အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း( ၁) ရောင်းစားခံလိုက်ရသော ဇနီးသည်
“အစ်ကို... ထတော့... မြန်မြန် ထပါတော့...”
သူ့နားဘေးမှ စိုးရိမ်တကြီး ခေါ်သံတစ်ခု ထွက်ပေါ်လာ၏။
လဲ့ချန်က မူးဝေနောက်ကျိစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ ကျိုးပဲ့နေသော သစ်သားကုတင်တစ်လုံးပေါ်တွင် လဲလျောင်းနေကြောင်း တွေ့လိုက်ရသည်။ သူ့အောက်တွင် ပေါင်းပင်ခြောက်များ ခင်းထားပြီး ဟောင်းနွမ်းနေသော ချည်စောင်အစုတ်ထံမှ မှိုနံ့များ ထွက်ပေါ်နေ၏။
ရွှံ့အုတ်များဖြင့် တည်ဆောက်ထားသော နံရံတစ်ဘက်မှလွဲ၍ အခန်း၏ အခြားဘက်များကို ဟောင်းနွမ်းနေသော သစ်သားပြားများဖြင့် ပိတ်ဆို့ထားသဖြင့် နေရာအနှံ့မှ အေးစက်သော လေစိမ်းများ ဝင်ရောက်လာကာ သူ့ကို အကြိမ်ကြိမ် တုန်ယင်သွားစေသည်။
ဤသည်က မည်သည့်နေရာ ဖြစ်သနည်းဟု သူ တွေးလိုက်မိ၏။
သူက အမဲလိုက်ပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဝက်ဝံတစ်ကောင်ကို အမဲလိုက်ကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည် မဟုတ်ပါလော။
မျက်တောင်တစ်ခတ်အတွင်း အခြားနေရာတစ်ခုသို့ မည်သို့ ရောက်ရှိလာသနည်း။
“အစ်ကို... အစ်ကိုက အိပ်ချင်နေသေးတာလား...”
“ကျွန်မနဲ့ မြန်မြန် လိုက်ခဲ့ပါ...”
“နောက်ကျသွားရင် အစ်ကို့မိန်းမ ပါသွားတော့မှာ...”
စိုးရိမ်တကြီး အော်ဟစ်သံက ထပ်မံ ထွက်ပေါ်လာပြန်၏။
လဲ့ချန်က အာရုံစူးစိုက်၍ ကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များက ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။ သူ့ရှေ့တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ရပ်နေသည်ကို သူ မြင်လိုက်ရ၏။ သူမက ဆံပင်ကို မြင်းမြီးပုံစံ စည်းနှောင်ထားပြီး သူမ၏ ပါးလွှာသော အဝတ်အစားများတွင် ဖာရာများ ပြည့်နှက်နေသည်။ သူမ၏ ခြောက်သွေ့ ပိန်ချုံးနေသော မျက်နှာလေးမှာ အအေးဒဏ်ကြောင့် အက်ကွဲကာ အမာရွတ်များ ထင်ကျန်နေ၏။
“ရှောင်ချင်းလား...”
“နင်က ငါ့ညီမ ရှောင်ချင်းလား...”
လဲ့ချင်းမှာ ဒေါသထွက်သွားသကဲ့သို့ စိုးရိမ်တကြီးလည်း ဖြစ်သွားပြီး ပြောလိုက်၏။
“အစ်ကို... အိပ်ချင်မူးတူး ဖြစ်နေတုန်းပဲလား... ကျွန်မက အစ်ကို့ညီမ မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာလဲ... မြန်မြန် ထပါတော့...”
လဲ့ချန်က သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ကြောင်း သေချာစေရန် သူ့မျက်နှာကို အားရပါးရ ပွတ်သပ်လိုက်သည်။
“ရှောင်ချင်း... အခု ဘယ်ခုနှစ်လဲ...”
“၁၉၆၀ခုနှစ်ပေါ့...”
လဲ့ချန်က လေပြင်းတစ်ချက် ရှူသွင်းလိုက်၏။ သူ အတိတ်သို့ ပြန်လည်ဝင်စားလာခဲ့ပြီ ဖြစ်သည်။
သူ အမှန်တကယ်ပင် အတိတ်သို့ ပြန်ရောက်လာခဲ့လေပြီ။
အချိန်ကြာမြင့်စွာ ကွဲကွာနေခဲ့ရသော ညီမဖြစ်သူကို ပြန်လည် မြင်တွေ့လိုက်ရသောအခါ သူ့နှလုံးသားထဲတွင် လှိုက်တက်လာပြီး လဲ့ချင်းကို ဆွဲဖက်လိုက်သည်။
“ညီမလေး... နင့်ကို ပြန်တွေ့ရတာ သိပ်ဝမ်းသာတာပဲ... အားလုံးက ငါ့အမှားတွေပါ... နောက်ဆို နင့်ကို ဘယ်သူမှ အနိုင်ကျင့်ခွင့် ပေးတော့မှာ မဟုတ်ဘူး...”
ဤလုပ်ရပ်က လဲ့ချင်းကို အမှန်တကယ်ပင် လန့်ဖြန့်သွားစေ၏။
“အစ်ကို... ဘာဖြစ်နေတာလဲ...”
“ယောင်းမ လိုင်ကျားမင်ဆီ ရောင်းစားခံရတော့မှာ... အစ်ကို ဘာမှမလုပ်တော့ဘူးလား...”
လဲ့ချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ စိတ်အာရုံမှာ နောက်ဆုံးတွင် ရှင်းလင်းလာသည်။ သူ၏ ယခင်ဘဝမှ ဝေးကွာပြီး နာကျင်ဖွယ်ကောင်းသော မှတ်ဉာဏ်များက သူ့စိတ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာ၏။
သူနှင့် ဇနီးဖြစ်သူ ချီလန်တို့က သမီးမိန်းကလေးတစ်ယောက် မွေးဖွားခဲ့ခြင်းကြောင့်ပင် မိထွေးဖြစ်သူ၏ မိသားစုထံမှ အထင်အမြင်သေး ရွံရှာခြင်းကို ခံခဲ့ကြရသည်။
မိထွေးဖြစ်သူ ကျန်းကွေ့ဖန်းက သူမ၏ မြေးအကြီးဆုံးအတွက် အသားရစေရန် ချီလန်ကို အပြင်သို့ အတင်းအကျပ် ဆွဲထုတ်၍ လိုင်ကျားမင်ထံသို့ ဇွတ်အတင်း ရောင်းစားခဲ့၏။
လိုင်ကျားမင်က အရက်သောက်၊ လောင်းကစားလုပ်ပြီး လူရမ်းကားတစ်ယောက်ကဲ့သို့ ပြုမူတတ်ကာ ကိုယ်ကျင့်တရားနှင့် မလျော်ညီသော အလုပ်မျိုးစုံကို လုပ်ဆောင်တတ်သည့် လူပျိုကြီးတစ်ဦး ဖြစ်သည်။
တိုက်ဆိုင်စွာပင် သူက ကံကောင်းနေပြီး ဖဲရိုက်ရာမှ ငွေအချို့ နိုင်လာသဖြင့် အရက်နှင့် မြည်းရန် ဝက်သား ကတ္တီတစ်ဝက် (အစိတ်သားခန့်)ကို ဝယ်ယူ၍ အိမ်သို့ ပြန်လာခဲ့၏။ သူက တောဟင်းသီးဟင်းရွက်များ တူးဖော်ရန် ထွက်လာသော ကျန်းကွေ့ဖန်းနှင့် တိုက်ဆိုင်စွာ ဆုံမိသည်။ ကျန်းကွေ့ဖန်းက သူနှင့် တိုင်ပင်ဆွေးနွေးပြီး ချီလန်ကို ဝက်သား တစ်ကတ္တီ (ငါးဆယ်သား)နှင့် လဲလှယ်ပါက တစ်လတိတိ ပေးမည်ဟု ကမ်းလှမ်းခဲ့၏။
လိုင်ကျားမင်က မိန်းမတစ်ယောက်၏ အရသာကို မြည်းစမ်းချင်နေသည်မှာ ကြာပြီဖြစ်ရာ ကျန်းကွေ့ဖန်းကို ဝက်သားကတ္တီတစ်ဝက်ကို ချက်ချင်း ပေးလိုက်သည်။ ကျန်သည့် တစ်ဝက်ကို လူရောက်လာသောအခါမှ ထပ်ဖြည့်ပေးမည် ဖြစ်၏။
ချီလန်က လိုက်လျောရန် ငြင်းဆန်ကာ သေချင်သေပါစေဟု ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးတွင် ရွေးချယ်စရာ မရှိတော့သဖြင့် သမီးဖြစ်သူ ရှောင်ရှောင်ကိုပါ ခေါ်၍ ချောက်ကမ်းပါးပေါ်မှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။
လိုင်ကျားမင်က ချက်ချင်းပင် ကတိဖျက်ပြီး ကျန်းကွေ့ဖန်းထံမှ ဝက်သား ကတ္တီတစ်ဝက်ကို ပြန်တောင်းခဲ့၏။ သို့သော်လည်း ထိုဝက်သားများက သူမ၏ မြေးအကြီးဆုံး ဗိုက်ထဲသို့ ရောက်သွားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုရက်ပိုင်းတွင် နေရာအနှံ့ အငတ်ဘေး ဆိုက်နေသဖြင့် သူမက လုံးဝ ပြန်မပေးနိုင်ခဲ့ချေ။
ထို့ပြင် သူမ ရရှိပြီးသားအရာတစ်ခုကို ပြန်ပေးရခြင်းက သူမကို သတ်ပစ်သည်ထက်ပင် ပို၍ နာကျင်စေသည်။ ထို့ကြောင့် သူမက လိုင်ကျားမင်ကို ဆန်ကြမ်းအနည်းငယ် ထပ်မံ ဖြည့်တင်းခိုင်းပြီး လဲ့ချင်းကို အစားထိုးကာ လက်ထပ်ပေးလိုက်၏။
လိုင်ကျားမင်က စားဖားကြီးဖြစ်ပြီး ပျင်းရိသော လောင်းကစားသမားတစ်ဦးဖြစ်ရာ ငွေရှုံးသောအခါ သို့မဟုတ် တစ်စုံတစ်ခုကို မကျေနပ်သောအခါတိုင်း လဲ့ချင်းအပေါ် ဒေါသပုံချကာ သူမကို အမြဲတမ်း သေမတတ် နှိပ်စက်တတ်သည်။
လဲ့ချင်းမှာ ရူးသွပ်သွားသည်အထိ နှိပ်စက်ခံခဲ့ရပြီး ရေခဲနှင့် နှင်းများကြားတွင် အေးခဲကာ သေဆုံးသွားခဲ့၏။
ယခင်ဘဝက လဲ့ချန်မှာ သူ၏ အရင်းနှီးဆုံး ဆွေမျိုးများအားလုံးကို ဆုံးရှုံးလိုက်ရပြီးမှသာ သူ မည်မျှ မိုက်မဲပြီး အရည်အချင်း ကင်းမဲ့ခဲ့ကြောင်းကို သိရှိခဲ့ရသည်။
သူ၏အမှားများကို ပေးဆပ်ရန်အတွက် သူက နိုင်ငံတော်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။ သူက အတွေ့အကြုံမရှိသော တပ်သားသစ် ဘဝမှနေ၍ ထက်မြက်သော လက်ရွေးစင် စစ်သားတစ်ဦးဖြစ်လာခဲ့ပြီး မရေမတွက်နိုင်သော စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုများကို ရရှိခဲ့သော်လည်း ထိုအကြောင်းကို တွေးမိတိုင်း သူ ဘယ်တော့မှ စိတ်မဖြောင့်နိုင်ခဲ့ချေ။
ယခုအခါ ကောင်းကင်ဘုံက သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးအပ်လိုက်ပြီဖြစ်ရာ သူက မည်ကဲ့သို့ ထပ်မံ လက်လွှတ်ခံနိုင်မည်နည်း။
“အဲဒီအဘွားကြီးကို သတ်ပစ်မယ်...”
မိထွေးဖြစ်သူ၏ ရွံရှာဖွယ်ကောင်းသော မျက်နှာကို တွေးမိလိုက်သောအခါ လဲ့ချန်၏ နှလုံးသားထဲတွင် ဒေါသများ ပြည့်လျှံလာ၏။
သူက ကုတင်ပေါ်မှ လူးလဲထလိုက်ပြီး ဝက်စာစဉ်းရာတွင် အသုံးပြုသော တံစဉ်ကို ရှာဖွေကာ တံခါးအပြင်ဘက်သို့ ပြေးထွက်သွားသည်။
ဤအချိန်တွင် တောင်စောင်းရှိ ဖရဲခင်းတဲလေး အပြင်ဘက်၌ ဖြစ်၏။
ကျန်းကွေ့ဖန်းက ချီလန်၏ လက်မောင်းထဲမှ ကလေးကို ဖက်ရန် လက်လှမ်းလိုက်သည်။
“လာ... ချီလန်... ရှောင်ရှောင်ကို ငါ့ဆီပေး... နင် နေခဲ့...”
သူမက ဝက်သားနှင့် အလဲအလှယ် ခံလိုက်ရကြောင်း သိလိုက်ရသောအခါ ချီလန်မှာ အလွန် ဒေါသထွက်သွား၏။
“အမေ... အမေက ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ရက်ရတာလဲ... ကျွန်မက အမေ့သားရဲ့ မိန်းမလေ...”
“နင်က ငါ့ချွေးမဖြစ်နေလို့ကို မိသားစုအတွက် အထောက်အကူ ပြုရမှာပေါ့...”
ကျန်းကွေ့ဖန်း၏ မျက်နှာက မည်းမှောင်သွားသည်။
“နင် လိုင်ကျားမင်ဆီမှာ တစ်လလောက် သွားအလုပ်လုပ်ပေးတယ်လို့ပဲ သဘောထားလိုက်... အဲဒါ ဝက်သားတစ်ကတ္တီတောင်ရမှာ... မိသားစုတွေ အသားမစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ...”
“ဟုတ်တယ် ညီမလေး... ငါတို့ လူကြီးတွေအတွက်တော့ ကိစ္စမရှိပေမဲ့ ဝမ်ပင်းအတွက်ကတော့ အထူးသဖြင့် အရေးကြီးတယ်... သူက မိသားစုရဲ့ မြေးအကြီးဆုံး၊ အနာဂတ် အမွေဆက်ခံမယ့်သူလေ... သူက ကြီးထွားဖို့ အရေးကြီးတဲ့ အချိန်ရောက်နေပြီဆိုတော့ အသားမစားဘဲ နေလို့မရဘူး...”
အတူလိုက်ပါလာသော ချွေးမအကြီး စွင်းယန်မေက ညင်သာစွာ ဖျောင်းဖျလိုက်၏။
“လိမ္မာပါတယ်... ရှောင်ရှောင်ကို ငါ့ဆီပေးပါ... ငါ နင့်အတွက် စောင့်ရှောက်ထားပေးပါ့မယ်...”
“နင်က အပျိုလေးမှ မဟုတ်တော့တာ... ဘာများအရေးကြီးလို့လဲ...”
“လဲ့ချန်က အသုံးမကျဘူး…နင်သာ လိုင်ကျားမင်ဆီ ပြောင်းသွားရင် ယောက်ျားလေးတောင် မွေးလာနိုင်သေးတယ်...”
သူမ၏ ယောက္ခမနှင့် ယောင်းမဖြစ်သူတို့က ထိုသို့သော စကားမျိုး ပြောထွက်လိမ့်မည်ဟု ချီလန် မယုံကြည်နိုင်ဘဲ သွားကို တင်းတင်းကြိတ်လိုက်သည်။
“ယောင်းမ…ယောင်းမက အဲဒါကို လက်ခံနိုင်တယ်လို့ ထင်နေမှတော့ ယောင်းမပဲ သွားလိုက်ပါလား...”
“အိုး... ဒါ ဘယ်လို စကားမျိုးလဲ... ငါ့အဆင့်အတန်းကဘာလဲ... နင်က ငါနဲ့များ လာယှဉ်ရဲသေးတယ်...”
စွင်းယန်မေက ချက်ချင်း အသံမြှင့်လိုက်၏။
“ငါက မိသားစုအတွက် အမွေဆက်ခံမယ့်သူ မွေးပေးထားတာ... နင် သိပ်စွမ်းရင် နင့်သမီးကို ဗိုက်ထဲပြန်သွင်းပြီး ယောက်ျားလေး ပြန်မွေးလေ...”
“အမြုံမ... နင်က ငွေကုန်ကြေးကျများတဲ့ မိန်းကလေးတစ်ယောက်ကို မွေးထားပြီးတော့ ပြန်ပြောရဲသေးတယ်ပေါ့... စကားတွေ ရှည်မနေနဲ့... လိုင်ကျားမင်နဲ့ အိမ်ကို မြန်မြန် ပြန်လိုက်သွားစမ်း...”
ကျန်းကွေ့ဖန်းက ရုတ်တရက် အနားသို့ တိုးကပ်လာကာ ကလေးကို ဖမ်းဆုပ်၍ လုယူရန် ကြိုးစားလိုက်သည်။
“လွှတ်...”
ချီလန်က အပြင်းအထန် ရုန်းကန်လိုက်ရာ မြေပြင်ပေါ်သို့ လဲကျသွား၏။
သူမ၏ လက်မောင်းမှာ ချက်ချင်းပင် ပွန်းပဲ့သွားပြီး သွေးစို့နေသော အရာများ ထင်ကျန်ရစ်သည်။ အသက်တစ်နှစ်ကျော်သာ ရှိသေးသော ရှောင်ရှောင်မှာ တင်းကျပ်စွာ အကာအကွယ် ပေးခံထားရသော်လည်း ထိတ်လန့်တကြား အော်ငိုလိုက်၏။
“အဘွား... သား အသားစားချင်တယ်... ဝက်သား စားချင်တယ်...”
မြေးအကြီးဆုံးဖြစ်သူ လျိုဝမ်ပင်းမှာ ခေါင်းကြီး၍ နားရွက်ကားကားနှင့် ဖြစ်သည်။ သူက အသက် ငါးနှစ်၊ ခြောက်နှစ်ခန့်သာ ရှိသေးသော်လည်း မကောင်းဆိုးဝါး အကြံအစည်များဖြင့် အချိန်ကြာမြင့်စွာ သွေးထိုးလှုံ့ဆော်ခြင်း ခံထားရသူ ဖြစ်၏။
“မြေးလေး... စိတ်မပူနဲ့... ဒီနေ့ မြေးလေး အသားစားရမယ်လို့ အဘွား အာမခံတယ်...”
ကျန်းကွေ့ဖန်းက သူ့မျက်နှာကို နာကျင်စွာဖြင့် ပွတ်သပ်လိုက်ပြီး စူးရဲစွာ ကြည့်လိုက်သည်။
“ချီလန်... နင်က တော်တော် ယုတ်မာတဲ့ မိန်းမပဲ... ငါ့မြေးကြီး အသားစားချင်တယ်ဆိုတာ နင် မကြားဘူးလား... နင့်ကို ပါးရိုက်ရအောင် နင်က ဖိအားပေးနေတာလား...”
“လိုင်ကျားမင်... အတုံးအတစ်ကြီးလို ရပ်မနေနဲ့... နင် မိန်းမလိုချင်ရင် ဘယ်လို အလုပ်လုပ်ရမလဲဆိုတာ ကိုယ့်ဟာကိုယ် မသိဘူးလား...”
စွင်းယန်မေက အော်ဟစ်လိုက်၏။
“နည်းနည်းလောက် အားထုတ်လိုက်ရင် သူ နင့်လူ ဖြစ်သွားပြီ...”
လိုင်ကျားမင်က ရယ်မောလိုက်ရာ သူ၏ ကောက်ကျစ်သော မျက်လုံးများက အစိမ်းရောင် တလက်လက် တောက်ပသွားပြီး တံတွေးကို အားပါးတရ မျိုချလိုက်သည်။
ချီလန်က ကောင်းမွန်စွာ ဝတ်ဆင်ထားခြင်းမရှိဘဲ ပိန်ချုံး၍ အားနည်းနေပုံ ပေါက်နေသော်ငြားလည်း ကလေးမွေးထားသည်မှာ မကြာသေးသဖြင့် သူမ၏ ခန္ဓာကိုယ်က အနည်းငယ် ပြည့်ဖြိုးနေပြီး အထူးသဖြင့် ထိုရင့်ကျက်သော ရနံ့က အလွန်ဆွဲဆောင်မှု ရှိနေ၏။
သူက အနားသို့ တိုးကပ်လာရင်း ရယ်မောလိုက်သည်။
“ချီလန်... စိတ်မပူပါနဲ့... မင်းသာ ကိုယ့်နောက် လိုက်ခဲ့မယ်ဆိုရင် ညတိုင်း ပျော်ရွှင်စေရမယ်လို့ ကိုယ် အာမခံတယ်...”
“မင်းက တကယ်ကြီး ဆန္ဒမရှိဘူးဆိုရင်လည်း ကလေးပါ ခေါ်ခဲ့လိုက်လေ... ဘာမှ နောက်ကျသွားတာမျိုး မဖြစ်စေရဘူး...”
ကျန်းကွေ့ဖန်းနှင့် စွင်းယန်မေတို့မှာ ထိုစကားကို ကြားသောအခါ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြ၏။
ဤခေတ်ကာလတွင် အိမ်ထောင်စုတိုင်းက အသက်ရှင်ရပ်တည်နိုင်ရန် ခါးပတ်ကို တင်းကျပ်စွာ စည်းနှောင်ထားကြရပြီး ဤငွေကုန်ကြေးကျများသော ဝန်ထုပ်ဝန်ပိုးကြီးကို အမြန်ဆုံး ဖယ်ရှားပစ်ရန် သူတို့ မစောင့်နိုင်ကြတော့ချေ။
“နင်... အနားကို ထပ်မတိုးလာနဲ့...”
ချီလန်က ထိုညစ်ညမ်းပြီး စုတ်ပြတ်နေသော မျက်နှာကိုကြည့်ရင်း ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာကာ သူမ၏ နှလုံးသားထဲတွင် ထိတ်လန့် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
“ငါ့မှာ ယောက်ျားရှိတယ်...နင် ခုလိုမျိုးလုပ်ရင် လဲ့ချန် သိသွားမှာကို မကြောက်ဘူးလား...”
“လဲ့ချန်လား... ငါ လဲ့ချန်ကို သွားရှာမယ်...”
“ဟွန့်... လဲ့ချန်က အခု အိမ်မှာ တစ်ရေးအိပ်နေတယ်... သူ နိုးလာတဲ့ အချိန်ကျရင် ထမင်းက ကျက်နေလောက်ပြီ...”
(ထမင်းကျက်တာက တရုတ် ဗန်းစကားပါ။ ဘာညာကွိကွပြီးတယ်ပြောချင်တာပါ။)
စွင်းယန်မေက သရော်လိုက်၏။
“သူ ဒီနေရာမှာ ရှိနေရင်တောင် ဘာဖြစ်လဲ... ငါက သူ့အမေလေ... ငါက စကားတစ်ခွန်း ပြောလိုက်တာနဲ့ သူက နားမထောင်ဘဲ နေရဲမှာလား...”
ကျန်းကွေ့ဖန်းက သူမ၏ ခါးကို လက်ထောက်၍ မထီမဲ့မြင် ပြုသော မျက်နှာဖြင့် ရပ်နေသည်။
ချီလန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး သူမ၏ နှလုံးသားကို ဓားဖြင့် ထိုးဖောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ဟုတ်ပေသည်။
လဲ့ချန်သာ ဤနေရာတွင်ရှိနေပါက ဘာဖြစ်မည်နည်း။
ဤအမျိုးသားက အလုပ်ကြိုးစားရုံမှလွဲ၍ သူတို့နှင့် ပူးပေါင်းကာ သူမကို အနိုင်ကျင့်ရုံသာ ရှိလိမ့်မည်။
ကလေးတစ်ယောက်ရှိမနေဘဲ သူမ၏ မိသားစုသာ ထွက်သွားခဲ့သည်မဟုတ်ပါက သူမလည်း ထွက်သွားသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
သူမ၏ နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုများက သူမကို လုံးဝ အသက်ကင်းမဲ့သွားသကဲ့သို့ ခံစားရစေပြီး တောင်စောင်း၏ အစွန်းဘက်သို့ တဖြည်းဖြည်း နောက်ဆုတ်သွားသည်။
“ငါက လူမဟုတ်ဘူးလား... နင်တို့က ငါ့ကို သေအောင် ဖိအားပေးနေရတာလား...”
“အဲဒီလိုဆိုမှတော့ ငါနဲ့ ငါ့သမီး အသက်ရှင်မနေတော့ဘူး...”
ထိုသို့ပြောပြီးသည်နှင့် သူမက အောက်သို့ ခုန်ချလိုက်တော့၏။
အခန်း (၂) ပါးရိုက်ခြင်း
“ချီလန်...”
မျက်တောင်တစ်ခတ် အတွင်းမှာပင်။
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ လူရိပ်တစ်ခုက ချီလန်ကို အလျင်အမြန် ဖမ်းဆွဲ၍ နောက်သို့ အားကုန် ဆွဲချလိုက်၏။
“အိုး ဘုရားရေ... လန့်သေတော့တာပဲ... လဲ့ချန်... နင်လာတာ အတော်ပဲ...”
အလွန်တရာ အံ့အားသင့်ကာ ကြက်သေ သေနေသော စွင်းယန်မေက နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး အလောတကြီး ပြောလိုက်သည်။
“ချီလန် သေသွားရင် ဝက်သားတွေ ဆုံးရှုံးသွားမှာပေါ့... ဘယ်လောက် နှမြောစရာ ကောင်းလိုက်လဲ...”
လဲ့ချန်က သူမကို ဂရုစိုက်ဖို့ အချိန်မရချေ။ သူက သူ၏ ဇနီးနှင့် ကလေးကို ထူပေးလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏။
“မိန်းမ... မင်း အဆင်ပြေရဲ့လား... ရှောင်ရှောင်ရော ထိခိုက်မိသေးလား...”
ချီလန်က သေရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ရာ လဲ့ချန် ဤမျှ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
သူမယောက်ျားကို မြင်လိုက်ရသောအခါ မျှော်လင့်ချက် ရောင်ခြည်တစ်ခုက သူမ၏ မျက်လုံးထဲတွင် လက်ခနဲ ဖြစ်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည်မှေးမှိန်သွားသည်။
သူ ရောက်လာတော့လည်း ဘာထူးခြားသွားမည်နည်း။
သူမ၏ ယောက္ခမနှင့် ယောင်းမဖြစ်သူတို့ စကားစပြောသည်နှင့် ဤယောက်ျားက ချက်ချင်း နောက်ဆုတ်သွားမည်သာ ဖြစ်၏။
သူမ၏ ကံကြမ္မာကလည်း သိပ်ပြီး ကောင်းလာမည် မဟုတ်ချေ။
“ငါ အဆင်ပြေပါတယ်...”
ချီလန်က ခံစားချက်မဲ့စွာ ခေါင်းယမ်းလိုက်ပြီး လဲ့ချန်၏ ဆုပ်ကိုင်ထားမှုမှ သူမလက်ကို ညင်သာစွာ ရုန်းထွက်လိုက်သည်။
“လဲ့ချန်... နင်ရောက်လာတာ အတော်ပဲ...”
စွင်းယန်မေက ဗလုံးဗထွေး ဆက်ပြောလိုက်၏။
“နင့်မိန်းမကို ကြည့်ဦး... သားယောက်ျားလေး မမွေးနိုင်ဘဲ အသုံးမကျတဲ့ မိန်းကလေး မွေးထားတာကိုများ အခု သူကိုယ်သူ သတ်သေဖို့ ကြိုးစားနေတယ်...”
“မိသားစုရဲ့ အခြေအနေကို နင်သိပါတယ်... ပြီးခဲ့တဲ့လက ငါတို့ရဲ့ ရိက္ခာတွေ အများကြီး အဖြတ်ခံလိုက်ရတယ်... ငါ့သားလေး ဗိုက်ဝအောင် မစားရတာ ဘယ်လောက်တောင် ကြာပြီလဲ...”
“မြန်မြန် သူ့ကို နားချလိုက်... အသားနဲ့ သွားလဲခိုင်းလိုက်...”
သူ၏ ဇနီးနှင့် ကလေး ထိခိုက်မှုမရှိကြောင်း အတည်ပြုနိုင်ပြီးမှသာ လဲ့ချန် စိတ်အေးသွားတော့သည်။
စွင်းယန်မေ၏ စကားကို ကြားသောအခါ သူ၏ ဒေါသက တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာ၏။
သူ လှည့်လိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားကာ လက်ကိုမြှောက်၍ အသံမည်ဟည်းလောက်သော ပါးရိုက်ချက် တစ်ချက်ကို ရိုက်ချလိုက်သည်။
“ဖြန်း…”
“ခွေးမ... နင့်ရဲ့ ညစ်ပတ်တဲ့ ပါးစပ်ကို ပိတ်ထားစမ်း...”
ထိုပါးရိုက်ချက်ကြောင့် စွင်းယန်မေမှာ အံ့အားသင့်သွားပြီး ထိုနေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရပ်တန့်သွားသည်။
သူမ၏ မျက်နှာက လျင်မြန်စွာ ရောင်ရမ်းလာပြီး နီရဲသွား၏။
သူမက မယုံနိုင်စွာဖြင့် မျက်လုံးပြူးသွားသည်။
“နင်... နင် ငါ့ကို ရိုက်ရဲတယ်ပေါ့...”
လဲ့ချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“ရိုက်တော့ရော ဘာဖြစ်လဲ... နင့်သားက အသားစားချင်တာနဲ့ ဘာလို့ ငါ့မိန်းမကို သူ့ကိုယ်သူ ရောင်းစားဖို့ အတင်းအကျပ် ခိုင်းရတာလဲ... နင့်သားက ငါ့ကလေးလား... ဒါမှမဟုတ် ငါကများ နင့်ရဲ့ ဘိုးဘေး ဖြစ်နေလို့လား...”
“အရှက်မရှိတဲ့ မိန်းမ... နင် အသားစားချင်ရင် နင့်ဘာသာ အဝတ်ချွတ်ပြီး လိုင်ကျားမင်နဲ့ သွားအိပ်...”
“နင် ဘာပြောလိုက်တယ်...”
စွင်းယန်မေမှာ ထပ်မံ၍ ဆွံ့အသွားပြန်သည်။
သူမက ဂယောင်ဂတမ်းများ ကြားနေရသည်လားဟုပင် တွေးလိုက်မိ၏။
ဤမတ်ဖြစ်သူက အမြဲတမ်း သိမ်ငယ်၍ အညံ့ခံတတ်ကာ မည်သည့်အခါမျှ ပြန်လည် တိုက်ခိုက်ခြင်း၊ ပြန်ပြောခြင်း မရှိခဲ့ပေ။
ယနေ့ သူ ဘာဖြစ်သွားရသနည်း။
မရီးဖြစ်သူ သူမကို ကျိန်ဆဲရဲရုံသာမက သူမကိုပင် လက်ပါရဲနေသည်လား။
“နင် နားကန်းနေတာလား... ဒါမှမဟုတ် လူစကား နားမလည်တာလား... ငါ လုံလောက်အောင် ကျယ်ကျယ် ပြောခဲ့တယ်လေ... နားမလည်သေးဘူးလား...”
လဲ့ချန်၏ မျက်နှာအမူအရာက အေးစက်တည်ကြည်နေ၏။
“ဒါဆို ငါ ထပ်ပြောပြမယ်... နင် အသားစားချင်ရင် နင့်ဘာသာ အဝတ်ချွတ်ပြီး လိုင်ကျားမင်နောက်ကို လိုက်သွားလိုက်...”
စွင်းယန်မေမှာ အလွန်ဒေါသထွက်လွန်းသဖြင့် သူမ၏ အဆုတ်များ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။
“လဲ့ချန်... ငါ နင့်ကို သတ်မယ်...”
“လာလေ...”
လဲ့ချန်က သူ့လက်ထဲမှ တံစဉ်ကို ဝှေ့ယမ်းလိုက်၏။
“ဘယ်သူက ဘယ်သူ့ကို သတ်မလဲ ကြည့်ကြတာပေါ့...”
“နင်...”
စွင်းယန်မေမှာ အကြောက်တရားကြောင့် တုန်ယင်သွားပြီး ချက်ချင်းပင် သူမ၏ သတ္တိများ ပျောက်ကွယ်သွားသည်။ သူမက မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် ကျသွားပြီး အော်ဟစ် ငိုယိုလိုက်၏။
“အမေ... ဒီလဲ့ချန်ကို ကြည့်ပါဦး... မရီးဖြစ်တဲ့ ကျွန်မကို သူက ရိုက်လည်းရိုက် ဆဲလည်းဆဲတယ်… အဲ့လို့ဆို ကျွန်မက ဘယ်လိုမျိုး ရှေ့ဆက် ရှင်သန်ရတော့မလဲ...”
“ငါက သားယောက်ျားလေး မွေးပေးပြီး မျိုးဆက်ကို ဆက်ခံပေးခဲ့တယ်... ဒ္နှစ်တွေ တစ်လျှောက်လုံး ငါ ပင်ပင်ပန်းပန်း လုပ်ခဲ့ရပြီးမှ ခုလို ဆက်ဆံတာကို ခံရတယ်ပေါ့လေ...”
“လဲ့ချန်... သောက်ကောင်... နင် သေချင်နေတာလား...”
ကျန်းကွေ့ဖန်းက ချက်ချင်းပင် အော်ငေါက်လိုက်သည်။
“အခုချက်ချင်း ဒူးထောက်ပြီး နင့်မရီးကို တောင်းပန်လိုက်စမ်း...”
“ပြီးတော့ ဝက်သားနဲ့ လဲဖို့အတွက် ချီလန်ကို လိုင်ကျားမင်နဲ့ အထဲကို သွားခိုင်းလိုက်...”
“နင့်အမေနဲ့ သွားလဲလေ... အဘွားကြီး... နင် ငါ့မိန်းမကို နောက်တစ်ခါ လက်ဖျားနဲ့ ထိရဲထိကြည့်စမ်း... နင့်ကို ငရဲပြည် ပို့ပေးမယ်...”
လဲ့ချန်က မတုံ့ဆိုင်းဘဲ ပြန်ပက်လိုက်၏။
“ဘာ...”
ကျန်းကွေ့ဖန်းလည်း ဆွံ့အသွားသည်။ သူမက စွင်းယန်မေထက်ပင် ပို၍ အကြမ်းပတမ်း ရစ်လုံးဆင်ကာ လက်ခုပ်တီး၍ ခြေဆောင့်လိုက်၏။
“အိုး ကောင်းကင်ကြီးရေ… ဒီလိုကျေးဇူးကန်းတဲ့ အကောင်ကို မွေးထားရတာ ဘယ်လို လောကကြီးလဲ...”
“အမေကို ရိုသေဖို့ ပျက်ကွက်ရုံတင်မကဘူး... အမေကိုတောင် သေစေချင်နေတာလား...”
“လူတွေ လက်ညှိုးထိုးပြီး ကျိန်ဆဲမှာကို နင် မကြောက်ဘူးလား...”
“အဟက်... ကျန်းကွေ့ဖန်း... ဒါကို ရှင်းရှင်းလင်းလင်း မှတ်ထား... လျိုတာကျူးက နင့်ရဲ့ သွေးသားအရင်းလေ... ငါက ဖအေပါသားသက်သက်ပဲ... ငါ့အဖေ သေသွားပြီးကတည်းက ငါတို့ကြားက ဆက်ဆံရေးက ပြီးဆုံးသွားပြီ...”
လဲ့ချန်က အသက်မပါသော အပြုံးတစ်ခု ပြုံးလိုက်သည်။
“အဲဒီတုန်းက နင် ငါ့အဖေကို ပြုစားပြီး နင်နဲ့ နင့်သားကို အလိုလိုက်အောင် လုပ်ခဲ့တယ်... သူ့တစ်သက်လုံး ရှာထားတဲ့ ငွေအများစုကို နင်တို့နှစ်ယောက် အပေါ်မှာ သုံးပစ်ခဲ့တယ်...”
“အခု သူ မရှိတော့တာတောင် နင်က ငါ့သွေးကို စုပ်ချင်နေသေးတာလား...”
“အခုလို သားယောက်ျားလေးမရှိတဲ့ မိသားစုကို အနိုင်ကျင့်တာက တကယ့်ကို ရွံစရာကောင်းလွန်းတယ်...”
ယခုအချိန်ထိ လဲ့ချန်မှာ သူ၏ ရင်ထဲမှ မီးတောက်ကို မနည်းဖိနှိပ်ထားရဆဲ ဖြစ်သည်။
ထိုအချိန်က ကျန်းကွေ့ဖန်းက သူ၏ ဖခင် လဲ့ဟိုင်ကျုံးကို တစ်စုံတစ်ရာ တိုက်ကျွေးထားခဲ့ခြင်း ဖြစ်ရမည်။ ထို့ကြောင့် သူက သူမ၏ စကားတိုင်းကို နားထောင်ကာ ရှိသမျှ အရာအားလုံးကို သူမနှင့် သူမ၏ သားကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
လဲ့ဟိုင်ကျုံး၏ လွှမ်းမိုးမှုအောက်တွင် လဲ့ချန်သည်လည်း ထိုကဲ့သို့သော လူစားမျိုး ဖြစ်လာခဲ့သည်။ သတ္တိနည်းရုံသာမက အနိုင်ကျင့်ခံရမှုကို သည်းခံတတ်သည့် အကျင့်ပါနေခဲ့သည်။
ကောင်းမွန်သော အစားအစာများကို မိထွေးဖြစ်သူအား ဆက်သရပြီး သူ၏ အစ်ကိုဖြစ်သူကို ပေးရသည်။
သူက အလုပ်အများဆုံး လုပ်ရသော်လည်း အနည်းဆုံး စားရ၏။
လဲ့ချန် ကိုယ်ပိုင်မိသားစု ထူထောင်ပြီးနောက်တွင်လည်း ထိုနည်းတူပင်ဖြစ်ကာ ချီလန်ကိုပါ သူနှင့်အတူ ဒုက္ခခံရန် ဆွဲသွင်းမိသကဲ့သို့ ဖြစ်ခဲ့သည်။
ဆောင်းရာသီ အလယ်ခေါင်တွင် ကလေးမွေးဖွားခဲ့ရပြီး သုံးရက်ပင် မပြည့်မီ မိသားစုတစ်ခုလုံးအတွက် အဝတ်လျှော်ရန် အိပ်ရာထဲမှ အတင်းအကျပ် ထခိုင်းခြင်း ခံခဲ့ရသည်။
သူမ၏ လက်များမှာ အအေးဒဏ်ကြောင့် အက်ကွဲကာ သွေးများထွက်နေပြီး သနားစရာ ကောင်းလှ၏။
အထူးသဖြင့် သမီးမိန်းကလေးထက် သားယောက်ျားလေးကိုသာ ပို၍ အလေးပေးရန် အမြဲတစေ ရိုက်သွင်းခံထားရသော လဲ့ချန်က သမီးတစ်ယောက် ရရှိခြင်းအတွက် သူ၏ မကျေနပ်မှု အားလုံးကို ချီလန်၏ အပေါ်တွင် ပုံချခဲ့သည်။
သူ့အတိတ်ဘဝတွင် သူက တကယ့်ကို သောက်တုံး တစ်ကောင် ဖြစ်ခဲ့ပေသည်။
သို့သော်လည်း ဤဘဝတွင် သူ လုံးဝ ထိုသို့ ဖြစ်မည် မဟုတ်တော့ချေ။
“နင်... နင်... နင်... နင်...”
ဤနည်းလမ်းက အသုံးမဝင်ကြောင်း မြင်သောအခါ ကျန်းကွေ့ဖန်းနှင့် စွင်းယန်မေတို့မှာ စကားပင် မပြောနိုင်လောက်အောင် ဒေါသထွက်သွားကြသည်။
“ဘာ နင် လဲ... ဒီနေ့ နင်တို့ကို ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ်... ဒီနေ့ကစပြီး နင်တို့ ငါ့မိသားစုကို နောက်တစ်ခါ ထပ်အနိုင်ကျင့်ရဲရင် နင်တို့နဲ့ သေတဲ့အထိတိုက်ခိုက်မယ်...”
လဲ့ချန်က သူ့လက်ထဲမှ တံစဉ်ကို အားကုန် ဝှေ့ယမ်းလိုက်၏။
“အစ်ကို... အစ်ကို... စဉ်းမစားဘဲ မလုပ်နဲ့နော်...”
သူ၏ နောက်မှ လိုက်လာသော လဲ့ချင်းမှာ အမောတကော ရောက်လာသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာက အကြောက်တရားကြောင့် ဖြူရော်သွား၏။
“မဉ်းမစားဘဲ လုပ်တယ်... ငါက သူတို့ကို ပညာပေးရုံ သက်သက်ပါ...”
လဲ့ချန်က ပြုံးလိုက်ပြီးနောက် သူ၏ အတိတ်ဘဝတွင် သူထက်ပင် ပို၍ ဒုက္ခခံခဲ့ရသော ကံဆိုးလှသည့် သူ၏ ညီမလေးကို သတိရသွားသည်။
“နင်ရောက်လာတာ အတော်ပဲ... နင့်ယောင်းမကို အိမ်ပြန်ဖို့ ကူတွဲပေးလိုက်...”
“ဟင်...”
လဲ့ချင်းမှာ ဝေခွဲမရ ဖြစ်သွားသည်။
သူမအစ်ကိုက သတိရလာပြီးနောက်တွင် မည်သို့လုပ်၍ လုံးဝ တစ်ခြားလူ တစ်ယောက်လို ဖြစ်သွားရသနည်း။
“ဘာ ဟင်လဲ... မြန်မြန်လုပ်...”
လဲ့ချန်က တိုက်တွန်းလိုက်၏။
“အိုး... ဟုတ်ကဲ့..”
စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း လဲ့ချင်းက အသစ်ရရှိလာသော လုံခြုံမှု ခံစားချက်ကို ခံစားလိုက်ရသည်။ သူမက ချီလန်ကို တွဲပေးလိုက်ပြီး ပြောလိုက်၏။
“ယောင်းမ... ကျွန်မတို့အရင် အိမ်ပြန်ရအောင်...”
ချီလန်မှာ ရင်ထဲတွင် ပို၍ပင် အံ့အားသင့်သွားပြီး သူမ၏ စိတ်ထဲတွင် လုံးဝ ဗလာကျင်းသွားသည်။
လဲ့ချန်က ထုံးစံအတိုင်း သတ္တိကြောင်သူ တစ်ယောက်ဖြစ်နေမည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သူက သူတို့ကို မိခင်ဝက်ဝံကြီးတစ်ကောင်က သားပေါက်လေးများကို ကာကွယ်ပေးသကဲ့သို့ ကာကွယ်ပေးလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ပြီးတော့ မင်း...”
လဲ့ချန် လှည့်လိုက်ပြီး လိုင်ကျားမင်ကို မြေကြီးပေါ်သို့ ကန်ချလိုက်သည်။
“မင်းလို အမှိုက်ကောင်ကများ ငါ့မိန်းမကို ကြံစည်ရဲတယ်ပေါ့... ဒီကန်ချက်က မင်းကို မှတ်မိအောင် ကူညီပေးတာပဲ... မင်းဆီမှာ အဲဒီလို အတွေးမျိုး နောက်ထပ် နည်းနည်းလေးတောင် ရှိလာသေးရင် မင်းကို ငါ ခုတ်ပစ်မယ်...”
“မင်းအမေ...”
လိုင်ကျားမင်က ကျိန်ဆဲရန် စတင်လိုက်သော်လည်း လဲ့ချန်၏ ကြမ်းကြုတ်သော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သူ၏ စကားများကို မျိုချလိုက်သည်။
“ကျန်းကွေ့ဖန်း... ငါ့ရဲ့ ဝက်သား ကတ္တီတစ်ဝက်ကို ပြန်ပေး...”
“ဘာလို့ပြန်ပေးရမှာလဲ... အဲဒါ စားပြီးသွားပြီ...”
ကျန်းကွေ့ဖန်းက စိတ်အိုက်စွာဖြင့် ပြန်ပြောလိုက်၏။
“နင်လိုချင်ရင် လဲ့ချန်ဆီ သွားတောင်း...”
“ဝက်သားက ခင်ဗျားကို ပေးခဲ့တာ... အဲဒီတော့ ခင်ဗျားကို တောင်းရမှာပေါ့...”
လိုင်ကျားမင်က ပြန်လည် ချေပလိုက်သည်။
“ငါ ဂရုမစိုက်ဘူး... နင်တောင်းချင်တဲ့သူဆီ တောင်း... ယန်မေ... ငါ့မြေးရတနာလေး... သွားကြစို့...”
ကျန်းကွေ့ဖန်းက တာဝန်ယူရန် လုံးဝ ငြင်းဆန်လိုက်၏။
လိုင်ကျားမင်မှာ ဒေါသထွက်လွန်းသဖြင့် ကျိန်ဆဲချင်လာသည်။ ဤပြဿနာအားလုံး ဖြစ်ပြီးနောက်တွင် သူ ဘာမှမရခဲ့ချေ။ ဝက်သား ကတ္တီတစ်ဝက် ဆုံးရှုံးသွားရုံသာမက အကန်လည်းခံရပြီး ဒေါသထွက်ကျန်ရစ်ခဲ့၏။
“တောက်... မင်းတို့ အားလုံး စောင့်နေလိုက်...”