အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း (၁၅၅)
"အိုး... ဇာတ်လမ်းထဲက ယာယီဒေတာ အစုအဝေးတစ်ခုက ငါ့ကို ဒီလိုမျိုး စကားပြောရဲတယ်ပေါ့..."
သူက ဇဝေဇဝါဖြစ်သွားသည်။
"ငါ အထင်သေးခံလိုက်ရပုံပဲ..."
ထို့နောက် သူက အေးစက်စွာ ရယ်မောလိုက်သည်။
"ဟမ့်... ဒါပေမဲ့ အဆင့် ၄ မီနီယန်တစ်ကောင်ကို သတ်နိုင်တယ်ဆိုတော့ မင်းက သာမန်ဒေတာတော့ မဟုတ်ဘူးပဲ... မင်းက ဗီဇပြောင်းနေတဲ့ အဆင့်မြင့်ဒေတာလေးခုထဲက တစ်ခုရဲ့ လက်အောက်ခံ ဖြစ်ရမယ် ဟုတ်တယ်မလား"
သူက ခေါင်းခါယမ်းလိုက်သည်။
"ဒါပေမဲ့ မင်းက စည်းမျဉ်းတွေကို မသိသေးပုံပဲ၊ မင်းတို့ထဲမှာ မင်းက အသန်မာဆုံး ဖြစ်နေရင်တောင် ငါ K3-RED Iron ကို မြင်ရင် ဒီလိုလေသံမျိုးနဲ့ စကားပြောရဲမှာ မဟုတ်ဘူး"
စက္ကန့်အနည်းငယ် ကြာပြီးနောက် ရေတွင်းဟောင်းထဲမှ အသံက ဆိုလာသည်။
"ငါ မင်းနာမည်ကို တစ်ခါမှ မကြားဖူးဘူး၊ ပြီးတော့ မင်းက ဘာလဲ ဘာတွေပြောနေတာလဲဆိုတာလည်း ငါမသိဘူး"
၎င်းက ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။
"ငါက အသူရာဘုရင်ရဲ့ အစေခံ ဝေလုပဲ၊ အစောပိုင်းက မင်းနဲ့မျိုးနွယ်တူတစ်ယောက်က ရေတွင်းထဲက 'အဓိကအင်းကွက်' ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့လို့ ငါသူ့ကို အဆုံးစီရင်လိုက်ပြီ၊ တကယ်လို့ မင်းလည်း သူ့ခြေရာအတိုင်း လိုက်ချင်တယ်ဆိုရင်တော့..."
"ဒါဆို မင်းက အစွမ်းထက်တဲ့ အစောင့်ခွေးတစ်ကောင်ပဲပေါ့"
K3 က ကြားဖြတ်ပြောလိုက်သည်။
"ငါက မင်းကို အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုလို့ ထင်နေတာ၊ ဒါပေမဲ့ မင်းက တခြား 'နတ်ဘုရားထောက်တိုင်သုံးခု' ရဲ့ နာမည်တွေကိုတောင် မသိဘူးပဲ၊ ယာယီဒေတာဆိုတာ ယာယီဒေတာပါပဲ..."
K3 က စကားပြောရင်း ရှေ့သို့ လျှောက်သွားကာ ရေတွင်းအစွန်းပေါ်သို့ နင်းလိုက်သည်။
"အချိန်သခင်က စနစ်တကျရှိတဲ့ စည်းမျဉ်းတွေကို အုပ်ချုပ်တယ်၊ နတ်ဆိုးဘုရင်က ဖရိုဖရဲဖြစ်နေတဲ့ မီးလောင်ပြင်ကမ္ဘာကို အုပ်ချုပ်တယ်၊ နယ်သာအသူရာဘုရင်က သေသူတွေရဲ့ တိုင်းပြည်ကို အုပ်ချုပ်တယ်၊ ပြီးတော့ အမှန်တရားရုံးတော်က လောကအားလုံးရဲ့ အကောင်းနဲ့ အဆိုးကို စီရင်တယ်"
သူ ရေတွင်းထဲသို့ ငုံ့ကြည့်လိုက်သည်။ ဒေတာအလွှာများကြားမှတစ်ဆင့် ရေတွင်းအောက်ခြေရှိ 'အဓိကအင်းကွက်' ကို သူ မြင်နေရသည်။ ၎င်းအပြင် 'အခြားကမ္ဘာ' ၏ အစိတ်အပိုင်းတစ်ခုကိုပင် သူ လေ့လာနိုင်စွမ်း ရှိသည်။
K3 က သူရပ်ထားသည့်နေရာမှ ဆက်ပြောလိုက်သည်။
"ပြီးတော့ မင်းကရော... ဘာလဲ၊ သေသူတို့ရဲ့ တိုင်းပြည်မှာ နောက်ဖေးတံခါးကို စောင့်ရတဲ့ အစောင့်တစ်ယောက်လား"
ဝေလုသည် K3 ၏ ရန်စမှုကို ပြန်လည် မချေပတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရန်လိုမှုကို လုပ်ဆောင်ချက်အဖြစ်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်သောကြောင့်ပင်။ နောက်တစ်စက္ကန့်တွင် ရေတွင်းဝ၌ မမြင်ရသော စုပ်အားတစ်ခု ပေါ်လာတော့သည်။ ၎င်းသည် ဝဲဂယက်တစ်ခုကဲ့ K3 ကို အောက်သို့ ဆွဲချလိုက်တော့သည်။
ထိုစုပ်အားသည် ပတ်ဝန်းကျင်ရှိ သာမန်အရာဝတ္ထုများအပေါ်တွင် သက်ရောက်မှု မရှိပေ။ သစ်ရွက်တစ်ရွက် သို့မဟုတ် မြက်ခြောက်တစ်ပင်ပင် လှုပ်ခတ်သွားခြင်း မရှိချေ။ K3 ၏ ခန္ဓာကိုယ်ကိုသာ အလွန်ပြင်းထန်သော အားတစ်ခုက ဆွဲငင်လိုက်ခြင်းဖြစ်ပြီး ရေတွင်းအောက်ခြေသို့ ဆွဲချသွားခဲ့သည်။
"မင်းအခြေအနေကိုတော့ သိပုံရသားပဲ၊ ဒီကမ္ဘာထဲမှာတော့ မင်းငါ့ကို မယှဉ်နိုင်ဘူးဆိုတာ မင်း သိတာပဲ"
K3 ၏ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ရေတွင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် လက်နှစ်ဖက်ဖြင့် ရေတွင်းအစွန်းကို ဆွဲကိုင်ထားဆဲဖြစ်ပြီး တောင့်ခံနိုင်သေးသည့် ပုံစံရှိသည်။
"အဆင့် ၄ ကောင် ဘာလို့ သေသွားလဲဆိုတာ မဆန်းတော့ပါဘူး... ဒီလိုမျိုးကိုး"
သူ့မျက်လုံးများထဲတွင် ဖုံးကွယ်မရသော သတ်ဖြတ်လိုသည့် ဆန္ဒများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ဟမ့်... စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ ဒါဆိုလည်း မင်းလိုချင်တဲ့အတိုင်း ငါလာခဲ့ပေးမယ်၊ မင်းနဲ့ လာကစားပေးရတာပေါ့"
K3 သည် သူဆုပ်ကိုင်ထားသည်ကို လွှတ်လိုက်ပြီး ခေါင်းကို အောက်စိုက်ကာ တော်ပီဒိုတစ်ခုကဲ့သို့ ငုပ်လျှိုးဆင်းသွားလိုက်သည်။ သူ ရေတွင်းအောက်ခြေနှင့် ထိတွေ့လိုက်ချိန်တွင် ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူ့ခန္ဓာကိုယ်သည် ဒေတာအတားအဆီးတစ်ခုကို ဖြတ်သန်းသွားပြီး အခြားကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားတော့သည်။
...
ကစားသမား ခြောက်ယောက်... အိုး မဟုတ်သေးပါဘူး၊ အခုဆိုရင် ငါတို့က ကစားသမား လေးယောက်နဲ့ GM (ဂိမ်းစီမံခန့်ခွဲသူ) နှစ်ယောက်လို့ ခေါ်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့ ခြောက်ယောက်လုံးကတော့ အဆင့် ၃ မူမမှန်မှု K3-RED Iron နဲ့ ဒီဇာတ်လမ်းရဲ့ အစစ်အမှန်ဘော့စ် ဝေလုတို့ကြားက ပဋိပက္ခကို ဘာမှမသိကြသေးပါဘူးနော်။
GM နှစ်ယောက်မှာမူ GMများအတွက် သီးသန့်မီနူးမှတစ်ဆင့် မူမမှန်မှု၏ တည်နေရာကို ရှာဖွေနိုင်ကြသည်။ သူတို့တွင် မူမမှန်မှုများ၏ ရေဒါနှင့် ဆင်တူသော စနစ်တစ်ခု ရှိသည်။ ပစ်မှတ်သည် အတိုင်းအတာတစ်ခုအတွင်း ရောက်ရှိလာပါက သူတို့ ရှာဖွေတွေ့ရှိနိုင်ပေသည်။ မှန်ပေသည် ကိုဩဒိနိတ်မှလွဲ၍ ထိုရေဒါသည် မူမမှန်မှု၏ အဆင့်၊ စွမ်းအား၊ ရုပ်သွင် စသည့် အခြားအချက်အလက်များကို မရရှိနိုင်ပေ။
ထို့ကြောင့် ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့မှာ စိတ်ရှုပ်ထွေးနေကြသည်။ ဇာတ်လမ်းစတင်ပြီး မကြာမီတွင် သူတို့သည် မူမမှန်မှုတစ်ခုရှိနေကြောင်း စုံစမ်းသိရှိခဲ့သော်လည်း ခေတ္တအကြာတွင် အချက်ပြမှု ပျောက်ကွယ်သွားခဲ့သည်။ လွန်ခဲ့သော ဆယ်မိနစ်ခန့်က အချက်ပြမှုကို တစ်ဖန် ပြန်လည်ရရှိခဲ့သော်လည်း ယခုအခါ ထပ်မံ ပျောက်ကွယ်သွားပြန်ပြီ ဖြစ်သည်။
မူမမှန်မှုနှစ်ခုရှိနေသည်ကို သူတို့ မသိသလို တောင်ပေါ်တွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကိုလည်း သူတို့ လုံးဝ မရိပ်မိကြပေ။ သာမန်ယုတ္တိဗေဒအရ GMများ ချမှတ်လိုက်သော ကောက်ချက်မှာ... ဤဇာတ်လမ်းထဲက အဆင့် ၄ မူမမှန်မှုသည် GMများ၏ ရေဒါကို ပိတ်ဆို့ထားနိုင်ပုံရသော်လည်း အကြောင်းပြချက်တစ်ခုကြောင့် ထိုအကာအကွယ်က ပြတ်တောက်သွားခြင်း ဖြစ်ရမည်။ ၎င်းသည် ဒုတိယအကြိမ်အဖြစ် ခဏတာ ပေါ်လာခဲ့သော်လည်း ယခုအခါတွင်မူ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဖုန်းပုကြွယ်၏ အသံထွက်ပေါ်လာပြီး သူတို့၏ အတွေးများကို ဖြတ်တောက်ကာ အငိုက်မိသွားစေသည်။
"မင်းတို့ နှစ်ယောက်က ပြောလို့မရတဲ့ကြံစည်မှုတစ်ခုခု စီစဉ်နေတာလား"
ထိုအချိန်တွင် သူတို့သည် တောင်ပေါ်က လမ်းကျဉ်းလေးအတိုင်း လျှောက်လှမ်းနေကြခြင်း ဖြစ်သည်။ ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့သည် အဖွဲ့၏ နောက်ဆုံးမှ လိုက်လာကြပြီး ဖုန်းပုကြွယ်ကမူ ရှေ့ဆုံးမှ ဖြစ်သည်။ သူ ရုတ်တရက် ရပ်လိုက်ပြီး လက်နှိပ်ဓာတ်မီးဖြင့် သူတို့နှစ်ဦးထံသို့ ပြန်ထိုးကာ ဘာမှမဟုတ်တာကို ပြောလိုက်ခြင်း ဖြစ်သည်။
"မင်းတို့ မှန်တယ်"
"အာ... ဘာ... ဘာလဲ"
ကော့ပါးနီးကပ်စ်က ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။
"ဟားဟား... မင်း... ဘာတွေပြောနေတာလဲ၊ မနောက်ပါနဲ့ကွာ"
ဂယ်လီလီယိုက ဟန်ဆောင်အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ သူက အပြုံးအတုဖြင့် ဖြေနေရသော်လည်း စိတ်ထဲတွင်မူ "မဖြစ်နိုင်တာ... ဒီကလေးက ဒီလောက်အထိ ထက်မြက်နေတာလား" ဟု ရေရွတ်နေမိသည်။ ငါတို့ ပေါ်သွားပြီလား။
"သူပြောချင်တာက... ထောက်လှမ်းရေးအထူးပြု ယူထားတဲ့ ရှင်တို့နှစ်ယောက်က ဘာလို့ အဖွဲ့နောက်ဆုံးကို ရောက်နေရတာလဲလို့ မေးတာ"
ယဲ့ကျီက ဆိုသည်။
"ဟမ်"
ကော့ပါးနီးကပ်စ် ထိတ်လန့်သွားသည်။
"အိုး... အိုး ဟုတ်သားပဲ၊ ဟုတ်တယ်၊ ဆောရီးပါ၊ ငါ အာရုံလွင့်သွားလို့..."
သူက ရှက်ကိုးရှက်ကန်း ပြုံးပြကာ ရှေ့သို့ တိုးလျှောက်လာလေသည်။
ထောက်လှမ်းရေးအထူးပြု ဆိုသည်မှာ သိသာထင်ရှားလှသော လိမ်ညာမှုတစ်ခုသာ ဖြစ်သည်။ သူတို့သည် ဇာတ်လမ်းအချိုးအကွေ့ရှိသည့်နေရာကိုသာ သိကြသည်။ ဘွဲ့အမည်နှင့် ပတ်သက်၍မူ... GMများ၏ ဘွဲ့များမှာ သတ်မှတ်ပြီးသား ဖြစ်သဖြင့် ပြောင်းလဲ၍ မရပေ။ ၎င်းတို့က မည်သည့် စကေးကိုမျှ ပေးစွမ်းမည် မဟုတ်ပေ။ အမှန်စင်စစ်တွင်လည်း သူတို့မှာ ဘွဲ့စကေးများ မလိုအပ်ပေ။ GM များတွင် တက်ကြွစွမ်းရည်နှင့် ပင်ကိုယ်စွမ်းရည်များကို ထည့်သွင်းရန် နေရာလပ်များစွာ ရှိကြသည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းများမှာလည်း အဆင့်တူ ကစားသမားများထက် ပိုမို သန်မာကြပြီး သူတို့ ပိုင်ဆိုင်သော အသုံးအဆောင်များသည် သာမန်ကစားသမားများ စိတ်ကူး၍ပင် မရနိုင်သော အရာများ ဖြစ်သည်။ ဥပမာအားဖြင့် -
အမည် - မန်နေဂျာ၏ ဓား အဆင့် - ၁၈
အမျိုးအစား - လက်နက်
အရည်အသွေး - သာမန်
တိုက်ခိုက်ရေးအမှတ် - အနည်းငယ် သန်မာ
ဓာတ်သဘာဝ - မရှိ
အထူးအာနိသင် - ပစ်မှတ်အပေါ် ပေးစွမ်းနိုင်သော ထိခိုက်မှုမှာ သုံးဆ ဖြစ်လိမ့်မည်။
တပ်ဆင်ရန် လိုအပ်ချက် - မန်နေဂျာသီးသန့်
မှတ်ချက် - ဤပစ္စည်းကို စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် အရောင်းအဝယ် ပြုလုပ်ခြင်း မပြုနိုင်ပါ။ ၎င်းကို သာမန်ကစားသမားများအား မည်သည့်ပုံစံဖြင့်မှ မပြသရပါ။
အိုင်တမ်ဖော်ပြချက်သည် ထိုမျှအထိ မရှုပ်ထွေးသော်လည်း အထူးသက်ရောက်မှုသည် လူတစ်ယောက်ကို သေလောက်အောင် ထိတ်လန့်စေရန် လုံလောက်လှပေသည်။
ပန်ဖုန်းနှင့် ဟွာရှုံတို့ ပြောခဲ့ဖူးသည်မှာ GMတစ်ဦး၏ အမှန်တကယ် စွမ်းအားအဆင့်သည် ပြသထားသည်ထက် ဆယ်ဆင့်ခန့် ပိုမို မြင့်မားသည်ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဂိမ်းကျွမ်းကျင်မှုကို ထည့်မတွက်ပါက ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့၏ စွမ်းအားသည် အဆင့် ၂၈ရှိသော ကစားသမားနှစ်ဦးနှင့် ညီမျှနေခြင်းဖြစ်သည်။ ၎င်းအပြင် သူတို့သည် GM များသာ သိခွင့်ရှိသော ဇာတ်လမ်းအချက်အလက် အမြောက်အမြားကိုလည်း ရရှိထားကြသည်။
ဘွဲ့အမည်များနှင့် အခြားအရာများမှာ သူတို့အတွက် ဘာမှ မဟုတ်ပေ။ GMများ၏ ဘွဲ့အမည်များသည် များသောအားဖြင့် လူသိနည်းသော အရာများသာ ဖြစ်လေ့ရှိသည်။ 'စစ်တပ်ခြေမှုန်းလက်သီး' ၊ 'ကောင်းကင်နတ်ဆိုး၏ အမွေခံ' သို့မဟုတ် 'မရှုံးနိမ့်သော သံလက်သီး' ကဲ့သို့သော ဘွဲ့အမည်မျိုးများကို သူတို့သုံးချင်လျှင်ပင် သူတို့၏ အထက်လူကြီးများက ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
GM များသည် များသောအားဖြင့် ကင်းထောက်များအဖြစ် ဟန်ဆောင်လေ့ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူတို့ ရရှိထားသော သတင်းအချက်အလက်များကို အကြောင်းပြချက် ပေးနိုင်သလို သာမန်ကစားသမားများကိုလည်း ကာကွယ်ပေးနိုင်သည်။ ကင်းထောက်များသည် ရှေ့တန်းတွင် အမြဲရှိနေရသူများ ဖြစ်သဖြင့် GMများက မကောင်းသောအလှည့်အပြောင်းများကို ကိုင်တွယ်နိုင်သလို မူမမှန်မှုများ၏ ချုံခိုတိုက်ခိုက်မှုကိုလည်း တားဆီးပေးနိုင်ကာ ကစားသမားများ မလိုအပ်ဘဲ သေဆုံးခြင်းမှ ကာကွယ်ပေးနိုင်သည်။
"စိတ်မပူပါနဲ့၊ ဘာမှ ကြောက်စရာမရှိပါဘူး၊ အာရုံစိုက်ထားကြပါ"
မရှုံးနိမ့်သောချန်ပီယံက အားပေးသောလေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။ သူတို့နှစ်ဦးသည် ကြောက်ရွံ့နေသောကြောင့် စိတ်မတည်မငြိမ် ဖြစ်နေသည်ဟု သူထင်မြင်မိခြင်း ဖြစ်သည်။
သူမရည်ရွယ်ဘဲ လုပ်ဆောင်လိုက်သော ဤအပြုအမူကပင်... တစ်စုံတစ်ခုကို စတင် ဖြစ်ပေါ်စေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
"ဇာတ်လိုက်အရှိန်အဝါကို လွှဲပြောင်းလိုက်ပါပြီ။ လက်ရှိ ဇာတ်လိုက်အရှိန်အဝါ ပိုင်ဆိုင်ထားသော ကစားသမားမှာ မရှုံးနိမ့်သောချန်ပီယံ ဖြစ်ပါသည်။"
အခန်း (၁၅၆)
"ဟင် ဒီလိုလည်း လုပ်လို့ရတာလား"
မရှုံးနိမ့်သောချန်ပီယံက အံ့အားသင့်သွားသည်။
"အရမ်းကောင်းတာပဲ၊ အရှိန်အဝါပိုင်ရှင်ကို ပြောင်းလဲဖို့ နောက်ထပ်နည်းလမ်းတစ်ခု ငါတို့ ရှာတွေ့သွားပြီပေါ့"
ဖုန်းပုကြွယ်က မည်းမှောင်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ဒီနည်းလမ်းက သိပ်တော့လက်တွေ့ကျပုံ မရဘူးပဲ"
"အဲ့ဒါက ရှင့်အတွက်ပဲနေမှာပါ"
ယဲ့ကျီက ဖုန်းပုကြွယ်ကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျွန်မအမြင်မှာတော့ ဒီနည်းလမ်းက ရှင့်ရဲ့ ကလေးကလား စိတ်ကူးယဉ်ကြေညာချက်ကြီးထက် အများကြီး ပိုကောင်းပါတယ်"
ဖုန်းပုကြွယ်က ထိုစကားကို ကြားသောအခါ ပုခုံးတွန့်ပြရုံသာ တုံ့ပြန်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့သည် လမ်းပြရန် အဖွဲ့ရှေ့ဆုံးသို့ ထွက်လာကြသည်။ အစောပိုင်းက မူမမှန်မှု၏ အချက်ပြမှုသည် ရေဒါပေါ်တွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသဖြင့် သူတို့ အာရုံများနေခဲ့ကြပြီး ဖုန်းပုကြွယ်၏ စကားကြောင့်ပင် သူတို့နှစ်ဦးမှာ ရှေ့မှလမ်းပြရန် သတိဝင်လာကြခြင်း ဖြစ်သည်။
GMများသည် ဇာတ်လမ်းအောင်မြင်ရန် နည်းလမ်းနှင့် အရေးကြီးသော အမှတ်အသားများ ရှိရာနေရာကို သိကြသည်။ ဤအချက်နှင့် ပတ်သက်လျှင် ဖုန်းပုကြွယ်၏ 'အပြတ်အသတ် အောင်နိုင်ခြင်း' စကေးမှာ သူတို့နှင့် ယှဉ်နိုင်စွမ်း မရှိတော့ပေ။ သူသည် ဘွဲ့ထူးစကေးကို သုံးကာ ဘော့စ်သည် နာကျည်းမှုရေတွင်း ဖြစ်ကြောင်း သိခဲ့ရသော်လည်း သူ လေ့လာနေချိန်တွင် ဝေလုမှာ ရေတွင်း၏ အခြားတစ်ဖက်ခြမ်းသို့ ရောက်နေသဖြင့် ဝေလုကို သူမမြင်ခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ ဤဇာတ်လမ်းထဲတွင် မူမမှန်မှုသာ မရှိခဲ့ပါက ကစားသမားများအနေဖြင့် အစစ်အမှန်ဘော့စ်ထံသို့ ရောက်ရှိရန် သီးသန့်အခြေအနေတစ်ရပ် လိုအပ်မည် ဖြစ်သည်။ ထို့အပြင် ဇာတ်လမ်းကို အောင်မြင်ရန် အခြေခံနည်းလမ်းသည်လည်း ဝေလုနှင့် ရင်ဆိုင်ရန် မလိုအပ်ပေ။
GM မီနူးမှတစ်ဆင့် သူတို့ သိနိုင်သည်မှာ တောင်ပေါ်တွင် ဝိညာဉ်ရိတ်သိမ်းအင်းကွက် လေးခု ရှိနေခြင်းပင်။ သာမန်အင်းကွက်သုံးခုသည် တောင်ပေါ်တွင် ပြန့်ကျဲနေပြီး ကျန်အင်းကွက်တစ်ခုမှာမူ နာကျည်းမှုရေတွင်း၏ အောက်ခြေတွင် ရှိသည်။ ပုံမှန်လုပ်ငန်းစဉ်အရ ကစားသမားများသည် ဂိမ်းစတင်ပြီးနောက် တောင်ပေါ်သို့ တက်လာသည်နှင့် ပုံမှန် ဝိညာဉ်ခိုးအင်းကွက်တစ်ခုနှင့် သေချာပေါက် တွေ့ဆုံရမည် ဖြစ်သည်။ ကစားသမားများသည် ၎င်းဖန်တီးသော ပုံရိပ်ယောင်ထဲမှ လွတ်မြောက်အောင် ကြိုးစားပြီး အင်းကွက်ကို ဖျက်ဆီးနိုင်ပါက အဓိကတာဝန်ကို စတင်နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် နာကျည်းမှုရေတွင်းကို ပိတ်ဆို့ရန်အတွက် မှော်အင်းကွက် စုစုပေါင်း လေးခုကို ဖျက်ဆီးရမည်ဖြစ်ကြောင်း စနစ်က ကစားသမားများကို အကြောင်းကြားပေလိမ့်မည်။
ထို့နောက် ကစားသမားများသည် သာမန်အင်းကွက်သုံးခုနှင့် ရေတွင်းအောက်ခြေရှိ အင်းကွက်ကို ဖျက်ဆီးခြင်းဖြင့် ဇာတ်လမ်းကို အောင်မြင်စွာ အဆုံးသတ်နိုင်မည် ဖြစ်သည်။ ရေတွင်းအောက်ခြေရှိ အင်းကွက်က ကိုင်တွယ်ရ ပိုမိုခက်ခဲမည်မှာ အမှန်ပင်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ဤလမ်းကြောင်းအတိုင်း သွားပါက ဝေလု ထွက်ပေါ်လာမည် မဟုတ်ပေ။
ဖုန်းပုကြွယ်တို့အဖွဲ့ ဇာတ်လမ်းထဲသို့ ဝင်ရောက်လာပြီးနောက် ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း လျှောက်သွားခဲ့သဖြင့် ဖုံးကွယ်ထားသော ဆုလာဘ်တစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုလမ်းကြောင်းအတိုင်း သွားခြင်းဖြင့် တောင်အပြင်ဘက်ရှိ ပျက်စီးနေသော နံရံပေါ်က ဝိညာဉ်ရိတ်သိမ်းအင်းကွက်ကို ရှာတွေ့ခဲ့သည်။ ထိုအင်းကွက်ကို ဖြေရှင်းခြင်းက မည်သည့် အချိုးအကွေ့ကိုမျှ မဖြစ်ပေါ်စေသော်လည်း အမှန်တကယ်တွင် ထိုအင်းကွက်သည် အဓိကတာဝန်အတွက် လိုအပ်သော အရေအတွက်ထဲတွင် အကျုံးဝင်ပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုအင်းကွက်ကို ကြိုတင်ကိုင်တွယ်ထားသော ကစားသမားများသည် တောင်ပေါ်ရှိ ပုံမှန်အင်းကွက်များအနက် တစ်ခုခုကို ဖြေရှင်းပြီး မစ်ရှင်အချက်အလက်ကို ရရှိချိန်တွင် ၎င်းတို့၏ တိုးတက်မှုမှာ ၂/၄ အဖြစ်သို့ ရောက်ရှိနေမည် ဖြစ်သည်။ ဆိုလိုသည်မှာ စံအိမ်ကြီး၏ စမ်းသပ်မှုကို အောင်မြင်ခဲ့သော ကစားသမားများသည် နာကျည်းမှုရေတွင်းရှိ ပင်မအင်းကွက်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။ သူတို့သည် တောင်ပေါ်ရှိ ကျန်ရှိသော ပုံမှန် ဝိညာဉ်ခိုးအင်းကွက်လေးခုကိုသာ ဖြေရှင်းရုံဖြင့် စမ်းသပ်မှုကို အောင်မြင်နိုင်မည် ဖြစ်သည်။
အထက်ပါ ဂိမ်းလမ်းကြောင်းနှစ်ခုသည် ဘာမှစဉ်းစားစရာမလိုဘဲ ကစားသွားရုံဖြင့် အောင်မြင်မည့် ပုံမှန်လမ်းကြောင်းနှင့် ပဟေဌိများကို ဖြေရှင်းပြီး အောင်မြင်မည့် လွယ်ကူသော လမ်းကြောင်းတို့ ဖြစ်ကြသည်။ နောက်ဆုံးတစ်ခုမှာ သိသိသာသာ အခက်အခဲ နည်းပါးသော်လည်း ရှေ့ကတစ်ခုမှာမူ စိတ်ရှုပ်စရာကောင်းသော တိုက်ပွဲများကို ရင်ဆိုင်ရမည် ဖြစ်သည်။
အမှန်စင်စစ် တတိယရွေးချယ်စရာ လမ်းကြောင်းတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ GMများပင် ရွေးချယ်လိမ့်မည် မဟုတ်သောအရာ ဖြစ်သည်။ ၎င်းမှာ အရိုးရှင်းဆုံးနှင့် အကြမ်းတမ်းဆုံး နည်းလမ်းပင်။ တောင်ပေါ်ရှိ ပုံရိပ်ယောင်များနှင့် အခြားအလှည့်အပြောင်းများကို ဂရုမစိုက်ဘဲ တောင်ထိပ်ရှိ နတ်ကွန်းဆီသို့ အတင်းဝင်တိုက်ကာ ရေတွင်းထဲသို့ ခုန်ချပြီး 'အခြားကမ္ဘာ' ထဲသို့ ဝင်ရောက်ကာ ဝေလုကို သတ်ပစ်ခြင်းပင်။
ဂိမ်းစတူဒီယိုတစ်ခုအဆင့်ရှိသော ခြောက်ယောက်အဖွဲ့တစ်ခုဆိုလျှင် ဤသို့ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်။ သို့မဟုတ် မူမမှန်မှုများ၏ နှောင့်ယှက်မှုမရှိသော GMနှစ်ဦးသည် လမ်းခုလတ်ရှိ အန္တရာယ်အားလုံးကို ရှောင်ကွင်းကာ ရေတွင်းထဲသို့ တိုက်ရိုက်ဝင်ပြီး အစစ်အမှန်ဘော့စ်ကို တိုက်ခိုက်ခြင်းဖြင့် အောင်မြင်ကောင်း အောင်မြင်နိုင်သည်။ သို့သော် သာမန်ကစားသမားတစ်ဦးအတွက်မူ ဤကဲ့သို့ ခွန်အားကိုသာ အားကိုးပြီး ဂိမ်းကို ဖြတ်ကျော်မည့် နောက်ဆုံးနည်းလမ်းသည် လက်တွေ့တွင် မဖြစ်နိုင်သလောက်ပင်။
ယခုအခါ သူတို့သည် ဇာတ်လမ်းအောင်မြင်ရန် အလွယ်ကူဆုံး လမ်းကြောင်းပေါ်သို့ ရောက်နေပြီဖြစ်သလို မူမမှန်မှုကိုလည်း ဖမ်းရခက်နေသဖြင့် ဂယ်လီလီယိုနှင့် ကော့ပါးနီးကပ်စ်တို့၏ မူလအစီအစဉ်မှာ သဘာဝကျစွာပင် ပြောင်းလဲသွားရသည်။ အစပိုင်းတွင် သူတို့သည် ကစားသမားများ၏ စွမ်းအားကို အထင်သေးခဲ့ကြသဖြင့် အခြေအနေများကို အလွန်အမင်း မရှုပ်ထွေးစေချင်ခဲ့ပေ။ သူတို့အစီအစဉ်သည် အဖွဲ့ကို တောင်ပေါ်သို့ အမြန်ဦးဆောင်ခေါ်သွားပြီး ပုံမှန်လမ်းကြောင်းအတိုင်း မှော်အင်းကွက်လေးခုကို ကိုင်တွယ်ကာ ကစားသမားများကို အမြန်ပြန်လွှတ်ရန် ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ တောင်ထိပ်သို့ တက်စရာမလိုဘဲ အဓိက မစ်ရှင်ကို ပြီးမြောက်စေကာ ကစားသမားများကို ပြန်လွှတ်နိုင်မည့် အခွင့်အရေး ရနေပြီဖြစ်သဖြင့် ၎င်းကို ကောင်းကောင်း အသုံးချရမည် ဖြစ်သည်။
ခြောက်ယောက်သား ခဏတာ လျှောက်လှမ်းပြီးနောက် ဂယ်လီလီယိုသည် အဖွဲ့ကို မူလတောင်တက်လမ်းမှ လမ်းခွဲစေကာ အနီးနားရှိ တောအုပ်ထဲသို့ ဦးဆောင်ဝင်ရောက်သွားသည်။
ဖုန်းပုကြွယ်သည် သူတို့နှစ်ဦး၏ လုပ်ဆောင်ချက်များကို ဘေးလူတစ်ယောက်ကဲ့သို့ ကြည့်နေပြီး မည်သည့် သံသယကိုမျှ ထုတ်မပြောပေ။ အခြားတစ်ဖက်တွင်မူ ယဲ့ကျီက မေးခွန်းအချို့ မေးမြန်းခဲ့သည်။ သို့သော် 'စုံစမ်းစစ်ဆေးရေး' အထူးပြုယူထားသော ညီအစ်ကိုနှစ်ဦးသည် တစ်ယောက်တစ်လှည့် ထောက်ခံပြောဆိုကာ ပြီးစလွယ်ရှင်းပြလိုက်သဖြင့် ယဲ့ကျီလည်း ထပ်မမေးတော့ပေ။
မသိမသာပင် တောင်ပေါ်သို့ စတင်တက်လာခဲ့သည်မှာ မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မှောင်ရိပ်ကျနေသော တောအုပ်နှင့် ခြေဖဝါးအောက်က မတ်စောက်သော ကုန်းတက်လမ်းများသည် သူတို့ကို စိတ်ပိုင်းဆိုင်ရာဖိအားနှင့် ပင်ပန်းနွမ်းနယ်မှုကို တဖြည်းဖြည်း ခံစားရစေသည်။
"ဒီတောအုပ်မှာ အစစ်အမှန် နယ်နိမိတ်ဆိုတာ မရှိဘူး"
ဂယ်လီလီယိုက ရှင်းပြသည်။
"အောက်တိုဘာ ၃၁ ရက် ညမှာ တောင်တစ်ခုလုံးက ဟင်းလင်းပြင်မူမမှန်မှုတစ်မျိုးထဲကို ရောက်သွားခဲ့တယ်လို့ ငါယုံတယ်"
ဖုန်းပုကြွယ်သည် ထိုစကားစုထဲမှ "ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ" ဆိုသည့် အဓိပ္ပာယ်ကို ဖတ်ယူလိုက်နိုင်သည်။
"ဒါဆိုရင် ပတ်ချာလည် လျှောက်မနေဘဲ တည့်တည့်ပဲ သွားကြရအောင်လေ၊ ကုန်းစောင်းအတိုင်း တောက်လျှောက် တက်သွားရင် တောင်ထိပ်ကို ရောက်မှာပဲ မဟုတ်လား"
မရှုံးနိမ့်သောချန်ပီယံက အကြံပြုသည်။
"မင်းက တော်တော်လေး ရိုးအတာပဲ"
ဖုန်းပုကြွယ်က ဆိုသည်။
"သူတို့က နယ်နိမိတ်မရှိဘူးလို့ ပြောကတည်းက လမ်းကြောင်းဦးတည်ချက်ဆိုတဲ့ အယူအဆကို ငါတို့ စွန့်လွှတ်လိုက်လို့ရပြီ၊ မင်းက ငါတို့ ကွေ့ပတ်သွားနေတယ်လို့ ထင်နေတာက မင်းခြေဖဝါးအောက်က ကုန်းစောင်းအပေါ်မှာပဲ အခြေခံပြီး တွေးနေလို့ပဲ"
သူက ခေါင်းကို စောင်းလိုက်ပြီး ပြောသည်။
"ဒါဆို... ငါတို့က မြေပြန့်ပေါ်မှာ လျှောက်နေတယ်၊ ဒါပေမဲ့ ဒီမြေပေါ်က သစ်ပင်တွေ အားလုံးက စောင်းနေပြီး ဆွဲငင်အားကလည်း စောင်းနေတယ်လို့ မြင်ယောင်ကြည့်လိုက်၊ ဒါဆိုရင် မင်းက ဒါကို ကုန်းစောင်းတစ်ခုလို့ပဲ ထင်နေမှာပဲ"
"အင်း..."
မရှုံးနိမ့်သောချန်ပီယံသည် ထိုအခြေအနေကို စိတ်ကူးကြည့်၍ မရပေ။
"ဒါ့အပြင် ဟင်းလင်းပြင် မူမမှန်မှုဆိုတာက ဒီတောင်ရဲ့ အစစ်အမှန်အရွယ်အစားက အဆုံးမရှိအနန္တ ဖြစ်နေနိုင်တယ်လို့ အဓိပ္ပာယ်ရတယ်"
ဖုန်းပုကြွယ်က ဆက်ပြောသည်။
"ဒီလိုနေရာမျိုးမှာ ငါတို့က လမ်းကြောင်းတစ်ခုတည်းအတိုင်း တောက်လျှောက်သွားနေရင် အပြင်ထွက်နိုင်ဖို့ထက် ဒီနေရာမှာတင် ပတ်ချာလည်ပိတ်မိနေဖို့က ၈၀၊ ၉၀ ရာခိုင်နှုန်းလောက် သေချာတယ်"
သူက လေထဲတွင် အနန္တသင်္ကေတ (∞)ကို လက်ဖြင့် ဆွဲပြလိုက်သည်။
"တကယ်လို့ ဒါက ထွက်ပေါက်မရှိတဲ့ စက်ဝိုင်းပုံဟင်းလင်းပြင်တစ်ခုဆိုရင် ငါတို့ ဝင်လာတဲ့ အချိန်ကစပြီး 'အပြင်ကို လျှောက်ထွက်သွားဖို့' ဆိုတာ မရှိတော့ဘူး၊ ဟင်းလင်းပြင် မူမမှန်မှုကို ဖျက်ဆီးနိုင်မှသာ ထွက်ပေါက်ကို ရှာတွေ့နိုင်မယ်၊ ဒါပေမဲ့ လက်ရှိ အခြေအနေအရဆိုရင်တော့... ဒါက မတူတဲ့ အခြေအနေတစ်ခုပဲ"
GMနှစ်ဦးသည် ထိုစကားကို ကြားသောအခါ သူ့ဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာများအရ ဖုန်းပုကြွယ်မှာ နောက်တစ်ကြိမ် ထပ်မှန်ပြန်ပြီဖြစ်ကြောင်း ဖော်ပြနေလေသည်။
"လက်ရှိအခြေအနေအရ ဆိုတာက ဘာကို ဆိုလိုတာလဲ"
ယဲ့ကျီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ခြေရာဟောင်း ပြန်နင်းတာမျိုး မရှိဘူး"
မုန့်ကျင်းချန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။ သူ့စကားမှာ တိုတိုတုတ်တုတ်ဖြစ်သော်လည်း လိုရင်းရောက်လှသည်။
"ဟက် အထင်ကြီးစရာပဲ၊ နားလည်တဲ့သူ တစ်ယောက်တော့ ကျန်သေးသားပဲ"
ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။
"မင်းကလည်း ချီးကျူးလွန်းနေပါပြီ၊ မင်းလည်း အတူတူပါပဲ"
မုန့်ကျင်းချန်းက ပြောရင်း ပုလင်းကို မော့ကာ နောက်ထပ်တစ်ငုံ သောက်လိုက်ပြန်သည်။ ထိုလူသည် ပုံပန်းသဏ္ဌာန်ထက်စာလျှင် ပိုအားကိုးထိုက်သူ ဖြစ်သည်။
ဖုန်းပုကြွယ်က ဆက်ပြောသည်။
"အခုထိ မင်းတို့ မြင်ဖူးနေတဲ့ အရာတစ်ခုခု ဒါမှမဟုတ် မင်းတို့ ကိုယ်ပိုင်ခြေရာတွေကို ပြန်တွေ့ခဲ့တာမျိုး ရှိလို့လား"
"အဲ... ဒါတော့ ဟုတ်တယ်"
မရှုံးနိမ့်သောချန်ပီယံက ဆိုသည်။
"ဒါပေမဲ့ ဒီတောင်ကြီးက အပြင်ကနေကြည့်ရင် အကြီးကြီးပဲလေ၊ အဲ့ဒါက ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား"
ဂယ်လီလီယိုက ဖုန်းပုကြွယ်အတွက် ပြန်လည် ရှင်းပြပေးလိုက်သည်။
"ငါတို့ အပြင်ကနေ မြင်ရတဲ့အရာနဲ့ အခု ငါတို့ရောက်နေတဲ့နေရာက လုံးဝမတူညီတဲ့ ဟင်းလင်းပြင် နှစ်ခုပဲ... ဥပမာအားဖြင့်..."
သူ စကားမဆုံးမီမှာပင် ရှေ့ဆုံးမှ ကော့ပါးနီးကပ်စ်က ရုတ်တရက် လက်မြှောက်ကာ အချက်ပြလိုက်သည်။ သူက ရှူးတိုးတိုး လုပ်လိုက်ပြီးနောက် အသံကို နှိမ့်ကာ ပြောလိုက်သည်။
"ရှေ့မှာ တစ်ခုခု ရှိနေတယ်..."