မဒမ်ကျိ သေဆုံးခြင်း
Vol. 28 Ch. 389
တစ္ဆေကလေးငယ်သည် အနောက်သို့ လွင့်စင်သွားပြီး စူးရှစွာ အော်ဟစ်ငိုကြွေးရင်း သူ့ခန္ဓာကိုယ်မှာလည်း အလျင်အမြန် စတင်ပျောက်ကွယ်လာသည်။ သူသည် မဒမ်ကျိ နံဘေးသို့ ပြန်ရောက်ချိန်၌ အပိုင်းအစသေးသေးသာ ကျန်ရစ်တော့၏။ သူလုံးဝ ပျောက်ကွယ်သွားခါနီးတွင် မဒမ်ကျိထံ လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းများအတွင်းရှိ သတ်ဖြတ်လိုစိတ်များမှာ ပျောက်ကွယ်သွားပြီး အားကိုးတကြီး ခွဲခွာရန် တွန့်ဆုတ်ခြင်းများဖြင့် အစားထိုးသွားခဲ့သည်။
မဒမ်ကျိ၏ မျက်နှာထက်၌ ရှုပ်ထွေးသော အမူအယာတစ်ခု ပေါ်လာစဉ်မှာပင် တစ္ဆေကလေးငယ်သည် လွင့်မျောနေသော ဗုံငယ်လေးဆီသွားကာ ၎င်းကို ဆွဲယူ၍ မဒမ်ကျိထံ လှမ်းပေးလိုက်သည်။ ထို့နောက် မဒမ်ကျိအား ကလေးတစ်ဦး၏ အပြုံဖြင့် ပြုံးပြလိုက်ပြီး မျက်နှာထက်တွင် ထိုအပြုံးလေးဖြင့်ပင် သူ့ခန္ဓာကိုယ်က ပြာမှုန်များအဖြစ် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်...
"ငါ့ကလေးလေး... မင်းလည်း အမေ့ကို ထားသွားပြီပေါ့..." မဒမ်ကျိသည် ခဏတာ တွေဝေငြိမ်သက်နေပြီးနောက် အဝေးမှ လျှောက်လာနေသည့် စုမင်အား မော့ကြည့်လိုက်သည်။ သူမမျက်လုံးများထဲတွင် မုန်းတီးမှုတို့ မရှိတော့ပဲ အေးစက်သော သေခြင်းတရားအပေါ် တောင့်တမှုတို့သာ ကျန်ရစ်တော့သည်။
"နင်က အရမ်းသန်မာတယ်.... ဆက်ပြီး သန်မာနိုင်ဦးမယ် ဆိုရင်တော့ ငါမင်းကို အဖိုးတန်ရတနာ တစ်ခု ပေးလိုက်မယ်။ ဒီရတနာက ကျိယွင်ဟိုင်ရဲ့ ကျိန်စာ အရင်းအမြစ် ဖြစ်တဲ့ မာန်စွမ်းအားရှင်နဲ့ ရှာမန်တွေ မပေါ်ပေါက်သေးခင် ခေတ်က အစီအရင်တစ်ခုပဲ... သူလည်း ဒီရတနာကို ရခဲ့လို့သာ ကျိန်စာကို သင်ယူနိုင်ခဲ့တာပဲ" စကားဆုံးသည်နှင့် မဒမ်ကျိသည် ညာလက်ကိုမြှောက်၍ သူမ၏ ညာဘက်ရင်သားအောက်ရှိ လက်သီးဆုပ်အရွယ် အမာရွတ်ကို ထိုးဖောက်လိုက်သည်။
သူမသည် လက်ငါးချောင်းလုံးဖြင့် အသားကို ထိုးဖောက်၍ အတွင်းသို့ လှမ်းနှိုက်လိုက်ခြင်း ဖြစ်သည်။ နောက်သို့ ခြေလှအ်းအနည်းငယ်ခန့် ဆုတ်လိုက်ရပြီး ညာလက်ကို ပြန်ဆွဲထုတ်လိုက်သောအခါ သူမလက်ထဲ၌ နံရိုးတစ်ချောင်း ပါလာခဲ့သည်။
၎င်းက သူမနံရိုးကြီး ဖြစ်သည်။
ထိုနံရိုးပေါ်၌ အနီရောင်လက်စွပ်တစ်ကွင်း ရှိနေလေသည်။
မဒမ်ကျိသည် ထိုနံရိုးကို ချေမွကာ နားလည်ရခက်ခဲသော စကားလုံးတို့ကို ရွတ်ဆိုရင်း ဘယ်ဘက်လက်ဖြင့် လက်ဟန်သင်္ကေတများ စတင်ပြုလုပ်လိုက်သည်။ နံရိုးကြေမွသွားသည်နှင့် အနီရောင်လက်စွပ်သည် ကောင်းကင်သို့ ချက်ချင်းပျံဝဲသွားပြီး လျှပ်တပြက် အနီရောင်အလင်း၊ လေတိုးသံတစ်ချက်နှင့် အတူ ပျောက်ကွယ်သွားတော့သည်။
စုမင် အမူအယာက ပြောင်းလဲသွားသည်။ သူ၏နတ်ဘုရားစိတ်အာရုံမှာ ဝန်းကျင်တစ်ခွင် ဖြန့်ကျက်ထားဆဲ ဖြစ်၍ ထိုတစ်ခဏ၌ လက်စွပ်မှာ ပျောက်ကွယ်သွားခြင်း မဟုတ်ပဲ ၎င်း၏အရွယ်အစားကသာ အဆပေါင်းများစွာ ကျယ်ပြန့်သွားခဲ့ခြင်း ဖြစ်သည်ဟု ခံစားလိုက်ရလေသည်။
ယခုအချိန်တွင် သူနှင့် မဒမ်ကျိတို့မှာ ထိုလက်စွပ်ကျယ်ကြီး၏ အတွင်းထဲ၌ ရှိနေခြင်းဖြစ်သည်။
စုမင် စဉ်းစားချိန်ပင် မရလိုက်ချေ။ သူ့နားထဲတွင် တဝီဝီမြည်သံများ ကြားလိုက်ရပြီး မကြာမီမှာပင် အဝေးရှိ မိုးကုပ်စက်ဝိုင်းဆီမှ အနီရောင်မျဉ်းတစ်ကြောင်း တွေ့လိုက်ရတော့သည်။ ထိုတစ်ခဏ၌ သူ့မြင်ကွင်းအတွင်းရှိ ကမ္ဘာလောကကြီးသည်ပင် သွေးရောင်ပြောင်းသွားခဲ့၏။
ထိုအချိန်တွင် တစ်စုံတစ်ယောက်ကသာ ကောင်းကင်အမြင့်မှ ငုံ့ကြည့်လိုက်မည်ဆိုပါက စက်ဝိုင်းပုံ အနီရောင်မျဉ်းကြီးတစ်ကြောင်းသည် စုမင်ပတ်ပတ်လည် ပေသိန်းပေါင်းများစွာ အဝေးမှနေ၍ ဖော်ပြခြင်းငှါ မစွမ်းသာသည့် အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် ကျူံ့လာနေကြောင်း မြင်ရပေလိမ့်မည်။
စုမင်အတွက် ရှောင်တိမ်းချိန်ပင် မရချေ။ အမှန်စင်စစ် သူ့အသေသတ်တိုက်ကွက်များကို ထုတ်ဖော်နိုင်မည့် အချိန်တောင် မရခဲ့ခြင်းဖြစ်သည်။ သူ့လက်ကို မြှောက်ချိန်မရသေးခင်မှာပင် ပတ်ပတ်လည်မှ ကျူံ့ဝင်လာနေသော အနီရောင်မျဉ်းက သူနှင့် ပေတစ်ရာအဝေးသို့ ရောက်နေခဲ့ချေပြီ။
ထိုအနီရောင်မျဉ်းက လက်စွပ်ပင် ဖြစ်သည်။
ထိုလက်စွပ်သည် ကြီးမားကျယ်ပြန့်သွားပြီး စုမင်ကို ဝန်းရံပြီးသွားသည်နှင့် အလျင်အမြန် ပြန်ကျူံ့သွားခြင်း ဖြစ်၏။ ၎င်းက အရှိန်အဟုန်ကြီးမားစွာ ရောက်လာခြင်းမဟုတ်သော်လည်း သူ့အား ယခုလို အန္တရာယ်ပေးနိုင်သည့် ခံစားချက်မျိုးကတော့ ရှားပါးလှသည်။ ၎င်းသာ လုံးဝကျူံ့ဝင်သွားသည်နှင့် သူ့ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ပါ ၎င်းကို ခံနိုင်ရည်မရှိပဲ ပြိုကွဲသွားရပေလိမ့်မည်။
ထိုအရာက အလွန်လျင်မြန်လွန်း၏။ သူခုခံချိန်မရလိုက်ခင်မှာပင် အနီရောင်မျဉ်းသည် အနီးသို့ရောက်လာပြီး ပေါက်ကွဲသံတစ်ချက်နှင့်အတူ စုမင်ခန္ဓာကိုယ်က ပျက်စီးကာ လေထဲသို့ သွေးမြူများ ပြန့်ကျဲသွားတော့သည်။ လေထဲတွင် ကျန်နေရစ်သည်မှာ ထိုနေရာတွင် မလှုပ်မရှား လွင့်မျောနေသော အနီရောင်လက်စွပ်ငယ်လေးသာ ဖြစ်သည်။
မီးတောက်မျောက်ဝံသည်လည်း ဘယ်ဆီဘယ်ဝယ် ရောက်သွားမှန်း မသိတော့ပေ။ စုမင်နှင့် မဒမ်ကျိ တိုက်ခိုက်နေစဉ်ကတည်းကပင် ၎င်းသည် ဤနေရာမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ စုမင်၏ အမိန့်ကြောင့် မြေပြင်တွင် နာခံစွာ ပုန်းကွယ်နေခဲ့သော ထူးဆန်းသည့် တုတ်ချောင်းမြွေလေးသည်သာ မဒမ်ကျိအား အေးစက်စက် စိုက်ကြည့်နေခဲ့လေသည်။
မဒမ်ကျိသည် သူမအရှေ့ရှိ စုမင်ပျောက်ကွယ်သွားသော နေရာနှင့် လွင့်မျောနေသော လက်စွပ်ငယ်ကို ကြည့်လိုက်ပြီးမှ စိတ်သက်သာရာ ရသွားခဲ့သည်။ သူမနှုတ်ခမ်းများထံမှ ယခင်ထက်ပင် ရက်စက်ကြမ်းကြုတ်မှုတို့ ပါဝင်နေသည့် ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။
"ကျိယွင်ဟိုင်က မင်းလက်ချက်နဲ့ ချိပ်ပိတ်ခံလိုက်ရတယ်။ ငါ့စိတ်ဝိညာဉ်ဖမ်းစားသူ အစီအရင်က အသုံးမဝင်ခဲ့သလို ကျိန်စာကလည်း မင်းကို မသတ်နိုင်ခဲ့ဘူး။ တစ္ဆေကလေးငယ်နဲ့ တိုက်ခိုက်ရချိန်မှာတောင် မင်းမှာခုခံဖို့ နည်းလမ်းတွေ ရှိနေသေးပေမယ့် အခုတော့ သေဆုံးရတာပဲမလား"
"မင်းက ငါဒီလက်စွပ်ကို သုံးပြီး သတ်ဖူးတဲ့ ပထမဆုံး အစွမ်းထက် စစ်သည်တော် မဟုတ်သလို နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ဘူး။ မာန်စွမ်းအားရှင် တစ်ယောက်တဲ့... မင်းက မာန်စွမ်းအားရှင်တစ်ယောက် ဖြစ်မယ်လို့တော့ မထင်ထားမိတာ အမှန်ပဲ"
"ဒါပေမယ့် အရေးမကြီးတော့ပါဘူးလေ။ မင်းခန္ဓာကိုယ်က လက်စွပ်ရဲ့ ချေမွခံလိုက်ရပြီပဲ။ အဲဒီသန်မာတဲ့ အားအောက်မှာတော့ မင်းရဲ့ စိတ်ဝိညာဉ်တောင် ပျောက်ကွယ်သွားရမှာပဲ"
မဒမ်ကျိ၏ အသက်ရှူသံများက လျင်မြန်လာပြီး သူမရယ်သံများက ပိုမိုကျယ်လောင်လာသည်။ ဤသည်က သူမ၏ နောက်ဆုံးတိုက်ကွက် မဟုတ်သော်လည်း ကျိန်းသေပေါက်ပင် သူမအလွယ်တကူ အသုံးမပြုလိုသည့် တိုက်ကွက်များထဲမှ တစ်ခုဖြစ်သည်။
သူမသည် ထိုလက်စွပ်ကို အလွန်ခက်ခဲစွာဖြင့် တစ်ကြိမ်သာ ထိန်းချုပ်နိုင်၏။ ၎င်းကို အသုံးပြုလိုက်သည့် အချိန်တိုင်း သူမဦးခေါင်းက ပေါက်ကွဲမတတ် ခံစားရပြီး အာရုံခံစားမှုအားလုံး ဆုံးရှုံးသွားရလေ့ ရှိသည်။ သူမ ပုံမှန်ပြန်ဖြစ်ရန် လဝက်လောက် အချိန်လိုအပ်လိမ့်မှာ ဖြစ်သည်။
သူမ ညာလက်ကိုမြှောက်လက်ရာ လက်စွပ်က သူမဆီသို့ ဟိုသည်ယိမ်းထိုး ပျံသန်းလာခဲ့သည်။ ၎င်းကို ဆုပ်ကိုင်လိုက်ပြီး နောက်လှည့်ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သူမ စိတ်ပိုင်းဖြတ်ထားပြီးချေပြီ။ အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်နှင့် ကြိုးကြာနက် မျိုးနွယ်စုကို သွားရောက်သုတ်သင်ပစ်ရပေမည်။
သို့သော် သူမ နောက်လှည့်သည်နှင့် လက်စွပ် လွင့်မျောနေခဲ့သော နေရာမှ အနက်ရောင်အလင်းတစ်ဖြာ ရုတ်ခြည်းတောက်ပလာပြီး လေထဲ၌ စုမင်က အလျင်အမြန် ပြန်ပေါ်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးမှာ သွေးများ ရွှဲနစ်နေပြီး မျက်နှာထက်ရှိ မျက်နှာဖုံးလည်း မရှိတော့ချေ။ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျနေပြီး ညာခြေထောက်ကလည်း ယခင်လို သွက်သွက်လက် မလှုပ်ရှားနိုင်တော့ပေ။ သူသည် ပြန်ပေါ်လာသည်နှင့် မဒမ်ကျိထံ လျှပ်စီအလင်း၏ အမြန်နှုန်းဖြင့် ဦးတည်လိုက်သည်။
မကြာသေးမီက အခိုက်အတန့်လေးတွင် စုမင်သည် လူသတ်တိုက်ကွက်များကို ဖော်ထုတ်ချိန်မရလိုက်သော်လည်း ကျောက်တုံးအပိုင်းအစလေးအတွင်းရှိ လောကဆီသွားရန် ဝင်ပေါက်အား အမြဲတစေဖွင့်ထားရန် မာန်စွမ်းအားရှင်အိုကြီး၏ အမဲလိုက်ခြင်းခံရချိန်တည်းက သင်ယူခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့်သာ သူသည် ဤကပ်ဆိုးကြီးကို ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား လက်စွပ်၏ အရှိန်က အလွန်လျင်မြန်လွန်းသဖြင့် သူထိခိုက်ဒဏ်ရာ ရရှိသွားဆဲဖြစ်သည်။
"မဖြစ်နိုင်ဘူး"
မဒမ်ကျိ၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူမမျက်နှာပေါ်တွင် မယုံကြည်နိုင်မှုတို့ အထင်းသား ပေါ်လာခဲ့သည်။ ထို့နောက် ဆုတ်ခွာရန် ပြင်လိုက်သော်လည်း စုမင်က လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ အစိမ်းရောင် အလင်းတစ်ဖြာ တောက်ပသွားပြီး မဒမ်ကျိ၏ စူးရှစွာ အော်ဟစ်သံနှင့်အတူ သူမဦးခေါင်းက လွင့်ပျံသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမခြေထောက်များလည်း ပေါက်ကွဲသွားပြီး ၎င်းတို့ သွေးမြူဖြစ်သွားသည့် တစ်ခဏ စုမင်၏ ဓားရှည်က သူမခန္ဓာကိုယ်နှင့် သူမကို အစိတ်အပိုင်းလေးခုအဖြစ် ဖြတ်တောက်သွားခဲ့သည်။
ဤအရာအားလုံးက ခဏအတွင်း ဖြစ်ပျက်သွားခဲ့၏။ စုမင်သည် မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း အဝေးတွင် ပြန်ပေါ်လာပြီး သူ့သတိကို လျှော့ချမပစ်ရဲပေ။ ထိုအစား မဒမ်ကျိ၏ ခန္ဓာကိုယ်ကို အစိတ်အပိုင်းများအဖြစ် ဖြတ်တောက်ပြီးသည်နှင့် ညာလက်ကိုမြှောက်၍ လက်ဟန်သင်္ကေတများ ပြုလုပ်ကာ အဝေးရှိ ဟန်တောင်တန်းခေါင်းလောင်းကို ညွှန်ပြလိုက်သည်။
ဤမိန်းမနှင့် ဆက်မရှုပ်တော့ဖို့ သူဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဤမဒမ်ကျိ၏ အသေသတ်တိုက်ကွက် အမျိုးမျိုးမှာ အန္တရာယ်ကြီးလှသဖြင့် စုမင်အား သူမကိုကြောက်ရွံ့သွားစေသည်။ အထူးသဖြင့် ယခုလေးပင် သူသည် သေခြင်းတံခါးဝသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။ ထပ်မံ တုန့်ဆိုင်းမနေတော့ပဲ ဟန်တောင်တန်းခေါင်းလောင်း၏ ပဉ္စမဦးခေါင်းမှ ရရှိခဲ့သော ရုပ်လုံးပေါ်ခြင်းစွမ်းအားကို အသက်သွင်းလိုက်တော့သည်။
သူ့စွမ်းအင်များစွာ စုပ်ယူခံရလျှင်တောင် မဒမ်ကျိ၏ အမျိုးမျိုးသော တိုက်ကွက်များမှာလည်း ကုန်ဆုံးသွားသင့်နေလေပြီ။ ဤအခိုက်အတန့်တွင် ယခုတိုက်ကွက်ဖြင့် သူမအား သတ်ရန် အခွင့်အရေးက ယခင်ထက် ပိုများနေခဲ့၏။
စုမင် ထိုလက်ဟန်သင်္ကေတများကို ပြုလုပ်လိုက်သည်နှင့် မဒမ်ကျိ၏ အစိတ်စိတ်အပိုင်းပိုင်း ခန္ဓာကိုယ်ထံမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ၏ ပေါက်ကွဲသွားသော ခြေထောက်များက ချက်ချင်း ပြန်ကောင်းသွားပြီး ပြတ်ထွက်သွားသော လက်မောင်းများမှာလည်း သူမထံ အလျင်အမြန် ပြန်ရောက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမခန္ဓာကိုယ်က စုမင်မျက်စိရှေ့၌ ခြစ်ရာတစ်ခုတစ်လေပင် မရှိပဲ ပြန်ပေါ်လာခဲ့သည်။
သို့သော်ငြား သူမ၏ စွမ်းအင်အရှိန်ဝါများကတော့ များစွာ အားနည်းသွားခဲ့ချေပြီ။ သူမမျက်နှာမှာ သွေးစုတ်ဖြူရော်နေပြီး စူးရှစွာ အော်ဟစ်ရင်း ရူးသွပ်သွားသော အမူအယာမျိုး ပေါ်လာခဲ့သည်။ သူမ အော်ဟစ်လိုက်သည်နှင့် သူမကိုယ်တွင်းမှ အရောင်ငါးသွယ် မြူခိုးများ ပျံ့နှံလာသည်။ လေထဲရှိ အရောင်ငါးသွယ် မြူခိုးများသည်လည်း သူမထံ အလျင်အမြန် စုဝေးသွားကြသည်။
တစ်ချိန်တည်းမှာပင် အဝေးရှိ ကြိုးကြာနက်မျိုးနွယ်စု ခေါင်းဆောင်မှာ အပြင်းအထန် တုန်ယင်လျက် အလျင်အမြန် ပိန်ခြောက်သွားသည်။ သူသည် မျက်စိတစ်မှိတ်အတွင်း အရိုးပေါ်အရေတင် ဖြစ်သွားပြီး မျက်လုံးများ မှိတ်ထားရင်းမှပင် သွေးအန်၍ ဇက်ကျိုးကာ နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားရတော့သည်။
သူ သေဆုံးသွားသည်နှင့် ထူးထူးဆန်းဆန်း ညှို့ငင်နိုင်သော အရောင်ငါးသွယ် မြူခိုး တစ်စုသည် သူ့မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်တို့ထဲမှ တိုးထွက်လာပြီး အဝေးရှိ မဒမ်ကျိထံ အလျင်အမြန် စုဝေးပေါင်းစည်းသွားကြသည်။
"ဒါ ငါ့ရဲ့ နောက်ဆုံးတိုက်ကွက်ပဲ။ ငါနင့်ကို ဒါနဲ့ မသတ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး" မဒမ်ကျိက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ အရောင်ငါးသွယ် မြူခိုးများသည် တလိမ့်လိမ့်ဖြင့် တဟုန်ထိုး စတင်လှုပ်ရှားလာပြီး အစုအဝေးတစ်ခုက ကျန်မြူခိုးများနှင့် ကွဲထွက်ကာ နံဘေး၌ ငါးရောင်ခြယ် မက်မွန်ပန်းပွင့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း ၎င်းက အညွန့်အဖူး တစ်ခုမျှသာ ဖြစ်ပြီး ပွင့်အာမလာသေးပေ။
ထိုငါးရောင်ခြယ် မက်မွန်ပွင့် ပေါ်လာသည်နှင့် တပ်မက်မှု ရမ္မက်ဆန်ဆန် အရှိန်ဝါတစ်ခုလည်း ချက်ချင်း ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
"မိစ္ဆာမက်မွန် ဆယ့်သုံးပွင့်။ ဒါက ငါ့ကို ကျိယွင်ဟိုင် နှစ်ပေါင်းခြောက်ဆယ် ကျိန်စာတိုက်ခဲ့တာရဲ့ ရလဒ်ပဲ။ သူက အစကတော့ ဒီကျိန်စာကို သန့်စင်ဖို့ ငါ့ခန္ဓာကိုယ်ကို အသုံးချချင်ခဲ့တာ။ ငါသေဆုံးသွားလို့ အဲဒါကို ထုတ်ယူလိုက်တာနဲ့ အဲဒါက မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းသွားလိမ့်မယ်"
"မိစ္ဆာမက်မွန်ပွင့်ကို အတင်းအကြပ် ထုတ်ဖို့ ငါ့အသက်ကို စတေးလိုက်ပြီဆိုတော့ နင်လည်း အသက်ရှင်နိုင်စရာ အကြောင်း မရှိတော့ပါဘူး" မဒမ်ကျိတစ်ယောက် ရူးသွပ်စွာ အော်ဟစ်နေစဉ် သူမအနီးရှိ အရောင်ငါးသွယ် မြူခိုးများသည် ငါးရောင်ခြယ် မက်မွန်ပန်းဖူးများအဖြစ် ပြောင်းလဲသွားသည်။ ယခင်တစ်ခုနှင့် ပေါင်းလိုက်ပြီးနောက် ၎င်းတို့အရေအတွက်က ဆယ့်သုံးခု ဖြစ်သွားခဲ့ချေပြီ။
ထို့နောက် မဒမ်ကျိ၏ ခန္ဓာကိုယ်အနောက်တွင် ပုံရိပ်ယောင်အရိပ်ကြီးတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ ၎င်းက သူမခန္ဓာကိုယ် ပင်စည်သဖွယ် အသုံးပြုထားသည့် သစ်ပင်တစ်ပင်၏ သစ်ကိုင်းကြီးတစ်ခုပုံ ဖြစ်သည်။ ထိုသစ်ကိုင်းသည် ရုပ်လုံးပေါ်လာပြီးနောက် မက်မွန်ပန်းဖူး ဆယ့်သုံးခုနှင့် ချိတ်ဆက်သွားပြီး လေထဲ၌ပင် ပန်းဆယ့်သုံးပွင့်ရှိသည့် မက်မွန်ပန်းခက် တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။
"သေလိုက်တော့"
မဒမ်ကျိသည် သွေးအန်လိုက်ပြီး သူမ ကိုယ်ပေါ်တွင် အဆုံးမရှိသော သွေးသံရဲရဲ အက်ကြောင်းများ ပေါ်ထွက်လာသည်။ ထိုအက်ကြောင်းမျာသည် ဤနှစ်တောက်လျှောက် သူမခန္ဓာကိုယ် အက်ကွဲချိန်တိုင ကျန်ရစ်ခဲ့သော အရာများဖြစ်သည်။ ၎င်းတို့အားလုံးပေါ်လာသည့် တစ်ခဏ၌ သူမ ခန္ဓာကိုယ်မှာ အဖာအထေးတို့ဖြင့် ပြုလုပ်ထားရပုံ ပေါ်သွားခဲ့သည်။ ထိုအက်ကြောင်းများမှ သွေးစိမ်းရှင်ရှင် စီးကျလာသဖြင့် ဤမိစ္ဆာမက်မွန် ဆယ့်သုံးပွင့်က သူမ၏ နောက်ဆုံးတိုက်ကွက်ဖြစ်ကြောင်း ထင်ရှားလို့နေသည်။
သူမ ပါးစပ်ဟလိုက်သည်နှင့် လေထုအလယ်ရှိ မက်မွန်ပန်းဖူး ဆယ့်သုံးခုက အလျင်အမြန် ပွင့်အာလာကြသည်။ ၎င်းတို့အားလုံး ပွင့်သွားသည်နှင့် သစ်ကိုင်းခက်မှ ကြွေကျသွားပြီး စုမင်ထံ တိုးဝင်သွားခဲ့သည်။
"ခေါင်းကိုးလုံး နဂါး၊ တောင်ပိုင်း ဧကရာဇ်... အကြွင်းမဲ့ သတ်ဖြတ်ခြင်း"
ထိုအချိန်၌ စုမင်မျက်နှာက ဖြူဖျော့နေခဲ့ချေပြီ။ သူသည် မျက်လုံးများအတွင်းရှိ အေးစက်စက် အကြည့်တစ်ခုနှင့် အတူ လက်ဟန်သင်္ကေတများ ပြုလုပ်နေခြင်းကို အဆုံးသတ်လိုက်သည်။ ထို့နောက် ဟန်တောင်တန်းခေါင်းလောင်းကို ညွှန်ပြလိုက်ရာ ခေါင်းလောင်းသံတစ်ချက် မြည်ဟည်း ထွက်ပေါ်လာခဲ့သည်။ ထိုခေါင်းလောင်းသံနှင့်အတူ ခေါင်းကိုးလုံးနဂါးကြီး၏ ပုံရိပ်ကလည်း ဟန်တောင်တန်းခေါင်းလောင်း၏ အထက်ကောင်းကင်၌ ခမ်းခမ်းနားနား ထွက်ပေါ်လာခဲ့လေသည်။
ဧရာမ ခေါင်းကိုးလုံးနဂါးကြီး၏ နိုးထနေပြီးဖြစ်သော ဦးခေါင်းခြောက်လုံး၏ မျက်ဆံများထဲတွင် စုမင်၏အရိပ်တို့ ရှိနေသည်။ ဦးခေါင်းခြောက်လုံးက ထိတ်လန့်ဖွယ် အသံတစ်ချက် ပြုလုပ်လျက် အတူတကွ လှုပ်ရှားလိုက်ပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါစေနိုင်သည့် အရှိန်ဝါတစ်ခုနှင့်အတူ စုမင်ထံဦးတည်လာသော မိစ္ဆာမက်မွန် ဆယ့်သုံးပွင့်ထံ ဦးတည်လိုက်ကြသည်။
အနောက်မှ ဆက်လက်ထွက်ပေါ်လာသော ပေါက်ကွဲသံများကို နွားသိုးဖြူ မျိုးနွယ်စုဆီမှပင် ကြားနိုင်လေသည်။ စုမင်နေရာမှ ပေါက်ကွဲသံများသည် ကြိုးကြာနက် မျိုးနွယ်စုဆီသို့လည်း ရောက်ရှိသွားသဖြင့် မျိုးနွယ်စုနှစ်ခုမှ မျိုးနွယ်ဝင်များသည် အသံထွက်ပေါ်လာရာ လမ်းကြောင်းအတိုင်း ကြောက်လန့်တကြား ပြန်လှည့်သွားကြတော့သည်။
မိစ္ဆာ မက်မွန်ဆယ့်သုံးပွင့်သည် ခေါင်းကိုးလုံးနဂါးနှင့် တိုက်မိသောအခါ တစ်ခုပြီးတစ်ခု စတင်ပျက်စီးသွားပြီး မဒမ်ကျိကိုယ်ပေါ်မှ အက်ကြောင်းများကလည်း ပိုမိုကျယ်လာခဲ့သည်။ သူမတစ်ကိုယ်လုံး သွေးတို့ ဖုံးလွှမ်းနေခဲ့ချေပြီ။
မက်မွန်ပန်း လေးပွင့်သာ ကျန်တော့ချိန်တွင် မဒမ်ကျိ၏ မျက်ဝန်းများအတွင်း စိတ်ဓာတ်ကျခြင်းတို့ ဖုံးလွှမ်းလာခဲ့သည်။ သူမသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မျက်နှာထက်ရှိ ရူးသွပ်မှုတို့နှင့်အတူ ပေါက်ကွဲထွက်သွားလေသည်။ သူမသည် သေချာပေါက် သေဆုံးရတော့မည်ကို သိနေခဲ့သဖြင့် သူမ၏ သေဆုံးခြင်းနှင့်အတူ စုမင်အား သူမနှင့်အတူ ငရဲသို့ ဆွဲချသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူမကိုယ်သူမ ဖောက်ခွဲလိုက်သည်နှင့် မက်မွန်လေးပွင့်အနက် သုံးပွင့်မှာလည်း ပြိုကွဲသွားခဲ့သည်။ ၎င်းတို့၏ ပျက်စီးမှုက နောက်ဆုံး မက်မွန်ပန်းပွင့်၏ အရောင်ငါးမျိုးကို တစ်ရောင်တည်းအဖြစ် ပြောင်းလဲသွားစေ၏။ ၎င်းက ရမ္မက်ဆန်ဆန် လေထုတို့ ပြည့်နေသည့် ပန်းနုရောင်ပင် ဖြစ်သည်။
ထိုပန်းရောင် မက်မွန်ပွင့်ကြီးက ခေါင်းကိုးလုံးနဂါး၏ ပုံရိပ်ယောင်ရုပ်ပုံကြီးကို ဖြတ်သန်းသွားခဲ့သည်။ ၎င်း၏ အများစုက ပျက်စီးပျောက်ကွယ်သွားသော်လည်း စုမင်အရှေ့တွင် ပေါ်လာပြီး ပန်းရောင်လေထုတစ်ခုအဖြစ် ပြောင်းလဲသွားကာ စုမင်၏အမူအယာကို ပြောင်းလဲသွားစေသည်။ ကျောက်တုံးအပိုင်းအစ နယ်မြေထဲသို့ သူထွက်ပြေးခါနီးမှာပင် ထိုအနက်ရောင်လေထုက သူ့ထံချဉ်းကပ်လာပြီး နှာခေါင်းပေါက်များမှတစ်ဆင့် ဝင်ရောက်သွားတော့သည်။
စုမင်မှာ တွန့်လိမ်သွားပြီး ကျောက်တုံးအပိုင်းအစ နယ်မြေမှ ပြန်ထွက်ကျလာသည်။ သူ့မျက်နှာမှာ ချက်ချင်းနီရဲသွားပြီး မျက်ဝန်းများအတွင်း ရုန်းကန်လှုပ်ရှား နေရဟန်တို့ ပေါ်လာခဲ့သည်။ ဆင်ခြင်ဉာဏ်နှင့် ရမ္မက်တို့က ထိန်းချုပ်မှုရရန် အပြင်းအထန် စတင်တိုက်ခိုက်ကြချေပြီ။
***