← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) သုံးကြိမ် ဦးချခြင်း

လျိုတာကျူးမှာ အလွန်ကြောက်လန့်သွားပြီး သူ၏ ပေါင်ကြားထဲတွင် နွေးခနဲ ဖြစ်သွားသည်ဟု ခံစားလိုက်ရ၏။

ယမန်နေ့ညကမှ လဲ့ချန်၏ ရိုက်နှက်မှုကို ခံထားရပြီး ယခု လဲ့ချန်က အမဲလိုက်သေနတ်ကို ကိုင်ဆောင်၍ ပြန်ထွက်လာပြန်ရာ သူ၏ မျက်လုံးများက သူ့အား အရှင်လတ်လတ် ဝါးစားတော့မည့်ပုံ ပေါက်နေ၏။

သူက လူအုပ်ကြီး၏ အနောက်တွင် ပုန်းကွယ်နေရင်း တုန်ယင်နေပြီး စိတ်ထဲမှ စွင်းယန်မေကို ကျိန်ဆဲနေမိသည်။

“အဲ့မိန်းမမိုက်... ဘာလို့ လဲ့ချန်ကို သွားဆွရတာလဲ...”

ဘေးနားရှိ လူများမှာလည်း ကြောက်ရွံ့နေကြသော်လည်း အများစုက ပွဲကြည့်နေကြခြင်းသာ ဖြစ်ပြီး ဝင်ရောက် ဖြန်ဖြေပေးလိုက်ကြ၏။

“လဲ့ချန်... ငါတို့ စကားနဲ့ ဖြေရှင်းကြတာပေါ့... သေနတ်ကို ချထားလိုက်ပါ...”

“လူသတ်တာက ဥပဒေနဲ့ မလွတ်ဘူး...”

စွင်းယန်မေမှာ ပြာယာခတ်သွား၏။ လဲ့ချန်က တကယ်ပင် သေနတ်ထုတ်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

သူမက အော်ဟစ်လိုက်ရာ ကြောက်ရွံ့မှုကြောင့် အသံများပင် တုန်ယင်နေ၏။

“လဲ့ချန်... နင် ရူးနေပြီလား... နေခင်းကြောင်တောင်ကြီး ဘာလုပ်မလို့လဲ...”

လဲ့ချန်က လှောင်ပြုံး ပြုံးလိုက်ပြီး သေနတ်ကို စွင်းယန်မေထံသို့ တည်ငြိမ်စွာ ချိန်ရွယ်ထားရင်း ပြောလိုက်သည်။

“ငါ အခုအရမ်းကို တည်ငြိမ်နေတယ်...”

“နင် ဒူးထောက်လိုက်စမ်း... ငါ့မိန်းမနဲ့ ညီမကို တောင်းပန်...”

စွင်းယန်မေမှာ ဆွံ့အသွား၏။ သူမက ချီလန်နှင့် လဲ့ချင်းတို့ကို တောင်းပန်ရမည်လား။

ဤသည်က သူမကို သတ်ပစ်ခြင်းထက်ပင် ပို၍ ဆိုးရွားနေသေးသည်။

သူမက လည်ပင်းကို မတ်ထားပြီး အတင်းအကျပ် ပြောလိုက်၏။

“ငါက ဘာလို့တောင်းပန်ရမှာလဲ... သူတို့က...”

“ဒိုင်း…”

လဲ့ချန်က စွင်းယန်မေ၏ ခြေထောက်အနီးရှိ မြေပြင်ဆီသို့ သေနတ်တစ်ချက် ပစ်ချလိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ဖုန်မှုန့်များ တထောင်းထောင်း ထသွားကာ ပြင်းထန်သော ယမ်းနံ့ကြီးက လေထုထဲတွင် ပျံ့နှံ့သွား၏။

စွင်းယန်မေမှာ အထိတ်တလန့် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ပုံကျသွားသည်။ သူမ၏ ပေါင်ကြားမှ နွေးထွေးသော အရည်များ စီးကျလာပြီး နံစော်သော အနံ့တစ်မျိုး ထွက်ပေါ်လာ၏။

သူမ၏ နှုတ်ခမ်းများ တုန်ယင်နေပြီး စကားတစ်ခွန်းမျှ ထွက်မလာတော့ပေ။

ဘေးနားရှိ လူများမှာလည်း ရုတ်တရက် ထွက်ပေါ်လာသော သေနတ်သံကြောင့် အလန့်တကြား ဖြစ်သွားကြပြီး မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ကမန်းကတန်း နောက်ဆုတ်သွားကြသည်။

လဲ့ချန်က သေနတ်ကို စွင်းယန်မေထံသို့ ထပ်မံ ချိန်ရွယ်လိုက်၏။

“ငါ နောက်တစ်ခေါက် ထပ်ပြောမယ်... ဒူးထောက်ပြီး... တောင်းပန်စမ်း...”

နောက်ဆုံးတွင် စွင်းယန်မေတစ်ယောက် ပြိုလဲသွားရပြီ ဖြစ်သည်။ လဲ့ချန်က နောက်ပြောင်နေခြင်းမဟုတ်ကြောင်း သူမ သိလိုက်၏။

သူမ၏ ခြေထောက်များ အားပျော့သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ဒူးထောက်ကျသွားကာ မျက်နှာပေါ်တွင် မျက်ရည်များ၊ နှပ်ချေးများဖြင့် ပေပွနေသည်။

“ချီလန်... ငါ... ငါ မှားသွားပါတယ်... ငါ နင့်ကို... အဲဒီလိုမပြောခဲ့သင့်ပါဘူး...”

သူမက အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်ရာ စကားလုံး တစ်လုံးချင်းစီက သွားကြားထဲမှ ညှစ်ထုတ်နေရသကဲ့သို့ ရှိနေ၏။

ချီလန်နှင့် လဲ့ချင်းတို့နှစ်ယောက်စလုံးမှာ ဆွံ့အသွားကြသည်။ အမြဲတမ်း သူတို့ကို အနိုင်ကျင့်နေကျဖြစ်သော စွင်းယန်မေက သူတို့၏ ရှေ့တွင် တကယ်ပင် ဒူးထောက်ကာ ဦးချတောင်းပန်လိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပေ။

ဤရုတ်တရက် အပြောင်းအလဲက သူတို့ကို တွေဝေသွားစေ၏။

စွင်းယန်မေက တစ်ကြိမ် ဦးချပြီးနောက် ခေါင်းမော့ကာ လဲ့ချန်ကို သတိထား၍ ကြည့်လိုက်သည်။

“နင်... နင် အခု သေနတ်ကို ချထားလို့ ရပြီမလား...”

လဲ့ချန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ၏ အသံထဲတွင် သရော်သည့် လေသံတစ်မျိုး ပါဝင်နေ၏။

“နင်က သိပ်ပြီး မကျေမနပ် ဖြစ်နေတာမလား...”

စွင်းယန်မေ၏ ရင်ထဲတွင် ဒေါသများ တောက်လောင်နေပြီး လဲ့ချန်ကို တစ်စစီ ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေသည်။

သို့သော်လည်း သူမ မလုပ်ရဲပေ။ သူမ သေရမည်ကို ကြောက်ရွံ့နေ၏။

သူမက အံကြိတ်၍ နောက်ထပ် သုံးကြိမ် ထပ်မံ ဦးချလိုက်ရသည်။

“ငါ့ညီမကိုပါ တောင်းပန်...”

လဲ့ချန်က အေးစက်သော အသံဖြင့် သတိပေးလိုက်၏။

စွင်းယန်မေမှာ ရွေးချယ်စရာ မရှိတော့သဖြင့် လဲ့ချင်းဘက်သို့ လှည့်ကာ သုံးကြိမ် ဦးချလိုက်ရသည်။

လဲ့ချန်က သူမ ဦးချပြီးသည်ကို စောင့်ကြည့်နေပြီး မျက်လုံးများကို ကျဉ်းမြောင်းကာ ကြက်သီးထဖွယ် ကောင်းသော လေသံဖြင့် ပြောလိုက်၏။

“နောက်တစ်ခါ ငါ့အိမ်ကို ထပ်လာမယ် ဆိုရင်တော့... နင့်ရဲ့ လက်တစ်ဖက် ဒါမှမဟုတ် ခြေတစ်ဖက် ပြတ်သွားစေရမယ်လို့ ငါ အာမခံတယ်...”

ဤသည်ကို မြင်သောအခါ ဘေးနားရှိ လူများက ဝင်ရောက် အကြံပေးကြသည်။

“လဲ့ချန်... ဒီကိစ္စကို ဒီနေရာမှာတင် အဆုံးသတ်လိုက်ပါတော့... လူသေတဲ့အထိ အခြေအနေ ဆိုးမသွားပါစေနဲ့...”

“ဟုတ်တယ်... မင်း ထောင်ကျသွားရင် မင်းမိန်းမနဲ့ ညီမလေး ဘယ်လိုလုပ်ကြမလဲ...”

လဲ့ချန်က သေနတ်ကို ချထားလိုက်ပြီး လူတိုင်းကို ပတ်ဝန်းကျင်သို့ ဝေ့ကြည့်ကာ ပြောလိုက်၏။

“ဦးလေးတို့၊ အဒေါ်တို့... ခင်ဗျားတို့ အားလုံး ကျွန်တော့်ကို ကြီးပြင်းလာတဲ့အထိ စောင့်ကြည့်လာခဲ့ကြတာပဲ... ကျွန်တော်က စိတ်လိုက်မာပါ လုပ်တတ်တဲ့သူမျိုး မဟုတ်ပါဘူး...”

“ဒါပေမဲ့ လျိုတာကျူးနဲ့ စွင်းယန်မေတို့က ကျွန်တော့်မိန်းမနဲ့ ညီမကို တစ်ကြိမ်ပြီး တစ်ကြိမ် အနိုင်ကျင့်နေကြတယ်... ရွှံ့ရုပ်တောင်မှ ဒေါသထွက်တတ်သေးတာပဲ...”

“ပြီးတော့ မိသားစုပိုင်ဆိုင်မှုတွေကို ခွဲဝေတဲ့နေရာမှာ ကျွန်တော့်အဖေရဲ့ မိသားစု ပါဝင်နေပြီး ကျွန်တော် ဘာမှမရခဲ့ဘူး... သူတို့က လစဉ်ရိက္ခာဆယ်ကတ္တီ ပေးရမယ်လို့တောင် သတ်မှတ်ခဲ့ကြသေးတယ်... သူတို့က ကျွန်တော့်ကို သေတဲ့အထိ ဖိအားပေးနေကြတာ...”

လူအုပ်ကြီးထဲတွင် ဆွေးနွေးပြောဆိုသံများ ဆူညံသွားပြီး များစွာသော လူများက လဲ့ချန်၏ အခြေအနေကိုစာနာ သနားလာကြ၏။

“ဟုတ်တယ်... အဘိုးကြီးလဲ့ ဆုံးပါးသွားတုန်းက သူ့ရှိသမျှ အကုန်လုံးကို သူ့မိန်းမအသစ်အတွက် ချန်ထားခဲ့ပြီး လဲ့ချန်ကတော့ ဘာမှ းမရခဲ့ဘူး...”

“ပြီးတော့ ဟိုလျိုတာကျူးဆိုတဲ့ ကောင်ကလည်း သတ္တိကြောင်လိုက်တာ... မိန်းမတွေရဲ့ နောက်မှာ ပုန်းနေတာကလွဲပြီး ဘာမှမလုပ်တတ်ဘူး...”

လဲ့ချန်က စကားပြောပြီးနောက် သူ၏ အရောင်လွင့်နေသော အင်္ကျီအဖြူကို ဆွဲဖြဲလိုက်သည်။

သူ၏ ပိန်လှီသော ရင်ဘတ်နှင့် ကျောပြင်ထက်တွင် နက်မှောင်သော အနီရောင် အမာရွတ်များက ကန့်လန့်ဖြတ်ရှိနေပြီး အချို့မှာ မီးခိုးရောင်သန်းသော အဖြူရောင်အဖြစ်သို့ အရောင်ကျနေပြီ ဖြစ်၏။

“အားလုံးပဲ ကြည့်ကြပါဦး...”

လဲ့ချန်က သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို လက်ညှိုးထိုးပြကာ တုန်ယင်နေပြီး ဝမ်းနည်းကြေကွဲနေသည့်ဟန်ဆောင်၍ ပြောလိုက်သည်။

“ဒါတွေ အကုန်လုံးက လျိုတာကျူး ကျွန်တော့်ကို ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေပဲ... ကျွန်တော့်အဖေ သက်ရှိထင်ရှားရှိနေတုန်းက သူက ကျွန်တော့်ကို လူတစ်ယောက်လို သဘောမထားဘဲ ရက်အနည်းငယ် ကြာတိုင်း ကျွန်တော့်ကို ရန်ရှာတတ်တယ်...”

“အဖေ ဆုံးပါးသွားပြီးနောက်ပိုင်းမှာ သူက ပိုပြီးတောင် ဆိုးရွားလာသေးတယ်... ပြီးခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ကျွန်တော်တို့က မိသားစုတွေပဲဆိုတဲ့ စိတ်နဲ့ ဖြစ်သလိုပဲ ဖြတ်သန်းသွားမယ်လို့ တွေးပြီး ကျွန်တော် အရာအားလုံးကို သည်းခံခဲ့တယ်...”

“ဒါပေမဲ့ သူတို့ကရော ဘယ်လိုလဲ... သူတို့က ကျွန်တော့်မိန်းမနဲ့ ညီမကို အနိုင်ကျင့်ဖို့ နည်းလမ်းပေါင်းစုံ ရှာနေကြပြီး ကျွန်တော့်ကိုတောင် သေတဲ့အထိ ဖိအားပေးဖို့ ကြိုးစားနေကြတာ...”

သူက လှည့်ထွက်လာပြီး မြေပြင်ပေါ်တွင် ပုံကျနေသော စွင်းယန်မေကို လက်ညှိုးထိုးကာ ဟိန်းဟောက်လိုက်၏။

“ဒီနေ့သာ သူမ ကျွန်တော့်ကို အဆုံးစွန်ထိ တွန်းပို့မထားဘူးဆိုရင် ကျွန်တော် သေနတ်ကို ဆွဲထုတ်လာမှာ မဟုတ်ဘူး... ကျွန်တော် လဲ့ချန်က သတ္တိကြောင်တဲ့သူ မဟုတ်ဘူး... ယုန်တောင်မှ ထောင့်ပိတ်မိရင် ကိုက်တတ်သေးတာပဲ... ကျွန်တော် သေတဲ့အထိ အနိုင်ကျင့်ခံနေရတာတောင် ပြန်မချေပရတော့ဘူးလား...”

ပွဲကြည့်နေကြသော ရွာသားများမှာ အစပိုင်းတွင် လဲ့ချန်၏ လက်ထဲမှ သေနတ်ကို ကြောက်ရွံ့နေခဲ့ကြသော်လည်း ယခုမူ အားလုံး တိတ်ဆိတ်သွားကြသည်။

လဲ့ချန်၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များကို ကြည့်ပြီး သူ၏ မျှော်လင့်ချက် ကင်းမဲ့နေသော စွပ်စွဲချက်များကို နားထောင်ရင်း သူတို့၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်မျိုးစုံ ရောထွေးနေ၏။

“ဟုတ်တယ်... အဘိုးကြီးလဲ့ သက်ရှိထင်ရှား ရှိနေတုန်းက လျိုတာကျူးက လဲ့ချန်ကို ရက်အနည်းငယ်ကြာတိုင်း အနိုင်ကျင့်တတ်တယ်... အဲဒီတုန်းက လဲ့ချန်က အရမ်းငယ်သေးပြီး မျောက်တစ်ကောင်လို ပိန်လှီနေတာ...”

အသက်အရွယ်ရနေသော အမျိုးသမီး တစ်ဦးက သက်ပြင်းချလိုက်သည်။

“လဲ့ချန်က တကယ့်ကို သနားစရာကောင်းတဲ့ ကလေးပါ... သူက အဖေကိုရော၊ အိမ်ကိုပါ ဆုံးရှုံးခဲ့ရပြီး အခုတော့ အဲဒီလို ရက်စက်တဲ့ မရီးနဲ့ပါ မတည့်နေရတာ...”

အခြားရွာသားတစ်ဦးက ဝင်ပြောလိုက်၏။

“ဟုတ်တယ်... စွင်းယန်မေက အရမ်း လွန်လွန်းတယ်... သူမက ချီလန်နဲ့ လဲ့ချင်းကို နေ့တိုင်းအနိုင်ကျင့်နေတာ... သူမက လူစိတ်မရှိဘူး...”

လူအချို့က ဒေါသတကြီး စွပ်စွဲလိုက်ကြသည်။

လဲ့ချန်က လူတိုင်းကို ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်ပြီး သူ၏ လေသံကို ပျော့ပျောင်းသွားစေ၏။

“ဦးလေးတို့၊ အဒေါ်တို့... ကျွန်တော် လဲ့ချန် ဘယ်လိုလူလဲဆိုတာ ခင်ဗျားတို့ အားလုံး သိကြပါတယ်...”

“ကျွန်တော်က အကြောင်းမဲ့သက်သက် သေနတ်ကို ဆွဲထုတ်မယ့် မျှော်လင့်ချက် ကင်းမဲ့နေတဲ့လူမျိုး မဟုတ်ပါဘူး...”

သူ၏ စကားလုံးများတွင် သွေးမျက်ရည်များ ပြည့်နှက်နေ၏။

ကျေးလက်ဒေသများတွင် ကောလာဟလများနှင့် အတင်းအဖျင်း စကားများက မည်မျှ အစွမ်းထက်ကြောင်း သူ ကောင်းကောင်း သိထားသောကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူက ပြဿနာကို ကြီးကျယ်အောင်မလုပ်ဘဲ အသာစီး မယူထားပါက သူ၏ အနာဂတ်မှာ ပို၍သာ ခက်ခဲလာမည် ဖြစ်၏။

ထို့ပြင် စွင်းယန်မေနှင့် အခြားသူများကို သတ်ဖြတ်ရန် သူ ဘယ်သောအခါမှ မတွေးထားခဲ့ပေ။

ပြန်လည်ဝင်စားလာခဲ့ပြီးနောက် သူက ဇနီး၊ သားသမီးများနှင့် ညီမဖြစ်သူတို့နှင့်အတူ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းချင်ခဲ့သည်။ သူက ဘယ်လိုလုပ်ပြီး ထောင်ထဲ ရောက်သွားနိုင်မည်နည်း။

မျှော်လင့်ထားသည့်အတိုင်း ရွာသားများမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ တုန်လှုပ်ဖွယ်ရာ ဒဏ်ရာများကို မြင်တွေ့ရပြီး သူ၏ မျက်ရည်စက်လက်ဖြင့် စွပ်စွဲချက်များကို ကြားနာရသောအခါ စိတ်လှုပ်ရှားသွားကြသည်။

သူတို့အားလုံးက ကျေးလက်ဒေသတွင် ရှင်သန်ခြင်း စည်းမျဉ်းများကို ကောင်းစွာ သိရှိထားကြသော ဌာနေကျေးလက်ပြည်သူများ ဖြစ်ကြ၏။

လဲ့ချန်၏ စကားများက သူတို့၏ ရင်ထဲသို့ ထိရှသွားစေသည်။

ဆံပင်များဖြူနှင်းနေသော အသက်အရွယ် ရနေသည့် အမျိုးသားကြီးတစ်ဦးက အရှေ့သို့ တိုးထွက်လာပြီး လျိုတာကျူးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“တာကျွမ်း... မင်းလည်း ယောက်ျား တစ်ယောက်ပဲ... မင်းမိန်းမကို တစ်ခုခုလုပ်ဦးလေ...”

“မင်းက သူ့ရဲ့ သွေးသားရင်း မဟုတ်ရင်တောင်မှ လဲ့ချန်က မင်းရဲ့ညီပဲ... မင်းတို့နှစ်ယောက် အတူတူနေလာတာ နှစ်တွေ ဒီလောက်တောင် ကြာခဲ့ပြီ... သူ့ကို အဆုံးစွန်ထိ မဖိအားပေးပါနဲ့...”

အခြားအသက်အရွယ ရနေသော အမျိုးသမီး တစ်ဦးကလည်း ဝင်ရောက် အကြံပေးလိုက်၏။

“ယန်မေ... နင်လည်း မရီး တစ်ယောက်ပဲ... ကိုယ့်မတ်ကို ဘယ်လိုလုပ်ပြီး ခုလို အနိုင်ကျင့်ရက်ရတာလဲ... ဖြေရှင်းဖို့ နေရာလေး ချန်ထားပေးပါဦး... နောင်တစ်ချိန်ကျရင် နင် တခြားသူကို အကူအညီ တောင်းဖို့ လိုလာနိုင်တယ်...”

လျိုတာကျူး၏ မျက်နှာမှာ ရဲတွတ်သွားသည်။ သူက ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ်တွင် ပုံကျနေသော စွင်းယန်မေကို ဆွဲထူကာ ဒေါသတကြီး ပြောလိုက်၏။

“အခုထစမ်း... နင် လူရယ်စရာဖြစ်အောင် လုပ်နေတာပဲ...”

စွင်းယန်မေမှာ အလွန် ကြောက်လန့်နေပြီး သူမ၏ ပေါင်ကြားမှာ စိုစွတ်နေကာ နံစော်သော အနံ့တစ်မျိုးက လေထုထဲတွင် ပြည့်နှံ့နေသည်။

အခန်း (၂၀) သမီးဖြစ်သူကို မေ့သွားခြင်း

လျိုတာကျူးက သူမကို ကြမ်းတမ်းစွာ ဆွဲထူလိုက်ရာ တုန်ယင်လျက် ရပ်နေပြီး စကားတစ်ခွန်းမျှ မဟရဲတော့ချေ။

လျိုတာကျူးနှင့် စွင်းယန်မေတို့မှာ ခပ်သုတ်သုတ် ထွက်ပြေးသွားကြ၏။

ပွဲကြည့်နေကြသော ရွာသားများလည်း တဖြည်းဖြည်း လူစုကွဲသွားကြပြီး လဲ့ချန်၊ ချီလန်နှင့် လဲ့ချင်းတို့သာ ကျန်ရစ်တော့၏။

လဲ့ချန်က ချီလန်၏ နှုတ်ခမ်းထောင့်မှ သွေးစများနှင့် ရောင်အမ်းနေသော ပါးပြင်ကို ရင်နာစွာ ကြည့်လိုက်မိပြီး သူ၏ ရင်ထဲတွင် တင်းကျပ်သွားသည်။

သူက လက်ကို ဂရုတစိုက် မြှောက်၍ ချီလန်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ သူ၏ လက်ချောင်းထိပ်များတွင် နွေးထွေးမှုကို ခံစားလိုက်ရသော်လည်း အနည်းငယ် စူးရှနာကျင်မှုလည်း ပါဝင်နေသည်။

“ကိုယ်တောင်းပန်ပါတယ် မိန်းမရယ်...”

လဲ့ချန်၏ အသံမှာ အက်ကွဲနေပြီး ရှိုက်သံ အနည်းငယ် ပါဝင်နေ၏။

“ကိုယ့်နောက် လိုက်လာရတာ မင်း ဒုက္ခရောက်ခဲ့ရပြီ...”

ချီလန်က ခေါင်းမော့၍ လဲ့ချန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

သူမ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် ဘာမျှမပြောဖြစ်ခဲ့ပေ။

နွေးထွေးသော လှိုင်းလုံးတစ်ခုက သူမ၏ ရင်ထဲတွင် ဖြည်းညင်းစွာ စီးဆင်းသွား၏။

ယခင်က လဲ့ချန်တစ်ယောက် မည်မျှပင် သနားစရာ ကောင်းလောက်အောင် အသုံးမကျခဲ့စေကာမူ အနည်းဆုံးတော့ ယခုအချိန်တွင် သူမ တစ်ခါမျှ မခံစားဖူးသော လုံခြုံမှုမျိုးကို ပေးစွမ်းနိုင်ခဲ့ပြီး အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဤအချိန်လေးမှာသာ အချိန်တွေ ရပ်တန့်သွားခဲ့လျှင် သိပ်ကောင်းမည်ဟု သူမ တွေးလိုက်မိ၏။

ထိုအခိုက်တွင် အချိန်ကြာမြင့်စွာ ပိတ်လှောင်ထားခဲ့သော သူမ၏ နှလုံးသားမှာ ပြန်လည် အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။

လဲ့ချန်နှင့် စတင်လက်ထပ်ခဲ့စဉ်က သူမသည် လှပသော စိတ်ကူးယဉ်မှုများ ပြည့်နှက်နေသည့် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်၏။ ချိုမြိန်သော အိမ်ထောင်သည်ဘဝကို သူမ မည်သို့များ မတောင့်တဘဲ နေမည်နည်း။

သို့သော်လည်း လဲ့ချန်၏ ယခင်က သတ္တိကြောင်မှုနှင့် အားနည်းမှုများက သူမကို လုံးဝ စိတ်ပျက်သွားစေခဲ့ပြီး သူမ၏ နှလုံးသားမှာ တဖြည်းဖြည်း သေဆုံးသွားခဲ့ရသည်။

သို့သော် လဲ့ချန်က ယခုအခါ သူမ၏ ရင်ထဲတွင် အနာဂတ်အတွက် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို ပြန်လည် ထွန်းညှိပေးလိုက်ပြီ ဖြစ်၏။

“လာ... အထဲကို ကိုယ်ချီသွားမယ်...”

လဲ့ချန်က ပြောရင်းနှင့် ချီလန်ကို ပွေ့ချီကာ နွားတင်းကုပ်ထဲသို့ ဝင်သွားသည်။

“ကိုယ့်မိန်းမ ဒဏ်ရာတွေမှာ လိမ်းဖို့ ကိုယ်ဆေးပင်တချို့ ရှာတွေ့ထားတယ်...”

ပွေ့ချီခံလိုက်ရသည့် အခိုက်အတန့်တွင် ချီလန်က မသိစိတ်မှ သူ့ကို တွန်းဖယ်ပစ်ချင်ခဲ့သော်လည်း လဲ့ချန်ထံမှ ထွက်ပေါ်နေသော နွေးထွေးမှု၏ လွှမ်းခြုံခံလိုက်ရပြီး ထူးဆန်းသော ခံစားချက်တစ်ခုက သူမ၏ ရင်ထဲတွင် ဖြစ်တည်လာ၏။

သူမက အနည်းငယ် ရုန်းကန်လိုက်သော်လည်း နောက်ဆုံးတွင် လဲ့ချန်၏ ရင်ခွင်ထဲသို့ မှီချလိုက်သည်။

လဲ့ချင်းမှာ အနောက်မှနေ၍ ဤမြင်ကွင်းကို ကြည့်ရင်း ကြက်သေ သေသွား၏။

“နေပါဦး... အစ်ကို... ညီမလေးမှာလည်း ဒဏ်ရာတွေနဲ့လေ…”

သူမ၏ အစ်ကိုမှာ ယောင်းမဖြစ်သူကိုသာ မျက်လုံးထဲမြင်နေပြီး ရှောင်ရှောင် တစ်ယောက် အိပ်မောကျသွားသည်အထိ ငိုနေခဲ့သည်ကိုပင် မမြင်တော့ချေ။

“အစ်ကို... ရှောင်ရှောင် ငိုနေတုန်းပဲလေ...”

လဲ့ချင်းက အလန့်တကြားဖြစ်ပြီး အသံကုန် ငိုယိုနေသော ရှောင်ရှောင်ကို ကမန်းကတန်း ဆွဲခေါ်ကာ နွားတင်းကုပ်ထဲသို့ လိုက်ဝင်သွားသည်။

လဲ့ချင်း၏ အသံကို ကြားလိုက်ရမှသာ ချီလန်မှာ သတိဝင်လာ၏။ သူမ၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ရဲတွတ်သွားသည်။

လဲ့ချန်က သူမကို ပွေ့ချီထားသဖြင့် ကလေးကို လုံးဝ မေ့သွားခဲ့ခြင်း ဖြစ်၏။

သူမက လဲ့ချန်၏ လက်ပေါ်မှနေ၍ ရှောင်ရှောင်ကို ကမန်းကတန်း လှမ်းယူလိုက်ပြီး ကျောလေးကို ညင်သာစွာ ပုတ်ကာ သာယာသောအသံဖြင့် ချော့မြူလိုက်သည်။

“ရှောင်ရှောင်... မငိုနဲ့တော့နော်...”

လဲ့ချန်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။ ဇနီးဖြစ်သူ အနိုင်ကျင့်ခံရမှုကို သနားနေစိတ်လွန်ကဲကာ သမီးဖြစ်သူကို လုံးဝ မေ့သွားခဲ့မိသည်။

သူက ဒူးထောက်ထိုင်ချလိုက်ပြီး မျက်ရည်များ ဝဲနေသော ရှောင်ရှောင်ကို ကြည့်ကာ စိတ်ရင်းမှန်ဖြင့် တောင်းပန်လိုက်၏။

“အဖေက သမီးကို ဂရုမစိုက်တာ မဟုတ်ပါဘူး...အမေက ဒဏ်ရာရထားလို့လေ... အဖေတို့က အမေကို အရင်ကာကွယ်ပေးရမယ်မလား...”

ရှောင်ရှောင်က ငယ်ရွယ်သေးသော်လည်း အလွန်လိမ္မာသိတတ်သူ ဖြစ်သည်။

လဲ့ချန်၏ စကားကို ကြားပြီးနောက် သူမက အငိုတိတ်သွားပြီး ပြုံးကာ ကလေးသံလေးဖြင့် ပြောလိုက်၏။

“ဟုတ်တယ်... အမေ့ကို အရင်ကာကွယ်ရမယ်...”

သူမက ငယ်ရွယ်သေးသော်လည်း အားလုံးကို မြင်တွေ့ခဲ့ရသည်။ သူမ၏ ဖခင်က မိခင်ကို ကာကွယ်ရန် သေနတ်ထုတ်ခဲ့ခြင်း ဖြစ်၏။

လူတိုင်း ကြောက်လန့်နေခဲ့ကြသော်လည်း အဖေက အရမ်းမိုက်တယ်ဟု သူမ တွေးလိုက်မိသည်။

လဲ့ချန်က နွားတင်းကုပ်ထဲမှ ထွက်လာပြီး နံရံထောင့်တွင်ရှိနေသော သူ၏ ဖာထေးထားသည့် ခြင်းတောင်းကို ကောက်ယူလိုက်၏။

သူက ဆေးပင်အစုအဝေးထဲမှ အပင်အချို့ကို ဂရုတစိုက် ရွေးထုတ်လိုက်ပြီး စမ်းချောင်းဆီသို့ သွားကာ စင်ကြယ်အောင် ဆေးကြောလိုက်သည်။

လက်ကို ဆေးကြောပြီးနောက် သန့်ရှင်းသော ကျောက်တုံးတစ်တုံးကို ရှာ၍ ဆေးပင်များကို အပေါ်တွင် တင်လိုက်ပြီး နောက်ထပ် ကျောက်တုံးတစ်တုံးဖြင့် အစိမ်းရင့်ရောင် အနှစ်များ ဖြစ်သွားသည်အထိ ညက်နေအောင် ထောင်းလိုက်၏။

နွားတင်းကုပ်သို့ ပြန်ရောက်သောအခါ လဲ့ချန်က စေးကပ်နေသော ဆေးအနှစ်များကို လက်ဖြင့် ဂရုတစိုက် ကိုင်ဆောင်လာပြီး ရတနာတစ်ပါးကဲ့သို့ ချီလန်အား ပေးလိုက်သည်။

“မိန်းမ... ဒါလေးကို လိမ်းလိုက်ရင် သက်သာသွားလိမ့်မယ်...”

ချီလန်က စိမ်းမည်းမည်း အနှစ်ကြီးကို ကြည့်ပြီး ချီတုံချတုံ ဖြစ်သွား၏။

*ဒါက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား... ငါ့မျက်နှာကို အမာရွတ်ထင်သွားစေမလား…*

သူမ၏ မျက်နှာမှာ စွင်းယန်မေ၏ ကုတ်ခြစ်မှုကြောင့် ဒဏ်ရာရနေပြီ ဖြစ်သည်။ ဤမည်မှန်းမသိသောအရာကို လိမ်းလိုက်၍ သူမ၏ မျက်နှာ ပုပ်သွားလျှင် ဘယ်လိုလုပ်မည်နည်း။

“မပူပါနဲ့ မိန်းမရယ်... မင်းမျက်နှာ အမာရွတ် မထင်စေရပါဘူး...”

လဲ့ချန်က ချီလန်၏ အတွေးများကို ဖောက်ထွင်းမြင်နေရသကဲ့သို့ ကမန်းကတန်း နှစ်သိမ့်ပေးလိုက်၏။

“ဒါက မိသားစုလျှို့ဝှက်ဆေးနည်းပါ... ကိုယ်က အစွမ်းမပြင်းတဲ့ ဆေးပင်တွေကို အထူးရွေးချယ်ထားတာ... အဖုအကျိတ် ကျစေပြီး အကိုက်အခဲ ပျောက်စေဖို့ အထူးကို ထိရောက်တယ်...”

ချီလန်က သံသယဝင်နေဆဲပင်။

“ရှင် ဘယ်တုန်းက ဆေးပင်ရှာတတ်သွားတာလဲ... အရင်က တောင်ပေါ်တက်တာ တစ်ခါမှ မတွေ့ဖူးပါဘူး...”

လဲ့ချန်က ခေါင်းကုတ်၍ ရယ်မောလိုက်၏။

“ဟီးဟီး... တောင်စောင့်အဘိုးလင်ဆီက သင်ထားတာလေ... သူကအရမ်းတော်တယ်... ဆေးပင် အမျိုးအစားအစုံကိုသိတာ...”

“အဘိုးလင်...”

ချီလန်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။

အဘိုးလင်အကြောင်းကို ယခင်က သူမ ကြားဖူးသည်။ သူက အနောက်ဘက်တောင်ပေါ်တွင် နေထိုင်သော ထူးဆန်းသည့် အဘိုးကြီးတစ်ဦးဖြစ်ပြီး သူ၏ စိတ်သဘောထားက ပုံမှန်မဟုတ်ကာ လူများနှင့်လည်း ဝင်ဆံ့လေ့မရှိဟု ပြောကြ၏။

လဲ့ချန်က သူ့ထံ မည်သို့များ ရောက်သွားရသနည်း။

“ဟုတ်တယ် ဟုတ်တယ်...”

လဲ့ချန်က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

“ထောင်ချောက်တွေလုပ်ဖို့ တောင်ပေါ်တက်တုန်းက သူနဲ့ ဆုံခဲ့တာ... သူက ကိုယ့်ကို အများကြီး သင်ပေးခဲ့တယ်... ကိုယ်ရှာနေတဲ့ အဲဒီ အမဲလိုက်သေနတ်ကိုလည်း အဘိုးလင်က ပေးထားတာ...”

ချီလန် ရုတ်တရက် သဘောပေါက်သွား၏။

“ဪ... ဒီလိုကိုး...”

သူမက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး လဲ့ချန်၏ လက်ထဲမှ ဆေးအနှစ်များကို ယူကာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် သူမ၏ မျက်နှာပေါ်သို့ ညင်သာစွာ လိမ်းကျံလိုက်သည်။

အေးမြသော ခံစားချက်တစ်ခု ဝင်ရောက်လာပြီး နာကျင်မှုမှာလည်း သိသိသာသာ လျော့ကျသွား၏။

…

တစ်ဖက်တွင်မူ စွင်းယန်မေကို လျိုတာကျူးက အိမ်သို့ ဆွဲခေါ်သွားခဲ့ပြီး သူမက လမ်းတစ်လျှောက်လုံး သူ့ကို ဆဲဆိုလာခဲ့ရာ စကားများသော မိန်းမကြမ်း တစ်ယောက်နှင့်ပင် တူနေတော့၏။

“လျိုတာကျူး... နင်က သတ္တိမရှိတဲ့ ငကြောက်ပဲ... သေနတ်ကို မြင်တာနဲ့ ဘောင်းဘီထဲ သေးထွက်ကျတယ်... နင်က ယောက်ျားရော ဟုတ်ရဲ့လား...”

စွင်းယန်မေက ဆဲဆိုနေရင်းနှင့် လျိုတာကျူး၏ လက်မောင်းကို အားကုန် လိမ်ဆွဲလိုက်ရာ သူ၏ခန္ဓာကိုယ်မှ အသားစများကို တစ်စစီ ဆွဲခွာပစ်ချင်နေသကဲ့သို့ပင်။

လျိုတာကျူးမှာ ရိုက်နှက်ခံရပြီးနောက် မကျေမနပ် ဖြစ်နေသော်လည်း ပြန်မချေပရဲချေ။ သူက လေသံတိုးတိုးဖြင့်သာ ညည်းတွားနိုင်တော့၏။

“ဟာ... အဲဒါက သေနတ်ပြောင်းဝကြီးလေ... ဘယ်သူက အရှေ့ကို တိုးရဲမှာလဲ... နင်က နင့်အသက်ကို ဂရုမစိုက်ပေမဲ့ ငါကတော့ ဂရုစိုက်တယ်...”

“ငကြောက်... အသုံးမကျတဲ့ကောင်... သတ္တိမရှိတဲ့ကောင်...”

စွင်းယန်မေ၏ ဆဲဆိုမှုများက ပို၍ ပို၍ ပြင်းထန်လာပြီး လျိုတာကျူးကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်ချင်နေသကဲ့သို့ပင်။

သူတို့နှစ်ယောက်မှာ အိမ်သို့ မရောက်မီအထိ လမ်းတစ်လျှောက်လုံး အော်ဟစ် ရန်ဖြစ်လာကြ၏။

ကျန်းကွေ့ဖန်းက တံခါးဝတွင် ထိုင်ကာ နေကြာစေ့ ခွာစားနေပြီး သူမ အလွန် ချစ်ရသောမြေးဖြစ်သူ လျိုဝမ်ပင်းကို ရင်ခွင်ထဲတွင် ပိုက်ထား၏။ သူမက ကလေးကို ညင်သာစွာ ပုတ်၍ ချော့မြူနေသည်။

“ဝမ်ပင်း... လိမ္မာတယ်နော်... သားအမေက သားအတွက် အသားသွားယူနေတယ်... မကြာခင် အသားစားရတော့မယ်နော်...”

ခေါင်းမော့ကြည့်လိုက်သောအခါ စွင်းယန်မေက သူမ၏ အသည်းအသက် သားဖြစ်သူ လျိုတာကျူးကို မြေးတစ်ယောက်လို ဆဲဆိုနေသည်ကို မြင်လိုက်ရသည်။

ကျန်းကွေ့ဖန်းမှာ ဒေါသအိုး ပေါက်ကွဲသွားပြီး လက်ထဲမှ နေကြာစေ့များကို လွှင့်ပစ်ကာ အရှေ့သို့ ပြေးထွက်သွား၏။ ထို့နောက် စွင်းယန်မေ၏ ဆံပင်များကို ဆွဲ၍ ဟိန်းဟောက်လိုက်သည်။

“နင် ဒီလောက်ယုတ်မာတဲ့ မိန်းမ... ငါ့သားကို ဘယ်လိုများ ရိုက်ရဲတာလဲ... ဒီနေ့ နင်နဲ့ငါ အသေအကြေ သတ်ကြတာပေါ့...”

စွင်းယန်မေမှာလည်း အလွယ်တကူ အလျှော့ပေးမည့်သူ မဟုတ်ချေ။ ကျန်းကွေ့ဖန်းက သူမ၏ ဆံပင်များကို ဆွဲလိုက်သောအခါ သူမက လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။ ထိုအစား သူမက အမွေးများ ထောင်နေသော တောကြောင် တစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး အော်ဟစ် ဆဲဆိုလိုက်၏။

“အဘွားကြီး... လွှတ်စမ်း... နင်က ငါ့ဆံပင်ကို ဆွဲရဲတယ်ပေါ့လေ... ငါ နင့်ကို အသေအကြေ သတ်မယ်...”

သူမက ကျန်းကွေ့ဖန်း၏ ဆံပင်များကို ပြန်ဆွဲလိုက်ပြီး သူတို့နှစ်ယောက်စလုံး ကြက်ဖနှစ်ကောင်ကဲ့သို့ တစ်ယောက်ကို တစ်ယောက် ဆွဲဖြဲနေကြကာ မြင်ကွင်းမှာ လုံးဝကို ဗြောင်းဆန်နေတော့၏။

“နင့်သားက အသုံးမကျတဲ့ကောင်... ငကြောက်ကြီး... အသံတောင် မထွက်ရဲဘူး... ဟိုသတ္တိကြောင်တဲ့ လဲ့ချန်ရဲ့ ခြေဖဝါးအောက်မှာ အနင်းခံရတာ တန်တယ်...”

လုံးထွေးသတ်ပုတ်နေရင်းနှင့် စွင်းယန်မေက လျိုတာကျူးကို ဆက်လက်၍ ဆဲဆိုနေသေး၏။

ဘေးနားတွင် တုန်ယင်စွာ ပုန်းနေသော လျိုတာကျူးမှာ စွင်းယန်မေ၏ ဆဲဆိုသံများကို ကြားသောအခါ အလွန်အမင်း အရှက်ရသွားသလို ခံစားလိုက်ရသည်။

သူက သတ္တိမွေးကာ အရှေ့သို့ ပြေးထွက်သွားပြီး သူတို့ နှစ်ယောက်ကို ဆွဲခွာရန် ကြိုးစားလိုက်၏။

“အမေ... အမေ... မချကြပါနဲ့တော့... တော်ကြပါတော့...”

All Chapters