အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
၂၁။ အရသာရှိတဲ့မှိုလေး
ချန်ချင်းယွီအတွက်မူ မှိုများ တပွေ့တပိုက်ကြီး ရရှိခဲ့သော နေ့တစ်နေ့ပင် ဖြစ်လေသည်။
သူမတို့အိမ်၏ ရန်ဘက်တော်များဖြစ်ကြသော အဘွားကြီးဟွမ်နှင့် ရှီကျန့်ရှန်းတို့၏ အကူအညီကြောင့်ပင် ပစ္စည်းများ အလျှံပယ်ရရှိခဲ့ပြီး မြို့ထဲပြန်မည့် ဘတ်စ်ကားကြီးပေါ်သို့ အမြန်ဆုံး တက်နိုင်ခဲ့၏။ သူမ လာစဉ်က လူအုပ်ကြီးနှင့်အတူ လမ်းလျှောက်လာခဲ့ခြင်း ဖြစ်သော်လည်း ပြန်သည့်အခါတွင်မူ ဟန်ဆောင်နေရန် မလိုတော့သဖြင့် ဘတ်စ်ကားစီးရန်သာ ပြတ်ပြတ်သားသား ရွေးချယ်လိုက်လေသည်။ ယခုခေတ်လူများ တစ်နေရာနှင့်တစ်နေရာ သွားလာရန် ခက်ခဲနေခြင်းမှာ ထောက်ခံစာ လိုအပ်ခြင်းကြောင့်သာမကဘဲ ကားခနှုန်းထားများမှာလည်း မသက်သာလှသောကြောင့်ပင် ဖြစ်၏။
စင်စစ် ချန်ချင်းယွီအဖို့မူ မြို့ပြင်ထွက်ရန် ထောက်ခံစာလည်း မလိုအပ်သလို ငွေကြေးအတွက်လည်း ပူပန်စရာ မရှိပေ။ သူမလက်ထဲတွင် ရိက္ခာလက်မှတ်များ မရှိသော်လည်း ဖခင်ဖြစ်သူထံမှ ပြန်လည် ခိုးယူသိမ်းဆည်းထားသည့် ငွေသုံးထောင်ငါးရာနှင့် ခွဲတမ်းရထားသော ငွေရှစ်ရာကျော် ရှိနေသေးသည်။ ဆန်နှင့်ရိက္ခာဝယ်ယူရာတွင် အနည်းငယ် ကုန်ကျသွားသည်ဆိုစေကာမူ လက်ရှိငွေကြေး၏ ဝယ်ယူနိုင်စွမ်းမှာ အင်မတန်မှ အားကောင်းလွန်းနေသေး၏။
အခြားအရာများကို မဆိုထားနှင့်ဦး၊ နိုင်ငံပိုင် စားသောက်ဆိုင်မှ အသားပေါက်စီတစ်လုံးလျှင် ကိုးပြားမျှသာ ပေးရသဖြင့် ချန်ချင်းယွီအတွက်မူ အခြေအနေမှာ အတော်လေး အဆင်ပြေနေသည်ဟု ခံစားရ၏။ သူမသည် လက်မှတ်ဝယ်၍ ကားပေါ်သို့ တက်လိုက်ရာ ကားပေါ်တွင်လည်း လူများ အပြည့် ရှိမနေပေ။ ချန်ချင်းယွီသည် နောက်ဆုံးတန်းတွင် သွားရောက်ထိုင်လိုက်ပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမမှာမူ ယခုမှလောကအသစ်ကို မြင်ဖူးသွားကြသည့်အလား ဘေးဘယ်ညာသို့ စူးစမ်းကြည့်ရှုနေကြလေသည်။
ချန်ချင်းယွီကိုယ်တိုင်လည်း စိတ်တက်ကြွနေပြီး ဤကဲ့သို့ ရှေးဟောင်းဘတ်စ်ကားကြီးမျိုးကို မစီးဖူးသဖြင့် ဟိုဟိုဒီဒီ လိုက်လံကြည့်ရှုနေမိ၏။ ကားလက်မှတ်ရောင်းသူကမူ "တောသားများ ကျနေတာပဲ" ဟူသော အထာဖြင့် နှုတ်ခမ်းစူကာ အထင်အမြင်သေးစွာ ကြည့်နေလေသည်။
ချန်ချင်းယွီမှာမူ ဘယ်သူဘာထင်
ထင် ဂရုမစိုက်ပေ။
ကားစီးရသည်မှာ ပို၍ပင် သက်သာသေးသည်၊ မိနစ်သုံးဆယ်ပင် မပြည့်မီမှာပင် မြို့ထဲသို့ ရောက်ရှိသွားပြီ ဖြစ်၏။ ကလေးနှစ်ဦးမှာမူ ကားစီး၍ မဝသေးသည့်ဟန်ဖြင့် ချန်ချင်းယွီနောက်မှ တွန့်ဆုတ်တွန့်ဆုတ်နှင့် လိုက်ဆင်းလာကြလေသည်။ အိမ်အပြန်လမ်းတွင် ရှောင်ကျားက တစာစာနှင့် ပြောနေတော့၏။
"မေမေ၊ ကားကြီးက အရမ်းမြန်တာပဲနော်၊ ဝှူးကနဲပဲ!"
ရှောင်ယွမ်က ခေါင်းငြိမ့်ပြကာ
"ကိုကိုပြောတာ မှန်တယ်"
ရှောင်ကျားက ဆက်၍
"သားနဲ့ ရှောင်ယွမ်က လက်မှတ်ဝယ်စရာ မလိုဘူးဆိုတော့ တကယ်ကောင်းတာပဲ"
ရှောင်ယွမ်ကလည်း ခေါင်းငြိမ့်ကာ
"ကိုကိုပြောတာ မှန်တယ်"
ရှောင်ကျားက ဆက်လက်၍
"ဒီနေ့ အပြင်ထွက်ရတာ တကယ်ပျော်ဖို့ကောင်းတယ်!" ဟု ဆိုရာ၊ ရှောင်ယွမ်လေးမှာ "ကိုကိုပြောတာ မှန်တယ်" ဟုသာ ပြောနေပြန်၏။
ရှောင်ကျား စိတ်မရှည်သလိုနှင့် "ညီမလေးက ဘာလို့ ကိုကို့နောက်ကပဲ လိုက်ပြောနေတာလဲ" ဟု ပွစိပွစိ လုပ်ခါမှ ရှောင်ယွမ်မှာ မျက်လုံးလေးများ ကလည်ကလည်နှင့် "မဟုတ်ပါဘူး" ဟု ပြန်ဖြေရှာလေသည်။
ဤအမူအရာလေးမှာ ချန်ချင်းယွီ တခြားသူများကို အားနည်းဟန်ဆောင်၍ လှည့်စားသည့် ပုံစံလေးနှင့် အတော်လေး တူနေသဖြင့် ချန်ချင်းယွီတစ်ယောက် ဟီးဟီးဟု ရယ်လိုက်မိပြီး
"မြို့ပြင်က ပျော်ဖို့ကောင်းတယ်မလား? သားတို့ သမီးတို့ လိမ်လိမ်မာမာ နေမယ်ဆိုရင် နောက်လည်း ခေါ်သွားဦးမယ်"
ကလေးနှစ်ဦးလုံးက ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် တတွတ်တွတ် ပြောလာကြ၏။
"မေမေ... သားတို့ လိမ်လိမ်မာမာ နေပါ့မယ်၊ ညီမလေးရော သားရော အကုန်လုံး လိမ်မာပါ့မယ်။ နောက်လည်း ခေါ်သွားပါနော်၊ သားတို့ အလုပ်တွေလည်း ကူလုပ်ပေးနိုင်ပါတယ်"
ရှောင်ယွမ်သည်လည်း "သမီးလည်း လုပ်တတ်တယ်" ဟု ဆိုကာ သူမ၏ လက်မောင်းလေးများကို လှုပ်ပြပြီး
"ကြည့်... သမီးလည်း လုပ်နိုင်ပါတယ်"
ချန်ချင်းယွီမှာ ရယ်မောရင်းဖြင့် သားအမိသုံးဦးသား အိမ်ဝင်းထဲသို့ ပြန်လည်ရောက်ရှိလာကြ၏။ ဝင်းထဲသို့ ရောက်ရောက်ချင်းမှာပင် ဝမ်ကျန့်ကော်၏ မိခင် အဘွားကြီးဝမ်မှာ ကလေးထိန်းရင်း စောင့်နေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် သူမကိုယ်သူမ ဤဝင်းအတွင်းရှိ အထက်တန်းလွှာဟု မှတ်ယူထားသဖြင့် မြို့ပြင်ထွက်၍ မှိုခူးခြင်းမျိုးကိုမူ ပြုလုပ်ခြင်းမရှိပေ။
ရယ်စရာပင်... သူမ၏ ခင်ပွန်းမှာ အလုပ်သမားဖြစ်ပြီး သားဖြစ်သူနှင့်ချွေးမမှာလည်း လင်မယားနှစ်ဦးလုံး အလုပ်ရှိသည့် မိသားစုဖြစ်ရာ ဤကဲ့သို့ ပင်ပန်းသောအလုပ်များကို လုပ်စရာဟု မထင်ပေ။
သို့သော်လည်း သူမ၏ အကြည့်များမှာမူ ချန်ချင်းယွီ လွယ်လာသည့် ခြင်းတောင်းထံတွင် ဝဲနေလေသည်။ သူမ စိတ်ထဲတွင်မူ 'ဤကဲ့သို့ နောက်မျိုးဆက် လူငယ်ဆိုသည်မှာ လူကြီးသူမကို နည်းနည်းပါးပါးတော့ ရိုသေသင့်သည်၊ ဝင်းထဲကအိမ်နီးချင်းများပင်ဖြစ်ရာ အဖိုးတန်ပစ္စည်းမှ မဟုတ်ဘဲ အနည်းငယ်မျှတော့ ဝေမျှပေးရမည်...' ဟု တွေးနေခဲ့၏။
အဘွားကြီးဝမ်မှာ ချန်ချင်းယွီ တစ်ခုခု ပြောလာမလားဟူ၍ မျှော်လင့်တကြီး စိုက်ကြည့်နေလေသည်။
ချန်ချင်းယွီသည်လည်း တကယ်ပင် စကားစလိုက်၏။ သူမသည် ရှက်တက်တက် အပြုံးလေးဖြင့်
"ဒေါ်လေးဝမ် တစ်ယောက်တည်းပဲလားရှင့်။ ကျွန်မတို့အိမ်ကို ခဏလာလည်ပါဦးလား"
အဘွားကြီးဝမ်မှာ ဇဝေဇဝါ ဖြစ်သွားရ၏။
အဘယ်ကြောင့် မှိုအကြောင်း တစ်ခွန်းမျှ မဟသနည်း?
ထို့နောက်တွင်မူ ချန်ချင်းယွီက ဆက်လက်၍ စကားဦးစ
သန်းလိုက်လေသည်။
“ဒေါ်လေးဝမ် မှိုစားရတာ ကြိုက်လာ:”
အဘွားကြီးဝမ်သည် ချက်ချင်းပင် ကျေနပ်အားရသော အမူအယာကို ပြသလိုက်သော်လည်း တိုက်ရိုက်တောင်းရန်မှာမူ မဖြစ်နိုင်ပေ။ အဖိုးတန်ပစ္စည်း မဟုတ်သော်လည်း တောင်းယူပါက ကျေးဇူးကြွေး တင်ရှိမည်ဖြစ်သဖြင့် သူမသည် မောက်မာဟန်ဆောင်ကာ
"ငါလည်း ဒါတွေကို သိပ်မကြိုက်ပါဘူးအေ့၊ အနံ့က တစ်မျိုးကြီးပဲ"
ချန်ချင်းယွီတစ်ယောက် "သြော်..." ဟု အသံရှည်ဆွဲကာ
"ကျွန်မတို့အိမ်ကတော့ တော်တော်ကြိုက်ကြတယ်ရှင့်။ ကျွန်မယောင်္ကျား ကျန့်ဝမ်ရှိတုန်းကဆို မှိုကြော်ဆိုရင် အများကြီး စားနိုင်တာ။ ကျွန်မယောင်္ကျားက တကယ့်လူကောင်းပါ၊ သူကလေ..."
အဘွားကြီးဝမ် "!!!"
"တော်ပြီ၊ တော်တော့!"
ညည်းက ဘာလို့ လင်းကျန့်ဝမ်အကြောင်းတွေ လျှောက်ပြောနေရတာလဲ၊ ညည်းက ငါ့ကို အတင်းပေး၊ ငါက မယူချင်ယောင်ဆောင်ပြီးမှ မတတ်သာလို့ ယူလိုက်ရတဲ့ ပုံစံမျိုး ဖြစ်ရမှာ မဟုတ်ဘူးလား…
ချန်ချင်းယွီ: "ကိုကိုကျန့်ဝမ်က..."
"နေဦး!"
အဘွားကြီးဝမ်: "ညည်းရဲ့ ဒီမှိုတွေက..."
ချန်ချင်းယွီက ဝမ်းသာအားရဖြင့်
"ဒီတစ်ခါတော့ အတော်လေး ရခဲ့တယ်ရှင့်။ အခုချက်စားလို့လည်း ရသလို အခြောက်လှန်းထားရင်လည်း နောက်မှ ဖြည်းဖြည်းချင်း စားလို့ရတာပေါ့။ ကျွန်မကိုကိုက ပြောဖူးတယ်၊ ကျွန်မတို့အိမ်က..."
အဘွားကြီးဝမ်သည် သူမ၏စကားကို ထပ်မံဖြတ်ပြောလိုက်သော်လည်း ကိုယ်တိုင် အသားလွတ် တောင်းရမှာကိုမူ မျက်နှာပူနေသည်။ အဘွားကြီးဝမ်သည် အင်မတန် သိက္ခာကို ငဲ့ကွက်သူဖြစ်ရာ သူများအလိုက်တသိပေးသည်ကိုသာ လိုချင်ပြီး မိမိကိုယ်တိုင်မူ ဟန်ကြီးတစ်ခွဲသားနေချင်၏။
"ညည်းတစ်ယောက်တည်းလား၊ တခြားလူတွေရော ဘယ်မှာလဲ"
ချန်ချင်းယွီ: "ကျွန်မ အရင်ပြန်လာတာပါ။ သူတို့ကတော့ နောက်ထပ် နည်းနည်းလောက် ထပ်ရှာချင်ကြသေးလို့။ဒေါ်လေးဝမ်... လာလေရှင့်၊ ကျွန်မတို့အိမ်မှာ စကားပြောကြရအောင်"
အင်မတန် ရိုးသားလှသော အမူအယာဖြင့် အတင်းအကျပ် ဖိတ်ခေါ်နေသော်လည်း ချန်ချင်းယွီ၏ အမူအရာမှာ သူမကို မှိုပေးမည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ အဘွားကြီးဝမ်မှာ စိတ်ထဲမှ အတော်ပင် ဒေါသထွက်သွားရ၏။ 'တန်ဖိုးမရှိတဲ့ အရာလေးကိုတောင် ဒီလောက်ထိ ကုတ်ကပ်နေတာပဲ! သူမယောက္ခမက သူမကို အမြင်မကြည်တာ တကယ်ကို မဆန်းပါလား!' ဟု တွေးနေလေသည်။
အဘွားကြီးဝမ်သည် စိတ်ထဲမှ တနုံ့နုံ့နှင့် ဗျစ်တောက်ဗျစ်တောက် ပြောဆိုနေသော်လည်း ချန်ချင်းယွီမှာမူ ဒုတိယဝင်းအတွင်းသို့ ဝင်ရန် ပြင်နေပြီဖြစ်သည်။ ဤတွန့်တိုလှသော မုဆိုးမလေးမှာ မိမိအား မှိုပေးတော့မည် မဟုတ်ကြောင်း ရိပ်မိသွားသောအခါ အဘွားကြီးဝမ်မှာ မျက်နှာကြီး ပုပ်သိုးလျက်
"ငါမလာတော့ဘူး၊ ခဏနေရင် ထမင်းဟင်း ချက်ရဦးမယ်"
ငါ ထမင်းချက်ရဦးမယ်လို့ ပြောနေတာတောင် မှိုပေးဖို့ အစမဖော်သေးဘူးလား!!
ချန်ချင်းယွီ: "သြော်... အဲ့ဒါဆိုရင်တော့ ဒေါ်လေးရဲ့ အလုပ်ကို မနှောင့်ယှက်တော့ပါဘူးရှင့်"
သူမသည် တစ်လမ်းလုံး ယဉ်ယဉ်ကျေးကျေးပင် ဆက်ဆံနေခဲ့ပြီး အနည်းငယ် နှမြောတသဟန်ဖြင့်
"ကျွန်မကတော့ ဒေါ်လေးဝမ်နဲ့ ကိုကိုကျန့်ဝမ်အကြောင်းတွေ အကြာကြီး ပြောချင်နေတာ"
အဘွားကြီးဝမ်၏ မျက်နှာမှာ ပို၍ပင် ပျက်သွားကာ "ငါမလာဘူး!" ဟု ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
'ဒီလို တွန့်တိုပြီး အိမ်နီးချင်းတွေနဲ့လည်း မတည့်တဲ့သူဆိုပြီး ညည်းရဲ့ လင်တရူး ဖြစ်နေတဲ့အကြောင်းကို ဝင်းထဲကလူတွေ သိအောင် ငါသေချာပေါက် ကြေညာပေးမယ်' ဟု ဝမ်အဘွားကြီးက တေးထားလိုက်၏။
သူမသည် တွေးလေ ဒေါသထွက်လေဖြစ်ကာ မြေးမလေးကို ဆွဲ၍ အပြင်သို့ လမ်းလျှောက်ထွက်သွားတော့သည်။
ချန်ချင်းယွီသည် ရှက်ဝဲဝဲလေး ပြုံးလိုက်ပြီးမှ အိမ်ထဲသို့ ဝင်ခဲ့၏။ ယနေ့ ဝင်းအတွင်း၌ အလုပ်သွားသူ၊ ကျောင်းသွားသူနှင့် မှိုခူးထွက်သူများရှိသဖြင့် အင်မတန် တိတ်ဆိတ်နေလေသည်။ သူမသည် အိမ်သို့ရောက်လျှင် မှိုများကို အကုန်သွန်ချလိုက်ရာ မှိုပုံကြီးမှာ တောင်တစ်လုံးကဲ့သို့ပင် မြင့်တက်လာတော့၏။
"ဝါး..."
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ပျော်ရွှင်သွားကြလေသည်။
ချန်ချင်းယွီသည် မှိုများထဲမှ စုန့်ရုံမှိုနှင့် မျောက်ဦးနှောက်မှိုများကို လျင်မြန်စွာ ရွေးထုတ်လိုက်၏။ သူမသည် ထိုမှိုနှစ်မျိုးကို သေချာပေါက် သိထားပြီး ဖြစ်သဖြင့် အလွန်အတွေ့ရများသော မှိုများကိုပါ ဆက်လက်ရွေးထုတ်လိုက်သည်။ အချို့သော သေချာမသိသည့် မှိုများကိုမူ သီးသန့်ဖယ်ထားကာ ယောက္ခမဖြစ်သူ ပြန်လာမှသာ ပြသရန် စိတ်ကူးထား၏။
ချန်ချင်းယွီသည် မျက်စိအင်မတန် လျင်မြန်သူဖြစ်သည်။ ရှီကျန့်ရှန်းက ယုတ်မာသော စိတ်ထားဖြင့် သူမ၏ခြင်းတောင်းထဲသို့ မှိုများ ထည့်လိုက်သည်ကို သူမ ကောင်းကောင်းမြင်လိုက်သော်လည်း ထိုအချိန်က မသိချင်ယောင် ဆောင်နေခဲ့ခြင်းမှာ အားနည်းသောကြောင့် မဟုတ်ဘဲ— ရန်ကို ရန်ချင်း တုံ့ပြန်ရန် စိတ်ကူးထားသောကြောင့်ပင် ဖြစ်၏။
ရှီကျန့်ရှန်း သူမ၏အိတ်ထဲမှ ထုတ်ယူလိုက်သော မှိုများ၏ ပုံစံကို ချန်ချင်းယွီ သေသေချာချာ မှတ်မိနေလေသည်။ သူမသည် ထိုမှိုများကို ရှာဖွေတွေ့ရှိသွားသော်လည်း အမှားအယွင်း မရှိစေရန်အတွက် အဘွားကြီးကျောက် ပြန်လာမှသာ ထပ်မံစစ်ဆေးရန် ဆုံးဖြတ်လိုက်၏။
ချန်ချင်းယွီ "ဒီမှိုတွေကို သားတို့သမီးတို့ လျှောက်မကိုင်နဲ့နော်၊ အပြင်ထွက်ပြီး ဆော့နေကြ"
ဝင်းအတွင်းတွင် လူသူကင်းရှင်းနေခိုက်ကို အခွင့်ကောင်းယူကာ ချန်ချင်းယွီသည် တောကြက်ကို အလျင်အမြန် ထုတ်ယူ၍ ပြင်ဆင်လိုက်၏။
"ရှောင်ကျား... ရှောင်ယွမ်... ပြတင်းပေါက်တွေ အကုန် သွားဖွင့်လိုက်ကြ"
အနံ့အသက်များ ပျောက်ကွယ်သွားရန် ပြုလုပ်ခြင်းဖြစ်သလို လူမရှိသည့်အချိန်ဖြစ်၍ လူသိမှာကိုလည်း ပူစရာမလိုပေ။ နောက်ပိုင်းတွင် တစ်ဝင်းလုံး အနံ့အသက်များ ပျံ့နှံ့နေပါက သူမတို့အိမ်မှ အနံ့ထွက်နေခြင်းကို မည်သူမျှ သတိထားမိတော့မည် မဟုတ်ပေ။
ချန်ချင်းယွီသည် ယခင်က ထိုမျှအထိ သတိမထားမိခဲ့သော်လည်း ယခုကဲ့သို့ အိမ်ထောင်စုအများအပြား စုပေါင်းနေထိုင်သည့် ဝင်းကြီးအတွင်း၌ နေထိုင်ရသောအခါမှသာ တစ်ခုခုစားမိလျှင်ပင် လူမသိအောင် ဖုံးကွယ်ထားရန် အလွန်ခက်ခဲကြောင်း အမှန်တကယ် ခံစားလိုက်ရလေသည်။ သူမသည် သွက်သွက်လက်လက်ဖြင့် အလုပ်လုပ်ရာ မကြာမီမှာပင် ကြက်သားနှင့် မှိုဟင်းအိုးကြီးမှာ မီးဖိုပေါ်သို့ ရောက်ရှိသွားလေ၏။ ချန်ချင်းယွီသည် လှပသော ကြက်တောင်အချို့ကို ရွေးထုတ်လိုက်ပြီး
"နေဦး... မေမေ သားတို့သမီးတို့အတွက် ကြက်တောင်လုပ်ပေးမယ်"
"ဟုတ်!!!"
ကလေးငယ်နှစ်ဦးမှာ ထပ်မံ၍ ဝမ်းသာအားရ ဖြစ်သွားကြပြန်၏။
ချန်ချင်းယွီသည် ကျန်ရှိနေသော မကောင်းသည့် ကြက်မွှေးများကို မီးဖိုထဲသို့ ထိုးထည့်လိုက်သည်။ ကြက်သားမှိုဆီပြန်ဟင်း၏ အနံ့မှာ အလွန်မွှေးပျံ့လွန်းလှသဖြင့် ကလေးနှစ်ဦးမှာလည်း အပြင်ထွက်မဆော့တော့ဘဲ ချန်ချင်းယွီ၏ ဘေးနားတွင်ပင် ဆောင့်ကြောင့်ထိုင်နေကြလေ၏။ သားအမိသုံးဦးစလုံးမှာ တူညီသော အမူအယာများဖြင့် ဟင်းအိုးကြီးကိုသာ မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်။
ချန်ချင်းယွီ၏ စိတ်ထဲတွင်မူ
'ဟူး... နောက်ဆုံးတော့ ကြက်သား စားရတော့မယ်၊ ဒီရက်ပိုင်းအတွင်း ပါးစပ်ထဲမှာ ဘာအရသာမှမရှိဘဲ ပျဉ်းထုံရိနေတာ၊ အခုတော့ အဆီအအိမ့်လေး စားရတော့မှာပဲ' ဟု တွေးတောကာ ဝမ်းသာနေမိ၏။
ဟင်းကျက်ရန် အချိန်အနည်းငယ် လိုသေးသဖြင့် ချန်ချင်းယွီသည် ထရပ်၍ ဂျုံနယ်လိုက်သည်။ အခြားအိမ်များမှာ ရက်အနည်းငယ်မှ တစ်ကြိမ်သာ ပြုလုပ်လေ့ရှိသော်လည်း သူမတို့အိမ်မှာမူ ထိုသို့လုပ်၍မရပေ။ ချန်ချင်းယွီသည် အစားအလွန်ကြီးသူဖြစ်ရာ တစ်ခါလုပ်လျှင် တစ်ရက်စာမျှသာ ခံလေသည်။ သူမ၏ စားနိုင်စွမ်းမှာကြီးမားနေသဖြင့် မတတ်နိုင်ပေ။
သူမသည် အလုပ်လုပ်ရင်းဖြင့် ရနါကို ရန်ချင်း မည်သို့တုံ့ပြန်ရမည်ကို ကြံစည်နေမိ၏။ မှိုများကို ခြင်းတောင်းထဲသို့ ပြန်ထည့်ထားရုံနှင့်တော့ မရနိုင်ပေ၊ ရှီကျန့်ရှန်းသည် ဤမှိုများတွင် ပြဿနာရှိသည်ကို သိထားသဖြင့် သေချာပေါက် ပြန်ရွေးထုတ်မည်သာ ဖြစ်သည်။ ထို့ကြောင့် အခြားနည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။ ချန်ချင်းယွီသည် ခဏမျှ ဝေခွဲမရဖြစ်နေပြီးနောက် ရှီကျန့်ရှန်း ဟင်းချက်နေသည့်အချိန်တွင် အခွင့်ကောင်းယူကာ သူမတို့အိမ်၏ ဟင်းအိုးထဲသို့ ထည့်လိုက်ရန် ဆုံးဖြတ်လိုက်လေသည်။ ဟင်းများ ရောနှောပြီး ချက်ပြုတ်နေပြီဆိုလျှင်တော့ ခွဲခြားသိမြင်ရန် မလွယ်ကူတော့ပေ။
ဟဲဟဲ!
ရှီကျန့်ရှန်းမှာ သူမတို့အိမ်ကို လုပ်ကြံချင်နေသည် မဟုတ်ပါလော့။
အကယ်၍ သူမသည်သာ တစ်ခုခုပြန်မလုပ်ပေးပါက ထိုသူများကို အားနာစရာ ဖြစ်နေပေမည်။ အမှန်စင်စစ် ဤအကြံမှာ ရှီကျန့်ရှန်းနှင့် ရွှီကောင်းမင်တို့ မနေ့ညကတည်းက တိုင်ပင်ထားခြင်း ဖြစ်မည်ကို သူမ အနည်းငယ်မျှ သံသယမရှိပေ။ သို့မဟုတ်ပါက ရှီကျန့်ရှန်းသည် ယနေ့နံနက် စောစောစီးစီး ရောက်လာစရာ အကြောင်းမရှိပေ။ သူမသည် မည်သည့်အခါမှ အနိုင်ကျင့်ခံရလျှင် ငြိမ်ခံနေမည့်သူ မဟုတ်သကဲ့သို့ တပါးသူကိုလည်း အကြောင်းမဲ့ စတင်ရန်စသူ မဟုတ်ပေ။
သို့သော် ထိုနည်းတူစွာပင် "သူက အကွက်ဆင်လျှင် သူမက အကွက်ကျော်ရိုက်" ဖြင့် တုံ့ပြန်ရပေမည်။ သူတို့ဘက်မှ စတင်၍ လက်ရဲဇာတ်ရဲ ရှိလာလေသောအခါ သူမဘက်ကလည်း လက်တုံ့ပြန်ရန် ဝန်လေးနေမည် မဟုတ်ပေ။ အဆိုးဆုံးအနေဖြင့် တွေးကြည့်လျှင်ပင် ဤမှိုများသည် ရှီကျန့်ရှန်း သူမ၏အိတ်ထဲမှ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမတွင် မကောင်းသော စိတ်ထားမရှိပါက ဤမှိုများသည် သာမန်စားရသောမှိုများသာ ဖြစ်မည်ဖြစ်ရာ ဘာမျှဖြစ်လာမည် မဟုတ်ပေ။ အကယ်၍ ဤမှိုများက အဆိပ်မှိုများသာ ဖြစ်နေပါကလည်း ၎င်းတို့မှာ ကိုယ့်ထိုက်နှင့်ကိုယ် ကံသာ ဖြစ်ပေလိမ့်မည်။ အမှန်တကယ် ဤမှိုများမှာ စားမိလျှင် သေလောက်သည်အထိ မပြင်းထန်ကြောင်း ချန်ချင်းယွီ သတိထားမိ၏။ ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့သည် လူသတ်ရဲသည်အထိတော့ သတ္တိရှိမည် မဟုတ်ပေ။
သို့သော် လူမသေလျှင်ပင် အရှက်ကွဲပြီး ဒုက္ခရောက်မည်မှာကား အမှန်ပင် ဖြစ်၏။
ချန်ချင်းယွီသည် အေးစက်စွာ ပြုံးလိုက်ရင်း ထိုအချိန်ကို မျှော်လင့်နေမိသည်။
"မေမေ... ဟင်းအိုး ပွက်နေပြီ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အပြင်မထွက်ဘဲ ဟင်းအိုးကိုသာ စိုက်ကြည့်နေကြ၏။
"ကောင်းပြီ၊ ခဏလောက် ထပ်ပြီး နှပ်ထားရဦးမယ်"
အဘွားကြီးကျောက် အလုပ်မှ ပြန်လာသောအခါ ဝင်းကြီးအတွင်းသို့ ဝင်သည်နှင့် မွှေးပျံ့သော အနံ့ကို ရလိုက်လေရာ နှာခေါင်းကို ရှုံ့၍ တတွတ်တွတ် ရေရွတ်နေလေ၏။
"ဘယ်သူများ ကောင်းကောင်းစားနေတာလဲမသိဘူး။ တကယ့်ကို အသုံးမကျတဲ့သူတွေပဲ၊ ပွဲတော်ရက်လည်း မဟုတ်ဘဲနဲ့ ဖြုန်းတီးနေကြတာ။ ငါ့အိမ်က ဒီလောက် ခက်ခဲနေတာကို၊ ကောင်းတာရှိရင် ငါ့အိမ်ကို လာပြီး ကူညီသင့်တာပေါ့"
သူမသည် ဒုတိယဝင်းအတွင်းသို့ ရောက်လာပြီးနောက် ရေရွတ်နေသည်မှာ ရုတ်တရက် ရပ်တန့်သွားလေသည်။ အဘွားကြီးကျောက်သည် မယုံကြည်နိုင်ဟန်ဖြင့် အိမ်ထဲသို့ သုတ်ခြေတင် ပြေးဝင်သွားကာ စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်မိလေသည်။
"ငါတို့အိမ်... ငါတို့အိမ်က ကြက်သားချက်နေတာပါလား!"
သူမသည် ကြက်သားချက်သည့် အနံ့ဖြစ်ကြောင်း သေသေချာချာ သိရှိနေပြီး ချန်ချင်းယွီက သူမကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်၏။
အဘွားကြီးကျောက်သည် ချက်ချင်းပင် မျက်နှာဝင်းပသွားပြီး
"အမလေး... အမလေး... ငါတို့အိမ် ဖြစ်နေတာကိုး။ ငါလည်း ဒီကြက်သားနံ့က ဘာလို့ ဒီလောက်မွှေးနေတာလဲလို့ တွေးနေတာ၊ ငါတို့အိမ်မို့လို့ကိုး။ ဒါနဲ့ ညည်းက ဒါတွေကို ဘယ်ကရလာတာလဲ?"
ရုတ်တရတ် သူမ အသံကိုနှိမ့်ကာ "ညည်း... ကြက်များ ခိုးလာတာတော့ မဟုတ်ပါဘူးနော်" ဟု စိုးရိမ်တကြီး မေးမြန်းလိုက်၏။
ချန်ချင်းယွီ "..."
"အမေ့စိတ်ထဲမှာ ကျွန်မက အဲ့ဒီလို လူစားမျိုးလို့ ထင်နေတာလား?"
သူမ မျက်စောင်းထိုးလိုက်ကာ
"တောင်ပေါ်မှာ ဖမ်းလာတဲ့ တောကြက်ပါ"
အဘွားကြီးကျောက်မှာ ထိုမှသာ သဘောပေါက်သွားပြီး ရင်ဘတ်ကို လက်ဖြင့်ဖိကာ စိတ်အေးသွားရ၏။ ထို့နောက်တွင် ဤမိန်းမမှာ နွားတစ်ကောင်ကဲ့သို့ ခွန်အားကြီးသူဖြစ်ရာ တောကြက်ဖမ်းနိုင်သည်မှာ မထူးဆန်းကြောင်း တွေးမိသွားသည်။ ပြောရလျှင် ချန်ချင်းယွီသည် ရူးကြောင်ကြောင် လုပ်တတ်သော်လည်း ကြက်ခိုးမည့်သူမျိုးတော့ မဟုတ်ပေ။
"သြော်... တော်သေးတာပေါ့”
“ဒါနဲ့ အမေ ကျွန်မကို ဟိုမှိုတွေထဲမှာ အဆိပ်မှိုပါလား ကြည့်ပေးဦး။ ဒီနေ့ ဟိုရှီကျန့်ရှန်းကလေ..."
သူမသည် ကလေးနှစ်ယောက်ကို အပြင်သို့ နှင်ထုတ်လိုက်ပြီးမှ ယနေ့ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။
အဘွားကြီးကျောက်သည် ထိုစကားကို ကြားသည်နှင့် မျက်လုံးအစုံ ပြူးထွက်သွားပြီး ဒေါသတကြီး ဆဲဆိုလေ၏။
"ဒီရှီကျန့်ရှန်းဆိုတဲ့ ကောင်မ တကယ့်ကို အညစ်အကြေးစားတဲ့ကောင်မပဲ၊ လူမဆန်လိုက်တာ၊ ယုတ်မာရိုင်းစိုင်းပြီး အကုသိုလ်အကြီးအကျယ် လုပ်တာပဲ။ သူ့ဗိုက်ထဲမှာ မကောင်းတဲ့စိတ်တွေချည်းပဲ ပြည့်နေတာ၊ သူနဲ့ သူ့အိမ်က အဘိုးကြီးကတော့ အိုးစည်နဲ့ ဝါးလက်ခုပ်လိုပဲ အနံ့အသက်မကောင်းတဲ့ အကောင်နှစ်ကောင် ပေါင်းမိနေတာပဲ။ အပြင်ပန်းကတော့ လူကြီးလူကောင်းလိုလိုနဲ့ လုပ်နေတာကတော့ လူမဆန်တဲ့ အလုပ်တွေချည်းပဲ!"
ချန်ချင်းယွီသည်လည်း အဘွားကျောက် ဆဲဆိုနေသည်ကို မတားမြစ်ပေ၊ သူမကိုယ်တိုင်လည်း ဆဲဆိုချင်နေသည် မဟုတ်လော့။
အဘွားကြီးကျောက်: "ငါကြည့်ဦးမယ်... ဒါ... ဒီမှိုကို ငါသိတယ်၊ ဒါစားလို့မရဘူးအေ့။ စတုတ္ထဝင်းထဲက ဝမ်တာ့ချွေ ဆိုတဲ့လူလေ၊ တစ်ခါက ဒီမှိုကိုစားမိပြီး သူက မိန်းမပါဆိုပြီး အော်ပရာ ဇာတ် ထကနေတာ။ အလယ်ဝင်းက ကျောက်ရုံ နေလှန်းထားတဲ့ အင်္ကျီတွေကို ဆွဲယူဝတ်ပြီး ဝင်းထဲမှာတင် အဝတ်အစားတွေ ချွတ်လို့၊ တကယ့်ကို ဆူညံပွက်လောရိုက်သွားတာပဲ။ အဲ့ဒီတုန်းက ယောင်္ကျားကြီး ခုနစ်ရှစ်ယောက်လောက် ဝိုင်းဖိထားရတာ။ အားလုံးက သူ ဝိညာည်ပူးနေတယ် ထင်နေကြတာ၊ ဆေးရုံရောက်တော့မှ မှိုအဆိပ်သင့်တာမှန်း သိရတော့တာ။ အဲ့ဒီတုန်းက လူတိုင်းက ကြောက်လန့်တကြားနဲ့ ဒီအဆိပ်မှိုကို မှတ်မိအောင် သူ့အိမ်အထိ သွားကြည့်ခဲ့ကြသေးတာ။ ဒီမှိုပဲ၊ ဒါပဲ!"
သူမသည် ထိုအဖြစ်အပျက်ကို သေသေချာချာ မှတ်မိနေ၏။
အဘွားကြီးကျောက်သည် ပြောရင်းနှင့် ပို၍ ဒေါသထွက်လာကာ
"ကြည့်စမ်း... သူတို့က ဘယ်လောက်တောင် စိတ်ဓာတ်ယုတ်မာသလဲ၊ ဒီမှိုက ပြဿနာရှိမှန်း သိရက်နဲ့ ငါတို့ခြင်းတောင်းထဲကို ခိုးထည့်တယ်၊ တကယ့်ကို ယုတ်မာလွန်းတယ်။ သူက သေချာပေါက် မကောင်းတဲ့အကြံနဲ့ လုပ်တာပဲ။ ငါသိပြီ၊ ငါသိပြီ... ဝမ်တာ့ချွေတုန်းက မှိုစားပြီး ဝင်းထဲမှာ အဝတ်တွေ ချွတ်တာဆိုတော့၊ ငါတို့ကိုလည်း အဲ့ဒီလို အရှက်ကွဲအောင် လုပ်ချင်နေတာပဲ၊ သေချာတယ်။ ငါတို့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးချင်တာ! ငါ သူ့ကို သွားရှာဦးမယ်!"
ချန်ချင်းယွီ သူမကို လှမ်းဆွဲလိုက်ပြီး
"မလိုပါဘူး၊ ဘာမှမသိသလိုပဲ နေလိုက်ပါ"
အဘွားကြီးကျောက်မှာ ဒေါသထွက်လွန်းသဖြင့်
"ဒါက ငါတို့ခေါင်းပေါ်အထိ လာပြီး အနိုင်ကျင့်နေတာလေ၊ ဘာမှမသိသလို ဘယ်လိုလုပ် နေနိုင်မှာလဲ။ ညည်းက ငါ့ကိုကျတော့ အားကြီးနဲ့ ရန်လုပ်တတ်ပြီး အခုကျတော့ သူ့ကိုသွားရှာပြီး အဲ့ဒီအဘွားကြီးရဲ့ ကော်လာကို ဆွဲ၊ ပါးရိုက်ပစ်ရမှာပေါ့! သွားကို အကုန်ကျွတ်အောင် ရိုက်ပစ်လိုက်စမ်းပါ။ ညည်းက အိမ်ထဲမှာပဲ ဟိန်းဟောက်တတ်ပြီးတော့... အာ..."
ချန်ချင်းယွီ၏ အကြည့်များ နက်ရှိုင်းသွားသည်ကို မြင်လိုက်ရသောအခါ အဘွားကြီးကျောက်မှာ ဟင်းအိုးထဲတွင် လည်ပင်းညှစ်ခံထားရသော တောကြက်ကဲ့သို့ပင် စကားစရပ်သွားတော့၏။
ချန်ချင်းယွီ: "ရိုက်နှက်သတ်ဖြတ်နေရုံနဲ့ ပြဿနာက မပြေလည်ပါဘူး"
သူမသည် တောက်ပစွာ ပြုံးလိုက်ပြီး
"သူတို့အိမ်ကိုပဲ ပြန်ကျွေးလိုက်ရင် ရတာပဲလေ"
အဘွားကြီးကျောက်မှာ "..."
အေ့! တကယ်ကို အရူးမပဲ!
ဒါပေမဲ့လည်း... ကျိုးကြောင်းဆီလျော်သားပဲ!
"ညည်းပြောတာ မှန်တယ်၊ သူတို့က ငါတို့အိမ်ရဲ့ အရှက်ကွဲတာကို မြင်ချင်နေတာမလား? ဒါဆိုရင် ရန်ကိုရန်ချင်းပဲ တုံ့ပြန်ရမယ်။ မဟုတ်ရင် ငါတို့အိမ်ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေဦးမယ်။ တကယ်ကို အကုသိုလ်တွေ လုပ်နေကြတာပဲ။ အဲ... ဒါပေမဲ့ သူတို့က ဒါစားလို့မရမှန်း သိနေကြတာပဲလေ၊ အဲ့ဒါဆို ဘယ်လိုလုပ်မလဲ?"
ချန်ချင်းယွီသည် အဘွားကျောက်ကို သေချာကြည့်ကာ လက်ယပ်ခေါ်လိုက်၏။
နှစ်ဦးသား တိုးတိုးတိတ်တိတ် တိုင်ပင်ပြီးနောက် ချန်ချင်းယွီပြောလိုက်လေသည်။
"အချိန်ကျရင် အမေ ကျွန်မနဲ့အလိုက်သင့်လေး လုပ်ပေးပါ"
အဘွားကျောက်မှာ စိတ်လှုပ်ရှားသွားပြီး အာမခံလိုက်၏။
"ရတာပေါ့!"
သူမအတွက်တော့ ဤကဲ့သို့ ပြဇာတ်ကပြရမည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူမ၏ ပင်ကိုယ်စရိုက်အတိုင်း သရုပ်ဆောင်ရမည် ဖြစ်သော်လည်း ဖိအားကတော့ အတော်လေး ကြီးမားနေဆဲပင်။
"ဒါဆို... ငါတို့ တစ်ခေါက်လောက် အစမ်းလေ့ကျင့်ကြည့်ကြမလား?"
ချန်ချင်းယွီမှာ "..."
သူမ ခပ်အေးအေးပင် ပြန်တုံ့ပြန်လိုက်လေသည်။
"အမေက ဒီလောက်ကိစ္စလေးကိုတောင် အဆင်ပြေအောင် မလုပ်နိုင်ဘူးလား?"
"ဒါဆို... မလိုတော့ပါဘူး"
"တခြားမှိုတွေကိုလည်း ထပ်ကြည့်ပေးဦး"
အဘွားကြီးကျောက်သည် သေသေချာချာပင် စစ်ဆေးကြည့်ရှု့နေ၏။
အတ္တကြီးသောသူများမှာ သေရမှာကို အလွန်ကြောက်တတ်ကြသည် မဟုတ်ပါလော၊ သူမသည်လည်း ထိုကဲ့သိုလူမျိုးဖြစ်ရာ မိမိကိုယ်ကို အထိခိုက်မခံနိုင်ပေ။ အဘွားကြီးကျောက်သည် သေချာစွာ စစ်ဆေးပြီးနောက်
"ဒီအစုနစ်ခုကလည်း စားလို့မရဘူး"
သူမ ဆက်လက်၍
"ညည်းရွေးထားတဲ့ မှိုကောင်းတွေကိုလည်း ငါကြည့်ဦးမယ်၊ တစ်ခုခု လွတ်သွားမှာ စိုးလို့။ ဒီလိုတောမှိုတွေက ပေါ့ပေါ့တန်တန် တွေးလို့မရဘူး၊ စားမိလို့ အသက်ပါသွားရင် ဘယ်လောက် ကံဆိုးမလဲ။ အသက်မပါသွားရင်တောင် ဒုက္ခရောက်ပြီး ပိုက်ဆံကုန်ဦးမယ်။ ငါ သေချာလေး စစ်ဆေးရမယ်"
ဤအချိန်တွင်မူ သူမသည် လူပီသသော စကားမျိုးကို ပြောလာလေသည်။ အဓိကမှာ သူမကိုယ်တိုင် သေမှာကြောက်နေခြင်းပင် ဖြစ်၏။
"ဟိုဘက်မှာ... အမေပဲ လုပ်လိုက်တော့"
ချန်ချင်းယွီသည် အဆိပ်မှိုအချို့ကို အပိုင်းအစလေးများဖြစ်အောင် ညှပ်လိုက်ပြီး စက္ကူဖြင့်ထုပ်ကာ အိတ်ထဲသို့ ထည့်လိုက်၏။ အားလုံးပြီးစီးသွားသောအခါ ချန်ချင်းယွီသည် လက်ကို သေသေချာချာ ပြောင်စင်အောင် ဆေးကြောလိုက်သည်။ သူမသည် ရန်ကိုရန်ချင်း တုံ့ပြန်နိုင်သော်လည်း မိမိကိုယ်တိုင်တော့ ပြဿနာထဲ ပါဝင်သွား၍ မဖြစ်ပေ။
"ပေါက်စီတွေ ကျက်ပြီ!"
အဘွားကြီးကျောက် လှမ်းအော်ကာ
"စားကြစို့၊ စောစောစားမှ အလုပ်လုပ်ဖို့ ခွန်အားရှိမှာ"
ချန်ချင်းယွီ စကားမဆိုဘဲ ရယ်မော၍သာ တုံ့ပြန်လိုက်၏။
သူမသည် ကြက်သားနှင့်မှိုဟင်းအိုးကြီးကို ချက်ထားသည်မှာ ကြက်တစ်ကောင်လုံး ပါဝင်နေသည် မဟုတ်ပါလော။
အဘွားကျောက်မှာမူ "ရှူး... ရှူး..." ဟု အသံထွက်အောင် အနံ့ခံရင်း သွားရည်ကျနေလေသည်။
တခြားသူများ ခြံဝန်းထဲသို့ပြန်မလာခင် သူတို့မိသားစုမှာ မြန်မြန်ပြီးအောင် စတင်စားသောက်ကြတော့၏။ အဘွားကြီးကျောက်၏ မျက်လုံးများမှာ အရောင်တလက်လက် ဖြစ်နေပြီး ဟင်းအိုးထဲမှာ ကြက်ပေါင်ကိုယူရန် လက်လှမ်းလိုက်လေသည်။ သူမသည် အကောင်းဆုံးအရာကိုသာ လိုချင်၏။ ချန်ချင်းယွီ၏ တူတစ်စုံသည် သူမကိုဟန့်တားလိုက်ပြီး အပြုံးဖြင့် စကားဆိုလာလေသည်။
“အမေ ဒါလေးစား”
ကြက်ဖင်…ရှင့်အတွက်!!
အဘွားကြီးကျောက် “!!!!”
သူမ စိတ်ဆိုးမာန်ဆိုးဖြင့် ဆဲဆိုမည်ကြံလိုက်စဉ် တူကိုင်ထားသော ချန်ချင်းယွီ၏ လက်များမှာ တင်းကြပ်သွားသည်ကို တွေ့လိုက်ရကာ ချန်ချင်းယွီသည် ခပ်ဖွဖွအပြုံးဖြင့်
“အမေ..နေ့လယ်ကအများကြီးစားထားတာဆိုတော့ ညဘက်မှာ စားချင်စိတ်မရှိတော့ဘူးပေါ့”
အဘွားကြီးကျောက်မှာ သူမအား မယုံကြည်နိုင်ဟန်ကြည့်လိုက်မိကာ
ချီးပဲ!!!
ကြက်ဖင်ပေးတာကို ထားလိုက်ပါဦး ငါ့ကိို ကြက်ဖင်တောင် စေတနာမရှိတဲ့ပုံစံက ဘာအချိုးလဲ!!
အဘွားကြီးကျောက်မှာ အလွန်အမင်း မျက်နှာပျက်သွားရ၏။
သို့သော် သူမကိုကြည့်နေသော ချန်ချင်းယွီ၏အကြည့်မှာ အေးစက်နက်ရှိုင်းနေရာ အဘွားကြီးကျောက်မှာ ငြိမ်ကုပ်သွားပြီး
“ငါ နည်းနည်းတော့စားမယ်၊ နည်းနည်းတော့ စားဦးမယ်လေ၊ ငါကြက်ဖင်ကြိုက်ပါတယ်။ သူက အရသာအရှိဆုံးပဲလေ။”
ချန်ချင်းယွီ၏ နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားပြီး ဟန့်တားထားသော တူတစ်စုံကို ရုတ်သိမ်းကာ ကြက်ပေါင်တစ်ခုကို ရှောင်ကျားပန်းကန်ထဲ ထည့်ပေးပြီး တခြားတစ်ခုကို ရှောင်ယွမ်အား ပေးလိုက်၍ “စားကြ” ဟု ပြောလိုက်လေသည်။
မိမိကိုယ်တိုင်အတွက်လည်း အသားတစ်တုံးကောက်ယူ စားသုံးလိုက်၏။
ဝိုး.. ကောင်းလိုက်တာ.. အသားမစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ…
ချန်ချင်းယွီ အားရပါးရပင် တစ်ကိုက်ကိုက်လိုက်လေသည်။
ဝါး..ရှယ်ပဲ.. ကြက်သားက ဒီလောက် အရသာရှိမှန်း အရင်က ငါဘာလို့မသိခဲ့တာပါလိမ့်…
ချန်ချင်းယွီသည် အိမ်ရှေ့တံခါးဝတွင် ထိုင်၍ ကြက်ရင်အုံကို မြိန်ယှက်စွာ ကိုက်ဝါးနေရင်း အဘွားကြီးကျောက်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက် ကြက်ခေါင်းကို အဘွားကြီးကျောက်၏ ပန်းကန်ထဲသို့ ထည့်
ပေးလိုက်ပြီးလျှင်
"ကဲ... အမေ၊ အမေက ကျွန်မတို့ မိသားစုရဲ့ အိမ်ထောင်ဦးစီးပဲ၊ ဒီကြက်ခေါင်းက အမေနဲ့ပဲ ထိုက်တန်ပါတယ်"
အဘွားကြီးကျောက်မှာ ဒေါသထွက်လွန်းသဖြင့် ရင်ထဲတွင် ပေါက်ကွဲမတတ် ဖြစ်သွားရသော်လည်း မတတ်နိုင်ပေ။
ကြက်ခေါင်းဆိုသည်မှာလည်း အသားပင် မဟုတ်ပါလော။ သူမသည် တတွတ်တွတ် ကျိန်ဆဲရင်း တိတ်ဆိတ်စွာပင် စားနေရရှာ၏။စိတ်ထဲတွင်မူ ချန်ချင်းယွီကို ကျိန်စာတိုက်ရန် အရုပ်ကလေးလုပ်၍ အပ်နှင့် ထိုးချင်စိတ်ပင် ပေါက်နေမိလေသည်။
ယုတ်မာလှတဲ့ မိန်းမယုတ်!
"ကဲ... ကြက်ခြေထောက်လေးလည်း စားပါဦး။ အမေက ကျွန်မတို့ မိသားစုမှာ တစ်ယောက်တည်း အလုပ်လုပ်နေရတာဆိုတော့ အိမ်အတွက် ပိုက်ဆံရှာပေးရတာလေ။ ကြက်ခြေထောက်စားတာက ကျန်းမာရေးအတွက် ကောင်းပါတယ်"
အဘွားကြီးကျောက်မှာ "....!!!"
သူမသည် အတော်ပင် ဒေါသထွက်နေပြီ ဖြစ်၏။
ညည်းက ငါ့ကို အသားကောင်းကောင်း စားခွင့်မပေးဘူးပေါ့လေ?
ဒီအသည်းနှလုံးမရှိတဲ့ ယုတ်မာတဲ့ မိန်းမ!
ချန်ချင်းယွီက သူမကို စူးစိုက်ကြည့်နေသဖြင့် အဘွားကျောက်မှာ ဒေါသထွက်နေသော်လည်း ပြန်လည်ပြောဆိုရန် မဝံ့ပေ။ ချန်ချင်းယွီ၏ လက်သီးချက်များမှာ အမှန်တကယ် နာကျင်လှသည် မဟုတ်ပါလော့။ ဝင်းအတွင်းတွင်လည်း လူများများစားစား ရှိမနေသေးရာ ဤအရူးမလေးကိုသာ သွားရောက်ရန်စမိပါက သူမအနေဖြင့် မည်သို့မျှ ခုခံနိုင်မည် မဟုတ်ပေ။
အဘွားကြီးကျောက်သည် တံခါးဝတွင် ထိုင်ကာ ပြဿနာမရှာဝံ့ဘဲ ငြိမ်သက်စွာ စားနေရလေသည်။
စင်စစ် ချန်ချင်းယွီသည် "သူမ" ကို နှိပ်စက်ခဲ့သော ဤအဘွားကြီးအား အကောင်းစား ကျွေးမွေးရလောက်အောင် စိတ်သဘောထား ကောင်းသူမဟုတ်ပေ။
အဘယ်ကြောင့် ကျွေးရမည်နည်း? သူမ လုံးဝ လုပ်မည်မဟုတ်ပေ။
ကြက်ခေါင်း၊ ကြက်ဖင်ဆီဖူးနှင့် ကြက်ခြေထောက်များကို ကျွေးခြင်းမှာပင် သူမအတွက် ကျေးဇူးတင်စရာ ဖြစ်နေချေပြီ။
သူမသည် အဘွားကြီးကျောက်ကို စူးစိုက်ကြည့်နေသဖြင့် အဘွားကြီးမှာ အသားကို နှိုက်မစားဝံ့ဘဲ မှိုများကိုသာ ရွေးစားနေရရှာ၏။ ကံကောင်းထောက်မစွာဖြင့် ကြက်သားနှင့် ချက်ထားသော မှိုများမှာ အင်မတန် အရသာရှိလှပေသည်။ အဘွားကြီးမှာ ဗျစ်တောက်ဗျစ်တောက် ပြောနေသော်လည်း မြိန်ယှက်စွာပင် စားနေလေ၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ အသားများကို ကိုက်ဝါးနေကြသဖြင့် ပါးစပ်ကလေးများတွင် ဆီများပင် ပေကျံနေကြ၏။
သားအမိသုံးဦး စားသောက်ပြီးသောအခါမှ ဝင်းအတွင်းသို့ လူများ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာကြသည်။ ၎င်းမှာ သူတို့ ကံကောင်းခြင်းကြောင့် မဟုတ်ဘဲ ချန်ချင်းယွီ ဘတ်စ်ကားစီး၍ ပြန်လာသဖြင့် အချိန်ကွာခြားသွားခြင်းသာ ဖြစ်၏။ သေချာသည်မှာ အလုပ်ဆင်းလာသူအားလုံး ပြန်ရောက်လာကြပြီ ဖြစ်သော်လည်း ရှီကျန့်ရှန်းတို့ အုပ်စုမှာမူ ပြန်မရောက်သေးပေ။
ချန်ချင်းယွီ၏ တံခါးနှင့် ပြတင်းပေါက်များ ဖွင့်ထားသော ဆုံးဖြတ်ချက်မှာ အတော်ပင် ထိရောက်လှပေသည်။ ဟင်းနံ့များမှာ သူမတို့အိမ်မှ ထွက်ပေါ်နေခြင်း မဟုတ်ဘဲ ဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသဖြင့် အသားနံ့များ လှိုင်ထနေတော့၏။ သို့သော်လည်း မည်သည့်အိမ်မှ ထွက်ပေါ်လာသော အနံ့ဖြစ်သည်ကိုမူ ခွဲခြားရန် ခက်ခဲလှပေသည်။ ဝင်းအတွင်းသို့ ဝင်လာသူတိုင်းမှာ နှာခေါင်းကို ရှုံ့ကာ "ဘယ်သူများ ကောင်းကောင်း စားနေကြတာလဲ" ဟု တတွတ်တွတ် ရေရွတ်နေကြလေသည်။
ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့မှာမူ သူတို့ရရှိလာသော မှိုများကို ကြိုးဖြင့်သီ၍ အိမ်ခေါင်မိုးစွန်း အောက်တွင် လှန်းထားလိုက်ကြ၏။
မှိုဆိုသည်မှာ အမျိုးအမည် ခွဲခြားရခက်လှသော အရာမျိုး ဖြစ်လေသည်။ မှိုခြောက်များသည် ဟင်းသီးဟင်းရွက် အတော်များများထက်ပင် ဈေးနှုန်းကြီးမြင့်သော်လည်း တောင်ပေါ်တွင် အလကားခူးယူနိုင်သည်ဖြစ်၍ လူအများစုက တန်ဖိုးမရှိဟု ထင်မြင်တတ်ကြ၏။ ရှေ့ဝင်းမှ အဘွားကြီးဝမ်သည်လည်း ထိုသို့ပင် ထင်မြင်ယူဆထားသူ ဖြစ်သည်။ သူမသည် သူမ၏မြေးမလေးကို ခေါ်ဆောင်ကာ လမ်းလျှောက်ထွက်ရင်း မုဆိုးမလေးမှာ လင်တရူးမလေး ဖြစ်နေသည့်အကြောင်းကို အားရပါးရ အတင်းအဖျင်း ပြောဆိုခဲ့ပြီးမှ ပြန်လာစဉ် မှိုခူးသည့် အဖွဲ့သားများနှင့် ဆုံမိလေသည်။ အားလုံးမှာ တစ်နေ့လုံး အလုပ်လုပ်ထားရသဖြင့် နွမ်းဖတ်လျက်ရှိနေကြ၏။
အဘွားကြီးဝမ်: "ဘာလို့ အခုမှ ပြန်လာကြတာလဲအေ့၊ ဟိုမုဆိုးမလေး ပြန်လာတာ ကြာလှပြီ"
လင်စန်းရှန်းမှာ ပြုံး၍ "သူက ကံကောင်းလို့ မြန်မြန်ရသွားတာပါ" ဟု ပြန်ပြောလိုက်၏။
သူမသည် ရှီကျန့်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ရှီကျန့်ရှန်းမှာ သူမခူးထားသမျှ မှိုအများစုကို ချန်ချင်းယွီ၏ လက်ထဲသို့ အတင်းထိုးထည့်ပေးခဲ့သဖြင့် သူမ၏ ခြင်းတောင်းအောက်ခြေ၌ တစ်ချက်စာမျှသာ ကျန်တော့၏။ တစ်နေ့လုံး ပင်ပန်းခံထားသမျှမှာ တစ်နပ်စာပင် မရှိတော့ပေ။ လင်စန်းရှန်းမှာ ရှီကျန့်ရှန်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ရှီကျန့်ရှန်းတစ်ယောက် အဘယ်ကြောင့်များ ရုတ်တရက် စိတ်ကောင်းဝင်သွားရသနည်းဟု နားမလည်နိုင်အောင် ဖြစ်နေမိသည်။
သို့သော်လည်း ရှီကျန့်ရှန်းကိုယ်တိုင်မှာ စိတ်ညစ်ဟန် မပေါ်နေသဖြင့် သူမလည်း စိတ်မပူတော့ပေ။ ရှီကျန့်ရှန်းမှာလည်း ယနေ့တွင် အရှုံးပေါ်ခဲ့သော်လည်း ရည်မှန်းချက်အောင်မြင်လျှင် အနည်းငယ်မျှ အရှုံးခံရသည်မှာ ပြဿနာမဟုတ်ဟု သူမယောင်္ကျား ပြောခဲ့သည်ကို သတိရမိ၏။
ယနေ့တွင် မှိုများစွာ ဆုံးရှုံးခဲ့ရသော်လည်း ထိုမုဆိုးမလေး၏ မိသားစု ဒုက္ခရောက်မည့်အချိန်ကိုသာ သူမ စောင့်ကြည့်နေရတော့မည်။
ဟဟ!
ငါတို့ကို လာပြီး ရန်စရဲသလား၊ ကိုယ့်အရည်အချင်းကိုယ် မသိကြဘူးပဲ။
ဒီတစ်ခါတော့ သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်!
ကလေးများ ဤမှိုကို စားမိ၍ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများ ရှိလာမည်ကိုမူ သူမ အနည်းငယ်မျှ ဂရုမစိုက်ပေ။
ငါ့ ကလေးမှ မဟုတ်ဘဲ ဂရုစိုက်စရာလား!!!
ထိုယောက္ခမနှင့် ချွေးမနှစ်ယောက် ဒုက္ခရောက်သည်ကို မြင်ရလျှင်ပင် သူမအတွက် ကျေနပ်စရာ ကောင်းနေပြီတည်း။
အဘွားကြီးဝမ်: "ရှီကျန့်ရှန်း... ညည်းရဲ့ မှိုတွေက နည်းလှချည်လား"
သူမက သူတို့ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းစူ၍ သက်ပြင်းချလိုက်ရင်း ရှီကျန့်ရှန်းမှာ တကယ်ကို အသုံးမကျသူဟု စိတ်ထဲမှ မှတ်ချက်ချနေမိ၏။
ရှီကျန့်ရှန်းမှာမူ အရာအားလုံးကို မိမိလက်ခုပ်ထဲက ရေကဲ့သို့ ထိန်းချုပ်ထားနိုင်သည့်အလား မောက်မာသော အမူအယာဖြင့် ပြုံးလိုက်ပြီး
"တစ်နပ်စာ ရရင် တော်ပါပြီအေ့။ ကျွန်မအိမ်က မှိုမရှိလို့ ငတ်နေတာမှ မဟုတ်တာ။ အသစ်အဆန်းလေး စားချင်လို့ သွားခူးတာပါ၊ မှိုကိုပဲ အားကိုးပြီး စားနေရတာမှ မဟုတ်ဘဲ။ ကျန်တာတွေကိုတော့ တခြားသူတွေအတွက် ချန်ထားပေးခဲ့တာပေါ့"
အားလုံးက ရှီကျန့်ရှန်းကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်ကြ၏။
တကယ့်ကို ကြွားလုံးထုတ်နေသူပဲ!
ရှီကျန့်ရှန်းမှာမူ ထိုအရာများကို ဂရုမစိုက်ပေ။ သူမသည် ဝင်းအတွင်းသို့ ယုံကြည်မှုအပြည့်ဖြင့် လှမ်းဝင်လာရင်း နှာခေါင်းကို ရှုံ့ကာ
"ဟင်? ဘယ်သူများ ဘာတွေ ချက်နေတာလဲ"
အခြားသူများသည်လည်း နှာခေါင်းတရှုံ့ရှုံ့ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ ခေါင်းငြိမ့်ထောက်ခံကြလေသည်။ အဘွားကြီးဟွမ်ကမူ ဝင့်ကြွားသော အမူအရာဖြင့်
"အို... ဘယ်သူ့အိမ်ကပဲ ဖြစ်ဖြစ်ပါအေ့၊ ငါ့အိမ်လောက်တော့ ဘယ်ကောင်းပါ့မလဲ။ ဒီည ငါတို့အိမ်မှာ မြွေသားဟင်း ချက်စားမှာ။ ဒါက တကယ့်ကို အားရှိတဲ့ အစားအစာပဲ၊ အသားကလည်း နူးညံ့နေတာ။ ဝက်သားနဲ့တောင် မလဲနိုင်ဘူး။ ငါကတော့ ကံကောင်းလို့ ဒီလိုမျိုး ဖမ်းမိတာပေါ့"
သူမသည် မှိုအများကြီး မခူးနိုင်ခဲ့သော်လည်း အသားတစ်မျိုး ရရှိခဲ့သဖြင့် လမ်းတစ်လျှောက်လုံး ကြွားလုံးထုတ်၍ မဆုံးနိုင်အောင် ဖြစ်နေခဲ့၏။
"ကြည့်စမ်း... ကြည့်စမ်း... ဒီအရွယ်အစားကို ကြည့်ဦး! ဒီမြွေရေခွံကို အခြောက်လှန်းပြီး အမှုန့်လုပ်လိုက်ရင် ဆေးဖက်ဝင် ပစ္စည်းတွေဖြစ်တာ။ ငါ့မိသားစုကတော့ တကယ့်ကို ကံကောင်းလွန်းတယ်..."
အဘွားကြီးဟွမ်သည် အခြားသူများ၏ မနာလိုသော အကြည့်များကို သတိမထားမိဘဲ ပို၍ပင် ဝင့်ကြွားနေလေသည်။
အားလုံးမှာ အဘွားကြီးဟွမ်၏ ကြွားဝါမှုကို စိတ်ပျက်နေကြသော်လည်း တကယ်တမ်း၌မူ အနည်းငယ် မနာလိုဖြစ်နေကြသည်မှာ အမှန်ပင်။ သူတို့အားလုံး တောင်ပေါ်သို့ အတူတူသွားခဲ့ကြပါလျက်နှင့် သူမတစ်ယောက်တည်း အဘယ်ကြောင့် မြွေတစ်ကောင် ဖမ်းမိရသနည်းဟု တွေးတောနေကြ၏။
ထို့နောက်တွင်မူ ထိုညက အဘွားကြီးဟွမ်နှင့် အဘွားကြီးကျောက်တို့၏ ရန်ပွဲကို ပြန်လည်အမှတ်ရသွားကြသည်။ အဘွားကြီးကျောက်၏ မျက်နှာပေါ်မှ ဖူးယောင်ညိုမည်းနေသည့် ဒဏ်ရာများမှာ ယခုထက်တိုင် မပျောက်သေးပေ။
အင်း... အဘွားကြီးဟွမ်ကို ငါတို့ အထင်သေးခဲ့မိတာပဲ!
သူမက တကယ်ပဲ စွမ်းဆောင်နိုင်ရည် ရှိတာကိုး။
အားလုံးမှာ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ကြ၏။
အဘွားကြီးဟွမ်မှာလည်း ထိုအခြင်းအရာကို သတိပြုမိသဖြင့် ပို၍ပင် ဘဝင်မြင့်သွားကာ
"ငါလည်း အိမ်ကို အမြန်ပြန်ပြီး ဟင်းချက်ရဦးမယ်၊ ငါ့ယောကျာ်းနဲ့ သားက ထမင်းစားဖို့ စောင့်နေကြမှာ"
သူမသည် ခေါင်းကို မော့ကာ ယုံကြည်မှုအပြည့်ဖြင့် သူမ၏အိမ်ဘက်သို့ လှမ်းလျှောက်သွားလေသည်။ အဘွားကြီးကျောက်၏ အိမ်ရှေ့မှ ဖြတ်သွားသောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခေါင်းကို ပို၍ပင် မော့လိုက်သေး၏။
အဘွားကျောက်က အံ့သြတကြီးဖြင့်
"သူ့လည်ပင်းက မနေ့ညက အိပ်ရာလွဲပြီး စောင်းသွားတာလား"
"ဖူး..."
ချန်ချင်းယွီသည် မရယ်ဘဲ မနေနိုင်တော့သဖြင့် "သူ ပစ္စည်းကောင်းတွေ အများကြီး ရလာလို့ ဖြစ်မှာပေါ့" ဟု နောက်ပြောင်လိုက်၏။
အဘွားကြီးဟွမ်မှာမူ လက်နှစ်ဖက်ကို ခါးထောက်ကာ အဘွားကြီးကျောက် မမြင်မှာစိုးသည့်အလား တမင်သက်သက် ခြေလှမ်းကျဲကျဲဖြင့် လျှောက်ရင်း ကျယ်လောင်စွာ ကြေညာလေတော့သည်။
"အမလေး... ဒီနေ့တော့ တကယ့်ကို ကံကောင်းတဲ့နေ့ပဲ! မြွေတစ်ကောင်တောင် ဖမ်းမိခဲ့တယ်လေ! ဒီညတော့ မြွေသားစွပ်ပြုတ် သောက်ရတော့မယ်! အာ... မြွေသားဆီပြန်ဟင်းကလည်း တကယ် အရသာရှိမှာပဲ!"
သူမ၏ အသံမှာ မည်သူမျှ မကြားမှာစိုးသည့်အတိုင်း အင်မတန် ကျယ်လောင်လှပေသည်။
အဘွားကြီးကျောက်မှာမူ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် နီရဲလာ၏။ သူမက တိုးတိုးလေး ရေရွတ်လိုက်ကာ
"တောက်! ဒီယုတ်မာတဲ့ အဘွားကြီးက ဘာလို့ ဒီလောက် ပစ္စည်းအများကြီး ရလာရတာလဲ။ ဘာဖြစ်လို့လဲ! ညည်းလည်း အတူတူပဲ၊ တကယ့်ကို အသုံးမကျလိုက်တာ! သူတို့နဲ့ အတူတူသွားခဲ့တာကို၊ အဲ့ဒီမြွေကို လုယူဖို့ နည်းလမ်းမစဉ်းစားခဲ့ဘူးလား... အား!"
သူမသည် ထိုင်ခုံပေါ်သို့ ဒေါသတကြီးဖြင့် ထိုင်ရက်ကျသွားလေသည်။
ချန်ချင်းယွီသည် သူမ၏ခြေထောက်ကို ရုပ်သိမ်းလိုက်ပြီး အဘွားကြီးကျောက်ကို အလျင်အမြန် ပြန်ထူပေးလိုက်၏။ ထို့နောက် "စိုးရိမ်ဟန်" ဖြင့်
"အမေ... အဆင်ပြေရဲ့လားဟင်။ ဘယ်လိုဖြစ်လို့ ဒီလောက် ပေါ့ပေါ့တန်တန် နေရတာလဲ။ သတိထားဦးလေ၊ လဲသွားရင် အများကြီး နာမှာပေါ့"
အဘွားကြီးကျောက်မှာ အံကြိတ်ရင်း - "ရပါတယ်... ရပါတယ်"
ပညာရှိသူတွေက ပညာမဲ့တွေကို အလျော့ပေးရမှာမလား။
လူကောင်းဆိုသည်မှာ အရူးမနှင့် ဖက်ပြိုင်၍ မငြင်းခုံသင့်ပေ။
သူမသည် မျက်နှာနှစ်မျိုးနှင့် လူစားမျိုးဖြစ်၏။ ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုး ပြောဆိုတတ်သဖြင့် ကျောက်တာ့ရာအဖို့အရူးမနှင့် မပတ်သက်ရဲပေ။ အဘွားကြီးကျောက် ဟူသည်မှာ ထိုသို့သော လူစားမျိုးပင် ဖြစ်လေသည်။ သူမသည် တစ်ပါးသူ၏ အကျင့်စရိုက်တွင် အပြစ်ရှာတွေ့ပါက သေလောက်အောင်ပင် နှိပ်စက်ညှဉ်းပန်းတတ်သော်လည်း အကြိမ်ကြိမ် အရိုက်ခံရပြီးနောက်တွင်မူ ရမ်းကားရန် မဝံ့ရဲတော့ပေ။ အားနည်းသူကို နှိမ်၍ အားကြီးသူကို ကြောက်တတ်သည့် "အနိုင်ကျင့် ဗိုလ်ကျတတ်သူ" ဟူသည်မှာ သူမပင် ဖြစ်လေသတည်း။
ချန်ချင်းယွီသည် အဘွားကြီးကျောက်၏ လက်မောင်းကို ဆွဲညှစ်လိုက်ပြီး
"အမေ... အမြန်ထပါဦး"
အဘွားကြီးကျောက်: "ငါ... ငါ အဆင်ပြေပါတယ်။ လွှတ်ပါ၊ လွှတ်ပါဦး၊ ငါ့ဘာသာငါ ထနိုင်ပါတယ်"
အမလေး...။
ဤလက်သည်းများမှာ ပလာယာများနှယ် နာကျင်လှ၏။
ချန်ချင်းယွီသည် သာယာစွာ ပြုံးလိုက်ပြီး မည်သည့်စကားမျှ ပြန်မပြောပေ။ မကြာမီမှာပင် လူတိုင်းသည် ညစာအတွက် အလုပ်ရှုပ်လာကြတော့သည်။ သူမ၏ မိသားစုမှာမူ စောစောစီးစီး စားသောက်ပြီးသွားပြီ ဖြစ်ရာ ယခုအချိန်တွင် လုပ်စရာ များများစားစား မရှိတော့ပေ။ ကလေးနှစ်ဦးမှာလည်း ဒုတိယဝင်းအတွင်း၌ ခုန်ပေါက်ဆော့ကစားနေကြ၏။
ရှီကျန့်ရှန်းမှာမူ သူမတို့အိမ်ဘက်သို့ ခဏခဏ လှမ်းကြည့်နေပြီး အခြေအနေကို စုံစမ်းချင်နေသော်လည်း အနားသို့ အရောက်သွားမိပါက ထိုသားအမိများမှာ သူမကို ကပ်တွယ်နှောင့်ယှက်မည်ကို စိုးရိမ်နေပြန်သည်။ သူမသည် စိတ်ကိုထိန်းကာ ဘာမျှ စိတ်မဝင်စားဟန် ဆောင်နေလေ၏။
သို့သော် ရင်ထဲတွင်မူ အင်မတန်မှ စိတ်လှုပ်ရှားနေပြီး ယောက္ခမနှင့် ချွေးမဖြစ်သော ကျောက်တာ့ရာနှင့် ချန်ချင်းယွီတို့ကိုသာ စူးစိုက်ကြည့်နေမိသည်။
"ညည်းတို့ အရှက်ကွဲတာကို ငါ စောင့်ကြည့်နေမယ်!"
သူမသည် ယုတ်မာသောအပြုံးဖြင့် တွေးတောရင်း သူတို့ကို ကြည့်ကာ ရယ်မောလိုက်ပြီးမှ မှိုများကို ရေနွေးဖျော၍ ကြော်ရန် ပြင်ဆင်လေသည်။ သူမ၏ အငယ်ဆုံးသားမှာ အိမ်ထောင်မကျသေးသော်လည်း ညစာစားရန် အိမ်သို့ ပြန်လာခဲလှသည်။ ဤအိမ်တွင် ဇနီးမောင်နှံ နှစ်ဦးတည်းသာ နေထိုင်ကြခြင်း ဖြစ်၏။ သားကြီးနှစ်ဦးမှာမူ အိမ်ထောင်ကျပြီးနောက် အခြားတစ်နေရာတွင် ခွဲနေကြပြီ ဖြစ်သည်။ ဤဝင်းကြီးအတွင်း၌ စိတ်ချမ်းသာဆုံးသူကို ပြပါဆိုလျှင် ဤဇနီးမောင်နှံနှစ်ဦးပင် ဖြစ်ပေလိမ့်မည်။ ခင်ပွန်းဖြစ်သူမှာ ဝင်ငွေဖြောင့်သော အလုပ်သမားဖြစ်ပြီး သားဖြစ်သူများမှာလည်း အောင်မြင်သူများ ဖြစ်ကြရာ အခြားမိသားစုများကဲ့သို့ ကျေးလက်ဒေသသို့ သွားရောက် အလုပ်လုပ်ရန် မလိုခြင်းမှာ အားကျစရာပင် ဖြစ်၏။
ရှီကျန့်ရှန်းသည် ပြုံးလိုက်မိပြီး အဘွားကြီးဝမ်မှာ အမြဲတမ်း ကြွားလုံးထုတ်နေသော်လည်း အမှန်တကယ်တော့ သူမ၏ မိသားစုမှာသာလျှင် ဤဝင်းကြီးအတွင်းရှိ အထက်တန်းလွှာ ဖြစ်သည်ဟု တွေးနေမိသည်။
သူမတို့တွင် စက်ဘီးမရှိသည်ကို ကြည့်၍ အထင်မသေးလေနှင့်။ ဝယ်နိုင်စွမ်းမရှိ၍ မဟုတ်ဘဲ လူမသိအောင် နေထိုင်နေခြင်းသာ။
သူမသည် သာယာစွာ ပြုံးလိုက်ပြီးနောက် ထိုမုဆိုးမ မိသားစု မှိုများ စားပြီးပြီလားဟူသည်ကို တွေးတောနေမိ၏။ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားရလျှင် မုဆိုးမလေးသည် အဘွားကြီး ပြန်မလာခင်ကတည်းက ဟင်းချက်ပြီး ဖြစ်ရပေမည်။ အဘွားကြီးကျောက်မှာ အင်မတန် စိတ်ပုပ်သူ ဖြစ်ရာ ချန်ချင်းယွီအနေဖြင့် အချိန်ဆွဲရန် မဝံ့ရဲပေ၊ ထို့ကြောင့် မှိုများတွင် ပြဿနာရှိသည်ကို သတိပြုမိလိမ့်မည် မဟုတ်ပေ။ အဆိပ်သင့်သည့် လက္ခဏာများက နှေးကွေးနေ၍လား?
သို့မဟုတ်... ယနေ့ညတွင် မှိုမစားဖြစ်ဘဲ တိုက်ဆိုင်သွားခြင်းလော?
ရှီကျန့်ရှန်းမှာ အတော်ပင် ဇဝေဇဝါ ဖြစ်နေရသည်။ ထိုစဉ်မှာပင် အဘွားကြီးကျောက်၏ အိမ်အတွင်းမှ အော်ဟစ်ဆဲဆိုသံကို ရုတ်တရက် ကြားလိုက်ရလေ၏။ အဘွားကျောက်၏ အသံမှာ စူးရှပြီး ရုတ်ရင်းကြမ်းတမ်းလှသည်။
"ချန်ချင်းယွီ! ညည်းကို ငါပြောထားတယ်မလား၊ မှိုခူးရင် သတိထားပါဆိုတာကို။ မသိတဲ့မှိုတွေကို လျှောက်မခူးပါနဲ့ဆိုတာ ညည်းကတော့ လုပ်ချင်ရာတွေ လုပ်လာခဲ့တာပဲ! ကြည့်စမ်း... ညည်း ဘယ်လိုတွေ လုပ်လာသလဲဆိုတာကို! ကံကောင်းလို့ ဒီနေ့ ငါတို့ မှိုမစားဖြစ်တာ၊ မဟုတ်ရင် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? ညည်းက ငါ့ကို စိတ်ချမ်းသာအောင် မထားချင်ဘူး မဟုတ်လား? ညည်းကတော့ ဘာမှလုပ်မရတဲ့ အသုံးမကျတဲ့သူပဲ၊ အလကားကောင်မ! ညည်းကို သေအောင် ရိုက်ပစ်မယ်!"
အဘွားကျောက်သည် ဆဲဆိုနေရုံနှင့် အားမရနိုင်တော့ပေ။ သူမသည် ရုတ်တရက် အိမ်ထဲမှ ပြေးထွက်လာပြီး ချန်ချင်းယွီကို လိုက်လံရိုက်နှက်လေတော့သည်။ ချန်ချင်းယွီသည်လည်း ဝင်းအတွင်း၌ ပတ်ပြေးရင်း ရှောင်တိမ်းနေကာ
"အမေ... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး၊ တကယ်တမ်း မရည်ရွယ်ပါဘူး၊ ကျွန်မ..."
"စကားတွေ လာများမနေနဲ့! ကြည့်စမ်း... ဒီမှိုတွေက ဒီမှာတင်ရှိနေတာ၊ ညည်းက ဒါတွေကို ခူးလာတယ်ပေါ့လေ?! ညည်း ဘာများအသုံးကျတာရှိသေးလို့လဲ!"
ချန်ချင်းယွီသည် နှုတ်ခမ်းကိုကိုက်ထားပြီး
"ကျွန်မ ခူးတာ မဟုတ်ပါဘူး။ ဒါတွေ ဘယ်လိုပါလာမှန်း ကျွန်မလည်း မသိဘူး။ တစ်ခုခု မှားယွင်းပြီး ပါလာတာဖြစ်မှာပါ။ တောင်းပန်ပါတယ်၊ ကျွန်မ တကယ် တမင်လုပ်တာ မဟုတ်ပါဘူး..."
သူမသည် တုန်တုန်ရင်ရင်ဖြင့် ပြောနေသော်လည်း အဘွားကြီးကျောက်ကမူ အလျှော့မပေးပေ။
"ညည်းလို အသုံးမကျတဲ့ဟာက ပြေးတောင် ပြေးရဲသေးတယ်ပေါ့လေ? သေအောင် ရိုက်ပစ်မယ်!"
အော်ဟစ်ဆဲဆိုရင်း လိုက်လံရိုက်နှက်နေ၏။
ရှီကျန့်ရှန်းမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မျက်နှာပျက်သွားရသည်။ မိမိ၏အကြံအစည်ကို ရိပ်မိသွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ သူမသည် အခြေအနေကိုကြည့်ရန် အိမ်ထဲမှ အမြန် ထွက်လာခဲ့၏။ ရှီကျန့်ရှန်း ထွက်လာချိန်တွင် ချန်ချင်းယွီတို့ သမီးယောက္ခမမှာ ပြတင်းပေါက်နားတွင် ရောက်ရှိနေကြပြီဖြစ်ပြီး၊ သူမသည် အလျင်စလို လျှောက်လာခဲ့ရာမှ တံခါးခုံကို တိုက်မိကာ ဟန်ချက်ပျက်သွားလေသည်။ ချန်ချင်းယွီက "သတိထားဦးလေ!" ဟု လှမ်းအော်လိုက်၏။
ထိုအတောအတွင်းမှာပင် ချန်ချင်းယွီသည် ရှီကျန့်ရှန်းကို လှမ်း၍ ဖမ်းထိန်းပေးလိုက်သည်။ အဘွားကျောက်မှာမူ ရှေ့သို့ ပြေးတက်လာပြီး ချန်ချင်းယွီကို ဖမ်းဆွဲကာ
"ညည်း ဒီကိုလာစမ်း! အခုထိ လူကောင်းဟန်ဆောင်နေတုန်းလား?"
ချန်ချင်းယွီ ခေါင်းခါယမ်းရင်း "အမေ... ကျွန်မ မှားသွားပါပြီ၊ တကယ်မှားသွားပါပြီ၊ ကျွန်မ ကို မရိုက်ပါနဲ့တော့..."
သူမသည် လက်နှစ်ဖက်ကို အဆက်မပြတ် ယမ်းခါနေပြီး နောက်သို့ လက်တစ်ချက် ဝေ့လိုက်ကာ အရှိန်အဟုန်ဖြင့် သူမလက်ထဲရှိ မှိုစကလေးများကို ဟင်းအိုးထဲသို့ အကုန်သွန်ချလိုက်လေသည်။ ရှီကျန့်ရှန်းမှာ သူမ၏ရှေ့တွင် ကာထားသဖြင့် ထိုအပြုအမူမှာ အင်မတန် သဘာဝကျလှ၏။ သူမသည် မှိုစကလေးများကို သွန်ချရန် လက်ယမ်းလိုက်ခြင်းဖြစ်သည်ဟု မည်သူမျှ သံသယဝင်လိမ့်မည် မဟုတ်ပေ။
မှိုစကလေးများကို သွန်ချပြီးသည်နှင့် ချန်ချင်းယွီသည် ထိုနေရာတွင် ကြန့်ကြာမနေဘဲ ချက်ချင်းပင် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားတော့သည်။ သူမသည် အခြားတစ်ဖက်တွင် ရပ်နေရင်း "အမေရယ်~" ဟု ဆိုကာ တောင်းပန်တိုးလျှိုးသော မျက်ဝန်းများဖြင့် ကြည့်နေလေ၏။
ဝင်းအတွင်းရှိ လူအားလုံးမှာ ထိုဆူညံပွက်လောရိုက်မှုကို ကြည့်ရန် ထွက်လာကြပြီး ဝိုင်းဝန်းဖျန်ဖြေပေးကြလေသည်။
"အဘွားကြီးကျောက်ရယ်... ဒီလောက် ကိစ္စလေးကို ပြဿနာအကြီးအကျယ် မလုပ်ပါနဲ့။ သူလည်း တမင်လုပ်တာ မဟုတ်ပါဘူး"
"ဟုတ်ပါတယ်! စားမရရင် ဖယ်ထုတ်လိုက်ရင် ရတာပဲဥစ္စာ၊ ဘာလို့ ဒီလောက်ထိ စိတ်တိုနေရတာလဲ"
"အေးလေ! တော်လိုက်တော့"
အားလုံးမှာ စိတ်ပါလက်ပါမဟုတ်ဘဲ ဝိုင်းဝန်းဖျန်ဖြေပေးနေကြသော်လည်း စင်စစ်၌မူ ဤပွဲကိုကြည့်ကာ သဘောကျနေကြခြင်း ဖြစ်၏။ သို့သော် အဘွားကျောက်သည်ကား ယခုတစ်ကြိမ်တွင် သူတို့၏စကားကို အမှန်တကယ် နားထောင်လိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ အဘွားကျောက်က ဒေါသတကြီးဖြင့်
“ဟင်း… အားလုံးက ဝိုင်းပြောနေကြလို့သာ ယခုတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ ညည်း ဒီလောက်အထိ ထူအထိုင်းမှိုင်းနေတာကို ငါသိရရင်တော့ သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မယ်”
အားလုံးမှာ “ဟင်?” ဟူ၍ ဖြစ်သွားကြကုန်၏။
သူတို့အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။ သူတို့ပြောသော စကားများမှာ အမှန်တကယ်ပင် ထိရောက်မှု ရှိသွားခဲ့သလော။
အဘွားကြီးကျောက်: “စိတ်ပျက်စရာကောင်းလိုက်တာ၊ တစ်ယောက်ယောက်က မှားယွင်းပြီး စားမိနေရင် မကောင်းဘူး၊ ဒီအဆိပ်မှိုတွေကို အကုန် မီးရှို့ပစ်တော့မယ်”
သူမသည် အလယ်ဝင်းအတွင်း တံခါးဝ၌ ဟင်းချက်နေသော မိသားစုကို လှမ်းကြည့်လိုက်လေသည်။ ထိုမိသားစုမှာ မီးဖိုကို တံခါးအပြင်ဘက်တွင် တည်ထားပြီး အဝင်ဝ၌ အမိုးအကာအငယ်စားလေး ပြုလုပ်ထားခြင်း ဖြစ်၏။ အဘွားကျောက်သည် ထိုနေရာသို့ သွား၍ မှိုများကို မီးဖိုအောက်သို့ အကုန်ထိုးထည့်လိုက်ပြီးလျှင်
“ငါ့အိမ်က မီးငြိမ်းသွားလို့၊ ဒီမှာပဲ လာရှို့လိုက်မယ်”
“ရပါတယ်!”
ဤကိစ္စမှာ မည်သူ့အတွက်မျှ အရေးမကြီးပေ။
အဘွားကြီးကျောက်သည် အဆိပ်မှိုများကို အားလုံး၏ရှေ့တွင်ပင် မီးရှို့ဖျက်ဆီးလိုက်ပြီးနောက် ချန်ချင်းယွီကို စူးစိုက်ကြည့်ကာ “ညည်းကတော့ အသုံးကိုမကျဘူး” ဟု ဆိုလိုက်ပြန်၏။
ချန်ချင်းယွီသည် နှုတ်ခမ်းကိုကိုက်ကာ မျက်လွှာချထားသော်လည်း အခြားသူများကိုမူ “စေတနာ” ဖြင့်
“လူတိုင်းလည်း ကိုယ့်မှိုတွေကို ကိုယ် သေသေချာချာ ပြန်စစ်ကြဦးနော်။ အဆိပ်ရှိတဲ့ တောမှိုတွေ မှားပါသွားရင် တကယ့်ကို ပြဿနာတက်လိမ့်မယ်”
သူမ၏ အသံမှာ တိုးညင်းသော်လည်း စိတ်ရင်းမှန်ဟန် ပေါ်လွင်နေ၏။
ရှီကျန့်ရှန်း: “ငါတို့အိမ်ကတော့ ဘာပြဿနာမှ မရှိနိုင်ပါဘူးအေ့။ ငါက ကျွမ်းကျင်သူပဲ၊ အဆိပ်သင့်စရာလား။ မဖြစ်နိုင်တာ၊ လုံးဝကို မဖြစ်နိုင်ဘူး”
“ငါတို့အိမ်ကလည်း ဘာမှမဖြစ်နိုင်ပါဘူး”
“ငါလည်း အိမ်ပြန်ရောက်တော့ ပြန်စစ်ပြီးပြီ၊ အဆင်ပြေပါတယ်”
“ဟေး… ဘယ်သူ ဟင်းချက်နေတာလဲ၊ အနံ့က အတော်မွှေးတာပဲ!”
“အနောက်ဘက်ဝင်းကနေ လာတဲ့အနံ့နဲ့ တူတယ်”
“စတုတ္ထဝင်းကနေ လာတာပါ၊ အဘွားကြီးဟွမ်တို့အိမ်က မြွေသားဟင်း ချက်နေတာလေ။ အဲ့ဒီအဘွားကြီးကတော့ ကံကောင်းလိုက်တာ”
“သူက တကယ်ကို ကံကောင်းတာပဲ”
အဘွားကြီးကျောက်မှာ တောက်တစ်ချက်ခေါက်လိုက်ပြီး
“ငါက ထမင်းစားပြီးသွားလို့ တော်တော့တာပေါ့၊ မဟုတ်ရင် ထမင်းပန်းကန်မပြီး သူ့ပြတင်းပေါက်အောက်မှာ သွားစားမိမှာပဲ။ အနံ့လေး ရှူနေရရင်တင် ဟင်းတစ်ခွက် ဖြစ်နေပြီ”
“ဟုတ်ပ! ညည်းပြောတာ ဟုတ်တယ်”
“တကယ်ပဲ! ဒီအနံ့က တကယ့်ကို ထမင်းမြိန်စေတာ၊ ဟင်းဖိုးတောင် သက်သာသွားနိုင်တယ်”
လူတိုင်းက ဝိုင်းဝန်းပြောဆိုကြပြီးနောက် မှိုနှင့် ပတ်သက်သည့် အရှုပ်အထွေးမှာလည်း ပြီးဆုံးသွားလေသည်။ ချန်ချင်းယွီသည် မျက်ခုံးတစ်ချက်ပင့်ကာ အဘွားကျောက်ကို ကြည့်၍ ပြုံးပြလိုက်၏။ အဘွားကျောက်သည်လည်း မိမိ၏ သရုပ်ဆောင်ချက်မှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံသည်ဟု ခံစားရသဖြင့် နှုတ်ခမ်းကို မသိမသာ စူလိုက်လေသည်။
သူမ... အဘွားကြီးကျောက်ဆိုသည်မှာ သာမန်မိန်းမစားမျိုး မဟုတ်ပေ။
သို့သော် ဤအရူးမလေးမှာမူ အင်မတန် လက်သွက်လှပေသည်။ သူမ ဘာလုပ်လိုက်သည်ကိုပင် အဘွားကြီးကျောက် သေချာမမြင်လိုက်ရမီမှာပင် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း သူမကို အချက်ပြခဲ့လေသည်။ ရွှီကောင်းမင်တို့ မိသားစု၏ ကပြဦးမည့် ပြဇာတ်ကို တွေးတောမိသောအခါ အဘွားကျောက်မှာ ပြုံးမိတော့၏။ မြွေသားစွပ်ပြုတ်၏ အနံ့မှာ အမှန်တကယ်ပင် မခံနိုင်လောက်အောင် မွှေးပျံ့လှပြီး တစ်ဝင်းလုံးတွင်လည်း အသားနံ့များ နံလှိုင်နေလေသည်။ လူတိုင်းမှာ စတုတ္ထဝင်းဘက်သို့ မနာလိုသော အကြည့်များဖြင့် လှမ်းကြည့်နေကြ၏။
ဗိုက်ဆာနေကြသော ကလေးအများအပြားမှာ စတုတ္ထဝင်းဘက်သို့ သွားကြပြီး ကျန်းမိသားစု၏ တံခါးနားတွင် တဝဲဝဲလည်လည် လုပ်နေကြလေသည်။
ရွှီကောင်းမင်မှာ ခြေထောက်ဒဏ်ရာရထားသဖြင့် အိမ်ပြန်နောက်ကျလေ့ရှိရာ သူ ဝင်းထဲသို့ ပြန်လာချိန်တွင် မှောင်ရီပျိုးစပင် ရှိနေချေပြီ။ မွှေးပျံ့သော အနံ့တစ်ခုက လေထဲတွင် လွင့်ပျံ့နေ၏။ သူမျက်မှောင်အနည်းငယ်ကြုတ်ကာ မည်သည့်အိမ်မှ ဖြစ်နိုင်မည်နည်းဟု တွေးတောနေမိသည်။ သူ့ဇနီးသည်မှာမူ သူ့ကို မတိုင်ပင်ဘဲနှင့် ဤကဲ့သို့ ကောင်းမွန်သော အရာများကို သေချာပေါက် ဝယ်ယူလိမ့်မည် မဟုတ်ပေ။
အမှန်အတိုင်း ပြောရလျှင် အကြောင်းပြချက်မရှိဘဲ ကောင်းတာတစ်ခုခုရတိုင်း အမြဲတမ်း ကြွားလုံးထုတ်နေကြသည်မှာ စိတ်ပျက်
စရာပင်။
“ဦးလေးရွှီ... အလုပ်က ပြန်လာပြီလား?”
“ခြေထောက်ကရော သက်သာရဲ့လားဗျ?”
ရွှီကောင်းမင်သည် ဝင်းအတွင်းရှိ လူများကြားတွင် အတော်ပင် လူချစ်လူခင် ပေါသူဖြစ်သည်။
“သက်သာပါတယ်၊ အားလုံးပဲ စိတ်မပူကြပါနဲ့”
သူ လမ်းလျှောက်ဝင်လာစဉ် ချန်ချင်းယွီ သူ့ကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်၏။ ဤအရာ၏ အာနိသင်ပြရန် မည်မျှကြာမည်နည်းဟု သူမ တွေးနေမိသည်။ စဉ်းစားကြည့်လျှင် သူမသည် အတော်ပင် စာနာထောက်ထားတတ်သူဟု ဆိုရပေမည်။ သူမသည် အားလုံးကို သွန်မထည့်ခဲ့သလို အပိုင်းအစလေးများ ဖြစ်အောင်လည်း လှီးဖြတ်ထားသဖြင့် အာနိသင်မှာ ထင်သလောက် သိသာချင်မှ သိသာပေလိမ့်မည်။
ယနေ့တွင် အဘွားကြီးဟွမ်မှာ မြွေတစ်ကောင် ဖမ်းမိခဲ့သဖြင့် စကားဝိုင်းအားလုံးမှာ အသားစားရသည့် အကြောင်းအရာများသာ ဖြစ်နေတော့သည်။ မည်သူမျှ အိမ်ထဲသို့ အလျင်စလို မဝင်ကြဘဲ ဝင်းအတွင်း၌ ရပ်ကာ မည်သို့ချက်ပြုတ်လျှင် ပို၍ အရသာရှိမည်ကို ဆွေးနွေးနေကြ၏။ ဤအချိန်တွင် ရှီကျန့်ရှန်းနှင့် ရွှီကောင်းမင်တို့၏ မျက်နှာများမှာမူ သိပ်ပြီး ကြည့်မကောင်းလှပေ။
ရှီကျန့်ရှန်း၏ အကြံအစည်မှာ ယနေ့တွင် ပျက်ပြားသွားခဲ့သဖြင့် သူမသည် ခင်ပွန်းဖြစ်သူထံသို့ သေချာပေါက် အစီရင်ခံရပေမည်။
ရွှီကောင်းမင်မှာ ပို၍ပင် ဒေါသထွက်သွားရ၏။ သူတို့မှာ ယခုတစ်ကြိမ်တွင် “မြွေပါလည်းရှုံး၊ သားလည်းဆုံး” ဆိုသကဲ့သို့ အဆုံးရှုံးကြီး ရှုံးသွားခဲ့ရပြီ ဖြစ်သည်။ သို့သော်လည်း အပြင်ဘက်တွင် လူများ ဆူညံနေသဖြင့် သူက အမူအယာကို အသိသာမခံချင်ဘဲ “ထမင်းအရင်စားကြစို့” ဟုသာ ဆိုလိုက်လေသည်။
ဇနီးမောင်နှံနှစ်ဦးမှာ တိတ်ဆိတ်စွာပင် ထမင်းစားနေကြ၏။ ရှီကျန့်ရှန်းမှာ ရွဲ့သံဖြင့် -
“ဟိုမုဆိုးမလေးကတော့ လူကောင်းဟန်ဆောင်ပြီး မှိုစားရင် သတိထားကြဖို့ လူတိုင်းကို လိုက်ပြောနေသေးတယ်။ ဟင်း… ဟန်ဆောင်ကောင်းလိုက်တာ။ လင်းကျန့်ဝမ်ကလည်း အရင်က လူကောင်းဟန်ဆောင်ခဲ့သလိုပဲ၊ သူ့မိန်းမကလည်း သူ့အတိုင်းပဲ၊ အားလုံးက ဟန်ဆောင်မှုမျက်နှာဖုံးတွေချည်းပဲ”
ရှီကျန့်ရှန်း ဆက်လက်၍
“ဒီနေ့ ကျွန်မ အတွက် မှားသွားတယ်ဆိုဦးတော့၊ ကျွန်မ ခူးလာတဲ့ မှိုတွေထဲမှာ တစ်ခုမှ မကောင်းတာ မပါဘူး။ အင်မတန် မွှေးတာပဲ! ကြည့်စမ်း… တစ်လုပ်စားလိုက်ရင် အသားစားနေရသလိုပဲ၊ တကယ်ကို အရသာရှိနေရော”
“ကျွန်မသိသားပဲ၊ ဒီလိုအရာတွေမှာ အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးတယ်ဆိုတာကို”
ရွှီကောင်းမင်သည် တစ်ခွန်းမျှ ပြန်မပြောပေ။ ရှီကျန့်ရှန်းသည်လည်း မိမိခင်ပွန်း စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို ရိပ်မိသဖြင့် စကားစဖြတ်ကာ ခေါင်းငုံ့၍သာ ထမင်းစားနေတော့၏။
ရှီကျန့်ရှန်းမှာ ဖားသည့်အမူအရာဖြင့်
"ရှင်... ဟင်းကြွင်းလေးတွေ ကျန်သေးတယ်၊ ရှင့်ပန်းကန်ထဲ အကုန်ထည့်လိုက်ဦးနော်"
ရွှီကောင်းမင် စိတ်မပါလက်မပါ ခေါင်းငြိမ့်ပြ၏။ ရှီကျန့်ရှန်းသည် ဆက်လက်၍ ဆိုလိုက်ပြန်သည်။
"မြွေသားစွပ်ပြုတ်ဆိုတာ ဘာမှမဟုတ်ပါဘူးအေ့။ အသားဆိုတာ လူတိုင်းဝယ်စားနိုင်တာပဲဥစ္စာ။ ကြက်ဥကမှ တကယ့်အာဟာရ။ မနက်ဖြန်မနက်ကျရင် ရှင့်အတွက် ကြက်ဥနှစ်လုံး ကြော်ပေးမယ်၊ အားရှိအောင်လို့။ ဟိုအဘွားကြီးကျောက်တို့ မိသားစုလို ယုတ်မာတဲ့သူတွေကိုတော့ အလောတကြီး လုပ်စရာမလိုပါဘူး၊ အချိန်တွေ အများကြီး ရှိသေးတာပဲ။ နောက်မှ ဖြည်းဖြည်းချင်း နှိပ်ကွပ်ရမှာပေါ့။ မနက်ဖြန်လည်း ထပ်သွားလို့ရတာပဲ၊ မခက်ခဲပါဘူး။ ဟိုမုဆိုးမလေးကတော့ ဘာမှရိပ်မိပုံမရဘူး၊ အင်မတန် အတတ အူတူတူလေးပါ"
ရွှီကောင်းမင်မှာ "အေးပါ" ဟုသာ ပြန်ဖြေလိုက်၏။
နှစ်ဦးသား အမြန်စားသောက်ပြီးနောက် ရှီကျန့်ရှန်းသည် အိုးခွက်များဆေးရန် အပြေးအလွှား သွားလေသည်။ သို့သော်လည်း အကြောင်းရင်းမသိဘဲ သူမကိုယ်သူမ တစ်မျိုးကြီး ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။ အဘယ်ကြောင့် သူမရှေ့တွင် အိုးနှစ်လုံး ဖြစ်နေရသနည်း? သူမသည် ထိုင်ခုံတစ်ခုကို အမြန်ရှာ၍ ထိုင်လိုက်ရလေသည်။
သူမ ဘာဖြစ်နေရသနည်း?
ယနေ့ အင်မတန် ပင်ပန်းသွား၍လား?
ဤအချိန်တွင် ရွှီကောင်းမင်သည်လည်း နေမကောင်းသလို ခံစားနေရပြီဖြစ်၏...။
"အား!!!"
ဝင်းအတွင်းရှိ လူအားလုံးမှာ မွှေးပျံ့သော အနံ့အသက်များကို ခံစားရင်း ထမင်းစားနေကြစဉ် ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။ အဘွားကြီးကျောက်သည် ပထမဆုံး ပြေးထွက်သွားသူဖြစ်ပြီး "ဘာဖြစ်တာလဲ? ဘာဖြစ်ကြတာလဲ?" ဟု အော်ဟစ်မေးမြန်းလိုက်သည်။
အခြားသူများသည်လည်း ရွှီကောင်းမင်တို့ မိသားစုကို စူးစမ်းစွာ ကြည့်လိုက်ကြ၏။
ရှီကျန့်ရှန်း၏ အော်သံမှာ ထွက်ပေါ်လာလေသည်။
"ရှင်... ရှင် ဘာဖြစ်တာလဲဟင်"
ခြေထောက်ဒဏ်ရာရထားသော ရွှီကောင်းမင်သည် အိမ်ထဲမှ ခြေတစ်ဖက်တည်းဖြင့် ခုန်ဆင်းလာ၏။
အဘွားကြီးကျောက်တစ်ယောက် "ဟယ်... အမလေး!" ဟုပင်အာမေဍိတ်သံ ထွက်သွားလေသည်။
အခြားသူများမှာလည်း "ဘာဖြစ်လို့လဲ" ဟု ဝိုင်းမေးနေကြ၏။
ချန်ချင်းယွီသည် အဆိပ်မှို မှားယွင်းစားမိသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ချက်ချင်းပင် အနားသို့သွား၍ စစ်ဆေးကြည့်လေသည်။ ရွှီကောင်းမင်သည် နေရာတစ်ခုကို ရှာဖွေကာ ဆောင့်ကြောင့်ထိုင်ချလိုက်၏။
အဘွားကြီးကျောက်: "အမလေး... သူ ဒီနေရာမှာတင် အီးပါတော့မှာလား"
"အာ..."
ချန်ချင်းယွီ: "ဟင်? တကယ်ကြီးလား?"
ဤအရာမှာ ဟန်ဆောင်နေခြင်း မဟုတ်ပေ၊ သူမ အမှန်တကယ်ပင် အံ့အားသင့်သွားခြင်း ဖြစ်သည်။
ရွှီကောင်းမင်သည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် လက်နှစ်ဖက်ကို မေးစေ့အောက်တွင် ကြက်ခြေခတ်ထားကာ ခေါင်းကို စောင်းလိုက်၏။ ထို့နောက် မျက်တောင်တခတ်ခတ်လုပ်ရင်း နှုတ်ခမ်းလေးစူကာ
"ငါက ပန်းကလေးတစ်ပွင့်ပါ၊ ငါက လှပတဲ့ ပန်းပွင့်လေးတစ်ပွင့်ပါ၊ ငါ့ကို မြေကြီးထဲမှာ စိုက်ထားတာ..."
သူသည် မြေကြီးကို စတင်တူးဆွပြီး မိမိကိုယ်ပေါ်သို့ မြေကြီးများဖြင့် ပက်ဖျန်းကာ အသံကို မြှင့်၍
"ငါက ပန်းကလေး၊ ငါက လှပတဲ့ ပန်းကလေး၊ ပန်းတွေက မြေကြီးမရှိရင် မရှင်သန်နိုင်ဘူး၊ ဘယ်သူက ငါ့ကို တူးထုတ်လိုက်တာလဲ! ဘယ်လိုတောင် ရဲတင်းရတာလဲ! ဘယ်လောက်တောင် မောက်မာလိုက်သလဲ! လာ လာ လာ~ ငါ့ကိုယ်ငါ မြေကြီးထဲ ပြန်မြှုပ်မယ်၊ ငါ သန်သန်မာမာ ကြီးထွားချင်တယ်..."
ရွှီကောင်းမင်သည် ခေါင်းကို အသာယိမ်းနွဲ့ ခါယမ်းလိုက်ရာ သူ၏ ဆံပင်တိုလေးများမှာ ရှေ့နောက် ယိမ်းခါနေတော့၏။
ချန်ချင်းယွီ "...အု!"
ဤမြင်ကွင်းမှာ သူမ၏ ဟန်ဆောင်ပန်ဆောင် အချစ်ရူးမလေး အမူအယာထက်ပင် ပို၍ ဆိုးရွားလှပေသည်။ တကယ့်ကို ကြည့်မကောင်းလှပေ!
ချန်ချင်းယွီသည် သူမ၏ ဗိုက်ကို ဖိထားလိုက်ရ၏။
အို... ဘုရားသခင်၊ သူမသည် ကြက်သားစားထားသည် မဟုတ်ပါလော! နှမြောစရာကြီး၊ အန်ထွက်သွားလို့ မဖြစ်ဘူးလေ!
ချန်ချင်းယွီသည် ဤမြင်ကွင်းကို ဆက်ကြည့်ရန် မခံစားနိုင်ဖြစ်နေကာ ဘေးနားရှိ အစ်မကြီးဖန်သည်လည်း ပျို့အန်ချင်သည့်နှယ် ဖြစ်လာလေသည်။ အစ်မကြီးဖန်သည် ဒေါသကြီးပြီး နူးညံ့သိမ်မွေ့သူ မဟုတ်သည့်အပြင် သာမန်အလုပ်သမား လူတန်းစား အမျိုးသမီးတစ်ဦးပင် ဖြစ်၏။ သူမကိုယ်တိုင်ပင် မိန်းမပျိုလေးနှယ် နူးညံ့မှုကို မဖော်ဆောင်နိုင်ရာ ရွှီကောင်းမင်၏ ဤကဲ့သို့ အမူအယာကို မြင်ရသည်မှာ သူမအတွက် ပျို့အန်ချင်စရာ ဖြစ်နေတော့သည်။
"ဒါ... ဒါ အဆိပ်မှိုစားမိလို့ ဖြစ်တာ မဟုတ်လား?"
"အို... ခုနတင်ပဲ သူ သတိပေးလိုက်သေးတာလေ!"
"ဒါကတော့ တကယ့်ကိုပဲ..."
လူတိုင်း ဝိုင်းဝန်းပြောဆိုနေကြစဉ် ရွှီကောင်းမင်မှာမူ တစ်ကိုယ်လုံး မြေမှုန့်များဖြင့် ပေကျံနေချေပြီ။
သူက လည်ချောင်းထဲမှ စူးရှသောအသံဖြင့်
"ပျိုနီပန်း... ပျိုနီပန်း... ငါက နိုင်ငံကျော် အလှနတ်ဘုရားမ ပျိုနီပန်းလေးပါ"
သူသည် နှုတ်ခမ်းလေးကို စူလိုက်၊
မျက်တောင်ကို တခတ်ခတ် လုပ်လိုက်၊
မျက်နှာကိုလည်း အမျိုးမျိုး ရှုံ့မဲ့လိုက်နှင့်...။
"အု..."
အဘွားကြီးကျောက်ပင်လျှင် ဤအရာမှာ ဤမျှအထိ အန္တရာယ်ကြီးမားသည်ကို မယုံကြည်နိုင်ဘဲ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိ၏။
ဒါ... ဒါက... အရင်တစ်ခါ ဝမ်တာ့ချွေတုန်းက ဇာတ်ကတဲ့ မိန်းမလျာပုံစံ မဟုတ်လား?
အခု သူဖြစ်နေတဲ့ လက္ခဏာတွေကတော့ အကုန်လုံး ကွဲပြားနေတာပဲ!
လူတိုင်းသည် ဒုတိယဝင်းအတွင်း၌ စုရုံးရောက်ရှိနေကြလေသည်။ အစ်မကြီးဖန်းမှာ "အဘိုးကြီးရွှီ... ရှင် အမြန်ထစမ်းပါ၊ ရှင်က..." ဟု ဆိုကာ ရွှီကောင်းမင်ကို လှမ်းဖမ်းရန် ပြုသော်လည်း ရွှီကောင်းမင်က သူမ၏လက်ကို ပုတ်ထုတ်လိုက်ပြီး စူးစူးဝါးဝါး အော်ဟစ်လေသည်။
"နင် ဘယ်လောက်တောင် ရဲတင်းရသလဲ! နင်က ပန်းသူခိုးပဲ၊ ငါ ပျိုနီပန်းလေးကို ဘယ်လိုတောင် နာကျင်အောင် လုပ်ရဲရတာလဲ! ဝါး... ငါက အဖိုးတန်တဲ့ ပျိုနီပန်းလေးပါ၊ ငါ့မှာ မြေကြီးလိုအပ်တယ်၊ ငါ့ကို မြေကြီးထဲမှာပဲ စိုက်ထားသင့်တာ! ငါ့ကို တူးထုတ်ကြစမ်း၊ နင်တို့ ပန်းသူခိုးတွေ!"
"မဟုတ်ဘူး၊ ရှင်က..."
"အား!"
ရွှီကောင်းမင် လူကို ကိုက်မည့်အဟန်ဖြင့် ပါးစပ်ကို ဟလိုက်ရာ အစ်မကြီးဖန်မှာ "တောက်!" တစ်ချက်ခေါက်၍ အလျင်အမြန် နောက်ဆုတ်လိုက်ရ၏။ သူမသည် ဒေါသတကြီးဖြင့် "ရှင်... ရှင်... ရှင်က ဘာလို့ ကျွန်မကို ကိုက်ဖို့ လုပ်နေတာလဲ"
"နင်က ပန်းသူခိုးပဲ! ငါ ပျိုနီပန်းလေးကို နင် ဘယ်လိုတောင် ထိရဲရတာလဲ၊ ဝါး... ငါက သနားစရာကောင်းတဲ့ ပန်းလေးပါ၊ ငါ့ကို တူးထုတ်လိုက်ရင် ငါ ကောင်းကောင်း ကြီးထွားမှာ မဟုတ်ဘူး၊ ငါ့ကို မြှုပ်ပေးကြပါ..."
သူသည် ခေါင်းကို ခါယမ်းရင်း "ငါ့မှာ မြေကြီးလိုတယ်၊ မြေကြီးလိုတယ်..." ဟု ဆိုကာ ထိုနေရာတွင်ပင် မြေကျင်းတူးနေတော့၏။
ရှေ့ဝင်းနှင့် နောက်ဝင်းမှ လူအားလုံး ရောက်ရှိလာကြပြီး သူ့ကို ဝိုင်းအုံကြည့်နေကြလေသည်။
ချန်ချင်းယွီသည် လူအုပ်ကြားထဲသို့ တိုးဝင်လာသော်လည်း ရှေ့သို့ တိုးသွားရန်မူ မဝံ့ရဲပေ။
ဝိုး... သူမ တကယ်ကို မခံစားနိုင်တော့ပေ!!
ရှေ့ဆုံးတန်းတွင် ရပ်ကြည့်နေနိုင်သူများကိုလည်း သူမ အင်မတန် အံ့သြမိ၏။ သူတို့ ဘယ်လိုများ သည်းခံနိုင်ကြပါသနည်း?
သူမကတော့ တကယ်ကို ကြောက်လန့်နေမိသည်!
မာကျန့်ယီသည်လည်း ကြောင်အမ်းသွားရသော်လည်း သတိပြန်ဝင်လာသည်နှင့် အလျင်အမြန်ပင် ကူညီရန် ရှေ့သို့ တိုးဝင်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤဝင်းကြီး၏ တာဝန်ခံ မဟုတ်ပါလော။
"လမ်းဖယ်ကြ၊ လမ်းဖယ်ပေးကြဦး!"
မာကျန့်ယီ အော်ဟစ်ကာ သူ၏ နားထင်ကို ပွတ်သပ်ရင်း
"အဘွားကြီးရှီ ဘယ်မှာလဲ? အဘွားကြီးရှီ... အဘွားကြီးရှီ! အမြန်ထွက်လာခဲ့ပါဦး၊ လူကို လာကူညီပါဦး... အို... ဘုရားရေ!"
သူသည် အော်ဟစ်ခေါ်နေစဉ်မှာပင် အဘွားကြီးရှီသည် အိမ်ထဲမှ တွားသွားလျက် ထွက်လာသည်ကို မြင်လိုက်ရ၏... ဟုတ်ပါသည်! တွားသွားနေခြင်းပင်!
သူမသည် အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သော်လည်း ကိုယ်လုံးကို "S" ပုံစံ လိမ်ယှက်တွားသွားနေပြီး လျှာကိုလည်း တထုတ်ထုတ် လုပ်နေလေသည်။
ကောင်းလေစွ... အထူးတလည် ပြောနေရန်ပင် မလိုတော့ဘဲ တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်မှာ— မြွေပင် ဖြစ်တော့၏။
"ရှူး... ရှူး... ရှူး!"
ရှီကျန့်ရှန်းသည် မျက်နှာကို ရှုံ့မဲ့လျက် တွားသွားထွက်လာလေသည်။ လူတိုင်းသည်ကား အကိုက်ခံရမှာကို ကြောက်နေကြ၏။ ၎င်းမှာ မြွေအစစ် မဟုတ်သော်လည်း အကိုက်ခံရမည်ဆိုသည်မှာပင် တွေးကြည့်ရုံနှင့် ကြောက်စရာ ကောင်းလှပေသည်။ လူတိုင်း သူမနှင့်ဝေးရာသို့ အလုအယက် ရှောင်တိမ်းနေကြလေသည်။ အစ်မကြီးဖန်သည်လည်း ရှေ့ဆုံးတန်းတွင် ရပ်မနေသင့်ကြောင်း ရိပ်မိသဖြင့် အမြန်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
ရှေ့ဝင်းမှ လာရောက်ကြည့်ရှုနေသော လီချန်ရွှမ်းနှင့် နောက်ဝင်းမှ ယွမ်ဟောက်မင်တို့အဖွဲ့သည်လည်း အခြေအနေမဟန်သဖြင့် အမြန်ပင် နောက်ဆုတ်လိုက်ကြရလေသည်။ ရှီကျန့်ရှန်းမှာမူ ခန္ဓာကိုယ်ကို လိမ်ယှက်တွားသွားရင်း လျှာတထုတ်ထုတ်ဖြင့် လူအုပ်ကြီးရှိရာသို့ ကိုက်မည်ဟူသော အမူအယာဖြင့် တစ်ဟုန်ထိုး တိုးဝင်လာတော့၏။
အဘွားကြီးကျောက်မှာ အသည်းအသန် အော်ဟစ်လိုက်လေသည်။
"အမလေး... အဲ့ဒီအကောင်က ဘာတွေလုပ်နေတာလဲ! ဘုရား ရေ... အဲ့ဒါ မြွေကြီးလား။ အသည်းယားစရာကြီးအေ့!"
လူတိုင်း နောက်သို့ဆုတ်ကာ ရှောင်တိမ်းနေကြစဉ်မှာပင် အဘွားကြီးဟွမ်က သူမ၏ပေါင်ကို လက်ဖြင့်ပုတ်ကာ
"သူက ကျုပ် ဒီနေ့ မြွေတစ်ကောင်ဖမ်းမိတာကို မနာလိုဖြစ်နေတာ သေချာတယ်။ အဲ့ဒါကြောင့် မှိုအဆိပ်သင့်ပြီး မြွေဖြစ်သွားတာပေါ့။ ကျုပ်သိသားပဲ၊ သူ ငါ့ကို မနာလိုဖြစ်နေမှန်း... အား!!"
ရှီကျန့်ရှန်းသည် လျင်မြန်စွာ တွားသွားလာပြီး အဘွားကြီးဟွမ်၏ ခြေကျင်းဝတ်ကို လှမ်းကိုက်လိုက်ခြင်းပင် ဖြစ်၏။ အဘွားကြီးဟွမ်မှာ "အား!! ငါ့ကို မြွေကိုက်လိုက်ပြီ! ငါ့ကို အဆိပ်မြွေ ကိုက်လိုက်ပြီ!" ဟု စူးစူးဝါးဝါး အော်ဟစ်လေတော့သည်။
ချန်ချင်းယွီ "???"
မှိုအဆိပ်သင့်နေခြင်းသာဖြစ်ပြီး အစစ်အမှန် မြွေတစ်ကောင် မဟုတ်လေရာ အဘယ်ကြောင့် ဤအဘွားကြီး ရူးသွပ်နေရသနည်း။
အဘွားကျောက်မှာမူ "ညည်းက ငါ့ချွေးမထက်တောင် ပိုရူးသေးတယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်မိ၏။
သို့သော်လည်း သူမကိုယ်တိုင် အကိုက်ခံရမှာကို မလိုလားသဖြင့် အလျင်အမြန်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်ရပြန်သည်။ အဘွားကြီးကျောက်သည် ဟိုရှောင်သည်ရှောင်ဖြင့် ဝေးဝေးသို့ ပြေးလေ၏။
အခြားသူများလည်း ထိုနည်းတူစွာပင်တည်း။
အစ်မကြီးဖန်၏ တစ်ဆယ့်တစ်နှစ်အရွယ် သားဖြစ်သူမှာလည်း မိခင်ဖြစ်သူ၏ အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားရင်း
"သူ ရူးသွားတာလားဟင်? မေမေ... နောက်ကို ထပ်ဆုတ်ရအောင်"
ကြောက်စရာကြီး! တကယ်ကို ကြောက်စရာကြီးပါ!
"ရှူး... ရှူး... ရှူး!" ရှီကျန့်ရှန်း တစ်ချက်ကိုက်လိုက်ပြီး လျှာကို တထုတ်ထုတ်လုပ်ကာ အောင်နိုင်သူအလား ပြုမူနေလေသည်။ အဘွားကြီးဟွမ်မှာ "အား!! နင် တကယ့်ကို ယုတ်မာတဲ့ဟာမ!" ဟု ဆဲဆိုကာ
ဖြန်း!
ပါးရိုက်ချက်အကြီးစားကြီး တစ်ချက် ကျရောက်သွားတော့၏။ ရှီကျန့်ရှန်းကမူ "ရှူး... ရှူး... ရှူး!" ဟု လျှာတထုတ်ထုတ်ဖြင့် အဘွားကြီးဟွမ်၏ လက်ညှိုးကို ကိုက်ရန် ပါးစပ်ဟလိုက်ပြန်သည်။ အဘွားကြီးဟွမ်မှာ အချိန်မီ မရှောင်နိုင်ဘဲ လက်ညှိုးမှာ ပါးစပ်ထဲသို့ အစုပ်ခံလိုက်ရလေ၏။
အဘွားကြီးဟွမ်မှာ ထပ်မံအော်ဟစ်ရင်း လက်ကို အတင်းရုန်းကာ အသည်းအသန် ခါယမ်းနေရှာသည်။ သူမသည် စိတ်ပျက်အားငယ်စွာဖြင့် "အား!! ဒါတွေက ဘာကြီးလဲ! ငါ ညစ်ပတ်ကုန်ပြီ၊ ငါ ညစ်ပတ်ကုန်ပြီ! ငါ တကယ်ကို... အား!!" ဟု အော်ဟစ်ကာ စိတ်ဓာတ်များ အကုန်အစင် ပြိုလဲသွားရရှာလေသည်။
"ပန်းပွင့်လေး... ငါက ပျိုနီပန်းလေးပါ~ လူတိုင်းက ပန်းပျိုနီကို ချစ်ကြတယ်~"
ရွှီကောင်းမင်မှာမူ လေချွန်သံကဲ့သို့သော အသံဖြင့် သီချင်းဆိုရင်း မြေကြီးများကို ကိုယ်ပေါ်သို့ ဆက်လက် ပက်ဖြန်းနေဆဲပင်။ ရှီကျန့်ရှန်း၏ တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်လျှင် သူသည်ကား သူ့ဘာသာသူ ပျော်ရွှင်နေဟန် တူလေသည်။
ရွှီကောင်းမင်သည် လေချွန်သံဖြင့် "ငါက လှပတဲ့ ပျိုနီပန်းလေးပါ~"
ရှီကျန့်ရှန်းမှာ လျှာတထုတ်ထုတ်ဖြင့် "ချိချိချိချိ!"
မာကျန့်ယီသည် သူ၏နားထင်ကို ဖိထားမိရင်း အိမ်ရာတာဝန်ခံဘဝ၏ ကြီးမားသောစမ်းသပ်ချက်တစ်ခုနှင့် ထပ်မံရင်ဆိုင်နေရပြီဟု ခံစားလိုက်ရလေသည်။ ဤဝင်းကြီး၏ ခေါင်းဆောင်လုပ်ရသည်မှာ အလွန်ပင် ခက်ခဲလှပေသည်။ ထိုစဉ် ဝမ်တာ့ချွေမှာ ကယ်တင်ရှင်အလား ဝင်ပြောလေ၏။
“ဦးလေးမာ... သူတို့ အဆိပ်သင့်နေတာဗျ! ဆေးရုံကို အမြန်ပို့ဖို့ လိုတယ်!”
မာကျန့်ယီ: “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်!”
“အားလုံးပဲ ဝိုင်းကူကြပါဦး၊ လာပြီး သူတို့ကို ဖမ်းကြစမ်း... အို... ဘုရားရေ!”
သူသည် သူတို့ကို မထိရသေးမီမှာပင် ရှီကျန့်ရှန်းက တစ်ဟုန်ထိုး တိုးထွက်လာပြီး သူ့ကို ကိုက်ရန် ကြံစည်လေသည်။ မာကျန့်ယီမှာ ထိတ်လန့်တကြားဖြင့် ယိုင်နဲ့သွားရကာ ခါးပင် လည်သွားမတတ် ဖြစ်သွားရ၏။
ထိုအချိန်တွင် ချန်ချင်းယွီက တိုးညင်းသော်လည်း ပြတ်သားသောအသံဖြင့် မီးလောင်ရာလေပင့်လိုက်သည်။
“ဒါ... ဒါကို ဘယ်သူကများ သွားထိရဲမှာလဲ!”
အားလုံးသည်လည်း နားလည်မှုရှိရှိဖြင့် ခေါင်းငြိမ့်ကြလေသည်။ ဟုတ်ပါသည်၊ မည်သူကများ သွားထိဝံ့ပါမည်နည်း။
အဘွားကြီးရှီမှာ တကယ်ကို ကိုက်
တတ်သည် မဟုတ်ပါလော!
“ဝေါင်း~~~~” ရှီကျန့်ရှန်းသည် ရုတ်တရက် အမူအယာ ပြောင်းလဲသွားပြန်သည်။ ကျောကို ကုန်းလိုက်ပြီး မျက်လုံးများမှာ ခက်ထန်လာကာ အားလုံးကို လှမ်း၍ ဟိန်းဟောက်လေတော့သည်။
အဘွားကြီးကျောက်တစ်ယောက် ထပ်မံ၍ သဘောပေါက်သွားပြန်ကာ
“အမလေး... အခုကျတော့ ကျားဖြစ်သွားပြန်ပြီလား။ ဒီအကောင်က ပုံစံမျိုးစုံ ပြောင်းလဲနိုင်တာလားအေ့!”
“ဝူး!!!”
ရှီကျန့်ရှန်းသည် ရုတ်တရက် ရှေ့သို့ ခုန်ထွက်လိုက်ရာ...
“အမလေး... ကယ်ကြပါဦး!”
“ကယ်ပါ!”
“ဘုရားရေ... ရူးကုန်ကြပြီ!”
“တောက်! တကယ်ကြီး ပုံစံပြောင်းနေတာပဲ~”
မြင်ကွင်းတစ်ခုလုံးမှာ ခဏချင်းပင် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ပွက်လောရိုက်သွားလေတော့သည်။
၂၂။ စိတ်လှုပ်ရှားဖွယ်ပြပွဲကြီး
ရုပ်ဆိုးလှသော အဘွားကြီး ရှီကျန့်ရှန်းသည် ရုတ်တရက်ပင် ပုံစံပြောင်းလဲသွားလေတော့သည်။
လွန်ခဲ့သော စက္ကန့်ပိုင်းက မြွေတစ်ကောင်ဖြစ်နေခဲ့သော်လည်း ယခုမူ ကျားတစ်ကောင်အလား ဖြစ်နေချေပြီ။
ရှီကျန့်ရှန်းသည် မဆိုင်းမတွပင် ခက်ထန်ကြမ်းတမ်းသော မျက်နှာထားဖြင့် သွားများကို အစွမ်းကုန်ဖြဲကာ အနားရှိလူအားလုံးကို လိုက်လံတိုက်ခိုက်လေသည်။ သူမ၏ ပထမဆုံးပစ်မှတ်မှာ အဘွားကြီးကျောက်ပင် ဖြစ်၏။ အကယ်၍ သူမသည် မြေပြင်ပေါ်တွင် မြွေတစ်ကောင်အလား အချိန်အတော်ကြာအောင် တွားသွားသရုပ်ပြမနေခဲ့ပါက ဤအပြုအမူမှာ တမင်သက်သက် ရန်ငြိုးဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု လူတိုင်း ထင်မှတ်မိကြပေလိမ့်မည်။
သူမသည် အဘွားကြီးကျောက်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားရာ အဘွားကြီးကျောက်မှာ “အား!” ဟု ထိတ်လန့်တကြား အော်ဟစ်မိလေ၏။ ထိုအရေးကြီးသော အချိန်တွင် ချန်ချင်းယွီမှ ဘေးသို့ အမြန်ဆွဲဖယ်လိုက်သဖြင့် အဘွားကြီးကျောက်မှာ သီသီလေး လွတ်မြောက်သွားရ၏။ အဘွားကြီးကျောက်သည်လည်း ဒေါသအလိပ်လိပ် တက်လာပြီး ရှီကျန့်ရှန်းကို မဆိုင်းမတွပင် လှမ်းကန်လိုက်ရာ
ဗုန်း!
အဘွားကြီးကျောက်ကိုယ်တိုင်လည်း မြေပြင်ပေါ်သို့ လဲကျသွားရရှာသည်။
“ညည်း… ရှီကျန့်ရှန်း! ညည်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ! ညည်း တမင်လုပ်နေတာကို ငါမသိဘူး မမှတ်နဲ့။ ညည်း ရူးချင်ယောင်ဆောင်နေတာ မဟုတ်လား? တကယ့်ကို အရှက်မရှိတဲ့ မိန်းမ!”
“ဝူး~~~~”
ရှီကျန့်ရှန်းမှာ အကန်ခံရသော်လည်း ချက်ချင်းပြန်ထကာ အရှိန်မပျက်ဘဲ အဘွားကြီးကျောက်ထံသို့ တစ်ဖန် ပြန်လည်ခုန်အုပ်ပြန်သည်။ ဤသည်မှာ အမှန်တကယ်ပင် ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးထားသည့် အလားပင် ဖြစ်ချေပြီ။
အဘွားကြီးကျောက်: “အား!! ကယ်ကြပါဦး! ရှီကျန့်ရှန်း လူသတ်နေပြီ!”
စူးစူးဝါးဝါး အော်ဟစ်သံထွက်လာ၏။
ထိုနေရာတွင် လူအများအပြား ရှိနေပြီးဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ရုန်းရင်းဆန်ခတ် ဖြစ်နေကြလေသည်။ မြင်ကွင်းတစ်ခုလုံးမှာ ချက်ချင်းပင် ကမောက်ကမ ဖြစ်သွားရ၏။
“အား! ဘယ်သူ ငါ့ခြေထောက်ကို နင်းလိုက်တာလဲ?!”
“တောက်! သတိထားဦး၊ ပြေးကြ၊ ပြေးကြ!”
“ဒါ ဘာတွေ ဖြစ်နေတာလဲ?!”
အားလုံးမှာ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ အဘွားကြီးကျောက်သည်လည်း ဟိုရှောင်သည်တိမ်းဖြင့် အသည်းအသန် ပြေးလွှားနေရ၏။ ရှီကျန့်ရှန်းမှာ ရူးသွပ်နေပြီဖြစ်ရာ အဘွားကြီးကျောက်အနေဖြင့် သူမကို ယှဉ်နိုင်မည် မဟုတ်ပေ။ ရူးသွပ်နေသောသူမှာ သာမန်ထက် ပို၍ ခွန်အားကြီးမားတတ်သည် မဟုတ်ပါလော။ အဘွားကျောက်မှာ သနားစဖွယ် အခြေအနေဖြင့် “ကယ်ပါဦး!” ဟု အော်ဟစ်ရင်း ထွက်ပြေးနေရရှာသည်။
ရှီကျန့်ရှန်းတစ်ယောက်မှာ “ဝူး! ဝူး!” ဟု အသံလုပ်၍ ဟိန်းဟောက်နေ၏။
အဘွားကြီးကျောက်မှာ အားကိုးတကြီး လှမ်ရအော်မိလေသည်။
“ချန်ချင်းယွီ… ကူညီပါဦး!”
ချန်ချင်းယွီမှာမူ တုန်တုန်ရင်ရင်ဖြင့် ရှိနေ၏။ သူမသည် အားကိုးရာမဲ့သော မုဆိုးမလေးတစ်ဦးပင် ဖြစ်သည် မဟုတ်ပါလား။ သူမသည် သတ္တိအားလုံးကို စုစည်းလိုက်သည့်အလား နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရုတ်တရက် ပြေးထွက်သွားပြီးလျှင် အဘွားကြီးကျောက်ကို ဆွဲကိုင်ကာ
“အိမ်ထဲကို အမြန်ဝင်ပါ အမေ!”
အဘွားကြီးကျောက်: “အား… ကယ်ပါဦး!”
ရှီကျန့်ရှန်းသည် ကျားတစ်ကောင် သို့မဟုတ် တောခွေးအတစ်ကောင်ကဲ့သို့ အဆက်မပြတ် အူဟောင်နေလေသည်။ အဘွားကြီးကျောက် အိမ်ထဲသို့ ပြေးဝင်ရန် ပြင်လိုက်စဉ်မှာပင် ရှီကျန့်ရှန်းက လှည့်လိုက်ပြီး လီချန်ရွှမ်း၏ ပုခုံးကို လှမ်းကိုက်လိုက်တော့သည်။ လီချန်ရွှမ်းမှာ အထိတ်တလန့် အော်လိုက်မိ၏။
“တောက်! အမလေးဗျ!”
“ထွီ! ထွီ! ထွီ!”
ရှီကျန့်ရှန်းသည် အဝတ်စများကို တစ်နင့်တစ်ပိုး ကိုက်မိသွားသဖြင့် ပါးစပ်ထဲမှ အစအနများကို ပြန်လည်ထွေးထုတ်ပစ်လိုက်သည်။
လီချန်ရွှမ်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် နီရဲလာကာ
"ဒါက ဘာသဘောလဲ။ ကျုပ်က ညစ်ပတ်တယ်လို့ ခင်ဗျားက ဆိုလိုတာလား။ ဘာသဘောနဲ့ ကျုပ်ကို ဒီလိုလုပ်ရတာလဲ။ အဘွားကြီးဟွမ်ရဲ့ ခြေကျင်းဝတ်ကို ကိုက်တုန်းကတော့ မထွေးထုတ်ဘဲနဲ့ ကျုပ်အင်္ကျီကို ကိုက်တော့မှ ထွေးထုတ်ရတယ်လို့? ဘာသဘောလဲ။ ကျုပ်ကို ရှင်းအောင်ပြောစမ်း!"
ရှင်းစမ်း…အခုရှင်းပြ…
ရှီကျန့်ရှန်းသည် လီချန်ရွှမ်းထံသို့ တစ်ဖန်ပြန်၍ တစ်ဟုန်ထိုး ပြေးဝင်သွားရာ လီချန်ရွှမ်းမှာ ဒေါသအလျောက် သူမ၏မျက်နှာကို လက်ဝါးဖြင့် ခပ်ပြင်းပြင်း ရိုက်ချလိုက်ပြီး "ထွက်သွားစမ်း!" ဟု ဟောက်လိုက်လေသည်။
ယောက်ျားသားတစ်ဦး၏ အရှိန်ဖြစ်သဖြင့် ရှီကျန့်ရှန်းမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်လျက်သား လဲကျသွားရတော့၏။
မာကျန့်ယီ: "မြန်မြန်... မြန်မြန်၊ ကြိုးတစ်ချောင်းရှာပြီး သူ့ကို ချည်လိုက်ကြဦး။ ဆေးရုံကို အမြန်ပို့မှဖြစ်မယ်။ အမလေး... ဘုရားရေ~"
မာကျန့်ယီ; "မြန်မြန်လုပ်ကြပါဦး"
"ဝမ်တာ့ချွေ... အဘိုးကြီးယွမ်၊ မြန်မြန်လာကူကြဦး။ သူ ဒီလိုမျိုး ဆက်ပြီး သောင်းကျန်းနေရင် ကျုပ်တို့ဝင်းကြီး ဘယ်လိုလုပ် ငြိမ်းချမ်းပါ့မလဲ။ သူသာ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။ ဒါက တကယ်ကို ကိုက်တာနော်!"
မာကျန့်ယီသည် လူများကို အော်ဟစ် အကူအညီတောင်းလိုက်၏။
"လာပြီ!"
"မြန်မြန်လုပ်!"
"သူ့ကို ဖိထားလိုက်ကြဦး၊ မဟုတ်ရင် သူ ထပ်ကိုက်ဦးမယ်။ တောက်! အကိုက်ခံရရင် ဆေးထိုးဖို့ လိုမလားတောင် မသိဘူး”
"အဲ့လောက်ထိတော့ မဆိုးလောက်ပါဘူးနော်?"
"မြန်မြန်လုပ်ကြစမ်းပါ!"
ယောကျာ်းသားအချို့ စုပေါင်းလိုက်ခြင်းမှာ အဘွားကြီးတစ်ယောက်ကို မနိုင်ဘဲ အဘယ်မှာရှိမည်နည်း။
လူအချို့မှာ ရှေ့သို့ အလုအယက် တိုးဝင်သွားကြလေ၏။ ရှီကျန့်ရှန်းမှာမူ သူမ၏လက်များဆန့်တန်း၍ အသည်းအသန် ယက်ကန်ယက်ကန် ရုန်းကန်နေတော့သည်။ ယွမ်ဟောက်မင်မှာ "အား!" ဟု အော်ဟစ်လိုက်ရ၏။
ဝမ်တာ့ချွေ ရှီကျန့်ရှန်း၏ လက်မောင်းကို အလျင်အမြန် လိမ်ချိုးကာ ဖိထားလိုက်သည်။ သူသည် ဤဝင်းအတွင်း၌ ခွန်အားအသုံးရဆုံးသော အလုပ်ကြမ်းသမား မဟုတ်ပါလော့။
အားလုံးမှာ ယွမ်ဟောက်မင်ကို သနားစဖွယ် ကြည့်လိုက်ကြလေသည်။ သူ၏နားရွက်တွင် အမျိုးသမီးတစ်ဦး၏ လက်သည်းဖြင့် ကုတ်ခြစ်ခံထားရသော သွေးစို့နေသည့် ဒဏ်ရာတစ်ခု ထင်ကျန်နေခဲ့ချေပြီ။
ရှီကျန့်ရှန်းမှာ မှောက်လျက်သား အဖမ်းခံထားရပြီး တရှုံ့ရှုံ့နှင့် အူဟောင်နေရှာတော့သည်။ အဘွားကြီးဟွမ်မှာ အင်မတန်သေချာသော လေသံဖြင့်
"ကျောက်တာ့ရာ... ညည်းကတော့ တကယ့်ကို ထုံအတဲ့သူပဲ! ဒါက ကျားမှမဟုတ်တာ၊ တောခွေးတစ်ကောင်ပဲဟာကို!"
အဘွားကျောက်သည်လည်း ပြန်လည်၍ ခနဲ့လိုက်၏။
"ပါးစပ်ပိတ်ထားစမ်း! ဘာပဲဖြစ်ဖြစ် ကိုက်တာကတော့ အတူတူပဲ!"
"ညည်း..."
အဘွားကြီးနှစ်ဦး အခြေအတင် စကားများကြရန် ပြင်နေစဉ်မှာပင် ရွှီကောင်းမင်သည် ရုတ်တရက် ခုန်ထလိုက်လေသည်။
"ရေလောင်းရမယ်၊ ရေလောင်းရမယ်! ငါ ရေလောင်းဖို့ လိုတယ်! မြေဩဇာ ကျွေးရမယ်၊ မြေဩဇာ ကျွေးရမယ်! ငါ မြေဩဇာ ကျွေးဖို့ လိုတယ်!"
သူသည် ခြေတစ်ဖက်တည်းဖြင့် ဟိုခုန်ဒီခုန် လုပ်နေပြီး သူ၏ကိုယ်ပေါ်မှ မြေကြီးများမှာလည်း တဖွဲဖွဲ လွင့်စင်နေလေသည်။
သူ စောစောက ဆောင့်ကြောင့်ထိုင်ခဲ့သော နေရာကို ကြည့်လိုက်လျှင် မြေကျင်းအငယ်စားလေး တစ်ခု ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ဤလူမှာ အချိန်တိုအတွင်း၌ မြေကြီးကို တော်တော်ပင် မြန်မြန်ဆန်ဆန် တူးနိုင်ခဲ့ခြင်း ဖြစ်၏။ ရွှီကောင်းမင်သည် စူးရှသောအသံဖြင့်
"ပျိုနီပန်းလေးရေ... သန်သန်မာမာနဲ့ လှလှပပ ကြီးထွားလာပါစေ~"
သူသည် အိမ်ထဲသို့ ခြေတစ်ဖက်တည်းဖြင့် ခုန်ဝင်သွားကာ ရေများကို ခပ်ယူပြီးလျှင် မိမိကိုယ်ပေါ်သို့ တစ်ခွက်ပြီးတစ်ခွက် လောင်းချနေလေသည်။
အားလုံးမှာ "!!!"
ချန်ချင်းယွီသည် အဆိပ်မှိုစားမိပြီးနောက် ဤကဲ့သို့ ပြုမူတတ်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ မှိုအဆိပ်သင့်ပါက ထင်ယောင်ထင်မှားများ ဖြစ်တတ်သည်ဟု ကြားဖူးသော်လည်း ဤမျှအထိ ရူးသွပ်စွာ ပြုမူတတ်သည်မှာ ယခုမှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။ သို့သော်လည်း ရွှီကောင်းမင်မှာ ရှီကျန့်ရှန်းထက်စာလျှင် ကိုင်တွယ်ရ ပိုမိုလွယ်ကူပုံ ရ၏။ ဆိုရသော် ပန်းတစ်ပွင့်သည် တောခွေးလားကျားလားမသိသော သူထက်စာလျှင် အန္တရာယ် မရှိနိုင်သောကြောင့်တည်း။
ချန်ချင်းယွီသည် အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသော မြင်ကွင်းကြီးကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေမိလေသည်။
ချန်ချင်းယွီသည် အံ့အားသင့်နေမိစဉ် ဘေးသို့ အမှတ်မထင် လှည့်ကြည့်လိုက်သောအခါ သူမ၏ ရင်သွေးငယ်လေးနှစ်ဦးဖြစ်သည့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ပြတင်းပေါက်မှန်တွင် မျက်နှာလေးများ အတင်းကပ်၍ အပြင်ဘက်ကို ချောင်းကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူတို့လေးများမှာ ငယ်ငယ်လေးရှိကြသေးသော်လည်း အရာရာကို သိနားလည်နေကြချေပြီ!
ချန်ချင်းယွီ - "..."
ဤမြင်ကွင်းမှာ အတော်ပင် ကြည့်ကောင်းလှသော်လည်း ကံကောင်းသည်မှာ ပြပွဲကြီး မစတင်မီ ကလေးများကို အိမ်ထဲ၌ သေသေချာချာ ထားခဲ့၍ပင်။ မဟုတ်လျှင်မူ... လူအများအပြားကြောင့် နင်းမိခိုက်မိ ဖြစ်ကုန်ကြပေလိမ့်မည်။ ချန်ချင်းယွီမှာမူ စိတ်လှုပ်ရှားဖွယ်များ ကြည့်ရသည်ကို အမြဲတမ်း စိတ်အားထက်သန်နေသူ ဖြစ်၏။
မာကျန့်ယီတစ်ယောက် အခြေအနေများ လက်လွန်သွားမည်ကို စိုးရိမ်ထိတ်လန့်နေရှာ၏။ ဤဝင်းကြီး၏ တာဝန်ခံလုပ်ရသည်မှာ အမှန်
တကယ်ပင် ခက်ခဲလှချေသည်တကား။
“အဘိုးကြီးရွှီ… မင်း အခြေအနေမဟန်တော့ဘူး၊ လာပါ၊ လာပါ… ငါတို့ မင်းကို ဆေးရုံအမြန်ပို့ပေးမယ်”
နှုတ်ဆိတ်နေသော ရှီကျန့်ရှန်းနှင့်မတူဘဲ ရွှီကောင်းမင်မှာမူ စကားပြောရန် ပို၍ တွန့်ဆုတ်မနေပေ။
“ဒီက ထွက်သွားစမ်း၊ နင်က ပန်းသူခိုးပဲ!”
ရွှီကောင်းမင်မှာ စူးရှတုန်ယင်သော အသံဖြင့် အော်ဟစ်လိုက်လေသည်။
မာကျန့်ယီမှာ နောက်တစ်ကြိမ် ယိုင်နဲ့သွားရပြန်၏!
သူ မာကျန့်ယီဆိုသည်မှာ တစ်သက်လုံး ဖြောင့်မတ်စွာ နေထိုင်လာသူ ဖြစ်သော်လည်း ယခု အသက်ကြီးမှ အဘိုးကြီးတစ်ယောက်၏ "ပန်းခိုးသူ" ဟု ခေါ်ဆိုခြင်းကို ခံလိုက်ရချေပြီ။ သူ အလွန်ပင် စိတ်မကျေမနပ် ဖြစ်ရ၏။ တကယ့်ကို နှလုံးရောဂါရနိုင်သည့် အနေအထားပင်! ဤအဖြစ်က သူ့ကို သတ်နေသကဲ့သို့ ခံစားရစေသည်။
မာကျန့်ယီ “အဘိုးကြီးရွှီ… ရေတွေ ဆက်မလောင်းပါနဲ့တော့၊ အအေးမိကုန်တော့မယ်၊ ပြီးတော့ မင်းခြေထောက်ကလည်း… တောက်!”
ရွှီကောင်းမင်မှာ မာကျန့်ယီကို အနည်းငယ်မျှပင် ရိုသေမှု မရှိပေ။ မာကျန့်ယီက သူ့ကို ဖျောင်းဖျရန် ကြိုးစားနေစဉ်မှာပင် ထိုလူသည် မိမိအိမ်ရှေ့ရှိ ရေကန်ထဲသို့ ရုတ်တရက် ခုန်ဝင်သွားလေသည်။ သူသည် ရေကန်ထဲ၌ ရေများကို လူးလှိမ့်ဆော့ကစားရင်း ရေတစ်ငုံငုံကာ မာကျန့်ယီထံသို့ - “ထွီ ထွီ ထွီ!” ဟု မှုတ်ထုတ်လိုက်၏။
မာကျန့်ယီမှာ မျက်နှာပေါ်သို့ ရေများ အပြည့်အနှက် အဖြန်းခံလိုက်ရသဖြင့်
“တောက်!!!”
“တောက်! မြန်မြန်လုပ်ကြစမ်း၊ ဝမ်တာ့ချွေ… မင်းတို့ ငါ့ကို ကူပြီး သူ့ကို ဆွဲထုတ်ကြဦး။ ချည်နှောင်ပြီး ဆေးရုံကို အမြန်ပို့မှ ဖြစ်တော့မယ်…”
သူ မည်မျှ ပင်ပန်းနေသနည်းဟု မမေးပါနှင့်၊ သူ ခံစားနေရသည်မှာ အမှန်ပင် ဖြစ်၏။ အလွန်ပင် နွမ်းနယ်နေပြီတည်း။
မာကျန့်ယီသည် သူ၏ အားကိုးရဆုံးသော အကူအညီပေးသူများကို ခေါ်လိုက်လေသည်။ ယခုတစ်ကြိမ်တွင်မူ ယွမ်ဟောက်မင်ရော လီချန်ရွှမ်းပါ ရှေ့သို့ မထွက်ရဲကြတော့ပေ။ မာကျန့်ယီက အမောတကောဖြင့် “ရှီရှန်း… ရှီရှန်း၊ မြန်မြန်လာပါဦး!” ဟု အော်ခေါ်ရ၏။
ထို့နောက်တွင်လည်း “ကျန်းမိသားစုဝင်တွေ… အဘိုးကြီးကျန်းနဲ့ ရှင်းဖ… မြန်မြန်လာကြ၊ လာကူကြဦး” ဟု ထပ်မံခေါ်ဆိုလေသည်။
အမည်တပ်၍ အခေါ်ခံရသူများမှာ ငြင်းဆန်ရန် ခက်ခဲလှပေသည်။
လူအများက ဝိုင်းဝန်းဆွဲငင်ကြရာ ရွှီကောင်းမင်မှာ
“ငါ့ကို လွှတ်ကြ၊ လွှတ်ပေးကြပါ၊ ငါ သေတော့မယ်၊ ငါ သေတော့မယ်၊ ငါ သေတော့မယ်…”
မာကျန့်ယီ ; “ဘေးဝင်းကိုသွားပြီး လက်တွန်းလှည်းတစ်စီးလောက် သွားငှားချေ၊ မြန်မြန်လုပ်”
အဆိပ်မှိုစားထားသော်လည်း ခွန်အားအပြည့်ရှိနေသော ရွှီကောင်းမင်သည် အသည်းအသန် ရုန်းကန်နေဆဲပင်။
“လွှတ်စမ်း! ငါ့ကို လွှတ်ကြ!”
ရုတ်တရက် သူသည် မာကျန့်ယီကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ခြေတစ်ဖက်တည်းဖြင့် ခုန်ထွက်သွားလေသည်။
“ငါ သေတော့မယ်! ငါ မြေဩဇာ ကျွေးဖို့ လိုတယ်! ပန်းတွေက မြေဩဇာမရှိရင် မရဘူး! မြေဩဇာ ကျွေးရမယ်၊ မြေဩဇာ…”
သူသည် အမှန်တကယ်ပင် ပေရေပြီး စိတ်ရူးပေါက်နေသဖြင့် လူအတော်များများမှာ အနားသို့ မကပ်ရဲကြပေ။ ယွမ်ဟောက်မင်တစ်ယောက် ခုနက လက်သည်းဖြင့် ကုတ်ခြစ်ခံလိုက်ရသည်မြင်ကွင်းမှာ လောလောလတ်လတ်ပင် ဥပမာပြထားသည် မဟုတ်လော့။ ဤမှိုအဆိပ်သင့် ရူးသွပ်မှုမှာ ကြောက်စရာကောင်းလှသဖြင့် သူတို့ မဝံ့မရဲ ဖြစ်နေကြ၏။ သူသည် ဒုတိယဝင်းဘက်မှနေ၍ အဓိကဝင်ပေါက်ဆီသို့ လျင်မြန်စွာ ဦးတည်ပြေးလွှားနေသည်။
အစ်မကြီးဖန်; “သူ ဘယ်သွားတာလဲ? ဘာလို့ မြေဩဇာကျွေးဖို့ အပြင်ကို ပြေးထွက်သွားတာလဲ?”
အဘွားကြီးကျောက်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည့်အလား
“သူ အများသုံးအိမ်သာကို သွားတာလား? လယ်ကွင်းသုံး မြေဩဇာတွေရှိတဲ့ဆီကို ဦးတည်နေတာ!”
ထိုစကားကြောင့် ပတ်ဝန်းကျသ်တစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ သစ်ရွက်တစ်ရွက် ကြွေကျသံကိုပင် ကြားနိုင်လောက်အောင် ငြိမ်သက်သွားရ၏။
ချန်ချင်းယွီ - “……???”
သူမသည် အမှန်တကယ်ပင် ငယ်ရွယ်လွန်းသေးသည်ဟု ဆိုရပေမည်။ ဤကဲ့သို့သော ဖြစ်နိုင်ခြေမျိုးကို ဝါရင့်ဝါရင့် အဘွားအိုများသာ တွေးမိနိုင်ပေလိမ့်မည်။ ချန်ချင်းယွီသည် ရွှီကောင်းမင်ကို လှမ်းကြည့်လိုက်ရာ သူသည် ခြေထောက်မသန်သော်လည်း ဝင်းအပြင်ဘက်သို့ပင် ရောက်ရှိနေချေပြီ။
မာကျန့်ယီသည် ရုတ်တရက် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်
၏။
"သူ့ကို မြန်မြန်ဖမ်းကြစမ်း!!!!!!"
အကယ်၍ မိမိကိုယ်ကိုယ် မစင်များဖြင့် လောင်းချမည့် အိမ်နီးချင်းမျိုး ရှိနေပါက ဤဝင်းအတွင်းရှိ လူများမှာ ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ပေ။ အရှက်ကွဲလွန်းသဖြင့် သေပင် သေချင်စရာ ကောင်းလေပြီ။ မာကျန့်ယီ၏ အော်ဟစ်သံကြောင့် အခြားသူများလည်း သတိဝင်လာကြပြီး "အမလေး... သွားပြီ" ဟု ဆိုကာ ဝိုင်းဝန်းဖမ်းဆီးကြလေသည်။
ယောကျာ်းသားအချို့မှာ အလျင်အမြန်ပင် ပြေးထွက်သွားကြကုန်၏။ ချန်ချင်းယွီသည်လည်း တံခါးဝသို့ အပြေးအလွှား သွားရောက်ကာ နေရာကောင်းသော နေရာမှနေ၍ စောင့်ကြည့်လေသည်။ ယခုတစ်ကြိမ်တွင်မူ သူမ၏ မျက်လုံးအစုံမှာ နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေလေသည်။ သူမသည် ခေတ်သစ်ကမ္ဘာမှ ကူးပြောင်းလာသူဖြစ်၍ အရာရာကို မြင်ဖူးသော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကိုမူ တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ထင်ထားသည့်အတိုင်းပင်!
ရွှီကောင်းမင်သည် အများသုံးအိမ်သာဆီသို့ အမှန်တကယ် ဦးတည်နေခြင်း ဖြစ်၏။ သူက လမ်းတစ်လျှောက်လုံးတွင်လည်း အော်ဟစ်သွားလေသည်။
"ငါ သေတော့မယ်၊ ငါ သေတော့မယ်၊ ငါ မြေဩဇာ ကျွေးဖို့ လိုတယ်၊ ငါ ညှိုးနွမ်းတော့မယ်~"
ဤလူသည် ရေကန်ထဲသို့ပင် ခုန်ချရဲသူဖြစ်ရာ မစင်ကျင်းထဲသို့လည်း သေချာပေါက် ခုန်ချလိမ့်မည်ဟု လူတိုင်း ယုံကြည်နေကြ၏။
"သူ့ကို တားကြစမ်း၊ သူ မစင်ကျင်းထဲ ခုန်ချတော့မယ်!!!"
မာကျန့်ယီ အသံကုန်ဟစ်ကာ အော်ပြောလိုက်ရာ လမ်းတစ်ဝက်ခန့်အထိပင် ကြားရလေသည်။ ပြေးလွှားလာသော ခြေသံများကိုလည်း ချန်ချင်းယွီ အတိုင်းသား ကြားနေရ၏။ ဝမ်တာ့ချွေသည် လျင်မြန်စွာ ပြေးသွားပြီး ရွှီကောင်းမင်ကို အားဖြင့် လှမ်းခုန်အုပ်ကာ လဲကျစေလိုက်သည်။ ထို့နောက် "လူတွေလာကြပါဦး! ကြိုးအမြန်ရှာကြစမ်း!" ဟု အော်ဟစ်လေ၏။
မာကျန့်ယီ; "ငါ သွားရှာလိုက်မယ်၊ သူ့ကို အမိဖမ်းထားကြ!"
ရွှီကောင်းမင်မှာမူ အဖမ်းခံထားရသော်လည်း အတင်းရုန်းကန်ရင်း
"ငါ ညှိုးနွမ်းတော့မယ်၊ ငါ ညှိုးနွမ်းတော့မယ်လို့၊ ငါ့ကို မြေဩဇာ ပေးကြစမ်းပါ! ဘယ်သူရှိလဲ... ငါ့ကို ကယ်ကြပါဦး~"
တောက်! ဤအချိန်တွင် လူတိုင်းမှာ စကားပင် မဆိုနိုင်တော့ပေ။
ဘယ်သူကများ ခင်ဗျားကို ကယ်ရဲမှာလဲ…
ကယ်တင်ခြင်း ဆိုသည်မှာ မစင်ကျင်းထဲသို့ ခုန်ချခွင့်ပေးရန်လော။
"ဒါက ဘာဖြစ်တာလဲ?"
"တစ်ယောက်ယောက်က မစင်ကျင်းထဲ ခုန်ချမလို့ဆိုတာ ဟုတ်သလား? ဘာတွေ စိတ်ဓာတ်ကျနေလို့လဲ။ စိတ်ဓာတ်ကျတယ် ဆိုရင်တောင် ဒီလိုမျိုးကြီးတော့ မလုပ်သင့်ဘူးလေ"
"ဟေး... ဒီလူက ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ!"
ဝင်းအတွင်းရှိ လူများမှာ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြလေသည်။ အနီးနားရှိ အခြားဝင်းများမှ လူများမှာလည်း အခြေအနေကို အစအဆုံး မသိရသဖြင့် ဇဝေဇဝါ ဖြစ်နေကြ၏။
ချန်ချင်းယွီသည် စေတနာဗရပွဖြင့်ပင် ဒိုင်ခံအတင်းဖြန့်လေတော့သည်။
"အင်း... ရှင်တို့ကြည့်ရတာ ရင်းနှီးနေမှာပေါ့။ ဒါက ကျွန်မတို့ဝင်းထဲက ရွှီကောင်းမင်လေ။ စကေးအဆင့်ရှစ်ရှိတဲ့ ဂဟေဆော်ဆရာကြီး၊ စတုတ္ထအလုပ်ရုံက စက်ရုံရဲ့ ဆရာကြီးပေါ့။ သူ့သားနှစ်ယောက်လည်း စက်ရုံမှာပဲ အလုပ်လုပ်တာလေ။ အဲ့ဒါ သူပေါ့"
နှမြောစရာကောင်းသည်မှာ သူမအနေဖြင့် ရွှီကောင်းမင်၏ အလုပ်သမားရာထူးကို မသိခြင်းပင် ဖြစ်၏။ သိပါက တစ်ခါတည်း ရွတ်ပြမိပေလိမ့်မည်။
"ဪ... သူလား။ ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော် သူ့ကို သိတာပေါ့။ ဒါနဲ့ သူက ဘာဖြစ်တာလဲ?"
"ဘာဖြစ်လို့ မစင်ကျင်းထဲ ခုန်ချချင်ရတာလဲ? ဘာတွေ စိတ်ညစ်စရာ ရှိလို့လဲ?"
ချန်ချင်းယွီသည် ရှက်စနိုးဖြင့် ပြုံးလိုက်ပြီး
"ကျွန်မက ကွယ်ရာမှာ လူအတင်းပြောတတ်တဲ့သူ မဟုတ်ပါဘူး။ အိမ်နီးနားချင်းတွေဆိုတော့ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းပေးရမှာပေါ့။ သူက ဘာပြဿနာမှ ရှိတာမဟုတ်ပါဘူး။ သူ့ကိုယ်သူ မြေဩဇာ လိုအပ်နေပြီလို့ ထင်နေရုံလေးပါ"
"ဘာပြောလိုက်တာလဲ?"
"ငါ နားမလည်လို့ပါ"
ချန်ချင်းယွီ: "ဒီနေ့ သူ့ဇနီးက သူ့ကို မှိုကြော် ကျွေးလိုက်တာလေ။ စားပြီးတော့ အခုလို ဖြစ်သွားတာပေါ့။ သူက သူ့ကိုယ်သူ ပန်းတစ်ပွင့်လို့ ထင်နေပြီး မြေဩဇာ ကျွေးချင်နေတာ"
ရွှီကောင်းမင်သည် မြေဩဇာကျွေးရန် မစင်ကျင်းထဲ ခုန်ချချင်သည်ဖြစ်စေ၊ မချချင်သည်ဖြစ်စေ ချန်ချင်းယွီ၏ စကားအဖြစ်၌မူ ထိုသို့သာ ဖြစ်သွားရချေပြီ။ သူမက ဆက်လက်၍
"သူက အများသုံးအိမ်သာကို သဘောကျနေတာလေ။ အဲ့ဒါကြောင့် မြေဩဇာကျွေးဖို့ အထဲကို ခုန်ချချင်နေတာပေါ့။ အခုတော့ လူတွေက သူ့ကို ဝိုင်းတားထားကြတယ်"
"အမလေး... ဘုရားရေ!"
"ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာကြီးပဲ!"
"အာ... သူ့မိသားစုဝင်တွေကော သူ့ကို မကြည့်ကြဘူးလား? ဒီလိုကြီး ဖြစ်နေတာကို..."
ချန်ချင်းယွီသည် အေးအေးဆေးဆေးပင် ကြိုးစားရှင်းပြ သတင်းဖြန့်လိုက်ပြန်၏။
"သူ့ဇနီးကလည်း သူ့ကိုယ်သူ မြွေတစ်ကောင်လို့ ထင်ပြီး လူတွေကို လိုက်ကိုက်နေလို့ အခု ကြိုးနဲ့တောင် ချည်ထားရတယ်"
"ဒါကတော့ တကယ်ကို..."
"ဟယ်... သွားပါပြီ..."
ချန်ချင်းယွီသည် နူးညံ့သောအသံလေးဖြင့်
"တကယ့်ကို ကြောက်စရာကြီးပါရှင်။ အရမ်းကို ကြောက်ဖို့ ကောင်းပါတယ်။ သူ့ဇနီး အဘွားကြီး ရှီကျန့်ရှန်းက အဘွားကြီးဟွမ်ရဲ့ ခြေကျင်းဝတ်ကိုတောင် ကိုက်လိုက်သေးတယ်"
"အလို... ရွံစရာကြီး..."
"အဘွားကြီးဟွမ်ဆိုတာ ဘယ်သူလဲ?”
ချန်ချင်းယွီ "ဟိုမှာလေ" ဟု လက်ညှိုးထိုးပြလိုက်ရာ ဘေးပတ်ဝန်းကျင်မှ လူအားလုံးမှာ ထိတ်လန့်တကြားဖြင့် အသက်ပင် ရှူမှားသွားကြလေတော့သည်။
လူတိုင်း မော့ကြည့်လိုက်ကြသောအခါ မလှမ်းမကမ်းတွင် ညစ်ပတ်ပေရေနေသော အဘွားကြီးတစ်ဦးမှာ တစာစာပြောဆိုရင်း လည်တထောင်ထောင် ကြည့်နေသည်ကို တွေ့ရလေသည်။ သူမ၏ အဝတ်အစားများမှာ ဆီချေးများ ပေကျံနေရုံသာမက ဖုန်မှုန့်များဖြင့်လည်း လိပ်ခဲတွန့်ကြေနေကာ တစ်ကိုယ်လုံး ညစ်ထေးနေသည်မှာ အဓိကအချက်ပင် ဖြစ်၏။
"သူ့ခြေဖဝါးကို ကိုက်တာလား"
"အော့!"
အားလုံးမှာ စိတ်ဓာတ်မခိုင်မာကြ၍ မဟုတ်ဘဲ ထိုအဘွားကြီးမှာ ကြည့်ရသည်မှာ အင်မတန် ညစ်ပတ်လွန်းသောကြောင့် ဖြစ်သည်။ သူမ၏ ဆံပင်များမှ အဆီများမှာလည်း ဟင်းပင်ကြော်၍ ရလောက်အောင် ပြောင်လက်နေ၏။ ခေါင်းပင် ဤမျှဖြစ်နေလျှင် ခြေဖဝါးမှာ မည်သို့ရှိမည်ကို မတွေးဝံ့စရာပင်။ တစ်ယောက်ပြီးတစ်ယောက် ရွှီကောင်းမင်ကို ကြည့်လိုက်ကြရာတွင်မူ အကြည့်များမှာ လေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။
အမှန်ပင် အားလုံးမှာ ရွှီကောင်းမင်ကို ကြည့်နေကြခြင်း ဖြစ်၏။
ရှီကျန့်ရှန်းကို မမြင်ရသဖြင့် သဘာဝကျစွာပင် ရွှီကောင်းမင်ကိုသာ ကြည့်ရတော့သည်သာ…
ထို့အပြင် ရွှီကောင်းမင်ကို ကြည့်ခြင်းမှာလည်း မမှားပေ!
သူ့ဇနီး၊ လူ့ခြေဖဝါးကို ကိုက်ခဲ့သူမှာ သူ့ဇနီးဖြစ်ရာ ခြေဖဝါးကို ကိုက်ခဲ့ပြီးနောက် သူ့ကို ပြန်နမ်းချင် နမ်းဦးမည်... အော့!
"ဒါကို ဘယ်လိုများ တွေးမိတာပါလိမ့်။ အဲ့ဒါ ခြေဖဝါးကြီးလေ!"
ချန်ချင်းယွီမှာ မျက်လုံးအပြူးသားဖြင့် ကောလာဟလတစ်ခု မည်သို့ဖြစ်ပေါ်လာသည်ကို ကိုယ်တိုင်သက်သေ ဖြစ်ခဲ့ရလေသည်။ သူမ ကျိန်ဆိုဝံ့သည်မှာ သူမသည် အတင်းအဖျင်း ပြောတတ်သူဖြစ်သော်လည်း အမှန်အတိုင်းသာ ပြောဆိုခြင်း ဖြစ်၏။ သူမ ပြောခဲ့သည်မှာ "ခြေကျင်းဝတ်" သာ ဖြစ်လေသည်။
ခြေကျင်းဝတ်နှင့် ခြေဖဝါးမှာ စကားလုံးတစ်လုံးသာ ကွာခြားသော်လည်း အဓိပ္ပာယ်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည် မဟုတ်ပါလော!
ချန်ချင်းယွီ - "!!!"
သူမ၏ မျက်မှောက်တွင်တင် လိုသလို ပြောင်းလဲပြောဆိုသွားကြချေပြီ!
တော်ကြပေစွ တော်ကြပေစွ!
သို့သော် ချန်ချင်းယွီမှာ အမှားကို ပြင်ဆင်ပေးလိုသော စိတ်ရှိသေးသဖြင့် - "ခြေကျင်းဝတ်ပါ" ဟု ဆိုလိုက်၏။
"ခြေကျင်းဝတ်နဲ့ ခြေဖဝါးက ဘာများ ထူးခြားလို့လဲ"
"အေးလေ၊ အကုန်လုံးက တစ်ဆက်တည်းပဲ မဟုတ်လား"
"ဟုတ်တာပေါ့!"
ချန်ချင်းယွီမှာ နှုတ်ခမ်းတစ်ချက် တွန့်သွားရကာ ပြန်ပြောရန် စကားပင် မရှိတော့ပေ။
"ကြည့်ရတာ တကယ့်ကို မသန့်ရှင်းဘူး"
"သန့်ရှင်းတာ မသန့်ရှင်းတာ ဘယ်သူက ဘယ်သူ့ကို နှာခေါင်းရှုံ့နေမှာလဲ။ ဒီလူကလည်း မစင်ကျင်းထဲ ခုန်ချမယ့်သူပဲဥစ္စာ"
"ဒါလည်း ဟုတ်တာပဲလေ"
ချန်ချင်းယွီသည် အတင်းအဖျင်းများကို ကြိုးစားဖြန့်ဝေနေစဉ်မှာပင် ရွှီကောင်းမင်မှာမူ ဆီကြိတ်သည့် မြည်းတစ်ကောင်ကဲ့သို့ ထိုနေရာတွင်ပင် ဝဲလည်နေပြီး
"လွှတ်ကြ၊ လွှတ်ကြ၊ ငါမသွားဘူး၊ ငါက ညှိုးနွမ်းနေတဲ့ ပျိုနီပန်းလေးပါ၊ မြေဩဇာ ကျွေးရမယ်! လယ်ကွင်းသုံး မြေဩဇာ!"
မာကျန့်ယီနှင့် အခြားသူများမှာ ရွှီကောင်းမင်ကို ဝိုင်းအုပ်ထားကြပြီး ဝက်ကို ချည်သကဲ့သို့ ချည်နှောင်နေကြ၏။ ရွှီကောင်းမင်မှာမူ လည်ပင်းကို အစွမ်းကုန်ဆန့်ကာ ခေါင်းကို မော့၍ မိန်းမလျာသံဖြင့်
"ကယ်ကြပါဦး! ကယ်ကြပါဦး! ပန်းကလေးကို ညှဉ်းပန်းနေကြပြီ!"
"ဖူး!"
"အမလေး... တောက်!"
ဘေးပတ်ဝန်းကျင်မှ ကြည့်နေသူများမှာ တဟားဟား ရယ်မောကြကုန်၏။ မာကျန့်ယီမှာမူ မျက်နှာသေဖြင့်သာ ရှိနေတော့သည်။ သူသည် ဤကိစ္စတွင် အနည်းငယ်မျှ မပတ်သက်ချင်သော်လည်း ဝင်းတာဝန်ခံဖြစ်၍ မတတ်သာဘဲ ကိုင်တွယ်နေရခြင်း ဖြစ်၏။ ဤဝင်းကြီးမှာ ဘာကြောင့်များ အေးအေးဆေးဆေး မရှိရသနည်း။
ဤမျှအထိ အရှက်ကွဲစရာ ကောင်းလှသည်ကို...
မာကျန့်ယီ၏ လေးထောင့်ကျကျ မျက်နှာပေါ်တွင် ဝေခွဲမရသည့် အမူအရာများ ထင်ဟပ်နေရှာသည်။
သူကိုယ်တိုင်ပင် အရှက်ရနေရသည်ကို အဘယ်ကြောင့် သူကိုယ်တိုင်ပင် ဖြေရှင်းနေရသနည်း!
"မြန်မြန် ချည်လိုက်ကြစမ်း၊ ဆေးရုံပို့မယ်! မြန်မြန်လုပ်!"
"သူက ငြိမ်ငြိမ်မနေဘူးဗျ!"
"ငါလည်း စိတ်ကုန်လှပြီ၊ ဒါတွေက ဘာတွေလဲ မသိဘူး..."
ဝင်းအတွင်းရှိ ယောကျာ်းသားအချို့မှာ ဝိုင်းကူရန် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြလေသည်။ အမှန်ဆိုလျှင် ယောကျာ်းရင့်မကြီး အများအပြားက လူတစ်ယောက်ကို ချည်နှောင်ရန်မှာ အလွန်လွယ်ကူသည်။ သို့သော် ရွှီကောင်းမင်မှာမူ ငြိမ်သက်ခြင်း မရှိဘဲ အသည်းအသန် ရုန်းကန်သည့်အပြင် လူများကိုလည်း ပြန်လည် တိုက်ခိုက်နေ၏။
ဝမ်တာ့ချွေ သူ့ကို ချည်နှောင်ရန် ပြင်လိုက်စဉ်မှာပင် ရွှီကောင်းမင်က လက်ကို လှမ်းနှိုက်လိုက်ရာ...
ဝမ်တာ့ချွေမှာ ဘုန်းခနဲ မြေပြင်ပေါ်သို့ ထိုင်လျက်သား လဲကျသွားပြီး နောက်သို့ အမြန်ပင် ဆုတ်လိုက်ရလေသည်။ သီသီလေးသာ ဖြစ်၏၊ အနည်းငယ်သာ လိုပါက အညှစ်ခံလိုက်ရတော့မည် ဖြစ်သည်။
သူခမျာ အိမ်ထောင်ပင် မကျသေးသည် မဟုတ်ပါလော!
တောက်! ဤကဲ့သို့ဆိုလျှင် မည်သူကများ အနားသို့ ကပ်ရဲပါဦးမည်နည်း။
သူ ဒေါသတကြီးဖြင့်
"ဦးလေးရွှီ၊ ခင်ဗျား ဘာလုပ်တာလဲ! ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်ရတာလဲ၊ ကျုပ်က စေတနာနဲ့ လာကူညီတာကို ခင်ဗျားက ကျုပ်ကို ဒုက္ခပေးဖို့ ကြံစည်တယ်ပေါ့လေ"
အဘွားကြီးကျောက်မှာ ရှေ့ဆုံးမှနေ၍ အားရပါးရ ကြည့်ရှုနေရင်း
"ဝမ်တာ့ချွေ... သူက မင်းမှာ ရှိနေတာကို မလိုအပ်ဘူး ထင်လို့ ဖျက်ဆီးပစ်ချင်နေတာ နေမှာပေါ့"
"အဘွားကြီး ပါးစပ်ပိတ်ထားလိုက်စမ်းပါ!"
ဝမ်တာ့ချွေ၏ ဒေါသတကြီး ဟောက်သံကြောင့် ပတ်ဝန်းကျင်မှ တဟားဟား ရယ်မောသံများ ထွက်ပေါ်လာလေသည်။
မာကျန့်ယီ၏ မျက်နှာမှာမူ ပို၍ပင် မည်းမှောင်သွားတော့၏။
ဂုဏ်သိက္ခာ... သူတို့ဝင်းကြီး၏ ဂုဏ်သိက္ခာများ ဆုံးရှုံးကုန်ချေပြီ!
မာကျန့်ယီ ဒေါသတကြီးဖြင့်
"ဒါတွေ အသာထားကြစမ်း၊ သူ့ကို အတင်းဖမ်းပြီး ချည်ထားကြ!!”
ထိုစဉ် ရွှီကောင်းမင်သည် ရုတ်တရက် ဝုန်းခနဲ ထပြေးပြီး မာကျန့်ယီကို ဝင်တိုက်ကာ
"ဘယ်သူမှ ငါ့ကို မတားနဲ့!"
သူသည် အိမ်သာဆီသို့ တစ်ဟုန်ထိုး ပြေးသွားရင်း
"ငါ သေလို့မဖြစ်ဘူး၊ မြေဩဇာ ကျွေးနိုင်မှ အသက်ရှင်မှာ!"
ဖုတ်!!
ခြေတစ်ဖက် ကျိုးထားသည့် ကျေးဇူးကြောင့် မှောက်လျက်သား လဲကျသွားရရှာ၏။
မာကျန့်ယီမှာ အတိုက်ခံလိုက်ရသဖြင့် ဗိုက်ကိုဖိကာ ပျို့အန်ချင်သလို ဖြစ်နေသော်လည်း ဝင်းတာဝန်ခံပီပီ မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လေသည်။ သူသည် ရှေ့သို့တိုးကာ ရွှီကောင်းမင်ကို "ဖြန်း ဖြန်း" နှင့် နှစ်ချက်ဆင့် ရိုက်လိုက်ရာ ရွှီကောင်းမင်ခမျာ "အား အား အား!" ဟု အော်သံ ထွက်လာရ၏။
မာကျန့်ယီ; "ကြိုးပေး!"
မျက်နှာထား တင်းမာနေသော ဝမ်တာ့ချွေတို့အဖွဲ့မှာ ရှေ့သို့ တိုးလာကြသော်လည်း ရွှီကောင်းမင်၏ ရုတ်တရက် တိုက်ခိုက်မှုကို ကြောက်ရသဖြင့် အားလုံးက မိမိတို့၏ ဆီးခုံများကို လက်ဖြင့် ကာထားကြလေသည်။
အဆိပ်မှိုစားထားသူ၏ ဦးနှောက်မှာ ပုံမှန်မဟုတ်တော့သဖြင့် မည်သို့လုပ်မည်ကို မခန့်မှန်းနိုင်ပါချေ!
မာကျန့်ယီ ဦးဆောင်သော "ဝူတန်းဂိုဏ်းသား" အဖွဲ့သည် ဤတစ်ကြိမ်တွင်မူ ရွှီကောင်းမင်ကို အပိုင်ဖိထားပြီး ကြိုးနှင့် အသေအချာ ချည်နှောင်လိုက်ကြလေသည်။
ကြည့်စမ်းပါဦး... နောက်ဆုံးတော့လည်း အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့ပြီ မဟုတ်ပါလော။
ရွှီကောင်းမင်မှာ ကြိုးဖြင့် အထပ်ထပ် အချည်ခံထားရပြီး အိမ်သာဘက်သို့ ကြည့်ကာ မျက်ရည်များ ဝဲနေတော့၏။
"ငါ့ရဲ့ လယ်ကွင်းသုံး မြေဩဇာလေး..."
သူသည် မျက်ရည်စက်လက်ဖြင့် တမ်းတနေဆဲဖြစ်ကာ "ငါ မြေဩဇာ ကျွေးချင်တယ်!" ဟု အားကိုးတကြီး အော်ဟစ်နေ၏။
မာကျန့်ယီ: "လက်တွန်းလှည်း... လက်တွန်းလှည်း ဘယ်မှာလဲ! အဘွားကြီးရှီကိုလည်း မထုတ်ခဲ့ကြ"
"ဗျာ?"
မာကျန့်ယီက ဆက်လက်၍
"မိန်းမ... မင်းနဲ့ ဝမ်မေ့လန်၊ ပြီးတော့..."
သူသည် အဘွားကြီးကျောက်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူမသည်ကား အားကိုး၍မရနိုင်မှန်း သိသဖြင့် မျက်နှာလွှဲလိုက်ကာ
"ပြီးတော့ အစ်မကြီးဖန်နဲ့ ကျောက်ရုံတို့ ဝိုင်းပြီး သူ့ကို လှည်းပေါ် တင်ပေးလိုက်ကြ"
ပိုင်ဖုန်းရှန်း သူ့ယောကျာ်းစကားကို အမြန်ပင် တုံ့ပြန်လိုက်လေသည်။
"ကောင်းပါပြီ"
ရှီကျန့်ရှန်းမှာမူ ကိုယ်ကို လိမ်ယှက်နေဆဲဖြစ်ကာ ကျားလား၊ တောခွေးလား မည်သည့်အကောင်မှန်း မသိရသော်လည်း "ဝူး ဝူး" နှင့် လူများကို လိုက်ကိုက်ရန် ကြိုးစားနေဆဲပင်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးမှာ အင်မတန် မြင်ရခဲလှသဖြင့် ဘေးပတ်ဝန်းကျင် ဝင်းများမှ လူများသာမက လမ်းဘေးမှ လူများပါ စုရုံးရောက်ရှိလာကြရာ လူပင်လယ်ကြီး ဖြစ်နေတော့၏။
မာကျန့်ယီတစ်ယောက် "လမ်းဖယ်ပေးကြပါဦး၊ အားလုံးပဲ လမ်းလေး နည်းနည်း ဖယ်ပေးကြပါ" ဟု တောင်းပန်တိုးလျှိုးနေရသည်။
"အားလုံးပဲ လူစုခွဲပေးကြပါ၊ ဘာမှ ကြည့်စရာ မရှိပါဘူး"
"ဒါက အောက်လမ်း မဟုတ်ပါဘူး၊ အစားအစာ အဆိပ်သင့်တာပါ။ အခုတလော မိုးများတော့ မှိုတွေ ပေါနေတယ်၊ မှိုစားရင် သတိထားကြဖို့ ပြောချင်တာပါ..."
ပိုင်ဖုန်းရှန်းတို့အဖွဲ့မှာ လူများကို အောက်လမ်းဟု မထင်စေရန် လမ်းတစ်လျှောက်လုံး လိုက်လံ ရှင်းပြနေကြရသည်။
"ဖယ်ပေးကြပါဦး!"
လင်မယားနှစ်ဦးမှာ ပိုးတုံးလုံးကြီးနှစ်ကောင်အလား လက်တွန်းလှည်းပေါ်တွင် အတူတူ တင်ဆောင်ခြင်း ခံထားရလေ၏။ မာကျန့်ယီ ဆေးရုံသို့ ပို့ရန် ပြင်ဆင်ရင်း
"မိန်းမ... မင်း အိမ်ပြန်ပြီး ပိုက်ဆံအနည်းငယ် သွားယူဦး၊ လိုအပ်ရင် ငါတို့ အရင်စိုက်ပေးထားရအောင်"
ထို့နောက်
"အစ်မကြီးမာ... ခင်များတော့ မလိုက်နဲ့တော့။ သူတို့အိမ်က ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့ တံခါးလည်း ခတ်မထားရသေးဘူး။ ပစ္စည်းတွေ မပျောက်အောင် ကြည့်ပေးထားပါဦး"
ပြီးနောက် ရှေ့ဝင်းမှ ဝမ်ကျန့်ကော်ကို ကြည့်ကာ အကူအညီတောင်းလိုက်သည်။
"ကျန့်ကော်... မင်း စက်ရုံကို သွားပြီး သူတို့အိမ်က အငယ်ဆုံးကောင် 'ရှောင်စန်း' ကို သွားခေါ်ပေးပါဦး။ အနားမှာ မိသားစုဝင် တစ်ယောက်ယောက်တော့ ရှိမှ ဖြစ်မယ်။ ရှောင်စန်းကို မတွေ့ရင် အကြီးနှစ်ယောက်ကို ရှာပေးပါ"
ပိုင်ဖုန်းရှန်း၊ မမကြီးမာနှင့် ဝမ်ကျန့်ကော်တို့လည်း ခေါင်းငြိမ့်ကာ လက်ခံလိုက်ကြလေသည်။
မာကျန့်ယီနှင့် ယောကျာ်းသားအချို့မှာ လှည်းကို တွန်း၍ ဆေးရုံသို့ ထွက်ခွာသွားကြရာ အဘွားကြီးကျောက်မှာ
"ဟယ်... သွားပြီလား။ ငါလည်း လိုက်ကြည့်ဦးမယ်"
အဘွားကြီးဟွမ်မှာလည်း "ငါလည်း လိုက်မယ်" ဟု အော်ကာ အတင်းအဖျင်း သတင်းယူရန် အပြေးအလွှား လိုက်သွားကြလေ၏။
အဘွားကြီးကျောက်သည် လှည့်
ကြည့်ကာ
"ချွေးမ... ချွေးမရေ?"
"ကျွန်မ ဒီမှာပါ"
ချန်ချင်းယွီ တိုးညင်းစွာ ပြန်ထူးလိုက်၏။
အဘွားကြီးကျောက်: "နင် အိမ်ကို ကြည့်ထားဦး၊ ငါ သွားပြီး အခြေအနေ လိုက်ကြည့်လိုက်ဦးမယ်"
ချန်ချင်းယွီလည်း ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်ကဲ့၊ စိတ်ချလက်ချ သွားပါ"
အဘွားကြီးကျောက်မှာ ရန်သူဖြစ်သူ ဒုက္ခရောက်သည်ကို မြင်ရသဖြင့် အိပ်မက်ထဲမှာပင် ရယ်မိလောက်အောင် ပျော်ရွှင်နေကာ တစ်လမ်းလုံးလည်း လိုက်လံ ဝါဒဖြန့်ရန် စိတ်အားထက်သန်နေလေသည်။
သို့သော် အဘွားကြီးကျောက် အိမ်မှာမရှိသည်ကို သိလိုက်ရသဖြင့် တစ်စုံတစ်ဦး၏ အကြည့်များမှာ ချန်ချင်းယွီထံသို့ ကော်အလား ကျရောက်လာသည်ကို သူမ သတိထားမိလိုက်သည်။ ချန်ချင်းယွီ မျက်လုံးထောင့်မှ ကွက်ကြည့်လိုက်ရာ ထိုသူများမှာ အဘိုးကြီးကျန်းနှင့် သူ၏သား ကျန်းရှင်းဖှတို့ပင် ဖြစ်၏။
သားအဖတွေ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းတွေ…
ထိုသားအဖနှစ်ဦးစလုံးမှာ ယုတ်ညံ့သောအကြံစည်များ ရှိကြပြီး နေ့စဉ်လူမှုဘဝတွင်လည်း အခွင့်သာလျှင် သာသလို ထုတ်ဖော်ပြသတတ်ကြသူများ ဖြစ်ကြသည်။ ချန်ချင်းယွီသည် မျက်လွှာချလိုက်ရင်း လက်သီးကို တင်းတင်းဆုပ်ထားမိ၏။ အကယ်၍သာ ၎င်းတို့က တစ်စုံတစ်ရာ မဟုတ်မကမ်း ပြုမူလာပါက သင်ခန်းစာကောင်းကောင်း ပေးရန် သူမ ဝန်လေးမည်မဟုတ်ပေ။
အရှက်မရှိသော အကောင်များပင်!!
သို့သော် လူများထွက်ခွာသွားကြသော်လည်း ကျန်ရှိနေသူများမှာ လူစုမခွဲကြသေးဘဲ တစာစာဖြင့် အားရပါးရ ဝိုင်းဝန်းပြောဆိုနေကြဆဲပင် ဖြစ်၏။ အမှန်စင်စစ် ရွှီကောင်းမင်သည် လူပုံအလယ်တွင် မိမိ၏ပုံရိပ်ကို အင်မတန် ကောင်းမွန်အောင် တည်ဆောက်ထားသူ ဖြစ်၍ လူအများသည်လည်း သူ့ကို ကိုယ်ကျင့်တရားကောင်းမွန်ပြီး စိတ်ထားဖြူစင်သော လူတော်လူကောင်းတစ်ဦး၊ နှိမ့်ချတတ်ပြီး တရားမျှတသူ၊ အများအကျိုးကို ကူညီတတ်သူဟူ၍ ထင်မှတ်ထားကြခြင်း ဖြစ်၏။
မာကျန့်ယီမှာ ဝင်းတာဝန်ခံဖြစ်သော်လည်း ဂုဏ်သတင်းကျော်စောမှုအပိုင်းတွင် ရွှီကောင်းမင်ကို မမီပေ။ ရွှီကောင်းမင်သည် လူကောင်းဟန်ဆောင်ကာ ချိုသာသောစကားများကို ပြောဆိုတတ်သဖြင့် လူချစ်လူခင် ပေါများလေသည်။ အကယ်၍ ဝင်းတာဝန်ခံဆိုသည်မှာ အစိုးရမှ ခန့်အပ်ခြင်းမဟုတ်ဘဲ လူထုမှ ကိုယ်တိုင်ရွေးချယ်ရမည်ဆိုပါက မာကျန့်ယီအတွက် နေရာရှိမည်မဟုတ်ဘဲ ရွှီကောင်းမင်သာ သေချာပေါက် ရွေးချယ်ခံရမည် ဖြစ်၏။
သို့ရာတွင် မာကျန့်ယီမှာ နောက်ထပ်ဌာနတစ်ခု၏ အကြီးအကဲဖြစ်နေသဖြင့် အစိုးရအနေဖြင့် ဤတာဝန်ကို ရွှီကောင်းမင်ထံ ပေးအပ်ရန် အကြောင်းမရှိပေ။
ယခုကဲ့သို့ ဂုဏ်သတင်း ကျော်စောလှသော ရွှီကောင်းမင်မှာ ရုတ်တရက် အရှက်တကွဲ အကျိုးနည်းဖြစ်သွားရသည့် အဖြစ်အပျက်မှာ ပုံရိပ်နှင့် များစွာ ကွာခြားလှသဖြင့် လူတိုင်းက တဝါးဝါး ဝေဖန်နေကြတော့၏။
ဤကဲ့သို့သော အဖြစ်မျိုးမှာ တကယ့်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“မနက်ဖြန် ဦးလေးရွှီ နေကောင်းသွားလို့ ဒီနေ့ဖြစ်ခဲ့တာတွေကို ပြန်တွေးမိရင် သူ ဘယ်လိုနေမလဲနော်”
“ဒါကို ဘယ်သူသိမှာလဲ။ သူ ဘယ်လိုနေမလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ငါသာဆိုရင်တော့ အပြင်ထွက်ဖို့ မျက်နှာရှိတော့မှာ မဟုတ်ဘူး”
“ဟုတ်ပ! ဒါနဲ့ နေပါဦး... သူက ဘာဖြစ်လို့များ သူ့ကိုယ်သူ ပျိုနီပန်းပွင့်လေးလို့ ထင်နေရတာလဲ။ အော့... ရွံစရာကြီး! သူက မစင်ကျင်းထဲတောင် ခုန်ချချင်နေသေးတာ”
“ကံကောင်းလို့ ဝိုင်းဆွဲထားနိုင်တာပေါ့၊ မဟုတ်ရင် ငါတို့လမ်းတစ်ခုလုံး နာမည်ကြီးသွားတော့မှာ”
“တောက်! ဒီလို နာမည်ကြီးမျိုးတော့ မလိုချင်ပါဘူးအေ့၊ အရှက်ကွဲလွန်းလို့”
“အေးပါ၊ ဟုတ်ပအေ့”
လူတိုင်း ဝိုင်းဝန်းပြောဆိုနေကြစဉ် ချန်ချင်းယွီသည်လည်း လူအုပ်ကြားထဲတွင် ရှိနေကာ စိုးရိမ်ပူပန်သောအမူအရာလေး သရုပ်ဆောင်၍ ကြည်လင်သောအသံလေးဖြင့်
“ကြည့်ရတာ သူတို့ အခြေအနေက တော်တော်လေး ဆိုးပုံရတယ်၊ အမြန်ဆုံး နေကောင်းသွားဖို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင် တစ်ယောက်က မစင်ကျင်းထဲ ခုန်ချဖို့ ကြိုးစား၊ နောက်တစ်ယောက်က မစင်စားဖို့ ကြိုးစားနဲ့... ဒါတွေက ဘယ်လိုလုပ်မလဲနော်”
“မစင်စားမယ်?”
“ဘာမစင်စားတာလဲ။ ငါ့ကို ရှင်းအောင်ပြောပြပါဦး၊ အဲ့ဒီအပိုင်းကို ငါတို့ မကြားလိုက်မိလို့ပါ!”
“ဟုတ်တယ်၊ ဟုတ်တယ်။ ငါ သေချာပေါက် လွတ်သွားတာပဲ၊ ငါ့ကို ပြောပြပါဦး!”
ချန်ချင်းယွီသည် အပြစ်ကင်းစင်သော မျက်နှာလေးဖြင့်
“ဒေါ်လေးရှီလေ... ကျွန်မ စဉ်းစားကြည့်တာ လူတွေ ခန့်မှန်းတာ မှားနေသလားလို့ပါ။ ဟိန်းဟောက်နေတာက ကျားမဟုတ်ဘဲ တောခွေး ဖြစ်လိမ့်မယ်။ တောခွေးဆိုတော့လည်း... အင်း..သိတယ်မလား..ကံကောင်းလို့ လူတွေက ကြိုတင်ပြီး ချည်နှောင်ထားလိုက်လို့ပေါ့။ မဟုတ်ရင် အဲ့ဒီလင်မယား နှစ်ယောက်စလုံးက...”
ချန်ချင်းယွီသည် စကားကို တစ်ဝက်သာ ပြောပြီး ချန်ထားလိုက်၏။ အခြားသူများကလည်း သဘောတူသည့်အလား ခေါင်းငြိမ့်ကြကာ
“ဟုတ်သားပဲ၊ ဟုတ်သားပဲ။ တောခွေးဆိုမှတော့ မစင်မစားတဲ့ခွေး ဘယ်ရှိမလဲ၊ အိမ်မွေးခွေးတောင် စားတာပဲဥစ္စာ”
“ဒါကတော့ ညည်းတို့ဝင်းထဲက လူတွေ လက်သွက်လို့ပေါ့အေ့။ ညည်းတို့က စည်းလုံးမှုရှိသူတွေမို့လို့သာ၊ မဟုတ်ရင် ဒီလင်မယား နှစ်ယောက်စလုံး အိမ်သာနဲ့ သွားပြီး ရန်ဖြစ်နေကြရင် ငါတို့လမ်း နာမည် ဘယ်ကောင်းပါတော့မလဲ!”
“အေးလေ!”
“ချည်နှောင်ထားတာ အမှန်တကယ် ကောင်းတာပေါ့!”
“သူတို့မိသားစုက ဘယ်လို ဝါသနာတွေ ရှိနေကြတာလဲ မသိဘူး။ အဆိပ်သင့်နေတာတောင် အဲ့ဒီအပေါ် စွဲလန်းနေကြသေးတယ်”
“ဒါကို ဘယ်သူသိမှာလဲ?”
“မစင်ကျင်းထဲ ခုန်ချမယ့် ကိစ္စကတော့...”
ချန်ချင်းယွီ ချက်ချင်းပင် ဝင်ပြောလိုက်ပြန်သည်။
“မစင်ကျင်းထဲ ခုန်ချမှာကတော့ သေချာပေါက် အမှန်ပါပဲ။ ဦးလေးမာတို့ ကျေးဇူးကြောင့်ပေါ့၊ မဟုတ်ရင် သူ ခုန်ချမိမှာ မြေကြီးလက်ခတ် မလွဲဘူး။ အစောပိုင်းက ဝင်းထဲမှာလည်း ရေလောင်းရမယ်ဆိုပြီး ရေကန်ထဲကို ခုန်ချလိုက်သေးတာပဲလေ။ အခု မြေဩဇာကျွေးရမယ်ဆိုတော့ အိမ်သာကျင်းထဲ ခုန်ချမှာပေါ့။ ဦးလေးမာက တကယ့်ကို လူကောင်းပါပဲ။ သူသာ မရှိရင် ရဦးလေးရွှီ ဘယ်လိုအခြေအနေ ရောက်နေမလဲ မသိနိုင်ဘူး။ ကျွန်မ ထင်တာကတော့ ဦးလေးရွှီ နေကောင်းလာရင် လက်ဆောင်ပစ္စည်းတွေ အပြည့်အစုံနဲ့ ဦးလေးမာအိမ်ကို သေသေချာချာ သွားပြီး ကျေးဇူးတင်သင့်တာပေါ့။ ဦးလေးမာကသာ အသည်းအသန် ကြိုးစားပြီး မတားဆီးခဲ့ရင် ဒီလင်မယားနှစ်ယောက်ကတော့ မစင်တွေနဲ့ နပန်းလုံးနေကြတော့မှာ။ သူတို့ရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ပေးရုံတင်မကဘဲ ဒုက္ခမရောက်အောင်လည်း ကာကွယ်ပေးလိုက်တာ မဟုတ်လား”
“အမှန်ပဲ၊ အမှန်ပဲ၊ ညည်းပြောတာ အင်မတန် ကျိုးကြောင်းဆီလျော်တယ်”
ချန်ချင်းယွီ ဆက်လက်၍ မီးလောင်ရာ လေပင့်လိုက်၏။
“ဒီလင်မယားနှစ်ယောက်က ဒေါ်ကြီးဟွမ်ကိုလည်း လက်ဆောင်တွေဝယ်ပြီး သွားတောင်းပန်သင့်တာပေါ့။ လူကိုတောင် ကိုက်လိုက်သေးတာပဲဥစ္စာ။ ခွေးကိုက်ခံရရင်တောင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးရသေးတာပဲလေ။ ဒေါ်ကြီးဟွမ် ထိုးဖို့ လို၊ မလိုတော့ မသိပေမဲ့ သူတို့ဘက်ကတော့ တာဝန်ယူသင့်တာပေါ့”
သူမသည် အဘွားကြီးဟွမ်တို့ မိသားစုကိုလည်း အမြင်မကြည်သော်လည်း ရွှီကောင်းမင်တို့ လင်မယားကို အရင်ဆုံး အကျပ်ရိုက်အောင် လုပ်ဆောင်ခြင်းပင် ဖြစ်လေသည်။
သူမ ဆက်လက်ပြောဆိုကာ ဦးနှောက်ဆေးနေလေသည်။
“နောက်ပြီး အစ်ကိုကြီးယွမ်ကိုလည်း ကြည့်ဦးလေ၊ ရှီကျန့်ရှန်းက သူ့ကို လက်သည်းနဲ့ ကုတ်လိုက်သေးတာ။ တစ်ဖက်လူ ဒဏ်ရာရသွားရုံတင်မကဘဲ မကောင်းတဲ့ သက်ရောက်မှုတွေပါ ရှိစေခဲ့တာဆိုတော့ တစ်ခုခုတော့ ပြန်ပြီး တုံ့ပြန်ပြသင့်တာပေါ့။ လီချန်ရွှမ်းရော၊ ဝမ်တာ့ချွေရော၊ နောက်ပြီး...”
သူမသည် လူများကို တစ်ဦးချင်း အမည်တပ်ပြလိုက်ပြီး
“သူတို့မိသားစုက အားလုံးကို ကျေးဇူးတင်ကြောင်း ပြသသင့်ပါတယ်!”
“ညည်းပြောတာ တကယ့်ကို မှန်တယ်!”
ချန်ချင်းယွီသည် ရိုးသားဖြူစင်ဟန်ဖြင့် ပြုံးလိုက်ပြီး ခေါင်းကို ကုတ်ကာ
“တကယ်တော့လေ... တကယ်တော့ ဒါတွေက ကျွန်မတို့ မိသားစုနဲ့လည်း မဆိုင်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ ပတ်သက်ခဲ့ရတဲ့သူတွေအားလုံးက တော်တော်လေး စိတ်ဒုက္ခရောက်ခဲ့ကြရလို့ပါ။ အကယ်၍သာ ဘာမှ ပြန်ပြီး မတုံ့ပြန်ဘူးဆိုရင်တော့ လူမှုရေးအရ တော်တော်လေး ညံ့ဖျင်းရာ ကျသွားမှာပေါ့။ ဒါပေမဲ့ ကျွန်မ ထင်တာကတော့ ဦးလေးရွှီက အမြဲတမ်း သိက္ခာရှိရှိ နေတတ်သူဆိုတော့ ဒီလောက်ကြီးတဲ့ ကိစ္စမျိုးအတွက် သေချာပေါက် တစ်ခုခု လုပ်ပေးမှာပါ။ အခု ကျွန်မကသာ စိုးရိမ်ပြီး တစာစာ ပြောနေတာပါ၊ သူ မနက်ဖြန် သတိရလာတာနဲ့ တစ်ပြိုင်နက် ဒီကိစ္စတွေကို အလျင်အမြန် စီစဉ်တော့မှာ သေချာပါတယ်။ ကျွန်မလို အိမ်ထောင်ရှင်မ တစ်ယောက်ကတော့ သူတို့လို ဝါရင့်သူတွေလောက် အမြင်မကျယ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါ ဖြစ်ရပ်က ဝင်းထဲက လူတွေကို တော်တော်လေး ထိတ်လန့်သွားစေတာဆိုတော့ ဦးလေးရွှီက လူတိုင်းကို ထမင်းဝိုင်းလေးနဲ့ ဧည့်ခံပြီး စိတ်အပန်းဖြေခိုင်းဦးမလားတောင် မသိဘူးနော်”
“ဒါတော့ ညည်းပြောတာ မှန်တယ်အေ့။ ရွှီကောင်းမင်ဆိုတဲ့ လူအကြောင်း ငါသိတာပေါ့၊ တကယ့်ကို လူကောင်းကြီးပါ သူက လူမှုရေး နားမလည်တဲ့သူ မဟုတ်ဘူး၊ သေချာပေါက် တစ်ခုခု ပြန်လုပ်ပေးလိမ့်မယ်။ အေး... သူများ ထမင်းကျွေးရင် ငါတို့ ဘေးဝင်းက လူတွေကိုပါ ဖိတ်မလား မသိဘူးနော်? ငါတို့လည်း ဝိုင်းကူပေးခဲ့တာပဲဥစ္စာ”
“ညည်းကလည်း အိပ်မက်ယောင်နေတာလား၊ ဘာတွေ ကူညီခဲ့လို့လဲ! ဒါပေမဲ့ သူတို့ဝင်းထဲက လူတွေကိုတော့ သေချာပေါက် ကျွေးလိမ့်မယ်လို့ ငါလည်း ထင်တယ်”
“သူ ဒီလောက် သောင်းကျန်းနေတာကို လူတိုင်းက ဝိုင်းကူပေးခဲ့ကြတာပဲဟာ”
ချန်ချင်းယွီက ခေါင်းငြိမ့်ကာ
“ဟုတ်တာပေါ့။ ခုနက ဒေါ်လေးရှီ သောင်းကျန်းနေတုန်းက လူတိုင်း ဟိုရှောင်ဒီတိမ်း လုပ်ရင်း ခြေထောက်တွေတောင် အနင်းခံခဲ့ရသေးတယ် မဟုတ်လား။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ မရခဲ့တာကပဲ အားလုံးအတွက် ကံကောင်းတယ်လို့ ဆိုရမယ်။ လူတိုင်း အနှောင့်အယှက် ဖြစ်ခဲ့ရတာပဲလေ”
“ဒါဆိုရင်တော့ ရွှီကောင်းမင်က သေချာပေါက် ထမင်းကျွေးမှာပေါ့”
“ငါလည်း ထမင်းကျွေးလိမ့်မယ်လို့ ယုံကြည်တယ်။ ရွှီကောင်းမင်ရဲ့ လူကျင့်ဝတ်ကို ငါယုံတယ်၊ စိတ်ထားကောင်းတဲ့သူပဲ”
“အဲ့ဒါကြောင့် ငါပြောတာပေါ့... မသိတဲ့မှိုဆိုရင် ဘယ်တော့မှ လျှောက်မစားနဲ့လို့။ အလကားရတာလေး မက်ပြီး စားမိရင် ဒုက္ခအကြီးအကျယ် ရတတ်တယ်။ ကြည့်စမ်း... တစ်သက်လုံး တည်ဆောက်လာတဲ့ နာမည်ကောင်းကြီး တစ်ခဏချင်းမှာတင် ပျက်စီးသွားရပြီ”
ချန်ချင်းယွီ စကားဖြတ်၍
“ဒါက နာမည်ပျက်ရုံတင် မဟုတ်သေးပါဘူး။ အကယ်၍သာ မစင်ကျင်းထဲ တကယ် ခုန်ချမိသွားရင်တော့ နာမည်ပျက်ရုံတင်မကဘဲ တစ်သက်လုံး မျက်နှာဖော်ဝံ့မှာ မဟုတ်တော့ဘူး။ သူသာ သတိရလာရင် ဦးလေးမာနဲ့ ဝမ်တာ့ချွေကိုတော့ မြေကြီးမှာ ခေါင်းနဲ့တိုက်ပြီး ကျေးဇူးတင်သင့်တာပေါ့”
“ဖူး! ညည်းကလည်း... ပြောတာလွန်သွားပြီ!”
“ဘာလွန်လို့လဲ။ ကျွန်မပြောတာ မှန်တာပဲလေ။ စဉ်းစားကြည့်ဦး... အကယ်၍သာ မစင်တွေ ဗိုက်ထဲ အပြည့်ဝင်သွားရင်... အော့! လွန်သွားသလား? နည်းတောင် နည်းသေးတယ်”
“တော်ပါတော့အေ့၊ မပြောနဲ့တော့။ ငါ ညနေက ကြက်ဥကြော် စားထားတာ၊ အခုတော့ ပျို့တောင် လာပြီ”
“နေပါဦး... ရွှီကောင်းမင်ကသာ ထမင်းကျွေးမယ်ဆိုရင် ဟင်းဘယ်နှစ်ခွက်လောက် ရှိမလဲနော်”
“အနည်းဆုံးတော့ ခြောက်ခွက်တော့ ရှိမှာပေါ့။ 'ခြောက်' ဆိုတာ အဆင်ပြေချောမွေ့တာကို ကိုယ်စားပြုတာလေ။ ရှစ်ခွက်ဆိုရင်တော့ ပိုကောင်းတာပေါ့၊ ဒါပေမဲ့ ဟင်းချက်စရာ ဝယ်လို့ရ၊ မရပေါ်မှာလည်း မူတည်မှာပေါ့”
“ငါ ထင်တာကတော့...”
လူတိုင်း၏ စကားဝိုင်းမှာ ထမင်းကျွေးမည့် ကိစ္စဘက်သို့ ရောက်ရှိသွားပြီးနောက် မကြာမီမှာပင် ကောလာဟလများမှာလည်း တစ်ဟုန်ထိုး ပြန့်နှံ့သွားတော့သည်။ ချန်ချင်းယွီသည် တံခါးဝတွင် ရပ်လျက် လူများ၏ ပြောဆိုချက်များကို နားစွင့်နေမိ၏။
“ကြားပြီးပြီလား? ရွှီကောင်းမင်က ထမင်းကျွေးမလို့တဲ့၊ ငါတို့ဝင်းထဲက လူတိုင်း ပါတယ်တဲ့နော်”
“ဟေး... ရွှီကောင်းမင်က ဆေးရုံ ရောက်သွားတာ မဟုတ်လား”
“ဒါက အဲ့ဒီလို မဟုတ်ဘူးလေ။ စဉ်းစားကြည့်ဦး... သူတို့မိသားစုကြောင့် ငါတို့တွေ ခြေထောက် အနင်းခံရ၊ အရှက်ကွဲရနဲ့လေ။ အခု သူတို့ကို ဆေးရုံပို့ဖို့တောင် ဝိုင်းကူပေးကြသေးတာပဲ၊ ထမင်းကျွေးတာကတော့ လုပ်သင့်လုပ်ထိုက်တာပေါ့”
“ဒါလည်း ဟုတ်သားပဲ”
“သူက လက်ဆောင်တွေနဲ့ပါ လာရမှာ...”
စကားသံများမှာ တစာစာဖြင့် ဆူညံနေတော့သည်။
ချန်ချင်းယွီသည် ကောလာဟလများ ကောင်းကောင်း ပြန့်နှံ့သွားသည်ကို မြင်လိုက်ရသောအခါမှသာ သူမ၏ အခြေအနေကို ဖုံးကွယ်ပြီး အေးအေးဆေးဆေး လူအုပ်ထဲမှ ထွက်လာခဲ့လေ၏။
ဟဲဟဲ... ရွှီကောင်းမင်ရေ၊ ပိုက်ဆံတွေ အပုံလိုက် ကုန်ရတော့မယ်၊ မှတ်ပြီလား!!
ချန်ချင်းယွီသည် အချိန်မစောတော့သည်ကို မြင်သောအခါမှ ဝင်းထဲသို့ ပြန်ဝင်ခဲ့လေသည်။ သူမ၏အိမ်တွင် မီးလင်းနေပြီဖြစ်ပြီး ကလေးငယ်နှစ်ဦးမှာလည်း အိပ်ငိုက်နေကြ၏။ လက်ထဲတွင် ကြက်တောင်ကို ကစားရင်း ငိုက်မြည်းနေကြရာမှ ချန်ချင်းယွီ ဝင်လာသည်ကို မြင်သောအခါ "မေမေ ပြန်လာပြီ" ဟု ဝမ်းသာအားရ ဆိုကြလေသည်။
ချန်ချင်းယွီ: "ဟုတ်ပါပြီ၊ အိပ်ငိုက်နေကြပြီလား? မေမေ ရေခပ်ပေးမယ်၊ ကိုယ့်ဘာသာကိုယ် မျက်နှာသစ်ပြီး အိပ်ရာပြင်အိပ်ကြတော့နော်"
"ဟုတ်ကဲ့!"
ကလေးနှစ်ယောက်စလုံးမှာ လိမ္မာကြပေသည်။ အိပ်ငိုက်နေသော်လည်း အတင်းအဖျင်းသတင်းလေးကိုမူ မေးမြန်းရန် မမေ့ကြချေ။
"မေမေ... အဘွားရှီ ဘာဖြစ်တာလဲဟင်?"
ရှောင်ကျားမှာ သိချင်စိတ်ပြည့်နှက်နေသော မျက်လုံးလေးများဖြင့် မေးလိုက်၏။
ချန်ချင်းယွီ: "အဆိပ်မှိုစားမိလို့ ရောဂါထတာလေ၊ အဲ့ဒါကြောင့် မေမေက မှိုတွေကို လျှောက်မကိုင်နဲ့လို့ ပြောတာပေါ့။ ဒါတွေက လျှောက်စားလို့မရဘူး။ ကလေးတွေက မသိဘဲနဲ့ မကောင်းတာ စားမိရင် သူတို့လို ဖြစ်သွားတတ်တယ်"
ရှောင်ကျားမှာ မျက်လုံးလေးများ ပြူးသွားပြီး "ကြောက်စရာကြီးနော်!" ဟု မှတ်ချက်ပြုလိုက်လေသည်။
ရှောင်ယွမ်သည်လည်း အလျင်အမြန် ခေါင်းငြိမ့်ပြရာ ချန်ချင်းယွီက ပြုံးလျက်
"ဟုတ်တာပေါ့"
သူမသည် ကလေးနှစ်ယောက်ကို သေသေချာချာ သိပ်လိုက်ပြီးနောက်
"မင်းတို့အဘွားက ဆေးရုံကို လိုက်သွားတယ်၊ မေမေက သူပြန်လာတာကို စောင့်ရဦးမယ်၊ အရင်အိပ်နှင့်ကြတော့"
"ဟုတ်ကဲ့ မေမေ"
ချန်ချင်းယွီ မအိပ်သေးခြင်းမှာ အဘွားကြီးကျောက်ကို စောင့်ရန်ထက် ကျန်းမိသားစု သားအဖကို သတိထားရန်သာ ဖြစ်လေသည်။
ရှေ့ဆောင်နွားလား ဖခင်မှာ ဖြောင့်ဖြောင့်မသွား၍ သားမှာလည်း ထိုနည်းအတိုင်းပင်၊ နှစ်ယောက်စလုံးမှာ တကယ်ကို ရွံစရာကောင်းလှပေသည်။
သို့သော် ချန်ချင်းယွီ တွက်ချက်မှု အနည်းငယ် လွဲသွား၏။ ကျန်းမိသားစု သားအဖမှာ ယုတ်ညံ့သော စိတ်ကူးများ ရှိကြသော်လည်း ရုတ်တရက် လှုပ်ရှားရန်မူ မဝံ့ရဲကြသေးပေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ညမှာ အားလုံးအတွက် မအိပ်နိုင်သောည ဖြစ်နေပြီး လူတိုင်းမှာ ဤမျှကြီးမားသော ဖြစ်ရပ်ဆန်းကြီးကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်ရာ မည်သူက အိပ်ပျော်နိုင်ပါမည်နည်း။ အိမ်တိုင်းစေ့ မအိပ်ကြသေးသည်မှာ သေချာသလောက်ပင်။
သူတို့ဝင်းသာမက အခြားဝင်းမှ လူများပင် အိမ်မပြန်ကြသေးဘဲ လမ်းထဲတွင် စုရုံးကာ အတင်းအဖျင်း ပြောနေကြဆဲ ဖြစ်သည်။ ထို့အပြင် ဆေးရုံလိုက်သွားသူများ အချိန်မရွေး ပြန်လာနိုင်သဖြင့် ကျန်းမိသားစု သားအဖမှာ စိတ်ယုတ်မာရှိသော်လည်း အသိတရား ရှိနေကြသေး၏။ သူတို့ ဘာမှမလုပ်ခြင်းမှာ လူကောင်းဖြစ်နေ၍ မဟုတ်ဘဲ အကျိုးဆက်ကို မခံစားနိုင်သောကြောင့်သာ ဖြစ်လေသည်။
အိမ်တိုင်းတွင် မီးများ လင်းနေဆဲပင်။ ချန်ချင်းယွီသည် ကလေးများ အိပ်ပျော်သွားသည်ကို မြင်သောအခါ ထရပ်လိုက်ပြီး လင်းကျန့်ဝမ်၏ ဓာတ်ပုံကို ကိုင်ကာ
"ဒီနေ့တော့ ကျွန်မ ရွှီကောင်းမင်တို့ လင်မယားကို သင်ခန်းစာ ပေးလိုက်ပြီ၊ ရှင်လည်း အရမ်းဝမ်းသာမှာပဲ မဟုတ်လား? စိတ်ချပါ၊ ရှင့်ကို အရင်က နှိပ်စက်ခဲ့တဲ့သူ၊ ကြံစည်ခဲ့တဲ့သူမှန်သမျှ အခွင့်အရေးရရင် တစ်ယောက်မှ အလွတ်မပေးဘူး။ ရှင်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို အမြဲ ထုတ်ပြောနေတာကိုလည်း စိတ်မဆိုးပါနဲ့ဦးနော်! ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပါ၊ ဒီခေတ်ကြီးက နည်းနည်းတော့ ခက်ခဲနေတာဆိုတော့ ကျွန်မလည်း သိပ်ပြီး အသားမကျသေးဘူး"
ထိုသို့ပြောရင်း သူမဘာသာ ပြုံးလိုက်မိပြီး
"တကယ်တော့ ကျွန်မ ဒီလောက်မြန်မြန် လက်စွမ်းပြလိုက်တာကလည်း သူတို့က ကျွန်မကို အရင်ကြံစည်ဖို့ လုပ်လို့လေ။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မကို ကြံစည်လာရင်တော့ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး။ ကျွန်မက အဲ့ဒီလောက်ထိ အငြိုးအတေးကြီးတဲ့သူလေ”
ချန်ချင်းယွီသည် ဓာတ်ပုံကို ပွေ့ပိုက်လျက် အိပ်ရာပေါ်တွင် ထိုင်ကာ တတွတ်တွတ် ဆက်ပြောနေမိပြန်သည်။
"ရှင်တို့ရဲ့ ဒီဝင်းကြီးကလည်း လူကများသလောက် ကိစ္စကလည်း စုံလှချေလား၊ လူမျိုးစုံပါပဲလား။ ဒါပေမဲ့ ကျွန်မ ကိုင်တွယ်နိုင်ပါတယ်၊ ဟဲဟဲ။ တကယ်တော့ ဒီလို စိတ်ကူးစုံတဲ့ အိမ်နီးချင်းတွေထက် ကျွန်မ ပိုပြီး မုန်းတာက ချန်ရိကျွင်းကိုပဲ။ ဘာကြောင့်လဲတော့ မသိဘူး၊ သူ့အပေါ်ထားတဲ့ အမုန်းက အရိုးထဲထိ စွဲနေသလိုပဲ။ ချန်ရိကျွင်းဆိုတဲ့ အသံကြားတာနဲ့တင် တံတွေးနဲ့ ထွေးပစ်ချင်စရာပဲ! ကျွန်မသာ ခေတ်ကူးလာတဲ့သူမှန်း သေသေချာချာ မသိရင် ကျွန်မကိုယ်ကျွန်မ တကယ့် ချန်ချင်းယွီလို့တောင် ထင်မိတော့မယ်၊ သူ့ကို တကယ် စိတ်ကုန်တာပဲ! ဒါပေမဲ့ အခုအခြေအနေက ပြဿနာရှာရမယ့် အချိန်မဟုတ်သေးပါဘူး။ သူ ကျွန်မကို လာပြီး ပြဿနာမရှာသရွေ့ ကျွန်မလည်း သူ့ကို မရှာဘူး၊ ဒါပေမဲ့ သူသာ လာရှာရင်တော့ အဆပေါင်း ထောင်သောင်းမက ပြန်ပေးဆပ်စေရမယ်!"
ချန်ချင်းယွီ ဆက်လက်၍
"ချန်ရိကျွင်းက ကျွန်မအဘိုးနဲ့ အဘွားရဲ့ အမွေတွေကိုတောင် မျက်စိကျနေသေးတာ! အိပ်မက်ပဲ မက်နေလိုက်တော့။ တကယ်တော့ ဒီနှစ်ရက်အတွင်း ကျွန်မ သေသေချာချာ စဉ်းစားကြည့်မိတယ်၊ အဘိုးနဲ့ အဘွားရဲ့ အခြေအနေက တကယ်ကို ကောင်းခဲ့ပုံရတယ်။ ချန်ရိကျွင်းက အိမ်ထဲမှာ တန်ဖိုးရှိတာ ဘာမှမရှိဘူးဆိုတာကို မယုံတာလည်း မဆန်းပါဘူး။ အကယ်၍ အဘိုးနဲ့ အဘွားက ပစ္စည်းတွေကို ကြိုတင်ပြီး သိမ်းဆည်းထားခဲ့တယ်ဆိုရင် ဘယ်မှာ ဝှက်ထားခဲ့မလဲလို့ ကျွန်မ တွေးနေမိတယ်"
ချန်ချင်းယွီအနေဖြင့် ကျန့်မိသားစု၏ ပစ္စည်းများကို ချန်ရိကျွင်းလက်ထဲ အရောက်ခံမည် မဟုတ်ပေ။ အစောပိုင်း သူမ ခိုးနားထောင်ခဲ့စဉ်ကလည်း ချန်ရိကျွင်းမှာ မည်သည်ကိုမှ ထပ်မံ ရှာမတွေ့ခဲ့သည်ကို သိထားခဲ့ပြီး သူသည် အိမ်ထဲတွင် သရဲခြောက်သလိုလို ဘာလိုလိုနှင့် လိုက်ရှာနေခြင်း ဖြစ်၏။ ထိုအိမ်မှာ မြေလှန်ရှာရုံသာ ကျန်တော့သည် မဟုတ်ပါလော။
သူမ၏ အဘိုးနှင့် အဘွားတွင် အခြား အိမ်များရှိသည်ကိုလည်း သူမ မမှတ်မိပေ။
တကယ်သာ ရှိခဲ့လျှင် မည်သည့်နေရာ၌ ထားခဲ့မည်နည်း။
ချန်ချင်းယွီမှာ မည်သည့်သဲလွန်စမျှ မရှိသော်လည်း စိတ်မလောပေ။ ချန်ရိကျွင်း ရှာမတွေ့သရွေ့ သူမ စိတ်မပူပေ။ တကယ်တမ်း အဘိုးတို့က ပစ္စည်းများ ဝှက်ထားခဲ့သလားဆိုသည်မှာလည်း သူမ မသေချာသဖြင့် အသည်းအသန် လိုက်ရှာနေရန် မလိုဟု ယူဆလေသည်။
တကယ်တမ်းတွင် ဘာမှမရှိတာလည်း ဖြစ်နိုင်သည် မဟုတ်ပါလော့။
ထို့ကြောင့် ချန်ချင်းယွီမှာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။ သဲလွန်စ မရခင်အထိ ဘာမှမရှိဘူးဟုသာ သဘောထားမည် ဖြစ်သည်။ ထို့အပြင် ယခုခေတ် အခြေအနေအရ သူမ လိုက်ရှာရန်လည်း မလိုအပ်ပေ။ မရှိခြင်းက ပို၍ ကောင်းနေသည်။ တကယ်သာ ရှိနေခဲ့လျှင် အဘယ်မှာ ဝှက်ထားရမည်ကိုပင် သိမည်မဟုတ်ချေ။
ချန်ချင်းယွီသည် ဤကိစ္စအပေါ်တွင် စိတ်အေးအေးထားကာ ဆက်လက် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေ၏။
သူမ လင်းကျန့်ဝမ်၏ စျာပနဓာတ်ပုံကိုကြည့်ကာ တတွတ်တွတ် ဆက်ပြောနေလေသည်။
"အရင်တစ်ခေါက်က အိမ်ဟောင်းထဲကနေ ယူလာတဲ့ ငွေသုံးထောင်ငါးရာနဲ့တင် တော်တော်ကြာကြာ အေးအေးဆေးဆေး နေလို့ရပါတယ်။ ရှင်မသိလို့ပါ၊ ကျွန်မက စားနိုင်သောက်နိုင်မှ အားရှိပြီး လူတွေနဲ့ ရင်ဆိုင်နိုင်မှာလေ။ ရှင်လည်း သိမှာပါ၊ ရှင့်အမေက အတော်လေး ကိုင်တွယ်ရခက်တဲ့သူ မဟုတ်လား။ ကျွန်မသာ ဝအောင်မစားထားရင် သူ့ရဲ့ နှိပ်စက်တာကို ခံရတော့မှာပေါ့။ ကျွန်မ ချန်ချင်းယွီက မြေစာပင်လေး မဟုတ်ဘူးနော်၊ ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့် ပေးမှာမဟုတ်ဘူး"
ချန်ချင်းယွီသည် ရုတ်တရက် ခေတ်ကူးလာရသဖြင့် စိတ်ဖိစီးမှုများကာ ရင်ထဲတွင် မွန်းကြပ်နေသောကြောင့်သာ စျာပနဓာတ်ပုံကိုကိုင်ပြီး စကားပြောနေမိခြင်းတည်း။
လူရှင်ကို မပြောရဲသော်လည်း လူသေကိုတော့ ပြောလို့ရသည် မဟုတ်ပါလား…
"ဘယ်သူပဲဖြစ်ဖြစ် ကျွန်မကို လာထိရင်တော့ သေချာပေါက် ပြန်ကလဲ့စားချေမှာပဲ!"
ချန်ချင်းယွီဘက်တွင် စကားဝိုင်းက အရှိန်တက်နေသကဲ့သို့ အဘွားကြီးကျောက်တို့အဖွဲ့သည်လည်း ဆေးရုံသို့ ချောချောမောမော ရောက်ရှိသွားကြခြင်း မဟုတ်ပေ။
လမ်းခုလတ်တွင် ပြဿနာအသစ်များ ထပ်မံပေါ်ပေါက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
လူအင်အားသည်လည်း တော်တော်လေး များလှသည့်အပြင် မာကျန့်ယီတို့အဖွဲ့က လက်တွန်းလှည်းကို တွန်းလာကြပြီး အဘွားကြီးကျောက်တို့ကဲ့သို့ အတင်းအဖျင်း သတင်းယူချင်သူများမှာလည်း မိမိတို့ဝင်းသာမက အခြားဝင်းများမှပါ စုပြုံလိုက်ပါလာကြရာ လူအုပ်ကြီးမှာ တော်တော်ပင် များပြားလှ၏။
ထိုသို့ လူအုပ်ကြီးနှင့် ဆေးရုံသို့ ဦးတည်နေစဉ်အတွင်း ရွှီကောင်းမင်မှာ အဆိပ်တော်တော် တက်နေပုံရပြီး လမ်းတစ်လျှောက်လုံးတွင် အော်ဟစ်နေလေ၏။
"လွှတ်ကြစမ်း၊ ငါ့ကို လွှတ်ကြ! ပန်းခိုးသမားတွေ ငါ့ကို လွှတ်စမ်း!"
သူသည် မိန်းမလျာသံဖြင့် တရှုံ့ရှုံ့ငိုရင်း အော်ဟစ်မြည်တမ်းနေပြန်သည်။
"ရှင်တို့ ဘာလို့ ကျွန်မကို ဒီလိုလုပ်ကြတာလဲ... ဟီး... ပန်းကလေးကို ရက်ရက်စက်စက် ဖျက်ဆီးနေကြပြီ... လောကဒဏ်တွေ ခံစားနေရတဲ့ ပန်းကလေးပါ... ဟီးဟီး~~~"
ရွှီကောင်းမင်၏ အော်ဟစ်သံများကြောင့် စိတ်ကောင်းရှိသော ရဲဘော်ရဲဘက်များနှင့် အခြေအနေကို စောင့်ကြည့်လိုသော ကော်မတီဝင်များပါ ရောက်ရှိလာကြရာ လူအုပ်ကြီးမှာ ပို၍ပင် ကြီးမားလာတော့သည်။ ထို့အပြင် အလုပ်ဆင်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် လမ်းကြုံသော ရပ်ကွက်လူကြီးများပါ ပါဝင်လာကြလေသည်။
ရဲဘော်များမှာ ရွှီကောင်းမင်၏ မိန်းမလျာသံဖြင့် အော်ဟစ်မှုကို ကြားရသောအခါ အမှုကြီးတစ်ခုခု ဖြစ်နေပြီဟုပင် ထင်မှတ်သွားကြလေသည်။
မာကျန့်ယီမှာမူ လမ်းတစ်လျှောက်လုံး အမောတကော ရှင်းပြနေရရှာပြီး ဆေးရုံရောက်သောအခါတွင် လူမှာ တော်တော်ပင် ရင့်ရော်အိုမင်းသွားသည့်အလား ဖြစ်နေတော့၏။ အဘွားကြီးကျောက်က ခြေဖျားထောက်ပြီး အကဲခတ်နေရင်း မာကျန့်ယီကိုကြည့်လိုက်စဉ် သူ့ခမျာ ရုတ်တရက် အသက်ကြီးသွားသည်ဟုပင် ခံစားလိုက်ရသည်။ မာကျန့်ယီမှာ ဆရာဝန်များကို အထပ်ထပ် မှာကြားနေရှာ၏။
"သူတို့ကို လုံးဝ ကြိုးမဖြုတ်ပေးပါနဲ့ဦး။ တစ်ယောက်က သူ့ကိုယ်သူ ပန်းလို့ထင်ပြီး မစင်ကျင်းထဲ ခုန်ချဖို့ လုပ်နေတာ၊ နောက်တစ်ယောက်က သူ့ကိုယ်သူ ခွေးရူးလို့ထင်ပြီး လူတွေကို လိုက်ကိုက်နေတာပါ"
သူသည် ပြတ်သားသောလေသံဖြင့် ဖြည့်စွက်ပြောလိုက်ပြန်၏။
"သူတို့က ခွန်အားလည်း အရမ်းကြီးတယ်၊ ဆရာတို့ သတိထားကြပါဦး"
ဆရာဝန်နှင့် သူနာပြုများမှာ - "..."
“ရှင်တို့ တော်တော်လေး ဒုက္ခရောက်ခဲ့ကြတာပဲနော်”
မြင်ရုံနှင့် သိနိုင်လေသည်။ ထိုမှိုအဆိပ်သင့်သူနှစ်ဦးကို ကြည့်ပြီး သူတို့လည်း ပို၍ပင် သတိထားလိုက်ကြ၏။
"ကျွန်တော်တို့ သိပါပြီ၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရဲဘော်။ အခုတော့ ဆေးရုံစရိတ် သွားသွင်းလိုက်ကြပါဦး"
မာကျန့်ယီ ခေါင်းငြိမ့်ပြပြီး ကျောလေးကုန်းကာ နွမ်းလျစွာဖြင့် အောက်ထပ်သို့ ဆင်းသွားလေသည်။
အဘွားကြီးကျောက်: " မာကျန့်ယီက သနားစရာပဲ!"
ဆေးရုံရောက်သော်လည်း လူတိုင်းသည် အိမ်မပြန်ကြသေးဘဲ အတင်းအဖျင်း သတင်းယူရန် စောင့်နေကြဆဲပင်။ ကော်မတီမှ ရဲဘော်တစ်ဦးက "ဒါက ဘာဖြစ်တာလဲ? အဆိပ်သင့်ရုံနဲ့ ဒီလို ဖြစ်သွားတာလား?" ဟု မေးမြန်းလိုက်လေသည်။
အဘွားကြီးကျောက်မှာ ပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး -
"အဆိပ်သင့်တာပေါ့ လူကြီးမင်းရဲ့။ ရှင်မသိလို့ပါ၊ ဒီလင်မယားနှစ်ယောက် သောင်းကျန်းလိုက်တာများ။ ကျွန်မ ပြောပြမယ်... သူတို့အိမ်က အော်သံကြီး ထွက်လာကတည်းက ဇာတ်လမ်းက စတာပဲ..."
တတွတ်တွတ်၊ တတွတ်တွတ်နှင့် အဘွားကြီးကျောက်သည် လက်ဟန်ခြေဟန် အပြည့်ဖြင့် အသက်ဝင်အောင် ရှင်းပြနေလေသည်။
"အဆိပ်သင့်တာက ပုံစံတောင် ပြောင်းသေးတာနော်။ ရှီကျန့်ရှန်းက အစမှာ မြွေဖြစ်နေတာ၊ နောက်ကျတော့... သူမက အဘွားကြီးဟွမ်ရဲ့ ခြေကျင်းဝတ်ကို တစ်ခါတည်း လှမ်းကိုက်လိုက်တာလေ။ အဘွားကြီးဟွမ်က တစ်နှစ်ပတ်လုံး ရေမချိုးတဲ့သူ၊ ခြေထောက်လည်း မဆေးဘူး၊ အဲ့ဒါကို သူမက..."
အဘွားကြီးဟွမ်: "ညည်း လျှောက်မပြောနဲ့! ငါ့အတင်းကို လျှောက်ပြောမနေနဲ့ဦး။ ငါ နှစ်သစ်ကူးတုန်းက ရေချိုးထားသေးတယ်၊ နှစ်သစ်ကူးမှာ သန့်သန့်ရှင်းရှင်းနေတာပဲ၊ ဘယ်လိုလုပ် ရေမချိုးဘဲ နေမှာလဲ? ဘာဖြစ်လို့ တစ်နှစ်လို့ ပြောရတာလဲ၊ ညည်းစကားပြောရင် ငါ့ကို လာပြီး မပုပ်ခတ်နဲ့! ငါက သန့်ရှင်းတဲ့သူပါအေ့!"
ဘေးပတ်ဝန်းကျင်မှ လူများ "........................"
အခုက နွေဦးတောင် ရောက်နေပြီလေ အစ်မကြီးရဲ့!!
ဒီကြားထဲက အချိန်ကလည်း နည်းနည်းနောနောမှ မဟုတ်ဘဲ!
အဘွားကြီးကျောက်: "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ညည်းက သန့်ရှင်းပါတယ်၊ လောကမှာ အသန့်ရှင်းဆုံး ဟုတ်ပြီလား။ ကဲ... ဘေးဖယ်နေစမ်းပါ၊ ဒီမှာ ညည်းနဲ့ဆိုင်တာ တစ်ခုမှမပါဘူး။ အဓိကက ရွှီကောင်းမင်နဲ့ ရှီကျန့်ရှန်းပဲ။ ဪ... ဟုတ်သားပဲ၊ အဆိပ်သင့်တဲ့ ရွှီကောင်းမင်က စက်ရုံက စတုတ္ထအလုပ်ရုံကလေ..."
ဘေးမှ ဝိုင်းကြည့်နေသူများ ပိုမိုများပြားလာသည်ကို မြင်သောအခါ အဘွားကြီးကျောက်မှာ ပို၍ပင် အားတက်သရော ပြောဆိုတော့၏။ သူမသည် ရွှီကောင်းမင်တို့ လင်မယား၏ အမည်နာမကို တစ်မြို့လုံး သိသွားစေရန် အစွမ်းကုန် ကြိုးစားနေပုံရသည်။ စက်ရုံက ရွှီကောင်းမင် မစင်ကျင်းထဲ ခုန်ချတော့မည့်အကြောင်းကို ပေကျင်းတစ်မြို့လုံးတွင် မသိသူတစ်ယောက်မှ မရှိစေရဟု သူမက ဆုံးဖြတ်ထားပုံရပေသည်။
မသိသေးရင် သူမရဲ့ ဝါဒဖြန့်မှုက အားမကောင်းသေးဘူးလို့ ဆိုရမှာပဲ!
မလုံလောက်သေးဘူး!!!
"ရွှီကောင်းမင်နဲ့ ရှီကျန့်ရှန်းမှာ သားသုံးယောက်တောင် ရှိတာနော်။ သားမွေးတာ အိုစာမင်းစာ အားကိုးရအောင်လို့ ပြောကြပေမဲ့ ကြည့်စမ်း... မိဘတွေ ဒီလောက် အမှုကြီးပတ်နေတာကို လူလွှတ်ပြီး သွားခေါ်ခိုင်းတာတောင် အခုထိ ရောက်မလာကြသေးဘူး။ အိမ်မှာ ဘာတွေ အချိန်ဆွဲနေကြသလဲ မသိဘူး။ ကျွန်မတို့လို အိမ်နီးချင်းတွေကိုတောင် မမီဘူး။ ကြည့်စမ်း... သူတို့ကို ကူညီဖို့အတွက် ကျွန်မတို့ အိမ်နီးချင်းတွေ ဘယ်လောက်တောင် ဒဏ်ရာရခဲ့ကြသလဲ။ သားသမီးမွေးထားတာ ဘာမှကို အသုံးမကျဘူး၊ အားကိုးလို့မရဘူး! တကယ့်ကို အိမ်နီးချင်းကောင်း ရှိတာကမှ ဝေးက ဆွေမျိုးထက် ပိုအားကိုးရတယ်ဆိုတာ ဒါပဲ!"
အဘွားကြီးကျောက်မှာ ရွှီကောင်းမင်၏ သားများကို နာမည်ဖျက်ရင်း မိမိကိုယ်ကိုယ်လည်း ချီးမွမ်းခန်း ဖွင့်လေသည်။
"ကျွန်မကိုပဲ ကြည့်လေ၊ အဘွားကြီးတစ်ယောက် ဖြစ်ပေမဲ့ လိုက်လာပြီး ဝိုင်းကူပေးတာ။ သူတို့ သားတွေ၊ ချွေးမတွေ တစ်ယောက်မှ ရောက်မလာကြဘူး"
ဝမ်တာ့ချွေတို့အဖွဲ့မှာမူ စကားကို နားထောင်ရင်း မျက်နှာပင် ရှုံ့သွားကြ၏။
ခင်များကများ ဒါမျိုး ပြောရဲသေးတယ်ပေါ့!!
ခင်များက လာကူညီတာလား?
အတင်းအဖျင်း သတင်းယူဖို့ လိုက်လာတာ မဟုတ်လား။
တကယ့်ကို အခြေအနေကြည့်ပြီး မိကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်တတ်လွန်းလှချည်လား!!
အဘွားကြီးဟွမ်သည်လည်း ဌာနဆိုင်ရာ လူကြီးအချို့ကို မြင်လိုက်ရသောအခါ အလျင်အမြန်ပင် မိမိကိုယ်ကိုယ် ဂုဏ်ဖော်ကာ
"ဟုတ်ပါပေတယ်၊ အဘွားကြီးကျောက် ပြောတာ မှန်လိုက်လေခြင်း။ ဝေးက ဆွေမျိုးထက် နီးက အိမ်နီးချင်းက ပိုအားကိုးရတာပါ။ ရှီကျန့်ရှန်းက အမျိုးသမီးတစ်ယောက်ဆိုတော့ ယောကျာ်းသားတွေ ကိုင်တွယ်ရတာ ခက်မှာစိုးလို့ ကျွန်မ ချက်ချင်း လိုက်လာတာ။ အိမ်မှာ ဟင်းတောင် မကျက်သေးဘူး၊ ဒါတွေကို ပစ်ထားခဲ့တာ။ ကိုယ့်မိသားစုထက် အိမ်နီးချင်းတွေ အဆင်ပြေဖို့က ပိုအရေးကြီးတယ် မဟုတ်လား"
"ကျွန်မလည်း အဲ့ဒီလိုပါပဲ! ကျွန်မက...”
လူတိုင်းက အလုအယက်ပင် မိမိကိုယ်ကိုယ် ချီးမွမ်းနေကြတော့သည်။ အခြားသူက မချီးမွမ်းလျှင်လည်း မိမိဘာသာ ချီးမွမ်းနေကြခြင်း ဖြစ်၏။
ရွှီကောင်းမင်တို့ လင်မယား၏ ကျေးဇူးကြောင့် အေးစိမ့်လှသော နွေဦးညသည် အပူရှိန်တက်ကာ စည်ကားနေလေသည်။ သို့သော် ဤအချိန်တွင် အဘိုးကြီးကျန်းနှင့် ကျန်းရှင်းဖှတို့မှာမူ ထိုမျှလောက် စိတ်ချမ်းသာမနေကြပေ။
နှစ်ယောက်စလုံးမှာ ဗိုက်ကိုဖိကာ နီမြန်းနေသော မျက်နှာများဖြင့် ဝေဒနာ ခံစားနေရပုံ ရလေသည်။
ယနေ့ညတွင် သူတို့သားအဖမှာ မြွေသားဟင်းဖြင့် ကောင်းကောင်းကြီး စားသောက်ထားကြခြင်း ဖြစ်၏။ အရက်လေးသောက်၊ မြွေသားလေးမြည်းနှင့် အင်မတန် ဇိမ်ကျနေခဲ့သော်လည်း ယခုအခါတွင်မူ အခြေအနေက မဟန်တော့ပေ။
ကျန်းရှင်းဖှ; "အဖေ... ကျွန်တော့်ဗိုက်က ဘာလို့ ဒီလောက်နာနေတာလဲ? ကျွန်တော်တို့လည်း အဆိပ်သင့်နေတာ မဟုတ်ဘူးလား?"
အဘိုးကြီးကျန်း ; "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရွှီကောင်းမင်တို့က အဆိပ်မှိုစားလို့ ရူးကုန်တာလေ၊ ငါတို့က မှိုစားတာမှ မဟုတ်တာ"
သူတို့သားအဖမှာ ယနေ့ မြွေသားဟင်း အကောင်းစား စားထားခြင်း ဖြစ်သည်။ အဘွားကြီးဟွမ် မှိုခူးလာသည်မှာ မှန်သော်လည်း သူတို့အိမ်တွင် ယနေ့ မှိုမချက်ခဲ့ပေ။
ကျန်းရှင်းဖှမှာ စဉ်းစားကြည့်တော့လည်း ဟုတ်နေသည်ဟု ယူဆလိုက်သော်လည်း...
ဂူလူးလူး!
ဗိုက်ထဲမှ ပိုမို မအီမသာ ဖြစ်လာသဖြင့် ကျန်းရှင်းဖှ ဝုန်းခနဲ ထရပ်ကာ အပြင်သို့ အပြေးအလွှား ထွက်သွားလေတော့သည်။
ဝမ်းလျှောနေချိန်တွင် အိမ်သာ၏ အကွာအဝေးမှာ မည်မျှဝေးကွာလှသည်ကို အပြေးအလွှား သွားရသူသာ သိပေလိမ့်မည်။ ကျန်းရှင်းဖှသည် ဗိုက်ကိုဖိကာ ချွေးပြန်လျက် အပြင်သို့ တစ်ဟုန်ထိုး ပြေးထွက်သွားရာ ပုံရိပ်ပင် မထင်နိုင်လောက်အောင် မြန်လှ၏။
အဘိုးကြီးကျန်း ခေါင်းခါလျက်
"တည်ငြိမ်မှု လုံးဝမရှိဘူး၊ လူငယ်တွေက မရသေးဘူးပဲ။ ဗိုက်နာတာလေးကို ဒီလောက် ဖြစ်ပျက်နေရသလား၊ ဒီအိမ်ကိုတော့ ငါပဲ ဆက်ပြီး ဦးစီးရဦးမှာပဲ"
ဂူလူးလူး!
"အင်!"
အဘိုးကြီးကျန်းသည် ရုတ်တရက် ဗိုက်ထဲမှ အသည်းခိုက်မတတ် နာကျင်လာသည်ကို ခံစားလိုက်ရရာ
"မဟန်တော့ဘူး!"
သူသည်လည်း ဗိုက်ကိုဖိကာ အပြင်သို့ အပြေးအလွှား ထွက်သွားလေတော့၏။
သားအဖနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ပြေးထွက်သွားသံကို အလယ်ဝင်းမှ ယွမ်မိသားစုသည် ကြားလိုက်ရရာ ကျောက်ရုံတစ်ယောက် မျက်မှောင်ကြုတ်လျက်
"သူတို့အိမ်က ဘာဖြစ်ပြန်တာလဲ?"
ယွမ်ဟောက်မင်မှာမူ လက်သည်းဖြင့် အကုတ်ခံထားရသဖြင့် စိတ်တိုနေကာ ဂရုမစိုက်သည့်အလား ပြန်ဖြေလိုက်သည်။
"အဆိပ်မှိုစားတာတော့ မဟုတ်နိုင်ဘူး၊ သူတို့ ဒီနေ့ည မြွေသားဟင်း စားနေကြတာ ငါသိတယ်"
ကျောက်ရုံက ခဏမျှ စဉ်းစားပြီးနောက်
"မနက်ဖြန်ကျရင် လင်စန်းရှန်းကို ခေါ်ပြီး ကျွန်မတို့ကို တစ်ချက်လောက် စစ်ဆေးခိုင်းရမယ်။ စားသောက်တဲ့နေရာမှာ သတိထားရမယ်လေ"
ယနေ့တွင် သူမ၏ သမီးလတ် ဟောက်ရွှယ်နှင့် တတိယသမီး ရှောင်ချွေတို့လည်း တောင်ပေါ်သို့ မှိုသွားခူးခဲ့ကြသည်။ သူမ၏ သမီးမှာမူ ပါးနပ်သဖြင့် မှိုမမှားနိုင်သော်လည်း ရှောင်ချွေကဲ့သို့သော တောသူမလေးမှာမူ မပြောတတ်ပေ။ သူမသည် ထိုမိန်းကလေးကို ယုံကြည်မှု မရှိချေ။
ရှောင်ချွေသည် ယွမ်ဟောက်မင်၏ သမီးအရင်းဖြစ်သော်လည်း ကျောက်ရုံအတွက်မူ သူမမှာ ပြင်ပလူတစ်ယောက်သာ ဖြစ်၏။ အကယ်၍ တစ်စုံတစ်ရာ တွက်ချက်ထားခြင်း မရှိပါက သူမကို အိမ်ပေါ်သို့ ခြေချခွင့် ပေးမည်မဟုတ်ပေ။
ကျောက်ရုံ; "အချိန်မစောတော့ဘူး၊ ကျွန်မတို့လည်း အိပ်ရာပြင်ပြီး အိပ်ကြရအောင်"
"မင်းသဘောအတိုင်းပါပဲ"
ယွမ်ဟောက်မင်တို့ မိသားစုသာမက ဒုတိယဝင်းမှ အစ်မကြီးဖန်နှင့် ချန်ချင်းယွီတို့ပင် ကျန်းမိသားစု သားအဖနှစ်ဦး ဗိုက်ကိုဖိကာ ပြေးလွှားနေသည်ကို မြင်လိုက်ကြရသည်။
ချန်ချင်းယွီ "???"
သူမသည် ထိုသားအဖကို ဘာမှမလုပ်ရသေးပါချေ!
ထိုသားအဖမှာလည်း အဆိပ်မှိုစားမိကြသလော?
ချန်ချင်းယွီမှာ နားမလည်နိုင်သော်လည်း ပြတင်းပေါက်မှနေ၍ လိုက်ကာစလေးကို ဟကာ အပြင်ဘက်ကို ချောင်းကြည့်နေလိုက်၏။ သို့သော် အိမ်ထဲတွင် နေရသည်မှာ အားမရသဖြင့် ဖိနပ်ကို ကဗျာကယာ စီးလျက် တံခါးဝသို့ ထွက်လာရာ မျက်နှာချင်းဆိုင်မှ အစ်မကြီးဖန်လည်း ထွက်လာသည်ကို တွေ့ရလေသည်။
အင်း... လူတိုင်း၏ စိတ်ဓာတ်မှာ အတူတူပင် ဖြစ်နေ၏။
ဘာဖြစ်သည်ကို သေသေချာချာ မသိသော်လည်း အတင်းအဖျင်း သတင်းယူရာတွင်မူ ရှေ့ဆုံးမှ ရှိနေရမည် မဟုတ်လော့။
ယခုအခါ ကျန်းမိသားစု သားအဖမှာ အိမ်သာဆီသို့ အသည်းအသန် ပြေးလွှားနေကြသည်မှာ ခွေးရူးလိုက်နေသည့်အလားပင်။ အချိန်မှာ ညည့်နက်နေပြီဖြစ်သော်လည်း အပြင်ဘက်တွင် စကားပြောနေသူများ ရှိနေဆဲပင် ဖြစ်၏။ သူတို့မှာ ဆေးရုံသွားသောအဖွဲ့ ပြန်လာသည်ကို စောင့်နေကြခြင်း မဟုတ်ဘဲ အိပ်မပျော်ကြသဖြင့် လမ်းထဲတွင် စုရုံးနေကြခြင်း ဖြစ်လေသည်။
ရုတ်တရက် လေကဲ့သို့ ပြေးထွက်သွားသော သားအဖနှစ်ဦးကို မြင်လိုက်ရသောအခါ
"ဟာ... ဒါက ဘာဖြစ်ပြန်တာလဲ!"
"သူတို့လည်း အိမ်သာဆီကို ပြေးနေကြတာပဲ!"
"မဟန်တော့ဘူး၊ သူတို့လည်း အဆိပ်သင့်ပြီး မြေဩဇာ သွားကျွေးကြတာလား မသိဘူး? မြန်မြန်တားကြစမ်း!"
"မြန်မြန်လုပ်!"
"လူလာကြပါဦး! ကျန်းမိသားစုလည်း အဆိပ်သင့်နေပြီဗျို့!"
"ကျန်းမိသားစု သားအဖလည်း အိမ်သာထဲ ခုန်ချတော့မယ်!!!"