← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇)

သေသူတို့၏ တိုင်းပြည်၊ အဆုံးမဲ့ပျောက်ဆုံးကမ္ဘာ။

ထိုအဆုံးမဲ့သဲကန္တာရထဲတွင် ဝါရွှေရောင် သဲပွင့်တစ်ပွင့်မှ မရှိချေ။ အဝေးသို့ လှမ်းကြည့်လိုက်ပါက အရာအားလုံးမှာ မီးခိုးရောင်သန်းနေသော အဖြူရောင်များသာ ဖြစ်သည်။

သေဆုံးသွားသူများသည် မြေမှုန့်အဖြစ် ကြိတ်ခြေခံရပြီးနောက် နောက်ဆုံးကျန်ရစ်သော ဖုန်မှုန့်များ စုပုံလာကာ ဤအထီးကျန်လှသော သဲဖြူပြင်ကြီး ဖြစ်လာခြင်းဖြစ်သည်။ ဤနေရာတွင် နေ့နှင့်ညဟူ၍ ခွဲခြားထားခြင်း မရှိပေ။ ကောင်းကင်ကြီးသည် အမြဲတမ်း မီးခိုးရောင်ဖြစ်နေပြီး ကောင်းကင်ယံတွင် အနက်ရောင်မီးဘောလုံးကြီးတစ်လုံး ချိတ်ဆွဲထားကာ ဤကမ္ဘာကြီးကို လင်းထိန်စေရန် 'အနက်ရောင်အလင်း' များကို အသုံးပြုနေသည်။ 'လမင်းနက်' မှာမူ အသူရာဘုရင်၏ သင်္ကေတဖြစ်သည်။ အနက်ရောင်အလင်း ကျရောက်ရာနေရာတိုင်းသည် သူ့နယ်မြေဖြစ်ပြီး ထိုအလင်းအောက်က ဝိညာဉ်များမှာလည်း သူ့လူများပင် ဖြစ်သည်။

ယနေ့သည်လည်း ထိုနေ့အတိုင်းပင်ဖြစ်ပြီး သဲမုန်တိုင်းလည်း တိုက်ခတ်နေဆဲပင်။ ထူးဆန်းသော သီချင်းသံတစ်ခု ပဲ့တင်ထပ်နေပြီး သဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ ငိုညည်းသံများကြားတွင် ရုတ်တရက် လေထဲတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ပုံရိပ်တစ်ခုက တိုးထွက်လာတော့သည်။

K3၏ ခန္ဓာကိုယ်သည် တန်ချိန်အနည်းငယ်လေးသော အမြောက်ဆန်တစ်ခု ကန္တာရထဲသို့ ကျဆင်းလာသည့်အလား မြေပြင်ပေါ်သို့ သက်ဆင်းသွား၏။ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီး သဲလှိုင်းများ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။ သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ကန္တာရတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

"ထွက်ခဲ့စမ်း"

K3 က လှောင်ပြုံးပြုံးလိုက်သည်။

"ငါ့ကို ဒီခေါ်လာမိတာကို နောင်တရနေရင်တောင် အခုတော့ နောက်ကျသွားပြီ"

K3 အတွက်မူ သူ့စွမ်းအားကို ကန့်သတ်နိုင်သော တစ်ခုတည်းသော အရာမှာ ဇာတ်လမ်း၏ ခက်ခဲမှုအဆင့်သာ ဖြစ်သည်။ ဝေလုက ဤကမ္ဘာထဲတွင် သူ အားသာချက်ရှိမည်ဟု ထင်နေသော်လည်း ၎င်းမှာ သိသိသာသာကို မှားတွက်မိခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ဤနေရာရှိ သူ့စွမ်းအားသည် အဆင့် ၄ မူမမှန်မှု၏ အထက်ကန့်သတ်ချက်ထက် ပိုမြင့်နေခြင်း ဖြစ်နိုင်သော်လည်း သူကဲ့သို့ အဆင့် ၃ မူမမှန်မှုတစ်ယောက်အတွက်မူ ဤဒိုင်မန်းရှင်းတွင် တိုးတက်ရန် နေရာလပ်များ ရှိနေသေးသည်။

သွေးတိမ်တိုက်များ လွင့်မျောလာပြီး လမင်းနက်မှာ အရောင်အဆင်း ပျောက်ကွယ်သွားရသည်။ လေထဲက သီချင်းသံမှာလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။ ထိုအချိန်တွင် မီးခိုးနက်တစ်စုက ကောင်းကင်ယံမှ ပြေးဆင်းလာလေသည်။ ဝေလုသည် ခန္ဓာကိုယ်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း အသွင်ပြောင်းနေသော မီးခိုးလုံးတစ်ခုနှင့် တူနေသည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်မှာ ခရမ်းရောင်မျက်နှာရှိသည့် အဖိုးအိုတစ်ဦး ဖြစ်သည်။ သူ့မျက်ခုံးများက ထက်မြက်ပြီး ကော့တက်နေသော မုတ်ဆိတ်မွေးမှာ ရင်ဘတ်အထိ ရောက်ရှိနေခဲ့သည်။ သူသည် ဝတ်ရုံနက်တစ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ အကယ်၍ သူသာ ဖြောင့်မတ်မှန်ကန်သော စိတ်ဓာတ်ရှိနေခဲ့လျှင် ဤပုံစံသည် အင်မော်တယ်တစ်ပါး၏ အရှိန်အဝါမျိုး ရှိနေမည်ဟု ပြောလျှင်ပင် ပိုမည်မဟုတ်ပေ။ သို့သော်လည်း ဝေလု၏ ခန္ဓာကိုယ်မှ ပြင်းထန်သော၊ ကြောက်မက်ဖွယ်ကောင်းသော၊ နက်မှောင်သော မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်နေခြင်းဖြစ်သည်။ သူ့ကို တစ်ချက်ကြည့်ရုံဖြင့်ပင် တစ်ကိုယ်လုံး တုန်ယင်သွားစေနိုင်သည်။

လေက တီးတိုးတိုက်ခတ်နေပြီး လွင့်မျောနေသော ဝိညာဉ်များက ရှောင်ဖယ်သွားကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ အရာအားလုံးက ဝေလု၏ နောက်ထပ်လှုပ်ရှားမှုကို စောင့်ကြည့်နေကြပုံရသည်။

"မင်းရဲ့ မောက်မာမှုကို... ငါ မြင်လည်းမြင်ဖူးတယ်၊ ကြားလည်း ကြားဖူးတယ်"

ဝေလုက ဆိုသည်။

"ငါ ခံစားလည်း ခံစားလို့ရတယ်၊ မင်းက တကယ်ကို သန်မာပါတယ်၊ ဒါပေမဲ့ အဲ့ဒါက... ငါ့ရဲ့ တိုက်ခိုက်လိုစိတ်ကို လှုပ်ခါနိုင်မှာ မဟုတ်ဘူး"

"အစောင့်ခွေးတစ်ကောင် အနေနဲ့ ပြောရရင်တော့"

K3 ၏ သဘောထားသည် အမြဲလိုလို တည်ငြိမ်နေဆဲပင်။ သူ၏ ညာလက်မောင်းသည် စွမ်းအား ၅၀ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သေးသော်လည်း သူအနိုင်ရလိမ့်မည်ဟု လုံးဝယုံကြည်မှု ရှိနေပေသည်။

"မင်းလည်း မဆိုးပါဘူး"

မူမမှန်မှုတစ်ယောက်အနေနှင့်… အဆင့် ၃ မူမမှန်မှုတစ်ယောက်အနေနှင့် သူသည် ဤဇာတ်လမ်းထဲက ဘော့စ်များထက် သည်းထိတ်ရင်ဖို သုခဘုံ၏ စည်းမျဉ်းစည်းကမ်းများကို ပိုမို ကျွမ်းကျင်နေရမည် ဖြစ်သည်။ တိုက်ခိုက်နိုင်စွမ်းကို ခွဲခြမ်းစိတ်ဖြာမှုမှာလည်း ပို၍ လက်တွေ့ကျလှသည်။

နှိုင်းယှဉ်ပြရမည်ဆိုလျှင် သေသူတို့တိုင်းပြည်ရှိ ဝေလု၏စွမ်းအားသည် ဖုန်းပုကြွယ် 'မုဆိုးကျွန်း'တွင် ကြုံတွေ့ခဲ့ရသည့် ရိန်းစ်ဖို့ဒ်ထက် အများကြီး ပိုသန်မာသော်လည်း ဆမ် မွန်တီယာကဲ့သို့ အဆင့်မြင့် မကောင်းဆိုးဝါးများနှင့် ယှဉ်လျှင်မူ အနည်းငယ် အားနည်းနေသေးသည်။

အကယ်၍ သူတို့သာ ဆာကူရာမြို့ ကမ္ဘာထဲတွင် ဆိုပါက ဝေလုမှာ အားနည်းသွားပြီး ကန့်သတ်ခံရလိမ့်မည်။ တကယ်တမ်း တိုက်ခိုက်ကြလျှင် စွမ်းအားအပြည့်ရှိသော GMနှစ်ဦးက သူ့ကို သတ်နိုင်ခြေ အတော်လေး များနေသည်။

ဆာကူရာမြို့ရှိ K3-RED Iron ၏ စွမ်းအားသည် GMနှစ်ဦး ပေါင်းထားသော စွမ်းအားနှင့် အတူတူပင် ဖြစ်သည်။ အမှန်စင်စစ် သူက အနည်းငယ် ပိုသန်မာကောင်း သန်မာပေလိမ့်မည်။ ဆာကူရာမြို့ ကမ္ဘာထဲတွင် သူ၏ ဒေတာအဆင့်အပေါ် ကန့်သတ်ချက်က လျော့နည်းသွားလိမ့်မည်။ ထို့ကြောင့် လူတိုင်း၏ အထက်ပိုင်းကန့်သတ်ချက် မြင့်တက်လာပြီးနောက်တွင်ပင် သူက ဝေလုထက် သန်မာနေဆဲ ဖြစ်သည်။

"ငါ့ရဲ့ ဝိညာဉ်စုပ်ယူအင်းကွက်ကို ဖျက်ဆီးချင်တဲ့သူမှန်သမျှ... သေစမ်း"

ဝေလုက ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဝေဝါးသွားပြီး အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် K3 ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တိုက်ပွဲမှာ စတင်ခဲ့ပြီး သတ်ဖြတ်လိုသော အရှိန်အဝါများလည်း မြင့်တက်လာတော့သည်။

ဝေလုက အရင်ဦးအောင် တိုက်ခိုက်ရန် ကြိုးစားသော်လည်း K3 ၏ ခြေထောက်များက အရိုးသဲမှုန်များကို နင်းထားပြီး သူ့လက်မောင်းက ကမ္ဘာကြီးကို လှန်ပစ်လိုက်သကဲ့သို့ ရှိသည်။ သူသည် သူရပ်နေသော နေရာမှမရွေ့ဘဲ ပြိုင်ဘက်၏ သရဲလက်သည်းကို ဘေးသို့ အသာအယာသာ တွန်းပို့လိုက်သည်။ သူတို့နှစ်ဦး ရင်ဆိုင်လိုက်ကြသော်လည်း ဝေလု၏ တိုက်ခိုက်မှုသည် ထိုမျှနှင့်ပင် လွယ်လင့်တကူ အချည်းနှီး ဖြစ်သွားရတော့သည်။

အမှန်စင်စစ် ထိုလှုပ်ရှားမှုသည် ဝေလု၏ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ အစွမ်းထက်ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ရန်သူ၏ စွမ်းအားအတိမ်အနက်ကို မသိဘဲ မည်သည့်သတ်ကွက်ကိုမှ သူမသုံးရဲပေ။ သူ့အားနည်းချက်ကို ဖော်ပြမိပြီး တစ်ခဏအတွင်း ရှုံးနိမ့်သွားခြင်းကို သူမလိုလားပေ။

သူက လှည့်၍ ဟိန်းဟောက်လိုက်သည်။ ဝေလု၏ နောက်ဘက်တွင် မီးခိုးနက်များ စုဝေးလာလေသည်။ ကြမ်းတမ်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများသည် မိစ္ဆာလှိုင်းလုံးများနှင့်အတူ ဒြပ်စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး K3 ၏ ကျောပြင်ဆီသို့ ပြေးဝင်သွားတော့သည်။

"ဒါက ငါ့စွမ်းအားကို စမ်းသပ်ဖို့ အဝေးရောက်တိုက်ခိုက်မှုလား"

K3 က တစ်ချက်မှ ဂရုမစိုက်ဘဲ လှည့်ကြည့်လိုက်သည်။

"ဒီလို လှည့်ကွက်မျိုးက ကစားသမားတွေအပေါ်တော့ သက်ရောက်မှု ရှိနိုင်ပါတယ်..."

သူက ညာလက်မောင်းကို မြှောက်လိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။ သူ့လက်မောင်းပေါ်တွင် အနီရောင်အလင်းတစ်ခု ဝင်းလက်လာသည်။

စွမ်းအားပြင်း အနက်ရောင်လှိုင်းနှင့် ရင်ဆိုင်ရချိန်တွင် သူသည် ပိုမိုပြင်းထန်သော အနီရောင်စွမ်းအားဖြင့် တုံ့ပြန်လိုက်သည်။ စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့လိုက်သောအခါ ခေါင်းလောင်းသံကဲ့သို့ ကြည်လင်သော အသံကြီးသည် ကန္တာရတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။

အသံလှိုင်းများ ပျံ့နှံ့သွားပြီး တိမ်တိုက်များ အရောင်ပြောင်းသွားသည်။ အဖြူရောင်ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် ပုံရိပ်နှစ်ခုမှာ တစ်ဦးကိုတစ်ဦး ရင်ဆိုင်နေဆဲ ဖြစ်သည်။ သူတို့ထဲမှ တစ်ဦးမှ ဒဏ်ရာရခြင်း မရှိသလို အသက်ရှူသံများလည်း မှန်ကန်နေဆဲပင်။ ထိုအဆင့်ရှိသော စမ်းသပ်တိုက်ခိုက်မှုမျိုးနှင့်ဆိုပါက သူတို့နှစ်ဦးသည် တရုတ်သိုင်းကားထဲက ပညာရှင်များကဲ့သို့ သုံးရက်သုံးညတိုင်တိုင် တိုက်ခိုက်နေကြပြီး နောက်ဆုံးတွင် တစ်ယောက်ယောက်က ဆီးသွားချင်၍ ပြန်သွားမှသာ တိုက်ပွဲပြီးဆုံးမည့် ပုံစံမျိုး ဖြစ်နေသည်။

"သနားစရာကောင်းတဲ့ ယာယီဒေတာလေးပဲ၊ မင်း ဒီမှာ မသေရင်တောင် ဇာတ်လမ်းပြီးတာနဲ့ မင်း ပျောက်ကွယ်သွားမှာပဲ"

K3 က သက်ပြင်းချရင်း ဆိုသည်။ K3 က ကရုဏာသက်သော လေသံဖြင့် သက်ပြင်းချလိုက်သည်။

"အဆုံးမဲ့ဇာတ်လမ်းတွေထဲမှာ စနစ်က မင်းကို အကြိမ်ကြိမ် ပြန်လည်ဖန်တီးနေမှာပဲ၊ မင်းက ကစားသမားတွေရဲ့ သတ်ဖြတ်တာကို ခံရမယ်၊ ဒါမှမဟုတ် သူတို့ကို သတ်မယ်... ဒါပေမဲ့ ဒါတွေအားလုံးက အဓိပ္ပာယ် မရှိဘူး၊ မင်းအတွက်ကတော့ သေဆုံးခြင်းက အဆုံးသတ်ပဲ၊ ဒါပေမဲ့ သူတို့အတွက်ကတော့ ပြန်လာရုံသက်သက်ပဲ"

"မင်း ဘာတွေပြောနေတာလဲဆိုတာ ငါ လုံးဝနားမလည်ဘူး"

ဝေလုက ဆိုသည်။

"မင်းအတွက် နားလည်ဖို့ ခက်ခဲမှာ အမှန်ပါပဲ၊ ပိုပြီး ဝမ်းနည်းစရာကောင်းတာက မင်းနားလည်သွားရင်တောင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်တာပဲ"

K3 က ဆိုသည်။

" 'ထူးခြားတဲ့' တည်ရှိမှုအဖြစ် သတ်မှတ်ခံရလောက်အောင် မြင့်မားတဲ့ ဒေတာတွေပဲ ပို 'အသက်ရှည်' နိုင်ကြတာ၊ သူတို့လည်း ပျောက်ကွယ်သွားမယ့် ကံကြမ္မာကနေ မလွတ်မြောက်နိုင်ကြပေမဲ့ အနည်းဆုံးတော့ သူတို့မှာ နောက်ကို လက်ဆင့်ကမ်းပေးနိုင်တဲ့ ရှည်လျားတဲ့ မှတ်ဉာဏ်တွေ ရှိကြတယ်၊ ဒီဒိုင်မန်းရှင်းမှာဆိုရင် သူတို့ရဲ့ နောက်ဆုံး 'သေဆုံးခြင်းတွေ' က မော်ကွန်းတစ်ခုလို ဖြစ်လာလိမ့်မယ်"

K3 က သက်ပြင်းချလိုက်သည်။

"ပြီးတော့ မင်းကလည်း... ငါ့အချိန်တွေကို မဖြုန်းစမ်းနဲ့တော့၊ မင်းအခြေအနေကို မင်းသိပြီး ပျောက်ကွယ်သွားစမ်းပါ၊ ဒါမှ စနစ်က ကစားသမားတွေကို ပြန်ပို့ပေးဖို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ"

K3 ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

"ငါက အဆင့် ၂ ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ၊ ဘာအမှားမှ အဖြစ်မခံနိုင်ဘူး၊ မင်းလို ယာယီဒေတာတစ်ခုကြောင့် ငါ့အစီအစဉ်တွေ ပြောင်းလဲသွားတာမျိုး လုံးဝ အဖြစ်မခံနိုင်ဘူး"

...

"အဲ့ဒါတွေက... လူတွေလား"

မရှုံးနိမ့်သောချန်ပီယံက တိုးတိုးလေး မေးလိုက်သည်။ သူသည် ကော့ပါးနီးကပ်စ်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ရှေ့တောအုပ်ထဲတွင် လူတစ်စုက သူတို့ထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။

"ဒါက ပုံရိပ်ယောင်တစ်ခုပဲ ဖြစ်မယ်"

ကော့ပါးနီးကပ်စ်က ပြန်ဖြေသည်။

"အိုး... ဒါက ပုံရိပ်ယောင်တဲ့လား၊ မကောင်းဆိုးဝါးကောင် မဟုတ်ဘူးပေါ့"

ဖုန်းပုကြွယ်သည် ထိုဂိမ်းမန်နေဂျာကို ပို၍ပို၍ လှောင်ပြောင်ချင်လာတော့သည်။ သူတို့သည် အနားသို့ပင် မရောက်သေးချေ။ ပုံမှန်ဆိုပါက လူများသည် ထိုအရာများကို မကောင်းဆိုးဝါးများဟု ထင်ကြမည် ဖြစ်သော်လည်း ထိုသူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ထိုအရာများက အစစ်အမှန် မဟုတ်ကြောင်း ပြောလိုက်ခြင်းပင် ဖြစ်သည်။

"ကျွန်မတို့ ပုန်းနေကြမလား"

ယဲ့ကျီကတော့ ပုံမှန်အတွေးအတိုင်းပင် ကျိုးကြောင်းဆီလျော်သော အကြံပြုချက်ကို ပေးလိုက်သည်။ သူမ စကားပြောရင်း သူမ၏ လက်နှိပ်ဓာတ်မီးအရှေ့ပိုင်းကို ဂရုတစိုက် ဖုံးအုပ်ထားလိုက်သည်။

ဖုန်းပုကြွယ်က လှည့်ကြည့်လိုက်ပြီး စိတ်မရှည်သော လေသံဖြင့် ဂယ်လီလီယိုကို မေးလိုက်သည်။

"ဟေး... ငါတို့ ပုန်းနေဖို့ လိုလား"

"အဲ... ငါထင်တာတော့... အဲ့ဒါ မလိုပါဘူး"

ဂယ်လီလီယိုက ကြောင်အအပင် ပြန်ဖြေလိုက်သည်။ ဖုန်းပုကြွယ်က သူ့ကို ဘာလို့ ဒီလိုမေးခွန်းမျိုး ရုတ်တရက် မေးရသလဲဆိုတာကို သူမစဉ်းစားမိခင် အလိုအလျောက် အဖြေပေးလိုက်ခြင်း ဖြစ်သည်။

"အိုကေ၊ ဒါဆို ဒီပုံရိပ်ယောင်က ဘယ်လို လှည့်ကွက်မျိုးတွေ ထုတ်ဦးမလဲဆိုတာ ကြည့်ရအောင်"

ဖုန်းပုကြွယ်သည် လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ကျန်တစ်ဖက်က လက်နှိပ်ဓာတ်မီးကို ကိုင်ထားခြင်းဖြစ်သည်။ သူက ပျင်းရိငြီးငွေ့သော အမူအရာဖြင့် ရှေ့ကို ကြည့်နေလေသည်။

ယဲ့ကျီက သိချင်စိတ်ပြည့်နေသော အကြည့်များဖြင့် ဘယ်ညာဝေ့ကြည့်လိုက်၏။ သူမ၏ အကြည့်သည် ဖုန်းပုကြွယ်၊ ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့အပေါ်သို့ ဝေ့ဝဲကျရောက်သွားသည်။ သူမ ထူးဆန်းသည်ဟု တွေးမိသည်။ ထိုအဖွဲ့သားများသည် အလွန်အားကိုးထိုက်ပုံ မပေါ်သော်လည်း သူတို့၏ မူမမှန်သော လုပ်ဆောင်ချက်များမှာ အမြဲတမ်း မှန်ကန်နေလေ့ရှိသည်။ သူတို့က ဂိမ်းလမ်းညွှန်ကို ကြိုတင်ဖတ်ရှုထားကြသည့်အတိုင်းပင်။

မကြာမီတွင် ထိုလူပုံရိပ်များမှာ အနားသို့ ရောက်ရှိလာသည်။ သူတို့သည် အလွန်ဖြည်းညင်းစွာ လျှောက်လှမ်းနေကြပြီး လမ်းလျှောက်ပုံမှာလည်း အလွန်ထူးဆန်းလှသည်။ ယင်းသည် ကလေးငယ်များ ရထားတွဲကစားနေသကဲ့သို့ တစ်ဦးနောက်တစ်ဦး လိုက်ပါလာကြခြင်း ဖြစ်သည်။

ရှေ့ဆုံးမှ လမ်းလျှောက်လာသူသည် ဦးခေါင်းကို ရင်ဘတ်အထိ ငုံ့ထားသော်လည်း သူ့လက်နှစ်ဖက်မှာမူ ဖုတ်ကောင်တစ်ကောင်ကဲ့သို့ တောင့်တင်းနေလေသည်။ သူသည် ယိမ်းထိုးလျက် သူ့နောက်က လူများကို ရှေ့သို့ ဦးဆောင်ခေါ်လာခြင်းဖြစ်သည်။ ဒုတိယမြောက်လူမှာ ပထမလူ၏ ပုခုံးပေါ်သို့ လက်တင်ထားခြင်းဖြစ်သည်။ သူ့ဦးခေါင်းမှာလည်း အလွန်နိမ့်နေပြီး လက်မောင်းနှစ်ဖက်ကြားတွင် မြှုပ်နေ၏။ တတိယလူမှာမူ ဒုတိယလူ၏ ပုခုံးပေါ်သို့ လက်တင်ထားသည်။ ထိုအတိုင်း ဆက်သွားနေကြသည်။ ဤလူစုထဲတွင်လည်း လူခြောက်ယောက် ပါဝင်နေခဲ့သည်။

သူတို့နှင့် အတော်လေး နီးကပ်သွားချိန်တွင် ကစားသမားများသည် သူတို့လက်ထဲရှိ အလင်းပေးကိရိယာများကို အသုံးပြုကာ ခေါင်းငုံ့ထားသော ထိုပုံရိပ်ခြောက်ခု၏ ဝတ်စုံကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုပုံရိပ်ခြောက်ခု၏ ဝတ်စားဆင်ယင်မှုနှင့် ကျား၊ မ ကွဲပြားမှုသည် ကစားသမား ခြောက်ယောက်နှင့် တစ်ထေရာတည်းတူညီနေပြီး အနည်းငယ်လေးပင် ကွာခြားမှုမရှိပါပေ။

ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။

"ဟား... ပြောစရာတောင် မလိုတော့ဘူး၊ နောက်ဆုံးက တစ်ယောက်က 'ငါ့နောက်လိုက်ခဲ့' လို့ ပြောမှာ သေချာတယ်..."

ထိုလူအုပ်စုသည် ကစားသမားများကို ဘေးတွင်ရပ်ကြည့်နေသည့်လူများကဲ့သို့ တိတ်တဆိတ် ဖြတ်ကျော်သွားကြသည်။ ယင်းမှာ တိုက်ဆိုင်မှုလား သို့မဟုတ် ကံကြမ္မာလားတော့ မသိပေ။ နောက်ဆုံးက လူသည် ဖုန်းပုကြွယ်နှင့် အတူတူဖြစ်သော ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ အဖွဲ့ကို ဖြတ်ကျော်သွားချိန်တွင် ခေါင်းမော့လှည့်ကြည့်လိုက်ရာ ဖြူဖျော့ပြီး ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော မျက်နှာတစ်ခု ပေါ်လာခဲ့သည်။ သူ့မျက်လုံးများမှာ အပေါ်သို့ လန်တက်နေပြီး လူကို ကြက်သီးထသွားစေမည့် အသံဖြင့် ပြောလိုက်သည်။

"ငါ့နောက်ကို... လိုက်ခဲ့..."

"တွေ့လား၊ ငါမှန်တယ် မဟုတ်လား"

ဖုန်းပုကြွယ်က ပုခုံးတွန့်ပြလိုက်သည်။

သူ၏ ပေါ့ပေါ့ပါးပါး သဘောထားက ဘေးက လူများကိုလည်း အတော်လေး သက်ရောက်သွားစေသည်။ ဤသည်မှာ သရဲကားတစ်ကားကို ကြည့်နေရင်း တစ်စုံတစ်ယောက်က နောက်ထပ်လာမည့် ကြောက်စရာအခန်းကို ကြိုတင်ပြောပြလိုက်သကဲ့သို့ပင်။ သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ကြောက်စရာကောင်းလှသည်ဆိုသော ဤအခြေအနေမှာ သူတို့ကို လုံးဝ မခြောက်လှန့်နိုင်တော့ပေ။ သူတို့၏ ကြောက်ရွံ့မှုအမှတ်လည်း အနည်းငယ်ပင် လှုပ်ခတ်သွားခြင်း မရှိပေ။

"ဒီလို လှည့်ကွက်မျိုးက... ၉၀ ခုနှစ်တွေက ဟောင်ကောင်သရဲကားတွေကတည်းက သုံးနေကျပဲ"

ဖုန်းပုကြွယ်က ဆိုသည်။

"ငါ ဒါမျိုးတွေ အများကြီး မြင်ဖူးပါတယ်"

သူသည် ထိုပုံရိပ်ယောင်များ ဖြည်းညင်းစွာ ထွက်ခွာသွားပြီး မှောင်မည်းနေသော တောအုပ်ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်နေလိုက်သည်။ သူက လက်မလျှော့သေးဘဲ ထပ်မံ ညည်းတွားလိုက်ပြန်သည်။

"တကယ်လို့ လူတွေကို တကယ်ပဲ စိတ်မချမ်းသာအောင် လုပ်ချင်တယ်ဆိုရင် သူတို့ ခြောက်ယောက်ကို ကင်းခြေများလိုမျိုး တန်းစီချိတ်ပြီးမှ တရွတ်တိုက် သွားခိုင်းရမှာ၊ ပြီးရင် ရှေ့ဆုံးကလူ ပြောရမှာက..."

"တော်တော့"

ယဲ့ကျီက သူ့စကားကို အမြန် ဖြတ်လိုက်သည်။

"အပြုသဘောဆောင်တဲ့ အကြံပေးချက်တွေကလွဲလို့ ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားပေးလို့ မရဘူးလား"

မိန်းကလေးတစ်ယောက်အနေနှင့် သူမ၏ စိတ်ဓာတ်ကြံ့ခိုင်မှုအဆင့်သည် ဖုန်းပုကြွယ်နှင့် တွေ့ကတည်းက တဖြည်းဖြည်း ကျဆင်းလာခဲ့ရသည်။ ဂိမ်းနှင့် နှိုင်းယှဉ်လျှင် ဖုန်းပုကြွယ်၏ စကားနှင့် လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာညစ်ညမ်းမှုက ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက လက်တွေ့ဘဝအထိပါ သက်ရောက်သွားနိုင်သောကြောင့်ပင်။

"ပုံရိပ်ယောင်တွေကို မြင်ရပြီဆိုတော့ ငါတို့က မှော်အင်းကွက်ရဲ့ နယ်ပယ်ထဲကို ရောက်နေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ ဟုတ်တယ်မလား"

GMတစ်ယောက် ဖြစ်သောကြောင့် ကော့ပါးနီးကပ်စ်က အခြေအနေကို ဇာတ်လမ်းအောင်မြင်ရေး လုပ်ငန်းစဉ်ဘက်သို့ လေးနက်စွာ ပြန်လှည့်လိုက်သည်။

" 'ဟုတ်လား' ဆိုတာကို ဖြုတ်လိုက်လို့ ရတယ်"

ဖုန်းပုကြွယ်က ပြုံးလိုက်သည်။

"လမ်းပဲ ဦးဆောင်ပြပါတော့"

အခန်း (၁၅၈)

ဝိညာဉ်ရိတ်သိမ်းအင်းကွက်နှင့် နီးကပ်လာလေလေ ခြောက်ယောက်သား၏ ပတ်ဝန်းကျင်မှာ ပိုမို ကြောက်မက်ဖွယ်ကောင်းလာလေလေ ဖြစ်သည်။

ယင်းသည် ပတ်ဝန်းကျင်ကို သွယ်ဝိုက်သောနည်းဖြင့် ခြောက်ခြားအောင် ဖန်တီးထားခြင်းမျိုး မဟုတ်တော့ဘဲ အာရုံခံစားမှုများကို တိုက်ရိုက် လှုံ့ဆော်နေခြင်း ဖြစ်သည်။ သစ်ပင်ရိပ်များ ယိမ်းထိုးနေသည့်ကြားတွင် ပုံသဏ္ဌာန်မျိုးစုံရှိသော အလောင်းများသည် ကစားသမားများအနားတွင် ထပ်ခါတလဲလဲ ပေါ်လာတတ်သည်။ ၎င်းတို့အနက် အများစုသည် ညှပ်ရိုးများ သို့မဟုတ် မပြည့်စုံသော ခြေလက်အင်္ဂါများဖြင့် မတ်တပ်ရပ်နေကြခြင်းဖြစ်သည်။ သူတို့၏ သေဆုံးပုံများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြသော်လည်း အားလုံးမှာ 'ကံကြမ္မာဆိုး' ဆိုသည့် စကားလုံးအောက်မှ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။

ဤနေရာသည် 'ရက်စက်စွာ သေဆုံးခဲ့သူများ၏ ပြခန်း' တစ်ခုနှင့်ပင် တူနေတော့သည်။ သစ်ပင်များတွင် တွဲလောင်းကျနေသော အလောင်းများ၊ မျက်နှာတစ်ဝက် အရည်ပျော်နေသူများ၊ မီးလောင်ကျွမ်းထားသူများနှင့် ဦးခေါင်းခွံများ ပွင့်နေသူများ ရှိကြသည်။ အခြေခံအားဖြင့် လူတစ်ယောက် စိတ်ကူးကြည့်နိုင်သမျှသော သေဆုံးခြင်းအမျိုးအစားအားလုံး ဤနေရာတွင် ရှိနေလေသည်။ လက်တွေ့ဆန်လှသော အပုပ်နံ့များနှင့် ပေါင်းစပ်လိုက်သောအခါ ဤမြင်ကွင်းသည် ဖုန်းပုကြွယ် သည်းထိတ်ရင်ဖို သုခဘုံကို စတင်ကစားကတည်းက ကြုံတွေ့ခဲ့ရသမျှထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် ရွံရှာဖွယ်အကောင်းဆုံး မြင်ကွင်းဖြစ်သည်ဟု ဆိုရပေမည်။

ပုပ်ပွနေသော အလောင်းများကို ကြည့်ရင်း၊ အနံ့ဆိုးများကို ရှူရှိုက်ရင်းနှင့် သရဲတစ္ဆေများ၏ တီးတိုးညည်းတွားသံများကို ကြားနေရစဉ်တွင်... ကြောက်ရွံ့မှုကို မသိဘဲ တည်ငြိမ်နေသော ဖုန်းပုကြွယ်မှလွဲ၍ ကျန်ငါးဦးလုံး၏ ကြောက်ရွံ့မှုအမှတ်များသည် အနည်းနှင့်အများ ပြောင်းလဲမှု ရှိလာကြသည်။

"ဒါတွေက ပုံရိပ်ယောင်တွေမှန်း ကျွန်မတို့ သိနေပေမဲ့လည်း ဒီလို မြင်ကွင်းမျိုးက လျှို့ဝှက်ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေနိုင်တုန်းပဲ"

ယဲ့ကျီက ဆိုသည်။

"တကယ်လို့ ဒြပ်ရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကောင်သာ အနားကို ရောက်လာရင် ကျွန်မတို့..."

"ခွဲခြားနိုင်မှာ မဟုတ်ဘူးလို့ ပြောချင်တာလား"

ဖုန်းပုကြွယ်က ပြုံးလျက် ဖြည့်စွက်ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ စုံစမ်းစစ်ဆေးရေးမှာ ထူးချွန်တဲ့ မင်းတို့နှစ်ယောက်ကတော့ မကောင်းဆိုးဝါးနဲ့ ပုံရိပ်ယောင်ကြားက ခြားနားချက်ကို ခွဲခြားနိုင်မယ်လို့ ငါယုံကြည်တယ်"

သူသည် လမ်းကိုဦးဆောင်နေသော ဂယ်လီလီယိုထံသို့ လှည့်ကာ ကောက်ကျစ်သော အပြုံးဖြင့် မေးလိုက်သည်။

"ဟုတ်တယ်မလား"

"အဲ... ဟုတ်ပါတယ်"

ဂယ်လီလီယိုမှာ စိတ်ထဲတွင် ညည်းတွားနေမိသည်။ 'ဖုန်းပုကြွယ်' ဆိုသော အနှီကစားသမားသည် အဘယ်ကြောင့် သူတို့ကို အကွက်ဆင်ရန် ကြိုးစားနေသည်ဟု ခံစားနေရသနည်း။

ယဲ့ကျီသည် ဖုန်းပုကြွယ်နှင့် GMနှစ်ဦးကို ကြည့်လေလေ ပိုထူးဆန်းသည်ဟု ခံစားရလေလေ ဖြစ်သည်။ သူမသည် အဖွဲ့၏ နောက်ဆုံးမှ လိုက်လာသော မုန့်ကျင်းချန်းကို တိုးတိုးလေး ကပ်မေးလိုက်သည်။

"ခေါင်းဆောင်... ဒီသုံးယောက်က... တစ်မျိုးကြီး ဖြစ်နေတယ်လို့ မထင်ဘူးလား"

မုန့်ကျင်းချန်းက ဘီယာတစ်ငုံမော့လိုက်ပြီး လေချဉ်တစ်ချက် တက်ခြင်းဖြင့် ပြန်ဖြေလိုက်သည်။

ယဲ့ကျီက သူ့ကို စိုက်ကြည့်ရင်း ခေါင်းသာခါယမ်းလိုက်မိသည်။ သူမ သက်ပြင်းချရင်း တွေးမိသည်မှာ 'ငါ အထက်လူကြီးတွေဆီကို ဌာနပြောင်းဖို့ လျှောက်ထားရမယ်...'

အမှန်စင်စစ် မုန့်ကျင်းချန်းသည် လေလွင့်နေသော လူရှုပ်တစ်ဦးကဲ့သို့ ပုံပန်းသဏ္ဌာန်ရှိသော်လည်း သူ့စိတ်မှာမူ အလွန် ရှင်းလင်းလှသည်။ သို့သော်လည်း ဂိုဏ်းဝင်မဟုတ်သော ထိုကစားသမား သုံးဦးတွင် မည်သည့်အရာ မှားယွင်းနေသည်ကိုမူ သူအတိအကျ မပြောနိုင်သေးပေ။ တစ်ခုခု မှားနေသည်ဟု ပြောရမည်ဆိုလျှင် ဖုန်းပုကြွယ်၏ ကျိုးကြောင်းဆင်ခြနိုင်စွမ်း စွမ်းရည်နှင့် ကျန်နှစ်ဦး၏ "စုံစမ်းစစ်ဆေးနိုင်စွမ်း" တို့မှာ မျှော်လင့်ထားသည်ထက် ပိုမို သန်မာနေခြင်းပင်။ ယင်းသည် လူတစ်ယောက်ကို ဂိမ်းထဲတွင် လိမ်ဆော့နေသလားဟုပင် ထင်ယောင်ထင်မှား ဖြစ်စေသည်။ သို့သော်လည်း ထိုသို့ယူဆချက်ကို ထောက်ခံရန် မည်သည့် သက်သေအထောက်အထားမှ မရှိသဖြင့် မုန့်ကျင်းချန်းသည် လောလောဆယ်တွင် မည်သည့်ထင်မြင်ချက်မျှ ပေးရန် အစီအစဉ် မရှိပေ။

"တစ်ခုခု လာနေပြီ"

ကော့ပါးနီးကပ်စ်က ရုတ်တရက် အသံနှိမ့်ကာ ပြောလိုက်သည်။ သူ ရှေ့ကို ကြည့်လိုက်ပြီး သူ့လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာလေသည်။ အလင်းပေးကိရိယာများမှာ အဝေးကြီးအထိ မလင်းနိုင်သော်လည်း မီနီဘော့စ်အဆင့်ရှိ မကောင်းဆိုးဝါးနှစ်ကောင် ပေါ်လာပြီး အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေကြောင်း သူ အသေအချာ သိနေသည်။

တစ်ချိန်တည်းတွင် ဂယ်လီလီယိုသည်လည်း သူ့လက်နက်ကို ထုတ်ယူကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ဖုန်းပုကြွယ်သည်လည်း သဘာဝကျစွာပင် လိုက်ပါလုပ်ဆောင်သည်။ သူ့စတီးဓားမြှောင်ကို ထုတ်ယူကာ ရန်သူကို ရင်ဆိုင်ရန် ပြင်လိုက်သည်။

တောင်အပြင်ဘက်က ဝိညာဉ်စုဆောင်းခြင်းအင်းကွက်တွင် ဖုန်းပုကြွယ်သည် သေမင်းဖဲချပ်ကို အသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဇာတ်လမ်းမိတ်ဆက်အရ ဤဇာတ်လမ်းထဲက ရန်သူများသည် အများအားဖြင့် သရဲတစ္ဆေများ ဖြစ်ကြသဖြင့် လက်နက်အေး(ဓား၊လှံ)များက ၎င်းတို့အပေါ် သက်ရောက်မှု ရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ဤပုံရိပ်ယောင်များ ဖန်တီးထားပုံနှင့် အစောပိုင်းက ပေါ်လာသော မကောင်းဆိုးဝါးတို့ကို ကြည့်ခြင်းအားဖြင့် အင်းကွက်များသည် အနောက်တိုင်းက 'မှော်အတတ်' နှင့် ပိုမို ဆင်တူနေပြီး သာမန်လက်နက်များပင် ၎င်းတို့ကို ကိုင်တွယ်ရန် လုံလောက်လိမ့်မည်ဟု သူခံစားမိသည်။

ဤအချိန်သည် သရဲတစ္ဆေများနှင့် ပတ်သက်၍ ဖုန်းပုကြွယ်၏ ကိုယ်ပိုင်အယူအဆကို ရှင်းပြရန် အကောင်းဆုံးအချိန် ဖြစ်သည်။ အဓိကအားဖြင့် မျိုးနွယ်စုများ ခွဲခြားခြင်းနှင့် အားသာချက်၊ အားနည်းချက်များကြားက ခြားနားချက်များအကြောင်း ဖြစ်သည်။

ရုပ်ရှင်ပေါင်းများစွာကို ကြည့်ဖူးသော အမျိုးသားတစ်ဦးအနေနှင့် (ဤနေရာတွင် 'ရုပ်ရှင်' ဆိုသည်မှာ သည်းထိတ်ရင်ဖို ခြောက်ခြားရုပ်ရှင်များကို အထူးရည်ညွှန်းခြင်း ဖြစ်ကြောင်း သတိပြုပါ) သူသည် အရှေ့တိုင်းသရဲတစ္ဆေများသည် အနောက်တိုင်းသရဲများထက် ပိုမို အန္တရာယ်များပြီး ကြောက်စရာကောင်းသည်ဟု ယုံကြည်သူဖြစ်သည်။

သာမန် သည်းထိတ်ရင်ဖိုရုပ်ရှင်များ၏ သတ်မှတ်ချက်များအရ သာမန်လူသားများအတွက် အရှေ့တိုင်း သရဲများသည် ကိုင်တွယ်ရ ပိုမိုခက်ခဲပေသည်။ ဝိညာဉ်စွမ်းအားမရှိသော လူသားများသည် သရဲများ၏ လည်ပင်းညှစ်ခြင်းကို ခံရလျှင်ပင် ထိုသရဲများကို လုံးဝ ပြန်လည်ထိတွေ့နိုင်စွမ်း မရှိကြပေ။ ထို့အပြင် သည်းထိတ်ရင်ဖိုရုပ်ရှင်များထဲက သရဲများသည် လူသတ်ရန်အတွက် ကိရိယာများကို အသုံးပြုလေ့ရှိကြသည်။ ဥပမာအားဖြင့် အရှိန်အဟုန်ဖြင့် ပြုတ်ကျလာသော ဓာတ်လှေကားများ၊ ပြုတ်ကျလာသော သံချောင်းများ၊ လူကို စုပ်ယူနိုင်သော ရေချိုးကန်များ စသည်ဖြင့်... ထိုသရဲများသည် အရာရာကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။

နေရာရွှေ့ပြောင်းခြင်း၊ ပူးကပ်ခြင်း၊ လူကို ထိန်းချုပ်ခြင်း၊ ပုံရိပ်ယောင်များ ဖန်တီးခြင်း၊ စိတ်တန်ခိုးဖြင့် အရာဝတ္ထုများကို လှုပ်ရှားစေခြင်း... ခြောက်ခြားရုပ်ရှင်များ၏ ဇာတ်လိုက်များမှာ များသောအားဖြင့် သေသည်အထိ ကစားခံရမည့်ကံကြမ္မာသာ ရှိတော့သည်။

ဆာဒါကို၊ ကာယာကို ၊ ချူးရန်မေ... ညအချိန်တွင် ပြန်လာတတ်သော သရဲစုံတွဲများပင်လျှင် ပြင်းထန်သောကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ယူဆောင်လာနိုင်ကြသည်။

အခြားတစ်ဖက်တွင်မူ အနောက်တိုင်းသရဲများ၏ ခြောက်ခြားမှုသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဘက်သို့ ပိုနွယ်ပေသည်။ ပြောစရာမလိုအောင်ပင် ဗန်ပိုင်းယားများနှင့် ဝံပုလွေလူသားများကို လမ်းမများပေါ်တွင် အတွေ့ရများသည်။ ၎င်းတို့၏ အမျိုးမျိုးသော ဝိသေသလက္ခဏာများကို မိန်းမနှင့် ကလေးများပါမကျန် သိရှိကြသည်။ ၂၁ ရာစုတွင်မူ ၎င်းတို့သည် အရပ်ရှည်ခြင်း၊ ရုပ်ချောခြင်း၊ ချမ်းသာခြင်း၊ အသားဖြူခြင်း၊ လှပခြင်း၊ လိုလီဝါသနာပါခြင်း၊ သုံးပွင့်ဆိုင်အချစ် စသည့် စကားလုံးများနှင့် နီးကပ်စွာ ဆက်နွှယ်နေခဲ့သည်။ လူငယ်မောင်မယ်များ၏ လှပသော မျိုးနွယ်ခြား အချစ်စိတ်ကူးယဉ်မှုများကို ဖြည့်ဆည်းပေးရန်အတွက် ၎င်းတို့သည် အချိန်အတော်ကြာ လှောင်ပြောင်ခံနေရသော အုပ်စုနှစ်ခုအဖြစ် အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့ကြသည်။

ထိုမကောင်းဆိုးဝါးနှစ်မျိုးကို ကျော်လိုက်ပြီး ပိုမိုအတွေ့ရများသော သရဲများ၊ ဘီလူးများ၊ မမ်မီများနှင့် နတ်ဆိုးများအကြောင်းကို ပြောကြရအောင်။ အနောက်တိုင်း သရဲများအကြောင်း ပြောလျှင် ဖုန်းပုကြွယ်စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည်မှာ 'Ghost Horse' ထဲက ကက်စပါနှင့် အကြိမ်ကြိမ် အဖန်ဖန် ပြောနေကျစကားဖြစ်သော "ငါ မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်တယ်" ဆိုသည့် စကားပင်။ ထိုသူငယ်ချင်းကို အန္တရာယ်နှင့် ခြောက်ခြားစရာအဖြစ် ဆက်စပ်တွေးတောရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။

အမှန်စင်စစ် 'Elm Street' ထဲက ဖရက်ဒီကဲ့သို့သော အစွမ်းထက်သည့် သရဲများလည်း ရှိပါသည်။ သို့သော် ထိုရုပ်ရှင်စီးရီး၏ တတိယမြောက်ကားကို ကြည့်ပြီးနောက်တွင်မူ ဖရက်ဒီကို လက်တွေ့ကမ္ဘာတွင်ရော အပြင်လောကမှာပါ အနိုင်ယူရန် နည်းလမ်းရှိကြောင်း ပရိသတ်များ နားလည်သွားကြလိမ့်မည်၊ ၎င်းမှာလည်း သိပ်မခက်ခဲလှပေ။ ထို့ကြောင့်ပင် ထိုရုပ်ရှင်စီးရီးထဲက သားကောင်များသည် အသိဉာဏ်မပြည့်သေးသော ကလေးငယ်များသာ ဖြစ်ကြပြီး ဇာတ်လိုက်များတွင်သာ ပုံမှန်အိုင်ကျူ နှင့် တိုက်ခိုက်နိုင်စွမ်း အတန်အသင့် ရှိကြခြင်း ဖြစ်သည်။ အကယ်၍ ထိုရုပ်ရှင်တွင် ကြမ်းတမ်းသော လူသန်ကြီးတစ်ဦးကို ဇာတ်လိုက်အဖြစ် ထည့်သွင်းခဲ့ပါက ကလေးသူငယ်များကို နှိပ်စက်တတ်သော ဖရက်ဒီမှာ ထောင်ထဲတွင် ဆပ်ပြာတုံး ကောက်နေရသော အကျဉ်းသားတစ်ဦးကဲ့သို့သာ ဆက်ဆံခံရပေလိမ့်မည်။

ဘီလူးများကမူ ဖုန်းပုကြွယ်ကို 'Heroes of Might and Magic' ထဲက စစ်သည်တစ်ဦး၊ အိုင်ကျူမြင့်မားပြီး ယဉ်ကျေးသိမ်မွေ့ကာ ရက်စက်သော လူသတ်သမားတစ်ဦးနှင့်၊ B-grade ရုပ်ရှင်များထဲက လူအသားချောင်းအတု အမြောက်အမြားနှင့်အတူ ပေါ်လာတတ်သော ရုပ်ဆိုးလှသည့် မကောင်းဆိုးဝါးအုပ်စုတစ်စုကို သတိရစေသည်။

မမ်မီများမှာမူ ပြတိုက်များတွင် ပြသထားသော တစ်ကိုယ်လုံး ပတ်တီးများဖြင့် တုန်ရီနေသည့် အလောင်းခြောက်များ ဖြစ်နိုင်သလို သို့မဟုတ် သဲမှော်အတတ်ကို သုံးသော ထိပ်ပြောင်ပြောင် ခန့်ညားသော လူသားများလည်း ဖြစ်နိုင်သည်။

နတ်ဆိုးများမှာမူ အတော်အတန် သန်မာသော မျိုးနွယ်စုဟု ထင်ရသည်။ သတ်မှတ်ချက်များအရ ၎င်းတို့သည် အရှေ့တိုင်းသရဲများနှင့် အနီးစပ်ဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူသားများကို ထိခိုက်စေရန် ရုပ်ပိုင်းဆိုင်ရာမဟုတ်သော အစွမ်းများကို အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းတို့၏ လူသတ်နည်းနှင့် ရည်ရွယ်ချက်မှာမူ နာကျည်းဝိညာဉ်များနှင့် အလွန် ကွာခြားလှသည်။ အဆင့်အတန်းအနည်းငယ်ရှိသော နတ်ဆိုးများသည် သက်လတ်ပိုင်း သို့မဟုတ် သက်ကြီးပိုင်း ရုပ်ချောချောအမျိုးသားများ သို့မဟုတ် လှပသော အမျိုးသမီးများအဖြစ် အသွင်ပြောင်းကာ လူသားများ၏ ဘဝကို ဖျက်ဆီးခြင်း၊ 'အရောင်းအဝယ်' များ ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ပြီး နောက်ဆုံးတွင် လူများကို သေဆုံးစေရန် တွန်းအားပေးတတ်ကြသည်။ အဆင့်နိမ့် နတ်ဆိုးများ လူသတ်သည့်အခါတွင်မူ ၎င်းတို့မှာ ဥပဒေ၏ အပြစ်ပေးမှုကို မကြောက်ရွံ့ခြင်းမှလွဲ၍ သာမန်လူသတ်သမားများနှင့် မခြားနားပေ။

အတိုချုပ်ပြောရလျှင် ဖုန်းပုကြွယ်သည် အနောက်တိုင်းသရဲများနှင့် ပတ်သက်၍ အတော်အတန် ဘက်လိုက်သော အမြင်ရှိပေသည်။ သူ ကြောက်ရွံ့မှုကို မဆုံးရှုံးမီကပင် အနောက်တိုင်းသရဲများနှင့် တွေ့ဆုံချိန်တွင် အခြေအနေနှစ်မျိုးသာ ရှိနိုင်သည်ဟု ခံစားခဲ့ရသည်။ တစ်ခုမှာ သူက ၎င်းတို့ကို မနိုင်ဘဲ အသတ်ခံရခြင်း ဖြစ်ပြီး နောက်တစ်ခုမှာမူ ၎င်းတို့ကို ချိန်းဆောလွှစက်ဖြင့် သတ်ပစ်နိုင်ခြင်း ဖြစ်သည်။ အနောက်တိုင်းသရဲများကြောင့် ထောင့်တစ်ခုတွင် ကုပ်ကုပ်လေး ပုန်းနေရမည် သို့မဟုတ် သေဆုံးရမည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့ပေ။

"ဘယ်ဘက်က တစ်ကောင်ကို ငါကိုင်တွယ်လိုက်မယ်"

ကော့ပါးနီးကပ်စ်က ဆိုရင်း အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလျက် ရှေ့သို့ ပြေးထွက်သွားသည်။

ဂယ်လီလီယိုက ဘာမှ မပြောပေ။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရုံဖြင့်ပင် ငါးမီတာ၊ ခြောက်မီတာခန့် အကွာအဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် သစ်ပင်စည်အချို့ပေါ်တွင် ပေါ့ပါးသော ခြေလှမ်းအချို့နင်းကာ ပုံရိပ်မှာလည်း ဆက်တိုက် ဝေဝါးသွားသဖြင့် မျက်စိဖြင့်ပင် လိုက်မမှီနိုင်တော့ပေ။

ယင်းကို မြင်သောအခါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ လူသုံးဦးသည် အံ့အားသင့်လွန်းသဖြင့် မျက်နှာအမူအရာများပင် ပြောင်းလဲသွားကြသည်။ ယင်းက ကြောက်ရွံ့ခြင်း မဟုတ်ဘဲ အံ့သြခြင်းသာ ဖြစ်သည်။ ထိုလူနှစ်ဦး၏ စွမ်းရည်များသည် စည်းကမ်းထိန်းသိမ်းရေးဂိုဏ်း၏ ထိပ်တန်းပညာရှင်များထက်ပင် နိမ့်ကျမည် မဟုတ်သည်မှာ သေချာလှသည်။ အဆင့် ၁၈ တွင်ပင် ထိုမျှ မြန်ဆန်သော အရှိန်နှင့် လှုပ်ရှားမှုစွမ်းရည်များကို ပိုင်ဆိုင်ထားနိုင်သည်ဆိုပါက သူတို့က အမှန်တကယ်ပင် "စုံစမ်းစစ်ဆေးရေး" အထူးပြုယူထားသူများ ဟုတ်ပါရဲ့လား။ သူတို့သည် စူပါကစားသမားများ ဖြစ်ကြပြီး လူသိမခံဘဲ အားနည်းသူအဖြစ် ဟန်ဆောင်ရန်အတွက် အကောင့်အသစ် ဖွင့်ထားကြသူများဟု ပြောလျှင် ပို၍ကျိုးကြောင်းဆီလျော်ပေလိမ့်မည်။

"သူတို့က တကယ်သန်မာတာပဲ..."

ဖုန်းပုကြွယ်က ခပ်တိုးတိုး ရေရွတ်ရင်း သူ့ခြေလှမ်းများကို မြန်စေလိုက်သည်။ ယခုအချိန်တွင်မူ ထိုလူနှစ်ဦးမှာ GMများ ဖြစ်ကြောင်း ၉၀ ရာခိုင်နှုန်းခန့် သူ သေချာနေပြီ ဖြစ်သည်။ သူတို့၏ စွမ်းအားကို အနီးကပ် မြင်တွေ့လိုသောကြောင့် သူသည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

All Chapters