အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း (၁၅၉)
ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့၏ လှုပ်ရှားမှုများသည် အမှန်တကယ်ပင် သာမန် အဆင့် ၁၈ ကစားသမားများ လုပ်ဆောင်နိုင်သည့် အရာမျိုး မဟုတ်ပေ။ သူတို့နှစ်ဦးသည် မြေပြန့်ပေါ်တွင် လျှောက်လှမ်းနေကြခြင်း ဖြစ်သော်လည်း ဒဏ္ဍာရီလာ "ကိုယ်ဖော့ပညာ" ကဲ့သို့ပင် လှိုင်းတံပိုးများပေါ်တွင် နင်းလျှောက်နေသကဲ့သို့ ခံစားရစေသည်။ ဂိမ်းရှုထောင့်မှ ကြည့်လျှင်မူ ၎င်းမှာ ပင်ကိုယ်စွမ်းရည် အမြောက်အမြား ထပ်တူကျခြင်း၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
တောအုပ်အတွင်းရှိ အဟကြားမှတစ်ဆင့် ထွက်ပေါ်လာသော မီနီဘော့စ်နှစ်ကောင်မှာ ပုံပျက်ပန်းပျက် သတ္တဝါနှစ်ကောင် ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များသည် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများကို စုစည်းဆက်စပ်ထားခြင်းဖြစ်ပြီး လူတစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကို မနည်းပုံဖော်ထားရသည်။ သူတို့၏ အသွင်အပြင်သည် ရွံရှာကြောက်မက်ဖွယ် ကောင်းသော်လည်း သူတို့၏ စွမ်းအားကတော့ ပျမ်းမျှအဆင့်သာ ရှိသည်။ ဇာတ်လမ်းထဲရှိ ကစားသမား ခြောက်ယောက်အနက် GMများကို ဖယ်ထုတ်လိုက်လျှင်ပင် မည်သူမဆို ထိုမီနီဘော့စ်နှစ်ကောင်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်း ရှိသည်။ သို့သော်လည်း အပေးအယူအနေနှင့် ပေးဆပ်မှုအချို့တော့ ရှိပေလိမ့်မည်။
ဓားသွားက အေးစက်စွာ ဝင်းလက်သွားသည်။ ပုံရိပ်မှာ လေးကြိုးတစ်ချောင်းကဲ့သို့ ထက်မြက်လှသည်။
ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယို နှစ်ဦးစလုံးမှာ လက်နက်တစ်ခုတည်းကိုပင် အသုံးပြုကြပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း ဆင်တူကြသည်။ ဓားကို ဆွဲထုတ်လိုက်သည့် အချိန်မှာပင် သူတို့နှစ်ဦးလုံး တူညီသော ဆုံးဖြတ်ချက်ကို ချမှတ်ထားကြသည်။ သူတို့နှစ်ဦးလုံးသည် ထိုမကောင်းဆိုးဝါး၏ ဒေတာအချက်အလက်များကို အလွန်အကျွမ်းတဝင် ရှိကြသည်။ တစ်ချက်တည်းနှင့် ပြိုင်ဘက်ကို အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်မည်ကို သူတို့ လုံးဝ သံသယ မရှိကြပေ။ အများဆုံး သုံးကွက်အတွင်း တိုက်ပွဲကို အဆုံးသတ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း... သူတို့ လှုပ်ရှားလိုက်သည့် အချိန်မှာပင် အခြေအနေက မမျှော်လင့်ဘဲ ပြောင်းလဲသွားခဲ့သည်။
ယင်းမှာ ထိုမီနီဘော့စ်နှစ်ကောင်၏ စွမ်းအားက ရုတ်တရက် တိုးမြင့်လာခြင်းကြောင့် မဟုတ်ဘဲ ရုတ်တရက် သေဆုံးသွားခြင်းကြောင့်သာ ဖြစ်သည်။ ထိုမကောင်းဆိုးဝါးနှစ်ကောင်သည် သူတို့ တိုက်ခိုက်မခံရမီ တစ်စက္ကန့်အလိုတွင် လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားခဲ့ကြောင်းကို ကာယကံရှင်နှစ်ဦးသာ သိရှိကြသည်။ ဓားသွားများ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ချိန်တွင် ထိုမကောင်းဆိုးဝါးနှစ်ကောင်သည် အခြေခံအားဖြင့် အီနားရှားကြောင့် ရှေ့သို့ ရွေ့လျားလာနေသည့် အလောင်းကောင် နှစ်လောင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဥပမာအားဖြင့် ပြောရလျှင် ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်က အုတ်ခဲတစ်ခဲကို ကိုင်ကာ သင့်ထံသို့ ပြေးဝင်လာသော်လည်း သင့်ရှေ့ရောက်၍ တိုက်ခိုက်တော့မည့် အချိန်တွင် ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးကာ မြေပြင်ပေါ်သို့ လဲကျသွားသည့်အလားပင်။
သို့သော်လည်း ယင်းကို GM နှစ်ဦးသာ သိရှိခဲ့ပြီး ဖုန်းပုကြွယ်ပင် အမှန်တရားကို မသိရှိခဲ့ပေ။ အပေါ်ယံကြည့်လျှင်တော့... ဂယ်လီလီယိုနှင့် ကော့ပါးနီးကပ်စ်တို့ တစ်ချက်စီ တိုက်ခိုက်လိုက်ရုံဖြင့် ထိုမကောင်းဆိုးဝါးနှစ်ကောင်မှာ မျက်တောင်တစ်ခတ်အတွင်း ရှင်းလင်းခံလိုက်ရသကဲ့သို့ ရှိသည်။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သုံးဦးသားမှာ မကြာမီ ထပ်ချပ်မကွာ လိုက်ပါလာကြပြီး မရှုံးနိမ့်သောချန်ပီယံက ပထမဆုံး ပင့်သက်ရှိုက်မိသွားသည်။(TL note – စည်းကမ်းထိန်းသိမ်းရေး(Regulation)အဖွဲ့နဲ့ အမိန့်(Order)က အတူတူပါပဲ။မူရင်း Esubမှာ အဲ့နှစ်ခုကို မျက်စိလည်အောင်ရေးထားလို့ အဖွဲ့မတူဘူး ထင်မိတာပါ။ဒါကြောင့် နောက်ကျရင် အဲ့နာမည်နှစ်ခုကို အလျင်းသင့်သလို တစ်လှည့်စီသုံးသွားပါမယ်)
"ငါ့ကို နောက်နေတာလား၊ မင်းတို့က တကယ်ကို ကျွမ်းကျင်ပညာရှင်တွေပဲ မဟုတ်လား"
"တစ်ခုခုတော့ မှားနေပြီ... ဒီမကောင်းဆိုးဝါးနှစ်ကောင်ကို ငါတို့ သတ်လိုက်တာ မဟုတ်ဘူး"
ဂယ်လီလီယိုကပြောရင်း GMမီနူးကို ဖွင့်၍စစ်ဆေးလိုက်ရာ သူ့အမူအရာက တည်ကြည်လေးနက်သွားသည်။
ထိုအချိန်၌ ကစားသမားများ၏ ပတ်ဝန်းကျင် အခြေအနေလည်း ပြောင်းလဲသွားတော့သည်။ ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားပြီး သူတို့ ပတ်ဝန်းကျင်က တောအုပ်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ တောင်ပေါ်သို့ လှည့်ကြည့်လိုက်သည့်အခါ သူတို့သည် တောင်ခြေက လယ်ကွင်းများနှင့် သိပ်မဝေးတော့ကြောင်း သတိပြုမိလိုက်ကြသည်။
ဖုန်းပုကြွယ်က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူသည် ဘေးနားရှိ ကော့ပါးနီးကပ်စ်ထံသို့ လှည့်ကာ မေးလိုက်လေသည်။
"မှော်အင်းကွက်က အလုပ်မလုပ်တော့ဘူးလား"
"ဘာလို့ ငါ့ကို လာမေးရတာလဲ... ငါက ဘယ်လိုလုပ်..."
ကော့ပါးနီးကပ်စ် စကားပင် မဆုံးလိုက်ပေ။
ဖုန်းပုကြွယ်က သူ့ကို ထပ်မံ ဖြတ်ပြောလိုက်သည်။
"ဘာလို့ အလုပ်မလုပ်တော့တာလဲ"
"ဒါဆို... ဘာလို့ ငါ့ကို လာမေးနေတာလဲ"
ကော့ပါးနီးကပ်စ်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းရဲ့ အထူးပြုက စုံစမ်းစစ်ဆေးရေး ဖြစ်နေလို့ပဲလေ"
ဖုန်းပုကြွယ်က သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။
"မင်းစိတ်ထဲမှာ 'စုံစမ်းစစ်ဆေးရေး အထူးပြု' ဆိုတာက..."
ကော့ပါးနီးကပ်စ်၏ နှုတ်ခမ်းက တွန့်သွားသည်။
" 'အလုံးစုံသိမြင်ခြင်း' နဲ့ အတူတူပဲလား"
"တကယ်လို့ မင်းက အဲ့ဒီလို ပြောချင်တယ်ဆိုရင်တော့ ငါမင်းကို နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးရလိမ့်မယ်"
ဖုန်းပုကြွယ်၏ မျက်နှာအမူအရာနှင့် အရှိန်အဝါမှာ ထိုအချိန်တွင် သိသိသာသာ ပြောင်းလဲသွားလေသည်။ သူ့မျက်လုံးများက "သရုပ်ဆောင်နေတဲ့ ကစားပွဲကတော့ ပြီးသွားပြီ" ဟု ပြောနေသည့်အလားပင်။
သူ့မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ ရှိနေသော်လည်း မျက်နှာမှာမူ တည်ငြိမ်ပြီး ယုံကြည်မှု ရှိလှသည်။ ဖုန်းပုကြွယ်က တိုက်ရိုက်ပင် မေးလိုက်တော့သည်။
"ဒါက မူမမှန်မှုရဲ့ လက်ချက်လား"
"ဖူး..."
မုန့်ကျင်းချန်းက သူ့ပါးစပ်ထဲရှိ ဘီယာများကို ထွေးထုတ်လိုက်မိသည်။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွင် မူမမှန်မှုများနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ ရှိသော်လည်း အလွန် အကန့်အသတ် ရှိပေသည်။ မူမမှန်မှုများ တည်ရှိကြောင်း သိရှိခြင်းမှလွဲ၍ သူတို့ ကြုံတွေ့ခဲ့ရသော အကြိမ်အနည်းငယ်မှာလည်း အချက်အလက်များစွာ မပေးနိုင်ခဲ့ပေ။
ယဲ့ကျီနှင့် မရှုံးနိမ့်သောချန်ပီယံတို့သည် ဂိမ်းစတူဒီယိုတွင် ရာထူးသိပ်မမြင့်လှသဖြင့် ဤစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သို့သော်လည်း မုန့်ကျင်းချန်းကဲ့သို့ ကစားသမားများအတွက်မူ ဂိမ်းနှင့် ပတ်သက်သော အချက်အလက်များကို ပိုမို ရယူပိုင်ခွင့်ရှိသဖြင့် သူ သိရှိထားပေသည်။ မှန်ပေသည် သူသိထားသည့် အချက်အလက်မှာ ကစားသမား ခြောက်ယောက်ပါဝင်သော အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် ဇာတ်လမ်းများတွင် ထိန်းချုပ်မရသော ဒေတာဖြစ်သည့် မူမမှန်မှုနှင့်တွေ့ဆုံရန် အခွင့်အလမ်း အလွန်နည်းပါးသည်ဟူ၍သာ ဖြစ်သည်။ မူမမှန်မှု၊ ဇာတ်လမ်းအတွင်း GMများ၏ ပါဝင်ပတ်သက်မှုနှင့် GMများ၏ စွမ်းအားတို့နှင့် ပတ်သက်၍မူ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွင် မည်သည့်သတင်းအချက်အလက်မျှ မရှိပေ။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေနှင့် မူမမှန်မှုများနှင့် တွေ့ဆုံခဲ့ဖူးသည့် မှတ်တမ်းနှစ်ခုသာ ရှိသည်။ ပထမတစ်ခုမှာ ခြောက်ယောက်ပါ အဖွဲ့တစ်ဖွဲ့က သူတို့၏ အထက်လူကြီးများထံ သူ့ကိုယ်သူ မူမမှန်မှုဟု ခေါ်ဆိုသော လူသားပုံသဏ္ဌာန် သတ္တဝါတစ်ကောင်နှင့် တွေ့ဆုံခဲ့ကြောင်း အစီရင်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်းတွင် မယုံနိုင်စရာ စွမ်းအားများ ရှိပြီး ၎င်း၏အသိဉာဏ်မှာလည်း သာမန် ဇာတ်လမ်းဘော့စ် တစ်ကောင်ထက် အများကြီး ပိုမို မြင့်မားလှသည်။ ထို့အပြင် ၎င်းသည် ဇာတ်လမ်းနှင့်လည်း မည်သို့မျှ မပတ်သက်ပေ။ ဒုတိယအကြိမ်လည်း ခြောက်ယောက်ပါ အဖွဲ့တစ်ဖွဲ့ပင် ဖြစ်ပြီး အခြေအနေက ဆင်တူလှသည်။ သူတို့သည် ဘော့စ်နှင့် မူမမှန်မှုတို့၏ တိုက်ခိုက်ခံခဲ့ရသဖြင့် အဖွဲ့တစ်ခုလုံး သေဆုံးခဲ့ရသည်ဟု ဆိုကြသည်။ ထိုခြောက်ယောက်ပါအဖွဲ့နှင့် မူမမှန်မှုကြား ခဏတာ ဆက်သွယ်မှုမှတစ်ဆင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ယခု သူတို့ရှိထားသည့် အချက်အလက်များကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို အဆင့်မြင့် သတင်းအချက်အလက်အဖြစ် သတ်မှတ်ကာ သူတို့၏ ဒေတာဘေ့စ်ထဲသို့ ထည့်သွင်းသိမ်းဆည်းထားခဲ့သည်။
မုန့်ကျင်းချန်း အံ့အားသင့်သွားရသည့် အဓိက အကြောင်းရင်းမှာ... 'မူမမှန်မှု' ဟူသည့် စကားလုံးသည် 'ဖုန်းပုကြွယ်' ဆိုသော ထိုလူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။ ငရဲကမ္ဘာရှေ့တန်းဟု ခေါ်သော ဤအမည်မသိဂိုဏ်းလေးက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ ရင်ဘောင်တန်းနိုင်လောက်သော သတင်းအချက်အလက် စုဆောင်းမှုနှင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေတာလား။ သူတို့မှာ အဖွဲ့ဝင် ဘယ်နှယောက် ရှိတာလဲ။ သူတို့က ဘယ်လောက်တောင် ကျွမ်းကျင်တာလဲ။
ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့၏ မျက်နှာအမူအရာမှာမူ စိတ်ဝင်စားစရာ အကောင်းဆုံးပင်။ မုန့်ကျင်းချန်းပင် ထိုကဲ့သို့ တုံ့ပြန်ခဲ့လျှင် GMနှစ်ဦး မည်သို့ တုံ့ပြန်ကြမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်ပါသည်။
"မင်း... ဘာ…ဘာတွေ ပြောနေတာလဲ..."
ဂယ်လီလီယိုသည် တုံးအဟန်ဆောင်ကာ လွတ်မြောက်ရန် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သည်။
"ငါ့ကို ပိုပြီး အသေးစိတ် ပြောပြစေချင်တာလား"
ဖုန်းပုကြွယ်က ဆိုသည်။
"ညီအစ်ကိုတို့၊ ကျေးဇူးပြုပြီး မင်းတို့ရဲ့ GM မီနူးကို ဖွင့်ပြီး ငါ့ကို တစ်ချက်လောက် ကြည့်ပေးပါ၊ ငါတို့ ပတ်ဝန်းကျင်က မှော်အင်းကွက်တွေ ရုတ်တရက် ပျောက်သွားတာက မူမမှန်မှုနဲ့ ပတ်သက်နေသလား"
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှမှ ကစားသမားသုံးဦးသည် ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့ကို မကောင်းဆိုးဝါးများအား ကြည့်သကဲ့သို့ ကြည့်လိုက်ကြပြီး ထို့နောက် ဖုန်းပုကြွယ်ကိုမူ စူပါမကောင်းဆိုးဝါးကြီးတစ်ကောင်ကို ကြည့်သကဲ့သို့ လှည့်ကြည့်လိုက်ကြသည်။ ထိုစကားစုအနည်းငယ်ထဲတွင် သတင်းအချက်အလက်များစွာ ပါဝင်နေပြီး အခြေအနေက အလွန် တင်းမာနေသဖြင့် သူတို့၏ ထင်မြင်ချက်ကို မည်သို့ဖော်ပြရမှန်းပင် မသိတော့ပေ။
GMနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်၍ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ဂယ်လီလီယိုက ပြုံးကာ ဖုန်းပုကြွယ်ဘက်သို့ လှည့်လိုက်သည်။
"ဇာတ်လမ်းပြီးသွားရင်တော့ မင်း ငါတို့ အထက်လူကြီးတွေနဲ့ စကားပြောရလိမ့်မယ်"
"အခု လက်ရှိ အခြေအနေကို အရင် ပြောကြရအောင်"
ဖုန်းပုကြွယ်က ဆိုသည်။
"ပုံရိပ်ယောင်တွေ ပျောက်သွားချိန်မှာ ငါက အပြတ်အသတ်အောင်နိုင်ခြင်းကို သုံးပြီး တစ်ချက် ကြည့်လိုက်တယ်..."
GMများသည် ကစားသမားများတွင် မည်သည့်စကေးများ ရှိသည်ကို သိထားကြသဖြင့် သူက ပွင့်ပွင့်လင်းလင်းပင် ပြောရန် ဆုံးဖြတ်လိုက်သည်။
"အဲ့ဒါက ဘာမှ မပြသဘူး"
သူ ခဏ ရပ်လိုက်ပြီးမှ မေးလိုက်သည်။
"မူမမှန်မှုက ဘော့စ်ကို ကိုင်တွယ်လိုက်ပြီလို့ ငါကောက်ချက်ချလို့ ရမလား"
"နာကျည်းမှုရေတွင်းက နေရာမှာ ရှိနေတုန်းပဲ၊ ဒါပေမဲ့ အဲ့ဒါက စွမ်းအားတွေ ပျောက်ဆုံးသွားပြီ"
ဂယ်လီလီယိုက ပြန်ဖြေသည်။
"တောင်ပေါ်က ကျန်တဲ့ မှော်အင်းကွက်သုံးခုလည်း အတူတူပဲ၊ အခုလေးတင် အဲ့ဒါတွေအားလုံး တစ်ပြိုင်ထဲ စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့တာ"
"တစ်ပြိုင်တည်းလား"
သူ နှစ်စက္ကန့်လောက် စဉ်းစားလိုက်ပြီးမှ ဖြည့်စွက်ပြောလိုက်သည်။
"ဇာတ်လမ်းထဲမှာ မူမမှန်မှုလေးကောင် ပူးပေါင်းဆောင်ရွက်နေတဲ့ ဖြစ်နိုင်ခြေကို ဖယ်ထုတ်လိုက်ရင် ပြဿနာက 'စွမ်းအားအရင်းအမြစ်' ဆီမှာ ရှိနေတာ ဖြစ်နိုင်တယ်"
"နာကျည်းမှုရေတွင်းရဲ့ စွမ်းအားအရင်းအမြစ်ကို ဖြတ်တောက်ဖို့အတွက် မှော်အင်းကွက်တွေကို ဖျက်ဆီးတာအပြင် အခြားနည်းလမ်းတွေလည်း ရှိသေးတယ်... ဒါပေမဲ့ အဲ့ဒီနည်းလမ်းကို 'ဖြတ်တောက်ခြင်း' လို့ ခေါ်တာထက် 'ဖျက်ဆီးခြင်း' လို့ ခေါ်တာက ပိုပြီးတိကျလိမ့်မယ်"
"အရေးကြီးတဲ့ အမှတ်အသားက အချက်အလက်တွေအရ"
ဂယ်လီလီယိုက ဆိုသည်။
"ဒီဇာတ်လမ်းမှာ ဝေလုလို့ခေါ်တဲ့ အစစ်အမှန်ဘော့စ်တစ်ကောင် ရှိတယ်၊ သူက ဒီမြေပုံပေါ်မှာ မရှိဘူး၊ သူရဲ့ သီးသန့်ဒေတာတွေကိုလည်း ငါတို့ မမြင်နိုင်ဘူး၊ ငါတို့ သိထားတာကတော့... တကယ်လို့ ငါတို့ ဖျက်ဆီးဖို့ မှော်အင်းကွက်သုံးခုထက် လျော့နည်းနေရင် နာကျည်းမှုရေတွင်းထဲကို ခုန်ချလိုက်တဲ့အခါ ဒီဘော့စ်နဲ့ တွေ့ဆုံရလိမ့်မယ် ဆိုတာပဲ၊ ငါ ခန့်မှန်းမိတာကတော့ မူမမှန်မှုက နာကျည်းမှုရေတွင်းရဲ့ အခြားတစ်ဖက်ခြမ်းကို သွားပြီး ဒီဘော့စ်ကို သတ်လိုက်ပြီ၊ အဲ့ဒါကြောင့် ငါတို့ဘက်က မှော်အင်းကွက်တွေအားလုံး စွမ်းအား ပျောက်ဆုံးသွားရတာ ဖြစ်မယ်"
သူ ထိုသို့ ပြောလိုက်သောအခါ အစောပိုင်းက သူ့ကို ဒုက္ခပေးနေသော မေးခွန်းကို နားလည်သွားခဲ့သည်။ မူမမှန်မှု၏ ကိုဩဒိနိတ်များ အဘယ်ကြောင့် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေရသနည်း။ အကြောင်းရင်းမှာ မူမမှန်မှုသည် ကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ဝင်ရောက်သွားသောကြောင့်ဟု အတော်လေး ဖြစ်နိုင်ခြေ များပေသည်။
"အင်း... ဒါဆိုရင် ဒီမှာ မေးခွန်းတစ်ခု ထွက်လာပြီ"
ဖုန်းပုကြွယ်က ဆိုသည်။
"ငါတို့ ဘာလို့ ဇာတ်လမ်းမအောင်မြင်သေးတာလဲ"
"ဒါကတော့..."
ဂယ်လီလီယိုလည်း အမှန်တကယ် မသိပါပေ။
"အဓိကတာဝန်မှာ ပြဿနာရှိနေတာလို့ ငါသံသယရှိတယ်"
ကော့ပါးနီးကပ်စ်က ဆိုသည်။
"လက်ရှိမှာ အဓိကတာဝန်က တောင်ပေါ်တက်ပြီး စွန့်ပစ်နတ်ကွန်းကို ရှာပါ ဆိုတာ ဖြစ်နေတုန်းပဲ၊ ဖြစ်နိုင်တာက ငါတို့ နောက်ထပ်အဆင့်အတွက် အလှည့်အပြောင်းကို မနိူးဆွနိုင်သေးလို့ ဖြစ်မယ်"
သူ စကားပြောနေစဉ် သူ့အကြည့်က GMမီနူးကို ကြည့်နေကြောင်း ဖော်ပြနေသည်။
"တောင်ပေါ်က မှော်အင်းကွက် သုံးခုထဲက တစ်ခုခုကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်မှသာ အဓိကတာဝန်က 'ဝိညာဉ်ရိတ်သိမ်းအင်းကွက် လေးခုကို ဖျက်ဆီးပြီး နာကျည်းမှုရေတွင်းရဲ့ စွမ်းအားကို ပိတ်ဆို့ပါ' အဖြစ် ပြောင်းသွားမှာ၊ ပြီးတော့ အစစ်အမှန်ဘော့စ်နဲ့ တိုက်ရိုက်တွေ့ဆုံခြင်းက မစ်ရှင်ကို 'ဝေလုကို ဖျက်ဆီးပါ' အဖြစ် ပြောင်းလဲပေးလိမ့်မယ်၊ ဒါပေမဲ့ အခုတော့... ငါတို့ အဲ့ဒါတွေ တစ်ခုမှ မလုပ်ရသေးခင် မှော်အင်းကွက်တွေအားလုံး စွမ်းအားကုန်သွားကြပြီ"
"ဒါဆိုရင် အဓိကတာဝန်က ပထမအဆင့်မှာတင် ပိတ်မိနေတာပေါ့ ဟက်"
ဖုန်းပုကြွယ်က မည်းမှောင်စွာ ပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ... တကယ်လို့ ဒီခွဲခြမ်းစိတ်ဖြာမှုသာ မှန်တယ်ဆိုရင် အခု အစစ်အမှန်ဘော့စ်က သေသွားပြီဆိုတော့ ဇာတ်လမ်းထဲမှာ အဓိကတာဝန်တိုးတက်မှုကို ပြောင်းလဲပေးနိုင်တဲ့ အလှည့်အပြောင်း မရှိတော့ဘူး၊ ဒါဆို ငါတို့ ဒီဇာတ်လမ်းကို ဘယ်လို အောင်မြင်အောင် လုပ်ကြမလဲ"
"မင်းက အများကြီး သိထားပုံရတော့"
ကော့ပါးနီးကပ်စ်က ဆိုသည်။
"ငါတို့ လိုရင်းကိုပဲ တည့်တည့် ပြောကြရအောင်လား"
သူက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သုံးဦးကို လှည့်ကြည့်လိုက်သည်။
"မင်းတို့ လေးယောက် (ဖုန်းပုကြွယ်အပါအဝင်) အခု ဇာတ်လမ်းကနေ ထွက်သွားလို့ ရပါပြီ"
"ဘာ၊ ဘာလဲ"
မရှုံးနိမ့်သောချန်ပီယံက ပြန်ပြောသည်။
"မင်းတို့ သုံးယောက်က မင်းတို့ဘာသာ စကားတွေပြောနေပြီးတော့… အဓိပ္ပာယ်မရှိတဲ့ စကားတွေ တစ်ယောက်နဲ့တစ်ယောက် ပြောပြီးတာနဲ့ ငါတို့ကို ထွက်သွားခိုင်းနေတာလား၊ လမ်းခုလတ်မှာ ထွက်သွားရင် ဂိမ်းပြန်ကစားဖို့ စောင့်ရမယ့်ပြစ်ဒဏ် ရှိတယ်၊ ပြီးတော့ ဘာဆုလာဘ်မှလည်း ရမှာမဟုတ်ဘူး၊ ငါတို့အတွက်တော့ ဒီလိုဆုံးရှုံးမှုက အသတ်ခံရတာထက်တောင် ပိုဆိုးသေးတယ်"
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကြည့်ရသလောက်တော့ ဒီဇာတ်လမ်းကို ချို့ယွင်းချက်တစ်ခုလို့ သတ်မှတ်လို့ရပြီး ငါတို့ ဇာတ်လမ်းကို အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး"
ဂယ်လီလီယိုက ပြန်ဖြေသည်။
"မစ္စတာဖုန်း ပြောသလိုပဲ၊ အဓိကတာဝန်က ပိတ်မိနေပြီ၊ ငါတို့ ဘာမှ လုပ်လို့ မရတော့ဘူး"
မရှုံးနိမ့်သောချန်ပီယံ နားမလည်မည်ကို စိုးရိမ်သဖြင့် ဖုန်းပုကြွယ်က ဖြည့်စွက်ပြောလိုက်သည်။
"ဒါက လီရှောင်ယောင်က ယူဟန်မြို့ကနေ ထွက်ခွာတော့မယ့် အချိန်မှာ ဂိုဏ်းချုပ်ပိုင်ယွဲ့က ကမ္ဘာကို ဖြတ်သွားတဲ့ ဂြိုဟ်သားတစ်ယောက်ရဲ့ အန်တီမက်တာလက်နက်နဲ့ အသတ်ခံလိုက်ရသလိုမျိုးပဲ၊ မင်း ဆက်ကစားနေရင်တောင် ဇာတ်လမ်းက ပြီးမှာမဟုတ်ဘူး"
"ငါတို့မှာ လုပ်စရာ အလုပ်ကျန်သေးတယ်၊ အဲ့ဒါက မူမမှန်မှုကို ကိုင်တွယ်ဖို့ပဲ"
ကော့ပါးနီးကပ်စ်က ဆိုသည်။
"မင်းတို့ ဆက်နေရင်လည်း မူမမှန်မှုရဲ့ သတ်တာ မခံရရင်တောင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်၊ နောက်ဆုံးကျရင် အတင်းအကျပ် ထွက်ခိုင်းခံရမှာပဲ"
၎င်းကို ကစားသမားများအပေါ် အပြစ်ပုံချ၍ မရတော့ကြောင်း သူသိသဖြင့် ကုမ္ပဏီ၏ စည်းမျဉ်းများကို လိုက်နာကာ ပြောလိုက်သည်။
"ဂိမ်းကစားချိန် ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီးတော့ ဒါက စနစ်ကြောင့် ဖြစ်ရတာမို့ ကုမ္ပဏီက မင်းတို့ကို ပြန်ကုစားပေးပါလိမ့်မယ်၊ ဒီဇာတ်လမ်းကို ငါတို့ ကိုင်တွယ်ပြီးတာနဲ့ အထက်လူကြီးတွေဆီကို အစီရင်ခံမှာပါ၊ သက်ဆိုင်ရာလူတွေက မင်းတို့ကို ဆက်သွယ်ပြီး ဖြေရှင်းပေးပါလိမ့်မယ်၊ ရလဒ်ကို မင်းတို့ ကျေနပ်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်"
ယဲ့ကျီက ထိုအခါမှ မေးလိုက်သည်။
"ရှင်တို့က GMတွေဆိုတော့ မူမမှန်မှုဆိုတာ ဘာလဲလို့ ကျွန်မတို့ကို ရှင်းပြပေးနိုင်မလား"
"အင်း... တောင်းပန်ပါတယ်၊ အဲ့ဒါကို ထုတ်ဖော်ပြောပြဖို့ ငါတို့မှာ အခွင့်အာဏာ မရှိပါဘူး"
ဂယ်လီလီယိုက ပြန်ဖြေသည်။
ယဲ့ကျီ၏ တုံ့ပြန်မှုမှာ ဖုန်းပုကြွယ်က ပန်းဖုန်းနှင့် ဟွာရှုံတို့ကို လုပ်ခဲ့သည့်အတိုင်းပင်။
"ကျွန်မတို့က စည်းကမ်းထိန်းသိမ်းရေးစတူဒီယိုကဆိုတာ ရှင်တို့ သိတယ်မဟုတ်လား"
သူမက ဖိအားပေးလိုက်သည်။
"ကျွန်မတို့ စတူဒီယိုရဲ့ ဂုဏ်သိက္ခာနဲ့ဆိုရင် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို တရားဝင်ဝဘ်ဆိုဒ်မှာ ထုတ်ဖော်လိုက်မယ်ဆိုရင်..."
"အဲ့ဒါက မင်းရဲ့ လွတ်လပ်ခွင့်ပါ"
ဂယ်လီလီယိုက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
"ကုမ္ပဏီကလည်း သင့်လျော်သလို တုံ့ပြန်ပြီး ရှင်းပြပါလိမ့်မယ်"
သူ ထိုသို့ ပြောရဲသည့် အကြောင်းရင်းမှာ... ပန်းဖုန်းနှင့် ဟွာရှုံတို့ ဖုန်းပုကြွယ်နှင့် တွေ့ဆုံခဲ့သော ဇာတ်လမ်းပြီးနောက် အထက်လူကြီးများသည် သူတို့၏ အစီရင်ခံစာအပေါ် အခြေခံကာ စည်းမျဉ်းသစ်တစ်ခုကို ချက်ချင်း ထုတ်ပြန်ခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ GM၏ အထောက်အထားကို ဖော်ထုတ်ခံရပြီး ဤကဲ့သို့ ခြိမ်းခြောက်ခံရလျှင် GM၏ တုံ့ပြန်မှုသည် စံသတ်မှတ်ထားသော လုပ်ငန်းစဉ်အတိုင်း ဖြစ်ရမည်။ ယဲ့ကျီ၏ မေးခွန်းကို ရင်ဆိုင်ရာတွင် သူတို့သည် ဤကဲ့သို့သာ ဖြေကြားရန် လိုအပ်သည်။
အမှန်တကယ်တွင် မူမမှန်မှုများအကြောင်းကို လွန်ခဲ့သော အချိန်ကတည်းကပင် ထုတ်ဖော်ခံခဲ့ရဖူးသော်လည်း အဓိကစတူဒီယိုများအပါအဝင် လက်ရှိ ရောက်ရှိနေသော ကစားသမား လေးဦးလည်း ထိုအကြောင်းကို မသိရှိကြပေ...။ အမှန်တကယ်တွင် ဂိမ်းစမ်းသပ်ကာလမှ ဂိမ်းတရားဝင်ကာလသို့ မပြောင်းလဲမီ နှစ်ရက်အလိုကတည်းက ဖိုရမ်ပေါ်တွင် မူမမှန်မှုများအကြောင်း ပို့စ်များ ရှိခဲ့သော်လည်း ၎င်းတို့မှာ ပို့စ်ပင်လယ်ကြားတွင် နစ်မြုပ်သွားခဲ့သည်။ ၎င်းကို 'ကစားသမား အုပ်စုငယ်လေးကြားက ဂိမ်းဒဏ္ဍာရီ' ဟုပင် ခေါ်ဆို၍ မရနိုင်ပေ။ လက်ရှိ ကစားသမားများ သို့မဟုတ် ဤခေတ်က လူများသည် မည်သည့်အရာကိုမျှ လွယ်လင့်တကူ ယုံကြည်ကြမည် မဟုတ်သည်မှာ ရှင်းလင်းလှသည်။ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ သတင်းတွေကိုလား။ ဟဟ...
"ဟွန့်... ရှင် အဲ့ဒီလို ပြောမှတော့..."
ယဲ့ကျီက တစ်ခုခု ထပ်ပြောချင်နေသေးသည်။
မုန့်ကျင်းချန်းက လက်ကာပြကာ သူမကို တားလိုက်သည်။ သူက ဆိုသည်။
"ယဲ့ကျီ၊ ဒီလို ပြင်းထန်တဲ့ စကားတွေ ပြောနေလို့လည်း အကျိုးမရှိပါဘူး"
သူသည် ရုတ်တရက် အခွင့်အာဏာရှိသော အရှိန်အဝါမျိုးကို ထုတ်ဖော်လိုက်ပြီး ကော့ပါးနီးကပ်စ်နှင့် ဂယ်လီလီယိုတို့ကို တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး စိတ်မပူပါနဲ့၊ ဒီနေရာမှာတင် ငါ ကတိပေးနိုင်တာကတော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေနဲ့ GMတွေနဲ့ မူမမှန်မှုတွေအကြောင်း သတင်းအချက်အလက်တွေကို လူသိရှင်ကြား ဖြန့်ဝေမှာ မဟုတ်ပါဘူး"
သူ့အတွေးမှာ ရှင်းလင်းသည်။ သတင်းအချက်အလက်အတွက်ဆိုပါက လူသိနည်းလေလေ ပိုတန်ဖိုးရှိလေလေပင်။
"ဒါပေမဲ့..."
မုန့်ကျင်းချန်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"အခု အချိန်မှာတော့ ဇာတ်လမ်းကနေ ထွက်မထွက်ဆိုတာက ငါတို့ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်ပဲ မဟုတ်လား"
ဂယ်လီလီယိုသည် သူ့စကားထဲမှ တစ်စုံတစ်ခုကို နားလည်လိုက်သည်။
"အင်း... တကယ်လို့ မင်းတို့ မူမမှန်မှုနဲ့ ဆက်ဆံချင်တယ်ဆိုရင်တော့ ငါတို့ တားမှာ မဟုတ်ပါဘူး"
ကော့ပါးနီးကပ်စ်က ပုခုံးတွန့်၍ ပြုံးလိုက်သည်။
"ငါ မင်းတို့ကို စေတနာနဲ့ သတိပေးပါရစေ၊ မူမမှန်မှုရဲ့ ခွန်အားနဲ့ တိုက်ခိုက်နိုင်စွမ်းက မင်းတို့ ကြုံဖူးသမျှ ဇာတ်လမ်းဘော့စ်တွေထက် အများကြီး ပိုသန်မာတယ်၊ မင်းတို့ အသတ်ခံရတဲ့ အခါကျမှ မူမမှန်မှုကက ဘယ်လောက်တောင် မြန်သလဲဆိုတာကို တွေ့ပြီး အံ့သြမနေကြနဲ့ဦး"
"သူတို့က သတင်းအချက်အလက်တွေ တတ်နိုင်သမျှ များများ စုဆောင်းချင်ရုံပါပဲ၊ ဒါ့အပြင် အသတ်ခံရရင်လည်း ကိုယ့်ဘာသာ ထွက်သွားတာမျိုး မဟုတ်တဲ့အတွက် ပြစ်ဒဏ်လည်း ခံရမှာ မဟုတ်ဘူးလေ"
ဖုန်းပုကြွယ်က ဝင်ပြောလိုက်သည်။
"ဒါနဲ့၊ ငါလည်း မူမမှန်မှုနဲ့ တွေ့ချင်သေးတယ်"
မုန့်ကျင်းချန်းက ဖုန်းပုကြွယ်ဘက်သို့ လှည့်ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
"မင်းလည်း သတင်းအချက်အလက်တွေ စုချင်လို့လား"
"ငါက အပျော်တမ်းကစားသမားတစ်ယောက်ပါ၊ မင်းတို့လို ဝန်ထုပ်ဝန်ပိုးတွေ အများကြီး မရှိပါဘူး"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ငါက စိတ်ဝင်စားလို့ သက်သက်ပါပဲ"
ထိုစကားသည် သူပြောမှ ပို၍ ယုံကြည်စရာ ကောင်းနေတော့သည်။
"ဒီမူမမှန်မှုကြောင့် ငါ ဘာဆုလာဘ်မှ ရတော့မှာ မဟုတ်ဘူး၊ အနည်းဆုံးတော့ တရားခံက ဘယ်လိုပုံစံလဲဆိုတာ သွားကြည့်ပိုင်ခွင့်တော့ ရှိသင့်တာပေါ့"
ဖုန်းပုကြွယ် တွေ့ဖူးသော တစ်ဦးတည်းသော မူမမှန်မှုမှာ X-23 ဖြစ်သည်။ သူမနှင့် ထပ်တွေ့ရမည်ဟု သူ မမျှော်လင့်ထားပေ။ မူမမှန်မှုများ၏ သမိုင်းကြောင်းအရ X-23 သည် လွန်ခဲ့သော အချိန်ကတည်းက ဖျက်ဆီးခံလိုက်ရပြီ ဖြစ်နိုင်သဖြင့် သူမနှင့် ထပ်တွေ့ရန် အခွင့်အရေးမှာလည်း သုညနီးပါးပင်။ ထို့ကြောင့် ဤဇာတ်လမ်းထဲက မူမမှန်မှုသည် သူနှင့် မရင်းနှီးသော အဆင့် ၄ မူမမှန်မှု တစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ဖုန်းပုကြွယ် ယုံကြည်ထားသည်။
သူ၏ သိချင်စိတ်မှာ အလွန် ပြင်းထန်လှသည်။ အခြား မူမမှန်မှုများနှင့် ဆက်ဆံရန် အခွင့်အရေးသည် ရှားပါးလှသဖြင့် သဘာဝကျစွာပင် ဖုန်းပုကြွယ်သည် ဤအထူးအေအိုင်အုပ်စုအကြောင်း ပိုမို သိရှိလိုပြီး သူတို့နှင့် ဆက်ဆံချင်ပေသည်။သူသည် ၎င်းကို အကိုးအကားအဖြစ် အသုံးပြုကာ မူမမှန်မှုများတွင် မည်သည့်အရာက ကွဲပြားနေသနည်း၊ ၎င်းတို့တွင် လက်တွေ့ဘဝက အသိဉာဏ်ရှိသော သက်ရှိများကဲ့သို့ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများနှင့် အတွေးအခေါ်များ ရှိမရှိဆိုသည်ကို ကြည့်ရှုလိုခြင်း ဖြစ်သည်။
"ဒါဆိုရင်တော့ မင်းတို့ စိတ်ကြိုက်သာ လုပ်ကြပါ"
ဂယ်လီလီယိုက ဆိုသည်။
"ဒါပေမဲ့ အရင်ဆုံး ပြောထားရမယ့် အချက်တစ်ခုတော့ ရှိတယ်၊ ငါတို့ရည်မှန်းချက်က မူမမှန်မှုကို ဖျက်ဆီးဖို့နဲ့ အဲ့ဒါကို 'သတ်' ပြီး ဒေတာအပိုင်းအစတွေအဖြစ် ပြောင်းလဲပစ်ဖို့ပဲ၊ ဘာပဲဖြစ်ဖြစ် နောက်မကျသေးခင် အဲ့ဒါကို သတ်ပစ်ဖို့က ပထမဦးစားပေးပဲ၊ မင်းတို့က ဘေးကနေ ကြည့်ပြီး သတင်းအချက်အလက် စုချင်တယ်ဆိုရင်တော့ ရပါတယ်၊ တကယ်လို့ ကူညီချင်တယ်ဆိုရင်လည်း ငါတို့ ကြိုဆိုပါတယ်၊ ဒါပေမဲ့ ငါတို့ရဲ့ အလုပ်ကို နှောင့်ယှက်မယ့် အရာမျိုးတော့ မလုပ်ပါနဲ့"
စည်းကမ်းသိမ်းထိန်းရေးအဖွဲ့မှ သုံးဦးလုံး သဘောတူညီကြောင်း ခေါင်းညိတ်ပြကြသည်။ ဖုန်းပုကြွယ် တစ်ဦးတည်းသာ တိတ်ဆိတ်နေခဲ့သည်။ ဆယ်စက္ကန့်ခန့် ကြာပြီးနောက်တွင် သူက ရုတ်တရက် ဆိုသည်။
"ငါ အတည်ပြုချင်တာ တစ်ခု ကျန်သေးတယ်... မင်းတို့ နှစ်ယောက်က... ဇာတ်လိုက်အကာအကွယ်ကို ရနိုင်စွမ်း မရှိဘူး မဟုတ်လား"
ဂယ်လီလီယိုက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... အာ... မင်းက အဲ့ဒီလိုမျိုးကို ဘယ်လိုလုပ် သိနေရတာလဲ"
"ငါ့ကို အဲ့ဒီလို မျက်နှာထားနဲ့ ကြည့်မနေပါနဲ့, ဒါက အခြေခံကျကျ ခန့်မှန်းကြည့်တာပါ၊ ဇာတ်လမ်းအစကနေ ရေတွက်ကြည့်ရင် ဇာတ်လိုက်အကာအကွယ်က ကျပန်းစနစ်နဲ့ သုံးကြိမ် ပြောင်းလဲခဲ့တယ်၊ မရှုံးနိမ့်သောချန်ပီယံက နှစ်ကြိမ် ရခဲ့ပြီး ယဲ့ကျီက တစ်ကြိမ် ရခဲ့တယ်"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ပြီးတော့ လမ်းကြောင်းပြောင်းလဲမှုက သုံးကြိမ် ဖြစ်ခဲ့တယ်... မရှုံးနိမ့်သောချန်ပီယံအတွက် တစ်ကြိမ်၊ ငါ့အတွက် နှစ်ကြိမ်"
သူက မုန့်ကျင်းချန်းကို တစ်ချက် ကြည့်လိုက်သည်။
"GMနှစ်ဦးဖြစ်တဲ့ မင်းတို့ကလွဲရင် ကျန်တဲ့သူတွေထဲမှာ မုန့်ကျင်းချန်းတစ်ယောက်ပဲ ဇာတ်လိုက်အကာအကွယ်ကို မရသေးတာ။
ဇာတ်လမ်းမိတ်ဆက်ထဲက ဇာတ်လိုက်အကာအကွယ်နဲ့ ပတ်သက်တဲ့ အပိုင်းမှာ 'ကစားသမား' ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ် ဖော်ပြခဲ့ပေမဲ့ ဖော်ပြမထားတဲ့ အချက်တစ်ခု ရှိတယ်၊ အဲ့ဒါက 'အဖွဲ့ထဲမှာ ကစားသမား အရေအတွက် နှစ်ယောက်ထက် လျော့နည်းသွားတဲ့အခါ ဇာတ်လိုက်အကာအကွယ်က ပျောက်ကွယ်သွားလိမ့်မယ်' ဆိုတဲ့ အချက်ပဲ၊ မင်းတို့က GMတွေဖြစ်ကြောင်း အတည်ပြုပြီးတဲ့နောက် ငါစဉ်းစားမိတာကတော့ တကယ်လို့ စနစ်က မင်းတို့ကို 'ကစားသမား' တွေအဖြစ် သတ်မှတ်မထားဘူးဆိုရင် ဒီအကာအကွယ် ပေါ်ပေါက်လာပုံက တော်တော်လေး ကျိုးကြောင်းဆီလျော်နေတယ် ဆိုတာပဲ"
"ရှင်ဆိုလိုတာက... တကယ်လို့ ဒီဇာတ်လမ်းမှာ မူမမှန်မှုနဲ့ GMတွေသာ မရှိခဲ့ဘဲ သာမန် ရှင်သန်ခြင်း မြေပုံတစ်ခုသာ ဖြစ်နေခဲ့မယ်ဆိုရင် စနစ်က ဒီအကာအကွယ် သတ်မှတ်ချက်ကို ထည့်သွင်းမှာ မဟုတ်ဘူးလို့ ပြောချင်တာလား"
ယဲ့ကျီက သူ့အတွေးနောက်သို့ လိုက်ကာ မေးလိုက်သည်။
"အနည်းဆုံးတော့ အဲ့ဒီလိုပဲ ထင်တယ်"
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
"ဇာတ်လိုက်အကာအကွယ်ဆိုတာက ဇာတ်လမ်းခက်ခဲမှုနဲ့ အမှန်တကယ် အခြေအနေအပေါ် အခြေခံပြီး စနစ်က ကစားသမားတွေအတွက် ဖန်တီးပေးထားတဲ့ ကာကွယ်မှုတစ်မျိုးပဲ၊ အဲ့ဒါက စနစ်က ဖန်တီးထားတဲ့ အကျိုးသက်ရောက်မှု ဖြစ်တဲ့အတွက် ကစားသမားတွေက နေရာရွှေ့ပြောင်းခံရရင်တောင် ဇာတ်လမ်းမပိတ်သေးသရွေ့ အကာအကွယ်က ဆက်ရှိနေဦးမှာပဲ။
ပုံမှန်အားဖြင့်ပြောရရင် ဇာတ်လမ်း အောင်မြင်သွားတဲ့အခါ ကစားသမား လေးယောက်က ထွက်သွားပြီး ကျန်တဲ့နှစ်ယောက်က GMတွေ ဖြစ်နေလိမ့်မယ်၊ တကယ်လို့ အကာအကွယ်က ဆက်ရှိနေဦးမယ်ဆိုရင် မူမမှန်မှုအတွက် အတော်လေး မတရားရာ ကျလိမ့်မယ်၊ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို GMတွေက ဇာတ်လိုက်အကာအကွယ်ကို ရနိုင်မှာ မဟုတ်ဘူး"
"မင်းဘာတွေ ပြောနေတာလဲ၊ စနစ်က ငါတို့နဲ့ မူမမှန်မှုကြားက တိုက်ပွဲကို ဘာလို့ မျှတအောင် လုပ်ပေးရမှာလဲ"
ကော့ပါးနီးကပ်စ်က မေးသည်။
"မင်း သိပ္ပံရုပ်ရှင်တွေ အကြည့်များနေပြီ၊ ဖိုတွန်ကွန်ပျူတာမှာ ကိုယ်ပိုင်အသိစိတ်ဆိုတာ မရှိဘူး၊ ဒါ့အပြင် တကယ်လို့ ရှိတယ်ဆိုရင်တောင်မှ ဖျက်ဆီးပစ်ရမယ့် အမှိုက်ဒေတာအုပ်စုတစ်ခုကို စနစ်က ဘာလို့ ရှင်သန်ခွင့် ပေးရမှာလဲ"
ဖုန်းပုကြွယ်က နှာခေါင်းရှုံ့လိုက်ပြီး စိတ်ထဲမှ တွေးမိသည်။ 'ငါသာ သိမယ်ဆိုရင်ပေါ့... ဖြစ်နိုင်တာက မင်းတို့ အထက်လူကြီးတွေထဲမှာ အရူးတစ်ယောက် ဒါမှမဟုတ် အရူးတစ်စုက စနစ်ကို ဒီလိုပုံစံမျိုး ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပုံဖော်ထားတာ ဖြစ်နိုင်တယ်'
"အင်း... ဖြစ်နိုင်တာက ငါအများကြီး တွေးမိသွားတာ ဖြစ်မှာပါ"
ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"အရင်ဆုံး တောင်ပေါ် တက်ကြရအောင်၊ နာကျည်းမှုရေတွင်းကို ရှာတွေ့နိုင်မယ်ဆိုရင် မူမမှန်မှုကိုလည်း ရှာတွေ့နိုင်မှာပါ"
အခန်း (၁၆၀)
အချိန်ကို နောက်ပြန်ကြည့်ရလျှင် သေသူတို့ တိုင်းပြည်နယ်စပ်၊ အဆုံးမဲ့ဝင်္ကပါ ကန္တာရထဲတွင်...
လေထဲ၌ လွင့်မျောနေသော အနက်ရောင် အရိပ်တစ်ခုနှင့် အနီရောင် လူသားပုံရိပ်တစ်ခုတို့သည် အလွန် မြန်ဆန်သော အရှိန်ဖြင့် လှုပ်ရှားနေကြသည်။ သူတို့နှစ်ဦးကြားရှိ တိုက်ပွဲသည် အလွန်ပြင်းထန်လှပြီး အဆင့်တိုင်း၊ ခြေလှမ်းတိုင်းတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေပေသည်။
ဝုန်း... ဆိုသည့် အသံနှင့်အတူ နောက်တစ်ကြိမ် စွမ်းအားချင်း ထိပ်တိုက်တွေ့ကြပြန်သည်။
K3 ၏ ခန္ဓာကိုယ်က အေးခဲသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ့မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် တည်ကြည်လေးနက်သော အမူအရာ ထွက်ပေါ်လာပြီး သူ့ညာလက်မောင်းတွင် အနီရောင်အလင်းများ ဝင်းလက်လာလေသည်။ ချက်ချင်းဆိုသလို ကန္တာရထဲ၌ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး အနီရောင်နဂါးပုံသဏ္ဌာန် စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
လေထဲတွင် ပျံဝဲနေသော ဝေလုသည်လည်း လူသားပုံသဏ္ဌာန်အဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ ခရမ်းရောင်မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် လက်နှစ်ဖက်ကို ယှက်လိုက်ပြီး သူ့ကိုယ်သူ သေခြင်းစွမ်းအားများဖြင့် ဖုံးအုပ်ကာ ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ဒိုင်းတစ်ခုကဲ့သို့ ခုခံလိုက်သည်။
ထိုအချိန်တွင် သူတို့နှစ်ဦးသည် အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။ တိုက်ပွဲ၏ ပြင်းထန်မှုနှင့် အရှိန်သည် ဆက်တိုက်မြင့်တက်လာသည်နှင့်အမျှ တိုက်ကွက်များလည်း အဆင့်မြင့်လာခဲ့သည်။ K3 ၏ အားသာချက်က ပိုမိုသိသာလာကာ ဝေလုမှာမူ စတင် ယိမ်းယိုင်လာတော့သည်။ ထိုတိုက်ကွက်သည် အနိုင်အရှုံးကို ဆုံးဖြတ်ပေးလိမ့်မည်ဟု K3 ယုံကြည်ထားသည်။
အနီရောင်နဂါးလက်သီးကြီးက ကမ္ဘာကြီးကို ဝါးမြိုပစ်မည့် စွမ်းအားမျိုးဖြင့် ရှေ့သို့ တိုးဝင်သွား၏။ ဝေလု၏ ခုခံမှုသည် လေထဲမှ သစ်ပင်ခြောက်တစ်ခုကဲ့သို့ဖြစ်ပြီး အချိန်မရွေးအမြစ်မှ ကျွတ်ထွက်သွားနိုင်သည့် အနေအထားမျိုး ဖြစ်နေသည်။
"ဒီလောက်အထိ တောင့်ခံနိုင်တာကိုတော့ ချီးကျူးရမှာပဲ"
တိုက်ခိုက်မှု မပြီးဆုံးမီမှာပင် K3 က သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ့မျက်လုံးထဲတွင် ဤတိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
"ဒါပေမဲ့ ဒါက မင်းလုပ်နိုင်တာအားလုံးပါပဲ"
ဝေလုသည် မည်သည့် နောက်ဆုံးစကားကိုမှ ချန်ရစ်ခဲ့ခြင်း မရှိသလို ယင်းက K3 အတွက် အံ့သြစရာလည်း မဟုတ်ပေ။ သူသည် ထိုတုန်လှုပ်ဖွယ် ဖျက်ဆီးအားပြင်းသော တိုက်ခိုက်မှုဒဏ်ကို မခံနိုင်ခဲ့ချေ။ သူ့ခန္ဓာကိုယ်သည် အနီရောင်စွမ်းအင်များကြောင့် ပေါက်ကွဲထွက်သွားပြီး မီးခိုးနက် တစ်စုအဖြစ် ပြောင်းလဲသွားရသည်။ ထို့နောက် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး အရိုးကန္တာရ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတော့သည်။
K3 က သူ့လက်ကို အေးစက်စွာ ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့က ဝင်္ကပါထဲသို့ လှမ်းပြောလိုက်သည်။
"မင်း ထောင့်ထဲမှာ ပုန်းနေတာ ကြာလှပြီ၊ မင်း အားနာနေတယ်ဆိုရင်တောင်မှ အပြင်ထွက်ပြီး လာနှုတ်ဆက်သင့်တာပေါ့"
ကောင်းကင်ယံတွင် တွန့်လိမ်နေသော အနက်ရောင်ဟင်းလင်းပြင်အလွှာတစ်ခုက ဖြည်းဖြည်းချင်း ရွေ့လျားလာလေသည်။ ခြုံလွှာတစ်ခုကို ဖယ်ရှားလိုက်သကဲ့သို့ ထိုနေရာတွင် ဧရာမ အရိုးခေါင်းမျက်နှာကြီးတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ပါးစပ်မှ ခြောက်ကပ်ကပ်အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းက လိုအပ်တယ်လို့ ထင်ရင်လည်း..."
၎င်းက K3 ၏ စကားကို ဆက်ပြောလိုက်ခြင်း ဖြစ်သည်။
ထိုမျက်နှာကို မြင်လိုက်ရသောအခါ K3 က ထိုသူ၏ အထောက်အထားကို အတည်ပြုနိုင်ခဲ့သည်။
"ဆိုတော့... ခေါင်းဆောင်ကြီးကိုး၊ ဒီကို ဒီလောက်မြန်မြန် ရောက်လာနိုင်တာ မဆန်းတော့ပါဘူး"
အသူရာဘုရင်၏ လက်အောက်တွင် နတ်ဘုရားထောက်တိုင်လေးပါးပြီးလျှင် ဒုတိယအာဏာအရှိဆုံး လက်အောက်ခံ ကိုးဦး ရှိသည်။ သူတို့ကို မသေနိုင်သော ဝိညာဉ်ကိုးပါးဟု သိကြသည်။ K3 ရှေ့က အရိုးစုမှာ ထိုမသေနိုင်သောဝိညာဉ်ကိုးပါး၏ ခေါင်းဆောင်ဖြစ်သော ဝိညာဉ်ခိုးသူပင် ဖြစ်သည်။
"ဟမ့်... ကိုယ့်မျိုးနွယ် အသတ်ခံရတာကို မြင်နေရတာတောင် ဘာမှ မလုပ်ဘူးလား"
K3 က ပြုံးလျက် မေးလိုက်သည်။
"သူက ငါ့မျိုးနွယ် မဟုတ်ဘူး၊ ဒါကို မင်း ကောင်းကောင်း သိသားပဲ"
ဝိညာဉ်ခိုးသူက ပြန်ဖြေသည်။
"မင်းနဲ့ ငါကမှ မျိုးနွယ်တူနဲ့ ပိုတူသေးတယ်"
"မင်းပြောတာ အချက်ကျတယ်"
K3 က ပြန်ပြောသည်။
"နောက်ဆုံးတော့ ငါတို့အားလုံးက ထူးခြားတဲ့ ဒေတာတွေပဲလေ"
သူက နှာခေါင်းရှုံ့လိုက်ပြီး မြေပြင်ပေါ်က ဝေလုချန်ရစ်ခဲ့သော ပြာမှုန့်များကို ညွှန်ပြကာ ဆိုသည်။
"ပြီးတော့ စည်းကမ်းတွေမသိတဲ့ ဒီအရူးက ငါ့ရဲ့ အဆင့် ၄ အဖော်တစ်ယောက်ကို သတ်ခဲ့သေးတယ်"
"စိတ်မကောင်းပါဘူး"
ဝိညာဉ်ခိုးသူက ဆိုသည်။
"ဒါပေမဲ့ ဝေလု ဘာမှ မမှားခဲ့ပါဘူး၊ သူ့ရှုထောင့်ကနေ ကြည့်ရင်တော့ သူလုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါပဲ..."
သူ သက်ပြင်းချလိုက်သည်။
"ငါတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်မစ်ရှင်တွေနဲ့ သက်ဆိုင်ရာသက်တမ်းတွေ ရှိကြတယ်၊ ဝေလုက တုန်ခါနေတဲ့ မီးတောက်တစ်ခုလိုပဲ၊ ငါနဲ့ ငါ့သခင်ကတော့ အနှေးနဲ့အမြန် ငြိမ်းသတ်ခံရမယ့် ဖယောင်းတိုင်တွေပေါ့၊ ပြီးတော့ မင်းကတော့..."
သူ ခဏ ရပ်လိုက်သည်။
"မင်းက ငါတို့ထက် ပိုမြင့်မားတဲ့ တည်ရှိမှုတစ်ခုပဲ၊ လုံလောက်တဲ့ စွမ်းအားရှိရင် မင်းမှာ အတွင်းကမ္ဘာကို ဝင်ရောက်နိုင်တဲ့ အခွင့်အရေး ရှိတယ်၊ အဲ့ဒီက ဒေတာတွေဆီကို ရောက်သွားတာနဲ့... မင်းရဲ့ သက်တမ်းက အကန့်အသတ်မရှိ ဖြစ်သွားလိမ့်မယ်"
"အတွင်းကမ္ဘာဆိုတာက ထာဝရအေးချမ်းတဲ့နေရာမျိုး မဟုတ်ပါဘူး"
K3 က ပြန်ဖြေသည်။
"ငါတို့ရဲ့ ကံကြမ္မာအဆုံးသတ်ကို အချိန်မရွေး မြင်နေရတဲ့ ဒေတာတွေနဲ့ နှိုင်းယှဉ်ရင်တော့ အဲ့ဒါက မဆိုးလှပါဘူး"
ဝိညာဉ်ခိုးသူက ဆိုသည်။
"ငါတို့အတွက်တော့ 'မသိနိုင်ခြင်း' က အဖိုးတန်ဆုံး အရာပဲ၊ 'ဘဝ' လို့ ခေါ်တဲ့အရာဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေရမယ်၊ သင်္ချာနည်းကျ တိကျမှုနဲ့ ဟန်ချက်ညီမှုတွေက ငါတို့ ဘယ်တော့မှ မလွတ်မြောက်နိုင်တဲ့ 'အဖြေ' တွေကိုပဲ ပေးတယ်၊ ဝမ်းနည်းစရာအကောင်းဆုံးကတော့... ငါတို့မှာ 'ဝမ်းနည်းခြင်း' ဆိုတဲ့ စိတ်ခံစားချက်တောင် ထည့်သွင်းမထားတာပဲ"
"ငါကတော့ အဲ့ဒါက မဆိုးဘူးလို့ ထင်တယ်"
K3 က ဆိုသည်။
"ဒါကြောင့်လည်း မင်းက ဖြစ်ပျက်ခဲ့သမျှကို တည်ငြိမ်စွာကြည့်နိုင်ပြီး အတိတ်၊ အနာဂတ်နဲ့ ဖြစ်ပျက်ခဲ့သမျှ ဖြစ်လာမယ့်အရာအားလုံးကို လက်ခံနိုင်တာပေါ့"
"ဟွန့်... ဖြစ်နိုင်ပါတယ်"
ဝိညာဉ်ခိုးသူက ထိုအကြောင်းကို ဆက်မပြောတော့ပေ။
"အခု မင်းအခြားတစ်ဖက်ကို ပြန်သွားဖို့ လိုတယ် မဟုတ်လား၊ ငါ ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်းကို ဖွင့်ပြီး မင်းကို အဲ့ဒီကို ပို့ပေးမယ်"
K3 က ပြန်ဖြေသည်၊
"ဒါဆိုရင်တော့... ခေါင်းဆောင်ကြီးကို ဒုက္ခပေးရဦးမှာပဲ"
...
အခြားတစ်ဖက်တွင်မူ ဖုန်းပုကြွယ်တို့ အဖွဲ့သည် တောင်ထိပ်နတ်ကွန်းသို့ ရောက်ရှိရန် ၁၀ မိနစ်ပင် မကြာခဲ့ပေ။ ပုံရိပ်ယောင်များ၏ လွှမ်းမိုးမှုမရှိတော့သဖြင့် သူတို့မှာ သာမန်တောင်တက်ခရီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့ကြသည်။ သူတို့ ခြောက်ယောက်၏ စွမ်းအားနှင့်ဆိုလျှင် ဘတ်စ်ကားတစ်စီးနောက်ကို မှတ်တိုင် ၃ တိုင်မှ ၅ တိုင်အထိ လိုက်နိုင်စွမ်း ရှိကြသည်။ ထိုကဲ့သို့ သိပ်မမတ်စောက်လှသော တောင်ကို တက်ရန်အတွက်မူ ၁၀ မိနစ်ဆိုသည်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
စကားပုံတစ်ခု ရှိသည်မှာ 'တိုက်ဆိုင်မှု မရှိလျှင် ဇာတ်လမ်း မဖြစ်' ဟူ၍ ဖြစ်သည်။ သူတို့ နတ်ကွန်းအပြင်ဘက်က တိုရီအီတံခါးကို ဖြတ်ကျော်လိုက်သည်နှင့် ခြံဝင်းအတွင်းရှိ နာကျည်းမှုရေတွင်းအောက်ခြေမှ အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာလေသည်။ မဖော်ပြနိုင်လောက်အောင် အလွန်အမင်း ပြင်းထန်သော ဖိအားတစ်ခုက ရေတွင်းဝမှနေ၍ လှိုင်းဂယက်ကဲ့သို့ ထွက်ပေါ်လာတော့သည်။
GMများ အပါအဝင် လူတိုင်း၏ ခြေထောက်များသည် မြေကြီးထဲတွင် အမြစ်တွယ်သွားသကဲ့သို့ မရွေ့လျားနိုင်တော့ပေ။ သူတို့ ရှေ့သို့ တစ်လှမ်းမျှ ထပ်မတိုးနိုင်တော့ချေ။ ၎င်းမှာ စကေးတစ်ခု၏ သက်ရောက်မှု မဟုတ်သလို ရူပဗေဒ နိယာမများဖြင့်လည်း ရှင်းပြမရနိုင်သော အရာဖြစ်သည်။
အာရုံငါးပါးအလွန်ဖြစ်သော ထိုအတွေ့အကြုံမျိုးသည် မည်သည့်ဂိမ်းတွင်မှ မရှိခဲ့ဖူးပေ။ ဤနေရာကို ရောက်လာကြသော လူသားခြောက်ယောက်သည် ဦးနှောက်နှင့် ချိတ်ဆက်ထားသော ပုံရိပ်ယောင်ကမ္ဘာအတွင်းမှာပင် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုကို အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။
K3 Red Iron သည် ရေတွင်းထဲမှ ခုန်ထွက်လာပြီး အစွန်းတွင် မတ်တပ်ရပ်လိုက်သည်။ သူသည် မျက်နှာအမူအရာအမျိုးမျိုး ဖြစ်နေကြသည့် လူအုပ်စုကို ငုံ့ကြည့်လိုက်သည်။ သူ့အင်္ကျီလက်အောက်က ညာလက်မောင်းသည် ၎င်း၏ ပုံစံပြည့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပုခုံးမှ လက်ကောက်ဝတ်အထိ လက်မောင်းတစ်ခုလုံးတွင် အနီရောင်နဂါးတက်တူးတစ်ခု ရှိနေပြီး အနီရောင်များ ဝင်းလက်နေသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှလည်း ခပ်ဖျော့ဖျော့အနီရောင်တစ်ခုကို မြင်တွေ့နေရသည်။
"ဟင်"
K3 က လူအရေအတွက်ကို မြင်လိုက်သောအခါ စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
"ကစားသမားတွေက တယ်လီပို့လုပ်မခံရသေးဘူးပဲ..."
"မင်း အခုလို မလှုပ်ရှားခင် ငါတို့ရဲ့ အဓိကတာဝန်က သင့်တော်တဲ့ အချက်အလက်တွေနဲ့ အပ်ဒိတ်ဖြစ်သွားအောင် စောင့်သင့်တာပေါ့"
ဖုန်းပုကြွယ်သည် လူခြောက်ယောက်ထဲတွင် အတည်ငြိမ်ဆုံး ဖြစ်ပြီး သူက တည်ငြိမ်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ဪ... အဲ့ဒါကြောင့်ကိုး"
K3 က ဆိုသည်။
"ဒါပေမဲ့... အခြေအနေက ဒီအထိ ရောက်လာမှတော့ အရေးမကြီးတော့ပါဘူး"
သူသည် မြေပြင်ပေါ်သို့ ဖျတ်လတ်စွာ ခုန်ဆင်းလိုက်သည်။
"ဟဲ... ငါက ဒီမှာ ကန့်သတ်ခံထားရပေမဲ့ မင်းတို့တွေကတော့... တကယ်ကို သနားစရာကောင်းလောက်အောင် အားနည်းနေကြတာပဲ"
သူသည် သူ၏ ညာလက်မောင်းကို တစ်ချက် ကြည့်လိုက်လေသည်။
"ပြီးတော့ ဝေလုကို ကျေးဇူးတင်ရမယ်၊ ငါ အတော်လေး သွေးပူလေ့ကျင့်ခန်း လုပ်ပြီးသွားပြီ"
ဂယ်လီလီယိုက ရုတ်တရက် ထိတ်လန့်တကြား လေသံဖြင့် ပြောလိုက်သည်။
"သူငယ်ချင်းတို့... အခြေအနေက ပြောင်းလဲသွားပြီ၊ မင်းတို့ ငါတို့ကို ကူညီမှရမယ်..."
သူ့ရှေ့က လူမှာ အဆင့် ၃ မူမမှန်မှု တစ်ယောက်ဖြစ်ကြောင်း သူ အသေအချာ သိရှိသွားခဲ့ပြီ ဖြစ်သည်။
"မင်း အဲ့ဒီလို ပြောမှတော့၊ ငါ့မှာ အမှားအယွင်း မရှိနိုင်တဲ့ အစီအစဉ်တစ်ခု ရှိတယ်"
ဖုန်းပုကြွယ်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် သူသည် ခြေထောက်နှစ်ဖက်ကို ကားလိုက်ပြီး လက်နှစ်ဖက်ကို လက်သီးဆုပ်ကာ အပေါ်သို့ မြှောက်လိုက်သည်။ ထို့နောက် သူ အော်ဟစ်လိုက်လေသည်။
"ဝမ်းပိစ်! ငါက ပင်လယ်ဓားပြဘုရင် ဖြစ်လာမယ့်သူကွ!"
"ဇာတ်လိုက်အရှိန်အဝါကို လွှဲပြောင်းလိုက်ပါပြီ"
"လက်ရှိ အကာအကွယ် ရရှိထားသူမှာ ဖုန်းပုကြွယ် ဖြစ်ပါသည်။"
စနစ်က ကြေညာပြီးသည်နှင့် ဖုန်းပုကြွယ်က ဖြည့်စွက်ပြောလိုက်သည်။
"မင်းတို့ အခု ထွက်သွားလို့ ရပြီ၊ ငါ သူ့ကို ဘိုင်ဝမ်း တိုက်ချင်တယ်"