ပွင့်ထွက်ခြင်း
Vol. 28 Ch. 390
ဝန်းကျင်တစ်ခွင် တိတ်ဆိတ်ငြိမ်သက် နေသည်။ လရောင်သည် မြေပေါ် ဖြာကျနေပြီး မည်သူမဆို လေထဲသို့သာ မော့ကြည့်နေမိပါက လရောင်တွင် နူးညံ့သော အရောင်အဆင်းတို့ ပြည့်နေကြောင်း ခံစားမိပေလိမ့်မည်။ သို့သော် မြေပြင်ထက်သို့ ဝေ့ကြည့်လိုက်မိမည် ဆိုလျှင်တော့ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့ သွားကြမှာဖြစ်သည်။ မြေပြင်ထက်တွင် သွေးစသွေးနတို့ ရောနှောနေသည့် အသားစများစွာ ရှိနေသည်။ လေသည် သွေးညှီနံ့တို့ကို လှုံ့ဆော်နေသဖြင့် ထိုနေရာတစ်ဝိုက်တွင် အချိန်အတော်ကြာ သွေးနံ့များ နံနေခဲ့သည်။
အသားစများကြား၌ အနီရောင်လက်စွပ် တစ်ကွင်းရှိနေသည်။ ၎င်းသည် အနီရောင်အလင်းတစ်ဖြာ တောက်ပနေပြီး အခြားနေရာရှိ အသားနှင့် သွေးများကြားတွင် ပန်းရောင်အိတ်လေး တစ်လုံးရှိနေ၏။ သို့သော် ထိုအိတ်ကလေးမှာလည်း စုတ်ပြဲနေခဲ့ချေပြီ။
ဝေးကွာသော နေရာတစ်ခုတွင် ခြောက်ကပ်နေသော အလောင်းတစ်လောင်းလည်း ရှိသည်။ ထိုအလောင်းမှာ ကြိုးကြာနက် မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် ကြောက်မက်ဖွယ် သေဆုံးခြင်းနှင့် သေဆုံးခဲ့ရပြီး အရိုးနှင့် အရေတို့သာ ကျန်ရစ်ခဲ့သည်။ ကိုယ်ပေါ်တွင် အသွေးအသား တစ်စွန်းတစ်စပင် မကျန်ရစ်တော့သော သူ့ပုံစံက သစ်ကိုင်းခြောက်ကြီး တစ်ခုလိုပင်။ သူ့မူလရုပ်သွင်လည်း မရှိတော့ချေ။ မျက်တွင်းဟောက်ပက်နှင့် သူ့ပုံစံက အရိုးစုတစ်ခုသဖွယ် ဖြစ်သည်။
သူ့အသက်ဓာတ်နှင့် အဆီအနှစ် အားလုံးတို့မှာလည်း တစ်စွန်းတစ်စ မကျန် ပျောက်ကွယ်သွားခဲ့ချေပြီ။ သူ့ခန္ဓာကိုယ် အောက်ပိုင်းမှ ပုပ်အဲ့အဲ့ အနံ့ဆိုးတစ်ခု ထွက်ပေါ်နေပြီး ၎င်းက လေထုထဲရှိ သွေးညှီနံ့တို့နှင့် ပေါင်းလျက် အော်ဂလီဆန်ဖွယ် အနံ့ဆိုးကြီး ဖြစ်သွားလေသည်။
ရှောင်ဟုန်သည်လည်း ဘယ်ဆီဘယ်ဝယ် ရောက်မှန်းမသိ ပျောက်ဆုံးသွားခဲ့ချေပြီ။ မဒမ်ကျိနှင့် စုမင် တိုက်ခိုက်နေချိန်တည်းကပင် ၎င်းက ရူးသွပ်လျက် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
စုမင်သည် လရောင်အောက် မြေပြင်ပေါ်တွင် ထိုင်နေခဲ့၏။ သူသည် မျက်လုံးများကို တင်းတင်းကြပ်ကြပ် စေ့မှိတ်ထားပြီး တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ သူ့ပါးပြင်များက ပန်းရောင်ဖျော့ဖျော့ သမ်းနေပြီး သူ့အရေပြားပေါ်တွင် သွေးကြောများ ထောင်ထနေသည်။ သူ့မျက်နှာပေါ်တွင်တော့ နာကျင်မှုနှင့် ရုန်းကန်နေရဟန်များ အထင်းသား ပေါ်နေလေသည်။
သူသည် မဒမ်ကျိ မသေဆုံးခင် တိုက်ခိုက်ခဲ့သော နောက်ဆုံး မိစ္ဆာမက်မွန်ပွင့်ကို မရှောင်တိမ်းနိုင်ခဲ့ချေ။ ၎င်း၏ အငွေ့အသက်တို့ သူ့မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စိမ့်ဝင်သွားသောအခါ ထိန်းမနိုင်သိမ်းမရ လိုအင်ရမ္မက်များက သူ့ကိုယ်တွင်း၌ ချက်ချင်း မြင့်တက်လာတော့သည်။ ထိုလိုအင်ရမ္မက်များက သူ့ဆင်ခြင်နိုင်စွမ်းကို အပြင်းအထန် တိုက်ခိုက်နေပြီး ၎င်းသာ အနိုင်ရသွားပါက သူကိုယ်တိုင်ပင် သူ့လုပ်ရပ်များကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
စုမင် ခေါင်းထဲ၌ ရှုပ်ထွေးနေသည်။ သူ့ဘဝတစ်သက် မြင်ခဲ့ဖူးသော အမျိုးသမီးများက လျှပ်ပြက်သလို ပေါ်လာနေပြီး ၎င်းတို့အသွင်အပြင်များကလည်း ညည်းညူသံများ၊ ဆွဲဆောင် ညှို့ငင်နိုင်သော လှုပ်ရှားမှုများ ဖြစ်နေသဖြင့် စုမင်၏ အသက်ရှူသံများကို ပိုမိုလျင်မြန်လာစေခဲ့သည်။
သူ့မျက်လုံးများ ဖွင့်လိုက်ချိန်ဖွင့်လိုက်ချိန်၌ အချိန်မည်မျှ ကုန်လွန်သွားမှန်းပင် မသိတော့ချေ။ သူ့မျက်လုံးများက နီရဲနေပြီး သူ့ပုံစံက အလွန်အမင်း ရက်စက်ကြမ်းကြုတ်နေသည်။ အထူးသဖြင့် သူ့မျက်လုံးများ၏ အတွင်းပိုင်း၌ တောက်လောင်နေပုံ ပေါ်သည့် မီးတောက်လုံးတစ်ခု ရှိနေခြင်းဖြစ်သည်။ ထို့နောက် စုမင်သည် ကောင်းကင်သို့မော့ကာ ဟိန်းဟောက်လိုက်၏။
သူ၏ ဟိန်းဟောက်သံမှာ လေထဲတွင် ပဲ့တင်ထပ်လျက် အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားခဲ့သည်။
'ဒါ ရိုးရိုး ကာမအားတိုးဆေး မဟုတ်ဘူး။ အဲဒါက ကိုယ်ထဲမှာရှိတဲ့ အနက်ရှိုင်းဆုံး လိုအင်ဆန္ဒတွေကို
တွန်းထုတ်လိုက်တဲ့ ကျိန်စာတစ်ခုပဲ'
စုမင်၏ ရုန်းကန်နေရသော အမူအယာက ပိုမိုဆိုးရွားလာသည်။ ထိုအချိန်တွင် သူ့ဆင်ခြင်ဉာဏ်ကို ထိန်းထားနိုင်သေးသဖြင့် ခက်ခက်ခဲခဲ ကျန်ရစ်နေသေးသော စဉ်းစားနိုင်စွမ်းဖြင့် သူ့ကိုယ်ထဲရှိ ထိုခံစားချက်ကို အလျင်အမြန် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ စုမအတွက်တော့ အတိတ်က မဒမ်ကျိ၏ ကိုယ်ထဲတွင် ကျိယွင်ဟိုင် မျိုးစေ့ချခဲ့သော ထိုမိစ္ဆာမက်မွန်ပွင့်မှာ မည်သည့်အရာဖြစ်ကြောင်း သိရန် မခဲယဉ်းလှပေ။
ထိုပစ္စည်းမှာ ဆက်လက် ပြည့်စုံလာနေပြီး နှစ်ခြောက်ဆယ်ကာလအတွင်း တိုးပွားလာသော အရေအတွက်တို့ကြောင့် အလွန်အမင်း ကြမ်းတမ်းနေခဲ့ချေပြီ။
'ငါ့ခေါင်းထဲမှာ ရှိတဲ့ ရုပ်ပုံတွေအကုန်လုံးက ဆိုးယုတ်ညစ်ညမ်းနေတယ်။ ငါ့လိုအင်ရမ္မက်ကိုသာ ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ပေးလိုက်မယ် ဆိုရင် ငါ မဒမ်ကျိလိုပဲ အဆုံးသတ်သွားရလိမ့်မယ်။ ငါ မိန်းမတစ်ယောက်ကို ရှာပြီး လိုအင်ဆန္ဒကို ဖြေဖျောက်နိုင်ခဲ့ရင်တောင် အစီအရင်ကိုတော့ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါသာ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်တော့ပဲ လိုအင်ဆန္ဒတွေထဲ နစ်မြစ်သွားတာနဲ့...'
'ငါ့ကိုယ်ပိုင်စွမ်းအားကို သုံးပြီး လိုအင်ဆန္ဒတွေကို မဖိနှိပ်နိုင်သရွေ့ အဲဒါက တစ်သက်လုံး ကြာရှည်ပြီး ပြန်ရုန်းထွက်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ငါခံစားနေရတယ်' မျက်ဝန်းများအတွင်း အနီရောင်အကြည့်စူးစူး တစ်ခုနှင့် စုမင်သည် ညာလက်ကို အမြန်မြှောက်၍ သူ့ကိုယ်ပေါ်ရှိ နေရာအချို့ကို အောင်အောင်မြင်မြင် ဖိနှိပ်နိုင်လိုက်သော်လည်း ၎င်းက ပိုကောင်းမလာခဲ့ပေ။ သူ့လည်ပင်း၌ ဆွဲထားသော ကျောက်တုံးအပိုင်းအစလေးသည်ပင် တုန့်ပြန်မှု မရှိခဲ့ချေ။
'ကျောက်တုံးနက်က ငါ့ကို ပြင်ပအရာတွေ မနှောင့်ယှက်အောင် ကာကွယ်ပေးနိုင်ပေမယ့် အခုတော့... ငါ့ကို ချိန်းခြောက်နေတာက ပြင်ပအကြောင်းရင်းတွေ ဟုတ်မနေခဲ့ဘူး။ အဲဒီ မိစ္ဆာမက်မွန်ပွင့်က ငါ့ လိုအင်ရမ္မက်ကိုပဲ အဆပေါင်းများစွာ တိုးမြင့်သွားစေခဲ့တယ်။ အဲဒါကြောင့် ကျောက်တုံးနက်က အသုံးမဝင်တာ သဘာဝပဲ...'
စုမင်သည် အပြင်းအထန် တုန်ယင်သွားပြန်၏။ သူ့ဆံပင်များသည်ပင် လုံးလုံးလျားလျား နက်မှောင်မနေတော့ပဲ ဆံပင်အမြစ်များတွင် မီးတောက်သဖွယ် အနီရောင်တောက်တောက် အရောင်များ ပေါ်လာခဲ့ချေပြီ။
သူ့ဆံပင်အမြစ်များမှ အနီရောင်သည် စတင်ပျံ့နှံ့လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်၏ ဆံပင်တစ်ဝက်မှာ အနီတောက်တောက် အရောင် ပြောင်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာပေါ်ရှိ ပန်းရောင်တို့ကလည်း အောက်သို့ ကျဆင်းသွားပြီး သူ့မျက်နှာကို ဖြူဖျော့သွားစေသည်။ သို့သော် ထိုပန်းသွေးရောင်တို့မှာ ပျောက်ကွယ်သွားခြင်း မဟုတ်ပဲ ယခုတော့ စုမင်ရင်ဘတ်၌ စုရုံးလာခြင်းဖြစ်သည်။
သူ့မျက်နှာပေါ်ရှိ သွေးကြောများက ပေါက်ထွက်မတတ် ဖောင်းကားလာသည်။ နံဖူးအလယ်ရှိ ဓားအမှတ်အသားက တောက်ပသွားပြီး ကျောက်စိမ်းဓားရှည်မှာ အပြင်သို့ တွန်းထုတ်ခံလိုက်ရသည်။ ၎င်းသည် အလွန်အမင်း စိုးရိမ်နေဟန်ဖြင့် တဝီဝီမြည်လျက် စုမင်နံဘေး၌ ပျံဝဲနေ၏။ စုမင်သည် သူ့လက်များကိုမြှောက်ကာ မြေကြီးထဲသို့ ထိုးစိုက်ချလိုက်ပြီးနောက် လက်များကို မြေကြီးထဲသို့ နှစ်ထားလိုက်သည်။
သူ့နံဖူးအလယ်ရှိ ဓားအမှတ်အသား ပျောက်ကွယ်သွားသည်နှင့် ထိုနေရာ၌ မက်မွန်ပွင့် အမှတ်အသားတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့ဆံပင်အများစုမှာလည်း အနီရောင် ပြောင်းသွားခဲ့ချေပြီ။ သူ့ပုံပန်းသွင်ပြင်မှာ သိသိသာသာ ပြောင်းလဲသွားသဖြင့် ယခင်က တည်ငြိမ်သော သူ့ပုံစံနှင့် ယှဉ်လျှင် လုံးဝ မတူကွဲပြားသော လူတစ်ယောက်လိုပင် ဖြစ်သည်။
သူ့ကိုယ်က ချွေးတို့ဖြင့် ရွှဲနစ်နေသည်။ ထိုချွေးများကြောင့် စုမင်ကိုယ်မှ ဖော်ပြခြင်းငှါ မစွမ်းသာသော ရနံ့တစ်မျိုး ထုတ်လွှတ်နေပြီး ၎င်းကို ရှူရှိုက်မိသူ အမျိုးသမီးတိုင်းအား စိတ်ရှုပ်ထွေးကာ ၎င်းတို့ကိုယ် ၎င်းတို့ ထိန်းချုပ်မှု လွတ်သွားစေနိုင်၏။
စုမင်၏ နာကျင်နေသော အမူအယာက ပိုမိုဆိုးရွားလာသည်။ သူ့လက်များကို မြေပြင်ထဲတွင် နှစ်မြုပ်ထားရန် ခွန်အားကုန် သုံးထားသော်လည်း မိစ္ဆာမက်မွန်ပွင့်၏ စွမ်းအားက အလွန်သန်မာနေသည်။ အချိန်အတော်ကြာ တောင့်ခံပြီးနောက် မက်မွန်ပွင့် အမှတ်အသား အပြည့်အစုံ ပေါ်လာပြီး သူ့ဆံပင်များ လုံးလုံးလျားလျား နီရဲသွားချိန်တွင်တော့ စုမင်တစ်ယောက် သူ့လိုအင်ရမ္မက်တို့ကို ဆက်လက်မထိန်းချုပ်နိုင်တော့ပေ။ သူသည် ခေါင်းမော့ကာ အကျယ်လောင်ဆုံးသော အသံဖြင့် အော်ဟစ်ပစ်လိုက်မိသည်။
အား....
အော်ဟစ်ပြီးသည်နှင့် နီရဲနေသော မျက်လုံးများဖြင့် စုမင်တစ်ယောက် ကောင်းကင်သို့ ပျံတက်လိုက်၏။ သူ့မျက်လုံးများအတွင်း ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတို့ ရှိမနေတော့ပဲ လိုအင်ရမ္မက်တို့သာ ကျန်ရစ်တော့သည်။ ထို့နောက် စုမင်သည် တွန့်ဆုတ်ခြင်း အလျင်းမရှိပဲ သူ့ရှေ့တည့်တည့်သို့ ပျံသန်းလိုက်တော့သည်။ သူပျံသန်းလိုက်သည်က... မြောက်ဘက်ပင် ဖြစ်သည်။
သူသည် အလွန်လျင်မြန်သဖြင့် လေထဲမှာပင် အလင်းတန်းရှည်တစ်ခု အသွင် ပြောင်းလဲပျောက်ကွယ်သွားခဲ့သည်။ ဟန်တောင်တန်းခေါင်းလောင်း၊ အနီရောင်လက်စွပ်နှင့် အခြား မည်သည့်ပစ္စည်းများကိုမှ ယူမသွားခဲ့ပေ။ သူသည် ထိုအတိုင်းသာ ရှေ့သို့ ဦးတည်နေခဲ့ပြီး တစ်ခဏအတွင်း လီတစ်သောင်း အကွာအဝေးကို ဖြတ်သန်းသွားခဲ့ချေသည်။
စုမင်သည် ရှေ့သို့ ဦးတည်ရင်း ဆက်လက်၍လည်း အော်ဟစ်ကြုံးဝါး နေခဲ့သည်။ လေထဲတွင် ပဲ့တင်ထပ်နေသော ထိုသားရိုင်းတစ်ကောင်သဖွယ် ကြုံးဝါးသံများက ကြားလိုက်ရသူတိုင်းကို ကြောက်ရွံ့ခြောက်ခြား သွားစေနိုင်၏။
၎င်းက ညသန်းခေါင်းယံအချိန် ဖြစ်သည်။ မြောက်ဘက်တွင် တည်ရှိသော နွားသိုးဖြူမျိုးနွယ်သု၏ မျိုးနွယ်ဝင် အများစုမှာ အိပ်မောကျနေခဲ့ချေပြီ။ နိုးနေသေးသူ အားလုံးနီးပါးမှာ ကင်းလှည့်နေသူများ ဖြစ်ပြီး ကင်းလှည့်မနေသည့် အိပ်မပျော်သေးသော အခြားလူတစ်ဦးမှာ နွားသိုးဖြူမျိုးနွယ်စု၏ ဘိုးဘေးသာဖြစ်သည်။
ထိုမျောက်မျက်နှာ အဘိုးအိုသည် သူ့အိမ်ထဲတွင် ထိုင်လျက် သူ့လက်ထဲတွင် လက်သည်းခွံ အရွယ်အစားရှိသော ပဲစေ့များပါသည့် ပန်းကန်ငယ်တစ်ချပ်အား ကိုင်ထားလေသည်။ သူသည် အလွန်ကျေနပ်နေဟန်ဖြင့် ရံဖန်ရံခါဆိုသလို ပဲစေ့များကို ယူစားနေခဲ့၏။
သို့သော် သူ့မျက်လုံးမျကို မှေးမှိတ်ရင်း ပါးစပ်ထဲသို့ အခြားပဲစေ့တစ်စေ့ ကောက်ထည့်လိုက်ချိန်မှာပင် ကမ္ဘာတုန်ဖွယ် ဟိန်းဟောက်သံကြီးကို ကြားလိုက်ရချေသည်။ ထိုအသံကြီး ပေါ်ထွက်လာမှုက အဘိုးအိုကို ထိတ်လန့်မင်သက်သွားစေသည်။
အဘိုးအို၏ မျက်လုံးများက ပွင့်လာပြီး သူ့အမူအယာမှာလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူသည် ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသော ပဲစေ့များကိုပင် ဂရုမစိုက်အားတော့ပဲ အိမ်အပြင်သို့ အမြန်ပြေးထွက်လိုက်သည်။ ကောင်းကင်သို့ မော့ကြည့်လိုက်မိသောအခါ သူ့မျက်ဝန်းတို့ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်တုန်လှုပ်မှုများ အထင်းသားပေါ်လာတော့သည်။
အလင်းတန်းရှည်တစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းချဉ်းကပ်လာနေပြီး မျက်စိတစ်မှိတ်အတွင်း စုမင်အဖြစ် ပြောင်းသွားခဲ့သည်။ သူ၏ အနီရောင် ဆံပင်ရှည်၊ ရူးသွပ်နေသော မျက်လုံးများနှင့် အပြင်းအထန် ဟိန်းဟောက်သံများကြောင့် သူနှင့်ပက်သက်၍ တစ်စုံတစ်ရာ လွဲမှားနေကြောင်း မည်သည်မဆို တစ်ချက်ကြည့်ရုံနှင့် သိနိုင်၏။
မျောက်မျက်နှာအဘိုးအို၏ နှလုံးသားမှာ တုန်ယင်သွားပြီး ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုအော်ဟစ်သံသည် အိပ်မောကျနေသော မျိုးနွယ်စုကို ချက်ချင်းလှုပ်နှိုးလိုက်ပြီး မျိုးနွယ်ဝင်များအားလုံး အပြင်သို့ ကြောက်လန့်တကြား ထွက်လာကြသည်။ အမျိုးသမီး၊ အမျိုးသားတို့က စုမင်ကို မြင်လိုက်သည်နှင့် သူသည်လည်း ၎င်းတို့ကို မြင်တွေ့သွားလေသည်။
စုမင်၏ မျက်ဝန်းများအတွင်း ရုန်းကန်မှုတို့ တစ်ဖန်ပြန်ပေါ်လာပြီး သူ့ဟိန်းဟောက်သံများကို ပိုမိုကျယ်လောင်လာစေသည်။ မျောက်မျက်နှာ အဘိုးအိုသည် ချက်ချင်း လေပေါ် ပျံတက်ကာ အစွမ်းထက် ရန်သူတစ်ယောက်အား ရင်ဆိုင်နေရဟန်ဖြင့် စုမင်ကို စိုက်ကြည့်လိုက်သည်။
မျိုးနွယ်စုမှ စစ်သည်အားလုံးကလည်း စူးစိုက်ကြည့်နေကြလေသည်။ အဘိုးအို အမိန့်ပေးလိုက်သည်နှင့် မျိုးနွယ်စုကို ကာကွယ်ရန် သူတို့အသက်ကိုပင် ပဓာနမထားဘဲ တိုက်ခိုက်ကြတော့မှာ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် မျောက်မျက်နှာ အဘိုးအိုမှာတော့ နှလုံးသားအတွင်း ညည်းတွားလို့နေမိ၏။ စုမင်မှာ ရူးသွပ်လုဆဲဆဲ အခြေအနေ ဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူ့အား ယခုလို ဖြစ်အောင် ဘာကလုပ်လိုက်မှန်း မသိသော်ငြား သူ့တွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိတော့သည်ကတော့ ထင်ရှားနေသည်။ ဤလူမျိုးသာ ရူးသွပ်သွားပါက မိမိတို့မျိုးနွယ်စုဆီ ကျရောက်လာမည့် ပျက်စီးမှုက မယုံနိုင်ဖွယ် ကြီးမားပေလိမ့်မည်။
မျိုးနွယ်စုမှ အမျိုးသမီးများ အိမ်အပြင် ထွက်လာပြီးနောက် ကောင်းကင်သို့ ကြောက်လန့်တကြား မော့ကြည့်လာချိန်တွင် စုမင်မှာ တုန်ယင်သွားကြောင်း အဘိုးအိုက သေချာမြင်လိုက်ရသည်။ သူ့မျက်နှာပေါ်ရှိ ရုန်းကန်နေရဟန်များကြောင့် သူ့ပုံစံက အချိန်မရွေး ပြိုလဲလုနီးပါး ဖြစ်နေချေ၏။
"နောက်ဆုတ်ကြ"
အဘိုးအိုမှ ခပ်တိုးတိုး အမိန့်ပေးလိုက်သည်နှင့် အိမ်ထဲမှ ထွက်လာကြသော သာမန်မျိုးနွယ်ဝင်များမှာ တုန်တုန်ယင်ယင်ဖြင့် အလျင်အမြန် နောက်ဆုတ်သွားကြသည်။ သို့သော် ထိုအမျိုးသမီးများ နောက်ဆုတ်လိုက်ချိန်မှာပင် ၎င်းတို့ခန္ဓာကိုယ်များက ရုတ်တရက် သိမ့်ခနဲ ဖြစ်သွားပြီး မျက်နှာများမှာ နီရဲလာကြသည်။ ၎င်းတို့သည် အသိစိတ်လွတ်သွားဟန်ဖြင့် ကောင်းကင်ယံရှိ စုမင်ကို မိန်းမောစွာ စိုက်ကြည့်နေခဲ့ကြ၏။
ဤပြောင်းလဲမှုက အားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားပြီး မျိုးနွယ်အတွင်းရှိ ကျန်လူအားလုံး ထိတ်လန့်သွားကြသည်။ စစ်သည်တော် တစ်ချို့ဆိုလျှင် ချက်ချင်း ဒေါသတကြီး ကြုံးဝါးကာ စုမင်အား တိုက်ခိုက်ရန် ပြင်လိုက်သဖြင့် ဘိုးဘေးမှ ချက်ချင်းတားဆီးလိုက်ရချေသည်။
အဘိုးအိုက စုမင်ကို စိုက်ကြည့်နေခဲ့သည်။ စုမင်၏ ယခုလက်ရှိ အခြေအနေအရ သူတို့သာ စတင်တိုက်ခိုက်လိုက်ပြီး သူ့ဘက်မှ ပြန်တိုက်ခိုက်လာမည်ဆိုလျှင် ကျိန်းသေပေါက် အသိစိတ်ပျောက်သွားပေတော့မည်။ ထိုအချိန်ကျလျှင် နွားသိုးဖြူ မျိုးနွယ်စုတစ်ခုလုံးအပေါ် ကပ်ဘေးကျရောက်တော့မည်ဟု ဆိုလိုနေသည်။
ပိုအရေးကြီးသည်က အဘိုးအိုသည် စုမင်ကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် အန္တရာယ်အသိကို ခံစားမိနေခြင်း ဖြစ်သည်။ ထိုခြိမ်းခြောက်မှုက သူ့နှလုံးသားကို တုန်လှုပ်သွားစေသည်။ ဤစုမင်သည် သူနှင့် ယခင်ဆုံခဲ့ဖူးသော စုမင်ထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းသည်ဟု အဘိုးအိုမှာ ဝိုးတဝါး ခံစားနေရသည်။
ဤသည်က သူလက်ဆုပ်လက်ကိုင် မပြနိုင်သော ရိုးရိုးရှင်းရှင်း ခံစားချက်တစ်ခုသာ ဖြစ်သည်။
သူ့ကျင့်ကြံဆင့်အရ အများကြီး မပြောနိုင်ပေ။ စုမင်ကိုယ်ထဲတွင် သူ့ကိုခြောက်လှန့်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုရှိနေသကဲ့သို့ ပြင်းထန်သော အန္တရာယ်အသိတစ်ခုအား ဝိုးတဝါးခံစားနေရကြောင်းသာ သူပြောနိုင်၏။
၎င်းက... တစ်ဖြည်းဖြည်းချင်း နိုးထလာနေသည့် ဖြစ်တည်မှုတစ်ခုလိုပင်...
"အဲဒါ ကာမအားတိုးဆေးပဲ"
အဘိုးအိုသည် ကြောက်လန့်တကြား ဖြစ်နေရင်းမှပင် အမျိုးသမီးများ၏ ထူးဆန်းနေမှုကို တွေ့မြင်သွားခဲ့သည်။ သူ့နှလုံးသားအတွင်း ထိတ်လန့်နေသော ထိုဝိုးတဝါးခံစားချက်နှင့် ဆက်စပ်ပြီးသည်နှင့် သူသည် အံတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်တော့၏။ သူ့မျိုးနွယ်ဝင်များ ဒေါသထွက်သွားနိုင်သော်လည်း ဆန့်ကျင့်ဝံ့မည်တော့ မဟုတ်ချေ။
အမှန်စင်စစ်တော့ ထိုဆုံးဖြတ်ချက်က သူ့နေရာကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။ သူကိုယ်တိုင်ပင် ၎င်းကို ပါးစပ်မှ ထုတ်ပြောရန် ခက်ခဲနေသော်လည်း စုမင်သာ ရူးသွပ်သွားပါက သူတို့မျိုးနွယ်စုကို စောင့်ကြိုနေမည့် အရာက ပျက်သုဉ်းခြင်းသာ ဖြစ်ပေလိမ့်မည်။
အထူးသဖြင့် သူသည် စုမင်ကိုယ်တွင်းမှ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိနေခြင်း ဖြစ်သည်။ ထိုစွမ်းအား တစ်ဖြည်းဖြည်း နိုးထလာနေသည်ဟူသော အရိပ်အယောင်များက ပိုမိုသိသာလာနေသည်။ အမှန်စင်စစ် မျိုးနွယ်ဝင်အများစုသည်ပင် ၎င်းကို ခံစားမိ၍ တုန်ယင်နေခဲ့ချေပြီ။
"ရှားလာ၊ အားဟွေ့၊ ရှောင်ယွင်... မင်းတို့သုံးယောက်... ပျံတက်လိုက်ကြ"
အဘိုးအိုက အံတင်းတင်းကြိတ်ကာ ထိုစကားတို့ကို ပြောလိုက်သည်နှင့် မျိုးနွယ်စုအတွင်းမှ ရှာမန်ကျင့်စဉ်တို့ကို လေ့ကျင့်ထားသော အမျိုးသမီး သုံးဦးသည် လေပေါ် ပျံတက်လိုက်ကြပြီး လေထုအလယ်တွင် ရုန်းကန်နေသော စုမင်ထံသို့ ရွှန်းလဲ့နေသော အကြည့်များဖြင့် လျှောက်သွားကြလေသည်။
***