← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

၂၅။ မြန်ဆန်စွာ ပျံ့နှံ့သွားသော ကောလဟာလ

ချန်ချင်းယွီသည် ယခုတစ်ခေါက်တွင် ယခင်ထက်ပို၍ အမျိုးအစားစုံလင်စွာဝယ်ယူခဲ့ပြီး ပမာဏမှာလည်း ယခင်တစ်ခေါက်ထက် များပြားလှ၏။

သူမသည် ရိက္ခာလက်မှတ်များ လဲလှယ်ခဲ့ရုံသာမက တခြားရိက္ခာမျိုးစုံကိုလည်း ဝယ်ယူခဲ့သည်။ သယ်ယူလာသော ဂျုံအိတ်ကြီးနှစ်အိတ်မှာ အပြည့်ဖြစ်သည့်အပြင် ဆန်နှင့်ဂျုံမှုန်များကိုလည်း ထပ်မံဝယ်ယူခဲ့၏။ ဤကဲ့သို့သော ဆန်ချော ဂျုံချောများမှာ ဝယ်ယူရခက်သဖြင့် သူမ ရောက်တုန်းရောက်ခိုက်တွင် ဝယ်နိုင်သမျှ ဝယ်ထားရခြင်းတည်း။

ချန်ချင်းယွီသည် အပြည့်ဖြစ်နေသော အိတ်ကြီးလေးအိတ်ကို ထမ်းကာ မှောင်ခိုစျေးမှ ထွက်ခွါလာခဲ့သည်။

မှောင်ခိုစျေး၏ ပုံပြင်မှာ နောက်တစ်ကြိမ် ပျံ့နှံ့သွားပြန်၏။

‘မိန်းမလိုဝတ်ရတာကြိုက်တဲ့ ယောကျာ်းကြီး ပြန်လာပြန်ပြီတဲ့…

သူ့ရဲ့အသံချိုချိုလေးကြောင့် မျောမသွားကြနဲ့!! သေချာပေါက် ယောကျာ်းကြီးဟ! လာလိမ်ဖို့ကြိုးစားမနေနဲ့!!’

မိန်းမတွေဆို အိတ်တစ်လုံးတောင် မသယ်နိုင်ကြတာ…လေးလုံးဆို ပြောမနေနဲ့!!

သူက သယ်ပြီးတောင် ပြေးသွားနိုင်သေးတယ်.. အဲ့ဒါမိန်းမလား ပြောစမ်း!!

သေချာပေါက် ယောကျာ်းကြီး!!!

ဒီလူကြီးက သေချာပေါက် နှာဗူးပဲ!! မိန်းမလိုဝတ်ပြီး အသံချိုချိုလေး ပြောရတာကို သဘောကျနေတာ!! အလိမ်မခံကြနဲ့ဟေ့!!

ချန်ချင်းယွီသည် မှောင်ခိုဈေးအတွင်း လိုအပ်သည်များကို ဝယ်ယူပြီးနောက် အမြန်ဆုံး ပြန်လည်ထွက်ခွာခဲ့သည်။ သို့သော် လမ်းအနည်းငယ်လျှောက်ပြီးသည်နှင့် တစ်စုံတစ်ယောက် သူမနောက်သို့ ထပ်ကြပ်မကွာ လိုက်လာသည်ကို ခံစားလိုက်ရ၏။ ချန်ချင်းယွီသည် သူမ၏မျက်နှာကို ပုဝါဖြင့် ပိုမိုလုံအောင် ဝှက်လိုက်မိသည်။

မှောင်ခိုဈေးထဲတွင် ရှိနေစဉ်ကတည်းက တစ်စုံတစ်ယောက်သည် သူမအား စောင့်ကြည့်နေသည်ကို သတိထားမိခဲ့ပြီး၊ ခန့်မှန်းခဲ့သည့်အတိုင်းပင် ဈေးထဲမှ ထွက်ထွက်ချင်း နောက်ကလိုက်လာကြသည်။

မှောင်ခိုဈေးဆိုသည်မှာ ဘေးကင်းလုံခြုံသည့် နေရာမဟုတ်မှန်း သူမသိ၏။ ဈေးအတွင်း၌ မည်သူမျှ ပြဿနာမရှာကြသော်လည်း ပြင်ပလောကတွင်မူ မည်သို့ဖြစ်လာမည်ကို ခန့်မှန်း၍မရနိုင်ပေ။ ချန်ချင်းယွီသည် ယနေ့တွင် ငွေကြေးရှိကြောင်း ကြွားဝါမိသကဲ့သို့ ဖြစ်ခဲ့ရာ မသမာသူတို့က အခွင့်ကောင်းယူရန် ကြိုးစားလာနိုင်ချေရှိသည်။ ချန်ချင်းယွီသည် ခြေလှမ်းကို တဖြည်းဖြည်း နှေးလိုက်ပြီး သတိကြီးစွာ ထားနေစဉ်မှာပင် နောက်မှလိုက်လာသည့် ခြေသံများမှာလည်း တဖြည်းဖြည်းနီးကပ်လာလေ၏။

ရုတ်တရက်ဆိုသလို သူမထံသို့ ဦးတည်လာသော အားတစ်ခုကို ခံစားလိုက်ရသဖြင့် ချန်ချင်းယွီ အမြန်ရှောင်တိမ်းလိုက်ရာ ထိုသူ၏ ကန်ချက်မှာ လွဲချော်သွားပြီး ယိုင်ထိုးသွားတော့သည်။ ထို့နောက် ခက်ထန်လှသော အသံဖြင့် ခြိမ်းချောက်သံထွက်ပေါ်လာ၏။

"ပစ္စည်းတွေ ထားခဲ့စမ်း! မဟုတ်ရင် မင်းအသက် ပျောက်သွားမယ်!"

ခဏချင်းမှာပင် လူကောင်ထွားထွား ယောက်ျားလေးယောက်မှာ သူမကို ဝိုင်းရံထားလိုက်ကြသည်။ သူတို့သည် မထီမဲ့မြင်ပြုသော လေသံဖြင့်

"မင်းဆီက တန်ဖိုးရှိတာတွေ အကုန်ပေးခဲ့ရင် အသက်ချမ်းသာပေးမယ်၊ မဟုတ်ရင်တော့ ဓားဆိုတာ မျက်စိမပါဘူးနော်"

ထိုအထဲမှ လူငယ်တစ်ယောက်သည် ဓားကို ဆွဲထုတ်လိုက်ပြီး အထင်သေးသော အကြည့်ဖြင့် ဝေ့ယမ်းပြနေ၏။

ဤလူများမှာ တော်တော်လေးကို ရဲတင်းလှသည်။ ပတ်ဝန်းကျင်မှာ မှောင်မည်းနေသော်လည်း အနီးကပ်ဆိုလျှင် ရှင်းရှင်းလင်းလင်း မြင်သာထင်သာရှိ၏။ ချန်ချင်းယွီကိုယ်တိုင်မှာ မှောင်ခိုဈေး၏ ထုံးစံအတိုင်း မျက်နှာကို ပုဝါဖြင့် အမြဲဖုံးအုပ်ထားသော်လည်း ဤလူများမှာမူ မည်သည့်မျက်နှာဖုံးမျှ ဝတ်ဆင်ထားခြင်း မရှိကြပေ။ သူတို့၏ အရည်အချင်းကို ကိုယ်တိုင်ယုံကြည်မှု လွန်ကဲနေခြင်းလော သို့မဟုတ် သူမကို အသက်ရှင်လျက် ပြန်လွှတ်ရန် ရည်ရွယ်ချက် မရှိခြင်းလော ဆိုသည်မှာ မသဲကွဲပေ။ ချန်ချင်းယွီ၏ မျက်ဝန်းများ နက်မှောင်သွားပြီး သူတို့အား သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်သည်။

ချန်ချင်းယွီသည် မျက်နှာကို လုံအောင်ဖုံးထားဆဲဖြစ်ပြီး ဘာစကားမျှ မပြောဘဲ နှုတ်ဆိတ်နေ၏။ အမှောင်ထဲတွင် ထိုလူများမှာ သူတို့၏ အတွေ့အကြုံကို အားကိုးကာ

"ညီလေး... မင်းကြည့်ရတာ အခြေအနေ မဆိုးပါဘူး။ ဒီတစ်ကြိမ်အတွက် စိုးရိမ်မနေပါနဲ့။ လိမ္မာစမ်းပါ။ မဟုတ်ရင်တော့ မင်းဘယ်လောက်ပဲ သန်မာပါစေ လက်လေးဖက်ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ငါတို့ ညီအစ်ကိုတွေကို မင်းဘယ်လိုမှ မယှဉ်နိုင်ပါဘူး"

သူတို့က အမျိုးမျိုး ပြောဆိုနေကြသော်လည်း ချန်ချင်းယွီကို လုံးဝ အရေးတယူ မရှိကြပေ။ သူတို့သည် ဤသို့ လုယက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ သူတို့အားလုံးမှာ ထွားကြိုင်းသူများဖြစ်ပြီး တစ်ခါမျှ မရှုံးနိမ့်ဖူးကြချေ။ ဤမိန်းမလျာငယ်လေး၏ ခွန်အားက ဘာများ တတ်နိုင်မည်နည်း။

ချန်ချင်းယွီမှာမူ ဘာစကားမျှ မဆိုဘဲ သူတို့အား စူးစူးစိုက်စိုက်သာ ကြည့်နေသည်။

အစဉ်အမြဲ မောက်မာလာခဲ့သော ထိုလူများမှာ ယခုအခါ ဒေါသထွက်လာကြ၏။

"တောက်! မင်းက အ နေတာလား"

အော်ဟစ်လိုက်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်ရာ ချန်ချင်းယွီ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

"ဟာ... ချီးပဲ.. သူက တိုက်ခိုက်ရေးသမားပဲ! ညီအစ်ကိုတို့... ဝိုင်းကြစမ်း!"

လူလေးယောက်သည် ယခင်ကတည်းက အတူတကွ ပူးပေါင်း၍ လူများစွာကို လုယက်ဖူးရာ အတွေ့အကြုံများလှပြီဖြစ်၏။ သူတို့မှာ လူဖြန့်လိုက်ပြီး လေးဘက်လေးတန်မှ ဝိုင်းထားကြကာ အရပ်လေးမျက်နှာမှနေ၍ ချန်ချင်းယွီကို မခုခံနိုင်အောင် တိုက်ခိုက်လိုက်ကြသည်။ မျက်လုံးများမှာလည်း ရက်စက်ကြမ်းကြုတ်နေကြပြီး သူတို့ကဲ့သို့သော လူမျိုးများမှာ ဝါရင့်လူမိုက်များပင်တည်း။

လူအများ အာရုံစိုက်ခြင်းကို မလိုလားသဖြင့် ချန်ချင်းယွီသည် သူမဝယ်လာသော ပစ္စည်းများကို မြေကြီးပေါ်တွင် ချထားလိုက်ပြီး၊ လေထဲသို့ ခုန်တက်ကာ ဝိုက်လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

“သေစမ်း!"

"ဟေ့ ဂျပုကောင်လေး... ငါ မင်းကို မှတ်လောက်အောင် ဆုံးမပစ်မယ်!"

"ငါတို့ ညီအစ်ကိုတွေကို ရန်မူရဲတယ်ပေါ့လေ! မင်းခေါင်းကို ငါလိမ်ချိုးပစ်မယ်၊ မဟုတ်ရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ!"

ထိုလေးယောက်မှာလည်း အတွေ့အကြုံရှိသူများဖြစ်ပြီး အမြဲတမ်း အောင်မြင်ခဲ့သူများ ဖြစ်သည်။ ခွန်အားကြီးသော ယောက်ျားအချို့ပင်လျှင် သူတို့နှင့် မယှဉ်နိုင်ခဲ့ကြပေ။ အဓိကမှာ သူတို့ လေးယောက်ရှိနေခြင်းနှင့် အချိတ်အဆက် မိမိ တိုက်ခိုက်တတ်ခြင်းကြောင့်ပင်တည်း။ ထိုအချက်ကို အခြေခံ၍ပင် သူတို့ လုယက်လာခဲ့သည်မှာ မနည်းတော့ပေ။

သို့သော် ထိုလေးယောက်မှာ ပါးနပ်သူများလည်း ဖြစ်ကြသည်၊ သူတို့သည် မှောင်ခိုဈေးအတွင်း၌ ပြဿနာမရှာဘဲ၊ ပုံမှန်အားဖြင့် လက်ကြီးဝယ်သူများနောက်သို့ တကောက်ကောက်လိုက်၍သာ ပစ်မှတ်ထားလေ့ရှိကြသည်။

ယနေ့တွင် ပစ္စည်းများကို လက်ဖွာစွာ ဝယ်ယူနေသော ချန်ချင်းယွီမှာ သူတို့၏ ပစ်မှတ် ဖြစ်လာခဲ့ခြင်းပင်။

ချန်ချင်းယွီသည် စကားတစ်လုံးမျှ မဆိုပေ။ တစ်စုံတစ်ယောက်က သူမအား လက်သီးဖြင့် လွှဲထိုးလိုက်သည်ကို မြင်လျှင်၊ ထိုလက်ကို ဖမ်းကိုင်၍ အားဖြင့် လိမ်ချိုးလိုက်ရာ

"အား!"

စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

နောက်ကျောဘက်မှ တိုက်ခိုက်လာသည်ကို အာရုံရသဖြင့် ချန်ချင်းယွီက ရှောင်တိမ်းလိုက်ရာ

"တောက်! အား!"

သူတို့အချင်းချင်း ပြန်ထိသွားကြလေသည်။

ချန်ချင်းယွီသည် ဤကဲ့သို့သော အရာမျိုးကို သည်းခံတတ်သူမဟုတ်ဘဲ ပါးရိုက်လျှင် နားကိုက်တတ်သူတစ်ဦး ဖြစ်သည်။ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရုံဖြင့် ထိုလူမှာ လေထဲသို့ လွင့်စင်သွားရှာ၏။ ချန်ချင်းယွီ သူမ၏ တိုက်စစ်ကို မရပ်ဘဲ လက်သီး၊ ခြေထောက်များဖြင့် ဆက်တိုက် တိုက်ခိုက်လိုက်ရာ ခဏချင်းမှာပင် လေးယောက်စလုံး မြေကြီးပေါ်တွင် ပြားပြားဝပ် လဲကျသွားကြတော့သည်။

"အု... အု..."

သူတို့မှာ ဦးနှောက်ကြီး တုန်ခါသွားရလောက်အောင်ပင် ခံစားလိုက်ရသည်။

"ကျွန်တော်... ကျွန်တော်တို့ မှားသွားပါပြီ အစ်ကိုကြီး၊ အစ်ကိုကြီး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."

"နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး၊ တကယ်ပါဗျာ..."

"ကျွန်တော် မှားသွားပါတယ်၊ ကျွန်တော် တကယ်မှားသွားတာပါ!"

ချန်ချင်းယွီသည် စကားမဆိုဘဲ ထိုလူလေးယောက်ကို တစ်ယောက်စီ ဆွဲလိုက်ပြီး သူတို့ဘောင်းဘီကြိုးများကို ဆွဲချွတ်လိုက်၏။

“အား..အား!! မင်း ဘာလုပ်တာလဲ.. မင်း..မင်း.. ကျုပ်ကအဲ့လိုမဟုတ်ပါဘူးဗျာ..ယောကျာ်းချင်း စိတ်မဝင်စားပါဘူးဗျာ!! အား!!”

“အစ်ကိုကြီး!! အစ်ကိုကြီးရေ ကျွန်တော်တကယ်မှားပါတယ်.. ကျွန်တော်က လူကောင်ကြီးပြီး ရုပ်လည်းသာမန်ပါပဲ!! တကယ်လို့ ဝါသနာပါတယ်ဆိုလည်း ကျွန်တော့်အစ်ကိုဆီသွားပါနော်!! သူက အသားဖြူဖြူလေးဗျ!!”

“ခွေးကောင်!! မင်း ငါ့ကိုသစ္စာဖောက်ရဲတယ်ပေါ့!!! သူ့ဆီသွား သူ့ဆီသွား… သူကအမြဲတမ်း သူ့ကိုယ်သူ အသန်မာဆုံးဆိုပြီး ပြောနေတာ သူ့ဆီသွား!!”

“သူ့ဆီသွား..သူက ဖြူဖြူဖွေးဖွေး…….”

ကျန်နှစ်ယောက်မှာမူ သေချင်ယောင်ဆောင်နေကြကာ သူတို့ပါဆွဲထည့်ခံရမည်ကို အသေကြောက်နေကြ၏။

အစမှအဆုံးအထိ ထိုလူများသည် ချန်ချင်းယွီ၏ လိင်အမျိူးအစားကို လုံးဝ သံသယမဝင်ခဲ့ကြပေ။ အကြောင်းမှာ သူတို့၏အမြင်တွင် မိန်းကလေးတစ်ယောက်သည် ဤမျှအထိ စွမ်းအားကြီးမားကာ သန်မာနေနိုင်မည်ဟု မထင်မှတ်ထားသောကြောင့်တည်း။ ထို့ပြင် ချန်ချင်းယွီမှာလည်း စကားတစ်လုံးမျှ မဆိုသဖြင့် သူမအား ယောက်ျားတစ်ယောက်ဟုသာ ထိုလူများက ပိုမို အခိုင်အမာ ယုံကြည်နေကြသည်။

"ကျွန်တော်ကို မလုပ်ပါနဲ့! လာမရှုပ်ပါနဲ့ဗျာ! ကျွန်တော်က ယောက်ျားစစ်စစ်ပါ၊ မိန်းကလေးပဲ ကြိုက်တာပါဗျာ!"

သူတို့သည် ရက်စက်သော ဓားပြများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကိုမူ မကြုံချင်ကြပေ။

ချန်ချင်းယွီတစ်ယောက် ဤလူများမှာ တကယ်ပင် ရူးကြောင်ကြောင်နိုင်လှသည်ဟု တွေးနေမိ၏။

ကိုယ့်ရုပ်ကိုတောင်မှန်ထဲ ပြန်ကြည့်ရဲလား!! ပြောရဲတယ်နော်!!

ယောက်ျားချင်းပင် သူတို့လိုလူစားမျိုးကို စိတ်ဝင်စားမည်မဟုတ်ပေ။ ရုပ်ရည်က သာမန်ကာလျှံကာနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေကြသည်မှာ အံ့ဩစရာပင်။

ချန်ချင်းယွီသည် ထိုလေးယောက်စလုံးကို စုစည်း၍ တုပ်နှောင်လိုက်သည်။ သူတို့မှာ အနှိပ်စက်ခံထားရသဖြင့် ထရပ်ရန် သို့မဟုတ် ထွက်ပြေးရန် အင်အားမရှိကြတော့ဘဲ ဝက်များကို ချည်နှောင်သကဲ့သို့ ချန်ချင်းယွီ၏ ချည်နှောင်မှုကို ငြိမ်ခံနေကြရ၏။ ချန်ချင်းယွီသည် လှည့်ကြည့်လိုက်ပြီး သူတို့၏ဓားများကို ကောက်ယူကာ သူတို့၏အဝတ်အစားများကို ပိုင်းဖြတ်၍ ပါးစပ်များကိုပါ သေသပ်စွာ ပိတ်ဆို့လိုက်သည်။

အခြေအနေများ ငြိမ်သက်သွားသည်ကို မြင်သောအခါ ချန်ချင်းယွီသည် သူတို့၏အိတ်ကပ်များကို စစ်ဆေးလေသည်။ သူတို့သည် လူများကို လုယက်နေသူများ ဖြစ်ကြသော်လည်း သူတို့အိတ်ကပ်ထဲတွင် ပစ္စည်းအချို့သာ ရှိ၏။ ချန်ချင်းယွီသည် ဂရုမစိုက်ဘဲ အထဲရှိ ပစ္စည်းအားလုံးကို ယူဆောင်ကာ သူမ၏အိတ်ကပ်ထဲသို့ ကပျာကယာ ထိုးထည့်လိုက်သည်။

"အု... အု!"

"အင်း... အင်း။"

လူအချို့မှာ ရုန်းကန်ရန် ကြိုးစားကြသဖြင့် ချန်ချင်းယွီ သူတို့၏ပါးကို အားပြင်းစွာ ရိုက်ချလိုက်သည်။ အပြင်းထန်ဆုံး ရုန်းကန်သူမှာ ပါးစပ်ထဲမှ သွေးညှီနံ့ကို ခံစားလိုက်ရပြီး ညည်းညူသံလေးသာ ထွက်နိုင်ရှာလေ၏။ ထိုပါးရိုက်ချက်ကြောင့် သူ၏ဦးခေါင်းမှာ မူးနောက်သွားပြီး အသံလေးတစ်ချက်ပင် မထွက်ရဲတော့ပေ။ ချန်ချင်းယွီသည် သူတို့၏ကိုယ်ပေါ်တွင် ရှာဖွေပြီးနောက် ပါးစပ်များကို ပိတ်ဆို့ကာ သူမချည်နှောင်ထားသည့် နည်းလမ်းများကို ပြန်လည်စစ်ဆေးလိုက်သည်။

အင်း... ခါးပတ်ကြိုးကတော့ အလုပ်ဖြစ်သားပဲ၊ လူတွေက သကြားလုံးထုတ်ထိုး အစီအရီ တုတ်ထိုးထားသလို ဖြစ်နေပြီ။

သို့သော်လည်း၊

ခါးပတ်ကြိုး မရှိတော့သဖြင့် သူတို့၏ ဘောင်းဘီများမှာ အောက်သို့ ကျွတ်ကျကုန်၏။

သူတို့အားလုံးမှာ အတွင်းခံဘောင်းဘီများဖြင့် တုန်တုန်ရင်ရင် ဖြစ်နေကြရသည်။

ငါတို့တွေ ဘယ်လိုလူထူးလူဆန်းနဲ့မှ လာတိုးနေရတာလဲ?

အခု ဘာဆက်လုပ်ကြမလဲ?!

ထို့နောက် ချန်ချင်းယွီသည် လှည့်ထွက်ကာ သူမ၏ အိတ်လေးအိတ်ကို ကောက်ယူပြီး လက်တစ်ဖက်ဖြင့် ကြိုးကိုဆွဲကာ ထိုလူလေးယောက်ကို တရွတ်တိုက် ဆွဲခေါ်သွားလေတော့သည်။

ဓားပြများမှာ ခဏတာ မှင်သက်သွားကြ၏။

အစ်ကိုကြီး..ခင်များ စွမ်းလှချည်လား!!

ချန်ချင်းယွီသည် အလွန်အမင်း အရှိန်ပြင်းပြင်း မလျှောက်သော်လည်း သူမသွားလိုသည့် ပန်းတိုင်မှာ မဝေးလှသဖြင့် မကြာမီမှာပင် အနီးအနားရှိ ရဲစခန်းသို့ ရောက်ရှိသွားသည်။

"အု! ကျွန်တော့်ကို လွှတ်ပေးပါ!"

"အင်း... အင်း!"

သူတို့ ဤနေရာကို မလာချင်ကြပေ။

ထိုလူများသည် ပဲပိုးကောင်များကဲ့သို့ တွန့်လိမ်နေကြသော်လည်း ချန်ချင်းယွီ ဂရုမစိုက်ဘဲ စခန်းဝင်ပေါက်နှင့် မလှမ်းမကမ်းရှိ သစ်ပင်တစ်ပင်တွင် သူတို့ကို ချည်နှောင်ထားလိုက်သည်။

သူမသည် ခေါင်းငုံ့ကာ ဓားရိုးပေါ်ရှိ လက်ဗွေရာများကို သူမ၏ အင်္ကျီနားဖြင့် ပွတ်တိုက်ဖျက်ဆီးလိုက်သည်။ ယခုခေတ်တွင် လက်ဗွေရာ စစ်ဆေးနိုင်ခြင်း ရှိ၊ မရှိ သူမ မသေချာသော်လည်း မည်သည့် ပြဿနာမျိုးကိုမျှ အဖြစ်မခံလိုသည်မှာ အမှန်ပင်။ သူမသည် ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်သွား၏။

သူတို့ သစ်ပင်မှာပဲ ဆက်နေကြပါစေ။

မနက်ဖြန်ဆိုလျှင် တစ်စုံတစ်ယောက်က ရဲစခန်းကို လာမှာ အသေအချာပဲ….

ဤသို့ ခဏခဏ လုယက်တတ်သူများသည် စုံစမ်းစစ်ဆေးမှုကို ခံနိုင်ရည်ရှိကြမည်မဟုတ်ပေ။

သို့သော်လည်း သူတို့ကို အလွယ်တကူ လွတ်မြောက်ခွင့် မပေးနိုင်ပေ။ နွေဦးလေမှာ ပြင်းထန်လှသဖြင့် မြေကြီးပေါ်တွင် စာရေးထားပါက ပျက်ပြားသွားနိုင်ချေရှိသည်။ ထို့ကြောင့် သူမသည် ကျောက်ခဲများကို ရှာဖွေကာ မြေကြီးပေါ်တွင် "ဓားပြများ" ဟု စာလုံးဖော်လိုက်၏။ အားလုံးကို စီစဉ်ပြီးနောက် သူမ စိတ်ကျေနပ်သွားလေသည်။

ထိုလူများ အစောက ကြမ်းကြမ်းတမ်းတမ်း ဝေ့ယမ်းခဲ့သော ဓားမြှောင်များကို ယူဆောင်ကာ သစ်ပင်ထဲသို့ အားဖြင့် စိုက်သွင်းလိုက်၏။

ဤကဲ့သို့ ပစ္စည်းရှားပါးသော ခေတ်ကာလတွင် စားနပ်ရိက္ခာအတွက် လုယက်ခြင်းမှာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပြီး၊ ထို့အပြင် သူတို့၏ ရဲတင်းလှသော အပြုအမူများအရ သဲလွန်စဖျောက်ရန်အတွက် သူမကို သတ်ရန်အထိပင် ကြံစည်ထားပုံရသည်။

ထိုလူများမှာ ရုန်းကန်နေဆဲဖြစ်သဖြင့် ချန်ချင်းယွီက ရှေ့သို့တိုးကာ သူတို့ လွတ်မြောက်မသွားနိုင်စေရန် တစ်ယောက်ကို လက်သီးဖြင့် အချက်အနည်းငယ်စီ ထပ်မံ ထိုးနှက်လိုက်၏။

ပြီးပြီ!

သူမကိုယ်သူမ လူဆိုးနှိမ်နင်းသူ သူရဲကောင်း တစ်ယောက်အလား မှတ်ယူလိုက်မိလေသည်။

ထို့နောက် ချန်ချင်းယွီသည် အိတ်လေးအိတ်ကို ပခုံးပေါ်ထမ်းကာ မဆိုင်းမတွပင် ထွက်ခွါသွား၏။ ဤဖြစ်စဉ်တစ်ခုလုံးတွင် သူမသည် စကားတစ်လုံးမျှ မဟခဲ့ပေ။

သူမသည် မည်သူ့ကိုမျှ သူမအား ရှာဖွေတွေ့ရှိနိုင်မည့် အခွင့်အရေးမျိုး ပေးမည်မဟုတ်ပေ။

ဤမတော်တဆမှုကြောင့် အချိန်အတော်လင့်သွားပြီဖြစ်ရာ သူမအိမ်သို့ မြန်မြန်ပြန်ပြေးခဲ့ရသည်။ နွေဦးကာလ၏ လေတိုက်ခတ်မှုသည် အထူးသဖြင့် ညဘက်တွင် အေးစက်လှ၍ ချန်ချင်းယွီမျက်နှာမှာ အအေးဒဏ်ကြောင့် နီရဲနေ၏။ သူမသည် ပြေးနိုင်သမျှ မြန်မြန်ပြေးလိုက်ပြီး အိမ်ရာလမ်းကြားသို့ ရောက်သွားသောအခါ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြု၍ အိမ်သာသို့ လာနေသော ကျန်းရှင်းဖှတို့သားအဖကို တွေ့လိုက်ရလေသည်။

အာ!!

သူမ အမြန်ပုန်းကွယ်လိုက်၏။

တိုက်ဆိုင်လှချည်လား!!

ကျန်းသားအဖ၏ပုံစံမှာ ဖြူဖျော့နေပြီး နေမကောင်းသည့်ပုံစံ ပေါက်နေဆဲပင်။

သူတို့ခမျာ ယခုအချိန်တွင် ဗိုက်ထဲက ခံစားချက်မှန်သမျှကို လုံးဝ မယုံကြည်ရဲကြဘဲ အနည်းငယ် နေမသာထိုင်မသာ ဖြစ်လာသည်နှင့် အိမ်သာဆီကို အပြေးအလွှား သွားနေရသည်။ ဆေးရုံမှ ဆင်းလာခဲ့ကြသော်လည်း ကိုယ်လက်မအီမသာ ဖြစ်မှုမှာ အတော်လေး ကျန်နေသေး၏။

သားအဖမှာ တတွတ်တွတ် မကျေမနပ် ရေရွတ်နေကြလေသည်။

"ဒါတွေ အားလုံးက အသုံးမကျတဲ့ မင်းအမေ့ကြောင့်ပဲ! သူက ဘာမှလည်း အသုံးမဝင်ဘူး၊ ဒုက္ခပဲ ပေးတတ်တာ။"

"အေးဗျာ၊ ဒီတစ်ခါတော့ ကျွန်တော် တကယ်ကို ဒုက္ခရောက်တာပဲ၊ တောက်!"

ထိုသားအဖ အိမ်သာထဲ ရောက်သွားချိန်တွင် ချန်ချင်းယွီ ဖျတ်လတ်သော အတွေးဖြင့် နံရံပေါ်သို့ တွားတက်လိုက်သည်။ သူမသည် အမြဲတမ်း လက်ဦးမှုရယူ၍ လုပ်ဆောင်တတ်သူ ဖြစ်ပြီး တစ်ခါတစ်ရံတွင် သူမ၏ ပင်ကိုယ်တုံ့ပြန်မှုများက စဉ်းစားတွေးခေါ်မှုထက်ပင် ပို၍ မြန်ဆန်နေတတ်၏။ သူမ၏ ပစ္စည်းများကို အမိုးပေါ်တွင် တင်ထားလိုက်ပြီးနောက် အသံကို မြှင့်၍ ပြောလိုက်လေသည်။

"ဟေး... ဦးလေးရွှီက တကယ်ကို လက်ဖွာတာပဲနော်! စည်သွပ်ဘူး ရှစ်ဘူးတောင် ဒီတိုင်း ပေးလိုက်တာလား? သူ ပေးလိမ့်မယ်လို့ ငါ မထင်ထားဘူး။"

ထို့နောက် သူမ တမင်တကာ အသံကို ပိုမြှင့်လိုက်ပြီး

"သူ ပေးရမှာပေါ့၊ မဟုတ်ရင် လူတွေက သူတို့အပေါ် ဘယ်လို ထင်ကြမလဲ? မင်း မြင်တယ်မလား? အဒေါ်ကြီးကျောက် အတွက် ပစ္စည်းတွေ ပေးရုံတင်မကဘူး၊ အဒေါ်ကြီးဟွမ်နဲ့ ယွမ်ဟောက်မင်ကိုလည်း ပေးရဦးမှာ။ မဟုတ်ရင် သူတို့က ဝိုင်းထဲက လူတွေကို ဘယ်လို မျက်နှာပြရမလဲ? အဒေါ်ကြီးရှီက တကယ် ရက်စက်တာပဲ၊ သူတို့က မှိုအဆိပ်မိတာပါလို့ ပြောပြီး ဒီတိုင်း ပြီးသွားလို့မှ မရတာ၊ တောင်းပန်ရမှာပေါ့။ ဒါ့အပြင် သူတို့က အဲဒီလို လူမျိုးတွေမှ မဟုတ်တာ။ ဦးလေးရွှီက လူကောင်းပါ၊ သဘောကောင်းတဲ့သူ။ ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်၊ ဘယ်သူမှ မသိသေးဘူး၊ ငါ ကြားခဲ့တာ။ ဦးလေးရွှီက ဝိုင်းထဲက လူအားလုံးကို ထမင်းကျွေးမလို့တဲ့..."

"ဟင်..."

"တကယ်လား? လူတိုင်းက အလုပ်ရှုပ်ပြီး ပင်ပန်းနေကြတာဆိုတော့ သူတို့က တစ်ခုခု ပြန်လုပ်ပေးရမှာပေါ့၊ ဟုတ်တယ်မလား? ဦးလေးရွှီ ကိုယ်တိုင် ပြောတာ ငါ ကြားတယ်၊ သူက လက်ဆောင်တွေတောင် ဝယ်ဖို့ စဉ်းစားနေတာတဲ့... ဒုက္ခရောက်တဲ့သူတွေက ပိုရသင့်တာပေါ့၊ ဟုတ်တယ်မလား? အဒေါ်ကြီးကျောက်ကို ပေးတာထက်တော့ မနည်းသင့်ဘူးမလား?"

"သွားကြစို့၊ သွားကြစို့..."

ချန်ချင်းယွီသည် တစ်စုံတစ်ယောက်နှင့် စကားပြောနေဟန် ဆောင်ရာတွင် အလွန်အမင်း ကျွမ်းကျင်သူ မဟုတ်သော်လည်း ကံကောင်းထောက်မစွာပင် သူတို့မှာ အပြင်ဘက်တွင် ရှိနေပြီး လေတိုက်သံများကြောင့် အသံအနေအထား အနည်းငယ် ပြောင်းလဲသွားသည်ကို သတိမပြုမိကြပေ။

သူမ စကားပြောပြီးနောက် အမျိုးသမီးအိမ်သာထဲမှ တစ်စုံတစ်ယောက် ထွက်သွားသကဲ့သို့ တမင်တကာ အသံပြုလိုက်သည်။

ကျန်းသားအဖနှင့် လီချန်ရွှမ်းတို့သည် အိမ်သာထဲတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လီချန်ရွှမ်းသည်လည်း အမှတ်မထင် အိမ်သာလာတက်ခြင်း ဖြစ်၏။

လီချန်ရွှမ်း : "ရွှီကောင်းမင်က ငါတို့ကို ထမင်းကျွေးမလို့တဲ့လား?"

ဦးလေးကျန်း: "ကြားရတာတော့ အဲဒီအတိုင်းပဲ။ သူ အဲဒီလို လုပ်တာ မှန်ပါတယ်။ တကယ်လို့ သူ ငါတို့ကို မကျွေးရင် ငါ သူ့ကို တကယ် အထင်သေးမိမှာ။ ဘယ်သူက ဒီလိုမျိုး လုပ်ပါ့မလဲ? သူ့မိန်းမက ငါ့မိန်းမကိုတောင် ကိုက်လိုက်သေးတာ။"

ကျန်းရှင်းဖှ: "ဒါပေါ့၊ ကျွန်တော့်အမေလည်း တော်တော် ဒုက္ခရောက်တာ။"

လီချန်ရွှမ်း : "ငါလည်း ဒုက္ခရောက်တာပဲ။ သူက ငါ့ကိုတောင် ကုတ်လိုက်သေးတာ။"

"သူက တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ဝယ်ပေးချင်နေတာဆိုတော့ သူ ဘာပေးမလဲ မသိဘူးနော်။"

"ဘယ်သူ သိမှာလဲ?"

"ဒါပေမဲ့ အဒေါ်ကြီးကျောက်လို လူမျိုးတောင် စည်သွတ်ဘူး ရှစ်ဘူး ရသေးတာဆိုတော့ ငါတို့ကိုတော့ အဲဒီထက် မနည်းသင့်ဘူး။ နည်းသွားရင်တော့ မကောင်းဘူးဗျ။"

"ငါလည်း အဲဒီအတိုင်း ထင်တာပဲ။"

ထိုသုံးယောက်သည် အိမ်သာထဲတွင် ထိုအကြောင်းကို စတင်၍ ဆွေးနွေးကြလေတော့၏။

အမှန်အတိုင်းဆိုရလျှင် ယနေ့ည၌ အများသုံးအိမ်သာမှာ အတော်လေး စည်ကားနေသည်။ အချိန်နှောင်းနေပြီ ဖြစ်သော်ငြား လူများမှာ တစ်ယောက်ပြီးတစ်ယောက် လာနေကြ၏။ ချန်ချင်းယွီ ပြန်ထွက်တော့မည်အချိန်တွင် လူများစကားတပြောပြောဖြင့် လာနေသည်ကို တွေ့လိုက်ရပြန်သည်။ သူမသည် အမိုးပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင်း အမျိုးသမီးအချို့ ထပ်ရောက်သည်ကို စောင့်ကြည့်နေမိ၏။ ကျန်းရှင်းဖှနှင့် တခြားသူများလည်း အဆုံးမသတ်နိုင်အောင် ဆွေးနွေးနေကြ၍ သူမကိုယ်တိုင် ဇာတ်ကောင်နှစ်ဦးနေရာမှ သရုပ်ဆောင်နေရန် မလိုတော့ပေ။

အမျိုးသမီးများ အိမ်သာထဲဝင်သွားသည်ကို မြင်သောအခါမှ သူမသည် ပစ္စည်းများကိုသယ်၍ ခြံဝင်းတံတိုင်းပေါ်မှ ခါးလေးကိုင်းကာ ဖြတ်လျှောက်သွားလိုက်၏။

ငါ့အဖြစ်ကလည်းနော်.. ဖြစ်ရလေ!!

ဒီခေတ်မှာ ပစ္စည်းတစ်ခုခုဝယ်တိုင်း သူခိုးကျနေတာပဲ.. အကုန်သတိထားနေရတယ်!!

မဟုတ်ရင် ဘယ်သူက ကိုယ့်ကို လိမ်ညာလှည့်ဖျားဖို့ ကြံစည်နေမလဲ မသိနိုင်ဘူး။

ချန်ချင်းယွီမှာ ထိုသို့အမှားမျိုး အဖြစ်မခံနိုင်ပေ။

သူမ တံတိုင်းပေါ်မှ ခါးလေးကိုင်းပြီး မိမိတို့အိမ်နေရာအထိ လျှောက်လာခဲ့သည့်တိုင် အိမ်သာထဲကလူများမှာ ယခုထိ ပြန်ထွက်မလာကြသေးပေ။

"ဟင်း... သူတို့တွေ တော်တော်လေး အားတက်သရော ဆွေးနွေးနေကြတာ ထင်ရှားတာပဲ။ မဟုတ်ရင် အိမ်သာထဲမှာ ဒီလောက်ကြာအောင် ဘာလို့ စကားပြောနေကြမှာလဲ?

ညဉ့်နက်သန်းခေါင်မှာတောင် တစ်ဖက်သားအတွက် တော်တော်လေး စဉ်းစားပေးတတ်ကြတာပဲ!"

ချန်ချင်းယွီသည် သူမ၏ ကိုယ်ပိုင်အိမ်ခေါင်မိုးပေါ်မှတစ်ဆင့် အလယ်ဝင်းအတွင်းရှိ အိမ်များကို ငုံ့ကြည့်လိုက်ရာ မိသားစုအတော်များများမှာ အိပ်ပျော်နေကြပြီဖြစ်သည်။ သူမသည် အောက်သို့ ခုန်ဆင်းလိုက်ပြီးနောက် အိမ်ထဲသို့ ဒုန်းခနဲ ခုန်ဝင်လိုက်၏။

ယနေ့တွင် ဝယ်ယူလာသော ပစ္စည်းများမှာ အတော်လေး များပြားသဖြင့် အသံအချို့ ထွက်ပေါ်သွားခဲ့သည်။

သို့သော် လူများ သတိပြုမိချိန်တွင် ချန်ချင်းယွီမှာ အိမ်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ ခန့်မှန်းထားသည့်အတိုင်းပင် မကြာမီ၌ အစ်မကြီးဖန် တံခါးဖွင့်သံကို ကြားလိုက်ရ၏။ အစ်မကြီးသည် တံခါးဝသို့ထွက်၍ အပြင်သို့ ဝေ့ကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။

သူမမှာ "ဘယ်သူပါလိမ့်" ဟု တိုးတိုးလေး ရေရွတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုသော်လည်း ဝန်းအတွင်းမှာ တိတ်ဆိတ်၍ လူသူကင်းမဲ့နေသည်။ သူမသည် နောက်ထပ် နှစ်ခါ၊ သုံးခါခန့် ရေရွတ်ပြီးနောက် မည်သည့်အရာကိုမျှ သံယယမဝင်ဘဲ တံခါးပိတ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားလေ၏။

အိမ်ထဲသို့ ရောက်ရှိသည်နှင့် ချန်ချင်းယွီမှာ သက်ပြင်းချနိုင်သွားသည်။ ပစ္စည်းအချို့ သွားရောက်ဝယ်ယူရခြင်းမှာ အတော်လေး စိတ်ပင်ပန်းသည့် အတွေ့အကြုံပင် ဖြစ်သည်။

"ချွေးမလား"

အဘွားကြီးကျောက် စမ်းတဝါးဝါး လှမ်းခေါ်လိုက်ရာ ချန်ချင်းယွီက "ကျွန်မပါ" ဟု ပြန်လည်ဖြေကြားလိုက်၏။

သူမသည် အိတ်များကို အထဲသို့ သယ်ဆောင်သွားပြီး မဖွင့်သေးဘဲ ထောင့်တစ်နေရာတွင် ချထားလိုက်သည်။ ထို့နောက် သူမ၏ လက်မောင်းများကို ပွတ်သပ်ရင်း

"အတော်ကြာတဲ့အထိ နောက်တစ်ခါ ထပ်မသွားတော့ဘူး"

သူမမှာ ပင်ပန်းနွမ်းနယ်ခြင်း မရှိသော်လည်း ဤကိစ္စကြောင့် သူမအတွက် အလုပ်ရှုပ်စရာများ ဖြစ်ပေါ်ခဲ့ရသည်။

မူလက ချန်ချင်းယွီသည် အိမ်သာအနီးတစ်ဝိုက်ရှိ နေရာကို အကာအကွယ်ယူ၍ ရွှီကောင်းမင်၏ မိသားစုက ထမင်းကျွေးဧည့်ခံပွဲ ပြုလုပ်တော့မည်ဟူသော သတင်းကို လမ်းကြားတစ်ခုလုံး ပျံ့နှံ့သွားအောင် စောစောစီးစီး ပြန်လာရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ဓားပြအချို့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သဖြင့် အချိန်အတော်အတန် ကြန့်ကြာသွားခဲ့ပြီး အိမ်သို့ ပြန်ရောက်ချိန်မှာလည်း နောက်ကျသွားခဲ့ရ၏။

ကံကောင်းသည်မှာ မထင်မှတ်ထားသော အကျိုးအမြတ်အချို့ ရရှိခဲ့ခြင်းပင် ဖြစ်သည်။ ကျန်းမိသားစုမှာ အထောက်အကူ ဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်မိ၏။ အကယ်၍ အဆင်မပြေပါက မနက်ဖြန်တွင် သတင်းကို ဆက်လက်ဖြန့်ဝေသွားမည်ပင်။

ချန်ချင်းယွီသည် မီးမဖွင့်ဘဲ အမှောင်ထဲတွင်ပင် အဝတ်အစားများကို လဲလှယ်လိုက်ပြီး မျက်နှာနှင့် လက်များကို ရေဖြင့် ဆေးကြောလိုက်သည်။ အချိန်မှာ အတော်ပင် နောက်ကျနေပြီဖြစ်၍ သူမ ဘာကိုမျှ ထပ်မံမလုပ်ဆောင်လိုတော့ပေ။

ချန်ချင်းယွီမှာ တစ်ကိုယ်တော် အလုပ်ရှုပ်နေစဉ် အဘွားကြီးကျောက်က "ဘာတွေဝယ်လာတာလဲ" ဟု လှမ်းမေးလေ၏။

"ဆန်၊ ဂျုံမှုန့်နဲ့ ဆီပါ"

ချန်ချင်းယွီ ပြန်ဖြေလိုက်ရာ၊ အဘွားကြီးကျောက်မှာ "အလို... ဆီတောင် ပါတာလား" ဟု အံ့ဩတကြီး ရေရွတ်နေသည်။

မြို့နေလူတန်းစားများမှာ ကျေးလက်နေမိသားစုများထက် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားကြသော်လည်း ဆီအပါအဝင် ပစ္စည်းအတော်များများကို ရိက္ခာခွဲတမ်းဖြင့်သာ ရရှိကြသဖြင့် အလဟဿ မသုံးစွဲရဲကြပေ။

"မှောင်ခိုဈေးက ဘယ်လိုလဲ၊ လူတွေအများကြီးပဲလား"

အဘွားကြီးကျောက် စပ်စုလိုစိတ်ဖြင့် မေးမြန်းပြန်သည်။ သူမသည် တစ်ခါမျှ မှောင်ခိုဈေးသို့ မရောက်ဖူးချေ။

ချန်ချင်းယွီ; "လူတွေကတော့ အတော်များသား၊ ဒါပေမဲ့ လူတိုင်းက သတိကြီးကြီးထားကြတယ်၊ မျက်နှာတွေကို ဖုံးအုပ်ထားပြီး စကားလည်း အများကြီးမပြောကြဘူး"

"ဈေးဆစ်လို့ရော ရလား"

"ရှင်ကတော့ လုပ်ပြီ! ဈေးဆစ်လို့ ရ၊ မရဆိုတာ ရှင်ကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါဦး။ ဒီခေတ်မှာ ရောင်းတဲ့သူက အရှင်သခင်ပဲဥစ္စာ"

ထိုစကားမှာ ဧကန်မုချ မမှန်ကန်သော်လည်း ဈေးဆစ်ခြင်းမှာ စကားပြောဆိုဆက်သွယ်မှု ပြုလုပ်ရခြင်းဖြစ်ပြီး စကားများများပြောပါက တစ်ဖက်လူသည် မိမိ၏အသံကို မှတ်မိသွားနိုင်သဖြင့် လူတိုင်း နှုတ်ဆိတ်နေရန် ကြိုးစားကြခြင်းမှာ အကောင်းဆုံးဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဈေးဆစ်လာပါကလည်း ရောင်းသူများမှာ လျစ်လျူရှုထားလိုက်ရုံသာ ရှိ၏။

ယခုကဲ့သို့သော ကာလမျိုးတွင် ပစ္စည်းကိရိယာများမှာ ပေါပေါများများမရှိသဖြင့် မိမိမဝယ်လျှင်လည်း ဝယ်မည့်သူများစွာ ရှိနေသောကြောင့် အရောင်းအဝယ် အနည်းငယ်နှေးကွေးသွားရုံမှတစ်ပါး အခြားမရှိပေ။

အဘွားကြီးကျောက် စိတ်ပျက်သွားဟန်ဖြင့်

"အဲဒါက ဘာများ ထူးခြားလို့လဲ"

ချန်ချင်းယွီ တဟားဟားရယ်လျက် အိပ်ရာထဲသို့ တိုးဝင်လိုက်သည်။ အိပ်ရာသည်သာ ဇိမ်အရှိဆုံးသော နေရာဖြစ်သည်မှာ အမှန်ပင်။

"အိပ်တော့၊ မနက်ဖြန် အလုပ်သွားရဦးမယ်မဟုတ်လား"

"အော်... ဟုတ်သားပဲ၊ ဟုတ်သားပဲ"

သူမမှာ ခေါင်းချသည်နှင့် အိပ်ပျော်သွားခဲ့၏။ တကယ်တမ်း၌ ယမန်နေ့ညတွင် အိပ်ရေးပျက်ခဲ့သည် မဟုတ်လော့။ ယနေ့တွင်မူ သူတို့ သားအမိ စောစောစီးစီး အိပ်ရာဝင်ခဲ့ကြသည်။

ချန်ချင်းယွီ အိပ်သွားသည်နှင့် မီးပိတ်ကာ အိပ်စက်လိုက်သဖြင့် အဘွားကြီးကျောက်မှာလည်း အစားကောင်း၊ အအိပ်ကောင်းသူပီပီ မကြာမီမှာပင် ပြန်လည်အိပ်ပျော်သွား၏။

ဤမိသားစုမှာ ခေါင်းနှင့်အုံးနှင့် ထိသည်နှင့် တပြိုင်နက် အိပ်ပျော်သွားကြလေသည်။

သူတို့သားအမိမှာ တစ်ဖန်ပြန်လည် ငြိမ်သက်သွားကြသော်လည်း အပြင်ဘက်တွင်မူ တရွတ်တိုက် လျှောက်လှမ်းလာသော ခြေသံများကို ကြားနေရသည်။ ၎င်းမှာ အိမ်သာမှ ပြန်လာကြသော ကျန်းသားအဖပင်တည်း။ စောစောပိုင်း ထွက်ပေါ်ခဲ့သော အသံများကို အစ်မကြီးဖန် သိပ်ပြီး အရေးတယူ မရှိခဲ့ခြင်းမှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်၏။ ကျန်းသားအဖမှာ ထိုညနေခင်းတွင် အိမ်သာသို့ အကြိမ်ကြိမ် သွားနေခဲ့ကြသည်မဟုတ်လော့။

အမှန်စင်စစ် သူတို့မှာ ဝမ်းလျှောနေခြင်း မဟုတ်တော့ပေ။

သို့သော်လည်း ယခင်ညက ဖြစ်ပျက်ခဲ့သည်များမှာ... အတော်ပင် ဆိုးရွားလှသဖြင့် ယနေ့တွင် အနည်းငယ်မျှ နေမထိထိုင်မသာ ဖြစ်လာသည်နှင့် စိုးရိမ်စိတ်ဖြင့် အိမ်သာသို့ မကြာခဏ ပြေးနေကြရခြင်း ဖြစ်သည်။

ချန်ချင်းယွီ၏ ပြတင်းပေါက်နားမှ ဖြတ်သန်းသွားစဉ် ကျန်းရှင်းဖှ တမင်တကာ ချောင်းဟန့်လိုက်ပြီး ဖခင်ဖြစ်သူကို မျက်စိတစ်ချက် မှိတ်ပြလိုက်ရာ အဘိုးကြီးသည်လည်း နှာခေါင်းရှုံ့လျက် ခပ်ရွှတ်ရွှတ် ရယ်မောလေသည်။

ယခုအခါ သူတို့မှာ အိပ်ချင်စိတ် လုံးဝမရှိတော့ပေ။ အိမ်တံခါးဝသို့ ရောက်သော်လည်း အထဲသို့ အလောတကြီး မဝင်ကြသေးဘဲ ထိုင်၍ စကားစမြည် ပြောနေကြ၏။ ရွှီကောင်းမင်၏ မိသားစုအကြောင်းကို ပြောဆိုရာတွင် ကျန်းရှင်းဖှမှာ

"သူတို့က ထမင်းကျွေးဧည့်ခံပွဲ လုပ်မယ်ဆိုမှတော့ ပွဲကြီးပွဲကောင်း ဖြစ်ရမှာပေါ့။ မဟုတ်ရင် ဘယ်တင့်တယ်ပါ့မလဲ။ မနေ့ညက လူတွေ တော်တော်များများ ရောက်နေကြတာပဲ။ သူတို့လည်း အနည်းနဲ့အအများတော့ ထိခိုက်ကုန်ကြမှာပဲ မဟုတ်လား။ ဒီမိသားစုကို ဖိတ်မှတော့ ဟိုမိသားစုကိုလည်း သဘာဝကျကျ ဖိတ်ရမှာပေါ့။ မဟုတ်ရင် မဖိတ်ခံရတဲ့သူတွေက ဘယ်လိုထင်ကြမလဲ"

အဘိုးကြီးကျန်း: "အဲဒါတော့ ပြောရခက်တယ်။ လူတိုင်းကို ဖိတ်မယ်ဆိုရင် ဘယ်လောက်တောင် ကုန်ကျမလဲ။ ငါတို့မှာက ဝင်းကြီးငါးခုနဲ့ အိမ်တွေဆိုတော့ လူကုန်ဆိုရင် ဝိုင်းဆယ်ဝိုင်းတောင် လောက်မှာမဟုတ်ဘူး။ အဲဒါ ဘယ်လောက်ကုန်မလဲ တွက်ကြည့်ဦး"

ကျန်းရှင်းဖှ ဆက်၍

"သူ့မိန်းမက ချမ်းသာတာပဲ။ ဦးလေးရွှီက တစ်လကို ကိုးဆယ်ကျော် ရတာလေ၊ ငွေကြေးဝန်ထုပ်ဝန်ပိုးလည်း သိပ်မရှိတော့ လွန်ရောကျွံရော ပြောရရင်တောင် တစ်လကို ရှစ်ဆယ်လောက် စုမိမှာပဲ။ အဲဒါဆို တစ်နှစ်ကို တစ်ထောင်နီးပါး ရှိပြီ။ သူက ဒီလောက်ချမ်းသာတာ၊ ဒါမျိုးကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး"

"ဒါပေမဲ့..."

ထိုယောက်ျားနှစ်ဦးမှာ အိမ်တံခါးဝတွင် ထိုင်လျက် တတွတ်တွတ် ပြောဆိုနေကြသည်။ ထိုစဉ် ဝမ်တာ့ချွေမှာ အမျက်ချောင်းချောင်းထွက်လျက် အပြင်သို့ ဝုန်းခနဲ ထွက်လာလေ၏။ သူတို့အားလုံးမှာ စတုတ္ထဝင်းအတွင်း အိမ်ချင်းကပ်လျက် နေထိုင်ကြသူများ ဖြစ်သည်။ သူတို့၏ တံခါးဝတွင် မရပ်မနား ပြောဆိုနေမှုများမှာ ဝမ်တာ့ချွေ၏ နားထဲသို့ လာရောက် တိုးတိုးပြောနေသကဲ့သို့ ခံစားနေရသည်။ စိတ်ပျက်လက်ပျက်ဖြင့် ဝမ်တာ့ချွေသည် အိပ်ရာမှ ထထိုင်ကာ ခေါင်းအုံးကို လက်သီးဖြင့် ထိုးလိုက်ပြီးနောက် ပြတင်းပေါက်ကို ဖွင့်ကာ ကြိမ်းမောင်းဆဲဆိုလိုက်၏။

"မင်းတို့နှစ်ယောက် ရူးနေကြတာလား။ ညဉ့်နက်သန်းခေါင်ကြီး ဘာတွေဖြစ်နေကြတာလဲ"

ဝမ်တာ့ချွေမှာ ထိုဝင်းအတွင်းတွင် အတော်ပင် အရှိန်အဝါရှိသူ ဖြစ်သည်။ ကျန်းရှင်းဖှ နှုတ်ခမ်းကို စူလိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း တိုက်ရိုက် ပြန်မပြောရဲပေ။

"ကျွန်တော်တို့က ဦးလေးရွှီရဲ့ ကျွေးမွေးဧည့်ခံပွဲအကြောင်း ပြောနေတာပါ။ ခင်ဗျားက မပြောစေချင်ဘူးဆိုလည်း ပြီးတာပါပဲ။ လာ... လာ... အထဲဝင်ကြစို့"

ဝမ်တာ့ချွေ: "ကျွေးမွေးဧည့်ခံပွဲ ဟုတ်လား"

ကျန်းရှင်းဖှ: "ခင်ဗျား မသိဘူးလား"

သူက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ကျေနပ်ဂုဏ်ယူနေသော အမူအရာဖြင့် ပြုံးပြလိုက်၏။

သတင်းအချက်အလက် စုံစမ်းရယူရာတွင် သူကို ယှဉ်နိုင်သူမရှိပေ။

"ဦးလေးရွှီက မနေ့ကဖြစ်သွားတဲ့ ကိစ္စတွေအတွက် ဝင်းထဲက လူတိုင်းကို အားနာလို့ ပြန်ကျွေးမလို့တဲ့။ ခင်ဗျားလည်း အဲဒီမှာ သေချာပေါက် ပါမှာပေါ့"

ဤစကားကို ကြားလိုက်ရသောအခါ ဝမ်တာ့ချွေမှာ အနည်းငယ် စိတ်ဝင်စားသွားလေသည်။ သူသည် ပုံမှန်အားဖြင့် ဝင်းအတွင်းရှိ ကိစ္စရပ်များကို စိတ်မဝင်စားတတ်သော်လည်း တစ်စုံတစ်ယောက်က အကူအညီတောင်းပါက လုပ်ဆောင်ပေးတတ်သူ ဖြစ်သည်။ သို့သော် သူ၏ အလုပ်သွားခြင်းမှအပ အကြီးမားဆုံး ဝါသနာမှာ အရက်သောက်ခြင်းပင် ဖြစ်၏။ ကျွေးမွေးဧည့်ခံပွဲ ဖြစ်သည့်အတွက် အရက်သေစာမှာလည်း သေချာပေါက် ပေါပေါများများ ရှိနေပေလိမ့်မည်။

"ဦးလေးရွှီက တကယ်ကို လေးစားစရာကောင်းတဲ့ လူကြီးလူကောင်းပဲ"

"အဲဒါတော့ ဟုတ်တယ်၊ သူက ဘယ်လိုလူပဲဖြစ်ဖြစ် အပြင်ပန်းမှာတော့ အမြဲတမ်း အမြင်ကောင်းအောင် လုပ်တတ်တာပဲ"

"မှန်တယ်"

ဝမ်တာ့ချွေမှာလည်း စကားဝိုင်းထဲသို့ ဝင်ပါလာသည်။

"ဒါနဲ့ ဦးလေးရွှီက ဘယ်တော့ ကျွေးမှာလဲဆိုတာ မင်းတို့ သိကြလား? ငါတို့လို ကူညီပေးခဲ့တဲ့ လူအနည်းစုကိုပဲ ကျွေးမှာလား၊ ဒါမှမဟုတ် ဝင်းတစ်ခုလုံးကို ဖိတ်မှာလား"

"ကြားရတာတော့ ဝင်းတစ်ခုလုံးကို ဖိတ်မှာတဲ့။ ဒါပေမဲ့ ဒဏ်ရာရခဲ့တဲ့သူတွေနဲ့ ခင်ဗျားတို့လို အပိုဆောင်း ကူညီပေးခဲ့တဲ့သူတွေဆိုရင်တော့ သူတို့က သေချာပေါက် ကျေးဇူးတင်စကား ပြောရမှာပေါ့၊ ဟုတ်တယ်မလား? အဲဒီ အဘွားကြီးကျောက်ကိုတောင် စည်သွတ်ဘူး ရှစ်ဘူးနဲ့ လျော်ကြေးပေးတာဆိုတော့ ငါတို့လည်း အဲဒီထက်တော့ မနည်းသင့်ဘူး မဟုတ်လား"

"မနေ့က ခြေထောက်အနင်းခံလိုက်ရတဲ့ ကျွန်တော့်အတွက်ရော ဘယ်လိုရှိလဲ"

တစ်စုံတစ်ယောက်မှာ ရုတ်တရက် ဝင်ပြောလိုက်၏။

အိပ်မပျော်သေးသူများ ရှိနေသေးသည်မှာ အမှန်ပင်။ စတုတ္ထဝင်း၏ ဘေးဘက်မှ ချန်မိသားစုဝင် လင်ယောကျ်ားဖြစ်သူ ချန်တာ့မှာလည်း အပြင်သို့ ထွက်လာခဲ့သည်။

"မနေ့က အဒေါ်ရှီ ပြဿနာရှာတုန်းက ကျွန်တော့်ခြေထောက် အကြိမ်ကြိမ် အနင်းခံလိုက်ရတာ။ ကျွန်တော့်ကိုတော့ ချန်လှပ်ထားလို့ မရဘူးမလား"

"မင်းကတော့ သေချာပေါက် မပါဘူး၊ မင်းကို နင်းတာ အဒေါ်ရှီမှ မဟုတ်တာ"

"အဲဒါကတော့ မဟုတ်သေးဘူးလေ..."

"ဘာက မဟုတ်သေးတာလဲ"

နောက်ထပ် အသံတစ်သံတစ်သံကလည်း ဝင်ရောက်နှောင့်ယှက်လိုက်ပြန်သည်။

ဝမ်တာ့ချွေ: "သူတို့ ဘာအရက်မျိုးနဲ့ ဧည့်ခံမလဲဆိုတာပဲ ငါ သိချင်တယ်"

"သိပ်တော့ မဆိုးလောက်ဘူးလို့ ထင်တာပဲ၊ ဟုတ်တယ်မလား? ဦးလေးရွှီက သူ့သိက္ခာကို သူ တန်ဖိုးထားတဲ့သူပဲဥစ္စာ"

"အဲဒါဆိုရင်တော့ အာ့ကုံထုံတော့ ပါမှာပေါ့၊ ဟုတ်တယ်မလား"

"အဲဒီထက် ပိုကောင်းတာမျိုး မဖြစ်နိုင်ဘူးလား"

"အေး... ဖြစ်ရင်လည်း ဖြစ်မှာပေါ့! ရှီဖုန်းအရက်ဆိုရင်လည်း ကောင်းတာပဲ"

ညဉ့်နက်သန်းခေါင်ယံ အချိန်ဖြစ်သော်လည်း လူတိုင်းမှာ အိပ်ချင်စိတ် လုံးဝမရှိကြဘဲ တက်ကြွစွာဖြင့် စကားလက်ဆုံ ကျနေကြသည်။ အားလုံးက ထိုစားသောက်ပွဲကြီးကို အမှန်တကယ်ပင် မျှော်လင့်နေကြခြင်း ဖြစ်၏။ ယခုကဲ့သို့သော ခေတ်ကာလတွင် လူတိုင်းမှာ ချွေတာစုဆောင်း၍ အနိုင်နိုင် ရုန်းကန်နေကြရသဖြင့် တစ်စုံတစ်ယောက်မှာ စားသောက်ဖွယ်ရာများဖြင့် တခမ်းတနား တည်ခင်းဧည့်ခံမည်ဆိုပါက ထိုအရာမှာ အလွန်ပင် ဝမ်းမြောက်စရာ ကောင်းလှပေသည်။

အချို့ဆိုလျှင် စားကြွင်းစားကျန်များ ရနိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်ဖြင့် ဇလုံများကိုပင် ယူဆောင်လာရန် ကြံစည်နေကြ၏။

ဦးလေးရွှီကဲ့သို့ ဇီဇာကြောင်တတ်သူမှာ သေချာပေါက် ဟင်းလျာများကို အမြောက်အမြား ချက်ပြုတ်ပေလိမ့်မည်၊ သူတို့မိသားစုချည်းသာဆိုလျှင် ကုန်အောင် စားနိုင်မည်မဟုတ်ပေ။

"မင်းတို့ ပြောကြည့်စမ်းဦး..."

စတုတ္ထဝင်းအတွင်း၌ လှုပ်လှုပ်ရှားရှားဖြင့် စည်ကားနေတော့သည်။ မကြာမီမှာပင် တတိယဝင်းနှင့် ပဥ္စမဝင်းအတွင်းရှိ လူများမှာလည်း ထိုဆူညံသံများကို ကြားရသဖြင့် အပြင်သို့ ထွက်လာကြ၏။ ဤမျှ ဆူညံနေသည်ကို သူတို့ မကြားဘဲ မနေကြပေ။ လူဦးရေမှာ တဖြည်းဖြည်း ပိုမိုများပြားလာပြီး အသံများမှာလည်း သဘာဝကျကျပင် ပို၍ ကျယ်လောင်လာသည်။ ညဉ့်နက်သည်အထိ မအိပ်နိုင်ကြဘဲ မည်သည့်ဟင်းလျာများ ပါဝင်မည်ဆိုသည်ကိုပင် အသေးစိတ် ဆွေးနွေးနေကြလေပြီ။

"ဘာပဲဖြစ်ဖြစ်၊ ဧည့်ခံပွဲဆိုတာ အသားဟင်းမပါလို့ မရဘူး၊ ဝက်သားနှပ်ကတော့ သေချာပေါက် ပါရမှာပဲ"

"မင်းပြောတာလည်း ကြည့်ဦး! ကြက်သားလည်း မပါလို့ မဖြစ်ဘူးလေ။ ဘယ်မိသားစုကများ ကြက်သားမပါဘဲ ဧည့်ခံပွဲလုပ်မှာလဲ? ဝက်သားရော ကြက်သားရောက မရှိမဖြစ်ပဲ"

"ဦးလေးရွှီရဲ့ စရိုက်ကို ငါသိတာပေါ့။ သူသာ တကယ်ကျွေးမယ်ဆိုရင် ဒီအဓိက ဟင်းကြီးနှစ်ခွက်အပြင် ငါးဟင်းကလည်း သေချာပေါက် စားပွဲပေါ် ရောက်လာမှာ..."

"ဟာ... ငါးဟင်းတောင် ပါဦးမှာလား"

"ဒါပေါ့! ငါးမပါဘဲ ဘယ်သူက ဧည့်ခံပွဲလုပ်မှာလဲ?"

...

ထိုဆွေးနွေးပွဲမှာ အလွန်ပင် သက်ဝင်လှုပ်ရှားနေပြီး လူတိုင်းမှာ သွားရည်တမြားမြားဖြင့် ယခုချက်ချင်းပင် စားချင်စိတ် ပေါက်နေကြသည်။ သူတို့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသဖြင့်... နောက်တစ်နေ့ နံနက်တွင်မူ လူတိုင်းမှာ အိပ်ရေးမဝဘဲ နုံးချိနေကြလေ၏။

သို့သော်လည်း ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့ မျက်နှာသစ်ရန် ထွက်လာသည်ကို မြင်သည်နှင့် လူတိုင်းက လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြလေသည်။

"ဦးလေးရွှီ... စောလှချည်လား? နည်းနည်းလောက် ထပ်မနားတော့ဘူးလားဗျ"

"ဦးလေးရွှီ... ဒီနေ့ အလုပ်သွားမှာလား? သွားမယ်ဆိုရင် ကျွန်တော့်ကို ခေါ်လိုက်လေ၊ ကျွန်တော် ကူညီပေးပါ့မယ်"

"ကျွန်တော်လည်း ကူနိုင်ပါတယ် ဦးလေးရွှီ၊ ခေါ်လိုက်ရုံပါပဲ"

"ဦးလေးရွှီ... ခင်ဗျား အနားယူသင့်တယ်လို့ ထင်တာပဲ။ တစ်ရက်၊ နှစ်ရက်လောက်နဲ့ ဘာမှမဖြစ်ပါဘူး၊ ကိုယ်လက်ကျန်းမာအောင် အရင်ဆုံး ဂရုစိုက်ရမှာပေါ့"

အမှန်စင်စစ် ရွှီကောင်းမင်၏ မှိုအဆိပ်မိခြင်းမှာ အခြေအနေအရ သိပ်မပြင်းထန်လှပေ။ ဝမ်တာ့ချွေ မှာလည်း အဆိပ်မိခဲ့သော်လည်း နောက်တစ်နေ့တွင်ပင် အလုပ်ပြန်တက်နိုင်ခဲ့သည်။ ရွှီကောင်းမင်သည်လည်း ယနေ့တွင် အလုပ်ပြန်ဝင်ရန် စီစဉ်ထား၏။ ထိုခေတ်ကာလက လူများမှာ မိမိတို့၏ အလုပ်အကိုင်အပေါ် အလွန်ပင် တာဝန်သိစိတ် ရှိကြလေသည်။

ရွှီကောင်းမင်အတွက် အဓိကပြဿနာမှာ သူ၏ခြေထောက်ဒဏ်ရာပင် ဖြစ်၏။ ခြေထောက်အရိုးအက်ရာမှ နာလန်ထစပြုနေချိန်တွင် ရေကန်ထဲသို့ ခုန်ဆင်းမိခြင်း၊ ထို့နောက် ဟိုပြေးဒီလွှား ခုန်ပေါက်မိခြင်းတို့ကြောင့် ဒဏ်ရာမှာ ပိုမိုဆိုးရွားသွားခဲ့ပြီး ချိုင်းထောက်ပင် အသုံးပြုနေရရှာသည်။ သို့သော်ငြားလည်း သူသည် အလုပ်သွားရန်သာ စိတ်အားထက်သန်နေဆဲ ဖြစ်၏။

ဒဏ်ရာအနည်းအကျဉ်းလောက်ကတော့ ရှေ့တန်းစစ်မျက်နှာက သူ့ကို တားဆီးထားနိုင်မှာ မဟုတ်ဘူးလေ။

"ဟုတ်တယ်၊ ဟုတ်တယ်၊ သေချာပေါက် အလုပ်သွားရမှာပေါ့။ ဒါတွေအားလုံးက အလုပ်အတွက်ပဲ၊ ငါ့ရဲ့ တာဝန်ပဲဥစ္စာ။ ခြေထောက်က ဒဏ်ရာရထားတယ်ဆိုပေမဲ့ သိပ်တော့ မဆိုးပါဘူး၊ ငါ တောင့်ခံနိုင်ပါတယ်"

"ဦးလေးရွှီကတော့ တကယ့်ကို လူတော်ကြီးပါပဲဗျာ"

အားလုံးက လက်မထောင်၍ ချီးကျူးကြလေသည်။

"ဦးလေးရွှီ... ခဏနေရင် ကျွန်တော့်ကို သေချာပေါက် ခေါ်နော်၊ ကျွန်တော် အတူတူ လိုက်ခဲ့ပေးပါ့မယ်"

ရွှီကောင်းမင်က အသာအယာ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ တည်ငြိမ်သော်လည်း လိုက်လျောညီထွေရှိသော လေယူလေသိမ်းဖြင့်

"ကောင်းပါပြီဗျာ၊ မင်းတို့ပြောသလိုပဲ လုပ်ပါ့မယ်"

သူသည် ချိုင်းထောက်ကို အားပြုကာ ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် အိမ်သို့ ပြန်လာခဲ့ပြီး

"တွေ့လား? ဒီဝင်းထဲမှာ ငါ ဘယ်လောက် လူချစ်လူခင် ပေါသလဲဆိုတာ။ ငါ မင်းကို ပြောသားပဲ၊ လူမှုဆက်ဆံရေး ကောင်းဖို့ဆိုတာ အရမ်း အရေးကြီးတယ်ဆိုတာ။ သာမန်အချိန်မှာတော့ ဒါကို မမြင်နိုင်၊ မထိတွေ့နိုင်ပေမဲ့ အရေးကြုံလာတဲ့အခါကျရင် ဒါက တကယ့်ကို အရေးပါတာကို မင်း သိလာလိမ့်မယ်။ ဒီဝင်းထဲက တခြားလူတွေကိုပဲ ကြည့်ဦး၊ မာကျန့်ယီတောင်မှ ငါ့လို သြဇာမျိုး ရှိရဲ့လား? မရှိပါဘူး"

"ဟုတ်တယ်၊ လုံးဝ မရှိတာ! ငါမှ ငါပဲဖြစ်ရမယ်! လူတိုင်းက ငါ့ကိုပဲ လေးစားကြတာ! ဒါကြောင့် ငါ မင်းကို ပြောခဲ့တာပေါ့၊ ခဏတာ မာန်မာနအတွက်နဲ့ မတိုက်ခိုက်ပါနဲ့လို့။ ငါတို့သာ လူတွေရဲ့ စိတ်နှလုံးကို သိမ်းကျုံးနိုင်မယ်ဆိုရင် ငါတို့နဲ့ အဆင်မပြေတဲ့သူတွေကို ကိုင်တွယ်ဖို့ဆိုတာ အေးဆေးပဲ မဟုတ်လား? ငါ့ရဲ့ လူကြိုက်များမှုနဲ့ဆိုရင် ငါ တစ်ချက်ခေါ်လိုက်တာနဲ့ လူတစ်ရာလောက်က ထူးကြမှာပဲ။ ဘယ်သူကများ ငါ့လို လုပ်နိုင်မှာလဲ?"

ရှီကျန့်ရှန်းလည်း ခေါင်းညိတ်ကာ

"ဒါပေါ့ ရှင်ရယ်၊ ရှင့်ရဲ့ လူချစ်လူခင် ပေါများမှုကတော့ တကယ်ကို အံ့ဩဖို့ကောင်းတာ။"

သူမ ဝမ်းသာအားရဖြင့် လက်မထောင်ပြလိုက်ပြီး

"ကျွန်မတို့ မိသားစုက ဒီဝင်းထဲမှာ တကယ့်ကို နေရာရတာပဲ။ ရှင်က တကယ်ကို သြဇာရှိတာပဲနော်..."

သူတို့ ဇနီးမောင်နှံနှစ်ဦးမှာ အိမ်ထဲတွင် အလွန်ပင် ပျော်ရွှင်နေကြလေတော့သည်။

အဘွားကြီးကျောက်မှာ အလုပ်သွားရန် ထွက်လာစဉ် ဝင်းအတွင်း၌ ပုံမှန်ထက် ပိုမိုစည်ကားနေသည်ကို မြင်သောအခါ "ဘာလို့ ဒီလူတွေ ဒီလောက်စောစော ထနေကြတာလဲ? သူတို့တွေ ရူးနေကြတာလား" ဟု တတွတ်တွတ် ရေရွတ်လိုက်၏။

ငါ့အလုပ်က စောစောသွားရမှာမို့ စောစောထခဲ့ရတာလေ…နင်တို့ကျန်တဲ့လူတွေက ဘာလို့ ဒီလောက်စောနေကြတာလဲ!!

သူတို့တွေ တကယ်ကို ရူးနေကြတာပဲ!!

သို့သော်လည်း သူမကိုယ်တိုင် အလုပ်နောက်ကျတော့မည့်အခြေအနေကို သတိရသွားသောအခါ အဘွားကြီးကျောက်သည် ရေရွတ်နေခြင်းကို ရပ်လိုက်ပြီး အလောတကြီး ထွက်ခွာခဲ့သည်။ မတော်တဆပင် အလုပ်နောက်ကျလုနီးပါးဖြစ်နေသော လီချန်ရွှမ်းနှင့် သွားတိုးလေ၏။ လွန်ခဲ့သော ညက လီချန်ရွှမ်းသည် ရွှီကောင်းမင် သူ့ကို ဘယ်လိုလက်ဆောင်မျိုး ပေးမလဲဆိုတာကို ခေါင်းခြောက်အောင် စဉ်းစားနေခဲ့ပြီး ညတစ်ဝက်လောက်အထိ ထိုအကြောင်းကို တွေးကာ စိတ်လှုပ်ရှား၍ အိပ်မပျော်နိုင်ဖြစ်နေခဲ့သဖြင့် ယနေ့နံနက်တွင် အလုပ်နောက်ကျလုနီးပါး ဖြစ်ခဲ့ရသည်။

သူသည် တတ်နိုင်သမျှ အမြန်ဆုံး ပြေးနေစဉ် နောက်မှ တစ်စုံတစ်ယောက် လိုက်လာသည်ကို မြင်လိုက်ရ၏။

တောက်! အဘွားကြီးကျောက်ပဲ

အဘွားကြီးကျောက်သည် လီချန်ရွှမ်းကို ကျော်တက်သွားပြီးနောက် ကျေနပ်အားရသော အပြုံးဖြင့် "ဟဲဟဲ... ဒီကောင်လေးကတော့" ဟု ဆိုလိုက်၏။

လီချန်ရွှမ်း "!!!"

ဒီအဘွားကြီး ခင်များ ဘာသဘောလဲ?!

ဘာသဘောလဲဆိုတာ ထင်ရှားနေတာပဲ၊ သူ့ကို အထင်အမြင်သေးတဲ့ သဘောပေါ့!

လီချန်ရွှမ်းသည် သူ၏ခွန်အားရှိသမျှကို စုစည်းကာ ခြေလှမ်းကို သွက်လိုက်ပြီး အဘွားကြီးကျောက်ကို ကျော်တက်သွားလေသည်။

အဘွားကြီးကျောက်: "လီချန်ရွှမ်း... နင်လို ကောင်စုတ်ကများ ငါ့ကိုများ ယှဉ်ချင်တာလား။ ဟမ်! ငါ အဘွားကြီးကျောက်ဆိုတာ ဒီလမ်းပေါ်မှာ အမြန်ဆုံးပြေးနိုင်တဲ့သူပဲဟေ့"

သူမသည် ခြေလှမ်းကို ပိုမြန်လိုက်ပြီး သူ့ကို ပြန်လည်ကျော်တက်သွားပြန်၏။

လီချန်ရွှမ်း "..."

သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အမှီလိုက်ရင်း ပြေးလွှားနေကြရာ လမ်းသွားလမ်းလာများမှာ "..."

အင်း... ဒီနှစ်ယောက် တစ်ကျော့ပြန်လာကြပြန်ပြီပေါ့။

အဘွားကြီးကျောက်နှင့် လီချန်ရွှမ်းတို့သည် ဤလမ်းပေါ်တွင် ပထမရရှိရန် အပြင်းအထန် ပြိုင်ဆိုင်ခဲ့ကြသည်။ စက်ရုံသို့ ရောက်ရှိချိန်တွင် သူတို့နှစ်ဦးစလုံးမှာ မောဟိုက်နေကြ၏။ အလုပ်နောက်မကျရုံတင်မကဘဲ ပုံမှန်ထက်ပင် စော၍ ရောက်ရှိနေကြသေးသည်။ အဘွားကြီးကျောက်သည် အဆောက်အဦးထဲသို့ အရင်ဆုံး ဝင်ရောက်သွားပြီး အားရပါးရ ရယ်မောလိုက်၏။

သူမ နိုင်သွားပြီ။ ဒါက တကယ်ကို ကောင်းလိုက်တဲ့ ခံစားချက်!!

သူမ၏ မျက်လုံးများမှာလည်း ဟိုဟိုဒီဒီ ဝေ့ကြည့်ရင်း အဘွားကြီးစန်း ကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်သည်။

"ဟေး... အဘွားကြီးစန်း ငါတို့ဝင်းထဲက ရွှီကောင်းမင်ကို သိတယ်မလား။ ဟို မှိုအဆိပ်မိတဲ့လူလေ။ သူက တကယ်ကို လူကောင်းဗျ... မနေ့က ငါတို့ကို စည်သွတ်ဘူး ရှစ်ဘူးတောင် ပေးလိုက်သေးတယ်..."

"ရှစ်ဘူးတောင်!"

"သူက ဘာလို့ ညည်းကို ပေးရတာလဲ?!"

အဘွားကြီးကျောက် ပြန်မဖြေရသေးခင်မှာပင် အဘွားကြီးစန်းက ကြားဖြတ်၍

"ဒါက မေးနေဖို့ လိုသေးလို့လား။ မှိုအဆိပ်မိတဲ့ ကိစ္စကြောင့်ပဲ ဖြစ်မှာပေါ့"

အဘွားကြီးကျောက်က ခပ်ဖွဖွ ရယ်မောရင်း

"အဲဒါတော့ ဟုတ်တယ်၊ သူတို့က တကယ်ကို လက်ဖွာတာပဲ! ဒီလောက်တောင် သုံးစွဲရဲလိမ့်မယ်လို့ ကျုပ်ဖြင့် မထင်ထားဘူး..."

မီးဖိုချောင်အတွင်း၌ တစ်ဖန် ပြန်လည် စည်ကားလာပြန်သည်။ လီချန်ရွှမ်းကလည်း အမှတ်မထင်ဟန်ဖြင့် ဝင်ပြောလိုက်၏။

"သူ့မိန်းမက တောင်းပန်တဲ့အနေနဲ့ရော ကျေးဇူးတင်တဲ့အနေနဲ့ရော ဝင်းတစ်ခုလုံးကို ထမင်းကျွေးမလို့တဲ့"

အဘွားကြီးကျောက်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ သူမ၏ ချွေးမဖြန့်ထားသော သတင်းများမှာ တော်တော်လေးကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားသည်ဟု သူမ တွေးမိလိုက်၏။

"ကျွန်မလည်း အဲဒီအကြောင်း သဲ့သဲ့တော့ ကြားမိသား..."

"အလိုလေး... တကယ့်ကို သဘောကောင်းတဲ့လူပဲ!"

"ကျွန်မ ရွှီကောင်းမင်ကို မှတ်မိသလိုရှိသား၊ သူက တကယ်ကို လူကောင်းပါ..."

မီးဖိုချောင်အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ အခြားသူများမှာမူ အဘွားကြီးကျောက်နှင့် လီချန်ရွှမ်းတို့ကို တကယ်ပင် မနာလိုဖြစ်နေကြ၏။

ဘာဖြစ်လို့ သူတို့ဝင်းထဲမှာ ဒီလို ကံကောင်းမှုမျိုး မရှိရတာလဲ!!

စည်သွတ်ဘူး ရှစ်ဘူးတောင်တဲ့!

အို... ဘယ်လိုလုပ်ပြီး ကုန်အောင် စားနိုင်ပါ့မလဲ။

ဘာ! လူတိုင်းကိုတောင် ထမင်းကျွေးဦးမှာလား။ ဒါကတော့ တကယ့်ကို လက်ဖွာလွန်းတာပဲ! ရွှီကောင်းမင်ဆိုတာ ဘယ်လိုပုံစံလဲဟင်။

“ကျွန်မတော့ သူ့ကို တွေ့ချင်လိုက်တာ! ဒီလိုလူစားမျိုးနဲ့ကတော့ မိတ်ဆွေဖွဲ့ထားဖို့ တန်တာပေါ့။”

အင်း... အခွင့်ကောင်းယူချင်လို့တော့ မဟုတ်ပါဘူးနော်။ ဒါနဲ့ သူ့လစာက တော်တော်မြင့်တယ်လို့ ကြားတယ်ဟုတ်?

မီးဖိုချောင်အတွင်း၌သာမက ဝင်းအတွင်း၌လည်း စည်ကားနေသည်။ လူတိုင်းမှာ မျက်နှာသစ်၊ အလုပ်သွားရန် ပြင်ဆင်နေကြသော်လည်း အိမ်ရှင်မ အတော်များများ ကျန်ရှိနေသေးသည်။ ချန်ချင်းယွီ သွားတိုက်နေစဉ် ဒုတိယဝင်းမှ စွန်းမိသားစုဝင် အဒေါ်ကြီးမေ့ရောက်လာသည်။ စွန်းမိသားစုမှာ သူတို့အိမ်ထဲတွင် နေရာမလောက်သဖြင့် ပြတင်းပေါက်အောက်ရှိ အပြင်ဘက်တွင် မီးဖို တည်ဆောက်ထားသော မိသားစု ဖြစ်၏။

အဒေါ်ကြီးမေ့ : "ကျန့်ဝမ်မိန်းမ၊ ညည်း သတင်းကြားပြီးပြီလား"

ချန်ချင်းယွီ သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ

"ဘာသတင်းလဲဟင်"

အဒေါ်ကြီးမေ့ : "အို... အေးလေ၊ ညည်းကတော့ ဘာမှ မသိသေးဘူးဆိုတာ ငါ သိသားပဲ။ ရွှီမိသားစုက စားသောက်ပွဲ လုပ်မလို့တဲ့။ သူတို့တွေ ပြဿနာရှာပြီး ငါတို့ဝင်းကို အရှက်ခွဲခဲ့ကြတယ်မလား။ အခုတော့ တောင်းပန်တဲ့အနေနဲ့ ကျွေးမွေးဧည့်ခံပွဲ လုပ်မှာတဲ့"

ချန်ချင်းယွီက မျက်တောင်လေး ခတ်လိုက်ပြီး

"ဟင်? ကျွန်မ မကြားမိပါလား။ ဘယ်သူ ပြောတာလဲဟင်။ ဒေါ်လေးမေ့ရဲ့ သတင်းကွန်ရက်ကတော့ တကယ့်ကို ကျယ်ပြန့်တာပဲ"

"ဟဲဟဲ... ဒါပေါ့၊ ငါက ဘယ်သူမို့လို့လဲ။ ငါက ငါတို့ဝင်းထဲမှာ သတင်းစုံစမ်းရယူရာမှာ အတော်ဆုံးပဲဥစ္စာ။ ညည်းလည်း လူမှုရေးလေး ဘာလေး လုပ်ဦးမှပေါ့၊ မဟုတ်ရင် ဘာမှ သိမှာမဟုတ်ဘူး"

အဒေါ်ကြီးမေ့သည် ဤချွေးမလေးမှာ အားနည်းလွန်းသည်ဟု တွေးမိနေသည်။

ချန်ချင်းယွီ ခေါင်းမော့၍ အသာအယာ ပြုံးလိုက်ကာ

"ကျွန်မ မသိလည်း ကိစ္စမရှိပါဘူး။ ဒေါ်လေးမေ့က ကျွန်မကို ပြောပြမှာပဲ မဟုတ်လား"

"အဲဒါတော့ ဟုတ်တာပေါ့"

အဒေါ်ကြီးမေ့သည် သူမ၏ သတင်းကွန်ရက် ကောင်းမွန်မှုအပေါ် ဂုဏ်ယူနေသည်။ သူမ နောက်ထပ် တစ်ခုခု ပြောရန် ပြင်စဉ်မှာပင် ပဥ္စမဝင်းမှ အမျိုးသမီးငယ်တစ်ဦး ထွက်လာသည်ကို မြင်သဖြင့် သူမဆီသို့ အပြေးအလွှား သွားလိုက်ပြန်၏။

"ဟေး... ညည်း သိလား..."

ချန်ချင်းယွီသည် ပြုံးလျက် သူမ၏ လက်ဖက်ရည်ခွက်ကို ကိုင်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ ကလေးနှစ်ယောက်မှာ အိပ်ပျော်နေကြဆဲ ဖြစ်၏။ ချန်ချင်းယွီသည် သူမ၏ ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းလိုက်ပြီး ဆန်၊ ဂျုံမှုန့်၊ ဆီ၊ မြေပဲနှင့် အခြားပစ္စည်းများကို ကြောင်အိမ်ထဲတွင် ထည့်၍ သော့ခတ်လိုက်သည်။ အပြင်တွင် ကျန်နေခဲ့သည်မှာ နို့မှုန့်တစ်ထုပ်နှင့် အသား ငါးကျင်းခန့်သာ ဖြစ်သည်။ မနေ့က မှောင်ခိုဈေးသို့ သွားစဉ်တွင် နို့မှုန့်အချို့ကိုပင် တွေ့ရှိခဲ့သဖြင့် သူမ တကယ်ပင် ကံကောင်းလှ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ သုံးနှစ်သားအရွယ် ရောက်နေပြီဖြစ်သော်လည်း နို့သောက်ပေးခြင်းမှာ သူတို့အတွက် ကောင်းမွန်လှသည်။

ချန်ချင်းယွီသည် ဤနှစ်ကြိမ် မှောင်ခိုဈေးသို့ သွားရောက်စဉ်တွင် အမှန်စင်စစ် ငွေကြေးအတော်အတန် သုံးစွဲခဲ့ခြင်း ဖြစ်၏။ သူမသည် ငွေသုံးရာတွင် အတော်ပင် လက်ဖွာလှသည်။ သူမ ငွေမစုချင်၍ မဟုတ်သော်လည်း မိမိကိုယ်ကို ချို့ငဲ့အောင် မထားလိုခြင်း ဖြစ်သည်၊ မဟုတ်ပါက သူမ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာရန် အချိန်မည်မျှ ကြာဦးမည်နည်း။ ငွေမရှိလျှင်တော့ တစ်မျိုးတစ်ဖုံ စဉ်းစားရမည်ဖြစ်ပြီး၊ ယခုမူ သူမတွင် ငွေရှိနေလေ၏။ သူမ လက်ဖွာသည်ဟု ဆိုသော်လည်း မှောင်ခိုဈေး နှစ်ကြိမ်သွားခြင်းနှင့် မနေ့က ရွာသူရွာသားများနှင့် ပစ္စည်းဖလှယ်ခြင်းတို့တွင် စုစုပေါင်း ငွေတစ်ရာခန့်သာ ကုန်ကျခဲ့သည်။ ယနေ့ခေတ်၏ ၎င်းပမာဏငွေမှာ တကယ်ပင် တန်ဖိုးရှိလှပြီး ဝယ်ယူနိုင်စွမ်းအားမှာလည်း အလွန်ပင် မြင့်မားလှပေသည်။

သူမသည် ငယ်စဉ်က ငတ်မွတ်ခေါင်းပါးမှုကို ကြုံတွေ့ခဲ့ဖူးသူပီပီ စားစရာများကို စုဆောင်းသိုလှောင်ရသည်ကို ဝါသနာပါသော "ဟမ်းစတား" လေးတစ်ကောင်ကဲ့သို့ စရိုက်ရှိပြီး အခွင့်အရေးရတိုင်း ရိက္ခာစုဆောင်းတတ်သည်။ ယခုကဲ့သို့ သုံးစွဲခြင်းမှာ အမှန်တကယ်ပင် လက်ဖွာရာကျသော်လည်း သူမအတွက်ကား ဖိအားအများကြီးမရှိလှပေ။ အမှန်အတိုင်းပြောရလျှင် ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်ရာ၌ အတော်ပင် ကျွမ်းကျင်သူဖြစ်၏။

"ခေတ်သစ်ကနေ ကူးပြောင်းလာတဲ့သူတစ်ယောက်အနေနဲ့ ဆင်းရဲဒုက္ခကို ချက်ချင်းကြီး အသားမကျနိုင်သေးတာပဲလေ၊ ဒါကြောင့် အစပိုင်းမှာ အများကြီးဝယ်မိတာ ကိစ္စမရှိပါဘူး။ ငါကမှ ကံကောင်းပြီး ပိုက်ဆံရှိနေတာကိုး၊ ဘယ်သူ့သွားအပြစ်တင်ရမှာလဲ?"

ငွေကြေးအကြောင်း စဉ်းစားမိသည်နှင့် ချန်ချင်းယွီသည် မနေ့ညက ဓားပြများကို သတိရသွားသည်။ သူမသည်လည်း ထိုလူအချို့ထံမှ ပြန်လည်လုယူခဲ့သော်လည်း အလောတကြီးဖြစ်နေသဖြင့် သေချာမစစ်ဆေးရသေးပေ။ ချန်ချင်းယွီသည် သူမ၏အိတ်ကပ်ထဲရှိ ပစ္စည်းများကို အမြန်ပင် ထုတ်လိုက်လေသည်။

အိတ်ထဲတွင် ပြန့်ကျဲနေသော ပစ္စည်းအတော်များများ ပါလာ၏။

ချန်ချင်းယွီ: "အလို!"

သူတစ်ပါးကို လုယက်ရဲမှတော့ အပြစ်ပေးခံရဖို့ကိုလည်း ပြင်ဆင်ထားသင့်တယ် မဟုတ်လား။

သို့သော် ချန်ချင်းယွီသည် အိတ်ကပ်ထဲမှ ပစ္စည်းများကို မွှေနှောက်ကြည့်လိုက်ရာ...

ဟင်!

မနေ့ညက စက္ကူအပိုင်းအစလေးများကိုသာ တွေ့ခဲ့သဖြင့် လက်မှတ်များဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း မဟုတ်ပေ။ အများစုမှာ စက္ကူစလေးများသာဖြစ်ပြီး အချို့ပေါ်တွင် "သကြားလုံးတစ်လုံး"၊ အချို့တွင် "ဆပ်ပြာတစ်ခဲ" ဟု ရေးသားထားကာ အချို့တွင်မူ "တစ်ယွမ်"၊ "ဆယ်ယွမ်" စသည်ဖြင့် ရေးသားထားသည်။

သို့သော် အများစုမှာမူ ပြုံးနေသောမျက်နှာလေးတစ်ခုသာ ဆွဲထားလေ၏။

ဒါပါပဲ။

ချန်ချင်းယွီ: "???"

ဒါက ဘာတွေလဲ?

ဒါက တစ်စုံတစ်ယောက် သယ်ဆောင်လာတဲ့ ပစ္စည်းမျိုးလည်း မဟုတ်နိုင်သလို၊ ပစ္စည်းသယ်လာတယ်ဆိုရင်တောင် ပမာဏကို စာနဲ့ရေးထားမှာ မဟုတ်ဘူးလေ။

သူမ ခဏတာ ကြောင်အသွားသော်လည်း ယင်းမှာ ကံစမ်းမဲနှိုက်ခြင်း ကဲ့သို့သော အရာမျိုးဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိသွားသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း မအံ့ဩတော့ပေ။ လမ်းပေါ်တွင် လူများကို လုယက်ရဲသော ထိုသူများအဖို့ လူများကို လိမ်ညာရန် ထီလောင်းကစားမျိုး လုပ်နေခြင်းမှာလည်း မထူးဆန်းလှပေ။

ချန်ချင်းယွီသည် ယင်းတို့ကို ပြန်ပေးသင့်၊ မပေးသင့် စဉ်းစားသော်လည်း ချက်ချင်းပင် လက်လျှော့လိုက်သည်။ ဤအရာများက ဘာကိုမှ သက်သေမပြနိုင်ပေ။ ထို့ပြင် ပြန်ပေးခြင်းက သူမအတွက် ဒုက္ခသာ ပိုရောက်စေနိုင်၏။

ချန်ချင်းယွီသည် အားလုံးကို အသေအချာ သိမ်းဆည်းလိုက်ပြီး ကျန်ရှိသော ပစ္စည်းများကို မွှေနှောက်ရှာဖွေပြန်သည်။

ထိုလေးယောက်စလုံး ပေါင်းလိုက်လျှင်ပင် တစ်ယွမ်ပြည့်အောင် မရှိကြပေ။

ကိုးဆယ်ဆင့်သာ ရှိသည်။

သို့သော်လည်း သူမတွင် ဆပ်ပြာလက်မှတ်သုံးစောင်နှင့် တန်ဖိုးနည်း အဝတ်အထည်လတ်မှတ် နှစ်စောင် ရရှိခဲ့ရာ အတွင်းခံဘောင်းဘီတစ်ထည်စာခန့်တော့ ရနိုင်လေ၏။ ဤလမ်းပေါ်မှ ဓားပြလေးယောက်မှာ ပစ္စည်းအများကြီး မရှိကြသော်လည်း ချန်ချင်းယွီကိုယ်တိုင်သည်လည်း အများကြီး မျှော်လင့်မထားခဲ့ပေ။

အနည်းဆုံးတော့ သူမသည် ထိုအရပ်မှ လူဆိုးများကို ဖယ်ရှားပေးနိုင်ခဲ့ပြီ မဟုတ်လော့။

ရဲများမှာ သူတို့ကို ဖမ်းမိပါ့မလားဟု သူမ တွေးမိသည်။ ဤသို့တွေးမိသည်နှင့် ချန်ချင်းယွီသည် သူမ၏နဖူးကို လက်ဝါးဖြင့် ရိုက်

လိုက်မိ၏၊

‘သူမ သူတို့ကို အထင်သေးမိသွားချေပြီ!!’

‘သူတို့တွေက ဒီအတိုင်း ငြိမ်နေကြမှာ မဟုတ်ဘူး!!’

‘ပြီးတော့ သူမကို လုယက်ခဲ့တဲ့ ကျွမ်းကျင်မှုကို ကြည့်ရုံနဲ့တင် ဒါဟာ ပထမဆုံးအကြိမ် မဟုတ်တာ သေချာနေပြီဆိုတော့ ရဲတွေဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ သေချာပေါက် လုပ်နိုင်လိမ့်မယ်..’

ချန်ချင်းယွီသည် သူမ၏ ပစ္စည်းများကို အမြန်သိမ်းဆည်းပြီးနောက် အပြင်ခန်းသို့ ထွက်၍ ဟင်းချက်လေသည်။ ယနေ့တွင် သူမသည် တောင်ပေါ်သို့ မှိုတက်ခူးရန် စီစဉ်ထား၏။

"ကျန့်ဝမ်မိန်းမ... ကျန့်ဝမ်မိန်းမ!"

ချန်ချင်းယွီက ခေါင်းလေးပြူ၍

"အဒေါ်ကြီးမေ့လားဟင်"

အဒေါ်ကြီးမေ့က စိတ်လှုပ်ရှားစွာဖြင့်

"ဟေး... ငါ ပြောပြဦးမယ်၊ လမ်းမဘက်က ရဲစခန်းမှာ ဓားပြအချို့ကို ဖမ်းမိထားတယ်လို့ ကြားတယ်ဟေ့!"

"အလို... ဒါက တကယ့် သတင်းကောင်းပဲနော်"

ချန်ချင်းယွီ အံ့ဩဟန်ဖြင့် ဆိုလိုက်၏။

"ဟုတ်ပဟယ်၊ အမလေး... ငါတော့ ဘာတွေဖြစ်နေသလဲဆိုတာ သွားကြည့်ဦးမယ်၊ ညည်းရော လိုက်မလား"

ချန်ချင်းယွီက ခေါင်းခါပြလိုက်ပြီး "ကျွန်မ မလိုက်တော့ပါဘူး" ဟု ရှက်ပြုံးလေးဖြင့် ဆိုလိုက်လေသည်။

"ကျွန်မတို့ မနက်စာတောင် မစားရသေးဘူးလေ၊ နောက်ပြီး ခဏနေရင် မှိုသွားခူးရဦးမှာမို့လို့ပါ"

အဒေါ်ကြီးမေ့၏ မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်၏။

"ညည်းက မှိုစားရဲသေးတယ်လား"

ချန်ချင်းယွီ : "ကျွန်မ သတိထားပါတယ်၊ ဘာမှမဖြစ်နိုင်ပါဘူး။ ပိုက်ဆံလည်း မကုန်သလို မိသားစုအတွက်လည်း ဟင်းတစ်ခွက် တိုးတာပေါ့"

"ညည်းယောက္ခမက ခိုင်းတာမလား"

အဒေါ်ကြီးမေ့က သနားကရုဏာသက်စွာဖြင့် သက်ပြင်းချလေသည်။

"ညည်းယောက္ခမကတော့လေ... ဟင်း!"

သူမသည် နှုတ်ခမ်းကို စူလိုက်ပြီး တစ်စုံတစ်ရာ ပြောရန် ခက်ခဲနေပုံရသည်။ အဘွားကြီးကျောက်ကဲ့သို့သော အဘွားကြီးမျိုးမှာ မည်သူမျှ အငြိုအငြင် ခံဝံ့သော လူစားမျိုး မဟုတ်ပေ။

"ညည်းမလိုက်ရင်လည်း တခြားလူ သွားခေါ်လိုက်ဦးမယ်။ ရှီရှန်း... ရှီရှန်း... အိမ်မှာ ရှိလား? လမ်းမဘက်မှာ စိတ်ဝင်စားစရာတွေ ဖြစ်နေတယ်၊ သွားကြည့်ကြမလား"

ရှီရှန်း: "ရှိတယ်! ဘာဖြစ်လို့လဲ"

"ဓားပြတွေကို ဖမ်းမိထားတယ်လို့ ကြားလို့"

"ဝါး... ဒါကတော့ သတင်းကောင်းပဲ"

လူတစ်ဦးချင်းစီ၏ စရိုက်များ မည်သို့ပင်ရှိစေကာမူ "ဓားပြ" ဟု ဆိုလျှင်မူ လူတိုင်းက စက်ဆုပ်ရွံရှာကြသည်မှာ အမှန်ပင်။

"သွားကြစို့၊ သွားကြည့်ကြတာပေါ့"

"ကျွန်မလည်း လိုက်မယ်"

ဝင်းအတွင်းရှိ အခြားသူများကလည်း ဝိုင်းဝန်းထောက်ခံကြပြီး မကြာမီမှာပင် လူအုပ်ကြီး ထွက်ခွာသွားကြတော့သည်။

ချန်ချင်းယွီသည် ထိုနေ့နံနက်တွင် ကြက်စွပ်ပြုတ် ကျန်နေသေးသဖြင့် ခေါက်ဆွဲ ထပ်မံချက်ပြုတ်လိုက်သည်။ အချို့မှာ အလုပ်သွားကြပြီး အချို့မှာလည်း သတင်းသွားကြည့်နေကြသဖြင့် ဝင်းအတွင်းမှာ လူသူကင်းမဲ့လုနီးပါး ဖြစ်နေ၏။ ထို့ကြောင့် ချန်ချင်းယွီသည် အသားကို အမြန်ပင် စင်း၍ ဆီသတ်လိုက်လေသည်။

အမလေး... တစ်ခုခု စားရတာတောင် သူခိုးကျနေတာပဲ။

"မေမေ..."

ရှောင်ကျား မှာ ဟင်းနံ့ကြောင့် နိုးလာခဲ့ခြင်း ဖြစ်သည်။ သူသည် အနွေးအတွင်းခံနှင့် ဖိနပ်အပါးလေးကိုသာ ဝတ်ဆင်ထားပြီး အပေါ်အင်္ကျီတောင် ထပ်မဝတ်နိုင်ဘဲ မီးဖိုချောင်သို့ အပြေးအလွှား ရောက်လာကာ မျှော်လင့်တကြီး ကြည့်နေ၏။

ချန်ချင်းယွီ: "ဒီနေ့တော့ ကြက်စွပ်ပြုတ်နဲ့ အသားစင်း ခေါက်ဆွဲနော်"

ရှောင်ကျားသည် သွားရည်များကို ခက်ခဲစွာ မျိုချနေမိသည်။

"ညီမလေးရော နိုးပြီလား"

ရှောင်ကျား: "ဟုတ်ကဲ့၊ နိုးပါပြီ"

ကားပေါ်မှာ နှစ်ရက်ဆက်တိုက် ခရီးနှင်ခဲ့ရသည့်အပြင် တောင်ပေါ်သို့ အတက်အဆင်း ခေါက်တုံ့ခေါက်ပြန် သွားခဲ့ရသည်မှာ ကလေးများကို အတော်ပင် ပင်ပန်းစေခဲ့သည်။ မနေ့ညက စောစောစီးစီး အိပ်ရာဝင်ခဲ့သော်လည်း ယနေ့နံနက်တွင်မူ ရှောင်ယွမ်မှာ မထချင်သေးပေ။

"ဒီနေ့ရော မှိုသွားခူးနိုင်ပါဦးမလား"

"ဟုတ်! သွားနိုင်ပါတယ်!"

ရှောင်ကျား အသံတိုးတိုးလေးဖြင့် ပြန်ဖြေခဲ့သော်လည်း သူသည် အနည်းငယ် နုံးချိနေသည်ကို ချန်ချင်းယွီ သတိထားမိလိုက်သည်။

မိမိသည်သာ သန်မာကျန်းမာနေသော်လည်း ကလေးငယ်များမှာမူ ထိုဒဏ်ကို အမြဲတမ်း မခံနိုင်ကြသည်ကို သူမ မေ့လျော့နေခဲ့ခြင်း ဖြစ်၏။ ထို့အပြင် သူမမှာ အားအင်ပြည့်ဝနေသော်လည်း ကလေးငယ်များ၏ ခန္ဓာကိုယ်မှာမူ အားအင်ကုန်ခမ်းနေနိုင်ချေရှိသည်။

ချန်ချင်းယွီက ခဏမျှ စဉ်းစားပြီးနောက်

"ဒါဆိုရင် ဒီနေ့တော့ မှိုသွားမခူးတော့ဘူး။ အိမ်မှာပဲ အနားယူကြတာပေါ့"

"ဟင်?"

ရှောင်ကျား၏ ပါးစပ်လေး ဟသွားကာ "ဒါပေမဲ့... ဒါပေမဲ့..."

ထိုကလေးငယ်သည် မိမိ၏ လက်ချောင်းလေးများကို ဆုပ်ကိုင်လျက် ဖောင်းအိနေသော မျက်နှာလေးဖြင့် မော့ကြည့်ကာ

"ဒါပေမဲ့ သားတို့ မှိုမသွားခူးရင် တခြားသူတွေ အကုန်ခူးသွားကြမှာပေါ့၊ သားတို့အတွက် ဘာမှကျန်တော့မှာ မဟုတ်ဘူး"

သူ၏ မျက်ခုံးလေးများမှာလည်း တွန့်ချိုးနေကာ ဝမ်းစာရှာဖွေရေးအတွက် အတော်ပင် စိုးရိမ်ပူပန်နေပုံရသည်။

ချန်ချင်းယွီက တဟားဟားရယ်လျက် ပြောလိုက်၏။

"အိမ်မှာလည်း အများကြီး ရှိနေပြီပဲ၊ နောက်ပြီး မေမေတို့ ခူးလာတာလည်း ရက်အတော်ကြာနေပြီဆိုတော့ တောင်ပေါ်မှာ မှိုတွေ သိပ်ကျန်တော့မှာ မဟုတ်ပါဘူး။ မင်းတို့ ပင်ပန်းနေရင် မသွားတော့ဘူး။ မဟုတ်ရင် ပင်ပန်းပြီး နေမကောင်းဖြစ်သွားရင် အလကားဖြစ်ကုန်မှာပေါ့။ ဟုတ်တယ်မလား?"

ရှောင်ကျားက ခေါင်းလေးစောင်းကာ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ကဲ့!"

ထို့နောက်သူသည် လှည့်ကြည့်ကာ ပြုံးလိုက်ပြီး

"ညီမလေး... ဒီနေ့တော့ တောင်ပေါ်မသွားတော့ဘူးတဲ့"

ထိုစကားကြားသောအခါ ရှောင်ယွမ် မှာလည်း ပြုံးဖြီးပြလေသည်။

အမှန်စင်စစ် ကလေးများမှာ သွားချင်ကြပြီး အပြင်ထွက်ကစားရသည်မှာ အမြဲတမ်း ပျော်စရာကောင်းသည့်ကိစ္စဖြစ်သည်။ သို့သော် ကလေးငယ်များမှာ တကယ်ပင် ပင်ပန်းနေကြရှာ၏။ မည်သို့ပင်ဆိုစေကာမူ သူတို့လေးများမှာ ကလေးလေးများသာတည်း။

“ဒါဆို... ဒါဆိုရင်... မိုးရွာမှပဲ သွားကြတာပေါ့"

ရှောင်ကျားကလည်း ခေါင်းညိတ်ကာ ထောက်ခံပြ၏။

“ဟုတ်တယ်၊ နောက်မှ သွားကြတာပေါ့"

အပြင်သို့ အလောတကြီး ထွက်ရန်မလိုတော့သဖြင့် ထိုကလေးငယ်နှစ်ဦးမှာ အဝတ်အစားများပင် အသေအချာ မဝတ်ကြတော့ပေ။

ကလေးများမှာ အခြေအနေသစ်ကို အသားကျလွယ်ကြသည်။ ယခင်ကအဘွားကြီးကျောက် အိမ်မှာရှိစဉ် သူတို့နှစ်ဦးမှာ ကြွက်ကလေးများကဲ့သို့ ချန်ချင်းယွီအနားတွင် ကပ်လျက် ကြောက်ကြောက်လန့်လန့်ဖြင့် တုန်နေခဲ့ကြရ၏။ သို့သော် ရက်အနည်းငယ်အတွင်းမှာပင် သူတို့မှာ အတော်လေး စိတ်ပေါ့ပါးသွားကြပြီဖြစ်သော်လည်း ချန်ချင်းယွီကို ကပ်တွယ်ရသည်ကိုမူ အရင်အတိုင်း နှစ်သက်နေကြဆဲပင်။

ချန်ချင်းယွီ: "ထမင်းစားရအောင်!"

သူမအဖြစ်မှာ ကျေးလက် အချစ်ဒရာမာ ဇာတ်လမ်းတွဲများကဲ့သို့ပင် အပိုင်းတိုင်းမှာ စားသောက်ခန်းများ ပါဝင်နေတော့သည်။

သို့သော်လည်း ချန်ချင်းယွီမှာ အားရပါးရပင် စားသောက်နေ၏။ အစာမရှိလျှင် ဘယ်မှာ အားအင်ရှိပါတော့မည်နည်း။

"မေမေ... အဲဒါ ဘာကြီးလဲဟင်?"

ရှောင်ယွမ်လေးသည် ခေါက်ဆွဲများကို တပြတ်ပြတ် မြည်အောင် စားနေရင်း သူမ၏ မျက်လုံးဝိုင်းကြီးများက နို့မှုန့်ထုပ်ကို ချက်ချင်းပင် လှမ်းမြင်သွားသည်။

"ဩော်... မေမေ မေ့နေတာ၊ ဒါက နို့မှုန့်လေ။ ဒီနေ့မနက် မင်းတို့ မြည်းကြည့်ရအောင် တစ်ခွက်စီ ဖျော်ပေးမယ်"

"နို့မှုန့်?"

ကလေးများမှာ တစ်ခါမျှ မကြားဖူးသဖြင့် ခေါင်းလေးများစောင်းကာ ချန်ချင်းယွီကို ကြည့်နေကြ၏။

"ဒါက ကလေးတွေ သောက်ရင် သန်မာထွားကြိုင်စေတဲ့ အရာလေ။ မတော်တဆတွေ့လို့သာ ဝယ်လာနိုင်တာ၊ နောက်တစ်ခါ ဘယ်တော့မှ ထပ်တွေ့ဦးမလဲ မသိဘူး။ အရင်စားကြဦး၊ ဒီနေ့မနက် ဖျော်တိုက်မယ်"

"ဟင်?"

"ဟုတ်ကဲ့။"

ကလေးနှစ်ယောက်မှာ ခေါက်ဆွဲစားနေရင်း သူတို့၏ မျက်လုံးဝိုင်းကြီးများမှာ နို့မှုန့်ထုပ်ဆီသို့ ခဏခဏ ရောက်သွားကြသည်။

"စားပြီးရင် ပြမယ်လေ"

ချန်ချင်းယွီ ပြောလိုက်ရာ တစ်ညီတည်း ခေါင်းညိမ့်ပြကြ၏။

"ဟုတ်ကဲ့!"

ကလေးနှစ်ယောက်မှာ အလောတကြီးပင် စားသောက်ကြလေသည်။

ချန်ချင်းယွီသည် အစားကို အလျင်စလို စားတတ်သူမဟုတ်၍ သတိပေးစကားဆိုလိုက်၏။

"ဖြည်းဖြည်းစားကြ၊ မဟုတ်ရင် အစာကြေဖို့ခက်လိမ့်မယ်"

သူမသည် ယခင်က အစားအသောက်ကို အမြန်စားတတ်သော်လည်း အစာအိမ်အားနည်းလာချိန်မှစ၍ အစာကို ညက်အောင် ဝါးစားသည့်အကျင့် ဖြစ်ပေါ်လာခဲ့သည်။ သူမ ဖြည်းဖြည်းချင်း စားသော်လည်း ကလေးများ စားပြီးချိန်နှင့် မရှေးမနှောင်းမှာပင် ပြီးသွား၏။

ထားပါလေ..နောက်ဆုံးတော့ သူတို့က ကလေးတွေပဲဥစ္စာ။

ကလေးငယ်နှစ်ဦးမှာ မျှော်လင့်တကြီး ကြည့်နေကြသည်။ ချန်ချင်းယွီသည် သူတို့ကို နို့မှုန့်ပြပြီးနောက် ပန်းကန်များ ဆေးကြောရန်နှင့် မှိုများ အခြောက်လှမ်းရန် ထွက်လာခဲ့၏။ ယနေ့ အပြင်မသွားဖြစ်သဖြင့် မှိုများကို သေချာပေါက် အခြောက်လှမ်းရပေမည်။ ယနေ့ ဝင်းအတွင်း၌ လူအနည်းငယ်သာ ရှိပြီး အားလုံးမှာ သတင်းသွားကြည့်နေကြခြင်း ဖြစ်၏။ ချန်ချင်းယွီမှာ မသွားပေ။ သူမသာ သွားခဲ့လျှင် သတင်းသွားကြည့်ခြင်း မဟုတ်ဘဲ အခင်းဖြစ်နေရာကို ပြန်သွားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ညဘက်တွင် အဝတ်အစားများ အထပ်ထပ် ဝတ်ဆင်ထားသဖြင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ နေ့ဘက်နှင့် မတူသော်လည်း ချန်ချင်းယွီမှာမူ မည်သည့်စွန့်စားမှုကိုမျှ မပြုလုပ်လိုပေ။

သူမသည် အသုံးမဝင်သော စက္ကူစအချို့ကို မီးဖိုထဲသို့ ထိုးထည့်၍ မီးရှို့ဖျက်ဆီးလိုက်ပြီး၊ အပိုဝင်ငွေရမည့် အလုပ်အချို့ ရရှိနိုင်ရန် ရပ်ကွက်ရုံးတွင် စာရင်းသွားသွင်းရန် စဉ်းစားနေမိသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ထိုအလုပ်များမှာ မီးခြစ်ဆံအိမ်များ သို့မဟုတ် စက္ကူသေတ္တာများ ကပ်ရသည့် အလုပ်မျိုး ဖြစ်သည်။ အဝတ်အထည်နှင့် ဘောင်းဘီများမှ ချည်စများကို လိုက်လံဖြတ်တောက်ရသည့် အလုပ်မျိုးလည်း ရှိသည်။ ထိုအရာအားလုံးမှာ အသေးအဖွဲ အလုပ်မျိုးစုံ ဖြစ်သော်လည်း မိမိလိုချင်တိုင်း ရနိုင်သည့် အရာမျိုးတော့ မဟုတ်ပေ။ ထိုအလုပ်များမှာ အမြဲတမ်း အာမခံချက်ရှိနေသည်မျိုးလည်း မဟုတ်ချေ။

ရှေ့ဝင်းမှ လီလင်းလင်းသည် ထိုကဲ့သို့သော အလုပ်မျိုးကို မကြာခဏ ရလေ့ရှိပြီး၊ ယောက်ျားလေးများမှာမူ တစ်ခါတစ်ရံ ကုန်ထမ်းရသည့် အလုပ်ကြမ်းမျိုး ရတတ်ကြသည်။ သို့သော် မိန်းကလေးများအတွက်မူ အလုပ်အကိုင်ရရှိရန်မှာ အလှမ်းဝေးလွန်းသော အိမ်မက်တစ်ခုကဲ့သို့ပင်။

ချန်ချင်းယွီသည်လည်း အလကား ထိုင်မနေလိုပေ။ မည်မျှပင် နည်းပါးသည်ဖြစ်စေ ငွေအနည်းငယ်တော့ ရှာဖွေလိုစိတ် ရှိနေသည်။

"အစ်မချန်..."

ချန်ချင်းယွီ: "လင်းလင်းလား? ဘာဖြစ်လို့လဲဟင်"

သူမသည် လီလင်းလင်းအကြောင်း စဉ်းစားနေခိုက်မှာပင် လီလင်းလင်း ရောက်ရှိလာခြင်း ဖြစ်သည်။ သူမက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် စကားဆိုလာ၏။

"အစ်မချန်... ကျွန်မ အရေးကြီးကိစ္စလေး ရှိလို့ ခဏ အပြင်ထွက်မလို့ပါ။ အမေကလည်း အိမ်မှာ မရှိဘူးဆိုတော့ ကျွန်မအတွက် စကားလေးတစ်ခွန်းလောက် ပါးပေးလို့ ရမလားဟင်"

ချန်ချင်းယွီ: "ရတာပေါ့"

လီလင်းလင်း: "ကျေးဇူးတင်ပါတယ် အစ်မချန်၊ အမေ ပြန်လာရင် ကျွန်မ အပြင်မှာ အလုပ်အနည်းငယ် သွားလုပ်မလို့၊ နေလည်စာ စားဖို့ ပြန်မလာတော့ဘူးလို့ ပြောပေးပါနော်"

ချန်ချင်းယွီ: "အေးအေး... ပြောပေးပါ့မယ်"

လီလင်းလင်းသည် ပျော်ရွှင်စွာ ပြုံးပြလိုက်ပြီး၊ အစ်မကြီးဖန်တို့ အိမ်ဘက်ကို တစ်ချက်ဝေ့ကြည့်ကာ ချောင်းဟန့်လျက် အပြင်သို့ ထွက်သွားလေသည်။ ချန်ချင်းယွီမှာမူ ဤမိန်းကလေး၏ အမူအရာမှာ တစ်မျိုးကြီး ဖြစ်နေသည်ဟု တွေးတောရင်း ဇဝေဇဝါ ဖြစ်ကျန်ရစ်၏။ သို့သော် သူမ ဘာမှ စဉ်းစားမရသေးခင်မှာပင် လမ်းတစ်ဖက်ခြမ်းရှိ အစ်မကြီးဖန်၏ သား ရှီရှောင်ဝေ အိမ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ရှီရှောင်ဝေသည် ချန်ချင်းယွီကို တစ်ချက်မျှ လှည့်မကြည့် စကားတစ်လုံးမှ မဆိုဘဲ ထွက်သွားလေ၏။ သူသည် ချန်ချင်းယွီကိုသာမက အခြားမိန်းမသားများကိုလည်း အမြဲတမ်း အထင်အမြင်သေးတတ်သူ ဖြစ်သည်။ လမ်းတွင် ဆုံလျှင်ပင် နှုတ်ဆက်လေ့မရှိဘဲ မာန်မာန အတော်ကြီးသူ ဖြစ်၏။

အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး အနည်းငယ်ကိုသာ သူ မထီမဲ့မြင်ဟန်ဖြင့် နှုတ်ဆက်တတ်သည်။

သူသည်လည်း ချန်ချင်းယွီတို့အပေါ် သူ့မိဘများ၏ အကြံအစည်များကို သိရှိထားပြီး၊ ထိုအကြံများ မအောင်မြင်ခဲ့သဖြင့် ပို၍ပင် မကျေမနပ် ဖြစ်နေပုံရ၏။ သူသည် အမြဲတမ်း ဤကဲ့သို့ပင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတတ်သူတည်း။

ချန်ချင်းယွီသည် မျက်လုံးကို အပေါ်သို့ လှန်လိုက်မိသည်၊ သူမသည်လည်း ထိုကောင်လေးကို လုံးဝ သဘောမကျပေ။

သူ့ကိုယ်သူ ဘာများထင်နေသလဲဆိုတာကို သူမ နားမလည်နိုင်အောင်ပင်။

"ရပ်စမ်း! ရပ်စမ်း! မင်းတို့ ဘာလုပ်နေကြတာလဲ!"

"မင်းတို့ နှစ်ယောက် ဘာတွေ ဖြစ်နေတာလဲ..."

"ကျွန်မကို လွှတ်ပါဦး..."

ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသဖြင့် ချန်ချင်းယွီသည် ဝုန်းခနဲ ပြေးထွက်သွားလေသည်။

ဘာဖြစ်တာလဲ? ဘာဖြစ်တာလဲ?

ချန်ချင်းယွီသည် အတင်းအဖျင်း သတင်းတစ်ခုခုဆိုလျှင် ဘယ်တော့မှ လက်လွတ်မခံတတ်သူပင်။ သူမ အမြန်ပြေးထွက်သွားရာတွင် စူးစူးဝါးဝါး အော်ဟစ်နေသူမှာ အခြားသူမဟုတ်ဘဲ လင်းစန်းရှင်းပင် ဖြစ်နေတော့သည်!

ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့တတ်သော လင်းစန်းရှင်းမှာ ယခုအချိန်တွင် အလွန်ပင် ခက်ထန်နေကာ

"လင်းလင်း... ငါနဲ့ အိမ်ကို ပြန်လိုက်ခဲ့စမ်း။ နင့်ကို ငါ ပြောထားပြီးသားပဲ၊ အိမ်ထောင်ဖက်ဆိုတာ နင်ဘာသာနင် ရှာလို့မရဘူး။ အမေက အောင်သွယ်ကတစ်ဆင့် နင့်အတွက် ကောင်းတဲ့လူ ရှာပေးမှာပါ"

သူမသည် ရှီရှောင်ဝေကို မကျေမနပ် အမူအရာဖြင့် စိုက်ကြည့်လိုက်ကာ

"ရှောင်ဝေ... ငါ့သမီး လင်းလင်းက မင်းနဲ့ မတူဘူး။ လင်းလင်းက ကျပန်းအလုပ် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ မြို့မှာပဲ နေမှာ။ မင်းကတော့ အထက်တန်းပြီးရင် ကျေးလက်ကို ဆင်းရတော့မှာဆိုတော့ မင်းတို့ အတူတူရှိနေလို့ မဖြစ်ဘူး။ လင်းလင်းကို နောက်ခါ လာမရှာနဲ့တော့"

ရှီရှောင်ဝေ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

သူသည် လင်းစန်းရှင်းကို မရိုးမသားဟန်ဖြင့် စိုက်ကြည့်ကာ

"အဒေါ်... လင်းလင်းနဲ့ ကျွန်တော်နဲ့က ဘာမှ မသက်ဆိုင်ပါဘူး။ ဘာမှမဆိုင်ဘူးလို့ ပြောနေတာကို ကျွန်တော့်ရဲ့ သိက္ခာကို လာမဖျက်ပါနဲ့။ ပြီးတော့ ဘယ်သူက ကျေးလက်ဆင်းရမယ်လို့ ပြောလို့လဲ! ကျွန်တော် မသွားဘူး!"

လင်းစန်းရှင်းက အေးစက်စက်ပင် ပြန်ပြောလိုက်၏။

"ဒါဆိုရင် မင်း တောမဆင်းရတော့မှပဲ အဲဒီအကြောင်း လာပြော။ လာ... ငါနဲ့ အိမ်ပြန်လိုက်ခဲ့။ ဒီကောင်နဲ့ လျှောက်မသွားနဲ့။ သူက နင့်အပေါ်မှာ တကယ် စိတ်ရင်းရှိရဲ့လားဆိုတာ မမြင်ဘူးလား? အလိမ်မခံနဲ့"

လီလင်းလင်း: "အမေ..."

လင်းစန်းရှင်း: "သွားမယ်!"

လင်းစန်းရှင်းသည် လီလင်းလင်းကို တရွတ်တိုက် ဆွဲခေါ်သွားလေတော့သည်။ လီလင်းလင်း၏ မျက်နှာမှာ နီမြန်းနေပြီး ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ စီးကျနေရှာ၏။

ချန်ချင်းယွီသည် ဘာတွေဖြစ်ကုန်တာလဲဟု တွေးရင်း မေးထူးခေါ်ပြော အမူအရာဖြင့် လိုက်ကြည့်နေမိသည်။ ထိုပွဲကို ကြည့်နေသူမှာ ချန်ချင်းယွီ တစ်ဦးတည်း မဟုတ်ပေ၊ လင်းစန်းရှင်းနှင့်အတူ ပြန်လာကြသော အခြားအမျိုးသမီးများလည်း ရှိနေကြ၏။ လူတိုင်းမှာ တတွတ်တွတ်ဖြင့် ဝိုင်း၍ ပြောနေကြသည်။ ရှီရှောင်ဝေသည် လူတိုင်း သူ့ကို လက်ညှိုးထိုးပြီး တီးတိုးပြောနေကြသည်ကို မြင်သောအခါ ရုတ်တရက်ပင် ဟိန်းဟောက်လိုက်လေသည်။

"လူငယ်တစ်ယောက်ရဲ့ အစွမ်းအစကို လာပြီး အထင်မသေးကြနဲ့!!!"

ချန်ချင်းယွီ: "...?"

နင်လိုကောင်က!!!

ဘာအစွမ်းအစပါလိမ့်! ထုတ်ပြစမ်းပါ! ကြည့်ချင်လွန်းလို့ပါ!

၂၆။ ရတနာရှာပွဲ

ယနေ့ခေတ် လူငယ်များကို ချန်ချင်းယွီ နားမလည်နိုင်တော့ချေ။ သူမ မှတ်ဉာဏ်ထဲတွင် လီလင်းလင်းနှင့် ရှီရှောင်ဝေသည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံပြောဆိုမှု မရှိသလောက်ရှား၏။

ဘယ်လိုများ တစ်ယောက်နဲ့တစ်ယောက် အတွဲညီသွားကြတာပါလိမ့်?!!

တစ်ဖက်မှ နူးညံ့သိမ်မွေ့လှသော လင်စန်းရှင်းသည်လည်း အတော်လေး ခက်ထန်သော လင်စန်းရှင်း အဖြစ်ကို ရုတ်ခြည်းပြောင်းလဲသွားလေသည်။ ချန်ချင်းယွီမှာ မိမိသည် ဉာဏ်မမီလိုက်သကဲ့သို့ ခံစားလိုက်ရ၏။

ချန်ချင်းယွီ ဟိုဘက်ဒီဘက်ကို အပြန်အလှန် အကဲခတ် စပ်စုရင်းတွေး၍မရနိုင် ဖြစ်နေမိသည်။ ထို့နောက် မိမိဘာသာ ပြောသကဲ့သို့ ရေရွတ်စကားဆိုလိုက်၏။

“ထင်ထားသလိုပါပဲ ဘယ်ခေတ်ပဲဖြစ်နေနေ ‘လူငယ်လေးတစ်ဦးရဲ့ အစွမ်းအစကို အထင်မသေးနဲ့’ ဆိုပြီး ပြောတဲ့ယောကျာ်းတွေ အမြဲတမ်း ရှိတာပါပဲလား”

သူမ ခေါင်းယမ်းလိုက်ပြီး အိပ်ကပ်ထဲလက်ထည့်ကာ အိမ်သို့ပြန်ဝင်ခဲ့သည်။ ယနေ့တွင် သူမအနေဖြင့် မှိုခူးရန် မသွားဖြစ်သော်လည်း အပြင်သို့ထွက်ရန် ရည်ရွယ်ထား၏။

တကယ်လို့..အွန်လိုင်းသာ သုံးနေရမယ်ဆိုရင်တော့ တစ်လလုံးအိမ်ထဲနေဆိုလည်း နေနိုင်ပါတယ်လေ..အခုတော့!!

ဤခေတ်ကာလတွင် တကယ့်ကို မည်သည့် ဖျော်ဖြေရေးမျှ မရှိသဖြင့် ချန်ချင်းယွီတစ်ယောက် အိမ်မှာအောင်းနေရသည်ကို မပျော်မရွှင် ဖြစ်နေသည်။

သူမ ခေတ္တခဏ စဉ်းစားတွေးတောလိုက်ပြီးနောက် လုပ်စရာကိစ္စမရှိသည့်အတူတူ သူမ၏အဘိုးအဘွားတို့ အိမ်ဟောင်းသို့ သွားလျှင် ကောင်းမည်ဟု တွေးလိုက်မိ၏။

အယုတ်တမာ ချန်ရိကျွင်းမှာ အိမ်ဟောင်းတွင် ပစ္စည်းများဝှက်ထားဆဲဟု အခိုင်အမာ ယုံကြည်နေသဖြင့် သူမသည်လည်း သွားရောက် ရှာဖွေကြည့်လိုသည်။ မဟုတ်လျှင် မတော်တဆ ချန်ရိကျွင်း ရသွားပါက မည်သို့လုပ်မည်နည်း။ တွေးမိရုံနှင့်တင် လွန်စွာဒေါသထွက်ရ၏။

“အယုတ်တမာ ချန်တစ်ယောက် အခုဘာများလုပ်နေပါလိမ့် သိချင်မိသား.. ဒင်း ထာဝရကံဆိုးနေပါစေလို့ ဆုတောင်းပါတယ်”

ချန်ချင်းယွီ တိတ်တိတ်လေး နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် အိမ်ထဲဝင်ကာ ကလေးများကို မေးလိုက်၏။

“ရှောင်ကျား ရှောင်ယွမ် ဖိနပ်စီးကြ မေမေ မင်းတို့ကို အပြင်ခေါ်သွားမယ်”

ကလေးနှစ်ယောက်မှာ နို့မှုန့်အိတ်ကို ပွေ့ပိုက်ထားရင်း စိတ်လှုပ်ရှားတက်ကြွစွာဖြင့် တိုးတိုး တိုးတိုး ပြောဆိုနေကြသည်။ ချန်ချင်းယွီ မြန်မြန် လောဆော်လိုက်၏။

"မြန်မြန်လုပ်ကြ"

ကလေးနှစ်ယောက်မှာ ချက်ချင်း ခေါင်းမော့ကြည့်လာပြီး

"ဟုတ်ကဲ့ပါ"

သူတို့အမေ မည်သည့်နေရာကို သွားမည်ဖြစ်ကြောင်း မသိကြသော်ငြား ကလေးနှစ်ယောက်သည် အမြဲတမ်း အရိပ်အလား ကပ်ပါနေသည့် လိမ်မာသော ကလေးလေးများပင်။ ချန်ချင်းယွီ အံဆွဲနှင့် ဗီဒိုများကို မွှေနှောက်ရှာဖွေပြီး ကလေးနှစ်ယောက် ငယ်ငယ်တုန်းက သောက်ခဲ့သည့် နို့သီးခေါင်းပါသော နို့ဗူးများကို ရှာတွေ့သွားသည်။ ထိုစဉ်က ချန်ချင်းယွီ တစ်ယောက်တည်းနှင့် ကလေးနှစ်ယောက်လုံးကို နို့တိုက်ရန် မလောက်ငသောကြောင့် နို့မှုန့်ဝယ်ရန် နည်းလမ်းရှာခဲ့ရ၏။

တကယ်တမ်းတွင် ဤကလေးနှစ်ယောက်သည် ငယ်စဉ်အခါက နို့မှုန့်သောက်ဖူးခဲ့ကြသည်။ ထိုအချိန်က လင်းကျန့်ဝမ်သည် ဇနီးဖြစ်သူကို အာဟာရရှိအောင် ကျွေးနိုင်ရန်နှင့် ကလေးများ ဗိုက်ဝနေစေဖို့အတွက် အလုပ်ဆင်းပြီးနောက် ကုန်စည်ဒိုင်များတွင် အိတ်ကြီးအိတ်ငယ်များကို ထမ်းပိုးရသော ကျပန်းအလုပ်များ ထပ်လုပ်ခဲ့ရ၏။ သူသည် စက္ကူချပ်တစ်ခုနှယ် ပါးလွှာပိန်ချုံးသွားသည်အထိ အလုပ်လုပ်ခဲ့ရရှာသည်။ ချန်ချင်းယွီ နို့ဗူးကို ကိုင်ထားရင်း ခေါင်းကိုခါယမ်းလိုက်ပြီး ယင်းခံစားချက်များ သူမအပေါ် လွှမ်းမိုးမလာအောင် ကြိုးစားထိန်းချုပ်လိုက်၏။

သူမက ချန်ချင်းယွီ မဟုတ်ဘူး၊ တကယ့် ချန်ချင်းယွီ အစစ်မဟုတ်တာကြောင့် ဒါတွေကို သူမ တွေးမနေသင့်ပါဘူးလေ…

သူမသည် အပြင်ခန်းသို့ထွက်လာပြီး နို့ဗူးများကို ရေဆေးလိုက်ပြီးနောက် နို့မှုန့်ဖျော်လိုက်သည်။ အားလုံးပြင်ဆင်ပြီးသွားသောအခါ ချန်ချင်းယွီသည် တက်ကြွစွာဖြင့်

“တစ်ဗူးဖျော်လိုက်မယ် ခဏနေရင် တို့တွေ သောက်ကြတာပေါ့”

“ဟုတ်ကဲ့”

ချန်ချင်းယွီသည် အသားတစ်တုံးကို လှီးဖြတ်ကာ ထုပ်ပိုးလိုက်ပြီး ထိုမျှတင်မကသေး သူမသည် အိတ်ထဲသို့ မီးဖိုချောင်သုံးဓားတစ်လက်ကိုပါ ထိုးထည့်လိုက်ကာ ပေါက်စီအချို့နှင့် အခြားအရာတော်တော်များများကိုလည်း ထည့်သွင်းထုပ်ပိုးလိုက်သည်။ အားလုံးပြီးသွားသောအခါ

“ကဲ သွားကြစို့”

"မေမေ၊ သမီးတို့ မှိုသွားမရှာတော့ဘူးလို့ ပြောထားတယ်မဟုတ်လားဟင်?"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ကာ

“ဟုတ်တာပေါ့!”

"မှိုသွားရှာမှာ မဟုတ်ဘူး။"

ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို ဦးဆောင်ကာ အပြင်သို့ ထွက်လာခဲ့၏။ လူတိုင်းမှာ ရှေ့ဝန်းထဲတွင် စုရုံးရောက်ရှိနေကြသည်။

"ချင်းယွီ၊ တောင်ပေါ်ကို ပြန်တက်မလို့လား?"

"ဒီနေ့တော့ နည်းနည်း နောက်ကျသွားသလိုပဲနော်။"

"ရက်အတော်ကြာသွားပြီဆိုတော့ မှိုတွေလည်း သိပ်ကျန်တော့မှာ မဟုတ်ဘူး ထင်တာပဲ။"

ပုံမှန်အားဖြင့် မှိုခူးသည့်ကိစ္စမှာ နှစ်ရက်မျှသာ ကြာမြင့်နိုင်ပြီး သုံးရက်မြောက်ဆိုလျှင်မူ မှိုမှာသိပ်မကျန်တော့ပေ။ ဆိုရသော် ရှိသမျှလူတိုင်းမှာ မိုးဦးကျတွင် မှိုခူးကြသည် မဟုတ်လော့။

ချန်ချင်းယွီ ပြုံးပြလိုက်ပြီး တုံ့ပြန်ပြောလိုက်၏။

“ကျွန်မ သွားကြည့်ပြီး ကံစမ်းမလို့ပါ”

ထို့နောက် အင်မတန် ရိုးသားဖြူစင်သော အမူအရာဖြင့် ဖိတ်ခေါ်လိုက်သည်။

“ရှင်တို့တွေရော လိုက်ချင်ကြလား”

လူတိုင်းမှာ ခေါင်းယမ်းလိုက်ကြပြီး ယခုအခါတွင် မှိုခူးရန်မည်သူမျှ စိတ်မဝင်စားတော့ပေ။ မြို့ပြင်ဘက်သို့ သွားသည့်ခရီးတွင် လမ်းလျှောက်ရသည်မှာ စိတ်ရှုပ်ဖွယ်ကောင်းအောင် ကြာမြင့်လှပြီး အသွားအပြန်ဆိုလျှင် ငါးနာရီမျှ အချိန်ကုန်လေ၏။ ပြန်ရသည်နှင့်ကား မကာမိပေ။

ဟွန်း.. ဘယ်သူကသွားမှာလဲ… ပြန်ရတာနဲ့တောင် မကာမိတာကို!! ဘာလုပ်ဖို့လဲ!!

“တို့တွေတော့ မသွားတော့ဘူး”

“ကျန့်ဝမ်မိန်းမရေ ညည်းသွားတော့လေ”

“ကလေးနှစ်ယောက်နဲ့ဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်ဦးတော့”

ချန်ချင်းယွီ ခေါင်းညိမ့်ပြ၍ ကလေးနှစ်ယောက်ကို လက်ဆွဲကာ ထွက်လာခဲ့သည်။ ရှောင်ကျားနှင့်ရှောင်ယွမ်မှာ သူတို့မိခင် မည်သည့်နေရာသို့ သွားမည်ကို ဝေခွဲမရဖြစ်နေရှာ၏။ အိမ်တွင် သူမပြောသောစကားနှင့် အပြင်ဘက်တွင်ပြောသော စကားမှာ မတူညီပေ။ ရှောင်ကျားမှာ ချန်ချင်းယွီကို ခိုးကြည့်လိုက်ပြီး သူ၏မျက်ခုံးသေးသေးများကို ကြုံ့၍ အကြီးအကျယ် စဉ်းစားခန်းဝင်နေရှာသည်။

ချန်ချင်းယွီမှာ သူ၏အကြည့်ကို သတိထားမိပြီး ရယ်မော၍ ပြောလိုက်၏။

“ခုနက မေမေက လိမ်ပြောလိုက်တာ”

သူမ ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။

"မေမေက သားတို့သမီးတို့ကို ကောင်းကောင်းမွန်မွန်လေး ကျွေးချင်လို့လေ။ ဒါကြောင့် မှိုရှာမယ်လို့ ပြောလိုက်တာ၊ တကယ်တော့ မဟုတ်ပဘူး။ မေမေ လိမ်ပြောတာ မှားပေမဲ့ အိမ်မှာ အသားဟင်းချက်စားရင် လူတွေက အနံ့ရကုန်ကြမှာလေ၊ ဟိုလူလာ ဒီလူသွားနဲ့။ တကယ်လို့ တစ်ယောက်ယောက်က လာတောင်းရင် ဘယ်လိုလုပ်မလဲ? မေမေ ပြောတာ နားလည်တယ်မလား? သူများပေးလိုက်ရင် သားတို့သမီးတို့ စားရတာ နည်းသွားမှာပေါ့၊ မေမေက အဲ့ဒါကို မလိုလားဘူး။"

ကလေးများမှာ မည်မျှပင် ငယ်စေကာမူ ချန်ချင်းယွီသည် နားလည်အောင် ရိုးရိုးရှင်းရှင်းလေး ရှင်းပြလိုက်၏။

"မေမေ၊ သားတို့ နားလည်ပါတယ်"

သူတို့နေသော ဝင်းထဲမှ အခြေအနေသည် ဤအတိုင်းပင်။ တစ်အိမ်အိမ်က တစ်ခုခု အရသာရှိသောအရာများ ချက်ပြီဆိုလျှင် ကလေးများမှာ ပြတင်းပေါက်အောက်မှာ ပြေးလွှားနေတတ်ကြ၏။ အကယ်၍ အရှက်မရှိသော ကလေးတစ်ယောက်ယောက်မှ လာတောင်းလျှင် ပေးရမည်မှာ နှမြောစရာတည်း။ မပေးပြန်လျှင်လည်း အိမ်နီးချင်းအချင်းချင်း မျက်နှာပျက်စရာ ဖြစ်ပြန်သည်။

ရှောင်ကျားနှင့်ရှောင်ယွမ်တို့ နှစ်ယောက်လုံးလည်း တခြားအိမ်များ၏ ပြတင်းပေါက်အောက်မှာ သွားပြီး ငုတ်တုတ်လေး ထိုင်ကြည့်ဖူးခဲ့ကြ၏။ ထို့ကြောင့် နေ့ထူးနေ့မြတ် ရုံးပိတ်ရက်များမှလွဲ၍ လူတိုင်းသည် အစားအသောက်နှင့် ပတ်သက်လျှင် အမြဲတမ်း သတိထားနေကြရသည်။

မည်သူမျှ ကိုယ့်တွင်ရှိသည့်အရာကို ကြွားလုံးမထုတ်လိုကြပေ။ အမှန်တွင် ကြွားလုံးထုတ်သော လူတချို့ရှိသော်လည်း ထိုလူများမှာ နောက်ဆုံးတွင် ငိုချင်းချပြီး ကျိန်ဆဲခြင်းဖြင့်သာ အဆုံးသတ်ရ၏။

အိမ်ရာဝင်းအတွင်းရှိ မိသားစုပေါင်းများစွာမှာ အသားဟင်းအတွက်နှင့် မည်မျှ ပြဿနာတက်ရသည်ကို သုံးနှစ်ကလေးနှစ်ယောက်ပင် သိရှိလေသည်။ ရှောင်ကျားမှာ အရွယ်ရောက်သူပမာ ခေါင်းလေးတညိမ့်ညိမ့်ဖြင့်

“သဘောပေါက်ပြီ သဘောပေါက်ပြီ”

ချန်ချင်းယွီ ရယ်မောလိုက်မိ၏။ မကြာခင်တွင် သူတို့သားအမိများ အဘိုးအဘွားတို့အိမ်သို့ ရောက်တော့မည်ဖြစ်သည်။ ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို ပွေ့လိုက်ပြီး ခပ်သုတ်သုတ် လျှောက်သွားလိုက်၏။ လမ်းကြားထဲသို့ လျင်မြန်စွာ ဝင်လိုက်ပြီးနောက် အဘိုးအဘွားတို့အိမ်သို့ တိတ်တဆိတ်ချဉ်းကပ်သွားကာ ခြံထဲသို့ လျက်တပြတ် ဝင်ရောက်သွားခဲ့သည်။

ချန်ချင်းယွီသည် ခြံတံခါးကို သေချာပိတ်လိုက်ပြီး ကလေးနှစ်ယောက်ကို အိမ်ထဲခေါ်သွားကာ မှာကြားလိုက်၏။

“လာလာ အထဲသွားကြစို့”

“သားတို့တွေ အရင်ကရောက်ဖူးတယ်လေ”

ချန်ချင်းယွီ “ဟုတ်တယ် တို့တွေ အရင်ကရောက်ဖူးတယ်”

ချန်ချင်းယွီသည် ယခုတစ်ခေါက်တွင် ကလေးငယ်နှစ်ဦးအား ခေါ်ဆောင်၍ ပစ္စည်းများရှာဖွေရန် ရောက်ရှိလာခြင်း ဖြစ်သည်။ အမှန်စင်စစ် ဤသည်မှာ သူမ၏ အဓိကရည်ရွယ်ချက်လည်း ဖြစ်၏။

ပြီးခဲ့သောတစ်ခေါက်က သူမ ဤအိမ်မှ မထွက်ခွာမီ ချန်ရိကျွင်းကို ပညာပေးရန် အကွက်အချို့ ဆင်ထားခဲ့သည်ကို ချန်ချင်းယွီ မှတ်မိနေသည်။ ယနေ့တွင် တံခါးများအားလုံး ပွင့်ဟနေပြီး ကြမ်းပြင်ထက်၌ သွေးစက်အချို့ကို တွေ့ရှိရ၏။ သို့တိုင် ချန်ချင်းယွီသည် ချန်ရိကျွင်းအပေါ် အနည်းငယ်မျှပင် သနားစိတ် မရှိမိပေ။

သူမသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ကလေးနှစ်ဦးကို အခြားအခန်းတစ်ခုသို့ ခေါ်ဆောင်သွားကာ ရှောင်ကျား၏လက်ထဲသို့ နို့ဗူးကို ကမ်းပေးလိုက်ရင်း

"သားတို့ မောင်နှမနှစ်ယောက် ဒီမှာပဲ ကစားနေကြနော်၊ ရေဆာရင် နို့သောက်ကြ"

ကလေးငယ်နှစ်ဦးမှာလည်း လိမ်မာသိတတ်စွာဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ နို့ဗူးကို စိတ်လှုပ်ရှားစွာ ယူဆောင်ထားကြသည်။

ထိုအခါမှသာ ချန်ချင်းယွီသည် အိမ်ဟောင်းကြီးကို အသေးစိတ် စစ်ဆေးရန် အာရုံစိုက်နိုင်ခဲ့၏။ အထဲတွင် မည်သည့်အရာများရှိမှန်း သူမ မသိသော်လည်း အကယ်၍ တစ်ခုခု ရှိနေခဲ့လျှင်ပင် သာမန်နေရာမျိုး၌ ရှိနေမည် မဟုတ်ပေ။ သာမန်နေရာဆိုပါက အစောကတည်းက တစ်စုံတစ်ယောက်မှာ တွေ့ရှိသွားလောက်ပြီ ဖြစ်သည်။ ချန်ရိကျွင်း၏ အမူအရာကို ကြည့်ရသရွေ့ သူသည်လည်း ဤနေရာသို့ မကြာခဏ လာရောက်နေပုံရ၏။

တော်လှန်ရေးကော်မတီ လာရောက်စစ်ဆေးခဲ့စဉ်ကလည်း ကြမ်းပြင်များကိုပင် ခွာကြည့်ခဲ့ကြသည်။ အိမ်ရှေ့ဝရန်တာရှိ အပြာရောင်အုတ်ချပ်များကိုပင် ဖယ်ထုတ်၍ မြေလှန်ရှာဖွေခဲ့ကြရာ မြေအောက် သုံးပေခန့်အထိ တူးဆွခဲ့ကြသည်ဟု ဆိုရပေမည်။ အိမ်ခေါင်မိုး ထုတ်တန်းများပေါ်တွင်လည်း ဘာမျှ ကျန်ရှိတော့မည် မဟုတ်ပေ။ အကြောင်းမူကား ချန်ရိကျွင်းကိုယ်တိုင် ထိုနေရာများ၌ ပစ္စည်းဝှက်တတ်သဖြင့် ၎င်းမှာ သူအသုံးချနေကျ လျှို့ဝှက်သိုက်တစ်ခုသဖွယ် ဖြစ်နေသောကြောင့်တည်း။

သူသည် ထိုသို့သောနေရာမျိုးတွင် ငွေကြေးဝှက်ထားနိုင်သည်ဆိုလျှင် အခြားသော ထုတ်တန်းများကိုလည်း သူ အလွတ်ပေးမည် မဟုတ်ချေ။

သူမသည် မည်သည့်နေရာမှ စတင်ရှာဖွေရမည်ကို ရပ်၍ အကဲခတ်နေမိသည်။ မကြာမီတွင် နေရာတိုင်းမှာ တူညီနေသကဲ့သို့ ခံစားလာရသဖြင့် တစ်ခန်းချင်းစီသို့ ဝင်ရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်၏။ ပထမဆုံး အဘိုးဘွားဘွားတို့၏ အိပ်ခန်းသို့ သွားရောက်ကြည့်ရှုရာ ကုတင်မှာ ရွှေ့ပြောင်းခံထားရသဖြင့် အခန်းမှာ ဟာလာဟင်းလင်း ဖြစ်နေပြီဖြစ်သည်။ ကုတင်နှင့် ပရိဘောဂ အများစုမှာလည်း အယူခံရ၊ အခိုးခံရဖြင့် ဘာမျှ မကျန်တော့ပေ။

ချန်ချင်းယွီက နံရံကို ခေါက်ကြည့်လိုက်ပြီး

"အင်း... တို့အိမ်က လျှို့ဝှက်ခန်း ရှိမယ့်ပုံလည်း မပေါက်ပါဘူး"

အိပ်ခန်းအတွင်း အသေးစိတ် ရှာဖွေကြည့်သော်လည်း စိုးစိမျှ မတွေ့ရှိရပေ။ ထို့နောက်တွင်မူ သူမ၏ ဦးလေးအခန်းဘက်သို့ သွားရောက်သည်။ ဦးလေးဖြစ်သူမှာ ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သော်လည်း အဘိုးအဘွားတို့ကမူ သူရှိစဉ်ကအတိုင်း အခန်းကို နဂိုအတိုင်း ထိန်းသိမ်းထားခဲ့ကြ၏။

သို့သော် ယခုအခါတွင်မူ ဖုန်ထူနေသော အခန်းလွတ်ကြီးတစ်ခုသာ ကျန်ရှိတော့သည်။

ချန်ချင်းယွီသည် ငယ်စဉ်က မိဘအိမ်တွင် နှိပ်စက်ခံရလျှင် ရက်အနည်းငယ်ခြားတစ်ခါ အဘိုးအဘွားတို့အိမ်သို့ လာရောက်နေထိုင်တတ်သည်။ ဤနေရာ၌ သူမအတွက် သီးသန့်အခန်းပင် ရှိခဲ့ဖူး၏။ အခန်းသုံးခန်းကို ဆက်တိုက် စစ်ဆေးကြည့်သော်လည်း စိုးစိမျှ ရှိမနေသဖြင့် ရှာဖွေမှုမှာ မြန်ဆန်လှသည်။

တတိယမြောက်အခန်းမှာမူ သူမ၏ ကိုယ်ပိုင်အခန်းပင် ဖြစ်၏။

အခန်းအတွင်း ရပ်နေရင်း သူမ မှတ်မိနေသော လှပသည့် ဗီဒိုများနှင့် ကုတင်များ မရှိတော့သည်ကို တွေးတောကာ ချန်ချင်းယွီ စိတ်မကောင်း ဖြစ်သွားမိသည်။ သူမ နှုတ်ခမ်းလေးစူလျက် ဆက်လက် ရှာဖွေနေဆဲပင်။ ချန်ရိကျွင်း ဘာမျှ ရှာမတွေ့ခဲ့သည်မှာလည်း မဆန်းပေ။ ပစ္စည်းဝှက်ရန် နေရာဟူ၍ပင် မရှိတော့သောကြောင့်တည်း။

ဤအိမ်တွင် လျှို့ဝှက်ခန်းဟူ၍ ရှိပုံမရဘဲ အကယ်၍ ဝှက်ထားသော နေရာတစ်ခုခု ရှိခဲ့လျှင်ပင် မည်သူမျှ ရှာတွေ့နိုင်မည် မဟုတ်ချေ။

ချန်ချင်းယွီက အထက်အောက် အနှံ့အစပ် ရှာဖွေနေ၏။ ချန်ရိကျွင်းကိုယ်တိုင် တစ်ကြိမ်ထက်မက ရှာဖွေပြီးသား ဖြစ်မည်ကို သိရှိသော်လည်း သူမသည်လည်း အခန်းတိုင်းကို အထဲရော အပြင်ပါမကျန် သေသေချာချာ ရှာဖွေနေဆဲပင်။ သို့သော်လည်း ဘာမျှ မတွေ့ရှိရသေးပေ။

သို့သော် ချန်ချင်းယွီ စိတ်ပျက်အားငယ်ခြင်း မရှိပေ။ သူမသည် စမ်းသပ်ရှာဖွေကြည့်ရုံသာ ဖြစ်ပြီး တွေ့ရှိလျှင် ကံကောင်းခြင်းဖြစ်ကာ မတွေ့ရှိလျှင်လည်း သာမန်ကိစ္စရပ်တစ်ခုဟုသာ သဘောထားလေသည်။

လူအများကြီးရှာဖွေခဲ့သည်ပင် မတွေ့ရှိရာ သူမသည်လည်း ကောင်းကင်ဘုံ အရွေးချယ်ခံဇာတ်လိုက် မဟုတ်ရာ အဘယ်မှာ ရှာတွေ့မည်နည်း!!

ဆိုတော့ကား..မတွေ့တာ မဆန်းပါဘူး!!

တကယ်တမ်း အထင်အမြင်သာရှိသော်လည်း လက်တွေ့၌ ပစ္စည်းများရှိမရှိဆိုသည်မှာပင် မသေချာပေ။

အယုတ်တမာ ချန်ရိကျွင်း အတွေးလွန်နေတာလည်း ဖြစ်နိုင်တာပဲ!!

ချန်ချင်းယွီ ပြတင်းပေါက်ဘောင်ကို မှီရင်း ခြံဝန်းအပြင်ဘက်ကို ငေးကြည့်နေမိ၏။ ပေကျင်းမြို့လယ်ခေါင်မှ အိမ်ကြီးအိမ်ကောင်းကြီးသည် ယခုအခါ ဟောင်းနွမ်းပျက်စီးနေလေပြီ။

နှမြောစရာပဲ!!

အိမ်မှာ တော်တော်လေး ယိုယွင်းနေကာ အကြိမ်ကြိမ် ရှာဖွေခံရပြီးနောက် အထဲတွင် အဖိုးတန်ပစ္စည်း ကျန်လိမ့်မည်ဟု ချန်ချင်းယွီ မထင်မိပေ။

ဒါပေမဲ့ အပြင်ဘက်မှာကော...

သူမ ခြံဝင်းကို ကြည့်နေရင်းဖြင့် ရုတ်တရက် အကြံတစ်ခု ရသွားသည်။ ချက်ချင်း ကိုယ်ကိုမတ်လိုက်ပြီး အခန်းထဲက ပြေးထွက်ကာ အိမ်ရှေ့ဂိတ်တံခါးသို့ တန်းတန်းမတ်မတ် သွားလိုက်မိ၏။

ရှောင်ကျားနှင့်ရှောင်ယွမ်တို့မှာ ချန်ချင်းယွီကို ကြောင်ကြည့်နေကြသည်။ ချန်ချင်းယွီ လက်ဝှေ့ယမ်းပြလိုက်၍ ကလေးနှစ်ယောက်လည်း ပြန်ထိုင်ပြီး ကျောက်စရစ်ခဲလေးများနှင့် ဆက်ကစားနေကြရှာ၏။

ကလေးလေးနှစ်ယောက်မှာ ဖျော်ပေးထားသော နို့ကို တစ်လှည့်စီ သောက်ရင်း၊ မျက်လုံးဝိုင်းလေးများဖြင့် ဘေးပတ်ပတ်လည်ကို စပ်စုကြည့်ကာ ကစားနေကြလေသည်။

ချန်ချင်းယွီ အိမ်ရှေ့ဂိတ်တံခါးဆီ ပြေးသွားပြီး အိမ်မကြီးဘက်ကို တစ်ချက်လှည့်ကြည့်လိုက်၊ ဂိတ်တံခါးကို တစ်ချက်ပြန်ကြည့်လိုက်နှင့် စူးစမ်းနေ၏။ သူမမှတ်မိသလောက် သူမ နည်းနည်းလေး အရွယ်ရလာစဉ်အခါက ဦးလေးဖြစ်သူနှင့်ကစားရင်း ပစ္စည်းဝှက်ရန် အလုံခြုံဆုံးနေရာအကြောင်း ပြောဖြစ်ခဲ့ကြသည်။ ထိုစဉ်က ဦးလေးဖြစ်သူမှာ "တံခါးနားမှာ ဝှက်ထားလိုက်!" ဟု ပြောပြီး နေရာတစ်ခုကို ဟိုဟိုဒီဒီ လက်ညှိုးထိုးပြခဲ့၏။

ထိုအချိန်က အဘိုးနှင့်အဘွားတို့မှာလည်း သဘောကျပြီး တဟားဟား ရယ်မောခဲ့ကြသည်။

သူမ ချက်ချင်း ကျောက်ခဲတစ်လုံးကို ရှာပြီး ဂိတ်တံခါးအတွင်းဘက်ရှိ တံခါးခုံနားမှာ စတင်တူးလိုက်၏။ တစ်ချက်ပြီးတစ်ချက် အားစိုက်ပြီး တူးနေခဲ့သည်။

ချန်ချင်းယွီတစ်ယောက် အမှန်တကယ် အားသွန်ခွန်စိုက် လုပ်နေ၏။

ပါးပြင်များ ဖောင်းတက်နီရဲလာသည်အထိ အားစိုက်ထုတ်နေရသည်။

ဒါက သူမဦးလေး ပြောခဲ့တဲ့ နေရာပဲလေ!!

မြေကြီးသည် တူးဆွထားသောပုံလည်း မပေါက်ဘဲ တော်တော်လေး မာကျောနေ၏။ သို့သော် ချန်ချင်းယွီ လက်မလျှော့ဘဲ အတော်ကြာအောင် ဆက်တူးနေခဲ့သည်။ သူမ မှန်းဆချက် မှားနေပြီလားဟုပင် တွေးမိတော့မည်အချိန်၌ "ဒုတ်!" ဆိုသော အသံတစ်ခု ထွက်လာ၏။

ချန်ချင်းယွီ ငုံ့ကြည့်လိုက်ရာ

အနက် မီတာဝက်လောက်ရှိမည့် နောရာတွင် သေတ္တာငယ်လေးတစ်လုံး မြှုပ်ထားလေသည်။

သေတ္တာမှာ သိပ်မကြီးပေ။ ချန်ချင်းယွီ မြန်မြန်ဆန်ဆန် တူးထုတ်လိုက်၏။

အာ—ကြည့်ရတာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချန်ရိကျွင်းဆီမှာ တွေ့ခဲ့တဲ့ သေတ္တာနဲ့ အတူတူပါပဲလား!!

ချန်ချင်းယွီ သေတ္တာကို ပွေ့ပိုက်လိုက်ပြီး တူးထုတ်ထားတဲ့ မြေကြီးများကို တွင်းထဲ ပြန်ဖို့လိုက်သည်။ ထို့နောက် ထိုနေရာကို ခြေထောက်နှင့် ပြန်နင်းပြီး မြေညှိလိုက်၏။

ဘုရားရေ... သူမက တကယ့်ကို ကံထူးသူပဲ ဖြစ်ရမယ်!

ချန်ချင်းယွီ ခေါင်းတကုတ်ကုတ်နှင့် သေတ္တာကို အိမ်ထဲ သယ်သွားလိုက်၏။ ကလေးများရှေ့တွင် မဖွင့်ရဲ၍ ယင်းအစား သူမ နေထိုင်ခဲ့ဖူးသော အခန်းထဲသို့ ယူသွားလိုက်သည်။ သော့ကို ရှာမနေတော့ဘဲ ချက်ချင်းပင် အားနှင့် ဆွဲဖွင့်လိုက်၏။

ကလစ်!!

ကြီးမားလှသော ခွန်အားကြောင့် သော့မှာ ပြုတ်ထွက်သွားလေသည်။

ချန်ချင်းယွီ သေတ္တာကို ဖွင့်လိုက်သောအခါ

မြတ်စွာဘုရား!!

သူမ မျက်လုံးများ ပြူးကျယ်သွားရ၏။

ဝိုး ဝိုး.. တကယ်ပဲ ပိုက်ဆံတွေဟ!!

သေတ္တာအထဲတွင် လက်ကိုင်ပုဝါ အထုပ်လေးသာရှိသော်လည်း ဖောင်းကားနေသော ပုံစံအရ ပိုက်ဆံများကို ထုတ်ပိုးထားခြင်းပင်။

ဟဟ!! အနည်းဆုံးတော့ ဘာမှရှာမတွေ့လောက်အောင်ထိ ငါ ချန်ချင်းယွီက ကံမဆိုးသေးပါဘူး!!

သူမသည် လက်ကိုင်ပုဝါကို ဖြန့်ကြည့်လိုက်ရာ အတွင်း၌ ငွေစက္ကူများ ရှိနေသည်ကို တွေ့ရပြီး အတန်ကြီး ဆယ်ယွမ်တန်များဖြင့် အဆမတန် များပြားလှသော အထုပ်ကြီးတစ်ထုပ် ဖြစ်နေသည်။ ချန်ချင်းယွီ ရေတွက်ကြည့်သောအခါ တိတိကျကျပင် ယွမ်ငါးထောင် ရှိနေ၏။

စာတစ်စောင်၊ ပြေစာတစ်ချက်မျှ မပါရှိဘဲ ဤပစ္စည်းများသာ ရှိနေခြင်းဖြစ်သည်။ ချန်ချင်းယွီသည် အချိန်အတော်ကြာအောင် ဘာလုပ်ရမှန်းမသိဘဲ ငေးကြောင်၍ ကြည့်နေမိ၏။

မည်သည့်စာသား သို့မဟုတ် ညွှန်ကြားချက်မျှ မရှိသော်လည်း ဤအရာများသည် အဘိုးနှင့် အဘွားတို့မှ မြေးမလေးအတွက် ပြင်ဆင်ပေးထားခဲ့သော ဘေးကင်းလုံခြုံရေး အထောက်အပံ့တစ်ခု ဖြစ်မည်ဟု ချန်ချင်းယွီ အလိုလို ခံစားမိနေသည်။ အမှန်စင်စစ် ချန်ရိကျွင်းသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို မည်သူက မသိဘဲ နေပါမည်နည်း။

အဘိုးအဘွားများသည် ပြင်းထန်သော စကားလုံးများကို မည်သည့်အခါမျှ မပြောခဲ့သော်လည်း သူသည် ယုတ်ညံ့သော လူမိုက်တစ်ဦးဖြစ်ကြောင်း မသိရှိလောက်အောင် သူတို့သည် ညံ့ဖျင်းသူများ မဟုတ်ပေ။ မိဘတို့၏ မေတ္တာသည် အစဉ်မြဲမြံသည်ဟု ဆိုကြသည့်အတိုင်း သူမတွင် တာဝန်မသိသော ဖခင်တစ်ဦး ရှိနေသော်လည်း အဘိုးနှင့် အဘွားတို့သည်ကား သူမကို အစစ်အမှန် ချစ်ခင်ကြသူများတည်း။

သေတ္တာလေးကို ပွေ့ပိုက်ထားရင်း ချန်ချင်းယွီသည် ရုတ်တရက်ပင် သူဌေးမလေး ဖြစ်သွားရှာ၏။ ပေကျင်းမြို့၌ပင် ဤမျှများပြားသော ငွေကြေးပမာဏကို လူအများစုမှာ မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ချန်ချင်းယွီမှာမူ ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် အံ့အားသင့်လျက် ခေါင်းကို တကုတ်ကုတ်သာ လုပ်နေမိ၏။

ငွေကြေး ရှာဖွေတွေ့ရှိခြင်းမှာ ဝမ်းသာစရာပင် ဖြစ်သော်လည်း သူမ တွေဝေငေးမောနေရခြင်းမှာ ထိုငွေကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်ပိုင်ရှင် အစစ်အမှန်အတွက် စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်။

ခန္ဓာကိုယ်ပိုင်ရှင် အစစ်အမှန်မှာ အမှန်တကယ်ပင် ကံကောင်းလှသူဖြစ်၏။ သူမ၏ ပတ်ဝန်းကျင်၌ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် လူများစွာ ရှိနေသော်လည်း သူမကို ချစ်ခင်ကြသူများမှာ ပို၍ များပြားလှသည်။ ကွယ်လွန်သွားကြပြီဖြစ်သော အဘိုးနှင့် အဘွားတို့ကပင် သူမကို စောင့်ရှောက်နေဆဲ ဖြစ်၏။ ချန်ချင်းယွီသည် သေတ္တာငယ်လေးကို ပွေ့ဖက်၍ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီးနောက် သူမ၏ ခြင်းတောင်းငယ်လေးထဲသို့ ထိုးထည့်လိုက်သည်။

ငွေကြေးများ ရရှိထားသဖြင့် ချန်ချင်းယွီသည် ပို၍ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာ၏။ သူမသည် ဆက်လက်၍ ရှာဖွေမှုများ ပြုလုပ်သော်လည်း နောက်ထပ် တစ်နာရီ၊ နှစ်နာရီခန့် ကြာမြင့်ပြီးနောက်တွင်မူ မည်သည်ကိုမှ ထပ်မံ မတွေ့ရှိတော့ပေ။

တကယ်ပင် ကုန်သွား၍လား သို့မဟုတ် သူမ ရှာမတွေ့ခြင်းလားဆိုသည်ကို ချန်ချင်းယွီ သေချာမသိသော်လည်း ယနေ့သည် သူမအတွက် အလွန်ကောင်းမွန်သော နေ့တစ်နေ့ ဖြစ်ခဲ့သည်။

အလွန်တရာ ကောင်းမွန်သော နေ့တစ်နေ့ပင်။

သူမသည် ခြံဝန်းအတွင်းရှိ မြက်ခြောက်များနှင့် သစ်ကိုင်းများကို ဖယ်ရှားလိုက်၏။ ထိုစဉ် ရှောင်ယွမ်သည် မည်သည့်နေရာမှ ရောက်လာမှန်းမသိဘဲ ချန်ချင်းယွီနောက်သို့ ယိမ်းထိုးယိမ်းထိုးဖြင့် လိုက်ပါလာသည်။ ချန်ချင်းယွီက "ဘာဖြစ်လို့လဲ သမီး?" ဟု မေးရာ ရှောင်ယွမ်လေးမှာ ခေါင်းလေးကို အသာအယာ ခါယမ်းပြလေ၏။

ချန်ချင်းယွီ ပြုံးလျက် သူမကို စနောက်လိုက်သည်။

"အချစ်ဆုံး ကလေးလေး အဆင်ပြေတယ်ဆိုရင် ဟိုဘက်လေးကို ခဏဖယ်ပေးပါလားဟင်? သစ်ကိုင်းတွေနဲ့ ရှမိမှာစိုးလို့ပါ"

အချစ်ဆုံး ကလေးလေး ဟူသော စကားသော ကြားသောအခါ ရေဗာင်ယွမ်လေးမှာ နှုတ်ခမ်းစူသွားသော်လည်း နှုတ်ခမ်းထောင့်ဖျားလေးမှာ မသိမသာကော့တက်သွားရကာ မျက်လုံးလေးများမှာလည်း လခြမ်းလေးသဖွယ် ကွေးဆင်းသွားလေ၏။ အချစ်ဆုံး ကလေးလေး ဆိုသည်မှာ ချိုမြိန်သော စကားဖြစ်ကြောင်း ကလေးပင်သိသည်။ မအောင့်ထားနိုင်တော့ဘဲ သွားသေးသေးများပေါ်သည်အထိ တခစ်ခစ် ရယ်မောကာ အစ်ကိုဖြစ်သူကို ကြွားရန် ပြေးထွက်သွားလေ၏။

ချန်ချင်းယွီ အိမ်ထဲသို့ မဝင်ရသေးမီပင် ရှောင်ကျားသည် သူမအနား ပြေးလာကာ မျက်လုံးများမှာ ဟိုကြည့်ဒီကြည့်လုပ်ရင်း တွေဝေစွာဖြင့် လက်ကလေးနှစ်ဖက်ကို အချင်းချင်း ယှက်ထား၍

“မေမေ မေမေ!!”

ချန်ချင်းယွီ “ဘာဖြစ်လို့လဲ”

သူမ ရယ်ချင်စိတ်ကို အောင့်ထားပြီး မသိချင်ယောင်ဆောင်ကာ မေးလိုက်၏။

ရှောင်ကျားမှာ ချန်ချင်းယွီကို မျှော်လင့်တကြီး စိုက်ကြည့်နေရှာသည်။

ချန်ချင်းယွီ “ရှောင်ကျား သားဘာမှမပြောရင် သား ဘာဖြစ်ချင်လဲဆိုတာ မေမေက ဘယ်လိုလုပ်သိမှာလဲ”

ရှောင်ကျား သူ၏ ခြေချောင်းလေးများကို စုလိုက်၊ ဝိုင်းလိုက်လုပ်ရင်း မိခင်ဖြစ်သူမှာ ဘာမှနားမလည်သလို ဖြစ်နေသည်ကို မြင်သောအခါမှ ကြည်လင်ပြတ်သားသည့် အသံလေးနှင့် ထုတ်ပြောရှာ၏။

“မေမေ... သားကရော အချစ်ဆုံးကလေးလားဟင်?"

ချန်ချင်းယွီ ရယ်မောလိုက်ပြီး ကလေးလေး၏ တောက်ပနေသော မျက်ဝန်းလေးများမှာ သူမအား စိုက်ကြည့်နေသည်ကို မြင်လျှင် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တာပေါ့၊ သားက အချစ်ဆုံးကလေးလေးပေါ့။ သားက အချစ်ဆုံးသားကြီးလေး၊ ညီမလေးကတော့ အချစ်ဆုံးသမီးငယ်လေးပေါ့"

ရှောင်ကျား ချက်ချင်းပင် မျက်နှာလေး ဝင်းပသွားပြီး ဘာမှမစဉ်းစားတော့ဘဲ အိမ်ထဲကို ပြန်ပြေးဝင်သွားသောကြောင့် ချန်ချင်းယွီ တခိခိနှင့် ရယ်နေမိပြီး သူမလည်း အိမ်ထဲကို ဝင်လာခဲ့လေသည်။

"မေမေ... ရော့"

ကလေးနှစ်ယောက်သည် သူမအတွက် နို့အနည်းငယ် ချန်ထားပေးခြင်းကို မြင်သောအခါ ချန်ချင်းယွီလည်း အားနာမနေတော့ဘဲ

"သိပ်ကောင်းတာပဲ၊ မေမေလည်း နည်းနည်း ရေဆာနေတာ"

သူမ နို့ဗူးကို ယူလိုက်သော်လည်း နို့သီးခေါင်းမှ မစို့ဘဲ ဗူးအဖုံးကို လှည့်ဖွင့်ပြီး မော့သောက်လိုက်၏။

အင်း... အရသာကတော့ ခေတ်သစ်နို့မှုန့်တွေနဲ့ အတော်လေး တူသားပဲ!

နို့သောက်ပြီးနောက် ချန်ချင်းယွီ ဗူးကို သိမ်းဆည်းလိုက်ပြီး

"ဗိုက်ဆာနေကြပြီလား? တို့တွေ တစ်ခုခု စားကြမလား?"

"ဟုတ်ကဲ့!"

ကလေးများမှာ ဘယ်သောအခါမှ ဂျီမကျတတ်၍ ချန်ချင်းယွီ မီးခြစ်တစ်လုံးထုတ်ပြီး စောစောက ကောက်ထားသော ထင်းများကို မီးမွှေးလိုက်သည်။ အိုးနှင့်တူသည် အရာဟူ၍ တစ်လုံးမှ မကျန်ရှိပေ။ ယနေ့ခေတ်မှာ သံအိုးသံဒယ်များ ရှာရခက်ပြီး အားလုံးလည်း အသိမ်းခံလိုက်ရသည်မှာ ကြာပြီဖြစ်၏။ ချန်ချင်းယွီမှာ ဤကိစ္စသည် အခန်းများကို လာရှင်းလေ့ရှိသော ချန်ရိကျွင်း၏ လက်ချက်ဖြစ်လိမ့်မည်ဟု ယုတ္တိရှိရှိ သံသယဝင်နေသည်။

တောက်... ချန်ရိကျွင်းကို ပညာပေးချင်စိတ်များ တဖွားဖွား ပေါ်လာပြန်၏။

စိတ်လျှော့ စိတ်လျှော့!

ချန်ချင်းယွီ မြေပြင်ပေါ်မှာ မီးပုံလေးတစ်ခု လုပ်လိုက်ပြီး လက်ကို သုတ်လိုက်ကာ ထို့နောက်တွင် ပါလာသော အသားများကို အတုံးသေးသေးများ တုံးလိုက်ပြီး ပေါက်စီများကိုလည်း အချပ်လိုက် လှီးလိုက်သည်။

"မီးနဲ့ ဝေးဝေးနေကြနော်၊ အနားမလာနဲ့၊ မကိုင်နဲ့ဦး။ ကလေးတွေ မီးနဲ့ မကစားရဘူး"

သူမ အမူအရာသည် တည်တံ့နေသည့်အတွက် ကလေးနှစ်ယောက်လည်း ချန်ချင်းယွီ စကားအတိုင်း လိုက်လုပ်ရင်း ချက်ချင်း သဘောတူလိုက်ကြ၏။ ထို့နောက် ချန်ချင်းယွီမှာ ပြတင်းပေါက်ကြားက သံဝါယာကြိုး နှစ်ချောင်းကို ယူလိုက်ပြီး အသားတုံးနှင့် ပေါက်စီချပ်များကို သီကာ မီးပေါ်မှာ ကင်လိုက်သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ဤသို့တစ်ခါမှ မမြင်ဖူးသောကြောင့် မျက်လုံးအဝိုင်းသားနှင့် ကြည့်နေကြ၏။ ကလေးနှစ်ယောက်က မီးပေါ်မှာ ကင်နေတဲ့ အသားတွေကို စိုက်ကြည့်နေကြခြင်းပင်။ အသားများမှာ ယခုမှ စကင်ကာစဖြစ်သော်လည်း ထွက်လာသော အနံ့မှာမူ တကယ့်ကို ဆွဲဆောင်မှု ရှိလှသည်။ ရှောင်ကျားသွားရည်များ မြိုချနေပြီး ရှောင်

ယွမ်လေးမှာ ပို၍ပင် ဆိုးနေ၏။

တကယ့် အစားပုတ်လေးတွေပဲ!

ချန်ချင်းယွီ သူမနှင့်အတူ ပါလာသော ဆားအနည်းငယ်ကို အသားကင်များပေါ်မှာ ဖြူးလိုက်လေသည်။

အတော်ကြာအောင် ကင်ပြီး၍ ကျက်ခါနီးပြီဆိုသောအခါမှ ချန်ချင်းယွီ သစ်ကိုင်းလေး နှစ်ခုကို သုံးပြီး သံကြိုးကို ဘေးကို ဖယ်လိုက်ကာ

"ခဏလေး အအေးခံလိုက်ဦးမယ်နော်"

ထို့နောက် တခြားသံကြိုး နှစ်ချောင်းနှင့် အစားထိုးလိုက်၏။ ဝါယာကြိုးများကို ပြတင်းပေါက်ကြားမှာ ထိုးထားသည်ကို တွေ့ခဲ့ကတည်းက ဘာအတွက်လဲဟု သူမ တွေးနေခဲ့ရာာယခုမှပင် အသုံးဝင်သွားသည်။ ချန်ချင်းယွီ နောက်တစ်သုတ်ကို ထပ်ကင်နေရင်း ပထမတစ်သုတ်မှာ အေးသွားပြီဖြစ်၍

"ကဲ... စားကြတော့! အရသာ ဘယ်လိုရှိလဲ မြည်းကြည့်ဦး"

သူမမှာ ဆက်ပြီး ကင်နေဆဲပင်။ ကလေးများမှာ အသားတစ်တုံးစီကို ပါးစပ်ထဲ အားရပါးရ ထည့်လိုက်ကြပြီး သူမကိုယ်တိုင်လည်း တစ်လုတ် စားလိုက်၏။

"အင်း... အရသာ ရှိလိုက်တာ!"

ဟင်းခတ်အမွှေးအကြိုင်များ အများကြီး မပါသော်ငြား ဆားမှာ အရသာကို ထိန်းပေးထားပြီး အသားသည်လည်း တကယ်ပင် အိစက်နေ၏။

တကယ်တော့ အစားအသောက်ကောင်းတွေထဲမှာ အသားကသာ အဓိကပဲ မဟုတ်လား!

ချန်ချင်းယွီကတော့ အသားဆို အသေရရ အရှင်ရရ ကြိုက်တဲ့သူလေ။

သားအမိ သုံးယောက်သား အသားကင် တစ်သုတ်ကို ခဏချင်း ပြောင်သလင်းခါအောင် စားလိုက်ကြသည်။ ချန်ချင်းယွီ ချက်ချင်းပင် နောက်တစ်သုတ်ကို ဆက်ကင်လိုက်ပြီး အပြင်ဘက် နည်းနည်းလေး ကြွပ်နေသော ပေါက်စီကင်လေးများကိုပါ ဝေပေးလိုက်၏။ မီးအနည်းငယ်နှင့် ကင်ထားသော ပေါက်စီကင်မှာလည်း တကယ့်ကို အရသာ ရှိလှလေသည်။

ချန်ချင်းယွီ "နောက်တစ်ခါကျရင် တို့တွေ သကြားပါ ယူလာကြမယ်၊ ပြီးရင် ပေါက်စီပေါ်မှာ ဖြူးစားကြတာပေါ့"

ကလေးနှစ်ယောက်စလုံးမှာ ခေါင်းကို အဆက်မပြတ် ငြိမ့်ပြကြလေသည်။

ယခုတစ်ခေါက်တွင် ချန်ချင်းယွီသည် အသားတစ်ပေါင်နီးပါး ယူဆောင်လာခဲ့ခြင်း ဖြစ်၏။ ထိုခေတ်ကာလတွင် လူတို့သည် အသားကို ဤမျှအများအပြား ဝယ်ယူလေ့မရှိဘဲ များသောအားဖြင့် တစ်အောင်စ၊ နှစ်အောင်စ အနည်းငယ်ခန့်သာ ဝယ်ယူလေ့ရှိကြသည်။ တစ်ကြိမ်တည်းနှင့် အသားတစ်

ပေါင်ခန့် ချက်ပြုတ်စားသောက်ခြင်းမှာ အလွန်ပင် ရှားပါးလှသဖြင့် ချန်ချင်းယွီမှာ တကယ့်ကို ရက်ရောလှသည်ဟု ဆိုရမည်။

သူတို့သားအမိ သုံးယောက်သား ခွဲဝေစားသောက်ကြသော်လည်း ချန်ချင်းယွီသည် အသားအားလုံးကို ကလေးများအား ပုံအောပေးလိုက်ခြင်းမျိုးတော့ မရှိပေ။ သူမသည် ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦးအဖြစ် ကြီးပြင်းလာရသူဖြစ်ရာ မိမိကိုယ်ကိုယ် အရင်ချစ်တတ်ရန် အားမထုတ်ခဲ့ပါက မည်သူက သူမကို ချစ်ပါမည်နည်း။ ထို့ကြောင့် သူမသည် မိမိကိုယ်ကိုယ် အမြဲတမ်း ဦးစားပေးလေ့ရှိပြီး အရာအားလုံးကို စွန့်လွှတ်အနစ်နာခံတတ်သည့် လူစားမျိုး လုံးဝမဟုတ်ပေ။

ကလေးနှစ်ဦးမှာ လိမ်မာယဉ်ကျေးကြပြီး "သူမ၏" ကလေးများလည်း ဖြစ်နေသဖြင့် သူတို့ကို ပြုစုစောင့်ရှောက်ရသည်ကို သူမ သဘောကျသည်။ သူမသည် သူတို့၏ မိခင်နေရာကို ဆက်ခံခဲ့ပြီးဖြစ်သဖြင့် သူတို့၏ မိခင်ပင်တည်း။ ဤသည်မှာ အကျိုးအကြောင်း ဆက်စပ်မှုတစ်ခုဖြစ်ရာ သူတို့အပေါ် ကောင်းမွန်စွာ ဆက်ဆံခြင်းမှာ မှန်ကန်သော လုပ်ရပ်ဖြစ်သော်လည်း ၎င်းမှာ သူမ၏ အရာရာတိုင်းကို သူတို့အတွက်သာ ပုံပေးရမည်ဟု မဆိုလိုပေ။

ချန်ချင်းယွီမှာ ထိုသို့ မလုပ်ဆောင်နိုင်ချေ။

ညီတူမျှတူ ခွဲဝေစားသောက်ခြင်းမှာ သူမ၏ အကြင်နာဆုံးသော အပိုင်းပင် ဖြစ်ပေသည်။

ချန်ချင်းယွီ "စားလို့ ပြီးပြီ"

သူမသည် လက်ကို တစ်ချက်ခါလိုက်ပြီး

"စားလို့ ကောင်းရဲ့လား?"

"စားလို့ ကောင်းတယ်!"

ကလေးနှစ်ယောက်အဖို့ ဤမျှများပြားသော အသားကို အားရပါးရ စားဖူးခြင်းမှာ ယခုပင် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

အော်... မဟုတ်သေးပါ၊

ပြီးခဲ့သည့်တစ်ခေါက်က ကြက်သားကို ယခုထက်ပင် ပို၍ စားခဲ့ကြသေးသော်လည်း ကြက်သားနှင့် ဝက်သားမှာ အရသာခြင်း မတူညီပေ။

ရှောင်ကျား "မေမေ၊ ဒီလိုကင်စားရတာ တကယ့်ကို အရသာရှိတာပဲ”

ရှောင်ယွမ်သည်လည်း ထောက်ခံသည့်အနေဖြင့် သူမ၏ လက်ကလေးများဖြင့် အမူအရာပြကာ "ဒါက လောကမှာ အကောင်းဆုံးပဲ" ဟု ဆိုနေသယောင် ရှိသည်။

ချန်ချင်းယွီ တခိခိရယ်မောလျက်

"ဒါဆိုရင် နောက်တစ်ခါ အခွင့်အရေးရရင် မေမေက သားတို့ကို ခိုးပြီး ထပ်ကျွေးဦးမယ်နော်"

"ဟုတ်ကဲ့ပါ!"

ကလေးနှစ်ဦးစလုံးက တညီတညွတ်တည်း ပြန်လည်ဖြေကြားကြ၏။

ချန်ချင်းယွီတို့ သားအမိသည် ကျန်ရှိနေသော ပေါက်စီများကိုပါ ကုန်စင်အောင် စားသောက်လိုက်ကြသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်မှာ အများကြီး မစားနိုင်သဖြင့် ကျန်ရှိသမျှကို ချန်ချင်းယွီချည်းသာ စားလိုက်ခြင်း ဖြစ်၏။ စားသောက်ပြီးသောအခါ မီးပြန်မတောက်စေရန် မီးပုံကို သေသေချာချာ နင်းခြေငြှိမ်းသတ်လိုက်ပြီးမှသာ သူတို့ စိတ်အေးသွားကြတော့သည်။ ဤနေရာ၌ အသားစားရခြင်းမှာ တကယ့်ကို ဘေးကင်းလှ၏။ ဤခြံဝင်းမှာ ချန်ချင်းယွီတို့ မိသားစု နေထိုင်သည့် ငါးထပ်ဆင့်ဝင်းကြီးလောက် မကျယ်ဝန်းဘဲ အမှန်စင်စစ် အတော်အတန် သေးငယ်သော်လည်း သာမန်လူတို့၏ အိမ်များထက်စာလျှင် သိသိသာသာ ပို၍ ကျယ်ဝန်းနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့ ချက်ပြုတ်သည့် အနံ့မှာ အဝေးကြီးသို့ မရောက်နိုင်ချေ။

အိမ်နီးချင်းများမှာ နီးကပ်စွာ ရှိနေကြသော်လည်း ဤနေရာမှာ မိသားစုများစွာ နေထိုင်နိုင်သည့် ကျယ်ဝန်းသော ဝန်းတစ်ခု ဖြစ်သဖြင့် သူတို့ အနံ့မရနိုင်ကြပေ။

ဤသည်မှာလည်း ချန်ချင်းယွီ ဤနေရာ၌ ရဲရဲဝံ့ဝံ့ စားသောက်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ အကယ်၍သာ သူမတို့၏ ဝင်းကြီးထဲမှာ စားသောက်နေမည်ဆိုပါက လူများစွာသည် ချက်ချင်းပင် လာရောက်မေးမြန်း စပ်စုကြမည်ဖြစ်ရာ ဤနေရာကဲ့သို့ စိတ်အေးလက်အေး ရှိမည်မဟုတ်ပေ။

"ဒါဆိုရင် မေမေ၊ နောက်တစ်ခါလည်း ဒီကိုပဲ ထပ်လာကြမယ်နော်။ နောက်တစ်ခါလည်း ဒီမှာပဲ အသားကင် စားကြမယ်"

ချန်ချင်းယွီ: "ကောင်းပြီလေ"

သူမ ပြုံးလိုက်ပြီး

"သမီးတို့ ခဏလောက် ဆော့နေကြဦး၊ မေမေ ဟိုဟိုဒီဒီ ထပ်ကြည့်လိုက်ဦးမယ်"

စားသောက်ပြီး၍ ဗိုက်ဝသွားပြီဖြစ်ရာ သူမသည် အိမ်ထဲ၌ တစ်ပတ်ထပ်၍ လှည့်လည်ကြည့်ရှုနေမိသည်။ ချန်ရိကျွင်း၏ အိမ်တွင် သူမ ပြဿနာရှာခဲ့ပြီးနောက် သူ ပြန်လာဦးမည် မဟုတ်ဟု သူမ တွေးမိ၏။ တစ်ခုခုကို ရှာတွေ့ထား၍ မဟုတ်သော်လည်း လူကို ဒုက္ခပေးသည့်နေရာတွင် သူမ၏ စွမ်းဆောင်ရည်ကို သူမ ယုံကြည်မှု ရှိနေသောကြောင့်တည်း။ ချန်ရိကျွင်းနှင့် သူ၏ မိသားစုမှာ ကျန်းမာရေး ကောင်းမွန်နေကြမည် မဟုတ်သည်မှာ သေချာလှသည်။ သို့မဟုတ်ပါက သူမသည်လည်း ဤကဲ့သို့ စိတ်လွတ်ကိုယ်လွတ် ဝင်ထွက်သွားလာနိုင်မည် မဟုတ်ချေ။

စာကြည့်ခန်းအတွင်း ရိုက်ခွဲဖျက်ဆီးခံထားရသည့် သေတ္တာပျက်ကို ကြည့်ရှုရင်း ချန်ရိကျွင်းတစ်ယောက် ပြန်လာသည့်အခါ ၎င်းမှာ အလွတ်ကြီးဖြစ်နေသည်ကို တွေ့ရှိသွားပြီး မည်သို့သော အမူအရာ ဖြစ်သွားခဲ့သနည်းဟု ချန်ချင်းယွီက စိတ်ကူးကြည့်နေမိသည်။

"အမယ်လေးလေး!"

ရိုက်ခွဲခံထားရသော သေတ္တာမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်လျက် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေ၏။

ချန်ချင်းယွီသည် ၎င်းကို ကောက်ယူရန် ငုံ့လိုက်သည်။ အဘိုးနှင့် အဘွားတို့သည် ငွေကြေးများသိမ်းဆည်းရန် ဤကဲ့သို့သော သေတ္တာမျိုးကိုသာ အသုံးပြုခဲ့ကြသည်ကို သတိထားမိ၏။

"ဟင်...?"

ချန်ချင်းယွီ သေတ္တာပျက်ကို ကောက်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏အောက်ဘက်တွင် ရွှေရောင်အစက်အပြောက်ကလေးတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ချန်ချင်းယွီ: "???"

သူမသည် လျင်မြန်စွာ အနီးကပ် ကြည့်ရှုလိုက်ရာ-

"ဘုရားရေ! တကယ့်ကို အံ့သြစရာပဲ!"

ချန်ချင်းယွီမှာ မဆဲဆိုမိအောင် မနည်းထိန်းလိုက်ရသည်။

ဒါက!

သူမသည် သေတ္တာ၏အောက်ခြေကို အမြန်ပင် ကလော်ဖွင့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ချန်ချင်းယွီ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ဝိုင်းစက်သွားတော့သည်။ သေတ္တာ၏အောက်ခြေတွင် လျှို့ဝှက်အကန့်တစ်ခု ရှိနေပြီး ထိုအကန့်အတွင်း၌ ရွှေပြားတစ်ပြား ရှိနေခြင်းဖြစ်၏။

ဟုတ်ပါသည်၊ ရွှေပြားအစစ်ပင်တည်း!

၎င်းမှာ ရွှေတုံးမဟုတ်သော်လည်း ရွှေတုံးထက် များစွာပို၍ ကြီးမားလှသည်။ ၎င်းမှာ သေတ္တာ၏ အရွယ်အစားအတိုင်းဖြစ်ပြီး အထူမှာ တစ်စင်တီမီတာခန့် ရှိ၏။ အထူမှာ အလွန်အမင်း မရှိလှသော်လည်း အလျားနှင့် အနံမှာမူ... ချန်ချင်းယွီ၏ ခန့်မှန်းချက်အရ အလျား ၃၀ စင်တီမီတာနှင့် အနံ ၂၅ စင်တီမီတာခန့် ရှိပေလိမ့်မည်။

ချန်ချင်းယွီတွင် ဤမျှ အသေးစိတ်ကျလှသော မျက်စိအမြင်မျိုး ရှိနေ၍မဟုတ်ဘဲ သတ်မှတ်ထားသော အရွယ်အစားတစ်ခု ဖြစ်နိုင်သည့်အတွက် ခန့်မှန်းတွက်ချက်လိုက်ခြင်းသာ ဖြစ်သည်။ ဤအရွယ်အစားမှာ လျှို့ဝှက်အကန့်နှင့် တိတိကျကျပင် ကိုက်ညီနေ၏။

မဆန်းတော့ပေ၊ ဤသေတ္တာမှာ အဘယ်ကြောင့် ဤမျှလေးလံနေရသည်ကို ယခုမှပင် သဘောပေါက်တော့သည်။ ချန်ချင်းယွီသည် ယခင်က ဤသေတ္တာကို ကိုင်တွယ်ဖူးသော်လည်း အလေးချိန်ကို သံသယမဖြစ်ခဲ့မိချေ။ သို့သော် သူမအား အလေးချိန်ကို တိတိကျကျ မခန့်မှန်းနိုင်လေခြင်းဟု အပြစ်မဆိုသင့်ပေ။ အကြောင်းမှာ သေတ္တာ၏ ဘေးပတ်ပတ်လည် လေးဘက်စလုံးတွင် လှပစေရန် သို့မဟုတ် ခိုင်ခံ့စေရန်အတွက် ကျောက်စိမ်းများ စီခြယ်ထားသောကြောင့်တည်း။

ထိုကျောက်စိမ်းများသည် တန်ဖိုးရှိသော အရာများတော့ မဟုတ်ပေ။

ကျွမ်းကျင်သူမဟုတ်သူပင်လျှင် ၎င်းမှာ သာမန်တန်ဖိုးမရှိသော ကျောက်စိမ်းများသာဖြစ်ကြောင်း ပြောနိုင်ပေသည်။ ဦးနှောက်ရှိသူတိုင်း ၎င်းမှာ အဖိုးမတန်ကြောင်း သိရှိနိုင်၏။ အကယ်၍သာ တစ်စုံတစ်ယောက်မှာ ၎င်းကို အဖိုးတန်ကျောက်စိမ်းဟု ယုံကြည်သွားပါက တကယ်ပင် ငတုံးအကြီးစား ဖြစ်သွားပေမည်။

ထို့ကြောင့် ချန်ချင်းယွီရော ချန်ရိကျွင်းပါ ၎င်းကို အရေးတယူ မလုပ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း မမျှော်လင့်ဘဲ ထိုကျောက်စိမ်းများသည် သေတ္တာ၏ အလေးချိန်ကို ဖုံးကွယ်ပေးထားပြီး လျှို့ဝှက်အကန့်ကို လုံးဝမသိသာအောင် ဖုံးအုပ်ပေးထားခဲ့ခြင်းဖြစ်၏။ အဘိုးအဘွားနှစ်ဦး၏ ထက်မြက်လှသော အကြံဉာဏ်ကို ချန်ချင်းယွီ တကယ်ပင် အံ့ဩချီးကျူးမိလေသည်။ ဤကဲ့သို့သောအရာကို သာမန်လူအဖို့ သတိထားမိရန် အလွန်ခက်ခဲလှပြီး ချန်ရိကျွင်းသာ သေတ္တာကို ရိုက်မခွဲခဲ့လျှင် သူမလည်း တွေ့ရှိလိမ့်မည် မဟုတ်ပေ။ ယခုမူ ချန်ချင်းယွီသည် အဘိုးနှင့် အဘွားတို့မှာ အထက်မှနေ၍ ကြည့်ရှုစောင့်ရှောက်နေကြသည်ဟု ခံစားမိနေ၏။

သူမ၏ တာဝန်မသိသော ဖခင်ဖြစ်သူမှာ သေတ္တာကို ရိုက်ခွဲလိုက်သဖြင့် အနားသားတစ်ခုလုံး ပေါ်ထွက်နေပြီဖြစ်သော်လည်း သူကမူ သတိမထားမိခဲ့ချေ။

ချန်ချင်းယွီ: "..."

တစ်ခါတစ်ရံတွင်မူ ကံကြမ္မာကို မယုံကြည်ဘဲ မနေ၍မရပေ။

သူကတော့ ဘာမှသတိမထားမိခဲ့တာပဲ!

ချန်ရိကျွင်းသည် ဤအခန်းအတွင်း၌ပင် ဒဏ်ရာရရှိခဲ့သည်မှာ ထင်ရှားလှသည်။ သူမ တံခါးပေါ်တွင် တင်ထားခဲ့သော သစ်သားတုံး ပြုတ်ကျပြီး သူ့ကို ထိမှန်သွားခြင်း ဖြစ်ပေလိမ့်မည်။ ထို့ပြင် သေတ္တာမှာ အလွတ်ကြီးဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူသည် အလွန်အမင်း ဒေါသထွက်နေကာ အခြားအရာများကို သတိပြုမိတော့မည် မဟုတ်ပေ။

ဟင်းဟင်း!

"ကိုယ့်ပစ္စည်းဆို ကိုယ့်ဆီပဲ ရောက်လာတာပါပဲ" ဆိုသည့် စကားအတိုင်းပင်။

ချန်ချင်းယွီသည် ကံကောင်းလှသဖြင့် ၎င်းကို အမြန်ပင် သိမ်းဆည်းလိုက်ပြီးနောက် သူမ၏ ကိုယ်ပိုင်သေတ္တာကို ထုတ်ယူလိုက်သည်။ သူမသည် အောက်ခြေကို ပုတ်ကြည့်၍ ကလော်ဖွင့်လိုက်ရာ အတွင်း၌ ရွှေပြားတစ်ပြား ရှိနေမည်မှာ သေချာသလောက်ပင်။ အမှန်တကယ်လည်း သူမ၏ လှုပ်ရှားမှုနှင့်အတူ အောက်ခြေသားမှာ ပွင့်ထွက်သွားပြီး ရွှေပြားတစ်ပြား ပေါ်ထွက်လာခဲ့၏။

ချန်ချင်းယွီ: “ထင်တဲ့အတိုင်းပဲ”

မအံ့ဩတော့ပါဘူး!

ချန်ချင်းယွီသည် ၎င်းကို သိမ်းဆည်းခြင်းမပြုမီ အောက်ခြေသားကို မူလအတိုင်း ပြန်လည်တပ်ဆင်လိုက်သည်။

ယနေ့ သူမ ရရှိခဲ့သော လက်ဆောင်များမှာ အလွန်ပင် များပြားလှပေစွ!

ချန်ချင်းယွီသည် အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေသော်လည်း လေဟာနယ်ထဲသို့ ကြည့်ကာ လေးလေးနက်နက် ရေရွတ်လိုက်သည်။

"ကျွန်မ ဘဝကို ကောင်းကောင်းမွန်မွန် ရှင်သန်သွားပါ့မယ်၊ ရှောင်ကျားနဲ့ ရှောင်ယွမ်ကိုလည်း သေသေချာချာ စောင့်ရှောက်ပါ့မယ်"

ခန္ဓာကိုယ်ပိုင်ရှင် အစစ်အမှန်၏ ကိုယ်ထဲသို့ ကူးပြောင်းလာပြီးနောက် သူမ၏ မိသားစုထံမှ ဤမျှ များပြားသော အကျိုးကျေးဇူးများကို ရရှိခဲ့သဖြင့် ကျန်ရှိနေသည့် တစ်ဦးတည်းသော သွေးချင်းများဖြစ်သည့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို စောင့်ရှောက်ရန် သူမ သန္နိဋ္ဌာန်ချလိုက်သည်။ ချန်ချင်းယွီ တည်ကြည်စွာဖြင့် ကတိစကားပြုလိုက်၏။

"သူတို့လေးတွေ သန်သန်မာမာနဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာအောင် ကျွန်မ သေချာလုပ်ပေးပါ့မယ်!"

သူမသည် မိမိကိုယ်ကိုယ် အားပေးသည့်အနေဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်ဓာတ်များ ချက်ချင်းပင် ပြန်လည်တက်ကြွလာသည်။

"ရှောင်ကျား၊ ရှောင်ယွမ်... အိမ်

ပြန်ကြစို့"

ရှောင်ကျားနှင့် ရှောင်ယွမ်: "အခုပဲ ပြန်တော့မလို့လားဟင်?"

ချန်ချင်းယွီ တခိခိရယ်လျက်

"ဘာလဲ... သမီးတို့က မပြန်ချင်သေးဘူးလား?"

ကလေးနှစ်ဦးစလုံး ခေါင်းကို အမြန်ပင် ခါယမ်းကြသည်။

ရှောင်ကျား; "သားတို့က မေမေပြောတာ နားထောင်မှာပါ"

ချန်ချင်းယွီ ရယ်မောရင်း ကလေးငယ်၏ ခေါင်းကို ပုတ်ကာ ချီးမွမ်းပေးလိုက်၏။

"သိပ်လိမ်မာတာပဲ"

သူမသည် ကလေးများ ကစားထားသည့် ကျောက်စရစ်ခဲလေးများနှင့် ခြစ်ရာများကို အမြန်ပင် ရှင်းလင်းလိုက်သည်။ ထို့နောက်မှသာ ကလေးနှစ်ဦးကို ပွေ့ချီလိုက်၏။ အရေးကြီးသည့်အချိန်မျိုးတွင် ကလေးများကို အလွတ်မလွှတ်ထားဘဲ ပွေ့ချီသွားခြင်းမှာ ပိုကောင်းသည့် ရွေးချယ်မှုပင်။ ဤဒေသတဝိုက်တွင် သတိထားခြင်းက အကောင်းဆုံး မဟုတ်ပါလော့။

ချန်ချင်းယွီသည် ကလေးများကို ပွေ့ချီလျက် နောက်ဖေးတံခါးသို့ တန်းတန်းမတ်မတ် သွားကာ ဘေးဘီကို အကဲခတ်ပြီး ဘယ်သူမှ မရှိသည်ကို သေချာမှ အပြင်သို့ အမြန်ထွက်ခဲ့သည်။ သူမသည် အမြန်ဆုံး ပြေးထွက်လာခဲ့ရာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ သူတို့အမေ၏ လည်ပင်းကို ဖက်တွယ်ထားကြ၏။

ချန်ချင်းယွီသည် လမ်းမပေါ်သို့ အမြန်ရောက်ရှိလာပြီး သမဝါယမ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ကို ဖြတ်သွားစဉ် သော့ခလောက်တစ်ခုနှင့် ဆပ်ပြာတစ်ခဲကို ဝယ်ယူခဲ့သည်။

အင်း... သူမမှာ လက်မှတ်တွေ ရှိနေတာပဲလေ။

အိမ်ရောက်လျှင် ပစ္စည်းများကို ဝှက်ထားရန် လိုအပ်သည်ကို တွေးမိကာ ဘီစကစ် မုန့်သေတ္တာငယ်တစ်လုံးကိုလည်း မဆိုင်းမတွပင် ဝယ်ယူလိုက်၏။ ဤဘီစကစ်များမှာ လက်မှတ်မလိုသော်လည်း ဈေးနှုန်းမှာမူ အလွန်ကြီးလှသည်။ သို့သော်လည်း ချန်ချင်းယွီ ဝယ်ယူခဲ့၏။ သမဝါယမ အရောင်းဆိုင်ဆိုင်အပြင် အနီးနားရှိ ဆိုင်တစ်ဆိုင်သို့လည်း သွားရောက်ကာ ဘိလပ်မြေအချို့ ဝယ်ယူခဲ့ပြန်သည်။

သူမသည် အနည်းငယ်မျှသာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မည်သူမှ သတိမထားမိစေရန် ခြင်းတောင်းထဲသို့ ထည့်သွင်းခဲ့၏။

ချန်ချင်းယွီသည် အိမ်သို့ ပြန်လာခဲ့ပြီး သူတို့၏ လမ်းကြားထဲသို့ ရောက်ခါနီးမှသာ ကလေးများကို အောက်သို့ ချပေးလိုက်သည်။ ကလေးနှစ်ဦးမှာ လက်ချင်းတွဲလျက် သူတို့အမေ၏ ရှေ့မှနေ၍ ယိမ်းထိုးယိမ်းထိုးဖြင့် လျှောက်သွားကြ၏။ ဤနေရာမှာ သူတို့နှင့် ရင်းနှီးပြီးသားဖြစ်သဖြင့် ကလေးများမှာ ဟိုပြေးဒီပြေး လုပ်နေကြသည်။

ချန်ချင်းယွီသည် အိမ်သာနားကို ဖြတ်အသွားတွင် ကျန်းရှင်းဖှနှင့် မတော်တဆ ဆုံမိလေ၏။

ကျန်းရှင်းဖှသည် ဂရုမစိုက်သည့်

အလား ချန်ချင်းယွီကို ဂနာမငြိမ်သော မျက်လုံးများဖြင့် စကန်ဖတ်သကဲ့သို့ ကြည့်ကာ ပါးစပ်သရမ်းတော့သည်။

"ဟေး ညီမလေး! ဘယ်တွေ သွားနေပြန်တာလဲ? လင်းကျန့်ဝမ် ဆုံးသွားတာ မကြာသေးဘူး၊ နင် တခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတာတော့ မဟုတ်ပါဘူးနော်!"

ချန်ချင်းယွီ; "ရှင်ကိုယ်တိုင်က လူကောင်းမဟုတ်တော့ တခြားလူတွေကိုလည်း ရှင့်လိုပဲ မထင်နဲ့။ ကျန့်ဝမ်အပေါ် ထားတဲ့ ကျွန်မရဲ့ ခံစားချက်တွေကို ရှင်တို့လို လူစားမျိုး နားမလည်နိုင်ပါဘူး!"

သူမသည် ကျန်းရှင်းဖှကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း သူ့အဖို့မူ ထိုအကြည့်မှာ ကြောက်စရာမကောင်းဘဲ အမွှေးပွနေသော ကြောင်ကလေးတစ်ကောင်က ရန်ထောင်နေသကဲ့သို့ ဖြစ်နေသဖြင့် သူ့ကို ပို၍ပင် စိတ်လှုပ်ရှားသွားစေသည်။ သူ၏ မျက်လုံးများမှာ သူမ၏ ကိုယ်ပေါ်တွင် အထက်အောက် ပို၍ပင် ဂနာမငြိမ် လှုပ်ရှားနေတော့၏။

ချန်ချင်းယွီသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ခန္ဓာကိုယ်ပိုင်ရှင် အစစ်အမှန်မှာ အဘယ်ကြောင့် ဤလူ၏ ကပ်ပါမတတ် အကြည့်များကို စက်ဆုပ်ရွံရှာခဲ့သည်ကို ယခုမှပင် သေချာနားလည်သွားတော့၏။ တကယ့်ကို ရွံစရာကောင်းလှပေစွ။

သူမသည် ခြေလှမ်းများကို မြှင့်လိုက်ပြီး သားဖြစ်သူကို ဦးဆောင်ကာ ဝင်းအတွင်းသို့ အပြေးကလေး ဝင်လာခဲ့သည်။

ကျန်းရှင်းဖှသည် ထွက်ခွာသွားသော ချန်ချင်းယွီ၏ ကျောပြင်ကို ကြည့်ကာ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လျက် တဟီးဟီး ရယ်မောနေလေ၏။ သူမ အထဲသို့ ဝင်သွားတော့မှသာ သူသည်လည်း လှည့်ထွက်သွားလေသည်။

ဤခွေးကောင်မှာ သူမကို စိုက်ကြည့်နေကြောင်း ချန်ချင်းယွီ အလိုလိုသိနေ၏။

ချီးပဲ!!

ငါ့လက်သီးက တကယ်ကို တောင့်တနေပြီ..

ခွေးကောင် အရိုက်ခံချင်နေတယ်ပေါ့!!

သို့ရာတွင် အိမ်ရာဝင်းဝင်ပေါက်သို့ ရောက်သည်နှင့် ချန်ချင်းယွီ၏ မျက်နှာမှာ ဖျော့တော့သွားပြီး မျက်လုံးများမှာ ချက်ချင်းနီရဲတက်လာ၏။

ဟွန်း!! ဒီနေ့ခေတ်မှာ စကေးတစ်ခုတည်းနဲ့ ရပ်တည်လို့မရဘူး!

ထိုးကြိတ်တာက မလုံလောက်သေးဘူး.. သရုပ်ဆောင် မင်းသမီး လုပ်ပြဖို့လည်း လိုသေးတယ်!!

အလုပ်မရှိသည့် ဝင်းအတွင်းရှိ အမျိုးသမီးများသည် များသောအားဖြင့် ရှေ့ဝင်းရှိ သစ်ပင်ရိပ်အောက်၌ ထိုင်ကာ စကားစမြည်ပြောရင်း လက်မှုအလုပ်များကို လုပ်ကိုင်လေ့ရှိကြရာ ယနေ့တွင်လည်း ထူးမခြားနားပင် ရှိနေသည်။ ထိုနေရာတွင် ထိုင်နေကာ အဝင်အထွက်ရှိသူတိုင်းကို ကြည့်ရုံနှင့် မည်သူက အပ်တစ်ချောင်း ဝယ်သည်ကိုပင် သိနိုင်လောက်၏။

ချန်ချင်းယွီ၏ ပုံစံကို မြင်လိုက်ရသောအခါ ပိုင်ဖုန်းရှန်းမှာ အမြန်ပင် မေးမြန်းလိုက်လေသည်။

"ကျန့်ဝမ်မိန်းမ၊ ဘာဖြစ်လို့လဲ? ညည်းကို ဘယ်သူ အနိုင်ကျင့်လိုက်တာလဲ?"

ချန်ချင်းယွီ ကလေးနှစ်ဦးကို "ဒုတိယဝန်းထဲ သွားဆော့ကြနော်" ဟု တို့ကာ ပြောလိုက်သောအခါ

ကလေးများမှာ ထွက်သွားကြ၏။

ထိုအခါမှ ချန်ချင်းယွီသည် ချက်ချင်းပင် ငိုယိုကာ မြည်တမ်းလိုက်လေသည်။

"အခုလေးတင် ကျန်းရှင်းဖှနဲ့ ဆုံခဲ့တာ၊ သူက ကျွန်မနဲ့ ကိုကိုကျန့်ဝမ်ရဲ့ ဆက်ဆံရေးကို မဟုတ်မတရား စွပ်စွဲပုတ်ခတ်ပြောနေတယ်! ဝါးးးး~ သူက ဘယ်လိုတောင် ဒီလောက်ထိ ရက်စက်ယုတ်မာပြီး မနာလိုစရာကောင်းတဲ့ စကားတွေကို ပြောထွက်ရတာလဲ! ကျွန်မနဲ့ ကိုကိုကျန့်ဝမ်ရဲ့ အကြောင်းကို ဘယ်လိုစိတ်နဲ့ ဒီလိုတွေ ပြောရတာလဲ! ကျွန်မနဲ့ ကိုကိုကျန့်ဝမ်ရဲ့ သံယောဇဉ်ဆိုတာ ပင်လယ်တွေ ခမ်းခြောက်၊ ကျောက်ဆောင်တွေ ကြေမွ၊ တောင်တွေ ပြိုပျက်ပြီး မြေကြီးနဲ့ ကောင်းကင်ကြီး တစ်သားတည်း ဖြစ်သွားရင်တောင် ပျက်စီးမှာ မဟုတ်ဘူး! ရှင်တို့ နားလည်ကြရဲ့လား? တစ်စုံတစ်ယောက်ကို တကယ်ချစ်ရင် ဒီလို အပုပ်ချတာမျိုးကို လုံးဝ သည်းမခံနိုင်ဘူး! ကိုကိုကျန့်ဝမ်အပေါ် ထားတဲ့ ကျွန်မရဲ့ အချစ်တွေက ကောင်းကင်က တိမ်တိုက်တွေလို၊ ဆံပင်ကြားက ဖြတ်တိုက်သွားတဲ့ လေညင်းလေးလို၊ နေရောင်ခြည်လိုမျိုး ကျွန်မရဲ့ ပတ်ပတ်လည်မှာ အမြဲ ရှိနေတာ! အားးးး!!!"

ရုတ်တရတ် အော်ဟစ်လိုက်သော

သူမ၏ အော်ဟစ်သံကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

ချန်ချင်းယွီ ဆက်လက်၍

"အားးးး! ဒီလို သန့်စင်တဲ့ ဆက်ဆံရေးမျိုးကို ဘယ်လိုလုပ်ပြီး စွပ်စွဲရက်တာလဲ! ဘယ်လိုသတ္တိနဲ့ ပုတ်ခတ်ရတာလဲ! သူက ဘယ်လိုမျက်နှာမျိုးနဲ့ ဒီလိုတွေ ပြောထွက်တာလဲ! သိပြီ... သိပြီ... သူက အချစ်မရှိတဲ့ လူစားမျိုးမို့လို့ပဲ၊ သူကိုယ်တိုင်မှာ အချစ်မရှိတိုင်း တခြားလူတွေမှာ ရှိနေတာကို မ

ကြည့်မရတာလား? တကယ့်ကို သနားစရာ၊ ကြေကွဲစရာ၊ ဝမ်းနည်းစရာ ကောင်းလိုက်တာ!"

ရေရွတ်နေသည့် ချန်ချင်းယွီ၏ စကားများမှာ ထိုမျှနှင့် မပြီးသေးပေ။

"ကျွန်မနဲ့ ကိုကိုကျန့်ဝမ်ဆိုတာ ငယ်သူငယ်ချင်းတွေပါ၊ ကျောင်းတုန်းကတည်းက အတန်းဖော်တွေလေ၊ အဲ့ဒီတုန်းက ကိုကိုကျန့်ဝမ်က..."

"ကျန့်ဝမ်မိန်းမရေ!"

ပိုင်ဖုန်းရှန်းသည် သူမ၏ ရင်ဘတ်ကို ဖိကာ အမြန်ပင် ပြောလိုက်ရသည်။

"အဲ့ဒီ လူမိုက် ကျန်းရှင်းဖှနဲ့ ဘာလို့ အဖက်လုပ် စကားများနေတာလဲ? သူ့လိုလူစားမျိုးနဲ့ တန်းတူမထားပါနဲ့၊ အိမ်ကိုသာ အမြန်ပြန်တော့"

"ဟုတ်တယ်၊ ဟုတ်တယ်"

အဘွားကြီးဟွမ် မရှိခိုက်ဖြစ်သဖြင့် လူတိုင်း သူတို့မိသားစုအကြောင်းကို အတင်းပြောလိုက်ကြ၏။

"သူတို့မိသားစုက ဒီလိုပဲဟာကို၊ ဘာလို့ သူတို့နဲ့ အလကားနေရင်း စိတ်ဆိုးနေမှာလဲ? မတန်ပါဘူး"

"ရှောင်ကျန်းက အမြဲတမ်း ဒီလိုပဲ စိတ်မချရတဲ့လူပါ။ ဒါပေမဲ့ သူက အချစ်အကြောင်း ဘာသိမှာလဲ? သူကိုယ်တိုင်လည်း ကွာရှင်းထားတာပဲဥစ္စာ"

"ဟဲ့၊ ရှောင်ကျန်းရဲ့ မိန်းမက အခုတလော အရမ်းအလုပ်ရှုပ်နေတာ၊ မတွေ့ရတာတောင် ကြာပြီ။ သူက အလုပ်အကြောင်းပြ ထပ်ပြေးသွားပြန်ပြီလား မသိဘူးနော်။ သိတယ်မလား၊ မိန်းမတွေမှာ အလုပ်ရှိဖို့ လိုတယ်၊ အလုပ်အကိုင် အတည်တကျ ရှိဖို့လိုတယ်ဆိုပေမယ့် လူတိုင်းသာ သူ့လိုဆိုရင် မိသားစုကို ဘယ်လို စောင့်ရှောက်မလဲ? အဘွားကြီးဟွမ် စိတ်ပျက်နေတာလည်း မဆန်းပါဘူး။ ကြည့်စမ်းပါဦး၊ အမြဲတမ်း အလုပ်ရှုပ်နေပြီး အိမ်မှာလည်း မရှိဘူး။ ဘယ်သူကများ ယောက်ျားကို ပြုစုမှာလဲ? သူက အဝတ်လျှော်၊ ထမင်းဟင်းတောင် မချက်တတ်ဘူး၊ ဘယ်သူက ဒီလိုမိန်းမမျိုးကို အလိုရှိမှာလဲ? သူတို့ ကွာရှင်းတာကတော့ လုံးဝကို သဘာဝကျပါတယ်"

"ဒါပေမဲ့ သူက လစာရနေတာလေ"

"လစာရတော့ ဘာဖြစ်လဲ? တို့ဝင်းထဲမှာ လစာရတဲ့ မိန်းမတွေ တစ်ယောက်မက ရှိပါတယ်။ ဘယ်သူမှ သူ့လို အိမ်မှာ မရှိဘဲ နေတာမျိုး မဟုတ်ဘူး"

စကားဝိုင်းမှာ မိသားစုရေးရာများဆီသို့ လျင်မြန်စွာ လမ်းကြောင်းပြောင်းသွားတော့သည်။

ချန်ချင်းယွီခမျာ "ကျွန်မနဲ့ ကိုကိုကျန့်ဝမ်က..." ဟု ဆိုကာ စကားလမ်းကြောင်းကို ပြန်လှည့်ရန် ကြိုးစားသော်လည်း မည်သူမျှ သူမကို အခွင့်အရေး မပေးကြချေ။ လူတိုင်းမှာ သူမ၏ စကားများကို နားထောင်ရလွန်း၍ နားထဲ၌ ပိုးကောင်များ တွားသွားနေသကဲ့သို့ ခံစားနေကြရ၏။

သူတို့ ဆက်လက်၍ သည်းမခံနိုင်ကြတော့ပေ။

သူမသာ ဤစကားများကို ထပ်ကာထပ်ကာ ပြောနေမည်ဆိုပါက သူတို့အားလုံး အလွတ်ရကုန်ကြတော့မည်တည်း။

ဤကိစ္စမှာ တကယ့်ကို စိတ်ပျက်ဖွယ် ကောင်းလှသည်။ လူတိုင်း ချန်ချင်းယွီအား ဤစကားများ ဆက်မပြောစေရန် တားဆီးလိုကြသဖြင့် "ဒီနေ့ မှိုရှာတာ ဘယ်လိုလဲ?" ဟု အမြန်ပင် လှည့်မေးလိုက်ကြ၏။

ချန်ချင်းယွီ ခေါင်းခါယမ်းလျက်

"ဒီနေ့တော့ အခြေအနေ သိပ်မကောင်းဘူး။ အများကြီး မရတာနဲ့ အစောကြီး ပြန်လာခဲ့တာ။ ဝါးးးး... ရှင်တို့ ပြောကြစမ်းပါ၊ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ..." ဟု ဆိုကာ သူမ၏ စကားလမ်းကြောင်းအတိုင်း ပြန်ဆွဲခေါ်ရန် ကြိုးစားပြန်သည်။

ပိုင်ဖုန်းရှန်း လျင်မြန်စွာဖြင့် စကားစဖြတ်ပြန်၏။

"ညည်း အိမ်ပြန်ပြီး နားလိုက်ပါဦး။ လမ်းလျှောက်လာတာလည်း ကြာပြီ၊ ကလေးကိုလည်း ပွေ့လာရသေးတယ်။ ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ?"

"ဟုတ်တယ်၊ ဟုတ်တယ်!"

ချန်ချင်းယွီ; "ကျွန်မ မပင်ပန်းပါဘူး။ ကိုကိုကျန့်ဝမ်ကို သတိရလိုက်ရင် လမ်းဆက်လျှောက်နိုင်စွမ်းတွေ ရှိလာတာပဲ။ ပေကျင်းကနေ ထျန်းကျင်းအထိ လမ်းလျှောက်သွားရမယ်ဆိုရင်တောင် ကျွန်မ မောမှာ မဟုတ်ဘူး!"

လူတိုင်းမှာ ပါးစပ်များဟလျက် ဆွံ့အသွားကြရှာ၏။

ဘယ်လိုတောင် သောက်ကျိုးနည်း စကားတွေလဲ??

“ညည်းကိုယ်ညည်း အဲ့လောက် တွန်းအားမပေးပါနဲ့အေ ညည်းမှာ စောင့်ရှောက်ရမယ့် ကလေးနှစ်ယောက်နဲ့ အိမ်ပြန်နားပါတော့”

“ဟုတ်ပါတယ်အေ”

ချန်ချင်းယွီ: "ကျွန်မ တကယ်မပင်ပန်းပါဘူး၊ တကယ်ပြောတာပါ။ ရှောင်ကျားနဲ့ ရှောင်ယွမ်က ကိုကို ကျန့်ဝမ်နဲ့ကျွန်မရဲ့ ရင်သွေးလေးတွေပဲလေ၊ သူတို့ကို ခေါ်သွားရတာ ဘယ်လိုလုပ် ပင်ပန်းမှာလဲ? မဖြစ်နိုင်တာ! လုံးဝ မပင်ပန်းပါဘူး။ ကျွန်မနဲ့ ကိုကိုကျန့်ဝမ်အကြောင်းကို ရှင်တို့ကို ပြောပြပါဦးမယ်။ ကျန်းရှင်းဖှက ကျွန်မတို့ရဲ့ စစ်မှန်တဲ့အချစ်ကို နားမလည်လို့ အခုလို နာကျင်စရာ စကားတွေ ပြောတာလို့ ထင်ပါတယ်။ သူက အချစ်အကြောင်း နားမလည်လို့ ကျွန်မကို အထင်လွဲတာ ကိစ္စမရှိပေမဲ့ တခြားလူတွေကိုတော့ အထင်မလွဲစေချင်ဘူး။ ကျွန်မနဲ့ ကိုကိုကျန့်ဝမ်ရဲ့ အချစ်က ကမ္ဘာပျက်ရင်တောင် မပျက်စီးနိုင်တဲ့ ထာဝရအချစ်မျိုးပါ။ ကျွန်မတို့ရဲ့ အချစ်အကြောင်းကို လူတိုင်း လူတိုင်း သိထားသင့်တယ်..."

"ကျန့်ဝမ်မိန်းမရေ၊ ကျန့်ဝမ်မိန်းမ... ငါပြောတာ နားထောင်ပါဦး၊ အိမ်ပြန်ပြီး အနားယူလိုက်ပါတော့။ ညည်း မပင်ပန်းရင်တောင် ကလေးတွေ ပင်ပန်းနေမှာပေါ့။ ကလေးတွေအကြောင်းကိုလည်း ထည့်စဉ်းစားပေးမှဖြစ်မယ်။ ကလေးတွေအကြောင်းကို ထည့်တွက်ပေးမှသာ ညည်းတို့ရဲ့ အချစ်နဲ့ ထိုက်တန်မှာ မဟုတ်လား?"

ပိုင်ဖုန်းရှန်းမှာ အချစ်အကြောင်းများကို ဆက်လက်နားမထောင်လိုသဖြင့် ဖြောင့်ဖျပြောဆိုသော စကားများမှာ သူမ၏ သွားများကိုပင် ကျိန်းစေသော်လည်း သူမပြောလိုက်သည့် စကားမှာ အတော်အတန် ထိရောက်မှု ရှိသွားသည်။

ချန်ချင်းယွီ နှုတ်ခမ်းကို ကိုက်လိုက်ရင်း

"ဒါလည်း ဟုတ်တာပဲ..."

သူမ ရှက်ပြုံးလေး ပြုံးလိုက်ပြီး

"ဒါဆိုရင် ကျွန်မ အိမ်ပြန်လိုက်ပါဦးမယ်"

သူမသည် မိမိကိုယ်ကိုယ် အားပေးသည့်အနေဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး

"ကျွန်မ အစွမ်းကုန် ကြိုးစားရမယ်၊ အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်၊ ဒါမှ ကျန့်ဝမ်အပေါ် မျက်နှာပွင့်မှာ၊ ကိုကိုကျန့်ဝမ်ကလေ..."

"မြန်မြန်ပြန်တော့၊ မြန်မြန်ပြန်တော့!"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်"

ချန်ချင်းယွီသည် ရှက်ပြုံးလေး တစ်ချက် ထပ်မံပြုံးပြပြီးနောက် လှည့်ထွက်သွားလေသည်။

သူမ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်ရှိနေသူများမှာ သက်ပြင်းအရှည်ကြီး ချလိုက်ကြ၏။

တောက်... ဒီလိုလူမျိုးကို ဘယ်သူက သည်းခံနိုင်မှာလဲ?

"ကျန်းရှင်းဖှကလည်း ပါးစပ်က သိပ် စည်းမစောင့် ပြောတတ်တာပဲ၊ ဘာလို့ ဒါတွေကို သွားပြောရတာလဲ?"

"သူက မကောင်းကြံစည်ချင်နေတာလို့ ငါထင်တယ်၊ ငါ့ကိုလည်း အမြဲတမ်း မျက်လုံးကစားပြီး ကြည့်နေတာ၊ သူက မရိုးသားဘူး"

"သူ့ရဲ့ မရိုးသားမှုက ဘာထူးမှာလဲ?

အဘွားကြီးကျောက်က သူ့ချွေးမကို နောက်အိမ်ထောင်ပြုခွင့် ပေးမှာမဟုတ်ဘူး။ ဒါ့အပြင် ကျန်းရှင်းဖှက အပျိုစင်လေးကိုပဲ ရှာချင်နေတာ လူတိုင်းသိတာပဲ၊ သူက ယွမ်မိသားစုက ကောင်မလေးကို အမြဲတမ်း မျက်စိကျနေတာလေ"

"ဟူး... ယွမ်မိသားစုက ကောင်မလေးက အဲ့ဒီလောက် ချောနေမှတော့ ဝိုင်းပြီး သဘောကျကြမှာပေါ့။ ရှောင်ဝေကလည်း သူမကို မျက်စိကျနေတာ မဟုတ်လား?"

"ဟေး... နင်တို့ကလည်း..."

သူမသည် စကားကို ခေတ္တရပ်လိုက်သည်။ လင်စန်းရှင်း၏ မျက်နှာမှာ ပျက်ယွင်းသွား၏။

သူမသည် များသောအားဖြင့် စကားနည်းသူဖြစ်သော်လည်း ယနေ့ သူမ၏ ပေါက်ကွဲမှုမှာ တကယ့်ကို ထိတ်လန့်ဖွယ် ကောင်းလှသည်။ လူတို့သည် တစ်ပါးသူ၏ မကောင်းကြောင်းကို မျက်ကွယ်တွင်သာ ပြောသင့်ပြီး ရှေ့တင်တွင်မူ မပြောသင့်ကြောင်း နားလည်၍ စကားလွှဲလိုက်ကြ၏။

"အဲ့ဒီ လူမိုက် ကျန်းရှင်းဖှအကြောင်းကို မပြောကြစမ်းပါနဲ့။ သူက ပါးစပ်သရမ်းလွန်းလို့ တို့တွေမှာ ခံရတာ။ ဒါပေမဲ့ ကျန့်ဝမ်မိန်းမ ပါးစပ်ဟလိုက်တာနဲ့ ငါ့ဦးရေပြားတွေ တစိမ့်စိမ့်ဖြစ်ပြီး တစ်ကိုယ်လုံး ကြက်သီးတွေ ထကုန်တာပဲ။ တကယ့်ကို ဆိုးရွားလွန်းတယ်"

"နင်ကတော့ အဲ့ဒီ အချစ်အကြောင်းတွေကို တောင့်ခံနိုင်တာပဲ"

ရှီကျန့်ရှန်းပင်လျှင် ချန်ချင်းယွီ၏ မကျေနပ်မှုကို မြင်ရသဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း စကားမဆိုခဲ့ပေ။

တွေ့လိုက်ကြသလား?

သူမ တစ်ခွန်းမှ မဟရဲချေ။ အမှန်အတိုင်းပြောရလျှင် ချန်ချင်းယွီ သူမကို အချစ်အကြောင်းများ ထပ်မံပြောဆိုမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

‘သူမက လေလည်တာကိုတောင် အချစ်နဲ့ ဆက်စပ်ပြီး ပြောနိုင်တဲ့သူပဲ၊ တကယ့်ကို မယုံနိုင်စရာပဲ!’

"ကျန့်ဝမ်မိန်းမက ငုံးလေးတစ်ကောင်လို ရိုးသားအေးဆေးတဲ့သူပါ၊ ဒါပေမဲ့ လင်းကျန့်ဝမ်အကြောင်းကို ပြောလိုက်ရင်တော့ နည်းနည်း ရူးသွပ်သွားသလိုပဲ၊ သူမရဲ့ အချစ်ဇာတ်လမ်းကလည်း ဘယ်တော့မှ မဆုံးနိုင်ဘူး၊ သူမက..."

"နေဦး! ခဏလေး၊ ခဏလေး!"

ယခုတစ်ခေါက်တွင် အဘွားကြီးဝမ်က လေးလေးနက်နက် ပြောလိုက်၏။

"ညည်းတို့အားလုံးက သူမကို ကျန့်ဝမ်မိန်းမ၊ ကျန့်ဝမ်မိန်းမလို့ပဲ အမြဲ ခေါ်နေကြတာကိုး၊ သူမကို အမြဲ သတိပေးနေသလို ဖြစ်နေတော့ သူမကလည်း ဒါတွေကိုပဲ ထပ်ကာထပ်ကာ ပြောနေတော့တာပေါ့!"

"ဟင်?"

"ဒေါ်ကြီးဝမ်ပြောတာ မှန်တယ်"

"အေး... ညည်းပြောတာ မှန်တယ်၊ သိပ်မှန်တာပဲ"

အဘွားကြီးဝမ်မှာ ဂုဏ်ယူစွာဖြင့်

"စဉ်းစားကြည့်လေ၊ နင်တို့က သူမကို ကျန့်ဝမ်မိန်းမလို့ ခေါ်နေသရွေ့ သူမက လင်းကျန့်ဝမ်အမြဲ သတိရနေမှာပေါ့။ သူမကို ခေါ်တဲ့ပုံစံကို ပြောင်းလိုက်ကြစမ်းပါ၊ နေဦး... တို့တွေ သူမကို ဘယ်လို ခေါ်ကြရင် ကောင်းမလဲ!"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ခဏတာမျှ ကြောင်ကြည့်လိုက်ကြပြီး ကျန့်ဝမ်မိန်းမ၏ အမည်ရင်းမှာ မည်သို့ဖြစ်သည်ကို အမှန်တကယ်ပင် မသိရှိကြချေ။

အကြောင်းမှာ လူတိုင်းမှာ သူမကို ကျန့်ဝမ်မိန်းမဟုသာ အမြဲခေါ်ဆိုလေ့ ရှိပြီး သူတို့၏ ဝင်းကြီးအတွင်း၌ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအချို့မှလွဲ၍ ကျန်ရှိသူများမှာ "အဒေါ်"၊ "အစ်မ"၊ “မရီး” သို့မဟုတ် မည်သူမည်ဝါ၏ ဇနီးဟူ၍သာ အခေါ်ခံရလေ့ရှိကြရာ သူတို့၏ အမည်ရင်းများကို မည်သူမျှ သေသေချာချာ မသိကြပေ။

ရှေ့ဝင်းတွင် နေထိုင်သည့် သိပ်မထင်ရှားသော မိသားစုတစ်ခုရှိ အဘွားအို၏ အမည်မှာပင် ကျန်းဝမ်ရှီ ဟုသာ အခေါ်ခံရသည်။

အဘွားအို၏ အမည်ရင်းမှာ အဘယ်နည်း?

ထိုအဘွားအိုကိုယ်တိုင်ပင် မှတ်မိတော့မည် မဟုတ်ပေ။

"နေဦး... လင်းကျန့်ဝမ်မိန်းမရဲ့ နာမည်က ဘယ်သူတဲ့လဲ?"

ခေတ္တမျှ စဉ်းစားပြီးနောက် လင်စန်းရှင်းက တိုးတိုးလေး ပြောလိုက်သည်။

"သူ့မျိုးရိုးက ချန် လို့ ထင်တာပဲ၊ ဟုတ်တယ်... မျိုးရိုးက ချန်၊ နာမည်ကတော့..."

သူမ စဉ်းစား၍ မထွက်နိုင်ဖြစ်နေသည်။

ရှီကျန့်ရှန်းမှာ သူမ၏ ပြိုင်ဘက်ပီပီ အရင်ဆုံး မှတ်မိသွားသူ ဖြစ်၏။

"ချင်းယွီလေ၊ သူ့နာမည်က ချင်းယွီ၊ ချန်ချင်းယွီ လို့ ထင်တာပဲ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ သူ့နာမည်က ချန်ချင်းယွီပဲ။ အမှန်တော့ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ရုတ်တရက်ကြီး လာမေးတော့ မျက်စိလည်သွားတာ။ သိတဲ့အတိုင်းပဲလေ... ကျွန်မလည်း တကယ်ကြီးကို အိုလာပြီပဲ"

"ဟုတ်တယ်၊ သူ့နာမည်က ချန်ချင်းယွီပါ"

"အခုကစပြီး သူ့ကို ရှောင်ချန် ဒါမှမဟုတ် ချင်းယွီ လို့ပဲ ခေါ်ကြရအောင်။ ဘာပဲဖြစ်ဖြစ် သူ့ကို ကျန့်ဝမ်မိန်းမလို့ ထပ်မခေါ်ကြနဲ့တော့။ သူက အဲ့ဒီလိုခေါ်တိုင်း အချစ်အကြောင်းတွေ လျှောက်ပြောနေတာ ငါတော့ တကယ်ကို သည်းမခံနိုင်တော့ဘူး။ ကြည့်စမ်း... ငါ့လက်မောင်းမှာ ကြက်သီးတွေ ထနေတာ အခုထိ မကျသေးဘူး"

"ဒါဆို ရှောင်ချန် လို့ပဲ ခေါ်ကြတာပေါ့။ တို့ဝင်းထဲမှာ ချန်မျိုးရိုးဆိုလို့ သူတစ်ယောက်ပဲ ရှိတာဆိုတော့ ခေါ်ရတာလည်း လွယ်တာပေါ့"

"ကောင်းသားပဲ၊ အခုကစပြီး အဲ့ဒီအတိုင်းပဲ ခေါ်ကြစို့"

"အင်း... သူ့ကို ကျန့်ဝမ်မိန်းမလို့ ထပ်မခေါ်ပါနဲ့တော့။ လင်းကျန့်ဝမ်ကလည်း သေသွားပြီဆိုတော့ အဲ့ဒီနာမည်ကြီးကိုပဲ ထပ်ခါတလဲလဲ ခေါ်နေရတာ တကယ့်ကို ကျောချမ်းစရာကြီး"

"အေးပါ... ဟုတ်တယ်"

"သူ့ကို ခေါ်တဲ့ပုံစံကို ပြောင်းလိုက်ကြစို့"

အားလုံးမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားများပီပီ သဘောထားချင်း တိုက်ဆိုင်နေကြသည်။

“တို့တွေက ခေါ်ပုံပြောင်းလိုက်ပေမဲ့ တခြားလူတွေက မပြောင်းရင် သူက ကြားနေရဦးမှာပဲ…”

“ဒါဆိုလည်း သူ့ကို ရှောင်ချန် လို့ပဲ ခဏခဏ ခေါ်ပေးလိုက်ကြလေ။ ကြာရင် လူတိုင်းလည်း ကျင့်သားရသွားကြမှာပါ”

“ဒါ ကောင်းတဲ့ အကြံပဲ”

“အတည်ပေါ့!”

လူတိုင်းမှာ ချန်ချင်းယွီ၏ အပြုအမူများကို တကယ့်ကို စိတ်ကုန်နေကြပြီ ဖြစ်သည်။ ပုံမှန်နှလုံးသားရှိသူ မည်သူမဆို ဤသည်ကို ခံနိုင်ရည်ရှိရန် ခက်ခဲလှပေစွ! သူမက တစ်ချက်တစ်ချက်တွင် အချစ်အကြောင်းများကို အသေးစိတ် ဇာတ်နာအောင် ပြောပြနေတတ်ရာ လူတိုင်းမှာ အန်ချင်စိတ်ပင် ပေါက်လာကြရ၏။

ဒါက လုံးဝ လက်ခံနိုင်စရာ မရှိဘူး၊ လုံးဝကို လက်မခံနိုင်ဘူး!

ဘယ်လိုမှ မဖြစ်နိုင်ဘူး!

“အဒေါ်ကြီးရှီ၊ ဒီည ဘာဟင်းချက်မှာလဲဟင်? ကျွန်မဆီမှာ အချဉ်ဖတ်တွေ ရှိတယ်၊ ဟင်းထဲထည့်ဖို့ မုန်လာဥချဉ် တစ်လုံးလောက် ယူမလား?”

“ကျွန်မဆီမှာလည်း ဆောင်းတွင်းတုန်းက လုပ်ထားတဲ့ မုန်ညင်းချဉ်တွေ ရှိတယ်၊ အဒေါ်လည်း နည်းနည်းယူပါဦး”

“အဒေါ်ကြီးရှီ၊ တစ်ခုခု လိုအပ်တာရှိရင် ကျွန်မကိုသာ လှမ်းခေါ်လိုက်နော်…”

ရှီကျန့်ရှန်းသည် ဤစကားများကို ကြားရသောအခါ ပို၍ပင် ဘဝင်မြင့်သွားရှာ၏။

ကြည့်စမ်း... ကြည့်စမ်း... သူမရဲ့ လူချစ်လူခင် ပေါများပုံကို၊ ဝင်းတစ်ခုလုံးမှာ သူမက အကျော်ကြားဆုံးပဲ!

သူမသည် ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။ ဤနှစ်များအတွင်း သူမ၏ ကြိုးစားမှုများမှာ အလဟဿ မဖြစ်ခဲ့ဘဲ သူမ၏ ဂုဏ်သတင်းမှာ အဝေးသို့ ပျံ့နှံ့နေကာ လူချစ်လူခင် ပေါများမှုမှာလည်း အံ့မခန်းပင် ဖြစ်သည်ဟု သူမ ခံစားနေရ၏။

"ကောင်းပြီလေ၊ ဒါဆိုလည်း အိမ်မှာ နည်းနည်းလောက် စမ်းစားကြည့်တာပေါ့"

"ကျွန်မ သွားယူပေးပါ့မယ်"

"တကယ်လို့ ဧည့်သည်တွေ ဘာတွေ ဖိတ်ကျွေးဖို့ရှိလို့ အများကြီး လိုချင်ရင်လည်း ကျွန်မဆီက လာယူလို့ ရတယ်နော်။ တို့တွေက အိမ်နီးချင်းကောင်းတွေပဲဥစ္စာ၊ ဈေးကိုလည်း သင့်တင့်အောင် ပေးပါ့မယ်"

ရှီကျန့်ရှန်း: "???"

ဧည့်သည်ဖိတ်ကျွေးမယ်?

ဘာအကြောင်းကြောင့်နဲ့ သူမက အကြောင်းပြချက်မရှိဘဲ ဧည့်ခံပွဲ လုပ်ရမှာလဲ?

သို့သော် သူမက ဝတ်ကျေတန်းကျေပင် ပြန်လည်ပြောဆိုလိုက်သည်။

"ဒါကတော့ ကြည့်ရသေးတာပေါ့..."

အပြင်ဘက်တွင်မူ လူစည်ကားလှုပ်ရှားနေဆဲပင်။ ချန်ချင်းယွီသည် အိမ်ပြန်ရောက်သောအခါ တံခါးဝတွင် ဒိုးဆက်တမ်းကစားနေသည့် ကလေးနှစ်ယောက်ကို လှမ်းမခေါ်သေးဘဲ အခန်းထဲသို့ အရင်ဝင်ခဲ့သည်။ ယခင်က သူမ၏ ရတနာများကို လက်ကိုင်ပုဝါဖြင့် ထုပ်ကာ ဗီဒိုထဲရှိ အဝတ်အစားများကြားတွင် ဝှက်ထားခဲ့သော်လည်း ယခုမူ သေတ္တာလေးထဲသို့ အားလုံးပြောင်းထည့်လိုက်ပြီ ဖြစ်၏။

ထိုမျှမကသေးဘဲ သူမသည် သေတ္တာထဲသို့ ရွှေပြားတစ်ပြားကိုပါ ထပ်ထည့်လိုက်သေးသည်။ ၎င်းမှာ လေးထောင့်ကျကျနှင့် အရွယ်အစားမှာလည်း ကွက်တိကျနေ၏။ သေတ္တာအောက်ခြေ လျှို့ဝှက်အကန့်ထဲက ရွှေပြားကိုမူ ၎င်းနေရာတွင်ပင် ပြန်ထားလိုက်ပြီဖြစ်၍ ထုတ်မနေတော့ပေ။

ရွှေရောင်ဝင်းပနေသော ရွှေပြားပေါ်တွင် တင်ထားသည့် လက်ဝတ်ရတနာများမှာ ပို၍ပင် တောက်ပဝင်းလက်နေ၏။

သို့သော်လည်း ချန်ချင်းယွီသည် ပစ္စည်းအားလုံးကို တစ်နေရာတည်းတွင် စုပုံထားလိုစိတ် မရှိပေ။ ရွှေနှင့် ရတနာများကို သေတ္တာထဲထည့်သော်လည်း ငွေကြေးအချို့ကိုမူ ထုတ်ယူထားကာ အသစ်ဝယ်လာသော သော့ခလောက်ဖြင့် ခတ်လိုက်သည်။ ထို့နောက် ၎င်းကို ထုတ်တန်းပေါ်တွင် သွားဝှက်ထားလိုက်၏။ ပြောရလျှင် အဘိုးအဘွားတို့၏ သစ်သားသေတ္တာမှာ အရောင်မှိနိမှိန်နှင့် သိပ်မထင်ရှားလှသဖြင့် ထုတ်တန်းပေါ်တွင် ဝှက်ရန် အလွန်သင့်တော်လှပေသည်။

အလွယ်တကူ ပြန်ယူ၍မရနိုင်သော နေရာဖြစ်စေရန် သူမသည် အပေါ်သို့ တက်ကာ အကွယ်ဆုံး ထောင့်တစ်ခုထဲသို့ ထိုးထည့်လိုက်၍ သာမန်လူတစ်ယောက်အဖို့ ရှာတွေ့ရန် မလွယ်ကူတော့ချေ။ အားလုံးပြီးစီးသွားသောအခါ ချန်ချင်းယွီသည် အပေါ်မှ ပြန်ဆင်းလာရာ သူမ၏ ခေါင်းတွင် ပင့်ကူအိမ်များပင် ငြိကပ်နေလေ၏။

အပေါ်ဘက်တွင် ပစ္စည်းများ ဝှက်ပြီးနောက် နံရံထောင့်ရှိ အုတ်ချပ်များကို သူမ ထပ်မံခွါလိုက်သည်။ သူမလက်ထဲတွင် ယွမ်ထောင်ချီ ကျန်ရှိနေသေးသဖြင့် ယခုချက်ချင်း အသုံးမလိုသေးရာ ယွမ်ငါးထောင်ကို အလောတကြီး သုံးရန်မလိုသေးပေ။ သူမသည် ဘီစကစ်မုန့်များကို ထုတ်ယူလိုက်ပြီး လက်ကိုင်ပုဝါဖြင့် ထုပ်ထားသော ငွေများကို သေတ္တာထဲ ထည့်လိုက်၏။ ထို့နောက် မြေကြီးကို အနည်းငယ် ထပ်တူးကာ သေတ္တာကို ဝှက်လိုက်ပြီးမှ အုတ်ချပ်များကို ပြန်ဖိကာ ဘိလပ်မြေဖြင့် ပိတ်လိုက်တော့သည်။

အတွင်းခန်းနှင့် အပြင်ခန်းကြား နံရံအနီးရှိ ထိုထောင့်နေရာမှာ ဘိလပ်မြေအသစ်ကို မြင်ရသော်လည်း သတိမထားမိလျှင် မသိနိုင်ချေ။ ချန်ချင်းယွီသည် နဖူးမှ ချွေးများကို သုတ်လိုက်ရင်း

"တွေ့လား? ပိုက်ဆံဝှက်ရတာ လွယ်တာမှတ်လို့"

ဟိုနေရာဝှက်၊ ဒီနေရာဝှက်နှင့် သူတို့၏ သာမန်အိမ်လေးထဲမှာ ဤမျှများပြားသော ငွေကြေးများ ရှိနေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

ငါတို့က တကယ်ပဲ ချမ်းသာကြတာပဲ..ဟိဟိ!!

ငွေအကြောင်း တွေးမိသည်နှင့် သူမ၏ အတိတ်ဘဝကို သတိရသွားပြန်သည်။

သူမသည် လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ခြင်းဖြစ်သော်လည်း သူမတွင် ငွေကြေးချမ်းသာမှု ရှိခဲ့၏။

သူဌေးကြီးတစ်ဦးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ဆုကြေးငွေအမျိုးမျိုးနှင့် မိဘမဲ့ဂေဟာအတွက် ရန်ပုံငွေရှာသည့် ပွဲများမှတစ်ဆင့် သူမ၏ ဘဏ်စာရင်းထဲတွင် ဂဏန်းရှစ်လုံးနီးပါး ရှိခဲ့ဖူးသည်။

ထို့နောက် တစ်နေ့တွင် သူမသည် အခြားကမ္ဘာသို့ ကူးပြောင်းလာခဲ့ပြီး... အရာအားလုံး ပျောက်ဆုံးသွားခဲ့ရ၏။

ကံကောင်းသည်မှာ သူမတွင် သေတမ်းစာ ရှိနေခြင်းပင်။ အကယ်၍ မတော်တဆမှုတစ်ခုခု ဖြစ်ပွားခဲ့ပါက ထိုငွေများကို မိဘမဲ့ဂေဟာသို့ လွှဲပြောင်းပေးရန် စီစဉ်ထားခဲ့သည်။ အာမခံကြေးနှင့်ပေါင်းလျှင် စုစုပေါင်း ဂဏန်းရှစ်လုံးမှာ သေချာပေါက်ရမည်ပင်။ သူမ၏ သေတမ်းစာမှာ အလွန်ပင် ရှင်းလင်းတိကျလှပြီး ထိုရန်ပုံငွေများကို သတ်မှတ်ထားသော ရည်ရွယ်ချက်များအတွက်သာ အသုံးပြုရန်နှင့် မိဘမဲ့ဂေဟာ၏ အကျိုးစီးပွားကို ကာကွယ်ရန် အသေးစိတ် ရေးသားထားခဲ့၏။

ထိုအကြောင်း တွေးမိတော့မှ သူမ စိတ်အေးသွားရသည်။

ဂေဟာမှူးမှာ အလွန်ကောင်းမွန်သော လူတစ်ဦးဖြစ်သဖြင့် ဤငွေများမှာ ကလေးများအတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။ သူမသည် မိမိကိုယ်ကိုယ် အတ္တကြီးသူဟု ယူဆသော်လည်း ဂေဟာမှူးကဲ့သို့ ကိုယ်ကျိုးမဖက်သူများကိုမူ ယုံကြည်၏။ သူမ မရှိတော့သည့်နောက် ထိုငွေများကို ဂေဟာမှူးလက်ထဲသို့ အပ်နှံမည်ဖြစ်ရာ မိဘမဲ့ဂေဟာ၏ နှစ်ရှည်လများ ငွေကြေးအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်၍ သူမ တကယ်ပင် ဝမ်းသာမိလေသည်။

ချန်ချင်းယွီသည် ထိုအကြောင်းကို စဉ်းစားရင်း ပျော်ရွှင်နေမိ၏။

အနည်းဆုံးတော့ သူမ၏ ငွေများကို မသမာသူများက အမွေဆက်ခံခွင့် ရတော့မည် မဟုတ်ပေ!!

"မေမေ၊ ဘာလုပ်နေတာလဲဟင်?"

ရှောင်ကျားသည် သူမအမေ မြေပြင်ပေါ်တွင် ဝပ်လျက် တစ်ကိုယ်လုံး ပေပွနေသည်ကို တွေ့ရှိသွားသည်။

ကလေးငယ်မှာ အလွန်ပင် နားမလည်နိုင် ဖြစ်နေရှာ၏။

ချန်ချင်းယွီ; "ဘာမှမဟုတ်ပါဘူး၊ မေမေ သမီးတို့ကို အပြင်မှာ ရေချိုးပေးမလို့လေ၊ ဟုတ်ပြီလား?"

"အပြင်မှာ သွားချိုးမှာလားဟင်?"

ချန်ချင်းယွီ ခေါင်းညိတ်ပြလျက်

"ဟုတ်တယ်၊ သွားမှာလား မသွားဘူးလား?"

"သွားမယ်။"

ချန်ချင်းယွီသည် ရှောင်ကျားကို အထက်အောက် ပြန်လည်ကြည့်ရှုမိသည်။

သုံးနှစ်သားကလေးဆိုတော့ သူမနှင့်အတူ ခေါ်သွား၍ ရလောက်မလား? ရလောက်မှာပါလေ!

ချန်ချင်းယွီသည် အံဆွဲကို မွှေနှောက်ရှာဖွေရာ ရေချိုးခန်းလက်မှတ်တစ်ခုကို တွေ့ရှိသွားသည်။ လစဉ် ရေချိုးခန်းလက်မှတ် တစ်စောင်စီ ရသော်လည်း လူအများစုမှာ လစဉ် ရေချိုးခန်းသို့ မသွားကြပေ။ ရေချိုးခန်းလက်မှတ် ရှိလျှင်ပင် ငွေထပ်ပေးရသေးသဖြင့် လူတိုင်းက အိမ်မှာပင် ရေချိုးရန် ပိုနှစ်သက်ကြ၏။

ချန်ချင်းယွီသည် လက်မှတ်နှင့် ရေသုတ်ပုဝါကို ယူကာ တံခါးကို သော့ခတ်၍ ကလေးနှစ်ဦးကို ခေါ်ဆောင်ကာ ထွက်လာခဲ့သည်။

"အရင်က ဖေဖေက သားကို ခေါ်သွားတာ။"

ကလေးလေးမှာ ဖခင်ဖြစ်သူကို လွမ်းဆွတ်နေရှာသည်။

ချန်ချင်းယွီ; "ဖေဖေ မရှိတော့ပေမဲ့ သားတို့မှာ မေမေ ရှိသေးတယ်လေ။ အခုတော့ သားက ငယ်သေးလို့၊ နည်းနည်းကြီးလာရင်တော့ မေမေ ခေါ်သွားလို့ မရတော့ဘူး။ အဲ့ဒီကျရင်တော့ သားဘာသာ သွားရမှာပေါ့"

ရှောင်ကျားမှာ မယုံနိုင်သကဲ့သို့ မျက်လုံးလေးများ ဝိုင်းသွားသည်။

ချန်ချင်းယွီ: "တကယ်ပြောတာ၊ သား လုပ်ရဲရဲ့လား?"

"လုပ်ရဲတာပေါ့!"

ရှောင်ကျား လျင်မြန်စွာ ပြန်ဖြေလိုက်၏။

သူသည် ရင်ကိုကော့ကာ မိမိကိုယ်ကိုယ် အားပေးသည့်အနေဖြင့်

အော်ပြောလိုက်လေသည်။

"သား လုပ်နိုင်ပါတယ်! သား က ယောက်ျားလေးပဲဟာကို!"

ချန်ချင်းယွီက ရယ်မောလျက်

"အို... လူကြီးလေးပဲ! သား ကြီးလာရင် ညီမလေးကို စောင့်ရှောက်ရမယ်နော်"

ရှောင်ကျား: "သား ညီမလေးကို စောင့်ရှောက်ပါ့မယ်"

ရှောင်ယွမ်မှာလည်း သွားလေးများ ပေါ်အောင်ပြုံးလျက် တိုးတိုးလေးပြောရှာ၏။

"ရှောင်ယွမ်လည်း ကိုကို့ကို ပြန်စောင့်ရှောက်မှာပေါ့"

ချန်ချင်းယွီက ခေါင်းညိတ်ကာ

"ဟုတ်တယ်၊ မိန်းကလေးတွေကလည်း အားနွဲ့နေလို့ မဖြစ်ဘူး၊ သန်မာရမယ်။ တို့တွေက သူများကို အနိုင်မကျင့်ဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က လာအနိုင်ကျင့်ရင်တော့ ပြန်ချပစ်လိုက်! မှတ်ထားနော်၊ ဘာပဲဖြစ်ဖြစ် သမီးတို့ဘက်မှာ အဘွားနဲ့ မေမေ အမြဲရှိတယ်။ ကျန်တာကို တို့တွေဆီ လွှဲထားလိုက်"

ငါ့ကလေးတွေကို အကြောင်းမရှိဘဲ လာအနိုင်ကျင့်တဲ့သူကိုတော့ အသေသတ်ပစ်မယ်!

ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ သေသေချာချာ နားမလည်ကြသော်လည်း ရိပ်မိပုံရ၏။ ကလေးနှစ်ဦးစလုံးမှာ လေးလေးနက်နက် ခေါင်းညိတ်ပြကြသည်။

ချန်ချင်းယွီသည် ကလေးများကို ရေချိုးခန်းသို့ ခေါ်လာခဲ့၏။

အို... ရုံးဖွင့်ရက် နေ့လယ်ခင်းဆိုတော့ တကယ့်ကို တိတ်ဆိတ်နေတာပဲ!

"တို့တွေ တကယ့်ကို ကံကောင်းတာပဲ၊ တစ်ဝင်းလုံးမှာ တို့တွေပဲ ရှိတယ်!"

ချန်ချင်းယွီ အံ့သြတကြီး ရေရွတ်ပြောလိုက်လေသည်။

"ဝါးးး~"

မိုက်ချက်ပဲ!

All Chapters