ငါ အနီရောင်ကို ကြိုက်တယ်
Vol. 29 Ch. 391
"ဘိုးဘေး" အဘိုးအိုအနီးရှိ မျိုးနွယ်ဝင်အချို့က စိုးရိမ်တကြီး ချက်ချင်း အော်ဟစ်လိုက်သည်။
"တိတ်တိတ်နေကြ။ ဒါ ဆုံးဖြတ်ပြီးသွားပြီ" အဘိုးအိုက လေသံတိုးတိုးဖြင့် ပြော၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ စုမင်ကို မမှိတ်မသုန် စိုက်ကြည့်နေလိုက်သည်။
အဘိုးအိုသည် ဤအမျိုးသမီးသုံးဦးကို ကမ်းလှမ်းပြီးသည်နှင့် စုမင်၏ လက်ရှိအခြေအနေကို ကျေနပ်စေနိုင်ပြီး သူ့နှလုံးသားအတွင်း ကြောက်ရွံ့တုန်လှုပ်နေစေသည့် ထိုခြောက်လှန့်မှုကို ဖြေရှင်းနိုင်ပါစေဟု မျှော်လင့်နေမိ၏။ သူသာ ၎င်းကို ဖြေရှင်းနိုင်ပါက... ဤအမျိုးသမီးသုံးဦးကို စတေးလိုက်ရခြင်းက ထိုက်တန်ပေသည်။
လေပေါ်ပျံတက်သွားသော အမျိုးသမီးသုံးဦးမှာ အသက်မကြီးလှသေးပဲ နှစ်ဆယ် ဝန်းကျင်များသာ ဖြစ်သည်။ ၎င်းတို့မှာ အလွန်အမင်း မလှပသော်လည်း ယခုအခါ နီမြန်းမြန်း ပါးပြင်များနှင့် ရွှန်းလဲ့မိန်းမောသော အကြည့်များ ရှိနေသဖြင့် မျက်စိပသာဒ ဖြစ်နေလေသည်။ ၎င်းတို့၏ ခူးဆွတ်ခါနီး ရင့်မှည့်နေသော သစ်သီးများသဖွယ် ထိုပုံစံတို့ကပင် မည်သူ့ကိုမဆို ဖျားယောင်း ညှို့ငင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
သို့သော် ၎င်းတို့ သုံးဦး ချဉ်းကပ်သွားသည်နှင့် စုမင်သည် ညာလက်ကို အမြန်မြှောက်၍ သူ့ရင်ဘတ်ကို သူရိုက်ချလိုက်ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ချေ၏။
"ထွက်သွားကြ"
သွေးအန်ပြီးသည်နှင့် စုမင်၏ အနီရောင်မျက်ဝန်းများ အတွင်း ကြည်လင်မှု တစ်စွန်းတစ်စ ပေါ်လာခဲ့သည်။ သူသည် ခပ်တိုးတိုး ဟိန်းဟောက်သံ တစ်ချက်ပြုရင်း မြေပြင်ပေါ်ရှိ အဘိုးအိုကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် စုမင်သည် အတင်းအကြပ် နောက်ပြန်လှည့်ကာ အလင်းတန်းရှည် တစ်ခုအသွင်ဖြင့် မျက်စိတစ်မှိတ်အတွင်း ထွက်ခွာ ပျောက်ကွယ်သွားတော့သည်။
သူထွက်ခွာသွားသည်နှင့် အမျိုးသမီးသုံးဦးမှာ တုန်ယင်သွားပြီး သတိပြန်ဝင်လာကြ၏။ မျိုးနွယ်စုအတွင်းရှိ အခြားအမျိုးသမီး အားလုံးသည်လည်း သတိပြန်ကပ်လာပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။
ယခုလေးပင် မြင်တွေ့လိုက်ရသော မြင်ကွင်းက သူတို့နှလုံးသားကို ထိတ်လန့်ခြောက်ခြား သွားစေခဲ့လေသည်။
မျောက်မျက်နှာ အဘိုးအိုသည် ခဏတာငြိမ်ကျသွားပြီးနောက် စုမင် ထွက်ခွာသွားရာဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူသည် အချိန်အတော်ကြာသွားပြီး နောက်မှာပင် စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။
စုမင်သည် ရှေ့သို့ ဆက်လက်ဦးတည်နေခဲ့ပြီး သူ့မျက်လုံးများ အတွင်းရှိ ကြည်လင်ပြတ်သားမှုက ပိုပို၍ အားပျော့လာနေသည်။ မကြာသေးခင်က ထိုအခိုက်အတန့်တွင်သာ သူ့ကိုယ်သူ အတင်းအကြပ် ရုန်းကန်ခြင်းမပြုပဲ လိုအင်ဆန္ဒများထံ အညံ့ခံ၍ ၎င်း အမျိုးသမီးသုံးဦးနှင့် ကာမဆက်ဆံခဲ့ပါက သူ့ကို စောင့်ကြိုနေမည့် အရာမှာ ထာဝရဆိုးယုတ်ခြင်းပင် ဖြစ်ပေလိမ့်မည်။
"ငါ... သေချာပေါက် အနိုင်ယူမှ ဖြစ်မယ်" စုမင်သည် အခြားနေရာသို့ မသွားပဲ ထိုအစား သူ့လှိုဏ်ဂူရှိရာ တောင်စဉ်တန်းဆီသို့သာ ပြန်လည်ဦးတည်လိုက်ပြီး မကြာမီမှာပင် ထိုနေရာသို့ ပြန်လည် ရောက်ရှိသွား၏။ သူ့မျက်လုံးများ အတွင်းရှိ ကြည်လင်မှု တစ်စွန်းတစ်စမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်၍ သူ့လှိုဏ်ဂူဆီသို့ ပြန်ရန် အချိန်မလောက်တော့ပေ။
ထို့ကြောင့် စုမင်သည် ညာလက်ကို အမြန်မြှောက်၍ ဟန်တောင်တန်းခေါင်းလောင်းထံ ညွှန်ပြလိုက်သည်။ ခေါင်းလောင်းသည် သူ့ထံသို့ ချက်ချင်းပျံသန်းလာပြီး ကောင်းကင်ထက်မှာပင် အရွယ်ပိုကြီးသွားကာ ကျိယွင်ဟိုင်၏ အလောင်းက ပြုတ်ကျလာခဲ့သည်။ ကျိယွင်ဟိုင်ထံမှ မဒမ်ကျိ၏ သေဆုံးခြင်း အငွေ့အသက်တို့မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၍ အလောင်းကောင် ရုပ်သေးမှာ ဉာဏ်ရည်ပျောက်ဆုံးကာ မြေပေါ်၌ မလှုပ်မယှက် လဲနေလေသည်။
စုမင်မျက်လုံးများ အတွင်းရှိ ကြည်လင်မှုတို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်နှင့် ဟန်တောင်တန်းခေါင်းလောင်းသည် ဝှီးခနဲ အသံပြုလျက် စုမင်ခန္ဓာကိုယ်ကို မြေပေါ်တွင် ဖုံးအုပ်ကာ ပိတ်လှောင်ထားလိုက်တော့သည်။ စုမင်၏ အော်ဟစ်ကြုံးဝါးသံများနှင့် အတူ တဝုန်းဝုန်းပေါက်ကွဲသံများမှာ ခေါင်းလောင်းအတွင်းမှ ပဲ့တင်ထပ်နေခဲ့သည်။
အချိန်များကုန်လွန်သွားပြီး မကြာမီမှာပင် အရုဏ်တက်ချိန်သို့ ရောက်ရှိလာ၏။ ဟန်တောင်တန်းခေါင်းလောင်းသည် မြေပြင်တွင် ဖိကပ်ထားဆဲ ဖြစ်ပြီး အတွင်းရှိ စုမင်သည်တော့ ငြိမ်သက်သွားခဲ့ချေပြီ။ သူသည် အတွင်း၌ တင်ပလ္လင်ခွေ ထိုင်ရင်း ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်နေ၏။ ထိန်းချုပ်နိုင်စွမ်း ဟူသည် အပြောလွယ်သော်လည်း သူ့လိုအင်ဆန္ဒများမှာ မိစ္ဆာမက်မွန်ပွင့်ကြောင့် အဆတစ်ရာနီးပါး တိုးမြင့်သွားချိန်တွင်တော့ ထိန်းချုပ်ဖို့က ကြိုးစား၍ပင် မဖြစ်နိုင်တော့လု နီးပါးပေ။
မျက်စိတစ်မှိတ်အတွင်း အချိန်သုံးရက် ကုန်လွန်သွားသည်။ ထိုသုံးရက်အတွင်း စုမင်ရှိနေသော ဧရိယာသို့ စိတ်ဝိညာဉ် တစ်ခုတစ်လေတောင် ရောက်မလာခဲ့ချေ။ နွားသိုးဖြူနှင့် ကြိုးကြာနက် မျိုးနွယ်စုများပင် ပေါ်မလာခဲ့ခြင်း ဖြစ်၏။ အမှန်စင်စစ် ထိုနေရာအား ဖြတ်သွားဖြတ်လာသူ ဟူ၍ တစ်ယောက်တစ်လေပင် မရှိခဲ့ခြင်း ဖြစ်သည်။
ဤသုံးရက်တာသည် စုမင်အတွက် သုံးနှစ်၊ အနှစ်သုံးဆယ်သဖွယ် ကြာမြင့်နေခဲ့၏။ သူသည် အထိန်းချုပ်မခံရရေး အတွက် ဆက်လက်ရုန်းကန်ခဲ့သည်။ ရံဖန်ရံခါ သတိလွတ်သွားတတ်သော်လည်း ဟန်တောင်တန်းခေါင်းလောင်း၏ ပိတ်လှောင်ထားမှုကြောင့် အပြင်တော့ မထွက်နိုင်ခဲ့ပေ။ ထို့နောက် သူ့စိတ် ပြန်လည်ကြည်လင်လာသည်နှင့် လိုအင်ဆန္ဒများကို ဖိနှိပ်ရန် အပြည့်အဝ ပြန်လည် အာရုံစိုက်ရလေသည်။
သူ့ကိုယ်သူ သုံးရက်ကြာ ဟန့်တားထားပြီးနောက် စုမင်သည် များစွာ ပိုမိုပိန်ပါးသွားခဲ့၏။ သူ့ဝတ်ရုံများမှာ စုတ်ပြဲနေပြီး လုံးလုံးလျားလျား အနီရောင်ပြောင်းသွားပြီ ဖြစ်သော ဆံပင်ရှည်များကြောင့် သူ့အမူအယာက ရက်စက်ကြမ်းကြုတ်မှု အပြည့်ဖြစ်နေလေသည်။ အလားတူပင် သူ့စိတ်သည်လည်း ကစဉ့်ကလျား ရူးသွပ်မှုများကို သုံးရက်တာ ဖြတ်သန်းခဲ့ရသဖြင့် သူ့ခေါင်းထဲ၌ မမြင်ရသော အတားအဆီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအတားအဆီးသည် ချိပ်စည်းတစ်ခုလိုပင်ဖြစ်ပြီး ၎င်း၏ တည်ရှိမှုက ယခုအချိန် မတိုင်ခင်အထိ စုမင်တစ်ခါမှ သတိမပြုမိခဲ့သော အရာဖြစ်သည်။
သူ၏ လိုအင်ဆန္ဒများသာ အဆပေါင်းများစွာ ကြီးမားလာခြင်း မရှိပဲ သူ့အား ရူးသွပ်မှုတွင်းသို့ အပြင်းအထန် ဆက်လက်တွန်းပို့ မနေခဲ့လျှင် ထိုချိပ်စည်းသည် ဘယ်သောအခါမှ ပေါ်လာလိမ့်မည်တောင် မထင်ပေ။ လိုအင်ဆန္ဒများသည် စုမင်စိတ်ထဲသို့ သမုဒ္ဒရာအတွင်းမှ လှိုင်းလုံးများသဖွယ် တိုးဝင်လာနေပြီး အတားအဆီးတစ်ခုသဖွယ် ထိုချိပ်စည်းအား ရိုက်ခတ်နေကြ၏။
သုံးရက်မြောက်နေ့ အရုဏ်တက်ချိန်၌ စုမင်သည် ဆက်လက် ဟိန်းဟောက်နေရင်းမှပင် သူ့စိတ်ထဲတွင် အက်ကွဲသံများ ရုတ်ခြည်း မြည်ဟည်းလာခဲ့သည်။ ထို့နောက် လိုအင်ဆန္ဒများ၏ အပြင်းအထန် ရိုက်ခတ်မှုအောက်၌ ထိုမမြင်ရသောချိပ်စည်းမှာ အက်ကွဲတော့မည့် အရိပ်အယောင်များ စတင်ပြလာလေသည်။
တစ်ချိန်တည်းလိုလိုပင် စုမင်ခေါင်းထဲ၌ ဝုန်းခနဲ မြည်ဟည်းသွားသည်။ သုံးရက်ကြာ ရုန်းကန်နေခဲ့ရသော သူသည် ထိုအခိုက်အတန့်၌ အသိစိတ် ပြန်ပျောက်သွားပြန်၏။ သူ့အသိစိတ် ပျောက်သွားသော်လည်း သတိလစ် မေ့မြောသွားခြင်းတော့ မဟုတ်ပေ။ ထိုအစား ဟန်တောင်တန်းခေါင်းလောင်း အောက်တွင် သူ့လက်များကို မြေကြီးထဲ နှစ်ထားရင်း ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေနိုင်သည် အထိ ခေါင်းမော့၍ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
ဆက်လက်၍ အော်ဟစ်နေရင်း သူ့ကိုယ်တွင်းမှ အလွန်ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ အပြင်သို့ ပျံ့နှံ့သွားသော ထိုစွမ်းအား၏ စွမ်းအင်တို့သည် ဟန်တောင်တန်း ခေါင်းလောင်းကို ချက်ချင်းတွန်းထုတ်ကာ လေထဲသို့ ဝုန်းခနဲ လွင့်ပျံသွားစေသည်။
တစ်ချိန်တည်းမှာပင် စုမင်သည်လည်း လေထဲသို့ ပျံတက်လာပြီး မြေပြင်မှာ ဝုန်းခနဲ မြည်ဟည်းသံနှင့် အတူ ပေါက်ကွဲသွားခဲ့၏။ ထို့နောက် စုမင်က လေထုအလယ်တွင် ပေါ်လာလေသည်။ သူ၏ အသက်ရှူသံများမှာ လျင်မြန်နေပြီး မျက်လုံးထဲ၌ ကျိုးကြောင်းဆင်ခြင်ဉာဏ် တစ်စွန်းတစ်စပင် ရှိမနေတော့ချေ။ သူ့မျက်လုံးများအတွင်း အနီရောင်တစ်မျိုးတည်းသာ ရှိနေ၏။ နံဖူးအလယ်ရှိ မက်မွန်ပွင့် အမှတ်အသားသည်လည်း ထူးထူးခြားခြား ဆွဲဆောင်ညှို့ငင်နိုင်သော ပုံစံဖြင့် ပွင့်လန်းနေလေသည်။ ခရမ်းရောင် သန်းနေသော နှုတ်ခမ်းများနှင့် ဖြူဖျော့နေသော သူ့မျက်နှာမှာ တစ်ခေါင်းလုံးအပြည့် အနီရောင်တောက်တောက် ဆံပင်ရှည်များဖြင့် ယှဉ်တွဲလိုက်သောအခါ ဖော်ပြခြင်းငှါ မစွမ်းသာသော အသွင်ပြင်တစ်ခုအား ပေးစွမ်းလို့နေ၏။
သူ့မျက်လုံးထဲတွင် မျက်ဆံများ ရှိမနေတော့ပဲ မျက်လုံးတို့က လုံးလုံးလျားလျား အနီရောင် ပြောင်းသွားခဲ့ချေပြီ။ သူသည် လေထဲတွင် ရပ်လျက် အချိန်အတော်ကြာ အော်ဟစ်ဟိန်းဟောက်နေပြီးမှသာ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူ့ဦးခေါင်းသည် ဖြည်းညှင်းစွာ လှည့်လာပြီး သူ၏ ခရမ်းရောင်နှုတ်ခမ်းများ ထက်တွင် ထူးထူးခြားခြား ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာခဲ့၏။ သူသည် ခေါင်းငုံ့ကာ နယ်မြေတစ်ခွင် ဝေ့ကြည့်လိုက်လေသည်။
သူ့အကြည့်ထဲတွင် အလွန်အားကောင်းသော စွမ်းအားတစ်ခု ပါဝင်နေဟန်ဖြင့် မြေပြင်သည်ပင် ၎င်းကို ခံနိုင်ရည်မရှိပဲ ချက်ချင်း တုန်ခါသွားသည်။
မြေပြင်ပေါ်ရှိ အချို့နေရာများဆိုလျှင် ပေါက်ကွဲသွားပြီး အက်ကြောင်းများပင် ပေါ်လာခဲ့သည်။
စုမင် ဝေ့ကြည့်လိုက်ချိန်တွင် မြေပြင်ပေါ်ရှိ တုတ်ချောင်းမြွေမှာ အမှန်တကယ် တုန်ယင်သွားပြီး စုမင်အကြည့်ကို ရင်မဆိုင်ရဲဟန်ဖြင့် ချက်ချင်း ခွေသွားလေသည်။ ဤစုမင်မှာ သူနှင့် ရင်းနှီးနိုင်မည့်သူမျိုး သေချာပေါက်မဟုတ်ဟု သူ့စိတ်က ပြောပြနေ၏။
၎င်း၏ တုန်ယင်နေသော ခန္ဓာကိုယ်မှာ စုမင်၏ အကြည့်ကို လုံးလုံးလျားလျား ကြောက်ရွံ့နေပုံ ပေါ်သည်။ မြေပြင်ပေါ် ပြုတ်ကျနေခဲ့သော ကျောက်စိမ်းဓားရှည် သည်လည်း ချက်ချင်း စတင်တုန်ခါလာခဲ့၏။
စုမင်အကြည့်က တုတ်ချောင်းမြွေ အပေါ်တွင် ခဏတာ ရပ်တန့်သွားပြီးနောက် ၎င်းကို စူးစူးရဲရဲ တစ်ချက်စိုက်ကြည့်လိုက်ပြီး အကြည့်ပြန်လွှဲသွားခဲ့သည်။
ထို့နောက် သူ့ညာဘက်လက်ကို မြှောက်လိုက်လေသည်။ ယခုဆိုလျှင် ညာဘက်လက်မှ လက်သည်းများသည် သုံးလက်မခန့် ရှည်လျားနေပြီး အလွန်ချွန်ထက်နေပြီ ဖြစ်သည်။ လက်သည်းထိပ်များမှာ အနက်ရောင်အလင်းတို့ တောက်ပနေပြီး သူသည် လေထဲမှတစ်ဆင့် မြေပြင်ထက်မှ တစ်စုံတစ်ရာကို ဆွဲယူဟန်ပြုလိုက်သည်။
အသားစများကြားရှိ အနီရောင်လက်စွပ်က အလင်းတန်းရှည် တစ်ခုအသွင်ဖြင့် ချက်ချင်း ပျံတက်လာခဲ့သည်။ စုမင်သည် ၎င်းကိုဆွဲယူ၍ လက်ခလယ်တွင် ဝတ်ဆင်လိုက်၏။ ထို့နောက် လေထဲတွင် လွင့်မျောနေသော ဟန်တောင်တန်းခေါင်းလောင်းဆီ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
သူသည် အေးစက်စက် နှာခေါင်းရှုံ့၍ ခေါင်းလောင်းကို ညွှန်ပြလိုက်ရာ ခေါင်းလောင်းထံမှ သန်မာသော ခေါင်းလောင်းသံတစ်ချက် ချက်ချင်း ထွက်ပေါ်လာပြီး ခေါင်းလောင်းအထက်ရှိ လေထဲတွင်လည်း ခေါင်းကိုးလုံး နဂါးကြီး၏ ဧရာမခန္ဓာကိုယ်ကြီး ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။ နိုးထနေပြီးဖြစ်သော ဦးခေါင်းခြောက်လုံး၏ မျက်လုံးများထဲတွင်လည်း စုမင်အရိပ်တို့ ရှိမနေတော့ပဲ လုံးလုံးလျားလျား နီရဲလို့ နေခဲ့ချေပြီ။ ထိုဦးခေါင်းများသည် စုမင်ကို ပြင်းပြင်းထန်ထန် ဟိန်းဟောက်လိုက်ကြ၏။
အိပ်မောကျနေဆဲ ဖြစ်သော ကျန်ဦးခေါင်းသုံးလုံးသည်လည်း တုတ်ချောင်းမြွေကဲ့သို့ပင် ယခုစုမင်ကို ရင်မဆိုင်ဝံ့ဟန်ဖြင့် မရပ်မနား စတင် တုန်ခါလာကြသည်။
ဦးခေါင်းကိုးလုံး နဂါးကြီးထံမှ ဟိန်းဟောက်သံတို့ဖြင့် ရင်ဆိုင်လိုက်ရသည်နှင့် စုမင်က ရှေ့တစ်လှမ်း တက်လိုက်လေသည်။ ထိုခြေတစ်လှမ်းတည်းဖြင့် သူသည် ဟန်တောင်တန်းခေါင်းလောင်း နံဘေးသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ဦးခေါင်းကိုးလုံး နဂါး၏ ဟိန်းဟောက်သံများကို လုံးလုံးလျားလျား လျစ်လျူရှုရင်း ညာလက်ကိုမြှောက်၍ ခေါင်းလောင်းအား ရိုက်ချလိုက်သည်။
ခေါင်းလောင်းပေါ်သို့ စုမင်၏ လက်ဝါး ကျရောက်သွားသည်နှင့် ခေါင်းကိုးလုံး နဂါးထံမှ စူးရှနာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။ ကျန်ဦးခေါင်းသုံးလုံး၏ တင်းတင်းကြပ်ကြပ် စေ့မှိတ်ထားသော မျက်လုံးများသည်လည်း တစ်ပြိုင်တည်းလိုလို ပွင့်လာကြ၏။ ထိုမျက်လုံးများသည်လည်း ပကတိ အနီရောင်ဖြစ်နေကြပြီး ဦးခေါင်းကိုးလုံးက အတူတကွ ဟိန်းဟောက်လိုက်ကြလေသည်။
ထို့နောက် စုမင်သည် ညာလက်ကိုမြှောက်လိုက်ရာ ဟန်တောင်တန်းခေါင်းလောင်းမှာ ချက်ချင်း ကျုံ့ဝင်သွားခဲ့သည်။ ၎င်းအထက်ရှိ ခေါင်းကိုးလုံး နဂါးကြီးမှာလည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် စုမင်မှာ ပါးစပ်ဟ၍ ခေါင်းလောင်းကို မြိုချလိုက်တော့သည်။
ထိုသို့ လုပ်ပြီးသည်နှင့် သူသည် ညာလက်ကိုမြှောက်၍ ကောင်းကင်အား ကုပ်ဆွဲလိုက်သည်။ ထိုတစ်ချက်တည်းဖြင့် ကောင်းကင်တစ်ခွင်လုံးမှာ စုမင်လက်ထဲ ဆွဲစုပ်ခံလိုက်ရသကဲ့သို့ တွန့်လိမ်ပုံပျက်သွားခဲ့သည်။ ထို့နောက် စုမင်က သူ့လက်ကို အနီးနားသို့ ဝှေ့ယမ်းလိုက်လေသည်။
စုမင်၏ အောက်ဘက်တွင် အလင်းလွှာတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ ထိုအလင်းလွှာသည် ရုပ်သေး ကျိယွင်ဟိုင်၊ တုတ်ချောင်းမြွေနှင့် သူ၏ လှိုဏ်ဂူရှိရာ တောင်စဉ်တန်းအပါအဝင် ပေတစ်သိန်းပတ်လည် ဧရိယာအတွင်းရှိ အရာအားလုံးကို ဝန်းရံသွားပြီး ချိပ်စည်းတစ်ခုအသွင်ဖြင့် ၎င်းတို့အားလုံးကို လုံးလုံးလျားလျား ပိတ်လှောင်လိုက်သည်။
စုမင်သည် အလင်းလွှာအပြင်တွင်ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ရုတ်တရက် ခပ်တိုးတိုး အော်ဟစ်လိုက်၏။ ထိုအသံမှာ ကျယ်လောင်ခြင်း မရှိသော်ငြား ရာသီဥတုကို ပြောင်းလဲသွားစေပြီး ကောင်းကင်ယံမှ လမင်းကြီးကိုပင် ပြိုကွဲလုမတတ် ဖြစ်သွားစေ၏။ အရပ်မျက်နှာအနှံ့သို့ လှိုင်းဂယက်များ ပျံ့နှံ့သွားပြီး ထိုလှိုင်းများက ကောင်းကင်တစ်ခွင် ဖုံးအုပ်သွားလေသည်။ နက်မှောင်သော ကောင်းကင်ယံတွင် စုပ်ဝဲကြီးတစ်ခု ပေါ်လာပြီး ထိုစုပ်ဝဲကြီး စတင်လည်ပတ်လာသည်နှင့် စုမင်၏ အော်ဟစ် ဟိန်းဟောက်သံများသည်လည်း ပိုမိုဝေးကွာသော နေရာများဆီသို့ စတင်ပျံ့လွင့်သွားကြတော့သည်။
"ငါ... အနီရောင်ကို ကြိုက်တယ်" စုမင်က ခြောက်ကပ်ကပ် ရေရွတ်လိုက်ရာ သူ့ကိုယ်ပေါ်တွင် အနီရောင်ဝတ်ရုံတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ ၎င်းသည် သူ၏ အနီရောင်ဆံပင်ရှည်များနှင့် ယှဉ်တွဲလိုက်သောအခါ စုမင်ပုံစံအား အလွန်အမင်း ထူးခြားစွဲမက်ဖွယ် အသွင်သဏ္ဍာန်မျိုး ဖြစ်ပေါ်သွားစေ၏။
ရှာမန်နယ်မြေထဲတွင် တိမ်ပင်လယ်တို့ဖြင့် ဝန်းရံထားသော တောင်တစ်လုံးရှိ၏။ ထိုတောင်ထိပ်ရှိ ခန်းမဆောင်ကြီးထဲ၌ ဆံဖြူအဘိုးကြီး တစ်ဦးတည်း ထိုင်နေလေသည်။ သူ့အား ဦးခေါင်းခွံကိုးခု ဝန်ရံထားပြီး ဦးခေါင်းခွံတစ်ခုစီတိုင်းမှာ အစိမ်းရောင်မီးတောက် တစ်ခုစီ တောက်လောင်နေသည်။
နိုးထလာပြီးနောက် အရှိန်အဝါများ သိသိသာသာ ပြောင်းလဲသွားခဲ့သော စုမင်ထံမှ ဟိန်းဟောက်သံတိုးတိုး ထွက်ပေါ်လာသည်နှင့် အဘိုးအို၏ မျက်လုံးများက အလျင်အမြန် ပွင့်လာခဲ့သည်။ သူ့အမူအယာမှာလည်း ရုတ်ခြည်း ပြောင်းလဲသွားပြီး အလျင်စလို ထရပ်လိုက်၏။ သူ့ပတ်ပတ်လည်ရှိ ဦးခေါင်းခွံကိုးခုမှ မီးတောက်များလည်း ချက်ချင်းငြိမ်းသွားကြသည်။
"ဒီ အရှိန်အဝါက... အဲဒါ ဘယ်သူပါလိမ့်"
ရှာမန်နယ်မြေ တစ်နေရာရှိ အထက်ကောင်းကင်တွင် အေးအေးလူလူ သွားလာနေသော တာအိုဝတ်စုံဖြင့် အဘိုးအိုတစ်ဦး ရှိသည်။ သူ့ခြေထောက်အောက်တွင် ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် လေထုကို ဖြတ်သန်းနေသော ဧရာမဓားရှည်ကြီး တစ်လက်လည်း ရှိနေသည်။ ထိုအချိန်မှာပင် ဧရာမဓားကြီးမှာ ရုတ်တရက် တုန်ခါသွားခဲ့သည်။ အဘိုးအိုသည်လည်း ရုတ်ခြည်းရပ်တန့်သွားပြီး သူ့အမူအယာက ချက်ချင်းဆိုသလို သိသိသာသာ ပြောင်းလဲသွားတော့သည်။
"ဒါက... ဒါ ဘယ်သူ့ အရှိန်အဝါပါလိမ့်" သူသည် ညာလက်ကို ချက်ချင်းမြှောက်၍ ခန့်မှန်းရန် လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သော်လည်း တစ်ဝက်တစ်ပျက်တွင်သာ ရပ်တန့်သွားပြီး သွေးအန်လိုက်ရချေသည်။
ထိုအချိန်တွင် ရှာမန်နယ်မြေ၏ နေရာအနှံ့၌ လူပေါင်းများစွာမှာ ထိတ်လန့်တုန်လှုပ်နေသော အမူအယာများဖြင့် ထွက်ပေါ်လာကြသည်။ ထိုလူအားလုံးမှာ အင်မော်တယ်များနှင့် ရှာမန်များဖြစ်သည်။
ကုန်းစီသည် ဆောင်းဦးပင်လယ် မျိုးနွယ်စုအတွင်းရှိ ဧရာမလိပ်ကြီး၏ ကျောပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေခဲ့ခြင်း ဖြစ်၏။ ရွှေ့ပြောင်းနေဆဲ ထိုမျိုးနွယ်စုမှာ ၎င်းတို့၏ ဦးတည်ရာသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ချေပြီ။ ဆံပင်ရှည်တို့ဖြင့် ကုန်းစီ၏ အမူအယာက တည်ငြိမ်နေခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်လေးမှာပင် သူ့မျက်လုံးများမှာ အလျင်အမြန် ပွင့်ဟလာပြီး သူ့မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှု တစ်စွန်းတစ်စ ပေါ်လာခဲ့လေသည်။
'အဲဒီ ဟိန်းဟောက်သံရဲ့ ခွန်အားက...' သူ၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားပြီး မတ်တပ်ထရပ်ကာ အဝေးရှိ ကောင်းကင်သို့ လှမ်းကြည့်လိုက်၏။
သူ့အနီးတွင် ရှိနေသော ဝမ်ချိုးသည်လည်း ကုန်းစီကို ကြည့်နေခဲ့ခြင်း ဖြစ်၍ သူ့ မျက်နှာပေါ်မှ အမူအယာ အပြောင်းအလဲကို မြင်လိုက်ရလေသည်။
"ဆရာ ကုန်းစီ..."
"ငါတို့ရှာမန်တွေထဲမှာ တစ်ယောက်ယောက်တော့ အဆုံးသတ်နယ်ပယ်ကို ဖြတ်ကျော်သွားပြီ။ အခုလေးတင် ထွက်ပေါ်လာတဲ့ အဲဒီဟိန်းဟောက်သံက သူ့ဆီကပဲ... သူ့စွမ်းအားကလည်း ... အဲဒါ ဘယ်သူများပါလိမ့်..." ကုန်းစီသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး အသက်ကိုပင် ပြင်းပြင်း ရှူရှိုက်လိုက်မိချေ၏။
***