အခန်း (၅၃၁-၅၃၂)
Vol. 51 Ch. 531-532
ယန်နတ်ဘုရား စာစဉ် (၅၁)။
ဘာသာပြန်သူ နေဇင်။
အခန်း (၅၃၁)။
ကောင်းကင်မြို့တော်မှ ရရှိခဲ့သော ‘မူလကြေးနီအနှစ်သာရ’ များနှင့် မပေါင်းစပ်ရ သေးမီ ကဆိုလျှင် ဟုန်ယွိသည် ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို ‘အမှောင်ကြယ်’ ကဲ့သို့သော အထွတ်အထိပ် နတ်ဘုရားလက်နက်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မည်သည့်အခါမျှ စဉ်းစားလိမ့်မည် မဟုတ်ပေ။
အကယ်၍ ထိုစဉ်ကသာ ထိပ်တိုက်တွေ့ခဲ့မည်ဆိုပါက သူတော်စင်ပေါင်းစုံခန်းမမှာ တခဏ အတွင်း အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
‘မဟူရာကြယ်’ သည် ‘ဖန်ဟွမ်’ အသက်ဝိညာဉ်ဓားနှင့် ဗုဒ္ဓသင်္ကန်းတော်တို့ထက် အဆင့် နိမ့်ကျခြင်း လုံးဝ မရှိပေ။ နောက်ဆုံးတွင် ၎င်းသည် ‘ရှေးဦးခေတ်ရွှမ်’ ၏ ကိုယ်ပိုင် အသက် ဝိညာဉ်မှော်ရတနာတစ်ခု ဖြစ်သည်။ ထို့အပြင် ‘မဟူရာကြယ်’ နှင့် ဗုဒ္ဓသင်္ကန်းတော်တို့မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အားဖြည့်ပေးနိုင်သလို၊ အပြန်အလှန်လည်း ထိန်းချုပ်နိုင် သည့် မှော်ရတနာအတွဲ ဖြစ်သည်။
သို့သော် ယခုအခါ အမှောင်ဧကရာဇ် တာအိုသခင်၏ လက်ထဲရှိ ‘မဟူရာကြယ်’ မှာ ဟုန်ယွိ လက်ထဲရှိ ဗုဒ္ဓသင်္ကန်းတော်ထက် များစွာ ပိုမိုအစွမ်းထက်နေသည်။ ၎င်းမှာ အသုံးပြုရ ပိုမိုလွယ်ကူပြီး ပိုမိုလျင်မြန်လှသည်။
သို့သော် ဟုန်ယွိက မကြောက်ရွံ့ပေ။
အဆုံးတွင် ‘မဟူရာကြယ်’ ၏ တိုက်ခိုက်မှုကို သူ မည်သို့မျှ ရှောင်တိမ်း၍ မရနိုင်တော့ သဖြင့် သူ၏ အသက်ကိုရင်း၍ ပြန်လည် တိုက်ခိုက် ရန်သာ ရှိတော့သည်။
ထို့အပြင် ဟုန်ယွိသည် ကမ္ဘာဦးအစဟူသော အထွတ်အထိပ် တာအိုပညာရပ်ကို နားလည် သဘောပေါက်ခါစသာ ရှိသေးသည်။ သိုင်းပညာနှင့် မှော်ပညာတို့ ပေါင်းစပ်သွားပြီ ဖြစ်သော်လည်း အပြည့်အဝ မပြည့်စုံသေးပေ။ သူသည် ဤမဟာတိုက်ပွဲကို အသုံးပြု၍ ထိုပညာရပ်၏ အနှစ်သာရကို နားလည်ရန်နှင့် တစ်ဆင့်ချင်းစီ သန့်စင်ပြင်ဆင်ရန် ဆန္ဒရှိ နေသည်။ အမှောင်ဧကရာဇ် တာအိုသခင်ကဲ့သို့သော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦးမှာ သူ၏ ပညာရပ်အတွက် စမ်းသပ်ရန် အကောင်းဆုံး ကျောက်တိုင်ကြီးပင် ဖြစ်သည်။
ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း....
ခေတ်တစ်ခေတ်ကို ပြောင်းလဲစေနိုင်သော မဟာနတ်ဘုရား စွမ်းအားနှစ်ခု၊ ရှေးဦးခေတ်မှ ယနေ့တိုင် တောက်ပခဲ့သော အထွတ်အထိပ် နတ်ဘုရားလက်နက်နှစ်ခုမှာ နောက်ဆုံးတွင် ထိပ်တိုက် တွေ့ဆုံသွားကြရာ၊ စူးရှသော ရိုက်ခတ်မှုလှိုင်းလုံးများသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းများကြားရှိ ဒြပ်ရှိ၊ ဒြပ်မဲ့ သက်ရှိ သက်မဲ့ အရာပေါင်းများစွာမှာ မည်မျှ ပျက်စီးသွားရသည်ကို မည်သူမျှ မသိနိုင်တော့ပေ။
ဒုတ်…
ထိပ်တိုက် တွေ့ဆုံမှုကြောင့် ခန်းမဆောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဟွမ်ယန်ယန်၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါးပင်။ သူမသည် သူမ၏ တောက်ပသော ‘မီးလျှံစွမ်းအား’ ကို အသုံးပြု၍ အလျင်အမြန် အကာအကွယ်လိုက်သော် လည်း သူမ၏မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာကာ နားထဲတွင် လည်း တဝုန်းဝုန်း မြည်ဟီးနေသည်။ သူမ၏ တစ်ကိုယ်လုံးရှိ သွေးများနှင့် စွမ်းအင်များမှာ ဆူပွက်နေသော ဆီပူအိုးထဲသို့ ရေအေးတစ်ပုံး လောင်းချလိုက်သကဲ့သို့ တရကြမ်း လှုပ်ခတ်လာပြီး ချွေးပေါက်တိုင်းမှ ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရသည်။
ဤတစ်ကြိမ်တည်းသော ရိုက်ခတ်မှုနှင့် တုန်ခါမှုမှာ သာမန်လူတစ်ယောက်ကို အသားစ များအဖြစ် ပြောင်းလဲပစ်ရန် လုံလောက်သည်။
သို့သော် ဟုန်ယွိမှာမူ မလှုပ်မယှက် ရှိနေသည်။ သူသည် နဂါးရေခဲတိုင် ၅၀၁ ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ အတွေးစများ အားလုံးမှာ အပြင်သို့ ထွက်ပေါ်နေသည်။ အတွေးစပေါင်း ၆၆,၆၆၆ စုလုံးမှာ တစ်ခုမကျန် မဟာအစီအရင်၏ ဟင်းလင်းပြင်အတွင်း ပေါင်းစည်းနေပြီး အမျိုးမျိုးသော အစီအရင်များ၊ အချိန်နှင့် ဟင်းလင်းပြင်တို့ကို ထိန်းချုပ် နေသည်။
"ဇမ္ဗူမဟာအစီအရင် လိပ်ခွံ၊ နန်းဆောင်ကိုးခု နတ်ဘုရား အစီအရင်။" သူက တိုးညှင်းစွာ ဟစ်ကြွေးလိုက်သည်။
ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းများကြား၌ ‘မဟူရာကြယ်’ နှင့် အပြင်းထန် တိုက်မိခဲ့ သော ‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ ချက်ချင်းပင် ကျောကုန်းပေါ်တွင် နန်းဆောင်ကိုးခု ပုံစံပါသော လိပ်ခွံများဖြင့် ဝန်းရံသွားတော့သည်။
တစ်ချိန်တည်းမှာပင် ခန်းမဆောင်ကြီး၏ ပတ်ပတ်လည်ကို လိပ်ခွံများဖြင့် လုံးဝ ဖုံးအုပ် လိုက်ပါသည်။ ဧရာမ ခန်းမဆောင်ကြီးမှာ လိပ်ခွံကြီးတစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွား လေပြီ။
နဂါးလိပ်တို့၏ သံချပ်ကာမှာ အမာကျောဆုံးဖြစ်ပြီး ခုခံကာကွယ်ရန်နှင့် ရိုက်ခတ်မှုများကို ခံနိုင်ရည်ရှိရန် အကောင်းဆုံးဖြစ်သည်။ ရှေးခေတ် ကျွမ်းကျင်သူများသည်ပင် ဧရာမ လိပ်ခွံကြီးများကို ဒိုင်းလွှားအဖြစ် အသုံးပြုခဲ့ကြရာ ၎င်းမှာ သံမဏိဒိုင်းများထက် များစွာ ပိုမိုကောင်းမွန်သည်။
၎င်းကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်တစ်ခုလုံးမှာ ထိုက်ရှန် တောင်ကြီးကဲ့သို့ ချက်ချင်း တည်ငြိမ်ခိုင်ခံ့သွားလေသည်။
"လူတိုင်းဟာ သူတော်စင်ပဲ၊ သူတော်စင်တိုင်းကလည်း လူသားတွေပဲ။ တိုက်ခိုက်က်စမ်း။"
ဇမ္ဗူမဟာအစီအရင်ကို အသက်သွင်းပြီးနောက် ‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ ဧရာမ လိပ်ကြီးတစ်ကောင် သို့မဟုတ် လူ့လောကတွင် ပြန်လည် ပေါ်ထွန်းလာသော ရှေးဟောင်း လိပ်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ဧရာမ လိပ်နဂါးကြီးသည် ဟင်းလင်း ပြင်ထဲ၌ ဒေါသတကြီး ဟိန်းလိုက်သည်။ ၎င်း၏ ဟိန်းသံမှာ မိုးကြိုးသံကဲ့သို့ပင်။ သူသည် နောက်ဆုတ်သွားမည့်အစား ‘မဟူရာကြယ်’ ဆီသို့ ပြေးဝင်ကာ ထပ်မံ တိုက်ခိုက် လိုက်ပြန် သည်။
ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း….
အကြိမ်ပေါင်း ရာနှင့်ချီ၍ အဆက်မပြတ် တိုက်ခိုက်ပြီးနောက် ‘မဟူရာကြယ်’ မှာ တုန်ခါ သွားပုံရပြီး ဝှူးခနဲ မြည်သံနှင့်အတူ မိုင်ပေါင်း ရာနှင့်ချီ၍ လွင့်ထွက်သွားပြီး အမှောင်ထု အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းသည် ပေတစ်ရာခန့် မြင့်ကာ၊ ဦးထုပ် အမြင့်ကြီး ဆောင်းထားပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုသခင် တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုသူမှာ အခြားသူမဟုတ် အမှောင်ထု၏ အရှင်သခင် အမှောင်ဧကရာဇ် တာအိုသခင်ပင် ဖြစ်သည်။
"ဇမ္ဗူမဟာအစီအရင်လား၊ ရှေးဟောင်း ကောင်းကင်နဂါးသင်္ချိုင်းရဲ့ အကာကွယ် အစီအရင် က ဘာလို့ ဒီကို ရောက်နေတာလဲ။"
အမှောင်ဧကရာဇ် တာအိုသခင်သည် ‘မဟူရာကြယ်’ ကို သူ၏ မူလခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်သည်။ သူသည် ဇမ္ဗူမဟာအစီအရင်၏ လိပ်ခွံကို မြင်သောအခါ မျက်လုံး များ လက်ခနဲ ဖြစ်သွားသည်။ သူ၏ ပျက်သုဉ်းခြင်း ဆန်းကြယ်ကောင်းကင်မျက်လုံးသည် ဖရိုဖရဲ တွန့်လိမ်နေသော ဟင်းလင်းပြင်လွှာများကို ဖောက်ထွင်းကြည့်ရှုကာ ခန်းမဆောင် အလယ်၌ရှိသော ဟုန်ယွိကို မြင်တွေ့သွားသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ အကြည့်ကလည်း အမှောင်ဧကရာဇ် တာအိုသခင်ကို အာရုံခံမိသွားသည်။
ဝူး... ဝူး... ဝူး... ဝူး...
နဂါးလိပ်ကြီးပုံစံ ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် နဂါးလိပ်ဝိညာဉ်၏ ဟိန်းသံကို ထုတ်ဖော်ကာ အမှောင်ဧကရာဇ် တာအိုသခင်ဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန် သည်။
"ငါ မင်းကို အပိုင်းပိုင်း မရိုက်ခွဲနိုင်ဘူးဆိုမှတော့ ဒီတာအိုသခင်ဟာ မင်းရဲ့ ခန်းမဆောင်ကို ဖျက်ဆီးပြီး ဒီဇမ္ဗူမဟာအစီအရင် လိပ်ခွံကို လက်သီးနဲ့ ထိုးဖောက်ပြမယ်" အမှောင် ဧကရာဇ် တာအိုသခင်သည် ခန်းမဆောင်ကြီး ပြေးဝင်လာသည်ကို မြင်သောအခါ အေးစက် တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ သူသည် အံ့ဩခြင်း၊ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ သူသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တည်ငြိမ်နေပြီး ဤလောကရှိ မည်သည့်အရာကမျှ သူ၏ စိတ်ခံစားချက်ကို မသက်ရောက်နိုင်သကဲ့သို့ပင်။ ထိုသို့မဟုတ်လျှင်လည်း သူ၌ စိတ်ခံစား ချက် လုံးဝမရှိဘဲ အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်နှင့် ခွန်အားသာ ရှိနေခြင်း ဖြစ်နေနိုင် သည်။
စကားပြောနေစဉ်မှာပင် သူ၏ ပေတစ်ရာခန့် မြင့်သော ခန္ဓာကိုယ်မှာ မတ်တပ်ရပ်လိုက်ပြီး ရုတ်တရက် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ၎င်းလက်သီးမှာ နဂါးကြီးနှင့် တူသော ခန်းမဆောင်၏ အပြင်ဘက် အကာအရံပေါ်သို့ ကျရောက်သွားသည်။ ဇမ္ဗူမဟာအစီအရင် ၏ အပေါ်ယံ၌ ရှိနေသော တွန့်လိမ်နေသော အချိန်၊ ခေါက်ချိုးထားသော ဟင်းလင်းပြင်၊ ပေါက်ကွဲနေသော ယင်မိုးကြိုးများ၊ လွင့်ပျံလာသော သစ်တုံးကြီးများ၊ ထွက်ပေါ်လာသော မီးလျှံများနှင့် အခြားသော တာအိုနည်းစနစ်များကို အလျဉ်းဂရုမစိုက်ဘဲ ကျော်ဖြတ်သွား သည်။ ထိုလက်သီးကြီးမှာ လိပ်ခွံပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
ခရက်….
ဧရာမ လိပ်ခွံကြီးမှာ မီးဖြင့် ကင်ခံထားရသကဲ့သို့ ပြင်းထန်စွာ အက်ကွဲသွားသည်။ ၎င်းမှာ ‘နက်နဲသောအမှောင် ကောင်းကင်နှလုံးသား’ ဆန်းကြယ်မဟူရာပန်း ကောင်းကင် နှလုံးသား၏ နောက်ထပ် မဟာတံဆိပ်တော် တစ်ခုပင် ဖြစ်သည်။
"တစ်ဖက်ကမ်းကို ရောက်ဖို့ သွားလော့၊ သွားလော့၊ သွားလော့..."
လက်သီးချက်မှာ လိပ်ခွံပေါ်သို့ ကျရောက်သွားပြီး ခန်းမဆောင်ကြီး၏ တဟုန်ထိုး တိုက်ခိုက်မှုကို တားဆီးထားလိုက်သည်။ အမှောင်ဧကရာဇ် တာအိုသခင်၏ အေးစက်စက် အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး မရေတွက်နိုင်သည့် "သွားလော့" ဟူသော စကားလုံးများ မြည်ဟည်းသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ဟင်းလင်း ပြင် မုန်တိုင်းများကြား၌ အလင်းတန်းများအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။ တချိန် တည်းမှာပင် သူသည် အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် သူ၏ နောက်ဆက်တွဲ ပုံရိပ်များမှာ အရပ်မျက်နှာအနှံ့ ပေါ်ထွက်လာသည်။
ထိုပုံရိပ်များသည် နဂါးကြီးနှင့်တူသော ခန်းမဆောင်ကြီးကို လုံးဝ ဝန်းရံထားလိုက်သည်။
"အနန္တတန်ခိုးရှင် ပုံရိပ်ယောင် အရှင်သခင်၊ ရွှမ်ရွှမ် ယွမ်ယွမ်... ဒါကို မြည်းစမ်းကြည့်လိုက် စမ်း။ ကမ္ဘာဦးဖြိုခွဲခြင်း လက်သီးကိုးချက်"
အရပ်မျက်နှာအနှံ့မှ ပုံရိပ်ယောင်များသည် သူ့ကို ဝန်းရံထားပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ လက်သီးချက်ပေါင်း ထောင်ချီမှာ လိပ်ခွံပေါ်သို့ နောက်တစ်ကြိမ် ပြင်းထန်စွာ ကျရောက်သွားပြန်သည်။
ခန်းမဆောင်ကြီးမှာ ချက်ချင်း တုန်ခါသွားပြီး အက်ကွဲသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။ အမှောင်ဧကရာဇ် တာအိုသခင်သည် သူ၏ အထွတ်အထိပ် နက်နဲ သော ပညာရပ်ကို အသုံးပြု၍ ခန်းမဆောင်ကို ဝန်းရံတိုက်ခိုက်နေခြင်း ဖြစ်သည်။ သူသည် သူ၏ အတိုင်းအဆမဲ့ စွမ်းအား၊ ပြိုင်ဘက်ကင်း ခွန်အားဖြင့် ‘သူတော်စင်ပေါင်းစုံခန်းမ’ ဟူသော မှော်ရတနာကြီးကို အတင်းအဓမ္မ ဖျက်ဆီးပစ်ရန် ကြိုးစားနေပုံရသည်။
ကြမ်းကြုတ်သော ခွန်အားသက်သက်၊
လုံးဝ ခွန်အားသက်သက်ဖြင့် တိုက်ခိုက်ခြင်းပင်။
၎င်းမှာ ဟုန်ယွိက ကျိုးထိုက်ကျူ၏ မှတ်ဉာဏ်များကို အတင်းအဓမ္မ ထုတ်ယူခဲ့စဉ်ကနှင့် တူလှသည်။
အမှောင်ဧကရာဇ် တာအိုသခင်သည် ဟုန်ယွိကို ရင်ဆိုင်ရာတွင် အေးစက်ပြီး ဂရုမစိုက် သည့် လေသံကို အသုံးပြုသည်။ သူ၏ ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် ဟုန်ယွိမှာ သမိုင်းတစ်ကျော့ ပြန်လည်သကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူကိုယ်တိုင်က အားနည်းသူဘက်မှ ဖြစ်နေခဲ့သည်။
...
၁၅ မိနစ်ပင် မပြည့်မီအချိန်အတွင်းမှာပင် နဂါးကြီးနှင့်တူသော ‘သူတော်စင်ပေါင်းစုံခန်းမ’ တစ်ခုလုံးမှာ အမှောင်ဧကရာဇ် တာအိုသခင်၏ လက်သီးချက်များအောက်တွင် လုံးဝ လွှမ်းခြုံသွားတော့သည်။ အရေတွက်နိုင်သော လက်သီးချက်များနှင့် လက်ဝါးချက်များမှာ ပေါင်းစည်းသွားပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေ၏။ ဆန်းကြယ်နက်ရှိုင်းသည့် မဟား စွမ်းအားများဖြင့် လိပ်ခွံကြီးကို မရပ်မနား တိုက်ခိုက်နေသည်။
‘သူတော်စင်ပေါင်းစုံခန်းမ’ မှာ လုံးဝ မလှုပ်သာသည့် လိပ်ကြီးတစ်ကောင် ဖြစ်သွားရရှာ သည်။ အမှောင်ဧကရာဇ် တာအိုသခင်က မည်သို့ပင် တိုက်ခိုက်နေပါစေ ၎င်းမှာ ခုခံရုံသာ တတ်နိုင်ပြီး မလှုပ်ရှားနိုင်တော့ပေ။
ဟုန်ယွိသည် သူ၏ အတွေးစအားလုံးကို စုစည်းကာ မဟာအစီအရင်ကို ထိန်းချုပ်ပြီး ဟင်းလင်းပြင်ကို ဖောက်ထွက် ထွက်ပြေးရန် ကြိုးစားသော်လည်း၊ သူ စွမ်းအား စုစည်း လိုက်တိုင်း အမှောင်ဧကရာဇ် တာအိုသခင်က ပြင်းထန်သော တိုက်ကွက်တစ်ခုကို ပို့လွှတ်လိုက်ရာ သူ၏ စွမ်းအားများမှာ ပြန့်ကျဲသွားရ၏။ ရလဒ်အနေဖြင့် သူသည် ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းများကြား၌သာ ဆက်လက် ပိတ်မိနေရတော့သည်။
လျင်မြန်မှုပိုင်းတွင်မူ ဧရာမ ခန်းမဆောင်ကြီးမှာ ‘မဟူရာကြယ်’ ကို မယှဉ်နိုင်သည်မှာ သဘာဝပင်။ ‘မဟူရာကြယ်’ မှာ အမှောင်ဧကရာဇ် တာအိုသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ခန္ဓာကိုယ်က မှော်ရတနာ ဖြစ်သလို၊ မှော်ရတနာကလည်း ခန္ဓာကိုယ် ဖြစ်နေသည်။
"ဇမ္ဗူမဟာအစီအရင်ဟာ ရှေးခေတ် အကာကွယ် အစီအရင်လို့ ဆိုကြပေမဲ့ အဲဒါက လိပ်ခွံ တစ်ခု သက်သက်ပဲ။ ဟင်းလင်းပြင် စွမ်းအားအချို့ရှိနေပြီး သူ့အပေါ်မှာ ရှိနေတဲ့ နတ်ဘုရားရတနာ ကိုးခုဆိုတာကလည်း ဟာသသက်သက်ပဲ။" အေးစက်စက် အသံက အမှောင်ဧကရာဇ် တာအိုသခင်၏ ပါးစပ်မှ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
တစ်ချိန်တည်းမှာပင် အမှောင်ဧကရာဇ် တာအိုသခင် စကားပြောနေစဉ် သူ၏ နတ်ဘုရား ကဲ့သို့ ဧရာမ ခန္ဓာကိုယ်ကြီးမှ မည်းနက်သော အမှောင်ထုများ ထွက်ပေါ်လာသည်။ မိုင် ၁၀၀ ပတ်လည်အတွင်းရှိ ဟင်းလင်းပြင်မှာ ချက်ချင်းပင် အမှောင်ထုများဖြင့် ပြည့်နှက် သွားသည်။
"ကမ္ဘာသန့်စင်ကြာပန်း။"
အမှောင်ထုကို ထုတ်လွှတ်ပြီးနောက် အမှောင်ဧကရာဇ် တာအိုသခင်၏ စိတ်ဝိညာဉ် စွမ်းအားများ ပျံ့နှံ့သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ တစ်ခုတည်းအဖြစ် ပြန်လည် ပေါင်းစည်း သွားပြီး သူ၏ လက်နှစ်ဖက်မှာ ကြာပန်းတစ်ပွင့် ပွင့်လာသကဲ့သို့ ဖြစ်သွားသည်။ ၎င်းမှာ ‘ကောင်းကင်ဘုံ သေမင်းဘီး’၏ ‘ကြာပန်းတစ်ထောင်’ တိုက်ကွက်နှင့် အနည်းငယ် ဆင်တူ သော်လည်း နှိုင်းယှဉ်ကြည့်လျှင် များစွာ ပိုမိုနက်နဲကာ များစွာ ပိုမိုအစွမ်းထက်သည်။
ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသော ဟုန်ရွှန်ကျိပင်လျှင် အမှောင်ဧကရာဇ် တာအိုသခင်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
ထိုကြာပန်းမှာ ချက်ချင်းပင် ပန်းကိုးပွင့်အဖြစ် ပွင့်လာပြီး တစ်ပွင့်ချင်းစီမှာ ဧကတစ်ဝက် ခန့် ကျယ်ဝန်းသည်။ တစ်ချိန်တည်းမှာပင် အမှောင်ဧကရာဇ် တာအိုသခင်၏ ခန္ဓာကိုယ်မှာ ကိုးခုအဖြစ် ကွဲထွက်သွားပြီး တစ်ခုချင်းစီက ကမ္ဘာသန့်စင်ကြာပန်းများကို ကိုင်ဆောင်ကာ ဇမ္ဗူမဟာအစီအရင်၏ အချက်အချာ ကိုးခုကို ရိုက်နှက်လိုက်သည်။
ဖျောက်၊ ဖျောက်၊ ဖျောက်၊ ဖျောက်....
ပေါက်ကွဲသံ ကိုးချက် ထွက်ပေါ်လာပြီး ဟုန်ယွိသည် ဇမ္ဗူမဟာအစီအရင် တစ်ခုလုံး တုန်ခါ သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ အရာတစ်ခုခု ကျိုးပျက်သွားသကဲ့သို့ပင်။ ထို့နောက်တွင် ဇမ္ဗူမဟာအစီအရင်မှ သန့်စင်သော မူလစွမ်းအင် လှိုင်းလုံးများသည် ခန်းမဆောင်တစ်ခုလုံးအတွင်းသို့ စီးဝင်လာသည်။
ဇမ္ဗူမဟာအစီအရင်၏ အစီအရင်မျက်လုံးကိုးခုမှာ အမှောင်ဧကရာဇ် တာအိုသခင်၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကြောင့် ပျက်စီးသွားရလေပြီ။
"မကောင်းတော့ဘူး။"
ဟုန်ယွိသည် အမှောင်ဧကရာဇ် တာအိုသခင်က ဤမျှ ကြမ်းကြုတ်လိမ့်မည်၊ ဇမ္ဗူမဟာ အစီအရင်၏ အစီအရင်မျက်လုံးကိုးခုကို ဖျက်ဆီးနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် နတ်ဘုရားရတနာ ကိုးခုကို သန့်စင်ဆုံးသော မူလစွမ်းအား အရင်းအမြစ်များ ဖြစ်အောင် လုပ်ဆောင်ပစ်လိုက်သည်။
"ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်။ ငါသာ ဒီဇမ္ဗူအစီအရင်ကို ငါ့ကိုယ်ပိုင် အသက်ဝိညာဉ် အစစ်မှန်မီးလျှံနဲ့ သန့်စင်ပြီး သူတော်စင်ပေါင်းစုံခန်းမနဲ့ ပေါင်းစပ်ဖို့ဆိုရင် ဘယ်လောက် တောင် အားစိုက်ရမလဲ မသိဘူး။ အခုတော့ ခင်ဗျားက ကျုပ်အတွက် အလုပ်အကြွေး ပြုပေးလိုက် တာပဲ၊ ကျုပ် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မယ်။ ဒါပေမဲ့ သူသာ ဒီအစီအရင်ကို လုံးဝ ချိုးဖျက်နိုင်သွားရင်တော့ ဒုက္ခပဲ။"
ဟုန်ယွိသည် အချိန်မဆွဲဘဲ အမှောင်ဧကရာဇ် တာအိုသခင် ဖျက်ဆီးလိုက်သော နတ်ဘုရား ရတနာ အစီအရင်မျက်လုံးကိုးခုမှ မူလစွမ်းအင်များကို ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ မူလကိုယ်ထည်အတွင်းသို့ စုပ်ယူလိုက်သည်။
ချက်ချင်းပင် ခန်းမဆောင်၏ အတွင်းပိုင်းမှာ နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ အလင်းတန်းများ နေရာအနှံ့ စီးဆင်းသွားပြီး သန့်စင်သော မူလစွမ်းအင် အမျိုးမျိုးမှာ ပေါင်းစည်းသွားကာ ‘သူတော်စင်ပေါင်းစုံခန်းမ’ ၏ တည်ဆောက်ပုံကို ပိုမို ကျစ်လျစ်ကာ ခိုင်ခံ့တောင့်တင်းလာစေသည်။
အကယ်၍ ယခင်က သူတော်စင်ပေါင်းစုံခန်းမမှာ ပစ္စည်းအမျိုးမျိုးဖြင့် ဖွဲဖွဲလေး တည်ဆောက်ထားခြင်း ဖြစ်ခဲ့လျှင်၊ ယခုအခါတွင်မူ မီးဖိုထဲ၌ အပူပေးခံလိုက်ရသကဲ့သို့ ပစ္စည်းအမျိုးမျိုးမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခြင်း ဖြစ်သည်။
သူတော်စင်ပေါင်းစုံခန်းမကို လောင်ကျွမ်းစေသည့် ထိုပြင်းထန်သော မီးလျှံမှာ အမှောင် ဧကရာဇ် တာအိုသခင်၏ နတ်ဘုရားစွမ်းအားပင် ဖြစ်သည်။
အမှောင်ဧကရာဇ် တာအိုသခင်ကဲ့သို့သော မဟာနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားသူ သာလျှင် ဇမ္ဗူမဟာအစီအရင်မှ နတ်ဘုရားရတနာများကို ဖျက်ဆီးပြီး သန့်စင်သော မူလ စွမ်းအင်များအဖြစ် ပြောင်းလဲပေးနိုင်သည်။
သို့သော် အကယ်၍, ဇမ္ဗူမဟာအစီအရင် တစ်ခုလုံးသာ လုံးဝ ပျက်စီးသွားပါက အမှောင် ဧကရာဇ် တာအိုသခင်သည် အကာအကွယ်များကို ချိုးဖောက်ပြီး သူတော်စင်ပေါင်းစုံ ခန်းမ အတွင်းသို့ ဆင်းသက်လာပေလိမ့်မည်။
ထိုသို့ဖြစ်လာပါက ဟုန်ယွိသည် ဗုဒ္ဓသင်္ကန်းတော်နှင့် ရတနာများစွာကို အသုံးပြု၍ ခုခံနိုင်သော်လည်း၊ ခန်းမအတွင်းရှိ နဂါးစွယ်ဆန်များကို ပြုစုပျိုးထောင်နေကြသော မုကလေး၊ မြေခွေးလေးတွေ၊ ရွှေပင့်ကူ၊ ချီဇီယန်၊ နင်ဂျားဘုန်းတော်ကြီးနှင့် အခြားသူများ မှာ သေချာပေါက် သေဆုံးကြရမည်ဖြစ်ပြီး ဟွမ်ယန်ယန်ပင်လျှင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
ချီလင်လည်း အဖမ်းခံရပေလိမ့်မည်။
အမှောင်ဧကရာဇ်၏ ပြင်းထန်လှသော စွမ်းအားမှာ မူလဝိညာဉ်နတ်ဘုရားထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ သက်ရှိအားလုံးကို ငုံ့ကြည့် နေသကဲ့သို့ ခန့်ညားလှသည်။
"နဂါးလိပ်ခွံ... ငါ့အတွက် ကျိုးပျက်သွားစမ်း။"
ဟုန်ယွိက မူလစွမ်းအင်များကို ပြန်လည် စုပ်ယူပြီး ခန်းမဆောင်ကို သန့်စင်နေစဉ်မှာပင်၊ အပြင်ဘက်ရှိ အမှောင်ဧကရာဇ် တာအိုသခင်၏ ပုံရိပ်ယောင် ထောင်ချီမှာ တစ်ခုတည်း အဖြစ် ရုတ်တရက် ပြန်လည် ပေါင်းစည်းသွားသည်။ သူ၏ ပေတစ်ရာခန့် မြင့်သော ခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက် အရွယ်အစားအထိ ကျုံ့သွားခဲ့သည်။ သို့သော် သူ၏ စွမ်းအားများ စုစည်းသွားသည်နှင့် တစ်ပြိုင်နက် သူထုတ်လွှတ်လိုက်သော အရှိန်အဝါမှာ စကြာဝဠာကြီးကိုပင် ပျက်စီးစေရန် လုံလောက်လေသည်။
အရွယ်အစား သေးငယ်သွားသော အမှောင်ဧကရာဇ် တာအိုသခင်သည် အေးစက်စက် အသံကို ထုတ်ဖော်ရင်း ခန်းမဆောင်ရှိ လိပ်ခွံကြီးကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဖျစ်၊ ဖျစ်...
အသံပေါင်းများစွာ ထွက်ပေါ်လာပြီး ဇမ္ဗူမဟာအစီအရင်၏ လိပ်ခွံမှာ အမှန်တကယ်ပင် စတင် အက်ကွဲလာတော့သည်။
ဖျစ်…. တကယ့် အက်ကြောင်းကြီး ဖြစ်ပေါ်လာခြင်းပင်။ ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းများမှာ စတင် ပြန့်နှံ့သွားပြီး လိပ်ခွံအစီအရင် တစ်ခုလုံး၏ စွမ်းအားမှာ ပြန့်ကျဲကာ လျော့ရဲသွားတော့သည်။
ရှေးဟောင်း ကောင်းကင်နဂါးသင်္ချိုင်းကို ကာကွယ်ပေးထားသော ဇမ္ဗူမဟာအစီအရင်မှာ အမှောင်ဧကရာဇ် တာအိုသခင်၏ လက်ချက်ဖြင့် ဤသို့ပင် ပျက်စီးသွားရလေပြီ။
လိပ်ခွံကြီးမှာ ပျက်စီးသွားပြီး ဖရိုဖရဲ ဟင်းလင်းပြင် စွမ်းအားများနှင့် နန်းဆောင်ကိုးခုတို့၏ အနှစ်သာရများအဖြစ် ပြောင်းလဲကာ ခန်းမဆောင် တစ်ခုလုံးအတွင်းသို့ ပြန်လည် စီးဝင်လာသည်။ ဟုန်ယွိသည် သူ၏ အတွေးစများကို အစွမ်းကုန် အသုံးပြု၍ ကြိုးစားနေ သော်လည်း၊ သူ၏ ရင်ထဲ၌မူ နက်ရှိုင်းသော သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဒီလို အနှိုင်းမဲ့ ကျွမ်းကျင်သူတစ်ယောက်ကို စစ်နတ်ဘုရားရှန့်က ဘာလို့ မသတ်ခဲ့တာလဲ။ သူ သေသွားရင် ကောင်းမှာပဲ။ အခုတော့ သူက တကယ်ပဲ ပြန်ရှင်လာပြီ။ ဒီလောကမှာ သူ့ကို ဘယ်သူ တားနိုင်မှာလဲ။ မုန့်ရှန်းကျီလား။ ဒါမှမဟုတ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ ပူးပေါင်းရင်တောင် သူ့ကို နှိမ်နင်းနိုင်ပါ့မလား မသိဘူး။"
ဟုန်ယွိကဲ့သို့သော စွမ်းအားရှင်ပင်လျှင် ဤထိပ်တန်း ပညာရှင်ကြီးကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် သူသည် ရှေးဟောင်းဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး၊ ဆန်းကြယ် ကောင်းကင်ဘုံခန်းမကို တည်ထောင်သူ ဘိုးဘေးကြီးတစ်ဦး၏ ခန့်ညားထည်ဝါမှုကို အမှန်တကယ် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရခြင်းပင် ဖြစ်သည်။
"ဗုဒ္ဓသင်္ကန်းတော်... တားဆီးလိုက်စမ်း။"
သူ၏ အတွေးစများသည် ဗုဒ္ဓသင်္ကန်းတော် အတွင်းသို့ စီးဝင်သွားပြီး ရွှေရောင်အလင်းတန်း ပေါင်း များစွာ ထွက်ပေါ်လာသည်။ ပါဠိဂါထာတော်များ ထွက်ပေါ်လာပြီး၊ လိပ်ခွံကို ဖျက်ဆီးပြီးနောက် ခန်းမအတွင်းသို့ ပြေးဝင်လာတော့မည့် အမှောင်ဧကရာဇ် တာအိုသခင် ကို ခန်းမဆောင် အပြင်ဘက်၌ တားဆီးထားလိုက်သည်။
"ဗုဒ္ဓသင်္ကန်းတော်။"
အမှောင်ဧကရာဇ် တာအိုသခင်၏ အေးစက်စက် အသံမှာ အနည်းငယ် ပြောင်းလဲသွားပုံရ သည်။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမနှင့် သူတော်စင်ဧကရာဇ် ယွမ်တို့မှာ မဟာရန်ဘက် ဟောင်းကြီးများ ဖြစ်ကြသည်။ အမှောင်ဧကရာဇ် တာအိုသခင်အနေဖြင့် ဤသင်္ကန်းကို မမှတ်မိစရာ အကြောင်းမရှိပေ။
"ရှေးဦးခေတ်... မဟူရာ ရှေးဟောင်းစကြာဝဠာ... ဗုဒ္ဓအပေါင်းကို သတ်ဖြတ်စမ်း၊ ဗုဒ္ဓသင်္ကန်းကို ဆွဲဖြဲပစ်စမ်း။"
အမှောင်ဧကရာဇ် တာအိုသခင်၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် မြင့်တက်လာပြီး သူ၏ စွမ်းအားများမှာလည်း တဖန် တိုးမြင့်လာပြန်သည်။ သူက လက်ဝါးတစ်ချက် ရိုက်ချလိုက် ရာ ‘ဆန်းကြယ်မဟူရာပန်း ကောင်းကင်နှလုံးသား’ မဟာတံဆိပ်တော်မှာ ပြောင်းလဲသွား သည်။ သူ၏ လက်ချောင်းများသည် ထူးဆန်းသော လက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲ သွားပြီး၊ ဗုဒ္ဓသင်္ကန်းတော်၏ ရွှေရောင်အလင်းတန်းများကို ဆွဲဖြဲပစ်ပြီး၊ ခန်းမဆောင်ကြီး ကို ဆွဲဆုတ်တော့မည့်အတိုင်းပင်။ "ရှေးဦးခေတ် မဟူရာစကြာဝဠာ နတ်ဘုရား လက်သည်း။"
ချီ၊ ချီ၊ ချီ….
ဗုဒ္ဓသင်္ကန်းတော်မှာ ထိုလက်သည်းချက်ကြောင့် စုတ်ပြဲမသွားသော်လည်း၊ ကြမ်းတမ်းလှ သော မှော်စွမ်းအားများက သင်္ကန်းအတွင်းသို့ အတင်းအဓမ္မ စီးဝင်လာပြီး အစီအရင်ပေါင်း တစ်ထောင်ကျော်ကို ဖောက်ထွင်းကာ ဟုန်ယွိ၏ အတွေးစများကို တစ်ခုပြီးတစ်ခု ဖြိုခွဲ ဖျက်ဆီးပစ်လိုက်လေသည်။
"အတိတ် အမိတ္တဘဗုဒ္ဓ... ထာဝရ ပြောင်းလဲခြင်းမရှိ။" ဗုဒ္ဓသင်္ကန်းတော် အတွင်းရှိ အတွေးစများသည် ‘အတိတ်ကျမ်း’ ကို ချက်ချင်း အသက်သွင်းလိုက်ရာ၊ ပျက်စီးသွားသော အတွေးစများမှာ တစ်ခုပြီးတစ်ခု ပြန်လည် ကောင်းမွန်လာသည်။ ၎င်းတို့သည် အမှောင် ဧကရာဇ် တာအိုသခင်၏ တုန်လှုပ်ဖွယ်ရာ ရှေးဦးခေတ် မဟူရာ စကြာဝဠာ နတ်ဘုရား လက်သည်းကို ဇွဲနပဲဖြင့် ခုခံနေကြသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူ၏ စွမ်းအားအားလုံးကို ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား အတွင်းသို့ ပို့လွှတ်လိုက်ပြီး အမှောင်ဧကရာဇ် တာအိုသခင်နှင့် အသက်ကိုရင်း၍ တိုက်ခိုက် ရန် ပြင်ဆင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ အခြားသော အတွေးစအချို့မှာ ပျက်စီးသွားသော ဇမ္ဗူမဟာအစီအရင် လိပ်ခွံ၏ ဟင်းလင်းပြင် စွမ်းအားများကို စုပ်ယူကာ ခန်းမဆောင်အတွင်းသို့ ပေါင်းစပ်လိုက်သည်။
ဟုန်ယွိက အသေခံတိုက်ပွဲဝင်ရန် ပြင်ဆင်နေစဉ်မှာပင်၊ ပျက်စီးသွားသော ဇမ္ဗူမဟာ အစီအရင်၏ စွမ်းအားများသည် ခန်းမဆောင် အလယ်ရှိ နဂါးရေခဲတိုင် ၅၀၁ တိုင်ကြားမှ ‘ဘိုးဘေးနဂါးတိုင်’ ကို သွားရောက် ထိတွေ့မိသွားပုံရသည်။
ခရက်…
ကမ္ဘာဦး ရေခဲတုံးကြီးတစ်ခုမှာ ‘ဘိုးဘေးနဂါးရေခဲတိုင်’ ထဲမှ ပြုတ်ကျလာသည်။
ဤအခြေအနေသည် ဟုန်ယွိအား ချက်ချင်းပင် သတိပြုမိသွားစေလေတော့သည်။
အခန်း (၅၃၂)။
"ဘာတွေ ဖြစ်နေတာလဲ။ ရေခဲနဂါးတိုင်တွေထဲက နဂါးတွေက ပြန်ရှင်သန်လာနိုင်တာ လား။ မဖြစ်နိုင်တာ။ တကယ်လို့ သူတို့သာ ပြန်ရှင်နိုင်မယ်ဆိုရင် ချန်ဧကရာဇ် ယန်ဖန်က သူတို့ကို ပြန်ရှင်အောင်လုပ်ပြီးတာ ကြာလှရောပေါ့။ ကောင်းကင်နဂါး ၅၀၀ ဆိုတာ ချီလင် တစ်ကောင်ထက်တောင် ပိုပြီး မင်္ဂလာရှိသေးတာ။ ပြီးတော့ ဒီကောင်းကင်နဂါးတွေက ကျောက်ဖြစ်ရုပ်ကြွင်းတွေလို တကယ်သေနေတာပါ။ သူတို့သာ ပြန်ရှင်နိုင်မယ်ဆိုရင် ချန်ပီယံမြို့စားလည်း ပြန်ရှင်နိုင်မှာပေါ့..."
ဘုန်း…
ဟုန်ယွိသည် အမှောင်ဧကရာဇ် တာအိုသခင်ကို ခုခံရန် ဗုဒ္ဓသင်္ကန်းတော်ကို အသုံးပြုနေ စဉ်မှာပင်၊ ရေခဲနေသော ဘိုးဘေးနဂါးရေခဲတိုင်မှ ကမ္ဘာဦး ရေခဲတုံးကြီးတစ်ခု ပြုတ်ကျ လာသည်။ တိုင်တစ်ခုလုံးလည်း အက်ကွဲလာသည့် လက္ခဏာများ ပြသနေသည်။ ၎င်းမှာ ရှေးခေတ်ကတည်းက သမိုင်းတစ်လျှောက် ပိတ်လှောင်ခံထားရသော ဧရာမနဂါးကြီးသည် သူ၏ ရှည်လျားလှသော အိပ်စက်ခြင်းမှ နိုးထလာပြီး အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်တော့မည့် အတိုင်းပင်။
ခရက်၊ ခရက်... ရေခဲတုံးများ ပြုတ်ကျသံမှာ မပြတ်မတောက် ထွက်ပေါ်နေသည်။
ဟုန်ယွိသည် သဲလွန်စတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။ ဇမ္ဗူမဟာအစီအရင်၏ နန်းဆောင်ကိုးခုလိပ်ခွံ ပျက်စီးသွားသောအခါ၊ ဟင်းလင်းပြင် စွမ်းအင်များသည် ရေခဲနေ သော ဘိုးဘေးနဂါးတိုင်ဆီသို့ ရိုက်ခတ်သွားခဲ့ရာမှ ဘိုးဘေးနဂါးရေခဲတိုင်ကို အမျက်ဒေါသ ထွက်စေပြီး ရေခဲလွှာများ အက်ကွဲသွားစေခြင်း ဖြစ်သည်။
"ဟုတ်ပြီ… ဇမ္ဗူမဟာအစီအရင်ဆိုတာ မူလကတည်းက ရှေးဟောင်းနဂါးသင်္ချိုင်းကို ကာကွယ်ဖို့ အတွက်ပဲ။ အဲဒီကြားမှာ တစ်ခုခု ဆက်နွှယ်မှုရှိနေမှာပဲ။ ဒီမဟာအစီအရင်ကြီး ပျက်စီးသွားတာနဲ့ ဘိုးဘေးနဂါးရဲ့ ရုပ်အလောင်းတွေက နိုးထလာတာပဲ ဖြစ်ရမယ်။”
ကမ္ဘာဦးခေတ် ရေခဲတိုင်ကြီးမှာ ဆက်တိုက်ဆိုသလို အက်ကွဲပျက်စီးနေပြီး ရေခဲတုံးများမှာ လည်း အဆက်မပြတ် ပြုတ်ကျနေသည်။ ထိုအချိန်တွင် ဟုန်ယွိသည် ဘိုးဘေးနဂါးတိုင်၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဤအငွေ့အသက်မှာ ဖန်ဆင်းရှင်တစ်ဦးကဲ့သို့ ပြင်းထန်သော်လည်း ၎င်းအတွင်း၌ မည်သည့် အသက်ရှိအငွေ့အသက်မျှ မရှိပေ။ ၎င်းမှာ အေးစက်ပြီး သက်မဲ့ဆန်လှသည်။
၎င်းကို မည်သို့ဖော်ပြရမည်နည်း။ ၎င်းမှာ ပြန်လည်နိုးထလာသည့် ရုပ်အလောင်းတစ်ခုနှင့် တူလှသည်။
ဘိုးဘေးနဂါးမှာ လုံးဝ အေးခဲကာ သေဆုံးနေခဲ့ပြီးဖြစ်ကာ သူ၏ စိတ်ဝိညာဉ် အမှတ်အသား မှာလည်း ချန်ပီယံနယ်စားကဲ့သို့ပင် အချိန်မြစ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ နိဗ္ဗာနနယ်ပယ်ကို ကျော်လွန်သွားသည့် ကျွမ်းကျင်သူများမှလွဲ၍ မည်သူမျှ သူတို့ကို ပြန်လည် ရှင်သန်လာအောင် လုပ်ဆောင်နိုင် မဟုတ်ပေ။
တခဏအတွင်းမှာပင် ဟုန်ယွိသည် ဤကိစ္စ၏ အဓိကအချက်ကို နားလည်သွားသည်။ သူ၏ ဉာဏ်ပညာဖြင့် ဤဇမ္ဗူမဟာအစီအရင်ကို သန့်စင်စဉ်က သူသည် ဤအချက်ကို မစဉ်းစားမိခြင်း မဟုတ်ပေ။ သို့သော် သူသည် ဘိုးဘေးနဂါး ရေခဲတိုင်၏ လျှို့ဝှက်ချက်များ ကို မလေ့လာခဲ့ပေ။ သူသည် အေးခဲနေသော နဂါးရုပ်အလောင်းကို ကြည့်ရုံသာကြည့်ပြီး အနှောင့်ယှက် မပေးခဲ့ပေ။ သူသည် ချန်ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ကဲ့သို့ ရေခဲတိုင်များကို ချက်ချင်းဖျက်ပြီး နဂါးရုပ်အလောင်းကို အပိုင်းပိုင်း ဖြတ်တောက်ပစ်မည့် လူမျိုး မဟုတ်ပေ။
ဤအချက်ကပင် ဟုန်ယွိသည် လူကြီးလူကောင်းတစ်ဦး ဖြစ်ကြောင်း သက်သေပြနေပြီး၊ ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့မှာမူ စိတ်ထားသေးသိမ်သူများ ဖြစ်ကြောင်း ပေါ်လွင်စေသည်။
ရေခဲနဂါးတိုင်များမှ အဆက်မပြတ် ကွာကျနေသော ရေခဲတုံးများသည် ခန်းမကြမ်းပြင် ပေါ်တွင် အရည်ပျော်သွားကြသည်။ ဤရှေးဦးခေတ် ရေခဲများမှာလည်း အလွန်ကောင်းမွန် သော ပစ္စည်းများ ဖြစ်ကြပြီး၊ ယခုအခါ ခန်းမဆောင်အတွင်းသို့ ပေါင်းစပ်သွားရာ ခန်းမကြီး ကို ကော်ဖြင့် ကပ်ထားသကဲ့သို့ ပိုမိုခိုင်မာသွားစေသည်။
သို့သော် ဟုန်ယွိမှာ ဤပြောင်းလဲမှုများကို ဂရုစိုက်နေရန် အချိန်မရှိပေ။ အပြင်ဘက်မှ တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာသောကြောင့် ဖြစ်သည်။
...
"တကယ်လို့ ဗုဒ္ဓသင်္ကန်းတော်သာ 'ဇင်' ရဲ့ လက်ထဲမှာဆိုရင် ငါ နည်းနည်းပါးပါး ကြောက်မိဦးမှာ။ ဒါပေမဲ့ မင်းရဲ့လက်ထဲမှာတော့ မင်းရဲ့ အကာကွယ်ကို ချိုးဖောက်ဖို့ ငါ့ မှော်စွမ်းအား အနည်းငယ်ပဲ သုံးဖို့လိုတယ်။ မင်း ငါ့ကို တားနိုင်မယ်လို့ ထင်နေလား။ ဒီနေ့ မင်းရဲ့ ဒီအသုံးမကျတဲ့ ခန်းမဆောင်ကို ဖြိုဖျက်ပြီး ငါ့ဆရာအတွက် ဗုဒ္ဓသင်္ကန်းတော်ကို ဖျက်ဆီးပစ်မယ်။" (“ဇင်” သည် ဒိုင်ဇင်ဘုရားကျောင်းကို တည်ထောင်သူ ဧကရာဇ်ယွမ်၏ တပည့်ဖြစ်ပြီး၊ အမှောင်ဧကရာဇ်တာအိုသခင်သည် ရွှမ်၏ တပည့်ဖြစ်ဟန်တူသည်)။
အမှောင်ဧကရာဇ် တာအိုသခင်သည် ခန်းမအလယ်တွင် ရပ်နေပြီး သူ၏ လက်တစ်ဖက်မှာ လက်သည်းအဖြစ် ကွေးညွတ်ကာ ဗုဒ္ဓသင်္ကန်းတော်၏ ရွှေရောင်အလင်းတန်းအတွင်းသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်လာသည်။ အမှောင် အစစ်မှန် စွမ်းအင်မှာ အရပ်မျက်နှာ အနှံ့ ပျံ့နှံ့သွားပြီး၊ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်းရှိ ထိတွေ့သမျှ အရာ အားလုံးကို အမှောင်ကမ္ဘာအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ပြင်းထန်လှသော မှော်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေပြီး အမှောင်ဧကရာဇ် တာအိုသခင်၏ မုတ်ဆိတ်မွေးများမှာ ထောင်ထနေပြီး၊ သူ၏ မျက်လုံး များမှာလည်း ဒေါသကြောင့် ပြူးထွက်နေသည်။ သူသည် ယခင်က အေးစက်စက် အမူအရာကို စွန့်လွှတ်လိုက်ပြီး သူ၏ မဟာနတ်ဘုရား စွမ်းအားများကို အကန့်အသတ်မရှိ ထုတ်ဖော်နေပုံရသည်။
ရှေးဦးခေတ် မဟူရာ စကြာဝဠာ နတ်ဘုရားလက်သည်း ဆိုသည်မှာ သာမန် နတ်ဘုရား စွမ်းရည်မျိုး မဟုတ်ပေ။ ၎င်းမှာ ဆန်းကြယ်ကောင်းကင် တာအိုသခင် ရွှမ်တျန်းတာအို သခင်၏ အရေးကြီးဆုံး ဝှက်ဖဲဖြစ်ပြီး မိမိ၏ အတွေးစများကို လောင်ကျွမ်းရသည့် တာအို ပညာရပ် တစ်ခုဖြစ်သည်။ ၎င်း၏ ပြောင်းလဲမှုများမှာ 'ကောင်းကင်နှလုံးသား မဟာတံဆိပ် တော်' ကဲ့သို့ အနုစိတ်ခြင်း မရှိသော်လည်း ၎င်းသည် ဖျက်ဆီးရေးသီးသန့် တာအိုပညာရပ် ဖြစ်သည်။ ရန်သူ ၁၀၀၀ ကို သတ်ရန်အတွက် မိမိဘက်မှ ၈၀၀ အထိ အသေခံရသည့် နည်းလမ်းမျိုး ဖြစ်သည်။
ဤအခိုက်အတန့်တွင် အမှောင်ဧကရာဇ် တာအိုသခင်သည် ဗုဒ္ဓသင်္ကန်းတော်ကို မြင်တွေ့ သွားရာမှ သူ၏ စွမ်းအားအားလုံးကို ရုတ်တရက် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
သူပြောနေသည့် 'ဇင်' ဆိုသူမှာ 'ရှေးခေတ် သူတော်စင် ဧကရာဇ်ယွမ်' ၏ တပည့်ဖြစ်ပြီး ဒိုင်ဇင်ဘုရားကျောင်းကို တည်ထောင်သူ ဖြစ်သလို၊ သူနှင့် အဆင့်အတန်း တူညီသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူတို့နှစ်ဦးမှာ ကြီးကျယ်ခမ်းနားသည့် မြင့်မြတ်နယ်မြေနှစ်ခု၏ တည်ထောင်သူများ ဖြစ်ကြသည်။
ဟုန်ယွိသည် ဗုဒ္ဓသင်္ကန်းတော်ကို အားကိုးနေရသော်လည်း သူ၏ စွမ်းအားအားလုံးကို အပြည့်ဝ မထုတ်နိုင်သေးပေ။ ရှေးဦးခေတ် မဟူရာ စကြာဝဠာ နတ်ဘုရား လက်သည်းကို တားဆီးရန်မှာ သူ့အတွက် အလွန်ပင် ပင်ပန်းလှသည်။
သို့သော် အမှောင်ဧကရာဇ် တာအိုသခင်အဖို့လည်း ဤ 'နိဗ္ဗာနအဆင့် ရတနာ' ကို တစ်ချက်တည်းနှင့် ဖျက်ဆီးရန်မှာမူ လွယ်ကူသော အလုပ်မဟုတ်ပေ။
"မူလကံကြမ္မာ တာအိုသစ်သီး"
အချိန်အတော်ကြာ စွမ်းအင် စုဆောင်းပြီးနောက် ဟုန်ယွိသည် သူ၏ ခွန်အားကို နောက်တစ်ကြိမ် အထွတ်အထိပ်သို့ ရောက်အောင် စုစည်းလိုက်သည်။ သူ၏ စိတ်ဝိညာဉ် သည် ဖန်ဟွမ်အသက်ဝိညာဉ်ဓားနှင့် ပေါင်းစည်းကာ 'မူလကံကြမ္မာ တာအိုသစ်သီး' တစ်ခု အဖြစ် ပြောင်းလဲသွားပြီး ၎င်းကို ပစ်လွှတ်လိုက်သည်။ ဧရာမ ကံတရားအလင်းတန်းတစ်ခု မှာ ခန်းမဆောင်အတွင်းမှ ထွက်ပေါ်လာပြီး အမှောင်ဧကရာဇ် တာအိုသခင်၏ ခန္ဓာကိုယ် ဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။
"မင်းက ဖန်ဆင်းရှင်သခင် တစ်ယောက် မဟုတ်ဘဲနဲ့၊ ဘယ်လိုလုပ်ပြီး 'မူလကံကြမ္မာ တာအိုသစ်သီး' ကို ဖန်တီးနိုင်ရတာလဲ။"
ကံတရားအလင်းတန်းများ ပျံထွက်လာသည်ကို မြင်သောအခါ အမှောင်ဧကရာဇ် တာအို သခင်၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။ သူ၏ အခြားလက်တစ်ဖက်မှာ လည်း ရှေးဦးခေတ် မဟူရာ စကြာဝဠာ နတ်ဘုရား လက်သည်းအဖြစ် ပြောင်းလဲကာ ရုတ်တရက် လှမ်းထုတ်လိုက်သည်။ ထူထပ်သည့် အနက်ရောင်အငွေ့များသည် မြားတစ် စင်းကဲ့သို့ ပစ်လွှတ်သွားပြီး ကွေးညွတ်သွားကာ 'မူလကံကြမ္မာ တာအိုသစ်သီး' ကို ဖမ်းဆုပ် ပြီး ချေမှုန်းပစ်လိုက်သည်။
"ငါသိပြီ၊ မင်းက နတ်ဘုရားလက်နက်တစ်ခုခုကို သုံးထားတာပဲ။"
အမှောင်ဧကရာဇ် တာအိုသခင်သည် မူလကံကြမ္မာတာအိုသစ်သီးကို ချေမှုန်းပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ သို့သော် သူသည် 'ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ကိုမူ မမှတ်မိပေ။ ဤနတ်ဘုရားဓားသည် အမြဲတမ်း 'ကောင်းကင်ပြင်ပနယ်မြေ'၌သာ ရှိနေခဲ့ပြီး မကြာသေးမီကမှ ချန်ပီယံမြိုးစားနှင့်အတူ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ချန်ပီယံမြို့စား သေဆုံးပြီးနောက်မှ အမှောင်ဧကရာဇ် တာအိုသခင်က ပြန်လည် နိုးထလာခြင်းဖြစ်ရာ ဤဓားကို သူ မမှတ်မိသည်မှာ သဘာဝပင်။
အကယ်၍သာ ဤကျော်ကြားသော ဓားသည် ၎င်း၏ မူလပုံစံကို ထုတ်ဖော်ပြသမည်ဆိုပါ က သူ မှတ်မိပေလိမ့်မည်။ သို့သော် ယခုအခါ ဟုန်ယွိသည် ၎င်းကို သူ၏ စိတ်ဝိညာဉ် အတွင်း၌ ပေါင်းစည်းထားသဖြင့် သတိပြုမိရန် ခက်ခဲလှသည်။
"ခင်ဗျားက ကံကြမ္မာတာအိုသစ်သီးကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား။"
ဟုန်ယွိ၏ စကားအသံအဆုံးမှာပင် ချေမှုန်းခံလိုက်ရသော ကံကြမ္မာတာအိုသစ်သီးမှာ ဝှူးခနဲ မြည်သံနှင့်အတူ ပြန်လည်စုစည်းသွားပြီး ပြန်လည် ပျံသန်းလာသည်။
အမှန်စင်စစ် ဟုန်ယွိ၏ အစွမ်းထက်ဆုံး တာအိုပညာရပ်မှာ သူယခုလေးတင် နားလည် သဘောပေါက်ခဲ့သည့် ကမ္ဘာဦးအစ ပညာရပ်ပင် ဖြစ်သည်။ သို့သော် ဤပညာရပ်ကို အသုံးပြုရန်မှာ သူတော်စင်အပေါင်း၏ မဟာအဆီအနှစ်နှင့် ဉာဏ်ပညာမီးလျှံများဖြင့် ရေးသားရန် လိုအပ်သောကြောင့်၊ ဟုန်ယွိအနေဖြင့် အချိန်တိုအတွင်း စုစည်းရန် ခက်ခဲနေ ခြင်း ဖြစ်သည်။
ကမ္ဘာဦးအစပညာရပ်သည် စာပေပညာ၊ သိုင်းပညာနှင့် မှော်ပညာတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤနတ်ဘုရားစွမ်းရည် အစီအရင်ကို ဖန်တီးရန်အတွက် ပြင်းပြသော စိတ်ဆန္ဒ တစ်ခု လိုအပ်သည်။
...
ဖျက်ဆီးခံလိုက်ရသော ကံကြမ္မာတာအိုသစ်သီး ပြန်လည်စုစည်းသွားပြီး၊ ဟုန်ယွိကို လုံးဝ မသတ်နိုင်သေးသည်ကို မြင်သောအခါ အမှောင်ဧကရာဇ် တာအိုသခင်သည် ဟုန်ယွိနှင့် စကားများ အချိန်မဖြုန်းတော့ပေ။ ယင်းအစား ရှေးကျပြီး နက်နဲရှည်လျားသော ဂါထာ တော်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာတော့သည်။
"ရွှမ်တူး ဆန်းကြယ်မိစ္ဆာ မဟာအမှောင်ထုဂါထာ... ငါသည် ဤသို့ ကြားသိခဲ့ရသည်၊ တစ်ချိန်သောအခါက ရွှမ်ထျန်းတာအိုသခင်သည် ရှေးဦးခေတ် မဟူရာ ရှေးဟောင်း စကြာဝဠာ၌ အမှောင်ထုကို ပျံ့နှံ့စေလျက် တရားဟောကြားတော်မူ၏...”
ဤဂါထာမှာလည်း “ငါသည် ဤသို့ ကြားနာခဲ့ရ၏” ဟု စတင်ထားရာ၊ ရွှမ်ထျန်းတာအို သခင်ကိုယ်တိုင် နှုတ်ဖြင့် ဟောကြားခဲ့ခြင်း ဖြစ်ပုံရသည်။
ရွှမ်တူးဆန်းကြယ်မိစ္ဆာ မဟာအမှောင်ထုဂါထာ။ ဤသည်မှာ ရွှမ်ထျန်းတာအိုဆရာ၏ အစွမ်းထက်လှသော နောက်ထပ် တာအိုပညာရပ်တစ်ခု ဖြစ်သည်။ ၎င်းသည် မူလ စွမ်းအင်ကို လောင်ကျွမ်းရသော်လည်း ၎င်း၏စွမ်းအားကို မြှင့်တင်ရန်အတွက် အမှောင် စွမ်းအင် အားလုံးကို အသုံးပြုနိုင်သည်။
အမှောင်ဧကရာဇ် တာအိုသခင်သည် အချိန်အတော်ကြာ တိုက်ခိုက်သော်လည်း အနိုင်မရ သဖြင့် သူ၏ စွမ်းရည်အစစ်ကို ချက်ချင်း ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
အမှောင်ဧကရာဇ် တာအိုသခင်မှာ ဒဏ္ဍာရီထဲမှ ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦး၊ ကျွမ်းကျင်သူများ ထဲမှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူသည် အလယ်ခေတ် ပညာရှင် သူတော်စင်များနှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ ဟုန်ယွိနှင့် တိုက်ခိုက်နေသည့် တခဏအတွင်း မှာပင် သူသည် တာအိုပညာရပ်အမျိုးမျိုးနှင့် သိုင်းပညာများကို အသုံးပြုခဲ့သည်။
ဟုန်ယွိ ရေတွက်ကြည့်ရာ သူ၏ပြိုင်ဘက်သည် ‘ပျက်သုဉ်းခြင်း ဆန်းကြယ်ကောင်းကင် မျက်လုံး’ မဟူရာ မုန်တိုင်းလက်သီး၊ 'ဆန်းကြယ်မဟူရာပန်း ကောင်းကင်နှလုံးသား မဟာဓမ္မတံဆိပ်တော်'၊ ‘ကမ္ဘာဦးဖြိုခွဲခြင်း လက်သီးကိုးချက်’၊ 'ကမ္ဘာသန့်စင်ကြာပန်း'၊ ရှေးဦးခေတ် မဟူရာ စကြာဝဠာနတ်ဘုရား လက်သည်း' နှင့် 'ရွှမ်တူး ဆန်းကြယ်မိစ္ဆာ မဟာအမှောင်ထုဂါထာ' တို့ကို အသုံးပြုခဲ့သည်။
ဤနတ်ဘုရားစွမ်းရည် (၇) မျိုးထဲမှ တစ်ခုချင်းစီသည် မြင့်မြတ်နယ်မြေတစ်ခု၏ အထွတ်အထိပ် သိုင်းပညာ သို့မဟုတ် အထွတ်အထိပ် မှော်ပညာရပ်များကို ဖန်တီးနိုင်စွမ်း ရှိသည်။
ဟုန်ယွိသည်လည်း အမှောင်ဧကရာဇ် တာအိုသခင်၏ များပြားလှသော နတ်ဘုရား စွမ်းရည်များကို အံ့ဩမိသည်။ အကယ်၍ သူသာ ဤနတ်ဘုရားစွမ်းရည် (၇) မျိုးလုံးကို သင်ယူနိုင်ပါက သူ၏ အတွေ့အကြုံမှာ များစွာ တိုးပွားသွားမည် ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်နယ်ပယ်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးမှာ ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ၊ ၃၀ ရာခိုင်နှုန်းခန့် တိုးတက်သွားပေလိမ့်မည်။
သို့သော် အမှောင်ဧကရာဇ် တာအိုသခင်သည် ဟုန်ယွိကို ဤနတ်ဘုရားစွမ်းရည် (၇) မျိုး လုံး သင်ပေးလောက်အောင် ကြင်နာသူ မဟုတ်ပေ။ သူသည် ဟုန်ယွိကို သတ်ရန်သာ ဆန္ဒရှိသည်။ ထို့အပြင် သူ၌ အခြားအတွေး လုံးဝ မရှိပေ။
မန်ဂူ...၊ မန်ဂူ…၊ မန်ဂူ…. (Manggu)
အမှောင်ဧကရာဇ် တာအိုသခင်သည် ရွှမ်တူး ဆန်းကြယ်မိစ္ဆာ မဟာအမှောင်ထုဂါထာကို အသုံးပြု၍ ရှေးဦးခေတ် မဟူရာ စကြာဝဠာ နတ်ဘုရား လက်သည်းကို အသက်သွင်းလိုက် သည်။ ၎င်း၏စွမ်းအားမှာ နောက်တစ်ကြိမ် မြင့်တက်လာသည်။ ချက်ချင်းပင် အနက်ရောင် အခိုးအငွေ့များမှာ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာပြီး 'သူတော်စင်ပေါင်းစုံခန်းမ' တစ်ခုလုံး ကို ဝန်းရံသွားကာ လုံးဝ မည်းမှောင်နေသော စက်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အမှောင်ထုအငွေ့များသည် ခန်းမဆောင်၏ ဟာကွက်တိုင်းမှတစ်ဆင့် အတွင်းသို့ စိမ့်ဝင်လာသည်။
ခန်းမဆောင်အလယ်၌ရှိသော ဟုန်ယွိသည် ရုတ်တရက် အမှောင်ထု ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ ခန်းမဆောင်အတွင်းရှိ အလင်းရောင်မှာ မှေးမှိန်လုနီးပါး ဖြစ်သွားရ သည်။
ဗုဒ္ဓသင်္ကန်းတော် အတွင်းရှိ အစီအရင်များမှာလည်း တစ်လွှာပြီးတစ်လွှာ အတင်းအဓမ္မ အဖွင့်ခံလိုက်ရသည်။ ဟုန်ယွိ၏ အတွေးစများမှာ နောက်ဆုတ်သွားရသည်။ သူသည် နောက်ဆုံးခံစစ်ကို ကာကွယ်ရန်အတွက် အစီအရင်၏ နက်ရှိုင်းသော အလယ်ဗဟို အချက်အချာ နေရာအထိ နောက်ဆုတ်သွားရလုနီးပါးပင်။
အကယ်၍ ဤနောက်ဆုံးအဆင့်သာ ထိုးဖောက်ခံလိုက်ရမည်ဆိုပါက ဗုဒ္ဓသင်္ကန်းတော် တစ်ခုလုံးမှာ လက်လွှတ်ရမည့် အခြေအနေသို့ ရောက်သွားနိုင်သည်။
ဤအရေးကြီးသော အချိန်တွင် ဟုန်ယွိသည် ဗုဒ္ဓသင်္ကန်းတော်ကို ထိုသို့သော အန္တရာယ်မျိုး ထပ်မံ မကြုံတွေ့စေလိုတော့ပေ။ သူသည် ပြင်းထန်စွာ ဆွဲထုတ်လိုက်ရာ ဝတ်ရုံတစ်ခုလုံး မှာ ပြင်ပအကာအကွယ်များကို စွန့်လွှတ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ စစ်မှန်သော ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်တော့သည်။
ဤသို့ နောက်ဆုတ်လိုက်ခြင်းကြောင့် 'သူတော်စင်ပေါင်းစုံခန်းမ' ၏ အကာအကွယ်မှာ လုံးဝနီးပါး ပျောက်ကွယ်သွားသည်။ တံခါးမှာ ကျယ်ပြန့်စွာ ပွင့်သွားပြီး အမှောင်ဧကရာဇ် တာအိုသခင်ကို အတွင်းသို့ ဝင်ရောက်ခွင့် ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
အမှောင်ဧကရာဇ် တာအိုသခင်သည် ကြီးမားလှသော အမှောင်ထုနှင့် အနှိုင်းမဲ့ နတ်ဘုရား စွမ်းအားများကို ချက်ချင်း သယ်ဆောင်လာပြီး 'မဟာခန်းမဆောင်' အတွင်းသို့ ဆင်းသက် လာခဲ့သည်။
ဇမ္ဗူမဟာအစီအရင်နှင့် ဗုဒ္ဓသင်္ကန်းတော် မရှိတော့သဖြင့် 'သူတော်စင်ပေါင်းစုံခန်းမ' တွင် 'ကောင်းကင်မြို့တော်' ၏ အကြမ်းထည် အဆောက်အဦးသာ ကျန်တော့သည်။ ထိုကြီးမား လှသော နတ်ဘုရားစွမ်းအားများ အောက်တွင် အရာအားလုံးမှာ တကျွတ်ကျွတ် မြည်နေ ပြီး ခဏချင်းမှာပင် ပြိုကွဲပျက်စီးတော့မည့်အတိုင်း ဖြစ်နေသည်။
အမှောင်ဧကရာဇ်တာအိုသခင်၏ ရည်ရွယ်ချက်မှာလည်း ဟုန်ယွိ၏ မှော်ရတနာကို ဖြိုဖျက်ရန်ဖြစ်ရာ သူ ရောက်ရှိလာသည်နှင့် သူ၏ မှော်စွမ်းအား တုန်ခါမှုများကို အကန့်အသတ်မရှိ ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် အမှောင်ဧကရာဇ် တာအိုသခင်သည် ခန်းမဆောင်အလယ်ရှိ ဟုန်ယွိ ကို မြင်တွေ့လိုက်ရသလို၊ နဂါးရေခဲတိုင် ၅၀၁ တိုင်နှင့် အစွမ်းအထက်ဆုံး ဖြစ်သည့် ရေခဲရိုက်ထားသော ဘိုးဘေးနဂါးတိုင်ကိုလည်း မြင်တွေ့သွားသည်။
"အို... နဂါးတွေပဲ၊ အားလုံး ပေါက်ကွဲစမ်း၊ ငါ့အတွက် ခန္ဓာကိုယ်အသစ် ပြန်လည် သန့်စင်ပေးစမ်း၊ ယန်နတ်ဘုရားဖြစ်ဖို့ မျှော်လင့်ချက် ရှိလာပြီ။"
ဤနဂါးရေခဲတိုင်များကို မြင်ပြီးနောက် အမှောင်ဧကရာဇ် တာအိုသခင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ဝမ်းသာအားရ ဖြစ်သွားသည်။ သို့သော် သူ မရပ်တန့်ပေ။ သူသည် ဟုန်ယွိနှင့် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို တိုက်ရိုက် လှမ်းဖမ်းလိုက်သည်။
ရှေးဦးခေတ် မဟူရာ စကြာဝဠာ နတ်ဘုရား လက်သည်း၏ စွမ်းအားသည် ရေခဲနေသော ဘိုးဘေးနဂါးရေခဲတိုင်အပါဝင် အားလုံးကို ဖြိုခွဲပြီး စုပ်ယူလိုပုံရသည်။ သူသည် အစစ်မှန် နဂါး ၅၀၀ ၏ အနှစ်သာရ သွေးများနှင့် ဝိညာဉ်များကို ကြိတ်ခြေပြီး စုပ်ယူလိုခြင်း ဖြစ်သည်။
အကယ်၍ သူသာ နဂါး ၅၀၁ ကောင်၏ အနှစ်သာရ သွေးအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ပါက၊ အမှောင်ဧကရာဇ် တာအိုသခင်သည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ ရုပ်ခန္ဓာတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း သိထားသည်။ ရုပ်ခန္ဓာနှင့် ဝိညာဉ် ပေါင်းစည်းသွားပြီးနောက် သူသည် ၉ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ကာ ယန်နတ်ဘုရားတစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။
ဤမျှ ကြီးမားလှသော မျှော်လင့်ချက်ကြောင့် သူ မပျော်ဘဲ မနေနိုင်ပေ။
ဟုန်ယွိ၌ ဘိုးဘေးနဂါးတစ်ကောင် အပါအဝင် နဂါးတိုင် ၅၀၀ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သို့သော် သူ လှမ်းဖမ်းလိုက်သည်နှင့် အခြေအနေမှာ ပြောင်းလဲသွားတော့သည်။
ဘုန်း…
ကမ္ဘာဦးရေခဲတုံးများမှာ နေရာအနှံ့ ပျံထွက်သွားပြီး၊ ရွှေရောင်အကြေးခွံများ လက်ခနဲ ဖြစ်ကာ နဂါးဟိန်းသံများက ကောင်းကင်ကိုပင် တုန်လှုပ်စေသည်။
နဝမမြောက် ကောင်းကင်ယံမှ နဂါးဟိန်းသံကြီးသည် ကမ္ဘာကြီးကို လှုပ်ခါသွားစေသည်။
ရေခဲရိုက်ထားသော ဘိုးဘေးနဂါးတိုင်မှာ လုံးဝ ကျိုးပျက်သွားပြီး အလျား ပေတစ်ထောင် ခန့်ရှိသော ဘိုးဘေးနဂါးကြီးမှာ အပြင်ဘက်သို့ ပျံထွက်လာသည်။ ဘိုးဘေးနဂါးကြီးသည် သူ၏ အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်လျက် လေထဲတွင် ဝဲပျံနေပြီး သူ၏ ခန္ဓာကိုယ်ကို ကြီးမားလှသော ‘အနန္တတန်ခိုးတော် မင်္ဂလာတိမ်တိုက်’ များက ရစ်ပတ်ထား သည်။
တိမ်တိုက်များသည် နဂါးများနောက်သို့ လိုက်ပါကြသည်။ အစစ်မှန် နဂါးတစ်ကောင်သည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို စုပ်ယူကာ ခန့်ညားလှသော မင်္ဂလာတိမ်တိုက် ကို ဖန်တီးသည်။ ၎င်းမှာ 'တန်ခိုးကြီးသော ကောင်းကင်နဂါး' ဟု ခေါ်ဆိုနိုင်သည့် အရာပင်။
ဘိုးဘေးနဂါးသည် တိမ်တိုက်များကြား၌ ဝဲပျံနေပြီး သူ၏ အရှိန်ဟုန်မှာ အချိန်ပင် မပြော နိုင်လောက်အောင် လျင်မြန်လှသည်။ သူသည် အမှောင်ဧကရာဇ် တာအိုသခင်၏ လက်သည်းနှင့် အရွယ်အစားတူညီသော နဂါးလက်သည်းကြီးကို တိမ်တိုက်များကြားမှ တိုက်ရိုက် လှမ်းထုတ်လိုက်သည်။ ခန့်ညားလှသော မင်္ဂလာတိမ်တိုက်နှင့်အတူ လက်သည်း ကြီးသည် ရှေးဦးခေတ် မဟူရာ စကြာဝဠာ နတ်ဘုရား လက်သည်းနှင့် ပြင်းထန်စွာ ထိပ်တိုက် တွေ့သွားလေတော့သည်။
တိမ်တိုက်နဂါးက သူ၏ လက်သည်းများဖြင့် လှမ်းထုတ်လိုက်ခြင်းပင်။
ဇမ္ဗူမဟာအစီအရင် ပျက်စီးသွားသဖြင့် ဘိုးဘေးနဂါးတိုင်အတွင်းရှိ ရုပ်အလောင်းမှာ ၎င်းကို သိရှိသွားပြီး ရုပ်အလောင်းအတွင်း အပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ထိုမှ တစ်ဆင့် ၎င်းသည် အကာအကွယ်များကို ဖောက်ထွက်လာပြီး ကျူးကျော်သူကို သတ်ဖြတ် ရန် သူ၏ နောက်ဆုံး ခွန်အားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
"ဟွန့်…၊ ရုပ်အလောင်းတစ်ခုက ပြဿနာ ရှာချင်နေတာလား၊ ဒီနေ့ ဘယ်သူမှ မင်းကို မကာကွယ်နိုင်ဘူး။" အမှောင်ဧကရာဇ် တာအိုသခင်သည် ဤကဲ့သို့ အပြောင်းအလဲကို မထင်မှတ်ထားခဲ့ပေ။ သူသည် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို နှိုးဆွပြီး တိုက်ရိုက် ပြန်လည် တိုက်ခိုက်လိုက်သည်။
လက်သည်းချင်း ထိပ်တိုက်ရင်ဆိုင်မိကြသည်။ မထင်မှတ်ဘဲ မည်သည့်အသံမျှ ထွက်ပေါ် မလာသလို၊ မည်သည့် မှော်စွမ်းအား တုန်ခါမှုမျှလည်း မရှိပေ။ ကြီးမားလှသော စွမ်းအား နှစ်ခုစလုံးကို ဘိုးဘေးနဂါးက ချက်ချင်း စုပ်ယူလိုက်သကဲ့သို့ပင် ဖြစ်နေသည်။
ရှုး၊ ရှုး၊ ရှုး….
ကောင်းကင်နဂါး၏ လက်သည်းမှာ အမှောင်ဧကရာဇ် တာအိုသခင်၏ ပြင်းထန်လှသော စွမ်းအားအားလုံးကို အတင်းအဓမ္မ စုပ်ယူလိုက်သည်ကို ဟုန်ယွိ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် ၎င်းသည် ရုတ်တရက် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ တွန့်လိမ်သွားပြီး မြွေတစ်ကောင်ကဲ့သို့ အမှောင်ဧကရာဇ် တာအို သခင်၏ ခန္ဓာကိုယ်ကို ပတ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ၁၀ ဆခန့် ကျုံ့သွားသော် လည်း ၎င်း၏ စွမ်းအားမှာ ပိုမို စုစည်းသွားသည်။
ဘိုးဘေးနဂါး၏ ခန္ဓာကိုယ်အတွင်း၌ အမှောင်ဧကရာဇ် တာအိုသခင် ယခုလေးတင် စုပ်ယူ လိုက်သော စိတ်ဝိညာဉ် စွမ်းအားများသာမက သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအားများပါ ရှိနေသည်။ ထိုပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအား နှစ်ခုလုံးမှာ အမှောင်ဧကရာဇ် တာအိုသခင်ကို ရစ်ပတ်ထားစဉ်မှာပင် ပေါက်ကွဲထွက်သွားတော့သည်။
ရွှီ... ဝုန်း…
ဧရာမ စွမ်းအားကြီးတစ်ခုက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး အမှောင်ဧကရာဇ် တာအို သခင်သည် တုန်လှုပ်ချောက်ချားစွာနှင့် ဒေါသတကြီး အော်ဟစ်လိုက်ရသည်။ သူသည် အလွန်ပင် အားနည်းသွားသည်။ "ကမ္ဘာပျက်ကပ်၏ နဂါးပျံတာအို"
ဘိုးဘေးနဂါး တစ်ကောင်လုံးသည် အမှောင်ဧကရာဇ် တာအိုသခင်၏ ခွန်အားကို ငှားယူ ကာ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။ သူသည် တွန့်လိမ်ကာ အမှောင် ဧကရာဇ် တာအိုသခင်ကို ရစ်ပတ်လိုက်ပြီးမှ ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ နဂါးမျိုးနွယ်စု၏ အစွမ်းထက်ဆုံး တာအိုပညာရပ် ဖြစ်သည်။ ၎င်းမှာ 'ကောင်းကင် မိစ္ဆာ ခန္ဓာကိုယ်ဖြိုခွဲခြင်းပညာ' နှင့် တူညီသည့် မိမိကိုယ်ကို ဖျက်ဆီး၍ ရန်သူနှင့်အတူ အသေခံမည့် နောက်ဆုံး တိုက်ကွက်ပင် ဖြစ်သည်။
ပျံသန်းခြင်းဆိုသည်မှာ ကောင်းကင်ဘုံသို့ ပျံတက်ခြင်း ဖြစ်သည်။ တာအိုဆိုသည်မှာ မဟာတာအို၏ လမ်းစဉ် ဖြစ်သည်။
နဂါးတစ်ကောင်သည် တာအိုလမ်းစဉ်ကို ရရှိရန် ကောင်းကင်သို့ ပျံတက်သွားခြင်းမှာ ၎င်း သေဆုံးသွားခြင်းပင် ဖြစ်သည်။
လွန်ခဲ့သော အချိန်က နဂါးမျိုးနွယ်စု၏ ဘိုးဘေးကြီးသုံးဦးသည် ဤ "ကမ္ဘာပျက်ကပ်၏ နဂါးပျံတာအို" ကို အသုံးပြု၍ ဧကရာဇ် ‘ဖန်’ ၏ စစ်သူကြီးသုံးဦးနှင့်အတူ အသေခံ တိုက်ခိုက်ခဲ့ကြသည်။ ‘ရှေးဦးနဂါး’ပင်လျှင် ဤပညာရပ်ကို အသုံးပြု၍ ဧကရာဇ် ‘ဖန်’ ကို သတ်ရန် ကြိုးစားခဲ့သော်လည်း ဧကရာဇ် ‘ဖန်’ က ၎င်းကို ဖြေရှင်းနိုင်ခဲ့ပြီး နဂါးရုပ် အလောင်းကို နတ်ဘုရားချပ်ဝတ်အဖြစ် သန့်စင်ခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဤဘိုးဘေးနဂါးမှာ လုံးဝ သေဆုံးနေပြီ ဖြစ်သည်။ သူသည် ဇမ္ဗူမဟာအစီအရင်ကို ဖျက်ဆီးရန် ကြိုးစားနေသည့် ကျူးကျော်သူကို သူနှင့်အတူ သေအောင်သတ်ရန် ပင်ကိုအသိစိတ်အရသာ ကြိုးစားလိုက်ခြင်း ဖြစ်သည်။ အကယ်၍သာ သူ အသက်ရှင်နေပါက၊ ဤ "ကမ္ဘာပျက်ကပ်၏ နဂါးပျံတာအို" ၏ စွမ်းအားမှာ နှစ်ဆမက ပိုမိုပြင်းထန်ပေလိမ့်မည်။
ပြင်းထန်လှသော အနှစ်သာရ သွေးလှိုင်းများသည် ခန်းမဆောင်တစ်ခုလုံးကို ဝါးမြိုသွား သည်။ အမှောင်ဧကရာဇ် တာအိုသခင်မှာ ပေါက်ကွဲမှု၏ အလယ်ဗဟို၌ ရှိနေသဖြင့် ထိုစွမ်းအားများကို အပြည့်အဝ ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် အမှောင်ဧကရာဇ်တာအိုသခင်သည် ဟုန်ယွိက သူ၏ စွမ်းအား အားလုံးကို စုစည်းလျက် အသေသတ် တိုက်ကွက်တစ်ခုကို ပြင်ဆင်နေသည်ကို ခံစားလိုက် ရသည်။
အမှောင်ဧကရာဇ်တာအိုသခင်သည် မတွန့်ဆုတ်တော့ဘဲ သူ၏ ခန္ဓာကိုယ်ကို အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ‘သူတော်စင်ပေါင်းစုံခန်းမ’ မှ ချက်ချင်း ထွက်ခွာကာ ပျောက်ကွယ်သွားတော့သည်။ ထို့ကြောင့် ဟုန်ယွိ စုစည်းထားသော တိုက်ကွက်မှာ လွဲချော်သွားရလေသည်။
ဟုန်ယွိသည် အမှောင်ဧကရာဇ် တာအိုသခင် ဤမျှမြန်မြန် ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အမှောင်ဧကရာဇ် တာအိုသခင်သည် ‘ကမ္ဘာပျက်ကပ်၏ နဂါးပျံလမ်းစဉ်’ တိုက်ခိုက်မူဒဏ်ကို ခံလိုက်ရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်ကြောင်း သူ သိသော်လည်း၊ သူ့နောက်သို့ လိုက်လံတိုက်ခိုက်ရန်မှာမူ အချိန်မရတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဘိုးဘေးနဂါး ပေါက်ကွဲသွားပြီးနောက် သန့်စင်သော မူလစွမ်းအင် နှင့် ခွန်အားလှိုင်းများသည် ပျက်စီးသွားသော ဇမ္ဗူမဟာအစီအရင်၏ စွမ်းအင်များနှင့် လုံးဝ ပေါင်းစည်းသွားသောကြောင့် ဖြစ်သည်။ ၎င်းမှာ 'သူတော်စင်ပေါင်းစုံခန်းမ' အတွင်း၌ ကမ္ဘာတုန်ဟိန်းမည့် အပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်စေတော့မည့်အတိုင်းပင်။
ဘိုးဘေးနဂါး၏ အနှစ်သာရများသည် ခန်းမဆောင်အတွင်းသို့ စိမ့်ဝင်ပေါင်းစပ်သွားလေ တော့သည်။