ဝေဖန်ရဲသေးသည်ဟု တွေးနေမိခြင်းပင်။ အဘွားကြီးသည် ယခင်က အမြွှာနှစ်ယောက်စလုံးကို မုန်းတီးခဲ့သော်လည်း ရှောင်ယွမ်ထက်စာလျှင် ရှောင်ကျားအပေါ်တွင် သိသိသာသာ ပို၍ကောင်းခဲ့သည်မှာ အမှန်ပင်။
ရှောင်ယွမ်မှာ အဘွားဖြစ်သူသည် ရက်စက်ပြီး ကလေးများအပေါ် အမြဲအပြစ်ရှာတတ်သဖြင့် တိတ်ဆိတ်ငြိမ်သက်နေတတ်ပြီး အထီးကျန်နေသော ကလေးလေးဖြစ်၏။
ယခုအခါတွင်မူ အဘွားကြီးမှာ ထိုကဲ့သို့ မလုပ်ရဲတော့ပေ။
သို့သော် လင်းကျန့်ဝမ် မရှိတော့သည့်နောက်တွင် သူသည် ယောက်ျားလေးဖြစ်သူ ရှောင်ကျားကို ပို၍တန်ဖိုးထားကြောင်း ထင်ရှားလှသည်။
ကံကောင်းသည်မှာ အဘွားကြီးသည် အိမ်ထောင်ဦးစီး မဟုတ်တော့ဘဲ ချန်ချင်းယွီသည်သာ နှစ်ယောက်စလုံးအပေါ် မျှမျှတတ ဆက်ဆံပေးခြင်းပင်။
ချန်ချင်းယွီသည် ကိုယ်တိုင်မှာလည်း အမျိုးသမီးတစ်ဦးဖြစ်သဖြင့် မိန်းကလေးများကို အထင်သေးသည့်အမြင်ကို အလွန်မုန်းတီးသူ ဖြစ်၏။ အဘွားကြီးကျောက်မှာမူ ချန်ချင်းယွီ၏ အတွေးများကို မသိဘဲ အပြင်သို့သာ စူးစူးစိုက်စိုက် ကြည့်နေဆဲပင်။
“ဟေး... ဒီကိစ္စကြောင့် သူတို့ စက်ရုံထဲကို အေးအေးဆေးဆေး ဝင်နိုင်သွားမယ် ထင်လား?”
ချန်ချင်းယွီ; “မထင်ပါဘူး။”
သူမသည် အတော်ပင် ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်သည်။
“အဲဒါက ဒီလောက်မလွယ်ဘူးလေ၊ ပြီးတော့ ဒီသတင်းက မပြန့်ခင်ကတည်းက တစ်ခုခုတော့ ရှိနေမှာပဲလို့ အမေလည်း သိနေတာပဲ မဟုတ်လား။”
“ဟုတ်တယ်၊ ဟုတ်တယ်။ သူတို့တွေ အလုပ်မရတာ အကောင်းဆုံးပဲ၊ အလုပ်မရှိဘဲ ငါတို့မိသားစုပဲ အလုပ်ရှိတာက အကောင်းဆုံးပဲ။”
အဘွားကြီးကျောက်တွင် အခြားအတွေးမရှိပေ၊ သူတစ်ပါးမိသားစု ကောင်းစားသည်ကို မကြည့်နိုင်ခြင်းသာ ဖြစ်၏။ လူတိုင်း ဆင်းရဲနေပြီး မိမိမိသားစုတစ်ခုတည်းသာ အဆင်ပြေနေခြင်းမှာ အကောင်းဆုံးဟု သူ ယူဆထားသည်။
ချန်ချင်းယွီ : “...”
ရှင့်ရဲ့ ဆန္ဒက တကယ့်ကို ရိုးရှင်းလိုက်တာ!!
မိုးနတ်မင်းတောင် မဖြည့်ဆည်းပေးနိုင်အောင် ရိုးရှင်းလိုက်တာရှင်!
ချန်ချင်းယွီ တဟားဟား လှောင်ရယ်လိုက်မိ၏။ အဘွားကြီးကျောက်က ဆက်၍
“အမှန်အတိုင်း ပြောရရင် ငါတို့ဝင်းထဲမှာ မာကျန့်ယီတစ်ယောက်ပဲ လူပီသတာ။ ကျန်တဲ့လူတွေကတော့ ပုံမှန်ပါပဲ။”
ချန်ချင်းယွီမှာ အံ့ဩသွားပြီး
“အမလေး... ရှင့် ပါးစပ်ကနေ သူတစ်ပါးအကြောင်း ကောင်းတာကြားရဖို့ ဆိုတာကတော့ တကယ့်ကို ရှားပါးလှချေရဲ့။”
“ဘာလို့ မပြောရမှာလဲ? သူက ငါတို့ကို အလုပ်သွင်းဖို့ ခေါ်သွားပေးခဲ့တာလေ၊ သူ့ရဲ့ကျေးဇူးကို ငါ မှတ်ထားပါတယ်။ ငါ ထမင်းချက်ဌာနမှာ အလုပ်လုပ်ရတဲ့အခါ သူ လာဝယ်ရင် အသားတွေ ပိုထည့်ပေးမယ်၊ ဇွန်းအပြည့် ခတ်ပေးမှာပေါ့၊ ဟင်းတွေကိုလည်း လှုပ်ခါပြီး မလျှော့ပစ်ဘူး။”
အဘွားကြီးကျောက်သည် မိမိကိုယ်မိမိ ကျေးဇူးသိတတ်သူတစ်ဦးဟု အမှန်တကယ်ပင် ယုံကြည်နေလေသည်။
ချန်ချင်းယွီ : “...”
သူမသည် အတန်ကြာအောင် ဆွံ့အသွားပြီးမှ
“အဘွားကြီး... ထမင်းစားဆောင်ကို ဘယ်သူက စီမံခန့်ခွဲလဲဆိုတာ မေ့သွားပြီလား? ဒီထမင်းစားဆောင်ကို ထောက်ပံ့ပို့ဆောင်ရေးဌာနက ကိုင်တာလေ။ မာကျန့်ယီက ဘယ်သူလဲ? သူက ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးလေ။ ရှင် ရူးနေတာလား? သူ့အတွက် ဟင်းခတ်တဲ့အခါ ဟင်းတွေ လှုပ်ခါပြီး လျှော့ပစ်ချင်လို့လား? ရှင်တင် မဟုတ်ဘူး၊ ထမင်းစားဆောင်ထဲက ဘယ်သူမဆို သူ့ကို ခက်ခဲအောင် လုပ်ရဲမှာ မဟုတ်ဘူးဆိုတာ ကျွန်မကို ယုံလိုက်။ နီးစပ်ရာအရာရှိက အဝေးကလူထက် ပိုအာဏာရှိတယ်ဆိုတာ ရှင် နားမလည်ဘူးလား?”
ချန်ချင်းယွီမှာ မိမိကဲ့သို့ တစ်ခါမှ အလုပ်မလုပ်ဖူးသူပင်လျှင် ဤအချက်ကို သိနေပါလျက်နှင့် ဤအဘွားကြီးမှာ အဘယ်ကြောင့် မသိရသနည်းဟူသော အမူအရာဖြင့် ကြည့်လိုက်၏။
အဘွားကြီးကျောက်အနေဖြင့် ထမင်းစားဆောင်တွင် ဟင်းသီးဟင်းရွက်ဆေးသည့် အောက်ခြေအလုပ်မျိုး လုပ်သည်ကသာ အကောင်းဆုံးဖြစ်ကြောင်း၊ အကယ်၍ အလုပ်ရာထူး ပြောင်းလိုက်မည်ဆိုပါက သူမ၏ဦးနှောက်သည် လိုက်နိုင်တော့မည်မဟုတ်ကြောင်းကိုလည်း ချန်ချင်းယွီ ပို၍ ခိုင်ခိုင်မာမာ ခံစားမိသွားသည်။
အဘွားကြီးကျောက်မှာ စိတ်ပျက်လက်ပျက်ဖြင့်
“ငါ မေ့သွားလို့ပါ၊ ဟုတ်ပြီလား?”
အဘွားကြီးကျောက်; “အော်... ဒါနဲ့ ငါ မာကျန့်ယီကို မျက်နှာသာရအောင် လုပ်သင့်သလား? သူက ဒုတိယညွှန်ကြားရေးမှူးဆိုတော့လေ။”
ချန်ချင်းယွီ; “မလိုပါဘူး။ ရှင်က ဟင်းရွက်ဆေးတဲ့သူပဲ၊ သူ့ကို ဖော်လံဖားလုပ်လို့ ဘာထူးမှာလဲ? ရှင့်ကို မီးဖိုချောင် အကြီးအမှူးကြီးအထိ ရာထူးတိုးပေးမှာ မလို့လား? ပြဿနာမရှာဘဲ နေပေးရင်တင် မာကျန့်ယီက ရှင့်မိသားစု တစ်ခုလုံးကို ကျေးဇူးတင်နေမှာ။”
အဘွားကြီးကျောက်; “ကောင်းပြီလေ! နင့်စကားကိုပဲ နားထောင်ပါ့မယ်။”
သူမသည် တရားမျှတမှုကို ရှေ့တန်းတင်သည့် အမူအရာဖြင့် ဆက်လက်၍
“ငါတို့အပေါ် ကူညီခဲ့တဲ့သူတွေကိုတော့ ငါ မှတ်ထားပါတယ်။ ဝန်ထမ်းရေးရာဌာနက ဌာနခွဲမှူး ဝမ် ဆိုရင် တကယ်ကို လူကောင်းကြီး။ ဒုတိယစက်ရုံမှူး ကျိုး ကလည်း တကယ့်လူကောင်းပဲ။ နောက်ပြီး မာကျန့်ယီလည်း ပါတယ်။ အကယ်၍ သူတို့ စက်ရုံမှာ အနိုင်ကျင့်ခံရတာတွေ့ရင် ငါ သေချာပေါက် သွားပြီး ချပေးမယ်! ငါက အရင်ကလို အဘွားကြီး မဟုတ်တော့ဘူး။ အရင်က အိမ်ရှင်မပဲ လုပ်ခဲ့ပေမဲ့ အခုတော့ လူမှုပတ်ဝန်းကျင်ထဲ ရောက်နေပြီဆိုတော့ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီး နားလည်လာပြီ။”
ချန်ချင်းယွီခမျာ အံ့ဩရလွန်း၍ ‘ဪ’ ဟုသာ တုံ့ပြန်လိုက်နိုင်တော့၏။
သူမသည် အဘွားကြီးကျောက်ကို အနက်အဓိပ္ပာယ်ပါပါဖြင့် စိုက်ကြည့်ရင်း ဤမျှအထိ တွေးထားလိမ့်မည်ဟု မထင်ထားခဲ့ကြောင်း စိတ်ထဲမှ မှတ်ချက်ချနေမိသည်။
အဘွားကြီးကျောက် : “ဟဲဟဲ... ငါ့ကို အထင်မသေးနဲ့။ ငါက အရည်အချင်းရှိတဲ့သူ။ အဘိုးကြီးကျန်းကို ကြည့်ဦး၊ ဘာဖြစ်သွားလဲ? ငါ့လက်ထဲမှာ အထိနာသွားတာ မဟုတ်လား? ဟား! သူက ဘာမှမဟုတ်ပါဘူး! ငါက အနိုင်မခံ အရှုံးမပေးတဲ့သူပဲ။”
ချန်ချင်းယွီမှာ သူမစိတ်ကျေနပ်စေရန် “အော်...” ဟု ရှည်ရှည်ဝေးဝေး ထောက်ခံပေးလိုက်သည်။
အဘွားကြီးကျောက် : “ဟဲဟဲဟဲ။”
အားရပါးရ ရယ်မောပြီးနောက် သူမသည် တည်တည်တံ့တံ့ဖြင့်
“နေ့ခင်းဘက် ငါ အိမ်မှာမရှိတုန်း သူတို့ထဲက တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်ရင် ခဏတော့ သည်းခံထားလိုက်ဦး။ ငါ ပြန်လာမှ သူတို့ကို ပညာပေးမယ်။”
ချန်ချင်းယွီ တဟားဟား ရယ်မောရင်း မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး
“အမေ့ကို စောင့်နေရမှာလား? ကျွန်မ ဘာမှတောင် လုပ်စရာ မလိုပါဘူး။ သူတို့ကို ဒုက္ခရောက်အောင် လုပ်နိုင်တဲ့ အရည်အချင်း ကျွန်မမှာ ရှိပါတယ်။... တစ်ခါတလေကျရင် အားနည်းချင်ဟန် ဆောင်တာကလည်း အသုံးဝင်တယ်လေ။ ဒါမှမဟုတ် အမေက ကျွန်မရဲ့ စွမ်းဆောင်ရည်ကို မယုံဘူးလား?”
အဘွားကြီးကျောက်သည် ဤအရူးမလေး၏ ပုံမှန်လုပ်ဆောင်တတ်သော နည်းဗျူဟာများကို တွေးမိသည်နှင့် ချက်ချင်းပင် စိတ်အေးသွားတော့သည်!
သူ အပိုတွေ လျှောက်တွေးနေမိခြင်းပင်။ ဤအရူးမလေးမှာ သူတစ်ပါး၏ နည်းပရိယာယ်များကို ကြောက်နေမည်ဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
သူမ ကျောက်တာ့ရာ ကိုယ်တိုင်ကပင် ဤမျှ အရည်အချင်းရှိပါလျက်နှင့် ဤအရူးမကို အရှုံးပေးခဲ့ရသည်ဆိုပါက အပြင်မှ လူညံ့လေးများသည်ကား သူမကို ယှဉ်နိုင်မည့်သူ မရှိလောက်တော့ပေ!
အော်... မရှိလောက်တာ မဟုတ်ဘူး၊ သေချာပေါက် မယှဉ်နိုင်တာပဲ!!
“ညဉ့်နက်နေပြီ၊ အိပ်ကြစို့။”
ချန်ချင်းယွီ; “နာရီမရှိတော့ တကယ့်ကို အဆင်မပြေဘူး၊ ဘယ်အချိန်ရှိပြီလဲဆိုတာ ဘယ်တော့မှ မသိရဘူး”
သူမညည်းတွားပြောဆိုလိုက်မိ၏။
တကယ်လည်း ဟုတ်ပေသည်။ ယနေ့ခေတ်ကာလတွင် ကလေးများ များလွန်းသော်လည်း ဖျော်ဖြေရေးဟူ၍ များများစားစား မရှိပေ။ တီဗွီမရှိ၊ ရေဒီယိုပင် ရှားပါးလှ၏။ မိသားစုအများစုမှာ မှောင်သည်နှင့် လုပ်စရာ ဘာမှမရှိတော့ပေ။ အကယ်၍ အိပ်မပျော်လျှင်ဖြစ်စေ၊ ကလေးမထိန်းရလျှင်ဖြစ်စေ တခြားဘာများ လုပ်စရာရှိမည်နည်း။
ဥပမာအားဖြင့် မိမိတို့မိသားစုဆိုလျှင် မှောင်သည်နှင့် တစ်ပြိုင်နက် အိပ်ရာဝင်ကြရသည်။ ချန်ချင်းယွီသည် စောစောထရန် မလိုသော်လည်း တစ်ချက် အကြောဆန့်လိုက်ပြီး လှဲချလိုက်လေ၏။
အဘွားကြီးကျောက်မှာမူ ခေတ္တမျှ ငေးကြည့်နေပြီးမှ လိုက်လှဲရင်း
“ရွှီကောင်းမင်က ဘယ်တော့များမှ ကျွေးမွေးဧည့်ခံပွဲအတွက် ပြင်ဆင်မလဲမသိဘူး။ ငါတို့မှိုတွေကိုတော့ သတိထားဦးနော်၊ သူ့လက်ထဲ အရောက်မခံနိုင်ဘူး။”
“ကျွန်မ သိပါတယ်”
သူမ ပင်ပင်ပန်းပန်း ခူးထားရသည့်အရာကိုမှ လာပြီး ကြံစည်ချင်တယ်ပေါ့!!
ဒါကတော့ ကိုယ့်သေတွင်းကိုယ် တူးတာပဲ!!
စိတ်တောင် မကူးလေနဲ့!
“အိပ်တော့၊ ဘာမှမဖြစ်စေရဘူး။”
“အေးပါ!”
သူတို့အတော်စောစောပင် အိပ်ရာဝင်ခဲ့ကြသည်။ ချန်ချင်းယွီသည် မအိပ်စက်မီ မနက်ဖြန်အတွက် အစီအစဉ်များကို စဉ်းစားနေမိ၏။ သူသည် ငရုတ်သီး၊ နံနံပင်နှင့် ကြက်သွန်မြိတ်ကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များကို ဆောင်းတွင်း၌ပင် အရသာရှိရှိ စားနိုင်ရန် ပန်းအိုးအနည်းငယ်ဝယ်၍ စိုက်ပျိုးရန် စီစဉ်ထားသည်။ အကယ်၍ ရာသီဥတု အေးလာလျှင်လည်း အိမ်ထဲသို့ သယ်သွင်းထား၍ ရသည် မဟုတ်လော့။
အင်း... ကြက်သွန်မြိတ်လည်း ဝယ်ချင်သေးသည်။ ယခုလက်ရှိတွင် ကြက်သွန်မြိတ်များ စတင်ရောင်းချနေပြီလေ။ မုန်လာဥဖြူနှင့် ဂေါ်ဖီထုပ်ချည်းပဲ စားနေရသည်ကို သူမ ငြီးငွေ့နေပြီ ဖြစ်၏။
ထိုအရာများအပြင် ချန်ချင်းယွီသည် မကြာမီရောက်တော့မည့် 'ချင်းမင်' ပွဲတော်အကြောင်းကိုလည်း မတွေးဘဲ မနေနိုင်တော့ပေ။
သူမ တိုးတိုးလေး မေးလိုက်သည်။
“အမေ... အိပ်ပြီလား?”
အဘွားကြီးကျောက်;“မအိပ်သေးဘူး၊ ဘာလို့လဲ?”
ချန်ချင်းယွီ; “စက္ကူပိုက်ဆံ (သေလူကိုပူဇော်ရသည့်ပိုက်ဆံ) ဘယ်မှာဝယ်ရမလဲ သိလား?”
အဘွားကြီးကျောက်မှာ ထိတ်လန့်တကြားဖြင့် “အမလေး... သောက်ကျိုးနည်း!” ဟု လန့်အော်လိုက်လေသည်။
သူမသည် လန့်ဖျပ်သွားပြီး
“နင်ကတော့ အဖမ်းခံချင်နေပြီ!” ဟု ဆိုကာ ချက်ချင်း ထထိုင်လိုက်ပြီး
“အခုခေတ်မှာ ဒါတွေလုပ်လို့ မရတော့ဘူးလေ။”
သို့သော် ချန်ချင်းယွီ တစ်ခုခု ပြန်မပြောနိုင်ခင်မှာပင် သူမသည် အသံကိုနှိမ့်၍ တိုးတိုးလေး ကပ်ပြောပြ၏။
“အရင်နှစ်တွေတုန်းကတော့ ငါ ဝယ်ပြီး ညသန်းခေါင်ယံမှာ လူပြတ်တဲ့ လမ်းဆုံလမ်းခွတွေမှာ တိတ်တဆိတ် သွားရှို့တာပေါ့။ နင်လည်း သတိတော့ ထားရလိမ့်မယ်။”
ချန်ချင်းယွီ မျက်တောင်ခတ်လိုက်မိ၏။
ဒီအဘွားကြီးလည်း စက္ကူပိုက်ဆံတွေကို တိတ်တဆိတ် ရှို့နေတာပေါ့။
အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ အကြည့်အောက်တွင် အနည်းငယ် နေရခက်သွားပြီး
“ငါတို့မိသားစုက ဒီမှာ အခြေအနေ သိပ်မကောင်းဘူးလေ။ မြေအောက်က အဘိုးကြီး ငါတို့ကို စောင့်ရှောက်နိုင်အောင် ပိုက်ဆံလေး ဘာလေးတော့ ပို့ပေးရတာပေါ့။ တကယ်ပါပဲ... အဲဒီအဘိုးကြီးက မိသားစုကို ဘာမှမစောင့်ရှောက်နိုင်တဲ့အပြင် သူ့သားကိုပါ ခေါ်သွားသေးတယ်။ ဒီနှစ်တော့ သူ့အတွက် ဘာမှမရှို့ပေးတော့ဘူးလို့တောင် စဉ်းစားနေတာ၊ တကယ့်ကို အသုံးမကျတဲ့လူ။”
ချန်ချင်းယွီ : “...”
“အမေဘယ်မှာဝယ်တာလဲ?”
“နန်လော့ကူးရှန်း ဘက်က လမ်းကြားထဲမှာ ယိုင်နဲ့နဲ့ အိမ်လေးတစ်လုံးရှိတယ်၊ အိမ်နံပါတ် ၄၄ လေ။ အဲဒီမှာ ရောင်းတယ်။ ငါ့နာမည်ပြောလိုက်ပေါ့၊ မဟုတ်ရင်တော့ သူတို့က နင့်ကို ရောင်းမှာမဟုတ်ဘူး။”
ပြောပြီးနောက် အဘွားကြီးကျောက်မှာ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
သူ၏ အဆက်အသွယ်ရှိမှသာ ဝယ်ယူနိုင်မည်ဟူသော အဓိပ္ပာယ်ပင်။
“ဒါပေမဲ့ နင် သတိတော့ထားဦး။ တစ်နှစ်တုန်းကဆို ငါ့ကို တစ်ယောက်ယောက် မြင်သွားတော့မလို့၊ ငါ တအားပြေးခဲ့ရတာ! သူတို့က ခွေးတွေနဲ့တောင် လွှတ်လိုက်သေးတယ်။ ငါ ကံကောင်းလို့ လွတ်လာတာ။ တခြားသူဆိုရင်တော့ အဖမ်းခံရမှာ သေချာတယ်။”
“အင်းပါ ကျွန်မ သိပါပြီ။”
ဟက်!
ငါ ချန်ချင်းယွီက အဘွားကြီးကျောက်ထက် ညံ့ပါ့မလား…
သေချာပေါက် ညံ့မနေဘူး!