← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃) ယုန်သားဟင်း

လဲ့ကျီမင် ထွက်သွားပြီးနောက် လဲ့ချန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

ကျန်းကွေ့ဖန်း၏ မိသားစုက ဖယ်ခွာ၍ မရနိုင်သော တွယ်ကပ်နေသည့် သွေးစုပ်မျှော့ကဲ့သို့ပင် ဖြစ်ပေသည်။

နောင်လာမည့် ပြဿနာများကို ရှင်းလင်းပစ်ရန် သူ အခွင့်အရေးတစ်ခု ရှာဖွေရပေမည်။

သေချာပေါက် သူက သူတို့ကို သတ်ဖြတ်မည် မဟုတ်သော်လည်း ကျန်းကွေ့ဖန်းနှင့် သူမ၏ အုပ်စုက နောင်တွင် သူ့ကို ပြဿနာ လာရှာဦးမည်ကို သူ ကောင်းကောင်း သိထား၏။

ထိုအခါကျလျှင် သူက အခြေအနေကို ပြောင်းပြန်လှန်ပစ်မည် ဖြစ်ရာ သူ့ကို အပြစ်မတင်နှင့်တော့။

လဲ့ချန် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ နေဝင်ဆည်းဆာက အနောက်ဘက် ကောင်းကင်ပြင်ကို နီရဲနေစေပြီ ဖြစ်သည်။

သူ လှည့်၍ မီးဖိုချောင်ဟု ခေါ်သော နေရာသို့ ဝင်သွားလေ၏။ မီးဖိုချောင်ဟု ခေါ်ဆိုရသော်လည်း တကယ်တမ်း၌ ရွှံ့အုတ်များဖြင့် ပြုလုပ်ထားသော မီးဖိုလေးတစ်ခုသာဖြစ်ပြီး ထိုအပေါ်တွင် ထောင့်တစ်နေရာ ပဲ့နေသော သံဒယ်အိုး အစောင်းလေးတစ်လုံး တင်ထားသည်။ ဒယ်အိုး အောက်ခြေရှိ အမည်းရောင် ချိုးချေးများက အလွန် ထူထဲလွန်းလှသဖြင့် ဆီအနည်းငယ်ခန့် ခြစ်ယူ၍ပင် ရနိုင်ပေသည်။

ဘေးပတ်လည်ရှိ အိုးခွက် ပန်းကန်များမှာလည်း ပဲ့နေခြင်း သို့မဟုတ် အက်ကွဲနေခြင်းများ ရှိနေ၏။

ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်တို့က ဆိုဖွယ်ရာပင် မရှိတော့ချေ။ ဆားအိုးမှာလည်း ပဲ့တင်သံပင် ထွက်နိုင်လောက်အောင် ဗလာကျင်းနေသည်။

ကံကောင်းထောက်မစွာဖြင့် ယနေ့တောင်ပေါ်မှ တောဟင်းခတ်အမွှေးအကြိုင်အချို့ ခူးလာခဲ့သဖြင့် ဤအရသာမရှိသော ဟင်းအတွက် အနည်းငယ်မျှ အရသာ ဖြည့်စွမ်းပေးနိုင်ပေသည်။

လဲ့ချန်က ယုန်ကို ကျွမ်းကျင်စွာ အရေခွံဆုတ်၍ ယုန်သားများကို အတုံးလေးများ တုံးကာ ကြော်ရန် ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်၏။

ဆီမရှိသဖြင့် ယုန်သားများက ဒယ်အိုး အောက်ခြေသို့ လျင်မြန်စွာ ကပ်သွားပြီး တူးဟောင်သော အနံ့က လေထဲတွင် ပြန့်လွင့်လာသည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် တောင်ပေါ်မှ ခူးဆွတ်လာသော ဆေးဖက်ဝင်အပင် အချို့ကို ထည့်လိုက်လေ၏။ ထူးခြားသော မွှေးရနံ့တစ်ခုက တူးဟောင်သော အနံ့ကို တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။

“လန်လန်... မင်းကို ခုလို ဆင်းရဲဒုက္ခ ခံစေရတဲ့အတွက် တကယ်အားနာမိတယ်...”

လဲ့ချန်က မြည်းကြည့်လိုက်ရာ အရသာမှာ မဆိုးလှချေ။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် အရင်းအမြစ်များက ရှားပါးလှပြီး ဗိုက်ဝအောင် စားနိုင်လျှင်ပင် လုံလောက်နေပြီဖြစ်ရာ မည်သူက အရသာကို ဂရုစိုက်နေမည်နည်း။

သူက ကြော်ထားသော ယုန်သားများကို ပဲ့နေသည့် ကြမ်းတမ်းသော ကြွေပန်းကန်လုံး တစ်လုံးထဲသို့ ထည့်၍ အိမ်ထဲသို့ သယ်လာခဲ့၏။

မွှေးပျံ့သောအနံ့က လေထဲတွင် လွင့်ပျံလာပြီး ချီလန်၏ နောက်တွင် ပုန်းနေသော ရှောင်ရှောင်မှာ တံတွေးများကို အဆက်မပြတ် မျိုချနေမိသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အိမ်၌ နေ့စဉ်လိုလို အသားစားနေရပြီး ဤသည်မှာ ယခင်က အိပ်မက်ပင် မမက်ရဲခဲ့သော အရာဖြစ်သည်။

မိန်းကလေးငယ်က ဝမ်းသာအားရ လက်ခုပ်တီး၍ သူမ၏ ကြည်လင်သော အသံလေးဖြင့် အော်ပြောလိုက်၏။

“အဖေက သိပ်တော်တာပဲ...”

သူမက ယခင်က အသုံးမကျသော ဖခင်ကို လုံးဝ မေ့သွားပုံရသည်။

လဲ့ချန်၏ ရင်ထဲတွင် အပြစ်ရှိစိတ်တစ်ချက် ဖြစ်ပေါ်သွားပြီး ရှောင်ရှောင်၏ ဆံပင်လေးများကို ပွတ်သပ်လိုက်၏။

သူက အကြီးဆုံး ယုန်သားတုံးကို ရှောင်ရှောင်အား ပေးလိုက်ပြီးနောက် ချီလန်ကို ပန်းကန်လုံး အကြီးတစ်လုံးပေးကာ သူ၏ ညီမဖြစ်သူ လဲ့ချင်းကိုပါ ဝေမျှပေးလိုက်သည်။

ထိုသို့ ပေးပြီးမှသာ သူကိုယ်တိုင်အတွက် သေးငယ်သော အသားတုံးတစ်တုံးကို ကောက်ယူလိုက်၏။

လဲ့ချန်၏ ပန်းကန်ထဲတွင် အခြားသူများထက် အသား အလွန်နည်းပါးနေသည်ကို ချီလန် သတိပြုမိသွားသည်။ သူမက တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် ပြောလိုက်၏။

“ရှင် ပိုစားသင့်တယ်...”

“ကိုယ် မဆာပါဘူး...”

လဲ့ချန်က ပြုံး၍ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်လေသည်။

“ဒီနေ့ ဆေးပင်တွေ ခူးနေတာနဲ့ အချိန်နှောင့်နှေးသွားလို့ ယုန်တစ်ကောင်ပဲ ရလာတယ်... ဒါလေးနဲ့ပဲ ဖြစ်သလို စားလိုက်ကြတာပေါ့...”

“ဒါပေမဲ့ ဒီနေ့ခူးလာတဲ့ ဆေးပင်တွေက နောက်တစ်ခေါက် မြို့ပေါ်သွားရင် ငွေအနည်းငယ်ရအောင် ရောင်းလို့ ရနိုင်တယ်...”

ချီလန်၏မျက်နှာအမူအရာက တဖြည်းဖြည်း ရှုပ်ထွေးလာ၏။

လဲ့ချန်က ဆေးဖက်ဝင်အပင်များကို ခူးဆွတ်ရန် မည်သည့်အချိန်က သင်ယူခဲ့သနည်း။

သူမက လဲ့ချန်ကို ကောင်းကောင်း သိထားသည်။ သူ၏ အမဲလိုက်စွမ်းရည်မှာ အသင့်အတင့်ရှိပြီး လယ်သမား ကလေးအများစုက ဤအကြောင်းကို အနည်းငယ်မျှ သိထားကြသည်သာဖြစ်သည်။

သို့သော်လည်း ဆေးဖက်ဝင်အပင်များ စုဆောင်းခြင်းက ကျွမ်းကျင်သော ဗဟုသုတ လိုအပ်ပြီး ရွာထဲတွင်လည်း ဆရာဝန် မရှိသဖြင့် လဲ့ချန်က ဤအရာကို မည်သည့်နေရာမှ သင်ယူခဲ့သနည်း။

သူက တကယ်ပဲ တစ္ဆေသရဲ ဝင်ပူးခံထားရတာများလား။

ချီလန်၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားပြီး လဲ့ချန်ကို တိတ်တဆိတ် အကဲခတ် ကြည့်လိုက်၏။

သို့သော်လည်း အကယ်၍ ဝိညာဉ် ဝင်ပူးခံထားရသည်ဆိုလျှင်ပင် ဤတစ္ဆေက ဆိုးသွမ်းပုံ မရချေ။ ၎င်းက ရှောင်ရှောင်အပေါ်တွင် ကောင်းမွန်စွာ ဆက်ဆံပြီး သူမကိုလည်း အနည်းငယ် ပြောင်းလဲသွားစေပုံရသည်။

ဤသို့ဆိုလျှင် သူမက မသိချင်ယောင်သာ ဆောင်နေသင့်ပေသည်။

ဘေးတွင် ရပ်နေသော လဲ့ချင်းကမူ သိပ်ပြီး အများကြီး တွေးမနေချေ။ သူမ၏ အစ်ကိုဖြစ်သူက နောက်ဆုံးတွင် နားလည် သဘောပေါက်သွားပြီဟုသာ သူမ ခံစားရပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

“အစ်ကို... အစ်ကိုက သိပ်တော်တာပဲ...”

လဲ့ချန်က တည်ကြည် လေးနက်စွာ ကြေညာလိုက်သည်။

“အခုမှစပြီး ငါတို့မိသားစုကို ဘယ်သူမှ အနိုင်ကျင့်ခွင့် ပေးတော့မှာ မဟုတ်ဘူး... ကျန်းကွေ့ဖန်းနဲ့ အခြားလူတွေ ပြဿနာ လာရှာရဲရင် သူတို့ကို လွှတ်ထားမှာ မဟုတ်ဘူး...”

ရိုးရှင်းသော အိမ်လေးထဲတွင် မိသားစု သုံးယောက်က ယုန်သားအိုးကို ဝိုင်းထိုင်၍ သူတို့၏ ထမင်းဝိုင်းကို အလွန်အမင်း နှစ်ခြိုက်စွာ စားသောက်နေကြ၏။

ထမင်းဝိုင်းက ရိုးရှင်းလှသော်လည်း ဤသည်က သူတို့မိသားစု အချိန်ကြာမြင့်စွာ မခံစားခဲ့ရသော နွေးထွေးမှုတစ်ခု ဖြစ်သည်။

ညစာစားပြီးနောက် လဲ့ချန်က ရေနွေး ခပ်ယူလာပြီး ရှောင်ရှောင်၏ ခြေထောက်များကို ညင်သာစွာ ဆေးကြောပေးလေ၏။

ဘေးတွင် ရပ်နေသော ချီလန်က ဤမြင်ကွင်းကို ကြည့်၍ စိတ်ထဲမှ တွေးလိုက်မိသည်။ ဤတစ္ဆေက သားယောက်ျားလေးမှ မျက်နှာသာပေးတာမျိုး မရှိဘူး။ သူက တစ္ဆေကောင်းပဲ။

ရှောင်ရှောင်မှာ လျင်မြန်စွာ အိပ်ပျော်သွား၏။ လဲ့ချန်က ခြေဆေးရေများကို သွန်ပစ်လိုက်ပြီး ကုတင်နားသို့ ပြန်လာကာ ရှောင်ရှောင်၏ ဘေးတွင် လှဲလျောင်းလိုက်သည်။

ချီလန်ကလည်း ရှောင်ရှောင်ကို သူတို့ နှစ်ယောက်ကြားတွင် ထား၍ လှဲလျောင်းလိုက်၏။

အမှောင်ထုထဲတွင် ချီလန်က လဲ့ချန်၏ အနားသို့ တိတ်တဆိတ် တိုးကပ်သွားပြီး သူ၏ ဘေးမှ ထွက်ပေါ်လာသော နွေးထွေးမှုကို ခံစားရင်း သူမ၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်သွားလေသည်။

လဲ့ချန် အိပ်ပျော်တော့မည့် ဆဲဆဲတွင် ချီလန်၏ တိုးညင်းသော အသံလေးကို သဲ့သဲ့မျှ ကြားလိုက်ရ၏။

“ရှင်... ကျွန်မကို ထီးတစ်လက် လုပ်ပေးစေချင်လား...”

“ဟင်...”

လဲ့ချန်မှာ အိပ်မောကျနေပြီ ဖြစ်ရာ သူ ဘာပြောလိုက်သည်ကို စိတ်ထဲမှ သေချာ မတွေးတောနိုင်ခဲ့ချေ။

“မိန်းမ... ဘာလို့ ရုတ်တရက်ကြီး ထီးလုပ်ရမှာလဲ...”

ချီလန်၏ အသံက ပို၍ တိုးညင်းသွားပြီး သတိထားနေရသည့် လေသံလေး စွက်ဖက်နေ၏။

“ရှင် နေရောင်နဲ့ ထိရမှာကို မကြောက်ဘူးလား...”

လဲ့ချန်မှာ လုံးဝ အံ့သြမှင်တက်သွားသည်။

*နေရောင်... နေပူဆာလှုံတာလား... ဒါက ဘာတွေနဲ့များ သက်ဆိုင်နေလို့လဲ…*

သူ အတင်းအားယူ၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ မှိန်ပျပျ လရောင်အောက်တွင် ဘေးစောင်း လှဲလျောင်းနေသော ချီလန်က သူ့ကို မျက်တောင် တဖျပ်ဖျပ် ခတ်၍ ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိကြပြီး ချီလန်၏ ပါးပြင်များက တဖြည်းဖြည်း နီရဲလာကာ သူမ၏ အကြည့်များက ရှောင်လွှဲသွားပြီး နောက်ဆုံးတွင် မျက်လွှာချ၍ တိုးတိုးလေး ပြောလေသည်။

“ရွာထဲက လူကြီးတွေ ပြောကြတာ ကြားဖူးတယ်... ရှင်တို့လို လူတွေက... နေရောင်နဲ့ ထိတွေ့ရင် မကောင်းဘူးတဲ့...”

“ရှင်တို့လိုလူတွေ...”

ဤစကားလုံးများက လဲ့ချန်၏ စိတ်ထဲတွင် အကြိမ်ကြိမ် လည်ပတ်သွားပြီးနောက် ရုတ်တရက် သူ သဘောပေါက်သွားလေ၏။

ချီလန်က သူ့ကို တစ္ဆေတစ်ကောင်လို ဆက်ဆံနေတာပဲ...။

“ဖူး….ဟားဟား...”

လဲ့ချန်မှာ အသံထွက်၍ပင် ရယ်မောလိုက်မိသည်။ ချီလန်၏ ရှက်ရွံ့ပြီး ဝေခွဲမရ ဖြစ်နေသော အမူအရာကို ကြည့်ကာ သူ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

ဤသည်မှာ ယခင်က သူ အလွန် သတ္တိကြောင်ခဲ့လွန်းသောကြောင့် ဖြစ်သည်။ သူ အတိတ်သို့ ပြန်လည်ဝင်စားလာပြီးနောက်ပိုင်း အများကြီး ပြောင်းလဲသွားခဲ့ရာ ချီလန်က အလွန်အမင်း တွေးပူသွားမည်မှာ မဆန်းချေ။

သူ ဒေါသမထွက်မိဘဲ ရယ်လည်း ရယ်ချင်သလို ရင်လည်း နာမိလေသည်။

အတိတ်က ချီလန်၏ စိုးရိမ်ပူပန်မှုများကို ခံယူထိုက်အောင် ငါ ဘာတွေများ လုပ်ပေးခဲ့ဖူးလို့လဲ။

“လန်လန်... ကိုယ်က တစ္ဆေမဟုတ်ပါဘူး...”

လဲ့ချန်က တည်ကြည် လေးနက်စွာ ပြောလိုက်၏။

ချီလန်က အံ့အားသင့်သွားသည်။

*တစ္ဆေမဟုတ်ဘူးလား... ဒါမှမဟုတ် သူတို့က ဝန်မခံချင်ကြတာများလား…*

ဤကာလအတွင်း လဲ့ချန်၏ ပြောင်းလဲမှုများက အလွန်ကြီးမားလွန်းလှသဖြင့် သူမ အယုံအကြည်ပင် မရှိနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

သူတစ်ပါး၏ အနိုင်ကျင့်မှုကို ခံခဲ့ရသော သတ္တိကြောင်ပြီး အညံ့ခံတတ်သည့် လဲ့ချန်က ညတွင်းချင်းပင် လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေ၏။

*သူက အမဲလိုက်နိုင်တယ်၊ ဆေးပင်တွေ ခူးနိုင်တယ်၊ ပြီးတော့ သူမနဲ့ ရှောင်ရှောင်ကိုလည်း ကာကွယ်ပေးနိုင်တယ်…*

လဲ့ချန်က ချီလန်၏ ဝေခွဲမရ ဖြစ်နေမှုကို သတိပြုမိပြီး ဆက်ပြောလေသည်။

“အဲဒါက... အဲ့နေ့က ကိုယ်အိပ်မက်တစ်ခု မက်ခဲ့လို့ပါ...”

ချီလန်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွား၏။

“အိပ်မက်... ဘယ်လို အိပ်မက်မျိုးလဲ…”

“မင်းကို ကျန်းကွေ့ဖန်းက တောင်ပေါ်ကနေ ခုန်ချဖို့ အတင်းအကျပ် ဖိအားပေးခဲ့ပြီး ရှောင်ရှောင်လေးမှာ မိခင်ဆုံးရှုံးသွားတယ်လို့ ကိုယ်အိပ်မက်မက်ခဲ့တယ်...”

လဲ့ချန်၏ အသံမှာ ခံစားချက်များဖြင့် ဆို့နင့်နေ၏။ ထိုမြင်ကွင်းက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ့ကို အလွန်အမင်း နာကျင်စေဆဲ ဖြစ်သည်။

“အဲ့အခိုက်အတန့်မှာ ကိုယ့်ရင်တွေ သိပ်နာကျင်ခဲ့ရတယ်... နောက်ဆို ဘယ်သူ့ကိုမှ မင်းကို အနိုင်ကျင့်ခွင့် မပေးတော့ဘူးလို့ ကိုယ် ကျိန်ဆိုပါတယ်...”

ချီလန်၏ အသက်ရှူသံများ ရပ်တန့်သွားသည်။ ထိုနေ့က လဲ့ချန်သာ ပေါ်မလာခဲ့လျှင် သူမ အမှန်တကယ်ပင် အဆောက်အအုံပေါ်မှ ခုန်ချခဲ့မိမည် ဖြစ်သည်။

ထိုတိရစ္ဆာန် လိုင်ကျားမင်ထံ ရောင်းစားခံရမည့်အဖြစ်ကို သူမ လက်မခံနိုင်သကဲ့သို့ မိခင် ဆုံးရှုံးသွားပါက ရှောင်ရှောင်အတွက် မည်သို့ ဖြစ်လာမည်ကို သူမ တွေးပင် မတွေးရဲခဲ့ချေ။

လဲ့ချန်က ချီလန်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ သူမ၏ လက်ဖဝါးထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးသို့ လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူမက ရုန်းကန်ခြင်းမရှိဘဲ လဲ့ချန် ဆုပ်ကိုင်ထားသည်ကို အသာတကြည် ငြိမ်နေလိုက်သည်။

အမှောင်ထုထဲတွင် လဲ့ချန်၏ လက်ဖဝါးမှ နွေးထွေးမှုနှင့် သူ၏ ရိုးသားစစ်မှန်သော ခံစားချက်များကို သူမ ခံစားနိုင်ပေသည်။

“လန်လန်... အရင်က ကိုယ့်အမှားတွေပါ... မင်းကို အများကြီး ဆင်းရဲဒုက္ခ ရောက်စေခဲ့တယ်...”

လဲ့ချန်၏ အသံမှာ တိုးညင်းနေပြီး နက်ရှိုင်းသော မိမိကိုယ်ကိုယ် အပြစ်တင်မှုများ ပြည့်နှက်နေ၏။

“အခုကစပြီး မင်းနဲ့ ရှောင်ရှောင်ကို ကိုယ့်အသက်နဲ့လဲပြီး ကာကွယ်ပေးသွားပါ့မယ်...”

ချီလန်မှာ စိတ်ထိခိုက် ကြေကွဲသွားရသည်။ လဲ့ချန်၏ ရိုးသားမှုနှင့် သူ၏ လေသံမှ ခိုင်မာပြတ်သားမှုတို့ကို သူမ ခံစားမိပေသည်။

သူမ တစ်စုံတစ်ခု ပြောချင်သော်လည်း မည်သည့်နေရာမှ စပြောရမည်ကို မသိတော့ချေ။

“လန်လန်... ကိုယ့်ကိုယုံလား...”

လဲ့ချန်၏ အသံက အနည်းငယ် တုန်ယင်နေ၏။

ချီလန်က တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေသည်။

အခန်း (၂၄) ကျားနှင့် တိုက်ခိုက်ခြင်း

သူမ ဘာကြောင့်မှန်း မသိသော်လည်း သူ့ကို ယုံကြည်ရန် ဆန္ဒရှိနေပြီး ပြောင်းလဲသွားသော ဤလဲ့ချန်ကို ယုံကြည်ချင်နေမိ၏။

လဲ့ချန်က ချီလန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ သူ၏ ရင်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်က အစသာ ရှိသေးသည်။ သူက သူ့ကိုယ်သူ သက်သေပြပြီး အတိတ်က အမှားများကို လက်တွေ့ လုပ်ရပ်များဖြင့် ပြန်လည်ပေးဆပ်သွားမည် ဖြစ်၏။

မိုးလင်းလာသောအခါ လဲ့ချန်က နိုးလာသည်။ ချီလန်နှင့် ရှောင်ရှောင်တို့မှာ အိပ်မောကျနေဆဲ ဖြစ်၏။ သူက အသံမထွက်စေရန် သတိထား၍ တိတ်ဆိတ်စွာ ထလိုက်သည်။ မနေ့ညက ချီလန်၏ စကားများက သူ၏ ရင်ကို နွေးထွေးစေခဲ့ပြီး သားအမိနှစ်ယောက်ကို ကာကွယ်ပေးမည့် သူ၏ ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာသွားစေခဲ့သည်။

သူက ကုတင်အောက်တွင် ဝှက်ထားသော အမဲလိုက်သေနတ်ကို ထိတွေ့လိုက်ရာ ပို၍ ယုံကြည်မှု ရှိလာသကဲ့သို့ ခံစားလိုက်ရ၏။ ဤအရာဖြင့်ဆိုလျှင် အမဲလိုက်ရသည်မှာ များစွာ ပို၍ လွယ်ကူသွားပေမည်။ တပ်မဟာက သူ အမဲလိုက်ရလာမည့် အရာများကို ပေးအပ်ရန် စောင့်ဆိုင်းနေပြီး ဦးလေးဝမ်၏ မိသားစုကိုလည်း ရစ်ငှက် တစ်ကောင်ပေးရန် အကြွေးတင်နေသေးသည်။ ထို့အပြင် သူတို့ အိမ်တွင် ထင်း၊ ဆန်၊ ဆီနှင့် ဆားတို့လည်း လိုအပ်နေသေး၏။ ပြီးတော့... ချီလန်နှင့် ရှောင်ရှောင်တို့၏ စောင်များက ပါးလွန်းနေပြီ ဖြစ်သဖြင့် အသစ်လဲရန် လိုအပ်နေသေးသည်။

ဤအရာများကို စိတ်ထဲမှ တွေးတောရင်းနှင့် လဲ့ချန်က အဝတ်အစားကို ကမန်းကတန်း ဝတ်ဆင်၍ အပြင်သို့ ထွက်လာခဲ့သည်။

တောင်ပေါ်လေက လတ်ဆတ်ပြီး အနည်းငယ် အေးစိမ့်နေ၏။ လဲ့ချန်က မနေ့က သူ ထောင်ထားခဲ့သော ထောင်ချောက်ဆီသို့ အရင်ဆုံး သွားလိုက်ရာ သူ၏ ရင်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ရှိနေသည်။ ဖုံးကွယ်ထားသော သစ်ကိုင်းများကို မကြည့်လိုက်သောအခါ ဆူဖြိုးနေသော ရစ်ငှက်တစ်ကောင်နှင့် မီးခိုးရောင်သန်းနေသော ယုန်တစ်ကောင်ကို တွေ့လိုက်ရလေသည်။

မဆိုးလှချေ။ အနည်းငယ် နည်းပါးနေသော်လည်း အနည်းဆုံးတော့ သူ၏ အချိန်များ အလဟဿ မဖြစ်သွားခဲ့ပေ။

လဲ့ချန်က သားကောင်များကို ထုတ်ယူရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ မျက်လုံးထောင့်မှ ခြေရာတစ်တန်းကို လှမ်းမြင်လိုက်ရသဖြင့် ကြက်သီးမွေးညင်း ထသွားလေ၏။

ကျား... ဤပတ်ဝန်းကျင်တွင် ကျားများ ကျက်စားနေသည်။

လဲ့ချန်က ချက်ချင်းပင် အသက်ရှူအောင့်လိုက်ပြီး ခန္ဓာကိုယ်ကို ဖြေလျှော့ကာ သတိဝီရိယ ကြီးမားသော ကျားသစ်တစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင်မှ အသံများကို သေချာစွာ နားစွင့်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ကျားက ဤပတ်ဝန်းကျင်တွင် ရှိနေပုံ မရချေ။

သူက ကျားကို သတ်နိုင်မည်ဟု ယုံကြည်မှု ရှိသော်လည်း သူကိုယ်တိုင်လည်း ဒဏ်ရာရသွားမည်မှာ သေချာနေ၏။

အပြည့်အဝ ပြင်ဆင်ထားခြင်း မရှိဘဲ ဤအကောင်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် သူ အစီအစဉ် မရှိသေးပေ။

သူက ထောင်ချောက်ထဲမှ ရစ်ငှက်နှင့် ယုန်ကို လျင်မြန်စွာ ယူထုတ်၍ တောင်ပေါ်မှ ဆင်းလာခဲ့သည်။

သူ ရွာအဝင်ဝသို့ ရောက်သည်နှင့် ရွာသား နှစ်ယောက်နှင့် ဆုံလေ၏။ သူတို့ နှစ်ယောက်စလုံးက လဲ့ချန်၏ လက်ထဲမှ သားကောင်များကို မြင်သောအခါ အံ့အားသင့်သွားကြသည်။

“ဟေ့... လဲ့ချန်... မင်း ပစ္စည်းကောင်းတွေ ရလာတာပဲ...”

ရွာသားတစ်ယောက်က မနာလိုမှုများ အထင်းသား ပေါ်လွင်နေသော လေသံဖြင့် ချဉ်စူးစူး ပြောလိုက်၏။

နောက်ရွာသား တစ်ယောက်ကလည်း အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။

“မင်းကတော့ အတော်ပဲ... ရက်အနည်းငယ် အတွင်းမှာတင် သားကောင် ထပ်ရလာပြန်ပြီ...”

လဲ့ချန်က ပြုံး၍ ပြောလိုက်၏။

“ကျွန်တော် အဘိုးလင်ရဲ့ အမွေကို ရထားလို့ တိုးတက်လာတာပါ...”

ရွာသားများက အဘိုးလင်မှာ နာမည်ကြီး မုဆိုးတစ်ယောက်ဖြစ်ကြောင်းနှင့် လဲ့ချန်က သူ၏ လက်အောက်တွင် အချိန်ကာလ တစ်ခုအထိ သင်ယူခဲ့ဖူးကြောင်း ရုတ်တရက်သတိရသွားကြပြီး သူ အမှန်တကယ် ပညာတတ်သွားပြီ ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

“မင်းအတွက် ဝမ်းသာပါတယ် လဲ့ချန်ရာ... မင်း အောင်မြင်လာတဲ့အခါ ရွာသူရွာသားတွေကို မမေ့နဲ့ဦး...”

လဲ့ချန်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ထပ်မပြောတော့ဘဲ ဝမ်ဖူကွေ့၏ အိမ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေ၏။

ယနေ့ ဝမ်ဖူကွေ့၏ အိမ်မှာ ထူးထူးခြားခြား စည်ကားနေသည်။

အဒေါ်ဝမ်က သူမ၏ မြေးလေးကို ပွေ့ချီထားပြီး မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အပြည့် ရှိနေ၏။

ကလေးလေးက ယခင်ကဲ့သို့ ငိုယိုဂျီကျခြင်း မရှိတော့ဘဲ နှုတ်ခမ်းလေး တပြတ်ပြတ် စုပ်နေသည်။

“ကံကောင်းလို့... ငါ့နို့တွေ ထွက်လာပြီ...”

အဒေါ်ဝမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ရစ်သိုင်းနေဆဲ ဖြစ်သည်။

“လဲ့ချန် ငါးလာပေးလို့သာ တော်တော့တယ်... မဟုတ်ရင် ကလေးလေး အများကြီး ဒုက္ခရောက်ရတော့မှာ...”

ဝမ်ဖူကွေ့ကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... ဒီတစ်ကြိမ်တော့ ငါတို့ လဲ့ချန်ကို သေချာကျေးဇူးတင်မှဖြစ်မယ်...”

သူ စကားပြော၍ပင် မဆုံးသေးမီ လဲ့ချန်က တံခါးဝတွင် ပေါ်လာလေသည်။

“ဦးလေးဝမ်... အဒေါ်ဝမ်... ကျွန်တော် လာတယ်...”

လဲ့ချန်က သူ၏ လက်ထဲမှ ဆူဖြိုးနေသော ရစ်ငှက်ကို ကိုင်ကာ ပြုံး၍ ပြောလိုက်၏။

“အိုး... လဲ့ချန် ရောက်လာပြီကိုး... လာ လာ... ဝင်ခဲ့...”

အဒေါ်ဝမ်က ကမန်းကတန်း ဆီးကြို နှုတ်ဆက်လိုက်သည်။

“ဦးလေးဝမ်... ပြီးခဲ့တဲ့အကြိမ်က ကျွန်တော် ကတိပေးထားတဲ့ ရစ်ငှက်ကို ယူလာပေးတာပါ...”

လဲ့ချန်က ရစ်ငှက်ကို ဝမ်ဖူကွေ့ထံ ကမ်းပေးလိုက်၏။

“ဒါက... အားနာစရာကြီးကွာ...”

ဝမ်ဖူကွေ့က သူ၏ လက်များကို ပွတ်သပ်၍ ထပ်ခါတလဲလဲ ငြင်းဆန်နေ၏။

“မင်းက ကလေးကိစ္စနဲ့တင် အများကြီး ဒုက္ခခံထားရတာကို...”

အဒေါ်ဝမ်ကလည်း ဝင်ပြောလေသည်။

“ဟုတ်တယ် လဲ့ချန်... ငါတို့ ဒီရစ်ငှက်ကို လက်မခံနိုင်ပါဘူး... မင်း ရှောင်ရှောင်လေး အားရှိအောင် ပြန်ယူသွားပြီး ကျွေးလိုက်ပါ...”

ထိုအခိုက်၌ ဝမ်ကျန်းကော်က အိမ်ထဲမှ ထွက်လာ၏။ သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေဆဲဖြစ်သော်လည်း သူ၏ စိတ်အားထက်သန်မှုက သိသိသာသာ ပိုကောင်းနေပေသည်။

သူက လဲ့ချန်၏ လက်ကို ကျေးဇူးတင်စွာဖြင့် ဆုပ်ကိုင်လိုက်သည်။

“ညီလေးလဲ့ချန်... ဒီတစ်ကြိမ် ငါ မင်းကို အများကြီး ကျေးဇူးတင်ပါတယ်... မင်းကျေးဇူးကြောင့်သာ ငါ့သား အသက်ရှင်ရတာပါ...”

လဲ့ချန်က ပြုံး၍ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်၏။

“ကိစ္စမရှိပါဘူး အစ်ကိုဝမ်ရာ... ကလေးလေးက ကံကောင်းလို့ပါ... ကျွန်တော် ဦးလေးဝမ်ကို ဒီရစ်ငှက် ပေးမယ်လို့ ကတိပေးထားပြီးသားဆိုတော့ ငြင်းဖို့ မကြိုးစားပါနဲ့တော့...”

သူက ဘာမှထပ်မပြောတော့ဘဲ ရစ်ငှက်ကို ဝမ်ဖူကွေ့၏ လက်ထဲသို့ အတင်း ထိုးထည့်လိုက်ရာ ထိုအခါမှသာ ဝမ်ဖူကွေ့က လက်ခံလိုက်လေသည်။

အဒေါ်ဝမ်က လဲ့ချန်ကို ကြည့်ကာ သူမ၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။

ပြီးခဲ့သော အကြိမ်က လဲ့ချန် စောင်လာငှားစဉ်က သူမက အကြောင်းပြချက် အမျိုးမျိုး ပေး၍ ငြင်းဆန်ခဲ့သည်။ ယခု ပြန်တွေးကြည့်သောအခါ သူမ အမှန်တကယ် ဤသို့ မလုပ်ခဲ့သင့်ပေ။

အိမ်တွင် စောင်တစ်ထည်မက ရှိနေသေးသည်ကို သတိရသွားပြီး သူမက ကမန်းကတန်း ပြောလိုက်သည်။

“လဲ့ချန်... အဲ့စုတ်ပြတ်နေတဲ့စောင်က ဘယ်လိုလုပ် ခြုံလို့ အဆင်ပြေမှာလဲ... ရော့... ငါ့အိမ်မှာ နောက်ထပ်စောင်တစ်ထည် ရှိသေးတယ်... ရှောင်ရှောင်လေး ခြုံဖို့ မင်း ယူသွားလိုက်ပါ...”

လဲ့ချန်မှာ တစ်ခဏမျှ မှင်တက်သွား၏။ သူ အမှန်တကယ်ပင် ပိုထူသော စောင်တစ်ထည် လိုအပ်နေပေသည်။ နွားတင်းကုပ်က လေတဖြူးဖြူး ဝင်နေပြီး ရှောင်ရှောင်က ညဘက်တွင် အအေးဒဏ်ကြောင့် မကြာခဏ လန့်နိုးတတ်သည်။

သူ တစ်ခဏမျှ စဉ်းစားလိုက်ပြီး အဒေါ်ဝမ်၏ စေတနာကို မငြင်းဆန်တော့ချေ။

“ကျေးဇူးတင်ပါတယ် အဒေါ်ဝမ်... ဒါပေမဲ့ ကျွန်တော် ပိုက်ဆံတော့ ပေးရပါလိမ့်မယ်... ဒါပေမဲ့လေ... အဒေါ်သိတဲ့အတိုင်း အခု ကျွန်တော့် လက်ထဲမှာ ပိုက်ဆံ မရှိသေးဘူး... နောက်တစ်ခေါက်ကျရင် ရစ်ငှက်နှစ်ကောင်နဲ့ လဲလို့ ရနိုင်မလား...”

လဲ့ချန်၏ ဇွဲနပဲကြီးမှုကို မြင်သောအခါ ဝမ်မိသားစုကလည်း ထပ်မံငြင်းဆန်ခြင်း မရှိတော့ဘဲ ထိုကောင်လေးက ရိုးသားကြောင်း အားလုံးက ခံစားလိုက်ရသည်။

“ဒါဆိုလည်း... ပြီးတာပါပဲ...”

အဒေါ်ဝမ်က ဝမ်းသာအားရ ပြန်ဖြေလိုက်၏။

လဲ့ချန်က ဝမ်မိသားစုနှင့် အနည်းငယ်မျှ စကားစမြည် ထပ်ပြောပြီးနောက် နှုတ်ဆက်ရန် ထရပ်လိုက်သည်။

“ဦးလေးဝမ်... အဒေါ်ဝမ်... ကျွန်တော် လုပ်စရာလေး ရှိသေးလို့ သွားလိုက်ပါဦးမယ်...”

“အေး အေး... သွားစရာရှိတာ သွားပါ...”

ဝမ်ဖူကွေ့က ပြုံး၍ ပြောလိုက်၏။

လဲ့ချန် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဝမ်ကျန်းကော်က သက်ပြင်းချလိုက်သည်။

“လဲ့ချန်က တကယ့် လူကောင်းလေးပဲ... အရင်က ငါတို့အားလုံး သူ့ကို အထင်လွဲခဲ့ကြတာ...”

အဒေါ်ဝမ်ကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... အမှားကို ပြင်တဲ့သူက ရွှေထက်တောင် ပိုတန်ဖိုးရှိသေးတယ်... လဲ့ချန်က အနာဂတ်မှာ သေချာပေါက် လူရာဝင်လာလိမ့်မယ်လို့ ငါ ထင်တယ်...”

ဝမ်မိသားစုထံမှ ထွက်လာပြီးနောက် လဲ့ချန်က တာဟယ်ကွန်မြူနစ်သို့ တန်းတန်းမတ်မတ် သွား၍ တောယုန်ကို အပ်နှံလိုက်သည်။

လဲ့ကျီမင်က လဲ့ချန်ကို မြင်သောအခါ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

“ဟေ့... လဲ့ချန်... မဆိုးဘူးပဲ... မနက်ခင်းလေး အတွင်းမှာတင် တောယုန်တစ်ကောင် ထပ်ရလာပြန်ပြီလား...”

သူက ယုန်ကို လှမ်းယူ၍ လက်ဖြင့် စမ်းချိန်ကြည့်လိုက်ရာ အတော်လေး လေးနေကြောင်း တွေ့လိုက်ရ၏။

သူက အမဲလိုက်သွားမည်ဟု ပြောထားသဖြင့် အောင်မြင်မှု တစ်စုံတစ်ရာ မရရှိမီ ရက်အနည်းငယ်ခန့် သင်ယူရဦးမည်ဟု အစက ထင်ထားခဲ့သည်။ သို့သော်လည်း သူက မနေ့ကမှ စပြီး ယနေ့မှာတင် ယုန်တစ်ကောင် အမဲလိုက်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဤကောင်လေးမှာ အရည်အချင်း ရှိတာပဲ...။

“မင်းမှာ တကယ့်ကို အမဲလိုက်ဖို့ ပါရမီ ရှိပုံရတယ်... ဆက်ကြိုးစားပြီး သားကောင်တွေ အများကြီး ထပ်ရအောင် ယူလာခဲ့ပါဦး... အဲဒါက တပ်မဟာအတွက် အကျိုးပြုတာပဲ...”

လဲ့ချန်က ခပ်ဖွဖွလေး ပြုံးရုံသာ ပြုံးလိုက်၏။

“တပ်မဟာခေါင်းဆောင်ကလည်း မြှောက်လုံးတွေ ပြောနေပါပြီ... ကျွန်တော် ကံကောင်းသွားလို့ပါ...”

လဲ့ကျီမင်က လဲ့ချန်ကို လုံခြုံရေးနှင့် ပတ်သက်၍ အနည်းငယ် ထပ်မံ မှာကြားလိုက်ရာ လဲ့ချန်က သဘောတူလိုက်ပြီးနောက် လှည့်၍ တပ်မဟာဌာနချုပ်မှ ထွက်လာခဲ့သည်။

တပ်မဟာဌာနချုပ်မှ ထွက်လာပြီးနောက် လဲ့ချန်က သူ၏ နောက်ထပ်အစီအစဉ်ကို တွေးတောနေ၏။ သူက ရစ်ငှက်နှင့် ယုန်တို့ကို ပေးအပ်ပြီးပြီဖြစ်ရာ သူ၏ နောက်ထပ် ပစ်မှတ်က ကျားကြီး ဖြစ်သည်။

ထိုကျားကို တွေးမိသည်နှင့် လဲ့ချန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားလေသည်။

ထိုကျားကိုသာ အမဲလိုက်နိုင်ခဲ့လျှင် ချမ်းသာပြီပင်။

ကျားရေနှင့် အရိုးများကို ရောင်းချလိုက်ပါက ရွာထဲတွင် အိမ်သစ်တစ်လုံးပင် ဆောက်နိုင်လောက်ပေသည်။

ထို့အပြင် သူတို့အိမ်တွင် ပြီးခဲ့သည့် အကြိမ်က အမဲလိုက်ရလာသော အသားများ ရှိနေသေးသဖြင့် စားနပ်ရိက္ခာအတွက် ပူစရာ မလိုတော့ချေ။

အချိန်တန်လျှင် သူက တပ်မဟာကို သားကောင် အနည်းငယ်သာ ပေးအပ်မည်ဖြစ်ပြီး လဲ့ကျီမင်ကလည်း သေချာပေါက် ဘာမှပြောမည် မဟုတ်ချေ။

ဤသည်က သူ ရစ်ငှက်နှင့် ယုန်တို့ကို ပေးအပ်ခဲ့ခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ သနားစရာကောင်းလောက်အောင် နည်းပါးလှသော အလုပ်မှတ်များ ရရှိရန်အတွက် ၎င်းတို့ကို တပ်မဟာထံ အပ်နှံမည့်အစား သူတစ်ပါး၏ ကျေးဇူးကို ရယူရန်နှင့် သူ၏ အနာဂတ် အစီအစဉ်များအတွက် လမ်းခင်းရန် အသုံးပြုခြင်းက ပိုကောင်းပေသည်။

ရွာသားများထဲတွင် လဲ့အားကော်လောက် အားထားရသူ မရှိကြောင်း လဲ့ချန် တွေးတောမိလိုက်သည်။

All Chapters