အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
၂၃။ မှိုအဆိပ်သင့်
ကျန်းမိသားစု သားအဖနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ပြေးထွက်လာကြသည်ကို မြင်လိုက်ရသောအခါ စကားဝိုင်းဖွဲ့နေသူများမှာ ခဏမျှ ကြောင်အသွားကြသော်လည်း လက်ထဲမှ ဆေးလိပ်များကို ချက်ချင်းလွှင့်ပစ်ကာ နောက်မှ အမှီလိုက်ကြလေတော့သည်။ ထို့နောက် လေဟုန်စီး၍ ခုန်အုပ်ကာ လူကို ဖိထားလိုက်ကြ၏။
"မစင်ကျင်းထဲတော့ အကျမခံနိုင်ဘူးဟေ့!"
"တောက်! ဒီည ဘာဖြစ်နေကြတာလဲ၊ ဘာလို့ လူတွေအများကြီး အိမ်သာထဲ ခုန်ချချင်နေကြတာလဲ!"
"လူလာကြပါဦး! မြန်မြန်လာကြပါဦး! ကျန်းမိသားစု သားအဖလည်း မစင်ကျင်းထဲ ခုန်ချတော့မယ်ဗျို့!"
ညနက်သန်းခေါင်ယံအချိန်ဖြစ်သော်လည်း အပြင်ဘက်မှ ဆူညံသံများကို ကြားရသည်နှင့် လူတိုင်းမှာ အိမ်ထဲမှ ဝုန်းခနဲ ပြေးထွက်လာကြလေသည်။ အားလုံးမှာလည်း အိပ်မပျော်ကြသေးသဖြင့် ခြေလှမ်းကျဲကြီးများဖြင့် အပြေးအလွှား ရောက်ရှိလာကြ၏။
ချန်ချင်းယွီသည်လည်း အရှုံးမပေးဘဲ ရှေ့ဝင်းဆီသို့ အပြေးလေး သွားလေသည်။ အစ်မကြီးဖန်မှာမူ သူမထက်ပင် လက်ဦးမှုယူကာ ရှေ့ဆုံးမှ ပြေးထွက်သွားချေပြီ။ ကျန်းရှင်းဖှမှာ လူအုပ်မိသွားသကဲ့သို့ အဘိုးကြီးကျန်းမှာလည်း အဖမ်းခံလိုက်ရလေသည်။ ၎င်းတို့နှစ်ဦးမှာ ဗိုက်ကိုဖိကာ အသည်းအသန် ရုန်းကန်နေကြရ၏။
ဗိုက်က နာလွန်းလှပြီ မဟုတ်ပါလား!
အိမ်သာသွားရာလမ်းတွင် အနှောင့်အယှက်ပေးသူများမှာ တကယ့်ကို အခန့်မသင့်သော ဆူးငြောင့်ခလုတ်များပင် ဖြစ်ချေတော့သည်။
"လွှတ်ကြစမ်းပါ၊ ငါ့ကို မြန်မြန်လွှတ်ကြစမ်းပါ!"
"မင်းတို့ သေချင်နေကြတာလား၊ ဘာလုပ်နေကြတာလဲ! အင်း... ငါ့ဗိုက်က မခံနိုင်တော့ဘူး၊ လွှတ်ပေးကြပါဦး..."
ဝိုင်းဝန်းဖမ်းဆီးထားသူများကမူ စိတ်မကောင်းစွာဖြင့်
"ဒီမှိုတွေကို လုံးဝမစားသင့်ဘူးကွ!"
"မင်းတို့ကလည်း ဘာဖြစ်လို့ အိမ်သာနဲ့ပဲ ရန်ဖြစ်နေကြတာလဲ၊ ဒါက ဘာကြောင့်လဲ၊ ဘာကြောင့်လဲလို့!"
"စိတ်အေးအေးထားစမ်းပါ!"
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြရာ ချန်ချင်းယွီသည်လည်း အခြေအနေကြည့်ရန် နေရာကောင်းတစ်ခုကို ထပ်မံရွေးချယ်လိုက်ပြန်သည်။ ညမှောင်နေသဖြင့် ပတ်ဝန်းကျင်မှာ မည်းမှောင်နေရာ တစ်စုံတစ်ဦးက "ဘယ်သူဖြစ်ဖြစ် အိမ်ပြန်ပြီး ဆီမီးအိမ်လေး တစ်လုံးလောက် ယူလာခဲ့ကြစမ်းပါ" ဟု အော်ပြောလေသည်။
"ဟုတ်တယ်! ဒီမှာက မှောင်မည်းနေတာပဲ"
"ဦးလေးလီ... ဦးလေးလီရေ..."
လီချန်ရွှမ်းမှာမူ အခေါ်ခံရသော်လည်း အသံတစ်ချက်မျှ ထွက်မလာပေ။ ယခင်တစ်ခေါက်ကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ဖူးရာ သူ၏ ဆီမီးအိမ်မှာ ရုတ်တရက် အကျိုးအပဲ့ ဖြစ်သွားခဲ့ရသော်လည်း မည်သူမှ လျော်ကြေးမပေးခဲ့ကြချေ။ ဤတစ်ကြိမ်တွင်မူ သူ အရှုံးမခံတော့ရန် ဆုံးဖြတ်ထားပုံရ၏။ လီချန်ရွှမ်း နှုတ်ပိတ်နေသဖြင့် လူများလည်း ဆက်မပြောတော့ဘဲ -
"ဦးလေးကျန်း... ခင်ဗျားတို့ တော်တော်ကို ဝေခွဲမရ ဖြစ်နေကြတာပဲ!"
ကျန်းရှင်းဖှနှင့် အဘိုးကြီးကျန်းမှာမူ မျက်နှာများ နီရဲကာ အောင့်ထားရသဖြင့် ဗိုက်ထဲမှလည်း ဂူလူးလူး မြည်သံများ ထွက်ပေါ်နေချေပြီ။
ကျန်းရှင်းဖှမှာ "လွှတ်စမ်း! လွှတ်စမ်း! ငါ ဝမ်းလျှောနေတာ!!!" ဟု အော်ဟစ်နေရှာ၏။
သူ ဆက်လက်၍ ဆဲဆိုကာ
"ခွေးကောင်တွေ၊ မင်းတို့က လူအလား? ငါ အိမ်သာသွားမလို့ပါဆို၊ ငါ အိမ်သာသွားမလို့၊ အမြန်လွှတ်ပေးကြစမ်း! အား... အား!"
သူ့ခမျာ ဘောင်းဘီထဲတွင်ပင် ထွက်ကျတော့မည့်အလား ဖြစ်နေပြီဖြစ်၏။
အဘိုးကြီးကျန်းမှာလည်း "မြန်မြန်လွှတ်ပေးကြပါ၊ မြန်မြန်!" ဟု အော်ဟစ်နေရှာသည်။
ဤအချိန်ကျမှသာ လူတိုင်းမှာ သတိဝင်လာကြပြီး ထိုသားအဖနှစ်ဦးမှာ အဆိပ်မှိုစားထားသည့် ပုံစံမျိုး မဟုတ်မှန်း ရိပ်မိသွားကြလေသည်။ ကျန်းရှင်းဖှသည် ဖမ်းထားသူများကို အားဖြင့် တွန်းဖယ်ကာ အိမ်သာဆီသို့ ယိမ်းယိုင်လျက် ပြေးသွားတော့၏။ အဘိုးကြီးကျန်းသည်
လည်း အရှုံးမပေးဘဲ နောက်မှပြေးလိုက်သွား၍ သားအဖနှစ်ဦးစလုံးမှာ စကားပင်မဆိုနိုင်ကာ အိမ်သာထဲသို့သာ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေတော့သည်။
သေစမ်း!!
သူတို့ တော်တော်လေးကို အလျင်လိုနေတာပဲ!!
ငါတို့က အိမ်သာသွားချင်ရုံလေးပါ..ခင်များတို့ ဘာလို့များ အရေးမဟုတ်တာကို ရေးကြီးခွင်ကျယ် လုပ်နေရတာလဲဗျာ…
အမှိုက်တွေ!! အမှိုက်တွေ!!
ကံကောင်းထောက်မစွာဖြင့် အိမ်သာမှာ သိပ်မဝေးလှသဖြင့် ထိုသားအဖနှစ်ဦးမှာ လူအုပ်ကြားမှ ရုန်းထွက်ကာ အထဲသို့ အပြေးအလွှား ဝင်သွားနိုင်ခဲ့ကြသည်။ တကယ့်ကို သီသီလေး လွတ်မြောက်သွားခြင်း ဖြစ်၏။ တော်သေးသည်မှာ ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ခြင်းပင်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားရသည်။ ဤမျှလောက်ကြီးမားသော အလွဲအချော်ကြီး ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"ဟေ့... ခင်ဗျားတို့ကလည်း သေသေချာချာ မမေးဘဲနဲ့ ဘာလို့ လျှောက်အော်နေကြတာလဲ"
"ဒါက အထင်လွဲတာပါဗျာ၊ အမှားပေါ့..."
ထိုနေရာရှိ လူတိုင်းမှာ အနည်းငယ် အရှက်ရသွားကြပြီး အထူးသဖြင့် လူကို ဖိထားခဲ့သူများမှာ ပို၍ပင် မျက်နှာပူနေကြလေသည်။ သူတို့မှာ စေတနာနှင့် ဝိုင်းကူကြခြင်း ဖြစ်သော်လည်း ယခု၌ အပြစ်တင်ခံနေရချေပြီ။
မနေနိုင်သော လူတစ်ယောက်မှာ ရှေ့ထွက်၍ ဖာထေးပြောဆိုလိုက်၏။
"ကျွန်တော် ထင်တာကတော့ သူတို့ကို ဖိထားလိုက်တာ မှန်ပါတယ်! အရေးကြီးတဲ့ အချိန်မှာ ဘယ်သူက ဘာကို ဂရုစိုက်နေမှာလဲ! လူတစ်ယောက်က မစင်ကျင်းထဲ ခုန်ချတော့မလို ဖြစ်နေမှတော့ ဒုတိယတစ်ယောက်ကလည်း ထပ်လုပ်မှာပဲလို့ ထင်မိတာ မဆန်းပါဘူး၊ ဟုတ်တယ်မလား? စေတနာနဲ့ လုပ်ပေးတာတောင် မကောင်းဘူးလားဗျာ။ နောက်ပြီး ကျွန်တော်တို့က သူတို့ကို အချိန်ဆွဲထားတာလည်း မဟုတ်ဘူး၊ ဘာမှလည်း မှားမလုပ်ခဲ့ပါဘူး! ဒီညီအစ်ကိုတွေ လုပ်တာ မှန်တယ်လို့ပဲ ကျွန်တော် မြင်တယ်။ ဘာမှမဖြစ်တာက ပိုကောင်းတာပေါ့၊ သူတို့ကသာ အသည်းအသန် ပြေးနေလို့ လူတွေက သံသယဝင်သွားတာ"
လူတိုင်း ထိုစကားပြောသူဘက်သို့ လှည့်ကြည့်လိုက်ရာ အစ်မကြီးဖန်နှင့် ရှီရှန်း၏သား ရှီရှောင်ဝေ ဖြစ်နေသည်ကို တွေ့ရ၏။ အစ်မကြီးဖန်မှာ သူမ၏သားကို နောက်သို့ ဆွဲလိုက်သော်လည်း ရှီရှောင်ဝေကမူ ဇွတ်တရွတ် ပြောနေလေ၏။
"ကျွန်တော်က အမှန်အတိုင်း ပြောတာပဲ၊ စကားတောင် ပြောခွင့်မရှိဘူးလား"
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့ဒါ မှန်တယ်"
"ဟုတ်ပါတယ်၊ သူတို့ ခုန်ချမှာ စိုးလို့ပါ၊ ဝမ်းလျှောနေတာမှန်း ဘယ်သူ သိမှာလဲ!"
"ဦးလေးရွှီလို ဖြစ်ရပ်မျိုး ထပ်ဖြစ်မှာ စိုးလို့ပါ၊ ဒါဆိုရင် ငါတို့လမ်း နာမည်ပျက်တော့မှာလေ"
"ဟုတ်တယ်မလား?"
ချန်ချင်းယွီ တွေဝေဟန်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သကဲ့သို့ ပြောလိုက်၏။
"ဒါပေမဲ့ သူတို့မိသားစုက တော်တော်လေး ကြမ်းတာနော်၊ နောက်ကျရင် သေချာပေါက် လာပြီး ရန်လုပ်ကြတော့မှာ"
သူမသည် ပြဿနာထဲတွင် မပါဝင်ချင်သောအမူအရာဖြင့် ချက်ချင်းပင် လှည့်ထွက်သွားရာ ပြဿနာတက်မည်ကို ကြောက်ရွံ့နေသည့်ပုံမှာ အထင်အရှားပင် ဖြစ်လေသည်။
အစ်မကြီးဖန်သည်လည်း သူမ၏သားကို ဆွဲခေါ်ကာ "လာပါ၊ အိမ်ပြန်ကြစို့၊ ဒါ ငါတို့နဲ့ မဆိုင်ဘူး" ဟု ဆိုကာ ထွက်သွားတော့၏။
လူကို ခုန်အုပ်ဖမ်းဆီးခဲ့သူများမှာလည်း မိမိတို့ လူမှားဖမ်းခဲ့မိသည်ကို သိရှိသွားကြသဖြင့် ပြဿနာတက်မည် စိုး၍ နောက်ဆုတ်ကုန်ကြလေသည်။ မည်သို့ပင်ဖြစ်စေ ညမှောင်နေသဖြင့် မည်သူမည်ဝါမှန်းလည်း သိနိုင်မည်မဟုတ်ပေ။ တစ်ယောက်ပြီးတစ်ယောက်မှာ
"အချိန်မစောတော့ဘူး၊ ငါလည်း အိမ်ပြန်ရတော့မယ်"
"မနက်ဖြန် အလုပ်သွားရဦးမှာ၊ သွားစို့"
"ငါ့မိန်းမက အိမ်မှာ တစ်ယောက်တည်းဆိုတော့ ကြောက်နေမှာ..."
ဤသို့ဖြင့် လူတိုင်းမှာ လူစုခွဲကာ အိမ်ပြန်ကုန်ကြလေ၏။
ဖြစ်ပွားရာတွင် ပါဝင်သူအားလုံး ထွက်ခွာသွားကြပြီ ဖြစ်သည်။ ဘေးမှ ဝိုင်းကြည့်နေသူများမှာလည်း မခွာချင်မခွာရက် ရှိနေကြသော်လည်း ထပ်မံကြည့်ရှုစရာ အထူးအဆန်း မရှိတော့သည်ကို သိလိုက်ရသောအခါမှသာ လူစုခွဲရန် ဆုံးဖြတ်လိုက်ကြ၏။ မနက်ဖြန် အလုပ်သွားရမည်ဟူသော စကားမှာ အမှန်တရားဖြစ်သောကြောင့် လက်လျော့လိုက်ကြသည်။
မကြာမီမှာပင် လူသူအားလုံး ကင်းဝေးသွားလေသည်။ ချန်ချင်းယွီသည် အိမ်ပြန်ရောက်သော် တံခါးကို သေသေချာချာ ပိတ်လိုက်ပြီးမှ တဟဲဟဲ ရယ်မောမိလေတော့၏။ အခြားသူများ သတိမထားမိသော်လည်း ထိုသားအဖနှစ်ဦး အသည်းအသန် ပြေးထွက်သွားသည်ကို သူမ မြင်လိုက်ရသည်။ အကယ်၍သာ သူတို့ အိမ်သာသုံးစက္ကူ ယူမသွားခဲ့မိလျှင်...
အခုအချိန် လမ်းထဲမှာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး၊ သူတို့တော့ ဒုက္ခရောက်ပြီ။
ဟဟဟ!!
ချန်ချင်းယွီ တစ်ယောက်တည်း ထပ်မံ ရယ်မောလိုက်ပြန်သည်။ "သူတို့ အသည်းအသန် ပြေးသွားရင်းနဲ့ စက္ကူလေးတော့ ပါသွားပါစေလို့ပဲ ဆုတောင်းရမှာပဲ!" ဟု သူမ တွေးမိသော်လည်း...
စိတ်ထဲတွင်မူ သိပ်ပြီး မသေချာလှပေ။
ချန်ချင်းယွီသည် ယခုအခါ စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ သူမသည် တံခါးများကို ဂျက်ချလိုက်ပြီး အဝတ်အစားများ လဲလှယ်ကာ အိပ်စက်ရန် ပြင်ဆင်လေတော့သည်။ ယနေ့ညတွင် သူမ၏ ယောက္ခမ ပြန်လာမည်လားဟုလည်း တွေးနေမိသေး၏။ သူမသည် အိပ်ရေးဆတ်သူ ဖြစ်သော်လည်း အိပ်ပျော်ရန်မှာလည်း အလွန်လွယ်ကူလှရာ ခေါင်းနှင့် ခေါင်းအုံးထိသည်နှင့် တစ်ပြိုင်နက် အိပ်မောကျသွားလေသည်။
သို့သော် သူမ ခန့်မှန်းခဲ့သည်မှာ အမှန်ပင် ဖြစ်နေကြောင်းကိုမူ သူမ မသိနိုင်လိုက်ရပေ။
ယခုအချိန်တွင် ကျန်းမိသားစု သားအဖနှစ်ဦးမှာ အိမ်သာထဲမှနေ၍ အော်ဟစ် အကူအညီ တောင်းနေကြရရှာသည်။ သူတို့ တကယ်ပင် အိမ်သာသုံးစက္ကူ ယူလာရန် မေ့လျော့ခဲ့ကြခြင်း ဖြစ်၏။
"ဘယ်သူရှိသေးလဲဗျို့! အပြင်မှာ လူရှိသေးလား!"
"တစ်ယောက်ယောက်လောက် စက္ကူလေး လာပို့ပေးကြပါဦးဗျ!"
"ကယ်ကြပါဦး!"
သားအဖနှစ်ဦးမှာ အားကုန်အော်ဟစ်နေကြသော်လည်း စောစောလေးတင် ဆူညံပွက်လောရိုက်နေသော ပတ်ဝန်းကျင်မှာ ယခုအခါ လုံးဝ တိတ်ဆိတ်သွားချေပြီ။ ငြိမ်သက်နေသော ညဉ့်ဦးယံတွင် ချမ်းစိမ့်စိမ့် လေအေးတစ်ချက် တိုက်ခတ်သွားလေသည်။
ကျန်းရှင်းဖှ; "လူရှိလားဗျို့! တစ်ယောက်ယောက် ရှိလား! ရှိရင် အသံလေး ပေးကြပါဦး!"
နှစ်ယောက်စလုံးမှာ စက္ကူတစ်ရွက်မှ ပါမလာကြပေ။ အစောပိုင်းက ဗိုက်အောင့်မှုကို သီသီလေး အောင့်ထားနိုင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ပြဿနာသစ်နှင့် ရင်ဆိုင်နေရလေပြီ။ စက္ကူလည်းမပါ... ဗိုက်ကလည်း နာ... "ကယ်ကြပါဦး! ကယ်ကြပါဦး!" ဟု အကြိမ်ကြိမ် အော်ဟစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ပြန်လည် ထူးခြင်း မရှိသောအခါ
သူတို့ အဘယ်ပြောရမှန်းပင် မသိတော့ပေ။
မိမိတို့ကိုယ်ကို အလွန် ကံဆိုးသူများဟု ခံစားနေရသော်လည်း အနည်းဆုံးတော့ ကြီးမားသော ဘေးဒုက္ခမျိုး မကြုံတွေ့ရသဖြင့် ရွှီကောင်းမင်တို့ လင်မယားထက်စာလျှင် ပို၍ အခြေအနေ ကောင်းသေးသည်ဟု တွေးကာ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေကြရသည်။ အမှန်စင်စစ် မိမိထက် ဆိုးရွားသူကို တွေ့ရခြင်းမှာ စိတ်သက်သာရာရစရာ တစ်ခုပင် ဖြစ်သည် မဟုတ်ပါလော။
ကျန်းရှင်းဖှ; "မအေ-ိုးတွေ .. အားလုံးက အယုတ်တမာတွေပဲ! ခုနတင်က အပြင်မှာ ရှိနေကြတာကို အခုကျတော့ ဘယ်လိုဖြစ်ပြီး အကုန် လွင့်စင်ကုန်ကြတာလဲ။ အသည်းနှလုံး မရှိတဲ့ လူယုတ်မာတွေ! သူတို့အားလုံး အဆိပ်မှိုစားပြီး သေကုန်ရင် ကောင်းမှာပဲ! တကယ့် လူယုတ်မာတွေ!"
"သူတို့တွေ အပြင်မှာ ရှိနေတုန်းပဲ ဖြစ်မှာပါ၊ ငါတို့ အရှက်ကွဲတာကို ချောင်းကြည့်နေကြတာ ဖြစ်လိမ့်မယ်။ လောကကြီးကတော့ ပျက်စီးနေပြီ၊ လူတွေရဲ့ စိတ်ဓာတ်ကလည်း အရင်လို မဟုတ်တော့ဘူး"
အဘိုးကြီးကျန်းမှာ အဆိုးမြင်စွာ ဆိုလေသည်။
"ဒါက တကယ့်ကို ကိုယ်ကျင့်တရား မရှိတာပဲ! အရှက်မရှိတဲ့ လူတွေ!"
"မင်း ထပ်အော်ဦးမလား... အင်း... ငါ့ဗိုက်က တော်တော်နာနေပြီ..."
ထိုလူနှစ်ဦးမှာ အော်ဟစ်လွန်းသဖြင့် အသံများပင် အင်ကွဲနေရှာပြီဖြစ်၏။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အပြင်သို့ ထွက်မလာကြပေ။ ပုံမှန်ဆိုလျှင် ညဘက်တွင် အိမ်သာတက်မည့်သူ အနည်းဆုံး တစ်ယောက်တစ်လေတော့ ရှိစမြဲ ဖြစ်သော်လည်း ယနေ့ညတွင်မူ တစ်ယောက်မှ ပေါ်မလာချေ။ သူတို့သားအဖမှာ ရူးမတတ် ဒေါသထွက်နေကြရသည်။ ပို၍ ဆိုးသည်မှာ အတင်းရုန်းထွက်ရန် ကြိုးစားသော်လည်း ဗိုက်က အလွန်အမင်း နာကျင်နေသဖြင့် မထနိုင်ခြင်းပင်။ နှစ်ဦးစလုံး အသည်းအသန် ဝမ်းလျှောနေကြ၏။
"ကျွန်တော်တို့ မှိုစားခဲ့တာမှ မဟုတ်တာ။"
"မှိုစားမိရင် ဝမ်းလျှောနေမှာ မဟုတ်ဘူး၊ အခုဆို ရူးနေလောက်ပြီ။"
သူတို့မှာ ဆောင့်ကြောင့်ထိုင်နေရလွန်းသဖြင့် ခြေထောက်များပင် ညောင်းညာ ထုံကျင်နေပြီဖြစ်သည်။
သို့သော်လည်း အခြေအနေကို ဝေဖန်ပိုင်းခြားရန်မူ အားအင် ရှိနေကြသေး၏။
"ဒါဆို ဘာဖြစ်တာလို့ အဖေ ထင်သလဲ? မကောင်းတာ တစ်ခုခု စားမိတာ မဟုတ်ရင် ကျွန်တော်တို့ ဘယ်လိုဖြစ်ပြီး နှစ်ယောက်စလုံး ဝမ်းလျှောနေရမှာလဲ?"
ကျန်းရှင်းဖှမှာ အလွန်အမင်း မကျေမနပ် ဖြစ်နေရှာသည်။ သူသည် အိမ်သာအကန့်၏ နံရံနိမ့်လေးကို မှီထားရင်း မအီမသာ ဖြစ်လွန်းသဖြင့် မေ့လဲတော့မည့်အလား ခံစားနေရ၏။
အဘိုးကြီးကျန်းမှာလည်း သားဖြစ်သူထက် မသာလှပေ။ သူ၏ မျက်လုံးများမှာ ဝေဝါးနေသော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ
"မြွေသားက ကောင်းကောင်း မကျက်တာများလား?"
သူတို့မှာ ဟင်းချက်နေစဉ် အပြင်ဘက်မှ ဆူညံသံများကို ကြားရသဖြင့် ဘာဖြစ်သည်ကို ကြည့်ရန် အပြေးအလွှား ထွက်ခဲ့ကြခြင်း ဖြစ်၏။ ထိုစဉ်က ဟင်းမှာ လုံးဝ မကျက်သေးသည်မှာ ဖြစ်နိုင်လေသည်။
"အား... ဟုတ်မှာပါ၊ ဟုတ်နိုင်တယ်၊ ကျွန်တော် စားတဲ့ အတုံးထဲမှာ သွေးစလေးတွေ တောင် ပါနေသေးသလားလို့။"
"မင်းအမေကတော့ တကယ့်ကို အသုံးမကျတဲ့ မိန်းမပဲ၊ ဒီလောက် ရိုးရှင်းတာလေးကိုတောင် အောင်မြင်အောင် မလုပ်နိုင်ဘူး။ ဟင်းကောင်းကြီးကို ဒီလိုဖြစ်အောင် လုပ်ပြီး ငါတို့ကိုပါ ဒုက္ခပေးလိုက်တာ။ သူကိုယ်တိုင်ကတော့ တစ်လုပ်မှ မစားဘူး၊ အဲ့ဒီ အလေအလွင့် အဘွားကြီးကတော့ တကယ့်ကို ဂြိုလ်ဆိုးပဲ!"
အဘိုးကြီးကျန်း ဒေါသတကြီး ကျိန်ဆဲလေသည်။ ကျန်းရှင်းဖှမှာလည်း ညည်းညူမြည်တမ်းလိုက်၏။
"အင်း... ကျွန်တော်ကတော့ ဘဝ ရှစ်ဆက်စာလောက် ကံဆိုးနေတာပဲ"
"အား... မရတော့ဘူး... အို... ဗိုက်ထဲက... အား..."
သူတို့နှစ်ဦးမှာ အိမ်သာထဲတွင် တစာစာ ကျိန်ဆဲနေကြပြီး အကူအညီတောင်းရန်ပင် စိတ်မပါတော့ချေ။ ထားလိုက်ပါတော့...
စက္ကူမပါလည်း မတတ်နိုင်တော့ဘူး။
မည်သို့ပင်ဖြစ်စေ ဗိုက်က အသည်းအသန် နာနေသဖြင့် အပြင်သို့ ထွက်ရန်လည်း မစွမ်းသာကြချေ။ သားအဖနှစ်ဦးမှာ နွေဦးလေညင်းများအကြား အိမ်သာထဲတွင် ဆောင့်ကြောင့်ထိုင်ရင်း တစ်ယောက်ကလည်း မထနိုင်၊ နောက်တစ်ယောက်ကလည်း မထနိုင် ဖြစ်နေကြရရှာသည်။
မာကျန့်ယီနှင့် အဖွဲ့သားများ ပြန်ရောက်လာချိန်တွင်မူ အရုဏ်တက်နေပြီဖြစ်၏။
လူတိုင်းမှာ နွမ်းလျနေပုံ ရလေသည်။ မတတ်နိုင်ပေ၊ လူနာကို ဆေးရုံပို့ပြီးဖြစ်သော်လည်း ရွှီကောင်းမင်၏ သားသုံးယောက်အနက် တစ်ယောက်မျှ ပေါ်မလာကြချေ။ အိမ်နီးချင်းပီပီ လူနာကို ပစ်ထားခဲ့ရန်လည်း မသင့်တော်ပေ။ သို့သော် လမ်းတစ်လျှောက်လုံးတွင်မူ အဘွားကြီးကျောက်နှင့် အခြားသူများမှာ ရွှီကောင်းမင်၏ သားသုံးယောက်အကြောင်းကို အားရပါးရ အတင်းပြောလာခဲ့ကြသည်။
အဘွားကြီးကျောက်; "ကျွန်မ ဘာပြောခဲ့သလဲ? ဟင်... ဘာပြောခဲ့သလဲ? သူ့သား သုံးယောက်စလုံးက အားကိုးလို့မရဘူးဆိုတာ အမှန်ပဲ! သူကတောင် ကျွန်မကို သူ့သားတွေနဲ့ ဝိုင်းရိုက်ခိုင်းဦးမလို့တဲ့၊ ဟားဟား၊ ဘယ်မှာလဲ အဲ့ဒီသားတွေ? ဘယ်မှာလဲ? မျက်နှာတောင် မဖော်ဝံ့ကြဘူး။ လိပ်တွေထက်တောင် ပိုပြီး ပုန်းတတ်ကြသေးတယ်"
အဘွားကြီးဟွမ်သည်လည်း အားကျမခံ ထောက်ခံလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ်... ကျုပ်သားသာ အဲ့ဒီလိုဆိုရင်တော့ ခြေထောက်ကို ရိုက်ချိုးပစ်မှာ"
အခြားသူများမှာ နှုတ်ဆိတ်နေကြသော်လည်း စိတ်ထဲမှမူ သဘောတူနေကြ၏။ ရွှီကောင်းမင်၏ သားသုံးယောက်စလုံးမှာ အတော်ပင် သာမန်ကာလျှံကာများ ဖြစ်ကြသည်။ အကြီးဆုံးသားမှာ ခရီးထွက်နေပြီး သူ၏ ဇနီးဖြစ်သူမှာမူ ယဉ်ကျေးဟန်ပြသော်လည်း "ကလေးထိန်းနေရလို့ မအားဘူး" ဟုသာ အကြောင်းပြကာ ရှောင်ထွက်သွားသည်။ သားလတ်မှာ ယောက္ခမအိမ်သို့ သွားနေသဖြင့် အိမ်တွင် မရှိချေ။ အငယ်ဆုံးသားမှာမူ အလုပ်ဆင်းကတည်းက ပျောက်ချက်သား ကောင်းနေသဖြင့် ရှာ၍ပင် မရပါချေ။
ဒါ ဘယ်လို သားသမီးတွေပါလိမ့်?
သုံးစားမရတဲ့ဟာတွေ!!!
အဘွားကြီးကျောက်: “ကျုပ် သူတို့ကိုမြင်လိုက်…အား!!! ဗုဒ္ဓေါ!!! ဘာကြီးလဲ”
သူမသည် မတော်တဆ လှမ်းကြည့်မိလိုက်ရာ အများသုံးအိမ်သာအဝင်ဝတွင် ဖြူဖျော့နေသော ခေါင်းတစ်ခု ပြူထွက်နေသည်ကို တွေ့လိုက်ရသည်။ မျက်တွင်းများမှာ ဟောက်ပက်ဖြစ်ပြီး မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူစုတ်နေရာ …
"အမလေး... သရဲကြီး!"
အဘွားကျောက်မှာ လန့်ဖျန့်ပြီး ခုန်တက်သွားတော့၏။
ကျန်းရှင်းဖှမှာမူ တစ်စုံတစ်ဦး ပြန်လာသည်ကို မြင်လိုက်ရသဖြင့် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလာရှာပြီး သူသည် လက်ကိုဆန့်တန်းကာ "အမေ... ကျွန်တော့်ကို ကယ်ပါဦး!" ဟု အော်ဟစ်ငိုယိုလေတော့သည်။
အဘွားကြီးကျောက်သည် မာကျန့်ယီနှင့် ဝမ်တာ့ချွေတို့၏ နောက်ကွယ်တွင် အလျင်အမြန် ပုန်းလိုက်ပြီးမှ အကဲခတ်ကြည့်ရှုလိုက်၏။
"ဟယ်... ဒါက ဘာဖြစ်တာလဲ?"
"ဒါ ကျန်းရှင်းဖှမဟုတ်လား?"
"သူ အိမ်သာထဲမှာ ဘာလုပ်နေတာလဲ?"
အဘွားကြီးဟွမ်လည်း လန့်အော်ကာ ခုန်တက်သွားပြန်သည်။
"သား... ဘာဖြစ်လို့လဲ! ဒီမှာ ဘာလုပ်နေတာလဲ? ဘာတွေ ဖြစ်ကုန်တာလဲ?"
ကျန်းရှင်းဖှ၏ နှုတ်ခမ်းများမှာ တုန်ရီနေပြီး
"အိမ်သာသုံးစက္ကူ... ယူလာဖို့ မေ့သွားလို့..."
သူသည် တစ်ညလုံးနီးပါး ဆောင့်ကြောင့်ထိုင်နေခဲ့ရသဖြင့် အားအင်ကုန်ခမ်းနေပြီဖြစ်ကာ ဘောင်းဘီပင် ပြန်မဝတ်နိုင်သေးဘဲ အိမ်သာဝတွင် တစ်ဝက်တစ်ပျက် လဲလျောင်းလျက် အသက်လုကာ အကူအညီ တောင်းနေရခြင်း ဖြစ်သည်။ ကယ်တင်ရှင်ကို မြင်လိုက်ရသောအခါ မျက်ရည်များ ဝဲလာကာ "စက္ကူ... စက္ကူလေး..." ဟု တောင်းဆိုနေရှာ၏။
လူတိုင်းမှာ သံသယဝင်နေကြ၏။ မည်သူမျှ မစင်ကျင်းထဲ ခုန်မချခဲ့ကြသော်လည်း ဤနေရာကိုမူ အားလုံးမှာ နည်းနည်းတော့ လန့်နေကြဆဲ ဖြစ်သည်။ သူတို့သည် ကျန်းရှင်းဖှကို သတိကြီးစွာဖြင့် အကဲခတ်နေကြရာ ကျန်းရှင်းဖှတစ်ယောက် တုန်ချိနေသော အသံလေးဖြင့် ရှင်းပြရရှာ၏။
"ကျွန်တော် ဝမ်းလျှောနေလို့ပါဗျာ..."
မာကျန့်ယီ၏ တင်းမာနေသော မျက်မှောင်များမှာ ယခုမှပင် အနည်းငယ် ပြေလျော့သွားပြီး သူသည် အဘွားကြီးဟွမ်ကို လောဆော်လိုက်သည်။
"အဘွားကြီးဟွမ်... မြန်မြန်အိမ်ပြန်ပြီး စက္ကူသွားယူချေ"
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အခုသွားပါပြီ!"
အဘွားကြီးဟွမ်မှာ စကားဆိုကာ အိမ်သို့ အပြေးအလွှား ပြန်သွား၏။
လူများလည်း ထပ်မံ၍ မပြေးကြတော့ဘဲ ကျန်းရှင်းဖှ၏ အခြေအနေကို ကြည့်ကာ တစုတ်စုတ်နှင့် သနားနေကြလေသည်။
သူ့ပုံစံမှာ သရဲမက သွေးစုပ်ထားသည့်အလား အင်အား ချည့်နဲ့နေလေ၏။
အဘွားကြီးကျောက်သည် အနားကပ်၍ သေသေချာချာ ကြည့်ရှုချင်သော်လည်း မာကျန့်ယီက ချက်ချင်းပင် "အဘွားကြီးကျောက်! တော်တော့!" ဟု အော်တားလိုက်ရသည်။
အဘွားကြီးကျောက်မှာ နွမ်းနယ်ဟန်ဖြင့် ပြုံးလိုက်ပြီး
"ငါက ပတ်ပတ်လည် ကြည့်ရုံပါအေ့၊ ဘာလို့ ဒီလောက် အော်နေရတာလဲ။ ကျန်းရှင်းဖှက လူပျိုပေါက်လေးမှ မဟုတ်တာ"
ဘေးပတ်ဝန်းကျင်မှ လူများမှာ တဟားဟား ရယ်မောကုန်ကြ၏။
ကျန်းရှင်းဖှမှာ တစ်ညလုံး ဆောင့်ကြောင့်ထိုင်ခဲ့ရပြီး တစ်ညလုံး ဝမ်းလျှောနေခဲ့သဖြင့် အင်မတန် နွမ်းလျနေကာ ယခုအချိန်တွင် အဘွားကြီးကျောက်နှင့် စကားနိုင်လုရန် အားအင် မရှိတော့ပေ။ သူသည် အိမ်သာကျောက်နံရံကို မှီထားရပြီး မျက်နှာလေးသာ ပြူထွက်လျက် သေလုမျောပါး ဖြစ်နေတော့သည်။ မျက်ခွံပင် မပင့်နိုင်တော့ဘဲ နှုတ်ခမ်းများမှာ ဖြူဖျော့ခြောက်ကပ်ကာ မျက်နှာမှာလည်း သေကမ္ဘာမှ ပြန်လာသည့်အလား ဖြူစုတ်နေ၏။
"လာပြီ၊ လာပြီ! ငါ ရောက်ပြီ!"
အမှန်ပင် မိခင်မေတ္တာမှာ အားကိုးရဆုံး ဖြစ်လေသည်။ အဘွားကြီးဟွမ်ခမျာ "မြန်မြန်... ဒီမှာ!" ဟု ဆိုကာ အပြေးအလွှား ရောက်လာ၏။
“မင်းအဖေကိုလည်း ရှာမတွေ့ဘူး၊ အိမ်မှာလည်း မရှိဘူး။ တကယ်ပဲ... ဘယ်တွေ ရောက်နေမှန်း မသိဘူး..."
"ငါ ဒီမှာ..."
အိမ်သာထဲမှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် အဘွားကြီးဟွမ်မှာ လန့်သွားရ၏။
"အမလေး!"
ခဏအကြာတွင်မှ သူမ၏ ခင်ပွန်းဖြစ်သူမှန်း မှတ်မိသွားကာ
"အိုး... ရှင်တို့ သားအဖ ဘာတွေ ဖြစ်ကုန်ကြတာလဲ? ဘာတွေ ဖြစ်တာလဲ! အို... ငါ့လူကြီးရယ်! ရှင် သေလို့ မဖြစ်ဘူးနော်၊ ရှင် သေသွားရင် ငါ ဘယ်လိုလုပ်ရမလဲ! ငါ့ယောကျာ်းရဲ့!"
အဘွားကြီးဟွမ်သည် ငိုယိုအော်ဟစ်ကာ ယောကျာ်းလေးအိမ်သာထဲသို့ ပြေးဝင်သွားလေသည်။ လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး
"ရပါတယ်၊ ဝင်ပါစေ။ အထဲမှာလည်း သူမရဲ့ ယောကျာ်းနဲ့ သားပဲ ရှိတာကိုး"
ကျန်းရှင်းဖှသည် စက္ကူကို ဆုပ်ကိုင်လျက် အထဲသို့ တရွတ်တိုက် ဝင်သွားလေသည်။ ခဏအကြာတွင် လူတိုင်း အံ့အားသင့်စွာ ကြည့်နေစဉ်မှာပင် ကျန်းမိသားစု သားအဖနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး တွဲကူလျက် အိမ်သာထဲမှ ထွက်လာကြ၏။ နှစ်ဦးစလုံးမှာ တစ်ညလုံး ဝမ်းလျှောထားကြသဖြင့် မျက်နှာများမှာ ပြာနှမ်းဖြူဆွတ်နေနေသည်။
အဘွားကြီးဟွမ်သည် နောက်မှ မျက်ရည်စက်လက်ဖြင့် လိုက်ပါလာကာ
"ဘုရား... ဘုရား... ကောင်းကင်ကြီးက တကယ်ကို ရက်စက်လွန်းတယ်။ ဘယ်လိုဖြစ်ပြီး ဒါမျိုးတွေ ဖြစ်ရတာလဲ! ဘာတွေ ဖြစ်ကုန်တာလဲ! အသည်းနှလုံး မရှိတဲ့ လူယုတ်မာတွေ! ငါ့ယောကျာ်းနဲ့ သား တစ်ညလုံး အိမ်သာထဲမှာ နေနေရတာကို တစ်ယောက်မှ စက္ကူလေးတောင် လာမပေးကြဘူး! မင်းတို့တွေက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။ လူစိတ်မရှိတဲ့ အကောင်တွေ! ငါ့ရဲ့ သနားစရာ လူကြီးနဲ့ သားလေး ခံစားလိုက်ရတာ..."
မာကျန့်ယီ; "ဘာဖြစ်ကြတာလဲ?"
သူသည် မှိုအဆိပ်သင့်ပြန်ပြီလားဟု ထပ်မံ သံသယဝင်မိသွားသည်။
ဤသို့ပြောလိုက်ရာ အဘိုးကြီးကျန်းမှာ အဘွားကြီးဟွမ်ကို အငြိုးတကြီး စိုက်ကြည့်ကာ
"ဒါ အားလုံး သူမကြောင့်ပဲ! မြွေသားဟင်းကို သေသေချာချာ မချက်တတ်ဘဲနဲ့ ချက်ကျွေးလို့ ငါတို့ သားအဖနှစ်ယောက်လုံး ဒီလို ဒုက္ခရောက်ကုန်တာ..."
"ဟုတ်တယ် အမေ၊ အမေက ဘာလို့ ဒီလောက် အသုံးမကျရတာလဲ... အား!"
ကျန်းရှင်းဖှသည် ယိုင်တိယိုင်တိုင်ဖြင့် ဘုန်းခနဲ လဲကျသွားလေသည်။ တစ်ဦးကိုတစ်ဦး တွဲကူနေကြသည့် အဘိုးကြီးကျန်းနှင့် ဇနီးဖြစ်သူတို့လည်း အရှိန်ဖြင့် ပါသွားကြပြီး နှစ်ယောက်စလုံး မြေကြီးပေါ်သို့ မှောက်ရက်သား လဲကျကုန်ကြ၏။
"အမလေး... ဘာတွေဖြစ်ကုန်တာလဲ"
"ဘုရား... ဘုရား..."
ကျန်းရှင်းဖှ၏ ခြေထောက်များမှာ လုံးဝ အားမရှိတော့ပေ။ သူသည် နာကျင်နေသော မျက်နှာပေးဖြင့် သူ့အမေကို ကြည့်ကာ ဗိုက်ကိုဖိလျက် - "ဗိုက်က ပြန်နာလာပြန်ပြီ..." ဟု ညည်းတွားလေသည်။
သူ စိတ်ပျက်အားငယ်စွာဖြင့်
"ကျွန်တော့်ကို ဆေးရုံ ပို့ပေးကြပါဦး..."
သူ သေရမည်ကို အလွန်အမင်း ကြောက်လန့်နေ၏။ ဤအတိုင်းသာ ဆက်သွားလျှင် သူ အသက်ပါ ထွက်သွားနိုင်သည် မဟုတ်ပါလော့။
"ကျွန်တော် ဆေးရုံသွားမှ ဖြစ်မယ်ထင်တယ်..."
သူခမျာ အားနည်းသောအသံဖြင့် ဝမ်းနည်းပက်လက် ပြောနေရှာသည်။
အဘိုးကြီးကျန်းသည်လည်း ယိုင်နဲ့နဲဖြင့် "ငါ့ကိုပါ ခေါ်သွားကြပါ..." ဟု ဆိုလိုက်၏။ သူသည်လည်း ဝေဒနာ အပြင်းအထန် ခံစားနေရလေသည်။
မာကျန့်ယီမှာမူ - "......................................................"
ဤဝင်းတာဝန်ခံဘဝမှ သူ ဘယ်တော့မှ အနားယူခွင့်ရပါမည်နည်း။ တစ်ပြားတစ်ချပ်မှလည်း မရဘဲ နေ့တိုင်း ဤကဲ့သို့ ဒုက္ခမျိုးစုံကို သည်းခံနေရသည်မှာ မာကျန့်ယီအတွက်တော့ စိတ်ဓာတ်ကျစရာပင် ဖြစ်နေသည်။
"ဦးလေးမာ... ဒါကို ကြည့်ပါဦး..."
"ဦးလေးမာ... ကျွန်တော်တို့ အိမ်ပြန်ပြီး ပြင်ဆင်မှ ဖြစ်မယ်၊ အလုပ်သွားရတော့မှာမို့လို့ပါ"
"ဟုတ်တယ်၊ ကျွန်တော်တို့လည်း မတောင့်ခံနိုင်တော့ဘူး"
လူများမှာ ဂရုမစိုက်၍ မဟုတ်ဘဲ အလုပ်ခွင့်ရက်ယူလျှင် လစာအဖြတ်ခံရမည် ဖြစ်သည့်အပြင် ရက်မှန်ဆုကြေးလည်း ဆုံးရှုံးမည်ဖြစ်ရာ ထိုအရှုံးကို သူတို့ မခံချင်ကြပေ။
ဝမ်တာ့ချွေမှာ ပြတ်ပြတ်သားသားပင် ဆိုလိုက်၏။
"ကျုပ် အလုပ်လုပ်လာတာ ၁၅ နှစ်ရှိပြီ၊ တစ်ရက်မှ ခွင့်မယူဖူးဘူး။ ဒီရက်မှန်မှတ်တမ်းကိုတော့ ဘယ်သူမှ လာဖျက်လို့မရဘူး၊ ငရဲမင်းတောင် လာဖျက်လို့မရဘူးဟေ့!"
သူကိုယ်တိုင် အစာအဆိပ်သင့်၍ ဆေးရုံတက်နေရစဉ်ကပင် မနက်တိုင်း အလုပ်သွားခဲ့သူ ဖြစ်၏။ ၎င်းမှာ သူ၏ ဂုဏ်သိက္ခာပင် ဖြစ်လေသည်။
ဘယ်လိုမှ အပျက်မခံနိုင်ပါချေ!
သူသည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် "ဒီကိစ္စထဲမှာတော့ ငါ မပါနိုင်ဘူး" ဟု ဆိုလိုက်၏။
အဘွားကြီးကျောက်သည်လည်း ဝင်ညှောင့်လိုက်လေသည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မလည်း စည်းကမ်းမဖောက်ဖျက်နိုင်ဘူး!"
သူမလည်း လစာအဖြတ်မခံလိုပေ။ အတင်းအဖျင်း ကြည့်ရသည်မှာ အဆင်ပြေသော်လည်း ယခုကိစ္စအတွက် လစာအရှုံးခံရန်မှာမူ မဖြစ်နိုင်ပါချေ။ အားလုံးက ငြင်းပယ်နေကြသဖြင့် မာကျန့်ယီမှာ တကယ့်ကို နွမ်းလျနေရှာ၏။ သူ အင်မတန် ပင်ပန်းနေရသလို၊ တကယ့်ကို စိတ်ပျက်နေမိသည်။
သူ ခဏမျှ စဉ်းစားပြီးနောက်
"မင်းတို့နှစ်ယောက် အရင်ဆုံး လက်တွန်းလှည်းပေါ်တက်နှင့်ကြ။ အဘွားကြီးဟွမ်... ဝင်းထဲသွားပြီး အလုပ်မရှိတဲ့သူ အချို့ကို လာကူခိုင်းလိုက်ဦး"
အဘွားကြီးဟွမ် ချက်ချင်းပင် ငိုယိုကာ
"မာကျန့်ယီ... ရှင် ကျွန်မတို့ကို ပစ်မထားပါနဲ့! ရွှီကောင်းမင်တို့ကိုကျတော့ လိုက်ပို့ပေးပြီး ကျွန်မတို့ကိုကျတော့ ဘာလို့ မပို့ပေးနိုင်ရတာလဲ? ရှင် ခွဲခြားလို့မရဘူးနော်! ကျွန်မတို့ မိသားစုက ရှင့်ရဲ့ အလုပ်တွေကို အမြဲတမ်း ထောက်ခံပေးခဲ့တာပါ!"
မာကျန့်ယီ၏ မျက်နှာမှာ မည်းမှောင်သွားပြီး
"ပါးစပ်ပိတ်စမ်း! ဘာတွေ အော်နေတာလဲ? ဘယ်သူက လိုက်ပို့ပေးမှာလဲ? ဘာလို့ ငါပဲ ဖြစ်နေရမှာလဲ? သူတို့ကို ဆက်ပြီး ဒုက္ခမရောက်စေချင်ရင် အခုချက်ချင်း သွားခေါ်ချေ! တကယ့်ကိုပဲ! လူစကား နားမလည်ဘူးလား? ဒီလိုကိစ္စမျိုးက ဆရာဝန်ရှိတာပဲ၊ ဘယ်သူ လိုက်ပို့ပို့ ဘာအရေးကြီးလို့လဲ!"
အဘွားကြီးဟွမ် တစ်ခုခု ထပ်ပြောချင်သေးသော်လည်း အဘိုးကြီးကျန်း ဒေါသတကြီးဖြင့် -"အခုချက်ချင်း သွားခေါ်စမ်း!" ဟု အော်လိုက်သဖြင့် သူမလည်း ငိုယိုလျက် ဝင်းထဲသို့ အပြေးအလွှား သွားလေတော့သည်။ မကြာမီမှာပင် လင်စန်းရှန်းနှင့် အခြားအမျိုးသမီး အချို့ကို ခေါ်လာခဲ့၏။ အဘွားကြီးကျောက်မှာ နှာခေါင်းရှုံ့လိုက်မိသည်၊ လင်စန်းရှင်း၏ စိတ်ပျော့ကာ အလိုက်သင့်နေတတ်လွန်းသော စိတ်ဓာတ်ကို သူမ အမြင်မကြည်ပေ။ သူမသည် လက်ကို အိတ်ကပ်ထဲထည့်ကာ အကဲခတ်နေရင်း အဘွားကြီးဟွမ်တစ်ယောက် လူနာများကို ဆေးရုံသို့ တွန်းသွားသည်ကို ကြည့်ကာ တံတွေးတစ်ချက် ထွေးလိုက်လေသည်။
ကျန်းမိသားစု၏ သတင်းမှာ မနက်အစောကြီးကတည်းက ပြန့်နှံ့နေပြီဖြစ်ကာ ဝင်းထဲရှိ လူတိုင်းမှာ မျက်နှာသစ်ရင်း ဝိုင်းဝန်းပြောဆိုနေကြ၏။
"ဟေ့... နေပါဦး၊ သူတို့ တစ်ညလုံး အိမ်သာထဲမှာ နေခဲ့ကြတာလား? ဒါဆိုရင်တော့ သူတို့တွေ တစ်ကိုယ်လုံး 'စိမ်' ထားသလို ဖြစ်နေတော့မှာပဲ!"
"ငါ့အထင်တော့ အဘွားကြီးဟွမ်က ကြွားချင်လွန်းလို့ပါ။ မြွေတစ်ကောင်မိတာ နာမည်တောင် မသိဘဲနဲ့ ချက်စားလို့ ဗိုက်နာတာ နေမှာပေါ့"
"မြွေဆိုတာ တွေ့ကရာ လျှောက်စားလို့ရတာမှ မဟုတ်တာ။ ဒါက ပေါ့ပေါ့ဆဆ လုပ်လို့ရတဲ့ အရာမှ မဟုတ်ဘဲ"
"ဘာကို ဆိုလိုတာလဲ?"
"ဟူး... ညည်းတို့ နားမလည်ပါဘူးအေ့"
စကားပြောသူမှာ တိတိကျကျ မပြောဘဲ ရှောင်လွှဲနေ၏။ အများကြီးပြောမိလျှင် အယူသီးမှုဖြင့် အဖမ်းခံရမည်ကို စိုးရိမ်သောကြောင့်ပင်တည်း။ ယနေ့ကာလတွင် တော်လှန်ရေးကော်မတီမှာလည်း တော်တော်လေး အလုပ်ရှာနေသည် မဟုတ်ပါလော့။
ကျန်းမိသားစု၏ ကံဆိုးမိုးမှောင်ကျမှု သတင်းကို မနက်စောစောကတည်းက ကြားလိုက်ရသည့် ချန်ချင်းယွီမှာ မအောင့်နိုင်ဘဲ တဟားဟား ရယ်မောမိလေ၏။
သူမ ခန့်မှန်းခဲ့တာ ကွက်တိပါပဲလား။
သူမ ရယ်သံကြောင့် အဘွားကျောက်မှာ လန့်သွားပြီး စိုးရိမ်တကြီးဖြင့် တိုးတိုးလေး မေးရှာသည်။
"ဟိုလေ... ချွေးမ... ဒါ ညည်း လက်ချက်တော့ မဟုတ်ပါဘူးနော်?"
ချန်ချင်းယွီ မျက်စောင်းတစ်
ချက် ထိုးလိုက်ပြီး ပြန်ပက်လိုက်၏။
"အမေ့စိတ်ထဲမှာ ကျွန်မက လူသတ်သမား မှောက်မှားနေတဲ့ မိစ္ဆာမကြီးများ ထင်နေတာလား? စိတ်ထင်ရင် ထင်သလို လူတွေကို အဆိပ်ခတ်နေတဲ့သူလို့ ထင်နေတာလား?"
အဘွားကြီးကျောက်; "တကယ်ပဲ... ညည်း သူတို့ဟင်းထဲ 'ပွေးကိုင်းဆီ' (ဝမ်းနှုတ်ဆေး) ထည့်လိုက်တာ မဟုတ်ဘူးလား?"
ချန်ချင်းယွီ - "..."
နေပါဦး၊ ဒီအဘွားကြီးရဲ့ စိတ်ထဲမှာ သူမကို ဥပဒေမဲ့ ပုဂ္ဂိုလ်တစ်ယောက်လို မြင်နေတာလား။
သူမ အဘွားကြီးကျောက်ကို စိုက်ကြည့်နေသဖြင့် အဘွားကြီးကျောက်မှာ ထစ်ထစ်ငေါ့ငေါ့ဖြင့်
"ညည်း... ညည်း... တကယ်ပဲ... မဟုတ်ဘူးလား?"
ချန်ချင်းယွီ - "တောက်!"
"သူတို့က ဆေးရုံသွားပြီး စစ်ဆေးခံရမှာလေ။ ကျွန်မက အဲ့ဒီလောက်အထိ အူကြောင်ကြောင်နိုင်တယ်လို့ အမေ ထင်နေတာလား? နောက်ပြီး သူတို့က ကျွန်မကို ဘာမှလုပ်ထားတာလည်း မဟုတ်ဘဲနဲ့၊ ဘာကိစ္စ သူတို့ပါးစပ်ထဲ ဝမ်းနှုတ်ဆေး သွားထည့်ရမှာလဲ? အမေရယ်... အမေကိုယ်တိုင်က အဲ့ဒီလို စိတ်ကူးရှိနေလို့ သူများတွေကိုလည်း လိုက်သံသယဝင်နေတာ မဟုတ်လား?"
"ဘယ်ကသာ... မဟုတ်ပါဘူးအေ့။"
ချန်ချင်းယွီ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
"တကယ် မဟုတ်ပါဘူးဆို!"
အဘွားကြီးကျောက် နှုတ်ခမ်းစူလိုက်မိလေသည်။
ဘုရားစူး ..သူမမှာ ဘယ်သူ့ကိုမှ တကယ် အန္တရာယ်ပြုဖို့ မဝံ့ရဲတာပါ။
သူမအနေဖြင့် အတ္တကြီးပြီး ကျိုးကြောင်းဆင်ခြင်မှု မရှိသောသူ ဖြစ်သော်လည်း ရူးသွပ်နေသော မိန်းမမဟုတ်၍ ဤကဲ့သို့မျိုး လုပ်
ရန် မဝံ့ရဲပေ။ ယခင်နေ့မှ ရွှီကောင်းမင်တို့ လင်မယားကို ချောက်ချပုံကို တွေးမိသောအခါ ပုခုံးတစ်ချက်
တုန်၍ တွန့်လိုက်မိသော်လည်း ချက်ချင်းပင် ဟန်ပြန်ဆောင်လိုက်သည်။
ဘာကြောက်စရာရှိလဲ!! မကြောက်ပါဘူး!!
အကယ်၍ သူတို့သာ ထိုကိစ္စကို မသိခဲ့လျှင် မနေ့က အရှက်ကွဲရမည်သူမှာ သူတို့ သမီးယောက္ခမှာသာ ဖြစ်နေမည်ပင်။
ရွှီကောင်းမင်တို့ လင်မယား ခံစားရတာဟာ ထိုက်တန်တဲ့ ဝဋ်လည်တာပဲ!!
သူတို့သာ သူတစ်ပါးကို မကြံစည်ခဲ့ရင် ဒါမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး!!
"ဘာပဲဖြစ်ဖြစ်... အမလေး ဘုရား ဘုရား!"
သူမ တစ်ခုခု ပြောဖို့ အလှည့် အုတ်ခုတင်ပေါ်က သားဖြစ်သူရဲ့ ဓာတ်ပုံကို မြင်သွားလေသည်။ အဘွားကြီး ရင်ဘတ်ကို ဖိလိုက်ပြီး ချန်ချင်းယွီကို ကြည့်ကာ ပို၍ပင် ထိတ်လန့်သွားမိ၏။
ဒါ... ဒါက ဘာပုံကြီးလဲ? ချန်ချင်းယွီက ဒီဓာတ်ပုံကြီးနဲ့ အတူအိပ်နေတာလား?
သူမ သားအရင်း၏ဓာတ်ပုံ ဖြစ်သော်လည်း အဘွားကြီးကျောက်မှာ ကြောက်လွန်းလို့ တုန်နေ၏။
သူမ ကြောက်ရွံ့မှုအပြည့်နှင့် ချန်ချင်းယွီကို ကြည့်ရင်း တုန်တုန်ရင်ရင်ဖြင့်
"ငါ... ငါ... အခု အလုပ်သွားရတော့မယ်။ နောက်ကျလို့ မဖြစ်ဘူး၊ မဟုတ်ရင် လစာအဖြတ်ခံရလိမ့်မယ်"
သူမ ဒီအိမ်ထဲမှာ တစ်စက္ကန့်လေးတောင် ထပ်မနေချင်တော့ဘူး…
ချန်ချင်းယွီကတော့ တကယ့်ကို အရူးမပါပဲ။ သူမက အမျိုးမျိုးတွေ ထဖောက်နေတာပဲ!
အဘွားကြီးကျောက် အိမ်ထဲမှကြက်သီးထစရာအေးစိမ့်မှုကို ခံစားလိုက်ရ၏။
"ငါ အလုပ်သွားပြီ!"
အဘွားကြီးကျောက်သည် အသက်လုပြီး ပြေးတော့မည့်အတိုင်း အပြင်ကို ကမူးရှူးထိုး ထွက်သွားလေတော့သည်။
ချန်ချင်းယွီ - "နေဦးလေ။"
"ကျွန်မတို့ ဒီနေ့ မြို့ပြင်ဘက်ကို မှိုသွားခူးကြမလို့နော်"
အဘွားကြီးကျောက် - "အေးအေး၊ ရတယ်၊ ရတယ်!"
သူမဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ကွယ်သွားလေ၏။
အလုပ်သွားဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေတာလား!!
ချန်ချင်းယွီမှာ တော်တော်လေး ဝေခွဲမရဖြစ်သွားသည်။
ဒီအဘွားကြီးက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်တက်ကြွသွားရတာလဲ!!
ဒါက ဒင်း သဘာဝနဲ့ လုံးဝမကိုက်ညီဘူးလေ။
အဘွားကြီးကျောက် စောစောက ကြည့်သွားသည့်ဘက်ကို လှမ်းကြည့်လိုက်သောအခါမှ ဓာတ်ပုံကို မြင်သွားပြီး အမှတ်မထင် ပြန်သိမ်းလိုက်သည်။ မနေ့ညက အုတ်အော်သောင်းနင်း ဖြစ်ရပ်များကို ကြည့်ရသည်နှင့် အလုပ်ရှုပ်နေသောကြောင့် ဓာတ်ပုံကို ပြန်သိမ်းဖို့ မေ့သွားခဲ့ခြင်းတည်း။
နေပါဦး... အဘွားကြီးကျောက်က ဒါကို ကြောက်နေတာများလား??
ဒါပေမဲ့ ဒါက သူရဲ့ သားအရင်းပဲလေ!
ဘာဖြစ်လို့ ဒီလောက်တောင် သတ္တိနည်းနေရတာလဲ!!
နားကိုမလည်နိုင်တော့ဘူး!!
တကယ့်ကို ထူးဆန်းလိုက်တာ။
ဘာကို ကြောက်နေရတာလဲ!
လူရှင်ကိုတောင် မကြောက်တာ၊ လူသေကို ဘာလို့ ကြောက်နေရမှာလဲ?
ချန်ချင်းယွီ ခေါင်းကိုခါယမ်းရင်း နားမလည်နိုင်အောင် ဖြစ်နေရသည်။
သူမ ခေတ်ကူးလာသော ဖြစ်ရပ်မှာသိပ္ပံနည်းကျထက် ကျော်လွန်နေသော်လည်း ချန်ချင်းယွီမှာမူ ဤသို့ နာမ်လောကကိစ္စများကို လုံးဝမကြောက်ချေ။ သူမမှာ သတ္တိအလွန်ကောင်းသော လူတစ်ယောက်ပင်။
လောကကြီးမှာ ဘာပဲဖြစ်ဖြစ် စားဖို့က အရေးကြီးဆုံးပဲ၊ ကဲ... ဟင်းချက်ကြစို့!
ဝင်းထဲရှိ လူများမှာ အဘွားကြီးကျောက်တစ်ယောက် အလုပ်သွားရန် ကြိုးစားပမ်းစား ပြင်ဆင်နေသည်ကို အမျိုးမျိုးသော မျက်နှာပေးများဖြင့် ကြည့်နေကြသည်။ အစ်မကြီးဖန်ခမျာ သူမ၏ သားအကြောင်းကို တွေးမိပြီး စိုးရိမ်တကြီးနှင့် နားထင်ကို ဖိနေမိ၏။
ဘာလုပ်ကြမလဲ!!
ဒီခေတ်မှာ အလုပ်ရှာရတာက တော်တော်လေး ခက်ခဲတယ်လေ!!
သူမ အလုပ်ကို သားဖြစ်သူထံ လွှဲပေး၍ ရသည့်တိုင် ထိုသို့လုပ်ရင် သားဖြစ်သူမှာ အလုပ်သင်အဆင့်နှင့် လစာအနည်းငယ်သာ ရဦးမည်ဖြစ်ပြီး ကျန်တဲ့ မိသားစုဝင်များသည်ကား အလုပ်လက်မဲ့ ဖြစ်နေကြတော့မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘဝက မလွယ်ကူနိုင်ပေ။
သူမ အလုပ်လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်၍ လစာမှာ တော်တော်လေး မြင့်နေပြီ မဟုတ်လော့။
ထို့ကြောင့် အလုပ်ကို လက်လွှဲပေးရန်မှာ လုံးဝမဖြစ်နိုင်ပေ။ အခြားနည်းလမ်းကိုသာ ရှာရပေမည်။
အစ်မကြီးဖန်သည် လင်းကျန့်ဝမ် ချန်ထားခဲ့သော အလုပ်နေရာကို မရနိုင်ခဲ့သောကြောင့် သူ့မိသားစုအပေါ် မကျေမနပ် ဖြစ်နေမိသည်။
မနက်စောစော ဝင်းထဲရှိ ရေတိုင်ကီမှာ မျက်နှာသစ်နေရင်း ချန်ချင်းယွီကို အမြဲတမ်း ခိုးကြောင်ခိုးဝှက် ရှာဖွေကြည့်နေတတ်၏။
ချန်ချင်းယွီမှာ အပြင်ကို လုံးဝထွက်မလာပေ။ မနက်စောစောကတည်းက အိမ်ထဲမှာ ဟင်းချက်နေပြီး မနေ့ညက ကျန်သည့် ပေါက်စီများ ရှိနေသည့်အတွက် ဆန်ပြုတ်ချက်ပြီး မုန်လာဥချဉ်လေးများကို လှီးနေလိုက်သည်။
နွေဦးကာလ ဖြစ်သော်လည်းဟင်းလျာအမျိုးအစားမှာမူ သိပ်ပြီး အများကြီးမရှိလှပေ။
သူမ ဟင်းချက်၍ပြီးသောအခါ ကလေးနှစ်ယောက်ကို နှိုးလိုက်
သည်။ ရှောင်ကျားမှာ အသံ ချိုချိုသာသာလေးဖြင့်
"မေမေ၊ ဒီရက်ပိုင်း စားရတာတွေက အရမ်းကောင်းတာပဲနော်"
ယခင်နှင့်ယှဉ်လိုက်ရင် သူတို့မိသားစုသည် တကယ့်ကို ပိုပြီး ကောင်းကောင်းမွန်မွန် စားသောက်နေရသည်ပင်။ မနက်တိုင်း ဆန်ပြုတ်သောက်ရကာ ပေါက်စီများမှာလည်း ဂျုံဖြူစစ်စစ် မဟုတ်သော်ငြား ဂျုံဖြူတစ်ဝက် ပြောင်းဖူးမှုန့်တစ်ဝက်နှင့် လုပ်ထားသည့်အတွက် ပြောင်းဖူးမုန့်ကြမ်းများထက် အများကြီး ပိုကောင်း၏။
ချန်ချင်းယွီ ခေတ်မကူးလာခင်အချိန်တွင် ယင်းမှာ ဘာမျှမဟုတ်သော ရိုးရိုးရှင်းရှင်း အစားအစာ ဖြစ်သော်ငြား ယနေ့ခေတ်ကာလ၌မူ ၎င်းမှာအတော်လေး ကောင်းမွန်သည့် အစားအစာဟု သတ်မှတ်၍ရသည်။
ချန်ချင်းယွီ - "ကြိုက်ရင် အများကြီးစားနော်။ အရပ်ရှည်လာအောင် ကောင်းကောင်းစားရမယ်"
"ဟုတ်ကဲ့!"
"သမီး အရပ်ရှည်ချင်တယ်"
"သားလည်း တူတူပဲ!"
ရှောင်ယွမ်မှာလည်း ထပ်ဆင့်ပြောရင်း ဇလုံကြီးထဲ ခေါင်းစိုက်ကာ ဆန်ပြုတ်ကို တရှူးရှူး သောက်နေလေသည်။ သူမ ပါးလေးများပင် ဇလုံထဲ နစ်နေတော့မတတ်ဖြစ်နေ၏။
ချန်ချင်းယွီ - "ဖြည်းဖြည်းစားနော်။ မလောနဲ့။ ဒီနေ့ တို့တွေ မှိုသွားခူးကြမယ်၊ ကားစီးပြီး သွားမှာနော်"
ကားစီးရဦးမည်ဆိုသော စကားကို ကြားလျှင် ကလေးနှစ်ယောက်လုံး မျက်နှာလေးများ ဝင်းပသွားကြသည်။
ချန်ချင်းယွီ - "မနေ့က ပေါက်စီပဲ စားရတာဆိုတော့ နည်းနည်းတော့ ခြောက်သလို ရှိတယ်။ ဒီနေ့တော့ ပါသွားအောင် တခြားဟာလေး ပြင်ရအောင်။ ဘယ်လိုလဲ? ဂေါ်ဖီထုပ်လေးတွေကို လှီးပြီး ဆီသတ်၊ ပြီးရင် ပေါက်စီထဲ ထည့်စားကြမလား?"
ရှောင်ကျား ခေါင်းလေးကို စောင်းပြီး ခဏလောက် စဉ်းစားလိုက်ကာ ခေါင်းငြိမ့်ပြပြီး
"ဒါက စိတ်ကူးကောင်းပဲ"
ရှောင်ယွမ်လေးမှာလည်း အလျင်အမြန်ပဲ ခေါင်းငြိမ့်ပြလေသည်။
ကလေးငယ်နှစ်ဦး၏ ပိန်လှီနွမ်းနယ်လှသော ပုံပန်းသဏ္ဌာန်နှင့် မိမိ၏ ပိန်ချောင်လွန်းသော ခန္ဓာကိုယ်ကို ကြည့်ရှုရင်း ချန်ချင်းယွီသည် အာဟာရ ပိုမိုဖြည့်တင်းရန် လိုအပ်ကြောင်း ခံစားမိလေသည်။ လူဟူသည် အဆီအသား အတန်အသင့် ရှိအပ်သည်ဖြစ်ပြီး အဆီဓာတ် ပြည့်ဝမှသာ အရိုးငေါငေါနှင့် ပိန်လှီနေခြင်းမှ ကင်းဝေးမည် ဖြစ်၏။
ချန်ချင်းယွီသည် မိမိ၏ လက်မောင်းများကို ကိုင်တွယ်ကြည့်ရာ အသားအရေမှာ ကြမ်းတမ်းလျက် ရှိသည်ကို တွေ့ရသည်။ အသားဟူ၍ တစ်စက်မျှမရှိဘဲ အရိုးစုမျှသာ ကြွင်းကျန်တော့သည့်အလား ခံစားရလေသည်။
ယနေ့တွင် တောင်ပေါ်သို့ တစ်ခေါက် ထပ်မံတက်ရောက်ရပေဦးမည်။ အကယ်၍ အသားဟင်း မရရှိခဲ့ပါက မှောင်ခိုဈေးသို့ တစ်ချက်လောက် သွားရောက်ကြည့်ရှုရန် စိတ်ကူးမိ၏။ ခိုးကြောင်ခိုးဝှက် အသွင်ဆောင်သည် ဆိုစေဦးတော့၊ မှောင်ခိုဈေးတွင် ပစ္စည်းအမယ် စုံလင်လှသည် မဟုတ်ပါလော့။ ပေကျင်းကဲ့သို့ မြို့ကြီးတွင် အရောင်းအဝယ် ပြုလုပ်နေကြသည်ဖြစ်ရာ အရာခပ်သိမ်း ပြတ်လပ်နေရန်မှာ မဖြစ်နိုင်ချေ။
မကြာမီအချိန်အတွင်း လိုအပ်သော အသုံးအဆောင်များ ဝယ်ယူရန် သို့မဟုတ် လက်မှတ်များ လဲလှယ်ရန်အတွက် တစ်ခေါက် သွားရောက်သင့်သည်ဟု တွေးတောမိသည်။ မကြာခဏ မသွားနိုင်ပါကလည်း တစ်လလျှင် တစ်ကြိမ် နှစ်ကြိမ်မျှ သွားရောက်ခြင်းမှာ အဆင်ပြေနိုင်သည်ဖြစ်ရာ ထိုသို့တွေးတောမိမှသာ ချန်ချင်းယွီ၏ စိတ်ဝယ် အတန်ငယ် သက်သာရာ ရလေတော့သည်။
"ကဲ... မေမေ ဟင်းရွက်လေးတွေ ကြော်လိုက်ဦးမယ်၊ ပြီးရင် သွားကြတာပေါ့"
"ဟုတ်ကဲ့ပါ မေမေ"
ကလေးနှစ်ဦးစလုံးမှာ မိခင်နှင့်အတူ အပြင်ထွက်ရမည်ဖြစ်၍ ဝမ်းမြောက်နေကြသည်။ ၎င်းတို့မှာ ဝင်းငယ်လေးအတွင်း၌သာ အမြဲပိတ်မိနေကြသူများ ဖြစ်ရာ အပြင်သို့ ထွက်ခွာရခြင်းမှာပင် စိတ်အပန်းပြေစရာ တစ်ခု ဖြစ်နေ၏။
"မေမေ... တခြားလူတွေနဲ့ အတူတူ သွားမှာလားဟင်"
ချန်ချင်းယွီက ခေါင်းခါပြလျက်
"မဟုတ်ဘူး၊ မေမေတို့ သားအမိ သုံးယောက်တည်း သွားမှာ"
သူမသည် လမ်းအဝေးကြီးကို ထပ်မံ၍ မလျှောက်လှမ်းလိုတော့ချေ။ မိမိ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့် သိပ်မပင်ပန်းလှသော်လည်း အားအင်ကို ချွေတာနိုင်လျှင် ချွေတာရမည် ဖြစ်သည်။ မနေ့က လမ်းတစ်လျှောက်လုံး တတွတ်တွတ် ပြောဆိုလာခဲ့ပြီးပြီ ဖြစ်ရာ ယနေ့တွင်မူ အနားယူသင့်ပြီဟု ယူဆမိသည်။ ထို့ပြင် လူအများအပြားမှာလည်း ယနေ့တွင် သွားနိုင်ကြလိမ့်မည် မဟုတ်ပေ။
မိမိတို့ဘာသာ သွားရောက်ခြင်းကပင် ပိုမိုအဆင်ပြေဦးမည်ပင်။ ချန်ချင်းယွီသည် အလုပ်မရှိသော်လည်း ကိစ္စအသေးအမွှားများဖြင့် အလုပ်ရှုပ်နေသူ ဖြစ်၏။ အမှန်အတိုင်း ဆိုရသော် ချန်ချင်းယွီသည် အလုပ်မသွားလိုချေ။ သူမသည် တစ်ခါမျှ အလုပ်လုပ်ဖူးသူ မဟုတ်သည့်အပြင် ဆယ်ကျော်သက် အရွယ်ကတည်းက ဆန်ဒါ လေ့ကျင့်လာခဲ့သူလည်း ဖြစ်သည်။
ယခုကဲ့သို့ အချိန်ကို မိမိဘာသာ စီမံခန့်ခွဲနိုင်သော အခြေအနေမှာ ပိုမိုကောင်းမွန်လှသည်။ ကလေးနှစ်ဦး ပါဝင်နေခြင်းမှာ အနှောင့်အယှက်ဟု ထင်ရသော်လည်း သူတို့လေးများမှာ လိမ္မာယဉ်ကျေးကြသဖြင့် တော်သေးသည်ဟု ဆိုရမည် ဖြစ်၏။ အကယ်၍ ဆိုးသွမ်းသော ကလေးများသာ ဖြစ်ပါက သူမ ကျိန်ဆဲမိမည်မှာ အမှန်ပင် ဖြစ်လေသည်။
ချန်ချင်းယွီသည် အထုတ်အပိုးများ ပြင်ဆင်ပြီးသည်နှင့် အိတ်ကို လွယ်ပိုးလျက် ထွက်ခွာရန် ပြင်ဆင်လိုက်ပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်လည်း မိခင်၏ နောက်မှ လက်ချင်းချိတ်ကာ လိမ္မာပါးနပ်စွာ လိုက်ပါလာကြ၏။
ချန်ချင်းယွီသည် တံခါးကို ပိတ်လိုက်သည့် ခဏ၌ မျက်နှာချင်းဆိုင်ဝင်းမှ ရှီရှောင်ဝေ အပြင်သို့ ထွက်ခွာသွားသည်ကို တွေ့မြင်လိုက်ရသည်။ ၎င်းတို့ကဲ့သို့သော အထက်တန်းကျောင်းသားများ၏ ဘဝမှာ အေးဆေးလှသည်ဖြစ်ရာ အခုလည်း ကျောင်းပိတ်ရက် ရရှိလေပြန်ပြီ။ သတင်းများအရ ရှီရှောင်ဝေသည် အလယ်ဝင်းမှ ယွမ်ဟောက်မင်၏ သမီး ယွမ်ဟောက်ရွှယ်ကို မေတ္တာရှိနေသည်ဟု ဆိုကြသည်။
၎င်းတို့မှာ အထက်တန်းကျောင်းနေဖက်များ ဖြစ်ကြပြီး နောက်ထပ် နှစ်လ သုံးလခန့်အကြာတွင် ကျောင်းပြီးဆုံးတော့မည် ဖြစ်ရာ ကျေးလက်ဘက်သို့ အလုပ်ဆင်းရန် အလှည့်ကျပေတော့မည်။
ထို့ကြောင့် မိဘများမှာ သားသမီးများကို မြို့ပေါ်၌သာ ကျန်ရစ်စေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြခြင်းပင်။ ရှေ့ဝင်းမှ လီလင်းလင်းမှာလည်း ၎င်းတို့နှင့် အသက်အရွယ် တူညီသော်လည်း အလယ်တန်းအထိသာ ပညာသင်ကြားဖူးပြီး အေးဆေးသော စရိုက်ကြောင့် တခြားသူများနှင့် သိပ်မရောနှောချေ။
မနေ့ည၌ ရှီရှောင်ဝေသည် ကျန်းရှင်းဖှဘက်မှ အဘယ်ကြောင့် အပြစ်ဝင်ပြောဆိုသနည်းဟု ဆိုရလျှင် ကျန်းရှင်းဖှမှာ အသက် ၃၀ ခန့် အိမ်ထောင်ကွဲ အမျိုးသားဖြစ်သော်လည်း ယွမ်ဟောက်ရွှယ်ကို မျက်စိကျနေသောကြောင့်တည်း။ ရှီရှောင်ဝေအနေဖြင့် မိမိ၏ အချစ်ပြိုင်ဘက်ကို ကြည့်မရခြင်းမှာ သဘာဝပင် ဖြစ်၏။ သို့သော် တစ်ဖက်၌လည်း လီလင်းလင်းသည် ရှီရှောင်ဝေကို တိတ်တခိုး ချစ်မြတ်နိုးနေပြန်သည်။
ချန်ချင်းယွီသည် စိတ်ထဲမှပင် ခေါင်းခါယမ်းမိကာ လူငယ်များ၏ ကိစ္စမှာ ရှုပ်ထွေးလှသည်ဟု တွေးတောနေမိ၏။ သူမသည် ကလေးများကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်လာခဲ့သော်လည်း မထွက်ခွာမီ လင်စန်းရှင်းကို သွားရောက်ရှာဖွေလိုက်သေးသည်။ လင်စန်းရှင်းမှာ အိမ်၌မရှိသော်လည်း လီလင်းလင်းကိုမူ တွေ့ရှိရသည်။ ချန်ချင်းယွီ သူမကိုမေးမြန်းလိုက်၏။
"ဒီနေ့ အစ်မတို့ သားအမိ သုံးယောက် မှိုသွားခူးမလို့၊ လင်းလင်းရော အစ်မနဲ့ လိုက်ဦးမလား"
လီလင်းလင်း အလျင်အမြန် လက်
ခါပြလျက် အမြန်တုံ့ပြန်လိုက်သည်။
"အမေက လူနာကို ဆေးရုံလိုက်ပို့ပေးနေတယ်၊ သွားဖြစ်မလား မသေချာဘူး။ အစ်မချန်ပဲ အရင်သွားနှင့်လိုက်ပါ"
သူမသည် ချန်ချင်းယွီနှင့်အတူ လမ်းလျှောက်ရမည်ကို အမှန်ပင် ကြောက်ရွံ့နေခြင်း ဖြစ်၏။ ချန်ချင်းယွီ၏ စကားများမှာ နားထဲ၌ပင် အမွေးပေါက်မတတ် ဖြစ်ရသည် မဟုတ်ပါလော့။
ချန်ချင်းယွီသည် တွေဝေသွားကာ
"ဒါဆိုလည်း တခြားလူတွေကိုပဲ လိုက်မေးကြည့်တော့မယ်"
လီလင်းလင်း ; "ဟုတ်ကဲ့၊ မေးကြည့်လိုက်ပါ။ ကျွန်မကတော့ အဝတ်လျှော်စရာတွေ ရှိသေးလို့ပါ"
သူမသည် အဝတ်များကို သယ်ဆောင်လျက် ဒုတိယဝင်းရှိ ရေတိုင်ကီဆီသို့ မြန်မြန်ဆန်ဆန် လျှောက်လှမ်းသွားတော့သည်။ ချန်ချင်းယွီ၏ "အချစ်ကြေညာစာတမ်း" များကို ထပ်မံကြားရမည် စိုးရိမ်နေခြင်းလည်း ပါဝင်ပေသည်။ သူမသည် ထိုသို့သော စကားမျိုးကို နားထောင်ရလျှင် ရှက်ရွံ့တတ်သူဖြစ်ရာ မျက်နှာလေးမှာပင် အတန်ငယ် နီမြန်းနေမိ၏။
ဤဝင်းကြီးသည် ဝင်းငါးခု ဆက်စပ်နေသော်လည်း ဒုတိယဝင်းနှင့် စတုတ္ထဝင်း၌သာ ရေတိုင်ကီ ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက ထိုနေရာ၌သာ မျက်နှာသစ် အဝတ်လျှော် ပြုလုပ်ကြရ၏။ လီလင်းလင်းသည် ရေဇလုံကို သယ်ဆောင်လာခဲ့ကာ သူမသည် အမှန်တကယ် အဝတ်လျှော်နေခြင်းလား၊ သို့မဟုတ် ရှီရှောင်ဝေနှင့် စကားစမြည် ပြောဆိုရန် ကြိုးပမ်းနေခြင်းလား ဆိုသည်မှာမူ သိနိုင်ရန် ခက်ခဲလှပေသည်။
ချန်ချင်းယွီသည် မိမိတို့နှင့်အတူ လိုက်ပါမည့်သူ မရှိသည်ကို သေချာစေရန် အကြိမ်အနည်းငယ်မျှ လှမ်း၍ ခေါ်ယူမေးမြန်းပြီးနောက် ကလေးငယ်နှစ်ဦးကို ခေါ်ဆောင်ကာ ထွက်ခွာခဲ့လေသည်။
"မေမေ... သူတို့တွေ မလိုက်ကြဘူးနော်"
ချန်ချင်းယွီ; "ဟုတ်တယ်၊ သူတို့မလိုက်တာ ပိုကောင်းတာပေါ့။ မေမေတို့ ကားစီးပြီး သွားကြမယ်လေ။ သားတို့ သမီးတို့ ကားစီးရတာ ပျော်ရဲ့လား"
"ပျော်ပါတယ်!!!"
ကလေးငယ်နှစ်ဦးမှာ ပျော်ရွှင်စွာ အော်ဟစ်ဖြေကြားကြသည်။
ချန်ချင်းယွီသည် ပြုံးရွှင်လျက်
"ဒီနေ့တော့ ဟင်းအမယ်စုံစုံလင်လင် ရပါစေလို့ ဆုတောင်းရမှာပဲ"
"တောကြက်သားက အရမ်းစားလို့ကောင်းတာပဲနော်"
ကလေးငယ်နှစ်ဦးမှာ မွှေးကြိုင်လှသော အသားဟင်း၏ အရသာကို ပြန်လည်အမှတ်ရကာ သွားရည်တမြားမြား ဖြစ်နေကြရှာသည်။
ချန်ချင်းယွီကလည်း "ဒါပေါ့၊ အမှန်ပဲ!" ဟု ထောက်ခံလိုက်လေ၏။
ကြက်သားသည် စားသုံး၍ ကောင်းသည်မှာ လူတိုင်းအသိပင် ဖြစ်ရာ သူမအနေဖြင့်လည်း ယနေ့တွင် တောကြက်များကို ထပ်မံတွေ့ရှိပါ့မလားဟု တွေးတောနေမိသည်။
ချန်ချင်းယွီက "ကဲ... လာကြ၊ ဒီနေရာမှာ ကားစောင့်ကြမယ်"
"ဟုတ်ကဲ့ပါ"
မိခင်နှင့် သားသမီးနှစ်ဦးတို့သည် မြို့ပြင်ဘက်သို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ ချန်ချင်းယွီသည် မှိုခူးရခြင်းကို အလွန်နှစ်သက်သူဖြစ်ရာ ဤအရေးကြီးသော မှိုခူးစီမံကိန်းကို ဆောင်ရွက်ရခြင်းမှာ မိမိ၏ တာဝန်တစ်ရပ်ကဲ့သို့ မှတ်ယူထားလေသည်။
နှမြောစရာကောင်းသည်မှာ သူမသည် စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဘာမျှ နားမလည်ခြင်းပင် ဖြစ်၏။ သူမ ဖတ်ရှုခဲ့ဖူးသော သမိုင်းနောက်ခံ ဝတ္ထုအချို့တွင် အမျိုးသမီးဇာတ်ဆောင်အချို့မှာ မှိုမျိုးအိတ်များဖြင့်ပင် မှိုစိုက်ပျိုးနိုင်ကြသည်ကို တွေ့ရသော်လည်း သူမမှာမူ ထိုသို့ မစွမ်းဆောင်နိုင်ချေ။ ချန်ချင်းယွီကို မိမိ၏ ကျွမ်းကျင်မှုအတတ်ပညာများကို ပြသခိုင်းပါက သူမသည် အစားအစာ ရှာဖွေရာ၌သာ ကျွမ်းကျင်သူ ဖြစ်ပေလိမ့်မည်။
အစားအစာ ရှာဖွေသည်ဆိုရာ၌ ကောင်းကင်မှ ငှက်ကို ပစ်ချခြင်း၊ တောင်ပေါ်မှ ကြက်ကို ဖမ်းဆီးခြင်းနှင့် ရေထဲမှ ငါးကို ဖမ်းယူခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပြီး အလွန်အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်နိုင်ခြင်းမျိုးကား မဟုတ်ချေ။
ချန်ချင်းယွီသည် ဟင်းချက်တတ်သည် ဆိုစေဦးတော့ ပုံမှန်စားသောက်ရုံမျှသာ တတ်မြောက်ခြင်းဖြစ်ပြီး ထူးခြားသော လက်ရာမျိုး မရှိချေ။ သူမသည် ဆယ်ကျော်သက်အရွယ်ကတည်းက ကျောင်းကန်တင်း၌သာ စားသောက်လာခဲ့သူ ဖြစ်သည်။ ထိုခေတ်နောက်ခံဝတ္ထုများမှ အမျိုးသမီးဇာတ်ဆောင်များနှင့် နှိုင်းယှဉ်ပါက သူမ၌ ထိုအရည်အချင်းမျိုးများ လုံးဝမရှိသလောက်ပင် ဖြစ်၏။
သူမသည် လယ်ယာမစိုက်ပျိုးတတ်သလို၊ ပျိုးပင်လည်း မပျိုးတတ်ချေ။ ခမ်းနားသော ဟင်းလျာများ သို့မဟုတ် မုန့်အမျိုးမျိုးကိုလည်း မပြုလုပ်တတ်ပါချေ။
သို့သော်လည်း ချန်ချင်းယွီသည် မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိနေဆဲ ဖြစ်သည်။ အကြောင်းမှာ ထိုအရည်အချင်းများကို လူအများအပြား တတ်မြောက်ကြသော်လည်း နိုင်ငံတော်အဆင့် ဆန်ဒါ ချန်ပီယံဟူသည်မှာမူ အလွန်ရှားပါးလှသောကြောင့် ဖြစ်၏။
လှုပ်ခါနေသော ဘတ်စ်ကားပေါ်တွင် ထိုင်ရင်း ချန်ချင်းယွီသည် အတွေးကမ္ဘာထဲသို့ နစ်မြောနေသော်လည်း ကလေးနှစ်ဦးမှာမူ ပြတင်းပေါက်တွင် ကပ်လျက် လမ်းတစ်လျှောက်လုံး စိတ်လှုပ်ရှားစွာ စကားပြောနေကြသည်။ ခရီးစဉ်မှာ သိပ်မဝေးလှသဖြင့် ချန်ချင်းယွီတို့အဖွဲ့သည် မှတ်တိုင်သို့ လျင်မြန်စွာ ရောက်ရှိခဲ့ကြသည်။
အခြားလူအချို့လည်း မှိုခူးရန်အတွက် ကားပေါ်မှ အတူတူ ဆင်းလာကြသည်။ ထိုရက်ပိုင်းအတွင်း မှိုခူးသူများ အလွန်များပြားလျက် ရှိနေ၏။
ချန်ချင်းယွီသည် ကလေးနှစ်ဦးကို ခေါ်ဆောင်ကာ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းလာခဲ့သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အလွန်ပင် စိတ်ရှည်ကြသူများ ဖြစ်သည်။ သူတို့သည် ချန်ချင်းယွီ၏ နောက်မှ လိုက်ပါရင်း ပင်ပန်းဆင်းရဲမှုများအတွက် တစ်ခွန်းမျှ ညည်းညူခြင်း မရှိကြချေ။
"မေမေ... ဒီနေ့လည်း တောကြက်တွေ ဖမ်းလို့ရမလားဟင်"
တောကြက်၏ အရသာကို သိသွားသော ရှောင်ကျားမှာ တတွတ်တွတ် မေးမြန်းနေသည်။
ချန်ချင်းယွီ; "ဒါက စိတ်ကူးကောင်းပဲ! မေမေလည်း ဖမ်းချင်တာပေါ့၊ ဒါပေမဲ့ တွေ့ပါ့မလားတော့ မသိဘူးနော်"
"တွေ့မှာပါ! သေချာပေါက် တွေ့မှာပါ!"
ချန်ချင်းယွီ သဘောကျစွာ ရယ်မောလျက်
"ဒါဆိုရင်တော့ သားရဲ့ကံကောင်းစေတဲ့ စကားအတိုင်း ဖြစ်ပါစေပေါ့နော်"
ရှောင်ကျားသည် ခေါင်းလေးကို စောင်းကာ မိခင်ပြောသည်ကို သေသေချာချာ နားမလည်သော်လည်း ချီးမွမ်းစကားမှန်း သိရှိသဖြင့် ပြုံးရွှင်နေလေသည်။
တောင်ပေါ်ရှိ မှိုများမှာ မနေ့ကနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးသွားပြီဖြစ်၏။ တစ်နေကုန် မှိုခူးနေကြသူများပြားလှသဖြင့် ဤကဲ့သို့သော အချိန်မျိုးတွင် တောင်ပေါ်၌ လူစည်ကားမြဲ ဖြစ်ရာ ယနေ့တွင် မှိုသိပ်မရခြင်းမှာ မဆန်းလှပေ။ ချန်ချင်းယွီသည် ကလေးနှစ်ဦးကို ခေါ်ဆောင်ကာ မှိုများကို ဂရုတစိုက် ရှာဖွေနေသော်လည်း ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ မြေကြီးပေါ်တွင် စာလုံးဝိုင်းများ ရေးဆွဲရင်း သူတို့ဘာသာ ဆော့ကစားနေကြလေသည်။
"ဟေ့ မိန်းကလေး... ကလေးတွေကိုခေါ်ပြီး ဘာလို့ တစ်ယောက်တည်း ထွက်လာတာလဲ"
ချန်ချင်းယွီ မော့ကြည့်လိုက်ရာ ခြင်းတောင်းကိုယ်စီ ကိုင်ဆောင်ထားသော အသက်လတ်ပိုင်း အမျိုးသမီးအချို့ အနားသို့ ချဉ်းကပ်လာသည်ကို တွေ့ရ၏။ ၎င်းတို့မှာ အနီးအနားရှိ ကျေးရွာများမှ ရွာသူများ ဖြစ်ပုံရသည်။ ချန်ချင်းယွီက ယဉ်ကျေးပျူငှာစွာဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
"အိမ်ကလူတွေက အလုပ်သွားကြတော့ ကလေးတွေကို ကြည့်ပေးမယ့်သူ မရှိလို့ပါ"
"အလုပ်လုပ်တာ ကောင်းတာပေါ့၊ တို့တွေလည်း အနီးနားက ရွာတွေကပါပဲ၊ အတူတူသွားကြတာပေါ့"
ချန်ချင်းယွီသည် မျက်ခုံးကို အတန်ငယ် မြှင့်လိုက်ပြီး "ကောင်းပါပြီရှင်" ဟု ဆိုကာ သဘောတူလိုက်လေသည်။
၎င်းတို့သည် အတူတကွ မှိုရှာဖွေကြချိန်တွင် ချန်ချင်းယွီ အထူးဂရုပြု စောင့်ကြည့်နေမိသည်။ သူမသည် အစပိုင်းတွင် အလွန်အမင်း သတိထားနေမိသော်လည်း ထိုအမျိုးသမီးများမှာ စကားစမြည်ပြောဆိုရန် အဖော်ရှာခြင်းသာဖြစ်ပြီး မကောင်းသော ရည်ရွယ်ချက် မရှိသည်ကို မကြာမီပင် ရိပ်မိသွားတော့၏။ ထိုအခါမှသာ စိတ်အေးသွားသော်လည်း မိမိ၏ ကလေးများကိုမူ မျက်စိအောက်မှ အပျောက်မခံဘဲ အမြဲစောင့်ကြည့်နေဆဲတည်း။
"ညည်းက မြို့ပေါ်က မဟုတ်လား? မြို့သားတွေက အလုပ်သမားတွေဆိုတော့ ဘဝက တော်တော်ကောင်းမှာပဲ၊ ဘာဖြစ်လို့ မှိုလာခူးနေတာလဲ"
ချန်ချင်းယွီ; "ကျွန်မတို့ မိသားစု အခြေအနေကတော့ သာမန်ပါပဲရှင်။ မြို့ပေါ်မှာလည်း အားလုံးက ချမ်းသာကြတာ မဟုတ်ပါဘူး၊ လူနည်းစုလောက်ပဲ ဝဝလင်လင် စားသောက်နိုင်ကြတာပါ။ ဒါနဲ့ မှိုခူးရင်တော့ သတိထားကြဦးနော်၊ မနေ့က ကျွန်မတို့ အိမ်နီးချင်းဆိုရင် မှိုစားမိပြီး အဆိပ်သင့်သွားလို့..."
"ဟယ်! မှိုမှားစားမိတာလား? တို့တွေကတော့ ဘာမှမဖြစ်ပါဘူး။ မှိုခူးလာတာ နှစ်ပေါင်းမနည်းတော့ဘူး၊ ဒါကိုမှ မှားနေရင်တော့ တို့တွေလည်း အသုံးမကျလွန်းရာ ရောက်မှာပေါ့! ဒါနဲ့ ညည်း အိမ်နီးချင်း ဘာဖြစ်သွားလဲ"
ချန်ချင်းယွီသည် ရှက်ပြုံးလေး ပြုံးလိုက်ပြီး ရွှီကောင်းမင်တို့ လင်မယားအကြောင်းကို အားတက်သရော ဖောက်သည်ချလေတော့သည်။
"ကျွန်မ အိမ်နီးချင်းက စက်မှုစက်ရုံမှာ အလုပ်လုပ်တာလေ၊ သိကြတယ်မလား? စက်ရုံကြီးလေ! သူက တစ်လကို ယွမ် ၉၀ ကျော် ရတာ၊ သူက ဂဟေဆက်သမားလေ..."
အမျိုးသမီးအချို့မှာ အံ့အားသင့်သွားကြပြီး
"ယွမ် ၉၀ ကျော်တောင်လား? အမလေး... အဲ့ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်လိုများ ကုန်အောင် သုံးပါ့မလဲ!"
"ဝိုး... သူတို့ တော်တော်ချမ်းသာတာပဲ!"
ချန်ချင်းယွီက စိတ်လှုပ်ရှားစွာဖြင့် ဆက်၍ သတင်းဖြန့်လေ၏။
"သူက အဆင့် ၈ အလုပ်သမားဆိုတော့ လစာများတာ မဆန်းပါဘူး။ ဒါပေမဲ့ မနေ့က သူ့မိသားစုက အမှတ်မထင် အဆိပ်မှိုတွေ စားမိသွားတာလေ။ အဲ့ဒီ လင်မယား နှစ်ယောက်က..."
သူမသည် မျက်နှာအမူအရာ အမျိုးမျိုးဖြင့် ကွက်ကွက်ကွင်းကွင်း ဖော်ပြပြောဆိုနေလေသည်။ သူမ၏ တောက်ပသော မျက်ဝန်းများမှာ တုန်ရီနေပြီး ရင်ဘတ်ကို ဖိလျက် ထိတ်လန့်နေဆဲ ပုံစံမျိုးဖြင့်
"ယုံတောင် ယုံနိုင်မှာ မဟုတ်ဘူး! သူက သူ့ကိုယ်သူ မြေသြဇာ ကျွေးမယ်ဆိုပြီး မစင်ကျင်းထဲကို အတင်း ခုန်ချဖို့ လုပ်နေတာလေ၊ လူတွေအများကြီး ဝိုင်းဆွဲထားကြရတာ။ ဘုရားရေ... အခုဆို သူ ဘယ်သူ့မျက်နှာကို ကြည့်ရဲတော့မှာလဲ? သူက ကျွမ်းကျင်တဲ့ ဆရာကြီး တစ်ယောက်လေ၊ စတုတ္ထအလုပ်ရုံရဲ့ ထိပ်တန်းပညာရှင်ကြီးပေါ့!"
"အမလေး... ဒီမှိုတွေက တကယ်ကို ကြောက်စရာပဲ! ဒါတွေ စားပြီးမှ အဲ့ဒီလို ဖြစ်တာလား? တကယ့်ကို အရှက်ရစရာကြီးပဲ!"
"မဆန်းပါဘူးအေ့၊ နန်ရှန်းရွာက တာ့ထောင်ကျစ်လည်း အဆိပ်မှိုစားမိတုန်းက သူ့ကိုယ်သူ မြည်းလို့ ထင်ပြီး ကြိတ်ဆုံကြီးကို အတင်း ဆွဲနေတာလေ။ မှိုကိုတော့ တကယ် သတိထားရမယ်"
"ဟယ်... အဲ့ဒီအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး"
"သူတို့က လျှို့ဝှက်ထားကြတာကိုး"
"ညည်းတို့ မြို့သားတွေကလည်း တကယ့် လူထူးလူဆန်းတွေပဲ! မစင်ကျင်းထဲတောင် ခုန်ချရဲတယ်ပေါ့! ဒါနဲ့ အဲ့ဒီလူ နာမည်က ဘယ်သူတဲ့လဲ"
ချန်ချင်းယွီ၏ မျက်ဝန်းများမှာ ပိုမိုဖြူစင်ရိုးသားဟန်ပေါ်သွားကာ
"ရွှီကောင်းမင်ပါ"
ကျေးလက်အမျိုးသမီးများမှာ ထိုနာမည်ကို မှတ်သားထားလိုက်ကြပြီး အံ့သဩတုန်လှုပ်နေကြလေ၏။
"ညည်းတို့ မြို့သားတွေကြားမှာလည်း ဒါမျိုးတွေ ဖြစ်တတ်တာပဲနော်"
ချန်ချင်းယွီက ခေါင်းညိတ်ပြလျက်
“ဟုတ်တယ်၊ ကျွန်မတို့ ဝင်းထဲမှာ ကျန်းမိသားစု သားအဖလည်း ရှိသေးတယ်၊ မနေ့က သူတို့လည်း ကိစ္စတစ်ခု ဖြစ်သွားသေးတယ်၊ သူတို့က..."
"ဟယ်! အမလေး! သူတို့က ဒါတွေကို မသိကြဘူးလား? ညည်းတို့ မြို့သားတွေက တကယ်ကို အသုံးမကျတာပဲ!"
"မြွေသားတွေ နှမြောစရာကြီး"
"ငါ့အထင်တော့ မြို့သားတွေက ဘာမှ လုပ်စားလို့မရတဲ့ အစုတ်အပြတ်တွေပဲ..."
ချန်ချင်းယွီ: "ဒါကတော့ တစ်ခါတလေ ဖြစ်တတ်တာပါ..."
"ဘုရားရေ... သူတို့တွေကတော့..."
ဝိုင်းဖွဲ့စကားပြောဆိုရသည်မှာ အလွန်ပင် မြိန်လှသည်ဖြစ်ရာ လူတိုင်းမှာ ပိုမိုတက်ကြွစွာ အလုပ်လုပ်ကိုင်ကြလေသည်။ အမှန်စင်စစ် ၎င်းတို့သည် မြို့သားများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးလှပြီး မြို့သားဟူသည် ချဉ်းကပ်ရခက်သော လူတန်းစားများဟုသာ မြင်ထားကြခြင်း ဖြစ်၏။ သို့သော် မြို့သားများ၌ ဤမျှအထိ အရှက်ရစရာ အလွဲအချော်များ ရှိလိမ့်မည်ဟုကား တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
၎င်းတို့ရွာ၌ မည်သူတစ်ဦးတစ်ယောက်မျှ မစင်ကျင်းထဲသို့ ခုန်ချဖူးခြင်း မရှိခဲ့ပေ။
ထို့ပြင် ဝမ်းလျှော၍ တစ်ညလုံး အိမ်သာထဲ၌ ပိတ်မိနေပြီး အပြင်သို့ပင် ပြန်မထွက်နိုင်လုနီးပါး ဖြစ်ရသည်ဟူသော သတင်းမှာလည်း... တကယ့်ကို အံ့သြဖွယ်ပင်။
ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းများပင်!!
လူတိုင်း ထိုအကြောင်းကို စိတ်ပါလက်ပါ ပြောဆိုနေကြရာ ချန်ချင်းယွီသည်လည်း ရွှီကောင်းမင်၏ ဂုဏ်သိက္ခာကို အပြီးတိုင် ဖျက်ဆီးရန် ရည်ရွယ်လျက် ထိုသတင်းကို ပေကျင်းမြို့ပြင်ရှိ ဝေးလံသော အရပ်ဒေသများအထိ ပြန့်နှံ့သွားအောင် အစွမ်းကုန် ကြိုးပမ်းနေတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်ချင်းယွီက ရွှီကောင်းမင်လင်မယားနှင့် ကျန်းမိသားစု သားအဖတို့၏ အတင်းအဖျင်းကို ဖြန့်ဝေနေချိန်၌ အဘွားကြီးကျောက်သည်လည်း ထမင်းစားဆောင်၌ အတင်းပြောနေလေသည်။ အဘွားကြီးကျောက်သည် အလုပ်ဝင်သည်မှာ နှစ်ရက်မျှသာ ရှိသေးသော်လည်း သူမ၏ စောင်းချိတ်ပြောဆိုတတ်သော နှုတ်သီးကောင်းလျှာပါးမှု၊ ကောက်ကျစ်မှုနှင့် ပျင်းရိမှုတို့ကြောင့် လုပ်ဖော်ကိုင်ဖက်များနှင့် လုံးဝ အဆင်မပြေလှချေ။
သို့သော် သူမသည် ထိုကဲ့သို့သော အသေးအဖွဲကိစ္စများကို ဂရုမစိုက်ပါချေ။ အကယ်၍သာ ထိုအချက်များကို ဂရုစိုက်နေပါက သူမသည် အဘွားကြီးကျောက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သို့သော် ယနေ့တွင် အဘွားကြီးကျောက်သည် ထူးထူးခြားခြား အစောဆုံး ရောက်ရှိလာခဲ့သည်။ တံခါးဖွင့်ရန် တာဝန်ရှိသော အဒေါ်စန်း ရောက်ရှိလာချိန်တွင် အဘွားကြီးကျောက်ကို တွေ့ရသဖြင့် အံ့အားသင့်သွားရ၏။ အဘွားကျောက်က ရိုင်းပြစွာဖြင့်
"ညည်းက တံခါးဖွင့်ရမယ့်သူဖြစ်ပြီး ဘာလို့ ဒီလောက် နောက်ကျနေတာလဲ။ ငါ စောင့်နေရတာ ကြာလှပြီ။ အလုပ်ကြန့်ကြာအောင် ဘယ်သူက တာဝန်ယူမှာလဲ"
အဒေါ်စန်း မျက်စောင်းထိုးလိုက်
မိကာ ‘ညည်းက အပျင်းဆုံးလူဖြစ်ပြီး ဘာလို့ အလုပ်ကြိုးစားချင်ယောင် ဆောင်နေတာလဲ’ ဟု စိတ်ထဲမှ ဆိုမိလေသည်။
သူမ နှာခေါင်းရှုံ့လျက် ငေါ့ပြောလိုက်၏။
"ညည်း အစောကြီး ရောက်နေပါလား။ ဒီနေ့ ဘာဖြစ်လို့ ဒီလောက် စောနေရတာလဲ"
ထိုအခါမှသာ အဘွားကြီးကျောက်၏ မျက်လုံးအောက်၌ မည်းနက်နေသော ကွင်းများကို သတိထားမိသွားပြီး သူမ ချက်ချင်းပင် စိတ်ဝင်စားသွားကာ စပ်စုလေတော့သည်။
"ညည်း အိပ်မပျော်ဘူးလား"
အဘွားကြီးကျောက်က သူမ၏ ပေါင်ကို ဖြန်းခနဲ ရိုက်လျက်
"ဒါပေါ့! မနေ့ညက ငါ ကုသိုလ်ဖြစ် အကူအညီပေးရင်းနဲ့ ဆေးရုံမှာ တစ်ညလုံး နေခဲ့ရတာလေ။ မိုးမလင်းခင်လေးမှ ပြန်ရောက်ပြီး အလုပ်ကို တန်းလာခဲ့တာ..."
"ညည်းကလား? ကုသိုလ်ဖြစ် ကူညီတာလား?"
အဒေါ်စန်းမှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်ရလေသည်။
သူမ ထပ်မံ မမေးမြန်းမီမှာပင် အဘွားကြီးကျောက်က
"ဘာလဲ? ညည်းက မယုံဘူးလား? ညည်း ဒီနားမှာ မနေလို့ နေမှာပါ။ တကယ်လို့ ဒီနားမှာ နေရင်တော့ သိမှာပေါ့။ စတုတ္ထအလုပ်ရုံက ရွှီကောင်းမင်တို့ လင်မယားလေ၊ အိမ်မှာ အဆိပ်မှိုတွေ စားမိကြတာ။ မနေ့ညက ငါတို့ သူတို့ကို ဆေးရုံ လိုက်ပို့ပေးခဲ့တာလေ။ အို... ညည်း ယုံမှာ မဟုတ်ဘူး၊ အဲ့ဒီ ရွှီကောင်းမင်ကလေ..."
အဘွားကြီးစန်းမှာ ထိတ်လန့်တကြားနှင့် စိတ်လှုပ်ရှားသွားပြီး
"ဘုရားရေ! တကယ်ကြီးလား?! သူက တကယ်ပဲ အဲ့ဒီလို လုပ်တာလား? အို... ဘုရား... ဘုရား... ပြီးတော့ရော ဘာဆက်ဖြစ်လဲ"
အဘွားကြီးကျောက်; "ငါ ပြောပြမယ်၊ ငါ ပြောပြမယ်၊ သူက နှုတ်ခမ်းလေး စူပြီးတော့ အသံကို ညှစ်ပြီး ပြောတာလေ... အို... ဘုရားရေ၊ ငါဆို မနေ့ညက စားထားတဲ့ ထမင်းတွေတောင် ပြန်အန်ထွက်မတတ်ပဲ။ သူက ဝင်းထဲမှာ ကျင်းကို သူ့ဘာသာ တူးပြီးတော့..."
အဘွားကြီးကျောက်သည် ရွှီကောင်းမင်၏ ပုံစံကို ကွက်ကွက်ကွင်းကွင်း တုပပြလေသည်။
"ရွှီကောင်းမင်ရဲ့ အချိုးမကျတဲ့ မျက်နှာကြီးနဲ့ မိန်းမလျာသံ ညှစ်ပြီး ပြောနေတာကို မြင်ယောင်ကြည့်လိုက်ဦး... ငါက ပျိုနီပန်းလေးပါ... တဲ့... ပြီးတော့..."
အဒေါ်စန်း - "အုဂ်!"
"ယောကျာ်းတွေကို ထားလိုက်ဦး၊ ညည်းလို အဘွားကြီးက အဲ့ဒီလို ပုံစံလုပ်ပြတာ မြင်ရတာတင် ငါ အန်ချင်လာပြီ။ အုဂ်... မနေ့ညက စားထားတာတွေ အကုန် ထွက်တော့မယ်"
မကြာမီ လူများ ပိုမိုရောက်ရှိလာကြရာ မီးဖိုချောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေ၏။ လီချန်ရွှမ်း ရောက်ရှိလာသောအခါ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသဖြင့် သူခမျာ လန့်ဖျန့်ပြီး "ဘာ... ဘာဖြစ်လို့လဲ" ဟု ထစ်ထစ်ငေါ့ငေါ့ မေးရှာသည်။
အဘွားကြီးကျောက်မှာ အပိုင်တွက်ထားသည့်ဟန်ဖြင့်
"ရှောင်လီလေး... မနေ့က ဘာဖြစ်ခဲ့လဲဆိုတာ လူတိုင်းကို ပြောပြလိုက်စမ်းပါဦး"
လီချန်ရွှမ်းသည် ဤကိစ္စကို ပြောပြရန် ဝမ်းသာအားရရှိသည် မဟုတ်ချေ။ သို့သော် မနေ့က သူသည် ရှီကျန့်ရှန်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။ လီချန်ရွှမ်းသည် စကားနည်းသူ ဖြစ်သော်လည်း အငြိုးအတေးကြီးသူ တစ်ဦးလည်း ဖြစ်ရာ သူသည်လည်း "မနေ့က သူတို့မိသားစုက..." ဟု စကားစလိုက်လေ၏။
အဘွားကြီးကျောက်က ကြားဖြတ်၍
"ပြောပြလိုက်စမ်းပါ၊ အဲ့ဒီ ပုံစံအတိုင်း မဟုတ်လား"
လီချန်ရွှမ်းသည် မျက်နှာပျက်
လျက် ညည်းတွားထောက်ခံလိုက်လေသည်။
"အုဂ်... အုဂ်! ဟုတ်တယ်၊ ဟုတ်တယ်၊ တကယ်ကို ရွံစရာကောင်းတာဗျာ..."
ကျန်ရှိနေသောသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုရင်း မျက်နှာပျက်နေကြလေသည်။ ကံကောင်းထောက်မစွာဖြင့် မနက်စာ ကျွေးချိန်မရောက်သေး၍သာ တော်တော့သည်၊ မဟုတ်ပါက စားသောက်ဆောင်တစ်ခုလုံး လူအများအပြား အန်ဖတ်ဆွဲပြီး ပရမ်းပတာ ဖြစ်ကုန်ကြပေလိမ့်မည်။
သို့ဆိုလျှင် အဘွားကြီးကျောက် ပြောသမျှမှာ ချဲ့ကားပြောဆိုခြင်း အလျဉ်းမရှိဟု ဆိုရမည်လော။
အစပိုင်းတွင် အားလုံးက အဘွားကြီးကျောက် တစ်ယောက် ပုံကြီးချဲ့နေခြင်း သို့မဟုတ် လုပ်ကြံဖန်တီးနေခြင်းလားဟု သံသယဝင်ခဲ့ကြသော်လည်း လီချန်းရွှမ်း၏ ထောက်ခံချက်ကြောင့် အားလုံး အတည်ဖြစ်သွားရသည်။ ၎င်းမှာ ရွံရှာဖွယ်ကောင်းသကဲ့သို့ စိတ်ဝင်စားဖွယ်လည်း အလွန်ကောင်းလှပေ၏။
ထမင်းစားဆောင် မီးဖိုချောင်တစ်ခုလုံးတွင် နှစ်သစ်ကူးပွဲတော် ရောက်နေသည့်အလား စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေတော့၏။
အဒေါ်စန်း၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားလျက် "အို... ငါတော့ အိမ်သာသွားဦးမှ ဖြစ်မယ်" ဟု ဆိုလိုက်လေသည်။
"ဟေ့... ငါလည်း လိုက်မယ်၊ ဒီမနက် ဗိုက်ထဲက သိပ်မကောင်းဘူး..."
"ငါလည်း အလုပ်ရုံဘက် ခဏသွားလိုက်ဦးမယ်..."
"ငါလည်း ဟင်းသီးဟင်းရွက် သွားယူဖို့ ဂိုဒေါင်ဘက် သွားလိုက်ဦးမယ်..."
လူတိုင်းသည် ထိုအတင်းအဖျင်း သတင်းထူးကို မိမိတို့၏ မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဝင်များထံသို့ အခြားသူများထက် ဦးအောင် ဖြန့်ဝေလိုကြသဖြင့် အလုအယက် ထွက်ခွာသွားကြတော့သည်။ ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ် ကိစ္စမျိုးကို ချက်ချင်းပင် ဖောက်သည်ချရမည် မဟုတ်ပါလော။ အခြားသူများ အလုပ်သို့ ရောက်ရှိလာသည်နှင့်အမျှ ထိုသတင်းမှာ တောမီးပမာ ပြန့်နှံ့သွားလေတော့သည်။
မှန်ပေသည်၊ ယခုအခါတွင် တစ်ဦးနှစ်ဦးတည်း ပြောဆိုနေခြင်းမျိုး မဟုတ်တော့ချေ။
အဘွားကြီးကျောက် ဦးဆောင်လိုက်သော ထိုသတင်းကြောင့် စက်ရုံတစ်ခုလုံးမှာ ဟိုးဟိုးကျော် သွားလေ၏။
ရွှီကောင်းမင်၏ ပထမဆုံးသော ကျော်ကြားမှုမှာ မစင်ကျင်းထဲသို့ ခုန်ချရန် ကြိုးပမ်းမှုပင် ဖြစ်လေသည်။
အတင်းအဖျင်းဟူသည်မှာလည်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကူးစက်ရာ၌ အနည်းငယ်စီ ပြောင်းလဲသွားတတ်သည်ဖြစ်ရာ ရွှီကောင်းမင်မှာ မစင်ကျင်းထဲသို့ ခုန်ချရန် ကြိုးပမ်းသူအဆင့်မှ အမှန်တကယ် ခုန်ချခဲ့သူအဖြစ်သို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။ ကျန်းမိသားစု သားအဖနှင့် ပတ်သက်သော သတင်းများမှာလည်း ပိုမို၍ အဓိပ္ပာယ်မရှိလောက်အောင် ဆိုးရွားလာခဲ့၏။
စက်ရုံရှိ အလုပ်သမားများအတွက် ဤကဲ့သို့သော သတင်းထူးမျိုးမှာ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်ရာ ၎င်းတို့မှာ လူစုစုဖြင့် တိုးတိုးတိတ်တိတ် ဝိုင်းဖွဲ့ပြောဆိုနေကြလေသည်။
"ဟေ့... ညည်း ကြားပြီးပြီလား"
"အေး... ကြားပြီးပြီ၊ ရွှီကောင်းမင်က မစင်ကျင်းထဲ ခုန်ချသွားတာတဲ့လေ! တကယ်ပဲ... မှိုဆိုတာ အဲ့ဒီလို လျှောက်စားလို့ ဖြစ်တာမှ မဟုတ်တာ၊ တကယ့်ကို အရှက်ရစရာပဲ"
"ဟင့်အင်း... ငါပြောတာက သူ့အကြောင်း မဟုတ်ဘူး။ ငါပြောတာက ပဉ္စမအလုပ်ရုံက ကျန်းရှင်းဖှအကြောင်း။ သူနဲ့ သူ့အဖေက အဆိပ်မှိုစားမိပြီး ရူးသွားကြတာတဲ့၊ တစ်ညလုံး အိမ်သာထဲမှာ မစင်တွေနဲ့ ဆော့နေကြလို့ မနက်ကျမှ လူတွေတွေ့ပြီး ဆေးရုံပို့လိုက်ရတာတဲ့"
"အို... ဟုတ်လို့လား? တကယ့်ကို သတ္တိခဲတွေပဲ!"
"မှားကုန်ပြီ၊ မှားကုန်ပြီ။ ငါကြားတာကတော့ ကျန်းရှင်းဖှနဲ့ သူ့အဖေက သူတို့ကိုယ်သူတို့ မြွေတွေလို့ ထင်နေကြတာတဲ့၊ အိမ်သာထဲမှာ ခွေနေရင်းနဲ့ ကျင်းထဲ ပြုတ်ကျသွားလို့ ဆေးရုံရောက်သွားတာလို့ ကြားတယ်"
"မဟုတ်ပါဘူး၊ ရွှီကောင်းမင်ရဲ့ မိန်းမက သူ့ကိုယ်သူ မြွေလို့ ထင်နေတာပါ..."
"ငါကြားတာကတော့ ရွှီကောင်းမင်ရဲ့ မိန်းမက သူ့ကိုယ်သူ မစင်စားချင်တဲ့ ခွေးအလို့ ထင်နေတာဆိုလား..."
ဤသို့ဖြင့် ကောလာဟလများမှာ တဖြည်းဖြည်းနှင့် ပိုမို၍ ရယ်ဖွယ်ကောင်းအောင် အဓိပ္ပာယ်ကင်းမဲ့လာတော့သည်။
သို့သော်လည်း မနက်စောစောစီးစီးတွင် ထိုအတင်းအဖျင်း သတင်းတိုင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်ဖြစ်ရာ လူတိုင်းက ထိုကိစ္စတွင် ကိုယ်တိုင်ပါဝင်နေသကဲ့သို့ စိတ်အားထက်သန်နေကြ၏။
"ညည်းတို့ ပြောတာတွေက ဘာမှမဟုတ်သေးပါဘူး။ ငါကြားတာကတော့ ရွှီကောင်းမင်တို့ လင်မယား ဒုက္ခရောက်နေတာကို သူ့သား သုံးယောက်စလုံး တစ်ယောက်မှ ပေါ်မလာကြဘူးတဲ့..."
"အို... တကယ့်ကို အမိအဖကို မလုပ်ကျွေးတဲ့ သားသမီးယုတ်တွေပဲ!"
"သူ့မိသားစုက လူတွေက သိပ်မကောင်းကြဘူးလား"
"နေဦး... ညည်းတို့ မှားပြန်ပြီ။ ရွှီကောင်းမင်ရဲ့ သားကြီးကို ငါသိတယ်၊ သူက အဋ္ဌမအလုပ်ရုံမှာ လုပ်တာ။ သူက ခရီးထွက်နေတာလေ၊ အဋ္ဌမအလုပ်ရုံက လူအချို့ကို ထျန်းကျင်းက စက်ရုံတစ်ခုကို အကူအညီပေးဖို့ လွှတ်လိုက်တာလေ။ သူသွားတာ အခုဆို ဆယ်ငါးရက်လောက် ရှိပြီ၊ အိမ်မှာ မရှိဘူး!"
"သူက ခရီးထွက်နေတာလား? ဒါဆို သူ့ညီအစ်ကို နှစ်ယောက်ကရော?"
"အေးလေ... သူ့ညီလေးကလည်း တို့စက်ရုံမှာပဲ မဟုတ်လား"
"ဟုတ်တယ်... အင်း... ဒါကတော့ တကယ်ကို..."
"ငါ့အထင်တော့ သူ့အဖေ မစင်ကျင်းထဲ ခုန်ချတာကို မကြည့်ရက်လို့ တမင်ရှောင်နေတာ ထင်ပါရဲ့။ မဟုတ်ရင် စဉ်းစားကြည့်လေ၊ ဘယ်လောက်တောင် ရွံစရာကောင်းလိုက်မလဲ"
"မစင်ကျင်းထဲ ခုန်ချတာ? မဟုတ်ပါဘူး၊ သူက သူ့ကိုယ်သူ ပန်းလေးတစ်ပွင့်လို့ ထင်ပြီး ကမြင်းနေတာလို့ ငါကြားပါတယ်"
"ရေကန်ထဲ ခုန်ချတာလို့လည်း ကြားတယ်"
"ဒါတော့ မဖြစ်နိုင်ပါဘူး။ ရေကန်ထဲ ခုန်ချတာကို ဆေးရုံပို့ရတယ်လို့ ညည်း မြင်ဖူးလို့လား"
"ဒါလည်း ဟုတ်တာပဲ၊ ဟုတ်တာပဲ"
...
စက်ရုံတစ်ခုလုံးမှာ ပွက်လောရိုက်နေချေပြီ။ ရွှီကောင်းမင်၏ တတိယမြောက်သားဖြစ်သူ ရှောင်စန်းသည် ထိုစကားများကို ကြားဖြတ်
နားထောင်မိရာ အတော်ကြာမှ သတိဝင်လာပြီး ဒေါသတကြီး အော်ဟစ်လေသည်။
"တောက်! ခင်များတို့ အခုပြောနေတာ ကျုပ်အဖေအကြောင်းလား? ကျုပ်နဲ့တော့ တွေ့ပြီ!"
"ဟေ့... ဘာလုပ်တာလဲ! ငါတို့က အမှန်အတိုင်း ပြောနေတာပဲ!"
"ဟုတ်တယ်! မယုံရင် သွားမေးကြည့်လိုက်။ မင်းတို့ဝင်းထဲက လူတွေ အကုန်သိတယ်။ ဘာတွေ ဟန်ဆောင်နေတာလဲ!"
"ဟုတ်တယ်၊ ငါတို့ကို ဘာလို့ လာပြီး ဗိုလ်ကျနေရတာလဲ..."
ရှောင်စန်း; "အား! အား! မဟုတ်ဘူး... ဒါတွေ အားလုံးက မဟုတ်ကဟုတ်ကတွေ!"
မဖြစ်နိုင်ဘူး!! အိမ်သာထဲ ခုန်ချတဲ့လူက သူ့ရဲ့ အဖေအရင်းခေါက်ခေါက်ဖြစ်မှာ မဟုတ်ပါဘူး!
သူ လုံးဝ မယုံကြည်နိုင်ပါချေ!
အကြိမ်ပေါင်း တစ်ထောင်၊ တစ်သောင်းမက မယုံကြည်နိုင်ပါ!
"မင်းတို့ လျှောက်ပြောနေတာ၊ ငါ မင်းတို့ကို သတ်မယ်..."
"ဟယ်... ဘာလုပ်တာလဲ"
"မင်းက ချချင်တာလား? မင်းအဖေကိုတောင် မပြုစုတဲ့ အကောင်က ငါတို့ကို လာအော်နေသေးတယ်။ လာလေ!"
"အား!"
ထိုနေရာမှာ ခဏချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားရှာ၏။
အဘွားကြီးကျောက် - "ဟီးဟီးဟီးဟီး!" (ခိုး၍ ရယ်မောနေလေတော့သတည်း။)
၂၄။ ရှစ်ဘူးပေးရမယ်!
နေဝင်ရိုးရီအချိန်တွင် ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက် ဆွဲလျက် မည်သူ့ကိုမျှ ဂရုမစိုက်သည့် ဟန်ပန်ဖြင့် အရှိန်အဟုန်ပြင်းပြင်း လျှောက်လှမ်းလာခဲ့၏။
အဟမ်း… အရမ်းများ ဝင့်ကြွားသွားမိပြီလား!!
သူမသည် မိမိ၏ပုံရိပ်ကို အမြဲတမ်း အလေးထားတတ်သူ ဖြစ်သည်။ အပြင်ပန်းတွင်မူ သူမသည် နူးညံ့သိမ်မွေ့သည့် မုဆိုးမလေးတစ်ဦး၊ အချစ်ကိုသာ ဦးစားပေးတတ်သည့် အားနွဲ့သော မိန်းကလေးတစ်ဦးအဖြစ် ဟန်ဆောင်နေကျပင် ဖြစ်၏။ သူမသည် ကျောပိုးခြင်းတောင်းကို လွယ်ကာ ဝင်းအတွင်းသို့ ပြန်ဝင်လာခဲ့စဉ် အထဲသို့ မရောက်သေးမီမှာပင် ဝင်းခြံတစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်ကို ကြားလိုက်ရလေသည်။
ရွှီကောင်းမင် ဇနီးမောင်နှံနှင့် ကျန်းမိသားစု သားအဖတို့ ဆေးရုံမှ ဆင်းလာကြခြင်း ဖြစ်၏။
ချန်ချင်းယွီတို့ သားအမိသုံးယောက် ပြန်လာသည်ကို မည်သူကမျှ ဂရုမစိုက်ကြပေ။ ၎င်းတို့မှာ အရေးပါအရာရောက်သူများ မဟုတ်သဖြင့် အဖတ်လုပ်ခံရခြင်း မရှိပေ။ ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ အိမ်ထဲသို့ ဝင်ခဲ့သည်။ ထိုစဉ် ရှီကျန့်ရှန်းနှင့် အဘွားကြီးကျောက်တို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားများနေကြ၏။ အမှန်ပင်..ဤလူနှစ်ဦးမှာ တစ်ကျော့ပြန်၍ ရန်ဖြစ်နေကြခြင်း တည်း။
ယမန်နေ့က ရှီကျန့်ရှန်းသည် အဆိပ်သင့်မှု တော်တော်ပြင်းထန်ခဲ့ပုံရပြီး ယနေ့အထိ သူမမျက်နှာက ဖြူဖျော့နေဆဲ ဖြစ်၏။ သူမသည် အဘွားကြီးကျောက်ကို ရိုင်းရိုင်းစိုင်းစိုင်းနှင့် ဒေါသတကြီး အော်ဟစ်နေလေသည်။
"ကျောက်တာ့ရာ နင်ကတော့ လူယုတ်မာပဲ! ငါတို့က အိမ်နီးချင်းဖြစ်လာတာ ဒီလောက်တောင် ကြာပြီ။ နင် ငါတို့ကို အထင်သေးရင်တောင် 'အဝေးက ဆွေမျိုးထက် အနီးက အိမ်နီးချင်းက ပိုအားကိုးရတယ်' ဆိုတာလေးတော့ သိသင့်တာပေါ့။ နင်က အပြင်မှာ ကောလာဟလတွေ လျှောက်ဖြန့်နေတယ်၊ နင် တကယ်ကို ကိုယ်ကျင့်တရား မရှိတာပဲ။ ငါတို့မိသားစုအပေါ် ဒီလိုစကားတွေ ဘယ်လိုပြောရက်တာလဲ? နင်ဟာ အကြင်နာတရား မရှိတဲ့ မိန်းမပဲ! နင့်သား ဆုံးတုန်းကတောင် ငါတို့မိသားစုက ဝိုင်းကူခဲ့သေးတယ်၊ နင်က ငါတို့အပေါ် ဒါမျိုး ပြန်ဆက်ဆံရသလား? နင်ဟာ ကျေးဇူးကန်းတဲ့သူပဲ!"
အဘွားကြီးကျောက်သည်လည်း လျှော့မပေးဘဲ အော်ဟစ်ပြီး ပြန်ပက်လိုက်၏။
"ဟက်! လာပြီး အပိုတွေ ပြောမနေနဲ့! နင် ဘာကို ဆိုလိုတာလဲဆိုတာ ငါ မသိဘူး မမှတ်နဲ့။ ငါတို့က မုဆိုးမနဲ့ ကလေးတွေမို့ အနိုင်ကျင့်ရတာ လွယ်မယ်ထင်ပြီး နင့်ရဲ့အရှိန်အဝါကို ငါတို့အပေါ် လာပြချင်နေတာ မဟုတ်လား? ငါ ပြောလိုက်မယ်... စိတ်တောင်မကူးနဲ့! နင့်ရဲ့ စိတ်ပုပ်စိတ်ယုတ်တွေကို ငါ အကုန်မြင်နေရပြီ။ ငါတို့က အံတိုနေပြီးသားသူတွေပဲ၊ ငါ့ကို လာပြီး လှည့်ကွက်တွေ သုံးမနေနဲ့။ ကျေးဇူးကန်းတယ် ဟုတ်လား? နင်က ငါတို့အပေါ် ဘာကျေးဇူး ရှိခဲ့ဖူးလို့လဲ? ငါတို့ကို အလုပ်ရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးလား? နင့်မှာ ငါ့သားအကြောင်းကို ပြောဖို့တောင် အရှက်မရှိဘူးလား။ အဲဒါက မာကျန့်ယီဦးဆောင်ပေးတာ၊ နင်တို့မိသားစုက ဘေးကနေ ယောင်ယမ်းလိုက်ပေးရုံတင်၊ အဲဒါကို ကူညီတယ်လို့ ခေါ်သလား? အမယ်လေး! နင့်မျက်နှာက ဘယ်လောက်တောင် ပြောင်သလဲ ကြည့်စမ်းပါဦး၊ ဂုဏ်တွေကို အတင်းယူနေလိုက်တာ။ 'အဝေးက ဆွေမျိုးထက် အနီးက အိမ်နီးချင်း' ဆိုတဲ့ စကားလုံးတွေကိုသာ နင် ရေးတတ်ရင် ငါတို့ကို အစကတည်းက လိမ်ညာမှာ မဟုတ်ဘူး။ အခုကျမှ ဘာဖြစ်လို့ လူကောင်း လာဟန်ဆောင်နေတာလဲ?"
အဘွားကြီးကျောက်သည် ရန်တွေ့ရာတွင် မည်သည့်အခါမျှ အရှုံးမပေးတတ်သူ ဖြစ်၏။
သူမသည် ခါးထောက်လျက် တံထွေးများ လွင့်စင်သည်အထိ ဆဲဆိုနေသည်။ သူမသည် စကားမပြောဘဲ လက်ပါတတ်သည့် ချန်ချင်းယွီကဲ့သို့သော အရူးမကိုသာ မယှဉ်နိုင်သော်လည်း ရှီကျန့်ရှန်းလောက်ကိုမူ အသာလေး ကိုင်တွယ်နိုင်၏။
အဘွားကြီးကျောက်မှာ ဆက်လက်၍
"နင် သွားမေးကြည့်စမ်းပါ၊ ငါ ဘာမှားပြောလို့လဲ? နင့်ယောက်ျား အိမ်သာကျင်းထဲ ခုန်ချတော့မလို့ ဖြစ်တဲ့အကြောင်း ပြောတာပဲ၊ ခုန်ချလိုက်တယ်လို့ ငါ မပြောဘူး။ ငါက အမှန်အတိုင်း ပြောတာ၊ ထမင်းစားဆောင်ကလူတွေ သက်သေရှိတယ်၊ လီချန်ရွှမ်းလည်း ရှိနေတာပဲ။ အမှန်အတိုင်း ပြောတာကို ကောလာဟလလို့ ခေါ်သလား? ရယ်စရာပဲ! တခြားလူတွေ ဘာပြောပြော ငါနဲ့ မဆိုင်ဘူး။ ငါကတော့ အမှန်အတိုင်းပဲ ပြောတာ၊ ငါ့မှာ သက်သေရှိတယ်။ ထမင်းစားဆောင်ကလူတိုင်း သိတယ်။ အဲဒီအပြင် ငါတစ်ယောက်တည်း ပြောတာမှ မဟုတ်တာ၊ လီချန်ရွှမ်းလည်း ပြောတာပဲ၊ တခြားဝင်းထဲက လူတွေလည်း ပြောနေကြတာပဲ၊ လမ်းတစ်ခုလုံး မြင်တဲ့သူတွေ အများကြီး ရှိတယ်။ ငါတစ်ယောက်တည်း ပြောရုံနဲ့ တစ်စက်ရုံလုံး သိသွားတယ်လို့ နင် ထင်နေတာလား? မဖြစ်နိုင်တာ၊ နင် တကယ်ပဲ စောက်ပိန်းလား။ အားလုံးက ပြောနေကြတာပဲ၊ သူတို့ ဘာပြောလဲ ငါမသိပေမဲ့ ငါပြောတာကတော့ အမှန်တရားပဲ။ နင်က ဘာလို့ ငါ့ကိုပဲ လာဖိနေတာလဲ? ငါတို့က မိဘမဲ့နဲ့ မုဆိုးမတွေမို့ အနိုင်ကျင့်ရတာ လွယ်တယ်ထင်လို့ နင့်အာဏာကို လာပြနေတာ မဟုတ်လား? နင်ဟာ အရှက်မရှိတဲ့သူပဲ။ အားလုံး အဆိပ်မသင့်ဘဲ နင်တို့မိသားစုမှ အဆိပ်သင့်တာဟာ နင်တို့ ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ရတဲ့ ဝဋ်ကြွေးပဲ!"
"နင်တို့မိသားစု အဆိပ်သင့်တာဟာ နင်တို့ လုပ်ခဲ့သမျှ ယုတ်မာမှုတွေအတွက် ဝဋ်လည်တာပဲ!"
အဘွားကြီးကျောက်သည် မြေကြီးပေါ်တွင် ထိုင်ချကာ အသည်းအသန် အော်ဟစ်လိုက်၏။
"ဘုရားသခင်ရေ... ကြည့်တော်မူပါဦး! ဒီမိသားစုက လူတွေကို အရူးမှတ်ပြီး အနိုင်ကျင့်နေကြတယ်။ တကယ်ကို လွန်လွန်းလှပါတယ်၊ သူတို့မှာ ကြင်နာစိတ် မရှိကြဘူး။ တရားမျှတမှု မရှိတော့ဘူး။ တကယ်ပဲ လွန်လွန်းလှတယ်။ ရှီကျန့်ရှန်း... နင် ဒီနေ့ ရှင်းရှင်းလင်းလင်း ပြောရမယ်။ မပြောရင် ငါ ရပ်ကွက်ရုံးအထိ သွားတိုင်မယ်၊ စက်ရုံအထိ သွားမယ်။ ငါ့မှာလည်း အဖွဲ့အစည်း ရှိတယ်၊ လူကြီးတွေကို တရားမျှတအောင် ဆုံးဖြတ်ခိုင်းမယ်။ ဒီလိုကိစ္စမျိုး တကယ်ပဲ ရှိရသလား?"
"နင်တို့ ငါတို့ကို အနိုင်ကျင့်နေတာပဲ! နင်တို့မိသားစုက တကယ်ကို စက်ဆုပ်ဖို့ ကောင်းတယ်!"
အဘွားကြီးကျောက်သည် ခြေလက်များဆန့်တန်းလျက် အသံကုန် အော်ဟစ်နေ၏။
"အနိုင်ကျင့်လွန်းလှပြီ၊ ဘုရားသခင်ရေ... သူတို့ကို အမြန် လာခေါ်သွားပါတော့။ သူတို့က ငါတို့ကို နှိပ်စက်နေကြပြီ။ ငါတို့ ဘဝက တကယ်ကို ဆင်းရဲလှပါတယ်။ ဘာဖြစ်လို့ ငါ့ဘဝက ဒီလောက် ဒုက္ခများနေရတာလဲ! ငယ်ငယ်က ယောက်ျားဆုံး၊ ကြီးတော့ သားဆုံးနဲ့ ငါ့ဘဝက အလွန်ပဲ ခက်ခဲလှချည်လား။ ငါတို့ အေးအေးဆေးဆေး နေချင်တာ ဘာမှားလို့လဲ? သူတို့က ငါတို့ကို အနိုင်ကျင့်လွန်းတယ်။ ငါတို့က အနိုင်ကျင့်ခံ သက်သက်ပါပဲ!"
အဘွားကြီးကျောက်၏ သရုပ်ဆောင်မှု ကောင်းလွန်းသဖြင့် အနီးနားဝင်းများမှ လူများပင် တံခါးဝတွင် ချောင်းကြည့်နေကြရသည်။ ရှီကျန့်ရှန်းမှာ ဒေါသထွက်လွန်း၍ တုန်ယင်နေသော်လည်း အဘွားကြီးကျောက် ပြောသည်မှာ မှန်ကန်
နေပြီး မိမိက သူမကို တမင်တကာ ပြဿနာရှာနေခြင်း ဖြစ်သည်ကို သိရှိနေ၏။
သို့သော် အဘွားကြီးကျောက်သည် ယခင်ကထက် ပို၍ ပါးနပ်လာကာ သူမ၏ အကွက်ထဲသို့ မဝင်ဘဲ တိုက်ရိုက် ပြဿနာရှာလာလိမ့်မည်ဟု ရှီကျန့်ရှန်း မထင်ထားခဲ့ပေ။
အဘွားကြီးကျောက်၏ စိတ်ထဲတွင်မူ "ချန်ချင်းယွီကို မနိုင်ပေမဲ့ နင့်လို မိန်းမက အနိုင်ကျင့်တာတော့ မခံနိုင်ဘူး" ဟု တွေးတောနေလေသည်။
"ကျန့်ဝမ်မိန်းမ... နင် ပြန်လာပြီလား?"
"ကျန့်ဝမ်မိန်းမရေ... နင့်ယောက္ခမကို ဖျောင်းဖျပေးပါဦး..."
ထိုစဉ် လူတိုင်းသည် ချန်ချင်းယွီကို မြင်တွေ့သွားကြသည်။ ချန်ချင်းယွီမှာမူ ရပ်လျက် ရှီကျန့်ရှန်းအား မျက်ရည်ဝိုင်းသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထား၍ သူမသည် တစ်စစီ ပြိုကွဲတော့မည့် ပုံရိပ်မျိုး ပေါက်နေ၏။
သူမသည် ရှီကျန့်ရှန်းကို စိုက်ကြည့်လိုက်ရာ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝိုင်းဖွဲ့လာပြီး အချိန်မရွေး စီးကျလာတော့မည့်အတိုင်း ရှိနေ၏။ သူမ၏ အသံမှာ တုန်ရီနေပြီး ရှိုက်သံဖြင့် မေးလိုက်လေသည်။
"ဒေါ်လေးရှီ... ကျွန်မတို့မိသားစုက အရင်ဘဝက အဒေါ်တို့အပေါ် ဘာတွေများ ကြွေးတင်ခဲ့လို့လဲဟင်?"
ရှီကျန့်ရှန်းမှာ ဒေါသတကြီးဖြင့် ပြန်ပက်လိုက်သည်။
"ဒီမှာ မုဆိုးမလေး၊ နင်က ဘာစကား ပြောတာလဲ?"
သူမသည် အဘွားကြီးကျောက်၏ စကားများကြောင့် ဒေါသထွက်နေပြီး ချန်ချင်းယွီအပေါ် ပုံချရန် ကြံရွယ်နေစဉ်မှာပင် ချန်ချင်းယွီ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်ကို မြင်လိုက်ရ၏။ သူမက ရှိုက်ကြီးတငင် ငိုကြွေးရင်း မျက်ရည်များ အဆက်မပြတ် စီးကျလာလေတော့သည်။
"ကျွန်မ သိပါတယ်၊ ကျန့်ဝမ် ဆုံးသွားပြီဆိုတော့ အဒေါ်တို့အားလုံးက ကျွန်မတို့ မိသားစု အခြေအနေ မကောင်းတာကို အခွင့်ကောင်းယူပြီး အရှင်လတ်လတ် ဝါးမြိုချင်နေကြတာပဲ။ မနေ့က အဒေါ် ကျွန်မအပေါ် ကောင်းပြခဲ့တာတွေက အလိမ်အညာတွေပဲပေါ့။ ကျွန်မ မှားသွားတယ်၊ တကယ်ကို မှားသွားခဲ့တာ။ အဒေါ့်ကို လူကောင်းတစ်ယောက်လို့ ထင်ခဲ့မိတယ်။ ဒေါ်လေးရှီ... မနေ့ကတောင် ကျွန်မယောက္ခမက အဒေါ့်ကို ဆေးရုံအထိ လိုက်ပို့ပေးခဲ့သေးတယ်လေ! ဘာလို့ ကျေးဇူးကို ရန်တုံ့ပြန်ရတာလဲ? အဒေါ် မျက်နှာပျက်ရလို့ ဒေါသပုံချချင်နေတာကို ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ ဒီလိုမျိုးတော့ အနိုင်မကျင့်သင့်ဘူးလေ..."
ချန်ချင်းယွီ ငိုနေသည့်ပုံမှာ ရင်နာစရာ ကောင်းလှ၏။ သူမသည် ရှေ့သို့တိုးကာ အဘွားကြီးကျောက်ကို တွဲကူလိုက်ပြီး
"အမေ... ဘာမှ ဆက်မပြောပါနဲ့တော့။ တရားမျှတမှုက အမြဲရှိနေမှာပါ။ အခုပဲ ရပ်ကွက်ရုံးကို သွားကြရအောင်။ ရပ်ကွက်လူကြီးတွေက အမြဲတမ်း မျှတမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့ကို အနိုင်ကျင့်ခံရအောင် သူတို့ ခွင့်ပြုမှာမဟုတ်ပါဘူး။ အခုခေတ်က အရင်ခေတ်ဟောင်းမှ မဟုတ်တော့တာ..."
အဘွားကြီးကျောက်သည်လည်း
"အေး... ဟုတ်တယ်၊ ဟုတ်တယ်။ ရပ်ကွက်ရုံးကို သွားကြမယ်။ နင်တို့မိသားစုကို ငါတို့က မပြိုင်နိုင်တော့လည်း ရပ်ကွက်ရုံးကိုတော့ သွားလို့ရတယ် မဟုတ်လား?"
ထိုစဉ် ပိုင်ဖုန်းရှန်းမှာ ကြားထဲက ဖြတ်ပြောလိုက်၏။
"ညီမလေး... ညီမလေးကျောက်... စိတ်အေးအေးထားပါဦး၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ရှီကျန့်ရှန်းလည်း ဝေခွဲမရဖြစ်နေလို့ပါ။ စိတ်ထဲ မထားပါနဲ့။ ဒီလိုကိစ္စသေးသေးလေးအတွက်နဲ့ ရပ်ကွက်ရုံးအထိ သွားနေဖို့ လိုလို့လား?"
ချန်ချင်းယွီ ခေါင်းငုံ့လျက် တိုးတိုးလေး ပြောလိုက်၏။
"ရပ်ကွက်ရုံးက အကူအညီကို မယူရင် နောက်တစ်ခါလည်း သူများတွေက ကျွန်မတို့ကို ထပ်ပြီး အနိုင်ကျင့်ကြဦးမှာပဲ။ ကျွန်မတို့က မုဆိုးမနဲ့ ကလေးတွေမို့လို့လား?"
သူမ၏ အသံမှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေကာ
"ကျွန်မတို့မှာ ရွေးချယ်စရာ မရှိဘူး! တကယ်ကို တခြားနည်းလမ်း မရှိတော့လို့ပါ!"
ဟက်! တကယ်လို့ သူတို့သာ ရပ်ကွက်ရုံး သွားမယ်လို့ မပြောခဲ့ရင် ပိုင်ဖုန်းရှန်းက ဘာမှ ဝင်ပြောမှာ မဟုတ်ပေ..
သို့သော်လည်း ချန်ချင်းယွီ သူမကို ဆိတ်လိုက်ရာ အဘွားကြီးကျောက် ချက်ချင်းပင် ပိုင်ဖုန်းရှန်းဘက် လှည့်ကာ ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်လေသည်။
"ရှီကျန့်ရှန်းက ငါ့ကို ပုတ်ခတ်နေတုန်းကတော့ နင် ဘာလို့ တစ်ခွန်းမှ ဝင်မပြောတာလဲ? အခုကျမှ ဘာလို့ ကြားထဲက ထွက်လာတာလဲ? ဘာတွေ လာဟန်ဆောင်နေတာလဲ? နင်ကရော သူတို့မိသားစုအကြောင်း အတင်းမပြောဘူးလို့ ရဲရဲကြီး အာမခံနိုင်သလား? အားလုံးက အတူတူ ပြောခဲ့ကြတာပဲကို၊ ဘာလို့ ငါ့ကျမှ လာပြီး ပြောနေရတာလဲ? ဒါ အနိုင်ကျင့်တာ မဟုတ်ဘူးလား? ငါ ရပ်ကွက်ရုံး သွားပြီး မေးရမယ်၊ ငါ့အိမ်မှာ ယောက်ျားသား မရှိလို့ သူများတွေက ငါ့အပေါ် ဒေါသပုံချနေကြတာလားလို့!"
"မဟုတ်ပါဘူး၊ ဒီကိစ္စက အဲဒီအထိတော့ မရောက်သေးပါဘူး။"
ပိုင်ဖုန်းရှန်းမှာ အနည်းငယ် အရှက်ရသွားပြီး အဘွားကြီးကျောက်၏ ရိုင်းစိုင်းမှုကို စိတ်ပျက်နေသလို၊ ပြဿနာရှာတတ်သည့် ရှီကျန့်ရှန်းကိုလည်း ပို၍ပင် စိတ်တိုနေမိသည်။
သူမ အသံကို နူးညံ့အောင် ထိန်းကာ
"ကြည့်ပါဦး၊ ကျွန်မတို့ဝင်းရဲ့ နာမည်က အခုတောင်... အဟမ်း။ တကယ်လို့ ရပ်ကွက်ရုံးအထိ ထပ်ရောက်သွားရင် လူတွေက ကျွန်မတို့အပေါ် ဘယ်လို ထင်ကြမလဲ?"
အဘွားကြီးကျောက်သည် အေးစက်စက် လှောင်ရယ်လိုက်ပြီး
"ဟက်! အခုကျမှ မကောင်းဘူးဆိုတာ သိပြီလား? မကောင်းမှန်းသိရင် ငါတို့ကို အနိုင်မကျင့်နဲ့လေ! ငါ ပြောလိုက်မယ်၊ နင့်မျက်နှာနဲ့ ငါ့ကို လာပြီး ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့။ ငါ ကျောက်တာ့ရာက အဲဒါတွေကို အဖတ်လုပ်မယ့်သူ မဟုတ်ဘူး။"
ချန်ချင်းယွီသည် အဘွားကြီးကျောက်အား တွဲထူလျက် မည်သည့်အားနာမှုမျိုးမျှမပြဘဲ အပြင်သို့ ထွက်ခွာရန် ပြင်ဆင်လေတော့သည်။
"နေဦး! ခဏလောက် နေကြပါဦး!"
ထိုစဉ် ရွှီကောင်းမင်သည် ချိုင်းထောက်ကို အားပြုကာ အိမ်ထဲမှ ထွက်လာ၏။ သူ၏မျက်နှာမှာ ဖြူဖျော့နေသော်လည်း အပြုံးတစ်ခုကို အတင်းလုပ်ယူလျက်
"ညီမလေးကျောက်ရယ်၊ ဒီနေ့ဖြစ်သွားတဲ့ကိစ္စက ကျွန်တော့်မိသားစုအမှားပါ။ ကျွန်တော့်ဇနီးကိုယ်စား ညီမကို တောင်းပန်ပါတယ်။ စိတ်ထဲမထားပါနဲ့ဗျာ၊ သူက ပညာမတတ်တော့ အကျိုးအကြောင်း အကောင်းအဆိုးကို သိပ်နားမလည်ရှာဘူး။ တကယ်တော့ သူက မကောင်းတဲ့စိတ်နဲ့ လုပ်တာမဟုတ်ပါဘူး၊ ခင်များတို့ကို အနိုင်ကျင့်ချင်တဲ့ ဆန္ဒလည်း မရှိပါဘူး။ သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်နေတော့ ဒေါသအလျောက် ပြောမိဆိုမိသွားတာပါ။ တကယ်ပါ၊ သူ တမင်လုပ်တာ မဟုတ်ပါဘူးဗျာ။"
သူသည် စိတ်ရင်းမှန်သည့် မျက်နှာပေးမျိုးဖြင့် ဆက်ပြောလေသည်။
"ညီမလေးကျောက်တို့ဘက်က နစ်နာသွားရပါတယ်။ ဒီလိုလုပ်ကြရအောင်ဗျာ၊ ကျွန်တော့်မိသားစုက ညီမလေးတို့ကို တောင်းပန်တဲ့အနေနဲ့ စည်သွပ်ဗူးတစ်ဗူးပေးပါ့မယ်။ ဒါ ကျွန်တော်တို့ဘက်က အမှားပါ!"
အဘွားကြီးကျောက်သည် ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး ပျော်ပျော်ရွှင်ရွှင်ပင် သဘောတူတော့မည့်ဆဲဆဲမှာပင် ထပ်မံ၍ အဆိတ်ခံလိုက်ရပြန်သည်။
အဘွားကြီးကျောက်၏ မျက်နှာမှာ ချက်ချင်းပင် ရှုံ့မဲ့သွားပြီး အံကြိတ်လျက် ဟိန်းဟောက်လိုက်၏။
"နင့်ရဲ့ စည်သွပ်ဗူးတစ်ဗူးကို ငါက အဖတ်တောင် လုပ်မနေဘူး! နင်က ဘယ်သူ့ကို လာလိမ်နေတာလဲ! ဒါက နင်တို့အမှား သက်သက်ပဲကို၊ ဘယ်သူက ဒီလိုမျိုး လာတောင်းပန်ရသလဲ?"
ရွှီကောင်းမင်၏ အပြုံးမှာ အနည်းငယ် ပျက်သွားသော်လည်း စိတ်ရင်းမှန်သည့်ပုံစံကို ဆက်လက်ထိန်းသိမ်းထား၏။ သူက မိမိ၏ဦးခေါင်းကို ပုတ်လျက်
"ကျွန်တော့်အမှားပါ၊ ကျွန်တော့်အမှားပါ။ ကျွန်တော် သေချာမစဉ်းစားမိလိုက်ဘူး။ ဒီလိုတောင်းပန်မှုမျိုးနဲ့တော့ ဘယ်တန်ပါ့မလဲ။ ကျွန်တော် ပစ္စည်းလေးမျိုး ပြင်ဆင်ပေးပါ့မယ်။ မိန်းမ... အိမ်ထဲဝင်ပြီး လေးဗူးသွားယူလိုက်ဦး။ ငါတို့အိမ်မှာ စည်သွပ်ဗူးလေးဗူး ကျန်သေးတယ်မလား၊ အကုန်ယူလာခဲ့။ အဲဒါမှ တောင်းပန်ရကျိုးနပ်မှာ။"
ရှီကျန့်ရှန်း "ဒါပေမဲ့..."
သူမသည် လုံးဝမပေးချင်ပေ၊ နှမြောလွန်း၍ ရင်ဘတ်ထဲမှာ သွေးထွက်မတတ် ခံစားနေရ၏။ သူမ၏ မျက်ခုံးနှစ်ဖက်မှာလည်း ထိစပ်လုနီးပါး တွန့်ကွေးနေလေသည်။ ရွှီကောင်းမင်က သူမအား အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ရာ ရှီကျန့်ရှန်းမှာ ဘာမှမတတ်နိုင်တော့ပေ။ ရှီကျန့်ရှနိးသည် ဒေါသနှင့် မကျေနပ်ချက်များကို အောင့်အည်းလျက် အိမ်ထဲသို့ ဝင်သွားရင်း ပြောလိုက်သည်။
"ညီမလေးကျောက်ရယ်၊ ဒါ ကျွန်တော်တို့အမှားမှန်း သိပါတယ်၊ တကယ်ကို တောင်းပန်ပါတယ်။ စိတ်မပူပါနဲ့၊ နောက်နောင် ဒါမျိုး ဘယ်တော့မှ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ ရပ်ကွက်ရုံးအထိတော့ မသွားကြပါနဲ့တော့ဗျာ။ ညီမလေးလည်း သိတဲ့အတိုင်း မနေ့က ကျွန်တော် တော်တော်လေး မျက်နှာပျက်ခဲ့ရတယ်လေ၊ အခု ရပ်ကွက်လူကြီးတွေကို တွေ့ဖို့ ကျွန်တော် တကယ်ပဲ ရှက်လွန်းလို့ပါ... ဟူး!"
ရွှီကောင်းမင်သည် အလွန်ပါးနပ်သူဖြစ်ရာ သူ၏ဟန်ပန်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများထံမှ သနားကရုဏာကို ရရှိသွားပြီး လူတိုင်းကလည်း ဝိုင်းဝန်းဖျောင်းဖျကြတော့၏။
"ဒေါ်ကြီးကျောက်ရယ်၊ ဒီလောက်နဲ့ပဲ ကျေအေးလိုက်ပါလား။ ဒေါ်ကြီးရှီကလည်း တမင်လုပ်တာ မဟုတ်လောက်ပါဘူး၊ ဒေါသအလျောက် ဖြစ်သွားတာနေမှာပါ..."
"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်။ ဒါက ကိစ္စကြီးကြီးမားမားမှ မဟုတ်တာ။ ဝင်းထဲမှာတင် အချင်းချင်း ပြောဆိုဖြေရှင်းလိုက်လို့ ရတာပဲ။ ဦးလေးရွှီကလည်း စိတ်ရင်းနဲ့ တောင်းပန်နေတာပဲ၊ ကြည့်ပါဦး... စည်သွပ်ဗူးတွေတောင် ပေးမယ်ဆိုနေတာကို..."
"ဟုတ်ပ၊ စည်သွပ်ဗူး လေးဗူးနဲ့ တောင်းပန်တယ်ဆိုတာ နည်းတဲ့ပမာဏမှ မဟုတ်တာ..."
"ဒါက အရေးတကြီးကိစ္စ မဟုတ်ပါဘူး။ ရန်ငြိုးထားတာထက် ကျေအေးလိုက်တာက ပိုကောင်းပါတယ်။ တကယ်ပဲ လျှော့ပေးလိုက်ကြပါဦး။"
အဘွားကြီးကျောက်သည် ခါးထောက်လျက် တံထွေးများ လွင့်စင်သည်အထိ အော်ဟစ်လေတော့သည်။
"ဟက်! နင်တို့ကပဲ နစ်နာနေသလိုလိုနဲ့၊ အခုကျမှ ဘာလို့ အသားထဲက လောက်ထွက်ပြီး လာဟန်ဆောင်နေကြတာလဲ? ရွှီကောင်းမင်က ချမ်းသာလို့ မြှောက်ပင့်ပေးနေကြတာ မဟုတ်လား? နင်တို့တွေ သူ့ဖိနပ်ကို အတင်း လျှာနဲ့ရက်ပေးနေကြတာပဲ၊ မဟုတ်ဘူးလား? ဟား! တကယ်ကို စက်ဆုပ်ဖို့ကောင်းလိုက်တာ!"
"အို... ဘုရားရေ၊ ခင်များက ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ..."
"ငါပြောတာ ဘာမှားလို့လဲ? အစောနကကျတော့ နင်တို့အားလုံး ဘာလို့ ငြိမ်နေကြတာလဲ? ရှီကျန့်ရှန်းက ငါ့ကို အနိုင်ကျင့်တုန်းကတော့ နင်တို့က ကြည့်နေပြီးတော့၊ အခု ငါက တရားမျှတမှုအတွက် ရပ်ကွက်ရုံးသွားမယ်ဆိုတော့မှ လာတားနေကြတာလား?"
အဘွားကြီးကျောက်သည် နှာခေါင်းရှုံ့လိုက်စဉ် သူမ၏လက်မောင်းမှာ ထပ်မံ၍ အဆိတ်ခံလိုက်ရပြန်သဖြင့် တဆစ်ဆစ် နာကျင်သွား၏။ သူမသည် ဘာလုပ်ရမည်ကို ချက်ချင်းပင် ရိပ်မိသွားပြီး
"နင်တို့အိမ်က စည်သွပ်ဗူး လေးဗူးပေးမယ်ဆိုလို့ ငါက ကျေအေးပေးမလို့ပဲ၊ ဒါပေမဲ့ သူတို့ပြောတဲ့စကားတွေကြားတော့ ငါ တကယ်ဒေါသထွက်လာပြီ။ သူတို့က ဘာမို့လို့လဲ?! နင်တို့တွေ ဒီလောက်တောင် ဘက်လိုက်ရသလား! ငါပြောလိုက်မယ် ရွှီကောင်းမင်၊ လေးဗူးနဲ့တော့ မရဘူး။ သူတို့က ဒီလောက်တောင် ဘက်လိုက်နေမှတော့ ရှစ်ဗူးပေးမှရမယ်၊ မပေးရင်တော့ ရပ်ကွက်ရုံးအထိ သွားပြီး အဆုံးအဖြတ် ခံယူမယ်။ နင်တို့မိသားစုက ငါတို့လို မုဆိုးမနဲ့ မိဘမဲ့တွေကို ဘယ်လိုအနိုင်ကျင့်နေလဲဆိုတာ အားလုံးသိအောင် လုပ်ပြမယ်! ငါက ကောလာဟလ ဖြန့်တယ် ဟုတ်လား? အမှန်အတိုင်းပြောတာကို ကောလာဟလလို့ ခေါ်သလား? ထမင်းစားဆောင်ကလူတွေ အကုန်ရှိနေတာပဲ၊ နင် သွားမေးကြည့်တာကို ငါမကြောက်ဘူး။ ငါပြောတဲ့စကားထဲမှာ တစ်ခွန်းလေးလွဲနေရင် နင်တို့ အီးစားလိုက်!"
ရွှီကောင်းမင်၏ မျက်နှာမှာ မည်းမှောင်သွား၏။ အကယ်၍ သူသာ သိက္ခာကို ငဲ့ကွက်မနေလျှင် ထိုအဘွားကြီး၏ ပါးကို အားရပါးရ ရိုက်လွှတ်လိုက်ချင်မိသည်။
ဒီအဘွားကြီးကတော့ တကယ့်ကို သောက်ရှက်မရှိတာ!!
"ကျွန်တော်... ကျွန်တော်..."
သူသည် ခါးသီးစွာ ပြုံးလိုက်ရင်း
"ရှစ်ဗူးဆိုတာကတော့ များလွန်းပါတယ်ဗျာ"
အဘွားကြီးကျောက်; "ဒါဆိုရင်တော့ ငါ့ကို လာအပြစ်မတင်နဲ့၊ သူတို့တွေက ဘက်လိုက်ပြီး စကားဝင်ပြောကြတာကိုး"
ရွှီကောင်းမင်ဘက်က ရှေ့နေလိုက်ပေးခဲ့သူများမှာ ယခုအခါ တကယ်ပင် အရှက်ရသွားကြသည်။ သူတို့ခမျာ ရွှီကောင်းမင်ဘက်က ကူညီပြောပေးခဲ့သော်လည်း၊ ထိုသို့ပြောလိုက်ခြင်းကြောင့်ပင် အဘွားကြီးကျောက်သည် ပို၍တောင်းဆိုလာသဖြင့် ရွှီကောင်းမင်မှာ ပစ္စည်းများ ပို၍အကုန်အကျများသွားရသည့်အတွက် အခြေအနေမှာ အလွန်ပင် ကသိကအောက် ဖြစ်သွားရလေသည်။
"ဒါက ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး..."
"ဟုတ်တယ်၊ နင်တို့နဲ့လည်း ဘာမှမဆိုင်ဘူး၊ ဘယ်သူက နင်တို့တွေကို စပ်စုခိုင်းလို့လဲ?"
အဘွားကြီးကျောက်သည် မည်သူ့ကိုမျှ မကြောက်ပေ။ သူမသည် မူလကတည်းက လူတိုင်းနှင့် ရန်ဖြစ်တတ်သူဖြစ်ရာ ယခုကဲ့သို့ ပြုမူခြင်းမှာ သူမအတွက်တော့ ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။
သို့သော်လည်း မည်သူမျှ အံ့သဩမနေကြပေ။ အိမ်နီးချင်းဖြစ်လာခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း အဘွားကြီးကျောက်မှာ ဤအတိုင်းပင်ဖြစ်ရာ သူမ ပြောင်းလဲသွားခြင်း မရှိသည်မှာ ထင်ရှားလှ၏။
ထို့ကြောင့် သူမသည် အကျိုးအကြောင်းမရှိ ပြဿနာရှာနေသော်လည်း "ဒါဟာ သူမရဲ့ သဘာဝပဲ" ဟု လူတိုင်း နားလည်ထားကြသည်။
"ရွှီကောင်းမင်၊ နင်က ယောက်ျားကြီးတန်မဲ့ ငါ့အထင်သေးတာကိုတော့ မခံပါနဲ့ဦး။ ပေးမှာလား၊ မပေးဘူးလားဆိုတာကိုပဲ တိတိကျကျ ပြောစမ်း!"
ရွှီကောင်းမင်မှာ လုံးဝမပေးချင်သော်လည်း မိမိမိသားစု၏ အားနည်းချက်ကို တစ်ဖက်က ကိုင်ထားသဖြင့် ဘာမှမတတ်နိုင်ပေ။ ထိုအဘွားကြီးမှာ ပြဿနာရှာတတ်သူမှန်း သူသိသော်လည်း သူမကို သူ မကြောက်ချေ။ သူမ ပြဿနာကို ပို၍ကြီးထွားအောင် လုပ်လေလေ၊ သူသည် ပို၍ လူကောင်းဟန်ဆောင်နိုင်လေလေ ဖြစ်သည်။
သို့သော်လည်း သူမ၏သား ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် သူမသည် ယခင်ကထက် ပို၍ ပါးနပ်လာကာ သူ့ဇနီးမောင်နှံကို အကျပ်ရိုက်အောင် လုပ်နိုင်လာခဲ့၏။
အမှန်အတိုင်း ပြောရလျှင် ထိုအဘွားကြီးကို ရပ်ကွက်ရုံးသို့ သူ လုံးဝမသွားစေချင်ပေ။ အကယ်၍ သူမသာ သွားတိုင်ခဲ့လျှင် မိမိတို့မှာ မုဆိုးမနှင့် ကလေးကို အနိုင်ကျင့်သည်ဟူသော စွပ်စွဲချက်ဖြင့် နာမည်ပျက်သွားနိုင်ပေသည်။ အထူးသဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် မိမိတို့အနေဖြင့် အေးအေးဆေးဆေး နေထိုင်ရန် လိုအပ်နေသည် မဟုတ်လော့။
ပစ္စည်းပေး၍ ကျေအေးလိုက်ခြင်းသည်သာ နောက်ထပ် ပြဿနာမတက်အောင် တားဆီးနိုင်မည့် နည်းလမ်းဖြစ်ပုံရလေသည်။
ထိုစဉ် ပိုင်ဖုန်းရှန်းမှာလည်း ဝင်ရောက်ဖျောင်းဖျလေသည်။
"အဘိုးကြီးရွှီရယ်၊ ဒါက တကယ်တော့ ရှင့်ဘက်က ဆုံးဖြတ်ချက်မှားသွားတာပါ။အဘွားကြီးကျောက်ကို လျော်ကြေးပေးလိုက်ပါလား။ ကိစ္စတွေ အရမ်းကြီးသွားရင် ဘယ်သူ့အတွက်မှ မကောင်းဘူးလေ၊ ဟုတ်တယ်မလား?"
သူမ၏ခင်ပွန်းဖြစ်သူမှာ ခြံဝင်းတာဝန်ခံတာဝန်ကို ယူထားရသူ ဖြစ်၏။
အကယ်၍ ဤကိစ္စသာ ရပ်ကွက်ရုံးအထိ ရောက်သွားပါက သူမ၏ခင်ပွန်းအနေဖြင့် အုပ်ချုပ်စီမံမှု ညံ့ဖျင်းရာ ရောက်ပေလိမ့်မည်။
ပိုင်ဖုန်းရှန်း၏ သဘာဝမှာ ထိုသို့ပင် ဖြစ်သည်။ သူမသည် မည်သူ့အပေါ်တွင်မျှ အလေးမထားတတ်ပေ။ အမြဲပြဿနာရှာတတ်သည့် အဘွားကြီးကျောက်ကိုလည်း သူမ မနှစ်သက်သလို၊ သူမ၏နေရာကို အမြဲလုချင်နေသည့် ရှီကျန့်ရှန်းတို့မိသားစုကိုလည်း ကြည့်မရပေ။
ဟမ့်.. ငါမသိဘူးများ ထင်နေလား!!
ရွှီကောင်းမင်သည် ဤကြီးကြပ်ရေးမှူးရာထူးကို မျက်စိကျနေခြင်း ဖြစ်သည်။
မာကျန့်ယီမှာမူ ဤရာထူးကို အမှန်တကယ် မလိုချင်သော်လည်း ဇနီးဖြစ်သူ ပိုင်ဖုန်းရှန်းကမူ ဦးဆောင်ဦးရွက်ပြုရသည်ကို အလွန်ပင် သဘောကျကာ ဤကြီးကြပ်ရေးမှူးကတော် ဘဝကို အလွန်ကျေနပ်နေသူ ဖြစ်သည်။ သူမသည် သူမ၏ခင်ပွန်းကို ရာထူးမှ အဆင်းမခံနိုင်ပေ။
သူမ၏ခင်ပွန်း အလုပ်သွားချိန်တွင် သူမသည်သာ အရာရာကို ကြားဝင်စေ့စပ်ပေးသူ ဖြစ်သည်။ မည်သူက သူမ၏မျက်နှာကို မထောက်ဘဲ နေရဲမည်နည်း? သူမ၏ အလေ့အကျင့်မှာ အားနည်းသူကိုသာ ဖျောင်းဖျပြီး အားသာသူကို ရန်မစမိအောင် ရှောင်ရှားတတ်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် ယခုအခါတွင် သူမသည် ရွှီကောင်းမင်ကို အားတက်သရော ဖျောင်းဖျနေလေသည်။
"အဘိုးကြီးရွှီ... ကြည့်ပါဦး၊ ရှင့်မိသားစုက မနေ့ညကမှ ပြဿနာတက်ထားတာလေ။ ဒီနေ့သာ ထပ်ပြီး ဆူညံပွက်လောရိုက်နေရင် သတင်းတွေက ပိုပြီး ပျံ့သွားမှာပေါ့။ ဘာလို့ အပူရှာနေမှာလဲ? ကျွန်မပြောတာ ဟုတ်တယ်မလား?"
ရွှီကောင်းမင်သည်လည်း ဤအချက်ကို ကောင်းကောင်းသိပါသည်။ ထိုသို့ သိရှိနားလည်ထားသောကြောင့်ပင် သူသည် သွားကို တင်းတင်းကြိတ်လျက် စကားလုံးများကို အနိုင်နိုင် ညှစ်ထုတ်ကာ ပြောလိုက်ရ၏။
"သိပါတယ်... ဟူး၊ ဒါ ကျွန်တော့်မိသားစု အမှားပါ။ ညီမလေးကျောက်..."
"လာပြီး ရင်းနှီးသလိုလုပ်မနေနဲ့၊ အဘွားကြီးကျောက်လို့ပဲ ခေါ်စမ်းပါ၊"
အဘွားကြီးကျောက် နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
ရွှီကောင်းမင်မှာ အရှက်ရသွားပြီး
"အဲ... ဟုတ်ကဲ့၊ အဘွားကြီးကျောက်... ကောင်းပါပြီ၊ ဒါ ကျွန်တော့်မိသားစု အမှားမို့ ပေးသင့်တာ ပေးရမှာပေါ့။ မိန်းမ... အိမ်မှာ စည်သွပ်ဗူး မလောက်ရင် အပြင်ထွက်ပြီး ထပ်ဝယ်လိုက်ဦး။"
ရှီကျန့်ရှန်းမှာ ဆွံ့အသွားပြီး ဒေါသများက ခေါင်းပေါ်သို့ ဆောင့်တက်လာတော့သည်။ သူမသည် တံခါးကို အမြန်လှမ်းကိုင်လိုက်ရပြီး ဒေါသကြောင့် မူးမေ့လဲမတတ်ပင် ဖြစ်သွား၏။
ရှစ်ဗူး!
ရှစ်ဗူးတောင်!
ဒါ ရှစ်ဗူးကြီးများတောင်လေ!
သူမမှာ အလွန်ပင် စိတ်ဆင်းရဲနေပြီး ငြင်းဆန်ချင်သော်လည်း အိမ်မှာ မည်သူက ဆုံးဖြတ်ချက်ချသည်ကို သိနေသည်မဟုတ်လော့။ ထို့ကြောင့် ညှိုးငယ်သော မျက်နှာဖြင့်သာ သဘောတူလိုက်ရလေသည်။
ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လျက် အံ့အားသင့်နေကြ၏။ ဦးလေးရွှီက ဤမျှလွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု မထင်ထားကြပေ။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ဦးလေးရွှီသည် ထိုသို့သောသူမျိုးပင် ဖြစ်သည်။ သူသည် လူသိရှင်ကြား နာမည်ပျက်မည်ကို မလိုလားသူဖြစ်ရာ ကိစ္စများ အရမ်းမကြီးထွားစေချင်သည်မှာ သဘာဝပင် ဖြစ်၏။
အဘွားကြီးကျောက်ကိုယ်တိုင်လည်း ဤမိသားစုက စျေးတောင်မဆစ်ဘဲ ချက်ချင်း သဘောတူလိုက်သဖြင့် အံ့သြသွားရသည်။
သူတို့တွေ တကယ်ကို ချမ်းသာတာပဲ!!
သူမက နှာခေါင်းရှုံ့လျက် ပြောလိုက်၏။
"ဒီတစ်ခါတော့ နင့်မျက်နှာကို ထောက်ပြီး ကျေအေးပေးလိုက်မယ်။ နင့်မိန်းမကိုလည်း သေချာထိန်းဦး၊ ခွေးရူးတစ်ကောင်လို လျှောက်ဟောင်မနေခိုင်းနဲ့။ တစ်ယောက်ယောက်ကို လိုက်ကိုက်ချင်ရင် ငါ့ကို အနိုင်ကျင့်လို့ရမရ အရင်ကြည့်ခိုင်းလိုက်!"
သူမသည် ခေါင်းကို မော့၊ တံထွေးကို အားရပါးရ ထွေးလိုက်ပြီးနောက် အောင်နိုင်သူ ကြက်ဖကြီးတစ်ကောင်ကဲ့သို့ ဝင့်ဝင့်ကြွားကြွားဖြင့် "ချွေးမရေ... အိမ်ပြန်ကြစို့!" ဟု ဆိုလိုက်လေသည်။
ချန်ချင်းယွီသည် ခေါင်းကိုငုံ့ကာ မဝံ့မရဲဖြင့် ထူးလျက် အဘွားကြီးကျောက်၏ နောက်မှ လိုက်သွား၏။
အိမ်ထဲသို့ ရောက်သည်နှင့် အဘွားကြီးကျောက်သည် အားရပါးရ အော်ဟစ်ရယ်မောလေတော့ရာ အပြင်ရှိ လူအားလုံးမှာ ဆွံ့အသွားကြရသည်။ ရွှီကောင်းမင်မှာ ဒေါသကြောင့် တုန်ယင်နေသော်လည်း အောင့်အည်းသည်းခံနေရ၏။
သူသည် ချိုင်းထောက်ကို အားပြုကာ အိုမင်းရင့်ရော်နေသည့် ပုံစံဖြင့် အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။
ရှီကျန့်ရှန်းတစ်ယောက် အဘွားကြီးကျောက်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် မထူးဆန်းလှချေ။ အဘွားကြီးကျောက်ကဲ့သို့သော ဝါရင့်ရန်တွေ့တတ်သူကို မည်သူကမျှ ယှဉ်နိုင်မည်မဟုတ်ပေ။ အမှန်တကယ်တော့ ယခုတစ်ကြိမ်တွင် ရှီကျန့်ရှန်းမှာ သူမ၏ဒေါသကို တစ်ယောက်ယောက်အပေါ် ပုံချနေခြင်းကို လူတိုင်း၏စိတ်ထဲတွင် သိနေကြသည်ပင်။
ဤအတင်းအဖျင်းသတင်းကို အဘွားကြီးကျောက်က ဖြန့်ခဲ့မှန်း လူတိုင်းသိနေကြသော်လည်း...
ဘယ်သူကရော မပြောဘဲ နေကြသနည်း?
ဤကဲ့သို့သော မကြားစဖူး ထူးဆန်းသည့် သတင်းမျိုးမှာ ရှားပါးလှသည်မဟုတ်လော၊ ထို့ကြောင့် လူတိုင်းမှာလည်း ပြောဆိုနေကြခြင်းတည်း။
လွဲမှားနေသော သတင်းစကားများနှင့် ပတ်သက်၍မူ အဘွားကြီးကျောက်မှ ဖြန့်ဝေသည်ဟု အတပ်မပြောနိုင်ပေ။
အဘွားကြီးကျောက် ဤမျှအသံကျယ်နေရခြင်းမှာလည်း သူမကိုယ်တိုင် ဘာမှထုတ်မပြောခဲ့ခြင်းကြောင့်ပင် ဖြစ်နိုင်၏။
ထို့ကြောင့် အဒေါ်ရှီတစ်ယောက် နစ်နာဆုံးရှုံးရသည်မှာ မလွဲဧကန်ပင်။ အဘွားကြီးကျောက်သည် အကြောင်းပြချက်မရှိလျှင်ပင် ပြဿနာရှာတတ်သူဖြစ်ရာ ယခုကဲ့သို့ အသာစီးရနေချိန်တွင် ပို၍ပင် ရင့်သီးတော့မည် မဟုတ်ပါလော့။
သို့သော် ရွှီမိသားစုမှာ တကယ်ပင် ချမ်းသာကြပေသည်။ စည်သွပ်ဗူး ရှစ်ဗူးကို ထိုမျှလွယ်လွယ်ကူကူ ပေးလိုက်နိုင်သည်ကို ကြည့်လျှင် သိနိုင်၏။
"ဝါး... အများကြီးပဲ!"
ဘေးကလူများသာမက အဘွားကြီးကျောက်ကိုယ်တိုင်ပင် အံ့သြတကြီး ရေရွတ်မိသည်။
"သူတို့က ချက်ချင်း သဘောတူလိုက်တာပဲ၊ ငါ တောင်းတာ နည်းသွားတာလား မသိဘူး"
ချန်ချင်းယွီ; "ရပါတယ်၊ နောက်တစ်ခါ ရှိသေးတာပဲ။ နောက်တစ်ခါ သူတို့အမှားလုပ်ရင် ပိုတောင်းလိုက်ပေါ့။ ဒီတစ်ခါတော့ ရှစ်ဗူးဆိုရင် တန်ပါပြီ"
အဘွားကြီးကျောက် တဟားဟား ရယ်မောရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။
"ငါ တော်တော်လေး လုပ်နိုင်ခဲ့တယ် မဟုတ်လား? ငါတို့သားအမိ နှစ်ယောက်ပေါင်းရင် သူတို့ကို အသာလေး အနိုင်ပိုင်းလို့ ရတယ်"
အကယ်၍ သူမသာဆိုလျှင် ဗူးနှစ်ဗူးနှင့်တင် ကျေနပ်မိမှာ ဖြစ်သော်လည်း ဤအရူးမက ဤမျှလောက်အထိ လောဘကြီးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် အရူးမမှာ တကယ်ပါးနပ်လှ၏။ သူမ ဘာမှထုတ်မပြောဘဲနှင့်ပင် အဘွားကြီးကျောက် နားလည်သွားသည်။ ထိုအရူးမက သူမ၏လက်မောင်းပေါ်တွင် 'ရှစ်' ဟု ရေးခြစ်ပြပြီး ရှစ်ဗူးတောင်းရန် အရိပ်အယောင်ပြခဲ့ခြင်းတည်း။
ချန်ချင်းယွီ ဘာမှပြန်မပြောဘဲ သူမခူးလာသော မှိုများကိုသာ စနစ်တကျ သိမ်းဆည်းနေ၏။
အဘွားကြီးကျောက်; "ဟေး... ဒီနေ့လည်း အတော်လေး ရလာတာပဲ! မနေ့ကထက်တောင် မနည်းဘူးနော်"
ယမန်နေ့က ရလာသမျှထဲတွင် ရှီကျန့်ရှန်း၏ ဝေစုအချို့ ပါဝင်နေသည်ကို သူမ သိထားလေသည်။
ချန်ချင်းယွီ; "လမ်းမှာ အဘွားအိုတချို့နဲ့ တွေ့လို့ ပစ္စည်းချင်း လဲလှယ်ခဲ့တာ"
အဘွားကြီးကျောက်; "ဒါက မသင့်တော်ဘူးလေ! နင်က တွက်ချက်မှုမှာ ဘာလို့ ဒီလောက်တောင် ညံ့ရတာလဲ? နင်က... အယ်!"
ချန်ချင်းယွီက မျက်နှာသေဖြင့် စိုက်ကြည့်လိုက်သောအခါ တကယ်ပင် ကြောက်စရာ ကောင်းလှ၏။ အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ စရိုက်အမှန်ကို သိထားသဖြင့် တကယ်ပင် ထိတ်လန့်သွားကာ ရုတ်ခြည်းပင် နှုတ်ဆိတ်သွားတော့သည်။ ချန်ချင်းယွီကလည်း ထပ်ပြီး ရှင်းပြမနေတော့ဘဲ အေးစက်စက် ပြောလိုက်လေသည်။
"ဘာမှလုပ်စရာမရှိရင် ကျွန်မနားမှာ လာပြီး လျှောက်မသွားပါနဲ့"
အဘွားကြီးကျောက် : "..."
နင့်နားမှာ ငါက နေချင်လွန်းလို့ မှတ်နေလား?
ဒီအရူးမ!
ညသန်းခေါင်ယံအချိန်တွင် ဤမိန်းမသည် သူမ၏ သေဆုံးသွားသော သားဖြစ်သူ၏ ဓာတ်ပုံကို ပွေ့ဖက်ထားသည်အား မြင်ယောင်မိရင်း အဘွားကြီးကျောက်မှာ ကြက်သီးတဖြန်းဖြန်း ထသွားရ၏။ အမှန်အတိုင်း ပြောရလျှင် သူမသည် ချန်ချင်းယွီကို တကယ်ပင် ကြောက်ရွံ့နေမိသည်။ သူမသည် ရန်တွေ့လျှင်လည်း ကျွမ်းကျင်သလို၊ အမှောင်ဘက်ခြမ်း စရိုက်မျိုးလည်း ရှိနေရာ မည်သူက မကြောက်ဘဲ နေနိုင်မည်နည်း။
အဘွားကြီးကျောက်; "ငါ အပြင်ခဏ လမ်းလျှောက်ထွက်လိုက်ဦးမယ်"
"ထမင်းချက်ဖို့ရော လိုမလား?"
ချန်ချင်းယွီ; "ကျွန်မ ချက်လိုက်မယ်၊ အမေက ပန်းကန်ဆေးပေါ့"
"အေးပါ၊ အေးပါ"
ချန်ချင်းယွီသည် ပန်းကန်ဆေးရသည်ထက် ထမင်းချက်ရသည်ကို ပို၍ နှစ်သက်သည်။
အဘွားကြီးကျောက် ထွက်သွားသည်ကို ကြည့်ရင်း ချန်ချင်းယွီသည် သူမ လဲလှယ်လာသော ကြက်ဥများကို သိမ်းဆည်းလိုက်၏။ ယနေ့ မှိုခူးနေစဉ်အတွင်း ကျေးရွာသားအချို့နှင့် စကားစမြည် ပြောဖြစ်ခဲ့ရာ အချိန်ကိုက်ပင် သူတို့သည်လည်း သူတို့ထွက်ကုန်များကို ငွေနှင့်လဲချင်နေကြသည်။ သူမမှာလည်း စားနပ်ရိက္ခာ လိုချင်နေသူဖြစ်ရာ အိမ်ထောင်စု အသီးသီးဆီမှ ကြက်ဥ အလုံးခြောက်ဆယ်နှင့် ဆန်ပြောင်း ငါးကျင်းခန့်ကို လဲလှယ်ယူခဲ့ခြင်း ဖြစ်၏။
အသားနှင့် လဲလှယ်ရန် ခက်ခဲသော်လည်း ဤမျှရသည်မှာပင် တော်တော်လေး အဆင်ပြေလှပြီဖြစ်ရာ ချန်ချင်းယွီသည် သူမ၏ ရိက္ခာများကို ပြန်လည်ဖြည့်တင်းရန်အတွက် အားလုံးကို သေချာသိမ်းဆည်းလိုက်သည်။
ရှောင်ကျား : "မေမေ~"
ကလေးလေးမှာ စိုးရိမ်တကြီးဖြင့် မေးရှာလေသည်။
"မေမေတို့ ရန်ဖြစ်နေကြတာလားဟင်?"
ချန်ချင်းယွီ : "ဟုတ်တယ်၊ ဒါပေမဲ့ ရပါတယ်သားရဲ့။ သားအဘွားက အမြဲတမ်း သူများတွေနဲ့ ရန်ဖြစ်နေကျ မဟုတ်လား?"
ရှောင်ကျား ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏မျက်နှာငယ်လေးပေါ်မှ စိုးရိမ်မှုများ ပျောက်ကွယ်သွားကာ ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်သားပဲနော်"
ရန်တွေ့နေရမှ သို့မဟုတ် ရန်တွေ့ရန် ပြင်ဆင်နေရမှ နေသာထိုင်သာရှိသည့် အဘွားကြီးကျောက်၏ စရိုက်ကို သုံးနှစ်သားအရွယ် ကလေးပင် ယဉ်ပါးနေပြီဖြစ်၏။ ဝင်းထဲမှ လူများဆိုလျှင်မူ ဆိုဖွယ်ရာမရှိလှကာ သူမသာ စရိုက်ပြောင်းသွားပါက အံ့ဖွယ်ထူးကဲသော နိမိတ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။
ယခုမူ ထိုအခြေအနေမှာ ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေချေပြီ။
"မေမေ... ဒီနေ့ညစာ ဘာစားရမလဲဟင်?"
ချန်ချင်းယွီ; "ဒီနေ့ညတော့ ခေါက်ဆွဲစားကြမယ်လေ။ မနေ့ညက ကျန်တဲ့ ကြက်စွပ်ပြုတ်ရည်နဲ့ ခေါက်ဆွဲပြုတ်ပေးမယ်၊ ဟုတ်ပြီလား?"
"ဟုတ်ကဲ့!"
သားငယ်လေးမှာ ပြန်လည်ပျော်ရွှင်သွားလေသည်။
ချန်ချင်းယွီသည် ပြုံးလျက် အလုပ်ထဲ ခေါင်းစိုက်လုပ်တော့၏။ ယနေ့ည ခေါက်ဆွဲကို ဂျုံမှုန့်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး သူမသည် ဂျုံနယ်ဖတ်တစ်ခုလုံးစာ နယ်လိုက်သည်။ မတတ်နိုင်ပေ၊ သူမက စားနိုင်သောက်နိုင်ရှိသူ မဟုတ်လော။
မကြာမီမှာပင် သူမတို့အိမ်မှ မွှေးကြိုင်သောရနံ့များ လွင့်ပျံ့လာရာ ဝင်းထဲရှိလူများ၊ အထူးသဖြင့် အလယ်ဝင်းမှလူများမှာ စိတ်ဝင်တစား ချောင်းကြည့်ရင်း မေးမြန်းကြတော့သည်။
"ကျန့်ဝမ်မိန်းမရေ... ဘာတွေချက်နေတာလဲ?"
"ဟုတ်ပ... အနံ့က တော်တော်မွှေးတာပဲ။"
ချန်ချင်းယွီက လေသံအေးအေးဖြင့်
"ခေါက်ဆွဲပြုတ်နေတာပါ။ အမေက ဒီနေ့ည ခေါက်ဆွဲစားမယ်ဆိုလို့"
အဘွားကြီးကျောက် : "..."
ငါက ဘယ်တုန်းက ပြောလိုက်လို့လဲ? အိမ်မှာ ဘာစားရမလဲဆိုတာ နင်ပဲ ဆုံးဖြတ်နေတာ မဟုတ်ဘူးလား?
သို့သော်လည်း အဘွားကြီးကျောက်သည် နှုတ်ဆိတ်နေခဲ့သည်။
သူမ၌ ထိုမျှလောက်တော့ အခြေအနေသိစိတ် ရှိနေသေး၏။
"အမယ်လေး... နင်တို့အိမ်က စားသောက်တာ တော်တော်ကောင်းတာပဲ။ ခေါက်ဆွဲက ဘာလို့ ဒီလောက်မွှေးနေရတာလဲ?"
ချန်ချင်းယွီ; "ဂျုံဖြူနဲ့လုပ်တဲ့ ခေါက်ဆွဲပဲဥစ္စာ၊ မွှေးမှာပေါ့"
အမှန်စင်စစ်မှာမူ ကြက်စွပ်ပြုတ်ရည် ပါဝင်နေသောကြောင့်ပင်တည်း။
"ငါကတော့..."
အဘွားကြီးကျောက်သည် ရုတ်တရက် ထရပ်လိုက်ပြီး
"နင်တို့ကလည်း အားနေကြတာလား? ငါတို့က ဂျုံဖြူခေါက်ဆွဲ စားတာ ဘာဖြစ်လဲ? နင်တို့တွေက တကယ့်ကို ဇွဲကောင်းကြတာပဲ! ဘာလဲ? ငါတို့ကို မဝယ်နိုင်ဘူး ထင်နေတာလား? အလုပ်သမားရှိတဲ့ အိမ်ကပဲ စားနိုင်တာလား? ငါတို့ကို အထင်သေးနေကြတာလား?"
သူမသည် စည်သွပ်ဗူးများ လာပို့မည့် ရှီကျန့်ရှန်းကို တံခါးဝတွင် စောင့်နေခြင်းဖြစ်ပြီး မည်သူ့အနိုင်ကျင့်မှုကိုမျှ ခံမည့်သူ မဟုတ်ပေ။
အဘွားကြီးကျောက် ရုတ်တရက် ဒေါသထွက်လာသဖြင့် စပ်စုနေသူများမှာ ချက်ချင်းပင် လူစုခွဲသွားကြတော့သည်။ ဤအဘွားကြီးနှင့် မည်သူက ရန်ဖြစ်ချင်ပါမည်နည်း?
မမြင်ကြဘူးလား? ရွှီကောင်းမင်တို့မိသားစုပင် စည်သွပ်ဗူး ရှစ်ဗူးတောင် အညှစ်ခံလိုက်ရသည်လေ!
ရှစ်ဗူးဆိုသည်မှာ ဆယ်ယွမ်နီးပါး တန်ဖိုးရှိ၏။
စည်သွပ်ဗူး တစ်ဗူးလျှင် တစ်ယွမ်ခန့် ကျသင့်သည်မဟုတ်လော။
သူမကတော့ တကယ့်ကို အားမနာတမ်း နှိုက်ထုတ်လိုက်ခြင်းပင်!!
မည်သူမျှ သူမ၏နောက်ထပ်သားကောင် မဖြစ်ချင်ကြသဖြင့် ချက်ချင်းပင် လူစုခွဲသွားကြလေသည်။
အဘွားကြီးကျောက်မှာ ကျေနပ်ပီတိ ဖြစ်နေကာ "ဟင်း! ဒါမှ ငါ့ချွေးမပေါ့" ဟု သူမ တွေးမိ၏။
"ဒီဝင်းထဲမှာ ဒီလောက်အရှိန်အဝါရှိတာ ငါတစ်ယောက်ပဲ ရှိတယ်၊ တကယ့်ကို လန်းတာပဲ"
ရှီကျန့်ရှန်း အိမ်ပြန်ရောက်လာချိန်တွင် အဘွားကြီးကျောက်၏ ဤဟန်ပန်ကို မြင်သောအခါ ဒေါသထွက်သွားသော်လည်း နောက်ထပ် ပြဿနာမတက်ချင်သဖြင့် အနားသို့ ကသိကအောက် ချဉ်းကပ်ကာ
"အဘွားကြီးကျောက်... ဒီမှာ စည်သွပ်ဗူးတွေ!"
အဘွားကြီးကျောက်က နှာခေါင်းရှုံ့လျက်
"နောက်တစ်ခါ ဒါမျိုး ထပ်မလုပ်နဲ့ဦး၊ မဟုတ်ရင် ငါတို့မိသားစုက ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး။ ဒါပေမဲ့ နင့်မှာ ပိုက်ဆံတွေ အပိုရှိနေလို့ ပြဿနာရှာချင်သေးတယ်ဆိုရင်လည်း ငါ ဂရုမစိုက်ပါဘူး။ ငါ ကျောက်တာ့ရာကတော့ အဖော်လုပ်ပေးဖို့ အမြဲအသင့်ပဲ!"
ရှီကျန့်ရှန်းမှာ သက်ပြင်းကို အကြိမ်ကြိမ် ရှိုက်လိုက်ရသည်။
သူမသည် မရိုးသားသော အပြုံးတစ်ခုကို အတင်းလုပ်ယူလျက်
"စိတ်မပူပါနဲ့၊ ကျွန်မက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ မနေ့က မှိုစားမိလို့ ခေါင်းထဲမှာ နည်းနည်း မကြည်မလင် ဖြစ်နေလို့ပါ... လူက ကောင်းကောင်း သတိပြန်ဝင်လာရင် အဆင်ပြေသွားမှာပါ"
အဘွားကြီးကျောက်က သူမအား မျက်စောင်းထိုးကာ လှောင်ရယ်လိုက်ပြီး သူမ၏စကားကို လုံးဝမယုံကြည်ပေ။
သို့သော် အမှန်တကယ်တွင်မူ ရှီကျန့်ရှန်းတို့မိသားစု ထပ်မံပြဿနာရှာလာမည်ကို သူမ မျှော်လင့်နေမိသည်။
ရှာကြစမ်းပါ! ဘယ်လိုပဲဖြစ်ဖြစ် နစ်နာမည့်သူက ငါတို့မှ မဟုတ်တာ။
ထိုအရူးမမှာ အပြင်တွင် လူကို ကိုယ်ထိလက်ရောက် မကျူးလွန်သော်လည်း အကွက်များမှာ အလွန်စေ့စပ်လှ၏။
ငွေညှစ်သည်ဖြစ်စေ၊ စည်သွပ်ဗူး တောင်းသည်ဖြစ်စေ သူမသည်ကားတကယ့်ကို ရက်ရက်စက်စက် အကွက်ချတတ်သူပင်။
အဘွားကြီးကျောက် (ခေါ်) ကျောက်တာ့ရာသည် တစ်သက်လုံး ရန်ပွဲပေါင်းစုံတွင် ကျင်လည်ခဲ့သော "စစ်ပြန်" တစ်ဦး ဖြစ်သော်လည်း၊ ခက်သည်မှာ သူမသည် ရန်ဖြစ်ဖို့ကိုသာ အာရုံစိုက်လွန်းသဖြင့် လျော်ကြေးတောင်းရန်ဟူသည်ကို တစ်ခါမျှ မစဉ်းစားမိခဲ့ပေ။ သူမ မည်မျှတောင် နစ်နာခဲ့ရသနည်း!
ဟူး... နှမြောစရာ၊ နှမြောစရာ!
အကယ်၍သာ လျော်ကြေးတောင်း၍ရမှန်း ကြိုသိခဲ့ပါက သူမသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လုပ်ခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။ သူမသည် ရိုးသားလွန်းလှသဖြင့် တကယ်ပင် နစ်နာခဲ့ရလေပြီ။
သို့သော် ဤအရာမှာ ထိုအရူးမ၏ အပြစ်လည်း ပါဝင်နေ၏။ သူမသည် ဤအိမ်သို့ ချွေးမအဖြစ် ရောက်ရှိလာသည်မှာ ကြာလှပြီဖြစ်သော်လည်း အစောပိုင်းကတည်းက ဘာမှမပြောဘဲ အမြဲတမ်း အားနွဲ့ဟန်ဆောင်နေခဲ့သည် မဟုတ်လော။ ယခုမှသာ သူမ၏ ဟန်ဆောင်မှုများကို ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ဟန်တူသည်။
အဘွားကြီးကျောက်သည် စိတ်ထဲမှ တတွတ်တွတ် ရေရွတ်နေသော်လည်း ချန်ချင်းယွီကိုမူ မပြိုင်ရဲပေ။ သူမသည် စည်သွပ်ဗူးများကို သယ်ဆောင်လျက် ဝင့်ဝင့်ကြွားကြွား ဝင်လာစဉ် ချန်ချင်းယွီက သူမအား တစ်ချက်ကြည့်ကာ
"အကုန်လုံးကို ဗီရိုထဲမှာပဲ ထည့်ထားလိုက်ပါ"
အဘွားကြီးကျောက်သည် ဒေါသထွက်သော်လည်း ဘာမှပြန်မပြောနိုင်ဘဲ အတော်ကြာ စဉ်းစားပြီးမှ အကြံကောင်းတစ်ခု ရသွားဟန်ဖြင့်
"ပိုက်ဆံလိုပဲ ဒါတွေကို အညီအမျှ ခွဲယူကြရင် မကောင်းဘူးလား?"
ချန်ချင်းယွီ;
"လူလေးယောက်ဆိုတော့ တစ်ယောက်ကို နှစ်ဗူးစီပေါ့"
အဘွားကြီးကျောက် မကျေမနပ်ဖြင့်
"နင်က ကလေးတွေနဲ့ ဘာလို့ အသေအချာ တွက်ချက်နေရတာလဲ? သူတို့က ဘယ်လောက်များ စားနိုင်မှာမို့လို့လဲ? ပြီးတော့ ကလေးတွေက နောင်မှာ စားဖို့အချိန်တွေ အများကြီး ရှိသေးတာပဲ။ လူကြီးတွေက ပိုစားသင့်တာပေါ့"
ချန်ချင်းယွီမှာ ပြတ်ပြတ်သားသားပင် အမိန့်ပေးလိုက်၏။
"အပိုတွေ ပြောမနေပါနဲ့၊ တစ်ယောက်ကို နှစ်ဗူးစီပဲ"
အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ ပြတ်သားသော အမူအရာကို ခိုးကြည့်မိပြီး သက်ပြင်းအရှည်ကြီး ချလျက် အရှုံးပေးလိုက်ရသည်။
"အေးပါလေ... ဒါဆိုလည်း ပြီးရော"
အဘွားကြီးကျောက်မှာ ပုံမှန်အားဖြင့် ပြဿနာရှာတတ်သူ ဖြစ်သော်လည်း ချန်ချင်းယွီ တကယ်စိတ်ဆိုးလာလျှင်မူ သူမသည် အမှန်တကယ်ပင် ကြောက်ရွံ့မိသည်။ သူမ၏ ဖူးရောင်နေသော မျက်နှာမှာပင် ယခုထက်ထိ ပြန်မကောင်းသေးသည် မဟုတ်လော။ အင်းလေ... နှစ်ဗူးရတာက ဘာမှမရတာထက်စာရင် တော်သေးသည်ဟု သူမ တွေးမိ၏။
သူမ၏ အတွေးထဲတွင်မူ ချန်ချင်းယွီသည် ကြက်ဖင်ဆီဘူးကိုသာ ဇွတ်ပေးတတ်သူဖြစ်ရာ အကယ်၍ အတူတူစားမည်ဆိုပါက သူမသည် တစ်လုပ်မျှပင် စားရလိမ့်မည်မဟုတ်ဟု သံသယဝင်နေမိသည်။ ထို့ကြောင့် မိမိဝေစု နှစ်ဗူးကို သီးသန့်ရထားခြင်းကသာ စိတ်အချရဆုံး ဖြစ်ပေလိမ့်မည်။
"ဒါဆို ငါက နှစ်ဗူး ယူမယ်၊ မနေ့မနက်က တစ်ဗူးနဲ့ဆိုရင်..."
ချန်ချင်းယွီသည် ယခုတစ်ကြိမ်တွင်မူ ရက်ရောနေသဖြင့် ဘာမှကန့်ကွက်ခြင်း မပြုပေ။
"သီးသန့်စီပဲ စားကြတာပေါ့"
"အေး... အေး... ကောင်းပြီ"
မိသားစုဝင်အားလုံး ညစာကို အမြန်ပင် စားသောက်လိုက်ကြသည်။ ချန်ချင်းယွီသည် အားလုံးအတွက် ခေါက်ဆွဲတစ်ပန်းကန်စီ ခတ်ပေးပြီးနောက် သူမကိုယ်တိုင်မူ အိုးလိုက်ကြီး စားလေတော့သည်။
အဘွားကြီးကျောက် : "..."
ချန်ချင်းယွီ : "ကျွန်မက အစားကြီးတယ်လေ၊ ပန်းကန်နဲ့ခတ်စားနေရတာ အလုပ်ရှုပ်လို့ပါ"
အချင်းချင်း အတူတကွ ရန်ဖြစ်ပေးခဲ့ကြ၍လား မသိ၊ ချန်ချင်းယွီသည် ယခုအခါတွင်မူ အဘွားကြီးကျောက်ကိုဖြစ်စေ၊ ကလေးနှစ်ယောက်ကိုဖြစ်စေ ရှင်းပြရာတွင် ပို၍ စကားအပြောအဆို ပြေပြစ်နေ၏။ သို့သော် အားလုံး၏ ခံစားချက်ထဲတွင်မူ သူမသည် "စားကြ၊ စားကြ!" ဟု တိုက်တွန်းနေသည့်နှယ် ရှိနေသည်။
ကြက်စွပ်ပြုတ် ခေါက်ဆွဲ!
ရိုးရိုးခေါက်ဆွဲပင်လျှင် အလွန်ကောင်းမွန်သော အရာဖြစ်နေပါပြီဆိုမှ ယခုမူ အလွန်အရသာရှိသော ကြက်စွပ်ပြုတ် ခေါက်ဆွဲဖြစ်နေသဖြင့် အားလုံးမှာ အားရပါးရ စားနေကြတော့သည်။
"အိုးထဲမှာ ကျန်သေးလားဟင်?"
ချန်ချင်းယွီက ခေါင်းညိတ်ပြလျက်
"ကျန်ပါသေးတယ်"
အားလုံးသည် မြိန်ယှက်စွာဖြင့် ခေါက်ဆွဲများကို တရှူးရှူး မြည်အောင် စားသောက်နေကြလေ၏။
ထမင်းစားနေရင်း အဘွားကြီးကျောက်က တတွတ်တွတ်နဲ့ မရပ်မနား ပြောနေလေသည်။
"ရွှီကောင်းမင်တို့ မိသားစုကတော့ ဒီတစ်ခါ တကယ်ကို အထိနာသွားတာပဲ၊ ဟဲဟဲ... သူတို့တွေ ဘယ်လောက်တောင် ကြွားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။ ဒါပေမဲ့ သူတို့က ငါတို့ကို အခုဆို အတော်လေး အငြိုးထားနေလောက်ပြီ၊ ဒါကြောင့် ကလေးတွေနဲ့ အိမ်မှာနေရင် သတိထားဦး။ အဲဒီမိသားစုက စိတ်ပုပ်ပြီး အငြိုးအတေး ကြီးတတ်ကြတယ်။ ဝင်းတစ်ခုတည်းမှာ အတူနေလာကြတာဆိုတော့ သူတို့အကြောင်း ငါအသိဆုံးပေါ့၊ အသုံးမကျတဲ့ အုပ်စုပဲ။"
သူမအနေဖြင့် ဤအရူးမ၏ အသက်အန္တရာယ်ကို ဂရုမစိုက်သော်ငြား ရှောင်ကျားမှာ သူမသား၏ တစ်ဦးတည်းသော သွေးသားရင်းချာ ကျန်ရစ်သူပင်။
မြေးလေးကိုမူ အဘယ်မျှ အဖြစ်မခံနိုင်ပေ။
ရှောင်ယွမ်နှင့် ပတ်သက်လျှင်ကား အဘွားကြီးကျောက် လုံးဝဂရုမစိုက်ချေ။
သို့သော် ရှောင်ကျားကိုသာ ဂရုစိုက်သာ်ဟု တိုက်ရိုက်ပြောရန် မဝံ့ရဲ၍ ချွေးမဖြစ်သူကိုပါ ထပ်ဆင့်ပြီး မှာကြားနေခြင်း ဖြစ်၏။
ချန်ချင်းယွီ မော့ကြည့်ပြီး
"အမေလည်း သတိထားဦးနော်။ အလုပ်သွားအလုပ်ပြန်မှာ လူသူကင်းမဲ့တဲ့ လမ်းကြားတွေ ဘာတွေကနေ မသွားနဲ့၊ မဟုတ်ရင် သူတို့အတွက် အခွင့်အရေး ပေးသလို ဖြစ်သွားလိမ့်မယ်"
"အဲဒါတော့ ငါသိတာပေါ့။ သူတို့က ငါ့ကို လာပြီး အကွက်ဆင်ချင်တာလား? ငါက အဘွားကြီးသာ ဖြစ်နေတာ၊ နင့်ကိုတော့ မနိုင်ပေမဲ့ အဲဒီကောင်တွေကိုတော့ ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။ အရင်တုန်းကဆိုရင် ငါက ဘယ်သူ့ကိုမှ မရှုံးခဲ့ဖူးဘူး..."
ချန်ချင်းယွီ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး ချက်ချင်း လေသံတိုးတိုးနှင့် ထပ်ပြောလိုက်၏။
"ကျွန်မတို့က သတိထားနေပေမဲ့ တကယ်တမ်းကျတော့ သူတို့မှာ ကျွန်မတို့ကို အကွက်ဆင်ဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။"
အဘွားကြီးကျောက် ချန်ချင်းယွီကို ချက်ချင်း လှမ်းကြည့်ပြီး အလိုက်သင့်လေး အနားကပ်ကာ
"ချွေးမရေ... နင့်မှာ အကြံကောင်းတွေ ရှိနေတာလား? ငါ့ကို ပြောပြပါဦး၊ ဘာပဲဖြစ်ဖြစ် ပြောပြစမ်းပါ၊ ငါ လုပ်ပေးပါ့မယ်။ နင်ခိုင်းတာမှန်သမျှ ငါ အကွက်စေ့စေ့ လုပ်ပေးနိုင်ပါတယ်"
ချန်ချင်းယွီ ကလေးများကို တစ်ချက်လှမ်းကြည့်လိုက်ရာ အဘွားကြီးကျောက်က ချက်ချင်းပင် စကားဖြတ်လိုက်သည်။
ဒါဟာ လျှို့ဝှက်အကြံအစည်ပဲ!
သူမ နားလည်သွားပြီလေ!
အဘွားကြီးကျောက် မျက်လုံးလေး ကစားရင်း ခေါက်ဆွဲကို တရှူးရှူးနှင့် မြိန်ရည်ယှက်ရည် စားနေ၏။
ချန်ချင်းယွီလည်း သူမ၏ အိုးကြီးကို ကိုင်ပြီး ခေါက်ဆွဲစားရင်း စဉ်းစားနေမိသည်။ မိသားစုတစ်ခုတည်းကသာ အဆိပ်မှိုစား၍ စိတ်ဖောက်နေလျှင် သိသာနေသော်လည်း အကယ်၍ မိသားစုအားလုံးမှာ အဆိပ်မှိုစားကြမည်ဆိုလျှင် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်လေသည်။
အားလုံးမှာ စိတ်ဖောက်ပြန်နေကြသည်ဖြစ်၍ ဘယ်သူ့ကိုဘယ်သူ လက်ညှိုးမထိုးနိုင်တော့ချေ။ ထို့ပြင် အားလုံးမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေ၍ မိမိအိမ်မှ အဖြစ်အပျက်မှာလည်း ထင်ရှားနေမည်မဟုတ်ပေ။
ချန်ချင်းယွီ
ခပ်တိုးတိုးလေး ရယ်လိုက်ရာ အဘွားကြီးကျောက် အနည်းငယ် တွန့်သွားမိ၏။
သူမအနေဖြင့် ချန်ချင်းယွီကို တကယ်ပင် လန့်နေမိလေသည်။
"နင် မနက်ဖြန် တောင်ပေါ်ကို မှိုသွားခူးဦးမှာလား?"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
“အင်း ဒါပေမဲ့ နောက်တစ်ရက်ပဲ သွားတော့မယ်။ မှိုတွေကလည်း နည်းနည်းလာပြီဆိုတော့ ခူးလို့သိပ်မရတော့ဘူးလေ။"
မှိုခူးသူများမှာ အတော်ပင်များပြားနေလေသည်။ မြို့ပေါ်ရှိလူများမှာ နေ့တိုင်းမသွားကြသော်လည်း ပတ်ဝန်းကျင်ကျေးရွာများမှ လူများမှာမူ အများကြီးပင်။ မြို့သားများအနေဖြင့် သူတို့လောက် လက်လှမ်းမမီသလို မှိုရှာပုံရှာနည်းကိုလည်း သိပ်မကျွမ်းကျင်ကြပေ။
ချန်ချင်းယွီ; "ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်မ အိမ်မှာမရှိဘူးလေ၊ အပြင်ထွက်ရင်လည်း မှိုတွေကို အိမ်ထဲပဲ သွင်းထားခဲ့တယ်"
အဘွားကြီးကျောက်; “အေးပေါ့! အိမ်ထဲသွင်းထားရမှာပေါ့၊ မဟုတ်ရင် တစ်ယောက်ယောက်က ခိုးသွားရင် ဘယ်လိုလုပ်မလဲ? ငါတို့အားလုံးက အိမ်နီးချင်းတွေဖြစ်ပြီး အားလုံးကလည်း အလုပ်သွားနေကြတာဆိုတော့ ငါကပဲ နင့်အပေါ် အခွင့်အရေးယူနေတယ်လို့ မထင်နဲ့ဦး။ ဟဲဟဲ... အားလုံးက ငါ့ကို ဝိုင်းရယ်ကြပေမဲ့ သူတို့လည်း အတူတူပါပဲ၊ တစ်ခါတလေကျရင် သိက္ခာကို ငဲ့နေကြလို့သာပေါ့။ သူတို့ ငါ့ကို ဘယ်လောက်တောင် မနာလိုဖြစ်နေကြလဲဆိုတာ ငါသိတာပေါ့။ သူတို့က ငါ့ကို အရှက်မရှိဘူးလို့ ပြောကြပေမဲ့ စိတ်ထဲမှာတော့ မနာလိုဖြစ်နေကြမှာ။ အိမ်မှာ ဘယ်သူမှမရှိတဲ့အချိန်မှာ ဒီမှိုတွေကိုသာ အပြင်မှာ ချိတ်ထားခဲ့ရင် ဘယ်သူက လက်ယားပြီး လာကိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ? လူမမြင်တဲ့အချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ပြောရခက်တယ်လေ..."
ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"ကျွန်မတို့ ဝင်းထဲမှာ ခိုးတတ်တဲ့သူရှိလို့လား? အခု အမေပြောမှ သတိရတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ကြက်ကင်ခိုးလာတာလေ၊ အဲဒါ ပြန်ရှာလို့မရတော့ဘူး။"
"ဘာ!"
အဘွားကြီးကျောက် ဒေါသတကြီးဖြင့်
"အဲဒီကြက်ကင်ကို နင်ပဲ ကောက်စားလိုက်တာ မဟုတ်ဘူးလား?"
ချန်ချင်းယွီ မျက်လုံးလှန်ပြလိုက်ကာ
"အမေကလည်း... အမေစားထားတာလေ ကျွန်မက ဘယ်လိုလုပ် စားမှာလဲ? ဒီနေ့ညနေ ထမင်းချက်တော့ အဲဒီကြက်ကင်က မရှိတော့ဘူး"
အဘွားကြီးကျောက်မှာ စိတ်တိုလွန်း၍ အသက်ရှူမှားမတတ် ဖြစ်သွားရသည်။
"တောက်! တကယ့်ကို စက်ဆုပ်ဖို့ကောင်းတဲ့ လူယုတ်မာပဲ! ငါတို့အိမ်က ပစ္စည်းကိုတောင် ခိုးရဲတယ်ပေါ့! ငါတို့တွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း အခွင့်ကောင်းယူပြီး တစ်ယောက်ယောက်က ယူသွားတာပဲ ဖြစ်ရမယ်။ အရှက်မရှိတဲ့ဟာ! ငါ ကျောက်တာ့ရာတစ်ယောက် ဒီလိုမျိုး အရှုံးပေးခဲ့ရတဲ့ အခါမျိုး ရှိဖူးလို့လား? တကယ့်ကို ယုတ်မာတဲ့ဟာပဲ! တကယ့်ကို ယုတ်မာတဲ့ဟာ..."
ချန်ချင်းယွီ ချောင်းတစ်ချက်ဟန့်လိုက်ပြီး "ကလေးတွေရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောပါနဲ့"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ သူတို့ကို မျက်လုံးဝိုင်းကြီးများနှင့် ပြူးကြည့်နေကြ၏။ ရှောင်ကျားက သူ့နားကို လက်နဲ့ပိတ်ပြီး "သား မကြားဘူးနော်" လို့ ပြောသလို၊ ရှောင်ယွမ်ကလည်း "သမီးလည်း မသင်ဘူးနော်" ဟု ဆိုရှာလေသည်။
ချန်ချင်းယွီ ; "အဲဒါမှ လိမ္မာတာပေါ့"
နောက်ဆိုလျှင် ထိုသို့ရိုင်းစိုင်းသော စကားများမပြောရန် ထပ်မံသတိပေးလိုက်လေသည်။
"နောင်ဆိုရင် ကလေးတွေရှေ့မှာ ဒါမျိုးတွေ မပြောပါနဲ့တော့"
သူမ လေသံသည် တော်တော်လေး တည်ကြည်လေးနက်နေသောကြောင့် အဘွားကြီးကျောက် ခေါင်းညိတ်ပြလိုက်သော်ငြား သူမ ပါးစပ်မှာ တတွတ်တွတ်နှင့် မရပ်မနား ဖြစ်နေဆဲတည်း။ အသံထွက်ပြီး ဆဲဆိုမနေသည့်တိုင် သူမ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်သည်နှင့် ကျိန်ဆဲနေမှန်း သိသာလှ၏။ တော်သေးသည်မှာ သူမဘာသာ တိုးတိုးလေး ရွတ်နေ၍သာတည်း။
ချန်ချင်းယွီ; "ကျွန်မတို့ ဝင်းထဲမှာ ဘယ်သူက လက်ဆော့ခြေဆော့ရှိတာလဲ”
"ဘယ်သူရှိဦးမှာလဲ! အဲဒီ စက်ဆုပ်ဖို့ကောင်းတဲ့ အဘွားကြီးဟွမ်ပဲ ဖြစ်ရမယ်။ သူကလွဲရင် တခြားဘယ်သူမှ မရှိနိုင်ဘူး"
ချန်ချင်းယွီ မျက်ခုံးပင့်လိုက်မိစဉ် အဘွားကြီးကျောက်မှာ ထပ်ပြောလိုက်၏။
"ငါ သူ့ကို မဟုတ်မတရား စွပ်စွဲနေတာမဟုတ်ဘူး။ သူ့စရိုက်က အဲဒီအတိုင်းပဲလေ၊ နင် သတိမထားမိဘူးလား? သူက ငါ့လောက် ပြဿနာမရှာပေမဲ့ ငါ့လောက်ပဲ အမုန်းခံရတာလေ။ အားလုံးက ငါ့ကိုကြည့်တာထက် သူ့ကိုပိုပြီး ရွံရှာတဲ့မျက်လုံးတွေနဲ့ ကြည့်ကြတာ"
ချန်ချင်းယွီ: "..ကျွန်မတော့ သတိမထားမိသလိုပါပဲနော်”
အဘွားကြီးကျောက် ခဏမျှ ဆွံ့အသွားပြီးမှ နှာခေါင်းရှုံ့လျက်
"သူက လက်ဆော့ခြေဆော့ရှိတယ်လေ၊ အားလုံးက အဲဒါကို သိနေကြတော့ မကျေနပ်ကြဘူးပေါ့။ အားလုံးက သူ့ကို အထင်သေးကြတာ"
"သူ့မိသားစုမှာ အလုပ်ရှိတဲ့သူတွေ အများကြီးရှိတာ မဟုတ်ဘူးလား?"
ချန်ချင်းယွီက စပ်စုချင်စိတ်နှင့် မေးလိုက်ပြန်သည်။
အဘွားကြီးကျောက် နှာခေါင်းရှုံ့လျက်
"အလုပ်လုပ်တဲ့သူတွေ ရှိတာနဲ့ပဲ အဆင်ပြေနေတာ မဟုတ်ဘူးအေ။ သူက သူ့ယောက်ျားနဲ့ ကွာရှင်းထားတာလေ။ သူ့ယောက်ျားက တစ်လကို ငါးယွမ်ပဲ ပေးတာ၊ အဲဒီငွေနဲ့ မိသားစုတစ်စုလုံးကို ထောက်ပံ့နေရတာ။ လူကြီးသုံးယောက်နဲ့ ကလေးတစ်ယောက် ရှိတာလေ။ တချို့က နေ့လယ်စာ အပြင်မှာ စားကြတယ်ဆိုဦးတော့၊ အိမ်အသုံးစရိတ်က လုံးဝမလောက်ဘူး။ တစ်ခါတလေကျရင် ချွေးမဆီကနေ နှိုက်ရတာပေါ့။ သူ့ချွေးမဟောင်းက ဒီမှာပဲ နေတာဆိုပေမဲ့ အိမ်မှာ ထမင်းမစားဘူး။ သူတို့အိမ်မှာ အလုပ်လုပ်တဲ့သူတွေ များတယ်ဆိုပြီး အထင်မကြီးနဲ့ဦး၊ သူ့သားရဲ့ လစာက သူ့စရိတ်နဲ့တင် မလောက်ဘူး။ ပြီးတော့ သူ့မှာ သားတစ်ယောက်တည်း ရှိတာလေ..."
အဘွားကြီးဟွမ်သည် သူမ၏သားကို အလွန်အမင်း အလိုလိုက်ထားသဖြင့် ဒုက္ခရောက်သည်ကို မကြည့်ရက်ပေ။ သူမသာ ကြားထဲမှ အမြဲပြဿနာ မရှာခဲ့လျှင် သူမ၏သားနှင့် ချွေးမမှာ ကွာရှင်းကြမည်မဟုတ်ပေ။ သူမ၏ချွေးမမှာ မီးရထား အမှုထမ်းတစ်ဦးဖြစ်ပြီး ဝင်ငွေကောင်းသော်လည်း ခရီးခဏခဏ ထွက်နေရသူ ဖြစ်သည်။ သူမသည် ငွေရှာနိုင်သော်လည်း ယောက္ခမကိုမူ တစ်ပြားတစ်ချပ်မျှ မပေးပေ။ ထို့ကြောင့် အဘွားကြီးဟွမ်မှာ သူမ၏မြေးမလေး ကျန်းမုန့်မုန့်မှတစ်ဆင့် ငွေရရန် မျှော်လင့်ရပြီး ထိုကလေးမလေးမှာလည်း ပတ်ဝန်းကျင် အခြေအနေကြောင့် စိတ်ပုပ်ကာ ကပ်စေးနှဲတတ်သူတစ်ဦး ဖြစ်လာခဲ့ရသည်။
ချန်ချင်းယွီက သက်ပြင်းချလျက်
"မြို့တော်မှာက အိမ်ရာအခက်အခဲက အမြဲရှိနေတာပဲကိုး။ ကျန်းရှင်းဖှရဲ့ ဇနီးလိုမျိုးပေါ့၊ ကွာရှင်းပြီးတာတောင် နေစရာမရှိလို့ ဒီအိမ်မှာပဲ ဆက်နေနေရတာ"
အဘွားကြီးကျောက်; "တကယ်တော့ အဲဒီအဘွားကြီးက အိမ်ငှားခကောက်ဖို့ ကြံစည်သေးတာ၊ ဒါပေမဲ့ သူ့ချွေးမက ချက်ချင်းပြောင်းထွက်မယ်လို့ ဇွတ်လုပ်တာလေ။ ပိုက်ဆံပေးရမယ်ဆိုရင် ယောက္ခမကို ပေးမယ့်အစား တခြားလူကိုပဲ ပေးလိုက်မယ်ဆိုတဲ့ သဘောပေါ့။ အဘွားကြီးဟွမ်လည်း သူ့ကို မနိုင်ဘူး၊ ကျန်းရှင်းဖှကိုယ်တိုင်ကလည်း အိမ်ငှားခကောက်ဖို့ ခွင့်မပြုဘူးလေ"
သူမသည် ချန်ချင်းယွီ၏ နားနားသို့ကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်၏။
"ကျန်းရှင်းဖှက သူ့မိန်းမဟောင်းကို အပြင်မထွက်စေချင်တာ။ သူတို့က အခုထိ အတူတူ အိပ်နေကြတုန်းပဲ။ ကွာရှင်းထားတယ်ဆိုပေမဲ့ အရင်အတိုင်းပါပဲအေ။ အပြင်ထွက်သွားရင် သူတို့ ပြန်ပေါင်းဖို့ ခက်သွားမှာလေ။ ကျန်းရှင်းဖှက အပြင်မှာ မျက်စိကစားတတ်တယ်ဆိုပေမဲ့ တစ်ယောက်တည်းတော့ မအိပ်ချင်ဘူးလေ။"
ချန်ချင်းယွီ : "..."
အဘွားကြီးကျောက် ဆက်လက်၍
"ကျန်းရှင်းဖှရဲ့ မိန်းမ ရှီးဖုန်းကလည်း လွယ်တဲ့မိန်းမ မဟုတ်ဘူးဆိုတာ နင်မသိသေးဘူး"
ချန်ချင်းယွီအနေဖြင့် ကျန်းရှင်းဖ၏ ဇနီး ရှီးဖုန်းကို ကောင်းကောင်းမမှတ်မိပေ။ အကြောင်းမှာ ဝင်းခြံထဲက တခြားလူများနှင့်ယှဉ်လျှင် သူမမှာ အပြင်ထွက်နေရသည်က များသောကြောင့် သေချာမဆုံမိကြပေ။ သူမသည် ခရီးဝေးစွားသော ရထားပေါ်တွင် အလုပ်လုပ်ရသဖြင့် တစ်လလျှင် အိမ်၌ရှိသည့်ရက်မှာ အလွန်နည်းပါးလှ၏။
အမျိုးသမီးနှစ်ဦးမှာ တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ် ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးနှစ်ယောက်မှာ သူတို့၏ အဘွားနှင့် မိခင်ကို ဝိုင်းစက်သော မျက်လုံးလေးများဖြင့် ကြည့်နေကြသည်။ သူတို့၏ မှတ်ဉာဏ်ထဲတွင် လူကြီးနှစ်ဦး ဤမျှ သဟဇာတဖြစ်နေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးကတည်းက အဘွားဖြစ်သူမှာ မိခင်ကို ဆဲဆိုခြင်း မရှိတော့ဘဲ မိခင်မှာလည်း ယခင်နှင့်မတူဘဲ ပြောင်းလဲသွားခဲ့သည်။
သူတို့၏ ဖခင်ကို သတိရမိသောအခါ ကလေးနှစ်ယောက်မှာ နှုတ်ခမ်းလေးများကို တင်းတင်းစေ့ထားကြပြီး စိတ်မကောင်း ဖြစ်လာကြ၏။
သူတို့ ဖခင်ကို မမှတ်မိ၍ မဟုတ်ပေ၊ ဖခင်အကြောင်း ပြောမိပါက အဘွားဖြစ်သူက ဒေါသတကြီး အော်ဟစ်မည် သို့မဟုတ် မိခင်ဖြစ်သူက ရှိုက်ကြီးတငင် ငိုကြွေးမည်ကို သူတို့ ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။
သူတို့သည် ငယ်ရွယ်သေးသော်လည်း လက်ရှိဘဝလေး ပျက်စီးသွားမည်ကို စိုးရိမ်နေကြ၏။ သို့သော်လည်း ဖခင်ကိုမူ အလွန်လွမ်းဆွတ်နေကြရရှာသည်။
ချန်ချင်းယွီ; "ဘာဖြစ်လို့လဲ သားတို့?"
ကလေးများ မျက်နှာမကောင်းသည်ကို မြင်သောအခါ သူမသည် ပိန်ချိုင့်နေသော ရှောင်ယွမ်၏ ပါးလေးကို အသာအယာ တို့လိုက်၏။
"ဘာလို့ စိတ်မကောင်း ဖြစ်နေတာလဲ?"
ရှောင်ယွမ် နှုတ်ခမ်းလေးစူလျက် "သမီး ဖေဖေကို လွမ်းတယ်..." ဟု မချိတင်ကဲ ပြောလာရှာသည်။
ရှောင်ကျားသည် ချက်ချင်းပင် ညီမဖြစ်သူ၏ လက်ကို ဆွဲလိုက်ပြီး မိခင်ဖြစ်သူကို စိုးရိမ်တကြီး ကြည့်လိုက်မိ၏။
ချန်ချင်းယွီမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် နူးညံ့စွာ ချော့မော့လိုက်သည်။
"ဖေဖေကို လွမ်းရင် ဖေဖေရဲ့ ဓာတ်ပုံကို ကြည့်လေ။ ဖေဖေက ရှောင်ကျားနဲ့ ရှောင်ယွမ်ကို အချစ်ဆုံးပဲ။ ဖေဖေလည်း သားတို့ သမီးတို့ကို အရမ်းလွမ်းနေမှာ သေချာပါတယ်။ ဒါကြောင့် သားတို့ သမီးတို့ကို ဘေးကင်းကင်းနဲ့ ကြီးပြင်လာအောင် ဖေဖေက ကောင်းကင်ကနေ စောင့်ရှောက်ပေးမှာပါ။"
ကလေးများ၏ မိခင်ဖြစ်သူမှာလည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။ သူတို့အားလုံးမှာ ထိုသို့သော ဆန္ဒမျိုး ရှိကြမည်သာ ဖြစ်၏။
ရှောင်ကျားက ချန်ချင်းယွီကို မျှော်လင့်တကြီး ကြည့်လိုက်ရာ ချန်ချင်းယွီက
"ဖေဖေကလည်း ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ အစားကောင်းကောင်းစားပြီး ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ရှိနေတာကိုပဲ မြင်ချင်မှာပါ"
ရှောင်ကျား၏ မျက်ဝန်းများ တောက်ပသွားပြီး
"သား အစားကောင်းကောင်း စားပါ့မယ်"
ရှောင်ယွမ်သည်လည်း "သမီးလည်း စားမယ်" ဟု လိုက်ပြောလေ၏။
ချန်ချင်းယွီ လိမ္မာတယ်သည်ဟု ကလေးများကို ချီးကျူးလိုက်ပြီးနောက်
"ဗိုက်ဝကြပြီလား? ထပ်ထည့်ပေးရဦးမလား? စားချင်သေးလား?"
ရှောင်ကျား သူ၏ ဖောင်းကားနေသော ဗိုက်ကလေးကို ပြန်စမ်းကြည့်ပြီး စားချင်စိတ် ရှိနေသေးသော်လည်း လိမ္မာပါးနပ်စွာဖြင့် ခေါင်းခါပြလိုက်သည်။
"မစားနိုင်တော့ဘူး မေမေ။"
"အေးလေ... မစားနိုင်ရင်လည်း မစားနဲ့တော့ပေါ့"
အဘွားကြီးကျောက်မှာ "ငါ... ငါ... ငါကတော့ ဗိုက်မဝသေးဘူး" ဟု ဝင်ပြောလေ၏။
အိုးထဲတွင် ခေါက်ဆွဲအနည်းငယ် ကျန်နေသေးသည် မဟုတ်လော။
ချန်ချင်းယွီ : "ဒါဆိုလည်း အမေ စားလိုက်လေ။"
အဘွားကြီးကျောက် မျက်နှာကြီး ဝင်းပသွားပြီး
"အေး... အေး... ကောင်းပြီ"
"ငါ စားပွဲတွေ သိမ်းလိုက်မယ်၊ နင်ကတော့ မီးဖိုနားမှာပဲ စားလိုက်တော့"
သူမသည် ကပျာကယာပင် အလုပ်ရှုပ်ကာ အိမ်အလုပ်များကို အမြန်အဆုံးသတ်လိုက်၏။ ချန်ချင်းယွီသည် အပြင်ခန်းသို့ ထွက်လာပြီး
"ကျွန်မ အပြင်ခဏ သွားလိုက်ဦးမယ်"
အဘွားကြီးကျောက် စပ်စုလိုစိတ်ဖြင့် "ဘာသွားလုပ်မှာလဲ...?"
ချန်ချင်းယွီ : "မှောင်ခိုစျေးဘက် သွားပြီး ဆန်နဲ့ တခြားလိုတာလေးတွေ ဝယ်မလို့။"
အဘွားကြီးကျောက် မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ ထိုကဲ့သို့ အန္တရာယ်များသော နေရာမျိုးကို သူမက ဗီဇအရ ကြောက်ရွံ့တတ်သူ ဖြစ်သည်။
"အိမ်မှာ ဆန်ရှိသေးတာပဲကို..."
ချန်ချင်းယွီ : "ဆန်ရှိတာ များလေ ကောင်းလေပဲ မဟုတ်လား? ပြီးတော့ တခြား ဘာတွေရမလဲဆိုတာ ကြည့်ချင်သေးတယ်။ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့အတွက်လည်း အာဟာရဖြစ်မယ့်ဟာလေးတွေ လိုတယ်လေ။"
အဘွားကြီးကျောက်မှာ ဝေခွဲမရ ဖြစ်နေသော်လည်း ချန်ချင်းယွီက သူမထံမှ ငွေမတောင်းသည်ကို မြင်သောအခါ အတန်ငယ် စိတ်သက်သာရာ ရသွား၏။ သို့သော် သူမ မမျှော်လင့်ထားသည်မှာ ချန်ချင်းယွီသည် ငွေမတောင်းရုံသာမက သူမဝယ်လာသော အကောင်းအစားများကိုလည်း ခွဲပေးမည်မဟုတ်ပေ။ ကြက်ဖင်ဆီဗူးလေးပင် ရလိမ့်မည်မဟုတ်!
ချန်ချင်းယွီ ဆက်လက်၍
"ဒါ့အပြင် ကျွန်မ သတင်းအမှားအချို့လည်း လွှင့်ရဦးမယ်။ မနေ့က ရှီကျန့်ရှန်းကြောင့် အဘွားကြီးဟွမ်၊ လီချန်ရွှမ်းနဲ့ ယွမ်ဟောင်မင်တို့ ဒဏ်ရာရသွားကြတာလေ၊ သူတို့တွေ လျော်ကြေးရသင့်တာ မဟုတ်ဘူးလား? ပြီးတော့ မာကျန့်ယီ၊ ဝမ်တာ့ချွေတို့ဆိုရင်လည်း လူတွေကို ဆေးရုံအထိ ပို့ပေးခဲ့ကြတာ၊ သူတို့ကို ကျေးဇူးတင်စကား ပြောသင့်တာပေါ့။ ကျွန်မတို့ ဝင်းထဲကလူတွေ မနေ့က သူတို့အတွက်နဲ့ အလုပ်ရှုပ်ခဲ့ကြရတာဆိုတော့ ထမင်းတစ်နပ်လောက် ကျွေးသင့်တာပေါ့။ ဒီည ကျွန်မ အပြင်မှာ သတင်းလေးတွေ နည်းနည်းပါးပါး ဖြန့်ထားလိုက်မယ်၊ အမေကလည်း မနက်ဖြန် ထမင်းစားဆောင်သွားရင်..."
"အေး... ထမင်းစားဆောင်သွားရင် သူတို့မိသားစုက ငါတို့ကို ဘယ်လိုအနိုင်ကျင့်လဲဆိုတာ ငါ သွားပြီး အတင်းပြောလိုက်မယ်!"
ချန်ချင်းယွီက ခေါင်းခါလိုက်ပြီး
"အမေကလည်း အတာပဲ။ သူတို့အကြောင်းကို ကောင်းသတင်းပဲ ပြောရမှာပေါ့။ ဥပမာ - သူတို့က ငါတို့ကို စည်သွပ်ဗူး ရှစ်ဗူးတောင် ပေးတယ်ဆိုတာမျိုးလေ။ သူတို့က ဘယ်လောက်တောင် သဘောကောင်းပြီး ရက်ရောကြလဲဆိုတာကိုပဲ ချီးကျူးပြီး ပြောလိုက်။"
အဘွားကြီးကျောက် ကန့်ကွက်လေသည်။
"ဘာလို့ သူတို့အကြောင်း ကောင်းတာတွေ ပြောရမှာလဲ? သူတို့က အဲဒီလို အပြောခံရဖို့ မတန်ပါဘူး၊ သူတို့က..."
ချန်ချင်းယွီက "ကျွန်မပြောတာကိုပဲ နားထောင်ပါ"
အဘွားကြီးကျောက် မျက်မှောင်ကြုတ်ကာ အကြာကြီး စဉ်းစားနေပြီးနောက် မီးဖိုကို ပုတ်လျက်
"သိပြီ... သိပြီ... အေး... ဟုတ်တယ်၊ ဟုတ်တယ်။ သူတို့ကို မြှောက်ပေးလိုက်ပြီးမှ ပိုက်ဆံအကုန်အကျများအောင် လုပ်ရမှာပေါ့။ ဟဲဟဲ... သတင်းတွေသာ ပျံ့သွားရင် သူတို့က သိက္ခာဆယ်ဖို့အတွက် ငွေကုန်ကြေးကျခံပြီး ထမင်းကျွေးရတော့မှာလေ"
ချန်ချင်းယွီ ခေါင်းညိတ်လိုက်၏။ "အဲဒါပဲပေါ့။ သူတို့က ချမ်းသာတယ် မဟုတ်လား? ဒါဆိုလည်း သုံးပါစေဦးတော့၊ နှမြောသွားမလား ကြည့်ကြတာပေါ့။ အဲဒီအချိန်ကျရင် သူတို့တွေ ကျွန်မတို့ကို အကွက်ဆင်ဖို့ အချိန်ရတော့မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။"
အဘွားကြီးကျောက်က ချန်ချင်းယွီကို အဓိပ္ပာယ်ပါပါ ကြည့်လျက်
"နင့်ဦးနှောက်က တကယ်ကို မြန်တာပဲ"
သူမ သိလိုက်ပြီလေ။ ဒီချွေးမက တကယ့်ကို ပါးနပ်တဲ့သူပဲ။ အရင်ကတော့ -
ဟန်! ဆောင်! နေ! တာ! ကိုး!
ယခုမူ သူမ၏ ဇာတ်လမ်းအမှန်က ပေါ်သွားခဲ့ချေပြီ မဟုတ်လော။ မျောက်တစ်ကောင်ပင်လျှင် ဤချွေးမကို အနိုင်ရရန် ခဲယဉ်းပေလိမ့်မည်။ သူမ၌ အကွက်အဆင် အကြံအစည်များမှာ တစ်ပုံတစ်ပင်ကြီး ရှိနေ၏။ အရင်တုန်းကဆိုလျှင် အဘွားကြီးကျောက်သည် ရွှီကောင်းမင်၏ လက်အောက်တွင် အမြဲ အရေးနိမ့်ခဲ့ရသော်လည်း၊ ယခုမူ ရွှီကောင်းမင်သည် သူမချွေးမ၏ ပြိုင်ဘက်မဟုတ်မှန်း သိသာထင်ရှားလှပေသည်။
တကယ်ပါပဲ...
ထိုအခါမှ ဝင်းခြံထဲရှိ မည်သူမျှ ဤမိန်းမ၏ စရိုက်အမှန်ကို မသိဘဲ သူမတစ်ဦးတည်းသာ သိသည်ဟု တွေးမိကာ အဘွားကြီးကျောက်မှာ နှုတ်ခမ်းလေးစူလျက် အကြောင်းပြချက်မရှိဘဲ ပြန်လည်ပျော်ရွှင်လာပြန်၏။ အကြောင်းမှာ သူမကိုယ်သူမ အမှန်တရားကို ခွဲခြားမြင်နိုင်သည့် အမြင်အာရုံရှိသည်ဟု ခံစားရသောကြောင့်ပင်။
တခြားလူများက ချန်ချင်းယွီကို လိမ္မာယဉ်ကျေးသည့် သိုးသူငယ်လေးဟု ထင်မှတ်နေကြသော်လည်း၊ သူမကမူ ဤမိန်းမမှာ တစ်ခုခုတော့ မှားနေပြီဆိုသည်ကို အစကတည်းက ရိပ်မိခဲ့သူ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမ၏ အမြင်မှာစူးရှလှပေသည်။
ထို့အပြင် တခြားလူများမှာ အယုံသွင်း ခံနေရသည့် လူအ အုပ်စုသာ ဖြစ်သည်ကိုလည်း သူမတစ်ဦးတည်းသာ သိနေသည် မဟုတ်လော့။
ဟဲဟဲ!
တခြားလူများအားလုံးမှာ သူမထက် နိမ့်ကျသည်ဟု တွေးမိသောအခါ အဘွားကြီးကျောက်မှာ မိမိကိုယ်ကိုယ် အထက်တန်းကျသည်ဟု ခံစားလိုက်ရ၏။
ဒါမှ ငါ့အစွမ်းပေါ့!
ချန်ချင်းယွီကမူ ထိုအဘွားကြီး ဘာတွေတွေးနေသည်ကို ဂရုမစိုက်ပေ။ သူမသည် အိတ်နှစ်အိတ်ကို အမြန်ဆွဲယူကာ အဝတ်အစားများထဲသို့ ထိုးထည့်လိုက်ပြီးနောက် အဘွားကြီးကျောက်၏ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်၏။
အဘွားကြီးကျောက် : "..."
သူမ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး အရိုးသားဆုံး ပြောလိုက်ရှာသည်။ "ကျန့်ဝမ်ရဲ့ အဝတ်အစားတွေကိုပဲ ဝတ်ပါလားအေ?"
သူမ၏ အဝတ်အစားများကို အမြဲဝတ်နေပါက လူများမှာ တစ်ခြားတစ်ယောက်နှင့် မှားသွားလျှင် မည်သို့လုပ်မည်နည်း? သူမအနေဖြင့် တခြားလူ၏ အပြစ်ကို အလကားနေရင်း အစားဝင်မခံချင်ပါ!
သူမက ထစ်ထစ်ငေါ့ငေါ့ဖြင့်
"ချင်းယွီ... ငါတို့ အပေးအယူတစ်ခု လုပ်ကြမလား? ငါ့မျက်နှာကို ထောက်ထားပြီး အဝတ်အစားလေးပဲ လဲလိုက်ပါရစေဦး"
ချန်ချင်းယွီ : "...?"
သူမသည် ချက်ချင်းပင် အခြေအနေကို ရိပ်မိသွားပြီး ခနဲ့တဲ့တဲ့ အပြုံးဖြင့်
"ကျွန်မ အဖမ်းခံရမှာကို စိုးရိမ်နေတာလား?"
အဘွားကြီးကျောက် : "မဟုတ်ပါဘူး... မဟုတ်ပါဘူး... နင့်ရဲ့ အရည်အချင်းကို ငါယုံပါတယ်၊ ဒါပေမဲ့ ငါ... အို... ငါက..."
ချန်ချင်းယွီက မျက်တောင်လေး မဖျတ်ဖျတ်ခတ်လျက် ညှိနှိုင်းလိုက်၏။
"တစ်လတိတိ အိမ်မှာ တံမြက်စည်းလှည်းရမယ်"
အဘွားကြီးကျောက်မှာ မှင်တက်သွား၏။
ချန်ချင်းယွီက - "လဲမှာလား၊ မလဲဘူးလား?"
အဘွားကြီးကျောက် : "ဟင်?"
အဘွားကြီးကျောက်သည် ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
"အေးပါ... နင်ပြောတဲ့အတိုင်းပဲ ဖြစ်စေရမယ်!"
ချန်ချင်းယွီ : "ဒါဆိုလည်း ပြီးရောလေ။ အဝတ်အစား လဲရတာတင်ပဲဟာကို၊ ဘာများ ခက်ခဲနေလို့လဲ?"
အဘွားကြီးကျောက်၏ နှုတ်ခမ်းများ တုန်ယင်သွားပြန်သည်။ "..."
တောက်!
နင်ကတော့ ဟန်ဆောင်နေတာပဲ! စကားကောင်းတွေ ပြောရာမှာတော့ တကယ့်ကို တော်ပါပေ့။ ငါသာ သဘောမတူရင် နင် လုံးဝလဲမှာမဟုတ်ဘဲ ဟန်ဆောင်နေဦးမှာပဲ မဟုတ်လား!
ဤမိန်းမငယ်မှာ ဟန်ဆောင်ရာတွင် အတော်ဆုံးမှန်း သူမ သိထားသော်လည်း၊ ယခုကဲ့သို့ ပို၍ပင် ကျွမ်းကျင်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
တကယ်ကို ဒေါသထွက်စရာပါပဲ!
ဒါပေမဲ့ သည်းခံရဦးမည် မဟုတ်လော!
အဘွားကြီးကျောက်သည် တစ်ကိုယ်ကောင်းဆန်သူတစ်ဦး ဖြစ်သော်လည်း၊ တစ်ကိုယ်ကောင်းဆန်သူများမှာ မိမိအတွက် မည်သို့လုပ်လျှင် အကျိုးအရှိဆုံးဖြစ်မည်ကို ပို၍ နားလည်တတ်ကြသည်။ သူမ၏သား ကွယ်လွန်သွားသည်မှာ မကြာသေးသော်လည်း၊ သူမအနေဖြင့် ချန်ချင်းယွီကို အားကိုးရန် လိုအပ်နေသေးသည်ကို အဘွားကြီးကျောက် သိမြင်ထားသည်။ အနည်းဆုံးတော့ ချန်ချင်းယွီမှာ ပါးနပ်ပြီး အကွက်စေ့သူတစ်ဦး ဖြစ်နေလေသည်။
အကယ်၍ သူမသာဆိုလျှင် ရွှီကောင်းမင်၏ အောက်တွင်ပင် အရေးနိမ့်နေပေလိမ့်မည်။
အဘွားကြီးကျောက်သည် တွေးရင်းဖြင့် ပို၍ ဒေါသထွက်လာကာ
"အဲဒီလူယုတ်မာ ရွှီကောင်းမင်၊ အားလုံးက သူ့အပြစ်တွေချည်းပဲ!" ဟု ကျိန်ဆဲလေတော့သည်။
ချန်ချင်းယွီ : "???"
ဘယ်လိုကနေ ဘယ်လို ရွှီကောင်းမင်ဆီ ရောက်သွားတာလဲ? တော်တော်လေးကို ခုန်ပျံကျော်လွှားပြီး တွေးတာပဲ!
သို့သော်လည်း လူတိုင်း အိမ်မှာရှိနေသည့် အချိန်ကို အခွင့်ကောင်းယူကာ သူမသည် တံခါးမှ တိတ်တဆိတ် ထွက်လာခဲ့၏။ ထိုအချိန်မှာ လူတိုင်း ထမင်းစားနေသည့် အချိန်ဖြစ်ရာ ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး မည်သူမျှ မမြင်သည်ကို အတည်ပြုပြီးနောက် လျှင်မြန်သော ခြေလှမ်းများဖြင့် ပျောက်ကွယ်သွားတော့သည်။
သူမသည် မှောင်ခိုစျေးဘက်သို့ ထပ်မံဦးတည်ခဲ့၏။ ဤသည်မှာ သူမအတွက် ဒုတိယအကြိမ်မြောက် ဖြစ်ရာ အတော်လေး ရင်းနှီးနေချေပြီ။
ယခုတစ်ကြိမ်တွင် ချန်ချင်းယွီသည် လက်မှတ်ရောင်းသူတစ်ဦးထံ ချဉ်းကပ်ကာ သကြားလုံးလက်မှတ်နှစ်စောင်နှ လဲလှယ်
လိုက်သည်။ မူလက ဆီလက်မှတ်နှင့် လဲရန် ရည်ရွယ်ထားသော်လည်း၊ အဘိုးအိုတစ်ဦး မြေပဲဆီ ရောင်းနေသည်ကို တွေ့သဖြင့် ထိုဆီကိုသာ ဝယ်ယူလိုက်၏။
ဆီဆိုသည်မှာ အဖိုးတန်သော အရာဖြစ်ပြီး၊ မြေပဲဆီမှာ ပို၍ပင် ကောင်းမွန်လှရာ စျေးမှာလည်း မချိုသာပေ။ သို့သော် ချန်ချင်းယွီသည် ဝန်မလေးဘဲ ဝယ်ယူလိုက်သည်။
ထို့အပြင် သူမသည် ထိုအဘိုးအိုထံမှ မြေပဲ ငါးပိဿာခန့်ကိုလည်း ဝယ်ယူခဲ့သေး၏။ ထိုခေတ်အခါက သရေစာ ရှားပါးလှသဖြင့် မြေပဲလှော်မှာ အလွန်ပင် ရောင်းကောင်းသော အစာတစ်မျိုး ဖြစ်သည်။ ချန်ချင်းယွီသည် မိမိကိုယ်မိမိ အငတ်ထားနိုင်သူ မဟုတ်ရာ အားလုံးကို ဝယ်ယူလိုက်တော့သည်။ အဘိုးအိုမှာလည်း သူ၏ကံကောင်းမှုကို အံ့သြနေမိကာ ခဏချင်းအတွင်းမှာပင် ကုန်ပစ္စည်းအားလုံး ရောင်းထွက်သွားလေတော့သည်။
နှစ်ဦးသားလုံး ကျေနပ်သွားကြ၏။
ထို့နောက် ချန်ချင်းယွီသည် ဂျုံမှုန့်တစ်အိတ်ကို ဝယ်ယူခဲ့ပြန်သည်။ ဤကဲ့သို့သော အရာမှာ အသုံးအစွဲ များလှသည်ပင်။ သူမသည် ပတ်ဝန်းကျင်တွင် လှည့်လည်ကြည့်ရှုနေစဉ် ဝက်သားရောင်းနေသူတစ်ဦးကို တွေ့ရှိခဲ့၏။ ဤသည်မှာ တောဝက်သား မဟုတ်ဘဲ အိမ်မွေးဝက်သား ဖြစ်သည်။ ချန်ချင်းယွီသည် အခြေအနေကို ဂရုမစိုက်တော့ဘဲ ဝက်သား နှစ်ကျင်းခွဲခန့်ကို အပြတ်ဖြတ်ကာ ဝယ်ယူလိုက်၏။ လူသားတို့အတွက် စားဝတ်နေရေးမှာ အရေးအကြီးဆုံး မဟုတ်ပါလော! စားသောက်မှုမှလွဲ၍ ကျန်သည့်အရာအားလုံးကို ရွှေ့ဆိုင်းထား၍ ရပေသည်။
ချန်ချင်းယွီသည် ယခုတစ်ခေါက်ပြီးလျှင် ခဏမျှ အနားယူရန် ရည်ရွယ်ထားသဖြင့် ပစ္စည်းများစွာကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက် သူမအား စောင့်ကြည့်နေသည်ကို သူမ၏ အာရုံခံစားမှုအရ သိရှိလိုက်၏။ ချန်ချင်းယွီသည် သူမ၏ ပုဝါကို တစ်ချက်ပြင်လိုက်ရင်း အေးစက်စက် ပြုံးလိုက်မိသည်။
ဟမ့်.. ငါ့ကို ချောင်းကြည့်ရဲတယ်ပေါ့… ဘယ်သူများ အဲ့လောက်သတ္တိရှိနေလဲ သိချင်မိသား!!!