အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇) မျက်နှာနှင့် အနှစ်သာရ
လျိုတာကျွမ်း၏ အသံများက တုန်ယင်နေပြီး သူ၏ ပေါင်ကြားမှ သေးစော်နံသော အနံ့သင်းသင်းလေး ထွက်ပေါ်လာ၏။
လဲ့ချန်က သရော်ပြုံး ပြုံးလိုက်သည်။
“အစ်ကိုဟုတ်လား... မင်းက ထိုက်တန်လို့လား... ငယ်ငယ်ကတည်းက ကြီးလာတဲ့အထိ မင်း ငါ့ကို ညီတစ်ယောက်လို ဘယ်တုန်းက သဘောထားခဲ့ဖူးလို့လဲ... ငါ့ကို အနိုင်ကျင့်တာနဲ့ ခေါင်းပုံဖြတ်တာကလွဲရင် မင်း ဘာများ လုပ်ပေးဖူးလို့လဲ...”
ခဓားမက လျိုတာကျွမ်း၏ မျက်နှာရှေ့တွင် ယိမ်းထိုးနေပြီး သူ့ကို ဖြူရော်သွားစေကာ မျက်နှာပေါ်မှ ချွေးအေးများ စီးကျလာစေ၏။
“မ... မလာနဲ့... လဲ့ချန်... ငါ မှားသွားပါတယ်... ငါ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး...”
လျိုတာကျွမ်းက သနားစရာ မျက်နှာဖြင့် တောင်းပန်လိုက်ပြီး ယခင်က သူ၏ မာနတရားများ လုံးဝ ကျန်ရစ်မနေတော့ချေ။
လဲ့ချန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လျိုတာကျွမ်း၏ မျက်နှာကို ဓားမနောက်ကျောဖြင့် ပုတ်လိုက်၏။
“ဒီနေ့ ဒီလိုဖြစ်လာမယ်ဆိုတာကိုသိရင် အစကတည်းက ဘာလို့ အဲ့လိုလုပ်ခဲ့ရတာလဲ... မင်း ငါ့အပေါ် စောစောကတည်းက ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ရင် ဒီနေ့ ဒီအခြေအနေကို ရောက်လာစရာ အကြောင်းမရှိဘူး...”
“ဟုတ်ပါတယ်... ဟုတ်ပါတယ်... ငါ မှားသွားပါတယ်... နောက်နောင် ငါ သေချာပေါက် ပြောင်းလဲပါ့မယ်... မင်းအပေါ် သေချာပေါက် ကောင်းကောင်း ဆက်ဆံပါ့မယ်...”
လျိုတာကျွမ်းက ကြက်သွန်ထောင်းနေသကဲ့သို့ ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
လဲ့ချန်က မတ်တတ်ရပ်လိုက်ပြီး ဓားမကို စဉ်းတီတုံးပေါ်သို့ လွှင့်ပစ်လိုက်ရာ ခွမ်းခနဲအသံ ထွက်ပေါ်လာ၏။
လျိုတာကျွမ်းမှာ အကြောက်တရားကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဘောင်းဘီထဲ သေးထွက်ကျလုမတတ် ဖြစ်သွားသည်။
“ကဲပါ... ဟန်ဆောင်မနေနဲ့တော့... ထတော့...”
လဲ့ချန်က ခပ်အေးအေးပင် ပြောလိုက်၏။
လျိုတာကျွမ်းက မြေပြင်ပေါ်မှ သတိကြီးစွာဖြင့် တွားသွား ထလာပြီး လဲ့ချန် ဆုပ်ကိုင်ထားသဖြင့် ထုံကျင်နေသော သူ၏ လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်နေ၏။
လဲ့ချန်က မီးဖိုဆီသို့ လျှောက်သွားကာ ရေနွေးအိုးကို ကောက်ကိုင်၍ မိမိအတွက် ရေတစ်ခွက် ငှဲ့လိုက်ပြီး ဖြည်းညင်းစွာ သောက်လိုက်သည်။
“လျိုတာကျွမ်း... ဒီနေ့ ငါ မင်းကို အရေးမလုပ်ချင်တော့ဘူး... ဒါပေမဲ့ နောက်တစ်ခါ မင်း ထပ်ပြီး လှည့်ကွက်တွေ သုံးလာရင် မင်းကို နောင်တရသွားအောင် ငါ လုပ်ပစ်မယ်... ကြားလား...”
လျိုတာကျွမ်းက အကြောက်တရားဖြင့် အဆက်မပြတ် ခေါင်းညိတ်လိုက်၏။
“မလုပ်ရဲတော့ပါဘူး... မလုပ်ရဲတော့ပါဘူး... နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး...”
ရေသောက်ပြီးနောက် လဲ့ချန်က ခွက်ကို စားပွဲပေါ်တွင် တင်လိုက်သည်။
“ထွက်သွားစမ်း...”
လျိုတာကျွမ်းက ခွေးမြီးကုပ်၍ ထွက်ပြေးသွားရာ သူ၏ အမြန်နှုန်းက ခွေးရူးတစ်ကောင် အလိုက်ခံနေရသည်ဟု ထင်မှတ်ရလောက်အောင်ပင် မြန်ဆန်လှ၏။
ခြံဝင်းထဲသို့ ရောက်မှသာ သူက နောက်သို့ လှည့်ကြည့်ရဲတော့ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
*ဒီနေ့ လဲ့ချန်က ဝက်ဝံနှင့် ကျားသစ်အသည်းကို စားထားတာလား... ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့လေ... ကိစ္စက ဒီလောက်နဲ့ မပြီးသေးဘူး*
မီးဖိုချောင်ထဲတွင် လဲ့ချန်က နောက်သို့ လှည့်ကြည့်လိုက်ရာ တံခါးပေါက်ဝ၌ ထိတ်လန့်နေသော ယုန်သူငယ်လေး တစ်ကောင်ကဲ့သို့ မျက်လုံးများ ပြူးကျယ်ကာ ငေးကြောင်နေသည့် ချီလန်ကို တွေ့လိုက်ရ၏။
သူက လျင်မြန်စွာ လျှောက်သွားပြီး အသံကို ညင်သာအောင် ပြုလုပ်လိုက်သည်။
“ချီလန်... အဆင်ပြေပါတယ်... သူ နောက်တစ်ခါ ပြဿနာ လာမရှာရဲအောင် သူ့ကို ငါ ခြောက်လှန့်လိုက်ရုံပါ...”
သူက ချီလန်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။
“စိတ်မပူပါနဲ့... ငါ တကယ် ထောင်ကျခံမှာ မဟုတ်ပါဘူး... မင်းနဲ့ ရှောင်ရှောင်ကို ငါ ကာကွယ်ပေးရဦးမယ်လေ...”
ချီလန်၏ အသိစိတ်များ တဖြည်းဖြည်း ပြန်ဝင်လာပြီး လဲ့ချန်၏ နွေးထွေးသော လက်ဖဝါးနှင့် ခိုင်မာသော စကားများက သူမ၏ နှာခေါင်းကို ကျိန်းစပ်သွားစေကာ မျက်ရည်များက ကြိုးပြတ်သွားသော ပုလဲလုံးများကဲ့သို့ လိမ့်ဆင်းလာတော့သည်။
ယခင်က သူမကို ရိုက်နှက်ဆဲဆိုလေ့ရှိသော ဤယောက်ျားက သူမအတွက် လျိုတာကျွမ်းအပေါ် တကယ်ပဲ အံတုပြီး ဓားနှင့်ပင် ခြိမ်းခြောက်ခဲ့သည်ကို သူမ မယုံကြည်နိုင်အောင် ဖြစ်နေ၏။
ယခင်က လျိုတာကျွမ်းနှင့် ကျန်းကွေ့ဖန်းတို့၏ အနိုင်ကျင့်မှုကို ခံရစဉ်က လဲ့ချန်က သူမကို မတ်တတ်ရပ် ကာကွယ်ပေးမည့် နေ့တစ်နေ့ကို သူမ စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မျှော်လင့်ချက်များက တဖြည်းဖြည်း မှေးမှိန်လာပြီး သူမ၏ နှလုံးသားကလည်း တဖြည်းဖြည်း ထုံထိုင်းလာခဲ့သည်။
မမျှော်လင့်ဘဲ ယနေ့တွင် လဲ့ချန်က လူတစ်ယောက် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေ၏။
ဤအရာအားလုံးက အိပ်မက်တစ်ခု သက်သက်သာ ဖြစ်နေမည်ကို စိုးရိမ်သဖြင့် သူမက ပါးစပ်ကို ပိတ်ထားလိုက်ပြီး နိုးလာသောအခါ အရာအားလုံးက ယခင်အတိုင်း ပြန်ဖြစ်သွားမည်ကို ကြောက်ရွံ့နေမိသည်။
ချီလန် ငိုနေသည်ကို မြင်သောအခါ လဲ့ချန်မှာ ပို၍ပင် ပြာယာခတ်သွား၏။
“ချီလန်... ဘာဖြစ်လို့လဲ... အဲ့တိရစ္ဆာန် လျိုတာကျွမ်းက မင်းကို ခြောက်လှန့်သွားလို့လား... မကြောက်ပါနဲ့... ငါ ရှိတယ်လေ... သူ မင်းကို နောက်တစ်ခါ အနိုင်မကျင့်ရဲတော့ပါဘူး...”
ချီလန်က မျက်ရည်များကို သုတ်၍ ခေါင်းခါလိုက်သည်။
“ဘာမှမဖြစ်ပါဘူး...”
သို့သော်လည်း သူမက စိတ်ထဲမှ ရေရွတ်နေမိ၏။ သူမ လိုင်ကျားမင်နှင့် ပါသွားမည်ကို လဲ့ချန်က ကြောက်ရွံ့နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပြီး သူ၏ ဇနီး မရှိတော့ဘဲ ဇနီးသည်ကို အပေါင်ထားသကဲ့သို့ ဤကိစ္စ အပြင်သို့ ပေါက်ကြားသွားပါက အလွန်ရှက်စရာ ကောင်းသဖြင့် နောင်တွင် သူ ခေါင်းမော့နိုင်မည် မဟုတ်သောကြောင့် ဖြစ်ပေမည်။
သို့သော်လည်း ရက်အနည်းငယ် ကြာသောအခါ ကျန်းကွေ့ဖန်းက သူ၏ နားထဲတွင် ကုန်းချောစကားများ ပြောလာပါက သူက ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွားမည်လား။
လဲ့ချန်ကို မည်သို့ပင်ဖြစ်စေ အားကိုး၍ မရသေးချေ။
လဲ့ချန်က ချီလန်၏ အေးစက်သော အမူအရာကို ကြည့်ပြီး ဤကိစ္စကို အလျင်စလို လုပ်၍ မရဘဲ ဖြည်းဖြည်းချင်း အချိန်ယူရမည် ဖြစ်ကြောင်း နားလည်လိုက်၏။
သူက သက်ပြင်းချလိုက်ပြီး ချီလန်၏ နောက်တွင် ပုန်းနေသော သူ၏ သမီးလေး ရှောင်ရှောင်ကို လှည့်ကြည့်လိုက်သည်။
ရှောင်ရှောင်လေးက မိခင်၏ နောက်တွင် ပုန်းအောင်းကာ လဲ့ချန်ကို ကြောက်ရွံ့စွာ ကြည့်နေပြီး သူမ၏ မျက်လုံးဝိုင်းကြီးများထဲတွင် အကြောက်တရား အရိပ်အယောင် အနည်းငယ် ပါဝင်နေဆဲပင်။
စောစောက ဖခင်ဖြစ်သူမှာ အလွန် ကြမ်းတမ်းသော်လည်း သူမနှင့် မိခင်ကို ကာကွယ်ပေးရန် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော ဘကြီးကို နှင်ထုတ်ခဲ့ကြောင်း သူမ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရ၏။
လဲ့ချန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကာ နူးညံ့စွာ ပြောလိုက်သည်။
“ရှောင်ရှောင်... လာပါဦး... အဖေ့ဆီ လာခဲ့...”
ရှောင်ရှောင်က တစ်ခဏမျှ တွေဝေသွားသော်လည်း လဲ့ချန်ထံသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့ရာ လဲ့ချန်က ချက်ချင်းပင် သူမကို ကောက်ချီ၍ သူ၏ ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖက်ထားလိုက်၏။
“ရှောင်ရှောင်... မကြောက်နဲ့နော်... နောင်ဆိုရင် ဘယ်သူ့ကိုမှ မင်းနဲ့ အမေ့ကို အနိုင်ကျင့်ခွင့် မပေးတော့ဘူး... မင်းတို့ကိုလည်း ငတ်မခံတော့ပါဘူး...”
ချီလန်က ဘေးမှ ရပ်ကာ လဲ့ချန်နှင့် သမီးဖြစ်သူတို့ကို ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။ သူ ဤသို့ ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မလဲ ဆိုတာ ဘယ်သူ သိမှာလဲ။
…လျိုတာကျွမ်းက အရူးတစ်ယောက်လို ပြေးလာပြီး အိမ်ထဲသို့ ဝင်တိုက်မိကာ တံခါးပေါင်ကို မှီ၍ အသက်ပြင်းပြင်း ရှူနေရပြီး ချွေးများက မိုးပေါက်များကဲ့သို့ ကျဆင်းနေကာ သူ၏ မျက်နှာမှာ ထုံးသုတ်ထားသကဲ့သို့ ဖြူရော်နေ၏။
စွင်းယန်မေက အုတ်ကုတင်ပေါ်တွင် ထိုင်၍ ဖရဲစေ့များ ခွာစားနေပြီး သူ၏ အမူအရာကို မြင်သောအခါ ဖရဲစေ့ စားနေခြင်းကို ရပ်တန့်လိုက်ကာ သူမ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
“ရှင် ဘာဖြစ်လာတာလဲ... ဘာလို့ ခုလိုဖြစ်နေတာလဲ... လဲ့ချန်ရော ဘယ်မှာလဲ... တောင်းပန်ဖို့ သူ ရှင့်နောက်ကနေ လိုက်မလာဘူးလား... ဒါမှမဟုတ် ရှင်က သူ့ကို လမ်းမလျှောက်နိုင်တဲ့အထိ ရိုက်နှက်ခဲ့လို့များလား...”
သူမက လျိုတာကျွမ်းကို အကဲခတ် ကြည့်ရှုလိုက်ရာ သူ၏ ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားများနှင့် ချွေးအေးများကို မြင်တွေ့ရသဖြင့် အံ့သြမကင်း ဖြစ်သွား၏။
“ရှင် ဘာဖြစ်လာတာလဲ... ကိစ္စတွေ ပြီးပြီလား... မြန်မြန်လုပ်စမ်းပါ... ကျွန်မက လိုင်ကျားမင်ဆီသွားပြီး အသားနဲ့ သွားလဲဖို့ စောင့်နေတုန်းပဲ...”
လျိုတာကျွမ်းက တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်ရာ သူ၏ လည်စေ့က အထက်အောက် လှုပ်ရှားသွားသည်။
စောစောက လဲ့ချန်၏ ကြမ်းကြုတ်သော အသွင်အပြင်နှင့် သူ၏ လက်ထဲမှ အေးစက်စက် တောက်ပနေသော ဓားမကို ပြန်လည် းသတိရလိုက်သောအခါ သူ၏ ဗိုက်ထဲတွင် ကတုန်ကယင် ဖြစ်သွား၏။
လဲ့ချန်က အမှန်တကယ်ပင် ထိုသို့ လုပ်ရဲသည်ဟု သူ ခံစားလိုက်ရသည်။
“မိန်းမ...”
လျိုတာကျွမ်းက စကားထစ်အများဖြင့် ပြောလိုက်၏။
“ငါတို့ ချီလန်ကို မလဲကြရအောင်ပါ...”
သူ စကားပြော၍ မပြီးဆုံးမီပင် စွင်းယန်မေက အမြီးကို အနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ ခုန်ပေါက် ထလာပြီး လျိုတာကျွမ်း၏ နှာခေါင်းကို လက်ညှိုးထိုး၍ ကျိန်ဆဲလိုက်သည်။
“အသုံးမကျတဲ့ကောင်... ရှင်က ချီလန်ကို သဘောကျသွားတာလား... သူမကို လိုင်ကျားမင်ဆီ မရောင်းချင်တော့ဘူးပေါ့လေ... သောက်ကောင်စုတ်... ငါက ရှင့်အတွက် ကလေးတွေ မွေးပေးဖို့ အများကြီး ပင်ပန်းဆင်းရဲခံခဲ့ရတာကို ရှင်က တကယ်ပဲ...”
“မဟုတ်ဘူး... ငါ မဟုတ်ပါဘူး...”
လျိုတာကျွမ်းက အကြောက်တရားဖြင့် သူ၏ လက်များကို အသည်းအသန် ဝှေ့ယမ်းလိုက်၏။
“မိန်းမ... ငါပြောတာကို နားထောင်ပါဦး... ငါက အဲ့စုန်းမအိုကြီးချီလန်ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ... ငါ ဆိုလိုတာက... ငါ ဆိုလိုတာက...”
စွင်းယန်မေက သူ၏ ရှင်းပြချက်များကို လုံးဝ နားမထောင်ဘဲ သူ၏ နားရွက်ကို ဆွဲလိမ်လိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... မြန်မြန်ထ... ငါ့နောက်ကို လိုက်ခဲ့... ယနေ့ ဒီကိစ္စ မပြီးပြတ်ရင် ရှင်နဲ့ ငါ အသေအလဲပဲ...”
လျိုတာကျွမ်းမှာ နာကျင်လွန်းသဖြင့် မျက်နှာ ရှုံ့မဲ့သွားသော်လည်း သူ ပြန်လည် မခုခံရဲချေ။ သူက စွင်းယန်မေကို အမှန်တကယ် ဒေါသထွက်စေပါက ယနေ့ည ခြံဝင်းထဲရှိ ကြက်ခြံထဲတွင် အိပ်ရမည်ဖြစ်ကြောင်း သူ သိထား၏။
သို့သော်လည်း သူက လဲ့ချန်၏ ဝံပုလွေဂူထဲသို့လည်း ပြန်မသွားချင်တော့ချေ။
ထို့ကြောင့် သူက လျင်မြန်စွာ ရှင်းပြလိုက်သည်။
“မိန်းမ... မိန်းမ... အရင်လွှတ်ပါဦး... ငါပြောတာကို နားထောင်ပါဦး... လဲ့ချန် သူက... သူက...”
စောစောက လဲ့ချန်က ရူးသွပ်သွားပြီး သူ့ကို ခုတ်ပိုင်းလုမတတ် ဖြစ်သွားကြောင်း သူ မူလက ပြောချင်ခဲ့သော်လည်း အလွန်ရှက်စရာ ကောင်းသည်ဟု ခံစားရသဖြင့် ထိုစကားများကို ပြန်လည် မျိုချလိုက်၏။
လျိုတာကျွမ်းသည် ရွာထဲတွင် အရှိန်အဝါရှိသူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ရာ ထိုအသုံးမကျသူ လဲ့ချန်၏ ဤသို့ ခြောက်လှန့်မှုကို သူ ဘယ်လိုလုပ် ခံနိုင်မည်နည်း။
“သူက ဘာဖြစ်လဲ... သူက ဒူးထောက်ပြီး ရှင့်ကို တောင်းပန်လို့လား...”
စွင်းယန်မေက သရော်ပြုံး ပြုံးလိုက်သည်။
“သူက ရှင့်ကို အသားပေးမယ်လို့ ကတိပေးလိုက်လို့လား...”
လျိုတာကျွမ်း၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားပြီး လျင်မြန်စွာ ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... လဲ့ချန်က မြေကြီးပေါ်မှာ ဒူးထောက်ပြီး ငါ့ကို တောင်းပန်တယ်... ပြီးတော့ ခဏနေရင် ငါတို့ကို အသားပေးမယ်လို့လည်း ကတိပေးတယ်... တကယ့်ကို အကြီးကြီး တစ်တုံးပဲ...”
“တကယ်လား...”
စွင်းယန်မေက တစ်ဝက်မျှ သံသယ ဖြစ်နေသည်။
အခန်း (၈) ချီလန်၏ ရှုပ်ထွေးနေသော နှလုံးသား
“တကယ့အမှန်ပါပဲ...”
လျိုတာကျွမ်းက သူ၏ ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်၏။
“လဲ့ချန်က ဘာပဲဖြစ်ဖြစ် ငါ့ညီပါ... ငါက မင်းကို လိမ်ပြောမယ်လို့ ထင်နေတာလား...”
“ညီ းဟုတ်လား...”
စွင်းယန်မေက သရော်လိုက်သည်။
“ရှင်က သူ့ကို ဘယ်တုန်းက ညီတစ်ယောက်လို သဘောထားခဲ့ဖူးလို့လဲ... ရှင့်ဟာက တစ်နေ့ကုန် သူ့ကို အနိုင်ကျင့်ပြီး သူ့ပစ္စည်းတွေ လုယူနေတာကိုများ သူ့ကို ညီလို့ ခေါ်နေသေးတယ်...”
လျိုတာကျွမ်း ကိုယ်တိုင်လည်း သူ ပြောလိုက်သည့် စကားများက အနည်းငယ် အဓိပ္ပာယ်မရှိကြောင်း ခံစားမိသော်လည်း ယခုအချိန်တွင် ထိုကိစ္စကို တွေးတောနေ၍ မရတော့ချေ။ ထို့ကြောင့် သူက မတတ်သာဘဲ ဆက်လက်၍ ဇာတ်လမ်းဆင် ပြောလိုက်၏။
“မိန်းမ... စဉ်းစားကြည့်လေ... လဲ့ချန်ကလည်း ယောက်ျားတစ်ယောက်ပဲ... သူက ကိုယ့်မိန်းမ အရောင်းခံရတာကို ဒီအတိုင်း ကြည့်နေပါ့မလား...”
“သူက ဘယ်လောက်ပဲ အသုံးမကျတဲ့သူ ဖြစ်နေပါစေ သူ့မှာလည်း သိက္ခာဆိုတာ ရှိသေးတယ် မဟုတ်လား... စောစောက သူ ငိုယိုပြီး အော်ဟစ်နေတာ... ဟူး... သူ စကားနားမထောင်တော့မှာကိုပဲ ငါ စိုးရိမ်နေခဲ့တာ...”
စွင်းယန်မေက သူ့ကို သံသယဖြင့် ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်၏။ ယနေ့ ဤလျိုတာကျွမ်းက ဆေးမှားသောက်ထားလို့လား။
ဘာဖြစ်လို့ ရုတ်တရက် စကားပြောရတာ ဤမျှ လွယ်ကူသွားရသနည်း။
“ကောင်းပြီလေ…”
စွင်းယန်မေက လျိုတာကျွမ်း၏ နားရွက်ကို လွှတ်ပေးလိုက်သည်။
“လောလောဆယ် ရှင့်ကို ငါ ယုံလိုက်မယ်...”
“ဒါပေမဲ့ ရှင့်ကို ငါ သတိပေးလိုက်မယ်... သုံးရက်အတွင်း လဲ့ချန်က အသားကို လာပေးရမယ်... အသားမပါလာဘူးဆိုရင် ငါကိုယ်တိုင် လိုင်ကျားမင်ဆီ သွားမယ်... အဲ့အခါကျရင် ဘယ်သူမှ ငါ့ကို တားလို့ မရဘူး...”
အပြင်ဘက်တွင် ခိုးနားထောင်နေသော ဝမ်ပင်းက အသားဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် နားလည်သွား၏။ သူက အိမ်ထဲသို့ ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။
“သုံးရက် ဟုတ်လား... အသားစားဖို့ သုံးရက်တောင် စောင့်ရမှာလား... အဖေ ရူးနေလား... ဒီနေ့ အသားစားချင်တာ..”
…
ညနေခင်း အချိန်တွင် ဟောင်းနွမ်းနေသော နွားတင်းကုပ်အတွင်း၌ စိုထိုင်းထိုင်း မှိုနံ့များနှင့် တိရစ္ဆာန် မစင်နံ့များ ပြည့်နှက်နေပြီး အလွန် အော့အန်ချင်စရာ ကောင်းလှ၏။
ခပ်ကောက်ကောက် သစ်သားတိုင် အနည်းငယ်က ခေါင်မိုးကို ဖြစ်သလို ထောက်ကန်ထားပြီး ဟာနေသော အပေါက်များမှတစ်ဆင့် လရောင်က ဖြာကျနေကာ မြေပြင်ပေါ်တွင် အကွက်လိုက် အရိပ်များ ကျရောက်နေသည်။
လဲ့ချန်တို့ မိသားစုလေးယောက်က နွားတင်းကုပ်ထဲတွင် စုဝေးနေကြ၏။
စုတ်ပြတ်နေသော အဝတ်စအနည်းငယ်ဖြင့် ပြုလုပ်ထားသည့် စောင်မှာ ညဘက်၏ အအေးဒဏ်ကို လုံးဝ မခံနိုင်ချေ။
ချီလန်က ထိတ်လန့်နေသော ကြောင်သူငယ်လေးတစ်ကောင်ကဲ့သို့ ထောင့်တစ်နေရာတွင် ကွေးကွေးလေး နေရင်း တုန်ယင်နေ၏။ လဲ့ချန်က သူမ၏ ပိန်လှီသော ခန္ဓာကိုယ်လေးကို ကြည့်၍ ရင်နာနေမိသည်။
သူက ချီလန် အနည်းငယ် ပို၍ နွေးထွေးသွားစေရန် မျှော်လင့်လျက် သူမကို အနားသို့ ဆွဲယူရန် လက်ကို ညင်သာစွာ ဆန့်ထုတ်လိုက်၏။
မမျှော်လင့်ဘဲ ချီလန်က ဓာတ်လိုက်သွားသကဲ့သို့ တုံ့ပြန်လာပြီး ရုတ်တရက် ခေါင်းကို လှည့်လာကာ သူမ၏ မျက်လုံးများထဲတွင် အကြောက်တရားနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။
သူမ၏ နှုတ်ခမ်းများက တုန်ယင်နေပြီး သူမ၏ အသံက ခြင်မြည်သံကဲ့သို့ တိုးညှင်းလှ၏။
“ရှင်... မလုပ်လို့မရဘူးလား...”
မှိန်ပျပျ အလင်းရောင်အောက်တွင် လဲ့ချန်က ချီလန်၏ မျက်လုံးထဲမှ မျက်ရည်များကို မြင်လိုက်ရပြီး သူ၏ နှလုံးသားမှာ အပ်များဖြင့် အထိုးခံရသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ရည်ရွယ်ချက်ကို ချီလန် အထင်လွဲသွားကြောင်း သူ နားလည်လိုက်၏။
သူတို့၏ ဘေးတွင် သူ့ညီမလဲ့ချင်းနှင့် သမီးဖြစ်သူ ရှောင်ရှောင်တို့မှာ ယနေ့တွင်မှ နောက်ဆုံးတော့ အေးချမ်းစွာ အိပ်စက်ခွင့် ရသွားသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။
လဲ့ချန်က သက်ပြင်းချလိုက်၏။
ချီလန်သည် ဤနှစ်များအတွင်း အလွန်အမင်း ဆင်းရဲဒုက္ခခံခဲ့ရပြီး သူမ၏ အာရုံကြောများမှာ အလွန်အမင်း တင်းမာနေပြီဖြစ်ကာ အနည်းငယ်မျှ အနှောင့်အယှက် ပေးလိုက်သည်နှင့် သူမကို ထိတ်လန့်သွားစေလိမ့်မည်။
သူက ဤကဲ့သို့သော ကိစ္စများကို ဘယ်လိုလုပ် တွေးတောနေနိုင်မည်နည်း။
သူ၏မိသားစုမှာ အလွန်ဆင်းရဲနွမ်းပါးပြီး ဝမ်းဝအောင်ပင် မစားရသောကြောင့် ထိုကိစ္စများကို တွေးတောရန် သူ ဘယ်လိုလုပ် အင်အား ရှိနိုင်မည်နည်း။
ချီလန်မှာ ပိန်လှီနေသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ကျက်သရေ ရှိနေဆဲပင်ဖြစ်ပြီး အာဟာရ ချို့တဲ့နေလျှင်ပင် သူမထံတွင် နုနယ်သော အလှတရားတစ်ခု ရှိနေ၏။
လဲ့ချန်တွင် ဆန္ဒများမရှိခြင်း မဟုတ်သော်လည်း သူ၏ မိသားစု အခြေအနေကို သူ ပို၍ ကောင်းစွာ သတိပြုမိထားသည်။
သူ၏ ဇနီးနှင့် ကလေး ကောင်းစွာ စားသောက် ဝတ်ဆင်နိုင်ရန် အရင်ဆုံး သေချာအောင် လုပ်ရမည်ဖြစ်ပြီး အခြားကိစ္စများကို နောက်မှသာ စဉ်းစားရမည်။
လဲ့ချန်မှာ ရင်နာလွန်း၍ စကားပင် မပြောနိုင် ဖြစ်နေစဉ်မှာပင် ချီလန်က သူမ၏ အင်္ကျီများကို တိတ်တဆိတ် စတင် ချွတ်လိုက်၏။
လဲ့ချန်က သူမကို နောက်တစ်ကြိမ် ရိုက်နှက်ဦးမည်ဟု သူမ ထင်နေခြင်း ဖြစ်သည်။
ယနေ့ လျိုတာကျွမ်း ပြဿနာ လာရှာသောအခါ လဲ့ချန်က သူ့ကို ခုတ်ပိုင်းလုမတတ် ဖြစ်ခဲ့သည်။
သူမသာဆိုလျှင် ထိုရူးသွပ်နေသော အသွင်အပြင်က သူမကို အသိစိတ် လွင့်စင်သွားလောက်အောင်ပင် ထိတ်လန့်စေခဲ့၏။
သူမက လဲ့ချန်၏ ဆန္ဒများကို မလိုက်လျောပါက သူ ရူးသွပ်သွားနိုင်လေသည်။
သူမ မလုပ်ရဲချေ။ ရှောင်ရှောင်လေး ထိတ်လန့်သွားမည်ကို သူမ ကြောက်ရွံ့နေမိသည်။
ရှောင်ရှောင်မှာ ယနေ့မှ နောက်ဆုံးတော့ ကောင်းမွန်စွာ အိပ်စက်ခွင့် ရခဲ့သဖြင့် ကလေးကို နောက်တစ်ကြိမ် ထပ်မံ၍ ထိတ်လန့် မသွားစေချင်ပေ။
ချီလန်၏ လှုပ်ရှားမှုများကို ကြည့်ရင်း လဲ့ချန်၏ မျက်လုံးများ ပြူးကျယ်သွား၏။
ဤကဲ့သို့သော လှုပ်ရှားနိုးကြွမှုကို သူ မခံစားရသည်မှာ ကြာပြီ ဖြစ်သည်။
သူ၏ အတွင်းစိတ်မှ တွန်းအားများကို ဖိနှိပ်လိုက်ပြီး တုန်ယင်နေသော ချီလန်၏ ခန္ဓာကိုယ်လေးကို ညင်သာစွာ ဖက်ထားလိုက်သည်။
သူမ၏ ခန္ဓာကိုယ်လေးက နူးညံ့ပြီး မွှေးပျံ့နေ၏။
“မိန်းမ... မင်းကို ဘာမှအတင်းအကျပ်ခိုင်းမှာ မဟုတ်တော့ပါဘူး...”
လဲ့ချန်၏ အသံက အက်ကွဲနေသည်။
“ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့... ငါ စောစောက... မင်းကို အဲ့လိုလုပ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ပါဘူး... နေရာက အရမ်း ကျဉ်းနေလို့ မင်းကို နည်းနည်းလေး တိုးခိုင်းချင်ရုံတင်ပါ...”
ချီလန်မှာ အေးခဲသွား၏။ သူမက ခေါင်းကို လှည့်၍ လဲ့ချန်၏ အကြည့်နှင့် ဆုံလိုက်သည်။
လရောင်က လဲ့ချန်၏ မျက်နှာပေါ်သို့ ဖြာကျနေပြီး သူ၏ မျက်လုံးထဲမှ ရိုးသားမှုနှင့် နူးညံ့ကြင်နာမှုများကို သူမ မြင်တွေ့လိုက်ရသည်။
သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူမ ယခင်က တစ်ခါမျှ မခံစားဖူးသော ခံစားချက်တစ်ခုက ရင်ထဲတွင် လှိုင်းထန်လာ၏။
သူမ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် လဲ့ချန်ထံမှ တစ်စုံတစ်ခုက သူမ၏ ကျောကို လာထောက်နေကြောင်း ခံစားလိုက်ရသည်။
“ရှင်... နည်းနည်း တိုးပေးပါ...”
ချီလန်၏ ပါးပြင်များ ရဲတက်သွားသည်။
ဘာဖြစ်သွားသည်ကို လဲ့ချန် နောက်ကျမှ သတိပြုမိသွားပြီး ရှက်ရွံ့မှုကြောင့် သူ၏ မျက်နှာက ရဲတက်သွား၏။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်...”
သူက ချီလန်အတွက် နေရာကို လျင်မြန်စွာ ဖယ်ပေးလိုက်သည်။
ချီလန်က သတိကြီးစွာဖြင့် သူမ၏ ခန္ဓာကိုယ်ကို ရွှေ့လိုက်ပြီး နေရာအနည်းငယ် ပိုကျယ်သွားစေသော်လည်း လဲ့ချန်ကို ကျောခိုင်းထားဆဲပင် ဖြစ်၏။
ဤအရာအားလုံးက အိပ်မက်တစ်ခု မဖြစ်ပါစေနှင့်ဟု မျှော်လင့်လျက် သူမ၏ စိတ်ထဲတွင် အတွေးများစွာ ပြေးလွှားနေသည်။
ထို့နောက် သူမသည် ဝေဝေဝါးဝါးဖြင့် အိပ်ပျော်သွားတော့၏။
လဲ့ချန်က ချီလန်၏ နောက်တွင် လှဲလျောင်းနေရင်း သူ၏ ခန္ဓာကိုယ်မှာ ပူနွေးကာ ဂဏာမငြိမ် ဖြစ်နေပြီး ခါးသက်သက် အပြုံးတစ်ခု ပြုံးလိုက်သည်။
ဤသည်က သူ့ကိုယ်သူ ဒုက္ခရှာမိခြင်းပင် ဖြစ်၏။
ဇနီးဖြစ်သူနှင့် ဆက်ဆံရေး ကောင်းမွန်ရန် သူသွားရမည့် ခရီးက အလွန်ရှည်လျားနေသေးပုံ ရသည်။
မိုးလင်းသည်နှင့် တစ်ပြိုင်နက် လဲ့ချန် နိုးလာခဲ့၏။
သူ့ကို လွှမ်းခြုံထားသော စုတ်ပြတ်နေသည့် အဝတ်စောင်မှာ အသုံးမဝင်ချေ။ ညဘက်၏ အအေးဒဏ်က အပ်ငယ်လေးများကဲ့သို့ သူ၏ အရိုးများထဲထိ စူးဝင်နေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ အတိတ်ဘဝတွင် မည်သည့် ပတ်ဝန်းကျင်နှင့်မဆို သူ အသားကျနိုင်ခဲ့သဖြင့် ဘေးရှိ ဇနီးနှင့် သမီးဖြစ်သူ နိုးသွားမည်ကို စိုးရိမ်ကာ သတိကြီးစွာဖြင့် ထလိုက်၏။
ယမန်နေ့က အသားအနည်းငယ်ကို သူတို့ လေးယောက် ခွဲဝေလိုက်သောအခါ တစ်ယောက်လျှင် နှစ်ဖတ်သုံးဖတ်ခန့်သာ ရရှိခဲ့ပြီး သွားကြားညပ်လောက်အောင်ပင် မလုံလောက်ခဲ့ပေ။
သမီးဖြစ်သူ ရှောင်ရှောင်က အရိုးများကို အလွန်အမင်း အာသာငမ်းငမ်း ကိုက်ခဲနေသည်ကို မြင်သောအခါ လဲ့ချန်မှာ ရင်နာသွားမိသည်။
သူက အစားအစာအချို့ကို အမြန်ဆုံး ရှာဖွေရမည်ဖြစ်ပြီး ဇနီးနှင့် ကလေးကို အမြဲတမ်း ငတ်မွတ်နေအောင် မထားနိုင်ချေ။
ရွာနောက်ဘက်ရှိ အနောက်ဘက်တောင်ကို သူ သတိရလိုက်၏။
ဤခေတ်ကာလတွင် တောင်ပေါ်၌ တောရိုင်း တိရစ္ဆာန်များစွာရှိသည်။ သူ တစ်စုံတစ်ခုကို ဖမ်းမိနိုင်ပါက သူ၏ မိသားစု အသားစားရမည် ဖြစ်၏။
ထိုအရာကို ရောင်း၍ ငွေအနည်းငယ် ရလျှင်ပင် ရှောင်ရှောင်အတွက် သကြားလုံးအချို့ ဝယ်ပေးနိုင်မည် ဖြစ်သည်။
သူ ဆုံးဖြတ်ချက် ချလိုက်သည်နှင့် လဲ့ချန်၏ စိတ်ထဲတွင် ယုံကြည်မှုများ ပြည့်ဝလာ၏။
လဲ့ချန်က အသံမထွက်စေရန် ကြိုးစားလျက် သူ၏ အင်္ကျီများကို တိတ်တဆိတ် ဝတ်ဆင်လိုက်သည်။ ချီလန်က မျက်လုံးများကို အိပ်ချင်မူးတူးဖြင့် ဖွင့်လာ၏။
“ရှင် ဘယ်သွားမလို့လဲ...”
သူမက အက်ကွဲနေသော အသံဖြင့် မေးလိုက်သည်။
လဲ့ချန်က ပြုံးလိုက်သည်။
“တောကောင်တစ်ခုခုများ ဖမ်းမိမလားဆိုပြီး အနောက်ဘက်တောင်ဆီ သွားကြည့်မလို့ပါ...”
ချီလန်မှာ လန့်သွား၏။ ဤမျှ အေးခဲနေသော ရာသီဥတုတွင် မည်သူက အမဲလိုက် ထွက်မည်နည်း။
ထို့အပြင် လဲ့ချန်က ယခင်က တစ်ခါမျှ အမဲ မလိုက်ဖူးချေ။
သူမ၏ ရင်ထဲတွင် မသိမသာ စိုးရိမ်မှု တစ်ခုကို ခံစားလိုက်ရသည်။
“ဒါက... အဲ့လောက် အေးခဲနေတဲ့ ရာသီဥတုမှာ ဘာတွေများ ရှိနိုင်မှာလဲ...”
လဲ့ချန်က ဟန်ဆောင် ပေါ့ပါးစွာဖြင့် ပြောလိုက်၏။
“စမ်းကြည့်ရမှာပေါ့... ကံကောင်းရင်ရော... မွန်းလွဲပိုင်းကျရင် အလုပ်မှတ်တွေရဖို့ အလုပ်လုပ်ရဦးမယ်… ရိက္ခာပိုရအောင် ကြိုးစားရမယ်လေ...”
လဲ့ချန်၏ ယုံကြည်မှုရှိနေသော အသွင်အပြင်ကို မြင်သောအခါ ချီလန်က ဘာမှဆက်မပြောတော့ဘဲ တိုးညှင်းစွာ သတိပေးလိုက်သည်။
“ဒါဆိုလည်း သတိထားဦး...”
လဲ့ချန်က ခေါင်းညိတ်လိုက်ပြီး သမီးဖြစ်သူ ရှောင်ရှောင်၏ အနားသို့ လျှောက်သွားကာ သူမ၏ နဖူးလေးကို ညင်သာစွာ နမ်းလိုက်၏။
ကလေးငယ်လေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူမ၏ နှုတ်ခမ်းများပေါ်တွင် ချိုမြိန်သော အပြုံးလေးတစ်ခု ရှိနေဆဲပင်။
နွားတင်းကုပ်ထဲမှ အထွက်တွင် နှင်းပွင့်များ သယ်ဆောင်လာသော လေအေးက သူ၏ မျက်နှာကို လာရောက် ရိုက်ခတ်သဖြင့် လဲ့ချန်မှာ တုန်ယင်သွားသည်။
သူက လက်များကို ပွတ်သပ်လိုက်ပြီး လဲ့အားကော်၏ အိမ်ဆီသို့ လျှောက်သွားလိုက်၏။
လဲ့အားကော်၏ အိမ်မှာ သူတို့အိမ်ထက်ပင် ပို၍ ဟောင်းနွမ်း ယိုယွင်းနေပြီး ခပ်ကောက်ကောက် သစ်သားတိုင် အနည်းငယ်က ခေါင်မိုးကို မလုံမခြုံ ထောက်ကန်ထားကာ အချိန်မရွေး ပြိုကျတော့မည့်အလား ဖြစ်နေသည်။
လဲ့ချန်က တံခါးပေါက်ဝသို့ လျှောက်သွားပြီး အော်ခေါ်လိုက်၏။
“အားကော်...”
“အစ်ကိုချန်...”
လဲ့အားကော်က ချက်ချင်းနီးပါး ပြေးထွက်လာပြီး သူ၏ မျက်နှာပေါ်တွင် ရိုးသားဖြူစင်သော အပြုံးတစ်ခု ရှိနေသည်။