အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
၂၇။ သူ့ကိုရိုက်စမ်း!
ချန်ချင်းယွီသည် သူမ၏ အမြွှာကလေးများဖြစ်သော ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို လက်ဆွဲကာ အိမ်သို့ ပြန်လာခဲ့သည်။
ထိုစဉ် မထင်မှတ်ဘဲ ကျန်းရှင်းဖှနှင့် ထပ်မံ၍ တိုးမိပြန်သည်။
ချန်ချင်းယွီ စိတ်ထဲမှကျိန်ဆဲလိုက်မိ၏။
"သောက်ကျိုးနည်းပဲ... ဘာလို့ ဒီကောင်စုတ်နဲ့ပဲ ခဏခဏ လာတိုးနေရတာလဲ”
ကျန်းရှင်းဖှမှာ ယခင်က အရိုက်ခံထားရသည့် ဒဏ်ရာများကြောင့် မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမည်းနေဆဲ ဖြစ်သော်လည်း သူ၏ ယုတ်မာရိုင်းစိုင်းသော အကျင့်မှာမူ ပျောက်မသွားပေ။ သူက ချန်ချင်းယွီကို ကြည့်ကာ ရွံရှာဖွယ်ကောင်းသော အပြုံးမျိုးဖြင့် ပြုံးပြနေသည်။ ထို့နောက် ယခင်ကအတိုင်း ချန်ချင်းယွီရှိရာဘက်သို့ တမင်တကာ ဦးတည်လျှောက်လှမ်းလာခဲ့ပြီး သူသည် သူမကို လက်နှင့်ထိရန် မဝံ့ရဲသော်လည်း "မတော်တဆ" ဆိုသည့် ပုံစံမျိုးဖြင့် ကိုယ်ချင်းပွတ်တိုက်ကာ ရန်စတတ်သည်မှာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှ၏။
ယခု လင်းကျန့်ဝမ်လည်း အနားမှာ မရှိသဖြင့် သူသည် ပို၍ပင် ရဲတင်းလာပုံရသည်။
ချန်ချင်းယွီသည် ယနေ့သာ ဤလူကို လက်လှန်အောင် မဆုံးမလိုက်ရလျှင် ညအိပ်ပျော်တော့မည် မဟုတ်ဟု ခံစားနေရ၏။
သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူနှင့် အနီးကပ်မခံဘဲ အသာအယာ ရှောင်တိမ်းလိုက်ပြီး ကလေးများကို ခေါ်ကာ ခြံဝင်းထဲသို့ အမြန်ဝင်ခဲ့သည်။ ကျန်းရှင်းဖှမှာမူ ထွက်ပြေးသွားသော ယုန်သူငယ်မလေးကို ကြည့်ကာ သဘောကျနေသကဲ့သို့ တဟားဟားနှင့် ရယ်မောကျန်ရစ်လေ၏။ ချင်းချင်းယွီလည်း အိမ်ထဲသို့ အမြန်ဝင်လာခဲ့သည်။
"ဘာဖြစ်လာတာလဲ... နင့်နောက်ကို ခွေးလိုက်လာလို့လား"
အိမ်သို့ ကြိုတင်ရောက်နှင့်နေသော အဘွားကြီးကျောက်မှာ မကျေမနပ်ဖြင့် ရန်တွေ့ပြောဆိုလိုက်၏။
"ငါက အလုပ်ကပြန်လာတာ၊ နင်က အိမ်မှာ ထမင်းမချက်ဘဲ ဘာလုပ်နေတာလဲ။ အိမ်ပြန်လာတာ မီးဖိုကလည်း အေးစက်၊ အိုးထဲမှာလည်း ဘာမှမရှိဘူး။ နင်ကတော့ လွန်နေပြီ! ဘယ်လိုမျိုး ချွေးမလဲ မသိဘူး..."
ချန်ချင်းယွီ: "ပါးစပ်ပိတ်ထားစမ်း"
သူမသည် ကလေးများကို အထဲခန်းသို့ ခေါ်သွားပြီး မှာကြားလိုက်သည်။
"သားတို့သမီးတို့ဘာသာ ဆော့နေကြနော်"
ချန်ချင်းယွီ၏ မျက်နှာမှာ အလွန်ပင် တင်းမာနေပြီး လက်သီးကို တင်းတင်းဆုပ်ကာ မျက်ဝန်းများမှာလည်း အေးစက်ခက်ထန်နေသည်။ အဘွားကြီးကျောက်သည် အခန်းထဲတွင် ရုတ်တရက် အေးစိမ့်သွားသလို ခံစားလိုက်ရသဖြင့် ကြောက်စိတ်ဝင်သွားကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ရင်း တုန်တုန်ရင်ရင် ဆိုလိုက်၏။
"အဲ... အဲဒါက ငါက တမင်ပြောတာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။ အေးလေ... ငါ တမင်ပြောတာ မဟုတ်ဘူးနော်။ နင် အဲဒါကို အကြောင်းပြပြီး ငါ့ကို ရန်မမူနဲ့ဦး။ အေးပါ... အေးပါ..."
ချန်ချင်းယွီ : "ပြောစရာမရှိရင် ပါးစပ်ပိတ်ထားပါ။ ကျွန်မရဲ့ စိတ်အခြေအနေကို လာလာပြီး မစမ်းပါနဲ့"
အဘွားကြီးကျောက်မှာ စိတ်ထဲတွင်မူ
‘ဒါ ဘယ်လိုမျိုး ချွေးမလဲ။ ငါတော့ တကယ့်ကို ကံဆိုးတာပဲ’
တကယ်ကို ကံဆိုးလွန်းလှတာပဲ!!
သူမသားကတော့ မျက်စိကန်းနေတာပဲ ဖြစ်ရမယ်!!
တကယ်ကို ကန်းနေတာ!
သို့သော် ချန်ချင်းယွီ တကယ်ပင် ဒေါသထွက်နေသည်ကို မြင်သောအခါ အဘွားကြီးကျောက်မှာ လေသံလျှော့၍ အနားကပ်မေးလိုက်သည်။
"ဟို... နင် အဆင်ပြေရဲ့လား။ ဒါနဲ့ ခုနက ဘာလို့ အဲဒီလောက် အလောတကြီး ပြေးဝင်လာရတာလဲ"
ချန်ချင်းယွီ မဲ့ပြုံးပြုံးကာ ဖြေလိုက်၏။
"ကျန်းရှင်းဖှ ကျွန်မနောက်ကို လိုက်လာလို့"
အဘွားကြီးကျောက်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ ဆဲရေးတိုင်းထွာရန် ပြင်လိုက်စဉ်မှာပင် ချန်ချင်းယွီက လက်သီးကို တဖြောင်းဖြောင်းမြည်အောင် ဆုပ်လိုက်ရင်း ကြိမ်းဝါးလေသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က သူ့ကို အရိုက်နည်းသွားတယ် ထင်တယ်"
အဘွားကြီးကျောက်သည် ပြောမည့်စကားများ လည်ချောင်းဝမှာတင် တစ်သွားပြီးမှ အမြန်ပြန်မေးလိုက်သည်။
"ဘာကို ဆိုလိုတာလဲ။ နင်က သူ့ကို သွားရိုက်မလို့လား။ သူက ယောက်ျားကြီးဟာကို။ နင်က သူ့ကို နိုင်ပါ့မလား။ ဒါမှမဟုတ် ငါပဲ သွားပြီး ဆဲပေးရမလား။ သောက်ကျိုးနည်း... သူက ငါ့မိသားစုကိုတောင် လာအနိုင်ကျင့်ရဲတယ်ပေါ့၊ ငါ ကျောက်တာ့ရာကို အပျော့ဆွဲလို့ ထင်နေတာလား။ ငါ..."
"မလိုဘူး"
ချန်ချင်းယွီ ပြတ်ပြတ်သားသား တားလိုက်၏။
ထို့နောက် သူမ အေးစက်နေသော လေသံဖြင့်
"သူ့ကို ကျွန်မကိုယ်တိုင် ရိုက်လိုက်ရမှ စိတ်ထဲ ကျေနပ်မှာမို့လို့"
အဘွားကြီးကျောက် : "ဟမ်??”
အဘွားကြီးကျောက်သည် ချန်ချင်းယွီကို သေချာကြည့်ရှုရာ သူမသည် နောက်ပြောင်နေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် အတည်ပေါက် ပြောဆိုနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
သောက်ကျိုးနည်း!! တကယ်ကြီးလား!
"ဒါနဲ့... နင် သူ့ကို တကယ်နိုင်ပါ့မလား"
ချန်ချင်းယွီ ရုတ်တရက် ထူးဆန်းစွာ ရယ်မောလိုက်ပြီး
"ရိုက်နိုင်လား ဟုတ်လား။ သူများကိုရိုက်တာဆို ကျွန်မက ဒီကမ္ဘာမှာ အတော်ဆုံးပဲ!"
သူမက အဘွားအိုကို စိုက်ကြည့်ရင်း
"ကျွန်မ ဘယ်လောက် အရည်အချင်းရှိလဲဆိုတာ အမေ သိပါတယ် မဟုတ်လား"
အဘွားကြီးကျောက်မှာ "အင်း... အင်း..." ဟုသာ ရေရွတ်နိုင်ရှာ၏။
အေးပါလေ၊ နင်က အတော်ဆုံးပေါ့။
ကောင်းပါပြီ၊ ကောင်းပါပြီ၊ နင်က အတော်ဆုံးပဲ။
နင်က ကမ္ဘာပေါ်မှာ လက်သီးအသန်ဆုံး လူသန်ကြီးပါပဲ၊ ဟုတ်ပြီလား။
တကယ့်ကို လေကြီးတဲ့ မိန်းမ!
ချန်ချင်းယွီ : "ကဲ... ထမင်းစားကြစို့။ မှောင်လို့ သူတစ်ယောက်တည်း ရှိနေတဲ့အချိန်ကျရင် ပန်းတွေ ဘာလို့ ဒီလောက်တောင် နီရဲနေရတာလဲဆိုတာကို(သွေးထွက်အောင်ရိုက်တာကို ဆိုလိုတာပါ) သူ့ကို ကောင်းကောင်းကြီး နားလည်အောင် သင်ပေးလိုက်မယ်"
ချန်ချင်းယွီ၏ မျက်ဝန်းများမှာ ပို၍ အေးစက်လာရာ အဘွားကြီးကျောက်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ တွန့်ဆုတ်သွားမိသည်။
ဒီကိစ္စက ဘယ်လိုပြောရမလဲ။
‘ရှီကျန့်ရှန်းကတော့ မှိုအဆိပ်မိလို့ မြွေဘဝကနေ တောခွေးဘဝ ပြောင်းသွားတာ၊ နင်ကတော့ ဘာမှစားစရာ မလိုဘူး။ တစ်စက္ကန့်အတွင်းမှာတင် လူသတ်ပွဲဆင်နွှဲတော့မယ့်အတိုင်း အသွင်ပြောင်းနေတာပဲ။’
မည်သို့ပင်ဖြစ်စေ၊ အဘွားကြီးကျောက်မှာ ဤချွေးမဖြစ်သူသည် အလွန်အမင်း ဟန်ဆောင်ကောင်းလွန်းလှသဖြင့် စိတ်ဝေဒနာ တစ်ခုခု ပြင်းပြင်းထန်ထန် ခံစားနေရသည်ဟုပင် ထင်မိသည်။
သို့သော်လည်း သူမသည် ချန်ချင်းယွီကို မဆွရဲပေ။ သူမ၏ အရိုက်အနှက်များမှာ တကယ်ပင် နာကျင်လှပြီး တကယ်လည်း လက်ရဲဇက်ရဲ ရှိလှသည်။
ဤကဲ့သို့ အရူးမမျိုးထက် ပြင်ပလူများကို ရင်ဆိုင်ဖြေရှင်းသည်ကမှ ပိုကောင်းပါသေးသည်။
အဘွားကြီးကျောက်သည် သူမ၏ ချွေးမ မည်မျှအထိ ရူးသွပ်နိုင်သည်ကို ဆက်လက် နားလည်လိုစိတ် မရှိတော့ပေ။
"ငါ မီးမွှေးလိုက်မယ်"
ချန်ချင်းယွီ; "ကောင်းပြီလေ၊ မုန်လာထုပ်ကို ရှာလကာရည်လေးနဲ့ ကြော်လိုက်၊ ရှာလကာရည်နဲ့ ဆီပြန်ချက်ထားတဲ့ မုန်လာထုပ်က ပိုပြီး စားလို့ကောင်းတယ်"
မဟုတ်လျှင် မုန်လာထုပ်မှာ ပေါ့ပျက်ပျက်နှင့် အရသာရှိမည် မဟုတ်ပေ။
အဘွားကြီးကျောက်၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ကစားနေပြီး အကြံပြုပြောဆိုလိုက်၏။
"ငါတို့ စည်သွပ်ဘူး ဖွင့်စားကြမလား။ မိသားစုလိုက် စားဖို့ထားတဲ့ ဘူးလေ။ အဲဒါလေး ဖွင့်စားလိုက်ရအောင်။ ဟင်းလည်း တစ်မယ်တိုးတာပေါ့၊ နောက်ပြီး နင် ရန်သွားသတ်မယ့်ကိစ္စအတွက် အောင်ပွဲခံတဲ့ အနေနဲ့လည်း ဖြစ်တာပေါ့"
ချန်ချင်းယွီ သဘောတူလိုက်လေသည်။
အဘွားကြီးကျောက်မှာ ပြောစရာ စကားပင် ပျောက်ရှသွားရ၏။
သူမသည် ရုတ်တရက်ကြီး လိုက်လျောညီထွေ ရှိနေပါလား!
ဒါက ရှားရှားပါးပါးပဲ!
‘ရန်သတ်ရတော့မယ် ဆိုရင် လူတွေက ပိုပြီး သဘောကောင်းလာတတ်ကြသလား။ ထားပါတော့လေ၊ ချကြတာပေါ့။ အရိုက်ခံရတာ ငါမဟုတ်သရွေ့ ဘယ်သူ အရိုက်ခံရရ ဂရုမစိုက်ပါဘူး။’
‘ဟို ကျန်းရှင်းဖှဆိုတဲ့ ကောင်စုတ်ကတော့ သေအောင် အထုခံရဖို့ ထိုက်တန်ပါတယ်။ ငါ့သား လင်ကျန့်ဝမ် မရှိဘူးဆိုပြီး ငါ့ ချွေးမကိုတောင် လာအနိုင်ကျင့်ရဲတယ်ပေါ့!’
‘ကျောက်တာ့ရာဆိုတာ အလွယ်တကူ ကစားလို့ရတဲ့သူ မဟုတ်ဘူးဆိုတာ သူ တကယ် မသိသေးဘူးပဲ။’
‘သောက်ကျိုးနည်း... ငါသာ ထမင်းစားဆောင်ရဲ့ အရေးပါတဲ့ အသိုင်းအဝိုင်းထဲ ရောက်သွားရင်တော့ စောင့်ကြည့်နေလိုက်။’
‘ငါ ထမင်းဝေတဲ့ တာဝန်ကို ယူရတဲ့နေ့ကျရင်တော့ ကျန်းမိသားစုကတော့ သွားပြီပဲ။’
‘နင်တို့ပန်းကန်ထဲထည့်ပေးမယ့် ဟင်းခတ်ဇွန်းကို မွှေ့ယမ်းခါပစ်မယ်’
[ဆိုလိုတာက ဟင်းခတ်ပေးတဲ့သူတွေက ပညာသားပါပါနဲ့ ဟင်းခက်ဇွန်းတွေကို လှုပ်ယမ်းခါပြီး ဇွန်းအပြည့်ထည့်ပေးသလိုနဲ့ အမှန်က ကျသွားအောင်ခါပြီး တစ်ဝက်လောက်ထည့်တာမျိုးကိုပြောတာပါ]
ဟွန့်!
အဘွားကြီးကျောက်သည် ချင်းချင်းယွီအတွက် အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်မိသော်လည်း သူမ၏ ယုံကြည်မှုကို မြင်ရသောအခါ သူမတွင် အရည်အချင်းရှိရမည်ဟု တွေးမိသဖြင့် ထွေထွေထူးထူး မပြောတော့ပေ။ သို့သော် မကြာမီမှာပင် အဘွားကြီးကျောက်သည် တစ်စုံတစ်ခုကို သတိရသွားပြီး လေသံလေးလျှော့ကာ တောင်းပန်လိုက်သည်။
"တစ်ခုတော့ ရှိတယ်နော်၊ ငါ့အဝတ်အစားတွေကိုတော့ မဝတ်ပါနဲ့လား"
မဟုတ်လျှင် သူမမှာ တစ်ဖန် အပြစ်တင်ခံရပြန်ပေဦးမည်။
အပြစ်တင်ခံရသည်မှာ ပြဿနာမဟုတ်သော်လည်း ဤလူရိုက်ရသည်ကို ဝါသနာပါသော အရူးမသည် သူမကိုသာ အမြဲတမ်း အပြစ်ပုံချနေမည်ဆိုလျှင် အနှေးနှင့်အမြန် ကြီးကြီးမားမား ပြဿနာတက်လာမည်ကို သူမ စိုးရိမ်နေမိ၏။
အဘွားကြီစကျောက်သည် ပို၍ပင် ဖားယားယောင်ဆောင်ကာ အလျင်အမြန် ပြောလိုက်ပြန်သည်။
"ချွေးမရယ်... ငါ့ကိုလည်း ကြည့်ပါဦး၊ ငါက အသက်ကြီးလှပြီ။ ငါက အပြစ်ကင်းတဲ့သူပါ၊ ဒီလို နာမည်ဆိုးကြီး ငါ့ခေါင်းပေါ် ရောက်လာရင် မကောင်းဘူး မဟုတ်လား"
ချန်ချင်းယွီ၏ လေသံမှာ အလွန်တိုးညှင်းသော်လည်း လှောင်ပြောင်ရိပ်များ ပါဝင်နေကာ
"အမေ့ရဲ့ နာမည်က အစကတည်းက သိပ်ကောင်းနေတာမျိုး မဟုတ်ပါဘူး"
သူမ ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်ရင်း
"ရှင်က အပြစ်တင်ခံရတာတောင် မလုပ်နိုင်ဘူးဆိုရင် တခြားဘာများ လုပ်နိုင်ဦးမှာလဲ"
ချန်ချင်းယွီ၏ မျက်ဝန်းများမှာ ထူးထူးခြားခြား မှောင်မှောင်မှိုင်းမှိုင်း ဖြစ်နေသဖြင့် အဘွားကြီးကျောက်မှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။
"ငါ... ငါက ဂရုမစိုက်ပါဘူး၊ အပြစ်တင်ခံရတာကိုလည်း ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ငါက ကြောက်လို့ပါ၊ ဒီလို ခဏခဏ ဖြစ်နေရင် ငါတို့ မိသားစုကို ထိခိုက်မှာ စိုးလို့ပါ၊ နင်လည်း မြင်တဲ့အတိုင်း..."
သူမသည် မည်သို့ ပို၍ ရှင်းပြရမည်ကို တကယ်ပင် မသိတော့ပေ။
သူမ၏ ဝေခွဲမရဖြစ်နေသော မျက်နှာပေးကို မြင်သောအခါ ချင်းချင်းယွီက တဟားဟား ရယ်မောကာ
"ရပါပြီ... အမေ ဆင်ခြေတွေ ပေးမနေပါနဲ့တော့။ အမေ့ကို အပြစ်လွှဲချမယ်လို့ ကျွန်မ မပြောပါဘူး။ သူက လူအများကြီးကို ရန်စထားတဲ့သူပဲ။ အရိုက်ခံရရင်လည်း ဘာဖြစ်လဲ! ဘယ်သူက ကျွန်မတို့လက်ချက်လို့ ပြောနိုင်မှာလဲ။ အပြင်လူတစ်ယောက်ယောက်လည်း ဖြစ်နိုင်တာပဲလေ! သူကိုယ်တိုင်ကမှ အရှက်မရှိတာ၊ ဘယ်သူ့ကို သွားအပြစ်တင်မှာလဲ"
အဘွားကြီးကျောက်မှာလည်း
"အေးပါ... အေးပါ... ဟုတ်ပါရဲ့... ဟုတ်ပါရဲ့"
ချန်ချင်းယွီ ဆက်၍
"ညကျရင် သူထွက်သွားတာနဲ့ ကျွန်မ အပြင်ထွက်ပြီး ဂုန်နီအိတ်နဲ့ စွပ်လိုက်မယ်။ ကျွန်မ ထွက်သွားတာနဲ့ အမေက ကျွန်မကို စပြီး ဆဲတော့"
အဘွားကြီးကျောက်မှာ ဆွံ့အသွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေရှာ၏။
ထို့နောက် သူမသည် ချန်ချင်းယွီကို ခိုးကြောင်ခိုးဝှက် အကဲခတ်ကာ
"အဲဒါ... အဲဒါက အဆင်ပြေပါ့မလား။ ဘာလို့... ဘာလို့ ငါက နင့်ကို ဆဲရမှာလဲ"
တကယ်တမ်း သူမသည် ဆဲချင်နေသည်မှာ ကြာပြီဖြစ်ပြီး၊ အထူးသဖြင့် ဗြောင်ကျကျနှင့် အားရပါးရ ဆဲချင်နေခြင်း ဖြစ်သည်။
စိတ်မမှန်တဲ့ မိန်းမ!
အရူးမ!
မျက်နှာနှစ်မျိုးနဲ့ မိန်းမ!
ဟန်ဆောင်ကောင်းတဲ့ မိန်းမ!
ယောက္ခမကို မရိုသေတဲ့ မိန်းမ!
ချန်ချင်းယွီ အပြစ်ကင်းစင်သည့် ဟန်ပန်ဖြင့် မျက်တောင်လေး ခတ်ကာ ဆိုလိုက်၏။
"အမေက အပြစ်လွဲမှားပြီး အစွပ်စွဲခံရမှာ ကြောက်နေတာ မဟုတ်လား။ အိမ်မှာ အမေက လူတွေကို ဆဲနေမှတော့ လူရိုက်တဲ့သူက အမေ မဟုတ်တော့ဘူးပေါ့။ တခြားလူတွေက အမေ့ကို ချက်ချင်း သံသယဝင်ရင်တောင် အဲဒါက အမေ့အတွက် အပြစ်ကင်းကြောင်း သက်သေပြရာ ရောက်သွားမှာလေ။ အဲဒါ ကောင်းတယ် မဟုတ်လား"
အဘွားကြီးကျောက် : "..."
သူမသည် ချန်ချင်းယွီကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်မိပြီး ရွှီကောင်းမင်တို့ ဇနီးမောင်နှံသည် အဘယ်ကြောင့် ဤမိန်းမကို မယှဉ်နိုင်ရသနည်း ဆိုသည်ကို ရုတ်တရက် နားလည်သွားတော့သည်။ ဤအရူးမသည် တကယ့်ကို ကောက်ကျစ်စဉ်းလဲလှ၏။
ဤနည်းဖြင့် သူမ သာမက ကိုယ်တိုင်ကိုလည်း သံသယကင်းအောင် လုပ်နိုင်ပေလိမ့်မည်။
သူမသည် ထိုမိန်းမ၏ အကြံကို ထိုးဖောက်မြင်နေရသည်။
သို့သော်လည်း သူမသည် ထိုမိန်းမကို မဆွရဲပေ။
သူမသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖားသည့်လေသံဖြင့် ပြောလိုက်သည်။
"ဒီနေ့ ငါ သူတို့ကို ရွှီကောင်းမင်နဲ့ သူ့မိန်းမ စည်သွပ်ဘူးတွေ လာပို့တဲ့အကြောင်း ပြောပြလိုက်တယ်။ လီချန်ရွှမ်းကတောင် ပြောသေးတယ်၊ ရွှီမိသားစုက ဝင်းထဲမှာ ထမင်းကျွေးပွဲ လုပ်နေတော့မှာတဲ့။ စက်ရုံက လူတော်တော်များများလည်း အဲဒါကို သိနေကြပြီ၊ ဟဲဟဲ... ငါတို့ အလကား ထမင်းသွားစားလို့ ရတာပေါ့"
ချန်ချင်းယွီသည်လည်း အတော်ပင် ပျော်ရွှင်သွားပြီး မေးမြန်လိုက်လေသည်။
"သူတို့က မသိကြဘူးလား"
အဘွားကြီးကျောက်: "မသိဘူးလေ။ ရွှီကောင်းမင်ကတော့ အရမ်းတွေ လေကြီးနေတာပဲ၊ သူ ဘာတွေ အဲလောက် ဂုဏ်ယူနေလဲဆိုတာ ငါလည်း မသိဘူး၊ ဟဲဟဲဟဲ..."
"ဟဲဟဲဟဲ..."
ယောက္ခမနှင့် ချွေးမတို့သည် ရှားရှားပါးပါးပင် တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီး ကောက်ကျစ်သော ရယ်မောသံများကို ပြိုင်တူ ထွက်ပေါ်စေခဲ့သည်။
ဒါကတော့ တကယ်ကို ကြည့်ကောင်းတော့မည်..
အို... မျက်နှာ လိုချင်တာလား၊ ပိုက်ဆံ လိုချင်တာလား။
ဘာရွေးမလဲ ရွှီကောင်းမင်!!
နင်ရွေးစမ်း!
ချန်ချင်းယွီ; "ကျွန်မ မနေ့က ကြက်ဥတွေလည်း လဲထားသေးတယ်၊ ကြက်ဥစွပ်ပြုတ်လေး လုပ်ကြရအောင်"
အဘွားကြီးကျောက် "!!!"
အို... တကယ်ပါပဲ၊ လူတွေဆိုတာ မကောင်းမှုတွေကို အတူတူ လုပ်ကြရမယ်ဆို..ကြည့်ပါဦး၊ မျက်စိတစ်မှိတ်အတွင်းမှာတင် ဒီအရူးမရဲ့ သဘောထားက အများကြီး တိုးတက်သွားပြီ။
အဘွားကြီးကျောက်မှာ "ငါ လုပ်လိုက်မယ်!" ဟု တက်တက်ကြွကြွ ဆိုလိုက်၏။
ချန်ချင်းယွီ : "လေးလုံးယူလိုက်၊ တစ်ယောက်ကို တစ်လုံးစီပေါ့"
"အေးပါ... အေးပါ... ဟုတ်ပါပြီ... ဟုတ်ပါပြီ!"
ဘုရားရေ... ဒါက တကယ်ကို ရှားပါးတဲ့ အခိုက်အတန့်ပါပဲ!
ချန်ချင်းယွီ၏ မိသားစုသည် ညစာပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်။ အဘွားကြီးကျောက် အလုပ်ဆင်းစောသဖြင့် ယနေ့ညစာစားချိန်မှာ အနည်းငယ် နောက်ကျသော်လည်း အခြားသူများနှင့်မူ မရှေးမနှောင်းပင် ဖြစ်၏။
"အို... ပြောရဦးမယ်၊ ငါတို့ ထမင်းစားဆောင်က တတိယထမင်းစားဆောင်လောက် အဆင်မပြေဘူး။ တတိယထမင်းစားဆောင်မှာက ကိုယ်ပိုင်မီးဖိုချောင်ရှိတော့ အလုပ်ဆင်းတာ နောက်ကျတတ်ပေမဲ့ လူကြီးတွေ ဧည့်ခံပွဲလုပ်ရင် စားကြွင်းစားကျန်တွေ အမြဲထွက်တယ်။ အဲဒီက မီးဖိုချောင်ကူညီသူတွေက တစ်လှည့်စီ အဲဒီဟင်းကြွင်းတွေကို သိမ်းကြပြီး ဝေစားကြတာလေ။ ငါတို့ ထမင်းစားဆောင်ကတော့ မကောင်းပါဘူး။ ပထမထမင်းစားဆောင်က ခေါင်းဆောင်စားဖိုမှူးက ညံ့တယ်၊ သူက အများစာပဲ ချက်တတ်ပြီး တစ်ဦးချင်းစာကို ကောင်းကောင်းမချက်တတ်ဘူး။ တကယ့်ကို အရှုံးသမားပဲ"
အဘွားကြီးကျောက်မှာ အရှုံးထွက်သည့်အလား မြည်တွန်နေလေ၏။
ချန်ချင်းယွီ : "ကျွန်မတို့က အလကားထမင်း နှစ်နပ်စားနေရတာကိုက ကံကောင်းလှပါပြီ"
"ဟဲဟဲ... ဟုတ်တော့လည်း ဟုတ်ပါတယ်။ တကယ်တော့ ငါတို့က အစားအစာတွေ လေလွင့်မှာ စိုးလို့ပါ"
သူတို့ထမင်းစားဆောင်ရှိ မီးဖိုချောင်ကူညီသူများမှာ ရာထူးအဆင့်အတန်း သတ်မှတ်ချက်မရှိသလို စက်ရုံ၏ လှုပ်ရှားမှုအချို့တွင်လည်း ပါဝင်ခွင့်မရကြပေ။ တစ်ခုတည်းသော အားသာချက်မှာ အစားအစာအချို့ကို အခမဲ့ရရှိနိုင်ခြင်းပင် ဖြစ်သည်။
ငတ်မွတ်ခေါင်းပါးသည့် အချိန်မျိုးမှာပင် စားဖိုမှူးများမှာ ငတ်မသေနိုင်ပေ။ သူတို့သည် မီးဖိုချောင် အကူများသာ ဖြစ်သော်လည်း ဤအခြေအနေမှ အကျိုးအမြတ်အချို့ကိုမူ ရရှိနေကြဆဲတည်း။
"ချွေးမရေ... နင်ပြောတာ အမှန်ပဲ၊ ဒါက တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ငါ့ကို ထမင်းစားဆောင်ဘက် ပြောင်းပေးလိုက်တာက အရမ်းကောင်းတယ်၊ ပိုက်ဆံလည်း တကယ်ချွေတာရာရောက်တယ်။ ပြီးတော့ လုံးဝလည်း မပင်ပန်းဘူး။ ငါသာ အလုပ်ရုံထဲမှာဆိုရင်တော့ တော်တော်ခက်ခဲမှာ"
ချန်ချင်းယွီ ခေါင်းညိတ်
လိုက်ပြီး
"အငြိမ်းစားယူတဲ့အထိ ဒီအတိုင်းပဲ အေးအေးဆေးဆေး ဖြတ်သန်းလိုက်ပါ"
"အေးပါ... အေးပါ... ဒါက တကယ့်ကို မှန်ကန်တဲ့ကိစ္စပဲ!"
ယောက္ခမနှင့် ချွေးမတို့ ဤကဲ့သို့ စကားလက်ဆုံကျနေသည်မှာ ရှားပါးလှပြီး အဘွားကြီးကျောက်မှာ ယနေ့တွင် အထူးပင် စိတ်လှုပ်ရှားနေပုံရသည်။ ဤနောက်ပိုင်းတွင် သူမသည် ဤအရူးမကို မဆဲရဲတော့ဘဲ စိတ်ထဲမှသာ ကြိတ်ဆဲနေရသည်မှာ အားမရနိုင်ပေ။ ယခုမူ ဗြောင်ကျကျ ဆဲဆိုခွင့်ရတော့မည်ဖြစ်ရာ မည်မျှပင် စိတ်ကျေနပ်စရာ ကောင်းလိုက်ပါသနည်း။
အတိုချုပ်ပြောရလျှင် သူမ ရင်ခုန်နေမိသည်။
အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။
သူမ တဟဲဟဲနှင့် ရယ်နေသဖြင့် ချန်ချင်းယွီ၏ နှုတ်ခမ်းများ တွန့်လိမ်သွားမိ၏။
"..."
ဒီအဘွားကြီး တကယ်ပဲ အဲဒီလောက်တောင် စိတ်လှုပ်ရှားနေတာလား!!
ချန်ချင်းယွီ ရယ်မောလိုက်ရင်း မျက်ခုံးတစ်ချက် ပင့်လိုက်ကာ သတိပေးစကားဆိုလိုက်သည်။
"ဆဲတဲ့အခါကျရင် ကလေးတွေရဲ့ နားကို ပိတ်ထားပေးပါ။ အပြင်ခန်း တံခါးဝနားသွားပြီးမှ ဆဲနော်"
"အေးပါ... ငါ နင်ပြောတာ နားထောင်ပါ့မယ်၊ ဆဲရမယ်ဆိုရင်ပဲ... အဲ... မဟုတ်ပါဘူး၊ ငါ ဆိုလိုတာက ငါ နင်နဲ့ ပူးပေါင်းပေးရင် ဟိုကောင်စုတ်ကို သင်ခန်းစာ ပေးနိုင်မှာပဲလေ"
“ဟက်!”
ချန်ချင်းယွီ နှာခေါင်းရှုံ့လိုက်သည်။
ယောက္ခမနှင့် ချွေးမတို့သည် ပုံမှန်မဟုတ်ဘဲ တစ်ဖက်တည်းသား ဖြစ်သွားကြကာ ကျန်းရှင်းဖှကို သင်ခန်းစာပေးရန် ပြင်ဆင်နေကြ၏။ တစ်ဖက်တွင်လည်း ကျန်းရှင်းဖှသည် အိမ်တွင် ထမင်းစားနေပြီး ယုန်သူငယ်မလေးကဲ့သို့ ကြောက်ရွံ့တတ်သော ချန်ချင်းယွီကို တွေးမိသောအခါ သူက ကောက်ကျစ်စွာ ပြုံးလိုက်မိပြီး ရင်ထဲတွင် တယားယား ဖြစ်နေတော့သည်။
သူသည် အလယ်ဝင်းထဲမှ ဟောက်ရွှယ်ကို စိတ်ဝင်စားနေသည်မှာ မှန်သော်လည်း ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက်တည်းကိုပဲ စိတ်ဝင်စားရမည်ဟု မည်သူက ဆိုသနည်း။
ခင်ပွန်းဆုံးရှုံးကာစ ဒီမုဆိုးမလေးက သူ့ရဲ့ နှစ်သိမ့်မှုကို တကယ်ပဲ လိုအပ်နေမှာပေါ့!
သူသည် တွေးလေလေ ပို၍ ပျော်ရွှင်လေလေ ဖြစ်လာ၏။ အမှန်အတိုင်း ပြောရလျှင် မုဆိုးမလေး၏ အလှမှာ ဟောက်ရွှယ်ထက် မနိမ့်ပါပေ။ နုနယ်ပျော့ပျောင်းသည့် အသွင်အပြင်တွင်မူ မုဆိုးမလေးက ပို၍ပင် လှပသေးသည်။ သို့သော် သူမသည် ဟောက်ရွှယ်ကို သာလွန်နိုင်လိမ့်မည်တော့ မဟုတ်ပေ။ မုဆိုးမလေးမှာ ရုပ်ရည်မဆိုးသော်လည်း အမြဲတမ်း ခေါင်းငုံ့နေတတ်ပြီး ကြွက်ငယ်လေးကဲ့သို့ ကြောက်ရွံ့ကာ တွန့်ဆုတ်နေတတ်၏။ သူမသည် လူကြားထဲတွင် ပေါ်လွင်ခြင်းမရှိသလို စိတ်ဓာတ်ခွန်အားလည်း ကင်းမဲ့နေသည်။ သူမသည် အထက်တန်းကျောင်း တက်ခဲ့ဖူးသည်ဟု ဆိုသော်လည်း ပညာတတ်တစ်ဦး၏ အငွေ့အသက်မျိုး လုံးဝမရှိဘဲ ကံကောင်းပြီး အောင်မြင်ခဲ့ခြင်းသာ ဖြစ်ရပေမည်။
ဟောက်ရွှယ်ကမူ တောက်ပကာ ယုံကြည်မှုရှိပြီး အရည်အချင်းရှိသူဖြစ်သည်။ သူမသည် မည်သည့်အကြောင်းအရာကိုမဆို ထိုးထွင်းသိမြင်စွာ ပြောဆိုနိုင်ပြီး လှပတင့်တယ်လှရာ ကြည့်ရသည်မှာ တကယ်ပင် မျက်စိပသာဒ ဖြစ်လှ၏။ ထိုကဲ့သို့ မိန်းကလေးမျိုးကို လက်ထပ်ရလျှင် ဂုဏ်ယူစရာ ကောင်းမည်မှာ အမှန်ပင်တည်း။
၎င်းတို့၏ ဝင်းအတွင်း၌ မိန်းကလေး အများအပြား ရှိသော်လည်း ဟောက်ရွှယ်ကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော ဂုဏ်ရည်မျိုး မည်သူမျှ မပိုင်ဆိုင်ကြပေ။ သူမ၏ ညီမအရင်းမှာလည်း ငယ်သေးသဖြင့် ထိုကဲ့သို့သော အငွေ့အသက်မျိုး မရှိသေးသလို၊ ကျေးလက်တွင် ကြီးပြင်းခဲ့သော သူမ၏ ညီမဝမ်းကွဲမှာမူ လုံးဝ တောသူမကြီး အတိုင်းပင် ဖြစ်သည်။
ရှေ့ဝင်းထဲမှ လီလင်းလင်းမှာမူ ရုပ်ရည် အတန်အသင့် ရှိသော်လည်း ထူးထူးခြားခြား လှပနေခြင်းမျိုးမဟုတ်ပေ...။
သူသည် အရက်ကို တစ်ငုံချင်း စုပ်သောက်ရင်း ဝင်းထဲရှိ မိန်းကလေး တစ်ဦးချင်းစီကို ဝေဖန်နေမိသည်။ သူ စိတ်ဝင်စားသူ မှန်သမျှမှာ သူ့နောက်သို့ အသည်းအသန် လိုက်ကြလိမ့်မည်ဟုလည်း ထင်မှတ်နေပုံရ၏။
မည်သို့ပင်ဖြစ်စေ၊ သူသည် လူတိုင်း၏ အချစ်တော် ဖြစ်သည်ဟု မိမိကိုယ်မိမိ ယုံကြည်မှု အပြည့် ရှိနေသည်။ သူသည် တစ်လလျှင် ၃၂ ယွမ်နှင့် ၅၀ ဆင့်ရရှိနေသည် မဟုတ်ပါလား။ ထို ၃၂ ယွမ်နှင့် ၅၀ ဆင့်လုံးမှာ သူတစ်ယောက်တည်း ပိုင်ဆိုင်ခြင်း ဖြစ်၏။ ထိုငွေအားလုံးကို ကုန်အောင် သုံးနိုင်ပါ့မည်လော့။ လူတိုင်း
သူ့ကို အားကျနေကြသည်မှာ အမှန်ပင်! ဤကဲ့သို့ ဂုဏ်ယူစရာကောင်းသော သူ့ကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
ကျန်းရှင်းဖှသည် အရက် အနည်းငယ် မူးနေသဖြင့် စိတ်လက် ကြွရွနေသည်။ သူသည် ယိုင်တိယိုင်တိုင်ဖြင့် ထရပ်လိုက်ရင်း လေတက်လိုက်လေ၏။
အဘွားကြီးဟွမ်: "ဘယ်သွားမလို့လဲ"
ကျန်းရှင်းဖှ: "အိမ်သာသွားမလို့"
အဘွားကြီးဟွမ်မှာ သဘောမတူဘဲ တားမြစ်လိုက်၏။
"မှောင်နေပြီလေ၊ ဘာလို့ သွားဦးမှာလဲ။ အိမ်က အိုးထဲမှာပဲ သွားလိုက်ပါလား!"
အိမ်သာမှာ ဝင်းအပြင်ဘက် လမ်းကြားထဲတွင် ရှိပြီး သူတို့အိမ်မှာ စတုတ္ထမြောက် ဝင်းထဲတွင် ရှိသဖြင့် ထိုနေရာသို့ သွားရန် ငါးမိနစ်ခန့် ပြေးသွားရမည် ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်စုတိုင်းမှာ အိမ်တွင်းသုံး ဆီးအိုးများကိုသာ အသုံးပြုကြ၏။ ဝမ်းသွားရန် လိုအပ်သည်မှလွဲ၍ ကျန်သည့်အချိန်များတွင် အိမ်၌သာ ဖြေရှင်းလေ့ရှိကြသည်။
ကျန်းရှင်းဖှ လက်ကာပြလိုက်ပြီး
"မလိုပါဘူး၊ ကျွန်တော် အပြင်ထွက်မလို့"
သူက ထပ်မံ၍ လေချဉ်တက်လိုက်ရင်း
"အပြင်ထွက်ပြီး အမူးဖြေမလို့ပါ"
သူသည် မိခင်ဖြစ်သူ အဘွားကြီးဟွမ်ကို ဂရုမစိုက်ဘဲ ထွက်လာခဲ့သည်။ သူတို့မိသားစုတွင် လူနည်းသော်လည်း စားသောက်သည့်အခါ အဆင့်အတန်း ခွဲခြားထားဆဲ ဖြစ်သည်။ အကောင်းဆုံး အစားအစာများကို ကျန်းမိသားစု သားအဖက စားကြပြီး၊ ဒုတိယအဆင့်မှာ အဘွားကြီးနှင့် ကျန်းမုန့်မုန့်တို့ဖြစ်၏။ ယခင်က တတိယအဆင့် ရှိခဲ့ဖူးပြီး ၎င်းမှာ ချွေးမဖြစ်သူပင်တည်း။ သို့သော် ကွာရှင်းပြီးကတည်းက ထိုမိန်းမမှာ အိမ်တွင် ထမင်းမစားတော့ပေ။
သူမ၏ အဘွား စကားပြောနေစဉ်အတွင်း ကျန်းမုန့်မုန့်သည် ကြက်ဥကြော် တစ်ဖဲ့ကို အမြန်နှိုက်ယူကာ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။
အဘွားကြီးဟွမ် "!!!"
သောက်ကလေး!!
သူမ ဒေါသတကြီးဖြင့် ဆဲဆိုလိုက်၏။
"နင်ကတော့ စားပိုးနင့်သေမဲ့ဟာလေးပဲ၊ ဘယ်လောက်တောင် အစားကြီးနေတာလဲ..."
သူမသည် မြေးမဖြစ်သူကို စတင် ဆဲဆိုနေသော်လည်း ကျန်းရှင်းဖှကမူ နားထောင်လိုစိတ် မရှိတော့ပေ။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ယိုင်တိယိုင်တိုင်ဖြင့် တစ်ယောက်တည်း ထွက်လာခဲ့သည်။ ဤအချိန်တွင် လူတိုင်း ထမင်းစားနေကြ၏။ သူသည် ဒုတိယမြောက် ဝင်းအထိ လျှောက်လာပြီး ရဲတင်းစွာပင် ချင်းချင်းယွီတို့အိမ်၏ ပြတင်းပေါက်တွင် ကပ်ကာ အထဲသို့ ချောင်းကြည့်လေသည်။ အဘွားကြီးကျောက် မတော်တဆ လှည့်ကြည့်လိုက်ရာ သရဲတစ်ကောင်ကဲ့သို့ ဝေဝါးနေသော မျက်နှာကြီးကို မြင်လိုက်ရ၍ သူမ လန့်သွားပြီး "အမလေး!" ဟု အော်လိုက်မိ၏။
ချန်ချင်းယွီသည် လှည့်ကြည့်လိုက်ပြီး ဒေါသများ ဝုန်းခနဲ ထွက်လာလေသည်။
"သောက်ကျိုးနည်းပဲ!"
ကျန်းရှင်းဖှမှာမူ လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
သူတို့က မိန်းမနှစ်ယောက်၊ မုဆိုးမနှင့် အဘွားကြီးပဲ မဟုတ်လား!
အဘွားကြီးကျောက်က ကြမ်းသည်ဆိုဦးတော့၊ ဘာဖြစ်သလဲ!
သူ၏ မိသားစုတွင် ယောက်ျားကြီး နှစ်ယောက် ရှိပြီး သူ၏ အမေမှာလည်း အလျော့ပေးမည့်သူ မဟုတ်ပေ။ ကျန်းရှင်းဖှ မောက်မာစွာ ရယ်မောလိုက်ပြီး လေချွန်ကာ ထွက်ခွါသွား၏။
ချန်ချင်းယွီသည် လက်သီးကို တဖြောင်းဖြောင်းမြည်အောင် တင်းတင်းဆုပ်လိုက်မိသည်။ အမှန်စင်စစ် သူမသည် အပြင်ဘက်မှ အသံကို ကြားခဲ့သော်လည်း ထမင်းစားချိန် ဖြစ်နေသဖြင့် ကျန်းရှင်းဖှ ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ဤကောင်စုတ်မှာ ဤမျှအထိ ရဲတင်းလိမ့်မည်ဟုလည်း မတွေးခဲ့မိချေ။
ငါ့ မိသားစုကို တကယ်ပင် အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတယ်ပေါ့!!
ချန်ချင်းယွီ မဲ့ပြုံးပြုံးလိုက်ရင်း
"ကျွန်မ သွားပြီး သင်ခန်းစာ ပေးလိုက်ဦးမယ်"
အဘွားကြီးကျောက်မှာမူ ထိတ်လန့်တုန်လှုပ်လျက် ရင်ဘတ်ကို ဖိနေဆဲ ဖြစ်သည်။ ပြတင်းပေါက်တွင် ကပ်နေသော ထိုလူ၏ မျက်နှာကြီးမှာ အလွန်ပင် ကြောက်စရာကောင်းလှသည် မဟုတ်ပါလား! သူမသည် ကျန်းရှင်းဖှကို သေအောင် ရိုက်ချင်စိတ်ပေါက်ကာ အလွန်ပင် ဒေါသထွက်နေမိ၏။ ချန်ချင်းယွီသာ အရေးယူရန် ပြင်မနေပါက သူမကိုယ်တိုင် တံမြက်စည်းဖြင့် ထွက်
ရိုက်မိမည်မှာ အမှန်ပင်!
"မညှာနဲ့နော်! အဲဒီကောင်စုတ်ကို သေအောင်သာ ရိုက်ပစ်! သူက ငါတို့မိသားစုကို တကယ်ပဲ မလေးစားတာ! တံခါးတွေ ပြတင်းပေါက်တွေကိုတောင် ချောင်းရဲတယ်၊ တကယ့် အကောင်ယုတ်ပဲ!"
အဘွားကြီးကျောက်သည် ဒေါသတကြီးဖြင့် သွားကြိတ်ကာ လူတစ်ယောက်လုံးကို အစိမ်းလိုက် ဝါးစားချင်နေသည့် အလားပင်။
ချန်ချင်းယွီသည် လင်းကျန့်ဝမ်၏ အဝတ်ဟောင်းများကို အမြန်လဲဝတ်လိုက်သည်။ ထိုစဉ် အဘွားကြီးကျောက်မှာ ကလေးနှစ်ယောက်၏ နားကို ပိတ်ပေးရင်း ပြောလိုက်၏။
"ကလေးတွေက ဆဲတာတွေကို မကြားသင့်ဘူး၊ နားပိတ်ထားကြ"
ရှောင်ကျားနှင့် ရှောင်ယွမ် : "...???"
ကလေးများမှာ ထူးဆန်းနေသော်လည်း လိမ္မာစွာပင် နားထောင်ကြရှာသည်။
သူတို့သည် ငယ်ရွယ်ကြသော်လည်း လူကြီးများ၏ သဘောထားကို တစ်ခါတစ်ရံတွင် ရှင်းရှင်းလင်းလင်း ခံစားမိတတ်ကြ၏။ ယခင်ကနှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ်တွင် သူတို့၏ အဘွားမှာ အလွန်အမင်း ကြမ်းတမ်းနေသည်ဟု မခံစားရသဖြင့် အထူးတလည် စိုးရိမ်မနေကြပေ။
အဘွားကြီးကျောက် စတင်၍ ဆဲဆိုကြိမ်းမောင်းလေတော့သည်။
"နင်ကတော့ အသုံးမကျတဲ့ဟာပဲ! ငါ့သားလင်းကျန့်ဝမ်က ဘယ်လိုဖြစ်ပြီး ဒီလိုမိန်းမမျိုးနဲ့ လက်ထပ်ခဲ့ရတာလဲ။ နင်က ဘာမှလည်း အသုံးမကျဘူး၊ ထမင်းချက်ရင်လည်း အမြဲနောက်ကျတယ်။ နင့်ကို ငါ ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး! ဒီရက်ပိုင်း ငါက သဘောကောင်းနေတော့ နင်က ပိုပြီး အသုံးမကျဖြစ်လာတာပဲ။ နင်ကတော့ တကယ့် မိန်းမပျက်ပဲ! နင့်လို နိမိတ်မရှိတဲ့ မိန်းမနဲ့ လက်ထပ်ရတဲ့သူကတော့ တကယ့်ကို ကံဆိုးတာပဲ!"
သူမသည် အချက်အလက်အချို့ကို ဆဲဆိုပြီးနောက် အပြင်ဘက်သို့ ခိုးကြည့်လိုက်ရာ အိမ်ထောင်စုအချို့သည် ထမင်းပန်းကန်ကိုယ်စီကိုင်ကာ တံခါးဝတွင် စုရုံးနေကြပြီး ဤပွဲကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်ကို မြင်လိုက်ရ၏။
အဘွားကြီးကျောက်မှာ ဆက်၍ အားရပါးရ ဆဲနေလေသည်။
"နင်လို မိန်းမပျက်က ဘာလုပ်နိုင်မှာလဲ။ တစ်နေ့တစ်နေ့ နင်လုပ်သမျှက..."
ထိုအဘွားကြီးသည် သူမ၏ ဆဲဆိုမှုတွင် အလွန်ပင် နှစ်ခြိုက်သဘောကျနေပုံရ၏။ သို့သော် ပုံမှန်မဟုတ်သည်မှာ သူမ၏ စိတ်ထဲတွင် အနည်းငယ် ဝေခွဲမရဖြစ်နေပြီး အရူးမ ချန်ချင်းယွီသည် ထိုအယုတ်တမာ ကျန်းရှင်းဖှကို တကယ်နိုင်ပါ့မလားဟု တွေးပူနေမိသည်။ ထိုလူယုတ်မာသည် တကယ့်ကို ရဲတင်းလှသည်။ သူတို့မိသားစုတွင် ယောက်ျားသားမရှိဟု မှတ်ယူကာ ဤမျှအချိန်စောစောစီးစီး၌ပင် လာရောက်ချောင်းကြည့်ရဲနေ၏။
"ချန်ချင်းယွီသာ တကယ် သတ္တိမရှိရင်တော့ ငါ သူ့ကို သေအောင် ရိုက်ပစ်လိုက်မယ်!"
အဘွားကြီးကျောက်သည် မိမိဘာသာ ရေရွတ်နေသော်လည်း သူမ၏ ဆဲဆိုသံများမှာမူ လျော့ပါးသွားခြင်း မရှိပေ။ သူမ၏ ဆဲဆိုသံများသည် ဝင်းတစ်ခုလုံးတွင် ပျံ့နှံ့နေပြီး လူတိုင်းကလည်း နားစွင့်နေကြ၏။
ရွှီကောင်းမင်၏ အိမ်တွင်မူ ဇနီးမောင်နှံနှင့် သူတို့၏ အငယ်ဆုံးသားဖြစ်သူတို့သည် အတူတူ ထမင်းစားနေကြသည်။ ထိုနေ့တွင် လူတိုင်းက သူတို့အပေါ် ထူးထူးခြားခြား ဆက်ဆံနေကြသည့်အကြောင်းကို ဆွေးနွေးနေကြစဉ် အပြင်ဘက်မှ ဆူညံသံကို ကြားလိုက်ရ၏။ ရှောင်စန်းမှာ တံခါးဝသို့ အမြန်လာကာ နှုတ်ခမ်းကို မဲ့လိုက်ရင်း ပြောဆိုလိုက်သည်။
"အဲဒီအဘွားကြီးက ရက်နည်းနည်းပဲ ငြိမ်နေပြီး အခု ပြန်စနေပြန်ပြီ။ သူ့မိသားစုထဲ ရောက်သွားတဲ့သူကတော့ တကယ့်ကို ကံဆိုးတာပဲ"
ရှီကျန့်ရှန်းကလည်း
"ဟွန့်... အဲဒီမိန်းမပျက်ကလည်း ဘာမှ ထူးတာမဟုတ်ဘူး။ မနေ့ကသာ သူ ရပ်ကွက်ကော်မတီကို မသွားခဲ့ရင် ငါတို့ စည်သွပ်ဘူး ရှစ်ဘူးတောင် ဆုံးရှုံးပါ့မလား။ ရှစ်ဘူးတောင်နော်! သူတို့ ဘယ်လိုဖြစ်ပြီး အကုန်စားနိုင်မှာလဲ။ သီးမသေကြဘူးလား။ အတူတူတွေမို့လို့ ပေါင်းမိနေကြတာ၊ ခံကြဦး!"
"အဲဒီ မာကျန့်ယီကလည်း တကယ်ပါပဲကွာ! အမြဲတမ်း ရန်တွေ့နေတဲ့ အဘွားကြီးကျောက်လို လူမျိုးကိုတောင် သူက ဂရုမစိုက်ဘူး! ဒီဝင်းကို သူ ဘယ်လိုများ စီမံခန့်ခွဲနေလဲ မသိဘူး!"
ရွှီကောင်းမင်မှာလည်း တရားသူကြီးတစ်ဦးနှယ် ဝေဖန်ရှုတ်ချလိုက်သည်။
"ဒါပေါ့! သူက အသုံးမကျတာ၊ ရာထူးက ဆင်းပေးဖို့တောင် မသိဘူး။ တကယ့်ကို အသုံးမကျတဲ့သူပဲ"
ရှီကျန့်ရှန်းသည် သူမ၏ ခင်ပွန်းကို ဌာန၏ အကြီးအမှူးဖြစ်စေချင်လှသည်။ သူသာ အကြီးအမှူးဖြစ်သွားလျှင် သူမသည် ဤဝင်းအတွင်း၌ အာဏာအရှိဆုံး အမျိုးသမီး ဖြစ်လာပေလိမ့်မည်။
သူမသည် ပိုင်ဖုန်းရှန်းထက်ပင် လူကြိုက်များလာလိမ့်မည်!
လူထုရဲ့ မျက်စိက စူးရှပါတယ်!
ရှီကျန့်ရှန်းသည် "အာဏာသိမ်းရန်" အမြဲ ကြိုးစားနေသူဖြစ်သည်။ သူမ၏ ခင်ပွန်းမှာ ကျွမ်းကျင်မှုအဆင့် မြင့်မားသော်လည်း လက်တွေ့တွင်မူ ထောက်ပံ့ပို့ဆောင်ရေး ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ခေါင်းဆောင် မာကျန့်ယီလောက် အရည်အချင်းမရှိပေ။
အမှန်အတိုင်း ပြောရလျှင် ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့သည် ၁၉၅၀ ပြည့်လွန်နှစ်များမှ တက္ကသိုလ်ဘွဲ့ရများ ဖြစ်ကြပြီး ခေါင်းဆောင်များ မဟုတ်သော်လည်း အဆင့်အတန်း တစ်ခုတော့ ရှိကြသည်။ ဝမ်ကျန့်ကော်မှာ ဝယ်ယူရေးဌာနတွင် အလုပ်လုပ်ပြီး အစ်မကြီးဖန်က စက်ရုံရုံးခန်းတွင် အလုပ်လုပ်သည်။ သူတို့အားလုံးသည်လည်း အရာရှိလမ်းကြောင်းပေါ်တွင် ရှိနေသူများ ဖြစ်သဖြင့် အခြေအနေ ကောင်းကြ၏။ ထို့ကြောင့် ရွှီကောင်းမင်နှင့် သူ၏ ဇနီးတို့သည် ဤဝင်းအတွင်း၌ ဩဇာရှိရန်အတွက် လူချစ်လူခင် ပေါများဖို့ လိုအပ်လှသည်။
ထိုဇနီးမောင်နှံသည် ညဘက်တွင် မအိပ်ဘဲ ဝင်းအတွင်းရှိ လူတိုင်းကို ခွဲခြမ်းစိတ်ဖြာကာ သူတို့၏ ဆက်ဆံရေးကို မည်သို့ထားရှိရမည်ကို ဆွေးနွေးရသည်မှာ သူတို့၏ အနှစ်သက်ဆုံး အလုပ်ပင် ဖြစ်၏။
"မာကျန့်ယီက ဟန်ဆောင်ကောင်းတဲ့သူပဲ"
"သူက အာဏာမမက်သလို လုပ်ပြနေပေမဲ့ သူက ဟန်ဆောင်တာမှာ ဆရာတစ်ဆူဆိုတာ လူတိုင်းသိတယ်။ အလုပ်မလုပ်နိုင်ရင်လည်း ဖယ်ပေးလိုက်ပေါ့။ ဘာမှမလုပ်ဘဲ ရာထူးကိုပဲ ဖယ်မပေးတာ။ အဘွားကြီးကျောက်လို လူမျိုးကိုတောင် မထိန်းကျောင်းဘဲ လွှတ်ထားမယ်ဆိုရင် ငါတို့ဝင်းထဲမှာ ဘယ်လိုလုပ် ငြိမ်းချမ်းမှု ရှိနိုင်မှာလဲ"
တံခါးဝမှ အကဲခတ်နေသော အဘိုးကြီးရွှီ၏ အငယ်ဆုံးသားက
"ဘာလို့ သူ့ကို သွားထိန်းနေမှာလဲ။ သူ့ဘာသာ ဆဲပါစေ၊ ဒါက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်"
သူက တဟဲဟဲ ရယ်မောရင်း ထပ်ပြောလိုက်လေသည်။
"အဲဒီအဘွားကြီးကတော့ ပါးစပ် တော်တော်ကြမ်းတာပဲ"
"ဟွန့်... သူက အဲဒီလိုလူစားမျိုးပဲ မဟုတ်လား"
ရွှီကောင်းမင်၏ မိသားစု ဆွေးနွေးနေစဉ်တွင် အစ်မကြီးဖန်၏ မိသားစုသည်လည်း ထမင်းစားပွဲ၌ ရှိနေကြသည်။ အစ်မကြီးဖန်၏ ခင်ပွန်း ရှီရှန်းမှာ ဝေဖန်မြည်တမ်းလိုက်၏။
"ဒီလောက်မိုးချုပ်နေပြီကို ခွေးရူးတစ်ကောင်လို လျှောက်ဆဲနေတာ၊ တကယ်ကို အသိဉာဏ်မရှိတဲ့သူပဲ။ အကျင့်စာရိတ္တ လုံးဝမရှိဘူး၊ တကယ့် အမှိုက်ပဲ!"
သို့သော် အစ်မကြီးဖန်ကမူ ထွေထွေထူးထူး ဂရုမစိုက်ဘဲ
"သူ့ဘာသာသူ မကာကွယ်နိုင်တာ ဘယ်သူ့အပြစ်လဲ။ ငါ့အထင်တော့ ငါတို့ဝင်းထဲမှာ ငါ့လို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမ ဘယ်နှစ်ယောက် ရှိလို့လဲ။ သူတို့အားလုံးက အားနည်းပြီး အသုံးမကျတဲ့သူတွေချည်းပဲ။ လင်စန်းရှင်းဆိုတဲ့ မိန်းမလည်း အနှေးနဲ့အမြန် အနှိမ်ခံရပြီး သေသွားမှာပဲ"
သူမက ခဏရပ်ကာ သူမ၏သားကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ရှောင်ဝေ... ဟို လီလင်းလင်းနဲ့ မပတ်သက်နဲ့နော်။ အဲဒီ လင်စန်းရှင်းဆိုတာ သူက ဘယ်သူလဲဆိုတာတောင် သူကိုယ်တိုင် မသိဘူး။ ငါ့သားကိုတောင် သူက အထင်သေးရဲတယ်ပေါ့၊ သားတစ်ယောက်တောင် မမွေးနိုင်တဲ့သူက သူကိုယ်သူ ဘာများ ထင်နေလဲ မသိဘူး။ သူက ငါ့သားနဲ့ မထိုက်တန်ဘူး! ငါ ပြောလိုက်မယ်..."
"နင် လက်တွဲဖော် ရှာတဲ့အခါကျရင် ဒီလိုလူမျိုးကို ရှာလို့မရဘူး။ အလုပ်အကိုင် ရှိတဲ့သူကိုပဲ ရှာရမယ်။ သူတို့လို လူမျိုးဆိုရင်တော့ ငါ မသေသရွေ့ ဒီအိမ်ထဲကို ခြေချခွင့် ရမှာမဟုတ်ဘူး"
ရှီရှောင်ဝေသည် ခေါင်းငုံ့ထားပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်က သူ့ကို စိတ်တောင်မဝင်စားပါဘူး။ သူကပဲ ကျွန်တော့်နောက်ကို တကောက်ကောက် လိုက်နေတာပါ"
အစ်မကြီးဖန် သွားကြိတ်လျက် ခက်ထန်စွာ ကြိမ်းမောင်းလိုက်၏။
"ငါ သိသားပဲ! အဲဒီမိန်းမ အကောင်းမဟုတ်ဘူးဆိုတာ ငါ သိနေတာ။ ငါ့သားကို မြူဆွယ်ဖို့ ကြိုးစားနေတာတောင် စကားက ပြန်ပြောသေးတယ်! နောက်တစ်ခါကျရင်တော့ သူ့ကို အရိုးကျေအောင် နှိပ်ကွပ်ပစ်မယ်။ တကယ့် လူယုတ်မာပဲ!"
ရှီရှန်းတစ်ယောက်မှာ မိန်းမအား "ကဲပါ... တော်ပါတော့" ဟု တားလိုက်ရင်း
"ဒီအဘွားကြီး ဘာတွေများ အိမ်နီးနားချင်းတွေနဲ့ အဆင်မပြေဖြစ်ပြန်လို့ ဒီလောက်တောင် လျှောက်ဆဲနေရတာလဲ မသိဘူး"
အစ်မကြီးဖန် : "ကြားရတာတော့ ထမင်းချက်တာ နောက်ကျလို့တဲ့။ ငါ့ကိုမေးရင်တော့ ချန်ချင်းယွီကလည်း အသုံးမကျပါဘူး။ အလုပ်လည်း မလုပ်ဘူး၊ အိမ်မှုကိစ္စတောင် သေချာမလုပ်နိုင်ဘူးဆိုရင် သူ ဘာလုပ်နိုင်ဦးမှာလဲ။ ငါ ပြောမယ်... ငါ့သား မိန်းမယူရင်တော့ သေချာရွေးဖို့ လိုလိမ့်မယ်"
"အေးပါ... အေးပါ... မင်းပြောတာ မှန်ပါတယ်၊ ဟုတ်ပြီလား"
အခြားမိသားစုများမှာလည်း အဘွားကြီးကျောက်၏အကြောင်းကို အိမ်တွင်း၌ ဝိုင်းဝန်းပြောဆိုနေကြသည်။ ရက်ပိုင်းမျှသာ ငြိမ်သက်သွားပြီးနောက် ယခုအခါ ဆဲဆိုသံများ ပြန်လည်ထွက်ပေါ်လာပြန်ချေပြီ။
သို့သော် စဉ်းစားကြည့်လျှင်လည်း ဖြစ်နိုင်ခြေရှိ၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဝင်းထဲ၌ နေ့စဉ်နှင့်အမျှ ကိစ္စအဝဝဖြင့် ဆူညံပွက်လောရိုက်နေသဖြင့် အဘွားကြီးကျောက်သည် ချွေးမဖြစ်သူကို ဆဲဆိုရန် အားအင်မရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ယခုအခါ ထိုလှုပ်ရှားမှုများ အေးဆေးသွားပြီဖြစ်ရာ ပုံမှန်အတိုင်း ပြန်လည်ဆဲဆိုနေခြင်းဖြစ်နိုင်၏။ လူတိုင်း အိမ်ထဲမှနေ၍ အတင်းအဖျင်း ပြောနေကြသော်လည်း မည်သူမျှ သွားရောက်ဖျန်ဖြေရန်တော့ မဝံ့ရဲကြပေ။
အဘွားကြီးကျောက်သည် အကျိုးအကြောင်းမသိသော အဘွားကြီးတစ်ဦးဖြစ်ရာ သွားရောက်ပတ်သက်မိသူတိုင်း ဒုက္ခရောက်တတ်သည် မဟုတ်ပါလား။ "ခွေး" အကိုက်ခံရသကဲ့သို့ အလကားနေရင်း အရှက်ကွဲရမည့်အရေးကို မည်သူမျှ မလိုလားကြပေ။ အဘွားကြီးကျောက်သည် မီးဖိုဘေးရှိ ခုံပုလေးပေါ်တွင် တစ်ယောက်တည်းထိုင်ကာ သူမ၏ချွေးမ မည်သို့ဖြစ်နေပြီနည်းဟု တွေးတောရင်း တတွတ်တွတ် ရေရွတ်နေလေသည်။
ချန်ချင်းယွီမှာမူ အဘွားကြီး ဆဲဆိုခြင်းမပြုမီကတည်းက အပြင်သို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ သူမသည် ကျန်းရှင်းဖှ၏နောက်သို့ တကောက်ကောက် လိုက်ပါသွားခဲ့သည်။ ကျန်းရှင်းဖှသည် အိမ်သာသွားမည်ဟု ဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။ သူသည် ပျော်ရွှင်စရာတစ်ခုခုကို ရှာဖွေရန် ကြံစည်နေခြင်းတည်း။
လွတ်လပ်ရေးရပြီးချိန်မှ စတင်၍ "ရှစ်သွယ်လမ်းကြား" (အပျော်အပါးရပ်ကွက်) များ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ ကျန်းရှင်းဖှ၏ အသက်အရွယ်မျိုးနှင့် ထိုနေရာများကို မမြင်ဖူးခဲ့ပေ။ သို့သော် သူ၌ ရည်းစားတစ်ဦး ရှိနေခဲ့၏။ ကွာရှင်းခြင်းမပြုမီကတည်းက သူသည် အပြင်တွင် မိန်းမတစ်ဦးနှင့် ပတ်သက်နေခဲ့ခြင်း ဖြစ်သည်။
ထိုအမျိုးသမီး၏အမည်မှာ လျိုကျင့် ဖြစ်ကာ သူမသည်လည်း စက်မှုစက်ရုံ၌ပင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ကျန်းရှင်းဖှနှင့် အလုပ်ရုံတစ်ခုတည်း ဖြစ်သည်။ သို့သော် လျိုကျင့်သည် သူမ၏ခင်ပွန်းဖြစ်သူ အလုပ်မလုပ်နိုင်တော့သဖြင့် အစားဝင်လုပ်နေခြင်း ဖြစ်၏။ သူမ၏ခင်ပွန်းမှာ ပြင်းထန်စွာ နာမကျန်းဖြစ်နေပြီး ဝှီးချဲပေါ်တွင်သာ အချိန်ကုန်ဆုံးနေရသူ ဖြစ်သည်။ လျိုကျင့်သည် စံပြဝန်ထမ်းတစ်ဦး မဟုတ်ခဲ့ဘဲ စက်ရုံသို့ ရောက်ရှိပြီး မကြာမီမှာပင် ကျန်းရှင်းဖှနှင့် ဖောက်ပြန်ခဲ့ကြ၏။
သူတို့နှစ်ဦးသည် တိတ်တဆိတ် တွေ့ဆုံခဲ့ကြပြီး ကျန်းရှင်းဖှမှာ သူ၏ဇနီး မရှိသည့်အချိန်မျိုးတွင် လျိုကျင့်ထံသို့ သွားရောက်လေ့ရှိသည်။ ကွာရှင်းပြီးနောက်တွင်မူ သူသည် ပို၍ပင် ရဲတင်းလာတော့၏။ သူတို့နှစ်ဦးသည် လျိုကျင့်၏
အိမ်တွင် တွေ့ဆုံကြလေ့ရှိကြပြီး ထိုအိမ်မှာလည်း မိသားစုများစွာ နေထိုင်သော ဝင်းကြီးတစ်ခုအတွင်း၌ ရှိနေသည့်တိုင် ကျန်းရှင်းဖှကမူ ဂရုမစိုက်ပေ။ လျိုကျင့်၏ခင်ပွန်းမှာလည်း ထိုကိစ္စကို အမှုမထားသည့်အပြင် တစ်ခါတစ်ရံတွင် သူတို့အတွက် အကဲခတ်ပေးတတ်သေးသည်။
တစ်စုံတစ်ဦးက ပြောဆိုလာလျှင်လည်း သူသည် ကျန်းရှင်းဖှဘက်မှ ကာကွယ်ပေးလေ့ရှိ၏။ လုပ်ဖော်ကိုင်ဘက်ဟောင်းများ ဖြစ်ကြသဖြင့် လာရောက်တွေ့ဆုံခြင်းမှာ သဘာဝကျသည်ဟု သူက ဆိုတတ်သည်။ ထို့ကြောင့် ခေါင်းတွင် မြက်ခင်းစိမ်းကြီး ဖြစ်နေအောင်အရှက်ခွဲခံထားရသည့် လောင်ဟုဆိုသူမှာ ကျန်းရှင်းဖှ၏ အရင်းနှီးဆုံး သူငယ်ချင်း လျိုကျင့်ယောကျာ်း ဖြစ်နေလေသတည်း။
ကျန်းရှင်းဖှသည် အရက်အနည်းငယ် မူးနေပြီး စိတ်လက် ကြွရွနေသဖြင့် ညစ်ညမ်းသော သီချင်းတစ်ပုဒ်ကို တညည်းညည်းနှင့် လျိုကျင့်၏အိမ်ဘက်သို့ ယိုင်တိယိုင်တိုင် လျှောက်လှမ်းလာခဲ့သည်။ လျှောက်နေရင်းဖြင့် မိမိဘာသာ တဟဲဟဲ ရယ်မောရင်း
"လှပတဲ့ မုဆိုးမလေးရယ်... တစ်နေ့ကျရင်တော့ မင်းကို ငါ့လက်ထဲ ရောက်အောင် လုပ်ရမယ်၊ ဟဲဟဲ... ဟဲဟဲဟဲ~"
ရွံရှာဖွယ်ကောင်းသော စကားလုံးများဖြင့် ရေရွတ်နေ၏။ ချန်ချင်းယွီသည် သူ၏နောက်မှ လိုက်ပါရင်း စောင့်ကြည့်နေခဲ့သည်။ သူသည် အိမ်သာသို့သွားခြင်းမဟုတ်သည်ကို မြင်သောအခါ သူမသည် နောက်သို့ ဆက်လိုက်ရမလား သို့မဟုတ် ယခုပင် ရိုက်နှက်လိုက်ရမလားဟု ခဏမျှ ဝေခွဲမရ ဖြစ်သွားရ၏။ သို့သော် မကြာမီမှာပင် ချန်ချင်းယွီသည် သူ့ကို လက်သီးဖြင့် ဆုံးမရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တော့သည်။
သူ ဘာလုပ်နေသည်ဆိုသည်မှာ သူမအတွက် အရေးမကြီးပေ!
သူမအနေဖြင့် ဦးစွာ ဒေါသဖြေရန် လိုအပ်သည် မဟုတ်ပါလား!
သူမ ချန်ချင်းယွီကို အလွယ်တကူ အနိုင်ကျင့်လို့ရမည့်သူဟု သူ တကယ်ပင် ထင်နေသလော့။ သူမသည် အလျှော့ပေးမည့်သူ မဟုတ်ချေ။
"ဒီအသားဖြူဖြူ နုနုထွတ်ထွတ် မုဆိုးမလေးကို ဟဲဟဲ... ငါ ကောင်းကောင်းကြီး ပြုစုယုယပေးရမယ်..."
ကျန်းရှင်းဖှတစ်ယောက် စိတ်ကူးယဉ်အိပ်မက်ထဲတွင် နစ်မျောနေစဉ် နောက်ကျောဘက်မှ အားပါသော ပျံသန်းကန်ချက်တစ်ခု ရောက်ရှိလာပြီး သူ့ကို မြေပြင်ပေါ်သို့ မှောက်ရက်သား လဲကျသွားစေသည်။
"သောက်ကျိုးနည်း! ဘယ်ကောင်လဲဟ... အား!"
သူက လှည့်၍ ဆဲဆိုရန် ပြင်လိုက်သော်လည်း ဂုန်နီအိတ်တစ်လုံးက သူ၏ခေါင်းပေါ်သို့ ငုံ့စွပ်ခြင်း ခံလိုက်ရပြန်၏။
"ဝါး... အား!"
ချင်းချင်းယွီသည် ဂုန်နီအိတ်ကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင်လိမ်၍ ကျန်းရှင်းဖှကို အနီးနားရှိ လမ်းကြားတစ်ခုသို့ ဆွဲခေါ်သွားခဲ့သည်။ သူမသည် လူသွားလမ်းပေါ်တွင် လူရိုက်မည့်သူမဟုတ်ပေ၊ အကြောင်းမှာ တစ်ယောက်ယောက် မြင်လျှင် ပြဿနာတက်နိုင်ချေရှိပြီး အမှုပတ်နိုင်သည်။ ချန်ချင်းယွီသည် သူ့ကို လမ်းဆုံးဖြစ်သော လမ်းကြားလေးထဲသို့ ဆွဲသွင်းကာ ပစ်ချလိုက်တော့သည်။ အမူးပြေသွားသော ကျန်းရှင်းဖှမှာ အော်ဟစ်နေလေ၏။
"ဘယ်သူလဲ! ဘယ်သူလဲ! ငါ့ကို လွှတ်စမ်း! မင်း အသက်ရှည်ချင်ရင် ငါ့ကို အခုချက်ချင်းလွှတ်၊ မဟုတ်ရင် ငါက... အား!"
ချန်ချင်းယွီ သူ့ကို အချက်ပေါင်းများစွာ ဆက်တိုက်ကန်ပစ်လိုက်သည်။
သူမသည် ဤကဲ့သို့သော လူစားမျိုးကို အလွန်အမင်း ရွံရှာမိ၏။ ထိုသို့သောလူမျိုးမှာ တကယ့်ကို ယုတ်မာရိုင်းစိုင်းပြီး အရှက်ကင်းမဲ့သူ ဖြစ်သည်မဟုတ်လော့။ သူမသည် အားပါးတရ ထိုးနှက်နေသော်လည်း သူမ၏လက်ရှိအခြေအနေကို သိရှိနားလည်သဖြင့် အသက်အန္တရာယ်ရှိသော နေရာများကိုမူ ရှောင်ရှားခဲ့သည်။ ဆန်ဒါပညာရပ်ကို နှစ်ရှည်လများ လေ့ကျင့်ထားသူဖြစ်ရာ မည်သည့်နေရာကို မရိုက်သင့်ကြောင်းနှင့် မည်သည့်နေရာကို ရိုက်လျှင် အနာကျင်ဆုံးဖြစ်မည်ကို သူမ ကောင်းကောင်းကြီး သိရှိနားလည်ထား၏။
ချန်ချင်းယွီသည် သူ့ကို လက်နှင့်ပင် မထိဘဲ တိုက်ရိုက်ကန်ကျောက်လိုက်ရာ ကျန်းရှင်းဖှခဗျာ
အသံကုန်ဟစ်ကာ အော်ဟစ်နေတော့သည်။
"အား! အားးး! မင်းက လူယုတ်မာပဲ၊ လူကြောက်ပဲ! မင်း တကယ် သတ္တိရှိရင် ငါနဲ့ တစ်ယောက်ချင်း ယှဉ်ချလေ! ငါ့ကိုလွှတ်ပြီး တစ်ယောက်ချင်း ချစမ်း! အားးး! မင်း ဒီနားတစ်ဝိုက်မှာ ငါက ဘယ်သူလဲဆိုတာ မစုံစမ်းမိဘူးထင်တယ်၊ ငါက အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူးကွ!"
ချန်ချင်းယွီသည် ကျန်းရှင်းဖှကို အေးစက်စွာ စိုက်ကြည့်လျက် သူ့ကို ဆွဲထူကာ ဘယ်ဝိုက် ညာဝိုက် လက်သီးချက်များကို တရစပ် ကျွေးလိုက်လေ၏။
"အား! မင်း စောင့်နေလိုက်၊ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတဲ့ လူကြောက်ကောင်! မင်း ကိုသာ ငါ ရှာတွေ့လို့ကတော့ သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မယ်! ငါ ကျန်းရှင်းဖှဆိုတာ နာမည်တစ်လုံးနဲ့ နေတဲ့သူကွ! မင်း စောင့်နေလိုက်၊ စောင့်နေလိုက်! အချိန်တန်ရင် ငါ့ညီအစ်ကိုတွေကို ခေါ်လာပြီး မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..."
ဤလူမှာ အလွန်ပင် ခေါင်းမာလှချေသည်။
အပုပ်နံ့နံနေသော ကျန်းရှင်းဖှ၏ ပါးစပ်ကို ကြည့်ကာ သူမသည် လက်မနှေးတော့ဘဲ လက်သီးချက်ပေါင်းများစွာကို ထပ်မံကျွေးလိုက်ပြန်သည်။ နောက်ဆုံး ကျန်းရှင်းဖှမှာ "အု... အု... အု..." ဟုသာ အသံထွက်နိုင်တော့၏။
သူ၏ပါးစပ်ထဲတွင် သွေးများဖြင့် ပြည့်နှက်နေပြီး သွားများလည်း ကျိုးကုန်ပြီဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။ တကယ့်ကို ကျိုးကုန်ပြီ ဖြစ်၏။
ယခုအခါတွင်မူ သူ အနည်းငယ် ကြောက်လန့်လာပြီ ဖြစ်သည်။ ကျန်းရှင်းဖှသည် ပုစွန်ထုပ်လေးကဲ့သို့ ကွေးကွေးလေး ဖြစ်နေသော်လည်း ချန်ချင်းယွီကမူ ဂရုမစိုက်ပေ။ သူမသည် သူ့ကို ဆွဲထူကာ နံရံနှင့် ဆောင့်ပစ်လိုက်၍ ကျန်းရှင်းဖှမှာ "အု!" ခနဲ အသံထွက်သွားရ၏။ ချန်ချင်းယွီသည် သူ့ကို နောက်ထပ် အချက်အနည်းငယ် ထပ်မံကန်လိုက်ပြီး သူ၏ ပေါင်ကြားသို့လည်း မညှာမတာ နှစ်ချက်ဆင့် ကန်ပစ်လိုက်သည်။
‘မိန်းမတွေကို လိုက်နှောင့်ယှက်ရတာ သိပ်အရသာရှိနေတယ်ပေါ့ ဒီနေ့တော့ တကယ့်အရသာကို သင်ပေးလိုက်မယ်!’
သူမသည် သူ၏ တင်ပါးကိုလည်း နောက်ထပ် အချက်ပေါင်းများစွာ ကန်လိုက်ပြန်၏။
‘ငါ့ပြတင်းပေါက်ကို ချောင်းရတာ ပျော်စရာကောင်းနေတယ်ပေါ့! အေး ပျော်စရာက ဘာလဲဆိုတာ သိအောင် လုပ်ပေးမယ်!’
သူမသည် သူ၏မျက်နှာကိုလည်း တဖြန်းဖြန်းနှင့် ရိုက်ပစ်လိုက်လေသည်။
‘အရှက်မရှိဘဲ ငါ့ကို မက်မောနေတာကိုလည်း သင်ခန်းစာ ပေးလိုက်မယ်!’
"ဝါး... ကျွန်တော် မှားပါပြီ၊ ကျွန်တော်... ကျွန်တော်... သူရဲကောင်းကြီးရယ်၊ ကျွန်တော့်ကို ချမ်းသာပေးပါ! သူရဲကောင်းကြီးရယ်၊ ချမ်းသာပေးပါဗျာ!"
ကျန်းရှင်းဖှသည် ပြင်းထန်စွာ အရိုက်ခံရပြီးနောက်တွင်မူ လုံးဝပင် ထိခိုက်သွားကာ ပုစွန်ထုပ်လေးကဲ့သို့ ကွေးလျက် သူ၏ပေါင်ကြားနှင့် ခေါင်းကိုသာ ဖိထားတော့သည်။ ယခုမူ သူသည် ကြောက်လန့်သွားပြီဖြစ်ရာ ဆက်လက်၍ ခေါင်းမမာရဲတော့ပေ။
"ကျွန်တော် မှားပါပြီ၊ ကျွန်တော် မှားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး သူရဲကောင်းကြီးရယ်၊ ကျွန်တော့်ကို လွှတ်ပေးပါ..."
"အားးးးး! ကျေးဇူးပြုပြီး ချမ်းသာပေးပါ! ခိုင်းတာ အကုန်လုပ်ပါ့မယ်! ကျေးဇူးပြုပြီး... ကျွန်တော့်မှာ ပိုက်ဆံရှိတယ်၊ ရှိသမျှ ပိုက်ဆံတွေ အကုန်ပေးပါ့မယ်၊ ကျွန်တော့်မှာ တကယ် ပိုက်ဆံရှိပါတယ်..."
ချန်ချင်းယွီသည် မဲ့ပြုံးပြုံးလိုက်သော်လည်း အသံထွက်၍ မရယ်မိပေ။
‘ငါ့ပုံစံက ပိုက်ဆံလိုနေတဲ့ပုံ ပေါက်နေလို့လား။ ငါ ဒီနေ့တင် ယွမ်ငါးထောင် ရထားတာ၊ နင့်ရဲ့ အနည်းအကျဉ်းလေးကို ငါက ဘာလို့ ဂရုစိုက်ရမှာလဲ’
သူမ စိတ်ထဲမှ တွေးနေမိပြီး ချန်ချင်းယွီသည် ထိုလူ၏ တင်ပါးကို နောက်ထပ် အချက်အနည်းငယ် ထပ်မံရိုက်နှက်လိုက်၏။ သူမ၏ လက်ဆသည် တော်တော်လေး ပြင်းထန်လှလေသည်။
ထိုသို့သောလူမျိုးသည် နာနာ မရိုက်ပေးလျှင် သင်ခန်းစာ ရလိမ့်မည် မဟုတ်ပေ။
ချန်ချင်းယွီသည် မည်သည့် တုံ့ပြန်မှုကိုမျှ ပြသခြင်း မရှိသော်လည်း ဤလူယုတ်မာသည် ယုတ်မာမှုတစ်ခု ပြုလုပ်တိုင်း အရိုက်ခံရမည်ဆိုလျှင် ဆက်လက်၍ ယုတ်မာရဲတော့မည် မဟုတ်ဟု သူမ ယုံကြည်နေသည်။ သူမသည် သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်လျှင်ပင် ၎င်းမှာ ပြည်သူ့အတွက် အကျိုးပြုရာ ရောက်ပြီး အမျိုးသမီးထု တစ်ရပ်လုံးအတွက်လည်း ကောင်းကျိုးပြုရာ ရောက်ပေလိမ့်မည်။
"ကျွန်တော် ပိုက်ဆံပေးပါ့မယ်၊ ပိုက်ဆံပေးပါ့မယ်၊ ကျွန်တော့်မှာ ပိုက်ဆံရှိတယ်... အု... နာလိုက်တာ... အား... ကယ်ကြပါဦး၊ ကယ်ကြပါဦး..."
ချင်းချင်းယွီ၏ လက်သီးချက်များမှာ ပို၍ ပြင်းထန်လာလေသည်။
ဖုန်း ဖုန်း…ဖုန်း!!
"ကယ်ကြပါဦး၊ ကူညီကြပါဦး!"
ကျန်းရှင်းဖှသည် သူသေတော့မည်၊ သေတော့မည်၊ အမှန်တကယ်ပင် သေတော့မည်ဟု ခံစားနေရသည်။
‘နာကျင်လိုက်သည်မှာလည်း လွန်ပါဘိ။’
"ဝါး... ငါ ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ!"
ဒီကောင်က ပိုက်ဆံတောင် မလိုချင်ဘူးလား။
ဒါ... ဒါ... လက်စားချေတာများလား။
ဒါဖြင့် ငါ့ကို သတ်တော့မှာလား။
အရင်ဆုံး အသေအလဲ နှိပ်စက်ပြီးမှ သတ်ပစ်တော့မှာလား။
ဖောင်း... ဒုန်း... ခွပ်!!
ဖြန်း... ဖြန်း... ဖြန်း!
ကျန်းရှင်းဖှသည် သေလုမျောပါး အရိုက်ခံနေရသော်လည်း ကံဆိုးချင်တော့ သတိက မေ့မသွားသေးပေ။ သူသည် အသည်းအသန် ပြန်လည်ခုခံရန် ကြိုးစားသော်လည်း ရန်သူသည် အဆမတန် သန်မာနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။
"အား...!!"
သူ နောက်ထပ် လက်သီးတစ်ချက် အကျွေးခံလိုက်ရပြန်သည်။
"အီး!"
သူသည် ရှိသမျှ အားအင်ကို အသုံးချကာ အသံကုန် ဟစ်အော်လိုက်၏။
"ကယ်ကြပါဦး! ကယ်ကြပါဦး! လူသတ်နေကြလို့ပါ! လူသတ်နေပြီ! ကယ်ကြပါဦး!"
ခြောက်ကပ်နေသော လမ်းကြားလေး ဖြစ်သော်လည်း ဤဝန်းကျင်မှာ အိမ်ရာဝင်းကြီးအများအပြားရှိသည့် လူနေရပ်ကွက် ဖြစ်သည့်အပြင် ညဉ့်နက်သန်းခေါင်မရောက်သေးသဖြင့် လူတိုင်း နိုးကြားနေကြဆဲဖြစ်ရာ အသံအချို့ကို သဲ့သဲ့ကြားနိုင်ကြသည်။ ကျန်းရှင်းဖှက အသည်းအသန် အော်ဟစ်လိုက်သောအခါ မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်မှာ ထိုဆူညံသံကို ကြားသွားခဲ့၏။
အနီးဆုံးဝင်းမှ အဘိုးအိုတစ်ဦး ထွက်လာသော်လည်း တစ်ယောက်တည်းတော့ မထွက်ရဲပေ။ သူက နောက်ထပ် လူအနည်းငယ်ကိုပါ လှမ်းခေါ်လိုက်သည်။ သူတို့ အဝေးကြီး မရောက်သေးခင်မှာပင် အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာပြန်၏။
"လူသတ်နေလို့ပါ! လူသတ်နေပြီ... ကယ်ကြပါဦး!"
ချန်ချင်းယွီမှာမူ သူ၏ အော်ဟစ်သံများကို ဂရုမစိုက်ပေ။ သူမအနေဖြင့် ဤမျှဆိုလျှင် လုံလောက်ပြီဟု ခံစားရပြီး လူများလည်း မကြာမီ ရောက်လာတော့မည်ဟု ခန့်မှန်းမိသဖြင့် အဆုံးသတ်အနေဖြင့် နောက်ထပ် အချက်အနည်းငယ် ထပ်မံထိုးနှက်လိုက်သည်။ ထို့နောက် သူမသည် ဂုန်နီအိတ်ကို ဆွဲယူကာ အရှိန်ယူ၍ နံရံပေါ်သို့ ခုန်တက်ပြီး လျင်မြန်စွာ ပြေးထွက်သွားလေ၏။ သူမသည် ဝေးဝေးပြေးရန် မလိုဘဲ အောက်သို့ ခုန်ဆင်းကာ အိမ်သို့ အမြန်ဆုံး ဦးတည်ခဲ့သည်။
ဓာတ်မီးကိုယ်စီဖြင့် ရောက်ရှိလာကြသော လူအနည်းငယ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျန်းရှင်းဖှကို မြင်လိုက်ရ၏။
"ဟာ! ညီလေး... မင်း ဘာဖြစ်တာလဲ"
ကျန်းရှင်းဖှမှာ နာကျင်လွန်းသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။
အတော်ကြာမှ သူက အားနည်းသော လေသံဖြင့်
"ကျွန်တော့်ကို... ကျွန်တော့်ကို ဆေးရုံ ပို့ပေးကြပါဗျာ"
"အေးပါ... အေးပါ... သူ့ကို ဆေးရုံ အမြန်ပို့ကြစို့"
"မင်းက ဘယ်သူ့သားလဲ။ ဘာဖြစ်တာလဲ။ ရိုက်တဲ့လူကော ဘယ်မှာလဲ။ ဘာလို့ ရိုက်တာလဲ"
မေးခွန်းပေါင်း လေးခုမှာ တရစပ် ထွက်ပေါ်လာတော့သည်။
ကျန်းရှင်းဖှ: "ကျွန်တော်က ဟိုနောက်ဘက်ကပါ၊ ကျွန်တော်... ကျွန်တော်က ကျန်းရှင်းဖှပါ၊ ခင်ဗျားတို့... ခင်ဗျားတို့ လူသွားခေါ်ပေးကြပါ..."
ထို့နောက် သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်လေ၏။
"သောက်ကျိုးနည်း! သောက်ကျိုးနည်းပဲ... သူ သွေးတွေ အန်နေပြီ... အားးး!"
အခင်းဖြစ်ပွားရာနေရာတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ လူတိုင်း ထမင်းစားပြီးကြပြီဖြစ်ရာ ထိုညတွင် ဖျော်ဖြေစရာလည်း သိပ်မရှိသဖြင့် အားလုံးက စောစောအိပ်ရန် ပြင်ဆင်နေကြ၏။ စောစောအိပ်၊ စောစောထခြင်းက ကျန်းမာရေးအတွက် ကောင်းသည် မဟုတ်ပါလား။ လူတိုင်း မျက်နှာသစ်၊ ခြေဆေးရန် ပြင်ဆင်နေကြပြီး ညဘက်
ခြေထောက်ကို ရေနွေးဖြင့် စိမ်ရသည်မှာ တကယ်ပင် နေလို့ကောင်းလှသည်။
"ကျန်းရှင်းဖှ... ကျန်းရှင်းဖှရဲ့ မိသားစုဝင်တွေ အိမ်မှာ ရှိကြလား။ ကျန်းရှင်းဖှ.."
ကျယ်လောင်ပြီး အရေးကြီးသော အသံတစ်သံ ထွက်ပေါ်လာသည်။ ရှေ့ဝင်းရှိ လူများက ပထမဆုံး တုံ့ပြန်ကြသူများ ဖြစ်၏။ လီချန်ရွှမ်းက အမြန်ထွက်လာပြီး
"ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ။ ကျန်းရှင်းဖှက ငါတို့ဝင်းကပဲ၊ သူ့ကို ရှာနေတာလား"
သတင်းလာပို့သူမှာ လူငယ်တစ်ဦး ဖြစ်ပြီး သူက လက်ကာပြလိုက်ကာ အရေးတကြီးပင် ဆိုလိုက်၏။
"မဟုတ်ဘူး... မဟုတ်ဘူး... ဦးလေး၊ ကျန်းရှင်းဖှလေ။ ကျန်းရှင်းဖှက ဟိုနောက်ဘက်လမ်းမှာ အရိုက်ခံလိုက်ရလို့။ ကျွန်တော်က လာသတင်းပို့တာ။ သူ့မိသားစုကို အမြန်ခေါ်ပေးပါဦး! သူ့ကို ဆေးရုံ ပို့ရတော့မယ်!"
လီချန်ရွှမ်း : "ဘာ!"
သူ၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားလေသည်။ သူက မယုံနိုင်စရာ ဖြစ်ရပ်ကြောင့် အော်ဟစ်လိုက်၏။
"ဒုက္ခပါပဲ၊ ဒုက္ခပါပဲ! လူတွေ အကုန်လုံး အပြင်ထွက်လာကြဦး! တစ်ခုခု ဖြစ်ပြီ! ကျန်းရှင်းဖှဒုက္ခရောက်နေပြီ!"
လူတိုင်း အပြင်သို့ အမြန်ထွက်လာကြသည်။ ဝမ်မေ့လန်က မျက်မှောင်ကြုတ်လိုက်ပြီး
"သူ့မိသားစုကို အမြန်သွားပြောလိုက်ပါဦး"
"အဲ... ဟုတ်သားပဲ... ဟုတ်သားပဲ၊ ဒေါ်ကြီးဟွမ်ကို သွားခေါ်လိုက်ကြ..."
"ဒေါ်ကြီးဟွမ်၊ ဒေါ်ကြီးဟွမ်!"
"ဘာဖြစ်တာလဲ"
"ကျန်းရှင်းဖှ ဒုက္ခရောက်နေတာလား။ ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စမျိုး ဖြစ်ရတာလဲ"
"သူက ဘယ်လိုဖြစ်လို့ ထပ်ပြီး ဒုက္ခရောက်ရပြန်တာလဲ။ သူ့ကံဇာတာကတော့ တကယ်ကို ညံ့လွန်းတာပဲ!"
"အေးလေ... ဟုတ်ပါရဲ့"
လူတိုင်း ထိုအကြောင်းကို ဝိုင်းဝန်းပြောဆိုနေကြစဉ် ထိုအတောအတွင်းမှာပင် အဘွားကြီးကျောက်သည် အပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။ သူမသည် မိမိနောက်ရှိ တံခါးကို ပိတ်လိုက်ပြီး ဘာမျှမသိနားမလည်သည့်ဟန်ဖြင့် မေးမြန်းလိုက်၏။
"ဘာဖြစ်တာလဲ။ ဘာတွေဖြစ်ကုန်ကြတာလဲ"
ဤအချိန်တွင် အစ်မကြီးဖန်သည် အဘွားကြီးကျောက်နှင့် သူမကြားရှိ ပုံမှန်ပဋိပက္ခများကို ဂရုမစိုက်နိုင်တော့ဘဲ သတင်းဖြန့်လေတော့သည်။
"ကျန်းရှင်းဖှ ဒုက္ခရောက်နေပြီလို့ ပြောနေကြတာပဲ၊ ငါသွားကြည့်ဦးမယ်"
လူတိုင်း ရှေ့ဝင်းဘက်သို့ စုပြုံသွားကြရာ ထိုခဏမှာပင် အဘွားကြီးဟွမ်သည်လည်း အသိစိတ်လွတ်မတတ် ဖြစ်နေသောပုံစံဖြင့် ပြေးထွက်လာပြီး အသံကုန်ဟစ်ကာ "ငါ့သားလေး! ငါ့သားလေး..." ဟု အော်ဟစ်နေ၏။
သူမမှာ ရိုင်းစိုင်းစွာဖြင့် ပတ်ဝန်းကျင်ရှိ လူများကို ပတ်ရမ်းလိုက်သည်။
"နင်တို့ကတော့ ပွဲကြည့်နေကြတာပဲ၊ မြန်မြန်လာကူကြဦးလေ! ငါ့သားလေး... မင်းတော့ ဒုက္ခရောက်လှချည်လား!ဘယ်လို အသည်းနှလုံးမရှိတဲ့ ကောင်စုတ်ကများ လုပ်ရက်တာလဲ!"
သူမ၏ အကြည့်သည် အဘွားကြီးကျောက်ပေါ်သို့ ကျရောက်သွားပြီး ရုတ်တရက် ရှေ့သို့ အတင်းပြေးတက်လာကာ
"နင်ပဲ... နင်ပဲ ငါ့သားကို ရိုက်တာ မဟုတ်လား။ နင်ပဲ ဖြစ်ရမယ်... နင်ပဲ... ဒီအဘွားကြီးစုတ်..."
ဖြန်း... ဖြန်း... ဖြန်း!
အဘွားကြီးကျောက်သည် အဘွားကြီးဟွမ်ကို ဖမ်းဆွဲလိုက်ပြီး ပါးကို သုံးချက်ဆင့် ရိုက်ချပစ်လိုက်၏။
ထို့နောက် သူမက တံတွေးထွေးကာ ဆဲဆိုလိုက်လေသည်။
"နင်ကမှ အဘွားကြီးစုတ်၊ ငါ့ကို လာပြီး အကွက်ဆင်တာလား! ငါ ကျောက်တာ့ရာဆိုတာ အလွယ်တကူ ကစားလို့ရတဲ့သူ မဟုတ်ဘူးဟဲ့!"
လူတိုင်း တိတ်တဆိတ်ပင် နောက်သို့ တစ်လှမ်းချင်း ဆုတ်လိုက်ကြသည်။ သူမသည် တကယ်ပင် အလွယ်တကူ ကစားလို့ရသည့်သူ မဟုတ်ပါချေ!
ထိုပြင်းထန်သော ပါးရိုက်သံ သုံးချက်သည် လူအုပ်ကြီး၏ တိုးတိုးတိတ်တိတ် ပြောဆိုသံများကို ဖုံးလွှမ်းသွားစေပြီး မည်သူမျှ သူမကို ရန်မစရဲကြတော့ပေ။
သို့သော်လည်း နောက်မှရောက်လာသော အိမ်နီးနားချင်းအချို့ကမူ သံသယရှိနေကြဆဲ ဖြစ်၏။ အကြောင်းမှာ အချို့သောသူများသည် ကျန်းရှင်းဖှက မုဆိုးမလေးကို ချောင်းကြည့်နေသည်ကို မြင်တွေ့ခဲ့ကြသောကြောင့် အဘွားကြီးကျောက် စိတ်တိုပြီး သင်ခန်းစာပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု ထင်ကြလေသည်။
ဤအဘွားကြီးသည် တကယ့်ကို လက်ရဲဇက်ရဲရှိသော တိုက်ခိုက်ရေးသမားတစ်ဦး မဟုတ်လော့။
အစ်မကြီးဖန်ပင်လျှင် အဘွားကြီးကျောက်ကို သံသယဖြင့် ကြည့်နေမိသော်လည်း သူမသည် အခြေအနေကို လျင်မြန်စွာ ရိပ်မိသွားပြီး
"အဘွားကြီးဟွမ်... အခု ကျန်းရှင်းဖှဆီကိုပဲ သွားကြည့်ပါဦး။ လျှောက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ အဘွားကြီးကျောက်က အိမ်မှာရှိနေတာပဲ၊ သူက ဘာလို့ ရှင့်သားကို သွားရိုက်ရမှာလဲ"
ဤအချိန်တွင် ဒုတိယမြောက်ဝင်းမှ အိမ်နီးနားချင်း အချို့ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။
"အဘွားကြီးကျောက်က အိမ်မှာ သူ့ချွေးမကို ဆဲနေတာဗျ၊ ကျွန်တော်တို့ အကုန်ကြားရတယ်"
ဝမ်မေ့လန်မှာလည်း ဝင်ပြောလိူက်၏။
"ကျွန်မလည်း ကြားပါတယ်..."
သူတို့သည် ရှေ့ဝင်းတွင် နေထိုင်ကြသော်လည်း အဘွားကြီးကျောက် ရေထွက်သွန်စဉ်က ဆူညံနေသည်ကို ကြားခဲ့ရသည်။ အလယ်ဝင်းမှ လူများလည်း သဲ့သဲ့ကြားခဲ့ရ၏။
မာကျန့်ယီသည် အလယ်ဝင်းမှ လမ်းလျှောက်လာပြီး
"အခုက ဘယ်အချိန်ရှိနေပြီလဲ။ သူတစ်ပါးကို လိုက်ပြီး မဟုတ်မတရား စွပ်စွဲဖို့ အချိန်ရှိနေသေးတာလား။ ကိုယ့်သားဆီပဲ သွားကြည့်ပါဦး"
ထို့နောက် မာကျန့်ယီမှာ ထပ်၍ အော်ပြောလိုက်သည်။
"ယောက်ျားလေးတွေ... ငါနဲ့ လိုက်ခဲ့ကြဦး"
"အေးပါ... အေးပါ... ငါ့ရဲ့ ရှင်းဖှလေး..."
"ငါ့သားလေး..."
"အမေ လာပြီနော်..."
မာကျန့်ယီက ယောက်ျားများကိုသာခေါ်လိုက်သော်လည်း ဤမျှကြီးမားသော ဆူညံမှုကို မည်သူက မကြည့်ဘဲ နေချင်မည်နည်း။ လူအုပ်ကြီးက နောက်မှ လိုက်ပါသွားကြသည်။ ချန်ချင်းယွီသည် အပြင်ဘက်တွင် ပုန်းကွယ်နေရင်း လူအုပ်ကြီး ထွက်ခွာသွားသည်ကို စောင့်ကြည့်ကာ ဝင်းအတွင်းသို့ အမြန်ဝင်ခဲ့၏။ သူမကို တစ်စုံတစ်ယောက်က မြင်တွေ့သွားမည် စိုးသဖြင့် စောစောပိုင်းတွင် မဝင်ရဲခဲ့ပေ။
ယခုအချိန်က အကောင်းဆုံးပင်။
ချန်ချင်းယွီသည် သူမ၏အိမ်ရှိရာ ဒုတိယမြောက်ဝင်းသို့ အမြန်ဝင်ခဲ့သည်။ သူမသည် အိမ်ထဲသို့ ရောက်သည်နှင့် သက်ပြင်းချလိုက်ပြီး အပေါ်အင်္ကျီနှင့် ပုဝါကို အမြန်ချွတ်ကာ အတွင်းခန်းထဲသို့ ဝင်ခဲ့၏။ ကလေးနှစ်ယောက်သည် အုတ်ခုတင်ပေါ်တွင် ထိုင်ကာ လူကြီးလေးများကဲ့သို့ စကားပြောနေကြသည်။
ရှောင်ကျား: "ညီမလေး... ဘာတွေဖြစ်နေတာလဲ"
ရှောင်ယွမ်က ခေါင်းကို ကုတ်လိုက်ပြီး ခေါင်းခါကာ
"သမီးလည်း မသိဘူး"
ကလေးနှစ်ယောက်သည် ပြတင်းပေါက်မှ အပြင်သို့ ချောင်းကြည့်ကာ စကားဆိုလိုက်၏။
"ဘယ်သူမှ မရှိတော့ဘူး၊ အကုန်လုံး ထွက်သွားကြပြီ"
ရှောင်ယွမ်: "သမီးလည်း သွားချင်တယ်"
"ကိုကိုလည်း သွားချင်တာပဲ၊ ဒါပေမဲ့... အို! မေမေ!"
ရှောင်ကျားသည် သူ၏ မိခင် ပြန်ရောက်လာသည်ကို မြင်သောအခါ အလွန်ဝမ်းသာသွားသည်။ ချန်ချင်းယွီသည် အဝတ်အစားများကို သိမ်းဆည်းလိုက်ပြီး ကလေးများကို မေးလိုက်၏။
"သားတို့ သမီးတို့ မအိပ်သေးဘူးလား"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ခေါင်းခါပြကာ ပြိုင်တူဖြေလိုက်ကြသည်။
"မအိပ်ချင်သေးဘူး"
ချန်ချင်းယွီ ပြုံးလိုက်ပြီး
“ဒီလောက် အသက်လေးတွေနဲ့ ပွဲကြည့်ချင်လိုက်ကြတာ"
ရှောင်ကျား: "မေမေ! အခုတင် အဘွားက အဘွားဟွမ်ကို ရိုက်လိုက်တယ်!"
ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ပြီး
"ရပါတယ်၊ သားတို့အဘွားက သူဘာလုပ်နေတယ်ဆိုတာ သူသိပါတယ်"
သူမ ပြုံးလိုက်ပြီး ရေဇလုံကို ကိုင်ကာ မျက်နှာသစ်ရန် ဝင်းထဲသို့ ထွက်လာခဲ့သည်။ ထိုစဉ်မှာပင် အလယ်ဝင်းမှ ယွမ်မိသားစု၏ သမီးပျို ယွမ်ဟောက်ရွှယ်သည်လည်း မျက်နှာသစ်ရန် ထွက်လာခဲ့၏။ သူမသည် ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သော်လည်း နေ့စဉ်နှင့်အမျှ အလုပ်များနေသဖြင့် ယွမ်ဟောက်ရွှယ်ကို ယခုမှပင် ပထမဆုံးအကြိမ် တရားဝင် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
သူမသည် ယွမ်ဟောက်ရွှယ်ကို အပေါ်အောက် အကဲခတ်ကြည့်မိရာ ထိုမိန်းကလေးမှာ တကယ်ပင် လှပပြီး နုနုနယ်နယ်နှင့် ပညာတတ်အငွေ့အသက် ရှိသည်ကို ဝန်ခံရမည်ဖြစ်သည်။ သူမသည် တကယ်ပင် ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်း ခံထားရသော မိန်းကလေးတစ်ဦးဖြစ်ပြီး ထူးခြားသည့် ပင်ကိုယ်စရိုက်လည်း ရှိလေ၏။
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ သူမနှင့် ရင်းနှီးခြင်း မရှိဘဲ တွေ့ဆုံသည့်အခါ နှုတ်ဆက်ရုံမျှသာ ရှိခဲ့သည်။
ယွမ်ဟောက်ရွှယ်၏ ဇလုံထဲတွင် ရေနွေးတစ်ဝက်ခန့် ရှိနေဆဲ ဖြစ်ပြီး သူမက ချန်ချင်းယွီကို ပြုံးပြနှုတ်ဆက်လိုက်ကာ
"အစ်မချန်... ပွဲသွားမကြည့်ဘူးလား"
ချန်ချင်းယွီ လေသံအေးအေးဖြင့်
"သွားချင်တာပေါ့၊ ဒါပေမဲ့ ကလေးတွေကို အိမ်မှာတစ်ယောက်တည်း ထားခဲ့ဖို့က မကောင်းလို့လေ။ ညီမရော မသွားဘူးလား"
ဟောက်ရွှယ်က နှုတ်ခမ်းလေး အနည်းငယ်ကွေးရုံမျှ ပြုံးလိုက်ပြီး
"ကျွန်မက အဲဒီလိုကိစ္စမျိုးတွေကို စိတ်မဝင်စားလို့ပါ"
သူမ၏ စကားထဲတွင် တစ်ပါးသူထက် သာလွန်သည်ဟူသော အငွေ့အသက်မျိုး အမှတ်မထင် ပါဝင်နေသည်။
သူမက ချန်ချင်းယွီကို အပေါ်အောက် တစ်ချက်ကြည့်ကာ ထပ်မံပြုံးပြပြီး နှုတ်ဆက်သွား၏။
"ကျွန်မ အထဲဝင်တော့မယ်နော် အစ်မချန်၊ အေးအေးဆေးဆေးသာ ဆေးပါဦး"
"အေးပါ"
သူတို့၏ အပြန်အလှန် စကားပြောဆိုမှုမှာ တိုတောင်းလှသော်လည်း ဤမိန်းကလေးမှာ သူမကို အထင်သေးနေသည်ကို ချန်ချင်းယွီ ရိပ်မိလိုက်သည်။
ချန်ချင်းယွီသည် အပူအပင်ကင်းကင်းနှင့် တစ်ခါတစ်ရံ စိတ်မြန်လက်မြန် ရှိတတ်ပုံရသော်လည်း လူကဲခတ်ရာတွင်မူ အလွန်ပင် ထက်မြက်လှ၏။ မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာရသည့် မိန်းကလေးတစ်ဦးအဖို့ သူတစ်ပါး၏ မျက်နှာရိပ်မျက်ကဲကို ကြည့်တတ်သည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော်လည်း ယွမ်ဟောက်ရွှယ်၏ သဘောထားကို သူမ သိပ်ပြီး ဂရုမစိုက်ပေ။ အပြင်ပန်းအရ ဆက်ဆံရေး အဆင်ပြေနေသရွေ့ စိတ်ထဲမှာ မည့်သည်အရာကို တွေးတွေး သူမအတွက် အရေးမကြီးပေ။
သူတစ်ပါး အဘယ်သို့ တွေးမည်ကို အမြဲတမ်း လိုက်ကြည့်နေမည်ဆိုလျှင် မိမိကိုယ်တိုင်သာ ပင်ပန်းရပေလိမ့်မည်။
ချန်ချင်းယွီသည် ကိုယ်လက်သန့်စင်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။ မမျှော်လင့်ဘဲ ခဏအတွင်းမှာပင် ကလေးနှစ်ယောက်မှာ ငိုက်မြည်းနေကြပြီ ဖြစ်၏။ ကလေးများကို သိပ်လိုက်ပြီးနောက်တွင်မူ သူတို့မှာ ချက်ချင်းပင် အိပ်ပျော်သွားကြတော့သည်။ သူမကိုယ်တိုင်မှာမူ အိပ်ချင်စိတ် သိပ်မရှိသေးသဖြင့် အုတ်ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ လင်းကျန့်ဝမ်၏ ဓာတ်ပုံကို ကြည့်ရင်း စကားစမြည် ပြောဆိုနေမိ၏။
ချန်ချင်းယွီ : "ကျွန်မ ဟိုကောင်စုတ်ကို သင်ခန်းစာ ပေးလိုက်ပြီ။ သူက ကျွန်မကိုတောင် အခွင့်အရေး လာယူချင်သေးတာလား။ ကိုယ့်အရည်အချင်းကိုယ်လည်း မသိဘူး။ ကျွန်မ သူ့ကို ရိုက်လွှတ်လိုက်တာ အနည်းဆုံးတော့ တစ်လခွဲလောက် အိပ်ရာထဲ လဲနေမှာပဲ။ နောက်ဆိုရင်ရော ဒီလောက် ရဲတင်းရဲဦးမလား ကြည့်ရသေးတာပေါ့။ ထပ်ပြီး ရဲတင်းလာရင်လည်း ထပ်ရိုက်ရမှာပဲ။ ဟက်! သူ့ကို သင်ခန်းစာ မပေးလိုက်ရင် သူ ဘယ်သူလဲဆိုတာ သူ သိမှာမဟုတ်ဘူး..."
ချန်ချင်းယွီ တတွတ်တွတ် ဆက်ပြောနေလေသည်။
"နှမြောစရာကောင်းတာက ကျွန်မရဲ့ ပုံရိပ်ကို ထိန်းနေရလို့ပေါ့၊ မဟုတ်ရင်တော့ လူချင်းတွေ့ပြီး ကောင်းကောင်းကြီး ဆုံးမပစ်လိုက်ချင်တာ။ ဟူး... ရှင်ရော ထင်လား၊ ကျွန်မက ပုံမှန်ဆိုရင် သဘောကောင်းလွန်းနေလို့လား။ ဘယ်မိန်းကလေးမှတောင် ကျွန်မကို ကြည့်တာမဟုတ်ဘူး။ ဟွန့်... တကယ်တော့ ကျွန်မက သန်မာပါတယ်၊ လုံးဝ အားမနည်းပါဘူး! ပြဿနာတက်မှာ စိုးလို့သာ အောင့်အည်းနေရတာ"
ချင်းယွီသည် ယနေ့ ကျန်းရှင်းဖှကို ကိုင်တွယ်ဖြေရှင်းလိုက်ရသဖြင့် အတော်ပင် စိတ်လှုပ်ရှားနေဆဲဖြစ်ကာ ဆက်၍ စကားများနေမိ၏။
"ကျွန်မ ဒီနေ့ အဘိုးတို့ အိမ်ကို သွားခဲ့တယ်၊ အဲဒီမှာ ပစ္စည်းကောင်းတွေ တွေ့ခဲ့ရုံတင်မကဘူး၊ ရှောင်ကျားနဲ့ ရှောင်ယွမ်ကိုလည်း အပြင်ခေါ်သွားပြီး အသားတွေ ကျွေးခဲ့သေးတယ်။ ရှင့်အမေကို မခေါ်သွားလို့တော့ ကျွန်မကို အပြစ်မတင်နဲ့နော်! ရှင့်အမေက အရင်က အတော်လေး ဆိုးခဲ့တာလေ၊ လက်တွေ့ကျတဲ့ အခြေအနေတွေကြောင့်သာ ကျွန်မက သူ့ကို မဆုံးမဘဲ နေခဲ့တာ။ သူ့အပေါ် ကျွန်မက ကောင်းပေးလိမ့်မယ်လို့တော့ မျှော်လင့်မနေနဲ့။ ကျွန်မက ရန်ကို မေတ္တာနဲ့ တုံ့ပြန်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ ရှင် သိအောင် ပြောပြရဦးမယ်..."
ချန်ချင်းယွီသည် ကွယ်လွန်သူ၏ ဓာတ်ပုံကို ကိုင်ကာ တစ်ယောက်တည်း ရေရွတ်နေမိသည်။ အမှန်အတိုင်း ပြောရလျှင် သူမသည် လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။ ဤသို့ စိတ်ထွက်ပေါက်အနေဖြင့် သူမ၏ စကားများကို နားထောင်ပေးမည့်သူ တစ်ယောက်ယောက် ရှိနေသည်မှာပင် ကောင်းလှပြီဟု ခံစားရ၏။ ချန်ချင်းယွီသည် ဤအခြေအနေကို အတော်ပင် သဘောကျနေမိသည်။
"သူတို့ ဆေးရုံ ရောက်သွားကြပြီလား မသိဘူး။ ဟဲဟဲ... ကျွန်မကတော့ တကယ်ကို တော်တာပဲ။ အသက်အန္တရာယ်ရှိတဲ့ နေရာတွေကို တစ်ခုမှ မထိအောင် ရိုက်ခဲ့တာလေ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အထိတောင် ဒီဒဏ်ရာက သာမန်ဒဏ်ရာအဆင့်မှာပဲ ရှိနေမယ်လို့ ကျွန်မ ဂုဏ်ယူဝင့်ကြွားစွာ ပြောရဲတယ်။ ဟဲဟဲဟဲ!"
ချန်ချင်းယွီသည် မိမိကိုယ်မိမိ ကျေနပ်အားရနေရင်း တတွတ်တွတ် ဆက်လက် ပြောဆိုနေလေတော့သည်။
ထိုအချိန်တွင် လူအားလုံးမှာ ကျန်းရှင်းဖှကို ဆေးရုံသို့ ပို့ဆောင်နေကြပြီ ဖြစ်သည်။ ကျန်းရှင်းဖှမှာ အပြင်းအထန် အရိုက်ခံထားရသည့်အသွင်ရှိပြီး သွေးများပင် အန်ထုတ်ထားသဖြင့် လူအတော်များများမှာ နောက်ဆက်တွဲပြဿနာများကို စိုးရိမ်ကာ သူ့ကို မထိရဲမကိုင်ရဲ ဖြစ်နေကြ၏။ အခြေအနေကို ထိန်းကျောင်းနိုင်စွမ်းရှိသော မာကျန့်ယီ ရောက်ရှိလာတော့မှသာ လူစုခွဲပြီး သူ့ကို ဆေးရုံသို့ ပို့ရန် စီစဉ်နိုင်ခဲ့လေသည်။
လူအုပ်ကြီးမှာလည်း နောက်မှ တသီတတန်း လိုက်ပါသွားကြ၏။
အဘွားကြီးကျောက်သည်လည်း လူအုပ်ကြားထဲသို့ တိုးဝင်၍ ချောင်းကြည့်လိုက်ရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒူးပင် ညွှတ်ခွေကျမတတ် ဖြစ်သွားရသည်။
ဘုရားရေ!
ကျန်းရှင်းဖှမှာ တကယ့်ကို အသေအလဲ အရိုက်ခံထားရသည်၊
အတော်လေးကို ဆိုးဆိုးရွားရွားပါပဲ။
သူ့မျက်နှာမှာ ဝက်ခေါင်းတစ်ခုနှယ် ဖူးရောင်နေလေသည်။ မူလကတည်းက ရုပ်ရည်ကောင်းသူ မဟုတ်သော်လည်း ယခုမူ စုတ်ပြတ်သတ်နေသော အရုပ်တစ်ရုပ်နှင့်ပင် တူနေတော့၏။ ချန်ချင်းယွီကတော့ သူ့ကို တကယ်ပဲ အလွန်အကျွံ လုပ်လိုက်ပြီဟု အဘွားကြီးကျောက် စိတ်ထဲမှ အမှန်တကယ် ခံစားလိုက်ရသည်။
ကြည့်ပါဦး၊ ဟိုမှာ ကြည့်လိုက်ပါဦး!
ဘုရားရေ... ကျန်းရှင်းဖှများ သေသွားပြီလား။
မဖြစ်နိုင်တာ၊ မဟုတ်လောက်ပါဘူးနော်?
"လမ်းဖယ်ပေးကြပါ! မြန်မြန်... သူ့ကို ဆေးရုံ အမြန်ပို့ကြစို့!"
"ဘုရားရေ... ဒါက တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားပဲ"
"သူ သွေးတွေအန်နေတာပဲ၊ ဘယ်လိုလုပ် မစိုးရိမ်ရဘဲ နေမှာလဲ"
"သူ ဘာတွေများ လုပ်မိလို့ ဒီလို အဖြစ်မျိုး ကြုံရတာပါလိမ့်"
"ဓားပြတိုက်ခံရတာများလား"
"မဟုတ်နိုင်ပါဘူး၊ ဒီလောက်ညဉ့်နက်မှ အရက်မူးပြီး သူ ဘယ်ကိုသွားမှာမလို့လဲ..."
လူတိုင်း အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသော်လည်း မာကျန့်ယီ၏ ညွှန်ကြားချက်အတိုင်း လူနာကို တွန်းလှည်းပေါ်တင်ကာ ဆေးရုံသို့ အပြေးအလွှား ခေါ်ဆောင်သွားကြသည်။
အဘွားကြီးဟွမ်သည်ကား တဟီးဟီးနှင့် ငိုယိုမြည်တမ်းနေရှာ၏။
"ငါ့သားလေး... ဘယ်ကောင်စုတ်ကများ လုပ်ရက်တာလဲ။ ဘယ်ကောင်က လုပ်တာလဲ?! ငါ့သားလေး သနားပါတယ်။ ကောင်းကင်ကြီးမှာ မျက်စိမရှိဘူးလား..."
မာကျန့်ယီ : "..."
ဒီဝင်းကြီးရဲ့ စီမံခန့်ခွဲသူ ဖြစ်ရတာက တကယ့်ကို ကံအဆိုးဆုံးပါပဲ!
ဝင်းအတွင်းက ကိစ္စတွေကို ဖြေရှင်းပေးရရုံတင်မကဘဲ အပြင်မှာဖြစ်တဲ့ ပြဿနာတွေကိုလည်း လက်ပိုက်ကြည့်မနေနိုင်ပြန်ဘူး။ သူ တကယ့်ကို ဒုက္ခရောက်နေရပြီ!
ငါ မာကျန့်ယီ ဘာအပြစ်တွေများ လုပ်ခဲ့လို့လဲ!!
"သားလေး... မသေပါနဲ့ဦး... ကျေးဇူးပြုပြီး မသေပါနဲ့ဦး..."
"ဘုရားသခင်ရယ်... မျက်စိဖွင့်ပေးပါဦး! ကျွန်မသားလေးက လူကောင်းတစ်ယောက်ပါ၊ ကျေးဇူးပြုပြီး..."
"ဝါး..."
မာကျန့်ယီမှာ စိတ်ပျက်အားငယ်စွာဖြင့် နားထင်ကိုသာ ဖိထားမိတော့သည်။
အဘွားကြီးကျောက်မှာလည်း ပွဲကြည့်ရင်း လိုက်ပါလာခဲ့သော်လည်း ရင်ထဲတွင်တော့ စိုးရိမ်စိတ်ဖြင့် တဒိတ်ဒိတ် ခုန်နေမိ၏။
"ဘုရားရေ! ဒီအရူးမက သူ့ကို တကယ် သတ်မိသွားတာတော့ မဟုတ်ပါဘူးနော်? ဟုတ်နိုင်မလား? မဖြစ်နိုင်တာ!
အို... ဘုရားရေ... လူသေမှုအထိတော့ မဖြစ်ပါစေနဲ့!"
‘မဖြစ်သေးပါဘူး၊ အခြေအနေကို သိရအောင် သူတို့နဲ့အတူ ဆက်လိုက်သွားမှ ဖြစ်မယ်’
လူအုပ်ကြီးမှာ စီတန်းကာ ဘုရားပွဲလှည့်လည်သကဲ့သို့ ဆေးရုံသို့ ရောက်ရှိလာကြသည်။
"ဆရာဝန်ကြီး! ကယ်ပါဦး! ကျွန်မသားလေးကို ကယ်ပေးပါဦး..."
အဘွားကြီးဟွမ်မှာ အော်ဟစ်ရင်း ရုတ်တရက် ဒူးထောက်ချလိုက်၏။
ဆရာဝန်ခမျာ "ထပါ... ထပါဦး..." ဟု ဆိုသော်လည်း၊
"ရှင် ကျွန်မကို ကတိပေးရမယ်၊ သူ့ကို ပျောက်အောင် ကုပေးမယ်လို့ ကတိပေးမှ ကျွန်မ ထမှာ! ကျိန်ဆိုစမ်းပါ! ကျွန်မသားလေး ဘာမှမဖြစ်ဘူးလို့ ကျိန်ဆိုပေး!"
အဘွားကြီးဟွမ်မှာ ဆရာဝန်၏ ဂျူတီကုတ် ဖြူအနားသတ်ကို ဆွဲကိုင်ထားကာ ကတိတောင်းနေလေ၏။
ဆရာဝန် : "...!!!!!"
ဤကဲ့သို့သော လူနာရှင်မျိုး၏ နဖူးပေါ်တွင် "ဆေးကုသမှု နှောင့်ယှက်သူ" ဟူသော စကားလုံး နှစ်လုံးမှာ အထင်အရှားပင် ရေးထွင်းထားသကဲ့သို့ ရှိနေတော့သည်။
ဆရာဝန်မှာ ထိုအသုံးအနှုန်းကို အလိုအလျောက်ပင် နားလည်သွားခဲ့ရ၏။
"ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားကယ်တင်ပေးပါ့မယ်၊ ဒါပေမဲ့ လူနာကို မကြည့်ရသေးဘဲနဲ့ ဘာမှ အာမ မခံနိုင်ပါဘူး။ ခင်ဗျား အခုလို လုပ်နေတာက ကုသမှုကို နှောင့်နှေးစေလိမ့်မယ်..."
မာကျန့်ယီ: "ဒီအရူးမကို ဆွဲထုတ်လိုက်ကြစို့!"
ငါ မာကျန့်ယီတစ်ယောက် အရင်ဘဝက ဘာအပြစ်တွေများ လုပ်ခဲ့မိလို့ပါလိမ့်!
ကျုပ်က တစ်သက်လုံး စနစ်တကျ စီမံခန့်ခွဲမှု ပညာရပ်ကိုပဲ လေ့လာလိုက်စားချင်ခဲ့တာပါဗျာ!!
ဒါမျိုးတွေ လုပ်ဖို့မဟုတ်ပါဘူးဗျာ!!
အဘွားကြီးကျောက်ပင်လျှင် မာကျန့်ယီကို သနားကရုဏာဖြင့် ကြည့်လိုက်မိတော့သည်။
သနားစရာကောင်းလိုက်တာ!
၂၈။ စိတ်ကြည်နူးဖွယ် အိမ်နီးချင်းမေတ္တာ
ကျန်းရှင်းဖှသည် သွေးအန်သဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရပြီး လူနာသည် သွေးအန်သည်ဟု ကြားသိရသဖြင့် ဆရာဝန်များသည်လည်း ပိုမို၍ ဂရုတစိုက် ကိုင်တွယ်ကြလေသည်။
ရပ်ကွက်ထဲရှိ လူပေါင်း သုံးလေးဆယ်ခန့်မှာလည်း ဆေးရုံသို့ ရောက်ရှိနေကြရာ တကယ့်ကို အေးအတူပူအမျှ အိမ်နီးချင်းမေတ္တာပင် ဖြစ်တော့၏။ နောက်ဆုံးတွင် ရွှီကောင်းမင်ပင်လျှင် တုတ်ကောက်တစ်ဖက်နှင့် ရောက်ရှိလာရာ ၎င်းမှာ အမှန်တကယ်ပင် သံယောဇဉ်ကြီးမားလှသည် မဟုတ်ပါလော့။
မည်သူမှလည်း အိမ်သို့ မပြန်ကြဘဲ ဆေးရုံစင်္ကြံလမ်းတွင် လူအုပ်ကြီးမှာ ပြည့်နှက်နေလေသည်။ ထိုစဉ် အဘွားကြီးကျောက်မှာ သက်ပြင်းတစ်ချက်ချလျက်
“ပြီးခဲ့တဲ့တစ်ခေါက် လူတွေဒီလောက်များတာ... ပြီးခဲ့တဲ့တစ်ခေါက်တုန်းကပဲ ရှိမယ်။”
မာကျန့်ယီ “.......”
ခင်ဗျားကတော့ တကယ့်ကို အဓိပ္ပာယ်မရှိတာတွေ ပြောနိုင်လွန်းတယ် ဟု စိတ်ထဲမှ ကြိတ်၍ ဆိုမိလေ၏။
အားလုံး တိတ်ဆိတ်စွာ စောင့်ကြည့်နေကြစဉ် အဘွားကြီးဟွမ်သည် ကုလားထိုင်ပေါ် မှောက်လျက် အသံကုန်ဟစ်ကာ ငိုကြွေးနေသည်။ ထိုအခါ နာ့စ်မလေးတစ်ဦးမှာ မျက်မှောင်ကြုတ်လျက် လာရောက်သတိပေးလေ၏။
“ဆေးရုံမှာ အသံကျယ်ကျယ်မလုပ်ပါနဲ့ရှင်၊ တခြားလူနာတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။”
အဘွားကြီးဟွမ်မှာ အလျှော့မပေးဘဲ ပြန်လည်အော်ဟစ်လေလိုက်သည်။
“နင်လို အသိတရားမရှိတဲ့ ကောင်မစုတ်! ငါ့သားက ဒီလောက်ထိ ဒဏ်ရာရထားတာကို နင်က ကိုယ်ချင်းမစာဘူးလား။ နင်ဟာ တကယ့်ကို စိတ်ပုပ်နှလုံးပုပ်မပဲ၊ ငါ့သားကို ပြန်ပေးစမ်း၊ ငါ့သားကို ခုချက်ချင်း ပြန်ပေးစမ်းပါဆို...”
နာ့စ်မလေးမှာ ဒေါသထွက်လွန်းသဖြင့် တုန်တုန်ရင်ရင်ပင် ဖြစ်သွားရ၏။ ဤသို့ မျက်နှာပြောင်တိုက်၍ အဓိပ္ပာယ်မရှိ ရန်တွေ့တတ်သော အဘွားကြီးမျိုးကို တစ်ခါမျှ မတွေ့ဖူးချေ။ သူမသည် မျက်ရည်ဝဲလျက် လှည့်ထွက်သွားပြီး အကူအညီသွားခေါ်လေတော့သည်။ အဘွားကြီးဟွမ်သည်ကား ထိုသူမှာ မိမိကို ကြောက်သဖြင့် ထွက်ပြေးသွားသည်ဟု မှတ်ထင်ကာ အောင်နိုင်သူလေသံဖြင့် ကြုံးဝါးနေသေး၏။
“ဟမ့်! နို့နံ့မစင်သေးတဲ့ ကောင်မလေးက ငါ့ကို လာဆုံးမချင်သေးတယ်။ ကိုယ်က ဘာကောင်မမို့လို့လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဦးမှပေါ့...”
စကားပင် မဆုံးသေးမီ နာ့စ်မလေးမှာ သူနာပြုအုပ် ဆရာမကြီးကို ခေါ်ဆောင်၍ ပြန်လည်ရောက်ရှိလာပြီး တိုင်တန်းလေသည်။
“ဆရာမကြီး၊ ဒီမှာပဲ... သူ ဆူညံအောင် လုပ်နေတာ!”
သူနာပြုအုပ် ဆရာမကြီးမှာတင်းမာသော မျက်နှာပေးဖြင့် ငေါက်ငမ်းလေသည်။
“ဒီမှာ ဆေးရုံက ရှင့်အိမ်က ခုတင်ပေါ် မဟုတ်ဘူး။ နောက်တစ်ခါ ထပ်ပြီး ရန်လုပ်နေဦးမယ်ဆိုရင် လုံခြုံရေးခေါ်ပြီး အပြင်ကို လွှင့်ပစ်ခိုင်းလိုက်မယ်။ ဘာမှန်းကို မသိဘူး!”
“ရှင်က တကယ့်ကို သံမဏိနှလုံးသားနဲ့...”
ဆရာမကြီးသည် အဘွားကြီးဟွမ် စကားဆုံးအောင်ပင် မစောင့်ဘဲ သူမ၏လက်မောင်းကို ဆွဲကာ အပြင်ဘက်သို့ တရွတ်တိုက် ဆွဲခေါ်သွားလေ၏။ အဘွားကြီးဟွမ်ခမျာ မည်သို့မျှ ရုန်းကန်၍ မရတော့ချေ။
“ရှင်က အပြင်မထွက်ချင်ဘူးဆိုရင် ကျွန်မကပဲ ကူညီပေးရတာပေါ့။ ပထမတစ်ခါဆိုရင် ကျွန်မ အပြင်ထုတ်မယ်၊ ဒုတိယတစ်ခါဆိုရင် လုံခြုံရေးခေါ်မယ်၊ တတိယတစ်ခါဆိုရင်တော့ ရဲစခန်းကိုပဲ အကြောင်းကြားလိုက်မယ်။ ဒီနေရာက ရှင့်လို ဘုမသိကိုးမသိ အာကျယ် အဘွားကြီးတွေ လာရမ်းကားရမယ့်နေရာ မဟုတ်ဘူး။ အခုက ခေတ်ဟောင်းမဟုတ်ဘူးနော်၊ လာပြီး ဗိုလ်ကျချင်လို့ကတော့ ဝေးသေးတယ်!”
လှေကားထိပ်အထိ အဆွဲခံလိုက်ရသော အဘွားကြီးဟွမ်မှာ အသက်ရှူပင် ကြပ်လာပြီး မျက်လုံးလေးများ ကလည်ကလည် ဖြစ်လာကာ အမြန်တောင်းပန်ရရှာသည်။
“မှားပါပြီ... ကျွန်မ မှားပါပြီ။ ကျွန်မကို လွှတ်ပေးပါတော့၊ နောက်မဆူတော့ပါဘူး၊ မှားပါပြီလို့... အဘိုးကြီးမာ၊ အဘိုးကြီးမာ ကယ်ပါဦး!”
မာကျန့်ယီမှာ သက်ပြင်းချလျက်
“အေးဗျာ...”
လူအုပ်ကြီးမှာ သူ့ကို ကြည့်ကာ သနားနေကြ၏။ သူ၏ စိတ်ပင်ပန်းနွမ်းနယ်မှုကို အားလုံး ခံစားမိကြသည် မဟုတ်ပါလော့။
မာကျန့်ယီခမျာ ဝင်ရောက်ညှိနှိုင်းပေးလိုက်ရလေသည်။
“ဆရာမကြီးခင်ဗျာ... ဒါက သူ့အမှားပါ။ ဒါပေမဲ့ သူ့သားက ခွဲစိတ်ခန်းထဲမှာဆိုတော့ စိတ်ပူပြီး ရူးကြောင်ကြောင်တွေ ပြောမိတာပါ။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါဦး၊ ကျွန်တော်တို့ ထိန်းထားပါ့မယ်။ တခြားလူတွေကို အနှောင့်အယှက်ဖြစ်အောင် ထပ်မငိုခိုင်းတော့ပါဘူး။ တောင်းပန်ပါတယ်ဗျာ။”
သူနာပြုအုပ် ဆရာမကြီးမှာလည်း အမှန်တကယ်တွင် လူကို ဒုက္ခပေးလိုခြင်း မဟုတ်ဘဲ တခြားလူနာများအတွက် ငဲ့ကွက်ရခြင်းသာ ဖြစ်၏။ သူမသည် ခေတ္တစဉ်းစားပြီးမှ
“ရှင်တို့ သေချာကြည့်ထားကြဦး။ နေရာတိုင်းမှာ ကိုယ့်စိတ်ကြိုက် လျှောက်လုပ်လို့ရတယ်လို့ မမှတ်နဲ့။”
သူမက အဘွားကြီးဟွမ်ကို တစ်ချက်စိုက်ကြည့်လိုက်ရာ အဘွားကြီးဟွမ်မှာ စောစောကကဲ့သို့ မဟုတ်တော့ဘဲ ငြိမ်ကုပ်သွားလေသည်။ ဤသို့သော လူစားမှာ စိတ်ပျော့သူနှင့်ဆိုလျှင် အနိုင်ကျင့်တတ်ပြီး စိတ်မာသူနှင့်ဆိုလျှင် ကြောက်တတ်သည့် သဘာဝရှိပေသည်။ အဘွားကြီးဟွမ် ခပ်မြန်မြန်ပင် ကတိပေးလိုက်၏။
“ကျွန်မ ငြိမ်ငြိမ်နေပါ့မယ်။”
သူနာပြုအုပ် ဆရာမကြီးသည် ကျန်သည့်လူများကိုပါ လှည့်ပြောလိုက်သည်။
“ရှင်တို့လည်း အတူတူပဲ၊ စကားပြောရင် ခပ်တိုးတိုးပြောကြ။”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ။”
ဆရာမကြီးမှာ တော်တော်လေး ဟန်ပါသည်ကို မြင်သောအခါ မည်သူမျှ အထွန့်မတက်ရဲကြတော့ချေ။
လူအုပ်ကြီးမှာ တိတ်ဆိတ်သွားစဉ် ခွဲစိတ်ခန်းတံခါးမှာ ပွင့်လာ၏။ မာကျန့်ယီနှင့် လူအုပ်ကြီးမှာ အမြန်ပြေးကပ်သွားပြီး မေးမြန်းလိုက်ကြသည်။
“ဆရာ... ဘယ်လိုနေလဲခင်ဗျ?”
အဘွားကြီးကျောက်သည်လည်း အရှေ့ဆုံးမှ တိုးဝှေ့ကာ နားစွင့်ထား၏။ ဆရာဝန်က သက်ပြင်းတစ်ချက်ချလိုက်ကာ
“မပြင်းထန်ပါဘူး။”
အားလုံး “ဗျာ???”
အံ့ဩသင့်နေသော လူအုပ်ကြီးအား
ဆရာဝန်က ထပ်မံ၍
“သိပ်ပြဿနာမရှိပါဘူး။” ဟု ဆိုပြန်ရာ အားလုံးမှာ
“ဗျာ???” ဟု ထပ်မံ ရေရွတ်မိကြသည်။
ပြဿနာ... မရှိဘူးဟုတ်လား?
လူက သွေးတွေတောင် အန်ထားတာကို ပြဿနာမရှိဘူးတဲ့လား?
ခေါင်းတစ်ခုလုံး ဝက်ခေါင်းလို ဖူးယောင်နေတာကိုရော ပြဿနာမရှိဘူးတဲ့လား?
ပြီးတော့ အရိုက်ခံထားရလို့ အားတောင်မရှိတော့တဲ့ လူတစ်ယောက်ကို အသေးအဖွဲလို့ ပြောတာလား?
လူအုပ်ကြီး၏ မျက်နှာရိပ်မျက်နှာကဲကို ဆရာဝန်မှာ ရိပ်မိသွားပုံရကာ သူက အေးအေးဆေးဆေးပင် ဆက်လက်ရှင်းပြလိုက်၏။
“လူက ဘာမှမဖြစ်ပါဘူး၊ သွေးအန်တယ်ဆိုတာက သူ့သွား ၃ ချောင်း ကျိုးသွားလို့ပါ။ နောက်မှ သွားအသစ် ပြန်စိုက်လိုက်ရင် ရပါပြီ။ ပြီးတော့ ကိုယ်ပေါ်က ဒဏ်ရာတွေက ကြည့်ရဆိုးပေမဲ့ အပေါ်ယံ ဒဏ်ရာတွေပါပဲ၊ ကိစ္စမရှိပါဘူး။ ဘယ်လောက်ပဲ ပုံပျက်ပန်းပျက် ဖြစ်နေပါစေ၊ တကယ်တမ်းကျတော့ ဒါက ဒဏ်ရာအပေါ့စားပဲ ရှိပါသေးတယ်။”
ဤတွင် ဆရာဝန်က အတန်ငယ် စိတ်ဝင်တစားရှိသော လေသံဖြင့် မေးမြန်းစပ်စုလိုက်လေသည်။
“ဒါနဲ့... သူ့ကို ဘယ်သူရိုက်တာလဲ သိကြလား? ရိုက်တဲ့လူက တော်တော်လက်ရာမြောက်တာပဲ၊ အချက်အခြာကျတဲ့နေရာ တစ်ခုမှမထိအောင် ရှောင်ရိုက်သွားတာ။ ဒါပေမဲ့ ထိတဲ့နေရာတွေကလည်း တော်တော်လေး နာကျင်ပြီး ခံရခက်စေတယ်၊ အရှိန်အဟုန် ထိန်းချုပ်ပုံကတော့ တကယ့်ကို ဆရာကျတယ်ဗျာ။”
နောက်ဆုံးစကားကို ဆိုရာတွင် ချီးကျူးအံ့ဩသည့် အရိပ်အယောင်ပင် ပါဝင်နေ၏။ ဆရာဝန်များအနေဖြင့် ရန်ဖြစ်၍ ရောက်လာသူများစွာကို ကုသပေးဖူးသော်လည်း ဤမျှ ပြင်းပြင်းထန်ထန် အရိုက်ခံထားရပါလျက်နှင့် အသက်အန္တရာယ် မစိုးရိမ်ရအောင် ရိုက်နှက်နိုင်သူမျိုးမှာမူ အလွန်ပင် တွေ့ရခဲလှပေသည်။
ရောက်ရှိနေသူ အပေါင်းမှာမူ ဆွံ့အသွားကြ၏။
“.......”
အဘွားကြီးဟွမ်: “မဟုတ်သေးဘူးလေ ဆရာ၊ ဘာကို ဆိုလိုတာလဲ? ကျွန်မသားက ဒီလောက် ဒုက္ခရောက်နေတာကို ဆရာပြောတဲ့ လေသံက ဘယ်လိုကြီးလဲ!”
ဆရာဝန်: “ဪ... ကျွန်တော်က တခြားရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ပါဘူး။ လူကတော့ ဘေးကင်းသွားပါပြီ၊ ဆေးရုံတက်ဖို့သာ စီစဉ်လိုက်ကြပါ။ အိပ်ရာထဲမှာ သီတင်းပတ် နှစ်ပတ်လောက် နားနားနေနေ နေရမယ်၊ အိမ်မှာပဲဖြစ်ဖြစ် ဆေးရုံမှာပဲဖြစ်ဖြစ် နားလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ ဆေးရုံမှာပဲ နေစေချင်တယ်၊ သူ့မှာ ဒဏ်ရာရထားတဲ့နေရာတွေက များနေတော့ အိမ်မှာဆိုရင် မတော်တဆ ထိခိုက်မိတာမျိုးရှိရင် အနာကျက်ဖို့ ခက်သွားလိမ့်မယ်။ ဆေးရုံမှာဆိုရင်တော့ လိုအပ်တာတွေကို ချက်ချင်း လုပ်ပေးလို့ရတာပေါ့။”
“ဒါကတော့...”
အဘွားကြီးဟွမ် ဝေခွဲမရဖြစ်နေစဉ်
မာကျန့်ယီ ဝင်ပြောလိုက်၏။
“အဘွားကြီးဟွမ်... ဆေးရုံမှာပဲ ထားလိုက်ပါ၊ ခင်များ ဒီသားတစ်ယောက်ပဲ ရှိတာလေ၊ အမြန်ဆုံး အမြစ်ပြတ်အောင် ကုသဖို့က ပိုအရေးကြီးတာပေါ့။”
စောစောက ငွေကုန်ကြေးကျများမည်ကို စိုးရိမ်နေသော အဘွားကြီးဟွမ်မှာ ထိုစကားကြားသည်နှင့် စိတ်ဆုံးဖြတ်လိုက်လေသည်။ မှန်ပေသည်၊ သူမတွင် ဤသားတစ်ဦးတည်းသာ ရှိသည်မဟုတ်ပါလော့။
“ဒါဆိုရင်လည်း ဆေးရုံတက်ဖို့ စီစဉ်ပြီး လူနာကို လူနာဆောင်ထဲ ရွှေ့လိုက်ကြတော့။”
စကားဆိုပြီးနောက် ဆရာဝန်မှာ လှည့်ထွက်သွား၏။ သူသည် လျှောက်လှမ်းသွားရင်းနှင့်လည်း တစ်ကိုယ်တည်း တတွတ်တွတ် ရေရွတ်နေသေးသည်။
“ဆရာကျတယ်... တကယ့်ကို ဆရာကျတာပဲ! တကယ့် ပညာရှင်ပဲဗျာ!”
လူအုပ်ကြီး “.......”
ဆရာဝန်ကတောင် အထင်ကြီးနေပါလား!!!
ဘယ်သူကများ ဒီလောက်တော်တာပါလိမ့်!
အဘွားကြီးကျောက်မှာမူ နှုတ်ခမ်းကို တင်းတင်းစေ့ထားလျက် မည်သို့သော ခံစားချက်မျိုးဖြစ်နေသည်ကို သူမကိုယ်တိုင်ပင် မသိတော့ချေ။ သို့သော် သူမ တစ်ခုတော့ နားလည်လိုက်ပြီဖြစ်သည်၊ ထို "အရူးမ" ဆိုသူမှာ အမှန်တကယ်ပင် လက်စွမ်းလက်စ ထက်မြက်သူတည်း။ ဤမျှအခြေအနေကို "ဒဏ်ရာအပေါ့စား" ဟု ဆိုသည်စကားအား သူမ လုံးဝမယုံကြည်နိုင်ပါချေ။
မည်သို့သော ဒဏ်ရာအပေါ့စားသည် အိပ်ရာထဲတွင် နှစ်ပတ်ခန့် လဲနေရပါမည်နည်း။
အဘွားကြီးကျောက် ငြိမ်သက်နေသကဲ့သို့ မာကျန့်ယီနှင့် အခြားသူများမှာလည်း ဆွံ့အလျက် ရှိနေကြသည်။ ဤဒဏ်ရာများက အပေါ့စားဖြစ်သည်ဟု မည်သို့မျှ လက်မခံနိုင်ကြဘဲ ဖြစ်နေကြရှာ၏။
ဒီလောက်အခြေအနေကိုမှ!
ဒီလောက်ကြီးအထိ ဖြစ်နေတာကိုမှ!
ဒါက တကယ်ပဲ ပြဿနာမရှိဘူးတဲ့လား?
သို့သော် မာကျန့်ယီကမူ အလုပ်ကိစ္စကို မေ့လျော့ခြင်းမရှိဘဲ
“အဘွားကြီးဟွမ်... ကျန်းရှင်းဖှ ဒီလိုဖြစ်သွားတာကို ရဲစခန်းမှာ အမှုဖွင့်မလား? ဒါမှမဟုတ် ကျန်းရှင်းဖှ သတိရလာမှပဲ ဆုံးဖြတ်မလား?”
အဘွားကြီးဟွမ်လည်း အကျပ်ရိုက်သွားတော့သည်။ သူမသည် လူအုပ်ကြားတွင်သာ အသံကျယ်ကျယ်နှင့် ရမ်းကားတတ်သော်လည်း အမှန်တကယ် ဆုံးဖြတ်ချက်ချရမည့်အချိန်တွင်မူ ဘာမှလုပ်တတ်သူ မဟုတ်ချေ။
“အဲဒါကတော့...”
သူမ ခေတ္တစဉ်းစားပြီးမှ
“ကျွန်မတို့ အိမ်က အဘိုးကြီး ပြန်လာမှပဲဖြစ်ဖြစ်၊ ကျန်းရှင်းဖှ သတိရလာမှပဲဖြစ်ဖြစ် ဆုံးဖြတ်ကြတာပေါ့။”
“ကောင်းပါပြီ။”
ညကြီးမင်းကြီးအချိန်တွင် အဘိုးကြီးကျန်းသည် အိမ်မှာမရှိဘဲ အဘယ်ကို ရောက်နေသနည်းဟူသည်ကိုမူ မည်သူမျှ စပ်စုခြင်း မပြုကြချေ။ ကွာရှင်းထားသော တစ်ခုလပ်တစ်ဦး၏ ဘဝမှာ ဤသို့ပင် ဖြစ်မည်မဟုတ်လော့။
အဘွားကြီးကျောက်မှာ တိုးတိုးတိတ်တိတ် ရေရွတ်နေမိ၏။
“ဒီအဘိုးကြီးကတော့ တကယ်ကို မဟုတ်တာပဲ၊ သားက သေမလိုဖြစ်နေတာတောင် ဂရုမစိုက်ဘဲ အပြင်မှာ သွားရှုပ်နေတုန်း။ ရောဂါတွေရလာမှာတောင် မကြောက်ဘူးလားမသိဘူး၊ တကယ့်ကို နမိတ်မရှိတဲ့လူပဲ။”
လူအုပ်ကြီးမှာ ထိုစကားကို ကြားသော်လည်း ကောင်းကင်ကို ကြည့်သူကကြည့်၊ မြေကြီးကို စိုက်ကြည့်သူကကြည့်နှင့် တစ်ယောက်တစ်မျိုး ဟန်ဆောင်နေကြပြီး မည်သူမှ အဘွားကြီးဟွမ်ကို လှည့်၍ မကြည့်ဝံ့ကြချေ။
အဘွားကြီးဟွမ်မှာ ဒေါသထွက်လွန်း၍ မျက်လုံးအစုံပြူးထွက်လာပြီး အဘွားကြီးကျောက်ကို စိုက်ကြည့်နေလေသည်။ အကယ်၍ စောစောကသာ သတိပေးခြင်း မခံထားရပါက သူမသည် ဤအဘွားကြီးနှင့် အသေအလဲ တိုက်ပွဲဝင်ရန် ပြေးဝင်သွားမိမှာ အသေအချာပင်။
“နင်... နင်၊ နင်... နင်လို ငှက်ဆိုးမ...”
အဘွားကြီးကျောက်မှာ "ဟဲဟဲ" ဟု ရယ်မောလျက်
“ငါပြောတာ မှားလို့လား။ ညကြီးမင်းကြီး အလုပ်လည်းမဆင်းဘဲ အိမ်မှာလည်း မရှိဘူးဆိုတော့ ဘယ်သူက သဘောမပေါက်ဘဲ နေမှာမို့လို့လဲ။”
“နင်...”
အဘွားကြီးဟွမ် ဆဲရေးရန် ပြင်လိုက်စဉ် မာကျန့်ယီက လှမ်းတားလိုက်ပြီး
“အဘွားကြီးဟွမ်... ဒီကိစ္စကို အကြီးအကျယ် မလုပ်ပါနဲ့တော့။”
အဘွားကြီးဟွမ်မှာ တစ်ချက်မှင်သက်သွားပြီးမှ အခြေအနေမှန်ကို သတိပြုမိသွားသည်။ သူမ၏ အဘိုးကြီးမှာ ညဘက်တွင် အိမ်၌မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည်သာ ထပ်မံစုံစမ်း၍ မသွားသင့်သည့်နေရာများသို့ သွားနေသည်မှာ ပေါ်ပေါက်သွားပါက... အကျိုးဆက်မှာ မတွေးဝံ့စရာပင်။ ထို့ကြောင့် သူမသည် မကျေမနပ်ဖြစ်နေသော်လည်း အောင့်အီးသည်းခံလိုက်ရ၏။
အဘွားကြီးဟွမ်သည် အဘွားကြီးကျောက်ကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း ဘာမှမတတ်နိုင်ဘဲ ရှိနေတော့သည်။ သူမ၏ အိမ်ထောင်ဦးစီးမှာ ထိုကဲ့သို့သော နေရာမျိုးသို့ မသွားပါဟုလည်း သူမ ရဲရဲဝံ့ဝံ့ မငြင်းရဲပေ။
သူမတွင် ငွေကြေးအများအပြား မပါလာသော်လည်း ကံကောင်းသည်မှာ ကျန်းရှင်းဖှ၏ ကိုယ်ပေါ်တွင် ငွေများ ပါလာခြင်းပင်။ ကျန်းရှင်းဖှမှာ လကုန်၍ လစာထုတ်ပြီးတိုင်း ငွေအားလုံးကို ကိုယ်နှင့်မကွာ ဆောင်ထားတတ်သူဖြစ်ရာ ထိုသို့ပြုလုပ်ခြင်းဖြင့် ကြွားဝါနိုင်ကာ စိတ်ကြိုက်လည်း သုံးဖြုန်းနိုင်သည် မဟုတ်လော့။ သူသည် ငွေကို စုဆောင်းတတ်သူ မဟုတ်သော်လည်း လက်ရှိတွင် သူ၏ကိုယ်ပေါ်၌ ငွေနှစ်ဆယ်ခန့် ပါလာသဖြင့် ဆေးရုံစရိတ်အတွက် လုံလောက်သွားလေ၏။
အဘွားကြီးဟွမ်နှင့် လူအုပ်ကြီးမှာ လူနာဆောင်သို့ လိုက်ပါလာသည်ထိ ကျန်းရှင်းဖှမှာ သတိမရသေးဘဲ ရှိနေသေးသည်။
“အဒေါ်ကြီးဟွမ်... လူက ဘာမှမဖြစ်တော့တာပဲ တော်နေပါပြီ၊ သိပ်စိတ်မပူပါနဲ့တော့။”
“ဟုတ်တယ်၊ အဒေါ် ကြီးဒီမှာပဲ စောင့်နေလိုက်။ ဦးလေးကျန်းကို တွေ့ရင် အဒေါ့်ဆီ လာခဲ့ဖို့ ပြောလိုက်ပါ့မယ်။”
လူအများမှာ ဝိုင်းဝန်းနှစ်သိမ့်ကြလေသည်။
မာကျန့်ယီကမူ အဓိကကျသောအချက်ကို သတိရကာ
“အော်... ဟုတ်သားပဲ၊ ခင်များမြေးမလေး မုန့်မုန့်ကိုတော့ ဒီည ကျုပ်
အိမ်မှာပဲ ထားလိုက်ပါ။ ကျုပ် မိန်းမကို ကြည့်ခိုင်းထားလိုက်မယ်။”
သို့သော် အဘွားကြီးဟွမ်သည်ကား ကျေးဇူးတင်ရမည့်အစား အရာအားလုံးကို အလိုအလျောက် ရပိုင်ခွင့်ရှိသည်ဟု မှတ်ထင်နေဟန်ဖြင့် မျက်နှာပေးကို ချက်ချင်းပြောင်းကာ မောင်းထုတ်လေတော့၏။
“ရပြီ၊ အားလုံး ပြန်ကြတော့။ ဒီမှာ စုမနေနဲ့တော့၊ ငါ့သား အနားယူတာကို အနှောင့်အယှက် ဖြစ်လိမ့်မယ်။”
သူမသည် လူကို လိုလျှင်တမျိုး၊ မလိုလျှင်တမျိုး ဆက်ဆံတတ်သူဖြစ်ရာ မျက်နှာပြောင်းပုံမှာ အလွန်ပင် မြန်ဆန်လှပေသည်။
အဘွားကြီးကျောက်မှာ နှာခေါင်းရှုံ့လျက် ခနဲ့တဲ့တဲ့ ဆိုလိုက်၏။
“တွေ့ကြပြီလား... ဒါ ဘယ်လိုလူစားမျိုးလဲဆိုတာ။ ဒီလိုမျိုး ဆက်ဆံတတ်တဲ့ အိမ်ဆိုတော့ အရိုက်ခံရတာလည်း မဆန်းပါဘူးလေ။ ဟဲဟဲ!”
အခြားသူများမှာ ပြန်လည်ပြောဆိုခြင်း မရှိသော်လည်း စိတ်ထဲတွင်မူ အမှန်တကယ်ပင် လက်ခံမိကြသည်။ အဘွားကြီးဟွမ်မှာ သူတစ်ပါးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိနေသည်ကိုပင် ကိုယ့်ကိုယ်ကိုယ် မသိသူဖြစ်ရာ အဘွားကြီးကျောက်လောက် ဗြောင်မကျသော်လည်း အမှန်တကယ်ပင် စိတ်ပျက်စရာကောင်းလှသည့် လူစားမျိုးတည်း။
“ကဲ... သွားကြစို့။”
“သွားစို့... သွားစို့။”
“သူ့ရဲ့ အမူအယာကို ကြည့်ပါဦး၊ သူ့ကို ကူညီမိတာကိုက အပိုပဲ။”
“ဟုတ်ပါ့ဗျာ...”
အဘွားကြီးဟွမ် နှာခေါင်းရှုံ့လျက် ဂရုမစိုက်ဟန် ပြုနေလေသည်။ သူမ၏ အမူအယာ မကောင်းတာ ဘာဖြစ်သနည်း။ အကယ်၍သာ ဤလူများ အချိန်မီ ကယ်တင်ခြင်း ပြုခဲ့ပါက သူမ၏သားမှာ ဤမျှ ပြင်းထန်သော ဒဏ်ရာများ ရမည်မဟုတ်ပေ။ အားလုံးက အသုံးမကျဘဲ အချိန်မီ မရောက်လာသောကြောင့်သာ သူမသား ဤသို့ ဖြစ်ရခြင်း မဟုတ်ပါလော့။ ထို့ကြောင့် အရာအားလုံးမှာ သူတို့၏ အမှားသာ ဖြစ်ပေသည်။ သူမအနေဖြင့် မည်သည့်အတွက်ကြောင့် မျက်နှာချို သွေးနေရမည်နည်း။
အဘွားကြီးဟွမ်သည် တစ်ကိုယ်တည်း ပွစိပွစိ ရေရွတ်နေလေသည်။ နောက်မှ ခပ်မှန်မှန် လျှောက်လာကြသော လူငယ်အချို့မှာ ထိုစကားများကို ကြားရသောအခါ ဒေါသထွက်လွန်းသဖြင့် နားထင်ကြောများပင် တဖျပ်ဖျပ် တုန်လာကြရ၏။ ဤမျှအထိ အရှက်မရှိသောသူမျိုး ရှိပါဦးမည်လော့။
“ဒီအဘွားကြီးကတော့...”
“ထားလိုက်ပါတော့... သူလို ဘာမှနားမလည်တဲ့ အဘွားကြီးနဲ့ ဖက်ပြိုင်မနေပါနဲ့။ သူနဲ့ ရန်ဖြစ်နေရင် ငါတို့ပဲ သိက္ခာကျမှာ။ နောက်ဆိုရင် သူတို့အိမ်ကိစ္စဆို ဝေးဝေးကပဲ ရှောင်ကြစို့၊ မဟုတ်ရင် ငါတို့ကိုပဲ လာပြီး အပြစ်ဖို့နေဦးမယ်။”
“တောက်... တကယ်ပဲဗျာ...”
အဘွားကြီးဟွမ် ခါးထောက်လိုက်ပြီး
“ဘာပြောတာလဲ... နင်တို့လို လူငယ်လေးတွေက...”
“ပါးစပ်ပိတ်စမ်း! အေးအေးဆေးဆေး နေရမယ်ဆိုတာ မသိဘူးလား။ နင်တို့တွေ မပြီးနိုင်မစီးနိုင် ဖြစ်နေကြတာလား?”
သူနာပြုအုပ် ဆရာမကြီးမှာ မျက်နှာပျက်လျက် တစ်ဖန်ပြန်၍ ပေါ်လာပြန်သည်။ အဘွားကြီးဟွမ်မှာလည်း ချက်ချင်းပင် ငြိမ်ကျသွား၏။ စိတ်ရင်းကောင်းသူကို အနိုင်ကျင့်ပြီး စိတ်သဘောထားတင်းမာသောသူကို ကြောက်တတ်သူဖြစ်ရာ ရပ်ကွက်ထဲရှိ လူငယ်များက သူမကို အဘယ်မျှ မလုပ်နိုင်မှန်း သိသဖြင့် သောင်းကျန်းနေခြင်း ဖြစ်သော်လည်း ဆေးရုံမှ ဆရာမကြီးသည်ကား သူမကို အလျှော့ပေးမည် မဟုတ်သည်ကို သိသဖြင့် အသာလေး ငြိမ်နေရ၏။
အဘွားကြီးကျောက် နှာခေါင်းရှုံ့လျက် “ပျော့သူကို နိုင်စားပြီး မာသူကိုတော့ ကြောက်တတ်သားပဲ။” ဟု ဆိုကာ တံထွေးတစ်ချက် ထွေးလိုက်လေသည်။
အဘွားကြီးဟွမ် အကျင့်စရိုက်ကို သူမက ပို၍ သိသူမဟုတ်လော့!
ထူးထူးခြားခြားပင် ယခုတစ်ခေါက်တွင်မူ လူတိုင်းသည် အဘွားကြီးကျောက်ဘက်မှ ရပ်တည်ကြပြီး သူမပြောသည်မှာ မှန်ကန်လှသည်ဟု ယူဆကြလေသည်။
အဘွားကြီးကျောက်မှာ မျက်လုံးလေး ကစားလျက် အားမလိုအားမရသည့် လေသံဖြင့်
“ကျန်းရှင်းဖှ ဆေးရုံတက်ရပြီဆိုတော့ ရွှီအိမ်က ကျွေးမယ့်ပွဲကို လာစားလို့ မမီတော့ဘူးပေါ့?”
စဉ်းစားကြည့်လိုက်ရာ အကယ်၍ နှစ်ပတ်ခန့် အိပ်ရာထဲ လဲနေရမည်ဆိုပါက ထိုပွဲကို လာနိုင်စရာ အကြောင်းမရှိတော့ချေ။
“အဘိုးကြီးရွှီ.. ခင်ဗျားတို့အိမ်က ကျွေးမယ့်ပွဲက ဘယ်နေ့လဲ?”
လီချန်ရွှမ်းမှာ ကောက်ခါငင်ကာ မေးလိုက်၏။
ရွှီကောင်းမင်မှာ ရုတ်တရက် အမေးခံလိုက်ရသဖြင့် မှင်တက်သွားရလေသည်။
စားပွဲကျွေးမည်?
မည်သည့် စားပွဲကျွေးခြင်းနည်း?
သူသည် သူနှင့်အတူ လိုက်လာသော ဇနီးသည် ရှီကျန့်ရှန်းကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများတွင်လည်း ဝေခွဲမရသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။ တကယ့်ကို ဝေခွဲမရ၊ အကြီးအကျယ် ဝေခွဲမရ ဖြစ်နေကြလေ၏။
“ဘာတွေပြောနေကြတာလဲ ဘာစားပွဲလဲ ငါတော့မသိပါဘူး”
ရွှီကောင်းမင် ခြောက်ကပ်ကပ် ရယ်လျက် တုံ့ပြန်လိုက်လေသည်။
လီချန်ရွှမ်းမှာ ရယ်မောလိုက်ပြီး
“ဟန်ဆောင်မနေပါနဲ့ဗျာ။ ကျုပ် အားလုံးသိပြီးသားပါဗျ၊ ခင်များနှယ် ဘာလို့ဝန်မခံချင်ရတာလဲ? တကယ်တမ်းကျ ကျုပ်တို့အားလုံး သိနေကြပြီးသားပါဗျ”
အဘွားကြီးကျောက်မှာ ယင်းပြဿနာ၏အစမှာ မိမိတို့အိမ်မှ မဟုတ်သည့်အလား မသိချင်ယောင်ဆောင်ကာ ခေါင်းညိမ့်၍
“ဟုတ်တယ် ကျွန်မတို့အားလုံး ကြားပြီးပြီ၊ ရှင်တို့အိမ်က ဧည့်ခံပွဲနဲ့တည်ခင်း ကျွေးမွေးမလို့ဆို”
ဟဟ အဘိုးကြီး ပိုက်ဆံလား မျက်နှာသာရမှုလား ရွေးစမ်း!!
ဟင့်!!
ငါတို့မိသားစုကို မကောင်းကြံချင်တယ်ပေါ့ ခံလိုက်စမ်းအဲ့မှာ!!
မိုးနတ်မင်းက နင်တို့ကို အပြစ်မပေးရင်တောင် ငါနဲ့ငါ့ချွေးမကတော့ နင်တို့ကို အပြစ်ပေးရမှာပဲ!
ရွှီကောင်းမင်မှာမူ အားလုံးက သူ့အစီအစဉ်ကို သိနေကြသကဲ့သို့ ပြောဆိုနေကြသည်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွား၏။ သူသည် ဤကိစ္စကို အမှန်တကယ်ပင် ဘာမျှမသိပါချေ။
တစ်လုံးတစ်ပါဒမျှပင် မသိရှိပါတကား။
ခင်များတို့ ဘာတွေပြောနေကြတာလဲ!
ကျုပ် ဧည်ခံပွဲဆိုတာ ကျုပ်လည်း မသိရပါလားဗျာ!!
“ဟေ့... မင်းတို့ ဘာတွေပြောနေကြတာလဲ။ ငါ ဘာမှမသိပါဘူး၊ ငါ့ကို လာပြီး နောက်မနေကြပါနဲ့ဦး။”
သူ အတင်းငြင်းဆိုလိုက်လေသည်။
ထိုအခါ ယွမ်ဟောက်မင်က
“အဘိုးကြီးရွှီ… ခင်ဗျားက ကျုပ်တို့ကို အံ့သြသွားအောင် လုပ်မလို့ မဟုတ်လား။ ခင်ဗျားက စိတ်ကူးကောင်းတဲ့သူဆိုတာ ကျုပ် သိတာပေါ့။ ဒါပေမဲ့ အခုတော့ လူတိုင်းက သိကုန်ကြပြီဆိုတော့ ဖုံးကွယ်မနေပါနဲ့တော့ဗျာ။ အားလုံး ဝိုင်းဝန်းကူညီကြရင် ပိုမကောင်းဘူးလား။”
ဝမ်တာ့ချွေကလည်း ခေါင်းညိတ်လျက်
“လက်များရင် အလုပ်ပြီးတာပေါ့ဗျ!”
“ဟုတ်တယ်... ဟုတ်တယ်၊ စားပွဲပြင်တဲ့နေရာမှာ ဘယ်သူတော်လဲဆိုတာ ကျွန်တော်သိတယ်၊ စားဖိုမှူးတစ်ယောက်လောက် မိတ်ဆက်ပေးရမလား။”
“ချက်ပြုတ်ဖို့ ပစ္စည်းတွေလည်း ပြင်ဆင်ရဦးမယ်။ ခင်ဗျားတို့ ဝင်းထဲမှာ လူက နည်းတာမဟုတ်ဘူး။ စားပွဲ ဘယ်နှဝိုင်းလောက် ပြင်မှာလဲ? ဆယ်ဝိုင်းလောက်လား?”
“မဟုတ်ဘူး... ဆယ်ဝိုင်းနဲ့တော့ မလောက်လောက်ဘူး။”
“ကျွန်တော်လည်း မလောက်ဘူး ထင်တာပဲ။”
“တကယ်လို့ ဆယ်ဝိုင်းလောက် ဆိုရင်တောင် ဝိုင်းတိုင်းမှာ ကြက်သားတစ်ပွဲစီ ပါဖို့ဆိုတာ မလွယ်ဘူးနော်။”
“ဦးလေးရွှီ... ခင်ဗျားက တကယ်ကို မျက်နှာပွင့်ချင်တဲ့သူပဲ။ ရိုးရိုးရှင်းရှင်း လုပ်ရင်ရပါလျက်နဲ့ အကြီးအကျယ် ကျွေးမွေးချင်နေတာဆိုတော့... တကယ်ကို... တကယ်ကို... ကျွန်တော်တို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ! ဘာပဲဖြစ်ဖြစ် ခင်ဗျားက တကယ့်ကို ရက်ရောတဲ့သူပဲ!”
လူအပေါင်းမှာ ဝိုင်းဝန်းပြောဆိုနေကြသဖြင့် ရွှီကောင်းမင်နှင့် ဇနီးသည်မှာ ပို၍ပင် ပြာယာခတ်သွားကြ၏။
ဘာလဲ? သူတို့ ဘာတွေ ပြောနေကြတာလဲ?
သူတို့အနေဖြင့် မည်သူ့ကိုမျှ ကျွေးမွေးရန် အစီအစဉ် မရှိပါချေ။
အကြီးအကျယ် ကျွေးမွေးမည် ဟုတ်လား!
တစ်ဝိုင်းကို ကြက်တစ်ကောင် ဟုတ်လား!
နင်တို့တွေက အဲဒါမျိုး စားဖို့ တန်လို့လား!
အားလုံးမှာ အတည်ပေါက်ကြီး ပြောနေကြသဖြင့် ရွှီရှောင်စန်းပင်လျှင် မိဘများကို ဝေခွဲမရစွာ ကြည့်လျက်
“အဖေနဲ့ အမေ... ဘာလို့ ကျွန်တော့်ကို ကျွေးမွေးမယ့်ကိစ္စ မပြောခဲ့တာလဲ။ တခြားလူတွေတောင် သိနေကြပြီကို ကျွန်တော်က ဘာမှမသိရဘူးဆိုတော့ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်ဗျာ။”
ရွှီကောင်းမင်ခမျာ အသဲအသန် အော်ဟစ်ငြင်းဆိုလိုက်လေသည်။
“မဟုတ်ဘူး... မဟုတ်ဘူး... ငါ ဘယ်သူ့ကို ကျွေးမယ်လို့ ပြောလို့လဲ!”
“ခင်ဗျားက အားလုံးကို မကျွေးဘူး ဟုတ်လား?”
ယွမ်ဟောက်မင် သံသယရှိသော လေသံဖြင့် မေးမြန်းလိုက်၏။
“ဝင်းထဲကလူတွေ မှိုအဆိပ်မိတုန်းက ကူညီခဲ့ကြတာကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျွေးမွေးမှာ မဟုတ်ဘူးလား?”
သူသည် ရွှီကောင်းမင်ကို မသင်္ကာသလို ကြည့်လိုက်မိသည်။ ရွှီကောင်းမင်သည် အဘယ်ကြောင့် လူတိုင်းကို ကျွေးမွေးရန် ဝန်လေးနေရသနည်း။
သို့တည်းမဟုတ်...
သူ စိတ်ပြောင်းသွားပြန်ပြီလား…
ရွှီကောင်းမင်ကို ကြည့်ရှုနေသော ယွမ်ဟောက်မင်ထက်စာလျှင် ပုံမှန်မ
ဟုတ်မနေသော ရွှီကောင်းမင်ကို အဘယ်မျှ မရိပ်မိရှာသော လီချန်ရွှမ်းမှာ ထပြောလိုက်၏။
“အဘိုးကြီးရွှီ ဟန်ဆောင်မနေစမ်းပါနဲ့..ကျုပ်တို့အားလုံးက ခင်များပေးမယ့် အံ့ဖွယ်အစီအစဉ်ကြီးကို ကျေးဇူးတင်ပါတယ်ဗျ.. ဒါပေမဲ့ အားလုံးကသိနေပြီဆိုမှတော့ ဟန်ဆောင်မနေပါနဲ့ဗျာ။ ကျုပ်တို့ ဝင်းထဲမှာ မိသားစုတွေ ဒီလောက်များတာ။ ခင်များ ကျွေးမွေးချင်ရင် ကျုပ်တို့က ကူညီပေးရမှာပေါ့”
“တိတ်စမ်း အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ ငါတို့မိသားစုက ဘယ်သူ့မှ ကျွေးမနေဘူး။ ဟာသလာလုပ်နေတာလား? ဘာကိစ္စနဲ့ နင်တို့ကို ကျွေးရမှာတုန်း”
ရှီကျန့်ရှန်းမှာ ရင်တဆစ်ဆစ် နာကျင်နေရလေသည်။ အကယ်၍ ဝင်းထဲရှိ လူအားလုံးကိုသာ ဖိတ်ကြားရမည်ဆိုပါက စားပွဲဆယ်ဝိုင်းနှင့်ပင် လောက်ငမည် မဟုတ်ချေ။
ငွေကို မည်မျှပင် ခြွေတာပါစေဦးတော့၊ အသားမပါဘဲ ကျွေးလျှင်ပင် တစ်ဝိုင်းကို ငါးယွမ်ခန့် ကျသင့်မည်ဖြစ်သည်။ အကယ်၍ ဤလူစားများအတွက် ကြက်သား၊ အမဲသားနှင့် ငါးဟင်းများသာ ပါဝင်ရမည်ဆိုပါက တစ်ဝိုင်းလျှင် ရှစ်ယွမ်ခန့်မှာ အသာလေးပင်။ ထိုမျှမကသေး၊ ထိုပစ္စည်းများကို ဝယ်ယူရန်မှာလည်း အလွန်ပင် ခဲယဉ်းလှပေသည်။
အကယ်၍ အရက်ပါ ထည့်သွင်းရမည်ဆိုပါက၊ ထို့ပြင် သူတစ်ပါးကို အကူအညီတောင်း၍ ဝယ်ခိုင်းရမည်ဆိုပါက... အို... ယွမ်တစ်ရာနှင့်ပင် လောက်ငမည် မဟုတ်တော့ချေ။
ရှီကျန့်ရှန်းမှာ ထိုအကြောင်းကို တွေးမိသည်နှင့်တင် ရင်ဘတ်များပင် နာကျင်လာရ၏။
သူမ ဒေါသတကြီးဖြင့်
“ငါတို့မိသားစု မှိုအဆိပ်မိတာက နင်တို့နဲ့ ဘာဆိုင်လို့လဲ။ ငါတို့က ဘာလို့ နင်တို့ကို ဖိတ်ကျွေးရမှာလဲ။ နင်တို့တွေ ဘယ်လောက်တောင် အရှက်မရှိကြတာလဲ။ တကယ့်ကို အရှက်မရှိတဲ့လူတွေ။ ငါတို့ဆီက အလကားစားချင်နေကြတာလား? အရှက်ကို မရှိကြတာ! အလကားရရင် အကုန်လုပ်ချင်နေတဲ့ အငမ်းမရကောင်တွေ! ငါပြောလိုက်မယ်၊ နင်တို့ လူများတိုင်း ငါတို့မိသားစုဆီက အသာစီးရမယ်လို့ မမှတ်နဲ့။ နင်တို့ရဲ့ ငတ်ကြီးကျတဲ့ အကျင့်စရိုက်တွေက တကယ့်ကို ရွံစရာကောင်းလွန်းတယ်!”
ရှီကျန့်ရှန်းမှာ မကြာသေးမီကပင် ကံဆိုးမှုများစွာနှင့် ကြုံတွေ့ထားရသဖြင့် စိတ်တိုလွယ်နေလေသည်။ ယခုကဲ့သို့ စားပွဲကျွေးမည့်အကြောင်း ကြားလိုက်ရသောအခါ သူမ၏ ဒေါသမှာ ဒုံးပျံကဲ့သို့ အရှိန်အဟုန်ဖြင့် ထပေါက်ကွဲလာလေ၏။
“စားပွဲ လာစားချင်သေးတယ် ဟုတ်လား? နင်တို့တွေ ဗိုက်ပေါက်သေအောင်သာ သွားစားကြပါလား!”
အဘွားကြီးကျောက်မှာ ပြန်လည်၍ ချေပလိုက်လေသည်။
“နင်က ဘယ်လိုတောင် ပြောထွက်ရတာလဲ။ နင်တို့မိသားစုကပဲ အရင်ဆုံး စားပွဲကျွေးချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခုမှ ပြန်နှုတ်ထွက်ချင်ရင်လည်း ရပါတယ်၊ ဒါပေမဲ့ ဘာလို့ ငါတို့ကို လာဆဲနေရတာလဲ။ နင်ကပဲ အကျိုးအကြောင်းမရှိ ရန်လုပ်နေတာ မဟုတ်လား။”
ဟဲဟဲ... အဘွားကြီးကျောက်မှာ အားနေသည့်အချိန်တိုင်း ဤစကားလုံးများကို မည်သို့ပြောရမည်ဟု သေချာစဉ်းစားထားခဲ့ရာ ယခုတွင်မူ အသုံးတည့်သွားလေပြီ။
“နင်တို့ မကျွေးချင်ရင်လည်း မကျွေးနဲ့လေ၊ ငါတို့က အတင်းအကျပ် တောင်းဆိုနေတာမှ မဟုတ်တာ။ နင်တို့ကိုယ်တိုင်ပဲ သတင်းလွှင့်ခဲ့တာ မဟုတ်ဘူးလား။ ဘာလဲ? ငါတို့က နင်တို့ကို မကျွေးပါနဲ့လို့ လာတားတာကို စောင့်နေတာလား? ဒါမှ နင်တို့က နာမည်ကောင်းလည်းရ၊ ပိုက်ဆံလည်း သက်သာမယ်လို့ ကြံစည်နေတာလား? တကယ့်ကို ကောက်ကျစ်တာပဲ! ငါတို့က နင်တို့ထင်သလို ‘ပစ္စည်းတွေ ရှားပါးနေတာပဲ၊ မကျွေးပါနဲ့ဦး’ လို့ လာမပြောလို့ နင်တို့ တော်တော်လေး မကျေမနပ် ဖြစ်သွားတယ် မဟုတ်လား။ ဟမ့်! မကျွေးချင်ရင်လည်း အစကတည်းက အစမဖော်နဲ့လေ။ အခုတော့ အစဖော်ပြီးမှ ပြန်ငြင်းနေတာက ငါတို့ကို ကစားနေတာ မဟုတ်လား။ ငါတို့ အိမ်နီးချင်းတွေကို လူအများ မှတ်နေသလား။ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ဘယ်မှာ နာမည်ကောင်း သွားရှာလို့ ရမလဲအေ။”
အားလုံးမှာ အဘွားကြီးကျောက်ကို အံ့အားသင့်စွာ ကြည့်နေကြပြီး ယနေ့တွင် သူမသည် အဘယ်ကြောင့် ဤမျှ အခြေအနေကို နားလည်နေရသနည်းဟု အံ့ဩနေကြရှာ၏။
မှန်လိုက်တာ!!
အဘွားကြီးကျောက် ပြောသည်မှာ လုံးဝမှန်ကန်လှပေသည်။ ငွေမကုန်ချင်ပါက အစကတည်းက အဘယ်ကြောင့် ပြောခဲ့သနည်း။ ဤသည်မှာ လူကို နောက်ပြောင်နေခြင်း မဟုတ်ပါလော့။
ယခုမူ အားလုံး၏ ရွှီကောင်းမင်အပေါ် ကြည့်သည့် အကြည့်များမှာ ပြောင်းလဲသွားလေ၏။ အဘွားကြီးကျောက် ပြောသကဲ့သို့ပင် သူသည် တမင်သက်သက် သတင်းလွှင့်ကာ လူတိုင်း သူ့ကို လာတားမည်ကို စောင့်နေခြင်းဖြစ်မည်ဟု ထင်မှတ်ကုန်ကြသည်။
တကယ့်ကို ကောက်ကျစ်လှပေ၏။
ဖြစ်ပျက်သမျှမှာ အလွန်ပင် ဆန်းကြယ်လွန်းလှသဖြင့် သူနာပြုအုပ် ဆရာမကြီးပင်လျှင် လူအုပ်ကြီးကို ငြိမ်ငြိမ်နေရန် သတိပေးဖို့ မေ့လျော့နေပြီး ဤဇာတ်လမ်းကို စိတ်ဝင်တစား ကြည့်နေမိသည်။ ဘေးပတ်ဝန်းကျင် ကုတင်များမှ လူနာရှင်များမှာလည်း ဤအကြီးအကျယ် ရင်ဆိုင်တွေ့ကြုံမှုကို မနှောင့်ယှက်မိစေရန် အသက်ပင် မရှူဝံ့ဘဲ စောင့်ကြည့်နေကြလေ၏။
အိပ်ရမည် ဟုတ်လား?
ဘာကို အိပ်ရမှာလဲ?!
ဒါက အိပ်တာထက် အများကြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတယ်လေ!
ရွှီကောင်းမင်တစ်ယောက် တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာလေသည်။ သွားပြီ! သူသည် လူအားလုံး၏ ဆန့်ကျင်ဘက် ရောက်သွားပြီဖြစ်ကြောင်း ရုတ်ချည်း နားလည်လိုက်၏။ အခြေအနေကို မည်သို့ ပြန်လည် ထိန်းသိမ်းရမည်နည်းဟု ဦးနှောက်ခြောက်မတတ် စဉ်းစားနေစဉ်မှာပင် ရှီကျန့်ရှန်းက တစ်ဖန် ထပ်မံ၍
“ဟမ့်... ကျောက်တာ့ရာ ညည်းကတော့ တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ။ အလကား စားချင်လွန်းနေရင် ချေးသွားစားချေတော့! ငါ့ဆီက လာစားချင်သေးတယ် ဟုတ်လား? ဘာလဲ... နင် အဲလိုပြောလိုက်ရုံနဲ့ ငါတို့က ကျွေးမယ်များ မှတ်နေသလား? နင်ကတော့...”
ဖောင်း!!
အဘွားကြီးကျောက်သည် မည်သည့် ရင်ဆိုင်တွေ့ကြုံမှုမျိုးတွင်မဆို နောက်ဆုတ်တတ်သူ မဟုတ်ချေ။ သူမသည် ဦးအောင် လက်ဦးမှုယူရန် အရေးကြီးကြောင်းနှင့် နောက်ဆုံးမှ တုန့်ပြန်ရခြင်းမှာ အရှုံးကြီး ရှုံးမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသူ ဖြစ်လေသည်။ သူမသည် ထို "အရူးမ" ချန်ချင်းယွီကို မယှဉ်နိုင်သော်လည်း ဤအဘိုးကြီး အဘွားကြီးများကိုမူ အနိုင်တိုက်နိုင်ပေသည်။ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည် မဟုတ်လော့။
အဘွားကြီးကျောက်သည် ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်သွားပြီး ရှီကျန့်ရှန်း၏ ပါးကို ဖြတ်ခနဲ ရိုက်လိုက်ရာ အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။
“နင် ဘယ်သူ့ကို သွားစားခိုင်းတာလဲ? နင်သာ သွားစားရမှာ! ဟိုးတုန်းက နင် လမ်းဘေးခွေးလို ဖြစ်နေတုန်းက ငါတို့ဝင်းထဲကလူတွေသာ နင့်ကို တားမပေးခဲ့ရင် နင်ပဲ အဲဒါတွေ စားနေရမှာ။ နင်တို့မိသားစုကပဲ ထမင်းကျွေးမယ်ဆိုပြီး အစဖော်ပြီးမှ အခုကျတော့ ကလိမ်ကကျစ်လုပ်ချင်နေတာလား။ အသံကျယ်ကျယ်နဲ့ အော်နေရုံနဲ့ နင်ကပဲ တော်လှပြီ ထင်နေတာလား!”
“အား... နင် ငါ့ကို ရိုက်ရဲတယ်ပေါ့! နင်နဲ့ ငါနဲ့ သူသေကိုယ်သေပဲ! နင်ပဲ... ဒီကောလာဟလတွေကို နင်ပဲ လျှောက်ဖြန့်တာ ဖြစ်ရမယ်...”
ထိုအဘွားကြီး နှစ်ဦးမှာ တစ်ယောက်ဆံပင် တစ်ယောက်ဆွဲကာ ရုန်းရင်းဆန်ခတ် လုံးထွေး သွားကြတော့သည်။
အဘွားကြီးကျောက်မှာလည်း ပြန်လည် အော်ဟစ်လိုက်၏။
“နင် လျှောက်မပြောနဲ့! ငါ လျှောက်ဖြန့်တာ မဟုတ်ဘူး။ ငါ့ကို လာပြီး အပြစ်မပုံနဲ့! ထမင်းစားဆောင်မှာ လီချန်ရွှမ်း ပြောတာကို ငါ ကြားခဲ့တာ!”
ထိုနှစ်ဦး တိုက်ပွဲပြင်းထန်နေသည်ကို မြင်သောအခါ လီချန်ရွှမ်းက အမြန်ပင် -
“ကျွန်တော်လည်း တခြားလူဆီက ကြားတာပါ။ အဲဒီတုန်းက ကျန်းရှင်းဖှနဲ့ သူ့အဖေလည်း ရှိနေတာပဲ။ မယုံရင် ကျန်းရှင်းဖှကိုသာ မေးကြည့်လိုက်ကြပါတော့။”
ထိုအချိန်တွင် ကျန်းရှင်းဖှမှာ တစ်ကိုယ်လုံး နာကျင်မှုကို ခံစားရလျက် တဖြည်းဖြည်း သတိရလာ၏။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဆေးရုံခုတင်မှာ ရုတ်တရက် အတိုက်ခံလိုက်ရသဖြင့်
“အား... နာလိုက်တာ!” ဟု အသံကုန် အော်ဟစ်မိလေတော့သည်။
“အမလေး! ငါ့သားလေး!”
အဘွားကြီးဟွမ်မှာ အော်ကာ အဘွားကြီးကျောက်နှင့် ရှီကျန့်ရှန်းကို ဒေါသတကြီး စိုက်ကြည့်လျက် သူမ၏ လက်ခေောင်းများမှာ လက်ကိုးချောင်း အရိုးဖောက် ယင်လက်သည်းသိုင်းအလား အဟုန်ပြင်းစွာ ရှေ့သို့ တိုးဝင်သွားလေသည်။
“နင်တို့က ငါ့သားရဲ့ ကုတင်ကို တိုက်ရဲတယ်ပေါ့! နင်တို့ကို လက်သည်းနဲ့ ကုတ်ပြီး သတ်ပစ်မယ်! နင်တို့လို အဘွားကြီး အစုတ်အပဲ့တွေ...”
သူတို့ သုံးဦးမှာ တစ်ယောက်ဆံပင် တစ်ယောက်ဆွဲ၊ တစ်ယောက်ကို တစ်ယောက် ဆဲဆိုလျက် လုံးထွေး တိုက်ခိုက်နေကြတော့၏။
မာကျန့်ယီခမျာ အမြန်ဝင်တားကာ
“မချကြပါနဲ့တော့! ရပ်ကြပါဦး!”
“ဖယ်စမ်း... ဒီအဘိုးကြီး အစုတ်အပဲ့၊ ငါတို့နဲ့ ဝေးဝေးမှာ သွားနေစမ်း!”
ထိုသုံးဦးက တစ်ပြိုင်နက်တည်း ပြန်လည် အော်ဟစ်လိုက်ကြလေတော့သတည်း။
မာကျန့်ယီမှာ ဒေါသထွက်လွန်း၏ နှလုံးဖောက်တော့မလိုပင် ခံစားလိုက်ရပြီး အသက်ပြင်းပြင်းရှုလိုက်ကာ စိတ်တိုနေသော အသံဖြင့် အသံကုန်အော်ပစ်လိုက်၏။
“ကောင်းပြီ! ကောင်းပြီး! လာစမ်းပါ လာရိုက်လေ လာရိုက်စမ်းပါ ငါ့ကို! တစ်ယောက်လျော့ရင် တစ်ယောက်အေးတာပေါ့! အရှက်မရှိတဲ့မိန်းမတွေ၊ တကယ့်ကို ယုတ်မာညစ်ပတ်လွန်းတဲ့ လူစားတွေ! ငါလည်း ဘာမှမသိတော့ဘူး၊ မတတ်နိုင်တော့ဘူး!”
သူသည် လူအုပ်ကြားမှ အတင်းတိုးထွက်၍ ဒေါသတကြီး ထွက်ခွာသွားတော့သည်။
“အဘိုးကြီးမာ အဘိုးကြီးမာ!!”
ပိုင်ဖုန်းရှန်းမှာ တကြော်ကြော် အော်ခေါ်ရင်း ထွက်သွားသော မာကျန့်ယီ နောက်သို့ အပြေးလေးလိုက်သွားလေ၏။
ယွမ်ဟောက်မင်မှာ မျက်မှောင်ကြုတ်လျက် အပြစ်တင်ရှုံ့ချလိုက်လေသည်။
“ခင်များတို့ ဘာတွေလုပ်နေကြတာလဲ။ လွှတ်ကြစမ်း! ကြည့်စမ်း... အဘိုးကြီးမာတောင် ထွက်ပြေးရတဲ့အထိ ဖြစ်ကုန်ပြီ။ ဒီလိုမျိုး မလုပ်ကြနဲ့လေ၊ ဝင်းထဲကလူတွေရဲ့ သိက္ခာကို တော်တော်လေး ကျဆင်းအောင် လုပ်နေကြတာပဲ။ ခင်များတို့ကတော့...”
“တောက်! ဒီမှာ လာပြီး ဟန်ဆောင်မနေနဲ့၊ ထွက်သွားစမ်း! နင်လို ကြောင်သူတော် ကြွက်သူခိုး လူယုတ်မာကများ!”
ထိုအဘွားကြီး သုံးဦးမှာ တစ်ပြိုင်နက်တည်း ပြန်လည် အော်ဟစ်လိုက်ကြပြန်ပြီး တစ်ယောက်ကိုတစ်ယောက် လက်သည်းဖြင့် ကုတ်ဖဲ့ကာ ဆဲဆိုနေကြ၏။
ယွမ်ဟောက်မင်မှာ ခေတ္တမျှ မှင်တက်သွားပြီးမှ မျက်နှာတစ်ခုလုံး နီမြန်းလာကာ
“စွပ်စွဲချက်တွေ! ဒါဟာ ဗြောင်ကျကျ စွပ်စွဲနေတာပဲ! ခင်များတို့... ကောင်းပြီလေ၊ ငါလည်း ဘာမှမတတ်နိုင်တော့ဘူး၊ ကြိုက်သလောက်သာ ရန်ဖြစ်ကြတော့။ တကယ့်ကို အရှက်မရှိတဲ့လူတွေ!”
ထို့နောက် အင်္ကျီလက်စကို ခါယမ်းလျက် လှည့်ထွက်သွားလေသည်။
ကျောက်ရုံသည်လည်း ထိုအဘွားကြီး သုံးဦးကို မကျေမနပ် ကြည့်လျက် ယွမ်ဟောင်မင်းနှင့်အတူ တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။
လူနှစ်ဦးကို မောင်းထုတ်ပြီးသည့်တိုင် ထိုအဘွားကြီး သုံးဦးမှာမူ တစ်ယောက်၏ ဘိုးဘွားဘီဘင်နှင့် ကိုယ်လက်အင်္ဂါများကို မကျန်အောင် ဆဲဆိုလျက် အပြင်းအထန် တိုက်ပွဲဝင်နေကြဆဲပင်။ သူနာပြုအုပ် ဆရာမကြီး ဝင်ရောက်တားဆီးရန် ပြင်လိုက်စဉ်မှာပင် လူနာရှင်တစ်ဦးက သူမကို အတင်းဆွဲတားကာ အသနားခံလိုက်၏။
“ဆရာမရယ်... ခဏလောက် ထပ်ကြည့်ပါရစေဦး။”
အခြားကုတင်များမှ လူများကို ကြည့်လိုက်ရာ လူတိုင်းမှာ အားဆေးသောက်ထားသည့်အလား အားတက်သရောဖြင့် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြလေသည်။
သူနာပြုအုပ် ဆရာမကြီး “.......”
ဤအခြေအနေကို သူမ မည်သို့မျှ နားမလည်နိုင်တော့ချေ။
ဝမ်တာ့ချွေ :”ခင်များတို့တွေကတော့ တကယ်ကို မပြီးနိုင်မစီးနိုင် ဖြစ်နေကြတာပဲ! ပြောနေတဲ့ စကားတွေကိုလည်း ပြန်ကြည့်ကြဦး!
“နင်က အဲလောက် တော်နေရင်လည်း မယားမြန်မြန်ရအောင် အရင်ရှာစမ်းပါဦး! ကိုယ့်ဘာသာကိုယ် မိန်းမတောင် မရှာနိုင်တဲ့ လူပျိုကြီးကများ သူများကို လာပြီး ဆရာလုပ်ချင်နေသေးတယ်!”
ထိုအဘွားကြီး သုံးဦး၏ တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဖန် အထွတ်အထိပ်သို့ ရောက်ရှိသွားပြန်သည်။
ဝမ်တာ့ချွေ မှာလည်း
“တောက်!!! ဒီမိန်းမယုတ်ကြီးတွေ...” ဟု ဆိုကာ လက်စကို ခါယမ်းလျက် ထွက်ခွါသွားလေ၏။
ဘုရားရေ... ထိုအဘွားကြီး သုံးဦးမှာ အမှန်တကယ်ပင် ရူးသွပ်နေကြလေပြီ။ လူအများအပြားကို တစ်ပြိုင်နက်တည်း မောင်းထုတ်လိုက်နိုင်ကြပြီးဖြစ်၍ ယခုမူ မည်သူမျှ ကြားဝင်ရန် မဝံ့ကြတော့ချေ။
အဘွားကြီးကျောက်: “နင်တို့ ကျွေးမယ်ဆိုပြီး အခုကျတော့ မကျွေးဘူး ဟုတ်လား! ငါတို့ကို မျောက်လို ကစားနေတာလား၊ တကယ့်ကို ယုတ်မာပြီး အရှက်မရှိတဲ့လူတွေ!”
အဘွားကြီးဟွမ်: “ဟုတ်တယ်! ပြီးခဲ့တဲ့တစ်ခေါက်က နင်တို့ မှိုအဆိပ်မိတုန်းက ငါ့ကိုတောင် လာကိုက်သေးတာ။ တောင်းပန်ရမယ့်အစား ထမင်းတစ်နပ်တောင် မကျွေးချင်ဘူးပေါ့လေ။ တကယ့်ကို ကပ်စေးနှဲတဲ့လူတွေ! လူယုတ်မာတွေ!
ရှီကျန့်ရှန်း ; “ငါ့မိသားစုက ကျွေးမယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ အကျိုးအကြောင်းမရှိ လာပြီး ရန်မလုပ်နဲ့! နင်တို့တွေ ဗိုက်ဆာပြီး သေသွားရင်တောင် ပိုကောင်းဦးမယ်!”
အဘွားကြီးကျောက်: “ဒါဆိုလည်း နင်တို့မိသားစုအကြောင်း အရင်အစမဖော်တဲ့လေ”
အဘွားကြီးဟွမ်: “ဟုတ်တယ်! ဟေ့... ကုတင်ကို မထိနဲ့၊ ငါ့သားကို အနှောင့်အယှက် ဖြစ်လိမ့်မယ်!”
ရှီကျန့်ရှန်း ; “ငါ့မိသားစုက ဘာမှမပြောခဲ့ပါဘူးဆိုမှ...”
အဘွားကြီးသုံးဦးမှာ တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ ဆက်လက်၍ အပြင်းအထန် ငြင်းခုံသတ်ပုတ်နေကြဆဲပင်။
ဘေးကလူများသည်လည်း တစ်ယောက်တစ်ပေါက် ဝင်၍ ပြောဆိုကြလေသည်။
“တကယ်ပဲဗျာ! ကျွန်တော်ကြားတာတော့ သူတို့စားပွဲကျွေးမယ်ဆိုပြီး အဒေါ်ကြီးရှီကိုတောင် ချဉ်ဖတ်တစ်ထုတ် ပေးလိုက်သေးတယ်ဆိုပဲ။ အဒေါ်ကြီးရှီကလည်း ဘယ်လိုစိတ်နဲ့ အဲဒါကို လက်ခံနိုင်ရတာလဲ မသိဘူး။”
“ဟုတ်ပဗျာ! သူတို့က သိပ်ပြီး စည်းစနစ်ရှိတယ် ထင်နေတာ၊ တကယ်တမ်းကျတော့လည်း ဘာမှမဟုတ်ပါဘူး။ အဘွားကြီးကျောက်ပြောတာ မှန်တယ်၊ သူတို့က ကျွေးဖို့ စိတ်ကူးရှိတာ မဟုတ်ဘူး၊ ငါတို့ကို အရူးလုပ်နေတာ။”
“နောင်ကို သူတို့အိမ်ကိစ္စတွေမှာ ဝင်မပါတာ အကောင်းဆုံးပဲ။ နောက်ကျရင် သူတို့က ဗြောင်ငြင်းပြီး ငါတို့ကိုပဲ ပြန်ပြီး အကွက်ဆင်နေဦးမယ်။”
“ဟုတ်တယ်... ဟုတ်တယ်၊ သူတို့က နာမည်ကောင်းရအောင် ငါတို့ကို အသုံးချနေတာ။ ဒါကြောင့်လည်း အစောကြီးကတည်းက သတင်းလွှင့်ထားတာပေါ့၊ ငါတို့က သူတို့ကို ပိုက်ဆံမကုန်ပါစေနဲ့လို့ လာတားမှာကို စောင့်နေကြတာ။ တကယ့်ကို ကောက်ကျစ်တဲ့လူတွေ။”
“မှန်တယ်၊ လူလည်တွေပဲ။ ဟဟ!”
“သူတို့က ကြာပါပြီ၊ အရင်ကတည်းက အကွက်များတာ။”
စကားသံများမှာ မရပ်မနား ထွက်ပေါ်နေသဖြင့် ရွှီကောင်းမင်၏ နဖူးမှ ချွေးစေးများမှာ ပို၍ စီးကျလာသည်။ သူသည် လည်ဝယ်လှသော လူတစ်ဦးဖြစ်ရာ ယခုမူ လည်လွန်းသည့်ဘီးချေးသင့် ဆိုသကဲ့သို့ အခြေအနေမှာ အားလုံးပြီးသွားပြီ၊ တကယ်ကို ပျက်စီးသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။ သူ၏မိသားစု ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော နာမည်ကောင်းမှာ ခဏချင်းအတွင်း ပြာကျသွားနိုင်ပေသည်။
၎င်းမှာ ဖြစ်နိုင်ခြေ အလွန်ပင် များလှ၏။
မဟုတ်သေးဘူး၊ အဲဒီလို အဖြစ်မခံနိုင်ဘူး!
“ကဲ... တော်ကြပါတော့! တော်ကြပါတော့ဆို!”
သူ အော်ဟစ်လိုက်သည်။
သို့သော် အဘွားကြီးသုံးဦးမှာမူ သူ့ကိုပင် လက်သီးဖြင့် ဝိုင်းထိုးကြပြီးမှ အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ကြ၏။ အဘွားကြီးကျောက်မှာ
“အဘိုးကြီးရွှီ... ရှင်က ဟိန်းချင်ဟောက်ချင်ရင် ရှင့်မိန်းမကိုပဲ သွားဟောက်စမ်းပါ။ ငါတို့ကတော့ ရှင့်အကွက်တွေကို မကြောက်ဘူး။”
အဘွားကြီးဟွမ်သည်လည်း
“ဟုတ်တယ်!” ဟု ထောက်ခံလိုက်၏။
ရှီကျန့်ရှန်း ; “နင်တို့ အဘွားကြီးနှစ်ယောက်ကတော့...”
“ပါးစပ်ပိတ်ထားစမ်း...”
“တောက်! ငါ့ကို လွှတ်ကြစမ်းပါ!”
သူတို့ သုံးဦးမှာ တစ်ဖန်ပြန်၍ လုံးထွေးသွားကြပြန်သည်။
ရွှီကောင်းမင်း ; “တော်စမ်း! တော်စမ်း! ငါပြောတာ ကြားကြလား။ ရပ်လိုက်ကြစမ်းပါ! နင်တို့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ကြဦး! ဘာတွေ လုပ်နေကြတာလဲ။ ဒီလောက် အသေးအဖွဲ ကိစ္စလေးနဲ့ ငါတို့ဝင်းထဲက စည်းလုံးမှုကို ဖျက်ဆီးတော့မှာလား။ ငါတို့က တကယ့်ကို ကြင်နာတတ်တဲ့ အိမ်နီးချင်းကောင်းတွေ မဟုတ်ဘူးလား။ ဒါက တကယ်ကို စိတ်မကောင်းစရာပဲ!”
အဘွားကြီးကျောက်: “စကားအပိုတွေ လာမပြောနဲ့။ လူကောင်းကြီးလိုလည်း လာဟန်ဆောင်မနေနဲ့။ အဘိုးကြီးမာလည်း ထွက်သွားပြီပဲ၊ ရှင်က ဘာမို့လို့လဲ။”
ရွှီကောင်းမင်မှာ ဆွံ့အသွားရပြီး ထိုမိန်းမမှာ အမှန်တကယ်ပင် အရှက်မရှိသည့် အရူးမဖြစ်ကြောင်း စိတ်ထဲက ကြိတ်၍ ဆိုမိတော့သည်။ သူမတွင် ယဉ်ကျေးမှုဟူ၍ အစအနမျှပင် မရှိပါတကား။
သူသည် အဘွားကြီးဟွမ်ကို တစ်ချက်ကြည့်လိုက်ပြန်ရာ သူမသည်လည်း လူကောင်းတစ်ယောက် မဟုတ်သည်ကို သိသဖြင့် လျစ်လျူရှုထားလိုက်တော့သည်။ ထို့နောက် မပြန်သေးဘဲ ကျန်ရှိနေသော အိမ်နီးချင်းများဘက်သို့ လှည့်ကာ
“ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စတွေအတွက် ကျုပ်မိန်းမ ကိုယ်စား ကျုပ်တောင်းပန်ပါတယ်။ ဒါတွေအားလုံးက ကျုပ်အမှားတွေပါ။”
သူသည် ရှက်ကိုးရှက်ကန်း ဖြစ်နေဟန်ဖြင့် တစ်ချက်ပြုံးလိုက်ပြီး
“အားလုံးကို ထမင်းကျွေးမယ်ဆိုတာက ကျုပ်ရဲ့ စိတ်ကူးပါ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျုပ်နဲ့ ကျုပ်မိန်းမ မှိုအဆိပ်မိတော့ အားလုံးကို ဒုက္ခပေးမိသလို ဖြစ်သွားတယ်လေ၊ အားလုံးက ဆေးရုံကို အချိန်မီ ပို့ပေးခဲ့ကြလို့သာ ကျုပ်တို့ အသက်ဘေးက လွတ်ခဲ့တာပါ။ အားလုံးကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ ဒါကြောင့် အိမ်နီးချင်းတွေကို ထမင်းကောင်းဟင်းကောင်းလေး တစ်နပ်လောက် ကျွေးချင်မိတာက အမှန်တရားပါပဲ။”
သူ၏ သိက္ခာအတွက်မူ ဤငွေကို မကုန်ချင်သော်လည်း ကုန်ရတော့မည်ပင်။
သူ ဆက်လက်၍ အတည်ပေါက်ကြီးဖြင့်
“ကျုပ်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ၊ ဒါပေမဲ့ လောလောဆယ် ကျုပ်ခြေထောက်က ကျိုးထားတာ မသက်သာသေးတော့ သိပ်ပြီး မသွားနိုင်မလာနိုင် ဖြစ်နေလို့ပါ။ ခြေထောက်လေး နည်းနည်း သက်သာလာမှပဲ အားလုံးကို ပြောပြပြီး စီစဉ်တော့မယ်လို့ တွေးထားတာ။ အချိန်ကလည်း ရှိသေးတယ် မဟုတ်လား။ ဒါကြောင့် ကျုပ့်မိန်းမကိုတောင် မပြောရသေးတာ၊ သူက ဘာမှမသိရှာပါဘူး။ အခုတော့ နားလည်မှုတွေ လွဲကုန်ကြပြီပေါ့။ ကျုပ်မိန်းမက အားလုံးက ကျုပ်တို့အိမ်ကို အတင်းအကျပ် ကျွေးခိုင်းနေတယ်လို့ ထင်သွားလို့ စိတ်တိုသွားတာပါ၊ တကယ်တမ်းတော့ ကျုပ် သူ့ကို ကြိုမပြောမိတာကစတဲ့ ကျုပ်အမှားပါပဲ။”
ထိုအခါမှ လူအများက ရုတ်တရက် နားလည်သဘောပေါက်သွားကြလေသည်။
“ဦးလေးရွှီ... ဒီလိုကိုး။ ကျွန်တော် သိတာပေါ့၊ ဦးလေးက ပွင့်လင်းရိုးသားတဲ့သူဆိုတာ။”
“ဟုတ်ကဲ့ ဦးလေးရွှီ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်သိပ်မတင်ပါနဲ့တော့၊ ကျွန်တော်တို့ နားလည်ပါတယ်။”
“ဟုတ်ပါ့... ဟုတ်ပါ့။”
ရှီကျန့်ရှန်းကမူ မယုံကြည်နိုင်ဟန်ဖြင့် -
“ရှင်... ရှင်ကလည်း...”
ရွှီကောင်းမင်က သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး
“ဒါ ငါ့ရဲ့ ပေါ့ဆမှုပါ မိန်းမရယ်၊ အားလုံး ငါ့အမှားတွေပါ။”
“ဦးလေးရွှီရယ်... အဲလိုမျိုး မပြောပါနဲ့။”
“ဟုတ်ပါတယ်၊ ဦးလေးက အဲဒီလိုလူမျိုး မဟုတ်မှန်း ကျွန်တော်တို့ သိပါတယ်။”
ရွှီကောင်းမင်လည်း ပွဲလန့်တုန်းဖျာခင်းလိုက်ကာ ကြေညာမောင်းခတ်လိုက်၏။
“ကဲ... တော်ကြပါတော့၊ တို့တွေက ဝင်းတစ်ခုတည်းသားတွေပဲ၊ မိသားစုတွေလိုပါပဲ။ စားပွဲကျွေးမယ့်ကိစ္စကတော့ အတည်ပါပဲ၊ အံ့ဩအောင် လုပ်မလို့ပဲ... အခုတော့ လျှို့ဝှက်မနေတော့ပါဘူး။ ခြေထောက်လေး သက်သာလာတာနဲ့ ဘယ်နေ့ကျွေးမလဲဆိုတာ စောင့်ကြည့်ကြတော့ဗျာ။”
“ရက်ရောလိုက်တာ!”
“ကောင်းလိုက်လေဗျာ!”
“ဦးလေးရွှီဆိုတာ ဒါမျိုးမှပေါ့!”
ပြောရလျှင် ရွှီကောင်းမင်သည် သူ၏ပုံရိပ်ကို အလွန်ကောင်းမွန်အောင် ထိန်းသိမ်းနိုင်သူ ဖြစ်ပေသည်။ သူက ထိုသို့ပြောလိုက်သောအခါ လူတိုင်းသည် ယုံကြည်သွားကြသော်လည်း ဘေးမှ ကြည့်နေကြသော လူနာရှင်များကမူ မသင်္ကာသည့် အကြည့်များဖြင့် ကြည့်နေကြလေ၏။
သူ၏ စောစောက အမူအယာနှင့် ယခုအမူအယာ ကွာခြားပုံမှာ လူတိုင်းအတွက် သိသာလွန်းလှသည် မဟုတ်လော့။
အစ်ကိုကြီး…ခင်များမျက်နှာက အော်ပရာဇာတ်အဖွဲ့ထက်တောင် အပြောင်းအလဲ မြန်လှချည်လား!!
ထိုအချိန်တွင် သူနာပြုအုပ် ဆရာမကြီးက ခပ်မြန်မြန်ပင် သတိပေးလိုက်၏။
“ကဲ... တော်ကြတော့၊ ဒီနေရာက ရှင်တို့ ရန်ဖြစ်ရမယ့်နေရာ မဟုတ်ဘူး။ ရန်ဖြစ်ချင်ရင် အပြင်ထွက်ကြ၊ အေးအေးဆေးဆေး နေကြမလား၊ အပြင်ကို အမောင်းထုတ်ခံမလား။”
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ။”
“နားလည်ပါပြီ။”
ရန်ပွဲပြီးသွားသောအခါ အဘွားကြီးဟွမ်သည် သူမ၏သားကို သတိရသွားပြီး အမြန်ပြေးကပ်သွားကာ
“သားလေး... ဘယ်လိုနေသေးလဲ? နင့်ကို ဘယ်သူရိုက်တာလဲ ပြောစမ်းပါ။ ငါ့သားကို ဘယ်သူက ဒီလောက်တောင် ရမ်းကားရဲတာလဲ! ငါတို့ မကြောက်ဘူး၊ ရဲစခန်းမှာ အမှုဖွင့်မယ်။”
ကျန်းရှင်းဖှမှာ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေလျက် အနည်းငယ်မျှပင် မလှုပ်ရှားလိုတော့ချေ။ အနည်းငယ် လှုပ်လိုက်သည်နှင့် တစ်ကိုယ်လုံး နာကျင်မှုကို ခံစားနေရရှာသည်။
“အင်း...”
“ပြောစမ်းပါ၊ အမေ့ကို ပြောပြ။ အမေက အဲဒီလူကို ပညာပေးလိုက်မယ်။”
ကျန်းရှင်းဖှသည် ပါးစပ်ထဲတွင် ညှီစို့စို့ အရသာကို ခံစားနေရသဖြင့် ပါးစပ်ကို ဟလိုက်ပြီး
“ကျွန်တော်... ကျွန်တော်လည်း မသိဘူး...”
သွားသုံးချောင်း ကျိုးသွားသဖြင့် သူ၏ စကားသံများမှာ ဗလုံးဗထွေး ဖြစ်နေလေ၏။
အားလုံး “???”
ကျန်းရှင်းဖှသည် သူ၏သွားများကို လျှာဖြင့် လိုက်စမ်းကြည့်ရာမှ ရုတ်တရက် မျက်လုံးများ ပြူးထွက်သွားပြီး အော်ဟစ်လိုက်မိ၏။
“ကျွန်တော့်သွားတွေ!”
“သွားတွေ မရှိတော့ဘူး! ငါ့သားလေး သနားစရာပဲ၊ သွားတွေတောင် အတော်များများ ရိုက်ခံလိုက်ရတာပဲ...”
အဘွားကြီးဟွမ်မှာ ငိုချင်လာပြန်သော်လည်း ဆရာမကြီးကို မြင်သောအခါ အရှိန်သတ်လိုက်ရပြန်သည်။
“ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး၊ နောက်မှ ပြန်စိုက်လို့ ရတာပဲ။”
ကျန်းရှင်းဖှမှာ နာကျင်နေသည့် ကြားမှပင် စဉ်းစားကြည့်နေမိ၏။
“သား... နင့်ကို ဘယ်သူရိုက်မှန်း တကယ်ပဲ မသိဘူးလား? မမြင်လိုက်ဘူးလား?”
ကျန်းရှင်းဖှ; “ကျွန့်... ကျွန့်... ကျွန်တော် မမြင်၊ မမြင်လိုက်ဘူး...”
သူသည် မကျေမနပ် ဖြစ်နေသော မျက်နှာပေးဖြင့်
“ဘယ်ကောင်လဲဆိုတာ မသိဘူး၊ ကျွန်တော့်လက်ထဲသာ မိလို့ကတော့... အား!”
သူသည် ရုတ်တရက် မှင်တက်သွားပြီး သူ၏ အရေးကြီးသော နေရာကို အမြန်ပင် စမ်းကြည့်လေသည်။
“အင်း...”
အားလုံး၏ မျက်နှာပေးမှာလည်း ချက်ချင်းပင် ထူးခြားသွား၏။
မင်း ဘာတွေ လုပ်နေတာလဲ? ဒီမှာ မိန်းမသားတွေ ရှိနေတာကို။
ဘယ်နေရာဖြစ်ဖြစ် ဒီလိုပဲ အထာပေး ဖမ်းစာချင်နေတာလား!!
လွန်လွန်းလှချည်လား!
ကျန်းရှင်းဖှ
စိုးရိမ်တကြီးဖြင့်
“အဲဒီနေရာကို ကန်ခံလိုက်ရတာ ကိစ္စမရှိဘူးမလား! သုံးလို့ရော ရဦးမလား!”
အဘွားကြီးကျောက်၏ မျက်ဝန်းများမှာ အရောင်တလက်လက် တောက်သွားပြီး အခြားသူများကလည်း ကျန်းရှင်းဖှကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ သူသည် မိန်းမလိုက်စားရင်း အရိုက်ခံရခြင်း ဖြစ်နိုင်သည်ဟု အားလုံး သံသယ ဝင်သွားကြ၏။ မဟုတ်လျှင်မူ ထိုနေရာကို အဘယ်ကြောင့် ကန်ခံရပါမည်နည်း။
ကျန်းရှင်းဖှသည် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး သူ၏စကားသံမှာ အတန်ငယ် ပုံမှန်ပြန်ဖြစ်လာလေသည် ။
“တောက်... ခက်တာပဲဗျာ၊ ကျွန်တော်က လမ်းလျှောက်နေရုံတင်ပါ၊ ဘယ်သူ့ကိုမှလည်း ဘာမှမလုပ်မိပါဘူး။ ဒါကို... ကျွန်တော့်နောက်ကနေ ချောင်းပြီး အလစ်အငိုက် အတိုက်ခံလိုက်ရတာဗျ။ သူက ကျွန်တော့်ကို မြေကြီးပေါ်လဲအောင် ကန်ချလိုက်တာ! အဟွတ်... အဟွတ် ဟွတ်ဟွတ်! အဲဒီလို အလစ်အငိုက် ချောင်းမရိုက်ခဲ့ရင်၊ သူသာ ကျွန်တော့်ကို အရင်မတိုက်ခိုက်ခဲ့ရင် ကျွန်တော် လုံးဝ ဒဏ်ရာရမှာ မဟုတ်ဘူး။ အဟွတ် ဟွတ်ဟွတ်... သူက ကျွန်တော့်ခေါင်းကို အိတ်နဲ့စွပ်၊ လမ်းကြားထဲ ဆွဲခေါ်သွားပြီး ဝိုင်းရိုက်တာဗျ။ ကျွန်တော်လည်း... ကျွန်တော်လည်း သတ္တိရှိရှိ ပြန်ချတာပေါ့၊ သူ့ကို... သူ့ကို အရှုံးအနိုင်မပေါ်အောင်အထိ ပြန်တိုက်ခဲ့တာ! အဟွတ် ဟွတ်ဟွတ်... ဒါပေမဲ့၊ ဒါပေမဲ့ အိတ်စွပ်ခံထားရလို့သာ နည်းနည်းလေး ရှုံးသွားတာပါဗျာ။”
သူသည် ယခုအခြေအနေအထိ သူ၏သိက္ခာကို ဆယ်ရန် ကြိုးစားနေဆဲပင်။
သို့သော် မည်သူမျှ သူ့စကားကို ယုံကြည်ပုံမရချေ။
သတ္တိရှိရှိ ပြန်ချတာတောင် ဒီလောက်အထိ အထောင်းခံထားရတာလား?
“တကယ်ပါဗျာ၊ အဲဒီကောင်က အရပ်အမောင်းကောင်းကောင်း သန်သန်မာမာကြီး ဖြစ်ရမယ်။ သူက တော်တော်အားသန်တာဗျ၊ ကျွန်တော့်ကို လမ်းကြားထဲ လက်တစ်ဖက်တည်းနဲ့ ဆွဲခေါ်သွားပြီး လည်ပင်းကိုကိုင်ကာ နံရံနဲ့ အားနဲ့ဆောင့်ပစ်တာ!”
သူသည် ထိုအကြောင်းကို တွေးမိသည်နှင့်တင် တုန်တုန်ရင်ရင် ဖြစ်လာလေ၏။
တောက်... တောက်... ဘယ်က အရူးကများ ငါ့ကို လာလုပ်တာလဲ မသိဘူး!
ကျန်းရှင်းဖှ တုန်တုန်ရင်ရင် ဖြစ်နေသည်ကို မြင်သောအခါ လူတိုင်းက အတန်ငယ် ယုံကြည်သွားကြလေသည်။
“အင်း... အခုတော့ တကယ်ယုံသွားပြီ။ ဒီကောင်လေး ဘယ်လောက်တောင် ကြောက်နေလဲဆိုတာ မမြင်ကြဘူးလား။”
ဟဲဟဲ!
“ငါတို့ ရဲစခန်းသွားမယ်၊ အမေ ကိုယ်တိုင် ရဲသွားတိုင်မယ်။ အဲဒီကောင်ကို အမိဖမ်းရမယ်။ ငါ့သားကို ဘယ်လိုတောင် ရမ်းကားရဲတာလဲ၊ သူ့ကို လုံးဝ အလွတ်မပေးနိုင်ဘူး...”
အဘွားကြီးဟွမ် ဒေါသတကြီး ကြုံးဝါးလေသည်။
အဘွားကြီးကျောက်မှာ ရုတ်တရက် ရင်တထိတ်ထိတ် ဖြစ်သွားရသော်လည်း ကျန်းရှင်းဖှသည် သူ့ကိုရိုက်သူမှာ ယောက်ျားတစ်ယောက်ဟု ထင်နေသည်ကို သတိရကာ အတန်ငယ် စိတ်အေးသွား၏။
အားလုံးကို အံ့အားသင့်စေသည်မှာ ကျန်းရှင်းဖှသည် ရဲတိုင်မည့်အကြောင်း ကြားသောအခါ ခေတ္တမျှ တွန့်ဆုတ်သွားပြီး
“ရဲတိုင်ဖို့ မလိုပါဘူးဗျာ၊ ဟုတ်တယ်မလား? ရဲတွေနဲ့ တကူးတက အမှုအခင်းတွေ ဖြစ်နေရင် ပိုပြီး သိက္ခာကျစရာကြီး မဟုတ်ဘူးလား။”
သူက ဆက်လက်၍ စကားဆိုလိုက်လေသည်။
“ပြီးတော့လည်း သူတို့က လူမှားပြီး ရိုက်တာလည်း ဖြစ်နိုင်တာပဲ။ ကျွန်တော်က သူတစ်ပါးအပေါ် အမြဲတမ်း ကြင်နာတတ်တဲ့သူပဲလေ၊ လမ်းပေါ်မှာလည်း သူငယ်ချင်းတွေ အများကြီးရှိတာ။ ဘယ်သူကပဲ ပြဿနာရှာရှာ ကျွန်တော့်ကိုတော့ ရည်ရွယ်မှာ မဟုတ်ပါဘူး။ ဒီတစ်ခါတော့ သူတို့ လူမှားသွားတာ ဖြစ်မှာပါ။ နောင်ရေးအတွက်လည်း လမ်းစချန်ထားတာ ပိုကောင်းတာပေါ့။ တကယ်လို့ သူတို့က လူမှားရိုက်တာကိုမှ ကျွန်တော်က အငြိုးအတေး ထားနေရင် တကယ့်ရန်သူတွေ ဖြစ်ကုန်မှာပေါ့။ ကျွန်တော်ကတော့ မကြောက်ပါဘူး၊ ကျွန်တော်က ယောကျာ်းပဲ၊ သတ္တိလည်း ရှိပါတယ်။ ဒါပေမဲ့ အမေက မိန်းမသားလေ၊ အိမ်မှာလည်း မုန့်မုန့်က ငယ်သေးတယ်။ အမေတို့အတွက် ကျွန်တော် စိတ်ပူမိတယ်။ သူတို့ဘက်က ပြန်ပြီး လက်စားချေလာရင် ဘယ်လိုလုပ်မလဲ?”
သူ၏ စကားသံများမှာ ဗလုံးဗထွေး ဖြစ်နေသော်လည်း ကျန်းရှင်းဖှသည် စကားတစ်လုံးမျှ မကျန်အောင် ပြောဆိုသွား၏။ အတိုချုပ်ပြောရလျှင် သူသည် ရဲမတိုင်လိုခြင်းသာ ဖြစ်လေသည်။
အဘွားကြီးဟွမ်: “ဒါပေမဲ့...”
“ဒါပေမဲ့တွေ၊ မဟုတ်ဘူးတွေ လုပ်မနေနဲ့တော့! ကျွန်တော် ဘယ်သူ့အတွက် လုပ်နေတာလဲ? အမေနဲ့ ကလေးအတွက် မဟုတ်ဘူးလား? မဟုတ်ရင် ကျွန်တော်က ဘာကို ကြောက်ရမှာလဲ?”
ကျန်းရှင်းဖှ စိတ်မရှည်သလို ဆိုလိုက်သည်။ သူသည် သူ၏ ကိုယ်ကျင့်တရားများ ပေါ်ပေါက်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။ သူသည် အပြင်တွင် အဆက်အသွယ်များ ရှိသူဖြစ်ရာ ညဉ့်နက်သန်းခေါင် ယစ်မူးလျက် အပြင်ထွက်နေခြင်းမှာ ရှင်းပြရန် မလွယ်ကူလှပေ။
ကျန်းရှင်းဖှတွင် ကိုယ်ပိုင်အကြံနှင့်ကိုယ် ရှိနေသော်လည်း အဘွားကြီးဟွမ်ကမူ သူမ၏သားသည် သူမအတွက်ကြောင့်သာ ဤသို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ထင်မှတ်ကာ အကြီးအကျယ် စိတ်လှုပ်ရှား သွားတော့သည်။
“အေးပါ... ငါ သားပြောသလိုပဲ နားထောင်ပါ့မယ်။”
အဘွားကြီးဟွမ်၏ စကားချိုချိုလေးများကို အဟုတ်ထင်လျှင် မှားသွားမည်သာ။ သာမန်လူတန်းစားတို့၏ သဘာဝအရ အမှုအခင်းဖြစ်လျှင် အာဏာပိုင်များထံ မသွားလိုကြသည်မှာ ထုံးစံပင်ဖြစ်သည်။ ကျန်းရှင်းဖှကိုယ်တိုင်က သဘောမတူသဖြင့် အဘွားကြီးဟွမ်မှာလည်း သားဖြစ်သူ၏စကားကို နားထောင်လိုက်ရုံသာတည်း။
“ငါ့သားဟာ တကယ့်ကို မိဘရိုသေတဲ့ သားလိမ္မာလေးဆိုတာ အမေသိတာပေါ့။ တို့ဝင်းထဲမှာ ကလေးတွေအများကြီးရှိပေမဲ့ နင့်လောက် သိတတ်တဲ့ကလေး ရှားပါတယ်။ နင်ကတော့ တစ်ယောက်တည်းရှိတဲ့ အဖိုးတန်လေးပါပဲ၊ ဘယ်သူနဲ့မှ နှိုင်းလို့မရပါဘူး။”
ကျန်းရှင်းဖှသည် နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ရာ ဒဏ်ရာကို သွားထိသဖြင့် နာကျင်လွန်း၍ မျက်နှာပျက်သွားရရှာသည်။ သူသည် ယခုအချိန်တွင် သူ့ကို မည်သူက တိုက်ခိုက်ခဲ့သနည်းဟု အသည်းအသန် စဉ်းစားနေမိ၏။
သူသည် မည်သူ့ကိုမျှလည်း ပြစ်မှားစော်ကားထားခြင်း မရှိပါချေ။
သူ၏ သံသယအပြည့်နှင့် အကြည့်တို့သည် အိမ်နီးချင်းများအပေါ် ဝေ့ဝဲသွားပြီး အဘွားကြီးကျောက်ထံတွင် ခဏမျှ ရပ်တန့်သွားကာ တစ်စုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း တွေးတောနေဟန်ရှိသည်။
အဘွားကြီးကျောက်ကား ထိုအရာများကို ဂရုမစိုက်ပေ။ ကျန်းရှင်းဖှမိမိကို သံသယဝင်နေသည်ကို သူမ မသိရှိဘဲ မာန်တက်နေဆဲပင်။ သူမသည် ကျန်းရှင်းဖီကို အထင်သေးသော အကြည့်ဖြင့် ကြည့်လျက်
ဒီကောင်က သူ့ကိုယ်သူ ယောကျာ်းလို့ ပြောနေတာလား!!
မိန်းမတစ်ယောက်ကိုတောင် မနိုင်ဘဲ ဒီလောက်အထိ အထောင်းခံထားရတာလား!
ကျွစ်! ကျွစ်! ကျွစ်! တကယ့်ကို အသုံးမကျတဲ့ ယောကျာ်းပဲ!!
အလကား အမှိုက်ကောင်!
နောက်ဆုံးတွင် ကျန်းရှင်းဖှသည် အဘွားကြီးကျောက်ထံမှ အကြည့်ကို လွှဲလိုက်ပြီး ရွှီကောင်းမင်းကို ကြည့်ကာ
“ဦးလေးရွှီ... ကျွန်တော့်အတွက် အလုပ်နားရက်လေး တစ်ရက်လောက် တောင်းပေးပါဦး...”
ရွှီကောင်းမင်
“.......”
သူသည် ခပ်သွက်သွက်ပင် ဖော်ဖော်ရွေရွေ ပြန်လည်ဖြေကြားလိုက်၏။
“ရတာပေါ့... ရတာပေါ့။ ဒါကို ငါ့နဲ့သာ လွှတ်ထားလိုက်။ အရင်ဆုံး တစ်ပတ်စာ ခွင့်တိုင်ပေးထားမယ်၊ မလောက်ရင် နောက်မှ ထပ်တိုးတောင်းတာပေါ့။ ဘယ်လိုလဲ?”
“ဟုတ်ကဲ့။”
ရွှီကောင်းမင်သည် ကျန်းရှင်းဖှကို တစ်ချက်ကြည့်လိုက်ပြန်ရာ ကျန်းရှင်းဖှမှာ မည်သူမှန်းတောင် မမှတ်မိနိုင်လောက်အောင် အရိုက်ခံထားရသည်ကို တွေ့ရသည်။
“တို့တွေ မနက်ဖြန် အလုပ်သွားရဦးမယ်ဆိုတော့ အခုပဲ ပြန်ကြတော့မယ်။ အဘွားကြီးဟွမ်... ကျန်းရှင်းဖှကို သေချာဂရုစိုက်လိုက်ပါဦး။”
အဘွားကြီးဟွမ်; “ကျွန်မတို့ မိသားစုကိုလည်း စားပွဲကျွေးတဲ့အထဲ ချန်မထားခဲ့နဲ့ဦးနော်။”
ရွှီကောင်းမင်ခမျာ စိတ်ဓာတ်ပင် ပြိုလဲချင်သွားပြီး အကျပ်ရိုက်စွာ ရယ်မောလျက်
“တို့တွေက အိမ်နီးချင်းတွေပဲလေ၊ ခွဲခြားနေစရာ မလိုပါဘူး။”
ထိုစကားကို ကြားသောအခါ အားလုံးက အတန်ငယ် ကျေနပ်သွားကြသည်။ ဘယ်သူကများ အလကားစားရမည်ဆိုလျှင် မပျော်ဘဲ နေပါမည်နည်း။
အဘွားကြီးကျောက်ပင်လျှင် ဝမ်းသာသွားရ၏။
သူတို့သည် ဆေးရုံတွင် ကြာရှည်မနေကြတော့ဘဲ ကျန်းရှင်းဖှ၏ သနားစရာ အခြေအနေကို မြင်တွေ့ပြီးနောက် အိမ်အပြန်လမ်းတွင် တတွတ်တွတ်နှင့် စကားဆိုလာကြသည်။ ကျန်းရှင်းဖှသည် မည်သူ့ကို ပြစ်မှားမိသနည်းဟူသည်ကို အားလုံးက စပ်စုနေကြ၏။ အမှန်စင်စစ် သူတို့သည် အဘွားကြီးကျောက်ကို သံသယဝင်နေကြခြင်းဖြစ်သည်၊ အကြောင်းမှာ ကျန်းရှင်းဖှသည် သူတစ်ပါး၏ ဇနီးမယားများကို အမြဲတမ်း စိုက်ကြည့်တတ်ပြီး အဘွားကြီးကျောက် ချွေးမကိုလည်း မျက်စိကစားတတ်သောကြောင့်တည်း။ သို့သော် အဘွားကြီးကျောက်မှာ အိမ်တွင်ရှိနေသည်ကို သူတို့သိထားသဖြင့် သူမ မဖြစ်နိုင်ဟု ယူဆကြသည်။ ထို့ပြင် သေချာစဉ်းစားကြည့်လျှင်လည်း အဘွားကြီးကျောက်သည် ကျန်းရှင်းဖှကို ဤမျှအထိ ရိုက်နှက်နိုင်စရာ အကြောင်းမရှိပေ။ အဘွားကြီးကျောက်သည် ရန်ဖြစ်တတ်ပြီး အကျိုးအကြောင်းမရှိ ပြောတတ်သော်လည်း သူမသည် သာမန် အဘွားအိုတစ်ဦးသာ မဟုတ်လော့။
သူမ ဤမျှအထိ ကြမ်းတမ်းသည်ကို သူတို့တစ်ခါမျှ မတွေ့ဖူးကြချေ။
“ဒါက တို့ဝင်းထဲကလူတွေနဲ့ မဆိုင်လောက်ဘူး ထင်တယ်၊ အပြင်လူတွေ လုပ်တာပဲ ဖြစ်ရမယ်။”
“ဒါပေါ့! တို့ဝင်းထဲကလူတွေက တစ်ယောက်နဲ့တစ်ယောက် ဒီလောက် ချစ်ကြတာ၊ အဲဒီလိုလူမျိုး မရှိပါဘူး။ ဒါနဲ့ သူ ညဘက်ကြီး ဘာသွားလုပ်နေတာလဲ မသိဘူးနော်။”
“ဟဲဟဲ... ညဘက်ကြီး ယစ်မူးပြီး အပြင်ထွက်နေမှတော့ ဘယ်သူသိမှာလဲ။ ချောင်းမြောင်းခံရတာ မဆန်းပါဘူးလေ။”
“သူ တစ်စုံတစ်ယောက်ကို ပြစ်မှားမိတာ ဖြစ်ရမယ်။ သူ့ကို ရိုက်ရုံပဲရိုက်ပြီး ပိုက်ဆံကိုတော့ မယူသွားဘူးဆိုတော့ ဒါက တစ်ခုခုကို သက်သေပြနေတာ မဟုတ်ဘူးလား။”
“သူလား? ဟဲဟဲ။”
ကျန်းရှင်းဖှတွင် အပြင်၌ အဆက်အသွယ်များ ရှိနေသည်မှာ လုံးဝ လျှို့ဝှက်ချက်တော့ မဟုတ်ချေ။ ကျန်းရှင်းဖှနှင့် ထိုသူတို့မှာ အလုပ်ရုံတစ်ခုတည်းတွင် အတူတူ လုပ်ကိုင်ကြသူများ ဖြစ်ကြသည့်အပြင် တစ်ဦးနှင့်တစ်ဦး အိမ်အဝင်အထွက်ရှိကာ အတူတူ သွားလာလေ့ရှိသဖြင့် လူအများအပြားက သိထားကြလေသည်။
သို့သော်လည်း...
ဝင်းထဲရှိ အမျိုးသမီးများကမူ ယေဘုယျအားဖြင့် ထိုအကြောင်းကို မသိကြပေ။ အမျိုးသားများမှာ အချစ်ရေးအရှုပ်အထွေးများနှင့် ပတ်သက်လာလျှင် တစ်ဦးကိုတစ်ဦး ဖုံးဖိပေးရာ၌ အလွန်ပင် ကျွမ်းကျင်ကြပြီး ဖုံးဖိမပေးနိုင်လျှင်ပင် အမျိုးသမီးများရှေ့၌ နှုတ်လုံကြလွန်းကြ၏။
သာမန်နေ့များတွင်မူ ထိုအချက်ကို သတိထားမိမည် မဟုတ်ပေ။
သို့သော်လည်း စောစောက အဓိပ္ပာယ်ပါပါ ရယ်မောလိုက်သော "ဟဲဟဲ" ဆိုသည့် အသံမှာ လူအချို့၏ အာရုံကို ဖမ်းစားသွား၏။ အဘွားကြီးကျောက်မှာ ချက်ချင်းပင်
“ဘာဖြစ်တာလဲ? သူ့မှာ ဘာတွေ ဖြစ်နေလို့လဲ? ထုတ်မပြောနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေလို့လား?”
“ဘာမှ မဟုတ်ပါဘူးဗျာ၊ ဒီအတိုင်း ရယ်လိုက်တာပါ။”
ကျန်းရှင်းဖှ၏ ဒေါသကို မခံလိုကြသဖြင့် မည်သူမျှ ဤအကြောင်းကို ဗူးပေါ်သလို ပေါ်အောင် မပြောဝံ့ကြချေ။
“ရောက်တော့မယ်၊ မြန်မြန်သွားကြစို့! ဟုတ်တယ်... ဟုတ်တယ်၊ မြန်မြန်သွားရအောင်၊ မနက်ဖြန် အလုပ်သွားရဦးမယ်။”
အဘွားကြီးကျောက်သည် ထိုစကားကို ကြားသောအခါ ပို၍ပင် ခြေလှမ်းသွက်လာတော့သည်။ သူမသည် မကြာသေးမီက အလွန်ပင် အလုပ်များနေခဲ့သည် မဟုတ်လော့။ နေ့ဘက်တွင် အလုပ်လုပ်ရပြီး ညဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များကို လိုက်ကြည့်နေရသဖြင့် အိပ်ရေးပင် မဝချေ။ ခေါင်းနှင့် ခေါင်းအုံး ထိသည်နှင့် အိပ်ပျော်သွားတတ်သော်လည်း အခြေအနေများက အလွန်ပင် ရှုပ်ထွေးလွန်းနေခဲ့သည်။
ဝင်းထဲမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ဖြစ်ပျက်သမျှ ကိစ္စတိုင်းတွင် ပါဝင်ရမည်မှာ သူမအတွက်တော့ အလိုအလျောက် တာဝန်တစ်ခုကဲ့သို့ ဖြစ်နေလေ၏။
ဤဝင်းကြီး၏ အဖြစ်အပျက်များမှာ သူမ မပါဘဲနှင့်တော့ ပြီး၍မရပေ။
ဖျတ်လတ်သွက်လက်စွာ လျှောက်လှမ်းနေသော အဘွားကြီးကျောက်နှင့် နှိုင်းယှဉ်လျှင် ရွှီကောင်းမင်ကို တွဲကူလာသော ရှီကျန့်ရှန်းမှာမူ မျက်နှာပျက်လျက် နောက်ဆုံးမှ လိုက်ပါလာရသည်။ သူမသည် မည်မျှပင် ဒေါသထွက်နေပါစေ၊ ဘာမျှ ထုတ်မပြောနိုင်ဘဲ အောင့်အီးထားရသဖြင့် သူမ၏ ကိုယ်ရောင်ကိုယ်ဝါမှာ မည်းမှောင်နေ၏။ ရွှီကောင်းမင်သည် ထိုအစီအစဉ်ကို သဘောတူလိုက်ရသော်လည်း ဤကိစ္စကြီး မည်သို့ ဖြစ်ပွားလာရသနည်း၊ မည်သူကများ သူ့မိသားစုကို အကွက်ဆင်လိုက်သနည်းဟု တွေးတောနေမိဆဲပင်။
သူ့မိသားစုဘက်မှ စားပွဲကျွေးမည့်အကြောင်း တစ်လုံးတစ်ပါဒမျှပင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။
ရွှီကောင်းမင်သည် ခြေတစ်လှမ်း လှမ်းတိုင်း ဒေါသဖြင့် အံကြိတ်နေမိ၏။
အဘွားကြီးကျောက်မှာမူ ရွှီကောင်းမင်တို့ ဇနီးမောင်နှံ၏ ဒေါသကို မသိရှာဘဲ ဝင်းထဲသို့ အရင်ဆုံး ရောက်ရှိသွားကာ တံခါးကို ဒုန်းဒုန်းမြည်အောင် ခေါက်လိုက်ပြီး
“ချွေးမရေ... တံခါးဖွင့်ဦး၊ ငါပြန်လာပြီ!”
ချန်ချင်းယွီမှာ အိပ်တစ်ဝက်နိုးတစ်ဝက် အိပ်မောကျနေဆဲ ဖြစ်သဖြင့် မျက်လုံးများကို ပွတ်သပ်လျက် ငိုက်စိုက်ငိုက်စိုက်ဖြင့် ထလာကာ တံခါးဖွင့်ပေးလေသည်။
“တံခါးဖွင့်တာ ဘာလို့ ဒီလောက် ကြာနေရတာလဲ!”
အဘွားကြီးကျောက်မှာ ပြစ်တင်လျက် သမ်းဝေကာ အထဲဝင်သွား၏။ သူမသည် မျက်နှာပင် မသစ်တော့ဘဲ အဝတ်အစားများကို ချက်ချင်းလဲကာ အိပ်ရာထဲသို့ တိုးဝင်သွားလေသည်။ ချန်ချင်းယွီမှာမူ ကောင်းကောင်း အိပ်စက်ထားသူ ဖြစ်သော်လည်း ထိုနေ့၏ ဖြစ်ရပ်များကို စပ်စုရန် အားအင်မရှိတော့ချေ။ ထို့ပြင် ဘာဖြစ်ခဲ့သည်ကို သူမကိုယ်တိုင် သိပြီးသားပင် မဟုတ်လော့။
အခြားမိသားစုများမှာမူ မီးများထွန်းလျက် ထိုနေ့က ဖြစ်ရပ်များကို အကြာကြီး ဆွေးနွေးနေကြသော်လည်း ဤအမျိုးသမီး နှစ်ဦးမှာမူ မီးပင်မထွန်းတော့ဘဲ ခေါင်းချသည်နှင့် အိပ်ပျော်သွားကြလေသည်။ သူတို့၏ မျက်နှာအသားအရေကို ကြည့်ရုံနှင့်ပင် မည်မျှ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်ကို သိနိုင်၏။
နောက်တစ်နေ့ နံနက်တွင် ယောက္ခမနှင့် ချွေးမ နှစ်ဦးစလုံးမှာ မျက်ကွင်းညိုလျက် ပန်ဒါဝက်ဝံများနှင့် တူနေသော အခြားသူများထက် အသားအရေ ပိုမို ကြည်လင်နေကြသည်။ နံနက်ခင်း အချိန်မှာ အကန့်အသတ်ရှိသဖြင့် အဘွားကြီးကျောက်မှာ စကားပြောရန် အချိန်မရဘဲ အမြန်ပင် ထွက်သွားရ၏။ မထွက်ခွာမီ သူမက ချန်ချင်းယွီကို တိုးတိုးလေး သတင်းပေးပြောလိုက်သည်။
“သူ့မိသားစုက ရဲတိုင်မှာ မဟုတ်ဘူးတဲ့။”
ဤသည်မှာ ချန်ချင်းယွီ စိတ်အေးစေရန် ပြောသွားခြင်းပင်။
အဘွားကြီးကျောက်သည် ချန်ချင်းယွီ လူကို သွားရိုက်ခြင်းမှာ မှားယွင်းသည်ဟု မထင်ပါချေ။ ကျန်းရှင်းဖှမှာ ကိုယ်ကျင့်တရား မကောင်းသူ ဖြစ်သဖြင့် သူတစ်ပါး၏ ရိုက်နှက်ခြင်း ခံရသည်မှာ သူ့အပြစ်နှင့်သူသာ ဖြစ်ပေသည်။
အဘွားကြီးကျောက်မှာ နံနက်စာ စားရန် ထမင်းစားဆောင်သို့ သွားပြီဖြစ်သော်လည်း ချန်ချင်းယွီကမူ ဟင်းချက်ရန် မလောသေးပေ။ သူမသည် ခဏမျှ နားနားနေနေ နေပြီးမှ ကြက်ဥအချို့ ပြုတ်ကာ နံနက်စာ ပြင်ဆင်လေသည်။ သူမ၏ ထိုနေ့အတွက် အစီအစဉ်မှာ ဝင်းထဲရှိ အမျိုးသမီးအသိုင်းအဝိုင်းထဲသို့ ဝင်ရောက် ရောနှောရန် ဖြစ်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် ဝင်းထဲတွင် အဘယ်ကိစ္စများ ဖြစ်ပျက်နေသည်ကို ပိုမို သိရှိနိုင်မည်။ ထို့ပြင် လင်းကျန့်ဝမ် ပစ်မှတ်ထား ခံခဲ့ရသည့် ကိစ္စကိုလည်း သူမ မှတ်မိနေဆဲပင်။ သူမသည် စက်ရုံတွင် အလုပ်လုပ်သူ မဟုတ်သဖြင့် စုံစမ်းရန် ခက်ခဲနိုင်သော်လည်း မည်သို့ဖြစ်ခဲ့သည်ကို စုံစမ်းစစ်ဆေးရန် စီစဉ်ထား၏။ အချိန်ယူရသည်မှာ ပြဿနာ မဟုတ်ချေ။ ၎င်းတို့ ဝင်းထဲရှိ လူအများအပြားမှာ စက်ရုံအလုပ်သမားများ၏ မိသားစုဝင်များ ဖြစ်ကြသဖြင့် ဟိုဟိုဒီဒီ မေးမြန်းရင်း သတင်းစကားများနှင့် အချက်အလက်များကို စုဆောင်းပါက တစ်နေ့တွင် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။
ချန်ချင်းယွီသည် သေချာ စဉ်းစားကြည့်မိရင်း သူမသည် အိမ်ရှင်မတစ်ဦး ဖြစ်သော်လည်း လုပ်ဆောင်စရာများမှာမူ အတော်ပင် များပြားလှ၏။ နေ့စဉ်ဘဝနှင့် ဝင်းထဲရှိ လူမှုဆက်ဆံရေးများအပြင်၊ လင်းကျန့်ဝမ် အဘယ်ကြောင့် ပစ်မှတ်ထား အနိုင်ကျင့် နှိပ်ကွပ်ခံရသနည်း၊ အဘယ်ကြောင့် စာမေးပွဲဖြေဆိုခွင့် မရခဲ့သနည်းဟူသည်ကို စုံစမ်းရန် ချန်ချင်းယွီ စီစဉ်ထားသည်။ ၎င်းအပြင် သူမ၏ အဘိုးအဘွားများ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြသနည်းဟူသော အကြောင်းရင်းလည်း ရှိနေသေး၏။
သို့သော်လည်း ဤကိစ္စမှာ စုံစမ်းစစ်ဆေးရန် ပို၍ပင် ခက်ခဲနိုင်ပေသည်။ စုံစမ်းစစ်ဆေးမှုများစွာက ၎င်းမှာ မတော်တဆမှုသာ ဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြသော်လည်း ချန်ချင်းယွီ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမှတ်သညာထဲတွင်မူ သူမ၏ အဘိုးအဘွားများသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြခြင်း မဖြစ်နိုင်ဟု အခိုင်အမာ ယုံကြည်နေခဲ့၏။
သူမသည် မတော်တဆမှုဟူသော ကောက်ချက်ကို လက်မခံခဲ့ပါချေ။
ချန်ချင်းယွီကိုယ်တိုင်လည်း တစ်ခုခုတော့ မှားယွင်းနေသည်ဟု ခံစားမိသည်။ ထိုသက်ကြီးရွယ်အို နှစ်ဦး ပစ္စည်းများကို ဝှက်ထားပုံမှာ ကြိုတင်ပြင်ဆင်ထားသည့်အလား ဖြစ်နေခဲ့ပြီး သူမသာ ဆိုလျှင်လည်း ၎င်းမှာ မတော်တဆမှု ဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲလိမ့်မည်ပင်။
ဤသို့ ကြည့်မည်ဆိုပါက လုပ်ဆောင်စရာများမှာ များပြားလှသော်လည်း ချက်ချင်း လက်ငင်း ဖြေရှင်းနိုင်သည့်အရာ တစ်ခုမျှ မရှိချေ။ တစ်လှမ်းချင်းစီသာ လုပ်ဆောင်သွားရုံ ရှိတော့၏။
ချန်ချင်းယွီသည် သူမ၏ နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်မိသည်။ သူမ ဟင်းချက်နေစဉ်တွင် အလယ်ဝင်းမှ ပိုင်ဖုန်းရှန်းမှာ မျက်နှာပျက်လျက် ဆီးအိုးကို ကိုင်ကာ ထွက်လာသည်ကို မြင်လိုက်ရသည်။ ဤအိမ်ရာဝင်းရှိ လူတိုင်းမှာ ဆီးအိုးများကို အသုံးပြုကြရာ ချန်ချင်းယွီမှာမူ အမှန်တကယ်ပင် အသားမကျသေးပေ။ သို့သော်လည်း သူမ အသားကျအောင် ကြိုးစားရပေလိမ့်မည်။
သို့သော်လည်း... သူမအတွက် အသားမကျသည်မှာ ပုံမှန်ဖြစ်သော်လည်း ပိုင်ဖုန်းရှန်းအတွက်မူ ထိုသို့ မဖြစ်သင့်ချေ။
ချန်ချင်းယွီ တံခါးကြားမှ ချောင်းကြည့်လိုက်ရာ ပိုင်ဖုန်းရှန်း၏ မျက်နှာမှာ အမှန်တကယ်ပင် ဆိုးရွားနေ၏။
ချန်ချင်းယွီ တံခါးမှ ချောင်းကြည့်နေသည်ကို မြင်သောအခါ လမ်းတစ်ဖက်ခြမ်းမှ "ပတ်... ပတ်~" ဟူသော အသံကို ကြားလိုက်ရသည်။ ၎င်းမှာ ရယ်မောသံ မဟုတ်ဘဲ ချန်ချင်းယွီကို ပေးလိုက်သော လျှို့ဝှက်အချက်ပြသံ ဖြစ်၏။
ချန်ချင်းယွီ လှည့်ကြည့်လိုက်
သောအခါ အဒေါ်ကြီးမေ့ သူမကို မျက်စိမှိတ်ပြနေသည်ကို တွေ့ရသည်။ ချန်ချင်းယွီသည် ခြေဖျားလေး ထောက်ကာ သွားလိုက်ပြီး တိုးတိုးလေး မေးလိုက်၏။
“ဒေါ်လေးမေ့... ဘာဖြစ်လို့လဲဟင်?”
“မနေ့ညက အဘိုးကြီးကျန်းတို့အိမ်က မုန့်မုန့်လေးက အလယ်ဝင်းက မာကျန့်ယီနဲ့ ပိုင်ဖုန်းရှန်းတို့အိမ်မှာ အိပ်တာလေ။ အဲဒီကလေးမလေးက သူတို့ဗီရိုထဲက ဘီစကစ်မုန့်တွေကို ခိုးစားရုံတင်မကဘူး၊ ဆီးအိုးထဲမှာပါ အီးပါသွားတာတဲ့။ ပိုင်ဖုန်းရှန်းကတော့ တော်တော်လေး ဒေါသထွက်နေတာပေါ့။”
သူမသည် သိသမျှကို တတွတ်တွတ်နှင့် ပြောပြနေပြီး လျှာတစ်ချက် သပ်လိုက်ကာ
“မုန့်မုန့်လေးက အဘွားကြီးဟွမ်ရဲ့ မြောက်ပင့်ပေးမှုတွေကြောင့် ပျက်စီးနေပြီဆိုတာ ငါသိတာပေါ့! ဒီလောက် လိမ္မာတဲ့ ကလေးမလေးကို ကြည့်ပါဦး!”
ချန်ချင်းယွီမှာ - “.......”
သူမမှာ ဘာပြောရမှန်းပင် မသိတော့ချေ။
“ကျွန်မ နံနက်စာတောင် မစားရသေးဘူး။” ဟု ဆိုကာ ထိုအကြောင်းများကို ဆက်မကြားလိုတော့ချေ။
အီးပါတာတွေ၊ သေးပေါက်တာတွေကိုတော့ ထမင်းစားပြီးမှသာ ပြောကြပါတော့!
သို့သော်လည်း ချန်ချင်းယွီသည် ပိုင်ဖုန်းရှန်း၏ ဒေါသကို နားလည်ပေးနိုင်၏။ မည်သူကများ ဒေါသမထွက်ဘဲ နေပါမည်နည်း။ အဓိကအချက်မှာ သူမအတွက် ထိုအရာက ရွံစရာကောင်းနေခြင်းပင်။ ဆီးအိုးမှာ သေးပေါက်ရန်သာ ဖြစ်ပြီး၊ အီးပါရန်အတွက်မူ အပြင်ဘက်ရှိ အများသုံးအိမ်သာသို့ သွားကြသည်မှာ ထုံးစံပင်။
ဤကလေးမလေးမှာ တကယ်ကို ဆိုးလှလေသည်။
“သူ ကျောင်းမတက်ဘူးလားဟင်?”
“သူ့မိသားစုက မူကြိုကျောင်းပို့ဖို့ ပိုက်ဆံမတတ်နိုင်ဘူးတဲ့၊ နောက်တစ်နှစ်ကျမှ ကျောင်းတိုက်ရိုက် ထားမယ်လို့ ပြောတာပဲ။”
ချန်ချင်းယွီမှာ - “.......”
အဘွားကြီးဟွမ်မှလွဲလျှင် ကလေးမလေး၏ အဘိုးနှင့် မိဘနှစ်ပါးစလုံးမှာ အလုပ်ရှိကြသူများ ဖြစ်ကြသည်။ သူတို့ ကလေးကို မူကြိုကျောင်း မပို့နိုင်ဘူးဆိုသည်မှာအဓိပ္ပာယ် မရှိလှပေ။
“စောင့်ကြည့်နေလိုက်၊ ပိုင်ဖုန်းရှန်းကတော့ အဲဒီကလေးကို နောက်တစ်ည လုံးဝ ပေးအိပ်မှာ မဟုတ်တော့ဘူး။”
အဒေါ်ကြီးမေ့သည် အခြေအနေကို အကဲခတ်မိပြီးသားဟန်ဖြင့် ပြောဆိုလေသည်။
ချန်ချင်းယွီသည် ပြုံးလျက် မှတ်ချက်ပေးရန် ပြင်လိုက်စဉ်မှာပင် သူမ၏ အိုးထဲတွင် တစ်ခုခုရှိနေသည်ကို ရုတ်တရက် သတိရသွား၏။
“ဟာ... ကျွန်မ အိုးထဲမှာ နံနက်စာတွေ ကျန်သေးတယ်...”
သူမသည် ခပ်သွက်သွက်ပင် အထဲသို့ ပြေးဝင်သွားလိုက်သည်။
ကံကောင်းလိုက်လေခြင်း!
မုန့်များ တူးမသွားသေးပေ။
ချန်ချင်းယွီသည် နံနက်စာများကို ခူးခပ်ရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ တစ်ဖန် ဒုန်းဒုန်းမြည်သံ ထွက်ပေါ်လာပြန်သဖြင့် သူမသည် အပြင်သို့ တစ်ဖန် ပြေးထွက်သွားပြန်၏။...
ဒီနေ့ နံနက်ခင်းကတော့ တကယ့်ကို အလုပ်များလှသည်တကား…